191

သံသရာမလည်ချင်ပါနဲ့တော့ (မိလက္ခရဟန်း)

အသံဖိုင်ခေါင်းစဉ်= မဂ္ဂဗြဟ္မစရိယအကျင့်တရားတော်

စာအုပ်ခေါင်းစဉ်= သံသရာမလည်ချင်ပါနဲ့တော့ (မိလက္ခရဟန်း)

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သံသရာမလည်ချင်ပါနဲ့တော့

(မိလက္ခရဟန်း)

ဟောကြားသည့်နေ့

(၁၉-၂-၆၁)

ဒကာ ဒကာမတို့ ရခဲတဲ့ ဘဝကြီးကို အလွဲသုံးစား အချိန်တွေနဲ့ဖြန်းပြီး သကာလ မပစ်လိုက်ကြပါနဲ့ ဆိုတာ ဘုန်းကြီးများ မေတ္တာရှေ့ထားပြီး ပြောကြားပါတယ် (မှန်ပါ ဘုရား)။

မရစဖူးအရထူးတဲ့ လူ့ဘဝ

အင်မတန် မရစဖူး အထူးတဲ့ လူ့ဘဝကြီးကို အလွဲ သုံးစားအချိန်တွေနဲ့ တဏှာခိုင်းတဲ့ အချိန်တွေနဲ့ ဖြုန်းပြီး သကာလ မပစ်လိုက်ပါနဲ့ဆိုတာ မေတ္တာရှေ့ထားပြီး ပြောကြားနေတယ်နော် (မှန်ပါ့)။

လူ့ဘဝ အင်မတန်ရခဲတယ်ဆိုတာ ဒကာ ဒကာမ တွေ သိပြီးသား ဖြစ်ပါလိမ့်မယ်၊ လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်း အသွားချင်း ထိဖွယ်ရာသာရှိ တယ်၊ လူ့ဘဝရဖို့က ဒါ့ထက် ခဲယဉ်းသေးတယ် ဆိုတော့ အတော့်ကိုပဲ အားထုတ်ပြီး သကာလ လူ့ဘဝရရပါလို၏ ဆိုတဲ့ ဒါန, သီလတွေနဲ့ တက်ပြီး သကာလ -လာခဲ့ကြရတယ် ဆို တဲ့ ဥစ္စာ နည်းနည်းနောနော တက်ခဲ့ ရတယ်လို ဦးခင်မောင် မမှတ်ပါနဲ့နော် (မှန်ပါ့)။

သံသရာမလည်ချင်ပါနဲ့တော့

အဲဒီတော့ အင်မတန်မရစဖူး အထူးတဲ့ လူ့ဘဝ ကြီးကို တက်လာတာလည်း ဆရာကောင်း, သမားကောင်းနဲ့ တွေ့ဖို့ ဘုရားသာသနာနဲ့ကြုံဖို့, ဟောတတ်တဲ့ ဆရာတွေ့ဖို့ သစ္စာတရားတွေ၊ ထောင်တတ်တဲ့ နားရှိဖို့ အင်္ဂါတွေက စုံလာ ပြန်တော့ ဪ လူ့ဘဝရရုံတွင် သာမကသေးဘူး၊ သာသနာတွင်းကြုံ ဆရာသမားတွေနဲ့လဲ အမျိုးမျိုးကြုံ၊ ဤကဲ့သို့ အကြံကြီးကြုံတဲ့ အထဲမှာဖြင့် ငါတို့ ကျွတ်တမ်းဝင်တဲ့ ဘဝဟာ ဒီဘဝပါကလားဆိုတာကို ဆုံးဖြတ်ချက် ချပြီး သကာလ သံသရာမလည်ချင် ပါနဲ့တော့ဆိုတဲ့ ဥစ္စာကို သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)

ခန္ဓာရှိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ချင်သလို ဖြစ်လိမ့် ဦးမယ်နော် (မှန်ပါ့) ခန္ဓာရှိလို့ အာသဝေါ မကုန်သေး လို့ရှိရင် ဖြင့် ဖြစ်ချင်သလိုဖြစ် လိမ့်ဦးမယ်ဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား)။

ဥပရိဒေဝီမိဖုရား

ဥပရီဒေဝီ မိဖုရားသည် ခန္ဓာရှိပါလျက်နဲ့ နောက်ချေးပိုး ထဲသွားပြီး မိဖုရားဘဝက စုတေပြီး သကာလ နောက်ချေးပိုး ဘဝ ဖြစ်ရတယ်ဆိုတော့ ဒကာ၊ ဒကာမတို့ ဒီအတိုင်းတော့ ယုံနိုင်စရာမရှိဘူး၊ ဖြစ်တာ ကတော့ဖြင့် အထင်အရှားပဲ ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (မှန်ပါ့ ဘုရား)

အင်မတန် ကြောက်စရာ ကောင်းတယ်ဆိုတာ မောင်ကိုတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အဲဒီ တော့ ကျုပ်တို့ သန္တာန်မှာလဲ တိရစ္ဆာန်ဖြစ်ဖို့ မျိုးစေ့ဟာလဲ ဘယ်ကလုပ်ပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ကျုပ်တို့ ဝမ်းထဲမှာ ရှိတဲ့စိတ်တွေက လုပ်တာပဲနော် (မှန်ပါ့)။

ကိလေသာကလုပ်တာ

ဪ ငရဲအိုးတွေဟာ ဘယ်သူကများ သွား တည်ပါလိမ့်မတုံး ငရဲမှာ ငရဲမီးတွေ တဟုန်းဟုန်း တောက်ပြီး ငရဲအိုးတွေက ပွက်ပွက်ဆူပြီး သကာလ နေတာ ဘယ်ကများ ဘယ်သူတွေဆောက်လို့ ဘယ်လက်သမားနဲ့ ဘယ်ပန်းရံကများ လုပ်ထားပါလိမ့် မလဲဆိုတော့ ဝမ်းထဲ မှာရှိတဲ့ ကိလေသာက လုပ်တယ်လို့သာ အောက်မေ့ ပါ (မှန်ပါ့ ဘုရား)။

ဘယ်ကလုပ်သတုံး (ဝမ်းထဲမှာရှိတဲ့ ကိလေသာ ကလုပ်ပါတယ် ဘုရား) ဝမ်းထဲရှိတဲ့ ကိလေသာက လုပ်တာ ပဲနော် (မှန်ပါ့) ကောင်းပြီ ဒါဖြင့် တိရစ္ဆာန်ဘုံကြီးမှာ တိရစ္ဆာန်တွေဟာ အမျိုးစုံပဲ များပြားလှတယ် အဲဒီတိရစ္ဆာန် မျိုးစုံကို ဘယ်သူတွေက ဖန်ဆင်းပြီး ဘယ်သူက လုပ်ပါလိမ့် မလဲလို့ လက်သည်ရှာပြန်လဲ ဘာတွေ့ကြသလဲ (ဝမ်းထဲက ကိုလေသာပါပဲ ဘုရား)။ – ဝမ်းထဲက ကိလေသာပဲ လုပ်တယ်ဆိုလို့ရှိရင်ဖြင့် မှားနိုင်ပါ့မလား (မမှားနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ကိလေသာ ဒဏ်ချက်သည် အတော်ပြန်းထန်ပါကလားဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ကိုယ်လုပ်ထားလို့ ကိုယ်ဖျက်ရင်ဖြစ်တယ်

အဲဒါကြောင့် ကိလေသာဒဏ်ချက် အင်မတန်ပြင်း ထန်သောကြောင့် ဒကာ၊ ဒကာမတို့ ကိုယ်လုပ်ထားလို့ ကိုယ်ဖျက်ရင်လဲ ဖြစ်ပါတယ်ဆိုတာ ဘုန်းကြီးက လေးစား စွာနဲ့ သတိပေး လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဝမ်းထဲက ဟဒယဝတ္ထု မနောအကြည်ပေါ်က, ပေါ်တဲ့ အကုသိုလ်ဇောတွေက ငရဲဘုံကြီးလဲ သူတည်ထောင် လိုက်တယ်၊ တိရစ္ဆာန်ဘုံကြီးကော (သူတည်ထောင် ပါတယ် ဘုရား) ပြိတ္တာ ဘုံကြီးကော (တည်ထောင်ပါတယ် ဘုရား)။

ဪ ဘယ်သူကများ တည်ထောင်ပါလိမ့် မလဲ (ဝမ်းထဲက ကိလေသာကပါ ဘုရား) ဝမ်းထဲက ကိလေသာတွေက ဟဒယဝတ္ထုပေါ်မှာ ပေါ်တဲ့ကိလေသာ တွေက တည်ထောင်တယ် ဆိုတာ ဒကာ၊ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်လုပ်တဲ့ငရဲမီးတွေ ကိုယ်တိုင်ငြှိမ်း

ကောင်းပြီး၊ ဒါဖြင့်လက်သည်ဖြင့် ပေါ်ပါပေါ့။ ကိုယ်လုပ်ထားတဲ့ ငရဲအိုး, ငရဲမီးတွေကိုယ်, ကိုယ်တိုင်ငြှိမ်း ရမယ်၊ မသေခင် ငြှိမ်းလို့များရမလား, မရဘူးလားဆိုတာလဲ အကဲခတ်ကြည့်ကြစမ်း (ရပါတယ် ဘုရား)။

ဪ ရတယ်၊ ဒကာ ဒကာမတွေ မသိမလိမ္မာ တုန်းကမိုက်ပြီး သကာလ ထားတဲ့ငရဲ သွားကြောင်း၊ ပြိတ္တာ ဖြစ်ကြောင်း သုံးဆယ့်တစ်ဘုံ လည်ကြောင်းတွေ လုပ်ထား ငြားသော်လဲ ဒီကနေပြီး သကာလ ဝမ်းထဲကနေပြီး လုပ်တော့ ဘုရားကရော ဘုန်ကြီးများကရော အားလုံးသော ပုဂ္ဂိုလ်တို့က သူတော်ကောင်းတွေက ဟ ဒီကနေ ဖျက်ရ တယ်ဆိုတာကော ယုံကြည်ကြပြီ (ယုံကြည်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုန်းကြီးတို့မှာ မီးပေး ထားတာက ဥပမာ ဒိုင်နမိုကြီးက လည်တယ်၊ မီးတွေရနေ တာ ဒိုင်နမိုကြောင့် မီးငြိမ်းချင်တော့လဲ ဒိုင်နမိုရပ်လိုက်ရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ဒီလိုပါပဲ ဒကာ ဒကာမတို့ ဝမ်းထဲက ကိလေသာ ဒိုင်နမိုကို ရပ်စဲလိုက်လို့ရှိရင်လဲ ခင်ဗျားတို့ ရှေ့က ခင်ဗျားတို့ လာရင် အဆင်သင့်ဖြစ်ဖို့ ငရဲအိုးတို့ ငရဲမီးလျှံတို့ တဟုန်း ဟုန်းတောက်နေတာတွေ ဒါတွေ ဒီကနေပြီး သကာလ ကိုင်း ငြိမ်းပါတော့မယ်ဆိုလို့ ရှိရင်လဲ ရနိုင်ပါသေးတယ်နော် (မှန်ပါ့ ဘုရား)။

မသေသေးတဲ့ အချိန်ကိုးဗျ (မှန်ပါ့) အချိန် ကလေး ကျန်ပြီး သကာလ နေသေးတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ အမျိုးမျိုး သူတော်ကောင်း တရားတွေနဲ့ တွေ့ကြရတော့ ဘုန်းကြီးများက ဪ တော်သေး တယ်၊ မသေနှင့်ကြသေးဘူး၊ လုပ်ထားတဲ့ အကုသိုလ်က တော့ဖြင့် သားရေး,သမီးရေး, စီးပွားရေးနဲ့ လုပ်ထားတာ တွေကတော့ နည်းတဲ့အကုသိုလ်တွေ ဆိုကြမလား (မဆိုကြ ပါ ဘုရား) အင်မတန်များတယ်လို့ဆိုတာ ဒကာသစ်တို့ ကိုမြရွှေတို့ သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်မှ အင်မတန်များကြောင်း ထင်ရှားတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) အို ဒါတွေက ဘယ်နေရာငြိမ်းရမတုံးဆိုတော့ အို ဘယ်က လာသတုံး၊ လာ နေတဲ့နေရာ ကငြိမ်း – ပြီးတာပဲ (မှန်ပါ့ ဘုရား)။

ဝမ်းထဲက ဟဒယဝတ္ထုပေါ်က အကုသိုလ်ဇော တွေကလာတယ်၊ ဒီအကုသိုလ်ဇောတွေကို ဘုန်းကြီးတို့က ဈာန်မဂ်ဇော တွေနဲ့ ဖြတ်လိုက်ပြန်လို့ရှိရင်လဲ မောင်ထွန်း လှိုင်, မောင်ကိုတို့ မပြတ်ဘူးလား ပြတ်မလား။ (ပြတ်ပါမယ် ဘုရား)။

ဒါဖြင့် ကိုယ့်အမြင်ကို ကိုယ်ရလိုက်လို့ ရှိရင်လဲ ခုနင်ကမီးတွေ ငြိမ်းသလိုပေါ့ဗျာ (မှန်ပါ့) အဲဒါကြောင့် ငရဲကို ကိုယ်တိုင်သွားရမှာ သိပြီးသား၊ ငရဲကို ကိုယ်တိုင်မြင် ပြီးသားတောင်မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်က တားနိုင်တယ် ဆိုတာ သေသေချာချာမှတ်ပါ (မှန်လှပါ)။

မိလက္ခရဟန်း

ကိုယ်တိုင်မြင်ပြီးသားနော် (မှန်ပါ) ငရဲကို တစ်ခါတည်းပြ, ပြလိုက်လို့ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကို ကိုယ့်ဆွေမျိုးတွေနဲ့တကွ အမျိုးမျိုးသော ငရဲသားတွေမြင်ရ အဲဒါတောင်မှ မဂ်တရား, ဖိုလ်တရား ရအောင် ကြိုးစား လိုက်တဲ့အခါကျတော့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ရပ်စဲ သွားတယ် ဆိုတာ ဘုန်းကြီး ခဏခဏ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အေး ဒါကြောင့် မိလက္ခလမ်းတို့ကို နည်းနည်းကလေး ဒကာ ဒကာမတွေ ထောက်ကြည့်ပါနော် (မှန်ပါ့) မိလက္ခရဟန်း ဆိုတာ ရဟန်း မဖြစ်ခင်က ဒကာ ဒကာမတွေ တောထဲ မုဆိုးကြီး လုပ်စား နေတယ် ဆိုတာ မှတ်လိုက်စမ်းပါဦးနော် (မှန်ပါ့)။

လူ့ဘဝအမုဆိုးကြီး

အဲဒီမုဆိုးကြီး လုပ်စားပြီး သကာလ နေတော့ မုဆိုး သက်ကရှည်တော့ လူစင်စစ်ကပဲ ဒကာ ဒကာမတွေ ပြိတ္တာ ဖြစ်တဲ့ဘုံ ရောက်သွားတယ် (မှန်ပါ့)။

လူစင်စစ် စုတေစိတ်မကျခင်က ပြိတ္တာဖြစ်တဲ့ဘုံ ရောက်သွားတော့ သူသည် တောထဲမှာ သားကောင်တွေ ပစ်စားပြီး ရေဆာတာနဲ့ ရဟန္တာ တစ်ပါးရှိတဲ့ ကျောင်းကို သွားလိုက်ပါတယ် (မှန်ပါ့) ရဟန္တာမထေရ်က မနက် စောစောကြီး ရေတွေခပ်ထားတာပေါ့။

သူကလဲ ရေဆာတာနဲ့ သားကောင်ကင်စားပြီး ရေ ဆာတာနဲ့ ရဟန္တာ ကျောင်းကိုသွားပြီး ရေသောက်မလို့ ရေအိုးနားက ရှိတဲ့ရေခွက်နဲ့ နှိုက်လိုက်တဲ့အခါ ရေအိုးက ရေမရှိဘဲနဲ့ ချောင်းချောင်း, ချောင်းချောင်း မြည်နေတယ် ဆိုတော့ ဦးခင်မောင်တို့ ရဟန္တာက မနက်အစောကြီး ခပ်ထားတယ် (မှန်ပါ့) ရေကသူသွားခပ်တဲ့အခါ ပျောက် နေပြီ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ သူသွားခပ်တဲ့ အချိန်တော့ ဘယ့် နှယ်ဖြစ်နေသတုံး (ရေပျောက်နေပါတယ် ဘုရား)။

ဟ ရဟန္တာက မနက်အစောကြီးက ခပ်ထား တာပါကလား။ ဒကာ ဒကာမတွေက ဘယ့်နှယ်ကြောင့် ပျောက်ပါလိမ့်မတုံးဆိုတော့ ဝမ်းထဲက ကိလေသာတွေက ဖျောက်ထားတာလို့ ဆိုကြစို့ရဲ့ (မှန်ပါ့) ဘယ်နှယ့် ဆိုကြမလဲ (ဝမ်းထဲက ကိလေသာတွေက ဖျောက်ထားပါ တယ် ဘုရား) ကိလေသာတွေကြောင့် ပျောက်ကုန်ပြီ။

လူစင် စစ်က ပြိတ္တာဖြစ်နေပြီ

ဒကာ၊ ဒကာမတို့ လူစင်စစ်ကဘဲ ရေအိုးကြီးတွေ ရာ သူသွားခပ်တဲ့ အခါ ချောင်းချောင်း, ချောင်းချောင်းနဲ့ အိုးသံသာ ထွက်တယ်၊ ရေက မပါလာတော့ဘူး (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ လူစင်စစ်က ပြိတ္တာ ဖြစ်နေတယ် ဆိုတဲ့ဥစ္စာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟာ ဒါဘယ်သူက ရေအိုး ရေကုန်အောင် လုပ်ပါလိမ့်မတုံးဆိုတော့ ဝမ်းထဲရှိတဲ့ ကိလေသာက လုပ်လိုက်တာ (မှန်ပါ့) မိုက်တဲ့ကိလေသာတွေက လုပ်လိုက် တယ်ဆိုတာ မရှင်းသေး ဘူး လား (ရှင်းပါပြီ ဘုရား)။

ရေအိုးထဲမှာ ရေအပြည့်ရှိတယ်

ဒါနဲ့ရေခပ်လို့မရတာနဲ့ သူက ညည်းလုံး ထုတ်တယ် တဲ့ ဦးခင်မောင်ရေနော် (မှန်လှပါ) ဪ ရဟန်းများမှာ ရွာထဲဆွမ်းခံစား မြို့ထဲဆွမ်းခံစားပြီး ကိုယ့်ကျောင်းသေနာ သနဝတ်ဆိုတဲ့ ရေကလေးမှ ပြည့်အောင် ခပ်မထားဘူး ဆိုပြီး သူ့ကညည်းလုံးထုတ်လိုက်တော့ ရဟန္တာက ဘေးနားမှ သင်္ကန်း ချုပ်နေတာနဲ့ ဒီလူ ဘယ့်နှယ်လူပါလိမ့်မတုံး ငါသည်ကားလို့ဆိုရင် မနက်ကပဲ ရေအိုးတွေ အပြည့်ခပ် ထားတယ်၊ အခုရေမရှိဘူးလို့ ပြောတယ်ဆိုပြီး ငါသွား ကြည့်ဦးမယ် ငါ့ရေအိုးက ပေါက်လေသလား အစိမ့်သန်လို့ လေလား ဆိုပြီး သွားကြည့်တဲ့အခါ ဒကာသစ်တို့ ကိုမြရွှေတို့ ဦးဇံရင်တို့ ရေအိုးထဲ ရေအပြည့်ပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဖြစ်သွားသလဲ (ရေတွေခန်းခြောက်နေပါ တယ်) ဒကာ ဒကာမတွေ ဥစ္စာရှင် သွားကြည့်တော့ ဘယ့်နှယ်ဖြစ်နေသတုံး (ရေတွေ အပြည့်ပါ ဘုရား)။

မုဆိုးလုပ်ထားတဲ့ အကုသိုလ်တွေ

ခုနင်က သူ မုဆိုးလုပ်ထားတဲ့ အကုသိုလ်တွေ ကြောင့် ရေကိုပျောက်နေတယ် (မှန်ပါ့) ကိလေသာ သတ္တိ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိလေသာသတ္တိဆိုတာ ဒကာ၊ ဒကာမတို့ မသေ ခင် ပေးသေးတယ်ဆိုတော့ သေလို့ရှိရင် သူ့မှာ ဆိုဖွယ်ရာ ရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလဲ ငယ်ရွယ်စဉ်အခါတုန်းက မသိခဲ့ကြတော့ လုပ်ချင်သလို လုပ်တဲ့ လောဘ, ဒေါသ, မောဟအလုပ်တွေက မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

ရဟန္တာခပ်ပေးမှ သောက်ရတယ်

အဲဒီ ကံတွေကိုလဲ ဒကာ ဒကာမတို့ အခုအသိ ဉာဏ်နဲ့ ဖျောက်ကြလို့ရှိရင် ရပါသေးတယ်၊ အချိန်ရှိပါ သေးတယ်ဆိုတာ ဘုန်းကြီးက ဒါပြောလိုလို့ ဒီဝတ္ထုထုတ် လာပါတယ် (မှန်ပါ့ ဘုရား) သဘောပါကြရဲ့လား (ပါ,ပါ တယ် ဘုရား)။

ဒါနဲ့ ရဟန္တာက ဟိုး ဒကာလာလာ လာလာ ခုနင်က ရေရှာမတွေ့တဲ့ မုဆိုးကို ခေါ်လိုက်တယ်၊ ဒါနဲ့ ရဟန္တာက ရေခွက်နဲ့ ရေခပ်ပြီး သကာလ ပေးလိုက်တော့ ဒကာသစ် ရေသောက်ရ ရှာတယ်နော် (မှန်ပါ့ ဘုရား)။

မသေခင်ကအကျိုးပေးနေပြီ

အဲဒီတွင်မှ သူ့အကုသိုလ်ကံဟာ မသေ ခင်ဘဲ အကျိုးပေးနေပါပေါ့လား- ငါသည်ကားလို့ဆိုရင် မမသခင်က လူပြိတ္တာ ဖြစ်နေပါပေါ့လားလို့ သူ့ဟာသူ သံဝေဂရတယ် (မှန်ပါ့ ဘုရား)။

သူ့ဟာသူ သံဝေဂရပြီး သကာလ အရှင်ဘုရား တပည့်တော်အဖြစ် တယ်ဆိုပါကလားဘုရာ့ အရှင်ဘုရား ခပ်ပေးတော့ ရေသောက်ရတယ်၊ တပည့်တော်ကိုယ်တိုင် ခပ်တဲ့အခါရေအိုးက ဂျွမ်းဂျွမ်း, ဂျွမ်းဂွမ်းမြည်ပြီး သကာလ ရေမရှိတဲ့အသံ ထွက်နေတယ်၊ ရေကိုမရှိပါဘူး၊ တပည့်တော် အပြစ်ဟာ အင်မတန် လေးနေပါပေါ့ကလား ဆိုတဲ့ ဥစ္စာ မောင်ကို သူ့ဟာသူ ရိပ်မိတယ် (ရိပ်မိပါ တယ် ဘုရား)။

သူ့ဟာသူ ရိပ်မိတော့ အရှင်ဘုရား ဒါပိတ်မင် ဆီးတားနိုင်တဲ့ တရားထူးတရားမြတ်များ ရှိပါရဲ့လား။ဟ ဒကာရှိတာပေါ့၊ ဒကာ ဒကာမတွေ ရှိတယ်လို့။ တာဝန်ခံသလား၊ မရှိဘူး တာဝန်ခံသလား (ရှိတယ်လို့ တာဝန်ခံပါတယ် ဘုရား)။

အဲ ဒီမှာလဲ ဒကာ ဒကာမတို့ ကိုယ့်သားရေး, သမီးရေး, စီးပွားရေးနဲ့ လုပ်လာတဲ့ အကုသိုလ်တွေက ပဋိစ္စသမုပ္ပါဒ်နဲ့ ပြုလိုက်တဲ့အခါကျတော့ ဦးခင်မောင် မျက်လုံးတစ်ခါဖွင့်လိုက်ရင် တဏှာ, ဥပါဒါန်, ကံ၊ နားတစ်ခါ နားထောင်လိုက်လို့ရှိရင် တဏှာ, ဥပါဒါန်, ကံစုထားလိုက်တာတွေ နည်းသလားဗျ (မနည်းပါ ဘုရား)။

အဲဒါတွေ ရှိပြီးသား ဖြစ်နေတော့ ကျုပ်တို့လဲ ခုနင် ကလို ရေသာ မပျောက်သေးတာပဲ၊ အကုသိုလ်ကံ ကတော့ ရှိတယ်ဆိုတာ အားလုံး တရားတစ်ပွဲလုံး ယုံကြည်ကြပလား ယုံကြည်ပါတယ် ဘုရား)။

ကယ်မည့်တရားရှိရင် အားထုတ်ချင်ပါတယ်

အေး ယုံကြည်ကြပါတော့ ယုံကြည်ကြပါတော့ ဒါနဲ့ သူရဟန္တာကို သွားလျှောက်တယ်၊ အရှင်ဘုရား တပည့်တော် အကုသိုလ်တွေ သိပ်အပြစ်ကြီးတယ်ဘုရား၊ လူစင်စစ်က ရေအိုး ရေအပြည့် ရေတွေ ပျောက်ရပါတယ် ဆိုတော့ အင်မတန် ဆိုးဝါးပါတယ်ဘုရား တပည့် တော်ကယ်မည့်ယူမည့် တရားကလေး ရှိရင်ဖြင့် တပည့် တော် အားထုတ်ချင်ပါတယ် ဆိုပြီး သကာလ ပြောတယ်။

သင်္ကန်းဝတ်မလား

ဒါဖြင့် မင်း သင်္ကန်းဝတ်မလားလို့ ရဟန္တာက မေးလိုက်တယ်၊ ဝတ်ပါ့မယ်ဘုရား ဆိုတော့ ဝတ်ပြီး သကာလ တရားအားထုတ်ခိုင်းလိုက်တယ်၊ မောင်ထွန်းလှိုင် တို့ မောင်ကိုတို့နော် (မှန်ပါ့)။

တရားအားထုတ်ခိုင်းလိုက်တဲ့ အခါမှာ သူက ဒကာ ဒကာမတို့ တရားတွေ မပေါ်လာဘဲနဲ့ ခန္ဓာကိုယ်က အနိစ္စ အချက်တွေ မပေါ်လာဘူး ဒုက္ခသစ္စာတွေ မပေါ်လာဘဲနဲ့ ကုက္ကုစ္စတွေ ပေါ်လာတယ် (မှန်ပါ့)။

ကုက္ကုစ္စ ဆိုတာ ပြုအပ်ပြီးသော ဒုစရိုက်မကောင်းတဲ့ တရားတွေ တွေးမိတယ်နော် (မှန်ပါ့) မပြုံလိုက်ရသေး တဲ့ သုစရိုက်တရားတွေ ငါ့မှာ အကုသိုလ်တွေတော့ လုပ်ပြီး ကုသိုလ်ကတော့ ငါ့မှာ မရှိသေးပါကလား ဟ၊ ဒီနှစ် ချက်ပဲ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ လာနေတယ် (မှန်ပါ့)။

တရားဖြစ်ပျက်တွေ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် ဒုက္ခသစ္စာ အချက်အလက်တွေ မြင်ပါရဲ့လား (မမြင်ပါ ဘုရား) အဲ သူ့စိတ်ကသူ့ကို နှိပ်စက်နေပြီ (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဘယ်သူက နှိပ်စက်ပါလိမ့် (သူ့စိတ်က နှိပ်စက်ပါတယ်အဲဒါ, ကုက္ကုစ္စလို့ ခေါ်တယ်နော် (မှန်ပါ့) ဒကာ၊ ဒကာမတို့ ဘာခေါ်ပါလိမ့် (ကုက္ကုစ္စခေါ်ပါတယ် ဘုရား)။

ကုက္ကုစ္စဆိုတာ

ကုက္ကုစ္စဆိုတာ ပြုပြီးသား မကောင်းမှုတွေ တွေးတယ်၊ မပြုရသေးတဲ့ ကုသိုလ်တွေကိုလဲ မပြုရသေးလို့ ခက်သေးဆိုတဲ့ အသွားတွေ လာနေတယ် (မှန်ပါ့)။ မောင်ကို ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)။

ပြုအပ်ပြီးသော ဒုစရိုက်ကိုလဲ ပြုအပ်ပြီးလို့ မှားလေ ခြင်း (မှန်ပါ့) မပြုရသေးတဲ့ ကုသိုလ်ဓမ္မတွေကိုလဲ မပြုရသေးလို့ ခက်လေခြင်း (မှန်ပါ့) ကုက္ကုစ္စဖြစ်တယ်နော် (မှန်ပါ့)။

ကုက္ကုစ္စဘယ်နှစ်ချက်ပါလိမ့်။ ဒကာ၊ ဒကာမတို့ (နှစ်ချက်ပါ ဘုရား) နှစ်ချက်နော် ပြုပြီးသား ဒုစရိုက်တွေ အတွက်လဲ သူ့မှာ ဪ ငါမသိလို့ လုပ်ခဲ့တာတွေ ဟာ တယ်ဆိုးပါကလား ဆိုပြီး ကုက္ကုစ္စ တစ်ချက် ဖြစ်လိုက်တယ် (မှန်ပါ့)

ကုသိုလ် တရားတွေ့ တော့လဲ ငါ့မှာဖြင့် အားမထုတ်ရသေးလို့ ခက်သေးတယ်ဆိုတဲ့ ကုက္ကုစ္စ ကလဲ မဖြစ်လားဗျာ (ဖြစ်ပါတယ် ဘုရား)။

အဲဒီ ကုက္ကုစ္စတွေ ဖြစ်ပြီး သကာလ နေတော့ နှစ်ရက်၊ သုံးရက်တိုင်တိုင် တရားအားထုတ် လိုက်တာ ဦးခင်မောင် တို့ ဖြစ်ပျက်ဆိုတဲ့ ခန္ဓာ၏ဝေဒနာဖြစ်ပျက်, စိတ်ဖြစ်ပျက်, ရုပ်ဖြစ်ပျက်ဆိုတဲ့ အနိစ္စာဝတသင်္ခါရာ အချက် အလက်တွေ ပေါ်ကိုမပေါ်လာဘူး (မှန်ပါ့ ဘုရား)။

ဘာနှိပ်စက်နေသလဲ (ကုက္ကစ္စ နှိပ်စက်နေပါ တယ်) သေသေချာချာမှတ်ပါ ဒကာ၊ ဒကာမတို့ ဘာ,နှိပ် စက်နေသလဲ (ကုက္ကုစ္စ နှိပ်စက်နေပါတယ် ဘုရား)။ အကုသိုလ်တွေ အောက်မေ့တယ်။

အကုသိုလ်တွေအောက်မေ့တယ်

ကုက္ကုစ္စဆိုတာ သုံးခါစေ့အောင် ပြောပါတယ် ဒကာ၊ ဒကာမတို့ ပြုပြီးသား အကုသိုလ်တွေ ပြန်အောက် မေ့နေတယ်၊ ငါမှားလို့ပြုတာတွေ ဒါလဲ ကုက္ကုစ္စပဲ (မှန်ပါ့ ဘုရား) မပြုရသေးတဲ့ ကုသိုလ်ဓမ္မ တွေလဲ ငါ့မှာ မပြု လိုက်ရလေခြင်း ဆိုတာကော (ကုက္ကုစ္စပါ ဘုရား)။

ဒါဖြင့် ပြုအပ်ပြီးသော ဒုစရိုက်, မပြုလိုက်ရသေး သော သုစရိုက်တွေကို အဖန်တလဲလဲ ပူပန်နေတာ ကုက္ကူ လို့မှတ်လိုက်စမ်းပါနော် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)

အဲဒီ ကုက္ကုစ္စက နှိပ်စက်ပြီး သကာလ နေတော့ ဪ ဒီရဟန်းကိုယ်တော်ကြီးကလဲ ငါ့ကို သနားလို့ သင်္ကန်းပေးပြီး သင်္ကန်းဝတ်ရတယ်၊ တရားလဲပေးပြီ၊ ငါကလဲ တရားလဲ မထင်လာ၊ ငါလုပ်တဲ့ အလုပ်တွေပဲ ငါကပြန်တွေး ပုတီးစိပ်နေတာကိုး၊ ငါတော့ဖြင့် ကျွတ်လမ်း လွတ်လမ်းတော့ မရှိပါဘူး ဆိုပြီး သူ့ဟာသူ အင်မတန် ဝမ်းနည်းတာနဲ့ အရှင်ဘုရား ဖြစ်ချင်သလို ဖြစ်ပါတော့ တပည့်တော် လူထွက်ချင်ပြီ (မှန်ပါ့)။

လူထွက်ချင်တယ်

ဒကာ၊ ဒကာမတို့ ဘာဖြစ်သွားသတုံး (လူထွက်ချင် သွားပါတယ် ဘုရား) လူထွက်ချင်တဲ့စိတ် ဖြစ်တယ်၊ တရားမှ အားထုတ်လို့မရဘဲကိုးနော် (မှန်ပါ့) တရား အား ထုတ်လို့မရတော့ လူထွက်ချင် တဲ့စိတ် ဖြစ်လာတယ် ဆိုတာတော့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ ရဟန္တာကတော့ ရိပ်မိတယ်။ မင်း လူထွက်ချင်လို့ရှိရင် မထွက်နဲ့ကွ ဆိုပြီး သကာလ လှည်းနှစ်စီးတိုက် သုံးစီးတိုက်လောက် ရှိတဲ့ သဖန်းသား ဆိုတာ ဒကာ၊ ဒကာမတွေ အစေးထွက်တဲ့ အသားဆိုတာ မြင်ဖူးကြပါလိမ့်မယ်နော် (မှန်ပါ့)။

သဖန်းသားအစိုတွေမီးရှို့ခိုင်းတယ်

အဲဒီ သဖန်းသား လှည်းနှစ်စီးတိုက် သုံးစီးတိုက်ပုံပြီး သကာလ သူ့ကို မီးစကလေးပေးပြီး သကာလ ကိုင်း မထွက်ခင် ဒါကလေး မီးလောင်အောင် စမ်းကွာ။

အစေးထွက်နေတဲ့ သဖန်းသားအစိုတွေ ဘယ့်နှယ်တုံး မောင်ကိုတို့ ဘာနဲ့ရှို့ရှို့ မီးလောင်ဖို့ အတော်ခဲ ယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) တောက်ပမလား (မတောက်ပါ ဘုရား) မတောက်နိုင်ဘူးဆိုတာ ရဟန္တာကလဲ သိတယ် (မှန်ပါ့)။

ဒါနဲ့ပဲ ဒကာ၊ ဒကာမတို့ ဒီဥစ္စာ အလုပ်တရား ဖြောင့်နိုင်တယ်ဆိုတာကို သတိထားပြီး နားထောင်ပါနော် (မှန်လှပါ) အလုပ်တရားက ဒါလောက်ပုဂ္ဂိုလ် ကယ်နိုင် တယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ထင်ရှားအောင်လို့ အင်္ဂုတ္တိုရ် အဋ္ဌကထာမှာ လာတာကို ပြောနေတယ်လို့ မှတ်လိုက်စမ်း ပါနော် (မှန်လှပါ ဘုရား)။

အဲဒါနဲ့ သဖန်းသားလှည်းသုံးစီးတိုက် အစေးတွေ ထွက် အစိုတွေဖြစ်နေတာကို မောင်ထွန်းလှိုင်တို့ မောင်ကို တို့ မီးခတ် မီးခြစ်တွေနဲ့ရှို့ လို့ လောင်နိုင်စရာမြင်ရဲ့လား (မမြင်ပါ ဘုရား)။

ငရဲအိုးတွေ၊ ငရဲခံရပုံတွေပြတယ်

ဒါနဲ့ သူ ရဟန္တာ သွားလျှောက်တယ်၊ အရှင်ဘုရား မီးရှို့ လို့ မလောင်ဘူးဘုရား၊ ဒီအစိုတွေက သိပ်ခက် တယ်။

အေး အေး မလောင် ဘူးဆိုလို့ ရှိရင် ခဏနေဦးကွာ ငါလာခဲ့မယ်ဆိုပြီး လာပြီး ဒီရဟန္တာက မြေနှစ်ခြမ်းခွဲပြီး သကာလ အောက်မှာ ငရဲအိုးတွေ၊ ငရဲထိန်း တွေ, ငရဲခံပုံတွေကိုပါ သူမြင်အောင် အဘိဉာဏ် နဲ့ ပြလိုက် ပါတယ်နော် (မှန်ပါ့ ဘုရား)။

ပြလိုက်တော့ အင်မတန် ကြောက်စရာကောင်း တယ် (မှန်ပါ့) ငရဲဆိုတာ တယ်ကြောက်စရာ ကောင်း တဲ့ အလုပ်ကြီး တစ်ခုပါကလား။

ဒါနဲ့ သူ့ရှေ့တွင်ပဲ မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ ငရဲမီးကလေး ပိုးစုန်းကြူး ကောင်ကလေး လောက် ရဟန္တာက သူ့ရှေ့တွင် သွားယူလိုက်တယ်၊ လက်ညှိုးနဲ့ လက်မနဲ့ညှပ်ပြီး သွားယူလိုက်တယ် (မှန်ပါ့)။

ငရဲမီးယူပြီး ရှို့ပြတယ်

ယူပြီးတစ်ခါ ကြည့်ကြည့်ပြီး သကာလ ပြလိုက် တယ်၊ ဒီ အခုနင်က လှည်းသုံးစီး တိုက် လောက်ရှိတဲ့ အစေးထွက် အစိုတွေဖြစ်နေတဲ့ သဖန်းသားပုံကြီးထဲ ထည့်လိုက်တာ ကျသည်နဲ့ တစ်ပြိုင်နက် အကုန်ပြာဖြစ်သွား တယ် (မှန်ပါ့) ငရဲမီးကလေး ပိုးစုန်းကြူး လောက်ကျလိုက်တာ အကုန်ပြာ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတို့ ငရဲခါးစည်းခံလို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) အင်မတန် ပြင်းထန်တယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခါးစည်းခံမယ်လို့ မကြွားလိုက်ပါနဲ့

အဲဒါ ခင်ဗျားတို့ကတော့ ခပ်ပေါ့ပေါ့ကလေး သုံးပြီး အို ကျုပ်တို့ကတော့ မတတ်နိုင်ဘူး၊ သားရေး, သမီး ရေး, စီးပွားရေးတော့ မကျွေးလဲ မနေနိုင်ဘူး၊ မလုပ်လဲ မနေနိုင်ပါဘူး၊ ရရာရကြောင်း တော့ဖြင့် မရှောင်နိုင်ဘူး၊ ထိုက်တန်သလောက်တော့ ကြိုးစားရမှာပဲ ငရဲရောက်လဲ ခါးစည်းခံရုံပဲ ဒီလိုတော့ မကြားလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

ခါးစည်းကြိုးလဲပေးမည့်လူ ရှိမယ် မဟုတ်ပါဘူး (မှန်ပါ့) ငရဲမှာ ခင် ဗျားတို့ ခါးစည်းကြိုး ပေးမည့်သူ ဘယ်သူ ကပေးမတုံး (မရှိပါ) မိတ်ဆွေများ ရှိသေးသလား (မရှိပါ ဘုရား) မရှိပါဘူး၊ သူ့မှာလဲ သူ့ဒုက္ခနဲ့၊ ကိုယ့်မှာလဲ ကိုယ့်ဒုက္ခနဲ့ပါ (မှန်ပါ့)။

အဲဒါကြောင့် ဒကာ၊ ဒကာမတွေ အပြောလွယ် သလောက် နေရာမကျတာတွေကလဲ ရှိပြီး သကာလ နေတော့တယ် ဆိုတာလဲ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တပည့်တော်အင်မတန်ကြောက်ပါပြီ

ကဲ ဒါနဲ့ မောင်မြရွှေတို့ ဦးဇံရင်တို့ ရဟန္တာက ကိုင်း မင်းသိပလား၊ ဒီလောက်ပြင်းထန်တဲ့ ငရဲမီးထဲမှာ နေရတာ မင်းမြင်ပလား၊ မြင်ပြီဆိုတော့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ကြောက်လာတယ် (မှန်ပါ့) ကြောက် တယ်။

ဒကာ ဒကာမတွေက ဘာဖြစ်လာသတုံး (ကြောက် လာပါတယ် ဘုရား) ကြောက်လာတယ် နော်၊ ထိုကဲ့သို့ ကြောက်လာတဲ့ အချိန်ကျတော့ အရှင်ဘုရားဒါဖြင့် တပည့် တော် အင်မတန် အမြင်အားဖြင့် အင်မတန် ကြောက်ပါပြီ။

သွားရမည့်လမ်း သေချာပြီးသား

ဒါ့ကြောင့် တပည့်တော် မထွက်တော့ဘူးဘုရား၊ တရားပဲ ကြိုးစားတော့မယ်ဆိုပြီး သကာလ ကယ်နိုင်တဲ့ တရားရှိရင် ကြိုးစားပါ့မယ်ဆိုတော့၊ ဟ ဝိပဿနာ ဉာဏ် ရှေ့သွားပြီး မဂ်တရား ဖိုလ်တရား ကြိုးစားရင် သေသေချာချာ ပျောက်တယ်ကွ မင်းမသွားရဘူး ဆိုတော့ သူသွားမည့် လမ်းကို ပြပြီးသား (မှန်ပါ့) ရှင်းကြပလာ (ရှင်းပါပြီ) သွားရမည့်လမ်း ဦးခင်မောင် သေချာပြီး သားလူလား၊ မသေချာသေးတဲ့ ပုဂ္ဂိုလ်လား (သေချာ ပြီးသားလူပါ ဘုရား)။

အဲဒီ သေချာတာ ဖျက်လို့ရတယ်၊ စိတ်ချပါ (မှန်ပါ့) သေချာတာ ဖျက်လို့ရပါတယ် ဆိုတော့ ဒကာ၊ ဒကာ မတွေ ဘာအားငယ်စရာရှိသလဲ (မရှိပါ ဘုရား)။

ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့အတိုင်း ဘုန်းကြီး ပြောတာတွေသာ လိုက်နာကျင့်ကြံပြီး လုပ်ရုံပဲ၊ ကျုပ်တို့မှာ ဘာမှပူစရာ မလိုပါဘူး (မှန်ပါ့)။

ဆရာဘုန်ကြီးနဲ့ အချိန်မီသေးတယ်

ဒါ့ကြောင့် ဒီဒကာ ဒကာမတွေနဲ့ ဒီဆရာဘုန်းကြီးနဲ့ အချိန်မီသေးတယ်ဆိုတာ မောင်ထွန်းလှိုင်, မောင်ကိုတို့ တို့က ကံကောင်းတာ (မှန်ပါ့ ဘုရား) ဆိုထိုက်, မဆို ထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အင်မတန် ဆိုထိုက်တယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ခင်ဗျားတို့ကလဲ မသေနှင့်၊ ဘုန်းကြီးကလဲ ကျန်းကျန်းမာမာနဲ့ရှိပြီး သကာလ အသေကမစောသေး၊ ဒီမှာ လာတွေ့ကြတာကိုး (မှန်ပါ့)။

ဒီမှာ လာကွေ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လုပ်ရင် ရတယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အိပ်ငိုက်မှာစိုးလို့ ခေါင်းပေါ်ရေစိုတင်

ဒါနဲ့ ဒီရဟန်းက တစ်ခါတည်း မင်းခန္ဓာကိုယ် မင်း ဖြစ်ပျက် အလုပ်တွေရှုကွာ၊ ဝိပဿနာ အလုပ်, လုပ်ကွာ ဆိုပြီး ပေးလိုက်တဲ့ အခါကျတော့ ကိုင်း ခုနင်က ငရဲ ငါကိုယ်တိုင် သွားရမှာလဲ သေချာပြီ၊ ငရဲမီးပြင်းထန်ပုံလဲ ပိုးစုန်းကြူလောက်က လှည်းသုံးစီးတိုက်လောက်ရှိတဲ့ သဖန်းသားတွေ ပြောင်သွားတာ ငါ့ရှေ့တွင် ဒီဟာပဲကယ် မည့်, ယူမည့်လူရှိတယ် ဆိုပြီး သကာလ ရဟန္တာက ပြောတဲ့ အတိုင်း ခန္ဓာကိုယ်ဖြစ်ပျက် ရှုပြီး သကာလ အိပ် ငိုက်မှာ စိုးလို့ ကောက်ရိုးမြက်ခွေကြီးများ ရေဆွတ်ပြီး သကာလ မောင် ထွန်းလှိုင်တို့ မောင်ကိုတို့ ခေါင်းပေါ်တင်လိုက် သေးတယ် (မှန်ပါ့ ဘုရား)။

ခြေထောက်ရေဆွတ်ထား

တစ်ချက်တစ်ချက်ကျရင် ငိုက်မျဉ်းတဲ့ ထိနမိဒ္ဓ မလာပါစေနဲ့လို့ (မှန်ပါ့ ဘုရား) ခြေထောက်မှာ ဂုန်အိတ်ကြီး စည်းပြီး သကာလ ရေဆွတ်ထားတယ်၊ ရေဆွတ်ပြီး အေးနေ တော့ ငိုက်တဲ့စိတ် လာနိုင်ပါ့မလား (မလာပါ ဘုရား)။

အဲဒီလိုလုပ်ပြီး သကာလ တစ်ခါတည်း အားထုတ် လိုက်တာ ဒကာ ဒကာမတို့ ဖြစ်ပျက် မြင်တယ်၊ ဖြစ်ပျက်မုန်း တယ်၊ ဖြစ်ပျက်ဆုံးတယ် ဆိုတဲ့ ၁,နံပါတ် သောတာပန်တည် တယ် (မှန်ပါ့)။

ဖြစ်ပျက်ဆုံးလို့ အနာဂါမ်တည်တယ်

နောက် နံပါတ်တစ်ခါ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး ဆိုတဲ့ သကဒါဂါမ် တည်ပြန်တယ် (မှန်ပါ့ ဘုရား)။ နောက်ကျတော့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးဆိုတဲ့ အနာဂါမ် တည်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ လုပ်လိုက်ပြန်တော့ သူ့လောက် အပြစ်ကြီးတဲ့ ပုဂ္ဂိုလ် ဒီအထဲမှာ တစ်ယောက်မှ မပါ, ပါဘူး (မပါ,ပါ ဘုရား) ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်သက်လုံး မုဆိုး လုပ်စားတဲ့လူ မပါ,ပါဘူး (မပါ, ပါ ဘုရား)။

အဲဒါ အနာဂါမ်တည်တော့ တစ်ခါတည်း သူသည် ကားလို့ဆိုရင် အင်မတန် ဝမ်းမြောက် ဝမ်းသာရှိပြီး သကာလ သူ့အတွက် ငရဲမီးနဲ့ ငရဲအိုးတွေ အကုန် ပျောက်ရတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ အဲဒါ သူရွတ်တဲ့ဂါထာပဲ။

အလ္လံ ပလာလပုဉ္ဇာဟံ၊

သီသေ နာဒါယ စင်္ကမိံ။

ပတ္တာသ္မိံ တတိယံ ဌာနံ၊

ဧတ္တမေ နတ္ထိ သံသယော။ (အင်္ဂုတ္တိုရ်၊ အဋ္ဌကထာ၊ ပ-အုပ်၊ ၂၉)

ဆိုတဲ့အတိုင်းပဲတဲ့၊ ငါဟာ ကောက်ရိုးတွေ ရေဆွတ် ပြီး သကာလ တရားအားထုတ် လိုက်တာနဲ့ကွာ အခု အနာဂါမ် တည်ပါတယ်။

ငရဲမီးဟုန်းဟုန်းတောက်ပြီးသားတွေ

ဒါကြောင့် တရား၏ တန်ခိုးဟာ ငရဲအိုးတွေ သေချာပြီသား ငရဲမီး တဟုန်းဟုန်း တောက်ပြီး သားတွေ ဒီကနေငြိမ်းလိုက်တာ ရတယ်ဆိုတာ သူ့ဝတ္ထုကပဲ (မှန်ပါ့ ဘုရား)။

လုပ်တုန်းကလဲ ငရဲအိုး ဘယ်ကနေတည်သလဲ (ဟဒယဝတ္ထုပေါ်က) ဝမ်းထဲအကုသိုလ်က တည်လိုက် တာပဲ (မှန်ပါ့)။

ငြိမ်းချင်ရင်ဘယ်ကငြှိမ်းရသလဲ

ဦးခင်မောင် ငရဲအိုး ဟိုမှာခင်ဗျားတို့ အစေခံတွေက တည်တာလား, ဝမ်းထဲက တည်ပေး နေတာလား (ဝမ်းထဲက တည်ပေးနေတာပါ ဘုရား) ငြိမ်းချင်တော့ ဘယ်ကနေ ငြိမ်းရသလဲ (ဝမ်းထဲက ငြိမ်းရပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုန်ကြီးက မနောကံ ဖြစ်တဲ့ ဝိပဿနာဉာဏ်ကို ပေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကလဲ အထမမြောက် မြောက်အောင်လုပ်မယ် ဆိုရင်ဖြင့် ကြွေးဟောင်းတွေ ကြေပါလိမ့်မယ် ဆိုတဲ့ ဥစ္စာ သေချာပါလိမ့်မယ် (သေချာပါတယ် ဘုရား)။

ကြွေးဟောင်းတွေကြေပါတယ်

ကြွေးဟောင်းတွေ ဘယ့်နှယ်တုံး (ကြေပါ တယ်ဘု ရား) ကြွေးဟောင်းတွေ ဒကာ ဒကာမတွေ အစပျောက်ပါလိမ့်မယ်ဆိုတာ ဦးခင်မောင် အားငယ်စရာ ရှိသေးသလား (မရှိပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးကြိုး စားစားလုပ်ပါလို့ ဘုန်းကြီးတိုက်တွန်းဖို့ မလိုဘူးလား၊ ကိုယ့်အကုသိုလ်တွေက မွေးကတည်းက ဘာမှမသိဘဲနဲ့ လာခဲ့တဲ့ပြောဟယ် ဟယ် မျက်စောင်းထိုး ဟယ် အမျိုးမျိုး အတင်းတွေ ပြောကြတယ်၊ ဒါတွေဟာ ဘာဆိုကြမတုံး မေးလို့ ရှိရင် အကုသိုလ် မှတစ်ပါး ဘာဆိုစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။

အဲဒါတွေကလဲ တဏှာ,ဥပါဒါန်, ကံ အဖြစ်နဲ့ မလာဘူးလား (လာပါတယ် ဘုရား) ဒေါသ သောက, ပရိဒေဝ, အဝိဇ္ဇာ သင်္ခါရအဖြစ်နဲ့ကော (လာပါတယ် ဘုရား)။

ကိုင်း ပဋိစ္စသမုပ္ပါဒ်တွေဟာဖြင့် ကံတွေစုထား လိုက်တာ တဏှာ, ဥပါဒါန်တွေက ကံတွေ စုထားလိုက်တာ မောင်ထွန်း လှိုင်တို့၊ မောင်ကိုတို့ နည်းသလားကွာ (မနည်းပါ ဘုရား)။

အဲဒီတော့ ဒီ,တဏှာသတ်လိုက်လို့ ရှိရင် တဏှာကကံတွေစုထားတာ မကောင်းတဲ့ကံလဲစု ဝဋ်လည် စေတတ်တဲ့ ကံတွေလဲစုထားတာ ဒီတဏှာ သေအောင်လုပ် လို့ရှိရင် ကံတွေပါ အဟောသိကံ မဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ယနေ့ဟောမည့် တရားသည် လူမိုက်နဲ့ လူလိမ္မာ ထူးခြားတာ ဟောပြီး သကာလ ခင် ဗျားတို့ကို အပြစ်တွေအကုန်ပျောက်ပြီး သကာလ ကယ်မည့် ယူမည့်တရားမို့ ကယ်ယူစရာကို ကိုယ်ကကိုယ်ပိုင် ဖြစ်အောင် လုပ်ထားပါ (မှန်လှပါ ဘုရား)။

ကယ်မည့်တရားကိုယ်ပိုင်ဖြစ်အောင်လုပ်

ကယ်ယူမည့်တရားကို (ကိုယ်ပိုင်ဖြစ်အောင် လုပ် ထားပါ) ကိုယ်ပိုင်ဖြစ်အောင် လုပ်ထားပါ။ ပေါ့ပေါ့မနာ ပါနဲ့လို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။

ဒီအထဲမှာ ဒကာ ဒကာမတွေအားလုံး အရင်းအချာ တွေပဲလို့ ဘုန်းကြီးစိတ်ထဲမှာလဲ ထားတယ်၊ အားလုံးသိစေ ချင်တာပဲ အားလုံးပဲ ဒီကံတွေကို ပျောက်စေချင်တာပဲ ဆိုတော့ ကံပျောက်တဲ့ ဆေးရှိသေးတယ် ဆိုတာကို သိရပါ တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်ကပျောက်နိုင်တယ်

အဲဒီတော့ ပျောက်တဲ့ဆေး ရှိသေးတယ်ဆိုတာ သိရ , တော့ ဒီကံ ဘာနဲ့ဖျောက်ရမလဲဆိုတော့ မဂ်နဲ့ဖျောက်မယ် (မှန်ပါ့) ဒီကံ ဘာနဲ့ဖျောက်ကြမယ် (မဂ်နဲ့ဖျောက်ကြ ပါမယ်) မဂ်နဲ့ဖျောက်မယ် ဆိုတော့ ဝိပဿနာမဂ် ဆိုရင်ဖြင့် သူလဲဖျောက်နိုင်တာပဲ (မှန်ပါ့)။

လောကုတ္တရာမဂ် ဆိုရင်ဖြင့် အမြစ်ပါ ဖျောက်နိုင် တယ်ဆိုတော့ အားငယ်စရာမရှိပါကလား ဝိပဿနာရှုရင်း သေသွားလဲ ကိစ္စမရှိဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟာ တစ်ခါတည်း သောတပတ္တိမဂ် ဆိုက်သွားတယ် ဆိုလို့ ရှိရင်လဲပြီးတာပဲ၊ ကြွေးဟောင်းတွေ ဘယ့်နှယ်နေ ကြသလဲ (ပျောက်ပါတယ်) အကုန်ပျောက်ပါတယ် (မှန်ပါ့) နောက်မိုက်လတ္တံ့၊ ကြွေးသစ်တွေကော လာသေးသလား (မလာပါ ဘုရား)။

ကြွေးဟောင်း၊ ကြွေးသစ်ပျောက်တဲ့တရား

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားသည် ကြွေးဟောင်း ကြွေးသစ်ပျောက်တဲ့တရား ဖြစ်လေ့ သောကြောင့် ငါ့တို့ကြွေးဟောင်းက သေချာတယ်၊ သံသရာရှည် တဲ့ကြွေးသစ်က တင်ဦးမှာ ဆိုတာကော မသေချာကြဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီလောက် သေချာနေပြီ ဖြစ်လေသောကြောင့် ဪ ကြွေးဟောင်းလှဲပျောက်၊ ကြွေးသစ်လဲ ဒကာ ဒကာမတွေ မပေါ်လာလို့ရှိရင်ဖြင့် လုပ်ထိုက်တဲ့တရားပဲဟေ့ (မှန်လှပါ ဘုရား) ဘယ့်နှယ် ဆိုကြမယ် (လုပ်ထိုက်တဲ့တရားပါ ဘုရား)။

လုပ်ထိုက်တဲ့တရား ခင်ဗျားတို့သားရေး, သမီးရေး, စီးပွားရေးကြောင့် ကိုယ့်ကြွေးကို ခန္ဓာနဲ့ ဆပ်မှာကို ဉာဏ်နဲ့ ဆပ်ပါ (မှန်လှပါ ဘုရား) ဘယ်လိုမှာတုံး (ခန္ဓာနဲ့ဆပ်ရမှာကို ဉာဏ်နဲ့ဆပ်ပါ) ခန္ဓာနဲ့ ဆပ်ရင် ငရဲသွားတော့ ခန္ဓာကြီးနဲ့ သွားရမှာကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာနဲ့ဆပ်ရမှာကို အခုဘာနဲ့ဆပ်ရမလဲ (ဉာဏ်နဲ့ဆပ်ရပါမယ်) ဉာဏ်နဲ့ ဆပ်လိုက်တော့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ပြီးသွားတယ်၊ ခုနင်က ပုဂ္ဂိုလ်ကနော် (မှန်ပါ့)။

အင်္ဂုလိမာလ

ကိုင်း တစ်ခါ သူ့ ထင်ရှားတော့ မနေ့က ပြောခဲ့တဲ့အတိုင်း အင်္ဂုလိမာလတို့ လူပေါင်းများစွာ သတ်တဲ့ ကံကြီးတွေဟာ နည်းသလား (မနည်းပါ ဘုရား) တိရစ္ဆာန် သတ်တဲ့ကံဟာ လူသတ်တဲ့ ကံလောက် ကြီးတာမဟုတ်ပါ၊ ဘူး (မှန်ပါ့)။

အဲဒါတောင်မှ မဂ်နဲ့ဖျောက်လိုက်တေ ဘယ့်နှယ် နေကြသလဲ (ပျောက်ပါတယ် ဘုရား) ပျောက်သွား တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဟို မုဆိုး သားသမီး ခုနှစ်ယောက်တွေ ချွေးမ ခုနှစ်ယောက်ရော သား ခုနှစ်ယောက်ရော တစ်သက်လုံး မုဆိုးလုပ်စားတာတွေ မဂ်နှင့်ဖျောက်လိုက်တော့ ဘယ်နယ်နေ ကြသလဲ (ပျောက်သွား ပါတယ် ဘုရား)၊ )

အားမငယ်ကြနဲ့ လုပ်မယ်သာစိတ်ကူး

ဪ ပျောက်တာချည်းပဲ ဆိုသဖြင့် တယ်ခက်ပါကလား ဒီတရားတို့အားကိုးရာ အစစ်မဖြစ် ဖြစ်အောင်လုပ် တော့မယ် မီးခဲသိမ်းနေပြီဟု ဆိုပြီး သကာလ ဦးခင် မောင် ဘာမှ အားမငယ်နဲ့ လုပ်မယ်သာစိတ်ကူး (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ ဘယ်လိုစိတ်ကူးရမယ် (လုပ်မယ်သာ စိတ်ကူး ရပါမယ်)။

အဲဒီတော့ လုပ်မယ်စိတ်ကူးတော့ သူ့ကို က ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ကိုလဲ့ တိုက်တွန်း ပါတယ်နော် တိုက်တွန်းတာလဲ သွယ်ဝိုက်တိုက်တွန်းတယ်လို့ မယူ ပါနဲ့ အမှန် ပြောတယ်လို့ပဲ ယူပါတော့နော် (မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာကိုယ်ကလေးက မွေးလာတယ် ပထမမွေးလာတယ်၊ သစ်ပင်ကလေးလိုပဲ သစ်ပင်ကလေး ဟာ ပေါက်စကတည်း ကိုက ကိုင်းလာတယ် ဆိုရင် ဒီသစ် ပြင်တော့ ဒကာ ဒကာမတို့ မြေပေါ် ပြန်ရောက်ရတော့မယ်။ ဒီကအညွန့်တွေ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ပေါက်ကတည်းက ဘယ်လိုပေါက်သတုံး (ကြင်း ပေါက်ပါတယ်) ကိုင်း ပေါက်တော့ ဒီနေရာမှာလဲ ပွဲတော့ တွေရတော့မယ် ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား) ဒီမှာ ခန္ဓာကိုယ် မွေးလာကတည်းက သေရာ ကိုပြေးနေတယ် (မှန်ပါ့)။

သေရာမရောက်သေးခင် တရားနာ

ခန္ဓာကိုယ်က ဘယ်ပြေးနေသလဲ (သေရာ ပြေးနေပါတယ် ဘုရား) အခုတရားလာနာရင်း ပြေးနေတယ် (မှန်ပါ့) တရားသာနာတယ် မောင်ကို ဘယ်ပြေးနေသတုံးဟေ့ (သေရာ ပြေးနေပါတယ် ဘုရား)။

ဪ မရောက်သေးခင် မင်းတို့တရားနာနေ တာပေါ့ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ်) ဘယ်လို ဆိုနိုင်ကြသလဲ (မရောက်သေးခင် တရားနာနေကြတာ ပါ ဘုရား)။

မရောက်သေးခင် တရားနာတာဖြစ်တော့ ဪ မင်းတို့ကတော့ဖြင့် အမျိုးမျိုးအဖုံဖုံ ဘယ်နေ့ကျတော့ ဘာလုပ်ဦးမလဲ၊ ဘယ်ဟာကျတော့ ဘာလုပ်ဦးမလဲဆိုတာ မင်းတို့ကလဲ ခန္ဓာကိုယ်ကြီးမေးတာမဟုတ်ဘူး (မှန်ပါ့) တဏှာခိုင်းရာသာ တစ်ခါတည်း ကျွန်သပေါက်ပီပီ လုပ်နေ့ တာပဲ။

ခန္ဓာကိုယ် ခင်ဗျားဘယ်လောက် နေမှာတုံး၊ ဟာ ငါဘယ်လောက်နေမယ်လို့ သူဘယ်တော့များ ပြောဖူးသတုံး (မပြောဖူးပါ ဘုရား)။

ထိုင်ရင်းလည်းသုသာန်ပြေးတယ်

မပြောဖူးတဲ့အထဲမှာ မင်းတို့က တဏှာခိုင်းတာနဲ့ပဲ လျှောက်ပြီး သကာလ လုပ်ချင်တာ တွေလုပ်, ရောင်းချင်တာ တွေ ရောင်း, ဝယ်ချင်တာတွေဝယ် ဆိုပြီး သကာလ နေကြတော့ ဘုန်းကြီး ပြောလိုတာက ခန္ဓာကိုယ်က သူမွေးကတည်း က စပြေးလာတာ သုသာန် မရောက်သေးလို့ရှိရင် သူ့အပြေး ရပ်ပါ့မလား (မရပ်ပါ ဘုရား)။

သူ့အလုပ်ကလဲ အခုထိုင်ရင်းလဲ ဘာလုပ်နေသလဲ။ (သုသာန် ပြေးနေပါတယ် ဘုရား) ထိုင်ရင်းလဲ သုသာန် ပြေးတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်များနေ သလဲ (သုသာန် ပြေးနေပါတယ် ဘုရား) ဪ ထ ရင်းတော့ကော (သုသာန် ပြေးပါတယ် ဘုရား) ထမင်းစား ရင်းကော (သုသာန်ပြေးပါတယ်) ထမင်းမစားခင်ထက် သုသာန်နဲ့နီးတယ် (မှန်ပါ့)မနီးဘူးလား (နီးပါတယ် ဘုရား)။

ထမင်းစားပြီးတဲ့အချိန်နဲ့ ရေသောက်တဲ့အချိန်နဲ့ ကော ဘယ်သူက သုသာန်နဲ့နီးသလဲ (ရေသောက်တဲ့အချိန် က နီးပါတယ် ဘုရား)။ ရေသောက်ပြီး သကာလ ဧည့်ခန်း ဝင်, ဆေးလိပ်ခန်း ဝင်တဲ့ပြီး ဆေးလိပ်သောက်တဲ့ အချိန်နဲ့ကော ဘယ်သူကနီးသလဲ (ဆေးလိပ်သောက်တဲ့ အချိန်က နီးပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ရပ်လို့ ဆီးလို့ ရကြပါရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မရပါ ဘုရား)။

သုသာန်မရောက်ခင် အတင်းကြိုးစားမှ

ဪ မရတဲ့ခန္ဓာကိုယ်ကြီးပဲ အဲ့ဒီတော့ သူက မရတော့ကို ကဲ မောင်မင်းကြီး ခန္ဓာကိုယ် သုသာန် မရောက်ခင် ကလေးကျုပ်သည် အတင်းကြိုးစားမှဆိုတဲ့ စိတ် ကလေးမွေးစမ်းပါ (မှန်လှပါ ဘုရား) သုသာန်မရောက်ခင် (အတင်းကြိုးစားမှ တော်ပါမယ် ဘုရား)။

သူကတော့ အပြေးရပ်မယ်မဟုတ်ပါဘူး (မရပ်ပါ ဘုရား) ဒီအထဲက မရ,အရဆွဲရတာပဲ (မှန်ပါ့) ဦးခင်မောင် ရေ သူပြေးတာတော့ ရပ်ပါ့မလား (မရပ်ပါ ဘုရား) အင်း တချို့မှာ မွေးပြီး သေသွား တာတွေလဲ ကိုင်းပေါက်လို့ ကိုင်းသလိုပဲ မြေပေါ်ရောက်သွားတာပဲနော် (ရောက် ပါတယ် ဘုရား)။

အဲ ဒီမှာတော့ အချိန်ကလေးနည်းနည်း ကျန် နေသေးတဲ့အဓိပ္ပါယ် ခင်ဗျားတို့မှာ ရှိနေသေးတယ် ဆိုတာ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။

ခန္ဓာကအပြေးသွားတယ်

အဲဒီအချိန်ကလေးမှာ အကြွေးတွေ အကုန်ဆပ် လိုက်ရမယ်ဆိုတော့ နှေးနှေးဆပ်လို့ တော်ပါ့မလား၊ ခန္ဓာက အပြေးသွားတယ် ကျုပ်တို့က နှေးနှေးလုပ်မယ်ဆိုလို့ တော် ပါ့မလား (မတော်ပါ ဘုရား) ခန္ဓာက ဘယ်လိုတဲ့ (အပြေးသွားပါတယ် ဘုရား)။

ခန္ဓာက သုသာန်သွားကာ အပြေးသွားတယ် (မှန်ပါ့) ကျုပ်တို့ တစ်နေ့နေ့လုပ်မယ် ဆိုတာက အနှေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခန္ဓာကတော့ သုသာန် (အပြေးသွားပါတယ် ဘုရား) ခင်ဗျားတို့ အလုပ်ကနှေးနေလို့ရှိရင် အသေဦး ပဟေ့ ဒကာ ဒကာမတို့ လိုရင်းနောက်ကျသွားပါလိမ့်မယ် (မှန်ပါ့) ဘယ်လိုပါလိမ့် (အသေဦးပြီး လိုရင်းနောက်ကျ သွားပါလိမ့်မယ် ဘုရား)။

လူတိုင်းကိုသတိပေးပါတယ်

အဲဒါ- လူတိုင်းကို သတိပေးပါတယ်၊ ဒကာ ဒကာမ တို့ မိဘ, မောင်နှမ ညီအစ်ကိုမောင်နှမ အစရှိသည် မတော်ဖူးသူ မည်သည်မရှိလို့ ဒါ ရိုးသားစွာနဲ့ တိုက်တွန်း လိုက်ပါတယ် (မှန်ပါ့)။

ခန္ဓာက အပြေးရပ်ကြပါရဲ့ လား (မရပ်ပါ ဘုရား) ခင်ဗျား တို့အလုပ်ကတော့ နှေးနေတယ် (မှန်ပါ့ ဘုရား) ခုနင်က ကယ်မည့်,ယူမည့်တရားကျတော့ မောင်ထွန်းလှိုင် တို့ မောင်ကိုတို့ ဘယ့်နှယ် နေကြသတုံးဟေ့ (နှေးပါ တယ် ဘုရား)။

ဪ အပြေးသွားတဲ့ဥစ္စာ မင်းတို့က အနှေးနဲ့ ဆိုရင် ကိုယ်ကျိုးနည်းပါလိမ့်မယ် (မှန်ပါ့) ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခန္ဓာက အပြေးသွားနေတဲ့ဥစ္စာ သူကအသေဆီ အပြေးသွားနေတာ၊ ကိုယ်အပါယ်လွတ်မည့် တရားလုပ်နေ တာ ခပ်နှေးနှေးဆိုရင် အပြေးနဲ့ အနှေးဆိုလို့ရှိရင် အနှေးက ကိုယ်ကျိုးနည်းလိမ့်မယ်၊ မနည်းကြပေဘူးလား (နည်းပါတယ် ဘုရား)။

ဉာဏ်က နောက်ကျသွားလိမ့်မယ်

ဟာ ဒါဘုန်းကြီးက တိုက်တွန်းတာလား၊ ခန္ဓာ ဖြစ်စဉ် ကိုက်ပြောတာလား (ခန္ဓာဖြစ်စဉ်ကိုက် ပြောတာပါ ဘုရား) ခန္ဓာဖြစ်စဉ်ကိုက်ပြောတဲ့ သဘောကိုလဲ ဒကာ ဒကာမတွေ ယနေ့သိရပါပြီ၊

ထိုကဲ့သို့ သိရတဲ့အတွက် တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာအပြေးသွားတာ ကို သူတော်ကောင်းအလုပ်က နှေးနေကြမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အသေကဦး၍ ဉာဏ်က နောက်ကျ သွား ပါလိမ့်မယ် (မှန်ပါ) အသေက (ဦးပါလိမ့်မယ်) ဉာဏ်က (နောက်ကျသွားပါမယ် ဘုရား)။

ဒါဖြင့် ကယ်မည့်သူက နောက်ကျ၊ ဟုတ်လား (မှန်ပါ့) အသေက စောနှင့်နေတယ် ဆိုတော့ ဆရာဝန်က နောက်ကျပြီး သကာလ လူမမာက အသေစောနေရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ (မှန်လှပါ ဘုရား) မဆိုထိုက် ဘူးလား, ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီလိုဖြစ်မည့် ပုဂ္ဂိုလ်တွေ ခင်ဗျားတို့ သားရေး ကြောင့်လဲ ဖင့်နှေးတတ်တယ်၊ သမီးရေး ကြောင့်လဲ (ဖင့်နှေး တတ်တယ်) ပစ္စည်းရေးကြောင့်လဲ (ဖင့်နှေးတတ်ပါတယ်) အဲ ဖင့်နှေးရင် ဘယ့်နှယ်ဆိုကြမယ် (အသေဦးမှာ ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အလေဦးပါလိမ့်မယ် ဆိုတော့ ခန္ဓာကိုယ်က ရပ်လို့ရရဲ့ လား (မရပါ ဘုရား)။ အေး ဘယ် ဗေဒင်က ဟောဟော မယုံကြနဲ့၊ ခန္ဓာကိုယ် က သူ့လမ်းသူပြေးတာနော် (မှန်ပါ) သူ့လမ်းသူပြေးတာ၊ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

သူ့လမ်းသူ ပြေးတော့ ပြေးနေတာပဲ၊ ကိုယ်က နားမလည် ပါးမလည်နဲ့ ဆရာကောင်း သမားကောင်းတွေ ဆီမှာ နည်းနာမယူဘဲနဲ့ အလကား ကူးနေပြန်လို့ရှိရင်လဲ အသုံးမကျပြန်ဘူး (မှန်ပါ့)သဘောကျပလား (ကျပါပြီ) အလကားကူးနေပြန်ရင် (အသုံးမကျပါ ဘုရား) ခန္ဓာ မြေဆွေး ဖြစ်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲ ဒါကြောင့် ယနေ့သည် ကားလို့ဆိုရင် ဒကာ ဒကာမတွေ ရှေ့ပိုင်းမှာ တိုက်တွန်းလုံးကို ပြောနေ

တော့ ဒီတိုက်တွန်းတဲ့ သဘောကိုလဲ ခင်ဗျားတို့ ခန္ဓာ ကိုယ်ဖြစ်စဉ်ကို တားလို့ရတယ်ဆိုတာလဲ ခုနင်ကဝတ္ထုက သက်သေခံသွားပြီ (မှန်ပါ့)။

ဒီထဲ တားလို့ရတာ လုပ်ပါမယ်ဆိုရင်းမတ္တနဲ့ ဖင့်နှေး နေလို့ ရှိရင်လဲ အသေဦးပါလိမ့်မယ်ဆိုတဲ့ စကားဟာ မကုန် သေးဘူးလား (ကုန်ပါပြီ ဘုရား)။

ကိုယ်ပိုင်အလုပ်ရှေ့ထားပါ

အဲဒီတော့ ဒကာ ဒကာမတို့ အသေဦးမှာနဲ့ ကိုယ်ပိုင် အလုပ်လုပ်မှာ ဘယ်ဟာ ရှေ့ထား ကြရမှာတုံး (ကိုယ်ပိုင် အလုပ်, လုပ်မှာကို ရှေ့ထားရပါမယ် ဘုရား)။

အပြောနဲ့ ပြီးကြပါ့မလား (မပြီးပါ ဘုရား) မပြီးပါဘူး ဆိုတာ သေချာကြပလား (သေချာပါပြီ) ဒါဖြင့် ဝမ်းထဲက ဆောက်တဲ့ငရဲအိုး, ငရဲသားတွေကို ဝမ်းထဲကနေ ငြိမ်းကြပါစို့ ဆိုတာကော သဘော ကျပလား (ကျပါပြီ ဘုရား)။

ငရဲတွေဘယ်ကတည်ဆောက်သလဲ

ငရဲတွေ ဘယ်ကတည်ဆောက် (ဝမ်းထဲကတည် ဆောက်ပါတယ် ဘုရား) ဝမ်းထဲက ကိလေသာတွေ တည် ဆောက်တယ် (မှန်ပါ့)။

နတ်ဘုံတွေသွားပြီး သကာလ ဘယ်လက်သမားက ဆောက်ပေးသတုံး မေးလို့ရှိရင် ဝမ်းထဲမှာ ရှိတဲ့ ကုသိုလ် ကနေ သွားတည်ဆောက်တာပဲ (မှန်ပါ့) ဘယ်သူက တည်ဆောက်သတုံး (ဝမ်းထဲက ကုသိုလ်ကပါ ဘုရား) သဘော ပါပလား (ပါ,ပါတယ် ဘုရား) ဒါဖြင့် ငရဲလဲ ဒီက တည်ဆောက်တယ် ဆိုတာ- သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒီကနေပြီး သကာလ ငရဲတွေ, ငရဲအိုး သိမ်းရင် ငရဲမီးငြိမ်းရင် ရမရ (ရပါတယ် ဘုရား)

ဪ မဂ်သာရအောင်လုပ်၊ ဒကာ ဒကာမထွေ သေချာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ကို အလုပ်တရား အရေးကြီး ပါတယ်ဆိုတာ ယနေ့ ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ဖော်ပြောနေပါတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အရင်စိတ်တွေ အကုန် ဖျောက်နော် (မှန်ပါ့) အရင်စိတ်တွေက ဘာတုံး ကျုပ်တို့တော့ဖြင့် နေနိုင်ပါသေးရဲ့ဆိုတာတွေ ဖျောက်ပစ်ပါ (မှန်ပါ့)။

နေနိုင်တာ, မနေနိုင်တာအပထား၊ ခန္ဓာကိုယ်က အသေသွားတာ ရပ်စဲပါရဲ့လား (မရပ်စဲပါ ဘုရား) မရပ်စဲ တော့ကို ကိုယ့်သူတော်ကောင်း အလုပ်ကတော့ဖြင့် အချိန် ရွေးရွေးနေကြတယ် (မှန်ပါ့ ဘုရား) အသေသွားတဲ့ ခြေ ထောက်လောက် မှန်ရဲ့ လား (မမှန်ပါ ဘုရား)။

အဲဒီတော့ သူကအပြေးသန် သလောက် ကျုပ်တို့ ကကိုင်း ဒါဖြင့် မင်းအဦးတော့ဖြင့် ငါမခံနိုင်ဘူး၊ ငါ့မှာ ကြွေးတွေက ရှိနေတယ်၊ ကြွေးဆပ်တာသာ အရင်ဦးရမကွ၊ သေပြီးမှဆိုရင် သွားရုံပဲရှိတော့တယ်၊ ကြွေးဆပ်တဲ့အလုပ်ကို တစ်ခါတည်း ဇာတ်သိမ်းမည့်အလုပ်ကို အပါယ် ဇာတ်သိမ်း မည့်အလုပ်ကို ငါအရင်မီအောင် လုပ်ပါတော့မယ်ဆိုပြီး ဒကာ ဒကာမတွေ ယနေ့လုပ်ဖြစ်အောင် လုပ်ပါ (မှန်ပါ့) ဒါကို လေးနက်စွာ တိုက်တွန်းတယ်နော် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် မနေ့ကတရားကို ဒကာ ဒကာမတို့ ဆက်ကြပါစို့၊ ကြပ်ကြပ်ဂရုစိုက်ပြီး နားထောင်ပါ။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော့ ရဟန်းတွေကို မေးလိုက်တယ်၊ ရဟန်းတွေ လူမိုက်နဲ့လူလိမ္မာ ဘာထူး သံတုံးကွ မေးလိုက်တယ်နော် (မှန်ပါ့)။

လူမိုက်နဲ့လူလိမ္မာဘာထူးသလဲ

လူမိုက်နဲ့လူလိမ္မာ ဘာထူးသလဲကွ လို့ မေး လိုက်တဲ့အခါ အရှင်ဘုရား တပည့်တော်တို့က အရှင် ဘုရားပွင့်မှ အရှင်ဘုရား ဘုရားဖြစ်မှ တပည့်တော် တို့က အရှင်ဘုရား၏ ဧဟိဘိက္ခုရဟန်းတွေ အရှင်ဘုရား ထံမှာ သရဏဂုံရတဲ့ ရဟန်းတွေ ခုမှ အရှင်ဘုရားပေါ်မှ တပည့်တော်တို့က ပေါ် ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေပါတယ်။

ဒါ့ကြောင့် လူမိုက်နဲ့ လူလိမ္မာ ဘာထူးသလဲဆိုတဲ့ တရားကိုပဲ တပည့်တော်တို့ ကဿပဘုရား လက်ထက်က ကွယ်လာလိုက်တာ ခုထက်ထိဒီစကားတွေဟာ ဘယ်သူမှ မသိကြပါဘူး၊ အရှင်ဘုရား ပေါ်မှပဲ ဘုရားရယ်လို့ ပေါ်လာမှ တရားကလဲ အသစ်ပေါ်တော့ ကွယ်လာတာ တွေက ကြာခြင်းကြောင့် လည်းကောင်း၊ တပည့်တော်တို့ရဲ့ အဝိဇ္ဇာ ထူထပ်သောကြောင့်လည်းကောင်း၊ လူမိုက်နဲ့လူ လိမ္မာ ဘာထူးတယ်ဆိုတာ မသိပါဘုရား၊ အရှင်ဘုရား ပြောမှ ဟောမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ ရဟန်း တွေက, ရဟန်းတွေကနော် (မှန်ပါ့)။

လာပုံတူပြီးသွားပုံမတူဘူး

အေး ဒါဖြင့် မင်းတို့ သေသေချာချာ နား ထောင်ကြကွ၊ သေသေချာချာ နားထောင်ကြကွ၊ လူမိုက်နဲ့ လူလိမ္မာထူးပုံ ငါသေသေချာချာ ရှင်းပြမယ်ဆိုပြီး လာပုံမှာ တူငြားသော်လဲ သွားပုံမတူဘူးကွ (မှန်ပါ့) လာပုံမှာ (တူပါတယ် ဘုရား) သွားပုံကျ တော့ (မတူပါ ဘုရား)။

ဪ လူမိုက်နဲ့လူလိမ္မာ ဘယ်လိုများ ထူးခြား ပါလိမ့် (လာပုံမှာတူငြားသော်လဲ သွားပုံမှာ မတူပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သိပ်အဖိုးတန်တာပဲ၊ လာပုံမှာ တူငြားသော်လည်း သွားပုံမှာ မတူဘူးတဲ့ (မှန်ပါ) ဘယ့်နှယ်တဲ့ ဒကာ ဒကာမတွေ (လာပုံမှာ တူငြားသော်လဲ သွားပုံမှာ မတူပါ ဘုရား)။

လူမိုက်နဲ့လူလိမ္မာ ထူးခြားတယ်လေ၊ လူမိုက်နဲ့ လူလိမ္မာ ဘယ်လိုထူးခြားတယ်ဆိုတာ လာပုံမှာတူငြားသော် လဲ သွားပုံမှာ မတူဘူးကွဆိုတော့ မရှင်းသေးဘူးလား (ရှင်းပါပြီ)။

သို့သော် ပုံစံချပြီး ဒကာ ဒကာမတွေ ပြပါဦးမယ် (မှန်ပါ့) သတ္တဝါအစ အဝိဇ္ဇာတဏှာက (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတို့ သတ္တဝါအစ (အဝိဇ္ဇာတဏှာကပါ ဘုရား)။

အဝိဇ္ဇာ တဏှာ ဆိုတာကြောင့် – ဒကာ ဒကာမတွေ ဪ အဝိဇ္ဇာပစ္စယာသင်္ခါရာကြောင့် ခန္ဓာငါးပါးဆိုတဲ့ ဝိညာဏ်ကြီး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရကြောင့်ခန္ဓာငါးပါးဖြစ်

မသိတဲ့ အဝိဇ္ဇာကြောင့် ပြုမှုသင်္ခါရကြောင့် သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတော့ ပစ္စုပ္ပန် ခန္ဓာငါးပါးကြီး ပေါ်လာ – တယ် (မှန်ပါ့ ပေါ်ပါတယ် ဘုရား)။

ဒါက အတိတ်အကြောင်းထားပါတော့ အဝိဇ္ဇာ, သင်္ခါရဟာ အတိတ်အကြောင်း ထားလိုက် ပါတော့နော် (မှန်ပါ့)။

ဒါဟာ လူလိမ္မာလဲ အဝိဇ္ဇာသင်္ခါရကြောင့် ဝိညာဏ် နာမ် ရုပ်သဠာယတန ဖဿဝေဒနာ ပေါ်တာပဲ (မှန်ပါ့ ဘုရား) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ ခန္ဓာငါးပါး မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား) ပြည့်ပြီနော်။

ဒါဖြင့် လူလိမ္မာမှာလဲ ဒကာ ဒကာမတို့ အဝိဇ္ဇာသင်္ခ ရကြောင့် ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကဲ လူမိုက်မှာလဲ ကြည့်လိုက်တော့ အဝိဇ္ဇာ သင်္ခါရကြောင့်ပဲတဲ့၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဖြစ် တယ် (မှန်ပါ့) လာပုံမှာ အတူတူပါပဲ ထူးကြသေးရဲ့လား မထူးပါဘုရား အဝိဇ္ဇာသင်္ခါရ ခေါင်းဆောင်တာ ပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ လူမိုက်မှာလဲ အဝိဇ္ဇာသင်္ခါရကြောင့် ဘာဖြစ်ပါလိမ့် (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား) အင်း ခန္ဓာငါးပါး ဖြစ်တယ်ဆိုတာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ အမြင်အားဖြင့် ရှင်းပါပြီကွာ (ရှင်းပါပြီ)။

လူလိမ္မာမှာလဲ ခန္ဓာငါးပါး ဖြစ်တာပဲတဲ့၊ လူမိုက်မှာ လဲ ခန္ဓာငါးပါးဖြစ်တာပဲ၊ ခန္ဓာငါးပါးဖြစ်ပုံ, လာပုံမှာ အတူတူ ပါပဲကွတဲ့၊ ရှင်းကြပါလား (ရှင်းပါပြီ)။

အဲဒီတော့ လာပုံမှာ တူငြားသော်လဲ သွားပုံကျ တော့ ထူးခြားတယ် (မှန်ပါ့ထူးခြားပါတယ်) သွားပုံက လူမိုက်မှာ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလာပြီး သကာလ အဝိဇ္ဇာသင်္ခါရ,က လာပြီး သကာလ အဝိဇ္ဇာတဏှာက လာပြီးတော့ အဝိဇ္ဇာတဏှာဘက် လှည့်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

လူလိမ္မာကတော့

လူလိမ္မာကျတော့ အားလုံးဒကာ ဒကာမတွေ မှတ် လိုက်စမ်းပါတဲ့ အဝိဇ္ဇာ, သင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ် ပြီးတော့ ခန္ဓာငါးပါးနောက်ကနေပြီး သကာလ အဝိဇ္ဇာ တဏှာချုပ်တယ် (မှန်ပါ့)။

ဒါဖြင့် လူမိုက်ကတော့ အဝိဇ္ဇာ တဏှာလာ တယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာတဲ့တုံး (လူမိုက်ကတော့ အဝိဇ္ဇာတဏှာ လာပါတယ် ဘုရား)။

ကောင်းပြီ လူလိမ္မာကတော့ဖြင့် ဝိဇ္ဇာနဲ့ အလောဘ လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) လူလိမ္မာက (ဝိဇ္ဇာနဲ့အလောဘ လာပါတယ် ဘုရား) လူမိုက်ကတော့ (အဝိဇ္ဇာနဲ့တဏှာ လာပါတယ် ဘုရား)။

လူမိုက်ကတော့

အင်း ဟင်း အဝိဇ္ဇာတဏှာကလာပြီး အဝိဇ္ဇာ တဏှာပြန်လှည့်ကာက ဘယ်သူပါလိမ့် (လူမိုက်ပါ ဘုရား) အဝိဇ္ဇာတဏှာက လာပြီး ဝိဇ္ဇာအလောဘ ဖြစ်တာ (လူလိမ္မာပါ ဘုရား)။

ဪ ဒါဖြင့်ဒီနောက်မှာ လာထူးကြတာကိုး (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။

ဒီပုဂ္ဂိုလ်ကတော့ ဘယ်လိုဖြစ်မလဲလို့ စဉ်းစား လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာတဏှာ ကလာပြီး အဝိဇ္ဇာ, တဏှာပြန်ပြီးပေါက်ပွားပြန်တော့ အဝိဇ္ဇာ, တဏှာဆိုတော့ တဏှာပြီး ဥပါဒါန်၊ ဥပါဒါန်ပြီးကံ၊ မလာပေဘူးလား (လာပါ တယ် ဘုရား)။

ဒီဘက် ဇာတိ,ဇရာ,မရဏ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) အင်း နောက် အနာဂတ်ဘဝကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အနာဂတ်ခန္ဓာပြန်ရတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်ကတော့ ဖြင့် အဝိဇ္ဇာ, တဏှာကလာပြီး အဝိဇ္ဇာ, တဏှာပြန့်ပွားတဲ့ အတွက် တတိယခန္ဓာပြန်ရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါက ပထမကိုး အတိတ် ဘဝ၊ ဒါကပစ္စုပ္ပန်ဘဝ ဒါက အနာဂတ်ဘဝ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် အဝိဇ္ဇာသင်္ခါရက လာပြီး သကာလ အဝိဇ္ဇာ သင်္ခါရ ပြန်ဖြစ်တဲ့အတွက် ဟိုမှာ အနာဂတ် ခန္ဓာကြီးကို ပြန်မရဘူးလား (ရပါတယ် ဘုရား) အင်း ဒါဘယ်သူပါလိမ့် (လူမိုက်ပါ ဘုရား)။

လူမိုက်တဲ့ လူမိုက်ကတော့ ဒုက္ခထဲကလာပြီး ဒုက္ခပဲ ပြန်ရတယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒုက္ခထဲကလာပြီး (ဒုက္ခပဲပြန်ရပါတယ် ဘုရား)။

ဒုက္ခပဲ ပြန်ရတယ်ဆိုတော့ သူ့မှာတော့ အလာတုန်း ကတော့ ဒုက္ခထဲက ခန္ဓာဒုက္ခကြီးနဲ့၊ နောက်တစ်ခါ စုတေမနေ သေလွန်ပြန်တော့ ဘာရပြန်သတုံး (ခန္ဓာဒုက္ခပဲ ရပါတယ် ဘုရား)။

ဒီခန္ဓာဒုက္ခက အပါယ်လေးပါး ခန္ဓာလဲဖြစ်နိုင် ကယ်၊ နတ်ရွာသုဂတိ ခန္ဓာလဲဖြစ်နိုင်တယ်၊ ဘယ်ခန္ဓာ ဖြစ်ဖြစ် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ သစ္စာကြီးဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)

ဝိဇ္ဇာနဲ့အလောဘဖြစ်တယ်

အေး ဒါ့ကြောင့် လူလိမ္မာကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့ ဝိဇ္ဇာနဲ့ အလောဘဖြစ်ပြီး သကာလ လာပါတယ်ဆိုတာ အဲဒါ ပညာရှိသူတော်ကောင်းနဲ့ ပေါင်းတဲ့အတွက် ဝိဇ္ဇာနဲ့ အလောဘ ဖြစ်လာ ပါတယ်။ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘာဖြစ်ပါလိမ့် (ဝိဇ္ဇာနဲ့ အလောဘဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာနဲ့ အလောဘဖြစ်တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဝိဇ္ဇာနဲ့အလောဘ ဖြစ်တဲ့အခါ ကျတော့ ဒကာ ဒကာမတို့ အလောဘဆိုတာ မလိုချင်မှု၊ လိုချင်မှု ချုပ်ကတည်းက နောက်ခန္ဓာတွေ ပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)။

ခန္ဓာဆိုတာ လိုချင်လို့ရတာမဟုတ်လား (မှန်ပါ့) ဒီတဏှာ ဥပါဒါန်တွေနဲ့ စွဲလမ်းလို့ အနာဂတ်ခန္ဓာ ရတာ လူမိုက်မှာ (မှန်ပါ့ ဘုရား)။

လူလိမ္မာမှာတော့ ဝိဇ္ဇာက အမှန်သိပြီ၊ ဒါဒုက္ခသစ္စာ လို့ အလောဘကလဲ ဒါဒုက္ခသစ္စာလို့ မလိုချင်တော့ ဒီဘက် ခန္ဓာပေါ်ဦးမလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လာပုံမှာ တူငြားသော်လဲ တဲ့ သွားပုံမှာ ဘယ့်နှယ့်နေကြသလဲ (မတူပါ

ဘုရား)။

လူမိုက်က ဒုက္ခထဲကလာပြီး ဒုက္ခပြန်ရတယ် (မှန်ပါ့) လူလိမ္မာကတော့ဖြင့် ဒကာ ဒကာမတို့ ဒုက္ခထဲက လာပြီး ဒုက္ခသိမ်းတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) လူလိမ္မာကတော့ ဘာတဲ့ (ဒုက္ခထဲကလာပြီး ဒုက္ခသိမ်းပါ တယ် ဘုရား)။

ဪ ဒုက္ခထဲကလာပြီး ဒုက္ခသိမ်းတယ်ဆို တော့ သူ့အတွက်ကဖြင့် အင်း ဝဋ်ကျွတ်သွားတယ် ဆိုရင်လဲ ဦးခင်မောင် (မလွဲပါ ဘုရား)။

ကဲ ဦးဇံရင်တို့ ဘာဖြစ်သွားသလဲ (ဝဋ် ကျွတ်သွားပါ တယ် ဘုရား) ဝဋ်ကျွတ်ကျယ်၊ ဝဋ်ကျွတ်သွား တယ်ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာကြီးက ဝိပါကဝဋ် ကိုးဗျ (မှန်ပါ့)။

ဝိပါကဝဋ်

ခန္ဓာကြီးက ဝိပါကဝဋ်ဆိုတော့ သူ့ကိုဒကာ ဒကာမ တွေ သိတဲ့အတိုင်း မအိုပါနဲ့ဆိုလို့လဲ (မရပါ) မနာပါနဲ့ ဆိုလို့လဲ (မရပါ) သေရာမသွားပါနဲ့ဆိုလို့လဲ (မရပါ ဘုရား)။

မရတော့ ဒါဝဋ်ကောင်ကြီး ဖြစ် ပြီး သကာလ နေတော့ ဘယ်လိုမှလို့ ထုတ်လို့မရဘဲ ဖြစ်နေတယ် (မှန်ပါ့) ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဝိပါကဝဋ်ချည်း မှတ်လိုက် စမ်းပါ (မှန်ပါ့) ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်ဟာ (ဝိပါကဝဋ်ပါ ဘုရား) ဝိပါကဝဋ်လို့ သေသေချာချာ မှတ်လိုက်စမ်း (မှန်ပါ့)။

ကိလေသဝဋ်

သူသာ နောက်ခံလာတော့ ဝိပါကဝဋ်မလာဘူး လားဗျာ (လာပါတယ် ဘုရား) လာပေမှာပဲတဲ့ ဒီမှာ တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ကရှိနေတယ်၊ မရှိဘူးလား (ရှိပါတယ်)။

တဏှာ, ဥပါဒါန်ဆိုတော့ ဟောဒီကြားထဲက ကမ္မဝဋ် ကလေးက ရှိနေတယ်၊ သဘောကျပလား (ကျပါပြီ)။

ကမ္မဝဋ်

အင်း ဟင် သူကတော့ ကိလေသဝဋ် ကြောင့် ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါတယ်) ဝိပါကဝဋ်သွား ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်ကတော့ကို တဲ့ဝိဇ္ဇာနဲ့အလောဘရှိတဲ့ အခါကျတော့ ဝိဇ္ဇာနဲ့အလောဘပေါ်နေတဲ့ လူလိမ္မာမှာ တော့ ဒကာ ဒကာမတို့ ကိလေသဝဋ် ကလာသေးရဲ့လား (မလာပါ) မလာသောကြောင့် ကမ္မဝဋ် သူကသေတယ် (မှန်ပါ့) ဝိပါကဝဋ်ဆိုတဲ့ ရုပ်နာမ်ကော (မလာပါ ဘုရား)။

လူလိမ္မာက ဝဋ်ကျွတ်တယ်

ဪ သူကဝဋ်ကျွတ်တယ်၊ သဘောကျပလား (ကျပါပြီ) လူလိမ္မာက (ဝဋ်ကျွတ်ပါတယ် ဘုရား)။

အဲ လာပုံနည်း တူငြားသော်လ် ဝဋ်ကျွတ်တာနဲ့ ဝဋ်မကျွတ်တာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ကွာတယ် (ကွာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်လမ်း ဘယ်လမ်းလိုက် ရမလဲဆိုတဲ့ဥစ္စာဖြင့် ယနေ့ ကွက်ကွက် ကွင်းကွင်း ပေါ်ပါ ပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လမ်းလိုက်ကြမယ် (ဝဋ်ကျွတ်တဲ့လမ်း လိုက်ပါမယ် ဘုရား) ဝဋ်ကျွတ်တဲ့ လူလိမ္မာလမ်းကိုပဲ ကျုပ်တို့ကြိုးစား ပြီး သကာလ လိုက်ကြစို့ (လိုက်ပါမယ် ဘုရား)။

လူလိမ္မာလမ်းလိုက်ကြစို့

ဒါ ပြောမည့်သူရှိလို့ လိုက်ကြစို့ဆိုတာ ခင်ဗျား တို့က တညီတညွတ်တည်း လိုက်ပါ့မယ်ဘုရား ဆိုတာ တက်လာတာနော် (မှန်ပါ့) ကိုယ့်မျက်လုံးနဲ့ ကိုယ့် ဉာဏ်နဲ့ဆိုရင်ဖြင့် ဒီဥစ္စာ ဘယ်ဖြတ်လို့ ဘယ်လိုဝဋ်ကျွတ်မလဲ ဆိုတဲ့ဥစ္စာ မောင်ထွန်းလှိုင် မောင်ကို ပေါ်ဖို့ အတော် ခဲယဉ်းတယ် (မှန်ပါ့) မခဲယဉ်းဘူးလား (ခဲယဉ်း ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီအကြောင်းကို မနေ့ကလဲ နားရှင်းပြီး သကာလ ပြီးဆားပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အတွက် ဒီနေ့တော့ဖြင့်တဲ့ ဒကာ ဒကာမတို့ ဝဋ်ဖြတ်ပုံပဲ ပြပါတော့ မယ်, (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လို ဟောလိုက်သတုံးဆိုတဲ့ အခါကျတော့ လူမိုက်မှာတော့ ကွာတဲ့၊ ဗြဟ္မစရိယာ အကျင့်ဆိုတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရောက်ရာ ရောက်ကြောင်း အကျင့်ကို မကျင့်ဘူးကြွတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လူမိုက်ကတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရောက်ရာ ရောက်ကြောင်း သူကျင့်ပါရဲ့လား (မကျင့်ပါ ဘုရား) မကျင့်တဲ့အတွက် သူ့မှာ နောက်ခန္ဓာ ပြန်ရတယ်ကွ တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရောက်ရာရောက်ကြောင်း အကျင့်မကျင့်တဲ့ အတွက် (နောက်ခန္ဓာပြန်ရပါတယ် ဘုရား)။

နောက်ခန္ဓာပြန်ရတယ် ဆိုတော့ အခုပဋိစ္စသမုပ္ပါဒ်နဲ့ ၊ တန်းပြလိုက်တော့ ဒကာ ဒကာမတွေ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုယ့်ခန္ဓာခင်တာတဏှာ

ခန္ဓာခင်တာက တဏှာ, ကိုယ့်ခန္ဓာခင်တာက တဏှာဆိုတော့ ဥပါဒါန် မလာဘူးလား (လာပါတယ် ဘုရား) ဥပါဒါန်လာရင် ကံလာမယ် (မှန်ပါ့)။

အဲဒါတဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ကမ္မဝဋ်ကြောင့် ဒီဝိပါကဝဋ်ကြီး လှလှကြီးမပေါ် သေးဘူးလား (ပေါ်ပါတယ် ဘုရား) ဝိပါကဝဋ်ဆိုတာ အနာဂတ် ခန္ဓာကြီးပြန်ရတယ်၊ မရဘူးလား (ရပါတယ် ဘုရား) သေချာကြပလား (သေချာပါပြီ)။

အဲဒါကြောင့် အားလုံးဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာတဲ့ ဝဋ်တန်းသွားလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ ဆိုတာ အောက်မေ့ပါ (မှန်ပါ့) လူ့ဘဝမရတော့ဘူး ဆိုတာလဲ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) ဒီလို သာ တန်းသွားရင် လူ့ဘဝရပါ့မလား (မရပါ ဘုရား)။

လူ့ဘဝရဖို့ ရကြောင်း ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟို သံယုတ်ပါဠိတော်ကြီးမှာ ဟောထားတဲ့ ဥစ္စာ သူကိုယ်တိုင် မြင်ပြီးဟောတာနော် ပြောသံကြား နဲ့ ပြောတယ်လို့တော့ ဒီလို မမှတ်လိုက်ပါနဲ့ (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာသည် တကာ၊ တကာမတို့ ရှေးဘုရားတွေ ပြောသံကြားနဲ့ -သူပြောတာလား၊ ဉာဏ်အမြင်နဲ့ သူ ပြောတာလား (သူ့အမြင်နဲ့ သူပြောတာပါ ဘုရား)။

လူ့ဘဝရဖို့ အင်မတန်ခဲယဉ်းတယ်

အေး သူကိုယ်တိုင် မြင်ပြီးပြောတဲ့အတွက် ထမ်းပိုးတုံးကြီး တစ်ပေါက်တည်းဖောက်၊ ထွန်တံကလေးနဲ့ ခွဲပြီး သကာလ ရေထဲမျှောလိုက် ဒကာ ဒကာမတို့ အနှစ် တစ်ရာ, တစ်ရာမှ တစ်ခါပေါ်တဲ့ လိပ်ကန်းကြီးနဲ့ ဒီထမ်းပိုး တုံးကြီးအပေါက်နဲ့ လျှိုမိဖို့ရာ ဘယ့်နှယ်နေကြသတုံး (ခဲယဉ်းပါတယ် ဘုရား)။

အဲဒါ လျှိုမိဖို့ရာ ရှိသေးသကွာ၊ လိပ်ကန်းကြီးနဲ့ ထမ်းပိုးပေါက်နဲ့ လျှိုမိဖို့ရာက ရှိသေးတယ်တဲ့၊ မင်းတို့ လူ့ဘဝ ဒီထက်ရခဲပါသေးတယ်ဆိုတာလဲ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ နောက်ကိုဘာမှ မျှော်မ နေနဲ့ လူ့ဘဝရဖို့ အင်မတန် ခဲယဉ်းတဲ့အတွက် မဂ္ဂဗြဟ္မစရိယာ အကျင့် ကျင့်ကြပါစို့နော် (မှန်ပါ့) ဘယ်လို ဆုံးဖြတ် ချက်ချမလဲ (မဂ္ဂဗြဟ္မစရိယာ အကျင့် ကျင့်ကြပါစို့ရဲ့)။

မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်ကြပါစို့

မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်ကြပါစို့ ဆိုတော့ , ဒါတွေသူပဲ ကယ်မည့် ယူမည့်သူ ရှိပါတော့ ကလားဆိုတာကော ပေါ်လာကြပလား (ပေါ်လာပြီ ဘုရား) ဘယ်အကျင့်ပါလိမ့် (မဂ္ဂဗြဟ္မစရိယာ အကျင့်ပါ ဘုရား)။

မဂ္ဂဗြဟ္မစရိယာအကျင့်သာ လျှင် ကျုပ်တို့၏ ကိုးစားရာ အားထားရာအစစ် ဖြစ်တော့တယ် ဆိုတာဖြင့် ဘာမှသံသယ မရှိပါနဲ့တော့နော် (မှန်လှပါ)။

ဒါ့ကြောင့် ခင်ဗျားတို့ သားကလေးနဲ့ ပျော်တာကို ဘုန်းကြီးတို့က ခင်ဗျားတို့အတွက် ဝမ်းသာ ပါတယ်၊ သမီး ကလေးနဲ့ပျော်နေတာ၊ လခစားတွေမို့ လခနဲ့ပျော်နေတာလဲ ဝမ်းသာပါဟယ်၊ ချမ်းသာနေတဲ့ ပုဂ္ဂိုလ်တွေကြည့်လိုက်ပြန် လဲ မုဒိတာလဲဖြစ်ပါတယ်၊ မုဒိတာဆိုတာ ဝမ်းသာတာ ပေါ့ဗျာ (မှန်ပါ့)။

ဪ သို့သော်လဲ သူတို့လိုချင်တဲ့ နိဗ္ဗာန် လိုပါ သေးကလား (မှန်ပါ့) ဘယ်လိုတွေးရမယ် (လိုချင်တဲ့ နိဗ္ဗာန်ကို လိုပါသေးကလားပါ ဘုရား)။

မသိပျော်ပျော်နေတယ်

ဪ သူတို့သည်ကားလို့ဆိုရင် မသိပျော်, ပျော်နေသေးတာကိုး (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဝမ်းထဲမှာရှိတဲ့ ဟဒယဝတ္ထုပေါ် လုပ်နေတဲ့ အကု သိုလ်စိတ်တွေကတော့ဖြင့် ငရဲအိုးတည်လို့ ငရဲမီးတဟုန်း ဟုန်း လုပ်နေတာ၊ အဲဒါပြန်ကြည့် မသိရှာဘူး (မှန်ပါ့)။

သားရေး သမီးရေးနဲ့ ပျော်လိုက်၊ ပစ္စည်းကလေး ရလိုက် ပျော်လိုက်၊ ဒီလိုနေမယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရူးလိုဖြစ်နေတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဘယ်လို ဆိုကြမယ် (အရူးလို ဖြစ်နေပါတယ် ဘုရား)။

အကျိုးပေးကတော့ဖြင့် ဝမ်းထဲမှာရှိတာတွေက မကောင်းတာ အကျိုးပေးမယ်လို့ အဆင်သင့် စောင့်နေလျက်သားနဲ့ ကိုယ့်မှာ မသိပျော်, ပျော်နေတဲ့ အဓိပ္ပါယ် မရဘူးလား (ရပါတယ် ဘုရား)။

အင်း ဟင်း နက်ဖြန် ၁၂နာရီ ၅မိနစ်မှာ အကျိုးပေးမယ်ဆိုတဲ့ဥစ္စာ ဒီလက ၁၂နာရီ ၅မိနစ် မရောက် ခင် ပျော်နေလို့ရှိရင် ရူးလို့ေ ပျာ်တာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

၁၂နာရီအတွင်းမှာ ပျော်နေနိုင်သေးတယ်ဆိုရင် ဦးခင်မောင်ရေ ဘာ့ကြောင့် ပျော်ပါသလဲ (ရူးလို့ပျော် တာပါ) ဒီကလူ သေချာပြီးသား မဟုတ်လား (မှန်ပါ့)။

ငယ်ငယ်တုန်းက မိုက်ခဲ့တာတွေ

ဒီမှာလဲ ဝမ်းထဲမှာ ငယ်ငယ်တုန်းက မိုက်ထားတဲ့ အကုသိုလ် ကိလေသာတွေက အင်း ဟင် ထမင်း စားတယ်ဆိုရင် တဏှာ ဥပါဒါန်, ကံမျက်လုံးကမြင်မယ် မဟုတ်လားဗျာ (မှန်ပါ့) မြင်တယ် ဆိုရင် မနှစ်သက် ဘူးလား (နှစ်သက်ပါတယ်) နှစ်သက်တယ်ဆိုရင် ဒီဇာတ်ထုပ် စွဲလမ်းမနေဘူးလား (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းလို့ရှိရင်ဖြင့် ဒီကုလားထိုင် တက်ကြည့်၊ ဒီအတန်း တက်ကြည့်၊ ဟိုအတန်း တက်ကြည့်လိုက် ဆိုတဲ့ ကာယကံ ဝစီကံတွေကကော (လာပါတယ် ဘုရား)။

ဒါတွေက နည်းသလားဗျာ (မနည်းပါ ဘုရား) အဲဒါတွေက ဒကာ၊ ဒကာမတို့ ဒီအထဲမှာ လွတ်တဲ့ ပုဂ္ဂိုလ်က ရှာမှရှားနေလိမ့်မယ် (ရှားပါတယ် ဘုရား)။

ဒီကံတွေကဘယ်လိုအကျိုးပေးမှာတုံး

အဲဒါတွေက ဒီကံတွေက ဘယ်အကျိုးပေးမှာတုံးလို့ တစ်ခါ မေးပြန်တော့ အပါယ်လေးပါးပဲ (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒီကနေပြီး တည်ဆောက်တဲ့ အပါယ်လေးပါး ဆိုတာ ယုံပလား (ယုံပါပြီ)။

ဒါဖြင့် ဒီကနေ ငြိမ်းကြပါစို့ ဒကာ၊ ဒကာမတို့၊ ကြွေးမရှိတဲ့ ပုဂ္ဂိုလ်တွေလား ကြွေးရှိတဲ့ ပုဂ္ဂိုလ်တွေ လား (ကြွေးရှိတဲ့ ပုဂ္ဂိုလ်တွေပါ ဘုရား)။

ဟာ ကြွေးရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီကနေ မဂ်နဲ့မှ မဖြတ်ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ကြွေးရှိသလောက် ခံရမယ် ဆိုလို့ရှိရင်လဲ လွတ်ရေး ကျွတ်ရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ဒကာ၊ ဒကာမတို့ သေသေချာချာပဲ ခင်ဗျားတို့ ပျော်တာ မကြည်ညိုလို့ မဟုတ်ပါဘူး၊ ချမ်းသာ တာတွေကို မစ္ဆရိယရှိလို့ မဟုတ်ပါဘူး၊ မသိပျော် ပျော်နေ မှာစိုးလို့ ဒီစကား ပြောရပါတယ် (မှန်လှပါ ဘုရား) ဘယ့်နှယ့် ကြောင့် ဒီတရားဟောပါလိမ့် (မသိပျော်, ပျော်နေမှာ စိုးလို့ပါ)။

မသိပျော်, ပျော်နေမှာစိုးလို့ ခင်ဗျားတို့ကတော့ ပြောလိုက်တဲ့စကားကတော့ ဟုန်နေတာပဲ၊ မကင်းတရား ကလေးက ရှိသေးတယ်ဘုရား၊ မကောင်းတာလေးက ရှိသေးတယ်ဘုရား။ ဒါပဲ ဆင်ခြင်လဲ နေတာပဲ၊ ဒကာ ဒကာမတွေလဲတဲ့ ဆင်ခြေ ဒါပဲမဟုတ်လား (မှန်ပါ့ ဘုရား)။

မကင်းတရားကလေးက ရှိသေးတယ်၊ မြေးကလေး ဖြစ်စေ၊ သားကလေးဖြစ်စေ၊ မကင်း တရား ကလေးက ရှိနေတော့ တပည့်တော် သူတော်ကောင်းအလုပ် လုပ်မယ်လို့ ရည်ရွယ်ချက်က ရှိပြီးသား မကင်းတရားကလေး ဟော လူလားမမြောက်တာကလေးဟာ ရှုပ်လို့ သူတို့ဟာ (မှန်ပါ့ ဘုရား)။

ငရဲအိုးတွေက ဆူလှပြီ

သူကသာ လူသားမမြောက်တာ အပါယ်အိုးတွေ ငရဲအိုးတွေက ဆူလှံပြီ (မှန်ပါ့) သူက လူလား မမြောက်ဘူး ပြောတုန်းရှိသေးတယ် (မှန်ပါ့)။

ဦးခင်မောင် ဘယ့် နှယ်ဖြစ်နေတာတုံး၊ အို ထွက်မိထွက်ရာ ထွက်နေတဲ့ ပါးစပ်ပါပဲဆိုရင်ကော လွဲပါ့ မလား (မလွဲပါ ဘုရား) ကဲ သဘောပါကြပလား (ပါ, ပါပြီ ဘုရား) ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ မဂ္ဂဗြဟ္မစရိယာ အကျင့်မှတစ်ပါး ဘုရားဟော ပါဠိတော်က ဖြင့် ကယ်မည့်သူ ယူမည့်သူများ ရှိသေးသလား။ (မရှိပါ ဘုရား)။

ဒါဖြင့် ဘာလုပ်ကြရမယ် (မဂ္ဂဗြဟ္မာစရိယာအကျင့် ကျင့်ရပါမယ် ဘုရား) မဂ္ဂဗြဟ္မစရိယာ အကျင့် ကျင့်ရတော့ မယ် ဒကာ၊ ဒကာမတို့ မဂ်လဲ ဖြစ်ရမယ်၊ ဗြဟ္မာစရိယာ မြတ်တဲ့အကျင့်လဲ ဖြစ်ရမယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂဗြဟ္မစရိယာ အကျင့်ဆိုတာက ဒကာ၊ ဒကာမတို့ တခြားကို စိတ်ကူးမနေပါနဲ့၊ တခြားကို ဘာမှစိတ်ကူးမနေနဲ့၊ ဒီအဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တဲ့ ခန္ဓာငါးပါး မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီခန္ဓာငါးပါး ဟာ ဒကာ၊ ဒကာမတို့ မဂ္ဂဗြဟ္မစရိယာ အကျင့် ကျင့်ဖို့ရာ နေရာဌာနတစ်ခုပဲလို့ မှတ်ပါ၊ မဂ္ဂဗြဟ္မစရိယာ အကျင့်ကျင့် ဖို့ရာ (နေရာဌာနတစ်ခုပါ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ ခန္ဓာကိုကြည့်ပါ

ကိုင်း ဒါဖြင့် မဂ္ဂဗြဟ္မစရိယာအကျင့် ကျင့်ဖို့ရာ နေရာ ဌာနဆိုတော့ ဒီခန္ဓာငါးပါးကို ဒကာ၊ ဒကာမတွေက မဂ္ဂဗြဟ္မစရိယာဖြစ်တဲ့ မဂ္ဂင်နဲ့ ခင်ဗျားတို့ ကြည့်ရလိမ့်မယ်၊ မဂ္ဂင်ငါးပါးနဲ့ ဒီခန္ဓာကြည့်ရ လိမ့်မယ်နော် (မှန်ပါ့) မဂ္ဂင် ငါးပါးနဲ့ ရထားတဲ့ ခန္ဓာကြီးကို ကြည့်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ ဘာကြည့်ရမယ် (ရ,ထားတဲ့ ခန္ဓာကြီ ကြည့်ရပါမယ်) အဲ ရထားတဲ့ ခန္ဓာကြီးကို ဘုရားပေးတဲ့ မျက်လုံးနဲ့ ဆရာပေးတဲ့ မျက်လုံးနဲ့ ခင်ဗျားတို့ ထိုးထိုးထွင်းထွင်း ကြည့်ပေးပါ (မှန်ပါ့ ဘုရား)။

ထိုးထိုးထွင်းထွင်း ကြည့်ပေးရင်လဲ အကြည့်မှန်ရင် (မဂ္ဂဗြဟ္မစရိယာ ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အရေးကြီးတာကလဲ ဘုရားသခင် တစ်ဆူပေါ်မှ ဒီမျက်မှန် တစ်ခါတစ်ခါ ရကြ တာ ဖြစ်နေတော့ ခင်ဗျားတို့ သေသေချာချာ ကြည့်ပါဆိုတဲ့ ဥစ္စာကိုလဲ တိုက်တွန်း ရပြန်တယ် (မှန်ပါ့ ဘုရား) မလွယ်ဘူးနော် (မလွယ်ပါ)။

ခင်ဗျားတို့ အခုဖြစ်နေတဲ့ အခြေအနေက ခန္ဓာ ကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်ဆိုတာ ပါးစပ်ပြော ဟုတ်ပါရဲ့၊ အမြင်တော့ မမြင်ဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ခန္ဓာကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်ကြီးတွေလို လူတိုင်းပြောကြပါတယ် (မှန်ပါ့) ဒုက္ခခန္ဓာ ကိုယ်ကြီးကွ လို့ကော (ပြောပါတယ် ဘုရား) အနတ္တ ခန္ဓာကိုယ်ကြီးကွ လိုကော (ပြောပါတယ် ဘုရား)။

လူတိုင်းတော့ ပြောပါကလား အင်း ပြောသံကြားနဲ့ ပြောတာလား၊ ကိုယ့်အမြင်နဲ့ ပြောတာလား၊ (ပြောသံကြားနဲ့ ပြောတာပါ ဘုရား)။

ကိုယ်တိုင်မြင်မှ နိဗ္ဗာန်ရောက်မယ်

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ တဲ့၊ ပြောသံကြားနဲ့ ပြောတာသည် တစ်ဆင့်ကြားနဲ့ ပြောတာသည် နိဗ္ဗာန် မရောက်ဘူးကွကဲ့ (မှန်ပါ့ ဘုရား) ဘယ့်နှယ်တဲ့ (တစ်ဆင့် ကြားနဲ့ ပြောတာ နိဗ္ဗာန် မရောက်ပါ ဘုရား)။

နို့ ဘာမှ ရောက်မှာတုံးဆိုတော့ ကိုယ်တိုင် မြင်မှ ရောက် မယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) တစ်ဆင့်ကြားနဲ့ သိနေတာက (နိဗ္ဗာန်မရောက်ပါ ဘုရား) ကိုယ်တိုင်မြင်ရင် (နိဗ္ဗာန် ရောက် ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ကိုယ်တိုင်မြင်အောင် ကြိုးစားလိုက် လို့ ရှိရင်ဖြင့် ကိစ္စပြီးပါတယ် ဆိုတာကော ရှင်းလင်းမသွား သေးဘူးလား (သွားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မိဘပေးတဲ့ မျက်လုံးအသာထား ပြီး သကာလ ဘုရားပေးတဲ့ မျက်လုံး, ဆရာပေးတဲ့ မျက်လုံး ကို တပ်ကြည့်ရမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မိဘပေးတဲ့ မျက်လုံး ပြောသံကြားမျက်လုံးတွေ ဘာလုပ်ရမယ် (ဖယ်ထားရပါမယ် ဘုရား) သေသေ ချာချာ ဖယ်ထားဆိုတာကော သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဘုရားပေးတဲ့မျက်လုံးတပ်ကြည့်ရမယ်

ဘုရားပေးတဲ့မျက်လုံး, ဆရာပေးတဲ့မျက်လုံး (တပ်ရပါ မယ် ဘုရား) အဲ တပ်ကြည့်ရလိမ့်မယ် ဆိုတော့ အဲဒီကျမှ စက္ခုံ ဥဒပါဒိ ဖြစ်မှာကိုး (မှန်ပါ့)။ စက္ခုံ ဥဒပါဒိ – ပညာမျက်လုံးသည် ဥဒပါဒိ ဖြစ်လာ၏။ အရှင် ကောဏ္ဍည ချီးမွမ်းတာဟာ နဂိုတုန်းက မိဘမျက်လုံး ချီးမွမ်းတာလား အခုမှ မျက်လုံးရတယ်လို့ ပြောတာလား (အခုမှ မျက်လုံးရတယ်လို့ ပြောတာပါ ဘုရား)။

ဪ အခုမှ မျက်လုံးရတယ်လို့ ပြောတော့ မောင်ကိုရေ ဒီမျက်လုံးမှ မျက်လုံးအစစ်ပါကလား (မှန်ပါ့) ဘယ်လိုဆိုကြပါမယ် (ဒီမျက်လုံးမှ မျက်လုံးအစစ်ပါ ဘုရား)။

စက္ခုံ ဥဒပါဒိ ဆိုတော့မှ စက္ခုံ ဆိုတာလဲ ဘာတုံး မေးတဲ့ အခါကျတော့ မသိမှာစိုးလို့ ဉာဏံ ဥဒပါဒိ ဉာဏ် မျက်စိကွတဲ့ (မှန်ပါ့ ဘုရား) ဒကာ၊ ဒကာမတွေဘာလဲ (ဉာဏ်မျက်စိပါ ဘုရား)။

ဉာဏ်မျက်စိတပ်ပြီး ခန္ဓာကြည့်

ကိုင်း ဒါဖြင့် ယနေ့ ဒကာ၊ ဒကာမတွေ ဉာဏ် မျက်စိပ်ပြီး ဒီခန္ဓာတော့ ကြည့်ရတော့မယ် (မှန်ပါ ဘုရား) ဘာကြည့်ရမယ် (ဉာဏ်မျက်စိတပ်ပြီး ဒီခန္ဓာ ကြည့်ရပါမယ် ဘုရား)။

အဲဒီကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အညာသိ ကောဏ္ဍညာ၊ ကောဏ္ဍညာ ကောဏ္ဍည သည်၊ အညာသိ – သစ္စာတရား သိသွားပြီကွ၊ ပကတိ မျက်လုံး မဟုတ်တော့ဘူး၊ ပညာမျက်လုံးနဲ့ ခန္ဓာသိသွားပြီ ကွ၊ ခန္ဓာအုဆုံး နိဗ္ဗာန်ကိုလဲ သိသွားပြီကွ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒကာ၊ ဒုကာမတို့ ဒီခန္ဓာကြီးက ဘာ မျက်လုံးနဲ့ ကြည့်ရမယ် (ဉာဏ်မျက်လုံးနဲ့ ပါ ဘုရား) ဉာဏ်မျက်လုံးနဲ့ ကြည့် ရမယ်ဆိုတာ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဉာဏ်မျက်လုံးနဲ့ မကြည့်တာ – ကတော့ အင်း ချောလိုက်တာ, လှလိုက်တာ, ဝလိုက်တာ၊ အင်း အခုပဲ တစ်မျိုးတစ်ဖုံပဲ ကြည့်ကောင်းပြန် တယ်၊ အခု နည်းနည်းကျသွားတယ်၊ ဒါက ဒကာ၊ ဒကာမ တို့ ဉာဏ်မျက်လုံး မဟုတ်ဘူးနော် (မှန်ပါ့) ရိပ်မိပါလား (ရိပ်မိပါပြီ)။

ဉာဏ်မျက်လုံးက ဘာပါလိမ့်

ဉာဏ်မျက်လုံးကတော့ ဘာပါလိမ့်တုံးဆိုတဲ့ အခါ ကျလို့ရှိရင် ဒီအထဲမှာ ဘာမှမရှိဘူး၊ အနိစ္စနဲ့ ဒုက္ခသစ္စာပဲ ရှိတယ်လို့ မြင်တာမှ ဉာဏ်မျက်လုံး (မှန်ပါ့ ဘုရား) အနိစ္စနဲ့ ဒုက္ခသစ္စာပဲ ရှိတယ်လို့ သိပါမှ ဘာမျက်လုံးပါလိမ့် (ဉာဏ်မျက်လုံးပါ ဘုရား)။

အဲဒီတော့ အနိစ္စနဲ့ ဒုက္ခသစ္စာကိုသိပါမှ သစ္စာမြင်မှ – ဒီက ဉာဏ်မျက်လုံးဖြစ်မယ် (မှန်ပါ့ ဘုရား) နောက်ကျတော့ ဒကာ၊ ဒကာမတို့ သစ္စာမြင်မှုဟာ အင်မတန် အရေးကြီးတော့တယ် ဆိုတာလဲ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါမြင်လို့ရှိရင် တစ်ခါတည်း မြင်လိုက်ပါ၊ တစ်ခါတည်း မဂ္ဂင်ရှစ်ပါးဖြစ်ပြီး သကာလ ခင်ဗျားတို့ လုပ်ထားတဲ့ အကုသိုလ်တွေ အကုန်အကြွေးဆပ်တယ် (မှန်ပါ့) အကုသိုလ်တွေ အကုန်ပြောင်ရော (မှန်ပါ့)။

အပါယ်လေးပါးသွားမည့် အကုသိုလ်တွေ ဘယ့် နှယ်ဆိုကြမလဲ (ပြောင်သွားပါတယ် ဘုရား) လူဖြစ်ဖို့ နတ်ဖြစ်ဖို့ ကံတွေကော (ပြောင်ပါတယ် ဘုရား)။

ဉာဏ်မျက်လုံးဟာ ကယ်မည့်မျက်လုံး

အကုန် ပြောင်ရပါတယ် ဆိုတော့ ဉာဏ်မျက်လုံးဟာ ကယ်မည့်မျက်လုံးပါကလား (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (ဉာဏ်မျက်လုံးဟာ ကယ်မည့် မျက်လုံးပါ ဘုရား)။

ဒါဖြင့် ဉာဏ်မျက်လုံးကို ဘုရားကမပေး၊ ဘုန်းကြီး တို့က မပေးလို့ရှိရင် ခင်ဗျားတို့ဖြင့် ကယ်မည့် ယူမည့်သူ ကင်းမဲ့နေတော့ တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဒီဉာဏ်မျက်လုံးကို အရေးတကြီးဟောဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ခင်ဗျားတို့က အရေးတကြီး လုပ်ဖို့ကော (လိုပါတယ် ဘုရား)။

လိုလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီးကလဲ အရေးတကြီး ပြောပါ့မယ်၊ ဒကာ၊ ဒကာမတွေ ကလဲ ကြွေး ဗလပွေနဲ့ နေတဲ့ ဒကာ၊ ဒကာမတွေ ခန္ဓာနဲ့ အပါယ်ငရဲချ ရမှာ ဖြစ်နေတော့ မချလို့ရှိရင် ဒီဉာဏ်မျက်လုံးကိုဖြင့် ကိုယ်တိုင်ပဲ လုပ်ယူပါတော့မယ် ဆိုတာ ခင်ဗျားတို့ကိုလဲ သတိထား (မှန်ပါ့) ထားနိုင်ပါ့မလား (ထားနိုင်ပါတယ် ဘုရား)။

ဘုန်းကြီးကလဲမရ ရအောင် ပေးလိမ့်မယ်ဆိုတဲ့ စေတနာနဲ့ ရှိပြီးသားဆိုတာလဲ ခင်ဗျားတို့ အထူးပြောဖို့ မလိုပါဘူး (မလိုပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒါ နက်ဖြန်ကျမှ ပေးမယ်၊

ဒီနေ့တော့ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။