206

ဒီဘဝနိဗ္ဗာန်ရချင်ရင် သစ္စာတရားနာလို့ သစ္စာတွေ့ရင်ပြီးပါတယ်

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်လိုချင်လျှင် အလုပ်နှစ်လုပ်ပဲလုပ်ပါ

စာအုပ်ခေါင်းစဉ်= ဒီဘဝနိဗ္ဗာန်ရချင်ရင် သစ္စာတရားနာလို့ သစ္စာတွေ့ရင်ပြီးပါတယ် (သံသယစိတ် သတ်တဲ့နည်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သော တရားတော်

ဒီဘဝနိဗ္ဗာန်ရချင်ရင် သစ္စာတရားနာလို့

သစ္စာတွေ့ရင်ပြီးပါတယ်

(သံသယစိတ်သတ်တဲ့နည်း)

(၂၅-၈-၆၁)

ယခုဘဝ၌ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး ရောက်ချင်ပါ တယ်ဆိုလို့ရှိရင်ဖြင့် များများအလုပ်-မလုပ်ရပါဘူးတဲ့၊ ဘုရားက နှစ်လုပ်ပဲလုပ်ပါကွာတဲ့ (မှန်ပါ)။

ဒကာ ဒကာမတွေ ယခုဘဝနိဗ္ဗာန်ရချင်လို့ရှိရင်ဖြင့်တဲ့ များများအလုပ်မရှိပါဘူး၊ နှစ်လုပ်-လုပ်ပါလို့ ပြောတာ (မှန်ပါ)။

ဘုရားကိုယ်တော်တိုင်ဟောခဲ့တာ

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ဖို့ရာဟာလည်း များများအလုပ် မလုပ်ရပါဘူး၊ နှစ်ခုတည်း အကြောင်းနှစ်ခု လုပ်လိုက်လို့ ရှိရင် ပြီးပါတယ်လို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က အင်္ဂုတ္တိုရ် ပါဠိတော် မှာလည်း တစ်ခါ ဟောတယ် (မှန်ပါ့)၊ မဇ္ဈိမ နိကာယ်ဖြစ်တဲ့ ပဏ္ဏာသ ပါဠိတော် မှာလည်း တစ်ခါ ဟောတယ် (မှန်ပါ့ ဘုရား)။

ပြီးတော့မှ ရှင်မဟာကစ္စည်းက တစ်ခါ ပေဋကော ပဒေသမှာလည်း တစ်ခါဟောတယ်။

ဪ ဒါဖြင့် သုံးချက်ညီပြီး သကာလ ကိုယ်တော် မြတ်ကြီး ကိုယ်တိုင် နှစ်ခါ၊ တပည့်သားက တစ်ခါ ဆိုတော့ သုံးခါ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်လိုချင်ရင်အကြောင်းနှစ်ခုအားထုတ်

ဟာ ယခုဘဝ သာဝက ပါရမီဉာဏ်နဲ့ နိဗ္ဗာန် လိုချင်ပါတယ် ဆိုရင် အကြောင်းနှစ်ခု အလုပ်-လုပ်ရင် ပြီးတာ ပါပဲကွာတဲ့ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတွေ အားရှိအောင် ပြောတယ်လို့ ဒီလို မယူနဲ့ (မှန်ပါ့) ဒီလို မယူပါနဲ့၊ အားရှိအောင် ပြောတာ မဟုတ်ပါဘူးလို့ မှတ်ကြပါနော် (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြင် ကျယ်ကျယ်နဲ့ ပြောတဲ့ သူ့ပါရမီနဲ့ ရတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ပြောဆိုတဲ့ သဘောပဲ၊ ကိုယ်တော်မြတ်ကြီး သဘော မဟုတ်ဘူး၊ ကိုယ်တော် မြတ်ကြီး၏ သဗ္ဗညုတဉာဏ်၏ သဘောပဲ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ယခုဘဝနိဗ္ဗာန်ရချင်ရင်

ဒါဖြင့် ဒကာ ဒကာမတို့ ယခုဘဝ နိဗ္ဗာန်ရချင်ရင် အကြောင်း ဘယ်နှစ်မျိုး အားထုတ်ရမတုံး (နှစ်မျိုး အားထုတ်ရပါ မယ် ဘုရား)။

နှစ်မျိုးတည်း ဆိုတော့ ဒကာကြွယ် အနည်းသားပဲ (နည်း ပါတယ် ဘုရား) နည်းပေမယ့် လည်း ဘယ့်နှယ်ကြောင့် ဒီ ဒကာ ဒကာမတွေ ပွေပွေလီလီတွေ ဇန္တာဘယတွေ များနေကြပါလိမ့် မလဲ နိဗ္ဗာန် ရချင်တဲ့ ဥစ္စာပဲ၊ ဒုက္ခ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး ရချင် ကြပါလျက်သားနဲ့ ဇန္တာဘယ များပြီး ဟိုဟာတွေ ထွေထွေရာရာ တွေ၊ များများစားစား ကြံဖန်ပြီး သကာလ လုပ်ကိုင် နေကြတာ ဘာပါလိမ့် မလဲလို့ မေးတဲ့ အခါကျတော့၊ ဟို ပါရမီ ဆယ်ပါး အပြား သုံးဆယ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်မှ လက်ဝဲရံ, လက်ယာရံတွေ အလုပ်ကို ပြောသံကြားနဲ့ အတုခိုးပြီး သကာလ လုပ်တာက တစ်မျိုး (မှန်လှပါ ဘုရား)

ပြီးတော့ ကိုယ်ရချင်တာက တစ်မျိုး (မှန်ပါ့) အဲဒီလို ကြာပြီး သကာလ နေတဲ့ အတွက် ကြာနေ ကြတာ (မှန်လှပါ ဘုရား)။

ပြီးတော့လည်း ဒီဗဟုသုတတွေကလည်း ကြားဖူးနားဝ တွေကလည်း ဒကာ ဒကာမတို့ တချို့ဟာ မမှန်ဘဲနဲ့ နှိပ်စက် နေတာကလည်း ရှိသေးတယ် (မှန်ပါ့ ဘုရား)။

အဲဒါတွေကြောင့်လည်း ဒကာသစ်တို့ ဒကာကြွယ်တို့ရေ ကြာပြီးနေတာ ရှိတယ်နော် (မှန်ပါ့)။

အခုတော့ဖြင့် ဆရာဘုန်းကြီးက ဘု ရားသခင် ကိုယ်တော်မြတ်ကြီး ပါဠိတော်တွေကို သေသေချာချာ ကိုးကား ထားပြီး၊ ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဟောတာတွေကို အတိအလင်း ပြောဆိုနေတော့၊ ဟာ အခုဘဝ သာဝကပါရမီ ဉာဏ်နဲ့ နိဗ္ဗာန် ကူးချင်ရင် နှစ်ကြောင်း ရှိပါတယ်ကွာ လို့ဆိုတာ သေသေချာချာ မှတ်ပါ(မှန်ပါ့)။

ယခုဘဝနိဗ္ဗာန်လိုချင်ရင်

ယခုဘဝနိဗ္ဗာန်သွားချင် ဘယ်နှစ်ကြောင်းပါလိမ့် (နှစ်ကြောင်းပါ ဘုရား)။

ဒါဖြင့်လည်းဘုရား “ဒါနံ သီလဉ္စ နိက္ခမံ၊ ပညာဝီရိယ ပဉ္စမံ” ဒါန ပါရမီ၊- သီလပါရမီ တစ်ခုခု မဟုတ် ပါလား၊ အဲဒါမင်း တို့အတွက် ဟောတာ မဟုတ်ပါဘူး၊ ဘုရား ဖြစ်ချင်တဲ့ လူအတွက် ဟောတာပါ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘုရားဖြစ်ချင်တဲ့လူအတွက်ဟောတာ

ဘယ်သူ့ အတွက်ပါလိမ့် (ဘုရား ဖြစ်ချင်တဲ့လူ အတွက် ဟောတာပါ ဘုရား)။

အဲ သူတို့လုပ်ရမည့်အလုပ်ကို သူတို့လုပ်တာ၊ ကျုပ်တို့ လုပ်ရမည့်အလုပ် ကျုပ်တို့ လုပ်ဖို့ပေါ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့လုပ်ရမည့် အလုပ်ဟာ နှစ်ကြောင်းပဲရှိ တယ်လို့ ဆိုပြန်တော့ ဒကာ ဒကာမတွေ ဒီနှစ်ကြောင်းကို သိထား နှင့်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် တို့ဟာ ပါရမီက မပြည့်သေးဘူး ဒါကြောင့် တစ်စတစ်စပဲ ကြိုးစားရမည့်ပုံ ဒကာကြွယ်ရေ အားငယ်တဲ့ သဘော (မှန်ပါ့) နောက်ဆုတ်တဲ့ သဘော၊ မပြည့်စုံ သေးတဲ့ သဘော (မှန်ပါ့ ဘုရား)။

ပြည့်စုံအောင် ကိုယ်ကလည်း သိမထားတော့ အားငယ် လျက်နဲ့ပဲ ဒီဘဝဒီမျှပဲ ဆိုပြီး သကာလ စုတေစိတ် ကျလိုက်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ဒကာသစ် မနည်းလှဘူး (မနည်းပါ ဘုရား)။

ဒီလို ခိုင်ခိုင်မာမာနဲ့ ဒကာ ဒကာမတွေ လိုရင်းကို မတွေ့ ရသေးပြီ ဆိုမှဖြင့် အတု မခိုး ကောင်းတာက တစ်မျိုး (မှန်လှပါ ဘုရား)။

မဝေဖန်တတ်တော့ခက်တယ်

ကိုယ့်ရည်ရွယ်ချက်က ဘာနဲ့သွားရ-သွားရ နိဗ္ဗာန် ရောက်ပြီးတာပဲ ဆိုတာ ကိုယ့်ရည်ရွယ်ချက် (မှန်ပါ့) သို့သော်လည်း ဒါနအစ၊ သီလအလယ်၊ သမထ ဝိပဿနာ အဆုံး တွေနဲ့ ဒကာ ဒကာမတွေက တစ်ခါတည်း နှုတ်တက်ပြီး နေပြန်တော့၊

ဟာ ရည်ရွယ်ချက်က ဒါ မပါ-ပါဘူး၊ ဒါ ကလည်း ဘုရားဆုပန် သာဝက ဆုပန်တွေ၊ လက်ဝဲရံ-လက်ျာရံ ဆိုတဲ့ ဆုပန်တွေ၏ အလုပ်တွေပါလား လို့လည်း ကိုယ်က မဝေဖန်တတ်တော့ ဦးမာဒင် သိပ်ခက်တယ် (ခက်ပါတယ် ဘုရား) သိပ် ခက်ပါတယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားကိုယ်တော်တိုင်ဟောတယ်

ကိုင်း-ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူ ကိုယ်တိုင် ဟောတာ ပြောကြပါစို့ (မှန်ပါ့)။

သူကိုယ်တိုင် ဘယ်လို ဟောလိုက်ပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ အေးကွာ တဲ့၊ မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိ ဖြစ်ချင် ရင် နှစ်ကြောင်းပဲ ရှိတယ် တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိက (သမ္မာဒိဋ္ဌိ ဖြစ်ချင်ရင် နှစ်ကြောင်းပဲ ရှိပါတယ် ဘုရား)။

နှစ်ကြောင်းပဲ ရှိတယ်၊ တခြား မများပါဘူးကွ တဲ့ (မှန်ပါ့ ဘုရား) ဒါ ကိုယ်တော်တိုင် ဟောတယ်၊ အင်္ဂုတ္တိုရ်မှာလည်း ဟောတယ် နော် (မှန်ပါ့)။

ရှင်မဟာကစ္စည်းဟောတယ်

သမ္မာဒိဋ္ဌိဖြစ်ရင် သောတာပန် တည်တော့တာပဲ (မှန်ပါ့) အဲဒီလို သိပြီး သကာလ ထားတာ ကြောင့် နောက် ရှင်မဟာ ကစ္စည်းက “ဒုဝေ ဟေတူ ဒုဝေပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ” သြော်-သာဝက ပါရမီဉာဏ်တော့ နှစ်ကြောင်း ပါပဲကွာ ဆိုတာ ဒါတို့ကြည့်ပြောတာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ နိဗ္ဗာန်ရရင် ယနေ့ယူမယ်ပေါ့ဗျာ (မှန်ပါ့) နက်ဖြန်ရရင် (နက်ဖြန် ယူပါမယ် ဘုရား) ဒီဘဝရရင် (ဒီဘဝမှာပါ ဘုရား) ကဲ ဒါဖြင့် နှစ်ကြောင်း အရေးကြီးတယ် (မှန်ပါ့)။

ကဲ သေသေချာချာ လည်း ဒကာ ဒကာမတွေ မှတ်လည်းမှတ်ပါ။ ဒီနှစ်ကြောင်း ကိုလည်း ပြည့်စုံအောင် လည်း လုပ်ပါ ဆိုတာ တိုက်တွန်း ရတယ် (မှန်ပါ့ ဘုရား)။

ဒီဘဝနိဗ္ဗာန်ရချင်တဲ့ပုဂ္ဂိုလ်၏အလုပ်

၁-နံပါတ်က ဘာတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ သစ္စာနဲ့ ပတ်သက်တဲ့ တရားနာရမယ် (မှန်ပါ့ ဘုရား)။

၁-နံပါတ်က (သစ္စာနဲ့ ပတ်သက်တဲ့တရားကိုနာရပါမယ်) နေရာကျပြီ၊ ဒါဟာကွာ တဲ့၊ ဒီဘဝနိဗ္ဗာန်ရချင်တဲ့ ပုဂ္ဂိုလ် ၏ ၁-နံပါတ်အလုပ်ပါပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၂-နံပါတ် ပြောတော့မယ် (မှန်ပါ့) ၂-နံပါတ်က ကိုယ်-ကိုယ်တိုင် နှလုံးသွင်းလိုက်တဲ့ အခါ ဒါသစ္စာပဲလို့ နှလုံးသွင်း တည့်သွားလို့ ရှိရင် သောတာပန် တည်တာ ပဲ (မှန်ပါ့ ဘုရား)။

သစ္စာနဲ့ပတ်သက်တဲ့တရားနာပါ

ဪ ဒကာ ဒကာမတို့ ဘယ်နှကြောင်းပါလိမ့် (နှစ်ကြောင်းပါ) ၁-နံပါတ်က သစ္စာနဲ့ ပတ်သက်တဲ့ တရားနာဖို့ ဗျ (မှန်ပါ့ ဘုရား)။

သစ္စာနဲ့ ပတ်သက်တဲ့ တရားကို (နာဖို့ပါ) ၂ နံပါတ်က ကိုယ်ကိုယ်တိုင် နှလုံးသွင်းလိုက်တဲ့ အခါ ဒီသစ္စာတွေ့ ဖို့ (မှန်ပါ ဘုရား)။

ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ) သြော်- ဒါဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေ အဝေးကြီး ရယ်လို့ ထင်ပြီး သကာလနေ လိုက်တာ၊ ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောတာမတွေ့ ရသေး တော့ သူများ သွားတဲ့လမ်း ယောင်လိုက်၊ သူများ ဆုကြီးပန် နောက်ကို ယောင်လိုက်၊ ဆုလတ်ပန် နောက်ကို ယောင်လိုက်၊ ဒကာသစ် ဒါလိုက်နေတာနဲ့ ကြာနေတာပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ကိုယ်သွားလိုတဲ့ လမ်းက ယနေ့ နိဗ္ဗာန် ရရင် ယနေ့ ယူမယ် (မှန်ပါ့) နက်ဖြန် ရရင် နက်ဖြန် ယူမယ်၊ ဒီဘဝ ရရင် ဒီဘဝ ယူမယ်ဆိုတဲ့ ပုဂ္ဂိုလ်များ အတွက်မှာဖြင့် နှစ်ကြောင်းပါ ပဲလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

သစ္စာတရားနာမှု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ၁- နံပါတ်က ဘာပါလိမ့် (သစ္စာတရား နာမှုပါ ဘုရား)။

သစ္စာနာလို့ သစ္စာတွေ့ရင်ပြီးတာပဲ

သေသေချာချာ မှတ်ပါ၊ သစ္စာတရား နာမှုတဲ့ (မှန်ပါ့) ၂နံပါတ်က နာတဲ့ အတိုင်း နှလုံးသွင်း လိုက်တဲ့အခါ ကိုယ့်ခန္ဓာထဲမှ ဒုက္ခသစ္စာ ရှိလို့ ဒုက္ခသစ္စာ တွေ့မှု (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာနာလို့ သစ္စာတွေ့ရင်ပြီးတာပဲ (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဘာတဲ့တုံးဗျာ (သစ္စာနာလို့ သစ္စာတွေ့ရင် ပြီးပါ တယ် ဘုရား)။

နာတဲ့အခါလည်း ဘယ်တရားကို နာရမလဲ (သစ္စာ တရားကို နာရပါမယ်) အဲ ဒီဘဝ နိဗ္ဗာန် လိုချင်တဲ့ ပုဂ္ဂိုလ် အတွက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဆုကြီးပန်တွေ အတွက်တော့ ဒါနတရားတွေ၊ သီလ တရားတွေလည်း လိုသပေါ့ဗျာ (မှန်ပါ့)

ဟာ တပည့်တော်တို့ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းရင် ကြိုက်တာပါပဲ၊ တာရှည်တော့ ဖြင့် မကြိုက်တာ အမှန်ပါပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ဟာကလေးနဲ့ကိုယ် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်ကြပါ မူကား သစ္စာတရား ဟောတတ်တဲ့ဆီကို နာလိုက် (မှန်ပါ့)

ပြီးတော့ မှ ကိုယ့်ခန္ဓာထဲမှာ သစ္စာ ဟောထားတာက ကိုယ့်ခန္ဓာ၊ ကိုယ်က နှလုံးသွင်း လိုက်တဲ့ အခါ ခန္ဓာထဲမှာ သစ္စာ တွေ့လို့ ရှိရင်ဖြင့် သမ္မာဒိဋ္ဌိဖြစ်၍ သာဝက ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်သိပ်ပြီး ဒကာ ဒကာမတို့မဝေးပါဘူး (မဝေးပါ ဘုရား) ဝေးသလား (မဝေးပါ ဘုရား)။

ဒကာသစ်ရေ၊ ဒီဟာ အားရှိအောင် ဟောနေတာလား တဲ့ ဘုရား ကိုယ်တော်တိုင်က ဟောသလား (ကိုယ်တော် တိုင်က ဟောတာပါ ဘုရား)။

သုံးခါဟောလို့ လုံလောက်ပြီလို့ဆုံးဖြတ်

အင်္ဂုတ္တိုရ်မှာ တစ်ချက် ဟောတယ်၊ ပဏ္ဏာသ ပါဠိတော် မှာ တစ်ချက် ဟောတယ်၊ နောက် သူ့တပည့် ဖြစ်တဲ့ ရှင်မဟာ ကစ္စည်းက တစ်ခါ ဟောတယ် (မှန်ပါ့) သုံးခါ ဟောတယ် ဆိုတော့ ဒကာ ဒကာမတို့ အင်း လုံလောက်ပြီလို့ ဆုံးဖြတ် မှ ချက်ချပါ (မှန်ပါ့ ဘုရား)။

လုံလောက်ပြီလို့ ဆုံးဖြတ်ချက် ချကြပါလို့ဆိုတာ ဒကာသစ် လေးလေးစားစား တိုက်တွန်းတယ် (မှန်ပါ့ ဘုရား)။

၁-နံပါတ်က ဘာပါလိမ့် (သစ္စာတရားနာရမှာပါ) သြော် သစ္စာ တရားနာ ရမယ်နော် (မှန်ပါ့ ဘုရား)။

သစ္စာတရား နာလိုက်တော့ ဪ ခန္ဓာထဲမှ ဘာသစ္စာ၊ ညာသစ္စာ ဆိုတာ ကိုယ့်သညာနဲ့ သိတယ် (မှန်ပါ) နောက်ကျတော့ ဆရာဘုန်းကြီးက သော်လည်းကောင်း၊ ကိုယ်တိုင် စေတနာသဒ္ဓါ တရား ထက်သန်၍ သော်လည်းကောင်း၊ ခန္ဓာလှည့်ပြီး ဉာဏ်နဲ့ ကြည့်လိုက်တော့ သြော်- ဒါ ဒုက္ခသစ္စာ တွေ ပဲ(မှန်ပါ့) ဒီလို တွေ့တဲ့ တစ်နေ့မှာပဲ နာထားတဲ့ အတွေ့နဲ့ ကိုက်လို့ ရှိရင်ဖြင့် သောတာပန် တည်တာပဲ (မှန်ပါ့ ဘုရား)။

နာထားတဲ့ အတွေ့နဲ့ကိုက်ရင် (သောတာပန် တည်ပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။

ပထမနိဗ္ဗာန်ရောက်တော့မယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန် တည်ရင် ပထမနိဗ္ဗာန်တော့ ရောက်တော့မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပထမနိဗ္ဗာန်ရောက်ဖို့ အရေးဟာက ဘယ်နှရေး ပါလိမ့်မတုံးလို့ ဒကာကြွယ်တို့ မေးရင် ဘယ့်နှယ် ဖြေပါ့မလဲ (နှစ်ရေးပါ ဘုရား)။

နှစ်ရေးပဲ (မှန်ပါ့) နေရာကျလိုက်တာ ဒကာ ဒကာမတို့ အင်မတန်နေရာကျပြီ ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။

၁-နံပါတ်က ဘာပါလိမ့်ဗျာ (သစ္စာတရားနာဖို့ပါ ဘုရား) နေရာကျပြီ။

၂-နံပါတ်က (သစ္စာတရားနဲ့ နှလုံးသွင်းတည့်ဖို့ပါ) ကိုယ် နှလုံးသွင်းလိုက်တဲ့ အခါကျတော့ သစ္စာ တွေ့ရမယ် (မှန်ပါ့ ဘုရား)။

သာဝကပါရမီဉာဏ်ပြီးပြီ

ဒီနာတုန်းက အတိုင်း နှလုံးသွင်းလိုက်တဲ့ အခါကျတော့ တွေ့ပြီ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သာဝက ပါရမီ ဉာဏ် ပြီးသွားပြီ (မှန်ပါ့) တယ်လည်း လွယ်ပါလား (လွယ်ပါတယ် ဘုရား)။

သို့သော်လည်းတဲ့၊ ဒကာ ဒကာမတို့ ဆရာသမား လမ်း ဖြောင့် ဆွဲတတ်ဖို့ဥစ္စာက ဒကာကြွယ် မလွယ်ဘူးနော် (မလွယ်ပါ) မလွယ်ဘူးတဲ့၊ မလွယ်ဘူး၊ မလွယ်ဘူး။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့သည်ကားလို့ ဆိုလို့ရှိရင် သစ္စာတရား ဟောလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒါအရင် တရားနာနည်း သင်ထားတဲ့ အတိုင်း နားက ဘုန်းကြီး ပြောတဲ့ သစ္စာတရား နာပါ (မှန်ပါ့) ဉာဏ် က ခန္ဓာကို လှည့်ပါ (မှန်ပါ့ ဘုရား)။

နားက (သစ္စာတရားနာရပါမယ်) ဉာဏ်က (ခန္ဓာ လှည့်ရပါမယ် ဘုရား)။

ဒါဖြင့် နားကလည်း သစ္စာတရား နာပါပြီ၊ ဉာဏ်က ခန္ဓာ လှည့်လိုက်လို့ နှစ်ချက် ညီသွားလို့ ရှိရင်ဖြင့် သာဝက ပါရမီဉာဏ် ဒီအထဲတွင် ပြီးနိုင်ပါတယ် (ပြီးနိုင်ပါတယ် ဘုရား)။

သိပ်အဖိုးတန်ပါတယ်

ဒကာကြွယ် သိပ် အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန် ပါတယ် ဆိုတာ ဒကာ ဒကာမတို့ မရေတွက် နိုင်အောင် တန်တာပဲ ဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား)။

ဘယ့်အတွက်ကြောင့် ဒါလောက် တန်တာကို ဘုန်းကြီး သည် ဒကာ ဒကာမတွေကို ပြောဆို ရပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့မှ ကြွေးဟောင်းတွေ အကုန်ပြေ၍ ကြွေးသစ်တွေ အကုန် ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။

အကုသိုလ်ကြွေးဟောင်းတွေ (အကုန်ပြေပါတယ်) ယခုဘဝမှာ တင်ထားတဲ့ ကြွေးသစ် တွေကော (ပျောက်ပါ တယ် ဘုရား)။

ကြွေးဟောင်းပြေ၍ ကြွေးသစ်ပျောက်တဲ့တရား

အကုန်ပျောက်တာက ဒီသစ္စာ တရားနာပြီး နှလုံးသွင်း လိုက်တဲ့အခါ သစ္စာတွေ့လို့-လို့ ဆိုတာဟာ ကြွေးဟောင်းပြေ၍ ကြွေးသစ် ပျောက်တဲ့ တရား ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ပူစရာ မရှိတော့ဘူး (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေမှာ နှိပ်စက်တတ်တဲ့ တရား ဘုန်းကြီး ရှင်းပြပါဦးမယ် (မှန်ပါ့ ဘုရား)။

ဪ တို့ဟာ မသိ မလိမ္မာတော့ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ နေခဲ့ရတော့ ရရာ ရကြောင်း ရှာခဲ့ရတော့ တို့ အကုသိုလ်တွေလည်း မနည်းလှဘူး (မနည်းပါ) ဒီဟာ ကိုယ့်ဟာ ကိုယ်လာတဲ့ ကုက္ကုစ္စ (မှန်ပါ့ ဘုရား)။

တရားသိလာလေ၊ မတရားကပေါ်လာလေ

ကိုယ့်ဟာကိုယ်လာတဲ့ ဘာတုံး (ကုက္ကုစ္စပါ) ကိုယ်ဟာ ကိုယ်လာတဲ့ ကုက္ကုစ္စလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

ဒီကုက္ကုစ္စတွေက တော်တော်ကြာကျတော့ အသက် အရွယ်လည်း ကြီးလာတော့ ဆရာကောင်း သမားကောင်း ရှာပြီး သူတော်ကောင်းနား ကပ်ပြန်တော့မှ အဲဒါတွေက ပေါ်လာတာ (မှန်လှပါ ဘုရား)။

အင်း-တရားတွေကလည်း သိလာ (မှန်ပါ့) တရားသိလာ လေလေ။ မတရားက ပေါ်လေလေပဲ ဖြစ်တော့တာပဲ (မှန်လှပါ ဘုရား)။

တရား သိလာရင် (မတရားက ပေါ်လေလေပါ ဘုရား) မတရားတွေက ပေါ်ပေါ်လာတော့ သြော်- အတော်ခက် ပါပေါ့လား၊ မတရားက နည်းတာ မဟုတ်ဘူး၊ တရားက အခုငါက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်မှ တွေ့ရ၊ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ ကိုယ့် ကုက္ကုစ္စလာတယ်ဗျ (မှန်ပါ့)။

ဧရကပတ္တနဂါးမင်းကြီး

အဲဒီ ကုက္ကုစ္စက နေပြီး သကာလ ဧရကပတ္တတို့လို အနှစ် နှစ်သောင်း တရား အားထုတ်ငြား သော်လည်း အပါယ်ကျတယ် (မှန်ပါ့) တိရစ္ဆာန်ဘုံ ကျသွားတယ် (မှန်ပါ့) ကြောက်စရာ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

ဘယ်သူက ချလိုက်ပါလိမ့်မတုံး မေးတော့မှ ဒကာသစ် ကုက္ကုစ္စ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူကချပါလိမ့် (ကုက္ကုစ္စက ချပါတယ် ဘုရား)။

ဒီမှာလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွက်မှာ စိုးရိမ်တယ် (မှန်ပါ့) ဥပမာ ဒကာကြွယ် ဆို ခြောက်ဆယ် ကျော်ပြီ (မှန်ပါ့) ဟာ ငယ်ငယ်တုန်းကတော့လည်း မသိလို့ နေခဲ့ ကြရတယ် (မှန်ပါ့) သားနဲ့ မယားနဲ့ ဆွေနဲ့ မျိုးနဲ့ ရောင်းတဲ့၊ ဝယ်တဲ့ အရောင်းမှား အဝယ်မှားလည်း ရှိ တာပဲ (ရှိပါတယ် ဘုရား)၊ အပြောမှား အဆိုမှား တွေကော (ရှိပါတယ် ဘုရား)။ အားပေးမှား တွေကော (ရှိပါတယ် ဘုရား)။

ကုက္ကုစ္စက အပါယ်ချလိုက်တယ်

သြော် ငါတို့ကလည်း အခုမှ ဆရာကောင်း သမားကောင်းနဲ့ အသက် ခြောက်ဆယ်ကျော်မှ တွေ့ရ၊ မနည်းပါဘူး အကုသိုလ်တွေ (မှန်ပါ့) အခု တရားနာကြည့်တော့မှ ကိုယ်လုပ် ထားတာ တွေလည်း တကယ့် ကြောက်စရာကြီး (မှန်ပါ့) ကိုယ်လုပ်ထားတဲ့ တရားကလေး ကလည်း အခုမှ သုံး၊ လေးနှစ်၊ လေး, ငါးနှစ်ရှိသေး (မှန်လှပါ) ဟုတ်မှ ဟုတ်ပါ့မလား (မှန်ပါ့)။

အံမာ ဒီလိုဘုန်းကြီးကပြောတာ အသာထားနော် (မှန်ပါ့) ခင်ဗျားတို့ တွေးလုံး ဒီထက်ကြီးတယ် အောက်မေ့၊ (ကြီးပါတယ် ဘုရား)။

ခင်ဗျားတို့ တွေးလုံးက (ဒီထက်ကြီးပါတယ် ဘုရား) အဲဒီလို ကြီးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ကုက္ကုစ္စက နေပြီး အပါယ်ချ လိုက်တယ် (မှန်ပါ့)။

ဘယ်သူက ချပါလိမ့် (ကုက္ကုစ္စ အပါယ်ချပါတယ် ဘုရား) ပြုအပ်ပြီးသော ဒုစရိုက်ကိုးဗျ (မှန်ပါ့) မပြုရသေးတဲ့ သုစရိုက် တွေကိုလည်း ကိုယ်က နည်းတယ် (မှန်ပါ့) ဒုစရိုက် တွေက ကိုယ်က များတယ် (မှန်ပါ့) ခက်ပါသေးရဲ့ဆိုပြီးတော့ သေခါနီးကျမှ သူ့ကုက္ကုစ္စကနေ အပါယ် ချလိုက်တယ် (မှန်လှပါ ဘုရား)။

ဒေါသဖြစ်ရင်ပါလာတယ်

ကုက္ကုစ္စကနေ အပါယ်ချတယ် ဆိုတော့ ဒကာ ဒကာမ တွေ ပဋိစ္စသမုပ္ပါဒ် တန်းပြ လိုက်တော့ သိပါတယ်နော် (မှန်ပါ့) ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ဆိုတာ ဒေါသဖြစ်လို့ ရှိရင် ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီမှာ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရ ဟုတ်လား (မှန်ပါ့ ဘုရား) ဟော ဝိညာဏ်တဲ့ အပါယ် ခန္ဓာငါးပါး လာတယ် (မှန်လှပါ) ဒီကနေ ချလိုက်တယ် (မှန်ပါ့) ကုက္ကုစ္စ ကနေ ချလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီတရားတစ်ပွဲလုံးဖြင့် ပဋိသန္ဓေ လူလား မြောက်ကတည်းက စင်းလုံးချော သူတော်ကောင်း စိတ်နဲ့ချည့် လာခဲ့တာ တစ်ယောက်မှမပါဘူး (မပါပါ ဘုရား)။

မပါပါဘူး တဲ့၊ ရပ်နဲ့ရွာနဲ့ ဆွေနဲ့မျိုးနဲ့ သားနဲ့ သမီးနဲ့ အိမ်ထောင်ကျပြီး သကာလ ရရာ ရကြောင်း ရှာဖွေ စားသောက် လာကြတဲ့ ဒကာ ဒကာမတွေပဲ ဆိုရင် ဒကာကြွယ် ငြင်းစရာလို သေးသလား (မလိုပါ ဘုရား) မလိုဘူး ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဆရာကောင်းနဲ့တွေ့မှသိရတယ်

အခုလို ဆရာကောင်း သမားကောင်းနဲ့ တွေ့တဲ့ အခါကျ တော့ တရားကလည်း သိရပြန်၊ ထိုကဲ့သို့ သိရတဲ့ အခါကျတော့ မှ သြော် မိုက်သက်ရှည်ပြီး လိမ္မာသက်က တိုနေတယ် (မှန်ပါ့ ဘုရား) အံမာ ကိုယ့်ဟာ ကိုယ်လာတာ (မှန်ပါ့)။

ဘယ်လိုလာပါလိမ့် (မိုက်သက်ရှည်ပြီး လိမ္မာသက် က တိုပါတယ် ဘုရား)။

ဟုတ်မှဟုတ်ပါ့မလား တဲ့၊ နောက်ဆုံးပိတ်ကျတော့ ဒါက ဆုံးဖြတ်ချက်ကျလာတယ် (မှန်ပါ့)။

မိုက်သက်ကရှည်ပြီးလိမ္မာသက်ကတိုနေ

မိုက်သက်ကရှည် လိမ္မာသက်ကတို နေပြီးတော့ ကျင့်တော့ ကျင့်တာပဲ၊ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ ကုက္ကုစ္စ သံသယတွေက ဘယ့်နှယ်တုံး (လာပါတယ် ဘုရား)။

လာတော့ ခင်ဗျားတို့ အဲဒါလာတာ ကိစ္စမရှိဘူး၊ လာသည်နဲ့ တစ်ပြိုင်နက်တည်း သူတို့က ဒီကုက္ကုစ္စ ဆိုတာ ဒေါသပဲ (မှန်ပါ့ ဘုရား) ဒေါသ သောက ပရိဒေ၀ ဥပါယာသ အဝိဇ္ဇာ သင်္ခါရ၊ ဟော စုတေမနေ သေလွန်တဲ့ အခြားမဲ့၌ “သင်္ခါရ ပစ္စယာ ဝိညာဏံ” ဆိုတဲ့ ခုနင်က ဧရကပတ္တလို နဂါးကြီး သွားဖြစ်တယ် (မှန်လှပါ ဘုရား)။

ဒါ ဘယ်သူက ချလိုက်တာပါလိမ့် (ကုက္ကုစ္စချ တာပါ ဘုရား)။

အင်း ငါတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အကုသိုလ် သက်က ရှည်ပြီး ကုသိုလ်သက်က တိုနေပါလား ဆိုတာ ခင်ဗျား တို့ အရွယ်ကလေး ကြီးလာလို့ သေခါနီး လေလေ ဒီကုက္ကုစ္စက လာတတ် လေလေ ဖြစ်တယ် (မှန်ပါ့)။

ဒါကို ဒကာ ဒကာမတို့ ငြင်းစရာများ လိုသေးသလား (မလိုပါ ဘုရား) ဝမ်းထဲမှာ မြုံမထားပါနဲ့၊ ခင်ဗျားတို့ ဝမ်းထဲဖြစ်တဲ့ အတိုင်း ပြောနေတယ် (မှန်ပါ့) ခင်ဗျားတို့ ဝမ်းထဲဖြစ်တဲ့ အတိုင်း ပြောနေတယ် ဆိုတာကို ဒကာသစ် သေသေချာချာ မှတ် (မှန်ပါ့)။

နဖူးပေါ် လက်တင် စဉ်းစားမှ ဆရာဘုန်းကြီး ဟောတဲ့ တရားတွေ နာလိုက်ရမှ ကိုယ့်မှာ အနေဆိုး နေခဲ့လို့ အသေဆိုးများ ဖြစ်ဦးမှာလား (မှန်ပါ့)။

အံမာ လာသေးသူက (လာပါတယ် ဘုရား) မလာ တတ်ဘူးလား (လာပါတယ် ဘုရား) ဒါ-ဘယ့်နှယ်ကြောင့် တုံး မေးတဲ့ အခါကျတော့ ကုက္ကုစ္စ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူကကယ်လိမ့်မယ်

ဒါက စီးပွားရှိတာ – မရှိတာနဲ့ ဘာမှမဆိုင်ဘူး နဖူးပေါ် လက်တင်လို့ လာတာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါက ဘာကြောင့် လာတာပါလိမ့် (နဖူးပေါ်လက် တင်လို့ လာတာပါ ဘုရား)၊ နဖူးပေါ် လက်တင်ပြီး တွေးလုံးတွေကြောင့် လာတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါတွေဟာလည်း ဒီတရား တစ်ပွဲလုံးမှာ အားလုံး ပြောလိုက်ပါတယ်၊ လူတိုင်းမှာ ရှိတယ် (မှန်ပါ့)။

အဲဒီတော့ အဲဒီ ရှိတဲ့ အဖြစ်ကြီးကိုလည်း ယနေ့ ခင်ဗျားတို့ ပယ်လိုက်ပါ (မှန်လှပါ) ပယ်လိုက်တော့ ဘာနဲ့ ပယ်ရမတုံးဆို ငါတို့သည် သစ္စာတရား နာရမယ် (မှန်ပါ့)။

သစ္စာတရား နာရမယ် (မှန်လှပါ) နှလုံးသွင်းတဲ့အခါ ခန္ဓာထဲက သစ္စာကို (ကြည့်ရပါမယ်) အဲဒီ တွေ့လို့ရှိရင် ခင်ဗျားတို့ သံသယကုက္ကုစ္စ အကုန်ပျောက် (မှန်လှပါ) သူက ကယ် လိမ့်မယ် (မှန်ပါ့) သူကယ်မည့် တရားဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒကာကြွယ် ယနေ့ အရေးတကြီး ပြောနေတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဖြစ်စဉ် ကလည်း ဦးမာဒင် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဖြစ်စဉ်ကလည်း ဒါဘယ်သူဖြစ်ဖြစ် သြော် ကျုပ် အကြောင်းတော့ မပြောချင်ဘူးဗျာက စ,စ လာတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

လာတယ် လာတယ် ဒီဥစ္စာ လူတိုင်းမှာ ခင်ဗျားတို့ အခု အပြင်ဘက်က အပေါ်ယံ ပြောနေပေမယ့် အတွင်းက ဒါပဲ (မှန်ပါ့) အတွင်းကတော့ ဒါသေသေချာချာ ရှိတယ် ဆိုတာ ဒကာကြွယ်တို့ ဦးမာဒင်တို့ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ငါ့မှာ သက်ဆိုးရှည်က များပြီး သကာလ သက်ကောင်း ရှည်က တိုနေတယ် (မှန်ပါ့) အင်း သူလာချင် လာတာ ပဲ(မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဟုတ်မှဟုတ်ပါ့မလားဆိုတာပယ်လိုက်ပါ

ဟိုမှာ သားရေး သမီးရေး စီးပွားရေးနဲ့ ပြာယာ ခတ်ပြီးနေ တုန်းက သက်ဆိုးရှည် (မှန်ပါ့) အခု သူတော်ကောင်းဘက်လိုက် လာတဲ့အခါ သက်ကောင်းက တိုနေတယ် (မှန်လှပါ) မလာဘူးလား (လာပါတယ် ဘုရား) လာပြန်တော့ ဒါ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ ဥစ္စာက နိဂုံးမချုပ်ဘူးလား (ချုပ်ပါ တယ် ဘုရား)

အဲ ချုပ်တဲ့ဥစ္စာတွေကို ယနေ့ အကုန်ပယ် လိုက် (မှန်ပါ့) အကုန် ပယ်လိုက်ပါလို့ တရား တစ်ပွဲ လုံးကို ဘုန်းကြီး တစ်ပါးတည်းက တာဝန်ခံ ပါတယ် (မှန်ပါ့)။

ဘာကြောင့်ဒါလောက်တာဝန်ခံရဲရပါလိမ့်

ဘာကြောင့် ဒါလောက် တာဝန်ခံ ဒါလောက် ရဲရပါလိမ့် မတုံး ဆိုတော့ ဘုရားအားကိုးလို့ ရဲရတာ (မှန်ပါ့)။

ဘုရားက သာဝက ပါရမီဉာဏ်မှာ သစ္စာတရားကြီး နှလုံး သွင်းလိုက်လို့ သစ္စာတွေ့လို့ရှိရင်ကွာ သောတာပန် တည်ပါတယ် ဆိုတော့ အပါယ်လေးပါး သွားမည့်တရားတွေ အကုန် ပျောက် တယ် (မှန်ပါ့) တွေးနေစရာ လိုသေးသလား (မလိုပါ ဘုရား)။

ဪ ဒါလောက် သိရတဲ့ အခြေအနေ ဟာလည်း အားပေး ကောင်းလို့ ဒီလိုဖြစ်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး (မှန်ပါ့) တကယ့် လုံလောက်တဲ့ အကြောင်းတွေ ပြလိုက်လို့ သြော် တို့စိတ်ချ ရသားပဲ (မှန်ပါ့ ဘုရား) ဆိုတာကို ရင်ထဲမှာ ကျသွားအောင် အောက်မေ့ပါ (မှန်ပါ့)။

အပေါ်ယံကလေးနဲ့ရင်မအေးပါနဲ့

ကိုင်း ဒကာ ဒကာမတို့ ဒါဟာ ဘုန်းကြီးက အပြော – အဆို လည်လည်ပတ်ပတ်ရှိလို့ တို့မှာဖြင့် ရင်အေးသွားရပေ တယ်လို့ အပေါ်ယံကလေးနဲ့ ရင်မအေးပါနဲ့ (မှန်ပါ့) သေသေ ချာချာ ဘုရားက သစ္စာတရားနာလို့ ကိုယ့်နှလုံး သွင်းလို့ သစ္စာတွေ့လို့ရှိရင် ဒါ သမ္မာဒိဋ္ဌိ ဖြစ်သောကြောင့် အပါယ် မကျဘူးကွတဲ့ (မှန်လှပါ ဘုရား) သေသေချာချာ တာဝန် ယူပါ တယ် (မှန်ပါ ဘုရား)။

ဒကာကြွယ် ဘယ်လောက်အဖိုးတန်သတုံး (တန် ပါတယ် ဘုရား)။

အင်မတန် အဖိုးတန်ပါတယ်တဲ့၊ အဲဒီတော့ ဒီလိုဘုန်းကြီး တို့ အခုပြောဆိုတဲ့ ဒီနှစ်လုံးကို မနာရတဲ့ ပုဂ္ဂိုလ်များ အတွက်မှာ ဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ စဉ်းစားစမ်း (မှန်ပါ့) သူ့တွေးလုံးက သူသွားတော့မယ် (မှန်ပါ့)။

သူ့တွေးလုံးနဲ့သူ ဘာတုံး (သွားမှာပါ ဘုရား) ဘယ် လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ကုက္ကုစ္စကြောင့်အပါယ်ရောက်

ကြည့် ဧရကပတ္တ နဂါးမင်းကြီးဟာ ဒကာ ဒကာမ တို့ အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ် ပါတယ် (မှန်ပါ့) သေခါနီးမှ ခုနင်ကပြောတဲ့ ကုက္ကုစ္စ၊ ငါ့ဒါကလေးက လိုသေးတယ် ဆိုတဲ့ ကုက္ကုစ္စ၊ ဒီအကုသိုလ် ကလေး ရှိနေသေးတယ် ဆိုတဲ့ ကုက္ကုစ္စက နေပြီး အပါယ်ချတယ် (မှန်ပါ့) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

သို့သော် အခုလ ိုဖြေဖျောက်ပေးမည့် အသိဉာဏ် နှစ်ခုကို ပေးမည့် ဟာကလည်း ဘုရား မပွင့်ခင်က ဖြစ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ဦးမာဒင်ရေ အကြပ် တွေ့တယ် (တွေ့ပါတယ် ဘုရား)။

ခေတ်ကောင်းမှာဆရာကောင်းနဲ့တွေ့နေပြီ

အခုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘုရားသာသနာ အတွင်း “ဗုဒ္ဓုပ္ပါဒဒုလ္လဘ” ဆိုတဲ့ အတိုင်း ဒီခေတ် ဒီအခါ ဒီအကောင်း ထဲမှာ လာပြီး ကြုံတာလည်း တစ်မျိုး (မှန်ပါ့) ဒီလို ကိုးကွယ် ဆည်းကပ်ပြီး ခင်ဗျားတို့က လိုက်ရှာလို့ ဒီလို ပြော တတ်တဲ့ ဆရာသမား တွေ့တာကလည်း တစ်ဖုံ ဆိုသလို ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အတွက် မှာဖြင့် အခု ဒီတရားကို ဟောလည်း ဟောပါလိမ့်မယ်၊ သစ္စာကိုလည်း ဟောပါတယ် (မှန်ပါ့) သစ္စာခင်ဗျားတို့ မြင်တယ် ဆိုတာကိုလည်း ဘုန်းကြီးက ခင်ဗျားတို့ကို သြော် ခင်ဗျားတို့မြင်တာ သစ္စာပဲ ဆိုတာကို လည်း ပေါ်ပါလိမ့်မယ် (မှန်ပါ့) ပေါ်လာလို့ ရှိရင်ဖြင့် ဒီဟာ ဖိပြီး လုပ်ကြမယ် ဆိုလို့ရှိရင်ဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ကိုယ့်ကုက္ကုစ္စ လာစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ကြွေးဟောင်းပြေ၍ ကြွေးသစ်ဆပ်ပြီးပြီ

ဒီလို ဆိုလို့ရှိရင်ဖြင့် ကြွေးဟောင်းတွေ ပြေ၍ ကြွေးသစ် ဆပ်ပြီးသား ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ကြွေးဟောင်းတေ ွပြေ၍ (ကြွေးသစ်တွေ ဆပ်ပြီးသားပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ တချို့ ဒကာ ဒကာမတွေမှာ ဘာမှမဟုတ် တာကလေးနဲ့လည်း သံသယ ဖြစ်ပြီး သကာလ ကျပ်ဟာ ဘယ်သူ့ ပြစ်မှား ခဲ့တယ်၊ အဲဒါ ကလေးဟာ မကန်တော့ လိုက်ရဘဲနဲ့ သေ သွားတယ် (မှန်ပါ့) အံမာ မဟုတ်တာ ကျတော့ ခင်ဗျားတို့က အရိုးစွဲ- စွဲထားတယ် (မှန်ပါ့ ဘုရား)။

ဟုတ်တာကို စွဲရမှာ ဒကာ ဒကာမတို့ (မှန်လှပါ) ဟုတ်တာက ဘာတုံးလို့ မေးတဲ့ အခါ ကျတော့မှ ဟ သစ္စာတရား နာရမယ်- (မှန်ပါ့) ကိုယ်နှလုံးသွင်းတဲ့ အခါ ဒီသစ္စာတွေ့ရ မတဲ့ (မှန်ပါ့) ဒါဆိုလို့ ရှိရင်ဖြင့် ဘာမှ သံသယ ကုက္ကုစ္စ မလိုဘူးတဲ့ (မှန်လှပါ ဘုရား) သမ္မာဒိဋ္ဌိ ဖြစ်သွားပြီ၊ သမ္မာဒိဋ္ဌိ ဖြစ်သွားလို့ ရှိရင် အပါယ်လေးပါး တံခါးပိတ် တယ် ဆိုတဲ့ဥစ္စာ မသေချာလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဦးလှဘူး အားငယ်စရာ ရှိရဲ့လား (မရှိပါ ဘုရား)။

အမြင်နဲ့ဆုံးဖြတ်ချက်ချကြပါ

ကိုင်း ဒါဖြင့် အသိမှာဖြင့် အားငယ်စရာ မရှိပါဘူး၊ အမြင်နဲ့ ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ့ ဘုရား)။

အသိမှာဖြင့် (အားငယ်စရာ မရှိပါ ဘုရား) အမြင်ပြ ပေးဦးမယ်တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) အမြင်ပြပေးလိုက်တဲ့ အခါကျတော့ သြော် ငါတို့သည် မမြင်သေးတဲ့ ပုဂ္ဂိုလ်က မြင်အောင် လုပ်လိုက် (မှန်ပါ့) မြင်နည်းကိုတော့ ဆရာ ဘုန်းကြီးက ဒီလိုကြည့်ရင် ဒီလိုမြင်တယ်ဆို မျက်မှန်တော့ တပ်ပေးမှာပဲ (မှန်ပါ့) ခင်ဗျားတို့က ဒီမျက်မှန်ကို ဖြုတ်ဖြုတ် မပစ်နဲ့ (မှန်ပါ့)။

ဘုရားကတာဝန်ခံတယ်

အဲဒီကဲ့သို့ ဘုန်းကြီး ပြောဆိုတဲ့ အတိုင်း ဘုရား ဟောတော်မူတဲ့အတိုင်း ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချ ပြီး အမှန်အကန် ကြည့်လို့ အမှန်အကန် သိလို့ ရှိရင်ဖြင့် ဘာမှ မပူပါနဲ့ (မှန်လှပါ ဘုရား)

ဘာမှမပူပါနဲ့ဆိုတဲ့ဥစ္စာကို ဘုရား ကလည်း တာဝန်ခံတယ်၊ နှစ်ချီတောင် တာဝန်ခံတယ် (မှန်ပါ့) ဘုရား၏ တပည့်သားဖြစ်တဲ့ ရှင်အာနန္ဒာတို့ ရှင်မဟာ ကစ္စည်းတို့ အလုံးစုံ တာဝန်ခံပါတယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ် အရေးတကြီး ပြောကြစို့ (မှန်လှပါ ဘုရား) ဒီဟာ ဦးမာဒင် အရေးတကြီး မပြောရင် ကောင်းကို မကောင်းဘူး (မှန်ပါ့)။

အသက်အရွယ်တွေကကြီးကုန်ပြီ

အားလုံး ဒကာ ဒကာမတွေ သနားပါတယ်၊ ကယ်တင် ချင်ပါတယ်၊ ယူဆောင်ချင်ပါတယ်၊ အသက် အရွယ်တွေလည်း ကြီးကုန်ပြီ၊ နက်ဖြန် သန်ဘက်သေမည့် ပုဂ္ဂိုလ်တွေလည်း ဖြစ်နိုင် တယ် ဆိုလို့ ရှိရင်ဖြင့် ဒီနှစ်ခုကို အရေးတကြီး ပြောလည်းပေးရ တယ် (မှန်ပါ့)။

ပြောတဲ့ပုဂ္ဂိုလ်က (ပြောလည်းပြောပေးရမယ်) အရေးတကြီး ပြောပေးရမယ် (မှန်ပါ့)။

လုပ်မည့် ပုဂ္ဂိုလ်ကကော (အရေးတကြီး လုပ်ရပါ မယ်) အရေးတကြီးပဲ လုပ်ရလိမ့်မယ် ဆိုတဲ့ ဥစ္စာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်နည်းနဲ့မှ ရှောင်ကွင်းလို့ မရဘူး (မရပါ ဘုရား) ရှောင်ကွင်းလို့ ရပါ့မလား (မရပါ ဘုရား)။

အရေးတကြီးလိုလာတဲ့တရား

အဲဒါကြောင့် အရေးတကြီး လိုလာတဲ့တရား ဘယ်ဟာ ပါလိမ့်မလဲ ဆိုတဲ့ဥစ္စာဖြင့် ယနေ့ အဖိုးတန်အောင် ပြောလို့ တန် တယ် မယူဘဲနဲ့ တကယ်တန်လို့ တကယ် တန်တယ်ယူပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သစ္စာတရား နာရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သစ္စာတရား နှလုံးသွင်းလိုက်တဲ့ အခါမှာ (သစ္စာမြင် ရပါမယ်) မြင်ရမယ်။

ဒီနှစ်ချက်ပြည့်စုံရင်အပါယ်မရောက်တော့

သစ္စာတရားကို (နာရမယ်) နာရမယ်နော် (မှန်ပါ့) ပြီးတော့ နှလုံးသွင်းလိုက်တဲ့ အခါမှာ (သစ္စာမြင်ရ ပါမယ်) သစ္စာတရား မြင်ရမယ်၊ ဤအင်္ဂါ နှစ်ချက် ပြည့်စုံရင် အပါယ်လေးပါး တံခါး ပိတ်တယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ကုက္ကုစ္စက အပါယ်ချတတ်တာကိုး (မှန်ပါ့) ချစရာ အချက်အလက် ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် လူငယ်တွေမှာလည်း ဒီအပြစ်တွေ ရှိတာ ပဲ (ရှိပါတယ် ဘုရား) လူကြီးတွေ မှာလည်း (ရှိပါတယ် ဘုရား)

တော်တော်ကြာ နဖူးပေါ် လက်တင် စဉ်းစားတဲ့ အချိန်က ရောက် ဦးမယ် (ရောက်ပါတယ် ဘုရား) ရောက်ရင် ကိုယ့်ကုက္ကုစ္စ လာမလာ (လာပါတယ် ဘုရား)။

အရေးတကြီးလိုလာပြီ

အဖြေက မထွက်လာ (မှန်ပါ့) အပါယ် သွားမှာကြီး ကတော့ လာနေပြီ (မှန်ပါ့) အပါယ်တား မည့် အဖြေက မထွက်လာလို့ ရှိရင် ခင်ဗျားတို့ ကိုယ်ကျိုး လှလှကြီး နည်းပြီ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် အခုပြောမည့်တရားကို ဒကာကြွယ်၊ ဒကာသစ်တို့ အရေးတကြီး လိုလာတယ် (လိုလာပါတယ် ဘုရား) အရေးတကြီး လိုလာပြီ ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဉာဏ်ကခန္ဓာလှည့်ပါ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာတရား စ, ဟော တော့မယ် (မှန်ပါ့) သစ္စာတရား စ,ဟောတော့ နားက သစ္စာ တရားနာပါ (မှန်ပါ့) ဉာဏ်က ဘယ်လှည့်ရမလဲ (ခန္ဓာလှည့် ရပါ့မယ် ဘုရား) ခန္ဓာလှည့်လိုက်တော့ နာတဲ့ အတိုင်း ခန္ဓာထဲမှာတော့ တွေ့ရင် ပြီးတာပဲ (မှန်ပါ့)။

နာတဲ့အတိုင်း ခန္ဓာထဲမှာ တွေ့ရင် (ပြီးပါတယ် ဘုရား) ပြီးတာပဲ ဆိုတော့ သြော် ဒါဖြင့် တော်သေးရဲ့၊ တော်သေးရဲ့ ဒကာကြွယ်ရေ (မှန်ပါ့) တော်သေးရဲ့လို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကုစရာဆေးနဲ့တွေ့ကြပြီ

ဘာကြောင့် ဆရာဘုန်းကြီး တော်သေးရဲ့လို့ သုံးရပါလိမ့် မတုံးမေးတော့ ဒကာ ဒကာမတွေမှာ ကုစရာ ဆေးကလေးနဲ့ သွားတွေ့ပြီ (မှန်ပါ့) ဟိုသေနှင့် သွားတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ခုနင်က နဖူးပေါ် လက်တင်ပြီး စဉ်းစားတော့ သူတို့ ကုက္ကုစ္စနဲ့ သူတို့ ပြိတ္တာဘုံ သွားလိုသွား၊ အပါယ် သွားလိုသွား မရှိကြ ဘူးလား (ရှိပါတယ် ဘုရား) ဆေးမမှီ လိုက်ပါဘူး (မှန်ပါ့ ဘုရား)။

ဦးမာဒင်ဆေးမှီသေးသလား (မမှီပါ ဘုရား) ခင်ဗျား တို့အတွက် ဘယ်လို စဉ်းစားမလဲ (ဆေးမှီ ပါတယ် ဘုရား)။

ဆေးမှီသေးတယ်

ဪ ဆေးမှီသေးတယ် ဆိုတဲ့ ဥစ္စာသည် ဒကာကြွယ် တော်တော် ထူးတဲ့ ပုဗ္ဗေစပဲ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)။

ဆေးမှီတယ်ဆိုတာ ဘာပါလိမ့် (တော်တော် ထူးတဲ့ ပုဗ္ဗေစပါ ဘုရား) တော်တော်ထူးတဲ့ ပုဗ္ဗေစပဲ၊ ပုဗ္ဗေစ ကတပုညတာ ပေါ့ဗျာနော် (မှန်ပါ့)။

တော်သေးတယ် တော်သေးတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီတရားဟာ နားကို ဘယ်မှ မသွားမှ (မှန်လှပါ) ကိုယ့်အရေး သက်သက်ပါလား၊ ကိုယ့်ဆေး သက်သက်ပါလား (မှန်လှပါ ဘုရား)

ကိုယ့်ဆေးကိုဖိသောက်ပါ

ကိုယ့်အရေးနဲ့ ကိုယ့်ဆေး သက်သက်ပါလား၊ ကိုယ့်မှီရုံ ရှိတာ ကလေးဖြင့် ဒါကို ဖိသောက်ပြီး သကာလ ကုက္ကုစ္စ ရောဂါတွေ ပျောက်မည့် ဆေးပါကလား (မှန်ပါ့) အပါယ်လေးပါး တံခါးပိတ်တဲ့ ဆေးပါ ကလား (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အေး ဒါကြောင့် စိတ်ဘယ်မှမသွားဘဲနဲ့ သစ္စာတရား ဟောတော့မယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဒုက္ခသစ္စာအရေးအကြီးဆုံး

ကောင်းပြီ ဒါဖြင့် သစ္စာတရား ဂရုစိုက်ကြ (မှန်ပါ့) သစ္စာတရား ဟောတော့မယ် ဆိုတော့ ဒကာ ဒကာမတို့ သစ္စာမှာ ဒုက္ခသစ္စာ အရေးကြီးဆုံး (မှန်ပါ့)။

ဒုက္ခသစ္စာဟာ (အရေးကြီးဆုံးပါ ဘုရား) အရေးကြီးဆုံးပဲ ဆိုတော့ ဒကာ ဒကာမတွေက မှတ်ထား လိုက်တာပေါ့၊ သြော် တို့သန္တာန်မှာ ဘာပဲ ပေါ်ပေါ်၊ သွားချင်တဲ့စိတ်ပေါ်၊ အိပ်ချင် တဲ့ စိတ်ပေါ်၊ ပျော်ချင်တဲ့စိတ်ပေါ် ဟုတ်လား (မှန်ပါ့ ဘုရား)။

ကုသိုလ်လုပ်ချင်တဲ့ စိတ်ပေါ်ပေါ်၊ ကျင်ကြီး-ကျင်ငယ် စွန့် ချင်တဲ့ စိတ်ပေါ်ပေါ်၊ ဒီစိတ်ကလေး တွေဟာ ပေါ်လည်း ပေါ် တယ်၊ ပျောက်လည်း ပျောက်တယ် (မှန်ပါ့ ဘုရား)။

ပေါ်ပြီးတော့ (ပျောက်ပါတယ် ဘုရား) အဲဒါ သည် ဒုက္ခသစ္စာ ချည့်မှတ် (မှန်ပါ့)။

ပေါ်ပြီးပျက်တဲ့တရားဟူသ၍

ပေါ်ပြီးပျောက်တဲ့ တရားဟူသ၍ (ဒုက္ခသစ္စာ ချည့် ပါ ဘုရား)။

ဪ ဒါဖြင့် သစ္စာတရား ဆိုတာ တခြားမှာလည် ပြီး ရှာရမလား အောက်မေ့တယ်၊ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဖြစ်တဲ့ စိတ်ကလေးတွေ၏ ဖြစ်မှု ပျက်မှုဟာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။

ကိုယ့်သန္တာန် ပေါ်လာတဲ့ တရားကလေး တွေ၏ (ဖြစ်မှုပျက်မှုဟာ ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်မှုပျက်မှုဟာ ဒုက္ခသစ္စာ

ဖြစ်မှုပျက်မှုဟာ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ ဆိုတော့ ဒါသစ္စာတရား ဆိုတာ တခြားလား အောက်မေ့နေတယ် (မှန်ပါ့) ကိုယ့် ရုပ်ကလေး တွေ၏ ပူလိုက်-အေးလိုက် ဟာလည်း ဖောက်ပြန် ပျက်စီးနေတာ ဒုက္ခသစ္စာပဲ (မှန်ပါ့) ကိုယ်စိတ် ကလေးတွေ၏ ဖြစ်လိုက်ပျက် လိုက်နေတာ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ သစ္စာတရား ဆိုတာ ဘာတုံး အောက်မေ့ နေတယ်၊ ကျုပ်တို့က ဘုရားတွေ့မှပဲ သစ္စာတရားများ နာရတော့ မယ် အောက်မေ့ နေတာ (မှန်ပါ့) မဟုတ်ပါဘူး၊ ဘုရားကိုက လက်ညှိုး ညွှန်ထားခဲ့တာ (မှန်ပါ့)။

ဒုက္ခသစ္စာချည်းပဲ

ဘုရားက ဘယ်လိုလက်ညှိုး ညွှန်ထားခဲ့သတုံး မေးတော့ ကွာ တဲ့၊ သံခိတ္တေန= အကျဉ်း ပြောရမှာဖြင့်၊ ပဉ္စပါဒါနက္ခန္ဓာ ပိ ဒုက္ခာ= မင်းခန္ဓာ တစ်ခုလုံးထဲ ပေါ်သ၍၊ ပျက်သ၍ ဘာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သြော် ကိုယ့်သန္တာန်မှာ ရှိတဲ့ တရားလည်း ပေါ်တာနဲ့ ပျက်တာပဲ ရှိတယ်လို့ ဘုရားက ဟောတယ် (မှန်ပါ့) အဲဒါတွေ ဟာလည်း ဒုက္ခသစ္စာ ဆိုတာ တစ်ခြားလား အောက်မေ့ နေတယ်၊ ခန္ဓာထဲမှာ ပေါ်သ၍၊ ပျက်သ၍ ဟာ ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့က သစ္စာတရား နာရပြီ (မှန်လှပါ ဘုရား)။

နာကြရပလား (နာရပါပြီ ဘုရား) ခန္ဓာထဲပေါ် သ၍၊ ပျက်သ၍ ဟာ (ဒုက္ခသစ္စာပါ ဘုရား)။

ယားတယ်၊ ယားတဲ့ နေရာလေးမှာပဲ ပျောက်သွား တယ်၊ ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ် ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါ နာတတ်ပြီနော် (နာတတ်ပါပြီ ဘုရား)။

စားချင်တဲ့စိတ်

ကောင်းပြီ စားချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမတို့ စားချင်တဲ့ စိတ်ကလေးဟာ ထိုင်ရင်း မတ္တနဲ့ ထမင်းဆာ လာတယ်၊ စားချင်တဲ့ စိတ်ကလေး ပေါ်တယ် (မှန်ပါ့) မပေါ်ဘူးလား ဝမ်းထဲမှာ (ပေါ်ပါတယ် ဘုရား)။

စားချင်တဲ့ စိတ်ကလေး ပေါ်လာပြီး ဒီစားချင်တဲ့စိတ် ကလေးဟာ ထမင်းရှိတဲ့ဆီ မသွားရ ပေဘူးလား (သွားရ ပါတယ်) စားချင်တဲ့ စိတ်ကလေး ချုပ်ပြီး သွားချင်တဲ့ စိတ်ကလေး ပေါ်တယ် (ပေါ်ပါတယ် ဘုရား) စားချင်တဲ့ စိတ်ကလေးရှိ သေးရဲ့ လား (မရှိပါ ဘုရား)၊ ဒါ ဘာနဲ့ အသက်ရှင် နေသတုံး သွားချင်တဲ့ စိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် စားချင်တဲ့ စိတ်ကလေးဟာ ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်၊ သူ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

သွားတဲ့စိတ်

သွားတဲ့စိတ် ကလေးဟာလည်း ဒကာ ဒကာမတွေက ထမင်းပွဲ ရှိရာ ထမင်းအိုး ရှိရာ သွားကြတာပဲ (မှန်ပါ့ ဘုရား)။

စားတော့မယ် ဆိုတော့လည်း ဒကာ ဒကာမတွေက စဉ်းစား ကြည့်သေးတာပေါ့၊ ထမင်းက အလိုလို အုပ်ကလာခွံ့တာ မဟုတ်ပါဘူး (မှန်ပါ့)၊ ထမင်းပွဲ ကလေးကို နှိုက်ရတယ် (မှန်ပါ့) ထမင်းကလေး နှိုက်တော့ နှိုက်တဲ့စိတ် ကလေးလာတယ်၊ မစားရသေးဘူး (မှန်ပါ့) နှိုက်တဲ့စိတ် ကလေးက ပါးစပ်ထဲ ထည့်ပေး လိုက်တော့ နှိုက်တဲ့စိတ် ကလေးဟာ ဒကာ ဒကာမတို့ စားပလား (စားပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

စားတဲ့စိတ်

ဒါဖြင့် စားတဲ့ စိတ်ကလေးဟာ ဝမ်းထဲထည့်ပြီး စားလိုက်ပါ ပြီ၊ ပါးစပ်ထဲ ထည့်ပြီး စားလိုက် ပါတယ်၊ စားတာ ရှိတာပဲ မျိုတဲ့ စိတ်က တခြား (မှန်ပါ့) မျိုတဲ့စိတ်က ခင်ဗျားတို့ သေသေချာချာ စဉ်းစားကြည့်၊ အတော့်ကို အားထုတ်ရတယ် (မှန်လှပါ ဘုရား)။

စားတဲ့စိတ်၊ ဝါးတဲ့စိတ်က ဝါးပေးဖော်ပဲ ရတယ် (မှန်ပါ့ ဘုရား) မျိုတဲ့စိတ် သူ့ကို တစ်ခါတည်း မျက်လုံးမှိတ်ပြီး သကာလ မျိုယူရတယ် (မှန်ပါ့) သူက တခြားဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ဪ တို့သန္တာန် ဖြစ်လေသမျှ၊ ပျက်လေသမျှ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဒါဖြင့် သစ္စာ ကရား, ခင်ဗျားတို့ နာရပြီ (မှန်ပါ့)။

သစ္စာတရားနာကြရပြီ

ဒကာ ဒကာမတို့ ဘာတရား နာရသလဲ (သစ္စာ တရားနာ ရပါတယ် ဘုရား) ဪ သစ္စာ တရားဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နာရပါပြီ (မှန်ပါ့)။

သစ္စာတရားဖြင့် (နာရပါပြီ ဘုရား) တို့သန္တာန် ဘာပေါ်ပေါ်၊ ဘာသစ္စာ ပေါ်မလဲ (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား) ဒုက္ခသစ္စာပဲ ပေါ်တယ် (မှန်ပါ့)။

ဒုက္ခသစ္စာပဲ ပေါ်တယ် ဆိုတော့ ခင်ဗျားတို့ သန္တာန်ဖြင့် ဘာပဲလုပ်နေနေ ဒကာ ဒကာမတို့ ရောင်းချင်တဲ့ စိတ်ကလေးပေါ် လာတယ်၊ ဝယ်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ပြောချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ပေါ်ချင်တာပေါ် ဒကာသစ် ဘာသစ္စာ ပေါ်၍ ဘာသစ္စာ ပျက်တာတုံး (ဒုက္ခသစ္စာပေါ် ၍ ဒုက္ခသစ္စာ ပျက်ပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါ ပြီ ဘုရား)။

ပေါ်ချင်တာပေါ်ဒုက္ခသစ္စာ

သြော် ဒါဖြင့် တို့သန္တာန် မလှုပ်လေနဲ့ လှုပ်ရင် ဒုက္ခ သစ္စာပဲ(မှန်ပါ့) မပေါ်လေနဲ့၊ ပေါ်ရင် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒုက္ခသစ္စာသည် ဒကာ ဒာမ လက်ညှိုးထိုးမလွဲဘူး (မလွဲပါ ဘုရား)။

ဒကာကြွယ် ဘယ်လိုတဲ့တုံး (လက်ညှိုးထိုးလို့ မလွဲပါ ဘုရား)။

လက်ညှိုးထိုးမလွဲဘူး ဆိုတာက ဒကာ ဒကာမတို့ ဒီအထဲ မှာ ခင်ဗျားတို့ လက်ညှိုးထိုးလို့ ရှိရင်ဖြင့်၊ ဘယ်နည်းနဲ့ ကောင်းကင် မလွတ်ဘူး ဆိုတာ သိသလိုပေါ့ဗျာ (မှန်လှပါ) ခင်ဗျားတို့ ခန္ဓာထဲ ပေါ်ချင်တာ ပေါ်တာ ပေါ်ချင်တာ ပေါ်ပါစေ (မှန်ပါ့)။

ဘာမှမပေါ်ဘူး၊ ရွှေလည်း မပေါ်ဘူး၊ ငွေလည်း မပေါ်ဘူး၊ သား လည်း မပေါ်ဘူး၊ သမီးလည်း မပေါ်လာဘူး (မှန်ပါ့) ဘာတွေပဲ ပေါ်သတုံး (ဒုက္ခသစ္စာတွေပဲ ပေါ်ပါတယ်) ဖြစ် ပျက် ဒုက္ခသစ္စာပဲ ပေါ်လာမှာပဲ (မှန်ပါ့) သား, သမီး ဆွေမျိုး ညာတကာများ ပေါ်လာသေးသလား (မပေါ်ပါ ဘုရား) ဘယ့်နှယ် ဘာပေါ်သတုံး (ဖြစ်ပျက်ဒုက္ခသစ္စာပဲ ပေါ်ပါ တယ် ဘုရား)။

သို့သော် တချို့ ဒကာ ဒကာမတွေက မသိသေးတော့ ကျုပ်စိတ်ထဲ သားကလေးချည့် ပေါ်နေတယ် ထင်တယ် (မှန်ပါ့ ဘုရား)။

အာရုံပြုတဲ့စိတ်ပေါ်တာ

ဖြစ်မှဖြစ်ရလေ၊ ဘယ်တော့မှ သားကလေးလည်း သူ့စိတ်ထဲ မပေါ်ဘူး (မှန်လှပါ) သမီးကလေး ကော သူ့စိတ်ထဲပေါ် ရဲ့ လား (မပေါ်ပါ ဘုရား) မဟုတ်ပါဘူးတဲ့၊ သမီး အာရုံပြုတဲ့ စိတ်ကလေး ပေါ်တာ (မှန်ပါ့) သားကို အာရုံပြု တဲ့ (စိတ်ကလေး ပေါ်တာပါ ဘုရား)။

ဒီစိတ်ကလေးကလည်း ပေါ်ပြီး ဘာဖြစ်သွားသတုံး (ပျက်သွားပါတယ် ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အို ဒုက္ခသစ္စာ ပေါ်တာကို သူက သားပေါ်တယ် ပြောနေလို့ ခက်နေတာ (မှန်ပါ့) သမီး ပေါ်နေတယ် ပြောလို့ (ခက်နေတာပါ ဘုရား)။

ဖြစ်မှဖြစ်ရလေ ဒကာ ဒကာမတို့ ပေါ်တာက ဒုက္ခသစ္စာ ဟုတ်လား (မှန်ပါ့) သူထင်တာက သားကလေး သမီးကလေး ထင်နေပြန်တော့ သူရူးပုံလည်း တစ်မျိုးပဲ (မှန်လှပါ) မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါ လူတိုင်း ပြောနေတာ ဒကာကြွယ်ရေ (မှန်ပါ့) ကျုပ်စိတ်ထဲမှာ သားကလေးချည့် ပေါ်နေတယ် (မှန်ပါ့) သမီးကလေးချည့် (ပေါ်နေတယ် ဘုရား) ပျောက်တဲ့ ပစ္စည်းကလေးချည့် (ပေါ်နေပါတယ် ဘုရား)။

ဘယ်ဟုတ်ရမတုံး၊ အဲဒါတွေက ပေါ်လို့ရှိရင် အိမ်ပေါ် ရောက်လာ မှာပေါ့ (မှန်ပါ့)။

ပေါ်ပြီးပျောက်သွားတယ်

မပေါ်ပါဘူး ဒါတွေက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သားဘက်ကို အာရုံပြုတဲ့ စိတ်ကလေး ဒုက္ခသစ္စာ ပေါ်တာ (မှန်ပါ့) သမီးဘက်ကို အာရုံပြုတဲ့စိတ် ကလေး (ဒုက္ခသစ္စာ ပေါ်တာပါ ဘုရား) ပြီးတော့ သူဘာဖြစ် သွားသတုံး (ပျောက်သွားပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာပေါ် ဒုက္ခသစ္စာချုပ်တာကို မသိသေးတဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ သားကလေး ပေါ်နေတယ် (မှန်ပါ့ ဘုရား) သမီးကလေး (ပေါ်နေပါတယ်) ပစ္စည်း ကလေး (ပေါ်နေပါတယ် ဘုရား)။

ခက်ပြီ ဒကာကြွယ်ရေ ပေါ်တာက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ) သူက သား၊ သမီး လုပ်နေတော့ ခက်နေပြီ (ခက်ပါတယ် ဘုရား)။

ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာ

အဲ-ဒါမသိမှာစိုးလို့ ဒကာဒကာမတို့ ဘုရားက “သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ကွ (မှန်ပါ့) မင်း သား၊ သမီး မပါဘူးနော် (မှန်ပါ) သေသေချာချာ ဟောရှာတယ် (မှန်ပါ့ ဘုရား)။

မင်းသန္တာန် ဘာပဲပေါ်ပေါ်၊ ရုပ်ပေါ်ပေါ်၊ စိတ်ပေါ်ပေါ် ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား) မင့်သား၊ သမီး မပါဘူးလို့ သေသေချာချာ ကန့်ကွက်တယ် (မှန်ပါ့)။

ခင်ဗျားတို့ကသာ အရူးထပြီးတော့ သားကလေးချည့် ပေါ်နေတယ်၊ ကျုပ်ကလည်း အဝေး ရောက်နေတာ သူ့မျက်နှာ ကလေး ပေါ်ပေါ်နေတယ် (မှန်ပါ့) ဘယ့်နှယ် ဖြစ်တာတုံး ဒကာကြွယ် (အရူးထ, တာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း အိပ်ရာထဲ တစ်ယောက်တည်း ရူးတာက ရှိသေးတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

စင်စစ်တော့ဖြင့် ဒကာဒကာမတို့ သားဘက် လှည့်လိုက် လို့ သားအာရုံကလေး ပေါ်တာ၊ သားကပေါ်တာလား၊ သားကို အာရုံပြုတဲ့ စိတ်ပေါ်တာလား (သားအာရုံပြုတဲ့ စိတ်ပေါ် တာပါ ဘုရား) စိတ်ကလေးပေါ်ပြီး ပျက်တော့ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ပေါ်တာပျက်တာဒုက္ခသစ္စာ

အဲ ပေါ်တာကလည်း ဒုက္ခသစ္စာ၊ ပျက်တာကလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် သား၊ သမီးပေါ်တာလား၊ ဒုက္ခသစ္စာပေါ်တာလား (ဒုက္ခသစ္စာ ပေါ်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာ ပေါ်တာကို ဒကာ ဒကာမတွေက ကျုပ်ဘာများ ဖြစ်ချင်တယ် မပြောတတ်ပါဘူးတဲ့၊ ဘာမှမဖြစ်ပါ ဘူး ဒုက္ခသစ္စာ ဖြစ်တာပါ (မှန်ပါ့)။

ဘာများဖြစ်ချင်သလဲ၊ သားကလေးချည့် မျက်စိထဲ မြင် နေတယ် (မှန်ပါ့) သမီးကလေးချည့် (မျက်စိထဲမြင်နေ ပါတယ် ဘုရား) ဘာများ ဖြစ်ချင်တယ် မသိဘူးတဲ့ (မှန်ပါ့ ဘုရား) ဘာများ ဖြစ်ချင်တာ မဟုတ်ဘူး၊ ခင်ဗျား အပါယ် ဖြစ်ချင်တာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်ချင်တာတုံး (အပါယ်ဖြစ်ချင်တာပါ) အပါယ်ဖြစ်ချင်တာကို ဘာများ ဖြစ်ချင်တယ် မသိဘူးလို့ လုပ်မနေ နဲ့ (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

အပါယ်သွားချင်ကြလို့

သားကလေးချည့် ပေါ်နေရင် ဘာများဖြစ်ချင်ပါလိမ့် မတုံးလို့ တွေးမနေနဲ့တော့၊ သြော် ငါအပါယ်သွားဖို့ပဲ (မှန်ပါ့ ဘုရား)။

သမီးကလေးချည့် မြင်နေရင် (အပါယ်သွားချင်လို့ ပါ ဘုရား) ဘာများဖြစ်ချင်ပါလိမ့် သံသယတွေ ဘာတွေ ရှုပ်မနေ နဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်ချင်လို့တုံး (အပါယ်သွားချင်လို့ပါ ဘုရား) အပါယ်သွားဖို့ သေချာတာက ကိုယ့်ဟာ ကိုယ် ပုဗ္ဗနိမိတ်များ မကောင်းဘူးတဲ့၊ ဟုတ်တယ် မကောင်းဘူး ဒယ်အိုး နိမိတ် အဲဒါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒယ်အိုးနိမိတ်ထင်လာတာ

ဘာနိမိတ် ထင်လာတာတုံး (ဒယ်အိုး နိမိတ်ထင်လာ တာပါ) ဒယ်အိုး နိမိတ်ထင်လာတာ ရှင်းပလား ဒကာကြွယ် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သားကလေးမြင်တာ မဟုတ်ပါဘူး၊ သားကို အာရုံပြုတဲ့ မနောစိတ် ပေါ်တာ (မှန်ပါ့) မနောစိတ် ကလေးဟာ ပေါ်ပြီး ဘာတုံး (ပျောက် သွားပါတယ် ဘုရား)။

အဲ ပျက်သွားတော့ ဘာသစ္စာ ပေါ် သတုံး (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား)။

ဓမ္မစကြာမှာဒီအတိုင်းပါတယ်

အဲ ဒါဖြင့်ဘုရားက “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” မင်းတို့ သန္တာန် ဘာပဲဖြစ်ဖြစ် ဘာတရား ပေါ်ပေါ် ဘာသစ္စာ တဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား) သားသမီး ပါသေးသလား (မပါပါ ဘုရား)။

ဒါ-ဓမ္မစကြာမှာ ဒီအတိုင်း ပါ-ပါတယ် (မှန်ပါ့) တရားဦးမှာ ဒီအတိုင်းပဲ ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။

ဒီကရှေ့ကို ဗွေမဖေါက်ပါနဲ့

ဒါဖြင့် ခင်ဗျားတို့ ဗွေမဖောက်ပါနဲ့ ဒီက ရှေ့ကို (မှန်ပါ့ ဘုရား)။

ဒီကရှေ့ကို ဒကာကြွယ် (ဗွေမဖေါက်ပါနဲ့) ငွေမဖောက် ပါနဲ့ ခင်ဗျားတို့ လူကြီးတွေက သာဆိုးတယ် (ဆိုးပါတယ် ဘုရား)။

လူကြီးက ရှေ့ရေး တွေးရတာနဲ့၊ နောက်ရေး တွေးရတာနဲ့ ခင်ဗျားတို့ ရှေ့နောက် မှီတာကို အတော် ခက်နေတယ် (ခက် ပါတယ် ဘုရား) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ရှေ့နောက် မှီတာကိုပဲ တွေးစရာ နှစ်ဖက် ဖြစ်လာတယ်၊ သူတို့ ခလေးတွေက ဘာမှမသိဘူး၊ ရှေ့နောက် မမှီဘူး (မှန်ပါ့ ဘုရား)။

အင်း ခင်ဗျားတို့ ခြေလှမ်းက သိပ်ကျယ်ထားတော့ ရှေ့တွေးပြန်လည်း မကောင်းတာ တွေးမိတာပဲ (တွေးမိပါ တယ်) နောက်တွေးပြန်ကော (မကောင်းတာ တွေးမိပါ တယ် ဘုရား)။

အဲ ဒါတွေ လိုရင်းမဟုတ်ပါဘူး ဒကာကြွယ်ရ၊ ပေါ်လာတဲ့တရား ဒုက္ခသစ္စာ ချည့်တွေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်လာတဲ့ ဓမ္မဟူသ၍ (ဒုက္ခသစ္စာချည့် တွေးရပါ မယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ သစ္စာတရား နာရ မယ် (မှန်ပါ့) သစ္စာတရား နာရမယ် ဆိုတော့ အခုဘုန်းကြီးက သင်ပေး လိုက်တယ်၊ ခင်ဗျားတို့ သန္တာန် ပူတာ ပေါ်တာလည်း ဒုက္ခသစ္စာ၊ အေးတာ ပေါ်တာလည်း (ဒုက္ခသစ္စာပါ) ဆွေးတာ ပေါ်လည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် စိတ်ကလေး ပေါ်လာလည်း ဒုက္ခသစ္စာ ပေါ်တာပဲ (မှန်ပါ့) ပူတဲ့စိတ်ကလေး ပေါ်လာလည်း (ဒုက္ခသစ္စာ ပေါ်တာပါ ဘုရား) ဆွေးတဲ့စိတ် ကလေး ပေါ်လာရင်လည်း (ဒုက္ခသစ္စာ ပေါ်တာပါ ဘုရား)။

မျက်ရည်ကျချင်တဲ့စိတ်

မျက်ရည်ကျချင်တဲ့ စိတ်ကလေး ပေါ်လာလည်း (ဒုက္ခ သစ္စာပေါ်တာပါ) ကုသိုလ်ပြုချင်တဲ့ စိတ်ကလေး ပေါ်လာပြန် ရင်လည်း (ဒုက္ခသစ္စာ ပေါ်ပါတယ်) ပေါ်ချင်တာပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါဟောလို့ နာရတော့မှ ဪ ဒို့သစ္စာဆိုတာ တခြားလားအောက်မေ့တယ် ကိုယ့်သန္တာန် ပေါ်သ၍ ဒုက္ခသစ္စာ ပါလား (မှန်ပါ့)။

ကိုယ့်သန္တာန်ပေါ်သ၍ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပြီ ရှင်းပြီ (မှန်ပါ့ ဘုရား)။

သစ္စာတရားတော့နာရပြီ

သစ္စာတရား နာရပလား (နာရပါပြီ ဘုရား) အဲဒီ တော့ သစ္စာတရားတော့ နာရပြီတဲ့ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ပေါ်ချင်တာပေါ်၊ ပေါ်သ၍ ဒုက္ခသစ္စာချည့်လို့ ဆရာဘုန်းကြီးက ဟောလို့ ဒကာ ဒကာမတွေက၊ ဪ ပေါ်ချင်တာ ပေါ်တာဟာ ဒုက္ခသစ္စာပဲတဲ့ မသိရဘူးလား (သိရပါတယ် ဘုရား)။

ရှေ့တစ်လှမ်းတက်ပါ

သိရတယ် သိရတော့ ရှေ့တစ်လှမ်း တက်မယ် (မှန်ပါ့) ဒါသိတဲ့ တစ်လှမ်းတော့ဖြင့် သေချာ သွားပြီ (မှန်ပါ့ ဘုရား)။

ရှေ့တစ်လှမ်း တက်ပါဦးတဲ့ ခင်ဗျားတို့၊ ရှေ့တစ်လှမ်း တက်လိုက်တဲ့ အခါကျတော့ ဒီလို ဟောတာကို မနာနဲ့တော့ (မှန်ပါ့) ကိုယ့်ဟာကိုယ် အိမ်ပြန်ပြီး သကာလ ဖြစ်စေ၊ တစ်နေရာ ကမ္မဋ္ဌာန်း ကျောင်းမှာ ဖြစ်စေ၊ ဒီမှာ တရားနာဖို့ ဦးစွာ ရောက်တဲ့ အခါမှာ ဖြစ်စေပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ထဲရှောက်ပြီးကြည့်ပါ

ကိုယ့်ဟာကိုယ် ခန္ဓာကိုယ်ထဲ ရှောက်ပြီး ကြည့်လိုက်၊ စားချင်တဲ့စိတ် ပေါ်လာတဲ့ သြော် ဒါကလေးဟာ ရှိသေး သလား မရှိတော့ဘူးလား ကြည့်လိုက်စမ်း (မရှိတော့ပါ ဘုရား) မရှိဘူး (မှန်ပါ့ ဘုရား)။

မရှိတာကလေးဟာ ဘာတုံး (ဒုက္ခသစ္စာ) အင်း ဒါပျက်သွားပြီ (မှန်ပါ့) ပျက်သွားတော့ သူ့ဟာ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

စားချင်တဲ့စိတ်ကို ခုနင်က စိတ် ဘာစိတ်ပါလိမ့် မတုံးလို့ တွေးလုံး ဝိပဿနာ ရောက်လာတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာဟာ (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂ သစ္စာပါ ဘုရား)။

ကိုယ်တိုင်တွေးလိုက်မှ သစ္စာတွေ့တယ်

ဟော နေရာကျပြီ (မှန်ပါ့) ဒကာ ဒကာမတို့ နေရာကျပြီ (မှန်ပါ့) ဘယ်လို နေရာကျပါလိမ့် မတုံး ဆိုတော့ ကိုယ်တိုင် တွေးလိုက်တော့ သစ္စာတွေ့တယ် (မှန်ပါ့)။

ကိုယ်တိုင် တွေးလိုက်တော့လည်း (သစ္စာတွေ့ပါ တယ် ဘုရား)။

တစ်ခါ အိပ်ချင်စိတ် ကလေးကိုလည်း ဘုန်းကြီးက အတွေး ခိုင်းထားတယ် (မှန်ပါ့) “သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ” သံခိတ္တံ စိတ္တံ = အိပ်ချင်တဲ့စိတ်ကို၊ သံခိတ္တံ စိတ္တန္တိ = ရှိသေးသလား မရှိဘူးလားလို့၊ ပဇာနာတိ= သိအောင် လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အိပ်ချင်တဲ့ စိတ်ကလေးဟာ ပေါ်လာတယ် (မှန်ပါ့) တွေးကြစမ်း၊ ရှိသေးရဲ့လား (မရှိပါ) တွေးတဲ့စိတ် က တခြားကိုးဗျ (မှန်ပါ) ဒါဖြင့် မရှိတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) တွေးတာက (မဂ္ဂသစ္စာပါ ဘုရား)။

သြော် ဒီလို ကိုယ်တိုင် တွေ့တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပထမ သစ္စာတရား နာထားတယ် (မှန်ပါ့) အခုတော့ ကိုယ်ကိုယ်တိုင် သစ္စာတွေ့တယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်သွားပြီ

ပထမက ဘာပါလိမ့် (သစ္စာတရားနာထားပါတယ် – ဘုရား) နောက် ကိုယ်ကိုယ်တိုင် နှလုံးသွင်း ကြည့်တော့ (သစ္စာတွေ့ပါတယ် ဘုရား) သြော် ဒါဖြင့် နှလုံးသွင်း မှန်သွား ပြီ (မှန်ပါ့) နှလုံးသွင်း မှန်သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် (နှလုံးသွင်း မှန်သွားပါပြီ) နဂိုတုန်းက ငါစားချင် လိုက်တာ ဆိုတာ နှလုံးသွင်း လွဲနေတယ် (လွဲနေ ပါတယ်) ငါအိပ်ချင် လိုက်တာဆိုတာ (နှလုံးသွင်း လွဲနေပါတယ် ဘုရား)။

ခုတော့ဖြင့် အိပ်ချင်တဲ့ စိတ်ကလေးကလည်း ဒုက္ခသစ္စာ (မှန်ပါ့) စားချင်တဲ့ စိတ်ကလေး ကလည်း (ဒုက္ခသစ္စာပါ) ကဲ မိစ္ဆာဒိဋ္ဌိပျောက်ပြီး သမ္မာဒိဋ္ဌိ ရောက်ပြီ (မှန်ပါ့ ဘုရား)။

တွေးတယ်ဆိုတာအလုပ်လုပ်တာ

မိစ္ဆာဒိဋ္ဌိ ပျောက်ပြီးတော့ (သမ္မာဒိဋ္ဌိ ရောက်ပါပြီ) သမ္မာ ဒိဋ္ဌိရောက်ပြီ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ပထမသစ္စာ တရား နာထားလို့ ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် သစ္စာ သိထားတယ် (မှန်ပါ့) နောက်ကိုယ်ကိုယ်တိုင် တွေးကြ တယ် (မှန်ပါ့) တွေးကြတယ် ဆိုတာ အလုပ်လုပ်တာ (မှန်ပါ့ ဘုရား)။

ကိုယ်တိုင်တွေးတာအလုပ်လုပ်တာ

ကိုယ်ကိုယ်တိုင် တွေးတာ ဟူသ၍ဟာ (အလုပ် လုပ်တာပါ ဘုရား)။

အလုပ်-လုပ်တာပဲ ဆိုတဲ့ဥစ္စာ သားတွေ, သမီးတွေကို ဆိုတာ မဟုတ်ဘူးဗျနော် (မှန်ပါ့) ရှေ့စိတ်ကို နောက်စိတ် နဲ့ တွေးတာ (မှန်ပါ့ ဘုရား)။

ရှေ့စိတ်ကို (နောက်စိတ်နဲ့ တွေးတာပါ) နောက် စိတ်နဲ့ တွေးတဲ့ အခါ ရှေ့စိတ်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) နောက်စိတ်က (မဂ္ဂသစ္စာပါ ဘုရား)။

သာဝကပါရမီဉာဏ်ပြည့်ပြီ

ဪ ဒါဖြင့် သာဝက ပါရမီဉာဏ်မှာ ဒါလောက် ဆိုရင် ပြည့်တာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ကိုယ်ကိုယ်တိုင်တွေး တဲ့အခါကျတော့ ဘာတွေများ တွေ့ရပါလိမ့် (ဒုက္ခသစ္စာ တွေ တွေ့ရပါတယ်) ဒုက္ခသစ္စာချည့် တွေ့ရတယ် (မှန်ပါ့ ဘုရား)။

အင်း ဒါဖြင့် နှလုံးသွင်း နဂိုတုန်းက မိစ္ဆာဒိဋ္ဌိတုန်း ကတော့ ဦးမာဒင်ရေ ငါစားချင်တယ် (မှန်ပါ့) စားချင်တဲ့ စိတ် ဒုက္ခသစ္စာ မဟုတ်ဘူး၊ ငါဖြစ်သွားတယ် (မှန်ပါ့) အိပ် ချင်တဲ့စိတ်ဟာ ဒုက္ခသစ္စာ ဟုတ်ကဲ့လား (မဟုတ်ပါ) ငါဖြစ်သွားတယ် (မှန်ပါ့) ပြောချင်တဲ့ စိတ်ဟာ ဒုက္ခသစ္စာ ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား) ဘာဖြစ်ပါလိမ့် (ငါဖြစ်ပါတယ် ဘုရား)။

ငါဖြစ်သွားတယ်၊ ငါပြောချင်တယ် ဆိုတော့ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

အခုတော့ စားချင်တဲ့ စိတ်ကလေး ကြည့်လိုက်ပြန်လည်း ဒုက္ခသစ္စာ (မှန်ပါ့) အိပ်ချင်တဲ့ စိတ်ကလေး ကြည့်လိုက်ပြန် လည်း (ဒုက္ခသစ္စာပါ) ပြန့်လွင့်တဲ့ စိတ်ကလေး ကြည့်လိုက် ပြန်လည်း (ဒုက္ခသစ္စာပါ ဘုရား)။

မိစ္ဆာဒိဋ္ဌိပျောက်၍သမ္မာဒိဋ္ဌိမဂ္ဂင်ရောက်

ဪ ဒါဖြင့် မိစ္ဆာဒိဋ္ဌိ ပျောက်၍ သမ္မာဒိဋ္ဌိ မဂ္ဂင် ရောက် ပြီ (မှန်ပါ ဘုရား)။

မိစ္ဆာဒိဋ္ဌိ ပျောက်၍ (သမ္မာဒိဋ္ဌိမဂ္ဂင် ရောက်ပါပြီ) သမ္မာဒိဋ္ဌိ မဂ္ဂင်ရောက်ပါပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာတရားနာ၍ သစ္စာ နှလုံးသွင်း တည့်ပြီ (မှန်ပါ့ ဘုရား)။

သစ္စာတရား နာရသောကြောင့် (သစ္စာနှလုံးသွင်း တည့်ပါပြီ) သစ္စာနှလုံးသွင်း တည့်သွားပြီ ဆိုတာ တော်တော် ရိပ် မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

နှလုံးသွင်းတည့်တာဘယ်အချိန်ပြီးမှာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာတရားနာလို့ သစ္စာနှလုံး သွင်းတည့်တော့ကို တပည့်တော်တို့ နှလုံးသွင်းတည့်တာ ဘယ်အချိန်ပြီးမှာတုံး၊ ဒါပဲလိုတော့တယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းတော့ တည့်တော့တည့်ပြီ (မှန်ပါ့) နှလုံးသွင်းတည့်တာလည်း ဘယ်အချိန်မှာ နှလုံးသွင်း တည့်တဲ့ ကိစ္စဟာ လမ်းဆုံးသတုံး (မှန်ပါ့) မေးဖို့ လိုလာတယ် (လိုလာပါတယ်) မလိုဘူးလား (လိုလာပါတယ် ဘုရား)။

အဲဒီဟာကလေးဟာ အခုနောက်ပြောမယ့် အချက်ဟာ လည်း ဒကာ ဒကာမတို့ခင်ဗျားတို့ တော်တော် အရေးကြီးတယ် ဆိုတာလည်း မှတ်လိုက်ပါဦး (မှန်ပါ့ ဘုရား)။

ဘယ်တော့ရှင်းရှင်းပိတ်မှာလဲ

နှလုံးသွင်းတော့ တည့်သွားပြီ (မှန်ပါ့) နှလုံးသွင်း တော့တည့်ပြီဘုရား၊ အပါယ်လေးပါး ရှင်းရှင်း ပိတ်အောင် နှလုံး သွင်း ဘယ်အခြေအနေ ရောက်အောင် တည့်မှ တပည့်တော်တို့ ခုနင်က ကြွေးဟောင်းပြေ၍ ကြွေးသစ် ပျောက်မှာလဲ (မှန်ပါ့) မလိုဘူးလားဗျာ (လိုပါတယ် ဘုရား)။

လိုတယ်တဲ့ အဲဒီတော့ ဒကာ ဒကာမတွေ ဂရုစိုက်ပြီး နားထောင်ပါ ၁၀-မိနစ်ပဲ ကျန်တယ်၊ ဒါကို သေသေချာချာ နားထောင်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဓမ္မာနုပဿနာဟောနေတာ

သေသေချာချာ နားထောင်ပါတဲ့၊ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ထဲ ပေါ်တဲ့ စိတ်ဟူသ၍ စိတ္တာနုပဿနာ ရှုတဲ့ ပုဂ္ဂိုလ်က စိတ်ပေါ့ဗျာ (မှန်ပါ့) ဝေဒနာနုပဿနာ ရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာ၊ နောက်ဆုံးပိတ် သစ္စာဆိုတော့ တပေါင်းတည်း ဖြစ်သွားတာပဲ (မှန်ပါ့ ဘုရား)။

ဒီနေ့ဟောတာသည် ကာယာနုပဿနာ၊ ဝေဒနာ နုပဿနာ၊ စိတ္တာနုပဿနာကို ပေါင်းပြီး ဓမ္မာနုပဿနာကို ဟော နေတယ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

သစ္စာဟောရင်ဓမ္မာနုပဿနာ

ဘာပါလိမ့် (ဓမ္မာနုပဿနာ ကိုဟောပါ တယ်) ဓမ္မာနုပဿနာကို ဟောနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သစ္စာဟောရင် ဓမ္မာနုပဿနာသာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သတိပဋ္ဌာန်ထဲကကော လွတ်ပါရဲ့လား (မလွတ်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ထိုင်ပြီးသကာလ သစ္စာတရားလည်း နာပြီးလို့ သစ္စာကို နှလုံးသွင်း တည့်အောင် သွင်းပါတော့မယ် ဆိုတော့ သွင်းတိုင်း သွင်းတိုင်း ဘာတွေချည့် တွေ့နေသတုံး (ဒုက္ခသစ္စာ တွေချည့် တွေ့ပါတယ် ဘုရား)။

သြော် အတွေ့ခံရတာက ဒုက္ခသစ္စာ၊ တွေ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့)၊ အတွေ့ခံရတာက (ဒုက္ခသစ္စာပါ)၊ တွေ့တဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

လောကီသမ္မာဒိဋ္ဌိသေချာပြီ

သြော် ဒကာ ဒကာမတွေ အင်း လောကီသမ္မာဒိဋ္ဌိ သေချာပြီ(သေချာပါပြီ ဘုရား)။

ဘာပါလိမ့် (လောကီသမ္မာဒိဋ္ဌိသေချာပါပြီ)။ လောကီ သမ္မာဒိဋ္ဌိဖြင့် သေချာပြီပေါ့ (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လောကီသမ္မာဒိဋ္ဌိ ရှိတဲ့ ပုဂ္ဂိုလ်မှ လောကုတ္တရာ သမ္မာဒိဋ္ဌိ ကူးနိုင်တယ် (မှန်ပါ့ ဘုရား)။

လောကီသမ္မာဒိဋ္ဌိက ဒကာ ဒကာမတို့ မိစ္ဆာဒိဋ္ဌိ သတ်ပြီးလို့ လောကီ သမ္မာဒိဋ္ဌိ ဖြစ်ရတာ(မှန်ပါ့ ဘုရား)။

လောကီသမ္မာဒိဋ္ဌိက ဘာသတ်ပြီးလို့ ဖြစ်ရပါလိမ့် (မိစ္ဆာဒိဋ္ဌိ သတ်ပြီးလို့ ဖြစ်ရတာပါ ဘုရား)။

အပါယ်တော့မသွားဘူး

သြော် ဒါဖြင့် ကျုပ်တို့ မိစ္ဆာဒိဋ္ဌိ သတ်ပြီးကတည်းက အပါယ်တော့ မသွားဘူး (မှန်ပါ့)၊ သို့သော် အပါယ်သာ မသွားသေးတယ်၊ သူဟာ သောတာပန် မတည်သေးဘူး (မှန် ပါ့ ဘုရား)။

သောတာပန်တည်သေးဘူး

သောတာပန်တော့ မတည်သေးဘူး (မှန်ပါ့)။ ကဲ တည်အောင်ပဲ ဒကာ ဒကာမ လုပ်ကြပါစို့ (မှန်ပါ့)၊ အပါယ်တော့ မသွားတော့ဘူးနော် (မှန်ပါ့)၊ ဘာကြောင့်တုံး မိစ္ဆာဒိဋ္ဌိ သတ်ပြီးလို့ (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာ တွေ့ကတည်းက ဘာသတ်သတုံး (မိစ္ဆာ ဒိဋ္ဌိ သတ်ပြီးပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ သတ်တော့ ကိုယ့်သန္တာန် ဝမ်း ထဲမှာ သမ္မာဒိဋ္ဌိ ရောက်နေပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာရောက်နေသတုံး (သမ္မာဒိဋ္ဌိ ရောက်နေပါတယ်)၊ သမ္မာဒိဋ္ဌိ ရောက်တယ် ဆိုတာ သေချာပလား (သေချာပါပြီ)၊ အဲ အပါယ် မရောက်သွားတာတော့ သေချာတယ် (မှန်ပါ့)၊ သို့သော် အမြစ် မပြတ်ဘူး (မှန် ပါ့ ဘုရား)။

ဒီဘဝ သေလို့ရှိရင်ဖြင့် ဒီအတိုင်းနဲ့ သေသွားလို့ရှိရင် တော့ အပါယ်တော့ မရောက်သေးဘူး တစ်ဘဝ-နှစ်ဘဝ (မှန်ပါ့)၊ နောက်တော့ ပြန်ချင်ပြန်မယ် ဆိုတော့ ဒါလည်း မကောင်းသေး ဘူး (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်ပြီ ဆက်ရှုပါ

မကောင်းသေးတဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ကဲ ကောင်းလက်စ အဆုံး တိုင်အောင် ယူကြစို့ (မှန်ပါ့)၊ ဆိုတော့ ဒီသစ္စာတွေ မြင်ပြီး သကာလ ဖြစ်ပျက်တွေဟာ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဆက်ရှု ဒကာ ဒကာမတို့ နှလုံးသွင်း မှန်ပြီနော် (မှန်ပါ့)၊ ဒုက္ခသစ္စာ မှတစ်ပါး ဘာရှိသေး သတုံး (ဘာမှ မရှိပါ ဘုရား)။

နှလုံးသွင်းမှန်ပြီ ဒါဖြင့် (မှန်ပါ့)၊ နှလုံးသွင်းမှန်လို့ ရှိရင် ဆက်ရှုပါ (မှန်လှပါ)။

ဉာဏ်အမြင်၊ အထင်ပြောင်းတယ်

မှန်တော့ မှန်ပြီ ဒကာ ဒကာမတို့ ဆက်ရှုပါ ဆိုတော့ ဒီဉာဏ်ပြောင်း သွားတယ် (မှန်ပါ့)၊ ဆက်ရှုတဲ့ ဉာဏ်ဟာ ခုနင်က ဉာဏ်တော့ ဉာဏ်ပဲ၊ ဉာဏ်ပင်ဖြစ်ငြား သော်လည်း အမြင် အထင် ပြောင်းတယ် (မှန်ပါ့)၊ ဒီဒုက္ခသစ္စာတွေ မုန်းတယ် (မှန်ပါ့)၊ မမုန်းဘူးလား (မုန်းပါတယ် ဘုရား)။

အင်း ဒုက္ခသစ္စာချည့်ပဲ၊ ဘယ် ကြည့်လိုက်လဲ ဒုက္ခသစ္စာ၊ ဟို ကြည့်လိုက် ဒုက္ခသစ္စာ၊ ကြည့်ချင်တဲ့ နေရာ ကြည့်၊ ဘာတွေ တွေ့နေသတုံး (ဒုက္ခသစ္စာတွေ တွေ့နေပါ တယ် ဘုရား)။

ဒုက္ခအပေါ်မုန်းလာတယ်

ဪ ခန္ဓာကိုယ်က တစ်ကိုယ်လုံးမှာဖြင့် ဒုက္ခတုံး၊ ဒုက္ခခဲကြီး ဖြစ်နေပါပေါ့လား ဆိုတော့ ဒုက္ခအပေါ်၌ မုန်းလာတယ် (မုန်းပါတယ် ဘုရား)။

ခုနင်ကတော့ ဒုက္ခသစ္စာသာ ရှိတယ် အခုတော့ ဒုက္ခ သစ္စာ မုန်းလာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

မုန်းလျက်နဲ့ဆက်ရှု

ကဲ ဒါဖြင့် မုန်းလျက်နဲ့ပဲ ဒကာ ဒကာမတွေ ဒုက္ခ ဆက်ပြီး ပေးပြန်တယ် တရား (မှန်ပါ့)၊ ဆက်ရှုဆက်ရှု ဒကာ ဒကာမတွေ ဆက်ရှုပါဆိုတော့ မုန်းလျက်နဲ့ပေပြီး အရှုခိုင်းတယ် (မှန်ပါ့)။

ရှုတဲ့အခါကျတော့ မုန်းလေလေ ကြာတော့ ဒကာ ဒကာမတွေ သန္တာန်မှာ မလိုချင်တဲ့ဉာဏ် ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။

မလိုချင်တဲ့ဉာဏ်ဖြစ်လာတယ်

ဒီခန္ဓာကြီး ဒုက္ခသစ္စာကြီးကို ဘယ့်နှယ်တုံး (မလိုချင် တဲ့ဉာဏ်ဖြစ်လာပါတယ်)၊ မလိုချင်တဲ့ ဉာဏ်ဖြစ်လာတော့ မဂ္ဂ သစ္စာပဲ၊ မဂ္ဂင်ရှစ်ပါး ပြည့်တယ် (မှန်ပါ့)၊ ခုနင်က ငါးပါးကိုးဗျ (မှန်ပါ့)၊ အခု မလိုချင်တဲ့ ဉာဏ်လည်း ရောက်ပါရော (ရှစ်ပါး ဖြစ်ပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးဖြစ်တော့ ဒုက္ခသစ္စာပျောက်

ရှစ်ပါးဖြစ်တော့ ဒကာ ဒကာမတို့ မလိုချင်တော့ မလိုချင် တဲ့ဥစ္စာသည် ဒကာ ဒကာမတို့ ပျောက်ပါတယ် (မှန်လှပါ ဘုရား)။

ရှေးက ဒုက္ခသစ္စာတွေ ဘာဖြစ်သွားတုံး (ပျောက် သွားပါတယ် ဘုရား)။

သြော် ဒုက္ခသစ္စာ ပျောက်ပြီ(မှန်ပါ့)၊ ဒါဖြင့် ဒီဉာဏ် သည် ဒုက္ခသစ္စာ မြင်သလား၊ ဒုက္ခ ပျောက်တာ မြင်သလား (ဒုက္ခပျောက်တာ မြင်ပါတယ် ဘုရား)။

ဟာ တစ်သံသရာလုံး မပျောက်တဲ့ ဒုက္ခ(မှန်ပါ့)၊ ဒီဘဝ စုတေတော့ ဒုက္ခနဲ့ သေတယ်၊ ပဋိသန္ဓေ နေတော့ကော (ဒုက္ခနဲ့ နေပါတယ်)၊ ဒီကြားထဲ ဘာနဲ့နေနေ (ဒုက္ခနဲ့ နေပါ တယ်)၊ ဘယ်တော့မှ ကျုပ်တို့ ဒုက္ခနဲ့ အိုးစား မကွဲခဲ့ဘူး (မကွဲ ခဲ့ပါ ဘုရား)၊ ယခု သေသေချာချာ မလိုချင်တော့ ဒုက္ခတွေ ဘာ ဖြစ်သွားသတုံး (ပျောက်သွားပါတယ် ဘုရား)၊ ဒုက္ခတွေ ပျောက်တယ် (မှန်ပါ့)။

မဂ်နဲ့နေတယ်

ဒုက္ခတွေပျောက်ပြီး သကာလ မဂ်တည်းဟူသော တရား တွေက ဝမ်းထဲ ရောက်နေတယ် (မှန်ပါ့)၊ မဂ်နဲ့နေတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခပျောက်ပြီး သကာလ (မဂ်နဲ့နေပါတယ်)၊ အဲ မဂ်ရောက်လာတယ် ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ဖိုလ်လာတော့လည်းနိဗ္ဗာန်ပဲတွေ့နေ

ဒုက္ခပျောက်ပြီး မဂ်ရောက်လာ၊ မဂ်ရောက်လာ မဂ် လည်းချုပ်ပြီး တစ်ခါ ဖိုလ် လာပြန်တာပဲ (မှန်ပါ့)၊ ဖိုလ် လာပြန်တော့လည်း ခုနင်က နိဗ္ဗာန်ပဲ တွေ့နေတာပဲ (မှန်ပါ့)။

ခုနင်က ဒုက္ခပျောက်တဲ့ နေရာမှာပဲ တွေ့နေတယ် (မှန်ပါ့)၊ ဒုက္ခပျောက်နေတဲ့ နေရာ နိဗ္ဗာန် (မှန်ပါ့)၊ ဟုတ်လား၊ ခုနင်က ပျောက်သွားတာက မဂ်ဉာဏ် (မှန်ပါ့)၊ ယခု ရှုနေတာက ဖိုလ်ဉာဏ် (မှန်ပါ့)၊ ယခု ရှုနေတာက ဖိုလ် ဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ပစ္စဝေက္ခဏာဉာဏ်

ဒီနောက် တစ်ခါ ဖိုလ်လည်း ဥပါဒ်-ဌိ-ဘင်ဆို ပျက်သွား တယ် ဒကာသစ်ရ (မှန်ပါ့)၊ နောက် လာပြန်ပြီ ဒီနေရာပဲ စိတ်စဉ် မပြတ်၊ ကျုပ်တို့မှ မသေသေးရင် ဒါပြတ်ပါ့မလား (မပြတ် ပါ ဘုရား)၊ မပြတ်တော့ ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ကြည့်လိုက် ပြန်တော့ ရှေ့ဘာမှမရှိဘူး၊ ဒုက္ခတွေ ပျောက် (မှန်ပါ့ ဘုရား)။

ဒုက္ခပျောက်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဒုက္ခပျောက်တာကို မြင်တာက (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ် ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် (မှန်ပါ့)။

ဒုက္ခချုပ်တဲ့နိဗ္ဗာန်မြင်ရတယ်

ဒီဉာဏ်ရပြီဆိုတော့ ဒကာကြွယ်ရေ နေရာကျပြီ (မှန်ပါ့)၊ နေရာကျပြီ ဘယ်လို နေရာကျ ပါလိမ့်မတုံး ဆိုတော့ ဒုက္ခတွေ ပျောက်ပြီး နိဗ္ဗာန် မြင်ရပြီကောဗျ (မှန်ပါ့ ဘုရား)၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

သစ္စာကြည့်လိုက်တော့ ကိစ္စပြီးတယ်

ထိုကဲ့သို့ မြင်ရတဲ့အခါကျတော့မှ တဲ့၊ သြော် ဒို့ဆရာ ဘုန်းကြီး ဟောတဲ့ အတိုင်း ဘုရား ဟောတော်မူတဲ့ အတိုင်း သစ္စာတရားနာပြီး သစ္စာကြည့်လိုက်တာနဲ့ပဲ ကိစ္စပြီးတာပဲ (မှန်ပါ့)၊ သစ္စာတရား နာပြီးတော့ (သစ္စာကြည့်လိုက်တာနဲ့ ကိစ္စပြီးပါတယ် ဘုရား)။

သစ္စာကြည့်လိုက်တာနဲ့သောတာပန်တည်တယ်

သစ္စာကြည့်လိုက်တာနဲ့ပဲ ဒကာ ဒကာမတို့ သောတာ ပန် တည်သွားပြီ (မှန်ပါ ဘုရား)၊ နောက်တစ်ခါ ဒီအတိုင်း ပြန်ကြည့်ရင် သကဒါဂါမ် တည်ဦးမယ် (မှန်ပါ့)၊ ဒီအတိုင်း သစ္စာ တရားတွေ ကြည့်ပြီး သစ္စာတရားတွေ နှလုံးသွင်း လိုက်ပြန်ရင် (အနာဂါမ် တည်သွားပါတယ်)၊ နောက်တစ်ခါ ပြန်ကြည့်လိုက် ပြန်ရင် (ရဟန္တာ ဖြစ်ပါတယ် ဘုရား)၊ ရဟန္တာ ဖြစ်တော့မယ် (မှန်ပါ့)၊ မလွယ်လားဗျာ (လွယ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ ကြွေးဟောင်းတွေ ဘယ့်နှယ် နေသတုံး (ကျေပါတယ် ဘုရား)၊ ဒီဘဝ မိုက်ထားတဲ့ ကြွေး သစ်တွေကော (ပြတ်ပါတယ် ဘုရား)။

အသက်ကြီးတော့ မိုက်သက်ရှည်ခဲ့တယ်

ဒါဖြင့် ကျုပ်တို့သည် ယနေ့ဟောတဲ့တရားမှာ ဒကာ ၊ဒကာမတို့ ခင်ဗျားတို့ အသက်အရွယ် ကြီးလာတော့ မိုက်သက် က ရှည်ခဲ့တယ် (မှန်ပါ့)၊ လိမ်မာသက်က တိုနေတယ်လို့ မတွေးနဲ့ (မှန်ပါ့)၊ ဒါသာလုပ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

မိုက်သက်က ရှည်နေတယ်၊ ဒို့မှာ လိမ်မာသက်က တို တယ်လို့ မတွေးပါနဲ့ (မှန်ပါ့)၊ အသက်ကြီးမှ တရားထူး တွေ့နေတယ်၊ ငယ်ငယ်တုန်းက ဟာတွေက လွန်ကုန်ပြီလို့ ဒီလို ကုက္ကုစ္စ မလာစေနဲ့ (မှန်ပါ့)၊ ဒုက္ခသစ္စာ ရှာပြီး ဒုက္ခသစ္စာကို နှလုံးသွင်းလိုက် (မှန်ပါ့)။

ဒုက္ခသစ္စာမုန်းအောင်ကြည့် ၊

ဒီအတိုင်း ဒုက္ခသစ္စာ မြင်အောင်တွေး (မှန်ပါ့)၊ ဒုက္ခ သစ္စာကို မုန်းအောင်ကြည့်၊ ဒုက္ခသစ္စာကို မလိုချင်တဲ့ ဉာဏ် ပေါ် သည့် တိုင်အောင် တွေးလိုက်လို့ ရှိရင်ဖြင့် ကြွေးဟောင်းပြေ ၍ ဒကာသစ် ဘာတုံး (ကြွေးသစ် ပျောက်ပါတယ် ဘုရား)၊

ကြွေးသစ်ပျောက်တယ် ဆိုတာ ဘုရားဟောတော်မူပါတယ် (မှန်ပါ့)။

ကြွေးဟောင်းကြွေးသစ်ကျေပါတယ်

“ကုသလာကုသလံ ဇဟံ” ခင်ဗျားတို့ ဘုံဘဝဝဋ် တောင့် တ, လုပ်တဲ့ ကုသိုလ်တွေကလည်း အကျိုး မပေးတော့ဘူး (မှန်ပါ့)၊ အကုသိုလ် အပါယ်သွားမှာ တွေကော (မပေးတော့ပါ ဘုရား)၊ အကျိုး မပေးတော့ဘူး ဆိုတော့ ကြွေးဟောင်း၊ ကြွေး သစ် ဘယ့်နှယ်နေကြသလဲ (ကျေပါတယ် ဘုရား)၊ ကျေ တယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့တရားမှာ အဂ္ဂိဝစ္ဆ မဆက်နိုင်ပေမယ့်လည်း ဒကာ ဒကာမတို့ ကိုယ့်ကိစ္စ ကိုယ်ပြီးတယ် (မှန်ပါ့)၊ ကိုယ့် သံသယ၊ ကုက္ကုစ္စတွေကို ဒါနဲ့ ဖျောက်ပါ(မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဂုံးချုပ်တော့မယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ သစ္စာတရားကို နာရင် နေရာကျမယ် (မှန်ပါ့)၊ ကိုယ်တိုင် နှလုံးသွင်းလို့ တွေ့ရင် (နေရာကျမယ် ဘုရား)။

သံသယစိတ်သတ်တဲ့နည်း

နေရာကျပြီ၊ အဲဒါသည် ကြွေးဟောင်း၍ ကြွေးသစ်ပျောက်တဲ့ နည်းပဲ (မှန်ပါ့)၊ သံသယ ကုက္ကုစ္စ အကုန် သတ်တဲ့နည်းပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။