194

ဒိဋ္ဌိမပြုတ်သ၍ ဝိပဿနာမဟုတ်သေးဘူး

စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

ဒိဋ္ဌိမပြုတ်သ၍ ဝိပဿနာမဟုတ်သေးဘူး

ဟောကြားသည့်နေ့

(၉-၉-၆၁)

ဉာဏ်ထဲမှာ ဒိဋ္ဌိအရင်ပြုတ်သွားလို့ရှိရင်ဖြင့် ဝိပဿနာ ဖြစ်တယ်၊ သိမှုနဲ့ ပြုတ်သွားလို့ရှိရင်ဖြင့်၊ ဝိပဿနာတို့၏ အစဟာ ဒိဋ္ဌိပြုတ်ဖို့ပဲ။ ဝိပဿနာ၏ အစဟာ မောင်ထွန်းရင် ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။

ဒိဋ္ဌိမပြုတ်သ၍ ဝိပဿနာမဟုတ်သေးဘူး

ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ် မောင်ကို (မှန်ပါ ဘုရား) ဝိပဿနာအလုပ်ဟာ ဒိဋ္ဌိပြုတ်ဖို့ပဲ အရေးကြီးတယ်။

ဒိဋ္ဌိမပြုတ်သ၍ ကာလပတ်လုံး ဝိပဿနာ မဟုတ်သေးဘူးလို့ ဦးသံဒိုင်က မှတ် (မှန်ပါ ဘုရား)။

ဒိဋ္ဌိပြုတ်တဲ့အလုပ်မှတစ်ပါး တခြားသော အလုပ်တွေ လျှောက်လုပ်နေလို့ရှိရင်ဖြင့် မဂ်ဖိုလ်ကို ဥပနိဿယ အကြောင်း သာ ဖြစ်တယ်၊ သမ္မာပက အကြောင်း မဖြစ်ဘူး။ ဥပနိဿယ အကြောင်း ဆိုတာ ဝေးသောအကြောင်း၊ သမ္မာပက အကြောင် ဆိုတာ ရောက်ကြောင်းအစစ် ဒီနှစ်ကြောင်းကို ခွဲမှတ်ထားရမယ်။

ဝေးသောအကြောင်း

ဥပနိဿယ ဆိုတာက အကြောင်းကလည်း အဝေးကြီး အကျိုးနိဗ္ဗာန်ကလည်း အဝေးကြီး ဒါ ဥပနိဿယ အကြောင်း အကြောင်းအကျိုးဝေးရင် ဘာခေါ်ကြမယ် (ဥပနိဿယ အကြောင်းပါ ဘုရား) ရှင်းပြီနော်။

အကြောင်းနဲ့ အကျိုးသည် သူက ဝေးသောအကြောင် သူကတော့ ရောက်စေတဲ့အကြောင်း၊ မဂ္ဂင်အလုပ် လုပ်ရ ရှိရင်ဖြင့် ဒါ ရောက်စေတဲ့ အကြောင်း၊ ဟိုက ဝေးသော အကြောင်း၊ ဒီက နီးသောအကြောင်း တိုတိုမှတ်လိုက်ပါ။

မဂ္ဂင်ကမှ နိဗ္ဗာန်ပို့တယ်

ဒါဖြင့် ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်များသည် “ငါဘုရား သခင် ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်း ဆည်းပူးခဲ့လို့ ရတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့၊ မဂ္ဂင်မှတစ်ပါး နိဗ္ဗာန်ပို့တဲ့ အကြောင်း ငါမမြင်ဘူး”တဲ့။

“ဧသေဝ မဂ္ဂေါ နတ္ထသော” ဧသေဝ – ဤမဂ္ဂင်ရှစ်ပါး တရားသည်ပင်၊ မဂ္ဂင်ရှစ်ပါးမှ တစ်ပါး၊ အညော – တစ်ပါးသော အကြောင်းသည်၊ နတ္ထိ – မရှိဘူးတဲ့ကွ၊

သူက ရောက်စေတဲ့ အကြောင်း၊ ဒိပြင်ဟာတွေက သူ့အကူအညီပေးတာ၊ မဂ္ဂင် ရှစ်ပါးကို အကူအညီပေးတာလို့ မောင်ထွန်းရင်က မှတ်ရမယ် (မှန်ပါ ဘုရား)။

ဒါန၊ သီလက မဂ္ဂင်ဖြစ်ဖို့ အကူအညီ

ဒါနကလည်း မဂ္ဂင်ဖြစ်ဖို့ အကူအညီပေးတာပဲ၊ သီလ ကလည်း မဂ္ဂင်ဖြစ်ဖို့ အကူအညီ ပေးတာပဲ၊ သမထကလည်း မဂ္ဂင်ဖြစ်ဖို့ အကူအညီပေးတာပဲ မောင်ကို၊ စင်စစ်တော့ မဂ္ဂင်ကမှ တိုက်ရိုက် ပို့တာ၊ သဘောကျပြီလား (မှန်ပါ)။

ဥပမာမယ် ရထားတွေ ဘယ်လိုပဲ ဆုံဆုံ သာစည် လာဆုံကြမယ်၊ ရန်ကုန်ရထားပေါ် တင်မိမှ ရန်ကုန်နဲ့ တူတဲ့ နိဗ္ဗာန်ရောက်မှာပဲ၊ ဒိပြင်ဟာတွေက လာဆုံပြီး စုဖို့ပဲ စာတိုက်တွေ ဘာတွေက၊ ရန်ကုန် ရထားကမှ တင်ပြီး ပို့ဖို့ပဲ ဆိုတော့၊ ဒိပြင်ဟာတွေက ဝေးသောအကြောင်း မကျဘူးလား၊

ဘယ်က သယ်လာလာ သာစည်လာဆုံဖို့၊ သာစည် ကမှ မဂ္ဂင်ရထားပေါ် တင်ပြီးတော့ ရန်ကုန်နဲ့ တူတဲ့ နိဗ္ဗာန် ဆိုတော့၊ သူက ရောက်ကြောင်း အစစ်၊ ဒိပြင် ဟာတွေက အကူအညီ ဥပနိဿယအစစ်၊ ဒါ ရှင်းထားမှ မောင်ထွန်းရင် (မှန်ပါ ဘုရား)။

ဒိပြင် အကြောင်းတွေက ဘာတုံး အကူအညီ အကြောင်း၊ တကယ်ပို့တဲ့အကြောင်းက မဂ္ဂင်အကြောင်း၊ ဒိပြင် ဟာက ကိလေသာမှ မဖြတ်နိုင်တာ၊ ဒိဋ္ဌိလည်း မဖြတ်နိုင်ဘူး ဒိပြင်ဟာတွေက သမ္မာဒိဋ္ဌိ မပါဘူး၊ ပါပြန်တော့လည်း ကမ္မဿ ကတာ သမ္မာဒိဋ္ဌိပဲ ပါတယ်၊ မဂ္ဂသမ္မာဒိဋ္ဌိ မပါဘူး၊ ရှင်းပြီလား

ဉာဏ်ကြီးကြီးနဲ့မှတ်ပါ

ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာက ကံ, ကံ၏ အကျိုး ကို ယုံကြည်တဲ့ဉာဏ်သည် ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ မ သမ္မာဒိဋ္ဌိဆိုတာက မိစ္ဆာဒိဋ္ဌိ ဖြတ်ပြီးတော့ သမ္မာဒိဋ္ဌိ ဟူသော အကြောင်းက နိဗ္ဗာန်ပို့၊ ဒီလိုကွာခြားတယ် ဆိုတာလည်း ဉာဏ်ကြီးကြီးနဲ့ မှတ်ပါ။

ဉာဏ်သေးသေးနဲ့ မှတ်လို့ရှိရင်ဖြင့် မောင်ကို ကိုထွန်းရင် ယောင်သွားလိမ့်မယ်နော်၊ ဒါဖြင့် ဥပနိဿယ အကြောင်းနဲ့ ဝေးသောအကြောင်းနဲ့ နီးသောအကြောင်း၊ ခု တရားစတာ ငါးမိနစ် ရှိပြီ၊ ကွဲသွားကြပြီ။

ဒါက ဒါန၊ သီလ၊ သမထ ဝေးသောအကြောင်း၊ မဂ္ဂင်က (နီးသောအကြောင်း) ဒိပြင်ဟာတွေ ကတော့ မရောက် ဘူးလားဆိုတော့ မဂ္ဂင်ရောက်အောင်ပို့တာ သောတာပန်လည်း မဂ္ဂင်ကနေ ပို့တာ ရှင်းပြီလား (မှန်ပါ)။

နိဗ္ဗာန်ရောက်ကြောင်း အစစ်က မဂ္ဂင်

ဒါဖြင့် မဂ္ဂင်အလုပ်မှတစ်ပါး ကျုပ်တို့သည် နီးသော အကြောင်းမှတစ်ပါး အားထားရာ မရှိဘူး၊ သူ့ကိုပဲ အားထား ရမယ်၊ မောင်ကို ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) မောင်ထွန်း ရင်တို့ပေါ်ပြီလား (မှန်ပါ ဘုရား)။

အဲဒီတော့ မဂ္ဂင်ဆိုတာက မိစ္ဆာဒိဋ္ဌိကို ဖြိုခွင်းပြီး သကာလ၊ သမ္မာဒိဋ္ဌိဆိုတဲ့ တရားဖြစ်လာမှ သမ္မာဒိဋ္ဌိ မဂ္ဂင်လို့ ဆိုတယ်၊ မိစ္ဆာဒိဋ္ဌိ ဖြိုခွင်းရမယ်၊ မိစ္ဆာဒိဋ္ဌိ ဖြိုခွင်းနိုင်တာက ဒိပြင် ဟာက မဖြိုခွင်း နိုင်ဘူး။ မဂ္ဂင်ထဲပါတဲ့ သမ္မာဒိဋ္ဌိကမှ ဖြိုခွင်းနိုင်တာ။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိ သတ်တာသည် သမ္မာဒိဋ္ဌိလို့ ဦးသံဒိုင်က မှတ်ရမယ်၊ သူမပါဘဲနဲ့ မိစ္ဆာဒိဋ္ဌိက ကွာပါ့မလား (မကွာပါဘူး ဘုရား)။

မကွာရင် အပါယ်လေးပါး ရေသောက်မြစ် ဘယ်တော့ မှ မပြတ်ဘူး၊ ရှင်းပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် သမ္မာဒိဋ္ဌိ မဂ္ဂင် အလုပ်ကိုသာ သင်တို့သည် ကျင့်ကြကုန်လော့၊ တွေဝေရာ မရှိတဲ့ နိဗ္ဗာန်ကို ရနိုင်ရာ၏လို့ ဟောကြားတော်မူတယ်။

ခန္ဓာမှာကပ်နေတဲ့ ဒိဋ္ဌိသာ ဖြုတ်ပါ

မဂ္ဂင်ကပဲ နိဗ္ဗာန်ရနိုင်တယ် ဆိုတော့၊ ခင်ဗျားတို့က တပည့်တော်တို့ ခန္ဓာဝန်ကြီး ထမ်းနေရတာ အလွန် စက်ဆုပ် ပါပြီ၊ အလွန်လည်း ရွံပါပြီ၊ အလွန်လည်း မုန်းပါပြီ၊ ခန္ဓာဒုက္ခ လည်း သိပါပြီ ဆိုလို့ ရှိရင်ဖြင့် ခန္ဓာ ကပ်နေတဲ့ ဒိဋ္ဌိသာ ဖြုတ်။

ဘယ်သူနဲ့ ဖြုတ်ရမတုံး သမ္မာဒိဋ္ဌိ မဂ္ဂင်နဲ့ဖြုတ်၊ ဖြုတ်လို့ရှိရင် သမ္မာဒိဋ္ဌိ မဂ္ဂင် ခန္ဓာကိုယ်ထဲ ရောက်၊ သမ္မာဒိဋ္ဌိ မဂ္ဂင် ခန္ဓာကိုယ်ထဲရောက်တော့ သူက ဓမ္မဖြစ်သွားတယ်၊ သမ္မာဒိဋ္ဌိ ဓမ္မဖြစ်တော့ ‘‘နိဗ္ဗာနံ ဓါရေတီတိ ဓမ္မော’’ ဆိုတဲ့အတိုင်း နိဗ္ဗာန်သို့ သမ္မာဒိဋ္ဌိက ခင်ဗျားတို့က ပို့ပေးပါလို့ မဆိုနဲ့ သူ့ဟာသူ ပို့တယ်၊ ရှင်းပြီနော် (မှန်ပါ)။

ကောင်းပြီ ဒီအတိုင်းသာ မှတ်ထားတော့၊ သမ္မာဒိဋ္ဌိက ဘယ်လိုမြင်မှ သမ္မာဒိဋ္ဌိ ဖြစ်မှာတုံး ဘုရားဆိုတဲ့ မေးခွန်းက တစ်ခါတည်း ထွက်လာတယ်၊ ဘယ်လိုမြင်မှ သမ္မာဒိဋ္ဌိတုံးလို့ မေးတော့ ယနေ့ ထုတ်ပြမယ်တဲ့၊ သမ္မာဒိဋ္ဌိဆိုတာ ဘယ်လိုမြင်မှ သမ္မာဒိဋ္ဌိဖြစ်နိုင်တယ် ဆိုတဲ့ဥစ္စာ ရှင်းပြပါ့မယ် ဆိုတော့။

ရှင်ဆန္ဒနှင့် ရှင်ဆန္န

ရဟန္တာဖြစ်မယ့် ဆန္ဒပတ္ထုကို ထုတ်ပြမယ် ဆန္န မဟုတ်ဘူး ဆန္ဒနော် (မှန်ပါ)။

ဆန္န ဆိုတာကတော့ မြင်းမြီးဆွဲ မောင်ဆန် ရဟန်းကို ဆိုတယ်၊ ခုဟာက ဆန္ဒဆိုတဲ့ ရဟန်းက ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒတို့က ဟောလို့ သူဟာ သေရမှာ မကြောက်ပါဘူး၊ အမြင်မှန် ရနေပါတယ်လို့ သူကိုယ်တိုင်က တာဝန်ခံတယ်။

မှတ်ချက်။ ဆဌမူ ပါဠိတော်၌ ရှင်ဆန္ဒ-ဟု ပါရှိ၏။ ဤ၌ ဆရာတော် ဘုရားကြီး၏ ဟောစဉ် အတိုင်း ရှင် ဆန္ဒ – ဟုပင် ဖေါ်ပြသွားပါမည်၊ ထုတ်ဝေသူ။

အဲဒါကို ပြောပြမယ်ဆိုတော့ ဪ သူ့အမြင် သည် သမ္မာဒိဋ္ဌိ အမြင်လို့ ခင်ဗျားတို့က မှတ်ရမယ်။ ဒါ ကိုယ့် ဝိပဿနာဉာဏ် ပေးနေတာပဲ၊ ဒါ အလုပ်ပဲဆိုတာ မှတ်ဦး၊ တော်ကြာ အလုပ်ပေး မပါဘူးလို့ လုပ်မနေနဲ့ဦး။

တစ်နေ့သ၌ ဂိဇ္ဈကုဋ်တောင်ခြေရင်းမှာ အဲဒိ ရှင်ဆန္ဒ က ဂိဇ္ဈကုဋ် တောင်ခြေရင်းမှာ နေမကောင်း ထိုင်မသာ ဖြစ်နေ တယ်၊ ရှင်သာရိပုတ္တရာနဲ့ သူ့ညီ ရှင်စုန္ဒ ဆိုတာကလည်း ဖလသမာပတ် ဝင်းစားဖို့ သူတို့က ပြီးပြီးသား ပုဂ္ဂိုလ်တွေ ဂိဇ္ဈကုဋ်တောင်ကို လာကြတယ်။

ဖလသမာပတ် ဝင်စားတယ်ဆိုတာ

ဖလသမာပတ် ဝင်စားတယ်ဆိုတာ ကျုပ်တို့ အထူး ပြောဖို့ မလိုပါဘူး၊ ဒီအတိုင်း ခန္ဓာကိုယ်ကြီးနဲ့ နေရတာ ဆင်းရဲ လွန်းလို့၊ နိဗ္ဗာန်အာရုံပြုပြီး နေမယ်ကွ ဆိုတဲ့ နေနည်းကို ဖလသမာပတ် ဝင်စားတယ်လို့ ဆိုတယ်။

ကောင်းပြီ ဒါဖြင့် ခန္ဓာ၏ ကျန်းမာရေး၊ ချမ်းသာရေးကို အလိုရှိတဲ့အတွက် ဖလသမာပတ် ဝင်စားနေတယ်ဆိုတာ မှတ်လိုက်တာပေါ့။

ရှင်သာရိပုတ္တရာ လူမမာမေးတယ်

နောက် ဖလသမာပတ် ဝင်စားပြီး သူတို့ ညီအစ်ကို နှစ်ယောက်၊ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒတို့ ဖလသမာပတ် ဝင်စားပြီးသည့်နောက်၊ ကဲကွာ တောင်ခြေရင်းမှာ ရှင်ဆန္ဒ ဆိုတာ မမာဘူးတဲ့၊ လူမမာ မေးတဲ့အလုပ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြိုက်တဲ့အလုပ် တို့ သွားပြီးသကာလ မေးမယ်ဆိုပြီး သွားမေးတယ်။

မေးတဲ့အခါကျတော့ကို၊ ဟေ့ ! ဆန္ဒ မင်း ဝေဒနာ ဘယ့်နှယ့်နေတုံးကွ၊ ဝေဒနာ ရှေ့တိုးတယ် ဘုရား၊ နောက် မဆုတ်ဘူး၊ ဘယ့်နှယ်ဖြစ်တုံးကွ၊ အို ခေါင်း ကြိုးနဲ့ ပတ်ထားသလိုပဲ၊ ဗိုက်ထဲ ဓါးမြှောင်နဲ့ မွှေသလိုပဲ၊ တစ်ကိုယ်လုံး ပူအိုက်ပြီးတော့ နေတာပဲ၊ လေးလံပြီးတော့ နေတာပဲ၊ နည်းနည်း မှ မသက်သာဘူး။

ဒါကြောင့် တပည့်တော်က လည်ပင်းလှီးပြီး သတ်သေ လိုက်မယ်လို့ စိတ်ကူးတယ် သူက ပြောလိုက်တယ်။

ရှင်ဆန္ဒက ရဟန္တာထင်နေတယ်

သူက သေချင်လို့ သေတာမဟုတ်ဘူး၊ ဦးသံဒိုင်, မောင်ကို အသေအချာ မှတ် (မှန်ပါ) ကိစ္စပြီးနေပြီကွ၊ ရဟန်းကိစ္စ ပြီးပြီ ဆိုတာ သူ့ကိုယ်သူ ရဟန္တာလို့ ထင်နေတာ။

သေတဲ့ နောက် မထူးတော့ဘူး။ ခန္ဓာဝန်ကြီး သယ်ပိုး နေရတာ ကြာတယ်၊ မောင်ကို သေရမှာ မကြောက်ဘူး၊ သူကိစ္စ ပြီးနေတယ်လို့ သူ့စိတ်ထဲမှာ အထင်ရောက်နေတယ်၊ ကိစ္စပြီးနေပြီလို့ အထင်ရောက်ပြီး သကာလ နေတော့ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒက၊ ငါ့ရှင် ဒီလို လည်ပင်း ဓါးနဲ့လှီးပြီး သေမယ်ဆိုတဲ့ စိတ်ကူးမျိုး မကူးပါနဲ့။ မကောင်းပါဘူး၊ ဟိုက တစ်မျိုးတစ်ဖုံ ပြောလိုက်၊ မင်း ပြုစုမယ့်သူ မရှိရင် ငါ ပြုစုပါ့မယ်။

လည်ပင်းဓါးနဲ့လှီးပြီး မသေပါနဲ့

ဆေးဝါးရှာပေးမယ့် သူမရှိရင် ငါရှာပေးပါ့မယ်၊ ထူပွေ့ ပြီး သကာလ ပေးမည့်သူ မရှိလို့ ရှိရင်လည်း ငါပွေ့ပိုက်ပေးပါ မယ်၊ ဓါတ်စာလိုလို့ ရှိရင်လည်း ငါပဲဆွမ်းခံပြီး သကာလ ဓါတ်စာ ရှာပြီး မင်း ကျွေးပါမယ့်။ လည်ပင်းတော့ ဓါးနဲ့ လှီးပြီးမသေပါနဲ့ တောင်းပန်တယ် ရှင်သာရိပုတ္တရာက။

မဟုတ်ဘူးဘုရားတဲ့ တပည့်တော်က ဒါကြောင့် မဟုတ်ဘူး၊ ဒါကြောင့် လည်ပင်း ဓါးနဲ့ လှီးပြီး သေမယ်ဆိုတာ မဟုတ်ဘူး၊ ဒီလိုဟာတွေ တပည့်တော် ပြည့်စုံပါတယ်။

ဆေးဝါးလည်း ပြည့်စုံတယ်၊ ပြုစုမယ့်သူလည်း ပြည့်စုံတယ်၊ စားဖွယ်သောက်စရာတွေလည်း ပြည့်စုံပါတယ်၊ ဒါကြောင့် သေမယ်လို့ ပြောတာ မဟုတ်ဘူးဆိုတော့၊ သူ့ဟာက ထင်ရှားနေတယ် မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

သူ့ကိုယ်သူဘဝင်မြင့်နေတယ်

သူ့ကိုယ်သူ ရဟန္တာဖြစ်ပြီ (မှန်ပါ)၊ ဒါကြောင့် သေငြားသော်လည်း ဒီတစ်ခါသာ သေရတယ်၊ နောက် သေစရာ ကိစ္စမရှိတော့ဘူး၊ ဒီခန္ဓာဝန်ကြီး ထမ်းနေရတာ လေးတယ်ဆိုတော့၊ သူ့ကိုယ် သူတော့ အင်မတန် ဘဝင်မြင့်ပြီး ရဟန္တာဖြစ်ပြီလို့ ထင်နေတယ်။

ထင်နေတယ်တဲ့၊ ထင်နေတော့ ရှင်သာရိ ပုတ္တရာက တွေးတယ်၊ ဪ ငါ့လူဟာ သိပ်ဆန္ဒပြင်းတဲ့ သူပါလား၊ သူ့အမြင်ဟာ မှန်လား၊ ငါစဉ်းစားဦးမယ် အမြင်ကို မေးမယ်။

နိဗ္ဗာန်မြင်တဲ့ အမြင်ဟာ ဘယ်အမြင်တုံး၊ သူ့အမြင်ကို ဖြင့် ရှင်းအောင်မေးမယ်ဆိုပြီး ရှင်သာရိပုတ္တရာက စိတ်ကူးပေါ် လာတယ် ဆိုတော့၊ ဒီအမြင် မေးတယ်ဆိုကတည်းက ကိုထွန်း ရင်တို့ မောင်ကိုတို့က စဉ်းစား၊ ဒီအမြင်မှန် မမှန် အကဲခတ်တာ၊ နိဗ္ဗာန်မြင်တဲ့အမြင် ဟုတ် မဟုတ် အကဲခတ်တာ။

တရားလေးမေးချင်တယ်

ဆန္ဒ ရေ – ဒါဖြင့်ကွာ မင်းသေလည်း မသေပါနဲ့၊ မင်းပြောတာလည်း တို့ သဘောကျပါပြီ၊ တရားလေး မေးချင် တယ်ကွာ၊ မေးပါဘုရား၊ လူမမာက-

မင်းကွာ မင်းမျက်လုံးဆိုတဲ့ စက္ခုပသာဒ ရုပ်ကလေး ရှိတယ်၊ ပြီးတော့ အဆင်းဆိုတဲ့ ရူပါရုံလည်း ရှိတယ်။ မြင်တတ်တဲ့ စက္ခုဝိညာဏ်ဆိုတဲ့ တနေ့က ပြောခဲ့တဲ့ ခန္ဓာ ငါးပါးပေါ့ဗျာ၊ နာမက္ခန္ဓာလေးပါး ပေါင်းလိုက်တဲ့အခါ ခန္ဓာငါးပါး ပြည့်တာပဲ။

ရုပ်နှစ်ခုက ရူပက္ခန္ဓာ၊ နာမက္ခန္ဓာလေးပါးက နာမက္ခန္ဓာ ဆိုတော့ ခန္ဓာငါးပါး ပြည့်တာပဲ။ ‘‘စက္ခုံ အာဝုသော ဆန္ဒ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ’’ – တဲ့။

သူက စက္ခု၊ သူက စက္ခုဝိညာဏ ဝိညာတဗ္ဗ ဓမ္မ၊ သူက စက္ခုဝိညာဏ။

ဒီတရားတွေကို ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာများ စွဲသေး သလား၊ ဒါ အရင်ကောက်မေးလိုက်တယ်။ စက္ခုကို “ဧတံ မမ၊ ဧသောဟမသိ၊ ဧသောမေ အတ္တာ”။

ငါ့ကိုယ်ငါ့ဟာ စွဲသေးသလား

ငါ့ကိုယ် ငါဟာ ငါ့ဥစ္စာလို့ စွဲသေးသလားကွ၊ အဆင်းကော ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာလို့ စွဲသေးသလား၊ ဒီစက္ခုဝိညာဏ် ဆိုတဲ့ နာမက္ခန္ဓာလေးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လို့ စွဲသေးသလား ဆိုပြီး ဒွါရခြောက်ပါး လှည့်မေးလိုက်တယ်။

ဒွါရခြောက်ပါးစလုံး ဆက်ပြီး သကာလ မေးလိုက်ပါ တယ်။ မေးလိုက်တော့၊ တပည့်တော် ဒါတွေကို ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲပါဘူး၊ တည့်လိုက်တာ မောင်ကို မတည့်ဘူးလား (မှန်ပါ့)။

ဒီဟာတွေကို ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ မစွဲဘူးဆိုတော့ တဏှာ၊ မာန၊ ဒိဋ္ဌိပြုတ်နေတယ်လို့ ပြောလိုက်တာ။

နေတံ မမ။ ဧတံ -ဤတရားသည်၊ မမ-ငါ၏၊ နသန္တကံ -ငါ့ဥစ္စာမဟုတ်ဘူး၊ ငါ့ဥစ္စာမဟုတ်ဖူး လို့လည်း စွဲပါတယ်။

ဒါ ငါလည်းမဟုတ်ဘူး၊ ကိုယ်လည်း မဟုတ်ဘူးဆို တော့ အစွဲသုံးခု သူမစွဲပါဘူး ဒီဥစ္စာ၊ အတော်နေရာကျနေပါ လား။ ဒီဟာတွေ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မရှိဘူးလို့ စွဲကတည်း က အနတ္တ အကုန်ပိုင်နေပြီ၊ ရှင်သာရိ ပုတ္တရာက သိတယ်။

ကွာ ဒါဖြင့် ဒွါရ ခြောက်ပေါက်စလုံး၊ ဒွါရ ခြောက်ပါး စလုံးဆိုတော့ ခန္ဓာကိုယ် မကုန်သေး ဘူးလား၊ ကုန်ပြီနော်။ ဒွါရခြောက်ပေါက်စလုံးမှာ ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေ့ကို အကုန်မရှိဘူးလို့ သူဖြေတယ်။

ဖြေတာတော့ ကျေနပ်တယ်

ဖြေတာတော့ ရှင်သာရိပုတ္တရာက ကျေနပ်ပါတယ်၊ ဖြေတာသိပ်တည့်တယ်၊ တည့်ပင်တည့်ငြား သော်လည်း ဒိထက် စစ်ချင်တယ်၊ စာသိနဲ့ ပြောနေတာလား၊ ဉာဏ်သိနဲ့ ပြောနေ တာလား၊ မောင်ကို မစစ်ထိုက်ဘူးလား (စစ်ထိုက်ပါတယ် ဘုရား)။

စာသိနဲ့နိဗ္ဗာန်မရောက်

စာသိနဲ့ နိဗ္ဗာန် ရောက်မှာမှ မဟုတ်ပဲ၊ တကယ့် ကိုယ် ပိုင်ဉာဏ်နဲ့ ကိုယ်ပိုင်သိမှ နိဗ္ဗာန် ရောက်မှာ အားလုံးမှတ်ကြ။

နေစမ်းပါဦးကွ၊ မင်းဒွါရ ခြောက်ပေါက်စလုံး စက္ခုကို လည်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ ရူပါရုံ အဆင်းကို လည်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ အမြင်ဓါတ်ကိုလည်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ မင်းဒွါရ ခြောက်ပေါက် စလုံးဖြေတာ ငါသိပ်သဘောကျတယ်။

သို့သော်လည်း မင်းရဲ့ အဖြေကို ငါက ကျေနပ်ပါတယ်၊ ဒါပေမယ့် မင်းဉာဏ်ထဲ ဘယ်လိုမြင်လို့ ဒါ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ပြောတာတုံးလို့ စစ်မေးတယ်။

ဟိုအဖြေကို သဘောတော့ကျတယ်၊ သဘောပင် ကျပေမယ့် စာဆိုနဲ့ ဖြေတာလား၊ တကဲ့ဉာဏ် အမြင်နဲ့ ဖြေတာလား ဒါ မကွဲပဲဖြစ်နေတယ်။ သူတို့က ရဟန္တာပဲ သိတော့သိတယ်။

စာအမြင်နဲ့ဉာဏ်အမြင်

သိပေမယ့်လည်း နောင်လာနောက်သားများ၊ ခင်ဗျားတို့ ကျုပ်တို့လို လူတွေကို အမြင်မှန်ကို နှစ်မျိုးနှစ်စား သိပါစေတော့ လို့၊ စာအမြင် တစ်မျိုး၊ ဉာဏ်အမြင်တစ်မျိုး၊ မောင်ကို ဘယ်နှစ် မျိုးရှိတုံး (နှစ်မျိုးပါ ဘုရား)။

စာအမြင်က (တစ်မျိုး)၊ ဉာဏ်အမြင်က (တစ်မျိုးပါ ဘုရား) စာအမြင်က မှတ်တမ်း၊ ဉာဏ်အမြင်က ဖြစ်စဉ်ကိုး၊ မကွာဘူးလား၊ စာအမြင်က ဘာတုံး (မှတ်တမ်းပါ ဘုရား) ဉာဏ်အမြင်က (ဖြစ်စဉ်ပါ ဘုရား)။ ဖြစ်စဉ်မြင်မှ သူ့ဟာက အကိုက်ကိုးဗျ။

အဲဒီတော့ မင်းဒါတွေကို ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ဒီသုံးခုကို မင်းဆိုတဲ့ဥစ္စာ ဘယ်လို မြင်လို့တုံးကွာ၊ မြင်ပုံလေး ပြောစမ်းပါဦး ဆိုတော့၊ ဒါကျုပ်တို့ အသည်းစွဲအောင် မှတ်ရမယ့် အလုပ်တစ်ခု၊ သူ ရဟန္တာ ဖြစ်မှာ၊ ရှင်ဆန္ဒ ရဟန္တာ ဖြစ်မှာ၊ သာမညပုဂ္ဂိုလ် မဟုတ်ဘူး။

အဲဒီတော့ ခုနဟာ စာအမြင်ထင်တာနဲ့ မောင်ကို ဉာဏ်အမြင်ရောက်၊ မရောက်မေးတယ်၊ မင်း မြင်ပုံလေး ပြောစမ်းပါဦးကွ၊ ဒါကို ငါ့ကိုယ်မဟုတ်ပုံ၊ ငါ့ဥစ္စာမဟုတ်ပုံ၊ ငါ့ဟာမဟုတ်ပုံ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ မစွဲပုံကို မေးတယ် (မှန်ပါ)၊ မင်းမြင်ပုံလေး ရှင်းစမ်းပါဦးကွ။

တပည့်တော်မြင်ပုံ

ဒါ ကျုပ်တို့ ဟောနေကျ မဂ္ဂင် ထားတာပေါ့။ တပည့် တော်မြင်ပုံကို ရှင်းပြမယ်။ ကြည့်လိုက်၊ ဒါလေးဟာ ချုပ်ပျောက် သွားတာ မြင်တယ်၊ ဒါလေး စိတ်ဝိညာဏ် ကြည့်လိုက်လည်း ချုပ်ပျောက် သွားတာပဲမြင်တယ်။

စက္ခုဝိညာဏ် မြင်တာမဟုတ်ဘူး၊ ဒါလေးမရှိတာ မြင်တာ၊ ဒါ အသေအချာ မှတ်ပါ၊ ချုပ်ပျောက် သွားတာတွေချည့် မြင်အောင်လုပ်ရမယ့် အလုပ်၊ မောင်ထွန်းရင် ကျေနပ်ပြီလား (မှန်ပါ့)။

ပြောစမ်းပါဦးကွ ဆိုတော့၊ ဟော စက္ခုပသာဒလေး ဆိုရင်၊ စက္ခုပသာဒလေးကို တပည့်တော်က မြင်တာမဟုတ်ဘူး ချုပ်ပျောက်သွားတာ မြင်တာ၊ သဘောကျပြီလား (မှန်ပါ့)။

“နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ” သူက ပါဠိလို သုံးလိုက်တယ်၊ နိရောဓံ – ချုပ်ပျောက် သွားတာကို၊ အဘိညာယ -သိ၍၊ ချုပ်ပျောက် သွားတာလေးပဲ သူသိတယ်။

နိရောဓံ ဒိသွာ၊ နိရောဓံ= ချုပ်တာကို၊ ဒိသွာ =မြင်၍၊ နိရောဓံ =ချုပ်တာကို၊ အဘိညာယ =ထိုးထွင်းတဲ့ဉာဏ်နဲ့ကိုသိတာ။

ချုပ်ပျောက်သွားတာမြင်မှ

ချုပ်သွားပြီ၊ ချုပ်သွားပြီ၊ ချုပ်သွားပြီလို့ကို သိနေတာ၊ ဒီလိုဆိုတော့ ရှင်သာရိပုတ္တရာက ကျေနပ်တယ်၊ ရူပါရုံ မြင်တာလည်း မဟုတ်ဘူး၊ ချုပ်ပျောက်တာ မြင်တာကိုးကွ၊ စက္ခုပသာဒကို မြင်တာလည်း မဟုတ်ဘူး၊ ချုပ်ပျောက်သွားတာကို မြင်တာကိုးကွ။

ဒီလို မြင်သောကြောင့် တပည့်တော်က ချုပ်ပျောက် သွားတာလေးတွေကို ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတာကို ပိုင်ပိုင်နိုင်နိုင်သိတယ်။ ချုပ်ချုပ်သွားတာမြင်လို့ ရှင်းပြီ လား (မှန်ပါ့)။

ဒါဖြင့် မင်းတို့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဟူသ၍ မှာလည်း ချုပ်ပျောက်သွားတာ လေးတွေကို မြင်မှ ဉာဏ်အမြင်လို့ မှတ်ပါ။ ရှိနေတာ မြင်လို့ မရပါဘူး။ ဒါ အလုပ်စခန်းမှာ အကြီးဆုံး ပေးတဲ့ စကား မောင်ထွန်းရင် ကျေနပ်ပြီလား။

ဘာမြင်ရမှာတုံး (ချုပ်ပျောက်သွားတာ မြင်ရမှာပါ ဘုရား) ချုပ်ပျောက်သွားတာလေးတွေကို ဒီနေရာကို အခု မရှိတော့ဘူး ဆိုတာ မြင်ရမယ်၊ ဒီနေရာလေး ခုနက ပေါ်နေတယ်၊ ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်၊ မရှိတော့ဘူးလို့ သိတာလေး မြင်ရမယ်။

မဂ်ဉာဏ်နဲ့ ဒီလိုမြင်မှ

ဒီနေရာလေး ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ စက္ခု ပသာဒဖြင့် စက္ခုပသာဒ၊ ပရမတ္ထ တရားလေးပါး ထဲက တစ်ခု ခုပေါ့ဗျာ၊ နိဗ္ဗာန် ချန်လှပ်ပြီး အဲဒါလေးတွေကို ချုပ်ပျောက် သွားတာလေး ချည့်မြင်ရမယ်၊ ဒီလိုမြင်မှ မဂ်ဉာဏ်နဲ့ ဒီလိုမြင်မှ နောက်က တဏှာ၊ မာန၊ ဒိဋ္ဌိ၊ မောင်ကို သေတယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ချုပ်ပျောက်သွားတာမြင်မှ ချုပ်ပျောက်သွားတာက ရှေ့ပိုင်းက၊ မြင်တာက နောက်ပိုင်းက၊ သေတာက တတိယမြောက်မှာ သေတာ၊ တစ်ကို နှစ်နဲ့ မြင်မှ သုံးသေတယ်။

တဏှာ မာန ဒိဋ္ဌိသေတယ်

တစ်ချုပ်တာကို နှစ်ကမြင်မှ သုံးသေတယ်လို့ မှတ်ရမယ်။ သဘောကျပြီလား၊ တစ်ချုပ်တာကို ဘာနဲ့ မြင်ရမှာတုံး (နှစ်နဲ့ မြင်ရမှာပါ ဘုရား)၊ နှစ်နဲ့ မြင်ရမယ်၊ နှစ်ဟာမဂ်ပဲ။ နှစ်နဲ့ မြင်တော့ သုံးသေတယ်၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ချုပ်သွားတာကို ဘာနဲ့ မြင်ရမယ် (နှစ်နဲ့ပါ ဘုရား)။ နှစ်မြင်တော့ သုံးဘာဖြစ်သွားတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိ သေပါတယ် ဘုရား) သုံးနံပါတ် မသေဘူးလား (သေပါတယ် ဘုရား)။

သုံးနံပါတ်လေတော့ သူက ပဋိစ္စသမုပ္ပါဒ၊ သူက ပဋိစ္စ သမုပ္ပန္န၊ ဒါက ပဋိစ္စသမုပ္ပါဒ်ချုပ်ကာ၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြ နေတယ် (မှန်ပါ့)။

သူက ပဋိစ္စသမုပ္ပါဒဆိုတော့ သူက သူ့ ကိုဖြစ်စေတယ် ဒီအာရုံမရှိဘဲ ဒီအာရမ္မဏိက ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား) ဒီ အာရမ္မဏိက မလာဘဲနဲ့ ဒီသတ်တတ်တဲ့ အာရမ္မဏိက မလာဘဲနဲ့ သေတတ်တဲ့ ဓမ္မတွေ သေပါ့မလား (မသေပါဘူး ဘုရား) ရှင်းပြီလား။

ဒါဖြင့် သူက ပဋိစ္စသမုပ္ပါဒ၊ သူက ပဋိစ္စသမုပ္ပန္န၊ သူက ပဋိစ္စသမုပ္ပန္နပေါ်လို့ အကျိုးခံစားတာ၊ မောင်ကို ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။

ဒါ အလုပ်တရားအစစ်

သူက ပဋိစ္စသမုပ္ပါဒ၊ သူက ပဋိစ္စသမုပ္ပန္န၊ သူက ပဋိစ္စ သမုပ္ပန္န၏ အကျိုး၊ ဒါ သေသေချာချာ မှတ်ပါတဲ့ ရဟန္တာ ဖြစ်မယ့် ပုဂ္ဂိုလ်၏ အမြင်ကို ရှင်းပြနေတယ်။ ဒါအလုပ်တရား အစစ်ပဲ။ မောင်ကို ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။

ဘာတရား အစစ်တုံး (အလုပ်တရား အစစ်ပါ ဘုရား) အလုပ်တရားအစစ်ဆိုတော့ ဘယ်လိုမြင်မှပါလိမ့် မင်းတို့မေးတယ်၊ တစ်ချုပ်သွားတာကို နှစ်ကမြင်ရမယ်၊ တစ်ချုပ် ၊ သွားတာကို (နှစ်ကမြင်ရမှာပါ ဘုရား)။

နှစ်က မြင်လို့ရှိရင်ဖြင့် သုံးနံပါတ်သည် အကျိုးခံစားရတော့မယ်၊ သံသရာ ချဲ့ထွင် တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ခင်ဗျားတို့ သန္တာန်မှာ မရှိတော့ဘူး သဘောပါပြီလား။

ဒါဖြင့် ခင်ဗျားတို့ နားလည်ထားတဲ့ ပဋိစ္စသမုပ္ပါဒ၊ ပဋိစ္စ သမုပ္ပန္န၊ ပဋိစ္စသမုပ္ပန္ဒ၏ အကျိုးဆိုတာ အထူးပဲ၊ အထူးပဲ မှတ်လိုက်ပေတော့၊ ဒါက ပဋိစ္စသမုပ္ပါဒဖြစ်ကြောင်း၊ ဒါက ဖြစ်၊ ပဋိစ္စသမုပ္ပန္န ဆိုတာ အကျိုး၊ ဒီ အကျိုးကြောင့် ဆက်လက်ပြီး ဒီအကျိုးခံစားရတာ။

တစ်ချုပ်သွားတာကို နှစ်ကမြင်လို့ သုံးတရားကို ပယ်နိုင်တာ သဘောပါပြီလား၊ တစ်ချုပ် သွားတာကို နှစ်ကမြင်လို့ သုံးကို ပယ်နိုင်တယ်၊ မောင်ကို ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ၊ ပဋိစ္စသမုပ္ပန္န၊ ပဋိစ္စသမုပ္ပန္န၏ ရသင့်ရထိုက်သော အကျိုး သဘော ပါပလား။

ကဲ ဒါဖြင့် သူ့ဝတ္ထုကို ပြန်ပြီး သကာလ ဪ သူ့အလုပ်စဉ်ဟာ ကျုပ်တို့ ရှင်သာရိ ပုတ္တရာက မေးလို့ သူမြင်ပုံကို ရှင်းလိုက်တဲ့အတွက် ဒါ အမြင်မှန်လို့ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချ။

ဒါတွေအကုန်မှားတယ်

ဒီယောင်ဝါး ဝိပဿနာတွေကို ဘွင်းဘွင်းကြီး မြင်နေ တာနဲ့၊ ဘာတွေ မြင်နေလို့၊ ညာတွေ မြင်နေလို့ ဆိုတာတွေ အကုန်မှားတယ်၊ ရှင်းပြီလား။

ဒါ ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်က ဖြေတာ၊ မင်း ဘယ်လို မြင်သတုံးဆိုတော့ ပြန်ပြောလိုက်တယ်၊ မောင်ကို တစ်နံပါတ် ချုပ်ပျောက်သွားတာကို မြင်တယ်၊ ဒီတစ်နံပါတ်ကလေးကို ဘယ်လို မြင်တယ်တဲ့တုံး (ချုပ်ပျောက်သွားတာ မြင်ပါတယ် ဘုရား)။

ချုပ်ပျောက်သွားတာပဲ “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ နေတံ မမ၊ နေသော ဟမသ္မိ နမေသော အတ္တာ” ပါဠိလိုသုံးတော့။

ချုပ်ပျောက်သွားတာမြင်တယ်

ချုပ်ပျောက်သွားတာလေးကို မြင်မြင် မြင်မြင်နေသော ကြောင့် တပည့်တော်ဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ တဏှာ- မာန၊ ဒိဋ္ဌိနဲ့ ဒါတွေ မစွဲတော့ဘူးတဲ့၊ စွဲသေးသလား (မစွဲပါဘူး ဘုရား)။

အဲဒီလို အမြင်ပါဘုရားတဲ့ တပည့်တော်အမြင်က ဒါ ဘယ်သူ၏ အမြင်တုံး ဆန္ဒ၏ အမြင်၊ လူမမာ ဆန္ဒ၏ အမြင်၊ ရှင်သာရိပုတ္တရာက သာဓု ခေါ်တယ်၊ အမြင်မှန်ရတယ်။

ဒီအမြင်ထဲ ခန္ဓာတွေ ပါသေးသလား (မပါ ပါဘူး ဘုရား)။ ဘာတွေချည့် မြင်နေတုံး ချုပ်ပျောက် သွားတာ တွေချည့်မြင်နေတယ်။ ရှင်းပြီနော်။

“နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ” နိရောဓံ – ချုပ်ပျောက် သွားတာတွေကို၊ ဒိသွာ – မြင်၍၊ နိရောဓံ – ချုပ်ပျောက်သွားတာတွေကို၊ အဘိညာယ – သိတယ်။

သိတယ်ဆိုတာ တခြားမဟုတ်ဘူး၊ ထိုးထွင်းပြီးသိတာ၊ ချုပ်သွားတာ ချုပ်သင့်လို့ ချုပ်သွားတာလို့ နှစ်နံပါတ်က ထိုးထွင်း ပြီး သိတယ်၊ ထိုးထွင်းသိတော့ကို မဂ်အစဉ်နဲ့ ပြောကြစို့ ဆိုတော့ သူတို့က အနိစ္စ၊ သူတို့က မဂ္ဂ၊ သူတို့က သမုဒယချုပ်တာ၊ ဒီသုံးခုက သမုဒယသစ္စာချည့်ပဲ။

ရှင်သာရိပုတ္တရာက သာဓုခေါ်တယ်

သမုဒယသစ္စာချည့်ပဲ မောင်ကိုရ၊ ခန္ဓာဖြစ်ကြောင်း ဆိုရင် လွဲပါ့မလား။ ဒီသုံးခုက ခန္ဓာ ဖြစ်နိုင်တဲ့ တရားသုံးခု၊ အဲဒီတော့ ဒီကဒုက္ခသစ္စာ၊ သူက မဂ္ဂသစ္စာ၊ သူက သမုဒယ ချုပ်တာ၊ ဒီဘက်က ဒါတွေ မလာလို့ရှိရင် နိရောဓဖြစ်မှာပဲ၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) လာစရာကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒီအကြောင်းချုပ်တော့ ဒီအကျိုးလာဦးမလား (မလာပါဘူး ဘုရား) ကောင်းပြီ ဒါဖြင့် မင်းမြင်ပုံကို သာဓု သာဓု သာဓုကွာ၊ ချုပ်ပျောက်သွားတာလေးကို မင်းမြင် တယ်၊ ဒါကြောင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလေးတွေ မဟုတ် ဘူးလို့ ဟိုဟာတွေ မစွဲဘူးဆိုတာ ငါသိပ်ကျေနပ်တယ်၊ ရှင်သာရိ ပုတ္တရာက ချီးမွမ်းလိုက်တယ်။

အမြင်မှန်ရလို့ ချီးမွမ်းတာ

ဘာပြုလို့ ချီးမွမ်းသတုံးလို့ မောင်ထွန်းရင်က မေးဖို့ မလိုဘူးလား.(လိုပါတယ် ဘုရား)၊ အမြင်မှန်ရလို့ ချီးမွမ်းတာ (မှန်ပါ့)၊ ရှင်းပြီလား၊ ဘာရတုံး (အမြင်မှန်ရပါတယ် | ဘုရား)။

အမြင်မှန်ဆိုတော့ အမြင်ဟာ သမ္မာဒိဋ္ဌိ၊ သမ္မာက – မှန်ကန်တာ၊ ဒိဋ္ဌိက – မြင်တာ၊ သမ္မာဒိဋ္ဌိ အမြင်မှန်ရသွားပြီ ကွတဲ့၊ ဆန္ဒ – သမ္မာဒိဋ္ဌိ အမြင်မှန်ရသွားပြီ၊ သမ္မာက – မှန်တာ၊ ဒိဋ္ဌိက မြင်တာ၊ သမ္မာဒိဋ္ဌိ အစစ်ဖြစ်သွားပြီ။

သမ္မာဒိဋ္ဌိ အစစ်ဖြစ်တဲ့အတွက် ဒီအထဲ မိစ္ဆာဒိဋ္ဌိ ဝင်သေး ရဲ့ လား (မဝင်နိုင်ပါဘူး ဘုရား) ကျေနပ်ပြီလား၊ ဦးသံဒိုင်တို့ကော ကျေနပ်ပြီလား။ အမြင်မှန်ရသွားပြီဆိုပြီး ရှင်သာရိပုတ္တ ရာတို့က သာဓု သာဓု သာဓု ခေါ်လိုက်တယ်။

သူ့ညီ စုန္ဒကလည်း နောက်ကပါလာတယ်၊ အတူတူ လာမေးကြတာ မဟုတ်လား စုန္ဒက “ပုထုဇဉ်ပဲ၊ အမြင်မှန်တော့ ရနေတဲ့ ပုထုဇဉ်ပဲ၊ အမြင်မှန်ရနေတဲ့ ပုထုဇဉ်” တဲ့၊ အရိယာ ကနေပြီး ပုထုဇဉ် သိတယ်၊ အမြင်မှန်တော့ရတယ်။

မှန်တော့ မှန်နေတာပဲ၊ ရှင်သာရိပုတ္တရာကတောင် သာဓု အနုမောဒနာ ခေါ်သေးတာပဲ ဦးသံဒိုင်ရ၊ အမြင်တော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ ချုပ်ပျောက်သွားတာ၊ ချုပ်ပျောက်သွားတာ သူမြင်လို့၊ ဒါကြောင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ သူမလာပါဘူးဆိုတော့ အမြင် မှန်ရနေတော့ မောင်ထွန်းရင် ရှင်သာရိပုတ္တရာက အတော် ကျေနပ်နေတာ (မှန်ပါ့)။

ရှင်စုန္ဒ

သူ့ညီ စုန္ဒကလည်း ရဟန္တာကွ၊ ရှင်သာရိပုတ္တရာနဲ့ အတူတူပဲတဲ့၊ သူအငယ်ဆုံး၊ အငယ်ဆုံးက ရဟန္တာဖြစ်နေတော့၊

ဪ အကိုကြီးကတော့ သာဓုခေါ်တယ်၊ အမြင်ကတော့ မှန်တယ်၊ လူကတော့ ကိလေသာ မပါယ်ရသေးဘူး၊ သူက သိတယ်။

အမြင်သာမှန်ပြီး ကိလေသာ မပယ်ရသေးတာ ရှိသေး တယ် အမြင်မှန်ရတာက တစ်မျိုး၊ ကိလေသာ ပယ်တာက တစ်မျိုးပဲ၊ စိန္တာမယနဲ့သာ ပယ်သေးတာ၊ ဘာဝနာမယနဲ့ ကျန်သေးတယ်၊ (မှန်ပါ ဘုရား) ရှင်သာရိပုတ္တရာက အမြင်မှန် ရမှန်းတော့သိတယ်၊ သူလည်း ရဟန္တာ မဖြစ်မှန်းတော့ သိတော့ သိတာပဲ။

တရားတစ်ခုဟောပါရစေ

ရှင်စုန္ဒကတော့ နောက်က လူကိုး ဖွင့်ရတာပေါ့။ အရှင်ဘုရားတဲ့ တပည့်တော် တရားတစ်ခု ဟောပရစေ၊ ကြားက ဝင်ဟောတယ်၊ ဘယ့်နှယ်ကြောင့် ဒီတရား ကြားကနေ ဝင်ဟော ရပါလိမ့်မတုံး လို့ မောင်ထွန်းရင်က မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ပုထုဇဉ်ဖြစ်နေလို့ အထက်ကြိုးစားဖို့ ဟောရဦးမယ်။ ဒါဥပရိပဏ္ဏာသ ပါဠိတော်လို့မှတ်၊ မောင်ထွန်းရင် (ဘုရား) သဂြိုဟ်ထဲ မပါဘူးကွ၊ ဋီကာကျော်ထဲ မပါဘူး၊ ဒီဥစ္စာတွေ ဒီဟာတွေထဲမှာ ဒီအလုပ်တရားတွေက မပါဘူး။

ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာ သာဓု ခေါ်တာလည်း ဝိပဿနာ ဉာဏ်တော့ သူကိုက်တယ်၊ ဝိပဿနာမဂ်ပဲ သူရသေး တယ်၊ မဂ္ဂင်ရှစ်ပါး ပြည့်တဲ့ လောကုတ္တရာမဂ်တော့ သူ မရသေးဘူးလို့ ရှင်သာရိပုတ္တရာက သိတယ်။ သိပေမယ့်လည်း ဒီလောက်ဆိုရင် သူ သာဓုခေါ်တယ်၊ မောင်ကို ဒီလောက်ဆိုရင်သူ သာဓု ခေါ်တယ်နော် (မှန်ပါ့)။

မာနကြီးနေတာသိတယ်

ရှင်စုန္ဒကတော့ အစက အဆုံး နောက်ပိုင်းက နားထောင်နေတဲ့ ပုဂ္ဂိုလ်ကိုး၊ နောက်ပိုင်းက နားထောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့၊ ပုထုဇဉ် မာနကြီးနေတာကို သူက သိတယ်။

အဓိမာန ဖြစ်နေတာကိုး ဒါကြောင့် သူ့လည်ပင်း ဓါးနဲ့ လှီးသေလိုက်မယ် သူအမြင်မှန်ရလို့ သေရဲတာပေါ့ဗျ။ မောင်ကို မရဲဘူးလား (ရဲပါတယ် ဘုရား) သူ့အမြင်ကကော မှား သလားလို့ မေးရင် (မမှားပါဘူး ဘုရား)။

အမြင်ကတော့ မှန်နေတယ်၊ သို့သော် ပဟာတဗ္ဗ ကိစ္စနဲ့ ဒါတွေတော့ သူ မပယ်သေးဘူး၊ အပါယ်လားစေတတ်တဲ့ တဏှာ၊ အပါယ်လားစေတတ်တဲ့ မာန၊ အပါယ်လားစေ တတ်တဲ့ ဒိဋ္ဌိတွေ မပယ်သေးဘူး၊ ရှင်းပြီလား (မှန်ပါ)။

သူကတော့ ပယ်ပြီးပြီလို့ ထင်နေတယ်၊ ရှင်ဆန္ဒက ဘယ်လို ထင်သတုံး (ပယ်ပြီးပြီလို့ ထင်ပါတယ်)၊ ရှင်ဆန္ဒက မပယ်နိုင်သေးဘူး၊ သို့သော် သူ့ကိုယ်သူတော့ ရှင်ဆန္ဒက ပယ်ပြီးပြီလို့ ထင်တယ်။

ဘေးက ရှင်စုန္ဒ ရဟန္တာက ကြည့်လိုက်တော့ မပယ်ရ သေးဘူးတဲ့၊ သဘောကျပြီလား (မှန်ပါ)၊ အဲ့ဒါကြောင့် ကိုယ့်ဟာကိုယ် ချောနေတယ် ထင်ပေမယ့်လည်း၊ ဘေးက အရိယာနတ်တွေက အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေက ချောမှအချောကိုဗျ။

ကိုယ်တစ်ယောက်တည်း ကိုယ့်မှန်ကြည့် ချောနေလို့ မဟုတ်သေးဘူး၊ ဒါကြောင့် ရှင်စုန္ဒက ရိပ်မိတယ်၊ အဓိမာန ဖြစ်နေတယ်၊ အဓိက လွန်တယ်၊ မာနက မာန၊ မောင်ကို ဘာဖြစ်နေတုံး (အဓိမာန ဖြစ်နေပါတယ် ဘုရား)။

အဓိမာန ဖြစ်နေတယ်ဆိုတော့ သူ့အဓိမာနကို ဆိုး တယ်လို့တော့ မယူနဲ့၊ သူ့အမြင်လေး ရဖို့ကို လွယ်ပါ့မလား (မလွယ်ပါဘူး) မလွယ်ဘူး၊ သူ့အမြင်လေးရဖို့ မောင်ထွန်းရင် လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

မလွယ်ပေမယ့် သူ့စိတ်ထဲမှာ ငါရဟန္တာ ဖြစ်နေပြီလို့ ကိုသူထင်နေတာ၊ ဒါကြောင့် သေချင် သေပါစေ၊ ဓါးနဲ့ လှီးသတ်မယ်၊ နောက်ထပ် သေစရာ မရှိတော့ဘူး၊ ရှင်သာရိ ပုတ္တရာက ဒီလိုမသေပါနဲ့ ဆိုတာ ရိပ်မိလို့ တောင်းပန်တယ်၊ သဘောပါပလား၊ ဒီဝတ္ထုမှာ ပြောစရာ စကားတွေက မနည်းဘူးနော်။

ဒီအမြင်မှန်ရမှ အဖိုးတန်မယ်

အမြင်တော့ ဘယ့်နှယ်တုံး၊ မင်းတို့ စဉ်းစားကြည့် (မှန်နေတယ် ဘုရား) အဲ သူအမြင်မှန် ရသလို အားလုံး တရားနာတဲ့ ပုဂ္ဂိုလ်တွေ ဒီအမြင်မှန်ရမှ အဖိုးတန်မယ် သဘောကျ ပြီလား (မှန်ပါ)။

ကိုင်း ချုပ်ပျောက်သွားတာကို မြင်အောင်ကြည့် ရမည့် အလုပ်ဟာ တို့အလုပ်လို့ အစောကြီး ကတည်းက မှတ်ထား၊ ဝိပဿနာ ယောဂီတို့၏ အလုပ်၊ ရှင်းပြီလား မောင်ကို (ရှင်းပါပြီ ဘုရား)။

ဘာမြင်အောင် ကြည့်ရမှာတုံး (ချုပ်ပျောက်တာ မြင်အောင်ကြည့်ရမှာပါ ဘုရား) ချုပ်ပျောက်ကို မြင်တဲ့ဉာဏ် ရအောင်လုပ်ရမယ်၊ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပြီး သကာလ ချုပ်တာနဲ့ ပျောက်တာမြင်ရမယ်၊

“ခယဝယံ ဒိသွာ”တဲ့ ခယ က ကုန်တာ၊ ဝယက ပျောက်တာ၊ ကုန်ပျောက် တာလေးတွေ မြင်မြင်နေပါတယ်တဲ့၊ ဒါကြောင့် တပည့်တော် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ တပည့်တော် ပယ်ပြီးပြီတဲ့။

အတော် မာနကြီးနေတဲ့ လူလို့ မဆိုနိုင်ဘူးလား၊ မောင်ကို မာန မကြီးဘူးလား (ကြီးပါတယ် ဘုရား) လူမမာ ဆန္ဒဟာလေ (မှန်ပါ) မောင်ထွန်းရင် (မှန်ပါ့)။

ရဟန္တာဖြစ်မယ့်ပုဂ္ဂိုလ်၏အမြင်မှန်

ဘယ်အတွက် ကြီးတယ် ထင်တုံး၊ သူနောက်ထပ် သေစရာ မရှိဘူး၊ လည်ပင်း ဓါးနဲ့လှီး သေလိုက်မယ်၊ ရဟန္တာ သေတာကွ။

ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်၏ အမြင်မှန်ပါလားလို့ တရား တစ်ပွဲလုံးက ဆုံးဖြတ်ချက်ချ၊ ပယ်တော့ မပယ်နိုင်ဘူးတဲ့ အမြင်မှန်တာ တစ်မျိုး၊ ပယ်နိုင်တာတစ်မျိုး၊ သဘောကျပြီလား။

မဂ်အမြင်မဟုတ်သေးဘူး

အမြင်မှန်တာက တစ်မျိုး၊ ပယ်နိုင်တာက တစ်မျိုး ဆိုတော့ ခင်ဗျားတို့ နားထဲမယ် ကန့်လန့်ကြီး နေလိမ့်မယ်၊ အမြင်မှန်ရရင် ပယ်ပြီးသားဖြစ်ရမယ် ထုံးစံက၊ မဟုတ်ဘူးတဲ့၊ သူမြင်နေတာက ဝိပဿနာ အမြင်ချည့်မြင်နေတာ၊ မဂ်အမြင် မဟုတ်သေးဘူး၊ ဒါ ခွဲလိုက်၊ ရှင်းပြီလား။

ဝိပဿနာ ဉာဏ်ဆိုရင် မဂ္ဂင်ငါးပါးနဲ့ နေ့တိုင်း ပြော နေတာ သူ့အမြင်နဲ့ မှန်နေတာ၊ ဝိပဿနာ ဉာဏ်နဲ့တော့ အမြင်မှန်နေတယ်၊ ဝိပဿနာမဂ်အမြင်နဲ့တော့ မှန်တယ်၊ လောကုတ္တရာမဂ် အမြင်နဲ့တော့ မမှန်သေးဘူး၊ ကျန်သေးတယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲ့ဒါကို ခွဲမှတ်ရမှာ လူကြီးလူကောင်းတွေ လုပ်နေပြီး မင်းတို့ နာမနေနဲ့ဦး၊ သဘောပါပလား၊ ဝိပဿနာ အမြင်က ချုပ်ပျောက်တာသာ သူမြင်တာ၊ နိဗ္ဗာန်မမြင်ဘူး၊ ပေါ်ပလား။

ချုပ်ပျောက်တာသာ မြင်တယ်

ဝိပဿနာ အမြင်က (ချုပ်ပျောက်တာသာ မြင် | ပါတယ် ဘုရား) နိဗ္ဗာန်ကို (မမြင်သေးပါဘူး ဘုရား) အမြင် ဆုံးပြီလား (မဆုံးသေးပါဘူး ဘုရား) ဒါ ကွဲရမယ်၊ ဒီတစ်လုံး ကြားရတာနဲ့ မင်းတို့ သေပျော်တယ်ကွ၊ မောင်ထွန်းရင် ဒီတစ်လုံး ကြားရတာနဲ့ သေပျော်တယ်။

ဝိပဿနာ အမြင်နဲ့ မဂ်အမြင်ဟာ အတော်ခြားနား နေတယ်၊ မခြားနားဘူးလား။ ဝိပဿနာ အမြင်က ပဋ္ဌာန်းအလို ကိုးပြမယ်ဆိုတော့ “သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” ဝိပဿနာ အမြင်က ဝိပဿတိပဲ လာတယ်။ ဝိပဿတိ ဆိုတော့ ဝိပဿနာဉာဏ်ပေါ့ဗျာ။

ဒါက သင်္ခါရတရားမဟုတ်လားဗျာ၊ “သင်္ခါရေ အနိစ္စ တော ဒုက္ခတော အနတ္တတော ဝိပဿတိ” ဒါ ဝိပဿနာ အမြင်ကို ဟောနေတာ။

အဲ့ဒါ ရှင်စုန္ဒကလည်း ရဟန္တာဖြစ်သေးဘူး ဆိုတာသိတာပေါ့၊ သူ ဝိပဿနာ အမြင်ရှိသေးတာ ပဲတဲ့၊ သူ မဂ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ် မှ မဟုတ်သေးဘဲ၊ ဆိုတော့ ရှင်စုန္ဒက မရိပ်မိဘူးလား (မှန်ပါ)။

ဝိပဿနာအမြင်မှန်တယ်

အမြင်တော့ မှားသလားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမတုံး၊ ဝိပဿနာ အမြင်မှန်တယ်၊ မဂ်အမြင်တော့ လိုသေးတယ်၊ ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား) ဒါ ခွဲမှတ်ရမယ်။

ဒါ ခွဲမှတ်ပါလို့ ဆရာဘုန်းကြီးက ဒီဒကာတွေကို ဆုံးမနေတာက၊ သာမည ဆရာ ဆုံးဖြတ်ရင် မှားကုန်မှာ စိုးလို့၊ သာမည ဆရာက ဆုံးဖြတ်လိုက်လို့ ရှိရင်ဖြင့် ချုပ်တာတွေ မြင်တယ်၊ ပျက်တာတွေ မြင်တယ်၊ ဟာ မင်းအတော် နေရာ ကျနေပြီပေါ့ကွ၊ ပြောချင်ပြောချလိုက်မယ်၊

ဒီပါဠိတော်တွေ၊ မတွေ့တော့ကို မောင်ကို မခက်ဘူး လား (ခက်ပါတယ် ဘုရား) မောင်ထွန်းရင် ရိပ်မိပြီလား (မှန်ပါ့)။

ဒါ ဘာအမြင်တုံးတဲ့၊ ချုပ်ပျောက်တာ မြင်တာ ဘာ အမြင်တုံးတဲ့၊ ကဲ ကိုသံဒိုင်ကလည်း ဦး (ဝိပဿနာ အမြင်ပါ ဘုရား) ဝိပဿနာဉာဏ်၏ အမြင်၊ ဉာဏ်တော့ ဉာဏ်ပဲ၊ ဝိပဿနာဉာဏ် အမြင်ကွ ရိပ်မိပြီလား။ ဝိပဿနာဉာဏ်အမြင် သည် ဝိပဿနာမဂ်အမြင် လောကုတ္တရာ မဂ်အမြင် မဟုတ်သေးဘူး။

နှစ်နံပါတ်အမြင်ကျန်တယ်

အဲ့ဒါ ရှင်စုန္ဒက ရိပ်မိတယ်ကွ၊ လျှောက်တင်တာတွေ သူ အနားက ကြားနေတာ၊ ရှင်သာရိပုတ္တရာ သာဓုခေါ်တာ ဘာလို့ခေါ်တာတုံး၊ အို တစ်နံပါတ် အမြင်မှန်တယ်၊ ခေါ် ရမယ်။ နှစ်နံပါတ် အမြင် ကျန်တယ်ဆိုတာ သူသိတာပေါ့။ သူလည်း ရဟန္တာ ကိုယ်တော်မြတ်ကြီးပဲ (မှန်ပါ)။

ရှင်စုန္ဒကတော့ သူ သာဓုမခေါ်သေးဘူး၊ အမြင်တစ်ခု ကျန်နေသေးတယ်၊ အမြင်တစ်ခု ကျန်နေသေးတယ်၊ နောက်က ဝေဖန်ရတဲ့ သူဆိုတော့ သာဝေဖန်လို့ ကောင်းတာပေါ့ (မှန်ပါ့) သဘောပါပလား။

ကဲ ပါဠိတော်နဲ့ ကိုးပြမယ်၊ ဝိပဿနာ အမြင်ကို ဟောဒါက သင်္ခါရတရား၊ “သင်္ခါရေ အနိစ္စတော ဝိပဿတိ” “သင်္ခါရေ ဒုက္ခတော ဝိပဿတိ” “သင်္ခါရေ အနတ္တတော့ ဝိပဿတိ” ဆိုတော့ ချုပ်တာချည့်ပဲ မဟုတ်လားဗျာ၊ မကိုက်ဘူးလား။

ဒါ ဘာဉာဏ်အမြင်တုံး (ဝိပဿနာဉာဏ်အမြင် ပါ ဘုရား) ဒီထက်ကြီးတဲ့ ပါဠိတော် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဒါ ပဋ္ဌာန်းပါဠိတော် တန်းကုန်ပဲ။ ဒါ ဝိပဿနာ ဉာဏ်အမြင်ကို ဘုရားကိုက ဟောနေတာ၊ ကဲ ဒါ ကျေနပ်ကြ ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒီအမြင် မရဘဲနဲ့လည်း အသေအချာ စဉ်းစားပါ။ မဂ်အမြင်မရနိုင်ဘူး၊ လောကုတ္တရာ မဂ်အမြင်လည်း မရနိုင်ဘူး၊ ဒီအမြင်ဟာ ရှင်ဘုရင် ထွက်တော့မယ်ဆိုတော့ လက်ျာတောင် အရင် ထွက်ရသလို၊ လက်ျာတောင် ထွက်တဲ့အမြင် သူထွက် ပြီးရင်လည်း ရှင်ဘုရင် ထွက်ရတော့မယ် ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

လမ်းမဆုံးသေးဘူး

ဒါဖြင့် ဒီအမြင်ဟာလည်း တစ်ဝက်မှန်တယ် မောင်ကို ဆို၊ (တစ်ဝက်မှန်တယ်) လမ်းဆုံးပြီလား (မဆုံးသေးပါဘူး ဘုရား) မောင်ထွန်းရင် ( ဘုရား)၊ လမ်းမဆုံးသေးဘူးကွ။ လမ်းမဆုံးသေးဘူး ဆိုတော့ လမ်းဆုံးမြင်ဖို့ကို၊ အရှင်ဘုရား တပည့်တော်တို့ အမိန့်ရှိပါဆိုတော့ “နိဗ္ဗာနံ မဂ္ဂဿ” ဒါ – လမ်းဆုံးပဲ။

ခုနက “သင်္ခါရ ဝိပဿတိ” မဟုတ်ဘူးလား “နိဗ္ဗာနံ မဂ္ဂဿ” နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ နိဗ္ဗာနံ မဂ္ဂဿ၊ နိဗ္ဗာနံ ဖလဿ မရှိဘူးလား၊နိဗ္ဗာနံ ပစ္စဝေက္ခဏဿ မရှိဘူးလား။

နိဗ္ဗာန်မြင်တဲ့အမြင်မှာ အလုံးစုံပယ်တဲ့ အမြင်၊ တဏှာ မာန၊ ဒိဋ္ဌိ ပယ်တဲ့အမြင် ရိပ်မိပြီလား (မှန်ပါ)။

နိဗ္ဗာန် မမြင်သေးလို့ ရှိရင် တဏှာ မာန ဒိဋ္ဌိကို ငုပ်အောင်သာတတ်နိုင်တယ် ပြုတ်အောင် မတတ်နိုင်ဘူး၊ သဘောပါပလား၊ ငုပ်အောင်သာ တတ်နိုင်တယ် (ဒိဋ္ဌိမပြုတ် သေးဘူး) ဒိဋ္ဌိကို မပြုတ်သေးဘူး၊ မဂ်အစစ်မှ မပေါ်ရသေးဘဲ၊ ပေါပြီလား။

မဂ္ဂင်မှ ငါးပါးရှိသေးတာ ရှစ်ပါးမှ မပြည့်သေးဘဲ ဝိပဿနာ မဂ်ဟာ ရှစ်ပါးပြည့်တယ်လို့ ကိုသံဒိုင် တစ်သက်လုံးမယူနဲ့၊ ငါးပါးပဲ၊ အလွန်ကောင်းရင် ခြောက်ပါး၊ မောင်ကို မတ်ထား၊ အမြဲတမ်း ငါးပါးပဲ။

ဒါဖြင့် ‘အဋ္ဌင်္ဂိကော မဂ္ဂေါ’ ဆိုတာနဲ့ကော ပြတ်မသွား ပေဘူးလား၊ အဋ္ဌင်္ဂိကော-အင်္ဂါ ရှစ်ပါးပြည့်မှ၊ မဂ္ဂေါ – မဂ်ကွ။ အခု ပဉ္စင်္ဂိကော ဖြစ်နေတယ်၊ ငါးခု ဖြစ်နေတယ်၊ သဘောပါ ပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ပဉ္စင်္ဂိကော မဂ်နဲ့ အဋ္ဌင်္ဂိက မဂ်သည် အမြင် မတူဘူး၊ ခွဲခြားနိုင်ပြီလား၊ ရှေ့မှာ အမြင် မတူဘူးတဲ့ ပဉ္စင်္ဂိက မဂ်အမြင်က သင်္ခါရကို မြင်တယ်ကွ၊ သဘောကျပြီလား။

ပဉ္စင်္ဂိက မဂ်အမြင်က ဘာကိုမြင်တုံး (သင်္ခါရကို မြင်ပါတယ် ဘုရား)။ အဋ္ဌင်္ဂိက မဂ်အမြင်ကတော့ နိဗ္ဗာန်ကို မြင်တယ်။ မကွာဖူးလား (ကွာပါတယ် ဘုရား) ပေါ်ပြီလား။

ဝိပဿနာမဂ်ဆိုတာ

အဲဒီတော့ကို ရှင်စုန္ဒက သာဓု မခေါ်ဘဲနဲ့ တရား ဆက်ဟောမယ်လို့ စိတ်ကူးတယ်၊ ဘယ့်နှယ်ကြောင့် စိတ်ကူး ပါလိမ့် မောင်ကို အမြင်မဆုံးတော့ ပုထုဇဉ်ပဲ၊ ဝိပဿနာမဂ် ဆိုတာ ပုထုဇဉ်လည်း ရတာပဲ၊ ဘာထူးတုံး။ ဝိပဿနာမဂ် ဆိုတာ ပုထုဇဉ်လည်း ရတာပဲဆိုတာ သေချာပြီလား။

ကောင်းပြီ၊ ဒါဖြင့် ဝိပဿနာ မဂ်ဆိုတာ ပုထုဇဉ်ရတာပဲ ဆိုတာ ခင်ဗျားတို့ သိနေတော့၊ ဪ နိဗ္ဗာန်မြင်တဲ့ အမြင် မဟုတ်သေးဘူးဆိုတာကိုလည်း ကိုသံဒိုင်တို့ သေချာပြီလား (သေချာပါတယ် ဘုရား)။

လောကုတ္တရာမဂ်ကတော့

သူက သင်္ခါရကို မြင်တာ၊ နိဗ္ဗာန်က အသင်္ခတ၊ သင်္ခါရလား၊ အသင်္ခတလား (အသင်္ခတ) သဘောကျပြီလား၊ ဝိပဿနာမဂ်က ရှင်းရှင်းပြောကြပါစို့ သင်္ခတ အမြင်နော်၊ လောကုတ္တရာမဂ်က အသင်္ခတ အမြင်၊ အသင်္ခတ ဆိုတာ သင်္ခတ တရားတို့၏ လုံးဝချုပ်ငြိမ်း ရုပ်သိမ်းသွားတာကို မြင်တာ ဆိုတော့ မကွာဘူးလား (ကွာပါတယ် ဘုရား)။

အမြင်နှစ်ခု ရှင်းပြနေတာ

တစ်ခါ ရေတွက်လိုက်ပြန်တော့ကော ငါးပါးနဲ့ ရှစ်ပါး ကွာတယ်၊ အမြင်အားဖြင့် ဝေဖန်လိုက်တဲ့ အခါကျတော့ သင်္ခတ နဲ့ အသင်္ခတ ကွာတယ်၊ မကွာဘူးလား။

ဒါဖြင့် ရှေ့လည်းကွာတယ်၊ နောက်ကကော (ကွာပါတယ် ဘုရား) နောက်ကလည်း ငါးနဲ့ရှစ် ကွာတယ်၊ ရှေ့က သင်္ခတနဲ့ အသင်္ခတ ကွာတယ်၊ သဘောပါပြီလား။

ဒါ ရှင်းထားမှ ဖြစ်မယ်၊ ဒါ မရှင်းထားဘဲနဲ့ ခင်ဗျားတို့က သူများပါးစပ်လမ်းဆုံးနေမယ်ဆို သွားရောပေါ့ဗျာ။ ဒါ ဒီနေ့ – နေ့တိုင်းထက် အရေးကြီးတယ်လို့ မှတ်ရမယ်၊ ဘာကြောင့်တုံး ဆိုတော့ အမြင်နှစ်ခု ရှင်းပြနေတာ၊ မောင်ကို ရှင်းပြီလားကွ (ရှင်းပါပြီ ဘုရား)။

လောကီမဂ်က ဘာအမြင်တုံးကွာ (သင်္ခတ) လောကုတ္တရာမဂ် ရှစ်ပါးပြည့်တဲ့ မဂ်က ဘာအမြင်တုံး (အသင်္ခတပါ ဘုရား) အသင်္ခတဆိုတော့ ဒါကို ရှိသေးရဲ့ လာ (မရှိပါဘူး ဘုရား) သဘောပါပြီလား။

မဂ်မှာလည်း သင်္ခတမဂ်က ဘယ်နှစ်ပါးတုံး (ငါးပါ ပါ ဘုရား) အသင်္ခတမဂ်က (ရှစ်ပါးပါ ဘုရား) သူကလည် ထူးတယ်။ ဒီက အာရုံအကြောင်းမှာလည်း ထူးတယ်၊ အာရမ္မဏိက အကြောင်းမှာကော (ထူးပါတယ် ဘုရား) ယောဂီ ပုဂ္ဂိုလ်တို့ ဒီနှစ်ခု ရှင်းထားရမယ်။

ကိုယ့်ဟာကိုယ်ပြုံးနိုင်တယ်

ရှင်းပြီးတော့မှ အလုပ်လုပ်တော့ကို ကိုယ့်ဟာကိုယ် ပြုံးနိုင်တယ်၊ မပြုံးနိုင်ဘူး ဆိုတာ ကိုယ်ဟာကိုယ် သိတယ် နို့မဟုတ်ရင် ပြုံးတာကို ရမ်းပြီးဖြစ်နေမှာ၊ ရွှေကပ်ထားတဲ့ ချောကလက်ကို တကယ်ရွှေတုံး မှတ်ထင်နေရင်လည်း ပြုံးနေ ဦးမှာ မခက်ပေဘူးလား။

ကဲ ဒါဖြင့် ရှင်စုန္ဒက သာဓု မခေါ်ဘူးကွ မောင်ကို ဘာဖြစ်လို့ မခေါ်ပါလိမ့်မတုံးဆိုတော့ ဒီကလည်း သင်္ခတ ဒီကလည်း ငါးပါး၊ ဘယ်နေရာ သာဓုခေါ်လို့ တော်ပါ့မတုံး ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာကတော့ ခေါ်တယ်၊ ဘာပြုလို့ခေါ်တဲ့ နီးပြီဆိုတာ သိတယ်၊ ခေါ်တဲ့ ပုဂ္ဂိုလ်လည်း မှားတယ်လို့ မဆိုနဲ့ ဒီရောက်ဖို့ကို လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား) ဒီရောက်ဖို့ မလွယ်ဘူးဗျ။

ခင်ဗျားတို့ အလုပ်လုပ်ကြည့်မှသိမယ်။ ကိုင်း ရှင်စုန္ဒ ကတော့ သူ သာဓု မခေါ်ဘူး၊ ကဲ ဆန္ဒတဲ့ ဘုရားသခင် အဆုံးအမလေးကို နားထောင်စမ်းပါ တရားဟောတယ်။

ဘုရားအဆုံးအမ နားထောင်စမ်းပါ

ဘုရားသခင် အဆုံးအမလေး နားထောင်စမ်းပါ ဆိုပြီး သကာလ “နိဿိတဿ စလိတံ” နိဿိတဿ = မှီနေတဲ့ ပုဂ္ဂိုလ်အား၊ စလိတံ =လှုပ်သည်၊ ဟောတိ =ဖြစ်၏။ ရှင်စုန္ဒက ဟောလိုက်တယ်။

“အနိဿိတဿ စလိတံ နတ္ထိ” မမှီ တဲ့ ပုဂ္ဂိုလ် မလှုပ်ပါ ဘူး။ မှီနေရင် (လှုပ်ပါတယ် ဘုရား)၊ မမှီရင် (မလှုပ် ပါဘူး ဘုရား) ဒါ သူက ဟောလိုက်တယ်၊ မကုန်သေးဘူးပေါ့ဗျာ ဒီပါဠိတော်။

သို့သော် ဒါလေး နှစ်ခု ရှင်းပြမယ်။ မှီနေရင် ဘာတဲ့တုံး (လှုပ်ပါတယ် ဘုရား) မမှီရင် (မလှုပ်ပါဘူး ဘုရား)

ဒါကြောင့် တစ်နေ့က သူ့ဝတ္ထုမဆုံးပဲနဲ့ ဆုံးမတဲ့ သဘောနဲ့ ပြောလိုက်သေးတယ်၊ ဒါက လူလေး တစ်ယောက်၊ ဒါက တုံးကြီး၊ လူက ဒီလိုမှီနေတာ မောင်ထွန်းရင် (မှန်ပါ)။

တုံးက မငြိမ်လို့ အောက်က ပျော့လို့ လှုပ်သည်ဖြစ်စေ၊ အနေအထား မတည့်၍ လှုပ်သည် ဖြစ်စေ၊ မှီနေတဲ့လူ မလှုပ် ရဘူးလား၊ လှုပ်ရမှာလား (လှုပ်ရမှာပါ ဘုရား) ဘာဖြစ်လို့ တုံး (မှီနေလို့ပါ ဘုရား)။

မှီနေလို့ လှုပ်ရတယ်

မှီနေလို့ လှုပ်ရတယ်၊ မမှီရင် (မလှုပ်ပါဘူး ဘုရား)။ ဒီမှာလည်းတဲ့၊ သူက လည်းပင်း ဓါးနဲ့လှီး သေလိုက်မယ်လို့ ဆန္ဒက ပြောတယ်၊ ဒီခန္ဓာကြီးကို ဒီအတိုင်း ခံနေရတာ မကောင်းပါဘူး၊ ဆုံးသွားတာပဲ အေးပါတယ် ဆိုတော့ သူ့ခန္ဓာကြောင့် သူလှုပ်တာပဲ သူ့လည်ပင်း ဓါးနဲ့လှီးသေမယ်လို့ ဆိုတဲ့ ဥစ္စာ။

သူ့ခန္ဓာ မှီနေလို့ သူ ဒေါသတွေ စုပြီး သေမယ်လို့ ပြောတာ၊ ခန္ဓာကိုယ် ခင်တွယ်နေတော့ ဒီခန္ဓာကြီး ဝေဒနာ ကင်းရင် ကိစ္စ မရှိဘူး၊ ဝေဒနာ မကင်းလို့ သူပြောတာ၊ သတ်ပစ် တာ အေးတယ် ဆိုပြီး သူ့ခန္ဓာ တဏှာနဲ့ မှီမနေဘူးလား (မှီပါတယ် ဘုရား) မှီလို့ လှုပ်တာ (မှန်ပါ)။

သူမမှီလို့ ရှိရင် ဓါးနဲ့ လှီးသေမယ်ဆိုတဲ့ အပြောဟာ သုံးမှာမဟုတ်ပါဘူး။ ရှင်စုန္ဒကလည်း ရဟန္တာပဲ။

မမှီရင် မလုပ်ဘူး

“အနိဿိတဿ စလိတံ နတ္ထိ” အနိဿိတဿ မမှီတဲ့ ပုဂ္ဂိုလ်အား၊ စလိတံ လှုပ်ခြင်းသည်၊ နတ္တိ မရှိဘူး။

မမှီရင် ဓါးနဲ့ လှီးသေမယ်တို့ ဘာတို့ မလာပါဘူးတဲ့။ “စလိတေ အသတိ” စလိတေ =လှုပ်ခြင်းသည်၊ အသတိ = မရှိသည်ရှိသော်၊ ဒီခန္ဓာကို တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ နည်းနည်းမှ မစွဲတော့ဘူးဆိုရင်၊ ပဿဒ္ဓိ = ကိုယ်လည်း ငြိမ်ငြိမ်လေး နေမှာပဲ။ စိတ်လည်းငြိမ်နေမှာပဲ၊ ကိုယ်ရော၊ စိတ်ရော ငြိမ်ရမယ်၊ သဘော ပါပြီလား။

ငြိမ်းခြင်းသုံးမျိုး

ကိုယ်ရော၊ စိတ်ရော၊ ကိလေသာရော ငြိမ်းမယ်ဆိုရင် လှုပ်ကို မလှုပ်ဘူးတဲ့၊ ငြိမ်းခြင်းသုံးမျိုး ရှိတယ်လို့ မောင်ကိုက မှတ်ပါ။ ကိုယ်ငြိမ်း၊ စိတ်ငြိမ်း၊ ကိလေသာငြိမ်း၊ ဒါ-ဒီပါဠိက လာတာ ဥပရိပဏ္ဏာသ ပါဠိတော်က လာတာ။

“စလိတေ အသတိ ပဿဒ္ဓိ ဟောတိ၊ ပဿဒ္ဓိယာ သတိ နတိ န ဟောတိ” အဲ့ဒီ ကိုယ်ရော၊ စိတ်ရော၊ ကိလေသာရော ငြိမ်းမယ် ဆိုရင် ဘယ်ဘုံ၊ ဘယ်ဘဝမှ တဏှာက ပဋိသန္ဓေ မပေးနိုင်ဘူးတဲ့။ ပေးနိုင်ပါဦးမလား (မပေးနိုင်ပါ ဘုရား) ကိလေသာပါ ငြိမ်းသွားတာကိုး။

ဘုံဘဝကို တဏှာက ဆက်မပေးတော့ဘူး

ကိုယ်လည်း ငြိမ်းတယ်၊ စိတ်လည်း ငြိမ်းတယ်၊ ကိလေသာလည်း ငြိမ်းတယ်၊ ဘယ်ဘုံ၊ ဘယ်ဌာန၊ ဘယ်ဘဝကို တဏှာက ပေးစရာ လိုသေးလား (မလိုပါဘူး ဘုရား)။

‘‘နတိယာ အသတိ အာဂတိဂတိ နဟောတိ၊’’ တဏှာက ဘုံဘဝ ဆက်မပေးသည်ရှိသော် ဟိုဘဝမှ ဒီဘဝသို့၊ ဘဝတွေ ပြောင်းနေစရာလည်း မလိုတော့ဘူး လိုသေးသလား (မလိုပါဘူး ဘုရား)။

‘‘အာဂတိဂတိယာ အသတိ စုတူပပါတော နဟောတိ။’’ ဟိုဘဝမှ ဒီဘဝသို့ မပြောင်းနိုင်ဘဲ၊ စုတိ ပဋိသန္ဓေလည်း ချုပ်တာပဲကွတဲ့ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

‘‘စုတူပပါတေ အသတိ နေဝိဓ နဟုရံ နဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာတိ’’ တဲ့၊

တစ်ခါတည်းကွာ တဲ့ သံသရာမှာ အကျ မရှိတော့ ပါဘူးတဲ့၊ နိဗ္ဗာန်ဆိုတဲ့ နေရာသာ ရောက်ပါတယ်၊ သဘောပါ ပလား (ပါပါတယ် ဘုရား)။

ဒါလေး ဟောလိုက်တော့မှ သတိရတယ် ရှင်ဆန္ဒက မှီလို့ လှုပ်နေတယ်။ ရောဂါဒဏ် မခံနိုင်ဘူး၊ ဓါးနဲ့ လှီးသေတာ အေးတယ်၊ သူလှုပ်နေသေးတော့ တာကိုး၊ ရှင်စုန္ဒက ဒါ ဝင် ဟောလိုက် တော့မှ ဪ ငါ မှီနေသေးတယ်။

ခန္ဓာကိုယ်ကို ငြိနေသေးတယ်

မြင်တာတော့ အမြင်မှန်ပဲ၊ ခန္ဓာကိုယ်ကို ငြိနေသေး တယ်၊ မငြိဘူးလား (ငြိပါတယ် ဘုရား) ပရတော ဆိုတာနဲ့ မကိုက်သေးဘူး၊ ပရတော့ သူစိမ်းပြင်ပနဲ့ အတူထားကြည့် ရမယ်ဆိုတော့၊ သူ သူစိမ်းပြင်ပနဲ့မှ အတူထား မကြည့်နိုင်သေးဘဲ။

ခန္ဓာဟာ သူစိမ်းပြင်ပလို ကြည့်ရမှာ မဟုတ်လား။ သူ့ဟာသူ ထိုးလဲ သေသေ ဒီကြည့်တဲ့ သူနဲ့ မဆိုင်ဘူး ဒီလိုထား ရမှာမို့လား (မှန်ပါ) ဒါမှ မဂ်အမြင်ကျမှာကိုးဗျ (မှန်ပါ)။

ခုတော့ ဒီအမြင်က မရောက်သေးတော့ အမြင်က နည်းနည်းငြိနေသေးတယ်၊ အဲဒီကဲ့သို့ ငြိလုံးကလေး ရှိပြီး သကာလ နေတော့ကို ရှင်စုန္ဒက ဟောသေးတယ်၊ အဲဒီကဲ့သို့ ငြိလုံးကလေးရှိပြီး သကာလ နေတော့ကို ရှင်စုန္ဒက ဟောရမှာပဲ။ မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)။

အဲဒီတော့မှ သူက ဟောတာတောင်မှပဲ ရိပ်မိလှတာ မဟုတ်ဘူး အထင်က အတော်ကြီးတယ်၊ ဝိပဿနာအမြင်ကို မဂ်အမြင်ထင်နေတယ်၊ ဒါလေးကို အသေအချာ မှတ် (မှန်ပါ့)။ ဝိပဿနာမဂ် အမြင်ကို လောကုတ္တရာမဂ် အမြင်လို့ ထင်နေသေးတယ်။

ကျုပ်ကတော့ကို ခင်ဗျားတို့ကို အသေအချာ ခွဲပြတယ်၊ ဝိပဿနာ မဂ်အမြင်၊ လောကုတ္တရာမဂ် အမြင်၊ အကြောင်းဘက် ကလည်း မတူဘူး၊ အကျိုးဘက်ကလည်း မတူဘူး ဆိုတော့ အစ ကတည်းက ပိုမိုပြီး ရှင်းပြထားတယ်။

ဒါနဲ့ သူက တဇွတ်ထိုး ဆိုကြပါစို့ မောင်ကို၊ (မှန်ပါ) တဇွတ်ထိုးသမားဖြစ်တော့ ရှင်သာရိ ပုတ္တရာနဲ့ ရှင်စုန္ဒက ရှင်သာရိ ပုတ္တရာကလည်း သာဓု ခေါ်၊ ဒီကလည်း လိုသေးတယ်ဆိုပြီး ပြောသွားတာလေးနဲ့ သူတို့က လူမမာဆီက ဘုရားဆီ သွားကြ တယ်။

လည်းပင်ဓါးနဲ့လှီးတယ်

လူမမာမေးပြီး နှစ်ပါး ဘုရားဆီ သွားကြတယ်၊ လူမမာ က ကျန်နေတယ်၊ ကျန်နေပေမယ့် သူ့အမြင် သူက မလျော့ နိုင်ဘူး၊ သူ ရဟန္တာ ဖြစ်နေပြီ ဒါအမြင်မှန်ပဲ ချုပ်ပျောက်တာ မြင်တာ အမြင်မှန်ပဲ ဆိုပြီး သကာလ လည်ပင်း ဓါးနဲ့လှီးတယ် (မှန်ပါ)။

နိမိတ်တွေထင်လာတယ်

ရဟန္တာနှစ်ပါး လမ်းပဲရှိသေးတယ်၊ လည်ပင်း ဓါးနဲ့လှီးတော့ ကျုပ်မနေ့က ဟောတယ်၊ နိမိတ်က ထင်လာ တယ်၊ နိမိတ်က ဘာနိမိတ် ထင်လာတုံးဆိုတော့ ပုထုဇဉ်များ မြင်တဲ့ နိမိတ်တွေ လာထင်တယ်။

ဒီအချိန်မှာ “ငါ, ပုထုဇဉ်ပဲ ရှိပါသေးလား” ဆိုတာ ရိပ်မိလာတယ်။ အဲဒီတင်မှ အမြင်မှန်က တစ်ဝက် အမြင်မှန် ရနေတာ၊ မဟုတ်သေးပါဘူး ဆိုပြီး ထပ်ပြီး အားထုတ်ပြန်တယ်၊ သေခါနီးမှ။

ထပ်ပြီးအားထုတ်တယ်

ဝင်လေပြီး ထွက်လေ နှာသီးပေါက်က မထွက်ခင်လေး၊ ဒီအပေါက်ကထွက် သေတော့မှာ၊ အဲဒီ မလာခင် သူက အရှိန်ရထားတဲ့ ပုဂ္ဂိုလ်မို့ ဖျပ်ဖျပ်နဲ့ ဝိပဿနာဉာဏ်တွေ ဆက်ပြီး အားထုတ် လိုက်တော့ မဂ်ဉာဏ် ကူးသွားတယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်ပေါ်လာတော့ သူ နိဗ္ဗာန် အမြင်ရတယ် ဆိုကြပါစို့၊ နိဗ္ဗာန်အမြင်ရတော့မှ ယာဘက် ခေါင်းစောင်းပြီး သကာလ ၊ ရဟန္တာသေရင် ယာဘက် စောင်းသေရတယ်၊ ယာဘက် စောင်းပြီး သကာလ သေသွားတယ်။

ဟိုကိုယ်တော် နှစ်ပါးကလည်း အဘိညာဉ် ရတယ်၊ လမ်းကနေပြီး အဘိညာဉ်နဲ့ ကြည့်လိုက်တယ်၊ ရှင်ဆန္ဒ ဓါးလှီး သတ်ပါပေါ့လားလို့ သိတယ်။ သိတော့ ဘုရားဆီ ရောက်ကြရော ဆိုကြပါစို့။

ဘုရားက မင်းတို့ ဘယ်က လာကြတုံးကွ ၊ အို ဂိဇ္ဈကုဋ်တောင်ခြေမှာ ရှင်ဆန္ဒက မမာလို့ ဓါးလှီးသတ်ပါမယ် ဆိုလို့ တပည့်တော်တို့က ဝင်တရားဟောနေရတယ်။

အခု တပည့်တော်တို့ လမ်းရောက်ခါရှိသေးတယ်၊ သူ ဓါးလှီးပြီး သကာလ ခန္ဓာကိုယ် သူ့ဟာသူ သတ်ပစ်တယ်၊ အဲဒါ သူ့လားရာ ဂတိ တပည့်တော်တို့ ဟောစမ်းပါ၊ သဘောကျပြီလား (မှန်ပါ့)။

သွားရာဂတိဟောစမ်းပါ

သွားရာဂတိ ဟောစမ်းပါ ဆိုတော့ အို မင်းတို့ ပြောပြီး သားပဲကွ၊ မင်းတို့ကို သူက ဟောပြီးပြီတဲ့၊ ဘုရားက ပြန်ပြီး အဖြေပေးတယ်၊ ဘယ်လိုပြောသတုံး ဆိုတော့ ခုနက တရား စတုံးက ရှင်သာရိပုတ္တရာက မေးလိုက်တယ်၊ မင်းဓါးနဲ့တော့ လှီးမသေပါနဲ့ကွာ။

ပြုစုမဲ့သူ မရှိရင် ငါ ပြုစုပါ့မယ်၊ ဒကာ ဒကာမ မရှိရင် ငါတို့ကပဲ ဒကာ ဒကာမ လုပ်ပါမယ်၊ ဆေး၊ ကွမ်း စတဲ့ အလို ရှိလို့ရှိရင်လည်း ဆေး၊ ကွမ်း ပေးပါ့မယ်၊ ထောက်ပါ့မယ်။

“တပည့်တော် ဒါတွေ အစွဲအလန်း မရှိတော့ဘူး၊ ဒါတွေ အကုန်ပြည့်စုံပါတယ်၊ အစွဲအလန်း ရယ်လို့ မထားပါဘူး” အဲ အခုလည်း မစွဲလန်းဘဲနဲ့ သေသွားတယ်ကွ၊ တဏှာ၊ ဥပါဒါန် ပြုတ်သေတယ်၊ ရှင်းပြီနော် (မှန်ပါ)။

ရဟန္တာဖြစ်ပြီးသေသွားတယ်

တဏှာ၊ ဥပါဒါန် ပြုတ်သေသွားတော့ ရဟန္တာဖြစ်ပြီး သေသွားတယ်လို့ ဖြေလိုက်တယ်၊ သဘောပါပလား။

အာစိဏ္ဏကံ နဲ့ ရှေ့ပိုင်းက လုပ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ သေခါနီးမှာ ပြင်လို့ရတယ်။ သူ့ကြည့်စမ်း လှီးပြီးမှ ပြင်တာနော်၊ လည်ပင်းဓါးနဲ့ လှီးလို့ ထွက်လေလေး မထွက်ခင် ပြင်လို့ရတယ်။

လုံးဝ မရှိတဲ့ပုဂ္ဂိုလ် ဘာနဲ့ပြင်မှာတုံး၊ ခု နိမိတ် ထင်ပြီးမှ ပြင်လို့ရတာ၊ ပုထုဇဉ် နိမိတ်ဆိုတော့ သူ့ နတ်ပြည်တွေ ဘာတွေ ထင်လာမှာပေါ့ အဲဒါတွေ မြင်တော့မှ ဪ ငါ ဒါတွေ လိုချင်လို့ လုပ်တာမှ မဟုတ်ဘဲ ဆိုပြီး ပြင်ပစ်လိုက်တယ်။

ပြင်ပြီး ခုနက ဖြစ်ပျက် အဆုံးလိုက်တယ်၊ ဖြစ်ပျက် အဆုံးလိုက်တော့ ဖြစ်ပျက်အဆုံး နိဗ္ဗာန် တွေ့မှာပေါ့ (မှန်ပါ့) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

သူတွေ့တာက ဖြစ်တာ ပျက်တာ ချုပ်သွားတယ်၊ ချုပ်သွားတယ်သာ တွေ့တာ၊ ချုပ်သွားတာ ရပ်တာမှ သူမတွေ့သေးဘဲ၊ တွေ့ပြီလား (မတွေ့ပါ ဘုရား)။

မတွေ့သေးတော့ ခန္ဓာမှ မဆုံးသေးဘဲ၊ ခန္ဓာ မဆုံးတော့ နိဗ္ဗာန်လို့ ဆိုလို့ရပါ့မလား၊ ခန္ဓာ မဆုံးရင် နိဗ္ဗာန် မဟုတ်ဘူး၊ သင်္ခတဆုံးမှ အသင်္ခတ ရောက်မှာကိုးကွ၊ သဘော ကျပြီလား (မှန်ပါ)။

သေတာနဲ့ ရဟန္တာဖြစ်သော တစ်ချက်တည်းပဲ

သူ ဓါးနဲ့လှီးပြီးမှ ကြိုးစားလိုက်တော့ကို ဒီက မဂ္ဂင် ရှစ်ပါးကလည်း ပြည့်တယ်၊ သင်္ခတ နယ်ကလည်း ဆုံးသွားတယ်၊ ဆုံးသွားတော့ သေခါနီးကို လေးမဂ်ရတယ်၊ သမသီသိ ရဟန္တာ၊ သေတာနဲ့ ရဟန္တာဖြစ်တာ တစ်ချက်တည်းကွ (မှန်ပါ့)။

သူကလည်း ညံ့တဲ့သူ မဟုတ်ဘူး၊ အမြင်ဓာတ်ကို ကလည်း တော်တော်ကောင်းနေပြီ၊ အားထုတ် ထားတဲ့ အမြင်က တစ်ဝက်ရှိသေးတယ်၊ ဘဝင်မြင့်တာလေး ပိုသွားလို့ မပိုဘူးလား (ပိုပါတယ် ဘုရား) ရှင်းကြပြီလား။

ခင်ဗျားတို့ဟာ ခု ရန်ကုန်က ဒီကို လာကြတယ်။ ဒီအမြင်ကို ထူးထူးခြားခြား သိချင်လို့ လာတာ (မှန်ပါ) အဲဒီတော့ ပထမ ချုပ်ပျောက်တာ မမြင်ဘဲနဲ့ ဒုတိယ ချုပ်ပျောက် အဆုံးမြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး ဘုရား)။

ပထမချုပ်ပျောက်တာမြင်အောင်ကြည့်

ပထမ ချုပ်ပျောက်တာ မြင်အောင်ကြည့်ရမယ်၊ ဝေဒနာ လေးပေါ်လာတယ်၊ ဝေဒနာမြင်ရက် ဝေဒနာ မရှိတာလေး မြင်အောင်ကြည့်၊ ဝေဒနာလေးဖြင့် သွားပြီ၊ ဝေဒနာလေးဖြင့် မရှိဘူး၊ မရှိဘူးလို့ ဉာဏ်က အမြဲကြည့်နေရမယ်။

ဦးသံဒိုင်က ဘယ်စိတ်ကလေး ပေါ်လာ ပေါ်လာ၊ ဒီစိတ်လေး မရှိတော့ဘူး၊ ဒီစိတ်ကလေး မရှိတော့ဘူး ဆိုတာ မြင်အောင် ကြည့်ရမယ်၊ မြင်အောင်ကြည့်နိုင်လို့ရှိရင် ပထမ အဆင့် အောင်မြင်တယ်။

ရှင်သာရိပုတ္တရာ သာဓုခေါ်တဲ့ အဆင့် အောင်မြင်တယ်၊ ရှင်စုန္ဒ ကြိုက်တဲ့ အဆင့်တော့ မအောင်မြင်သေးဘူး၊ သဘော ကျပြီလား၊ ရှင်စုန္ဒနဲ့ ရှင်သာရိပုတ္တရာ ဒီနေရာမှာ ရှင်သာရိပုတ္တ ရာက လူကြီးမို့ ခတ်လျော့လျော့၊ ရှင်စုန္ဒကတော့ လူငယ်ဆိုတော့ မှန်ရာ ပြောရလိမ့်မယ်၊ မောင်ကို မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အမြင်က နှစ်မျိုးရှိတယ်

အဲဒါ စဉ်းစားကြည့်တော့မှ ဪ အမြင်ဟာ နှစ်မျိုး ရှိပါလားဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား) သင်္ခါရမြင်တာက တစ်မျိုး၊ သင်္ခါရ ချုပ်ပျောက်တာ မြင်တဲ့အမြင်သည် ဝိပဿနာအမြင်။

သင်္ခါရ ချုပ်ပြီး အကုန်ချုပ်ဆုံးသွားတာ မြင်တဲ့အမြင်၊ နောက်ထပ်မလာတဲ့ အမြင်က ဘယ်သူ့ အမြင်ဆိုကြမတုံး လောကုတ္တရာမဂ် အမြင်၊ ရှစ်ပါးအမြင်၊ သင်္ခါရမြင်ရင် ငါးပါး အမြင်၊ အသင်္ခတမြင်ရင် (ရှစ်ပါးအမြင်ပါ ဘုရား) ဒါလေးကို မှတ်ပါဦး။

သင်္ခတမြင်ရင် (ငါးပါးအမြင်) အသင်္ခတမြင်ရင် (ရှစ်ပါးအမြင်ပါ ဘုရား) ရှစ်ပါးအမြင် ဆိုတော့ ဝိပဿနာ ဆိုတာဟာလည်း အမြင်ဓာတ်၊ သင်္ခတကို မြင်တာ၊ မဂ်ဟာကော အသင်္ခတကို မြင်သောကြောင့် အမြင်ဓာတ်ပဲ၊ မြင်တဲ့ တရားချည့်လို့ မဆိုနိုင်ဘူးလား။

တချို့ နေရာ ဝိပဿနာ အကြောင်အကျားတွေက အတော်ဆိုးတယ် မောင်ကို လွတ်သွားတယ်၊ ဒီက အမြင်ချည့် ဟောနေတာ မောင်ထွန်းရင် ရိပ်မိပြီလား။

တချို့နေရာ ဝိပဿနာ တစ်မဂ်ရ လစ်သွားလိုက်၊ နှစ်မဂ်ရ လစ်သွား၊ လစ်ရအောင် ပါရဲ့လား (မှန်ပါ)။ ဝိပဿနာအမြင်ဟာ သင်္ခတကို မြင်ရမယ်။ မဂ်အမြင်က အသင်္ခတ ဖြစ်တဲ့ နိဗ္ဗာန်ကို မြင်ရမယ်၊ လစ်တာ ပါသေးလား။

လစ်တာ မပါမှ သူ့ဟာ အကိုက်၊ ပါဠိတော်နဲ့ ကိုးပြ စမ်းပါဆိုတော့မှ “သင်္ခါရေ အနိစ္စတော ဝိပဿတိ” ဝိပဿတိ- မြင်၏ (ဝါ) ရှု၏ (မှန်ပါ)။

နိဗ္ဗာနံ မဂ္ဂဿ၊ သဘောကျပြီလား။ နိဗ္ဗာနံ – နိဗ္ဗာန် သည်၊ မဂ္ဂဿ – မဂ်အား အာရမ္မဏ သတ္တိနဲ့ ကျေးဇူးပြုတယ် ဆိုတော့ နိဗ္ဗာန်ပေါ်မှ မဂ်ပေါ်တယ်၊ သဘောကျ ပြီလား (မှန်ပါ)။

နိဗ္ဗာန်က အာရမ္မဏ ပစ္စည်း၊ ဟုတ်ပါရဲ့လားလို့ ဆိုတော့ “နိဗ္ဗာနံ ဖလဿ၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ” နဲ့ ကိုက်ကြည့်တော့ တန်းမနေဘူးလား၊ မောင်ကို သဘောကျရဲ့လား (မှန်ပါ့) ပဋ္ဌာန်း ပါဠိတော်နဲ့တော့ ရှင်းနေတာပဲ (မှန်ပါ)။

အဲဒီတော့ ဒီပါဠိတော်တွေ လွတ်ပြီး ပြောဆိုတဲ့ စကား ဟူသ၍ အမှန်ယူလို့ တော်ပါ့မလား၊ လစ်တယ် လို့ကို ပါလို့ ရရဲ့ လား၊ လစ်လို့ မရဘူး ဆိုတာ သေချာပြီလား။ မောင်ထွန်းရင် တို့ သေချာပြီလား။

ဆက်သာရှုသွား မလျှော့နဲ့

ဒါ သေချာလို့ ရှိရင်ဖြင့် သင်္ခတလည်း မြင်ပါစေ၊ သင်္ခတမြင်ပြီး မလျှော့နဲ့ ဆက်သာရှုသွား၊ အသင်္ခတ ပေါ်လာ လိမ့်မယ်၊ ဒုက္ခသစ္စာ ပိုင်းခြားလိုက်တဲ့ အခါကျတော့ အသင်္ခတ၊ ဒုက္ခသစ္စာ လည်းချုပ်ရော သုခသစ္စာ ဆိုတာ မောင်ကို ပေါ်ရ မယ်ဆိုတာ မသေချာဘူးလား (မှန်ပါ)။

အဲဒီတော့ သင်္ခတမဂ်၊ ခင်ဗျားတို့ ဒီနေ့ မှတ်ရမှာက အသင်္ခတမဂ် ရှင်းပြီလား၊ ဘယ့်နှယ် ဆိုမတုံး (သင်္ခတမဂ်) သင်္ခတက တစ်မျိုး၊ မဂ်က တစ်မျိုး၊ အသင်္ခတမဂ်၊ အသင်္ခတက တစ်မျိုး မဂ်ကတစ်မျိုး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အသင်္ခတမဂ်ဆိုရင် ဘာမြင်တုံး

သင်္ခတမဂ်က ဘာမြင်တုံး ချုပ်တာလေးတွေချည့် မြင်နေတယ် သဘောကျပြီလား၊ အသင်္ခတ မဂ်ဆိုရင် ဘာမြင် မတုံးတဲ့ ၊ အမြဲတမ်းရှိတဲ့ နိဗ္ဗာန်ကို၊ မြဲတာကို မြင်တယ်။ ချုပ်တာကို မမြင်တော့ဘူး။ နိဗ္ဗာန်က ဓုဝ နိဗ္ဗာန်ကိုး၊ နိစ္စ နိဗ္ဗာန်၊ ရှင်းပြီလား။

ချုပ်တာမြင်သလား၊ မြဲမြံ ခိုင်ခံ့တည်တန့်တဲ့ နိဗ္ဗာန် မြင်သလား၊ မြဲမြံ ခိုင်ခံ့တည်တန့်တဲ့ နိဗ္ဗာန်ကို မြင်တယ်ဆိုတော့ အမြင်ခြင်း မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒီတော့ အသင်္ခတ အမြင်မှသာလျှင် တဏှာ၊ မာန၊ ဒိဋ္ဌိအမြစ်နဲ့ တကွ ပြတ်တယ်၊ သဘောကျပြီလား၊ အမြစ်နဲ့တကွ ပြတ်သွားတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ လာနိုင်သေးရဲ့ လား၊ မဂ်အမြင်ကျရင်။

ဝိပဿနာအမြင်က ခဏတားတာ

ဝိပဿနာ အမြင်ဆိုလို့ ရှိရင် ဝိပဿနာချုပ်ရင် ပြန်ဆက်တယ် မနေ့က ပြောထားတယ်၊ ဝိပဿနာချုပ်လိုက် တာနဲ့ ခန္ဓာနဲ့ ပြန်ဆက်တယ်၊ မဆက်ဘူးလား (ဆက်ပါ တယ် ဘုရား)။

ခဏ တားတာ၊ မဂ်ကတော့ကိုတဲ့၊ ဒီမဂ္ဂင်ရှစ်ပါးသာ ပြည့်သွားမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေဟာ အပါယ်သွားစေတတ်တဲ့ တဏှာ၊ အပါယ်သွားစေတတ်တဲ့ ဥပါဒါန်၊ ဒိဋ္ဌုပါဒါန်ပေါ့ဗျာ၊ အပါယ် သွားစေတတ်တဲ့ကံ ဒါတွေဟာ လုံးဝ မလာဘူး။

လုံးဝမလာလို့ မောင်ထွန်းရင် ဒီအပါယ်လေးပါး ခန္ဓာ ကြီးဟာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) သောတာပတ္တိ မဂ်ကိုဗျ။

ဒါဖြင့် မဂ်အမြင်နဲ့ ဝိပဿနာအမြင်သည် ဒီဘက် သတ်ပုံခြင်းမှာလည်း မခြားနားဘူးလား၊ တဒင်္ဂအသတ်နဲ့ သမုစ္ဆေဒ အသတ်ကွာတယ်၊ မကွာဘူးလား။

တဒင်္ဂ အသတ်ဆိုတာ ခဏသာသေတယ်၊ တဏှာ၊ မာန၊ ဒိဋ္ဌိက သမုစ္ဆေဒ အသတ်ကတော့ သူနဲ့ ဆိုင်ရာ အမြစ်နဲ့ တကွ ပြတ်သေတယ်။ ဆိုလိုက်ကြပြီလား၊ ပေါ်ပြီလား။

အမြင်နှစ်ခု ရှင်းဖို့အရေးကြီးတယ်။

ဒါဖြင့် မင်းတို့ ခု တရားနာနေတာ တစ်နာရီ ရှိသွားပြီ၊ အမြင်နှစ်ခု ယနေ့ ရှင်းဖို့ အရေးကြီးတယ် ချုပ်ပျောက်တာ မြင်ရင် ဘာမဂ်ခေါ်မယ် (ဝိပဿနာမဂ်ပါ ဘုရား)။

ချုပ်ပျောက်တာ မမြင်ပါဘူးဘုရား၊ ခိုင်မြဲတာ နိဗ္ဗာန်ချည့် မြင်နေပါတယ်ဆိုရင် (လောကုတ္တရာ အမြင်ပါ ဘုရား)၊ အဲချုပ်ပျောက်တာ မြင်လို့ရှိရင်လည်း မောင်ထွန်းရင် မောင်ကို တို့ကမှတ်၊ လောကုတ္တရာ အမြင်ရောက်တော့မယ် တည်းတည်း ကျန်တော့တာ၊ တည်းတည်း ကျန်တာလေး ကိုလည်း ခင်ဗျားတို့ နိဂုံးချုပ်မှာ ပြောလိုက်မယ်။

မောင်ကို အနန္တရ ပစ္စယောဆိုတာ မရှိဘူးလား၊ အနန္တရ ပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတယ်၊ သဘောကျပြီလား။ အနန္တရပစ္စယော ဆိုတာ ဘာတုံး အခြားမရှိ မူ၍ (ကျေးဇူးပြုပါတယ် ဘုရား)။

ဪ ဒါ ဝိပဿနာ မဂ်သုံးခု ဆိုပါတော့ဗျာ၊ ဟော့ဒါ လောကုတ္တရာမဂ်၊ ဝိပဿနာမဂ် သုံးခု ချုပ်သွားရင် လောကုတ္တ ရာမဂ် လာရမယ်ဆိုတော့ အခြားရှိသေးရဲ့လား (မရှိပါ ဘူး ဘုရား)။

အနန္တရပစ္စည်းရှိမှ

ဝိပဿနာ မဂ်သုံးခု တစ်၊ နှစ်၊ သုံး ပရိကံ – ဥပစာ၊ အနုလုံ ဟုတ်လား၊ ဒါ ဝိပဿနာမဂ်တွေပဲ၊ ပြီးတော့ မဂ် လာ တယ်၊ သူက အနန္တရပစ္စည်းလို့ မဆိုနိုင်ဘူးလား တစ်၊ နှစ်၊ သုံးကို အနန္တရပစ္စည်းလို့ မဆိုနိုင်ဘူးလား။ ဟောဒါ အနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန်လို့ မဆိုနိုင်ဘူးလား။

ဒါဖြင့် ဒီ အနန္တရ ပစ္စည်း မရှိဘဲနဲ့၊ ဒီအနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)။

ဒါဖြင့် ဒီ ဝိပဿနာမဂ် မပေါ်ရင် ဒီလောကုတ္တရာ မဂ်မပေါ်နိုင်ဘူး၊ မောင်ထွန်းရင် ကျေနပ်ပြီလား၊ ဝိပဿနာမဂ် အနန္တရပစ္စည်း မရှိဘဲနဲ့ လောကုတ္တရာ မဂ် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။

ဒါဖြင့် ဒီအနန္တရပစ္စည်းကို ရှေးဦးစွာ ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားရမယ်၊ ပြီးတော့မှ ဒီအနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန်ကို ကိုယ်ပိုင်ရမယ်၊ မဆိုနိုင်ဘူးလား။

ဒါဖြင့် ဝိပဿနာမဂ်က ရှေ့သွား၊ ဒါက လောကုတ္တရာ မဂ်က နောက်လိုက်၊ သဘောကျပြီလား (မှန်ပါ) ဝိပဿနာ မဂ်က (ရှေ့သွားပါ ဘုရား)၊ လောကုတ္တရာမဂ်က (နောက်လိုက်ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာသည် အနန္တရပစ္စည်း၊ လောကုတ္တရာ မဂ်သည် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်လို့ မှတ်လိုက်၊ ရှင်းပြီလား၊ ဒါ သံယုတ်အဋ္ဌကထာမှာ ဒီအတိုင်းလာတာ။

အရုဏ်တက်ပြီလို့မှတ်

ချုပ်ပျောက်တာမှ မမြင်လို့ရှိရင် နိဗ္ဗာန်မမြင်နိုင်ဘူးကွ ဒါကို ရှင်းပြလိုက်တာ၊ သဘောပါပြီလား၊ ဟို နာမရူပရိစ္ဆေဒ ကျမ်းကတော့ ဒီလိုမလာဘူး အရုဏ်တက်ရင် နေမှ ထွက်ပါ့ မလားကွ မောင်ကို (ထွက်ပါတယ် ဘုရား) ဒါဖြင့် နေထွက်ခြင်း၏ အစ အရုဏ်တက်က ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ချုပ်ပျောက်တာမြင်ရင် အရုဏ်တက်ပြီလို့မှတ်၊ သေသေ ချာချာအရုဏ်တက်ပြီ၊ ဧကန် မဂ်တည်း ဟူသော နေထွက်တော့ မယ်ဆိုတာ ခင်ဗျားတို့ တထစ်ချ ဆုံးဖြတ်ချက်ချပြီးလုပ်ပါ။ ဒီဘဝ မဂ်ရမယ်။

လောကုတ္တရာမဂ်ရမယ်

ချုပ်ပျောက်တာမြင်ရင် ဒါသည် အရုဏ်တက်တာနဲ့ တူသည်၊ အရုဏ်တက်ရင် နေထွက် တော့မယ် ဆိုတာ မောင်ကို မင်းပြောထားတာဘဲ သေချာပြီးသားပဲ၊ သဘောကျပြီလား (မှန်ပါ)။

လောကုတ္တရာမဂ် အသေအချာရမယ်၊ ဘာမှ ခင်ဗျားတို့ သံသယ ရှိစရာ မလိုပါဘူး၊ ချုပ်ပျောက်တာ မြင်ပြီးရင် ဒါရတာပဲ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။