186

ရုပ်ရည်ကတော့ချောပါရဲ့ အိုနာသေက ပါနေတယ်

အသံဖိုင်ခေါင်းစဉ်= အကြားအမြင်မရှိသော ပုထုဇဉ်များ၏ တွေးလုံး

စာအုပ်ခေါင်းစဉ်= ရုပ်ရည်ကတော့ချောပါရဲ့ အိုနာသေက ပါနေတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ရုပ်ရည်ကတော့ချောပါရဲ့ အိုနာသေက ပါနေတယ်

ဟောကြားသည့်နေ့

(၂၆-၈-၅၈)

အကြားအမြင်မရှိတဲ့ ပုထုဇဉ်များ၏ တွေးလုံးလို့ မှတ်ထားရမယ် (မှန်ပါ ဘုရား) တွေးလုံး ချပြတာက ဘာပါ လိမ့် (အကြားအမြင်မရှိတဲ့ ပုထုဇဉ်များ၏ တွေးလုံးပါ ဘုရား)။

အကြားအမြင်မရှိသူတို့၏တွေးလုံး

အကြားအမြင်မရှိသော ပုထုဇဉ်များ၏ တွေးလုံးလို့ မှတ်ထားပါ (မှန်ပါ ဘုရား) အကြားအမြင် မရှိသော ပုထုဇဉ်များ၏ တွေးလုံးလို့ ဒီဃနိပါတ်အင်္ဂုတ္တိုရ် မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်။

အဲတော့ ဒီဥစ္စာ ဘယ်လိုအကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်လဲလို့ ဒကာ-ဒကာမတွေက အမေး ထုတ်လိမ့်မယ် (မှန်ပါ ဘုရား)။

၁။ ရေဘေး

သူတို့ကြံဖန်ပြီးတွေးကြတယ်တဲ့၊ အမေ မိဖတွေက ဪ ရေများလွှမ်းမိုးလာလို့ရှိရင်ဖြင့် မိုးတွေသည်းထန် စွာ ရွာပြီးသကာလ ရေတွေထဲ မျောပါများသွားမယ် ဆိုလို့ရှိရင်ဖြင့် ၊ အမေအဖေ ကလည်း သားသမီးမကယ်နိုင် သားသမီးကလည်း အမေအဖေမကယ်နိုင် ဪ ဒီဥစ္စာလည်း ဒုက္ခပဲလို့ အကြားအမြင် မရှိတော့ ဒီလိုတွေးလေ့ ရှိတယ်၊ (မှန်ပါ ဘုရား)။ ဒီအတွေးကော မတွေးတတ်ပေဘူးလား (တွေး တတ်ပါတယ် ဘုရား)။

၂။ မီးဘေး

ကောင်းပြီ ဒါက ရေဘေးသင့်လို့ တွေးတယ်ပေါ့ဗျာ (မှန်လှပါ)။ အဲ မီးတွေတစ်မြို့လုံးလောင်ပြီး သကာလ လာပြန်လို့ ရှိရင်လည်း ဟိုကဝိုင်း ဒီကဝိုင်းနဲ့ ဆိုလို့ရှိ ရင်ဖြင့် ၊ အမေ အဖေကလည်း သားသမီး မကယ်နိုင်၊ သား သမီးကလည်း အမေအဖေ မကယ်နိုင်ဘူး၊

အဲဒီလို ဒုက္ခများ တွေ့ ရမှာ၊ အလွန်ကြောက်စရာကောင်းတာပဲလို့ ၊ အကြား အမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်များက မီးဘေးနဲ့ ပတ်သက်လို့ တွေးလုံးထုတ်ပြန်သတဲ့ (မှန်လှပါ ဘုရား)။

၃။ သူပုန်ဘေး

တစ်ခါ သုံးနံပါတ်က အကြားအမြင်မရှိတဲ့ ပုထု ဇဉ်ပုဂ္ဂိုလ်များက ၊ သူပုန်တွေက မြို့မှာ လုကြမယ် ယက်ကြ မယ် ဆိုရင်ဖြင့် ၊ သားနဲ့ သမီးနဲ့ တကွဲတပြားစီ ပြေး ကြ လွှားကြ၊ သူ့ငါ မကယ်နိုင် ၊ ငါ့သူမကယ်နိုင်၊ အင်း-ဒီ လိုဖြစ်ရမှာလည်း ကြောက်စရာကြီးပါပဲ၊ မကယ်နိုင်တဲ့ အလုပ်တွေကလည်း တယ်များပါလားလို့ တွေးလေ့ရှိတယ်နော် (မှန်လှပါ ဘုရား)။

ရေဘေးနဲ့ တစ်ချက်တွေးလိုက်တယ် (မှန်လှပါ ဘုရား) မီးဘေးကော (တွေးပါတယ် ဘုရား) အေး သူပုန် ဘေးတွေနဲ့ကော (တွေးလိုက်ပါတယ် ဘုရား)။

ဒါအကြားအမြင်မရှိတဲ့ ပုထုဇဉ်များ၏ တွေးလုံးတဲ့ ဒကာကြွယ်ရေ၊ ဒီတွေးလုံးဆိုပါလား (မှန်လှပါ ဘုရား)။

အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ တွေးလုံးလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲတော့-ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟော လိုက်ပါတယ်ကွာ၊ မင်းတို့ ရေဘေး သင့်တယ် ဆိုပေမယ့်လည်း ကံကောင်း အကြောင်းသင့်ရင်၊ အမေအဖေနဲ့ သားသမီးများဟာ တစ်နေရာရာတွင် နေပြီး တွေ့နိုင်သေးတာပဲ (မှန်လှပါ ဘုရား)။

ပြန်ပြီးတွေ့နိုင်သေးတယ်

တွေ့ကြသေးတယ်ကွတဲ့ ကံကောင်းအကြောင်းသင့်တဲ့ အခါ သဘောကျပလား (ကျပါပြီ ဘုရား) မီးဘေးသင့် တော့လည်း ထို့အတူပဲတဲ့ ပြေးကြ၊ လွှားကြ၊ တကွဲတပြားစီ ဒီနေကြငြား သော်လည်းတဲ့ ၊ ကံကောင်း အကြောင်းသင့်လို့ ရှိရင်ဖြင့်၊ အမေနဲ့သားသမီး၊ အဖေနဲ့သားသမီး တွေ့နိုင်သေး တယ်ကွ (မှန်လှပါ ဘုရား)။။

အဲတော့ သူပုန်တွေက မြို့ထဲလုကြယက်ကြ ခုတ်ကြ ထစ်ကြ၊ ဒီကဲ့သို့ရှိငြား သော်လည်း၊ အင်း-ကိုယ်လမ်းပေါက် ကိုယ် ဦးတည့်ရာ ပြေးကြငြားသော်လည်း၊ ကံကောင်း အကြောင်းသင့်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာသိုက် တွေ့နိုင်သေးတယ် (မှန်လှပါ ဘုရား)။

တွေ့နိုင်တာသုံးမျိုး

တွေ့နိုင်တာ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) မီးဘေးသင့်လည်းတွေ့နိုင်တယ်ပေါ့ဗျာ (မှန်လှပါ ဘုရား) ရေဘေးသင့်လည်း (တွေ့နိုင်ပါတယ် ဘုရား) ကံကောင်း အကြောင်းသင့် လို့ရှိရင်ပေါ့ဗျာ။

အင်း-သူခိုး ဓါးပြဘေးတွေ့ရင်ကော (တွေ့နိုင် ပါတယ် ဘုရား) အကုန်တွေ့နိုင်တာပဲတဲ့၊ အဲဒါ အကြားအမြင် မရှိတဲ့ ပုထုဇဉ်တို့၏ တွေးလုံးလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။။

သေသေချာချာ ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးက အမေက၊ သားသမီးမကယ်နိုင်၊ သားသမီးက အမေမကယ်နိုင် ဆိုတဲ့၊ တွေးလုံးအစစ်ကိုတော့ သူတို့က မရောက်ကြဘူးပေါ့ (မှန်လှပါ ဘုရား)။

တွေးလုံးအစစ်က မရောက်ဘူးတဲ့ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ တွေးလုံးအစစ်တော့ ဒကာ ဒကာမတွေက မရောက်ဘူးဆိုပါလား (မှန်လှပါ ဘုရား)။

မရောက်ခဲ့ဘူးတဲ့ ဒကာသိုက်၊ တွေးလုံးအစစ်ကို တွေးစေချင်တယ် ဘုရားက (မှန်လှပါ ဘုရား)။

တွေးလုံးအစစ်ကဘာပါလိမ့်

တွေးလုံးအစစ်က ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမ တွေက မေးလို့ရှိရင် ဘုရားက ဟောရှာတယ် ၊ သားအိုလာ တာ အမေ့ရှေ့မှောက်တွင်ကော (မတတ် နိုင်ဘူး ဘုရား) ဪ အဲဒါ တွေးစေချင်တယ် (မှန်ပါ ဘုရား)။

ဘာတွေးစေချင်တဲ့တုံး ဒကာ ဒကာမတွေ သားအိုတာ အမေ့ရှေ့မှောက်ပဲ (မှန်လှပါ ဘုရား) တက်နိုင်ကြရဲ့လား (မတတ်နိုင်ပါဘူး ဘုရား) အမေအိုလာတော့လည်း သား ရှေ့မှောက်ပဲ (မှန်ပါ) အဲဒါ တွေးစေချင်တယ်ကွဆိုတော့ သစ္စာတွေးစေချင်တယ်လို့ ဒကာကြွယ်ပြောလိုက်တာ (မှန်လှပါ ဘုရား)။

သစ္စာတွေးစေချင်တာ

ဘာတွေးစေချင်တာပါလိမ့် (သစ္စာတွေးစေချင် တာပါ ဘုရား) သစ္စာတွေးစေချင်တယ် ဒါကတော့ အဟုတ် ကို ကံကောင်းအကြောင်းသင့်လို့ ကယ်နိုင်တာပါသေးလား (မပါပါဘူး ဘုရား) ဒါဟာက သာကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။။

ဒါက ကံကောင်းအကြောင်းသင့်ဆိုတဲ့ ချွင်းချက်ပါသေး လား (မပါပါဘူး ဘုရား) သဘော ကျကြပလား (ကျပါပြီ ဘုရား)။

နာတာလာတဲ့ အခါကျလို့ရှိရင်လည်းတဲ့ ၊ အနာ ပေါက်ရောက်ပြီးသကာလ လာလို့ရှိရင်လည်း၊ အမေ အဖေက သားသမီး ကယ်ချင်ငြားသော်လည်း ဘယ့်နဲ့နေတုံး မေးရုံမှ တစ်ပါး ဘာမှ မတတ် နိုင်ပါဘူး (မှန်ပါ ဘုရား)။

ဘယ်ဆေးလိမ်းပါ့လား၊ ဘယ်ဟာ သောက်ပါ့လား၊ မှတစ်ပါးလည်း ဒကာကြွယ် ဘာရှိသေးတုံး (ဘာမှ မရှိပါ ဘူး ဘုရား) တတ်နိုင်သေးရဲ့လား (မတတ်နိုင်ပါဘူး ဘုရား)။

အင်း အမေအဖေ အနာတွေ ပေါက်လာလို့ရှိရင် လည်း၊ သားတွေ သမီးတွေက ခင်ပါတယ် မင်ပါတယ် ယုယ ပါတယ်၊ အမေအဖေကို အိမ်ဦးခန်းမှာ ဘုရားတစ်ဆူ ဂူတစ်လုံး မျှ ထားပါတယ် ဆိုငြားသော်လည်း၊ သူတို့ တတ်နိုင်ကြရဲ့လား (မတတ်နိုင်ပါဘူး ဘုရား)။

အသိအမြင်ရှိသူတို့၏တွေးလုံး

အဲတော့ အဲဒီ ဗျာဓိဆိုတဲ့ အနာနှိပ်စက်တဲ့ ဒုက္ခသစ္စာ တွေဟာတဲ့ မှန်တဲ့တရား ဖြစ်နေ သောကြောင့်၊ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်လို့ တွေးချင်းတွေးရင် အဲဒါမှ အသိအမြင်ရှိတဲ့ ပုဂ္ဂိုလ် ၏တွေးလုံး (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါပါ ပြီ ဘုရား)။

ဘယ်ပုဂ္ဂိုလ်၏တွေးလုံးပါလိမ့် (အသိအမြင်ရှိတဲ့ ပုဂ္ဂိုလ်၏တွေးလုံးပါ ဘုရား)။

ကောင်းပြီ တစ်ခါ အမေအဖေက အသက်ကြီး၍ သေတဲ့အခါ၊ သားသမီးများက တတ်နိုင် ကြရဲ့လား။ (မတတ်နိုင်ကြပါဘူး ဘုရား) အမေအဖေမှာ သားသမီးတွေက ငယ်ရွယ်စဉ်မှာပဲ သေကြ၊ ကြေကြတာလည်း အမေအဖေတွေ ကတော့ တတ်နိုင်ကြရဲ့လား (မတတ်နိုင်ကြပါဘူး ဘုရား)။

ပုထုဇဉ်တွေ အတွေးချော်နေတယ်

အင်း ဒါဖြင့် မရဏမီး ဒုက္ခသစ္စာကျတော့ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း ဘယ်သူ့ကို ဘယ်သူက ကယ်နိုင်သေးတယ်ဆိုတာ ရှိပါသေးရဲ့ လား (မရှိပါဘူး ဘုရား) အဲဒါတွေးရမှာကွ အထွေးက၊ ပုထုဇဉ်တွေက ချော်နေ တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အတွေးချော် နေတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အိုဘေး၊ နာဘေး၊ သေဘေး

အင်း အိုဘေးဆိုတာ သူ့လည်း ငါမကယ်နိုင်၊ ငါလည်းသူမကယ်နိုင်ပါလားလို့ တွေးပါတယ် (မှန်လှပါ ဘုရား) နာဘေးကိုလည်း သူ့လည်းငါမကယ်နိုင် ငါလည်း သူမကယ်နိုင်ပါလားလို့ တွေးရမယ်၊ သေဘေးကလည်း အမေ အဖေကလည်း သားသမီးမကယ်နိုင်၊ သားသမီးကလည်း အမေ အဖေမကယ်နိုင်ဘူးလို့ တွေးရမယ် (မှန်ပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ တွေးလိုက်လို့ရှိရင်ဖြင့် သစ္စာဆိုက်တဲ့ တွေးလုံး ဖြစ်သောကြောင့် သူသည် ဉာဏ်ထက် လာပြီး သကာလ ကယ်နိုင်ရာလမ်းကြောင်း ကယ်နိုင်ရာအကျင့်ဆိုတာ သူကြံဖန် လာလိမ့်မယ် (မှန်ပါ ဘုရား)။

ခုတော့ လိုရင်းဖြစ်တာကိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မတွေးဘဲနဲ့ ၊ ခုနက ကံကောင်း အကြောင်းသင့်လို့ ကယ်နိုင် ယူနိုင်တဲ့ မီးဘေးတို့ ရေဘေးတို့ သူခိုး ဓါးပြ သူပုန်ဘေးတို့ ဒါတွေကိုသာလျှင် တွေ့မှာကြောက်ပြီး သကာလ နေတယ် (မှန်ပါ ဘုရား)။

အတွေးပြောင်းကြပါဦး

တကယ် မကယ်နိုင်တာကိုတော့ မတွေးမိဘူး (မှန်လှပါ ဘုရား) နောက်အတွေး ပြောင်းကြ ပါဦးလို့ သတိပေး လိုက်ပါတယ် (မှန်ပါ) ဘယ်လိုသတိပေးရမယ် (အတွေးပြောင်း ကြပါဦးလို့ သတိပေးရပါမယ် ဘုရား) အတွေး ပြောင်းကြပါဦး ဒကာ ဒကာမတို့၊ ဘယ်လိုတွေးကြရမယ်၊

အေး ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်တဲ့ အိုဘေး၊ နာဘေး၊ သေ ဘေးတွေကို၊ သားကလည်း အမေအဖေ မကယ်နိုင်၊ အမေ အဖေကလည်း သားသမီး မကယ်နိုင်ဆိုတဲ့၊ အဲဒီတွေးလုံးကို တွေးစေချင်တယ်ကွာ (မှန်လှပါ ဘုရား)။

ကံကောင်းအကြောင်းသင့်ပြီး သကာလ ဖြစ်မယ့် ဥစ္စာတွေသာ လျှောက်တွေးနေတယ် ၊ တကယ့်သစ္စာဆိုက် တာကို မတွေးမိဘူးလို့ ဘုရားက အပြစ်တင်လိုက်တယ် (မှန်လှပါ ဘုရား) သဘောကျကြပလား။။

ဒါဖြင့် ဒကာ ဒကာမတို့ နောက်တွေးတတ်ကြပလား၊ သားသမီးကလည်း အမေ့မကယ်နိုင် အမေ ကလည်း သား သမီးမကယ်နိုင်ဆိုတဲ့ ဗျာဓိဒုက္ခရောက်လာရင်ဖြင့်၊ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်ကြဘူး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်းသားသမီးကလည်း အမေအဖေမကယ်နိုင်၊ အမေ အဖေကလည်း သားသမီးမကယ်နိုင်၊ ခင်ပွန်းမ ကလည်း ခင်ပွန်း ယောက်ျားကို မကယ်နိုင်ဆိုတဲ့ နာဘေးသင့်လာရင်တော့ မကယ်နိုင်ဘူး ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

သို့သော် ဒကာ ဒကာမတွေက အထင်လွဲပြီးသကာလ၊ ဒီတစ်ခါ ကျုပ်ကယ်လိုက်ရတယ် ဆိုတာ ပြောချင် ပြောမှာ (မှန်လှပါ ဘုရား) တကယ်သေမယ့် ဝေဒနာဖြင့် ဘယ်သူ ကယ် ကယ်ဗျာ (မရပါဘူး ဘုရား)။

နောက်ဆုံးပိတ်ကော ဒီလိုချည့်ကယ်ခဲ့တာ ရသေးရဲ့ လား (မရပါဘူး ဘုရား) အဲဒီ မရတာ တွေက ရှိပြီးသကာလ နေတော့၊ ဒါတွေသာ ဒကာ ဒကာမတွေက တွေးလုံးထုတ်လို့ ရှိရင်ဖြင့်၊ ဒကာကြွယ်ရေ သစ္စာတွေးလုံးဆိုပါတယ် (မှန်လှ ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာတွေးလုံးတဲ့တုံး (သစ္စာတွေးလုံးပါ ဘုရား) သစ္စာ သိတော့သံသရာက ပြတ်မှာကိုဗျ (မှန်လှပါ ဘုရား) အဲတော့ သစ္စာတွေးလုံးကို တွေးကြပါလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က သတိပေး လိုက်တယ် (မှန်ပါ)။

မကယ်နိုင်တဲ့တရားသုံးမျိုး

အဲတော့ကိုတဲ့ ဒီနေ့ဟောရမယ့်တရားက ဒကာ ဒကာမတို့ သိပြီးသားအတိုင်း မကယ်နိုင်တဲ့ တရားသုံးမျိုးကော သိကြပလား (သိပါပြီ ဘုရား)။။

အိုဘေးကို မကယ်နိုင်ဘူး၊ နာဘေးကို (မကယ်နိုင် ဘူး ဘုရား) သေဘေးကို (မကယ်နိုင်ဘူး ဘုရား) သားသမီးက အမေမိဘကော (မကယ်နိုင်ပါဘူး ဘုရား) ဒါဖြင့် ဘယ်သူ့ ဘယ်သူမှ မကယ် နိုင်ဘူး ဆိုတာ ဒကာကြွယ်ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ဦးလှဘူး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘုတ်ထိုင် ထိုင်ပြီးဉာဏ်တုံးမနေနဲ့

ပေါ်တော့ကိုကွာ မင်းတို့သည် ဒီအတိုင်း ဘုတ် ထိုင် ထိုင်ပြီးသကာလ၊ ဪ ဒီဥစ္စာ သစ္စာတရား တွေ “ဗျာဓိပိ ဒုက္ခသစ္စံ” “ဇရာပိ ဒုက္ခသစ္စံ” “မရဏမ္ပိ ဒုက္ခသစ္စံ” မို့ သစ္စာဆိုတာ အမှန်ဖြစ်တာ ၊ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ဘူး ဘုတ်ထိုင် ထိုင်ပြီးသကာလ ဉာဏ်တုံးမနေ လိုက်ပါနဲ့လို့ ဒကာသိုက်ရေ ဘုရားက မှာတော်မူပြန်တယ် ၊ ဘုတ်ထိုင် ထိုင်ပြီးဘာတဲ့ (ဉာဏ်တုံးမနေလိုက်ပါနဲ့)။

ရှိတယ်ကွတဲ့ ကယ်နိုင်တဲ့လမ်းကြောင်း၊ ကယ်နိုင်တဲ့ အကျင့်ရှိတယ် (မှန်လှပါ ဘုရား) အမေက သားသမီးကယ် နိုင်တဲ့လမ်းကြောင်း၊ ကယ်နိုင်တဲ့အကျင့် ရှိတယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ကယ်နိုင်တဲ့အကျင့်ရှိပါတယ်

ဘာရှိသတဲ့တုံးဗျာ (အမေက သားသမီးကယ်နိုင် တဲ့လမ်းကြောင်းအကျင့်ပါ ဘုရား) ကယ်နိုင်တဲ့ လမ်းကြောင်း ကယ်နိုင်တဲ့အကျင့် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ကယ်နိုင်တဲ့ လမ်းကြောင့်နဲ့ ကယ်နိုင်တဲ့ အကျင့်ရှိပါတယ်လို့ ဆိုတာ ဒကာ ဒကာမတွေ ယခုတရားထူး ကြားရပြီ မဟုတ်လား (မှန်ပါ ဘုရား)။

နဂိုတုန်းက မှတ်ထားတာကတော့ အိုတာ ဘယ်သူမှ မတတ်နိုင်၊ သားကလည်း အမေ မကယ်နိုင်၊ အမေကလည်း သား မတတ်နိုင်၊ နာတာကိုလည်း သားက အမေမတတ်နိုင်၊ အမေက လည်း သူတို့၏ အပေါ်၌ ဘယ်လိုမှ မတတ်နိုင်ဘူး၊ သေသွားပြန် လို့ရှိရင်လည်း ဘယ်သူ့ဘယ်သူမှ တားမရဘူးဆိုတာ၊ ကျုပ်တို့ သည်က ဆိုလို့ရှိရင်ဖြင့် သစ္စာတစ်ပါးတည်းသိနေတဲ့အတွက်၊ ဒါဟာ နစ်နာမှု ဘုတ်ထိုင် ထိုင်နေတာပဲ (မှန်လှပါ ဘုရား)။

ဘာတဲ့တုံး (နစ်နာမှု ဘုတ်ထိုင် ထိုင်လိုက်တာပဲ) အေး ဒုက္ခသစ္စာတစ်ပါးပဲ သိနေလို့ ဒကာကြွယ်ရ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အင်း မဂ္ဂသစ္စာ များ သိလိုက်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမေကလည်း သားသမီးကယ်နိုင် သားသမီးကလည်း (အမေကယ်ပါ တယ် ဘုရား)။

အင်း ဒါဖြင့် သစ္စာတစ်ပါးတည်းသိနေပြန်လို့ရှိရင် လည်း စိတ်ညှိုးငယ်ပြီး ချောက်ကျနေတဲ့ အဓိပ္ပါယ် ရောက်တယ် (မှန်ပါ ဘုရား)သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီအတိုင်းနေလို့တော့မဖြစ်ဘူး

ဒါဖြင့် သစ္စာလည်း ဒကာ ဒကာမတို့ အစုံသိမှပဲ ၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ ကိစ္စပြီးမှာပေါ့ဗျာ (မှန်လှပါ ဘုရား)

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ အမေကလည်း သားမ ကယ်နိုင်၊ သားကလည်း အမေ မကယ်နိုင်၊ အိုဘေး၊ နာဘေး၊ သေဘေးတွေက ဘယ်သူ့ ဘယ်သူမှ မတတ်နိုင်တော့ဘူးဆိုပြီး သကာလ ၊ ဒီအတိုင်းထိုင်နေလို့တော့ မဖြစ်ဘူးဗျ (မှန်လှပါ ဘုရား)။

ဒကာသိုက်ရေ ဘာတဲ့တုံး (ဒီအတိုင်းထိုင်နေလို့ တော့မဖြစ်ပါဘူး ဘုရား) အဲဒီတော့ ခင်ဗျားတို့ ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ်၊ မဂ္ဂသစ္စာဆိုတဲ့ လမ်းမတော်ကြီး၊ မဂ္ဂသစ္စာဆိုတဲ့ အကျင့် ကောင်းကြီး၊ ဒကာသိုက် ဘာတဲ့တုံး (မဂ္ဂသစ္စာဆိုတဲ့ လမ်းမတော်ကြီး၊ မဂ္ဂသစ္စာဆိုတဲ့ အကျင့် ကောင်းကြီးပါ ဘုရား)။

မဂ္ဂသစ္စာအကျင့်

မဂ္ဂသစ္စာ ဆိုတဲ့ လမ်းမတော်ကြီး မဂ္ဂသစ္စာဆိုတဲ့ အကျင့်ကောင်းကြီးဟာ၊ အမေက သားသမီး ကယ်နိုင်သတဲ့ဗျာ (မှန်လှပါ ဘုရား) သားသမီးက အမေအဖေကို (ကယ်နိုင် ပါတယ် ဘုရား) အင်း-ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီလမ်းနဲ့ ဒီအကျင့် လိုက်လိုက်ရလို့ရှိရင်ဖြင့် ညည်းလုံးတွေ အကုန် ပျောက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

တွေးလုံးမှားတွေလည်း အကုန်ဆယ်မိ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) တွေးလုံးမှား တွေလည်း ဘာဖြစ်တုံး (အကုန်ဆယ်မိပါတယ် ဘုရား) အင်း ညည်းလုံးတွေကော (အကုန်ပျောက်ပါတယ် ဘုရား) ညည်းလုံးတွေကော ဒကာသိုက် အကုန်ပျောက်ပါတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အင်း- ခုတော့ဖြင့် ဒကာ ဒကာမတွေက သစ္စာမသိတော့ သူဒါတွေ မတတ်သာလို့ လွှတ်လိုက် ရတယ် ၊ သေမင်းနဲ့တောင် စစ်တိုက်လိုက်ချင်သေး (မှန်ပါ ဘုရား) အမလေး ဒေါသများ ဖြစ်နေ လိုက်သေး (မှန်လှပါ)။

အင်း- ရတနာသုံးပါး ကောက်ပြီး သကာလနေတယ်၊ ကျုပ်ဖြင့် ရူးရတဲ့အခါလည်း မနည်းလှဘူး (မှန်ပါ ဘုရား) အစ ရှိသည်နဲ့ အနာနဲ့အမေနဲ့ ရန်ဖြစ်နေတာပဲ (မှန်လှပါ) ဟုတ် ဖူးလား ဘယ်သူမှ မတတ် နိုင်ဘူး၊ မပြတ်တာ လေ့ကျင့်တော့ ဟုတ်လား (မှန်ပါ့ ဘုရား)။

နာတာ ဘယ်သူမှ မတတ်နိုင်ဘူး ကွဲတာ လွဲတာ ဘယ်သူမှ မတတ်နိုင်ဘူးတဲ့၊ ဆင်ခြင်ပြီး သကာလသာ နေတော့ ဆိုတဲ့ အဘိဏှသုတ်များနဲ့ ဒကာ ဒကာမတို့ အဲဒါက တဏှာ အကြမ်း သတ်တာပါ (မှန်ပါ ဘုရား)။

ဒီလမ်းသွားပြီး ဒီအကျင့်ကျင့်ပါ

ယခုဟာက တစ်ခါတည်း တဏှာအကြမ်းရော တဏှာ အနုရော ဘုံဘဝပါပြတ်တဲ့ အလုပ် ဖြစ်တဲ့ မဂ္ဂင်စခန်းကို၊ ဒကာ ဒကာမတွေက ဒီလမ်းကိုသွား ဒီအကျင့်ကို ကျင့်လိုက်လို့ရှိရင် ဖြင့်၊ အမေကလည်း သားသမီးကယ်နိုင်တယ်၊ သားသမီးက (အမေကိုကယ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သားနဲ့ အမေမခွဲချင်ပါဘူး ဟုတ်လား၊ အမေနဲ့သား မခွဲချင်ပါဘူး ဆိုလို့ ရှိရင်ဖြင့်၊ ဘာကို လုပ်ထိုက်တယ်ဆိုတာ ပေါ်လာပြီ၊ ဘယ်လိုများပေါ်တုံး (မဂ္ဂင် အလုပ်လုပ်ဖို့ပဲ ဆိုတာပါ ဘုရား) မဂ္ဂင် အလုပ်လုပ်ဖို့ပဲ ဆိုတာ ပေါ်လာပြီ (မှန်ပါ ဘုရား)။

ဒကာကြွယ်ရေ သိပ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) အင်း-ဘုရားသခင် ကိုယ်တော် မြတ်ကြီး ထုတ်ဖေါ်ပြော ပေလို့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ၊ သော် – တကယ် လိုတဲ့ အကျင့် တကယ်လိုတဲ့ လမ်းစဉ် ဒကာသိုက် ရှိသေးတယ် ဆိုတာ တွေ့ရတယ် (မှန်လှပါ ဘုရား)။

ဘုတ်ထိုင်ထိုင်ပြီးလက်လျှော့ရတယ်

ဒကာကြွယ် တယ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ရှေးက ဘုတ်ထိုင် ထိုင်ပြီး သကာလ၊ အေး သူ့ကံနဲ့ သူ့အကြောင်းနဲ့သူ၊ သူအိုတာ သူနာတာ သူသေ တာကိုလည်း ကျုပ်တို့လည်း ဝတ္တရားအတိုင်းတော့ ပြုလိုက် တာပဲ၊ သို့သော် မတတ်နိုင်တော့ လက်လျှော့ လိုက်ရတာပဲ ဆိုပြီး၊ ဒါနဲ့သာ ဇာတ်သိမ်းသွားတယ် (မှန်လှပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ရှေ့ဒီလိုဇာတ်သိမ်းရမှာလားလို့ ကယ်နိုင်တဲ့နည်း ရှိသေးတယ်ဆိုပြီး လမ်းစဉ် လိုက်ရ မှာလား (လမ်းစဉ် လိုက်ရမှာပါ ဘုရား)။

ကိုင်း-ဒါဖြင့် အင်မတန် အဖိုးတန်မယ်ဆိုတာ ဒကာသိုက် တို့ ပေါ်လာတယ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ခုတော့ဖြင့် ဒကာ ဒကာမတို့ နေကြထိုင်ကြတာက မကယ်နိုင်ဘူး၊ မယူနိုင်ဘူး၊ အနတ္တတစ်လုံး လက်ကိုင်ထားပြီးသကာလ တစ်ခါတည်း ဘယ်သူက ဘယ်သူ့မကယ်နိုင်ဘူး။

အနတ္တတစ်လုံးကိုင်ပြီးပိတ်ထားတယ်

သူ့ခန္ဓာကလည်းအနတ္တ၊ ကိုယ့်ခန္ဓာကလည်း အနတ္တ ဆိုပြီး၊ အနတ္တလေးတစ်လုံးကို နှုတ်ဖျားတပ်တပ်ပြီးသကာလ၊ ဒကာ ဒကာမတွေက ကယ်မယ့် ယူမယ့်လမ်း မရှိဘူးလို့ ပိတ်ထားတယ် (မှန်လှပါ ဘုရား)။

အနတ္တတစ်လုံးကိုင်ပြီး ပိတ်ထားတယ်၊ ဘယ်လောက် နစ်နာတုံး မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)

အဲဒါကြောင့် ဒီနေ့ ခင်ဗျားတို့ နားလည်ထားတဲ့ အနတ္တဟာ၊ ဘယ် လိုပင် အမေက သားမပိုင်၊ သားက အမေမပိုင်၊ အမေကလည်း အမေ့ရုပ်နာမ်မပိုင်၊ သားကလည်း သားရုပ်နာမ် မပိုင်ဘူးဆိုတာ လည်း အနတ္တသဘော ကတော့ဖြင့် ဒကာကြွယ် မှန်ပါရဲ့ (မှန်လှပါ ဘုရား)။

ကယ်နိုင်တဲ့လမ်းစဉ်ရှိသေးတယ်

မှန်ပင်မှန်ငြားသော်လည်း ကယ်နိုင် ယူနိုင်တဲ့ လမ်းစဉ် နဲ့ အကျင့် ရှိသေးတယ် (မှန်လှပါဘု ရား) ဘာတဲ့တုံး (ကယ်နိုင် ယူနိုင်တဲ့လမ်းစဉ်နဲ့ အကျင့်ရှိသေးပါတယ် ဘုရား)။

ကယ်နိုင် ယူနိုင်တဲ့ လမ်းစဉ်လည်းရှိ အကျင့်လည်းရှိ ဆိုသဖြင့် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောတော်မူသောကြောင့်၊ ဪ -ဒို့သည်ကားလို့ဆိုရင် အနတ္တ အနတ္တနဲ့ ထိုင်နေလို့မပြီးသေးပါလား (မှန်လှပါ ဘုရား) ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)။

အနတ္တဆိုပြီးထိုင်နေလို့မပြီးဘူး

အနတ္တ အနတ္တနဲ့ ထိုင်နေလို့ ပြီးကြပါ့မလား (မပြီးပါဘူး ဘုရား) အနတ္တ အနတ္တနဲ့ ထိုင်နေတော့ အနတ္တ ဉာဏ်စစ်မဟုတ်ဘဲနဲ့ မျက်ရေထဲထိုင်နေတာ (မှန်လှပါ ဘုရား)။

သောကနဲ့ထိုင်နေတာ (မှန်ပါ ဘုရား) ဘာနဲ့ ထိုင်နေတာတုံးသောကနဲ့ထိုင် ပရိဒေဝဆိုတဲ့ မျက်ရည်နဲ့ထိုင် (မှန်လှပါ ဘုရား) အင်း-ဒီအတိုင်းဟာ အထိုင်မှန်ဟုတ်ပါ ရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

အင်း-ဒါဖြင့် ဒကာ ဒကာမတွေ လိုသေးတဲ့အချက်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြည့်စွက်လိုက်ခြင်းကြောင့် ကျုပ်တို့ဖြင့် ယနေ့ကိုးစားရာ အားထားရာအစစ်၊ အမေက သား ကယ်နိုင်တဲ့၊ သားက အမေကယ်နိုင်တဲ့ လမ်းစဉ်အသစ် တွေ ရှိပါသေးတယ်ဆိုတာ၊ ဘုရားက ထုတ်ဖော်ပြောတဲ့ အတွက်၊ အလွန်ဝမ်းမြောက်စရာကောင်းတဲ့နေ့ပဲလို့ ဆုံးဖြတ် ချက်ချပါ (မှန်လှပါ ဘုရား)။

မတွေ့ဘူးတဲ့တရား (မှန်လှပါ ဘုရား) သဘောကျ ကြပလား (မှန်ပါ ဘုရား) ခင်ဗျားတို့ သားလေးတွေ သမီးလေးတွေ ကျလာလို့ရှိရင်ဖြင့် ဒကာကြွယ်တို့ ဒကာသိုက် တို့က ရွှေပေါ်မြတင် ပေါ့ဗျာ (မှန်လှပါ ဘုရား)။

ကယ်ချင်ယူချင်လိုက်တာ ကမ်းကုန်နေတာပဲ (မှန်လှပါ) သို့သော်လည်း အချို့ငယ်ငယ်နဲ့ သေကြ ကြေကြ တချို့အရွယ်ကလေးရောက်မှ သေကြ ကြေကြ တာတွေကော မရှိဘူးလား အင်း (ရှိပါတယ် ဘုရား)။

ကယ်နိုင်ယူနိုင်တဲ့လမ်းစဉ်

နာလိုက်တာ မဖြစ်သာလို့သာ ၊ သေမင်းနိုင်ငံ လိုက်သွားတာ မတတ်နိုင်လို့ လျော့လိုက်ရတယ် ၊ အနတ္တ မို့သာ လျော့လိုက်ရတယ် ဆိုပြီးသကာလ သည်းလုံးနဲ့၊ ဒေါမနဿနဲ့၊ ဒီလိုပဲ ဒကာ ဒကာမတွေက အချိန်ကုန်ပြီး နေခဲ့တာ အဲဒီအနတ္တကို ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ၊ ဪ ဒီအနတ္တနယ်ကနေပြီးသကာလ ကျုပ်တို့သည်ကားလို့ဆိုရင်၊ ခုနက ညည်းလုံးနဲ့ မျက်ရည်နဲ့ နေရတဲ့ အဖြစ်မှ၊ ညည်းလုံးရော မျက်ရည်ပါသိမ်းပြီးသကာလ ကယ်နိုင် ယူနိုင်တဲ့ လမ်းစဉ်အကျင့် သေသေချာချာရှိတယ်ဆို တာ ဆုံးဖြတ်ချပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာသိုက်ရေ နေရာကျပလား (ကျပါပြီ ဘုရား) ဒါဘုန်းကြီးက ကြံဖန်ဟောတာ မဟုတ် ပါဘူး အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီဃနိပါတ်အင်္ဂုတ္တိုရ်မှာ သုံးခု ဟောတဲ့ အတွက် ဒကာ ဒကာမတွေ ဒီလမ်းစဉ်ဟာ အမှန်ပဲလို့ ယူကြပါနော် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြပါစို့တဲ့ ကျုပ်တို့အဖြစ် စဉ်းစားလိုက်ရင် ပေါ်လာ ပါလိမ့်မယ် တဲ့၊ ဒီဘက်က နှစ်ခုဖြတ်လိုက်တယ် ဒကာသိုက်ရေ (မှန်လှပါ)

ဘာပါလိမ့် (ဇရာမရဏပါ ဘုရား) ဒီဘက်ကကျရင် ဇရာ မရဏချည်းပဲ (မှန်ပါ)။

ခန္ဓာက ဇရာမရဏလမ်းဆုံးတယ်

အင်း မိမိခန္ဓာကလည်း ဇရာမရဏလမ်းဆုံး သဘောကျပလား (ကျပါပြီ ဘုရား) သားသမီးခန္ဓာ ကြည့် လိုက်လည်း .(ဇရာ မရဏလမ်းဆုံးပါ ဘုရား) အေး ဇရာ မရဏလမ်းဆုံး သဘောကျကြပလား (ကျပါပြီ ဘုရား) အင်း သားသမီးခန္ဓာကလည်း ဇရာ မရဏလမ်း ဆုံးတော့ ၊ အမေမိဘကလည်း ထိုင်သာကြည့်နေရတယ် မတတ်နိုင်ဘူး၊ မိမိခန္ဓာကလည်း ဇရာ မရဏလမ်းဆုံး ဖြစ်နေ တဲ့အတွက် ထိုင်သာကြည့်နေရတယ်၊ သားသမီးတွေက အမေ မိဘကမကယ်နိုင်ဘူးဆိုပြီး သကာလ လက်လျှော့ (မှန်ပါ ဘုရား)။

မလျှော့လိုက်ပါနဲ့

မလျှော့လိုက်ပါနဲ့လို့ ဒီနေ့တရားသတိပေးလိုက် ပါတယ်၊ ဒကာ ဒကာမတို့ ဘယ်လို သတိပေး ပါလိမ့် ( မလျှော့ပါနဲ့ ဘုရား) မလျှော့ပါနဲ့ဆိုတော့ ဒကာကြွယ်ရေ အားတက်စရာသိပ်ကောင်း (မှန်လှပါ ဘုရား) အားတက် စရာ အလွန်ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာ ကြပလား (ပေါ်ပါပြီ ဘုရား)။။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က နေပြီးသကာလ တစ်လုံးချပြန်တော့၊ ဪ ဒါက ဇာတိလို့ ခေါ်ကြမယ် (မှန်ပါ ဘုရား) ဇာတိဆိုတာ ပဋိသန္ဓေပေါ့ဗျာ (မှန်ပါ ဘုရား) ပဋိသန္ဓေနေမိလို့ အိုသေ ဆိုတာက လာရတယ် (မှန်လှပါ ဘုရား) ပဋိသန္ဓေနေမိလို့ ဘာပါလိမ့် (အိုသေ လာရပါတယ် ဘုရား)။

အင်း ဒကာ ဒကာမတို့ သားသမီး ပဋိသန္ဓေနေ မိလည်း အိုသေလာရမှာပဲ (မှန်လှပါ ဘုရား) အဖေ ပဋိသန္ဓေ နေမိရင်လည်း (အိုသေလာမှာပါ ဘုရား)။

ဪ ဒါဖြင့် သားသမီးလည်း ပဋိသန္ဓေမနေရ (မှန်လှပါ ဘုရား) ဟုတ်လား ကိုယ်လည်း ပဋိသန္ဓေ မနေရ လုပ်လိုက်လို့ရှိရင်ဖြင့် ကိုယ့်သားသမီးလည်း အိုသေနဲ့ မတွေ့ရဘူး မိမိရော (အိုသေနဲ့ မတွေ့ရပါ ဘူး ဘုရား)။

ကယ်နိုင်တဲ့တရားရှိတယ်

အင်း ဒါဖြင့် သူ့လည်းအလုပ်ခိုင်း၊ ကိုယ်လည်း လုပ်ဆိုလို့ရှိရင်ဖြင့် ကယ်နိုင်တဲ့ တရားရှိတယ် (မှန်လှပါ ဘုရား) သူ့လည်းအလုပ်ခိုင်း ကိုယ်လည်းလုပ်ဆိုရင်ဖြင့် (ကယ်နိုင်တဲ့တရား ရှိပါတယ် ဘုရား)။

ဒကာသိုက်ရေ ဒကာကြွယ်တို့ တော်တော် အဖိုးတန်တဲ့တရားဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း ကြီးပေါ်ပြီလား ၊ အဲတော့ အလကားနေ အိမ်မှာညည်းပြီး သကာလ မနေစမ်းပါနဲ့ ၊ ဆရာဘုန်းကြီးက သတိပေးလိုက် တယ် (မှန်လှပါ ဘုရား) နင်တို့အတွက် ခက်သေးတယ် နင်တို့ကြီးမှာဖြင့် ငါကြောက်နေသေးတယ် မလုပ်ပါနဲ့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ညည်းလုံးထုတ်မနေနဲ့

အေး ငါတို့များ မရှိလို့ရှိရင်ဖြင့် နင်တို့အခက်ကြီး ကြုံဦးမယ်လို့ ညည်းလုံးတွေ ထုတ်မနေ လိုက်ပါနဲ့ (မှန်လှပါ ဘုရား) ဟုတ်လား (ဟုတ်ပါတယ် ဘုရား) ညည်းလုံး ထုတ်တာက မကယ်နိုင်ဘူး (မှန်ပါ ဘုရား)။

သူ့ကိုလည်း ပဋိ သန္ဓေ မနေအောင်လုပ်ပေး (မှန်ပါ ဘုရား) မိမိကကော (ပဋိသန္ဓေ မနေအောင် လုပ်ရမှာပါ ဘုရား) မိမိလည်း ပဋိသန္ဓေမနေအောင် လုပ်ပေါ့ဗျာ (မှန်ပါ ဘုရား)။

ပဋိသန္ဓေမနေအောင်လုပ်

မိမိလည်း ပဋိသန္ဓေမနေအောင်လုပ်၊ သားသမီးလည်း (ပဋိသန္ဓေနေအောင်လုပ်ပါ ဘုရား) ဒါဖြင့် သူ့အိုသေ လည်းမရှိ ကိုယ့်အိုသေလည်းမရှိသောကြောင့်၊ သော် သည် နည်း ကားလို့ဆိုရင် အမေက သားသမီးကို ကယ်နိုင်တဲ့ တရားပါလား၊ သားသမီးက အမေအဖေတို့ (ကယ်နိုင်တဲ့ တရားပါ ဘုရား)။

ဪ ဒါမသိသေးတာနဲ့ ဒကာသိုက်တို့ ဒကာကြွယ် တို့က အနတ္တတစ်လုံးနဲ့ ချုံးပွဲချ နေကြတယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) တစ်လုံးနဲ့ ချုံးပွဲချနေတာလဲ (အနတ္တ တစ်လုံးနဲ့ ချုံးပွဲချနေတာပါ ဘုရား)။

မဂ္ဂသစ္စာကိုလက်ကိုင်ထားပါ

ကိုင်း ဒီဘက် ဒကာ ဒကာမတွေကော ပေါ်ကြပ လား ၊ နောက် အနတ္တတစ်လုံးနဲ့ ချုံးပွဲချ မနေပါနဲ့၊ မဂ္ဂ သစ္စာကို လက်ကိုင်ထားလိုက်စမ်းပါ (မှန်လှပါ ဘုရား) ဘာလက်ကိုင်ထားရမလဲ (မဂ္ဂသစ္စာကို လက်ကိုင်ထားရမှာ ပါ ဘုရား)။

မဂ္ဂသစ္စာ လက်ကိုင်ထားလိုက်ပြီဆိုမှဖြင့် ဇာတိ ဆိုတဲ့ ပဋိသန္ဓေနေမှုရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အင်း သူမရှိလို့ရှိရင် အိုသေကော (မလာတော့ ပါဘူး ဘုရား) ဒါဖြင့် သားသမီးများကိုလည်း ဒီအလုပ်တိုက်တွန်း ရမယ် (မှန်ပါ ဘုရား) အမေ မိဘကလည်း ဒီအလုပ် ကိုယ်တိုင် လုပ်ရမယ် သားသမီး များ ကိုလည်း (တိုက်တွန်း ရမယ် ဘုရား)။။

အလကားနေ ခင်ဗျားတို့က ချစ်တာ ခင်တာနဲ့ပဲ။ မင်းတို့ ငယ်ပါသေးတယ်၊ နေသေးတာပေါ့။ အမေ အဖေတို့သာ အသက်ကြီးလို့ သံသရာအရေး အရေးကြီးပြီး တို့သွားနာမယ်လို့ ဒီလိုမလုပ်ပါနဲ့ မချစ်ရာ ရောက်တယ် (မှန်လှပါ ဘုရား)။

ဆရာဘုန်းကြီးက၊ အပြစ်တင်လိုက်တယ်

မင်းဟာမင်းအို – မင်းဟာမင်းသေရင်ကွာ၊ အမေ အဖေ က ချစ်ရာများရောက်သေးရဲ့လား (မရောက် တော့ပါဘူး ဘုရား) စဉ်းစားမိရဲ့လား (စဉ်းစားမိပါတယ် ဘုရား) ခင်ဗျား တို့ ပြောနေကြတာ၊ အားကြီး လွဲနေတယ်လို့ ဒကာသိုက်တို့ ဒကာကြွယ်တို့ ဆရာဘုန်းကြီးက အပြစ်တင်လိုက်တယ် (မှန် ပါ ဘုရား) မတင်ထိုက်ဘူးလား (တင်ထိုက်ပါတယ် ဘုရား)။

အင်း သူ့အို သေဆိုတော့ဖြင့် မင်းတို့က အိုမှာ သေမှာတွေ ရှိငြားသော်လည်း၊ တို့က အိုမှာသေမှာ သာပြီး သကာလ နီးတယ်ဟ ဆိုပြီးသကာလ၊ နင်တို့တော့ ကမ္မ သကာပဲ ဆိုပြီး မဂ္ဂင်အလုပ် နှောင့်နှောင့်နှေးနှေး အလုပ်ခိုင်း လို့ရှိရင်ဖြင့် မကယ်ချင်တဲ့ အမေမိဘပဲ (မှန်လှပါ ဘုရား)။

ပါးစပ်ကချစ်လိုက်တာ

ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား) ဘယ်လို ဆိုကြမယ် (မကယ်ချင်တဲ့ အမေမိဘပါ ဘုရား) ပြီးတော့ ပါးစပ် ချစ်ပေါ့လေ (မှန်လှပါ ဘုရား) ပါးစပ်ကတော့ ချစ်လိုက်တာ ကြင်နာလိုက်တာ နင်တို့ငုံတောင်ထားချင်သေး တယ် (မှန်လှပါ ဘုရား) အစရှိသည်နဲ့ ဒကာသိုက်တို့ လောကွတ်တွေက တော့ ပေါပေါ့ဗျာ (မှန်လှပါ ဘုရား)။

ပေါသာ ပေါတယ် ဒီဥစ္စာ ဝမ်းထဲက စင်စစ်ပါ ပါရဲ့ လား လို့မေးရင် (မပါပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါသားသမီးများ ချစ်ပါတယ် ခင်ပါတယ် ကြင်နာပါတယ် ဆိုတဲ့ စကား ကဖြင့်၊ ခင်ဗျားတို့ ချစ်နေတဲ့ အလုပ်ဟာ လောကွတ်ပါပဲ (မှန်ပါ ဘုရား) တကယ်တန်း အိုတဲ့ နာတဲ့လမ်း ပိတ်ပင် ပေးတာမှ မဟုတ်ဘဲ (မှန်လှပါ ဘုရား)။

ဒကာကြွယ်ရေ လောကွတ်တွေပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် နောက် ဒီလောကွတ်တွေ သုံးလို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား) ဒကာသိုက်ကော သုံးချင်သေးလား (မသုံးချင်ပါဘူး ဘုရား)။

ဖဝါးလက်နှစ်လုံးစပြီးမွေးလာရတာ

အဟုတ်ကို မသုံးတော့ဘူးလား (မှန်ပါ ဘုရား) မသုံး မှ ဒကာ ဒကာမတို့ သုံးလိုက်လို့ရှိရင်ဖြင့် ငါးပါးမှောက် တယ် (မှန်ပါ ဘုရား) အမေမိဘက သားသမီးများကို နင်တို့လား ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် ကနေ ကျွေး ရမွေးရတာ ၊ အငယ်လေးပဲ ထင်သေးတယ် ၊ မင်းတို့ ကြီးပင်ကြီးငြား သော်လည်း ဆိုပြီးတော့၊ ချစ်ကြောင်း ခင်ကြောင်းကို တစ်ခါတည်း ငယ်ကျိုးငယ်နာ လှန်ပြီး သကာလ၊ ကရုဏာတွေ မေတ္တာတွေများ ပြောများနေလိုက်တာ မဆုံး ဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်လမ်းကိုမတိုက်တွန်းရင်

အဲဒီ မဆုံးပေမယ့်လည်း ခုနက မဂ္ဂင်လမ်းကို သင်မပေးလို့ရှိရင် သူအိုတာ နာတာ၊ အမေ မိဘက ကြည့်ချင်လို့ ဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

အမေမိဘ မဂ္ဂင်လမ်းကို သားသမီးတွေက မတိုက် တွန်းပြန်လို့ရှိရင်လည်း အမေတွေ အဖေတွေက အိုကုန်လို့ တို့ဟာဖြင့် အင်း ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင်နဲ့ပဲ ကျွေးပါ တော့မယ် ဆိုငြားသော်လည်း အိုမှုနာမှု ကယ်နိုင်ကြလား (မကယ်နိုင်ပါဘူး ဘုရား)။

မကယ်နိုင်တော့ သူတို့ ပြောတာလည်း လော ကွတ်ပဲ (မှန်ပါ ဘုရား) ဒါဖြင့် သားသမီးများ ကလည်း အမေ မိဘကို မဂ္ဂင်အလုပ် လုပ်စမ်းပါ၊ ဒါမှ အဖေ အမေတို့ အိုမှု သေမှု လွတ်နိုင်တယ် ဆိုပြီး သကာလ၊ လူငယ်များကလည်း အမေမိဘများ တိုက်တွန်းရတယ်၊ အမေမိဘများကလည်း လူငယ်တွေလို့ နင်တို့ဟာ နင်တို့သေချင်သေ ကြေချင်ကြလို့ ဥပေက္ခာသဘောနဲ့ မထားလိုက်ပါနဲ့လို့ ဒီသုတ်မှာ အသေ အချာဟောတယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီကရှေ့ပြင်ချိန်ရောက်ပြီ

ဒါဖြင့် ဒီကရှေ့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ပြင်ချိန် ရောက်ပြီ (မှန်ပါ ဘုရား) ဒကာသိုက် ဘယ့်နဲ့ လုပ်မလဲ (ပြင်ချိန်ရောက်ပါပြီ ဘုရား) ပြင်ရမှာပဲ အမေက သားသမီး ချစ်လို့ရှိရင် မဂ္ဂင် အလုပ် လုပ်ပါဟေ့၊ ဒါမှ ညည်းတို့အိုတာ ညည်းတို့ နာတာ ညည်းတို့သေတာ မမြင်ချင်ဘူး၊ ဒါကြောင့် မဂ္ဂင် အလုပ်လုပ်ပါ (မှန်လှပါ ဘုရား)။

သားသမီးများက အမေအဖေ ကြင်နာပါတယ်၊ ယုယ ပါတယ် ဆိုလို့ရှိလည်း၊ အမေတို့ အဖေတို့ မဂ္ဂင်အလုပ်လုပ်ပါ။ အိုနာသေ မရှိဘူး၊ အဲဒီလိုဆိုရင် ကျွန်မတို့ ကျွန်တော်တို့ဟာ ပူစရာ ပင်စရာမရှိဘူး၊

အဲဒီလို တစ်ယောက်ကိုတစ်ယောက် ကယ်နိုင်တဲ့အလုပ်ဟာ ရှိသေးတယ်ဆိုတာ ယနေ့ သိရတဲ့ အတွက် ဒကာ ဒကာမတို့ သော် ဒီတရားသည် ကားလို့ဆိုလို့ ရှိရင်ဖြင့်၊ ခါတိုင်းတော့ အနတ္တနဲ့ ဘုတ်ထိုင် ထိုင်နေလိုက်တာ မဂ္ဂမသိလို့ ထိုင်တာကို ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ညည်းလုံးတွေကို အကုန်သိမ်းပါ

အနတ္တ ဉာဏ်နဲ့ ဘုတ်ထိုင်ထိုင်ပြီးသကာလ မတတ် နိုင်ဘူး လက်လျှော့လိုက်ရတာပဲ။ မတတ်နိုင်ဘူး လက်လျှော့ လိုက်ရတာပဲလို့ဆိုတဲ့ ညည်းလုံးတွေကို ဒကာသိုက်တို့ ဒကာကြွယ်တို့ အကုန် သိမ်းပေါ့ဗျာ (မှန်လှပါ ဘုရား)။

မသိမ်းရပေဘူးလား (သိမ်းရမှာပါ ဘုရား) သိမ်းပြီး သကာလ၊ သိမ်းဆိုတာလည်း ကိုယ့်ပါးစပ် ထဲတင် မသိမ်းလိုက် ပါနဲ့၊ ကိုယ့်အတွက်လည်း အိုသေ လွတ်တာ လုပ်လိုက်ပါ (မှန်လှပါ ဘုရား) သားသမီးများ အတွက်လည်း အိုသေလွတ်ရာ တိုက်တွန်းပါ (မှန်လှပါ ဘုရား)။

ကိုယ့်အတွက်လည်း (အို သေလွတ်ရာလုပ်ပါ ဘုရား) အိုသေလွတ်ရာလုပ်လိုက်ပါ သားသမီးများ အတွက် လည်း (အိုသေလွတ်ရာလုပ်လိုက်ပါ) ဒီလိုဆိုတော့ ဘယ့် နှယ်ဖြစ်သွားတုံး သားသမီး ကလည်း အမေမိဘ ကယ်နိုင် တယ် (မှန်လှပါ ဘုရား) အမေမိဘကလည်း (သားသမီး ကယ်နိုင်ပါတယ် ဘုရား)။

အခုတော့ ခင်ဗျားတို့ ချစ်တယ် ခင်တယ် ကြင် နာတယ် ယုယတယ်ဆိုတဲ့ အလုံးတွေဟာဖြင့် အင်း၊ လောကီနဲ့ပဲ အချိန်ကုန်နေတာပဲ (မှန်လှပါ ဘုရား)။

အိုတာသေတာကို ထိုင်ကြည့်နေတာနဲ့တူတယ်

စိန်ဝယ်ဆင်လိုက်၊ ကားဝယ်ပေးလိုက် အမျိုးမျိုးပေါ့ ကိုယ့်အတန်းနဲ့ ကိုယ်ပေါ့ဗျာ (မှန်ပါ ဘုရား) ဒီလိုသာလျင် လုပ်ဖေါ် ရပြီးသကာလနေတော့၊ အိုတာ သေတာကို ထိုင်ကြည့် နေတာနဲ့ တူတယ် (မှန်လှပါ ဘုရား) မတူဘူးလား (တူပါတယ် ဘုရား)။

အိုတာ သေတာ ဘယ်လိုကြည့်နေတုံး (ထိုင်ကြည့် နေပါတယ် ဘုရား) အဲတော့ ချစ်တယ် လည်း ဆိုရဲ့ ကမ္မသကာ လည်းပါရဲ့ (ပါနေပါတယ် ဘုရား) ဘယ့်နဲ့ဆိုကြမတုံး (ကမ္မသကာ၊ ပါနေပါတယ် ဘုရား။)

ချစ်တယ်လည်းဆိုရဲ့ ကမ္မသကာလည်းပါရဲ့ဆိုတော့ အင်းဒကာသိုက်ရေ၊ ဒီဥစ္စာအတော် အရုပ်ဆိုးနေတယ် (မှန် လှပါ ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

မဂ္ဂနဲ့ထိုင်လိုက်စမ်းပါ

အေး ဒါကြောင့် ဒကာ ဒကာမတွေသည် ကားလို့ဆိုရင်ဖြင့်၊ အနတ္တနဲ့ထိုင်ပြီး သကာလ ယနေ့ မနေဘဲနဲ့၊ မဂ္ဂနဲ့ ထိုင်လိုက်စမ်းပါ ဆိုတာ သတိပေးရတယ် (မှန်လှပါ ဘုရား) ဘယ်လိုသတိပေးပါလိမ့် (မဂ္ဂနဲ့ ထိုင်လိုက်စမ်းပါ ဘုရား) မဂ္ဂနဲ့ထိုင်လိုက်စမ်းပါလို့ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ဒါ သံဝေဂလည်းပါရော အလုပ်စဉ်လည်းပါရော၊ လမ်းစဉ်လည်းရှိသေးတယ်၊ ကာကွယ် နိုင်တဲ့နည်း ရှိသေးတယ် ဆိုတာလည်းပေါ်သွားပြီ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။။

ဒါဖြင့် ဒကာသိုက်ရေ ဒီကရှေ့ ချို့ယွင်းချက် မရှိစေနဲ့ ပေါ့ဗျာ၊ တကယ့်ဆွေမျိုး ဉာတကာတွေ ဖြစ်လို့ ရှိရင်လည်း ဘာလုပ်ပေးရမတုံး (မဂ္ဂင် အလုပ်တိုက်တွန်းရမယ် ဘုရား)။

မဂ္ဂင်အလုပ်တိုက်တွန်းပါ ကိုယ့်ကိုယ်ကို မအိုချင် မသေချင်ရင်ရော (မဂ္ဂင်အလုပ်လုပ်ရပါမယ် ဘုရား) ဒါပဲ အားကိုးရာ ရှိတယ် (မှန်လှပါ ဘုရား) မင်းအနတ္တနဲ့ မင်းကမ္မသကာပဲလို့ မလုပ်လိုက်ပါနဲ့ (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ရှေးတုန်းကဘယ်လိုဖြစ်နေတုံး

အခုတော့ ဒကာ ဒကာမတွေ ရှေးတုန်းက ဘယ့်နဲ့ ဖြစ်နေ တုံးဆိုတော့၊ အနတ္တကွ မပိုင်ဘူး မပိုင်ဘူး ၊ မပိုင်လို့ ကြည့်စမ်းပါလားကွ၊ သားငယ်လည်း ငယ်ငယ်က ပျက်စီးသွားတယ်၊ သားကြီး လည်း အရွယ်ရောက်မှ ပျက်စီး သွားတယ်၊ မပိုင်တော့ ဒီလိုစွန့်လိုက်ရတာပဲ၊ မတတ်နိုင် ဘူးကွ၊ စိတ်တော့ ဘယ်ကောင်းတယ် ဟုတ်မလဲ (မှန်ပါ ဘုရား)။

အမယ်လေး အရှည်ကြီးပါလား (မှန်ပါ ဘုရား) လေ သာရှည်နေတယ် မတတ်နိုင်တဲ့ဘက်က ရှည်နေတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အခုတော့ ဘယ်ကရှည်ရမတုံး (မတတ်နိုင်တဲ့ ဘက်က ရှည်နေတယ် ဘုရား)။

မတတ်နိုင်တဲ့ဘက်က လေရှည်ကြီးနဲ့ မျက်ရည်သုတ် မနေနဲ့တော့ (မှန်ပါ ဘုရား) မဖြစ်ဘူး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရနိုင်တဲ့ ဘက်က ကြိုးစားလိုက်မယ် ဆိုတော့ မသိခင်တုန်းက ဒကာကြွယ်တို့ မကြိုးစားတာ ဒကာသိုက် တို့ မကြိုးစားတာ အရေးမကြီးဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။

မျက်ရည်ကျတဲ့ဇာတ်သိမ်းကြပါ

အနတ္တပဲ ကိုယ်က ပိုင်တာကို၊ အင်း သားလည်း အဖေ လည်းအနတ္တ၊ ဒါကြောင့်ပဲ အနတ္တ နယ်ထဲမှာဖြင့် ဘယ်သူ့ ဘယ်သူမှ မတတ်နိုင်ဘူး။ ဒီလိုပဲ နေကြ ထိုင်ကြရတော့မှာပဲဆိုပြီး သကာလ၊ ခင်ဗျားတို့ ကျုပ်တို့တတွေ အဖေတို့ အမေတို့နဲ့ပဲ မျက်ရည်စက်လက်နဲ့ ခွဲကြရတယ် (မှန်လှပါ ဘုရား) ဒီလို မနေဘူးလား (နေပါတယ် ဘုရား)

ဒီကရှေ့ကျတော့ မျက်ရည်စက်ကျတဲ့ ဇာတ်ကို သိမ်းကြပေါ့ ဗျာ (မှန်ပါ ဘုရား) သိမ်းနိုင်ကြပလား (သိမ်းနိုင်ပါပြီ ဘုရား)။

ဒါဖြင့် သားက အမေအဖေကြင်နာလို့ရှိရင်လည်း ဘာလုပ်ခိုင်းရမယ် (မဂ္ဂင်အလုပ် လုပ်ခိုင်း ရမယ် ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား) အမေက သားသမီးတွေ အဖေက သားသမီးတွေ ကြင်နာပါတယ် ယုယပါတယ်ဆိုရင် (မဂ္ဂင် အလုပ်လုပ်ခိုင်းရမယ် ဘုရား)။

ရှေးတရားတွေဖျက်တယ်လို့မဆိုနဲ့

အင်း ဒါဖြင့် သူတို့ အအိုနဲ့ သူတို့အသေ တားပေး ပါ၊ လမ်းကောင်းညွှန်ရာကော (ရောက်ပါတယ် ဘုရား) အေး ဒါကြောင့် ဒီနေ့ဟောတဲ့ တရားမှာဖြင့် ဒကာ ဒကာမတို့

ရှေးတရားတွေ အကုန်ဖျက်တယ်လို့လည်း ဒကာကြွယ်က မဆိုလိုက်နဲ့ (မှန်လှပါ ဘုရား) တတ်နိုင်တဲ့နည်း ရှိလို့ ဟောတာ (မှန်လှပါ ဘုရား) ဘုရား တရားတော် ဘုန်းကြီး က ဟောတာ မဟုတ်ပါဘူး ဒီဃနိပါတ်အင်္ဂုတ္တိုရ်မှာ မဂ္ဂင်လမ်း ရှိသေးတယ်ဆိုတာ မသိလို့ဟောတာပေါ့ (မှန်လှပါ ဘုရား)။

အမေက သားမကယ်နိုင်၊ သားကအမေမကယ်နိုင် ဆိုတာ မဂ္ဂင်လမ်းရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်၏ အကြားအမြင် မရှိသော ပုဂ္ဂိုလ်တို့၏ ညည်းလုံး မျက်ရည်ကျလုံး ဆိုပါလား (မှန်လှပါ ဘုရား)။

ဖြေဖျောက်နိုင်တဲ့နည်းရှိတယ်

ကဲ ဒီကရှေ့ ဒါဖြင့် မျက်ရည်ဇာတ် လည်း သိမ်းနိုင်တဲ့ နည်းရှိသားပဲ ဟုတ်လား (မှန်ပါ ဘုရား) အင်း သုံးနှစ်သုံးသီး လွမ်းဆွတ်နေရတဲ့ သောကလုံးတွေ ကိုလည်း ဖြေဖျောက်နိုင်တဲ့နည်းကော (ရှိပါတယ် ဘုရား) ဘာလုပ်ကြမလဲ (မဂ္ဂင်အလုပ် လုပ်ကြ ပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် အခု ဒကာ ဒကာမတွေက ဖြစ်နေကြတာ ၊ အင်း-သားသမီးလေးတွေ ပျက်စီးကြ၊ အမေအို အဖေအိုတွေ ပျက်စီးကြပြီဆိုမှဖြင့်၊ စိတ်ပျက် ပြီးသကာလ တောင်ရိုးထွက်လို ထွက်ပေါ့ဗျာ ၊ အမျိုး မျိုးအဖုံဖုံ စိတ်ပျက်ထွက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။

အင်း ယူနိုင်တဲ့နည်း ကယ်နိုင်နည်း ရှိပါတော့ မယ်လို့ ထွက်တာဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား) စိတ် ပျက်ထွက်တာ (မှန်လှပါ ဘုရား) ဒကာကြွယ်ရေ ဒီနည်းကော ကောင်းရဲ့လား (မကောင်း ပါဘူး ဘုရား) နည်း မသိပဲကိုဗျ (မှန်လှပါ ဘုရား)။

အမျှပေးရင်မျက်ရည်ကျတယ်

နည်းမသိတဲ့ အခါကျ သူလုပ်သရွေ့ဟာ အမျှ အမျှ အမျှ၊ သေတဲ့လူပဲ ဆွမ်းလေး ကျွေးပြန် ရင်လည်း သူ့အတွက် အမျှ၊ အင်း သီလလေးဆောက်တည် ပြန်လည်း (သူ့အတွက်အမျှပါ ဘုရား) သူ့ အတွက်အမျှပဲ ဆိုပြီး ဒါအမျှ ပေးရင်း မျက်ရည်ကလယ် ကလယ်လာ သေးတယ် (လာသေးပါတယ် ဘုရား)။

မဂ္ဂင်အလုပ်လုပ်ခိုင်းပါ

အဲဒါတွေသည် ဒကာ ဒကာမတို့ ရှေးက ထုံးစံလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) အခုတော့ဖြင့် ဒကာ ကြွယ်တို့ လက်ထက်မှာ ဆရာကောင်း သမားကောင်းတွေ ကြုံ ဒကာသိုက်ရေ ဪ အမေက သားကယ်နိုင်တဲ့ တရားထူးရှိသေးလား (ရှိပါတယ် ဘုရား) သားသမီးက အမေ အဖေ ကယ်နိုင်တဲ့ တရားထူး မရှိဘူးလား (ရှိပါ တယ် ဘုရား) ရှိတာတွေ မသိသေးခင်က ဪ မျက်ရည် စက်လက်နဲ့ ဝမ်းနည်းပြီးသကာလ အမျှသာ ဝေနေရတော့တာ ပဲ ဆိုတာတွေ အကုန်ဇာတ်သိမ်းပါ (မှန်လှပါ ဘုရား)။

ဒီတစ်ခါတော့ဖြင့် ကြီးတဲ့သားသမီးကိုလည်း မဂ္ဂင်အလုပ်တိုက်တွန်းပါ။

ကယ်နိုင်ပုံလက်တွေ့ပြကြစို့

ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်စပါဦးတဲ့၊ ကယ်နိုင်ပုံ လက်တွေ့ပြကြပါဦးစို့ (မှန်လှပါ ဘုရား) ကယ်နိုင်ပုံ လက်တွေ့ပြုကြပါဦးဆိုတော့ ဒီဘက်က ဇာတိဗျာ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေက တွေးတာပေါ့ဗျာ (မှန်လှ ပါ ဘုရား)။

အေး ကာယကံ ဝစီကံ မနောကံတွေ မသေခင် လုပ်တဲ့ ကာယကံ ဝစီကံ မနောကံတွေ၊ သည်ဇာတိရဖို့လုပ်တဲ့ ကာယကံ ဝစီကံ မနောကံတွေကြောင့် ဘာဖြစ်ရတုံး (ဇာတိ ဖြစ်ရပါတယ် ဘုရား)။

နောင်ဘဝကောင်းစားချင်လို့

အင်း ခင်ဗျားတို့ကလည်း နောက်ဘဝ လူကောင်း နတ်ကောင်းဖြစ်ချင်ပြီဆိုမှဖြင့် ကာယကံ ကောင်း ဝစီကံကောင်း မနောကံကောင်းတွေနဲ့ အတော်ကြိုးစားတယ် (မှန်လှပါ ဘုရား)။

အတော်ကြိုးစားလိုက်တဲ့အခါ ဇာတိရတော့ ဇရာ မရဏတွေက မနေတော့ဘူး (မှန်လှပါ ဘုရား)။ နေရစ်သေးရဲ့လား (မနေရစ်တော့ပါဘူး ဘုရား)၊ အင်း ဒါဖြင့် ဒကာ ဒကာမတို့ သားသမီး များကို ကာယကံ ဝစီကံ ကောင်းကောင်း ထားနော်၊ ဒါမှ နင်နောက်ဘဝနေရာကျမယ်တဲ့၊ ဘယ်မှာ နေရာကျမတုံး သုံးခုစလုံးနေရာမကျဘူး (မှန်လှပါ ဘုရား) ကျသေးရဲ့ လား (မကျပါဘူး ဘုရား)။

ဇာတိကလည်း ဒုက္ခသစ္စာ၊ ဇရာ မရဏကလည်း (ဒုက္ခ သစ္စာပါ ဘုရား) ခင်ဗျားတို့က နေရာ ကျမယ်လို့ ပြောနေတာ ၊ နေရာကျတဲ့ အကွက်ကိုပဲ ထောက်စရာပါရဲ့ လား (မပါပါဘူး ဘုရား)၊ ဉာဏ်ရောက်ပလား (ရောက်ပါပြီ ဘုရား) ဉာဏ်ရောက်ပြီ ဒကာ ဒကာမတို့ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရုပ်ရည်ကချောပါရဲ့ အိုနာသေကပါနေတယ်

အင်း လက်သည်ရှာတော့မှ မိပလား (မိပါပြီ ဘုရား) ဒီကာယကံ ဝစီကံ မနောကံတွေနဲ့ မင်းတို့ စင်စင်ကြယ် ကြယ်ဆေး ဟုတ်လား (မှန်ပါ ဘုရား) ဆွမ်းချက် ပြန်လို့ရှိရင်လည်း စပါးလုံးမပါစေနဲ့ ဖွဲမပါစေနဲ့၊ သန့်သန့် ရှင်းရှင်း လုပ်ရတယ်ဟ ၊ နောက်ဘဝကျတော့ နင် သန့်သန့်ရှင်းရှင်းဖြစ်မယ်တဲ့၊ သန့်ရှင်းတာ ဘယ်သန့်ရမလဲ (မှန်လှပါ ဘုရား) ဟုတ်ဖူးလား (ဟုတ်ပါတယ် ဘုရား)။

ရုပ်ရည်ရူပကာလေးက ချောပါရဲ့ လှပါရဲ့ အို နာ သေက ပါနေတော့ ဒီအချောတွေက အိုနာသေထဲ ရော နေတယ်၊ ဒီအလှတွေက အို နာ သေထဲ ရောဆင်းသွားတယ် ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် အင်မတန် အရုပ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒီကံတွေဘယ်ကလာပါလိမ့်

ဒီကံ ဘယ်ကလာပါလိမ့် (ဥပါဒါန်က လာပါ တယ် ဘုရား) ဒီက လာကတည်းက ဒကာကြွယ်က စဉ်းစား ဥပါဒါန် ဆိုတာ အကုသိုလ် (မှန်လှပါ) အကုသိုလ် က လာတဲ့ကံဆိုတော့ ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ကမ္မဘဝ ပစ္စယာ ဇာတိ ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)၊ ကယ်နိုင်တာ ပါသေးလား (မပါပါဘူး ဘုရား)၊ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ဥပါဒါန်ဘယ်ကလာပါလိမ့်

အားလုံး ဒကာ ဒကာမတို့ ကယ်နိုင်တဲ့တရား ပြတော့ မယ်ဆိုတော့ကို အတော်လေးကို နောက်ဆုတ် နားလည်မှ ဖြစ်တော့မယ်၊ ဒီဥပါဒါန် ဘယ်ကလာပါလိမ့် တဏှာကလာတယ်၊

တဏှာပစ္စယာဥပါဒါန်ကို လက်သည်တွေကိုက ဒကာ သိုက်တို့က စဉ်းစား (၁) ကော၊ (၂) ကော (၃) ကော ကောင်း ရဲ့လား (မကောင်းပါဘူး ဘုရား)။

ဒါကြောင့် သားသမီးတွေဖြစ်စေ မိမိတို့ဖြစ်စေ အို နာ သေနဲ့ မိတ်ဆွေဖြစ်နေတာ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား) တယ်ကြောက်စရာကောင်းပါလား (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

တဏှာဘယ်ကလာပါလိမ့်

ဒီတဏှာ ဘယ်ကလာပါလိမ့်မတုံး (ဝေဒနာက လာပါတယ် ဘုရား)၊ ဒီဝေဒနာ ဘယ်က လာပါလိမ့် (ဖဿကလာပါတယ် ဘုရား) ဖဿကလာတယ်ဆိုတာ ပေါ်နေပြီ (မှန်လှပါ ဘုရား)၊ ဖဿ ဘယ်ကလာပါလိမ့် (သဠာယတနကလာပါတယ် ဘုရား) သဠာယတန က လာတယ် ဆိုတော့ ဒကာ ဒကာမတွေက သိပြီးသားမို့ ရှင်း မနေဘူးလား။။

သဠာယတန ဘယ်ကလာတုံး (နာမ်ရုပ်က လာပါ တယ် ဘုရား) အေး နာမ်ရုပ်က လာတယ် ဆိုတာသိပြီ နာမ်ရုပ်ဘယ်က လာပါလိမ့် (ဝိညာဏ်ကလာပါတယ် ဘုရား) ဝိညာဏ်ကလာတယ် ဝိညာဏ်ဆိုတာ သိပြီ။

တရားအားမထုတ်တဲ့အချိန်မှာ (၈)ခု

အင်း ဒါဖြင့် ဒကာ ဒကာမတို့ မိမိခန္ဓာဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ မိမိခန္ဓာဟာ ဘယ်နှစ်ခုပါလိမ့် (၈-ခုပါ ဘုရား) ယခုဘဝခန္ဓာလေဗျာ (မှန်ပါ ဘုရား)။

ယခုဘဝခန္ဓာ ဘယ်နှစ်ခုပါလိမ့် (ရှစ်ခုပါ) အနာဂတ်ခန္ဓာက (၃)ခု၊ သဘောကျပလား (ကျပါပြီ ဘုရား) ယခုဘဝ ခန္ဓာ နေ့တိုင်းဖြစ်နေတာက (ရှစ်ခုပါ ဘုရား) တရားမနာ တဲ့အချိန်မှာ ရှစ်ခု တရားအားမထုတ်တဲ့ အချိန်မှာ – (ရှစ်ခုပါ ဘုရား) တရားအားထုတ်တဲ့အချိန် (၅ခုပါ ဘုရား)။

တရားအားထုတ်တဲ့အချိန် (၅) ခု

တရားအားထုတ်တယ်ဆိုရင်ပဲ ဒကာ ဒကာမတို့ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ်၊ ၄ ရယ်၊ ၅ ရယ် ဟုတ်လား အဲတော့ ဒကာ ဒကာမတို့ ဒီကြားထဲမှာ မဂ္ဂင်ငါးပါးနဲ့ အားထုတ်၊ အားထုတ်၊ မဂ္ဂင်ရှစ်ပါးနဲ့ အားထုတ်၊ အားထုတ်၊ တရားနာတဲ့ အချိန်မှာပဲ ဒီဘက်က ဘယ်သူပြတ်သွားတုံး (အို နာ သေ လုပ်မယ့် တရားသုံးခုပြတ်သွားပါတယ် ဘုရား)။

အိုနာသေလုပ်မည့်တရားပြတ်တယ်

ဒါ တရားနာလိုက်တာနဲ့ တရားအားထုတ်လိုက်တာနဲ့ ဘာပြတ်သွားတုံး (အို နာ သေ လုပ်မည့် တရား ပြတ်သွားပါတယ် ဘုရား) အင်းဒီဘက်က တရားတွေက မိစ္ဆာတရားတွေပါလားလို့ ဒီကနေ ဉာဏ်နဲ့သွင်းလိုက်။ ဒီကနေဉာဏ်ကသွင်းလိုက်တော့၊ ဒီမဂ္ဂင် ပထမရှေးဦးစွာ ငါးပါးဖြစ်မှာပေါ့ (မှန်လှပါ ဘုရား) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ငါးပါးဖြစ်တုန်းက၊ ကတည်းက သူတို့လာသေးရဲ့ လား (မလာပါဘူး ဘုရား) လာသာမလာတာ ဒကာ ဒကာမတို့ ငါးပါး ဖြစ်တုန်းကတော့ သူကိုအမြစ်ပြတ်အောင် သတ်နိုင်တဲ့ ငါးပါးမဟုတ်ဘူး (မှန်ပါ ဘုရား) သတ်နိုင်ပါ့မလား (မသတ်နိုင်ပါဘူး ဘုရား)။

အပါယ်သွားမည့်ကံတွေအကုန်ချုပ်တယ်

မသတ်နိုင်သေးတော့ ဒကာ ဒကာမတွေက ထပ်ပြန်တလဲလဲ ကြိုးစားလိုက်တာပေါ့ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား) ထပ်ပြန်တလဲလဲ ကြိုးစားလိုက်တော့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မဂ္ဂင်ရှစ်ပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှစ်ပါးဖြစ်သည် နှင့် တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန် ကံတွေ အပါယ် သွားစေတတ်တဲ့ကံတွေ အကုန်ချုပ်တယ် (မှန်ပါ ဘုရား)။

အပါယ်ခန္ဓာဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား) အို နာ သေ ကော (မဖြစ်ပါဘူး ဘုရား) ကိုယ်ကိုယ်တိုင် အားထုတ်လည်း အို နာ သေ လွတ်ပါလား သားသမီး တွေ တိုက်တွန်းနှိုးဆော် လိုက်ပြန်တော့ကော (အို နာ သေ လွတ်ပါတယ် ဘုရား) အို နာ သေ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

မဂ္ဂင်အလုပ်လုပ်ဖို့တိုက်တွန်းပါ

ဒါဖြင့် ခင်ဗျားတို့ ချစ်တာ ခင်တာ ကြင်နာတာတွေ ဘယ်နေရာမှာ အသုံးချမလဲဆိုတာ ယနေ့ ပေါ်လာပြီ (မှန်လှပါ ဘုရား) ဘယ်လိုများပေါ်တုံး (မဂ္ဂင်အလုပ်ကို တိုက်တွန်းရမယ်) မဂ္ဂင်ရှစ်ပါး တိုက်တွန်း မဂ္ဂင် အလုပ် လုပ်ကြ (မှန်လှပါ ဘုရား) ဒါသာလျှင် ခင်ဗျားတို့ နင်တို့ အိုတာ နင်တို့ နာတာတွေ မကြည့်ချင်ဘူး၊ ငါအိုတာ ငါနာတာကိုလည်း နင်တို့ သားသမီးတွေက ကြည့်နိုင်ကြမှာ မဟုတ်ဘူး၊

အဲတော့ကို နင့်ကိုလည်း ငါကယ်နိုင်တဲ့တရားရှိ တယ်၊ ငါ့ကိုလည်း နင်ကယ်နိုင်တဲ့တရား ရှိတယ် ဆိုပြီး သကာလ နင်လည်း မဂ္ဂင်အလုပ်လုပ် (မှန်လှပါ ဘုရား) ငါလည်း မဂ္ဂင်အလုပ် လုပ်မယ် ဆိုလို့ရှိရင်ဖြင့် တစ်ယောက် တစ်ယောက် လွမ်းစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဆွေးစရာကော (မရှိပါဘူး ဘုရား) မျက်ရည်ကျစရာကော (မရှိပါဘူး ဘုရား) မရှိတော့ ဘူး ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

မကျေနပ်တဲ့ဇာတ်သိမ်းနည်း

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့က ရှေ့မှောက်က ပျောက်သွားမှာစိုးရိမ်တယ် (မှန်လှပါ)

သဘောကျပလား (ကျပါပြီ ဘုရား) ရှေ့မှောက်က သားနဲ့ခွဲရ မယ် သမီးနဲ့ခွဲရမယ်ဆို ဘယ့်နှယ်များနေကြတုံး (မကျေနပ်ပါဘူး ဘုရား) အင်း အိမ်ထောင်ရက်သားကျလို့ အိမ်ပြောင်းမှာတောင် ကျေနပ်ကဲ့လား (မကျေနပ်ပါဘူး ဘုရား) မကျေနပ်ဘူး (မှန်လှပါ ဘုရား)။

တကယ်လို့ ရောဂါဝေဒနာရလို့ သေကြမယ်၊ နာကြ မယ်ဆိုရင်ကော (မကျေနပ်ပါဘူး ဘုရား) သာပြီး မကျေနပ်သေးတယ်၊ အဲဒီ မကျေနပ်ဇာတ်တွေကို ဒကာသိုက်ရေ သိမ်းနိုင်တဲ့နည်း ယနေ့ တွေ့ပလား (တွေ့ ပါပြီ ဘုရား) ဘာလုပ်ရမတုံး (မဂ္ဂင်အလုပ် လုပ်ရမယ် ဘုရား)။

ဆရာဘုန်းကြီးနဲ့ကြုံလို့နည်းရကြပြီ

မဂ္ဂင်အလုပ် လုပ်လိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မကျေနပ်တဲ့ ဇာတ်တွေကို သားသမီး အပေါ် မကျေနပ်တဲ့ဇာတ်၊ သားသမီးက အမေ အဖေအပေါ် မကျေနပ်တဲ့ ဇာတ်တွေကို အမျိုးမျိုးကို သိမ်းနိုင်တဲ့ နည်းလမ်းဟာ ဆရာဘုန်းကြီးနဲ့ ဘုရားသာသနာကြုံလို့ ယခုအခါမှာ နည်းရကြပြီ။

ဪ -ဒီဇာတ်သိမ်းနည်းဟာ ဘယ်အခါကာလမှ နောက်လည်းတွေ့မှာမဟုတ်ဘူး ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား) အခုတွေ့တုန်းကို ဇာတ်သိမ်းလိုက်မှ ပဲဆိုတဲ့စိတ် မွေးဖြစ်အောင် မွေးပါ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

တောဒေယျပုဏ္ဏာခွေးဖြစ်တယ်

သားတွေ သမီးတွေ ခင်ဗျားတို့က ငါသေလို့ရှိရင် အမွေ တွေ ထားပစ်ခဲ့တယ်၊ အင်း နင်တို့က မသုံးတတ် သုံးတတ်နဲ့ နင်တို့အတွက်တော့ ငါစိတ်မချဘူးဆို စိတ်မချဘဲနဲ့ သေရတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား) စိတ်မချဘဲနဲ့သေရတော့ အဖေ အမေမှာ ပစ္စည်း လည်း ထားခဲ့ရသေးတယ်၊ စုတေ မနေ သေလွန်ပြီး အခြားမဲ့၌ တောဒေးယျတို့မှာ ခွေးလည်းဖြစ်ရသေးတယ် (မှန်လှပါ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)

တောဒေယျပုဏ္ဏားကြီးက ခွေးဖြစ်ရှာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ စိတ်မချလုံးတွေကို ခင်ဗျားတို့ စိတ်မချခြင်းကြောင့်လည်း ဒကာကြွယ်ရေ ခွေးဖြစ်ရတဲ့ ဝဋ် (မှန်လှပါ ဘုရား) ကောင်းသေးရဲ့ လား (မကောင်း ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ချရတဲ့မဂ္ဂင်အလုပ် လုပ်ပါ

အဲတော့ အဲဒီ စိတ်ချရတဲ့အလုပ် တွေ့ပလားလို့ ယနေ့ မေးလိုက်တယ် (တွေ့ပါပြီ ဘုရား) ဘယ်လို များ တွေ့ပါလိမ့် (မဂ္ဂင်အလုပ်နဲ့တွေ့ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘာအလုပ် ကြိုးစားရမယ် (မဂ္ဂင်အလုပ် ကြိုးစားရမယ် ဘုရား)၊ ဒါဟာလည်း သားသမီးခန္ဓာပဲဗျ အမေ မိဘခန္ဓာကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အဲတော့ အမေမိဘလည်း ဒီကနေ ဖြတ်လို့ ရှိရင် ဒီဘက် အိုသေတွေ လာသေးရဲ့ လား (မလာပါဘူး ဘုရား)

သားသမီးကလည်း ဒီကနေပြီး ဖြတ်လိုက်လို့ရှိရင် ပဋိသန္ဓေ နေမှု၊ အိုမှု၊ သေမှု ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

မခွဲချင်ဘူးဆိုရင်နိဗ္ဗာန်သွားနေကြ

အင်း ဒါဖြင့် အမေက အဖေကို ကြင်နာပါတယ် ယုယပါတယ်။ အကြောင်းတိုက်ဆိုင်လို့ တွေ့ရ ငြားသော် လည်း၊ ငါတို့ဖြင့် မင်းတို့အပေါ်မှာ ဘယ်နည်းနဲ့မှ မခွဲချင်ဘူးဆို လို့ရှိရင်၊ နှစ်ယောက်စလုံး နိဗ္ဗာန်မှာ သွားနေ (မှန်လှပါ ဘုရား) မခွဲရဘူး ခွဲရသေးရဲ့ လား (မခွဲရပါ ဘူး ဘုရား)။

အဲတော့ ခင်ဗျားတို့က ဒီလိုလုပ်တာ မဟုတ်ဘူး၊ ခွဲရပြီ ဆို ရင်ထုတော့ ကောင်းသေးရဲ့ လား၊ ဪ လမ်းက သိပ်လွဲ နေတာကို (မှန်လှပါ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အေး ဒါကြောင့် တစ်ယောက် တစ်ယောက် ခင်ဗျားတို့ က မေးတဲ့အခါကျလို့ရှိရင် မနက်ဖြန် ကျလို့ရှိရင်ဖြင့် ဘယ်သူ ဘာဖြစ်သတဲ့ဆိုတာ မြို့ကြီးတွေကျတော့ ကြားကြရတယ် (မှန်လှပါ ဘုရား) မကြားရဘူးလား (ကြားရပါတယ် ဘုရား)။

ဪ ဖြစ်မှဖြစ်ရလေ ကျုပ်ဖြင့် စိတ်မကောင်း ဘူး၊ ဒါပဲ ခင်ဗျားတို့က စိတ်မကောင်းဘူး ဆိုတာနဲ့ နေ့ တိုင်း ဇာတ်သိမ်းနေတာပဲ (မှန်လှပါ ဘုရား) စိတ်ကောင်းမှုလာရဲ့လား (မလာပါဘူး ဘုရား)၊

ဖြစ်မှဖြစ်ရ လေဗျာ ကျုပ်အင်မတန် ရင်းနှီးတဲ့မိတ်ဆွေ ထိုက် သလောက်လည်း အားကိုးရတဲ့ မိတ်ဆွေပဲ သေသွားရှာ သတဲ့ဆိုပြီးသကာလ ခင်ဗျားတို့ ဒါ ကိုယ်အသက် ရှင်သလောက် ဒီဥစ္စာဟာ ဒုက္ခဒေါမနဿ လာနေမှာပဲ (လာမှာပါ ဘုရား) ကိုယ့်အတွက်ကော (လာနေမှာပါ ဘုရား)။

သားသမီးအတွက်ကော (လာနေမှာပါ ဘုရား) – မိတ်ဆွေသင်္ဂဟတွေ အတွက်ကော (လာမှာပါ ဘုရား)။

ရှေ့ငါးပါးကိုဖြစ်ပျက်ရှုပါ

အဲဒီ ကိုယ့်အတွက်ရော သားသမီးအတွက်ရော မိတ်ဆွေသင်္ဂဟအတွက်ရော ဇာတ်သိမ်း ရအောင် ဒကာ ဒကာမတို့ မဂ္ဂင်အလုပ်နဲ့ ဉာဏ်နဲ့ ဒီဘက် ရှေ့ငါးခုကို ဖြစ်ပျက် ရှုပါ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်တုံး (ရှေ့ငါးခုကို ဖြစ်ပျက်ရှုပါ ဘုရား) ရှေ့ငါးခု ဖြစ်ပျက်ရှုရမယ်၊ ရှေ့ငါးခုကိုလည်း ငါးခုလို့ ပြောငြား သော်လည်း တစ်ခုတည်းရှု (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာတဲ့ (တစ်ခုတည်း ရှုရမှာပါ ဘုရား) တစ်ခုတည်းရှု အကုန်ပါတယ်ဆိုတာ ဒကာကြွယ်ရေ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။

လုပ်နည်းကတိုပြီး အမြတ်ကြီးရတယ်

ရုပ်ရှု နာမ်ပါတယ် မဟုတ်လား (ဟုတ်ပါ တယ် ဘုရား) နာမ်ရှု (ရုပ်ပါပါတယ် ဘုရား) အေး ဒါဖြင့် တစ်ခုခုရှုလိုက်ရင် ဒကာသိုက်ရေ မပြီးဘူးလား (ပြီးပါ တယ် ဘုရား) ဒါဖြင့် နည်းကလည်းတိုတို အမြတ် ကလည်းကြီးကြီး (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ပြတ်နည်းကလည်း အင်မတန်တိုပါ တယ်၊ အမြတ်ကလည်း ကြီးလိုက်တဲ့ ဖြစ်ခြင်း၊ သားသမီးလည်း အို နာ သေ လွတ်၊ ဆွေမျိုးညာတကာတွေကော (အို နာ သေ လွတ်ပါတယ် ဘုရား) မိမိကော (အို နာ သေ လွတ်ပါ တယ် ဘုရား)။

ဒါဖြင့် အမြတ်ကလည်း သည်ထက်ကြီးရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား) အခုတော့ဖြင့် ဒကာ ဒကာမတွေ ဒီလမ်း ဒီစခန်းကို ဒီအကျင့်လမ်းကို မသိတဲ့အတွက်၊ ကိစ္စ ရှိရင် ကျုပ်ကိုယ်ကျိုး နည်းတာပဲ ၊ သူ့ဆီ ကြွေးဘယ်လောက်ရှိတယ် ဟုတ်လား (ဟုတ်ပါတယ် ဘုရား)

ဒါတွေ လက်မှတ်ကလည်းမထိုးရဘူး အစရှိသည်နဲ့ ထိုးထားတယ် သူတို့က သားတွေ သမီးတွေက မဆပ်ဘူးဆိုရင် ဘယ့်နဲ့မှ မတတ်နိုင်ဘူး ၊ ကိုယ်ကျိုးချည်းနည်းနေမှာပဲ (မှန်လှပါ ဘုရား) မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။

ကိုယ်ကျိုးနည်းတဲ့ဇာတ်ကိုသိမ်းကြပါ

ကိုင်းဒါနဲ့သာ အချိန်ကုန်ကြမှာ ဖြစ်လေတော့၊ ကိုင်း ကိုယ်ကျိုးနည်းဇာတ်ကိုလည်း ဒကာကြွယ်ရေ သိမ်းလိုက်ပါတော့ (မှန်လှပါ ဘုရား) ဘယ်လိုသိမ်းရမလဲ (ကိုယ်ကျိုးနည်း ဇာတ် ကိုသိမ်း ရမှာပါ ဘုရား) ဘာနဲ့သိမ်းကြမလဲ (မဂ္ဂင်အလုပ် လုပ်သိမ်းရမှာပါ ဘုရား) မဂ္ဂင်အလုပ် လုပ်ပြီး သိမ်းလိုက်လို့ ရှိရင်ဖြင့် ကိုယ်ကျိုးနည်းဇာတ်ရော သူကျိုးနည်းဇာတ်ရော အကုန်သိမ်းပေါ့ဗျာ (မှန်လှ ပါ ဘုရား)။။

သူကျိုးနည်းတာပဲ ကိုယ်ကျိုးနည်းတာပဲ ဆိုတဲ့ဥစ္စာတွေ အကုန်ဇာတ်သိမ်းပြီး သကာလ၊ မဂ္ဂင်ဆိုတဲ့ လွတ်မြောက်ရာနိဗ္ဗာန်ကို သေသေချာချာရောက်ပါတယ် (မှန်ပါ) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ပိုင်းက ဘယ်နှစ်ခု ရှိပါလိမ့် (ငါးခုရှိပါတယ် ဘုရား)၊ ငါးခုရှိတဲ့ အခါကျတော့ အင်း-ဒီထဲက ဝိညာဏ်ဆိုတဲ့ဥစ္စာလေးရှိနေပြီပေါ့ဗျာ မရှိ ဘူးလား (ရှိပါတယ် ဘုရား)။

မြင်ရုပ်၊ မြင်စရာ၊ မြင်စိတ်

အဲတော့ ဒကာ ဒကာမတို့ ဒါလေးကစိတ်ပေါ့ဗျာ၊ မြင် စိတ်ကလေးထားပါ၊ မြင်တဲ့စိတ်ကလေး ဒါက မြင်စရာ ပစ္စည်းလေး (မှန်လှပါ ဘုရား)၊ သဘောကျပလား ဒါက ဘာပါ လိမ့် (မြင်စရာ ပစ္စည်းလေးပါ ဘုရား) မြင်စရာ ပစ္စည်းလေးတစ်ခုထားလိုက်၊ ဒါဖြင့် ဒါက မြင်ရုပ်၊ ဒါက မြင်စရာ အဆင်းပေါ့ (မှန်ပါ ဘုရား)။

ဒီကမြင်စိတ် သဘောကျပလား (ကျပါပြီ ဘုရား)၊ မျက်လုံးထဲမှာ မျက်လုံးကန်းနေတဲ့ ပသာဒ ချို့ယွင်းနေတဲ့ပုဂ္ဂိုလ်ကျတော့လည်း မမြင်ဘူးဗျ (မှန်ပါ ဘုရား)၊ အဲတော့ မျက်လုံးရုပ်ကယ် မြင်စရာ တစ်ခုခု ဖြူနီကြောင်ကြားဆိုတဲ့ အဆင်းရယ် မျက်လုံးရုပ်နဲ့ ဒါနဲ့ တည့် လိုက် ဘာပေါ်ပါ့မလဲ (မြင်စိတ် ပေါ်ပါတယ် ဘုရား) မြင်စိတ်ပေါ် တယ်ဆိုတော့ ဒကာကြွယ်ရေ ရှင်းမနေ ဘူးလား (ရှင်းပါတယ် ဘုရား)။

မှန်ရှေ့မှာလူရပ်ရင်လူရိပ်ပေါ်

မှန်နဲ့လူနဲ့တည့်လိုက်၊ ပြဒါးသုတ်ထားတဲ့ မှန်ရှေ့မှာ လူသွားရပ်လိုက်ပါ၊ အရိပ်ဟာ အလယ်မှာ ပေါ်တယ် (မှန်လှ ပါ ဘုရား) အင်း ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံး မေးခွန်း ထုတ်လို့ရှိရင် ရှေ့ကလူလည်းရှိလို့ (မှန်ပါ ဘုရား) မှန်ကော (ရှိလို့ပါ ဘုရား) ဒါကြောင့် အရိပ် အလယ်မှာ ပေါ်လာ ရတယ် (မှန်လှပါ ဘုရား)။

ဒီမှာလည်း မှန်နဲ့တူတဲ့ မျက်လုံးအကြည်လေးရှိ လို့ ဒီကရပ်တဲ့လူ ရှေ့ကလည်း ရှိလို့ (ရှိပါတယ် ဘုရား)၊ အရိပ်သဖွယ် မြင်စိတ်ပေါ်တယ် ပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ဒီသုံးခုပေါ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) “တိဏ္ဏသင်္ဂတိဖဿ” ဆိုတော့ ဖဿကလည်း ဒီထဲတွဲလျက်ပဲ (မှန်လှပါ ဘုရား)။

ဝေဒနာကော (တွဲလျှက်ပါ ဘုရား) တွဲလျှက်ဖြစ်ပြီး သကာလနေတော့ ဒီထဲက မြင်တယ်ဆိုရင် မြင်စိတ်ကလေးကို ဖြစ်ပြီးပျက်တာပဲ ခဏနေပြီး ခဏပျက်တာပဲလို့ ဒီကနေ မဂ္ဂင်နဲ့ ရှုပေး (မှန်လှပါ ဘုရား)။

မြင်စိတ်ဟာ မြင်ပြီးပျက်တယ်

ကိုယ့်မျက်လုံးထဲကို မြင်တဲ့စိတ်ကလေးက မြင်ပြီး ပျက်တာပဲလို့သာရှုပါ (မှန်ပါ ဘုရား)၊ ကြားတဲ့ စိတ်ကလေးက (ကြားပြီးပျက်တာပဲလို့ရှုရမှာပါ ဘုရား) ကြားပြီးပျက်တာပဲ လို့ ဉာဏ်ကလေး နဲ့သာ ရှုပေးပါ သဘောကျပလား။

အေး နံတဲ့စိတ်ကလေးကော (နံပြီးပျက်တာပဲ) စားတဲ့စိတ်ကလေးကော (စားပြီးပျက်တာပဲ) ယားတဲ့ယံတဲ့ စိတ်ကလေးက (ယားယံပြီးပျက်တာပါ) ကြံတဲ့ စိတ်ကလေးကော (ကြံပြီးပျက်တာပဲ) ကြံပြီးပျက် တာပဲလို့ ဒီစိတ်ကလေးကို ရှုပေးလို့ရှိရင် သူကအပျက်၊ ရှုတာ က မဂ်လာဖြစ်တယ် (မှန်ပါ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

မဂ်ဆိုတော့ဥပါဒါန် ကံချုပ်တယ်

မဂ်ဆိုတော့ ကိလေသာ သေစေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား) တဏှာတွေ ဥပါဒါန်တွေ ကံတွေ ဘယ့်နဲ့နေပါလိမ့် (ချုပ်သွားပါ တယ် ဘုရား) တဏှာတွေ ဥပါဒါန် ကံတွေ ဒကာ ဒကာမ တို့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) သူတို့ ချုပ် ပေါ့ဗျာ သားသမီး ခန္ဓာ ပေါ်သေးရဲ့ လား သားသမီး အိုသေ (မပေါ်ပါဘူး ဘုရား)။

မိမိခန္ဓာရော (မပေါ်ပါဘူး ဘုရား) အင်းမိမိအိုသေကော (မပေါ်ပါဘူး ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အင်း-ဒါဖြင့် ကိုယ့်စိတ်ကို ရှုရတဲ့အဓိပ္ပါယ်ဟာ တယ်ကောင်းပါလား (မှန်လှပါ ဘုရား)။

အကြောင်းနှစ်ခုတိုက်ဆိုင်လို့ပေါ်တဲ့စိတ်

ကိုယ့်စိတ်ကို ရှုရတဲ့ အဓိပ္ပါယ်သည် ကိုယ့်စိတ်သာ ဆိုရတာ အပြောမို့ ဘုန်းကြီးက ကိုယ့်စိတ် ပြောနေရတာ ဒီစိတ်ကလေးဟာ အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်လာတဲ့ စိတ် (မှန်လှပါ ဘုရား) ကိုယ့်စိတ်ကို မဟုတ်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ အဲဒီကဲ့သို့ သိထားတော့ ဘယ်စိတ်ပေါ်ပေါ် အကြောင်းနှစ်ခု တိုက်ဆိုင်လို့ပဲ (မှန်လှပါ ဘုရား)၊ မြင် စိတ်ပေါ်လည်း အကြောင်းနှစ်ခု တိုက်ဆိုင်လို့ပါဘုရား နံစိတ်ကလေး ပေါ်လာရင် (အကြောင်းနှစ်ခု တိုက်ဆိုင် လို့ပါ ဘုရား) အင်း စားတဲ့စိတ်ကလေး (အကြောင်းနှစ်ခု တိုက်ဆိုင်လို့ပေါ်တာပါ ဘုရား) လျှာလည်းမရှိဘူး ထည့် တဲ့ချိုချင်လည်းမရှိဘူးဆိုရင် ဘယ့်နှယ့် စားချင် စိတ်ကလေး ကောင်းတဲ့ ဆိုတဲ့ စိတ်ကလေး ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား)။

အဲဒါတွေ ထောက်ပြီးသကာလ အထည်အဝတ် လည်း ခြုံတယ်၊ လေလည်းမတိုက်ဘူး ဆိုရင်ဖြင့် အေးတယ်ဆို တဲ့ ကိုယ်ပေါ်မှာ အေးသည့်ရုပ်ကလေးပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား)၊ ဘာမှ မတွေးဘဲနေ ကြံစိတ်ကော (မပေါ် ပါဘူး) အဲတော့ ကြံစိတ်လာလည်း ဒီကြံစိတ် ရှိ-မရှိကို ဒီမဂ်နဲ့ တွေးလိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့ကအပျက်၊ နောက်ကမဂ်

ထိုကဲ့သို့တွေးလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်စိတ်ဟာ အပျက်တွေ ပါလား (မှန်လှ ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)၊ ကိုယ့်စိတ်အပျက်ကို ကိုယ့်မဂ်နဲ့ မသိဘူးလား (သိပါ တယ် ဘုရား)။

ဒါဖြင့် အပျက်နဲ့ မဂ်နဲ့ ကိုက်သွားတဲ့အခါကျလို့ရှိရင် ဖြင့်၊ ရှေ့ကအပျက် နောက်ကမဂ်နဲ့ ကိုက်သွားရင် တဏှာ၊ ဥပါဒါန်၊ ကံ ဘယ့်နှယ်လုပ်မတုံး (မရှိတော့ပါဘူး ဘုရား)

ဒါဖြင့် သားသမီး အိုသေကော ကယ်နိုင်ပါ့မလား (ကယ် နိုင်ပါပြီ ဘုရား)၊ မိမိ အိုသေကော ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

အိုသေကြောက်ရင်ဒီအလုပ်လုပ်ပါ

ဒါဖြင့် အိုရမှာ နာရမှာ သေရမှာ မိမိကြောက်လည်း ဒီအလုပ် လုပ် (မှန်ပါ ဘုရား)၊ သားသမီး များ အိုမှာ နာမှာ သေမှာ ကြောက်ရင်လည်း (ဒီအလုပ်လုပ်ရမှာ ပါ ဘုရား) ဒီအလုပ်မှတစ်ပါး ကိုးစားရာ အားထားရာ ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)

ဒါဖြင့် ကယ်နိုင်တဲ့ လမ်း၊ ကယ်နိုင်တဲ့ အကျင့်၊ ကယ်နိုင်တဲ့ လမ်းဆိုတာက ဒါ မဂ္ဂင်ရှစ်ပါး မဂ္ဂင်လမ်းမတော်ကြီး လာဖြစ်တယ် (မှန်ပါ ဘုရား) ဟုတ်လား ကယ်နိုင်တဲ့အကျင့်ဆိုတာ ရှေ့က အဖြစ်အပျက်တွေကို နောက် မဂ်နဲ့ရှုပေးတော့ ဒီအကျင့်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကယ်နိုင်တဲ့လမ်းတွေ့ပြီ

ဒါဖြင့် ဒကာ ဒကာမတို့ ကယ်နိုင်တဲ့အကျင့် လည်းတွေ့ပြီ (မှန်ပါ ဘုရား) ကယ်နိုင်တဲ့ လမ်း ကော (တွေ့ပါပြီ ဘုရား) ဒီလမ်းက တဏှာသတ်တဲ့လမ်း (မှန်လှပါ ဘုရား) တဏှာသတ်တော့ ဒီက ဒုက္ခတွေကကော (အကုန်ချုပ်ပါတယ် ဘုရား)၊ ဒီဘက်က သမုဒယသစ္စာတွေ အကုန်သတ် ၊ ဒီဘက်က ဒုက္ခသစ္စာတွေကော (အကုန်ချုပ်ပါတယ် ဘုရား)။

ကျွက်တမ်းဝင်တဲ့ပုဂ္ဂိုလ်တွေ

အင်း- ဒီလမ်းသည်ကားဆိုရင် ဒကာ ဒကာမတို့ ကျင့်ကောင်းတဲ့လမ်း ပွားကောင်းတဲ့ (လမ်းပါ ဘုရား)၊ ဘုရားအဆူဆူနဲ့တကွ ဘုရားတစ်ဆူတစ်ဆူနောက်မှာ ဒီလမ်းလိုက်တဲ့ ပုဂ္ဂိုလ်ဟာတဲ့ (၂၄) သင်္ချေရှိတယ်၊ ကုဋေရှစ် ဆယ်၊ ကုဋေပေါင်းက ရှစ်ဆယ်ရှိတယ်၊ ဗိုလ်ခြေတစ်သိန်းရှိ တယ်၊ ဒီလမ်းချည်း လိုက်သွားတာ (မှန်လှပါ ဘုရား) အငိုလွတ်အတွေးလွတ်တွေ (မှန်လှပါ ဘုရား) မလိုက် ပေဘူးလား (လိုက်ပါတယ် ဘုရား)။

အဲတော့ ဘုရားတစ်ဆူတစ်ဆူမှာ ကျုပ်တို့သည်ကား ဆိုလို့ရှိရင်ဖြင့် နည်းနည်းနောနော ပါသွားတာ မဟုတ်ဘူး (၂၄) သင်္ချေ၊ ကုဋေရှစ်ဆယ်၊ ဗိုလ်ခြေတစ်သိန်း တောင်ပါသွားတာ၊ ကျုပ်တို့ ကျန်နေရစ်တော့ ဒီအနတ္တတစ်လုံးနဲ့ မတတ်နိုင် ဘူးလို့ ပင်နေတာနဲ့ ကျန်နေရစ်တာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အနတ္တပေမယ့်ကယ်နိုင်တဲ့လမ်း

အခုတော့ဖြင့် ဪ အနတ္တ ပေမယ့်လည်း အင်း- ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ကယ်နိုင်ယူနိုင်တဲ့ လမ်း ရှိပါသေးလားဆိုတာ ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုရှုပါ (မှန်လှ ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကိုယ့်စိတ် ဆိုတာက ဘာတုံး ဖြစ်ပျက် (မှန်လှပါ ဘုရား) ကိုယ်ရှု ပါဆိုတာက (မဂ်ပါ ဘုရား) ကိုယ့်စိတ် ဆိုတာက (ဖြစ် ပျက်ပါ ဘုရား) ဖြစ်ပျက်ကိုရှုပါဆိုတာက (မဂ်ပါ ဘုရား)။

သိတဲ့တွေးလုံးကမဂ္ဂင်

အဲတော့ – ကိုယ့်စိတ်ကလေး ခုနက စားချင်တဲ့ စိတ် ရှိ-မရှိတွေး အိပ်ချင်တဲ့စိတ်ကလေးပေါ် ရင်လည်း ရှိ- မရှိ နောက်ကတွေးလုံးကို မထစ်စေနဲ့ မြန်မြန်တွေး (မှန်လှပါ ဘုရား) ဟုတ်လား (ဟုတ်ပါတယ် ဘုရား) စကားပြောပြီးတဲ့ စိတ်ကလေးရှိတယ်၊ ပြောချင်တဲ့စိတ်ကလေး ရှိတယ်၊ ပြောပြီးလို့ရှိရင်လည်း ခုနကပြောချင်တဲ့စိတ်ကလေး ရှိမရှိ မြန်မြန်တွေး (မှန်လှပါ ဘုရား) တွေးလိုက် ရင်ဖြင့် ခုနက ပြောချင်တဲ့စိတ်က ပျက်သွားတာပဲ (မှန်လှပါ ဘုရား)။

အမေ့ကိုကယ်နိုင်တဲ့နည်းလမ်း

အင်း တွေးလုံးသည်ကားဆိုလို့ရှိရင်ဖြင့် မရှိဘူးလို့ သိတဲ့တွေးလုံးဟာ မဂ္ဂင်ကဖြစ်တာ (မှန်လှပါ ဘုရား) မဖြစ်သင့်ဘူးလား (ဖြစ်သင့်ပါတယ် ဘုရား)

ဒီလိုဆိုတော့ သားသမီးက အမေ့ကိုကယ်နိုင်တဲ့လမ်း ၊ အမေက ကော (သားသမီးကို ကယ်နိုင်တဲ့ လမ်းပါ ဘုရား)၊ သားသမီး ကယ်နိုင်တဲ့လမ်းတွေ ကောင်းကောင်းကြီး အထ မမြောက်ဘူးလား (မြောက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။