188

မြန်မြန်အားထုတ်ကြပါ ရက်ရွှေ့နေရင် မှားတယ်

အသံဖိုင်ခေါင်းစဉ်= သစ္စာလေးပါး တရားတော်

စာအုပ်ခေါင်းစဉ်= မြန်မြန်အားထုတ်ကြပါ ရက်ရွှေ့နေရင် မှားတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

ဟောကြားတော်မူသော တရားတော်

မြန်မြန်အားထုတ်ကြပါ ရက်ရွှေ့နေရင် မှားတယ်

ဟောကြားသည့်နေ့

(၇-၇-၆၂)(နံနက်)

မှတ်ချက်။ ။စက်ဝိုင်းထောက်၍ အလုပ်သင်ပေးသောတရားဖြစ်ပါသည်။

ကဲ… တရားမှတ်ကြ ။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ သစ္စာ မသိလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ သံသရာ ကြီးဟာ ဘယ်တော့မှ မပြတ်တော့ဘူးဆိုတာ ဒကာ ဒကာမတို့ မှတ်ထားကြပါ။

သစ္စာမသိသရွေ့ ကာလပတ်လုံးဘာပဲလုပ်လုပ်၊ ဘာပဲ လှူဒါန်း ပေးကမ်းပြီး သကာလ နေစေကာမူ၊ သစ္စာမသိသေးလို့ ရှိရင်ဖြင့်ဒုက္ခခပ်သိမ်း မငြိမ်းသေးဘူးဆိုတာ သေသေချာချာ မှတ်ကြပါ၊ သစ္စာမသိသေးရင် ဒုက္ခခပ်သိမ်း မငြိမ်းသေးဘူး ဆိုတာ သေသေချာချာ မှတ်ကြပါ၊ နားလည်ကြပလား (မှန်ပါ့ ဘုရား)။

သစ္စာမသိရင်ဒုက္ခရှာပါလိမ့်မယ်

သစ္စာမသိရင် ဘာဖြစ်မလဲဘုရားလို့ မေးတဲ့အခါကျတော့၊ သစ္စာမသိလို့ရှိရင် ဒုက္ခ ရှာပါလိမ့်မယ် ဆိုတာကို ဆုံးဖြတ် ချက်ချပါ၊ သစ္စာမသိရင် ဘာရှာမယ်ထင်ကြသတုံး (ဒုက္ခ ရှာပါလိမ့်မယ်) ဒုက္ခရှာမယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ – ဒီမှာကြည့်ပါ၊ အဝိဇ္ဇာဆိုတာ သစ္စာ ကို မသိတာ၊ အဝိဇ္ဇာဆိုတော့..

“ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓ ဂါမိနိပဋိပဒါယ အညာဏံ”

လို့ ဆိုတော့ သူက သစ္စာလေးပါးလုံး မသိတဲ့တရား။

အဝိဇ္ဇာ ဘာခေါ်ကြမယ် (သစ္စာလေးပါးလုံး မသိတဲ့တရား) သစ္စာလေးပါး မသိတဲ့တရားလို့ သေသေချာချာ မှတ်ပါ။

အဲဒီတော့ သစ္စာလေးပါး မသိတဲ့တရားဆိုတော့ ဒကာ ဒကာမတွေက ဪ သစ္စာလေးပါး မသိဘူး၊ မသိတဲ့ ပုဂ္ဂိုလ်ဟာတဲ့ လမ်းသွားချင်သလို သွားပါလိမ့်မယ်၊ လမ်းသွား ချင်သလို သွားတဲ့ အခါကျတော့ ဒီသင်္ခါရဆိုတာ လုပ်ပါလိမ့် မယ်။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတာ ဒကာ ဒကာမတို့ သင်္ခါရက ခင်ဗျားတို့ လူ့ဘဝ၊ နတ်ဘဝ လိုချင်လို့လုပ်တဲ့ကုသိုလ်၊ ပစ္စုပ္ပန်ချမ်းသာချင်လို့ လုပ်တဲ့ ကုသိုလ်၊ ဒါ သင်္ခါရ အလုပ် (မှန်ပါ့ ဘုရား)။

လိုချင်လို့လုပ်တဲ့ကုသိုလ်

လူ့ဘဝ၊ နတ်ဘဝ လိုချင်လို့လုပ်တဲ့ကုသိုလ်လည်း ဘာတုံး (သင်္ခါရပါ ဘုရား)၊ သင်္ခါရပဲတဲ့၊ ယခုဘဝ ချမ်းသာ ချင်လို့ လုပ်တဲ့ကုသိုလ်တွေကော (သင်္ခါရ ပါ ဘုရား)။။

ဪ ဒါဖြင့် ဒီ သင်္ခါရသည် ဒကာ ဒကာမတို့၊ မသိတဲ့ပုဂ္ဂိုလ်လုပ်တာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်သူလုပ်တာပါလိမ့် (မသိတဲ့ ပုဂ္ဂိုလ်လုပ်တာပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် လုပ်တာတဲ့၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ မသိတဲ့ပုဂ္ဂိုလ်လုပ်တာဖြင့် မှန်လိမ့်မယ် မှားလိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာမှ စစ်ဆေးနေစရာ မလိုတော့ပါဘူး၊ အမှားချည်းပဲ အမှားချည်းပဲ လို့သာ ဆုံးဖြတ်ချက်ချပါ၊ မသိတဲ့ပုဂ္ဂိုလ်လုပ်တာ ဟူသမျှ ဘယ့်နှယ် ဆိုကြမယ် (အမှားချည်းပါ ဘုရား)။

ဒါကြောင့် မသိတာက သူ၊ မှားတာက ဒီအလုပ်၊ မသိလို့လုပ်ပါတယ်။

မသိတာကအဝိဇ္ဇာ

မြန်မာလိုပြန်တော့ မသိတာက အဝိဇ္ဇာ, ပြုလုပ်တာက သင်္ခါရ၊ သင်္ခါရဆိုတာ ပြုလုပ်တာ၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား) ဦးမြကြီး ရှင်းပြီလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူဘာတွေလုပ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့ အဝိဇ္ဇာနဲ့သင်္ခါရ လုပ်တယ်လို့ ဒကာ ဒကာမတွေက ယူတော့ကို ဒီလိုရှိတယ်၊ သမုဒယသစ္စာ သူလုပ်တယ်၊ ပေါ်ကြ ပလား (ပေါ်ပါတယ်) ဘာသစ္စာ လုပ်တာတုံး (သမုဒယသစ္စာလုပ်တာပါ)။

သမုဒယသစ္စာ လုပ်ရင်တော့ ဒုက္ခသစ္စာလာရတော့ မယ် (မှန်ပါ့) မလာပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာမသိဘဲ နဲ့ လုပ်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ သည်၊ ဒီသစ္စာရလိမ့်မယ်ဆိုတာကို မသိတော့ ဒီသမုဒယသစ္စာဟာ အဝိဇ္ဇာသင်္ခါရကိုး၊ သေသေ ချာချာလုပ်တယ် (မှန်ပါ့) လွဲလိုက်တာမှ ချော်ကုန်တာပဲ။ မချော်ဘူးလား (ချော်ပါတယ် ဘုရား)။

သေသေချာချာချော်နေပြီတဲ့၊ အဲဒါကို ဆရာရင်း သမားရင်းမို့ ပြောဆိုနေတယ်လို့သာ အောက်မေ့ပါ၊ အစစ် တရားဆိုလို့ရှိရင် ခင်ဗျားတို့ အားကိုးအားထားတွေကို အကုန် အသားယူပြီး မပြောနိုင်ဘူး၊ အစစ်တရားကိုသာ ပြောရမယ် (မှန်ပါ့) အစစ်တရားကို ပြောရမှာဖြစ်တော့ ဒကာ ဒကာမတွေ ငဲ့ဟောလို့ မရတော့ဘူး (မှန်ပါ့ ဘုရား)။

မသိလို့လုပ်တာက သင်္ခါရ

ငဲ့တရားဆိုရင် အမှားချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ၊ ကဲ၊ ဒါဖြင့် သစ္စာမသိတာက အဝိဇ္ဇာ၊ မသိလို့လုပ်တာက ဘာဆိုကြ မတုံး (သင်္ခါရပါ) သင်္ခါရဆိုတော့ သူ ဘာသစ္စာလဲ (သမုဒယသစ္စာ) သမုဒယသစ္စာ၊ ရှင်းကြပလား (မှန်ပါ့) ဘာသစ္စာလဲ (သမုဒသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့မို့ လုပ်ရဲပါပေတယ်လို့ သမုဒယ သစ္စာဆိုတာ အကြောင်းတရား ဖြစ်သောကြောင့် ဟောဒီပစ္စုပ္ပန် အကျိုးဖြစ်တဲ့ဒုက္ခသစ္စာ အသေအချာရမယ် (မှန်ပါ့)။

ဘယ်သူလုပ်တာတုံးကွ၊ ဒီဒုက္ခသစ္စာကြီးဆိုတော့ မသိတဲ့ ပုဂ္ဂိုလ်လုပ်လို့ရတဲ့ဒုက္ခသစ္စာ (မှန်ပါ့) ဘယ်လိုဆို ကြမလဲ (မသိတဲ့ပုဂ္ဂိုလ် လုပ်လို့ရတဲ့ ဒုက္ခသစ္စာပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် လုပ်လို့ရတဲ့ ဒုက္ခသစ္စာဆိုသဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ မသိတာက (အဝိဇ္ဇာ)။

အကန်းလမ်းသွားတာ

အဝိဇ္ဇာ မြန်မာလိုတော့ အကန်းပေါ့ (မှန်ပါ့) အကန်းလမ်းသွားတာကွ၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ ဆိုတဲ့ ဘုံဘဝကောင်း တောင့်တလုပ်တဲ့ကုသိုလ်နဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်နေတဲ့ အကုသိုလ်၊ အဲဒီတော့ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်နေတာက တို့ ဝတ္တရားပဲလို့ များ အောက်မေ့မနေပါနဲ့၊ “ကိုယ့်သက်တမ်း အလကားဖြုန်းပြီး အမိုက်ခံရဲနေတာလို့” ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ အမိုက်ခံရဲနေတာ လို့ ဆုံးဖြတ်ချက်ချပါ၊ နာလဲမနာကြနဲ့နော် ဒကာ ဒကာမတွေ (မနာပါ ဘုရား) အမှန်ကို ပြောနေတာ (မှန်ပါ့)။

ခင်ဗျားတို့ အမှန်ကို မတွေ့ရသရွေ့ ကာလပတ်လုံး ဟာဖြင့် အမြှောက်တရားနဲ့ အခြောက် တရား ဆိုရင်သွားပြီ။ ၊ အခြောက်တရားက အပါယ်နဲ့ခြောက်တာ၊ ကယ် လည်း ပေးတာမဟုတ်ဘူး၊ အလကား ခြောက်နေတာ။

အမြှောက်တရားက နတ်ရွာသုဂတိနဲ့ မြှောက်တာ၊ သစ္စာမသိလို့မြှောက်တာ။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ရှေ့ဘဝက မိုက်ခဲ့ တာလား၊ လိမ္မာခဲ့တာလားဆိုတော့ မေးဖို့ မလိုတော့ဘူး (မလိုတော့ပါဘူး ဘုရား)၊ အကန်းလမ်းသွားခဲ့တယ်ကွ၊ ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး (အကန်းလမ်းသွားခဲ့ပါတယ် ဘုရား)။

အကန်းလမ်းသွားတဲ့အခါကျတော့ ဟောဒီ ဝိညာဏ် ဆိုတဲ့ ဥစ္စာရပါသတဲ့၊ ဟောဒီစပ်ဖို့ရာ မြားကလေးက ပြနေ တယ်၊ မြားကလေးက ပြသွားတဲ့ဥစ္စာ ဒီမှာ စပ်ပါပြီတဲ့။။

ဝိညာဏ်ဆိုတာ ပဋိသန္ဓေကိုဆိုပါတယ်၊ ပဋိသန္ဓေ ဝိညာဏ်ကိုဆိုပါတယ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါင်းလိုက်တဲ့အခါကျတော့ ခန္ဓာငါးပါးလို့ သာမှတ်ကြစမ်းပါ။

ဒါဖြင့် အကန်းလမ်းသွားလို့ ချော်လဲတာကွ၊ ရိပ်မိကြ ပလား (မှန်ပါ့ ဘုရား) အကန်း လမ်းသွားလို့ ဒုက္ခသစ္စာကွ၊ ဒုက္ခ ဒုက္ခထဲ လဲတာ၊ ဦးမာဒင်ကြီး ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခထဲ လဲတယ် ဆိုကတည်းက ခင်ဗျားတို့ ကယ်မည့် ယူမည့်သူ မပါတော့ဘူး (မပါ-ပါ ဘုရား)။

လူ့ဘဝအရတော်လှပြီတဲ့

ဘယ်အခါမှာလာလဲသတုံးမေးတော့ ဦးမာတင်က ပစ္စုပ္ပန်အကျိုးကွ တဲ့၊ ပစ္စုပ္ပန်ဘဝမှာ လာလဲတာ။

ခင်ဗျားတို့က လူ့ဘဝ တော်လှပြီဆိုနေတယ်၊ သစ္စာနဲ့ဖွဲ့လိုက် တော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဘယ်တော်ရမလဲ၊ တော်ပါ့မလား (မတော်ပါ ဘုရား) ဟာ တပည့်တော်တို့ ဘုရာ့ အင်မတန် အကြောင်း ညီညွတ်နေတာဘုရာ့၊ – စီးပွားရေးရော သားရေး၊ မယားရေးရော။ အို ဒုက္ခတွေဝိုင်းနေတာ အကြောင်းညီညွတ်နေ တယ်ဆိုတာ ဒီအဝိဇ္ဇာဘက် မမြင်လို့ ပြောနေတာ၊ ဒီအဝိဇ္ဇာ က ပစ္စုပ္ပန်ဘဝ ပါလိုက်လာလို့ မမြင်လို့ ပြောနေတာ၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

အဲဒါ ဒီမှာ ဒကာ ဒကာမတို့ အကန်းလမ်းသွား , တယ်၊ ဟောဒီမှာလဲတယ်။။ လဲတယ်ဆိုတာ ပဋိသန္ဓေနေရတာပါ၊ ဇာတိပိ, ဒုက္ခာ (ဒုက္ခသစ္စာပါ ဘုရား)။

ဇာတိပိဒုက္ခသစ္စာ ဆိုကတည်းကိုက ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ငါတို့သည် ပဋိသန္ဓေ ဝိညာဏ်တော့ ကျော်ခဲ့ ပြီ၊ ယခု နာမ်ရုပ်နဲ့နေကြတယ်။

နာမ်ရုပ်ဆိုတာ အနာရတာ

နာမ်ရုပ်ဆိုတာက လဲလို့ ဒကာ ဒကာမတို့ အနာရတာ၊ အနာရတော့ ဟောဒီ သဠာယတန ဆိုတာ ငန်းဖမ်းပြီး ပြည်တွေတည်လာတယ်၊ ဖဿဆိုတာက အနာရှိတဲ့ပုဂ္ဂိုလ် ဆူးထိုးမိတာ၊ ဝေဒနာ ဆိုတာက ဒကာ ဒကာမတွေမှာ ဆရာဝန် ခေါ်ရတဲ့နေရာ ရောက်ပါပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် မသိတဲ့ပုဂ္ဂိုလ် လမ်းသွားလိုက်တာ ချော်လဲ တယ်၊ အနာရတယ်၊ ပြည်တည်တယ်၊ ဆူးတွေ ထိုးမိတယ်၊ ဝေဒနာမျိုးစုံ ခံစားရတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ) ပေါ်ကြပြီတဲ့။

ဒါဖြင့် ဪ ဘာသစ္စာတွေထဲမှာ တို့ ယခု ရောက်နေပါလိမ့်မတုံးလို့မေးတဲ့အခါကျတော့မှ ဒီသစ္စာထဲ ရောက်နေတယ်လို့ ဒီအထဲမှာ ညွှန်ပြတယ် (တင်ပါ့)။

(ဤနေရာ၌ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ထောက်ပြ သည်။)

သဘောပါလား (တင်ပါ့) ဘယ်သစ္စာထဲရောက် နေသတုံး (ဒုက္ခသစ္စာထဲရောက်နေပါတယ် ဘုရား) အဲဒါ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူ့ဟာသူရောက်လာတာ လား၊ မသိလို့ ပြုချင်တဲ့ကုသိုလ်တွေကိုပြု၊ မလုပ်ကောင်းတဲ့ အကုသိုလ်တွေလုပ်လို့ ရတာလားလို့ မေးကြည့်ပါ (မလုပ်ကောင်းတာတွေလုပ်လို့ပါ ဘုရား)။

ဒကာ ဒကာမတွေ ကုသိုလ်ပေမယ့် လုပ်ကောင်းတာ မလုပ်ကောင်းတာရှိသေးတယ် (တင်ပါ့)၊ နိဗ္ဗာန်ရောက် တဲ့ကုသိုလ်ရှိတယ် (မှန်ပါ့ ဘုရား) မရောက်တဲ့ကုသိုလ်က (ရှိပါတယ် ဘုရား) ရှိသေးတယ်ဆိုတာ သဘောပါလား (ပါ-ပါပြီ ဘုရား)။

ကဲ သဘောပါလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါတွေမသိတဲ့ပုဂ္ဂိုလ်ပြုလုပ်ကြသည်။ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ သင်္ခါရကို မသိမှာစိုးတဲ့အတွက်တဲ့၊ မင်း တို့ ဟောဒီ အနီကြောင်း ကလေး ကြည့်လိုက်တော့ ဘာပေါ်လာ သလဲ (ကမ္မဝဋ်နှစ်ပါး)။

ဝဋ်လို့ခေါ်ပါတယ်၊ ကမ္မဝဋ်တဲ့ ဦးမြကြီး ဘာတဲ့တုံး (ကမ္မဝဋ်) ခင်ဗျားတို့ကလည်း ကံကောင်း ချင် လိုက်တာ လွန်နေတာပဲ၊ ဝဋ်သင့်ချင်တာကိုး ၊ ဒကာ ဒကာမ တွေ ကံများကောင်းချင်သေးသလား (မကောင်း ချင်တော့ပါ) မကောင်းချင်တော့ဘူး။

ဒကာ ဒကာမတို့က အကြောင်းတိုက်ဆိုင်လို့ရှိရင် ခင်ဗျားတို့ လူစုက တပည့်တော် ကံဇာတာ ကလေးများ ဘယ့်နှယ်နေသေးသတုံး လို့ မမေးနဲ့။

ကိုယ့်ခန္ဓာကပြောသာယုံပါ

ဒီထဲနေတာ ဒုက္ခသစ္စာထဲနေတာ၊ ကံဇာတာမေးမနေနဲ့ (တင်ပါ့ ဘုရား) ဘယ်ဗေဒင်က ဟောဟော မယုံနဲ့၊ ဘုရား ဟောတာသာယုံ (တင်ပါ့) ကိုယ့်ခန္ဓာက ပြောတာယုံပါ။ ဘာသစ္စာထဲ ရောက်နေသလဲ (ဒုက္ခသစ္စာထဲ ရောက်နေ ပါတယ် ဘုရား)။

ဒါကို ခင်ဗျားတို့က ဗေဒင်ဆရာ ပိုက်ဆံကုန်ခံ မေးနေ ရတာက အတော်ဆိုးနေတယ်၊ ရောက်တာက မြင်တဲ့အတိုင်းပဲ။ ဝိပါက ဝဋ်ထဲရောက်မနေဘူးလား၊ ဒါက ဝိပါကဝဋ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာတွေ ဟာတဲ့၊ ခင်ဗျားတို့ ဒီက ရှေးဘဝက မသိလို့ လုပ်ခဲ့လို့ ဟောဒီ အကျိုးပေးတာ၊ ပေးမှ ပေးပါ့မလားဆိုတော့ ဟောဒါနဲ့ ဟောဒါ မင်းတို့ စပ်တယ်ကွတဲ့ (တင်ပါ့) ဒီအစပ်ကလေး က မပြဘူးလား (ပြပါတယ်) သဘောပါကြရဲ့လား (ပါ-ပါပြီ)။

(ဤနေရာ၌ စက်ဝိုင်းပြ၍ဟောတော်မူသည်)။

ကောင်းပြီ၊ ဒါဖြင့် သခင်ဝတင်ကြီး ဘယ်အထဲမှာလိမ့် မတုံး မေးတော့ ‘‘တပည့်တော်က ဘုရား ဒီအထဲမှာ ရောက်နေ ပါတယ်” လို့ပြောဖို့၊ ဘာသစ္စာထဲရောက်နေသတုံး (ဒုက္ခ သစ္စာ) ဘယ်ကာလက ပါလိမ့်မတုံးမေးတော့ (ပစ္စုပ္ပန် ကာလ)။

ပစ္စုပ္ပန်ကာလ၊ အလကား ဘိုကေဖီးနေပေမယ့် ဒုက္ခ ရောက်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာမျှအသုံး မကျဘူး၊ ခင်ဗျားတို့ ဒုက္ခရောက်နေတာမှ တစ်ပါးဘာမျှမရှိဘူး၊ ရှင်းပလား။

ပစ္စုပ္ပန်မှာမိုက်လက်စသိမ်းရမယ်

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တဲ့ ပစ္စုပ္ပန်ဘဝကို ဒီနေရာမှာ မိုက်လက်စ သိမ်းရမယ်၊ ကိုယ့် အကျိုးပေးက ဆိုးရွားနေလို့၊ ဒီနေရာမှာ မိုက်လက်စ သိမ်းရ မယ်။

ဒီနေရာမှာ မသိမ်းတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဟောဒီ သမုဒယသစ္စာပြန်လုပ်မယ်၊ ဒါပြန်လုပ်မယ်၊ ၃-နံပါတ် ပြန်လုပ်မယ်၊ ဒါ ၁၊ ဒါ ၂၊ ဒါ ၃ပြန်လုပ်မယ်၊ မလုပ်ပေဘူးလား။

ဘယ်လိုလုပ်မတုံးဆိုတော့ ဝေဒနာက၊ ဥပမာ သုခ ဝေဒနာဆိုပါတော့၊ တိုက်နဲ့ တာနဲ့ စိန်နဲ့ ရွှေနဲ့ မြနဲ့ သုခဝေဒနာဆိုပါတော့၊ သုခဝေဒနာ ကိုယ့်ဝေဒနာကလေး၊

ဪ ဒီဘဝ လူဖြစ်ရတာ ဒီလိုစီးပွားနဲ့ ဒီလိုသားမယားနဲ့ ဒီလိုအနေအထိုင်နဲ့ဆိုရင် တော်သေးရဲ့ ဆိုတာ စဉ်းစားလာဦး မယ်။ တဏှာလာပစ်လိုက်တာ မလာဘူးလား (လာပါတယ် ဘုရား)။

တဏှာလာလို့ရှိရင် ဥပါဒါန်ကနေရစ်ပါဦးမလား (မနေရစ်ပါ ဘုရား) မနေရစ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ကာယကံ ဝစီကံနဲ့ သတ္တုတွင်းတူးပေါ့ဗျာ၊ လွှစက်တွေတည်၊ ပြုတ်ဆန်တွေ ပြုတ်ပေါ့။

ဒါတွေ လုပ်တော့ကို ဒီမှာ ဝေဒနာကို ခင်ဗျားတို့က မနိုင်တဲ့အတွက် ဒီမှာ တဏှာ ဥပါဒါန် ကမ္မဘဝ လာပြန် တယ်။

ဒါက ဒီမှာမိုက်လို့ အကျိုးပေးထားတဲ့ဥစ္စာ မသိ တာကြောင့် ဒါတွေ ပြန်လုပ်ပြန်တယ်၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

မိုက်မှန်းမသိလို့ထပ်မိုက်တာ

ဒါဖြင့် ဒီမှာအကျိုးပေးက ဒကာ ဒကာမတွေ မိုက်ချက် တစ်ခုသန်ခဲ့တာကို မိုက်မှန်းမသိလို့ ထပ်မိုက်တာ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့)။

ဒီတဏှာ ဥပါဒါန် ကမ္မဘဝဟာ ဘာပါလိမ့် (မိုက်မှန်းမသိလို့ ထပ်မိုက်တာပါ ဘုရား) မိုက်မှန်း မသိလို့ ဒကာ ဒကာမတွေ ထပ်မိုက်နေတာ၊ ရိပ်မိပလား (မှန်ပါ့)။

ဒါဖြင့် မိုက်တာ ဘာနဲ့မိုက်သတုံးလို့ မေးတဲ့အခါကျ တော့ မိုက်တဲ့ဟာ တခြားမဟုတ်ဘူးကွာ တဲ့ သမုဒယ သစ္စာပါ။

သားတွေ သမီးတွေ ဆွေတွေ မျိုးတွေ ခင်တွယ်လို့ လျှောက်လုပ်နေကြတာ၊ ဘာသစ္စာ လာမလဲ (သမုဒယ သစ္စာလာမယ်)။

ဟ သမုဒယသစ္စာက ဘယ်ကာလမှာ လာပါ လိမ့်မတုံးဆိုတော့ ပစ္စုပ္ပန်မှာ ထပ်မိုက်တာကွ၊ ရိပ်မိပလား (တင်ပါ့ ဘုရား) ဦးအောင်ဇံဝေ ဘယ့်နှယ်တုံး (ထပ်မိုက်တာပါ ဘုရား)။။

ထပ်မိုက်တာ၊ ဪ ဒါဖြင့် ဒီထဲမှာ ၁၄ တုန်းက လည်း မလိမ္မာခဲ့၊ ၂-တုန်းက ဒုက္ခရောက်ခဲ့ တာလည်း မသိဘူး၊ ၃၄ ထပ်မိုက်ပါတယ်ဆိုတော့ သွားပြီ၊ မသွားသေဘူးလား (သွားပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမှာ မြားကလေးပြမယ်၊ ဒီက မြားကလေးကလည်း ဒီဘက်ပြမယ်၊ ဒီကမြားကလေးကလည်း ဒီဘက်ပြမယ်၊ ခင်ဗျားတို့ ဒီအစပ်ကလေးကို မဖြတ်နိုင်လို့ရှိရင် မိုက်မှာပဲ၊ ဒီအဆက်ကိုဖြတ်နိုင်ရင် (မမိုက်ပါ)။ (ဤနေရာတွင် စက်ဝိုင်းပြ၍ ဟောတော်မူသည်)။

ဒီ အစပ်ဖြတ်ဆိုတာကလည်း တော်တော့ ဆရာသမား နဲ့ တွေ့လို့ မဖြတ်တတ်ပါဘူး (မှန်ပါ့) ဒကာ ဒကာမတွေ ဖြတ်တတ်ပါ့မလား (မဖြတ်တတ်ပါ ဘုရား)။

တော်တော့ ဆရာသမားနဲ့တွေ့လို့ မဖြတ်တတ်ပါဘူး ဆိုတော့ ဒကာ ဒကာမတို့ ဒီဝေဒနာ ရင်လည်း အနိစ္စရှုရမှာပဲ၊ ဖဿရင်လည်း (အနိစ္စရှုရမှာပဲ)၊ သဠာယတနသော် လည်းကောင်း (အနိစ္စရှုရမှာပဲ) နာမ်ရုပ်သော်လည်းကောင်း (အနိစ္စရှုရမှာပဲ) ဝိညာဏ်သော်လည်းကောင်း (အနိစ္စရှုရမှာပဲ။

ပဝတ္တိဝိညာဏ်ပါထည့်

ဝိညာဏ်ဆိုတာ ပဝတ္တိဝိညာဏ်ပါထည့်လိုက်၊ ခုန ပဋိ သန္ဓေဝိညာဏ်ရေးထားတယ် (မှန်ပါ့) ဒါက ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်းမို့၊ ပဝတ္တိဝိညာဏ်ကိုပါ ရှုရမယ် (မှန်ပါ့ ဘုရား)။

အဲဒီလို ရှုလိုက်တဲ့အခါကျတော့ ဒီအစပ်ကလေးက ပြတ်ထွက်သွားတယ် (တင်ပါ့) ပြတ်ထွက် သွားတော့ဒီမြား က ဒီဘက်ပြတယ်၊ ပဋိစ္စသမုပ္ပါဒ် ထွက်လမ်းလို့၊ ဘာ့ကြောင့် တုံးဆိုတော့ ဝေဒနာနိရောဓာ တဏှာနိရောဓောတဲ့၊ ဝေဒနာ နိရောဓာ (တဏှာနိရောဓော) တဏှာ နိရောဓော နိဗ္ဗာနံ လို့ ခင်ဗျားတို့က ဒီကပဲ ထွက်လိမ့်မယ်၊ တဏှာချုပ်ရင် နိဗ္ဗာန် ပဲဆိုတော့ ဝေးသလား (မဝေးပါ ဘုရား)။

နို့ ဘယ့်နှယ်ကြောင့် တပည့်တော်တို့ ဒီလိုဖြစ် နေရပါတုံးဆိုတော့ ဟောဒီ နေရာကနေပြီး မင်းတို့က ဒီဘက် ချည်း အရှိန်ကောင်းနေလို့ (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီနေရာက တဏှာ ဥပါဒါန်ကံ၊ တဏှာ ဥပါဒါန်ကံ တစ်နေ့ တစ်နေ့မှာလေ၊ ဥပမာ ဒီနေ့ သောင်းကိုးထောင် ရလိုက်တယ်ဆိုလို့ရှိရင်ဖြင့် တဏှာကလည်း သာယာတာပဲ။ ဥပါဒါန်ကလည်း စွဲလမ်းတာပဲ၊ နောက် ဒီအလုပ်, လုပ်ဦးမယ် (မှန်ပါ)။

ကံကလည်း ငါဒီဘဝ လုံ့လဝီရိယ နည်းသေးလို့ ဒီထက် များရင် ဒီထက်ရမယ်ဆိုပြီးတော့ ကာယကံ ဝစီကံက သိပ်ပြင်း ထန်လာတယ်၊ မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား)။

ဒါဖြင့် ကမ္မဘဝပစ္စယာ (ဇာတိ) ဘဝပြန်ပြီးတော့ သွားစပ်တယ်၊ ဇာတိဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

နို့ ခင်ဗျားတို့ဟာက တစ်ပတ်သာရှိသွားတယ်၊ ဟောဒီမှာ ပထမ သမုဒယသစ္စာ၊ ယခု ပစ္စုပ္ပန်ဘဝမှာ ဒုက္ခ သစ္စာ၊ ပစ္စုပ္ပန်ဘဝ ပြန်မိုက်ပြန်တော့ (သမုဒယသစ္စာ)။

ဟင် . နောက်ထပ် အနာဂတ်သေလို့ အကျိုးပေးမှာ က (ဒုက္ခသစ္စာပါ ဘုရား)။

နောက်တုန်းက အဝိုင်းကြီးပြေးနေတာ

ဒါဖြင့် ခင်ဗျားတို့ဥစ္စာ ဘယ်မှာတုံး၊ မဂ္ဂနဲ့နိရောဓ၊ ဒီအထဲရောကို မရောတော့ဘူး (မပါ-ပါ) ရောသေးလား (မရောပါ ဘုရား)။။

အဲဒါ တပည့်တော်တို့ နောက်တုန်းက ဘယ်လိုများ နေခဲ့ ထိုင်ခဲ့ရသတုံးလို့ ဦးသံဒိုင်က မေးမေး ဦးမာဒင်က မေးမေး၊ ဒါပဲကွ အဝိုင်းကြီးပြေးနေတာ (မှန်လှပါ ဘုရား) သဘောကျပလား (တင်ပါ့ ဘုရား)။

ဒီတစ်ခါ အခု ဆရာကောင်း သမားကောင်းနဲ့တွေ့လို့ မှ အဝိုင်းပြေး မပြတ်တော့ဘူးဆိုလို့ရှိရင် ကယ်မည့်သူ မရှိဘူး လို့ အောက်မေ့ပါ၊ သဘောကျကြရဲ့လား (မှန်ပါ့ ဘုရား) ကယ်မည့်သူ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ခင်ဗျားတို့က ကုသိုလ် ဆိုလို့ရှိရင် အကောင်းချည်းပဲ။ ပုညာဘိ သင်္ခါရဆိုတာ အကောင်း ချည်းပဲ ဆိုရင် ကောင်းရင် ဒီ ဇာတိဒုက္ခဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒုက္ခလွတ်တဲ့ကုသိုလ်ရှိသေးတယ်

ဒါကြောင့် ကုသိုလ်မှာလည်း ဒုက္ခရောက်တဲ့ကုသိုလ် ဒုက္ခလွတ်တဲ့ ကုသိုလ်ရှိသေးတယ်၊ ဦးသန်းမောင် (မှန်ပါ့ ဘုရား)။

ကုသိုလ်မှာ ဘယ်နှစ်မျိုးရှိသတုံး (နှစ်မျိုးရှိပါ တယ် ဘုရား)၊ ဒုက္ခရောက်တဲ့ (ကုသိုလ်) ဒုက္ခလွတ်တဲ့ (ကုသိုလ်ပါ ဘုရား)။

နှစ်မျိုးရှိတာ မဝေဖန်ဘူး၊ နည်းရောင်းများရောင်း တောင်းပြည့်ပြီးရောပေါ့၊ ကုသိုလ်ဆိုတာ အကောင်းချည်းပေါ့ ကွ၊ ခင်ဗျားတို့ ပါးစပ်က နှုတ်တက်နေတယ် (တင်ပါ့) ကုသိုလ်ဆိုရင် (အကောင်းချည်းပဲ) သွားပြီ။

အကောင်းချည်း ဆိုလို့ရှိရင် လွဲကုန်ပြီ (မှန်ပါ့) ကောင်း တာ မကောင်းတာ ဘုန်းကြီးက စကားတတ်လို့ ပြောတယ်လို့ မယူပါနဲ့၊ သူအုပ်ချုပ်နေတာ၊ သူအုပ်ချုပ်ရင် ကောင်းပါ့မလား (မကောင်းပါ ဘုရား) မသိလို့ လုပ်တဲ့ကုသိုလ်၊ ဒါပါနေတယ် (မှန်ပါ့ ဘုရား)။

(ဤနေရာ၌ အဝိဇ္ဇာကို ထောက်ပြသည်)။

ဒီပါဠိတော်ရင်းကြည့်ပါလား၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ လို့ သူ့အကြောင်း မကင်းဘူးကွ တဲ့၊ ပစ္စယာဆိုတာ အကြောင်း မကင်းဘူးပြောတာ (မှန်ပါ့) ကင်းကြရဲ့လား (မကင်းပါ)။။

မကင်းတော့ ဒီသင်္ခါရမလုပ်ပေဘူးလား (လုပ်ပါ တယ်) လုပ်တော့ ဒါတွေရဖို့ ဘယ့်နှယ်လဲ မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာတော့ ဘာသစ္စာတုံး မေးတော့ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့လုပ်တဲ့ကုသိုလ်ဟာ ဒုက္ခသစ္စာ ရတယ် မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်) ခင်ဗျားတို့ ပြုတဲ့ကုသိုလ်ဟာ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ်) ဒုက္ခသစ္စာရ တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဒုက္ခရောက်မည့် ကုသိုလ်ဟာလည်း ခင်ဗျားတို့ ဒုက္ခရောက်မည့်ကုသိုလ်ကို ရဲရဲကြီး လုပ်လေ့ရှိတယ်၊ ဒုက္ခ မရောက်မည့်ကုသိုလ်ကို ခင်ဗျားတို့က အချိန်ဆွဲတယ်၊ အတော် ဆိုးတယ်၊ အတော်ဆိုးတယ်။

နောက်က ဒကာ ဒကာမတွေ ဒီမှာ သေသေချာချာ ပြနေတယ်၊ နားလည်ကြ၊ မြင်ကြရဲ့လား (တင်ပါ့ ဘုရား)

အေးအေး။ ၊ ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် တစ်သံသရာလုံး မှာ ဟောဒါက အတိတ်ဘဝတဲ့၊ အတိတ်အကြောင်းဆိုတော့ သမုဒယသစ္စာလုပ်ခဲ့တယ်၊ ယခုဘဝ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ်)။

ယခုဘဝတွင် ပြန်မိုက်တော့ ဘာသစ္စာလုပ်မယ် (သမုဒယသစ္စာပါ ဘုရား) ဒါဖြင့် အနာဂတ် ဘာသစ္စာရမလဲ (ဒုက္ခသစ္စာပဲရပါမယ် ဘုရား)။

အဲဒီ ဒုက္ခသစ္စာရတော့ ဒုက္ခမှန်း မသိပြန်တော့ ဟောဒီ မှာ သမုဒယစ္စာ ပြန်လုပ်ပြန်တယ် (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ်) လုပ်လို့ရှိရင် ဒီအတိုင်းမလှည့်နေပေ ဘူးလား၊ လှည့်မလား (လှည့်ပါတယ်)။

အဝိုင်းကြီးလမ်းရှာနေတော့အပိုပေါ့

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြင် တော်မူတယ်၊ ခင်ဗျားတို့က လင်ပန်းပေါ်မှာ လျှောက်နေတဲ့ ပုရွက်ဆိတ်လို့ဖြစ်နေတယ်၊ လမ်းရှာနေတယ်၊ အဝိုင်းကြီး လမ်း ရှာနေတော့ အပိုပေါ့၊ ထွက်လမ်းတွေ့နိုင်သေးရဲ့ လား (မတွေ့ပါ ဘုရား)။။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု သနားလို့ ပြောပေးနေတယ်၊ ခင်ဗျားတို့ ဆီက ဘာမှ မျှော်လင့် ချက်မရှိဘူး၊ သိဖို့ရာပဲ အရေးကြီးတယ် (မှန်ပါ့ ဘုရား) မှန်တဲ့အတိုင်းသိဖို့ရာပဲ အရေးကြီးတယ် (မှန်ပါ့) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ဘယ်ကနေလမ်းခွဲကြမတုံး

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ကနေ လမ်းခွဲကြမတုံးဆိုတော့ ဟောဒါ မစပ်မိမှ၊ ဒီ အစပ်ကလေး ကြည့်ပါ။

ဒါ အစပ်ကိုပြောတာ သူနဲ့သူ စပ်သွားပြီကွ၊ ဝေဒနာနဲ့ တဏှာစပ်ပြီ၊ ရှင်းပလား (ရှင်းပါပြီ) မစပ်ဖို့ အရေးကြီး တယ် (မှန်ပါ့) မစပ်မိဖို့ အရေးကြီးတယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

မျက်လုံးဖွင့်မှာသိပ်ကြောက်တယ်

ကောင်းပြီ၊ ဒါဖြင့် အခု ဒကာ ဒကာမတွေဟာ မနေ့ ညကပဲပြောပါတယ်၊ ဒကာ ဒကာမတို့ မျက်လုံးဖွင့်မှာ သိပ်ကြောက်တယ်၊ ဒကာ ဒကာမတွေ မျက်လုံးဖွင့်မှာ ဆရာ ဘုန်းကြီးက သိပ်ကြောက်တယ် (မှန်ပါ့) ဟာ မျက်လုံးပါ ဖွင့်မှာပေါ့။

အိုး ဖွင့်တာက ခင်ဗျား ဒယ်အိုး မျက်စောင်းထိုး တာ၊ အပါယ်ဒယ်အိုးတွေ မျက်စောင်း ထိုးနေတာ (မှန်ပါ့ ဘုရား) မကြောက်သင့်ဘူးလား (ကြောက်သင့်ပါတယ် ဘုရား)။

ဘယ်မျက်စောင်းထိုးပြီးဖွင့်ပါလိမ့်

ဘယ်မျက်စောင်းထိုးပြီး ဖွင့်ပါလိမ့် (အပါယ် မျက်စောင်းထိုးတယ်) မဖွင့်ဘဲကော နေနိုင်ရဲ့ လား (မနေနိုင်ပါ ဘုရား)။ဪ တယ်လည်း ပါရမီကြီးပါကလား၊ အတော် ဆိုးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တပည့်တော်ရှေးဘဝကဘာဖြစ်ခဲ့သတုံး၊ ဟောဒီ အဝိဇ္ဇာသင်္ခါရ နဲ့ နေခဲ့တယ်ကွ။

ယခုဘဝ တပည့်တော် ရောင်းဝယ်ဖောက်ကား စား သောက်နေတာ ဟောဒီငါးပါးနဲ့ဘုရား၊ ရောင်းဝယ်ဖောက်ကား ရင်း မိုက်နေတာက ဘယ်သူတုံးဆိုတော့ ဟောဒီ သုံပါးလော့ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) တဏှာဥပါဒါန် ကမ္မဘဝတဲ့ (တင်ပါ့ ဘုရား)။

စုတေမနေ သေလွန်တော့ ဇာတိ ဇရာ မရဏပဲ ပြန်ရ မယ် ဟေ့ (မှန်ပါ့) ဒီဇာတိ ဇရာ မရဏ ရတဲ့ပုဂ္ဂိုလ် ကလည်း ဇရာ မရဏနဲ့ ကြုံလာတဲ့အခါကျတော့ အိုလာတယ်၊

သေရမည့်ကိစ္စကြုံလာတယ်ဆိုတဲ့အခါကျတော့ သောက ပရိဒေဝတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

သောကပရိဒေဝလာလို့ရှိရင် သိတဲ့ပုဂ္ဂိုလ် လာတာ လား (မသိတဲ့ပုဂ္ဂိုလ်လာတာပါ) မသိတဲ့ ပုဂ္ဂိုလ် လာတယ်ဆို လို့ရှိရင် အာသဝ သမုဒယာ အဝိဇ္ဇာသမုဒယော ဒီပြန်လှည့် မယ် (မှန်ပါ့) ဒီက အာသဝ ဖြစ်သွားပြီ (မှန်ပါ့)။

ဒီအာသဝကြောင့် ဒီမှာ ဘာလာဖြစ်မတုံး (အဝိဇ္ဇာပါ ဘုရား) ဒါကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပြန်လှည့် ပြန်ပြီ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ မလှည့်သေးဘူးလား (လှည့်ပါပြီ ဘုရား)။။

ကိုင်း ဒကာ ဒကာမတို့ အဝိုင်းပြေးမှတစ်ပါး ခင်ဗျားတို့မှာ အလုပ်ရှိသေးရဲ့လား (မရှိပါ ဘုရား) တပည့်တော်တို့ ထွက်ရပ်လမ်းနီးပြီလို့များ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။

ဒီဆရာဆီကနည်းတွေယူပါဦး

မဆိုနိုင်သေးပါဘူး၊ အများကြီးလိုပါသေးတယ်၊ ဒီဆရာသမားဆီက ခင်ဗျားတို့ အမျိုးမျိုးပဲ နည်းတွေ ဝိပဿနာ ဉာဏ်တွေယူပါဦး (မှန်ပါ့ ဘုရား)။

ဒီအတိုင်းသာ ရန်ကုန်စရိတ်နဲ့ ရန်ကုန်အလုပ်နဲ့ ခေါင်း ထဲဝင်ကြမယ်ဆိုရင်ဖြင့်ဒီထက် ကိုယ်ကျိုးနည်း ရှာမယ်လို့ (မှန်ပါ့) ဒီထက် ကိုယ်ကျိုးနည်းဖို့ရှိပါဦးမလား (မရှိပါ) အင်မတန် ဆိုးဝါးနေလို့ သတိပေးပါတယ် ဆိုတာကိုနော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးက ရှင်းပြပါ တယ်တဲ့၊ တပည့်တော်တို့ ရှေးဘဝက ဘယ်လို နေခဲ့ပါလိမ့်မတုံး ဘုရားဆိုတော့ သမုဒယသစ္စာနဲ့ ယခုဘဝ ဘယ်လိုနေပါလိမ့် မတုံးဆိုတော့ (ဒုက္ခသစ္စာပါ)။

ယခုဘဝ တစ်ခါတပည့်တော်တို့ သားရေး သမီးရေး စီးပွားရေး လုပ်နေပြန်တော့ ဘာသစ္စာတုံး (သမုဒယ သစ္စာပါ)။

ဪ သေတော့ သုဂတိလားမှာလား၊ ဘာတုံး မေးတဲ့အခါကျတော့ (ဒုက္ခသစ္စာပါ) သုဂတိ လားလည်း ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒုဂ္ဂတိလားလည်း (ဒုက္ခသစ္စာပဲ ဘုရား)။

ဒီ ဒုက္ခသစ္စာနဲ့ ကြုံတွေ့တဲ့ ပုဂ္ဂိုလ်ဟာ သောကပရိဒေဝ လာမလား (လာပါတယ်) လာတာဟာ သိလို့ လာတာ လား၊ မသိလို့လာတာလား (မသိလို့လာတာပါ)။

မသိလို့ လာလို့ရှိရင် မသိတာက အာသဝ (မှန်ပါ့) အာသဝ သမုဒယာ အဝိဇ္ဇာသမုဒယော, မလာပေဘူးလား (လာပါတယ် ဘုရား) ဆိုကတည်းက သွားပြီး (မှန်ပါ့)။

ဘယ့်နှယ်လုပ်မလဲ၊ ဒီအတိုင်းပဲ ခင်ဗျားတို့ လှည့်နေ မှာလား၊ မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား) ထွက် ပေါက်ပါကြရဲ့လား (မပါ-ပါ) ထွက်ပေါက်မပါတော့ဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ထွက်ပေါက်ပြတော်မူပါဘုရား

ဒါဖြင့် ခင်ဗျားတို့က မသိပေမယ့်လည်း ခင်ဗျားတို့ တရားတစ်ပွဲလုံးက လျှောက်ဖို့ အချိန် ရောက်ပါပြီ

“ထွက်ပေါက် ပြတော်မူပါဘုရား” လို့ (မှန်ပါ့) မလျှောက်သင့်ဘူးလား (လျှောက်သင့်ပါတယ်) ထွက်ပေါက်ကိုပဲ ပြတော်မူပါတော့၊ တပည့်တော်တို့ လမ်းစဉ်ကဖြင့် မျက်ရည်ကျလို့ ဆုံးစရာ မမြင် တော့ဘူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ)။

ထွက်ပေါက် ပြတော့မယ်ဆိုတော့ လွယ်ပါတယ်တဲ့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကလည်း အဝိုင်း ပြေး သိမှလည်း ထွက်ချင်တယ် (မှန်လှပါ ဘုရား) အဝိုင်းကပြေး မသိရင်တော့ (မထွက်ချင်ပါ ဘုရား) မထွက်ချင်ဘူးဆိုတာက သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးများက ခုပဲ ရှင်းရှင်းလင်းလင်း ပြောပါတယ်တဲ့၊ ဒီကတော့ မိုက်လုံးက သန်ခဲ့တဲ့အတွက် ဒီပစ္စုပ္ပန်ဘဝမှာတော့ ဘယ့်နှယ်မှ ဒီမိုက်လုံး သန်ခြင်းကြောင့် ပစ္စုပ္ပန် ဘဝ အကျိုးပေးနေတာတော့ ရှိပါစေတော့ ဘုန်းကြီးမတတ်နိုင်ဘူး (မှန်ပါ့)။

ဒီ ပစ္စုပ္ပန်ဘဝကို ခင်ဗျားတို့ ဖြတ်လမ်း ဒီကနေ ဘုန်းကြီးက ပေးမှသာလျှင် ၃-နံပါတ်ကို မကူးဘဲနဲ့ ၄-နံပါတ် မရောက်မှာကိုး (မှန်ပါ့) နို့မို့ရင် ဘယ့်နှယ်နေသတုံး (ရောက်မှာပါ ဘုရား) ၃-ကူးရင် ၄-တော့ သေချာပြီ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ ၃-ကနေ ၄-ကူးချင်သေး သလား (မကူးချင်ပါ ဘုရား) ဟုတ်ရဲ့လား သေသေ ချာချာလုပ်ကြစမ်းပါနော် (မှန်ပါ့)။

အင်မတန် သဒ္ဓါတရားနဲ့ပြောနေတာနော် (မှန်ပါ့) အင်မတန် သဒ္ဓါတရားနဲ့ပြောနေတာ။

မြို့သူလုပ်နေရင် ငါးပါးမှောက်မယ်နော်

ကိုင်း ဒါဖြင့် ဒီလို လုပ်ကြစို့ရဲ့၊ အဲဒါ ဝေဒနာ ဖဿ သဠာယတနဆိုတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယမန ဆိုတော့ စိတ်ပါနေတယ် (မှန်ပါ့) မပါဘူးလား (ပါ- ပါတယ်) ပါတော့ ခင်ဗျားတို့ ဝေဒနာနုပဿနာပေးတော့ ဒုက္ခတစ်လုံးတည်းတွေ့နေတာများသောကြောင့် စိတ္တာ နုပဿနာ ပေးမယ်၊ ဦးသံဒိုင် ဘာပေးရမလဲ (စိတ္တာ နုပဿနာပေးရပါမယ် ဘုရား)။

စိတ္တာနုပဿနာပေးရမယ် ဆိုတော့ ဘုန်းကြီးတို့ လူစု သေသေချာချာမှတ်၊ မြို့သူတွေ လုပ်မနေနဲ့ ဒီဥစ္စာ (မှန်ပါ့) မြို့သူလုပ်နေရင် ငါးပါးမှောက်မယ်နော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရားရှာလို့ရှိရင် ခန္ဓာထဲမှာ တွေ့မှသာလျှင် အမှန် ရောက်မယ်နော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ စိတ္တာနုပဿနာကို ဝိပဿနာပေးပါ့မယ်၊ ဘယ့်နှယ်ကြောင့် ဆရာသမားက စိတ္တာ နုပဿနာကို ဝိပဿနာ ပေးရပါလိမ့်မလဲ လို့ ဦးမာဒင်က မေးလို့ရှိရင်ဖြင့် ငါ့စိတ် မင်းမသိဘူးလားဆိုတော့ စိတ်ပေါ်မှာ “ငါများနေတယ်’’ (မှန်ပါ့) စိတ်ပေါ်မှာ “ငါကောင်’’ဟုစွဲလမ်းတဲ့ ဒိဋ္ဌိများနေတယ် (မှန်ပါ့)။

ဒိဋ္ဌိအများဆုံးစိတ်ပေါ်မှာ ဖြစ်နေတယ်။

စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး

ဘယ်ပေါ်မှာ ဒိဋ္ဌိများနေသလဲ (စိတ်ပေါ်မှာ ဒိဋ္ဌိ များနေပါတယ်) စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး ဖြစ်နေတယ်။

အဲဒီတော့ ပထမတရားမှာ ဒိဋ္ဌိ မပြုတ် ဘဲ နဲ့ သောတာပန် ဘယ်သူမှ မတည်နိုင်ဘူး (မတည်နိုင်ပါ ဘုရား)။

အဲဒါကြောင့် သမ္မောဟ ဝိနောဒနီအဋ္ဌကထာ ဆရာကရောကွာ တဲ့၊ သတ္တဝါတွေ သနားလို့ရှိရင် စိတ္တာ နုပဿနာပေးပါ။

အထက်မဂ်ကျမှ ဝေဒနာနုပဿနာ

ပြီးတော့မှ ဝေဒနာနုပဿနာကို အထက်မဂ်ကျမှပေး ပါတဲ့ ၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

အောက်မဂ်ရချင် ဘာပေးရမတုံး (စိတ္တာနုပဿနာ) စိတ္တာနုပဿနာပေးရမယ်ဆိုတာ သဘောပါရဲ့လား (မှန်ပါ့)။

စိတ္တာနုပဿနာ ဆိုတာက ခင်ဗျားတို့ အခုတရား လာနာကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် ပုထုဇဉ် တွေလား၊ အရိယာတွေလားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ပုထုဇဉ်တွေပါလို့ လူတိုင်းဖြေရမယ် (မှန်လှပါ ဘုရား)။

ကာမပုထုဇဉ်ဟာ စိတ်ပေါင်းဘယ်လောက်ရမတုံး လို့မေးတဲ့ အခါကျတော့ ပုထုဇဉ်မှာ စိတ်ဘာရမတုံး ကွ၊ အကုသိုလ်က ၁၂ ခုရတယ်၊ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်က ၁၇-ခု ရတယ်။ မဟာကုသိုလ်က ၈ ခုရတယ်၊ မဟာဝိပါက်က ၈-ခုရတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ရူပကုသိုလ်ကလည်းမရ၊ အရူပကုသိုလ်က လည်း မရတော့ ကာမစိတ် လောက်ပဲရတယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ကာမစိတ်လောက်ပဲ ရပါတယ်။

ကာမစိတ် ၅၄-ထဲမှာလည်း ကြိယာဇောစိတ်က နုတ် ပစ်ပါဦး၊ ကြိယာဇောစိတ်က ၉-ခုတောင် နုတ်ပစ်လိုက်၊ ၅၄ထဲ ၉နှုတ်၊ ၄၅-ဟုတ်လား။

ဒါလောက်ပဲ ကျန်ပါလိမ့်မယ်ဆိုတော့ စိတ်ကလေး ၄၅-ခုဟာဖြင့် လှည့်ပေါ်နေလိမ့်မယ်၊ ခင်ဗျားတို့ ခန္ဓာထဲမှာ (မှန်ပါ့) စိတ်ကလေး ၄၅-ခုဟာ (လှည့်ပေါ်နေပါတယ် ဘုရား)။

စာသံပေသံပါတာမကောင်းဘူး

လှည့်ပေါ်နေတာ ၄၅-ခုဟာ ဘုရား၊ အရှင်ဘုရားတို့ က စာသံပေသံပါလှတယ်၊ တပည့်တော် တို့မှာ လူတွေပါဆိုတော့ ဘုန်းကြီးက ရှင်းပြမယ် တဲ့၊ အေး စာသံပေသံ၊ ပါတာ မကောင်းဘူးကွ၊ ဘာကြောင့်တုံးဆိုတော့ ကိုယ့်ဘာသာ မဟုတ်ဘူး။ နိုင်ငံခြားဘာသာဖြစ်နေတယ်၊ ပါဠိဘာသာကို (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုလုပ်ကြပါ၊ ခင်ဗျားတို့မှာ မြင်တတ်တဲ့စိတ်ကလေး မရှိဘူးလား (ရှိပါ တယ် ဘုရား) အဲဒါ ခင်ဗျားတို့သန္တာန်မှာ အမြဲပေါ်တဲ့စိတ်၊ အာရုံဒွါရတိုက်တိုင်း တိုက်တိုင်း ပေါ်တဲ့စိတ် (မှန်ပါ့)။

အာရုံဒွါရတိုက်တိုင်းပေါ်တဲ့စိတ်

အဆင်းတိုက်ရင် မြင်စိတ်။

နောက် ကြားတတ်တဲ့ စိတ်ကလေးကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ အာရုံဒွါရ တိုက်တိုင်း, တိုက်တိုင်း ဘာတုံး (ပေါ်တဲ့စိတ်ပါ) ပေါ်တဲ့စိတ်။

နှာခေါင်းထဲ နံတယ်၊ ပုပ်တယ်၊ ညီတယ်လို့ ရှူးတဲ့ရှိုက် လိုက်တဲ့စိတ်ကလေးကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါလည်း ခင်ဗျားတို့ ပေါ်ရင် မသိပေဘူးလား (သိပါ တယ် ဘုရား) သိရင် မှတ်ထားပါ၊ သုံးစိတ် ရှိသွားပြီ (တင်ပါ့)။

လျှာပေါ်မှာချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်ကို သိတဲ့စိတ် ကလေးဟာ (ရှိပါတယ် ဘုရား) ဒါလည်း သူလည်း အမြဲပေါ်တာ မဟုတ်ပါဘူး (မှန်ပါ့) ကိုယ်ပေါ်မှာ ယားတယ်၊ ကောင်းတယ်ဆိုတဲ့ စိတ်ကလေးများကော (ပေါ်ပါတယ် ဘုရား)။

အပြင်ဧည့်သည် (၅) ခု

ဒါဖြင့် အဲဒီစိတ် ၅-ခုကို အပြင်ဧည့်သည် ၅-ခုလို့ မှတ်လိုက်စမ်းပါ၊ ဒီ ၅-ခု ဘယ့်နှယ်ဆိုပါ့မယ် (အပြင်ဧည့် သည် ၅-ခုပါ ဘုရား)။

စာလိုမသုံးနဲ့တဲ့ စာကတော့ အဇ္ဈတ္တိကာယတန လို့ သုံးတယ် (မှန်ပါ့ ဘုရား)။

ဘုန်းကြီးကတော့ ဒီလိုမသုံးပါဘူး၊ ဒကာ ဒကာမတွေ နားလည်ဖို့၊ ရှုတတ်ဖို့၊ ဝိပဿနာ ဉာဏ်ရဖို့ ဆိုပြီး ပေးထားတာ အပြင်ဧည့်သည် ၅ ယောက်လို့ (မှန်ပါ) အပြင်မှာ ပေါ်နေတယ် (မှန်ပါ့)။

မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားစိတ်၊ ကောင်းစိတ်ကို ဘာဆိုကြမလဲ (အပြင် ဧည့်သည် ၅ခု) အပြင်ဧည့်သည် ၅-ခု (မှန်လှပါ) အပြင်ဧည့်သည် ၅-ခုလို့ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဖြစ်ပြီးပျက်တဲ့အနိစ္စ

ကောင်းပြီ၊ ဒါဖြင့် ဒီ ၅ ခု လာတိုင်း လာတိုင် ဒါသဠာ ယတနခေါ်တာပဲ၊ သဠာယတနထဲက မနာယတနခေါ်တယ် (မှန်ပါ့) အဲဒီဟာ လာလို့ရှိရင် ဟောဒီနေရာမှာ ခင်ဗျားတို့က မြင်စိတ်ပေါ်လည်း ဒီကနေပြီး သကာလ ဉာဏ်ကလေး ထားပြီးတော့ “ဪ ဖြစ်ပြီးပျက်တဲ့ အနိစ္စပဲ” လို့ ဟဒယ ဒီနေရာက ရှုပေးရတယ် (မှန်ပါ့) ရှုရင် ဒီအဆက်ပြတ် ထွက်သွားမယ် (မှန်ပါ့) မပြတ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

(ဤနေရာ၌ စက်ဝိုင်းကို ပြတော်မူသည်)။

မရတော့ သူကဖြစ်ပျက်၊ သူက မဂ်ဖြစ်သွားတယ်၊ ဒကာ ဒကာမတွေ ငေးမနေနဲ့ (မေးပါ) ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါတယ်) ဒီက ဒီကူးသေး သလား (မကူးပါ)။

မကူးရင် ပစ္စုပ္ပန်ထပ်မိုက်သေးသလား၊ သမုဒယသစ္စာ ထပ်လုပ်သေးလား (မလုပ်ပါ) မလုပ်လို့ ရှိရင် ဒီဘက်ကို ထွက်သွားပါလိမ့်မယ်တဲ့၊ ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း (မှန်ပါ့) မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ “စိတ္တနိရောဓာ တဏှာနိရောဓော” စိတ်ချုပ်လို့ရှိရင် တဏှာချုပ်တာပဲ၊ ဝေဒနာချုပ်လည်း (တဏှာချုပ်တာပဲ) စိတ်ချုပ်ရင်ကော (တဏှာချုပ်တာ ပဲ) ဒီစိတ်နဲ့ ဝေဒနာက သဟဇာတကိုး (တင်ပါ့) ပဋ္ဌာန်း နည်းနဲ့ပြောတော့။

ဒါဖြင့် ဒီဘက်မှာ အထူးထပ် မိုက်သေးသလား (မမိုက်ပါ) ဒါဖြင့် အပြင်ဧည့်သည် ဘယ်နှစ်ယောက် ရှိသတုံး (၅,ယောက်ပါ) သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့ ခင်ဗျားတို့က အရေးတကြီးပြောနေတဲ့ဥစ္စာကို ခင်ဗျားတို့ ထွက်လမ်း၊ ခင်ဗျားတို့ ဒုက္ခကျွတ်လမ်းကို ပြောနေတာ (မှန်ပါ့)။

ဘုန်းကြီးတို့ အကျိုးက ဓမ္မဒေသနာ ကုသိုလ်ပဲရပါ တယ် (မှန်ပါ့) ခင်ဗျားတို့က ဝဋ်ပြတ် ပါတယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ဧည့်သည် ၅-ယောက်တော့ ရှင်းပြီဘုရား၊ ပေါ်တိုင်းပေါ်တိုင်း တပည့် တော်တို့ သူ့ကို အနိစ္စမြင်အောင် ရှုမယ်၊ အတွင်းဧည့်သည် ကလည်း ရှိသေးတယ် (မှန်ပါ့) ဒကာ ဒကာမတို့အတွင်း ဧည့်သည် ဟောဦးမယ်။

အတွင်းဧည့်သည်

အတွင်းဧည့်သည်ကတော့ ခင်ဗျားတို့ မိုးလင်းလာရင် ရှေးဦးစွာ ဆွမ်းခံမလာခင် လောဘ စိတ်ကို မှတ်ပါ၊ လောဘစိတ် (မှန်ပါ့) ဆွမ်းတော်ထက် စောတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား) မစောဘူးလား (စောပါတယ်) စောပါ တယ်၊ စောပါတယ်၊ အိပ်ရာက ထလို့ရှိရင် ဒီစိတ်က အရင်လာတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လောဘစိတ် ၊

ဒါဖြင့် ဒီစိတ်သည် လောဘစိတ်ရင်လည်းလာမယ်၊ ကလေးက ဆူနေလို့ရှိရင်လည်း “အို အိပ်ရာက ထ, ထချင်း စိတ်ကိုပျက်ပါပြီ၊ ဆူလိုက်တာ” ဆိုတော့ ဒေါသစိတ်ရင်လည်း အရင်လာတယ် (မှန်ပါ့) အတွင်းဧည့်သည်နော်။

ဒေါသစိတ်

အဲဒါက ဟဒယဝတ္ထုပေါ်မှာ ပေါ်သောကြောင့် လောဘ, ဒေါသက အတွင်းဧည့်သည်လို့ မှတ်လိုက်ပါ၊ အိပ်နေ တုန်းက မရှိဘူး၊ ခုမှပေါ်တာ (တင်ပါ)။

ဒါကြောင့် သူကို ဧည့်သည်လို့ပဲမှတ်ပါ၊ အတွင်းဧည့် သည်နှစ်ယောက်ရသွားပြီ (တင်ပါ့ ဘုရား)။

မောဟစိတ်

ကြည့်လိုက်တဲ့အခါကျတော့ ကိုယ့်အိပ်ရာက ကိုယ်နှိုး ပြီးထကြည့်လိုက်တဲ့အခါကျတော့ ခြင်ထောင်သိမ်းဖို့ ကုဋီအိမ် သာသွားဖို့ ဒါတွေကို ဒုက္ခပါလားလို့ မသိတော့၊ အဝိဇ္ဇာ ကလည်း လာပြန်တယ် (တင်ပါ့) မသိတာက အဝိဇ္ဇာ မောဟပေါ့။ ဘယ်နှစ်ခုရှိသွားပြီလဲ (သုံးခု) သုံးခုရှိသွားပြီ။

ကောင်းပြီ၊ ဒါက အတွင်းမှာ သူဧည့်သည်အဖြစ်နဲ့ ပေါ် သလား၊ အိမ်သည်အဖြစ်နဲ့ ပေါ်သလား ဆိုတာတော့ ရိပ်မိ ကြပလား (ရိပ်မိပါပြီ) နိုးမှလာတာ ဧည့်သည်ပေါ့ (တင်ပါ့ ဘုရား)။

ဧည့်သည်က တော်တော်ကြာ ခင်ဗျားတို့ကို အပါယ်ပို့ မှာစိုးလို့ ဧည့်သည်ကိုလည်း သိအောင် လုပ်နေ ရသေးတယ် (မှန်ပါ့)။

အလောဘ

တစ်ခါတလေကျပြန်တော့လည်း ခင်ဗျားတို့ က အလောဘဆိုတဲ့ မိုးလင်းလာပြီလေ၊ ဆွမ်းတော်ကလေး, ဘာကလေး, တင်ဦးမှ၊ ဘုရားရှေ့ ပန်းကလေး ဘာကလေး လည်း တင်ဦးမှဆိုတဲ့ အလောဘဆိုတဲ့ ကုသိုလ်စိတ်ကလေး လည်း လာတတ်ပါတယ် (တင်ပါ့) ဒါလည်း ဧည့်သည် ပဲ (တင်ပါ့)။

အဒေါသ

အဒေါသဆိုတဲ့ “သဗ္ဗေ သတ္တာ အဝေရာဟောန္တ” ဆို ပြီးသကာလ မေတ္တာကလေးပို့တဲ့ ဧည့်သည် လည်း လာတတ်ပါ တယ်၊ သဘောကျပလား (တင်ပါ့ ဘုရား)။

ဒါဖြင့် အတွင်းဧည့်သည်က လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ ငါးခုပဲ ထားလိုက်ပါတော့ (မှန်ပါ့) အတွင်းဧည့်သည်က ဘယ်နှစ်ယောက်ပါလိမ့် (ငါးယောက်ပါ ဘုရား)။။

ငါးယောက်ဆိုတော့ အပြင်ဧည့်သည်က (ငါး ယောက်) အတွင်းဧည့်သည်က (ငါးယောက်)။

အိမ်သည်စိတ်

အိမ်သည်နှစ်ယောက် ထည့်လိုက်ပါတော့တဲ့၊ ဒါကုန်ပါ ပြီတဲ့စိတ် (မှန်လှပါ) အိမ်သည် နှစ်ယောက်က လေကို ထုတ်တဲ့စိတ်၊ လေကိုပြန်ရှိုက်တဲ့စိတ်၊ သူကတော့ သက်စောင့် ဖြစ် သောကြောင့် အိမ်သည်စိတ်တဲ့၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ဒကာ ဒကာမတွေသက်စောင့်ဖြစ်သောကြောင့် (မှန်ပါ့) သူမရှိ သေမှာကိုး (တင်ပါ့) မသေဘူးလား (သေပါတယ် ဘုရား) အဲဒီစိတ်နှစ်ခုကို ခင်ဗျားတို့က အားလုံး ပေါင်းလိုက်တဲ့ အခါကျတော့ ငါးနှစ်လီရယ်, နှစ်ရယ် ပေါင်းတော့ ဆယ့်နှစ် မနေဘူးလား။

အဲဒီ ဆယ့်နှစ်မှာ အမြဲတမ်း ရှုရမှာက ထွက်တဲ့စိတ်နဲ့ ဝင်တဲ့စိတ်ကို အမြဲတမ်းရှု၊ ဧည့်သည်က ပေါ်မှသာရှု၊ အိမ်သည် ပေါ်ရင် အိမ်သည်လိုက်ပါ၊ ဧည့်သည်ပေါ်ရင် (ဧည့်သည် လိုက်ပါ)။

ဧည့် သည်လိုက်တော့ကို ဟောဒီနေရာကနေပြီး သူ့လိုက်တာပဲ၊ သူဟဒယဝတ္ထုပဲ၊ ဟဒယဝတ္ထု ပေါ်ကနေပြီး သကာလ ဒကာ ဒကာမတို့ အနိစ္စသိတဲ့ ပညာကလေးနဲ့ မြင် စိတ်ပေါ်လည်း မြင်စိတ်က ဖြစ်ပျက်၊ ရှုတာကမဂ်၊ မဟုတ်ဘူးလား (တင်ပါ့ ဘုရား)။

အရှုခံကဖြစ်ပျက် ရှုတာကမဂ်

ကြားစိတ်ပေါ်လည်း ကြားစိတ်ကဖြစ်ပြီး ပျက်တာပဲ၊ ရှုတာက (မဂ်ပါ ဘုရား) ကူးသေးရဲ့ လား (မကူးတော့ပါ ဘုရား)။

နံစိတ်ပေါ်လို့ရှိရင်လည်း အရှုခံရတာက ဖြစ်ပျက်၊ ရှုတာက (မဂ်) ဒီလိုဆိုတော့ သခင်ဝတင် စဉ်းစားရမယ်၊ ကူးသေးရဲ့လား (မကူးပါ ဘုရား) မကူးတော့ သမုဒယ သစ္စာ နောက်ထပ် ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) မဖြစ် ရင် ဒီဒုက္ခသစ္စာက (မဖြစ်ပါ ဘုရား)။

ဒီဘက်မကူးမှ နိဗ္ဗာန်ရောက်တာ

ဒါဖြင့် သူမဖြစ်ကတည်းက နိဗ္ဗာန်ရောက်နေပြီ `(မှန်လှပါ ဘုရား) နိဗ္ဗာန်ကဒီဘက်မကူးမှ ရောက်တာ (မှန်ပါ့) ဒီဘက်ကူးရင် မရောက်ပါဘူး (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ) နိဗ္ဗာန်ဟာ နီးသလား၊ ဝေးသလား (နီးပါတယ် ဘုရား)။

နို့ ဘာဖြစ်လို့ နိဗ္ဗာန်ကို ဝေးတယ်လို့ဟောနေကြသတုံး ဆိုတော့ ဒီကူးတဲ့စပ်တဲ့ နေရာ ကလေးက ခင်ဗျားတို့ကို ဖြတ်ပေး မယ့် လူမရှိလို့ ဝေးနေတာ (မှန်လှပါ ဘုရား)။

ကြည့် “တဏှာနိရောဓောနိဗ္ဗာနံ” သံယုတ်ပါဠိ တော်မှာ မဟောဘူးလား (ဟောပါတယ် ဘုရား) တဏှာ နိရောဓောဖြစ်တော့ကို ဒီဇာတိဆိုတဲ့ ခန္ဓာကြီးက လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ‘‘ခန္ဓာနိရောဓော နိဗ္ဗာနံ” ဆိုတာကော မှား သလား (မမှားပါ ဘုရား) ဒါဖြင့် တဏှာချုပ်၊ ခန္ဓာချုပ်ပေါ့ဗျာ၊ ဇာတိချုပ်သဘောပါလား (တင်ပါ့ ဘုရား)။

ဒီနေရာက နှစ်လမ်းခွဲတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာကလေးက ခင်ဗျားတို့ နှစ်လမ်းခွဲတယ် (မှန်ပါ့) ရှုတဲ့ဘက်ကို သွားလိုက်လို့ရှိရင် လည်း ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း။။

မရှုတဲ့ဘက်သွားလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ၊ စိတ္တပစ္စယာ တဏှာနဲ့ ပဋိစ္စသမုပ္ပါဒ် လည်လမ်း (မှန်ပါ့) လည်တဲ့လမ်းပါပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လမ်းလိုက်မတုံးတဲ့ (ထွက်လမ်းလိုက်ပါမယ် ဘုရား) ထွက်လမ်း လိုက်မယ် (မှန်ပါ့ ဘုရား) အပြောကတော့ သာဓုခေါ်စရာနော် အပြောကတော့ သာဓုခေါ်စရာပဲလေ၊ ဒီ ဒကာ ဒကာမတွေ အပြောကတော့ မခေဘူး၊

ဘုန်းကြီး ဒကာ ဒကာမတွေ ဖြစ်နေတော့ ခင်ဗျားတို့ ဘုန်းကြီးပြီးတဲ့အချိန် ပြုံးကြပါ၊ ဘုန်းကြီး မပြီးသေးလို့ရှိရင် ခင်ဗျားတို့က မပြုံးပါနဲ့ဦး (မှန်ပါ့) ငါ ဝဋ်မကျွတ်သေးဘူး ဆုံးဖြတ်ချက်ချပါ။

ဝဋ်ဆိုတာဘာတုံး

ဝဋ်ဆိုတာ ဘာတုံးလို့ မေးဖို့မလိုပါဘူး၊ ဒကာ ဒကာမတို့ ဒီဟာသည်ကားလို့ ဆိုလို့ရှိရင်၊ ဘာတုံးလို့ မေးတဲ့ အခါကျလို့ရှိရင် တဏှာဥပါဒါန်က ကိလေသဝဋ်၊ ဒါက ကမ္မဝဋ်၊ ဒီဘက်ကြည့်ပါလား ဝိပါကဝဋ်၊ ဇာတိ ဇရာ မရဏ တွေ မပါဘူးလား (ပါ-ပါတယ် ဘုရား) ဒါကြောင့် ဝိပါက ဝဋ် ရှစ်ပါး။

ဒါဖြင့် ဒီကနေပြီးဖြစ်တဲ့ ဒီမှာ ရှိတဲ့စိတ်ကို ခုနပြောတဲ့ ဆယ့်နှစ်ခုစိတ်ကို ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကိလေသဝဋ်ကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ကမ္မဝဋ် (ချုပ်ပါတယ်) ဒီဘက်လာတော့ ဝိပါကဝဋ် ချုပ် ပါတယ်၊ ဒါဖြင့် ဒါဝဋ်ကျွတ်တာ ဆုတောင်းယူရမှာလား၊ ရှုရ မှာလား ဒီကနေပြီးတော့ (ရှုရမှာပါ ဘုရား)။

ဘုရားရှေ့လက်အုပ်ချီပြီးလုပ်မနေနဲ့

အဲဒါ ခင်ဗျားတို့က ဘုရားရှေ့ လက်အုပ်ချီပြီး ဝဋ် ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏လို့ လုပ်မနေနဲ့ (မှန်ပါ့)။

ဘုရားက ဖြတ်မပေးနိုင်ဘူး၊ မင်းတို့ဟာ မင်းတို့ ဆက် တာ ငါမတတ်နိုင်ဘူး၊ ခင်ဗျားတို့ကို ပြောလိုက်ပါလိမ့်မယ်။ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာဟာ အဖြစ်အပျက်ရှုတဲ့မဂ်ကို မဂ္ဂသစ္စာ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) မဂ္ဂသစ္စာ မပါဘဲနဲ့ ဦးသံဒိုင် နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

သူက “ဧကာယနော အယံ ဘိက္ခဝေ မ” ကိုး (မှန်ပါ့) တစ်ကြောင်းတည်းနဲ့ ငါနိဗ္ဗာန် ပို့မယ် ဆိုတာ သူပဲရှိတယ်။ ဒိပြင်ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ဒီဝဋ်ကျွတ်တယ်

အဲဒါကြောင့် အခုခဏပဲ နာရတယ်ဆိုတာ ဒကာ ဒကာမတွေမှာ ဒီဝဋ်ကျွတ်-မကျွတ်၊ ရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီဝဋ် ကျွတ် မကျွတ် (ကျွတ်ပါတယ် ဘုရား)။

ဒီဝဋ်ကျွတ်ရင် ကိလေသဝဋ်ကျွတ်ပြီ၊ ကိလေသဝဋ် ကျွတ်ရင် ကမ္မဝဋ်က ငါချည်း လုပ်မယ် ဆိုလို့ရသလား (မရပါ ဘုရား) ကိလေသာ အုပ်ချုပ်နေမှ ကမ္မဝဋ်ကဖြစ်တာ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။။

ကမ္မဝဋ်မရှိတဲ့ပုဂ္ဂိုလ် ကံပဲ မရှိတဲ့ပုဂ္ဂိုလ် ဝိပါကဝဋ် ဆိုတဲ့သူတို့ ရှစ်ပါးလာဦးမလား (မလာပါ ဘုရား) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ လာပါ့မလား (မလာပါ ဘုရား) ဒါဖြင့် ဝဋ်ကျွတ် ချင်လို့ရှိရင် ခင်ဗျားတို့ ၂-က ၃-ကို မကူးစေနဲ့ (မှန်ပါ)

၂-က (၃-ကိုမကူးရဘူး) ကူးတဲ့ပုဂ္ဂိုလ်ရှိရင် ကိုယ့်ဟာ ကိုယ် မိုက်လို့သာ အောက်မေ့ပေတော့ .(မှန်ပါ့) ကူးရင်၊ ကူးရင် ဘယ့်နှယ်ဆိုကြမလဲ (မိုက်လို့)။

အရွယ်ကြီးမှမိုက်တာ

မိုက်တာက အရွယ်ကြီးမှ မိုက်တာလား၊ ငယ်ငယ်တုန်း က မိုက်တာလားဆိုတာလည်း ကိုယ့်အသက်နဲ့ ကိုယ်ချိန်ရင် သိမယ်။

ဦးမာဒင် စောင်းပြောတယ်လို့လည်း အောက်မေ့မနေ ပါနဲ့၊ စောင်းမြောင်းနေတယ်လို့လည်း အောက်မေ့ မနေပါနဲ့၊ အရွယ်ကြီးမှ မိုက်တာလားဟေ့ဆိုတော့ မိုးလင်းလာလို့ရှိရင်ဖြင့် တဲ့ ကိလေသဝဋ်က အရင်ပေါက်ပြေးလာတတ်တယ် (မှန်ပါ့)။

ကိလေသဝဋ်

ကိလေသဝဋ် လာလို့ရှိရင် ကာယကံ ဝစီကံနဲ့ ဦးသံဒိုင် တို့က ဘယ်ဈေးက ဘယ်သွားကွ၊ ဘယ်သူက ဘယ်ဆိုင် သွားကွ၊ ဒါ ဘာတုံး ဦးသံဒိုင်၊ ဝစီကံ၊ ဝစီကံဆိုတာ ကမ္မဝဋ် မကျဘူးလား (ကျပါတယ် ဘုရား)။

ကမ္မဝဋ်

ဒါဖြင့်ဘာဖြစ်လို့ ဒီကမ္မဝဋ်က လာတာတုံး မေးတော့ ဟောဒီ ငွေလိုချင်တဲ့ ကိလေသဝဋ်က ရှိတယ် (မှန်ပါ့) ကိလေသဝဋ်ရှိသောကြောင့် ခင်ဗျားတို့ဟာ ဘာတွေပြော လေ့ ဆိုလေ့ ရှိသတုံး (ကမ္မဝဋ်) ကမ္မဝဋ်က လုံလောက် ပလားတဲ့၊ ကာယကံ, ဝစီကံနဲ့ ပြောလိုက်တော့ လုံလောက်နေ ပြီ၊ မသေသေးလို့ သေရင် ဝိပါကဝဋ်လာမယ် (မှန်ပါ့) သဘော ကျပလား (တင်ပါ့)။

ဒါဖြင့် တစ်နေ့ကို ဒကာ ဒကာမတွေ ဒီ ကံပေါင်း ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါ) ဟင် (အများကြီး) အများကြီး လှည့်နေတယ်။

ဒါဖြင့် ဒကာ ဒကာမတွေ သွားပြီ၊ မျှော်လင့်ချက် မရှိ ဘူး (မှန်ပါ့) ခင်ဗျားတို့ လူ့ပြည် အလည် လာတာ၊ အလည် လာတာ သက်သက်ပေါ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီးများက ပြောလိုပါတယ်၊ ဒီ ဒကာ ဒကာမတွေ ခင်ဗျားတို့ အခုဘဝ မိုက်ထားတာတွေလည်း မနည်းပါဘူး၊ သဘောကျပလား (ကျပါပြီ) ဟို စက်ရှင်မှု Asessions case တွေ မဟောပါဘူး၊ ဒီလောက်မိုက် တာ၊ ရူးတာ မူးတာကိုမဟောပါဘူး၊ မနောက မိုက်ထားတာတွေ ဟောနေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

အဲဒီလောက် မိုက်ထားတာ ဒကာ ဒကာမတို့၊ ဦးမြတို့ လူစုက တပည့်တော်တို့ ကောင်းမှု ပြုထားတယ်၊ ကျောင်းလည်း ဆောက်ထားတယ်၊ ဘုရားလည်း တည်တယ်။

ကျောင်းဆောက်၊ ဘုရားတည်ထားတယ်

အို ကျောင်းဆောက်၊ ဘုရားတည်တာကကွာ တစ်နေ့ဖြစ်တဲ့ အကုသိုလ်တွေနဲ့ စာစမ်းပါ (မှန်ပါ့) ဘယ့်နှယ်တုံး (မယှဉ်သာပါ ဘုရား)။။

ဟင် ယှဉ်သာရဲ့လား (မယှဉ်သာပါ) မကယ် ဘူးကွ၊ ပြီးရော၊ သွားရော၊ မကယ်ဘူးကွ (မှန်ပါ့)။

ဘာကြောင့် မကယ်ဘူးကွတုံးလို့ဆိုတော့ ဟို ဒွါရ ခြောက်ပေါက် ဒီက ခုနက အတွင်း ဧည့်သည် လာလည်း မရှုမိ၊ အပြင်ဧည့်သည် လာရင်ကော (မရှုမိ) အိပ်သည်နှစ်ခုလာ ရင်ကော (မရှုမိ) မရှုမိတော့မဂ်က ဘယ်တော့ ပေါ်ပေး သတုံး (မပေါ်ပါ) ဒါဖြင့် ကံဖြတ်မဂ်က လာသေးရဲ့ လား (မလာပါ ဘုရား)။

ရှေ့များဘာဖြစ်မယ်လို့မြင်ပါသတုံး

မလာတော့ ခင်ဗျားတို့ တဏှာ၊ ဥပါဒါန်၊ ကံ။ တဏှာ၊ ဥပါဒါန်၊ ကံ။ တဏှာ၊ ဥပါဒါန်ကံ ဒါတွေချည်း လုပ်နေတယ်၊

ဒါချည်းလုပ်နေတော့ တပည့်တော်တို့ ရှေ့များ ဘာဖြစ်မယ်လို့ အရှင်ဘုရား မြင်ပါသတုံး၊ အရှင်ဘုရားကတော့ တပည့်တော် တို့နဲ့ စာလို့ရှိရင် ပညာလည်း နည်းနည်းကြီးပါတယ်၊ “အို ဒါက ဆုံးဖြတ်ချက် ချလိမ့်မယ်ဟေ့” ရိပ်မိပလား (မှန်လှပါ)။။

(စက်ဝိုင်းကို ထောက်ပြ ဟောတော်မူသည်)။

ဘယ်သူက ဆုံးဖြတ်ချက်ချမတုံး (တဏှာ၊ ဥပါဒါန်၊ ကံ၊ က) တဏှာ၊ ဥပါဒါန်၊ ကံက ကိုယ့်အထဲဖြစ်တာ (မှန်ပါ့) ဘုရားက တဏှာ၊ ဥပါဒါန်၊ ကံဖယ်ပြီး သားတော် ရာဟုလာကို ဆွဲတင်လို့မရဘူး (မှန်ပါ့)။။

ပဋိစ္စသမုပ္ပါဒ်က ဘုရားမပွင့်ခင်ကတည်းက ရှိတာကိုး ဗျ၊ ဘုရားပွင့်ကော (ရှိပါတယ် ဘုရား) ဘုရားပွင့်တော့ နာမည်ပေးဖော်ရတယ်။

ဘုရားမပွင့်ခင်က သူအမြဲတမ်းရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

တပည့်တော်သေရင်ဘယ်သွားမှာတုံး

ဒါဖြင့် တပည့်တော်သေရင် ဘယ်သွားမှာတုံးဆိုတော့ ဒါ စဉ်းစားတာပေါ့ကွာ သူတို့ စီမံရာပေါ့။ သူတို့မလာလို့ရှိရင် လည်း ဒီဘက်သွားမယ် နိဗ္ဗာန်သွားမယ် (မှန်ပါ့) ဒီမှာ ရှုတဲ့ပုဂ္ဂိုလ်က။

မရှုတဲ့ပုဂ္ဂိုလ်ကတော့ ဒီပါဠိတော်အတိုင်း ဒီပဲသွားမယ် ဟေ့၊ မဆိုထိုက်ဘူးလား၊ ဆိုထိုက် သလား (ဆိုထိုက်ပါ တယ် ဘုရား)၊

ဒါဖြင့် ဒီကနေ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီး ပလား (မှန်ပါ့ ဘုရား) ဘယ့်နှယ် ချထား သလဲ၊ တစ်လမ်း သွားပါပဲလား၊ တစ်လမ်းသွားပါပဲ၊ အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ အခု သေသေချာချာ လာပြီးသကာလ အကြောင်းတိုက်ဆိုင်နေလို့ပြောနေတာ၊ ခင်ဗျားတို့လုပ်တာ အလွဲချည်းမို့ပြောနေတာ (မှန်ပါ့) ဦးမြ နာသလား ခင်ဗျား (မနာပါ ဘုရား)။

မနာကြနဲ့နော် (မှန်ပါ့) မနာကြပါနဲ့၊ အလွဲချည်း လုပ်နေတာ၊ အလွဲက ဒီဖြတ်လမ်းကို ဘယ်တော့မှ မလုပ်ဘူး။ လုပ်ရဲ့ လား (မလုပ်ပါ) ဖြတ်လမ်းက လုံးဝမပါဘူးဆို တော့ ဒီဘက် လည်လမ်း ချည်းလုပ်နေတယ် (မှန်ပါ့)။

ဒါဖြင့် ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်မယ် (မှန်ပါ့) ကမ္မဝဋ်ကြောင့် သေသည်၏အခြားမဲ့၌ (ဝိပါက ဝဋ်) ဝိပါကဝဋ်ဖြစ်မယ်၊ ဝိပါကဝဋ်ထဲက ကိလေသဝဋ် ပြန်ပေါက်ပွားဦးမယ် (မှန်ပါ့) ဒါ ကိလေသဝဋ် (မှန်ပါ့) ဒီ ကြည့်လေ ကိလေသဝဋ်တွေ ဒီဥစ္စာ ဟောဒီပါသားပဲ၊ မပါဘူးလား (ပါ-ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိလေသဝဋ် လုပ်ပြန်တော့ ဒီ ကမ္မဝဋ်က မလာပေဘူးလား (လာပါတယ် ဘုရား) ဒီ ဝိပါကဝဋ် ကကော (လာပါတယ် ဘုရား)။

ဒါဖြင့် ဝိပါကဝဋ်ထဲက ကိလေသဝဋ် ပေါက်ပွား မလား မပေါက်ပွားဘူးလား (မှန်ပါ့) ပေါက်ပွားရင် ကမ္မဝဋ်က မလာဘူးလား (လာပါတယ်) ကမ္မဝဋ်ထဲက ဘာပေါက်ပွားမလဲ (ကိလေသဝဋ်) ဟော ကိလေသဝဋ်ပေါက်ပွားပြီ။

ကဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ဟာ ဘယ်မှာ ထွက်လမ်းပါသေးသလဲ (မပါ-ပါ ဘုရား) ဒကာ ဒကာမတွေ ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

မြန်မြန်လုပ်ကြပါ၊ ရက်ရွှေ့နေရင်မှားပြီ

အချိန်က မီလိုက်ရုံကလေး ရှိတယ်နော်၊ ဦးမြ မြန်မြန် လုပ်ကြပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ (မှန်ပါ့ ဘုရား) ရက်ရွှေ့ရင် မှားပြီ၊ ဒကာ ဒကာမတွေ ရက်ရွှေ့ ရင် (မှားတယ်) ရက်ရွေ့ ရင် မှားတယ်ဆိုတော့ ခင်ဗျားတို့က မျက်လုံးမဖွင့်ဘဲ နားမထောင်ဘဲ နေနိုင်ရဲ့လား (မနေနိုင်ပါ) မနေနိုင်ရင် ဒါတွေပဲ ထပ်လာတာပဲ (မှန်လှပါ)။

ကဲ ရက်ရွှေ့သလောက် မနာဘူးလား၊ ငွေရက် ရွှေ့ပြီးတွက်တာက အတိုးတက်ရုံပဲရှိမယ် (မှန်ပါ့) ပစ္စုပ္ပန် မှာ တောင်းပန်ရင် ရသေးတယ်၊ ဒါက တောင်းပန်လို့ရမရ (မရပါ) ရနိုင်ပါ့မလား (မရနိုင်ပါ)။။

ကမ္မဘဝပစ္စယာ ဇာတိ၊ ဘယ်သူတောင်းပန်လို့ရမလဲ (မရပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အင်မတန်မှ အကျိုးတွေနစ်နာပြီး သကာလ၊ သာမည ကုသိုလ်ကို အကြီးအကျယ် ကုသိုလ်ထင်ပြီး သကာလ၊ အားကိုး လုံးထုတ်နေမှာ အင်မတန် စိုးရိမ်တယ် (မှန်ပါ့) ဝဋ်က မပြတ်ဘူး၊ သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

ရွှေတိဂုံရွှေအပြည့်ချနိုင်တာ

သာမည ကုသိုလ်ကို ခင်ဗျားတို့က ရွှေတိဂုံရွှေအပြည့် ချနိုင်တာနဲ့ တော်လောက်ပြီလို့ အောက်မေ့ချင် အောက်မေ့နေ မှာ (မှန်ပါ့) မဟုတ်သေးပါဘူးတဲ့။

ဒါ ခင်ဗျားတို့ သစ္စာမသိလို့ရှိရင် သင်္ခါရပစ္စယာဝိညာဏံ ပဲ လာမယ်၊ ကမ္မဘဝပစ္စယာ ဇာတိပဲလာမယ် (မှန်ပါ့ ဘုရား)။

သို့ သော် ဇာတိမှာ ခင်ဗျားတို့ အထင်ကတော့ အထက်တန်းကျတယ်လို့ ထင်လိမ့်မယ်၊ ဪ တပည့်တော် သုဂတိဇာတိပဲလို့ ထင်ချင်ထင်ကြလိမ့်မပေါ့ဗျာ (မှန်ပါ့ ဘုရား)။။

သုဂတိ ဇာတိကို သစ္စာဖွဲ့ ကြည့်တော့ ဟောဒီက သက်သေခံတယ် (မှန်လှပါ ဘုရား) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒုဂ္ဂတိ ဇာတိကို သစ္စာဖွဲ့တော့ကော (ဒုက္ခသစ္စာပါပဲ ဘုရား)။ အင်း ဘာထူးသေးသတုံးဗျ (မှန်ပါ့ ဘုရား) သစ္စာ ဖွဲ့တော့ ဒုက္ခသစ္စာချည်းပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ်လုပ်တာဟူသရွေ့ အမှန်ပဲ လို့ ဆိုကြမလား၊ အလွဲပဲလို့ဆိုကြမလား (အလွဲပါ ဘုရား) အလွဲလို့ သေသေချာချာ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

အမြင်ကျယ်လေ၊ စိတ်ညစ်စရာကောင်းလေ

အေး အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက်မှာ အမြင်ကျယ်လေ စိတ်ညစ်စရာ ကောင်း လေ (မှန်ပါ့) အမြင်ကျယ်လေလေ (စိတ်ညစ်စရာ ကောင်းလေလေ) စိတ်ညစ်စရာကောင်းလေလေဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးကလည်း စေတနာကောင်းကောင်း၊ ခင်ဗျားတို့ကလည်း ဆရာသမား ရောက်တယ်ဆိုတော့ဝိုင်းလာကြ၊ အင်မတန်မှလည်း သိစေချင်တော့ ဒကာ ဒကာမတို့ ဒီကနေ မပြတ်သရွေ့ ကာလပတ်လုံး ကိစ္စမပြီးသေးပါဘူးဆိုတာ ဘယ်သူပြောတာမှ မယုံနဲ့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီနေရာမှာမဂ်ဝင်ပါ

ဒီနေရာမှာ မဂ် မဝင်နိုင်သေးသရွေ့ ကာလပတ်လုံး၊ ဝိပဿနာ မဂ် မဝင်နိုင်သေးသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ ငါတော်ပြီဆိုတဲ့စကားကို ဘယ်သူမှမသုံးပါနဲ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ငါတော်ပြီဆိုတဲ့စကား (မသုံးပါနဲ့) သုံးရင် (မှားသွားမယ်) မှားတယ်ဆိုတာ သဘောပါကြ ပလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ပြောပါမယ် တဲ့၊ ဒီကြည့် ခင်ဗျားတို့ အတိတ် အကြောင်းက အဝိဇ္ဇာသင်္ခါရ ဆိုပါတယ်တဲ့၊ ဆိုပင်ဆိုငြားသော်လည်း အဝိဇ္ဇာရယ်၊ သင်္ခါရ ရယ်၊ တဏှာရယ်၊ ဥပါဒါန်ရယ်၊ ဘဝ ပါ-ပါနေတယ်နော် (မှန်လှပါ) မပါဘူးလား (ပါ-ပါတယ်)။

အတိတ်အကြောင်းငါးပါး

အဲဒါ အတိတ်အကြောင်းက ငါးပါး၊ ဟောဒီ ပစ္စုပ္ပန် အကျိုးကလည်း ငါးပါးပဲလာတယ်၊ မလာဘူးလား (လာပါတယ် ဘုရား) ပစ္စုပ္ပန်အကျိုးကလည်း ငါးပါးပဲ မနေ ဘူးလား။

ဟောဒီ ပစ္စုပ္ပန်အကြောင်း ထပ်လုပ်ပြန်တာကလည်း တဏှာ ဥပါဒါန်ဘဝတဲ့၊ အဝိဇ္ဇာသင်္ခါရနဲ့ပဲ ခင်ဗျားတို့ ပြန်လုပ်တယ်၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အနာဂတ်အကျိုးရှစ်ပါး

အဲဒီတော့ အနာဂတ် အကျိုးမှာလည်း ရှစ်ပါး မလာပေ ဘူးလား (လာပါတယ် ဘုရား) ဒီသုံးခုနဲ့ ရောလိုက်ဗျာ၊ ဒီအပေါ်က ငါးခုနဲ့ (တင်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ရှေးဘဝက တပည့်တော် ဘာများဖြစ်ခဲ့ပါလိမ့်မလဲ ဘုရားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဒီသစ္စာ ဒီသစ္စာ ဒီသစ္စာ။ ဒီသစ္စာ ဒါပဲ လုပ်ခဲ့တယ် (တင်ပါ့) မဂ္ဂသစ္စာပါဖူးကြရဲ့လား (မပါ ဖူးပါ ဘုရား) နိရောဓသစ္စာ (မပါဖူးပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာက မီးပဲ သမုဒယသစ္စာက မီး၊ ဒုက္ခသစ္စာက ခန္ဓာဖြစ်သောကြောင့် ထင်း (တင်ပါ့) ထင်းနဲ့ မီးချည်းပဲ လုပ်ခဲ့တယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

မီးငြိမ်းကြောင်းနဲ့ မီးသေတဲ့နေရာဌာန လုပ်ဖူးကြရဲ့ လား (မလုပ်ဖူးပါ ဘုရား)။

ဒါဖြင့် လွဲလိုက်တာကို လွန်နေပြီ ဆိုတာကော မပေါ် ကြဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။။

ဒါဖြင့် ထင်းနဲ့မီးကလည်း ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့ ခန္ဓာကိုယ်ကြီးထဲမှာလည်း ဒုက္ခသစ္စာ ဒါ ထင်း (မှန်ပါ့) ဒီထဲမှာ ဒါတွေပေါက်ပွားတော့၊ ကဲ သခင်ဝတင် ဘာသစ္စာလို့ဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆို သမုဒယသစ္စာနဲ့ ပေါင်းလိုက်တော့ မလောင်ဘူးလား (လောင်ပါတယ်) သမုဒယက မီး၊ ဒုက္ခက ထင်း (မှန်ပါ့)။

မီးလောင်နေလို့ပြေးနေတာ

ဦးမြကြီး တိုင်းပြည်လှည့်ပြေးနေတာ ဘာပြုလို့ ပြေးနေ တယ်ထင်သတုံး၊ ဦးမြကြီး ပြေးနေတာ ဘယ့်နှယ်ထင်ကြသလဲ မီးလောင်လို့ပြေးနေတာ၊ ဟိုလည်းစိတ်မချ၊ ဒီလည်း စိတ်မချနဲ့၊

လောဘမီး၊ ဒေါသမီး လောင်တော့ ခန္ဓာကြီးကတော့ အသက် ၇ဝ ပြည့်နေပြီ၊ ပြေးနေလို့ ကောင်းတုန်းပဲ သူက၊ ပြေးလောင် နေတာ၊ အတော်မဆိုးဘူးလား (တင်ပါ့)။

ဦးသံဒိုင်တို့လို လူတွေက ဒီအတိုင်း မဟုတ်ဘူး၊ ဆွေးပြီး လောင်တယ်၊ ပြေးလောင်မဟုတ်ဘူး၊ ဆွေးလောင်တယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ) အင်မတန် ဆိုးဝါးနေတယ်။

ဦးသန်းမောင်ကြီးက ဘယ်အလောင်ထဲကတုံး၊ ပြေး လောင်တာလား သွေးလောင်တာလား (ပြေး လောင်တာပါ) ပြေးလောင်မို့ ခြောက်မိုင်ပြေးလိုက် ရှစ်မိုင်ပြေး လိုက်ပေါ့ (တင်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု ခန္ဓာထဲမှာ အခုအချိန်ပဲ တရားကို သိနေတဲ့ ဉာဏ်ကလေး ပါတယ်၊ ကျန်တဲ့အချိန်မှာ မီးနဲ့ သူနဲ့ တွဲလောင်နေတယ်၊ ဦးသန်းမောင် (မှန်ပါ့)။

ကားနဲ့သွားတာတောင် နှေးတယ်ထင်ပြီးတော့ လောင် ချက် ဘယ်လောက်ပြင်းတယ် ထင်သလဲ၊ မပြင်းဘူးလား (ပြင်းပါတယ် ဘုရား) လေယာဉ်ပျံနဲ့ သွားရော (တင်ပါ့)။

လောင်ချက်ပြင်းလွန်းလို့

ဟ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ လောင်ချက် ပြင်းလွန်းလို့ အပြေးမြန်တာ၊ သဘောပါပလား (ပါ- ပါတယ်) ခု ဟင်္သာတက လာစောင့်နေတာ ဒကာကြီးဟာ အတော်ကြာသွားပြီ၊ အတော်များ လောင်နေ ရော့လား၊ မလောင်ဘူးလား (လောင်ပါတယ်) ဟေ့ မောင်ထွန်းအောင်တို့ သဘော ပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လွန်လေပြီးသော အတိတ်ကာလက ဘာသစ္စာလုပ်ခဲ့သတုံး (သမုဒယသစ္စာ လုပ်ပါတယ်) အခုဘဝမှာ ဘာသစ္စာတွေ ပေါ်နေသတုံး (ဒုက္ခသစ္စာတွေပေါ်နေတယ်)။

ဟော ပစ္စုပ္ပန်အကျိုးတဲ့၊ ဒုက္ခသစ္စာတွေ ပေါ်နေ တယ်။

ဘုန်းကြီးတရားကို မလိုက်နာတော့ဘူး၊ သူ့အတိုင်း ထားလိုက်ရင်တော့ ခင်ဗျားတို့ ဘဝဟာဖြင့် ဒီဆရာသမားနဲ့ မတွေ့ရင် ရှုံးပြီ၊ အားလုံး ဒကာ ဒကာမတွေ ဆရာကောင်း သမားကောင်းမတွေ့ရင် ဘယ့်နှယ်ဆိုကြမလဲ (ရှုံးပြီ) အချိန်မီသေးသနော် ဦးမြ (မှန်ပါ့)။

ဒကာ ဒကာမတွေ အခုဘုန်းကြီး ဘာဆုံးမ သလဲ (အချိန်မီတယ်) အချိန်မီသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အချိန်တော့ မီပါရဲ့ ဘုရား၊ တပည့်တော်တို့က ကိစ္စ တွေက သိပ်များတယ်ဆိုပြီး ကိုယ့်ကိုယ်ကို လှံနဲ့ မထိုးလိုက်ပါ နဲ့၊ ကိစ္စတွေ သိပ်များတယ်ဆိုတာ တပည့်တော် မလုပ်နိုင်ဘူး ပြောတာ (မှန်လှပါ) မလုပ်နိုင်ဘူး ပြောတော့ ဒါပဲ လုပ် နိုင်တယ်ပြောတယ်၊ ဒကာ ဒကာမတွေ ၃-နံပါတ်ပဲ လုပ်နိုင် တယ်ပြောတယ်။

ဒီနေရာ မလုပ်နိုင်ဘူးဆိုတော့ ဒီဟာတော့ လုပ်နိုင် တယ် ပြောတယ် (မှန်လှပါ) မဂ္ဂသစ္စာတော့ မလုပ်နိုင် ဘူး၊ သမုဒယသစ္စာတော့ (လုပ်နိုင်ပါတယ်) ဟ မောင်ကိုတို့ ဦးမြတို့ ဘယ်လောက် မနာဘူးလား (နာပါတယ် ဘုရား)။

ဖြတ်လမ်းလုပ်ဖို့လိုတော့တယ်

ဒါကြောင့် ခင်ဗျားတို့ ဦးမြတို့ အသက် ၇ဝ,လည်း ပြည့်နေပြီ၊ ဦးသံဒိုင်လည်း ကြီးပြီ၊ ဦးမာဒင် လည်းကြီးပြီ၊ အခု အချိန်မှာ ဖြတ်လမ်းပဲ လုပ်ဖို့ လိုတော့တယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာလိုကြသလဲ (ဖြတ်လမ်းလုပ်ဖို့ လိုပါတယ်)။

ဖြတ်လမ်းပဲ လုပ်ဖို့လိုတော့တယ်၊ ဖြည်းဖြည်းမှ ဖြတ် ချင်သလား၊ မြန်မြန်ဖြတ်ချင်သလား (မြန်မြန်ဖြတ်ချင်ပါ တယ်) အပြောနဲ့ဖြင့် ဒီလို မလုပ်ကြပါနဲ့တဲ့၊ ဒီလို မလုပ်ကြပါ နဲ့ ဒကာ ဒကာမတို့။

ရှုပ်မနေနဲ့ မြန်မြန်လုပ်ကြစမ်းပါ

ဟေ့ ဆန်းဦးညွန့်ကြီး မြန်မြန်လုပ်မှရမယ် (မှန်ပါ့ ဘုရား) မြန်မြန်လုပ် ရှုပ်မနေနဲ့၊ မြန်မြန် လုပ်ကြစမ်းပါ။

နို့မို့လို့ရှိရင် ဟောဒီ အဝိဇ္ဇာနဲ့ တဏှာဟာ ပုံတောင်း (မှန်ပါ့) ပုံတောင်းဆိုတာ အခုအခါတော့ စက်လည်တဲ့ ဘောကြီးပဲ၊ သူက လှည့်ပေးနေတာ၊ သူကလှည့်ပေးလိုက်တဲ့ အခါကျတော့ ဒီလို ဒီအတိုင်း မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။။

ဟောဒီ သင်္ခါရတွေက မမြင်ဘူးလား ဒီမှာ ပြထားတာ ဒေါက်တွေပေါ့။ ဒါတွေ ဒေါက်တွေပဲ၊ သူတို့က ဒေါက်တွေမှာ ဘယ်သူ အုပ်ချုပ်ထားတုံးဆိုတော့ ဇရာ မရဏ အကွပ်ကြီးက ဒီကနေ ကွပ်ထား တော့ ခင်ဗျားတို့မှာ ပုံတောင်းရယ်၊ ဒေါက် ရယ်၊ အအိုရယ်၊ အသေရယ်၊ အကွပ်ကြီးနဲ့ လည်နေကြတယ်၊ အကောင်းပါသေးရဲ့လား (မပါ-ပါ ဘုရား)။

အဲဒီထဲမှာ ဒါကြီးနဲ့ လည်နေရတဲ့အထဲမှာ သားဝန်၊ သမီးဝန်၊ ဆွေဝန်၊ မျိုးဝန်၊ မင်းဝန်၊ စိုးဝန်တွေကလည်း ထမ်းနေ ရသေးတယ်၊ လမ်းကလည်း ၉၆ ပါး လမ်းကြမ်းထဲမှာ ဒကာ ဒကာမတွေ သွားနေတယ် (တင်ပါ့ ဘုရား) ဘယ်လမ်းလဲ (၉၆ ပါး လမ်းကြမ်းကြီးမှာ သွားနေတယ်) ၉၆ ပါး လမ်းကြမ်း ထဲမှာ သားဝန်၊ သမီးဝန် ဆွေဝန်၊ မျိုးဝန် စိတ်မချ လက်မချ ထမ်းပြီးသွားနေတယ် (မှန်ပါ့)။

လမ်းကလည်း လမ်းကြမ်း၊ ဝန်ကကော ဝန်လေး၊ လမ်းက (လမ်းကြမ်း) ဝန်ကကော (ဝန်လေး) ဖြည်းဖြည်း သွားရသလား၊ ပြေးပြေးသွားရသလား (ဖြည်း ဖြည်းသွား) ဖြည်းဖြည်းသွား မရောက်ဘူး (မှန်ပါ့) အသွား မြန်မြန် (မှန်ပါ့) မင်းတို့ဒါကြောင့် ဖျင်းနေတာ၊ စီးပွားရေး ဒါကြောင့် မင်းတို့ချို့တဲ့နေတာ၊ အသွားသုတ်သုတ်၊ အပြန်

သုတ်သုတ်ဆိုတာ မကြားဖူးဘူးလား (တင်ပါ့) အောင်မာ ဒကာ ဒကာမတို့ကို ဆုံးမနေတာ (မှန်ပါ့) ဒီလိုဆုံးမပြီး သကာလ ဦးမြတို့ကျတော့ မဆုံးမရဘူး၊ ကိုယ့်ဟာကိုယ် ပြေးနေတယ်။

အဲဒီတော့ ၉၆-ပါး လမ်းကြမ်းမှာ သားဝန်၊ သမီးဝန်၊ ဆွေဝန်၊ မျိုးဝန်၊ မင်းဝန်၊ စိုးဝန်တွေ ထမ်းပြီး ပြေးတော့ ဒကာ ဒကာမတွေပြေးတော့ လမ်းမှာ ဟပ်ထိုးလဲ သေကြတယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (တင်ပါ့)။

နောက်ဘဝ ထလာပြန်တော့လည်း ဒီဟပ်ထိုးလဲနဲ့ပဲ သေတာပဲ (မှန်ပါ့) နောက်ဘဝ ထလာ ပြန်တော့ကော (ဟပ်ထိုးလဲနဲ့ပဲ သေတာပဲ) ဘယ်သူကများ ခင်ဗျားတို့ထူပေး မည့်သူ၊ မပေးမည့်သူ ရှိသတုံး (မရှိပါ ဘုရား) အဲဒီ မဂ်ပဲ အကူအညီကိုရတယ် ဒကာ ဒကာမတို့ ဒိပြင်ဘုန်းကြီးတို့ ဘာမျှ မတတ်နိုင်ဘူး။

နိဗ္ဗာန်ရောက်အောင်ထမ်းမခေါ်နိုင်ဘူး

ဘုရားဟာ ရာဟုလာ သူ့သား မဟုတ်ဘူးလား (မှန်ပါ့) သူ့ဟာသူ ထမ်းခေါ်နိုင်ရဲ့ လား နိဗ္ဗာန်ကို (မခေါ်နိုင်ပါ ဘုရား) ရာဟုလောဝါဒသုတ် ရာဟုလာ ဆုံးမတဲ့ သုတ်ဆိုပြီး ဟောရပြန်တယ်၊ မင်း ဒီသုတ်ကို ဒီအတိုင်း နှလုံးသွင်းပါဆိုပြီး သွင်းလိုက်တော့မှ သူ့ဟာသူလိုက်ရတာကိုး။

ဒီမှာလည်း ဘုန်းကြီးက နည်းသာပေးတတ်တယ်၊ ခင်ဗျားတို့ အားလုံးသော ပုဂ္ဂိုလ်တွေကို နိဗ္ဗာန် ရောက်အောင် ထမ်းမခေါ်နိုင်ဘူး (မှန်လှပါ ဘုရား)။

ကြည်ညိုကြပါတယ်၊ ခင်ဗျားတို့ ဆရာသမားလည်း အားကိုးပါတယ်၊ အားကိုးပေမယ့်လို့ ထမ်းခေါ်နိုင်တဲ့ ဆရာသမား မဟုတ်ဘူး (မှန်ပါ့) ဘုရားမှ မခေါ်နိုင်ဘဲနဲ့ ဘုန်းကြီးတို့က ဘယ်ခေါ် နိုင်ပါ့မလဲ (မခေါ်နိုင်ပါ ဘုရား)။

ခင်ဗျားတို့ဉာဏ်နဲ့ခင်ဗျားတို့လိုက်ရမယ်

မခေါ်နိုင်တော့ ခင်ဗျားတို့ ဉာဏ်နဲ့ ခင်ဗျားတို့ လိုက်ရ မယ် (မှန်ပါ) ဉာဏ်တော့ ပေးမယ်၊ မရ မရှိရဘူး၊ ဉာဏ်တော့ သေသေချာချာရမယ်၊ ဒကာ ဒကာမတို့ စွဲစွဲမြဲမြဲ ကလေးသာ မှတ်ပါ၊ ဉာဏ် သေသေ ချာချာရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ပြတာကဖြင့် အတိတ် ဘဝက ဘာသစ္စာနဲ့ သေခဲ့ကြသတုံး (သမုဒယသစ္စာနဲ့ပါ ဘုရား) ဒါ အတိတ်ပေါ်နေပြီနော် (မှန်ပါ့)။

ယခုဘဝ ဘာသစ္စာရထားသတုံး (ဒုက္ခသစ္စာ ရထားပါတယ်)။

အင်း အခု သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ဘာသစ္စာလုပ်ပြန်သတုံး (သမုဒယသစ္စာ လုပ်ပါတယ် ဘုရား) အင်း သေသည်၏ အခြားမဲ့၌ ဘာဖြစ်မှာတုံး (ဒုက္ခသစ္စာ ဖြစ်မှာပါ) ဒီဒုက္ခနဲ့ သေရတဲ့ လူဟာတဲ့ မသိတဲ့ အဝိဇ္ဇာလာ, မလာ (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီဘက်ကို ပြန်ပတ်မယ် ၁-နံပါတ် ပြန်ရောက် မယ် (ရောက်ပါတယ် ဘုရား) မရောက်ပေ ဘူးလား (ရောက်ပါတယ်) ၁-နံပါတ် ပြန်ရောက်တယ်ဆိုရင် ၂-ကူးမှ ကူးပါ့မလား (ကူးပါတယ် ဘုရား) ဒီအဆက်က ပြနေ တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုပဲ အဝိုင်းပြေး ပြေးနေတော့မလား၊ ဖြတ်မလား (ဖြတ်ပါမယ် ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) အဟုတ်ဖြတ်မှာလား ခင်ဗျားတို့ အဟုတ်ဖြတ်ရင်တော့ နည်းပေး ရမယ် (တင်ပါ့ ဘုရား) အဟုတ်ဖြတ်ရင်တော့ နည်းပေးရမယ်၊ နို့မို့ရင် တော့ နည်းကို မပေးနိုင်ဘူး၊ သဘောပါကြရဲ့လား (ပါ- ပါတယ် ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။