ဒါကလေးကိုပြင်လိုက်ရင် သိပ်ကောင်းမယ်
အသံဖိုင်ခေါင်းစဉ်= မှီဝဲရမည့်တရားကိုမှီဝဲပါ
စာအုပ်ခေါင်းစဉ်= ဒါကလေးကိုပြင်လိုက်ရင် သိပ်ကောင်းမယ်
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော တရားတော်
ဒါကလေးကိုပြင်လိုက်ရင် သိပ်ကောင်းမယ်
ဟောကြားသည့်နေ့
(၁၉-၄-၆၂)
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံး နေတဲ့ အချိန်မှာ ရဟန်းတွေက ဝိုင်းပြီး တရားနာမလို့ လာကြတယ်။ တရားနာမလို့ လာကြတဲ့ အခါကျတော့ ဘုရားကဘဲ ဆီးပြီး မေးလိုက်တယ်။ ဘယ်လို မေးလိုက်သတုံးဆိုတော့၊ အားလုံးသော ပုဂ္ဂိုလ်တွေကွာ ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်း အလိုရှိကြတယ်တဲ့။ ဒါဟာ ထုံးစံပဲနော် (မှန်ပါ)။
အားလုံးအလိုရှိတာက ဘာပါလိမ့်
အားလုံးသော ပုဂ္ဂိုလ်တွေ အလိုရှိတာ ဘာပါလိမ့် – (ကိုယ်၏ချမ်းသာခြင်းစိတ်၏ ချမ်းသာခြင်း အလိုရှိပါတယ်)။
ထိုကဲ့သို့ အလိုရှိပြီး သကာလ နေငြားသော်လည်းတဲ့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတွေက ပေါ်ပေါက်လာတယ် (မှန်ပါ့)။
ကဲကွာတဲ့ ကိုယ်၏ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းကို အများကြီး အလိုရှိကြတယ်။ ထိုကဲ့သို့ အလိုရှိပြီးသကာလ နေငြားသော်လည်း အားလုံးသော ပုဂ္ဂိုလ်တို့မှာ တော်တော်ကြာ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းတွေ လာကြတာဘဲ (မှန်ပါ့) အဲဒါ မင်းတို့ ဘယ်အကြောင်းကြောင့် အလိုရှိတာ မလာဘဲနဲ့ အလိုမရှိတာတွေ လာနေပါလိမ့်မလဲ မင်းတို့ ပြောကြစမ်းပါလို့ ရဟန်းတွေကို မေးလိုက်တယ် (မှန်ပါ) မမေးသင့်ဘူးလား (မေးသင့်ပါတယ်)။
ကိုယ်စိတ်ချမ်းသာခြင်းကိုရှာကြတယ်
ဒကာ ဒကာမတွေလည်း ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းဆိုပြီးတော့ ရှာကြတာပဲ (မှန်ပါ့) ရှာတဲ့ အထဲကနေပြီး သကာလ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲ ခြင်းတွေ တွေ့ကြတယ် နော် (မှန်ပါ)။ ဒါ ဘယ့်နှယ်ကြောင့် တွေ့ကြကြုံကြပါလိမ့်မလဲလို့ ဆိုတာမေးရမယ် (မှန်ပါ့)။
မေးတော့ ရဟန်းတွေကို ဘုရားက မေးလိုက်တယ်။ ဒီအဖြစ် ဘယ့်နှယ်ကြောင့် ကြုံကြသတုံးကွတဲ့။ မေးတဲ့အခါ ကျတော့ ရဟန်းတွေက အရှင်ဘုရားတဲ့ ကဿပဘုရား ပရိနိဗ္ဗာန် စံကတည်းက တရားဆိုတာ ကွယ်သွားပါပြီတဲ့။ အဲဒီတော့ တပည့်တော်တို့လည်း ကြားဘူးနားဝ ဘာမှမရှိ၊ ဘာမှမသိ ပါဘူးဘုရား။ အရှင်ဘုရားပဲ အားကိုးရာ၊ အရှင်ဘုရားပဲ အားထားရာ၊ အရှင်ဘုရား ဆုံးမမှပဲ တပည့်တော်တို့ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ် ဆိုတဲ့ ဥစ္စာ ရဟန်းတွေက လျှောက် ကြတယ် (မှန်ပါ့)။
ကဲ တရားကွယ်တာဟာ ကဿပဘု ရား လက်ထက်ကတည်းက ကွယ်တာ အခုမှ ပေါ်လာတာပဲ နော် (မှန်ပါ)
အဲဒီတော့ ကဲဒါဖြင့် သေသေချာချာနာကြကွာ။ ငါ သေသေချာချာ ရှင်းပြမယ်ဆိုပြီး ဘုရားက တရားဟော တယ်လို့ ကိုပေါ် မှတ်ရမယ်နော် (မှန်ပါ့)။
ဆင်းရဲခြင်းတွေ့ရမည့်တရား (၄) ပါး
ငါ သေသေချာချာ ရှင်းပြမယ် တခြား အကြောင်း ကြောင့်တော့ မဟုတ်ပါဘူးကွာတဲ့
၁။ မှီဝဲရမည့် တရားကို မမှီဝဲ
၂။ မမှီဝဲရမည့် တရားကို မှီဝဲတယ် (မှန်ပါ့)
၃။ ဆည်းကပ်ရမည့် တရားကို မဆည်းကပ်
၄။ မဆည်းကပ်ရမည့်တရားကို ဆည်းကပ်နေလို့ ဖြစ်နေတာ (မှန်ပါ) အဖြေထွက်လာပြီ (မှန်ပါ့)။
မမှီဝဲရမည့် တရားကိုမမှီဝဲ
မှီဝဲရမည့်တရားကို (မမှီဝဲပါဘူး) ဆည်းကပ်ရမည့် တရားကို (မဆည်းကပ်ပါဘူး) မမှီဝဲရမည့် တရားကို မှီဝဲ ပါတယ်) မဆည်းကပ်ရမည့် တရားကို (ဆည်းကပ်ပါတယ်။)
ဪ ဒီလေးချက်ကြောင့် ချမ်းသာခြင်းအလို ၊ ရှိငြားသော်လည်း ဦးညိုကြီး ဆင်းရဲ တွေ့ရသတဲ့ (မှန်ပါ) ဦးဘကလေး မှတ်မိပလား (မှတ်မိပါပြီ)။
ဒါ မဟောဘူးလား၊ ဒကာ ဒကာမတွေ ဂရုစိုက် နားထောင်ပါ၊ နောက်အလုပ် ပေါ်လာလိမ့်မယ် ဆိုတာ မှတ်ပါ (မှန်ပါ) မောင်နိုင် ရှင်းပလား (ရှင်းပါပြီ)။
ချမ်းသာကိုတော့ လူတိုင်းအလိုရှိကြတယ်
ဒါ အရေးကြီးပါတယ်ဆိုတာ ကိုမြင့် မှတ်စမ်းပါ (မှန်ပါ) သတ္တဝါတို့ ချမ်းသာတော့ လူတိုင်း အလိုရှိကြတယ်နော် (မှန်ပါ) ချမ်းသာအလိုရှိပြီးနောက် သူတို့ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ဆိုတဲ့ ဒုက္ခတွေနဲ့ မတွေ့ကြဘူးလား (တွေ့ကြပါတယ်)
တွေ့ကြတဲ့အခါကျတော့ ဪ အလိုရှိတာက တစ်မျိုး၊ တွေ့တာက တစ်ဖုံဖြစ်ပြီး သကာလ နေတာ ဘယ့်နှယ်ကြောင့် တွေ့တယ်ဆိုတာ သူတို့လက်သည် ရှာမတွေ့ဘူး (မှန်ပါ့) ဘုရား က လက်သည် ဖေါ်လိုက်ပြီ ဒကာ ဒကာမတို့။ မှီဝဲရမည့် တရားကို (မမှီဝဲပါဘူး) မဆည်းကပ်ရမည့် တရားကို (ဆည်းကပ်ပါတယ်)။
ဆည်းကပ်ရမည့်တရားကို ဆည်းကပ်မှ
ဒါဖြင့် မှီဝဲရမည့် တရားကို မှီဝဲမှ (မှန်ပါ) ဆည်းကပ် ရမည့် တရားကို (ဆည်းကပ်မှပါ)။
ဒါမှသာလျှင် ကိုယ်၏ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်း ၊ အလိုရှိကြတယ် ဆိုလို့ရှိရင်ဖြင့် ကိုယ်၏ချမ်းသာမှု စိတ်၏ ချမ်းသာမှုကို ရကြမှာပဲ (မှန်ပါ့)။
ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ဒီလို ဆိုကြစို့။ ဒို့ဖြင့် ဟေ့ အပေါင်းအသင်းလွဲလို့သာ ဖြစ်ရလေခြင်းလို့ ၊ မှတ်ပေတော့ (မှန်ပါ့)။
အပေါင်းအသင်းလွဲလို့ဖြစ်ရတာ
ဘယ်လိုမှတ်ကြမယ် (အပေါင်းအသင်းလွဲလို့ ဖြစ်ရတာပါဘုရား)။ အပေါင်းအသင်းလွဲတာနဲ့ မမှီဝဲရမည့် တရား မှီဝဲ။ မပေါင်းသင်းရမည့် တရား ပေါင်းသင်းတာနဲ့ ဒို့ဖြင့် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတွေ့ရပြီ (မှန်ပါ့) တယ် အဖြေကောင်းတယ် (မှန်ပါ့)။
မောင်နိုင် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဖြေတာ တယ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။
ကဲ နောက်က ဒကာ ဒကာမတွေ သုံးခါစေ့အောင် ပြောပါ့မယ်။ ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းကို အမြဲအလိုမရှိကြဘူးလား (ရှိပါတယ်) ဘယ့်နှယ်ကြောင့် ခုတော့ဖြင့် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းတွေ တစ်နေ့မှ ဘဝင်အေးအေးနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ အသက် ကလေး မှန်မှန်ရှုပြီး နေရတယ် မရှိဘူး။ လုပ်လိုက်ရတာ ကိုင်လိုက်ရတာ ဆင်းရဲလိုက်တဲ့ ဖြစ်ခြင်း။ သားသမီးပူ၊ ဆွေပုံ မျိုးပူက ရှုပ်၊ ပစ္စည်းပူကရှုပ်၊ သူခိုးဓါးပြပူတွေကရှုပ် ပရိယေသန မပြည့်စုံလို့ ပူရဆွေးရ နော် (မှန်ပါ) အလိုရှိတာက တခြား တွေ့နေတာက တစ်ဖုံ (မှန်ပါ)။
မဆည်းကပ်ရမည့် တရား ဆည်းကပ်တယ်
အလိုရှိတာက (တခြားပါ) တွေ့နေတာက (တစ်ဖုံပါ) အဲဒါ ဘယ့်နှယ်ကြောင့်တုံးလို့ ဆိုတော့ ကိုပေါ် အဖြေပေါ်ပါပြီ (မှန်ပါ့) မှီဝဲရမည့် တရားကို မမှီဝဲ၊ မမှီဝဲရမည့် တရားကို (မှီဝဲပါတယ်) မဆည်းကပ်ရမည့် တရားကို (ဆည်းကပ်ပါတယ်)
ဆည်းကပ်ရမည့် တရားကို (မဆည်းကပ်ပါဘူး)။
ဒါကလေးကို ပြင်လိုက်ရင် သိပ်ကောင်းမယ်
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒါကလေး ပြင်လိုက်ရင် သိပ်ကောင်းမယ် (မှန်ပါ) အခုပြောတဲ့ လေးချက် ပြင်လိုက်ရင် သိပ်ကောင်းမယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ပေတေတေဖြစ်နေတော့ ဒါတွေ တော့ ပြင်မယ် စိတ်မကူးဘူး၊ ဘယ့်နှယ်ကြောင့် ဆုတောင်း မပြည့်ပါလိမ့်မတုံးတဲ့။ အံမာလေး အလွဲသွားပြီး ကိုပေါ်ရေ စွဲချက် တင်လိုက်ပြီ (မှန်ပါ့)။
ဦးဘကလေး ဘယ်လို တင်လိုက်ပါလိမ့် (အလွဲ သွားတင်လိုက်ပါတယ်)။
ဘုရားရှေ့ ပန်းတွေ ရေတွေလှူ၊ မီးတွေထွန်း
ကျုပ်ဆုတောင်းလိုက်တာ ဘုရားရှေ့ ပန်းတွေလဲ၊ ရေတွေလှူ၊ မီးတွေထွန်း။ ဘယ်အခါ ကာလမှ အပူဟူသ၍ မြူမှ မခပရစေနဲ့။ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ကြောက်လွန်းလို့၊ မတွေ့ပါရစေနဲ့လို့ ဘုရားတွေ့ ဆုတောင်းပြီး သကာလ ကျုပ်ဖြင့် မပြည့်ဘူး။ သားဆိုး၊ သမီးဆိုး၊ ဆွေဆိုး၊ မျိုးဆိုးနဲ့ တွေ့ရလေခြင်းတဲ့။ ဟ မောင်နိုင် ဒီလိုဖြစ်လာတယ် (မှန်ပါ) အဲဒါ လက်သည် ပေါ်ကြပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ) ဘယ်လိုပါလိမ့် (မမှီဝဲအပ်သည့် တရားကို မှီဝဲ မဆည်းကပ် အပ်သည့် တရားကို ဆည်းကပ် လို့ပါ)။
အခုတော့ အဖြေထွက်လာပြီ
ဟော အခုတော့ အဖြေထွက်လာပြီ၊ တစ်ပွဲလုံး အဖြေထွက်လာပြီ (မှန်ပါ) သိပ်အဖိုးတန်သွားပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ မဟာဓမ္မသမ္မာဒါန သုတ်တဲ့၊ မူလ ပဏ္ဏာသပါဠိတော်မှာ ဟောတော် မူတယ်လို့ မောင်နိုင်တို့က မှတ်ရမယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတို့ အလိုရှိတာ ပြည့်ကြရဲ့လား (မပြည့်ပါဘူး) ဘယ့်နှယ်ကြောင့် မပြည့်ပါလိမ့်ဗျာ (မမှီဝဲ အပ်သည့် တရား မှီဝဲ မဆည်းကပ်အပ်သည့်တရား ဆည်းကပ် လို့ပါ)။
လက်သည်ဖမ်းမိပြီ
အခုမှပဲ လက်သည် ဖမ်းမိပေတော့တယ် မောင်နိုင် မိပလားကွ (မိပါပြီ ဘုရား) မမှီဝဲရမည့် တရား မှီဝဲနေကြ တယ်၊ (မှန်ပါ့) မပေါင်းသင်းရမည့် ပုဂ္ဂိုလ်ကို (ပေါင်းသင်း နေပါတယ်) မဆည်းကပ် ရမည့် ပုဂ္ဂိုလ်ကို (ဆည်းကပ်နေပါ တယ်) အင်း ဒါတွေခက်နေတာပဲ (မှန်ပါ) ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်စေချင်လိုက်တာ ဒီတရားကို (မှန်ပါ) ကိုမြင့် မပြောထိုက်ဘူးလား (ပြောထိုက် ပါတယ် ဘုရား) ဦးဘအုန်း ပြောလိုက်ပါတယ် (မှန်ပါ့)။
ကြည့်စမ်း ရဟန်းတွေ မေးတော့လည်း ရဟန်း တွေလည်း ဘာမှ မဖြေနိုင်ဘူး။ (မှန်ပါ) မဖြေနိုင်ဘူးတဲ့၊ ကဿပဘုရား လက်ထက်ကတည်းက ဒီတရားတွေ ကွယ်ခဲ့ ပါတယ်ဘုရား။ တပည့်တော်တို့ မေးတော့ တပည့်တော်တို့ ဘာမှ မဖြေတတ်ပါဘူးတဲ့။ အရှင်ဘုရားဟောမှ ပြောဆိုမှ ဆုံးမမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
တရားကွယ်တာ ဘယ်လောက်ကြာပြီလဲ
ကဲ နောက်က ဒကာ ဒကာမတွေ ရဟန်းတွေတောင် ဖြေတတ်ပါရဲ့ လား (မဖြေတတ်ပါဘူး) တရားကွယ်တာ ဘယ်လောက်ကြာပတဲ့ (ကဿပဘုရား လက်ထက်ကတည်း ကပါ) ကဿပဘုရား လက်ထက်ကတည်းက ကွယ်တာ၊ ဒီဘုရား လက်ထက်ကျမှ ပေါ်တာပဲ (မှန်ပါ)
အဲဒါ မြေကြီး ၁၃ မိုင် ပျမ်းမျှကြေး တက်သွားပြီ တရားကွယ်တာ (မှန်ပါ) အခု ဒီဘု ရား လက်ထက်ကျမှ ပေါ်လာတာတဲ့။ ဒါကြောင့် တပည့်တော်တို့ဖြင့် မဖြေတတ်ပါဘူး ဘုရားလို့၊ ဒကာ ဒကာမ တွေ ရဟန်းတွေ လျှောက်တာကို ခင်ဗျားတို့ နားထောင်လို့ရှိရင်၊ ဪ ခဲခဲယဉ်းယဉ်း ဘုရား၏ ကိုယ်စား ဖြစ်တဲ့ ဒို့ ဆရာသမားက ဟောကြားနေတာပါလား (မှန်ပါ)။
လေးစားထိုက်လို့ ပြောနေတယ်လို့မှတ်
ခဲခဲယဉ်းယဉ်းပြော၊ ခဲခဲယဉ်းယဉ်းဆိုနေတာပါလား ဆိုပြီး သကာလ ဦးဘကလေးတို့ သေသေချာချာမှတ်ရမယ် (မှန်ပါ) ဒကာ ဒကာမတို့ သေသေချာချာ မှတ်ရမည့် တရားဆိုတာကော သဘောကျကြပလား (ကျပါပြီ)။
တရား လေးစားအောင် ပြောနေတာလား၊ လေးစား ထိုက်လို့ ပြောနေတာလား (လေးစားထိုက်လို့ ပြောနေတာပါ) လေးစားထိုက်လို့ ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ မောင်နိုင် တို့ နော် (မှန်ပါ့)။
မှီဝဲရမည့် တရား မမှီဝဲ၊ ဆည်းကပ်ရမည့်တရား မဆည်းကပ်တာနဲ့ မောင်နိုင်၊ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းကို အလိုမရှိဘဲနဲ့ တွေ့နေရတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ)။
ဆည်းကပ်ရမည့် တရားမဆည်းကပ်လို့
ဘာ့ကြောင့် ပါလိမ့် (မှီဝဲရမည့်တရားကို မမှီဝဲ, ဆည်းကပ်ရမည့်တရား မဆည်းကပ်လို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ရပါတယ်)
ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းပေါ် ရတယ် ဆိုတော့ ဦးဘအုန်း လက်သည်ရှာရင် မိပြီ (မှန်ပါ) ဒီစကား ကလေး တစ်လုံးကိုက မောင်နိုင် အင်မတန် အဖိုးတန်တယ် (မှန်ပါ) အင်မတန် အဖိုးတန်နေပြီ ဒကာ ဒကာမတို့
ဪ ဒို့မှာဖြင့် တစ်နေ့မှ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ မပူရ၊ မဆွေးရတဲ့ နေ့ရယ်လို့ ဒို့မှာ မရှိဘူး (မှန်ပါ) အစားပူရ အနေပူရ၊ အဝတ်ပူရ၊ အထိုင်ပူရ၊ သားလင်ခင်ပွန်း ကိစ္စတွေပူရ၊ သေသောသူ ကိစ္စတွေ ပူရ ဆွေးရနဲ့၊ ဒို့မှာဖြင့် တောင်းလိုက် ရတဲ့ဆု၊ ကိုယ်အလိုရှိတာ တွေဖြင့် မပြည့်ပါလား အခု ဘယ့်နှယ်များ ဖြစ်ပါလိမ့်မတုံးဆိုတော့ အဲဒီဘယ့်နှယ်များ ဖြစ်ပါလိမ့်မလဲ ဆိုတဲ့ အဖြေကို ဖြေတာ ဘုရားက (မှန်ပါ)။
ဘယ့်နှယ်ကြောင့် ဒီလိုဖြစ်ရပါလိမ့်မလဲ ကိုပေါ်တို့ လူစုတွေ (မမှီဝဲရမည့်တရား မှီဝဲ, မဆည်းကပ်ရမည့် တရား ဆည်းကပ်လို့ပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေပေါ့တော့တော့ လုပ် မနေကြနဲ့၊ ဘာတဲ့တုံး ဖြေကြစမ်းပါဦး။ (မမှီဝဲရမည့် တရား မှီဝဲ၊ မဆည်းကပ်ရမည့်တရားကို ဆည်းကပ်လို့ပါ ဘုရား)။
အလွဲအချော်ချည့် လုပ်နေလို့
ဒါဖြင့် ခင်ဗျားတို့ဟာ အလွဲအချော်ချည်း လုပ်နေလို့ ဆိုလိုက်ပါတော့။ မဟုတ်ဘူးလား (မှန်ပါ) အလွဲအချော်တွေနဲ့ ချည့် လုပ်နေတော့ အလိုမရှိတာတွေနဲ့ချည်း တွေ့နေရတယ်နော် (မှန်ပါ) ပြီးတော့ ခင်ဗျားတို့က ဘုရားနဲ့ ရန်ဖြစ်သေးတယ်။
မောင်နိုင်တို့လူစုက ဘုရားနဲ့ရန်ဖြစ်သေးတယ် (မှန်ပါ)၊ တောင်း လိုက်ရတဲ့ဆု, ဆုတောင်းပြည့် လို့လည်း ဆိုင်းဘုတ်ဆွဲထားတယ်။ ကိုယ့်ဖြင့် ဒုက္ခတွေတွေ့လိုက်ရတာ၊ ဒီဘုရားသွားပြီး ဆုတောင်း ရတာ မပြည့်ပါဘူး။ ဒီဘုရား မသွားချင်ပါဘူးဆိုပြီး ဘုရား နဲ့တောင် ရန်ဖြစ်လိုက်သေးတယ် (မှန်ပါ) ဘုရားနဲ့တောင် ရန်ဖြစ်လိုက်သေးတယ် ဒကာကြီးလှိုင်ရေ (မှန်ပါ ဘုရား)။ လက်သည် အရှာ လွဲနေတော့ ဘုရားကိုတောင် ရန်သူလုပ်တယ် (မှန်ပါ)။
ဘာအရှာလွဲလို့ပါလိမ့် (လက်သည် အရှာလွဲလို့ပါ) လက်သည်အရှာလွဲတော့ကို ဘုရားနဲ့ တောင်မှ ရန်သူကြီး ဖြစ်ပြီး သကာလ နေတဲ့ ဝတ္ထုသက်သေသာဓက ပုဂ္ဂိုလ်တွေ ရှိပါတယ်။ မောင်နိုင် မရှိဘူးလား (ရှိပါတယ်)။
စိတ်၏ဆင်းရဲခြင်းမတွေ့ပါရစေနဲ့
ကျုပ်ဖြင့် ဘာကလေး လုပ်လုပ် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းဖြင့် မတွေ့ပရစေနဲ့ ဆိုပြီး သကာလ ဘာကလေးလှူလှူ ဒါတော့ ထည့်လိုက်တာပါပဲ (မှန်ပါ) တွေ့လိုက်ရတာကလည်း လွန်လို့။ ဘယ့်နှယ်များ ဖြစ်တယ်လို့ ကိုယ့်ဆုတောင်းက မပြည့်ပါဘူး။ ဘုရားနဲ့ကိုပဲ အကျိုး မပေးလို့လား အစရှိသည်နဲ့ ကိုယ်ရေ ရန်မဖြစ်ကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ အတုမရှိတဲ့ ပုဂ္ဂိုလ်နဲ့တောင် သွားတုပြီး ရန်သွားဖြစ်ချင် သေးတဲ့ အဓိပ္ပာယ်တောင် ပေါ်လိုက်သေးတယ် (မှန်ပါ)။
ဦးဘကလေး စကားကြီးတယ်လို့ ထင်သလား (မထင်ပါဘူး) ဖြစ်ကို ဖြစ်နေတာဗျ (မှန်ပါ) ဖြစ်ကို ဖြစ်နေတာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုင်း ဒါဖြင့် လက်သည်တော့ဖြင့် ယနေ့ ဖမ်းပေးပါပြီ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မူလပဏ္ဏာသ ပါဠိတော်မှာ မဟာကမ္မသမ္မာဒါနသုတ်မှာ သေသေချာချာ ရဟန်းတွေ မေးပြီး သကာလ ၊ ကွာ မင်းတို့ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းကို အလွန်ကြောက်ကြပြီး သကာလ ၊ နောက်ကျတော့ ကိုယ်ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတွေ တွေ့ကြတဲ့ဥစ္စာ ဘယ်အကြောင်းကြောင့်ဆိုတာ မင်းတို့ လက်သည်ရှာတတ် ကဲ့လားလို့ ဘုရားက မေးတော့၊ ကဿပ ဘုရားလက်ထက် ကတည်းက တရားတွေ ကွယ်လာလို့ အဖြေပေးဖို့ အလွန် ဝန်လေးပါတယ်လို့ လျှောက်လိုက်တယ် (မှန်ပါ)။
ဒါနဲ့ ဘုရားက အဖြေပေးလိုက်တာတော့ ပေါ်ကြပလား (ပေါ်ပါပြီ) ဘာတဲ့ (မမှီဝဲရမည့် တရားကို မှီဝဲ, မဆည်းကပ်ရမည့် တရားကို ဆည်းကပ်လို့ပါ ဘုရား)။
ဒီတရားတစ်လုံးနဲ့ ပြန်လို့ရပါတယ်
ဟုတ်ပြီ ဟုတ်ပြီ။ တယ်မိသွားပြီ၊ ဒီတစ်လုံးနဲ့ပဲ ခင်ဗျားတို့ တရားပွဲမှ ပြန်မယ်ဆို ပြန်နိုင်ကြ ပါတယ်။ ဒီတစ်လုံးနဲ့ပဲ ဪ မမှီဝဲရမည့်တရား မှီဝဲလို့၊ မဆည်းကပ်ရမည့်တရား ဆည်းကပ်နေတဲ့ အတွက် ဒို့မှာဖြင့် ဒို့အလိုရှိတာ မပြည့်စုံဘူး ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားက ပြောပြီတဲ့၊ အဲဒီ ပုဂ္ဂိုလ်ဟာလည်း ကွာတဲ့ မမှီဝဲရမည့် တရားကို မှီဝဲ မဆည်း ကပ်ရမည့်တရားကို ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း လေးမျိုး ရှိတယ်ကွတဲ့။ ဒီပုဂ္ဂိုလ်ကလည်း လေးမျိုးရှိတယ် (မှန်ပါ)။
၁။ ဆင်းရဲပြီး၊ ဒုစရိုက်နဲ့ မိစ္ဆာဒိဋ္ဌိလုပ်
၁-နံပါတ်ပုဂ္ဂိုလ်က ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းရှိလျက်သားနဲ့ ပါဏာတိပါတ စသည့် ဒုစရိုက်တွေ ကိုလည်း ပြုလုပ် မိစ္ဆာဒိဋ္ဌိ အလုပ်ကိုလည်း လုပ်တာက တစ်ယောက် (မှန်ပါ)။
ဘာတဲ့တုံး (ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ ပါဏာတိ ပါတ စသည့် ဒုစရိုက်တွေကိုလည်း ပြုလုပ်, မိစ္ဆာဒိဋ္ဌိ အလုပ်ကို လုပ်တာက တစ်ယောက်ပါ)။
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲရှိပြီး သကာလ ၊ ပါဏာတိပါတ စသည့် အလုပ်တွေကိုလဲ လုပ်၊ မိစ္ဆာဒိဋ္ဌိ အလုပ်တွေကိုလည်း လုပ်တဲ့ပုဂ္ဂိုလ်က တစ်ယောက်တဲ့။ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒါ ၁-နံပါတ်ပုဂ္ဂိုလ်ပဲ (မှန်ပါ)။
၂။ ချမ်းသာပြီး ဒုစရိုက်နဲ့ မိစ္ဆာဒိဋ္ဌိလုပ်
၂-နံပါတ် ပုဂ္ဂိုလ်ကတော့ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိပါလျက်သားနဲ့၊ ပါဏာတိပါတ စသည့် ဒုစရိုက်တွေလုပ်၊ မိစ္ဆာဒိဋ္ဌိအလုပ် လုပ်ပြန်တယ်။ ဒီပုဂ္ဂိုလ်က တစ်ယောက် (မှန်ပါ) ဘယ်နှစ်ယောက် ရှိပလဲ (နှစ်ယောက်ပါ)။
လေးလေးစားစားမှတ်ရမယ်
သေသေချာချာ ပြောရမှာ ဖြစ်နေတော့၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး သူဆည်းပူးလို့ရတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ဟောတော်မူတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်နေတော့၊ ဒီဥစ္စာတွေ ဒကာ ဒကာမတွေ သန္တာန်မပါဘဲ နေသွားမှာ, နောင်ကို အသုံးမချတတ်မှာ အင်မတန် စိုးရိမ်လို့ ဒကာ ဒကာမတို့ လေးလေးစားစားနဲ့ မှတ်ရမယ်ဆိုတာ သတိ ထားလိုက်စမ်းပါ (မှန်ပါ)။
ပြန်ပြောပါဦးမယ် မောင်နိုင်။ ၁-နံပါတ်ပုဂ္ဂိုလ်က ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းက ကြုံနေတယ်၊ ကြုံတာ နဲ့ပဲ ဒုစရိုက်တွေ လုပ်လိုက် မိစ္ဆာဒိဋ္ဌိ အယူယူလိုက်ပေါ့လေ (မှန်ပါ) ဒါ ၁-နံပါတ်ပုဂ္ဂိုလ် (မှန်ပါ)။
ဘယ့်နှယ်တဲ့ (ဒုစရိုက်လည်း လုပ်လိုက် မိစ္ဆာဒိဋ္ဌိအယူ လည်း ယူလိုက်ပါတယ်)။
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတာနဲ့ပဲ ဘာတုံး (ပါဏာတိပါတ စသော ဒုစရိုက်လည်း လုပ်တယ် မိစ္ဆာဒိဋ္ဌိလည်း ယူပါတယ်)။
၂-နံပါတ်ပုဂ္ဂိုလ်ကတော့ ကိုယ်လည်း ချမ်းသာပါတယ် စိတ်လည်းချမ်းသာပါတယ်နော် (မှန်ပါ) သို့သော် ပါဏာတိ ပါတစသည် လုပ်တယ် မိစ္ဆာဒိဋ္ဌိအယူယူပြန်တယ်။ အဲဒါ တစ်ယောက် (မှန်ပါ) ဘယ်နှစ်ယောက်ရှိပလဲ (နှစ်ယောက် ရှိပါပြီ)။
၃။ ဆင်းပြီး သူတော်ကောင်းအလုပ်လုပ်တယ်
၃-နံပါတ်ပုဂ္ဂိုလ်ကတော့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတော့ သူမှာရှိပါတယ်တဲ့။ ပါဏာတိပါတ စသည်လည်း မလုပ်တော့ ဘူး၊ မိစ္ဆာဒိဋ္ဌိ အယူလည်း မယူတော့ ဘူး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် (မှန်ပါ) ဘယ်နှစ်ယောက်ရှိသွား ပလဲ (သုံးယောက်ရှိသွားပါပြီ)။
၃-နံပါတ်ကတော့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲ ခြင်းလည်း ရှိပါတယ်တဲ့ သူ့မှာ။ သို့သော် ပါဏာတိပါတ စသည် မလုပ်ပါဘူး ဆိုတဲ့ ၃-နံပါတ်ပုဂ္ဂိုလ်က တစ်ယောက် (မှန်ပါ) ဘယ်နှစ်ယောက် ရှိသွားပလဲ (သုံးယောက် ရှိသွားပါပြီ)။
ဦးဘကလေး လေးယောက်တည်း ဟောမှာမို့၊ ဒါကလေး အိမ်ကျတော့ လက်ချိုးပြီး သကာလ ငါ ဘယ်အထဲက ဘာပါလိမ့်မတုံးဆိုတာ ရွေးလိုက်တာပေါ့ (မှန်ပါ) ငါ မှီဝဲထိုက်တဲ့ ပုဂ္ဂိုလ် မှီဝဲသလား၊ မမှီဝဲထိုက်တဲ့ ပုဂ္ဂိုလ် မှီဝဲနေသလားဆိုတာ ကိုလည်း သိရအောင် ပေါ့ဗျာ (မှန်ပါ)။
၄။ ချမ်းသာပြီး သူတော်ကောင်း အလုပ်လုပ်တယ်
၄-နံပါတ်ပုဂ္ဂိုလ်ကတော့ ကိုယ်၏ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းလည်း ရှိပါတယ်တဲ့နော် (မှန်ပါ့) ပါဏာတိပါတ စသည်လည်း မလုပ်ပါဘူး၊ မိစ္ဆာဒိဋ္ဌိလည်း မယူပါဘူး။ အဲဒါက ၄-နံပါတ်ပုဂ္ဂိုလ် (မှန်ပါ)။
ဘယ်နှစ်ယောက်ရှိသွားပလဲ (လေးယောက် ရှိသွားပါပြီ) လေးယောက်ကို မှတ်ထားစမ်းပါ။ ဒီလေးယောက်တွင် ငါဘယ်အထဲကလဲဆိုတာကိုလည်း ကိုယ်တိုင် ဝေဖန်နိုင်လောက်အောင် ရှင်းပြီး ပြပါဦးမယ် (မှန်ပါ)။
ပုဂ္ဂိုလ်လေးမျိုး
ကဲ ဒကာ ဒကာမတို့ ၁-နံပါတ်ပုဂ္ဂိုလ်က ဘာတဲ့ (ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ရှိပါလျက်သားနဲ့၊ ပါဏာတိပါတ စသည်ကိုလည်း ပြု၊ မိစ္ဆာဒိဋ္ဌိအယူကိုလည်း ယူပါတယ်)။
တစ်ယောက်သောပုဂ္ဂိုလ်က စားရမဲ့ သောက်ရမဲ့ ဖြစ်နေတော့ မောင်နိုင် ပရိယေသနက မပြည့်စုံဘူးပေါ့ကွာ (မှန်ပါ့) ကိုယ်ကလည်း မဆင်းရဲပေဘူးလားကွ၊ (ဆင်းရဲပါတယ်) စိတ်ကလည်း ဆင်းရဲတယ်၊ (မှန်ပါ) ဆင်းရဲတာနဲ့ပဲ ကိုင်း သီလပျက်ချင် ပျက်ပေစေတော့ မတတ်နိုင်ဘူး။ နည်းနည်း ကလေး ကောက်ကျစ်မှ စားရမှာပဲဆိုပြီး ကောက်ကျစ်ပြီး သကာလ စားလိုက်တယ် (မှန်ပါ) ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ တာနဲ့ အကုသိုလ်တွေ လုပ်ချလိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
သက္ကာယဒိဋ္ဌိအယူ
ပြီးတော့ သူဘယ်လိုများ တွေးလုံးက ပေါက်ပါလိမ့်မတုံး ဆိုပြန်တော့လဲ၊ ဪ ငါလည်း ဘာစားမတုံး ဒီလိုမှ မလုပ်ရင် ငါ့သား ငါ့သမီးလည်း ဘာစားမတုံးဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အယူလည်း ယူပစ်လိုက်တယ် (မှန်ပါ)။
သက္ကာယဒိဋ္ဌိအယူကော (ယူပါတယ်) ကြည့်စမ်း ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်က ၁-နံပါတ် ပုဂ္ဂိုလ်ဟာ ကိုယ်ဆင်းရဲတာနဲ့ တစ်ခါတည်း ဒုစရိုက်တွေ လုပ်ပြီး သကာလ မိစ္ဆာဒိဋ္ဌိ အယူကို ယူပစ်လိုက်တယ် (မှန်ပါ) ဦးဘကလေး ပေါ်ပလား (ပေါ်ပါပြီ)။
သီလပျက်တယ်
ကိုယ်လည်းဆင်းရဲ စိတ်လည်းဆင်းရဲတာနဲ့ ဘာလုပ် လိုက်ပါလိမ့် (ဒုစရိုက်တွေလည်းလုပ် မိစ္ဆာဒိဋ္ဌိလည်း ယူပါတယ်) သားတွေ သမီးတွေရော ငါရောစားဖို့ ဒါကလေးဟာ ဒီလိုမှ မလုပ်ရင် ဘယ်ရတော့မတုံး ဆိုပြီး သကာလ ပြုလုပ်လိုက် တယ်နော် (မှန်ပါ) သီလဟာ ပျက်မသွားဘူးလား (ပျက်သွား ပါတယ်) သီလပျက်တဲ့ အပြင်မှာ ငါရော ငါ့သားငါ့သမီးရော ငါရော ဘာစားမတုံး ဆိုတဲ့ မိစ္ဆာဒိဋ္ဌိက မပါဘူးလား ပါသလား (ပါတယ် ဘုရား)။
သေတော့ အပါယ်ကျမယ်
ဒါဖြင့် ပစ္စုပ္ပန်လည်း ဆင်းရဲတယ် (မှန်ပါ) မကျဘူးလား (ကျပါတယ်) ဒီပုဂ္ဂိုလ်သေတော့ အပါယ်ကော မသွားရဘူးလား (သွားရပါတယ်)။
ဒါဖြင့် ၁-နံပါတ် ပုဂ္ဂိုလ်မှာ မမှီဝဲရမည့် တရားကို ဘာလုပ်သတုံး (မှီဝဲပါတယ်) မဆည်းကပ် ရမည့် တရားကို (ဆည်းကပ်ပါတယ်) ဒါကြောင့် သူ ပစ္စုပ္ပန်လည်း ဆင်းရဲတယ် (မှန်ပါ့) သေတော့ကော (ဆင်းရဲပါတယ်) အပါယ်လည်း ကျတယ် (မှန်ပါ့) ဒကာ ဒကာမတွေရိပ်မိပြီ (ရိပ်မိပါပြီ)။
မောင်နိုင် ကြားဘူးလိမ့်မယ်။ နောက်က ဒကာ ဒကာမ တွေလည်း ကြားဘူးလိမ့်မယ်။ ကျုပ်တို့တော့ ဆင်းရဲတော့ မတတ်နိုင်ဘူး။ သုံးလိုက်ရတာပဲ။ မုသားတွေ ဘာတွေ ပေါ့ဗျာ (မှန်ပါ့) နို့မဟုတ် ဘယ့်နှယ်လုပ်မလဲ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့၊ ရပ်နဲ့ ရွာနဲ့၊ မင်းမှုစိုးမှုနဲ့၊ ကိုယ်လည်းစားဖို့၊ ကိုယ့်သားသမီးတွေလည်း စားဖို့ဆိုတဲ့ဥစ္စာ လုပ်ရမှာပေါ့လို့ ဦးဘကလေး လာပြီဗျ (မှန်ပါ ဘုရား) မလာဘူးလား (လာပါ တယ် ဘုရား) အဲဒါက ဘာခေါ်ကြမယ် (မိစ္ဆာဒိဋ္ဌိ) ရှင်းကြပလား (ရင်းပါပြီ)။
ယခုဘဝမှာ ဆင်းရဲတယ်
၁-နံပါတ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတာနဲ့ ဒုစရိုက်တွေ လုပ်ပြီး မိစ္ဆာဒိဋ္ဌိအယူကို ယူပစ် လိုက်တယ် (မှန်ပါ) မယူဘူးလား (ယူပါတယ်) ဘာသာခြား ဘက်ပြောင်းတာတွေလည်း ထည့်လိုက်ပါတော့ (မှန်ပါ့) ထည့်လိုက်ပါတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတာနဲ့နော် (မှန်ပါ့) ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒီပုဂ္ဂိုလ်က ဒကာ ဒကာမတွေက စဉ်းစားတာပေါ့ မှီဝဲရမည့် တရားကို (မမှီဝဲပါဘူး) မဆည်းကပ် ရမည့် တရားကို (ဆည်းကပ်ပါတယ်)။
သံသရာမှာ အပါယ်ကျမယ်
ဒါဖြင့် ပစ္စုပ္ပန်လည်း ဆင်းရဲ သံသရာကော (ဆင်းရဲပါတယ်)။
အဲဒါလည်းကွာတဲ့ မင်းတို့ သေသေချာချာမှတ်ပါတဲ့၊ မှီဝဲရမည့် တရားကို မမှီဝဲ၊ မဆည်းကပ် ရမည့် တရားကို ဆည်းကပ်ပြီး သကာလ နေလို့၊ ပစ္စုပ္ပန်လည်း ဆင်းရဲတဲ့ပုဂ္ဂိုလ် ဖြစ်ရတယ်ကွတဲ့ (မှန်ပါ့) သံသရာမှာလည်း အပါယ်ကျလို့ ဆင်းရဲရပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ မုသားကလေး စသည် သုံးမည်ကြံလို့ရှိရင်၊ ဘယ့်နှယ်ကြောင့် သုံးမှာပါလိမ့် မတုံး ဆိုတော့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကြောင့် ဆိုတော့၊ ဒါ အကြောင်း ဖြစ်သွားတယ် (မှန်ပါ)။
မုသား သုံးလိုက်ပြီး သကာလ မုသား ဘယ့်နှယ်ကြောင့် ခင်ဗျား သုံးသတုံးလို့ မောင်နိုင် လို့ရှိရင် တပည့်တော် ဘာစားမတုံးဘုရာ့။ တပည့်တော် သားသမီးတွေဘယ်လိုလှအောင် ဝအောင် လုပ်ရမတုံးဘုရာ့တဲ့။ အင်း ဟိုဟာတွေလည်း ပုဂ္ဂိုလ်သတ္တဝါဖြစ်ကုန်ပြီ။ သက္ကာယဒိဋ္ဌိဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ဦးဘကလေး ဝင်လာပြီ (ဝင်လာပါပြီ)။
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ပစ္စုပ္ပန်လည်း ဆင်းရဲ သံသရာကော (ဆင်းရဲပါတယ်) မပု- မဆင်းရဲ ပေဘူးလား (ဆင်းရဲပါတယ်) ဒေါ်အုန်းမေကြီးတို့ (ဆင်းရဲပါတယ် ဘုရား)။ ဒီလို ပုဂ္ဂိုလ်လည်း ရှိရဲ့ လား ကြည့်စမ်း (ရှိပါတယ် ဘုရား)။
ကျုပ်တို့တော့ ဆင်းရဲတော့ မတတ်နိုင်ဘူး၊ မုသားမပါ လင်္ကာမချောကလေး လုပ်လိုက်ရတယ်။ ဘာကြောင့်တုံး သားနဲ့ သမီးနဲ့ ဆိုတော့ ဒီတပြုံတောင်ကြီးကို ဒီလိုမှ ရှာမစားရင် ဘယ့်နှယ် လုပ်ကြမလဲ။ ဒါက မိစ္ဆာဒိဋ္ဌိ အသံထွက်လာတာ (မှန်ပါ့) ငါ့သားငါ့သမီး ငါ့မြေး ငါ့မြစ်အတွက် မလာဘူးလား (လာပါတယ်)။
ဒါဖြင့် ဒီပုဂ္ဂိုလ်က ပစ္စုပ္ပန်ဆင်းရဲ သံသရာ ဆင်းရဲမည့် ပုဂ္ဂိုလ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
၂။ ဒီဘဝချမ်းသာပြီး သံသရာ ဆင်းရဲမယ်
၂-နံပါတ် ပုဂ္ဂိုလ်ကတော့ ပစ္စုပ္ပန်ချမ်းသာတယ်။ သံသရာ ဆင်းရဲတယ်။ နော် (မှန်ပါ့) ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်း သူ့မှာ ပစ္စည်းလည်း အပြည့်အစုံ၊ ဘာမှပူစရာ မရှိဘဲနဲ့ ခု နင်က မုသားကလေး ပြောလိုက်။ အိုငါ့သားငါ့သမီးတွေ လှသည်ထက်လှ ဝသည်ထက် ဝအောင် ဆိုပြီး သကာလ မောင်နိုင် ရှာပြန်တာပေါ့ကွာ (မှန်ပါ့)။
အခုလည်း ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း မရှိဘူးလား (ရှိပါတယ်) သို့သော်လည်း သူသည် မုသားကလေး လည်း မကင်းတာနဲ့ သုံးလိုက်ရတယ် (မှန်ပါ) မောင်နိုင် မလာ ဘူးလား (လာပါတယ်)။
ငါ့သား ငါ့သမီး လုပ်လိုက်တော့ လှသည်ထက်လှ သည်ထက်ဝအောင် ဆိုတဲ့ ဒိဋ္ဌိကကော (လာပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိက မပါဘူးလား (ပါပါတယ်)။
အဲဒီ ပုဂ္ဂိုလ်ကတော့ ပစ္စုပ္ပန်ချမ်းသာပြီး သံသရာဆင်းရဲ တယ်။ (မှန်ပါ့) ခု နင်က ပုဂ္ဂိုလ် ကတော့ ဘာတဲ့ (ပစ္စုပ္ပန်လည်း ဆင်းရဲ သံသရာလည်း ဆင်းရဲပါတယ်) ဒုတိယပုဂ္ဂိုလ်ကတော့ (ပစ္စုပ္ပန်ချမ်းသာ, သံသရာ ဆင်းရဲပါတယ်)။
ဒါဖြင့် ဒီလိုပုဂ္ဂိုလ်တွေလည်း ရှိ-မရှိ မောင်နိုင် အကဲခတ်စမ်း (ရှိပါတယ် ဘုရား) ဟာ ကြောက်စရာကြီး ပါလား (မှန်ပါ့)။
ပစ္စုပ္ပန်မှာ နေသာထိုင်သာရှိတယ်
ဒကာ ဒကာမတို့ ဒုတိယပုဂ္ဂိုလ်ကော ရှိရဲ့လား (ရှိပါတယ်) ပစ္စုပ္ပန်လည်း နေသာထိုင်သာ မကြောင့်မကျ မတောင်းမတနဲ့၊ သူ့ဝင်ငွေကလေး သူ့ထွက်ငွေကလေးနဲ့ သူ့ဟာ အကိုက်သား။ စားဖို့ သောက်ဖို့နော် (မှန်ပါ့) သို့သော် လည်း သူ မုသားကလေး စသည် သုံးလိုက်တယ်။ မသုံးလိုက် ဘူးလား (သုံးပါတယ်) သုံးတာလည်း တခြားကြောင့် သုံးတာလားဆိုတော့၊ ငါလည်း ဒိထက်ရှိဖို့၊ ငါ့သား သမီးတွေ လည်း ဒိထက်လှလှပပ အမျိုးမျိုးအဖုံဖုံ နေနိုင်ထိုင်နိုင် လောက်အောင် ဒိထက်တန်းမြင့်အောင်ပေါ့ကွာ (မှန်ပါ့) ဆိုပြီး သကာလ ဒီလို မိစ္ဆာဒိဋ္ဌိ အယူ-ယူတာကော ရှိ-မရှိ (ရှိပါတယ် ဘုရား)။
ဒါကတော့ ကိုပေါ် ဒုတိယပုဂ္ဂိုလ်ကတော့ ဘာတဲ့ဗျာ (ပစ္စုပ္ပန်ချမ်းသာ, သံသရာ ဆင်းရဲပါတယ်)။
ဒါလည်း အမှီဝဲ လွဲပြီ (မှန်ပါ) မမှီဝဲအပ်မည့် တရားကို (မှန်ပါ) ခုနင်က ပြောခဲ့တဲ့ မုသာဝါဒ စသည်တွေ မှီဝဲလိုက်ပြီ (မှန်ပါ) မိစ္ဆာဒိဋ္ဌိတွေကို (ယူလိုက်ပါပြီ ဘုရား) ဒကာ ဒကာမတို့ ကြောက်စရာ ကောင်းပါတယ် (ကောင်းပါတယ်)။
ချမ်းသာချင်တာ ဆင်းရဲနဲ့ကြုံရတယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေ ဟာကွာ တဲ့၊ ချမ်းသာခြင်း အလိုရှိပါ လျက်သားနဲ့။ ဆင်းရဲနဲ့ချည့် ကြုံရတာ ဘာတုံးဆိုတော့မှ မှီဝဲအပ်တဲ့ တရားကို (မမှီဝဲပါဘူး)၊ မမှီဝဲအပ်တဲ့ တရားကို (မှီဝဲပါတယ်)။
အဲဒါ ခင်ဗျားတို့ အားလုံးနဲ့ ဆက်သွယ်တဲ့ တရား (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဘာတဲ့ (အားလုံးနဲ့ ဆက်သွယ်တဲ့ တရားပါ ဘုရား)။
ပထမ ပုဂ္ဂိုလ်လည်း ကိုပေါ် ရှိ-မရှိ (ရှိပါတယ် ဘုရား) ပေါ်သည့် နဖူး မထူးဘူးကွ (မှန်ပါ) ဒါလောက် ဆင်းရဲနေမှတော့ တွေ့ရာလုပ်မှပဲ ကဲ ဦးဘအုန်း ဒီလိုပုဂ္ဂိုလ်ကော (ရှိပါ တယ် ဘုရား) အဲဒါကတော့ ပစ္စုပ္ပန်ကော (ဆင်းရဲပါတယ်) သံသရာကော (ဆင်းရဲပါတယ် ဘုရား)။
တချို့တချို့ ပုဂ္ဂိုလ်ကတော့ ပစ္စုပ္ပန်၌ နေသာထိုင်သာ အရှိသား။ ရှိသည်ထက် ရှိချင် လာပြန်တော့ ဒုစရိုက်ကလေး လုပ်လိုက်တယ် (မှန်ပါ) မလုပ်လိုက်ဘူးလား (လုပ်လိုက်ပါတယ်) ဒါမှ ငါ့သား ငါ့သမီး ကလေးတွေလည်း အမွေကလေးတွေ များများ ကျန်ရစ်တော့ အမေ ဆွမ်းသွတ် ကောင်းအောင် ဆိုတာတွေကလည်း ရှိသေးတယ်ကွ (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)
အင်း ဒါက ဘာပါလိမ့်မတုံး (ပစ္စုပ္ပန် ချမ်းသာ သံသရာမှာ ဆင်းရဲပါတယ်) ဒါလည်း မှီဝဲထိုက်တဲ့ တရားကို (မမှီဝဲပါ ဘုရား) မမှီဝဲထိုက်တဲ့ တရားကို (မှီဝဲပါတယ်) ကိုမြင့် တယ်ဆိုးပါလား (ဆိုးပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒို့တတွေ ဘယ်အထဲမှာ ပါပါလိမ့်
ဒကာ ဒကာမတွေ ဒီတရား မနာဘူးသေးပါဘူး (မှန်ပါ) မနာဖူးသေးဘူး၊ မနာဖူးသေးဘူးနော် (မှန်ပါ) ခန္ဓာ ပေါ်ကော ရောက်ကြရဲ့လား (ရောက်ပါတယ်) ဒို့ ဘယ်အထဲကလဲ ဆိုတာ အိမ်ကျတော့ နဖူးပေါ် လက်တင်ပြီး ငါသည် ပထမ ပုဂ္ဂိုလ်ထဲကလား ဒုတိယပုဂ္ဂိုလ်ထဲကလား ကိုယ့်ဟာကိုယ် စဉ်းစား (မှန်ပါ) ပစ္စုပ္ပန်ဆင်းရဲပြီး သံသရာ ဆင်းရဲလုပ်နေတဲ့ ပုဂ္ဂိုလ်လား၊ ပစ္စုပ္ပန်ချမ်းသာပြီး သံသရာ ဆင်းရဲ ရှာနေတဲ့ ပုဂ္ဂိုလ်လား မပု၊ ကိုယ့်ဟာကိုယ် နဖူးပေါ် လက်တင် စဉ်းစားတော့ ဒီမှာ ဘုန်းကြီး ဟောနေသလို ဖြစ်လာ တယ် (မှန်ပါ)။
နဖူးပေါ် လက်တင် စဉ်းစားတော့၊ ဒီမှာ ဘုန်းကြီး ဟောသလို ဖြစ်လာတယ်။ အင်း ဒို့ဆရာ ဟောထားတာ ဒို့ဘယ်ထဲကပါလိမ့်မတုံးဆိုတာ ကိုရှင်း မပေါ်ဘူးလား (ပေါ်ပါတယ်) ဦးညို (ပေါ်ပါတယ်)။
ဝိပဿနာအလုပ်ကို လုပ်ပါတော့မယ်
ကဲ တတိယ ပုဂ္ဂိုလ်ကတော့ကို ပစ္စုပ္ပန်ဆင်းရဲတယ်၊ သံသရာ ချမ်းသာအောင်လုပ်တယ် (မှန်ပါ) ပစ္စုပ္ပန်တော့ သူ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ နေရတာပဲတဲ့ (မှန်ပါ) အစားကလည်း မပြည့်စုံ၊ အဝတ်ကလည်း ချို့တဲ့ပေါ့ဗျာ (မှန်ပါ့) အစားမပြည့် စုံ အဝတ်က ချို့တဲ့ နေတော့၊ ပစ္စုပ္ပန်ကော ကိုမြင့် ဘယ့်နှယ် နေသတုံး (ဆင်းရဲပါတယ်) ဆင်းရဲပင် ဆင်းရဲငြား သော်လည်း ၊ကျုပ်တို့တော့ဖြင့် သီလတော့ စောင့်ရမှာပဲ ၊ ဥပုသ်တော့ စောင့်ရမှာပဲ၊ ဝိပဿနာ အလုပ်တော့ လုပ်ရမှာပဲ။ ဆင်းရဲ ပေမဲ့လည်း ကိုယ့် အလုပ်တော့ ကိုယ်လုပ်ရမှာပဲ သဘောကျပလား ကျပါပြီ။
ဒုစရိုက်လည်း ရှောင်တော့မယ်
ဒုစရိုက်လည်း ရှောင်တော့မယ် ကျုပ်တို့၊ မိစ္ဆာဒိဋ္ဌိအယူ ဆိုတာလည်း ကျုပ်တို့ လွတ်သွားအောင် ကျုပ်တို့ ဝိပဿနာ အလုပ် လုပ်ပါတော့မယ် ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့၊ ပစ္စုပ္ပန် ဆင်းရဲ ငြား သော်လည်း သံသရာမှာ (ချမ်းသာပါတယ်) အဲဒါ ကတော့ မှီဝဲအပ်တဲ့ တရားကို (မှီဝဲပါတယ်) ဆည်းကပ်အပ်တဲ့ တရားကို (ဆည်းကပ်ပါတယ်) ဒီပုဂ္ဂိုလ်လည်း ရှိတယ်၊ မရှိပေဘူးလား- (ရှိပါတယ်)။
တချို့ မောင်နိုင်တို့က ပြောနေကြတယ်။ မျှော် ဟိုပုဂ္ဂိုလ်ဟာ ကြည့်စမ်း ဥပုသ်လာစောင့်ပြီး တရားအားထုတ် နေလိုက်တာ၊ နောက်ပိုင်း ဆန်အိုးထဲ ဆန်မရှိဘူး။ မရှိပေမယ့် ကြိုးစားတယ်နော် (မှန်ပါ့) တော်လိုက်တာ တော်လိုက်တာ ကျုပ်တို့ဖြင့် မလုပ်နိုင်ဘူးဆိုတော့ ကျုပ်တို့က ၁-နဲ့ ၂ ရောက် သွားတယ် (မှန်ပါ့)။
ကျုပ်တို့က ဘယ်ရောက်သွားသလဲ (၁-နဲ့ ၂ ရောက်သွားပါတယ်) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)။
ကိုမြင့် ဘယ်အထဲကတုံး ၁-ထဲကလား၊ ၂-ထဲ ကလား၊ ၃-ထဲကလား ဆိုတာ ကိုယ့်ဟာကိုယ် အကဲခတ် ပေါ်ပါတယ် (မှန်ပါ) မပေါ်ပေဘူးလား (ပေါ်ပါတယ်) နောက်က ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မှီဝဲအပ်တဲ့တရားကိုမှီဝဲတယ်
ကိုင်းဒါဖြင့် တတိယ ပုဂ္ဂိုလ်က တစ်ခေါက်ပြန်ပြော ပါဦးမယ်နော် (မှန်ပါ့) တတိယ ပုဂ္ဂိုလ်ကတော့ ပစ္စုပ္ပန် မှာလည်း ဆင်းရဲပါတယ်၊ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲ ခြင်းပါပဲ (မှန်ပါ့) ဒီဆင်းရဲပင် ဆင်းရဲငြားသော်လည်း ကျုပ်တို့ တော့ဖြင့် သီလတော့ အပျက်မခံတော့ဘူးဆိုပြီး မောင်နိုင် ဒုစရိုက်တွေ ရှောင်ပစ်လိုက်တယ် (မှန်ပါ) မိစ္ဆာဒိဋ္ဌိ အလုပ် ကိုလည်း မလုပ်တော့ဘူး၊
ကျုပ်တို့ ဝိပဿနာကိုပဲ သမ္မာဒိဋ္ဌိ ဖြစ်အောင် လုပ်ပါတော့မယ်ဆိုပြီး လုပ်တော့ သူသည် ဦးဘအုန်း မှီဝဲအပ်တဲ့တရားကို (မှီဝဲပါတယ်) ဆည်းကပ်အပ်တဲ့ တရားကို (ဆည်းကပ်ပါတယ်) ဒီပုဂ္ဂိုလ်တော့ ပစ္စုပ္ပန်ဆင်းရဲပြီး သံသရာမှာ ချမ်းသာတယ် (မှန်ပါ့)။
သံသရာချမ်းသာအောင် လုပ်ကြပါ
အဲဒီတော့ များသောအားဖြင့် ဒီတတိယပုဂ္ဂိုလ်က များတယ် (မှန်ပါ့) ပစ္စုပ္ပန်ဆင်းရဲပြီး သံသရာ ချမ်းသာအောင် လုပ်ကြပါဆိုတဲ့ ဥစ္စာဖြင့် ဘုန်းကြီးများက တိုက်တွန်းရတယ် (မှန်ပါ့) မတိုက်တွန်းရင် တော်ပါ့မလား (မတော်ပါဘူး)။
လူချမ်းသာ လူချမ်းသာဆိုတာက အိမ်တစ်ရာမှာ တစ်အိမ်ပါဖို့ အတော်ခဲယဉ်းပါတယ် (မှန်ပါ) အိမ်တစ်ထောင် တစ်အိမ်ပါဖို့ ဆိုတာကော (အတော်ခဲယဉ်းပါတယ်) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒို့ဖြင့် ၁-နံပါတ် ပုဂ္ဂိုလ်လည်း ရှောင်တော့မဟ။ ၂-နံပါတ်ပုဂ္ဂိုလ်လည်း မဖြစ် ရအောင် ကြိုးစားမဟ။ ၃-နံပါတ် ပုဂ္ဂိုလ်တော့ နို့နဲ့ တူပြီဟ။ ဒါဖြင့် ကြိုးစားမှပဲ ဆိုတာ မောင်နိုင် ၃-နံပါတ် ပုဂ္ဂိုလ်တွေက မများဘူးလားကွာ (များပါတယ် ဘုရား)။
နံပါတ် (၃) ထဲ ဝင်သွားတယ်
ဒီအထဲ ဥပုသ်လာပြီး စောင့်ကြတယ်၊ ဒကာ ဒကာမတွေ အကုန်ပြည့်ပြည့်စုံစုံချည့်ပဲလားလို့ မေးတော့ ဘယ်ဟုတ်မလဲ မပြည့်စုံကြသေးပါဘူး (မှန်ပါ) ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း တော့ ရှိကြတာပဲ။ ရှိပင်ရှိငြား သော်လည်းတဲ့ လပြည့်နေ့ကလေးမှ မထွက်ဘူး သင်္ကြန်တွင်းကလေးမှ မထွက် ရင်လည်း ဒီထက် ဆိုးဝါးချည့်ရဲ့၊ မလာဘူးလား (လာပါတယ်)။
ဒါ့ကြောင့် သီလဆောက်တည်ပြီး နေလိုက် တရား အားထုတ်ပြီး နေလိုက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ နံပါတ် ဘယ်လောက်ထဲ ဝင်သွားပါလိမ့် (၃-ထဲ ဝင်သွားပါတယ်)။
အဲ ၃-နံပါတ်ထဲ ဝင်အောင်ဖြင့် ခင်ဗျားတို့ လုပ်ဖြစ်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းရတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ)။
သံသရာမှာ ဝန်လေးအောင် မလုပ်တော့ပါဘူး
၄-နံပါတ် ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ ပစ္စုပ္ပန် မှာလည်း ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းလည်း ရှိပါတယ်။ (မှန်ပါ) နောက်ကိုလည်း ကျုပ်တို့ဖြင့် ဒီချမ်းသာ ကလေးဟာလည်း အခုအခါ ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းလည်း ရှိပါတယ်။ သံသရာလည်း ဝန်လေးအောင် မလုပ်တော့ပါဘူးဆိုပြီး သကာလ ဒုစရိုက်တွေ ရှောင်လို့ပေါ့ကွာ (မှန်ပါ့) သမ္မာဒိဋ္ဌိ အလုပ်တွေ လုပ်ကြမယ် ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် ကတော့ မှီဝဲအပ်တဲ့ တရားကို (မှီဝဲပါတယ်) ဆည်းကပ်အပ်တဲ့ တရားကို ဆည်းကပ်ပါတယ်)။
ဒါဖြင့် ဦးဘကလေး ပုဂ္ဂိုလ်လေးယောက် ခွဲလိုက်တဲ့ အခါကျတော့မှ မောင်နိုင် ရှင်းသွားတယ် (မှန်ပါ့) မှီဝဲအပ်တဲ့ တရားကို မမှီဝဲ ဆည်းကပ်အပ်တဲ့တရားကို မဆည်းကပ်တဲ့ ပုဂ္ဂိုလ်ကလည်း (နှစ်ယောက်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။
နဖူးပေါ်လက်တင်ပြီးစဉ်းစားပါ
အဲဒီတော့ ဒကာ ဒကာမတို့ အိမ်ကျတော့ နဖူးပေါ် လက်တင်ပြီး စဉ်းစားတာပေါ့။ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင် မှီဝဲဆည်းကပ် မှန်ပလား၊ မမှန်ဘူးလား (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
မှီဝဲဆည်းကပ် (မှန်ပလား၊ မမှန်သေးဘူးလား) မှန်ပလား၊ မမှန်ဘူးလား ဆိုတာ ခင်ဗျားတို့ အကဲခတ်ပါ (မှန်ပါ့)။
အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်နေတာ ဪ တပည့်တော်တို့က အရောင်း အဝယ်ကလည်း အကျိုးမပေးသေးတော့ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ရှိနေတော့၊ သီလ သီတင်းလည်း မဆောက်တည်နိုင်ဘူးဘုရား၊ တရားအားထုတ်ဖို့လည်း ဝေးနေတယ် ဆိုတော့၊ မိစ္ဆာဒိဋ္ဌိ အလုပ်တွေကများ မသွားဘူးလား (များသွားပါတယ်) အဲဒါ ကျတော့ မောင်နိုင်က ဘယ်နံပါတ် သွင်းမယ် (နံပါတ် ၁- သွင်း ပါတယ်) နံပါတ် ၁- ထဲ ဝင်တယ် (မှန်ပါ့)။
ကြောက်စရာ အကောင်းဆုံးပုဂ္ဂိုလ်
ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းလည်း ရှိတယ် သီလလည်း လွန်ကျူးကုန်ပြီ (မှန်ပါ့)။ မိစ္ဆာဒိဋ္ဌိအယူကော (ယူပါပြီ) အဲဒါ ဘယ်အထဲ ဝင်ကြမလဲ။ (နံပါတ် ၁-ထဲ ဝင်ပါ တယ်) ဒါဖြင့် နံပါတ် ၁-ဆိုတဲ့ ပုဂ္ဂိုလ်ဖြင့် ဒကာ ဒကာမတို့ ကြောက်စရာ အကောင်းဆုံးပါပဲ (မှန်ပါ) ဦးအောင်ဇံဝေကြီး သဘောပါရဲ့လား (မှန်ပါ့) ပုဂ္ဂိုလ် ဘယ်နှစ်မျိုးတုံး (လေးမျိုးပါ ဘုရား)။
မမေ့ကြပါနဲ့
မမေ့စေကြပါနဲ့ ဒကာ ဒကာမတို့ နည်းနည်းကလေး သက်သာတဲ့ ပုဂ္ဂိုလ်တွေကလည်း အကဲခတ်ကြပါ။ ကိုယ့်မှာ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့လည်း အသင့်အတင့် ပြည့်စုံ ထားတယ်နော် (မှန်ပါ့) ဒီအထဲကနေပြီး မုသားမပါ လင်္ကာ မချောဆိုပြီး၊ သားတွေ သမီးတွေစားဖို့လုပ်နေတဲ့ ပုဂ္ဂိုလ်ကျတော့ နံပါတ် ဘယ်လောက်ထဲ သွင်းကြမလဲ (နံပါတ် ၂-ထဲ မှာပါ) ၂-နံပါတ်ထဲ သွင်းရမယ် (မှန်ပါ့)။
ဒါဖြင့် နံပါတ် ၁-နဲ့ နံပါတ် ၂-က အမှားပါလား (မှန်ပါ) နံပါတ် ၃-နဲ့ နံပါတ် ၄-ကသာ အမှန် ပါလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
မှီဝဲ အဆည်းအကပ်လွဲလို့
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမသွင်းခင် ဒါပြောကြ ပါစို့ ဆိုတော့ ၁-နဲ့ ၂-ဟာ အမှီဝဲ အဆည်းကပ် လွဲလို့ ဖြစ်ရတာ (မှန်ပါ့)။
၁-နဲ့ ၂-ဟာ (အမှီဝဲ ဆည်းကပ်လွဲလို့ ဖြစ်ရတာပါ)။
၃-နဲ့ ၄-ဟာ (အမှီဝဲ ဆည်းကပ်မှန်ပါတယ်) အမှီဝဲ အဆည်းကပ်မှန်တာကို ဆိုလိုက်ပါတယ် (မှန်ပါ)။
သိပ်အဖိုးတန်တဲ့တရားတွေ
ဦးဘကလေး ဒီနေ့မှလာတာ အဖိုးမတန်ဘူးလား (တန်ပါတယ်) သိပ်အဖိုးတန်သွားပြီ (မှန်ပါ့) ဦးခိုင်တို့ သိပ်အဖိုး တန်တဲ့ တရားတွေ (မှန်ပါ ဘုရား) ကိုယ့်ကိုယ်ကိုယ် ဝေဖန် တတ်ကြပလား (ဝေဖန်တတ်ပါပြီ ဘုရား)။
၁-နံပါတ်ဟာလည်း ဘာလွဲတဲ့ ပုဂ္ဂိုလ်တုံး (မှီဝဲလွဲ ပါတယ်) ၂-နံပါတ် ပုဂ္ဂိုလ်ကကော (မှီဝဲလွဲပါတယ်) ၃-နံပါတ်နဲ့ ၄-နံပါတ်သာလျှင် မှီဝဲမှန်တယ် ဆည်းကပ် မှန်တယ် (မှန်ပါ ဘုရား) ဦးညိုတို့ ကိုရှင်းတို့ အင်မတန် အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။
ဒို့ဟာ ဘယ်အထဲကလဲဟေ့
ကိုင်း ဒီဥစ္စာဖြင့် ဒို့ဟာ ဘယ်ထဲကလဲဟေ့လို့ တွေးကြ နော် (မှန်ပါ) ၁-နံပါတ်ထဲက ဆိုရင်လည်း သွားပေါ့ (မှန်ပါ့) ကျောက်ခဲ ရေကျသာ မှတ်လိုက်ပါတော့ (မှန်ပါ့)။
၁-နံပါတ်ထဲက ဆိုရင် (ကျောက်ခဲရေကျပါ ဘုရား)။
ဦးဘအုန်း ကျောက်ခဲ ရေကျဆိုတာ သိတယ်မဟုတ် လား ၊ မပေါ်တော့ဘူးပြောတာ (မှန်ပါ့)။
ဒကာကြီးလှိုင် ဘာတဲ့တုံး (မပေါ်တော့ဘူး) ဦးအောင် ဇံဝေ ဘာတဲ့တုံး (မပေါ်တော့ပါဘူး) ရှင်းကြပလား (ရှင်းပါပြီ)။
ပေါက်တဲ့နဖူး၊ မထူးဘူးဘုရားဆိုရင်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျောက်ခဲ ရေကျများ ကြိုက်နေကြသလား (မကြိုက်ပါဘူး) ပြင်ကြပါဦး ဆင်ကြပါဦး နော် (မှန်ပါ့) လက်တို့ပြီး အပြင်ခိုင်း နေတယ်၊ အသံနဲ့ အပြင်ခိုင်း နေတယ်၊ ပြောပြီးတော့နော် (မှန်ပါ့) ဒီအထဲကမှ ခင်ဗျားတို့က ကျောက်ခဲရေကျလို့ တပည့်တော်တို့ဖြင့် ပေါက်သည့်နဖူး မထူးဘူး ဘုရားဆိုလို့ရှိရင်ဖြင့် မိုက်သည်ထက် မိုက်တဲ့ အဓိပ္ပါယ် ရောက်ပြီ (ရောက်ပါပြီ ဘုရား)။
ဘယ်လိုဆိုကြမလဲ (မိုက်သည်ထက် မိုက်တဲ့အဓိပ္ပါယ် ရောက်ပါပြီ)။
(၄) နံပါတ် ပုဂ္ဂိုလ်ကတော့ အကောင်းဆုံး
ကဲ တစ်ခေါက်ပြန်ပြောဦးမယ်တဲ့၊ ဝိပဿနာ မသွင်းခင် ဒါလေး နိဂုံးချုပ်ပါတော့မယ်၊
(၁) နံပါတ် ပုဂ္ဂိုလ်၊ ကတော့ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ရှိပြီး သကာလ ပါဏာတိပါတ စသည်လုပ်ပြီး မိစ္ဆာဒိဋ္ဌိ အယူ ယူလိုက်တယ် (မှန်ပါ့)
(၂) နံပါတ်ပုဂ္ဂိုလ်ကကော ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်း ရှိပါလျက်သားနဲ့ သီလပျက်အောင် လုပ်ပြီး မိစ္ဆာ ဒိဋ္ဌိ အယူ ယူလိုက်ပါတယ် (မှန်ပါ့)
(၃) နံပါတ် ပုဂ္ဂိုလ်ကတော့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ရှိငြားသော်လည်း ဒုစရိုက်တွေလည်း မလွန်ကြူ၊ သီလအပျက်မခံဘဲ မိစ္ဆာဒိဋ္ဌိ အယူလည်း မယူပါဘူး။ (မှန်ပါ့)။
(၄) နံပါတ် ပုဂ္ဂိုလ်ကတော့ ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းလည်း ရှိပါရဲ့၊ သံသရာ ကောင်းရေးဆိုလည်း သီလလည်း ဆောက်တည်၊ ဝိပဿနာအလုပ်တွေလည်း လုပ်တော့၊ ၄-နံပါတ် ပုဂ္ဂိုလ် ကတော့ အကောင်းဆုံးပေါ့လေ (မှန်ပါ့)။
အဲဒီတော့ နှစ်ပုံ – ပုံလိုက်၊ ၁-နဲ့ ၂-တစ်ပုံ၊ ၃-နဲ့ ၄-က (တစ်ပုံပါ ဘုရား)။
ဒါဖြင့် မှီဝဲမှန် ဆည်းကပ်မှန်က ဘယ်သူပါလိမ့် (၃-နဲ့ ၄-ပါ ဘုရား) မှီဝဲလွဲ ဆည်းကပ်လွဲက (၁-နဲ့ ၂-ပါ ဘုရား)။
ငါ ဘယ်အထဲများ ရောက်နေပါလိမ့်
ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ပြုံးပြီး သကာလ မနေဘဲနဲ့၊ ဘုရားဟောတော်မူတယ် ဪ ငါ ဘယ်အထဲ များ ရောက်နေပါလိမ့်မတုံးလို့ တွေးကြစမ်းပါ (မှန်ပါ့) ဦးဘအုန်း တွေးထိုက် မတွေးလိုက် (တွေးလိုက်ပါတယ် ဘုရား) တွေး ရမယ်နော် (မှန်ပါ့)။
တွေးတဲ့ အခါကျလို့ရှိရင်ဖြင့် ဪ ငါသည် ၁-နံပါတ် ရောက်နေတယ်ဆိုရင်လည်း ပစ္စုပ္ပန် ဆင်းရဲ သံသရာ ဆင်းရဲ သွားတာပဲ (မှန်ပါ့) ၂-နံပါတ်ထဲ ရောက်နေပြန်ရင်လည်း ပစ္စုပ္ပန် ချမ်းသာ သလိုလိုနဲ့ သံသရာဆင်းရဲကြီးက ကြောက်စရာ ကြီးပါလား (မှန်ပါ့) မှီဝဲလွဲ ဆည်းကပ်လွဲဟာ, တယ်ပြီး ဆိုးဝါးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဦးမူကြီး (ပေါ်ပါပြီ ဘုရား)။
မတတ်သာလို့ဆိုရင် သွားတော့မယ်
ခင်ဗျားတို့ တစ်ခါတစ်ခါ ဘုန်းကြီးတို့ဆီ လာပြီး သုံးတာရှိသေးတယ်။ တပည့်တော်တို့က ဘုရား မည်သူ မည်ဝါတို့လောက် မပြည့်စုံသေးဘူး၊ ဆင်းရဲနေသေးတော့ မတတ်သာတော့။ မတတ်သာ ဆိုရင် သွားတော့မယ် သူ ဟိုဘက်ကို (မှန်ပါ့) မသွားသေးဘူးလား (သွားပါတယ် ဘုရား) မတတ်သာ ဆိုရင်ဖြင့် သူ မုသားစသည်ရင်လည်း သုံးတော့မယ်။ ငါ့သား ငါ့သမီးဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အယူကော (ယူတော့မှာပါ ဘုရား)။
အဲဒါတွေကလည်း ၁-နံပါတ်ထဲ ပါသွားလို့ ဦးမူကြီး သိပ်ကြောက်စရာ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။
၂-နံပါတ်ပါတဲ့ ပုဂ္ဂိုလ်များလည်း ကိုယ်၏ ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်း ရှိပါတယ်။ သို့သော် မောင်နိုင်ရေ သီလ ပျက်ခံတယ်။ မိစ္ဆာဒိဋ္ဌိအယူကိုလည်း (ယူပါတယ်) ငါ့သား ငါ့သမီး ငါ့မြေး မြစ်စားဖို့ ဆိုတဲ့ အယူ ယူပစ်လိုက်တယ် (မှန်ပါ)
ယူပစ်လိုက်တော့ သီလပျက်, မိစ္ဆာဒိဋ္ဌိအယူလည်းယူတော့ ၂နံပါတ်ပုဂ္ဂိုလ်လည်း မှီဝဲလွဲတယ် (မှန်ပါ) ကိုခေါ်ပြီးတော့ ဘာတုံး (ဆည်းကပ်လွဲပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။
နှစ်ယောက်ကတော့ကောင်းတယ်
အဲ ကျန်တဲ့ ပုဂ္ဂိုလ် နှစ်ယောက်ကတော့ အကောင်း ပုဂ္ဂိုလ်တွေမို့ ဘုန်းကြီး မပြောတော့ပါဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဒီလေး ယောက်ဟာ နှစ်ယောက် ကတော့ဖြင့် ကောင်းတယ်၊ နှစ်ယောက် ကတော့ဖြင့် အလွန်ဆိုးပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
နှစ်ယောက်ကတော့အလွန်ဆိုးပါတယ်
နှစ်ယောက်ကတော့ (ကောင်းပါတယ်) နှစ်ယောက် ကတော့ဖြင့် (အလွန်ဆိုးပါတယ် ဘုရား) အလွန်ဆိုးတယ ်ဆိုတာ ဒကာ ဒကာမတွေ ကိုယ့်အကြောင်းကိုယ်သိလို့ ကျေနပ်ကြပါတော့ (မှန်ပါ့) မကျေနပ်သေးဘူးလား (ကျေနပ်ပါပြီ ဘုရား)။
သီလကို အပျက်မခံလိုက်ပါနဲ့
အဲဒီတော့ ယနေ့ ဆုံးမတယ် ဒကာ ဒကာမတွေ ဆရာ သမားအရင်းတွေမို့နော် (မှန်ပါ) ၁-ထဲလည်း မပါပါစေနဲ့ (မှန်ပါ့) ကိုယ်ဆင်းရဲ စိတ်ဆင်းရဲလည်း ရှောင်ပေးလိုက်တာပေါ့ (မှန်ပါ့) သီလလည်း အပျက်မခံလိုက်ပါနဲ့ (မှန်ပါ့) သီလဆိုတာ မဟုတ်တာ သုံးလိုက်ရင် ပျက်သွားတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ၁-ထဲလည်း မပါပါစေနဲ့လို့ ဦးအောင်ဇံဝေတို့ ပြောလိုက်ပါတယ် (မှန်ပါ) ၂-နံပါတ်ထဲလည်း (မပါ-ပါစေနဲ့) ၃-နဲ့ ၄-ကိုဖြင့် ခင်ဗျားတို့ ကြိုက်ရာယူပါ (မှန်ပါ့)။
၃နှင့် ၄ကို ကြိုက်ရာယူပါ
၃-နဲ့ ၄-ကို (ကြိုက်ရာယူပါ) ကြိုက်ရာယူရမှာပဲ ဆိုတော့ ဘုရား ဟောတော်မူတဲ့ ပထမ စကားကလေး ဝိပဿနာ မလာခင် နိဂုံးချုပ်ရအောင် မောင်နိုင်နော် (မှန်ပါ)။
ရဟန်းတို့ လောကကြီးထဲမှာ လူတွေဟာ ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်း အများကြီး အလိုရှိပါလျက် သားနဲ့ အလိုရှိတာတွေ မတွေ့ဘဲနဲ့ အလိုမရှိအပ်တဲ့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတွေ လာတွေ့တာ၊ မင်းတို့ ဘာ့ကြောင့်တုံးတဲ့။ မမေးဘူးလား (မေးပါတယ် ဘုရား)။
အဲဒီတော့ ဘယ်လိုကြောင့်တဲ့တုံး (မမှီဝဲအပ်သည် ကို မှီဝဲ, မဆည်းကပ်အပ်သည်ကို ဆည်းကပ်ပါတယ် ဘုရား) အခုပေါ်သွားပြီ (မှန်ပါ့) ဒီလေးမျိုးထဲ ပေါ်မသွားသေးဘူးလား (ပေါ်သွားပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီလို နံပါတ်တွေနဲ့ ဆုံးမ ပေးမည့် ပုဂ္ဂိုလ်မရှိဘူးဆိုရင် ကိုယ်ဘယ်နံပါတ်ထဲ ပါမှန်းတောင် မသိဘူး (မသိပါဘူး) သိပါ့မလား (မသိပါဘူး)။
အိမ်ကျတော့စဉ်းစားပါ
အဲဒီတော့ ဒီတရားဟာ အခု ဒီနေရာမှာ နာရုံတင်ပါ နော်။ အိမ်ကျတော့မှ နဖူးပေါ်လက်တင် စဉ်းစားပါ (မှန်ပါ့) ပြီးတော့မှ ကိုယ် လောကီအလုပ်တွေ လုပ်တော့မယ် ဆိုတော့မှ ဪ ဒါက မှီဝဲအပ်သည့်တရား မှီဝဲရမှာပဲ။ မမှီဝဲအပ်သည့် တရား မမှီဝဲရပါလား ဆိုတာ၊ အလုပ်လုပ်တဲ့အခါ ရှောင်ပေး ရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ကဲ မောင်နိုင် ဒီတရား အရေးကြီးသလား မကြီးဘူးလား (ကြီးပါတယ်) ဘုရားကပုဂ္ဂိုလ် ဘယ်နှစ်ပါးဟော သလဲ (လေးပါး ဟောပါတယ်)။
လိမ်မာသယောင်ယောင်နဲ့ မိုက်တယ်
ဒါ့ကြောင့် ဦးမူကြီးတို့၊ ဦးညိုတို့၊ ကိုရှင်းတို့ မောင်လှတို့ အရေးကြီးပါတယ် (မှန်ပါ့) မကြီးကြဘူးလား (ကြီးပါတယ်) အသက်မွေး ဝမ်းကြောင်းနဲ့ နေတဲ့ပုဂ္ဂိုလ်တွေဟာ ဒီဟာတွေ မသိရလို့ ရှိရင်ဖြင့် ခက်ကုန်ပြီ (မှန်ပါ) မိုက်တဲ့လူကလည်း မိုက်သွားတာပဲ (မှန်ပါ့) လိမ်မာသယောင်နဲ့ မိုက်တာတွေ ကလည်း တစ်ပုံကြီး (မှန်ပါ့)။ ဒီလိုမရှိဘူးလား (ရှိပါတယ်)။
သိစေချင်လို့၊ သနားလွန်းလို့ ဟောတာပါ
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မူလပဏ္ဏာသ ပါဠိတော်မှာ ဟောတော် မူတယ်၊ မဟာဓမ္မ သမ္မာဒါန သုတ်တဲ့ (မှန်ပါ့) အင်မတန် သိစေချင်လို့ ဒကာ ဒကာမတွေ သံသရာ အတွက် သနားလွန်းလို့ ဟောတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ)။
မောဟနဲ့ပညာနဲ့ ခြားနားတာဟေ့
ပုဂ္ဂိုလ်လေးမျိုး ရှိတယ်ကွ၊ အဲဒီပုဂ္ဂိုလ်လေးမျိုး ဖြစ်လာ တာလည်း ဘယ့်နှယ်ကြောင့် ပုဂ္ဂိုလ်လေးမျိုး ပြားရသတုံး တဲ့၊ တက်လာတယ် ဘုရားက (မှန်ပါ) မောင်နိုင် တက်လာပြန်ပြီ (မှန်ပါ) ပုဂ္ဂိုလ်လေးမျိုး ပြားတာ ဘယ်သူ့ကြောင့်တုံး ကွာတဲ့။
ဪ ဒါဟာ မောဟနဲ့ ပညာနဲ့ ခြားနားတာပေါ့တဲ့ (မှန်ပါ) မသိတဲ့ ပုဂ္ဂိုလ်နဲ့ သိတဲ့ပုဂ္ဂိုလ် ခြားနားတာပေါ့တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘာတဲ့တုံး (မသိတဲ့ ပုဂ္ဂိုလ်နဲ့ သိတဲ့ပုဂ္ဂိုလ် ခြားနားတာပါ ဘုရား) ရှင်းသွားပြီ (မှန်ပါ့)။
အဝိဒွါ အဝိဇ္ဇာဂတော ဆိုတဲ့အတိုင်းပဲတဲ့၊ မသိပြီး အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ် တစ်မျိုးနဲ့ သိပြီး သကာလ ဝိဇ္ဇာဖြစ်တဲ့ ပုဂ္ဂိုလ်လို့ ပုဂ္ဂိုလ် နှစ်မျိုးခြားနားလာတယ်ကွတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကိုင်းဒါဖြင့် ဖမ်းလိုက်တော့ကို ပုဂ္ဂိုလ်လေးမျိုး ဟောတဲ့ အနက်က၊ နှစ်ပုံတည်းပုံလိုက်တော့ နှစ်ပုံနဲ့ ပြီးသွားတယ် (မှန်ပါ့) မှီဝဲအပ်တဲ့ ပုဂ္ဂိုလ် မမှီဝဲအပ်တဲ့ ပုဂ္ဂိုလ်နဲ့ ခြားနားမသွား ဘူးလား (ခြားနား သွားပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။
အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်နဲ့ မရှိတဲ့ပုဂ္ဂိုလ်
ကဲ ဒါ ဘယ်သူ့ကြောင့်တုံးလို့ လက်သည်ရှာလိုက်တော့ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်နဲ့ အဝိဇ္ဇာမရှိတဲ့ ပုဂ္ဂိုလ်ဟေ့ တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်နဲ့ အဝိဇ္ဇာမရှိတဲ့ ပုဂ္ဂိုလ် ကွာသွား တယ် (မှန်ပါ့) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးကပဲ တခြားနေရာက ဘုရားဟောတော်မူတာ ထည့်ပြီး သွင်းလိုက် ပါတော့မယ် (မှန်ပါ့)
သွင်းလိုက်တဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ဘုန်းကြီးခိုင်းတဲ့ ခင်ဗျားတို့ စိတ္တာ နုပဿနာဖြင့် စိတ္တာနုပဿနာလုပ်။ ဝေဒနာ နုပဿနာဖြင့် ဝေဒနာနုပဿနာလုပ်ဆိုတော့ သိတဲ့ ပုဂ္ဂိုလ်ထဲ ပါသွားသလား မသိတဲ့ပုဂ္ဂိုလ်ထဲ ပါသွားသလား (သိတဲ့ပုဂ္ဂိုလ်ထဲ ပါသွား ပါတယ်) ဒါကြောင့် မှီဝဲအပ်တဲ့ တရားကို (မှီဝဲပါတယ်)။
ပညာကိုမှီဝဲပါ
ဒါကြောင့် ပဏ္ဍိတာနဉ္စ သေဝနာ၊ ပဏ္ဍိတာနဉ္စ = ပညာ ဖြစ်တဲ့ အမောဟကို၊ သေဝနာ = မှီဝဲလိုက်ပါ (မှန်ပါ) ဝမ်းထဲ မှာရှိတဲ့ ပညာကို မှီဝဲလိုက်ပါတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ပုဂ္ဂိုလ်မှီဝဲတာလား ပညာမှီဝဲတာလား (ပညာမှီဝဲတာ ပါ ဘုရား)၊ ကဲ ပဏ္ဍိတာနဉ္စ သေဝနာနော် (မှန်ပါ့)။
ဖြစ်ပျက်မြင်တဲ့မဂ်ဉာဏ်
‘‘အသေဝနာစ ဗာလာနံ’’ ဆိုတာကတော့ မမှီဝဲအပ်တဲ့ အဝိဇ္ဇာကို သူ မိတ်ဆွေအဖြစ်နဲ့ မှီဝဲနေတယ် (မှန်ပါ) ဒါကြောင့် မိုက်သွားတယ် (မှန်ပါ့) ပဏ္ဍိတာနဉ္စ သေဝနာ ဆိုတာ ဘုန်းကြီး တို့ ဖြစ်ပျက်မြင်တဲ့ မဂ်ဉာဏ်ကလေးပေါ့ဗျာ (မှန်ပါ့) ဒါကလေး မှီဝဲနေလိုက်တဲ့ အခါကျတော့ မှီဝဲအပ်တဲ့ တရား မှီဝဲတယ်(မှန်ပါ့) ပေါ်သွားပြီ (ပေါ်သွားပါပြီ)။
သံသရာ စခမ်းသတ်တဲ့ပုဂ္ဂိုလ်
ဘယ်လို ပေါ်သွားပါလိမ့် (မှီဝဲအပ်တဲ့ တရား မှီဝဲပါ တယ် ဘုရား) မှီဝဲအပ်တဲ့ တရားကို မှီဝဲလိုက်တဲ့ အတွက် ဒကာ ဒကာမတို့ ၃-နဲ့ ၄-ထဲ ပါသွားတယ် (မှန်ပါ) ၁-နဲ့ ၂-ထဲ ပါသေး ရဲ့လား (မပါ-ပါဘူး) ဘယ်လောက်ရှင်းသွားပြီတုံး (ရှင်းသွား ပါတယ်)။
၃-နဲ့ ၄-ထဲ (ပါသွားပါတယ်) ဒါဖြင့် သူက သံသရာ စခမ်းသတ်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ပုဂ္ဂိုလ်လေးမျိုး ပြားလာပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာနဲ့ ဝိဇ္ဇာကြောင့် (မှန်ပါ) ၁-နဲ့ ၂-က အဝိဇ္ဇာပုဂ္ဂိုလ် (မှန်ပါ) ၃-နဲ့ ၄-က (ဝိဇ္ဇာပုဂ္ဂိုလ်ပါ)။
ဝိဇ္ဇာဖြစ်ချင်ရင် ဝိပဿနာလုပ်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဝိဇ္ဇာဖြစ်ချင်ရင် ဝိပဿနာလုပ်မှ ရမယ် (မှန်ပါ)။ အဲဒီလိုဖြစ်သွားတော့ သီလကလည်း လုံသွားတယ် (မှန်ပါ့)။
သီလက အလုပ်လုပ်နေရင်း မတ္တနဲ့ (လုံသွားပါတယ် ဘုရား) လုံသွားတယ် ဆိုတော့ ကိုင်း ဒါဖြင့် ဒီလိုလုပ်ပါတော့။
ဘာစိတ်လာလာ ဖြစ်ပျက်ရှု
အရင်ပြောတဲ့ အတိုင်း မြင်စိတ် ကလေးလာလည်း ဒကာကြီး လှိုင် မြင်စိတ်ရှုရလိမ့်မယ် (မှန်ပါ့)
ကြားစိတ်ကလေး လာရင်ကော (ကြားစိတ်ရှုရမှာပါ) ကြားစိတ်ကို ဖြစ်ပျက် ရှုရလိမ့်မယ်နော် (မှန်ပါ့)
နံစိတ်ကလေး လာရင်ကော (နံစိတ် ဖြစ်ပျက်ရှုရပါမယ်)
စားစိတ်ကလေးလာရင် (စားစိတ် ဖြစ်ပျက် ရှုရပါမယ်)
ယားစိတ်, ယုံစိတ်, နာစိတ်, ကောင်းစိတ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ကိုယ်ပေါ်မှာ ပေါ်တာကိုး။ ဒါကြောင့် သူကတော့ ကောင်းလို့ ယားစိတ်, ယံစိတ်, နာစိတ်, ကောင်းစိတ် လို့ သူ့အပေါ်မှာ လေးမျိုးပေါ်နိုင်တယ် (မှန်ပါ)။
ဝမ်းထဲ လောဘကလေး ပေါ်လာရင်ကော (ဖြစ်ပျက် ရှုရပါမယ်)
ဒေါသကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)
မောဟကလေး ပေါ်လာတယ် (ဖြစ်ပျက်ရှုရပါမယ်)။
ဖြစ်ပျက်လို့ ရှုလိုက်တော့ နိဗ္ဗာန်ကိုပို့တယ်
ကဲ သူက နဂိုတုန်းက မမှီဝဲအပ်တဲ့ တရားလာတာ (မှန်ပါ့) ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ တစ်ခါ တည်း သူသည်ပင်လျှင် ကျုပ်တို့ကို နိဗ္ဗာန်ပို့သွားတယ် (မှန်ပါ) မမှီဝဲ အပ်တဲ့ တရားကပဲ သူ့ကို ဖြစ်ပျက်ရှုလိုက်တာနဲ့ သူ့ကြောင့် ကျုပ်တို့ ဉာဏ်မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါကြောင့် အဆိပ်ဆေးပင် ဖြစ်ငြာ းသော်လည်း အသုံးချတတ်တဲ့ အခါ ရောဂါပျောက်တယ် (မှန်ပါ) ဒါကြောင့် ဘုရားက သမောဟစိတ္တံ သမောဟ စိတ္တန္တိပဇာနာတိလို့ ဟောတော်မူတယ် (မှန်ပါ) မောဟစိတ်လည်း ဖြစ်ပျက်ရှုကွ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
တရားအားထုတ်တုန်း မေတ္တာပို့မနေနဲ့
ဒါဖြင့် ဒကာ ဒကာမတွေ ကုသိုလ်ပြုချင်တဲ့ စိတ်ကလေး ပေါ်လာပြန်လည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) မေတ္တာ ပို့ချင်တဲ့ စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်) တရားအား ထုတ်နေတုန်း မေတ္တာပို့ မနေပါနဲ့။ လာသ၍ စိတ် ဖြစ်ပျက်ရှုပါ။ (မှန်ပါ) အားမထုတ်ခင်တော့ ပို့ပါ (မှန်ပါ) အားထုတ်နေ တုန်းတော့ လာတဲ့စိတ်တွေ ဟူသ၍ ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါမယ်)။
ကဲ ဒကာ ဒကာမတို့ လေကလေး ထုတ်တဲ့ စိတ်ကလေး လာရင် (ဖြစ်ပျက်ရှုရပါမယ်) သွင်းတဲ့စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်)။
ဖြစ်ပျက်ရှုတော့ ကိုယ့်ဉာဏ်ကမဂ်
ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ့်ဉာဏ်က မဂ်တွေ ဖြစ်ပြီး သကာလ သမ္မာဒိဋ္ဌိ ဆိုတဲ့ သမောဟ ဖြစ်တယ် (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)။
အဲဒီတော့ မောင်နိုင် ဒီဥစ္စာ ဘယ်ထဲပါသွားပါလိမ့်မတုံး (၃-နဲ့ ၄-ထဲ ပါသွားပါတယ် ဘုရား)။
ငါမဟောရင် လွဲကုန်တော့မှာပဲ
အဲဒါကြောင့် အမိအဖဆွေမျိုး ဉာတကာ မတော်ဘူး သည် မည်သည်မရှိတော့ ဪ ဒီအလုပ်ကိုမှ ငါသည် ခေါင်းဆောင်လုပ်ပြီး ဒကာ ဒကာမတွေ မပေးလို့ရှိရင် အမှီဝဲတော့ လွဲကုန်တော့မှာပဲ (မှန်ပါ့) ဆည်းကပ်တော့ (လွဲပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒီအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဪ ဝိဇ္ဇာ မှီဝဲ ကြတယ် (မှန်ပါ့) ဝိဇ္ဇာမှီဝဲတဲ့အတွက် မှီဝဲလည်း မှန်သွားတယ် (မှန်ပါ) ဆည်းကပ်တာကော (မှန်ပါတယ် ဘုရား) ယောနိသောမနသီကာရ ဖြစ်သွားတယ် သဘောကျပလား (ကျပါပြီ ဘုရား)။
သူသာလျှင် နိဗ္ဗာန်ကို ရနိုင်သည့် ပုဂ္ဂိုလ်
ဒါဖြင့် ဘာလိုသေးတုံး မေးလို့ရှိရင် မလိုတော့ပါဘူး၊ ဒါဖြင့် ဒို့မှာဖြင့် ပုဂ္ဂိုလ်လေးမျိုး (၁) နဲ့ (၂) ရှောင်ပြီး သကာလ (၃) နဲ့ (၄) မှသာလျှင် ပုဂ္ဂိုလ်ကောင်း၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းကို သူသာ ရမယ်၊ (မှန်ပါ) သံသရာမှာလေ (မှန်ပါ)။
တစ်ခါတည်း ချမ်းသာဟူသ၍ ချမ်းသာစစ်၊ ချမ်းသာမှန် နိဗ္ဗာန်ကို သူသာလျှင် ရနိုင်သော ပုဂ္ဂိုလ် ဖြစ်လေ သောကြောင့် မှီဝဲအပ်တဲ့ ဝိဇ္ဇာကိုပဲ မောင်နိုင်တို့ ဘာလုပ်ရမတုံး (မှီဝဲရမှာ ပါ ဘုရား)။
ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့သာ အတူနေပါ
ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့သာ အတူတူနေပါ (မှန်ပါ) ဘယ်လိုပါလိမ့် (ဖြစ်ပျက်ရှုတဲ့ဉာဏ်နဲ့ အတူတူ နေရမှာပါ ဘုရား) ဖြစ်ပျက်ရှုတဲ့ဉာဏ်နဲ့သာ အတူတူနေကြမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် အင်မတန် အဖိုးတန်ပြီး သကာလ မှီဝဲအပ်တဲ့ တရား မှီဝဲ၊ ဆည်းကပ်အပ်တဲ့ တရား ဆည်းကပ် သောကြောင့်၊ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဆိုတဲ့ ဪ ဒီသတိ ပဋ္ဌာန် အလုပ်ဖြင့် ဒုက္ခဒေါမနဿ ချုပ်တာပဲ (မှန်ပါ)။
ပါဠိတော်နဲ့ကော ကိုက်ပလား (ကိုက်ပါပြီ ဘုရား) သောကပရိဒေဝတွေကော (ချုပ်ပါတယ် ဘုရား) ချုပ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
မှီဝဲအပ်တဲ့တရားမှီဝဲပါ
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားဟာ အင်မတန်မှ အလုပ်ခွင်ထဲ သွင်းလိုက်တဲ့ အခါကျတော့မှ အင်း (၁) နဲ့ (၂) ရှောင်ပြီး သကာလ (၃) နဲ့ (၄) ဟာဖြင့် သံသရာစခန်း သတ်တဲ့ ပုဂ္ဂိုလ်တွေ ဥစ္စာ၊ မှီဝဲအပ်တဲ့တရား မှီဝဲမှသာလျှင် လိုရင်းကိစ္စ ပြီးတော့တယ် ဆိုတာဖြင့် ယနေ့ ရှင်းရှင်းလင်းလင်း သဘောကျ ပလား (ကျပါပြီ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)
ကဲ ယနေ့တွင်တော်ပါဦး။
သာဓု သာဓု သာဓု။