200

ဒီမြေပုံသာအပျောက်မခံနဲ့ နိဗ္ဗာန်ရောက်ပါတယ်

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်သွားလမ်းပြမြေပုံတရားတော်

စာအုပ်ခေါင်းစဉ်= ဒီမြေပုံသာအပျောက်မခံနဲ့ နိဗ္ဗာန်ရောက်ပါတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသောတရားတော်

ဒီမြေပုံသာအပျောက်မခံနဲ့ နိဗ္ဗာန်ရောက်ပါတယ်

(၈-၃-၆၀)

အခုဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတာ တရားအားထုတ်ဖို့ နည်းယူတာပဲ၊ ဘာဖြစ်လို့ တရားအားထုတ်ဖို့ နည်းယူကြသလဲလို့မေးတော့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်ချင်လို့ အဖြေကဒါပဲထွက်တယ် (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ ဒီဖက်က ချထားလိုက်တဲ့ ဥစ္စာကို မှတ်ထား လိုက်တာပေါ့။ ဪ ဒါက ဘာပါလိမ့်မလဲ မေးရင် ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ပါကလား၊ အိုဘေး၊ နာဘေး, သေဘေးတွေလည်းငြိမ်း၊ ထောင့်ငါးရာ ကိလေသာ အပူမီးတွေ လည်းသိမ်း၊ ဘာမှဒုက္ခမရောယှက်တဲ့ ချမ်းသာသက်သက်ကို နိဗ္ဗာန်လို့ဆိုတာ မှတ်ထား လိုက်တာပေါ့ နော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်တော့ဖြင့် ဘုရား၊ သဘောကျပါပြီ၊ ဒုက္ခခပ်သိမ်းငြိမ်း တယ်ဆိုတာနဲ့ပဲ ကျေနပ်ပါပြီ၊ ထောင့်ငါးရာ ကိလေသာ အပူမီးတွေ သိမ်းတယ်ဆိုတာလည်း ကျေနပ်ပါပြီ၊ အပူလည်းမရှိ၊ ဒုက္ခလည်းမရှိဘူး ငြိမ်းအေးမှု တစ်ခုပဲ နိဗ္ဗာန်ဆိုတာ ရှိတော့တယ် ဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျပါပြီလို့ ဆုံးဖြတ်ချက် ချထားလိုက်တာပေါ့ (မှန်ပါ့)။

နိဗ္ဗာန်ရောက်ချင်ရင်ဘယ်ကစရမှာလဲ

အဲဒီနိဗ္ဗာန်ရောက်ချင်တဲ့ ဒကာ ဒကာမတွေဟာ နိဗ္ဗာန် အစဘယ်ဟာရမလဲဆိုတဲ့ မေးခွန်းဟာ ဦးခင်မောင်ထွက်လာ တယ် (မှန်ပါ့)။ နိဗ္ဗာန်ရောက်ခြင်း၏အစဘယ်ဟာကို ရမလဲ ဆိုတဲ့ ပုစ္ဆာ ထွက်လာတော့၊ ဘုရားက အဖြေပေးထားတဲ့ နည်းအတိုင်း ဘုန်းကြီးများက အဖြေပေးပါတယ်၊ နိဗ္ဗာန်ရောက် ချင်တဲ့ပုဂ္ဂိုလ်၏အစဟာ သမ္မာဒိဋ္ဌိရမှဟေ့ (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိကစရမယ်

နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်အစဘာပါလိမ့် (သမ္မာဒိဋ္ဌိ ရမှပါ ဘုရား) သမ္မာဒိဋ္ဌိဆိုတာ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အမှန်အကန်မြင်တာရဖို့ အရေးကြီးတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ပဲ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီးရချင် ရောက်ချင်ကြ တာကဖြင့်၊ ဗုဒ္ဓဘာသာဝင်မှန်ရင် လူတိုင်းလိုလိုပဲ ရချင်ကြတယ်၊ ရောက်ချင်ကြတယ်ဆိုတာတော့ မှန်ပါတယ် (မှန်ပါ့) ဘယ်က စရမယ်ဆိုတာ မသိတော့လည်း ရချင်တာပဲ ရှိမယ်တဲ့၊ အစအလုပ်ကို တွေ့မယ်မဟုတ်ဘူး (မှန်ပါ့) ဒါ့ကြောင့် ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ခြင်း၏ အစမှာ သမ္မာဒိဋ္ဌိရမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သြော် နိဗ္ဗာန်ရောက်ချင်လို့ ရှိရင် အရေးအကြီးဆုံး ဘာပါလိမ့် မလဲလို့၊ ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တိုင်စဉ်းစားလိုက်တဲ့အခါကျတော့၊ သမ္မာဒိဋ္ဌိမရရင်ဖြစ်ကို မဖြစ်ဘူး ဆိုတာ ယနေ့ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့) သမ္မာ ဒိဋ္ဌိမရရင် (ဖြစ်ကိုမဖြစ်ပါ ဘုရား) ဖြစ်ကို မဖြစ်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်တာပေါ့ (မှန်ပါ့)။

အခု ဒကာ ဒကာမတွေပဲ နိဗ္ဗာန်လိုချင်ကြတယ်၊ နိဗ္ဗာန် ရောက်ချင် ရချင်ကြတယ်၊ ဘယ်က စရမှန်းမသိဘူး၊ ဘယ်ကစရ လို့ ဘယ်ကိုရောက်မှန်းလည်း မသိဘူးဆိုတော့၊ ရချင်တာပဲ ဘာဖြစ်ဖြစ် လုပ်မှာပဲ နိဗ္ဗာန်ရောက်ကြောင်းချည့်ပဲလို့၊ ဒီလို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီး ရမ်းပြီး လုပ်နေကြ လို့ရှိရင် လည်း ဦးခင်မောင်တို့ ဦးဘတင်တို့ နေရာကျမယ် မဟုတ်ဘူးပေါ့ (မကျပါ ဘုရား)။

နိဗ္ဗာန်အစသမ္မာဒိဋ္ဌိရမှ

ဒါဖြင့် ယခုနိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်၏အစ ဘာရမလဲ (သမ္မာဒိဋ္ဌိရမှပါ ဘုရား) သမ္မာဒိဋ္ဌိမဂ္ဂင်ရတဲ့ ဒကာ ဒကာမတွေ ဒါမရရင် အလကားပဲ (မှန်ပါ့) သမ္မာက မှန်ကန်တာ ဒိဋ္ဌိက မြင်တာ အမှန်အကန်မှ မမြင်တော့ မရဘူး (မှန်ပါ့) အမှန်အကန်မြင်မှ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန် ရမယ်ဆိုတာ က်ထားလိုက်တော့မှ နိဗ္ဗာန်အစ၊ သမ္မာဒိဋ္ဌိရမှပါက လားဆိုတာ ဒီနေ့ အကြောင်း ပေါ်လာတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့်နိဗ္ဗာန်ရောက်ချင်ကြတဲ့ပုဂ္ဂိုလ်မှန်က၊ ဘာကိုအရေးတကြီး ရဖို့ ရှာမှီး ရမယ် ဆိုတာဖြင့် ပေါ်လာပါပြီ (မှန်ပါ့)။ ဘာအရေးကြီးရမှာတုံး (သမ္မာဒိဋ္ဌိ အရေးကြီး ရမှာပါ ဘုရား) သမ္မာဒိဋ္ဌိ တည်းဟူသော တရားကို အမှန်အကန် ရမှ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ၊ အမှန်အကန် မြင်ရမယ်၊ အမှန်အကန် မမြင်လို့ရှိရင် ဘယ်လိုဆုတောင်းပြီး ဘယ်လိုလုပ် နေနေ မရသေးဘူး လို့ဆုံးဖြတ်ချက်ချ (မှန်ပါ့) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိရမှ နိဗ္ဗာန်ရောက်ခြင်း၏ အစဖြစ်တယ် (မှန်ပါ့) နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်များမှာ သမ္မာဒိဋ္ဌိတွေ့ဖို့ အစတွေ့ဖို့ သိပ်အရေးကြီးပါကလားဆိုတာ မပေါ်လာကြ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကြပ်ကြပ်စဉ်းစားကြပါ ဒကာ ဒကာမတို့ ကြပ်ကြပ်စဉ်းစား ကြပါ၊ ဆရာသမားများနဲ့ တွေ့တုန်း အမှန်အကန်ပြောလို့ ခင်ဗျားတို့ သိကြရတာနော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ဘယ်သွားရတော့မလိုလို စသည်ဖြင့် ဦးခင်မောင် အမျိုးမျိုး ရှိနေမှာပေါ့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရောက်ခြင်းအစသမ္မာဒိဋ္ဌိက

ဒါတွေအသာထားပြီးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာကို၊ ဘုန်းကြီး ပါဠိတော်နဲ့ တကွ ပြမှာဖြစ်နေသော ကြောင့်၊ ဪ နိဗ္ဗာန်ရောက်ခြင်းအစ သမ္မာဒိဋ္ဌိပါလားဆို တာ ဘယ်အခါမဆို မှတ်ထားဖို့ပါပဲ (မှန်ပါ)။

နိဗ္ဗာန်ရောက်ခြင်းအစ (သမ္မာဒိဋ္ဌိကပါ) သမ္မာ ဒိဋ္ဌိရမှ၊ သမ္မာဒိဋ္ဌိရရင် သမ္မာဒိဋ္ဌိနဲ့ တွဲနေတဲ့ မဂ္ဂင်တွေ ဦးခင်မောင် အကုန်ပါတယ် (ပါလာပါတယ်ဘုရား) မပါပါနဲ့ဆိုလို့ (မရပါ ဘုရား) သူနဲ့ ဖြစ်ဖော်ဖြစ်ဖက်တွေပဲ၊ သမ္မာမဂ္ဂင်ဆို ကတည်းက သူနဲ့ဖြစ်ဖော် ဖြစ်ဖက်တွေ၊ သမ္မာဒိဋ္ဌိရရင် သမ္မာ သင်္ကပ္ပဟာ ပါလာတယ် (မှန်ပါ့)။

သမ္မာသင်္ကပ္ပ ပါလာရင် သတိ, ဝိရိယ, သမာဓိတွေလိုက်ပြီး သကာလလာတော့၊ ဒါတွေ ပြည့်စုံသွားပြန်တော့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်ရှစ်ပါးဟာ၊ တစ်ခါတည်း အစုလိုက်အပြုံလိုက်ဆိုသလို သမ္မာဒိဋ္ဌိရရင်ပါလာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတဲ့ တရားကြီးကို ရောက်ခြင်းအစ ဘယ်ဟာပြည့်စုံမှလဲ (သမ္မာဒိဋ္ဌိ ပြည့်စုံမှပါ ဘုရား) မှတ်ကြစမ်းပါ၊ မှတ်ကြစမ်းပါ ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ မပြည့်စုံ လို့ရှိရင်ဖြင့် ဦးခင်မောင် အာပေါက်အောင် အားထုတ်နေဗျ မရဘူး (မှန်ပါ့ ဘုရား)။

သမထသက်သက်သမား

သမထ သက်သက်သမားတွေများ ဦးခင်မောင် ပင်ပန်း လိုက်တဲ့ဖြစ်ခြင်း၊ နိဗ္ဗာန်ရဲ့ အခြေခံ ဝိပဿနာ သမ္မာဒိဋ္ဌိတစ်လုံးမှ မပါတော့ ရကိုမရဘူး (မှန်ပါ့) နိဗ္ဗာန်ကိုမြင်လည်း မမြင်ဘူး၊ ရလည်း မရဘူး ဦးဘအုန်း (မှန်ပါ့) ရနိုင်ရဲ့လား (မရ နိုင်ပါ ဘုရား) သမ္မာဒိဋ္ဌိမှမပါဘဲ (မှန်ပါ့) အဲဒါကြောင့် နိဗ္ဗာန်ရောက်ခြင်း၏ အစ သမ္မာဒိဋ္ဌိပြည့်စုံမှဆိုတာကိုဖြင့် ဒကာ ဒကာမတွေ လေးလေးစားစား မှတ်ရမယ် (မှန်ပါ့ ဘုရား)။

တစ်ခါသမ္မာဒိဋ္ဌိပြည့်စုံခြင်း၏အစ ဘယ်ကတုံးဆိုတာ ပြန်ပြီးလိုက်ရဦးမယ် (မှန်ပါ့) ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိပြည့်စုံ ခြင်း၏အစ ဘယ်ကတုံးဆိုတာ ဒုတိယဆင့်ပြီး အမေးပေါ် လာတယ် (မှန်ပါ့) ဦးခင်မောင် အကြောင်းအကျိုးဟာ ဆက်ရတယ် (မှန်ပါ့) အကြောင်းအကျိုးမရှိရင် ဦးဝ သူရူး စကားလိုဖြစ်နေမှာ ပေါ့ (မှန်ပါ့ ဘုရား)။

ထိုက်တန်တဲ့တရားနာမှု

သမ္မာဒိဋ္ဌိကအစဟာ ဒကာ ဒကာမတို့ ကိုယ်နဲ့ထိုက်တန် တဲ့ တရားကိုနာမှုပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နှလုံးသွင်းမှန်တဲ့ တရားကိုနာမှုပေါ့ဗျာ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်တဲ့တရားကို (နာမှုပါ ဘုရား) အဲဒါမှ သမ္မာဒိဋ္ဌိရမှာပဲ (မှန်ပါ့) နှလုံးသွင်းမှန်တဲ့ တရားကို နာမှုမရှိလို့ ရှိရင် သမ္မာဒိဋ္ဌိ မရနိုင်ဘူး (မှန်ပါ့ ဘုရား)။

ဒါသမ္မာဒိဋ္ဌိသုတ်မှာ ဒီအတိုင်းလာလို့ ဘုန်းကြီးက ချဲ့ထွင်ပြီး ပြောတယ်လို့မှတ်ပါ (မှန်ပါ့) ပဏ္ဏာသ ပါဠိတော်ကြီးမှာ ဒီအတိုင်းလာနေလို့ ဒကာ ဒကာမတွေ ရမ်းပြီး အားထုတ်လို့ ရှိရင်၊ ခဲတောင်မှ ရမ်းပစ်လို့ရှိရင် မှန်ချင်တဲ့ဆီသွား မှန်နေတာပေါ့ ဦးခင်မောင် (မှန်ပါ) မှန်းခြေပေါက် ပစ်နိုင်မှ ကိုယ်အလိုရှိတဲ့ သစ်သီးမှန်နိုင်တော့မပေါ့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိအစ တရားနာ ပြီး နှလုံးသွင်းမှန်မှုက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) တရားနာပေမယ့်လည်း နှလုံးသွင်း မမှန်တဲ့ တရားနာထားလို့ နတ်ပြည် ရောက်ရုံ ဗြဟ္မာပြည်ရောက်ရုံနဲ့တော့ မဖြစ်ဘူး (မှန်ပါ့) ဒါကိုလည်း ခွဲရသေးတယ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်ခြင်းအစ

ဒါဖြင့် သမ္မာဒိဋ္ဌိဖြစ်ခြင်းအစ တရားနာမှု နှလုံးသွင်းမှန်မှုက အစ သဘောကျပလား (ကျပါပြီ ဘုရား) တရားလည်းနာရ မယ်၊ နှလုံးသွင်းလည်းမှန်ရမယ် ဒီဟာကစမှ သမ္မာဒိဋ္ဌိပေါ် မှာဗျ (မှန်ပါ့) ဦးဘတင် နို့မဟုတ်ရင် ပေါ်ကိုမပေါ်ဘူး (မှန်ပါ့ ဘုရား)။

ဒါဟာလည်းမဟောဘူးသေးပါဘူး ဒကာဒကာမတွေ အကြောင်းအကျိုးဆက်တာလည်း သေချာလိုက်တာလဲလွန်လို့ (မှန်ပါ့)။ အကြောင်းအကျိုးဆက်တာလည်း အင်မတန်သေချာတယ်။ ဦးဘအုန်း နားကြီးကြီးနဲ့ ထောင်ကြည့်ပါတဲ့၊ နားကြီးကြီးနဲ့ ထောင်ကြည့်တော့မှ ဒကာသစ်တို့ ကိုမြရွှေတို့ သြော် ဒါဟာ ဟုတ်ပါကလားဆိုတာ ဆုံးဖြတ်ချက်ချနိုင်တယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းကလည်းမှန်ဦးမှ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ အစ တရားနာပြီး နှလုံးသွင်းမှန်မှုကအစ (မှန်ပါ့) သမ္မာဒိဋ္ဌိ၏ အကြောင်းပေါ်လာပြီ (မှန်ပါ့) တရားလည်းနာပြီး နှလုံးသွင်း ကလည်း မှန်ဦးမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်ချက်ရှိသွားပလဲ (သုံးချက်ရှိသွားပါပြီ) အပြသုံးချက်ပေါ့ဗျာ၊ အကြောင်း နှစ်ချက် ရှိသွားပြီ ဒကာ ဒကာမတို့ အကြောင်းကတော့ နှစ်ချက်ရှိသေးတယ် (မှန်ပါ့) ဒကာ ဒကာမတို့၊ ဒီဟာများမေ့ပစ်ကြမယ်ဆိုရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ဖို့မလွယ်ဘူးလို့ အောက်မေ့ကြ (မှန်ပါ့) ဒါကိုသာ မေ့ပစ်လို့ရှိရင်ဖြင့် နားလည်မယ်တော့ မဟုတ်ပါဘူး၊ ခင်ဗျားတို့အတွက် ဘုန်းကြီး ဆုံးဖြတ်ချက် ချပေးရရင် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်အစကို သူတို့မတွေ့တော့ပါဘူး (မှန်ပါ့ ဘုရား)။

ဦးဘတင်ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သေသေချာချာ ဆိုထိုက်တယ်လို့ မှတ်လိုက်ပါ၊ ဝမ်းနည်း ပြီး သကာလမနေပါနဲ့၊ နားလည်အောင်လည်း ထောင်ပါ။ နားလည်အောင် ဆရာသမား တာဝန်ရှိပါတယ် (မှန်ပါ့) ခင်ဗျားတို့ နားမလည်လည်အောင်တော့ဖြင့် သေသေချာချာ ဘုရား ဟောတော်မူတာတွေ ကိုတော့ဖြင့်၊ ရှင်းသည်ထက် ရှင်းလင်းအောင် ပြောပြ လိမ့်မယ် ဆိုတာတော့ဖြင့် သံသယမရှိပါ နဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် သမ္မာဒိဋ္ဌိအစ တရားနာပြီး နှလုံးသွင်းမှန်မှု က (မှန်ပါ့) အဲ တရားနာတယ် ဆိုပေမယ့် နှလုံးသွင်း မှန်တဲ့ တရားကိုနာရမှ (မှန်ပါ့) နတ်ပြည် ရောက်ကြောင်း၊ ဗြဟ္မာပြည် ရောက်ကြောင်းကလေး ကိုသာ နာရလို့ရှိရင်လည်း နိဗ္ဗာန်သွားမည့် ဝိပဿနာသမ္မာဒိဋ္ဌိက ဖြစ်မှာ မဟုတ်ဘူး (မှန်ပါ) သမ္မာဒိဋ္ဌိသည်သာ နိဗ္ဗာန်ရောက်ခြင်းဖြစ်နိုင်တော့မယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်ချက်ရှိသွားပလဲ (သုံးချက်ရှိသွားပြီ) သုံးချက် ရှိသွားပြီနော် အပြသုံးချက် အကြောင်းနှစ်ချက် ရှိသွားပြီ (မှန်ပါ့) နိဗ္ဗာန်ကတော့ မူတည်ထားတာကိုး (မှန်ပါ့) နိဗ္ဗာန် ကတော့မူတည်ထားတယ် ဦးဘတင် တစ်သက်နှင့်တစ်ကိုယ် ကြားရခဲတယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဘယ်သွားသွား ရောက်တာ ပါ ပဲကွာလို့ ဦးဘတင်တို့လူစု၊ ဒီလို ရမ်းလို့တော့ မဖြစ်ဘူးနော် (မဖြစ်ပါ ဘုရား) မန္တလေးကို ဘယ်က သွားသွားရောက်တယ်လို့ ယူလို့ မတော်ဘူး (မှန်ပါ့) သူ့လမ်းနဲ့သူ လမ်းစဉ်အတိုင်း သွားမှသာလျှင် သူ့မြို့ဆိုင်ရာ ရောက်နိုင် တယ်ဆိုတဲ့ ဥစ္စာကို လည်း၊ အကြောင်းအကျိုးဟာ ဒီလိုဆက်စပ်တဲ့ သဘောမှသာ လျှင် အမှန်အကန် ဆိုက်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်တဲ့တရားနာပါ

ကိုင်း ဒကာ ဒကာမတို့ ပြန်ပြောကြပါဦး နိဗ္ဗာန်မဂ်ဖိုလ် ကို ရောက်ချင်ရချင်လို့ရှိရင် ဘာအစတွေ့မှတဲ့တုံး (သမ္မာ ဒိဋ္ဌိက စတွေ့မှပါ) သမ္မာဒိဋ္ဌိအစရမှတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီသမ္မာဒိဋ္ဌိကလည်း မှိုလိုပေါက်လာတာ မဟုတ်ဘူး၊ သမ္မာဒိဋ္ဌိက မှိုလိုပေါက်လာတယ်၊ ထီထိုးလို့ ပေါက်လာသလို ဒီလိုမှတ်နေလို့လည်း မဖြစ်သေးဘူး (မှန်ပါ့) ထီထိုးလို့ တိုးမိတိုးရာ တိုးလို့ဟု ဂေါ်လီကထွက်ချင်တာ ထွက်လာလို့ ဂဏန်းကပေါ်ချင်တာ ပေါ်လာတာမျိုး ဦးဘတင်တို့က လုပ်မနေ ကြနဲ့ဦး (မှန်ပါ့) အဲဒီတော့ သမ္မာဒိဋ္ဌိကလည်း အကြောင်းနဲ့ပဲ သမ္မာဒိဋ္ဌိရဲ့ အစကို ရမှသာ လျှင် လည်း နိဗ္ဗာန်ရနိုင်တယ် (မှန်ပါ့) ဘာရမှသာလျှင် သမ္မာဒိဋ္ဌိကလည်း ပေါ်နိုင်တယ်ဆို တာလည်း စဉ်းစားပါဦး (နှလုံးသွင်း မှန်တဲ့တရားကို နာရမှ ပါ ဘုရား) အဲ နှလုံးသွင်းမှန်တဲ့ တရားကို နာရမှတဲ့ (မှန် ပါ့ ဘုရား)။

နှလုံးသွင်းမှန်တဲ့တရားကို နာရမှဆိုတော့ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့တရားကို နာရမယ်၊ သောတာပန် တည်ချင်လို့ ရှိရင် တရားမနာရင် မတည်နိုင်ဘူးဆိုတာလည်း ပါသွားတယ် (မှန်ပါ့) နှလုံးသွင်းမှန်တဲ့ တရားနာရမှ သမ္မာ ဒိဋ္ဌိဖြစ်မယ် (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်မှ နိဗ္ဗာန်ရမယ် (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဆက်ပြီးတော့စဉ်း စား ပါဦးတဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ခင်ဗျားတို့ လမ်းမှားပြီးသကာလအမျိုးမျိုးအဖုံဖုံ တောင်ကသွားရတော့ မလို၊ မြောက်က သွားရတော့ မလိုလိုဆိုပြီး ဝိစိကိစ္ဆာကြီးနဲ့ နေရမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့) ဝိစိကိစ္ဆာရှိပြီဆိုမှဖြင့် ဒီလမ်းက သွားရတော်မလား ဟိုလမ်းက သွားရတော် မလား ဆိုတဲ့ လူဟာရဲရဲတင်းတင်း ဘယ်တော့မှ လှမ်းလိမ့် မယ်မဟုတ်ပါဘူး (မှန်ပါ့) လှမ်းပါ့မလား (မလှမ်းပါ ဘုရား) ဘာဖြစ်လို့တုံး သူ့အထဲမှာ ဝိစိကိစ္ဆာရှိနေတယ်၊ သံသယရှိနေတယ် (မှန်ပါ့ ဘုရား)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ တရားနာပြီး နှလုံးသွင်း မှန်မှု၊ ဒီတရားကလည်း ဘယ်တရားကို နာမှလဲလို့မေးတော့ နိဿတ္တ နိဇ္ဇီဝတရားကို နာရမှ (မှန်ပါ့) သတ္တဝါလည်း မဟုတ်၊ အသက်လိပ်ပြာ ဝိညာဉ်ကောင်ဆိုတဲ့ အယူအစွဲမျိုး မဟုတ်တဲ့ တရားမျိုးနာရမှပဲ (မှန်ပါ့) ကိုင်း ဒကာ ဒကာမတို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘယ်တရားမျိုးနာရမှာလဲ

ဘယ်တရားမျိုးနာရမှာတဲ့လဲ (နိဿတ္တ နိဇ္ဇီဝတရား မျိုးနာရမှာပါ) အဲ သတ္တဝါမဟုတ် အသက် ဝိညာဉ်ကောင် မဟုတ်တဲ့တရားမျိုးနာရတဲ့ (မှန်ပါ့) သုညတဖြစ်တဲ့ တရားမျိုးနာရမှ၊ သတ္တဝါမှ ဆိတ်သုဉ်းတဲ့ တရားမျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သုညတဆိုက်တဲ့တရားနာ

သုညတဆိုက်တဲ့တရားနာရမှ ဒကာ ဒကာမတို့ နှလုံး သွင်းမှန်တယ် (မှန်ပါ့) နှလုံးသွင်းမှန်မှ သမ္မာဒိဋ္ဌိဖြစ်မယ်၊ သမ္မာဒိဋ္ဌိဖြစ်မှ နိဗ္ဗာန်မဂ်ဖိုလ်ရောက်မယ်ဆိုတာတော့၊ အားလုံး ဒကာ ဒကာမတွေ ယနေ့တရားကို မမေ့နဲ့ဆိုတဲ့ဥစ္စာ အတော် အရေးကြီးလို့ပြောတာ (မှန်ပါ့ ဘုရား)။

ဦးဘတင် သာမညအရေးလား၊ ဒီဥစ္စာကို ကြည့်စမ်းပါ (အလွန် အရေးကြီးပါတယ်) အင်မတန် အရေးကြီးတယ် ဒကာ ဒကာမတွေ ဒီဥစ္စာသည် ပညာသည်ကပြောလို့ ရှိရင် ခင်ဗျားတို့ သာမညနားနဲ့ထောင်ပြီး သကာလ မနေဘဲနဲ့ သြော် ဒီအရေးဟာ နေ့တိုင်းထက် ပိုကြီး နေပြန်ပြီ ဆိုတာကိုပဲ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့ ဘုရား)။

နေ့တိုင်းထက်ပိုပြီး ကြီးနေတယ်၊ လမ်းစဉ်ကို ဒီလမ်းက သွားမှဆိုတာ သေချာနေတော့၊ ဒီလမ်းကို မြေပုံဆွဲပြီး မှတ်မ ထားလို့ရှိရင်ဖြင့် ဦးခင်မောင် ဘယ်နည်းနဲ့မှ လိုရာခရီးကို (မရောက်နိုင်ပါ ဘုရား) မရောက်နိုင်တော့ ဟောဒီမြေပုံကို ခင်ဗျားတို့ ဖျောက်ပစ်လို့ရှိရင်တော့ဖြင့်၊ ကောင်းကင် သွားတဲ့ လေယာဉ်ပျံဟာ အမှားအယွင်းတွေကို ပြသလိုဖြစ်နေတယ် ရေပြင်သွားလို့ရှိရင်လည်း ကျောက်ဆောင်ထဲရောက်လို့ သင်္ဘောပေါက်ရုံလောက်ပဲရှိမှာပဲ၊ ဒီမြေပုံဟာ ဒီလမ်းစဉ် ပျောက်သွား လို့ရှိရင် မရောက်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တရားမျိုးနာရမှာလဲ

ကဲ တရားနာမှုနှလုံးသွင်းမှန်မှုဆိုတာလည်း ဘယ်တရားမျိုးနာရမှာလဲလို့ဆိုတဲ့ အမေးကထွက်လာတော့ နိဿတ္တနိဇ္ဇီဝတရားမျိုးနာရမှ (မှန်ပါ့) သတ္တဝါမဟုတ် အသက်မဟုတ် ရုပ်နာမ်တို့ ဖြစ်ပျက်တို့ပေါ့ဗျာ (မှန်ပါ့) ဒုက္ခသစ္စာ ဆိုတော့ သတ္တဝါတွေကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ဒီတရားမျိုးနာရမှလည်း ဒကာ ဒကာမတွေ ခုနင်က တရားနာပြီး နှလုံးသွင်း မှန်သွား တော့တယ် (မှန်ပါ့) အဲဒီတရားနာနှလုံးသွင်းမှန်သွားတော့မှ ဦးခင်မောင် သမ္မာဒိဋ္ဌိ ဖြစ်တယ် (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်လာတော့မှ “ဘာဝေတဗ္ဗ ကိစ္စနဲ့ ” ပွားလိုက်တော့မှ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်သွားခရီးစဉ်မြေပုံ

ဦးခင်မောင် တော်တော်အရေးကြီးပါတယ်၊ နိဗ္ဗာန် သွားပုံ၊ မြေပုံကြီးကို ဖျောက်ပစ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။ နိဗ္ဗာန်သွားခရီးစဉ် မြေပုံကြီးမပါလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရောက်ကြတော့မှာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား) ကဲ နိဗ္ဗာန်သွား ခရီးစဉ် မြေပုံ တွေ့ပလား (တွေ့ပါပြီ) ဘယ်ကစရမှာတုံးဆိုတော့ “နိဿတ္တနိဇ္ဇီဝ” တရား ၎င်းကို သုညတ တရားလို့လည်း ခေါ်နိုင်တယ် လို့မှတ်ကြပါဦး (မှန်ပါ့ ဘုရား)။

သုညတဆိုတာ ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းနေတာပါ၊ ပါသေးရဲ့ လား ဒီမှာ ပုဂ္ဂိုလ်သတ္တဝါ (မပါပါ ဘုရား) အဲ “ နိဿတ္တနိဇ္ဇီဝဖြစ်တဲ့တရား” သုညတဓမ္မဖြစ်တဲ့တရား၊ သမ္မာဒိဋ္ဌိ ဖြစ်လာမှ နိဗ္ဗာန်ကို ရောက်တော့မယ်ဆိုတာ လေးလေးစားစား မှတ်ထားတော့မှ၊ ဟုတ်ပြီ ဒီမြေပုံတော့ မပျောက်ရဘူး ကွဆိုပြီး လေးစားလာကြမယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်သွားမြေပုံမရလို့

နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ် ဒီမြေပုံကို (မဖျောက် ရပါ ဘုရား) ဖျောက်ပစ်ရင်တော့ ဒီနေရာမှာ မျက်စိလည်ပြီသာ အောက်မေ့ ပေတော့ (မှန်ပါ့) မျက်စိလည်ရင် မရောက်တော့ ဘူး (မှန်ပါ့) အခု ခင်ဗျားတို့တသံသရာလုံး “ဂင်္ဂါဝါဠုသဲစု မကဘုရားတွေ” ပွင့်ပြီးသကာလ သွားကြပါလျှက်နဲ့ ခင်ဗျားတို့ ပါမသွားတာဟာ နိဗ္ဗာန်သွားမြေပုံ မရလို့ (မှန်ပါ့) နိဗ္ဗာန်သွား မြေပုံမရတဲ့အတွက် ဘုရားနဲ့လည်း မတွေ့ နိဗ္ဗာန်နဲ့ လည်းမတွေ့၊ အိုဘေး၊ သေဘေး၊ နာဘေးတွေနဲ့သာ မိတ်ဆွေ ဖြစ်၊ ငရဲတွေနဲ့ မိတ်ဆွေဖြစ်လိုက်၊ ဒုက္ခဒေါမနဿတွေနဲ့ နေလိုက်ရ၊ ဂျွမ်းထိုးမှောက်ခုံနဲ့ ပုဂ္ဂိုလ်သဏ္ဍာန် အမျိုးမျိုး ပြောင်းပြီး သကာလ သေပွဲဝင်လိုက်ရ၊ ဒါဟာ နိဗ္ဗာန်မြေပုံ ပျောက်နေလို့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒီနေ့ပြောတာ အရေးကြီး တယ်လို့ဆိုတာ သိပလား (သိပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့ လက်ထဲမှာ ဒီဥစ္စာ အမြဲဆောင်ထားပါ (မှန်ပါ့) ဒီလေးချက် အမြဲ ဆောင်ထားရမယ်၊ ဒီလေးချက်ပျောက်သွားလို့ ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ပေါ့ အိုလမ်း၊ နာလမ်း၊ သေလမ်းကိုသာ ငါသွားတတ်တော့တယ်၊ မအို, မသေ, အမြဲ နေတဲ့ နိဗ္ဗာန်လမ်းတော့ဖြင့် ငါ့မှာ မြေပုံ ပျောက်တဲ့အတွက် ကိုယ်ကျိုးနည်းပေါ့လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးကအရေးကြီးအောင် ပြောတတ်လို့ အရေးကြီး နေတာလား၊ လမ်းစဉ်အတိုင်း အရေးကြီးနေတာလားလည်း ဝေဖန်ပါဦး (လမ်းစဉ်အတိုင်း အရေးကြီးနေတာပါ ဘုရား) လမ်းစဉ်အတိုင်း အရေးကြီးနေတယ်လို့ ဝေဖန်ကြပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအရေးသည် ဒကာ ဒကာမတို့ အိမ်ကျရင်လည်း ပျောက်မပစ်နဲ့ (မှန်ပါ့ ဘုရား)။

တစ်ခေါက်ပြောပါဦးမယ် ခင်ဗျားတဲ့ မှတ်မိဖို့ စာမရေး တဲ့ ဒကာ ဒကာမတွေ၊ စာရေးတဲ့ ဒကာ ဒကာမ တွေကတော့ အိမ်ပြန်ကြည့်သိတယ်၊ ရီကော်ဒါ recorder ဖမ်းတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဖွင့်ကြည့်ရင် သိတယ်၊ ရှေ့ကိုလည်းတရားက ဆက်ဟောမှာဖြစ်လို့ ရှေ့ကိုလည်း မှတ်စရာတွေနဲ့၊ ဒါကလေး မူပျောက်သွားမှာဖြင့်လည်း ရှေ့မှတ်စရာက နိဗ္ဗာန် အလုပ်စခမ်း ပြောမှာ တော့ သေချာပါရဲ့၊ သေချာပင်သေချာငြားသော်လည်း မူပျောက်သွားမှာလည်း စိုးရသေးတယ် (မှန်ပါ့ ဘုရား)။

ဘာအစကိုရှာရမှာလဲ

နိဗ္ဗာန်မဂ်ဖိုလ် ရောက်ချင်လို့ရှိရင်ဖြင့် ဘာအစကို ရှာရမလဲ (သမ္မာဒိဋ္ဌိကို ရှာရပါ့မယ်) သမ္မာဒိဋ္ဌိတည်း ဟူသော တရားကိုရအောင်ရှာရမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) သမ္မာဒိဋ္ဌိတရားအစ တွေ့မှသာလျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့) သမ္မာဒိဋ္ဌိ တွေ့ပြန် တော့လည်း သမ္မာဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းအစ၊ ဒုတိယ အစကရှိတယ် (မှန်ပါ့ ဘုရား) ဒုတိယအစက ဘာတုံးဆိုတော့ တရားနာပြီး နှလုံးသွင်းမှန်မှုပဲ (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ဘာတဲ့ (တရားနာပြီး နှလုံးသွင်း မှန်မှု ပါ ဘုရား) တရားနာပြီး နှလုံးသွင်းမှု မရှိရင်လည်း သမ္မာဒိဋ္ဌိ အစကတွေ့ကို မတွေ့နိုင်ဘူး (မှန်ပါ့) ဦးဘတင် တွေ့ပါ့ မလား (မတွေ့ပါ ဘုရား)။

ကိုယ်ကျိုးနည်းမှာစိုးလို့ထပ်ပြောနေတာ

ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားပါ၊ ဒီဥစ္စာ အတော်အရေးကြီးနေလို့ သေသေချာချာ ပြောနေတယ်လို့ မှတ်ပါ (မှန်ပါ့) ချောက်လှန့်ဟောတဲ့ တရားမဟုတ်ဘူး၊ ခင်ဗျားတို့ ကိုယ်ကျိုး နည်းမှာစိုးလို့ ထပ်ပြောနေတဲ့ တရားလို့ မှတ်ပါ (မှန်ပါ့) ဟာ ဘုန်းကြီးက ဒကာ ဒကာမတွေကို လိုချင်သည်ထက်လိုချင်အောင်လို့ ဒီလိုအောက်မေ့မနေနဲ့၊ ခင်ဗျားတို့ ငိုရမှာမြင်လို့၊ ဒီဟာ ပျောက် သွားရင် (မှန်ပါ့) ဒီဟာ ပျောက်သွားရင် မျက်စိလည်တော့မယ် (မှန်ပါ့) ဝင်္ကပါ လှည့်သည် ထက်ဆိုးမယ် (မှန်ပါ့) မဆိုးပေဘူးလား (ဆိုးပါတယ်ဘုရား)၊

နှလုံးသွင်းမှန်နိုင်တဲ့တရား

ဒါဖြင့် သမ္မာဒိဋ္ဌိရချင်လို့ရှိရင် တရားနာပြီး နှလုံးသွင်း မှန်ရမယ် (မှန်ပါ့) နှလုံးသွင်း မှန်ချင်လို့ရှိရင်လည်း ဘယ် တရားကို ကျုပ်တို့နှလုံးသွင်းရမှ၊ ဘယ်တရားကို နာရမှ နှလုံး သွင်းမှန်မှာလဲ ခင်ဗျားတို့ ကျုပ်တို့သည် နှလုံးသွင်းမှန်မှု ဖြစ်နိုင်ပါ့မတုံး ဆိုတော့ နိဿတ္တနိဇ္ဇီဝတရားနာရမှ (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ အသက်လိပ်ပြာ ဝိညာဉ် ကောင် မဟုတ်လို့ တရားကို သိထားရမယ် (မှန်ပါ့) ရုပ်နာမ် ဓမ္မတွေဟာ ပုဂ္ဂိုလ်ကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) အဲ နိဿတ္တနိဇ္ဇီဝ တရားကို နာရမှသာလျှင်လည်း နှလုံ သွင်းမှန်နိုင်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ့ဒီနှလုံးသွင်းမှန်မှလည်း သမ္မာဒိဋ္ဌိဖြစ်မှလည်း မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ရောက်မယ် (မှန်ပါ့) ဒီတော့ ဦးခင်မောင် အကြောင်း အကျိုးဘယ့်နှယ်တုံး (ဆက်စပ် နေပါတယ်ဘုရား) ဆက်မိနေတယ်နော်။

နိဗ္ဗာန်ရောက်ချင်ပြီ

ဒါဖြင့် သွားပါ ဟိုကပြောင်းပြန်လှည့်လာတာ ဒကာ ဒကာမတို့၊ ဒီဥစ္စာဖြင့် အသက်ကြီး ပုဂ္ဂိုလ်များ နိဗ္ဗာန်အလိုရှိတဲ့ ပုဂ္ဂိုလ်များ၊ ဒီမြေပုံဖြင့် ဒကာ ဒကာမတို့နိဗ္ဗာန်သွား မြေပုံအဖြစ် နဲ့ ဟောနေတော့ မပျောက်ကြပါစေနဲ့ (မှန်ပါ့ ဘုရား) ဒါကလေး ပျောက်သွားလို့ရှိရင်ဖြင့် မျက်စိလည်ပြီးသကာလ ချောက်ကျမယ်သာ စိတ်ကူးပေတော့ (မှန်ပါ့) မျက်စိလည် ချောက်ကျမယ်ဆိုတော့ နိဗ္ဗာန်ရောက်ချင်ပြီ ဘာလုပ်ရမှန်းကို မသိဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အမျိုးမျိုး ဥပမာ ကုသိုလ်တွေ ပြုကြတယ်၊ တရားဓမ္မတွေ ရှောက်ပြီး နာ ကြတယ်၊ ကုသိုလ် မဖြစ်ဘူး မဆိုပါဘူး၊ ကုသိုလ်တော့ သေသေချာချာ ဖြစ်ပါတယ်၊ တရားပဲ ကုသိုလ် တော့ဖြစ်ပါတယ်၊ သို့သော် သမ္မာဒိဋ္ဌိ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်နိုင်ပါရဲ့လား ဆိုတော့ တချို့ တရားတွေ သမ္မာဒိဋ္ဌိဖြစ် ဖို့တယ်မလွယ်လှဘူး၊ ဖြစ်တာက ကမ္မဿကတ သမ္မာဒိဋ္ဌိ လောက် ဖြစ်နေပြန်တယ် (မှန်ပါ့) သစ္စအနုလောမိကဉာဏ် ခေါ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်ခဲ တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိတော့ ဦးခင်မောင် ဖြစ်ပါတယ် (မှန်ပါ့) သစ္စာလျှော်တဲ့ သမ္မာဒိဋ္ဌိ တစ်မျိုးက မဖြစ်ဘူး (မှန်ပါ့) အဲဒီလိုဆိုတော့ မခက်ဘူးလား (ခက် ပါတယ် ဘုရား) ဒီလိုဖြစ်နေရင် နိဗ္ဗာန်နဲ့ဝေးနေတယ်လို့ မဆိုထိုက်ဘူး လားဗျာ (ဆိုထိုက်ပါတယ် ဘုရား)။

နိဗ္ဗာန်ကိုတကယ်လိုချင်ရင်

အဲဒါကြောင့် နိဗ္ဗာန်ကို တကယ်လိုချင်ကြလို့ ရှိရင်ဖြင့် သမ္မာဒိဋ္ဌိအစကို တွေ့အောင်ရှာပါ (မှန်ပါ့) သမ္မာဒိဋ္ဌိအစ တွေ့လို့ရှိရင် တရားနာပြီး နှလုံးသွင်း မှန်ရပါလိမ့်မယ် (မှန်ပါ့) နှလုံးသွင်း မှန်ချင်လို့ရှိရင်လည်း ဘယ်တရားကို နာမှသာလျှင် ဒို့သည် နှလုံးသွင်းမှန်တဲ့ အခြေအနေ ရောက်မှာလဲ ဆိုတော့ နိဿတ္တနိဇ္ဇီဝဓမ္မ သုညတ ဓမ္မနာရမှ ကိစ္စပြီးမယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်တရား နာရမှလဲ (နိဿတ္တနိဇ္ဇီဝဓမ္မ သုညတ တရားနာရမှပါ) နိဿတ္တနိဇ္ဇီဝနဲ့ သုညတနဲ့ အတူတူပဲ ဒကာ ဒကာမတို့ မြဲသည်ထက်မြဲ ခိုင်သည်ထက်ခိုင်အောင်လို့သာထပ်ပြော နေတယ် လို့မှတ်ပါ၊ နိဿတ္တနိဇ္ဇီဝဆိုတာလည်း သတ္တဝါ မဟုတ် ပုဂ္ဂိုလ်မဟုတ် ဒါကိုသိထားရမယ်၊ သုညတ ဆိုတာလည်း ပုဂ္ဂိုလ် သတ္တဝါဟူသော အဖြစ်မှ ဆိတ်သုဉ်း တာကို သုညတ ခေါ်တာပဲ (မှန်ပါ့ ဘုရား)။

နိဿတ္တ၊ နိဇ္ဇီဝ တရားကိုနာပါ

အဲဒီတော့ သုညတဖြစ်တဲ့ နိဿတ္တ နိဇ္ဇီဝတရားကို နာရမှသာလျှင် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်မှာပဲ (မှန်ပါ့) နှလုံး သွင်းမှန်မှဘာသွားဖြစ်လဲ (သမ္မာဒိဋ္ဌိဖြစ် ပါမယ်) သမ္မာဒိဋ္ဌိ ဖြစ်မှလည်း (နိဗ္ဗာန်ရောက်ပါမယ်) နိဗ္ဗာန် ရောက်မယ်ဆိုတော့ ဦးခင်မောင် အနုလောမနဲ့ လှည့်မေးမေး ပဋိလောမနဲ့ လှည့်ပြီးရှာရှာ ဒါဟာ အတည့်သွားတဲ့ အသွားပဲ ဆိုတာ သေချာပေါ့ (မှန်ပါ) မသေချာသေးဘူးလား (သေချာပါတယ်ဘုရား)။

ဘုန်းကံရှိလို့ ဆရာနဲ့တွေ့ရတာ

ဪ ဒါဖြင့် ခင်ဗျားတို့ကို ခဏ ခဏပြောနေတယ်၊ ဘုန်းကံလည်း ရှိကြပါပေတယ်၊ ဆရာသမားများနဲ့ တွေ့ပြီး ဘုန်းကံ ရှိတဲ့ပုဂ္ဂိုလ်တွေမို့ နိဗ္ဗာန်သွားမြေပုံကြီးကို ကိုယ်ပိုင်ရပေ တယ်ဆိုတဲ့ ဥစ္စာ ဦးခင်မောင် သာမညကံလား (သာမညကံ မဟုတ်ပါ ဘုရား) ဒကာ ဒကာမတွေ သဘောပါကြပလား (ပါပါပြီ ဘုရား)။

သာမညလို့ အောက်မေ့မနေနဲ့၊ ဒီနေ့တရားနာတဲ့ ဒကာ ဒကာမတွေကနိဗ္ဗာန်သွားမြေပုံတာ ခင်ဗျားတို့ရန်ကုန်သွားရင် ရန်ကုန်မြေပုံဝယ်ရတယ်၊ ဒါမှ လမ်းမမှားမှာကိုး (မှန်ပါ့) မန္တလေး သွားပြန် တော့ (မန္တလေးမြေပုံ ဝယ်ရပါတယ် ဘုရား)။

ဒီလိုဝယ်ပြီး သွားတဲ့အခါကျတော့ ကိုယ်လိုချင်တဲ့နေရာ ဌာနဟာ ဘယ်နှစ်လမ်းမှာ ဘယ် နေရာ မှာ ဘယ်နေရာ ဘယ်လိုရှိ တယ်၊ ဘယ်ကုန်ရောင်း အစရှိသည်မမှားဘဲနဲ့ ရက်မကုန်ဘဲနဲ့ ရောက်သွားကြတယ်၊ သူများလည်း မေးစရာ မလိုတော့ဘူး၊ (မှန်ပါ့) ဘာဖြစ်လို့တုံး သူနဲ့ဆိုင်ရာ မြေပုံကြီး ကိုယ်ပိုင်ရထားလို့ (မှန်ပါ့ ဘုရား) ဒီမှာလည်း နိဗ္ဗာန်မြေပုံ ဒကာ ဒကာမတွေ ရပလား (ရပါပြီ ဘုရား) နိဗ္ဗာန်သွားမြေပုံ ဘယ်ကစရတယ်လို့ ဆိုတာလဲ ပေါ်ပါပြီ (ပေါ်ပါပြီ) ဘယ်က စကြရမှာလဲ (သမ္မာဒိဋ္ဌိက စရပါ့မယ်ဘုရား)။

အဲဒီတော့ နိဗ္ဗာန်တည်းဟူသော မြို့ကြီး၊ နိဗ္ဗာန်တည်းဟူ သောပြကြီး သဘောမျိုး ခင်ဗျားတို့ ရောက်ချင် ရချင်ကြလို့ရှိရင် ဖြင့် နိဿတ္တနိဇ္ဇီဝတရားကို ရှေးဦးစွာရှာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နိဿတ္တနိဇ္ဇီဝတရားကို ရှာတော့မယ်ဆိုတော့ နိဿတ္တ နိဇ္ဇီဝကို ကိုယ်တိုင်မသိနိုင်တော့ သူတပါးဟောတဲ့ တရားကို နှလုံးသွင်းမှန်အောင်နာဦး (မှန်ပါ့) ဒါ့ကြောင့် တရားနာပြီး နှလုံးသွင်း မှန်အောင် လုပ်ရဦးမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာပြီး နှလုံးသွင်းမှန်မှသာလျှင် ဒကာ ဒကာမတို့ နိဿတ္တနိဇ္ဇီဝ ဖြစ်လာမယ် (မှန်ပါ့) နိဿတ္တနိဇ္ဇီဝဖြစ်လာမှ သာလျှင် နှလုံးသွင်းအမှန်ရောက်တယ်၊ နှလုံးသွင်းအမှန်ရောက် မှလည်း သမ္မာဒိဋ္ဌိကဖြစ်တယ် (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်မှသာ လျှင်လည်း နိဗ္ဗာန်က (ရောက်ပါတယ်ဘုရား) ဒီတော့ ဒါ ဟာနိဗ္ဗာန်မြေပုံပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မြေပုံမပျောက်ဖို့အရေးကြီးတယ်

နိဗ္ဗာန်သွားမြေပုံဆိုတော့ ဒါကလေးကို ကိုယ်စီကိုယ်ငှ ထားကြပါ၊ အချင်းချင်း မေးမနေကြနဲ့၊ ငါအသက်ကြီးလှပြီ နိဗ္ဗာန်ရောက်ချင်ဘာလုပ်ရမှာတုံးလို့ မေးမနေနဲ့ ဒီမြေပုံကိုင်ထား ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သူက စာပေကလေး တော်တယ်၊ သူ့ကိုမေးမှပဲ တော်မယ်၊ မေးမနေနဲ့ မြေပုံ မပျောက် ရင် ကိစ္စမရှိဘူး၊ ရောက်နိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူများမေးစရာလိုသေးသလား (မလိုပါ ဘုရား) ဘာ မပျောက်ဖို့ အရေးကြီးသလဲ (မြေပုံမပျောက်ဖို့ အရေးကြီးပါတယ်) နိဗ္ဗာန်သွား မြေပုံ မပျောက်ဖို့ အရေး ကြီးတယ် (မှန်ပါ့) ဦးဘအုန်း ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် နိဗ္ဗာန်သွားပုံကအစ နိဿတ္တ နိဇ္ဇီဝ တရားကို ရှာမှုကအစ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်လမ်းမြေပုံအစကို ကိုင်ရမှာက ဦးဘအုန်းဘယ် က ကိုင်ရမှာတုံး (နိဿတ္တ နိဇ္ဇီဝ တရားကစပြီး ကိုင်ရမှာ ပါ ဘုရား) နိဿတ္တနိဇ္ဇီဝတရားကို အရရှာမယ် (မှန်ပါ့) နိဿတ္တ နိဇ္ဇီဝ တရားကလည်း ကိုယ်တိုင်ရှာလို့ မရဘူး တရားနာပြီး နှလုံးသွင်း မှန်မှရမှာပါ (မှန်ပါ့)။

တရားနာ နှလုံးသွင်းမှန်လို့ရှိရင်လည်း နှလုံးသွင်းမှန်တဲ့ အတွက် သမ္မာဒိဋ္ဌိဖြစ်လာတဲ့အခါ ကျုပ်တို့ နိဗ္ဗာန်ပို့ပေးပါလို့ မပြောရဘူး၊ သူတို့ကဒီသွားတဲ့ အဖြောင့်လမ်းကြီး နေတဲ့ အတွက် ခင်ဗျားတို့ ဘယ်သူ့မှ အပို့မခိုင်းပါနဲ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒီနေ့ဘာတရားဟောသတုံး

ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေ့ဘာတရား ဟောသတုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) နိဗ္ဗာန်သွား မြေပုံတရားကို ဟောတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်မြေပုံတရားကိုဖြင့် ဦးဘတင် ဖျောက်ပစ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီထက် ကိုယ်ကျိုးနည်း တာတော့ မရှိဘူး (မှန်ပါ့) နိဗ္ဗာန်သွားမြေပုံပျောက်သည်နဲ့ တစ်ပြိုင်နက်တည်း သံသရာလည်တဲ့ဥစ္စာကတော့ ကိုယ်သွားနေကျဖြစ်တယ် (မှန်ပါ့) ဒီလမ်းမှာ ဖုံးပြီးသား ဖြစ်မနေ ကြဘူးလား (ဖြစ်နေပါ တယ်) ဖုံးပြီးသားဖြစ်တော့ ဒကာ ဒကာမတွေ နေတာကလည်း တခြားမဟုတ်ဘူး မျက်စိလည်နေလို့ ဖုံးနေတာ (မှန်ပါ့)။ အဖြောင့်သွား လို့ဖုံတာလား၊ မျက်စိလည်လို့ ဖုံတာလား (မျက်စိလည်လို့ ခြေရာထပ်တာပါ ဘုရား) အဲဒါကတော့ ဒကာ ဒကာမတို့ အရူးသွား အနှမ်းသွား ဖြစ်နေတော့တယ် ဆိုတာ ဘာမှ သံသယရှိဖို့ မလိုဘူး (မှန်ပါ) လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သားနဲ့ခွဲရမှာ ဒါလောက်အစိုး ရိမ်မကြီးနဲ့၊ သမီးနဲ့ခွဲရမှာ ဒါလောက် မစိုးရိမ်နဲ့၊ ပစ္စည်းနဲ့ခွဲရမှာ ဒါလောက်မစိုးရိမ်နဲ့၊ နိဗ္ဗာန်လမ်းမြေပုံကတော့ ပျောက်မှာစိုးရ တယ် (မှန်ပါ့) တကယ်လည်း ချမ်းသာတဲ့ဆီ သွားရမည့် ခရီးစဉ် ပျောက်သွားတယ် ဆိုကတည်းကိုက ငါတော့ဖြင့် ကိုယ်ကျိုးနည်းပြီး ဆင်းရဲနဲ့ ပင်လယ်ဝေ နေဖို့ပဲရှိတော့တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာမပျောက်ဖို့အရေးကြီးသတုံး

ဒကာ ဒကာမတို့ ဘာမပျောက်ဖို့ အရေးကြီးသတုံး (နိဗ္ဗာန်သွားလမ်း မြေပုံမပျောက်ဖို့ အရေးကြီးပါတယ် ဘုရား) မယုံရင် ဒကာ ဒကာမတို့ အခုခေတ်မှာ သွားလာနေတဲ့ လေယာဉ်ပျံကို မေးကြည့်ကြည်၊ ပင်လယ်ကူးသင်္ဘောကို မေးကြည့်ကြည်၊ ကမ္ဘာလှည့်တိုင်းပြည်လှည့်တဲ့ ပုဂ္ဂိုလ်တွေပဲ မေးကြည့်ကြည့်၊ မြေပုံလက်ကိုင်မရှိရင် ဦးဘတင် ဘယ်သူမှ မှန်ကန်အောင်သွားလို့မရဘူး (မှန်ပါ့) ရကြရဲ့လား (မရပါ ဘုရား)။

ဘာဖြစ်လို့တုံး သွားရာမြေပုံပျောက်နေတယ်၊ မြေပုံ တွေ ပျောက်တော့ ခရီးကို ရောက်ပါဦး မလား (မရောက်ပါ ဘုရား) မရောက်တဲ့အပြင် ငွေမကုန်သင့်တဲ့နေရာမှာကုန်၊ ဓာတ်ဆီ မကုန်သင့် တဲ့နေရာမှာကုန်၊ ကျောက်ဆောင်နဲ့ မတိုက်သင့်တဲ့ နေရာမှာတိုက်၊ တောင်နဲ့မတိုက်သင့်တဲ့နေရာ မှာ တောင်နဲ့တိုက် နေပါလိမ့်မယ် (မှန်ပါ့) အဲဒီလိုဖြစ်တာ မြေပုံပျောက်လို့သာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

တစ်ခါတလေ မြေပုံရှိလျက်နဲ့တောင်မှ မှားတဲ့အခါ ပါသေး တယ် (မှန်ပါ့) အဲ ခင်ဗျားတို့ မှာလည်း ဒီမြေပုံဟာ တစ်ခါ တစ်ခါပျောက်သွားတယ်၊ သားရေး သမီးရေး စီးပွားရေး လောကဓံ ဓားပြ တိုက်လိုက်တဲ့အခါကျတော့ ဒီမြေပုံပျောက် သွားရင် သွားပြီ၊ ကျောက်တောင် တိုက်မယ်သာ စိတ်ကူး ပေတော့ (မှန်ပါ့) သင်္ဘောပျက်မယ်သာ စိတ်ကူးပေတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အရေးကြီးလို့ ပြောနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ မြေပုံ လက်ကိုင်ရကြပလား (ရပါပြီ ဘုရား) ရှေးဦးစွာ ဘယ်က စကိုင်ရမလဲ (သမ္မာဒိဋ္ဌိက စကိုင်ရပါမယ်) ဒီကလိုက်ကြပါ၊ နိဿတ္တနိဇ္ဇီဝက ကိုင်ပါ နော် (မှန်ပါ့)။

၁-နံပါတ်က ဘာကိုင်ရမယ် (နိဿတ္တနိဇ္ဇီဝက ကိုင်ရ ပါ့မယ်ဘုရား) နိဿတ္တနိဇ္ဇီဝကို ကိုယ်တိုင်ရှာလို့ မရတော့ ဘာလုပ်ရမယ် (တရားနာပြီးနှလုံးသွင်းမှန်ရပါမယ်ဘုရား)။

လမ်းမှားစရာရှိသေးရဲ့လား

အဲဒီတရားနာပြီး နှလုံးသွင်းမှန်တော့ ဘာတွေ့မယ် ထင်ကြသတုံး (သမ္မာဒိဋ္ဌိတွေ့ပါမယ်) အဲ သမ္မာဒိဋ္ဌိ တွေ့လို့ရှိရင် လမ်းမှားစရာရှိသေးရဲ့လား (မရှိပါ) “ဧကာယ နောယံ ဘိက္ခဝေ မဂ္ဂေါ” ဆိုပြီး တစ်ကြောင်းတည်းနဲ့ ဒီကို ရောက်လာတယ်ဆိုတာ ဘုရားက ဝန်ခံဟောတော်မူတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ နေရာကျပြီ ဒကာ ဒကာမတို့ မပျောက်ဖို့ အရေး ကိုယ့်အရေး (မှန်ပါ့) မြေပုံဆွဲပေးဖို့ကတော့ ဆရာဘုန်းကြီး အရေးပဲ (မှန်ပါ့ ဘုရား)။

အဲဒီဥစ္စာကို နက်ဖြန်မေးလိမ့်ဦးမယ်၊ ခင်ဗျားတို့ ဖျောက်ပစ် မှာစိုးလို့ (မှန်ပါ့) အိမ်ကျတော့ မြေပုံပါ ပျောက်နေမှာ စိုးရသေးတယ် (မှန်ပါ့ ဘုရား) မြေပုံပျောက် နေရင်တော့ဖြင့် ကောင်းကင်က လေယာဉ်ပျံ လမ်းမှန်တော့မှာ မဟုတ်တော့ပါဘူး (မှန်ပါ) ရေထဲသွားတဲ့ သင်္ဘောတွေ (မမှန်ပါ ဘုရား) နိုင်ငံလှည့် ကမ္ဘာလှည့်နေတဲ့ ပုဂ္ဂိုလ်တွေ (မမှန်ပါ ဘုရား) ဘာ့ကြောင့်တုံး (မြေပုံ ပျောက်လို့ပါ ဘုရား) သွားရာမြေပုံ ရောက်ရာမြေပုံ ကိုင်ရာမြေပုံတွေ ပျောက်တယ် (မှန်ပါ့) ဒီမှာလည်း နိဗ္ဗာန်နဲ့ဆိုင်တဲ့ မြေပုံပေးထားပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့်နိဿတ္တ နိဇ္ဇီဝဓမ္မကို ရှေးဦးစွာရှာ (မှန်ပါ့) ရှေးဦးစွာရှာဆိုတော့ ကိုယ်ကတော့ သဗ္ဗံ ဇာနာတီတိ သဗ္ဗညုတဉာဏ် လည်းမဟုတ်ဘူး သူတစ်ပါးမှီမှသိရမယ့် ပုဂ္ဂိုလ်ဖြစ်နေတော့ နိဿတ္တနိဇ္ဇီဝ ရှာမယ်ကြံလို့ရှိရင်ဖြင့် ကိုယ်နဲ့ နှလုံးသွင်းမှန်တဲ့တရားကို နာရဦးမယ် (မှန်ပါ့) ကိုယ့်သ

ဘောနဲ့လျော်တဲ့ (မှန်ပါ့) မနာရင်လည်း သမ္မာဒိဋ္ဌိမဖြစ်လို့ ရှိရင်လည်းနိဗ္ဗာန်ကို (မရောက်ပါ ဘုရား) မရောက်တော့ ဘူးဆိုတော့ ဪ ဒါဖြင့် နိဿတ္တနိဇ္ဇီဝတရားကို ရှာရ တော့မယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာတယ် (ပေါ် လာပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာကြောင့်သုညတ တရားအရှာခိုင်းပါလိမ့်

ဘာဖြစ်လို့ နိဿတ္တ နိဇ္ဇီဝတရား သတ္တဝါမဟုတ် ဇီဝမဟုတ် တဲ့ တရား၊ သုညတတရားကို အရှာခိုင်းပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့မှာ ရိုးရာနှိပ်စက်နေတာက မတော်လှန်နိုင်ဘဲ ဖြစ်နေ တယ် (မှန်ပါ့) ဟောဒါသားပဲ၊ ဟောဒါ သမီးပဲ၊ ဟောဒါ မြေးပဲ၊ ဟောဒါ ငါပဲဆိုတာ ရိုးရာကြီးက နှိပ်စက်လိုက်တာ နိဿတ္တနိဇ္ဇီဝ ပျောက်သွားကတည်းက ဒကာ ဒကာမတွေ တစ်ခါတည်းငါဆိုတဲ့ ဒိဋ္ဌိက လွှမ်းမိုးလာတာပဲ (မှန်ပါ့) ငါ့သား၊ သမီး၊ ငါ့ကိုယ်ဆိုတာတွေ မလာသေးဘူးလား (လာပါတယ်ဘုရား) ဒါကပျောက်သွားလို့ ဒိဋ္ဌိ ဦးစီးလာတာ ဘာတုံး (နိဿတ္တနိဇ္ဇီဝ ပျောက်သွားလို့ ဒိဋ္ဌိဦးစီးလာတာပါ ဘုရား)။

သုညတ ဓမ္မပျောက်သွားတော့ကို တစ်ခါတည်း၊ ငါ့ကိုယ်ငါ့ဟာဆိုတာကြီးက ဦးစီးလာလိုက်တာ သူသာဦးစီးလို့ ရှိရင်ဖြင့်၊

“ဒိဋ္ဌိ ဗန္ဓန ဗန္ဓာတေ တဏှာသောတေန ဝုယှရေ၊ တဏှာသောတေန ဝုယှန္တာ၊ နတေ ဒုက္ခာပမုစ္စရေ”

ဒိဋ္ဌိဦးစီး လာရင်တော့ မရတော့ဘူး၊ သံသရာ မျောမယ်သာ စိတ်ကူး ပေတော့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီမြေပုံဟာ သိပ်အရေးကြီးတယ်

ဒါဖြင့် နိဿတ္တနိဇ္ဇီဝ မပျောက်အောင် ဒကာ ဒကာမတွေ ဒီမြေပုံဟာ သိပ်အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးခင်မောင် အကြောင်းအကျိုးကော ဆက်ပလား (ဆက်ပါပြီ ဘုရား) လိုရင်းမှန်ကော သိကြပလား (သိပါပြီ ဘုရား) လိုရင်းမှန်းသိလာတော့ တော်တော် အရေး ကြီးလို့ တော်တော် ပြောနေတာ၊ အခုနာရီဝက်ကျော်ကျော် ပြောတဲ့အဓိပ္ပါယ်၊ ငါတို့မှာ နဂိုရ်က လက်ကိုင်မရှိလို့ ရမ်းနေတာ ကိုး ဆိုတာပေါ်လာတယ် (မှန်ပါ့ ဘုရား)။

လက်ကိုင်မရှိတော့ ဘယ်နှယ်တုံး (ရမ်းနေပါတယ် ဘုရား) နိဗ္ဗာန်ဟာ ဒီလမ်းပဲလား သို့မဟုတ် ဟိုဖက်လမ်းပဲလား ကွေ့သွားရမှာပဲလားဆိုပြီး၊ အမျိုးမျိုး အဖုံဖုံတွေ ခင်ဗျားတို့သည် မေးပြန်တော့လည်း၊ သူများပါးစပ် လမ်းဆုံး ကိုယ်တိုင် လည်း မြေပုံကမရှိ (မှန်ပါ့) ပြောတဲ့ ပါးစပ်ကလည်း အများ အားဖြင့် ဒကာ ဒကာမတို့ မြေပုံလက်မှာကိုင်ပြီးပြောတာ ကနည်းတယ်၊ ပြောသံကြားနဲ့ ပြောနေတာများတယ် (မှန်ပါ့) ဒါနဲ့ သံသရာထဲ ဒေါင်ချာစိုင်းနေတာပဲဆိုတာကော ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒေါင်ချာစိုင်းတဲ့ဇာတ်ကိုသိမ်းကြစို့

အဲ အခုဒေါင်ချာစိုင်းတဲ့ဇာတ်ကို သိမ်းကြစို့ (မှန်ပါ့) ဘာနဲ့သိမ်းမတုံး (နိဗ္ဗာန်မြေပုံ လက်ကိုင်ထားရ ပါမယ်) နိဗ္ဗာန်သွားလမ်းပြမြေပုံကို လက်ကိုင်ထားရင် နေရာ ကျပြီ (မှန်ပါ့) သူများပါးစပ် လမ်းဆုံးစရာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲ သူများပါးစပ် လမ်းဆုံးတာလောက် ကြောက်စရာ ကောင်းတာဘယ်မှာရှိမလဲဗျ (မှန်ပါ့) အခုတော့ သူများလို့ အောက်မေ့မနေနဲ့ ဆရာဘုန်းကြီးက ဟောတာလည်း အောက်မေ့မနေနဲ့ ဘုရားဟောထားခဲ့တာ (မှန်ပါ့) သမ္မာဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်းဟာ “ယောနိသောမနသိကာရ” တဲ့ ပရတောဃောသ – ပါပဲဆိုတာ သေသေချာချာဟောတယ် (မှန်ပါ့) သူတစ်ပါးတရားကိုလည်း နာရမှ “ယောနိသော မနသိကာရ” ကိုလည်း ရမှ (မှန်ပါ့) အဲဒါကို ထင်ရှားရန် ဘုန်းကြီးက “ယောနိသော မနသိကာရ” ဆိုတာ တခြားမဟုတ် ဘူး၊ နိဿတ္တနိဇ္ဇီဝ တရားကို နာရမှ (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ပစ္စည်းကပန်းတစ်ပွင့်နဲ့ ဆုတောင်းရင်ရတယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မြေပုံကိုဖြင့် ဖျောက် ပစ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား) ဒီမြေပုံကို ဖျောက်လို့ရှိရင် ခင်ဗျားတို့အပါယ်လေးပါး ရောက်ဖို့ရယ်၊ သုံးဆယ့်တစ်ဘုံမှာ အိုပွဲ၊ နာပွဲ၊ သေပွဲတွေ ရှောက်ရွှဲဖို့ရယ် ဒါပဲ ရှိတော့တယ် (မှန်ပါ့) အင်မတန် နစ်နာသွားမယ်နော် (မှန်ပါ့) ခင်ဗျားတို့ အတွင်းပစ္စည်းပျောက်တာ၊ ဒါလောက် မဆိုး ပါဘူး (မှန်ပါ့) အတွင်းပစ္စည်းက ပန်းတစ်ပွင့်နဲ့ နောက်ကို ဒီထက်နှစ်ဆတိုးရပါလို၏ ဆုတောင်းယူ နောက်ဘဝရပါတယ် (မှန်ပါ့) ဒီဟာကမရတော့ဘူး (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာကမှ အတွင်း ပစ္စည်းထက် အတွင်းကျတဲ့ ပစ္စည်းလို့ မှတ်လိုက်ပါဦး (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ်ဘုရား) ဘုရား အဆူဆူနဲ့ လွဲခဲ့ရတာ ဒီအတွင်းပစ္စည်းထက် အတွင်းပစ္စည်းကျတဲ့ ပစ္စည်းပျောက်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သံသရာထဲမှာ အိုဘေး, နာဘေး, သေဘေးတွေချည့် ကိုယ်က အဖော်လုပ်နေတာ နိဗ္ဗာန်သွားမြေပုံ အတွင်းပစ္စည်းပျောက်နေ လို့ (မှန်ပါ့) ဦးခင်မောင် ဟုတ်ပလားဗျာ (ဟုတ်ပါ တယ်ဘုရား)

သတ္တဝါမဟုတ် ရုပ်နာမ်ဓမ္မပဲ

အခုလည်း ခင်ဗျားတို့သည်ကားလို့ဆိုရင် အိမ်ကျရင် ဒီမြေပုံကို ဖျောက်ပစ်မှာလည်း စိုးရသေးတယ် (မှန်ပါ့) အိမ်ကျရင် ဖျောက်ပစ်မှာ စိုးရတယ်ဆိုတော့ အိမ်ကျတော့ သားတွေ သမီးတွေ နိဿတ္တနိဇ္ဇီဝ ဖြစ်ရမယ် (မှန်ပါ့) ခန္ဓာကိုယ်ကလည်း နိဿတ္တနိဇ္ဇီဝဖြစ်ရမယ်၊ သတ္တဝါမဟုတ်ဘူး၊ ရုပ်နာမ်ဓမ္မပဲ အနိစ္စ, ဒုက္ခ, အနတ္တ, ဒုက္ခသစ္စာပဲ (မှန်ပါ့) အဲဒါတွေ ပျောက်သည်နဲ့တစ်ပြိုင်နက်တည်း မြေပုံတစ်ချပ် ပျောက်ပြန်ပြီ လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါကလေးဝင်လာရင် ဘယ့်နှယ်ဆိုကြမလဲ (မြေပုံ အစပျောက်ပြန်ပြီ) မြေပုံအစ ပျောက်ပြန်ပြီ၊ မြေပုံပျောက်ရင် ဖြင့် ငါတော့ဖြင့် အိုဘေး, နာဘေး, သေဘေးထဲရော တွေ့ဦးမယ် ဆိုတာ၊ သေသေချာချာ မှတ်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒါပေါ်လာရင်မြေပုံတွေ့ပြီ

နိဿတ္တနိဇ္ဇီဝကလေး ပေါ်လာလို့ရှိရင်ဖြင့် ဦးခင်မောင်ရေ မြေပုံတွေ့ပြီ (မှန်ပါ့) မြေပုံတွေ့ လို့ရှိရင်ဖြင့် ဒီမြေပုံ အတိုင်း လိုက်ပေတော့ (မှန်ပါ့) မလိုက်ရပေဘူးလား (လိုက်ရပါတယ်ဘုရား)။

ဒါကလေး ပျောက်သွားတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် လှလှကြီးနည်းတာပဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက် ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်ကျိုးနည်းတဲ့ ဇာတ်ဟာ ဘယ်ဇာတ်ပါလိမ် မတုံးမေးတော့ တွေ့ကို မတွေ့ပါဘူး ဘုရား၊ ပျောက်တယ်ဆိုတာ အသာထားပါတော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုပါလိမ့် (တွေ့ကို မတွေ့ပါ ဘုရား) တွေ့ ကို မတွေ့ဘူး ပျောက်သွားတယ် ဆိုတာသာ ထားပါဦး (မှန်ပါ့ ဘုရား)။

အခု ဒီဒကာဒကာမတွေမှာ ရထားတာ ကတော့တွေ့တဲ့ ပုဂ္ဂိုလ်တွေမို့ ပျောက်မှာစိုးလို့ ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ | ခင်ဗျားတို့ကတော့ ဘယ်လိုစိုးရိမ်ပါလိမ့် ဘုန်းကြီးက (ပျောက်မှာ စိုးရိမ်ပါတယ်ဘုရား) ပျောက်မှာ စိုးရိမ်ရတယ်၊ ဒီလို နိဿတ္တနိဇ္ဇီဝ ဖြစ်တဲ့လူက တရားမနာရ မပြုရသေးတဲ့ ပုဂ္ဂိုလ်တွေ သူခမျာများ စားရေး သောက်ရေး နေရေး ထိုင်ရေးနဲ့ အရေး ကြီးပြီးသကာလ နေတဲ့ပုဂ္ဂိုလ်တွေကျတော့ မြေပုံမတွေ့မှာ စိုးရိမ်ရတယ် (မှန်ပါ့) ခင်ဗျားတို့အတွက်တော့ ဘာတဲ့ (ပျောက်မှာစိုးရိမ်ရတယ်) မတွေ့တဲ့ ပုဂ္ဂိုလ်နဲ့ ပျောက်တဲ့ ပုဂ္ဂိုလ်နဲ့ လည်း တယ်မထူးလှဘူး (မှန်ပါ့) မတွေ့တဲ့ ပုဂ္ဂိုလ် ကလည်း သူ့လက်ထဲမှာ မရှိတာဘဲ၊ ပျောက်တဲ့ ပုဂ္ဂိုလ်ကလည်း (သူ့လက်ထဲမှာ မရှိတာဘဲ) မရှိတာခြင်းအတူတူဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါပျောက်သွားရင် ဒိဋ္ဌိကဦးစီးပြီ

ဘုန်းကြီး တကယ်ပြောတဲ့ ဘုန်းကြီးပါလားလို့ အောက်မေ့ မနေနဲ့ ခင်ဗျားတို့အတွက်လို့ အောက်မေ့ပါ (မှန်ပါ့) ဒါကလေး ပျောက်သွားလို့ရှိရင်ဖြင့် ဒကာဒကာမတွေ ဒါပျောက်သွား သည်နဲ့ တစ်ပြိုင်နက်တည်း ဒိဋ္ဌိကဦးစီးပြီ (မှန်ပါ့) မစီးပေ ဘူးလား (စီးပါတယ်) နိဿတ္တနိဇ္ဇီဝ ပျောက်ပစေဦး ခင်မောင် ဒိဋ္ဌိလာမလား (လာပါတယ်) ဒိဋ္ဌိလာရင် လမ်းနှစ်ခွတွေ့တော့မယ် ဝိစိကိစ္ဆာ ပါလာမယ်၊ ပါလာရင် လမ်းနှစ်ခွတွေ့လို့ရှိရင် ခင်ဗျားတို့ ဆနေရပြီ၊ ဆနေရရင် တစ်ဖက်တော့ နင်းတော့မှာပဲ၊ ဟိုဘက် လမ်းလိုက်ရမလား ဒီဘက်လမ်း လိုက်ရမလား နှစ်ခွဲတော့ မတွေ့ဘူးလား (တွေ့ပါတယ်ဘုရား)။

ပထမဒိဋ္ဌိဦးစီးတယ်၊ နောက် ဝိစိကိစ္ဆာဆိုတဲ့ လမ်းနှစ်ခွ လာတွေ့တော့ လိုက်မိလိုက်ရာ လိုက်တော့သွားပြီ (မှန်ပါ့) နိဗ္ဗာန်တည်းဟူသော မအိုရာ, မသေရာသို့ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် အခုဒို့သည်ကားလို့ ဆိုလို့ရှိရင် ငယ်ရာက ကြီးပြီးသကာလ ဒီမြေပုံ လက်ကိုင် မရှိဘူး အလကား ကြီးလာတာ (မှန်ပါ့) အလကားကြီး လာတာလား မြေပုံ လက်ကိုင်ရှိပြီး ကြီးလာတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ကိုယ်တော့်မြေပုံ မလိုချင်ဘူးတဲ့

နိဿတ္တနိဇ္ဇီဝများ ခင်ဗျားတို့ ဟောမယ် ကြံလို့ရှိရင် ဆရာတော် သမားတော်လည်း အင်မတန် ဟောတော်မူပါ တယ်၊ ဤကား ကုသလာဓမ္မာ အကုသလာဓမ္မာ ဆိုရင် ဒါဟာ နိဿတ္တနိဇ္ဇီဝ ဟောတော်မူတာပဲ၊ ဆရာတော်တွေလည်း ဟောရော ခင်ဗျားတို့က အဘိဓမ္မာ သတ်တယ်ဆို ထပြေးကြ တာပဲ (မှန်ပါ) မပြေးကြဘူးလား (ပြေးပါတယ်ဘုရား) နိဿတ္တနိဇ္ဇီဝ လည်း ဟော ဦးဘအုန်း ထကြတော့တာပဲ။ တော်ပါတော့၊ ကိုယ်တော့် ဒီမြေပုံ မလိုချင်ဘူးလို့ ဆိုရာတောင် ကျနေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးခင်မောင်ကြီးတို့လည်း ဒီအတိုင်းပဲ မဟုတ်လား (မှန်ပါ့ ဘုရား) အဲ ဒါဖြင့် ဒကာဒကာမတို့ နိဿတ္တနိဇ္ဇီဝ မပါလို့ရှိရင်လည်း “ယောနိသော မနသိကာရက” လာပါ့မလား (မလာပါ ဘုရား) နှလုံးသွင်း မမှန်တော့ဘဲနဲ့ ဘယ်မှာ သမ္မာဒိဋ္ဌိက ဖြစ်တော့မတုံး (မဖြစ်ပါ ဘုရား) သမ္မာဒိဋ္ဌိမှ မဖြစ်ဘဲနဲ့ ဒကာဒကာမတို့ သမ္မာဒိဋ္ဌိရမှ နိဗ္ဗာန်မြင်နိုင်တဲ့ဥစ္စာ မြင်စရာကို မျက်လုံးပါသေးရဲ့ လား (မပါပါ ဘုရား) မပါလို့ ရှိရင် ရောက်ပါဦးတော့မလား (မရောက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့အရေးကြီးကြောင်း သိပလား (သိပါပြီ ဘုရား) ဒီနေ့ ဘာတရား ဟောသတုံး (နိဗ္ဗာန် သွားမြေပုံတရားကို ဟောပါတယ်) နိဗ္ဗာန်ရောက်နိုင်တဲ့ မြေပုံကို ဖျောက်မပြစ် နိုင်အောင်လို့ ခင်ဗျားတို့ကို ပေးထား တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိမ်ရောက်ရင်ပျောက်တတ်တယ်

ဘယ်အချိန်ပျောက်တတ်သတုံး (အိမ်ရောက်ရင် ပျောက်တတ်ပါတယ်) ဒါဖြင့် မသွားကြနဲ့၊ မသွားကြနဲ့၊ အိမ်ပြန်ဖို့ တောင် မတော်ဖြစ်နေကြပြီ၊ ပြန်ကြလို့ရှိရင်လည်း ဒါကိုတော့ မပျောက်ကြစေနဲ့ ဒကာ ဒကာမတို့ အိမ်ရောက်ရင် ပျောက်တယ် ဆိုကတည်းက အတော်ဆိုးသွားတယ် (မှန်ပါ့ ဘုရား)။

ပျောက်လည်း ပျောက်တတ်တာပဲ ဦးခင်မောင် (မှန်ပါ့) ဦးခင်မောင်ဒါဖြင့် ခင်ဗျားတို့ နေရာတွေဟာ စက်လေးပါး မကြုံဘူး’ ပဋိရူပဒေသဝါသစက်လည်း မဟုတ်ဘူး၊ ပုဗ္ဗေစ ကတ ပုညတာစက်လည်း မဟုတ်ဘူး၊ “အတ္တသမာပဏီဓိကလည်း” မရှိဘူး၊ ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်လို့တုံး နိဗ္ဗာန်သွားမြေပုံ သူရောက်ရင် ပျောက်တယ်ဆိုကတည်းက၊ ဘယ်ကလာ ကောင်းနိုင်တော့မလဲ (မကောင်းနိုင်ပါ ဘုရား) ကောင်းနိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ပျောက်တယ် မပျောက်တယ်ဆိုတာကလည်း အိမ်မှာ စဉ်းစားကြည့် အိမ်ရောက်ရင် သောကဗျာပါဒ ဝင်လာ တာပဲ (မှန်ပါ့) မဝင်လာဘူးလား (ဝင်လာပါတယ်) လာတယ်ဆို ကတည်းက အဲဒါ ဘာပျောက်လို့ဆိုတာ ရိပ်မိ ရောပေါ့၊ မြေပုံပျောက်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

မြေပုံပျောက်တော့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဆိုတာ ငါ့ဟာဆိုတဲ့ ဒိဋ္ဌိစွဲက အကြောင်းခံလာတာဗျ (မှန်ပါ့) ဒိဋ္ဌိလာခြင်းကြောင့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတို့ အကုန်ဖြစ်လာတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

မနေကောင်းတဲ့နေရာကကိုယ့်အိမ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မသွားကောင်းတဲ့ အရပ် မနေကောင်းတဲ့နေရာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) မသွားကောင်းတဲ့ အရပ်ကလည်း ကိုယ်နေတဲ့အရပ်၊ မနေကောင်းတဲ့ နေရာကလည်း ကိုယ့်အိမ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးခင်မောင် တောလည်းမထွက်နိုင်နဲ့ မခက်ဘူးလား (ခက်ပါတယ်ဘုရား) မြေပုံပျောက်တဲ့ နေရာချည့် သွားပြီး နေမိတော့လည်းစုံလုံးကန်းချည်းဖြစ်ပြီးသကာလ မနေပေ ဘူးလား (နေပါတယ် ဘုရား)

ဒီနေရာပျောက်တတ်တယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေရာဟာ ပျောက် တတ်တယ်ကွ၊ နိဿတ္တနိဇ္ဇီဝတွေ မဖြစ်ဖြစ်အောင်လုပ်ပါ ကိုယ့်ကိုယ်လည်း (မှန်ပါ့) ကိုယ့်သား ကိုယ့်သမီးတွေ အပေါ်ကော (မဖြစ်ဖြစ်အောင် လုပ်ရပါ့မယ်ဘုရား) မဖြစ်ဖြစ်အောင် ကြည့်၊ ဒါကလေးတွေ ရုပ်ကလေးတွေ နာမ်ကလေးတွေပဲ ဖြစ်ပျက်ကလေးတွေပဲလို့ မြန်မြန်လုပ် (မှန်ပါ့) နို့မဟုတ် လို့ရှိရင်ဖြင့် အကုန်ပျောက်ထွက် သွားလို့ ခက်ပါလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟော လေသမျှ နိဿတ္တနိဇ္ဇီဝ ရောက်တာ ချည့်ပဲလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုင်း ဒါဖြင့် မနေ့ကတရားကို ပြန်ပြီးစကြစို့ (မှန်ပါ့) အခုဒီဥစ္စာ လေးချက်တော့ ရှင်းသွား ပြီနော် (မှန်ပါ့ ဘုရား)။

ခန္ဓာထဲမှာအိုနာသေတွေ့ရှိတယ်

ဒကာ ဒကာမတို့ အို, နာ, သေဆိုတာ သိပြီနော်။ ခန္ဓာကိုယ် ထဲမှာ အို, နာ, သေတွေ ရှိနေတယ် (မှန်ပါ့) အို, နာ, သေ ဘယ်ကလာပါလိမ့် (ခန္ဓာကလာပါတယ်) ခန္ဓာ ငါးပါးရှိတဲ့ အတွက် ဒကာ ဒကာမတွေ အို, နာ, သေ လာတာပဲ၊ ဒါဖြင့် ခန္ဓာငါးပါးလမ်းကို လိုက်တဲ့ ပုဂ္ဂိုလ်ကဖြင့် မြေပုံပျောက်ပြီ (မှန်ပါ့) မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

ဘာခန္ဓာဖြစ်ရပါလို၏၊ ညာခန္ဓာဖြစ်ရပါလို၏ ဆိုရင်ဖြင့် ဦးခင်မောင် ဘာပျောက်ပြီတုံး (မြေပုံ ပျောက်ပါပြီ ဘုရား) ဘယ်မြေပုံပျောက်တာတုံးဗျာ (နိဗ္ဗာန်သွား မြေပုံပျောက် တာပါ ဘုရား) အင်း သုံးဆယ့်တစ်ဘုံ မြေပုံကြီးကတော့ သူနားလည်ထားတယ် (မှန်ပါ့) နိဗ္ဗာန် သွားတဲ့ မြေပုံကတော့ (ပျောက်ပါပြီ ဘုရား) နာလိုက်တဲ့ဖြစ်ခြင်းဗျာ၊ မနာဘူးလား (နာပါတယ်ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဘုရားရှေ့သွားပြီး သုံးဆယ့် တစ်ဘုံ မြေပုံကြီး လုပ်မနေပါနဲ့၊ သုံးဆယ့်တစ်ဘုံမြေပုံကတော့ မျက်စိလည်တဲ့သူသွားတဲ့လမ်းတွေ (မှန်ပါ့) ဦးဝ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ခန္ဓာဘယ်ကလာပါလိမ့်

ဒါဖြင့် ခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ဘယ်ကလာပါ လိမ့် (တဏှာကလာပါတယ်ဘုရား) တဏှာ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဘယ်တော့မှ အဖြောင့်မပြဘူး၊ အကောက် ချည့်ပြတယ် (မှန်ပါ့) တဏှာက အကောက်ချည်ပြပါမယ် ဆိုတော့ အိုလမ်း၊နာလမ်း၊သေလမ်းချည့်ပြတယ် (မှန်ပါ့) အို နာ,သေသိမ်းတဲ့ငြိမ်းတဲ့လမ်းကိုသူပြရဲ့လား (မပြပါ ဘုရား)။

အိုသေဘယ်ကလာသတုံး

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာ ကြည့်ပါ၊ အို, နာ, သေ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ်) ခန္ဓာငါးပါး ဘယ်သူက ဖြစ်စေတာတုံး (တဏှာက ဖြစ်စေပါတယ်) တဏှာကဖြစ်စေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်) ဒီတဏှာ ဘယ်ကလာ ပါလိမ့်မတုံး (ခင်ရာ မင်ရာက လာပါတယ်ဘုရား)။

အဲ နိဿတ္တ နိဇ္ဇီဝပျောက်ပြီ (မှန်ပါ့) မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား) ဒါကြောင့် ခင်ဗျားတို့သည် အိမ်ကိုမပြန်စေချင်တာ ပျောက်မှာစိုးလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အိမ်ပြန်သွား ရင် ပျောက်မှာပဲ သူ့ဟာက (မှန်ပါ့) အိမ်ပြန်တော့နိဿတ္တ နိဇ္ဇီဝ ပျောက်ပြီး ပုဂ္ဂိုလ်သတ္တဝါတွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

နိဿတ္တ နိဇ္ဇီဝပျောက်ပြီး ဘာပေါ်ပေါက်လာသတုံး (ပုဂ္ဂိုလ်သတ္တဝါ ပေါ်ပေါက်လာပါတယ်) ပုဂ္ဂိုလ် သတ္တဝါ ပေါ်ပေါက်လာတယ်ဆိုကတည်းက သုံးဆယ့်တစ်ဘုံ မြေပုံကြီး အတိုင်း ဝင်လာတယ် (မှန်ပါ့) နိဗ္ဗာန်သွား မြေပုံပျောက် ရော (မှန်ပါ့) ဒီတော့ အင်မတန်မနစ်နာဘူးလား ဒကာ ဒကာမတို့ (နစ်နာပါတယ်ဘုရား)။

ကိုင်း ခင်ဗျားတို့က တောကလည်း မထွက်နိုင် (မှန်ပါ့) တောကလည်း မထွက်နိုင်ဖြစ်ပြီး သကာလ နေတော့၊ ဘာဖြစ်လို့ မထွက်နိုင်တာတုံးဆိုတော့ မြေပုံပျောက်လို့ ကို မထွက်နိုင်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) မြေပုံ တစ်နေ့ဘယ်နှစ်ခါ ပျောက်သတုံး (မရေတွက်နိုင်ပါ ဘုရား) တချို့ လုံးဝကို အလိုမရှိဘူး၊ ပျောက်ဖို့ရာ အသာထားဦး (မှန်ပါ့ ဘုရား)။

တဏှာဘယ်ကလာသတုံး

ဒကာ ဒကာမတို့ တဏှာ ဘယ်ကလာသတုံး (ခင်ရာမင်ရာက လာပါတယ်ဘုရား) ဘာပျောက်တယ်ဆိုတာ ခင်ဗျားတို့ပဲ အကဲခတ်တော့ (မှန်ပါ့) ဘာပျောက်သွားသတုံး (နိဿတ္တ နိုဝပျောက်ပါတယ်) နိဿတ္တ နိဇ္ဇီဝ ပျောက်သွား တယ်၊ ခင်ရာမင်ရာဖြစ်သွားတယ် (မှန်ပါ့) ငါ့သား ငါ့သမီး ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ကဲ ဘယ့်နှယ်နေသတုံး ခင်ရာမင်ရာက လာတယ် ဆိုတာ မမှန်ဘူးလား (မှန်ပါတယ်) ဒါဖြင့် ခင်စရာ ရှိနေလို့ ရှိရင် တဏှာလာမယ်၊ တဏှာလာလို့ရှိရင် ခန္ဓာရမယ်၊ ခန္ဓာ ရရင်ဖြင့် အို, နာ, သေရမယ်ဆိုတဲ့ဥစ္စာ ဦးခင်မောင် လွဲဖို့များ ရှိသေးသလား (မရှိပါ ဘုရား)။

အဲဒါ မနေ့ကတရားကို သွားပြီးသကာလ ခုနင်က ပြောခဲ့တဲ့ သမ္မာဒိဋ္ဌိသုတ်ကနေပြီး ဦးဘတင် ထောက်ခံ လိုက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အင်မတန် အဖိုးတန်တော့ တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ခင်ရာမင်ရာ အာယတနတွေကလာတယ်

ကောင်းပြီ ဒကာ ဒကာမတို့ ပြောကြပါဦး၊ အို, နာ, သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ်) ခန္ဓာငါးပါး ဘယ်ကလာသတုံး (တဏှာက လာပါတယ်) တဏှာ ဘယ်က လာပါလိမ့် (ခင်ရာမင်ရာက လာပါတယ်) ခင်ရာ မင်ရာ အာယတန တွေကလာတယ်နော် (မှန်ပါ့ ဘုရား)။

ခင်ရာမင်ရာ ဆိုကတည်းကိုက သားသမီးတဏှာ သူတစ်ပါးက လာတော့တာပဲ (မှန်ပါ့) ကျုပ်တို့က တစိမ်း ပေမယ့်ခင်တယ်၊ တစိမ်းခင်လည်း မရှိကြဘူးလား (ရှိပါတယ်) ဒါတော့ ဆွေမျိုး ခင်ရတယ် ဆိုတာကော (ရှိပါတယ်ဘုရား) ဒါတော့ တစိမ်း ဒါပေမယ့်လည်း ကိုယ်နဲ့ အကြောင်းဆက နေပြန်တော့ ခင်ရတာပဲ (မှန်ပါ့ ဘုရား)။

သူနဲ့ဆက်ပြီး သူ့မိဖတွေနဲ့ကော (ခင်ရပါတယ် ဘုရား) အံမာလေး ဒကာ ဒကာမတို့ ခင်ရာမင်ရာပေါင်း ဘယ်လောက်များသတုံးမေးလို့ရှိရင် (မရေတွက်နိုင်ပါ ဘုရား) ဘယ်သူပျောက် သွားလို့ ခင်ရာမင်ရာဖြစ်လာသတုံး (နိဿတ္တနိဇ္ဇီဝ ပျောက်သွားလို့ပါ ဘုရား)။

ခင်ရာမင်ရာဖြစ်ရင်နောက်ခန္ဓာပေါ်မယ်

အဲဒါကြောင့် ဒကာ ဒကာမတို့ နိဿတ္တနိဇ္ဇီဝပျောက်တဲ့ အချိန်ကစပြီး ခင်ရာမင်ရာ ဖြစ်တာပဲ (မှန်လှပါ ဘုရား) | ခင်ရာ မင်ရာဖြစ်ရင် နောက်ခန္ဓာပေါ်ဖို့ သေချာတာပဲ (မှန်ပါ့) နောက်ခန္ဓာ ပေါ်ဖို့သေချာ လို့ရှိရင် အို, နာ, သေ ဟာဖြင့် ဘယ်တော့မှ ငါနဲ့ ခွဲတော့မှာ မဟုတ်ဘူးဆိုတဲ့ ဒုက္ခ သစ္စာကြီး ပွေ့ပိုက်ပြီး သံသရာထဲလည်ရုံပဲ ရှိတော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဿတ္တ၊ နိဇ္ဇီဝဖြစ်အောင်လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ ဘယ်ကလာသတုံး (ခင်ရာမင်ရာက လာပါတယ်ဘုရား) ကိုင်း ဒါဖြင့် ကျုပ်တို့ နိဿတ္တနိဇ္ဇီဝဖြစ်အောင်လုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုလုပ်ရမယ် (နိဿတ္တနိဇ္ဇီဝ ဖြစ်အောင် လုပ်ရပါ မယ်ဘုရား) နိဿတ္တနိဇ္ဇီဝ အဟုတ်ဆိုတော့ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ အသက်မဟုတ်၊ ရုပ်နာမ်ဓမ္မသာဟုတ်၊ ဒုက္ခ သစ္စာသာဟုတ်၊ ဒီကျအောင် ကျင့်ရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ဒုက္ခသစ္စာ

ရုပ်နာမ်ဓမ္မဖြစ်ပျက်၊ ဒုက္ခသစ္စာလို့ပဲ ဒီလိုမထိုင်သေးသ ၍ ကာလပတ်လုံး နိဗ္ဗာန်မြေပုံအစက ပျောက်ပြီလို့ အောက်မေ့ ပါ (မှန်ပါ့) အင်မတန် အဘိုးတန်သွားပြီ ဦးဝ (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ရာမင်ရာကို ဘာလုပ်ရမယ် (နိဿတ္တ နိဇ္ဇီဝ ဖြစ်အောင်လုပ်ရပါမယ်ဘုရား)။

ပုဂ္ဂိုလ်မဟုတ် သတ္တဝါမဟုတ် ဖြစ်အောင်လုပ်ရမယ် (မှန်ပါ့) နိဿတ္တနိဇ္ဇီဝကို မြန်မာလို ပြန်လိုက်တော့ ဘာတဲ့ (သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်ကောင် မဟုတ် ပါ ဘုရား) သတ္တဝါမဟုတ် ဝိညာဉ်ကောင်မဟုတ်ဆိုတော့ နာမ်ရုပ်သာ ဟုတ်၏ (မှန်ပါ့) ဒုက္ခသစ္စာသာ (ဟုတ်ပါတယ်) ဒီလိုသွား ရလိမ့်မယ်၊ သဘောကျဖလား (ကျပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်ရင်နိဗ္ဗာန်ရောက်တယ်

ဒီလိုသွားလိုက်တော့ အခု ပုဂ္ဂိုလ်သတ္တဝါ မဟုတ်အောင် ဘုန်းကြီးက ဟောပြီမဟုတ်လား (မှန်ပါ့) ဟောတော့ ခင်ဗျား တို့မှာ ယောနိသောမနသိကာရ မရသေးဘူးလား (ရပါတယ် ဘုရား) ရသည်နှင့်တစ်ပြိုင်နက် အားထုတ်လိုက်ရင် သမ္မာဒိဋ္ဌိ ဖြစ်မယ် (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်ရင် ဒီကနိဗ္ဗာန်ကို မရောက်ပါနဲ့ဆိုလို့ မဖြစ်ပါဘူး၊ ဘယ်နည်းနဲ့မဆို ရောက်တော့ မယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါ သေသေချာချာ မှတ်စမ်းပါ၊ ဒါလောက်အသွား အပြန်အမျိုးမျိုး မှန်စေတဲ့တရားကို ခင်ဗျားတို့သည် လေးလေး စားစား မှတ်မှတ်သားသားနဲ့လုပ်ပါ၊ ဒီဟာဖြင့် အပျောက် မခံနိုင်ဘူး၊ လည်လမ်းကို ဖြတ်လမ်းနဲ့ပြနေတာ (မှန်ပါ့) လည်တဲ့ မြေပုံကြီး ဖျောက်ပြီး သကာလ ရောက်တဲ့ မြေပုံကြီးကို ကိုယ်တိုင်အဖြစ်နဲ့ ပေးနေတာကိုဖြင့် ဖျောက်ပစ်လို့ မတော်ဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အလွန့်အလွန် အရေးကြီးတယ် (မှန်ပါ့) မနေ့ကတရားနဲ့ ပြန်ဆက် လိုက်တော့မှ သြော် ဟုတ်ပါကလား ခုနင်ကမြေပုံဟာ အစစ်ပါလားဆိုတာ ဦးဘတင် ထောက်ခံချက် ရတယ် (မှန်ပါ့ ဘုရား)။

တဏှာဘယ်ကလာသတုံး (ခင်ရာမင်ရာက လာပါ တယ်) ဘယ့်နှယ်ကြောင့် ခင်ရာမင်ရာ ဖြစ်သတုံးဆိုတော့ နိဿတ္တနိဇ္ဇီဝပျောက်လို့ (မှန်ပါ့) ဘာဖြစ်လို့ နိဿတ္တနိဇ္ဇီဝ ပျောက်ရ သတုံး ဆိုတော့၊ တရားနာပြီးနှလုံးသွင်းမှန်တဲ့ တရားကို မနာရလို့ (မှန်ပါ့) နှလုံးသွင်းမှန်တဲ့တရား မနာရတဲ့ အတွက် ဒကာ ဒကာမတို့သည်ကားလို့ဆိုလို့ရှိရင် ခန္ဓာပေါ်တော့မယ် (မှန်ပါ့) ခန္ဓာပေါ်လို့ ရှိရင် ဇာတိ, ဇရာ, မရဏ အဖေါ်ဖြစ်ရ မယ် (မှန်ပါ့)။

နှလုံးသွင်းမှန်အောင်တရားနာကြစို့

ကဲ နိဿတ္တနိဇ္ဇီဝကို ခင်ဗျားတို့ နှလုံးသွင်းမှန်အောင် တရားနာကြစို့၊ သမ္မာဒိဋ္ဌိ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိဖြစ်လို့ရှိရင် နိဗ္ဗာန်မရောက်ပေဘူးလား (ရောက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် အကြောင်းအကျိုးကော ဒကာ ဒကာမတွေ သေသေချာချာ ဆက်မိပလား (ဆက်မိပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအရေးဟာဖြင့် ဦးခင်မောင် သာမည အရေးလို့အောက်မေ့မနေနဲ့ (မှန်ပါ့) အထူး အရေးကြီးတယ် ဆိုတာ သေချာပြီနော် (သေချာပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကျုပ်တို့ဘာဖြစ်ဖို့ အရေးကြီး တယ်ဆိုတာဖြင့် နိဗ္ဗာန်သွားတဲ့မြေပုံမှာ အစတွေ့ဖို့ရာ နိဿတ္တ နိဇ္ဇီဝရှာရမယ် (မှန်ပါ့ ဘုရား)။

သုညတဖြစ်အောင်ရှာရမယ်

ဘာရှာရမယ် (နိဿတ္တနိဇ္ဇီဝ ရှာရပါ့မယ်) ကဲ ဒီထက် အထူးထူးပြောကြပါစို့ ဆိုလို့ရှိရင် သုညတဖြစ်အောင် ရှာ (မှန်ပါ့) သုညတဆိုတာငါ ငါ့ဥစ္စာမဟုတ် သိအောင်ရှာ ရတော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နိဿတ္တနိဇ္ဇီဝဖြစ်အောင်ရှာရမယ် သုညတဖြစ်အောင် ရှာရမယ် (မှန်ပါ့ ဘုရား)။

ဪ ဒီဥစ္စာကိုရှာရမယ်ဆိုတာ မရှိတာကို ရှာရမှာလားဆိုတော့ မှားနေတာ ပြင်ပေးရုံပါပဲ (မှန်ပါ့) မှားနေတာပြင်ပေးရုံပါပဲ ဒကာ ဒကာမတို့ အစွဲနာနေတာ ဖြုတ်ပေးဖို့ပါပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့် (အစွဲနာနေတာပြင်ပေးဖို့ပါပဲ) အစွဲ နာတာလည်း နာလိုက်တဲ့ဖြစ်ခြင်း၊ သတ္တဝါအစမှာ မတွေ့ အောင်ဘဲနာရတယ် (မှန်ပါ့) အဲဒီအစွဲ စွဲခဲ့တာဘယ်တော့ မှလည်း မပြုတ်ဖူးဘူး၊ မဖြေဘူး (မှန်ပါ့) အစွဲဘယ်လောက် နာနေတယ်ဆိုတာ ပြောစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အခုအချိန်မှစပြီး ရှာကြရတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြပါ့မလဲ (အခုအချိန်မှစပြီး ရှာကြရပါ တယ်) စရှာရတယ်ဆိုရင် ရှာရရုံနဲ့မပြီး နောက်ပွားများပြီးတော့ ဖြုတ်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြားရရုံနဲ့မပြီးဘူး

ကြားရရုံနဲ့ပြီးပါ့မလား (မပြီးပါ ဘုရား) ခင်ဗျားတို့က ဘယ်သူဟာ ဘယ်တရားကို နာကြားရတဲ့အတွက် နိဗ္ဗာန် ဝင်သွားတယ်၊ အပွားတော့ထည့်မစဉ်းစားဘူး (မှန်ပါ့) ဦးခင်မောင် မလိုဘူးလား (လိုပါတယ်) ကြားရရုံနဲ့ ခင်ဗျား တို့ကလည်း အခုကြားနေရတော့ တည်ပါတော့လား ဆိုတော့ ဘယ်ကလာ တည်နိုင်မှာတုံး (မှန်ပါ့) အဲဒီတော့ အကြားနဲ့ မပြီးဘူး အပွားနဲ့ပြီးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အပွားနဲ့မှပြီးမယ်

အကြားနဲ့ (မပြီးနိုင်သေးပါ ဘုရား) အပွားနဲ့ပြီးမှ (ပြီးပါ့မယ်) အဲ မဂ္ဂသစ္စာ ဘာဝေတဗ္ဗကိစ္စနဲ့ “နိဿတ္တနိဇ္ဇီဝ” ပေါ်မှာ ဦးဘတင် ပွားယူရမယ် (မှန်ပါ့) မပွားရင် တော်ပါ မလား (မတော်ပါ ဘုရား)။

တဏှာဆိုတာသည် ဒကာ ဒကာမတို့ သူလည်းဘဝများ စွာက သုံးလာခဲ့တဲ့တရားဆိုတော့၊ သူကလည်း နည်းနည်းနောနော သတ္တိရှိတဲ့ တရားမဟုတ်ဘူး (မှန်ပါ့) သူကလည်း အာသေဝန သတ္တိတွေ အင်မတန် ထုံလာခဲ့တာဆိုတာလွဲပါ့မလား (မလွဲပါ ဘုရား) ဒီတော့မှ မဂ်ကလည်း “ဘာဝေတဗ္ဗ ကိစ္စနဲ့” သူ့အပေါ်ပြန်တုံ့မှ ပြတ်တော့မပေါ့ဗျ (မှန်ပါ့) နို့မဟုတ်ရင် – ဒီအတိုင်းနဲ့တော့ (မပြတ်ပါဘူး) ဆုတောင်းရုံ တောင်းနေလို့တော့ ဘယ်ဖြစ်မလဲ (မှန်ပါ့) “နိဿတ္တနိဇ္ဇီဝ’ မတွေ့တဲ့ ပုဂ္ဂိုလ်ဟာ ဦးခင်မောင် ဆုတောင်းနေရုံနဲ့တော့ သွားပြီ (မှန်ပါ့ ဘုရား)။

ဆုတောင်းနေရုံနဲ့မရောက်ဘူး

‘နိဿတ္တနိဇ္ဇီဝ’ တွေ့အောင်မရှာ၊ အလုပ်မလုပ်ဘဲနဲ့ ဆုတောင်းနေရုံနဲ့ ရောက်ပါလိမ့်မယ် လို့များ အောက်မေ့မနေနဲ့၊ “နိဿတ္တနိဇ္ဇီဝ” မတွေ့ရင် နိဗ္ဗာန်မြေပုံအစတောင်မှ မတွေ့သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ “နိဿတ္တနိဇ္ဇီဝ ဖြစ်အောင်လုပ်ကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ ခင်ရာ မင်ရာကို၊ ခင်ရာမင်ရာဆိုတဲ့ဥစ္စာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ကြံဖန်ပြီးသကာလ ခင်ရာမင်ရာဖြစ်တာ (မှန်ပါ့)အဲဒီတော့ ပင်ကိုသဘောကို ဘုန်းကြီးပေါ်အောင်ပြောရလိမ့်မယ် (မှန်ပါ့) ပင်ကိုသဘောက ဘာတုံးတဲ့ ဆိုတော့ ခန္ဓာငါးပါး (မှန်ပါ့) ပင်ကိုသဘောကတော့ ခန္ဓာငါးပါးပဲ (မှန်ပါ့ ဘုရား)။

ခန္ဓာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ “ဇာတိဇရာ မရဏတို့၏” စာဖတ်ဝါးဖတ်ဖြစ်တာကို ခန္ဓာခေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်နာမ်ကိုချုံးလိုက်ရင် အနိစ္စတရား

ခန္ဓာငါးပါးကို စုလိုက်မယ်ဆိုရင်လည်း ရုပ်နာမ်ဖြစ် သွားမှာပဲ၊ ရုပ်နာမ်ကို တစ်ခါချုံး လိုက်မယ်ဆိုတော့ အနိစ္စ တရားတွေသာဖြစ်တယ် (မှန်ပါ့) ဒိပြင်ဘာများရှိသေး သတုံး (ဘာမှမရှိပါ ဘုရား) ဒိထက်အကျဉ်းချုံးလို့ရှိရင် လည်း အားလုံးပေါင်းလိုက် ဒုက္ခသစ္စာတစ်ခုတည်းပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီထက်ချုံးလိုက်ရင်ဒုက္ခသစ္စာ

ကောင်းပြီ ဒါဖြင့် ဒုက္ခာသစ္စာ တစ်ခုတည်းဖြစ်အောင် လုပ်လိုက်ဆိုတော့ “နိဿတ္တနိဇ္ဇီဝ ဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား) သော် ဒါဖြင့် ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခပဲဆိုတော့ “နိဿတ္တနိဇ္ဇီဝ” မဖြစ်သေးဘူးလား (ဖြစ်ပါ တယ်) သတ္တဝါမဟုတ်လို့ ပုဂ္ဂိုလ်မဟုတ်လို့လည်း ပျက်တယ် (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်သုဉ်းတဲ့သဘောကို မမြင် ဘူးလား (မြင်ပါတယ် ဘုရား)။

အဲဒီလို ဒကာ ဒကာမတွေက “နိဿတ္တနိဇ္ဇီဝ” ဖြစ်အောင် ဒီကနေပြီးသကာလ မဂ္ဂင်ငါးပါးနဲ့ ရှုကြ စမ်းပါလို့ ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကို မဂ္ဂင်ငါးပါးနဲ့ပါ

ဘာနဲ့ရှုရမလဲ (မဂ္ဂင်ငါးပါနဲ့ရှုရပါ့မယ်) မဂ္ဂင် ငါးပါးနဲ့ ရှုရမယ် ခန္ဓာငါးပါးကို (မှန်ပါ့ ဘုရား)။

ဒါဖြင့် ငါးပါး၊ ငါးပါးချင်းဆိုရင်ဖြင့် ခက်ရချေရဲ့ များ ထင်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးထဲက တစ်ပါး တင်ရှု၊ တစ်ပါးရှုရင် အကုန်ပါတယ်ဆိုတာကော သေချာ ပလား (သေချာ ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ပါးပါးကို ရှုပါ

တစ်ပါးတင်ရှုပါဆိုတာ ဦးခင်မောင် စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က စိတ်ကိုရှု၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာရှု၊ ဓမ္မကြိုက်တဲ့ ပုဂ္ဂိုလ်က (ဓမ္မကိုရှုပါ ဘုရား) ကာယကြိုက်တဲ့ ပုဂ္ဂိုလ်ကလည်း (ကာယရှု) ရှုလိုက်လို့ရှိရင် အကုန်သဟဇာတ ဖြစ်ပြီး သကာလ တစ်ခုရှုလိုက်ရင် အကုန်ရောပြီး ပါတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်မီးလောင်ပါတယ်ဆိုတာ အချင်ကလေးများ ကျန်ရစ် သေးသလား၊ အမိုးကလေးများ ကျန်ရစ်သေးသလား မေးမနေနဲ့ ဒကာ ဒကာမတို့ အိမ်မီးလောင်ပါတယ် ဆိုတာ အကုန်လောင်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒီမှာလည်း ဝေဒနာ တစ်ခုပျက်တယ်ဆိုရင် ကျန်တဲ့လေးပါး ပါ ပျက်တယ် (မှန်ပါ့)၊ သညာတစ်ခု ပျက်တယ်ဆိုရင် (ကျန်လေးပါးအကုန်ပျက်ပါ တယ်ဘုရား)။

စာဆိုကတော့ ဒကာ ဒကာမတို့ ဉာဏ်နဲ့ကြည့်ဖို့ မလွယ်လှဘူး၊ ရုပ်ကအပျက်နှေးတယ်၊ နာမ်ကအပျက်မြန်တယ် ဆိုတာတွေ ဘုရားဉာဏ်တော်နဲ့ ချိန်ဆက်တိုင်းထွာ ထားတာတွေ (မှန်ပါ့) ဒါတွေထိအောင် ဒကာ ဒကာမတွေ မြင်ဖို့ မလွယ်ဘူး (မှန်ပါ့) ဒကာ ဒကာမတို့ကတော့ “ရှင်သာရိ ပုတ္တရာ” ဟောထားသလို ကျူစည်းပမာလို သိကြရင် ကိစ္စပြီး ပါတယ်၊ ကျူစည်းနှစ်ခုမှီပြီးထောင်၊ တစ်ခုကိုဆွဲလိုက်ရင် ကျန်တဲ့ တစ်ခုလဲပြိုတာပါပဲ (မှန်ပါ့ ဘုရား)။

နာမ်ရုပ်ကြောင့်လည်းဝိညာဏ်ဖြစ်တယ်

ဒီမှာလည်း ဒကာ ဒကာမတို့ “ဝိညာဏပစ္စယာ နာမရူပံ” နာမရူပပစ္စယာ ဝိညာဏံလို့ ပြန်လှည့်တယ် (မှန်ပါ့) ဒါဖြင့် ဝိညာဏ်ကြောင့်လည်း နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် လည်း (ဝိညာဏ်ဖြစ်ပါတယ်) ဝိညာဏ်ဖြစ်တယ်လို့ ဟောတော့ “ရှင်ကောဋ္ဌိက က ဒီဥစ္စာ ထူးထူး ဆန်းဆန်း ကြား ရပါတယ်လို့ လျှောက်တယ် (မှန်ပါ့) စိတ်ကြောင့်လည်း စေတသိက်နဲ့ ရုပ်ဖြစ်တယ်၊ စေတသိက်နဲ့ ရုပ်ကြောင့်လည်း စိတ်ဖြစ်၊ ဒီလို မဟောဘူးလား (ဟောပါတယ်ဘုရား)။

ဒီတော့ “ရှင်သာရိပုတ္တရာက ငါ့ရှင် ဟုတ်ပါတယ်၊ ဝိပဿနာရှုတဲ့နေရာမှာ တစ်ခုလဲရင် အကုန်လဲတာပဲ၊ စိတ်ပြိုရင် စေတသိက်တွေ ရုပ်တွေပါ ပြိုတာပဲ၊ ရုပ်ပြိုရင်လည်း ထို့အတူ စိတ်နဲ့စေတသိက်တွေ ပြိုတာပါပဲ (မှန်ပါ့ ဘုရား)။

ဥပမာ ဝါးလုံးနှစ်ခုကို တစ်ခုချင်းတေ့ပြီး ထောင်ထား ပါက ဒကာ ဒကာမတို့ ထောင်ထားပြီး ထားပေါ့ဗျာ (မှန်ပါ့) တစ်ခုကိုသာ ဆွဲကြည့်စမ်းပါဦး၊ ဦးခင်မောင် (လဲပါတယ် ဘုရား) ကျန်တစ်ခုလည်း လဲရမှာပဲ၊ ဘာဖြစ်လို့ လည်း နဂိုရ်က နှစ်ခုမှီနေကြတာကိုးဗျ (မှန်ပါ့ ဘုရား)။

ရုပ်နဲ့နာမ်ဟာအချင်းချင်းကျေးဇူးပြုနေတယ်

ဒီမှာ ရုပ်နဲ့နာမ်ဟာ အချင်းချင်း ကျေးဇူးပြုမှီနေကြ တော့ ဝေဒနာရှုလိုက်ရင် ကျန်တဲ့ လေးပါး လည်း ပျက်တာပါပဲ၊ ကျန်တဲ့ လေးပါးရှုလိုက်ရင်လည်း (ဝေဒနာပျက်ပါတယ်) အဲဒီတော့ တစ်ခုရှု လိုက်ရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒီလိုဟောထားတာကလည်း “ဝိညာဏပစ္စယာ နာမရူပံ” “နာမရူပ ပစ္စယာဝိညာဏံ” လို့ “နိဒါနဝဂ္ဂသံယုတ်” ပါဠိတော်မှာ နဠကလာပိသုတ်ဆိုပြီး သေသေချာချာ ဟောထား ပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် တစ်ခုပျက်ရင် ဘယ်လိုနေကြမယ် (အကုန်ပျက်ပါတယ်) ဒါဖြင့် တစ်ခုတည်းကို ထင်မြင်အောင် ဉာဏ်စူးဝင် အောင်ဖိပြီးရှုပေါ့ဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ချည်းမြင်အောင်

ဘယ်လိုရှုကြမယ် (တစ်ခုကိုဖိပြီး ရှုရပါ့မယ်) အဲ ရုပ် ရှုချင်လည်းရှု၊ ရုပ်မှီနေတဲ့နာမ်ဟာ အကုန်လဲမှာ ပဲ (မှန်ပါ့) နာမ်ရှုချင်လည်ရှု၊ နာမ်နဲ့ရုပ်နဲ့ သဟဇာ ဖြစ်နေတော့ တစ်ခုလဲရင် (အကုန်လဲမှာပါ ဘုရား) အဲဒါ ကြောင့် ဒကာ ဒကာမတွေ ဝေဒနာနုပဿနာကြိုက်တဲ့ ပုဂ္ဂိုလ် ဝေဒနာသုံးပါး လှည့်ရှု၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က “စိတ္တာနုပဿနာ” ဘယ်စိတ်ပေါ်နေပေါ်နေရှု (မှန်ပါ့) ဖြစ်ပျက်ချည့်မြင်အောင် ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်တာ ဒုက္ခသစ္စာပဲ။ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

ရှုတာက မဂ္ဂသစ္စာ

ဖြစ်ပျက်ဟူသ၍က (ဒုက္ခသစ္စာပါ) ရှုတာဟူသ၍က (မဂ္ဂသစ္စာပါ) အဲဒီတော့ဖြစ်တာဟူသ၍ ဟာ ဒကာ ဒကာမတို့ သေမလို့ဖြစ်တာ ဖြစ်သောကြောင့် ဒုက္ခပဲ၊ ပျက်တာ လည်း သေပွဲဝင်သွားလို့ ပျက်တဲ့ဒုက္ခပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘာပေါ်ပေါ် စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ ပေါ်ချင် တာပေါ် ဖြစ်ဒုက္ခ ပျက်ဒုက္ခ နှလုံးသွင်း ရမယ် (မှန်ပါ့) ဝေဒနာ ရှုတဲ့ ပုဂ္ဂိုလ်ကလည်း (ဖြစ်ပျက်ဒုက္ခနှလုံးသွင်း ရပါ့မယ်) ပေါ်ချင်တဲ့ ဝေဒနာပေါ် ဝေဒနာ မင်းဟာ မင်းပေါ် ချင်တဲ့ ဝေဒနာပေါ် ငါမြင်တာကတော့ ဖြစ်တာနဲ့ ပျက်တာပဲ ဖြစ်တယ်၊ တနည်း ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲရှုပါ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီမြေပုံသာအပျောက်မခံနဲ့ နိဗ္ဗာန်ရောက်တယ်

ဒါဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခက ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာ) မဂ္ဂသစ္စာဆိုတော့ ဟိုက “နိဿတ္တနိဇ္ဇီဝ” ဖြစ်သွားတော့ ဒီဖက်တဏှာက နေနိုင်သေးရဲ့ လား (မနေနိုင်ပါ ဘုရား) တဏှာကမလာဘဲနဲ့ ခန္ဓာက (မလာပါ ဘုရား) ခန္ဓာမှ မလာဘဲနဲ့ အို, နာ, သေကော (မလာပါ ဘုရား) အဲဒါ “နိဿတ္တနိဇ္ဇီဝ’’ မြေပုံသာ အပျောက်မခံနဲ့၊ နိဗ္ဗာန် ရောက်တယ် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။