209

အလှူပေးတဲ့နေ့ဟာ ကုန်တဲ့နေ့လား ရတဲ့နေ့လား

အသံဖိုင်ခေါင်းစဉ်= ဦးချစ်လှ ဒေါ်သောင်းတို့၏ သားရှင်ပြုရေစက်ချတရားတော်

စာအုပ်ခေါင်းစဉ်= အလှူပေးတဲ့နေ့ဟာ ကုန်တဲ့နေ့လား ရတဲ့နေ့လား

မှတ်ချက်။ ။ အစ၌ သီလပေးပါဝင်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

အလှူပေးတဲ့နေ့ဟာ ကုန်တဲ့နေ့လား ရတဲ့နေ့လား

ဟောကြားသည့်နေ့

(၁၂-၁ဝ-၆၂)

အလှူပေးတယ်လို့ ဆိုတဲ့ဥစ္စာအားလုံး ဒကာ ဒကာမ တွေ မှတ်ထားရမယ်၊ အလှူပေးတယ် ဆိုတဲ့ဥစ္စာ သူများ လက်တွင်း ရောက်သွားတယ်ဆိုရင် လွဲတယ်။

အလှူပေးတယ်ဆိုတာ

အလှူပေးတော့ အလှူခံပုဂ္ဂိုလ်လက်ထဲ ရောက်သွား တယ် ဆိုလို့ရှိရင်ဖြင့် လွဲပါတယ်။ဟာ အလှူပေးတာပဲ ဘုရား၊ အလှူခံပုဂ္ဂိုလ် လက်ထဲရောက်သွားတယ် ဆိုရင် လွဲတယ်ဆိုတဲ့ဥစ္စာ တပည့် တော်များ တစ်သက်လုံး ကြားလာတာပဲ မယုံကြည်နိုင်ပါဘူး ဆိုလို့ရှိရင်လည်း စောဒက တက်ရင် တက်စရာပဲလို့ အောက်မေ့ ရမယ်။

ဘုရားထံ နတ်တွေလာလျှောက်တယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးပြီး သကာလ နေပါတယ်၊ ထိုကဲ့သို့ သီတင်းသုံးပြီး သကာလ နေတဲ့အခါ နတ်တွေ သည်ကား ဆိုလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးထံ လာလျှောက်တယ်တဲ့၊ ဪ အလှူပေးတယ် ဆိုတဲ့ဥစ္စာ တခြားလား အောက်မေ့တယ်ဘုရား၊ ကိုယ် ရလိုက်တာပါလားတဲ့၊ ဆိုတော့ သူများရလိုက်တယ် ဆိုတာ လွဲထွက်သွားတယ်။

ကိုယ်ရလိုက်တယ်လို့ဆိုတာ ဦးတင်တို့ ဦးသန်းမောင် တို့ မှတ်ရမယ် (မှန်ပါ့)။

အလှူပေးတာ သူများလက်ထဲ ရောက်သွားတာ မဟုတ်ဘူး။ ကိုယ်ရလိုက်တာ။

အလှူပေးတာ မိမိရလိုက်တာ

အားလုံး တရားနာတဲ့ မသောင်းတို့ သေသေချာချာ မှတ်ပါလို့ဆိုတဲ့ဥစ္စာ မောင်ချစ်လှတို့ ဒကာမကြီးလည်း သေသေ ချာချာမှတ်၊ ဪ အလှူပေးတယ်ဆိုတဲ့ဥစ္စာ သူများရတာ အောက်မေ့နေတယ် မဟုတ်ပါလား။ မိမိ ရလိုက်တာပါလား ဆိုတာ သေသေချာချာမှတ်ပါ။

ဒီတွင် ဥပမာအားဖြင့် ဘယ်လိုပြလိုက်သလဲဆိုတဲ့အခါ အိမ်တစ်အိမ် မီးလောင်နေတယ်လို့ ဦးတင်တို့ ဦးသန်းမောင်တို့ မှတ်ထား လိုက်စမ်းပါနော် (မှန်ပါ့)။

လောင်လို့ရှိရင် ဦးတင် အိမ်မီးလောင်တယ်၊ဦးသန်းမောင် အိမ် မီးလောင်တယ်၊ ဦးအောင်ဇံဝေ တို့အိမ် မီးလောင်တယ်ထား၊ ရပ်ကြည့်နေလို့ ရှိရင်ဖြင့် အိမ်ပေါ်ကပစ္စည်းဟာ ပြောင်သွားတာပဲ။ ရသလောက် ဆွဲပြီး မီးထဲကနေ သယ်နိုင်သ၍ သယ်ပြီး မီးကင်းတဲ့ နေရာ၊ မလောင်သေးတဲ့နေရာက သယ်ယူလိုက်မယ်ဆိုလို့ရှိရင် ဖြင့် တဲ့။ ဒီပစ္စည်းဟာ မီးထဲ ပါသွားသလား၊ ရသင့်သလောက် ရလိုက်တယ်လို့ ဆိုလို့ရှိရင်ဖြင့် သယ်တဲ့ပုဂ္ဂိုလ်ဟာ ရသင့်သလောက် ရတယ်လို့ ဦးတင် မှတ်ရမယ် (မှန်ပါ့)၊ ဦးသန်းမောင် မရဘူးလား (ရပါတယ် ဘုရား)။

မီးလောင်တာ ရပ်ကြည့်နေလို့မရ

မီးလောင်တာ ရပ်ကြည့်နေရင်တော့ မရတော့ဘူး (မှန်ပါ့)၊ သယ်နိုင်သလောက် သယ်ပြီး သကာလ မလောင်သေးတဲ့ နေရာက မောင်ချစ်လှတို့ သယ်ယူလို့ရှိရင်ဖြင့် ထိုက်တန် သလောက် ရလိုက်တယ်လို့ ဆိုပါဦး (မှန်ပါ့ ဘုရား)။

အဲဒီရတဲ့ပစ္စည်းဟာ ဘယ်သူပိုင်ပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် အို ကိုယ်ဆွဲထွက်လို့ ကိုယ်ရလိုက်တာ ကိုယ်ပိုင် တာပေါ့လို့ ဆိုလို့ရှိရင်ဖြင့် အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့)၊ မချထိုက်ဘူးလား (ချထိုက်ပါတယ် ဘုရား)။

ဇာတိမီး မရဏမီး

ဒီမှာလည်း ထိုနည်းအတူပဲ တဲ့။ မောင်ချစ်လှတို့ မသောင်းတို့ မခင်တို့ မှတ်ရမှာ ခန္ဓာကိုယ်ကြီးက ဇာတိမီး, ဇရာမီး, မရဏမီးကလည်း လောင်နေတယ်။ ခန္ဓာအိမ်ကြီးကို ဇာတိမီး ကလည်း ဦးသန်းမောင် နေ့တိုင်းလောင်နေတာပဲ (မှန်ပါ့ ဘုရား)။

ဇရာမီးကလည်း နေ့တိုင်း အိုအောင်လောင်နေတာပဲ။ မရဏမီးကလည်း နေ့တိုင်း သေအောင် လောင်ပြီး သကာလ နေတာပဲ (မှန်ပါ့)။ မင်းတွေ၊ စိုးတွေ၊ သူခိုးတွေကလည်း ဒီဥစ္စာ တွေကို သူတို့ ချိန်ရွယ်ပြီး သကာလ မလစ်နဲ့ လစ်ရင် ယူမဟ ဆိုပြီး သကာလ နေကြတာပဲ။ မင်းကလည်း ဘယ်လို အခွန် အကောက်တွေ ယူရပါ့မတုံးဆိုတဲ့ ရေ မီး မင်း ခိုးသူ မချစ် မနှစ်သက်သောသူတွေကလည်း သူတို့ကလည်း ရာဇတောဝါ ဆိုတဲ့မီးတွေ၊ စောရတောဝါ ဆိုတဲ့မီးတွေကလည်း လောင်လျက်ပဲ (မှန်ပါ့ ဘုရား)။

ရန်သူမျိုးငါးပါး

အဲဒီလို မီးတွေလောင်နေတော့ ခန္ဓာကိုယ်ကြီးကလည်း မီးလောင်၊ ပစ္စည်းတွေကိုလည်း ရေ မီး မင်း ခိုးသူ မချစ်မနှစ် သက်သောသူတို့ကလည်း ယူသွား လောင်သွား ဆောင်သွား ဆိုသလို ဖြစ်ပြီး သကာလ နေတော့ ဒီထဲကနေပြီး သကာလ တို့ သား ရှင်ပြုမယ်၊ သံဃာတော်တွေအား သင်္ကန်းတွေ၊ ဘိနပ်တွေ၊ ခြင်ထောင်တွေ မျက်နှာသုတ်ပဝါတွေ တို့ ရန်သူမျိုး ငါးပါး မီးတည်းဟူသော လောင်နေတဲ့ အထဲမှာ ကိုယ့်ဖို့ရအောင် ဆွဲထုတ်လိုက်မယ်၊ ဇာတိ၊ ဇရာ၊ မရဏမီးတွေ ခန္ဓာကိုယ်ထဲ လောင်နေတာ ထဲမှလည်း ဉာဏ်နဲ့ဆွဲထုတ်လိုက်မယ်ဆိုတော့ ဦးအောင်ဇံဝေတို့ပဲ စဉ်းစားပါ။ ဦးတင်တို့ ဦးသန်းမောင်တို့ပဲ စဉ်းစားပါ။

ခန္ဓာကိုယ်ကြီးကလည်း မီးလောင်၊ ပစ္စည်းကလည်း မီးလောင်နေတဲ့အထဲက မီးမလောင်တဲ့ နေရာကို အလှူရှင်ကမှ ဆွဲမထုတ်လို့ရှိရင်ဖြင့် ဒီဥစ္စာ အို၊ နာ၊ သေထဲ ပါသွားမှာပဲ၊ ရန်သူမျိုး ငါးပါးထဲကော (ပါသွားမှာပါ ဘုရား)။

အဲ ပါသွားတော့ ဒါမီးလောင်တဲ့အထဲ ပါသွားတာ ရပ်ကြည့်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်လို့ မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။

မီးမလောင်တဲ့နေရာ ပို့ထားမယ်

အခုတော့ဖြင့် အခု ဒါနကိုပြုပြီး သကာလ ဪ မီးမလောင်တဲ့နေရာ ပို့ထားမယ် ဆိုတော့ ကိုယ်က ဆွဲထုတ် လိုက်တဲ့အတွက် မီးမလောင်တဲ့နေရာ ရောက်တဲ့ပစ္စည်းဟာ ဆွဲထုတ်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်း (မှန်ပါ့ ဘုရား)။

မီးထဲက ဆွဲထုတ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းဆိုရင် ဦးသန်းမောင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒီနေ့ ဘာလုပ်တဲ့နေ့တုံး

ဒါဖြင့် ဒီဘက်က သားဖြစ်တဲ့ မောင်ချစ်လှတို့ မသောင်း တို့ ဒကာ ဒကာမကြီးတို့ ဒီနေ့ ဘာလုပ်တဲ့နေ့တုံးလို့ မေးတဲ့ အခါကျတော့မှ တပည့်တော်တို့ ဘုရား – မီးလောင်မှန်းလည်း ဆရာသမားက ပြောထားလို့ သိနေပါပြီ၊ ခန္ဓာကိုယ်ကြီးကလည်း မီးလောင်နေတာ၊ ပစ္စည်းတွေ ကလည်း ရေး မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက်သောသူ ဆိုတဲ့ မီးတွေက လောင်နေတာ၊ လောင် နေမှန်းသိတဲ့ အတွက် ဒါ တပည့်တော်တို့ဖြင့် ဆွဲထုတ်လိုက် တာပဲ။

မီးထဲက ဆွဲထုတ်တဲ့နေ့

မီးထဲက ဆွဲထုတ်ပြီး သကာလ တပည့်တော်တို့ ကိုယ် တိုင်ဆွဲထုတ်တဲ့နေ့ပဲလို့ ဆိုလို့ရှိရင် မောင်ချစ်လှတို့ မခင်တို့ မလွဲဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) မသောင်း မှတ်မိရဲ့လား (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ယနေ့သည်ကားလို့ဆိုရင် ခန္ဓာကိုယ် ကြီးကလည်း အိုဘေး၊ နာဘေး၊ သေဘေး မီးလောင်နေတယ်။ ပစ္စည်းတွေကလည်း ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော သူတို့က လောင်နေတယ် (မှန်ပါ့ ဘုရား)။

ဒီထဲမှာ ဦးသန်းမောင်တို့ လူစုတွေက ဆွဲမထုတ်တော့ ဘူးဆိုရင်ဖြင့် လောင်တဲ့အထဲ ပါသွားမှာပဲ၊ မပါပေဘူးလား (ပါ,ပါတယ် ဘုရား)။

ဒါကြောင့် အလှူပေးတာ သူများရတာလားလို့ နဂိုက မေးခဲ့ပါတယ်၊ သူများလက်ထဲ ရောက်သွား တာလား၊ ကိုယ် မီးထဲက ဆွဲထုတ်လို့ ကိုယ်ရလိုက်တာလားဆိုတာကို ဝေဖန်ဖို့ အရေးကြီး လာတယ် (မှန်ပါ့)၊ ဘယ့်နှယ်ဝေဖန်ကြမလဲ (ကိုယ်မီးထဲက ဆွဲထုတ်တာပါ ဘုရား)။

ကိုယ့်အိမ် မီးလောင်နေလို့ ကိုယ်ဆွဲထုတ်လိုက်ရတာပေါ့၊ ဦးသန်းမောင်ရ (မှန်ပါ့) သူများရတာလား (ကိုယ်ရတာပါ ဘုရား)။

အလှူပေးတာ ကိုယ်ရတာ

ဒါဖြင့် အလှူပေးတာသည် သူများလက်ထဲ ရောက်သွား တာလား၊ ကိုယ်ရတာလားလို့ ဆိုလို့ရှိရင် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ကိုယ်ရတာပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ရှေးထုံး ရှေးနည်းတွေနဲ့ ပြောဆိုနေတဲ့ မောင်ချစ်လှလို့၊ မသောင်းတို့ မခင်တို့က အလှူ ပေးတဲ့အတွက် ထိုက်တန်သလောက်ဖြင့် ကုန်သွားတာပဲလို့ မေးကြတယ် (မှန်ပါ့ ဘုရား)။

အဲဒါ လွဲပါတယ်၊ နောင်ကို မေးချင်ကြလို့ရှိရင် ခင်ဗျားတို့ ပညာမျက်စိတပ်ပြီး မေးလိုက်ရင် မင်းအလှူ ဘယ်လောက် ရလိုက်သတုံး မေးဖို့သင့်တယ် (မှန်ပါ့ ဘုရား)။

ဦးသန်းမောင်ကြီးတို့က ဘယ်လောက် ကုန်သွားသတုံး မေးချင် မေးနေဦးမှာ ကန့်လန့် (မှန်ပါ့)၊ ကန့်လန့်မေးချင် မေးနေဦးမှာ။

မင်းအလှူ ဘယ်လောက်ရလိုက်သတုံး

အဲဒီတော့ မောင်ချစ်လှတို့ မသောင်းတို့ သူများက မေးလို့ရှိရင်ဖြင့် အကြောင်းတိုက်ဆိုင်လို့ မေးခဲ့သော် မင်းအလှူ ဘယ်လောက်ရလိုက်သတုံး မေးလို့ရှိရင် မှန်တယ်၊ ဘယ်လောက် ကုန်သွား သတုံး မေးလို့ရှိရင်ဖြင့် ဟိုမီးဘက်က မေးတာနဲ့ တူတယ်။ သဲအိတ်ဘက်က မေးတာနဲ့ မတူဘူး။ တူသေးရဲ့ လား၊ (မတူပါ ဘုရား)။

အဲဒါ ဉာဏ်နဲ့ စဉ်းစားကြည့်တော့မှ မောင်ချစ်စိန်တို့ ဪ မီးလောင်တဲ့အထဲက ဆွဲထုတ်တဲ့ ဥစ္စာကို မီးလောင် တဲ့ ပုဂ္ဂိုလ်သာ ရထိုက်တဲ့ ပစ္စည်းဖြစ်နေလို့ သူဆွဲထုတ်လို့ သူရတာ။

အခုလည်း ခန္ဓာကိုယ်ကြီးကလည်း အိုဘေး၊ နာဘေး၊ သေဘေး မီးလောင်နေတယ်၊ ဆယ့်တစ်ပါးသော မီးတွေက လည်း လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ဆယ့်တစ်ပါးသော မီးကလည်း ခန္ဓာကိုယ်ကြီး လောင်နေတယ်။

သားရှင်ပြု၊ ကထိန်ခင်း အလှူပွဲကြီး

ပစ္စည်းတွေကလည်း ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက် သောသူတို့က လှောင်ပြီး သကာလ သူတို့ ယူနေကြတာပဲ။

ဒီအထဲကမှ တို့သား ရှင်ပြု၊ ကထိန်ခင်းဆိုပြီး သကာလ အလှူ ပွဲကြီးကို မရရအောင် ထုတ်ယူလိုက်ဦးမှပဲဆိုပြီး သကာလ၊ နို့မဟုတ်လို့ရှိရင်လည်း ခန္ဓာကလည်း ကုန်၊ ပစ္စည်းကလည်း မီးလောင်လို့ကုန်၊ ဆွဲမထုတ်လို့ရှိရင်ဖြင့် ဦးတင်တို့ ဦးသန်း မောင်တို့ ရလိုက်ပါဦးမလား (မရလိုက်ပါ ဘုရား)။

ဒါဖြင့် ဒီအလှူ၊ ဘယ်လောက်ရလိုက်သတုံးလို့ မေးရ မလား။ ဒီအလှူ ဘယ်လောက် ကုန်သွားသတုံးလို့ မေးရမလား။ ကဲ ဦးတင်ပဲ တရားသူကြီး လုပ်ပြီး ဆုံးဖြတ်ချက် ချစမ်းပါ (ဒီအလှူ ဘယ်လောက် ရသတုံးလို့ မေးရမှာပါ ဘုရား)။

မီးထဲက ဆွဲထုတ်တာ

ဘယ်လောက်ရလိုက်သတုံးလို့ မေးရမှာ၊ မီးလောင် နေတဲ့ အထဲက ဆွဲထုတ်တာ (မှန်ပါ့)။

လောဘမီး၊ ဒေါသမီးနဲ့ စားသောက်သုံးပစ်လိုက်လည်း ဦးသန်းမောင် ကုန်သွားမှာပဲ (မှန်ပါ့) မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

ဥပမာ လောဘမီး ဒေါသမီး မောဟမီးတွေနဲ့ သုံးဖြိုးပစ်လိုက်လို့ရှိရင်လည်း လောဘမီး ဒေါသမီး လောင်လို့ ကိုယ့်မှာ စုထားတဲ့ ပစ္စည်းတွေ ကုန်သွားတာပဲ (မှန်ပါ့)။

တစ်နည်း မင်းကလည်း မင်းတို့ပစ္စည်း အကုန် သိမ်းမယ်ဟေ့။ တစ်နည်းအားဖြင့်လည်း အမြတ်တော် ကြေးက အများကြီး ချပစ်လိုက်မယ်ဟေ့ ဆိုလို့ရှိရင်လည်း မင်း၊ မီးလောင်သွားတာနဲ့ ဦးအောင်ဇံဝေ ကုန်သွားတာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီလို ကုန်သွားတဲ့အထဲကမှ ဒါတွေကုန်မှာ သိနေတာ၊ လောင်နေတာ သိနေတဲ့ အခါကျလို့ ရှိရင် ဆွဲမှ မထုတ်တော့ဘူး ဆိုရင်ဖြင့် ဦးသန်းမောင် ကိုယ်ပိုင်ရလိုက်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

အလှူခံပုဂ္ဂိုလ်က ပစ္စည်းသာရတယ်

ဒါဖြင့် ဒီနေ့ အလှူပွဲကြီးသည် ထီးတွေ၊ ဖိနပ်တွေ၊ ပစ္စည်းတွေ သင်္ကန်းတွေ၊ ခြင်ထောင်တွေ၊ မျက်နှာသုတ်ပဝါတွေ၊ သံဃာ ၂၀၀ စာ၊ သီလရှင်တွေလည်း ထိုက်တန်သလောက် လှူပြီး သကာလ ၄-ရက်နေ့ကို လှူကြ၊ ပေးကြ၊ ကမ်းကြမယ် လုပ်ပြီး အလှူသာ ဆိုရတယ် တဲ့၊ လှူတော့ လှူလိုက်တာ ပဲတဲ့။ အလှူခံ ပုဂ္ဂိုလ်မှာတော့ ပစ္စည်းသာ ရလိုက်၍ ကိုယ့်မှာ တော့ သူတော်ကောင်းရတနာ ရလိုက်တယ် (မှန်ပါ့)။

အလှူပေးတဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်သွား ရတနာတွေ ရတယ်

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ နိဗ္ဗာန်သွား ရတနာတွေ ရလိုက်တယ် (မှန်ပါ့)။

အလှူခံပုဂ္ဂိုလ်မှာတော့ အခုပြောတဲ့ပစ္စည်းသာ ရလိုက် တယ် (မှန်ပါ့)။

သူတော်ကောင်းရတနာတွေရလိုက်တယ်

အလှူပေးတဲ့ ပုဂ္ဂိုလ်မှာတော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ သူတော်ကောင်း ရတနာတွေ ရလိုက်တဲ့အတွက်တဲ့။ ဒီလိုတွက်လိုက်ပြန်တော့လည်း ကုန်သွားတယ်လား၊ ရလိုက် တာလား မေးလို့ရှိရင် မောင်ချစ်လှတို့ မသောင်းတို့ ဘယ့်နှယ် ဖြေမလဲ (ရလိုက်တာပါ)၊ ရလိုက်တာလို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့ ဘုရား)။

ဟိုက ဒကာကြီး ရဲ့ လား (မှန်ပါ့)၊ ကြားတယ်နော် (မှန်ပါ့)၊ ကြားမှ -ကြားမှ အသံကလည်း မထွက်ဘူး။

အဲဒီတော့ ဒီနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဉာဏ် အမြင်ထူးခြားလာတဲ့အတွက် ကဲ တို့ ဆရာဘုန်းကြီး ဆီကို သွားကြစို့။ ဒီမှာရှိတဲ့ သံဃာတွေလည်း ကထိန်ခင်းပြီး သကာလ သားကလေး ရှင်ပြုကြစို့ ဆိုတဲ့ဥစ္စာက မီးလောင်မှန်း သိလို့ ဉာဏ်မျက်လုံးနဲ့ ပွင့်လာတာ၊ ခါတိုင်းတော့ အဝိဇ္ဇာ မျက်လုံးနဲ့မို့ လောင်မှန်းမသိဘူး။

ဉာဏ်မျက်လုံးပွင့်လာတာ

အခုတော့ ဉာဏ်မျက်လုံးပွင့်ပြီး မီးလောင်နေတယ်ပေါ့။ တို့ အမရပူရ တောင်မြို့သွားပြီး သကာလ ဆွဲထုတ်ပြီး သကာလ ကိုယ်ပိုင်လုပ်ကြစို့လို့ ဆိုပြီး သကာလ မျက်လုံးပွင့်တဲ့မြို့ ဆိုလို့ ရှိရင်လည်း ဦးတင်တို့ ဦးသန်းမောင်တို့ မလွဲဘူး (မလွဲပါ ဘုရား)။

မျက်လုံးမပွင့်လို့ စုသာနေမယ်ဆိုရင် စုရင်း လောဘမီး၊ ဒေါသမီးက သုံးပစ်လို့ ကုန်ရင်း၊ ရေ၊ မီး၊ မင်း၊ ခိုးသူတွေက အချိန်ကျလာရင် အခွန်ဆောင်လိုက်ရရင်း၊ လိုက်ရရင်း ဆိုတော့ ခါတိုင်း တော့ဖြင့် စုလိုက်-ကုန်လိုက်၊ စုလိုက်-ကုန်လိုက် မီးလောင်လိုက်။

ဒီလိုချည်းဖြစ်နေတာ အခုတော့ အကုန် မီးလွတ်ရာ ပို့ပါတော့မယ်ကွာ၊ မီးလောင်မှန်း သိတဲ့ ဥစ္စာ တို့ဟာ တို့ ဆွဲထုတ်ပြီး သကာလ မီးဘေးက ဆွဲထုတ်ပြီး သကာလ ပို့ပါတော့မယ်၊ ထားပါတော့မယ် ဆိုတာကို ဦးအောင်ဇံဝေတို့ပဲ စဉ်းစားပါတဲ့။ ကုန်သွားတာလား ရလိုက်တာလား (ရလိုက်တာပါ ဘုရား)။

လောကကြီးက လွဲနေတာ

ဒါဖြင့် နောက် ဂွပြောနေတယ် တို့ ဆရာဘုန်းကြီးကလို့ ဆိုကြမလား၊ လောကကြီးက လွဲနေတာလား၊ ဆရာသမားက လွဲနေတာလားလည်း ကြည့်ကြပါဦး (လောကကြီးက လွဲနေတာပါ ဘုရား)၊ လောကကြီးက လွဲနေတာ။

ဦးသန်းမောင်တို့ နှုတ်ကောင်းကောင်းနဲ့ ကိုယ့်မိတ်ဆွေ သင်္ဂဟတွေက မင်းအလှူ ဘယ်လောက် ကုန်သတုံးဟေ့၊ အံမာ သွားများ မေးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

သွားများ မေးလိုက်သေးတယ်၊ ဘယ်လောက်ကုန်သတုံး လို့။ ဘယ်လောက် ရလိုက် သတုံးဟေ့ ဆိုလို့ရှိရင် ဒါတည့်တယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘယ်လောက်ကုန်သွားသတုံး ဆိုလို့ရှိရင်ဖြင့် တဲ့။ မီးလောင်တာမှ ကုန်တယ်ပြောရတယ် (မှန်ပါ့)၊ ဆွဲထုတ်လို့ ရတာကျတော့ (ကုန်တယ်လို့ မပြောရပါ)၊ ဆွဲထုတ်လို့ ရတဲ့ဟာတွေ ရတယ်လို့ ပြောရတယ် (မှန်ပါ့ ဘုရား)။

ယနေ့တော့ဖြင့် ဒီဒကာ ဒကာမတွေဟာ မီးထဲ ဆွဲထုတ် လို့ ရလိုက်တာ၊ ရပြန်တော့လည်း အရမ်း ဆွဲထုတ်တာလား ဟုတ်လား၊ မသိမလိမ္မာဘဲနဲ့ အရမ်းဆွဲထုတ်တာလား၊ မျက်လုံး မြင်မြင်နဲ့ ကောင်းတာ ရွေးထုတ်တာလားဆိုတဲ့ ဆွဲထုတ်မှု ကလည်း မျိုးရှိသေးတယ် (မှန်ပါ့ ဘုရား)။

ဆွဲထုတ်တာ နှစ်မျိုးရှိတယ်

မီးထဲက ဆွဲထုတ်တဲ့ဥစ္စာလည်း နှစ်မျိုးရှိပါသေးတယ်၊ ဘယ်လိုနှစ်မျိုးရှိသလဲ ဆိုရင်ဖြင့် နိဗ္ဗာန်တည်း ဟူသော ရတနာ မြတ်ကြီး လိုချင်လို့ နိဗ္ဗာန်ဆွဲထုတ်တာက တစ်မျိုး၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်ကြောင်း ပစ္စည်းတွေ ဆွဲထုတ်တာက တစ်မျိုး (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ မီးထဲက ဆွဲထုတ်ပေမယ့်လည်း ဦးအောင် ဇံဝေတို့ ဦးသန်းမောင်တို့ ဆွဲထုတ် တတ်ဦးမှ (မှန်ပါ့)၊ အလကား ဒီမီးလောင်လို့ စဉ့်အိုးကြီးတွေ ဆွဲထုတ်နေလို့ အပိုပေါ့ဗျာ ဟင် (မှန်ပါ့ ဘုရား)။

ထင်းတွေဆွဲနေလို့ အပိုပေါ့

စဉ့်အိုးတွေ ဆွဲထုတ်နေလို့ ဒါတွေဟာ အပိုပေါ့။ ထင်းတွေ ဆွဲထုတ်နေလို့ အပိုပေါတဲ့ လောင်နေတဲ့ဥစ္စာ၊ ဒါတွေလောင်လို့တော့ ဘာအရေးကြီးစရာ ရှိသတုံး (မှန်ပါ့ ဘုရား)။

ခုနင်က ပြောခဲ့တဲ့ နိဗ္ဗာန်ရတနာကြီးကို ဆွဲထုတ်မိတယ်၊ ပညာမျက်စိနဲ့ ကြည့်ပြီး သကာလ နိဗ္ဗာန် ရောက်ကြောင်းကို ဆွဲထုတ်မိမယ်ဆိုလို့ရှိရင် အတည့်ပဲ (မှန်ပါ့ ဘုရား)။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဆွဲထုတ်မိမယ်ဆိုရင် ဆွဲထုတ်မိတဲ့နေရာ နောက်ကမီးက ကူးပြီး လောင်ပြန်တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဆွဲထုတ်နည်းကလည်း ဦးသန်းမောင် လိုသေး သဗျာ (မှန်ပါ့)၊ အရမ်းဆွဲထုတ်တာက တစ်မျိုး၊ မျက်လုံး အမြင်နဲ့ ဆွဲထုတ်တာတစ်မျိုးဆိုတာကော မောင်ချစ်စိန် မှတ်မိ ပလား (မှတ်မိပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း ဆွဲထုတ်လိုက်တာ

အဲဒါကြောင့် ယနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မောင်ချစ်လှတို့ မသောင်းလူစုနဲ့ ဒကာမကြီးတို့က ဪ တို့ မီးထဲက ဆွဲထုတ်ပေမယ့် အဖိုးတန်တွေကို ဆွဲထုတ်ပြီး ကိုယ် ပိုင်လုပ်တာပဲ ဆိုတော့ နိဗ္ဗာန်ရောက်ကြောင်းကိုသာ ဆွဲထုတ် လိုက်တာ၊

နိဗ္ဗာန်ရောက်ကြောင်းပစ္စည်းကိုလည်း ဆွဲထုတ် လိုက်တယ်၊ နတ်ပြည်မရောက်ကြောင်း ပစ္စည်းတွေကို ဆွဲထုတ်ဖို့ အရေးမကြီးဘူး ဆိုပြီး သကာလ ယနေ့သည် နိဗ္ဗာန်ရောက်ကြောင်း ပစ္စည်းကိုသာလျှင် လိုချင်လို့ ရေစက်ချပွဲကြီးကို ဆင်နွှဲပါ၏ဆိုတာ ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့ ဘုရား)။

နှစ်မျိုးရှိသွားပြီနော် (မှန်ပါ့)၊ နှစ်မျိုးရှိသွားပြီဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဆွဲထုတ်နည်းကလည်း နှစ်မျိုး၊ ပဌမကုန်တာနဲ့ ရတာကို ဝေဖန်တာက တစ်မျိုး (မှန်ပါ့ ဘုရား)။

ဒီနေ့ ကုန်တဲ့နေ့လား ရတဲ့နေ့လား

ကုန်တာနဲ့ ရတာ ဦးသန်းမောင် ဒီနေ့ကုန်တဲ့နေ့လား ရတဲ့နေ့လား (ရတဲ့နေ့ပါ ဘုရား)။

ဆွဲထုတ်ပြန်တော့လည်း အသုံးမကျတာ ဆွဲထုတ်လို့ ဉာဏ်မပါဘဲနဲ့ ဆွဲထုတ်တာက တစ်မျိုး၊ အဖိုးမဖြတ်နိုင်တာ ဆွဲထုတ်လို့ ရတာက တစ်မျိုးဆိုတော့ မျက်စိမမြင်တဲ့လူ ဆွဲထုတ်တာလည်း တစ်မျိုးကိုးဗျ (မှန်ပါ့) မျက်စိမြင်တဲ့လူ ဆွဲထုတ်လို့ရတဲ့ပစ္စည်းက (တစ်မျိုးပါ ဘုရား) တစ်မျိုး ဆိုတော့ အခုဟောတာသည် နာရီဝက်နီးသွားပြီ ဒကာ ဒကာမ တို့ နှစ်မျိုးဆိုတော့ မှတ်ဖို့တော့ ကောင်းပြီ (မှန်ပါ့)၊ ဦးသန်းမောင် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

မှတ်မိပြီတဲ့၊ ဦးအောင်ဇံဝေကော မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

လူ့ပြည်နတ်ပြည်လိုချင်ရင် မီးလောင်မယ်

တစ်ချို့ ပုဂ္ဂိုလ်များ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် လိုချင်လို့ မီးထဲက ဆွဲထုတ်ပြီး သကာလ လှူလိုက်တယ် တန်းလိုက်တယ်၊ ပေးလိုက် ကမ်းလိုက်တယ်ဆိုတာ မီးကူး လောင်တာ (မှန်ပါ့ ဘုရား)။

ဒီမှာလည်း လောင်လျက်ပဲ။ ဟိုရောက်ရာတွေမှာလဲ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဒီခန္ဓာကြီးနဲ့ ဒီပစ္စည်းတွေ မလောင်ပေဘူးလား – လောင်မလား (လောင်ပါတယ် ဘုရား)။

နောင်မီးမလောင်မည့် ပစ္စည်းကိုရပါတယ်

ဒါဖြင့် မီးကူးတော့ ဒီနေရာကတော့ ဆွဲထုတ်တယ်၊ ဟိုနေရာကျမှ ဆက်လောင်တဲ့ ဥစ္စာမျိုး၊ ဆွဲထုတ်ငြားသော် လည်း မျက်စိမမြင်တဲ့လူ ဆွဲထုတ်တဲ့ပစ္စည်း ဖြစ်လေသောကြောင့် ဒါလည်း မီးထဲက ဆွဲထုတ်လို့ ရလိုက်ပါရဲ့၊ ရပေမယ့် လည်း မီးဆက်လောင်လို့ မကောင်းဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊

ယနေ့တော့ မောင်ချစ်လှတို့၊ မသောင်းတို့ ဒကာမကြီးတို့ ဆွဲထုတ်တာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းကို ဆွဲထုတ်မယ်ဆိုတော့ နိဗ္ဗာန်ကို သာလျှင် ရကြောင်းပစ္စည်းကို ဆွဲထုတ်ပါမည်ဆိုပြီး မအို၊ မသေ အမြဲနေတဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်နဲ့သာ ဆွဲထုတ်ပါမယ် ဆိုပြီး သကာလ ယနေ့ အလှူပွဲ ဆင်နွှဲတဲ့အတွက် ဆွဲထုတ်တဲ့ အထဲက နောင်မီးမလောင်မယ့် ပစ္စည်းကို ရပါတယ် (မှန်ပါ့)။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဆုတောင်းပြီး လှူကြ၊ ပေးကြ၊ ကမ်းကြမယ်ဆိုရင် လူ့ပြည်၊ နတ်ပြည်တော့ ဖြစ်မှာပဲ။ မီးလောင်စရာ ပစ္စည်းပဲ ပြန်ရတယ် (မှန်ပါ့)။

အင်မတန် ဉာဏ်ပါတဲ့အလုပ်

ဟာ နိဗ္ဗာန်ရောက်ကြောင်းကိုသာ တပည့်တော်တို့ ယနေ့လုပ်ပါတယ်ဆိုရင်ဖြင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ မီးမလောင်တဲ့ပစ္စည်းကို ဆွဲထုတ်မိတဲ့အတွက် အဖိုး မဖြတ်နိုင်တဲ့ ပစ္စည်း အမြတ်ဆုံး ဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ဆွဲထုတ် မိတဲ့အတွက် အလှူပေးတဲ့ အလုပ်ဟာ အင်မတန်မှ ဉာဏ်ပါတဲ့ အလုပ်၊ ဆွဲထုတ်ယူတာထဲမှာလည်း မှန်ကန်စွာ ဆွဲထုတ်နိုင်တဲ့ ဉာဏ်စွမ်း ရှိတယ်ဆိုတာ ဦးသန်းမောင် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒီစကားနှစ်လုံးဟာ မောင်ချစ်စိန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးတယ် ဆိုတာ ဆွဲထုတ်တာတောင်မှ ထုတ်တတ်ဦးမှ ဆိုးဆိုးဆတ်ဆတ် ဆွဲထုတ်နေပြီး အရူးလုပ် ထုတ်နေလို့လည်း ဦးသန်းမောင် တော်ပါ့မလား (မတော်ပါ ဘုရား)။

မပျောက်မပျက်တဲ့ပစ္စည်းရတာ

တကယ့် အနဂ္ဃ အဖိုးမဖြတ်နိုင်တာ ထိုက်တန်တဲ့ နိဗ္ဗာန် ရကြောင်းကြီး ဆွဲထုတ်လိုက်တော့မှ သူ့မပျောက်တဲ့ ပစ္စည်း၊ မပျက်တဲ့ပစ္စည်း ရတယ်လို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် မီးထဲက ဆွဲထုတ်ပေမယ့် အကန်းဆွဲထုတ်တာနဲ့ အမြင်ရှိတဲ့ပုဂ္ဂိုလ် ဆွဲထုတ်တာနဲ့ ဦးတင် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဦးသန်းမောင် ဒီရောက်လို့ ကြားရပြန်ပြီ ထူးထူး ဆန်းဆန်းတွေ (မှန်ပါ့)၊ မကြား ရသေးဘူးလား (ကြားရပါပြီ ဘုရား)။

ဆွဲထုတ်တဲ့နည်းက မှန်ဦးမှ

ကြားရပြီ၊ ဆွဲထုတ်နည်းက မီးလောင်လို့ ဆွဲထုတ်လို့ ရတဲ့အထဲကပေမယ့် အဖိုးတန်-မတန် ရှိသေးတယ်၊ ဆွဲထုတ် တဲ့နည်းက မှန်ဦးမှ (မှန်ပါ့ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ခုနင်က လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရာက်ကြောင်း ပစ္စည်းတွေကို ဆွဲထုတ် မိလို့ရှိရင် ဆွဲထုတ်တဲ့ ပစ္စည်းနဲ့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ယူလိုက်မယ်ဆိုရင် လည်း မီးကူးစက် လောင်ဦးမှာပဲ (မှန်ပါ့)။

ဟာ ဒီဆွဲထုတ်တဲ့ပစ္စည်းနဲ့ နိဗ္ဗာန်တည်း ဟူသော အရပ်သွားတော့မယ် ဆိုလို့ရှိရင်လည်း မီးကူးစက်လောင်စရာ ရှိသေးရဲ့ လား (မရှိပါ)၊ ဆယ့်တစ်ပါးသော မီးငြိမ်းတာ နိဗ္ဗာန်မဟုတ်လား (မှန်ပါ့)။

အဲဒါကြောင့် ဆွဲထုတ်တဲ့နည်းကပေမယ့် ဦးသန်းမောင် မလိုဘူးလား (လိုပါတယ် ဘုရား)။

အရမ်းဆွဲထုတ်လို့ရှိရင် အရမ်းဖြစ်တာပဲ (မှန်ပါ့)၊ အမြင်မှန်နဲ့ ဆွဲထုတ်လို့ရှိရင် အမြင်မှန်ရတာပဲ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်သွားကြောင်း ယာဉ်ရထားရတဲ့နေ့

ကဲ ဒါဖြင့် မောင်ချစ်လှလို့ မသောင်းတို့ ယနေ့ အလှူပွဲကြီးသည် မအို၊ မသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီးကို မီးထဲက ဆွဲထုတ်တဲ့ ပစ္စည်းလိုက်တာပဲ၊ မီးလောင်နေမှန်းသိလို့ မီးက ဒုက္ခသစ္စာ၊ မီးလောင်နေတာကို သိလို့ ဆွဲထုတ်နိုင်တဲ့ ဉာဏ်က မဂ္ဂသစ္စာဖြစ်နေသောကြောင့် ဒီမဂ်မှသာလျှင် မအို၊ မသေ အမြဲ နေတဲ့ နိဗ္ဗာန်ကို ပို့ဆောင်နိုင်တဲ့ ယာဉ်ရထားကြီး ဧကန်ဖြစ် နေသောကြောင့် ငါတို့သည် နိဗ္ဗာန်သွားကြောင်း ယာဉ်ရထားကောင်းကို ယခုကိုယ်တိုင်ရတဲ့ နေ့ပဲဆိုတာ ဆုံးဖြတ်ချက် ချပါ၊

မီးကင်းရာသို့ဖြင့် ရောက်ပေပြီဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ချဖြစ်အောင် ချပါဆိုတာ ဆရာသမားက သတိပေးလိုက်တာနော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဪ နေရာကျပါပေါ့လား၊ သုံးဆယ့်တစ်ဘုံ အပြင်ဘက် ထုတ်တာပါလား (မှန်ပါ့)။

ခင်ဗျားတို့ ပစ္စည်းသည်ကားလို့ဆိုရင် မီးထဲက ဆွဲထုတ် ငြားသော်လည်း သုံးဆယ့်တစ်ဘုံ အတွင်း ထုတ်မိလို့ရှိရင် ဒီနေ့ မလောင်ရင် ဟိုနေ့ လောင်ဦးမှာပဲ (မှန်ပါ့)။

သုံးဆယ့်တစ်ဘုံက မီးဟုန်းဟုန်းတောက်တဲ့ ဘုံ (မှန်လှပါ ဘုရား)။

ဒီနေ့ မလောင်ရင် ဟိုနေ့လောင်ဦးမှာပဲဆိုတာ သိနေ တော့ ဒါဖြင့် ဒီနေ့ ဆွဲထုတ်တဲ့ပစ္စည်းဟာ နိဗ္ဗာန်အရောက် ဆွဲထုတ်နိုင်တဲ့အတွက် မီးမလောင်တဲ့နေရာ၊ ဆယ့်တစ်ပါးသော မီးတို့၏ သိမ်းရာ ငြိမ်းရာ မလောင်နိုင်ရာအရပ်ကို ပို့လိုက်တဲ့ အတွက်တဲ့ သမ္မာဒိဋ္ဌိ မျက်လုံးရှိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲကြီး ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

ဦးသန်းမောင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) လှူပေမယ့် ရော့ အင့်ဆိုတဲ့ဥစ္စာက အလွယ်ကလေး ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တကယ်အဖိုးတန်ကို မီးထဲက ဆွဲထုတ်ပြီး သကာလ မီးလွတ်တဲ့နေရာ တကယ့်ပို့မှုကျတော့ တကယ်ကို သိမှသာလျှင် တကယ်အဖိုးတန်တယ်ဆိုတဲ့ဥစ္စာ ပေါ်လာပါတယ်နော် (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့်

အာဒိတ္တသ္မိံ အင်္ဂါရသ္မိံ၊ ယံ နီဟရတိ ဘာဇနံ။

တံ တဿ ဟောတိ အတ္ထာယ၊ နော စ ယံ တတ္ထ ဍယှတိ။

ဒါ ဒီအတိုင်း ပါဠိတော်မှာ လာပါတယ် (မှန်ပါ့)။

အာဒိတ္တသ္မိံ အင်္ဂါရသ္မိံ = မီးလောင်နေတဲ့အိမ်၌၊ ယံ ဘာဇနံ = အကြင် အဖိုးထိုက်တန်တဲ့ ပစ္စည်းကို၊ နီဟရတိ = ထုတ်ဆောင်၏။ တံ =ထို ထုတ်ဆောင်တဲ့ ပစ္စည်းသည်၊ တဿ = ထိုသယ်ယူသော ပုဂ္ဂိုလ်၏ အတ္ထာယ = အကျိုးငှာသာလျှင်၊ ဟောတိ = ဖြစ်၏။ နော စ ယံ တတ္ထ ဍယှတိ တဲ့၊ မီးထဲက ဆွဲမထုတ်နိုင်တဲ့ ပုဂ္ဂိုလ်အားတဲ့၊ ဆွဲထုတ်လို့ရတဲ့ ပစ္စည်းတော့ မီးမလောင် တော့ဘူး၊ ဆွဲမထုတ်လို့ ဒီအတိုင်းပဲ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ဝတ်ရေး၊ မင်းရေး၊ စိုးရေးနဲ့ ဆိုလို့ရှိရင်လည်း ဒါအကုန် မီးလောင်သွားတာပဲတဲ့၊ ဘာများ ကိုယ်ဖို့ ရလိုက်တယ်လို့ကို ဦးသန်းမောင် ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

“ဧဝံ အာဒိတ္တကော လောကော” တဲ့၊ လောကကြီး မှာ ဒီလိုမီးလောင်နေပါတယ်ကွာ တဲ့၊ အာဒိတ္တသုတ် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်မှာလို့ ဦးတင်က မှတ်လိုက် (မှန်ပါ့)၊ အာဒိတ္တသုတ် မီးလောင်နေပုံကို ဟောတဲ့သုတ်တဲ့။

ကဲ ဒါဖြင့် “ဧဝံ အာဒိတ္တကော လောကော” လောကကြီးဟာ ခန္ဓာကိုယ်လည်း မီးလောင် နေတာပဲတဲ့၊ ပစ္စည်း လည်း မီးလောင်နေတာပဲတဲ့ (မှန်ပါ့)။

ခန္ဓာကိုယ်မှာ ဇရာ မရဏမီး လောင်နေတယ်

ဘာလောင်သလဲဆိုတော့ ခန္ဓာကိုယ်ကျတော့ “ဇရာယမရဏေန စ” တဲ့၊ ခန္ဓာကိုယ်ကတော့ ဇရာမီး၊ မရဏမီးက လောင်နေတယ်တဲ့၊ ပစ္စည်းကျတော့ ရေ၊ မီး၊ ခိုးသူ၊ မချစ်မနှစ် သက်သော သူတို့က လောင်နေတယ်တဲ့၊ ဆယ့်တစ်ပါးသော ကိလေသာမီးက လောင်နေတယ် တဲ့။

“နီဟရေထေဝ ဒါနေန” တဲ့ ဒီ ဒါနနဲ့မှ ဒီအထဲက ထုတ် မယူလို့ရှိရင် ဒိပြင် ထုတ်ယူတဲ့နည်းက ရှိကို မရှိတော့ဘူးတဲ့၊ ဒီလိုမှ မီးထဲက ဆွဲထုတ်လို့ရှိရင်လည်း ရကိုမရနိုင်တော့ဘူးတဲ့။

ဒါကြောင့် “ဒိန္နံ သုခဖလံ ဟောတိ” တဲ့၊ အဲဒီလှူတဲ့ ဥစ္စာသည် သုခဆိုတဲ့ နိဗ္ဗာန်, ဖလဆိုတဲ့ အကျိုးနိဗ္ဗာန်၊ အဲဒီ နိဗ္ဗာန်ကို ဒီဆွဲထုတ်လိုက်တဲ့ပစ္စည်းက နိဗ္ဗာန်ကို ပို့ဆောင်တယ်ဆိုတဲ့ အဓိပ္ပါယ် သေသေချာချာ မှတ်ပါတဲ့။

“ဒိန္နံ သုခဖလံ ဟောတိ” ဒီဆွဲထုတ်လို့ရတဲ့ ပစ္စည်းက တော့ဖြင့် သုခနိဗ္ဗာန်ချမ်းသာ ကိုယ်အလိုရှိတဲ့ ဆီကို ရောက်ပါ တယ်တဲ့ (မှန်ပါ)။

ပစ္စည်းကျတော့ ရန်သူမျိုးငါးပါး

အကယ်၍ ဒီဥစ္စာမထုတ်တော့ဘူးဆိုလို့ရှိရင်ဖြင့် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော သူတို့ အကုန်ယူသွားတာ ပဲတဲ့။

“စောရာ ဟရန္တိ ရာဇာနော” တဲ့၊ ခိုးသူတွေကလည်း ယူသွားတာပဲ တဲ့၊ “ရာဇာနော” တွေဆိုတဲ့ မင်းတွေကလည်း သိမ်းသွားတာပဲ တဲ့။

အဲဒါကြောင့် ယနေ့ အလှူပွဲကြီးသည် မီးထဲက ဆွဲထုတ် လိုက်လို့ ရတဲ့နေ့မို့ ကိုယ်ပိုင်ရတဲ့နေ့လို့ မောင်ချစ်လှတို့ မသောင်း တို့ ဒကာ ဒကာမကြီးတို့က ဆုံးဖြတ်ချက်ချပါလို့ ဆရာဘုန်းကြီး က သတိပေးလိုက်ပါတယ် (မှန်ပါ့)။

ဦးသန်းမောင် သဘောပါရဲ့လား (မှန်ပါ့ ဘုရား)၊ မောင်ချစ်လှသော သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)၊ မင်းတို့ကိုယ်မင်းတို့ မီးလောင်နေတယ် ဆိုတာကော သိပလား၊ (သိပါပြီ ဘုရား)၊ ဇရာမီး၊ မရဏမီး လောင်နေတယ် နော် (မှန်ပါ့)။

ပစ္စည်းတွေကလည်း မင်းတွေ၊ စိုးတွေ၊ သူခိုးတွေက ဝိုင်းနေတယ်ဆိုတာတော့ သိပလား (သိပါပြီ ဘုရား)။

ဒီအလုပ်က ကိုယ်ပိုင်ရလိုက်တယ်

သိနေတော့ ဒီအထဲကနေပြီး သကာလ မီးမလောင် အောင် ဆွဲထုတ်မယ်ဆိုပြီး သကာလ သားရှင်ပြု အလှူပွဲကြီး ကထိန်ပွဲကြီး မိတ်ဆွေ၊ သင်္ဂဟတွေ ကျွေးပွဲ၊ မွေးပွဲ၊ ကမ်းပွဲကြီး၊ ဒီအလုပ်ကို လုပ်လိုက်တဲ့အတွက် တဲ့၊ ဒီပစ္စည်း ကတော့ မီးလောင် တဲ့အထဲ ပါသွားသေးသလားတဲ့၊ အိုမီး၊ နာမီး၊ သေမီးထဲကလည်း ပါသေးရဲ့လား (မပါ,ပါ ဘုရား)၊ မင်းမီး၊ စိုးမီး၊ သူခိုးမီးထဲ ကော (မပါ,ပါ ဘုရား)။

မပါတော့ ဒီဥစ္စာ မသောင်းတို့ ကိုယ်ပိုင်မရလိုက်ဘူး လား (ရလိုက်ပါတယ် ဘုရား)။

အဖိုးတန်တဲ့ပစ္စည်းဖြစ်အောင် နိဗ္ဗာန်ဆုတောင်း

အဲ ကိုယ်ပိုင်ရလိုက်တယ် မီးထဲက ဆွဲထုတ်လို့ ရတဲ့ပစ္စည်း (မှန်ပါ့)၊ ဆွဲထုတ်လို့ရတဲ့ ပစ္စည်း ကလည်း အဖိုးတန် ပစ္စည်းဖြစ်အောင် ဆရာဘုန်းကြီးက ဟေ့ မင်းတို့ – ဒီပစ္စည်းနဲ့ ဒီလိုလှူလို့ရှိရင် မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန်ကိုသာ ဆုတောင်းကြ ဒါသာလျှင် အရေးကြီးတယ်ကွ ဆိုပြီး သကာလ ပြောလိုက်ပြန်တော့ ဆွဲထုတ်တဲ့ပစ္စည်းကလည်း အဖိုးတန် ပစ္စည်းမို့ အဖိုးတန်တဲ့ဆီပဲ ပို့ခြင်းစွမ်းရည်သတ္တိ ရှိသည် ဖြစ်လေသောကြောင့် ဒီ ဒကာ ဒကာမတွေမှာတဲ့ ကိုယ်ပိုင်ရတဲ့ နေ့ မီးလွတ်တဲ့နေ့၊ အဖိုးတန်ပစ္စည်းကို ရတဲ့နေ့ဆိုပြီး သကာလ ဆုံးဖြတ်ချက်ချပါတဲ့။

အားအင်ဗလလှူတဲ့နေ့

ပြီးတော့ ဒီမှာ ၄ရက်နေ့ကျပြန်တော့ ဘာလုပ်မတုံးလို့ ဆိုတော့ သံဃာများနှင့်တကွ လူတွေပါ “အန္နဒေါ ဗလဒေါ ဟောတိ” အန္နဒေါ = ထမင်းကျွေးခြင်းသည် (ဝါ) ဆွမ်းအလှူ သည်၊ ဗလဒေါ= အားကိုလှူသည်၊ ဟောတိ =ဖြစ်၏။

၄ရက်နေ့ကျပြန်တော့လည်း အားလုံးကို အားအင်ဗလ ပြည့်ဝပါစေ ဆိုပြီး သကာလ၊ ဆွမ်းလှူတာ မဟုတ်ဘူး၊ အားအင် ဗလ လှူပွဲကြီးလည်း လာပါလိမ့်ဦးမယ်။

အဆင်းလှူတဲ့နေ့

“ဝတ္တဒေါ ဟောတိ ဝဏ္ဏဒေါ” တဲ့ ဝတ္တဒေါ= အဝတ်ကို လှူခြင်းသည်၊ ဝဏ္ဏဒေါ = အဆင်းကို လှူသည်၊ ဟောတိ = ဖြစ်၏ ဆိုတော့ မင်းတို့လှူတဲ့ သင်္ကန်းတွေကို သံဃာတွေက ခြုံကြ ရုံကြပြီ ဆိုမှဖြင့် သံဃာများမှာလည်း ကြည်ညိုဖွယ်ရာ၊ သီလရှင်တွေမှာလည်း ကြည်ညိုဖွယ်ရာရှိ လူတွေ မှာလည်း စားသောက် ကောင်းတဲ့အခါ ခန္ဓာကိုယ်က ဝဖြိုးပြီး အရောင်အဆင်းတွေ့ ထွက်လာ တောင့်တောင့်တင်းတင်း ဖြစ်လာ၊ ကြည့်ကောင်း ရှုကောင်းဖြစ်လာတော့ ဪ အဆင်းလှူတဲ့နေ့ ဆိုရင်လည်း လွဲပါ့မလား (မလွဲပါ ဘုရား)။

ယာဉ်ရထားလှူတဲ့နေ့

“ယာနဒေါ သုခဒေါ ဟောတိ” တဲ့၊ ဒီဖိနပ်တွေ လှူတာ ဒါကတော့ ယာဉ်မော်တော်ကား လှူတာနဲ့ အတူတူပဲ မော်တော်ကား စီးတော့လည်း အညောင်းအညာ ပြေဖို့ ဆူးတွေမှ လွတ်ဖို့၊ ဖုံတွေမှ လွတ်ဖို့ ဆိုပြီး သကာလ အဲဒီမော်တော်ကား လှူတာနဲ့ ဒီဖိနပ်လှူတာလည်း မောင်ချစ်လှတို့ မသောင်းတို့ မခင်တို့က ယာဉ်ရထားလှူတဲ့ နေ့ပါလား ဆိုလို့ရှိရင် လည်း ဟုတ်တယ် (မှန်ပါ့)။

မျက်စိလှူတဲ့နေ့

“ဒီပဒေါ ဟောတိ စက္ခုဒေါ” တဲ့၊ အဲဒီနေ့ကျလို့ရှိရင် လည်း မီးတွေ ဘာတွေထွန်း၊ အမျိုးမျိုး အဖုံဖုံ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြမှာဖြစ်လေ သောကြောင့် တဲ့၊ မျက်စိကို လှူတဲ့နေ့ ဆိုလို့ရှိရင်လည်း မျက်စေ့က ညမှောင်နေတယ်၊ မီးထွန်းလိုက်တဲ့ အခါ အားလုံးသော ပုဂ္ဂိုလ်တွေ မြင်ကြရတဲ့ အခါကျတော့ ဪ ဒါမီးအလှူလား၊ အမြင်ကို လှူတဲ့အလှူလား လို့ မေးရင် ဘယ့်နှယ် ပြောကြာမလဲ (အမြင်ကိုတဲ့ အလှူပါ ဘုရား)။

ဒါဖြင့် မျက်စိလှူတဲ့နေ့ဆိုလည်း အဲဒီနေ့ဟာ အမှန်ဖြစ်ရ တော့မယ် (မှန်ပါ့)။

“သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ” တဲ့၊ အဆောက်အအုံတွေလည်း လှူထားပါတယ်တဲ့၊ မိုးကုတ်မှာ လည်းလှူ၊ ဘယ်မှာလည်းလှူဆိုတဲ့ အဲဒါတွေ လှူထားတော့ လည်း အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန ဆိုတာ ငါးမျိုးစလုံးတာ ဖြစ်နေသောကြောင့်လည်း အလှူတကာ့ အလှူထဲ မှာလည်း မြတ်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဘယ်အကျိုးငှာ လှူပါသတုံး

ဪ ဒါဖြင့် တို့သည်ကား မီးထဲက ဆွဲထုတ်တဲ့ ပစ္စည်းနဲ့ အလှူမျိုးစုံ လှူရ၊ ပေးရ၊ ကမ်းရတာသည် ငါတို့ဘယ် အကျိုးငှာ လိုချင်လို့ လှူပါသတုံးလို့ မေးခွန်းထုတ်လို့ ရှိရင်ဖြင့်တဲ့၊ ဦးသန်းမောင်တို့ သေသေချာချာ မှတ်ပါ၊ ဘယ်အကျိုးငှာ လိုချင်လို့လှူကြသတုံးဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့သည် အမိဝမ်းခေါင်းထဲက လာခဲ့ကြပါတယ်။

အမိဝမ်းခေါင်းထဲမှ ကလလရေကြည်ကလေး တည်ခဲ့ကြရပါတယ်။ ကိုယ့်ကျတော့ သူ့ကျတော့လည်း အတူတူပါပဲ။

ကလလရေကြည်တည်

အဲဒီ ကလလရေကြည်ဟာ အပေါ်က အစာသစ်တွေ အောက်က အစာဟောင်းတွေကြားမှာ ကလလရေကြည်ဆိုတဲ့ ရေကြည်ပေါက်ကလေး တစ်ပေါက်စပြီး မူတည်ပါတယ်။ လူ တစ်ယောက်၏ အစ (မှန်ပါ့ ဘုရား)။

ဒါကလေးက ရေသောက်ပြီးတော့ လှုပ်လိုက် စားလိုက် ဖြစ်ဆိုတော့ နေရထိုင်ရတာကလည်း အင်း အစာဟောင်း နဲ့အစာသစ်ကြား၊ အူမ၊ အူသိမ်တွေ အညစ်အကြေးတွေနံတဲ့ အထဲမှာ နေရတော့၊ ဒီထဲမှာ ကလလရေကြည်တည်နေရတဲ့ မသောင်းဖြစ်စေ၊ မောင်ချစ်လှဖြစ်စေ၊ ဒကာမကြီးဖြစ်စေ၊ ဦးသန်းမောင်တို့ဖြစ်စေ ဒါဒုက္ခရောက်နေတာပဲ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဝမ်းထဲမှာ ဒုက္ခနဲ့ နေခဲ့ကြရ

ဝမ်းထဲမှာ ဒုက္ခနဲ့ နေခဲ့ကြရတာလား၊ သုခနဲ့ နေခဲ့ကြရ တာလား (ဒုက္ခနဲ့ နေခဲ့ကြရတာပါ ဘုရား)။

ဒုက္ခနဲ့နေရတော့ အဲဒီဒုက္ခကြီးကို တပည့်တော်တို့ ယခုမြင်ပြီဘုရား၊ ဆရာဘုန်းကြီးကလည်း ဉာဏ်မျက်လုံးညွှန်ပြ တဲ့အတွက် မြင်ပါပြီ။

အဲဒီ ဒုက္ခကြီးကို မြင်ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်းရှိပါ၍ အဲဒီ ဒုက္ခသစ္စာကြီးကို တပည့်တော် တို့ဉာဏ်နဲ့ အခုတွေးကြည့်တော့ မြင်သောကြောင့် ဒီဒုက္ခမှ လွတ်ချင်လို့ ဒီသံဃာ ၂၀၀ အား ဒီပစ္စည်းတွေကို အချိုးကျအစု လိုက် လှူဒါန်းပါ၏လို့ ယခု စိတ်ပြောင်းလိုက်ပါ (မှန်လှပါ ဘုရား)။

ဒုက္ခမှလွတ်ချင်လို့ လှူဒါန်းပါ၏

ဒုက္ခမှလွတ်ချင်လို့ လှူတာကွနော် (မှန်ပါ့)၊ ဒုက္ခက ဘာသစ္စာတုံး ဦးတင်တို့ (ဒုက္ခသစ္စာပါ ဘုရား)၊ မြင်တဲ့ဉာဏ် က (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီဉာဏ်နဲ့ လှူပါ၏ဆိုတော့ မဂ်ဉာဏ်နဲ့လှူတဲ့အလှူ (မှန်ပါ့ ဘုရား)၊ ရှင်းပလားဟေ့ မောင်ချစ်လှ (ရှင်းပါပြီ)။

ဒကာမကြီး မဂ်ဉာဏ်နဲ့ လှူတဲ့အလှူလို့ မှတ်လိုက် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒုက္ခမြင်တဲ့ဉာဏ်က မဂ်ဉာဏ်

ဒုက္ခမြင်တဲ့ဉာဏ်က မဂ်ဉာဏ်ကိုး၊ အဲဒီဒုက္ခမြင်တဲ့ မဂ်ဉာဏ်နဲ့ ဒုက္ခမြင်တဲ့ ဉာဏ်နဲ့ တပည့်တော်တို့ လွတ်ချင်လို့ ဘုရား၊ အဲဒီဉာဏ်နဲ့ လှူပါတယ်ဆိုသောကြောင့် ဒါ-သဒ္ဓါတရားနဲ့ လှူထားတော့ သဒ္ဓါက နောက်လိုက်ဖြစ်ပြီး ဉာဏ်ကရှေ့သွား ဖြစ်တယ်လို့ ဦးအောင်ဇံဝေတို့က မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သဒ္ဓါက နောက်လိုက် (မှန်ပါ့)၊ ဉာဏ်က (ရှေ့သွားပါ ဘုရား)။

မဂ်ဉာဏ်နဲ့ လှူတဲ့အလှူပွဲ

ဒါဖြင့် ဉာဏ်က ရှေ့သွားဖြစ်လေသောကြောင့် ဒီဉာဏ် ကလည်း သာမညဉာဏ်လားလို့ မေးတဲ့ အခါကျတော့ ဒုက္ခသစ္စာ သိတဲ့ဉာဏ်ဆိုသောကြောင့် မဂ်ဉာဏ်နဲ့ လှူတဲ့ အလှူပွဲ ဖြစ်လေ သောကြောင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်မှတစ်ပါး ဘယ်မှ အကျိုးမပေးတော့ဘူးလို့ ယုံကြည်မှ မောင်ချစ်လှတို့ လင်မယားနော် (မှန်ပါ့)။

ကဲ ဒါဖြင့် လိုက်ကြစမ်းပါကွာ။

တပည့်တော် တပည့်တော်မတို့သည် ဇာတိဒုက္ခ ဘေးကြီးကို ဧကန်သိ တကယ်သိပြီး၊ ဤမည်သော ဒုက္ခကြီးကို ရွံ့ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ် ပါ၍ ထိုဇာတိဒုက္ခကင်းရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဤသင်္ကန်းတွေကို ပင့်လျှောက်ပြီးသော သံဃာတော် အရှင်မြတ်တို့အား ဒုက္ခငြိမ်းရာ ရည်မှန်း၍ လှူဒါန်းပါ၏ အရှင်ဘုရား။

ဒုက္ခငြိမ်းရာ ရည်မှန်း၍ လှူဒါန်းပါ၏

ဪ ဒုက္ခငြိမ်းရာ ရည်မှန်းပြီး လှူဒါန်းတဲ့ ပစ္စည်းပါ လား (မှန်ပါ့)၊ ဒုက္ခငြိမ်းရာဆိုတာ နိဗ္ဗာန်လို့ မောင်ချစ်လှက မှတ်လိုက်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကိုယ့်ဇာတိဒုက္ခကြီး ကိုယ်မုန်းလွန်းလို့ လှူပါတယ်ဆိုကတည်းက နောက်ဇာတိဒုက္ခ ရစရာ ရှိသေးရဲ့ လား (မရှိပါ)၊ ဒါကြောင့်မို့ ဒုက္ခသိမ်းနိဗ္ဗာန် (မှန်ပါ့)။ ဒုက္ခသိမ်းနိဗ္ဗာန်နော် (မှန်ပါ့ ဘုရား)။

အမိဝမ်းခေါင်းထဲမှာ နေရပုံ

အဲဒီ ဝမ်းခေါင်းထဲမှာကွာ အမေ့ကျောဘက် မျက်နှာမူ၊ တို့နေခဲ့ရတာ မင်းတို့နေခဲ့ရတာ (မှန်ပါ့)။

ဒူးနှစ်ဖက်ပေါ်မှာ တံတောင်နှစ်ခုထောက်၊ ခေါင်းပေါ်မှာ လက်နှစ်ခုယှက်၊ အမေ့ကျောဘက် မျက်နှာလှည့်၊ အမေက ကုန်းလိုက်ရင် လည်ပင်းချိုးသလို၊ အမေက နောက်ကော့လိုက် တော့ ဂုတ်ချိုး လိုက်သလို၊ အဲဒီထဲမှာ အင်မတန် ကျဉ်းမြောင်း၊ အောက်ကလည်း ကျင်ကြီးပေါ်မှာ၊ အမေ့ ကျင်ကြီးပေါ် ထိုင်ရ တယ်၊ အပေါ်က အမေစားတဲ့ အစာသစ်၊ ခွေးအန်ဖတ်နဲ့ တူတဲ့ အစာသစ်တွေကို ရွက်ထားရတယ်။

အသက်ကလည်း ရှူလို့မရဘူးဆိုတော့ အကောင် အထည်ကလေး ဖြစ်လာတော့ အသက်ကလည်း ရှူလို့မရ၊ ကွေးလို့ဆန့်လို့လည်း မရဘူး ဆိုတော့ မောင်ချစ်လှတို့၊ မသောင်း တို့ တွေးစမ်း၊ ဒုက္ခလား သုခလား (ဒုက္ခပါ ဘုရား)။

ပဋိသန္ဓေ နေရတဲ့ဒုက္ခ

ဪ ဒါပဋိသန္ဓေနေရတဲ့ ဒုက္ခပါလား၊ ကိုးလ ဆယ်လ ထမင်းကျွေးမည့်သူ မရှိဘူး၊ ကျင်ကြီး သုတ်ပေးမည့် လူမရှိဘူး။ ထိုင်နေရတာလည်း စောင်းစရာ လှည့်စရာ မရှိဘူး။ ဒါ ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာကြီးကို အခု ဉာဏ်နဲ့ ကိုယ်နေခဲ့တာ ကြည့်လိုက်တဲ့အခါကျတော့ နောင်တစ်ဖန် နေချင်စရာရှိသေး ရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီဒုက္ခကြီးမှ တပည့်တော်တို့ဘုရား ကိုးလလွယ်၊ ဆယ်လ မစောင်းရ မတိမ်းရ အသက်မရှူရ ကျွေးမည့် မွေးမည့် သူ မရှိဘူး၊ ကယ်မည့် ယူမည့်သူ မရှိဘူး၊ အထီးကျန်တစ်ကောင် ကြွက် တစ်မျက်နှာ၊ ဘယ်သူမှ ကူမည့်လူမှ မရှိဘဲကိုးဗျ (မှန်ပါ့)၊ နာလို့လည်း နှိပ်ပေးမည့်သူ မရှိဘူး၊ ကျင်ကြီးသွားဖို့ရာ နေရာလည်း မရှိဘူး၊ ကျင်ငယ်သွားဖို့ရာ နေရာမရှိဘူး၊ ဒီနေရာစွန့် ဒီနေရာနေ၊ ဒီဟာ ဘယ်သူ သုတ်သင်ပေးမတုံး၊ ဘယ်သူမှ သုတ်သင်မပေးဘူး၊ တစ်ကောင်ကြွက် တစ်မျက်နှာပဲ၊ အကူအညီ မရှိဘူး၊ ကိုယ့်လက်ကိုယ့်ခြေထောက်က ဒုက္ခိတမို့ ဘာမှ မလုပ် နိုင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအဖြစ်မျိုး ကြုံချင်သေးလို့လား

အဲဒီအဖြစ်ကို ဦးသန်းမောင်ကြီးတို့ ကြုံချင်သေးလို့လား (မကြုံချင်ပါ)၊ မောင်ချစ်လှတို့ ကောဟေ့၊ မသောင်းတို့ ကြုံချင်သေးရဲ့လား (မကြုံချင်ပါ)၊ မကြုံချင်တော့ ဒါ ဘာသစ္စာ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဆင်းရဲတာ အမှန် ဒုက္ခသစ္စာပဲနော် (မှန်ပါ့)၊ ဒုက -စက်ဆုတ်စရာ၊ ခ က -အသုံးမကျတာ၊ သစ္စာက မှန်တာ၊ ဒုခ, သစ္စာကိုး (မှန်ပါ့)၊ စက်ဆုတ်စရာ၊ အသုံးမကျတာအမှန်၊ ဦးသန်းမောင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

အဲဒီလို နေရတဲ့ဥစ္စာ စက်ဆုတ်စရာ အသုံးမကျတာ အမှန်ဆိုတာ ပါဠိလိုတော့ ဒုက္ခသစ္စာ၊ မြန်မာလိုတော့ စက်ဆုတ် စရာ အသုံးမကျတာ အမှန်ဖြစ်လေသောကြောင့် ဤကိုးလခွဲ ဆယ်လ ဤအထဲမှာ နေရမှုကြီးကို တပည့်တော်တို့သည် အခု ဉာဏ်နဲ့ ကြည့်လိုက်တော့ ဆရာဘုန်းကြီး ပြောတဲ့အတိုင်း သော် ဒီလိုနေခဲ့ရတာကိုးဆိုတာ သိသောမဂ်ဉာဏ်ကလေး ပေါ် လာတယ်၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒီနေရာ နေချင်သေးသလား

အဲဒီ မဂ္ဂင်ကလေးနဲ့ကြည့်လိုက်တော့ မသောင်းတို့ ဒီနေရာ နေချင်သေးသလား (မနေချင်ပါ)၊ မောင်ချစ်လှသော (မနေချင်ပါ ဘုရား)။

ဘယ့်နှယ်ကွာ အမေ့ကျောဘက် မျက်နှာမူနေရတယ်။ ဒူးနှစ်ဖက်ပေါ်မှာလည်း တံတောင်နှစ်ခု ထောက်ပြီး ခေါင်းပေါ်မှာ လက်က ဒီလိုယှက်နေရတယ် (မှန်ပါ့)၊ လှည့်စရာ ပတ်စရာ လည်းမရှိဘူး။ အသက်ကလည်း ရှုမှု ရိုက်မှုမရှိရဘူး။ ဝဋ်ကောင် မို့ အသက်ရှည်နေတာပေါ့ (မှန်ပါ့)၊ ဝိပါကဝဋ် ကောင်မို့ အသက်ရှည်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခရောက်တာ ဒုက္ခသစ္စာ

အဲဒီ ဒုက္ခကြီးကို နောင်တစ်ဖန် တွေ့ချင်ကြုံချင်ကြသေး ရဲ့လားလို့ပေါ့ ခင်မင်တဲ့လူတွေ မေးပြီး နောက်နေချင်သေးရဲ့ လား (မနေချင်ပါ ဘုရား)။

မနေချင်တာ ဘာဖြစ်လို့မနေချင်တာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ဒုက္ခကြောက်လို့ပါ ဘုရား)။

အဲ ဒုက္ခရောက်တာက ဒုက္ခသစ္စာ၊ မလိုချင်တဲ့ဉာဏ် က မဂ္ဂသစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မနေချင်တဲ့ဉာဏ်က မဂ္ဂသစ္စာ

ဒုက္ခရောက်နေတာက မောင်ချစ်လှ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ မနေချင်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီ ဒုက္ခရောက်တဲ့နေရာ မနေချင်လို့ ဒုက္ခလွတ်ရာ ကျွတ်ရာကိုသာ ရောက်ချင်တဲ့ဉာဏ်နဲ့ ဤသင်္ကန်း၊ ဤခြင်ထောင်၊ ဤမျက်နှာသုတ်ပဝါ၊ ဤဖိနပ်၊ ဤသားရှင်ပြုတဲ့ကိစ္စ ဤသီလရှင်တွေကို လှူဒါန်ပေးကမ်းတဲ့အလုပ်တွေကို ဒီဒုက္ခ မရောက်ချင်လို့ ဒုက္ခကိုလွတ်စေချင်တဲ့စိတ်ထားနဲ့ ဒုက္ခလွတ်ချင် တဲ့ ဉာဏ်နဲ့ မဂ်ဉာဏ်နဲ့ တပည့်တော်တို့ ယနေ့လှူဒါန်းပြီးပါပြီ ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါနော် (မှန်ပါ့ ဘုရား)။

ဒုက္ခလွတ်ချင်လို့လှူတာ ဦးသန်းမောင်၊ ဘာမှ မလိုချင် ဘူး (မှန်ပါ့)၊ ဒုက္ခလွတ်ချင်တာပဲ။

အခုနေ အမိဝမ်းခေါင်းထဲ နေကြည့်စမ်းပါ

ကိုးလခွဲ ဆယ်လ အခုနေနေကြည့်စမ်းပါ ဦးသန်းမောင်ကြီး ကိုယ်တိုင်ကို၊ အို ဒီနေရာ နောက် ဘယ်တော့မှမလာဘူး ဆိုတာ ချက်ချင်းပြောချချင်ရဲ့ (မှန်ပါ့)၊ မပြောပေဘူးလား ပြောမလား (ပြောပါမယ် ဘုရား)။

အောက်က ကျင်းကြီးပေါ်ထိုင်ရပါတယ်၊ အပေါ်က ခွေး အန်ဖတ်နဲ့တူတဲ့ အစာတွေ ခေါင်းပေါ် ရွက်ထား ရပါတယ်၊ အမေ့ ကျောဘက် မျက်နှာမူရပါတယ်၊ ဒူးနှစ်ဖက်ပေါ်မှာ တံတောင် နှစ်ခုထောက်ပြီး လက်နှစ်ခုက လက်ဖျားကလေးတွေက ခေါင်း ပေါ်မှာ အုပ်နေရပါတယ်။ မကွေးသာ မဆန့်သာ ကိုးလခွဲ ဆယ်လ ဆိုတော့ ခင်ဗျားတို့ တစ်နာရီထိုင်ကြည့် နှစ်ခါ သုံးခါ ပြောင်းတယ် (မှန်ပါ့ ဘုရား)။

ဟိုမှာ ဒုက္ခိတမို့ပြောင်းလို့ ရွှေ့လို့ရရဲ့ လား မရပါဘူး။ နံလိုက် စော်လိုက်တာကလည်း လွန်လို့ အဲဒီဒုက္ခရောက်တဲ့ နေရာ ပြန်ချင်သေးရဲ့လား (မပြန်ချင်ပါ ဘုရား)။

အဲဒါ ဇာတိဒုက္ခလို့ခေါ်တယ်

အဲဒါ ဇာတိဒုက္ခလို့ခေါ်ပါတယ်၊ သုတ္တန်နည်းနဲ့နော် (မှန်ပါ့)၊ အဲဒီဇာတိဒုက္ခကြီးကိုလည်း ရွံခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း၊ မလိုချင်ခြင်းရှိပါ၍ အဇာတိဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး သကာလ ဤသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းပါ၏လို့ စိတ်ပြောင်းလိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

မောင်ချစ်လှ ပြောင်းပြီးပလား (ပြောင်းပြီးပါပြီ)၊ ဒုက္ခလွတ်ရာကို ရောက်ချင်တဲ့စိတ်ထားနဲ့သာ အလှူပွဲကြီး ဆင်နွှဲ ပါ၏လို့ ပြောင်းလိုက်စမ်းပါ (မှန်ပါ့)၊ သဘောပါပလားဟေ့ (ပါပါပြီ ဘုရား)။

ယောင်ချာချာမလုပ်ကြနဲ့

ဘာမှ မလိုချင်ကြနဲ့နော် ဦးသန်းမောင်ကြီး၊ ယောင်ချာ ချာမလုပ်ကြနဲ့ (မှန်ပါ့)၊ ယောင်ချာချာ မလုပ်နဲ့ ဦးအောင်ဇံဝေ ကြီး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ယောင်ချာချာလုပ်ထားလို့ ဒီဒုက္ခကြီး ဝဋ်မကျွတ်သေး တာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် တစ်ခါ မွေးဖွားကာနီးကျလာပြန်တော့ လည်း နဂိုကတော့ ကျောဘက်မျက်နှာပေးပြီး ခေါင်းကအထက် ထားရတယ်။ နောက်တော့ ကံကြောင့်ဖြစ်တဲ့ လေကနေပြီး သကာလ မောင်ချစ်လှ အောက်ကနေ တွန်းမှုတ်လိုက်တဲ့အခါ အမေဖွားရမည့်နေရာမှာ ခေါင်းပြူပြီး ဂျွမ်းထိုးသွားတယ် (မှန်ပါ့ ဘုရား)။

ဒီဂျွမ်းပြန်ကြီးနဲ့များ နေချင်သေးလား

ဦးသန်းမောင် ဒီဂျွမ်းပြန်ကြီးနဲ့များ နေချင်သေးရဲ့လား (မနေချင်ပါ ဘုရား)။

ဟိုမွေးခါနီးကျတော့ ခေါင်းက မွေးရမှာကိုးဗျ (မှန်ပါ့)၊ အဲဒီတော့ ဂျွမ်းမပြန်ဘဲနဲ့ နေရပါ့မလား (မရပါ ဘုရား)။

ဒီတွင် အဲဒီကလေးစိတ်ထဲမှာ မောင်ချစ်လှတို့ မသောင်း တို့ တို့ဖြစ်ရတဲ့ ဖြစ်ထွေပေါ့ကွာ၊ အသူတစ်ရာ နက်တဲ့ချောက်ထဲ အလံတစ်ရာနက်တဲ့ ချောက်ကြီးထဲ ငါတော့အရင်ဒုက္ခတွေ ကလည်း မခံနိုင်အောင် ဆင်းရဲပါတယ်။ ဒီတစ်ခါတော့ သေပွဲနွှဲရ တော့မှာပဲလို့ ကလေးစိတ်ထဲ တက်သွားတာပဲ (မှန်ပါ့)။ တစ်ခါတည်း ကြောက်သွားတယ်။ (မှန်ပါ့ ဘုရား)။

ဦးသန်းမောင် ရောက်ချင်သေးရဲ့ လား (မရောက် ချင်ပါ)၊ တော်တော့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါဒုက္ခသစ္စာ

ဟေ့ ဒီနေရာတွေကို ခင်တဲ့ ပုဂ္ဂိုလ်များ ပါသေး လား။ ဂျွမ်းစိုက်နေရတဲ့နေရာ ရောက်ချင်တဲ့ ပုဂ္ဂိုလ်ပါသေးလား (မပါပါ)၊ အဲဒါ ဘာသစ္စာဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

အားလုံးလိုက်ကြ ဒကာ ဒကာမတို့ တပည့်တော် တပည့်တော်မတို့သည် မွေးဖွားခါနီး ဖြစ်သော အုန်းပင်စိုက် ရတဲ့ ဒုက္ခကို၊ ခန္ဓာကိုယ်က အုန်းပင်စိုက်သလို ဖြစ်နေတယ်။ (မှန်ပါ့)၊ အောက်လည်းမကျ အထက်လည်းမတက်၊ တစ်ခါ တည်း အသက်ကလည်း မရှူနိုင်၊ သူ့စိတ်မှာတော့ သေပွဲတော့ နွှဲပြီလို့ အောက်မေ့မယ်၊ ဒီကလေး စိတ်ထဲမှာ တော့ (မှန်ပါ့ ဘုရား)။

မွေးဖွားခါနီးဖြစ်သော ခန္ဓာသည် အုန်းပင်စိုက်သကဲ့သို့ ဆင်းရဲအတိ အမှန်ရှိတာကို တပည့်တော်တို့ ကိုယ်တိုင်ဉာဏ်နဲ့ ကြည့်၍ သိပြီဖြစ်ပါ၍ ဤမွေးဖွားခါနီး ဒုက္ခကို ရွံခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဒုက္ခလွတ်ရာ အဇာတိဟု ဆိုအပ်သော ပဋိသန္ဓေ မနေရာမှန် ပြည်နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဤသင်္ကန်းနှင့် ဤပစ္စည်းစသည် ကို လှူဒါန်းပါ၏ အရှင်ဘုရား။

ဒုက္ခကြောက်၍ လှူတဲ့အလှူပွဲ

အဲဒီတော့ ဒုက္ခကြောက်၍ လှူတဲ့အလှူပွဲ (မှန်ပါ)။ ဒုက္ခရောက် နိဗ္ဗာန်ရမှာပဲ (မှန်ပါ့)။

ဒုက္ခမကြောက်တဲ့ ပုဂ္ဂိုလ်ဘယ်တော့မှ နိဗ္ဗာန်မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ကဲ မွေးဖွားတော့မယ်ဆိုတော့ စဉ်းစားကြည့်ပါတဲ့ တစ်လက်မရှိတဲ့ သံကွင်းပေါက်ကလေး ဖောက်ထား။ ကြွက်ကိုယ်လုံးက နှစ်လက်မရှိတယ်၊ ဒါနဲ့ နောက်ကနေပြီး ကြိမ်တွေဒုတ်တွေနဲ့ အမြဲဝိုင်းလိုက်ပြီး သကာလ ဒီကြွက်လိုက် တော့ အတင်းတိုးထွက်တဲ့အခါ အပေါ်မှာ အရေခွံ ကျန်ရစ်တော့ ဟိုမှာ သွေးရဲရဲနဲ့ ပြင်ဘက်ထွက်သွားတယ် (မှန်ပါ့)။

အဲဒီလို အမိဝမ်းခေါင်းထဲက ပြင်ဘက်ထွက်ရတဲ့ ဒုက္ခ ကြီးဟာလည်း ထွက်ရာဌာနက ကျဉ်းမြောင်း၊ ထွက်ရမည့် ကလေးက ကြီးထွားနေတဲ့အချိန်ဖြစ်နေသောကြောင့်လည်း အို ကြွက်အရေမပါသလို အပြင်ဘက် ထွက်ရတာပဲ (မှန်ပါ့)။

ဘယ်လောက်များ ဆင်းရဲတယ်ဆိုတာ ကိုယ်မွေးဖွား ခံခဲ့ရတဲ့ ဒုက္ခ ဘယ်လောက်ကြီးတယ် ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

အခုသာ ခင်ဗျားတို့က ဉာဏ်နဲ့ မကြည့်လို့ မေ့နေလို့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မွေးဖွားခံရတဲ့ ဒုက္ခဟာလည်း ဒကာ ဒကာမတို့ သေးကြသလား ကြီးကြသလားဆိုတာ အကဲခတ်စမ်းပါဦး (ကြီးကြပါတယ် ဘုရား)။

ဒီလို မွေးဖွားခဲ့ရတယ်နော်

အဲဒီ ဒုက္ခကြီးကိုလည်း အခု ဉာဏ်နဲ့ကြည့်လိုက်တော့ မမြင်ဘူးလား ကိုယ်မွေးဖွားခဲ့ရတာ ဒီလိုမွေးဖွားခဲ့ရတယ်နော် (မှန်ပါ)။

ဒီ ဒုက္ခကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒီ ဒုက္ခသစ္စာကြီးကိုလည်း နောင်တစ်ဖန် ဘယ်တော့မှ မတွေ့ ချင်လို့ ဒုက္ခသိတဲ့ ယခုသိတဲ့ ဉာဏ်နဲ့ တပည့်တော်တို့ သံဃာ တော်များအား ကထိန်လျာ သင်္ကန်းနှင့်တကွ အရန်သံဃာတို့ အား လှူဒါန်းပါ၏။ ဒုက္ခကျွတ်ခြင်းကိုသာ အလိုရှိ၍ လှူဒါန်း ပါ၏ အရှင်ဘုရား ဆိုတော့ ဒကာ ဒကာမတို့ ဩက္ကန္တိက ဒုက္ခဆိုတော့ မွေးဖွားတဲ့ဒုက္ခ၊ အဲဒီဒုက္ခမှ လွတ်ချင်လို့ လှူတာ ဆိုတော့ နောက်ဘာမှ ခန္ဓာကိုယ်ဖြစ်ချင်တဲ့စိတ် မရှိဘဲနဲ့ လှူတဲ့ အလှူ (မှန်ပါ့ ဘုရား)၊ ခန္ဓာဖြစ်ချင်ရင် ဒုက္ခသစ္စာ ရဦးမှာ ကိုး (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ရှေ့သွားပါဦးတဲ့ ဒီဒကာ ဒကာမ တွေ၌ မွေးဖွားပြီး သကာလ အပြင်ဘက် ရောက်လာတော့ အတွင်းလေ မထိ၊ နေမထိနဲ့ နေရတဲ့ ကလေး ကလေး ဦးသန်းမောင် (မှန်ပါ့)။

ပြင်ဘက်ကျတော့ ဝမ်းဆွဲမတွေက ဆရာမတွေကကိုင် လိုက်၊ တွယ်လိုက်၊ ရေနဲ့လုပ်ချလိုက်၊ တချို့ကလည်း ခေါင်းရိတ် လိုက်ဆိုပြီး သကာလ ဒီတစ်ခါတော့မှ ငါသည်လောကန္တရစ် ငရဲတော့ကျပြီ၊ ဒီဝဋ်ကတော့ ခုနင်က မသေခဲ့ဘူး။ အခု သေပွဲနွှဲရ ပြန်ပြီဆိုပြီး ကလေးက မငိုနိုင်ဘဲနဲ့ တက်သွားတယ် (မှန်ပါ့)။

ကလေးက ကြောက်လွန်းလို့

ကလေးက ကြောက်လွန်းလို့ ကြောက်လွန်းလို့ လက်ကြမ်း၊ ခြေကြမ်းနဲ့များ ကိုင်လိုက်ရင် နေပူ၊ လေပူတွေက လာလွန်းလို့ (မှန်ပါ့)၊ အတွင်းတော့ လေပူ နေပူမရှိ ဘဲကိုး (မှန်လှပါ့ ဘုရား)။

အဲဒီတော့ ဦးသန်းမောင် အပြင်ဘက် တွေ့ရတဲ့ဒုက္ခ သေးသလား ကြီးသလား (ကြီးပါတယ် ဘုရား)။

အဲ ဒီဒုက္ခကိုလည်း ခင်ဗျားတို့ ကိုယ့်ကိုယ်တိုင်တွေ့ ခဲ့ရသောကြောင့် ဒီဒုက္ခကြီးကိုလည်း ရွံခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဤသင်္ကန်းနှင့်တကွ ခြင်ထောင်၊ ဖိနပ် အစရှိသည်တို့ကို သံဃာတော် ၂ဝဝတို့အား ဒုက္ခလွတ်ရာ ရည်မှန်းပြီး လွတ်လိုတဲ့ ဆန္ဒပြင်းပြပြီး လှူဒါန်း ပါ၏လို့ စိတ်ထား ပြောင်းလိုက်ကြပါ (မှန်ပါ့ ဘုရား)။

စိတ်ထားပြောင်းဖြစ်အောင်ပြောင်းပါ

မောင်ချစ်လှ ပြောင်းဖြစ်အောင် ပြောင်းပါ။ မသောင်းတို့ ပြောင်းပါ၊ ဒကာ ဒကာမကြီးက နောက်ကနေ ပြောင်းပါဆိုတော့ ဒီကနေ သတိပေးနေတယ် (မှန်ပါ)။

ကိုင်း တစ်ခါမသေလို့ အပြင်ဘက်ရောက်လာပြန် တော့ အဝတ်ကလေးနဲ့ထုတ်ပြီး သကာလ ချွဲကလေးတွေနဲ့ ကျင်ကြီးကလေးတွေနဲ့ ကျင်ငယ်ကလေးတွေနဲ့ ရေဆာလည်း အမေက နို့ပေးလိုပေး၊ နို့ဆာလို့ ရှိရင် ရေပေးလိုပေး၊ တောင်းက လည်း မတောင်းတတ်၊ ပါးစပ်ဟလျက်နဲ့ အော်ရုံ သာ အော်တတ်တယ်၊ ဘာမှ မပီသ၊ ခြေထောက်ပါလျက်နဲ့ မသွား တတ်၊ ကျင်ကြီး- ကျင်ငယ် ဒီနားတွင် စွန့်ချလိုက်၊ ခြင်ကိုက်ပြန် ရင်လည်း ဟိုဘက်က ဒီဘက်လိမ့်၊ ခြင်ကိုက်ပါတယ်လို့ ဘယ်သူ မှ မပြောတတ် ဆိုတော့ ခြေပါ ပါရဲ့၊ ခြေအသုံးမကျ၊ လက်ပါပါရဲ့ (လက်အသုံးမကျပါ ဘုရား)၊ ပါးစပ်ပါ ပါရဲ့ (ပါးစပ် အသုံးမကျပါ ဘုရား)။

ဒါဖြင့် ဒုက္ခိတကလေး ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။ အဲဒီ ဒုက္ခိတကလေးကို မင်းတို့ ဘာသစ္စာ ဆိုကြမလဲ (ဒုက္ခ သစ္စာပါ ဘုရား)။

ဒါကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားလို့ ဟောလိုက်ပါ – တယ် (မှန်ပါ့)။

ဒုက္ခသစ္စာဟုတ် မဟုတ်ကြည့်စမ်း

အဲဒီအချိန်လည်း ခန္ဓာငါးပါးဟာ စုံပြီ (မှန်ပါ့ ဘုရား)။ စုံတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာ ဟုတ် မဟုတ် ကြည့်စမ်း၊ ခြေပါလို့ ခြေအသုံး ချလို့ရရဲ့ လား (မရပါ ဘုရား)။

လက်ပါလို့ကော (မရပါ ဘုရား)၊ ပါးစပ်ပါလို့ကော (မရပါ ဘုရား)။

ဦးသန်းမောင် ဘာပြောတတ်တုံး (ဘာမှ မပြော တတ်ပါ ဘုရား)။

ဒါဖြင့် သူပေး လူပေး သူထူ ငါထူမှ ကြွနိုင်တဲ့ ကလေး သူပေး လူပေးနဲ့ စားရတဲ့ ဒုက္ခိတ၊ သူထူ ငါထူမှ ထနိုင်တဲ့ ဒုက္ခိတဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်လမ်းက လာခဲ့ကြတာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ အခု ဒီအခြေအနေရောက်လာတ (ဒုက္ခိတဘဝက လာခဲ့တာပါ ဘုရား)။

ဒုက္ခိတဘဝက လာခဲ့တာ

ဒုက္ခိတဘဝက လာခဲ့တာ၊ ခင်ဗျားတို့က သူများခြေကျိုး လက်ကျိုးတော့ ဒုက္ခိတကလေး သနားစရာတဲ့ ကိုယ်ကျိုးခဲ့တာတော့ ပြန်ကြည့်တာ မဟုတ်ဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ကိုယ်လည်း ဒီအတိုင်းပဲ မဟုတ်လား (ဟုတ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒုက္ခိတဘဝကလေးကို မောင်ချစ်လှတို့ မသောင်းတို့ ဒကာမကြီးတို့ နောက်ထပ် ရောက်ချင်သေးသလား (မရောက်ချင်ပါ ဘုရား)။

ဒီဒုက္ခလွတ်ရာကို ရည်မှန်း၍ လှူပါ၏

အဲဒီ ဒုက္ခိတဘဝ ဒုက္ခသစ္စာကိုလည်းတပည့်တော်တို့ ရွံ့ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း ရှိသည် ဖြစ်ပါ ၍ ဒိဒုက္ခလွတ်ရာကိုသာ ရည်မှန်း၍ ဤသင်္ကန်းနှင့်တကွ ပစ္စည်း တွေကို လှူဒါန်းပါ၏။ ဒုက္ခရောက်ရာမှ လွတ်လိုလို့ လှူဒါန်းပါ၏ ဘုရား လို့ စိတ်ထားပြောင်းပစ်ပါ (မှန်ပါ့)။

အခုအချိန်မှာ သိပ်အရေးကြီးတယ်၊ ဒါ လှူနေတဲ့အချိန်ပဲ (မှန်ပါ့)။

အဲဒီလို ဒုက္ခိတဘဝကလည်း လွတ်လာပါရော ကလေးကြီးမြောက်လာပြီဟေ့ လို့ မပြောကြ ဘူးလား (ပြော ပါတယ် ဘုရား)၊ ကလေး ကလေး တော်တော် ကြီးမြောက်လာပြီ လို့ မပြောကြ ဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒါ ကြီးတယ် ဆိုတာ အိုတာ (မှန်ပါ့)၊ ဇရာဒုက္ခရောက်လာတယ် (မှန်ပါ့)။

သရက်သီးရင့်လာတာ ကြွေမလို့

ရင့်ရင့် ရင့်ရင့်လာတာ သရက်သီးရင့်ရင့် ရင့်ရင့်လာတာ ဦးသန်းမောင် ကြွေမလို့မဟုတ်လားဗျ (မှန်ပါ့)။

ဒီမှာလည်း ရင့်ရင့်လာတာ ဘာတုံး၊ အိုတာမဟုတ်လား (မှန်ပါ့)။

အပြင်ရောက်တော့ ဇရာဒုက္ခ

ဘယ်မှာတုံး ဇာတိဒုက္ခကြီး ဇရာဒုက္ခနဲ့ ဆက်တွေ့လာ တော့၊ အိုတဲ့ဒုက္ခနဲ့ ဆက်တွေ့ လာတော့ ဒကာ ဒကာမတို့ ကျုပ် တို့မှာ ဝမ်းထဲနေတုန်းက ဇာတိဒုက္ခ၊ ပြင်ဘက်ရောက်လာတော့ ဇရာဒုက္ခနဲ့ ဆိုတော့ မောင်ချစ်စိန် ချမ်းသာတာ ပါသေးလား (မပါ ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နောက်ကို ဘယ်အချိန်ပျော်ကြလို့ ဘယ်အချိန် ချမ်းသာကြသတုံးမေးလို့ရှိရင် ခင်ဗျားတို့ ပြောကြစမ်းပါ။ ဘယ်အချိန် ချမ်းသာကြသတုံး (ဘယ်အချိန်မှီ မချမ်းသာပါ ဘုရား)၊ ဘယ်အချိန်မှ မချမ်းသာဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲဒါ ဇရာဒုက္ခလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

သေခါနီးအောင် လောင်တဲ့မီး

ဒါဖြင့် အဲဒီဇရာဒုက္ခဆိုတာ ဝမ်းထဲက တေဇောမီးတွေက တစ်နေ့ညက ဟောသလို လောင်လောင် လောင်လောင်နေတော့ ခန္ဓာကိုယ်က ကြီးထွား ကြီးထွား ရင့်ကျက် ရင့်ကျက်ပြီး သကာလ အရိုးတွေကမာ၊ အကြောတွေက မာပြီး သကလ ရင့်ကျက်လာတာဟာ သေခါနီးအောင် လောင်တဲ့မီးလို့ မှတ် လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒါ ဇရာဒုက္ခလို့ ခေါ်ပါတယ်၊ ဦးသန်းမောင် ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ရိပ် မိကြပလား (ရိပ်မိပါပြီ)၊ ဘာဒုက္ခတုံး (ဇရာဒုက္ခပါ ဘုရား)။

မဂ်ဉာဏ်နဲ့ လှူပါ၏

အေး အဲဒီ ဇရာဒုက္ခကြီးကိုလည်း ဇာတိဒုက္ခပြီး ဇရာ ဒုက္ခဆက်တွေ့ရတဲ့အတွက် ဒီဇရာဒုက္ခကြီး ကိုလည်း ရွံခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဤဉာဏ်နဲ့ သူ့ကို ဦးတည်တဲ့ဉာဏ်နဲ့ တပည့်တော်တို့သည် ဇရာ ဒုက္ခ၏ လွတ်ရာဖြစ်သော အဇရာ- မအိုရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဤသံဃာများအား တပည့်တော်တို့ ထိုက်တန်တဲ့ ဖိနပ်၊ သင်္ကန်းအစ ရှိသည်တို့ကို မအိုရာမှန် ပြည်နိဗ္ဗာန်ကို ရောက် လိုသောစိတ်နဲ့ မဂ်ဉာဏ်နဲ့ လှူပါ၏ဘုရား လို့ပြောင်းလိုက်ကြ။

ဒါ အင်မတန် အရေးကြီးသွားပြီ (မှန်ပါ့ ဘုရား)၊ အင်မတန် အရေးကြီးသွားပြီ၊ ဦးသန်းမောင် ယီးတီးယားတား လုပ်မနေနဲ့ နော် (မှန်လှပါ ဘုရား)၊ အင်မတန် အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဗျာဓိဒုက္ခရောက်ဦးမှာ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနေပြီး သကာလ သွားပြန်တော့ ဒီခန္ဓာကိုယ်ကြီးဟာ အစဉ်အတိုင်း သွားတော့ တော်တော်ကြာ ရောဂါတွေကရ (မှန်ပါ့)၊ အင်း ဆရာဝန်တွေလည်း ခေါ်ရ၊ ကိုယ့်ဆေးမှ ကိုယ်မသောက် နိုင်၊ ကိုယ့်ကျင်ငယ်မှ ကိုယ်သွားမစွန့်နိုင်၊ ကိုယ့်အဝတ်မှ ကိုယ် မဖုံးမဖိနိုင်တဲ့ ဗျာဒုက္ခကော ရောက်ဦးမှာလား မရောက်တော့ဘူးလား (ရောက်မှာပါ ဘုရား)။

ဟာ ဒါ ခန္ဓာလမ်းစဉ်ပဲ၊ ဘယ်မှာ မရောက် ဘဲရှိရမလဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာလမ်းစဉ် ဘယ်မရောက်ဘဲ ရှိမတုံး၊ ဧကန်ရောက် တကယ်ရောက်ပေါ့ (မှန်ပါ)။

ဒါဖြင့် ခန္ဓာဟာ စကတည်းက မကောင်းလိုက်တာ အခု အချိန်ကျအောင် ကောင်းတာပါသေးရဲ့ လား (မပါပါ ဘုရား)။

ဗျာဓိဒုက္ခတွေနဲ့ တွေ့တဲ့အခါကျတော့ အဲဒါ “ဗျာဓိပိ ဒုက္ခ သစ္စံ” လို့ မောင်ချစ်လှတို့က မှတ်ထား၊ ဒကာမကြီးကမှတ်၊ မသောင်းတို့မှတ် (မှန်ပါ့)။

နောင်တဖန်မရောက်ချင်တဲ့စိတ်ဖြင့်လှူပါ၏

အဲဒီ ဗျာဓိဒုက္ခကြီးကိုလည်း တပည့်တော်တို့ ရောက်ရမှာ ဧကန်သိပြီဖြစ်လေသောကြောင့် ဒီဗျာဓိဒုက္ခကြီး ကိုလည်း နောင်တစ်ဖန် မရောက်ချင်သောစိတ် ပြင်းပြသည်ဖြစ်ပါ၍ အဗျာဓိဆိုတဲ့ နိဗ္ဗာန်ကို ရည်မှန်းပြီး တပည့်တော်တို့သည် ယနေ့ အလှူပွဲကြီးကို ရေစက်ချပြီး လှူဒါန်းပါ၏လို့ မောင်ချစ်လှ ပြောင်းလိုက် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

နောင် ရလို၏ ဆက်သွားတော့ ခန္ဓာလမ်းစဉ်က လာ သေးတာပေါ့ ဆုံးမှ မဆုံးသေးဘဲ (မှန်ပါ)။

သေခါနီးဒုက္ခဆိုတာ

သေခါနီးဒုက္ခဆိုတာ ရှိသေးတယ် ဦးတင်ရ (မှန်ပါ့)။ သေခါနီးဒုက္ခ ဆိုတာ ရှိသေးတာကို ဦးသန်းမောင်ကြီးတို့ သေခါနီးမှ တော်တော်နဲ့ အကုသိုလ်တွေလုပ်ထားတဲ့ ပုဂ္ဂိုလ် ကျတော့ နာလိုက်တာ၊ ကျင်လိုက်တာ၊ ကိုက်လိုက်တာ၊ ခဲလိုက်တာ အကြောတွေက ဟိုကဆွဲ၊ ဒီကဆွဲ၊ ကိုယ့်ဟာကိုယ် ဟိုစောင်းချင် ဒီတည့်ချင်နဲ့ဆိုတော့ သေခါနီးဒုက္ခကော မကြီးဘူးလား ကြီးသလား (ကြီးပါတယ် ဘုရား)။

အဲဒါလဲ ဘယ်သူရှိလို့ ပေါ်လာတာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ ခန္ဓာရှိလို့ ပေါ်လာတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မရဏဒုက္ခ မကြုံချင်လို့ လှူပါ၏

အဲဒီ မရဏဒုက္ခကြီးကလည်း တွေ့လတ္တံ့ ဖြစ်နေသော ကြောင့် ဒီမရဏဒုက္ခကိုလည်း နောင်ကို မတွေ့ချင် မကြုံချင်တဲ့ ဉာဏ်နဲ့ တပည့်တော်တို့ ဤသင်္ကန်း၊ ဤခြင်ထောင်၊ ဤဖိနပ် အစရှိသည်ကို သံဃာတော်များအား အချိုးကျ ရည်မှန်း၍ လှူဒါန်းပါ၏လို့ ပြောင်းလိုက်စမ်းပါနော် (မှန်ပါ့)။

တကယ်လို့ ဒီလိုမှ ဒီနေရာရောက်ချင်ပါသေးတယ် ဆိုရင် ဇာတိပြန်လှည့်တော့မယ် (မှန်ပါ့)၊ သေပြီးရင် တစ်ခါ ဇာတိပဋိသန္ဓေ ပြန်လှည့်မှာပေါ့ (မှန်ပါ)။

ဦးသန်းမောင် ဝိုင်းသွားပြီ (မှန်ပါ့)၊ ဇာတိကလာတာ အခုသေပြီး ဘယ်ပြန်လှည့်ပြန်သတုံး ဇာတိ ပြန်ရောက် ပြန်တယ် (မှန်ပါ့)။

ဇာတိပြန်ရောက်ပြန်တော့ ဦးတင် တစ်ပတ်မရသေး ဘူးလား (ရပါပြီ ဘုရား)။

ဒီလို အပတ်ပေါင်း နောက်က ဘယ်လောက်လည်ခဲ့ သတုံး လို့ ဦးသန်းမောင်မေးရင် ဘယ့်နှယ် ဖြေပါ့မလဲ။ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် လည်ချင်သေးသလား ခင်ဗျားတို့ (မလည် ချင်ပါ ဘုရား)။

ဒါဖြင့် လည်ချင်သေးသလား ခင်ဗျားတို့ (မလည်ချင် ပါ ဘုရား)။

နိဗ္ဗာန်ရည်မှန်းပြီး လှူဒါန်းကြစို့နော်

အဲ မလည်ချင်တဲ့ဉာဏ်သည် သံသရာပြတ်ချင်တဲ့ ဉာဏ်၊ အဲဒီ သံသရာပြတ်ချင်တဲ့ ဉာဏ်နဲ့ တပည့်တို့ ခန္ဓာ သံသရာကြီးကို ပြတ်ချင်တဲ့ဉာဏ်နဲ့ ပြတ်လိုသော ဆန္ဒပြင်းပြ သည်ဖြစ်၍ လှူဒါန်းပါ၏ လို့ ပြောင်းရမယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တစ်ခုကိုသာ ရည်မှန်းပြီး လှူဒါန်းကြ စို့နော် (မှန်ပါ့)၊ ကဲ ရေစက်ချပေတော့၊

ဘန္တေ= အရှင်ဘုရား၊ မယံ= အကျွန်ုပ်တို့သည်။ ရာဂါဒီဟိရာဂ =အစရှိကုန်သော၊ ဧကာဒသဂ္ဂီဟိ =ဆယ့်တစ်ပါးသော မီးတို့ဖြင့်၊ ပဋိပီဠိတံ =အလွန် အကဲ ညှင်းဆဲ၍ နေထသော၊ သံသာရဘယံ =ခြားရဟတ်ပမာ ချာချာပတ်၍ တစ်နှစ်တည်း ဖြစ်၍ နေသော သံသရာဘေးကြီးကို အတိဘာယိတွာ =အလွန်ကြောက်ပါကုန်သည်ဖြစ်၍၊ တတော =ထိုသံသရာဘေးဘယမှ၊ မုတ္တာ =ကင်းလွတ်ရကုန်သည်၊ ဟုတွာ = ဖြစ်၍၊ နိဗ္ဗာနံ =နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို၊ သစ္ဆိကဏတ္ထာယ =မကြာမတင် ဆောလျင်ကူးမြောက် မျက်မှောက်ပြုပါ ရခြင်း အကျိုးငှာ၊ ဉာဏစက္ခုနာ= ဉာဏ်ပညာ စက္ခုဖြင့် ဂဝေသန္တာ=ရှာမှီးသည်ရှိသော်၊ ဘိက္ခဝေ =သံသရာဘေး တွေးဆ ရှုမျှော်လေ့ ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့၊ ပုညံ =ကောင်းမှုကုသိုလ်ဟူသမျှသည် သုခံ =လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို၊ ဇနေတိ =ဖြစ်စေတတ်၏။

နတ်ချမ်းသာ ဒုက္ခသစ္စာမလိုချင်ပါ

ကုသိုလ်ကံတော့ဖြင့်တဲ့ လူချမ်းသာ-နတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဟူသော အကျိုးကို ပေးတာပဲတဲ့၊ သို့သော် မောင်ချစ်လှတို့ ဒကာ ဒကာမကြီးများက လူချမ်းသာ ဒုက္ခသစ္စာ မလိုချင်ပါ။ နတ်ချမ်းသာ ဒုက္ခသစ္စာ မလိုချင်ပါ၊ နိဗ္ဗာန်ချမ်းသာ ကိုသာ သုခသစ္စာဖြစ်သောကြောင့် တပည့်တော် ရလိုပါ၏လို့ စိတ်ပြောင်းလိုက်နော် (မှန်ပါ့)။

သုခံ= လူနတ်-နိဗ္ဗာန်၊ သုံးတန်သော ချမ်းသာမြတ်ကြီးကို ဇနေတိ= ဖြစ်စေတတ်၏။ ဣတိ= ဤသို့၊ ဝုတ္တံ့= သုံးလူ့ဆရာစော သတ္ထာသည် ကောင်းစွာ ဟောကြားအပ်သော စကားရပ်ကို မနသိကတွာ= နှလုံးနှစ်ခြိုက် ပိုက်မိကြကုန်သည်ဖြစ် ၍ တိသရဏေန= သရဏဂုံသုံးပါးနှင့် သဟ= တကွ၊ ပဉ္စသီလာနိ= အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပရမတ္ထသီလတော်မြတ်ကြီးတို့ကို သမာဒိယိတွာ ဂဏှိတွာ= ကောင်းစွာ ခံယူဆောက်တည်ပြီး၍၊ ဣမာနိ စီဝရာဒီနိ ဒေယျဓမ္မ ဒါတဗ္ဗဝတ္ထုနိ =ဤအသီးသီးသော သင်္ကန်းအစရှိသော ဒေယျဓမ္မဒါတဗ္ဗဝတ္ထု အစုစုတို့ကို၊ အာယသန္တာနံ = အရှင်ဘုရားတို့၏ သမ္မုခေ =မျက်မှောက်တော်၌၊ ဒက္ခိဏောဒကံ = မြတ်သော အလှူရေစက်ကို၊ နိဗ္ဗာနာယ = မအို မသေ နိဗ္ဗာန်အကျိုးငှာ ရည်မှန်း၍ ဘာမှ မလိုဘူး၊ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ကိုသာ ရလို၍ ဤသံဃာများအား လှူဒါန်းပါ၏။

မီးထဲက ဆွဲထုတ်တဲ့ပစ္စည်းကို ဤနေရာဌာန ၌ သည်ပိုးထားပါ၏။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အညဟိ = တစ်ပါးကုန်သော၊ ပုညဟိစ =အနမတဂ္ဂ သံသရာကအစ ယခုဘဝတိုင်အောင် ပြုလုပ်ဆည်းပူးခဲ့ကြသော ကုသိုလ်ကံ စေတနာတို့ကြောင့် လည်းကောင်း၊ မယံ = တပည့်တော်-တပည့် တော်မတို့သည်။ အဇာတိံ =ပဋိသန္ဓေ မနေရာစင်စင်ဖြစ်သော အဇရံ =မအို ရာစင်စင်ဖြစ်သော၊ အမတံ= မသေရာစင်စစ်ဖြစ်သော သီဝံ= ဇာတိ ဇရာ ဗျာဓိ မရဏ စသည် ထောင်သောင်း ဘေးအပေါင်းတို့၏။ ငြိမ်းချမ်းရာ ဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို ဣစ္ဆတဝရေန= အလိုရှိအပ် တောင့်တအပ်သော ဆုမြတ်အပေါင်းနဲ့၊ သစ္ဆိကရေယျာမ =မငြိုမငြင် ဆောလျင် ကူးမြောက် မျက်မှောက် ပြုရပါလို၏ အရှင်ဘုရာ။

နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူပါ၏

ဘန္တေ= အရှင်ဘုရား၊ မယံ= အကျွန်ုပ်တို့သည်၊ ဣမိနာဒါန ပုညေန= ဤသို့ ပေးလှူရသော ကုသိုလ်ကံ စေတနာကြောင့် လည်းကောင်း၊ ဣမိနာသီလပုညေန= ဤကဲ့သို့ ဆောက်တည်ရ

သော သီလ ကုသိုလ်ကံ စေတနာကြောင့်လည်းကောင်း၊ အညေဟိ စ =တစ်ပါးကုန်သော၊ ပုညဟိစ= အနမတဂ္ဂ သံသရာက စ၍ ယခုဘဝပြုလုပ်ခဲ့ရသော ကုသိုလ်ကံ ကောင်းမှုစေတနာ တို့ကြောင့် လည်းကောင်း၊ မယံ =တပည့်တော်, တပည့်တော်မတို့ သည်၊ အဇာတိံ= ပဋိသန္ဓေဆိုတာ မြူမှမသန်းဘဲ ဇာတိ အစရှိသည်တို့၏၊ ကင်းရာဖြစ်သော ဒုက္ခသစ္စာ၏ ငြိမ်းရာ ဖြစ်သော အဇာတိ ဆိုတဲ့ နိဗ္ဗာန်ကိုသာ ဥဒ္ဒိဿ= ရည်မှန်း၍ ဒေမ= လှူဒါန်းပါ၏ အရှင်ဘုရား။

ဣမဿပုည ကမ္မဿ= ဤကောင်းမှုကံ၏။ ဘာဂံ= အဖို့ ကို၊ ဂုဏဝိသိဌတရာနံ = ဂုဏ်ကျေးဇူးအားဖြင့် အထူးကြီးမား လှကုန်သော၊ မာတာပီတုနဉ္စ = မိခင် ဘခင်တို့အားလည်း ကောင်း၊ ဣမာသံ ပရိသာနဉ္စ = ယခုစည်းဝေးရောက်လာကြကုန် သော ပရိသတ်တို့အား လည်းကောင်း၊ ဧကတိသဘဝေ = သုံးဆယ့်တစ်ဘုံ၌၊ စရန္တာနံ =ကျင်လည်ပြေးသွား၍ နေကြ ကုန်သော၊ သဗ္ဗသတ္တာနဉ္စ = အလုံးစုံသော သတ္တဝါအပေါင်းတို့ အားလည်းကောင်း၊ ဘာဇေမ =ရေစက်သွန်းချ အမျှပေးဝေ ပါကုန်၏။ တေသတ္တာ = ထိုသတ္တဝါအပေါင်းတို့သည်။ အမှေဟိ = အကျွန်ုပ်တို့နှင့်၊ သမံ = ထပ်တူထပ်မျှ၊ ပုညဘာဂံ = ကုသိုလ် အဖို့ ကောင်းမှုအဖို့ကို၊ လဘိတွာ = အတူတကွ အမျှရကြကုန် သည်ဖြစ်၍၊ သုခိတာ =ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာရှိကြ ကုန်သည်။ မုဒိတာ = ပိတိမောက်လွှမ်း၍ ဝမ်းမြောက်သောစိတ် ရှိကြကုန်သည်၊ ဘဝန္တု = ဖြစ်ကြပါစေကုန် သတည်း။

မောင်ချစ်လှ အမျှဝေလိုက်၊

အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျာ။

သာဓု သာဓု သာဓု။