198

ရေစက်ချလေး ပြင်ဦးမှတော်မယ်

(သာတိရဟန်းဝတ္ထု)

အသံဖိုင်ခေါင်းစဉ်= သာတိရဟန်းဝတ္ထု ခန္ဓာငါးပါး ဒုက္ခသစ္စာတရား

စာအုပ်ခေါင်းစဉ်= ရေစက်ချလေး ပြင်ဦးမှတော်မယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားဆုံးမတော်မူသော

ရေစက်ချလေး ပြင်ဦးမှတော်မယ်

ဟောကြားသည့်နေ့

(၉-၅-၆၁)

ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ တရားလေး တစ်ခုကို ပိုင်ပိုင်နိုင်နိုင် သိလို့ ရှိရင်ဖြင့်တဲ့ ဒိဋ္ဌိ ပြုတ်ပါတယ်၊

ခန္ဓာကိုယ်ထဲမှာ ခုမှ ပေါ်လာတဲ့ အစစ်တရား လေးတစ်ခုကို ဘယ်လိုကြောင့် ပေါ်လာ ပါလိမ့်မတုံး၊ ဘယ်လိုကြောင့် ပျက်သွားပါလိမ့် မတုံးလို့ သိလို့ ရှိရင်ဖြင့်၊ ဘယ်လိုကြောင့် ပေါ်လာ ပါလိမ့်မတုံး သိရင် ဝိစိကိစ္ဆာ ပြုတ်တယ်၊ ဘယ်လိုကြောင့် ပျက်သွားပါလိမ့် မတုံးလို့ သိလို့ ရှိရင်ဖြင့် ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)။

တရားလေးတစ်ခု ကိုဝတို့ မောင်နိုင်တို့ စဉ်းစား၊ ဘယ်လို ကြောင့် ပေါ်လာပါလိမ့်မလဲ ဆိုတာကို၊ ခင်ဗျားတို့ ဆရာ ဘုန်းကြီး ဟောတဲ့ အတိုင်း သိကြလို့ရှိရင် ဝိစိကိစ္ဆာ ပြုတ်တယ်(မှန်ပါ)။

ဘယ်လိုကြောင့်ပျက်သွားပါလိမ့်

ဘယ်လိုကြောင့် ပျက်သွားပါလိမ့်မလဲလို့ သိရင် ဒိဋ္ဌိပြုတ် တယ် (မှန်ပါ) အဲဒိ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ နှစ်ခုပြုတ်လို့ရှိရင် အပါယ် လေးပါးတော့ လုံးဝမကျဘူး (မှန်ပါ)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ် ရင် (အပါယ် လေးပါး မကျပါဘူး ဘုရား) အပါယ်လေးပါး မကျပါဘူး။

ကောင်းပြီ၊ ဒါဖြင့် တပည့်တော်တို့မှာ ဘုရား လောဘ တွေနဲ့၊ ဒေါသတွေနဲ့ ဒါတွေကရော ဘုရား၊ မောဟတွေကလည်း ရှိနေသေးတာပဲ၊ ဒိအတွက်တွေက အပါယ် မသွားရဘူးလားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

သောတာပန်ပုဂ္ဂိုလ်

သောတာပန် ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ်လို့ အပါယ် လွတ်သွားတယ်(မှန်ပါ)။ ဒိပြင် လောဘ၊ ဒေါသ၊ မောဟ တွေ လေးပိုင်း သုံးပိုင်း ကျန်တာချည့်ပဲလို့၊ လေးပိုင်းမှာ သုံးပိုင်း ကျန်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ)။

မှတ်ချက်။ ။အပါယဂမနိ (အပါယ်ကျစေတတ်တဲ့အပိုင်း) ကုန်ပါတယ်။

သကဒါဂါမ်ပုဂ္ဂိုလ်

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေဟာ ဒကာ ဒကာမတို့ သောတာပန် ဆိုရင်ဖြင့် လေးပိုင်းသုံးပိုင်း ကျန်တယ်၊ သကဒါဂါမ်ဆိုရင် နှစ်ပိုင်းတစ်ပိုင်း ကျန်တယ် ဆိုတာ သိကြပါပြီ (မှန်ပါ)။

အနာဂါမ်ပုဂ္ဂိုလ်

အနာဂါမ် ဆိုလို့ရှိရင်ပဲတဲ့ လေးပိုင်းမှာ သုံးပိုင်းကုန်ပြီး တစ်ပိုင်းတည်း ကျန်တယ် ဆိုတာ သိပေါ့၊ လောဘ၊ ဒေါသ၊ မောဟ ကျန်သေးတယ် ဆိုတာသိတာပဲ(မှန်ပါ)။

သို့သော် ဘယ့်နှယ်ကြောင့် သောတာပန် အပါယ်မကျ တာပါလိမ့်မလဲ၊ သကဒါဂါမ် အပါယ် မကျပါလိမ့်မလဲ၊ အနာဂါမ် အပါယ် မကျပါလိမ့်မလဲ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ရဟန္တာတော့ မထည့်ပါနဲ့ အကုန်ပယ်ပြီးသားမို့။

ဒကာ ဒကာမတို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြုတ်သွားလို့ အပါယ်မကျတာလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ ဘယ့်နှယ် ကြောင့်ပါလိမ့် (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ်သွားလို့ပါ ဘုရား)။ ဒကာ ဒကာမတို့ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ခင်ဗျားတို့ ကြောက်နေတာကတော့ကို လောဘ ကြောက် တယ်၊ ဒေါသ ကြောက်တယ်၊ မောဟ ကြောက်တယ်၊ ဣဿာ၊ မစ္ဆေရ၊ မာနတွေ ကြောက်တယ်၊ မကြောက်ပါနဲ့တဲ့ ဒါတွေဟာ ကိစ္စ မရှိပါဘူး၊ ရှေးဦးစွာ အပါယ် ရောက်စေတတ်တဲ့ တရားနှစ်ခုကို ကြောက်ပါ (မှန်ပါ)။

အပါယ်ရောက်စေတတ်တဲ့တရားနှစ်ခု

ရှေးဦးစွာ အပါယ် ရောက်စေတတ်တဲ့ တရားနှစ်ခုက ဘယ်သူပါလိမ့် (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား) သောတာပန် တည်သွားတော့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပယ်လိုက်တယ် မဟုတ်လား (မှန်ပါ)။ အပါယ်များ ကျသေးသလား (မကျပါဘူး ဘုရား)။

ကျန်တဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ မာနတွေ မရှိဘူးလား (ရှိပါတယ် ဘုရား) မချလို့ မကျတာပေါ့ (မှန်ပါ) ရှိရဲ့နဲ့ မကျတာ ထောက်လိုက်လို့ ရှိရင် မချလို့ မကျ တာဘဲ ဆိုတာ ကိုဝတို့၊ မောင်နိုင်တို့ ကိုမြင့်တို့ မသေချာပေ ဘူးလား (သေချာပါတယ် ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာကြောက်ပါ

အဲတော့ ဒီအထဲမှာ လောဘ ကြောက်စရာ ကောင်းသ လား၊ ဒေါသ ကြောက်စရာ ကောင်းသလား၊ မာန ကြောက်စရာ ကောင်းသလား၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကြောက်စရာ ကောင်းသလားဆို၊ ကြောက်စရာ ထဲမှာ သံယောဇဉ် ကြောက်စရာ အကောင်းဆုံး၊ အကြီးဆုံးက ဘယ်သူ ပါလိမ့်မတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။ သဘောကျကြပြီလား(ကျပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ လောဘဟာလည်း အပါယ် ရောက်စေ တတ်တဲ့ လောဘ တစ်မျိုး၊ အဲဒီလို အပါယ် ရောက်စေတတ်တဲ့ လောဘဟာ ဒိဋ္ဌိပြုတ်တဲ့ အထဲ အကုန် ပါသွားတာပဲ (မှန်ပါ)။

အပါယ် ရောက်စေတတ်တဲ့ မောဟတွေကလည်း ဝိစိကိစ္ဆာ ပြုတ်တဲ့အထဲ အကုန် ပါသွားတာပဲ (မှန်ပါ)။ ဒါကြောင့် ဒကာ ဒကာမတို့ အရေးတကြီး ပြောရမှာ သိပြီလား (သိပါပြီ ဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်ခန်းကို အရေးတကြီး ပြောရမယ်(မှန်ပါ)။

ဒကာ ဒကာမတွေ အသိနဲ့ ဖြုတ်တာ တစ်မျိုး၊ အပွားနဲ့ပြုတ် တာတစ်မျိုး (မှန်ပါ)။

အသိနဲ့ပြုတ်ရင်စူဠသောတာပန်

အသိနဲ့ဖြုတ်ရင် စူဠသောတာပန်၊ အပွားနဲ့ပြုတ်ရင် မဟာသောတာပန်။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အကြောက် လွဲနေတယ် ဆိုတာ ကိုဝ မှတ်စမ်းပါ (မှန်ပါ)။

တပည့်တော် လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေ အလွန် ကြောက်တာ၊ ဒါတွေဟာ အပါယ် သွားတတ်တဲ့ တရားတွေ မင်းတို့ လောဘ ဆင်ခြင်ကြကွ၊ ဒေါသ ဆင်ခြင်ကြ၊ မာန ဆင်ခြင် ကြကွာ လို့လည်း ပြောကြ၊ ဟောကြလေ့ ရှိတယ် (မှန်ပါ)။

သို့သော် သူတို့ထက် ကြောက်စရာ ကောင်းတာ ကိုတော့ မထည့်ပဲနဲ့ နေလို့ ရှိရင်ဖြင့် မှားတယ် လို့ဘဲ ဖြေကြရမယ် (မှန်ပါ)။ သူတို့ထက် ကြောက်စရာ ကောင်းတာ ဘယ်သူပါလိမ့် မတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ။

ဒိဋ္ဌိဝိစိကိစ္ဆာကြောင့် အပါယ်ကျတော

အဲဒါကို ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကြောင့် အပါယ်ကျတာ ဆိုတာ၊ သောတာပန် ပုဂ္ဂိုလ် အပါယ်မကျတာ ထောက်ကြည့် (မှန်ပါ)။ သောတာပန် ပုဂ္ဂိုလ်သည် တို့ မောင်နိုင်တို့ ကိုမြင့်တို့ ဘာပယ် လိုက်သတုံး (ဒိဋ္ဌိ ဝိစိကိစ္ဆာပါ ဘုရား)။

အပါယ်များ ကျသေးသလား (မကျပါဘူး ဘုရား) “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” စတူဟိ – လေးပါး ကုန်သော၊ အပါယေဟိစ – အပါယ်တို့မှ၊ ဝိပ္ပမုတ္တော – လွတ်သည်၊ ဟောတိ-ဖြစ်၏။

အပါယ်လေးပါးမှ လွတ်တယ်ကွာ သောတာပန် တည်တဲ့ ပုဂ္ဂိုလ်များ၊ ဒီဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပယ်ပြီးသား ပုဂ္ဂိုလ်များ အပါယ်လေးပါးမှ လွတ်တယ်ကွ ဆိုသဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေထက် ဘာကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဘာကြောက်စရာ ကောင်းသတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။ သေသေချာချာ ဂရုစိုက်မှတ်ပါ။ မနေ့ညက တရားနဲ့ မတူဘူး၊ ဒီဥစ္စာ တစ်မျိုးပဲ အရေးကြီးလို့ တစ်မျိုးပဲ ပြောပြန်တယ် ဆိုတဲ့ဥစ္စာ မှတ်ကြရ လိမ့်မယ် (မှန်ပါ ဘုရား)။

ဘာမှစိုးရိမ်စရာမရှိပါဘူး

ဒါဖြင့် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ရဲရဲတင်းတင်းပဲ ဆရာဘုန်းကြီး ဖြုတ် ပေးပါ့မယ်တဲ့၊ ဒကာ ဒကာမတွေ ဘာမှ စိုးရိမ်စရာ မရှိပါဘူး (မှန်ပါ)။

အသိဉာဏ်နဲ့ပဲ ဖြုတ်ပေးလိုက်မယ် ဆိုရင် စူဠ သောတာပန်၊ တစ်ဘဝ အပါယ် မလားရဘူး (မှန်ပါ)။

အပါယ်တံခါးလုံးဝပိတ်ပြီ

ပွားများပြီး သကာလ ဖြုတ်ကြမယ် ဆိုရင် အပါယ်တံခါး လုံးဝပိတ်ပြီလို့မှတ် (မှန်ပါ)။

ကဲ ဒါဖြင့် ပြောကြပါစို့တဲ့။ ဒကာ ဒကာမတို့ ဂရုစိုက်ပြီး နားထောင်ပါ ဆိုတာ အထူးတလည် သတိပေး လိုက်တယ် (မှန်ပါ)။ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီး ရှိပါတယ်၊ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ လျှာ အင်္ဂါကြီးငယ် ဆိုတဲ့ ခန္ဓာကိုယ်ကြီး ရှိပါတယ်။

အဲဒီ ကိုယ်ပေါ်မှာ ဟိုနေရာက ယားသလိုလို၊ ဒီနေရာက နာသလိုလို ဆိုတဲ့ ယားစိတ်၊ နာစိတ် ကလေးတွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုယ်စိတ်လို့ခေါ်လိုက်စမ်းပါ

စိတ်နဲ့ ဝေဒနာနဲ့ အတူတူပဲ ဖြစ်ဖော် ဖြစ်ဖက်မို့ ရောပြော လိုက်ပါတယ် (မှန်ပါ)။ အဲဒါ သည်ကားလို့ ဆိုရင် ကိုယ်ပေါ်မှာ ပေါ် သောကြောင့် ကိုယ်စိတ်လို့ ခေါ်လိုက် စမ်းပါ (မှန်ပါ)။

ကိုယ်ပေါ်မှာ ပေါ်သောကြောင့် (ကိုယ်စိတ်ပါ ဘုရား) အဲ ဝေဒနာလို သုံးမယ် ဆိုတော့ ဒုက္ခဝေဒနာ၊ ကာယိကဒုက္ခ ဝေဒနာလို့ ဆိုလိုက်ပါတယ် (မှန်ပါ)။ ကိုယ်ပေါ်မှာ ပေါ်လို့ပဲ မထူးပါဘူး။

ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ပေါ်တဲ့စိတ် ကလေးတစ်ခုဟာ သိထားဖို့ အရေးကြီးတယ်၊ ကိုယ်ပေါ်မှာ ပေါ်တဲ့ဝေဒနာလေး တစ်ခု သိထားဖို့ အရေးကြီးတယ်။ မနေ့က လျှာကို ဟောခဲ့လို့ ဒီနေ့ ကိုယ်ကို ဟောတယ်လို့ မှတ်ပါ (မှန်ပါ)။

တိုက်ဆိုင်လို့ပေါ်တယ်ဆိုတာမှတ်စမ်း

ကိုယ်ဆိုတာ မျိုးသည် ဒကာ ဒကာမတို့၊ ကိုယ်ပေါ်မှာ ပေါ်တဲ့စိတ်ဟာ တစ်နေ့က ကိုယ်ပေါ်မှာ ပေါ်တဲ့ စိတ်ရယ်လို့ မရှိပါဘူး(မှန်ပါ)။ တိုက်ဆိုင်လို့ ပေါ်တယ်ဆိုတာ မှတ်စမ်း ပါ (မှန်ပါ)။

ကိုယ်ပေါ်မှာ ပေါ်နေတဲ့ စိတ်ရယ်၊ သီးသန့် ပေါ်နေတဲ့စိတ် ရယ်လို့ အစ လာကတည်းက ရှိတယ်လို့ ဘယ်အခါမှ မယူပါနဲ့ (မှန်ပါ)။ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတဲ့ ဧည့်သည် စိတ်ပဲ၊ ဧည့်သည် ဝေဒနာပဲ လို့သာ မှတ်လိုက်ပေါ့ (မှန်ပါ)။

ကာယဝိညာဏ်စိတ်

ကဲ ဒါဖြင့် ကိုယ်စိတ်ကို ပြောမယ်၊ ကာယဝိညာဏ် စိတ်လို့ခေါ်တယ်၊ ကာယဝေဒနာ လို့လည်း ခေါ်တယ်၊ ကိုင်း ဒါဖြင့် ခန္ဓာကိုယ်ကို ဒကာ ဒကာမတွေ ခုလို ဆောင်းတွင်း ကျ လာတော့ နေလေး ပါလေး လှုံကြတယ်၊ နေလှန်း ကြတယ် ဆိုတာ အားလုံးပဲ သိကြမှာပေါ့ (မှန်ပါ)။

ရှိကြတဲ့အခါကျတော့ အဲ နေမလှန်းခင်တုန်း ကတော့ အအေးနဲ့ ထိလို့ ကိုယ်ပေါ်မှာ ကာယဝိညာဏ် ဆိုတဲ့ ဒုက္ခဝေဒနာလေး မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေက ကိုယ်ပေါ်မှာ နဂိုကရှိနှင့်တာ လား၊ အအေးနဲ့ ထိလို့ ပေါ်လာတာလား (အအေးနဲ့ ထိလို့ ပေါ်လာတာပါ ဘုရား)။ အအေးနဲ့ ထိလို့ ပေါ်လာတာလေး၊ နေနဲ့ ကိုယ်နဲ့ ထိပြီး ကိုယ်ပေါ်မှာ ပူစိတ် မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဪ ဒါဖြင့် နေတည်း ဟူသော အကြောင်းတရား တစ်ခု၊ ရုပ်ကိုယ်တည်း ဟူသော အကြောင်း တရား တစ်ခု၊ နှစ်ခု သူတို့ ဆက်သွယ်မိတာနဲ့ ကိုယ်ပေါ်မှာ အေးတဲ့ စိတ်ကလေး လည်း ပေါ်ချင် ပေါ်လိမ့်မယ် (မှန်ပါ)။

နွေးတဲ့စိတ်

နေနဲ့တွေ့တဲ့အခါ ကိုယ်နဲ့ နေနဲ့ တွေ့ပြန်တော့ ကိုယ်ပေါ်မှာ ပဲ နွေးတဲ့ စိတ်ကလေး တွေကော (ပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ကိုယ်စိတ်ကလေး နှစ်ခုဟာ ဒကာ ဒကာမတို့ အကြောင်းနှစ်ခု ရှိတာပေါ့ (မှန်ပါ)။ ပြောပြီ ဒကာ ဒကာမတို့ အသေအချာ ချပြီး ဂဏန်းနဲ့ ပြပြီ၊ ဒါ-ကိုယ်စိတ် ကလေး၊ ဒီ ကိုယ်စိတ် ကလေးဟာ ဟောဒါက ဒကာ ဒကာမတို့၏ ခန္ဓာကိုယ် တစ်ခုလုံး ထားပါ။ ဟောဒိ အစိမ်းကလေးက (ဆရာတော်ကြီး ခွက်ကလေးများပြသည်) (မှန်ပါ)။

အေးတဲ့စိတ်

ဒီဘက်က လေပြည်လေညင်း ဆောင်းလေလေးထား ပါ၊ ဆောင်းလေလေးနဲ့ ဟောဒိ ကိုယ်နဲ့သာ ကိုဝ ထိပစေ (မှန်ပါ)။ ကိုယ်နဲ့ နှင်းကလေးနဲ့ ထိပစေ၊ ကိုယ်နဲ့နှင်းနဲ့ ထိပစေ ဟောဒိ ကိုယ်ပေါ်မှာတဲ့ အေးတဲ့ စိတ်ကလေး၊ အေးတဲ့ ဝိညာဏ် စိတ်ကလေး တစ်ခုတော့ ပေါ် ရမယ် (မှန်ပါ)။ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

နေနဲ့ထိတော့ ဒီနေရာ ပူတဲ့ ဝိညာဏ်စိတ် ကလေးကော (ပေါ်ပါတယ် ဘုရား) ဒါဖြင့် သူသည် နဂိုက ရှိနှင့်တာလား နှစ်ခု ထိခိုက်လို့ ပေါ်တာလား (နှစ်ခု ထိခိုက်လို့ ပေါ်တာပါ ဘုရား)။

အေးတဲ့ ဆီးနှင်းနဲ့ ဟောဒီ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး နဲ့လည်း ထိပြီ ဆိုမှဖြင့်၊ ဒီနေရာ လေးမှာပဲ ပိုပြီး သကာလ အေးသိ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) နေနဲ့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်နဲ့ ထိခိုက်ပြီ ဆိုမှဖြင့် နွေးတဲ့ စိတ်ကလေးကော (ပေါ်ပါတယ် ဘုရား)။

ဟောဒိ နေရာလေးတော့ နွေးသွားပြီ၊ ဟိုနေရာလေး တော့ ကျန်သေးတယ် မလာလား (လာပါတယ် ဘုရား) ဒါဖြင့် အေးတဲ့စိတ်၊ နွေးတဲ့ စိတ်ကလေး တွေဟာ ဒကာ ဒကာမ တို့ အကြောင်း ဘယ်နှစ်ခုကြောင့် ပေါ်တုံး (အကြောင်း နှစ်ခုကြောင့် ပေါ်ပါတယ် ဘုရား)။

ဪ စာလိုသုံးတော့ ဖောဋ္ဌဗ္ဗာရုံ၊ ဒကာ ဒကာမ တို့ သိလွယ်အောင် ပြောတဲ့ အခါကျတော့ နေတို့၊ နှင်းတို့၊ လေတို့ အအေးနဲ့ ကိုယ်နဲ့ ထိလို့ ခုမှပေါ်လာတဲ့ အသစ်စိတ် ကလေး (မှန်ပါ)။ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အလိုလိုပေါ်သလား

ကောင်းပြီ ဒါဖြင့် ဒီစိတ်ကလေးသည် ဒကာ ဒကာမတို့ အလိုလို ပေါ် သလား၊ အကြောင်း နှစ်ကြောင့် ပေါ်သလား (အကြောင်း နှစ်ခုကြောင့် ပေါ်ပါတယ် ဘုရား) အေးတဲ့စိတ် ကလေးကကော အကြောင်း ဘယ်နှစ်ခုပါလိမ့် (အကြောင်း နှစ်ခုပါ ဘုရား)။

ကိုယ်နဲ့နှင်းတို့ လေအေးတို့နဲ့ ထိလို့ပေါ့ဗျာ(မှန်ပါ) နွေးတဲ့ စိတ်ကလေး လည်း ကိုယ်နဲ့ နေပူနဲ့ ထိလို့ ပေါဗျာ (မှန်ပါ) နွေးတဲ့စိတ်လေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ အေးတဲ့ စိတ်၊ နွေးတဲ့ စိတ်ကလေးဟာ အကြောင်း နှစ်ခုပြုပြင်လို့ ပေါ်လာတယ်လို့ မသိလိုက် ဘူးလား (သိလိုက် ပါတယ် ဘုရား) အဲဒါ ကာယဝိညာဏ် စိတ်လို့ ခေါ်တာပဲ (မှန်ပါ)။

ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ သုခသဟဂုတ် ကာယဝိညာဏ်၊ ဝေဒနာလို သုံးရင် ဒုက္ခဝေဒနာ၊ သုခဝေဒနာ အတူတူပဲ (မှန်ပါ)။ သဘော ကျကြပြီလား (ကျပါတယ် ဘုရား)။

ကိုယ်ပေါ်မှာပေါ်တဲ့စိတ်

အဲဒီကဲ့သို့ သိထားတော့၊ ဪ ဒို့ သန္တာန်မှာ ပေါ်တဲ့ ကိုယ်စိတ် ကလေးဟာ၊ ကိုယ်ပေါ်မှာ ပေါ်တဲ့ ချမ်းသာစိတ် ပေါ်တဲ့ ကိုယ်ပေါ်မှာ ပေါ်တ ဲ့စိတ်ကလေးဟာ၊ အကြောင်း ဘယ်နှစ်ခုကြောင့် ပေါ်လာ ပါလိမ့်မတုံး (အကြောင်းနှစ်ခုကြောင့်ပါ ဘုရား)။

အကြောင်း နှစ်ခုကြောင့်၊ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံကြောင့်၊ ကိုယ်ဆိုတဲ့ အထည်ကြောင့် ဒီနှစ်ခု တိုက်လိုက်တဲ့ အခါမှာ ဒီကိုယ်စိတ် ကလေးဟာ ပေါ်လာတာပဲ (မှန်ပါ)။

ယားတဲ့စိတ်၊ ယံတဲ့စိတ်၊ နွေးတဲ့စိတ်၊ အေးတဲ့စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲ ဒါလေးဟာ အကြောင်း ဘယ်နှစ်ခုကြောင့်ပါလိမ့် (နှစ်ခုကြောင့်ပါ ဘုရား)။

ဒါကြောင့် ဘုရားက “ကာယဉ္စ ပဋိစ္စ ဖောဋ္ဌေဗ္ဗ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” ကွ၊ မဟော ဘူးလား (ဟော ပါတယ် ဘုရား) ဟောလိုက်တဲ့ အခါကျတော့ ဒီစိတ်ကလေး ဟာ ဒကာ ဒကာမတို့ အခု တိုက်ဆိုင်လို့ ပေါ်လာတာပဲ ဆိုတာ သိရမယ် (မှန်ပါ)။ မသိဘူးလား (သိပါတယ် ဘုရား)။

အဲ ဘယ့်နှယ်ကြောင့် ဖြစ်လာ ပါလိမ့်မလဲလို့ ဆိုတဲ့ သံသယ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ ဒါဖြင့် သံသယ ဆိုတာ ဝိစိကိစ္ဆာ (မှန်ပါ)။ ဝိစိကိစ္ဆာ ပြုတ်ပါပြီ (ပြုတ်ပါပြီ ဘုရား)။

အကြောင်းနှစ်ခုတိုက်ဆိုင်လို့

ပြုတ်ပြီ.ဒကာ ဒကာမတို့ အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်လာတဲ့ စိတ်ကလေးပဲ (မှန်ပါ)။ ဘယ့်နှယ်ကြောင့် ပေါ်လာ ပါလိမ့်မလဲ ဆိုတဲ့ သံသယ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အဲဒါဘုန်းကြီးက ဖြေဖျောက် ပေးလိုက်တဲ့ အတွက်၊ ဒကာ ဒကာမတို့ ကိုယ်ပေါ် စိတ်ဟူသ၍၊ အကြောင်းနှစ်ခု တိုက်တာ ချည့်ပဲ၊ အပူနဲ့သော် လည်းကောင်း၊ အအေးနဲ့သော် လည်း ကောင်း၊ အမာနဲ့သော် လည်းကောင်း တိုက်ရမယ် (မှန်ပါ)။

အမာနဲ့ ကိုယ်နဲ့ တိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီမှာ နာတဲ့ ဒုက္ခဝေဒနာ ပေါ်မှာပဲ (မှန်ပါ)။ ဒုက္ခစိတ် ပေါ်မှာပဲ (မှန်ပါ)။ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒိတော့ကို စာလိုသုံးတော့ ဖောဋ္ဌဗ္ဗာရုံလို့ သုံးထားလိုက် တော့ ဖောဋ္ဌဗ္ဗာရုံနဲ့ ကိုယ်နဲ့ တိုက်တာပါပဲ။ မီးခြစ်ဆံနဲ့ မီးခြစ် ဘူးနဲ့ တိုက်ရင် မီးပွင့် ပေါ်သလို (မှန်ပါ)။ ကိုယ်နဲ့ အပူနဲ့ တိုက်ရင် အပူသိတဲ့ စိတ်ကလေး မပေါ်လာဘူးလား(ပေါ်လာပါတယ် ဘုရား)။

ပူတဲ့စိတ်ကလေး ပေါ်လာတယ်နော် (မှန်ပါ)။ အအေး နဲ့တိုက်ရင် (အအေးစိတ် ကလေး ပေါ်လာပါတယ် ဘုရား)။ အကြမ်းနဲ့ ကိုယ်နဲ့ ထိသွားမယ် ဆိုလို့ရှိရင်လည်း နာစိတ်ကလေး (မှန်ပါ)။

အနုနဲ့ တိုက်မယ်ဆိုရင်လည်း ယားစိတ်ကလေး မလာဘူး လား (လာပါတယ် ဘုရား)။ ကိုယ်ပေါ် မှာဖြင့် မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။ အကြောင်း ဘယ်နှစ်ခု ပါလိမ့် (နှစ်ခုပါ ဘုရား)။

အဲဒီလို အကြောင်းနှစ်ခုကြောင့် ပေါ်လာတာကို ဒကာ ဒကာမတွေက- သိထားတော့မှ၊ ဪ ဒါ ကာယဝိညာဏ် စိတ်ကလေးပါလား (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဲဒီ ကာယဝိညာဏ် စိတ်ကလေး ပေါ်တာကို သိတော့ မှ၊ သူ့ အသက်တမ်း ကို ကြည့်လိုက် စမ်းပါလို့ မောင်နိုင်တို့ မေးလိုက်တယ် (တစ်နဲ့ နှစ်ပါ ဘုရား)။ တစ်နဲ့နှစ် ဆိုတော့ ဪ သူသည် ဖြစ်ပြီး ပျက်ရမယ့် အနိစ္စ တရားလေးပဲဆို ပျက်မသွားဘူးလား (ပျက်သွားပါတယ် ဘုရား)။

ခိုင်တယ်မြဲတယ်မထင်ရင်ဒိဋ္ဌိပြုတ်တယ်

အဲ ပျက်သွားတော့ ခိုင်တယ်၊ မြဲတယ်လို့ ထင်သေး ရဲ့လား (မထင်ပါ ဘုရား)။ ခိုင်တယ်၊ မြဲတယ် မထင်တော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)။

အကြောင်း နှစ်ခုကြောင့် ဖြစ်တယ်လို့ သိတော့ (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)

ခိုင်တာမြဲတာ မဟုတ်တာလေးတွေ သိသွားတော့ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အကြောင်း နှစ်ခုကြောင့် ဖြစ်တယ်လို့သိတော့ (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒါအသိနဲ့ ဖြုတ်ပါတယ် (မှန်ပါ)။ အကြောင်း နှစ်ခုကြောင့် ဖြစ်တယ်လို့ သိတော့ (ဝိစိကိစ္ဆာ စင်ပါတယ် ဘုရား)။ အဲ ဒါလေးဟာ အခုပေါ်ပြီး အခုပျောက်တာပဲလို့ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါ ပေါ်ပြီး ပျောက်သွားတယ် (မှန်ပါ)။

အငယ်သောတာပန်ဖြစ်ပြီ

ဒီလို ပျောက်သွားတာလေး ကြည့်လိုက် ပြန်တော့လည်း (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။ ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်လို့ ပြုတ်တာ၊ ပျောက်ပျက်တာပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ်သောကြောင့် ဒီအချိန်က စပြီး ခင်ဗျားတို့ အငယ် သောတာပန် ဖြစ်ပြီ (မှန်ပါ)။ ဒီအချိန်က စပြီးတော့ ဘာတုံး (အငယ် သောတာပန်ပါ ဘုရား)။ အငယ် သောတာပန် ဖြစ်ပြီတဲ့ ဒကာ ဒကာမတို့။

တစ်ဘဝအပါယ်မကျတော့ဘူး

အပါယ်တစ်ဘဝ သေချာပြီ မကျဘူး (မှန်ပါ)။ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဝမ်းထဲမှာ ဒိဌာနုသယ၊ ဝိစိကိစ္ဆာနုသယ ဝမ်းထဲမှာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ မရှိတော့ဘူး၊ မရှိတော့ဘူး။

ဒါကြောင့် တရားမနာဘဲနဲ့ သောတာပန်တည်ချင် လို့တော့ ကိုဝ ဖြစ်ကို မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)။ ကျေနပ်ကြပြီလား (ကျေနပ်ပါတယ် ဘုရား)။

ကြပ်ကြပ်စဉ်းစားပြီး သကာလ၊ ဪ ဒို့ဖြင့်ဟာ ဒီနှစ်ခု တိုက်လို့ ပေါ်လာတာ သိရင်၊ အကြောင်း နှစ်ခု သိလိုက်သဖြင့် ဘယ့်နှယ့်ကြောင့် ပါလိမ့်မတုံး ဆိုတဲ့ ကိုယ့် ဝိစိကိစ္ဆာ သံသယ ဟာ ပြုတ်ထွက် သွားတယ် (မှန်ပါ)။

ဒါလေးဟာ ပေါ်လာပြီး သကာလ၊ ဪ အကြောင်း နှစ်ခုကြောင့် ဖြစ်ပြီး သကာလ အကြောင်း နှစ်ခုက ရုပ်သိမ်း လိုက်ပြီ ဆိုမှဖြင့်၊ အကျိုးဖြစ်တဲ့ ဝိညာဏ်လေးကလည်း ပျက်ရ တော့တာပဲ (မှန်ပါ)။

ဒီလို သိသွားတော့မှ ဒကာ ဒကာမတွေ ကိုယ်ပေါ်မှာ ဖြစ်ပျက် ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။ ဖြစ်လည်း မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အကြောင်း နှစ်ခုကြောင့် ဖြစ်လာတယ် (မှန်ပါ)။

တော်တော် ကြာကျလို့ ရှိရင် သူ့အသက်တမ်း စေ့တော့၊ သူ့အကြောင်း နှစ်ခုကလည်း ရုပ်သိမ်းပါရော ကိုဝ ဘယ့်နှယ် ဖြစ်သွားတုံး (ချုပ်ပျောက် သွားပါတယ် ဘုရား)။ ချုပ်ပျောက် သွားတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဦးခန့်တို့ ကျေနပ်ပြီလား (ကျေနပ် ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်ရင်ဒိဋ္ဌိသေတယ်

ဒါဖြင့် ဖြစ်ပျက် မြင်ရင် ဒိဋ္ဌိသေတယ် (မှန်ပါ)။ ဖြစ်ပေါ် လာခြင်း၏ အကြောင်း နှစ်ခုကြောင့် ဖြစ်ပေါ် လာတယ်လို့ သိရင် (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ဒီလို သေပြီး သကာလ၊ ဒကာ ဒကာမတွေ ဒီလိုအသိနဲ့ သေပြီး သကာလ၊ အားထုတ်ပြီး သကာလ နေတဲ့ အခါကျတော့၊ အင်း ဒီဟာလေး ဖြစ်ပျက်တွေမြင်လို့၊ အင်း ဖြစ်ပျက်တွေ မုန်းလို့၊ ဖြစ်ပျက်တွေ ဆုံးသွားပြီ ဘုရား၊ ဒီဝိညာဏ်လေး တပည့်တော် ဝေဒနာလေး ရှုရှု၊ ဝိညာဏ်လေး ရှုရှု၊ သူ့စိတ်ရှုရှု ရှုနေလိုက်တာ ဆုံးသွားပြီ ဘုရား ဆိုလို့ရှိရင်ဖြင့်၊ အဲ့ဒါက အပွား မှာ ဘာဝနာမယ ဉာဏ်နဲ့ ပြုတ်တာ (မှန်ပါ)။

သောတာပန်တည်ရင်နှစ်ခုသာပြုတ်တယ်

အဲဒီကျတော့ တကယ့် သောတာပန် တည်ပါပြီ (မှန်ပါ)။ အပါယ်လေးပါး ကျစရာ ရှိသေး ရဲ့လား (မရှိပါဘူး ဘုရား)။ ဒို့ ဒီပုဂ္ဂိုလ်မှာ ဒါနှစ်ခုသာ ပြုတ်သွားတယ် ကျန်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေ မရှိဘူးလား၊ မာနတွေ မရှိဘူးလား မေးရင်ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား)။

သူတို့က အပါယ်မချဘူး ဒကာ ဒကာမတို့ရ၊ စိတ်သာချ (မှန်ပါ)။ ဒီနှစ်ခုက မူတည်ပြီး အပါယ်ချ နေတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အကုသိုလ်ဖြစ်ခြင်းအကြောင်း

ဒီနှစ်ခုက မူတည်ပြီး အပါယ်ချနေတာ၊ အလုံးစုံသော အကုသိုလ်တို့၏ ဖြစ်ခြင်း အကြောင်းမှာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကချည့် လာတာလို့ မှတ်လိုက်စမ်းပါ(မှန်ပါ)။

အလုံးစုံသော လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေ လာတဲ့ ဥစ္စာမှာ မောင်နိုင် ဘယ်သူ့ကြောင့် ပါလိမ့် (ဒိဋ္ဌိ ဝိစိကိစ္ဆာပါ ဘုရား)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ နှစ်ခု မူတည်ပြီး သူတို့ နှစ်ခုကြောင့် ဖြစ်ရတာ (မှန်ပါ)။

လူပုဂ္ဂိုလ်ပေါ်၌ ဆိုလို့ရှိရင် ဒါ ဒိဋ္ဌိပေါ့ဗျာ(မှန်ပါ)။ လူပုဂ္ဂိုလ်ပေါ်၌ ဆိုတာ ဒိဋ္ဌိက မလာဘူးလား (လာပါတယ် ဘုရား)။ ဒါကြောင့် မကျေနပ်ဘူး ဆိုတော့ ဒေါသ ဟော ဒိဋ္ဌိက လာတဲ့ဒေါသ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

လူပုဂ္ဂိုလ်ပေါ်၌ ဆိုတာက ဒိဋ္ဌိလေ၊ လူပုဂ္ဂိုလ် ဆိုတာ ပုဂ္ဂိုလ်မှ မရှိဘဲနဲ့ ပုဂ္ဂိုလ် ထင်လိုက်တော့ သူဒိဋ္ဌိ ဖြစ်မနေ ဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ဒိဋ္ဌိကချည်းစတယ်

ဒါကြောင့် သူ့အပေါ်၌လည်း ဘုရား၊ ကျုပ်က ကျေကို မကျေနပ်ဘူး ဆိုတော့ မကျေနပ်တာ ဒေါသ (မှန်ပါ)။ သူ့ဆီက ပစ္စည်းဆိုတော့ ဘာဆိုကြမတုံး (ဒိဋ္ဌိပါ ဘုရား)။ လိုချင်တယ် ဘုရားဆိုတော့ (လောဘ)။ သူက ချည့် စ, စ, နေ တယ် (မှန်ပါ)။

ဒိဋ္ဌိကချည့် မစဘူးလား (စပါတယ် ဘုရား)။ ကျေနပ်ကြ ရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။ ဒါဖြင့် ငရဲမျိုးစေ့ ဖြုတ်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငရဲမျိုးစေ့ဟာ ကျုပ်တို့ ဝမ်းထဲမှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ (မှန်ပါ)။

ဒါကို ဆရာဘုန်းကြီးက ယနေ့ သတ်ပေး လိုက်တဲ့ အတွက်၊ ငရဲမျိုးစေ့ ပြတ်သွားတော့ ဒီခန္ဓာကိုယ်ကြီးဟာ ငရဲသွားပြီး ခန္ဓာပင် ပေါက်စရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ငရဲမျိုးစေ့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ဆိုတာ ကို ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား) ကိုမြင့်တို့ကော (ကျေနပ်ပါတယ် ဘုရား)။

အဲဒါကြောင့် တရားလေး တစ်ခု ခင်ဗျားတို့ ပေါ်လာလို့ရှိရင် ဖြင့်၊ ဪ ဒီအကြောင်းကြောင့် ဖြစ်ပေါ် လာတာပဲ၊ အင်း သူသည် ဖြစ်ပေါ်ပြီး သကာလ သူ့အသက်တမ်း စေ့လို့ ပျက်ရတဲ့ ဖြစ်ပြီး ပျက်ရတဲ့ သဘောလေး ဟာလည်း ငါမဟုတ်လို့ ပျက်တာပဲ လို့ ပြန်ပြီး နိဂုံး ချုပ်လိုက် (မှန်ပါ)။

ငါမပိုင်ဆိုင်လို့ ပျက်စီးတာ

ပေါ်လာတာက အကြောင်း နှစ်ခု၊ ငါမပိုင် ငါမဆိုင်လို့ ပျက်စီးတာပဲလို့ ပြန်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ဒိဋ္ဌိရော၊ ဝိစိကိစ္ဆာရော သေသွားတယ် (မှန်ပါ)။ မသေဘူးလား (သေပါတယ် ဘုရား)။

အဲဒီလို သေအောင် ဒကာ ဒကာမတွေက ခန္ဓာကိုယ် ဟိုနေရာက ယားတယ်၊ အင်း ဒါလေးလည်း ဖြစ်ပြီး ပျက်တာ ပဲလို့ ရှုပါ (မှန်ပါ)။ ဒီအကြောင်း နှစ်ခုကြောင့် ပေါ်တာ သိပြီးသား သူက၊ အကြောင်း နှစ်ခုကြောင့် ပေါ်တယ်လို့ လုပ်မနေနဲ့တော့ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါလေးသိသိနေပါ

အင်း ဒါလေးဟာ ငါမဟုတ်လို့ ပျက်တယ်လို့ လည်း လုပ်မနေနဲ့တော့ (မှန်ပါ)။ ခုဟာ သိအောင် ဟောထားပြီးပြီပဲ (မှန်ပါ)။ ဟိုကျတော့ ဪ ဒါလေးဟာ ပေါ်လာပြန်ပြီ၊ ပျက်သွားပြန်ပြီ၊ ပေါ်လာပြီ ပျက်သွားပြီး ခန္ဓာကိုယ်ပေါ်မှာ လှည့်သာ ကြည့်နေ (မှန်ပါ)။

ဟိုကျတော့ အခု ရှင်းထား တာတွေကို ကိုဝတို့ ကိုမြင့်တို့က မောင်နိုင်တို့က မစွန့်နဲ့ (မှန်ပါ)။ နဂိုက ရှင်းပြီးသားကိုကွ (မှန်ပါ)။ ပျက်သင့်လို့ ပျက်တယ် ဆိုတာ သိပြီးသား မနေဘူးလား (သိပါတယ် ဘုရား)။

ဖြစ်ပြီးပျက်ပြန်ပြီလို့သာရှုနေ

အဲဒိလို သိနေတဲ့ ပုဂ္ဂိုလ်ဟာ ရှုတဲ့ေ နရာကျတော့ ဖြစ်ပြီး ပျက်ပြန်ပြီ၊ ဖြစ်ပြီး ပျက်ပြန်ပြီ၊ ဖြစ်ပြီး ပျက်ပြန်ပြီ လို့သာ ဒီလိုသာ ရှုနေ (မှန်ပါ)။

ဘယ့်နှယ့်ကြောင့် ဖြစ်သတုံးလို့ မလာနဲ့၊ ဒီအကြောင်းနှစ် ခုကြောင့် ဖြစ်တာ ဘုန်းကြီး ဟောလို့ သိပြီ၊ ဘုန်းကြီးက တာဝန် ယူသွားပြီ (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလို သိအောင် ဟောဆိုလို့ ဒီလို သိအောင် ဟောထားတဲ့ အတွက် ခင်ဗျားတို့က ဒါမလိုက်နဲ့တော့၊ ရှိပြီးသားလည်း မပျောက်စေနဲ့ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ငါမဟုတ်လို့ဆိုတာ ရှုမနေနဲ့တော့

ပျက်တဲ့အခါ ကျတော့ ပျက်တဲ့ အခါရှုပြီး၊ ပျက်သွား တာလေးဟာ ဉာဏ်အောက်မှာပဲ ဉာဏ်နဲ့ ကြည့်နေရင်းပဲ ဖြစ်ပြီး ပျက်သွားတာတွေ မြင်လိုက်ပြန်တော့၊ ဪ ငါမဟုတ်လို့ ပျက်တာပဲ ဆိုတာ ကိုလည်း ရှုမနေနဲ့တော့ (မှန်ပါ)။

ငါမဟုတ်လို့ ပျက်တာပဲ ဆိုတာ နဂိုက ဘုန်းကြီးက ဟောထားလို့ သိနေပြီပေါ့ဗျာ (မှန်ပါ)။ သိနေတော့ ဒါတွေလည်း လုပ်မနေနဲ့တော့ (မှန်ပါ)။

ပါးစပ်ကအသံမထွက်စေနဲ့

ကိုယ်ရှုတဲ့ အချိန်ကျတော့ ဪ ဒါ အနိစ္စ သဘောလေး၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စ သဘောလေး၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စပဲ ဆိုပြီး ဉာဏ်နဲ့သာ ကြည့်နေ၊ ပါးစပ်ကတောင် အသံ မထွက် စေပါနဲ့တော့ (မှန်ပါ)။ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ဒီရှုနေတဲ့ ပုဂ္ဂိုလ်မှာတဲ့ ဒိဋ္ဌိဖြုတ်ပြီးသား သူရှုနေတာ (မှန်ပါ)။ ဝိစိကိစ္ဆာ (ဖြုတ်ပြီးသား သူရှုနေတာပါ ဘုရား)။ အဲ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ဖြုတ်ပြီးသား ရှုသောကြောင့်၊ ဒကာ ဒကာမတို့ မကြာခင်တဲ့ သူအနိစ္စကို မြင်နေတဲ့ ပုဂ္ဂိုလ်ဖြင့်၊ ဘယ်အခါမဆို မကြာခင် သစ္စာလေးပါး သိတဲ့ မဂ်ဉာဏ် သေချာ ဖြစ်ပေါ် ရမယ်တဲ့ (မှန်ပါ)။

ဒါ ဆရာဘုန်းကြီး ကိုယ်တိုင် နှစ်ချက်နော် (မှန်ပါ)။ ဝိစိကိစ္ဆာ ဖြုတ်ပေးတာကော (တစ်ချက်ပါ ဘုရား) ဒိဋ္ဌိဖြုတ် ပေးတာကော (တစ်ချက်ပါ ဘုရား)။

ဝိစိကိစ္ဆာဖြုတ်ပေးတာ

ဝိစိကိစ္ဆာ ဖြုတ်ပေး တာကတော့ ကိုယ်ပေါ်မှာ ဘာပဲ ပေါ်ပေါ် ဒီအကြောင်း နှစ်ခုပဲရှိရမယ် (မှန်ပါ)။ ဒီ အကြောင်း နှစ်ခုမရှိဘဲနဲ့တော့ ကိုယ်စိတ် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)။ ဒီလိုသိထားတော့ ဘာပြုတ်တုံး (ဝိစိကိစ္ဆာ ပြုတ်ပါတယ် ဘုရား)။

အင်း ဒီအကြောင်း နှစ်ခုကြောင့် ဖြစ်တာ သိတော့ ဝိစိကိစ္ဆာ ပြုတ်တယ်၊ ဒီအကြောင်းနှစ်ခု ရုပ်သိမ်းလိုက်လို့ ရှိရင် ဒါ မပျက်ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။

ဒိဋ္ဌိဖြုတ်ပေးတာ

မရတော့သူဟာ ဖြစ်ပြီး ပျက်ရမယ့် တရားမို့ ပျက်တာ ပဲလို့ မသိပေဘူးလား (သိပါတယ် ဘုရား)။ သိသွားလို့ရှိရင် ဘာပြုတ်သတုံး (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အဲဒီလို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ဆရာသမားနဲ့ ဖြုတ်ပြီးမှ ခင်ဗျားတို့ ရှုမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ဘုရားက သူတာဝန်ခံတယ်၊ ဒီပုဂ္ဂိုလ်ဟာဟေ့တဲ့ သေသေချာချာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ရမယ့် ပုဂ္ဂိုလ် (မှန်ပါ)။ ပြုတ်ပြီးသား ရှုတဲ့ပုဂ္ဂိုလ် (မှန်ပါ)။ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ဘာပါရမီမှ မစောင့်ကြနဲ့တော့

အားငယ်စရာများ ပါကြရဲ့ လား (မပါပါဘူး ဘုရား) အဲ့ဒါကြောင့် ဆရာ ကောင်းကောင်းနဲ့ ခင်ဗျားတို့ ခုလို ဖြုတ်ဖြုတ် ပေးတဲ့ ဆရာနဲ့ တွေ့ပြီး ရှုမယ် ဆိုလို့ရှိရင်ဖြင့်၊ ဘာပါရမီမှ မစောင့် ကြနဲ့နော် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိုဝ ဘာစောင့်စရာ လိုသေးသတုံး (မလိုပါဘူး ဘုရား) ဘယ်ပါရမီမှ မစောင့်ပါနဲ့ (မှန်ပါ)။ ဘယ်ပါရမီမှ မစောင့်ပါနဲ့ တဲ့ ခင်ဗျားတို့ ပွားများမှု အလုပ်က ခင်ဗျားတို့၏ ပါရမီဖြည့်နေတဲ့ အလုပ်လို့ မှတ်လိုက်ရင် ပြီးတာပဲ (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိမပြုတ်ရင်သဿတဒိဋ္ဌိ

ကဲ ဒါဖြင့် ခုတော့ဒိဋ္ဌိက ပြုတ်သွားပြီနော် (မှန်ပါ)။ အကယ်၍ အခုပြောတဲ့အတိုင်း၊ ဖြစ်ပြီး ပျက်တာ လေးကို ဒကာ ဒကာမတွေက သံသယ ရှိနေကြမယ်၊ ဒါလေးဟာ ခိုင်တယ် မြဲတယ် ထင်နေကြမယ်ဆိုရင်၊ ဒိဋ္ဌိ ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။ ဝိစိကိစ္ဆာကော (မပြုတ်ပါဘူး ဘုရား)။

အဲဒီလို မပြုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ကိုတဲ့ ဘာဖြစ် သတုံးလို့ မေးတဲ့ အခါကျတော့၊ ဒကာ ဒကာမတို့ သဿတ ဒိဋ္ဌိ ဖြစ်တယ် (မှန်ပါ)။ ဒီတရားလေး၏ ဖြစ်ပြီး ပျက်တာ မမြင်တဲ့ ပုဂ္ဂိုလ် ဘာဒိဋ္ဌိ ဖြစ်တုံး (သဿတဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ကိုယ်ဝိညာဏ်

သဿတဒိဋ္ဌိဖြစ်တယ်၊ ဒါဝိညာဏ်နော် (မှန်ပါ)။ ကာယဝိညာဏ်၊ ကိုယ်ပေါ်မှာ ပေါ်တဲ့ ဝိညာဏ် မောင်နိုင် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

“ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏ်” (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ကိုယ်နဲ့ နေပူလေပူနဲ့ ထိတော့ ကိုယ်စိတ် ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အဲဒါ ကိုယ်ဝိညာဏ်လို့ ဆိုရင် လွဲပါ မလား (မလွဲပါဘူး ဘုရား)။

ဝိညာဏ်ချုပ်သွားပြီဆိုရင်

အဲတော့ ဒကာ ဒကာမတွေမှာတဲ့၊ ဗုဒ္ဓဘာသာ မှန်လို့ ရှိရင် ဘုန်းကြီးက သတိပေး ချင်တာက၊ ဝိညာဏ် ချုပ်သွားပြီ လို့ဆိုရင် တည့်တယ် (မှန်ပါ့) ဝိညာဏ်လေး ပြောင်း သွားပြီလို့ ဆိုရင် မတည့်ဘူး (မှန်ပါ့)။

ဝိညာဏ်ပြောင်းသွားပြီဆိုရင်

ဝိညာဏ်ချုပ် သွားပြီ ဆိုရင် (တည့်ပါတယ် ဘုရား)။ ဪ သူသည်ကားလို့ ဆိုရင်ဖြင့် ခန္ဓာ ပြောင်းသွားပြီ ဆိုလို့ရှိရင် (မတည့်ပါဘူး ဘုရား) မတည့်ဘူး၊ အသက် ထွက်သွားပြီ ဆိုရင်ကော (မတည့်ပါဘူး ဘုရား)။

အသက်ဆိုတာ ဒီဝိညာဏ်ကိုခေါ်တာ

အသက်ဆိုတာ ဒီဝိညာဏ်ကို ခေါ်တာပဲ (မှန်ပါ့) ဒါလေးဟာ ထွက်သွားတယ်လို့၊ ယူလိုက်လို့ ရှိရင်ဖြင့် ဒီခန္ဓာကြီး ဒါက ကိုယ်ခန္ဓာ၊ ဒီကိုယ့်ခန္ဓာထဲ ကနေပြီး ထွက်ပြီး သကာလ နတ်သမီး သွားဖြစ်တယ်၊ နတ်သား သွားဖြစ်တယ် ဆိုရင် သဿတဒိဋ္ဌိ (မှန်ပါ)။

ဖြစ်ပျက်ကို မမြင်ဘူး (မှန်ပါ)။ မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။ ဒါဖြင့် ဒီနယ်မှာလည်း အသုံးကျ ဟိုဘက် နယ်မှာလည်း အသုံးကျ၊ အသက် ထွက်သွားပြီ (မှန်ပါ)။ ဟုတ်လား ဝိညာဉ်လေး ထွက်သွားပြီ မောင်နိုင် မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ဘာဒိဋ္ဌိဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)။ အဲဒါ ဘယ့်နှယ့်ကြောင့် သဿတဒိဋ္ဌိ ဖြစ်ရ ပါလိမ့်မတုံး ဆိုတော့၊ ဒီခန္ဓာကြီးသာ မြွေလို အရေလဲ သွားတဲ့ သဘော ရောက်တယ် (မှန်ပါ)။

အရေက ကျန်ရစ်တယ်၊ မြွေက အပြင်ဘက် ထွက်သွား တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ အဲတော့ မြွေသေ ဟုတ်သေးရဲ့လား (မဟုတ် ပါဘူး ဘုရား)။ မဟုတ်ဘူးတဲ့ အရေလဲတယ် (မှန်ပါ)။ တချို့သုံးတယ်၊ မသုံး ကြဘူးလား (သုံးပါတယ် ဘုရား)။

အဲဒါ ဘာဒိဋ္ဌိဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)။ အဲမြွေ အရေခွံ လဲသလို လဲတယ်လို့ ယူလို့ရှိရင် ကိုဝ ဘယ့်နှယ် ဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဗုဒ္ဓဘာသာမှာဒီအယူများတယ်

မြွေမှ မသေပဲကိုးဗျ (မှန်ပါ)။ အရေ ခြောက်ကြီး သာ ဒီထားပစ်ခဲ့တယ် (မှန်ပါ)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဗုဒ္ဓဘာသာမှာ အသက်ထွက်သွားပြီ ဆိုတဲ့ အယူ တော်တော် များတယ် (များပါတယ် ဘုရား)။

ဝိညာဏ်ကလေးထွက်သွားပြီ

ဟောဒိ- ဝိညာဏ်လေး၊ ကာယ ဝိညာဏ်လေး ထွက် သွားပြီ၊ မနောဝိညာဏ်လေး ထွက်သွားပြီ ဒီလို မယူဘူးလား (ယူပါတယ် ဘုရား)။ ထွက်သွားတယ် ဆိုတော့ ဒီနေရာ ဖြစ်ပြီး ဒီနေရာ ပျက်တဲ့ ဥစ္စာ ထွက်သွားပြီလို့ သူယူလိုက်သဖြင့် သူမသေ ဘူးပေါ့ (မှန်ပါ)။

ဘုရားအဆူဆူချွတ်လည်းမရတော့ဘူး

ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။ အဲဒီလို သဿတဒိဋ္ဌိတွေ ရှိနေလို့ရှိရင် ဘုရား အဆူဆူ ချွတ်လည်း မရတော့ဘူး (မှန်ပါ)။ ဒီပုဂ္ဂိုလ် သေရင် အပါယ်မှတစ်ပါး လည်း ဘယ်မှ မသွားဘူးတဲ့ (မှန်ပါ)။ သဘော ကျကြပြီလား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်မြင်မှလွတ်မယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒါလေး ဖြစ်ပျက်မြင်မှ သာလျှင် သဿတ လွတ်မယ် မဟုတ်လား (မှန်ပါ)။ သက္ကာယကော (လွတ်မှာပါ ဘုရား)။ ဥစ္ဆေဒကော (လွတ်မှာပါ ဘုရား)။ သဘော ကျကြပြီလား (ကျပါတယ် ဘုရား)။

ေဩာ် တော်တော် အရေးကြီးလို့ ပြောနေတာ ပါလားဆိုတာ၊ ဒကာ ဒကာမတို့ အင်မတန် နားကြီးကြီးနဲ့ ဆိုလို့ရှိရင်ဖြင့်၊ အတော် အရေးကြီးတဲ့ အချက်ပါလားဆိုတာ ကိုဝ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။ မပေါ် ဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ခင်ဗျားတို့ ဒီဆရာဘုန်းကြီးနဲ့ မတွေ့ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ အသက်ထွက်တဲ့ ဂိုဏ်းက လာရမယ် (မှန်ပါ)။ ဘယ်ဂိုဏ်းထဲက ထင်ကြတုံး (အသက် ထွက်တဲ့ ဂိုဏ်းထဲကပါ ဘုရား)။

ရုပ်ခန္ဓာထားပြီး နာမ်ဝိညာဏ်ကထွက်သွားတယ်

ကဲ အသက်ဆိုတာ ဘာတုံး ဆိုတော့ အသက် ဆိုတာ ဝိညာဏ်ကို ခေါ်တယ် (မှန်ပါ)။ ဒီဝိညာဏ် လေး ထွက်သွား တယ် ဆိုသဖြင့် ဒီမှာ ရုပ်ခန္ဓာကြီးသာ ထားပစ်ခဲ့တယ်၊ နာမ် ဝိညာဏ်က ထွက်သွားပြီ (မှန်ပါ)။ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။

ဘာဒိဋ္ဌိဖြစ်တုံး (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။ အဲဒိ သဿတဒိဋ္ဌိ ရှိနေတဲ့ ပုဂ္ဂိုလ်ဖြင့်၊ ဒီဘဝမှာ အနိစ္စ ဒုက္ခတွေ အာပေါက်အောင် အားထုတ် (မှန်ပါ)။ ဒိဋ္ဌိက အပင်း ဖြစ်ပြီး တားတာပဲ (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိ ပါတယ် ဘုရား)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဝေဒနာနဲ့ဝိညာဏ်ဟာအတူတူပေါ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ဘယ် ဝိညာဏ် ပေါ်ပေါ်၊ ဘယ်ဝေဒနာ ပေါ်ပေါ်၊ ဝေဒနာနဲ့ ဝိညာဏ် ဟာ အတူတူပါပဲ သဟဇာတနော် (မှန်ပါ)။ ဘာလေး ပေါ် ပေါ် ဒကာ ဒကာမတို့ ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

မိအောင်ကြနော်

ရှုမိအောင် ရှုကြနော် (မှန်ပါ)။ အင်း အကြောင်း နှစ်ခု ကြောင့်ပေါ်လာတာပဲ၊ အကြောင်း နှစ်ခု ချုပ်လို့ သူ ချုပ်တာပဲ ဆိုတော့၊ အကြောင်းနှစ်ခုကြောင့် ပေါ်လာတာက အဖြစ်၊ အကြောင်း နှစ်ခုက ဖြစ်ပြီး မရှိတော့ဘူး ချုပ်သွား ရတာက အပျက် (မှန်ပါ)။ ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

အဲတော့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် သာရှုပေး (မှန်ပါ)။ ဖြစ်ပျက်ရှု ပေးတဲ့ ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပါတယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်ရှုတဲ့ပုဂ္ဂိုလ်

ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ဟာ (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပါတယ်၊ ခင်ဗျားတို့ ဘာမှ သံသယ မရှိနဲ့ (မှန်ပါ)။ ဟောဒိ ဒိဋ္ဌိ ရှိလျက်နဲ့ ဒကာ ဒကာမတွေက လှူကြ၊ တန်းကြမယ်၊ အခုပြောခဲ့တဲ့ ဒိဋ္ဌိတွေ မပြုတ်ဘူး ဆိုပါတော့ မောင်နိုင်ရ (မှန်ပါ)။ ကိုဝ မပြုတ်ဘူး ဆိုပါတော့ (မှန်ပါ)။

ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်

လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ၊ ကျောင်းဆောက်၊ ဘုရားတည် လုပ်ကြ၊ သုဂတိ နတ်ပြည်တော့ ရောက်ရမယ် (မှန်ပါ)။ ဒိဋ္ဌိ ရှိလျက်နဲ့ လှူတဲ့ ပုဂ္ဂိုဟ်ဟာ ကုသိုလ် မရဘူးလို့ မဆိုဘူး ကုသိုလ် ရတယ်၊ သုဂတိနတ်ပြည် ရောက်မယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဗြဟ္မာပြည် ကျအောင် ရောက်မယ်၊ ဒိဋ္ဌာသဝ, က ဗြဟ္မာပြည် ကျအောင် ကျက်စား နိုင်တာကိုး၊ ဗြဟ္မာပြည် ကျအောင် ရောက်တော့ ရောက်တယ်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်း တဲ့နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

နိဗ္ဗာန်ဘယ်တော့မှမရောက်

ဒိဋ္ဌိရှိလျက်နဲ့ လှူတန်း၊ ပေးကမ်း၊ သမထ ဝိပဿနာ အားထုတ်နေတဲ့ ပုဂ္ဂိုလ်များ ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမယ် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို (မရပါဘူး ဘုရား)။

နတ်ရွာ သုဂတိ ဗြဟ္မာပြည် ကျတော့ (ရပါတယ် ဘုရား)။ ကိုင်း နိဗ္ဗာန်တားတယ်၊ ဒီ ဒိဋ္ဌိက ဒကာ ဒကာမ တွေ သဘောပါကြပြီလား (ပါပါတယ် ဘုရား)။ တယ် ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီဝိညာဏ်လေး၊ ကာယဝိညာဏ် စိတ်ကလေး ဟာ ဒီအကြောင်း နှစ်ခုကြောင့် ပေါ်တယ်၊ ဒီအကြောင်း နှစ်ခု ချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့ အခါ သူက ငါနေဦးမယ်ဆိုလို့ ရရဲ့ လား (မရပါဘူး ဘုရား)။

ဖြစ်ပြီးပျက်တဲ့ ဓမ္မဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။ အဲဒီလို ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ကျလာ ပြန်တော့လည်း ဒကာ ဒကာမတို့၊ ဒီဘဝ မဂ်မရလို့ ကိုယ်က ကိစ္စက များလွန်းလို့ အလုပ် လုပ်တဲ့ အချိန်က နည်းပြီး မဂ်မရပြန်တော့ သုဂတိ ပို့လိုက်တယ် (မှန်ပါ)။

ဒုတိယဘဝ ကျတော့ သူက နိဗ္ဗာန် ရောက်တယ် (မှန်ပါ)။ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

ဟာ ဒီဘဝပဲ တပည့်တော်တို့ အရယူမယ်ဆိုပြီး ကြိုးစားပမ်းစား ပွားများ လိုက်လို့ ရှိရင်လည်း၊ ဒီဘဝပဲ နိဗ္ဗာန် ရတယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကြောက်စရာ အကောင်းဆုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ကြောက်စရာ ကောင်းတယ် ဆိုတာဖြင့် ယနေ့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။ ဘာကြောက်စရာ ကောင်းသလဲ (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကြောက် စရာ ကောင်းပါတယ် ဘုရား)။

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကြောက်၊ ကျန်တဲ့လောဘ၊ ဒေါသ၊ မောဟ၊ မာန ကြောက်စရာ ကောင်းရဲ့လား (မကောင်း ပါဘူး)။ သူ့ကြောင့် ဟိုဟာတွေက ပွားတာ(မှန်ပါ)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကြောင့် လောဘ၊ ဒေါသ၊ မာနတွေ တက်လာတာ (မှန်ပါ)။

သူ့ဖြုတ်လိုက်တဲ့ တစ်နေ့ကျတော့ ဟိုဟာတွေလည်း မပါးပေဘူးလား (ပါးပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ အပါယ်သွားတဲ့ တရားကို အရင်ဖြုတ်ရမှာ၊ ခင်ဗျားတို့ အရင် ဖြုတ်ကြစမ်းပါ ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ)။ အပါယ် သွားတတ်တဲ့တရား၊ ဘယ်သူ ပါလိမ့် (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။

အပါယ်သွားတတ်တဲ့တရားအရင်ဖြုတ်

အဲဒါ အရင်ဖြုတ်လိုက် (မှန်ပါ)။ ဒိပြင် လောဘ၊ ဒေါသ၊ မောဟ အသာ ထားစမ်းပါ (မှန်ပါ)။ ကိစ္စ မရှိပါဘူး၊ ခင်ဗျားတို့ ရောင်းချင်တိုင်းရောင်း၊ ဝယ်ချင်တိုင်း ဝယ်နေပါ။ ဒါပဲ အရင် ဖြုတ်မိအောင် ဖြုတ်ပါ (မှန်ပါ)။ အပါယ် စိတ်ချ ရအောင် မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိသာခါ၊ အနာထပိဏ်တို့လို့

ဒါကို အသိနဲ့လည်း ဖြုတ်ရမယ်၊ ပွားများပြီး သကာလ လည်း (ဖြတ်ရမှာပါ ဘုရား)။ အဲဒီလို ဖြုတ်ပြီးမှ ဆိုလို့ရှိရင် ဒါခင်ဗျားတို့ ဝိသာခါ အနာထပိဏ်တို့လို လှည်းပေါင်း ငါးရာနဲ့ ကုန်ကူး နေတာကို ဘာကိစ္စရှိသတုံး (မရှိပါဘူး ဘုရား)။

ကုန်ကူးတယ်ဆိုကတည်းက အမြတ်လိုချင်လို့ ဆိုတာ လည်း ဒကာ ဒကာမတွေ ဘယ်သူ့ မေးမေး ပြောစရာ ဒါပဲ ရှိတာပဲ (မှန်ပါ)။ ဒီလောဘ မရှိဘူးလား (ရှိပါတယ် ဘုရား)။

သူတို့ထက် ငါအမြတ်ရအောင် ရောင်းမယ်ဆိုတဲ့ မာနတွေကော (ရှိပါတယ် ဘုရား)။ ရှိပင် ရှိငြားသော်လည်း အပါယ်တော့ မချဘူး၊ စိတ်သာချ(မှန်ပါ)။

ဘာကြောင့်တုံး အပါယ်မျိုးစေ့က သတ်ပြီးလို့ (မှန်ပါ)။ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။ အပါယ်မျိုးစေ့က (သတ်ပြီးလို့ပါ ဘုရား)။

ဒိဋ္ဌိဖြုတ်ခိုင်းတဲ့ဆရာကရှားတယ်

ဒိဋ္ဌိဖြုတ်ကြလို့ ဟောတဲ့ ဆရာက ရှားတယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။ ကဲ ဒါဖြင့် ဒါအရေးကြီးတာကို ပြောတာလား၊ အရင်နောက် လွဲ နေသလား မေးဘယ့် နှယ်ဖြေမလဲ (အရင်နောက် လွဲနေ ပါတယ် ဘုရား)။

အဲ ခင်ဗျားတို့က ပြောင်းပြန် မှတ်လိုက်ပါတော့၊ အရင် စကားတွေ အသာလျော့ပြီး မင်း လောဘလျော့၊ ဒေါသလျော့၊ မောဟလျော့ ဒီလို ပြောတာတွေဟာ၊ ဪ ရှေ့စကား နောက်၊ နောက်စကားရှေ့ သုံးတယ် မသိရှာလို့ကော (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒိဋ္ဌိဖြုတ်ရင်ဝိစိကိစ္ဆာပါသွားတယ်

စင်စစ်ဖြုတ်ရမှာက ဘာတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာဖြုတ်ရမှာ၊ တိုတို ပြောကြပါစို့ ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ရင် ဝိစိကိစ္ဆာ ပါသွားတာပဲ (မှန်ပါ)။

ဒိဋ္ဌိဖြုတ်ရင် (ဝိစိကိစ္ဆာပါသွားပါတယ် ဘုရား) ဝိစိကိစ္ဆာ ပါသွားတော့ ဒိဋ္ဌိဖြုတ်ဖို့ပဲ အရေးကြီး တယ်ဆို ဒါလေးဟာ ငါ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျက်တယ် ဆိုတာလေး သိရင် ပြီးတာပဲ (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာပဲ ရှုကြ (မှန်ပါ)။ ဒီအပျက် ကလေးကို မြင်လို့ရှိရင်ဖြင့် ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျက်တယ်၊ ငါ၊ ငါ့ဥစ္စာ မဟုတ်လို့ ပျက်တယ် ဆိုတာလေးဟာ ပါပါ မသွားဘူးလား (ပါသွားပါတယ် ဘုရား)။

အဲတော့ ဒိဋ္ဌိက ပြုတ်မနေဘူးလား (ပြုတ်နေ ပါတယ် ဘုရား) သေချာပြီလား (သေချာပါပြီ ဘုရား) အကယ်၍ ဒါမပြုတ်ခဲ့သည် ရှိသော်တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝိညာဏ်လေး ပြောင်းသွားပြီ၊ ဘာဒိဋ္ဌိ တုံး (သဿတဒိဋ္ဌိပါ ဘုရား)။

အင်း ခုအချိန်ဖြင့် ဘယ်ဝမ်းထဲများ ရောက်နေရှာ ကြပါ လိမ့်မတုံးများ လေပြေများ ထိုးပြီး သကာလ ပြောင်းတော့ ပြောင်းသွားပြီ၊ ဘဝပြောင်း သွားပြီ (မှန်ပါ)။

ဘယ်ဘဝပြောင်းရမှာတုံး

ဘယ်ဘဝ ပြောင်းရမှာတုံးဗျ (မှန်ပါ)။ ဒီဘဝ ဒီဝိညာဏ် ချုပ်တယ် ဆိုတာ ပြောင်းစရာများ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။ နို့ ခင်ဗျားတို့က ဘဝတစ်ပါး ပြောင်း သွားပြီ အစရှိသည်နဲ့၊ ဒီအရပ် နေမကောင်းတာနဲ့ ဟိုအရပ်ပြောင်းတဲ့ သဘော အထုပ်ထမ်း သွားသေးသလား မပြော တတ်ပါဘူး၊ ဘာဒိဋ္ဌိ ဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေ ပါတယ် ဘုရား)။

ဘဝတစ်ပါးပြောင်းသွားလေသော

အဲ ခင်ဗျားတို့ ဖိတ်စာကို ဒီအတိုင်း ဖြစ်နေတာ (မှန်ပါ)။ “ဘဝတစ်ပါး ပြောင်းသွားလေသော” အစရှိသည်နဲ့ ဒီက ပြောင်းသွားတာ ကိုးဗျ၊ မနေချင်လို့ (မှန်ပါ)။

လူ့ဝမ်းခေါင်း လူ့အဖြစ်နဲ့ဖြင့် မနေချင်ပါဘူး၊ ဒီ ဝိညာဏ်က နတ်အဖြစ်နဲ့ ပြောင်းပါတော့မယ် ဆိုပြီး၊ ဒီ ဝိညာဏ်ကလေးက ပြောင်းသွားတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဘာဒိဋ္ဌိဆိုကြမလဲ

ဒါဖြင့် ဒါ ဘာဒိဋ္ဌိ ဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား) အဲဒါက ပါလာတာကလည်း ကြာနေတော့၊ ဘုန်းကြီး များကလည်း ခုမှ စဟော နေရတော့၊ ဟိုစာက မှင်အိုကြီးနဲ့ စာရွက် အိုကြီး ဖြစ်နေတော့၊ ဖျက်လိုက်လို့ ရှိရင်လည်း စာရော မှင်ရော ပျက်သွားတယ် (မှန်ပါ)။ စင်စစ်တော့ လွဲတာ အမှန်ပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

သဿတဒိဋ္ဌိ

ဘဝတစ်ပါး ပြောင်းသွားလေသော သူအားဆိုတော့ ဘယ့်နှယ် ဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)။ အသေ အချာပါတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ဒီမပျော်လို့ ပြောင်းတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ အဲ ဒါလေးဟာ ပြောင်းလို့ကို ဖြစ်ရဲ့လား (မဖြစ်ပါဘူး ဘုရား)။ သူ့အသက်တမ်းက ဒီဝိညာဏ်လေးက တစ်၊ နှစ်ဆို ချုပ်သွားတာ (မှန်ပါ)။

ပြောင်းနိုင်ရဲ့လား (မပြောင်း နိုင်ပါဘူး ဘုရား)။ နောက်ပေါ်မည့် ဝိညာဏ်ကကော (တစ်၊ နှစ်ဆိုရင် ချုပ်ပါ တယ် ဘုရား)။ ဒီလိုမပြောပါနဲ့ လက်ဖျောက်တီး သလောက်တောင် ကြာရဲ့ လား (မကြာပါဘူး ဘုရား)။

တစ်ဆင့်ကြားနဲ့အမှားဖြစ်နေတာ

ပြောင်းချိန်များ ပါသေးသလား (မပါပါဘူး ဘုရား)။ အဲ မပါတာ သိတော့မှ ဒကာ ဒကာမတွေ၊ ဪ တစ်ဆင့်ကြား နဲ့ ဒို့မှာ အမှား ဖြစ်နေရတာ နာလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

တစ်ဆင့်ကြားနဲ့ ဘဝတစ်ပါး ပြောင်းသွားပြီ၊ ဘာလေး ပြောင်းသွားတုံး မေးစရာကော အကွက် ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။ ဝိညာဏ်လေး ပြောင်းတယ် ပြောမှာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာလေးပြောင်းတုံး မေးရင် (ဝိညာဏ်လေး ပြောင်းပါတယ် ဘုရား)။ သွားပြီ ဒကာ ဒကာမတို့ ဒါဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား) ကဲ ကိုတ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

သုံးကော မသုံးကြဘူးလား (သုံးပါတယ် ဘုရား) သုံးတဲ့အတိုင်းလည်း ထင်တဲ့ ပုဂ္ဂိုလ်ကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

သုံးတဲ့အတိုင်း ထင်လို့ရှိရင် ဘာဒိဋ္ဌိ ဆိုမယ် (သဿတဒိဋ္ဌိပါ ဘုရား)။ သဘောပါပြီလား (ပါပါတယ် ဘုရား)။

သာတိဆိုတဲ့ရဟန်း

ကိုင်း ဝတ္ထုထုတ်တော့မယ်နော် ခင်ဗျားတို့ သဿတဒိဋ္ဌိ၊ မူလပဏ္ဏာသ ပါဠိတော် ဘုရား လက်ထက်က သဿတဒိဋ္ဌိ “သာတိ” ဆိုတဲ့ ရဟန်းကို ထုတ်လိုက်မယ်။

သူ့ရဲ့ နာမည်က သာတိတဲ့၊ အဲဒီ-သာတိဆိုတဲ့ ရဟန်းက “သတ္တာဟံ ဘဂဝတာ ဒေသိတံ အဇာနာမိ တထေဝ ဝိညာဏံ သန္ဓာဝတံ သံသာရတံ”။

ဘုရား ဟောတော်မူတာ ငါသိပါတယ်ကွာ၊ ဝိညာဏ်လေး ဟာ ဟိုပြောင်းသွား၊ ဒီပြောင်းသွား၊ နတ်ပြည် ပြောင်းလိုက်၊ ဗြဟ္မာ ပြည်ပြောင်းလိုက် ဝိညာဏ်လေး ပြောင်းတာတဲ့၊ လူ့ပြည် ကနေပြီး သကာလ အမျိုးမျိုး အဖုံဖုံ ပြောင်းတယ်၊ ငရဲက နေပြီး လူ့ပြည် ပြောင်းလာတယ်၊ ဒါ-ဘုရား ဟောတော် မူတာ ဒါပါပဲကွ။

ဝိညာဏ်ကလေးဟာဟိုပြောင်းလိုက်ဒီပြောင်းလိုက်

သူက ဘာဒိဋ္ဌိဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေ ပါတယ် ဘုရား) “တထေဝ ဝိညာဏံ သန္ဓာဝတံ သံသာရတံ”တဲ့၊

ထိုဝိညာဏ်လေးဟာ ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့ နေတာပါပဲ။ ကိုဝ ခက်လိုက်တာနော် (မှန်ပါ)။

ဝိညာဏ်လေးပျက်တယ်လို့ ပါသေးသလား (မပါပါဘူး ဘုရား) “ဝိညာဏံ အနိစ္စံ” ကို ပါသေး သလား (မပါပါ ဘူး ဘုရား)။ အဲ ဒိဝိညာဏ်လေး ဘာဖြစ်သတဲ့တုံး (ပြောင်းသွားပါတယ် ဘုရား)။ ပြောင်းသွားတယ်။ “သတ္တာ ဟံ ဘဂဝတာ ဒေသိတံ အဇာနတံ” ဘုရား ဟောတော်မူတာ ငါသိ ပါတယ် ကွာတဲ့၊ ဝိညာဏ်လေး ပြောင်းပြောင်း ပြောင်းပြောင်း သွားတယ်လို့ ပြောတာပဲ (မှန်ပါ)။

မဟောသဓာမှသည်ဝိဓူရ

သူက နားစွန်နားဖျား တရားနာတာက တစ်ကြောင်း၊ ဉာဏ်ကလေးက သေးသိမ် တာကလည်း တစ်ကြောင်း ဆိုသောကြောင့်၊ ဘုရားက သူ့ဇာတ်ထုပ် ဟောတော့ ဘယ်လိုဟော လိုက်သတုံး ဆိုတော့၊ ငါမဟော်သဓာက နေပြီး ဝိဓူရဖြစ်လာ တယ်ကွ ဆိုတော့၊ သူက ဝိညာဏ် ပြောင်းတယ်ချည့် ယူပစ် လိုက်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲဒီ ဝတ္ထုသွားနာလို့ ဒီလို ပြောင်းပြောင်းနေပြီး ဝိဓူရ ဖြစ်လာတယ်ကွ၊ အဲဒီက နေပြီး ဘုရားက ဒီလို သုတ္တန် ကိုချဲ့ပြီး သကာလ မပြော မဖြစ်လို့ ဆက်ဟောတာ၊ သူက ဝိညာဏ်လေး ပြောင်းပြောင်း သွားတယ်လို့ ယူတာပဲ (မှန်ပါ)။

ဝိညာဏ်ဆိုတာမသေဘူးတဲ့

ဒါနဲ့ သူက ဘုရားဆီက တရားနာပြီး သကာလ ရဟန်း တွေ သွားပြောတာ ပေါ့လေ (မှန်ပါ)။ ဘုရား ဟောတော် မူတာ တပည့်တော် အကုန် သိပါတယ်ဘုရား၊ ဝိညာဏ် ဆိုတာ ဘယ်တော့မှ မသေဘူးဘုရား ပြောင်းတာပဲ၊ ကဲ ဒကာ ဒကာမတွေ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒါနဲ့ ရဟန်းတွေက ပြောကြတယ်၊ သာတိ-ရာ ဘုရား ဒီလို ဟောတာ မဟုတ်ပါဘူး၊ အို ကိုယ်တိုင် နာခဲ့တာ၊ ဒီအတိုင်း၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဝိညာဏ်လေးဟာ ပြောင်းတာပဲ၊ ဟိုပြောင်း ဒီပြောင်း ပြောင်းတာပဲ ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနဲ့ သိပ်တူ တာပဲ (မှန်ပါ)။ ဘဝတစ်ပါး ပြောင်းသွားရှာပြီ။ ဘယ့်နှယ့်တုံး (တူပါတယ် ဘုရား)။

ဒီဘဝမကောင်းလို့ဟိုဘဝပြောင်း

ဒီဘဝမကောင်းလို့ ဘာတုံး (ဟိုဘဝ ပြောင်းသွားပါ တယ် ဘုရား)။ ဟိုဘဝ ပြောင်းတယ် ဆိုတော့ ပြောင်းဆိုတာ သည် အလယ်မှာ အဆက် ရှိရမယ် (မှန်ပါ)။ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကဲ ကျုပ်တို့ တိုင်းပြည် ပျက်တုံးက မပြောင်း ကြဘူး လား (ပြောင်းပါတယ် ဘုရား)။ ကိုဝက ဘော်ပတန်းပြောင်း တယ်ဟုတ်လား၊ မောင်နိုင်တို့က ကျောက်ပြဿာဒ် ပြောင်း တယ် (မှန်ပါ)။ ဒီခန္ဓာ ကိုယ်ကြီးကို ပြောင်းသွားတာပဲ (မှန်ပါ)။

ဒီမှာ ထားပစ်ခဲ့တာ ပါသေးသလား (မပါပါဘူး ဘုရား) ခြေ၊ လက်၊ နား၊ နှာခေါင်း အင်္ဂါ ကြီးငယ် မထားခဲ့ပါဘူး အကုန် သယ်သွားတယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒီအိမ်မှာ မကြိုက်လို့၊ မီးလာရင် ဒီအိမ်မှာ ဗုံးကျမှာ စိုးလို့ ဟိုမှာ တဲအိမ်မှာ ပြောင်းသွားတယ် ဆိုတော့ လူကတော့ ပြောင်းလျက်ပဲ (မှန်ပါ)။ အိမ်ကတော့ ထားခဲ့တယ် (မှန်ပါ)။

သဿတဒိဋ္ဌိဖြစ်နေပြီ

ဘာဒိဋ္ဌိဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။ ခင်ဗျားတို့ ဘဝတစ်ပါး ပြောင်းဆိုတဲ့ အဓိပ္ပါယ် ဟာလည်း ဒါပဲ (မှန်ပါ)။ ဒီခန္ဓာအိမ်က နေပြီး ဟိုခန္ဓာ အိမ်ပြောင်းတာ (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ဘာဒိဋ္ဌိ ဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။ ဒါနဲ့ သာတိက ဒကာ ဒကာမတို့ ဒီလိုပဲ ရဟန်းတွေ လှည့် ပြောနေတော့ သာတိ-ရာတဲ့ ပြောရှာတယ်၊ ဘုရား ဟောတော် မူတာ ငါအကုန် သိပါတယ်ကွာ၊ ဝိညာဏ် ဆိုတာ ဘယ်တော့မှ မသေဘူး၊ ပြောင်းပြောင်း သွားတာပဲဆိုပြီး ဘေးက ရဟန်းတွေက ပြောကြ၊ သာတိ- ဘုရားဒီလို မဟောပါဘူး မင်း ဒီလို မယူပါနဲ့ကွ ဆိုပြီး ပြောငြား သော်လည်း မရဘူး၊ ဒီအယူ သူမစွန့်နိုင်ဘူး။

ဘုရားကခေါ်မေးတယ်

ဒါနဲ့ ဘယ်သူမှ ဆုံးမသွန်သင်လို့ မရတော့တာနဲ့ ဘုရားကို ရဟန်းတွေက သွားလျှောက်တယ်၊ သာတိတော့ ဒီလို ဖြစ်နေပြီ ဘုရား၊ သဿတ-ဒိဋ္ဌိ ဖြစ်နေပြီ ဘုရား ခေါ်ပါဦးဘုရာ့ ဆိုတော့ ဘုရားက ခေါ် ရှာတာပေါ့လေ။

“သာတိ” ဘယ်ဟာကိုဝိညာဏ်ခေါ်တာတုံး

ဟေ့ သာတိ။ “ကတမံ သာတိ ဝိညာဏံ၊” သာတိ ဘယ်ဟာကို ဝိညာဏ် ခေါ်တာတုံးကွ “ဝရော ဝရိယော သဿတ ကတကလျာဏာနံ ကတပါပကာနံ သညေတိ စေတေသိ” သူက ဒါကို ရွတ်လိုက်တယ်။

ဘယ်ဟာ ဝိညာဏ်တုံး ဆိုလို့ရှိရင် “တဒေဝ ဝိညာဏံ” တဲ့ ဒီဝမ်းထဲက ဖြစ်တဲ့ ဒီ ကာယ ဝိညာဏ် ဖြစ်စေ၊ မနောဝိညာဏ် ဖြစ်စေ၊ ဝိညာဏ်က ခြောက်မျိုးတောင် ရှိတာနော် (မှန်ပါ)။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနော ဝိညာဏ်လို့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ ဝိညာဏ်လေးတွေဟာ ဘုရားတဲ့ ရောက်ရာ ဘဝ မှာ သူတို့က စကား ပြောတာတဲ့၊ ကောင်း မကောင်းကိုလည်း သူတို့က ခံစားတာ အဲဒီဝိညာဏ်ကို ဆိုတာပါ၊ ကဲ ဒကာ ဒကာမတို့ ဘာဒိဋ္ဌိတွေ စပ်သတုံး (သဿတဒိဋ္ဌိတွေ စပ်ပါတယ် ဘုရား)။

မဂ်ဖိုလ်မရတော့၊ အချည်းနှီးပုဂ္ဂိုလ်

ဒီဝိညာဏ်လေးက ကောင်းတာလည်း သူခံစားတာပဲတဲ့၊ အင်း မကောင်းတာလည်း သူခံစား တာပဲတဲ့၊ ရောက်ရာ ရောက်ရာ ဘဝမှာ ဒီဝိညာဏ်လေး သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒီကနေ ဟိုပြောင်း ဟိုကနေ ဒီပြောင်းပြီး သကာလ သူက ကောင်းတာ ဆိုးတာ ခံစားတာလည်း သူပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပြောဆိုတာလည်း သူပဲ ဆိုတော့၊ ကွာတဲ့ သာတိမင်း သာသနာတော်မှ မင်းတော့ဖြင့် မဂ်ဖိုလ်မရ အချည်းနှီး ပုဂ္ဂိုလ် ရှုံးပေါ့ ဘုရားက အသေအချာ ပြောတာ (မှန်ပါ)။

ဘာအကုသိုလ်မှမလုပ်ဘဲနဲ့

ဘာအကုသိုလ်မှ မလုပ်ဘူး၊ ဒီဒိဋ္ဌိကြောင့် ရှုံးပေါ့လို့ ပြောချ လိုက်တာ(မှန်ပါ)။ သဘော ကျကြပြီလား (ကျပါတယ် ဘုရား)။

သေရင်အဝီစီသွားမယ်

ကဲ ကိုဝ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။ ဒကာ ဒကာမတို့ သေလည်း အဝီစိ သွားမယ်လို့ အသေအချာ ဟောတာ (မှန်ပါ)။

ဘာဒိဋ္ဌိတုံးဗျာ (သဿတ ဒိဋ္ဌိပါ ဘုရား)။ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)။ ဒကာ ဒကာမတို့ နောက်ဘဝ ပြောင်း ရှောင်ကြနော် (မှန်ပါ)။ အဲ ဝိညာဏ် ချုပ်သွား ရှာပြီ ဟောတယ် (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ဘဝပြောင်းမဟုတ်ဘူးနော်

ဘဝပြောင်း မဟုတ်ဘူးနော် (မှန်ပါ)။ ဘာဖြစ် သွားလို့ တုံး (ဝိညာဏ်ချုပ် သွားလို့ပါ ဘုရား)။ ဝိညာဏ် ချုပ်သွားတာ ဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါကြောင့် ဒကာ ဒကာမတို့ ဘုရား ကလည်း “ဝိညာဏနိရောဓာ နာမရူပနိရောဓော” ဟောတာပဲ (မှန်ပါ)။ ချုပ်တယ် ချည့် ဟောတာပဲ (မှန်ပါ)။ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ရေစက်ချလေးပြင်ကြဦးမှတော်မယ်

ဟောပင်ဟောငြား သော်လည်း မင်းတို့က ဘယ့်နှယ် ဖြစ် နေတုံး (ပြောင်းပါတယ် ဘုရား)။ ဘဝတစ်ပါး ပြောင်းသွား ပြီ၊ ဝိညာဏ်လေး ပြောင်းသွား ရှာပြီလို့ မယူဘူးလား (ယူပါတယ် ဘုရား)။

အဲ ပြောင်းတယ်ဆိုတာ အထုပ်ထမ်း သွားတာနဲ့ အတူတူပဲနော် (မှန်ပါ)။ သဘော ပါကြပြီလား (ပါပါ တယ် ဘုရား)။

အဲဒါ ရေစက်ချလေး ဘာလေးလည်း ပြင်ကြဦးမှ တော်မယ် (မှန်ပါ)။ ဘယ့်နှယ်တုံး (ပြင်ရမှာပါ ဘုရား)။

ပြင်ရမှာပဲ ဆိုတဲ့ဥစ္စာ၊ ဝိညာဏ် ချုပ်သွား ဒါ ရှိတာပဲ၊ သဘော ကျပြီလား(ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိညာဏ်ဟာ ပြောင်းသလား မပြောင်းဘူးလား (မပြောင်းပါဘူး ဘုရား)။ သူ့အသက်တမ်းကြည့်၊ ဘာဝိညာဏ် ပေါ်ပေါ် တစ်နဲ့ နှစ်ပဲ ချုပ်တာ (မှန်ပါ)။

အဲတော့ ဒီချုပ်မှန်း ဝိပဿနာ ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်မှာ ဘာဒိဋ္ဌိဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

ဘုရားကဗျာဒိတ်ပေးတာရှုံးခြင်းကြီးရှုံးပြီ

အဲဒီ သဿတ ဒိဋ္ဌိ ရှိလို့ရှိရင် သာတိလို တစ်ခါတည်း ဘုရားက မင်းသည် ကားလို့ ဆိုရင် သာသနာတော်မှ ရှုံးခြင်းကြီး ရှုံးပြီကွ၊ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်တဲ့ ပုဂ္ဂိုလ်ပဲ ဆိုပြီး တစ်ခါတည်း ဗျာဒိတ် ပေးတာ(မှန်ပါ)။ ရကိုလည်း မရတော့ဘူး မဂ်ဖိုလ် ဒီအယူ မစွန့်လို့ (မှန်ပါ)။

ရပါ့မလား (မရပါဘူး ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ အမျိုးမျိုး အဖုံဖုံ ဗုဒ္ဓဘာသာမှာ ဘာဒိဋ္ဌိ ရှိသတုံး မေးရင် ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဗုဒ္ဓဘာသာမှာ ဘာဒိဋ္ဌိရှိသတုံး (သဿတဒိဋ္ဌိ ရှိပါတယ် ဘုရား)။ ကဲ ဦးခန့်ကျေနပ်ပြီလား (ကျေနပ်ပါပြီ – ဘုရား)။ ဗုဒ္ဓဘာသာမှာ ဘာဒိဋ္ဌိရှိသတုံး (သဿတဒိဋ္ဌိ ရှိပါတယ် ဘုရား)။

ဗုဒ္ဓဘာသာလို့ခေါ်ရမှာခက်တယ်

ဗုဒ္ဓဘာသာလို့ ခေါ် ရတာတောင် ခက်နေတယ်၊ သူက ဒိဋ္ဌိဘာသာကြီး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒါအင်မတန်မှ ဇစ်ဇစ်မြစ်မြစ် ဟောတဲ့ ဆရာမို့ ခင်ဗျားတို့ တော်အောင် ဟောတဲ့ ဆရာနဲ့ဆိုရင် မရသေး ဘူးနော်၊ ဒီ ဒိဋ္ဌိမပြုတ်ဘူး စိတ်ချ၊ ပြုတ်ပါ့မလား (မပြုတ် ပါဘူး ဘုရား)။

ငယ်ငယ်က မှတ်လာတာ နာလာတာက တစ်မျိုး၊ အများ သုံးနေတာ နားဝနေတာက (တစ်မျိုးပါ ဘုရား) တစ်မျိုး၊ ကိုယ့်အထင်ကလည်း ဒီအတိုင်းထင်နေတာက (တစ်မျိုးပါ ဘုရား)။

ဟာ သုံးမျိုးကြီး ရှိနေတာ ကြောက်စရာ ကြီးပါလား၊ ဒကာ ဒကာမတို့ သိပ်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။ ကိုင်း ဘုရားက “ဝိညာဏနိရောဓာ” ဘယ့်နှယ် ဟောတုံး (နာမရူပ နိရောဓော ပါ ဘုရား)။ နိရောဓောချည့် ဟောတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

“သင်္ခါရပစ္စယာ ဝိညာဏံ” မဟောဘူးလား (ဟော ပါတယ် ဘုရား) အဲ “သင်္ခါရနိရောဓာ” (ဝိညာဏနိရောဓောပါ ဘုရား)။ “ဝိညာဏနိရောဓာ”( နာမရူပနိရောဓောပါ ဘုရား)။

“နိရောဓော” ပါသားပဲ ချုပ်ပါတယ်၊ ချုပ်ပါတယ် ပြောနေရဲ့ သားနဲ့ ခင်ဗျားတို့က ဒီဝိညာဏ် ပြောင်းပါတယ် ဆိုတော့ အတော် ခက်နေတာဗျ (မှန်ပါ)။ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အသက်ကကြီးကြပါပြီ

အဲဒါသည် အသက် အရွယ်လည်း ကြီးကြပါပြီ၊ ခင်ဗျားတို့ ပြုနေတဲ့ ကုသိုလ်တွေ ကုသိုလ်တော့ ရပါတယ်၊ နိဗ္ဗာန် မရဘူး (မှန်ပါ)။ ဘာပြုလို့တုံး ဆိုရင် ကိုဝ၊ မောင်နိုင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာခံနေသတုံး (သဿတဒိဋ္ဌိ ခံနေပါတယ် ဘုရား) သဿတဒိဋ္ဌိ ခံနေတယ် ဆိုတာ ဘယ်ဘာသာမှာ များများ ရှိသတုံး ဆိုလို့ ရှိရင်ဖြင့် ဗုဒ္ဓဘာသာထဲမှာ ပါရှိတယ် (မှန်ပါ)။ မရှိဘူး လား (ရှိပါတယ် ဘုရား)။

ဝိညာဏ်ဟာဖြစ်ပျက်ဆိုတဲ့တရား

အဲဒီတော့ ဖြစ်ပျက်ဆိုတဲ့ တရားလေး၊ ဒီအကြောင်း ကြောင့် ဖြစ်တဲ့ အကျိုးတရားလေး ဝိညာဏ်ဟာနော် (မှန်ပါ)။ အကြောင်း ချုပ်သွားလို့ရှိရင် (အကျိုး ချုပ်ပါတယ် ဘုရား)။ အကျိုး ဝိညာဏ်လေး မချုပ်ဘူးလား (ချုပ်ပါ တယ် ဘုရား)။

သူ့ အနိစ္စ တရားလေး ဘယ်ပြောင်းစရာ ရှိမတုံး ဒကာ ဒကာမတို့ (မရှိပါဘူး ဘုရား)။ ပြောင်းစရာ ရှိရဲ့လား (မရှိပါဘူး ဘုရား) ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒီဘဝမဂ်ရမယ်လို့တာဝန်ခံတယ်

အဲဒီလို ပြုတ်ပြီးမှ အားထုတ်ရင် ဒီဘဝ မဂ်ရမယ်လို့ ဘုန်းကြီးက တာဝန်ခံ လိုက်တယ် (မှန်ပါ)။ ဘုရားကလည်း ရမယ်ဆိုတာ အင်္ဂုတ္တုရ်ပါဠိတော်မှာ နေ့တိုင်းလိုလို ရွတ်ပြ ပါတယ်။

အဲ့ဒါကြောင့် ဒီပါဠိမရွတ်တော့ပါဘူး၊ ဒါဖြုတ်ပြီးမှ ဝိပဿနာ ရှုလို့ရှိရင်ဖြင့် ဒိဋ္ဌိတွေ ဝမ်းထဲမှာ စင်ပြီးမှ ရှုရတဲ့ အတွက်တဲ့၊ သေသေချာချာ ဒီဘဝ ခင်ဗျားတို့ နိဗ္ဗာန်ရမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီလို ရှင်းရှင်းလင်းလင်း ပြောဖို့ မလွယ်ဘူးနော် (မလွယ်ပါဘူး ဘုရား)။ အဲဒီတင် သာတိ- ရာတဲ့၊ မင်းဟာ ဝိညာဏ် ပြောင်းတယ်လို့ မင်းက ယူနေတဲ့ ဥစ္စာ အင်မတန် ခက်နေပြီတဲ့၊ ငါဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟောထားတာ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဟောတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

“ကာယ ဝိညာဏံ”၊ “မနောဝိညာဏံ”၊ မဟောဘူးလား (ဟောပါတယ် ဘုရား) ကဲ စက္ခုတို့၊ ရူပတို့ ချုပ်လို့ ရှိရင် ဝိညာဏ်က ကျန်ရစ်ဦးမှာလား (မကျန်ပါဘူး ဘုရား)။ အဲ အဲဒီလိုလည်း ငါဟော တယ်ကွတဲ့။

ဝိညာဏ်ပြောင်းတယ်ယူရင်

“ဝိညာဏနိရောဓာ”၊ ငါပဲ ဟောထားတယ်တဲ့၊ ဝိညာဏ် ဟာဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်လို့ ငါဟောထားရဲ့ သားနဲ့၊ ဖြစ်ပြီး ပျက်ပါတယ်လို့ ဝိညာဏ်က ဟောထားရဲ့ သားနဲ့၊ မင်းက ဒီလို အမြင်လေးက ဒီခန္ဓာထဲမှာ မကောင်းလို့ ဟိုခန္ဓာ ပြောင်းတယ်လို့ သဿတဒိဋ္ဌိ ယူပြီး သကာလ ထားတဲ့ အတွက်၊ မင်းသည် ဒီဘဝ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ပြီ (မှန်ပါ)။

ဒီဘဝမဂ်ဖိုလ်မှအချည်းနှီးဖြစ်ပြီ

ဒကာ ဒကာမတို့ ဘယ့်နှယ့်ဟောလိုက်တုံး (မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ပြီ) မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ပြီတဲ့ ဒကာ ဒကာမတို့ မရတော့ဘူးတဲ့။

ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် ကြောက် စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား) ဒီဒိဋ္ဌိ ရှိလျက်နဲ့ လှူတန်း ပေးကမ်းပြီး သကာလ နေတာ၊ နတ်ရွာ သုဂတိ ဧကန် ရောက်ပါတယ် ဒကာ ဒကာမတို့၊ ဒိဋ္ဌိ ဆွဲချမယ် နောက်ကျတော့ (မှန်ပါ)။

မချပေဘူးလား (ချပါတယ် ဘုရား)။ ကျေနပ်ကြရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။

ဒီနေ့ညမှာ ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ အရေးတကြီး သာတိ- ဝတ္ထုကို ထုတ်ပြနေတယ် (မှန်ပါ)။ သဘောကျပြီ လား (ကျပါတယ် ဘုရား)။

ဒီနေရာဖြစ် ဒီနေရာပျက်

ကဲ ဒီဥစ္စာ ဒကာ ဒကာမတို့ ဒီ ဝိညာဏ်လေးသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ ဒီနေရာမှာ အကြောင်း တိုက်ဆိုင်လို့ ပေါ်ပြီ၊ ဒီနေရာ ပျက်တယ် လို့သာ ရှုကြပါ (မှန်ပါ)။ ကဲ သဿတ ရှိသေး ရဲ့လား (မရှိတော့ပါဘူး ဘုရား)။

ခိုင်တာ၊ မြဲတာ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။ အဲ သက္ကာယဆိုတဲ့ ငါ၊ ငါ့ဥစ္စာကော (မရှိပါဘူး ဘုရား)။ အင်း “ဝိညာဏပစ္စယာ နာမရူပံ”လို့ ဟောထားတာ ထောက် ပြန်တော့လည်း အင်း ဝိညာဏ်လေးလည်း ပြတ်သွား တယ်လို့ကော ယူလို့ ရသေးရဲ့လား (မရပါဘူး ဘုရား) မယူတော့ ဥစ္ဆေဒဒိဋ္ဌိ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

ဒီဘဝနိဗ္ဗာန်ကိုဧကန်ရမယ်

အဲ့ဒါတွေ သိထားတော့မှ၊ ဪ ဒို့ဆရာ ဘုန်းကြီးက ယခု စေ့စေ့ညက်ညက် သဿတ၊ ဥစ္ဆေဒ၊ သက္ကာယ တွေ အကုန်ဖြုတ်ပြီး ရှုခိုင်းတဲ့ အတွက်၊ ဒို့အတွက် ဘာမှ သံသယ မရှိတော့ဘူး၊ ဒီဘဝ မဂ်ရ၊ ဖိုလ်ရ၊ နိဗ္ဗာန်ကို ဧကန် ရမှာပဲဆိုတာ ခင်ဗျားတို့ တထစ်ချ ဆုံးဖြတ်ချက် ချပြီး ရှု (မှန်ပါ)။

ဒီလို ဟောပေးမည့် ဆရာနဲ့၊ ရှေ့ပိုင်းက ဖြုတ်ပေးမည့် ဆရာ မပါဘဲနဲ့ လုပ်တဲ့ တရားကတော့ မနေ့က ဆန္နအတိုင်း မှတ် (မှန်ပါ) အနိစ္စ၊ အနတ္တမြင်ရဲ့နဲ့ နိဗ္ဗာန် မရောက်ဘူး (မှန်ပါ)။

ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား) ဘာ ကြောင့်တုံး ဆိုတော့ မနေ့ကပြောသလိုပဲ ဒိဋ္ဌိခံလို့ (မှန်ပါ)။

ဒီနေ့တော့ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိတွေကို သာတိ- ဝတ္ထုကို ဘုရား သခင် ကိုယ်တော် မြတ်ကြီး ထုတ်ပြီး သကာလ မဟာ တဏှာ သင်္ခယသုတ် ဆိုတော့၊ မဟာ ထည့်တာ ကြီးလွန်းလို့၊ တဏှာ-ဆိုတာက ဒိဋ္ဌိတဏှာကို ဆိုတာ(မှန်ပါ) သဘော ကျပြီလား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိတဏှာဟာအပါယ်ငရဲမျိုးစေ့

အဲဒီ တဏှာထဲမှာဖြင့် အကြီးဆုံးသော၊ အမိုက်မဲဆုံး သော ဒိဋ္ဌိတဏှာ ဟာကွာတဲ့ အပါယ် ငရဲမျိုးစေ့သာ မှတ်လိုက် တော့ (မှန်ပါ)။ ကဲ မောင်နိုင် ဘယ်လောက် ကြောက် စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။ သဘောပါ ကြပြီလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ယားတာလည်း ကိုယ် ဝိညာဏ်ပေါ့ဗျာ (မှန်ပါ)။ ကောင်းတာကော (ကိုယ် ဝိညာဏ်ပါ ဘုရား)။ ဒီပေါ်မှာ ပေါ်တဲ့ ကောင်းလုံးလေးတွေ လည်း ကိုယ်ဝိညာဏ် လေးတွေပဲ၊ ယားတာလေး တွေကော (ကိုယ်ဝိညာဏ်ပါ ဘုရား)။ ကိုယ်ဝိညာဏ်လေးတွေပဲ ဆိုတာ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

မျက်လုံးဝိညာဏ်

အဲ မျက်လုံးထဲပေါ်တော့ မျက်လုံး ဝိညာဏ်ပေါ့ ဗျာ (မှန်ပါ)၊ နားထဲ ပေါ်တော့ (နားဝိညာဏ်ပါ ဘုရား) နှာခေါင်းထဲ ပေါ်တော့ (နှာခေါင်း ဝိညာဏ်ပါ ဘုရား) လျာထဲ ပေါ်တော့ (လျှာဝိညာဏ်ပါ ဘုရား)။

မနောဝိညာဏ်

အဲ ကိုယ်ပေါ်မှာပေါ်တော့ (ကိုယ်ဝိညာဏ် ပါ ဘုရား) ကိုယ်ဝိညာဏ်။

ဝမ်းထဲမှာပေါ်တော့ (မနော ဝိညာဏ်ပါ ဘုရား) မနောဝိညာဏ်၊ ဒီဥစ္စာတွေ လှည့်ပြီး၊ ဒီဝိညာဏ် တွေကဖြင့် အမြဲ ပေါ်နေမှာပဲ (မှန်ပါ့)။

ဝိညာဏ်ပေါ်တိုင်းဖြစ်ပျက်ရှု

နှစ်ခု တိုက်ဆိုင်တိုင်း၊ နှစ်ခု တိုက်ဆိုင်တိုင်း ဝိညာဏ် တွေက တစ်ခုပြီး တစ်ခု ပေါ်နေမှာပဲ (မှန်ပါ)။ အဲဒီ ပေါ်တိုင်း ပေါ်တိုင်း ဝိညာဏ်ကို ခင်ဗျားတို့က ဝိပဿနာ ဉာဏ်နဲ့သာ နောက်က ဒီနေရာပေါ် ဒီနေရာ ပျက်ပြီ၊ ဒီနေရာ ပေါ် ဒီနေရာ ပျက်ပြီ၊ နေရာတောင် မရွှေ့နိုင်ဘူးနော် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲဒီကဲ့သို့ ကိုဝတို့ ပေါ်တဲ့ နေရာသာ လျောက်ရှု နေမယ် ဆိုလို့ရှိရင်ဖြင့်၊ ဒိဋ္ဌိဖြုတ်ပြီးသား ပုဂ္ဂိုလ်က ရှုနေတယ် (မှန်ပါ)။ ဘယ်လိုဆိုကြ (ဒိဋ္ဌိဖြုတ်ပြီးသား ပုဂ္ဂိုလ်က ရှုနေပါတယ် ဘုရား)။

ဒိဋ္ဌိဖြုတ်ပြီးသား ပုဂ္ဂိုလ်က ရှုတဲ့ အခါကျတော့ ဒီဖြစ်ပျက် အပေါ်၌ သံသယကော ရှိသေး ရဲ့လား (မရှိ ပါဘူး ဘုရား)။ ငါ ငါ့ဥစ္စာကော (မရှိပါဘူး ဘုရား) ခိုင်တယ်လို့ကော (မရှိပါဘူး ဘုရား)။

ခိုင်တယ် လို့လည်း မထင်တော့ဘူး ဆိုတော့ သဿတ ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ)။ အင်း ဒီဝိညာဏ် ချုပ်သွား ပေမယ့် လည်း တစ်ခါ ဒကာ ဒကာမတို့ ဒိပြင်က တရားတွေက “ဝိညာဏ ပစ္စယာနာမရူပံ” လို့ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ“ဖဿပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” အစရှိသည်နဲ့ လာရမှာ ပေါ့ဗျာ (မှန်ပါ)။ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿာ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာတဏှာ” ကော (လာမှာပါ ဘုရား) လာမှာပဲ တဏှာ ဆိုတာ မနောဝိညာဏ်ပဲ ဒကာ ဒကာမတို့ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါကြောင့် စက္ခုဝိညာဏ် ပေါ်လည်းရှု၊ မနောဝိညာဏ် ပေါ် ရင်ကော (ရှုရမှာပါ ဘုရား) ရှူဆိုတော့ အဲ့ဒါ ဝေဒနာ ရှုဆိုတာလည်း ဒါပဲ၊ ဝိညာဏ်ရှု ဆိုတာကော (ဒါပါ ဘုရား)။

ဝိညာဏ်ကဖြစ်ပျက် ရှုတာကမဂ်

ဒါပဲလို့သာ ရှုပြီး သကာလ နေကြတော့၊ ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်ကိုက် သွားတယ် (မှန်ပါ) အဲ ဝိညာဏ်က ဖြစ်ပျက်၊ ရှုတာက မဂ်၊ ဝိညာဏ်က (ဖြစ်ပျက်) ရှုတာက (မဂ်ပါ ဘုရား)။

ဝိညာဏ်က (ဖြစ်ပျက်) ရှုတာက (မဂ်ပါ ဘုရား) အဲတော့ ဖြစ်ပျက်လို့မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမ တို့ မှတ်လိုက် သက္ကာယဒိဋ္ဌိလည်း မရှိတော့ဘူး (မှန်ပါ)။

သဿတဒိဋ္ဌိကော (မရှိပါဘူး ဘုရား) ဥစ္ဆေဒ ဒိဋ္ဌိကော (မရှိပါဘူး ဘုရား) ဪ ဒါဖြင့် ဒိဋ္ဌိဖြုတ်ပြီး သူရှုနေတာ (မှန်ပါ)။ ဝိစိကိစ္ဆာ ပြုတ်ပြီးတော့ (ရှုနေတာပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌောဃ ဆိုတာလည်း သူ့မှာ မရှိတော့ဘူး (မှန်ပါ)။ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အဝိဇ္ဇောဃကုန်တယ်

အဝိဇ္ဇောဃ ဆိုတဲ့ * ဝိစိကိစ္ဆာ အဝိဇ္ဇောဃ ကော (မရှိပါဘူး ဘုရား)။ မရှိတော့ ေဩာ် အာသဝေါ ကုန် နေတာပါလား (မှန်ပါ)။ ဒိဋ္ဌောဃနဲ့ အဝိဇ္ဇောဃ ကုန်နေ တာပါလားလို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

မှတ်ချက်။ ။* ဝိစိကိစ္ဆာ စေတသိက်သည် မောဟမူစိတ်၌သာ ယှဉ်သဖြင့် ဆရာတော်ကြီးက ဝိစိကိစ္ဆာကို အဝိဇ္ဇောဃထဲ သွင်း၍ ဆိုခြင်း ဖြစ်သည်။ (မောဟ= အဝိဇ္ဇာ)

အဲ အာသဝေါတရား ကုန်ရာ နိဗ္ဗာန် ရောက်ရပါ လို၏လို့ ဆိုလို့ ရောက်တာ မဟုတ်ဘူး (မှန်ပါ)။ ဒီလို ရှုတော့မှ သူ့ဟာ သူကုန်သွားတာ (မှန်ပါ)။ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

ဒိဋ္ဌောဃကုန်တယ်

ဖြစ်ပျက်မြင်သဖြင့် ဒိဋ္ဌောဃ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။ ဒီတရားလေးဟာ အကြောင်း ကြောင့် ဖြစ်တာပဲ လို့မြင်သဖြင့်လည်း အဝိဇ္ဇောဃ ဆိုတဲ့ ဝိစိကိစ္ဆာက (ကုန်ပါတယ် ဘုရား) မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

အဲ့ဒီလို ရှုနေတဲ့ ပုဂ္ဂိုလ်သာလျှင် ကုန်တာလို့မှတ်၊ ဆုတောင်း နေတဲ့ ပုဂ္ဂိုလ်က လိုချင်လို့ တောင်းတာ သူ့ကုန်တာ မဟုတ်ဘူး (မှန်ပါ) သဘော ပါကြပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှုပြီး သကာလ နေတော့၊ သာတိဟာ မင်း ဝိညာဏ်လေး ပြောစမ်းပါဦး၊

မင်းဝိညာဉ်ဟာ ဟိုဘ၀ ဒီဘဝ ပြောင်းတယ် ဆိုတော့၊ သူက ဘယ်လိုများ ပြောင်းတာတုံး ဆိုတော့၊ ဒီဘဝ ဒီခန္ဓာ မကောင်းလို့ ဟိုခန္ဓာပြောင်းတာပါ ဘုရား။ ဒီအတိုင်း လျှောက်တယ်၊ ဒါဖြင့် ဝိညာဏ် မသေဘူးပေါ (မှန်ပါ)။ အနိစ္စ မဖြစ်ဘူးပေါ (မဖြစ်ပါ ဘုရား) သဘောကျ ပြီလား (ကျပါတယ် ဘုရား။)။

နို့ ပြောင်းပြီး ဘာလုပ်သေးသတုံး၊ ဟိုကျတော့ ဘုရားတဲ့ သူပဲ စကားပြောတာပဲတဲ့၊ သူပဲ ကောင်းတာ ဆိုးတာ ခံစားတာပဲ တဲ့၊ အဲဒါ အဲဒီ ဝိညာဏ်ကို တပည့်တော် ဆိုတာ ဆိုတော့မှ၊ မင်း မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ပြီကွ၊ ဒီဘဝ မဂ်ဖိုလ် မရနိုင် တော့ဘူးကွ၊ ဒီဒိဋ္ဌိမဖြုတ်ရင်။

ခုလို နားလည်ပြီး ဖြုတ်လိုက်ပြန်တော့လည်း ခင်ဗျား တို့ နဂိုက မိဘရိုးရာတွေနဲ့ ယူထားတဲ့ အယူတွေ၊ နားလည် ပြီးသား ဖြုတ်လိုက် မဂ်ဖိုလ် မတားပြန်ဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဝိညာဏ်ဟာဒီနေရာဖြစ် ဒီနေရာပျက်

ကဲ ကိုဝ နားလည်ပြီလား (နားလည်ပါပြီ ဘုရား)။ ဝိညာဏ်ဟာ ပြောင်းသလား ရွှေ့သလား (မရွှေ့ပါဘူး ဘုရား)။ ဒီနေရာဖြစ်ရင် ဒီနေရာ (ပျက်ပါတယ် ဘုရား)။

လက်မောင်းမှာ လက်သည်းကလေးနဲ့ ကုတ်ကြည့် တော့ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်လေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ဘယ်နေရာများ ရွှေ့ပြီး ပျောက်သေးတုံး၊ ကုတ်တဲ့ နေရာမှာ ပေါ်ပြီး ကုတ်တဲ့ နေရာတင် ပျောက်တာ (မှန်ပါ)။

ဒီနေရာ ဖောဋ္ဌဗ္ဗာရုံနဲ့ ထိပြီး ဒီနေရာ ထိပြီး ဒီနေရာ ပျောက်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

ဒီနား လေထိုးပြီး နာနေတယ် ဒကာ ဒကာမတို့။ လေတည်း ဟူသော လေထဲပါတဲ့ ပထဝီဓာတ်၊ ဖောဋ္ဌဗ္ဗာရုံနဲ့ အူတွေ သွားထိနေတော့ အူတည်း ဟူသော ကာယနဲ့ သွားထိတော့၊ ဟိုနေရာက အောင့် ဒီနေရာက နာတွေ၊ ဒီနေရာ လေးက မခံသာဘူး ဆိုတာ၊ အဲ့ဒါလေးတွေလည်း ကာယ ဝိညာဏ်လေး တွေပဲတဲ့၊ ဖြစ်ပျက် ကလေးတွေ ရှုလိုက်ပါလား (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား) ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

အဲ လေနာတာသည် ဒကာ ဒကာမတွေ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား) အဲ ကိုယ်နဲ့ ခန္ဓာကိုယ်နဲ့ လေထဲမှာပါတဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့ သွားထိတော့ ကျင်, နာတာပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါလေးတွေဘာလုပ်ရမတုံး

အဲ့ဒါလေးတွေ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား) သူဝိညာဏ်လေးပဲ မဟုတ်လား (မှန်ပါ) ကာယ ဝိညာဏ်လေးပဲ ဒကာ ဒကာမ တို့နော် (မှန်ပါ)။ ကာယ ဝိညဏ်လေး ဖြစ်နေတော့ သူ့ ဖြစ်ပျက် ရှုရုံပေါ့ (မှန်ပါ)။

မနောဝိညာဏ် ကြံလုံး စည်လုံး စိတ်လေးပေါ်လာ တော့ မနောဝိညာဏ် (မှန်ပါ)။ ခုနက နာလုံး ကျင်လုံးလေး ကျတော့ ကာယဝိညာဏ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

နာလုံး ကျင်လုံးလေးကျတော့ (ကာယဝိညာဏ်ပါ ဘုရား) အဲ ကြံလုံး စီလုံးလေး ကျတော့ (မနော ဝိညာဏ်ပါ ဘုရား)။ မြင်လုံးလေးကျတော့ (စက္ခုဝိညာဏ် ပါ ဘုရား)။

ကြားလုံးလေး ကျတော့ (သောတဝိညာဏ်ပါ ဘုရား) နံလုံးလေး ကျပြန်တော့ (ဃာနဝိညာဏ်) စားသိ စိတ်ကလေး သိပြန်တော့ (ဇိဝှာဝိညာဏ်) ဒီလိုသိတော့ ဒီ ဝိညာဏ် တွေဟာ သူ့နေရာနဲ့ သူ မပေါ်ပေဘူလား (ပေါ်ပါ တယ် ဘုရား)။

ပေါ်တာလေးတွေဖြစ်ပျက်

ပေါ်တာလေးတွေ ကျတော့ မောင်နိုင်တို့က ဘယ့်နှယ့် လုပ်မတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်ပျက် ရှုမှာပေါ့ကွ အကြောင်းကြောင့် ပေါ်လာတဲ့ တရားလေးတွေ၊ အကြောင်း ချုပ်တော့ ချုပ်တယ်၊ အကြောင်းကြောင့် ပေါ်လာတယ် ဆိုတော့ အဖြစ် (မှန်ပါ)။

အကြောင်းချုပ်တော့ သူကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါဘူး ဘုရား) မကျန်ရစ်တော့ အပျက် မနေဘူးလား (အပျက်ပါ ဘုရား) သူ့မှာ ဘာရှိသတုံး မေးရင် (ဖြစ်ပျက်ပဲ ရှိတယ်) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဘယ်စိတ် ပေါ်ပေါ် ဘာရှုမတုံး (ဖြစ်ပျက် ရှုရမှာ ပါ ဘုရား)။ ဖြစ်ပျက်ပဲ ရှုတော့ ကိုဝတို့က တစ်ခါတည်း ဝိပဿနာ ဉာဏ်ကလေးနဲ့ ဟိုနေရာ ပေါ်လည်း ဖြစ်ပျက်၊ ဒီနေရာ ပေါ်လည်း ဖြစ်ပျက်၊ ဉာဏ်နဲ့ပေါ့ဗျာ (မှန်ပါ)။

ရှူရှု၊ ရှူရှု နေမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ကာယဝိညာဏ်လေး ဖြစ်ပျက်ရှုလည်း ဒီကနေ ရှုလိုက်တယ်တဲ့၊ နောက်ကနေပြီး “သုခသဟဂုတ် ကာယဝိညာဏ်” နောက်ကလည်း လောဘ ကာယ ဝိညာဏ်လေး ပေါ်လာတဲ့ အခါကျလို့ရှိရင် “ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ” တွေ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ဘယ် တဏှာ လာမတုံး ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုတဲ့ မဂ်က လိုက်နေတာ (မှန်ပါ)။ မလိုက်ဘူးလား (လိုက်ပါ တယ် ဘုရား)။ အဲ့ဒီကဲသို့ လိုက်နေတော့ ခင်ဗျားတို့ နိဗ္ဗာန် ရောက်ဖို့ အရေးဟာက အနီးလေးပါ (မှန်ပါ)။

ဖြစ်ပျက်ဆုံးတဲ့နေရာ၊ နိဗ္ဗာန်

ဟောဒီ ဖြစ်ပျက်ဆုံးတဲ့ နေရာ ကို ဘာရှိမတုံး (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန်၊ ဪ ဒကာ ဒကာမတို့ ဖြစ်ပျက်ဆုံးတဲ့ နေရာ နိဗ္ဗာန် ဆိုသဖြင့် အင်း ဒီနေရာမှာ “ဝိညာဏဿ နိရောဓေန” ဆိုတဲ့အတိုင်းတဲ့ ဝိညာဏ် ချုပ်သွား လို့ ရှိရင်ဖြင့် ဒါ နိဗ္ဗာန်ပဲ (မှန်ပါ)။

ဝိညာဏ်ချုပ်တော့ ဝိညာဏ်ချည့် ချုပ်တာ မဟုတ်ပဲ ကိုဝရ (မှန်ပါ)။ သူနဲ့ ဝေဒနာနဲ့လည်း တွဲမချုပ်ဘူးလား (တွဲချုပ်ပါတယ် ဘုရား)။ သညာနဲ့ကော (ချုပ်ပါတယ် ဘုရား)။

ကျန်တဲ့စေတနာ သင်္ခါရတွေနဲ့ကော (ချုပ်ပါတယ် ဘုရား) သူမှီနေတဲ့ ရုပ်နဲ့ကော (ချုပ်ပါတယ် ဘုရား) ချုပ်တော့ ခန္ဓာငါးပါး မပြည့်ဘူးလား (ပြည့်ပါတယ် ဘုရား)။

ခန္ဓာငါးပါးချုပ်ဆုံးတာနိဗ္ဗာန်

အဲ ဝိညာဏ်တစ်ခုတည်း ရှုလိုက်တော့ ခန္ဓာငါးပါး ချုပ်သွားတော့၊ အဲ ခန္ဓာငါးပါး ချုပ်ဆုံးတာ ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ချုပ်ဆုံးတာသည် ကားဆိုရင် နိဗ္ဗာန် ဆိုတော့၊ ဪ ဒါဖြစ်ပျက် ဒုက္ခ သစ္စာကြီး ချုပ်သွားတာ (မှန်ပါ) ဘာချုပ် သွားတာပါလိမ့် (ဖြစ်ပျက် ဒုက္ခသစ္စာကြီး ချုပ်သွားတာပါ ဘုရား)။

ဒုက္ခသစ္စာချုပ်သွားတော့သုခနိဗ္ဗာန်

ဖြစ်ပျက် ဒုက္ခသစ္စာကြီး ချုပ်သွားတော့ ဒကာ ဒကာမ တို့၊ ဒီနေရာမှာ သူ ဒုက္ခချုပ်သွားတဲ့ နေရာမှာ၊ အနာ ပေါက်တဲ့ နေရာမှာ အနာပျောက်တော့ကို အနာပေါက်တဲ့ နေရာမှာ ဒုက္ခ၊ အနာ ပျောက် သွားတော့ ဒီနေရာမှာ သုခ (မှန်ပါ)။

အနာပေါက်တဲ့ နေရာ ပေါက်နေတုန်းက ဘယ့်နှယ်ဆို မတုံး (ဒုက္ခပါ ဘုရား)။ ဒီနေရာမှာပဲ အနာက အသားနုတွေ တက်ပြီး ပျောက်သွားတယ်၊ ဒီနေရာ သုခ ပေါ်တယ်၊ ေဩာ် ဒုက္ခချုပ်တဲ့ နေရာ ဘာပေါ် ရတုံး (သုခပေါ် ရပါတယ် ဘုရား)။

ဒီမှာလည်းတဲ့ အဲ့ဒါက ဥပမာ ပြတာပါ။ စင်စစ်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရား ဉာဏ်ထဲမှာ ချုပ်သွားလို့ ရှိရင် ဒီနေရာ သုခနိဗ္ဗာန် ရှိတဲ့ နိဗ္ဗာန် အသေအချာ ပေါ်မယ် (မှန်ပါ)။

မချုပ်သေးလို့ မပေါ်တာ(မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အရိယာမျက်လုံး တပ်ပြီး ဖြုတ်လိုက် လို့ ရှိရင်၊ ဪ ခုမှပဲ၊ ဒုက္ခသစ္စာကြီးနဲ့ အိုးစားကွဲ ရပေတော့တယ်၊ ချုပ်ပေ တော့တယ် ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေသည် ဒီဝိညာဏ် အပေါ်၌ ဝိညာဏ်ရှူရှု၊ ဝေဒနာရှုရှု၊ ရှုချင်တာရှု ဒီဖြစ်ပျက်ကိုဖြင့် မြင်ရမယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ရှုပါများရင်မုန်းရမယ်

ဖြစ်ပျက်ကိုဖြင့် ရှုပါများရင် မုန်းရမယ် (မှန်ပါ ဘုရား) ဖြစ်ပျက်ကို မလိုချင်တဲ့ ဉာဏ်နဲ့ ရှုလိုက်လို့ ရှိရင် ဆုံးရမယ် (မှန်ပါ) ဆုံးလို့ ရှိရင်ဖြင့် အဆုံးသည် နိဗ္ဗာန် (မှန်ပါ)။ အမြင်သည် မဂ်ဉာဏ် (မှန်ပါ)။

အပါယ်တံခါးပိတ်တာပထမနိဗ္ဗာန်

မဂ်ဉာဏ်ဆိုတော့ ခုနက ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ အသေသည် သမုဒယသေတာ (မှန်ပါ)။ အပါယ် လေးပါး တံခါးပိတ် တာသည် ပထမနိဗ္ဗာန်ရတာ (မှန်ပါ)။

မှတ်ချက်။ ။ပထမနိဗ္ဗာန်= သောတာပတ္တိမဂ်ဖြင့်မြင်အပ်သောနိဗ္ဗာန်

အပါယ်လေးပါး တံခါးပိတ်တာသည် (ပထမ နိဗ္ဗာန်ရ တာပါ ဘုရား) ဒါဖြင့် ဒီဝိညာဏ်ကို ခင်ဗျားတို့ ဘယ်မှ လည်း ရွှေ့တယ် ပြောင်းတယ် မယူဘဲနဲ့၊ အကြောင်း တိုက်ဆိုင်လို့ အကြောင်း နှစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဝိညာဏ်၊ အကြောင်း နှစ်ခု ချုပ်ရင် ချုပ်တာပဲ၊ အပျက်ပဲ ဆိုတာလည်း သိနေတော့၊ ဘာမှ ဆရာ ကူပေးလိုက်တဲ့ ဥစ္စာက ဒိဋ္ဌိဝိစိကိစ္ဆာကို သဘောနဲ့ သတ်ပေး လိုက်တာကို ခင်ဗျားတို့က ဖြစ်ပျက် ရှုရုံပဲ ရှိတယ် (မှန်ပါ)။

ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။