204

တရားနှလုံးသွင်းပါဆိုတာ ခန္ဓာကိုကြည့်ကြလို့ပြောတာ(ဝဇီရာ၊ ဘိက္ခုနီမ)

အသံဖိုင်ခေါင်းစဉ်= လောဘ ဒေါသ မောဟ ချုပ်ကြောင်းတရားတော်

စာအုပ်ခေါင်းစဉ်= တရားနှလုံးသွင်းပါဆိုတာ ခန္ဓာကိုကြည့်ကြလို့ပြောတာ(ဝဇီရာ၊ ဘိက္ခုနီမ)

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

တရားနှလုံးသွင်းပါဆိုတာ ခန္ဓာကိုကြည့်ကြလို့ပြောတာ

(ဝဇီရာ၊ ဘိက္ခုနီမ)

ဟောကြားသည့်နေ့

(၂-၁၀-၆၂)

အားလုံး ဒကာ ဒကာမတွေ တရားနှလုံးသွင်းကြဆိုတဲ့ ဥစ္စာ သတိပေးလိုက်ပါတယ်။

တရားက ဘယ်မှာရှိလို့လဲ

တရားနှလုံးသွင်းကြဆိုတဲ့ဥစ္စာ တရားက ဘယ်မှာ ရှိလို့လဲ မေးလို့ရှိရင်ဖြင့် ဘုန်းကြီး မဟောခင်က ရှိနေတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘုန်းကြီးမဟောခင်ကတည်းက ဒကာ ဒကာမတွေမှာ တရားရှိနေတယ်၊ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ အခုတရားနာနေတာ ခန္ဓာငါးပါးနဲ့ နာနေတာ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးနဲ့ နာပြီး သကာလ နေတော့ ဒီခန္ဓာငါးပါး ကြည့်နေတာလို့ဆိုတာ တရားနှလုံးသွင်း တာလို့ ပြောတာ (မှန်ပါ့ ဘုရား)။

တရားနှလုံးသွင်းကြဆိုတာ

ခန္ဓာငါးပါး ကြည့်နေတာ ဆိုတာ ဘာပါလိမ့် (တရားနှလုံးသွင်းနေတာပါ ဘုရား)။

တရားနှလုံးသွင်းတာ ဆိုတဲ့ဥစ္စာက ဒကာ ဒကာမ တွေက တခြားတရားတွေ ငါရတာရွတ်မှပဲ ဆိုရင် လွဲကုန်ပြီ (မှန်ပါ့) ငယ်ငယ်တုန်းက မှတ်ထားတာ ရွတ်မှပဲ ဆိုရင် သေသေချာချာ လွဲတာပေါ့ (မှန်ပါ့)။

ဒါ သေသေချာချာ မှတ်ပါ၊ တရားနှလုံးသွင်းကြဆိုရင် ခန္ဓာကို ကြည့်ကြ ပြောတာကိုးလို့မှတ် (မှန်ပါ)။

တရားနှလုံးသွင်းကြဆိုတာ ဘာပါလိမ့် (ခန္ဓာ ကြည့်ကြပြောတာပါ) ခန္ဓာကြည့်ကြလို့ ပြောတာ။

ခန္ဓာသည်ပင်လျှင်တရား

တရားက ခန္ဓာထဲမှာ ရှိနေတော့ ခန္ဓာသည်ပင်လျှင် တရားဖြစ်နေတဲ့ အတွက် တရား နှလုံးသွင်းကြ ဆိုလို့ရှိရင် ခန္ဓာကြည့်ပါလို့ခိုင်းတာပဲလို့ တရားနာတဲ့ ဒကာ ဒကာမတွေက မှတ်လိုက်ရုံပဲ (မှန်ပါ့)။

ခန္ဓာကြည့်ရမယ်နော် (မှန်ပါ့) ခန္ဓာကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာက သူပြောလာလိမ့်မယ်၊ ဘယ်လိုများ ပြောမလဲလို့ ဆိုတဲ့အခါကျလို့ရှိရင် အိုက်တယ်လို့ ရှေးဦးစွာ သိ၊ လူကလည်း များတော့ အိုက်တယ် ဆိုတဲ့ ဒေါသစိတ်ကလေး ပေါ်လာလိမ့်မယ် (မှန်ပါ့)။

အိုက်တဲ့စိတ်

အဲဒီ ဒေါသစိတ်ကလေးဟာလည်း ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ အပူဓာတ်နဲ့ ခန္ဓာကိုယ်နဲ့ ထိလို့ အိုက်တဲ့ စိတ်ကလေး အိုက်တဲ့ဒေါသစိတ်ကလေးဟာ ပေါ်လာတယ်၊

တစ်နည်းအားဖြင့် ကိုယ်ပေါ်မှာ ပေါ်လို့ရှိရင် ဒုက္ခဝေဒနာ ကလေးပေါ်လာတယ် (မှန်ပါ့) အဲဒါကလေး ရှေးဦးစွာ ကြည့် လိုက်၊ ဪ ဒီအိုက်တဲ့ ဒုက္ခဝေဒနာကလေးဟာ ဒကာ ဒကာမတို့ ခန္ဓာထဲ ပေါ်လာတယ် (မှန်ပါ့)။

တခြားက ပေါ်လာတာလား ခန္ဓာက ပေါ်လာ တာလား (ခန္ဓာက ပေါ်လာတာပါ ဘုရား)။

ဒါဖြင့် ခန္ဓာထဲက ပေါ်လာတော့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့။ ဪ ဒီခန္ဓာထဲက ပေါ်လာလို့ ရှိရင်ဖြင့် ခန္ဓာက ဒုက္ခသစ္စာလို့ ဆိုထားတော့၊ ခန္ဓာထဲက ထူးထူးခြားခြား မြင်သာအောင် ပေါ်လာ သောကြောင့် ဒုက္ခ သစ္စာပေါ်လာတာပဲလို့ ဆိုပြီး နှလုံးသွင်းလိုက်ပါ (မှန်ပါ့)။

မောင်ဘသော် ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဟာနှလုံးသွင်းမတုံး

ဘယ်ဟာ နှလုံးသွင်းမတုံးဆိုတော့ ခန္ဓာကြည့်ရတယ် (မှန်လှပါ) ခန္ဓာထဲ ရှေးဦးစွာ ထူးထူးခြားခြား ပေါ်လာ တာကလေး ကြည့်လိုက်တော့ အိုက်တယ်ဆိုတဲ့ ဒုက္ခဝေဒနာ ကလေး ပေါ်လာတယ် (မှန်ပါ့)။

အိုက်တယ်ဆိုတဲ့ ဝေဒနာကလေးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အခု သူ့ကြောင့်လာတဲ့ အိုက်တဲ့ အလုံး ကလေးဟာ ဒုက္ခသစ္စာအပင်က သီးလာတော့ ဒုက္ခသီးကလေးပဲ မှတ်ရမှာဘဲ (မှန်ပါ့)။

ဒုက္ခပင်က ဒုက္ခသီးကလေးပဲ သီးလာတယ်ဆိုတာ မှတ်လိုက်တော့၊ ဪ သူ ဘာပါလိမ့်မတုံးလို့ တွေး မနေနဲ့၊ ဒုက္ခသစ္စာကလေး ပေါ်လာတာပဲလို့ တွေးလိုက်စမ်းပါ (မှန်ပါ့)။

ဘာပေါ်လာတာတုံး (ဒုက္ခသစ္စာကလေး ပေါ်လာပါတယ်) ဒုက္ခသစ္စာကလေး ပေါ်လာတာ ဒကာ ဒကာမတို့ (မှန်ပါ့)။

တရားနှလုံးသွင်းပါဆိုရင် ခန္ဓာကြည့်ပါ

နောင်ခါ တရားနှလုံးသွင်းပါဆိုရင် ခန္ဓာကြည့်ပါ (မှန်လှပါ) ခန္ဓာထဲ ပေါ်လာတာလည်း ယခု အချိန် ဘာစိတ်ကလေး ဘာဝေဒနာကလေး ပေါ်လာတယ်လို့ ထင်ကြသလဲ (ဒုက္ခဝေဒနာကလေး ပေါ်ပါတယ် ဘုရား) ဒုက္ခဝေဒနာကလေး ပေါ်တယ် (မှန်ပါ့)။

ဒုက္ခဝေဒနာကလေး ပေါ်လာတော့ ဪ ဒီ ခန္ဓာကြီးဟာ ဘာသစ္စာတုံးလို့ မေးလိုက်ရင် (ဒုက္ခသစ္စာပါ ဘုရား)။

“သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ ဓမ္မစကြာ ပါဠိတော် ပါပြီးသား ဖြစ်နေတော့ ခန္ဓာက အပင်ကြီး ဖြစ်နေ ပါတယ် (မှန်ပါ့) သူက သီးပွင့်လာတဲ့ အိုက်လုံးကလေးဟာ ဒုက္ခသီးကလေး၊ ဒုက္ခပွင့်ကလေးသာ ဖြစ်နိုင်တယ် (မှန်ပါ့)။

ခန္ဓာက ဒုက္ခပင်ကြီးကိုး ဒကာ ဒကာမတို့ (မှန်ပါ့) သူက သီးပွင့်လာတာ သူတို့က ပေါ်ပေါက် လာတာကို ဘာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါကြောင့် ခန္ဓာ နှလုံးသွင်းကြဆိုတော့ တရားနှလုံး သွင်းပါဆိုတော့ ခန္ဓာကြည့် (မှန်ပါ့) ခန္ဓာ ကြည့်လိုက်တဲ့ အခါကျတော့ အိုက်လုံးကလေး, မခံချင်လုံးကလေး၊ အင်း ကျောက အိုက်တယ်, ရင်က အိုက်တယ်, ခြေထောက်က ကျင်တယ်၊ အင်း ဘာသစ္စာကလေးတွေ ထွက်လာပါလိမ့် (ဒုက္ခသစ္စာကလေးတွေ ထွက်လာပါတယ် ဘုရား)။

နဂိုရှိလို့ နကိုင်းထွက်တာ

ဪ ဒါဖြင့် ဒို့ခန္ဓာထဲမှာ နဂိုရှိလို့ နကိုင်းထွက် တာပဲ ဆိုတဲ့အတိုင်း ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာ ထူးထူးခြားခြား ပြတာပဲ (မှန်ပါ့)။

ဒုက္ခသစ္စာရှိလို့ (ဒုက္ခသစ္စာပြတာပါ ဘုရား) ဒုက္ခ သစ္စာ ထူးထူးခြားခြား ပြတာပဲ ဆိုသဖြင့်၊ ဪ တရား နှလုံးသွင်းကြဆိုတာ ခန္ဓာကြည့်၊ ခန္ဓာကြည့်တော့ ခန္ဓာထဲက အထူးတလည် ပေါ်လာတာ ကြည့်လိုက်တော့၊ ဒကာကြွယ် ဘာသစ္စာ တွေ့ရသတုံး (ဒုက္ခသစ္စာတွေ့ရပါတယ်) ဒုက္ခ သစ္စာပဲ တွေ့ရတယ် (မှန်ပါ့)။

ဒါဖြင့် ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တွေ့ရတဲ့အခါကျတော့ ခန္ဓာက ဒုက္ခသစ္စာ၊ တွေ့အောင်ရှာနိုင် တဲ့ ဉာဏ်ကလေးက မဂ္ဂသစ္စာ (မှန်ပါ့)။

ရှာနိုင်တဲ့ဉာဏ်က မဂ္ဂသစ္စာ

ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား) တွေ့အောင် ရှာနိုင် တဲ့ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခရောက်က ဒေါမနဿ မလိုက်တော့ဘူး (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ဒုက္ခနောက်က ဒေါမနဿ မလိုက်တော့ပါ ဘုရား)။

ဒုက္ခနောက်က ဒေါမနဿ မလိုက်တော့ဘူးဆို ကတည်းကိုက၊ ဒေါမနဿ မလိုက်လို့ရှိရင် ဒကာကြွယ်တို့ မောင်လှဘော်တို့ ဒကာသစ်တို့ သောက, ပရိဒေဝ, ဥပါယာသ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် လာသေးရဲ့ လား (မလာပါ ဘုရား)။

အင်း ဒါဖြင့် တရားနှလုံးသွင်းဆိုရင် ဘာကြည့် မယ် (ခန္ဓာကြည့်ရပါမယ် ဘုရား)။

ခန္ဓာကြည့်တော့ ခန္ဓာထဲက ထူးထူးခြားခြား ဘာပေါ် လာသတုံး (ဒုက္ခသစ္စာ ပေါ်လာပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာကလေးက ခန္ဓာကိုယ်ထဲက ပေါ်လာတော့ အိုက်လုံးကလေး, မချမ်းသာလုံး ကလေး ဒါကလေးက ဒုက္ခသစ္စာလို့ သိထားတော့ ဒုက္ခသစ္စာက ဒုက္ခ သစ္စာ ၊ ပေါ်လာတာကလေးကို အထူးတလည် သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခနောက်က မဂ္ဂလိုက်နေတဲ့အတွက် ဒုက္ခ ပျောက်ချင်တဲ့ တဏှာကော လာသေးရဲ့ လား (မလာပါ ဘုရား) ဒုက္ခကြောင့် ဖြစ်တဲ့ ဒီအတိုင်းဆိုရင် ခက်ရချည်ရဲ့ဆိုတဲ့ သောကတွေကော လာသေးသလား (မလာပါ ဘုရား)။

ဒုက္ခသစ္စာကို ဒုက္ခသစ္စာမို့လို့ ပေါ်လာတာပဲလို့ ဒုက္ခဝေဒနာ ဒုက္ခသစ္စာကလေးပေါ်၊ အခု ပျောက်တာပဲလို့ သိလိုက်သဖြင့်လည်း မသိတဲ့ အဝိဇ္ဇာကလေး ချုပ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

လောဘ၊ ဒေါသ၊ အဝိဇ္ဇာချုပ်တယ်

ဒါဖြင့် လောဘချုပ်, ဒေါသချုပ်, ဒကာ ဒကာမတို့ အဝိဇ္ဇာချုပ် (မှန်ပါ့) သေသေချာချာ နားထောင်ပါ၊ ဒါ တရားသား ထွက်လာပြီ (မှန်ပါ့)။

ဒကာ ဒကာမတို့ သေသေချာချာ နားထောင်ပါ။ ဒီ တစ်လုံးသည် သေပျော်ပြီ၊ ဒီတစ်လုံး နာပြီးလို့ရှိရင် ဒီတစ်လုံး နှလုံးသွင်းပြီးလို့ ရှိရင်ဖြင့် လောဘ, ဒေါသ, မောဟ အကုန် ချုပ်တယ် (မှန်ပါ့ ဘုရား)။

ပေါ့ပေါ့တန်တန်မျိုးမနာနဲ့

ဒကာ ဒကာမတွေ သေသေချာချာ နားထောင်စမ်းပါ။ အင်မတန် ပင်ပန်းခံပြီး ပေါ်လွင် ထင်ရှားအောင် ပြောနေတဲ့ ဥစ္စာ၊ ဒကာ ဒကာမတွေက ပေါ့ပေါ့တန်တန်မျိုး မနာဘဲနဲ့ ဆရာ ဘုန်းကြီးက ဒါ, မေတ္တာရှေ့ထားတာပဲ၊ အကြီးအကျယ်ကြီး ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒကာ ဒကာမတွေ ကလည်း အလိုရှိတာ ဒို့လည်း အကြီးအကျယ်ကြီးမို့ လာတာပဲ ဆိုတာကော ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

အဲဒီလိုလည်း အကြီးအကျယ်, အကြီးအကျယ်ချင်း တွေ့ရလို့ရှိရင်ဖြင့်၊ အဓိပတိ ထိုက်သည် ဖြစ်လေ သောကြောင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရောက်နိုင်တယ် (မှန်ပါ့ ဘုရား)။

ဘုန်းကြီးစေတနာထား ဟောနေတာ

ကိုင်း ဒါဖြင့် ဘုန်းကြီး စေတနာကလည်း သေးသေးလား ၊ ကြီးကြီးလား (ကြီးကြီးပါ ဘုရား) ဒကာ ဒကာမတွေကလည်း ဒီအထဲမှာ တိုးဝှေ့ပြီး သကာလ ၊ အပင်ပန်းခံပြီး မြေပေါ်မှာ တချို့ တမံတလင်း ပေါ်မှာ တချို့ ဓမ္မာရုံထဲမှာ တချို့ ကျောင်းကြီးပေါ်မှာ တချို့ဖြစ်သလို ယူမဟေ့ ဆိုပြီး သကာလ စေတနာတွေကလည်း သေးသေးလား၊ ကြီးကြီးလား (ကြီးကြီးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဟောတဲ့ ပုဂ္ဂိုလ်ကလည်း စေတနာကြီးကြီး၊ နာတဲ့ပုဂ္ဂိုလ်ကလည်း စေတနာကြီးကြီး ဆိုတာသည် မူလစိတ်လား အကြီးအကဲ ပေါ်လာတဲ့ စိတ်လား (အကြီးအကဲ ပေါ်လာတဲ့စိတ်ပါ ဘုရား)။

အဓိပတိစိတ်ထားပြီးနာပါ

ဒါဖြင့် ဒီကလည်း အဓိပတိနဲ့ ဟောနေတယ်၊ ဒကာ ဒကာမတွေကလည်း အဓိပတိစိတ်ထားပြီး နာပါ (မှန်ပါ့)။

အဓိပတိနဲ့ ဟောနေတဲ့အတွက် အဓိပတိစိတ်ထားနဲ့ပဲ နာကြပါဆိုတော့၊ ဒီတရားပွဲဟာ ဒကာကြွယ်တို့ မောင်ဘသော် တို့ သေးသေးသိမ်သိမ် မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား) ဒီတစ်လုံးနဲ့ပဲ ဒကာ ဒကာမတွေ အရေးတကြီး မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုင်း ယခု ပန်ကာတွေက ဘယ်လိုပင် လည်ငြား သော်လည်း၊ ခန္ဓာကြည့်လိုက်တဲ့အခါ ကျတော့ အိုက်တဲ့ ဒုက္ခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

ဘယ်အပေါ်မှာ ပေါ်ပါလိမ့်မတုံး မေးတော့ (ခန္ဓာ ကိုယ်ပေါ်မှာ ပေါ်ပါတယ် ဘုရား)။

ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ သစ္စာ ခန္ဓာပင်ကြီးက အိုက်လုံးကလေးတစ်ခု သီးပွင့်လာပြန်ပြီ (မှန်ပါ့ ဘုရား)။

အိုက်လုံးကလေးတစ်ခု (သီးပွင့်လာပြန်ပါပြီ ဘုရား) သီးပွင့်လာတယ်လို့ ဆိုနေပြီ၊ အိုက်လုံး ကလေးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ခန္ဓာက ဒုက္ခသစ္စာဆိုတော့ သူက ထွက်လာတာ သုခတော့မထွက်ပါဘူး ဒကာကြွယ်ရ (မှန်ပါ) ဘာသစ္စာကလေး သူထိုးပြလိုက်သတုံး (ဒုက္ခ သစ္စာကလေး ပြပါတယ် ဘုရား)။

ဒုက္ခပင်က၊ ဒုက္ခသီး

ဒုက္ခသစ္စာကလေးတစ်ခု ပေါ်လာတာ သူထိုးပြလိုက် တော့ မောင်ဘသော်ရေ ခန္ဓာက ဒုက္ခသစ္စာ၊ သူက သီးပွင့်တဲ့ ခုနင်က အိုက်လုံးကလေးကလည်း သူက သီးပွင့် လာတဲ့ အသီးကလေး ဖြစ်သောကြောင့် ဒုက္ခပင်က ဒုက္ခသီး တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဒုက္ခပင်က ဒုက္ခသီးလာ တာပါ ဘုရား)။

သီးမှန်းသိတောက မဂ္ဂသစ္စာ

ဒုက္ခပင်က ဒုက္ခသီးလာတာကို ဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဪ သီးလာတာက လေးက၊ ခုမှ ပေါ်လာတာကလေးက ဒုက္ခသစ္စာ (မှန်ပါ့) သီးမှန်းသိတာ ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာကလေး ဖြစ်နေတော့ ဪ ဒုက္ခ သစ္စာကို မဂ္ဂသစ္စာနဲ့ ဒကာ ဒကာမတွေက သိနေအောင် ဆရာ ဘုန်းကြီးက ပြောထားတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ သိနေတော့တယ် ဆိုတာ မှားသေးသလား (မမှားပါ ဘုရား)။

ကိုင်း မောင်ဘသော်တို့ သစ္စာအရှာ ခက်သလား လို့ ဆိုလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မခက်ပါ ဘုရား)။

ခန္ဓာက ဘာပေါ်လာလာ သစ္စာမှတစ်ပါး မပေါ်ပါ ဘူး (မှန်ပါ့ ဘုရား)။

ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သူ့ အထဲထဲက ဘာပေါ်လာလာ ထူးထူးခြားခြား ပေါ်လာတာ ဘာသစ္စာပေါ်မှာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ပေါ်မှာပဲဆိုတာ ဒကာ ဒကာမတွေ သိထားပြီ (မှန်ပါ့)။

အိုက်လုံးကလေး ပျောက်သွားတယ်

တကယ်လို့ ပေါ်ပြီးသားကလေး ချုပ်သွားပြန်တော့ အိုက်လုံးကလေး ပျောက်သွား ပြန်တော့လည်း၊ ဟ ဘာ ကလေး ချုပ်သွားတာတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခချုပ် သွားတာပါ ဘုရား)။

ဟာ ဒါဖြင့် ဒကာကြွယ် နေရာကျပြီ (မှန်ပါ့) ဒကာသစ် နေရာကျပြီ၊ ဘယ့်နှယ်ကြောင့် နေရာ ကျပါလိမ့်မလဲလို့ ဆိုတော့၊ ကိုယ့်ခန္ဓာထဲမှာ ခန္ဓာ က ဒုက္ခပင်၊ သီးသန့် ပေါ်လာတာကလေးက ပူတုန်းမှာ အိုက်လုံး ဒုက္ခဝေဒနာကလေး ပေါ်လာတယ် (မှန်ပါ့) အဲဒီတော့ ခန္ဓာဒုက္ခပင်က သီးပွင့်လာတာက ဒုက္ခဝေဒနာ ကလေးပဲ၊ ဒုက္ခစိတ်ကလေးပဲ သီးပွင့်လာတော့ ဒုက္ခဖြစ်တာကိုး (မှန်ပါ့)။

ဒီစိတ်ကလေး အခုမှ ပေါ်လာတဲ့ အိုက်လုံးကလေး ဟာ ဒုက္ခဖြစ်တာပဲ (မှန်ပါ့) ဒီအိုက်လုံး ကလေး ပျောက် သွားတဲ့ အခါကျတော့ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခပျောက် တာပါ ဘုရား) ဒုက္ခ ပျက်တာ (မှန်ပါ့) ပေါ်လာတဲ့ အခါ ကျတော့ (ဒုက္ခဖြစ်တာပါ ဘုရား)။ ပျက်သွားတဲ့အခါကျတော့ (ဒုက္ခပျက်သွားတာ ပါ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခဖျက်တာသာရှိတယ်

ဒုက္ခပျက်တာဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခဖြစ်၍ ဒုက္ခပျက်သည်သာရှိမှာပဲ (မှန်ပါ့ ဘုရား)။

ဒုက္ခဖြစ်၍ (ဒုက္ခပျက်တာသာရှိပါတယ်) ဒုက္ခ ပျက်တာသာ ရှိတော့ ခန္ဓာထဲက အခုအိုက်လုံး ပေါ်တယ်၊ တော်တော်ကြာ ချမ်းသာလုံးကလေး ပေါ်လာပြန်တော့၊ ခန္ဓာက ပေါ်လာတာ ဖြစ်သော ကြောင့် ချမ်းသာလို့သာ သုံးစွဲ လိုက်ရတာ ဒုက္ခပေါ်တာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒုက္ခလို့ ပြောရ ပါလိမ့်မတုံးလို့ မေးလုံးထုတ်တဲ့ အခါကျတော့မှ ဪ ခန္ဓာက ဒုက္ခသစ္စာ၊ သူက သီးသန့်ပေါ်လာတော့ သုခတော့ မသီးနိုင်တော့ဘူး (မှန်ပါ့ ဘုရား)။

ချမ်းသာလုံးလည်း ဒုက္ခပေါ်လာတာ

ဒါဖြင့် ချမ်းသာလုံးကလေး ပေါ်လာလည်း ဒုက္ခ ပေါ်လာတာ (မှန်ပါ့) ပျက်စီးသွားပြန် တော့လည်း (ဒုက္ခပျက်တာပါ ဘုရား)။

ဒါဖြင့် ဒုက္ခပေါ်လို့ ဒုက္ခပျက်တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာဉာဏ်စိုက်လိုက်တဲ့ အခါကျတော့ ဖြစ်လိုက်, ပျက်လိုက်နဲ့ စိတ်ကလေး ပေါ်လည်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ (မှန်ပါ့ ဘုရား) ဝေဒနာကလေး ပေါ် ပြန်ကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါပဲ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲဆိုတော့ ဘယ်နေရာ ဘာပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ပေါ်တော့ မောင်ဘသော်က မယုံမရှိပါနဲ့ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေက မယုံမရှိပါနဲ့ (မှန်ပါ့) ပင်ကိုခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ပေါ်လာတဲ့ အသီးအပွင့် ကလေးတွေက ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒီက ပြောလိုက်တော့မှ ဟုတ်သားပဲ ဒို့က မျက်စိလည်နေတာ (မှန်ပါ့) ခန္ဓာက ဒုက္ခသစ္စာ၊ သူ့ အထဲက ဘာပေါ်လာလာ ထူးထူးခြားခြား ပေါ်လာရင် ဒုက္ခ သာ ပေါ်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အသုဘကောင်ကြီး

အသုဘကောင်ကြီးလည်း ခန္ဓာကိုယ်ကြီးဟာ အသုဘ ကောင်မှန်း သိသွားတော့၊ တံတွေးထွေးလည်း အသုဘကလေး ထွက်လာတယ် (မှန်ပါ့) နှပ်ကလေး ညှစ်လိုက်ပြန်ကော (အသုဘကလေး ထွက်လာပါတယ်) ကျင်ကြီးကလေး စွန့်လိုက်ပြန်ကော (အသုဘကလေး ထွက်လာပါတယ်) ချွေးကလေး ထွက်လာပြန်လည်း (အသုဘကလေး ထွက်လာပါတယ်) ဟ ဘာဖြစ်လို့တုံး ဒီဥစ္စာ၊ အို နဂိုက အသုဘကောင်မို့ အသုဘတွေ အပြင် ထွက်တာ ပေါ့ (အသုဘ ကလေး ထွက်လာပါတယ်)။

ခန္ဓာထဲက ဘာပေါ်ပေါ်၊ ဒုက္ခသစ္စာ

ဒီမှာလည်း နဂိုက ခန္ဓာကြီးက ဘာသစ္စာ (ဒုက္ခ သစ္စာ) ဒါဖြင့် သူ့အထဲက ဒုက္ခကလေး ပေါ်လာလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒကာကြွယ် ချမ်းသာတယ်လို့ ထင်တဲ့ သုခကလေး ပေါ်လာလည်း (ဒုက္ခသစ္စာပါ) အလတ်စား ဥပေက္ခာ ဆိုတာကလေး ပေါ်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား) ပျက်သွားပြန်ရင်တော့ကော့ (ဒုက္ခ ပျက်တာပါ ဘုရား) ဒါဖြင့် ခုနင်က အသုဘထဲက အသုဘ ထွက်ပြတယ် (မှန်ပါ့)။

ခန္ဓာက ဒုက္ခသစ္စာမို့ သူက ထူးထူးခြားခြားပေါ်လာတာ ကို ဒုက္ခသစ္စာမှ တစ်ပါးဘာမှမရှုကြပါနဲ့ (မှန်ပါ့) ဒါပဲ ရှုပါဆိုတာဖြင့် လေးစားစွာနဲ့ပဲ ခိုင်မြဲအောင် သတိပေး လိုက်ပါတယ် (မှန်ပါ) ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ)။

ဟိုတုန်းကတော့ ဒုက္ခသစ္စာ ဆိုတာ ဒကာ ဒကာမတွေ က တော်တော် ခဲခဲယဉ်းယဉ်း ရှာရလိမ့်မယ်လို့ အောက်မေ့ နေတာ၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာသိမှ ကိုယ့်ခန္ဓာက ထူးထူး ခြားခြား ပေါ်လာတာလည်း တခြားတရား မဟုတ်ဘူး၊ ဒုက္ခ သစ္စာသာ ရှိတယ်ဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ) မရှင်းသေးဘူးလား (ရှင်းပါပြီ) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

သရက်ပင်က သရက်သီးပဲ သီးမယ်

ဟ သရက်ပင်က သီးရင် ဘာအသီးသီးမတုံး သရက်သီးသီးမှာပေါ့ (မှန်ပါ့)။

သရက်ပင်က ဘာအရွက် ထွက်မတုံးဆိုရင် (သရက်ရွက်ထွက်မှာပါ ဘုရား) သူ့နာမည်နဲ့ အလိုက်ချည်း ထွက်တယ် (မှန်လှပါ ဘုရား)။

ဒီမှာလည်း ဒုက္ခပင်က ပေါ်လာတော့ ဘာစိတ် ပေါ်ပေါ် ဘာရုပ်ပေါ်ပေါ် ဘာဆိုကြမလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီသစ္စာတစ်လုံးကို ခန္ဓာထဲက ပေါ် တိုင်း, ပေါ်တိုင်း ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမပေါ်ဘူး (မှန်ပါ့) အဲဒိပေါ်လာတိုင်း ပေါ်လာတိုင်း သိတာ ကလေးဟာ ဘာခေါ်ကြမယ် (မဂ္ဂသစ္စာပါ ဘုရား)။

ပေါ်တိုင်းသိတာက မဂ္ဂသစ္စာ

ဒါဖြင့် ဒုက္ခသီး, ဒုက္ခပွင့်တွေက, ဒုက္ခသစ္စာ (မှန်ပါ့) ပေါ်လာတိုင်း ပေါ်လာတိုင်းသိတာက (မဂ္ဂ သစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဖြစ်နေတော့ ဒကာ ဒကာမတို့ မဂ်ရကြပြီ၊ ပေါ်တိုင်း ပေါ်တိုင်းသိလို့ရှိရင် မဂ်ကိုယ်တိုင် သိတယ် (မှန်ပါ့ ဘုရား) ပေါ်တိုင်းသိရင် (မဂ်ကိုယ်တိုင်သိပါတယ် ဘုရား) ပေါ်တိုင်း မသိရင် အဝိဇ္ဇာ ကိုယ်တိုင်သိတယ် (မှန်ပါ့)။

ပေါ်တိုင်းမသိရင် (အဝိဇ္ဇာကိုယ်တိုင်သိပါတယ်) ပေါ်တိုင်းသိရင် (မဂ်ကိုယ်တိုင်သိပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ မဂ်ဟာ ဆုတောင်းယူတာလား ဒုက္ခပေါ်တိုင်း သိရတာလား (ဒုက္ခပေါ်တိုင်း သိရဘာပါ ဘုရား)။

ဘုရားမှာ ဆုတောင်းလို့မရဘူး

အဲဒါကြောင့် ရှေးအသုံးအနှုန်းဖြစ်တဲ့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏လို့ သွားပြီး မတောင်းနဲ့ (မှန်ပါ့)။

ရကိုမရဘူး (မှန်ပါ့) ပေါ်တိုင်းသိမှ ရတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပေါ်တိုင်းသိမှ (ရပါတယ် ဘုရား) ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂ သစ္စာပါ ဘုရား)။

အဲ ပေါ်တိုင်းသိမှ မဂ်ရတာ၊ ဒကာ ဒကာမ တွေက ဆုတောင်းပြည့် ဘုရား သွားတောင်းလို တောင်း ဟုတ်လား (မှန်ပါ့)။

ကိုယ့်ဟာကိုယ် တိတ်တိတ် တောင်းလိုတောင်း တဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ, ရပါလို၏ ဆိုတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ ဒုက္ခသိမှ ပေါ်တာ (မှန်ပါ့ ဘုရား) ဒုက္ခ မသိရင် (မပေါ်ပါ ဘုရား)။

ဒကာကြွယ် ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ) ဆုတောင်းအလုပ်လားတဲ့ ပေါ်တိုင်း သိရမည့် အလုပ် လား (ပေါ်တိုင်းသိရမည့်အလုပ်ပါ ဘုရား)။

ခန္ဓာကြီးက ဒုက္ခသစ္စာ

သေသေချာချာ မှတ်ပါ၊ ဒီနေ့ တရားဟာ ဒကာ ဒကာမ တို့ သော် , ဒို့ခန္ဓာကြီးဟာ ဒုက္ခသစ္စာ၊ သူ့ထဲက အိုက်တာ ပေါ်ပေါ်၊ ချမ်းသာတာလေး ပေါ်ပေါ်၊ အလတ်စားပေါ် လာလာ၊ အိပ်ချင်တာ ကလေး ပေါ်လာလာ၊ ဝမ်းမြောက်တာ ကလေး ပေါ်လာလာ၊ ပေါ်ချင်တာပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာပဲဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟ ဒီ ဒုက္ခသစ္စာကလည်း ဒကာ ဒကာမတို့ ပေါလှချည်လား၊ တပည့်တော် ခန္ဓာကိုယ်ထဲက ပေါ်တိုင်း ထူးထူးခြားခြား ပေါ်တာ ဆရာဘုန်းကြီးက ဒုက္ခသစ္စာလို့ ဟောနေတယ် ဆိုပြီး ဘုန်းကြီး အပေါ် အပြစ်မတင်လိုက်ပါနဲ့၊ ပင်ကို မွေးထားတဲ့ ခန္ဓာကြီးက ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

ဒါဖြင့် သူက သီးပွင့်ပြီး ယခု ဖြာထွက်လာတာတွေ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာတွေပါပဲ ဘုရား)။

ဟာ ဒါတွေဟာ အမိရင်းဘက်ပါပြီ (မှန်ပါ့) မောင်ဘသော် အမိရင်း ဘယ့်နှယ်တုံး (အမိရင်းဘက် ပါပါတယ်) ငြင်းစရာ ရှိသေးလား (မရှိပါ ဘုရား)။

မွေးကတည်းက ခန္ဓာကိုယ်ကြီးက ဇာတိပိ ဒုက္ခသစ္စံ ဆိုတော့ ဇာတိခန္ဓာကြီးက ဒုက္ခသစ္စာ ရလာတော့ သူက ပေါက်ပွားလာတာတွေ ဘာသစ္စာများ ပေါက်ပွားလာမတုံး (ဒုက္ခသစ္စာ ပေါက်ပွား လာမှာပါ ဘုရား)။

ဒါဖြင့် ခန္ဓာထဲမှာ ဘယ်စိတ်ပေါ်ပေါ် ဒုက္ခသစ္စာရှု (မှန်လှပါ) ပေါ်ချင်တာပေါ် (ဒုက္ခသစ္စာပါ ဘုရား) ဘာရုပ်တွေ ပေါ်ပေါ်၊ အေးတဲ့ရုပ်တွေ ပေါ်တယ်၊ ပူတဲ့ ရုပ်တွေပေါ်တယ် ပေါ်ချင်တာ ဘာရှုနေမလဲ (ဒုက္ခသစ္စာ ရှုနေပါမယ် ဘုရား) ဒုက္ခသစ္စာပဲ ရှုလိုက်ပါဆိုတာ ကိုဖြင့် ဒကာ ဒကာမတွေ လွဲစရာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မွေးလာတုန်းက ဘာသစ္စာမွေးသလဲ (ဒုက္ခသစ္စာ မွေးပါတယ် ဘုရား)။

အို ပဋိစ္စသမုပ္ပါဒ် အကျိုးရပြီ၊ ရ-ထားတဲ့ ပုဂ္ဂိုလ် များ နောက်ဘဝက အဝိဇ္ဇာတဏှာကြောင့် ဒီဘဝ ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားကြီး ရ-ထားတယ်ဆိုတာကလည်း၊ ၂နံပါတ်မှာ ဒုက္ခသစ္စာမှတစ်ပါး ဘာများပါသေးသတုံး (ဘာမှမပါ ပါ ဘုရား)။

ဓမ္မာနုပဿနာ

ဘာမှ မပါတော့ အခုမျက်လုံးမြင်တဲ့ စိတ်ကလေ ပေါ်လာတယ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) နားကြားတဲ့ စိတ်ကလေး ပေါ်လာတယ် (ဒုက္ခသစ္စာပါ ဘုရား) နှာခေါင်းက ရှူချင်, ရှိုက်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ် (ဒုက္ခသစ္စာပါ ဘုရား) အို ဒီခန္ဓာကြီးက နဂိုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သူ့အထဲက သီးပွင့် ကလေးတွေ ပေါက်ပွားလာတာကလေးတွေ ဘာခေါ်ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

အေး ဒါကြောင့် ပေါ် ရာကို ကြည့်ရင် သစ္စာပဲ တွေ့မယ်၊ ဒါ ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ဆိုပါတယ် (မှန်ပါ့ ဘုရား)။

ဘာတဲ့ (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပါ) ဓမ္မတွေ ရှုလို့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာရှာ ခန္ဓာမှာ တွေ့ပါတယ် (မှန်ပါ့)။

သစ္စာရှာ ခန္ဓာမှာတွေ့မှ အဖိုးတန်တယ်

အေး တရားရှာ ခန္ဓာတွေ့ ဆိုတဲ့ စကားက နည်းနည်းကလေး အောက်တန်းကျတယ် (မှန်ပါ့) သစ္စာ ရှာ ခန္ဓာမှာတွေ့မှ အဖိုးတန်တယ် (မှန်ပါ့)။

အဲဒီတော့မှ သစ္စာက ဒုက္ခသစ္စာ၊ တွေ့တာက (မဂ္ဂသစ္စာ ပါ ဘုရား)။

ခန္ဓာထဲပေါ်လာတာက (ဒုက္ခသစ္စာပါ) တွေ့တာဟူသ၍ က (မဂ္ဂသစ္စာပါ ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတို့ မဂ်ဟာ ဆုတောင်း အလုပ်လား ဒုက္ခတွေ့အောင်ရှာတဲ့ အလုပ်လား (ဒုက္ခတွေ့အောင်ရှာတဲ့အလုပ်ပါ ဘုရား)။

ဒုက္ခကလည်း အထူးရှာရတာလား၊ သူပေါ်လာတာ ဖမ်းကြည့်ရုံပဲလား (သူပေါ်လာတာ ဖမ်းကြည့်ရုံပါ ဘုရား)။

မဂ်ရတဲ့ပုဂ္ဂိုလ်တွေ

အဲ သူပေါ်လာတာ ဖမ်းကြည့်လိုက်လို့ရှိရင်ဖြင့် ပေါ်လာတာက ဒုက္ခသစ္စာ၊ ဖမ်းကြည့်တာက မဂ္ဂသစ္စာ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတွေ ဒီနေရာကလေးမှာ တပည့်တော်တို့ ဘုရား ပေါ်လာတာ ဒုက္ခသစ္စာ၊ ပေါ်လို့ ပေါ်တိုင်း ပေါ်တိုင်း သိနေတာကလေးက မဂ္ဂသစ္စာဆိုတော့ တပည့်တော်တို့ မဂ်ရတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဆိုတာကို ဧကန် မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။

ဧကန် မှတ်ပြီးသည့်နောက် အကျိုးကလေး ဘုန်းကြီးက ဒကာ ဒကာမတွေ ရှင်းပေးပါဦးမယ် (မှန်ပါ့)။

ဘယ်လိုအကျိုးထူးသလဲ

အကျိုးတရားကလေး ဘယ်လို အကျိုးထူးသလဲဟေ့ ဆိုတော့ ဒကာ ဒကာမတွေ ပေါ်လာတာက ဒုက္ခသစ္စာ၊ ပေါ်တိုင်း ကြည့်မိတာက (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဖြစ်သွားတော့ ဪ ဒကာ ဒကာမတွေ မှာ ရှေးအခါတုန်းကတော့ ဒုက္ခကလေး ပေါ်လာတယ်၊ ယား တယ်၊ အိုက်တယ် ဆိုပြီး ပေါ်လာတယ် ဆိုပါတော့ (မှန်ပါ့)။ ဪ ဖြစ်မှဖြစ်ရပလေ ဆိုပြီး သကာလ ဒေါမနဿ လိုက်သေးရဲ့လား (မလိုက်တော့ပါ ဘုရား)။

ဒေါမနဿ မလိုက်တော့သော် ဒေါသသေစေ တာလည်း မဂ်ပဲ (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ)။

ဒေါသကို သေစေတာလည်းမဂ်ပဲ

ဒေါသသေစေတာ (မဂ်ပါ ဘုရား) အင်း မရှုတဲ့ ပုဂ္ဂိုလ် သေပါ့မလား (မသေပါ ဘုရား) ပေါ်တာ မသိတဲ့ ပုဂ္ဂိုလ်ဖြင့် (မသေပါ ဘုရား)။

မသေပါဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပေါ်တာ သိပြီး သကာလ နေတဲ့အတွက် ဒေါသက နောက်က လိုက်သေးရဲ့လား (မလိုက်ပါ) ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

သိတာက (မဂ္ဂသစ္စာပါ ဘုရား) အဲ သေတာ က ဒေါသ (မှန်ပါ့ ဘုရား)။

သေတာ (ဒေါသပါ ဘုရား) ဪ ဒါဖြင့် ဒေါသဖြင့် သေသွားပြီ (မှန်ပါ့) ဒေါသသေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခါတိုင်းတော့ဖြင့် ဒုက္ခဖြစ်တယ်ဆို နောက်က ဒေါသလိုက်တယ် (မှန်ပါ့) အခုတော့ ဒုက္ခဖြစ်တယ် ဆိုရင် နောက်က မဂ်လိုက်တယ် (မှန်ပါ့)။

အကုန်အပါယ်တံခါးပိတ်ပါပြီ

ဒုက္ခဖြစ်တာ ဒကာကြွယ် (မဂ်လိုက်ပါတယ် ဘုရား) ဒါက ခင်ဗျားတို့ အကုန်သာသနာတွင်း ရောက်လို့ အကုန်အပါယ် တံခါးပိတ်ပါပြီ (မှန်ပါ့ ဘုရား) သိပ်အဖိုး တန်သွားပြီ (အဖိုးတန်ပါပြီ ဘုရား)။

မောင်ဘသော် နာရီဝက်နီးပြီကွ၊ အတော် အဖိုးတန်ပြီ (တန်ပါပြီ ဘုရား) အင်မတန် အဖိုးတန် သွားပြီ (မှန်ပါ့)။

အပါယ်တံခါးပိတ်တယ်ဆိုတာ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးပဲ ခင်ဗျားတို့ ဆရာကောင်း, သမားကောင်း ကလည်း ကြုံ၊ ခင်ဗျားတို့ ဆန္ဒကလည်း ပြင်းပြခြင်းကြောင့် ဪ အပါယ်တံခါးပိတ်တယ် ဆိုတာ ဒေါသ မလာတာ ဆိုတာကိုး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒေါသမလာတာ

အပါယ်တံခါးပိတ်တယ်ဆိုတာ ဘာပါလိမ့် (ဒေါသမလာတာဆိုတာပါ ဘုရား)။

ဒေါသမလာရုံမကသေးပါဘူး ဒကာကြွယ် (မှန်ပါ့ ဘုရား) ခန္ဓာကိုယ်ထဲမှာ အိုက်လုံးကလေး ပေါ်လာတယ်။ အိုက်လုံးကလေး ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် မဂ်လိုက်လာတော့ကို ဒကာ ဒကာမတွေက အင်း အိုက်လိုက်တာ ဘယ်တော့များ အေးပါ့မတုံး ဆိုတဲ့ တောင့်တတဲ့ တဏှာက လာသေးသလား (မလာပါ ဘုရား) အင်း မဂ်သာ လိုက်နေတယ် (မှန်ပါ့)။

လောဘမလာတာ

အိုက်တာကလေးက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ ဆိုတော့ ခုနင်က အိုက်တာကလေး ဘယ်တော့မှ ပျောက်ပါ့ မလဲဆိုတဲ့ တဏှာလာသေးရဲ့ လား (မလာပါ ဘုရား)။

ဪ ဒါဖြင့် တဏှာလည်း သေသွားပြီ (သေသွားပါပြီ ဘုရား)။

အိုက်လာတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက သမုဒယ သစ္စာ (မှန်ပါ့) တဏှာသေသွားတော့ ဘာသစ္စာ တဲ့တုံး (သမုဒယသစ္စာပါ ဘုရား) သမုဒယ သေသွားတာ (မှန်ပါ့)

ခုနင်က ဒေါသ သေသွားတယ် (မှန်ပါ့) အခု လောဘ သေပြန်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဪ ဒကာ ဒကာမတို့ မောဟသေပုံကလေး ရှင်းပေးပါဦးမယ် (မှန်ပါ့)။

အိုက်လုံးကလေးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) အိုက်တာကလေးဟာ ဪ ဒုက္ခပဲ။ ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာပဲလို့ သိပေးတာကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

မောဟ မလာတာ

ဒါဖြင့် ဒုက္ခသစ္စာကို မဂ္ဂသစ္စာဆိုတဲ့ ဝိဇ္ဇာနဲ့ သိသော ကြောင့် အဝိဇ္ဇာ ချုပ်ပြန်တယ် (မှန်ပါ့) ဘာချုပ်သွားသလဲ (အဝိဇ္ဇာ ချုပ်ပါတယ် ဘုရား) ဟာ ဒါ အဝိဇ္ဇာ ဆိုတာ မောဟပဲ (မှန်ပါ့)။ ဒကာ ဒကာမတို့ မောဟ လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် တစ်လုံးတည်း သိလိုက်တာနဲ့ လောဘ, ဒေါသ, မောဟ သေတယ် (မှန်ပါ့)။

အိုက်လုံးကလေး တစ်လုံးကို ဒုက္ခသစ္စာလို့ သိလိုက် တာနဲ့ လောဘကော (သေပါတယ် ဘုရား) ဒေါသကော (သေပါတယ် ဘုရား) ဒကာကြွယ် မောဟကော (သေပါတယ် ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းတယ်

ဒါဖြင့် လောဘ, ဒေါသ, မောဟတို့၏ ချုပ်ငြိမ်းရာ ဘာပါလိမ့်မတုံး (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန် ဆိုတာ သေသေချာချာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတို့ အိုက်လုံးတစ်လုံးကို ဒုက္ခ သစ္စာလို့ သိလိုက်တဲ့အဖြစ်ဟာ ဘယ်နှစ်ခု သေသွားသတုံး (သုံးခုသေပါတယ် ဘုရား) ဘယ်သူတွေပါလိမ့်ဗျာ (လောဘ, ဒေါသ, မောဟ ပါ ဘုရား)။

လောဘ, ဒေါသ, မောဟဆိုတော့ ပဋိစ္စသမုပ္ပါဒ် ရ ထားတဲ့ ပုဂ္ဂိုလ်များမှာ ဒကာ ဒကာမတို့ ကပ်ပြားရ, ထားတဲ့ ပုဂ္ဂိုလ်များမှာ အိမ်ကျတော့ ကြည့်ကြည့် ၊ အခုပဲ ကြည့်ကြည့်၊ ၃-နံပါတ် ဆိုတဲ့ တတိယ အကွက်ဟာ တဏှာ, ဥပါဒါန်, ကံ၊ ဒေါသတို့ သောကတို့ လာတဲ့အကွက်၊ အဝိဇ္ဇာ သင်္ခါရလာတဲ့ အကွက်၊ လာနိုင်သေးရဲ့လား (မလာနိုင် ပါ ဘုရား) မလာနိုင်တော့ဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အိုက်တာ ဒုက္ခသစ္စာ၊ သိတာ သည် (မဂ္ဂသစ္စာပါ ဘုရား) သေတာက လောဘ, ဒေါသ, မောဟ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံ မရောက်တော့ဘူး

သေတာက ဘာတဲ့ (လောဘ, ဒေါသ, မောဟ ပါ ဘုရား) ‘လောဘ, ဒေါသ, မောဟဆိုတော့ ဒကာ ဒကာမတွေမှာ ဪ လောဘကြောင့် ပြိတ္တာဘုံ ရောက်ရတယ် ၊ ဒေါသကြောင့် ငရဲ ရောက်ရတယ်၊ မောဟကြောင့်တဲ့ တိရစ္ဆာန်တွေ ဖြစ်ရတယ်၊ လောဘကြောင့် တဲ့ ဥစ္စာစောင့်တွေ ဘာတွေ ဖြစ်ကြရတယ် ဆိုတော့ ဒေါသ ကြောင့် ငရဲသွားတယ်၊ မောဟကြောင့် တိရစ္ဆာန်ဖြစ်တယ်၊ လောဘကြောင့်ပြိတ္တာဖြစ်တယ် ဆိုတော့ ဒါတွေမှ မလာတော့ အပါယ်တံခါးမှ ပိတ်ပါ့မလားလို့ သံသယ ရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အပါယ်တံခါးမဂ်အသိက ပိတ်သွားပြီ

အပါယ်တံခါးကို အသိက ပိတ်သွားပြီ (မှန်ပါ့) မဂ် အသိက ပိတ်သွားတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ အပါယ်တံခါး ကိုယ်က သွားပြီး လက်ကလေးနဲ့ တွန်းလို့ ပိတ်တာလား၊ မဂ်အသိက ပိတ်တာလား (မဂ်အသိက ပိတ်တာပါ ဘုရား)။ ဒါဖြင့် ဒီအသိဟာ ဒကာ ဒကာမတို့ စက္ခုံ ဥဒပါဒိ (မှန်ပါ့ ဘုရား) စက္ခုံ = ပညာမျက်စိ မဂ်အသိသည်၊ ဥဒပါဒိ =ပေါ်လာ၏ (မှန်ပါ့ ဘုရား) ရှင်းရဲ့ လား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အခု တရားနာ နေတာ နာရီဝက်သာသာကလေး ရှိသေးတယ်၊ ဒီအတိုင်းသာ သိနေလို့ ရှိရင်ဖြင့် သေကာနီးသိလည်း ပိတ်တာပဲ (မှန်ပါ့) အခုသိလည်း အခုကနေပြီး သကာလ အပါယ်လေးပါး ငါသွားစရာ မရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ကြီးကျယ်တဲ့အသိဉာဏ်ပေးတာ

ဒါကြောင့် ဒီအသိကလေး တစ်လုံးကိုဖြင့် ဘုန်းကြီး တို့က ဒကာ ဒကာမတွေ အကြီးဆုံးပဲ နိဗ္ဗာန်မဂ်ဖိုလ်ကို ပေးတာပဲ (မှန်ပါ့) ယူဖြစ်အောင် ယူကြ (မှန်ပါ့) လမ်းမှာ ချမပစ်ပါနဲ့၊ မေ့မပစ်ပါနဲ့ (မှန်ပါ)၊ ဘုရားပွင့်မှ ပေါ်လာတဲ့သစ္စာကို (မှန်ပါ့)၊ ဘုရားပွင့်မှပေါ်လာတဲ့ အသိကို (မှန်ပါ) ဆိုတော့ ဒါ နည်းနည်း နောနောလားလို့ မေးတဲ့အခါကျတော့ အလွန်ကြီးကျယ်တဲ့ အသိဉာဏ်ပါ ကလား၊

ဒီဥစ္စာ ဒီနေ့ ပေးလိုက်တဲ့ဥစ္စာ တစ်ချက်ရှုလိုက်တာနဲ့ လောဘ, ဒေါသ, မောဟ အကုန် သေတယ် (မှန်ပါ့) မသေဘူးလား ဒကာကြွယ် (သေပါတယ် ဘုရား)။

သေတော့ လောဘ, ဒေါသ, မောဟ မရှိတဲ့ ပုဂ္ဂိုလ် ဘယ်ကလာ အပါယ်သွားမှာတုံး (မသွားပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဇွဲကြီးကြီးနဲ့နာ

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခဏခဏပဲ ဆရာဘုန်းကြီးကလည်း ကရုဏာ ကြီးကြီးနဲ့ ဟောနေတော့ ဒကာ ဒကာမတွေကလည်း ကြီးကြီးနဲ့ နာနေတော့ ဪ ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သူ့ထဲ ပေါ်လာတဲ့တရားတွေက ဘာသစ္စာပေါ်ရသလဲ (ဒုက္ခ သစ္စာ ပေါ်ရပါတယ် ဘုရား) ပျောက်သွားပြန်လည်း ဒုက္ခသစ္စာ ပျောက်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ပေါ်လည်း ဒုက္ခသစ္စာ (မှန်ပါ့) ပျက်တာ ကော (ဒုက္ခသစ္စာပျက်တာပါ ဘုရား) ဟာ ဒကာ ကြွယ် ရှင်းပြီနော် (မှန်ပါ့)။

ခန္ဓာထဲက ပေါ်သ၍ ဖြင့် ဒကာကြွယ်ရ ဘာပဲ ပေါ်ပေါ် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဟာ မင်းတို့ အလွဲ ဆုံးဖြတ်ချက်ချလိုက်ရင် အတော်နစ်နာမယ် (မှန်ပါ့) ဘာကြောင့်တုံး ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာပင်ကြီးက ဒုက္ခသစ္စာဆိုရင် သူက သီးပွင့်လာမှ သုခဖြစ်ချင်လို့တော့ မဖြစ်နိုင်ဘူး (မှန်ပါ့) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

သစ္စာဆိုတာခန္ဓာပါလား

အေး ဒါတွေကို ရေရေလည်လည် ပိုင်ပိုင်နိုင်နိုင် ကြီးသိရတော့မှ ဪ သစ္စာဆိုတာ ခန္ဓာပါလား (မှန်ပါ)။

ခန္ဓာထဲက ထူးထူးခြားခြား ပေါ်လာပြန်လို့ရှိရင်လည်း သစ္စာထဲ ထည့်ရမယ် (မှန်ပါ)။ ဒုက္ခပင်က သီးလို့ ရှိရင်ဖြင့် သုခသီး သီးမှာလား ၊ ဒုက္ခသီးသီးမှာလား (ဒုက္ခ သီး သီးမှာပါ ဘုရား)။

ဒုက္ခသစ္စာဖြစ်၍ဒုက္ခသစ္စာပျက်တယ်

ဒုက္ခသီး သီးမယ်ဆိုတာ သေချာကြပြီလား၊ ဒါကြောင့် ယားတယ်၊ ဒုက္ခသစ္စာဖြစ်ပျက်၊ နာလည်း ဒုက္ခသစ္စာဖြစ်ပျက်၊ ဟုတ်လား ကောင်းတဲ့စိတ်ကလေးပေါ်လာလည်း ဒုက္ခသစ္စာ ဖြစ်၍ ဒုက္ခသစ္စာ ပျက်တာပဲ။

ဒီအတိုင်းသာ ရှုပြီး သကာလ ဒကာ ဒကာမတွေ ဘုရားရှိခိုးတဲ့စိတ်ကလေးပေါ်လာပြန်၊ အင်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ (မှန်ပါ ဘုရား)၊ ခန္ဓာထဲက ပေါ်လာတာ ကိုး (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ပေးချင် ကမ်းချင်တဲ့စိတ်ကလေးပေါ်လာပြန်တော့ ကော (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာ ပျက်တာပါ ဘုရား)။

ဒီစိတ်ကလေးပဲ ဒုက္ခရှိ၍ ဒုက္ခချုပ်တာပဲ ကြည့်လိုက် (မှန်ပါ)။

မေတ္တာထားတဲ့စိတ်

မေတ္တာထားတဲ့ စိတ်ကလေးပေါ်လာရင်လည်း ဘယ့်နှယ်ဆိုကြမယ် ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာပဲ။

သူက သီးပွင့်လာတာကော ဘာသီး ဘာပွင့်လို့ ဆိုကြ မယ် (ဒုက္ခသီး ဒုက္ခပွင့်ပါ ဘုရား)။ ဒုက္ခသီး ဒုက္ခပွင့် မှတစ်ပါး တခြားပါသေးသလား (မပါ ပါ ဘုရား)။

ဒါတွေသိတော့မှ ဪ ဒို့ ဒီနေ့ ဆရာဘုန်းကြီး က ဟောလိုက်တာ အရင်းကိုင်ပြီး သကာလ ၊ ဒို့သံသယရှိတာ တွေဖြင့် ဒို့က ကုသိုလ်စိတ်ကလေး ပေါ်တာကိုလည်း ဖြစ်ကောင်းကလေးလို့ အောက်မေ့တယ်။

ကောင်းတော့ကောင်းပါရဲ့ သို့သော်လည်း သစ္စာထဲ ဝင်တော့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ (မှန်ပါ ဘုရား)။

ကောင်းပေမယ့်ဘာသစ္စာတုံး

မေတ္တာပို့တဲ့စိတ်ကလေးပေါ်တာပဲ၊ စိတ်တော့ကောင်း ပါတယ်တဲ့၊ ကောင်းပေမယ့် သူ့ပင်ကို သဘောက ဘာသစ္စာတုံး (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ပြီး

အဲဒါကြောင့် ဘုရားက “သံခိတ္တေန – မင်းတို့တစ်ကိုယ် လုံး ငါအကုန်ပြောရမှာဖြင့်၊ ပဉ္စပါဒါနက္ခန္ဓာ – ခန္ဓာငါးပါး စလုံး၊ ဒုက္ခသစ္စံ – ဒုက္ခသစ္စာ’’လို့ ဘုရားက ဒီလောက်ဟောထား ပါလျက်နဲ့၊ ခင်ဗျားတို့က စိတ်ကောင်းကလေးပေါ်လာလို့ ကျုပ်တော်သေးတယ်၊ ဒကာကြွယ်က ကြွားလုံးများ ထုတ်ချင်သေး တယ်။

ဘယ်စိတ်ကောင်းပေါ်လာရမတုံး၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အေး သာမညပြောတော့ ဒါလေးက ကုသိုလ် စိတ်ကလေးပဲလို့ ကိုယ်က ဆိုပင် ဆိုရငြား သော်လည်း သစ္စာထဲ သွင်းလိုက်တော့ ဘာသစ္စာပေါ် သတုံး (ဒုက္ခသစ္စာပေါ်ပါ တယ် ဘုရား)။

အဲဒါကြောင့် ကုသိုလ်စိတ်လည်း ဖြစ်ပျက်ရှုလို့ ဆိုတော့ “ဝိတရာဂ စိတ္တံ ဝိတရာဂစိတ္တန္တိ ပဇာနာတိ” ဟေ့ ကုသိုလ် စိတ်လည်း ဖြစ်ပျက်ရှု။

ဒုက္ခသစ္စာဘယ်မှာရှာကြမယ်

ဘာပြုလို့တုံး ဒုက္ခသစ္စာမို့ (မှန်ပါ ဘုရား) ဒကာကြွယ် ပိုရှင်းတယ်၊ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ဒုက္ခသစ္စာဘယ်မှာ ရှာကြမယ် (ခန္ဓာထဲရှာရမှာပါ ဘုရား)၊ ခန္ဓာထဲ ပေါ်လာ သရွေ့ကိုလည်း ဘာသစ္စာလို့ရှု (ဒုက္ခသစ္စာလို့ ရှုရမှာပါ ဘုရား)။

ခန္ဓာထဲမှာ ပေါ်လာသ၍ ဟာလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ရှုတော့ အရှုခံရတာက ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

ဆရာပေးတဲ့မျက်လုံး

မဂ်ရတော့ စက္ခုံ ဥဒပါဒိ (မှန်ပါ့) စက္ခု = မဂ် မျက်လုံးသည်၊ ဥဒပါဒိ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်၌ ယနေ့ပေါ်လာ၏ (မှန်ပါ့) မဂ်မျက်လုံးပေါ်တာ (မှန်ပါ့ ဘုရား)။

ဘာမျက်လုံးပေါ်လာတုံး (မဂ်မျက်လုံးပေါ်တာပါ) အမေပေးတဲ့ မျက်လုံးလားလို့ ဆိုတော့ မဟုတ်ပါဘူးတဲ့။ ဆရာပေးတဲ့ မျက်လုံးပေါ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အမေပေးတဲ့မျက်လုံးက ဘာတုံး

အမေပေးတဲ့ မျက်လုံးက ဘာတွေ ပေးထားသတုံး ဆိုတော့ ဟောဒါ နင့်နှမလို့ မှတ်ထား၊ နင့်အမေလို့ မှတ်ထား၊ နင့်အဖေလို့ မှတ်ထား၊ နင့်အဘိုးလို့မှတ်ထား (မှန်ပါ့) ဘာလဲ ဆိုတော့ ပညာသင်ပေးလိုက်တာ (မှန်ပါ့) သစ္စာပရမတ်ကို မသင်နိုင်ဘူး (မှန်ပါ့ မသင်နိုင်ပါ) သဘောပါကြ ၊ ပလား (ပါ,ပါပြီ ဘုရား)။

ကဲ ဒါဖြင့် အမေပေးတဲ့ မျက်လုံး မဟုတ်ဘူး၊ ဆရာ ပေးတဲ့ မျက်လုံး (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဆရာပေးတဲ့ မျက်လုံး ဆိုတော့ လောဘ, ဒေါသ, မောဟကင်းပြီ (မှန်ပါ့) အမေပေးတဲ့ မျက်လုံးကတော့ ဟာ ဒါ နင့်အမျိုးဆို၊ ဟာ ခင်တော့မှာပဲ အဘိုးလို့ အဘွားလို့ ခေါ်တော့မယ်၊ အမေ ပေးတဲ့ မျက်လုံးက ခင်လုံး မင်လုံး, လာတယ် (မှန်ပါ့) ချောက်လုံး, လှန့်လုံးကော (လာပါတယ် ဘုရား)။

သီလမျက်လုံးလောက် ပေးနေတာ

လာတယ်ဆိုတော့ ဒကာ ဒကာမတို့ အမေပေးတဲ့ မျက်လုံးကတဲ့၊ သီလမျက်လုံးလောက် ပေးနေတော့ (မှန်ပါ့) ဟောဒါ ရိုသေတော့ ဆိုတာ သီလမျက်လုံး (မှန်ပါ့) ဟောဒီ အဘိုးတွေ အဘွားတွေက ခိုင်းရင် မင်း ဝေယျာ ဝစ္စလုပ်ပေးလိုက်ဆိုတော့ ဝေယျာဝစ္စသီလ မျက်လုံး တပ်ပေး လိုက်တယ် (မှန်ပါ့ ဘုရား)။

ဆရာပေးတာ ပညာမျက်လုံး

ဆရာပေးတော့ ပညာမျက်လုံး (မှန်ပါ့) အမေက ပေးတာက သီလမျက်လုံးကို ပေးတယ် (မှန်ပါ့) မကွာ ဘူးလား (ကွာပါတယ် ဘုရား)။

အမေက ပေးတာက (သီလမျက်လုံးပေးပါတယ်) ဆရာက ပေးတာက (ပညာမျက်လုံး ပေးပါတယ်) ပညာ မှ နိဗ္ဗာန်သွားနိုင်မယ် ဆိုတာကတော့ သေချာပလား (သေချာပါပြီ ဘုရား)။

အေး ဒါကြောင့် သီလလောက်နဲ့ မသွားနိုင်ဘူး၊ ပညာမှ သွားနိုင်သောကြောင့် ပညာမျက်လုံးကို အဆုံးထားပြီး အားကိုးရလိမ့်မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ကိုယ်ပေါ်မှာ ဘာပဲ ထူးထူးခြားခြား ပေါ်နေနေ ဘာသီး, ဘာပွင့်လို့ ဆိုကြမလဲ (ဒုက္ခသီး, ဒုက္ခပွင့်ပါ ဘုရား)။

အဲ ဒုက္ခသီး, ဒုက္ခပွင့်, ပွင့်တိုင်း ပွင့်တိုင်း မောင်ဘသော် ကြည့်ပေးပါ (မှန်ပါ့) ကြည့်ပေး လိုက်တော့ ဒုက္ခပွင့် ဒုက္ခသီးက ဘာခွစ္စာ (ဒုက္ခသစ္စာပါ) ကြည့်ပေးတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဟာ ဒါဖြင့် ဒါ မဂ်မျက်လုံးပေါ့ (မှန်ပါ့) – စက္ခုံ= ပညာမျက်စိသည်၊ ဟုတ်လား (မှန်ပါ့) ဥဒပါဒိ= ပေါ်လာ၏ ဆိုတော့ ဆရာပေးတဲ့ မျက်လုံး (မှန်ပါ့ ဘုရား)။

ဒီမျက်လုံးသည် ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတဲ့၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိသောကြောင့် ဒေါသကော လာသေးလား (မလာပါ) ပျောက်ချင်တော့ ဒီအနာ ကလေး ပျောက်ချင်တဲ့ အတွက် လောဘကော (မလာပါ) ဒုက္ခသစ္စာ မသိတဲ့ အဝိဇ္ဇာ မောဟကော (မလာပါ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟကို ကုန်စေတယ်

ဒါဖြင့် ဒီသိလုံးသည် ဒကာ ဒကာမတို့ ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာကို သိတဲ့ သိလုံးကလေးသည် ဒကာ ဒကာမတို့အား လောဘ, ဒေါသ, မောဟကို ကုန်စေသည် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သံသရာ့ ရေသောက်မြစ်တွေကို သတ်နိုင် သည်ဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ) မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

အင်မတန် အဖိုးတန်တဲ့စကား ဒကာကြွယ် သေပျော်ပြီ (မှန်ပါ့ ဘုရား) အားလုံး ဒကာ ဒကာမတွေ သေပျော်ပြီ ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်နှစ်ခု သေသွားသလဲ (သုံးခုသေပါတယ် ဘုရား) ဘယ်သူတွေပါလိမ့်ဗျာ (လောဘ, ဒေါသ, မောဟ ပါ ဘုရား)။

လောဘဆိုရင် ပြိတ္တာဘုံ

ဪ ဒကာ ဒကာမတွေ ဒီထဲ ညည်းလုံးထုတ် နေကြတယ်၊ ဒီလောဘနဲ့သာ ဆိုရင်ဖြင့် ကျုပ်တို့တတွေ ပြိတ္တာဘုံတန်းနေပြီ (မှန်ပါ့) ဒီဒေါသနဲ့သာဆိုရင်ဖြင့် နေ့စဉ် ဒေါသဖြစ်ရင် ငါတော့ဖြင့် ငရဲသွားရတော့မယ်ပေါ့၊ ကြောက်နေကြတယ် (မှန်ပါ့)။

မောဟဆိုရင်အပါယ်

ငါ့မှာ သူတော်ကောင်း အလုပ် မလုပ်ရဘူး၊ အလကား ဟာတွေနဲ့ အချိန်ကုန်နေတယ် ဆိုတော့ မောဟကြောင့် အပါယ်သွားရတော့မယ် သူပြောနေတာ (မှန်ပါ့)။

အခုတော့ဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးကပဲ နည်းပေးပြီး သကာလ ပေးလိုက်ပါတယ်၊ ခန္ဓာထဲက ပေါ်သ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာကလေးက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယသစ္စာ ပါ ဘုရား) သေတာက လောဘ, ဒေါသ, မောဟ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သမုဒယသစ္စာ ဆိုလည်း ဟုတ် ပါတယ် (မှန်ပါ့)။

သို့သော် ဖော်လိုက်ပါတော့ (မှန်ပါ့) ဖော်လိုက် တော့ဘာတွေပါလိမ့် (လောဘ, ဒေါသ, မောဟပါ ဘုရား)။

ဒါဖြင့် လောဘ, ဒေါသ, မောဟ သေကတည်းကိုက နောက်သံသရာအတွက် ခန္ဓာတွေ လာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် သမုဒယချုပ်၍ ဒုက္ခသိမ်းတယ် (မှန်ပါ့) မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား) သမုဒယချုပ်၍ (ဒုက္ခသိမ်းပါတယ် ဘုရား)။

သစ္စသံယုတ်မှာ

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်မှာ ဟောထားတယ်၊ ကွာ တဲ့ မင်းတို့ ဘာတွေ အချိန်စီးနေသတုံး၊ ဝိတက် ကြံလုံး, ဖန်လုံး မသိတဲ့ ပုဂ္ဂိုလ် များမှာ နေ့တိုင်း-နေ့တိုင်းဟာ ကြံလုံး, ဖန်လုံးကလေးဟာ လာတတ်ပါတယ်တဲ့ (မှန်ပါ့) မလာဘဲ မရှိပါဘူးကွာ တဲ့၊ အကြံမရှိ ဉာဏ်မရှိဆိုတာ မင်းတို့မဟုတ်ပါဘူးတဲ့၊ သို့သော် မင်းတို့ ကြံပုံက အင်း သားကလေး ဘယ်လိုနေရ ပါ့မလဲ၊ သမီးကလေး ဘယ်လို နေရာချထားရပါ့မလဲ။ အစရှိသည်နဲ့ မင်းတို့က ဘာမဟုတ်တာ ကြံနေတယ်တဲ့ (မှန်ပါ့ ဘုရား)။

နောက်တော့ အိပ်ရာပေါ်မှာလည်း ဒကာကြွယ် ခေါင်းချလိုက်ပေါ့ဗျာ နဖူးပေါ်လက်တင်လိုက်၊ ဘာသစ္စာပါ လိမ့်မတုံးဆိုတာ အရင်တွေးပါ (မှန်ပါ့) တွေးလိုက်တော့ ဒကာ ဒကာမတွေ ဘာသစ္စာ ပါလိမ့်မတုံးလို့ ခန္ဓာထဲ တွေးလိုက်တော့ ခန္ဓာထဲက တစ်ခုခု ပေါ်လာလိမ့်မယ်၊ အိပ်ချင်တာ ကလေးရင်လည်း ပေါ်လာလိမ့်မယ် ၊ စားချင်တာကလေး ရင်လည်းပေါ်လာလိမ့်မယ် ၊ ညောင်းတာ ကလေးရင် လည်း ပေါ်လာလိမ့်မယ်၊ စိုးရိမ်တာကလေးရင်လည်း ပေါ်လာလိမ့်မယ် (မှန်ပါ့) ပေါ်လာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အပါယ်တံခါးပိတ်တဲ့အတွေး

အဲ ပေါ်လာတာ ဒုက္ခသစ္စာလို့တွေး၊ တွေးလုံး တွေးလို့ မင်းတို့ ဘာလာသတုံးဟေ့ (မဂ္ဂသစ္စာပါ ဘုရား) ဘာကြောင့်တုံးဆိုတော့ ဒါ-အပါယ်လေးပါး တံခါးပိတ် တဲ့ အတွေး (မှန်ပါ့)။

ဘာအတွေးဆိုကြမလဲ (အပါယ်လေးပါး တံခါး ပိတ်တဲ့အတွေးပါ ဘုရား) အဲဒါကြောင့် တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြံလုံးကြံ, တွေးလုံးတွေးကြရင် ဒုက္ခသစ္စာသာ တွေးနေ (မှန်ပါ့)။

အဲဒါ ဘုန်းကြီးက ဟောတာမဟုတ်ဘူး ဒကာ ဒကာမ တွေ သစ္စသံယုတ်မှာ ဘုရားဟောတာ (မှန်ပါ့)။

ကဲ ဒါဖြင့် ခန္ဓာကိုယ်ထဲ အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အင်း ကြောက်ရွံ့ တဲ့စိတ်ကလေး ပေါ်လာရင် (ဒုက္ခသစ္စာ ပါ ဘုရား) စိုးရိမ်တဲ့ စိတ်ကလေး ပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က စိုးရိမ်တယ်ဆိုပြီး လူသာထ, ပြေးတာ၊ ဒုက္ခသစ္စာပါလားလို့ တွေးမှ မတွေးဘဲ (မှန်ပါ့) ခက်လိုက်တဲ့ဖြစ်ခြင်း လူပြေးက မြန်နေတယ်၊ အတွေးက နောက်ကျနေတယ် (မှန်ပါ့ ဘုရား)။

လူကသာ အရင်ပြေးနေတယ် (မှန်ပါ့) ပေါ်လာ တဲ့ စိတ်ကလေး ဘာပါလိမ့်မတုံး တွေရဲ့ လား (မတွေး ပါ ဘုရား) တွေးတော့ ဘယ့်နှယ်တွေးရမလဲ (ဒုက္ခသစ္စာ လို့ တွေးရပါမယ် ဘုရား) အဲ ပေါ်လာတဲ့ စိတ်က ဒုက္ခ သစ္စာ၊ တွေးလုံးက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီကတည်းက ခုနင်က ပြေးချင်, လွှားချင်တဲ့ စိတ်က လေးဟာ မပြေသေးဘူးလား (ပြေပါတယ် ဘုရား) အဲဒါ မဂ်က ကိလေသာသတ်တာ (မှန်ပါ့) ဒကာကြွယ် ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ခင်ဗျားတို့က ၄- နာရီခွဲလို့မှ သားတွေ သမီးတွေ အကုန်ကားတွေက မကြိုလာသေး၊ လူလည်း မလာသေးလို့ ရှိရင်ဖြင့် စိုးရိမ်လုံး ဝင်လာပြီ၊ ဒီဟာ အဖတ်တင်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဓမ္မသဘောပေါ်ရာစောင့်ကြည့်ပါ

ဓမ္မသဘောပေါ်ရာ စောင့်ကြည့်ပါ၊ ဒီဥစ္စာ စားချင် တဲ့ စိတ်ကလေးလာရင် အင်း ဒုက္ခသစ္စာ လာတာကိုးလို့ ဒီလိုသိ (မှန်ပါ့) ကြောင့်ကြစိတ်ကလေး လာရင်ကော (ဒုက္ခသစ္စာလို့ သိရမယ်) အင်း နောက်တစ်ခါ ဖုတ်ပူ မီးတိုက် ဖြစ်လာရင်လည်း ဒုက္ခသစ္စာပဲကြည့် (မှန်ပါ့)။

အင်း ရှေ့ ဒီသား, ဒီသမီးတွေ သူတို့ ဘယ်လိုများ သူတို့ အသက်မွေးကြမတုံးလို့ တွေးလုံး လာရင်ကော (ဒုက္ခသစ္စာပဲ ကြည့်ရပါမယ် ဘုရား)။

အဲ ဒုက္ခသစ္စာဆိုတော့ ကိုယ့်မှာ တွေးတိုင်း, တွေးတိုင်း စိတ်ကလေးကပါလို့ တွေးတိုင်း, တွေးတိုင်း မဂ္ဂသစ္စာက ရနေတယ် (မှန်ပါ့) မဂ္ဂသစ္စာ ရောက်တော့ လောဘ, ဒေါသ, မောဟ မသေပါနဲ့ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

အဲဒါ လောဘ, ဒေါသ, မောဟ သေတော့ ဒကာ ဒကာမတို့ ပေါ်တာ တွေးတာကြောင့် အပါယ်ဘေး လွတ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အတွေးနောက် ကိလေသာ လိုက်လို့ရှိရင် အပါယ်တံခါး ပွင့်တယ် (မှန်ပါ့) အတွေးနောက် ပပဉ္စ လိုက်သွားလို့ရှိရင် (အပါယ်တံခါးပွင့်ပါတယ် ဘုရား) အတွေးနောက်က မဂ်လိုက်လို့ရှိရင် (အပါယ်တံခါး ပိတ်ပါတယ် ဘုရား)။

ပိတ်တဲ့ဉာဏ်နဲ့ လိုက်တဲ့ ပပဉ္စ ဘယ်ဟာ အလုပ်များ ကြမလဲ (လိုက်တဲ့ ပပဉ္စ အလုပ်များ ကြပါတယ် ဘုရား)။

အပါယ်သွားနည်းက များတယ်

ပိတ်တဲ့နည်းနဲ့ အပါယ်သွားတဲ့ နည်းနဲ့ ဘယ်ဟာက များနေကြသလဲ (အပါယ်သွားတဲ့နည်းက များပါတယ် ဘုရား)။

အပါယ်သွားတဲ့နည်းက များပြီး သကာလ နေတော့ ယနေ့ကစပြီး သကာလ ခင်ဗျားတို့ တွေးလုံးပေါ်လာရင် ချက်ချင်း သော် ဒါကလေးဟာ ဒုက္ခသစ္စာပါကလား ဆိုတော့ ဒုက္ခသစ္စာက ဖြစ်ပျက် ဟုတ်လား (မှန်ပါ့) တွေးလုံးကလေးက မဂ်ဖြစ်သွားတယ် (မှန်ပါ့)။

မဂ်ဖြစ်သွားတဲ့ အခါကျတော့ ခုနင်က လောဘ,ဒေါသ, မောဟ လာသေးရဲ့ လား (မလာပါ ဘုရား) အဲဒီတော့ အတွေးကောင်းတော့လည်း မဂ်ဝင်တယ်နော် (မှန်ပါ့) အတွေး မကောင်း တော့လည်း အပါယ်လေးပါး ရောက်တယ် (မှန်ပါ့)။

အပါယ်လေးပါး၊ ကိုယ့်အိမ်ဖြစ်ခဲ့တယ်

ဘယ်ဟာ ကြိုက်သလဲ (မဂ်ရတာ ကြိုက်ပါတယ် ဘုရား) မဂ်ရတာ ကြိုက်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ တစ်သံသရာလုံးက မဂ်ရတာ မကြိုက်ခဲ့လို့ အပါယ်လေးပါး ကိုယ့်အိမ် ဖြစ်ခဲ့ရတယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

အပါယ်လေးပါး ကိုယ့်အိမ်ကိုယ့်ယာ ဖြစ်ခဲ့ရတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သိပ်နာတယ်နော် (မှန်ပါ့) ဒါကြောင့် ခန္ဓာကိုယ်ထဲက ဘာပဲ ပေါ်ပေါ်, ပေါ်တာ ကို ဘာလုပ်ထားရမလဲ (ဒုက္ခသစ္စာလို့ ရှုရပါမယ် ဘုရား)။

ဟုတ်ပါတယ် မောင်ဘသော်ရ (မှန်ပါ့) ဒကာ ဒကာမတို့ ပင်ကို ခန္ဓာကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) သူ့ထဲက ထူးထူးခြားခြား ဘာပေါ်ပေါ် ဘယ့်နှယ် ဆိုမလဲ (ဒုက္ခသစ္စာပါပဲ ဘုရား)။

ခုနင်ကပြောခဲ့တာကို ဒကာ ဒကာမတို့ သရက်ပင်က လာရင် သရက်သီး သီးမှာပဲ (မှန်ပါ့)၊ ဒုက္ခပင်က (ဒုက္ခ သီး သီးမှာပါ ဘုရား) သီးမှာပဲ။

ဖြစ်ပျက်က ဒုက္ခသစ္စာ

ဒါဖြင့် ဒုက္ခပင် ဒုက္ခသီးနေမှာပဲ၊ ဒုက္ခဖြစ်တာ ကိုလည်းသိ၊ ဒုက္ခသီးဖြစ်တာကိုလည်းသိ၊ ဒုက္ခသီးပျက်တာ ကော (သိရမှာပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခဖြစ်ပျက်က ဒကာ ဒကာမတို့ ဒုက္ခသစ္စာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒုက္ခဖြစ်မှန်းသိတာက မဂ္ဂသစ္စာ

ဒုက္ခဖြစ်မှန်းသိတာက (မဂ္ဂသစ္စာပါ)၊ အင်း လောဘ, ဒေါသ, မောဟ သေတာက သမုဒယ ချုပ်တာ (မှန်ပါ့)။

နောင်ခန္ဓာမလာတာက နိရောဓသစ္စာ

နောင် ခန္ဓာမလာတာက နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန် ဒုတိယကွက်ဟာ နိဗ္ဗာန်ရောက်မည့် အကွက် (မှန်ပါ့) – သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒကာကြွယ် ဒီနေ့တရား သိပ်အဖိုးတန့်ဝါပြီး (တန်ပါပြီ ဘုရား)၊ အင်မတန် အဖိုးတန်ပါပြီ။

ကဲ ဒီဥစ္စာဘုန်းကြီးကဒကာ ဒကာမတို့ လုံလောက် သည်ထက် လုံလောက်အောင် ဝတ္ထုတို ကလေးတစ်ခု ထုတ်ပြမယ် (မှန်ပါ့)။

ဝဇီရာ၊ ရဟန္တာထေရီမ

ဝတ္ထုတိုကလေးတစ်ခု ထုတ်ပြမယ်၊ ဘုရားလက်ထက် က ဝဇီရာဘိက္ခုနီမ ဆိုတာ ရဟန္တာ ထေရီမ (မှန်ပါ့)၊ သူ့နာမည် က ဝဇီရာလို့ ခေါ်တယ်နော် (မှန်ပါ့)။

ဝဇီရာဘိက္ခုနီမ ဆိုတာ ရှိတယ်၊သူက သာဝတ္ထိပြည်မှာ ဆွမ်းခံပြီး သကာလ နေတယ် (မှန်ပါ့)၊ ဆွမ်းခံပြီး သကာလ အန္တဝန်တော ဆိုတဲ့ဆီ သုသာန်သွားပြီး တရားအားထုတ်တယ် (မှန်ပါ့)၊ ရဟန္တာ ဖြစ်ပြီးသားနော် (မှန်ပါ့)။

တရားနှလုံးသွင်းချင်လို့ ငါးပါးအာရုံကာမဂုဏ်တွေ အသံ မကြားချင်လို့ မောင်ဘသော်တို့ ဒကာကြွယ်တို့ သုသာန်တော ထဲသွားတယ် (မှန်ပါ့)။

မာရ်နတ်မင်း

အဲဒီမှာ မာရ်နတ်က ကောင်းကင်က ဝသဝတ္တီမာရ်နတ် ကြီးက ဒကာ ဒကာမတို့ သူတော့ဖြင့် ကြက်သီးမွေးညင်းထ, အောင် ချောက်ဦးမှပဲ၊ သမာဓိ ပျက်အောင်တော့ လုပ်ဦးမှပဲ။ ကြက်သီး မွေးညှင်းထ,အောင် လုပ်ဦးမှပဲ၊ သူ့ရထားတဲ့ သမာဓိပျက်အောင် လုပ်ဦးမယ်တဲ့ (မှန်ပါ့)။

စိတ်ထားကောင်းရဲ့လား (မကောင်းပါ ဘုရား)။ စိတ်ထား အင်မတန်ဆိုးတယ်။

ဝသဝတ္တီပြည်ကဆင်းပြီး သကာလ လာခဲ့ပါတယ် (မှန်ပါ့ ဘုရား)၊ လာခဲ့ပြီး သကာလ ဟိုက တရားနှလုံးသွင်းနေ တယ်။

နိဗ္ဗာန်ကို နှလုံးသွင်းပြီးနေတယ်

ဒုက္ခသစ္စာတွေကို မဂ္ဂသစ္စာနဲ့ အာရုံပြုပြီး သကာလ နေပြီး နောက် ဒုက္ခတွေချုပ်တဲ့ နိဗ္ဗာန်ကို နှလုံးသွင်းပြီး သကာလ နေပါ တယ် (မှန်ပါ့)။

အဲဒီကဲ့သို့နေပါတယ်၊ နေတဲ့အခါကျတော့ ဂါထာ ကလေး တစ်ခုရွတ်လိုက်တယ်၊ မာရ်နတ်က ဘိက္ခုနီမ အနားသွားတဲ့ပြီး သကာလ

ကေနာယံ ပကတော သတ္တော၊

ကုဝံသတ္တဿ ကာရကော၊

ကုဝံသတ္တော သမုပ္ပန္နော၊

ကုဝံသတ္တော နိရုဇ္ဇတိ။

ဒါကလေး ရွတ်လိုက်တယ်၊ ဒါက ပါဠိ၊ မြန်မာလို ပြန်လိုက်တော့ ရှင်းပါတယ်၊ သတ္တဝါကို ဘယ်သူပြုလုပ်သလဲ တဲ့ (မှန်ပါ့)၊ သဘောကောကျရဲ့ လား (ကျပါတယ် ဘုရား)။

သတ္တဝါကိုဘယ်သူပြုလုပ်သလဲ

ဒီ ဒကာ ဒကာမတွေလည်း တချို့သတ္တဝါတွေလို့ မဆိုကြဘူးလား (ဆိုပါတယ်)၊ သတ္တဝါကို ဘယ်သူပြုလုပ် သလဲတဲ့ ၊ ဒါမေးလိုက်တယ် မာရ်နတ်က (မှန်ပါ့)၊ ဝဇီရာ ဘိက္ခုနီမ ရဟန္တာမကို သူက မေးလိုက်တာ (မှန်ပါ့)။

“ကုဝံ သတ္တဿ ကာရကော” တဲ့ ၊ သတ္တဝါကို အဘယ်ပုဂ္ဂိုလ်က ပြုလုပ်ပါသလဲတဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

“ကုဝံ သတ္တော သမုပ္ပန္နာ” တဲ့ ၊ ကုဝံ ကေန = အဘယ်ကြောင့်၊ သတ္တော= သတ္တဝါသည်၊ သမုပ္ပန္နာ = ဖြစ်ပေါ်လာသနည်း၊ သတ္တဝါတွေ အဘယ်ကြောင့် ဖြစ်ပေါ် လာသနည်းတဲ့၊ သူက သတ္တဝါနဲ့ ချည်းပဲ မေးတယ် (မှန်ပါ့)။

သတ္တဝါဘယ်သူ့ကြောင့်သေသတုံး

ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ) ကုဝံ ကေန= အဘယ်အကြောင်းကြောင့်၊ သတ္တော =သတ္တဝါသည်၊ နိရုဇ္ဈတိ =ချုပ်ပျောက်၍ သွားရသလဲတဲ့ (မှန်ပါ့)။

သတ္တဝါကို ဘယ်သူပြုလုပ်သလဲ၊ သတ္တဝါတွေ ဘယ်သူ တည်ထောင်သလဲ၊ သတ္တဝါကို ဘယ်သူ ဖြစ်စေသလဲ၊ သတ္တဝါဟာ ဘယ်သူ့ကြောင့် သေသတုံး (မှန်ပါ့) ဒါတွေ မဟုတ် တာတွေချည်း လျှောက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ တရားတစ်ပွဲလုံးဟာ ခင်ဗျားတို့ ဘာ သစ္စာတွေဖြစ်သလဲ (ဒုက္ခသစ္စာတွေ ဖြစ်ပါတယ်) ပါသေးသလား သတ္တဝါ (မပါပါ ဘုရား) သတ္တဝါသေတာကော (မပါပါ ဘုရား)။

ဒီခန္ဓာကြီးတွေဟာ အခုတရားဟောတဲ့ ဘုန်းကြီးကို ပြောလည်း ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ) တရားနာတဲ့ ခန္ဓာတွေ ကြည့်လိုက်ရင်လဲ (ဒုက္ခသစ္စာပါ ဘုရား) နို့ သတ္တဝါ မြင်သေးလား (မမြင်ပါ ဘုရား)။

သတ္တဝါနဲ့ မေးထားတယ်၊ ‘‘ကေနာယံ ပကတော သတ္တော’’ တဲ့၊ အယံ သတ္တော =ဤသတ္တဝါကို၊ ကေန =အဘယ်ပုဂ္ဂိုလ်သည်၊ ပကတော= ပြုလုပ်ပါသနည်း တဲ့။ အင်း သတ္တဝါကို ဘယ်သူ ပြုလုပ်သတုံး မေးထားတယ် (မှန်ပါ့)။

“ကုဝံ သတ္တဿ ကာရကော” ကုဝံကား အဘယ် ပုဂ္ဂိုလ်သည်၊ သတ္တဿ= သတ္တဝါကို၊ ကာရကော = ပြုလုပ် သနည်းတဲ့ ၊ သတ္တဝါနဲ့ချည်း မေးထားတယ် (မှန်ပါ့)။

သတ္တဝါလို့လာမေးတာ ဘယ်သူတုံး

ဟိုက ရဟန္တာမ ဆိုတော့ ဒကာကြွယ်တို့ မောင်ဘသော် တို့ ဒကာသစ်တို့ သူ့ကို ဘယ့်နှယ် သတ္တဝါလည်း မရှိဘဲနဲ့ သတ္တဝါနဲ့ လာမေးနေတာ ဘယ်သူပါလိမ့်မလဲ၊ သူက ဝဇီရာ ဘိက္ခုနီမက ဒကာ ဒကာမတွေ ကြည့်လိုက်တယ် (မှန်ပါ့)။

ဝဇီရာဘိက္ခုနီမက ကြည့်လိုက်တဲ့အခါကျတော့၊ မာရ်နတ် ငါ့ကို ကြက်သီးမွေးညှင်း ထအောင် ကြောက် မလားလို့ လုပ်တာ၊ တစ်နည်းအားဖြင့် ငါလုပ်နေတဲ့ သမာဓိ ပညာ ပျက်အောင် လာချောက်တာ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ဝဇီရာ ဘိက္ခုနီမက အဖြေပေးလိုက်တယ် (မှန်ပါ့)။

“ကိန္နုသတ္တောတိ ပစ္စေသိ” မာရ -မာရ်နတ်၊ ကိန္နု= အဘယ်ကြောင့်၊ သတ္တောတိ = သတ္တဝါဟူ၍၊ ပစ္စေသိ -မင်းက ယုံကြည်နေသလဲတဲ့ ၊ မင်းက သတ္တဝါမဟုတ်ဘဲနဲ့ အဘယ့်ကြောင့် ယုံကြည်နေသတုံး (မှန်ပါ့)။

ဒကာကြွယ် သတ္တဝါ ရှိပါ့မလား (မရှိပါ ဘုရား)၊ မရှိ တာကို မင်းက ဘယ့်နှယ်ကြောင့် သတ္တဝါဟူ၍ ယုံကြည်ချက်နဲ့ မေးနေသလဲတဲ့ (မှန်ပါ့)၊ ဘိက္ခုနီမက ပြန်မေးတာနော် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒိဋ္ဌိနဲ့မေးနေတာ

“မာရ ဒိဋ္ဌိဂတံနုတေ’’ တေ တယာ – သင်သည်။ ဒိဋ္ဌိဂတံနု =ဒိဋ္ဌိဖြစ်၍ နေသည်မဟုတ်ပါလော ၊ မင်းမေးတဲ့ အမေဟာ ဒိဋ္ဌိနဲ့မေးတာတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ မိစ္ဆာဒိဋ္ဌိနဲ့မေးနေတာ (မှန်ပါ့)၊ သမ္မာ ဒိဋ္ဌိ၊ သစ္စာ ပါသေးရဲ့ လား (မပါပါ ဘုရား)။

အဲဒီတွင် ဒီလိုသူကပြန်ပြီး ပြောပါတယ်၊ “သုဒ္ဓသင်္ခါ ပုဉ္စောယံ” အယံ =ဤခန္ဓာငါးပါးသည်၊ သုဒ္ဓသင်္ခါရပုဉ္စော= ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားသည်သာလျှင်၊ ဟောတိ =ဖြစ်၏

မင်းက ဘယ်သတ္တဝါမေးနေတုံး၊ ဒုက္ခသစ္စာပဲ ရှုနေရမှာ မင်းက သတ္တဝါ လုပ်နေရသလား ၊ ဒါဖြင့် အခက်သားပဲ မင်းကိုက ဒိဋ္ဌိဖြစ် နေပါပေါ့လား တဲ့ (မှန်ပါ့)။

ဝဇီရာဘိက္ခုနီမက ပြန်ပြောတယ် ဒကာ ဒကာမှ တို့ သဘောပါပလား (ပါပါပြီ ဘုရား)။

ကိန္နု သတ္တောတိ ပစ္စေသိ၊

မာရ ဒိဋ္ဌိဂတံနု တေ၊

သုဒ္ဓသင်္ခါရပုဉ္စာယံ၊

န ယိဓ သတ္တုပလဗ္ဗတိ။

ဣဓ ဤလောက၌၊ သတ္တော = သတ္တဝါကို၊ န ဥပလဗ္ဗတိ= မရနိုင်ပါဘူးကွ၊ ရှိမှ မရှိဘဲနဲ့ (မှန်ပါ့)၊ ဒုက္ခ သစ္စာပဲ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သတ္တဝါမရှိဘူး

အဲဒီတွင်မှ ဘိက္ခုနီမက ဒကာ ဒကာမတို့ သတ္တဝါ မရှိဘူး မာရ်နတ်ရ၊ သတ္တဝါ ပြုလုပ်တတ်တဲ့ သူလည်း မရှိဘူး၊ သတ္တဝါလည်း မရှိဘူးကွ၊ ဒုက္ခသစ္စာသာ ရှိတယ်ကွ (မှန်ပါ့ ဘုရား)၊ ဒီတွင်မှ နောက်ဆုံးပိတ် သူဖြေလိုက်တယ်။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့

‘‘ဒုက္ခမေဝဟိ သမ္ဘောတိ၊

ဒုက္ခံ တိဋ္ဌတိ ဝေတိစ၊

နာညတြ ဒုက္ခသမ္ဘောတိ၊

နာညံ ဒုက္ခာ နိရုဇ္ဇတိ။

သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဘိက္ခုနီသံယုတ်မှာ (မှန်ပါ့)။

ခန္ဓာထဲဘာပေါ်ပေါ်ဒုက္ခပေါ်တာ

မာရ= မာရ်နတ်၊ ဒုက္ခမေဝ = ဒုက္ခတရားသည်ပင်လျှင် ခန္ဓာထဲ၌၊ သမ္ဘောတိ =ဖြစ်ပေါ်လာ၏။ ဘာပေါ်ပေါ် ခန္ဓာထဲက ပေါ်တာ ဒုက္ခသာပေါ်တာလို့ မှတ်ထားကွတဲ့ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ခန္ဓာထဲကဘာပေါ်လာလာ (ဒုက္ခ သာပေါ်ပါတယ်) ဒုက္ခပေါ်လာတာသာ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ယားတာကလေးပေါ်လာရင် (ဒုက္ခပါ)၊ မဲ့ချင် တာလေးပေါ်လာရင် (ဒုက္ခပါ)၊ အကုန် ဒုက္ခသစ္စာချည်း မှတ်ထား (မှန်ပါ့ ဘုရား)။

“ဒုက္ခမေဝဟိ သမ္ဘောတိ” ခဏကလေး တည်နေလို့ ရှိရင် လည်း၊ ဒီ စိတ်ကလေး မပျောက်သေးလို့ တည်နေလို့ရှိရင် ဒုက္ခတည်နေတာလို့ မှတ်ထားလိုက်စမ်းပါတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သုခကိုပါရဲ့ လား (မပါ ပါ)၊ ဒုက္ခံ = ဒုက္ခတရားသည်။ ဝေတိ စ = ပျက်တတ်၏။ ဒုက္ခကလေး ပျက်သွားတယ်တဲ့ (မှန်ပါ့ ဘုရား)။

ပေါ်တာက ဘာတုံး (ဒုက္ခပါ)၊ ပျက်တာကော (ဒုက္ခပါပဲ)၊ တကယ်လို့ ခေတ္တကလေးများ တည်နေရင် ဘာတည်နေတာတုံး (ဒုက္ခတည်တာပါ)၊ ဒုက္ခတည်နေမှာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာတွေမှာ ဘယ်တော့မှ ဝိပဿနာ အထူးမပေးပါဘူး၊ ပေါ်ရာသာ ရှုပါတော့၊ ဒုက္ခသစ္စာ ချည်းမှတ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဒုက္ခသစ္စာချည်း မှတ်ရ ပါမယ်) ပေါ်တာကိုရှုနော် (မှန်ပါ့)၊ အဲဒီ ပေါ်တာကို ရှုတော့ ဘာတွေ ပေါ်လာသတုံး (ဒုက္ခတွေ ပေါ်လာ ပါတယ် ဘုရား)။

ပေါ်ရာဟူသ၍ ဒုက္ခသစ္စာ

ပေါ် ရာဟူသ၍ လည်း ဒုက္ခသစ္စာမှတစ်ပါး တခြား ဘာမှ မပေါ်ဘူး (မှန်ပါ့ ဘုရား)။

အသစ်ပေါ်တိုင်း ပေါ်တိုင်း ပေါ်တာဒုက္ခသစ္စာ၊ သိအောင်လုပ်တာ (မဂ္ဂသစ္စာပါ) သေတာ (သမုဒယ သစ္စာပါ) နောက်ခန္ဓာမလာတာ (နိရောဓသစ္စာပါ ဘုရား)။

နိရောဓသစ္စာဆိုတော့ ဒီမှာ ဘိက္ခုနီမ ဖြေလိုက်တာက ၊ ဒုက္ခာ = ဒုက္ခကို၊ အညတြ = ကြဉ်ထား၍၊ သမ္ဘတိ =သတ္တဝါ သန္တာန်ဖြင့် ဖြစ်တတ်သောတရားသည်၊ နတ္ထိ – မရှိ (မှန်ပါ့ ဘုရား)။

ဒုက္ခမှတစ်ပါး ပေါ် စရာမရှိ

ဒကာကြွယ် ဒုက္ခမှတစ်ပါး ခန္ဓာကိုယ်ထဲ ပေါ်စရာကို မရှိဘူးတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

“နာညံ ဒုက္ခာ နိရုဇ္ဇတိ” တဲ့။ ဒုက္ခာ = ဒုက္ခကို၊ အညတြ = ကြဉ်ထား၍၊ နိရုဇ္ဈတိ =ချုပ်တတ်သော တရားသည်၊ နတ္ထိ =မရှိဘူးတဲ့။ ချုပ်တဲ့တရားဟာလည်း ဒုက္ခသစ္စာကလေးပဲ တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသကလေးပေါ်လာလည်း ပေါ်လာတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) ပျက်သွားပြန်ကော (ဒုက္ခသစ္စာပါ ဘုရား)။

ကုသိုလ်စိတ်ကလေး ပေါ်လာပြန်ကော (ဒုက္ခ သစ္စာပါ)၊ ပျက်သွားပြန်ကော (ဒုက္ခသစ္စာပါ)၊ ဒုက္ခ ပျက်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဘာပေါ် ပေါ် ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ) ပျက်သွားရင် (ဒုက္ခ သစ္စာပါ ဘုရား)။

ပျက်တိုင်း ပျက်တိုင်း သိတာ ဘာသစ္စာ (မဂ္ဂသစ္စာ ပါ)၊ ပေါ်တိုင်း ပေါ်တိုင်းသိတာ (မဂ္ဂသစ္စာပါ ဘုရား)။

လောဘ, ဒေါသ, မောဟသေတဲ့ အတွက် ဒကာ ဒကာမတွေ နောက် ခန္ဓာမလာတာက နိရောဓသစ္စာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)၊ တယ်လည်း အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

သတ္တဝါ မရှိဘူး

အဲဒီတွင် ဘိက္ခုနီမက ဟေ့ ခန္ဓာကိုယ် တစ်ကိုယ် လုံး တစ်ထစ်ချမှတ်ထား မာရ်နတ်ရ။ မင်းသည်ကားလို့ ဆိုရင် အဟုတ်အမှန်က သတ္တဝါ မရှိဘူးကွ။ ခန္ဓာထဲမှာဖြစ်ပေါ် တာလည်းဒုက္ခ၊ ပျက်သွားတာလည်း ဒုက္ခ၊ ဤနှစ်ခုသာ ရှိတယ် (မှန်ပါ့)၊ ဘာတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပါ ဘုရား)။

အဲ အခုယားတဲ့စိတ်ကလေး ပေါ်လာရင် (ဒုက္ခပေါ်တာပါ)၊ ဒုက္ခပေါ်တာပဲ (မှန်ပါ့ ဘုရား)။

ယားတဲ့စိတ်ကလေးပျက်သွားရင် (ဒုက္ခပျက်တာ ပါပဲ)၊ ဝမ်းသာတဲ့စိတ်ကလေး ပေါ်လာရင် (ဒုက္ခဖြစ် တာပါ)၊ ဝမ်းသာတဲ့စိတ်ကလေး ပျောက်သွားပြန်ရင် (ဒုက္ခပျက်တာပါ)၊ ဘုရားရှိခိုးချင်တဲ့ စိတ်ကလေး ပေါ်လာ ပြန်လည်း (ဒုက္ခဖြစ်တာပါ ဘုရား)၊ မခိုးဖြစ်တော့ဘူး (ဒုက္ခပါပဲ)၊ ဒုက္ခချုပ်သွား တာပဲ (မှန်ပါ့)၊ ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ရှုလိုက်တဲ့အတွက် ဒကာ ဒကာမတွေ ခန္ဓာ ကိုယ်ထဲမှာ တစ်ထစ်ချမှတ်ပါတော့၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ခန္ဓာကိုယ်ထဲမှာရှိတယ် (မှန်ပါ့ ဘုရား)။

ပြောကြစမ်းပါ (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ရှိပါ တယ်)၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ခန္ဓာကိုယ်ထဲမှာ ရှိတယ်၊ တခြားဘာမှမရှိဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ပဲရှိတယ်

ပုံသေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သူ့ထဲက ထူး ထူးခြားခြား ကလေးတွေ၊ အာရုံဒွါရ တိုက်လို့ ပေါ်လာတိုင်း ပေါ်လာတိုင်း ဘာကလေးတွေ ပေါ်လာမယ် ထင်ကြသတုံး (ဒုက္ခသစ္စာ ကလေးတွေ ပေါ်လာပါတယ်)၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ် တာပဲမရှိဘူးလား (ရှိပါတယ်)၊ ဒါဖြင့် ဖြစ်ပျက်ပဲ ရှိတယ် (မှန်ပါ့ ဘုရား)။

ဘာရှိသတုံး (ဖြစ်ပျက်ပဲ ရှိပါတယ်)၊ ဖြစ်ပျက် ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဟောဒီအသိနဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ကို မြင်အောင် ကြည့်လို့ရှိရင် လောကီမဂ်ဖြစ်ပါတယ်။ (မှန်ပါ့ ဘုရား)။

၎င်းဖြစ်ပျက်ကို မုန်းအောင် ရှုလို့ရှိရင်လည်း လောကီ မဂ် နိဗ္ဗိန္ဒဉာဏ်ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

၎င်းဖြစ်ပျက်သည်ကားဆိုလို့ရှိရင် ဒုက္ခသစ္စာ အစစ်ပဲ၊ ငါတော့ဖြင့် ရကိုမရချင်ဘူး၊ လိုကို မလိုချင်ဘူး ဆိုရင် ဒုက္ခသစ္စာထဲ ခန္ဓာပါ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာပျောက်တော့ ဒုက္ခပျောက်တယ်

ခန္ဓာပျောက်တော့ ဒုက္ခပျောက်သွားတယ် (မှန်ပါ့)။ ဒုက္ခ ပျောက်တော့ ဒုက္ခနိရောဓ ဆိုတဲ့ နိဗ္ဗာန်ဟာ ဒီနေရာမှာပဲ တစ်ထိုင်တည်း ပေါ်တယ် (မှန်ပါ့ ဘုရား)။

အင်း နိဗ္ဗာန်ကပေါ်လာတာ၊ ပျောက်သွားတာက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ ဒုက္ခချုပ်သွားတော့ ဘာမှမရှိတော့ဘူး၊ ချမ်း သာကလေးတစ်ခုပဲရှိတော့တယ် (မှန်ပါ့)၊ ချမ်းသာတာ ကလေးက နိရောဓသစ္စာ (မှန်ပါ့)၊ ချမ်းသာတာကလေး သိနေတာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာနိဗ္ဗာန်ရှိတယ်

အဲဒီတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်သည် အနီး ကလေးပဲ (မှန်ပါ့)၊ ဒီခန္ဓာ ဒုက္ခသစ္စာသိပြီး ဒီခန္ဓာ မလိုချင်လို့ ဒီနေရာ မှာတင် ပျောက်သွားရင် ဒီနေရာမှာ နိဗ္ဗာန် ရှိတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဝေးသလား နီးသလား (နီးပါတယ် ဘုရား)၊

ဟ ဘယ့်နှယ်ကြောင့် မရောက်ကြပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ ဆရာဘုန်းကြီးက မေးတော့ လမ်းမသိလို့ ဘုရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခမဖော်တတ်တာနဲ့ နိဗ္ဗာန်ကိုမတွေ့ပါဘူး (မှန်ပါ့ ဘုရား)။

ဒုက္ခဖော်တတ်ပလား (ဖော်တတ်ပါပြီ)၊ ဒုက္ခ ဖော်ပြီးမှ ပေါ်ပါတယ်၊ ဒီဖြစ်ပျက်ကို မြင်အောင်ရှု၊ ဒီဖြစ်ပျက်ကို မုန်းအောင်ကြည့် ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ဒီဖြစ်ပျက်တွေက ဒုက္ခသစ္စာဟေ့၊ ဒါကြောင့်မို့လို့ကို မလိုချင်ဘူးဆိုတော့ ကိုယ့်ခန္ဓာ မလိုချင်တာပဲ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဘက်ကိုဉာဏ်ကလှည့်သွားတယ်

ကိုယ့်ခန္ဓာ မလိုချင်တော့ ဖျတ်ဆို ဉာဏ်က ဝင်ချုပ်သွား တယ် (မှန်ပါ့)၊ ကိုယ့်ဉာဏ်ကလေးက မလိုချင်တဲ့ဉာဏ် လည်း လာပါရော ဒကာ ဒကာမတို့ နိဗ္ဗာန်ဘက်ကို ဒီဉာဏ်ကလေးက လှည့်သွားတယ် (မှန်ပါ့)၊ ခန္ဓာဘက်ကို မလှည့် တော့ဘူး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ရှုရင်းမတ္တနဲ့ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဆိုပြီး ရှုသာရှုနေ (မှန်ပါ့)၊ ရှုရင်း ရှုရင်း ဒကာ ဒကာမတွေ ဖြစ်ပျက်သည် ချုပ်သွားလိမ့်မယ် (မှန်ပါ့ ဘုရား)။

ချုပ်သွားတော့လည်း မျက်လုံး ဖွင့်မကြည့်နဲ့ (မှန်ပါ့)၊ တစ်ခါတည်း ဖြစ်ပျက်ဆိုတာ ခန္ဓာတွေ မဟုတ်ဘူးလား (မှန်ပါ့)၊ အဲဒီ ဒုက္ခသစ္စာတွေ ဒကာကြွယ် ဒီဒုက္ခသစ္စာတွေ ကြည့် ရင်း ကြည့်ရင်းနဲ့ပဲ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခန္ဓာပျောက်တော့ ဘာနဲ့နေရစ်သတုံး

မရှိတဲ့အခါကျလို့ရှိရင် ဒီခန္ဓာ ပျောက်သွားတယ် (မှန်ပါ့)၊ ဉာဏ်အောက်မှာ ပျောက်တယ် (မှန်ပါ့)၊ ပျောက်သွားတဲ့ အခါကျတော့ ဘာနဲ့နေရစ်သတုံး ဆိုတော့ ဒကာ ဒကာမတွေ ခုနင်က ရှုတဲ့ ဉာဏ်ကလေးနဲ့ ဒုက္ခပျောက်တဲ့ နေရာကို တည့်နေရစ်တယ် (မှန်ပါ့ ဘုရား)။

ဒုက္ခပျောက်တဲ့နေရာက နိဗ္ဗာန် (မှန်ပါ့)၊ ဒီဉာဏ် ကလေးက မဂ်ဉာဏ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဝေးသလား နီးသလား (နီးပါတယ် ဘုရား)၊ ဟ ဒီခန္ဓာတွေ အဆုံးမှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)၊ ဒီခန္ဓာက ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား)၊ သူဆုံးသွားလို့ ရှိရင်ဖြင့် ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။

ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိတယ်

ဪ ဒါဖြင့် နိဗ္ဗာန်ဟာ ဒို့ခန္ဓာ အဆုံးရှိနေတာပဲ ဒို့ခန္ဓာ ဒို့ရှုလိုက်လို့၊ ဒုက္ခသစ္စာသိလို့ သူ့မလိုချင်လို့၊ သူပျောက်သွားတဲ့အချိန်မှာ သူပျောက်တဲ့နေရာမှာ ခန္ဓာက, လေးတောင် ရှိလို့ရှိရင် လေးတောင် နေရာမှာပဲ ပြန်ပေါ်တယ် (မှန်ပါ့)။

ဓာတ်ရှင်ကြည့်တော့လည်း နောက်က ဘက်ကရောင်းဆိုတဲ့ ပိတ်ဖြူပေါ်မှာပဲ ကြည့်ရတာပဲ (မှန်ပါ့)၊ ဓာတ်ရှင် သိမ်းသွားတော့လည်း ဒကာ ဒကာမတို့ ဘက်ကရောင်း အဖြူပေါ်မှာပဲ မျက်လုံး ရောက်နေတာပဲ (မှန်ပါ့)။

ဓာတ်ရှင်ရှိတုန်းကနဲ့ ဒုက္ခသစ္စာနဲ့ တူပါတယ် (မှန်ပါ့)၊ ဓာတ်ရှင် ပြီးသွားတဲ့အခါ ဘက်ကရောင်း အဖြူ ကြည့်နေတာနဲ့ နိရောဓသစ္စာ မြင်တာနဲ့ တူပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒုက္ခတွေ့ပြီးမှ နိရောဓတွေ့ပါလိမ့်မယ် (မှန်ပါ့)၊ ဒုက္ခမတွေ့သေးရင် ဒုက္ခမတွေ့သေးရင် (နိရောဓ မတွေ့သေးပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘိက္ခုနီမက ဘယ်လိုရှုရမယ်လို့ ပြောသတုံး ဆိုတော့ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာသာ ရှိတယ် မာရ်နတ်ရေ တဲ့၊ သေသေချာချာ ပြောတယ် (မှန်ပါ့)။

မာရ်နတ်ပြန်သွားတယ်

အဲဒီတုန်းက ဘယ့်နှယ် မာရ်နတ်ကြီးက အင်း ကြက်သီးမွေးညှင်းလည်း မထဘူး၊ သမာဓိ ပညာလည်း မပျက် ဘူး၊ ငါ့မာရ်နတ်မှန်းသာ သူသိပြီး သကာလ ငါသည်ကားလို့ ဆိုရင် စိတ်မချမ်းသာ ဘဲနဲ့ပဲ နတ်ပြည် ပြန်သွားရရှာတယ်။ ဖျက်လို့မရဘူး (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲ ဘာဖြစ် ၍ ဘာပျက်တာရှိသလဲ (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ရှိပါ တယ် ဘုရား)။

ဒုက္ခထဲ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာရှိတယ်

အဲ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ သေသေချာချာ ရှိတာ (မှန်ပါ့ ဘုရား)။

ယားတာကလေးကော (ဒုက္ခဖြစ်တာပါ ဘုရား)။ ပျောက်သွားပြန်တော့လည်း ဒုက္ခပျက်တာပဲ (မှန်ပါ့) ပေါ်လာတော့ (ဒုက္ခဖြစ်တာပါ ဘုရား)၊ ဒုက္ခပေါ်လည်း ဒုက္ခပျက် (မှန်ပါ့ ဘုရား)။

အင်း ကောင်းတဲ့ စိတ်ကလေး ပေါ်လာတော့ (ဒုက္ခဖြစ်တာပါ ဘုရား) ကောင်းတဲ့စိတ်ကလေး ပျက်သွားတော့ (ဒုက္ခပျက်တာပါ ဘုရား)။

ဘာမှမတွေးနဲ့ ၊ မကောင်းတဲ့စိတ်တွေပေါ်တော့ လည်း မကောင်းတဲ့စိတ်လည်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ (မှန်ပါ့) အဲဒါရှုချလိုက် (မှန်ပါ့)။

မကောင်းတဲ့စိတ်ကလေးဟာလည်း ပေါ်လာတယ်၊ ကိုယ့်စိတ်ထဲ၊ ဟို မစ္ဆေရစိတ်ကလေး ပေါ်လာတယ် ဆိုလို့ရှိရင် အဲဒါ မစ္ဆေရစိတ်ကလေးပေါ်လာတာ ဒုက္ခပေါ်လာတာ (မှန်ပါ့ ဘုရား) မစ္ဆေရကလေး ဒီဉာဏ် နဲ့သာ ကြည့်လိုက် မစ္ဆေရကလေးကလည်း ခဏနေ ပျောက် သွားတာပဲ (မှန်ပါ့) ပျောက်သွားတော့ ဒါလည်း ဘာပျောက်တာတုံး (ဒုက္ခပျောက်တာပါ ဘုရား) ဒုက္ခ ဖြစ်၍ ဒုက္ခပျောက်တာပဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာများ ရှိသေးသတုံး (မရှိ ပါ ဘုရား) ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှိတယ် ဆိုတာ သေချာ ပလား (သေချာပါပြီ)။

နောက်ခန္ဓာမလာတာ၊ နိရောဓသစ္စာ

ဒါဖြင့် ဒုက္ခဖြစ်၍ ဒုက္ခပျက်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ပျက်တိုင်း ပျက်တိုင်း ဖြစ်ပျက် သိတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယသစ္စာ ပါ ဘုရား) သေတော့ နောက်ခန္ဓာ မလာတာက (နိရောဓ သစ္စာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် လုပ်တတ်ပလား (လုပ်တတ်ပါပြီ ဘုရား)။

ဒါဖြင့် တရားနှလုံးသွင်းကြ ဆိုရင် ဘာသွင်းမယ် (ကိုယ့်ခန္ဓာ သွင်းရပါမယ် ဘုရား) ခန္ဓာက ဘာတွေ ပေါ်လာ လိမ့်မယ် ထင်သတုံး (ဒုက္ခသစ္စာတွေ ပေါ်လာပါလိမ့်မယ် ဘုရား)။

ဒီဥစ္စာသည်တရားစစ်တရားမှန်

အဲ ဒုက္ခသစ္စာကလေး ပေါ်လာတော့ နှလုံးသွင်း တဲ့အခါ ခန္ဓာကြည့်လိုက်တော့ ခန္ဓာက ဒုက္ခသစ္စာ ပြတယ်၊ ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ ဖြစ်တော့ ဒီဥစ္စာသည် တရား မှန် တရားစစ် ဆိုတာ သေသေချာချာ မှတ်ကြ (မှန်ပါ့) ရှင်းကြပလား (ရှင်းကြပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။