185

ဒီအပြုံးသည် ဉာဏ်ပြုံးလား တဏှာပြုံးလား

အသံဖိုင်ခေါင်းစဉ်= တဏှာမူလက ကိုးချက်တရားတော်

စာအုပ်ခေါင်းစဉ်= ဒီအပြုံးသည် ဉာဏ်ပြုံးလား တဏှာပြုံးလား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဒီအပြုံးသည် ဉာဏ်ပြုံးလား တဏှာပြုံးလား

ဟောကြားသည့်နေ့

(၅-၁၀-၆၁)

ဒကာ ဒကာမတွေ တရားအားထုတ်ရတယ်ဆိုတဲ့ဥစ္စာ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒါလောက် တိုက်တွန်း ပါလိမ့်မလဲလို့ မေးတော့ကို ဒကာ ဒကာမတွေ သန္တာန်မှာ တရားတွေရှိနေလို့ တရားအားထုတ်ခိုင်းတယ်လို့ အောက်မေ့ရ မယ် (မှန်ပါ့ ဘုရား)။

တရားတွေရှိနေလို့တရားအားထုတ်ခိုင်းတာ

တရားတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိပြီးနေတော့ ဒီတရား တွေ ကို အားထုတ် ရမယ် ဆို တဲ့ ဥစ္စာ ဟောထားတယ် (မှန်ပါ့) ဒီတရားက မည်းနက်တဲ့တရားတစ်မျိုး (မှန်ပါ့) ဖြူစင်တဲ့တရားတစ်မျိုး (မှန်ပါ) မမည်း-မဖြူတဲ့တရားတစ်မျိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒီနေ့ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ တရားသည်ကား လို့ဆိုလို့ရှိရင်

၁။ မည်းနက်တဲ့တရားလည်းရှိတယ် (မှန်ပါ့)

၂။ ဖြူစင်တဲ့တရားလည်းရှိတယ် (ရှိပါတယ်) တစ်ခါတလေ

၃။ အမည်းအဖြူရောတဲ့တရားလည်း (ရှိပါတယ်)

၄။ မမည်း-မဖြူတဲ့ တရားလည်း (ရှိပါတယ်)

ဒကာ ဒကာမတွေ သန္တာန်မှာ တရားက လေးမျိုးတောင်ရှိ နေတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာထဲမှာတရားဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးရှိ ပါတယ် ဘုရား) လေးမျိုး-လေးမျိုး၊ သေသေချာချာ မှတ်ပါ၊

ဪ ဒါဖြင့် တရားနာကြတယ်ဆိုတော့ ဒီတရားလေးမျိုးကို သိဖို့ အရေးကြီးတယ် (မှန်ပါ့)။

တရားနာတဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ တရား လေးမျိုး ရှိတယ်နော် (မှန်ပါ့) တရားလေးမျိုး ရှိပြီး သကာလ နေတော့ ဒီတရားလေးမျိုးကို ဂရုစိုက်ပြီး သကာလ ဪ ဒီတရားက ရှိထိုက်တဲ့တရား၊ ဒီတရားက မရှိထိုက် တဲ့တရား ၊ ဒီတရားတော့ဖြင့် ရှိပြန်လည်း အရောအနှော ဖြစ်နေလို့ မကောင်းတဲ့တရား၊ ဒီတရားသည် မမည်း- မဖြူတဲ့ တရား၊ ဒီတရားကို ကိုယ်ပိုင်တရား လုပ်ရမှာပဲ ဆိုတာ ဒကာသစ် အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲမှာတရားလေးမျိုးရှိတယ်

ဒါ့ကြောင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ တရား လေးမျိုးရှိတယ်လို့ စောစောမှတ်ထားပါ (မှန်ပါ့) တရား ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးရှိပါတယ် ဘုရား)။

လေးမျိုးရှိတယ် ဆိုတာ သေသေချာချာ မှတ်ထားတော့မှ ဪ ဒို့သည်ကားလို့ဆိုရင် တရားနှစ်မျိုးတည်း အောက်မေ့ နေတယ် (မှန်ပါ့) ကောင်းတာနဲ့ မကောင်းတာ ဒီနှစ်မျိုးတည်း သာ မှတ်ထားတော့ ဒကာကြွယ်လွဲနေပြီ (လွဲနေပါပြီ ဘုရား)။

ဒကာ ဒကာမတွေ တရားနှစ်မျိုးပဲရှိတယ်လို့ ထင်ကြ တယ် (ထင်ကြပါတယ်) ကောင်းတာနဲ့ မကောင်းတာ တရားနှစ်မျိုး ရှိတာပဲလို့ ဒီလိုအောက်မေ့နေကြတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့ အခါကျတော့မှ မင်းတို့ဒီလိုအောက်မေ့မနေနဲ့ တရားလေးမျိုးရှိတယ် ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်ပါ)။

တရား ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးရှိပါတယ်) လေးမျိုး မှတ်ထားကြစမ်းပါ ဒကာ ဒကာမတွေ (မှန်ပါ့)။

မှန်မှန်ကန်ကန် သိစေချင်တယ်

ဘုန်းကြီးက ဒီဒကာ ဒကာမတွေကို ထိုးထိုးထွင်းထွင်း မှန်မှန်ကန်ကန် ဇာစ်ဇာစ်မြစ်မြစ်ကို သိစေချင်တယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ သိထားတာကလည်း အသိကနည်းတော့ ပြောသံကြားနဲ့ သိထားတာကိုး၊ အကောင်းနဲ့ အဆိုးရှိတာပဲကွာ အကောင်းဆောင်ပြီး အဆိုးရှောင်ရင် ပြီးတာပဲ (မှန်ပါ့)။

တကယ့်လိုရင်းတွေ ဟာနေသေးတယ်

ဪ ကိုယ့်ဉာဏ်ကလေး မှီသလောက်နဲ့ ကိုယ် ထောက်ပြန်တော့ တကယ့်လိုရင်းတွေ ဟာနေပါသေးသလား ဆိုတာ ဒကာသစ်ရေ ရှင်းကြည့်မှသိတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ တရားရှင်းကြပါစို့ လို့ဆိုတော့ ဒကာ ဒကာမတို့ ပစ္စည်း ရှာကြတယ်ဆိုတာ ဒကာ ဒကာမတွေ ဒီခန္ဓာကိုယ်ကြီးအတွက်နဲ့ ပစ္စည်းရှာကြတယ်နော် (မှန်ပါ့)။

ဒါက ခန္ဓာငါးပါး ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကြီး ထားပါတော့ ဒကာကြွယ် (မှန်ပါ့) ဒီခန္ဓာကိုယ်ကြီး အကြောင်းရင်းခံပြီးသကာလတဲ့ ခန္ဓာက ဘာခန္ဓာတုံးဆိုတော့ ဝေဒနာက္ခန္ဓာ (မှန်ပါ့ ဘုရား)။

ခန္ဓာကဘာခန္ဓာပါလိမ့်

ခန္ဓာက် ဘာခန္ဓာပါလိမ် (ဝေဒနာက္ခန္ဓာပါ ဘုရား) ရူပက္ခန္ဓာစားချင်လို့ ဒါလောက်ကိစ္စမရှိဘူး (မှန်ပါ့) ဝေဒနာ ခံစားချင်လို့ ရှာကြတာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ချမ်းသာချင်ကြသလားလို့ မေးလို့ရှိရင် ဖြင့် ဘယ့်နှယ်ဖြေကြမလဲ (ချမ်းသာချင်ပါတယ် ဘုရား) ချမ်းသာချင်တယ်ဆိုတဲ့ဥစ္စာ လာကြမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီးထဲမှာ ချမ်းသာတဲ့ဝေဒနာက ပါပြီးသား (မှန်ပါ့) ချမ်းသာတဲ့ ဝေဒနာကြီးက ပါပြီးသားဖြစ်နေတော့ ဒီဝေဒနာ့အတွက်ဟာ ဒကာသစ်တို့က ဒီခန္ဓာကိုယ်ကြီးနဲ့ ပတ်သက်ပြီး သကာလ သူတို့ ခင်ကြမင်ကြတယ် (မှန်ပါ့) ဒီခန္ဓာကိုယ်ကြီးကို ဝေဒနာကို ခင်ကြတယ် (မှန်ပါ့) ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာနော် (မှန်ပါ့) ဝေဒနာက္ခန္ဓာ မခင်ကြဘူးလား (ခင်ကြပါတယ် ဘုရား)။

ဪ ခန္ဓာကြီးကလည်း သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာနဲ့ ဝေဒနာက္ခန္ဓာကြီး ပေါ့ဗျာ (မှန်ပါ့) ဒီဝေဒနာက္ခန္ဓာကြီးကို ဒကာ ဒကာမတွေက မသိတော့ခင်ကြ တယ် (ခင်ကြပါတယ်) ဒါ့ကြောင့် ဝေဒနံပဋိစ္စ တဏှာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

၁။ ခန္ဓာခင်တာတဏှာပဲ

ဝေဒနံပဋိစ္စ (တဏှာပါ ဘုရား) ဪ ခန္ဓာခင်တာ တဏှာပဲ (မှန်ပါ့) ခန္ဓာခင်တာ ဘယ့်နှယ် ဆိုကြမလဲ (တဏှာပါ ဘုရား)။

ခန္ဓာခင်တာ တဏှာဆိုတော့ ဒီတဏှာရှိနေတော့ ပျော် ဒီခန္ဓာကြီးကိုခင်တယ်၊ ဒီခန္ဓာကြီးကို ခင်လို့ရှိရင်ဖြင့် ဒီခန္ဓာ ကြီးကို ကျွေးဖို့-မွေးဖို့ရှာမှပဲ (မှန်ပါ့) ရှာတဲ့ တဏှာက နောက်ထပ်ပွားလာတယ် (ပွားလာပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနံပဋိစ္စတဏှာ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ) တတ္ပဋိစ္စ ပရိယေသနာ (မှန်ပါ့ ဘုရား)။

၂။ ပရိယေသနကရှာမှီးတာ

တဏှာအကြောင်းရင်းခံပြီး ဘာဖြစ်သတုံး (ပရိယေသနဖြစ်ပါတယ်) ပရိယေသနကလည်း ရှာမှီးတာ (မှန်ပါ့)။

ဪ ဒကာ ဒကာမတွေ ဘာများလုပ်နေကြ သတုံးမေးတဲ့အခါကျတော့၊ တပည့်တော်တို့ ခန္ဓာကိုယ်ကြီးကို တပည့်တော်တို့ခင်တဲ့အတွက် တပည့်တော်တို့ စီးပွားရှာ ကြတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ဘာလုပ်ကြပါလိမ့် (စီးပွားရှာပါတယ်) အင်း ဒကာကြွယ် လက်သည်ရှာလိုက်တော့ ဪ ဒီခန္ဓာ ကို ခင်လွန်းလို့ရှာတာကိုး (မှန်ပါ့) ဦးမာဒင်တို့ လက်သည် ရှာပါ (မှန်ပါ့ ဘုရား)။

တဏှာသည် အညွန့်ထွက်လာတယ်

ဒီခန္ဓာကြီးကို (ခင်လွန်းလို့ရှာတာပါ) ဒီခန္ဓာခင်တာ က တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီတဏှာရှိလာတော့ ဒီတဏှာသည် အညွှန့် ထွက်လာတယ် (မှန်ပါ့) ဘယ်လို အညွန့် ထွက်လာသတုံး မေးတော့ ဒီတဏှာပေါ် ကနေပြီး ရှာတဲ့ တဏှာဆိုတဲ့ အညွန့်ပေါက်လာတယ် (ပေါက်လာပါတယ် ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတို့ ဝေဒနံပဋိစ္စ တဏှာ (မှန်ပါ့) တဏှာ ပဋိစ္စ (ပရိယေသနာပါ ဘုရား) ပရိယေသန လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ ဘုရား) တဏှာအကြောင်း ရင်းခံပြီး ပရိယေသန တဏှာပေါ်ပြန်တယ် (မှန်ပါ့)။

ဪ ဒကာ ဒကာမတွေ စီးပွားရှာကြတာလား၊ တဏှာပွားနေကြတာလား မေးကြပါစို့ (တဏှာပွားနေကြတာ ပါ ဘုရား)။

ဒါ ဘာမှ သံသယမရှိပါနဲ့၊ မဟာနိဒါနသုတ် ပါဠိတော်၌ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရှင်အာနန္ဒာ က ပဋိစ္စသမုပ္ပါဒ်လွယ်ပါတယ်လို့ ပြောတော့ မလွယ်ဘူးကွ၊ မင်းဖြစ်နေတာကို မင်းမသိဘူးလို့ ပြောတာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ခန္ဓာကြီးပေါ့ဗျာ (မှန်ပါ့) အခု တရားနာနေကြတဲ့ အားလုံး ဒကာ ဒကာမတွေရဲ့ ခန္ဓာ ခင်တဲ့တဏှာ (မှန်ပါ့)။

ရှာတဲ့တဏှာပွားလာတယ်

ခန္ဓာခင်တဲ့တဏှာရှိနေလို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာ အတွက်လည်း ရှာရမှာပဲ (မှန်ပါ့) သားသမီးခန္ဓာတွေ ခင်တာနဲ့လည်း (ရှာရမှာပါ ဘုရား) ဪ ရှာတဲ့တဏှာပွား လာတယ် (ပွားလာ ပါတယ် ဘုရား)။

ရှာတဲ့တဏှာပွားလာတော့ ဒကာကြွယ်တို့ ဦးမာဒင် တို့ ဦးသန်းမောင်တို့က စဉ်းစားပါ၊ ဪ ခန္ဓာခင်တဲ့ တဏှာက ရှာမှီးတဏှာကို ပေါက်ပွားလာအောင် သူလုပ်တာကိုး (မှန်ပါ ဘုရား)။

ဒါဖြင့် တဏှာသည်ကားလို့ဆိုရင် ဒကာ ဒကာမတွေ ဒီအတိုင်းနေသလား တဲ့၊ ရှာမှီးတဲ့ တဏှာကို ပေါက်ပွား စေသလား (ရှာမှီးတဲ့တဏှာကို ပေါက်ပွား စေပါတယ် ဘုရား)။

အပါယ်ရောက်ရတော့မယ်

လူလားမြောက်ကြပလား၊ ဒို့-လူလားမြောက်တဲ့အချိန် က စပြီးသကာလ ဒကာ ဒကာမတွေက ဒီခန္ဓာခင်လို့ ရှာမှီးခဲ့ကြတာ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့က ဘာကောင်ကိုက်မှန်းမသိဘူးနော် (မှန်ပါ့) အပါယ်လေးပါးသို့ ရောက်ရ တော့မယ် (ရောက် ရမှာပါ ဘုရား) ရှာမှီးတဲ့ တဏှာကြောင့် အပါယ်လေးပါးသို့ (ရောက်ရမှာပါ ဘုရား) ဘာကောင်ကိုက်မှန်း မသိဘူး ခင်ဗျားတို့ ကတော့ ခက်တယ် (မှန်ပါ့)။

မြွေပွေးငယ်ကိုက်တာ မသေဘူးမထင်နဲ့

ဒါ ထုံးစံပဲဘုရာ့ တပည့်တော်တို့ လူရယ်လို့ ဖြစ်လာရင် ရှာရတာပဲ ဆိုတော့ ဘုန်းကြီးက မကန့်ကွက်ပါဘူး (မှန်ပါ့) သို့သော် မြွေပွေးငယ်ကလေး ကိုက်တာ ခင်ဗျား တို့ က မသေဘူးတော့ မထင်နဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ ထုံးတမ်းကတော့ဖြင့် ဒကာကြွယ်တို့လူစု တွေက ကိုယ့်ခန္ဓာခင်ရင်တော့ ရှာရမှာပဲ ဘုရာ့ (မှန်ပါ့) ကိုယ့်သားမယား ခန္ဓာ ခင်ရင်ကော (ရှာရမှာပါပဲ ဘုရား)။

မည်းနက်တဲ့တရား

ဒီရှာတဲ့တဏှာသည် ဒကာ ဒကာမတို့ မည်းနက်တဲ့ တရားလား ဖြူစင်တဲ့တရားလား (မည်းနက်တဲ့ တရားပါ ဘုရား)။

ဒါဖြင့် ဒါကလေးက ဒကာ ဒကာမတို့ ဒီခန္ဓာထဲပေါ်တာ ပဲ (ပေါ်ပါတယ် ဘုရား) ဒကာ ဒကာမတွေ ခန္ဓာထဲ ပေါ်တာ ပဲ (မှန်ပါ့)။

ဝါးသီးဟာဝါးပင်ကိုသတ်တယ်

ဒီခန္ဓာထဲပေါ်တော့ ဒီတဏှာသည် ဒကာ ဒကာမတွေ ကို ဘာလုပ်မှာတုံးလို့ မေးတဲ့ အခါကျတော့ အို ဘုရားကဟောသားပဲ ၊ ဝါးပင် ထဲကထွက်လာတဲ့ အသီးက ဝါးပင်သေ အောင် သတ်တယ် (မှန်ပါ့) ငှက်ပျောပင်ထဲမှာ ရှိတဲ့အသီးက ငှက်ပျောပင်ကို သေစေတယ် (မှန်ပါ့) လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ အထဲမှာ ဖြစ်တဲ့တဏှာက ခင်ဗျားတို့ကိုပဲ အရှာခိုင်းတယ် (မှန်ပါ့) အရှာခိုင်းတဲ့ တဏှာက ခင်ဗျားတို့ကိုပဲ အပါယ်လေးပါးပို့တယ် (မှန်ပါ့) ကြောက်စရာ သိပ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

သို့ပေမယ့် ခင်ဗျားတို့က အရှာလေးကြိုက်သလားကြီးကြီးကျယ်ကျယ် ရင်းနှီးပြီးသကာလ အရှာကြီး ကြိုက်သလား မေးရင်ဘယ့်နှယ်ဖြေကြမလဲ (အရှာကြီးကြိုက်ပါတယ် ဘုရား) မြွေပွေးငယ် ကိုက်လို့ မသေချင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကံကောင်းတယ်ထင်နေကြတယ်

ဘယ်လိုများ မှတ်ကြပါလိမ့် ဒကာကြွယ် (အရှာကြီး ကြိုက်ပါတယ် ဘုရား) ပေါ်ကြပလား ဒကာ ဒကာမ တို့ (ပေါ်ပါပြီ ဘုရား) မြွေပွေးငယ် ကိုက်သေရတာ ကံနည်း တယ် (မှန်ပါ) မြွေပွေးကြီး ကိုက်သေရတာ (ကံကြီး ပါတယ် ဘုရား) ကံကောင်းတယ် ထင်နေကြတယ် (မှန်ပါ့) ခင်ဗျားတို့ မျက်စိလည်ပုံလေ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (မျက်စိလည်ပုံပါ ဘုရား) မျက်စိလည်လေ ခင်ဗျားတို့က ဆန်ရလေ မဟုတ်ဘူး၊ ခင်ဗျားတို့က အပါယ်ရလေဖြစ်နေတယ် (မှန်ပါ့)။

မျက်စိလည်လေ၊ အပါယ်သွားရလေပဲ

သီလရှင်တွေ ဆွမ်းဆန်ခံတော့ မျက်စိလည်လေဆန် ရလေဖြစ်တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ခင်ဗျား တို့ကျတော့ မျက်စိလည်လေ အပါယ်ရလေပဲ (မှန်ပါ့)။

သို့သော် ဒါတွေကို ဒကာ ဒကာမတွေက အပြစ်တော့ မယူကြပါနဲ့ ဟိုအိမ်ကလည်း ဒီအတိုင်းပဲ ရှာနေတယ် (မှန်ပါ့) အရှေ့ဘက်က အိမ်ကလည်း (ရှာပါတယ် ဘုရား) အနောက်ဘက်က အိမ်ကလည်း (ရှာပါတယ်) ဒီအတိုင်း ရှာနေတော့ မြွေပွေးတော့ကိုက်နေတယ် (ကိုက်ပါတယ်) ကိုက်ပင် ကိုက်ငြားသော်လည်း ကိုက်တဲ့လူချင်း ကြည့်ပြီး သကာ လ သူတို့လည်း ကိုက်နေတာပဲ၊ ဒို့လည်း ကိုက်နေတာပဲ ဘာကိစ္စ ရှိရမလဲ တဲ့၊ ဘာမှ ကိစ္စမရှိဘူး အပါယ်သွားရုံပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ့ကြောင့် ဘုရားက မဟာနိဒါနသုတ်မှာ ဟောတယ် တဲ့၊ “ဝေဒနံ ပဋိစ္စတဏှာ၊ တဏံှ ပဋိစ္စ ပရိယေသနာ” (မှန်ပါ့) ပရိယေသန ဆိုတာ ရှာမှီးတဲ့တဏှာ (မှန်ပါ့) ဒီဟာက ခန္ဓာခင်တဲ့တဏှာ (မှန်ပါ့) ဒီဟာက ဘာပါလိမ့် (တဏှံ ပဋိစ္စ ပရိယေသနာပါ ဘုရား) ရှာမှီးတဲ့တဏှာ (မှန်ပါ့)။

ဦးမာဒင်တို့ ဦးသန်းမောင်တို့ မှတ်လိုက်စမ်း၊ တဏှာနှစ် မျိုးပါလား (နှစ်မျိုးပါ ဘုရား) ခန္ဓာခင်တဲ့ တဏှာက တစ်မျိုး၊ ခန္ဓာခင်လို့ ရှာမှီးချင်တဲ့တဏှာက (တစ်မျိုးပါ ဘုရား) ဒကာသစ် ဘယ်နှစ်မျိုးရှိသွားပလဲ (နှစ်မျိုးပါ ဘုရား)။

‘‘တဏှံ ပဋိစ္စ ပရိယေသနာ” တဲ့၊ ခင်ဗျားတို့ ဟိုသွား လိုက်-ဒီသွားလိုက်၊ ဒကာသစ်တို့ ချည်ရမည့် ဆီသွားရ၊ ချည်ထည် အရောင်းအဝယ်စံမည့်ဆီသွားရ (မှန်ပါ့) ဒါ ပရိယေသနပေါ့ဗျာ (မှန်ပါ့)။

ဒါ ဘယ်သူ့ကြောင့် ဒီပရိယေသနဖြစ်ပါလိမ့်မတုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာ ကြောင့်ပါ) တဏှာကြောင့်ဖြစ်တယ် (မှန်လှပါ)။

ဒီတဏှာကလည်း ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံး၊ မိုးပေါ်ကျလားလို့ မေးတဲ့အခါကျတော့ ဒီခန္ဓာခင်လို့ ပေါ်လာတာ (မှန်ပါ့)။

ဒါဖြင့် ဝေဒနံ ပဋိစ္စ (တဏှာပါ) တဏှံ ပဋိစ္စ (ပရိယေသနာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ပရိယေသန ဆိုတာ ထင်ရှားပါပြီး (ထင်ရှားပါပြီ ဘုရား)။

အရှာကောင်းတော့ ရကြတယ်

“ပရိယေသနံ ပဋိစ္စ လာဘော” ဪ ခင်ဗျားတို့ က အရှာကောင်းတော့ ရကြတယ် (မှန်ပါ့)။

အရှာကောင်းတော့ (ရကြပါတယ် ဘုရား) အင်း ရတဲ့သဘောကလေးကလည်း ဒကာသစ်တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ အလိုလိုရတာလား ၊ ရှာမှီးတဲ့ တဏှာ ကြောင့်ရတာလား (ရှာမှီးတဲ့ တဏှာကြောင့် ရတာပါ ဘုရား) ဒီ ရှာမှီးတဲ့ တဏှာကလည်း ဘယ့်နှယ်ကြောင့် သူပေါ်လာပါလိမ့် (ခန္ဓာခင်လို့ပါ ဘုရား) ခန္ဓာခင်တဲ့တဏှာကြောင့် (မှန်ပါ့)။

ခန္ဓာကြောင့်တဏှာပေါ်တယ်

ဒီတဏှာက အလိုလို ပေါ်တာလားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ခန္ဓာကြောင့်ပါ ဘုရား) ခန္ဓာကြောင့် ပေါ်တာ (မှန်ပါ့) ခန္ဓာကြောင့် တဏှာပေါ်တယ်၊ တဏှာပေါ်သောကြောင့် ရှာမှီးတယ် (မှန်ပါ့ ဘုရား) ရှာမှီးလို့ရတယ် (မှန်ပါ့ ဘုရား)။

ကဲ-ရပါစေတော့၊ ရတဲ့အခါကျတော့ ခင်ဗျားတို့က ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့ဗျာ (မှန်ပါ့) ဒကာသစ် မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား) နည်းနည်း ရရင်တော့ မပြုံးဘူးပေါ့ဗျာ၊ များများရရင်တော့ (ပြုံးပါတယ် ဘုရား)။

ဒီအပြုံးသည်ဉာဏ်ပြုံးလား တဏှာပြုံးလား

ဘယ်သူက အပြုံးခိုင်းသတုံး (ရှာမှီးတဲ့တဏှာက အပြုံးခိုင်းပါတယ်) ဒါဖြင့် ဒီအပြုံးသည် ဉာဏ်ပြုံးလား၊ ဦးမာဒင် တဏှာပြုံးလား (တဏှာပြုံးပါ ဘုရား)။

အင်း ငါသွားရမည့် လမ်း အပါယ်လေးပါး ရောက်တဲ့အလုပ် လုပ်မိတာနဲ့ ပြုံးများ နေလိုက် သေးတယ် (မှန်ပါ့)။

ဖြစ်မှဖြစ်ရပလေ၊ ဒကာကြွယ် ဘယ်သွားရမှာကြောင့် ပြုံးပါလိမ့်မယ် (အပါယ်သွားရမှာကြောင့် ပြီးတာပါ ဘုရား) အပါယ်လေးပါး သွားရမှာကြောင့် ပြုံးတယ် (မှန်ပါ့)။

မြွေပွေးကိုက်နေတာတောင်ပြုံးတုန်း

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မြွေပွေးကိုက်နေ တာတောင်ပြုံးတုန်း ရှိသေးတယ် (မှန်ပါ့ ဘုရား) သေမှာ ကတော့ ခဏပဲ (မှန်ပါ့ ဘုရား) သို့သော် သူမသေခင် ဘာလုပ်နေသတုံး (ပြုံးပါတယ်) အင်း ဒါဖြင့် သေခါနီးပြီး (မှန်ပါ့) သေခါနီးပြုံးမကျဘူးလား (ကျပါတယ် ဘုရား)။

ဦးမာဒင်တို့ ဦးသန်းမောင်တို့ သိပ်ဆိုးပြီ (ဆိုးပါ တယ်) ကဲ ဒါဖြင့် ခန္ဓာကြောင့် တဏှာဖြစ်၊ တဏှာရှိလို့ ရှာတဲ့ တဏှာပေါ်လာတယ် (မှန်ပါ့) ရှာတဲ့တဏှာကြောင့် ထိုက်တန်သလောက်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သော် ဒို့ ပဋိစ္စသမုပ္ပါဒ်ဟာ ဒါက ဟို တစ်သံသရာလုံးလည်တဲ့ ပဋိစ္စသမုပ္ပါဒ်လို့ မဆိုနဲ့ ဒီအိမ်တွင်း ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ပါ (မှန်ပါ့)။

အိမ်တွင်းလည်တဲ့ပဋိစ္စသမုပ္ပါဒ်

ဒါ-တစ်သံသရာလုံးလည်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဘုရားက ဟောတာမဟုတ်ဘူး၊ အိမ်တွင်း လည်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဘုရားက ဟောတာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနံပဋိစ္စတဏှာ၊ တဏှံ ပဋိစ္စ (ပရိယေ သနာပါ ဘုရား) ပရိယေသနံ ပဋိစ္စ လာဘော (မှန်ပါ့) သေသေချာချာ မှတ်ပါ (မှန်ပါ့)။

၃။ လာဘောဆိုဟာလာဘ်ရွှင်တယ်

ပရိယေသနံပဋိစ္စ (လာဘောပါ ဘုရား) လာဘော ဆိုတာ လာဘ်ရွှင်တယ် (မှန်ပါ့) လာဘော ဆိုတာ ရတာကြီး (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရတော့ ဘယ့်နှယ်ဖြစ်သွားသလဲ (ဝမ်းသာပါတယ်) ပြုံးလာတယ် (မှန်ပါ့)။

ပြုံးလာပဟေ့။ နောက်က ဒကာ ဒကာမတွေ ရတဲ့ အခါ ဘယ့်နှယ်နေကြသလဲ (ပြုံးပါတယ်) ပြုံးကြ-ပြုံးကြ ခင်ဗျားတို့ အပြုံးဟာ မသက်သာဘူးနော် (မှန်ပါ့ ဘုရား)။

မသက်သာဘူး ဒကာသစ်ရေ (မှန်ပါ့) ဘယ့်နှယ် တဏှာက အပြုံးခိုင်းလို့ ရှာရတဲ့တဏှာက အပြုံးခိုင်းလို့ ပြုံးတာ ပဲ (မှန်ပါ့) ရှာတဲ့တဏှာက မည်းနက်တဲ့တရားလား။ ဖြူစင်တဲ့တရားလား (မည်းနက်တဲ့ တရားပါ ဘုရား)။

မည်းနက်တဲ့တရားက အပြုံးခိုင်းတာ

မည်းနက်တဲ့တရားက အပြုံးခိုင်းတော့ကို မည်းနက်တဲ့ တရားသည် ဒကာ ဒကာမတို့ မည်းနက် ရာပဲပို့မယ် (ပို့ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် လာဘ်လည်းရပါရောတဲ့ ပစ္စည်း တစ်သိန်းကိုးသောင်းရပါရော “လာဘံ ပဋိစ္စ ဝိနိစ္ဆယော”တဲ့ (မှန်ပါ့ ဘုရား)။

ဆုံးဖြတ်ချက်ချတယ်၊ ဒါက သားဖို့ ဒါက သမီးဖို့, ဒါက အိမ်ယာ တိုက်တာတည်ဖို့ ဒါက အခုရင်းနှီးဖို့ (မှန်လှပါ) အံမာလေး အတော်ကျယ်လာတယ် (ကျယ်လာပါတယ် ဘုရား)။

၄။ ဝိနိစ္ဆယဆိုတာ ဆုံးဖြတ်ချက်ချတယ်

အတော်ကျယ်လာတယ်၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယောတဲ့ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာလုပ်သတုံး (ဆုံးဖြတ်ချက်ချ ပါတယ်) ချကောချဖူးရဲ့လား (ချဖူးပါတယ် ဘုရား)။

အင်း အခု ဒို့အရင်းအနှီးကလေးက အရင်နဲ့မတူ ဘူးကွ နည်းနည်းကလေးချဲ့ကြစို့ကွာ (မှန်ပါ့) တိုးတိုးတိတ် တိတ်ပေါ့လေဗျာ (မှန်ပါ့) ဘာဖြစ်လို့တုံး အပါယ်သွားမလို့ စည်းဝေးတာကိုး (မှန်ပါ့) မတော်လူသိကုန်ရင် ခက်တယ် (မှန်လှပါ့ ဘုရား)။

အဲဒီလိုဖြစ်ပြီးသကာလနေတော့ လာဘဲ ပဋိစ္စ ဝိနိစ္ဆယော တဲ့ (မှန်ပါ့)။

လာဘံ ပဋိစ္စ (ဝိနိစ္ဆယောပါ) ဒါကလေးတွေ ရ ထားရမယ်နော် (မှန်ပါ့) ရ,ထားရမှာက ဒကာ သစ် ရစေချင်တာက တခြားကြောင့် မဟုတ်ဘူးတဲ့ ဆူးမှန်းသိတဲ့အခါ ကျလို့ ရှိ ရင် ဟာ ဖိပြီး မနင်းတော့ဘူး (မှန်ပါ့) နို့မဟုတ်လို့ ရှိရင်ဖြင့် သေခြင်းဆိုးလမ်း အတင်းပြေးမှာ စိုးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ ဘယ်လမ်းအတင်းပြေးမှာစိုးပါလိမ့် (သေခြင်းဆိုးလမ်း အတင်းပြေးမှာ စိုးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ရှင်အာနန္ဒာက ဦးမာဒင်တို့ ဦးသန်းမောင်တို့ ပဋိစ္စသမုပ္ပါဒ် လွယ်ပါတယ်တဲ့ (မှန်ပါ့)။

ရှင်အာနန္ဒာက ဘုရားဆီသွားလျှောက်တယ် (မှန်ပါ့) တပည့်တော်ဘုရား သောတာပန်ဉာဏ်နဲ့ တွေးလိုက် တယ် ပဋိစ္စသမုပ္ပါဒ်မှာ တော်တော် ထင်ထင်မြင်မြင်ရှိတယ် (မှန်ပါ့ ဘုရား)။

မင့်ဉာဏ်ကလေးကလက်နှစ်သစ်

အို မင့်ဟာက မင်းအမြင်နဲ့ မင်းပြောနေတာ မင့်ဉာဏ်ကလေးက လက်နှစ်သစ်လောက် ရှိတယ်၊ ကဲကွာ ဒါဖြင့် မင်းပဋိစ္စသမုပ္ပါဒ် လွယ်တယ် ဆိုတော့ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် ကြည့်စမ်း ဆိုတော့ ပြောကို မပြောနိုင်ဘူး (မှန်ပါ့ ဘုရား)။

အခု ဒကာ ဒကာမတွေလည်း ဟို ပဋိစ္စသမုပ္ပါဒ်ကြီး တော့ စာအုပ်ထဲကျက်ထားလို့ ဒကာသစ်တို့ ရတယ် (ရပါတယ်) ကိုယ့်သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကျတော့ သိတောင်မသိလိုက်ဘူး (မသိပါ ဘုရား)။

ကိုယ့်သန္တာန်ဖြစ်တဲ့ပဋိစ္စသမုပ္ပါဒ်ကျတော့ (သိ တောင်မသိလိုက် ဘုရား) ဟိုစာအုပ်ထဲက ဟာကျတော့ (သိပါတယ် ဘုရား)။

စာအုပ်ထဲကဟာကျတော့ သိကြတယ် ကျက်ကြတယ် ၊ ဦးမာဒင်ကြီးတို့များည, ဖောင်လို့ ပေါ့ဗျာ ရွတ်ကြတယ် (မှန်ပါ့) ကိုယ်တိုင်ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကျတော့ (မသိပါ ဘုရား)။

ဒါ့ကြောင့် ရှင်အာနန္ဒာက သူသိသယောင်ယောင် ရှိတယ်ဆိုတော့ အို မင်းသိတာ နည်းနည်းပါကွ ဆိုပြီးတော့ ဒါကို ဟောတော်မူတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတို့ ဒါ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ဘာပဋိစ္စသမုပ္ပါဒ်တုံး (အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဝေဒနံပဋိစ္စ (တဏှာပါ) တဏှံ ၊ ပဋိစ္စ (ပရိယေသနာပါ) ပရိယေသနံ ပဋိစ္စ (လာဘောပါ) လာဘော လာဘ်ရတယ်နော် (မှန်ပါ့) လာဘံ ပဋိစ္စ ဝိနိစ္ဆယော (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ လာဘ်ပဋိစ္စ (ဝိနိစ္ဆယောပါ) ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဆုံးဖြတ်ချက်ချနေလိုက်တာ

ပစ္စည်းကိုတစ်ခါတည်း ကြွေးပေးစရာရှိတယ် ပေးလိုက် ကွ (မှန်ပါ့) ဒါက အိုစာ-မင်းစား သိမ်းကွ၊ ဒါက အမြတ်တော်ကြီး အတွက် ခွဲထားလိုက်ကွ (မှန်ပါ့)။

အံမာလေး တစ်ခါတည်း ဒကာကြွယ်ဆုံးဖြတ်ချက် ချနေလိုက်တာ (မှန်ပါ့) မချကြဘူးလား (ချပါတယ်) ဒီအတိုင်း ရမ်းနေလို့ကော ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)။

ဒီဆုံးဖြတ်ချက်ချတာကလည်းတဲ့ ဘာနဲ့ ဆုံးဖြတ်ချက်ချ သတုံးလို့ဆိုတော့ တဏှာဒိဋ္ဌိနဲ့ ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့) ဒါက ကိုယ်သိမ်းရမယ်ဆိုတဲ့တဏှာ (မှန်ပါ့)။ ပြန်

ဒီဟာကတော့ ငါ့ဟာ အပိုင်လုပ်ရမှာကွ ဒီဥစ္စာကတော့ ထားလို့ဆိုလို့ကိုရတယ်၊ ဒီဟာ မထိစေနဲ့တဲ့ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒီဝိနိစ္ဆယက ဒါကငါ့သားဖို့၊ ဒါက ငါ့သမီးဖို့ဆိုတဲ့ ဒိဋ္ဌိ ဝိနိစ္ဆယလည်းပါတယ် (ပါ-ပါတယ်) တဏှာ ဝိနိစ္ဆယလည်း (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် တဏှာနဲ့လည်း ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့) ဒိဋ္ဌိနဲ့ကော (ဆုံးဖြတ်ချက်ချပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိနိစ္ဆယဆိုတာဆုံးဖြတ်ချက်ချတာ

ဒါဖြင့် ဝိနိစ္ဆယဆိုတာသည် ဆုံးဖြတ်ချက်ချတာ (မှန်ပါ့) ရလာတဲ့ပစ္စည်းကို ဝေပုံ-ပုံတာပေါ့ဗျာ (မှန်ပါ့) ဒါက ငါ့ဖို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဟိုဟာက ငါ့သား ငါ့သမီးဖို့ (မှန်ပါ့) ဒါက မင်းဖို့ စိုးဖို့ (မှန်ပါ့) မလာကြဘူးလား (လာကြပါတယ် ဘုရား) ဒါ ဝိနိစ္ဆယချတာ (မှန်ပါ့)။

ဘယ်လိုချချတဲ့ ဒီဥစ္စာ ဘုရားက တဏှာနဲ့ဒိဋ္ဌိ ဖြစ်နေတာကွတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (တဏှာနဲ့ ဒိဋ္ဌိ ဖြစ်နေတာပါ ဘုရား)။

အင်း တဏှာနဲ့ ဒိဋ္ဌိဖြစ်နေတာ ဦးသန်းမောင်တို့ ဦးမာဒင်တို့ လူစုတွေက ဒကာသစ်တို့ လူစုတွေက လူသိမှာ စိုးတယ် (စိုးပါတယ် ဘုရား)။

လူသိမှာစိုးတယ်၊ ဘာဖြစ်လို့တုံး တဏှာဖြစ်တာကို လည်း လူသိမှာစိုးတယ်၊ ဒိဋ္ဌိဖြစ်တာ ကိုလည်း (လူသိမှာ စိုးပါတယ် ဘုရား) ဖြစ်တာကတော့ ဘာဖြစ်နေသလဲ (တဏှာနဲ့ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) တဏှာနဲ့ ဒိဋ္ဌိဖြစ်နေတယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

တဏှာနဲ့ဒိဋ္ဌိတွေ့တယ်

ဒါက ငါ့သားသမီးဖို့ ဒါ ငါရင်းဖို့ဟုတ်လား (မှန်ပါ့) ဆိုတော့ ဒိဋ္ဌိက မပါဘူးလား (ပါ-ပါတယ် ဘုရား) ဒါက သိမ်းဆည်းထားဖို့ ဆိုတော့ တဏှာမပါဘူးလား (ပါ- ပါတယ် ဘုရား)။

ဒါဖြင့် ဆုံးဖြတ်ချက်ချနေတဲ့အခါမှာ ဘယ်သူလက်သည် ပါလိမ့်မတုံး လက်သည် အရင်းကျကျ ရှာတော့ ဘာတွေ့ သတုံး (တဏှာနဲ့ဒိဋ္ဌိတွေ့ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ “လာဘံ ပဋိစ္စ ဝိနိစ္ဆယော” (မှန်ပါ့) တဏှာ ဒိဋ္ဌိပေါ်လာသကွတဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အင်း ဒီအလုပ်ကို ဒကာသစ်ရေ – ကိုယ်ကတော့ အမြဲလုပ်နေတာပဲ၊ လုပ်ပေမယ့်လည်း အကုသိုလ်လို့ မည်းနက် တဲ့တရားလို့ကော ထင်ရဲ့ လား (မထင်ပါ) ဦးမာဒင်ကြီးတို့ ထင်ဖူးရဲ့လား (မထင်ဘူးပါ) အံမာလေး မထင်ဘူးပေ မယ့် မည်းနက်တာပဲ (မှန်ပါ့ ဘုရား)။

မထင် ဘူးပေမယ့် (မည်းနက်နေပါတယ်) ဒကာကြွယ်တို့လည်း ထင်ဖူးရဲ့လား (မထင်ဘူးပါ) အခု

သေသေချာချာကြည့်တော့ ဘယ့်နှယ်တုံးတဏှာ, ဒိဋ္ဌိနဲ့ဆုံးဖြတ် ချက်ချတာ (မှန်ပါ့) တဏှာ ကလည်း အမည်းပဲ၊ ဒိဋ္ဌိကလည်း အမည်းပဲ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု မကောင်းတာကိုတော့ဖြင့် ဘုရား ဟောတော် မူတဲ့အတိုင်း ရှင်းပြ ရဦးမှာပဲ (မှန်ပါ့ ဘုရား)။

အမှားရှိရင်အမှန်ရှိရမယ်

သို့သော် ဒီလမ်း ဒီစခန်းကို ဆရာကောင်း, သမား ကောင်းနဲ့ တွေ့ပြန်တော့လည်း ဒကာသစ်ရေ ဒါတွေမဖြစ်ပါဘူး (မှန်ပါ့) ဒါတွေမဖြစ်ပါဘူးတဲ့ သူ့နည်းနဲ့သူ အနာရှိ ဆေး ရှိဆိုသလိုပဲ ဒကာကြွယ်ရေ (မှန်ပါ့) ဦးလှဘူး အမှားရှိရင် အမှန်ရှိရမယ် (မှန်ပါ့ ဘုရား)။

သို့သော် ခင်ဗျားတို့မှာ ဒီလိုဆရာသမားတွေနဲ့ မတွေ့ပြီ ဆိုတော့ ဒီအမှားဟာ အစဉ်လိုက် သွားတော့မှာပဲ (မှန်ပါ့) အပါယ်ကျအောင်သွားမယ် (သွားမှာပါ) မသွားပေဘူးလား (သွားမှာပါ ဘုရား)။

ကဲ ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ်ဟာ ဒကာသစ် သူများ ပဋိစ္စသမုပ္ပါဒ်လား ကိုယ့်ဝမ်းထဲတွင်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်လား (ကိုယ့်ဝမ်းထဲတွင် ဖြစ်တဲ့ပဋိစ္စသမုပ္ပါဒ်ပါ) ကိုယ့်ဝမ်းထဲတွင် ဖြစ်တာဖြင့် ကိုယ့်အိမ်သား လိုဖြစ်နေတယ် (မှန်ပါ့) ပစ္စည်းတွေ များပုံနေတဲ့အခါကျလို့ ရှိရင်လေ (မှန်ပါ့ ဘုရား)။

ဝေပုံကျချတယ်

ပစ္စည်းကို သိုလှောင်ရမည့်ပစ္စည်း၊ ဒါက အခုထုတ်ပြရ မည့်ပစ္စည်း အစရှိသည်နဲ့၊ ဒါက အရေးကြုံမှ ထုတ်ရမှာ၊ ဒါက ဘယ်လကျလာလို့ရှိရင် ဒီလမကုန်လို့ရှိရင် အလကားဖြစ်ပါလိမ့် မယ်၊ အရှုံးခံပြီး တွန်းထုတ်အစရှိသည်နဲ့ ဝေပုံကျတွေကော မရှိဘူးလား (ရှိပါတယ်) ဒါတွေက ဝိနိစ္ဆယပဲ (မှန်ပါ့ ဘုရား)။

ဝိနိစ္ဆယဆိုတာ ဒကာသစ် ဘာတဲ့တုံး (ဝေပုံကျပြု တာပါ) ဆုံးဖြတ်ချက် (မှန်ပါ့) ဝေဖန် ပိုင်းခြားပြီး ဆုံးဖြတ်ချက် ချတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒါက များသောအားဖြင့် ဒကာကြွယ်ရေ အိမ်ခေါင်းဆောင်က လုပ်သလား အိမ့်နောက် လိုက်က လုပ် သလား (အိမ့်ခေါင်းဆောင်က လုပ်ပါတယ်) ဪ ခေါင်းဆောင် ဖြစ်ရမှာများ ကြောက်စရာကြီး ပါလား (မှန်ပါ့) သူကရှေ့က အပါယ်သွားမယ်ပြောတာ (မှန်ပါ့ ဘုရား)။

ငါ့ဟာငါအပါယ်သွားစမ်းပါရစေ

သူကရှေ့က (အပါယ်သွားမယ် ပြောတာပါ) အဲဒါ ကို ခင်ဗျားတို့က သူများကဝင်ရှုပ်လို့ ဒီဝိနိစ္ဆယ ချနေတုန်း ဒါက ဘာဖို့-ဒါက ဘာဖို့-ဒါက ဘာဖို့ဆိုပြီး တစ်ယောက်ကများ ဝင်ပြီး စကားထောက်လိုက်တဲ့ အခါကျတော့ ဒကာသစ်က ကျေနပ်ကဲ့လား (မကျေနပ်ပါ) မသိဘဲနဲ့ မပြောစမ်းပါနဲ့လို့ အံမာ အော်များ ထုတ်လိုက်သေးတယ် (မှန်ပါ့) ငါ့ဟာငါ အပါယ်သွားစမ်း ပါရစေ(မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါ့ဟာငါဘာတဲ့တုံး (အပါယ်သွားစမ်းပါရစေ) မရှုပ်စမ်းပါနဲ့၊ မင်းတို့ကန့်လန့်ကန့်လန့် မလိုက်ပါနဲ့ (မှန်ပါ့) အံမာ တစ်ယောက်တည်း သွားမည့်အဓိပ္ပါယ် (မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပါယ်ကျအောင် ဦးမာဒင် သိခဲတယ်နော် (သိခဲပါတယ်) အခုဆုံးဖြတ်ချက် ချတာက တဏှာနဲ့ ဒိဋ္ဌိတဲ့ (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဘယ်သူပါလိမ့်ဗျာ (တဏှာနဲ့ဒိဋ္ဌိပါ) တဏှာနဲ့ ဒိဋ္ဌိနဲ့ ဆုံးဖြတ်ချက်ချနေတာ ဟိုအိမ်မှာ တိုးတိုး-တိုးတိုး ဒီအိမ်မှာ တိုးတိုး-တိုးတိုး လူခြေတိတ်မ ှပြောတဲ့ အသွားတွေဟာ ဒကာသစ် ဘာထင်သတုံးဗျ- ဆုံးဖြတ်ချက်ချနေတာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒကာကြွယ်တို့ တိုးတိုး တိုးတိုးဟာ သဘောပါပလား (ပါပါပြီ) ဘာတွေလုပ်နေကြသတုံး (ဆုံးဖြတ်ချက်ချ နေကြတာပါ) ဘယ်သွားမလို့တုံး (အပါယ်သွားမလို့ပါ ဘုရား)။

အံမာလေး ကျယ်ကျယ်ပြောလိုက်ရတာက သူများကြား တော်သေးသဗျာ (မှန်ပါ့) အခုဟာက တိုးတိုး တိတ်တိတ်သွား မည့် အဓိပ္ပါယ်မျိုးပါတယ် (ပါ-ပါတယ် ဘုရား)။

ရှင်အာနန္ဒာက လွယ်တယ်ဆိုလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကကိုင်း မင့်အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် – မင်းပြောစမ်းဆိုတော့ ပြောကိုမပြောနိုင်ဘူး (မှန်ပါ့ ဘုရား)။

ဘုရားဟောအတိုင်းပြောပြတာ

အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ကြည့်စမ်း ဘုရားဟောအတိုင်း ဘုန်းကြီးက သေသေချာချာ ဖော်ပြတော့မှ ဪ -ဒီအလုပ်ဟာ ဒို့လည်းလုပ်နေတာပဲ (မှန်ပါ့) ဒီအစဉ် အတိုင်း ကော ဟုတ်-မဟုတ် ဒကာသစ်ကြည့် (ဟုတ်ပါတယ်) ဝေဒနံ ပဋိစ္စ (တဏှာပါ) တဏှံ ပဋိစ္စ (ပရိယေသနာ ပါ ဘုရား)။

ဒီတဏှာကြောင့် ခန္ဓာခင်တဲ့ တဏှာကြောင့် ဟော ပရိယေသန ရှာပါတယ်တဲ့ (မှန်ပါ့) ရှာလို့ပဲ ထိုက်တန် သလောက်ရပါတယ် (မှန်ပါ့) ရတဲ့ပစ္စည်းကို ဆုံးဖြတ်ချက် ချပါတယ်တဲ့ (မှန်ပါ့) ဒါကြ ညစာ ဒါကနေ့စာနဲ့ဟင် (မှန်ပါ့)

ဒါက အိုစာမင်းစား၊ ဒါက သားကလေးတွေ သမီးကလေးတွေအတွက်ဆိုပြီးသကာလ ဝိနိစ္ဆယဆုံးဖြတ် ချက်ချနေရတာ ဒကာကြွယ်ရေ သုံးပုံ-ပုံကွာ၊ ဒကာကြွယ်တို့ အိမ်က သုံးယောက် ရှိတာကိုး (မှန်ပါ့) မလာဘူးလားဗျာ (လာပါတယ် ဘုရား)။

ဒါဘာလုပ်တာတုံး ဒကာကြွယ် (ဝိနိစ္ဆယပြုလုပ် တာပါ) ဆုံးဖြတ်ချက်ချနေတာ (မှန်ပါ့) ဆုံးဖြတ်ချက် ချတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကဲ ဒီဆုံးဖြတ်ချက်ကို ဒကာသစ်ကလက်သည်ရှာ၊ ဆုံးဖြတ်ချက်ချတာ ဘယ်သူကများ ချနေပါလိမ့်မတုံးလို့ (မှန်ပါ့) တဏှာနဲ့ ဒိဋ္ဌိကချနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက ချပါလိမ့် (တဏှာနဲ့ ဒိဋ္ဌိနဲ့က ချတာပါ ဘုရား)။ ဪ တဏှာနဲ့ ဒိဋ္ဌိနဲ့ ချနေတာ ဆိုတော့ ဒကာ ဒကာမတို့ ဒါသားတွေ, သမီးတွေက ဝေဖန်တာလား၊ လူကြီးသူမက ဝေဖန်ပြောမလဲ (လူကြီးသူမက ဆုံးဖြတ် ချက် ချတာပါ) ဘာနဲ့ဆုံး ဖြတ်ချက်ချမလဲ (တဏှာ-ဒိဋ္ဌိနဲ့ ဆုံးဖြတ်ချက် ချပါတယ် ဘုရား)။

ဒါကြောင့် လူကြီးတွေအတွက်ဟာ ဒကာ ဒကာမတို့ ရှေ့မှီနောက်မှီဆိုပြီး ကြွားလုံး ထုတ်ငြား သော်လည်း သူဟာ ဒိဋ္ဌိတဏှာဖြစ်နေတယ်လို့ မသိတော့ကို ဒကာ ဒကာမတို့ အင်မတန်မှ သနားစရာ ကောင်းတယ် (သနားစရာပါ) ဦးမာဒင် သနား စရာကောင်းတယ် (မှန်ပါ့) ဦးသန်းမောင် ဘယ့်နှယ်တုံး (သနားစရာကောင်းပါတယ်) သနားစရာ သိပ်ကောင်းတယ် (မှန်ပါ့ ဘုရား)။

ပြီးတော့ကော ခုနင်က ကလေးသူငယ် လူမမယ်တွေနဲ့ လာပြီးအိပ်ရာက နိုးလို့ပြောပြန် တော့လည်း၊ နင်တို့နေရာ မဟုတ်ဘူးတဲ့ (မှန်ပါ့) ဘယ်သူ့ နေရာလို့ဆိုပါလိမ့် (လူကြီးတွေနေရာပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါလား ဒကာကြွယ် (မှန်ပါ့) ဒကာသစ်တို့လည်း ကန်ထုတ်တာပဲ (မှန်ပါ) ကလေး, ကလေးပီပီနေတာမဟုတ်ဘူး၊ နင်တို့နေရာမှ မဟုတ်ဘဲ နဲ့ တဲ့ (မှန်ပါ့) အံမာလေး ကြောက်စရာကြီး ပါလား (မှန်ပါ့) ဘယ်သူ့ နေရာတဲ့ (လူကြီးတွေ နေရာပါ ဘုရား)။

လူကြီးတွေနေရာ၊ ဒါကြောင့် ငရဲကျမှ ပဋိသန္ဓေနေပြီး ငရဲကျမှ မွေးတဲ့ကလေးရယ်လို့ ရှိမှမရှိပဲ (မှန်ပါ) မရှိဘူး၊ လူကြီးတွေချည့် အကျများနေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငရဲမှာဒေါသကြီးတဲ့လူကြီးတွေ

ငရဲမှာ ပဋိသန္ဓေ နေတယ်ဆိုတာ ကိုးလလွယ်, ဆယ်လဖွားရှိရဲ့ လား (မရှိပါ ဘုရား) ပြီးတော့ ဒေါသကြီးတဲ့ လူကြီးတွေချည့်ပဲ ငရဲထဲမှာ အနေများတယ်ဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)

ဒါကြောင့် ခင်ဗျားတို့လည်း ကိုယ့်ဟာကိုယ် ပြန်တွေး တော့ နင်တို့နေရာမဟုတ်ဘူးတဲ့ (မှန်ပါ့) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့)။

ဒကာကြွယ် ဒီလိုများ ပြောဖူးသလား (ပြောဖူးပါ တယ် ဘုရား) ဟာ မှတ်ထားနော်၊ မပျောက်စေနဲ့၊ အတော် ဆိုးနေပြီ ဒကာ ဒကာမတို့ (မှန်လှပါ)။

သိမှရှောင်နိုင်မယ်

သိမှရှောင်နိုင်မယ်နော် (မှန်ပါ့) ဒီဥစ္စာ တပည့်တော် တို့ ဘာအပြစ်မှ မရှိဘူးလို့ အားလုံးပဲ တရားတစ်ပွဲလုံးပဲ တာဝန်ခံ ကြတယ် (မှန်ပါ့) အပြစ်ရှိတယ်လို့ ယူကိုမယူ ဘူး (မယူပါ ဘုရား)။

မယူပါဘူး တဲ့၊ ဒီဥစ္စာ တပည့်တော်တို့ ရောင်းဝယ် တုန်းကသာ မုသားကလေး နည်းနည်းပါလို့ အမြတ်အစွန်း ကလေး နည်းနည်းထွက်တယ်၊ အဲဒါသာ သိလိုက်ကာပဲ (မှန်ပါ့)

အိမ်ထဲရောက်လာမှတော့ ဒီလိုအလုပ်တွေ လျှောက်ပြီး လုပ်တော့ ဒကာသစ် သိသေးရဲ့လား (မသိပါ ဘုရား)။

မသိသေးတဲ့အပြင် ခုနင်က ပြောတဲ့စကားလုံးတွေနဲ့ လူလာ သူလာလို့ရှိရင် စကားရပ်ပစ် လိုက်တယ် (ရပ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး၊ သူတို့နေရာမဟုတ်ဘူး (မှန်ပါ့) ဘယ်သူ့ နေရာတုံး (တပည့်တော်တို့နေရာပါ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

လူကြီးဖြစ်ရမှာသိပ်ကြောက်ကြနော်

အံမာလေး ဒကာ ဒကာမတို့ ခင်ဗျားတို့ လူကြီး ဖြစ်ရမှာများ သိပ်ကြောက်ကြနော် (မှန်ပါ့) ဒါဟာ အိုလို့ ကြောက်တယ်လို့ မဆိုနဲ့တဲ့၊ မသိတဲ့ လူကြီးဖြစ်ရမှာများ သိပ်ကြောက်စရာကောင်းတယ် (မှန်ပါ့) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကဲ ဒါဖြင့် “တဏှံ ပဋိစ္စပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော” (မှန်ပါ့) ရပြီနော် (မှန်ပါ့ ဘုရား) လာဘ် ပဋိစ္စ ဝိနိစ္ဆယော၊ လာဘ် = ရခြင်းကို၊ ပဋိစ္စ စွဲ၍၊ ဝိနိစ္ဆယော ဆုံး ဖြတ်ချက်ချတယ် (မှန်ပါ့)။

ဒါက အိုစာ, ဒါက မင်းစာ, ဒါက သားစာ, ဒါက သမီးစာ ဆိုပြီးသကာလ ဒါတွေ ဝေဖန်ပြီးတော့ ဆုံးဖြတ်ချက်ချတယ် ဒကာကြွယ်ရ (မှန်ပါ့ ဘုရား) ဘုရားဟောတော်မူတာ ဘုန်းကြီးက တစ်လုံးမှ အပိုမပါဘူး (မှန်ပါ့)။

တစ်လုံးမှ အပိုမပါဘူး၊ ခင်ဗျားတို့ ကြော် ဒီအိမ်တွင်း , ပဋိစ္စသမုပ္ပါဒ်မသိလို့ရှိရင် ဒကာ ဒကာမတွေ ညတိုင်း စီးပွားရေး အကြောင်း ညီညွတ်တိုင်း ညီညွတ်တိုင်း ဒီဥစ္စာလုပ်နေတော့မှာ ပဲ (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ငရဲမှာအော်တဲ့အသံ

ရတဲ့ငွေတွေ ထိုးပစ်ထားလိုက်တယ်လို့ ဒီလိုမရှိဘူး (မှန်ပါ့) မရှိဘူး၊ ဒါတွေကို ဒို့ဒီလို- ဒီလို အကြောင်း ညီညွတ်လာ တယ်၊ အင်း ခင်တဲ့လူနဲ့ ရှေးဦးစွာ ခပ်တိုးတိုးပြောတယ် (မှန်ပါ့) တိုးတိုး ပြောပြီး သကာလမှာ ဒီဥစ္စာကွာ ဒီလိုထားလို့တော့ မဖြစ်သေးဘူး၊ သိုတန်တာသို မှီတန်တာမှီး, စောင့်ရှောက်တန် တာစောင့်ရှောက်ပေါ့ကွယ်ဆိုပြီးသကာလ လူကြီးလုပ်တဲ့ ပုဂ္ဂိုလ် က အသံကောင်း လွှင့်တယ်လို့ ထင်ရတယ် (မှန်ပါ့)

ဘယ်ဟုတ်လိမ့်မတုံး၊ ငရဲအော်သံကြီး သူ့ဟာက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။ – ငရဲမှာ အော်တဲ့ (အသံကြီးပါ ဘုရား) အော်သံနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

ဒို့ကအပြစ်မရှိဘူးထင်နေတယ်

အဲဒါကြောင့် ဒကာ ဒကာမတွေ ဆရာရင်း ဒကာရင်း မို့ ပြောနေတယ် ဪ ဒို့က ဘာမှ အပြစ် မရှိဘူးထင် တယ်၊ ဒီဥစ္စာတွေက သီလလည်း မကပ်နိုင်ဘူး (မှန်ပါ့) သမာဓိလည်း (မကပ်နိုင်ပါ ဘုရား) ဝိပဿနာလည်း (မကပ်နိုင်ပါ ဘုရား)။

ဘယ်ကပ်နိုင်လိမ့်မတုံး၊ မည်းနက်တဲ့တရားချည့်ဆို တော့ အဖြူကိုဒီအထဲ ပြောက်ကျား ကလေး ထိုးလို့ မရဘူး။ (မှန်ပါ့ ဘုရား) ဘယ်လောက်ဆိုးရွားသတုံး (ဆိုးရွား ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘယ်ကနေအပါယ်သွားကြတာတုံး

အဲဒါ ခင့်ဗျားတို့ ဘယ်ကနေပြီးသကာလ အပါယ်သွား ကြတာတုံးမေးတော့ အိမ်တွင်းကနေပြီး သွားတာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ကနေ သွားပါလိမ့် (အိမ်တွင်းကနေ သွားပါ တယ် ဘုရား)။

ဒကာကြွယ် မရိပ်မိဘူးနော်၊ ဒါ့ကြောင့် ဘုရား ဖော်ပြောတာ (မှန်ပါ့) မရိပ်မိဘူး ဒကာသစ်ရေ (မရိပ်ပါ ဘုရား) မရိပ်မိဘူး၊ ဒီဥစ္စာက ကဲကွာ ဒါကလေးတွေ လည်း ဝေဖန်ပြီးပေါ့။ ဘုရားရှိခိုးပြီး အိပ်ရုံ ရှိတော့တယ် (မှန်ပါ့)။

ဘုရားရှစ်ခိုးရုံနဲ့ကျေမှာလား

အင်း သူ ဘုရားရှိခိုးတာကလေး အဆစ်ထည့်လိုက် သေးတယ် (မှန်ပါ့) သူလုပ်ထားတဲ့ အကုသိုလ်က ဘုရား ရှိခိုးရုံနဲ့ ကျေမှာလား (မကျေပါ ဘုရား) မကျေပါဘူး၊ ဒီပဋိစ္စ သမုပ္ပါဒ်က အပါယ်ရောက်သွားပြီး (မှန်ပါ့) ပြီးမှ သူကထ,ပြီး ဘုရားရှိခိုးတာ (မှန်ပါ့)။

ဒီနေ့တော့ မောတယ် မဆိုးသေးပါဘူး ဆိုတော့ ပါတောင် မပါတော့ဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါ ပါ ဘုရား) မပါဘူး တဲ့။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိနိစ္ဆယ ဆုံးဖြတ်ချက် ချပါပြီ တဲ့၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာက စ,တယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား) ဘယ်ကစ, ပါလိမ့် (ခန္ဓာက စပါတယ် ဘုရား)။

ကိန်းရာပုဂ္ဂိုလ်ကိုနှိပ်စက်တယ်

ခန္ဓာက စတယ်ဆိုတဲ့ ဥစ္စာ ပေါ်လာပြီ၊ ဒါဖြင့် ခန္ဓာသည် နှိပ်စက်လိုက်တာ အပါယ် ရောက်အောင် နှိပ်စက်တယ် (မှန်ပါ့) ဒါဖြင့် ခန္ဓာကို ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုတော့ မှတ်လိုက်စမ်းပါ၊ ကိန်းရာ ပုဂ္ဂိုလ်ကို နှိပ်စက်ပါတယ် (မှန်ပါ့)။

ကိန်းရာ ပုဂ္ဂိုလ်ကို (နှိပ်စက်ပါတယ်) အပါယ် ရောက်အောင် နှိပ်စက်တယ် (မှန်ပါ့) ဒါကြောင့် ခန္ဓာဒုက္ခ သစ္စာဆိုတာပေါ်လာတယ် (ပေါ်လာပါတယ်) သူနှိပ်စက် လိုက်တာ လူလည်း အပါယ် ရောက်တော့မယ် (မှန်ပါ့) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

၅။ ဆန္ဒ ရာဂဆိုတာ

ကောင်းပြီ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ (မှန်ပါ့) ဝိနိစ္ဆ ယံပဋိစ္စ (ဆန္ဒရာဂေါပါ ဘုရား) ဆန္ဒရာဂေါ ဆိုတော့ ဪ ဒီကုန်ဟာ ကိုယ့်အကျိုးပေးတဲ့ကုန် (မှန်ပါ့) လာပြီ ဒကာကြွယ် (မှန်ပါ့) နည်းနည်း ကလေး ကြိုးကြိုးစားစား ကလေးလုပ်ဦးမှပဲ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ကြိုးကြိုးစားစားကလေး လုပ်ဦးမှပဲ ဘုရား)။

ကြိုးကြိုးစားအားလုပ်ဦးမှပဲ

နည်းနည်းကလေး ကြိုးကြိုးစားစား လုပ်ဦးမှပဲဆိုတော့ ဆန္ဒရာဂ ပိုလာ-မလာ (လာပါတယ်) အကျိုး ပေးတုန်း ကိုးဗျ။ ဟ လသာတုန်း ဗိုင်းငင့်ဟ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အကျိုး ပေးတုန်းကို အရယူရတယ်၊ ဒီလိုကော မဆုံးမကြဘူးလား (ဆုံးမ, ကြပါတယ် ဘုရား)။

ကိုယ့်ကိုယ်လည်း ဒီအတိုင်းပဲ၊ ဒီအချိန်မှာ မကျန်းမာမှာ တောင် စိုးရိမ်လိုက်သေးတယ် (မှန်ပါ့) ဒီအချိန် ကလေးများ မကျန်းမာလို့ရှိရင် ဓမ္မန္တရာယ် ဖြစ်ချေရဲ့ (မှန်ပါ့)။

ဘယ်သွားမည့် ဓမ္မန္တရာယ်ပါလိမ့် (အပါယ်သွား မည့် ဓမ္မန္တရာယ်ပါ) အပါယ်သွားမည့် ကြားတောင်မှ မခြားစေ ချင်ဘူး၊ တောက်လျှောက်သွားချင်တယ် (မှန်ပါ့) ဒကာကြွယ် ဘယ်လောက် ဆိုးတယ်ဆိုတာ (ဆိုးပါတယ် ဘုရား)။

အထင်ကတစ်မျိုး၊ ဖြစ်စဉ်ကတစ်မျိုး

စိတ်အထင်က တစ်မျိုးနော် (မှန်ပါ့) တရားဖြစ်စဉ် က (တစ်မျိုးပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို သတိ ပေးရတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ တရားသဘော အတိုင်း ဖြစ်ရတာနော် (မှန်ပါ့)။

အိုခြင်းလာလည်း ခင်ဗျားတို့က အိုခြင်းဟာ တရား သဘော အတိုင်းလား (တရားသဘော အတိုင်းပါ) နာရတာ လည်း ဒကာ ဒကာမတို့ ကိုယ်နာချင်လို့ နာရတာလား တရား သဘောအတိုင်း ဖြစ်ရတာလား (တရားသဘော အတိုင်း ဖြစ်ရတာပါ ဘုရား)။

လူ့ပြည်ရောက်လာတာလည်း ဒကာ ဒကာမတို့ ခြေလျင်လာတာလား၊ တရားက ပို့လိုက် လို့လား (တရားက ပို့လိုက်လို့ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ တရားစီမံတာ ခံရမှာစိုးလို့ ဒီတရားပယ်ထိုက်တဲ့တရား ဆိုလို့ရှိရင်လည်း ပယ်ရတော့မယ် (မှန်ပါ့ ဘုရား)။

အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ကသိခဲတယ်

ဒါ့ကြောင့် ဒီဥစ္စာ အရေးတကြီး ပြောနေတယ်ဆိုတဲ့ဥစ္စာ အိမ်တွင်းပဋိစ္စသမုပ္ပါဒ်က ဦးမာဒင်, ဦးသန်းမောင် သိပ်သိခဲတယ် (မှန်ပါ့ ဘုရား) ၊

အင်မတန်မှ ဒကာကြွယ် ဖြစ်လိုက်တာက စီးပွားတက်၊ တက်သလိုဖြစ်တယ် (မှန်) စီးပွားယုတ် ရင်လည်း (ယုတ်သလိုဖြစ်ပါတယ် ဘုရား)။

စီးပွားယုတ်ပြန်တော့လည်း ဒီဘက်က လျှော့ကြဦးစို့ ဟေ့ (မှန်ပါ့) ဒီဘက်ကမလွှဲသာလို့ ရှိပေစေတော့ ဒီဘက်က လျှော့ကြဦးစို့ဆိုပြီးတော့ ဒီမှာလည်း ဝိနိစ္ဆယလုပ်နေပြန်တာပဲ (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

စီးပွားတက်လည်းဒယ်အိုးမျက်စောင်းထိုး

အဲ စီးပွားတက်လည်း ခင်ဗျားတို့က ဒယ်အိုး မျက်စောင်းထိုးတာပဲ (မှန်ပါ့) စီးပွားယုတ်ပြန် တော့ကော့ (ဒယ်အိုးမျက်စောင်းထိုးပါတယ်) အဲဒီ မျက်စောင်းထိုးနေ တယ်လို့ ဒကာကြွယ် လူတိုင်း မသိဘူးနော် (မသိပါ ဘုရား)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရှင်အာနန္ဒာက ပဋိစ္စသမုပ္ပါဒ် လွယ်ပါတယ်၊ တပည့်တော် သေက္ခ ဉာဏ်နဲ့ တွေးတာတောင် သေက္ခဉာဏ်ဆိုတာ သူအထက် မရောက်သေး ဘူးပေါ့ဗျာ (မှန်ပါ့)- သောတာပန်ဉာဏ်ကလေး နဲ့ သူတွေးတာတောင် ပေါ် သလိုလိုရှိတယ်ဘုရာ့ ပဋိစ္စသမုပ္ပါဒ်တဲ့ (မှန်ပါ့ ဘုရား)။

နားမလည်လို့အပါယ်ရောက်ကြတာ

ဟ ညီတော်အာနန္ဒာ သူ့ကိုနားမလည်လို့ ဒကာ ဒကာမတွေ အပါယ်ချည့် ရောက်နေကြတာ ပေါ့ကွ ဆိုပြီး ဒါကို ဟောတော်မူတယ် (မှန်ပါ့)။

သူ့နားမလည်လို့တဲ့၊ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် မင်းတို့က နားမလည်တော့ ဒကာ ဒကာမတွေ အိမ်တွင်းကနေပြီး သကာလ ဘုရားရှေ့မှောက်မှာပဲ သေပွဲဝင်ပြီးသကာလ ဘုရားရှေ့မှောက်ကနေ အပါယ်သွားရတယ် (မှန်ပါ့)။

ဘုရားရှေ့မှောက်မှာ အပါယ်သွားကြတယ်

ဗုဒ္ဓဘာသာဆိုတာ အိမ်မှာဘုရားရှိကြတယ် (ရှိပါတယ် ဘုရား) အဲဒီရှေ့မှောက်မှာပဲ သူတို့ အပါယ်သွား ကြတယ် (မှန်ပါ့) ကဲ ဘယ်လောက်ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ်) ဒါကြောင့် အိမ်တွင်းပဋိစ္စသမုပ္ပါဒ် မင်းမသိဘူးဆိုပြီး ဟောတော်မူ တယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေကလည်း ဒီပဋိစ္စ သမုပ္ပါဒ်ဖြစ်စဉ်ကိုက်ကဲ့လား၊ ကိုယ်ပိုင်ဉာဏ်နဲ့ တွေးကြစမ်းပါ (ကိုက်ပါတယ် ဘုရား) သေသေချာချာကိုက်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် တစ်ခေါက်ပြန်ကြဦးစို့၊ ဝေဒနံ ပဋိစ္စ (တဏှာပါ ဘုရား) တဏှံ ပဋိစ္စ (ပရိယေသနာ ပါ) တဏှာကြောင့်ရှာမှီးတယ် (ရှာမှီးပါတယ်) ရှာမှီးတဲ့တဏှာဖြစ်ပြီ (မှန်ပါ့) ပရိယေသနံ ပဋိစ္စ (လာဘောပါ ဘုရား) လာဘံ ပဋိစ္စ (ဝိနိစ္ဆယောပါ ဘုရား) ဝိနိစ္ဆယောတဲ့ တစ်ခါတည်း ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဒါ ညဖို့၊ ဒါ နေ့ဖို့၊ ဒါ သားဖို့၊ ဒါ သမီးဖို့ အစရှိသည်နဲ့ ဆုံးဖြတ်ချက်ချလိုက်တာ ဒကာ ဒကာမတို့ ဒါကလေးတော့ဖြင့် ရွှေဈေးကလေးကလည်း ကျတဲ့အခါ ကိုယ်ကလည်း အကြောင်း ညီညွတ်တဲ့အခါ ဒါကလေးကတော့ သမီးဖို့ ရွှေကလေး ဝယ်လိုက်ဦးမှတော်မယ်ထင်တယ် (မှန်ပါ့) ဒါတွေလာပြီ၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။

အင်း ဒီထက်များလာလို့ရှိရင်လည်း စိန်ဈေးက လည်း ကျတယ်၊ ပြီးတော့ ရောင်းမည့် လူကလည်း အဆင်သင့်ရှိ တယ်၊ အရွယ်ကလေးနဲ့လည်း အတော်ပဲ (မှန်ပါ့) အံမာ လုပ်ကုန်ပြီ ခင်ဗျားတို့ဟာ (မှန်ပါ့) မလာဘူးလား (လာပါတယ်) ဝိနိစ္ဆယမလာကြဘူးလား (လာပါတယ် ဘုရား)

“ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ”တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဝိနိစ္ဆယချပြီး ဘာလာပြန် သတုံး (ဆန္ဒ – ရာဂလာပါတယ် ဘုရား)။

ဘာဖြစ်လို့ပြုံးတုံး

ဆန္ဒရာဂ လာတယ်တဲ့၊ သမီးကလေးက ဝတ်နေတယ် ၊ အကြောင်းညီညွတ်တော့ အင်း ပြုံးနေတယ် (မှန်ပါ) နောက်ကနေ ကြည့်နေပြီး သူက ဝတ်စားပြီးသွားပြန် ပြုံးနေတယ် (မှန်ပါ့)။

သားကလေးက စိန်လက်စွပ်ကလေး ကောင်းကောင်း မွန်မွန်ဝတ်သွားပြန်တော့ အမေမိဘက (ပြီးပါတယ် ဘုရား)။

ဘာဖြစ်လို့ ဒကာကြွယ် ပြီးတာတုံးလို့မေးရင် ဆန္ဒရာဂ ဖြစ်တာကွ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဆန္ဒရာဂဖြစ်ပြီး သကာလ ဒီဥစ္စာရှေ့ကိုဆက်ရပါမယ် (မှန်ပါ့) ဆန္ဒရာဂံပဋိစ္စ ဆန္ဒရာဂကို အကြောင်းရင်းခံပြီးသကာလ ဒကာ ဒကာမတို့ တစ်မျိုးလာဦးမှာပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုရားက “တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စလာဘော၊ လာဘံ ပဋိစ္စ ဝိနိယော၊ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ”လို့ မလာဘူးလား (လာပါတယ် ဘုရား)။

မစ္ဆရိယဝင်လာတယ်

အဲဒီ ဆန္ဒရာဂတွေ ဖြစ်ပြီးသကာလ လာတဲ့အခါကျ လို့ရှိရင် ဒကာ ဒကာမတို့ ဒီဘက်က ဘာလာတော့မတုံး ဆိုလို့ ရှိရင်ကွာ ဝတ်လည်းဝတ်၊ စားလည်းစား၊ သို့သော်လည်း မင်းအစိုးရ များလည်း မမြင်အောင် စာရင်းဖျောက်ရမယ် (မှန်ပါ့) မင်းမမြင်အောင် စာရင်းဖျောက်ရမတဲ့၊ မစ္ဆရိယ ဝင်လာတယ် (မှန်ပါ့ ဘုရား)။

ဘာဝင်လာသတုံး (မစ္ဆရိယဝင်လာပါတယ်) မစ္ဆရိယဝင်လာတယ်၊ ဒကာ ဒကာမတို့ မစ္ဆရိယ ဝင်လာတော့ ဒီဟာတွေ စာရင်းထဲထည့်ပြီး သကာလ ကျွန်တော်တို့ဝင်ငွေ ဒီနှစ် ဘယ်လောက်ပါလို့ ရေးသလား၊ ဒီအတွက်တွေ နုတ်ထား သလား (ဒီအတွက်တွေ နုတ်ထားပါတယ်)

အဲ ရှိပါ စေ၊ ရှိပါစေ၊ ဒါမစ္ဆရိယပါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအတွက်တွေကို ဒကာကြွယ်ရေ ထည့်ထားကြ သလား (မထားပါ) ဘယ့်နှယ်ကြောင့် မထားကြသတုံး (မစ္ဆရိယကြောင့်ပါ ဘုရား)။

ဒါ သူများမစ္ဆရိယ ဖြစ်နေတာလား၊ ဒကာသစ် ကိုယ့် အိမ်ထဲတွင် ကိုယ်လား (ကိုယ့်အိမ်ထဲတွင် ကိုယ်ပါ ဘုရား)။

ဒါက အကြောင်းညီညွတ်တဲ့အခါကျတော့ ထ,ဝတ် တာပေါ့။ သို့သော်လည်း ဒီအမြတ်တော် ဝန်ထောက်တို့ ဟုတ်လား အမြတ်တော်မင်းကြီးတို့ အကြောင်းမညီညွတ်လို့ သူတို့နဲ့ တွေ့ကြုံပြီး သကာလ သွားပြန်လည်း ကားကလေးက အစ တံခါးပိတ်ထားရတယ် (မှန်ပါ့) မပိတ်ရဘူးလား (ပိတ်ရ ပါတယ်) ဒါဖြင့် ဝတ်မှု, စားမှု ဆိုတာတွေလည်း ခြိုးခြံသလောက် မခြိုးခြံရပေဘူးလား (ခြိုးခြံရပါတယ် ဘုရား)။

ဒီအချိန်ဝတ်လို့စားလို့မတော်ဘူး

ကဲ ဒါဖြင့် ဒါဘာဖြစ်တာတုံးမေးတော့ (မစ္ဆရိယပါ) မစ္ဆရိယရှိတယ် (မှန်ပါ့ ဘုရား)။

မစ္ဆရိယရှိတော့ ဒကာ ဒကာမတွေက ဘယ်လိုဆုံးဖြတ် ချက်ချလိုက်သတုံးဆိုတော့ဟေ့ မတော်ဘူး၊ ပြန်သိမ်းတာ ကောင်းတယ် (မှန်ပါ့) ဒီအချိန်မကောင်းဘူး ဝတ်လို့စားလို့ (မှန်ပါ့) ဘာလုပ်ကြသတုံး (ပြန်သိမ်းပါတယ် ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ မစ္ဆရိယလည်း လာပါရော ပြန်သိမ်းတယ် (မှန်ပါ့) ပြန်သိမ်းတဲ့ ဥစ္စာက ငါ့ဟာ ပျောက်ချေရဲ့ဆိုတဲ့ ဒိဋ္ဌိနဲ့ သိမ်းလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘာနဲ့ သိမ်းသလဲ (ဒိဋ္ဌိနဲ့ သိမ်းပါတယ် ဘုရား) ဒကာသစ် သေတ္တာထဲပြန်သိမ်းတာများ ခင်ဗျားတို့က အပြစ်မရှိ ဘူး ထင်မနေနဲ့ (မှန်ပါ) သေတ္တာထဲပြန်သိမ်းတာဟာ လုံခြုံ စေချင်လို့ သိမ်းတာပဲလို့ ဆိုမလားတဲ့။ ဒကာ ဒကာမတို့ မစ္ဆရိယနဲ့ သိမ်းတာလား (မစ္ဆရိယနဲ့သိမ်းတာပါ) သဘောပါ ကြပလား (ပါ-ပါပြီ ဘုရား)။

ဒါ အိမ်ပြင်မှာဖြစ်သလား၊ အိမ်တွင်းဖြစ်သလား (အိမ်တွင်းဖြစ်ပါတယ်) -ဒီပဋိစ္စသမုပ္ပါဒ် ကလည်း အားလုံး ဒကာ ဒကာမတွေ သိတဲ့အတိုင်း အိမ်တွင်းချည့်ပဲ သူက (အိမ်တွင်းချည့်ပါ ဘုရား)။

အကုသိုလ်တော့နည်းပါတယ်တဲ့

ဒါ့ကြောင့် ခင်ဗျားတို့က ကိုယ့်အိမ်နဲ့ ကိုယ်နေတာ ကျုပ် တို့ဖြင့် ဘယ်မှ မသွားလို့ အကုသိုလ် တော့ နည်းပါတယ်တဲ့ (မှန်ပါ့) အံမာ ခင်ဗျားတို့က သုံးသေးတယ် (မှန်ပါ့ ဘုရား)။

ကျုပ်တို့က ခရီးသွားကလည်းနည်းတော့ အကုသိုလ် ဖြစ်တာလည်း နည်းတယ်တဲ့၊ ပြီးတော့လည်း ဘာဟုတ်မလဲဗျ။ သူ့ဟာသူ မစ္ဆရိယနဲ့ မသွားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ မသွားတာတုံး (မစ္ဆရိယနဲ့ မသွားတာပါ) ငါသွားရင်ဟာ ကုန်ချေရဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ အလကား မဖွင့်တန်တာတွေဖွင့် မလုံခြုံတန် တာတွေ လုံခြုံအောင် လုပ်ရမည့် ဥစ္စာတွေ ဖွင့်နေလို့ရှိရင်ဖြင့် လူကြီးလို အမြော်အမြင်ရှိတာ မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

အပါယ်လေးပါးမျှော်နေတာ

ဘယ့်နှယ်ဒကာကြွယ် လူကြီးက ဘာတဲ့တုံး (အမြော်အမြင်ရှိပါတယ်) ဘယ်မျှော်တာတုံးဗျ (အပါယ် လေးပါးမျှော်တာပါ) အံမာလေး ကြောက်စရာကြီးပါလား။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဖြစ်စဉ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်အာနန္ဒာကို ပြန်ပြောနေတာ ပဋိစ္စ သမုပ္ပါဒ်လွယ်တယ်ပြောလို့ (မှန်ပါ့) ကြည့်ကွ ဒါအိမ်တွင်း ပဋိစ္စသမုပ္ပါဒ်တဲ့ (မှန်ပါ့) လူတိုင်းဖြစ်တဲ့ (မှန်ပါ့)။

ဒါတွေ အခုဘုန်းကြီးက ဝိပဿနာဉာဏ်နဲ့ ဒကာ ဒကာမတွေ ဖြတ်မပေးလို့ရှိရင် ကျုပ်တို့ အကုသိုလ် မရှိဘူး ပြောမှာပဲ (ပြောမှာပါ) မပြောဘူးလား ပြောမလား (ပြောမှာပါ) ဒကာကြွယ် ပြောမှာနော် (မှန်ပါ့ ဘုရား)။

ဖြစ်လိုက်တဲ့ အကုသိုလ်ဟာ ဒကာသစ် အခုကြည့်စမ်း တဏှံပဋိစ္စ (ပရိယေသနာပါ) ပရိယေသနံပဋိစ္စ (လာဘောပါ) လာဘ်ပဋိစ္စ (ဝိနိစ္ဆယာပါ) ဝိနိစ္စယံပဋိစ္စ (ဆန္ဒရာဂေါပါ ဘုရား)။

၅။ အဇ္ဈောသာနံဆိုတာ အားကြိုးမာန်တက်လုပ်တာ

အဲ ဝိနိစ္ဆယံပဋိစ္စ ဆိုပြီးတော့ ဒီကြားထဲမှာ တစ်ခု ထည့်လိုက်ပါဦးနော် (မှန်ပါ့) ဝိနိစ္ဆယံ ပဋိစ္စ အဇ္ဈာသာနံ တဲ့၊ အဇ္ဈာသာနံ ဆိုတာက တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ အလွန့်ကို ဒီအလုပ်ကို အားကြိုးမာန်တက် သွန်ပြီးလုပ်တော့ မယ်ကွာတဲ့ (မှန်ပါ့) ဒီထိအောင် တစ်ခါတည်းလုပ်ပစ်လိုက် တယ် (မှန်ပါ့ ဘုရား)။

အချိန်ရှိခိုက်လုံ့လစိုက်ရတယ်

ဆုံးဖြတ်ချက်ချပြီး တစ်ခါတည်း ဒို့ဆုံးဖြတ်ချက် ချပြီး ဒီအလုပ်တော့ဖြင့် အားကုန်သွန်မှပဲကွ (မှန်ပါ့) ဘာဖြစ်လို့ တုံး လ,သာတုန်း ဗိုင်းငင့်ရတယ်၊ အချိန်ရှိခိုက် လုံ့လစိုက်ရ တယ် (မှန်ပါ့) ဆိုပြီး သကာလ အဇ္ဈာသာနံ ဆိုပြီး အလွန် ကြီးကျယ်တဲ့ တဏှာ-ဒိဋ္ဌိပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

၆။ ပရိဂ္ဂဟဆိုတာသိမ်းဆည်းတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဇ္ဈာသာနံံ ပဋိစ္စ ပရိဂ္ဂဟော တဲ့ (မှန်ပါ့) ဟော တစ်ခါတည်း အကုန်သိမ်း ဆည်းတော့တာပဲ၊ ခုနင်ကဟာ သေတ္တာထဲဘာထဲ အကုန်သိမ်း ဆည်းတော့တာပဲ (မှန်ပါ့) ဒါကလေးတစ်ခု ကြားကျနေ တယ်နော် (မှန်ပါ့ ဘုရား)။

၅။ မစ္ဆရိယဆိုတာ ဝန်တိုဘာ

ကဲ ဒါဖြင့် ဒါရှင်းလား (ရှင်းပါပြီ) “အဇ္ဈာသာနံံ ပဋိစ္စ ပရိဂ္ဂဟော၊ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယာ” (မှန်ပါ့) သိမ်းဆည်းတဲ့ အခါကျလို့ ရှိရင် သိမ်းဆည်းတာက ဒကာ ဒကာမတို့ ဘာဖြစ်လို့ သိမ်းဆည်း ရတာတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာသစ် ဖြေတတ်ပါပြီ (မစ္ဆရိယဖြစ်လို့ပါ) သူများမြင် မှာစိုးတယ် (မှန်ပါ့) သူများသိမှာ (စိုးပါတယ် ဘုရား)။

သူတို့မှာ ရွှေတွဲလဲ ငွေတွဲလဲ စိန်တွေ တပြောင်ပြောင်နဲ့ ငွေချေးမှာလည်း စိုးတယ် (စိုးပါတယ် ဘုရား)။

ဒကာကြွယ် ဘာစိုးရိမ်သလဲ (ငွေချေးမှာ စိုးရိမ်ပါ တယ် ဘုရား)။

ပရိယာယ်ကအရှုပ်ကြီးပဲ

ငွေချေးမည့် လူတွေလာလို့ရှိရင် ခင်ဗျားတို့ ပရိယာယ် က အရှုပ်ကြီးပဲ၊ ဒီနားရှိတဲ့ လူတစ်ယောက် လှမ်းပြီး သကာလ ဒို့ ငွေနည်းနေတယ်ကွာ၊ မင်း-ငွေရှာတဲ့နေရာ အရင်နေရာ သွားနိုင် သေးသလားတောင် လှမ်းမေးချင် မေးတာ (မှန်ပါ့) ဖုံးလိုက်တာကိုး (ဖုံးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) အင်း တယ်ဆိုးပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒကာကြွယ် ဒီအသုံးတွေဟာလည်း မသုံးဘူး မဆိုနဲ့ နော် (သုံးပါတယ် ဘုရား) သူ့ချေးရင် ရမှာ မဟုတ်တော့ ကပျာကယာ ကာကွယ်လိုက်ရတယ် (မှန်ပါ့)။

အိမ်ပေါ်ကို ဒီလူခြေလှမ်းတက် လာကတည်းက ဦးမာဒင် သိပြီ (သိပါပြီ ဘုရား) အင်း ဒီလူ အရင်တုန်း ကလည်း ပေးတာ မဟုတ်ဘူး၊ အခုလည်း ဒို့ အကြောင်း ညီညွတ်တယ် ဆိုလို့ လာပြန်ပြီ အဲဒီတော့ အသံတော့ လွှင့်လိုက် ဦးမှပဲဆိုပြီး ဒကာကြွယ် မလွှင့်လိုက်ဘူးလား (လွှင့်ပါတယ် ဘုရား)။

ဒို့လည်း အကြောင်းမညီညွတ်လို့ အခု ထက် ထိ ဒီလိုပဲနေရသေးတာ၊ ဒါကြောင့် ကိုယ့် အတွက် တောင်မှ အတော်ရှာရမည့် အရေးကို တွေးနေရသေးတယ်ဆိုတဲ့ အသွားမျိုး ဒကာသစ် ဖုံးလိုက်- ဖိလိုက်လာတာပဲ (လာပါတယ်) မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် မစ္ဆရိယံ ပဋိစ္စတဲ့ ဒကာ ဒကာမတို့ ဝန်တို ပြီး သကာလ အခု သိမ်းလိုက်- ဆည်းလိုက်နဲ့ ဟိုလူလာလို့ အမြင်မခံနိုင်တော့ဘူး (မခံနိုင်ပါ) ခံနိုင်ကြသေးသလား (မခံနိုင်ပါ ဘုရား)။

၈။ အာရက္ခဆိုတာစောင့်ရှောက်တာ

ကဲ ဒါဖြင့် ဘယ်လိုလုပ်ကြမတုံးလို့ မေးတော့ “မစ္ဆရိယံ ပဋိစ္စ အာရက္ခာ” စောင့်ရှောက်ပြီး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေရာကလေးကို နေ့တိုင်းလိုလို ပဲ အခြေပျက် မပျက် သွားသွားကြည့်တယ် (မှန်ပါ့) မကြည့်ရ ဘူးလား (ကြည့်ရပါတယ် ဘုရား)။

လက်ရာ- ခြေရာများ ရှိသလား၊ တက်ရာ-ဆင်းရာများ ရှိသလားနဲ့ (မှန်ပါ) ဘာလုပ်ကြရသတုံး (အခြေအနေ သွားကြည့်ရပါတယ် ဘုရား)။

သွားသွားကြည့်ရတယ် (မှန်ပါ့) သွားကြည့်တာနဲ့ – တချို့ သူခိုးက ရိပ်မိလို့ တူးသွားတာတွေ လည်း တပုံကြီးပဲ (မှန်ပါ့) ဒီလိုဟာတွေကလည်း ရှိသေးတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ စောင့်ရှောက်ပြီနော် (မှန်ပါ့) တဏှာဒိဋ္ဌိနဲ့ စောင့်ရှောက်တယ် (မှန်ပါ့) ဒါဖြင့် မစ္ဆရိယံ ပဋိစ္စ အာရက္ခာ၊ စောင့်ရှောက်ပါပြီတဲ့။ မစ္ဆရိယကြောင့် အာရက္ခဆိုတဲ့ စောင့်ရှောက်မှု လာတယ် (လာပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

အာရက္ခဆိုတဲ့ စောင့်ရှောက်မှုကြောင့် ကဲကွာ ဒို့ အရင်လိုနေလို့ မတော်ကြဘူး၊ သေနတ် ကလေး ဘာကလေး လိုင်စင်ယူဦးမှပဲ၊ ဒီရောက်တယ် (မှန်ပါ့) မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

၉။ သတ္ထာဒါနဆိုတာလက်နက်ထားတာ

ရောက်ပြီတဲ့၊ ဒါကြောင့် မြတ်စွာဘုရားက “အာရက္ခာနံ ပဋိစ္စ သတ္ထာဒါနံ” ကွတဲ့ (မှန်ပါ့) ညီတော် အာနန္ဒာ မင်း-မသိ ဘူးတဲ့ ဒီလက်နက်ထားတာ ဘာဖြစ်လို့လဲ (စိတ်ချရအောင် လို့ပါ) ညီတော် အာနန္ဒာကို ပြောနေတယ် (မှန်ပါ့)။

ကဲ အခုလက်နက်ထားတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) လက်နက်မရမှာစိုးလို့ ကိုယ့် အမြတ်တော်ကြေး မံကျသေးလို့ ရှိရင် အမြတ်တော်ကြေး ကလေးတောင် နည်းနည်း သွားဆောင် လိုက်တယ် (မှန်ပါ့) ဘာဖြစ်လို့တုံး၊ လက်နက်မရ မှာစိုးသကိုး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဓါး၊ တုတ်၊ သေနတ်လက်နက်

ဒကာကြွယ်ရေ ဒီဥစ္စာက အတော်ဆိုးသနော် (ဆိုးပါတယ် ဘုရား) ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျ တော့မှ ဒကာ ဒကာမတို့ မစ္ဆရိယကြောင့် အာရက္ခ ဆိုတဲ့ အစောင့်အရှောက် လိုလာတယ် (လိုလာပါတယ် ဘုရား)။

အဲဒါကြောင့် ဓားတို့ လက်နက်တို့ တံခါးတို့ အမျိုးမျိုး အဖုံဖုံလုပ်မလာဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဓား, တုတ်, လက်နက်, သေနတ် အစရှိသည်တို့ ဒကာ ဒကာမတွေမှာ အဆင်သင့် ဖြစ်ပြီး တံခါးတွေ အထပ်ထပ်, အမျိုးမျိုးအဖုံဖုံလုပ်ကြတာဟာ ဘယ့်နှယ်ကြောင့် လုပ်ဖြစ်ပါလိမ့် မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဒီဘက် သူ့အကြောင်းနောက်ပြန်တွေး (မှန်ပါ့) မတွေးထိုက် ဘူးလား (တွေးလိုက်ပါတယ် ဘုရား)။

စောင့်ရှောက်လိုတဲ့စိတ်ကြောင့်

ဒါဖြင့် ဒကာ ဒကာမတို့စောင့်ရှောက်လိုတဲ့စိတ်ကြောင့် ဓား, တုတ်တွေဆောင်ရတယ် (မှန်ပါ့)။

ဓား, တုတ်တွေ ဘယ့်နှယ်ကြောင့် ထားပါလိမ့် (စောင့်ရှောက်လိုတဲ့စိတ်ကြောင့် ထားရပါတယ် ဘုရား)။

စောင့်ရှောက်ချင်တဲ့စိတ်က ဘယ်ကလာလိမ့်မတုံး၊ ပျောက်မှာပျက်မှာ စိုးတဲ့စိတ်က လာတယ်၊ ဘယ်ကလာတာတုံး၊ ဟော မစ္ဆရိယကလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

“မစ္ဆရိယ ဘယ်ကလာပါလိမ့်မတုံး’’ လို့ မေးလို့ရှိရင် ဒီပြောင်းပြန်လှည့်ရာ အကုန်သွားမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

နောက်ဆုံးပိတ်ခန္ဓာပြန်ရောက်မယ်

ဒါဖြင့် နောက်ဆုံးပိတ် ဘယ်ပြန်ရောက်မယ်ထင်သတုံး၊ ခန္ဓာပြန်ရောက်မယ် (မှန်ပါ့- ခန္ဓာ ပြန်ရောက်ပါမယ် ဘုရား) ခန္ဓာအတွက်လေ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုံးစုံအကုန်ခင်ဗျားတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် လက်နက် ဆောင်တာသည် အိမ်မှာ တံခါး တွေ လုံခြုံအောင်ပြန်ပြီးသကာလ အရင်မူနဲ့မတော်ဘူး၊ နောက်မူ ပြန်လုပ်မှပဲဆိုတဲ့ အသွားတွေဟူသရွေ့ဟာလည်း ခင်ဗျားတို့ သည် ဘယ်အကျိုးငှာ လုပ်ပါလိမ့်မလဲလို့ ဒကာသစ် မေးဖို့မလို ဘူးလား (လိုပါတယ် ဘုရား) ဒီ-စောင့်ရှောက်မှု အလိုရှိလို့ (မှန်ပါ့)။

မစ္ဆရိယ ဘယ်ကလာသတုံး

စောင့်ရှောက်မှု ဘယ်ကလာသတုံး မေးလို့ရှိရင် ဘယ့် နှယ်ဖြေပါ့မလဲ (မစ္ဆရိယကပါ ဘုရား) မစ္ဆရိယ ဘယ်ကလာပါ လိမ့်မလဲလို့ မေးလို့ရှိရင် ကိုယ့်ပစ္စည်း အလွန်နှစ်သက်လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် အလွန်နှစ်သက်တဲ့သဘော ဖြစ်ရပါ လိမ့်မတုံးဆိုတော့ အို ဝေပုံကျထားတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဝေပုံကျထားတာတုံး ဆိုတော့ ရလို့ (မှန်ပါ့) ရတာ ဘယ်ကရသတုံးဆိုတော့ ရှာလို့ ၊ (မှန်ပါ့) ရှာတာ ဘာနဲ့ရှာသတုံးမေးတော့ (တဏှာနဲ့ ရှာပါတယ် ဘုရား) တဏှာ ဘယ်က ထွက်လာပြီး ရှာသတုံး မေးတော့ (ခန္ဓာက ထွက်ရှာပါတယ် ဘုရား)။

ဖုံးလိုက်ဖိလိုက်သေးတယ်

အဲဒီတော့ ဒကာ ဒကာမတွေက ဖုံးလိုက်, ဖိလိုက်သေး တယ် (မှန်ပါ့) အိမ်လည်း လုံလို့ လက်နက်တွေ ဘာတွေနဲ့ လည်း စောင့်လို့ရှောက်လို့ဟုတ်လား (မှန်ပါ့) အမျိုးမျိုး အဖုံ ဖုံတွေ ကျုပ်တို့ လုပ်ပြီးထားတာ ရှာနေတာ တခြားတော့ မဟုတ် ပါဘူး၊ ကိုယ့်အတွက်တော့ စားချိန်လည်း မရှိပါဘူး၊ နေချိန် လည်း မရှိပါဘူး၊ လှူဖို့ တန်းဖို့ပါပဲ (မှန်ပါ့) ဒါကြီး အကုန် ဖုံးပစ်လိုက်တယ် (မှန်လှပါ)။

ဒီပဋိစ္စသမုပ္ပါဒ်ဘာဖြစ်ပစ်လိုက်သလဲ (ဖုံးပစ်ပါ တယ် ဘုရား) ရော ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ဖုံးလို့ ရတာလား ဒကာ ဒကာမတို့ အကြောင်းအကျိုး ဆက်နေတာလား (အကြောင်းအကျိုး ဆက်နေတာပါ ဘုရား) ဖုံးလို့ရရဲ့ လား (မရပါ ဘုရား)။

သာဓုခေါ်လိုက်သေးတယ်

အဲဒါ ဒကာကြွယ်တို့က မသိတော့ အင်း သူတို့ရှာ နေတာက သူတို့ စားချိန်တော့ မရှိဘူးဟေ့၊ အခု အလှူတွေက တန်းလန်း၊ ကျောင်းဆောက်နေတာကတန်းလန်း၊ ဘုရားတည် နေတာက တန်းလန်း၊ ရေကန်တူး နေတာက တန်းလန်း၊ ဒါ့ကြောင့် ရှာနေတာ သာဓု သာဓုတဲ့၊ အံမာ သာဓု များ ခေါ်လိုက်သေးတယ် (မှန်ပါ့) သူ့အိမ်သွားကြည့်တော့ လည်း လက်နက်တွေနဲ့ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ။

တချို့အိမ်သွားကြည့်တော့ ဘယ့်နှယ်ဆိုပါ့မလဲ (လက်နက်တွေနဲ့ပါ ဘုရား)။ ၊

ဘယ့်နှယ်ကြောင့် ဒီလက်နက်တွေ ထားပါလိမ့်မလဲဆို တော့ ပျောက်မှာစိုးလို့ (မှန်ပါ- ပျောက်မှာ စိုးလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်မတန်ဆိုးနေတယ်

ဘာများပျောက်မှာစိုးသတုံးဆိုတော့ မစ္ဆရိယရှိလို့ (မှန်ပါ့ ဘုရား) ဒါများ သာဓုခေါ်တယ် (မှန်လှပါ)။

ဒကာကြွယ်ကော ခင်ဗျားခေါ်ဘူးသလား (ခေါ်ဘူး ပါတယ် ဘုရား) ဟာ သွားပြီပေါ့၊ ခင်ဗျား သာဓုခေါ်လိုက်တာ ဟိုလူ ထိုးချလိုက်တာပဲ (မှန်ပါ့) အင်မတန် ဆိုးနေတယ် ဆိုတာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တဏှာမူလက (၉) ချက်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ တဏှာမူလက ၉-ချက်ဆိုတာ ၁-၂-၃-၄-၅-၆-၇-၈-၉ ပေါ့ဗျာ (မှန်ပါ့ ဘုရား) တဏှာ အကြောင်းရင်းခံပြီး ၉-ချက်ဖြစ်တယ် (မှန်ပါ့)။

ဘုရားက မင်းတို့ တခြားပဋိစ္စသမုပ္ပါဒ်မှတ်မနေနဲ့၊ ညီတော် အာနန္ဒာဒီဥစ္စာ အိမ်တွင်းကနေပြီး အပါယ်သွားတဲ့ ပဋိစ္စ သမုပ္ပါဒ်ကွတဲ့ (မှန်ပါ့) ကဲ ဟောထိုက်, မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်နားလည်ပလား (နားလည်ပါပြီ ဘုရား) မပြောပါနဲ့ ကိုယ်တိုင် လုပ်နေတာပါ ဘုရား၊ နားလည်ရုံတွင်မကဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးသန်းမောင် ဘယ့်နှယ်လုပ်နေသလဲ (ကိုယ်တိုင် လုပ်နေတာပါ ဘုရား) ကိုယ်တိုင် လုပ်နေတာ၊ နားလည်ရုံ မကပါ ဘူးဘုရား၊ ဒါ လက်တွေ့ပါ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

သို့သော် ဘယ်တော့မှ ဒီကြားမှာ ဝိပဿနာ ဝင်မယ် လို့ လာကိုမလာဘူး (မလာပါ ဘုရား) လာကြရဲ့လား။ (မလာပါ ဘုရား)။

ဘယ်တုန်းကမလာဖူးတာတုံး

ဒီလို မလာတာကလည်း ဒကာကြွယ် ဘယ်လောက် ကြာပြီတုံး (မရေတွက်နိုင်ပါ ဘုရား) အစ, ကတည်းက မလာဖူးပါဘူးဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်တုန်းက မလာဖူးတာတုံး (အစ,ကတည်းက ပါ) အစ,ကတည်းက မလာဖူးဘူး ဆိုလို့ ရှိရင်ဖြင့် ဒီပဋိစ္စ သမုပ္ပါဒ်ပေါင်း ဒကာကြွယ် ဘယ်လောက်ရှိပြီတုံး (မရေ တွက်နိုင်ပါ ဘုရား)။

ကဲ တက်လမ်းကိုမပါဘူး (မပါ-ပါ ဘုရား) ဒကာကြွယ် ဘယ့်နှယ်တုံး (တက်လမ်းကို မပါ-ပါ ဘုရား)

အဲ့ဒါ ခင်ဗျားတို့မှာ အားလုံးတရားနာကြတာက ဒီကြွေးတွေ လူတိုင်းရှိတယ် (ရှိပါတယ် ဘုရား)။

နည်းနည်းရှိတဲ့လူလည်း ဒီပဋိစ္စသမုပ္ပါဒ်ပါတာပဲ (ပါ-ပါတယ်) များများရှိတဲ့လူလည်း (ပါ-ပါတယ်) အလတ် စားရှိတဲ့ပုဂ္ဂိုလ်လည်း (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒီအိမ်တွင်းကနေ အပါယ်သွားတဲ့ ပဋိစ္စသမုပ္ပါဒ် ဟာ ဒကာသစ် နည်းသလား (မနည်းပါ ဘုရား)။

ဖြစ်တာနဲ့စာရင် အဟောနည်းတယ်

ဒါဖြင့် ဘုရားကဟောတယ်၊ လူတစ်သိန်းသေလို့ နတ် ရွာသုဂတိ တစ်ယောက်မှ မရောက် ဘူးလို့ ဟောတယ် (မှန်ပါ့) ခင်ဗျားတို့က ဘုရားကို အပြောကြီးတယ် ဆိုမလား၊ တပည့်တော်တို့ ဖြစ်တာနဲ့ စာရင် အဟောနည်းတယ် ဆိုကြ မလား (အဟောနည်းပါတယ်) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဖြစ်တာနဲ့ စာရင် အဟောနည်းတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာတွေ ခင်ဗျားတို့ကို ဒီဆရာ ဘုန်းကြီးက ဒီဖြတ်လမ်းကို မဗြတော့ပါဘူးဆိုရင် ဒီကြွေးဟောင်းဟာ ခင်ဗျားတို့မှာ မနည်းတော့ပါဘူး (မနည်းပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီကြွေးလွတ်တဲ့လူမပါဘူး

ဒီကြွေးလွတ်တဲ့ ဒကာ ဒကာမ ဒီအထဲမှာ တစ်ယောက် မှမပါဘူး (မပါ-ပါ ဘုရား) ဒီ ပဋိစ္စသမုပ္ပါဒ် ကြွေးတွေဟာလေ (မှန်ပါ့) တစ်ယောက်ပါရဲ့လား (မပါ-ပါ ဘုရား) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီကြွေးကို ခင်ဗျားတို့ သော် တပည် တော် ဖြင့် ပန်းကလေးလှူပါ၏, အပါယ် လေးပါးဖြင့် မရောက်ပါရစေနဲ့၊ ဟို ပဋိစ္စသမုပ္ပါဒ်က အောင်မြင်ပြီးပြီ (မှန်ပါ့ ဘုရား)။

မိုးကြိုးပစ်တော ထန်းဖလက်နဲ့ကာလို့မရ

အင်း ချမ်းသာတယ်၊ ချမ်းသာတဲ့အခါကျလို့ ရှိရင်ဖြင့် ကဲကွာတစ်လ, တစ်ကြိမ်၊ တစ်လမှ သုံးကြိမ်လောက် ဒို့ဆယ်ပါးစီ ဆဲ့ငါးပါးစီ, နှစ်ဆယ်စီလောက် ကိုယ်အကြောင်း ညီညွတ်တဲ့အခါ ဆွမ်းကလေး ကျွေး၊ ဒါဟာကိုယ့်ကို ကယ်မည့် သူ, ယူမည့်သူပေါ့ (မှန်ပါ့ ဘုရား)။

အင်း ဆွမ်းက တစ်လလုံး သုံးကြိမ်ရယ်၊ သူ့ပဋိစ္စ သမုပ္ပါဒ်က တစ်နေ့ဘယ်နှစ်ကြိမ်တုံး (မရေတွက်နိုင်ပါ ဘုရား)။ မရဘူး မရဘူး၊ မိုးကြိုးပစ်တာ ထန်းဖလက်နဲ့ကာ လို့ မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မိုးကြိုးပစ်တာကို (ထန်းဖလက်နဲ့ ကာလို့မရပါ) မရဘူး မရဘူး၊ ဝိပဿနာမှရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာနဲ့ကာကွယ်မှရမယ်

ဝိပဿနာကတော့ ဒကာ ဒကာမတို့ မှတ်လိုက် စမ်းပါ တဲ့ကုသိုလ်ရော, အကုသိုလ်ရော၊ မကောင်းတဲ့အကုသိုလ်ရော, ဘုံဘဝအကျိုးပေးမည့် ကုသိုလ်ရော သူကစွန့်တယ် (မှန်ပါ့) အပါယ်သွားမည့် အကုသိုလ်လည်း (စွန့်ပါတယ် ဘုရား)။

အဲ ဝိပဿနာနဲ့ ကာကွယ်မှရမယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။