184

ငါအပါယ်ကျမယ်ဆိုတာ လုံးဝမပူပါနဲ့တော့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ငါအပါယ်ကျမယ်ဆိုတာ လုံးဝမပူပါနဲ့တော့

(ရှင်ဆန္န)

အားလုံး ဒကာဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ် ကြီး ဟောတာကို ရင်ဝလှံစူး၊ ဦးခေါင်း မီးလောင်တာကို ဖြည်းဖြည်းမှ ဖြေချင်လိုက်ပါလို့ မောင်နိုင်တို့ကို ခဏခဏ ပြောခဲ့တယ်နော်။ (မှန်ပါ)၊

သက္ကာယ ဒိဋ္ဌိကို အရင်ဖြုတ်ပါလို့ ဘုရားက သံယုတ်ပါဠိတော်ကြီးမှာ ကိုယ်တော်တိုင် ဟောတော် မူတဲ့အတွက် ဘုန်းကြီးတို့ ဒကာဒကာမတွေက သက္ကာယ ဒိဋ္ဌိဖြုတ်တာကို ပေါ့ပေါ့ တန်တန်နှင့် မလုပ်ကြပါနဲ့ဆိုတဲ့ ဥစ္စာကို နေ့တိုင်းလိုလိုပဲ သတိပေးတယ်။ (မှန်ပါ)။

ဒိဋ္ဌိမပြုတ်သေးရင် သောတာပန်မတည်

ကိုင်း-ဒါဖြင့် သက္ကာယဒိဋ္ဌိ မဖြုတ်ဘဲနဲ့ ဒီပြင်ဒိဋ္ဌိတွေလဲ မပြုတ်ခဲ့- မပြုတ်ခဲ့သည်ရှိသော် ပထမမဂ် ဖြစ်တဲ့ သောတာပန် တည်နိုင်ကြပါမလား။ (မတည်နိုင်ပါ ဘုရား)၊ ဒိဋ္ဌိမဖြုတ်ဘဲနဲ့တော့ မတည်နိုင်ဘူး။ တဏှာကျန်ချင်တဲ့ဟာ ကျန်နေပါစေ တည်နိုင် ပါတယ်။ ဒိဋ္ဌိပြုတ်ရင် ပြီးတာပါပဲဆိုတာ ဒကာဒကာမတွေက မှတ်ထားတာပေါ့။

ဒိဋ္ဌိဖြုတ်တဲ့နည်း

အဲ့ဒီတော့ကို ဒိဋ္ဌိပြုတ်တဲ့နည်းက ပထမ ရှေးဦးစွာ မိမိတို့ သန္တာန်မှာ ခန္ဓပဋိစ္စသမုပ္ပါဒ် ပေါ်လာတာကို သိရမယ်။ ဒါ မမေ့ရဘူးနော်။ (မှန်ပါ)၊ ခန္ဓပဋိစ္စသမုပ္ပါဒ် ပေါ်လာတာကို သိရမယ်တဲ့၊ ယခု ခန္ဓပဋိစ္စသမုပ္ပါဒ် ဘယ်ဝိညာဏ်က စတယ်။ ဘယ်ဝေဒနာက စတယ်၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်လဲ ဝေနာက စရှုတာပေါ့။ စိတ်ဝိညာဏ် ကြိုက်တဲ့ ပုဂ္ဂိုလ်က ဝိညာဏ်က စရှု၊ အဲ့ဒီက စတာကလေးကို သိလိုက်- သိလိုက်ပြီဆိုမှဖြင့် အဆုံး ဖြတ်ပဲ။ ပဋိစ္စသမုပ္ပါဒ် အစဉ်အတန်းကြီးဟာ မောင်နိုင် မသိစရာ မရှိပါဘူး။ (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သိတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်- သိတယ်ဆိုလို့ရှိရင်ဖြင့် ဝိပဿနာဉာဏ် ဆိုက်လာ ပြီလို့ မှတ်ရမယ်။ (မှန်ပါ)။

ဘာကြောင့်တုံးဆိုတော့ ဘာမှ အထူး မစဉ်းစားပါနဲ့။ မိမိသန္တာန်မှာ မြင်ရင် မြင်စိတ်ပေါ်တယ်၊ ကြားရင် ကြားစိတ်ပေါ်တယ်၊ ဒီကနေစပြီး သိလိုက်တယ် ဆိုလို့ရှိရင် ဝိပဿနာ မဂ်ဉာဏ်နဲ့ တးပြီးသား-တားပြီးသား ဖြစ်နေလို့ အဲ့ဒါ ဒိဋ္ဌိပြုတ်တာပဲ။ သဘောကျပလား။ (ကျပါပြီ)။

ဝိပဿနာဉာဏ်အစလို့မှတ်

မိမိသန္တာန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် အစကလေး- အစ ကလေးကို ဥပမာ မြင်စိတ်လာတယ်၊ ကြားစိတ် လာတယ်၊ နံစိတ်လာတယ်၊ အားလုံး ဒကာ ဒကာမတွေ ဉာဏ်နဲ့ တွေ့လိုက် လို့ရှိရင်ဖြင့်

ဪ-ဒါကလေး ပေါ်ပေါ်-ပေါ်ပေါ်ပြီး သကာလ လာတာပါကလားလို့ ဒီလိုဉာဏ်နဲ့ တွေးလိုက် တယ် ဆိုလို့ရှိရင် ဝိပဿနာဉာဏ် အစလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ဘာ့ကြောင့် စသတုံးဆိုတော့ ဒိဋ္ဌိ မပါလို့ စတယ်လို့ မှတ်လိုက်တာပေါ့။ (မှန်ပါ)။

စိတ်ကလေး ပေါ်လာတယ်ဆို ဒကာ ဒကာမတွေက ဒါကလေးက တစ်မျိုး၊ ဒါကလေးက တစ်မျိုး၊ ဒါကလေးက တစ်မျိုး၊ ဒီလိုပေါ်ပေါ်- ပေါ်ပေါ် လာတာကလေးတွေကို နှလုံးသွင်း နိုင်လို့ရှိရင် ဝိပဿနာဉာဏ် စတာပဲ မှတ်လိုက်ပါ။ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဝိပဿနာဉာဏ် စတာပဲလို့ ဆရာဘုန်းကြီးက ဆုံးမရသတုံး၊ အဋ္ဌကထာ ဆရာများက ဒီအကြောင်းကို ပြောရ ပါလိမ့်တုံးဆိုလို့ရှိရင်၊ အို အဖြစ်သိလို့ရှိရင် အပျက်က ပါသွားပြီ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

အဖြစ်သိရင် အပျက်က ပါသွားပြီ

အဖြစ်သိလိုက်ရင် (အပျက်က ပါသွားပြီ)၊ အပျက်က ပါသွားတယ်ဆိုကတည်းက အဖြစ်သိတဲ့ ပုဂ္ဂိုလ် အပျက်ပါသွား တယ် ဆိုကတည်းက ဖြစ်ပျက် သိတဲ့ ဝိပဿနာမဂ် လိုက်လာတယ်။ (မှန်ပါ)။ ကိုစောမောင် မလိုက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

ဒါ့ကြောင့် နောက်ပိုင်းကလာတဲ့ ဒကာ ဒကာမတွေ မိုးစို ထဲမှာ လာကြရတာ၊ သေသေချာချာ မှတ်ကြပါ။ အပါယ်လေးပါး တံခါးပိတ်ချင်လို့ရှိရင် မိမိသန္တာန်ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် ဓမ္မလေးတွေကို သိလိုက်၊ မိလိုက်မိသွားပြီ ဆိုရင်ဖြင့် ဖြစ်တာ သိရင်-ပျက်တာ သိသောကြောင့် ဝိပဿနာဉာဏ် စပေါ်တယ်လို့ မှတ်ပါနော်။ (မှန်ပါ)၊ ရှင်းပလား။(ရှင်းပါပြီ)။

အဲ့ဒါကြောင့် အဋ္ဌကထာဆရာက ဝိပဿနာသမ္မာဒိဋ္ဌိဟာ ဖြစ်တာသိလို့ရှိရင် ပျက်တာသိ လို့ရိရင် ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်ပါပြီတဲ့။ (မှန်ပါ)။

ကြားတဲ့စိတ်

ဥပမာမယ်- မိမိသန္တာန်မှာ ကြားစိတ်ကလေးပေါ်လာ တယ်။ -ပေါ်လာပြီလို့ သိလိုက်လို့ ရှိရင်ဖြင့် သိတဲ့ စိတ်က နောက်ကျတယ်။ ဒကာ ဒကာမတို့ သတ္တဝါတို့ သန္တာန်မှာ နှစ်စိတ်က မပြိုင်နိုင်-‘‘ဧကစိတ္တသမာယုတ္တာ’’- တစ်ခုသော စိတ်နဲ့ အသက်ရှင်ရမယ်လို့ မဆိုလား။ (ဆိုပါတယ် ဘုရား)၊

အဲဒီတော့ နောက်စိတ်က သိနေပါတယ် ဆိုကတည်းက ဒကာ ဒကာမတွေပဲ စဉ်းစား ကြည့်ပါတော့၊ ဪ-ပထမစိတ် ချုပ်ပြီး တာသိတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)၊

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ နောက်ကနေပြီး ပထမကြားတဲ့ စိတ်ကလေး တွေကို နောက်ကနေ သိနေတယ်ဆိုလို့ရှိရင်ဖြင့် အဖြစ်ရော အပျက်ရော သိပါတယ်။ (မှန်ပါ)၊ ဘာဖြစ်လို့တုံးဆိုတော့ ကိုစောမောင်တို့ သေသေချာချာမှတ်၊ ၁-ပြီးမှာ ၂-လာတာကိုးဗျ။ (မှန်ပါ)၊ ၁-က ရှုစရာ၊ အရှုခံတရား။ ၂-က ရှုဉာဏ်တရား။ (မှန်ပါ)။ ဦးဘကလေး ကျေနပ်ပြီလား။ (ကျေနပ်ပါပြီ)။

ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်နေပြီ

အဲ့ဒီတော့ ၁-ကို ဒကာ ဒကာမတို့ ၁-ပေါ်နေတုန်းတော့ ၁-ကို -၁-ချင်းတော့ မသိဘူး။ ၂-ကနေ သိတာပဲမှတ်ပါ၊ (မှန်ပါ)၊ ၂-ကနေ သိလိုက်တဲ့အခါကျတော့ ၁-ဟာ ရှိတာ သိတာလား၊ မရှိတာ သိတာလား။ (မရှိတာ သိတာပါ ဘုရား)၊

ဪ -မရှိတာကို သိတယ်ဆိုတော့ အပျက်ပါသွားပြီ၊ (မှန်ပါ)၊ ဦးစောမောင် အပျက်ပါ သွားပြီနော်။ (မှန်ပါ)၊ မပါသေးဘူးလား၊ နောက်က ဒကာ ဒကာမတွေ-(ပါပါပြီ ဘုရား)၊ ဒီလိုဆိုလို့ ရှိရင်ဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်နေပြီ။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိဟာ ဘာတုံးလို့ မေးတဲ့အခါကျတော့မှ ဝိပဿနာသမ္မာဒိဋ္ဌိဟာ- အနိစ္စာဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဖြစ်ပေါ်လာတဲ့ စိတ် ကလေး၊ ဝိညာဏက္ခန္ဓာ ကလေး စသည်ကို သူဟာ သုတ်သင် တာပဲ။ (မှန်ပါ)၊ ဘာသုတ်သင်သတုံးဆိုတော့ ဝိသောဓိတေသု ဆိုတဲ့ အဓိပ္ပာယ်က ငါ-ငါထင်တဲ့ သက္ကာယဒိဋ္ဌိတရားကို သူ သုတ်သင်တာတဲ့၊ ဝိပဿနာ သမ္မာဒိဋ္ဌိ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ငါ-ငါ- ထင်တဲ့၊ သက္ကာယဒိဋ္ဌိကို ဘာလုပ်သတုံး။ (သုတ်သင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စပေါ်တာ သိတဲ့ “ပုဂ္ဂိုလ်များ သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ပါလားဆိုတာ မှတ်လိုက်တာပေါ့။ (မှန်ပါ)။

ဒိဋ္ဌိပြုတ်ပြီးတော့ သိတဲ့အသိ

ပြီးတော့ အဲဒါသိတဲ့ အချိန်မှာလဲ ဒကာ ဒကာမတို့ အဖြစ်သိလား၊ အပျက်သိလားလို့ မေးတဲ့ အခါကျတော့ အို ၁နဲ့ ၂- ပြိုင်မှ မပြိုင်ကောင်းဘဲ၊ ၁-မရှိတာကို ၂-က သိတာပဲ ဆိုကတည်းကိုကလဲ ဒကာ ဒကာမတို့မှာ သက္ကာယဒိဋ္ဌိပြုတ်ပြီး သိတဲ့ အသိပါ။ (မှန်ပါ)။။

ဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိဟာ-အနိစ္စာ ဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု-ဖြစ်ပျက်အနိစ္စ အစရှိသည်ဖြင့် သုတ်သင် တယ်ဆိုလာကတည်းက ဘာသုတ်သင်တာတုံးလို့ မေးနေစရာ မလိုပါဘူးတဲ့၊ ငါ-ငါ-ထင်တဲ့ သက္ကာယဒိဋ္ဌိကြီးကို သုတ်သင်တာ ပါပဲ။ (မှန်ပါ)၊ ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ်များ သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ရှိနေတာပဲ သဘောကျပလား။ (ကျပါပြီ ဘုရား)

ဒါဖြင့် ဖြစ်ပျက်ရှုနေတဲ့ ဒကာ ဒကာမတွေမှာ သက္ကာယ ဒိဋ္ဌိနဲ့ ရှင်းပြီးသား လင်းပြီးသား ဖြစ်ပါတယ်။ (မှန်ပါ)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

မြင်စိတ်ကလေး မြင်တယ်၊ ပေါ်တာနဲ့ ပျက်တာကလေးကို နောက်က အရှုခံတရားကို ရှုဉာဏ် တရားနဲ့သာ မိလိုက်ပြီဆိုမှ မောင်နိုင် သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား။ (မှန်ပါ)၊ ကိုစော မောင် တယ်အဖိုးတန်ပါကလား။(တန်ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိဆိုတာ

ဒါကြောင့် ဒကာ ဒကာမတွေ ကြိုးစားလိုက်စမ်းပါ၊ သက္ကာ ယဒိဋ္ဌိဆိုတာက တခြားလား မှတ်နေတယ်၊ ပဋိစ္စသမုပ္ပါဒ် စပေါ်တာရယ်၊ ၎င်းပေါ်တာကလေး၏ ပျောက်ပျက်သွားတာကို သိလိုက်လို့ ရှိရင် ပြုတ်တာပါပဲ။ (မှန်ပါ)၊ သက္ကာယဒိဋ္ဌိကို ခါးတောင်းကျိုက် ဘောင်းဘီပင့်ပြီး သကာလ သုတ်သင် နေရမှာ မဟုတ်ပါဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်လိုက်တာပေါ့။ (မှန်ပါ)၊

ကိုယ့်သန္တာန်မှာ ပေါ်နေတာ ကိုယ်သိပြီးသကာလနေတော့ ဒိဋ္ဌုမ္မတ္တက ဆိုတာက မသိတဲ့လူမှ ဒိဋ္ဌုမ္မတ္တကကို-(မှန်ပါ)၊ ဒိဋ္ဌုမ္မတ္တကဆိုတာ ဒိဋ္ဌိ+ဥမ္မတ္တကပါပဲ။ ဒိဋ္ဌိရူး-ရူးနေတာကို ခေါ်တယ်။ ကိုယ့်သန္တာန် ပေါ်တဲ့ ပဋိစ္စ သမုပ္ပါဒ်ဓမ္မကို မသိတဲ့ ပုဂ္ဂိုလ်များ ဒိဋ္ဌိရူး- ရူးနေတဲ့အတွက် ဒိဋ္ဌုမ္မတ္တကထဲ သွားရပါတယ်။ (မှန်ပါ)၊ ရှင်းပလား၊ ရှင်းပါပြီ။

ဒါဖြင့် ကိုယ့်သန္တာန်ပေါ်တဲ့ စိတ်ကလေးတွေကို ကိုယ်သိ လိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိ ရှင်းပြီး သိတဲ့ အသိလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ)။

သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား

တပည့်တော်တို့ ဖြစ်ပျက်ရှုတော့ သက္ကာယဒိဋ္ဌိ အထူး သုတ်သင်ရဦးမှာလားဆိုတော့ ဖြစ်ပျက် ရှုနေတဲ့ အချိန်ကျတော့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာအစက မိခဲ့ ပေါ်ခဲ့ ပေါ်တဲ့ အစလေး ရှုတာပဲ။ အဲ့ဒီအချိန်ကျတော့ သက္ကာယဒိဋ္ဌိ ဘယ်မှာ သုတ်သင် စရာ ရှိတော့မတုံး၊ ဥဒယဗ္ဗယ ဉာဏ်အချိန်၌ သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်နေသည် ဆိုတာလဲ သေသေချာချာ မှတ်ပါ။ (မှန်ပါ)။။

ဒါ-နို့ မဟုတ်လို့ ရှိရင် အို သက္ကာယဒိဋ္ဌိ အရင်သုတ်သင် ရဦးမှာ။(မှန်ပါ)၊ မသုတ်သင်ဘဲနဲ့ ရှိနေတယ်လို့ အောက်မေ့ မနေနဲ့၊ ပေါ်လာတာ သိကတည်းက သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်နေတယ်။ (မှန်ပါ)။

ဓမ္မပေါ်ရင် သက္ကာယဒိဋ္ဌိ သေတယ်

ကိုစောမောင် ပေါ်လာတဲ့ ဓမ္မကလေးကို သိလိုက်ရင် (သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်နေပါတယ် ဘုရား)၊ သုတ်သင်ပြီးသား မကျဘူးလား။(ကျပါတယ်)၊ ပုဂ္ဂိုလ်ပေါ် တာလား၊ ဓမ္မပေါ်တာလား၊ (ဓမ္မပေါ်တာပါ)၊ ဓမ္မပေါ်ရင် သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်သွားတာပေါ့။ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဋ္ဌကထာ ဆရာပြောတဲ့အတိုင်း၊ စကားအတိုင်း ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်နေ ကတည်းက ဒီအထဲမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ငါ-ငါထင်ချက် မိစ္ဆာဒိဋ္ဌိဟာ ဝင်လို့ကို မရပါဘူး။ (မှန်ပါ)၊

ဖြစ်ပျက်မိနေတဲ့ ဒကာ ဒကာမတွေဖြင့် ဘာမှမပါပါနဲ့။ ငါ အပါယ်ကျလိမ့်မယ်ဆိုတာ လုံးဝ မပူပါနဲ့တော့။ (မှန်ပါ)၊ ရှင်း ပလား။(ရှင်းပါပြီ)။

ငါအပါယ်ကျမယ်ဆိုတာ လုံးဝ မပူပါနဲ့

ငါ အပါယ်ကျလိမ့်မယ် ဆိုတာ လုံးဝမပူပါနဲ့တော့၊ ဘာ့ကြောင့်တုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကို ဆရာဘုန်းကြီးကလဲ လည်လည် ပတ်ပတ် ဟောသွားပြန်တယ်။ သူ့ကို ရှေ့ထားပြီး သကာလ ပေါ်တာ၊ သိတာ ပဋိစ္စသမုပ္ပါဒ် သိတာ ကိုစောမောင်။ (မှန်ပါ)။

ပေါ်တာသိတော ပဋိစ္စသမုပ္ပါဒ်သိတာ

ပေါ်တာသိတာ ဘာပါလိမ့်။ (ပဋိစ္စသမုပ္ပါဒ်သိတာပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် သိတယ် ဆိုကတည်းက ပေါ်တာသိတော့လဲ ၁-က အရှုခံတရား၊ ၂-က အရှုဉာဏ်တရား ဆိုကတည်းက အပျက်ကလဲ သိပြီးသား ဖြစ်နေတော့ ဪ-ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ ဓမ္မကလေးပေါ်လာတယ်၊ ဓမ္မကလေး ပျောက်သွား တယ်ဆိုတာ ကိုစောမောင်တို့ ကိုစံလှတို့ ရှင်းသွားတယ်။ (ရှင်းသွားပါပြီ ဘုရား)။

ဓမ္မကလေး ပေါ်လာပြီး ဘာတုံး။ (ဓမ္မကလေး ပျောက် သွားပါတယ်)၊ အဲဒီတော့ ၂-က မသိလိုက်ဘူးလား၊ (သိလိုက် ပါတယ်)၊ သိလိုက်တော့ သက္ကာယဒိဋ္ဌိက -ငါ-ငါ ထင်ချက်က ပြုတ်ပါတယ်။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်မှု

ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုနိုင်တဲ့ ဒကာ ဒကာမတွေဖြင့် သက္ကာယဒိဋ္ဌိ သုတ်သင် နေစရာတောင် အထူး မလိုပါဘူး၊ ပဋိစ္စသမုပ္ပါဒ်ပေါ်တာ သိကတည်းက သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ အပြင်မှာ ဖြစ်ပျက်ကို တစ်ခါတွေ့ပြန်တယ်လို့ ဆိုသောကြောင့်လဲ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ သုတ်သင်ပြီးသား ဖြစ်ပါတယ်။ (မှန်ပါ)၊ ၂-နံပါတ်က သုတ်သင်ပြီးသား ဖြစ်နေတယ်။ (မှန်ပါ)၊ သဘောပါကြပလား။ (ပါပါပြီ)။

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိဟာ အနိစ္စာဒိဝသေန ခန္ဓာဒီသုဝိ သောဓိတေသု။ အနိစ္စာဒိဝသေန-အနိစ္စအစရှိသည်တို့၏ အစွမ်း အားဖြင့်။ ခန္ဓာဒီသု-ခန္ဓာအစရှိသည်တို့၌။ ဝိသောဓိတေသု= ငါ-ငါ ထင်ချက် သုတ်သင်ပြီးသည်ရှိသော် ဆိုတဲ့အတိုင်း သူက ဖြစ်ပျက်မြင်ရင် သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်သွားပါ ပြီလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ)၊ ကျေနပ်ပလား။ (ကျေနပ်ပါ ပြီ ဘုရား)။

ဖြစ်ပျက်မြင်ဆိုတာ ဒကာ ဒကာမတို့ ပေါ်တာသိလို့ ပျောက်တာ သိတာ မဟုတ်လား။ (မှန်ပါ)၊ ပေါ်တာသိလို့ ပျောက် တာ သိတယ် ဆိုကတည်းက ပေါ်တာလဲ ဓမ္မ၊ ပျောက်တာလဲ ဓမ္မကို သိနေ ကတည်းက ကိုယ် ဘယ်ကလာပြီး သကာလ ဒိဋ္ဌိဝင်ပူးဦးမှာလဲ။ (မပူးနိုင်ပါ ဘုရား)။ ပူးစရာအကြောင်း ဖြစ်သေးရဲ့လား။(မဖြစ်ပါ ဘုရား)။

ဖြစ်လို့ပျက်တာ

ဪ -ဒါဖြင့် တို့ကို ဆရာဘုန်းကြီးက ဖြစ်ပျက်မိအောင် ကြည့်၊ ဖြစ်ပျက်မိအောင် ကြည့်။ ဓမ္မကလေး တစ်ခုပေါ်လာရင် အဖြစ် မမိရင် အပျက်မိအောင်ကြည့်။ ဖြစ်လို့လဲ ပျက်တာပဲလို့ သိပေးပြီး သကာလ နေကြလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ အထူးစွဲစရာ မရှိတော့ပါဘူး၊ ပဋိစ္စသမုပ္ပါဒ်မှန်လို့ ပေါ်တာ သိလို့ ဖြစ်ပျက် မိခဲ့သော် ဒကာ ဒကာမတို့-သက္ကာယဒိဋ္ဌိကွာပြီးသား (မှန်ပါ)။

ဒါဖြင့် တီရဏပရိညာနဲ့-ပွားများတဲ့ ပရိညာနဲ့ သက္ကာယဒိဋ္ဌိ ပယ်ပြီးသားဖြစ်ပါတယ်။ (မှန်ပါ)။

သိရင် ဉာတပရိညာ

ပဋိစ္စသမုပ္ပါဒ် အစပေါ်တာ သိတာက ဉာတပရိညာနဲ့ သိတာ။ (မှန်ပါ)၊ ၎င်းအပျက်ကလေး ပျက်သွားပြီလို့ သိတဲ့ အခါကျလို့ရှိရင် တီရဏပရိညာနဲ့ သက္ကာယဒိဋ္ဌိ ပြုတ်တာလို့ မှတ်ကြစမ်းပါ။ (မှန်ပါ)။ ဒါဖြင့် သိမှုနဲ့ ဖြုတ်-ပွားမှုနဲ့ ဖြုတ် ဆိုတာလဲ ပါသွားပြီ။ (ပါသွားပါပြီ ဘုရား)၊ မပါသေးဘူးလား။ (ပါပါပြီ)။။

စလာတာကလေးသိရင် သိမှုနဲ့ ဖြုတ်တယ်။ (မှန်ပါ)၊ အပျက်ကလေး သိလို့ရှိရင် ပွားမှုနဲ့ ဖြုတ်တယ်။ (မှန်ပါ)၊ မှတ်လိုက် ကြစမ်းပါ၊ ဒီဥစ္စာ တော်တော် အရေးကြီးတယ်လို့ မှတ်ပါ။ (မှန်ပါ)။

တီရဏပရိညာ

ပဋိစ္စသမုပ္ပါဒ် စလာတာကလေး နောက်ဉာဏ်နဲ့ သိလိုက် လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သိမှုနဲ့ ဖြုတ်တာလို့ မှတ်လိုက်ကြ စမ်းပါ။ (မှန်ပါ)၊ နောက်ကျတော့ ဖြစ်ပျက်တွေ ရှုပြီးသကာလ နေတဲ့ ဒကာ ဒကာမတွေကျတော့ ပွားမှုနဲ့ ဖြုတ်တယ်။ တီရဏ ပရိညာနဲ့ ဖြုတ်ချလိုက်ပါတယ်။ (မှန်ပါ)။

ခန္ဓာဒီသုဝိသောဓိတေသု-ပစ္ဆာ။ ပစ္ဆာဆိုတာ နောက်မှာ။ ဝိပဿနာဉာဏ် ပြီးရင် ဘာလာမလဲ ဆိုတဲ့ အဓိပ္ပာယ်ကိုပြောတယ်။ ပစ္ဆာ-ဝိပဿနာဉာဏ် သက္ကာယဒိဋ္ဌိ ဖြုတ်ပြီးသည့်နောက်မှာ ဘူမိလဒ္ဓံ -ဉာဏ်၏ တည်ရာလို့ ရရှိတဲ့။ ဉာဏ်၏ တည်ရာကို ရပါတယ်။ (မှန်ပါ)။

ဉာဏ်၏ တည်ရာဆိုတာ ဘာတုံး၊ ဝိပဿနာဉာဏ်က သက္ကာယဒိဋ္ဌိ ရှင်းသွားတော့ မဂ်က အထူး ဖြုတ်စရာ မလိုတော့ဘူး။ ပေါ်ဖို့သက်သက်ပဲ ရှိတော့တယ်။ (မှန်ပါ)၊ မဂ်ဉာဏ်ပေါ်ဖို့ သက်သက်ပဲ ရှိတော့တယ်တဲ့။ ဒီက တီရဏပရိညာနဲ့ ဖြုတ်ထားတော့ နဂိုကိုက ရှင်းလင်းပြီး သကာလနေတော့

မီးရှို့တာနဲ့တူတယ်

ဒကာ ဒကာမတို့ အမှိုက်တွေ စုပုံထားတဲ့ ဥစ္စာမီးရှို့တာဟာ ဒကာ ဒကာမတို့ အထူးပင်ပန်း သလား၊ အမှိုက်ပုံထားတဲ့သူက ပင်ပန်းသလား မေးရင် ဘယ့်နှယ်ပြောကြမလဲ။(အမှိုက်ပုံရတဲ့လူက ပင်ပန်းပါ တယ်)၊ မီးရှို့တဲ့သူက (မပင်ပန်းပါ ဘုရား)။

အဲဒီတော့ မဂ်ကျ တော့ မီးရှို့တာနဲ့တူတယ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ ဒိဋ္ဌိတွေပုံပြီး သကာလ စုထားတာနဲ့ တူပါတယ်၊ ဒီလိုမှတ်ကြပါနော် (မှန်ပါ)။

ဘူမိလဒ္ဓံ- ဉာဏ်၏ တည်ရာကို ရသော ဝဋ္ဋံ= သံသရာ၌ ချာချာလည်နေတဲ့ စိတ်စဉ်- ရုပ်စဉ်ကြီးကို ဒီဟာတွေဟာ ချာချာ လည်နေတာပဲ မောင်နိုင်။ (မှန်ပါ)၊

ဝိပဿနာဉာဏ်နဲ့ ကြည့်နေတော့ ဖြစ်ပျက်တွေဟာ တစ်ခါတည်း ချာချာလည်နေတာပဲ။ (မှန်ပါ)၊ ဒီဖြစ်ပျက်ပြီး ဟိုဖြစ်ပျက်တွေ့လိုက်၊ ဟိုဖြစ်ပျက်ပြီး ဒီဖြစ်ပျက်တွေ့လိုက်နဲ့ တစ်ခါတည်း ချာချာလည် မနေပေ ဘူးလား။(လည်နေပါတယ် ဘုရား)၊ ဖြစ်ပျက်တွေ ရှေ့ပိုင်းမှာ ပုံလို့ မနေပေ ဘူးလား။ (နေပါတယ် ဘုရား)။။

ဘူမိလဒ္ဓံ- ဉာဏ်၏တည်ရာကိုရသော။ ဝဋ္ဋံ- ဝဋ်တရားကို။ ပရိစ္စမာနာ- ပထမဉာဏ်က ဒကာ ဒကာမတို့ အကုန် ဖြစ်ပျက် ဖြစ်ပျက်နဲ့ ရှုပြီးသကာလ နေကတည်းက သမ္မာဒိဋ္ဌိတွေက ဝင်နေတယ် သဘောကျပလား။ (ကျပါတယ် ဘုရား)၊ ပဋိစ္စ သမုပ္ပါဒ် ဘယ့်နှယ်နေသတုံး။ (ပြတ်နေပါတယ်)၊ နောက် ပဋိစ္စသမုပ္ပါဒ်ကလဲ ဘယ့်နှယ်နေသတုံး။ (ပြတ်နေပါတယ်)၊ ရှေ့ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက် ရှုနေကြကတည်းက နောက် ပဋိစ္စ သမုပ္ပါဒ် ဘယ့်နှယ်နေကြသတုံး။ (ပြတ်နေပါတယ်)၊ မသေချာ ဘူးလား။ (သေချာပါတယ်)၊

ရှေ့ပဋိစ္စသမုပ္ပါဒ် မမိလိုက်ရင် သာ နောက် ပဋိစ္စသမုပ္ပါဒ် ဆက်ရမှာကို။ (မှန်ပါ)၊ အခု ဉာဏ် ကြားခိုလိုက်တဲ့အတွက် ကိုစောမောင် ဘယ့်နှယ်နေသွားသတုံး။ နောက်လာမည့် အဆက်တွေ ဘယ့်နှယ်နေသတုံး။ (ပြတ်ပါ တယ်)။

နောင်လာမည့် အဆက်တွေ ပြတ်တာ သေချာနေတော (မှန်ပါ)၊ ရှေ့ပိုင်း ဒိဋ္ဌိပြုတ်ပြီး နောက်ပိုင်းက တဏှာဥပါဒါန် သတ်နေတာကို မှတ်လိုက်ပါ။ (မှန်ပါ)။

ဝိပဿနာဉာဏ် အရေးကြီးတယ်

ဝိပဿနာဉာဏ်က ရှေ့ပိုင်းက ဒိဋ္ဌိကိုဖြိုခွင်းတယ်။ နောက် ပိုင်းက တဏှာဥပါဒါန်ကို (သတ်ပါတယ်)၊ ဒါဖြင့် ဝိပဿနာ ဉာဏ်ဟာ ဒကာ ဒကာမတို့ တယ်အရေးကြီးပါကလား။ (မှန်ပါ)၊ မကြီးဘူးလား။ (ကြီးပါတယ် ဘုရား)။

ရှေ့ပိုင်းက ဖြစ်ပျက်ရှုနေတော့ ဒိဋ္ဌိဖြုတ်နေတယ်၊ နောက် ပိုင်းက မလာအောင် တားထား တာလဲ ဒီဉာဏ်ဝင်လိုက်လို့ ဆိုတော့ ပခုံးထမ်းတဲ့လူလိုပေါ့။ ဟိုဘက်တောင်းလဲ သူ့တာဝန်၊ ဒီဘက်တောင်းလဲ သူ့တာဝန်ဆိုသလို ကိုစောမောင် မရှိပေဘူးလား။ (ရှိပါတယ်)၊

ဒီမှာလဲ ဝိပဿနာဉာဏ်က ပခုံးထမ်းသလိုပဲ။ ရှေ့ပိုင်းက ဒိဋ္ဌိဖြုတ်တာလဲ သူပဲ၊ နောက်ပိုင်းက ပဋိစ္စသမုပ္ပါဒ် မဆက်နိုင်တာကော။ (သူပါပဲ ဘုရား)။ ဪ -ဒါဖြင့် ဝိပဿနာ ဉာဏ်သည် ဒကာ ဒကာမတို့ အလွန် အရေးကြီးပါကလား၊ ဒိဋ္ဌိဖြုတ် လဲ သူပဲ။ သံသရာဖြတ်နေတာလဲ သူပဲ-။ (မှန်ပါ)။

ဒိဋ္ဌိဖြုတ်တယ်

ဒိဋ္ဌိဖြုတ်တာလဲ(သူပါပဲ)၊ သံသရာဆက်မည့် တရားတွေ ဖြတ်လိုက်တာလဲ။ (သူပါပဲ ဘုရား)၊ တော်တော့ကို ခရီးပေါက် ပါလား။(ပေါက်ပါတယ်)၊ ကောင်းကောင်း ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။ ဆန္န မလာခင် ဒီသစ္စာ ရှင်းလင်းနိုင်အောင် ပြောပါ့မယ်။

အကုသိုလ်စွန့်တယ်

ရှေ့ပိုင်းက စတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုလဲ ဒိဋ္ဌိပြုတ်တယ်နော်။ (မှန်ပါ)၊ နောက်ပိုင်းက သူသည်ကား လို့ဆိုလို့ရှိရင်ဖြင့် လာနေကျ ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် နိရာမ တရားကြီးကိုလဲ မဂ်ဝင်တားလိုက် တဲ့ အတွက် အကုသလံ ဇဟံ သွားဖြစ်တယ်။ (မှန်ပါ)၊ နောက်ပိုင်း ကလာမည့် အကုသိုလ်တွေ ဘယ့်နှယ် နေသတုံး။ (ဖြတ်ပါတယ် ဘုရား)၊ အကုသိုလ်တွေလဲ စွန့်ပစ်လိုက်တယ်ဆိုတော့ သဘောကျပလား။ (ကျပါပြီ)။

ကိုင်း-ဒါ ဖြင့် ဝိပဿနာဉာဏ်ဟာ ဦးပဲ့ထမ်းခြင်း ကိစ္စ ရှိတယ်နော်။ (မှန်ပါ)၊ ဦးပဲ့နှစ်ခုစလုံးကို ကိုစောမောင် ထမ်းပြီးသကာလ ရွက်ဆောင်နိုင်ခြင်း ကိစ္စရှိတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ်

ကိုင်း-ဒါဖြင့် ဘူမိလဒ္ဓံ- ဉာဏ်၏ တည်ရာကိုရ၍။ ဝဋ္ဋံ= ချာချာလည်နေတဲ့ ရှေ့ပိုင်းက ဖြစ်ပျက် ပဋိစ္စသမုပ္ပါဒ်ကြီးကို။ ပရိစ္စဇမာနာ- စွန့်လိုက်သည်။ ဝိပဿနာဉာဏ် ရင့်ပြီး သကာလ လာတယ်၊ ရှေ့ပိုင်းက ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်တွေကို တစ်ခါတည်း ဝိပဿနာဉာဏ်က ရှေ့ပိုင်းကလဲ ဒိဋ္ဌိဖြုတ်၊ နောက်ပိုင်းကလဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တာတွေက ကြာပြီကော ကိုစောမောင်။ (မှန်ပါ)၊

ထိုကဲ့သို့ ကြာတဲ့ အခါကျလို့ရှိရင်ဖြင့် ဘာဖြစ်ပါလိမ့်မတုံးဆိုတော့ မဂ်သမ္မာဒိဋ္ဌိက တစ်ခါတည်း ရှေ့ပိုင်းက ဖြစ်ပျက်ကို စွန့်တော့တာပါပဲ။ (မှန်ပါ)။

ဒကာ ဒကာမတွေ ရှေ့ပိုင်းက ဘာတဲ့။ (ဖြစ်ပျက်တွေ စွန့်ပါတယ်)၊ ရှေ့ပိုင်းက ဖြစ်ပျက်တွေ စွန့်လိုက်တယ်၊ စွန့်မှာပဲတဲ့။ ဒါဟာ မဂ်သမ္မာဒိဋ္ဌိ ဝင်လာတာကိုး (မှန်ပါ)၊ ခုနင်က ဝိပဿနာသမ္မာဒိဋ္ဌိ ဦးပဲ့ထမ်းပြီး အကျိုးဆောင်သွားတဲ့ အတွက် မဂ်သမ္မာဒိဋ္ဌိ ဝင်လာတယ်။ ရှေ့ပိုင်းက ဖြစ်ပျက်ချာချာ လည်နေ တာတွေကို ပရိစ္ဆဇမာန-စွန့်လျက် သဘောကျပလား။ (ကျပါပြီ ဘုရား)။

မဂ်သမ္မာဒိဋ္ဌိ

အဲ-မဂ်သမ္မာဒိဋ္ဌိသည်-ဒိဋ္ဌိကို အမြစ်နဲ့တကွ၊ ပယ်နိုင်တဲ့ အနုသယနဲ့တကွ၊ ပယ်နိုင်တဲ့ မဂ်သမ္မာဒိဋ္ဌိ သည် ဖြစ်ပြီလို့ဆိုတော့ ရှေ့ပိုင်းက ဖြစ်ပျက်ချုပ်သွားလို့ရှိရင် မဂ်သမ္မာဒိဋ္ဌိ ဖြစ်ပြီလို့ သေသေချာချာမှတ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ရှေ့ပိုင်းက ဖြစ်ပျက်တွေ တွေးနေတုန်းကတော့ ဪ ဝိပဿနာဉာဏ် ဦးမဲ့ထမ်းနေပါကလား မှတ်လိုက်၊ ဒိဋ္ဌိခွာတယ်။ သံသရာစခန်းကို ဖြတ်နေတယ်။ (မှန်ပါ)၊ ဖြစ်ပျက်မြင်နေတော့ ရှေ့ပိုင်းက ဘာတုံး။ (ဒိဋ္ဌိခွာနေပါတယ်)၊ နောက်ပိုင်းက (သံသရာစခန်း ဖြစ်နေပါတယ်)၊ အဲဒီ သံသရာ ဖြတ်နေတယ် ဆိုတာ တဏှာဥပါဒါန် ကံမလာအောင် လုပ်နေတယ်။ (မှန်ပါ)။ မလုပ်ဘူးလား။ (လုပ်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်က နှစ်ကိစ္စထမ်းတယ်

ဝိပဿနာဉာဏ်က နှစ်ကိစ္စထမ်းတယ်။ ရှေ့ပိုင်းက ဒိဋ္ဌိ ခွာ၍ နောက်ပိုင်း သံသရာဆက်မည့် တရားတွေကို ဖြတ်နေတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှေ့ပိုင်းက ချာချာလည်ပြီး ပေါ်နေတဲ့ ဖြစ်ပျက် တွေသည်ကားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိခွာ ပြီးတော့ ဖြစ်တာတွေ၊ ပျက်တာတွေကို မြင်လာတော့၊ မဂ်သမ္မာဒိဋ္ဌိ ပေါ်ချင်တော့ ကိုစောမောင် ဖြစ်ပျက်တွေ စိပ်စိပ် စိပ်စိပ်လာပြီး ဉာဏ်ရင့် လာတော့ ဖျတ်ဆို ပျောက်ထွက်သွားတယ် (မှန်ပါ)၊ ဒါပျောက်ရင် နောက်ဟာ မဂ်သမ္မာဒိဋ္ဌိသာ မှတ်ပေတော့။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

နောက်ကဟာကို ဘာဆိုကြမယ်။ (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ သူက ဒကာ ဒကာမတို့ မဂ်သမ္မာဒိဋ္ဌိ ဖြစ်တာလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချစမ်းပါ။(မှန်ပါ)။

ဖြစ်ပျက်ချုပ်တာ ဘာဖြစ်တာပါလိမ့်။ (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိ ဖြစ်တာ မဂ်ရပြီးသား ပုဂ္ဂိုလ်များကျတော့ ဒကာ ဒကာမတို့ ဖိုလ်သမ္မာဒိဋ္ဌိ ဖြစ်တာလို့ မှတ်ပါ၊ စပြီးရတဲ့ ပုဂ္ဂိုလ်များ တော့ မဂ်သမ္မာဒိဋ္ဌိ ဖြစ်တာ။ (မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိ ဖိုလ်သမ္မာဒိဋ္ဌိ

ရှေ့ပိုင်းက ဖြစ်ပျက်ပျောက်တာ အခုမှစပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်များကျတော့ ဘာ သမ္မာဒိဋ္ဌိတုံး။ (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ ရပြီးသားတွေကတော့ ဖြစ်ပျက်တွေ မြင်ပြီး ချုပ်ဆုံးပြီးသကာလ

သွားတာကို သိတဲ့ ဥစ္စာကတော့။ ဖိုလ်သမ္မာဒိဋ္ဌိလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

(မှတ်ချက်။ သေချာမှတ်ပါ ယောဂီများ)

ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိနဲ့ ဖိုလ်သမ္မာဒိဋ္ဌိသည်ဒကာ ဒကာမတို့ အခြားနားကြီးပဲ။ (မှန်ပါ)၊ မခြားနား ဘူးလား။ (ခြားနားပါတယ်)၊ အဲ့ဒီအဓိပ္ပာယ်တွေ အဋ္ဌကထာဆရာ သေသေချာချာ ဖော်ပြတဲ့ စကားတွေလို့ မှတ်ကြပါ။ (မှန်ပါ)။

ဒါဖြင့် ဘူမိလဒ္ဓံ ဝဋ္ဋံ ပရိစ္စဇမာန ဟိုမှာ ချာချာလည်နေတဲ့ ဖြစ်ပျက်တွေကို ကိုယ့်ဘုံနဲ့ ကိုယ်ရတဲ့ စိတ်တွေက ချာချာလည်ပြီး သကာလ တစ်ခုပြီးတစ်ခု ပေါ်နေတာပဲတဲ့ ကိုစောမောင်ရ။ (မှန်ပါ)၊ မောင်နိုင် မပေါ်ဘူးလား။ (ပေါ်ပါတယ်)။ မဂ်သမ္မာဒိဋ္ဌိ ပေါ်လာတဲ့ အခါကျတော့ ဒါတွေ စွန့်ပစ်လိုက်တယ်။ (မှန်ပါ)၊ ဒါတွေ မရှိတော့ဘူးတဲ့။ (မှန်ပါ)။

ဖြစ်ပျက်ဆိုတာ ဘာတုံး

ဒါဖြင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို သင်ထား တယ်၊ ဖြစ်ပျက်ဆုံး ပလားဟေ့ ဆိုတာကတော့ သဘောကျပလား။ (ကျပါပြီ)၊ ဖြစ်ပျက်ဆုံး သွားတယ် ဆိုတဲ့ ဥစ္စာ ရှုရင်း မတ္တနဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက် ပျောက်ထွက် သွားတော့တယ်၊ ဖြစ်ပျက် ဆိုတာ ဘာတုံးလို့မေးတော့ ရှေ့ပိုင်း ပေါ်နေတဲ့ ခန္ဓာတွေ။ (မှန်ပါ)။

ဘာတွေပါလိမ့်။ (ရှေ့ပိုင်းပေါ်နေတဲ့ ခန္ဓာတွေပါ ဘုရား)၊ ရှေ့ပိုင်းပေါ်လာတော့ မိမိစိတ်ရှုလဲ စိတ်ခန္ဓာပေါ့ ၊ စိတ်ခန္ဓာရှုရင် နာမက္ခန္ဓာလေးပါး ပါတယ်။

နာမက္ခန္ဓာလေးပါးပါ ပြန်တော့လဲ ရူပက္ခန္ဓာပါ ပါတာပဲ။ (မှန်ပါ)။

ယမကံ အညမညဉ္စ- ဥဘောအညာည နိဿိတာ၊

ဧကသ္မိံ ဘိဇ္ဇမာနေ၊ ဥဘောဘိဇ္ဈန္တိ ပစ္စယာ-တဲ့။

ဒီလိုရှုတော့ ချုပ်သွားတော့ နာမ်ရောရုပ်ရော ချုပ်သွား တာပဲ။ (မှန်ပါ)၊ သဘောကျ ပလား(ကျပါပြီ)။။

ဘာတဲ့တုံး။ (နာမ်ရော ရုပ်ရော ချုပ်သွားတာပါ)၊ နာမ်ရော ရုပ်ရော ချုပ်သွားတာဆိုတော့ ရှိတာကလဲ ဒကာ ဒကာမ တွေမှာ ရုပ်နဲ့နာမ်ပဲ ရှိတာကို နာမ်ဖြစ်ပျက်ကို ရှုလိုက်သဖြင့် သူတို့က အညမည ဖြစ်နေတော့ တစ်ခုချုပ်တော့ ရောချုပ်သွား တယ်ကွာတဲ့။ (မှန်ပါ)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ)။

တစ်ခုရှုရင် အကုန်ပါတယ်

ဒါဖြင့် ကိုစောမောင် တစ်ခုရှုလို့ရှိရင် အကုန်ပါတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)။

အေး- အဲဒါကြောင့် အဲဒါ ပါဠိလို ဒါ ဝိသုဒ္ဓိမဂ်မှာ လာတာနော်။ ‘‘ယမကံ အညမညဉ္စ ဥဘော အညောည နိဿိ တာ ဧကသ္မိံ ဘိဇ္ဇမာနေ’’ တစ်ခုပျက်ရင် အကုန်ပျက်တယ်။ (မှန်ပါ)

‘‘ဥဘော အညောည နိဿိတာ’’ ဆိုတာ တစ်ခုကို တစ်ခု မှီနေကြတဲ့ နာမ်နဲ့ရုပ်က (မှန်ပါ)၊ ‘‘ဧကသ္မိံ ဘိဇ္ဇမာန ဥဘော ဘိဇ္ဈန္တိ’’ ဆိုတာ တစ်ခုပျက်ရင် အကုန်ပျက်တာပဲတဲ့။ (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘာမှ သံသယ ရှိမနေနဲ့၊ နာမ်ရော ရုပ်ရော ချုပ်သွားတာပဲတဲ့။ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ်သမ္မာဒိဋ္ဌိဝင်လာတော့ မောင်နိုင် ရှေ့ပိုင်းမှာ ဘာတွေများ တွေ့ရသေးသလဲ။ (မတွေ့ပါ ဘုရား)၊ နာမ်ရုပ်တော့ နာမ်ရုပ် ဖြစ်ပျက် မရှိတော့ဘူးတဲ့။ (မှန်ပါ)၊ နာမ်ရော ရုပ်ရော ချုပ်တော့ ဘယ်လိုများ ဆုံးဖြတ်ချက်ချရပါ့မတုံး ဆိုတော့ နာမ်ရော ရုပ်ရော ချုပ်တာသည်- နာမ်ရော ရုပ်ရောဖြစ်လို့ နာမ်ရော ရုပ်ရော ချုပ်တာပဲ။ (မှန်ပါ)၊ ဆိုထိုက်ကြပလား။ (ဆိုထိုက် ပါတယ်)။

နာမ်ရော ရုပ်ရော ချုပ်တယ်

ဘယ်လိုဆိုကြပါ့မလဲ။ (နာမ်ရော ရုပ်ရော ဖြစ်လို့ နာမ်ရော ရုပ်ရော ချုပ်တာပါ ဘုရား)၊ နာမ်ရုပ် သဘောဖြစ်နေလို့ နာမ်ရုပ် ချုပ် တာပဲလို့ သေသေချာချာ မှတ်ပါဆိုတော့ သံယုတ်ပါဠိတော် ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာကောဋ္ဌိက အမေးအဖြေမှာတော့ ကျူစည်းဥပမာ မပြောဘူးလား။ (ပြောပါတယ်)၊

ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ-တဲ့။ သဘောကျ ပလား။ (ကျပါပြီ)

သူတို့အချင်းချင်းဟာ ဒီအတိုင်းပဲလို့ ရှင်မဟာကောဋ္ဌိကကို ရှင်သာရိပုတ္တရာက ဟောတယ်နော်။ (မှန်ပါ)။

အဲ-တစ်ခါ ဒီပါဠိတော်လဲရတော့ ဝိညာဏနိရောဓာ ဆိုလျှင် ဘယ့်နှယ်ဆိုကြပါ့မလဲ။ (နာမရူပနိရောဓော)၊ နာမရူပနိရောဓာ (ဝိညာဏနိရောဓော)၊ အဲ အကုန်ချုပ်တာပဲ။

ဒါက ပါဠိတော် လာတဲ့ နည်းကို ယူပြီး ပြောတာ။ (မှန်ပါ)၊ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ အမေးအဖြေမှာ တစ်ခုချုပ်ရင် အကုန်ပါ သွားတယ်ဆိုတာ ဒီလိုပါဠိတော်တွေ ယူပြီးတော့ အဋ္ဌကထာ ဆရာများက

‘‘ယမကံ အညမည၊ ဥဘော အညောည မိဿိတာ။ ဧကသ္မိံ ဘိဇ္ဇမာနေ၊ ဥဘော ဘိဇ္ဈန္တ ပစ္စယာ။’’ လို့ ရေးခဲ့တာဟာ ဟိုပါဠိတော်ကြီးများကို ရှာပြီးတော့ ဒါ ဂါထာကို ရေးခဲ့ကြတာနော်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိ ပေါ်လာရင် ဘာချုပ်မလဲလို့ မေးလို့ ရှိရင် ဒကာ ဒကာမတို့ ရိပ်မိကြပလား။ (ရိပ်မိပါပြီ) နာမ်ရော ရုပ်ရော ချုပ်တယ်၊ သဘောကျပလား။ (ကျပါပြီ)။

ကျူစည်းနှစ်ခု ဥပမာ

ဒါကြောင့် တစ်ခုသာရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ဖဿကြိုက်ရင် ဖဿရှု။ ပေါ်တာသာ ရှု၊ သူတို့က နဂိုက အချင်းချင်း အညမည သဘောနဲ့ ထောက်ကန် နေကြတယ်။ (မှန်ပါ)၊ ဥပမာ-‘‘ယမိဓေ ကစ္စေ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ’’-ဆိုတဲ့အတိုင်း ဥပမာပြသည် ရှိသော် အနက် အဓိပ္ပာယ် ကို နားလည်လွယ်ကြတယ် ဆိုတဲ့အတိုင်း ရှင်သာရိပုတ္တရာက ရှင်မဟာကောဋ္ဌိကကို ဥပမာဖြင့် ပြတယ်။

ကျူစည်းနှစ်ခုကို ထောင်ပြီး ထိပ်ချင်းတိုက်၍ ထောင်ထားပါတဲ့- တစ်ခုဆွဲ လိုက်လို့ရှိရင် တစ်ခုလဲပြို ကျပါတယ်ဆိုတာကို ရှင်သာရိပုတ္တရာက ဥပမာနဲ့ ပြလိုက်တယ်(မှန်ပါ)။

တစ်စည်းလဲရင် အလိုလိုလဲတယ်

ထိပ်ချင်တိုက်ပြီး ထောင်ထားရင်တော့ ကိုစောမောင် လဲရမှာပဲ။ (မှန်ပါ)၊ တစ်စည်းလဲတာနဲ့ အလိုလို လဲရမယ်ဆိုတဲ့ အဓိပ္ပာယ် မရှင်းဘူးလား။ (ရှင်းပါတယ် ဘုရား)။

ထို့အတူပဲ နာမက္ခန္ဓာလေးပါးလဲရင် ရူပက္ခန္ဓာလည်း လဲတာပါပဲတဲ့။ (မှန်ပါ)၊ ရူပက္ခန္ဓာလဲရင်လဲ (နာမက္ခန္ဓာ လဲပါတယ် ဘုရား)၊ အဲ့ဒါကြောင့် ပါဠိတော်မှာ သေသေချာချာ ထုတ်ပြထား တယ်။

ဝိညာဏနိရောဓာ နာမရူပနိရောဓော။ ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်တယ်။ နာမရူပနိရောဓာ ဝိညာဏနိရောဓော နာမ်ရုပ်ချုပ်ရင် ဝိညာဏ်ချုပ်တယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။။

ဒီတော့မှ အရှင်ဘုရားဟောမှ တပည့်တော်တို့ သိပေ တယ်လို့ ရှင်မဟာကောဋ္ဌိက ရဟန္တာကြီး ကတောင်မှ ချီးကျူး အံ့ဩတော်မူတယ်။ ဘုရားကလဲ ဒီပါဠိကို ဟောတာပါပဲ။ သဘောကျပလား။ (ကျပါပြီ)။။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မဂ်သမ္မာဒိဋ္ဌိဖြစ်တဲ့ အခါ ကျတော့ ချာချာလည်နေတဲ့ ဖြစ်ပျက်ကြီး ဘာဖြစ်သွားသတုံး။ (ချုပ်သွားပါတယ်)၊ ချုပ်သွားတာ ရုပ်လား နာမ်လားလို့ မေးရင်- (ရုပ်ရော နာမ်ရောပါ ဘုရား)၊ ရုပ်ရော၊ နာမ်ရောချုပ်တော့ ဒကာ ဒကာမတို့ ခန္ဓာနိရောဓော နိဗ္ဗာနံ- (မှန်ပါ)။

မှတ်ချက်။( ပဉ္စာနံ ခန္ဓာနံ နိရောဓော နိဗ္ဗာနံ) ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ များစွာလာရှိ၏။

ဘယ်ခန္ဓာ ကြွင်းသေးသတုံး

သေသေချာချာ မှတ်ကြပါ၊ ဒါလဲ ပါဠိတော်ပါပဲ၊ ခန္ဓာ နိရောဓော နိဗ္ဗာနံ- ဆိုတော့ ဘယ်ခန္ဓာ ကြွင်းသေးသတုံး။ (မကြွင်းပါ ဘုရား)။ ဘယ်ခန္ဓာမှ မကြွင်းတော့ ခန္ဓာ နိရောဓော နိဗ္ဗာနံ ဆိုတော့ အင်မတန် မသေချာသွားသေးဘူးလား။ (သေချာပါတယ် ဘုရား)။

သေချာသွားပြီ။ ဒါဟာ ဝိပဿနာ သမ္မာဒိဋ္ဌိ ပြီးတော့ မဂ်သမ္မာဒိဋ္ဌိ။ ဝိပဿနာသမ္မာဒိဋ္ဌိက နှစ်ဖက်ထမ်း၊ မဂ်သမ္မာဒိဋ္ဌိက ရှေ့က ဖြစ်ပျက်ပျောက်သွားတယ်။ (မှန်ပါ)၊ ကိုစောမောင် မရ ရအောင် ကြိုးစားကြပါလို့ဆိုတာဟာ အထူး တိုက်တွန်းပါတယ်။ (မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိ

အဲ့ဒီတော့ မဂ်သမ္မာဒိဋ္ဌိက ဒကာ ဒကာမတို့ ရှေ့က ဖြစ်ပျက်တွေ မမြင်တော့ ချုပ်မသွား ဘူးလား။ (ချုပ်သွား ပါတယ်)၊ မဂ်သမ္မာဒိဋ္ဌိ ဖြစ်ပျက်တွေဖြင့် ဆုံးပေါ့ ဆိုတဲ့ ဥစ္စာ ဖြစ်ပျက်အဆုံးကို သူမမြင်ဘူးလား။ (မြင်ပါတယ်)၊ မြင်တဲ့ အခါကျတော့ ဪ ။ သူသည် ဖြစ်ပျက်အဆုံးကို မြင်လေ၏။

ဖြစ်ပျက်အဆုံးကိုသာ မြင်လေရော့သလား။ နောက်က ဝမ်းထဲ ကိန်းနေတဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဆိုတာတွေများလဲ လာခွင့်ပေးသေး သလားလို့ မေးတော့ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိက ရှင်းထားတော့ သူက ဒါနှစ်ခုကို မီးရှို့ ပစ်လိုက်တာပဲ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ဝိပသနာသမ္မာဒိဋ္ဌိ

ဝိပဿနာ သမ္မာဒိဋ္ဌိက ရှင်းလင်းပေးခဲ့တယ်။ စုပုံ ထားပေးခဲ့တယ်။ မဂ်သမ္မာဒိဋ္ဌိ လာတော့ သူက ဒုက္ခသစ္စာလဲ မြင်တာတစ်မျိုး၊ နောက်က ကိလေသာကိုလဲ ဒိဋ္ဌိဝိစိကိစ္ဆာဆိုတဲ့ အပါယ်ကျ စေတတ်တဲ့ ဖြတ်တောက်မီးရှို့ ပစ်လိုက်တာလဲ သူ့ ကိစ္စပဲ။ (မှန်ပါ)၊ ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကိစ္စနဲ့ မဂ်သမ္မာဒိဋ္ဌိ ကိစ္စတွေ၊ အခြားနားကြီးပါကလားဆိုတာ ဒီနေ့ တရားသမား တွေ သေသေချာချာမှတ်ပါ။ (မှန်ပါ)။

ဝိပဿနာသမ္မာဒိဋ္ဌိက ရှေ့က ဒိဋ္ဌိဝိစိကိစ္ဆာကို သတ်၍ နောက်က သံသရာစခန်းကို ဖြတ်တယ်။ (မှန်ပါ)၊ မဂ်သမ္မာ ဒိဋ္ဌိက နိဗ္ဗာန်ကိုမြင်၍ နောက်ပေါက်မည့် သံသရာအမြစ်တွေကို တူးပစ်တယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ ဟိုက စုပုံထားတယ်၊ သူက အမြစ်နဲ့တကွ တူးပြီး မီးရှို့ပစ် လိုက်တယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊

ဒီလိုဆိုတော့ ကျုပ်တို့ ဘာများ အပါယ်ကျစရာ ကြောက်စရာ ရှိသေး သလား။ (မရှိပါ ဘုရား)၊ ဒီစခန်းနဲ့ ဒီလမ်းတော့ ရောက်အောင် လုပ်ရလိမ့်မယ်။ ဒီအဓိပ္ပာယ်တွေ ပါဠိတော်မှာလဲ လာ၊ အဋ္ဌကထာ မှာလဲ လာတယ်။ (မှန်ပါ)။

ဖိုလ်သမ္မာဒိဋ္ဌိ

သို့သော် တစ်ခုတော့ သတိပေးချင်တာက ဒီရှေ့က ဖြစ်ပျက်တွေ ဆုံးသွားတာကို မဂ်ကလဲ သိလိုက်တာပဲ။ မဂ် နောက်က နေပြီး သကာလ အကာလိကော ဆိုပြီး မဂ်ချုပ်ပြီး ဖိုလ်က ပေါ်လာ တော့လဲ ချုပ်တာ ဖြစ်တာပဲ။(မှန်ပါ)၊ စိတ်စဉ်က ဖြစ်သေးရဲ့လား။ (မဖြစ်ပါ ဘုရား)၊ မဂ်ကလဲ ချုပ်တာ မြင်တာပဲ၊ ဖိုလ်ကလဲ (ချုပ်တာပဲ မြင်ပါတယ်)။

ပစ္စဝေက္ခဏာဇော

မဂ်ဖိုလ်ပြီးတဲ့အခါကျတော့ နောက်ကျတော့ ဘာတွေ များလာသတုံးဆိုတော့ ပစ္စဝေက္ခဏာ ဆင်ခြင်တာတွေ များလာ တယ်။ ဖြစ်ပျက်တွေ လုံးဝမရှိတာ ဆိုတာပါကလား ဆိုတဲ့ ပစ္စဝေက္ခဏာ ဇောကလဲ ကျလိုက်သေးတယ်၊ ဆင်ခြင်တာပေါ့။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိကို ပြင်းပြင်းထန်ထန် အားထုတ်ရင် မဂ်သမ္မာဒိဋ္ဌိ အလိုလို လိုက်တယ် လို့ သေသေချာချာ ဘုရားဟောပါတယ်။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိက ခင်ဗျားကို ဒိဋ္ဌိနဲ့ သံသရာစခန်းကို တဒင်္ဂ သတ်ပြီဆိုမှဖြင့် မဂ်သမ္မာဒိဋ္ဌိ ရှိသည့် နိဗ္ဗာန်ကို မြင်၍ သမုစ္ဆေဒအားဖြင့်လဲ ဖြတ်ချလိုက်ပါတယ်၊ ဒိဋ္ဌိဝိစိကိစ္ဆာ တွေကို နော်။ (မှန်ပါ)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ဘာများ အားငယ်စရာ ရှိသေးသတုံး

ဒါဖြင့် ဘာများ အားငယ်စရာ ရှိသေးသတုံး။ (မရှိပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

သို့သော် ဒီအဓိပ္ပာယ်ကို သိမှသာလျှင် ဒီအဖြစ်မျိုး ရောက်ပါလိမ့်မတုံးဆိုတော့ ကိုယ့်သန္တာန် ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် မသိဘဲနဲ့ ဒိဋ္ဌိကို ဝိပဿနာဉာဏ်က ရှင်းကို မရှင်းနိုင်ဘူး၊ (မှန်ပါ)၊ ရှင်းနိုင် ပါ့မလား။ (မရှင်းနိုင်ပါ ဘုရား)၊

ကိုယ့်သန္တာန် ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်အဖြစ်နဲ့ အပျက်ကို သိပါမှ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိကို သတ်နိုင်တယ် ဆိုတာကော ပေါ်ကြ ပလား။ (ပေါ်ပါပြီ)။

ကောင်းပြီ၊ ဒါက ‘‘ပရိစ္စဇမာန ပစ္ဆာမဂ္ဂသမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ’’ ဆိုတဲ့အတိုင်း မဂ်သမ္မာဒိဋ္ဌိ ဖြစ်သည့် တိုင်အောင်လဲ ရှေ့ပိုင်းမှာ ပြောပြီးပြီ။ (မှန်ပါ)၊ အဲဒီတော့ မနေ့က ဝတ္ထုကို ပြန်ပြီးတော့ စစ်ဆေး ကြပါဦးစို့။ (မှန်ပါ)။

ရှင်အာနန္ဒာနှင့် ရှင်ဆန္န

ရှင်အာနန္ဒာက ကောသမ္ဘီပြည်မှာနေ၍ ရှင်ဆန္ဒသည် ဟိုကိုယ်တော်တွေ ဟောတာကို မကျေနပ်တာနဲ့ ကိုစောမောင် ကောသမ္ဘီပြည်ကို မသွားရရှာဘူးလား။ (သွားရပါတယ် ဘုရား)၊

သွားရပြီး သကာလ ရှင်အာနန္ဒာနဲ့ တွေ့တဲ့အခါမှာ ရှင်အာနန္ဒာက စဉ်းစားလုံးလဲ ဒကာ ဒကာမတွေ နှစ်ရက်တိုင်တိုင် ပြောလို့ သိပါပြီနော်။ (မှန်ပါ)၊ ဒီပုဂ္ဂိုလ်ဟာ ဒိဋ္ဌိ မကွာဘဲနဲ့ ဘာတဲ့ (အားထုတ် နေပါတယ်)၊

အဲဒီတော့ ဒီပုဂ္ဂိုလ်ဟာ ဒီပဋိစ္စသမုပ္ပါဒ် မကွာတော့ ဒိဋ္ဌိမကွာဘူး။ ဒိဋ္ဌိမကွာဘဲနဲ့ အား ထုတ်နေတဲ့အတွက် အနိစ္စတွေ အနတ္တတွေ သူကြိုးစားပြီး သကာလ နေငြားသော်လဲ အတ္တဒိဋ္ဌိ ပြန်ပြန် ကပ်နေတယ် ဆိုတာတော့ သဘောကျပလား။(ကျပါပြီ)။

အတ္တဒိဋ္ဌိပြန်ပြန်ကပ်နေတော့ မရနိုင်ဘူး၊ ဒါနဲ့ ရှင်အာနန္ဒာ ကို အရှင်ဘုရား တပည့်တော်ဖြင့် ကိုးစားအားထားရာ မရှိလို့ အရှင်ဘုရားဆီပဲ လာခဲ့ပါတယ်။ ဟိုကိုယ်တော်တွေ ပြောတဲ့ အတိုင်း တပည့်တော် အားထုတ်တာဖြင့် မရပါဘူးတဲ့။ သဘော ပါပလား။ (ပါပါပြီ)။

ပဋိစ္စသမုပ္ပါဒ် မသိလို့

ဒါကြောင့် အတ္တဒိဋ္ဌိဘက် ပြန်ကူးနေတော့ ဖြစ်ပျက်ကို ဘယ်လိုပင် မြင်ငြားသော်လဲ နဂိုက ရှင်းလင်းထားတဲ့ ပဋိစ္စ သမုပ္ပါဒ်ကို မသိတော့ ကိုစောမောင် သိပ်ပြီး ခက်နေတယ်။ (မှန်ပါ)၊ ဓမ္မကလေး ပေါ်တာမသိတော့ မခက်ဘူးလား။ (ခက်ပါတယ် ဘုရား)၊ ဒိဋ္ဌိမကွာဘဲနဲ့ သူရှုနေတဲ့ အဓိပ္ပာယ် သေချာသွားတယ်နော် (မှန်ပါ)။

ဒါနဲ့ ရှင်အာနန္ဒာက ဒီလောက် ဆန္ဒပြင်းပြနေတဲ့ ပုဂ္ဂိုလ်ဖြင့် မရနိုင်စရာ မရှိပါဘူးဆိုပြီး ပိဋကတ် သုံးပုံမှာ ရှာလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဟောပြီး ဒိဋ္ဌိ ခွာတဲ့ ပါဠိတော်ကို သူရှာတော့ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားကိုယ်တော်တိုင် ဟောထား တာတွေ့တယ်။

ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်း

ရှင်အာနန္ဒာ ရှာလိုက်တဲ့အခါမှာနော်။ (မှန်ပါ)၊ အဲဒီ တွင်မှ ငါ့ရှင် ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ပဋိစ္စသမုပ္ပါဒ်ဟောပြီး ဒိဋ္ဌိခွာထားတဲ့ ဒေသနာတော်ရှိတယ်။ အဲဒီတရားဟာ ငါ့ ရှင်နဲ့ အသင့်တော်ဆုံးပဲ၊ ငါ့ရှင် သေသေချာချာ နာပေတော့ဆိုပြီး ရှင်အာနန္ဒာက ဟောလိုက်တယ်။ (မှန်ပါ)။

ကဲ-ဒါဖြင့် အခုရွတ်မည် ပါဠိဟာ ဘုရားကိုယ်တော်တိုင် ဟောပြီးသားဆိုတာဟာ သေချာပလား။ (သေချာပါပြီ ဘုရား)၊ ဘုရား ပရိနိဗ္ဗာန်စံတော့မှ ရှင်ဆန္ဒကို ဒကာ ဒကာမတွေ ရှင်အာနန္ဒာ က ဒီပါဠိကို ပြန်ဟောပြီး ရှင်ဆန္ဒ ကျွတ်တန်းဝင်အောင် လုပ်ရပြန်တယ်။ (မှန်ပါ)၊ အဲဒီတွင် ရှင်အာနန္ဒာက ပါဠိတော် ရွတ်တယ်။

‘‘ဒွယနိဿိတော ခေါ ကစ္စာန လောကော ယေဘုယျန အတ္ထိကဉ္စ နိတ္ထိကဉ္စ။’’

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ

လောကကြီးထဲမှာ နှစ်ပါးသော ဒိဋ္ဌိရှိတယ်တဲ့။ ဘယ်ဒိဋ္ဌိတုံး ဆိုတော့ အတ္ထိကဉ္စ ဆိုတာ သဿတဒိဋ္ဌိ၊ နတ္ထိကဉ္စ ဆိုတာ ဥစ္ဆေဒဒိဋ္ဌိတဲ့၊ လောကကြီးထဲမှာ များသောအားဖြင့် သဿတ ဥစ္ဆေဒ အများဆုံးရှိတယ်။ သဿတနဲ့ ဥစ္ဆေဒ တစ်ခုခုကို စွဲယူ ထားကြတယ်တဲ့။ သဘောကျပလား။ (ကျပါပြီ)။

လောကကြီးထဲမှာ ဘယ်ဒိဋ္ဌိ ရှိနေကြပါလိမ့်။ (သဿတနဲ့ ဥစ္ဆေဒ တစ်ခုခု ရှိနေကြပါတယ်)။

ဘယ့်နှယ်ကြောင့် ရှိနေပါလိမ့်မတုံး ဆိုလို့ရှိရင် ‘‘လောက သမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ နဟောတိ’’-တဲ့။ ဒီနေရာမှာ လောက ဆိုတာက သင်္ခါရလောကကို ဆိုလိုပါတယ်၊ သတ္တလောကကို မယူကြပါနဲ့။ (မှန်ပါ)၊ ဝိပဿနာပညာ၊ မဂ်ပညာနဲ့ လောကကြီး၏ ဖြစ်ပုံကို သိနေမယ်ဆိုလို့ရှိရင် ယာလောကော နတ္ထိတာ၊ သာနဟောတိတဲ့၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်နိုင်ပါဘူး၊ (မှန်ပါ)၊

လောကကြီး၏ ဖြစ်ပုံကိုသာ မြင်လို့ရှိရင် ဘယ်နည်းနဲ့မှ ဥစ္ဆေ ဒဒိဋ္ဌိ မရှိနိုင်ပါဘူးတဲ့။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် တရားပေါ်တာကို သိတိုင်းသိတိုင်း ဘာမရှိဘူးတဲ့တုံး။ (ဥစ္ဆေဒဒိဋ္ဌိမရှိပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

အဖြစ်သိရင် ဥစ္ဆေဒ ဒိဋ္ဌိမရှိဘူး

ဒါ ဘုရားဟော ပါဠိ ဒကာ ဒကာမတို့၊ ဒါဖြင့် အဖြစ် ကလေး သိတယ်ဆိုလို့ ရှိရင် ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူး၊ ပြတ်တယ် ဆိုတာ လာသေးရဲ့ လား။ (မလာပါ ဘုရား)၊ တစ်ခုဖြစ်ပြီး

နောက်တစ်ခါ တစ်ခုဖြစ်ပြန်တာပဲ။ ဝေဒနာ ဖြစ်ပြီးသကာလ လိုချင်တာ ဖြစ်ပြန်တာပဲ။ လိုချင်တာ ဖြစ်ပြီး ကိုစောမောင်၊ စွဲလမ်းတာ ဖြစ်ပြန်တာပဲ။ စွဲလမ်းတာဖြစ်ပြီး အားထုတ်တာကော (ဖြစ်ပါတယ် ဘုရား)၊ ဒီလိုချည်း ဆက်မနေဘူးလား။ (ဆက်နေပါ တယ် ဘုရား)၊

နောက်တစ်ခါ တစ်ဒွါရက စပြန်တာပဲဆိုတော့ အဲ့ဒါ သင်္ခါရလောကကြီး ဖြစ်နေတာ၊ အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်တာကလေးကို သိနေမယ်ဆိုရင် ယာလောက နတ္ထိတာ သာနဟောတိ ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူးတဲ့။ ပဋိစ္စသမုပ္ပါဒ် ဖြစ်တာ ကလေးတွေသာ မြင်နေရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်တဲ့။ (မှန်ပါ)၊ ဘုရားက ကစ္စာနဂေါတ္တ ရဟန်းကို ဟောတာနော်။ ရှင်ဆန္ဒကို ရွတ်ပြီး ထပ်ဟောနေတာကတော့ ရှင်အာနန္ဒာပဲ မှတ်ပါ တော့။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဖြစ်မြင်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်တယ်

ဒါဖြင့် အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိစင်သတုံး။ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။ အဲ့။ တကယ့်ဒိဋ္ဌိအကြီးစား စင်သွားတယ်နော်။ (မှန်ပါ)။

ကဲ- တစ်ခါ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပညာယ ပဿတော ယာလောကေ အတ္ထိဘာသာန ဟောတိ တဲ့။

အပျက်မြင်ပြန်လို့ရှိရင်လဲ သဿတဒိဋ္ဌိ မရှိပါဘူးတဲ့။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အပျက်မြင်ရင် သဿတဒိဋ္ဌိစင်တယ်

ပဋိစ္စသမုပ္ပါဒ် အပျက်ကလေးတွေ မြင်လိုက်ပြန်တော့ (သဿတဒိဋ္ဌိ မရှိပါဘူး ဘုရား)။ အဲ-နေရာ ကျလိုက်တာ ဒကာ ဒကာမတို့၊ ဒါကြောင့် ဒိဋ္ဌိကင်းလွတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို နာနာဟောရတယ်ဆိုတဲ့ ဥစ္စာ ဘုရားကိုယ်တော်တိုင်က ဒီမှာ ဟောထားခဲ့တာကြည့်ရင် အင်မတန် ရှင်းနေပါတယ်။ (မှန်ပါ)၊ ကိုစောမောင် သေချာပလား။ (သေချာပါပြီ)။

ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့၊ မသိဘဲနဲ့ ဒိဋ္ဌိမကွာ ဘူးဆိုတဲ့ ဥစ္စာ မှတ်ကြပါ။ (မှန်ပါ)၊ အဖြစ်မြင်ရင် (ဥစ္ဆေဒ ဒိဋ္ဌိကွာပါတယ်)၊ အပျက်မြင်ရင် သဿတဒိဋ္ဌိ ကွာပါတယ်။(မှန်ပါ)၊ ကွာတော့ ဒိဋ္ဌိနှစ်ခုမှ မရှိတော့ဘူးဆိုရင် သက္ကာယ ဒိဋ္ဌိက ဘယ်မှာရှိနိုင်တော့မလဲ။ (မရှိနိုင်ပါ ဘုရား)။ မရှိနိုင်ဘူး၊ သူတို့ ကွာသွားရင် သက္ကာယဒိဋ္ဌိ မရှိပါဘူး။ (မှန်ပါ)။

ဒီတော့ ဒီနှစ်ခုကို မမြင်လို့ရှိရင် ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားက ဒီလို ဟောပါတယ်တဲ့။ (မှန်ပါ)၊ အကြောင်းကို မသိဘဲနဲ့ နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့သည် ဖြစ်ကြောင်း

ကိုလဲ မသိ၊ ဖြစ်တာကိုလဲ မသိ၊ ချုပ်တာကိုလဲ မသိတဲ့ ပုဂ္ဂိုလ် ကျလို့ရှိရင်ဖြင့် ဒိဋ္ဌုပါဒါန်က လာနေတာပဲ။ (မှန်ပါ)။

ဖြစ်တာကိုလဲ မသိ၊ ပျက်တာကိုလဲ မသိရင် ဘာဥပါဒါန် လာသတုံး။ (ဒိဋ္ဌုပါဒါန် လာပါတယ် ဘုရား)၊ အခုတော့ ဖြစ်တာ ပျက်တာကိုပါသိတော့ ဒိဋ္ဌုပါဒါန် ရှိသေးရဲ့ လား။ မရှိပါ ဘုရား)၊ သဿတ ဒိဋ္ဌိ ဥပါဒါန်ကော ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ ဥပါဒါန်ကော- (မရှိပါ ဘုရား)။

ဖြစ်တာ၊ ပျက်သိရင် ဒိဋ္ဌိရှင်းပြီ

ဒါကြောင့် ခင်ဗျားတို့ ဖြစ်တာနဲ့ ပျက်တာ ကလေးကို သိနေတဲ့ ဒကာ ဒကာမတို့မှာ ဪ ဒိဋ္ဌိရှင်းပြီး သိနေတာကိုး ဆိုတာ ကိုစောမောင် ဒီပါဠိတော်က ထောက်ခံတယ်။ (မှန်ပါ)၊ မသေ ချာကြ ဘူးလား။ (သေချာပါတယ်)။

ဒါဖြင့် ဖြစ်ပျက်ဒုက္ခကို မသိရင်ဖြင့် ခန္ဓာငါးပါးကို ‘‘ဥပယုပါဒါနာ ဘိနိဝေသ ဝိနိဗန္ဓော’’ တဲ့၊ ဥပယ ဥပါဒါန အဘိ နိဝေသ ဆိုတဲ့ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှု နှလုံးသွင်းမှုတွေဟာ ဖြစ်နေတာပဲတဲ့။ (မှန်ပါ)၊ ဖြစ်ပျက်ကို သိလိုက်လို့ရှိရင် ဒိဋ္ဌိ ဥပါဒါန်တို့ဟာ မဖြစ်တော့ပါဘူးတဲ့။ (မှန်ပါ)။

သူ့ဉာဏ်ထဲမှာ သစ္စာဝင်လာတယ်

မဖြစ်တော့ ဘာဖြစ်သတုံးဆိုတော့ သူ့ဉာဏ်ထဲမှာ ဪ ဘယ်လိုများ ဖြစ်လာသတုံးဆိုတော့ ဒုက္ခပဲဖြစ်၍ ဒုက္ခပဲ ချုပ်တာပဲလို့ သူ့ဉာဏ်ထဲမှာ သစ္စာဝင်လာမယ်တဲ့။ (မှန်ပါ)၊ သဘောကျပလား၊ (ကျပါပြီ)။

သူ့ဉာဏ်ထဲမှာ ဘာဝင်လာသတုံး။ (သစ္စာဝင်လာပါတယ်)၊ ဒုက္ခပဲဖြစ်၍ ဒုက္ခပဲ ချုပ်တာပဲ ရှိတယ် ဆိုတာ ကလေးဟာ သူများပြော မဟုတ်ဘဲနဲ့ သူ့ဟာသူ ဒိဋ္ဌိ ပြုတ်တာနဲ့ -န ကင်္ခတိ- န ဝိစိကိစ္ဆတိ ဖြစ်တာနဲ့ ပျက်တာကလေးဟာ ဒါကလေးနှစ်ခု ဒုက္ခသာ ရှိတာပဲ ဆိုသဖြင့် ဝိစိကိစ္ဆာပါ ပြုတ်သွားသလား။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ဝိစိကိစ္ဆာပါ ပြုတ်သွားတယ်

ဒိဋ္ဌိတင်ပြုတ်တာလား ဒကာ ဒကာမတို့၊ (ဝိစိကိစ္ဆာပါ ပြုတ်ပါတယ် ဘုရား)၊ န ကင်္ခတိ၊ န ဝိစိကိစ္ဆတိ အပရပ္ပစ္စယာတဲ့၊ ဒါ သူ့ပါဠိတော်တွေပဲ။ (မှန်ပါ)၊ တစ်ပါးသော ပုဂ္ဂိုလ်က ပြော လို့ သိတဲ့ အကြောင်း မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ် ဖြစ်သွားတဲ့၊ ကိုယ်ပိုင် မဂ်ဉာဏ် ဖြစ်သွားတယ်လို့ ပြောလိုက် တယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ

ဒါ ဘုရားဟော ပါဠိတော်တွေနော်။ အပရပ္ပစ္စယော တစ်ပါးသောသူပြောလို့ မဟုတ်ပါဘူးတဲ့။ ကိုယ်တိုင်သိတာပါတဲ့၊

ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲ၊ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးဟာ ဒါပဲရှိတယ်လို့ သူ့ဉာဏ်ထဲမှာ ဝိစိကိစ္ဆာ လဲ မရှိဘူးတဲ့၊ သတ္တဝါ ဖြစ်တယ်၊ ပျက်တယ် မဟုတ်တော့ဘူး။ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ လို့သာ ထင်လာတော့တာပဲတဲ့။ သဘောကျပလား။ (ကျပါပြီ)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာထင်လာတော့ ဘာမှ သုခဆိုတာ မရှိပါဘူးဆိုတဲ့ ဒုက္ခပိုင်းခြားတဲ့ ဉာဏ်ဟာ ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ပြီး ပုဂ္ဂိုလ်မှာ ဝင်လာတာပဲ၊ (မှန်ပါ)၊ တယ်အဖိုးတန် တယ်နော် ဒကာ ဒကာမတို့။ (တန်ပါတယ် ဘုရား)။

ဖြစ်တာနဲ့ ပျက်တာကလေးကို သိလိုက်ခြင်းသည် ဒကာ ဒကာမတို့ စွဲလမ်းတဲ့ ဒိဋ္ဌိလဲ သေသွားတယ်။ ဖြစ်တာနဲ့ ပျက်တာ ဒုက္ခချည်းပဲ၊ ဘာမှ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်တာပျက်တာ မဟုတ်ဘူး ဆိုတဲ့ သံသယ ဝိစိကိစ္ဆလဲ သေသွားတယ်။ သဘောကျပလား။ (ကျပါပြီ)။။

ဒီလိုသေသွားတော့ ‘‘ဧတ္တာဝတာခေါ ကစ္စာန သမ္မာ ဒိဋ္ဌိဟောတိ’’၊

ဖြစ်တာနဲ့ ပျက်တာဟာ ဒါ ဒုက္ခချည်းပဲလို့ သိလို့ရှိရင် ဒါဟာ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်လာပါပြီတဲ့။ (မှန်ပါ)၊ ဖြစ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲကိုလို့ ဧကန်ပိုင်ပိုင်နိုင်နိုင် သိလိုက်တဲ့အခါမှာ သမ္မာဒိဋ္ဌိ မဂ္ဂင်ရှစ်ပါးဟာ လိုက်ဝင်လာတာပဲ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ရှင်ဆန္နကို တစ်ဆင့် ပြောနေတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလို ကစ္စာန အနွယ် ဖြစ်တဲ့ ရဟန်းကို ဟောပါတယ်၊ ရှင်အာနန္ဒာက ရှင်ဆန္ဒကို တစ်ဆင့် ပြောပြနေတာ။ (မှန်ပါ)။

အယမေကော အန္တော -အယံဒုတိယော ဆိုတဲ့ ဥစ္စာ သဿတနဲ့ ဥစ္ဆေဒ အစွန်းနှစ်ပါး ရှိပါတယ်။ အလယ်လမ်းက နေပြီး ဟောနေတဲ့ ပါဠိတော်ပါပဲ၊ ဖြစ်တာနဲ့ ပျက်တာဟာ သဿတ ဥစ္ဆေဒလွတ်တဲ့ အလယ်လမ်းချည်း မှတ်လိုက်စမ်းပါ။ သဘောကျပလား။ (ကျပါပြီ)။

ဖြစ်တာကို မြင်လိုက်သဖြင့်လဲ ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိ ပယ်ပြီးသား၊ (မှန်ပါ)၊ ပျက်တာ မြင်လိုက်သဖြင့်လဲ (သဿတဒိဋ္ဌိ ပယ်ပြီးသားပါ ဘုရား)။

ဖြစ်ပျက်ဒုက္ခမှတစ်ပါး ဘာမှမရှိ

ဒါဖြင့် ဖြစ်ပျက် ဒုက္ခမှတစ်ပါး ဘာမှ မရှိတော့ဘူးဆိုတော့ ဒကာ ဒကာမတို့ နည်းနည်းမှ ကျုပ်တို့ သံသယ ဝိစိကိစ္ဆာက ဝင်စရာ အကြောင်းရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။

ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ပိုင်းခြားပြီး မသိဘူးလား။ (သိပါတယ်)၊ ဖြစ်တာကို ခိုင်တယ်- ခိုင်တယ်လို့ မယူ၊ ပျက်တာကိုလဲ ပျက်သွားတယ်လို့ ယူတာ မဟုတ်ဘူးတဲ့၊ ခန္ဓာကိုယ်ထဲမှာ ဖြစ်လိုက်- ပျက်လိုက်၊ ဖြစ်လိုက်- ပျက်လိုက်ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ ရှိနေပါ တယ်ဆိုပြီးတော့ ဒကာ ဒကာမတို့ ဖြစ်တာကိုလဲ အခိုင်မယူ၊ သဘောကျပလား။ (ကျပါပြီ)။

ဒီတော့ သဿတဒိဋ္ဌိက မပြုတ်ဘူးလား။ (ပြုတ်ပါတယ်)၊ ပျက်တာကိုလဲ အပျက်မယူ ဘူး ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိကော- (လွတ်ပါတယ် ဘုရား)၊ လွတ်သွားတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့ ယူလိုက်တဲ့ အယူသည်လဲ အလယ်လမ်း အယူလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ)။

အလယ်လမ်း

ဒါ ရှင်အာနန္ဒာက ကစ္စာနဂေါတ္တသုတ်တော်ကို ရှင်ဆန္ဒ အား ဟောနေတဲ့ အဓိပ္ပာယ်တွေ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘယ်လမ်းပါလိမ့်၊ ဒီလမ်းဟာ။ (အလယ်လမ်းပါ ဘုရား)၊ ဖြစ်တာကိုလဲ ခိုင်တယ်လို့ ယူသေးရဲ့ လား။ မယူပါ ဘုရား)၊ ပျက်တာကိုလဲ ပျက်တယ်လို့ ယူသေးရဲ့ လား။ (မယူပါ ဘုရား)၊

ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ ဆက်စပ်နေတာလဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ မပြတ်ဖြစ်နေတာပဲလို့ ဒီလို မယူပေ ဘူးလား။ (ယူပါတယ် ဘုရား)။ ယူတော့ ဒီဥစ္စာ-ဒုက္ခ သစ္စာ ပိုင်းခြားတဲ့ အလယ်လမ်းဖြစ်တဲ့ မဂ္ဂင် မပေါ်ပေဘူးလား။ (ပေါ်လာပါတယ်)။။

ကိုစောမောင် ဒါဟာ ဖြစ်ပျက် ဘယ်လောက် ကျေးဇူး များတယ်ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်သိတာ အလယ်လမ်း

ဖြစ်ပျက်သိတာ ဘယ်လမ်းလိုက်ကြပါလိမ့်။ (အလယ်လမ်း လိုက်လာပါတယ်)။ သိပ်အဖိုးတန် ပါကလား။ (မှန်ပါ)။

အဲဒီတွင်မှ ရှင်ဆန္ဒက ကိုယ့်သန္တာန် ပေါ်တာကလေးကိုလဲ မိအောင်လိုက်၊ ပျက်တာကိုလဲ မိအောင် လိုက်ပြီး ရှင်အာနန္ဒာ ဟောတုန်းပဲ ခန္ဓာကိုယ် ဉာဏ်စိုက်ပါတယ်။ (မှန်ပါ)၊ ခန္ဓာကိုယ် ဉာဏ်စိုက် လိုက်တယ်။

ဒကာ ဒကာမတို့ စိတ်ကလေးတွေဘက် လှည့်ပြီး စိုက်လိုက်တဲ့အခါကျတော့ ဖြစ်တာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ သူခိုင်တာ မဟုတ်ဘူး။ ဖြစ်တာဟာ ဖြစ်တာ မတ္တပဲ၊ ဖြစ်ပြီးတဲ့ တရားသည်ကား ဆိုလို့ရှိရင် ပျက်ရမှာပဲဆိုတဲ့ ဝိပဿနာဉာဏ်က ရှေ့မှာ မလာ ပေဘူးလား။ (လာပါတယ်)၊ လာကတည်းက ဒိဋ္ဌိက ကွာနေ ပြီ။ (မှန်ပါ)၊ မကွာသေးဘူးလား။ (ကွာပါတယ်)၊ သဿတ ပါသေးရဲ့ လား။ (မပါပါ ဘုရား)၊ ဥစ္ဆေဒရော (မပါပါ ဘုရား)၊ မပါတော့ဘူး ဆိုတော့ သူ့ထက်ကြီးတာတွေတောင် ပြုတ်တော့ သက္ကာယဒိဋ္ဌိက အလိုလိုပါသွားပြီ။ (မှန်ပါ)၊ မပါဘူးလား။ (ပါပါတယ် ဘုရား)။

အဲ့ဒီလို ပါသွားတော့ သူရှုရင်း မတ္တနဲ့ ခန္ဓာကိုယ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပြီး ဖြစ်ဒုက္ခ ပျက်ဒုက္ခနှစ်ခုမှ တစ်ပါး ဘာမှ မရှိပါကလားလို့ဆိုတော့ ဒုက္ခကို ပရိညာဘိသမယေန အဘိသမေတိ ဆိုတဲ့အတိုင်း ဒုက္ခကို သူပိုင်ပိုင်နိုင်နိုင်သိပြီး (မှန်ပါ)၊

ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအချိန်ကြည့်လိုက် ကြည့်လိုက်၊ ကိုစောမောင် ဒုက္ခသစ္စာနှစ်ခုပဲ ရှိမယ်။ (မှန်ပါ)၊ ဖြစ်ဒုက္ခရယ်၊ ပျက်ဒုက္ခရယ် ဒါပဲရှိတယ်ဆိုတာ သိတဲ့အခါကျတော့ အဖြစ်ဒုက္ခနဲ့ အပျက်ဒုက္ခသာ ရှိတယ်လို့ သိတာဟာ မဂ်သမ္မာဒိဋ္ဌိ ဝင်လာလို့ သိတာဖြစ်လေသောကြောင့် ဒီဖြစ်ဒုက္ခ ပျက်ဒုက္ခကို မလိုချင်တဲ့ ဥစ္စာ ဒကာ ဒကာမတို့ မဂ်ပါပဲ။ (မှန်ပါ)၊ သဘောကျပလား။(ကျပါပြီ)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပိုင်းခြားတဲ့ မဂ်သည်ပင်လျှင် မလိုချင်တဲ့မဂ်၊ ဒီမဂ်က (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

မဂ်နဲ့လာပြီး တည့်တယ်(သစ္စာဆိုက်ပုံ)

အဲ့ဒီမှာ ဒုက္ခပိုင်းခြားတဲ့အတွက် နောက်က ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသက မသေ ဘူးလား။ (သေပါတယ်)၊ ဒုက္ခ ပိုင်းခြားတာနဲ့၊ (မှန်ပါ)၊ အဲဒီမှာ ဒုက္ခတွေ ပျောက်မသွားပေဘူး လား။ (ပျောက်သွားပါတယ်)၊ ပိုင်းခြားသိသည်နဲ့ တစ်ပြိုင်နက် တည်း ပျောက်သွားတော့ ဒုက္ခနိရောဓော နိဗ္ဗာနံ က မဂ်နဲ့ လာပြီး မတည့်ဘူးလား။ (တည့်ပါတယ်)၊ တဏှာနိရောဓော နိဗ္ဗာနံ ဆိုတဲ့ အတိုင်းလဲ ဒိဋ္ဌိတဏှာတွေကလဲ ချုပ်မသွားဘူးလား။ (ချုပ်သွား ပါတယ်)၊

တဏှာဆိုပေမယ့် ဒိဋ္ဌိတဏှာတွေနဲ့ ဝိစိကိစ္ဆာတွေပါ ဆိုတော့ (မှန်ပါ)၊ သူနဲ့ ဆိုင်ရာတွေ သွားရမှာကိုး။ (မှန်ပါ)၊ မဆိုင်တာကို ပယ်နိုင်သေးတာမှ မဟုတ်ဘဲကိုး။ (မှန်ပါ)၊ သဘော ကျပလား(ကျပါပြီ)။

ဒုက္ခငြိမ်းကြီး ပေါ်လာတယ်

ဒီနေရာကျတော့ ဒကာ ဒကာမတို့ ရှေ့က ဒုက္ခနိရောဓော နိဗ္ဗာနံ မရှိဘူးလား။ (ရှိပါတယ်)၊ နောက်က တဏှာနိရောဓော နိဗ္ဗာနံ ကော (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ရှေ့က ဒုက္ခနိရောဓော နိဗ္ဗာနံ နောက်က တဏှာနိရောဓော နိဗ္ဗာနံ ဆိုတာ ပါဠိဘာသာ ပြားနေတာ တစ်ပြိုင်နက်ပါပဲ။ (မှန်ပါ)၊ ရှေ့က ဒုက္ခချုပ်တာနဲ့ ၊ နောက်က ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တာနဲ့ (တစ်ပြိုင်နက်ပါ ဘုရား)၊ တစ်ပြိုင်နက် ဖြစ်ပြီး သကာလ ချုပ်သည်နှင့် တစ်ပြိုင်နက် နိရောဓော ဆိုတာကလဲ ဘာမျှ ကျုပ်တို့က သံသယ မရှိနဲ့၊ ဒုက္ခတွေ ချုပ်သွားတာလဲ ချုပ်သွားသည်နဲ့ တစ်ပြိုင်နက် ချုပ်တာ ဖြစ်ရတာပဲ။ (မှန်ပါ)၊

ချုပ်သွားတာက ဉာဏ်ထဲမှာ အထည်နဲ့တကွ ပျောက်သွားတာက ဒုက္ခသစ္စာ၊ အထည်မရှိဘဲ ဒုက္ခငြိမ်းတာကြီး ပေါ်လာတာက- (နိရောဓသစ္စာ)၊ နောက်က ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ သေတာက သမုဒယသေတာ။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ အလယ်ဟာတွေက မဂ္ဂသစ္စာ၊ ဘာဝေတဗ္ဗ ကိစ္စနဲ့ ပွားနေတယ် ဆိုတာလဲ မဂ္ဂင်တစ်ပါးတည်း အလုပ်လုပ် နေသလား၊ ရှစ်ပါး အလုပ်လုပ်နေသလား။ (ရှစ်ပါး လုပ်ပါတယ် ဘုရား)၊ သူ့ဆိုင်ရာ သူ့ဆိုင်ရာကို အလုပ်လုပ်နေကြတဲ့ အတွက် အကုန်ဝိုင်းပြီး ပွားနေကြတာပဲ။ (မှန်ပါ)။

ပွားတယ်ဆိုတာ ရှစ်ခုဝိုင်းပြီး အလုပ်လုပ်တာ

ဒါကြောင့် ဘာဝေတဗ္ဗကိစ္စ- ဘာဝေတဗ္ဗကိစ္စ ဆိုတာ မဂ်ဟာ တစ်ကြိမ်တည်း ဖြစ်တာ၊ ဘာကြောင့် ဘာဝေတဗ္ဗ ကိစ္စလို့ ဆိုနေရသတုံးလို့ မေးဖို့ မလိုပေဘူးလား။ (လိုပါတယ် ဘုရား)၊

ဘာဝေတဗ္ဗ ပွားများတယ်ဆိုတော့ မဂ်က တစ်ကြိမ်တည်း ဘယ်မှာ ပွားများတယ် ဆိုရသတုံး။ အို ရှစ်ခုဝိုင်းပြီး အလုပ် လုပ်တာကို ပွားများတယ်ဆိုတာ။ (မှန်ပါ)။

သေသေချာချာမှတ်ပါ၊ ဒီဥစ္စာ ခင်ဗျားတို့ သိနေကြတာက မဂ်ဟာ ဘာဝေတဗ္ဗကိစ္စ ရှိတယ် ဆိုတော့ ဝိပဿနာ မဂ်ကတော့ ထားပါတော့၊ ပွားများတယ် ဆိုတာ။ အဲဒီမဂ်ကိုလဲ ဆိုတာ မဟုတ် ဘူး။ ပါဠိတော်က လောကုတ္တရာ မဂ်ကို ဆိုနေတာ။(မှန်ပါ)။

မဂ်ဟာတစ်ကြိမ်သာ ဖြစ်ရတယ်

ဘာဝေတဗ္ဗကိစ္စ ရှိတယ်ဆိုတော့ ‘‘မဂ္ဂဘိညာသကိံ မတာ’’ ဆိုတဲ့အတိုင်း မဂ်ဟာ တစ်ကြိမ်သာ ဖြစ်ရတယ်။ (မှန်ပါ)၊ အဘိညာဉ်လဲ တစ်ကြိမ်သာဖြစ်တာ၊

ပွားတယ်လို့ ဆိုတော့ ဘယ်လို ပွားတာတုံး ဆိုတော့ ဝိုင်းပြီး အလုပ်လုပ်ကြတာ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ ရှစ်ခုဝိုင်းပြီး အလုပ်လုပ်တဲ့ အခါကျတော့ တစ်ပြုံးကြီး အလုပ်လုပ်တယ် ဆိုတဲ့ အဓိပ္ပာယ် မရပေဘူးလား။ (ရပါတယ်)၊

သမ္မာဒိဋ္ဌိကလဲ မိစ္ဆာဒိဋ္ဌိ ပယ်ရတယ်။

သမ္မာင်္ကပ္ပက မိစ္ဆာသင်္ကပ္ပ ပယ်ရတယ်။

သမ္မာသတိက မိစ္ဆာသတိကို ပယ်ရတယ်၊

သမ္မာသမာဓိက မိစ္ဆာသမာဓိကို(ပယ်ရပါတယ်)၊

သမ္မာဝါစာက မိစ္ဆာဝါစာကို (ပယ်ရပါတယ်)၊

သမ္မာကမ္မန္တက မိစ္ဆာကမ္မန္တ ကို (ပယ်ရတယ်)

သမ္မာအာဇီဝက မိစ္ဆာအာဇီဝကို (ပယ်ရတယ်)၊

အသီးသီး လုပ်ကြလို့ ပွားတယ် ဆိုတဲ့ အဓိပ္ပာယ် ထွက်လာတယ်။(မှန်ပါ)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။

ဝိပဿနာမဂ်က ပွားရတယ်

ဒါဖြင့် ခင်ဗျားတို့က မဂ်ဆိုတာ ပွားယူမှ ရတယ်ဆိုတော့ မဂ်ဘယ်နှစ်ကြိမ် ဖြစ်တာပါလိမ့်။ (တစ်ကြိမ်ပါ)၊ တစ်ကြိမ်တည်း ပွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဆိုတော့ ဒကာ ဒကာမတို့ ဒါကို အယူအဆ သိပ်ပြီး လိုပါတယ်။

ခင်ဗျားတို့ နားလည်ထားတဲ့ အဓိပ္ပာယ် ကတော့ မဂ်ဆိုတာ ပွားရတယ်ကွ ဆိုတော့ ဝိပဿနာမဂ် ဖြစ်နေတယ်။ လောကုတ္တရာမဂ်ကို ဆိုနေတာ။ (မှန်ပါ)၊ သဘောကျပလား။(ကျပါပြီ)။

မဂ်ဟာ အကြိမ်ကြိမ်ဖြစ်တယ်လို့ ထုံးစံမရှိ

ဘယ်မဂ်ကို ဆိုတာပါလိမ့်။ (လောကုတ္တရာမဂ်ကို ဆိုတာ ပါ)၊ လောကုတ္တရာမဂ်ဖြင့် ဘယ်နှစ်ကြိမ် ဖြစ်ရမှာတုံး ဆိုတော့ မဂ်ဟာ အကြိမ်ကြိမ်ဖြစ်တယ်လို့ ဘယ်တော့မှ ထုံးစံမရှိဘူး၊ အကြိမ်ကြိမ် ဖြစ်လို့ရှိရင်တော့ ဒကာ ဒကာမတို့ ကိလေသာကို မနိုင်သေးလို့ အကြိမ်ကြိမ် သတ်နေရသေးတဲ့ အဓိပ္ပာယ်ရောက် နေတယ်။ (မှန်ပါ)၊

တစ်ကြိမ်တည်းနဲ့ သတ်တဲ့ အဓိပ္ပာယ် ရောက်သေးရဲ့လား။ (မရောက်ပါ ဘုရား)၊ မရောက်လို့ ရှိရင်ဖြင့် ဪ သူ့ကိစ္စနဲ့ သူ ရှစ်ခုစလုံး တစ်ပြိုင်နက် အလုပ်လုပ် ကြတာကို ပွားတယ် ဆိုတာကိုလို့ မှတ်လိုက်ကြစမ်းပါ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သူ့ကိစ္စနဲ့သူ အလုပ်လုပ်ကြ

သူ့ကိစ္စနဲ့သူ အလုပ်လုပ်ကြတာကို (ပွားတယ်ဆိုပါ တယ်)၊ ရှစ်ခုစလုံးဟာ အလုပ် တူကြရဲ့လား။ (မတူပါ ဘုရား)၊

သမ္မာဒိဋ္ဌိက ဘာပယ်ရသတုံး။ (မိစ္ဆာဒိဋ္ဌိ ပယ်ရပါတယ်)၊ မိစ္ဆာဒိဋ္ဌိပယ်မှုကို အလုပ်လုပ်ရတယ်။

သမ္မာသင်္ကပ္ပက-(မိစ္ဆာ သင်္ကပ္ပ ပယ်ရပါတယ်)၊ အဲဒီအတိုင်း သွားလိုက်တဲ့အခါကျတော့ မိစ္ဆာချုပ်ပယ်ရာ မရောက်ဘူးလား။ (ရောက်ပါတယ်)၊

သမ္မာ ဒိဋ္ဌိက မိစ္ဆာသင်္ကပ္ပ ပယ်ချင်လို့မရဘူး။ (မှန်ပါ)၊ သမ္မာသမာဓိက မိစ္ဆာဒိဋ္ဌိ ပယ်ချင် လို့ကော- (မရပါဘူးရား)၊ ဒါဖြင့် သူ့ဆိုင်ရာနဲ့၊ သူ့ဆိုင်ရာနဲ့ ပယ်နေရတာပါကလား (မှန်ပါ)၊ သဘောကျ ပလား။ (ကျပါပြီ)။

အန်ဆေး ဥပမာ

အဲဒါကြောင့် လောကကြီးထဲမှာ တချို့ အန်အောင် တိုက်ရတဲ့ ဆေးများလဲ ရှိသေးတယ်။ (မှန်ပါ)၊ လူမမာမှာ ပယောဂအပင်းတွေ ဘာတွေ ဝင်နေတဲ့ အခါကျတော့ ပယောဂ ဆရာတွေက အန်ဆေးတွေ ဘာတွေ တိုက်ရတဲ့အခါကော မရှိ ဘူးလား။ (ရှိပါတယ်)၊ အန်ဆေးတွေကို တိုက်ရသည် ကားလို့ ဆိုလို့ရှိရင် ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ရောဂါရှင်း စေချင်လို့ဆိုတဲ့ အဓိပ္ပာယ်ဟာ အရှင်းသားပဲ။ (ရှင်းပါတယ် ဘုရား)။

ဒီမှာလဲ သမ္မာဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိကိုသာ အန်နိုင်တာပဲ။ (မှန်ပါ)၊ သမ္မာသင်္ကပ္ပက (မိစ္ဆာသင်္ကပ္ပကို အန်စေနိုင်ပါတယ်)၊ အဲ့ဒါကြောင့် အန်ဆေးရှစ်ခွက်ကို တိုက်ရလို့ ပွားတယ်ဆိုတဲ့ အဓိပ္ပာယ်ယူတာ။ (မှန်ပါ)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။

အန်ဆေးက ဘယ်နှစ်မျိုး တိုက်ရသတုံး။ (ရှစ်မျိုး တိုက်ရပါတယ်)။ ရှစ်မျိုးတိုက်ရတာ ထပ်ပြန် တလဲလဲ သောက်နေ တဲ့ အဓိပ္ပာယ်မျိုး စကားတော့ ရောက်ပါတယ်၊ ဆေးကောင်း ဖြစ်နေတဲ့အတွက် တစ်ခွက် သောက်တာနဲ့ ရှစ်မျိုး အန်တယ်သာ မှတ်ပါတော့ .(မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တော်တော်ဉာဏ်ပါပါရဲ့လား။ (ပါပါတယ်)၊

လောကုတ္တရာမဂ်မှာ ဘာကိစ္စရှိပါသတုံး

ဘာဝနာဘိသမယေနဆိုတော့ ဘာဝနာ ပွားများရမယ်တဲ့နော်။ (မှန်ပါ)၊ ရှစ်ခုတစ်ပြိုင်နက် အလုပ်လုပ်တာကို မောင်နိုင် ဘာဆိုကြပါလိမ့်မလဲ။ (ပွားများရပါတယ် ဘုရား)၊

ပွားများတဲ့ အဓိပ္ပာယ် ခုနင်က အန်ဆေးတိုက်သလိုပဲနော်။ (မှန်ပါ)၊ အပင်းဟူသရွေ့ အကုန်အန်တာပဲ။ တစ်ခုစီ ကျန်နေသေး သလား။ (မကျန်ပါ ဘုရား)၊ အကုန်အန်ထုတ်တာကို ရှစ်ခုစလုံး အလုပ်လုပ်ရတဲ့ အဓိပ္ပာယ်ကို မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)၊

အဲ့ဒီသဘောဟာ ဘာဝေတဗ္ဗကိစ္စပါပဲတဲ့။ တစ်ကြိမ်နဲ့ပြီးတာပဲ၊ ပြီးတာကတော့ (မှန်ပါ)၊ အပေါင်းရှု လိုက်တဲ့အခါ တစ်ကြိမ်တည်းပြီးတယ်၊ အလုပ်လုပ်တော့ ရှစ်ခု စလုံး အလုပ်ကြတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ဖြစ်က တစ်ကြိမ်တည်း

ဖြစ်တာက တစ်ကြိမ်တည်း။ အလုပ်လုပ်တော့ ရှစ်ခု လုပ်တယ်။ အဲ့ဒါကို ဘာဆိုကြမလဲ။ (ပွားတယ် ဆိုပါ တယ် ဘုရား)၊ ပွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ (မှန်ပါ)။

အဲဒါတွေကို သေသေချာချာသိမှ ခင်ဗျားတို့အားလုံး သင်ကြားပို့ချနေတာ၊ အို မဂ်ဆိုတာ ပွားနိုင်မှ ရတာ။ (မှန်ပါ)၊ ဒီလို မသုံးကြဘူးလား။ (သုံးပါတယ် ဘုရား)၊ အဲဒါဟာ ဒကာ ဒကာမတို ‘‘မဂ္ဂဿ ဧကစိတ္တက္ခဏိဿ’’ ဆိုထားတာပဲ၊ တစ်ကြိမ်ပဲ ဖြစ်တာပဲ၊ အကြိမ်ကြိမ်မှ မဖြစ်ဘဲ။ ဖိုလ်သာလျှင် နှစ်ကြိမ် သုံးကြိမ် ဖြစ်ရတယ်၊ အကြိမ် များစွာ ဖြစ်ရပါတယ်နော်။ (မှန်ပါ)၊ မဂ်မှာတော့ တစ်ကြိမ်တည်း ဖြစ်ရပါတယ်ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ခုနင်က အင်္ဂုတ္တိုရ် ပါဠိတော်လာတဲ့ အဓိပ္ပာယ်ကို ယူပြီး ပြောလိုက်တော့ အကုန် အန်ထုတ် ရတာဆိုတဲ့ အဓိပ္ပာယ် ရှင်း ပလား။ (ရှင်းပါပြီ)။ မိစ္ဆာဒိဋ္ဌိ အန်ထုတ်ရတာလဲ သူပဲ၊ မိစ္ဆာ သင်္ကပ္ပ အန်ထုတ် ရတာလဲ (သူပါပဲ)၊ ရှစ်ပါးကို အသီးသီး အန်ထုတ်နေရတာပဲ၊ ခန္ဓာကိုယ်ထဲ မရှိအောင် အန်ထုတ် နေရတာပဲ၊ ကိုစောမောင် မိစ္ဆာမဂ္ဂင်တွေကို အန်ထုတ်နေရတာပဲ။ (မှန်ပါ)၊ မထုတ် ရသေးဘူးလား။ (ထုတ်ရပါတယ် ဘုရား)။

အဲဒီလို ထုတ်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ရှင်းလင်းပြီးသကာလ အပါယ်ကျစေတဲ့ ရောဂါတွေ အကုန် မရှိတော့ဘူး။ (မှန်ပါ)၊ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ရှင်ဆန္န ခန္ဓာဉာဏ်စိုက်တယ်

ဒါနဲ့ ရှင်ဆန္ဒဟာ ရှင်အာနန္ဒာ ဟောရင်း မတ္တနဲ့ ခန္ဓာကိုယ် ဉာဏ်စိုက်ပါတယ်၊ သဘော ကျပလား။ (ကျပါပြီ)။

ဉာဏ်စိုက်လာတယ်၊ နဂိုက ဒိဋ္ဌိ မခွာနိုင်ခဲ့လို့သာ မရ တာ၊ ဖြစ်ပျက်ကတော့ မြင်ပြီးသာ၊ (မှန်ပါ)၊ သဘောကျ ပလား။ (ကျပါပြီ)။

သူဟာ အနိစ္စလဲ အားထုတ်ကြည့်ပါတယ်။ အနတ္တလဲ အားထုတ်ကြည့်ပါတယ်၊ မြင်တော့ မြင်ပါတယ်၊ မြင်ပင် မြင်ငြားသော်လဲ အတ္တဒိဋ္ဌိ ပြန်ပြန်လာတယ်။ (မှန်ပါ)၊ သူကိုယ် တိုင်က မပြောဘူးလား။ (ပြောပါတယ်)၊

အဲဒီတော့ ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်လို့ ဖြစ်ရတယ်လို့ ရှင်အာနန္ဒာက အကဲခတ်တာကော သေချာပလား။ (သေချာပါပြီ)။

ဒါ့ကြောင့် ဒိဋ္ဌိကို ရှင်းလင်းနိုင်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဟောထားတဲ့ ကစ္စာနဂေါတ္တသုတ်ကို ဟောရတယ် ဆိုတာလဲ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

သူ့ဉာဏ်ထဲမှာ အစဉ်လျှောက်တယ်

ကိုင်း-ဒါနဲ့ပဲ သူသည် ဒေသနာဉာဏ နုသာရေန ဉာဏံပေသေန္တဿ ဆိုတဲ့အတိုင်း ရှင်အာန္ဒာ ဟောလိုက်တဲ့ ဒိဋ္ဌိခွာ နည်းကို သူ့ဉာဏ်ထဲမှာ အစဉ်လျှောက်တယ်။ ဟိုက ဟော လိုက်တဲ့ တရားတွေကို ဪ – ဒီလိုခွာရမှာပါကလား၊ ဪ ဒီလိုခွာရမှာပါကလားလို့ ကိုစောမောင် မလာ ပေဘူးလား။ (လာပါတယ်)။

ဟောလိုက်တဲ့ ဒေသနာဉာဏ်ကို သူ့ဝမ်းထဲမှာ အစဉ် လျှောက်လာတယ်။ နားထဲက ကြားပြီးစ နားထဲ အစဉ်လျှောက် မလာဘူးလား။ (လျှောက်လာပါတယ် ဘုရား)၊

ဉာဏံ ပေသေန္တဿ ဆိုတာ ဟိုကဉာဏ်လဲ ရပါရော သူက သူ့ခန္ဓာကိုယ်ထဲက ဉာဏ်ကို တစ်ခါတည်း သူပေးတဲ့ဉာဏ်ကို အသင့် ယူလိုက်ပြီး ကိုယ့်ဉာဏ်နဲ့ ခန္ဓာကိုယ် လှည့်လိုက်ပါတယ်။ (မှန်ပါ) သဘောကျပလား။ (ကျပါပြီ)။

ကိုယ့်ဉာဏ်နဲ့ကိုယ့်ခန္ဓာ လှည့်တယ်

ရှင်အာနန္ဒာပေးတဲ့ ဉာဏ်ကို ယူပြီး သကာလ ကိုယ့်ဉာဏ်နဲ့ ခန္ဓာကိုယ် လှည့်လိုက်တယ်၊ သဘော ပါကြပလား။ (ပါပါ ပြီ)။

ရှင်အာနန္ဒာပေးတဲ့ ဉာဏ်ကို မယူဘူးလား။ (ယူပါ တယ်)၊ ယူပြီးတော့ အဲ့ဒီ ရှင်အာနန္ဒာပေးတဲ့ ဉာဏ်က သူ့သန္တာန်မှာရှိတဲ့ ဒိဋ္ဌိကိုတော့ မဖျက်နိုင်ဘူး။ (မှန်ပါ)၊ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်နိုင်ပါ့မလား (မသတ်နိုင်ပါ ဘုရား)၊

ရှင်အာနန္ဒာပေးတဲ့ ဉာဏ်က ရှင်အာနန္ဒာ သန္တာန်မှာ ရှိတာကိုသာ ဖြတ်နိုင်တာကိုး။ (မှန်ပါ)၊ ကိုယ့်ဉာဏ်ကမှ ကိုယ့်ကိလေသာ ဖြတ်ကြရတာ။ (မှန်ပါ)၊ သူများဉာဏ်က တခြားသော သန္တာန်မှာ ရှိတဲ့ ကိလေသာ ကို မဖြတ်နိုင်ဘူး ဆိုတာကော သဘောကျပလား။ (ကျပါပြီ)။

အဲဒါကြောင့် အဋ္ဌကထာများက ဒေသနာဉာဏ နုသာ ရေန- ဟောကြားလိုက်တဲ့ ဒေသနာ ဉာဏ်စဉ် လျှောက်သဖြင့် စသည်ဖြင့် ဖော်ပြကြတာ (မှန်ပါ)၊ အသစ်ပေါ်လာတဲ့ မိမိဉာဏ်နဲ့ ၊ ရှုရတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)။

ရှင်ဆန္န မဂ်ရသွားတယ်

ဒီမှာလဲ သူ့ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်ကို ရှုရပြန်တယ်တဲ့၊ အဲ့ဒီကျတော့မှ ဉာဏ်ထက်မြက်တဲ့ လောကုတ္တရာ မဂ်ဉာဏ်ပေါ်လာတာ။ (မှန်ပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ဒီတော့ ရှင်ဆန္ဒာသည် ဒကာ ဒကာမတို့ ရှင်အာနန္ဒာလို နည်းပေးလမ်းကောင်း မတွေ့မယ် ဆိုရင် ကိုယ်ကျိုး မနည်းပေဘူးလား။ (နည်းပါတယ်)။ နှစ်ပေါင်း သုံးလေးဆယ် တရားမရခဲ့ တာလဲ ဒီဒိဋ္ဌိ မခွာနိုင်လို့ဆိုတာ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လောက်များ ကြောက်စရာကောင်း သတုံး။ (ကောင်းပါတယ် ဘုရား)။

ဦးဘကလေး သာမညဆိုရင် မလွယ်ဘူးနော်။ (မလွယ်ပါ ဘုရား)။

ဒီဥစ္စာနည်းယူဖို့တရား

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာပဲ အားထုတ်အားထုတ် ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို သိမှ သာလျှင် ရှင်ဆန္ဒမှာ ဒိဋ္ဌိ မခွာဘဲနဲ့ ရှုနေလို့ ဒီချာတဲ့သုတ်ကို ရှာပြီး ရှင်အာနန္ဒာက ဟောရ ပြောရ တာလဲ အသေအချာ ဖြစ်နေပြန်တော့ ကိုစောမောင် ဒီဥစ္စာနည်းယူဖို့ တရားပဲဆိုတာ ပေါ်လာပြီ။ (ပေါ်လာပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အားလုံးသော ဒကာ ဒကာမတွေ ကွာပြီးသား ဖြစ်နေရင်လဲ ဒိဋ္ဌိကို အထူးခွာစရာ မလိုပါဘူး၊ ကိုယ့်သန္တာန် ပေါ်တာကိုဖြင့် မသိသိအောင် လုပ်ပြီးသကာလ သော်-ဒါဟာ အကြောင်းကြောင့် အကျိုး ဖြစ်နေတာပဲ။ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲ ဆိုတာကိုသိပြီး ဉာဏ်လှည့်ပြီး ရှုနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘာမှ ပူစရာမလိုဘူး။ မဂ်ဖိုလ် မရထိုက်-ရထိုက် တွေးပြီးသကာလ မနေနဲ့။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘုရားက ဝန်ခံတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီးမှာ ကောင်းစွာ ကျင့်ကြံကြလို့ရှိရင်ဖြင့် ဘယ်အခါမှ ရဟန္တာ ဆိတ်သုဉ်းသွားလိမ့်မယ်လို့ မရှိဘူးဆိုတာ တာဝန်ခံသွားတာပဲ။ (မှန်ပါ)၊ တာဝန် မခံဘူးလား။ (ခံပါတယ် ဘုရား)။

ဒီဘဝရနိုင်တယ်

အဲ့ဒီတော့ ညံ့ဖျင်းတဲ့ပုဂ္ဂိုလ် ဒုတိယဘဝ ရနိုင်တယ်ဗျ သဘောကျပလား။ (ကျပါပြီ)။ မညံ့ဖျင်းတဲ့ ပုဂ္ဂိုလ် ဒီဘဝ ရနိုင်တယ် နည်းကျအောင် ကြိုးစားအားထုတ်ခဲ့ပါလျှင် (မှန်ပါ) ရှင်းကြ ပလား။ (ရှင်းပါပြီ)။

ကဲ ယနေ့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။