189

သူများကို ဧည့်ခံမနေနဲ့ ကိုယ့်အလုပ်သာ ကိုယ်ကြိုးစား

အသံဖိုင်ခေါင်းစဉ်= ကာယဝိညာဏ်ကို ဝိပဿနာရှုပုံ တရားတော်

စာအုပ်ခေါင်းစဉ်= သူများကို ဧည့်ခံမနေနဲ့ ကိုယ့်အလုပ်သာ ကိုယ်ကြိုးစား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သူများကို ဧည့်ခံမနေနဲ့ – ကိုယ့်အလုပ်သာ ကိုယ်ကြိုးစား

(၁၇-၂-၆၁)

တရားနာတယ် တရားနာတယ် ဆိုတာ ဒကာ ဒကာမ တို့ အားထုတ်ဖို့ ရည်ရွယ်ချက် ထားပြီးတော့ နာကြပါဆိုတာ ဘုန်းကြီးက မေတ္တာရှေ့ထားပြီး ပြောနေတယ်။

အားထုတ်မှရမည့်တရား အားထုတ်ယူပါ

အားထုတ်မှရမယ့် တရားကို အားထုတ်ပြီး ယူကြပါဆိုတဲ့ ဥစ္စာကို သတိပေး ရပါတယ် (မှန်ပါ့)။ အားမထုတ် ဘဲနဲ့တော့ဖြင့် ကိုယ့်ခန္ဓာ အကြောင်း ကိုယ် ကောင်းကောင်း သိမယ် မဟုတ်ပါဘူး (မသိပါ ဘုရား)။

အဲဒီတော့ အားထုတ်ပြီး သကာလ ကိုယ့်ခန္ဓာကိုကြည့် ကြပါ ဆိုတာ တစ်နေ့ တစ်ခု တစ်ခု ပြောပေးတယ် (မှန်ပါ့) ဘယ်လို ပြောသလဲလို့ မေးတော့ မနေ့က လျှာပေါက်ကို ပြောပေး လိုက်တယ်။

ကိုယ်ပေါ်မှာပေါ်တတ်တဲ့တရားတွေ

ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ ကိုယ်ပေါက်ကို ပြော ရလိမ့်မယ်၊ ကိုယ်ပေါ်မှာ ပေါ်တတ်တဲ့ တရားတွေကို ပြောရလိမ့် မယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်သည် နူးနူးညံ့ညံ့ကလေး ကိုင်မိမယ်၊ နူးနူးညံ့ညံ့ ကလေး ခြုံမိမယ်, ရုံမိမယ် ဆိုလို့ရှိရင် ဖြင့်တဲ့ ကိုယ်ပေါ်မှာ သုခစိတ်ကလေး ပေါ်တယ်လို့ မှတ်လိုက်စမ်းပါ နော် (မှန်ပါ့)။

နူးညံ့တာ ကလေး ခြုံမိမယ်၊ နူးညံ့တာ ကလေး ကိုင်မိ, တွယ်မိမယ် ဆိုရင် ကိုင်တဲ့ တွယ်တဲ့ နေရာမှာ ခြုံရုံထိတဲ့ နေရာမှာ သုခစိတ်ကလေး မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါ “သုခ သဟဂတံ ကာယဝိညာဏံ” ပဲ၊ “ကာယဉ္စ ပဋိစ္စ ဖောဋ္ဌေဗ္ဗစ ဥပ္ပဇ္ဇတိ ကာယ ဝိညာဏံ” ဆိုတဲ့ ပါဠိတော် ကတော့ ဒီအတိုင်း လာတာပဲ (မှန်ပါ့)။

အဲဒီလာတာ အသာထားပြီး သကာလ၊ ေဩာ် တို့နူးနူး ညံ့ညံ့နဲ့ ကိုယ်ထိ လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ထိတဲ့နေရာမှာ ကောင်းစိတ်ကလေး ပေါ်တယ်၊ မပေါ်ကြပေဘူးလား (ပေါ် ပါတယ် ဘုရား)။

သုခစိတ်လို့မှတ်လိုက်

အဲ ထိတဲ့နေရာ ကောင်းစိတ် ကလေး ပေါ်တော့ ဪ ဒါဟာ သုခစိတ် ပါကလားလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

တစ်ခါတလေ ကျလာပြန်တော့လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခဲကလေး နင်းမိတာနဲ့၊ အင်း ကျောပေါ်မှာ ခဲကလေး ကျလာတာနဲ့၊ နေပူ၊ လေပူကလေးက ဟပ်ပြီး သကာလ လာတာနဲ့ ဆိုတော့ ကျောပေါ်မှာလည်း စပ်ဖျဉ်းဖျဉ်း ဆိုတော့ တစ်ခါတလေ ကျတော့ ဒကာ ဒကာမတွေ နေပူ လေပူက ထိလိုက်တော့၊ ကိုယ်ပေါ်မှာ တစ်ကိုယ်လုံး ပြင်းထန်တဲ့ နေရာမှာ ဒုက္ခစိတ်ကော မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေကိုယ်ပေါ်မှာ ဒုက္ခစိတ်, သုခ စိတ် တိုက်ဆိုင်သလို ပေါ်လိမ့်မယ် ဆိုတာ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒုက္ခစိတ်၊ သုခစိတ်

အဲဒီ ဒုက္ခစိတ်, သုခစိတ်က ဦးခင်မောင်ရေ ဘယ့် နှယ်ကြောင့် ပေါ်လာ ပါလိမ့်မတုံးလို့ မေးတော့၊ တွေ့တဲ့ အာရုံက ကြမ်းလို့ ရှိရင် ဒုက္ခစိတ် ကိုယ်ပေါ်မှာ ပေါ်တယ်နော် (မှန်လှ ပါ)၊ တွေ့တဲ့ အာရုံက နူးညံ့ရင် (သုခစိတ် ပေါ်ပါတယ် ဘုရား)၊ သုခစိတ် ပေါ်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစား စွာနဲ့ မှတ်ထားပါ။

အဲဒီတော့ အဲဒါကလေးသည်ကား ဆိုရင်ဖြင့် စိတ် ကလေးပဲ၊ သုခသဟဂုတ် ကာယ ဝိညာဏ်စိတ်၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ်လို့ ဘုရားကလည်း ဟောထားတယ်၊ ဟော ထားတာ အသာထား၊ ကိုယ့်ဉာဏ် တွေ့ဖို့ အရေးကြီးတယ်နော် (မှန်လှပါ ဘုရား)။

ပေါ်တိုင်းပေါ်တိုင်း သတိထားပေး

အဲဒီ စိတ်ကလေး ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေ ဒါ သုခစိတ် ပါကလား၊ ဒါ ဒုက္ခစိတ် ပါကလား ဆိုတာ ကလေးကို ပေါ်တိုင်း ပေါ်တိုင်း သတိထား ပေးပါတဲ့၊ စိတ္တာနုပဿနာ ဝိပဿနာ ရှုရအောင်လို့ ဤမျှလောက် သေသေချာချာ ပြောပြီး ပေးနေ ရတယ် ဆိုတာ ဒကာသစ်တို့ ရိပ်မိပါ ရော့မယ် (မှန်လှ ပါ ဘုရား)။

အဲဒီတော့ ဒီဟာကလေးဟာက သုခစိတ်, ဒုက္ခစိတ်ဆို တာ ဒီဘဝမှာလည်း အကြောင်း မကင်းဘူး၊ နောက် ဘဝကလည်း အကြောင်း မကင်းဘူး ဆိုတာ ဦးခင်မောင်တို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အကြောင်းတရားမကင်းတဲ့စိတ်တွေ

နောက်ဘဝက အကြောင်းတော့ သူက နောက်ဘဝက အကြောင်းတရားလည်း မကင်းဘဲနဲ့ ပေါ်ရတဲ့ သုခစိတ်ကလေး နော် (မှန်ပါ့)၊ နောက်ဘဝ အကြောင်းတရားမကင်းဘဲနဲ့ ပေါ် ရတဲ့ ဒုက္ခစိတ် ကလေး ဆိုတာကော သဘော ကျကြပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်ပေါ်မှာ ဒကာ ဒကာမတွေက မှတ်ထား စမ်းပါ၊ ယားတယ်, ယံတယ် ဆိုရင်ဖြင့် ဘာစိတ်ခေါ်ကြမယ် (ဒုက္ခစိတ်ပါ ဘုရား)၊ ဒုက္ခစိတ် ခေါ်တယ်နော် (မှန်ပါ့)။

ကောင်းတယ်လို့ ခံသာတဲ့ စိတ်ကလေး ပေါ်လာတော့ ဘာဆိုကြမယ် (သုခစိတ်ပါ ဘုရား)။

အင်း ကိုယ်ပေါ်မှာတော့ သုခစိတ်, ဒုက္ခစိတ် အချိုး ကျ အာရုံနဲ့ ထိလို့ ထိသလိုပဲ ပေါ်တတ် ပါတယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

အဲဒီပေါ်စိတ်ကလေး ပေါ်လို့ရှိရင်ဖြင့် “တိဏ္ဏံ သင်္ဂတိ ဖဿော” ဆိုတဲ့ အတိုင်း ဒီဟာကလေးနဲ့ ထိချင်တဲ့ သဘော ခံစားချင်တဲ့သဘော မလာဘူးလား (လာပါတယ် ဘုရား)၊ ဖဿ ပစ္စယာ ဝေဒနာ (မှန်ပါ့)။

ခံစားချင်ပြီး သကာလ ဒီဥစ္စာကလေးကို ကြမ်းတာဖြစ် လို့ရှိရင် ကြမ်းတဲ့ စိတ်ကလေး ပေါ်လာလို့ ရှိရင် ဒီကနေ ဒေါသ ဖြစ် ပါတယ် (မှန်ပါ့)၊ ဒီက ဘာဖြစ်ပါလိမ့်, ကြမ်းတဲ့ စိတ်ကလေး မဟုတ်ပါလား (မှန်ပါ့)။

ဒီမှာကြည့် ကြမ်းတဲ့စိတ်နဲ့ တွေ့လိုက်လို့ ဒုက္ခစိတ်ပေါ် ရင် ဦးခင်မောင်ရေ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပေါ်လာတယ် နော် (မှန်လှပါ)။

ကဲ ဒါဖြင့် ဝေဒနာပစ္စယာ ဒေါသ ဆိုတဲ့ ဒုက္ခဝေဒနာ ကော မပေါ်တတ်ဘူးလား (ပေါ်တတ် ပါတယ် ဘုရား)၊ ဒေါသလည်း ပေါ်တတ်တယ် (မှန်ပါ့)။

နောက်တစ်ခါ ကောင်းတဲ့ စိတ်ကလေး ပေါ်လာမယ်၊ ကိုယ်ပေါ်မှာ နူးနူးညံ့ညံ့နဲ့ တွေ့ရတဲ့ စိတ်ကလေး ပေါ်လာမယ် ဆိုလို့ ရှိရင်ဖြင့်တဲ့ လောဘ ပေါ်ပါတယ် (မှန်ပါ့)၊ ထိတာမှ ထိမှန်း မသိရင် ဒီနေရာမှာ မောဟ ပေါ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်သုံးမျိုး

ဒီနေရာ ဘယ်နှစ်မျိုး ပေါ်နိုင်သတုံး (သုံးမျိုး ပေါ်နိုင် ပါတယ်) လောဘလည်း ပေါ်နိုင်တယ်၊ ဒေါသကော (ပေါ်နိုင်ပါတယ်) မောဟကော (ပေါ်နိုင်ပါတယ် ဘုရား)။

ပေါ်နိုင်တော့ ဒီလို ယူလိုက်တာပေါ့၊ ဪ ဒီနေရာ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ထွက်နိုင်တဲ့ နေရာ ပါကလား ဆိုတာ၊ ဒကာ ဒကာမတွေ ယနေ့ အထူးကလေး မှတ်ပါဦး၊ နည်းနည်း နည်းနည်း တိုးပေး သွားရတယ်နော် (မှန်လှပါ ဘုရား)။

လောဘတဏှာ

ဒီထက် တဘက် ခြုံထည် ရုံထည် ကလေးက နူးနူးညံ့ညံ့ ဖြစ်နေမယ်၊ နွေးနွေးကလေး ဖြစ်နေမယ် ဆိုလို့ ရှိရင်ဖြင့် ထိတယ် ခံစားတယ်၊ သဘောကျတယ် ဆိုတဲ့ တဏှာ, မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒကာသစ် ဒီအာရုံက ထိရတာ ကိုယ်ပေါ်မှာ ကြမ်းတမ်း တဲ့ ဒုက္ခစိတ် ပေါ်မယ် ဆိုလို့ရှိရင် ဒီကနေ ဒေါသကော မလာဘူးလား (လာပါတယ် ဘုရား)။

ဒေါသ

အင်း ခုနက လောဘ လာပြီးပြီ၊ အခု ဒေါသလာ တယ်၊ ဒီကြမ်းတမ်းတာနဲ့ ထိလိုက် တာတောင်မှ ဒကာ ဒကာမ တွေက မသိလိုက်တဲ့ အခါကော မပါဘူးလား (ပါ,ပါ တယ် ဘုရား)။

မောဟ

မသိလိုက်တဲ့ အခါကျတော့ မှတ်လိုက်စမ်းပါတဲ့ မောဟ တဲ့ (မှန်ပါ့ ဘုရား)၊ မသိတာ ဘယ်လို ဆိုကြမယ် (မောဟ ပါ ဘုရား)၊ မောဟလို့ မှတ်ထား လိုက်စမ်းပါလို့ ဆိုတာ မောင်ထွန်း လှိုင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒီနေရာ လမ်းခွဲပေါ့ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကခြုံထည်, ရုံထည် တွေနဲ့ ထိလိုက်တဲ့ အခါကျတော့ သိတဲ့ အာရုံတွေက နူးနူးညံ့ညံ့ ဖြစ်နေတော့ ဖဿ, ဝေဒနာ တဏှာ မလာပေဘူးလား (လာ ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အလယ်ကစ

အဲဒီကျတော့ ပဋိစ္စသမုပ္ပါဒ် အလယ်က စ,တယ် လို့ မှတ် လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဘယ်က စ,သလဲ (အလယ်က စ,ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် တဏှာ, ဥပါဒါန် ကံဘက် သွားတယ်နော် (မှန်ပါ့)၊ ဘယ်ကနေ စပါလိမ့် (အလယ် က စ,ပါတယ် ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ ဥစ္စာကလည်း ဒကာ ဒကာမတို့ သေသေချာချာ ပြောရမှာဖြင့် ဒကာ ဒကာမတို့သည် သံသရာ ဖြစ်ကြောင်း စ,တာပဲ ဆိုတာ မှတ်ရလိမ့်မနော် (မှန်ပါ့)။

သံသရာအစ အဝိဇ္ဇာတဏှာက

သံသရာအစ အဝိဇ္ဇာတဏှာက ဆိုတော့ ဒီနေရာမှာ တဏှာက စ,တာ (မှန်ပါ့ ဘုရား)၊ ဘာကစ ပါလိမ့် (တဏှာက စ,ပါတယ် ဘုရား)၊ ကြည့်လေ နူးညံ့တဲ့ အာရုံ ကလေးနဲ့ ထိလိုက်တော့ ကောင်းစိတ် ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဲ “တိဏ္ဏံ သင်္ဂတိ ဖဿော” ဆိုတော့ ဖဿ မလာဘူးလား (လာပါတယ် ဘုရား)။

ပြီးတော့ ဖဿပစ္စယာ ဝေဒနာ ဆိုတဲ့ ခံစားတတ်တဲ့ ဝေဒနာ ကလေး မလာဘူးလား (လာပါတယ် ဘုရား)၊ ဝေဒနာ ပစ္စယာ တဏှာ ဆိုတော့ ဒကာ ဒကာမတို့ ဒါ သံသရာ အစ ပေါ်လာပြီ (မှန်ပါ့)၊ ဦးခင်မောင် ဘာပေါ်ပါလိမ့် (သံသရာ အစ ပေါ်လာပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ သံသရာအစ အဝိဇ္ဇာ တဏှာကကွ ဆိုတော့၊ ဒီမှာ ဒကာ ဒကာမ တို့ သူက ဟောထားတာတော့ သေချာ ပါတယ်တဲ့၊ သို့သော် ဒကာ ဒကာမတွေ ဉာဏ်ထဲ ထင်အောင် ကျတော့ ဘုန်းကြီးတို့က သေသေချာချာ ပြရတဲ့ အတွက်၊ တဏှာကလေးဟာ သတ္တဝါ အစ ဖြစ်လာတယ်၊ နောက်ဘဝ၏ အစလို့ ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မယုံလို့ရှိရင် တဏှာက ဆက်ကြည့်၊ တဏှာ ပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝ)။

ဟော ကမ္မဘဝဆိုတော့ ဒီကံတွေဟာ ဒကာ ဒကာမတို့ နောက်ဘဝအစ ခန္ဓာပေါ်အောင် အလုပ် မလုပ်ပေ ဘူးလား လုပ်မလား (လုပ်ပါတယ် ဘုရား)၊ ခန္ဓာ ပေါ်အောင် လုပ်လိမ့်မယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ကို ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ စ,ပါလိမ့်၊ ဒီကနေ သုခဝိညာဏ် ကလေး ပေါ်လိုက်တာ ပဋိစ္စသမုပ္ပါဒ် ဦးခင်မောင်တို့ အားလုံး စဉ်းစားကြပါ၊ ဒကာ ဒကာမတို့ ပဋိစ္စ သမုပ္ပါဒ် အလယ်က ဖောက်စ,တယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ရှိတာကိုးနော် (မှန်ပါ့)။

အလယ်ကနေစလိုက်တယ်

ဒါ ဘယ်ကနေ စ,လိုက်ပါလိမ့် (အလယ်ကနေ စလိုက်ပါတယ် ဘုရား)။

အလယ်က စ,တယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ပါ။ ဪ ဒါဖြင့် ဒီ အလယ်က စ,လိုက်တော့ တဏှာ, ဥပါဒါန် ကံရယ်လို့ သူတို့က ခွဲလို့ မရတော့ဘူး၊ သုံးမျိုး ပေါ်လာတယ် (မှန်ပါ့)။

သုံးမျိုး ပေါ်လာတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဟိုဘက်မှာ ဇာတိ, ဇရာ, မရဏကို တပည့်တော်တို့ မတွေ့ချင်ပါ ဘူး ဘုရား၊ ကြောက်လှချည်ရဲ့ ရွံ့လှချည်ရဲ့ မုန်းလှချည်ရဲ့ ဆို စေကာမူ ဒါ လုပ်ပြီးရင် တွေ့ရမယ် (မှန်ပါ့)။

ဒါ လာပြီးလို့ ရှိရင် မတွေ့ပါနဲ့ဆိုလို့ (မရပါ ဘုရား) သဘော မကျလား (ကျပါပြီ)။

ဒါ ပဋိစ္စသမုပ္ပါဒ်မှာ ကိုယ်ပေါက်က နေပြီး သကာလ ဦးခင်မောင် ပဋိစ္စသမုပ္ပါဒ် အလယ် ကျတော့ ကိုတဲ့ ပဋိစ္စ သမုပ္ပါဒ် မှာ အလယ်ကနေ ဖောက် စ, တယ် ဆိုတာ သဘောကျပလား (မှန်ပါ့)၊ တဏှာက ဖောက် စ,လာတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် တစ်မျိုးပဲ စ,ကြပါဦးစို့၊ ကိုယ်ပေါ်မှာ ဖြစ် ရတာက ကြမ်းကြမ်း ထော်ထော် ကလေး၊ ကြမ်းကြမ်း ထော်ထော် နဲ့ တွေ့ရတော့ ကြမ်းတမ်းတာကို ခံစားတဲ့ ဝေဒနာကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီ ဝေဒနာ ပေါ်လာရင် စိတ်ကလေးက ကျေနပ် သလား၊ မကျေနပ်ဘူးလား (မကျေနပ်ပါ ဘုရား)၊ မကျေနပ်တော့ ဒေါသက စဖြစ်တယ် (မှန်ပါ့ ဘုရား)၊ မစဘူးလား (စပါတယ် ဘုရား)။

အဆုံးကပြန်ဆက်တယ်

အဲ ဒေါသက စ,တော့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ ဥပါယာသ အစရှိသည်ဖြင့် လာတော့ ဒီထဲမှာ ဒကာ ဒကာမတို့ အဝိဇ္ဇာက ပါလာပြန်တော့၊ ဒကာ ဒကာမတို့ ပဋိစ္စ သမုပ္ပါဒ် အဆုံးကနေ ပြန်မဆက် ဘူးလား (ဆက်ပါတယ် ဘုရား)။

အဆုံးက ပြန်ဆက်တော့ကိုး၊ ဪ ကြမ်းကြမ်း တမ်းတမ်း အာရုံနဲ့ ပေါ်ပြန်တော့လို့ ရှိရင် တို့ သံသရာ ရှည် သွား ပြန်ပြီ (မှန်ပါ့ ဘုရား)၊ ကိုမြရွှေတို့ ဦးစံရင်တို့ ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)၊ ကြမ်းတမ်းတဲ့ အာရုံနဲ့ တွေ့ပြန်တော့ ဒေါသက လာသကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေပြီး သကာလ ပြန် ပတ်ပြန်ပါလိမ့်မလဲ မေးရင် ဘယ့်နှယ် ဖြေကြပါ့မယ် (အဆုံး ကနေ ပြန်ပတ်ပါတယ် ဘုရား)။

အဆုံးကနေ ပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ကျေနပ်ပါ ပလား (ကျေနပ်ပါပြီ)။

အစကစပြမယ်

ကောင်းပြီ ဒါဖြင့် အစကနေ စ,တာ ပြပါဦးမယ်တဲ့၊ ဒီ ကာယဝိညာဏ် ကိုယ်စိတ် ကလေး ပေါ်တယ်၊ ဖဿ ပေါ်တယ်၊ ဝေဒနာ ပေါ်တယ် ကိုယ်စိတ် ကလေး ပေါ်တာတောင်မှ ဒကာ ဒကာမတွေက မသိလိုက်တော့ဘူးတဲ့၊ မသိတဲ့ အခါတွေဟာ များနေတယ် (မှန်ပါ့)၊ မများပေ ဘူးလား (များပါတယ်)၊ မသိတာက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ကနေပြီး ပဋိစ္စသမုပ္ပါဒ် အစကနေ မစဘူးလား (စ,ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒါ ဝိပဿနာဉာဏ်နဲ့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ မဖြတ်ရင်တော့ဖြင့် ပဋိစ္စသမုပ္ပါဒ် ဟာ သုံးမျိုးစလုံး စ,ချင်ရာက စ,လိမ့်မယ် ဆိုတာကို ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့က ကျုပ်တို့ ဘာကိစ္စ ရှိသတုံး၊ ကျုပ်တို့ ဘယ်ဟာ မှလည်း မခိုး၊ ဘယ်ဟာမှ လည်း မဝှက်ဘဲနဲ့ ကျုပ်တို့ဟာ ကျုပ်တို့ ကောင်းအောင် နေတာပဲ လို့ ဆိုရင် ဟောဒါ ကောင်းအောင် နေလျက်နဲ့ လာတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လိုနေလို့ လာတာပါလိမ့် (ကောင်းအောင် နေလို့ လာတာပါ ဘုရား)။

ဝိပဿနာကျတော့ ဗွက်ပေါက်နေတယ်

ခင်ဗျားတို့ပြောတာက တစ်မျိုးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကျုပ်ကောင်းအောင် နေတာပဲ၊ မခိုးပါဘူး၊ မဝှက် ပါဘူး၊ သေရည် သေရက် မသောက်ပါဘူး၊ သူ့သားမယား မပြစ် မှားပါဘူး၊ အို အဲဒါ သီလပြောနေတာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ရ (မှန်ပါ့ ဘုရား)။

ဒါက ဝိပဿနာ ကျတော့ ဗွက်ပေါက် နေတယ်တဲ့၊ ဒီမှာ သုံးခုတောင် နေတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါ တယ် ဘုရား)။

သီလလေးလောက်နဲ့မနေကြနဲ့

အဲဒီတော့ သီလလေး လောက် ပြောပြီး သကာလ မနေ ကြပါနဲ့ ဆိုတာ ကိုလည်း သတိပေး ရတယ်နော် (မှန်ပါ့ ဘုရား)၊ သီလကလေး လုံခြုံရုံနဲ့ ဒီ ပဋိစ္စသမုပ္ပါဒ်က မဆက်တော့ဘူးလား မေးရင် ဘယ့်နှယ် ပြောကြမလဲ (ဆက်ပါတယ် ဘုရား)။

ဆက်နေလို့ရှိရင် သံသရာမှာ ဟိုဘက် ဇာတိ, ဇရာ, မရဏ လာဦးမယ် ဆိုတာ ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား)။

ဝီပဿနာလုပ်ပါ

ဒါကြောင့် ခင်ဗျားတို့ သီလ ဆောက်တည်ပြီး ဝိပဿနာ ရှုပါဦး (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ သီလ ဆောက်တည်ပြီး ဒီအတိုင်း နေရမှာလား၊ ဝိပဿနာလုပ် ရဦးမှာလား (ဝိပဿနာ လုပ်ရဦးမှာပါ ဘုရား)၊ မလုပ်ရင် ပဋိစ္စ သမုပ္ပါဒ် သုံးမျိုးလာမယ် (မှန်ပါ့, သုံးမျိုး လာပါမယ်)။

သုံးမျိုး တစ်ခုခု လာရမယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ အဲဒါက လူမသိ သူမသိနဲ့ ခင်ဗျားတို့ သံသရာ ထဲမှာ ဒုက္ခရောက်တာ (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ် မပါတဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် အားလုံး တရားနာ လာကြတဲ့ ဒကာ ဒကာမတွေ သိပ်ကြောက်စရာ ကောင်းတယ်နော် (မှန်ပါ့)၊ မသိသေးလို့ သိအောင် ဖော်ပြော နေတယ် ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ သိလည်း သိပါပြီလား (သိပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာကို ဒကာ ဒကာမတို့ ဝိပဿနာမဂ်, လောကုတ္တရာမဂ်နဲ့မှ ဒကာ ဒကာမတွေ ရဲရဲတင်းတင်း မဖြတ် တော့ပါဘူး ဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ် သုံးခု ခုနက ဒီနေရာမှာ ပေါ်ပုံပြလိုက်တဲ့ ဥစ္စာ ဘယ့်နှယ် လုပ်ပြီး သူတို့ ပြတ်မလဲ (မပြတ်ပါ ဘုရား)၊ ပြတ်ပါဦးမလား (မပြတ်ပါ ဘုရား)။

မပြတ်လို့ရှိရင်ဖြင့် သံသရာ ဆက် မဆက် (ဆက်ပါ တယ် ဘုရား)၊ သံသရာ ဆက်မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် သုံးမျိုးလာလိမ့်မယ်

အဲဒါကြောင့် ဒီနေရာမှာ လောဘက စ,တာ ပါတယ်၊ ဒေါသက စ,တာ ပါတယ်၊ မောဟက စ,တာ ပါတယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒါက ဆဆက္ကသုတ်မှာ သေသေချာချာ လာပါတယ်၊ ဥပရိပဏ္ဏာသ ပါဠိတော် ဆဆက္ကသုတ်မှာ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး မင်းတို့ မရှုလို့ ရှိရင် ဤအတိုင်း လာလိမ့်မယ်ဆိုတဲ့ ဥစ္စာ မသေချာ သေးဘူးလား ဒကာ ဒကာမတို့ (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒီလိုလုပ်ကြစို့ရဲ့ ဟောဒီ ပဋိစ္စသမုပ္ပါဒ် လောဘ, ဒေါသ, မောဟ၊ လောဘဆိုရင် ပဋိစ္စသမုပ္ပါဒ် အလယ် ကစ,ပြီ၊ ဒေါသ ဆိုရင် အဆုံးကနေ ပြန်ပတ်ပြီ၊ မောဟဆိုလို့ရှိ ရင် ပဋိစ္စသမုပ္ပါဒ် အစ, ကစ,ပြီလို့ ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဪ သူတို့သာ စ,လို့ရှိရင် ဒီဘက် ဇာတိ, ဇရာ, မရဏ ရှောင်လို့ လွတ်ပါဦးမလား (မလွတ်ပါ ဘုရား)၊ ဇာတိ, ဇရာ, မရဏ အကုန် လာတော့မယ် ဆိုတာ ဦးခင်မောင် မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ဇာတိ ဇရာ မရဏတွေ့ရမှာပဲ

တဏှာ စ,ပေါ်လည်း ဇာတိ, ဇရာ, မရဏ သွားရမှာပဲ (မှန်ပါ့)၊ ဒေါသက စ,ပေါ်ကော (ဇာတိ, ဇရာ, မရဏ သွားရမှာပါပဲ) ဇာတိ, ဇရာ, မရဏ တွေ့ရမှာပဲ (မှန်ပါ့ ဘုရား)၊ မောဟက စ,ပေါ်ရင်ကော (ဇာတိ, ဇရာ, မရဏ တွေ့ရမှာ ပါ ဘုရား)၊

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဟာ ဒီလောဘ ဒေါသ မောဟ မသေသရွေ့ ကာလပတ်လုံး ကျုပ်တို့ ခင်ဗျားတို့မှာ ပဋိစ္စ သမုပ္ပါဒ် အစ ပြတ်နိုင်ပါ့မလား (မပြတ်နိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ ဒကာမတို့ ဟောဒါက ပဋိစ္စသမုပ္ပါဒ် အစ ထားပါတော့ ဒါက ဒုက္ခက္ခန္ဓဿ, အဆုံးထား ပါတော့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ပဋိစ္စသမုပ္ပါဒ်က အစ,က သုံးခု မရှိဘူးလား ဦးခင်မောင် (ရှိပါတယ် ဘုရား)၊ ဒီသုံးခုသာ စ,လိုက်ရင် ဒီဘက်က ဒုက္ခက္ခန္ဓဿ ဆိုတဲ့ ဒုက္ခ အစု လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီက စ,လည်း ဒုက္ခအဆုံးပဲ၊ ဒီက စ,ရင်ကော (ဒုက္ခပဲဆုံးပါတယ်)၊ ဒီ မောဟက စ,ရင်ကော (ဒုက္ခပဲ ဆုံးပါတယ်)၊ ကဲ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ကျေနပ် ပလား (ကျေနပ်ပါပြီ)၊ ဒါဖြင့် သူ မလာရင် သူ မဖြစ်ဘူးပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာမလာလို့ ရှိရင်လည်း ဇာတိ, ဇရာ, မရဏ (မလာပါ ဘုရား)၊ ဒေါသ မလာလို့ရှိရင်လည်း ဇာတိ, ဇရာ, မရဏ (မလာပါ ဘုရား)၊ မောဟ မလာလို့ရှိရင်လည်း (မလာ ပါ ဘုရား)။

ဝိပဿနာနဲ့ဖြတ်ရမယ်

ဇာတိ, ဇရာ, မရဏ မလာဘူး ဆိုတော့ ဒါဖြင့် ဒီအကြောင်းကို ကျုပ်တို့ ဝိပဿနာနဲ့ ဖြတ်ရ လိမ့်မယ် (မှန်ပါ့)၊ မဖြတ်ရ ပေဘူးလား (ဖြတ်ရပါမယ် ဘုရား)။

အဲဒါ ကြပ်ကြပ် စဉ်းစားပြီး နားထောင်ပါ ဆိုတော့ ဘုန်းကြီးက ဒီကနေပြီး ရှင်းပေးတယ် ဒကာ ဒကာတို့၊ ဒီကြားထဲ မှာ ဝိပဿနာမဂ် ကလေး သွင်းဖြစ်အောင် သွင်းပါ ဆိုတဲ့ဥစ္စာကို ဦးခင်မောင် တိုက်တွန်း ရပြန်တယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ဘာလုပ်ရပြန်တယ် (တိုက်တွန်း ရပြန်ပါတယ် ဘုရား)၊ တိုက်တွန်းရတယ်၊ ဘာမဂ် သွင်းထားပါလိမ့် (ဝိပဿနာမဂ် သွင်းထားပါတယ်)၊ ဝိပဿနာမဂ် သွင်းမှသာ လျှင် ဟိုမဂ်က ခင်ဗျားတို့ လောကုတ္တရာမဂ်က လာမှာမှ မဟုတ်သေးဘဲ (မှန်လှပါ ဘုရား)၊ လောကုတ္တရာမဂ်က လာ ပါ့မလား (မလာပါ)၊ မလာဘူးတဲ့၊ ဝိပဿနာမဂ် ရှေ့သွားပြီးတော့မှ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ လာမယ်မဟုတ်လား (မှန်လှပါ ဘုရား)။

ဝိပဿနာမဂ် ရှေ့မသွားဘဲနဲ့ လောကုတ္တရာမဂ်ကြီးက ဘွားခနဲ နောက်က ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

အိမ်မှာဘာလုပ်နေကြပါလိမ့်

အဲဒါ စဉ်းစားကြည့်တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တို့အိမ်နေတာ ဘာလုပ် နေကြပါလိမ့် မတုံး၊ တရား နှလုံးမသွင်းတဲ့ အခါများ ဘာဖြစ်နေကြသတုံး၊ အို ပဋိစ္စသမုပ္ပါဒ် သုံးမျိုး စ,နေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာတွေစ,နေသတုံး (ပဋိစ္စသမုပ္ပါဒ်သုံးမျိုး စ,နေ ပါတယ် ဘုရား)။

ခင်ဗျားတို့ကလည်း ဘယ့်နှယ်ကြောင့် ဒီလောက်စ,ချင် ရတာတုံး၊ အို ဒုက္ခ ဖြစ်ချင်လို့ပေါ့။ ရိပ်မိပလား (ရိပ်မိပါ ပြီ)၊ ဘာဖြစ်ချင်လို့တုံး (ဒုက္ခ ဖြစ်ချင်လို့ပါ ဘုရား)၊ ဘာဖြစ်လို့ ပဋိစ္စသမုပ္ပါဒ် စ,သတုံး (ဒုက္ခဖြစ်ချင်လို့ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ပဋိစ္စသမုပ္ပါဒ် မထွက်သတုံး မေးတော့ မထွက်တတ်လို့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။

မထွက်တတ်တော့ ခင်ဗျားတို့က စ,တော့ စ,တတ်တယ်၊ ဟုတ်လား ထွက်တော့ မထွက် တတ်ဘူး ဆိုတော့ ခင်ဗျားတို့ သန္တာန်မှာတဲ့ ဒကာ ဒကာမတို့ အရေးကြီးတဲ့ အချက်ကွယ်နေ တယ် ဆိုလို့ ရှိရင်ဖြင့် မောင်ထွန်းလှိုင်, မောင်ကိုတို့ လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒုက္ခဖြစ်ကြောင်းတော့စတတ်တယ်

ဘာကွယ်နေတုံး (အရေးကြီးတဲ့ အချက် ကွယ်နေပါ တယ် ဘုရား)၊ အရေးကြီးတဲ့ အချက်ကို ကွယ်နေတာပဲ ဒကာ ဒကာမတို့၊ အပါယ် သွားကြောင်းတော့ ခင်ဗျားတို့က တဏှာက လည်း စ,လိုက် တယ်၊ ဒေါသကကော (စ,ပါတယ် ဘုရား)၊ မောဟကကော (စ,ပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေ စ,လိုက်တော့ ဒါတွေက ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခ ဖြစ်ကြောင်းတော့ ခင်ဗျားတို့က စ,တတ် တယ်၊ ဒုက္ခ သိမ်းကြောင်းတော့ ခင်ဗျားတို့ မသိမ်းတတ်ဘူး ဆိုလို့ ရှိရင်ဖြင့် ဒါ ဘုန်းကြီးတို့မှ မကယ်ယူလို့ ရှိရင်ဖြင့် ဦးခင်မောင် သွားပြီ (မှန်လှပါ ဘုရား)၊ မသွားသေးဘူးလား (သွားရ ပါတယ် ဘုရား)။

တောက်လျှောက် သွား တောက်လျှောက် သွား ဒကာ ဒကာမတို့ ဘယ်သူ တားလို့မှ မရဘူး၊ ဒီဥစ္စာ ဘုရား တားမရဘူး (မှန်ပါ့)၊ မရနိုင်ဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

တရားနာတာသည် ကိုယ့်အရေး

ကောင်းပြီ ဒါဖြင့် ေဩာ် တရားနာတာ ဆရာဘုန်းကြီး အရေးလား, တို့အရေးလား ဆိုတာ ခွဲကြစမ်းပါဦး (တပည့်တော်တို့ အရေးပါ ဘုရား)။

ဒီ ဒကာ ဒကာမတွေ၏ အရေးနော် (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတွေ၏ အရေးပဲ၊ ဆရာဘုန်းကြီး အရေးက ဆရာ ဘုန်းကြီးဟာ ဆရာဘုန်းကြီး ဖြတ်ယူမ ှရမှာ (မှန်လှပါ ဘုရား) ဒီ ဒကာ ဒကာမတွေကတော့ ဖြတ်နည်းကို မသိလို့ အတင်း နေ့ တိုင်း ပြောနေရတာပဲ (မှန်ပါ့)၊ မပြောလည်း တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒါ မနေ့ကထက် ထူးပြီး ပြောတာ ဦးခင်မောင် ရိပ်မိပလား ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပေါ်တယ် ဆိုတာ (မှန် လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီး)၊ ဘယ်နှစ်မျိုး ပေါ်ပါလိမ့် (သုံးမျိုး ပေါ်ပါတယ် ဘုရား)၊ သုံးမျိုးပေါ်တယ်တဲ့၊ ဉာဏ် မသွင်းရင် သုံးမျိုး ပေါ်တယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဝိပဿနာဉာဏ် သွင်းကြစို့ဆိုတော့ သံယုတ်ပါဠိတော်က ။

“ကာယဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ” တဲ့။

ဒါက မနေ့ကပါဠိနဲ့ တစ်ခုတည်း (မှန်လှပါ ဘုရား)။

ကာယဝိညာဏီ (ပ) ဥပ္ပဇ္ဇတိ ဆိုတာ တစ်ခါတည်း သမ္မာဒိဋ္ဌိ ဖြစ်သတဲ့၊ မဂ္ဂင် လာဖြစ်တယ် ပြောတာ (မှန်လှပါ)၊ သူ့ကို ဖြစ်ပျက် ရှုနိုင်လို့ ရှိရင် ဒါတွေဟာ သမ္မာဒိဋ္ဌိ လာဖြစ်တာပဲ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် မဂ္ဂင်ငါးပါးပေါ်တယ်

ဒီထဲကြည့်ပါလား သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုတော့ မဂ္ဂင်တွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲ ဖြစ်ပျက်ကို မြင်လို့ရှိရင် တစ်ခါတည်း ဒီမဂ္ဂင်ငါးခုထဲ က သမ္မာဒိဋ္ဌိ ခေါင်းဆောင်တဲ့ မဂ္ဂင် ပေါ်ပါတယ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြရဲ့လား (ရှင်းပါ တယ် ဘုရား)။

ဖြစ်ပျက်ကို မြင်လိုက်ရင် သမ္မာဒိဋ္ဌိ ခေါင်းဆောင်တဲ့ (မဂ္ဂင်ငါးပါးပေါ်ပါတယ် ဘုရား)။

မဂ္ဂင်ငါးခု ပေါ်တယ် ဆိုတော့ ဒကာ ဒကာမတို့ သိတဲ့ အတိုင်းတဲ့ ဒီဖဿတွေ ဝေဒနာတွေ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဒီ တဏှာက စ,မှာကော (မလာ နိုင်ပါ ဘုရား)။

ဒေါသက စမှာကော (မလာနိုင်ပါ ဘုရား)။

မောဟက စမှာကော (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ ဒုက္ခဖြစ်ကြောင်း ချုပ်သွားပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒုက္ခ ဖြစ်ကြောင်း ချုပ်တော့ ဒုက္ခဖြစ်ကျိုး သုံးခုကို ဒုက္ခက္ခန္ဓဿကြီး လာပါဆိုလို့ (မလာပါဘု ရား) မလာ တော့ဘူး ဆိုတာ သေချာပလား (သေချာပါတယ်)။

တို့အရေးဟာဘာပါလိမ့်မတုံး

ေဩာ် ဒါဖြင့် တို့အရေးဟာ ဘာပါလိမ့်မတုံး ဆို တော့ ကိုယ်ပေါ်မှာ နာတဲ့ စိတ်ပေါ်လည်း ဖြစ်ပျက်ရှုဖို့ပဲ။ ကောင်းတဲ့ စိတ်ပေါ်လည်း (ဖြစ်ပျက်ရှု ဖို့ပါပဲ ဘုရား)။

အဲဒါ မရှုဘဲ မနေလိုက်ပါနဲ့၊ နာရင် စိတ်ပျက်တယ် ဆိုရင် နာလို့ စိတ်ပျက်တယ် ဆိုရင် ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြန်စမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

နာတာ မသိလိုက်ဘူး ဆိုရင် ပဋိစ္စသမုပ္ပါဒ် အစက နေပြန် စမယ် (မှန်လှပါ ဘုရား)။

နာတာမသိလိုက်ရင် (အစကနေ ပြန်စ,ပါမယ်) အစက ပြန်စ,တယ်၊ တယ် နာပါကလား “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” သွား ဖြစ်တယ် (မှန်ပါ့ ဘုရား)။

နာတာကို စိတ်ပျက် နေလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဘယ် ကနေစ, သတုံး (အဆုံးကနေ စ, ပါတယ် ဘုရား)။

အို နာတာကလေးပဲ သဘောကျ နေတယ်လို့ ဆိုရင်ဖြင့်ကော (အလယ်က စ, ပါတယ် ဘုရား) အလယ်ကနေ စ, ပြန်တော့ ခင်ဗျားတို့က ဒီဘက် ဘာတွေရပါလိမ့် (ဒုက္ခတွေ ရပါ တယ် ဘုရား)။

ဒုက္ခတွေရတယ် ဆိုတော့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး စ, လိုက် တဲ့အတွက် ဇာတိ, ဇရာ, မရဏတွေ လွတ်ရေး, ကျွတ်ရေး မြင်ကြ သေးရဲ့ လား (မမြင်ပါ ဘုရား)။

အကြောင်းတရားပြတ်ပါမှ

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ် အကြောင်း တရား ပြတ်ပါမှ ကျုပ်တို့သည်ကား ဆိုလို့ ရှိရင်ဖြင့် အကျိုး ဒုက္ခ သစ္စာတွေ ပြတ်ကြတော့မယ် ဆိုတာ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)။

အကြောင်း သမုဒယတွေ ချုပ်မှ အကျိုး ဒုက္ခတွေ ကုန်မည် ဆိုတာကော ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

နားမလည်, လည်အောင် ထောင်ပါနော် ဒါမှ နား မလည်သေးဘူး ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သံသရာမှာ မြုပ်သမား နဲ့မျောသမားက မထွက်တော့ဘူး (မှန်လှပါ ဘုရား)။

အခု ပြောတာတွေ နားမလည်ဘူး၊ တပည့်တော်တို့ ရှု လည်း မတတ်ဘူး ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဘယ်လိုမှ မတတ် နိုင်ဘူး၊ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်က ခင်ဗျားတို့ ဆွဲဆောင်သွား မှာပဲ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဆွဲဆောင် သွားတော့ကို အမြုပ်သမားရင်လည်း ဖြစ်ရ မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အမျောသမား ရင်လည်း (ဖြစ်ရပါမယ် ဘုရား)။

နားလည်အောင်လည်းထောင်ပါ

အဲဒီတော့ အမြုပ်သမား အမျောသမားမှ လွတ်ချင်လို့ ရှိရင်ဖြင့် ဒီတရားကို နားလည် အောင်လည်း ထောင်ပါ၊ ရှုလည်း ရှုပါ (မှန်လှပါ)၊ နားလည်အောင် ရှေးဦးစွာ ထောင်ဖို့က အရေး ကြီးတယ် (မှန်လှပါ ဘုရား)၊ ဦးဇံရင် အရေး မကြီးဘူး လား (ကြီးပါတယ် ဘုရား)၊ ထောင်ပြီးမှ သာလျှင် လည်း ရှု တတ်မှာကိုးဗျ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရား နားမလည် လိုက်ဘူး ဘုရား၊ နားမလည် လိုက်လို့ ရှိရင် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး အကြောင်းတရားတွေဟာ ခင်ဗျားတို့ကိုယ် ပိုင်ပစ္စည်း၊ ဒုက္ခ ဟူသရွေ့ဟာ ခင်ဗျားတို့ ပြေးလို့ မလွတ်အောင်ဘဲ ခံရတော့မယ်၊ သေချာကြပလား (သေချာ ပါတယ် ဘုရား)။

အဲဒါကြောင့် အားလုံး တရားတစ်ပွဲလုံးမှာ ဘုန်းကြီးတို့ အင်မတန်ပဲ မေတ္တာ ရှေ့ထားပြီး သကာလ ဟောပြော နေပါတယ်တဲ့။

ဒီထဲကနေပြီး သကာလ ဘုန်းကြီးကလည်း ထပ်ပြန်တလဲ လဲပြောတယ်၊ ဒကာ ဒကာမတွေ လည်း ကိုယ့်ခန္ဓာပေါ်, ပေါ်တာ ကို ကိုယ်ကြည့်နည်းကို သင်ပေးနေတဲ့ အတွက် ကြည့်လည်း ကြည့်ကြပါ၊ နားလည် အောင်လည်း ထောင်ပါ၊ နားမလည်လိုက် လို့ရှိရင်ဖြင့် သာသနာ တွင်းသားကို မဖြစ်သေးတဲ့ အဓိပ္ပာယ် ရောက်ပါတယ် (မှန်ပါ့ ဘုရား)။

ဘာရောက်သွားသလဲ (သာသနာတွင်းသား မဖြစ် သေးတဲ့ အဓိပ္ပါယ် ရောက်ပါတယ် ဘုရား)။

သာသနာတွင်းမှာပဲ ဝိပဿနာပေါ်တယ်နော် (မှန် ပါ့ ဘုရား)။

သာသနာ၏အခြေဟာ ဝိပဿနာပဲ

သာသနာပမှာ ဝိပဿနာရှိရဲ့လား (မရှိပါ ဘုရား)။

မရှိဘူးတဲ့၊ သာသနာ၏ အခြေဟာ ဝိပဿနာပဲ ဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ကိုယ့်ကိုယ်ကို သာသနာတွင်းသားကလေး ဖြစ်အောင်က ဒကာ ဒကာမတွေက ဆုတောင်းကြလို့ ယခု ဆရာဘုန်းကြီးနဲ့ ဒီ ဒကာ ဒကာမတွေနဲ့ တွေ့ကြ ဆုံကြပြီဆို တာလည်း ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

သို့သော် ဆုံတာကတော့ ဟုတ်ပါရဲ့၊ ဆုံပြီး သကာလ ဒီဉာဏ်နဲ့ ကြုံဖို့ရာက အရေးကြီး သေးတယ် (မှန်လှပါ ဘုရား)။ ရှုတတ်တဲ့ ဉာဏ်နဲ့ ကြုံဖို့ အရေးကြီး တယ်နော် (မှန်ပါ့)။

ဆုံသာဆုံတယ် မကြုံဘူး ဆိုတော့ ဒီမဂ်ဉာဏ်နဲ့ မကြုံလို့ ရှိရင်လည်း မကောင်းဘူးဗျ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ယသော်ဓရာ၏ဘခင် သုပ္ပဗုဒ္ဓမင်း

ဥပမာမယ် ဘုရား၏ယောက္ခမ သုပ္ပဗုဒ္ဓ ဆိုတာ ဒကာ ဒကာမတွေ သိပါလိမ့်မယ်နော် (မှန်ပါ့)၊ ဘုရားနဲ့ မဆုံဘူးလား မေးရင် ဘယ့်နှယ်ပြောမလဲ (ဆုံပါတယ် ဘုရား)။

အို ဘုရားနဲ့ ယောက္ခမတောင် တော်လိုက်သေး တယ် (မှန်ပါ့ ဘုရား)၊ စောစောက ဟင် (မှန်ပါ့)၊ မတော် ဘူးလား (တော်ပါတယ် ဘုရား)၊ နောက် အဝီစိကျသွား တယ် ဒကာ ဒကာမတို့ (မှန်ပါ့) ဆုံသာ ဆုံတယ်၊ မကြုံဘူး (မှန်လှပါ ဘုရား) ဆုံတော့ မဆုံဘူးလား (ဆုံပါတယ် ဘုရား)၊ အဲ မဂ်ဉာဏ်နဲ့ ကြုံရဲ့လား (မကြုံပါ ဘုရား)။

အဲဒါကြောင့် အခု ဆရာဘုန်းကြီးနဲ့ ဒကာ ဒကာမတွေ နဲ့ ရင်းရင်းနှီးနှီး ဆိုတာတော့ ဟုတ်ပါရဲ့၊ ဒီမဂ်ဉာဏ် ကြုံအောင် ခန္ဓာထဲ ရောက်အောင် လုပ်ကြစမ်းပါဦး (မှန်ပါ့ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ။)

ကံကောင်းရုံထက် ဉာဏ်ကောင်းအောင် လုပ်လိုက်စမ်းပါ

တို့ ကံကောင်းလိုက်တာ ဆရာဘုန်းကြီးနဲ့ တွေ့ရတာ၊ အင်မတန် ကံကောင်းရုံ မတင်းတိမ်ပါနဲ့၊ ဉာဏ်ကောင်းအောင် လုပ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကံတော့ ဒီ ဒကာ ဒကာမတွေ အကုန် ကောင်းတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)၊ ဘာကြောင့်တုံး ဆိုလို့ရှိရင် ဘုန်းကြီးကလည်း ကျန်းကျန်းမာမာနဲ့၊ ဒီ ဒကာ ဒကာမတွေက လည်း သွားနိုင် လာနိုင်နဲ့၊ ထောင်တတ်တဲ့ နားကလေးနဲ့ ရှိနေတော့၊ ကံကတောဖြင့် ဒီဘဝ နောက်ဆုံးပိတ် ပဲကွာ ဆရာကောင်း နဲ့လည်း တွေ့ပြီး မင်းတို့လည်း ကျန်းမာတုန်းပဲ ဆိုတော့ ကံကတော့ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ကံသာကောင်း၍ ဉာဏ်မကောင်းမှာစိုးရိမ်တယ်

အဲဒီတော့ ကံသာကောင်း၍ ဉာဏ်မကောင်းမှာ စိုးရိမ် တယ် (မှန်လှပါ ဘုရား)၊ ဘာစိုးရိမ် ပါလိမ့် (ဉာဏ် မကောင်းမှာ စိုးရိမ်ပါတယ် ဘုရား)။

ဉာဏ်မကောင်းမှာ စိုးရိမ်တယ် ဆိုတော့ ဒကာ ဒကာမ တွေ ဒီနေရာမှာ ကိုယ်ပေါ်မှာ ဒုက္ခ ပေါ်လည်း ဖြစ်ပျက် ရှုတတ်တဲ့ ဉာဏ်ကလေး သွင်းပေးရတယ် (မှန်ပါ့ ဘုရား)။

သုခဆိုတဲ့ ချမ်းသာလုံးကလေး ပေါ်ရင်ကော (ဖြစ် ပျက်ပဲ ရှုပေးရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကလေး သွင်းပေး (မှန်ပါ့)။

ဒါကတော့ ဘုန်းကြီးက သွင်းလို့ ဖြစ်မှာလား ခင်ဗျားတို့ သန္တာန်ပေါ်တာ ခင်ဗျားတို့ သွင်းမှ ဖြစ်မှာ ဆိုတာ သေချာပလား (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အဲ မောင်ကိုတို့ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

ဘုန်းကြီးကနည်းသာပေးတတ်တာ

အားလုံး ဒကာ ဒကာမတွေ ဒီဟာတော့ ဘုန်းကြီးက နည်းသာ ပေးတတ်တာ ကိုးဗျ (မှန်ပါ့ ဘုရား)၊ အဲဒါ ဘုန်းကြီး သာ မဟုတ်ပါဘူးတဲ့၊ တစ်နေ့ကလည်း ဒကာ ဒကာမတွေ ဘုန်းကြီး ရှင်းအောင် ပြောခဲ့တယ်နော် (မှန်ပါ့)။

ဟောမှုမှ ပြောမှု ကိစ္စ ဘုရားကိစ္စ၊ ကျင့်မှုကြံမှု ကိစ္စ သာဝက ကိစ္စလို့ ဘုရားကပဲ နှစ်မျိုး မထားခဲ့ ဘူးလား (ထားခဲ့ ပါတယ် ဘုရား)။

ဒီမှာတော့ ဟောမှု, ပြောမှု နားမလည် လည်အောင် ပြောမှုက ဆရာသမား၏ ကိစ္စ (မှန်ပါ့)၊ ခင်ဗျားတို့က ပေါ် တိုင်း, ပေါ်တိုင်း ရှုမှုက (တပည့်တော်တို့ ကိစ္စပါ ဘုရား)။

အဲဒီ ဒကာ ဒကာမတွေ၏ ကိစ္စဆိုတာ အဲဒီတော့ ကိုယ့် ကိစ္စ သူ့ကိစ္စ သွားကြပါ ဆိုတဲ့ ဥစ္စာကို လေးစားစွာနဲ့ပဲ နောက် ထပ်ပြီး သကာလ ဒကာသစ်တို့ ကိုမြရွှေတို့ တိုက်တွန်း ရတယ်နော် (မှန်လှပါ)။

ကံကောင်းသလောက်၊ ဉာဏ်ကောင်းသွားလို့

သာမည မဟုတ်ဘူးနော် ဒီဥစ္စာ အင်မတန် အဖိုး တန်တယ်၊ ဒီသံသရာ အစတွေ ပြတ်တယ် ဆိုကတည်းက ဒကာ ဒကာမတွေ နောက် ဒုက္ခ ခင်ဗျားတို့ ဘာလာစရာ လိုသေးသတုံး (မလိုပါ ဘုရား)၊ နောက် အိုဘေး၊ နာဘေး, သေဘေးတွေ လာစရာ လိုသေးသလား (မလိုပါဘူး)၊ အပါယ် ဘေးတွေကော (မလိုပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ပါတုံး ဆိုတော့ ကံကောင်း သလောက် ဉာဏ်ကောင်း သွားလို့ ဘုရား (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်လို မှတ်ကြမယ် (ကံကောင်း သလောက် ဉာဏ်ကောင်း သွားလို့ပါ ဘုရား)။

ကံကောင်းတာကတော့ ဒီဆရာသမားနဲ့ ဒီ ဒကာ ဒကာမတွေနဲ့ တွေ့ရတာ ဘယ်လို ဆုံးဖြတ်ချက် ချကြမှာတုံး (ကံကောင်းပါတယ် ဘုရား)။

ဒီ ကံကောင်းတာတော့ သေချာပြီတဲ့၊ ပြီးတော့ ခင်ဗျားတို့ ကလည်း “မနုဿတ္တဘာဝေါ ဒုလ္လဘော” ဆိုတဲ့ အတိုင်း မရစဘူး အရထူးလာတာ၊

“သဒ္ဓမ္မဿဝနံ အတိဒုလ္လဘဲ” ဆိုတဲ့အတိုင်း သူတော်ကောင်းတရားကြီး နာရတာ၊ နာရ ပြန်တော့လည်း သစ္စာ ဆိုက်တာ နာရတော့ ပိုပြီး ကျေးဇူးများတယ် (မှန်လှပါ)၊ မများကြဘူးလား (များပါတယ် ဘုရား)၊ ကိုမြရွှေ မများဘူးလား (များပါတယ် ဘုရား)။

ထိုကဲ့သို့ များတဲ့ အထဲက နာရုံသာ နာရတယ်၊ ကိုယ်ပိုင် ဉာဏ်နဲ့ ဖြစ်ပျက်ကို မတွေ့ရသေးဘူး ဆိုရင် ကံသာ ကောင်း၍ ဒီ ဒကာ ဒကာမတွေ ဉာဏ် မကောင်းတဲ့ ဒကာ ဒကာမတွေ (မှန်လှပါ ဘုရား)။

ကံကောင်းရုံနဲ့ပဲ တင်းတိမ်မနေပါနဲ့

ဘယ့်နှယ်ဆိုကြပါ့မယ် (ကံသာကောင်း၍ ဉာဏ် မကောင်းတဲ့ ဒကာ ဒကာမတွေ)၊ ကံသာ ကောင်း၍ ဉာဏ် မကောင်းလို့ ရှိရင်ဖြင့် ဒီ ပဋိစ္စသမုပ္ပါဒ် အကြောင်းဟာ ပြတ်ပါ့ မလား (မပြတ်ပါ ဘုရား)၊ မပြတ်ရင် ဒီအကျိုးတရားတွေ ခင်ဗျားတို့ ကိုယ်ပိုင် ပစ္စည်းဖြစ်မယ် (မှန်ပါ့ ဘုရား)၊ ကဲ ဒါ လွတ်နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲ- ဒါကြောင့် ဒီနေ့ ထူးထူးခြားခြား ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပြပြီး သကာလ ေဩာ် ကံကောင်းရုံနဲ့ပဲ တင်းတိမ် မနေပါနဲ့၊ ဉာဏ်ကောင်း အလုပ်ကလေး လုပ်လိုက်စမ်း ပါဆိုတာ ကိုလည်း တောင်းပန် ရတယ် (မှန်ပါ့ ဘုရား)။

ကံကောင်းရုံနဲ့ တင်းတိမ်မနေပါနဲ့၊ ဘာသွင်းရမယ် (ဉာဏ်ကောင်း အလုပ် သွင်းရမယ် ဘုရား)။

ဒီထက်ကောင်းတဲ့ကံရှိသေးရဲ့လား

ဉာဏ်ကောင်း အလုပ်ကလေး သွင်းလိုက်စမ်းပါ ဆိုတာ ကတော့ဖြင့် ကံကောင်းတာ ကတော့ဖြင့် ဒကာ ဒကာမတို့ ပြော ဖို့ လိုသေးသလား (မလိုပါ)၊ လူ့ဘဝ ရတာပဲ ဒိထက်ကောင်း တဲ့ကံ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ၊

အေး ထောင်တတ်တဲ့နားလေး ရှိတာကကော (ကံကောင်းတယ်)၊ ဒိထက် ကောင်းတဲ့ကံ မရှိပါဘူးဆိုတာ သေချာကြပလား (သေချာပါတယ်)။

ဒါဖြင့် တို့ ဘာလေး လိုနေပါလိမ့် (ဉာဏ်ကောင်းဖို့ လိုနေပါတယ် ဘုရား)၊ ဉာဏ်ကောင်းဖို့ လိုနေတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာလိုပါလိမ့် (ဉာဏ်ကောင်းဖို့ လိုနေပါ တယ် ဘုရား)။

ဉာဏ်ကို အညစ်အကြေးမဖုံးပါစေနဲ့

ဉာဏ်ကောင်းဖို့ လိုနေတယ် ဆိုတော့ အဲဒီတော့ ဒီဉာဏ် ကို ခင်ဗျားတို့က အညစ်အကြေး မဖုံး ပါစေနဲ့လို့ ဆိုပြီး သကာလ ပြောရတယ်နော် (မှန်ပါ့)။

ကိစ္စတွေ များလွန်းလို့ ဒီကိုယ်ပေါ်မှာ ပေါ်တဲ့စိတ်က အဝတ်နဲ့ထိလည်း ပေါ်တာပဲ၊ နေပူ ထိကော (ပေါ်ပါတယ် ဘုရား)၊ လေပူထိကော (ပေါ်ပါတယ် ဘုရား)။

ကိုယ်ပေါ်မှာ နေပူတယ် ဆိုရင် ပူလိုက်တာကွာ ဆိုတာ လည်း ဒီကိုယ်ပေါ်မှာ ပူတဲ့စိတ် ပေါ်လို့ ဒီက ဒေါသ ဖြစ်ပြီး ပူပူ လွန်းလှတယ်ကွာ၊ ပဋိစ္စသမုပ္ပါဒ် စပြီ ဦးခင်မောင်ရဲ့ (မှန်လှ ပါ ဘုရား)၊ မစ ဘူးလား (စ,ပါတယ် ဘုရား)။

အေး ဒါ့ကြောင့် တရားတော့ မရှိတဲ့ အခါလည်း မရှိ ဘူးတဲ့၊ ဒကာ ဒကာမတို့ မရှုဖြစ်တဲ့ အခါကကော ရှိတယ် (မှန်ပါ့)။ တရားက မပေါ်တဲ့ အခါနည်းတယ်၊ ပေါ်တာပဲ များတယ် (မှန်လှပါ)၊ ခင်ဗျားတို့က ဘယ့်နှယ် ဖြစ်နေသလဲ (မရှုတဲ့ အခါက များနေပါတယ် ဘုရား)။

မရှုဖြစ်တာ များတော့ မရှုဖြစ်တာဟာ ဪ ကိစ္စက များလွန်းလို့ မရှုဖြစ်ဘူး၊ မောင်ကိုတို့က သုံးချင် သုံးမပေါ့ကွာ၊ မသုံးပေဘူးလား (သုံးပါတယ် ဘုရား)။

ကိစ္စတွေကဘုရား ဟိုမလှည့်သာ ဒီမလှည့်သာ ဖြစ် နေတယ်၊ တပည့်တော်တို့ အလုပ်တွေက လူနဲ့ အလုပ်နဲ့ မမျှအောင် ဖြစ်နေတယ်။

မရှုရင်အပြစ်ရှိတယ်

အဲဒါကြောင့် တပည့်တော်တို့ ပေါ်တော့ ပေါ်တယ်၊ မရှု ဖြစ်ဘူး၊ မရှုဖြစ်လို့ ရှိရင်ဖြင့် မရှု ဖြစ်တော့ ဘာမှ အပြစ်မရှိဘူး ထင်လိုက်ရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လှည့်တယ် (မှန်ပါ့)၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

ကဲ- ဒါဖြင့် မရှုဖြစ်တဲ့ အပြစ်ဟာ ဘယ်လောက် ဆိုးတယ် – ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ေဩာ်-ခင်ဗျားတို့ကတော့ မြို့သုံးကလေး သုံးလို့ တစ် ယောက်, တစ်ယောက် ဧည့်ခံ ကောင်းအောင် စကားကလေး လေပြေ ထိုးလို့ ကိစ္စတွေ များလွန်းလို့ ရှုတောင်မှ မရှုဖြစ်ဘူး၊ ပေါ်တော့ ပေါ်သားပဲ၊ သတိထားရမှာ သူ့ကို သတိကို မထားဖြစ်ဘူး။ အို သတိမထား ဖြစ်တော့ ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်း တာပါ ထည့်တွက်ပါ (မှန်ပါ့)။

သတိမထားဖြစ်ရင် (ကိုယ်ကျိုး နည်းပါတယ် ဘုရား) ကိုယ်ကျိုး နည်းတာ ထည့်ထွက်ပါ ဆိုတော့ တဏှာက ရင်လည်း – စ,တော့မယ် ဦးခင်မောင် (မှန်လှပါ ဘုရား)။

ဒေါသက ရင်ကော (စ,ပါမယ် ဘုရား)။

မောဟက ရင်ကော (စပါမယ် ဘုရား)။

ဒါဖြင့် တဏှာကစ,လည်း တဏှာ ဥပါဒါန် ကံ ဇာတိ, ဇရာ, မရဏ၊ ဒေါသကစ,လည်း သောက, ပရိဒေဝ, အဝိဇ္ဇာ,သင်္ခါရ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်တန်းသွားမယ်

အဲဒီတော့ ခင်ဗျားတို့က ဘယ်လိုနေရာက ဖုံးလို့ ဖိလို့ ရတဲ့ ပဋိစ္စသမုပ္ပါဒ်လား၊ မရှုဖြစ်ရင် တန်းသွား မှာလား (မရှု ဖြစ်ရင် တန်းသွားမှာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ေဩာ် တို့က လူတစ်ယောက် က လူတစ်ယောက်ကို စကားအားဖြင့် ဖုံးလိုက်ငြား သော်လည်း အလုပ်က မရပါကလား (မှန်ပါ့)၊ ဘယ်လို ဆိုကြမယ် (အလုပ်က ဖုံးမရပါ ဘုရား)။

အလုပ်က ဖုံးမရဘူး၊ တန်းသွားတာပဲ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် တန်းသွားတာပဲ ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ ကိုယ့်အရေး ဆိုပြီး ကိုယ့် ကိုယ်ကို သနားကြစမ်းပါ ဆိုတာ ကိုလည်း ပြောရပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို သနားကြစမ်းပါ

ကိုယ့်ကိုယ်ကို သနားကြစမ်းပါ ဆိုတာ ဒကာသစ်တို့ မောင်မြရွှေတို့ ဒီ ပဋိစ္စသမုပ္ပါဒ် စ,မိလို့ ရှိရင် ကိုယ် ဒုက္ခ ရောက်တော့မယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

သူများရောက်မှာလား၊ ကိုယ်စ,တဲ့အပြစ်ဟာ ကိုယ်ခံရ မှာလား (ကိုယ်စ,တဲ့အပြစ် ကိုယ်ခံ ရမှာပါ ဘုရား)။

ကိုယ်စတဲ့ အပြစ် ကိုယ်ခံရမှာ ဖြစ်နေတော့ ကျုပ်ဖြင့် မရှုမိဘူး၊ ကိစ္စတွေက များလွန်းလို့ ဆိုတော့ အို ကိစ္စများတာ ဒုက္ခကြီး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါ ခင်ဗျားတို့ အိမ်ကျလာတဲ့ အခါကျတော့ လူ သူတော်ကောင်း တစ်ယောက် ရောက်လာ တယ်၊ တရားနာဘက် ကောင်းမှု ပြုဘက်တွေ ရောက်လာတဲ့ အခါ ဟုတ်တယ်၊ ကျုပ်ဖြင့် ဘုန်းကြီး ကလည်း တိုက်တွန်း ရှာတယ်၊ ကျုပ်ကလည်း ကိစ္စတွေ များလွန်းလို့ မရှုဖြစ်ဘူး (မှန်ပါ့)။

အင်း မရှုဖြစ်တာတော့ ကိစ္စမရှိပါဘူး၊ အမျှဝေလို့ မရတော့ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အမျှဝေလို့ ရသေးရဲ့လား (မရပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ဖုံးလိုက် ဖိလိုက်တာတော့ အရေး မကြီးဘူးပေါ့ဗျာ၊ ဖုံးလို့ ဖိလို့ လုံတာလား၊ မလုံတာလား (မလုံ ပါ ဘုရား)။

သူများကိုဧည့်ခံမနေနဲ့ ကိုယ့်အလုပ်ကိုယ်ကြိုးစား

အဲဒါကြောင့် ခင်ဗျားတို့ သူများလည်း ဘာနဲ့မှ ဧည့်ခံ မနေနဲ့၊ ကိုယ့်အလုပ်သာ ကိုယ်ကြိုးစား (မှန်လှပါ)၊ သိတဲ့ ဘဝမို့ ဒါ ပြောလို့ရတာနော် (မှန်ပါ့)။

မသိတဲ့ တိရစ္ဆာန်ကျတော့ ပြောလို့ကို မရဘူး၊ မသိတဲ့ နတ်၊ မသိတဲ့ ရုက္ခစိုး ပြောလို့ကိုမရဘူး (မှန်ပါ့)၊ ရကို မရတော့ဘူး သူတို့ကျတော့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကာယဝိညာဏ်ကို ဖြစ်ပျက် ရှုနိုင်လို့ ရှိရင်ဖြင့် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ် ဆိုတော့ မဂ် သမ္မာဒိဋ္ဌိ ဖြစ်တယ်လို့ မောင်ထွန်းလှိုင် ပြောလိုက်တယ် (မှန်လှပါ ဘုရား)။

မောင်ကို ဘာပြောတာတုံး (မဂ် သမ္မာဒိဋ္ဌိဖြစ် တယ်လို့ ပြောတာပါ ဘုရား)။

မဂ် သမ္မာဒိဋ္ဌိ ဖြစ်တယ် ဆိုတော့ သမ္မာဒိဋ္ဌိ ဆိုတဲ့ ဥစ္စာ အမှန်အကန် မြင်တာနော် (မှန်ပါ့ ဘုရား)၊ မိစ္ဆာဒိဋ္ဌိ ဆိုတာ အမှားမြင်တာ (မှန်ပါ့)။

ဒါဖြင့် ဒီ ကာယဝိညာဏ် ဆိုတဲ့ စိတ်ကလေးဟာ ဖြစ်ပြီး နာတဲ့စိတ်ကလေး၊ ကိုယ်ပေါ်မှာ ဖြစ်လည်း ဖြစ်တယ် (မှန်ပါ့) ပျက်လည်း ဒီနေရာ (ပျက်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီနာတဲ့ စိတ်ကလေးဟာ ပေါ်တဲ့ နေရာမှာပေါ်၊ ဒီနေရာမှာ ပျောက်၊ ရိပ်မိကြပလား (မှန်ပါ့)။

ဒီနေရာပေါ် ဒီနေရာမှာပျက်တယ်

ပေါ်တော့လည်း (ဒီနေရာမှာပါပဲ ဘုရား)။

ပျက်ပြန်ရင်လည်း (ဒီနေရာမှာပါ ဘုရား)။

ဒီနေရာမှာပဲ ပျက်ရမယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ဒီနေရာကလေးကို ဉာဏ်က နေပြီး စိုက်ကြည့်တာပေါ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ဟာက ခက်လိုက်တဲ့ ဖြစ်ခြင်း အယား တော့ ဖျောက်တတ်တယ်၊ ဉာဏ်နဲ့တော့ မဖျောက်တတ်ဘူး (မှန်ပါ့)၊ ဒါ ခက်နေတယ် (မှန်ပါ့ ဘုရား)၊ သဘော ကျရဲ့လား (ကျပါတယ်) အယားတော့ (ဖျောက်တတ်ပါ တယ် ဘုရား)၊ ဉာဏ်နဲ့တော့ (မဖျောက်တတ်ပါ ဘုရား)။

အဲ ဒီနေ့ အယားဖျောက်မှာကို ဉာဏ်ကလေးနဲ့ ဖျောက်ရမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒကာ ဒကာမတို့ ယားတယ်ဆိုတော့ ညမှောင်ထဲမှာ တောင် ကြမ်းပိုးရအောင် ဖမ်းနိုင် သေးတယ် (မှန်ပါ့ ဘုရား)၊ ခက်လိုက်တဲ့ ဖြစ်ခြင်း ဉာဏ်နဲ့တော့ မလိုက်ဘူး (မှန်ပါ့)။

ဉာဏ်နဲ့လိုက်လို့ရှိရင် ဒီကာယဝိညာဏ် ကလေး ဖြစ်ပြီး ပျက်တာကလေးကို မမြင် လိုက်ရ ပေဘူးလား (မြင်ပါတယ် ဘုရား)။

နိဗ္ဗာန်ကျအောင်ပို့မည့်တရား

အဲဒီတော့ ဒီဘက်က ပဋိစ္စသမုပ္ပါဒ် သုံးမျိုး စလုံး ဘယ် နှယ် နေသတုံး (ပြတ်ပါတယ် ဘုရား)၊ ပြတ်သွားတော့ ကိုယ့် ဒုက္ခတွေ လွတ်မသွားပေဘူးလား (လွတ်သွားပါတယ် ဘုရား)။

ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန် ပါ ဘုရား)၊ အဲ နိဗ္ဗာန်ကျအောင် ပို့မည့် တရားကို ခင်ဗျားတို့ လက်နဲ့ မလိုက်နဲ့တဲ့၊ ဉာဏ်နဲ့ လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ)။

လက်နဲ့မလိုက်နဲ့ ဉာဏ်နဲ့လိုက်ပေးစမ်းပါ

ဘာနဲ့လိုက်ကြမယ် (ဉာဏ်နဲ့လိုက်ရပါမယ်)၊ ဉာဏ် နဲ့လိုက်ပေးစမ်းပါ ဆိုတာကိုပဲ တိုက်တွန်း ရပြန်တယ်၊ သုခလာ လည်း ဉာဏ်နဲ့လိုက်၊ ကိုယ်ပေါ်မှာ သုခကလေး ပေါ်ရင်ကော (ဉာဏ်နဲ့ လိုက်ရမယ် ဘုရား)။

အင်း ဒုက္ခကလေး ပေါ် ရင်ကော (ဉာဏ်နဲ့ လိုက်ရမယ်)၊ ဉာဏ်နဲ့ လိုက်ပါ ဆိုတာကို ဘုန်းကြီးက တိုက်တွန်း တယ်၊ ဉာဏ်နဲ့ လိုက်တော့ အနိစ္စ, မဂ္ဂ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။

သူကဖြစ်ပျက်၊ လိုက်တာက မဂ်

ဒီကဘာတုံး (အနိစ္စပါ ဘုရား)၊ အဲ သုခက လည်း အနိစ္စ၊ လိုက်တာက (မဂ္ဂပါ ဘုရား)၊ အေး ဒါဖြင့် သူက ဒုက္ခကလေးဖြစ်နေတော့ သူကလည်း ဖြစ်ပျက်၊ သူကလည်း ဘာဆိုမလဲ (မဂ္ဂပါ ဘုရား)။

မဂ်ဆိုတော့ ဒကာ ဒကာမတို့ ဟော ပဋိစ္စသမုပ္ပါဒ် အကြောင်းပြတ်ပြီ၊ ဟော အကျိုး ကိုယ်ပိုင် ရသေးရဲ့ လား (မရပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်သွား တဲ့ ဟောဒီက ဒုက္ခသစ္စာ၊ ဟောဒီက မဂ္ဂသစ္စာ၊ ဟောဒါက သမုဒယ သေတာ၊ ဟောဒါ နိရောဓ ဆိုတဲ့ နိဗ္ဗာန် ပေါ်လာတာ (မှန်ပါ့)။

သစ္စာလေးပါး ကိုက်သွားပြီ

ကဲ သစ္စာလေးပါးကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါက ဘာသစ္စာ (ဒုက္ခသစ္စာပါ)။

ဒီဟာက (မဂ္ဂသစ္စာပါ)။

ဒါက မလာရင် (သမုဒယသေတာပါ)။

သမုဒယသေတာ၊ သူမလာတဲ့ အတွက် ဒီ ဒုက္ခတွေ ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ အဲဒါ နိရောဓသစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါ သေသေချာချာ မှတ်ပါတဲ့၊ သစ္စာလေးပါးကို ဟောနေ တယ် ဆိုတာလည်း သေချာကြပလား (သေချာပါတယ် ဘုရား)။

ဖြစ်ပြီးပျက်တဲ့အနိစ္စလို့ ရှုပါ

ကဲ ဒကာ ဒကာမတွေ မှတ်မိအောင်ပဲ တစ်ခေါက် ပြန်ပြီး ပြောပါ ဦးမယ်နော် (မှန်ပါ့)၊ ခင်ဗျားတို့ဟာ ကိုယ်ပေါ် မှာ ယားတယ်, နာတယ်, ကောင်းတယ်, ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရပါမယ်)၊ ဪ ဖြစ်ပြီးပျက်တဲ့ အနိစ္စ တရားပါ လားလို့ ရှုလိုက်တယ်ဗျာ၊ ရှုလိုက်တော့ အနိစ္စမှန်း သိသွား ကတည်းက မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ငါနာတယ်, ငါယားတယ်, ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)၊ အနိစ္စကလေး ဖြစ်မသွား ဘူးလား (ဖြစ်သွား ပါတယ်။)။

ဒါဖြင့် အနိစ္စကို အနိစ္စမှန်း သိတော့ ဒါ သမ္မာဒိဋ္ဌိ ဆို မလား၊ မိစ္ဆာဒိဋ္ဌိ ဆိုမလား (သမ္မာဒိဋ္ဌိပါ ဘုရား)။

အဲ သမ္မာဒိဋ္ဌိဖြစ်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတို့ အပါယ် ရောက်စေတတ်တဲ့ ခုနက သက္ကာယဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိတွေ လာသေးရဲ့ လား (မလာပါ ဘုရား)၊ မှလာတော့ ဒကာ ဒကာမတွေ အပါယ် ရောက်စရာ ရှိသေးရဲ့လား (မရှိ ပါ ဘုရား)။

အဲဒီလို ကျေးဇူးများတဲ့ တရား ဖြစ်ပြီး သကာလ ဒီတစ်လုံး ကလေးဟာ ဒကာ ဒကာမတို့ အသက် တစ်ရာ နေတဲ့ အခါမှာ ဟောဒီ လက်ညှိုးကလေးကို ဒကာ ဒကာမတွေက နံ့သာကလေး လူးထားပါနော် (မှန်ပါ့)။

ဖြစ်ပျက်တစ်ချက်ကိုမမှီဘူး

နံ့သာကလေး လူးပြီးတော့ ဒီလို ဆွဲလိုက် နှာခေါင်းနား တေ့ကပ်ပြီး ဆွဲလိုက် (မှန်ပါ့)၊ နည်းနည်း ကလေး တစ်ဆိတ် စာလောက်တော့ အမွှေးနံ့ ကလေး ဝင်မသွားပေဘူးလား (ဝင်ပါတယ် ဘုရား)၊ အဲဒါ ဖြစ်ပျက်လို့ မဂ်နဲ့ ကြည့်လိုက်ရင် ခင်ဗျားတို့ ဒီတစ်ချက်ဟာလေ အကြီးဆုံး ကုသိုလ်လို့ မှတ်လိုက် စမ်းပါ (မှန်လှပါ ဘုရား)။

ဒီတစ်ချက် မြင်တဲ့ ကုသိုလ်ဟာ အကြီးဆုံး ကုသိုလ်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မေတ္တာ တစ်နေ့လုံး ပို့နေတာ သူ့တစ်ချက် မမီဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

မေတ္တာတစ်သက်လုံးပို့နေတာ

မေတ္တာ တစ်နေ့လုံး ပို့နေတာ (သူ့တစ်ချက်မမီပါ ဘုရား)၊ မေတ္တာ တစ်သက်လုံး အသက်ရှင် သရွေ့ ပို့နေရင်ကော (မမီပါ ဘုရား)၊ ဘာမမီတုံး ဒကာ ဒကာမတို့ ဒီဟာက ဒီ အကြောင်း ပြတ်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဟာက အကြောင်း မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးလုံး မပြတ်ဘူးလား (ပြတ်ပါ တယ် ဘုရား)၊ အဲဒါကြောင့် ဘုရားက

“ဧကာဟံ ဇီဝိတံ သေယျာ။

ပဿတော ဥဒယဗ္ဗယံ။”

ဆိုတဲ့ဥစ္စာ ဒါကလေး ဖြစ်ပျက် မြင်လိုက်တဲ့ အတွက် ကွာ တဲ့ အသက်တစ်ရာ နေတဲ့ပုဂ္ဂိုလ် အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက် သာပါသေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)၊ သဘော ပါကြပလား (ပါ,ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်လို့

ဘာကြောင့်တုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်လို့ (မှန်ပါ့)၊ ဘယ်နှစ်မျိုး ပြတ်သလဲ (သုံးမျိုး ပြတ်ပါတယ် ဘုရား)။

သုံးမျိုးလုံး ပြတ်တော့ ဒကာ ဒကာမတို့ သုံးမျိုးလုံးပြတ် တယ် ဆိုကတည်းက သံသရာ့ ရေသောက်မြစ် သုံးခု, ဦးခင်မောင် ကုန်မသွားဘူးလား (ကုန်သွားပါတယ် ဘုရား)။

အဲဒီတော့ သံသရာ့ ရေသောက်မြစ် သုံးခု ဒုက္ခရေ သောက်မြစ် သုံးခု ကုန်သွားကတည်းက၊ ဒုက္ခပင်ကြီး ဒုက္ခအပွင့် တွေ ဒုက္ခအသီးတွေ နောက်ပြန်ပေါက်မည့် ဒုက္ခမျိုးစေ့တွေ လာနိုင် သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ အဲဒီတော့ ဒုက္ခ သိမ်းနိုင်တာ သူပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာ ပါ တယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒုက္ခ ဒါလောက် သိမ်းနိုင်ပါ လိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အို ဒုက္ခမြင်လို့ ဒုက္ခသိမ်း နိုင်တာ (မှန်လှပါ ဘုရား)၊ မှတ်မိကြရဲ့လား (မှတ်မိပါ တယ် ဘုရား)၊ ဒုက္ခကို (မြင်လို့ ဒုက္ခသိမ်းနိုင်ပါတယ်)။

အဲ ဒုက္ခကိုမြင်လို့ ဟောဒီမယ် ဒုက္ခဖြစ်ကြောင်း သိမ်းတယ် (မှန်ပါ့ ဘုရား)၊ ဒုက္ခဖြစ်ကြောင်း သိမ်းတော့ ဒီဒုက္ခ ကျိုးတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် ဒုက္ခကိုမြင်လို့ ဒုက္ခဖြစ်ကြောင်း သိမ်းပါတယ် (မှန်ပါ့)၊ ဦးခင်မောင် ဘာတဲ့တုံး (ဒုက္ခကို မြင်လို့ ဒုက္ခဖြစ်ကြောင်း သိမ်းပါတယ် ဘုရား)။

ဒုက္ခဖြစ်ကြောင်း သိမ်းနိုင်ခြင်းကြောင့် ဒုက္ခဖြစ်ကျိုးတွေ ဒကာ ဒကာမတွေ တစ်သံသရာလုံး ကိစ္စပြီးသွား ပါတယ် (မှန်လှပါ ဘုရား)၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မနေ့ကတော့ တို့ အာသဝနဲ့ ပြောခဲ့တယ် ဦးခင်မောင် (မှန်လှပါ ဘုရား)၊ မနေ့က အာသဝနဲ့ ပြောတယ်၊ ဒီနေ့ သမ္မာဒိဋ္ဌိနဲ့ ပြောတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

“ကာယဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ” ။

ကာယဝိညာဏံ – သုခသဟဂုတ် ကာယဝိညာဏ်၊ ဒုက္ခ သဟဂုတ် ကာယဝိညာဏ်ကို၊ အနိစ္စတော- အနိစ္စအားဖြင့်၊ ဇာနတော – ရှုသော၊ ပဿတော – မြင်သော ပုဂ္ဂိုလ်အား၊ သမ္မာ ဒိဋ္ဌိ – မဂ်သမ္မာဒိဋ္ဌိသည်၊ ဥပ္ပဇ္ဇတိ – ဖြစ်၏။

အကြောင်းမပေါ်လို့ အကျိုးစိတ်ချရပြီ

မဂ် သမ္မာဒိဋ္ဌိလည်း ဖြစ်ရော ပဋိစ္စသမုပ္ပါဒ် သုံးခုစလုံး သွားတာပဲ (မှန်ပါ့ ဘုရား)၊ အကြောင်း ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ အကြောင်း မပေါ် ကတည်းက ဒီဘက်က အကျိုးတွေ ဒကာ ဒကာမတွေ စိတ်ချရပြီလား (စိတ်ချရပါ ပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဪ ဒါဖြင့် သိပ်အဖိုးတန်ပါကလား (ခင်ဗျား တို့သန္တာန်မှာ ယားတဲ့ စိတ်ကလေး ပေါ်လည်း ဖြစ်ပျက်၊ အင်း မကောင်းတဲ့ စိတ်ကလေး ပေါ်လည်း (ဖြစ်ပျက်ပါ ဘုရား)။

အဲ အကုန်သာ ရှုသာ ရှုနေ ဒကာ ဒကာမတွေ၊ မရှု လိုက်ရင် ပဋိစ္စသမုပ္ပါဒ် ဆက်တော့မယ် (မှန်ပါ့ ဘုရား)၊ ရှုလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒုက္ခရောက်မှာ ကာကွယ်တဲ့အလုပ်

အဲဒါကြောင့် ဒီအလုပ်ဟာ ေဩာ် ကိုယ်ဒုက္ခ ရောက်မည့်အလုပ်ကို ကာကွယ်တဲ့ အလုပ် ဖြစ်နေ သောကြောင့် ခင်ဗျားတို့ အင်မတန် ခြင်ပေါတဲ့ နေရာကျတော့ ဒကာ ဒကာမ တွေ အင်မတန် ပူအိုက်တဲ့ နေရာကျတဲ့ အခါကျလို့ ရှိရင်ဖြင့် ယပ်တောင်ကလေး ဘာလေး မဆောင်ကြဘူးလား (ဆောင်ပါ တယ် ဘုရား)။

အင်း ယပ်တောင်ကလေး ဘာလေး ဆောင်ရတယ် ခြင်ကာကွယ်ဖို့နော် (မှန်ပါ့)၊ ခြင် ကာကွယ်ဖို့ အပူ ကာကွယ် ဖို့ ဆိုပြီး သကာလ ဒကာ ဒကာမတွေ ယပ်တောင် ကလေးတွေ ဘာကလေးတွေ မဆောင်ကြဘူးလား (ဆောင်ရပါတယ် ဘုရား)။

ကိုယ့်ကိုယ်သနားလို့ ယပ်တောင်ဆောင်တာ

ဒါ့ကြောင့် အသုဘ ကိစ္စရှိတဲ့ အခါ၊ အလှူကိစ္စ၊ မင်္ဂလာ အခမ်းအနား ရှိတဲ့ အခါကျလို့ ရှိရင် ကာကွယ်ရေး ယပ်တောင် ကလေးတွေ မကမ်းကြဘူးလား (ကမ်းကြပါတယ် ဘုရား)။

ဒါဟာ သူတို့ကိုယ် ကာကွယ်ချင်လို့ ကမ်းတာလား လာတဲ့ ပုဂ္ဂိုလ်များ သူတို့ဟာ သူတို့ ကာကွယ် နိုင်ပါစေလို့ ကမ်း တာလား (လာတဲ့ပုဂ္ဂိုလ်များ ကာကွယ်နိုင်စေဖို့ ကမ်းတာပါ ဘုရား)။

အဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ ချမ်းသာကို အလိုရှိ လို့ ကာကွယ်တဲ့ ယပ်တောင် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ယပ်တောင်က ခတ်နေတုန်းအေးတာ

အဲဒီ ယပ်တောင်က ဒကာ ဒကာမတို့ ခတ်တုန်းကပဲ အေးတာ၊ ခတ်တုန်းပဲ ခြင်မလာတာပဲ၊ မခတ်ရင် ဒီခြင်လာတာ ပဲ ဒီအပူ ဝင်လာတာပဲ ဆိုတော့ ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်း လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။

အဲ ဟောဒီ မဂ်ကတော့ ဒီလို မဟုတ်ဘူး၊ ဟောဒီ အကြောင်းသုံးခု လွတ်သွားလို့ရှိရင် ဒီဘက် အကျိုးသုံးခု ဒုက္ခ လာသေးရဲ့ လား မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ (မလာပါ ဘုရား)။

ကိုယ့်ကိုယ်သနားရင် ဖြစ်ပျက်ရှုပေးပါ

အဲဒီတော့ ယပ်တောင် ခတ်တာသည် ကိုယ့်ကိုယ်ကို သနားလို့ လုပ်တာ၊ ဒီမှာလည်း ကိုယ့်ကိုယ်ကို သနားလို့ ရှိရင် ဖြစ်ပျက်ရှုပေးပါ (မှန်လှပါ ဘုရား)၊ ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှု ပေး ရပါမယ် ဘုရား)။

ဖြစ်ပျက် ရှုပေး လိုက်တော့ ဖြစ်ပျက်, သမ္မာဒိဋ္ဌိမဂ်၊ ဟော ပဋိစ္စသမုပ္ပါဒ် အကြောင်း တရားတွေ ချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဟော ပဋိစ္စသမုပ္ပါဒ် အကျိုး တရားတွေ လာနိုင် သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

အကြောင်းဖြတ်လို့ ရတာ နိဗ္ဗာန်

မလာနိုင်တော့ ဒုက္ခဖြစ်ကြောင်း ချုပ်ကတည်းက ဒုက္ခ ဖြစ်ကျိုးဆိုတဲ့ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒုက္ခက္ခန္ဓဿ (နိရောဓော ဟောတိ)၊

ဒုက္ခအစုကြီး ချုပ်သွားပြီဆိုတော့ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲတဲ့၊ နိဗ္ဗာန် ဆိုတာ ဒကာ ဒကာမ တို့ ဒီအကြောင်း ဖြတ်လိုက်လို့ ရတာလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊

နိဗ္ဗာန် ဆိုတာ (ဒီအကြောင်း ဖြတ်လိုက်လို့ ရတာပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းသုံးခု ဖြတ်လိုက်လို့ရတာ ရိပ် မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် နိဗ္ဗာန် ရချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကို ရောက်ချင်တယ်၊ နိဗ္ဗာန်ကို ရချင်တယ်၊ တပည့်တော်တို့ ဒုက္ခ ကင်းချင်ပါတယ်လို့ စိတ်ထဲမှာ မြဲမြဲစွဲစွဲ ရှိကြလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် အကြောင်း သုံးခု ဖြတ်ပါ (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် လိုချင်ရင် (ပဋိစ္စသမုပ္ပါဒ် အကြောင်း သုံးခု ဖြတ်ရပါမယ်)။

ဝိပဿနာလက်နက်ရှာပါ

အကြောင်းသုံးခုကို ဖြတ်ရလိမ့်မယ်၊ အကြောင်းသုံးခု ဖြတ်ချင်လို့ ရှိရင်ဖြင့် လက်နက်ရှာပါ ဆိုတော့ ဝိပဿနာလက်နက် ရှာပါ (မှန်လှပါ ဘုရား)၊ ဘာရှာရမယ် (ဝိပဿနာ လက်နက် ရှာရ ပါမယ်)၊ ဝိပဿနာ လက်နက် ရှာတတ်ဖို့ ဆရာဘုန်းကြီး က နေ့တိုင်း နေ့တိုင်း ပေးနေတယ်၊ မပေးဘူးလား (ပေးပါ တယ် ဘုရား)။

အဲဒီတော့ ဝိပဿနာ လက်နက် ရှာတဲ့ အခါကျလို့ရှိရင် ဖြင့် ဆရာဘုန်းကြီးက အေး ကိုယ်ပေါ်မှာ လာတဲ့ ယားတယ်၊ ယံတယ်၊ နာတယ်၊ ကောင်းတယ် ဆိုတာတွေကို ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ဆိုရင် ဝိပဿနာမဂ်လာပြီ

အဲ သူကဖြစ်ပျက် ဆိုတော့ ခင်ဗျားတို့ ကာကွယ်မည့် ဝိပဿနာမဂ် လာပြီ (မှန်ပါ့)၊ ဟောဒီ ပဋိစ္စသမုပ္ပါဒ် အကြောင်း သုံးခု ဘာဖြစ်ကုန်သလဲ (ပြတ်ကုန်ပါတယ် ဘုရား)။

ပြတ်တယ် ဆိုကတည်းက ဟောဒီမှာ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတဲ့ နိဗ္ဗာန် ပေါ်ပြီ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဝေးသလား, နီး သလားလို့မေးရင် ဘယ့်နှယ် ဖြေကြမယ် (နီးပါတယ် ဘုရား)။

နီးလျက်နဲ့ ဘယ့်နှယ်ကြောင့် မရောက်ပါလိမ့်မတုံး လို့ ဦးခင်မောင်တို့၊ ဒကာသစ်တို့ မောင်မြတို့ မေးရလို့ ရှိရင်ဖြင့် ေဩာ် နည်းကောင်း လိုနေလို့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘာလိုနေပါလိမ့် (နည်းကောင်း လိုနေပါတယ် ဘုရား)

နည်းကောင်းလိုပြီ

နည်းကောင်းလိုပြီး သကာလ နေတဲ့ အတွက် အခုတော့ ဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ဟာ မင်းတို့ တစ်ထစ်ချ မှတ်ထားကြဟေ့တဲ့၊ နိဗ္ဗာန်ကို ငါ ဘယ်ခါမဆို အနီးကလေး ဟောတယ် (မှန်ပါ့)။

နိဗ္ဗာန်ကို ဘုရား ဘယ်လို ဟောလေ့ရှိပါလိမ့် (အနီး ကလေး ဟောလေ့ ရှိပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ သဘော ကျကြပလား (ကျပါပြီ)၊ နိဗ္ဗာန်ကို ဘယ်လိုဟောလေ့ ရှိသတုံး (အနီးကလေး ဟောပါတယ် ဘုရား)။

ဒီအလုပ်လုပ်ရင်အနီးကလေးတဲ့

ယဿာ ဧတာဒိသံ ယာနံ။

ဣတ္ထိယာ ပုရိသဿ ဝါ။

သဝေ ဧတေန ယာနေန။

နိဗ္ဗာနဿေဝ သန္တိကေ။

လို့ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မယ်၊ ဟောဒီ မဂ် ရလို့ ရှိရင် နိဗ္ဗာန် အနီးကလေးကွ ဒီအလုပ်သာ လုပ်ရင် အနီး ကလေးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဝိပဿနာ အလုပ် လုပ်ရင် (နိဗ္ဗာန် အနီးကလေးပါ ဘုရား)၊ မလုပ်ရင် (ဝေး ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ တစ် သံသရာလုံး ဝေးခဲ့ရတဲ့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီးနဲ့ အဝေး ကြီးဝေးပြီး၊ အကွာကြီး ကွာခဲ့ရတာဖြင့် ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဒီအလုပ်ကို နည်းနည်းမှ မျက်စောင်းထိုးမိပုံ မရဘူး (မရပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အခု ဒီဘဝမှာလည်း ဒီအသက် ဒီအရွယ်သာ ရောက်ပြီး သကာလ လာကြတယ်၊ တချို့ ဒကာ ဒကာမတွေက အခုမှစပြီး သင်ရမှာ ရှိသေးသဗျ (မှန်ပါ့ ဘုရား)၊ မရှိဘူးလား (ရှိပါ တယ် ဘုရား)။

အဲဒီတော့ နိဗ္ဗာန်နဲ့ ဝေးတာသည် ဘယ့်နှယ့်ကြောင့် ဝေးရပါလိမ့်မတုံး ဆိုတော့ ဟောဒီ ဖြတ်နည်းနဲ့ ဝေးလို့ နိဗ္ဗာန်နဲ့ ဝေးတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာနဲ့ဝေး လို့လဲ (ဖြတ်နည်းနဲ့ ဝေးလို့ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့ တရားက ခင်ဗျားတို့ နည်းမရတဲ့ အတွက် ခင်ဗျားတို့ နိဗ္ဗာန်နဲ့ ဝေးရတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဟောဒီ ဖြတ်လိုက်တော့ ဒီအကြောင်းတွေ က ဘယ့်နှယ် နေသတုံး (ပြတ်ပါတယ် ဘုရား)၊ ဒီအကြောင်း ချုပ်သွားတော့ ဒီဘက် နိဗ္ဗာန် မပေါ်သေးဘူးလား (ပေါ်ပါ တယ် ဘုရား)။

နိဗ္ဗာန်သည် ခန္ဓာနဲ့စပ်နေတယ်

ကိုင်း ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုလို့ရှိရင် ဒကာ ၊ ဒကာမတို့ ရှင်းရှင်း ပြောရမယ် ဆိုလို့ရှိရင် ခန္ဓာနဲ့ စပ်နေတယ် (မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာငါးပါးနဲ့ နိဗ္ဗာန်နဲ့ စပ်နေတယ် (မှန်ပါ့)။

“နိဗ္ဗာနန္တိ ခန္ဓပဋိဗဒ္ဓမေဝ” နိဗ္ဗာန်ဟာ ခန္ဓာနဲ့စပ်နေတယ် ကွ တဲ့။

အဲဒီတော့ ကိုယ့်ခန္ဓာမှ ကိုယ်မတွေ့တဲ့ ပုဂ္ဂိုလ်မို့ နိဗ္ဗာန် မတွေ့ဘူး (မှန်ပါ့ ဘုရား)၊ ကိုယ့်ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာနဲ့ မတွေ့တော့ ဒုက္ခသစ္စာ ချုပ်ရင် နိဗ္ဗာန် က ပေါ် ရမှာ၊ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

ခန္ဓာမတွေ့ဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာနဲ့ကိုယ် အတူသာ နေတယ်၊ ခန္ဓာငါးပါး တွေ့ကြရဲ့လား (မတွေ့ပါ ဘုရား)၊ ခန္ဓာ ငါးပါး ဒုက္ခသစ္စာတရား တွေ့ကြရဲ့လား (မတွေ့ပါ ဘုရား)။

ဘယ်တွေ့မတုံး ဒကာ ဒကာမတို့၊ တွေ့နေတာက ယောက်ျားတွေ့တယ်၊ မိန်းမတွေ့တယ်၊ ကလေး တွေ့တယ် (မှန်ပါ ဘုရား)၊ ဒိပြင်́ ဘာမှမတွေ့ဘူး (ဘာမှမတွေ့ပါ ဘုရား)၊ ကိုမြရွှေတို့ ဘာတွေများ တွေ့နေသတုံး (ဘာမှ မတွေ့ပါ ဘုရား)။

ယောက်ျား၊ မိန်းမတွေပဲတွေ့တယ်

ဘာမှမတွေ့ဘူး၊ ယောက်ျားတွေ မိန်းမတွေပဲ တွေ့နေ တာပဲ၊ ခန္ဓာတွေ့ရဲ့လား (မတွေ့ပါ)၊ ဒုက္ခသစ္စာ ကော (မတွေ့ပါ)၊ အဲ ဒုက္ခသစ္စာလည်း မတွေ့တော့ ဒုက္ခသစ္စာ အဆုံးမှာ နိဗ္ဗာန်က မရှိဘူးလား (ရှိပါတယ် ဘုရား)၊

“ဒုက္ခဿ အန္တံ ကရိဿတိ” ကိုး။ ဒုက္ခဿ = ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ- ပြုလတ္တံ့၊ အဲဒါ နိဗ္ဗာန်ပဲ (မှန်လှပါ)၊ ဒုက္ခအဆုံးဟာ (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီတော့ ဒုက္ခ က ခန္ဓာ၊ ဒီခန္ဓာ ဆုံးသွားရင်၊ ရှုလိုက် တိုင်း ဒီခန္ဓာကြီး မလိုချင်လို့ ဖျတ်ဆို ချုပ်သွားရင် ဘာတွေ့မယ် ထင်ကြသလဲ (နိဗ္ဗာန် တွေ့ပါမယ်)။

အဲဒီတော့ ဒါဖြင့် ခင်ဗျားတို့သည် ခန္ဓာကို မတွေ့ဘူး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ နေတော့ ဘယ်သူနဲ့နေတုံး (ခန္ဓာနဲ့ နေပါတယ် ဘုရား)၊ တွေ့တော့ (မတွေ့ပါ)၊ ဖြစ်မှ ဖြစ်ရလေ၊ ကြောင်တောင်ကန်း လုပ်နေကြတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ မနာကြပါနဲ့၊ ကိုယ့်ဖြစ်စဉ် ဒီအတိုင်းပါပဲ (မှန်ပါ့)၊ နာစရာကော ရှိသလား ဦးခင်မောင် (မရှိပါ ဘုရား)၊ ခင်ဗျား ဘယ်သူနဲ့ အတူနေသတုံး၊ မြေးကလေးနဲ့ အတူနေတယ်၊ ဒီလို ပြောချင် ပြောပစ် လိုက်မယ် (မှန်ပါ့)။

ခန္ဓာဒုက္ခသစ္စာနဲ့အတူနေတာ

ခွကျလိုက်တဲ့ဖြစ်ခြင်းမှ၊ ခန္ဓာနဲ့ အတူနေတယ်လို့ ပြောကို မပြောဘူး (မှန်ပါ့ ဘုရား)၊ ပြောသေး ရဲ့လား (မပြောပါ ဘုရား)၊ အဲဒီ ကတည်းက ဒကာ ဒကာမတွေ မြေးနဲ့ အတူတူ နေတယ်၊ သမီးနဲ့ အတူတူနေတယ်၊ ဒါပဲ ပြောနေတာပဲ၊ ခန္ဓာနဲ့ အတူတူ နေတယ်လို့ ပြောဖူးကြရဲ့လား (မပြောဖူးပါ ဘုရား)။

ဒါဖြင့် တွေ့ကိုမတွေ့ပါဘူး (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ခန္ဓာနဲ့ အတူတူနေ တယ် ဆိုတာကော ယနေ့က စ၍ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟော ယားတယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ယားတဲ့ ဝေဒနာက္ခန္ဓာနဲ့ နေတာဗျ (မှန်ပါ့ ဘုရား)၊ ကောင်းတယ်ဆို လို့ရှိရင်လည်း ကောင်းတဲ့ ဝေဒနာက္ခန္ဓာနဲ့ နေတာ (မှန်ပါ့)၊ မြင်တယ် ဆိုတာ မြင်စိတ်နဲ့နေတာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ တစ်ခါ ဒီဆံပင် ခေါင်းပေါ် ပေါက်နေလို့ ဆံပင်နဲ့ အတူတူ နေပါတယ် ဆိုတော့လည်း သူ ပထဝီဓာတ်၊ အာပေါ ဓာတ် စတဲ့ ဓာတ်လေးပါးနဲ့ အတူတူနေတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာနဲ့ အတူတူ နေတာကို ခင်ဗျားတို့က မသိ ဘူးတဲ့၊ ဒိဋ္ဌိလှည့်စား သလိုသာ ဒကာ ဒကာမတွေက ခံနေကြ တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီကရှေ့ ဘယ်သူနဲ့ အတူတူနေမှ နေရာကျမတုံး (ခန္ဓာနဲ့နေမှ နေရာကျမှာပါ)၊ ခန္ဓာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ပေါ်တိုင်း, ပေါ်တိုင်း ဒုက္ခသစ္စာနဲ့ ခင်ဗျားတို့ ဉာဏ်ထဲ အတူတူ နေလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့အတူနေလိုက်စမ်းပါ

ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့ (အတူတူနေရမယ်)၊ အတူ တူနေလို့ရှိရင်ဖြင့် ဒုက္ခသစ္စာလည်း ချုပ်ကရော နိဗ္ဗာန်နဲ့ ခင်ဗျားတို့ အတူတူနေရမယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

မောင်ကို ခက်သလားဟေ့ (မခက်ပါ ဘုရား) အတူတူ အနေလွဲနေလို့ ခက်နေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နဂိုကတော့ ခင်ဗျားတို့ သမီးနဲ့ အတူတူနေတယ်၊ မြေးနဲ့ အတူတူနေတယ် ဆိုတော့ ခန္ဓာ ဒုက္ခသစ္စာနဲ့ အတူတူ နေတဲ့ဉာဏ်က မရောက်ဘူး (မှန်ပါ့ ဘုရား) ရောက်သေး ရဲ့လား (မရောက်ပါ ဘုရား)။

မရောက်တော့ ဒုက္ခသစ္စာ အဆုံးတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) မတွေ့တော့ နိဗ္ဗာန်နဲ့ ဝေးသွားတာပေါ့ (မှန်ပါ့ ဘုရား) ဒုက္ခအဆုံးမှာ ဘာရှိသလုံး (နိဗ္ဗာန်ပါ ဘုရား)

အဲ ဒုက္ခသစ္စာမှ မတွေ့တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်နဲ့ တွေ့ဖို့ ဘယ့်နှယ် နေသတုံး (မတွေ့နိုင်ပါ ဘုရား)။

ဒီခန္ဓာကို သား၊ သမီးက ဖုံးထားတယ်

အဲဒီတော့ ခင်ဗျားတို့ကို ယနေ့ ရှင်းရှင်း လင်းလင်း ပြောချင်တာက ဟောတာက ခန္ဓာနော် အဲဒီ ခန္ဓာကို သားသမီးက ဖုံးပြန်တယ် (မှန်ပါ့) မဖုံးဘူးလား (ဖုံးပါတယ်) သား သမီး မြေးမြစ်က (ဖုံးပါတယ် ဘုရား)။

ကိုယ့်ခန္ဓာကို သားသမီး မြေးမြစ်က ဖုံးထား ပြန်တော့ သားသမီးနဲ့ အတူတူ နေတယ် ဆိုတော့ ကိုယ့်ခန္ဓာ ပျောက်မသွား ဘူးလား (ပျောက်သွားပါတယ် ဘုရား) အဲဒီတော့ ခန္ဓာကို ဒကာဒကာမတို့ တဲ့၊ ကိုယ့်ခန္ဓာကိုယ်ကို သားသမီး မြေးမြစ် မဖြစ်, ဖြစ်အောင် ဒိဋ္ဌိက ဖုံးထားတယ် (မှန်ပါ့ ဘုရား)။

ဒီ သားသမီး လုပ်ထားတာကော ဘယ်သူက လုပ်ထား တာတုံး (ဒိဋ္ဌိက လုပ်ထားပါတယ် ဘုရား) အဲ ဒါဖြင့် ဒီခန္ဓာကြီးဟာ ပျောက်ပျောက် သွားတယ် (မှန်ပါ့ ဘုရား)။ သားသမီး မြေးမြစ် ကကော (ဖုံးပါတယ် ဘုရား)။

ဘယ်သူ့ သားသမီးတုံး ဘယ်သူ့မြေးတုံး၊ အို ကိုယ့်မြေးပေါ့ ဆိုတော့ ဒကာ ဒကာမတွေ ဒီဥစ္စာ ဒိဋ္ဌိက တစ်ခါ ဖုံး လိုက်ပြန်တယ် (မှန်ပါ့ ဘုရား) ဒိဋ္ဌိက ဖုံးတဲ့ အထဲမှာ ဒိဋ္ဌိက ဖုံးချင်လို့ ဖုံးတာလား ဆိုလို့ ရှိရင် မသိလို့ ဖုံးတာ ဆိုတော့ အဝိဇ္ဇာက ထပ်လိုက်ပြန်တယ် (မှန်ပါ့ ဘုရား) မထပ်ဘူးလား (ထပ်ပါတယ် ဘုရား)။

ခန္ဓာကို ဒိဋ္ဌိကဖုံးပြန်တယ်

ဒါဖြင့် ကျုပ်တို့ ခန္ဓာပေါ်မှာ သားသမီး မြေးမြစ်က တစ်ချက်ဖုံး (မှန်ပါ့) ဒိဋ္ဌိက (တစ်ချက် ဖုံးပါတယ်) အဝိဇ္ဇာ က (တစ်ချက် ဖုံးပါတယ်) သုံးချက်တိတိ ဖုံးနေတော့ ဒကာ ဒကာမတို့ ဒီဟာ ဆရာကောင်း သမားကောင်းမှ ဖွင့်မပေးလို့ ရှိရင်ဖြင့် ကြာလေ နိဗ္ဗာန်နဲ့ ဝေးလေလေ သွားတော့မယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ အတူနေမှသာလျှင် ခန္ဓာ ဒုက္ခသစ္စာနဲ့ အတူတူ နေမှသာလျှင် ဒုက္ခအဆုံးတွေ့မှာကိုး (မှန်လှပါ ဘုရား) နို့မဟုတ်ရင် တွေ့စရာ မြင်ကြရဲ့လား (မမြင်ပါ ဘုရား)၊

ကိုင်း ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် အဖုံးသုံးချက် ဖွင့်ရလိမ့်မယ် (မှန် ပါ့ ဘုရား)၊ နိဗ္ဗာန် လိုချင်ရင် (အဖုံးသုံးချက် ဖွင့်ရလိမ့်မယ်) အဖုံး သုံးချက် ဖွင့်ရမယ် ဆိုတဲ့ဥစ္စာက သား မြေး မြစ်လည်း မရှိစေ ရဘူး (မှန်ပါ့ ဘုရား)၊ ကိုယ့်ဉာဏ် ထဲကပေါ့ဗျာ (မှန်လှ ပါ)၊ သူ့ဟာသူ ပင်ကို ရှိတာတော့ ရှိပါစေ၊ ကိစ္စမရှိပါဘူး၊ ကိုယ့် ဉာဏ်ထဲတော့ မရှိစေနဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိဇ္ဇာနဲ့ခန္ဓာနဲ့တွေ့မှ နိဗ္ဗာန်တွေ့မှာ

ကိုယ့်ဉာဏ်ထဲတော့ ဖြုတ်ပစ်ကြပါ (မှန်ပါ့)၊ ပြီးတော့မှ ဒိဋ္ဌိတစ်ချက်ဖွင့်၊ ပြီးတော့မှ အဝိဇ္ဇာ တစ်ချက်ဖွင့်မှ ဝိဇ္ဇာကလေး ပေါ်တော့ ဝိဇ္ဇာနဲ့ ခန္ဓာနဲ့ သွားတွေ့မှ နိဗ္ဗာန်နဲ့ တွေ့မှာ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဝိဇ္ဇာနဲ့ ခန္ဓာနဲ့တွေ့မှ (နိဗ္ဗာန်တွေ့မှာပါ ဘုရား)၊ နိဗ္ဗာန် တွေ့မှာ ဆိုတော့ သေချာပလား (သေချာပါပြီ)၊ အဲဒါက ယနေ့ပြောတာသည် ဒကာ ဒကာမတို့ ကာယဝိညာဏ်ကို ဝိပဿနာရှုတာ (မှန်ပါ့)၊ ကာယဝိညာဏ် ဆိုတဲ့ သုခ, ဒုက္ခ ကာယဝိညာဏ်ကို ဖြစ်ပျက်ရှုပါ ဆိုတာ အဓိက ထားတာ ပါပဲ (မှန်လှပါ ဘုရား)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

ရှင်ဆန္န

အဲဒီတော့ ဒကာ ဒကာမတို့ ဆန္ဒကိုပဲ ပြန်ကောက်ကြစို့ တဲ့၊ ဆန္ဒသည်ကား ဆိုလို့ရှိရင် မနေ့က သာဝတ္ထိပြည်က နေပြီး သကာလ အရှင်အာနန္ဒာဆီ ဒီကိုယ်တော်တွေ ဟောလို့ မကျွတ်နိုင်လို့ ဦးခင်မောင်ရေ အရှင် အာနန္ဒာကလည်း ကောသမ္ဘီပြည်မှာ ရှိနေလို့ သူ့ ကပျာကယာ ပရိက္ခရာတွေ ယူပြီး အဲဒီကို မသွားလားဗျာ (သွားပါတယ်)။

ဖွားဖက်တော်ချင်း

သွားလိုက်တဲ့ အခါကျတော့ အရှင်အာနန္ဒာနဲ့ပဲ သွားပြီး တွေ့ပါတယ်၊ ဖွားဘက်တော်ချင်း ဖြစ်ပြီး သကာလ နေတာနဲ့ သူကပဲ ဆီးပြီး နှုတ်ဆက်တယ်၊ ညီတော် အာနန္ဒာတဲ့ တပည့်တော်ကို ကူညီဦးမှပဲ၊ တရားထူး တရားမြတ်တွေ သိပ်ရချင်နေပြီ (မှန်ပါ့)။

ရချင်တာနဲ့ ခုနက ပုဂ္ဂိုလ်တွေ သာဝတ္ထိပြည်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ အဟောခိုင်း ပြန်တော့လည်း သူတို့ဟောတဲ့ တရား တပည့်တော် နဂိုကလည်း ရှုတာပဲ၊ ရှုလက်စနဲ့လည်း ရှုပါတယ်၊ သူတို့ ပြောပြီးမှလည်း ရှုကြည့်ပါတယ်၊ နိဗ္ဗာန် မတွေ့ပါဘူးတဲ့၊ မပြောဘူးလားဗျာ (ပြောပါတယ် ဘုရား)။

နိဗ္ဗာန်တွေ့ရဲ့လား (မတွေ့ပါ ဘုရား)၊ ဘာတွေ့ မတုံး ဒကာ ဒကာမတွေရဲ့၊ ခုနက ပြောခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် တန်းနေတဲ့ သဘောကြီးကို ဦးခင်မောင် ဟောမှ မဟောဘဲ (မှန်လှ ပါ ဘုရား)၊ သူကလည်း နှလုံး မသွင်းဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ်)။

ဒိဋ္ဌိခံနေတယ်

အဲဒီတော့ ဒိဋ္ဌိ ခံ မခံ စဉ်းစားစမ်း (ခံပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပါဒ် တစ်ခုဖြစ်ပြီး တစ်ခု ချုပ်တာ၊ တစ်ခုဖြစ်ပြီး တစ်ခု ချုပ်တာ၊ တစ်ခုဖြစ်ပြီး တစ်ခု ချုပ်တာ မမြင်လို့ရှိရင် ဒကာ ဒကာမတွေ ဒါ ပဋိစ္စသမုပ္ပါဒ် ချုပ်ပျက်ကို ချုပ်တာနဲ့ ပျက်တာကို မမြင် ကြလို့ရှိရင် ဘာခံမယ် ထင်ကြသတုံး (ဒိဋ္ဌိ ခံပါတယ် ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ အရှင်ဆန္န ရှုနေတာသည် ဖြစ်ပျက် မမြင်လို့ လား ဒိဋ္ဌိ မကွာလို့လားသာ အကဲခတ် ကြပေတော့ (ဒိဋ္ဌိ မကွာလို့ပါ ဘုရား)၊ မောင်ကိုတို့ ကျေနပ်ပလားဟေ့ (ကျေနပ် ပါပြီ ဘုရား)၊

အရှင်ဆန္ဒဟာ ဖြစ်ပျက်မမြင်လို့လား၊ ဒိဋ္ဌိမကွာလို့ လား (ဒိဋ္ဌိမကွာလို့ပါ ဘုရား)၊ ကြည့်လေ ဒီ ဖြစ်ပျက်တွေ သူမြင်ပါတယ်တဲ့၊ နိဗ္ဗာန်တော့ မတွေ့ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားမလည်လို့

မောင်ထွန်းလှိုင် ဖြစ်ပျက်တော့ (မြင်ပါတယ် ဘုရား)၊ နိဗ္ဗာန်တော့ (မတွေ့ပါ ဘုရား)၊ ဘယ်တွေ့ မတုံးတဲ့။ ဒီ ကိုယ်တော်က ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် မပါဘဲ နဲ့ ဝိပဿနာ ရှုတာ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့ ကျပါပြီ)၊ တစ်ခုပြီး တစ်ခုချုပ်၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်၊

ဟောဒါ ချုပ်ပြီးရင် ဒုတိယဟာ ဖြစ်တယ်၊ ဒုတိယဟာ ချုပ်ပြီးရင် တတိယဟာ ဖြစ်တယ်၊ တတိယဟာ ချုပ်ပြီးရင် စတုတ္ထဟာဖြစ် တယ်ဆိုတော့ ခန္ဓာထဲမှာ တန်းတန်း တန်းတန်းပြီး မသွားရဘူးလား (သွားရပါတယ် ဘုရား)။

အစဉ်တန်း သွားရတယ်၊ အဲဒီ ပဋိစ္စသမုပ္ပါဒ်ကြီးကို ဖြစ် ချုပ် ဖြစ်ချုပ် ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို သူ နားမလည်ဘဲနဲ့ အခု ပေါ်လာတာ ကလေးတွေဟာ အနိစ္စပဲ ဆိုပြီး ဒီလိုသာ ရှုနေတဲ့ အတွက် ဘုန်းကြီး သုံးခါရှိပြီ ပြောတာ ဦးခင်မောင် မှတ်မိပါလိမ့် မယ်နော် (မှန်လှပါ)၊ အားနည်းတဲ့ ဝိပဿနာ ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

အားနည်းတဲ့ဝိပဿနာဖြစ်နေတယ်

ဘာဝိပဿနာတဲ့လဲ (အားနည်းတဲ့ ဝိပဿနာပါ ဘုရား)၊ အားနည်းတဲ့ ဝိပဿနာ ဆိုတာ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့က စဉ်းစားစမ်း၊ ဘာမကွာလို့ အားနည်းတာပါလိမ့် (ဒိဋ္ဌိမကွာလို့ပါ ဘုရား)၊ ဒိဋ္ဌိမကွာလို့နော် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊

ဒိဋ္ဌိ ဘယ့်နှယ်ကြောင့် မကွာသတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ရှုနေလို့ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒိဋ္ဌိ ဘယ့်နှယ်ကြောင့် မကွာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ရှုနေလို့)၊ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ရှုပြီး သကာလ နေတော့ ဒကာ ဒကာမတို့ အားနည်းတဲ့ ဝိပဿနာဖြစ် ပြီး သကာလ တဲ့ ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တစ်ခါတည်း အနိစ္စ ရှုလိုက်, ပျောက်သွားလိုက်, အနတ္တ ရှုလိုက် ပျောက်သွား လိုက် မနေ့က ပြောသလို ဒကာ ဒကာမတွေ ပျောက်သွားလိုက် ကြောက် သလိုလို ဖြစ်လိုက် (မှန်ပါ့)၊ ဘာအားကိုးရပါ့ မတုံး ဆိုတဲ့ နောက်စိတ် ပေါ်လိုက်၊ ဒီလိုချည်းပဲ မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နား မလည်ဘဲနဲ့ ဝိပဿနာ ရှုနေလို့ ကြောက်မှု အားကိုးရှာမှု ပေါ် ပေါ်နေတယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အဲဒီတော့ ကြောက်မှု, အားကိုးမှုတွေ ပေါ်,ပေါ် နေတယ်ဆို တာ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်ပါ (မှန်ပါ့)။

တရားထူးလိုချင်လို့လာတာ

အဲဒါကြောင့် အရှင်အာနန္ဒာဆီ သွားပြီး သကာလ ဪ အရှင်အာနန္ဒာ တွေးလိုက်တယ်၊ အရှင်ဆန္ဒ သည်ကား လို့ဆိုရင် ယူဇနာ ပေါင်းများစွာ ဝေးတဲ့ဆီက ငါ့ဆီလာခဲ့တယ်၊ တရာထူး လိုချင်လို့ သူတို့ လိုချင်တဲ့ တရားကလည်း သူရှုနေတာပဲ၊ ခုနက ဟိုကိုယ်တော်တွေ ဟောတဲ့ တရားလည်း မှန်တာပဲ၊

သူရှု နေတာက ပစ္စယပရိဂ္ဂဟဉာဏ် မပါဘဲနဲ့ (ဝါ) ပဋိစ္စသမုပ္ပါဒ် နား မလည်ဘဲ အားနည်းတဲ့ ဝိပဿနာနဲ့ ရှုနေတဲ့ အတွက် ဒုက္ခအဆုံး မှာ နိဗ္ဗာန် ပေါ်ဖို့ဟာ မပေါ်လာဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။ ဒုက္ခအဆုံးမှာ (နိဗ္ဗာန်ပေါ်မလာပါ)၊ ပေါ်လာကြရဲ့လား (မပေါ်ပါ ဘုရား)၊

ကိုင်း ဒကာ ဒကာမတို့အားလုံး ဂရု စိုက်ပြီးတော့ မှတ်ပါ၊ ခင်ဗျားတို့ ရှုနေတဲ့ ဟောဒီ ဖြစ်ပျက်ဟာ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါသာ ဆုံးအောင်လိုက်၊ ဒါကို မလိုချင်တော့ ပါဘူးလို့ ဆုံးအောင် လိုက်လို့ ရှိရင် ဟောဒီ နေရာမှာ နိဗ္ဗာန် ပေါ်ရမယ် (မှန်ပါ့)။

နိဗ္ဗာန်သည် မသေခင်တွေ့ရမှာ

ဖြစ်ပျက်ဆုံးတဲ့ နေရာမှာ ဘာပေါ် ရမယ် (နိဗ္ဗာန်ပေါ် ရပါမယ် ဘုရား)၊ အဲဒါ နိဗ္ဗာန်သည် ခင်ဗျားတို့ သေမှတွေ့ရ မှာလား, မသေခင် တွေ့ရမှာလား (မသေခင် တွေ့ရမှာပါ ဘုရား)။

အဲ ဘာဆုံးအောင် လိုက်ရမလဲ (ဒုက္ခဆုံးအောင် လိုက်ရပါမယ်)၊ ဒုက္ခ ဆိုတာ ဘာပါလိမ့်ဗျာ (ဖြစ်ပျက်ပါ)၊ အဲ ဒုက္ခ ဆိုတာသည် ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ့)။

အဲ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ ဒုက္ခသစ္စာ ကိုသာ ဒကာ ဒကာမတွေက မလိုချင် တဲ့ဉာဏ်နဲ့သာ ရှုပေး၊ ဖျတ်ဆို ကိုယ့်ရှေ့တွင် ချုပ်သွားလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ့်ရှေ့တွင် (ချုပ်သွားပါလိမ့်မယ်)။

ဒုက္ခချုပ်တဲ့နေရာ နိဗ္ဗာန်အစားထိုးတယ်

အဲ ကိုယ့်ရှေ့တွင် ချုပ်သွားလို့ ရှိရင်ဖြင့် ဒုက္ခချုပ်လို့ ရှိရင်ဖြင့် ဒုက္ခချုပ်တဲ့ နေရာ ဘယ်သူ အစားထိုးမယ် ထင်သတုံး (နိဗ္ဗာန်ပါ ဘုရား)၊ အဲ ဒုက္ခမရှိတဲ့ နိဗ္ဗာန် အစားထိုးလာ တယ် (မှန်ပါ့)၊ အဲဒီတော့ ကိုယ်က အဆုံး မလိုက်လို့ မတွေ့ တာနော် (မှန်ပါ့)၊ အဆုံး မလိုက်တာ ကလည်း ဒကာ ဒကာမတို့ ဒုက္ခရှိမှန်း မသိတော့လည်း မလိုက်ဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

ကဲ ဒါ လုပ်တတ်ကြပလား (လုပ်တတ်ပါတယ် ဘုရား)၊

ကဲ ဒါဖြင့် ဘုန်းကြီးတို့ ခဏခဏ ပြောနေတာ၊ ဖြစ် ပျက် မြင်အောင်ရှုပါ၊ ဖြစ်ပျက် မုန်းအောင်ရှုပါ၊ ဖြစ်ပျက် ဆုံးအောင် ရှုပါဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ သင်ထားတယ် မဟုတ်လား (သင်ထားပါတယ် ဘုရား)၊ အေး ဒါကြောင့် ဒီအတိုင်း လိုက်ပါ၊

ဒါနဲ့ အရှင်အာနန္ဒာက အကဲခတ်လိုက်တယ်၊ သော် ရှင်ဆန္ဒ၊ ဘယ့်နှယ်ကြောင့် ဒီပြေးလာ ပါလိမ့် မတုံး သူပြေး လာပုံသည်ကား ဆိုလို့ရှိရင် ထူးခြားတယ်၊ တရားလည်း အင်မတန် လိုချင်တယ် ဆိုပြီး သကာလ သူပြေးလာတယ်။

ပြေးလာတော့ ဒီပုဂ္ဂိုလ်ကလည်း လူ့ခွ ဆိုတာ အရှင် အာနန္ဒာက သိပြီးသားနော်၊ အင်မတန်မှ ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဖြစ်ပြီး သကာလ နေတော့၊ အခုမှ စိတ်ကျပြီး သကာလ သူ တရားထူး တရားမြတ် ရှာမယ်လို့ ဆိုပြီး၊ သူ ရှာပြန် တော့လည်း သူရှာတဲ့ တရားက ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့၊ တွေ့ရာကို ဖြစ်ပျက် ရှုနေတာကိုးလို့ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ အရှင် အာနန္ဒာက အကဲခတ် မိတယ် (မှန်လှပါ)။

နားမလည်ဘဲနဲ့ဖြစ်ပျက်ရှုနေတာ

ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ တွေ့ရာကို ဖြစ်ပျက်ရှု တယ်၊ တွေ့ရာကို အနိစ္စ ရှုနေတာပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ လိုနေသေးတဲ့ အချက်ကလေး တွေကော ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာနားလည်ဖို့ လိုသလဲ (ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ လိုပါတယ် ဘုရား)။

အဲ ကိုယ့်သန္တာန်မှာ ဟောဒါက ရှေ့ဖြစ်တာ၊ ဟော ဒါက နောက်ဖြစ်တာ၊ အင်း ဒိထက် နောက်ကျ အောင်ဖြစ် တယ် ဆိုတာ ဒီစိတ်စဉ် ကလေးတွေ, ရုပ်စဉ်ကလေးတွေ တန်းနေ တာကို သိမှ သာလျှင် တစ်ခုပြီးမှ တစ်ခုဖြစ်တာ သိမှ သာလျှင် ပုဂ္ဂိုလ် သတ္တဝါ ပျောက်မှာကိုးဗျ (မှန်လှပါ ဘုရား)။

စိတ်စဉ်သာ ရှိတယ်၊ ရုပ်စဉ်သာ ရှိတယ်၊ ယောက်ျား မိန်းမ မရှိဘူးဆိုရင် မပေါ်လာ သေးဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ဒိဋ္ဌိပြုတ်တဲ့တရားဟောမှတော်မယ်

အဲဒီအခါကျတော့ ဗလဝ ဝိပဿနာ ဖြစ်ပါပြီတဲ့၊ အဲဒီ အချိန်ကျမှ ရှုလို့ရှိရင် နိဗ္ဗာန် ရပါတယ်တဲ့ (မှန်ပါ့ ဘုရား)၊ ရှင်း ပြီနော် (ရှင်းပါပြီ)။

အဲဒီမှာ ရှင်အာနန္ဒာက အကဲခတ်ပြီး သကာလ ကြည့် လိုက်တဲ့ အခါကျတော့ ဪ ဒါဖြင့် ရှေးဦးစွာ ဒိဋ္ဌိဖြုတ်တဲ့ တရား သူ့ကိုဟောမှ တော်မယ် (မှန်ပါ့)၊ ပေါ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ အရှင်အာနန္ဒာက ဘယ်လိုအကဲ ခတ်ပါလိမ့် (ဒိဋ္ဌိဖြုတ်တဲ့ တရား ဟောမှတော်မယ်)။

ဒိဋ္ဌိဖြုတ်တဲ့ တရားကို သူ့ကို အရင်ဟောမှ တော်မယ်ဆို ပြီး သကာလ သူစိတ်ကူးတယ်၊ ဟာ ဒါဖြင့် ငါရှင်ဆန္ဒ သင် မပူနဲ့တော့၊ ဒီကိုယ်တော် အကြောင်း ကောင်းကောင်း သိပြီ၊ ဒိဋ္ဌိ မပြုတ်ဘဲနဲ့ သူရှုနေတာ ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ သူရှုနေတာ ဦးခင်မောင်သိပြီနော် (မှန်လှပါဘုရာ)။

ငါ့ရှင်မပူနဲ့ တရားရတော့မှာ

အဲဒီတော့ ငါ့ရှင်မပူနဲ့၊ ငါ့ရှင် တရားရတော့မှာပဲ ဆိုတော့ သင့်အကြောင်း ငါသိပါပြီကွာ၊ အကဲလည်း အကုန် ခတ်မိပါပြီ ကွာ၊ သင် တရားလိုချင်တယ် ဆိုတာ ငါယုံကြည်ပါပြီ၊ သင် အခု လိုချင်လို့ တောင်းတဲ့ တရားကို တောင်းတာနဲ့ ငါက ဝမ်းသာလှ ပြီ၊ သင် သေသေချာချာ တရားရမည့် ပုဂ္ဂိုလ် ဆိုတော့ သူ့စိတ်ထဲ လည်း မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ ရွှင်မသွားပေဘူးလား (ရွှင်သွား ပါတယ် ဘုရား)။

ဝိပဿနာမဟောသေးဘူး

ရွှင်သွားတဲ့ အချိန်ကျတော့မှ ဒိဋ္ဌိဖြုတ်ခန်းကို ဟောတာ ဝိပဿနာ မဟောဘူး (မှန်လှပါ)။

ဒကာ ဒကာမတို့ ဘာဟောမယ် ထင်သတုံး (ဒိဋ္ဌိ ဖြုတ်ခန်းကို ဟောပါတယ် ဘုရား)၊ ဒိဋ္ဌိ ဖြုတ်ခန်းကို ဟောတော့ မယ် ဆိုတော့ သူက နဂိုတုန်းက သမ္မာဒိဋ္ဌိကို ကောင်းကောင်း မဖြစ်ခဲ့ဘူး ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)၊ သမ္မာဒိဋ္ဌိ အစစ် သွားရင် မဂ်ဖြစ်သွားမှာပေါ့ (မှန်ပါ ဘုရား)။

အဲဒါကို ကောင်းကောင်း မဖြစ်တဲ့အတွက် ဒါနဲ့ ငါ့ရှင် ငါ ပိဋကတ်သုံးပုံမှာ မင်းနဲ့တော်တဲ့ တရား ကြည့်ဦးမယ် ဆိုပြီး သကာလ အရှင်အာနန္ဒာက လျှောက်ရှာ လိုက်တယ်၊ သူက ပိဋကတ်သုံးပုံကို ထုံးလိုမွှေ ရေလိုနှောက်နေတဲ့ ပုဂ္ဂိုလ်ကိုး (မှန်ပါ့ ဘုရား)။

ကစ္စာယနအနွယ်ရဟန်း

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကစ္စာယန အနွယ် ရဟန်းကို ဟောတဲ့ ဒိဋ္ဌိဖြုတ်ခန်းကို ကောက်တယ် (မှန်ပါ့)၊ ဘယ်သူက ဟောမှာတုံး (အရှင်အာနန္ဒာက ဟောမှာပါ)၊ ဘာဖြုတ်ခန်း ဟောမှာတုံး (ဒိဋ္ဌိဖြုတ်ခန်း ဟော မှာပါ)၊ ဝိပဿနာ မဟောသေးဘူးနော် (မှန်ပါ့)။

ဘာဟောမယ်ထင်ကြသတုံး (ဒိဋ္ဌိဖြုတ်ခန်း ဟောပါ တယ်)။

အဲ ဒိဋ္ဌိဖြုတ်ခန်းကို ဟောပြီးတော့မှ ဝိပဿနာ သူ့ အရှုခိုင်းမှ ရဟန္တာ ဖြစ်မယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ သေချာကြပလား (သေ ချာပါတယ်)၊ ဘယ်ဟာ အရင် လုပ်ရမှာတုံး (ဒိဋ္ဌိဖြုတ်ခန်း အရင်လုပ်ရမှာပါ)၊ ဒိဋ္ဌိဖြုတ်ပြီးတော့မှ ဘာလုပ်ရမယ် (ဝိပဿနာ ရှုရပါမယ် ဘုရား)။

သင်နဲ့အတော်ဆုံးဒိဋ္ဌိဖြုတ်တဲ့တရား

အဲ- ဒိဋ္ဌိဖြုတ်ပြီးမှ ဝိပဿနာ ရှုရမယ် ဆိုတာ အရှင် အာနန္ဒာ ပိဋကတ် သုံးပုံမှာ ရှာလိုက်တဲ့ အခါ ဦးခင်မောင်ရေ ဒီပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ ဒိဋ္ဌိခွာနည်း နိဿရည်းကို မရဘဲနဲ့ ဝိပဿနာ ရှုလာတဲ့ အတွက် သူ့မှာဖြင့် နိဗ္ဗာန် ဆိုတာ မပေါ်လာဘဲနဲ့ ဖြစ်ပြီး သကာလ နေတာ၊

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဟောတဲ့ ဒိဋ္ဌိဖြုတ်ခန်းကို ကစ္စာယန အနွယ်ဖြစ်တဲ့ ရဟန်းကို ဟော တဲ့တရားကို ဟောရမယ်၊ ငါ့ရှင် သင်မပူနဲ့ ဒီတရားဟာ ပိဋကတ် သုံးပုံထဲမှာ သင်နဲ့ အတော်ဆုံးပဲ၊ ဒိဋ္ဌိဖြုတ်တဲ့ တရား (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါဟုတ်ကဲ့လား

သေချာကြပလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဘာဟောမယ် ထင်ကြသတုံး (ဒိဋ္ဌိဖြုတ်တဲ့ တရားကို ဟောပါ တယ်)၊ အဲ ဒိဋ္ဌိဖြုတ်တဲ့ တရား ဆိုတော့ ဒကာ ဒကာမတွေ ဘုန်းကြီးက ခင်းလာ တာက ၄,၅ ရက်တောင် ရှိနေတော့ ဒကာ ဒကာမတို့ ဖဿဟာလည်း ဖဿပဲ၊ ပုဂ္ဂိုလ်, သတ္တဝါ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဝေဒနာကော (ဝေဒနာပါပဲ ဘုရား) ။

တဏှာဟာကော (တဏှာပါပဲ ဘုရား)

ဥပါဒါန်ဟာကော (ဥပါဒါန်ပါပဲ ဘုရား)

ကံဟာကော (ကံပါပဲ ဘုရား)။

ဒကာ ဒကာမတို့ သန္တာန်လည်း ဒါပဲ ရှိတယ်တဲ့၊ တွေ့ တယ် ဆိုတော့ ဖဿက တွေ့တာပဲ (မှန်ပါ့)၊ ကောင်းလိုက် တာဆိုတော့ ဝေဒနာက ကောင်းနေတာပဲ (မှန်ပါ့ ဘုရား)၊ လိုချင်လိုက်တာ ဆိုတော့ (တဏှာက လိုချင်တာ)၊ ပုဂ္ဂိုလ် သတ္တဝါ ပါသေးသလား (မပါပါ ဘုရား)၊ မရ မနေနိုင် ဘူး ဆိုတော့ (ဥပါဒါန်ပါ ဘုရား)။

အင်း ဥပါဒါန် ဖြစ်တာပဲ၊ ကာယကံ, ဝစီကံတွေနဲ့ ကာယကံနဲ့သွား၊ ဝစီကံနဲ့ ပြောပြန် တော့ကော (ကံပါ ဘုရား)၊ ကံပဲ ဖြစ်နေတယ်၊ ပုဂ္ဂိုလ် သတ္တဝါ ပါသေးလား (မပါပါ ဘုရား)၊ ဒါကို ဟောလိမ့်မယ်၊ ဟေ့ ဒီထဲ ပုဂ္ဂိုလ် သတ္တဝါ ပါသလားကွ, မပါဘူးလားကွ၊ ရှင်ဆန္န ကြည့်စမ်းကွ၊ ဒါတွေ ကို အရင် ခင်းလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ရှင်ဆန္ဒချက်ချင်းရဟန္တာဖြစ်တယ်

ခင်းပြီးတော့မှ ဖြစ်ပျက် အရှုခိုင်း လိုက်မယ်၊ အဲဒီ အရှု ခိုင်းလိုက်တော့မှ ချက်ချင်း ရဟန္တာ ဖြစ်မယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှေ့နားမှာ ဘာအရင် လုပ်ဖို့အရေးကြီးသတုံး (ဒိဋ္ဌိဖြုတ်ဖို့ အရေးကြီးပါတယ် ဘုရား)။

ဒိဋ္ဌိခွာချင်ရင် ဒီ ပဋိစ္စသမုပ္ပါဒ် အတန်းကို နားလည်ရ မယ် (မှန်ပါ့)၊ အတန်း နားလည်ရင် ဒိဋ္ဌိ ကွာတာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။