199

ဝိပဿနာ အလုပ်ပေး (ဝိပဿနာရှုဆိုတာ၊ ဘာကိုရှုရမှာတုံး-၁)

စိတ္တာနုပဿနာ သင်တန်း (ဝိပဿနာရှုဆိုတာ၊ ဘာကိုရှုရမှာတုံး-၂)

နာရီဝက် တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ဤတရားတော်သည် မိုးကုတ်ဆရာတော်ဘုရားကြီး၊ အမရပူရမြို့၌ နေ့ခင်းပိုင်းတွင် ရန်ကုန်မြို့မှ တပည့်ရင်းများ ဖြစ်ကြသော ဟင်္သာတ ဦးမာဒင်၊ ကျားပျံဦးသန်းမောင်၊ ဒေါ်ကောက် နှင့် ဦးဗထွေးတို့ကို အမှူးထား၍ ဟောကြားသော တရားတော်များ ဖြစ်ပါသည်။

တရားတစ်ပုဒ်လျှင် မိနစ် (၃၀) ခန့်သာ ရှိသဖြင့် (၈. ၁၀. ၁၉၆၁) ရက်နေ့တွင် ဟောကြားသော “ဝိပဿနာ အလုပ်ပေး” တရားတော်နှင့် (၁၁. ၁၀. ၁၉၆၁) ရက်နေ့တွင် ဟောကြားသော “စိတ္တာနုပဿနာ သင်တန်း” တရားတော် နှစ်ပုဒ်ကို စုပေါင်း၍ “ဝိပဿနာရှုဆိုတာ ဘာကိုရှုရမှာတုံး” အမည်ဖြင့် တရားတော် စာအုပ် ထုတ်ထားခြင်း ဖြစ်ပါသည်။

ဤတရားတော်များသည် ယောဂီသစ်များ အတွက် အထူး ပင် ကောင်းပါသည်။ ဆရာတော် ဘုရားက “ပေါ်လာတဲ့ စိတ်ကို မလွတ်တမ်း၊ နောက်ကနေပြီး ဖြစ်ပြီး ပျက်တဲ့ သဘော တွေကို ချုပ်သွားတဲ့ ဓမ္မတွေက ပြောသွားတဲ့ အတွက် အနိစ္စပဲ၊ အနိစ္စပဲလို့၊ ပါးစပ်က မမြည်ဘဲနဲ့၊ အားလည်း မထုတ်ဘဲနဲ့ စောင့်ကြည့် နေရုံပါပဲ။ စောင့်ကြည့်နေတာ ချုပ်သွားတာက အနိစ္စ၊ ကြည့်တာက “အနိစ္စဉာဏ်”၊ ရှုတာက “အနိစ္စဉာဏ်” လို့ ဟောကြားတော်မူခဲ့ ပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ကိန်းနိုင်ကြပါစေ။

အမှုဆောင်အဖွဲ့။

——–

ဝိပဿနာရှုဆိုတာ၊ ဘာကိုရှုရမှာတုံး (၁)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဝိပဿနာရှုဆိုတာ၊ ဘာကိုရှုရမှာတုံး (၁)

(ယောဂီသစ်များအတွက်)

(၈-၁၀-၁၉၆၀)

ဒကာဒကာမတို့ အလုပ်ကို နားလည်အောင် ကြည့် ရမယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။

အလုပ်ဆိုတာသည် မိမိခန္ဓာကိုယ်ထဲကို ကြည့်တာ သိမှုလို့ မှတ်ကြစမ်းပါ (မှန်ပါ) မိမိ ခန္ဓာကိုယ်ထဲ ကြည့်တာ သိလို့ရှိရင် အလုပ် ဖြစ်ပါတယ် (မှန်ပါ)။

ဘုရား၏ ဆုံးဖြတ်ချက်

မိမိခန္ဓာကိုယ်ထဲမှာ ရှိတာ မသိသရွေ့ကာလ ပတ်လုံး ဘုရားက ကန်းတဲ့ ပုထုဇဉ်, ရူးတဲ့ ပုထုဇဉ်တဲ့ (မှန်ပါ)၊ အကန်း အရူး မပျောက်သေးဘူး။ အိုဘေး နာဘေး ရှိရာကို လှည့်ပြေး နေဦးမှာပဲလို့ ဆုံးဖြတ်ချက် ချတယ် (မှန်ပါ)။

အဲဒီတော့ ဘုရား ဆုံးဖြတ်ချက် ချတာကို အင်မတန် အမြင်တော် ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ဆုံးဖြတ်ချက် ချတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဪ ဒို့သည်ကားလို့ ဆိုရင်ဖြင့် ကိုယ့်အမြင်နဲ့ကိုယ် ဟုတ်နေလို့မတော်သေးပါကလား၊ ဘုရား အမြင်တော် အောက်သို့ ရောက်မှ အမှန်ဆို ရမှာပါကလား ဆိုတာ မှတ်ရမယ် (မှန်လှပါဘုရား)။

ကိုယ့်အမြင်ကဘာမှမဟုတ်ဘူး

ကိုယ့်အမြင်နဲ့ ကိုယ်တော့ ဘာမှ မဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။ ကိုယ့်အမြင်က နဂိုက ကတည်း က အမိ ဝမ်းခေါင်းထဲ ကံက ပစ်ချလိုက်တယ်၊ အမိ ဝမ်းခေါင်းထဲ ကံက ပစ်ချလိုက်တော့ ဘယ်သူမှ ကယ်မည့် ဆယ်မည့်သူ ဖေးမ မည့်သူ မရှိဘူး၊ ဒီအတိုင်း ထိုင်နေရတာ (မှန်ပါ)။

ပြင်ဘက် မွေးဖွား လာတော့ အမိ အဖတွေတော့ ရှိပါရဲ့ ကလည်း သူတို့အမြင်နဲ့ သင်ထား ရတာ ဖြစ်တော့ အမှန်မြင် မပါဘူး (မှန်ပါ)၊ တိုတို ပြောတော့ အကန်းက မွေးလို့ အကန်း ကလေးပဲ ရှိသေးတယ် (မှန်ပါ)။

အကန်းက မွေးလို့ အကန်းကလေးပဲ ရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ အဲဒီအကန်းက မွေးတဲ့ အကန်းကလေးဟာ အကန်းကြီး ပြရာကို အကန်းကလေး လိုက်တာပဲ ရှိသေးတယ်၊ အမှန်တော့ မရောက်သေးဘူး (မှန်ပါ)။

ခန္ဓာအရှိနဲ့ဉာဏ်အသိ

ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးများလည်း လမ်းဖွင့် ပေးတယ်၊ ခန္ဓာကိုယ်ထဲမှာ ခင်ဗျားတို့ ကြည့်ပါ၊ ခန္ဓာအရှိနဲ့ ဉာဏ် အသိ လိုက်အောင်လုပ်ပါ။

ခန္ဓာအရှိနဲ့ (ဉာဏ်အသိ လိုက်အောင်လုပ်ရပါမယ်)။

အလုပ်လုပ်တတ်ဖို့ သက်သက် ပြောနေတာ

ခန္ဓာအရှိကိုတော့ဖြင့် ဘုရားဟော ဒေသနာနဲ့ ဘုန်းကြီး ပြပေးမယ် (မှန်ပါ)။ အဲဒီတော့ အခုနေ့လယ် ပြောနေတာက အလုပ် လုပ်တတ်ဖို့ ပြောနေတယ်လို့ မှတ်ပါ (မှန်ပါ)၊ အလုပ် လုပ်တတ်ဖို့ သက်သက် ပြောနေတယ်၊ ဘာမှ မရောဘူး (မှန်ပါ)။

မြင်စိတ်ပေါ်တယ်

အားလုံး ဒကာ ဒကာမတွေ ဟိုစာအုပ်ထဲမှာလည်း ပါ, ပါတယ်၊ ပင့်ကူကြီး ဥပမာနဲ့ပြတာ (မှန်ပါ)၊ ပင့်ကူကြီး ဥပမာက ဒါက မြင်စိတ်က အကြောင်း တိုက်ဆိုင်ရင် ပေါ်တာပဲ မြင်တယ်၊ မြင် မြင်ချင်းမြင်တဲ့ စိတ်ကလေးကို နောက်ကနေ ပြီးတော့ကို အမြဲတမ်း ဆင်ခြင်ပါ။ မြင်စိတ်ကလေး ရှိ-မရှိ အမြဲတမ်း ဆင်ခြင်ပါ။ ဆင်ခြင်တဲ့စိတ် လာရင် မြင်စိတ်မရှိဘူးဆိုတာ အမြဲမှတ်ပါ (မှန်ပါ)။

မြင်စိတ်နောက်ကဆင်ခြင်တဲ့စိတ်လိုက်ပါ

မြင်စိတ်ပေါ်ရင် နောက်က ဘာလိုက်မယ်၊ ဆင်ခြင်တဲ့ စိတ်လိုက်ပါ (မှန်ပါ)၊ နောက်က ဆင်ခြင်တဲ့စိတ် လိုက်မယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။

မြင်စိတ်ပေါ် ရင် ဘာလုပ်မယ် (ဆင်ခြင်တဲ့စိတ် လိုက်ပါမယ်)၊ ဆင်ခြင်တဲ့စိတ် လိုက်သည်နဲ့ တစ်ပြိုင်နက် တည်း မြင်စိတ် မရှိဘူးဆိုတာ တစ်ထစ်ချ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။

ဆင်ခြင်တဲ့စိတ်သည် မရှိတာသိတယ်

ဒါဖြင့် မြင်စိုက်သည် ဆင်ခြင်တဲ့ အချိန်မှာ မရှိသော ကြောင့် ဆင်ခြင်တဲ့ စိတ်သည် မရှိတာ သိတယ် (မှန်ပါ)၊ အဲဒါကြောင့် မရှိတာကို အနိစ္စ၊ သိတာကို မဂ္ဂလို့ ဆိုတာ မဖျောက်ပါ နဲ့ (မှန်)။

ဒါဝိပဿနာအစစ်လို့မှတ်

မရှိတာဟာ (အနိစ္စပါ)၊ သိတာဟာ (မဂ္ဂပါ)၊ မဖျောက် နဲ့ ဒီဥစ္စာ ကို (မှန်ပါ)၊ ဒီဟာ မဖျောက် ကြပါနဲ့တဲ့၊ ဒီဟာ အင်မတန် အရေးကြီး ပါတယ်၊ ဒါ ဝိပဿနာ အစစ်လို့ မှတ်ကြပါ (မှန်ပါ)။

အဲဒီတော့ မဂ်ရတာပဲ၊ ရှုခြင်းမဂ်ကို ရတာပဲလို့ အောက် မေ့ပါ။

မှတ်ချက်။ ။ဝိပဿနာမဂ်ရသည်ကို ဆိုလိုသည်။

ကြားစိတ်ပေါ်တယ်

တစ်ခါ ကြားစိတ်ကလေးက အကြောင်း တိုက်ဆိုင်တော့ ပေါ်ပြန်တယ်၊ နားထဲမှာ ကြားစိတ် ကလေး ပေါ်လာတယ်၊ ပေါ်လာတာ ကလေးကို ဒကာ ဒကာမတွေက တွေးပါ ရှိ-မရှိ (မရှိတော့ ပါဘူး)၊ မရှိဘူး ဆိုတာ သိပြီ (မှန်ပါ)။ ဒါဖြင့် မရှိတာကို ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ မရှိတာကတော့ အနိစ္စ သက်သက်ပဲ၊ သိတာ ကတော့ (မဂ္ဂပါဘုရား)။

မရှိတာကအနိစ္စ၊ သိတာက မဂ္ဂ

အဲ-ကြားစိတ် ပေါ်လည်း နောက်က တွေးပါ၊ တွေးတော့ မရှိဘူး ဆိုတာ သိလိမ့်မယ် (မှန်ပါ)၊ သိပြီး နောက်တော့ ဝေဖန် လိုက်တော့ သြော် မရှိတာက အနိစ္စပဲ၊ သိတာက မဂ္ဂပဲ (မှန်ပါ)။ အဲဒီလို ကြည့်တာ ဘုရား မျက်လုံး လို့ မှတ်ပါ (မှန်ပါ)၊ ဘုရားပေး တဲ့မျက်လုံးလို့ မှတ်ပါ (မှန်ပါ)၊ မိဘရိုးရာနဲ့ ကြည့်ရင် ဘယ်တော့မှ ဒီဥစ္စာကို မတွေးမိဘူး၊ သိလည်း မသိဘူး (မှန်ပါ)၊ နှစ်ခုရှိသွားပြီ နော် (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေမှာ အနံ့ကလေး နံရင် နံတယ် မွှေးတယ်နဲ့ နံစိတ် ကလေး ပေါ်ပါတယ်။ ပေါ်ပေါ်ချင်း ကြည့်ပါ – ရှိသေးသလား မရှိဘူးလား (မရှိပါဘူး)။

နံစိတ်ပေါ်တယ်

ဒါဖြင့် မရှိတာကို ခင်ဗျားတို့ သိတယ် (မှန်ပါ) မရှိတာ သိတော့ မရှိတာကို ဘာခေါ်မလဲ အနိစ္စပါဘုရား၊ သိတာက (မဂ္ဂပါဘုရား)။

ဒီလို သိသွားတော့ ဒါ ခင်ဗျားတို့ ခန္ဓာတွေ ကိုယ့်ခန္ဓာမရှိတာ ကိုယ်သိတယ်။ ရှင်းပလား – (ရှင်းပါပြီဘုရား)၊ ဒါ သူခန္ဓာ တွေကိုးဗျ ပေါ်သွားတာက (မှန်ပါ)၊ ကိုယ့်ခန္ဓာတွေ မရှိတာကို (ကိုယ်သိပါတယ် ဘုရား)၊ ကိုယ်သိတော့ သြော်-ကိုယ့်ခန္ဓာ အနိစ္စ ကို ကိုယ့်ဉာဏ် မဂ္ဂနဲ့ ကိုယ် သိတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးဗထွေး ရှင်းရဲ့လား (ရှင်းပါတယ်ဘုရား)၊ ဦးသန်းမောင် ရှင်းရဲ့ နော် (ရှင်းပါတယ်ဘုရား)။

ကောင်းပြီ တစ်ခါ လျှာပေါ်မှာ ချို, ချဉ်, ဖန်, ငန် သိတဲ့ စိတ်ကလေးပေါ်တယ်၊ ပေါ်ရင် ဘာလုပ်ကြမယ်၊ ပေါ်ရင် ကြည့် လိုက် ရှိသေးသလား – မရှိဘူးလားလို့ တွေးတဲ့စိတ် လာရင် မရှိတော့ဘူး၊ နှစ်စိတ်မှ မပြိုင် ကောင်းဘဲ (မှန်ပါ)၊ ဒီစိတ်နဲ့ ဟိုစိတ် ပြိုင် မဖြစ်ကောင်းဘူး (မှန်ပါ)။

တွေးလိုက်တဲ့အခါ မရှိတာသိရတယ်

ဒါဖြင့် တွေးလိုက်တဲ့အခါ မရှိတာ သိရတယ် (မှန်ပါ)။ ဒါဖြင့် မရှိတာကို ဘာခေါ်မယ် (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါဘုရား)၊ ဒကာ ဒကာမတွေ မဂ်မျက်လုံးနဲ့ သိတယ် (မှန်ပါ)။

ဘာနဲ့သိသတုံး (မဂ်မျက်လုံးနဲ့ သိပါတယ် ဘုရား)၊ မဂ်နဲ့ သိတယ်လို့ ဒေါ်ကောက်တို့ လူစုတွေ မှတ်ပါ၊ ဟို အစ်မလုပ်တဲ့ ဒကာမကြီး ကလည်း မှတ်၊ မန္တလေးက ဒကာ ဒကာမတွေလည်း မှတ်ကြနော် (မှန်ပါ)။

ဘယ်သူ မရှိတာကို ဘယ်သူ သိတာတုံး ဆက်မေးတယ် နော် (မှန်ပါ)၊ ကိုယ့်ခန္ဓာ မရှိတာ ကိုယ်သိတယ်(မှန်ပါ)၊ သဘော ပါကြပလား (ပါပါပြီဘုရား)။

ကိုယ့်ခန္ဓာမရှိတာသိတယ်

ကိုယ့်ခန္ဓာ မရှိတာကို ကိုယ်သိတယ်၊ ကိုယ့်ခန္ဓာကြီးက ဆုတောင်း ထားတုန်းက ဒီလို ခဏခဏ သေတဲ့ ခန္ဓာမျိုးကြီး ရ မယ် ဆိုတာ သိရင် ဦးမာဒင် ဘယ်သူမှ မတောင်းဘူး မဟုတ်လား (မှန်ပါ)။

အခုတော့ အဲဒီတုန်းက ဉာဏ်မျက်လုံး မရတုန်းက တောင်းတာ (မှန်ပါ)၊ အခု ဉာဏ်မျက်လုံး ရတဲ့ ပုဂ္ဂိုလ်ကျတော့ ခဏ ခဏ သေတာကြီးကို ကိုယ်ကိုယ်တိုင် မြင်နေရတယ်၊ ဒီက သေလိုက် ဖြစ်လိုက် ဒီက သေလိုက် ဖြစ်လိုက် ဒီလိုချည်း ဖြစ်မနေ ဘူးလား (မှန်လှပါဘုရား)။

အဲဒီကဲ့သို့ သေတာ မြင်တော့ကို ခင်ဗျားတို့ ဘုံဘဝ၊ နတ်ပြည် ဗြဟ္မာပြည်ဘုံ ဘဝလိုချင်တဲ့ တဏှာစရိုက်ဟာ လာသေးရဲ့ လား (မလာပါဘူး)၊ ဝိပဿနာနဲ့ ကိုယ့်အသေ ကိုယ်မြင်လို့ တဏှာ မလာတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာကမှ ဒုက္ခကိုသိမ်းပေးတာ

ဒါဖြင့် တဏှာချုပ်၊ ဥပါဒါန် ချုပ်တော့ ကံချုပ်တယ်၊ နောက်ခန္ဓာ အဆက် ရဦးမလား (မရပါဘူး)၊ မရတော့ ဝိပဿနာကမှ ဒို့ဒုက္ခကို သိမ်းပေးတာကိုး၊ ပေါ်လာပြီ (မှန်ပါ)။

ဝိပဿနာဟာ ဘာလုပ်ပေးတုံး (ဒုက္ခ သိမ်းပေးတာပါ ဘုရား)၊ ဒုက္ခ သိမ်းပေးတာလို့ ဒကာ ဒကာမတွေ မှတ်လိုက်ပါ (မှန်ပါ)။

ကဲ-တစ်ခါ သွားပါဦးတဲ့၊ ကိုယ်ပေါ်ကျတော့ ယားတယ်, နာတယ်, ကိုက်တယ် ဆိုတော့ ယားတဲ့၊ နာတဲ့ စိတ်ကလေးကို ရှိသေးသလား- မရှိဘူးလား တွေးပါ ဒကာ ဒကာမတို့က (မှန်ပါ)။

ယားတာကတော့ ရှေ့ပိုင်း ကပေါ့ဗျာ၊ ဒါကလေးကို ဘုန်းကြီးက အတွေးခိုင်း တယ်၊ ယားတဲ့ စိတ်ကို တွေးရမယ်တဲ့ ဆိုလို့ရှိရင် တွေးလိုက်ရင် ဟိုက မရှိဘူး (မှန်ပါ)၊ မရှိတာကို ဘာခေါ်မယ် (အနိစ္စပါ)၊ မရှိမှန်း သိတာက (မဂ္ဂပါဘုရား)။

ဝမ်းထဲမှာ မဂ်ပေါ်နေတယ်

ဒါဖြင့် ဝမ်းထဲမှာ ခင်ဗျားတို့ ခဏခဏ မဂ်ဉာဏ် ပေါ်နေ တယ်၊ ဘာ့ကြောင့် ဦးဗထွေးတို့ ဦးသန်းမောင်တို့ ပေါ်နေပါ လိမ့်မတုံးဆိုတော့ အမှန် မျက်လုံး ရလို့ပေါ်တာ၊ အမှန်မျက်လုံး မရရင် မပေါ်ပါဘူး (မှန်လှပါ)။

မိဘရိုးရာ မျက်လုံးနဲ့ ဒီမဂ်ပေါ်ပါ့မလား (မပေါ်ပါ ဘူးဘုရား)၊ မိဘရိုးရာ မျက်လုံးနဲ့ ဒီမဂ် မပေါ်ပါဘူး။ အခု ဘုရားပေးတဲ့ မျက်လုံး၊ ဆရာက တစ်ဆင့်တင်ပေးတဲ့ မျက်လုံး ဉာဏ်မျက်လုံး ပေါ့ဗျာ (မှန်ပါ)၊ အဲဒီ ဉာဏ်မျက်လုံးနဲ့ တပ်ကြည့် လိုက်တော့မှ ဒါ ဘယ်သူ သေတာတုံး မေးတော့ မိမိသေတာ (မှန်ပါ)၊ မိမိသေတာကို မိမိက သိတယ် (မှန်ပါ)။

ကိုယ့်အသေ ကိုယ်သိတာ ဆိုတော့ စာလိုတော့ အနိစ္စ သိတယ်၊ မြန်မာလို ကတော့ ကိုယ့်အသေ ကိုယ်သိတယ် (မှန်ပါ)။

ခဏတိုင်း၊ ခဏတိုင်း သေနေတဲ့ ဥစ္စာကို ကျုပ်တို့ သိပါ တယ် (မှန်ပါ)။

ဝိပဿနာသမားမှသိတယ်

ဒါဟာ အတွေးသမားမှာ သိတာနော် (မှန်ပါ)၊ ဝိပဿနာ သမားမှ သိတယ်၊ တစ်ပါးသော ပုဂ္ဂိုလ်တို့မှာ သိတဲ့ ကိစ္စ မဟုတ်ပါဘူး (မှန်ပါ)။

တစ်ပါးသော ပုဂ္ဂိုလ်တို့ သိတာသည် တစ်သက်မှာ တစ်ခါ သေပဲ သိပါတယ်၊ အခုကဲ့သို့ ခဏ ခဏ သေနေတာကို မသိပါဘူး (မသိပါဘူး ဘုရား)။

ကောင်းပြီ-ဒါဖြင့် ကိုယ်ပေါ်မှာပဲ လေကလေး၊ ဘာကလေး တိုက်လို့ ချမ်းသာတယ်၊ ချမ်းသာတဲ့ စိတ်ကလေးကော မပေါ် ကြဘူးလား (ပေါ်ပါတယ်ဘုရား)။

အဲဒီ ပေါ်တာ ကလေးကိုလည်း ပေါ်နေတုန်း ကိုတွေး၊ ဒီကနေပြီး သကာလ တွေးတာပေါ့။ ချမ်းသာတဲ့ စိတ်ကလေး ရှိသေးသလား မရှိဘူးလားလို့ (မရှိပါဘူးဘုရား)၊ မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မဂ်ရတယ်ဆိုတာ သူများပေးတဲ့ မဂ် လား၊ ကိုယ့်အသေ ကိုယ်မြင်တာကို မဂ်ခေါ်တာလား (ကိုယ့်အသေ ကိုယ်မြင်တာကို မဂ်ခေါ်ပါတယ် ဘုရား)၊ ကိုယ် ခဏ ခဏ သေနေတာ၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေ ကိုယ်မြင်တာ။

ကိုယ့်ဒုက္ခ ကိုယ်သိတာ

အသေဆိုတာ ဘာသစ္စာဆိုတော့၊ ခြုံပြောလိုက်တော့ မရဏမ္ပိ ဒုက္ခံ။ အသေဆိုတာ ဒုက္ခသစ္စာ၊ ကိုယ့်ဒုက္ခ ကိုယ်သိတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ကိုယ့်အသေ ကိုယ်သိတယ် ဆိုတာလည်း ဟုတ်တာပဲ။ ကိုယ့်ဒုက္ခ ကိုယ်သိတယ် ဆိုတာ လည်း ဟုတ်ပါတယ်။

ဒါဖြင့် အပြင်ဘက်က သေတဲ့ တရားဟာ ဘယ်နှစ်ခုပါ လိမ့်(ခြောက်ခုပါဘုရား)၊ အဲဒါ အပြင်ဧည့်သည် ခြောက်ခု (မှန်ပါ)၊ ဧည့်သည် ဆိုတာ ခဏပေါ် ခဏချုပ် ရတာကိုးဗျ (မှန်ပါ)၊ ဒါကြောင့် ဒါကိုလည်း ရှုရမည့် တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဒါဖြင့် အပြင်ဧည့်သည် စိတ်ခြောက်ပါး။

အတွင်းဧည့်သည်စိတ်

အတွင်းဧည့်သည်စိတ်ကို တစ်ခါပြပါမယ်၊ အတွင်းဧည့် သည်ဆိုတော့ အတွင်းမှာလည်း ပေါ်တယ်၊ ဧည့်သည် အဖြစ်နဲ့ လည်း သူ့ကိုရှိတဲ့ တရားလို့ မှတ်ပါ၊ အမြဲလိုလို မရှိနိုင်ဘူး (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာကြီးမှာဖြစ်စေ၊ ဦးသန်းမောင်မှာ ဖြစ်စေ၊ ဦးဗထွေးမှာဖြစ်စေ၊ တစ်ခါတလေ ကျတော့ ဘာကလေး ရချင်တယ်ဆိုတဲ့ လောဘ ပေါ်လာတယ် (မှန်ပါ)၊ ပေါ် ရင်တွေး ပါ၊ တွေးတဲ့စိတ် နောက်က အမြဲလိုက်ပါ (မှန်ပါ)၊ တွေးလိုက်တော့ ရှိသေးသလား (မရှိတော့ပါဘူး)၊ အင်း တွေးတဲ့စိတ်နဲ့ ခင်ဗျားတို့ နေတာပဲ၊ ဟိုဟာ ချုပ်သွားပြီ (မှန်ပါ)၊ ဒါဖြင့် မရှိတာ ဘာခေါ်မယ် (အနိစ္စပါ)၊ တွေးလို့သိတာက (မဂ္ဂပါ)။

လောဘစိတ်

ဒါလည်း လောဘစိတ် ကလေး၊ မိမိစိတ် ကလေးကို မိမိ သေတာပဲမှတ် (မှန်ပါ)၊ ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ကိုယ့်အသေဆိုတာ ဒုက္ခလား သုခလား(ဒုက္ခပါဘုရား)၊ ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိတယ် (မှန်ပါ)။

သူ့ကို မသေပါနဲ့လို့ တောင့်တလို့ ရရဲ့လား (မရပါ ဘူး)၊ မရတော့ ကိုယ့်အနတ္တ ကိုယ်သိတယ် (မှန်ပါ)၊ သူများဟာ သိနေတာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် သိနေတယ် (မှန်ပါ)။

ဒေါသစိတ်

ကဲ တစ်ခါတလေ ကျတော့ လင်နဲ့မယား သားနဲ့အမိ ဆိုသလို မကျေနပ်ပွဲ ကလေးများ ဖြစ်နေတဲ့အခါ၊ ဒေါသဖြစ်တဲ့ အခါ ရှိတယ်(မှန်ပါ)၊ အဲဒါကလေးကို ဦးမာဒင်က ပေါ်လာရင် တွေးပါလို့ ဘုန်းကြီးက သင်ပေးထားတော့ တွေးလိုက်တော့ ခုနင်က ပြောသလို တွေးစိတ် လာရင်ပဲ ဒေါသက ချုပ်သွားပြီ (မှန်ပါ)။

ဒါဖြင့် ချုပ်ပြီးတဲ့ ဒေါသက ဘာတုံး (အနိစ္စပါ)၊ သိတာက (မဂ္ဂပါဘုရား)။

ဒါဖြင့် ဒေါသချုပ် ပျောက်သွားတာ ကိုလည်း သိလိုက်တဲ့ အတွက် မဂ်ရတယ်လို့ ဆိုသော ကြောင့် အနိစ္စလို့ သိတာပဲ၊ ဒါကလေးဟာ ကိုယ့်အသေဆိုတဲ့ သဘောဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါဘုရား)၊ ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါကလေးဟာ မပေါ်ပါစေနဲ့၊ မပျက်ပါစေနဲ့လို့ ခင်ဗျား တို့ တောင့်တ၊ ကြောင့်ကျလို့ ရရဲ့လား (မရပါဘုရား)၊ မရသောကြောင့် ကိုယ့်အနတ္တ ကိုယ်သိတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

မောဟစိတ်

ကောင်းပြီ၊ ဒါဖြင့် တစ်ခါတလေကျတော့ မောဟ ပေါ်တယ်၊ ဝိစိကိစ္ဆာ ဆိုတာ မောဟပဲ၊ ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်တာ လည်း မောဟပဲ၊ နှစ်မျိုးရှိတယ် (မှန်ပါ)။

အဲဒါကလေးကို တစ်ခါ ဒကာ ဒကာမတွေက မောဟ ကလေး ဖြစ်တယ်ဆို ဆရာဘုန်းကြီးက မှာထားတယ်၊ ပေါ်တဲ့ စိတ်ကို သိအောင် လုပ်ရမယ်၊ သိအောင် လုပ်ရမယ်ဆိုတာ ကိုယ့်အသေ ကိုယ်သိအောင် လုပ်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီ ဝိစိကိစ္ဆာ ဖြစ်နေတယ်၊ အဲဒါကို ဦးဗထွေးက ဖြစ်စေ၊ ဦးသန်းမောင်က ဖြစ်စေ ပြန်ရှုလိုက်၊ ရှုလိုက်တော့ ရှိသေး ရဲ့လား (မရှိပါဘူး)၊ မရှိတာကို ဘာခေါ်မယ် (အနိစ္စပါ)၊ မရှိတဲ့ တရား ကလေးက အနိစ္စ၊ သိတဲ့တရား ကလေးက ဘာခေါ်မယ် (မဂ္ဂပါဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒါကလေးဟာ ဖြစ်ပြီးပျက်တဲ့ သဘောပဲရှိနေသောကြောင့် ကိုယ်သေတဲ့ ဒုက္ခပဲ (မှန်ပါ)။

ဒါဖြင့် ဒုက္ခလည်း သိတာပေါ့ (မှန်ပါ)၊ အနတ္တကိုကော (သိပါတယ်ဘုရား)၊ အဲဒါ အတွင်း ဧည့်သည်စိတ် သုံးယောက်၊ မကုန်သေးပါဘူး၊ ရှိသေးတယ် (မှန်ပါ)။

လှူချင်တန်းချင်တဲ့စိတ်

တစ်ခါတလေကျတော့ ဦးသန်းမောင်တို့ ဦးဗထွေးတို့က လှူချင် တန်းချင် ပေးချင် ကမ်းချင်တဲ့ စိတ်ကလည်း ခင်ဗျားတို့က ပေါ်သေးတယ် (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) ပေါ်တော့ ဒီဥစ္စာကို လှူချင် တန်းချင် ပေးချင် ကမ်းချင်တဲ့စိတ် ကို ပြန် ပြန်တွေးပါ၊ ရှိ-မရှိ ပြန် ပြန်တွေးရမယ် (မှန်ပါ)။

တွေးတော့ ဘယ့်နှယ်နေကြသလဲ(မရှိပါဘူး)၊ တွေးစိတ် ကလေးပေါ့ဗျာ၊ ဟိုစိတ်က ခံနေပါဦး မလား (မခံပါဘူး)၊ နှစ်စိတ်မှ မပေါ်ကောင်းဘဲ (မှန်ပါ)၊ တွေးစိတ် လာရင် လှူချင် တန်းချင်တဲ့ စိတ်က သေပြီ (မှန်ပါ-သေပါပြီ)၊ သူက ရှေးကျတယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် လှူချင် တန်းချင်တဲ့ စိတ်ကို ဘာခေါ်ကြမယ် (အနိစ္စပါဘုရား)၊ ရှိ-မရှိတွေးတဲ့ စိတ်ကကော (မဂ္ဂပါဘုရား)။ တွေးတဲ့ စိတ်ကမဂ္ဂ၊ ဒါဟာ ဝိပဿနာလုပ် နေတာနော် (မှန်ပါ)။

ဒါဖြင့် အနိစ္စ+မဂ္ဂ (မှန်ပါ)၊ ခါတိုင်း ပေါ်သလား ဧည့်သည် သဘော တစ်ခါတရံပေါ်သလား (ဧည့်သည် သဘော ပေါ်ပါတယ် ဘုရား)။

မေတ္တာစိတ်

ကဲ – တစ်ခါ သွားပါဦး။ အဒေါသတဲ့၊ သူတစ်ပါးကို – မေတ္တာပို့တယ်၊ ကျန်းမာပါစေ, ချမ်းသာပါစေ။ ဟာ ထားလိုက် ပါဦးမယ်၊ ဒါက မေတ္တာပေါ့ (မှန်ပါ)။

ဒီအမှိုက်ကလေး ဖယ်ပေးလိုက်ပါဦးမယ်၊ လူတွေ စူးကုန် ပါဦးမယ်၊ ဒါတွေဟာ မေတ္တာပေါ့ (မှန်ပါ)။

စိတ်နောက်က အတွေးလိုက်ပါ

ဒီစိတ်ကလေး ပေါ်တိုင်း ပေါ်တိုင်းလည်း နောက်က အတွေး လိုက်ပါ (မှန်ပါ)၊ အတွေးလိုက်တဲ့ အခါကျတော့ ခုနင်က မေတ္တာစိတ် ရှိသေးရဲ့ လား (မရှိပါဘူး)၊ ဒါဖြင့် မရှိတာ ဘာခေါ် မယ် (အနိစ္စပါ)၊ တွေးတာက (မဂ္ဂပါဘုရား)။

အမောဟ ဆိုတာကတော့ ဒကာ ဒကာမတွေ အရှုဘက် ကထားတဲ့ အတွက် သူ့ကို ခင်ဗျားတို့က ထည့်မပြောတော့ဘူး၊ အရှုခံ တရားနဲ့၊ အရှုဉာဏ် တရားနဲ့ ရှုပ်ထွေး နေမှာစိုးလို့ (မှန်ပါ)။

ဒါ့ကြောင့် အတွင်းကျတဲ့ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အဲဒါ ဝမ်းထဲမှာ ပေါ်လို့ အတွင်းဧည့်သည် ငါးယောက် (မှန်ပါ)၊ အပြင်ခြောက်၊ အတွင်းငါး မှတ်ထားကြပါ (မှန်ပါ)။

သက်စောင့်စိတ်

ဒါလည်း တစ်ခါ သွားဦး။ ဒကာ ဒကာမတွေမှာ သက်စောင့် ဆိုတဲ့ ခန္ဓာကိုယ်ကြီး မပုပ် မသိုးအောင် စောင့်တဲ့ စိတ်ကလေး နှစ်ခုရှိတယ်၊ ခန္ဓာကိုယ်ကြီးကို သုသာန် မပို့ရအောင် လို့ စောင့်နေတဲ့ စိတ်ကလေး နှစ်ခုရှိတယ်။ ခင်ဗျားတို့ မပုပ်မသိုးအောင် အလှည့်နဲ့ စောင့်နေတာ (မှန်ပါ)။

လောကီဥပမာ ပြောကြပါစို့ဆိုတော့ ဂိုဒေါင် တစ်ခုကို ဒရဝမ်တွေသည် ညဂျူတီ၊ နေ့ဂျူတီ ကျသလို အလှည့်နဲ့ စောင့်နေတာ၊ ပစ္စည်း မပျောက်အောင်လို့ (မှန်ပါ)။

ရှူစိတ်၊ ရှိုက်စိတ်

ထို့အတူပဲ ခန္ဓာကိုယ်ထဲမှာ စိတ်ကလေး ကလည်း ခင်ဗျားတို့ မပုပ် မသိုးအောင် စောင့် နေတယ်၊ ရှိုက်စိတ်ကလေး ကကော (မပုပ်မသိုးအောင် စောင့်တယ်)၊ ဒါဖြင့် သူတို့ကို အိမ်သည် နှစ်ယောက်လို့ မှတ်လိုက် ကြစမ်းပါ (မှန်ပါ)၊ အိမ်သည် နှစ်ယောက် ဆိုတာ ခန္ဓာအိမ်ကို စောင့်နေတာ (မှန်ပါ)။

ခန္ဓာအိမ်ကို စောင့်နေတဲ့ စိတ်ဆိုတော့ သူတို့လည်း တစ်လှည့်စီ ဖြစ်လိုက် ပျက်လိုက် နေတော့ သူဖြစ်တာကို ဒီ ဒကာ ဒကာမတွေ နောက်က အသိ လိုက်ပေးပါ (မှန်ပါ)၊ သူဖြစ်တာ ကိုလည်း အသိလိုက်, သူပျက်တာကိုကော (အသိလိုက် ပေးရပါမယ်)၊ အသိ လိုက်ပေးတဲ့ အခါကျတော့ သူတို့က အနိစ္စ သူက မဂ္ဂ (မှန်ပါ)။

အဲဒီတော့ ဒီဥစ္စာကို အိမ်ကျတော့ ပုံကလေး ချရေးထား ထား၊ ယခုဝမ်းထဲမှာပဲ မှတ်ထားထား ဒီဟာတွေ တစ်ခုခု မရှိဘဲ နဲ့ ခင်ဗျားတို့ မနေနိုင်ဘူး (မှန်ပါ)၊ ဒီစိတ်တွေ တစ်ခုခု မရှိဘဲနဲ့တော့ (မနေနိုင်ပါဘူး)။

ခင်ဗျားတို့ အသက်ရှင် နေတာသည် ဒီစိတ်တွေထဲက တစ်ခုခုနဲ့ ရှင်နေတာ (မှန်ပါ)၊ သို့သော် အများဆုံး အသက် ရှင်နေတာ ကတော့ သူတို့နှစ်ခုပဲ (မှန်ပါ)၊ အလှည့်ကျ အသက် ရှင်နေတာ သူနဲ့လည်း ရှင်ချင် ရှင်တယ်၊ သူနဲ့လည်း ရှင်ချင်ရင် တယ် ဒါ သက်စောင့် စိတ်တွေ (မှန်ပါ)။

ဆယ့်သုံးခုကိုပါ

ဘယ်နှစ်ခု ရှိသွားပါလိမ့် (ဆယ့်သုံးခုပါ)၊ အပြင် ဧည့်သည် (ခြောက်ခုပါ)၊ အတွင်း ဧည့်သည် (ငါးခု)၊ အိမ်သည် (နှစ်ခုပါ)၊ ဒါပဲရှုပါတဲ့၊ ပုထုဇဉ်မှာ ဒါတွေပဲ ရှိနိုင်ပါတယ်၊ ဒါ ဘယ်သူ့ စိတ်တွေတုံး မေးရင် ကိုယ့်သန္တာန်ပေါ်ကောင်းတဲ့စိတ် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်သန္တာန် ပေါ်ကောင်းတဲ့စိတ် ပါ)၊ ကိုယ့်သန္တာန်ပေါ် ကောင်းတဲ့ စိတ်ဟာ လည်း နှစ်ခုပြူး, သုံးခုပြူး, နှစ်ခုပေါင်း သုံးခုပေါင်း ဒီလို ဘယ်တော့မှ မပေါ်ဘူး၊ တစ်စိတ်စီပဲ ပေါ်မယ်၊ ပေါ်ချင်တဲ့ စိတ်ပေါ်မယ်(မှန်ပါ)။

ပေါ်တဲ့စိတ်ကို၊ နောက်ကအမြဲတွေးပါ

ပေါ်တာကို ဒကာ ဒကာမတွေက နောက်က အမြဲတမ်း တွေးပါ။ ရှိသေးသလား၊ မရှိတော့ ဘူးလား အမြဲတမ်းတွေးပါ၊ ပေါ်ပြီးရင် သူက ပျက်ရမည့် တရားပဲ (မှန်ပါ)၊ ပျက်ရမည့်တရား ဖြစ်သော ကြောင့် မရှိတာက အနိစ္စ၊ မရှိမှန်း သိရင် မဂ်ဖြစ်နေတာ ပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ပြန်ပြောကြပါဦး၊ အပြင် ဧည့်သည် ဘယ်နှစ် ယောက် ရှုရမှာတုံး (ခြောက်ယောက်ပါ ဘုရား)၊ ခြောက်ယောက် ဟာလည်း တစ်ယောက်စီသာ ပေါ်တယ်နော် (မှန်ပါ)၊ အတွင်း ဧည့်သည်က ဘယ်နှစ် ယောက်ပါလိမ့် (ငါးယောက်ပါဘုရား)၊ ငါးယောက်ကလည်း ငါးယောက် စလုံးပြိုင် ပေါ်သလား (မပေါ် ပါဘူး)၊ တစ်ခုစီပဲ ပေါ်တယ် (မှန်ပါ)၊ အိမ်သည် နှစ်ခုကလည်း ဒကာ ဒကာမတို့ ပြိုင်ပေါ် သလား (မပေါ်ပါဘူး) တစ်ခုစီပဲပေါ်တယ်။

ဒါဖြင့် ဒီဆယ့်သုံးခုထဲက တစ်ခုပေါ်နေရင် ကျန်တဲ့စိတ် တွေမပေါ်ဘူး (မှန်ပါ)၊ ဘယ်တစ်ခုခုပဲ ပေါ်ပေါ် ကျန်တဲ့စိတ်တွေ ကတော့ မပေါ်နိုင်ဘူး (မှန်ပါ)။

မဂ်ရချင်ရင်ဒီလိုတွေးနေပါ

ဪ ဒါဖြင့် ဒို့ဟာ တစ်ခုပေါ်တိုင်း ပေါ်တိုင်း နောက်က နေပြီး တာကို ရှိ မရှိ တွေးဖို့ပဲ၊ တစ်ခုပေါ်ရင် ရှိမရှိ တွေးပါ (မှန်ပါ)၊ တွေးတိုင်း တွေးတိုင်း မရှိတာဘဲ တွေ့ရတယ် (မှန်ပါ)၊ အဲ-မရှိတာကို ဘာခေါ်မယ် (အနိစ္စ)၊ နောက်က မရှိတာ မှန်းသိတာက (မဂ္ဂပါဘုရား)၊ မဂ် ရချင်လို့ရှိရင် ဒီလို တွေးနေရင် ပုဗ္ဗဘာဂမဂ်က စပြီးရတာဘဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

မဂ်ရချင်ရင် ဒီအတိုင်းတွေပါ (မှန်ပါ)၊ မဂ်ရချင်ရင် ဒီအတိုင်း သွားပါလို့ သတိပေး လိုက်တယ် (မှန်ပါ)။

ဒီလိုတွေးတော့ ဘာဖြစ်သတုံး

ကောင်းပြီ၊ ဒီလိုတွေးတော့ ဘုရာ့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါကျတော့ သက္ကာယဒိဋ္ဌိ လည်း ပြုတ်ပါတယ်။ ဥစ္ဆေဒ ဒိဋ္ဌိလည်း ပြုတ်ပါတယ် (မှန်ပါ)၊ ဒိဋ္ဌိသုံးပါး ပြုတ်နိုင်သော ကြောင့် ခင်ဗျားတို့ ဒီအသိကို လုပ်နေလို့ရှိရင် အပါယ် မကျနိုင်ဘူး (မှန်ပါ)။

ဒီအသိကိုလုပ်နေရင် အပါယ်မကျနိုင်ဘူး

ဒီအသိ လုပ်နေလို့ရှိရင် (အပါယ် မကျနိုင်ပါဘူး)၊ ဒိဋ္ဌိ သုံးမျိုးကမှ အပါယ်ချတာ (မှန်ပါ)။

ဒိဋ္ဌိသုံးမျိုး တစ်မျိုးမျိုးကမှ အပယ်ချတာ။ အခု သူတို့က ပျက်သွားခြင်းကြောင့် ငါမဟုတ်လို့ ပျက်တာပဲ။ မခိုင်မြဲလို့ ပျက်တာပဲ (မှန်ပါ)။

ငါမဟုတ်လို့ ပျက်တာပဲ ဆိုကတည်းက သက္ကယ ကွာပြီ (မှန်ပါ)၊ မခိုင်မြဲလို့ ဆိုကတည်းက သဿတ ဒိဋ္ဌိကွာပြီ (မှန်ပါ)၊ ပျက်သွားပေမယ့် နောက် ဓမ္မတစ်ခုပေါ်ပြန်တယ် သိပြန်တော့၊ ခန္ဓာကိုယ်ထဲမှာ မပြတ် ဖြစ်နေတာကိုး ဆိုသဖြင့် လည်း ဥစ္ဆေဒဒိဋ္ဌိ စင်သွားပြီ(မှန်ပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ငရဲမျိုးစေ့ကို ဒီဉာဏ်က နှင်ထုတ်တယ်

ဒါဖြင့် ဘုရားဟောတဲ့ အတိုင်း ဆရာ ဘုန်းကြီးက ဒီလို စိတ္တာနုပဿနာကို အရှုခိုင်း နေခြင်း သည် ခင်ဗျားတို့ အပါယ်သွား စေတတ်တဲ့ ငရဲမျိုးစေ့ကို ဟောဒီ ဉာဏ်က နှင်ထုတ် နေတာလို့ မှတ်ပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့်ဒီလို နောက်က လိုက် လိုက်ပြီးသိပေးနေတဲ့ အသိ ဉာဏ်သည် ဘာကျေးဇူး များသတုံး ဆိုတော့၊ ဒိဋ္ဌိ သုံးပါးကို ခြောက်ခန်း စေတယ်၊ ဒိဋ္ဌိ သုံးပါးကို ချုပ်စေတယ်(မှန်ပါ)၊ သက္ကာယ ဒိဋ္ဌိ, သဿတ ဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ သုံးပါးကို မရှိအောင် လုပ် တယ်(မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့မှာ ဒီဒိဋ္ဌိတွေ ပယ်နိုင်ရင် အပါယ်လေးပါး ကျစရာ အကြောင်း လုံးဝ မရှိဘူးလို့မှတ်။ ဒါသာ လုပ်နေပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီဘုရား)။

လုပ်ပါများလို့ဉာဏ်ရင့်လာရင် နိဗ္ဗာန်ရောက်တယ်

ဒီဟာ လုပ်နေလို့ရှိရင် ဦးဗထွေးတို့ဖြစ်စေ၊ ဦးသန်းမောင် တို့ဖြစ်စေ ဘာဖြစ်သတုံးလို့ မေးရင်၊ တပည့်တော်တို့ ဒီဟာသာ လုပ်နေလို့ရှိရင် အပါယ်လွတ်ပြီ ဘုရာ့(မှန်ပါ)၊ နို့- လုပ်ပါများ လာလို့ ဉာဏ်ရင့် လာရင် နိဗ္ဗာန် ရောက်သည် လာလိမ့်ဦးမယ် (မှန်ပါ)၊ ဒီနေ့တော့ အပါယ်ကျ လွတ်ရုံပဲပြောမယ် (မှန်ပါ)။

နက်ဖြန် သန်ဘက်ကျလို့ ရှိရင် ဒီဟာနဲ့ နိဗ္ဗာန်ရောက်တာ ပြောပြဦးမယ်(မှန်ပါ)။

အခု ဒီနေ့သိတဲ့ အသိမျိုးသိ၊ သုံးရက်မှာ သိတဲ့ အသိမျိုး ကတော့ အပါယ်တံခါး ပိတ်ရုံပဲ ရှိပါတယ်(မှန်ပါ)။

အပါယ်တံခါး ဘယ်လိုများ ပိတ်သွားပါလိမ့်

ဒါကလေး ရှင်းပြပါဦးမယ်တဲ့။ အပါယ် တံခါးပိတ်တာ ဘယ်လိုများ ပိတ်သွားပါလိမ့်မတုံး ဆိုတော့ အခုမြင်တယ်သိ, ကြားတယ်သိ, နံတယ် သိတယ်၊ စားတယ် သိတယ်၊ ယားတယ် ယံတယ် သိတယ်၊ ကောင်းတာကိုလည်း (သိပါတယ်)။

အသိက နောက်ကချည်း ပိတ်ပိတ်ထား၊ မပိတ်ဘူးလား (ပိတ်ပါတယ် ဘုရား)၊ ရှေ့က ဓမ္မတစ်ခု ပေါ်လိုက်၊ နောက် က အသိ လိုက်လိုက်၊ ရှေ့က ဓမ္မတစ်ခု ပေါ်လိုက် နောက်က အသိလိုက်လိုက် ဆိုတော့ ဒီအသိ သည်ကားလို့ ဆိုရင် ဖြစ်ပျက် ကိုသိတာလို့ မှတ်ကြပါ(မှန်ပါ)။

ဒီအသိဟာ ဘာပါလိမ့် (ဖြစ်ပျက်ကို သိတာပါ)၊ ဒါဖြင့် တရားတွေဟာ ဖြစ်လည်းဖြစ်လို့ ရှိ မရှိ တွေးလိုက်တော့ ပျက်တာ သိတယ်(မှန်ပါ)၊ ဖြစ်ပြီးမှ ပျက်သွားတာကိုးလို့ ဒီက မသိဘူးလား (သိပါတယ် ဘုရား)။

အသိဆိုတာ ဖြစ်ပျက်သိတာ

ဒါဖြင့် ဘာသိတာတုံး (ဖြစ်ပြီး ပျက်တာ သိပါတယ်)၊ ဖြစ်ပျက်ကို သိတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဖြစ်ပျက် နောက်က အသိလိုက်တဲ့ အတွက် ခင်ဗျားတို့ စဉ်းစား ကြည့်ပါ။ ဥပမာ မြင်စိတ်ကလေး ဖြစ်တယ်၊ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဦးဗထွေးတို့ကို ရှိ မရှိ တွေးလို့ မပြောဘူးလား (ပြောပါတယ်ဘုရား)၊ ခင်ဗျားတို့ က မတွေးမိဘူး၊ မတွေးမိတော့ ဘာဖြစ်မတုံး၊ မတွေး မိတော့ မြင်တယ်၊ လိုချင်တယ် လိုက်လာတယ် (မှန်ပါ)၊ တဏှာ လိုက် တယ်။

မြင်တယ်၊ မြင်တဲ့စိတ်ကို ခင်ဗျားတို့က နောက်က တွေး လုံး မလာဘူး၊ မလာတော့ လိုချင်တယ် ဖြစ်လာတယ်၊ မလာပေ ဘူးလား (လာပါတယ်)၊ လိုချင်ရင်ဖြင့် စွဲလမ်းတယ် ဆိုတဲ့ ဥပါဒါန်ကကော (လာပါတယ်ဘုရား)၊ မရ မနေဘူး ဆိုတာ လာရမှာပဲ။ ဒီတော့ မရ ရကြောင်း အားထုတ်မယ်ဆိုတဲ့ ကံကကော(လာပါတယ်)၊ ဒါဖြင့် တဏှာ, ဥပါဒါန်, ကံ လိုက် တယ်, (မှန်ပါ)။

အသိမလိုက်လို့ရှိရင်

မြင်တဲ့ စိတ်ကလေးကို ခင်ဗျားတို့က ရှိ မရှိ မတွေးမိတဲ့ အတွက် ထုံးစံအတိုင်း နေလိုက်တဲ့ အတွက် မြင်တဲ့စိတ် နောက်က လိုချင်တဲ့စိတ် လိုက်တယ် (မှန်ပါ)၊ စွဲလန်းတဲ့ ဥပါဒါန်ကော မလိုက်ဘူးလား (လိုက်ပါတယ်)။

တဏှာ ပစ္စယာ, ဥပါဒါနံ။ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ဆိုတော့ ကံကော မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။ ဒါဖြင့် သေသည်၏ အခြားမဲ့၌ ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့ ဒုက္ခသစ္စာတွေ အကုန် လိုက်တယ်(မှန်ပါ)။

ဒါ ဘယ့်နှယ်ကြောင့် ဒါကြီး တန်းလာ ပါလိမ့် မတုံးဆို လို့ရှိရင် ဦးသန်းမောင်တို့ ရိပ်မိပလား (မှန်ပါ)၊ ဘယ်လို ကြောင့် တန်း လာတာတုံး (မတွေးမိလို့ တန်းလာတာပါ)၊

ဒါကလေးကို ခင်ဗျားတို့ ဘုန်းကြီး သင်ထားတာ ကလေး မေ့ပစ် လိုက်တယ် (မှန်ပါ)၊ ဒါကလေး ဒီကြားသွင်းတယ် (မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ)။

မြင်တဲ့ စိတ်ကလေး ဖြစ်ပြီးပျက်သွားတာ ကလေးကို ဒီအသိ ကလေးမလိုက် လိုက်လို့၊ ခင်ဗျားတို့မှာ ဒါတွေက ထုံးစံ အတိုင်း တန်းပြီးတော့ ဟိုဘဝ အပါယ်ဇာတိ ထိအောင် ကျေးဇူး ပြုပစ်လိုက်တယ်(မှန်ပါ)၊ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒီအသိသည် ကယ်တင်တဲ့အလုပ်

ဒါဖြင့် ဒီအသိကလေးသည် ခင်ဗျားတို့အား ကယ်တင် တဲ့အလုပ်ပဲ (မှန်ပါ)၊ ကယ်တင်တဲ့ အသိကို ခင်ဗျားတို့က ဂရု စိုက်ပြီး မထားကြလို့ ရှိရင်တော့ ဒီလမ်း အတိုင်း သွားမှာပဲ (မှန်ပါ)။

မြင်တယ်၊ မြင်ရင် လိုချင်မှာပဲ(မှန်ပါ)၊ လိုချင်ရင် စွဲ လမ်းမှာပဲ၊ စွဲလမ်းရင် အားထုတ်မှာပဲ၊ တဏှာ ဥပါဒါန် ကမ္မ လာ မှာပဲ(မှန်ပါ)၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါဘုရား)၊ သေ သည်၏ အခြားမဲ့၌ ဇာတိ ရမယ်(မှန်ပါ)။

ဒါဟာ ဦးဗထွေးတို့ ဦးသန်းမောင်တို့ မြင်တဲ့ နောက်က ဘာမလုပ်မိလို့ ဒါတွေ တန်းရတယ် ဆိုတာကော ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ဘာဖြစ်လို့တုံး(အသိ မလိုက်လို့ပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

မြင်တယ်ဆိုရင် အသိလိုက်ပေးပါ

ကဲ ဒါဖြင့် ခင်ဗျားတို့ အပါယ်လည်း ကြောက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်လား(မှန်ပါ)၊ ဒီတော့ သူမလာ နိုင်အောင် မြင်တယ် ဆိုရင် အသိ လိုက်ပေးပါ(မှန်ပါ)၊ အသိ လိုက်တော့ ဒီဥစ္စာ ကလေးဟာ မရှိတာ မသိပေဘူးလား(သိပါတယ်)၊ သိတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ ဆိုတော့ ဒါတွေအကုန် ဖြတ်ပစ် လိုက်တယ်(မှန်ပါ)၊ မဂ်သည် ကိလေသာနဲ့ ကံကို ဖြတ်တယ်(မှန်ပါ)။

ကဲ ဒါဖြင့် ဒီနေ့ တရားတိုး ပေးတာကိုလည်း သတိ , ထားလိုက်ပါ၊ ဟောဒီ နှစ်ခုက မဂ်လိုက်တဲ့ အတွက် တဏှာ ဥပါဒါန် လာသေးရဲ့ လား(မလာပါဘူး)၊ ဒီကံကော (မလာပါဘူး)၊ ဒီအကျိုး ပေးကော (မလာပါဘူး)၊ ဒါဖြင့် ဟောဒီနှစ်ခုက ကိလေသဝဋ်၊ ဒါက ကမ္မဝဋ်၊ ဒါက ဝိပါကဝဋ်၊ ဝဋ်သုံးပါး ကျွတ်မယ်(မှန်ပါ)။

အသိလိုက်ပေးရင် ဝဋ်ကျွတ်ပါတယ်

အသိလိုက်, လိုက်တာ ဘာဖြစ်သတုံး(ဝဋ်သုံးပါး ကျွတ်ပါတယ်)၊ ခင်ဗျားတို့ ဆုတောင်းရုံ တောင်းနေလို့ သူက ကျွတ်ကဲ့လား (မကျွတ်ပါဘူး)၊ အခု မြင်တဲ့စိတ် နောက်က နေပြီး မြင်တဲ့စိတ်ကို မရှိမှန်းသိတဲ့ မဂ်ကလေး လိုက်လိုက်တော့ အနိစ္စ- မဂ္ဂလို့ လုပ်နေတဲ့ အတွက် ပဋိစ္စသမုပ္ပါဒ် ထုံးစံ အတိုင်း လာမည့် ကိလေသာ နှစ်ခုလည်း ချုပ်ရတယ်(မှန်ပါ)၊ ကံကော (ချုပ်ရပါတယ် ဘုရား)၊ အကျိုးပေးကော (ချုပ်ရပါ တယ် ဘုရား)။

ဒါဖြင့် ကိလေသဝဋ်လည်း (ကျွတ်ပါတယ် ဘုရား)၊ ကမ္မဝဋ်လည်း (ကျွတ်ပါတယ်)၊ ဝိပါကဝဋ်လည်း (ကျွတ် ပါတယ် ဘုရား)။

မဂ်ကဖြတ်လိုက်လို့ဝဋ်ကျွတ်သွားတာ

ဝဋ်သုံးပါး ကျွတ်သွားတာ ဦးမာဒင်တို့၊ ဦးဗထွေးတို့ ဦးသန်းမောင်တို့ ဘာဖြစ်လို့ ဝဋ်ကျွတ် သွားတာတုံး (မဂ်လိုက် လို့ပါ ဘုရား)၊ မဂ်က ဖြတ်လိုက်လို့ (မှန်ပါ)။

မဂ်ကလည်း ခင်ဗျားတို့ ဖြတ်ချင်လို့ ဖြတ်တာလား၊ အပျက်ကို သိလို့ မဂ်ပေါ် တာလား (အပျက်ကိုသိလို့ မဂ်ပေါ် တာပါဘုရား)၊ အပျက်သိလို့ မဂ်ပေါ်တော့ ဒီမဂ် ဘာလုပ်သတုံး လို့ ခင်ဗျားတို့ မေးကြည့်ဖို့ ကောင်းတယ် (မှန်ပါ)။

ဟောဒီ ကိလေသဝဋ်ကို ဖြတ်တယ်(မှန်ပါ)၊ ဒီကမ္မ ဝဋ်ကိုကော (ဖြတ်ပါတယ်)၊ ဒီ ဝိပါကဝဋ်ကော (ဖြတ်ပါတယ် ဘုရား)၊ တဏှာ, ဥပါဒါန်က ကိလေသဝဋ် (မှန်ပါ)၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ဆိုတော့ ကမ္မဝဋ် (မှန်ပါ)၊ ကမ္မ ဘဝပစ္စယာ ဇာတိ ဇရာ မရဏ ဆိုတာ ဝိပါကဝဋ် (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ)။

ကိုယ့်အသေ ကိုယ်သိအောင်လုပ်ရမယ်

ဒါဖြင့် ကိလေသ ဝဋ်ကော လာနိုင်ရဲ့လား (မလာနိုင် ပါဘူး)၊ ကမ္မဝဋ် (မလာနိုင်ပါဘူး)၊ ဝိပါက ဝဋ်ကော (မလာနိုင်ပါဘူး)၊ ဘာဖြစ်လို့ မလာတာတုံး ဆိုတော့ ဟောဒီ ကိုယ့်အသေ ကိုယ်သိလို့ပါ ဘုရား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဒါဖြင့် ဘာလုပ်ရမလဲ(ကိုယ့်အသေ ကိုယ် သိအောင် လုပ်ရပါမယ်)။

တရားအားထုတ်ကြပါနော်

ဒါဖြင့် ခင်ဗျားတို့ ဒီလို လုပ်လိုက်ပါတဲ့။ အလုပ်ကို ထိုင် လည်း ထိုင်ကြပါနော် (မှန်ပါ)၊ဒါ မြင်စိတ် ကြားစိတ် ခုနင်က ဟာလည်း ဆယ့်သုံးခု ပြန်တန်း ရမယ် (မှန်ပါ)၊ ဒါ တန်းပြီးတော့ ခင်ဗျားတို့ အပြင် ဧည့်သည်ခြောက် အတွင်းဧည့်သည် ငါး, အိမ်သည် နှစ်။ ပေါ်တာ ဘယ်သူက ပေါ်မယ်လို့ မဆိုနိုင်ဘူး၊ သူပေါ်ရာ တစ်ခုခုက ပေါ်လိမ့်မယ်(မှန်ပါ)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တဲ့ဆီလိုက်ပြီးမဂ္ဂင်နဲ့ရှုပါ

ပေါ်လို့ရှိရင်ဖြင့် ခင်ဗျားတို့က ပေါ်တဲ့ဆီကို လိုက်ရှု မဂ္ဂင်နဲ့ (မှန်ပါ)။

ကဲ ဒါဖြင့် ရှေ့ပိုင်းက အပြင်ဧည့်သည် အတွင်းဧည့် သည် မပေါ်ဘူး ဆိုရင်ဖြင့် ဒီနှစ်ခု လှည့်ပြီး ရှုနေ(မှန်ပါ)၊ ဒါတွေ ပေါ်လို့ရှိရင် ဒါ ဖြုတ်ပြီးပေါ် ရာကို လိုက် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ အတွင်းဧည့်သည် ငါး, အပြင် ဧည့်သည် ခြောက်၊ အဲဒါက ပေါ်လို့ ရှိရင် အဲဒီ တစ်ခုစီ လိုက်ပေး (မှန်ပါ)၊ ပေါ် ရာ တစ်ခုခုကို မဂ္ဂင်က လိုက်ပေးပါ။ ဘာမှ လိုက်စရာ မရှိလို့ ရှိရင် ဒီနှစ်ခု လှည့်ပေး (မှန်ပါ)၊ ဒါလည်း ဖြစ် ပျက်၊ ဒါလည်း ဖြစ်ပျက်လို့ မဂ္ဂင်နဲ့ လိုက်(မှန်ပါ)။

ပင့်ကူလိုက်သလို လိုက်ပေးပါ

ဒါဖြင့် ပင့်ကူလိုက်သလို လိုက်ပေးပါ(မှန်ပါ)၊ ပင့်ကူ အိမ်ကြီးနှင့် ပင်ကူက အလယ်မှာ စောင့်နေတယ်၊ ဘေးမှာ ခြင် ကောင် ယင်ကောင် မိတယ်ဆိုရင် သွားပြီး လိုက်တယ်၊ လိုက်ပြီးတော့ သူပြန်ထိုင်တယ် ပင်ကူက (မှန်ပါ)၊ မထိုင်ဘူးလား (ထိုင်ပါတယ် ဘုရား)။

ထွက်တဲ့စိတ် ဝင်တဲ့စိတ်ကို ရှုပါ

ဒီအတိုင်းပဲ ခင်ဗျားတို့ ဒါကို ရှုပြီးတော့ ရှုစရာ မရှိတော့ ဒီကိုပြန်ထိုင်၊ ထွက်စိတ် ဝင်စိတ်ကို ရှုပါ။ သဘောပါ ပလား (ပါပါပြီ)၊ ဒီမဂ်ပေါ် လို့ရှိရင် ဒီမဂ်ဟာ ဘယ်လိုက် ရှုမတုံး (ဒီဘက်ကို လိုက်ရှု ရပါမယ်)။

ရှုစရာမရှိဘူး သူပြီး သွားရင် နောက်ထပ် မလာဘူးဆိုရင် ဒီကိုပြန်ထိုင်၊ သူတို့ နှစ်ခုကတော့ အမြဲလိုလို မရှိပေဘူးလား (ရှိပါတယ်)၊ သူတို့နှစ်ခုက သက်စောင့်ပဲ၊ သူများ မရှိရင် သူတို့ ရှိတယ် (မှန်ပါ)။

ဒါဖြင့် ကိုယ်ရှုစရာ အတွင်းဧည့်သည်, အပြင်ဧည့်သည် ရှိရင် လိုက်ရှု ရှုစရာ မရှိရင် သူတို့နှစ်ခု လှည့်ရှု (မှန်ပါ)၊ ဦးသန်းမောင် နားချိန်ပါသေးရဲ့ လား (မပါပါဘူး)။

စိတ်ကလေးဖြစ်ပြီး ပျက်သွားပြီလို့သိပေးပါ

ဒိအပြင် ဧည့်သည် ငါးယောက်ကလည်း တစ်ယောက် ယောက်မလာဘူး၊ အတွင်း ဧည့်သည် ငါးယောက် ကလည်း တစ် ယောက် ယောက် မလာဘူး၊ အပြင်ဧည့်သည် ခြောက်ယောက်က လည်း တစ်ယောက်ယောက် မလာတော့ဘူးဆိုရင် သူတို့နှစ်ခု လှည့်ပြီး ရှုနေ၊ ရှူတဲ့ စိတ်ကလေး ဖြစ်ပြီးတော့ ပျက်တာသိနော် (မှန်ပါ)၊ ရှိုက်တဲ့ စိတ်ကလေးလည်း ဖြစ်ပြီး ပျက်သွားပြီလို့ သိ သိပေးပါ၊ မဂ်နဲ့ သိသိ ပေးပါ (မှန်ပါ)။

တစ်ခါ ဒေါင်ခနဲဆို ဟိုကအသံတွေ ဘာတွေ ရိုက်လိုက်လို့ ကြားစိတ် ကလေး ပေါ်တယ်ဆို သူတို့ မရှိပြန်ဘူး၊ ကြားစိတ် ကလေး ဖြစ်လာတယ်၊ အဲဒါကို မဂ္ဂင်က လိုက်ရှု(မှန်ပါ)။

ဒါဖြင့် လိုက်တတ် ပလား (လိုက်တက်ပါပြီ)၊ ဧည့် သည်ပေါ်ရင် ဧည့်သည်လိုက်၊ ဧည့်သည် မရှိရင် အိမ်သည် နှစ်ခု ဆီမှာ ထိုင်ရှု (မှန်ပါ)။

ပေါ်ရာကို ဖြစ်ပျက်ရှုပေးပါ

ဧည့်သည်ပေါ်ရင် ဧည့်သည် ဆယ့်တစ်ယောက် ဆီကို လိုက်ပေးပါ၊ ဆယ့်တစ်ယောက်မှာ တစ်ယောက် ယောက်ပေါ် မှာပဲ၊ အဲ့ဒီကို ဖြစ်ပျက် လိုက်ရှုပါ၊ မရှိရင် ဘယ်မှာ ထိုင်မတုံး (အိမ်သည်ဆီ ထိုင်ရပါမယ်)၊ ထိုင်နေရင်း မတ္တနဲ့ ဧည့်သည်က ပေါ်လာရင် ဘယ်လိုက်မတုံး (ဧည့်သည် လိုက်ရ ပါမယ်)၊ ဧည့်သည်က မရှိပြန်ဘူးဆိုရင် (အိမ်သည် လိုက်ရပါမယ်)၊ ဒီတော့ အားသေးရဲ့ လား (မအား ပါဘူး)။

ဒီလိုရှုပါတဲ့၊ ဒါဟာ မိလိန္ဒပဉ္စာက လာတဲ့နည်းကို မှီးပြီး ပြောတာ(မှန်ပါ)၊ ရှင်းပြီနော်(ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် နားကြဦးစို့။

သာဓု သာဓု သာဓု။

ဝိပဿနာဆိုတာ ဘာကိုရှုရမှာတုံး (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဝိပဿနာဆိုတာ ဘာကိုရှုရမှာတုံး (၂)

(ယောဂီသစ်များအတွက်)

(၁၁-၁၀-၁၉၆၁)

စိတ္တာနုပဿနာဆိုတဲ့ဥစ္စာ စိတ္တက-စိတ်၊ အနုပဿနာ က-သူ့ကိုရှုတာ၊ (စိတ္တ + အနုပဿနာ) စိတ္တ-က စိတ်၊ အနုပဿ နာက ရှုရတာ (မှန်ပါ)။ ဒါဖြင့် စိတ္တာနုပဿနာ ဆိုတာ စိတ် ကို ရှုကြပါ (မှန်ပါ)။

အဲ့ဒီတော့ ဥပမာ-ဦးမာဒင် ရှုတယ်၊ ဦးသန်းမောင် ရှု တယ်၊ ဦးဗထွေး ရှုတယ်၊ ကိုယ့်သန္တာန် ပေါ်တဲ့ စိတ်ကို ကိုယ်ရှုရမှာ ပဲ။ ကိုယ့်သန္တာန် ပေါ်တဲ့စိတ်က ကိုယ်က ဘာပုဂ္ဂိုလ်တုံး ဆိုတော့ ပုထုဇဉ် ပုဂ္ဂိုလ်(မှန်ပါ)၊ ပုထုဇဉ် ပုဂ္ဂိုလ်ဆိုတော့ ပုထုဇဉ် သန္တာန် ပေါ်လာတဲ့ စိတ်ကို ရှုရုံပဲ(မှန်ပါ)။

ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ရှုပါ

ကိုယ့်သန္တာန် ဈာန်စိတ် ပေါ်လာလိမ့်မယ်၊ လောကုတ္တ ရာ စိတ် ပေါ်လာလိမ့်မယ်၊ ဒါတွေ မယူပါနဲ့၊ ကိုယ်မွေး ကတည်းက ကိုယ့်သန္တာန် ဖြစ်ကောင်းတဲ့စိတ်က ၃၇ ပဲရှိတယ်၊ အဲဒီတော့ ဒီ ၃၇ ထဲက အလှည့်နဲ့ပေါ်နေတာပဲ (မှန်ပါ)၊ ပေါ်နေတဲ့စိတ် ကလေးကို ဒကာ ဒကာမတွေက ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ ရှု ရုံပဲ၊ ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ ရှုလိုက်တဲ့ အခါကျတော့ကို ဘာ ဖြစ်သလဲလို့မေးဖို့ မလိုဘူးလား (လိုပါတယ်)။

ဥပမာမယ် ဒါက စားချင်တဲ့ စိတ်ကလေး (မှန်ပါ)၊ ဝမ်းထဲမှာ စားချင်တဲ့ စိတ်ကလေးပေါ်တယ်၊ ဒီစားချင်တဲ့ စိတ်ကလေး ပေါ်လာတော့ ဒီစားချင်တဲ့ စိတ်ကလေးဟာ ရှေးဦးစွာ မှတ်ထားပါ၊ သူ့အသက်တမ်းဟာခဏကလေးပဲရှိတယ်။ ၁-၂ ဆိုသေတာပဲ၊ ၁-မှာဖြစ်တယ်၊ ၂-မှာသေတယ်(မှန်ပါ)၊ လက်ဖျစ်တစ်တွက်ဆိုရင် မရှိဘူး သူက (မှန်ပါ)။

ဒါဖြင့် ဒီစိတ်ကလေးသည် ဖြစ်မှုပျက်မှုသာရှိတယ်ဆိုပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မဂ္ဂင်ငါးပါးနဲ့လိုက် ပါ(မှန်ပါ)။

အဲဒီတော့ မဂ္ဂင်ငါးပါးနဲ့ ဆိုတော့ တပည့်တော်တို့က ရေတွက် လိုက်နေရမှာလားလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် မဟုတ်ပါဘူးတဲ့၊ ဒီစိတ်ကို ရှုဖြစ်အောင်သာ ရှုပါ (မှန်ပါ)။ ပေါ်လာတဲ့ စိတ်ကို မရှိဘူး သိအောင်သာ ရှုပါ။ ခင်ဗျားတို့ သန္တာန် မှာ ဒီမဂ္ဂင်ငါးပါး ပေါ်ပါတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

မဂ္ဂင်ငါးပါးဆိုတာ

ဒီငါးပါးက ဘာဖြစ်လို့ပေါ် ရတာမေးတဲ့ အခါကျတော့ ဒီငါးပါးထဲမှာ သမ္မာဒိဋ္ဌိ ဆိုတာက စိတ်အပျက်ကို အမှန်သိတာ၊ သမ္မာသင်္ကပ္ပ ဆိုတာက ကြံစည်တာ၊ ကြံစည်တာက ဘာတုံးဆိုတော့ သမ္မာဒိဋ္ဌိ မြင်မှုကို မြင်ကွက် ဖော်ပေးတာ (မှန်ပါ)၊ သမ္မာ ဒိဋ္ဌိက မြင်တတ်တယ်၊ သမ္မာသင်္ကပ္ပက မြင်ကွက် ဖော်ပေးတယ် (မှန်ပါ)။

သတိက ဘယ်သူလာလာ သတိထားမယ်၊ သမာဓိက တော့ ဘယ်သူလာလာ အာရုံဘက်ကို စိုက်မယ်၊ ဝီရိယကလည်း ဘယ်စိတ် လာလာ သူက အားစိုက်ပြီး အလုပ်လုပ်မယ် ဆိုပြီး၊ ဒီငါးခုက တစ်ခါတည်း ဖြစ်ဖေါ်ဖြစ်ဖက် ဖြစ်ပြီး သကာလ၊ တစ်ခုသောစိတ် ပေါ်လာလို့ ဒို့က ရှုတော့မယ် ဆိုလို့ရှိရင်၊ ဒါဟာ ခွဲ ပြီးတော့ ဘယ်တော့မှ မဖြစ်ဘူးလို့မှတ်ပါ (မှန်ပါ)၊ ငါးခု တစ် ပြိုင်နက်တည်း ဖြစ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီငါးခုက ခင်ဗျားတို့က ရှုတဲ့ဉာဏ်စိတ်၊ ဒီကအရှု ခံတဲ့စိတ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အရှုခံတဲ့စိတ်ကို ရှုဉာဏ်နဲ့လိုက်ပါ

ဒါဖြင့် အရှုခံတဲ့စိတ်ကို ရှုဉာဏ်နဲ့လိုက်ပါ(မှန်ပါ)။ အရှုခံတဲ့စိတ်ကို ရှုဉာဏ်နဲ့ လိုက်လိုက်တဲ့ အခါကျတော့ စိတ်က ဘာပြောသတုံးလို့ မေးတဲ့ အခါကျတော့ ကျုပ်ဟာ စိတ်လည်း ဟုတ်ပါတယ်၊ သို့သော် စိတ် အနိစ္စပါလို့ ပြောသွားတယ် (မှန်ပါ)၊ စိတ်လည်း စိတ်ပဲတဲ့။ သို့သော် ခင်ဗျားတို့ ကြည့်တဲ့ အချိန် မှာ ကျုပ် မရှိဘူးတဲ့၊ မရှိတော့ ခင်ဗျားတို့ ကြည့်တဲ့ အချိန်မှာ ကျုပ်ဟာ သေပါပြီတဲ့၊ သူက ပြောသလို လုပ်သွားတယ် (မှန်ပါ)။

ဒါဖြင့် အရှုခံ တရားက စိတ်လည်း ကျုပ်ပါပဲ၊ သေတာ လည်း ကျုပ်ပါပဲလို့ သူပြော သွားတယ် (မှန်ပါ)၊ ပြောသွားတော့ ဒကာ ဒကာမတွေက ဒီကနေ ဝမ်းထဲက နေပြီး ဉာဏ်နဲ့ လိုက်လိုက်ပါ။ ကိုယ့်စိတ် ကိုယ်မပိုင်ဘဲကိုး (မှန်ပါ)။

ဒါက ကိုယ့်စိတ် ကြည့်လိုက်တဲ့ အခါကျတော့ တည်တံ့ – ပါဦး၊ ခိုင်ခံ့ပါဦး ဆိုလို့ ရရဲ့ လား (မရပါဘူး)။

မရတော့ ဒီတရားသည် အနိစ္စလည်း ဟုတ်တာပဲ၊ ပျက်စီး သွားတယ်၊ ဒုက္ခကော (ဟုတ်ပါတယ် ဘုရား)၊ အနတ္တကော (ဟုတ်ပါတယ် ဘုရား)။

ဖြစ်ပျက်မှုကို ဉာဏ်တည့်လိုက်ပါ

အဲ တစ်ခါတည်း ဖြစ်မှုနဲ့ ပျက်မှုကို တစ်ခါတည်း ဒကာ ဒကာမတွေက ဉာဏ်တည့် လိုက်သည်နဲ့ တစ်ပြိုင်နက် တည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ ဒုက္ခသစ္စာတွေ တစ်ပြိုင်တည်း မြင်တယ် (မှန်ပါ)၊ ဘယ်သူက မြင်သတုံး ဆိုတော့ ရှုတဲ့တရား ငါးပါးက မြင်ပါတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဦးမာဒင် သန္တာန်ဖြစ်စေ၊ ဦးသန်းမောင် သန္တာန်မှာဖြစ်စေ၊ ဦးဗထွေး သန္တာန်မှာ ဖြစ်စေ ခင်ဗျားတို့ ပုဂ္ဂိုလ်၏ ရထိုက်တဲ့ စိတ်ကို ရှုရမှာပဲ (မှန်ပါ)၊ မရတဲ့ စိတ် လာကို မလာဘူး (မှန်ပါ)၊ လာပါ့မလား (မလာ ပါဘူး)။

ခင်ဗျားတို့ သန္တာန်မှာ အခု အချိန်များ သောတာပန် စိတ် လည်း မလာသေးဘူး၊ သကဒါဂါမ် စိတ်ကော (မလာသေးပါ ဘူး)၊ အနာဂါမ်စိတ်ကော (မလာသေးပါဘူး)၊ ရဟန္တာ စိတ်ကော (မလာသေးပါဘူး)။

ဘာကိုရှုရမှာတုံး

ဒါဖြင့် ဘာရှုရမှာတုံးဘုရာ့ဆိုတော့ ခင်ဗျားတို့ သန္တာန် စိတ်ကင်းလည်း သေမှာပဲ။ စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ)၊ စိတ်ကင်းရင် သေမှာပဲ ဆိုတာ စိတ်ဟာ မပြတ်ပေါ်နေလိမ့်မယ် (မှန်ပါ)၊ မပြတ်ပေါ်နေတော့ ပေါ်လာတဲ့စိတ်ဟာ တစ်စိတ်ပြီး တစ်စိတ် ပေါ်နေတယ် (မှန်ပါ)။

စောင့်ကြည့်နေရုံပဲ

အဲဒီ ပေါ်လာတဲ့စိတ်ကို ဒကာ ဒကာမတွေက မလွတ် တမ်း နောက်က နေပြီး သကာလ၊ ဒီစိတ်တွေကို အနိစ္စတွေပဲ အနိစ္စတွေပဲလို့ သူကလည်း ပြောသွားတဲ့ အတွက်၊ ဖြစ်ပြီး ပျက်တဲ့ သဘောတွေကို ချုပ်သွားတဲ့ ဓမ္မတွေက ပြောသွားတဲ့ အတွက်၊ အနိစ္စပဲ အနိစ္စပဲလို့ ပါးစပ်ကလည်း မမြည်ဘဲနဲ့ အားလည်း မထုတ် ဘဲနဲ့ စောင့်ကြည့်နေရုံပါပဲ (မှန်ပါ)။

စောင့်ကြည့်နေတဲ့ အခါကျလို့ ရှိရင်ဖြင့် ချုပ်သွားတာက အနိစ္စ၊ ကြည့်တာက အနိစ္စဉာဏ် (မှန်ပါ)၊ ရှုတာက အနိစ္စ ဉာဏ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ချုပ်သွားတာက (အနိစ္စပါ)၊ ရှုတာက (အနိစ္စ ဉာဏ်ပါ)။ ဒါဖြင့် ခင်ဗျားတို့မှာ အနိစ္စရှိလို့ အနိစ္စဉာဏ် ပေါ်တယ် (မှန်ပါ)။

အနိစ္စဉာဏ်ဆိုတာမဂ္ဂင်ငါးပါး

ဒါဖြင့် အနိစ္စဉာဏ်ဆိုတာ တခြားလား အောက်မေ့နေ တယ်။ ဒို့ရှုတဲ့ မဂ္ဂင်ငါးပါး ဆိုတာကိုးလို့ မှတ်ထားပါ(မှန်ပါ)။

ရှုတာက မဂ္ဂင်ငါးပါး။ မဂ္ဂင်ငါးပါးကို ဒကာ ဒကာမတွေ က မှတ်လိုက်စမ်းပါ၊ အနိစ္စဉာဏ် ဆိုတာလည်း သူပဲ။ ဒုက္ခဉာဏ် ဆိုတာလည်း သူပါပဲ (မှန်ပါ)၊ အနတ္တဉာဏ် (သူပါပဲ)။ ဒုက္ခသစ္စာ သိတဲ့ဉာဏ် (သူပါပဲ)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်စိတ်ကို ကိုယ်ရှုပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘုန်းကြီးက ဂဏန်းတပ်ပေး လိုက်တယ်။ ၁-ဟာ ရှုစရာ။ ၂-ဟာ ရှုတာ (မှန်ပါ)၊ ၁-နဲ့ ၂-ကြားမှာ ဘာမှ မလာဘဲနဲ့ ခင်ဗျားတို့ ၁-က ရှုစရာ၊ ၂-က ရှုတာ၊ ရှုစရာကို ရှုတာနဲ့ ကိုက် သွားအောင် လုပ်နေလို့ ရှိရင်ဖြင့် မနက် အားထုတ် ညနေ ရနိုင် တယ် (မှန်ပါ)။

ဟာ- ရှုစရာက ချုပ်သွားတာ ကြာလှပြီ၊ ရှုတဲ့စိတ်က မရှု မိဘူး၊ ကြားထဲမှာ တစ်ခါတည်း တပည့်တော်တို့ သားကလေး ခင်တဲ့စိတ်၊ သမီးကလေး ခင်တဲ့စိတ်၊ မြေးကလေး ခင်တဲ့စိတ် သုံးစိတ်လောက် ဝင်နေမယ် ဆိုလို့ရှိရင် သုံးစိတ်လောက် ဝင်ပြီးတော့မှ ရှုဦးမှာပဲ ဆိုပြီး ရှုစရာ တစ်ခု ပေါ်လာလို့ ဒီက ရှုတော့ သုံးခု လောက် ခြားမသွားဘူးလား (ခြားသွားပါတယ်)၊ အဲဒါ ကိလေသာ သုံးခု ခြားတာလို့သာ မှတ်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ကိလေသာခြားရင် မဂ်ရဖို့နှေးလိမ့်မယ်

ဘာခြားသတုံး (ကိလေသာခြားပါတယ် ဘုရား)၊ ကိလေသာ ခြားသွားလို့ ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောဒီမဂ္ဂင်ငါးပါးက ရှစ်ပါး ဖြစ်ဖို့ နှေးလိမ့်မယ်တဲ့ (မှန်ပါ)၊ ဘာဖြစ်လို့တုံး (ကြားမှာ ကိလေသာ ခြားလို့ပါ)။

မဂ်တားဖိုလ်တားတဲ့ရန်သူ

အဲဒီတော့ ခင်ဗျားတို့၏ မဂ်ဖိုလ်တားတဲ့ ရန်သူ အကြီး ဆုံးကို ယနေ့ ဟောတာပဲတဲ့၊ ကိလေသာ ကြားထိုးတာ ရန်သူ အကြီးဆုံး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူ ရန်သူ အကြီးဆုံးပါလိမ့် (ကိလေသာ ကြား ထိုးတာ ရန်သူအကြီးဆုံးပါ)။

မှတ်ကြစမ်းပါ၊ ဒီဥစ္စာ သေသေချာချာ မှတ်ပါ၊ သေသေ ချာချာ မှတ်ပါ၊ ခင်ဗျားတို့၏ ရန်သူ အကြီးဆုံးဟာ ခင်ဗျားတို့မှာ ရှိတယ်၊ အဲဒီရှိတဲ့ ရန်သူကြောင့် ခင်ဗျားတို့ သံသရာထဲမှာ အိုဘေး၊ နာဘေး အပါယ်ဘေးတွေ သင့်နေတာ (မှန်ပါ)။

အဲဒီရန်သူ ဘယ်သူတုံး ဆိုတော့ ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ဝိပဿနာ မရှုလို့ရှိရင် သူတို့ချည်း နေတယ်၊ ကိလေသာ ချည်းနေတာပဲ (မှန်ပါ)၊ သဘောကျပလား (ကျသွားပါ ပြီ)၊ ဝိပဿနာ ရှုလို့ရှိရင်လည်း သူက ကြားခိုတတ်တယ် (မှန်ပါ)။

ဝိပဿနာ ရှုတဲ့ အခါမှာလည်း (ကြားခိုတတ်ပါ တယ်)၊ ဒါ ခင်ဗျားတို့၏ အကြီးဆုံး ရန်သူပဲ (မှန်ပါ)။ ကိလေသာ မာရ်နတ်လို့ ခေါ်ပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်ကိလေသာက တားတာ

ကိလေသာမာရ်နတ် ဆိုတဲ့ ဥစ္စာက သူများ လာတားတာ လား၊ ကိုယ့်ကိလေသာက တားတာလား (ကိုယ့်ကိလေသာ တားတာပါဘုရား)၊ အဲ ကိလေသာက လောဘလည်း ကိလေသာ, ဒေါသလည်း ကိလေသာ, မောဟလည်း ကိလေ သာ, မာနလည်း ကိလေသာ, ဒိဋ္ဌိလည်း ကိလေသာပဲ။ ဝိစိကိစ္ဆာ လည်း (ကိလေသာပါပဲ)၊ ဥဒ္ဓစ္စလည်း ကိလေသာပဲ၊ အဟီရိကလည်း ကိလေသာပဲ၊ အနောတ္တပ္ပလည်း ကိလေသာပဲ (မှန်ပါ)။

ကိလေသာ ဆယ်ပါး ကြားထိုး နေလို့ရှိရင် ခင်ဗျားတို့ သည် ကြာသွားတာပဲ၊ ဖြစ်ပျက်-မဂ် ကြားမှာ သူတို့ တစ်ခုခု ကြားထိုး နေလို့ရှိရင် ကြာသွားမှာပဲ၊ မဂ္ဂင်ငါးခုက မဂ္ဂင်ရှစ်ပါးမဖြစ် နိုင်ဘူး (မှန်ပါ)၊ အလျင်တော့ ငါးပါးနဲ့ ရှုရှုနေတာ၊ ကြား မထိုးလို့ ရှိရင် ခဏကလေး ရှစ်ပါး ဖြစ်မယ် (မှန်ပါ)၊ ရှစ်ပါး ဖြစ်ရင် သောတာပန် တည်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီဘုရား)။

ဝိပဿနာမဂ္ဂင်ငါးပါး

ဒါဖြင့် အခု ဖြစ်ပျက်ကို မြင်ရင် ဪ ဖြစ်သွားပြီ။ ပျက်သွားပြီလို့ မြင်လိုက်လို့ ရှိရင်ဖြင့် ဒါငါးပါးနဲ့ သိနေတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒါကို ဝိပဿနာမဂ် လို့ ခေါ်တယ် (မှန်ပါ)။

ဝိပဿနာ မဂ်ဆိုတာ မဂ္ဂင် ဘယ်နှစ်ပါးတုံး (ငါးပါးပါ ဘုရား)၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ ဒါ ဝိပဿနာ မဂ္ဂင်ငါးပါးပဲ (မှန်ပါ)။ ဒါဖြင့် ခင်ဗျားတို့ စိတ်ကို ခင်ဗျားတို့ပါ ဆိုတော့၊ ခင်ဗျား တို့စိတ်ကို ဘယ်လောက်ရှိသတုံးလို့ မသိတော့၊ မနေ့က ဘုန်းကြီး က စိတ္တာနုပဿနာ ရှုရမည့် အာဟာရ ဆယ့်ခြောက်ပါးထဲမှ ပြောလိုက်တယ်၊ ဦးဗထွေး ခင်ဗျားတို့ရှုဖို့ ဆယ်သုံးခု ရှိတယ် (မှန်ပါ)၊ ဒီဆယ့်သုံးခုကတော့ အလှည့်နဲ့ ပေါ်မှာပဲ (မှန်ပါ)၊ ဒီ ဆယ့်သုံးခု တစ်ခုမှ မပေါ်ရင် ခင်ဗျားတို့ သေပြီလို့ ဆုံးဖြတ်ချက် ချ (မှန်ပါ)။

ပေါ်တဲ့စိတ်ကို မဂ္ဂင်နဲ့ရှုပေး

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို မသေအောင်စောင့် ရှောက်နေတဲ့စိတ် ဘယ်နှစ်စိတ်တုံး မေးရင် ဘယ့်နှယ်ပြောမလဲ (ဆယ့်သုံးပါးပါဘုရား)၊ အဲဒီ ဆယ့်သုံးစိတ်ကို ခင်ဗျားတို့က ပေါ်တဲ့စိတ်ကို နောက်က မဂ္ဂင်နဲ့ မလွတ်တမ်း ရှုပေးပါ (မှန်ပါ)။

မလွတ်တမ်း ရှုပေး ဆိုတော့ ထိုင်ပြီးတော့ ဒကာ ဒကာမ တွေက ကြည့်နေပါ။ ထိုင်ပြီး ကြည့်နေတော့ ပထမ ရှေးဦးစွာ ရှု တဲ့စိတ်ကလေး ရှုပါ။ လေကို မလိုချင်ဘူး၊ စိတ္တာနုပဿနာဆို တော့ စိတ်ကို ရှုရမှာ၊ ထွက်တဲ့ စိတ်ကလေးကို သြော် ထွက်အောင် လုပ်ပြီး ပျက်သွားတာပဲ၊ ရှိုက်တဲ့ စိတ်ကလေးကလည်း ရှိုက်အောင် လုပ်ပြီးတော့ (ပျက်သွားပါတယ် ဘုရား)၊ သူတို့ နှစ်ခုချည်း လှည့်နေတာပဲ (မှန်ပါ)။

ဒါဖြင့် ဒီနှစ်စိတ်ချည်း လှည့်ရှု နေဦး၊ ဉာဏ်ကလေးနဲ့ လှည့်နေရမယ် (မှန်ပါ)၊ ဒါ ဉာဏ်အမြင်နော် (မှန်ပါ)။ ဝမ်းထဲမှာ ရှိတဲ့စိတ်ကို မျက်လုံးနဲ့ကြည့်လို့ မမြင်ပါဘူး၊ ဉာဏ်အမြင်နဲ့ လိုက်ပါ(မှန်ပါ)၊ ဉာဏ်အမြင်နဲ့ ဆိုတာက ခင်ဗျားတို့ ရှင်း ရှင်းပဲ ပြောပါ့မယ်၊ ဉာဏ်အမြင်က သာပြီး ထိုးထွင်းပါတယ် (မှန်ပါ)။

ဖရဲသီးဥပမာဉာဏ်အမြင်

ကျုပ်တို့ ဒိုက်ဦးဆီ ဘယ်ဆီကျတော့ ဖရဲသီးကြီးတွေ တွေ့ကြပါလိမ့်မယ် (မှန်ပါ)၊ ခင်ဗျားတို့က ကြည့်လိုက်တယ်၊ ဒီဖရဲသီး ရင့်သလား မရင့်ဘူးလားဆိုတာ ပုတ်ပြီး ကြည့်ရင် သိ တယ် (မှန်ပါ)။

ရင့်ရင်ဖြင့် သြော် အတွင်းမှာ အစေ့မည်းတယ်ဆို တာ ခင်ဗျားတို့ သိပါတယ် (မှန်ပါ)၊ ဒါ မျက်လုံးနဲ့ ကြည့်တာ လား (ဉာဏ်အမြင်နဲ့ ကြည့်တာပါ ဘုရား)၊ ခွဲကြည့်တော့ လည်း အဟုတ်မည်း နေတာပဲ (မှန်ပါ)။

အဲဒီ ဉာဏ်မျိုးနဲ့ ဖရဲသီးကို ပြင်ဘက်ကနေပြီး ကြည့် သော်လည်း အတွင်းသိနိုင်သလို၊ ဝမ်းထဲမှာ စိတ်ကလေးဟာ လည်း မွေးလိုက်, သေလိုက် ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ သူဖြစ်တဲ့ အကြောင်းကို ကျုပ်တို့ သက်သေခံ လုံလောက်အောင် ပြပါ့မယ် (မှန်ပါ)။

လေထွက်စေတဲ့စိတ်

ပထမ လေထွက်စေတဲ့ စိတ်ကလေး မလာလို့ရှိရင် ထွက်လေကို မလာဘူး (မှန်ပါ)၊ လေရှိုက်တဲ့ စိတ်ကလေး – အတွင်းမှာ မဖြစ်သေးလို့ရှိရင် ဒကာ ဒကာမတို့ လေကို အတွင်းကို ဝင်လို့ မရဘူး (မှန်ပါ)။

လေအတွင်းသွင်းတဲ့စိတ်

ဒါဖြင့် ဒီစိတ်ကလေးသည် လေ့ကိုထွက်အောင် လုပ်တဲ့ စိတ်ကလေးကလည်း သူဖြစ်ပျက် ပျောက်ပြီးမှ လေပြင်ဘက် ရောက်တယ် (မှန်ပါ)၊ လေအတွင်းကို သွင်းတဲ့ စိတ်ကလေး ကလည်း ဖြစ်ပေါ်ပြီး ချုပ်သွားမှာပဲ၊ လေကလေးက လိုက်လာ တယ်(မှန်ပါ)၊ အတွင်းပြန် လိုက်လာတယ်။

အဲဒီလို ဝမ်းထဲမှာ စိုက်ပြီး ပျက်ပြန်ပြီ၊ ဒီဘက်ကပျက် ပြန်ပြီး ဒီဘက်က ပြန်ဖြစ်ပြန်ပြီလို့ သူတို့ကို လိုက်နေပါ (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် သူတို့နှစ်ခုကို အိမ်သည်စိတ် နှစ်ခုကို ဦးမာဒင်တို့က လိုက်နေပေါ့ဗျာ (မှန်ပါ)၊ လိုက်နေရင်း မတ္တနဲ့ နားထဲမှာ ဟိုက အခုရိုက်နေတဲ့ ဓာတ်မီးကြိုး သွယ်တဲ့လူက တူကလေးနဲ့ ဒေါင်ဆို ရိုက်လိုက်တယ်၊ ရိုက်လိုက်တော့ မကြား ပေဘူးလား ဦးသန်းမောင်တို့ (ကြားပါတယ်)။

ကြားတဲ့စိတ်

ဒီဥစ္စာ ကြားတဲ့စိတ် ပေါ်တယ်၊ ဒီစိတ် အခုမရှိဘူး၊ မရှိ တော့ ကြားစိတ်ကလေးကိုပဲ ဒီမဂ္ဂင်က လိုက်နေ (မှန်ပါ)၊ ကြားစိတ် ကလေးကလည်း ကြားပြီးတော့ သြော် ကြားစိတ် ကလေးလည်း ပျက်သွားပြီ ဆိုပြီးတော့ ရှုနေ၊ ကြားစိတ်ကလေး မရှိ ဘူး (မှန်ပါ)၊ မရှိရင် ဒီကိုပြန်လှည့်ပါ (မှန်ပါ)၊ လေထုတ် တဲ့စိတ်၊ လေပြန်သွင်းတဲ့ စိတ်ကလေးကို ဖြစ်ပျက်ရှုနေ (မှန်ပါ)။

နံတဲ့စိတ်

ဒီကနေပြီးသကာလ ဟိုက အကြော်သည်ဆီက အနံ့ ကလေး ရလာတယ်၊ မီးဖိုချောင်က အနံ့ကလေး ရတယ်၊ အနံသိတဲ့ စိတ်ကလေး မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ဟာ ဒါ နှာခေါင်း စိတ်ကလေး ပေါ်တယ်၊ ဒါမရှိတော့ဘူး၊ မရှိတော့ နှာခေါင်းစိတ်ကို ဖြစ်ပျက် လိုက်မှ လိုက် (မှန်ပါ)၊ ဪ သူလည်း အနိစ္စပါလား ဆိုပြီး လိုက်လိုက်တော့ သူက ဆက်ပေါ် နေလည်း သူ့ကိုရှုနေပါ (မှန်ပါ)။

သူက မပေါ်တော့ဘူး ဘုရား၊ ရှုပြီးပြီ တပည့်တော်၊ သူ မလာတော့ဘူးဆိုရင် ခင်ဗျားတို့ ဉာဏ်က ဒီနှစ်ခု ပြန်လှည့် (မှန်ပါ)၊ အအားတော့ မထားနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)။

လျှာစိတ်

ကဲ-တစ်ခါ လျှာပေါ်မှာ သလိပ်ကလေး ရောက်လာ တယ်၊ လျှာစိတ်ကလေး ပေါ်လာတယ်၊ လျှာစိတ်ကို ဖြစ်ပျက်ရှု လိုက်ပါ(မှန်ပါ)၊ ဒါ ဖြုတ်ပစ်ပါ၊ ဖြုတ်ပစ် ရတယ် မဟုတ်ဘူး၊ သူ့ကိုက မပေါ်နိုင်ဘူး (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။

ဒါဖြင့် လျှာစိတ်ကလေး ဖြစ်ပျက် ရှုပြီးတော့မှ ဘယ်စိတ် မှ မလာတော့မှ ဒီဘက် ပြန်လှည့်၊ ရှူစိတ် ရှိုက်စိတ်ဘက် ပြန်လှည့်ပါ (မှန်ပါ)၊ ဦးဗထွေး အားသေးရဲ့ လား (မအားပါဘူး)၊ မအားတော့ဘူး၊ ပေါ်ရာကို လိုက်၊ ပြီးတော့ ဒီကို ပြန်ထိုင်ပါ (မှန်ပါ)၊ မပေါ်ရင် သူတို့သာ လှည့်လိုက်နေ (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ)။

ရှူစိတ်ရှိုက်စိတ်ပြန်လှည့်

မပေါ်ရင် (သူတို့နှစ်ခု ပြန်လှည့် ရပါမယ်)၊ သူတို့နှစ်ခု ပြန်လှည့်ပေး၊ သူလည်း ဖြစ်ပျက် သူလည်း ဖြစ်ပျက် အတွင်းစိတ် ကလေးနှစ်ခု လှည့်ရှုနေ (မှန်ပါ)။

လှည့်ရှုရာမှ ခုနင်က ကိုယ်ပေါ်မှာ ယားတဲ့ စိတ်ကလေး ပေါ်လာတယ်၊ ခင်ဗျား ဘယ်လှည့်မလဲ (ကိုယ်ပေါ် ပြန်လှည့် ရပါမယ်)၊ ကိုယ်ပေါ် ပြန်လှည့်ပြီး ဒီဖြစ်ပျက်ရှုလိုက် (မှန်ပါ)။ ဪ ဒါကလေးက ဖြစ်ပြီး ပျက်တာပဲလို့ ရှုလိုက် (မှန်ပါ)

ရှုပြီး အခုပြောတဲ့ စိတ်ကလေး ကလည်း မရှိပြန်ဘူး၊ ဘယ်လှည့်ကြမလဲ (အိမ်သည်စိတ် ပြန်လှည့် ရပါမယ်)၊ ဒီနှစ် စိတ်ကို ပြန်လှည့်ရတယ် (မှန်ပါ)၊ ဒါကလေးကို အလှည့်ကျ နဲ့ ပြန်ရှု (မှန်ပါ)။

ရှုရာက နေပြီး ဒကာ ဒကာမတို့ စိတ်ကလေးတွေက ကုသိုလ် လုပ်ချင်သေးတယ်၊ ကြားပေါက် သူပေါ်လာတယ်၊

ဦးမာဒင်က ဘယ်လိုက်မလဲ (ကုသိုလ်လုပ်ချင်တဲ့ စိတ်ကလေးကို ပြန်လိုက် ရပါမယ်)။

ကုသိုလ်စိတ်

ကုသိုလ်စိတ် ကလေးက ဝမ်းထဲမှာ ဖြစ်ပြီး အင်း ဝမ်း ထဲမှာ ပျက်တာပဲဆို သူပျောက် သွားတာပဲ (မှန်ပါ)၊ ပျောက် သွားပြီး ဘယ်စိတ်မှ မလာတော့ ဒါကို ပြန်လှည့် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဟိုဟာတွေ ပေါ်လာလည်းလိုက်၊ မပေါ်လာလို့ရှိ ရင် သူတို့ပြန်လှည့် (မှန်ပါ)၊ ဒီတော့ စိတ်ဟာ အားသေးရဲ့လား (မအားပါဘူး)၊ မအားတော့ ကြားစိတ် ကိလေသာ ထိုး နိုင်သေးရဲ့ လား (မထိုးနိုင်ပါဘူး)၊ မထိုးနိုင်လို့ ရှိရင် နာရီ အနည်းငယ် အတွင်းမှာတောင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရနိုင်ပါ တယ်၊ အဟုတ် တင်းတင်း လုပ်စမ်းပါ (မှန်ပါ)။

ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးက ပြောတာက ဧည့် သည် လာရင် ဧည့်သည်ကို ဖြစ်ပျက်ရှု၊ မလာရင် အိမ်သည်ကို ပြန်ထိုင်(မှန်ပါ)။

အပြင်ဧည့်သည် လာရင်လည်း အပြင်ဧည့်သည်ကို ဘာ လုပ်မယ် (ဖြစ်ပျက်ရှု ရပါမယ်)၊ နောက် ဘယ်ကို ပြန်ထိုင်ရ မယ်(အိမ်သည် ပြန်ထိုင်ရပါမယ်)၊ အိမ်သည်ဆိုတဲ့ ထွက် စိတ် ဝင်စိတ်ကို ပြန်ထိုင် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ။ တစ်ခါ ဒီအထဲကမှ တပည့်တော်တို့က လည်း ဘဝများစွာ သံသရာက မျောက်စိတ်လိုပဲ ဘုရာ့၊ တပည့်တော်တို့က ဖျတ်ခနဲ ဖျတ်ခနဲဆို လစ်လစ်ပြီး သကာလ ကြားထိုး စိတ်တွေက ဝင်တယ်၊ ဒီဆယ့်သုံးခုတွင် ရှုရမှာ မဟုတ်ဘူး၊ ဒိပြင် စိတ်တွေက ဝင်လာ ပြန်သေး တယ်ဘုရာ့ ဆိုလို့ရှိရင်ဖြင့် ဦးမာဒင် တို့က ကြားထိုးစိတ် ကိုလည်း ဖြစ်ပျက် ရှုပေးပါ (မှန်ပါ)။

ကြားထိုးစိတ်ကို ဖြစ်ပျက်ရှုပေးပါ

ဘယ့်နှယ်လုပ်ရမလဲ (ကြားထိုးစိတ် ကိုလည်း ဖြစ် ပျက် ရှုပေးပါ)။

ကောင်းပြီ။ ကြားထဲမှာ မတရားသဖြင့် ထိုးလာတဲ့ ဣဿာကံ ကလေး ပေါ်လာတယ်၊ သူများ ချမ်းသာတာ မနာလို တဲ့ ဣဿာ ကလေး ပေါ်လာတယ်၊ အိမ်မှာ ထားခဲ့ ရတာတွေ စိုးရိမ်တဲ့ သောက ကလေး ပေါ်လာတယ်၊ အဲဒါကို ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရပါမယ်)။

ရှုပြီးလို့ သူ သွားပြီ ဆိုလို့ရှိရင် နောက်ထပ် မလာတော့ ဘူးဆိုလို့ ရှိရင် အိမ်သည် နှစ်ခုပြန်ထိုင် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီလိုချည်း ပြန်ထိုင် (မှန်ပါ)။ ဒီလိုချည်း ပြန်ထိုင်ကြ လို့ ပြင်ဘက် ဧည့်သည်လည်း တပည့်တော်တို့ အနိစ္စ မြင်ပြီ ဘုရား။ အတွင်းဧည့်သည်လည်း အနိစ္စမြင်ပြီ ဘုရာ့၊ ကြားထိုး လည်း အနိစ္စမြင်ပြီ ဘုရာ့၊ နောက်ဆုံးပိတ် ထွက်စိတ် ဝင်စိတ်ကို လည်း ဖြစ်ပျက် ရှုတတ်ပြီ ဘုရားလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ ဘာမှ မပူနဲ့တော့ အနိစ္စနဲ့ အနိစ္စဉာဏ် ခင်ဗျားတို့ ကိုက်သွားပြီ (မှန် ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အနိစ္စနဲ့ အနိစ္စဉာဏ်ကိုက်သွားတယ်

အနိစ္စနဲ့ အနိစ္စဉာဏ် ကိုက်သွားတယ်၊ ဒါက ပျောက်, ပျက်သွားတဲ့ ဓမ္မဟာ အနိစ္စ။ သူက အနိစ္စဉာဏ်။ ဒါ ကိုက်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အနိစ္စနဲ့ အနိစ္စဉာဏ် ကြားထဲမှာ ဘာမှ မဝင်တော့ဘူး (မှန်ပါ)၊ ဘာမှ မဝင်တော့လို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဒီပုဂ္ဂိုလ်ဟာ အနိစ္စာနုပဿီ ပုဂ္ဂိုလ် ဖြစ်သွားပြီ (မှန်ပါ)။

အနိစ္စာနုပဿီပုဂ္ဂိုလ်

ရှုနေတဲ့ပုဂ္ဂိုလ်ဟာ (အနိစ္စာနုပဿီ ပုဂ္ဂိုလ် ဖြစ်ပါ တယ်)၊ အဲ အနိစ္စာနုပဿနာဉာဏ် နဲ့ နေသောကြောင့် အနိစ္စာနုပဿီ ပုဂ္ဂိုလ် ဖြစ်သွားပြီး (မှန်ပါ)။

ကောင်းပြီ၊ ဒီလိုနဲ့ ရှုရှု ရှုရှုပြီး သကာလ ဒကာ ဒကာမ တွေက နေတဲ့ အခါမှာ ထိုင်တာကတော့ ဒီအတိုင်းပဲ ထိုင်နေပါ၊ ပေါ်တာက သူ ဒီကိုယ်ထဲ လှည့်ပေါ် နေမှာပဲ (မှန်ပါ)၊ ဘယ်မှ ခင်ဗျားတို့ သွားစရာ မလိုတော့ဘူး (မှန်ပါ)၊ သွားစရာ မလိုဘူး။

ဘာမှမရှိရင် ထွက်စိတ် ဝင်စိတ်ရှုနေပါ

ဘာမှမရှိရင် ထွက်စိတ်ဝင်စိတ် ရှုနေ (မှန်ပါ)၊ ဒိပြင် စိတ်ပေါ်လာရင် (ပေါ်တဲ့စိတ် ရှုရပါတယ်)၊ ပေါ်တဲ့စိတ်လိုက် လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဘာဖြစ်လို့ ဒီ ဒကာ ဒကာမတွေ အပင်ပန်းခံပြီးတော့ ဒါတွေ ဂရုတစိုက် လိုက်နေရသတုံးလို့ မေး တဲ့အခါကျတော့ ဖြစ်ပျက် နောက်က ဒီမဂ်ကလေး မလိုက်တတ် ဘူး (မှန်ပါ)။

မလိုက်တတ်တော့ ခင်ဗျားတို့ ဒါကလေးက မြင်စိတ်၊ ဒါကလေးက လိုချင်တဲ့စိတ်၊ ဒါကလေးက စွဲလမ်းတဲ့စိတ်၊ ဒါ ကလေးက အားထုတ်တဲ့စိတ်၊ ဟော တဏှာ ဥပါဒါန် ကံဟာ လာတော့တာပဲ (မှန်ပါ)။ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် (မှန်လှပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ်)။

ဒါဖြင့် တဏှာ, ဥပါဒါန်, ကံ၊ ကံလာလို့ရှိရင် သေသည် ၏ အခြားမဲ့၌ ဇာတိ, ဇရာ, မရဏ မလာပေဘူးလား (လာ ပါတယ်)။

ရှုမည့်စိတ်ကိုမရှုခဲ့ရင်

ရှေ့ကတော့ဖြင့် ရှုရမယ့်စိတ်ကို မရှုသောကြောင့် တဏှာ ဥပါဒါန် ကံတို့နဲ့ပဲ ခင်ဗျားတို့ အချိန်ကုန် နေရတယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

ဘာနဲ့ အချိန်ကုန်ရသလဲ (တဏှာ ဥပါဒါန် ကံနဲ့ အချိန်ကုန် ရပါတယ်)။

ဒါဖြင့် ခင်ဗျားတို့မှာ ပဋိစ္စသမုပ္ပါဒ်လည်တဲ့ တရားနဲ့ အချိန် ကုန်တယ်၊ ဟုတ်လား (မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ တရား နဲ့ အချိန်မကုန်ဘူး (မှန်ပါ)။

ဒီနှစ်ခုကို သေသေချာချာ မှတ်ပါ၊ ရှေးတုန်းကတော့ မြင်တဲ့စိတ် စိန်တွေ မြင်တယ်၊ လိုချင်တယ်၊ မရ ရအောင် အား ထုတ်မယ်၊ ကာယကံ ဝစီကံနဲ့ လုပ်မယ်, ပြောမယ်, ဆိုမယ် (မှန်ပါ)၊ တဏှာ, ဥပါဒါန်, ကံ မလာဘူးလား (လာပါတယ်)၊

သေသည့်အခြားမဲ့၌ ဇာတိ, ဇရာ, မရဏ လာလိမ့်မယ် (လာ မှာပါဘုရား)။

အပါယ်ရောက်နိုင်တယ်

လာတော့ ဪ ရှေးကတော့ ခင်ဗျားတို့ မြင်စိတ် တစ်ခုပေါ်ရင်ပဲ အပါယ် ရောက်သွားနိုင်ပြီ။ သံသရာလည်ပြီ (မှန်ပါ)၊ ကြားစိတ် တစ်ခုပေါ်ရင် (အပါယ် ရောက်သွား နိုင်ပါတယ်)၊ နံစိတ်တစ်ခု ပေါ်ရင် (အပါယ် ရောက်သွား နိုင်ပါ တယ်)၊ ကြံစိတ်တစ်ခု ပေါ်ရင် (အပါယ် ရောက်သွား နိုင်ပါ တယ်)။

ဘယ့်နှယ်ကြောင့် ရောက်သွား နိုင်ပါလိမ့်မတုံး၊ ပဋိစ္စ သမုပ္ပါဒ် လည်စိတ်သာ ပေါ်၍ ပဋိစ္စသမုပ္ပဒ် ဖြတ်တဲ့စိတ် မလာ ဘူး (မလာပါဘူး)။

မဂ်ကပဋိစ္စသမုပ္ပါဒ်ကို ဖြတ်တယ်

အခုတော့ ဘုန်းကြီးက ဦးသန်းမောင်တို့၊ ဦးဗထွေးတို့၊ ဒေါ်ကောက်တို့ လူစု ဒါကလေး ရှုလိုက်၊ မြင်တဲ့ စိတ်ကလေးလာ ရင် မြင်တဲ့စိတ်ကလေးဟာ ဖြစ်ပြီး ပျက်တယ်လို့ ဟောဒီက ရှုပေး (မှန်ပါ)၊ ရှုပေး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဖြစ်တဲ့စိတ်တွေ လာခွင့် ရသေးရဲ့ လား (မရပါဘုရား)။

ဒါဖြင့် ဒီမဂ်သည် ဒီပဋိစ္စသမုပ္ပါဒ်ကို ဖြတ်တယ် (မှန် ပါ)၊ ရှင်းပလား(ရှင်းပါပြီ)။

ဒီမဂ်သည် (ဒီပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ်)၊ ဟော ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံ ရှင်းပြမယ် (မှန်ပါ)၊ တဏှာ ဥပါဒါန် ဟာ ဦးဗထွေး ကိလေသဝဋ် (မှန်ပါ)၊ ကမ္မဘဝဟာ ကမ္မဝဋ် (မှန်ပါ)၊ နောက်လာမည့် ပဋိသန္ဓေ နေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို (ဇာတိ, ဇရာ, မရဏ)၊ ဝိပါကဝဋ် ခေါ်တယ် (မှန်ပါ)။

ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက် ရှုပါ

အဲ ခင်ဗျားတို့ ဘာမှ သံသယ မရှိနဲ့၊ ပေါ်လာတဲ့စိတ် ကလေးကို ဘုန်းကြီးက လိုက်ဖြစ်အောင် လိုက်ပြီး ရှုပါလို့ဆို လိုက်တဲ့ အတွက် ကိလေသဝဋ်လည်း လာခွင့်မရဘူး (မှန်ပါ)။ ကမ္မဝဋ်ကော (လာခွင့် မရပါဘူး)၊ ဝိပါကဝဋ် ဆိုတဲ့ ခန္ဓာကြီးကော (လာခွင့် မရပါဘူး)၊ ဒါကြောင့် ဘုန်းကြီးက အလိုက် ခိုင်းတာကိုးလို့ သိပါ (မှန်ပါ)။

ဒီက ဖြစ်ပျက်၊ ဖြစ်ပျက် နောက်က ဒီမဂ်ကို လိုက်ပေးပါ (မှန်ပါ)၊ ဘာဖြစ်လို့ အလိုက် ခိုင်းပါလိမ့်မတုံး ဆိုတော့ ဟောဒီ ကိလေသဝဋ် မလာစေချင်လို့ (မှန်ပါ)၊ ဒီကမ္မဝဋ်ကော (မလာ စေချင်လို့ပါ)။ ဒီ ဝိပါကဝဋ်ကော (မလာ စေချင်လို့ပါ ဘုရား)။

ဒါဖြင့် ဝဋ်သုံးပါး ကျွတ်တယ် (မှန်ပါ)၊ ကိလေသဝဋ် (ကျွတ်ပါတယ်)၊ ကမ္မဝဋ်ကော (ကျွတ်ပါတယ်)၊ ဝိပါက ဝဋ်ကော (ကျွတ်ပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ။)

ဖြစ်ပျက်ရှုရတာ ဝဋ်ကျွတ်ပါတယ်

ဒါဖြင့် ဖြစ်ပျက်ရှုရတာ ဘာများ ကျေးဇူးရှိသတုံးဆိုတော့ ဝဋ်ကျွတ်ပါတယ် (မှန်ပါ)။

သူများပြောလား၊ အမြင်လား ကြည့် (အမြင်ပါ ဘုရား)၊ အမြင်ပဲမဟုတ်လား (အမြင်ပါဘုရား)။

မရှုဘဲနေလို့ရှိရင် မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်ဆို တော့ ကိလေသဝဋ် ပေါ်ပါတယ် (မှန်ပါ)၊ ဒါဖြင့် အားထုတ် မယ်ဆိုတဲ့ ကမ္မဝဋ်ကကော (ပေါ်ပါတယ်)၊ သေသည်၏ ၊ အခြားမဲ့၌ ဝိပါကဝဋ် ရ-မရ (ရပါတယ်ဘုရား)။

ဒါဖြင့် ဒီဝဋ်သုံးပါးသည် ဘယ်လို ပုဂ္ဂိုလ် ရတာတုံး မြင်တဲ့ စိတ်ကလေး လာရင် ဖြစ်ပျက် မရှုတဲ့ ပုဂ္ဂိုလ် ရတယ် (မှန်ပါ)၊ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် ဝဋ်ကျွတ်တယ် (မှန်ပါ)။

ဒါဖြင့် သူများ ပြောလား၊ ခင်ဗျားတို့ စိတ်စဉ်ကို ခင်ဗျားတို့ ဉာဏ်နဲ့ ဖြတ်တယ် (မှန်ပါ)၊ ဒီအတိုင်း နေတော့ ခင်ဗျားတို့ စိတ်စဉ်က ဒီအတိုင်း သွားတယ် (မှန်ပါ)။

မြင်တယ် လိုချင်တယ် စွဲလမ်းတယ်

မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ မရ ရအောင် အား ထုတ်မယ် ဆိုတာကော (ပေါ်ပါတယ် ဘုရား)၊ အဲဒီ အား ထုတ်တဲ့ဥစ္စာ ကံပဲ (မှန်ပါ)၊ ကမ္မံ သတ္တေ ဝိဘစ္စတိ ဆိုတော့ ဒီဘက်က ဝိပါက် အကျိုးပေး ရမယ် (မှန်ပါ)၊ မပေးပေဘူးလား (ပေးပါတယ်)၊ ဒါဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါက ဝဋ် (မှန်ပါ)။

ဒါက ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဦးဗထွေးတို့ ဘယ် ပုဂ္ဂိုလ်မှာ လာတာတုံး (ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်မှာ လာပါတယ်)၊ ရှုတဲ့ပုဂ္ဂိုလ်မှာ (မလာပါဘူး)၊ ဒါတွေ ရှုလိုက်တော့ သူတို့ကို ပေါ်ခွင့် ရရဲ့လား (မရပါဘူး)။

ဪ ဒကာ ဒကာမတို့ ဝဋ်ကျွတ်ဆိုတာ ဒါကိုး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိလေသဝဋ် ကျွတ်တာလည်း ခင်ဗျားတို့ နားလည်ပြီ (မှန်ပါ)၊ ကမ္မဝဋ် ကျွတ်တာကော (နားလည်ပါပြီ)၊ ဝိပါကဝဋ် ကျွတ်တာကော (နားလည်ပါပြီ)။

ဒါ ဘုန်းကြီး ပြောတဲ့ အတိုင်းသာ ခင်ဗျားတို့က ဦးမာဒင်တို့က ခပ်ပေါ့ပေါ့၊ ဦးသန်းမောင်တို့က ခပ်ပေါ့ပေါ့။ ဦးဗထွေးတို့က ခပ်ပေါ့ပေါ့၊ ဒေါ်ကောက်တို့ ကလည်း ခပ်ပေါ့ပေါ့ နဲ့ မရှုဘဲနေလိုက်ရင် သူက ပေါ်တာပဲ (မှန်ပါ)။

မြင်တဲ့စိတ် ပေါ်တဲ့နောက်က သူ မလိုက်ပေဘူးလား (လိုက်ပါတယ်)၊ လိုက်တော့ ဝဋ်မကျွတ် နိုင်တာက သေချာနေတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါ တယ်)။

အိမ်ထဲနေပြီး အပါယ်သွားနိုင်တယ်

သေချာတော့ကို ခင်ဗျားတို့ မရှုဘဲ နေတဲ့ အတွက် အိမ်ထဲက နေပြီးတော့ အပါယ် သွားနိုင်တယ် (မှန်ပါ)၊ လမ်းသွားရင်း မတ္တနဲ့ (အပါယ် သွားနိုင်ပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ အပါယ်သွားတဲ့ နေရာ ရွေးသေး သလား (မရွေးပါဘူး)၊ ဘာဖြစ်လို့ ခင်ဗျားတို့ မရွေးကြသတုံး ဆိုတော့ တံခါးပိတ်တဲ့ အလုပ် မလုပ်တတ်လို့ (မှန်ပါ)၊ ဒါဖြင့် ခင်ဗျားတို့ အတွက်ဟာ စိုးရိမ် စရာကြီးပါလား (စိုးရိမ်စရာကြီး ပါဘုရား)၊ စိုးရိမ်စရာ သိပ်ကောင်းတယ် (မှန်ပါ)။

ဘယ့်နှယ်ကြောင့် စိုးရိမ်စရာ သိပ်ကောင်းသတုံး ဆိုတော့ မြင်ရင် အပါယ်သွားစရာ ဖြစ်လာနိုင်ပြီ ခင်ဗျားတို့ (မှန်ပါ)၊ ကြားရင်ကော (သွားနိုင်ပါတယ်)၊ နံရင် (သွားနိုင်ပါ တယ်)၊ စားရင်ကော (သွားနိုင်ပါတယ်)၊ ယားရင်ကော (သွား နိုင်ပါတယ်)၊ စားရင်ကော (သွားနိုင်ပါတယ်)။

အပါယ်သွားဖို့ချည်းပဲ

ခင်ဗျားတို့မှာဖြင့် အပါယ်သွားဖို့ ချည်းပဲ ဆိုတော့ ကျုပ်တို့ ဘာလုပ်လို့တုံး၊ ဒါတွေဖြစ်လို့ ကိုယ့်အဖြေကိုယ် ထုတ်လိုက် (မှန်ပါ)။

ကျုပ်တို့ ဘာလုပ်မလို့တုံး ဆိုပြီး သူများ မေးမယ် ကြံလို့ရှိ ရင် အဲဒါ မသိတဲ့ လူကမေးတာ (မှန်ပါ)၊ သိတဲ့လူကတော့ မြင်တယ် ဆိုလို့ရှိရင် ဦးသန်းမောင် လိုချင်တယ် စွဲလမ်းတယ်ဆို တာ မလာပေဘူးလား (လာပါတယ်)၊ အားထုတ်မယ် ဆိုတာ လာပါတယ် (မှန်ပါ)။

အားထုတ်တာကံ၊ သေသည်၏ အခြားမဲ့၌ ကမ္မဘဝပစ္စ ယာ (ဇာတိပါဘုရား)၊ ဇာတိဆိုတော့ အပါယ် ဇာတိ မလာပေ ဘူးလား (လာပါတယ်)။

ဒါတွေပေါ်လို့အပါယ်သွားရတာ

အဲဒီတော့ကို ကျုပ်တို့ ဘာလုပ်လို့ အပါယ် သွားရမှာ တုံးလို့ သူများ မေးလို့ရှိရင် ဒါတွေပေါ်လို့ အပါယ်သွားရတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ သူများ ပြောလား အမြင်လား (အမြင်ပါဘုရား)။

ဒီအမြင်သည် အားလုံး ဒကာ ဒကာမတွေ ရှင်းထားပါ။ ဘယ်လိုပဲ ခင်ဗျားတို့ အလှူကြီး ပေးနေ၊ အတန်းကြီးပေးနေ လည်း အဲဒါက ခဏကလေးပါ၊ မြင်လို့ လိုချင်တဲ့ကိစ္စတွေက (အများကြီးပါ ဘုရား)၊ ကြားရင် လိုချင်တဲ့ ကိစ္စ၊ မုန်းတဲ့ ကိစ္စတွေက (အများကြီးပါ ဘုရား)။

ဒါဖြင့် ဟိုဟာကလေးနဲ့ ခင်ဗျားတို့ ကာမိနိုင်ပါ့မလား (မကာမိပါဘူး)၊ ဒီတော့ ကြာတယ်ဗျာ – သူ့ကိုဖြတ်တာ အေးတယ် (မှန်ပါ)၊ သူ့ကို မလာအောင် လုပ်နိုင်ရင် ပြီးတာပဲ (မှန်ပါ)။

ဒါဖြင့် မြင်တဲ့စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက် ရှုလိုက်တော့ ဒီဟာတွေ လာသေးရဲ့ လား (မလာပါဘူး)။

ဒါဖြင့် သူမလာလို့ရှိရင် ကျုပ်တို့ နောက်သံသရာဆိုတဲ့ ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါဘူး)၊ ဘာဖြစ်လို့ မပေါ်သတုံး (ဖြစ်ပျက်ရှုလို့ပါ)၊ မြင်လိုက်လို့ (မှန်ပါ)၊ မြင်တော့ ဘာနဲ့ မြင်တာတုံး ဆိုတော့ (မဂ်ဉာဏ်နဲ့ မြင်ပါတယ်)။

မဂ်ဟာဘာလုပ်သတုံး

မဂ်နဲ့မြင်တော့ မဂ်ဟာ ဘာလုပ်သတုံး၊ မဂ်ဟာ ကိလေသာ ဖြတ်တယ် (မှန်ပါ)၊ ဒီကိလေသာ ဖြတ်တယ်၊ ကံဖြတ်တယ် (မှန်ပါ)။ အကျိုးပေး ဖြတ်တယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ်သည် ဘယ်နှစ်ခု ဖြတ်သတုံး (သုံးခုဖြတ်ပါတယ်)၊ ကိလေသာလည်း ဖြတ်တယ်၊ ကံလည်းဖြတ်တယ်၊ အကျိုးပေးကော (ဖြတ်ပါတယ်)။

ဒါတွေကို သူဖြတ်တာ ဟူသရွေ့ ကိုလည်း ဦးဗထွေးတို့ ဦးသန်းမောင်တို့က သြော် – မကောင်းတာတွေ အကုန်ဖြတ်တာပဲ (မှန်ပါ)၊ မကောင်းတာက ကိလေသဝဋ်လည်း မကောင်းဘူး၊ ကမ္မဝဋ်ကော (မကောင်းပါဘူး)၊ ဝိပါကဝဋ်ကော (မကောင်းပါဘူး)။

ရန်သူကိုအောင်ပွဲယူတာဒီမဂ်ပါပဲ၊

မကောင်းတာကို အကုန် ရှင်းလင်း ပေးနေတာသည် ၊ ကိလေသာ ရန်သူတွေ ကိလေသာ ရန်သူ၏ အကျိုးတွေကို အောင်ပွဲ ယူတာ ဒီမဂ်ပါပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဖြစ်ပျက် လာတိုင်း လာတိုင်း ဓမ္မ သဘာဝ ပေါ်တိုင်း ပေါ်တိုင်း ကိုယ့်သန္တာန်ပေါ်တဲ့ ဆယ့်သုံးခု ကို ဒကာ ဒကာမတို့ လှည့်ပြီး ရှုနေရမယ် (မှန်ပါဘုရား)။

ညနေအားထုတ် မနက်ရနိုင်တယ်

လှည့်ရှုနေတဲ့ အခါကျလို့ရှိရင် အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်သွား မှာပဲ (မှန်ပါ)၊ ကိုက်သွားလို့ရှိရင် ညနေအားထုတ် မနက်ရနိုင် ပါတယ်ဗျာ ဘာမှမပူနဲ့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန် ဝေးသလား၊ နီးသလားလို့ မေးရင် ခင်ဗျားတို့ ဘယ့်နှယ် ဖြေမလဲ (နီးပါတယ် ဘုရား)၊ နီးလျက်နဲ့ ခင်ဗျားတို့ ဘာဖြစ်လို့ မရသတုံး ဆိုတော့ မဂ်နဲ့ မဖြတ်နိုင်လို့၊ သဘောကျ ပလား (ကျပါပြီ)။

အခုတော့ဖြင့် ဒီဆယ့်သုံးခု လာတိုင်း လာတိုင်း တပည့် တော်တို့က မဂ်နဲ့ဖြတ်မယ်ဘုရား၊ ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ် ကိုက်အောင် လုပ်နေမယ်ဘုရား (မှန်ပါ)၊ အဲဒီလို ကိုက်အောင် လုပ်နေလို့ ရှိရင် ဒီဝဋ်သုံးပါးဟာ ဘယ်တော့လာဦးမလဲ (မလာ ပါဘူးဘုရား)။

ကိုယ့်ဉာဏ်နဲ့ဝဋ်ကိုချွတ်ပါ

ဒါဖြင့် ခင်ဗျားတို့ ဉာဏ်နဲ့ ခင်ဗျားတို့ ဝဋ်ကိုချွတ်ပါ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဘယ်သူ့ဉာဏ်နဲ့ ချွတ်ရမတုံး (ကိုယ့်ဉာဏ်နဲ့ကိုယ် ချွတ် ရပါမယ်)၊ ကိုယ့်ဉာဏ်နဲ့ကိုယ် ချွတ်ရမယ်၊ ဆရာသမားက နည်းပေးရုံပဲ (မှန်ပါ)။

ဆရာသမားကတော့ နည်းပေးရုံပဲဆိုတော့ သြော် ဒါဖြင့် ဒို့သန္တာန်မှာ များများ ရှုစရာ မရှိပါဘူး၊ ဆရာဘုန်းကြီးက အခုပြောပြတာ ဆယ့်သုံးပါးလောက် ရှုရင် ပြီးနိုင်သတဲ့။

အဲဒီ ဆယ့်သုံးပါးကလေး ပေါ်တာ ဒို့က လိုက်နေလို့ ရှိရင်ဖြင့် ဒို့မှာ မဂ်ရနေတယ်၊ လိုက်တာဟာ ပုဗ္ဗဘာဂမဂ်ပဲ (မှန်ပါ)။

ဖြစ်ပျက်လိုက်နေရင်မဂ်ပေါ်တယ်

အဲ့ဒီတော့ မဂ်ဖိုလ်လိုချင်လို့ ဆုတောင်းရုံ တောင်းနေ လို့တော့ မဂ်မဝင်ဘူး၊ ပေါ်တဲ့ ဓမ္မကလေးကို ဖြစ်ပျက် လိုက်နေ လို့ရှိရင် မဂ်ပေါ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်ကို သနားလို့ရှိရင် လုပ်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ကိုယ့်ကိုယ်သနားရင်လုပ်ရလိမ့်မယ်

ဘာလုပ်ရမယ် (ကိုယ့်ကိုယ် သနားရင် လုပ်ရပါလိမ့် မယ်)၊ ကိုယ့်ကိုယ် သနားရင် လုပ်ရလိမ့်မယ် ဆိုတော့ ဦးမာဒင် ဒီစကားဟာ ကုန်နေတဲ့စကား (မှန်ပါ)၊ မလုပ်ရင် ဘာတုံး (မသနားလို့ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကိုယ့်ကိုယ်သနားလို့ ထမင်းကျွေး နေတာက သနားရာမကျဘူး (မှန်ပါ)၊ ကိုယ့်ကိုယ်အဝတ် အမျိုး မျိုးဆင် စိန်ရွှေတွေ မြတွေ ပတ္တမြားတွေ အမျိုးမျိုး ဆင်နေကြ တာ သနားတာပဲ (မှန်ပါ)၊ ဆင်ရင်း ပြင်ရင်းနဲ့ပဲ သူက အိုပွဲ နာပွဲ သေပွဲ နောက်ဘဝ အပါယ် လေးပါး ပဲ သွားတာပဲ။

ကိုယ့်ဉာဏ်နဲ့ရှုနေရင် သံသရာဖြတ်တာပဲ

အဲဒါတွေက ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ် မဟုတ်ပါ ဘူးတဲ့၊ ကိုယ့်ကိုယ် သနားတာ ကတော့ ခုနင်က ကိုယ့်ကိုယ်၏ ဖြစ်ပျက် အနိစ္စကို ကိုယ့်ဉာဏ်နဲ့ ရှုနေတဲ့ ပုဂ္ဂိုလ်ကမှ ကိုယ့်ကိုယ် သနားပြီး နောက်ဘဝ သံသရာ ဖြတ်တာပဲ (မှန်ပါ)။

သံသရာလည်တယ်၊ ရှင်းပလား၊ ကိလေသာလည်း သံသရာပဲ၊ ကံလည်း သံသရာပဲ၊ အကျိုးပေးကော (သံသရာ ပဲ)၊ ဒီသံသရာကြီးဟာ ဒီမဂ်ဝင်မှ ပြတ်တယ် (မှန်ပါ)၊ ဒီမဂ်မဝင် ရင် (မပြတ်ပါဘူး)။

မဂ်ရလို့ပြတ်တာ

ဒါဖြင့် ဒီဥစ္စာသည် ဘယ့်နှယ်ကြောင့် ပြတ်သွားသတုံး ဘုရာ့လို့ ဆိုတော့ ပြတ်ရမည့်၊ အကြောင်း ရှိပါတယ်၊ ခင်ဗျားတို့ မြင်တာသည် ဟောဒါကလေးက မြင်စိတ်ကလေး၊ ကြားတဲ့ စိတ်ကလေးကို မရှိဘူးလို့ သိတော့ ဖြစ်ပျက်က ပျောက်သွား တာက ဒုက္ခသစ္စာပဲ (မှန်ပါ) မြင်တာက (မဂ္ဂသစ္စာပါ) မဂ္ဂသစ္စာ ဆိုလို့ရှိရင် ကိလေသာ, ကံ, ဝိပါကဝဋ်ကို ဖြတ်ရ မယ် (မှန်ပါ) မဂ်ရလို့ ပြတ်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) မဂ်မရရင် (မပြတ်ပါဘူး)။

ဒါဖြင့် ခင်ဗျားတို့ ရှုတာသည် ကိုယ့်သံသရာကို ဖြတ်နေတာ ဒုက္ခသစ္စာ သိတဲ့ဉာဏ်နဲ့ ဖြတ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဝဋ်ကျွတ်အာက နိဗ္ဗာန်ရတော့

ဒါဖြင့် ဖြစ်ပျက် ဘာသစ္စာ (ဒုက္ခသစ္စာ)၊ မြင်တာ ကလေးက (မဂ္ဂသစ္စာပါ) သူလာတော့ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ် ကျွတ်သွားတာက သမုဒယ သေတာ၊ ဝိပါကဝဋ် ကျွတ်တာက နိဗ္ဗာန်ရတာ (မှန်ပါ)။

ကိုင်း ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ သမုဒယသေတာ ဟောဒါက နိရောဓ ပေါ်တာ (မှန်ပါ)၊ နောက် ခန္ဓာလာသေး ရဲ့လား (မလာပါဘူး)၊ မလာလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာကြီး ချုပ်ငြိမ်း သွားတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

လုပ်ဖြစ်အောင်လုပ်ကြပါ

ပေါ်ပြီနော် (ပေါ်ပါပြီ)၊ ဒါဖြင့် လုပ်ဖြစ်အောင်လုပ် ကြပါ (မှန်ပါ)၊ ဘယ်နှစ်ခု ရှုရမှာတုံး (ဆယ့်သုံးခု ရှုရမှာ ပါ)၊

ဆယ့်သုံးခုထဲကလည်း အမြဲတမ်း ရှုရမှာက နှစ်ခုတည်း (မှန်ပါ)။

ကျန်တဲ့ ခင်ဗျားတို့ ဆယ့်တစ်ခုက (လှည့်ရှုရမှာပါ)၊ ပေါ်မှရှု၊ မပေါ်ရင်မရှုနဲ့ (မှန်ပါ)၊ မပေါ်ရင် ဒီနှစ်ခုပဲလှည့်ရှု (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။