အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ (သုသိမ)
မှတ်ချက်။ ။ မှတ်သားဖွယ် ပါဠိအကိုးအကားများ ပါဝင်ပါသည်။ သစ္စာသိမှ ဘုရားဖြစ်ကြောင်း ကြေငြာပုံ၊ သင်္ခါရတရား တခုခုကို မြဲတယ်ထင်နေရင် သစ္စာနဲ့လျော်တဲ့ ဉာဏ်တောင် မရပုံ၊ ဒုက္ခသစ္စာနှင့် အနိစ္စ အတူတူပဲ ဖြစ်ပုံ၊ အနိစ္စ မြင်လျှင် ဒုက္ခ အနတ္တမြင်ပုံ – စသည်ဖြင့် ပါဝင်ပါသည်။
အသံဖိုင်ခေါင်းစဉ်= ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ရန်တရားတော်
စာအုပ်ခေါင်းစဉ်= အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ (သုသိမ)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူအပ်သောတရားတော်
အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ (သုသိမ)
(၁၂ – ၃ – ၆၁)
ဆုံးတဲ့နေ့လို့မှတ်ထားရယ်၊ ဘယ်လိုမှတ်ထားရမလဲ လို့မေးလို့ရှိရင်ဖြင့် သစ္စာဆိုက်ရင် နိဗ္ဗာန်ဝင်တော့တာပဲလို့ မှတ်ကြရ မယ်နော် (မှန်ပါ့)။
သစ္စာသိပြီးမှ ဘုရားလို့ ကြေညာတယ်
အဲဒီမရောက်ခင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဓမ္မစကြာ ပါဠိတော်မှာ လာတာကလေးလဲ ဒကာ ဒကာမတွေကရှေ့ပိုင်းက မှတ်ထား လိုက်ပေါ့၊ ငါသည် သစ္စာလေးပါး မသိသေး၊ ထိုအခါ၌ ဘုရားဟူ၍ သူ့ကိုယ်သူ တာဝန်မခံသေး။
ဒီ သစ္စာလေးပါး မသိသေးခင်တော့ ဘုရား ရယ်လို့ သူတာဝန်မခံသေးဘူးတဲ့နော် (မှန်ပါ့) ဒကာ ဒကာမ တို့ သစ္စာလေးပါး သူမသိသေးတော့ ဘာတုံး (ဘုရား ဟူ၍ တာဝန်မခံပါ ဘုရား)။
သစ္စာသိဖို့အရေးကြီးတယ်
ဪ ဒါဖြင့် ဘုရားဖြစ်ဖို့ရာ သစ္စာသိဖို့ အရေး ကြီး ပါကလား ဆိုတာ ပေါ်လာတယ်နော် (မှန်ပါ့ ဘုရား) ထို့အတူ ဘုရား၏ တပည့်သား အရိယာ သံဃာဖြစ်ဖို့လည်း သစ္စာ သိဖို့ အရေးကြီးတယ် ဆိုတာလည်း တစ်တန်းတည်းသာ မှတ်လိုက်ပါတော့နော် (မှန်ပါ့)။
“အကြင်အခါ၌ ငါဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် သစ္စာလေးပါး မသိသေး၊ ထိုအခါ၌ ဘုရားဟူ၍ ဝန်မခံသေး၊ အကြင်အခါ၌ သစ္စာလေးပါး ငါသိလာပြီ ထိုအခါ၌ ငါ့ကိုယ်ငါ ဘုရားဟူ၍ သုံးဆယ့်တစ်ဘုံမှာ ကြေညာပေးလိုက်၏” လို့ ဆိုတော့ သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သစ္စာသိမှ ဘုရားဟူ၍ ကြေညာ ပါကလားဆိုတာ ဦးခင်မောင်တို့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)
သစ္စာဆိုတာဘာပါလိမ့်
ဒါဖြင့် ဒကာ ဒကာမတွေ သိရတော့မှ ဪ သစ္စာဆိုတာ သိဖို့ အရေးကြီးပါကလား ဆိုတော့ ဒကာ ဒကာမတွေက သစ္စာဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့မှ တဲ့ သစ္စာဆိုတာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ ကြည့်လိုက်တော့မှ ဝေဒနာလေးတွေ ဖြစ်မှု ပျက်မှုဟာ ဒါ သစ္စာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
စိတ်ကလေးတွေ ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ဖြစ်မှု ပျက်မှု တွေ့ရင် (သစ္စာပါ ဘုရား) သစ္စာပဲလို့ မှတ်ပါတဲ့၊ “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” သူသည် ပင်ကိုသဘော စွန့်သွားလို့ရှိရင် ဖြင့် ဒကာဝတို့ ဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ရုပ်ဟာ ရုပ်သဘော စွန့်သွားရင် (ဒုက္ခသစ္စာပါ) ဝေဒနာဟာ ဝေဒနာသဘော စွန့်သွားရင် (ဒုက္ခသစ္စာ ပါ ဘုရား) စိတ်ဟာ စိတ်သဘော စွန့်သွားရင် (ဒုက္ခသစ္စာ ပါ ဘုရား) ဦးခင်မောင် ရေ သစ္စာ ဆိုတာ ဒါတွေ ပါကလား (မှန်လှပါ ဘုရား)။
သစ္စာနှင့် အနိစ္စကိုတခြားစီမယူပါနှင့်
အဲဒီတော့ သစ္စာနဲ့ အနိစ္စကို တခြားစီ မယူလိုက်ပါ နဲ့နော် (မှန်ပါ့) သစ္စာနဲ့ အနိစ္စကို တခြားစီ မယူလိုက်ပါနဲ့ လို့ ဝိဘင်း အဋ္ဌကထာ ဆရာက သေသေချာချာ ပြရှာတယ်။
“သစ္စာနုလောမိကဉာဏန္တိ ဝိပဿနာဉာဏံ၊ တံ ဟိ စတုန္နံ သစ္စာနံ အနုလောမတော သစ္စာနုလော မိကဉာဏန္တိ ဝုစ္စတိ၊ ဣဒါနိဿ ပဝတ္တနာကာရံ ဒဿဘုံ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ အာဒိမာဟ ”။
… လို့ ကျမ်းတင်ပြီး သကာလ ပြလိုက်တာ ထောက်လိုက်တော့ ရုပ်တရား၏ ဖြစ်ပျက် အနိစ္စ မြင်လို့ရှိရင် ဒါ သစ္စာ မြင်တာပဲဟေ့ (မှန်လှပါ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ) ဒုက္ခသစ္စာ မြင်တာပေါ့ (မှန်ပါ့)။
ဒုက္ခသစ္စာကို သစ္စာနုလောမိက ဉာဏ် ဆိုတော့ ဒါ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ပဲကွာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ဆိုတာဘာ ပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးတော့မှ ငါတို့ ရှုနေတဲ့ ဖြစ်မှု ပျက်မှု ကလေးတွေဟာ ဒုက္ခသစ္စာ ပါကလား (မှန်ပါ့ ဘုရား)။
ဖြစ်မှုပျက်မှုတွေဟာဒုက္ခသစ္စာ
ဖြစ်မှု ပျက်မှု ကလေးတွေ ဘာခေါ်ကြမယ် (ဒုက္ခသစ္စာ ပါ ဘုရား) မှတ်ထားကြပါ၊ မှတ်ထားကြပါ။ သြော် ငါတို့ လဲ သစ္စာဆိုက်အောင် လုပ်နေတော့ ဒါကလေးစ တွေ့တော့ ဒီဒုက္ခ ဆုံးသွားရင် နိရောဓ သစ္စာ မြင်တော့မှာပဲ ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
လိုရာခရီးအပြီးတိုင်ရောက်ပြီ
ဒုက္ခသစ္စာ ဆုံးသွားရင် (နိရောဓသစ္စာ မြင်မှာပါ ဘုရား) နိရောဓသစ္စာ နိဗ္ဗာန် ဆိုတာ မြင်ရပြီ၊ မြင်ရလို့ ရှိရင် ဒကာ ဒကာမတို့ လိုရာခရီး အပြီးတိုင် ရောက်ပြီ ဆိုတာ အောက်မေ့ ရမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ကလဲ တစ်ခါလာ ပြန်တော့ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်က
“ သော ဝတ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမ္ပန္နာ ဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ ” တဲ့
တစ်ခုသော တရားကလေး ဝေဒနာဖြင့် ဝေဒနာ စိတ် ဖြင့် စိတ် ဆိုတဲ့ သင်္ခါရတရား ကလေးကို နိစ္စ ထင်နေလို့ ရှိရင် သစ္စာသိတဲ့ အနုလောမ ဉာဏ် မရနိုင်ဘူးတဲ့ (မှန်ပါ့)။
နိစ္စ ထင်နေရင် သစ္စာနဲ့ လျော်တဲ့ အနုလောမ ဉာဏ်မရနိုင်ဘူး (မှန်ပါ) သဘောကျပြီနော် (မှန်ပါ့)။
“ကဉ္စိ သခါရံ (ပ) ဝိဇ္ဇတိ” ဘုရားကိုယ်တော်တိုင် ဟော တယ် “အနုလောမိကာယ ခန္တိယာ သမ္မန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ၊ အနုလောမိကာယ ခန္တိယာ အသမ္ပန္ဒာ ဂတော ” တကယ်လို့ သစ္စာနဲ့ လျော်တဲ့ ဖြစ်ပျက်ကိုမှ မမြင်သေးလို့ ရှိရင် “ သမ္မတ္တနိယာမံ ဩက္ကမီဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” မဖောက်မပြန် မြဲတဲ့ မဂ်ကို မရနိုင်ဘူးတဲ့ (မှန်ပါ့)။
ဖြစ်ပျက် မမြင်လို့ ရှိရင် မဖောက်မပြန် မြဲတဲ့မဂ်ကို (မရနိုင်ပါ ဘုရား)
“သမ္မတ္တနိယာမံ အနုက္ကမမာနော သောတာပတ္တိဖလံဝါ သကဒါဂါမိ ဖလံဝါ အနာဂါမိ ဖလံဝါ အရဟတ္တဖလံဝါ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”
ဆိုတဲ့ အတိုင်း သမ္မတ္တနိယတာ ဓမ္မာ ဆိုတဲ့ မဂ် ဉာဏ် လေးပါး မရသေးရင်လဲ ဖိုလ်လေးပါး ရလိမ့်မယ်လို့ မင်းတို့ ဘယ်တော့မှ မအောက်မေ့နဲ့တဲ့ (မှန်လှပါ ဘုရား)။
သစ္စာနဲ့လျော်တဲ့ဉာဏ်
ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုသော တရားကို အနိစ္စ မြင်လို့ရှိရင် သစ္စာနဲ့ လျော်တဲ့ ဉာဏ်ရပြီလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။
သစ္စာနဲ့လျော်တဲ့ဉာဏ် (ရပြီလို့ မှတ်ရပါမယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အရ ကြိုးစားလိုက် စမ်းပါလို့ သတိပေး လိုက်တယ် (မှန်ပါ့)။
အရကြိုးစားပါ ဆိုတာ တခြား မဟုတ်ပါဘူး ဒကာ ဒကာမတို့ ဖြစ်ပျက်ကလေး မြင်အောင် ကြိုးစားပါ။ ဒါကလေးဟာ ဒုက္ခသစ္စာပါပဲ၊ သစ္စာနုလောမိက ဉာဏ် ပါပဲ။ သဘောကျပလား (ကျပါပြီ)။
ပြီးတော့လဲ တစ်ခါ စဉ်းစား ကြည့်လိုက်တော့ ဒကာ ဒကာမတွေ များသောအားဖြင့် ရနေကြတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ဆိုတော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ တရားပဲ (မှန်ပါ့)။
ဖြစ်ပြီးပျက်တာကိုဆိုတာ
ဒီတော့ တစ်ခုခုကို ဖြစ်ပျက်မြင်ရင် ဒါ ဒုက္ခသစ္စာ နဲ့လျော်တဲ့ ဉာဏ်ဖြင့်ရပေါ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် သြော် ငါတို့ မြင်တဲ့ ဖြစ်ပျက် အနိစ္စ၊ ငါတို့မြင်တဲ့ ဖြစ်ပျက် ဒုက္ခ၊ ငါတို့မြင်နေတဲ့ ဖြစ်ပျက် အနတ္တ၊ ဖြစ်ပျက် တစ်ခုတည်းဟာ ဒကာ ဒကာမတို့ မှတ်ထား၊ အနိစ္စ ဆိုတာလဲ ဖြစ်ပြီးပျက်တာ ဆိုတာပဲ (မှန်ပါ့ ဘုရား)။
ဒုက္ခ ဆိုတာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား) အနတ္တ ဆိုတာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား) အဲ ဖြစ်ပြီး ပျက်တာချည့် ဆိုနေတော့ ကိုယ့်ကိုယ်က သြော် ဉာဏ်ထဲမှာ ဘဝါဘဝက အနိစ္စ အထုံ ကလေးပါလာလို့ ရှိရင်ဖြင့် ခန္ဓာ ကိုယ်ကြီး ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှု ကလေး တစ်ခုခု ဝေဒနာ ဖြစ်ဖြစ်၊ စိတ်ဖြစ်ဖြစ် ရုပ်ဖြစ်ဖြစ်၊ သညာ သင်္ခါရ ဖြစ်ဖြစ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမြင် လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒါ အနိစ္စ မြင်ပြီလို့ မှတ်ပါ (မှန်လှပါ)။
ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖြစ်ပျက် မြင်ရင် ဘာဆို ကြမယ် (အနိစ္စပါ ဘုရား) အေး -သစ္စာနုလောမိက လဲ ရတယ်၊ သစ္စာနုလောမိက ဉာဏ်လဲ ရပါတယ်၊ သစ္စာလဲ မြင်ပါတယ်။ အနိစ္စ ဆိုတာ သစ္စာနဲ့ အတူတူပဲ (မှန်လှပါ ဘုရား)။
အနိစ္စနဲ့ သစ္စာ နဲ့ (အတူတူပါ ဘုရား) အတူ တူပဲလို့ မှတ်လိုက် စမ်းပါ။
လက်တွေ့ ဉာဏ်တွေ့ ပြကြပါစို့
ကိုင်း ဒါဖြင့် လက်တွေ့ ဉာဏ်တွေ့ ပြကြပါစို့ ဆို တော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ကျောမှာ ယားတယ် ဆိုကြပါစို့ (မှန်ပါ့)။
ကျောမှာ ယားတဲ့ အခါကျတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား တဲ့ ယားချင်လို့ ယားတာလား၊ အင်္ကျီနဲ့ထိလို့ လည်းကောင်း၊ မြေမှုန့်နဲ့ ထိလို့ လည်းကောင်း ယားရမယ် (မှန်လှပါ ဘုရား) တစ်ခုခုနဲ့ မထိဘဲနဲ့ တော့ ယား ပါ့မလား (မယားပါ ဘုရား) ဒါဖြင့် ထိတာ ဖဿ၊ ယားတာ ဝေဒနာ (မှန်ပါ့) ထိတာက (ဖဿပါ ဘုရား) ယားတာက (ဝေဒနာပါ ဘုရား)
သြော် ဒါဖြင့် ပေါ်လာတာ ကလေးဟာ ဝေဒနာပဲနော် (မှန်ပါ့) ပေါ်လာတာ ကလေးဟာ ဝေဒနာပဲ အလိုလို ဖြစ်သလား ထိတဲ့ ဖဿကြောင့်လား (ထိတဲ့ ဖဿကြောင့်ပါ ဘုရား)။
ဝေဒနာကို ဉာဏ်နဲ့လိုက်ပြီးကြည့်
သြော် ထိတဲ့ ဖဿကြောင့် ဖြစ်တော့ ဖဿ ပစ္စယာ ဝေဒနာ (မှန်ပါ့) ဒီ ဝေဒနာ ကလေးကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ လိုက်ပြီး ဒါ ဘာပါလိမ့်မလဲ ကြည့်လိုက်တဲ့ အချိန်ကျတော့ ဝေဒနာ ကလေးဟာ ချုပ်ပျက် သွားတယ် (မှန်ပါ့) ချုပ်ပျက် မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒါကလေး ချုပ်ပျက်သွားတော့ အနိစ္စကို မြင်လိုက် ပါတယ် (မှန်လှပါ ဘုရား) မရှိတာကလေး သိရတာက ဘာပါလိမ့် (အနိစ္စပါ ဘုရား)။
အနိစ္စလို့ သိလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမ တို့ ယားတာကို ဖျက်မပစ်ကြပါနဲ့ ဒီဥစ္စာဟာ ယားတာ ဟာ ဝေဒနာ၊ ဝေဒနာဟာ ဖဿကြောင့်ဖြစ်တယ်၊ အင်း နောက်တော့ ဖဿချုပ်လို့ ဝေဒနာပါ ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။
အနိစ္စမြင်တော့ ဘာဖြစ်သတုံး
ချုပ်သွားတယ်လို့ သိလိုက်တော့ သြော် ဒါဟာ အနိစ္စ အချက် ပိုင်ပိုင်နိုင်နိုင် ရလိုက်တာပဲ (မှန်ပါ့ ဘုရား) အနိစ္စ မြင်တော့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါကျတော့ အဋ္ဌသာလိနီ အဋ္ဌကထာ ဆရာက အနိစ္စကို ဒါကလေး တစ်ခုခုက အနိစ္စ ဝေဒနာက အနိစ္စ၊ မြင်တာက မဂ္ဂ (မှန်ပါ့)။
အနိစ္စမြင်တဲ့ အခါကျတော့ ဪ မိမိခန္ဓာကြီး ဟာ ဘာပါလိမ့်မတုံး၊ မိမိ ခန္ဓာကြီးဟာ ဝေဒနာက္ခန္ဓာ ဝေဒနာက္ခန္ဓာ ဘယ်မှာ လမ်းဆုံး ရှာပါလိမ့်မလဲလို့ တွေးလိုက်ပါလား (အနိစ္စ လမ်းဆုံး ပါတယ်) အနိစ္စ လမ်းဆုံးတယ်။
ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာဟာ ဘယ်မှာ လမ်းဆုံး ပါလိမ့် (အနိစ္စမှာ လမ်းဆုံးပါတယ် ဘုရား) အနိစ္စလမ်းဆုံး တယ် ဆိုတော့ သြော် ဝေဒနာက္ခန္ဓာကို နဂိုက မိမိထင်နေတာ မိမိ မဟုတ်တော့ ပါကလား အနိစ္စ ပါကလား လို့ မြင်လိုက်တဲ့ ဉာဏ်ကလေးဟာ ပြောင်းမသွားဘူးလား (ပြောင်းသွားပါတယ် ဘုရား)။
မြင်တာကမဂ္ဂဖြစ်တယ်
ဒါဖြင့် ပျက်စီးတာက အနိစ္စ၊ မြင်တာက မဂ္ဂ သွား ဖြစ်တယ် (မှန်ပါ့) ပျက်စီး တာက (အနိစ္စပါ ဘုရား) မြင်တာက (မဂ္ဂပါ ဘုရား)။
အဲဒီတော့ အဋ္ဌသာလိနီ အဋ္ဌကထာဆရာက ဒီလို မြင်နေတဲ့ အခါကျတော့ကွာ တဲ့ စဉ်းစား ကြည့်စမ်းပါ လားတဲ့။ ဒီ ခန္ဓာကိုယ်ကြီးဟာ အနိစ္စ ပျက်စီးနေတာ ပျောက်ပျက်တာ မြင်တော့ ဒီခန္ဓာကိုယ်ကြီး ခင်တဲ့ လောဘလာသေးရဲ့လား (မလာပါဘုရား) နောက်က မဂ္ဂလာတော့ တဏှာ ဥပါဒါန် မသေဘူးလား (သေပါတယ် ဘုရား) တဏှာ ဥပါဒါန် သတ်လိုက် တယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်သူသေပါလိမ့် (တဏှာ ဥပါဒါန် သေပါတယ်) တဏှာ ဥပါဒါန် သေလို့ရှိရင် တဏှာ ဥပါဒါန် ကံကော (သေပါတယ် ဘုရား)။
ကံလဲ သေသွား တယ်နော် (မှန်ပါ့) ဇာတိ၊ ဇရာ၊ မရဏ၊ ပေါ်သေးရဲ့ လား (မပေါ်ပါ) ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ် နေသလဲ (ပြတ်ပါတယ် ဘုရား)။)
သြော် အနိစ္စမြင်လို့ ရှိရင်ဖြင့် တိုတိုပြော ကြစို့ဆိုလို့ ရှိရင်ဖြင့် လောဘ စင်တယ် (မှန်ပါ့) အနိစ္စမြင်ရင် (လောဘ စင်ပါတယ်) သဘောကျပြီနော် (မှန်ပါ့)။
ဒါက အနိစ္စ၊ ဒါက ဘာတုံး (မြင်တာပါ) စင်တာက ဘာတုံး (လောဘပါ) ဒါဖြင့် အနိစ္စမြင် လောဘ စင်ပေါ့ဗျာ (မှန်ပါ့) အနိစ္စကို မြင်ရင် ဒီလောဘ ကို စင် တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အနိစ္စမြင်ရင် ဘာစင်ပါလိမ့် (လောဘစင် ပါတယ်) အဲ လောဘစင်တယ် ဆိုတာ သဘောကျ ပြီနော် (မှန်ပါ့)။
အနိစ္စမြင်လောဘစင်
အနိစ္စမြင် လောဘစင်ပေါ့လေ၊ မှတ်မိပလား (မှတ်မိပါပြီ) သြော် ဖြစ်ပျက်ပါ၊ ဘာပါလိမ့် ဒကာ ဒကာမ တို့ (အနိစ္စပါ ဘုရား)။
အဲဒါကလေး ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်ပြီးပျက် သွားတဲ့ သဘောကလေး ဉာဏ်ထဲမှာ မမြင်လိုက် ဘူးလား (မြင်ပါတယ် ဘုရား) ဘာကလေးက စင်ထွက်သွားသလဲ (လောဘ စင်ပါတယ် ဘုရား)။
လောဘစင်တယ် ဆိုကတည်းက လောဘစင်လို့ ရှိရင် လောဘက တဏှာ၊ သူ့နောက်က လိုက်မည့် ဥပါဒါန်လဲ စင်တာပဲ ကံကော (စင်ပါတယ် ဘုရား) ဇာတိ၊ ဇရာ၊ မရဏ ကော (စင်ပါတယ် ဘုရား)။
စင်တာပဲ ဆိုတော့ သြော် အနိစ္စမြင် လောဘ စင်တယ် လို့ပဲ မှတ်ထားလိုက် (မှန်ပါ့) အနိစ္စမြင် ဘာစင်သွားပါ လိမ့် (လောဘစင်ပါတယ်) သဘောကျပြီ (မှန်ပါ့)။
အနိစ္စမြင်လို့ လောဘ စင်သွားတော့ သြော် နေရာကျပဟ ဆိုတာ ဒကာ ဒကာမတို့ တစ်ချက် ဝမ်းမြောက် လိုက်ပါ (မှန်ပါ့ ဘုရား)။
အနိစ္စမြင်တော့ ဘာစင်သွားပါလိမ့် (လောဘစင်ပါ တယ် ဘုရား) လောဘ စင်သွားတယ် ဆိုတာ အခု အမြင်နော် (မှန်ပါ့ ဘုရား)။
ဝေဒနာကလေးဟာ အနိစ္စ၊ ဟုတ်လား (မှန်ပါ့) မြင်တာက (မဂ္ဂပါ ဘုရား) ခင်တာက သမုဒယ (မှန်ပါ့) လောဘသမုဒယ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မြင်တာက (မဂ္ဂပါ) အဲ- အမြင်ခံရတာက အနိစ္စ၊ မြင်ဉာဏ်က (မဂ္ဂပါ ဘုရား) စင်တာက (လောဘ သမုဒယပါ ဘုရား)။
သမုဒယသစ္စာချုပ်တယ်
အဲ လောဘသမုဒယဆိုတော့ သမုဒယသစ္စာ ချုပ်တယ် ဆိုတာက ပေါ်နေတယ် (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါကြောင့် အနိစ္စမြင် လောဘစင်လို့သာ မှတ်ထား လိုက် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အနိစ္စမြင် (လောဘ စင်ပါတယ် ဘုရား) အဲ အနိစ္စမြင် လောဘစင်တာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် “ယံ အနိစ္စံ တံ ဒုက္ခံ” လို့ သံယုတ် ပါဠိတော်ကြီးများက လာနေတော့ “ယံအနိစ္စံ၊ တံဒုက္ခံ”၊ ယံ = အကြင်တရားသည်၊ အနိစ္စံ- အနိစ္စပဲ ပျောက်ပျက်တယ်၊ ထိုတရားသည် ဒုက္ခပဲ ဆိုတာကော အနိစ္စနဲ့ ဒုက္ခ ထူးသေးရဲ့ လား (မထူးပါ ဘုရား)။
အနိစ္စတရားသည် (ဒုက္ခပါ ဘုရား) ဒုက္ခပဲလို့ မသိကြဘူးလား (သိပါတယ် ဘုရား) ဖြစ်ပြီး ပျက်သွား တော့ သေသွားတာပဲ မဟုတ်လား (မှန်ပါ့)။
ဝေဒနာကလေးဟာ ဖြစ်ပြီးပျက်သွားတဲ့အခါ (သေသွားပါတယ် ဘုရား)။
အင်း ဒုက္ခကို ဒကာ ဒကာမတွေ ခန္ဓာကိုယ် ထဲမှာ အနိစ္စ မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခလဲ မြင်တော့တာပဲ (မှန်ပါ့) ဒါဖြင့် ဝေဒနာက ဒုက္ခ၊ မြင်တာက (မဂ္ဂပါ ဘုရား)။
ဒုက္ခမြင်ရင် ဒေါသစင်
ဪ ဒုက္ခကို မြင်လို့ရှိရင်ဖြင့် နောက်ကဒကာ ဒကာမတို့ ဒေါသ စင်ပြန်တယ် (မှန်ပါ့) ဒုက္ခမြင်တော့ (ဒေါသ စင်ပါတယ် ဘုရား)။
ဒေါသစင်တော့ ဒေါသ သောက ပရိဒေ၀ အဝိဇ္ဇာ သံသရာ လှည့်သေးရဲ့လား (မလှည့်ပါ ဘုရား) ဪ ဒုက္ခမြင်တော့ ဒေါသ စင်တော့ ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြတ် တယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ်တယ်
ဘယ်က ပြတ်သွားပါလိမ့် (အဆုံးက ပြတ်ပါတယ် ဘုရား) နေရာကျပြီ ခုနင်တုန်းက အနိစ္စ မြင်၍ လောဘစင်တော့ ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ် (မှန်ပါ့ ဘုရား)။
သဘောကျပြီနော် (ကျပါပြီ ဘုရား) ဦးခင်မောင် သေသေချာချာ မှတ်ပါ (မှန်ပါ့) မြင်တာ ကတော့ တစ်ချက်တည်းပဲ (မှန်ပါ့) မြင်တာက တစ်ချက်တည်းပဲတဲ့။
ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်တယ်
ကဲ ဒါဖြင့် အနိစ္စ မြင်တုန်းကတော့ ဘာစင် ခဲ့သတုံး (လောဘ စင်ပါတယ် ဘုရား) လောဘ စင်တယ် ဆိုတော့ ကဲ ခင်ဗျားတို့ ရထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ပြတ်ထွက် သွားပါလိမ့် (အလယ်က ပြတ်ပါတယ် ဘုရား)။
အလယ်ကနေ ပြတ်တယ် (မှန်ပါ့) တယ်လဲ အဖိုးတန် ပါကလား ဒကာ ဒကာမတို့ (မှန်ပါ့) အင်မတန် အဖိုးတန်တယ် ဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား)။
ဒါက မိမိတို့ခန္ဓာ ငါးပါးနော်၊ဒါက ခန္ဓာ ငါးပါးကို ဆရာဘုန်းကြီးက အကြည့်ခိုင်း၊ ဘုရားက အကြည့်ခိုင်းလို့ မြင်တဲ့ ဉာဏ် မကျဘူးလား (မှန်ပါ့) ဒါက စင်တဲ့သမုဒယ (မှန်ပါ့) စင်တဲ့ဒေါသ ဆိုရင်ကော ဟုတ်တာပဲ (မှန်ပါ့)။
ဒုက္ခမြင်တော့ ဒေါသ စင်တယ်၊ အနိစ္စ မြင်တော့ (လောဘ စင်ပါတယ် ဘုရား) ဒုက္ခ မြင်တော့ (ဒေါသစင် ပါတယ်) ဒေါသ စင်သွားတယ် ဆိုတော့ ဪ ဘယ့်နှယ်ကြောင့် ဒေါသ စင်ပါလိမ့်မတုံး ဆိုတော့ မိမိ ခန္ဓာကိုယ်ကြီးက ဖြစ်ပြီး ပျက်သွားတဲ့ ဒုက္ခကြီး မမြင်လိုက်ဘူးလားဗျာ (မြင်လိုက်ပါတယ် ဘုရား)။
ဒုက္ခသစ္စာမို့ ဒုက္ခဖြစ်တာ
ဒုက္ခကို မြင်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် သြော်- ဒုက္ခသစ္စာမို့ ဒုက္ခဖြစ်တာကိုး လို့ဆိုတော့ ဒကာ ဒကာမတို့ ဖြစ်ရလေခြင်း ဆိုတဲ့ ဒေါသ လာသေးရဲ့လား (မလာပါ ဘုရား) ဒုက္ခသစ္စာမို့ ဒုက္ခ ဖြစ်တယ်လို့ သိတာကိုးဗျ (မှန်ပါ့) သိတော့ ဒေါသ လာသေးရဲ့ လား (မလာပါ ဘုရား)။
ဒါဖြင့် ဒုက္ခမြင်လို့ ဒေါသ စင်တယ် (မှန်ပါ့) ဦးခင်မောင် ဘာတဲ့တုံး (ဒုက္ခမြင်လို့ ဒေါသ စင်ပါတယ်) ဒကာ ဒကာမတို့ သုသိမ သိမ်းမည့် နေ့မှာ သေသေချာချာ မှတ်ပါ၊ သုသိမ ဒီသုံးချက် ဝင်လာလို့ ရဟန္တာ ဖြစ်ပါ လိမ့်မယ် (မှန်ပါ့)။
ဒုက္ခမြင်တော့ ဘာစင် သွားပါလိမ့် (ဒေါသ စင်ပါ တယ်) အဲ ဒါကြောင့် ခင်ဗျားတို့ ကိုယ့်ဒေသနာ အတိုင်း ရှုသာရှု၊ အနိစ္စချည်း မြင်တဲ့ ပုဂ္ဂိုလ်လဲ ဒုက္ခ ပါသွားတာပဲ အနတ္တ ပါသွားတာပဲ အောက်မေ့လိုက်ပါ (မှန်ပါ့ ဘုရား)။
ကိုင်း တစ်ခါ ဒီ ဝေဒနာကလေး ကျောမှာယား တဲ့ဝေဒနာကလေးဟာ အင်း ဟင်း ဒကာ ဒကာမ တို့သိတဲ့ အတိုင်း ဖဿချုပ်တော့ ဝေဒနာချုပ်သွားတယ် (မှန်ပါ့)။
ဖြစ်ပေါ်လာတာ ဝေဒနာချုပ် သွားတဲ့ အခါကျတော့ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ ဆိုတော့ ဝေဒနာ ကလေးဟာ ခံသာတဲ့ ဝေဒနာ ကလေး ဖြစ်ဦးတော့ ဒကာ ဒကာမတွေက တားလို့ဆီးလို့ ရရဲ့လား (မရပါ) မရတော့ အနတ္တ ဖြစ်ပါ တယ် (မှန်ပါ့)။
တားလို့ဆီးလို့ မရတာနဲ့ ဘာဖြစ်သွားသလဲ (အနတ္တ ဖြစ်သွားပါတယ်) အနတ္တ ဖြစ်သွားတယ် ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဒါကလေးကို တားလို့ မရတာကလေး သိလို က် မြင်လိုက်တယ်၊ တားလို့ မရတာက အနတ္တ၊ မြင်လိုက်တာက (မဂ္ဂပါ ဘုရား)။
အနတ္တမြင်ရင် မောဟစင်
ဪ တားလို့မရတဲ့ တရားမျိုးပါလားလို့ အမှန်အကန် မသိဘူးလား (သိပါတယ် ဘုရား) အဲ အမှန် အကန် သိတော့ကို ဒကာ ဒကာမတို့ မောဟစင် ပြန်တယ် (မှန်ပါ့)။
ဒါဖြင့် အနတ္တမြင် မောဟစင် (မှန်ပါ့) အနတ္တမြင် (မောဟစင်ပါတယ် ဘုရား) မောဟစင်တယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။ အနတ္တမြင်ပြန်တော့လဲ (မောဟစင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် အစက ပြန်စကြဦးစို့၊ ဒကာ ဒကာမတွေ သေချာသွားအောင် အနိစ္စမြင်တော့ (လောဘစင် ပါတယ် ဘုရား) ဒုက္ခမြင်တော့ (ဒေါသစင် ပါတယ် ဘုရား) အနတ္တမြင်တော့ (မောဟစင်ပါတယ် ဘုရား)။
အို နေရာကျလိုက်တာ ဒကာ ဒကာမတို့၊ မြင်ဖို့သာ အရေးကြီး တော့တယ်နော် (မှန်ပါ့) မြင်ဖို့ သာ အရေးကြီးကြ တော့တယ် ဒကာ ဒကာမတို့ ကြိုးစား လုပ်ကြပါ၊ လောဘ ဒေါသ မောဟ ဆိုတာ ပယ်ရ မည့် တရားဟေ့ လို့ ဆိုတဲ့ ဥစ္စာ ဒီအတိုင်း ပယ်လို့လဲ မရဘူး၊ မြင်မှ ပယ်လို့ရတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (မြင်မှပယ်လို့ ရပါတယ် ဘုရား) မြင်မှ ပယ်လို့ ရတယ် ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန်မှ အဖိုးတန် နေပါပေါ့ကလား၊ ငါတို့သည်ကား အနိစ္စကလေး တစ်ချက် မြင်လိုက်လို့ ရှိရင်ပဲ လောဘစင်သတဲ့၊ ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ် (မှန်ပါ့)။
ဒီဖြစ်ပျက်ဟာ ဒုက္ခပဲ ဒကာ ဒကာမတို့နော် (မှန်ပါ့) မြင်လိုက်ပြန်တော့ ဘာစင်ပြန်သတုံး (ဒေါသစင်ပါ တယ်) အင်း ဖြစ်ပျက်မြင်ပြန်တော့ ဒေါသစင်တယ် (မှန်ပါ့)။
ဖြစ်ပျက်ကလေးဟာ တားလို့ ဆီးလို့ မရတဲ့သဘော အနတ္တပဲ၊ “တဒေဝအနတ္တံ” ဆိုတဲ့အတိုင်း “ယံ အနိစ္စံ တံ ဒုက္ခံ တဒေဝ အနတ္တံ” ဆိုတဲ့ အတိုင်း ဒီတရား ကလေးဟာ ဖြစ် ပြီး ပျက်သွားတဲ့ တရာ,ကလေး ဒကာ ဒကာမတွေက ခံသာတဲ့ ဝေဒနာ ကလေး မပျောက်ပါစေနဲ့လို့ တားလို့ ဆီးလို့ ရကြရဲ့ လား (မရပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အစကပြတ်တယ်
တားဆီးမရတာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) မြင်တာက (မဂ္ဂပါ ဘုရား) စင်တာက (မောဟ ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဘယ်က ပြတ်ပါလိမ့် (အစက ပြတ်ပါ တယ် ဘုရား) အစက ပြတ်တယ် (မှန်ပါ့) မောဟ မြင်တော့ အစ က ပြတ်တယ်၊ ဒကာ ဒကာမတွေ သေချာကြပလား (သေချာပါပြီ ဘုရား)။
သြော် တကယ် အဖိုးတန်ပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ) တကယ် အဖိုးတန်ပါကလား ဆိုတာကို ကိုမြရွှေ တို့ ဦးဇံရင်တို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာ၊ ပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာ အရေးကြီးပါလိမ့်၊ ဪ ခန္ဓာကိုယ်ထဲမှာတော့ အနိစ္စ ကရှိတာပဲ၊ အနိစ္စဟာ ဒုက္ခပဲ၊ ဒုက္ခဟာ အနတ္တပဲ ဆိုတာ သိပြီးသား ဖြစ်ပြီး ဆရာဘုန်းကြီးကလဲ ပြောထား၊ ဘုရားကလဲ ဟောထားတဲ့ အတွက် ဆရာဘုန်းကြီးက နောက်ထပ် ပြောလိုက်တော့ ရှင်းသွားတယ် (မှန်ပါ့)။
ခန္ဓာနောက်ထပ်မဆက်တာ
ထိုကဲ့သို့ရှင်းတော့ သြော် ပဋိစ္စသမုပ္ပါဒ်ပြတ် ဖို့ရာသည်ကား လို့ဆိုရင် ဘယ်လိုများ ပြတ်အောင် လုပ်ရပါ့ မလဲဆိုတာ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ဆိုတာ ခန္ဓာနောက်ထပ် မဆက်တာ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ဆိုတာ ဘာပါလမ့် (ခန္ဓာ နောက်ထပ် မဆက်တာပါ ဘုရား) ခန္ဓာနောက်ထပ် မဆက် တာ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ခန္ဓာဆက် လာတဲ့ ခန္ဓာဟာ ခန္ဓာသာ လာလို့ရှိရင် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြတ်လို့ဒုက္ခချုပ်တယ်
ဒုက္ခသစ္စာ လာမယ်ဆိုတာ မဆက်လာတော့ ဒုက္ခချုပ်တယ် (မှန်ပါ့) မဆက်လာတော့ (ဒုက္ခ ချုပ်ပါတယ် ဘုရား) ဪ ဒုက္ခချုပ်တာ ဆိုတော့ ဒုက္ခချုပ်ချင်လို့ ချုပ်ရတာလား ဒုက္ခဖြစ်ကြောင်း သုံးခုချုပ်လို့ ချုပ်တာလား (ဒုက္ခဖြစ်ကြောင်း သုံးခု ချုပ်လို့ ချုပ်တာပါ ဘုရား)။
သေချာပြီ (သေချာပါပြီ) အဖိုးတန်လိုက်တာ ဒကာ ဒကာမတို့ (မှန်ပါ့) အဖိုးတန်လိုက်တာ သုသိမ သိမ်းမည့် နေ့မှာ ဒါကိုပြောရတာ ဦးခင်မောင် အရေးကြီးလို့နော် (မှန်ပါ့ ဘုရား)
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ချမ်းသာတဲ့ သုခဝေဒနာ ကလေး ကိုယ်ပေါ်မှာ လေကလေးက တိုက်လို့ ပန်ကာတွေက အပေါ်ကလှည့်လို့ အင်း ကျောကလေးနဲ့ တွေ့တဲ့ပုဂ္ဂိုလ်က ကျောကလေး အေးလို့ မျက်နှာထိပ်မှာ တွေ့တဲ့ ပုဂ္ဂိုလ်က မျက်နှာထိပ်မှာ မပေါ်ဘူးလားဗျာ (ပေါ်ပါတယ်) ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။
ပန်ကာလေ
အင်း လေတည်းဟူသော အထဲမှာပါသွားတဲ့ ပထဝီဓါတ်တွေက လာထိခိုက်တာနဲ့ ပေါ်တဲ့ ဖဿပစ္စယာ ဝေဒနာ (မှန်ပါ့) ဒီဝေဒနာ ကလေးဟာ ပန်ကာတစ်ချက် လှည့်လိုက်တယ် ဆိုရင် ကိုယ့်ဆီမှာ တစ်ချက် ဖြစ်တယ် (မှန်ပါ့) နောက် တစ်ပတ် လည်လာရင် တစ်ချက်ဖြစ်တယ် (မှန်ပါ့) နောက်တစ်ပတ် လည်လာရင် (တစ်ချက်ဖြစ် ပါတယ် ဘုရား)။
ဒါနဲ့ ဒီခေါင်းပေါ်ဝေဒနာ ကလေးတွေဟာ ဝေဒနာက္ခန္ဓာသမား ဘယ်နှစ်ယောက်များ သေသတုံး ဆိုတော့ အပတ်လှည့်တိုင်း သေနေတယ် (မှန်ပါ့) အပတ်လှည့်တိုင်း ပေါ်၍ အပတ်လှည့်တိုင်း သေနေတယ် ဆိုတဲ့ ဥစ္စာ ဒီပန်ကာနဲ့ပဲ ခင်ဗျားတို့ ရှင်းလောက်ပါတယ်။(မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ပန်ကာလေလဲ ရပ်လိုက်ပါရော ဖျတ်ဆို ဒီနေရာမယ် ဦးခင်မောင် ဒုက္ခဝေဒနာ အစားထိုး လာတယ် (မှန်ပါ့ ဘုရား) ဝေဒနာ ပြတ်သေးရဲ့ လား (မပြတ်ပါ ဘုရား)။
ချုပ်ပြီး ဒုက္ခဝေဒနာက (ပေါ်လာပါတယ်) ဒုက္ခ ဝေဒနာ ထိုးချင်လို့ ထိုးတာ မဟုတ်ဘူး ဒကာ ဒကာမတို့၊ အပေါ်က နေ့လယ်က ပူထားတဲ့ သွပ်ရှိန် အပူဓါတ်က ရုပ်တွေ ဆက်ပြီး သကာလ ရုပ်တွေ ဆက်ပြီး သကာလ မချုပ်သေးတာ နဲ့ အပူဓါတ်တွေက ဖဿပစ္စယာ ဝေဒနာ လာဖြစ်နေတယ် (မှန်ပါ) ဒုက္ခဝေဒနာ လာဖြစ်တယ် (မှန်လှပါ)။
ဒါကြောင့် ပန်ကာရပ်လိုက်ရင် ဘာဝေဒနာ ပေါ် သတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား) ပန်ကာ လှည့် လိုက်ရင် (သုခဝေဒနာ ပေါ်ပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ သန္တာန်ဝေဒနာ ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား) မြဲသေးရဲ့လား (မမြဲပါ ဘုရား) သုခ နဲ့ ဒုက္ခ အကြားမှာ တစ်ခါတလေ ကျလာတဲ့ အခါကျလို့ရှိရင် ဝမ်းထဲဥပေက္ခာများ ပေါ်လိုက်သေးတယ် (ပေါ်ပါတယ် ဘုရား) ပေါ်လိုက်သေးတယ် ဆိုတော့ ဪ ဒကာ ဒကာမတွေ ခန္ဓာကိုယ် ဘာတွေများ လှည့်ပြီး နေ ပါလိမ့်မတုံး (ဝေဒနာတွေ လှည့်ပြီးနေပါတယ် ဘုရား)။
ဝေဒနာသုံးပါး လှည့်နေတယ်
ဝေဒနာသုံးပါး လှည့်နေတယ် ဆိုရင်လဲ လွဲသလား (မလွဲပါ ဘုရား) အင်း ဝေဒနာသုံးပါး လှည့်ပြီး နေတော့ ဒီဝေဒနာတွေကလဲ ဘယ်သူ့ခန္ဓာတွေတုံး မေးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေ၏ ခန္ဓာပဲ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ဟာ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာတွေ ခဏခဏ ပြောင်း လွဲနေပါကလားလို့ ဆရာ ဘုန်းကြီးကပြော၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောတာနဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)။
ဒါဖြင့်ဒကာ၊ဒကာမတို့ သိတဲ့ အတိုင်း ဝေဒနာ နိရောဓါ (တဏှာနိရောဓောပါ ဘုရား) မဂ်ပေါ်လာတယ် (မှန်ပါ့) ဝေဒနာချုပ်တာ မြင်အောင် ကြည့်နိုင် လို့ရှိရင်ဖြင့် မဂ်ပေါ်လာ သောကြောင့် နောက်က တဏှာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
မဂ်ပေါ်လာလို့တဏှာချုပ်တယ်
မဂ်ပေါ်လာလို့ ချုပ်သွားတာ (မှန်ပါ့) သူပေါ်ခွင့်ကို ရသေးရဲ့ လား (မရပါ ဘုရား) ဝေဒနာနိရောဓါ ဒေါသနိရောဓါ ကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အင်း ဒုက္ခမြင်တော့ ဒေါသစင်တယ် (မှန်ပါ့)။
ဝေဒနာနိရောဓါ မောဟနိရောဓော ကော မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား) ဖြစ်တာပဲတဲ့၊ ဒကာ ဒကာမတို့ ဒီလို ပါဠိတော်တွေနဲ့ ကြည့်လိုက်တော့ ဝေဒနာကြောင့်ပဲ၊ အင်း ဝေဒနာပစ္စယာကြောင့်ပဲ တဏှာ ချုပ်တယ်၊ တဏှာ ချုပ်တယ် ဆိုကတည်းက တဏှာနဲ့ သဟဇာတဖြစ်တဲ့ မောဟက လဲ ချုပ်ရမှာပဲ၊ တဏှာ မလာလို့ရှိရင် ဒုက္ခ ဝေဒနာ ပစ္စယာ ဒေါသော ဆိုတာကလဲ လာရမယ် (မှန်ပါ့) အဲဒါကော မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စမြင်ရင် (လောဘ စင်ပါတယ် ဘုရား) လောဘစင်တယ်၊ ဒုက္ခကိုမြင်ရင် (ဒေါသစင်ပါတယ် ဘုရား) အနတ္တကိုမြင်ရင် (မောဟစင် ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အနိစ္စ တစ်လုံးသည် ဒုက္ခပဲ၊ ဒုက္ခတစ်လုံးသည် (အနတ္တပါ)။ ဒါဖြင့် တစ်ချက်မြင်လိုက်ရင် သုံးချက် အကုန် ပါနေတယ် (ပါ နေပါတယ် ဘုရား) မပါဘူးလား (ပါနေပါတယ် ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် အစကလဲချုပ်၊ အလယ်က ကော (ချုပ်ပါတယ် ဘုရား) အဆုံးကကော (ချုပ်ပါတယ်)
သြော် ပဋိစ္စသမုပ္ပါဒ် ချုပ်သွားတာသည် ဘာသစ္စာတွေ ချုပ်သွားတာပါလိမ့် (သမုဒယနဲ့ ဒုက္ခချုပ်တာပါ ဘုရား)။
သမုဒယနဲ့ ဒုက္ခသစ္စာချုပ်တယ်
အဲ သမုဒယသစ္စာလဲ ချုပ်တယ်၊ ဒုက္ခသစ္စာ ကော (ချုပ်သွားပါတယ် ဘုရား) ရှေးဦးစွာ ချုပ်မှာက သမုဒယ၊ နောက်ချုပ်မှာက (ဒုက္ခပါ ဘုရား) ရှေးဦးစွာ ချုပ်မှာက (သမု ဒယပါ ဘုရား) နောက်အဆက် ချုပ်မှာက (ဒုက္ခပါ ဘုရား)။
အဲ လောဘ မလာလို့ရှိရင် တဏှာ၊ ဥပါဒါန် ကံပါ ချုပ်သွားတော့ သမုဒယချုပ်သွားတော့ ဟိုဘက် ခန္ဓာ လာသေးရဲ့ လား (မလာပါ ဘုရား) ဒေါသလာရင် ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာတွေ ချုပ်သွားတော့ ဟိုဘက် ခန္ဓာ လာသေးရဲ့ လား (မလာပါ ဘုရား) , ပဋိစ္စသမုပ္ပါဒ် ဝိုင်းနေသေးရဲ့ လား (မဝိုင်းပါ ဘုရား) မဝိုင်း နိုင်တော့ဘူးတဲ့။
တစ်ခါအနတ္တမြင်လိုက်ပြန်တော့ ဒီက မောဟက စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။
အဝိဇ္ဇာ စ, ချုပ်တော့ သင်္ခါရတွေကော (ချုပ်ပါ တယ်) သဘောပါပလား (ပါပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေသိတဲ့ အတိုင်း ဒီဘက်မှာ သောတာပန် သက ဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက် ပါတယ် ဘုရား)။
ဒါဖြင့် အနိစ္စမြင်လဲ ဒကာ ဒကာမတို့ ဒုက္ခ အနတ္တ မြင်သောကြောင့် ဒကာ ဒကာမတို့ အနိစ္စနဲ့ ရဟန္တာ ဖြစ်တာ လဲ ဓမ္မပဒမှာ ငါးရာ လာတာလဲ ဒုက္ခအနတ္တ ပါပြီးသား (မှန်ပါ့) ဒုက္ခသစ္စာ ကကော (ပါပြီးသားပါ ဘုရား)။
အဲ ပါပြီးသားမို့ ဝင်သွားတာလဲ သေသေချာ ချာ ရှင်းကြပါတယ် (မှန်ပါ့) ကဲ ရှုပ်ကြသေးသလား (မရှုပ်ပါ ဘုရား)။
ဝေဒနာဖြစ်ပျက်တစ်လုံးတည်း
ဒါဖြင့် ဒကာ ဒကာမတွေက တစ်လုံးတည်းရှု (မှန်ပါ့) ဝေဒနာကြိုက်သူက ဝေဒနာဖြစ်ပျက် တစ်လုံးတည်း ရှု၊ စိတ်ကြိုက်သူက (စိတ်ကို ဖြစ်ပျက် ရှုရမယ် ဘုရား)
တစ်လုံးတည်း ရှုဆိုတော့ ဘာမှ ခင်ဗျားတို့ ဗျာများမနေပါနဲ့ ဆိုတာကိုလဲ လေးနက်စွာ သတိပေး လိုက်ပါတယ် (မှန်လှပါ ဘုရား)။
ဘာမှ ဗျာများမနေကြပါနဲ့ ဒကာ ဒကာမတို့ လိုရာ ကိစ္စအပြီးအပိုင် ရောက်ပါတယ်၊ တစ်လုံးတည်း ပိုင်ပိုင်ရှုပါ။ ဧကောဓမ္မော ပါပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပြီနော် (ပေါ် ပါပြီ ဘုရား)။
အေး ဒါတွေ သိရတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ သြော် တို့သည်ကားလို့ ဆိုရင်ဖြင့် မလုပ်တတ်လို့ ခက်နေတာပါကလား၊ လုပ်တတ်ရင် လွယ်သားပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။
နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေ ငါတို့ စုတေမ နေသေလွန်ရင် ဘယ်များ သွားရမှာပါလိမ့် မတုံး ဆိုတာက ဒီကသာ ဆက်နေရင် အဆက် စီမံရာ သွားရမယ် (မှန်ပါ့ ဘုရား) ဒေါသက ဆက်ရင် ဒေါသစီမံတဲ့ဆီ (သွားရပါမယ်)
လောဘဆက်ရင် လောဘစီမံတဲ့ဆီ (သွားရပါမယ်) မောဟ ဆက်ရင် (မောဟစီမံတဲ့ဆီ သွားရပါမယ် ဘုရား)။
ဒီအတိုင်းမနေကြပါနဲ့
ကိုင်း ဒါဖြင့် ဒီ ခင်ဗျားတို့ ဖြစ်ပျက် အနိစ္စ ဖြစ်ပျက် ဒုက္ခ၊ ဖြစ်ပျက် အနတ္တသာ မိအောင်ရှုတော့ (မှန်လှ ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒီအတိုင်း မနေကြ ပါနဲ့တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်း မနေကြပါ နဲ့။
ဒီအတိုင်း နေလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လာလိမ့်မယ်နော် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် (သုံးမျိုး လာပါလိမ့် မယ် ဘုရား)
သုံးမျိုးလာလို့ရှိရင် လောဘကြောင့် ဖြစ်လို့ရှိရင် ပြိတ္တာ (မှန်ပါ့) တဏှာ ဥပါဒါန် ကံ ပြိတ္တာဇာတိ မလာပေ ဘူးလား (လာပါတယ် ဘုရား)။
ဒေါသ လာလို့ရှိရင် ဒေါသ သောက ပရိဒေဝ ဒုက္ခ အဝိဇ္ဇာဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ ငရဲဇာတိ (မှန် ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
ပြီးတော့ အဝိဇ္ဇာ မချုပ်ပြန်တော့လဲ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်ဆိုတော့ တိရစ္ဆာန် ဇာတိ (မှန်ပါ့) မလာပေဘူး လား (လာပါတယ် ဘုရား) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
ဖြစ်ကြောင်းမလာရင် ပြတ်တယ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အပါယ် လေးဘုံ ဖြတ်ချင်လို့ရှိရင် အပါယ်လေးဘုံ ဖြတ်လို့ မရဘူး၊ အပါယ်လေးဘုံ ဖြစ်ကြောင်း မလာရင် ပြတ်တာပဲ (မှန်ပါ့ ဘုရား) အပါယ်လေးဘုံ ဖြစ်ကြောင်း မလာရင် (ပြတ်ပါတယ် ဘုရား)
လောဘမလာရင် ပြိတ္တာပြတ်တယ် (မှန်ပါ့) ဒေါသမလာရင် ငရဲ ပြတ်တယ် (မှန်ပါ့) မောဟ မလာရင် တိရစ္ဆာန်ပြက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကဲ အကုန် ပြတ်တာချည့်ပဲ ဆိုတာ သေချာကြပလား (သေချာပါပြီ)။
ဖြစ်ပျက်ပိုင်ဖို့အရေးကြီးတယ်
ကိုင်း ဒါဖြင့် သြော် တို့ဟာ ဖြစ်ပျက်ပိုင်ဖို့ ဦးခင်မောင် တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား) အားလုံး တရားတစ်ပွဲလုံး ဘာအရေးကြီးပါလိမ့် (ဖြစ်ပျက်ပိုင်ဖို့ အရေးကြီးပါတယ် ဘုရား) ဖြစ်ပျက်ပိုင်ဖို့ သိပ်အရေးကြီး ပါတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ကိုယ် အရေးကြီးတဲ့ အချက်ဟာ ဘာပါလိမ့်မတုံး (ဖြစ်ပျက်ပိုင်ဖို့ အရေးကြီးပါတယ် ဘုရား)။
ဖြစ်ပျက်ပိုင်ရင် အကုန်ပိုင်တယ်
ခန္ဓာထဲမှာ ဖြစ်ပြီးပျက်တဲ့ တရားကလေးက အနိစ္စ (မှန်ပါ့) ဖြစ်ပြီးပျက်တဲ့ တရားကလေးဟာ (ဒုက္ခပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ တရားကလေးဟာ (အနတ္တပါ ဘုရား) အဲ တစ်လုံးပိုင်ရင် အကုန် ပိုင်တာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သုသိမ ဇာတ်သိမ်း ရအောင်ဆို တော့ သုသိမကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ မဟောဘူးလား (ဟောပါတယ် ဘုရား) ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ၊ နောက် ဝိပဿနာ ချုပ်သွားလို့ရှိရင် နောက်ပိုင်းက ဘာလာမတဲ့ (မဂ်ဉာဏ် လာပါမယ် ဘုရား)။
မဂ်ဉာဏ် လာမယ်ကွာ လို့ မဟောဘူးလား (ဟောပါတယ် ဘုရား) အဲ မဂ်ဉာက်ဆိုတော့ မဂ္ဂင်ရှစ်ပါး ပေါ့ဗျာ (မှန်ပါ့)။
ဝိပဿနာဉာဏ်
ရှေ့ပိုင်းက ဓမ္မဋ္ဌိတိဉာဏ် ဆိုတော့ ဝိပဿနာဉာဏ် (မှန်ပါ့) ဝိပဿနာဉာဏ်က ဒကာ ဒကာမတို့ ဘာနဲ့တူသတုံး လို့မေးတော့ လယ်လုပ်မည့်သူများ ဦးခင်မောင် ရေ လယ်ထဲ မှာ အမှိုက်တွေ ရှုပ်နေလို့ရှိရင် စုပုံ ရလိမ့်မယ်နော် (မှန်ပါ့)။
ဝိပဿနာဉာဏ်က အမှိုက်တွေစုပုံတာနဲ့ တူတယ် (မှန်ပါ့) မဂ်ဉာဏ်က စုပုံပြီး မီးရှို့လိုက်တာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်က ကိလေသာတွေကို စုပုံပြီးထား လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မဂ်ဉာဏ်က ဘာလုပ်ပစ်သလဲ (မီးရှို့ ပစ်လိုက်ပါတယ် ဘုရား)။
အဲဒီတော့ ဒီနှစ်ဉာဏ်ဟာဖြင့် တစ်ယောက်က အစု သမား တစ်ယောက်က မီးရှို့သမား ဖြစ်ရတော့မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာဉာဏ်က (စုပုံသမားပါ ဘုရား) ကိလေသာ အညစ်အကြေးတွေ စုပြီး သကာလ မီးရှို့မလို့ အပုံသမား (မှန်ပါ့) မဂ်ဉာဏ် ကတော့ ဘာလုပ် လိုက်တယ် (မီးရှို့ လိုက်ပါတယ် ဘုရား)။
မဂ်ဉာဏ်
မဂ်ဉာဏ်က မီးရှို့လိုက်ပါတယ် ဆိုတော့ သြော် မီးရှို့လိုက်တော့ ပြောင်တဲ့ အခါကျတော့ လောဘ ကိလေသာလဲ ပြောင် ဒေါသ ကိလေသာ (ပြောင်ပါတယ် ဘုရား) မောဟ ကိလေသာကော- (ပြောင်ပါတယ် ဘုရား)။
ကိလေသာ ဆယ်ပါးစလုံး ပြောင်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ကိလေသာ မရှိရင် ကံ မရှိတော့ ပါဘူး (မှန်ပါ့) ကံမရှိရင် အကျိုးပေး ခန္ဓာတွေကော (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာဇာတ်သိမ်းပြီး ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) သြော် ဒီလိုပါ ကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။
သုသိမရဟန်း
ဒါနဲ့ သုသိမကို ဟောလိုက်တယ်၊ သုသိမရေ ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ၊ နောက်ပိုင်းက မဂ်ဉာဏ်ကွ၊ ဦးခင်မောင် ဒါပဲ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)။
ဟောလိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာလဲ သူက မကျေနပ်သေးဘူး (မှန်ပါ့) သုသိမ ကျေနပ်ပလား (မကျေနပ်သေးပါ ဘုရား)။
ဝိပဿနာဉာဏ်ကရှေ့ပိုင်းက
မကျေနပ်သေးပါဘူး ဒကာ ဒကာမတို့၊ အရှင်ဘုရား တပည့်တော်ကလဲ ဉာဏ်မွဲ၊ ကံမွဲလဲ ဖြစ်ပါတယ် ဘုရာ့၊ ဒါကြောင့် အရှင်ဘုရားက ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပဲလို့ တပည့်တော်ကို ဟောငြား သော်လဲ တပည့်တော် နားမလည်ပါဘုရား ဆိုတော့ မင်းနားလည်ချင်လဲ နေတော့ကွ၊ မလည်ချင်လဲ နေတော့ကွ၊ ဝိပဿနာဉာဏ်က ရှေ့ပိုင်းက ရှိရမယ် (မှန်ပါ့)။
နောက်မဂ်ဉာဏ်လာမယ်
နောက်မဂ်ဉာဏ်လာရမယ်၊ ငါဘုရား၏ အဆုံးအမ ဒါပဲ ဆိုတော့ ဦးခင်မောင် ရှင်းမနေဘူးလား (ရှင်းနေပါ တယ် ဘုရား)။
ဒီတော့ ကိုင်း-ဒါဖြင့် သုသိမ ပထမ ဉာဏ်ရင့်အောင် စောင့်ပြီး သကာလ အမေး အဖြေတွေ ဘုရားက ဒကာဝ – ဖြေမနေဘူးလား (ဖြေနေပါတယ် ဘုရား) သည်းခံပြီး ဖြေတယ် (မှန်ပါ့ ဘုရား)။
ကဲ လက်တွေ့မင်း ကိုယ်တိုင် ရဟန္တာဖြစ်အောင် ငါဟောတော့မယ် ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သူ ရဟန္တာဖြစ်အောင် ဟောတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ဘယ်သူက ဟောပါလိမ့် (ဘုရားက ဟောမှာပါ ဘုရား) တရားနာ သမားက ဘယ်သူပါလိမ့် (သုသိမ ပါ ဘုရား) သုသိမ၊ တစ်ယောက်တည်းနော် (မှန်ပါ့)။
ရှေ့ပိုင်းကဝိပဿနာဉာဏ် နောက်မဂ်ဉာဏ်
ကိုင်း ဒါဖြင့် တပည့်တော်ဘုရား နားမလည် ပဲဖြစ်ပြီး သကာလ နေတယ် ဆိုတော့ အေးအေး ရှိပါစေ ရှိပါစေ၊ နားမလည်ပေမယ့် မင်းဒါတော့ မှတ်ထား၊
ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ် လို့တော့ မင်းက မှတ်ထား (မှန်ပါ့)။
ဒါကလေးကိုတော့ အမှတ်ခိုင်း ထားတယ် ဦးခင်မောင် (မှန်ပါ့) ဦးဇံရင် ဘာအမှတ်ခိုင်း ထားသတုံး (ရှေ့ပိုင်းက ဝိပဿနာဉာဏ်) နောက်ပိုင်းက (မဂ်ဉာဏ် ပါ ဘုရား)။
အင်း ဒကာ ဒကာမတွေကတော့ ဘုန်းကြီးက ရှေ့က ရှင်းထားလို့ အတော် ရှင်းနေပြီ (မှန်ပါ့)။
ဝိပဿနာဉာဏ်က ကိလေသာတွေ ပုံထားသမား (မှန်ပါ့) မဂ်ဉာဏ်က (မီးရှို့သမားပါ) မီးရှို့သမား ဆိုတော့ ကိုက်ကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတို့က ဝိပဿနာ မလုပ်ဘဲ နဲ့ မဂ်ဉာဏ် ရချင်လို့ ရှိရင်တော့ ဘုရားကိုယ်တိုင် မတတ်နိုင် ဘူး (မှန်ပါ့ ဘုရား)။
ဘုရားကိုယ်တိုင် ဘယ့်နှယ်တုံး (မတတ်နိုင်ပါ ဘုရား) သုသိမ မင်း နားလည်ချင်လည်၊ မလည်ချင် နေတဲ့၊ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပဲကွာ လို့ သေသေချာချာ ဆုံးမရှာတယ် (မှန်ပါ့)။
ခန္ဓာ့အနိစ္စမြင်မှ ဝိပဿနာဉာဏ်
အဲဒီတော့ ဒကာ ဒကာမတွေက တပည့်တော် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြန်မြန်ရ, ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး သကာလ နေငြား သော်လဲ ရှေ့ပိုင်းက ဒါကလေးတော့ ထည့်ကြပါဦး (မှန်ပါ့) ဘာတုံး (ဝိပဿနာ ဉာဏ်ပါ ဘုရား)။
ရှေ့ပိုင်းက ဝိပဿနာ ဉာဏ်ကလေး ထည့်ပါဦး (မှန်ပါ့) ဝိပဿနာ ဉာဏ် ဆိုတာကလဲ ဘာမြင်မှ ဝိပဿနာ ဉာဏ် ဖြစ်ပါလိမ့်မတုံး ခန္ဓာ့ အနိစ္စမြင်မှ (မှန်ပါ့)။
အဲဒီတော့ ခန္ဓာတော့ လှည့်ကြပါဦး (မှန်ပါ့) ဘယ်လိုပါလိမ့် (ခန္ဓာ လှည့်ကြပါဦး ဘုရား)။
ခန္ဓာတော့ လှည့်မကြည့်ဘဲနဲ့ ပေးတော်မူပါ ဘုရာ့ တပည့်တော်ဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အမြန် လိုချင်ပါတယ် ဘုရား ဆိုတော့ ခင်ဗျားတို့လဲ သုသိမ ဟောသလိုပဲ ဟောရဦးမှာပဲ (မှန်ပါ့)။
ဦးခင်မောင် မဟောရပေဘူးလား (ဟောရ ပါတယ်) ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏။ ဒကာ ဒကာမတွေက နှုတ်ကို တက်နေတာပဲ (မှန်ပါ့)။
မဂ် ဖိုလ် ရချင် ဝိပသနာအရင်လုပ်
ဘာတဲ့တုံး (ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏) ဝဋ်လဲ တိုချင်တယ်၊ မဂ်ဖိုလ်လဲ ရချင်တယ်၊ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရချင်ရင် ရှေ့ပိုင်းက ဝိပဿနာဉာဏ်လုပ်၊ ဒါမှ နောက်ပိုင်းက ဘာရမလဲ (မဂ်ဉာဏ် ရပါမယ် ဘုရား)။
အဲဒါပဲ တတ်တော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏၊ အို အင်မတန် တိုပါတယ် ဒကာ ဒကာမတို့၊ ဟော အခုရှေ့ပိုင်းက ဘာလုပ် လိုက်မယ် (ဝိပဿနာ လုပ်လိုက်ပါမယ်) ဟော နောက်ပိုင်းက ဘာပေါ်မယ် (မဂ်ဉာဏ် ပေါ်ပါမယ် ဘုရား)။
ကဲ ခင်ဗျားတို့ ပြောနေ ရတာက ကြာသေးတယ်၊ လုပ်ယူလိုက်ရင် ဒီထက်မြန်လိမ့်ဦးမယ် ထင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ကြဆိုတာ ဆရာဘုန်းကြီးက အမိန့်ပေးတယ် (မှန်ပါ့) မလုပ်ရင်တော့ဖြင့် မတတ်နိုင်ဘူး (မှန်ပါ့)။
မလုပ်ရင်တော့ (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်ဘူး ဆိုတာသေချာပလား (သေချာပါပြီ) ကိုင်း ရှေ့ပိုင်းက ဘာဉာဏ် (ဝိပဿနာဉာဏ်ပါ ဘုရား) နောက်ပိုင်းက (မဂ် ဉာဏ်ပါ ဘုရား)။
ဝိပဿနာဉာဏ်က ဘယ်လိုလုပ်တတ်သလဲ
ဝိပဿနာဉာဏ်က ကိလေသာကို ဘယ်လိုလုပ် တတ်သလဲ (စုပုံတတ်ပါတယ် ဘုရား) မဂ်ဉာဏ်က ဘာလုပ်တတ်သလဲ (မီးရှို့ တတ်ပါတယ် ဘုရား)။
အဲဒီတော့ စုမှ မပုံဘဲနဲ့ မီးရှို့လို့ရှိရင် ဒီမီးက လယ် တစ်ကွက်လုံးတော့ လောင်မှာ မဟုတ်ဘူး (မှန်ပါ့) တချို့ အပင် ကျန်နေရစ်မှာပဲ၊ ကျန်ရင် ကိလေသာ ကျန်တာ ပဲ၊ ကိလေသာ ကျန်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရနိုင် (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
အဲဒါတွေ ဒကာ ဒကာမတွေက သေသေချာချာ သိတော့မှ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဘုရား၊ လုပ်တော့မယ် (မှန်ပါ့) ဒီဟာကလေး ထည့်ပေးပါ။ (မှန်ပါ့)။
ဝဋ်ဘဝတိုတိုနဲ့ (မဂ်ဖိုလ် နိဗ္ဗာန်ရ ရပါလို၏) လုပ်ပါ တော့မယ် ထည့်ပါဦး (မှန်ပါ့) လုပ်ပါတော့မယ် ထည့်ပါဦးမှ ရ, ရပါလို၏နဲ့တော့ ဝေးပါသေးတယ် ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝဋ်ဘဝတိုတိုနဲ့ (မဂ်ဖိုလ်ရပါလို၏ လုပ်ပါတော့မယ် ဘုရား) လုပ်ပါတော့မယ် ဒါကလေးလဲ ထည့်ထား ရသေးတယ် (မှန်ပါ့)။
ဘုရားကိုယ်က ကဲ နောက်က ဒကာ၊ဒကာမတွေ ရှေ့က ဒကာ၊ ဒကာမတွေရော ရှေ့ပိုင်းက ဘာဉာဏ်တဲ့တုံး သုသိမ ဟောတာ (ဝိပဿနာ ဉာဏ်ပါ ဘုရား) နောက် ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။
ဝိပဿနာဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်မရနိုင်
ဝိပဿနာ ဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်တော့ မရနိုင်ဘူး ကွ ဆိုတော့ ဝိပဿနာ ဉာဏ်က လုပ်ယူရမှာ (မှန်ပါ့) မဂ်ဉာဏ် ကတော့ဖြင့် သူရင့်လာရင် အလိုလို ပေါ်မယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
မဂ်ဉာဏ်က သူရင့်လာရင် (အလိုလိုပေါ်ပါမယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့က ဒါရချင်တယ်၊ ဒါရချင်ရင် ဒါ လုပ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ကြရ ယ် (ဝိပဿနာဉာဏ် လုပ်ရပါမယ် ဘုရား) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရချင်ရင် ဘာလုပ်ရမလဲ (ဝိပဿနာဉာဏ် လုပ်ရပါမယ် ဘုရား)။
အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ
အေး အပြောနဲ့ မပြီးဘူးနော် ကိုယ် တိုင်စမ်းကြည့်ပါ (မှန်ပါ့ ဘုရား)။
အကယ်၍ မစမ်းချင်ဘူးဆိုရင် ခင်ဗျားတို့ ဒီအတိုင်း နေဆိုတော့ လောဘကလဲ လာမှာပဲ (မှန်ပါ့) လာရင် သေတော့၊ ပြိတ္တာဖြစ်၊ ရှုပ်မနေနဲ့တော့ (မှန်ပါ့)။
ဒေါသလာရင် ငရဲသွားမယ်
ဒေါသ လာလို့ ရှိရင်လဲ ဒကာ ဒကာမတို့ ငရဲသွား (မှန်ပါ့) မောဟလာရင် တိရစ္ဆာန်ဘုံနဲ့ သွား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီနှစ်ဉာဏ်ဟာ ရှေ့ဉာဏ်လာရင် နောက် ဉာဏ်လာမယ် (မှန်ပါ့ ဘုရား)။
ရှေ့ဉာဏ်မှ မရှိလို့ရှိရင် ဒကာ ဒကာမတို့ ခုနင်က ငရဲ၊ တိရစ္ဆာန် ပြိတ္တာပဲ ပြန်လာမှာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
လှူဒါန်းပေးကမ်းရင် သုဂတိ
အဲ တပည့်တော်တို့ လှူဒါန်း ပေးကမ်းထားတာ သုဂတိတော့ မရောက်ဘူးလား (ရောက်ပါတယ်) ဒကာ ဒကာမ တို့၊ ကုသိုလ်တွေပဲ ဒါတွေလဲ ရောက်တာပဲ။
ရောက်ပင် ရောက်ငြား သော်လဲ အဲဒီ ကုသိုလ် အကျိုးဆက် ကုန်ပြန်တော့လဲ ပြန်ဆင်းရဦးမယ် (မှန်ပါ့) မဆင်းရပေဘူးလား (ဆင်းရပါတယ် ဘုရား)။
အဲဒီတော့ကိုတဲ့ အကျိုးတော့ သူ့နေရာနဲ့သူ ကမ္မဝိပါကော အစိန္တေယျာ အကျိုးပေးတာ ချည်းပါ ပဲတဲ့၊ ဝဋ်ဖြတ်ဖို့ ကျတော့ ဒါလုပ်ရလိမ့်မယ် (မှန်ပါ့)။
ကိလေသဝဋ် ပြတ်ချင်ရင်
ကိလေသဝဋ် ပြတ်ချင်ရင် ရှေ့ပိုင်းက ဝိပဿနာ ဉာဏ် နောက်ပိုင်းက မဂ်ဉာဏ် (မှန်ပါ့) ကိလေသဝဋ် ပြတ်ချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)။
(ကမ္မဝဋ် ပြတ်ချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)
ဝိပါကဝဋ်ပြတ်ချင်ရင်
ဝိပါကဝဋ် ပြချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ် နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)
ဒါပဲ ဘုန်းကြီးလဲ တတ်နိုင်တယ်၊ ဘုရားပွင့်လဲ ဒါပဲ တတ်နိုင်မှာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါကြောင့် ဒကာ ဒကာမတွေ ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ကို ရ,ရပါလို၏ လို့ ဆုတောင်းလဲတောင်း၊ ဒါလဲ လုပ်လိုက် (မှန်ပါ့) တောင်းတဲ့ဆု ပြည့်သွားရော (မှန်ပါ့)။
တောင်းလည်းတောင်း လုပ်လည်းလုပ်ပါ
တောင်းလည်းတောင်း ပါနော်၊ မလုပ်ပဲနေ တော့လဲ (မရပါ ဘုရား) မပြည့်ပေဘူး ဆိုတာ ဦးခင်မောင် သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့်တောင်းလဲတောင်း၊ ဘာလဲ (လုပ်လဲလုပ်ရပါ မယ် ဘုရား) သဘောကျပလား (ကျပါပြီ) တောင်းလဲတောင်း (လုပ်လဲလုပ်ရပါမယ် ဘုရား)။
တောင်းလဲကောင်း၊ လုပ်လဲလုပ်ပါဆိုတော့ တောင်းတာ ရှိသေးတော့ ဒါမပေါ်ဘူး၊ လုပ်လိုက်တော့ ဒါ ပေါ်လာပြီး ဒါပေါ်လာတယ် (မှန်ပါ့) ၁ ပေါ်လာပြီး ၂ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
မသေပျော်သေးဘူး
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အေး စက်စက်ကလေးနဲ့ သြော် ငါတို့ သေပျော်ပေါ့များ အောက်မေ့ပြီး မနေကြနဲ့ (မှန်ပါ့) မသေပျော်သေးပါဘူး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘယ်လိုဆုံးမသလဲ (မသေပျော် သေးပါ) မသေပျော်သေးဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဝေဒနာဟာ အနိစ္စလား နိစ္စလား
ကိုင်း ဒါဖြင့် ကဲ ဒါက ဒကာ၊ ဒကာမတွေ ကိုဆုံးမတာ သုသိမကို ဒီအတိုင်းဟောတာပဲ၊ ဟေ့ သုသိမ ဟောဒီ ဝေဒနာကလေး တစ်လုံးဟာ အနိစ္စလား နိစ္စလားကွလို့ သုသိမကို မေးတာပဲ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတွေရော သုသိမ လုပ်ပါတော့ ဝေဒနာ ကလေးတစ်ခု ခန္ဓာကိုယ်ထဲ ပေါ်လာတယ်၊ အနိစ္စ လား နိစ္စလား (အနိစ္စပါ ဘုရား)။
သဘောကျပြီ (မှန်ပါ့) ဖြစ်ပြီး ပျက်သွားတာပဲ မဟုတ်လား (မှန်ပါ့) ဒါဖြင့် သူ့ကို ဘာဆိုကြမယ် (အနိစ္စပါ ဘုရား)။
အနိစ္စကို အနိစ္စ လို့ ခင်ဗျားတို့ ဖြေနိုင်ကြတယ်၊ ဒါ ဖြင့် အနိစ္စလို့ ဖြေနိုင်တော့ ဒီဉာဏ် ရတယ် (မှန်ပါ့) ဝိပဿနာ ဉာဏ်ရတာပဲ (မှန်ပါ့) ဒီပြင်ဉာဏ်မရသေးဘူး၊မဂ်ဉာဏ်မရသေးဘူး (မှန်ပါ့)။
အနိစ္စဖြစ်တဲ့ဝေဒနာဟာ သုခလား၊ ဒုက္ခလား
တစ်ခါဆက်ပြီး ဘုရားက မေးပြန်တယ်၊ သုသိမကို ရဟန္တာဖြစ်အောင်လို့၊ သုသိမ ၎င်းအနိစ္စဖြစ်တဲ့ ဝေဒနာ ကလေးဟာ ဒုက္ခလား သုခလားလို့ မေး ပြန်တယ် (ဒုက္ခပါ ဘုရား)။
အဲ ဒကာ ဒကာမတွေက သုသိမ ဖြစ်သွားတော့ ဒုက္ခလို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဘယ်ဉာဏ်နဲ့ ဖြေတာတုံး (ဝိပဿနာဉာဏ် နဲ့ ဖြေတာပါ ဘုရား) ဝိပဿနာဉာဏ်နဲ့ ဖြေတုန်းပဲ ရှိသေး တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါ ပြီ)။
ဒီတရားကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား
ဟေ့ သုသိမ ၎င်းအနိစ္စဖြစ်တဲ့ တရားဟာ ငါ့ကိုယ် ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင် ပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာလို့ မဆိုနိုင် သောကြောင့် အနတ္တပါ ဘုရား (မှန်ပါ့) ဒါဖြင့် ဒီလို မေးလိုက်တော့ ဒကာ ဒကာမတို့ ပြန်ပြီး သကာလ ကြည့်ပါဦး တဲ့ ဒီအတိုင်းပဲ ပြန်မေးမယ်၊ ခင်ဗျားတို့ သုသိမ အကုန်ပြန် လုပ်ကြ (မှန်ပါ့ ဘုရား) ဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ် အဖြစ်နဲ့ ဟောနေတယ်၊ သုသိမ ဝေဒနာ ကလေးဟာ အနိစ္စ လား နိစ္စလား (အနိစ္စ ပါ ဘုရား)။
ကိုယ့်ဟာကိုယ် သုသိမ လုပ်ပြီးရှုနေ
ဘယ်ဉာဏ်နဲ့ ဖြေကြသလဲ (ဝိပဿနာ ဉာဏ်နဲ့ ဖြေ ပါတယ် ဘုရား) အင်း ဘယ်ဉာဏ်နဲ့မှ ဖြေလို့ မရဘူး၊ ဒီဉာဏ်နဲ့ပဲ ဖြေလို့ရတယ် (မှန်ပါ့ ဘုရား)။
အဲဒါ အိမ်ကျတော့ ကိုယ့်ဟာကိုယ် သုသိမ လုပ်ပြီး ရှုနေ (မှန်ပါ့) သြော် ခန္ဓာထဲ ပေါ်လာတာ အနိစ္စပါ ကလား၊ ဒီ ဒုက္ခဖြစ်တဲ့ တရားကလဲ ဦးခင်မောင် အနတ္တပါ ကလား။ ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာမှ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)။
ဝိပဿနာရင့် ရင် သစ္စာမြင်တယ်
ဒီလိုချည့် မေးလိုက်တော့ သုသိမ ရှင်းသွားတယ် (မှန်ပါ့) ရှင်းသွားပြီ၊ အဲဒီတော့ သုသိမ ဘယ်လို ရှင်းသွားသတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဒီနေ့ တရားစ ကတည်းက ဘုန်းကြီးက ပြောခဲ့တယ် (မှန်ပါ့ ဘုရား) အနိစ္စ ဆိုတာ ဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခကော (ဒုက္ခသစ္စာပါ) အနတ္တကော (ဒုက္ခသစ္စာပါ) သစ္စာမြင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အတိတ်ကဖြစ်တဲ့ဝေဒနာတွေဟာ အနိစ္စလား၊ နိစ္စလား
ဝိပဿနာဉာဏ် ရင့်လာတော့ ဘာမြင်တယ် ထင်ကြသလဲ (သစ္စာမြင်ပါတယ် ဘုရား) အဲ သစ္စာ မြင်လိမ့်မယ်တဲ့ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ကိုင်းကွာ သုသိမ နားထောင်နော်၊ ဒီဝေဒနာ ကလေးက အတိတ်က ဖြစ်တဲ့ ဝေဒနာကောကွာ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား) အတိတ် တုန်းက ခင်ဗျားတို့ ဘဝများစွာက ဖြစ်ခဲ့တဲ့ ဝေဒနာတွေ၊မနေ့က ဖြစ်ခဲ့တဲ့ ဝေဒနာတွေကော ဘယ့်နှယ်ဆို ကြမလဲ (အနိစ္စပါ ဘုရား)။
အနိစ္စဖြစ်တဲ့ဝေဒနာတွေဟာ ဒုက္ခလား သုခလား
အဲဒီ အတိတ်ဖြစ်တဲ့ ဝေဒနာတွေဟာ အနိစ္စဖြစ်တဲ့ ဝေဒနာတွေဟာ ဒုက္ခလား သုခလား (ဒုက္ခပါ ဘုရား) ဘယ် ဉာဏ်နဲ့ ဖြေသလဲ (ဝိပဿနာ ဉာဏ်နဲ့ ဖြေပါတယ် ဘုရား)။ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ် (မှန်ပါ့)။
ဒါကို ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား
အဲဒီ အတိတ်က ဖြစ်ခဲ့တဲ့ ဝေဒနာတွေသည် အနိစ္စ ဒုက္ခ ဖြစ်တဲ့ ဝေဒနာကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား)။
မဆိုနိုင်ရင် ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အနတ္တ၊ အတိတ်လဲ ဒီအတိုင်း မေးလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တစ်ခါ အနာဂတ်လဲ မေးသေးတယ် ဒကာ ဒကာမ တို့။ အနာဂတ်မှာတဲ့ မင်းခန္ဓာ ရပါလိမ့်မယ် တဲ့။ ဒီ အလုပ် မလုပ်ရင်ပေါ့ဗျာ (မှန်ပါ့)။
အဲဒီအနာဂတ်မှာ ဖြစ်လတ္တံ့ ဖြစ်တဲ့ ခန္ဓာတွေဟာလဲ ဒကာ၊ ဒကာမတို့ တကယ်လို့ ဒီကနေ လှမ်း ပြီး သကာလ ဉာဏ်နဲ့ နှလုံးသွင်း ကြည့်လိုက်တာပေါ့ (မှန်ပါ့)။
အနာဂတ်မှာပေါ်မည့်ဝေဒနာက္ခန္ဓာဟာ
အနာဂတ်မှာပေါ်မည့် ဝေဒနာက္ခန္ဓာဟာလဲ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား) ဘယ်ဉာဏ်နဲ့ ဖြေသတုံး (ဝိပဿနာ ဉာဏ်နဲ့ ပါ ဘုရား)။
အဲဒီ အနိစ္စဖြစ်တဲ့ တရားကို ဒုက္ခလို့ ဆိုမလား သုခလို့ ဆိုမလား (ဒုက္ခပါ ဘုရား) ဒုက္ခလို့ ဆိုမယ်၊ ဘယ်ဉာဏ်နဲ့ ပါလမ့် (ဝိပဿနာ ဉာဏ်နဲ့ပါ ဘုရား)။
အဲဒီ အနိစ္စ ဒုက္ခ ဖြစ်တဲ့ အနာဂတ် ဝေဒနာတွေကို ငါ့ ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။
အနတ္တလို့ ဖြေလိုက်တယ်၊ ဖြေလိုက်တော့မှ အင်း ဝိပဿနာဉာဏ် ရင့်ပြီ သုသိမ (မှန်ပါ့) ဒကာ ဒကာမတို့ သုသိမ ဘာဖြစ်သလဲ (ဝိပဿနာ ဉာဏ်ရင့် ပါတယ် ဘုရား) ဝိပဿနာဉာဏ် သေသေချာချာ ရင့်သွားပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ အခု ပစ္စုပ္ပန်ရော သူ ရှုပြီးပြီ နော် (မှန်ပါ) အတိတ်က ဟာတွေကော (ရူပြီး ပါပြီ) အနာဂတ်ဟာ တွေကော (ရှုပြီးပါပြီ)။
သိမ်မွေ့တဲ့ဝေဒနာ ကြမ်းတမ်းတဲ့ဝေဒနာ
အဲ “ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ” အဇ္ဈတ္တလဲ အရှုခိုင်းတယ်၊ ဗဟိဒ္ဓကော (အရှုခိုင်းပါတယ်) သိမ်မွေ့တဲ့ ဝေဒနာတွေကော (အရှု ခိုင်းပါတယ် ဘုရား) ကြမ်းတမ်းတဲ့ ဝေဒနာတွေကော (အရှု ခိုင်းပါတယ် ဘုရား)။
အရှုခိုင်းလိုက်တဲ့ အခါကျတော့ သုသိမ ဉာဏ်ထဲမှာ ဘယ်လို ထင်လာသတုံး ဆိုလို့ရှိရင် အလုံးစုံ ဒုက္ခချည်း ပါကလား လို့ ထင်လာတယ် (မှန်ပါ့)။
ခန္ဓာကိုယ်ထဲ ဒုက္ခချည်းပဲ လို့ထင်လာတယ်
ဘယ်လို ထင်လာသတုံး (အလုံးစုံ ဒုက္ခချည်းလို့ထင် လာပါတယ် ဘုရား) အလုံးစုံ ဒုက္ခချည့်ပဲ၊ ဖြစ် ဒုက္ခနဲ့ ပျက်ဒုက္ခမှ တစ်ပါး ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူးလို့ ထင်လာတယ် (မှန်)။
ဘယ်လိုထင်လာသတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှတစ် ပါး ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူးလို့ ထင်လာပါတယ် ဘုရား)။
ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှ တစ်ပါး ခန္ဓာကိုယ်ထဲ ဘာမှ မရှိဘူး ထင်လာတဲ့ အခါကျတော့ ဒီဒုက္ခ ခန္ဓာ ကိုယ်ကြီးဟာ ဦးခင်မောင်၊ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
သုသိမသည် ဒီဉာဏ်ပေါ်ပြီ (မှန်ပါ့) အလယ် ဉာဏ်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာဉာဏ်ပါလိမ့် ဒီဉာဏ်က (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ်။
သုသိမ ရဟန္တာဖြစ်တယ်
ဒီလိုချည်း လေးခါ ပေါ်လိုက်တော့ သူ ရဟန္တာ မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ သုသိမ ရဟန္တာဖြစ် တယ်။ ကဲ ဒကာ ဒကာမတို့ သုံးချက် စေ့ပြလိုက်တာ ကို နော် (မှန်ပါ ဘုရား)။
အဲဒီတွင် သစ္စာဆိုက် သွားပြီဆို တာကို လဲ သဘောကျပါတယ် (ကျပါတယ် ဘုရား) အနိစ္စလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒုက္ခဟာကော (ဒုက္ခသစ္စာ ပါ ဘုရား) အနတ္တဟာကော (ဒုက္ခသစ္စာပါ ဘုရား)။
အဲ သစ္စာဆိုက်သွားတဲ့အတွက် တဲ့၊ မဂ်ဉာဏ် လေးချက် ပေါ်လာတယ် (မှန်ပါ့) ဆက်ဆက် ရှုတာကိုး နော် (မှန်ပါ့)။
ဒါနဲ့ သုသိမ ရဟန္တာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ပြီးတော့ ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းသေးတယ် ဘုရားက။
ဦးခင်မောင်ရေ ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းတယ် (မှန်ပါ့) ရဟန္တာ ဖြစ်မှန်းတော့ ဘုရားက သိပြီးသား၊ သူ့ဉာဏ်နဲ့ ဖြေတဲ့ အဖြေကို ရချင်သေးတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
သူ့ ဉာဏ်နဲ့ သူဖြေတဲ့ အဖြေကို (ရချင်ပါသေး တယ် ဘုရား)။
ဇရာမရဏဟာ ဘယ်သူ့ကြောင့်ဖြစ်တာတုံး
ရချင်တော့ ဒကာ ဒကာမတွေ အားလုံး မှတ်ကြပါ တဲ့။ ဒါ ပါဠိတော် လာတာဖြစ်လို့ ဘုန်းကြီးများ ကလဲ လေးလေးနက်နက်ပဲ ပြောရဲ ဆိုရဲ၊ ဟေ့ သုသိမ ဇရာ မရဏဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုံးကွလို့ မေးလိုက်တယ်၊ သုသိမ က ဇာတိကြောင့် ဖြစ်ပါတယ်ဘုရား လို့ ဖြေရှာတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဇရာမရဏ ဘယ်သူ့ကြောင့် ဖြစ်သတုံး (ဇာတိကြောင့် ဖြစ်ပါတယ် ဘုရား)။
ဇာတိကြောင့်ဖြစ်တယ်
အင်း သုသိမက ဒီအတိုင်း ဖြေတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သူဟာ တိတ္ထိပဲ၊ ဒါနားလည်ပါ့မလား (မလည်ပါ ဘုရား) ဒါဟာ ရဟန္တာ ဖြစ်သွားလို့ ဖြေနိုင်တာ (မှန်ပါ့) ဇရာ၊ မရဏ ဘယ့်နှယ် ကြောင့်တုံးကွ၊ ဘယ်သူက ဖြစ်စေတာတုံး ဆိုတော့ (ဇာတိက ဖြစ်စေပါ တယ် ဘုရား)။
ဇာတိက ဖြစ်စေတာပဲ ဆိုတော့ ကောင်းပြီကွ၊ ရဟန္တာ ဖြစ် မဖြစ်သူ့ကို စမ်းတယ် (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားပါလား ဇာတိကလဲ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဇာတိက အကြောင်း၊ ဇရာ မရဏ ကကော (အကျိုးပါ ဘုရား) အကျိုး။
အကြောင်းကြောင့် အကျိုးဖြစ်တာ
ဪ အကြောင်းအကျိုးသာ ခန္ဓာထဲရှိပါ ကလား (မှန်ပါ့) ဇာတိ ဆိုတာလဲ ခန္ဓာငါးပါး အကြောင်း ပဲ (မှန်ပါ့) ဇရာ မရဏ ဆိုတာကော (အကျိုးပါ ဘုရား) အကျိုးပဲ၊ ခန္ဓာငါးပါးပဲ (မှန်ပါ့)။
ဒီအကြောင်းကြောင့် ဒီအကျိုး ဖြစ်တာပဲ၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး ဆိုတာ သုသိမ ဖြေတတ်ပြီ (မှန်ပါ) မဖြေတတ် သေးဘူးလား (ဖြေတတ်ပါပြီ ဘုရား)။
ဒါ သုသိမ ဘယ်အချိန်ကျမှ ဖြေပါလိမ့် ဒကာ ဒကာမတို့ (ရဟန္တာဖြစ်မှ ဖြေတတ်ပါတယ် ဘုရား) ရဟန္တာ ဖြစ်မှ ဖြေတယ်၊ သူ့ကို ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းတာ (မှန်ပါ့)။
ဇာတိ ဘယ်သူ့ကြောင့်ဖြစ်တုံး
သုသိမ ဇာတိ ဘယ်သူ့ကြောင့် ဖြစ်သတုံးလို့ မေး ပြန်တယ် ဒကာ ဒကာမတို့ ကဲ ဖြေကြစမ်းပါ (ကမ္မဘဝ ကြောင့် ဖြစ်ပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ကံကြောင့် ဇာတိဖြစ်တယ်
ဪ ကံကြောင့် ဘာဖြစ်ပါလိမ့် (ဇာတိ ဖြစ်ပါတယ် ဘုရား) ပဋိလောမမေးတာ ဒါ ဒကာ၊ ဒကာမတို့၊ ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် ကံဟာကော ပုဂ္ဂိုလ် သတ္တဝါ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဇာတိကကော ပုဂ္ဂိုလ် သတ္တဝါ ဟုတ် ကဲ့လား (မဟုတ်ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါတွေ အကုန် မရှိတော့ဘူး ဆိုတာ ရှင်းနေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ပုဂ္ဂိုလ် သတ္တဝါ ပျောက်ကြောင်း မပျောက်ကြောင်း ကို သူဟာ တိတ္ထိပဲ ကိုမြရွှေတို့ ဦးစံရင်တို့ရဲ့ ဒါတွေ ဘယ်သိ မလဲ (မှန်ပါ့) ရဟန္တာဖြစ်လို့ ဉာဏ်ရလို့ သိတာ (မှန်လှ ပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။
ခင်ဗျားတို့ သိတဲ့ သညာကတော့ ဗုဒ္ဓဘာသာမို့ သညာနဲ့ သိနေတာ (မှန်ပါ့) ဟိုက တိတ္ထိ၊ ဒါတွေ ဘာမှ မ ပါဘဲနဲ့ ခုနင်က ရဟန္တာ ဖြစ်ပြီးမှ သိတဲ့အသိ (မှန်လှ ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါ ဘာဖြစ်ပြီးမှ သိတဲ့ အသိပါလိမ့် (ရဟန္တာ ဖြစ်ပြီးမှ သိတဲ့ အသိပါ ဘုရား) ရဟန္တာ ဖြစ်ပြီးမှ သိတဲ့ အသိ ဆိုတာ သေချာပလား (သေချာပါပြီ)။
ကံဟာဘယ်သူ့ကြောင့်ဖြစ်သတုံး
ကိုင်း ဒါဖြင့် ဒီကံဟာ ဘယ်သူ့ကြောင့်ဖြစ်သ တုံးကွ၊ သုသိမ ဖြေစမ်း ဆိုတော့ (ဥပါဒါန်ကြောင့် ဖြစ်ပါတယ် ဘုရား)။
ဥပါဒါန်ကြောင့် ဖြစ်တယ်ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့ လား (မပါပါ ဘုရား)။
ဥပါဒါန်ဟာ နဂိုတုန်းကတော့ ငါ တယ်စွဲလမ်းတယ် ဆိုတာ လာသေးတာကိုးဗျ (မှန်ပါ့) ဒါ ငါ့ကံဆိုတာ ကော ကံပေါ် ငါမစွဲကြဘူးလား (စွဲပါတယ် ဘုရား) အခုဒီလို စွဲသေးရဲ့လား (မစွဲပါ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်
မစွဲတာ ထောက်လိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူဟာ ပုဂ္ဂိုလ် သတ္တဝါ ပျောက်တဲ့ အဖြေချည်း ဖြေနေတယ် (မှန်ပါ့)။
ဘယ်ရောက်လို့ ဒီအဖြေတွေ မှန်နေတာပါလိမ့် (ရဟန္တာ ဖြစ်လို့ မှန်နေတာပါ ဘုရား) ရဟန္တာ ဖြစ်တော့ မှန်နေ တယ်၊ ရဟန္တာ ဖြစ်တော့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)
ကိုင်း ဒါနဲ့ ဒီကနေ့ မေးလိုက်တာပဲ (ပေယျာလ) ထိုးကြ စို့ ရဲ့နော် (မှန်ပါ့) သင်္ခါရဟာ ဘယ်သူ့ကြောင့် ဖြစ်သတုံးကွ လို့မေးလိုက်တယ် (အဝိဇ္ဇာကြောင့်ပါ ဘုရား) အဝိဇ္ဇာကြောင့် ဖြစ်တယ် ဒီလ (လ) ထိုးလိုက်ပြီနော် (မှန်ပါ့) ရှည်နေမှာစိုး လို့။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်
သိပြီး သကာလ သွားပြန်တော့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်၊ သင်္ခါရ ဘယ်က လာသတုံး၊ အဝိဇ္ဇာ ကြောင့် ဖြစ်တယ် ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ဦးခင်မောင် အကုန် သိမ်းသွားပြီ (သိမ်းသွားပါပြီဘုရာ)။
သုသိမမှာ ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါရှိသေး တယ်ဆိုတဲ့ ဉာဏ် လာသေးရဲ့လား (မလာပါ ဘုရား) အဲ ခင်ဗျားတို့လဲ ဒီဉာဏ်လာအောင် လုပ်ရမယ် (မှန်ပါ့) မလုပ်ရပေဘူးလား (လုပ်ရပါမယ် ဘုရား)။
လုပ်လိုက်တဲ့ အခါကျတော့ ဒါဟာ အမှန်သိဆိုတဲ့ မဂ်နဲ့ သိတဲ့ အမှန်သိ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) အဲ ခင်ဗျားတို့ ဘုရားရှိခိုးလို့ ရွတ်နေတာက အမှန်သိ မရောက် ဘူး (မှန်ပါ့ ဘုရား)။
ဦးဝ မလိုဘူးလား (လိုပါတယ် ဘုရား) အဲဒါနဲ့ ဒီ အသိသည် ဘုရား ဘယ်အချိန်ကျမှ မေးတာတုံး လို့ ဆိုလို့ ရှိရင် ဦးခင်မောင် ဖြေတတ်ပလား (ဖြေတတ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပဋိလောမ ပြောင်းပြန် ပြန်မေးတဲ့ဥစ္စာ အဖြေမှန်ချည်း ထွက်လာတယ် (မှန်ပါ့) ဘယ်အချိန်မှာ သူ အဖြေမှန် ရပါလိမ့် (ရဟန္တာ ဖြစ်တဲ့ အချိန်မှာ ရပါတယ် ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါလုံးဝမရှိ
အဲ ရဟန္တာဖြစ်တဲ့ အခါကျတော့ ပုဂ္ဂိုလ် သတ္တဝါဆို တာ လုံးဝ ရှာမတွေ့တာ သေချာ သွားတယ် (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိတယ် (မှန်ပါ့) ဘာသာရှိ ကြသတုံး (ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိပါတယ် ဘုရား)။ အကြောင်း အကျိုးသာ ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)
အေး အဲဒီကဲ့သို့ ရှင်းတဲ့ အခါကျတော့မှ သြော် ဒါ ရဟန္တာတို့၏ အမြင်ပါကလား ဆိုတော့ ဦးခင်မောင်ရေ အတော် ရှင်းသွားပြီ (မှန်ပါ့)။
ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ မနေ့ကပြောခဲ့တဲ့ ဖွတ်မြီးနဲ့ ဖွတ်ချည်တယ် ဆိုတာ လာတော့ တာပေါ့ဗျာ (မှန်ပါ့)။
သူ ရဟန္တာ ဖြစ်လို့ ဒါတွေ အဖြေမှန်တွေ ဒကာ ဒကာမတွေ ရှေ့တွင်ပဲ သူမထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား)။
ဟေ့ သုသိမ တဲ့ ဘုရားက ပြောပြီ။ မင်းဟာ အခု အဖြေမှန်တွေလဲ ထွက်ပြီ၊ ဒီတော့ မင်း သံသယ မရှိဘဲနဲ့ အဖြေမှန်ချည်း ထွက်တယ်၊ အကြောင်း အကျိုးချည်း ထွက် တယ်၊ ဒုက္ခသစ္စာချည်း ထွက်တယ် (မှန်ပါ့)။
ဒါ ဒုက္ခသစ္စာတွေ မဟုတ်လား (မှန်ပါ့ ဘုရား) အကြောင်း အကျိုးချည်းကော မထွက်ဘူးလား (ထွက်ပါ တယ် ဘုရား) အင်း ပုဂ္ဂိုလ် သတ္တဝါပျောက်တဲ့ အဝိဇ္ဇာ ကြောင့် သင်္ခါရပဲလို့ ပုဂ္ဂိုလ် သတ္တဝါ ပျောက်တာကော မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အကြောင်းကြောင့် အကျိုးဖြစ်တယ်
အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုတဲ့ သေသေ ချာချာ သဘောတွေကော သူမထွက်လာ ဘူးလား (ထွက်လာ ပါတယ် ဘုရား)။
ဒါတွေဟာ ဒုက္ခသစ္စာချည်းပဲ လို့ကော သူမသိဘူး လား (သိပါတယ် ဘုရား) သိတော့ ဘယ် အခြေအနေ ရောက် လို့ သူသိသွားပါလိမ့် (ရဟန္တာ ဖြစ်လို့ သိသွားပါတယ် ဘုရား)။
အဲ ဒါဖြင့် သုသိမ မင်းနေရာကျပြီကွ၊ ကဲ မင်းကော ဒီအခြေအနေ မင်းသိတဲ့ အခြေအနေ မင်းဟာမင်း ယုံကြည်ပလား ဆိုတော့ ဒီကျတော့ ဦးခင်မောင်တို့ ဒကာဝတို့ ကိုယ့်ကိုယ်ကို ရဟန္တာ ဖြစ်ပြီး သကာလ နေတော့ ကိုယ့်အကြောင်းလဲ ကိုယ့်ကိလေသာတွေ ကုန်ကြောင်းလဲ သူဟာသူ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နဲ့ အကုန် သိပြီနော် (မှန်ပါ့)။
သုသိမ မင်း ကောင်းကင်ပျံနိုင်ရဲ့လား
အဲဒီကဲ့သို့ သိတဲ့ အချိန်ကျတော့မှ သူ့ဟာသူလဲ ရဟန္တာ ဖြစ်ကြောင်း ဆင်ခြင်လို့ သိတဲ့ အချိန် ကျတော့မှ ဦး ခင်မောင်ရေ မေးတာကိုး၊ ကိုင်း သုသိမ မင်း ကောင်း ကင်ပျံနိုင်ရဲ့လားလို့ (မှန်ပါ့) မေးပြီ ဒကာ ဒကာမတို့။ ဘယ်လိုများ မေးသတုံး (မင်းကောင်းကင်ပျံနိုင်ရဲ့လားလို့ မေးပါတယ် ဘုရား) မပျံနိုင်ပါဘုရာ့လို့ ဖြေတယ်၊ သူက၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
သူတစ်ပါးစိတ်တွေသိရဲ့လား
သူတစ်ပါးစိတ်တွေ သိရဲ့လား သုသိမရေ တဲ့ (မှန်ပါ့) သူက ဘယ့်နှယ်ဖြေသလဲ (မသိပါဘုရားတဲ့) ရေပေါ်မှာ တင်ပလ္လင် ခွေပြီး သကာလ ထိုင်နိုင်ရဲ့လားလို့ မေး လိုက်တယ် (မထိုင်နိုင်ပါ ဘုရား)။
ရေထဲမှာ မင်းမထိဘဲနဲ့ အောက်ကို သွားနိုင်ရဲ့လား အပေါ်တက်နိုင်ရဲ့ လား မေးတော့ (မသွားနိုင်ပါ ဘုရား)။
ပညာဦးစီးပြီး ရဟန္တာဖြစ်လာကြတာ
အဲ မင်းမေးလို့ ရဟန္တာတွေ ဟာကွာတဲ့ သမထ မပါဘဲနဲ့ သမာဓိ မပါဘဲနဲ့ ပညာဦးစီးပြီး ရဟန္တာ ဖြစ်လာလို့ သူတို့လဲ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ ဖြေတာ မင်းယုံပလားလို့ ဆိုတော့ တပည့်တော် တရားသူခိုး မှားပါပေါ့ ဆိုပြီး ဝန်ချတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားသူခိုး အသာထားစမ်းပါ
တပည့်တော် ရိုးရိုးဝင်လာတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘုရား၊ ပေးချင်တဲ့ အပြစ်သာ ပေးပါတော့ ဘုရား၊ တရားခိုး မလို့ ဝင်လာတာ၊ ပေးချင်တဲ့ အပြစ်သာ ပေးပါတော့ (မှန်ပါ့) တစ်ခါတည်း ဝန်ခံတော့တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါနဲ့ အဲဒီတော့ကွာ တဲ့ မင်းတရားသူခိုး အသာထား စမ်းပါဦး၊ ဟို ကိုယ်တော်တွေ သဘော မင်း ရှင်းပလား လို့မေးလိုက်တယ် (မှန်ပါ့)။
ကဲ ဦးခင်မောင် ဘယ့်နှယ်မလဲ (ရှင်းပါ တယ်) ရှင်းရမယ်၊ ခင်ဗျားတို့ တစ်ပွဲလုံး ရှင်းနေပြီ (မှန်ပါ့) မရှင်းကြ သေးဘူးလား (ရှင်းပါပြီ ဘုရား)
အဲ ဟို ကိုယ်တော်တွေလဲ ပညာနဲ့ ကိလေသာ မှ လွတ်လာတယ်ဆိုတော့ ကောင်းကင်ပျံ မြေလျှိုး ကိစ္စပါ ပါရဲ့လား (မပါပါ ဘုရား)။
ဈာန်က နှစ်မျိုးရှိတယ်
အဲဒါကြောင့် ဒကာ ဒကာမတွေက မှတ်ရမှာက သြော် ဈာန်ဟာ နှစ်မျိုး ရှိတယ် မှတ်ပါ၊ လက္ခဏာရေး သုံးပါး ရှုတဲ့ ဈာန်က တစ်မျိုး၊ ကောင်းကင်ပျံ၊ မြေလျှိုးတဲ့ အာရမ္မဏိက ဈာန်က တစ်မျိုး၊ အာရမ္မဏူပနိဇ္ဈာန် ရယ်လို့ ရှိသေးတယ်နော် (မှန်ပါ့)။
ကမ္မဋ္ဌာန်းကို အနိစ္စ ဒုက္ခ မပါဘဲနဲ့ လုပ်ရတဲ့ ဈာန်က တစ်မျိုးရှိသေးတယ် (မှန်ပါ့)။
အဲဒီတော့ လက္ခဏာ ဈာန်သာ ပါ၍ ဦးခင်မောင်ရေ အာရမ္မဏူပနိဇ္ဈာန် မပါဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
လက္ခဏာရေးသုံးပါးရှုတဲ့ အထဲတော့ ခုနင်က ဝီရိယ သတိ သမာဓိ မပါဘူးလား (ပါပါတယ် ဘုရား) အဲ-လက္ခဏာ ရေးသုံးပါး ရှုတဲ့အထဲမှာတော့ဖြင့် သမာဓိ ပါ ပါတယ် ကွာတဲ့ ဟုတ်လား (မှန်ပါ့)။
တကယ့် ဈာန်ရချင်လို့ ဗြဟ္မာလုပ်ချင်တဲ့ ဈာန်မျိုး တန်ခိုးပြချင်တဲ့ ဈာန်မျိုး အဘိညာဏ် ရတဲ့ ဈာန်မျိုး တော့ မပါ ဘူးဟေ့ တဲ့ (မှန်ပါ့)။
ဒါကြောင့် ပညာဦးစီးပြီး ပညာနဲ့ ကိလေသာမှ လွတ် လာတယ်၊ ဈာန်က ဦးစီး မဟုတ်ဘူး (မှန်ပါ့) ဈာန်တော့ ပါတော့ပါရဲ့ ဦးစီးဟုတ်ကဲ့လား (မဟုတ်ပါ) နောက်လိုက် ဖြစ်နေတယ်လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့)။
လာဘ်ပေါများရေး အလိုရှိလို့လာတာပါ
ကိုင်း ဒါဖြင့် မင်းကလဲ အခု တာဝန်ခံပါပြီ တဲ့ တပည့်တော် သည်ကားလို့ ဆိုရင် ရဟန္တာဖြစ်တာ ကိုယ့်ဟာ ကိုယ်လဲ သိပါပြီဘုရား။ တပည့်တော် မှားမိ တာတွေ အရှင်ဘုရားတို့ဆီ လာခြင်းသည် ရိုးရိုးနဲ့ လာသည် မဟုတ်ပါဘုရား တရားတွေ ခိုးပြီး သကာလ တပည့်တော်တို့ တိတ္တိထဲမှာ ဒီတရားတွေ ပြန်သင်ပြီး ဝါဒဖြန့်ပြီး လာဘ်ပေါ များရေး အလိုရှိလို့ လာခဲ့ခြင်း ဖြစ်ပါတယ်ဘုရား။
အေး ဒါ မင်းကို ရဟန်းခံ မပေးခင်ကတည်းက ငါသိတယ်၊ ဘုရားက ပြောတယ် (မှန်ပါ့) ရဟန်ခံ မပေးခင် ကတည်းက မသိဘူးလား (သိပါတယ် ဘုရား)။
အဲဒီတော့ မင်းဟာ တရားသူခိုးတဲ့၊ သို့ရာတွင် မင်း သည်ကားလို့ ဆိုရင် ခိုးရင်းမတ္တနဲ့ ရဟန္တာ ဖြစ်မှာ မြင်လို့ ဘုရားက ခွင့်ပေး လိုက်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ပေးချင်တဲ့အပြစ်ကိုပေးပါတော့
အဲဒီတော့ တပည့်တော်ဟာ တရားသူခိုးလဲ ဖြစ်ပါ တယ်လို့ သူ့ဟာသူလဲ ဖော်လိုက်ပြီ၊ ပေးချင်တဲ့ အပြစ်ကိုလဲ ပေးပါတော့ ဆိုတော့မှ မင်းဟာမင်း မှားတဲ့ ဥစ္စာကို နောက်ဒီ လို မလုပ်တော့ပါဘူး ဝန်ခံရင် ကျေတာပါပဲကွ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နောက်တစ်ဖန် ကျေစရာ အကြောင်းဟာ မလုပ် တော့ပါဘူးဆိုရင် ပြီးတာပဲ (မှန်ပါ့)။
မလုပ်တော့ပါဘူး ဆိုပေမယ့် ခင်ဗျားတို့ ဒီနားမလုပ်၊ ဟိုနားမှာ လုပ်မယ် ဆိုလဲ ဒီလိုလဲ မဖြစ်သေးဘူး (မှန်ပါ့) ဘယ်တော့မှ မလုပ်ဘူး ဆိုတာလဲ ထည့်ပေးကြပါဦး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရဟန္တာကတော့ ဘယ်နေရာမှာ ဘာလုပ်သေး သတုံး (ဘာမှမလုပ်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
မှားသ၍ အကုန်ဝန်ချပါ၏
အဲဒီတွင် သုသိမ ရဟန္တာဖြစ်ပြီး သူ့ဟာသူ တပည့်တော် မှားသ၍ အကုန်ဝန်ချပါ၏ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှားတာ မှားမှန်း သိတဲ့ ပုဂ္ဂိုလ် ငါတို့က အပြစ်ကို ဝန်ခံတဲ့ အတွက် သာဓု အနုမောဒနာ ခေါ်ပါ တယ် ဆိုပြီး ခေါ်တာပဲ (မှန်ပါ့ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
သုသိမ နှစ်ဉာဏ်နဲ့ ရဟန္တာဖြစ်တယ်
ဒါဖြင့် ဒကာ ဒကာမတို့ သူ ရဟန္တာဖြစ်တာ ကျုပ်တို့ အရေးမကြီးပါဘူး၊ သူ ရဟန္တာ ဖြစ်တဲ့ ဇာတ်မှာ ကျုပ်တို့မှာ ဘယ်နှဉာဏ်နဲ့ ဖြစ်တယ် ဆိုတာ ကျုပ်တို့က သိလိုက်ရ တယ် (မှန်ပါ့) မသိလိုက် ရဘူးလား (သိလိုက်ရပါ တယ် ဘုရား)
ဘယ်နှဉာဏ်နဲ့ ကြိုးစား ရမှာပါလိမ့် (နှစ်ဉာဏ် နဲ့ ကြိုးစားရမှာပါ ဘုရား) ရှေ့ပိုင်းက (ဝိပဿနာ ဉာဏ်ပါ) နောက်ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။
ဝိပဿနာဉာဏ်က ဘာလုပ်တတ်သတုံး
ဝိပဿနာဉာဏ်က ကိလေသာတွေကို ဘာလုပ် တတ်သတုံး (စုပုံတတ်ပါတယ် ဘုရား) စုပုံဖော် ရတယ်။
မဂ်ဉာဏ်က ဘာလုပ်တတ်သတုံး (မီးရှို့ဖော် ရပါတယ် ဘုရား)။
မဂ်ဉာဏ်က ဘာလုပ်တတ်သတုံး
မီးရှို့ဖော်ရတယ် ဆိုတော့ ဒကာ ဒကာမတို့ လေးခါ လောက် မီးရှို့တော့ ကိလေသာ မီးပုံကြီး မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။
အဲဒါကြောင့် ရဟန္တာ ဖြစ်ပါတယ် ဆိုတာလဲ သေချာ ကြပလား (သေချာပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။