201

သတ္တဝါသေရင်ဖြစ်သေးသလား

စာအုပ်ပါရက်စွဲဖြင့် အသံဖိုင်ကိုက်ညီမှုမရှိပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သတ္တဝါသေရင်ဖြစ်သေးသလား

(ရှင်အနုရာဓ)

ဟောကြားသည့်နေ့

(၁၃-၂-၆၁)

ဒကာ ဒကာမတို့ ခန္ဓာငါးပါးသိချင်ရင် အကြောင်းပဋိစ္စ သမုပ္ပါဒ်ကို အရင်သိအောင် လုပ်ကြရမယ် (မှန်ပါ့)။

ခန္ဓာငါးပါးသိချင်ရင်

ဘယ်လိုမှတ်ကြမယ် (ခန္ဓာငါးပါးသိချင်ရင် အကြောင်းပဋိစ္စသမုပ္ပါဒ် အရင်သိအောင် လုပ်ရမယ်)။

ကောင်းပြီ ဒါဖြင့် အကြောင်းပဋိစ္စသိအောင် လုပ်ရမယ် လို့ ဒကာ ဒကာမတွေ မှတ်ထားပါနော် (မှန်ပါ့) အကြောင်းပဋိစ္စသမုပ္ပါဒ် သိအောင်လုပ်တော့မှ ခန္ဓာဆိုတဲ့ဥစ္စာ သိလာပါတယ် ဆိုတော့ ဦးခင်မောင် ဒီဥစ္စာ ထူးထူးလည်လည် ကြားရတာပဲ မှတ်တာပေါ့ (မှန်ပါ့)။

ရှင်သာရိပုတ္တရာဟောထားတယ်

တချို့က ခန္ဓာသိရင်ပြီးရော ခန္ဓာသိရင် အနိစ္စတွေ့မှာပဲ တွေ့လို့ရှိရင်ဖြင့် နိဗ္ဗာန် ရောက်နိုင်တာပဲ။ ဒီလိုအောက်မေ့ကြ တယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဟတ္ထိ ပဒေါပမသုတ် ဆင်ခြေရာနဲ့ ဥပမာထားပြီး ဟောတဲ့ နေရာကျတော့၊

‘‘ယော ပဋိစ္စ သမုပ္ပါဒံ ပဿတိ သော ဓမ္မံ ပဿတိ’’ တဲ့၊ ယော-အကြင်ပုဂ္ဂိုလ် သည် ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်းကို ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဖြစ်ကြောင်းနော် (မှန်ပါ့) ယော-အကြင်ပုဂ္ဂိုလ်သည်၊ ပဋိစ္စ သမုပ္ပါဒ်-ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကို၊ ပဿတိ-မြင်၏။ သောထိုပုဂ္ဂိုလ်သည်၊ ဓမ္မံ- ပဋိစ္စသမုပ္ပန္န ဆိုတဲ့ခန္ဓာကို မြင်တာပဲတဲ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မမြင်သေးလို့ရှိရင်ဖြင့် အကျိုး ပဋိစ္စသမုပ္ပန္န ခေါ်တဲ့ ခန္ဓာကို မမြင်သေးပါဘူး တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လို အဓိပ္ပါယ်မှတ်ကြမယ် (ပဋိစ္စသမုပ္ပါဒ်အကြောင်း မမြင်ရင် ခန္ဓာအကျိုးကို မမြင်ပါဘူး)။

ခန္ဓာမသိသေးဘူးဆိုတော့ အကြင်ပုဂ္ဂိုလ်သည် ပဋိစ္စ သမုပ္ပါဒ်အကြောင်းကို မသိသေး၊ ထိုပုဂ္ဂိုလ်သည် ခန္ဓာကို မသိနိုင်သေးဘူး။ သဘောကျပလား (ကျပါပြီ ဘုရား) အကြင် ပုဂ္ဂိုလ်သည် ခန္ဓာကို သိ၏။ ထိုပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်းကိုပါ သိတာပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပြောသံကြားခန္ဓာငါးပါး

ကောင်းပြီ ဒါဖြင့် ရှင်သာရိပုတ္တရာက ဒီအတိုင်း ဟောတယ်။ ဒါ ရှင်သာရိပုတ္တရာ ဟောတဲ့ ဟတ္ထိပဒေါပမ သုတ် ဆိုတာ မှတ်ကြပါ (မှန်ပါ့) အခုတရားနာနေကြတဲ့ ခန္ဓာငါးပါး ဆိုတာ ပြောသံကြား ခန္ဓာငါးပါး။ အခု ဒကာ ဒကာမတွေ ဘာနဲ့ တရားနာနေကြသတုံမေးရင် ခန္ဓာငါးပါးနဲ့ တရားနာ နေကြတယ် လို့ ဆိုကြမှာပဲ (မှန်ပါ့) ဆိုပင်ဆိုငြား သော်လည်း ပြောသံကြား ခန္ဓာငါးပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပြောသံကြား ခန္ဓာငါးပါးပါ ဘုရား) ပြောသံကြား ခန္ဓာငါးပါးလို့ မှတ်ထားကြစမ်းပါ။

အဲဒါက သူများပြောသံကြားနဲ့ ဒါကြီးက မနေ့ကလည်း ဒါ ယနေ့လည်း ဒါကြီးပြောနေတာပဲ (မှန်ပါ့) ဦးခင်မောင် ဒါပြောနေတာပဲ (မှန်ပါ့) မနေ့ကလည်း ဒါပဲ ယနေ့လည်းဒါပဲ ဒီရှိနေတာကြီး ပြောနေတာပေါ့ဗျာ (မှန်ပါ့) စင်စစ်ကတော့ မဟုတ်သေးဘူးတဲ့ ဒကာ ဒကာမတို့၊ ယော ပဋိစ္စသမုပ္ပါဒ်

ပဿတိ၊ သော ဓမ္မံ ပဿတိ။ ယော-အကြင် ပုဂ္ဂိုလ်သည်။ ပဋိစ္စ သမုပ္ပါဒ် ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကို၊ ပဿတိ-မြင်၏၊ သောထိုပုဂ္ဂိုလ်သည်၊ ဓမ္မံ-ပဋိစ္စသမုပ္ပန္န ခန္ဓာကိုသိ၏။ သူဖြစ်ကြောင်း သိမှ ဪ အခုပေါ်လာတဲ့ ခန္ဓာပါလားလို့ သိတယ် (မှန်ပါ့)။

အကြောင်းသိမှခန္ဓာသိတယ်

ကိုင်း ဒါဖြင့် အကြောင်းသိမှ ခန္ဓာသိတယ် ဆိုကြစို့ (မှန်ပါ့) ခန္ဓာသိတဲ့ ပုဂ္ဂိုလ်ဟာ အကြောင်း သိလို့ သိတာပဲလို့လည်း ၊ ပြောင်းပြန်ပြန်ပြီး မှတ်လိုက်တာပေါ့ (မှန်ပါ့)။

အကြောင်းသိတော့ (ခန္ဓာသိပါတယ်) ကဲ ခန္ဓာ သိတဲ့ပုဂ္ဂိုလ်ဟာ ဘာသိလို့ သိတာတုံး (အကြောင်း သိလို့ သိတာ ပါ ဘုရား)။

ဪ ဒါဖြင့် ယနေ့ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ခန္ဓာသိဖို့ အရေးကို စမူတည်ပြီးသကာလ မူလပဏ္ဏာသ ပါဠိတော်မှာ ဟောပြီးသကာလ ထားပြန်တော့၊ ဪ ဘယ် အသိမျိုးမှ ခန္ဓာသိ ဖြစ်ပါလိမ့်မလဲ ဆိုတာ ဦးခင်မောင် အရေးကြီး လာတယ်(မှန်ပါ့) ဒါဖြင့် ဘယ်လိုမှတ်ကြမယ် (အကြောင်း သိမှ ခန္ဓာသိပါတယ်) ခန္ဓာသိတဲ့ ပုဂ္ဂိုလ်ဖြင့် အကြောင်းသိပြီလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ လေးလေးစားစား တရားကိုနာပါ၊ နေ့တိုင်းရှိနေတဲ့ ခန္ဓာကြီး ခင်ဗျားတို့ သန္တတိ မပြတ်တဲ့ ခန္ဓာကြီးကို ဆိုလိုရင်း မဟုတ်ပါဘူးလို့ မှတ်ထားလိုက် စမ်းပါ (မှန်ပါ့) အခုပေါ်လာတဲ့ ခန္ဓာကို သိမှသာလျှင် ခန္ဓာသိ ဖြစ်ပါတယ် ဒိပြင်ဟာက စာသိ ပြောသံကြားသိ ဖြစ်ပါတယ်။

ပြောသံကြားအသိနဲ့ နိဗ္ဗာန်မရောက်နိုင်

ဦးခင်မောင် ဘယ်လိုဆိုမတုံး (စာသိ ပြောသံကြား သိပါ ဘုရား) စာသိ ပြောသံကြား တဆင့် ကြားသိ ဟုတ်လား (မှန်ပါ့) ဒီအသိကတော့ အသိထဲမှာ နိဗ္ဗာန်ရောက်တဲ့ အသိထဲ သွင်းလို့ရပါ့မလား (မရပါဘူး) စာသိဆိုတာ ပိဋကတ်သိ။ အဲဒါ ချည်းသက်သက်ဆိုရင် နိဗ္ဗာန်ရောက်နိုင်သေးတာ မဟုတ်ဘူးတဲ့ (မှန်ပါ့) တဆင့်ပြီး သူပြောသူပြောနဲ့ ကြားလို့ သိတာလည်း နိဗ္ဗာန်ရောက်တဲ့ ခန္ဓာသိ မဟုတ်သေးဘူးတဲ့ (မှန်ပါ့ ဘုရား)။

အခုပေါ်လာတဲ့ခန္ဓာအသိမှ

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းက တည်ထောင်လိုက် လို့ အခုပေါ်လာတဲ့ ခန္ဓာအသိသာလျှင် ဪ နိဗ္ဗာန် ရောက်ကြောင်း အသိဖြစ်တော့မယ်(မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

စဉ်းစားပြီးနားထောင်ပါ စဉ်းစားပြီး နားထောင်ပါ၊ ဒီဥစ္စာ ကို မြရွှေတို့တစ်သက်မှာ တစ်ခါ ဆိုသလို ကြားရတာနော် (မှန်ပါ့) တစ်သက်မှ တစ်ခါ ကြားရတယ်ဆိုတာ ဦးဘတင်လည်း ပါတယ် မဟုတ်လား (ပါပါတယ်)

စာသိလောက်နဲ့လည်း ဘုရားက လိုချင်သေးတာ မဟုတ်ဘူး (မှန်ပါ့) တဆင့်ကြားသိကို လည်း (မလိုချင်သေးပါဘူး) ကိုယ့်ဟာကိုယ် ကြံဖန်တွေးသိကို လည်း (မလိုချင်သေးပါဘူး ဘုရား) ယခုအကြောင်းက ယခု တည်ထောင်လိုက်လို့ ပေါ်လာတဲ့ ခန္ဓာတစ်ခုခုကို သိတဲ့ အသိမျိုး ကိုသာလျှင် ဪ ဒီအကြောင်းကြောင့် အခုပေါ်လာတာ ဟုတ်သားပဲ ဆိုတဲ့၊ ကိုယ့်ခန္ဓာနဲ့ ကိုယ့်ပစ္စက္ခအသိကို သိတာကို သာလျှင် အလိုရှိတယ် (မှန်ပါ့)။

ဘယ်လိုအသိကိုအလိုရှိပါလိမ့်

ဘယ်လို အသိကို အလိုရှိပါလိမ့် (ပစ္စက္ခအသိကို အလို ရှိပါတယ် ဘုရား) ပစ္စက္ခသိဆိုတာ ရှုပ်လည်း နေမှာစိုးတော့ ဒကာ ဒကာမတွေ ကိုယ့်ဉာဏ်နဲ့ ဒါဟာ အကြောင်းက ဖြစ်စေလို့ အခုပေါ်တဲ့ အကျိုးတရားဟာ ဟောဒါ ခန္ဓာပဲလို့ ဦးဘတင် ဒီလို သိစေချင်တယ် (မှန်ပါ့) စာသိလောက်နဲ့ မလိုချင် သေးဘူးနော် (မှန်ပါ့) စာသိလောက်လည်း မလိုချင် တဆင့်ကြားသိလည်း (မလိုချင်ပါဘူး ဘုရား) ဘာလိုချင်ပါလိမ့်ဗျာ (ပစ္စက္ခသိကို လိုချင်ပါတယ် ဘုရား)။ ပစ္စက္ခသိဆိုတော့ ဒါဟာ ခန္ဓာပဲဆိုပြီး သိတယ်။ အဲဒါမှ ဒုက္ခသစ္စာ အသိဖြစ်မှာကိုးဗျ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လေးလေးစားစား မှတ်ကြစမ်းပါလို့ ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ့) လေးလေးစားစား မှတ်ကြစမ်းပါဆိုတဲ့ ဥစ္စာ ဟာ မလွယ်ကူလို့ လို့ မှတ်ကြရမယ်နော် (မှန်ပါ့) မလွယ်ကူလို့ဆို

တော့ ဦးခင်မောင်က ဘုန်းကြီးက ကြီးကျယ်တယ်လို့ ဒီလိုလည်း မဆိုနဲ့ (မှန်ပါ့) နဂိုသိထားတာက ကျုပ်တို့က ဟော အခုရှိနေတာ က ခန္ဓာငါးပါးပဲ။ ဒီလိုပြောနေကြတာ (မှန်ပါ့)။

တဆင့်ကြားသိဖြစ်နေတယ်

ဒီလိုပြောပြီးသကာလ နေကြတော့ ဒီဥစ္စာက ဘာတုံး ဆိုတော့ တရားဟောတဲ့ ဆရာက ပြော၍သော် လည်းကောင်း၊ စာအုပ်ကြည့်၍သော်လည်းကောင်း၊ သူဒီလို ပြောလာကြတာကိုး ဗျ (မှန်ပါ့) ဟောဒီအကြောင်းကြောင့်ဟော အခုပေါ်လာတဲ့ ခန္ဓာ ကျတော့ သိသေးရဲ့လား (မသိပါဘူး ဘုရား) ဒါဖြင့် သူသည်ကားလို့ဆိုရင် စာသိ တစ်ဆင့်ကြားသိဖြစ်နေတယ် (မှန်ပါ့)။

အဲဒိအသိမျိုးကို ဒကာ ဒကာမတွေက စဉ်းစားရမယ်။ ဒီအသိမျိုးကတော့ဖြင့် ဒုက္ခသစ္စာသိ မဟုတ်သေးပါဘူး (မှန်ပါ့) ပစ္စက္ခရောက်ပလား (မရောက်သေးပါဘူး ဘုရား)။

အဲ ယနေ့ပြောရမည့်အသိသည် ဒကာ ဒကာမတို့ ဟတ္ထိပဒေါပမသုတ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ထောက်ခံတဲ့ သုတ်ပါပဲ ရှင်သာရိပုတ္တရာ ဟောတဲ့သုတ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) အကြင်ပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ကို သိ၏။ ထိုပုဂ္ဂိုလ်သည် ခန္ဓာကိုသိတယ် (မှန်ပါ့) ထိုပုဂ္ဂိုလ်ခန္ဓာသိ တာဟာ ပဋိစ္စသမုပ္ပါဒ်ကိုသိလို့ သိတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ်တိုင် အကဲခတ်ပြီး သကာလ ကြည့်ရတော့မယ်။

အခုတရားနာတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ပဲ အကဲခတ်ပြီး သကာလ ၊ ဪ သူတို့သည် ကားလို့ ဆိုလို့ရှိရင် ရှေ့ကအသိပဲလား၊ အခုမှပဲ ထိုးထွင်းပြီး သကာလ ပစ္စက္ခအသိ ရောက်လေတဲ့ အသိမျိုးလား လို့၊ အခုတရားဟောပြီး အခုပြလို့ရှိရင် ခင်ဗျားတို့ ရိပ်မိမှာပဲ (မှန်ပါ့)။

ကြားတဲ့စိတ်၊ ဝိညာဏက္ခန္ဓာ

အခု ဘုန်းကြီးအသံကို ဒကာ ဒကာမတွေ နားထဲက ကြားကြတယ် မကြားဘူးလား (ကြားပါတယ် ဘုရား) ကြားတော့ နားထဲမှာကြားတဲ့ ဝိညာဏက္ခန္ဓာဆိုတဲ့ နားသိစိတ်ကလေး ဝိညာဏက္ခန္ဓာပေါ် မပေါ် (ပေါ်ပါတယ် ဘုရား) ဒီဥစ္စာနဂိုက အိမ်ကပါလာတဲ့ ဝိညာဏ်စိတ် ကြားစိတ်ကလေးလား၊ အခုမှ ဒီအသံနဲ့ ပေါင်းမိပြီး ဒီအသံနဲ့ မိမိနား အကြည်ရုပ်နဲ့ ပေါင်း မိလို့ ကြားစိတ် ပေါ်တာလား ဆိုတာ အကဲခတ်ကြည့်စမ်း (နားရုပ်နဲ့ အကြည်ရုပ်နဲ့ ပေါင်းမိလို့ ပေါ်တာပါ ဘုရား)။

အခု အသံနဲ့ခင်ဗျားတို့၏ ကြားတတ်တဲ့ရုပ်ကလေးနဲ့ တိုက်ဆိုင်မိလို့ ကြားတဲ့စိတ် ဝိညာဏက္ခန္ဓာ ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)

အခုပေါ်လာတယ်လို့သိတာ

ဝိညာဏက္ခန္ဓာကလေး ဦးဘတင် ပေါ်သွားပြီ (မှန်ပါ့) ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ်သိတာနဲ့ သူတို့ သိတယ်။ ဪ ဘုန်းကြီးကလည်း အသံနဲ့ တို့နားရုပ်ထဲမှာ လာတိုက်အောင် လုပ်နေတော့၊ တို့သန္တာန်မှာ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ကြားစိတ် ကလေး ပေါ်တာပေါ့ဆိုတော့၊ ဒီခန္ဓာကလေးဟာက ဒကာ ဒကာမတို့ ကိုယ့်နားထဲမှာကို ဟော အခုပေါ်လာတယ်လို့ သိတာလား (ကိုယ့်နားထဲမှာ အခုပေါ်လာတယ်လို့ သိပါတယ် ဘုရား) အခုပေါ်လာတယ်လို့ အခုသိရမယ် (မှန်ပါ့)။

ဦးစံရီ ရိပ်မိပလား (ရိပ်မိပါပြီ) ရှေးကပြောတဲ့ ခန္ဓာလို့ ဆိုကြမလား (မဆိုပါဘူး ဘုရား) မဆိုနဲ့ မဆိုနဲ့ ရှေးကပြောထား တာက ဒကာ ဒကာမတွေ ပြောသံကြားသိကြီး (မှန်ပါ့)။

ဦးခင်မောင် ဘာပါလိမ့် (ပြောသံကြားသိပါ ဘုရား) စာထဲက ကြားရင်ဖြစ်တာပဲ ဆိုလို့ နားထဲမှာများ ပေါ်နေတာပဲလို့ ပြောနေတယ်။ ပြောနေပေမယ့် မဟုတ်ပါဘူး သူဟာ စာသိပြော နေတာ (မှန်ပါ့) အခုတော့ ဘုန်းကြီးက ဒီကနေပြီး အသံနဲ့ ဗုဒ္ဓေါ ဆိုတဲ့ အသံကို ရွတ်လိုက်တယ် ဒကာ ဒကာမတွေ ကြားကြရဲ့လား (ကြားပါတယ် ဘုရား) အဲဒီမှာ ကြားသိစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)။ ကြားသိစိတ်ကလေးဆိုတာ ဒီစိတ် ဟာ ခန္ဓာဖွဲ့လိုက်တော့ ခန္ဓာထဲ သွင်းလိုက်မယ် ဆိုရင် သူ့ကို နာမည် ဆိုင်းဘုတ် ဆွဲကြစို့ဆိုရင် ဝိညာဏက္ခန္ဓာလို့ ခေါ်ကြမှာပေါ့ (မှန်ပါ့) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အကြောင်းပဋိစ္စသမုပ္ပါဒ်သိလို့

ဘာခန္ဓာကလေးပေါ်ကြသလဲ (ဝိညာဏက္ခန္ဓာ ပေါ်ပါတယ် ဘုရား) ဝိညာဏက္ခန္ဓာဆိုတာ သိလုံး ကလေးပေါ့ဗျာ (မှန်ပါ့) အသံကို သိလုံးကလေး ကြားလုံးကလေးပေါ်တယ် (မှန်ပါ့)

ဒါဝိညာဏက္ခန္ဓာကလေး ပေါ်လာတယ်ဆိုတာ ဒကာသစ်တို့ ကိုမြရွှေတို့ သိပြီနော် (မှန်ပါ့) ဒါဟာ အရင် အသိမျိုးလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါဘူး ဘုရား) မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ အသံတည်းဟူသော အကြောင်းကြောင့် အသံတည်းဟူသော အကြောင်းက တိုက်ဆိုင် လိုက်လို့၊ နားတည်းဟူသော အကြည်ဓာတ်နဲ့လည်း သွားပြီး ဒီအကြည်ဓာတ်နဲ့ တိုးလို့၊ ကြားတဲ့ စိတ်ကလေး နားထဲမှာ ဖျတ်ခနဲ ပေါ်လာတာပါကလားလို့ မသိဘူးလား (သိပါတယ် ဘုရား) အဲဒီတော့ အကြောင်းပဋိစ္စ သမုပ္ပါဒ်သိလို့ အကျိုးခန္ဓာသိတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အကျိုးခန္ဓာသိတာ

အကြောင်း ပဋိစ္စသမုပ္ပါဒ်သိလို့ (အကျိုးခန္ဓာသိတာပါ ဘုရား) ဒီအသိကျမှ သူ့ဟာက ခန္ဓာသိတဲ့ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ)။

အကြောင်း ပဋိစ္စသမုပ္ပါဒ် သိတော့မှ အကျိုးခန္ဓာသိ ပါတယ်ဆိုတော့၊ ဦးခင်မောင် သေသေချာချာ လေးလေးစားစား မှတ်စမ်း (မှန်ပါ့) ဒီက အသံတည်းဟူသော ပဋိစ္စသမုပ္ပါဒ် အကြောင်းကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဒကာ ဒကာမတွေမှာ နားအကြည်ရုပ်ဆိုတဲ့ အကြောင်းကော မရှိဘူး လား (ရှိပါတယ် ဘုရား) အဲဒီအကြောင်းနှစ်ခုကြောင့် ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒီတော့ အကြောင်းနှစ်ခုက ပဋိစ္စသမုပ္ပါဒ် အကျိုးတစ်ခုက ဝိညာဏက္ခန္ဓာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အကြောင်းနှစ်ခုက (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။ အကျိုးတစ်ခုက (ဝိညာဏက္ခန္ဓာပါ ဘုရား) ဪ ဒါဖြင့် အကြင် ပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်သိတယ် ထိုပုဂ္ဂိုလ် ခန္ဓာသိတယ် (မှန်ပါ့) ဦးဘတင် ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သိမှခန္ဓာသိတယ်

ကြပ်ကြပ်စဉ်းစားပြီး နားထောင်ပါ ဒကာ ဒကာမတို့၊ ကြပ်ကြပ်စဉ်းစားပြီး နားထောင်ပါ တရား မများသေးပါဘူး၊ ပဋိစ္စ သမုပ္ပါဒ်သိမှ ခန္ဓာသိတယ်ဆိုတာကလေး ရှင်းပြောနေတုန်း ရှိပါ သေးတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်သိမှ (ခန္ဓာသိပါတယ်, ဘုရား) အဲ ခန္ဓာသိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း (ပဋိစ္စသမုပ္ပါဒ် သိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိညာဏက္ခန္ဓာ

ကိုင်း ဒီကဘုန်းကြီးပြောတဲ့ အသံနဲ့ ဒကာ ဒကာမတွေ နားရုပ်နဲ့ တိုက်မိတဲ့အခါကျတော့ ကြားစိတ် ဝိညာဏက္ခန္ဓာ ပေါ်မပေါ် (ပေါ်ပါတယ် ဘုရား) ဘာခန္ဓာ ပေါ်သတုံး (ဝိညာဏက္ခန္ဓာ ပေါ်ပါတယ်) ဝိညာဏက္ခန္ဓာဆိုတာ ဒါကိုဆိုတာကိုး။ သဘောကျပလား (ကျပါပြီ)။

ဝေဒနာက္ခန္ဓာ

ဝိညာဏက္ခန္ဓာနဲ့ တွဲနေတဲ့ ဝေဒနာလေးဆိုတော့ ဥပေက္ခာဝေဒနာ ဝေဒနာက္ခန္ဓာ ကလေးကော မပါဘူးလား (ပါပါ တယ်) ဒါလည်း ကြားကာမျှမတ္တဖြစ်တဲ့ ဝေဒနာက္ခန္ဓာကလေး ပေါ်ပါတယ်ဆိုတော့ ဝေဒနာက္ခန္ဓာလည်း သိလိုက်ပြန်တာပဲ (မှန်ပါ့)။

သညာက္ခန္ဓာ

အသံလို့မှတ် သညာကလေးလည်း နားထဲမှာမပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား) ဒါဖြင့် သညာက္ခန္ဓာလည်း သိလိုက်ပြန်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရက္ခန္ဓာ

ကြားဖို့ရာစေ့ဆော်တဲ့ စေတနာကလေးသိလိုက်ပြန် တော့လည်း သင်္ခါရက္ခန္ဓာသိလိုက်တာပဲ (မှန်ပါ့)။

ဒါဖြင့် ဦးခင်မောင်ရေ အကြောင်းပဋိစ္စသမုပ္ပါဒ်သိတော့ မှ အကျိုးခန္ဓာတွေ သိရတယ်(မှန်လှပါ) ဒီအသိမှသာလျှင် ပစ္စက္ခသိပါကလား (မှန်ပါ့)။

ပစ္စက္ခအသိ

ဒီအသိကို ဘာအသိဆိုကြမယ် (ပစ္စက္ခအသိပါ ဘုရား) ပစ္စက္ခအသိပဲဆိုတာ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

ဒါဖြင့် ဦးဘတင်တို့ ဒကာသစ်တို့ ကိုမြရွှေတို့၊ သော် တို့ရှေးကသိထားတာတွေ ဒီလို အကြောင်းနဲ့ အကျိုး ဝေဖန်ပြီး သိတာမဟုတ်ပါဘူး။ ပြောသံကြားအသိနဲ့ စာအုပ်ဖတ် လို့သိတဲ့ အသိမျိုး ဖြစ်နေပါသေးတယ် ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ရှင်းပလား ဦးခင်မောင်။ (ရှင်းပါပြီ ဘုရား)။

အကြောင်းသိမှအကျိုးခန္ဓာသိတယ်

ဘာသိမှ ဘာကိုသိသတုံးဗျ (ပဋိစ္စသမုပ္ပါဒ် အကြောင်းသိမှ ခန္ဓာအကျိုးသိပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် အကြောင်းမှ မသိတဲ့ပုဂ္ဂိုလ်ကတော့ စာသိတစ်ဆင့် ကြားသိဖြစ် ပါလိမ့်မယ် (မှန်ပါ့) စာသိတစ်ဆင့်ကြားသိကိုပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအသိုမျိုးကို ကြိုက်ရဲ့လား (မကြိုက်ပါဘူး ဘုရား) ဘုရားက ဘယ်အသိကြိုက်ပါလိမ့် (ပစ္စက္ခသိကြိုက်ပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ်)

ပစ္စက္ခသိဆိုတာ

ဘာသိကို ကြိုက်ပါလိမ့် (ပစ္စက္ခသိ ကြိုက်ပါတယ် ဘုရား) ပစ္စက္ခသိဆိုတာ ကိုယ့်ဉာဏ် အောက်မှာ လာပြီးတော့၊ ဪ အခုပေါ်တဲ့ဥစ္စာ နားထဲမှာ ဝိညာဏက္ခန္ဓာလည်း ပေါ်တယ်၊ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတွေလည်း ပေါ်နေကြတယ်ဆိုတာ သိသွားတယ်(မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား) အဲဒါ ဘယ့်နှယ်ကြောင့် ဦးခင်မောင်တို့ ဦးဘတင်တို့ သိပါလိမ့်ဗျာ (အကြောင်း ပဋိစ္စသမုပ္ပါဒ်သိလို့ အကျိုး ခန္ဓာသိပါတယ် ဘုရား) နို့မဟုတ်ရင် သိနိုင်ပါ့မလား (မသိ နိုင်ပါဘူး)။

ဒါဖြင့် အရင်သိနဲ့ အခုသိဟာ ထူးခြားပလား (ထူးခြားပါ ပြီ)။

ဒါဖြင့် ထူးခြားတာကို ဪ ဒီခန္ဓာကြီးသည်ကား လို့ဆိုရင်၊ ဒီခန္ဓာသိရတဲ့အတွက် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတွေ ခင်ဗျားတို့ သိရပါပြီ၊ ကြားစိတ် နဲ့ တွဲပေါ်တာ ကိုးဗျ (မှန်ပါ့) မပေါ်ကြဘူးလား (ပေါ်ပါ တယ်) အဲဒါတွေ မသိရဘူးလား (သိရပါတယ် ဘုရား) သိရတော့ ဦးခင်မောင် ဒါဘာသိတာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ပစ္စက္ခသိပါ ဘုရား) ပစ္စက္ခခန္ဓာကို သိတယ် (မှန်ပါ့)။

ကိုယ့်ဉာဏ်နဲ့ဒီခန္ဓာသိတာ

ဦးဇံရင် ဘာကိုသိသတုံး (ပစ္စက္ခခန္ဓာကို သိပါတယ်) ပစ္စက္ခဆိုတာ ကိုယ့်ဉာဏ်နဲ့ ဒီခန္ဓာကို သိတာ (မှန်ပါ့) အရင်ရှိ နေတာကို သိတာမဟုတ်ပါဘူး၊ အခုခန္ဓာကြီးဟာ ဪ ဒါဟာ ခန္ဓာ ခန္ဓာ ဆိုတာ အခုပေါ်တဲ့ ခန္ဓာ အခုသိတာနော် (မှန်ပါ့) အရင်ဟာ သိနေတာက အတုံးအခဲ အသိကိုးဗျ (မှန်ပါ့) အငှား အခဲဆိုတော့ ပညတ်ကြီးမနေဘူးလား (နေပါတယ်) ဒါတွေ သိနေတဲ့ အသိမျိုးကတော့ ဦးခင်မောင် အဖိုးမတန်ဘူးပေါ့ကွာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်အသိမှသစ္စာသိပါလိမ့်

ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်သိမှ ခန္ဓာသိတယ်ဆိုတာ ဖြင့် ကျေနပ်လောက်အောင်ပဲ တစ်သက်လုံး မှတ်ပြီး သိရမှာပဲ (မှန်ပါ့) ဪ သိသိဆိုပေမယ့် အသိတွေက အများကြီးပါလား ဘယ်အသိမှ သစ္စာသိပါလိမ့်မလဲလို့ သေသေချာချာ မေးတော့မှ၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ပေါ်လာတဲ့ ခန္ဓာသိ မှ ဒုက္ခသစ္စာသိတာ (မှန်ပါ့) တနည်း ခန္ဓာကိုသိတာ (မှန်ပါ့) ခန္ဓာနဲ့ ဒုက္ခသစ္စာနဲ့ ဦးခင်မောင် အတူတူပေါ့ဗျာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်သိမှ ခန္ဓာသိ, ဒုက္ခသိ, ပစ္စက္ခသိဖြစ်တော့မယ်(မှန်ပါ့) ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်သွားတယ်

ဒါဖြင့် ဒီခန္ဓာသိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ပဋိစ္စသမုပ္ပါဒ်သိပြီး အလိုလိုပေါ်တာလို့ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) အကြောင်းကြောင့်ပေါ်လာတဲ့ ခန္ဓာငါးပါးပဲဆိုတော့၊ ဒကာ ဒကာမတို့ အကြောင်း ကြောင့် ပေါ်လာတဲ့ ခန္ဓာငါးပါးပဲလို့ သိလိုက်သဖြင့်၊ အလိုလိုဆိုတဲ့ အဟေတုက ဒိဋ္ဌိတွေလည်း , စင်သွားတယ် (မှန်ပါ့) ငါမဟုတ် သူမဟုတ်ပါဘူး၊ ဒီဥစ္စာ ခန္ဓာပေါ် သက်သက်ပါပဲဆိုတော့ သက္ကာယဒိဋ္ဌိလည်း ပြုတ်ထွက်သွား တယ် (မှန်ပါ့) ပစ္စက္ခသိရောက်မှ ခုနင်က ဒိဋ္ဌိတွေ စင်ပြီး သကာလ သိတဲ့ အသိရောက်တာကိုးဗျ (မှန်ပါ့) ဝိစိကိစ္ဆာ စင်ပြီးတော့ သိတဲ့ အသိရောက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းကြောင့်ပေါ်လာတဲ့ခန္ဓာ

ဪ ဒါဖြင့် ဒီအသိက အခုကဲ့သို့ ခန္ဓာပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ပေါ်လာတဲ့ ခန္ဓာကိုသိလို့ ချက်ချင်းသိတဲ့ အသိကမှ၊ ဪ ဒိဋ္ဌိခွာ, ဝိစိကိစ္ဆာခွာပြီး သိတဲ့ အသိပါကလား (မှန်ပါ့) ဘယ်လောက် အဖိုးတန် သွားသတုံး (တန်ပါတယ် ဘုရား)။

ဘာတွေ ခွာပြီးသိသတုံး (ဒိဋ္ဌိ, ဝိစိကိစ္ဆာခွာပြီး သိပါတယ် ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာကို ခွာပြီး သကာလ သိတဲ့အသိ (မှန်ပါ့) ဦးခင်မောင် ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား) ဘာခွာပြီးသိတဲ့ အသိတုံး (ဒိဋ္ဌိ ဝိစိကိစ္ဆာ ခွာပြီးသိတဲ့အသိပါ ဘုရား)။

ဒိဋ္ဌိခွာပြီးသိတဲ့အသိ

ဒကာ ဒကာမတွေ အင်မတန် နေရာကျနေပါပေါ့လား တဲ့။ ဒိဋ္ဌိဝိစိကိစ္ဆာကို ခွာပြီးသိတဲ့အသိကို ရောက်နေတော့၊ တကယ့် ပစ္စက္ခသိရောက်ပြီး သကာလ နေပါတော့တယ်ဆိုတာ ရှင်းလင်းနေပြီ (မှန်ပါ့) ဒီအကြောင်း မပါဘဲနဲ့ သိနေတဲ့ အသိကတော့ဖြင့် အလိုလိုထင်ပါရဲ့ ဆိုတဲ့ ဒိဋ္ဌိကလည်း လာမှာပဲ (မှန်ပါ့) ဘယ့်နှယ်လုပ်ဖြစ်တာပါလိမ့်မလဲ ဆိုတဲ့ ဝိစိကိစ္ဆာကကော (လာ ပါတယ် ဘုရား) တနည်းအားဖြင့်လည်း ငါကြားတာပဲ ဆိုတဲ့ ဒိဋ္ဌိ ကလည်း ဝင်ချင်ဝင်လိုက်မှာပဲ (မှန်ပါ့) မဝင်ပေဘူးလား (ဝင်ပါ တယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်မသိဘဲနဲ့ ခန္ဓာကိုသိပါတယ်ဆိုတဲ့ အသိကဖြင့် စာသိရင်လည်း ဖြစ်ပါလိမ့်မယ်၊ တစ်ဆင့်ကြားသိရင်လည်း ဖြစ်ပါလိမ့်မယ်ဆိုတာ ပြောထိုက်, မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အဲဒီအသိကို သစ္စာသိ ခန္ဓာသိလို့ တိုက်ရိုက်ယူ မလားလို့ မေးတော့ တိုက်ရိုက် မယူရပေဘူး (မှန်ပါ့) ဘာ့ကြောင့်တုံး ဒိဋ္ဌိလည်းမကွာ ဝိစိကိစ္ဆာလည်းမကွာ။ သဘောကျ ပလား (ကျပါပြီ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မကွာတဲ့ အသိဖြစ်မနေ ဘူးလား (ဖြစ်နေပါတယ်)။

ကိုင်း ဒါဖြင့် အကြောင်းနဲ့အကျိုး ဆက်ပြီးသိရတဲ့ အသိ ကတော့ ဘာတွေကို ခွာသိပါလိမ့် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ခွာပြီးသိ ပါတယ် ဘုရား) သော် နေရာကျပြီ ဒကာ ဒကာမတို့ နေရာကျပြီ နေရာကျပြီ။ ဘာခွာတဲ့ အသိပါလိမ့်ဗျာ (ဒိဋ္ဌိဝိစိကိစ္ဆာခွာတဲ့ အသိပါ ဘုရား) အဲ ဒိဋ္ဌိဝိစိကိစ္ဆာ ကွာပြီး သိတယ်နော် (မှန်ပါ့)။

ခန္ဓာဒုက္ခသစ္စာတွေပေါ်ပြီ

ကဲ ကြားတဲ့စိတ်ကလေး နားထဲမှာ ပေါ်တယ်ဆို လို့ ရှိရင် ခန္ဓာတွေတော့ ပေါ်ပြီပေါ့ဗျာ (မှန်ပါ့) ခန္ဓာ ဒုက္ခ သစ္စာတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒါက အသိမှန် ပစ္စက္ခအသိမှန်ကို ဦးခင်မောင် ရောက်ပေါ့ (မှန်ပါ့) ဘယ့်နှယ် ကြောင့် အသိမှန် ရောက်ပါလိမ့်မတုံးဆိုတော့ မိစ္ဆာဒိဋ္ဌိကောရောသေးရဲ့ လား (မရောပါဘူး) အဝိဇ္ဇာကော ရောသေးရဲ့ လား (မရောပါဘူး) ဝိစိကိစ္ဆာရှိနေရင် အဝိဇ္ဇာ ကိုးပါးရှိနေတာကိုဗျ။ ဝိစိကိစ္ဆာဆိုတာလည်း အဝိဇ္ဇာသဘောပဲ (မှန်ပါ့) အဲဒီ အဝိဇ္ဇာကော ရောသေးရဲ့လား (မရောပါဘူး) ဒိဋ္ဌိကကော ရောသေးရဲ့ လား (မရောပါဘူး) မရောတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာကင်းတဲ့ အသိဖြစ်ပြီး သကာလ နေတော့တယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား) သိပ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)။

ဪ တို့မှာ သိပုံသိနည်းကိုကလည်း ဆရာသမား များနဲ့ မတွေ့လို့ရှိရင် တို့အသိဖြင့် တို့ဟာဟုတ်ပြီလို့ ထင်နေဦး မှာပဲ ၊ စင်စစ်အားဖြင့်တော့ တို့အသိနဲ့ တို့ကတော့ ဟုတ်ကို မဟုတ်သေးပါကလား၊ ဒိဋ္ဌိဝိစိကိစ္ဆာ မကွာဘဲ အသိ-သိနေတာ ပါကလား။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘု ရား)

ဘာ့ကြောင့်တုံးဆိုတော့ တစ်ဆင့်ကြားသော် လည်းကောင်း သိကြတဲ့အသိ ဖြစ်မနေပေ ဘူးလား (ဖြစ်ပါတယ်) စာဆိုလောက်သိတဲ့ အသိကော (ဖြစ်ပါတယ် ဘုရား) ကိုယ့်ဟာကိုယ်ကြံ လုံးတွေးလုံးနဲ့ သိတဲ့အသိကော (ဖြစ်ပါတယ် ၊ ဘုရား) မိစ္ဆာဒိဋ္ဌိအသံသော် လည်းကောင်း (ဖြစ်ပါတယ် ဘုရား) အဲ သမ္မာဒိဋ္ဌိသိ, ပစ္စက္ခသိရောက်ရဲ့လား (မရောက်ပါ ဘူး ဘုရား)။

သောတာပန်အစစ်သိတဲ့အသိမျိုး

ကိုင်း ဒါဖြင့် ဒီလိုခန္ဓာကို သိရတဲ့ အသိကဖြင့် သောတာပန်အစစ်များသိတဲ့ အသိမျိုးနဲ့ တူသွားတယ် (မှန်ပါ့) ဒိဋ္ဌိဝိစိကိစ္ဆာ ကွာတဲ့ အသိနော် (မှန်ပါ့)။

ဘယ်အသိပါလိမ့် (ဒိဋ္ဌိဝိစိကိစ္ဆာကွာတဲ့ အသိပါ ဘုရား) တယ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီဥစ္စာ ဆရာသမားက အဖိုးတန် တယ်လို့ ဆိုလို့ရှိရင် ခင်ဗျားတို့က၊ ဪ တို့လည်း သေသေ ချာချာဖြင့် အန္ဓပုထုဇဉ်အဖြစ်မှ လွတ်ပြီး ကလျာဏပုထုဇဉ် အသိအဖြစ်သို့ ရောက်လို့၊ ဆရာဘုန်းကြီး ဒါလောက် ဝမ်းမြောက် – ဝမ်းသာ ရှိတာကိုးဆိုတာ ပေါ်လာတယ် (မှန်လှပါ ဘုရား)

သေသေချာချာ ဦးဘတင်တို့ ရှေးကစာတွေ ဘာတွေနဲ့ ရှောက် ပြီးသိတဲ့ အသိမျိုးနဲ့ နှိုင်းချိန် လိုက်တော့မှ၊ ဪ ဟိုဥစ္စာက သူများပါးစပ် လမ်းဆုံးတဲ့ အသိမျိုးပါကလားဆိုတာ ပေါ်လာ တယ် (မှန်ပါ့) ကိုယ်တိုင်သိကို ရောက်ကဲ့လား (မရောက် ပါဘူး ဘုရား) ဒါသေချာကြပလား (သေချာပါပြီ ဘုရား)။

ဘယ်ခန္ဓာကကြားတာပါလိမ့်

ကဲ ဒကာ ဒကာမတို့ အခုဘုန်းကြီး အသံများ ကြားကြရဲ့ လား (ကြားပါတယ် ဘုရား) ကြားတော့ နားထဲမှာ ဘယ်ခန္ဓာက ကြားဘာပါလိမ့်ဗျာ (ဝိညာဏက္ခန္ဓာကပါ ဘုရား) ဝိညာဏက္ခန္ဓာက ကြားတယ်ဆိုတော့၊ ဝိညာဏက္ခန္ဓာချည်း သက်သက်လည်း ဖြစ်ကောင်းတာ မဟုတ်တော့၊ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာကလည်း ကြားတယ်ဆိုလိုက်ရင်ကော မဟုတ်ဘူးလားဗျာ (ဟုတ်ပါတယ် ဘုရား) အဲဒီတော့ – ခန္ဓာတွေက ကြားတာပေါ့ဗျာ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါက ကြားတာလား (မဟုတ်ပါဘူး) ဘယ်သူက ကြားတာပါလိမ့် (ခန္ဓာက ကြားတာပါ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ လွတ်တယ်

ဒါဖြင့် ခန္ဓာကကြားတာဖြစ်နေတော့ ပုဂ္ဂိုလ်သတ္တဝါဆို တဲ့ ဒိဋ္ဌိကလည်း လွတ်သွားတယ် (မှန်ပါ့ ဘုရား) ကြားချင်လို့ ဒီကြားတဲ့ သဘောကလေး ပေါ်တာလား အကြောင်းကြောင့် ပေါ်တာလား (အကြောင်း ကြောင့် ပေါ်တာပါ ဘုရား) အကြောင်းကြောင့်ပေါ်လာတာဆိုတော့ ဝိစိကိစ္ဆာက လွတ်သွား တယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဆိုတဲ့ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါဘူး) အဲ ကြားတာကလည်း ခန္ဓာက ကြားတယ်ဆိုတော့ ဒိဋ္ဌိလွတ်သွားတယ် (မှန်ပါ့)။

ဒီကြားထဲ သဘောကလေးတွေကလည်း အလိုလို ပေါ်လာတာလား ဆိုတော့ ဘယ့်နှယ် ဆိုကြမလဲ (အကြောင်းကြောင့် ပေါ်တာပါ ဘုရား) အကြောင်းပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တာ ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)

အကြောင်းပဋိစ္စသမုပ္ပါဒ်ကြောင့် တပည့်တော်တို့ သန္တာန်မှာ ကြားတဲ့ခန္ဓာပေါ်ပါတယ်လို့ သိသွားတဲ့အတွက်လည်း ဘာစင် သွားပြန်သတုံး (ဝိစိကိစ္ဆာစင်ပါတယ် ဘုရား) ကိုင်း ဦးခင်မောင် အဖိုးတန်တာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နဂိုကနဲ့စာရင်သေပျော်ပြီ

ဒကာ ဒကာမတို့ အတော်အကျိုးရှိသွားပြီ (မှန်ပါ့) ဒါလောက်နဲ့ သေသွားတောင်မှ နဂိုကနဲ့ စာရင် သေပျော်ပြီ (မှန်ပါ့) သာမညပုဂ္ဂိုလ်မှာ သာမညသေပျော်တယ် အောက်မေ့လိမ့်မယ် နော် (မှန်ပါ့) နက်နက်နဲနဲသိတဲ့ပုဂ္ဂိုလ်မှာ နက်နက်နဲနဲသိလို့ သေပြီပြောတာ (မှန်ပါ့) သဘောကျကြရဲ့လား (ကျပါ တယ် ဘုရား)။

ဒါဖြင့် အကျိုးရှိသွားပြီဆိုတာ နက်နက်နဲနဲ ခင်ဗျားတို့ ခန္ဓာထဲမှာ နဂိုကထက် အသိထူးလို့ သေပျော်ပြီပြောတာ ယုံပလား (ယုံပါပြီ ဘုရား)။

ရှင်ဆန္နနှစ်ပေါင်း (၄၀) ကြာတယ်

ကဲ ပြန်ပြောပါဦးမယ် ခင်ဗျားတို့။ ပြီးတော့မှ ဝိပဿနာ ရှုပုံပြောမယ်။ ဒါဖြုတ်ပြီးရင် ဦးခင်မောင် ဝိပဿနာရှုဖို့ အလွယ်ပဲနော် (လွယ်ပါတယ် ဘုရား) ဒီဒိဋ္ဌိတွေ ခံနေလို့ ရှိရင်တော့ နှစ်ပေါင်း ၄၀ ခန့် အားထုတ်လာတဲ့ ရှင်ဆန္ဒတောင် မရနိုင်ဘဲ ရှိနေတယ် (မှန်ပါ့) အခုဟောရမည့် အနုရာဓလည်း သူလည်း တာရှည်လှပြီ ဟောနေတာ၊ သူကိုယ်တိုင်လည်း ဒီဒိဋ္ဌိ ဝိစိကိစ္ဆာ မစင်လို့ ဘယ်လောက်ခက်နေသတုံး (မှန်ပါ့ ဘုရား) ရဟန္တာဖြစ်ကဲ့လား (မဖြစ်ပါဘူး) သောတာပန် သကဒါဂါမ် အနာဂါမ်ကော (မဖြစ်ပါဘူး ဘုရား) ကဲ ဦးခင်မောင် ဘယ်လောက်အရုပ်ဆိုးနေသတုံး (ဆိုးပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သူနားမလည်လို့

အဲဒါ ပဋိစ္စသမုပ္ပါဒ်တရားကို သူနားမလည်လို့ဆိုတဲ့ အဓိပ္ပါယ် သူရှင်းနေပြီ (မှန်ပါ့) ဒါကြောင့် ဟတ္ထိပဒေါပမ သုတ် မှာဟောတာ၊ အကြင်ပုဂ္ဂိုလ်သည် အကြောင်း ပဋိစ္စသမုပ္ပါဒ်ကို သိ၏၊ ထိုပုဂ္ဂိုလ်သည် အကျိုးဖြစ်တဲ့ ခန္ဓာဒုက္ခသစ္စာကို သိတယ် (မှန်ပါ့) ခန္ဓာပဋိစ္စသမုပ္ပါဒ်သိတဲ့ ပုဂ္ဂိုလ်မှ ပဋိစ္စသမုပ္ပါဒ် သိနိုင် တာတဲ့။ ခန္ဓာဒုက္ခသစ္စာမှ သူမသိသေးလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ်လည်း မသိသေးပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအသိသည်ကားလို့ဆိုရင်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကွာတဲ့ အသိမဟုတ်သေးဘူးလို့ ပြောတာပဲ (မှန်ပါ့)။

သာမညလို့မှတ်မနေနဲ့

ကိုင်း ဒကာ ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာဆိုတာ ခင်ဗျားတို့က သာမညလို့ မှတ်မနေနဲ့၊ သူမပြုတ် သ၍ ကာလပတ်လုံး ဝမ်းထဲမှာ သံသယရှိနေမယ်၊ ငါလို့ထင်နေမယ် ဆိုရင်ဖြင့် အပါယ်သွားဘို့ ရာ တရားနှစ်ခုဟာ၊ သူတို့ နှစ်ခုရှိနေရင် ဘာပဲလုပ်နေနေ ဒကာ ဒကာမတို့ ကုသိုလ်က ကုသိုလ်တခြား အကျိုးပေးမှာပဲ၊ သူတို့ ကတော့ဖြင့် အပါယ်မျိုးစေ့ရှိတယ်လို့သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ကဲ လောကီဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ အနာဟာ ပျောက်တော့ ပျောက်သွားရဲ့၊ ငုပ်သွားတယ်ဆိုတဲ့ အနာမျိုးကျတော့ အနာတော့ ကျုပ်မှာ ဘာမှမရှိပါဘူး အပေါ်ယံဘာမှ မရှိပါဘူး၊ ငုပ်သွားတယ်ဆိုတဲ့ အနာမျိုးကျတော့ ဦးခင်မောင် စိတ်ချရပါ့ မလား (မချရပါဘူး) ဘာဖြစ်လို့ဗျ (ငုပ်နေလို့ပါ ဘုရား) တစ်နေ့နေ့တော့ ဘာဖြစ်မယ်ထင်သတုံး (ပြန်ပေါ် မှာပါ ဘုရား) ပြန်ပေါ်ရင် သေမယ်မဟုတ်လား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အပါယ်ပြန်ရောက်ရမယ်

အဲ ဒီမှာလည်း ဒါနသီလတွေ သမထတွေကြောင့် နတ်ပြည်တွေ ဗြဟ္မာပြည်တွေတော့ ရောက်အောင်ပို့မှာပဲ။ သို့သော် အငုပ်ပါသွားတယ် မပါဘူးလား (ပါပါတယ်) အငုပ်ပါသွားလို့သူက တစ်နေ့ ထောင်ထလာတဲ့ တစ်နေ့ကျတော့ ဦးခင်မောင်တို့ ဦးဘတင်တို့က ဘယ်လို ဆုံးဖြတ်ချက် ချမတုံးဗျ။ အပါယ်လေးပါး ပြန်ရောက်ရမယ် (ပြန်ရောက်ရမှာပါ ဘုရား) မရောက်ရပေဘူးလား (ရောက်ရပါမယ်) ဒါကြောင့်

‘‘ဥက္ခိတ္တာပုညတေဇေန၊ ကာမရူပဂတိံဂတာ။

ဘဝဂ္ဂမ္ပိ သမ္ပတ္တာ၊ ပုနအာယန္တိ ဒုဂ္ဂတိ။’’ ဆိုတဲ့အတိုင်း တော်တော်ကြာ ဒုဂ္ဂတိ ပြန်ရောက်ပြန်ပြီ ဆိုတာ သူ့ကိုပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နတ်ရွာသုဂတိ ဗြဟ္မာပြည်တော့ ပို့တော့ ပို့ တာပဲတဲ့၊ ဒါနသီလတွေက တော်တော်ကြာ ဒီပြန်ရောက်လာတယ်ဆိုတော့ သူ့မှာ ငုပ်နာ ပါသွားတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘာနာပါသွားသတုံး (ငုပ်နာပါသွားပါတယ်) ဒါဖြင့် ငုပ်နာပျောက်ပြီး တက်ရလို့ရှိရင်ဖြင့် ဆင်းကွက် မရှိဘူး (မှန်လှပါ)။

ငုပ်နာပျောက်ပြီး တက်ရလို့ရှိရင် (ဆင်းကွက် မရှိပါဘူး) သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ နားထဲမှာ အခုဘုန်းကြီးပြောတဲ့ အသံကြောင့် ကြားတဲ့ခန္ဓာများ ပေါ်ကြရဲ့လား (ပေါ်ပါပြီ ဘုရား)

ငါကကြားတာလား (ခန္ဓာက ကြားတာပါ ဘုရား) အလိုလိုပေါ်တဲ့ တရားလား ဒီကြားတဲ့ တရာကလေးဟာ (မဟုတ်ပါဘူး ဘုရား) ပဋိစ္စသမုပ္ပါဒ်တည်း ဟူသော အကြောင်းကြောင့် ကျုပ်တို့ဒီက အသံတည်း ဟူသော ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့ နားတည်းဟူသော ပဋိစ္စသမုပ္ပါဒ် မရှိဘူးလား (ရှိပါတယ်) အဲဒီနှစ်ကြောင်း ပေါင်းလို့ခုနင်က ကြားခန္ဓာကလေးပေါ်တာ (မှန်ပါ့) ဦးခင်မောင် သေချာပလား (သေချာပါတယ် ဘုရား)

အကြောင်းကြောင့် ပေါ်လာတဲ့ ခန္ဓာသိသဖြင့် ဝိစိကိစ္ဆာသေတယ် (မှန်ပါ့) ကြားတာက ငါကသူက ကြားတာ မဟုတ်ဘူး ခန္ဓာကကြားတာ ဆိုသဖြင့်လည်း ဒိဋ္ဌိသေတယ် (မှန်ပါ) မသေဘူးလား (သေပါတယ်)။

ပဋိစ္စသမုပ္ပါဒ်သိလို့ခန္ဓာသိတာတဲ့

ဦးခင်မောင် ဒိဋ္ဌိဝိစိကိစ္ဆာသတ်ပုံ ဒါမှ ရှင်းတော့တယ် (မှန်ပါ့) ဒါ ဘုန်းကြီးက ကြံဖန်ဟောတဲ့ တရားလို့ အားလုံးက မမှတ်ပါနဲ့နော်။ ရှင်သာရိပုတ္တရာ ဟတ္ထိပဒေါပမ သုတ်မှာ ဟောတာ ခန္ဓာသိတဲ့ ပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ်သိလို့ ခန္ဓာသိတာ တဲ့ (မှန်ပါ့) နဂိုသိနေတဲ့ အသိကဖြင့် တကယ့် ပစ္စက္ခသိ မရောက် သေးတာ သေချာတယ်ကွလို့ ဆိုပြီး သေသေချာချာ ဦးဘတင် ရှင်းပလား (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုသိတဲ့ အသိဟာ တော်တော်ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) မျက်လုံးထဲ မြင်တဲ့ အမြင်ကလေးဟာ မျက်လုံးထဲမှာလည်း ခန္ဓာပေါ်ဦးမှာပဲ (မှန်ပါ့) မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) သူလည်း ခုနင်က နားထဲလိုပဲ နာမက္ခန္ဓာတွေ အကုန်ပေါ်တာပဲ (မှန်ပါ့) ဘယ်သူက မြင်တာတုံးဆိုလို့ရှိရင်ဖြင့် ခန္ဓာကမြင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်တယ်

ဘယ်သူက မြင်တာတုံး (ခန္ဓာကမြင်တာပါ) ဒီခန္ဓာ က အလိုလိုဖြစ်တာလား ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့်လား (ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့်ပါ) ဒါဖြင့် ခန္ဓာက မြင်တာကို သိလိုက်သဖြင့် ဒိဋ္ဌိပြုတ်တယ်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ဖြစ်တဲ့ခန္ဓာလို့ သိလိုက်သဖြင့် (ဝိစိကိစ္ဆာသေပါတယ်) ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တဲ့အမြင်ဆိုတော့ သူဟာ ဒကာ ဒကာမတွေ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တဲ့ အမြင် ဆိုတော့ သူ့အမြင်ဟာ သောတာပန်အစစ် အမြင်နဲ့ မထူးဘူး (မထူးပါဘူး)။

ဒါကြောင့် လေးလေးစားစားနာပါ လေးလေးစားစား – မှတ်ပါဆိုတာ သေသေချာချာ ပြောရတယ် (မှန်ပါ့) ဦးခင်မောင် ဒီတစ်လုံးနဲ့ နာရီဝက်ပြည့်နေပြီ (မှန်ပါ့) ပြည့်ချင်ပြည့်ပစေဗျ။

ဒီအရေးဟာ သာမညအရေးလား (မဟုတ်ပါဘူး) သာမည အရေးမဟုတ်ဘူး ခင်ဗျားတို့မှာ ငရဲမျိုးစေ့ရှိနေတာ ဖော်ထုတ် ပစ်လိုက်တာ (မှန်ပါ့)။

ငရဲမျိုးစေ့ဖော်ထုတ်ပစ်နေတာ

ဘယ့်နှယ်ဆိုကြမလဲ(ငရဲမျိုးစေ့ရှိနေတာ ဖော်ထုတ်ပစ် လိုက်တာပါ ဘုရား) ငရဲမျိုးစေ့ ဖော်ထုတ် ပစ်နေတာဆိုတော့ ခင်ဗျားတို့ ဥပမာမယ် ဆူးကလေးတစ်ခု ခြေထောက်မှာ စူးနေတယ်၊ ဆူးမထွက်သ၍ ခင်ဗျာတို့ ဒီဥစ္စာ အနာသော် လည်းကောင်း၊ အောင့်သက်သက်သော် လည်းကောင်း၊ သွားမှု လာမှုကို အနှောင့်အယှက်သော် လည်းကောင်း ဖြစ်မဖြစ် (ဖြစ်ပါ တယ် ဘုရား) ဒီဆူးကလေးကို နာရီဝက် နှုတ်ရနှုတ်ရ တစ်နာရီ နှုတ်ရနှုတ်ရ ဦးဘတင် ဒီဆူးထွက်မှ အေးမှာပဲ (မှန်ပါ့) ဆူးမထွက်သေးရင် ဒီအနာပျောက်ပြီလို့ ဘယ်တော့ဆိုလို့ရမတုံး (မရပါဘူး)။

ဒီမှာလည်း ဟောနေတဲ့ တရားဟာ ခင်ဗျားတို့ကို နာရီဝက်ပင် ဟောငြားသော်လည်း ခင်ဗျားတို့ ဆူးကအတော့်ကို ထွင်ရတာ။ (မှန်ပါ့) ရီးတီးယားတာ မဟုတ်ပါဘူး အင်မတန်ခဲ ယဉ်းပါတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှေးကစွဲ လမ်းထားတာတွေကိုလည်း ပယ်ရသေးတယ် (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ရှေးကစွဲလမ်းထားတာတွေ ကိုလည်း ပယ်ရပါသေးတယ်) ရှေးက သိထားတာက စာသိကိုး ဗျ။ တစ်ဆင့်ကြားသိကိုးဗျ။ ကိုယ့်ဟာကိုယ် ဒိဋ္ဌိဉာဏ်နဲ့ အသိကိုး ဗျ (မှန်ပါ့) အသိကခြောက်မျိုးတောင်ရှိတာ။ ကျန်တဲ့ငါးမျိုးပယ် ပစ္စက္ခသိကို အမှန်ယူလို့ သံယုတ်ပါဠိတော် ကောသမ္ဗိသုတ်မှာ ဟောထားတာ အထင်အရှားဖြစ်ပြီး သကာလ နေတော့၊ တို့သိထားတဲ့ အသိ ဟာက လိုနေသေးပါလားဆိုတာ ပေါ်လာတယ်(မှန်ပါ့) နေရာကျကြပလား ကဲ (ကျပါပြီ ဘုရား)။

ကြားတာဘယ်သူကကြားပါလိမ့်

ကောင်းပြီ ဒါဖြင့် ဒီလိုသိသွားတော့ ဒကာ ဒကာမတွေ နားထဲမှာ ကြားတာဘယ်သူက ကြားပါလိမ့် (ခန္ဓာက ကြားပါ တယ် ဘုရား) ခန္ဓာက ကြားတယ်လို့ခင်ဗျားတို့က ဘယ်အခါ ကြားကြား ဒီအတိုင်းနှလုံးသွင်းလိုက် (မှန်ပါ့)။

နာမက္ခန္ဓာက ကြားတယ်။ နာမက္ခန္ဓာတည်းဟူသော ကြားတဲ့သဘောသည်၊ ခုနင်ကပြောခဲ့တဲ့ အသံတည်းဟူသော ရုပ်, နား အကြည်တည်းဟူသော ရုပ်အကြောင်း မရှိဘဲနဲ့ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး)၊ ပေါ်နိုင်စရာအကြောင်း မြင် သေးရဲ့ လား (မမြင်ပါဘူး ဘုရား) အဲဒီလို အကြောင်းနဲ့ တကွ သိရပြန်တော့လည်း ဝိစိကိစ္ဆာကစင်တယ် (မှန်ပါ့) ခန္ဓာကကြား တယ်လို့ သိရပြန်တော့လည်း (ဒိဋ္ဌိ သေပါတယ် ဘုရား)။

သောတာပန်သိတဲ့အသိနဲ့အတူတူပဲ

ဒိဋ္ဌိဝိစိကိစ္ဆာစင်တဲ့ အသိကို သိနေတော့ ဒကာ ဒကာမတို့ သောတာပန်သိတဲ့ အသိနဲ့ အတူတူဖြစ်သွားတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဘယ်နေရာမှာ ဘယ်ခန္ဓာပေါ် ပေါ် ဒီအတိုင်းမှတ်စမ်းပါ။ ဒီအတိုင်းမှတ်ဖို့ပဲ ဆိုတာ သေချာပလား (သေချာပါပြီ) ဒီအတိုင်းမှတ်ထားတော့မှ ဘယ် နေရာမှာ ကိုယ်ပေါ်မှာယားတဲ့ စိတ်ကလေးပေါ်တယ်။ ဘယ်သူက ယားတာတုံး (ခန္ဓာကယားတာပါ ဘုရား) ယားချင်လို့ ယားတာလား ပဋိစ္စသမုပ္ပါဒ် ကြောင့်လား (ပဋိစ္စသမုပ္ပါဒ်ကြောင့်ယားတာပါ) ဟော , ဒိဋ္ဌိဝိစိကိစ္ဆာ ကွာသွားပြီ သိတယ် (မှန်ပါ့)။

ခံသာတဲ့စိတ်ကလေးပေါ်တယ်

ခန္ဓာကိုယ်ထဲမှာ အခု လေပြေလေညှင်းကလေးက တိုက်နေတယ် ဒကာ ဒကာမတို့။ ခံသာတဲ့ စိတ်ကလေး မပေါ် ဘူးလား (ပေါ်ပါတယ်) အဲဒီခံသာတဲ့ စိတ်ကလေးဟာ ခံသာတာ ပုဂ္ဂိုလ် သတ္တဝါလား ကျုပ်ခံသာတာလား သူခံသာတာလား ခန္ဓာက ခံသာတာလား (ခန္ဓာကခံသာတာပါ) ဒီခန္ဓာကလည်း ဘယ်က လာတာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ကြောင့်ပါ) ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ဖြစ်ပေါ်လာတယ် (မှန်ပါ့)။

ဒီလိုဆိုတော့ ဒီခံသာတဲ့စိတ်ကလေးဟာ သုခသဟဂတံ ကာယဝိညာဏံဆိုတဲ့ သုခသဟဂုတ် ကာယဝိညာဏ်စိတ် ကလေးဟာ ဒကာ ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာကင်းပြီး ခင်ဗျားတို့က သိနေတယ် (မှန်ပါ့) မသိသေးဘူးလား (သိပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိသိဖြစ်တယ်

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကင်းပြီးသိတဲ့ အခါကျတော့ သမ္မာဒိဋ္ဌိသိ (မှန်ပါ့)။

ဘယ့်နှယ်ဆိုမလဲ (သမ္မာဒိဋ္ဌိသိပါ ဘုရား) သမ္မာဒိဋ္ဌိ ဆိုတော့ သမ္မာကမှန်ကန်တာ ဒိဋ္ဌိမြင်တာက အမှန်အကန်သိဆို တော့ ပစ္စက္ခသိရောက်နေတယ် (မှန်ပါ့)။ ပစ္စက္ခသီရောက်သွားတယ်။

ပစ္စက္ခသိရောက်သွားတယ်ဆိုတော့ ဒို့အသိသည် ကားလို့ဆိုရင်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ကွာပြီး သကာလ သိတာပါလား သူများပြောနဲ့လည်း သိရတဲ့ အသိမဟုတ်၊ တဆင့်ကြားလည်း မဟုတ် ကြံလုံးနဲ့သိရတာလည်း မဟုတ်ဘူး၊ အကြောင်းအကျိုးဆက်ပြီး အမှန်အကန်သိရတဲ့ ပစ္စက္ခသိရောက် ပါပေါ့လား ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားပြီ (မှန်ပါ့)။

ခန္ဓာဟူသ၍ ဟာဒုက္ခသစ္စာ

နေရာကျကြပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာတွေပဲ ခန္ဓာထဲမှာ ဆက်ဆက်ပြီး နားမှာ ခန္ဓာပေါ် လိုက်တာ ဟုတ်လား ၊ နားမှာကြားတဲ့ခန္ဓာ မပေါ်ဘူးလား ဗျာ (ပေါ်ပါတယ် ဘုရား)

ကြားလို့ကောင်းတယ်ဆိုတော့ ဝမ်းထဲ မှာ တဏှာဆိုတဲ့ ဝိညာဏက္ခန္ဓာတွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ကံခန္ဓာတွေကော (ပေါ်ပါတယ် ဘုရား) ကံခန္ဓာဆိုတာ သင်္ခါရက္ခန္ဓာတွေပေါ့ဗျာ (မှန်ပါ့)။ ဒကာ ဒကာမတွေ ကြားတာလည်းခန္ဓာ, နှစ်သက်တာလည်း (ခန္ဓာပါပဲ ဘုရား) စွဲလမ်းတာလည်း (ခန္ဓာပါပဲ) အားထုတ် တာလည်း (ခန္ဓာပါပဲ)

ဪ ဒီခန္ဓာတွေသာ တန်းပြီး သကာလ နေတော့ ခန္ဓာဟူသ၍ ဟာ ဘာသစ္စာတွေတုံး , (ဒုက္ခသစ္စာတွေပါ ဘုရား) ဦးခင်မောင် ဘယ်လောက်အဖိုးတန် သတုံး (မှန်လှပါ ဘုရား) ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)

တစ်နေ့လုံး ဒကာ ဒကာမတွေ ဘာတွေများ လှည့်နေ ကြပါလိမ့် (ဒုက္ခသစ္စာတွေသာ လှည့်နေပါတယ် ဘုရား) ပေါ်ပြီ ပေါ်ပြီ ပေါ်ပြီ။ ဒုက္ခသစ္စာချည့် လှည့်နေတယ်ဆိုတာ၊ လေးလေးစားစား မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အဲဒီကျတော့မှ ခင်ဗျားတို့ ရထားပြီးသားဖြစ် တဲ့ ဓမ္မစကြာပါဠိတော်မှာ ခင်ဗျားတို့ ရထားတဲ့ ဥစ္စာဟူသ၍ ဒုက္ခသစ္စာချည့်ပါပဲဆိုတာက ဦးခင်မောင်တို့ ထင်နေတာ (မှန်လှပါ) ဒီခန္ဓာကိုယ်ကြီးကို ဦးဘတင်တို့ ခန္ဓာကိုယ် ဦးခင်မောင်တို့ ခန္ဓာကိုယ်ဆိုတော့ ၄၅ နှစ် ၅ဝ ဟုတ်လား ဒါကြီးကိုသာ ခန္ဓာထင်နေတာ (မှန်ပါ့)

စင်စစ်တော့ တစ်ခန္ဓာ ဖြစ်ပြီး တစ်ခန္ဓာချုပ် နောက်တစ်ခန္ဓာထပ်ဖြစ်၊ ဒီလိုခန္ဓာတွေ လှည့်ပြီး ဖြစ်နေတာကို အကျဉ်းချုပ ်ပြောရမယ် ဆိုရင် ဒီခန္ဓာတွေ လှည့်ဖြစ်နေတာ၊ ဒုက္ခသစ္စာတွေ ဆိုတာ ခင်ဗျားတို့ ခုနင်ကပြော တဲ့ ၄၅-၅ဝ ရှိတာကိုပြောနေ လိုရင်းမဟုတ်ဘူး (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ) ၄၅-၅ဝ ရှိတာကြီးချည့် ပြောနေလို့ အလေးချိန် ပြောနေလို့ ဘယ်ကလာရမတုံး (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ဒုက္ခသစ္စာချည့်လှည့်နေတယ်

ဒါဖြင့် တစ်သံသရာလုံး ဘာစက်လှည့်နေပါလိမ့် (ဒုက္ခသစ္စာခန္ဓာတွေ လှည့်နေပါတယ် ဘုရား) ဒုက္ခသစ္စာချည့် လှည့်နေတယ် (မှန်ပါ့) ကြားတာလဲ ဒုက္ခသစ္စာ၊ လိုချင်တာလဲ (ဒုက္ခသစ္စာပါ ဘုရား) စွဲလမ်းတာလဲ (ဒုက္ခသစ္စာပါ ဘုရား) အားထုတ်တာလဲ (ဒုက္ခသစ္စာပါ ဘုရား)

နောက်တစ်ခါစားချင်ပြန်တာလဲ (ဒုက္ခသစ္စာပါ ဘုရား) စားလို့ကောင်းတာလဲ (ဒုက္ခသစ္စာပါ ဘုရား) စားလို့ စွဲလမ်းတာလဲ (ဒုက္ခသစ္စာပါ ဘုရား) နောက်တစ်ခါစားလို့ အားထုတ်တာလဲ (ဒုက္ခသစ္စာပါ ဘုရား) ကဲ ဒါဖြင့် ဘာတွေလှည့်နေသတုံး (ဒုက္ခသစ္စာတွေ လှည့်နေပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်မည့်အသိ

အဲ ပဋိစ္စသမုပ္ပါဒ်သိမှ ဒုက္ခသစ္စာသိမယ် (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ်မသိသေးရင် (ဒုက္ခသစ္စာ မသိသေးပါဘူး ဘုရား)။ ပဋိစ္စသမုပ္ပါဒ် တစ်ခုချုပ် တစ်ခုဖြစ်၊ တစ်ခုချုပ် တစ်ခုဖြစ်၊ ခန္ဓာ ကြီး ပစ္စက္ခသိတော့မှ ဒုက္ခသစ္စာ သိတယ်ဆိုတော့၊ ဒိဋ္ဌိဝိစိကိစ္ဆာ ကင်းပြီး သိတဲ့အသိဖြစ်လေ သောကြောင့်၊ ဪ ဒီအသိက ဖြင့် နိဗ္ဗာန်နီးတဲ့ အသိပဲဆိုတာ ဒကာ ဒကာမတို့ အဖိုးတန်သွား ပြီ (ပေါ်ပါပြီ ဘုရား) နိဗ္ဗာန်ရောက်မည့်အသိဗျ။ နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုမည့်အသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

သိတာကမဂ္ဂသစ္စာ

ဘာတဲ့တုံး (နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုမည့် အသိပါ ဘုရား) ဒုက္ခသစ္စာသိပေါ့ဗျာ။ ဒုက္ခသစ္စာ သိအောင် ဆိုကတည်းက ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့သိတာဟာ မဂ္ဂသစ္စာ (မှန်ပါ့) အရှိက ဒုက္ခသစ္စာ အသိကမဂ္ဂသစ္စာ (မှန်ပါ့)။

အရှိက ဘာတုံး (ဒုက္ခသစ္စာပါ) ခင်ဗျားတို့ကို ဘုန်းကြီးက ဟောလိုက်လို့ ခင်ဗျားတို့ ခန္ဓာထဲ ပေါ်တာ ကလေးတွေ သိလိုက်တော့ (မဂ္ဂသစ္စာပါ) ကိုင်း သေချာပလား (မှန်ပါ့ ဘုရား) အားလုံး ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ) သော် ခင်ဗျားတို့ အင်မတန်မှ ဒီဥစ္စာ သုညတတရား ဆိုတဲ့ဥစ္စာ မှန်လိုက်တာ၊ ဒုက္ခသစ္စာမှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျား မိန်းမ အကုန် ဆိတ်သုဉ်းနေတာ (မှန်ပါ့) ဒုက္ခသစ္စာ သက်သက်ချည့်သာ သိတော့တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအလုပ်ကိုအများကြီးလုပ်ရမယ်

ကောင်းပြီ ဒါဖြင့် ဒီလိုသိတော့မှ၊ ဪ ပဋိစ္စ သမုပ္ပါဒ်တည်းဟူသော အကြောင်းကြောင့် ပေါ်လာတဲ့ ခန္ဓာတွေဟာ ဘာသစ္စာတွေပါလိမ့်(ဒုက္ခသစ္စာတွေပါ) သူ့ကိုခင်တွယ်တာ – ဘာသစ္စာ ဆိုကြမလဲ (သမုဒယသစ္စာပါ ဘုရား) သူ့ခင်တွယ်တဲ့ တဏှာသတ်တဲ့ဥစ္စာကို ဘာသစ္စာဆိုကြမလဲ (မဂ္ဂသစ္စာ ပါ ဘုရား)

ဪ ဒါသူ့ခင်တွယ်တာ သတ်ချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ သူ့ကို ဝိပဿနာရှုလို့ သူ့ကို ဒုက္ခသစ္စာ မှန်းသိ တဲ့ ဉာဏ်သာလာမယ်ဆိုလို့ရှိရင်ဖြင့် သမုဒယသစ္စာသေမှာပဲ (မှန်ပါ့) အဲဒီအလုပ်ကို သာလျှင် အများကြီးလုပ်ရမယ်ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ အလုပ်ကိုဘာလုပ် ရမယ် (အများကြီးလုပ်ရပါမယ်) ဒုက္ခသစ္စာသိတဲ့ အလုပ်ကို အများကြီးလုပ်ရမယ်လို့ ဟတ္ထိပဒေါပမသုတ်မှာ သေသေချာချာ ဟောပါတယ် (မှန်ပါ့)

ဒါကြောင့် ဒုက္ခသစ္စာပေါ်တိုင်းပေါ်တိုင်း နားထဲမှာလည်း ဒုက္ခသစ္စာပေါ်ပြန်ပြီ။ ဝမ်းထဲမှာလည်း လိုချင်တဲ့ ဒုက္ခသစ္စာ ပေါ်ပြန်ပြီ။ ပျက်ပြန်ပြီ ဒီလိုသိသိပေးပါ။ သဘော ကျပလား (ကျပါပြီ) အားထုတ်တဲ့ သဘောကလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပေါ်ပြန်ပြီလို့ သိရပါတယ်) ဒုက္ခသစ္စာ ပေါ်ပြန် ပြီ ပျက်ပြန်ပြီ ဦးခင်မောင် ဒီလိုချည်းရှုတော့၊ ရှုတာက မဂ္ဂသစ္စာ, သေတာက သမုဒယချုပ်တာ ဆိုတော့ သမုဒယချုပ် ရင် နိဗ္ဗာန်ကို ဆုတောင်းနေရသေးသလား (မတောင်းရပါ ဘူး)

ရှုတော့ သမုဒယသစ္စာ ချုပ်မနေဘူးလား (ချုပ်နေပါ တယ်) အဲ သမုဒယချုပ်ရင် ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတာ ဒုက္ခသစ္စာကို ရှုရင်းမတ္တနဲ့ သမုဒယချုပ် သွားတဲ့ အချိန်ပေါ်လာတာပဲ (မှန်ပါ့) သဘောကျပလား – (ကျပါပြီ)။

နိဗ္ဗာန်ရောက်ကြောင်းအလုပ်

ဒုက္ခသစ္စာ ရှုရင်းမတ္တနဲ့ ဘာတုံး (သမုဒယချုပ်ပါ တယ်) သမုဒယချုပ်တယ် သမုဒယချုပ်တဲ့ အချိန် ဘာပေါ်လာ သတုံး (နိဗ္ဗာန်ပေါ်လာပါတယ်) အဲ ဒကာ ဒကာမတို့ ဒီလို ဒုက္ခသစ္စာတွေကို ပိုင်ပိုင်နိုင်နိုင်သိအောင်ရှုနေတဲ့ အလုပ်သည် နိဗ္ဗာန်ရောက်ကြောင်းအလုပ် (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ အလုပ်သည် (နိဗ္ဗာန် ရောက်ကြောင်း အလုပ်ပါ ဘုရား) ရှင်းသွားကြပလား (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီအထဲမှာ ပုဂ္ဂိုလ် သတ္တဝါ သံသယရှိသေးသလား (မရှိပါဘူး ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ရယ်လို့များ ပါသေးသလား (မပါပါဘူး) တစ်နေ့လုံး ခန္ဓာကြီး လှည့်ပတ်ပြီး ပေါ်နေတာတွေဟာ ဒုက္ခသစ္စာမှတစ်ပါး ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ပါသေးသ လား (မပါပါဘူး) သံသယတော့ ရှိသေးသလား (မရှိပါဘူး) ဒုက္ခသစ္စာမှ ဟုတ်ကဲ့လားလို့ကော သံသယရှိသေး ရဲ့လား (မရှိပါဘူး)။

မရှိလို့ရှိရင်ဖြင့် ဒီဓမ္မတွေဟာ အကယ်၍ နိဗ္ဗာန်မရသေး လည်း ဒီဒုက္ခသစ္စာလှည့်နေမှာပဲ (မှန်ပါ့) ဒုက္ခသစ္စာတွေ တစ်ခု – ချုပ် တစ်ခုဖြစ်နဲ့ ဦးခင်မောင် လာသင့် မလာသင့် (လာသင့် ပါတယ် ဘုရား) နိဗ္ဗာန်မရသေးရင် (လာမှာပါပဲ ဘုရား)။

ရှင်အနုရာဓ ရဟန်း

ကဲ ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး)

ကိုင်း ဒါဖြင့် အနုရာဓဝတ္ထုကို ဆက်ကြစို့ဆိုတော့နော် (မှန်ပါ့) အနုရာဓရဟန်းက သတ္တဝါ သေရင် ဖြစ်သေးသလားလို့ တိတ္ထိ တွေက မေးတာကိုလည်း သူ့စိတ်ထဲမှာ သူ့သဘောကျကျ ဖြေ တာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးတဲ့အခါမှာလည်း သူ့အဖြေတော့ မှန်ပါရဲ့၊ မှန်ပင်မှန်ငြား သော်လည်း သူ့ဟာက သူ့ပစ္စက္ခသိနဲ့ ဖြေတာဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား) သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာ မကုန်ဘူးနော် (မှန်ပါ့)။

သူ့မှာဝိစိကိစ္ဆာ ရှိနေတယ်

သတ္တဝါသေရင် ဖြစ်သည်လည်းမဟုတ် မဖြစ်သည် လည်း မဟုတ်လားလို့ မေးတော့လည်း၊ ဒီလိုဘုရားက မဖြေပါ ဘူးလို့ သူပြောတာကော သူ့ဉာဏ်လည်း ရှင်းပြီးပြောတာလား မရှင်းဘဲနဲ့ ပြောတာလား (မရှင်းဘဲနဲ့ ပြောတာပါ) သူမရှင်း ရင် သူ့မှာ ဝိစိကိစ္ဆာရှိတယ် (ရှိပါတယ် ဘုရား)။

သတ္တဝါသေရင် တချို့ဖြစ်တယ် တချို့မဖြစ်ဘူးလို့ ဒီလို ကော ယူသေးသလား မေးတော့ ဘုရားက ဒီလိုမယူပါဘူးလို့ သူမဖြေဘူးလား (ဖြေပါတယ် ဘုရား) ဖြေပေမယ့် သူ့ဉာဏ် ထဲမှာ ရှင်းရဲ့လား (မရှင်းပါဘူး ဘုရား) မရှင်းတော့ သူ့မှာ ဘာရှိသတုံး (ဝိစိကိစ္ဆာရှိပါတယ် ဘုရား) ဝိစိကိစ္ဆာ ရှိခဲ့သော် ဒိဋ္ဌိပြုတ်ကဲ့လား (မပြုတ်ပါဘူး) ဒါဖြင့် ဒိဋ္ဌိရော ဝိစိကိစ္ဆာရော အနုရာဓမှာ ရှိတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါတွေဟာသတ္တဝါဟုတ်ကြရဲ့လား

အနုရာဓမှာ ဘာရှိနေသတုံး (ဒိဋ္ဌိရော ဝိစိကိစ္ဆာပါ ရှိနေပါတယ်ဘုရား ) ဒိဋ္ဌိရော ဝိစိကိစ္ဆာပါ ရှိနေတယ် ဒကာ ဒကာမတို့ ဟောဒါကို သူက သတ္တဝါတွေ ယူထားလို့ခက်နေတာ (မှန်ပါ့) ဒါတွေဟာ သတ္တဝါ ဟုတ်ကြရဲ့လား (မဟုတ်ပါဘူး) ဘာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား) သေပြန်တော့လည်း စုတိ ဒုက္ခသစ္စာပါ (မှန်ပါ) ပဋိသန္ဓေနေပြန်တော့ကော (ပဋိသန္ဓေ ဒုက္ခသစ္စာပါ) ပဝတ္တိ နေပြန် တော့ကော (ပဝတ္တိဒုက္ခသစ္စာပါ)

ကဲ ဒါဖြင့် ဒုက္ခသစ္စာစက်ကြီးသာလှည့်တယ်၊ သတ္တဝါသေရင် ဖြစ်သေးသလား ဆိုတော့ သတ္တဝါက နဂိုကမှ မပါဘဲနဲ့ ဖြစ် သေး သလား မေးဖို့လိုသေးသလား (မလိုပါဘူး) သတ္တဝါသေရင် မဖြစ်တော့ဘူးလားကော (မေးဖို့ မလိုပါဘူး) သတ္တဝါသေရင် ဖြစ်သည်လည်းမဟုတ်ကော (မလိုပါဘူး) သတ္တဝါသေရင် အချို့ ဖြစ်၍ အချို့မဖြစ်ဘူးလို့ ဆိုရမှာလား (မဆိုရပါဘူး)။

ကဲ အဲဒီလိုရှင်းထားတော့ ဒကာ ဒကာမတွေမှာ ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တဲ့ ရှင်းပြီးသား ဖြစ်နေတယ် ဉာဏ်ထဲမှာ, ဉာဏ်ထဲမှာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘုရားထံသွားပြီးလျှောက်တယ်

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီသွား လျှောက်တယ် ဦးခင်မောင် (မှန်ပါ့) တပည့်တော်ကို တိတ္ထိတွေ က လေးချက် လာမေးပါတယ်ဘုရား၊ တပည့်တော်ကတော့ လေးချက် စလုံးပဲ ဘုရားကတော့ဖြင့် ဒီအယူ မယူဘူးလို့ဘဲ ဖြေလိုက်တယ်။

သို့သော်လည်း တပည့်တော် သူတို့ပြန်သွားတဲ့ အခါ ကိုယ့်မှာ ဒီဟာတွေ နောက်ထပ် လာမေးရင်တော့ ဘယ်လို လုပ်ပြီး ဘုရား အလိုတော်ကျဖြစ်အောင် ဖြေရပါ့မတုံး (မှန်ပါ့) ဒီတော့ သူ့ဟာသူ ရှင်းရဲ့ လား (မရှင်းပါဘူး) သူ့ဟာသူ မရှင်းတာကို ဘာခေါ်ကြမယ် (ဝိစိကိစ္ဆာပါ ဘုရား)။

ဒါရှိနေရင်ဘယ်တော့မှနိဗ္ဗာန်မရ

အဲ ခင်ဗျားတို့လည်း ခင်ဗျားတို့ ခန္ဓာကြီးဖြစ်တာကို မရှင်းဘဲနေရင် (ဝိစိကိစ္ဆာပါ ဘုရား) ဝိစိကိစ္ဆာရှိနေရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်ပါ့) ဦးခင်မောင် ရပါ့မလား (မရပါဘူး ဘုရား)။ ကိုယ့်ခန္ဓာဖြစ်တာကို ကိုယ်မရှင်းရင် မရပါဘူး ဆိုတာကော သဘောပါကြပလား (ပါပါပြီ)။

ကောင်းပြီ ဒကာ ဒကာမတို့ ရှေ့တက်ကြစို့ဆိုတော့၊ ဘုရားက မြင်တော်မူတယ်၊ အနုရာဓမှာ သူကိုယ်တိုင်ပဲ ဝိစိကိစ္ဆာ မစင်ဘူး၊ ဒိဋ္ဌိလည်း မပြုတ်ဘူး (မှန်ပါ့) ဒါကြောင့် တိတ္ထိတွေ က နောက်တစ်ခါ လာမေးရင်ဖြင့်၊ သူတော့ဖြင့် ဘုရားအကြိုက် ကျအောင် ဖြေဖို့ရာ အတော် ခက်နေပြီလို့ ဆိုတော့၊ သူကိုယ်တိုင် သဘောကျထားတာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး)

သူကိုယ်တိုင် ပစ္စက္ခသိရောက်မရောက် (မရောက်သေးပါဘူး) ကဲ ခင်ဗျားတို့က အခု ဉာတပရိညာ အားဖြင့် ရောက်နေပြီ၊ အတော်ပဲ တော်သေးတယ် (မှန်ပါ့) သူ့မှာ အဲဒီအချိန်တုန်းက မရောက် သေးဘဲ ဖြစ်နေတယ် (မှန်ပါ့)။

ဦးခင်မောင် ခင်ဗျားတို့က အခုအကျိုးအကြောင်း လည်ပတ်သွားတဲ့ အခါကျတော့ ဪ ဒီဥစ္စာ ခန္ဓာဖြစ်၍ ခန္ဓာချုပ်တာပဲ သဘောကျပလား (မှန်ပါ့) ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ မသိဘူးလားဗျာ (သိပါတယ် ဘုရား) ကဲ နေရာကျကြပလား (ကျပါပြီ)။

ဘုရားကသောပန်တည်အောင်ဟောလိုက်တယ်

ဒါနဲ့ သူတို့ပဲ သောတာပန်တည်အောင် ဟောရဦးမှာ (မှန်ပါ့) ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာငါးပါး ဟာ ဒကာ ဒကာမတို့ ဘယ်နှစ်ပါးဖြစ်ဖြစ် ဘယ်သူ့ကြောင့် ဖြစ်သတုံး (ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ဖြစ်ပါတယ်) ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါးဆိုတော့ ခင်ဗျားတို့ပဲ အနုရာဓလုပ် ဖြေပါတော့။ အနုရာဓကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်သေးတာကို ဘုရားက သိမြင်တော်မူတယ် (မှန်ပါ့) သူ့ကိုပဲ ဒကာ ဒကာမတွေ ခန္ဓာငါးပါးစလုံး ဟောတယ်၊ ဟောပေမယ့်လည်း ခင်ဗျားတို့ကိုတော့ တစ်ပါးတည်းဟောပါ မယ်နော် အတူတူပါပဲ။

စိတ်ကလေး

ခင်ဗျားတို့ သန္တာန်မှာ ကြားစိတ်ကလေး နားထဲ မှာ ခုနင်က ပြောတဲ့ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါ တယ်) အဲဒါကလေးဟာ ခုနင်က ကြားတဲ့စိတ် ကလေးဟာ၊ အခုနောက်ကြားတဲ့ စိတ်ပေါ်တော့ ရှိသေးရဲ့ လား မရှိပါဘူး၊ အဲဒါကြောင့် အရင်ကြားတဲ့စိတ်ကလေးဟာ အနိစ္စလား မေးရင် ဘယ့်နှယ်ပြောမလဲ (အနိစ္စပါ ဘုရား) အဲဒီအနိစ္စရောက် သွားတဲ့ အရင်ကြားတဲ့ စိတ်ကလေးကို ဒုက္ခလို့ ဆိုမလား သုခလို့ ဆိုမလား (ဒုက္ခပါ ဘုရား)။

ကြားစိတ်သည်ငါ့ကိုယ်၊ ငါ့ဟာလား၊

အဲဒီချုပ်သွားတဲ့ ကြားစိတ်ကလေးကို ဒကာ ဒကာမတွေ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ လိုက်ပြီး စွဲနိုင်ပါ့မလား (မစွဲနိုင်ပါဘူး ဘုရား) ဘယ်စွဲနိုင်လိမ့်မလဲ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က ခံနိုင်ပါ့မလား (မခံနိုင်ပါဘူး) ဦးခင်မောင် ပဋိစ္စသမုပ္ပါဒ်က သူလုပ်ထားတာ မဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ဒီလို သုံးချက်ကို ဟောလိုက်ပါတယ်၊ ပြန်ပြောလိုက်မယ် ဒါဟာ အနုရာဓကို ဟောတဲ့ တရားနော် ဒကာ ဒကာမတို့ (မှန်ပါ့) အနုရာဓမှာ ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်သေး လို့ ဘုရားက ဟောနေတာ (မှန်ပါ့) ဒကာ ဒကာမတွေလည်း သူ့အတိုင်းပဲ အားထုတ်ရမှာပဲ၊ မနေ့ကပြောတဲ့ စိတ်တွေကိုလေ အတွင်းစိတ်တွေ အပြင်စိတ်တွေ ဧည့်သည်စိတ်တွေ အိမ်သည် စိတ်တွေဆိုတာကို ရှုသာ ရှုပေတော့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြားတဲ့စိတ်ကလေးဟာ ကြားတိုင်း ကြားတိုင်း မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါ ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တာနော် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြောင့် ကြားတဲ့ ခန္ဓာကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒီကြားတဲ့ ဝိညာဏက္ခန္ဓာကလေး ဖြစ်ပြီး ချုပ်သွားလား မသွားလား (ချုပ်သွားပါတယ်) အဲဒီ အနိစ္စဖြစ်သွား တဲ့ ကြားစိတ်ကလေးကို ဒုက္ခဆိုမလား သုခဆိုမလား (ဒုက္ခပါ ဘုရား) ဒါဖြင့် ဒုက္ခရောက်သွားတဲ့ ကြားစိတ်ကလေးကို ဧတံမမ, ဧသောဟမသ္မိ, ဧသောမေအတ္တာကို မြန်မာလို ပြန်လိုက်တော့ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား)။

အဲဒီလို မေးလိုက်တော့ အနုရာဓကလည်း အခု ဒကာ ဒကာမတွေ ဖြေတဲ့အတိုင်း ဖြေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ရှင်အနုရာဓသောတာပန်တည်တယ်

သူ့ကို ခန္ဓာငါးပါးစလုံး မေးတာပေါ့ဗျာ၊ မေးတော့ ဒီအတိုင်းပဲ အဖြေထွက်လာတော့၊ ဘုရားကလည်း ဟောရင်း သူကလည်း ခန္ဓာကိုယ်ဉာဏ်နဲ့ နှလုံးသွင်းရင်း ဟောတော့ကို ခုနင်က ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်းပေါ့ဗျာ။ ဖြစ်ပျက်အဆုံး ဖြစ်တော့ သောတာပန်တည်သွားတယ် (မှန်ပါ့)။

ရုပ်တရားကိုပုဂ္ဂိုလ်သတ္တဝါဆိုမလား

အနုရာဓ သောတာပန် တည်သွားတဲ့ အခါကျတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆက်မေးတယ်၊ အနုရာဓ ရုပ်တရားကို ပုဂ္ဂိုလ်သတ္တဝါ ဆိုနိုင်ပါ့မလားလို့ မေးလိုက် တယ်။ မဆိုနိုင်ပါဘူး ဘုရား ဖြေတာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ သန္တာန်မှာ ခုနင်က ဝိညာဏက္ခန္ဓာ ကလေးကြားတဲ့စိတ်ကလေး နားထဲမှာ ပျက်သွားတာ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီတော့ ပုဂ္ဂိုလ်လို့ ဆိုနိုင်ရဲ့ လား (မဆို နိုင်ပါဘူး) သဘောကျရဲ့လား (မှန်ပါ့) ပုဂ္ဂိုလ်လို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါဘူး) ဘယ်မှာဆိုနိုင်ရမတုံး ဒကာ ဒကာမတို့ ဝိညာဏက္ခန္ဓာကြီးပဲ (မှန်ပါ့)။

ဝိညာဏက္ခန္ဓာဟာ သတ္တဝါဟုတ်ရဲ့လား

ဦးခင်မောင် ဘာတုံး (ဝိညာဏက္ခန္ဓာပါ ဘုရား) အဲဒါကို ရဟန္တာလို့ဆိုမလား၊ ပုဂ္ဂိုလ်လို့ ဆိုမလား၊ ဦးကျော်မောင် လို့ ဆိုမလား ဒကာ ဒကာမတွေလို့ ဆိုကြမလား (မဆိုနိုင် ပါဘူး ဘုရား) မဆိုနိုင်ပါဘူး ဒကာ ဒကာမတို့ ဒါဟာ ဝိညာဏက္ခန္ဓာဟာ ဝိညာဏက္ခန္ဓာပေါ့ဗျာ (မှန်ပါ့) သတ္တဝါဟုတ် ရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါဆိုစရာရှိရဲ့လား

ဒါဖြင့် ဝိညာဏ်ဆိုတဲ့ စိတ်ကို ဒကာ ဒကာမတို့ ပုဂ္ဂိုလ်လို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါဘူး) ဝိညာဏ်မှ တစ်ပါးကိုလည်း ပုဂ္ဂိုလ်သတ္တဝါ ဆိုစရာ ရှိရဲ့လား (မရှိပါဘူး) ခန္ဓာငါးပါးကိုကော ဆိုစရာရှိရဲ့ လား (မရှိပါဘူး) ခန္ဓာငါးပါးမှတစ်ပါး ကိုကော ပုဂ္ဂိုလ် သတ္တဝါဆိုစရာ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

ဒါ အနုရာဓကို မေးလိုက်တော့ အနုရာဓက ဆိုစရာ မရှိပါဘူးဘုရားတဲ့။ ပုဂ္ဂိုလ်သတ္တဝါတွေ ပျောက်မနေဘူးလား (ပျောက်နေပါတယ်)။

ဒါဖြင့် ခန္ဓာငါးပါးမှတစ်ပါး အခြားသော တရားကိုလည်း (ပုဂ္ဂိုလ်သတ္တဝါလို့ ဆိုမလားလို့ မေးပြန်တာပဲ (မှန်ပါ့) ဘယ့်နှယ် ဖြေကြသလဲ (မဆိုနိုင်ပါဘူး)။

ဒါဖြင့် ခန္ဓာငါးပါး အပေါင်းကို ပုဂ္ဂိုလ်သတ္တဝါ ဆိုမလား လို့ မေးပြန်တယ်၊ (မဆိုနိုင်ပါဘူး ဘုရား) ခန္ဓာငါးပါးမှ အခြားသော တရားကိုကော ပုဂ္ဂိုလ်သတ္တဝါ ဆိုမလားလို့ မေးပြန် တယ် (မဆိုနိုင်ပါဘူး)။

ပုဂ္ဂိုလ်သတ္တဝါရယ်လို့မပါဘူး

စဉ်းစားကြည့်စမ်း ပုဂ္ဂိုလ်သတ္တဝါမရှိလို့ ပုဂ္ဂိုလ် ( သတ္တဝါသေရင် ဖြစ်သေးသလားဆိုတာတွေ ရှင်းမသွားသေးဘူး လား (ရှင်းသွားပါတယ် ဘုရား) မဖြစ်တော့ဘူး ဆိုတာကော (ရှင်းသွားပါတယ် ဘုရား) ပုဂ္ဂိုလ် သတ္တဝါရယ်လို့ နဂိုကမှ မပါတာ ကြီး မဟုတ်လားဗျ (မှန်ပါ့) အဲဒီတော့ အခုတော့ ရှင်းမသွားသေး ဘူးလား (ရှင်းသွားပါပြီ ဘုရား)။

အဲဒီလို ရှင်းသွားတော့မှ ခန္ဓာငါးပါးကိုလည်း ပုဂ္ဂိုလ် သတ္တဝါဆိုစရာမဟုတ်သေးဘူး၊ ခန္ဓာငါးပါးမှ တစ်ပါးလည်း ပုဂ္ဂိုလ် သတ္တဝါရှိရဲ့ လား (မရှိပါဘူး) ဒီတော့ ဘုရားက အနုရာဓကို မင်းသည်ကားလို့ဆိုရင် ပုဂ္ဂိုလ်သတ္တဝါသေရင် ဖြစ်သေးသလား လို့မေးရင် ဘယ့်နှယ်ဖြေမတုံး ဆိုတော့ ဘယ်လိုမှ ဖြေစရာမရှိ ပါဘူး ပုဂ္ဂိုလ်သတ္တဝါမရှိလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပုဂ္ဂိုလ်သတ္တဝါမရှိလို့ ဖြေစရာမလိုပါ

ဒီဒကာ ဒကာမတွေလည်း ပုဂ္ဂိုလ်သတ္တဝါသေရင်၊ ယောက်ျားသေရင် မိန်းမသေရင် နောက် ဘာဖြစ်သေးသလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြေစရာ မလိုပါဘူး ဘုရား) ဖြေစရာ မလိုတော့ဘူး ပုဂ္ဂိုလ် သတ္တဝါမှမရှိဘဲ (မှန်ပါ့)။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား မေးရင်ကော (ဖြေ စရာမလိုပါဘူး ဘုရား) ဘယ့်နှယ်ကြောင့် မလိုတာတုံး (နဂိုက မရှိလို့ပါ ဘုရား) နဂိုကမှ ပုဂ္ဂိုလ် သတ္တဝါမရှိဘဲ ခန္ဓာပဲ ရှိတာကိုးဗျ (မှန်ပါ့)။

ပုဂ္ဂိုလ် သတ္တဝါသေရင် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်လား (ဖြေစရာ မရှိပါဘူး) ဖြေစရာ မလိုပါဘူး ပုဂ္ဂိုလ်သတ္တဝါ နဂိုကပါကြရဲ့လား (မပါပါဘူး)။

သတ္တဝါမရှိရင် ဘာရှိပါလိမ့်

သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလား (ဖြေစရာ မရှိပါဘူး) ဘာဖြစ်လို့တုံး (နဂိုက ပုဂ္ဂိုလ် သတ္တဝါ မရှိလို့ပါ) နဂိုကမှ ပုဂ္ဂိုလ်သတ္တဝါ မရှိလို့ဆိုတော့ ဒါဖြင့် ဘာရှိ ပါလိမ့်မတုံးလို့ မေးဖို့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)

ကြားတဲ့ခန္ဓာကလေ းဖြစ်တော့ ခန္ဓာကလေးက ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ) ကြားပြီးတော့ နှစ်သက်ပြန်တော့ နှစ်သက်တဲ့ ခန္ဓာကလေးမပေါ်ဘူးလား (ပေါ်ပါတယ်)။

နိဗ္ဗာန်မရမချင်းဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ

ဒါကလေးကလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) နှစ်သက်ပြီး စွဲလမ်းတာကလေး ပေါ်လာ ပြန်တော့လည်း ဒုက္ခပေါ်တာပဲ (မှန်ပါ့) စွဲလမ်းတာကလေး ချုပ်သွားပြန်တော့ ခန္ဓာဒုက္ခချုပ်တယ်လေ (မှန်ပါ့) ခန္ဓာဟာ ဒုက္ခသစ္စာမဟုတ်လား (မှန်ပါ့) ဒါဖြင့် ဒုက္ခသစ္စာဖြစ်ပြီး ဒုက္ခသစ္စာချုပ်တာပဲ (မှန်ပါ့)။

တစ်ကိုယ်လုံးမှာ နိဗ္ဗာန် မရမချင်း ဒုက္ခဖြစ်၍ ဒုက္ခသစ္စာ ချုပ်တာပဲလို့ သေသေချာချာမှတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သစ္စာလေးပါးပဲရှိတယ်

ဒါဖြင့် ဒုက္ခဖြစ်တာ ဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခဖြစ်ခြင်း၏ အကြောင်းက (သမုဒယသစ္စာပါ) ဒုက္ခချုပ်ခြင်း၏ အကြောင်းက (မဂ္ဂသစ္စာပါ) ဒုက္ခချုပ်တာဟာ (နိရောဓသစ္စာပါ ဘုရား) ဒါပဲရှိတယ် (မှန်ပါ့)။

ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။