183

ပြုံးသေဖြစ်အောင်လုပ်ကြစမ်းပါ

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်ဖြတ်ရေး တရားတော်

စာအုပ်ခေါင်းစဉ်= ပြုံးသေဖြစ်အောင်လုပ်ကြစမ်းပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

အကြားတော်မူသော တရားတော်

ပြုံးသေဖြစ်အောင်လုပ်ကြစမ်းပါ

ဟောကြားသည့်နေ့

(၇၊ ၇၊ ၆၂)၊ ည

အားလုံး ဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ စကားပါပဲ၊ တရားနာတယ်ဆိုကတည်းက တပည့်တော်တို့ ဒီအချိန်မှာ မတရားတာ မလုပ်ဘူးဆိုတဲ့ အချိန်ပိုကို တရားနာတယ်ဆိုတဲ့ စိတ်ကပဲ ဆုံးဖြတ်ချက်ချပြီးပါပြီ။

တရားနာတယ်ဆို

တရားနာတယ် ဆိုတာသည်ကားလို့ဆိုရင် မတရား အလုပ်ကို မလုပ်ပါဘူးဆိုတဲ့ အချိန်ပဲလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့) တရားနာတယ်ဆိုတာ ဘာပါလိမ့် (မတရားတဲ့ အလုပ်ကို မလုပ်တော့ပါ) မတရားတဲ့ အလုပ်ကို မလုပ်တော့ဘူးလို့ ဖြစ်ပေါ်တဲ့အချိန် (မှန်ပါ့) သဘောကျပလား။ (မှန်ပါ့) မတရားတဲ့အလုပ် (မလုပ်တော့ပါ)၊ မလုပ်တော့ဘူးလို့ ဖြစ်ပေါ်တဲ့အချိန်လို့ ဆုံးဖြတ်ချက်ချပါ။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ ဒီအချိန်ကလေးမှာ ကိလေသာ ရပ်စဲနေတယ်လို့ ဆိုရမယ်၊ ဘာရပ်စဲနေကြသလဲ။ (ကိလေသာ ရပ်စဲနေကြပါတယ် ဘုရား)။

ဘာဖြစ်လို့ ကိလေသာရပ်စဲသလဲလို့ မေးတဲ့အခါကျတော့ တရားကို ယောနိသော မနသိကာရက နှလုံးသွင်း မှန်နေတဲ့ အတွက် ကိလေသာ ရပ်စဲနေတယ်လို့ မှတ်ရမယ်။ (မှန်ပါ့ ဘုရား)။

ကိလေသာရပ်စဲနေတယ်

နှလုံးသွင်း မှန်နေတဲ့အတွက် ဘယ့်နှယ်ဆိုကြမလဲ။ (ကိလေသာ ရပ်စဲနေပါတယ်) နှလုံးသွင်း မှန်နေတဲ့အတွက် ကိလေသာ ရပ်စဲနေတယ်ဆိုတာ သဘောကျဖို့ အရေးကြီးပါတယ်။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ နှလုံးသွင်းမှန်ဖို့ရာ ဘုန်းကြီးများက ကြုံကြိုက်တဲ့အခါမှာ ခင်ဗျားတို့ တောင်းပန်လို့ တရားဓမ္မကို ဟောဆိုနေတာသည် ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် နှလုံးသွင်းမှန်ဖို့၊ ခင်ဗျားတို့ ခန္ဒာမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့ ဒါကိုပဲ ဟောပြောနေတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (တင့်ပါ ဘုရား)။

ဝစ္ဆဂေါတ္တပုဏ္ဏားကြီး

အဲဒီတော့ ဒကာ ဒကာမတွေ မှတ်ဖို့ ရာ ဝတ္ထုတစ်ခု ထုတ်ပြီးပြပါမယ်၊ တေဝိဇ္ဇ-ဝစ္ဆဂေါတ္တ ဆိုတဲ့သုတ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဝစ္ဆဂေါတ္တဆိုတဲ့ ပုဏ္ဏားကြီးက ဧကပုဏ္ဍရိကဆိုတဲ့ ကျောင်းမှာ သီတင်းသုံးပြီး သကာလ နေတယ်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကလဲ ဆွမ်းခံကြွမလို့ စောပါသေးတယ်လေ။ မဟာဝစ္ဆတို့ဆီပဲ ငါဝင်ပြီး သကာလ အလ္လာပ၊ သလ္လာပ ပြောစရာ ရှိတာ ပြောပါဦးမယ်လို့ ဒီထဲမှာပဲ ဝင်သွားတယ်။

အိပ်နေလည်း သိပါသလားဘုရား

အဲဒီလို ဝင်သွားတဲ့အချိန်မှာ အလ္လာပ သလ္လာပ၊ အတုံး အပြန်ဆိုတဲ့ အောက်မေ့ဖွယ်၊ ဝမ်းမြောက်ဖွယ် စကားတွေ ပြောပြီး သည့်နောက် မေးလိမ့်မယ်နော် အရှင်ဘုရားတဲ့၊ အရှင်ဘုရား နာမည်ဟာ တယ်ကြီးတယ်၊ တပည့်တော်တို့ ကြားနေရတာက အရှင်ဘုရားဟာ ထိုင်နေလဲ၊ သူတစ်ပါးအကြောင်းတွေ အကုန်သိ တာပဲ၊ အိပ်နေလဲ သူတစ်ပါးအကြောင်းတွေ အကုန်သိတာပဲ။ သွားနေလဲ သိတာပဲ၊ စားနေလဲ သိတာပဲ၊ သူတစ်ပါးအကြောင်း တွေကို သွားနေလဲ သိတာပဲ။ စားနေလဲ သိတာပဲ၊ သူတစ်ပါး အကြောင်းတွေကို အကုန်သိတယ်ဆိုတဲ့ သတင်းဟာ သိပ်ပြီးတော့ မွှေးပါတယ်၊ သတင်း သိပ်မွှေးပါတယ်တဲ့။

မွှေးပင်မွှေးငြားသော်လဲ သူတစ်ပါးက ဒါမှန်ရာ ပြောတာ လား၊ မတရားသဖြင့် စွပ်စွဲတာလားလို့ ပုဏ္ဏားက မေးတယ်၊ ဒကာ ဒကာမတို့ မှန်ရာကို ပြောတာလား၊ မတရားသဖြင့်ပဲ ဂုဏ်မြှောက်ပြီး သကာလ ပြောကြတာလားလို့ မေးတယ်။ (မှန်ပါ့ ဘုရား)။

မေးတဲ့အခါကျတော့ကွာတဲ့၊ ဒါမတရားသဖြင့် ပြောတာပါ။ ငါ့မှာ အိပ်နေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်၊ သွားနေလဲ သူတစ်ပါးဟာတွေ အကုန်သိတယ်ဆိုတော့ မတရား သဖြင့် ငါ့ကို စွပ်စွဲတာပါ။

မတရားသဖြင့် စွပ်စွဲတာ

ဒကာ ဒကာမတွေ (မှန်ပါ့) ဘုရားအကုန် သိတယ် ဆိုတာ အိပ်နေလဲ အကုန်သိတယ်၊ စားနေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်ဆိုတာ ဘုရားက ဘယ်လိုဖြေလိုက်ပါသလဲ။ (မတရားသဖြင့် စွပ်စွဲတာပါ)၊ မတရားသဖြင့် စွပ်စွဲတာ၊ ငါ မသိပါဘူးကွ။

ဇောစိတ်ကမှသိတယ်

ခင်ဗျားတို့က ဘုရားအကုန်သိတယ်၊ အကုန်သိတယ်လို့ ထင်ပြီး နေကြတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်။ ထိုင်နေလဲ သိတယ် ဆိုတော့ ဒကာ ဒကာမတွေ သိပါ့မလား။ (မသိပါ ဘုရား) အိပ်နေတာ ဘဝင်စိတ်နဲ့ အိပ်တယ် ဘဝင်စိတ်ဆိုတာ ဘာတုံး ဒကာ ဒကာမတို့ ဇောစိတ် ဟုတ်ကြရဲ့လား။ (ဇောစိတ် မဟုတ်ပါဘူး ဘုရား) ဘဝင်စိတ်ဟာ ဘဝင်စိတ်ပဲလို့ မှတ်ကြ၊ အိပ်နေတဲ့စိတ် ဘာစိတ်ခေါ်ကြမလဲ (ဘဝင်စိတ်) ဇောစိတ်ကမှ သိတယ် (မှန်ပါ့)။

အဲဒီတော့ကိုတဲ့၊ ဘဝင်စိတ်နဲ့ ငါအိပ်နေတဲ့အခါ ငါအကုန် သိတယ်၊ သွားနေလဲ အကုန် သိတယ်၊ စားနေလဲ အကုန် သိတယ်ဆိုတဲ့ ဥစ္စာဟာ ငါ့ကို မတရားသဖြင့် စွပ်စွဲကြတာ ပါကွာ တဲ့၊ ဒီဥစ္စာ မသိလို့ အိပ်နေလဲ အကုန်သိတယ် ဆိုတာ ဘာတဲ့တုံး၊ ဘုရားက (မတရားသဖြင့် စွပ်စွဲတာပါ ဘုရား)။

မတရားသဖြင့် စွပ်စွဲတာ၊ မတရားသဖြင့် စွပ်စွဲတာပါကွာ တဲ့၊ တကယ်ငါမသိပါဘူးတဲ့၊ ရိပ်မိကြပလား (မှန်ပါ့) တကယ် ငါမသိပါဘူးတဲ့ မတရားသဖြင့် စွပ်စွဲတာပါတဲ့။

ဉာဏ်သည် ဉာဏ်ဇောစောမှ ကိန်းသည်

သဗ္ဗညုတဉာဏ်သည် အိပ်နေတုန်းမှာ ကိန်းပါသလားလို့ မေးလို့ရှိရင်ဖြင့် ဉာဏ်ဟာ ဉာဏ်ဇောစောမှ ကိန်းတယ်၊ အိပ် နေတုန်းဘာမှ မသိဘူးလို့ ဆုံးဖြတ်ချက်ချပါ၊ ရှင်းကြလား။ (ရှင်းပါပြီ ဘုရား)။

ဆွမ်းဘုဉ်း ပေးနေတယ် ကိုယ်တော်မြတ်ကြီး သူ့ဟာသူ ပစ္စဝေက္ခဏာ ဆင်ခြင်နေတာ သူများဟာတွေ သိပါ့မလား။ (မသိပါ ဘုရား) အဲဒါကွာတဲ့၊ သွားလို့ရှိရင်လဲ ငါသည် ဝိပဿနာ အလုပ် လုပ်နေတယ်၊ သူများဟာတွေကို ဘယ်လိုသိလိမ့်မတုံး ကွတဲ့။ ငါ့အကြောင်းသာ ငါသိတာပေါ့။

ဒီလိုဆိုတော့ မတရားသဖြင့် စွပ်စွဲတယ်ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါတယ် ဘုရား) မတရားသဖြင့် စွပ်စွဲ တယ်ဆိုတာ ဒကာ ဒကာမတွေ သိကြလား (သိပါပြီ) အိပ်နေ ရင် ဘုရား သိသလား (မသိပါ ဘုရား) စားနေရင်ရော (မသိ ပါ ဘုရား) သူတစ်ပါးစိတ်ကိုနော်၊ သူတစ်ပါးတို့၏ အားလုံးကုန် ဖြစ်စဉ်ကို မသိပါဘူး။

သိတယ်ဆိုတာ ဆင်ခြင်မှသိတယ်

အဲဒီလို မသိတာတွေ ဒကာ ဒကာမတွေက မှတ်ထား လိုက်တော့မှ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပင်လျှင် သိတယ် ဆိုတာ ‘ဆင်ခြင်မှသိတာကိုး’ လို့ မှတ်ပါ (မှန်လှပါ) ဦးသူတော်ကြီး ဘယ်လိုမှတ်သလဲ (ဆင်ခြင်မှ သိတာပါ ဘုရား) ဆင်ခြင်မှ သိတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့) မဆင်ခြင်ရင် ဘာမှမသိဘူး (မသိပါ ဘုရား) မသိဘူးတဲ့၊ ဆင်ခြင်တယ် ဆိုတာ ပစ္စဝေက္ခဏာဇောလို့ မှတ်ကြ စမ်းပါ (မှန်ပါ့)။

ဆင်ခြင်တယ်ဆိုတာ (ပစ္စဝေက္ခဏာဇောပါ) ပစ္စဝေက္ခဏာဇော ကျမှသိတယ်၊ ဒါလဲ တစ်ဦး တစ်ယောက်ကို စူးစူး စိုက်စိုက် ဆင်ခြင်မှ သိတာ၊ အားလုံး သိတာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (တင်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် အရှင်ဘုရားနာမည် တပည့်တော်တို့ ဘယ်လိုပေးရမှာတုံးတဲ့၊ သိတဲ့ ကိုယ်တော်ကြီး၊ မသိတဲ့ကိုယ်တော်ကြီး ဒီလို နာမည်ပေးရမှာလား၊ ပုဏ္ဏားက ကတ်ကတ်သတ် သတ်မေးတယ် (မှန်ပါ့)။

တေဝိဇ္ဇပုဂ္ဂိုလ်ဆိုရင် မှန်တယ်

မမေးသင့်ဘူးလား သူမေးတာ (တင်ပါ့) ပုဏ္ဏားက ကတ်ကတ်သတ်သတ် မေးပြီးနေတော့ ငါ့နာမည်ဟာကွာတဲ့၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ ဆိုလို့ရှိရင် အဲဒါမှန်တယ်ကွ။

တေဝိဇ္ဇ ပုဂ္ဂိုလ်ကြီး ဆိုရင် မှန်တယ်ကွတဲ့၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်၊ သွားနေလဲ သိတယ်၊ ဆိုတာတော့ ငါဘုရားကို မတရားသဖြင့် စွပ်စွဲတာကွ၊ ဒါတော့ မသိဘူးတဲ့၊ ရှင်းကြပလား (ရှင်းသွားပါပြီ ဘုရား)။

ဘုရားအကုန်သိတာပဲ ဆိုတာ ခင်ဗျားတို့က နှုတ်တက်ပြော နေတာ ဘယ်သိလိမ့်မတုံး၊ ခင်ဗျားတို့ရော အိပ်နေတော့ ဘာများသိသတုံး (မသိပါ ဘုရား) ဘဝင်စိတ်နဲ့ အိပ်တာကိုးဗျ (မှန်ပါ့) ဘုရားသခင်လဲ ကျိန်းတော့ ဘယ်စိတ်နဲ့ ကျိန်း တာတုံး (ဘဝင်စိတ်နဲ့ ကျိန်းပါတယ် ဘုရား) ဘယ်သိလိမ့်မတုံး ဦးမာဒင်ရ (မှန်လှပါ ဘုရား)။

ဒါဖြင့် အရှင်ဘုရားနာမည် တပည့်တော်တို့က ဘယ်လို များ ပေးရမှာတုံး၊ ဘယ်လိုများ ကြည်ညိုရမှာတုံး၊ ဘယ်လိုများ ဆည်းကပ်ရမှာတုံး မေးတဲ့အခါကျတော့ “ငါ့ကို တေဝိဇ္ဇပုဂ္ဂိုလ်ကြီး လို့ဆိုလို့ရှိရင် မှန်တယ်ကွ” ရှင်းပလား (ရှင်းပါပြီ) ဘာပုဂ္ဂိုလ်မှ မှန်တယ် (တေဝိဇ္ဇပုဂ္ဂိုလ်မှ မှန်ပါတယ်)၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ ဆိုလို့ရှိရင် မှန်တယ်ကွ ဒကာ ဒကာမတွေ ရိပ်မိပြီ။

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်

တေဝိဇ္ဇပုဂ္ဂိုလ်ကြီး ဆိုတာက ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်နဲ့ ငါအောက်မေ့လိုက်လို့ရှိရင်ဖြင့် ဒီအဘိညာဉ်ကို ဝင်စားပြီး ကြည့် လိုက်လို့ရှိရင် ရှေးတုန်းက ရှေးဘဝတွေက ဘာဖြစ်ခဲ့တယ်၊ ဘာဖြစ်ခဲ့တယ် ဆိုတာ အဲဒီလို အဘိညာဉ် ဝင်စားကြည့်လိုက်တဲ့ အခါ သိပါတယ်၊ လူတစ်ယောက်ကို အစ၊ အဆုံး သိတယ်၊ ရှေးအတိတ်တွေကို အကုန်ပြန်တွေးရင် သိတယ် (တင်ပါ့ ဘုရား) အတိတ်တွေကို ပြန်တွေးရင်ရော (သိပါတယ် ဘုရား)။

ဒါ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတဲ့ ဥစ္စာကို သမထ အလုပ် လုပ်ပါဦးမှသိမယ်ကွ၊ မလုပ်ရင် မသိပါဘူး၊ မသိဘူး ဆိုတော့ သော် သူ့ကိစ္စနဲ့သူ သိတာကိုးလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ (တင်ပါ့) ဦးသံဒိုင် ရိပ်မိပလား (မှန်ပါ)။

၂။ ဒိဗ္ဗစက္ခုအဘိညာဉ်

နောက်ကွာတဲ့။ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ ဒီလူဟာ ဘယ်တော့ သေလိမ့်မယ်၊ ဘယ်တော့ နာလိမ့်မယ်၊ ဘယ်တော့ အခါကျ တရားရလိမ့်မယ်၊ ဘယ်တော့အခါကျ ပျက်စီးလိမ့်မယ်ဆိုတာ ဒိဗ္ဗစက္ခု အဘိညာဉ်ဝင်၊ ဝင်စားပြီး ကြည်လိုက်ပြန်လဲ သိပြန်တာပဲကွ။

ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ခြင်မှသိတာ (မှန်ပါ့) မဆင်ခြင်ရင် (မသိပါ) မဆင်ခြင်ရင် မသိဘူးဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ (မှန်ပါ့) အလုံးစုံသိတဲ့ ကိုယ်တော် မြတ်ကြီးဆိုပြီး ခင်ဗျားတို့က ရမ်းကြည်ညိုမနေနဲ့ ဆင်ခြင်မှ သိတယ် (တင်ပါ့ ဘုရား)

၃။ အာသဝက္ခယဉာဏ်

ပြီးတော့ ငါသိတရား တစ်မျိုး ရှိသေးတယ်ကွာ တဲ့။ အခုနှစ်ခု ပြီးသွားပြီတဲ့၊ သုံးခုရှိတယ်၊ သုံးခုတော့ ငါသိတယ်၊ အာသဝေါတရားကုန်တဲ့ ဒီပုဂ္ဂိုလ်ကို အာသဝေါတရား ကုန်အောင် ငါဘယ်လိုလုပ် ဟောရမယ်ဆိုတဲ့ ငါ့ကိုယ်ငါ အာသဝေါတရား ကုန်ဖို့ သိတဲ့ဉာဏ်လဲ ငါ့မှာရှိတယ်၊ သူတစ်ပါး အာသဝေါတရား ကုန်ဖို့ ဟောနိုင်တဲ့ ဉာဏ်လဲ ငါ့မှာရှိတယ်၊ သူတစ်ပါး အာသဝေါတရား ကုန်ဖို့ ဟောနိုင်တဲ့ ဉာဏ်လဲ ငါ့မှာရှိတယ်၊ အာသ ဝက္ခယဉာဏ်လဲ ငါ့မှာ ရှိတယ်ပေါ့လေ။

ဒါဖြင့် ဘုရားမှာ ဉာဏ်ဘယ်နှဉာဏ်ရှိသတုံး (သုံးဉာဏ် ရှိပါတယ်) ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် ဒီဟာတွေတော့ ရှိပါတယ်ကွာဆိုပြီး သကာလ ဘုရားက အဖြေပေးလိုက်တယ် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒီသုံးဉာဏ်ရှိလို့ တေဝိဇ္ဇပုဂ္ဂိုလ်

ပုဗ္ဗေနိဝါသာ နုဿတိဉာဏ် ဘုရားမှာရှိတယ် (တင်ပါ့) ဒါလဲ ဆင်ခြင်မှနော် (မှန်ပါ့)။

ဒိဗ္ဗစက္ခုဉာဏ်ရော (ရှိပါတယ် ဘုရား) ဒါလဲ ဒီဒိဗ္ဗ စက္ခုဉာဏ် အမြဲရှိနေသလား (မရှိပါ ဘုရား) မရှိပါဘူး သမထ အလုပ်လုပ်မှ (မှန်ပါ့) ထပ်လုပ်ပြီး ကြည့်ရမယ်၊ သဘောပါကြလား (မှန်ပါ) အာသဝက္ခယဉာဏ် ဆိုတာလဲ ပုဂ္ဂိုလ်ကို ရင့်တာ နုတာ ချိန်ပြီးတော့မှ ဟောနိုင်တဲ့ ဉာဏ်ရှိပါ တယ်၊ နုနေလို့ရှိရင် ဟောကိုလဲ မဟောပါဘူး (တင်ပါ့) ဒကာ ဒကာမတို့ ဟောပါ့မလား (မဟောပါ ဘုရား)။

ဒါဖြင့် ဘုရားကိုယ်တော်မြတ်ကြီးမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်လို့ ဒီဉာဏ်သုံးခုတော့ ရှိတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ သွား နေလဲ သိတယ် ဆိုတာကတော့ ငါ့ကို ကဲ့ရဲ့ကြတာကွ၊ ဒါ ခင်ဗျားတို့လဲ ကဲ့ရဲ့တဲ့အထဲ မပါကြစေနဲ့။

အကုန်သိတာလား၊ ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတာလား (ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတာပါ) ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတယ် ဆိုတာ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ၊

ဒါတွေက ဗဟုသုတအတွက် ပြောတာပါ၊ လိုရင်းပြောချင် တာက ဒါ မဟုတ်သေးပါဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) လိုရင်းက အလုပ်တရားကို ပြောချင်တာ၊ အလုပ်တရားက ဒီအထဲမှာ ပါနေတယ် (မှန်ပါ့)။

လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား

ဒါနဲ့ ဝစ္ဆဂေါတ္တပုဏ္ဏားက ဆက်မေးပြန်တယ်၊ အရှင် ဘုရားတဲ့၊ တပည့်တော် အရှင်ဘုရား ဉာဏ်နဲ့ပဲ ချိန်ပြီးတော့ တပည့်တော်များ ဖြေကြားပေးပါ။ “လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရောက်ပါ့မလား” တဲ့။ ဒါမှအချက် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ်) ဒါကို သေသေချာချာ မှတ်ရမယ် (မှန်ပါ့)

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရပါ့မလားလို့ မေးလိုက်တယ် (မှန်ပါ) မှတ်မိကြပလား (မှတ်မိပါပြီ) ဘာတဲ့တုံး (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလားတဲ့) အာသဝေါတရားကုန်တဲ့ နိဗ္ဗာန် ရပါ့မလား လို့ ပုဏ္ဏားက မေးလိုက်တယ်၊ မှတ်မိကြပြီလား (မှန်ပါ့)။

ဒီဟာ အလုပ်နဲ့ဒါမှ ကိုက်တယ်၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရား ကုန်ရာ နိဗ္ဗာန်ရောက်ပါ့မလားလို့ မေးလိုက်တယ် ဦးမြရဲ့ (မှန်ပါ့) မေးချက် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) မေးချက် အင်မတန် ကောင်းတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။

သခင်ဝတင် ဒါတွေက အချက် ခုနဟာကတော့ ဘုရားကို မှန်ကြောင်း မှားကြောင်းသိအောင် ဘုန်းကြီးက ဟောနေတာပါ။

နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး

အဲဒီတော့ ဘုရားက အဖြေပေးလိုက်တယ်၊ မှတ်လိုက် စမ်းပါ “လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရား ကုန်ရာ ဒုက္ခ၏ဆုံးရာ နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူးကွ” ဖြေပြီ (မှန်ပါ့ ဘုရား)။

ဖြေပုံ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ (နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူး) အာသဝေါတရားကုန်ရာ ဒုက္ခ၏ ချုပ်ငြိမ်း နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူးတဲ့ (တင်ပါ့ ဘုရား) သဘောပါလား (ပါပါတယ် ဘုရား) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဘယ်နှယ့်တုံး (နိဗ္ဗာန်ဘယ်တော့မှ မရောက်ပါ ဘုရား)။

ဒါဖြင့် ဒီအထဲမှာ ရောက်မည့်သူ ပါပါ့မလား ဆိုတဲ့ ဘုန်းကြီးကလဲ ထူးထူးခြားခြား ဟောနေတယ်၊ ဒီထဲမှာ ဒကာ ဒကာမတွေကလဲ လူ့သံယောဇဉ်တွေနဲ့ ရောက်မည့်သူ တစ်ယောက်မှ မပါဘူး ဆိုတဲ့ အဓိပ္ပာယ်တွေ ယူချင်ယူပစ်လိုက် မယ် (မှန်ပါ့) မယူပေဘူးလား (ယူရမှာပဲ ဘုရား)။

ဟုတ်တယ်တဲ့၊ သံယောဇဉ် မစွန့်ဘဲနဲ့ မရတာကတော့ဖြင့် အမှန်ပဲတဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ (မှန်ပါ့) လူဟာ လူ့ သံယောဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရနိုင်ပါ သလား (မရနိုင်ပါ) မရနိုင်ဘူး ဆိုရင်ဖြင့် အခု တရားနာ ပရိသတ် မနည်းလှပါဘူး (မှန်ပါ့) တစ်ယောက်မှ ရမည့်သူ မပါပါဘူး ဆိုတာ သေချာပလား (သေချာပါတယ်) သေချာ တယ်တဲ့၊ အဲဒီတော့ ဘုန်းကြီးက ရှင်းပြပါ့မယ်၊ ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့ စိတ္တာနုပဿနာကြိုက်ရင် စိတ္တာနုပဿနာ လုပ် (တင်ပါ့)။

စိတ္တာနုပဿနာကြိုက်တော့ စိတ်ကို ရှုနေတယ်ဆိုလို့ ရှိရင်ဖြင့် စိတ်က အနိစ္စ၊ စိတ်က ဖြစ်ပြီး ပျက်တော့ အနိစ္စပေါ့ ဗျာ (မှန်ပါ့) ရှုနေတဲ့ ဉာဏ်ကလေးက မဂ္ဂဖြစ်လာတော့ ဒီအချိန်မှာ သံယောဇဉ် ပြတ်တယ်။ (မှန်ပါ့)၊ ဒီအချိန်မှာ (သံယောဇဉ်အပြတ်) အဲဒီပြတ်တဲ့ အချိန်ကျတော့ရတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အားရှိစရာပါ ပါသေးတယ်

ဒါဖြင့် လုံးလုံး မရဘူးလားလို့ ဆိုမလားဆိုတော့၊ အို သံယောဇဉ်ပြတ်တဲ့ အချိန်ကျတော့ ရတယ် (မှန်ပါ့)၊ ဒါကြောင့် ဦးသံဒိုင် အားရှိစရာပါ ပါသေးတယ် (မှန်ပါ့ ဘုရား) အားရှိ စရာပါ ပါသေးတယ်၊ ဒကာ ဒကာမတွေ ဘာမှ မလျှော့နဲ့ အလုပ်သဘောနဲ့ ပြောလို့ရှိရင် အင်မတန် ရှင်းပါလိမ့်မယ် (မှန်ပါ့) အလုပ်သဘောနဲ့ ပြောတော့ ခင်ဗျားတို့ မြင်ရ မမြင်ရတော့ မပြောတတ်ဘူး၊ ဒီထဲမှာ သဠာယတန ဆိုတာ ခြောက်ခု (မှန်ပါ) စိတ်မပါဘူးလား (မှန်ပါ့၊ ပါ,ပါတယ် ဘုရား)။

ဖြစ်ပျက်ရှုနေရင် သံယောဇဉ်မလာပါ

အဲဒီစိတ်ကို ဒီကနေပြီး သကာလ စိတ်ဖြစ်တိုင်း ပျက်တိုင်း ဒီကနေ ဉာဏ်ကလေး ဆက်ပေး၊ ဪ ဖြစ်ပြီး ပျက်နေပြီ ဖြစ်ပြီး ပျက်နေပြီဆိုတော့ ဒီသံယောဇဉ် လာသေးရဲ့လား (မလာပါ ဘုရား) တဏှာ၊ ဥပါဒါန်၊ ကံတွေ ဘယ့်နှယ်နေသလဲ (မလာပါ)၊ ဒီအချိန်မှာ ရမယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သံယောဇဉ်ဆိုတာ အမြဲတမ်း နေတဲ့ တရားလား၊ ဟုတ်လား အကြောင်း တိုက်ဆိုင်မှ ပေါ်တဲ့ တရားလား ဆိုတာလဲ မေးပါဦး (မှန်ပါ့၊ တိုက်ဆိုင်မှ ပေါ်ပါ တယ်) တိုက်ဆိုင်မှ ပေါ်တယ်၊ အဲဒီတော့ ကျုပ်တို့က မတိုက် ဆိုင်အောင် လုပ်တော့မယ် (မှန်ပါ) ဒီခန္ဓာထဲမှာ ရှိတဲ့ စိတ်ကိုပဲ စိတ်ကြိုက် စိတ်၊ ဖဿကြိုက် ဖဿ၊ ဝေဒနာကြိုက် ဝေဒနာ ဒါကျုပ်တို့ရှုမယ်၊ ဟောဒီက နေပြီးတော့ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ် ဘုရား)။

အလုပ်လုပ်ရင် နိဗ္ဗာန်ရပါတယ်

ရှုနိုင်တဲ့အခါ ဒီဘက်က သံယောဇဉ် ဘယ့်နှယ်နေမတုံး တဏှာ ဥပါဒါန် ဒီအချိန် အလုပ်သာ လုပ်ရမယ် (မှန်လှပါ) သဘောပါလား (မှန်ပါ့) ထောက်ပြတော့ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါတယ်) ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့ မလားဆိုတော့ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် မရဘူးကွ (မှန်ပါ့) ဒီအဖြေထွက်လာတယ် (မှန်ပါ့) အလုပ် လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်ရင် (ရပါတယ် ဘုရား)။

အလုပ်လုပ်မှ သံယောဇဉ်ပြတ်မယ်

ရနိုင်တယ်ဆိုတော့ ဒကာ ဒကာမတွေ တရားနာတာက သိဖို့ နာတာပါ၊ အလုပ်လုပ်မှ ခင်ဗျားတို့ သံယောဇဉ် ပြတ်မယ် (မှန်ပါ့) အလုပ်လုပ်တော့ကို သံယောဇဉ် ရှိနေရင်လဲ မဂ်မလာဘူး၊ မင်္ဂလာနေရင်လဲ သံယောဇဉ် မရှိဘူး၊ သဘော ပါကြလား (ပါ,ပါတယ် ဘုရား) ဒီနေရာမှာ စိတ်ကလေးကို ဒီကနေ ဖြစ်ပျက် ရှုလိုက်တော့ ဒီဘက်သံယောဇဉ် ပြတ်၊ မပြတ် ခင်ဗျားတို့ပဲ အကဲခတ်ပါ (ပြတ်ပါတယ် ဘုရား)။

ဘယ်မှာ မရဘဲ ရှိရမှာလဲ

ဒီနေရာကနေပြီ မဂ်လာမှာကိုး (မှန်လှပါ) မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ မင်္ဂလာတော့ ဒီအဆက်ကလေး ဘယ့်နှယ်နေမလဲ (ပြတ်ပါတယ် ဘုရား) ပြတ်သွားတော့ ဒါ သံယောဇဉ် ကင်း, မကင်း (ကင်းပါတယ်) ထိုကဲ့သို့ ကင်းလို့ ရှိရင်ဖြင့် ဘယ်မှာ မရဘဲ ရှိရမလဲ (မှန်ပါ့)။

ဒါဖြင့် ဒီနေရာ မဂ်သွင်းနိုင်တဲ့ ပုဂ္ဂိုလ် သခင်ဝတင် (ရမယ်) ဒီနေရာမှာ မဂ် မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် (မရပါ)

မောင်ထွန်းရင် ရပါ့ မလား (မရပါ ဘုရား) ဦးမြကြီး ရပါ့ မလား (မရပါ ဘုရား) ရှင်းရဲ့ လား ဦးညွန့်တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား) သံယောဇဉ် ပြတ်၊ မပြတ်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်မှာ အနုသယသဘောနဲ့ အမြဲ ကိန်းနေတယ်၊ သဘောကျသလား (မှန်ပါ ဘုရား) အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ သံယောဇဉ် အနုသယသဘောနဲ့ ကိန်းတဲ့ဥစ္စာသည် အာရုံကြောင့် ပေါ်နိုင်သေးရဲ့ လား မေးရင် ဘယ့်နှယ်ဖြေကြ မလဲ (မပေါ်နိုင်တော့ပါ ဘုရား) မဂ်ဝင်ရင် ပေါ်နိုင် သေးရဲ့ လား (မပေါ်နိုင်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ- ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရပါ့မလားလို့ ဒကာ ဒကာမတွေ မေးပြီ ရပါ့မလား (မရပါ ဘုရား) အလုပ် လုပ်လိုက်ပြန်လို့ ရှိရင်တော့ (ရနိုင်ပါတယ်) ဒါဖြင့် နှစ်နည်း ရှိနေတာပဲ၊ ဒကာ ဒကာမတွေ ဘာရှိနေသလဲ (နှစ်နည်းရှိပါတယ်) အဲဒါ ခင်ဗျားတို့ ဒီဝစ္ဆဂေါတ္တ ပုဏ္ဏားကို အတော်ကျေးဇူးတင်ဖို့ ကောင်းတယ်၊ မေးချက် သိပ်ကောင်းတယ်၊ မေးချက်က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရောက်ပါ့မလားလို့ သူက မေးလိုက်တယ် (မှန်ပါ့)။

ဘုရားက ဘယ့်နှယ်တုံးဗျ (မရောက်ပါ) မရောက် ဘူးကွ၊ ဘာရောက်မတုံး စိတ္တပစ္စယာ တဏှာ၊ ဖဿပစ္စယာ (တဏှာ)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဒီမှာအလုပ်က မလုပ်ဘဲကိုး၊ ဒီနေရာ အလုပ်လုပ်ရမယ့်နေရာ အလုပ်မလုပ်ဘူး၊ သဘောပါလား (ပါ,ပါတယ် ဘုရား) အလုပ်လုပ်ရမယ် နေရာကို (အလုပ်မလုပ်ပါ ဘုရား) အလုပ်လုပ်လိုက်လို့ရှိရင် စိတ္တပစ္စယာ တဏှာ လာသေးသလား၊ စိတ္တပစ္စယာ မဂ္ဂေါလို့ဆိုသလား (စိတ္တပစ္စယာ မဂ္ဂေါ ဆိုပါတယ် ဘုရား)။

မဂ်ကလာမယ် ဒါဖြင့် ရရမယ် (မှန်ပါ့)၊ မရပါနဲ့ ဆိုလို့ (မရပါ ဘုရား) ဒီလိုဆိုလို့ရှိရင် ခုတင်က ဝစ္ဆဂေါတ္တပုဏ္ဏား မေးလိုက်တာ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါသလား ဆိုတာ ဒီလို လည်နေရင် မရဘူးပြောတာ၊ ဒီလို ပြတ်သွားလို့ရှိရင် (ရပါ့မယ်)ဆိုတော့ ဒါက သက်သေခံ မလုံလောက်သေးဘူးလား (လုံလောက်ပါတယ် ဘုရား)။

ပါရမီစခန်းကို ရုပ်သိမ်းလိုက်တော့

အဲဒါ ဒကာ ဒကာမတွေက သော် (ငါ့မှာ ပါရမီ မရှိ ဘူးဆိုတာ ပါရမီစခန်းကို ရုပ်သိမ်း လိုက်တော့ (မှန်ပါ့) အလုပ် လုပ်ရင် ပြတ်တာပဲ (မှန်ပါ့) အလုပ်လုပ်ရင် (ပြတ်ပါတယ် ဘုရား) ဘုရား ပစ္စေကဗုဒ္ဓါ လက်ဝဲရံ၊ လက်ယာရံ အသီတိ ရှစ်ကျိပ်သာ ပါရမီလိုတယ်၊ ခင်ဗျားတို့က ဒါပြတ်ရင် ရတယ် (မှန်ပါ့) သာဝကတွေက ဒါဖြတ်ရင် ရတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ) လုပ်စမ်း ပါလို့ ဒကာ ဒကာမတို့ကို တွန်းပေးနေတယ် (မှန်ပါ့) မတွန်း သင့်ဘူးလား (တွန်းသင့်ပါတယ် ဘုရား)။

ခင်ဗျားတို့က တွန်းတယ်ဆိုရင် ရှေ့သွားမလား၊ နောက်ပြန် ဆုတ်မလား၊ မေးရမယ် ဒီဥစ္စာ (မှန်ပါ ဘုရား) မေးလို့ရှိရင် ဒီဒကာရင်း၊ ဆရာရင်းတွေဟာ ပျော့တော့တော့ ဖြစ်နေမှာပေါ့ (မှန်ပါ့) မဟုတ်ပါဘူး ဆိုရင် ဒီဆက် (တင်ပါ့) သဘော ကျပလား (ကျပါပြီ) ဝေဒနာပစ္စယော (တဏှာ) တဏှာ ပစ္စယာ (ဥပါဒါန) ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ဟောဒီ ဆက်ပြီ၊ ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

ဒါဟာ ခင်ဗျားတို့ ဘုန်းကြီးတွန်းလို့မှ မလိမ့်လို့ရှိရင် အဝိုင်းကြီး ရစ်ကြပေတော့ (တင်ပါ့) ဒကာ ဒကာမတို့ ဘုန်းကြီး ဒီနေရာ ဖြတ်ဆိုတဲ့နေရာ ခင်ဗျားတို့ မဖြတ်ဘူး၊ ဒီနေရာကနေ သံယောဇဉ် စွန့်ရမှာကိုး၊ ပေါ်ကြပလား (ပေါ်ပါပြီ) ဒီနေရာ သံယောဇဉ် စွန့်ရမယ် (မှပေါ့)။

ငါတို့သည် တရားရထိုက်တဲ့ပုဂ္ဂိုလ်

အဲဒါကြောင့် ဒကာ ဒကာမတွေက ငါတို့ရထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရတဲ့နေရာ (မှန်ပါ) ခင်ဗျားတို့ သံသယရှိဖို့ မလိုဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား) အဲဒီတော့ ဝေဒနာနဲ့ တဏှာ မကူးဖို့၊ ဖဿနဲ့တဏှာ မကူးဖို့ စိတ်နဲ့တဏှာ (မကူးဖို့ပါ ဘုရား)။

မကူးရင်ပြီးတာပဲ၊ မကူးအောင် ဘာလုပ်ရမလဲဆိုတော့ စိတ်က ဖြစ်ပျက်ဆိုလို့ရှိရင် ဒီကရှုမိတဲ့ မဂ်ကလေး လိုက်ပေး လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဖဿက ဖြစ်ပျက်၊ ဖြစ်ပြီးပျက်တယ်ဆိုရင် ရှုမိတဲ့ မဂ်ကလေး ဒီကလိုက် (မှန်ပါ့) ဖဿကြိုက်တဲ့ လူက ဖဿ ရှုလိုက် ပေါ့လေ၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာ ရှုလိုက်လို့ရှိရင်ဖြင့်တဲ့၊ ဒီက ရှုမဂ်ကလေး ဒီလိုက်- လိုက်၊ သံယောဇဉ်တွေ (ဘယ့်နှယ် နေမလဲ ပြတ်သွားပါတယ် ဘုရား)။

ဒါဖြင် လုပ်ရင်ပြတ်တယ် (တင်ပါ့) မလုပ်ရင် ဦးမြ (မပြတ်ပါ ဘုရား) ဪ သံယောဇဉ်တွေက များလွန်းလို့ ဘုရား၊ တပည့်တော်တို့အတွက်တော့ ခက်ပါသေးရဲ့ ဆိုတာ သူမလုပ်ဘူးပြောတာ ရိပ်မိပလား (ရိပ်မိပါပြီ) လုပ်မယ်ပြော တာလား၊ မလုပ်ဘူး ပြောတာလား (မလုပ်ဘူး ပြောတာပါ ဘုရား)။

အလုပ်မလုပ်ရင် အဝိုင်းပြေးပြေးပြီ

မလုပ်ရင် အဝိုင်းပြေး ပြေးပြီပေါ့ ဗျ၊ ဒီက ၁ လာတော့ ၂ မရောက်ပေဘူးလား ရောက်ပါတယ် ဘုရား) ၂ က နေပြီး မလုပ်တော့ ၃ မရောက်ပေဘူးလား (ရောက်ပါတယ်) ၃ ကနေ ၄ (ရောက်ပါတယ်) ၄က နေ ၁ ပြန်မယ်၊ ကဲ ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီလိုပဲ အဝိုင်းပြေး တော့မလား၊ အဝိုင်းပြေးတာ ထွက်ပေါက်ပါသေးရဲ့လား (မပါ,ပါ ဘုရား)၊ ဒါဘယ်လိုပုဂ္ဂိုလ်ဟာ အဝိုင်းပြေး ရတာတုံး မေးရင် ဘယ့်နှယ်ပြောကြမလဲ (အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အဝိုင်းကြီး ပြေးရတယ်)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အလုပ်လုပ်မှ သာလျှင် ပဓာန (မှန်ပါ့) ဆုတောင်း ပဓာန မဟုတ် (မှန်လှပါ ဘုရား)၊ ဆုတောင်းက ဒီကနေ တောင်းလဲ မရဘူး၊ ပြတ်တာမှ မဟုတ် ဘဲကိုး၊ ပြတ်ရပါလို၏သာ ဆုတောင်းတယ်၊ ပြတ်တဲ့အလုပ်ကို လုပ်ရဲ့လား (မလုပ်ပါ) ဒါဟာ ငှက်ပျောတုံးကြီးထား ပြတ်စေသ တည်း၊ အလယ်က ပြတ်စေသတည်း၊ ဓားနဲ့ မခုတ်နဲ့နော် (မှန်ပါ့) အလယ်က ပြတ်စေသတည်း၊ အလယ်က ပြတ်စေ သတည်း၊ ကဲ ဒကာ ဒကာမတွေပဲ ဆုံးဖြတ်ချက်ချ (မပြတ် ပါ ဘုရား)။

မပြတ်ဘူး၊ ဦးမြရာ (မပြတ်ပါ ဘုရား) ဘာဖြစ်လို့တုံး (လက်တွေ့မဖြတ်လို့) ဖြတ်တတ်တဲ့ ဓားနဲ့ မဖြတ်လို့ (မှန်ပါ့) ဒါကြောင့် မဂ်ဓားနဲ့ ဒီကနေ ဖြတ်လိုက်မယ်ဆိုရင် သခင်ဝတင် ဘယ့်နှယ် နေမလဲ (ပြတ်ပါတယ် ဘုရား) ပြတ်တယ်ဆိုတော့ ပါရမီလိုသလား၊ လုပ်တဲ့ အလုပ်လိုသလား (လုပ်တဲ့အလုပ် လိုပါတယ် ဘုရား) အဲဒါကြောင့် ဘုရားဆုပန်ရင် ပါရမီလိုတယ်။ လက်ဝဲရံ လက်ယာရံ ဆုပန်ရင် ပါရမီလိုတယ်၊ အသီတိရှစ်ကျိပ် စစ်ခင်ရင် (ပါရမီလိတယ်) ပစ္စေကဗုဒ္ဓါ ဖြစ်ချင်ရင် (ပါရမီ လိုပါတယ်) ယနေ့ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်မှာ ပါရမီ မလို ဘူး (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ယနေ့ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်ဟာ (ပါရမီမလိုပါ) ပါရမီမလိုဘူး။

ဘုရားဆုပန်များ ပါသေးသလား

အဲဒီ ပါရမီ ပြောတာဟာ ခင်ဗျားတို့ ဆုတ်နစ်တဲ့စိတ် ပေါ်ဖို့ ပြောနေတာ၊ ဒီအထဲ ဘုရားအလောင်း တစ်ယောက်မှ မပါဘူး၊ ပါကြရဲ့လား (မပါ,ပါ) ဦးအောင်ဇံဝေကြီး ဘုရား ဆုများ ပန်သေးသလား မပန်ပါ ဘုရား) မပန်ပါဘူး၊ မပန်ဘူး တော်သေးတယ်၊

ကောင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ သေသေ ချာချာလဲ နားထောင်ပါဆိုတော့ ဪ လူဟာ လူ့သံယောဇဉ် မပြတ်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ဆိုတော့ ဘုရားဖြေတာနော်၊ ဒီသံယောဇဉ် ဆက်သွားလို့ ရသေးရဲ့လား (မရပါ ဘုရား) သူ့ပဋိစ္စသမုပ္ပါဒ်နဲ့ သူမကိုက်ဘူးလား (ကိုက်ပါတယ်) ဆက်သွား ရင်တော့ (မရပါ) ဖြတ်လိုက်ရင်တော့ (ရပါတယ် ဘုရား)၊

ဒါဖြင့် ခင်ဗျားတို့ ဒီဟာကို မူတည်ပြီး ကြည့်ပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါတယ်) ဒီဟာကို မူတည်ကြည့်၊ ဘယ်သူ ပြောတာမှ မယုံနဲ့၊ ဒါခင်ဗျားတို့ ဖြစ်စဉ်၊ သဘောကျပလား (မှန်ပါ) ခင်ဗျားတို့ ဖြစ်စဉ်ကို ခင်ဗျားတို့ ဆရာဘုန်းကြီး ပေးတဲ့၊ ဉာဏ်နဲ့ နည်းပေးတဲ့ ဉာဏ်နဲ့သာဖြတ် မရမရှိဘူး (မှန်ပါ့) ကဲ-ဘယ်သူပြောတာ ယုံကြမတုံး၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ် မပြတ်ကို အကဲခတ်ကြမလား (မှန်ပါ့၊ အကဲခတ်ပါမယ်) ပြတ်, မပြတ် အကဲခတ်ရမယ်၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

သူများပြောတာ ယုံမလား၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ် ဆုံးဖြတ်ချက်ချမလား (ကိုယ့် ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုယ်ဆုံးဖြတ် ချက်ချပါမယ်) ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ပြတ်လို့ ရောက်ပြီ (မှန်ပါ့) မပြတ်ဘဲနဲ့ (မရောက် ပါဘူး) ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်ချင်တဲ့ အတွက် ပါရမီတွေ ဖြည့်လိုက်တာကတော့ဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေါ့နော် (မှန်ပါ့) ပြတ်တဲ့အလုပ်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အရုံတက်မှ လုပ်ရတယ် (တင်ပါ့ ဘုရား) အဲဒီတော့ ဘုရားဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

၂ က ၃ မကူးလို့ ဘုရားဖြစ်တာ

ဟိုဟာတွေက အကူအညီသာ ဖြစ်တယ်၊ တကယ်ပြတ် တာက သူ့မဂ်က ဖြတ်ပေးတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ်) ဒါဖြင့် ဘုရားဘာကြောင့် ဖြစ်သတုံး၊ ပဋိစ္စသမုပ္ပါဒ် ၂ က ၃ မကူးလို့ ဘုရား ဖြစ်တယ်၊ ရိပ်မိပလား (ရိပ်မိပါတယ်) ဘုရားဘာကြောင့် ဖြစ်သတုံး (၂က ၃ မကူးလို့ ဖြစ်တာ) ၂က ၃ မကူးလို့ ဘုရားဖြစ်တာ။

သောတာပန် ဖြစ်ချင်တော့ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ) သကဒါဂါမ် ဖြစ်ချင်ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ) ကုန်ရောပေါ့ဗျာ (စကားကုန်နေပြီ) မကုန်သေးဘူးလား (ကုန်ပါပြီ)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူများပြောတာကို မယုံနဲ့ ဒါခင်ဗျားတို့ခန္ဓာ (မှန်ပါ့) ဘုန်းကြီးပြောတာတောင် ချင့်ယုံ၊ ဒါကိုယ့်ခန္ဓာသည် ပဋိသန္ဓေ နေတယ်၊ နာမ်ရုပ်ပေါ်တယ်၊ သဠာယတန ဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း စိတ်ပေါ်တယ် (မှန်ပါ)၊ ဖဿပေါ်တယ်၊ ဝေဒနာပေါ်တယ်၊ တဏှာ မကူး စေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာကူးရင်တော့ဖြင့် မရဘူး၊ တဏှာမကူးဘဲနဲ့ ဒီတိုင်း နေရင် မဂ်ကဝင်ပြီး သကာလ ဝိပဿနာ မဂ်နဲ့ ဝင်ဖြတ်ပါ။ ရမရ (ရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သူတစ်ပါးဟောတာ ယုံမလား၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုမလား (ကိုယ့် ပဋိစ္စ သမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုရမှာပါ ဘုရား)။

ကိုယ့်ဝမ်းနာ၊ ကိုယ်အသိဆုံး

ဘယ်သူ့မှ မယုံနဲ့ဗျ၊ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ ဘယ်သူ ပြောတာတုံး၊ ကိုယ့်ဟာကိုယ် ပြောတာ ရှင်းပလား (ရှင်းပါပြီ) အားလုံး ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ကွင်းကွင်းကွက်ကွက် ပေါ်ရဲ့လား (ပေါ်ပါတယ်) ကိုယ့်အဖြစ်ဆိုးကို ကိုယ်အသိဆုံး။

ဒကာ ဒကာမတို့ ဝေဒနာပစ္စယာ ဝေဒနာက ခင်ဗျားတို့က ဥပမာ ဝက်သား၊ ကြက်သား စားလိုက်တယ် ဆိုတော့ သုခဝေဒနာ ပေါ်မှာပေါ့ဗျာ (မှန့) နောက်ဝယ်ဦးပေါ့ ဆိုတဲ့ တဏှာ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဆက်ပေါ့၊ သံယောဇဉ် စွန့်သေးရဲ့လား၊

ဒါဖြင့် ဝေဒနာက္ခန္ဓာနောက်က သင်္ခါရက္ခန္ဓာဆိုတဲ့ တဏှာမလိုက်ဘူးလား (လိုက်ပါတယ်) တဏှာလိုက်တော့ တဏှာ ပစ္စယာ ဥပါဒါနံဆိုတာက ခင်ဗျားတို့က တောင့်တ ရတာလား၊ ဓမ္မနိယာမပေါ်တာလား (ဓမ္မနိယာမကြောင့် ပေါ်တာပါ) ဓမ္မနိယာမကြောင့် ပေါ်တာ (မှန်ပါ့)

ဥပါဒါန်ပစ္စယာ ကမ္မဘဝေါဆိုတဲ့ ကာယကံ၊ ဝစီကံက နောက်ဝယ်ဦးကွယ်၊ ချက်ဦးကွယ်ဆိုတာ ဘာတုံး (ကမ္မဘဝတဲ့ သဘောကျပလား (ကျပါပြီ) နောက်ဝယ်ပါဦး၊ ချက်ပါဦးလို့ ကာယကံနဲ့ရော မသွားကြဘူးလား (သွားပါတယ် ဘုရား) ဝစီကံနဲ့ရော မမှာကြ ဘူးလား (မှာပါတယ် ဘုရား) မှာတာကို ဘာဆိုကြမလဲ (ကမ္မဘဝပါ) ကမ္မဘဝဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ကမ္မဘဝလုပ်ထားတဲ့ ပုဂ္ဂိုလ်ဟာ သေသည်၏ အခြားမဲ့၌ ဇာတိရမှရပါ့ မလား (ရပါတယ် ဘုရား) ဟိုမှာ အစပ်က ပြောတယ်၊ ဆက်သွားပြီ၊ ဒီမြွှာကလေးက နှစ်ဖက် ဆက်ပြီကွ၊ မြားပြတ် သေးရဲ့လား (မပြတ်ပါ)၊ အဲဒီတော့ ဒကာ ဒကာမတို့က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် မရဘူး ဆိုတဲ့ အဖြေကိုလဲ ဟောဒီစပ်လို့ ရှိရင် မရဘူး ပြောတာ (မှန်ပါ ဘုရား)။

ဦးမြ ဝေဒနာနဲ့ တဏှာစပ်ရင် (မရပါ ဘုရား) ဖဿနဲ့ တဏှာစပ်ရင် (မရပါ ဘုရား) စိတ်နဲ့ တဏှာ စပ်ရင်ရော (မရပါ ဘုရား) မရဘူးတဲ့၊ ကဲ ဘုန်းကြီးကပဲ တာဝန်ခံပါတယ်။ ဒကာ ဒကာမတို့ မစပ်အောင် ဟောဒီကနေပြီး သကာလ ဒါတွေ ပေါ်တိုင်း၊ ပေါ်တိုင်း အနိစ္စရှုပါ၊ ရှုလို့ရှိရင် ဒါနဲ့ဒါဟာ မစပ်ဘဲနဲ့ အစကပြတ်တယ်၊ ပြတ်ခဲ့ရင် ဒီနေရာကနေပြီးတော့ မရဘူးလား (ရပါတယ်) ပြတ်မပြတ် အကဲခတ်ထား (ပြတ်ပါတယ်) ဒါဖြင့် နိဗ္ဗာန်ရမယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်နှင့် နိဗ္ဗာန်ရသတုံး

ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရသတုံးဆိုတော့ တဏှာ၊ ဥပါဒါန် က ကိလေသဝဋ်၊ ကံက ကမ္မဝဋ် (မှန်ပါ့) ဒီဘက် ဇာတိ ဇရာ မရဏက (ဝိပါကဝဋ်) ဒါဖြင့် ကျွတ်သွားပြီ (မှန်ပါ့) မရပေဘူးလား (ရပါတယ်) ဒါဖြင့် သူများပြော ယုံမလား၊ ခင်ဗျားတို့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ ယုံမလား (ကိုယ်ဖြတ်တာ ကိုယ်ယုံပါတယ်) ဘာဆုမှ တောင်းမနေနဲ့၊ ဒါချည်း ဖြတ်နေရင် ရတာပဲ (မှန်ပါ့) ဘာဆုမှ မတောင်းနဲ့၊ တပည့်တော် မြန်မြန်ကြီး နိဗ္ဗာန် ရရပါလို၏ တောင်း (မရဘူး)။

မြန်မြန်ကြီး နိဗ္ဗာန်ရရပါလို၏ဆိုပြီး တောင်းရင် (မရပါ ဘုရား) ဘာဖြစ်လို့လဲ ဖြတ်မှမဖြတ်ဘဲနဲ့ ရနိုင်ပါ့ မလား (မရပါ ဘုရား) ဒကာ ဒကာမတို့ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)

ဒါဖြင့် ဒကာ ဒကာမတွေ ဆုတောင်းနဲ့ အလုပ် ဘယ်ဟာကို အဓိကထားကြမလဲ (အလုပ်ကို အဓိကထား ရမယ်)အလုပ်အဓိကထားရင် ဒီနေရာမှာ မဆက်စေနဲ့ (မှန်ပါ့) ဦးထွန်းအောင်ကြီး သဘောကျပလား (ကျပါပြီ ဘုရား) သေသေ ချာချာသဘောကျပြီနော် (မှန်ပါ့)

ကောင်းပြီ ဒကာ ဒကာမတို့၊ ဒါသူများ ပြောတာလား၊ ကိုယ့်ခန္ဓာက ဒီလို ဖြစ်နေတာလား (ကိုယ့်ခန္ဓာက ဒီလိုဖြစ်နေတာပါ) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ် ဘုရားဖြစ်တာက ငါပဋိစ္စသမုပ္ပါဒ် အစသိလာလို့ ဘုရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် ဆုံးအောင် ဖြတ်နိုင်လို့လဲ ငါဘုရား ဖြစ်တယ်ကွ ဆိုပြီးတော့ ပဋိစ္စသမုပ္ပါဒ် အစသိတော့ကို အဝိဇ္ဇာအကြောင်း သူကောင်းကောင်းသိတယ် (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ် အဆုံးသိတော့ အဝိဇ္ဇာဆုံးရင် ချုပ်တာပဲဆိုတော့ ဖြစ်ပျက်ရှုတဲ့ မဂ်ဟာ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ

အဝိဇ္ဇာချုပ်တော့ အင်း ပဋိစ္စသမုပ္ပါဒ် ငါအစသိတယ်၊ ချုပ်တဲ့နေရာလဲ သိတယ်၊ ဒါကြောင့် ငါသည်ကားလို့ ဆိုရင် “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ”ဆိုပြီး ဒီကိလေသာမာရ်တွေ ငါအောင်လို့ ဟောဒီ နေရာမှာ ငါဘုရားဆိုတာ ဒါပဲကွလို့ ငါ့ခန္ဓာငါး ပါးဟာ ဒါဘုရားပဲ (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) ဒကာ ဒကာမတို့ ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ (တင်ပါ့) ဒီအဝိဇ္ဇာကလဲ ဒီကနေ ရှုလိုက်တော့ ဝိဇ္ဇာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဝိဇ္ဇာဖြစ်တော့ ဒီက တဏှာ ဥပါဒါန် လာသေးရဲ့ လား (မလာပါ ဘုရား) ဒါဖြင့် ဘုရား၊ ဘုရား ဘယ်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံးလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဘုရား ဖြစ်တာ (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်လာတာလား၊ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ ဘုရားဖြစ်တာလား (ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ ဘုရားဖြစ်တာပါ ဘုရား)။

မှတ်ထားတာတွေနဲ့ လွဲကုန်ပြီ

ဪ (ခင်ဗျားတို့ မှတ်ထားတာတွေနဲ့ လွဲကုန်ပါ ပေါ့လား) လွဲကုန်ပြီ၊ မောင်ထွန်းရင်တို့ (တင်ပါ ဘုရား) ဦးသူတော်ကြီး လွဲပြီ (မှန်ပါ့)၊ ခင်ဗျားတို့က ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တာ၊ လွယ်တယ်များ အောက် မေ့မနေနဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ရှိရင် မြတ်စွာဘုရားလဲ ကျုပ်တို့လို အဝိုင်းပြေးပဲသွားမယ် (မှန်ပါ့) ဒီပြင် သွားစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဦးမြ ပါရမီဆယ်ပါး အပြားသုံးဆယ်က ဝေးသော အကြောင်း (မှန်ပါ့) နီးသော အကြောင်းက ဒီနေရာက ဖြတ်တဲ့ မဂ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါ ပြီ) ဒါဖြင့် မဂ်နဲ့ ဝေးသော အကြောင်းဟာ ဘယ်ဟာကို အဓိကထားကြမတုံး (မဂ်ကို အဓိကထားရမယ်) မဂ်ကို အဓိက ထားဆိုတော့ ခင်ဗျားတို့အခု သာသနာတွင်းရှိတုန်း ဘုန်းကြီး ပြောနေတာ၊ ဒီအဆက်ကို ဖြတ်နိုင်တယ် (တင်ပါ့) နောက် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေ သေသွားလို့ရှိရင် ဒီအဆက် ဖြတ်ပေးမယ့်သူ မရှိဘူး (မှန်ပါ့ ဘုရား)။

ဆုတောင်းသမား ကျန်ရစ်နေမယ်

ဦးမြ (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား) မရှိတော့ဘူး၊ မရှိတော့ ဘာကျန်နေမတုံး၊ ဆုတောင်း သမား ကျန်ရစ်နေမယ်၊ ဟောဒီတဏှာနဲ့ တောင်းတဲ့ ဆုတောင်းသမား ကျန်နေရစ်မယ် (မှန်ပါ့) တောင်းရင်ပြည့်တာပဲ ဆိုတာက ခင်ဗျားတို့ လူ့ပြည် နတ်ပြည် ပြည့်တယ် (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဗြဟ္မာပြည်တောင်းရင် မရဘူး (မှန်ပါ့) သမထလုပ်မှ ဗြဟ္မာပြည်ကို ရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) အာသဝေါကုန်တဲ့ နိဗ္ဗာန်ကို ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားပါ၊ ဒီမဂ်မပါဘဲနဲ့ ဒီအာသဝေါကုန်ပါ့မလား (မကုန်ပါ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်ကို မြင်ကြရဲ့လား ခင်ဗျားတို့ အဝေးက (မြင်ရပါတယ်) ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အဖြေ ပေးကြပါ၊ နိဗ္ဗာန်ဆိုတာ ဆုတောင်းတဲ့ အလုပ်လား၊ ပဋိစ္စသမုပ္ပါဒ် ပြတ်မှရတာလား (ပဋိစ္စသမုပ္ပါဒ်ပြတ်မှ ရပါတယ် ဘုရား) ဒါကို ထိပ်သံမှိုနဲ့စွဲသလို မှတ်ထား (မှန်ပါ့) မပြတ်ရင် ဘယ်သူမှ မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မပြတ်ရင် (ဘယ်သူမှ မရပါ ဘုရား)။

ဘယ်သူမှ မရဘူးဆိုတာ ဆင်ခြေလဲချင်လဲကြဦးမယ် (မလဲပါ ဘုရား) ကောင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ လိုရင်းအကြောင်းကိုဖြင့် ကောင်းကောင်း သိပြီ ဒီနေ့ည (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကောင်းပြီ၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မပြတ်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက် ပါ ဘုရား)။

ဒီအလုပ်သာ လုပ်ပါ

လူဟာ လူ့သံယောဇဉ်တွေ၊ သားတွေ၊ သမီးတွေ၊ ဆွေ တွေ၊ မျိုးတွေ၊ ရွှေပုံ၊ ငွေပုံ၊ စိန်ပုံတွေ ထဲမှာ ထိုင်နေပါတယ်၊ အလုပ်သာ လုပ်ပါတဲ့၊ ထိုင်တာက တခြား။ လုပ်တာက တစ်ဖုံ ဖြစ်ပါလိမ့်မယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဇောတိကတို့ ရွှေပုံထဲက ရတာပါ (မှန်ပါ့ ဘုရား) မရဘူးလား ရပါတယ် ဘုရား) ရွှေပုံထဲက ရတယ်။

သူဌေးသမီးတွေ ၇ နှစ်အရွယ် သောတာပန် တည်ကြတယ် ဆိုတော့အိမ်ထောင်တောင် မကျသေးဘူး၊ ရွှေပုံပေါ်မှာ နေတုန်းမှာ (မှန်ပါ့) မနေဘူးလား (နေပါတယ်) အဲဒီပုဂ္ဂိုလ်တွေ မရ ဘူးလား၊ ရသလား (ရပါတယ်) ဒါပြတ်တာ (သံယောဇဉ်) ဒါပြတ်တာ သံယောဇဉ် မဟုတ်ဘူးလား၊ ဒီနေရာ မဂ်ပေါ် လိုက်တာ (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

ဒီနေရာ မဂ်ပေါ်ရင်တော့ဖြင့် (ရပါတယ်) ရမှာပဲဆိုတော့ သေချာပလား (သေချာပါတယ် ဘုရား)

ဪ တပည့်တော် တို့က ခက်တယ်ဘုရား၊ သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ အစက လွဲလာတော့ နိဗ္ဗာန်တော့ဖြင့် တပည့်တော်တို့ ဝေးပေါ့လို့ မျက်ရည်မကျနဲ့။

မျက်ရည်ကျချင်သေးသလား

ဒကာ ဒကာမတွေ မျက်ရည်ကျချင်ကြသေးသလား (မကျပါ ဘုရား) မကျနဲ့၊ မလုပ်ရင်တော့ မျက်ရည်ကျပါ၊ ရှင်းကြပလား (မှန်ပါ့) ဒီနေရာမှာ ဖြစ်ပျက်ကို ဒီကနေရှုတဲ့ မဂ်မလာရင်တော့ မျက်ရည်ကျပါ၊ အိမ်လယ်မှာ သားနဲ့ သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့၊ ရွှေပုံ၊ ငွေပုံတွေနဲ့ဆိုတော့ မျက်ရည်မကျပါနဲ့ ရပါတယ် (မှန်ပါ့ ဘုရား) သဘောပါလား (ပါ,ပါတယ် ဘုရား)။

သံယောဇဉ် ပြတ်မပြတ်ဆိုတာ ခင်ဗျားတို့ အထင်က တောကျောင်း၊ တောင်ကျောင်းနေမှ ဒီလို ထင်နေတယ်၊ ရှိတဲ့ပစ္စည်း အကုန်စွန့်မှ ဒါမှ သံယောဇဉ်က ပြတ်မှာကိုး ဆိုတော့ ခင်ဗျား တို့ဟာက လွန်လွန်းနေတယ်၊ မလုပ်ချင်တဲ့အထဲမှာ မဖြတ်နိုင် တာကလေး ဆင်ခြေလဲ နေတယ်၊ အင်မတန် ဆိုးရွားမနေ ဘူးလား (တင်ပါ့ ဘုရား)။

စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန်ရောက်သွားတယ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခင်ဗျားတို့ ဘာတွေဝတ်ပြီး ဘာတွေ စားနေနေနော်၊ သန္တတိအမတ်ကြီးတို့ ဗောင်းနားတောင်းတွေထဲက နေပြီး ရဟန္တာ ဖြစ်ပါတယ် (မှန်ပါ့) သန္တတိ အမတ်ကြီးဟာ ဘုရားကျောင်းတော်သွားတော့ ဝန်ကြီး အဆင့် အဆောင်အယောင်တွေ အကုန်ပါတယ် (မှန်ပါ့) ဒီဟာ ဖြတ်ချလိုက်တာပဲ၊ အဲဒီမှာ အဝတ်တွေ ဆင်ပြီး ပြင်ပြီး စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန် ရောက်သွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လျော့ဈေးဟောတာလား

ဒါ လျှော့ဈေးဟောတာလား၊ ဖြစ်စဉ်အတိုင်း ဟောတာ လား (ဖြစ်စဉ်အတိုင်း ဟောတာပါ ဘုရား) အဲဒီတော့ ခင်ဗျား တို့က ဘာမှ ဆင်ခြေမလဲနဲ့၊ ဒီနေရာကလေး ဖြစ်ပျက်မရှုမိမှာ တစ်ခုသာ စိုးရိမ်၊ ဒီမှာပေါ်တဲ့ စိတ်တွေပေါ့ ဗျာ (မှန်ပါ) ဖြစ်ပျက်မရှုမိမှာသာ (စိုးရိမ်) စိုးရိမ်ရမယ်ဆိုတော့ ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တပည့်တော်က တည်ထောင်ထားတာ မနည်းပါဘူးဘုရား၊ ကိုယ့်အရှုပ်က အင်မတန် ကြီးတယ်၊ သူ့ဟာက ညည်းချင်ချင် မလုပ်ချင်ချင် ဒီအထဲ ဘုန်းကြီးကို တစ်ခါတည်း ဆင်ခြေလဲ လိုက်တဲ့ အခါကျတော့ ဟုတ်သားပဲ ဒကာကြီးက အစကလွဲလာတာ ကျုပ်လဲ မတတ်နိုင်ပါဘူး၊ ဒီအသံကြားချင်တာ (မှန်ပါ့ ဘုရား) မဟုတ်ဘူး၊ ဒီတော့ တတ်နိုင်တာပြောချင်တာ၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဦးမြကလဲ အလုပ်တွေ ပြန့်နေလို့ ဘုရားလို့ ခင်ဗျား ဆင်ခြေမလဲနဲ့တော့၊ လဲဦးမလား (မလဲပါ ဘုရား) မလဲနဲ့၊ ဒီနေရာသာဖြတ်ဖို့ အရေးကြီးနေတယ်၊ ၂ က ၃ ကို (မကူး ဖို့ပါ) ဟောဒီ ၂ က ၃ ကို မကူးလို့ရှိရင် ဘုရားလဲ ဖြစ်ပါ တယ်၊ သောတာပန်၊ သကဒါဂါမ်ရော ဖြစ်ပါတယ်) အနာဂါမ် ရဟန္တာရော (ဖြစ်ပါတယ်) ပေါ်ပလား (ပေါ်ပါပြီ)။

ဒီနေရာမဂ်ဝင်ဖို့သာ အရေးကြီးတယ်

ဒါဖြင့် သောတာပန်နဲ့ သကဒါဂါမ်ဟာဒကာ ဒကာမတွေ ဒါကလေးပြတ်တာပဲ ထူးကြတယ် (မှန်ပါ့ ဘုရား) သဘော ပါကြပလား (ပါ,ပါတယ် ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကောင်းနဲ့လဲ တွေ့နေတော့ ဪ (တို့ အရေးဟာ ဒီနေရာ မဂ်ဝင်ဖို့သာ အရေးဟာ အကြီးဆုံးပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေရာမှာ (မဂ်ဝင်ဖို့ အရေးကြီးတယ်) မဂ်ဝင်တော့ ဒီမြှားကလေးဟာ အကုန်ပြတ်သွားပြီ၊ မပြတ်သေးဘူးလား (ပြတ်ပါပြီ) ပြတ်တော့ ဒီကြိုးကလေးကြည့်၊ ဒီကြိုးကလေးက ဒါနဲ့ ပြတ်ပါပြီဆိုပြီး ဒီဘက်လှည့်ပြတယ် “ဝေဒနာ နိရောဓာ တဏှာ နိရောဓော နိဗ္ဗာနံ” ဘက် လှည့်ပြတယ် (မှန်လှပါ) မပြဘူးလား (ပြပါတယ် ဘုရား) ဦးမြကြီး ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ်)။

ဒါဖြင့် ပြတ်တဲ့ အခါကျတော့လဲ ဒီနေရာက နေပြီး နိဗ္ဗာန် ရောက်တာပဲ၊ မပြတ်လို့ရှိရင် ဝေဒနာ ပစ္စယာ တဏှာဆိုပြီး ဒီပြန်ပတ်တာပဲ (မှန်ပါ့) ဒီကြိုးကလေးဟာလေ၊ ပေါ်ကြ ပလား (ပေါ်ပါပြီ) ဒီကြိုးကလေး သာမည ကြိုးမဟုတ်ဘူး။ ဆက်ချင်ရင် ဒီဘက်သွားကွ၊ ပြတ်ချင်ရင် ဒီဘက်လှည့်ကွ ဒါပြောတာပဲ ဒကာ ဒကာမတွေ (တင်ပါ့ ဘုရား)။

အပြင်အန္တရာယ်ကို မကြောက်ပါနဲ့

အေး ဦးသူတော်ကြီး ရိပ်မိရဲ့လား (မှန်ပါ့) သဘောပါ ရဲ့လား (ပါပါတယ်) ခင်ဗျား ဘယ်လိုလမ်းကလဲ ဆက်သမားလား၊ ဖြတ်သမားလား၊ (ဖြတ်သမားပါ ဘုရား) ဟုတ်ရဲ့လား၊ ဆက်သမားလား၊ ဖြတ်သမားလား ဆိုတဲ့ဥစ္စာ အတော်မေးရ တယ်နော်၊

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အတွက်က တပည့်တော်ဘုရား၊ အန္တရာယ်ကင်း၍ ဘေးကင်းတာ ကြုံရပါစေလို့ ခင်ဗျားတို့က အားလုံးပဲ အလိုရှိကြတယ်။

ဗဟိဒ္ဓ အန္တရာယ်ကို မကြောက်ပါနဲ့နော် ခင်ဗျားတို့ သန္တာန်မှာ ဆက်သွားလို့ရှိရင် တဏှာဟာ အကြီးဆုံး အန္တ ရာယ် ပါပဲ၊ သဘောကျပလား (မှန်ပါ့) တဏှာဟာ ဘာတုံး (အကြီးဆုံး အန္တ ရာယ်ပါ ဘုရား) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာ။

ဒါ သမုဒယသစ္စာမို့ အဲ သူက ဒုက္ခမျိုးစုံပေးတာ၊ ခင်ဗျားတို့ ဒီပြင်ဟာတွေ ဘာမှမကြောက်နဲ့၊ (မှန်ပါ့) သူတစ်လုံးသာ ကြောက်ရတယ်၊ သဘောကျပလား (ကျပါ တယ်) သူလာမှာ ကြောက်ကြပါ၊ သူမလာရင် (မကြောက်ရပါ) ဘာမှ ကြောက်စရာ မရှိဘူးဆိုတာ ပေါ်ကြပလား (မှန်ပါ့၊ ပေါ်ပါတယ် ဘုရား)။

အမှိုက်ရှိရင် ခွေးချေးလာတယ်

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာရှိလို့ရှိရင် တဏှာနဲ့ ပတ်သက်တဲ့ တဏှာဆိုတာသည် မည်းတဲ့တရားလား၊ ဖြူတဲ့ တရားလား ဆိုတာ ခင်ဗျားတို့ သိပြီးသားထားပါ (မှန်ပါ) ဘယ်လိုဆိုမယ် (မည်းတဲ့တရားပါ ဘုရား) အို မည်းတယ် ဆိုကတည်းက အမှိုက်ပဲဗျ၊ အမှိုက်ရှိရင် ခွေးချေးလာတယ် (မှန်ပါ့ ဘုရား)။

ဒါအမှိုက်တွေရှိနေလို့ရှိရင် ခွေးချေးတွေ အကုန်လာတယ် (မှန်ပါ) ဥပါဒါန်တွေ၊ ကံတွေ၊ သဘောကျပလား (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ)

ရတနာရှိရာ ရတနာလာတယ်

ဒီအမှိုက်ကို မလာအောင် ဒီကနေပြီး ဖြတ်လိုက်မယ် ဆိုတော့ ရတနာရှိရာ ရတနာလာတယ်၊ မဂ်ရှိရာကို ဖိုလ်လာ တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဂ်ရှိရာကို (ဖိုလ်လာတယ်) အဲဒါ ရတနာ ရှိရာတော့ (ရတနာလာတယ်) အမှိုက်ရှိရာတော့ (ခွေးချေးလာတယ်) ကြိုက်တာ ယူကြပေတော့၊ ဘယ်ဟာကြိုက်သတုံး၊ မပြောပါရစေနဲ့ ဘုရား၊ နောက်က ဒကာ ဒကာမတွေ အမှိုက်ရှိရာကို ခွေးချေး လာတာပဲ ကြိုက်သလား၊ ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်သလား (ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်ပါတယ်) မလုပ်ဘဲနေရင် ဘာလာမယ် ထင်ကြသတုံး (ခွေးချေးလာပါ လိမ့်မယ်) အင်း ခွေးချေးလာလို့ရှိရင်ဖြင့် အောင့်အည်းသာ သည်းခံကြပေတော့၊ ခင်ဗျားတို့ ကျေးဇူးများစရာ တစ်ကွက်မှာ မမြင်ဘူး။

ခွေးချေးချည်းစုနေလို့

ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန် ဆိုးရွားနေတယ် ဆိုတာရော ကိုယ့်အကြောင်း ကိုယ်သိပလား (သိပါပြီ ဘုရား) ခင်ဗျားတို့ စိန်နဲ့၊ ရွှေနဲ့၊ မြနဲ့၊ တိုက်နဲ့၊ တာနဲ့ နေတာ ဘုန်းကြီး သိပ်ဝမ်းသာပါတယ်။ သို့သော်လဲ ခွေးချေးချည်း စုနေလို့ မကျေနပ်ဘူး (မှန်ပါ့ ဘုရား)။

ဦးမာဒင် ( ဘုရား) ကျေနပ်စရာရှိရဲ့လား (မရှိပါ ဘုရား) ကျေနပ်စရာ မရှိဘူးတဲ့၊ ဦးညွန့်ရော (မကျေနပ်ပါ ဘုရား) ဦးမြ ကျေနပ်စရာရှိရဲ့ လား (မရှိပါ ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ဟာ ဒီအဝိုင်းပြေး အလုပ်ကိုပဲ နေ့တိုင်းလုပ်နေတယ်၊ မလုပ်ဘူးလား လုပ်သလား (လုပ်ပါတယ် ဘုရား)။

ဪ ဘယ်လောက် ကြာခဲ့ပြီလဲလို့ဆိုရင် ဘယ့်နှယ် ဖြေကြမလဲ (မမှတ်မိပါ ဘုရား) တစ်သံသရာလုံး ဟောဒီက သမုဒယသစ္စာ၊ ဒါက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ပစ္စုပ္ပန်မှာ ထပ်မိုက်တော့ ဒါက ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား)။

ထပ်မိုက်လို့ နောက်ထပ် အကျိုးပေးတာကရော (ဒုက္ခ သစ္စာပါ ဘုရား)။

တစ်ခါထပ်မိုက်ပြန်လို့ နောက်ထပ် (သမုဒယသစ္စာပါ ဘုရား)။

အင်း .မိုက်ခြင်းကြောင့် အကျိုးပေးရတာ (ဒုက္ခသစ္စာ ပါ ဘုရား)။

တစ်ခါ ထပ်မိုက်ပြန်တယ် (သမုဒယသစ္စာပါ ဘုရား) ဒါပဲရှိတယ် (ဒီပြင် မရှိပါဘူး)။

ဦးမြကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ ကျေနပ်ရဲ့လား (ကျေနပ်ပါတယ် ဘုရား)

ကျေနပ်ပါတယ် ဆိုတော့ ငါသေလျှင် ဘယ်များသွားမှာပါလိမ့် မတုံးဆိုတဲ့ တွေးလုံးဟာ လူတိုင်းမှာ ရှိတယ် (မှန်ပါ့) ငါသေရင် ဘယ်များရောက်လို့ ဘယ်များ ပေါက်ကြမတုံးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လူတိုင်းမှာရှိတယ် (ရှိပါတယ် ဘုရား)။

အဲဒါ သူများသွားမမေးနဲ့ ရှက်စရာကြီး (မှန်ပါ့) မေးရင် ဘယ်နှယ်ထင်ကြသလဲ (ရမ်းလိုက်လိမ့်မယ်ပါ ဘုရား)။

ဝေဒနာက တဏှာဆက်သလား

ဟိုလူတွေက ခံနိုင်မှာ မဟုတ်ဘူး၊ သူတို့က သိတာမဟုတ် ဘူး၊ အဘိညာဉ်မရဘူး၊ ခင်ဗျားတို့က ကိုယ့်ဟာကိုယ် သိတယ်၊ ငါဟာ ဝေဒနာက တဏှာဆက်သလား မဆက်ဘူးလားဆိုတာ ခင်ဗျားတို့က သိတယ် (မှန်ပါ့) စိတ်က တဏှာဆက်သလား၊ မဆက်ဘူးလား ဆိုရင်ရော (ကိုယ့်ဟာကိုယ် သိပါတယ်) ကိုယ့်ဟာကိုယ် သိတာ ဒီမှာကြည့်ပါလား။

ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မသိတော့ သမုဒယ သစ္စာလာတယ် (မှန်ပါ့) မလာဘူးလား (လာပါ တယ် ဘုရား) သမုဒယသစ္စာ လာလို့ရှိရင် ဒုက္ခသစ္စာ နေပါ့မလား (မနေပါ ဘုရား) ဒါဟာ အပါယ်ဒုက္ခတွေ ဒီထဲအကုန်ပါတာပဲ (မှန်ပါ့) အဲဒီတော့ ဆရာတော်၊ သမားတော်တွေ ကိုယ့်ဟာကိုယ် မေးမလား (ကိုယ့်ဟာကိုယ် မေးရမှာပါ)။

သဘောပါကြပြီ ဒကာ ဒကာမတွေ သူများသွားမေးရင် ရမ်းဖြေမယ် (မှန်ပါ့) ကိုယ့်ဟာကိုယ် ကျတော့ ရမ်းဖြေစရာ ရှိသေးရဲ့လား (မရှိပါ) သဘောပါပြီလား (ပါ,ပါပြီ) အဲဒီတော့ ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့အတွက်ဟာက အရေးကြီးပြီ၊ ဪ သူတို့က ဗဟုသုတရှိတယ် သူတို့သွားမေးမှ တပည့်တော်က ကျောင်းလဲ ဆောက်ထားတယ်၊ ဘုရားလဲ တည်ထားတယ်၊ အဲဒီတော့ တပည့်တော်ဖြင့် အသေစိတ်ချရ မလား၊ ခင်ဗျားတို့က နှုတ်ချိုချိုနဲ့ သွားမေးလိမ်မယ်။

ဘာလုပ်နေနေ ဒါဆက်ရင်သွားရော

သာမည ဆရာဆိုလို့ရှိရင် ဟာ မင်းလိုလူ ရှာမှရှားကွ ဟောချင်တာ ဟောချလိုက်မယ် ဘာလုပ်နေနေ ဒါဆက်ရင် သွားရော ရိပ်မိပလား (မှန်ပါ ဘုရား)။

(ဤနေရာ၌ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ထောက်ပြသည်)။

ဘာလုပ်နေနေ ဒါဆက်ရင် (မှားသွားမှာပေါ့) အဲဒီတော့ သူများ မေးကြမလားတဲ့၊ ကိုယ့်ကိုယ် မေးကြမလား (ကိုယ့် ကိုယ်မေးကြပါမယ် ဘုရား) အဲဒါက ဘုန်းကြီးက ခင်ဗျားတို့ကို မှန်တစ်ချပ် ပေးခဲ့တာပါ၊ ကိုယ်အရုပ်ဆိုးတယ်၊ မဆိုးဘူး၊ ဆက်တယ်၊ မဆက်ဘူးဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ကြည့်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ကြည့်ရမယ်) ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကို ဒကာ ဒကာမတွေ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သာဓုခေါ်ကာ ဘဝင်မြင့်လိုက်ပါနဲ့

ဦးမြကြီး သူများသာဓုခေါ်တာများ ဘဝင်မမြင့် လိုက်ပါ နဲ့ (မှန်ပါ့) သူများသာဓုခေါ်တာကို (ဘဝင်မမြင့်ပါနဲ့) ဘဝင် မမြင့်ကြနဲ့နော် ဒကာ ဒကာမတွေ၊ ကိုယ်က ပဋိစ္စသမုပ္ပါဒ် ဆက်တယ်၊ ဟိုက ရမ်းပြီး သကာလ ဂုဏ်ရှိတဲ့လူမို့ သာဓုခေါ် လိုက်တယ် (မှန်ပါ) ခင်ဗျားတို့က ဖိုးကြိုင်းဒုတ် လုပ်နေရင်တော့ သွားပြီ။ ဒီအသွား မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

အဲဒီတော့ သူများသာဓုခေါ်မှာကို ခင်ဗျားတို့ ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ကိုယ်က ဝေဒနာက ဘယ်သွားနေသလဲ (တဏှာသွားနေတယ်) တဏှာသွားနေတော့ ခင်ဗျားက အင်း (ဒီလို ကောင်းကောင်းမွန်မွန်ကလေး စားရလို့ ဒီလို ကောင်းတဲ့ဆီ ရောက်ရပါလို၏ ဆိုတော့ တဏှာက မလာဘူး လား (လာပါတယ်) အဲဒါကို ဘေးက သာဓုခေါ်လိုက်တော့ မှားပြီး သာဓုခေါ်တာကိုး (မှန်ပါ)။

ဘယ်သူ့ သာဓုခေါ်သလဲ (တဏှာသမား သာဓုခေါ်ပါ တယ်) သွားပြီပေါ့၊ တဏှာ သာဓု ခေါ်ရမှာလား၊ နှင်ထုတ်ရမှာ လား (နှင်ထုတ်ရမှာပါ) သို့သော်လဲ ခင်ဗျားတို့က အမျှ ယူကြပါတောင် ပေးချင်ပေးလိုက်ဦးမယ် (မှန်ပါ့) သွားပြီ။ နှစ်ချက်မှား (မှန်ပါ ဘုရား) မမှားသေးဘူးလား (မှားပါ တယ်)သူက ဘာအမျှပေးတာတုံးဆို တဏှာ အမျှပေးတာတဲ့ (တဏှာ အမျှပေးတာ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတော်ဆိုးနေတယ်၊ ဒါက ဒီပဋိစ္စသမုပ္ပါဒ် မပြဘဲနဲ့ဆိုရင် ဒီ အပြောမရဘူး၊ ပဋိစ္စသမုပ္ပါဒ်ကို သေသေချာချာ သိတော့မှ၊ သူက (တဏှာက) ဘုံဘဝ ဆုတောင်းတာ၊ မတောင်းဘူး လား (တောင်းပါတယ်) ဘုံဘဝ ဆုတောင်းတော့ ခင်ဗျားက ကုသိုလ်ရှင်ကြီးဖြစ်ပြီး သကာလ နေတော့ ဆုတောင်းထားတာက ဒုက္ခတောင်းထားတာ မဟုတ်ဘူးလား (မှန်ပါ့) ကျုပ်တော့ဖြင့် ကုသိုလ် ပြုတာပဲဗျာ၊ နောင်ဘဝတော့ဖြင့် ကျုပ်ကောင်းစားမှာပဲ။ အဲဒီ တောင်းထားတဲ့အကြောင်းတွေ ခင်ဗျားတို့ အမျှယူကြပါ ဆိုတော့ ဒီဒုက္ခသစ္စာ ပေးထားတယ် (မှန်ပါ့ ဘုရား) ဘာပေး လိုက်တာတုံး (ဒုက္ခသစ္စာ ပေးလိုက်ပါတယ် ဘုရား)။

သူများပေးတာတွေ ရမ်းယူနေတာ

ဟော ဒကာ ဒကာမတို့ ခေါ်ဖူးလှပြီထင်တယ် (တင်ပါ့ ဘုရား) သူများပေးတာတွေ ရမ်းယူ နေတာပဲ (တင်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ) ဘာယူတာပါလိမ့် (ရမ်းယူတာပါ ဘုရား) ရမ်းယူတော့ အကောင်းရသလား အဆိုးရသလား (အဆိုးရ ပါတယ်) အဆိုးရတုန်း ခင်ဗျားတို့က ပိုက်ပြီးပြန်တဲ့ လူတွေ အတော်ဆိုးတဲ့ လူတွေ၊ ဒကာ ဒကာမတွေ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ (ဒီအတိုင်း ပြောသင့်ပါတယ်) သေသေချာချာ စဉ်းစားပါ ဒီဥစ္စာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ ပြောပါတယ် (မှန်ပါ့) ခင်ဗျားတို့ သာမညဆရာ ဆိုရင် ပြောမယ်မဟုတ်ဘူး (မှန်ပါ့) ဒကာ ဒကာမတွေ ပြောပါ့မလား မပြောပါ) ဟိုက ဘုံဘဝ တောင်းတဲ့ တဏှာဗျ (မှန်ပါ့)။

အရာနဲ့ ဘုံဘဝဆုတောင်းတယ်

ဒီအလှူ၊ လှူပြီး သကာလ ဒီဝနာကို လှူပြီး သကာလ ပေါ့ဗျာ၊ သုခဝေဒနာတွေ လှူတယ် ထားပါတော့ (မှန်ပါ့) ကောင်းကောင်း ကျွေးတယ်၊ ကောင်းကောင်း အဝတ်ပေးတယ်၊ ဟုတ်လား

ကောင်းကောင်း မဏ္ဍပ်ကြီး ဆောက်တယ်၊ အဲဒီဆောက်ရတဲ့ အတွက်ဆိုပြီး တဏှာနဲ့ ဘုံဘဝ ဆုမတောင်းဘူးလား (တောင်းပါတယ်) တောင်းတော့ ဝေဒနာပစ္စယာ (တဏှာ) ဆက်သွားရော (မှန်ပါ့) ဒကာ ဒကာမတွေ ( ဘုရား) မဆက်ဘူးလား၊ ဆက်သလား (ဆက်ပါတယ် ဘုရား)။

ဆက်တော့ ဒါပစ္စုပ္ပန် အကြောင်းတရားကွတဲ့၊ ထပ်မိုက် လာတယ်၊ ဒီမှာ ဒုက္ခသစ္စာရပြီးသားကို သမုဒယသစ္စာ ပြန်လုပ် ပြန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ်) ဒုက္ခ ရောက်တဲ့လူက ထောင်ထဲမှာ ကျနေတဲ့ လူက ရိုက်ပွဲပြန်လုပ် ပြန်တယ် (တင်ပါ) နှစ်ထပ်ကျတယ်၊ နှစ်ထပ်တိုး အလို ရှိလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ်) ဒီထောင်ထဲကျနေ တာက ဘာသစ္စာလဲ (ဒုက္ခသစ္စာ) ထောင်ထဲ ပြန်မိုက်တာက ဘာတုံး (သမုဒယသစ္စာပါ ဘုရား)။

နှစ်ထောင်စံများ တွေ့ဖူးရဲ့လား

ဒါဖြင့် နောက်ထောင် ကျမှ ကျပါ့မလား (ကျပါတယ် ဘုရား) ဒါဖြင့် နှစ်ထောင်စံပေါ့ ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ်) ဦးမြ အတော်မဆိုးဘူးလား (ဆိုးပါတယ်) နားကြီးကြီးနဲ့ ထောင်ပါ (မှန်လှပါ ဘုရား) နားသေးရင် ဒီတရား က ရကိုမရဘူး၊ မကြားဖူးတဲ့ စကားလဲ ဖြစ်နေတယ်၊ သဘောပါ ရဲ့ လား (ပါ,ပါတယ်) နှစ်ထောင်စံများ တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ် ဘုရား) ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီဘုရား၊ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီလို့ ဖြေရုံပဲရှိတယ် (မှန်ပါ)။

အဲဒါ သစ္စာမသိတာ နိဂုံးချုပ်တယ် (မှန်ပါ့) ဘာမသိ တာပါလိမ့် (သစ္စာမသိတာပါ ဘုရား) သစ္စာမသိတာတဲ့၊ ငါ့ သန္တာန် ဖြစ်တာသည် တဏှာလာရင် သမုဒယသစ္စာ ဖြစ်ပြီဟလို့ သိရဲ့လား (မသိပါ ဘုရား) မသိတော့ ဒီဘက် ဒုက္ခရလိမ့်မယ် ဆိုတာရော သိရဲ့လား (မသိပါ ဘုရား) ဒီသစ္စာနှစ်ခု မသိ လိုက်တာ ကိုယ်ကျိုးကို လှလှကြီး နည်းတာပဲ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတွေ အတော်မဆိုးဘူးလား (ဆိုးပါ တယ်) ခင်ဗျားတို့ သေခါနီးမှာ ဒီဆရာသမားနဲ့ လာတွေ့တာ တော်တော်သေးတယ်၊ အသေများ စောရင်ခက်တယ် (မှန်လှပါ) ဦးမြကြီး ဘယ့်နှယ်ထင်သတုံး ခက်ပါတယ် ဘုရား) အသေစော ရင် ခက်တယ်၊ ဆရာကလဲ အသေမစောလို့ (မှန်ပါ့) ခင်ဗျားတို့ ကလဲ အသေမစောလို့ (မှန်ပါ) တော်တော်သေးတာပေါ့ (မှန်ပါ့) သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် အသေကတော့ မစောဘူးတဲ့၊ ခန္ဓာကတော့ဖြင့် မရပ်မနား သုသာန်သွားနေတယ်၊ မရောက်သေးတာ တမယ်ကျန် တော့တယ်၊ အသွားကတော့ မရပ်တော့ဘူး (မရပ်ပါ ဘုရား) မောင်ကို ရပ်သေးရဲ့ လား မရပ်ပါ ဘုရား) မရပ်တော့ ထိုင်နေ ရင်းနဲ့လဲ (သွားနေတာပဲ) ထိုင်နေတော့ အို၊ အိုတာက နာ၊ နာတာက သေကိုးဗျ (မှန်ပါ့)။

သေရာသွားရင်း တရားနာနေတာ

ဒါဖြင့် တရားနာနေကြတာလား၊ သေရာသွားရင်း နာနေ တာလား (သေရာသွားရင်း နာနေတာပါ ဘုရား) ကောင်းပြီ ဘုန်းကြီးရှေ့မို့ ပြောတာပါ၊ ကျုပ်ဟာ အရင်နဲ့မတူဘူး၊ မာလာ ပြီဗျ၊ ပြောချင်ပြောမှာ၊ အတော်ဂွကျတဲ့ လူတွေပါ၊ ဟင် အတော်ဆိုးနေတယ်၊ အတော်ဆိုးနေပါတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အဲဒါ ဘဝတဏှာ ခေါ်ပါတယ်တဲ့ (မှန်ပါ)။

ကျုပ်ဟာဖြင့် အခု ဆရာဝန်ကောင်းနဲ့ ဆေးကောင်းနဲ့ တွေ့ရတဲ့အတွက် နေလို့ ကောင်းပါ သေးတယ်ဗျာ၊ ဘာတုံးဗျ။ ဒီဥစ္စာ ကိုယ့်ဘဝ ကိုယ်ခင်တွယ်တဲ့တဏှာ (မှန်ပါ့) ကိုယ့်ဘဝ ကိုပင် ဟောတာက ခင်ဗျားတို့ ခန္ဓာ ဘဝခန္ဓာကြီး (မှန်ပါ့)။

တော်ပါသေးရဲ့ဗျာဆိုတာ ဒီတဏှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တော်ပါသေးရဲ့ဆိုတာ ဦးမြကြီး ဒါဘာတုံး (တဏှာပါ ဘုရား)။

ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာ)သူက သုခဝေဒနာ ပေါ်တော့၊ ကျန်းမာလာတယ် ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နေလို့ကောင်းပါသေးရဲ့ ဆိုတာ ဒါဘာတုံး (တဏှာပါ ဘုရား) ကျပ်နေရမှာ ဧကန်ပဲ၊ ကျုပ်တော့ ဒီဆရာနဲ့ အကျိုးပေးပြီ ဗျာ ဆိုရတာ ဥပါဒါန် (တင်ပါ့၊ ဥပါဒါန်) ဒါကြောင့် ကာယ ကံ ဝစီကံ အချိန်ရှိခိုက် လုံ့လစိုက်ဆိုပြီး အရောင်းအဝယ် လုပ်ရဦးမှာပဲဆိုတာက (ကမ္မဘဝ) ကမ္မဘဝပစ္စယာ သေသည် ၏ အခြားမဲ့၌ (ဇာတိပါ ဘုရား)။

ဆရာကောင်းနဲ့ မတွေ့ရင် ခက်တယ်

ဪ ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ငါးပါးမှောက်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ဘယ့်နှယ် ဖြစ်သွားမတုံး (ငါးပါး မှောက်ပါတယ်) ငါးပါးကို မှောက်တာပဲ၊ ရိပ်မိကြလား (တင်ပါ့ဘုရား၊ ရိပ်မိပါပြီ) အဲဒါ သေသေချာချာပြောတဲ့ ဆရာဆိုလို့ရှိရင် မှန်မှန်ကန်ကန် သစ္စာ သိအောင် ပြောတဲ့ဆရာ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဒါပဲ ပြောရမယ်၊ ဒီပြင် ပြောစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ခင်ဗျားတို့ခန္ဓာကြီးဟာ ယခုဘဝရထားတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာထဲက ဘာတွေ ပေါက်ပွားလာပါသလဲ (သမုဒယသစ္စာပါ ဘုရား) ဒီကြည့်လေ တဏှာ ဥပါဒါန်တွေ ကံတွေ ပေါက်ပွားလာတယ်၊ ဉာဏ်ပေါက် ပွားတာလား တဏှာ ဥပါဒါန် ပေါက်ပွားတာလား (တဏှာ ဥပါဒါန် ပေါက်ပွားတာပါ ဘုရား)။

“ဪ ခင်ဗျားတို့ ဥစ္စာလဲ ခက်လိုက်တဲ့ ဖြစ်ခြင်း၊ ဒုက္ခရောက်နေတဲ့ လူက နောက် ဒုက္ခရှာပြန်တယ်၊ ဒုက္ခရောက် တဲ့လူ (နောက်ဒုက္ခ ရှာပြန်ပါတယ် ဘုရား) ဒါဖြင့် ဆေးသက် ကုန်နေပါပေါ့လား (ကုန်နေပါပြီ) ဒီဆရာနဲ့သာ မတွေ့ရင် ဆေးသက်ကုန်ပြီ (တင်ပါ့) အင်မတန် ကြောက်စရာကောင်း ပါတယ် (မှန်ပါ့)”

သံယောဇဉ်နဲ့ နတ်ပြည်ရောက်မလား

ဒကာ ဒကာမတွေ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ပုဏ္ဏားကို မေးကြဦးစို့ ၊ ပုဏ္ဏားက ဒုတိယတစ်ချက် မေးခွန်းထုတ်ပြန်တယ်၊

အရှင်ဘုရား လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည်ရောက်ပါ့မလား တဲ့၊ အို တစ်ထောင်မကဘူး၊ တစ်သိန်းမကဘူးကွ ရောက်တယ်။ သုဂတိတော့ ရောက်ပါတယ်။

သိန်းသန်းမကရောက်တယ်

ခုနက အဖြေနဲ့ တူသေးရဲ့လား (မတူပါ ဘုရား) ဒကာ ဒကာမတွေ တူသေးရဲ့လား (မတူပါ) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည်ရောက်ပါ့မလားလို့၊ ဦးမြ ဝစ္ဆဂေါတ္တက မေးတယ် (မှန်ပါ့) ဘုရားက ဘယ့်နှယ်သလဲ (ရောက်ပါ တယ်) အို သိန်းသန်းမကဘူးကွ ရောက်တယ်တဲ့၊ သုဂတိ ရောက်တယ် (မှန်ပါ့)။

နိဗ္ဗာန်တော့မရောက်ပါ

နိဗ္ဗာန်ကျတော့ (မရောက်ပါ) ပေါ်ကြပလား (ပေါ်ပါ ပြီ) ဒါဖြင့် ခင်ဗျားတို့လုပ်နေတဲ့ ကုသိုလ်တွေဟာ သုဂတိ အကျိုးပေးပါလိမ့်မယ်လို့ ဟောတယ် ဒါမပြတ်ဘဲကိုး၊ တဏှာနဲ့ ဆုတောင်းတယ် (မှန်ပါ့) တောင်းတော့ကို ၂ က ၃ ကို မကူး ဘူးလား ကူးသလား (ကူးပါတယ်) ကူးလို့ ရှိရင်ဖြင့် သုဂတိ ရောက်တော့ ဟောဒါ ဇာတိ ဇရာ မရဏဟာ သုဂတိပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ်) ရောက်ပေမယ့် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။

ဦးမြ ပေါ်ပလား (ပေါ်ပါပြီ) ဘာသစ္စာရကြတုံး (ဒုက္ခ သစ္စာရပါတယ်) ဒုက္ခသစ္စာရတာ ခင်ဗျားတို့က ကြံဖန်ပြီး သကာလ ဝမ်းသာနေတာကိုး၊ သစ္စာနဲ့ ကြည့်လိုက်တော့ ဘာ သစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ်) သစ္စာနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာရတယ်၊ ဒီဒုက္ခသစ္စာ ရတဲ့လူက တော်သေးရဲ့ ဆိုတော့ ဝမ်းသာလို့ ပြောတဲ့အသံလား၊ ဝမ်းနည်းလို့ ပြောတဲ့ အသံလား (ဝမ်းသာလို့ ပြောတာပါ ဘုရား)။

အမယ်လေးရတာက (ဒုက္ခသစ္စာ) ခက်ပြီ၊ အကောင်း အဆိုးကို မရွေးတတ်တော့ဘူး (မရွေးတတ်ပါ) ဘယ့်နှယ်ဖြစ်နေ ကြလဲ (အကောင်းအဆိုး မရွေးတတ်ပါ) ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး၊ အကောင်းအဆိုး ရွေးတတ်သေးရဲ့လား (မရွေး တတ်ပါ ဘုရား) မရွေးတတ်လို့ ခင်ဗျားတို့ သုဂတိရောက်ချင်တာ ပေါ့ဗျ (မှန်ပါ့)။

အဲဒါ သစ္စာမသိလို့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ တရားတကာ့ တရားထဲမှာ ဘယ်ဟာသိဖို့ အရေးအကြီးဆုံးလဲ (သစ္စာသိဖို့ အရေးကြီးပါတယ်) သစ္စာသိဖို့ အရေးကြီးတယ်၊ သစ္စာဘယ်က လာသတုံးလို့ မေးတော့မှ ဒီပဋိစ္စသမုပ္ပါဒ်က လာတယ်၊ ကြည့်လေဒါ သမုဒယသစ္စာ (မှန်ပါ့) ဒါက ဘာတုံး (ဒုက္ခသစ္စာပါ) ဒါက ဘာတုံး (သမုဒယသစ္စာပါ) ဒါက ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)

သစ္စာမသိရင် နိဗ္ဗာန်မရောက်

ကဲ ဖြတ်တဲ့ပုဂ္ဂိုလ်ကျတော့ ဒါက ဘာတုံး (မဂ္ဂသစ္စာ ပါ) ဒီဘက်က ချုပ်သွားတာတွေကရော (နိရောဓသစ္စာပါ ဘုရား) သစ္စာသိမှ ခင်ဗျားတို့ရောက်မယ် (မှန်ပါ့) သစ္စာမသိ သေးလို့ရှိရင် (မရောက်ပါ) စာတွေ ခေါင်းချဉ်းနေအောင် တတ် (မရောက်ပါ ဘုရား) ရောက်နိုင်ကြပါ့မလား (မရောက် နိုင်ပါ ဘုရား) မရောက်နိုင်ဘူးဆိုတာ သေချာပလား (သေချာ ပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ ယခုအချိန်မှာ အချိန်မီပါသေး တယ် ဦးမြ (မှန်ပါ့) ရောက်နိုင်ပါ သေးတယ်၊ ရနိုင်ပါသေး တယ်လို့ လေးလေးနက်နက် အားပေးတာ (မှန်လှပါ) လုပ်မှ ရမှာ၊ မလုပ်ရင်တော့ (မရပါ ဘုရား) မရဘူးဆိုတာ သဘော ပါသလား (ပါ,ပါပြီ) ပါပြီ၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ် သလဲ (ရောက်ပါတယ်) ရောက်တယ်၊ ဒါဖြင့် တဏှာပို့တဲ့ နေရာပဲဗျ (မှန်လှပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သုဂတိတွေဟာ ဘယ်သူပြုပြင်ထားတာပါလိမ့် (တဏှာ ပြုပြင်ထားတာ) ပုဏ္ဏားမေးတာ ကြည့်လေ၊ ဘုရားကလဲ အဖြေထွက်တယ် (မှန်ပါ့) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်ပါ့မလားဆိုတော့ အို တစ်သောင်း၊ တစ်သိန်း မကဘူးကွ (မှန်ပါ့) ဘာဖြစ်လို့ မကန့်ကွက်သတုံး မေးတော့ သံယောဇဉ်က ဘာသစ္စာတုံး (သမုဒယသစ္စာ) ဒီ (လူ့ပြည် နတ်ပြည်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သစ္စာမသိသေးရင် အကန်း

ဒါတော့ ဘယ်ကန့်ကွက်မလဲ၊ သစ္စာမသိတဲ့ လူရမ်းပေး ချလိုက်တာပေါ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဒါဖြင့် သစ္စာမသိသေးသရွေ့ ကာလပတ်လုံး မျက်စိစုံလုံးကန်းလို့ သာမှတ် (မှန်ပါ ဘုရား) သစ္စာမသိသေးရင် (စုံလုံးကန်းပါ ဘုရား) မွေးတုန်းကတော့ (အကန်းပါ ဘုရား) သေတော့ (အကန်းပါ ဘုရား)။

ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ ခင်ဗျားတို့က မသာ ဖိတ်ရင် အကန်းလို့ ဖိတ်ကြစမ်းပါလို့ သစ္စာမသိတဲ့လူ သေသွားရင် အကန်းမသာ ကြွတော်မူပါလို့သာ ဖိတ်ပါလို့ဆိုတာ ဘုန်းကြီး ပြောတာ စကားရိုင်းသလား (မရိုင်းပါ ဘုရား) ဖြစ်စဉ်ကိုက် သလား (ဖြစ်စဉ်နဲ့ ကိုက်ပါတယ် ဘုရား) ဖြစ်စဉ် ကိုက်တယ် ဆိုတော့ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ဟာ ဒုက္ခနဲ့ သမုဒယချည်းပဲ။ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ရှိရင် မဂ္ဂနဲ့ နိရောဓချည်းမှတ် (မှန်ပါ့)။

ဖြစ်ပျက်အလုပ်လုပ်မှ မဂ္ဂနိရောဓလာမယ်

ပဋိစ္စသမုပ္ပါဒ် အဝိုင်းပြေးနေရင် ဘာပါလိမ့် (ဒုက္ခနဲ့ သမုဒယပါ) အဲ ဒါဖြင့် အခုနက ဒကာ ဒကာမတွေ ဖြစ်ပျက် အလုပ်ကို လုပ်ပါပြီဆိုတော့ ဘာလာတုံး (မဂ္ဂနဲ့ နိရောဓ လာပါ တယ်) ဒါက သူများပြောနဲ့ ရတာလား၊ ကိုယ်တိုင်ဖြတ်လို့ရတာလား (ကိုယ်တိုင်ဖြတ်လို့ ရတာပါ ဘုရား)

မဂ္ဂနဲ့ နိရောဓ (ကိုယ်တိုင်ဖြတ်လို့ရတာ) ကိုယ်တိုင်ဖြတ် လို့ ရတာ (မှန်ပါ) ဒါဖြင့် သားကယ်နိုင်၊ သမီးကယ်နိုင်တဲ့ တရားလား၊ ကိုယ်တိုင်ဖြတ်ရမှာလား (ကိုယ်တိုင်ဖြတ်ရမှာပါ)

အဲဒီတော့ ခင်ဗျားတို့က အရေးရှိရင် သမီးကလေးက ချောင်ချောင် လည်လည် ရှိတယ်ဆိုပြီး အားကိုးချင် အားကိုးနေဦးမယ်၊ အဲဒီ ချောင်ချောင်လည်လည်ကြောင့်လဲ အပါယ်ကျချက် နာတာပဲ (မှန်ပါ့) သားကလေးက ချောင်ချောင်လည်လည် ရှိတယ် ဆိုလို့ရှိရင်လဲ ခင်ဗျားတို့က ပြုံးများ နေလိုက်သေးတယ်၊ မနေပေ ဘူးလား (နေပါတယ် ဘုရား)။

ဒီပြတ်တဲ့အချိန် ပြုံးပါ

အဲဒါ အပါယ်ကျဖို့ ပြုံးတာ၊ ဘယ်ရောက်ဖို့ ပြုံးတာတုံး (အပါယ်ရောက်ဖို့ ပြုံးတာ) အတော် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)

ကိုင်း ဒါဖြင့် ခင်ဗျားတို့ကို ပြုံးစေချင်လို့ သတိပေးလိုက်ပါတယ်၊ ဒါပြတ်တဲ့အချိန် ပြုံးပါ (မှန်ပါ့) ဒါမပြတ်လို့ရှိရင်ဖြင့် ငါကိုယ်ကျိုးနည်းပြီလို့ မဲ့ချည်းနေရမယ် (မှန်လှပါ) ဒါပြတ်အောင်လုပ်နေတော့ ဘယ့်နှယ်ဆိုကြမလဲ (ပြုံးရမယ်) ပြုံးရမယ် သံသရာစခန်းသတ်ပြီကွ (မှန်ပါ့) ဒါမပြတ်သေးရင် (မဲ့ရမယ်)။

ဒါဖြင့် ခင်ဗျားတို့ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ စိန်နဲ့ မြနဲ့ ပြုံးတာတွေကျတော့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မဲ့ပြုံးတာပါ) မဲ့ရမယ့် ကိစ္စ ပြုံးနေသောကြောင့် အရူးတွေဟေ့ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (အရူးဖြစ်ပါတယ်) မုံရမယ့် ကိစ္စမှာ (ပြုံးနေတယ်) ခက်ပြီပေါ့၊ လင်းတက ခွေးသားစားပြီး ပြုံးနေတာ ဘယ့်နှယ်ဆိုကြမလဲ၊ ရိပ်မိပလား (တင်ပါ့) လင်းတက ခွေးသားစားတော့ ခင်ဗျားတို့က ဘေးကနေကြည့်ပါ (တင်ပါ)

ဪ မသိရှာလိုက်တာ လွန်လို့ပါလား ပြုံးစရာအချက် ပါ ရဲ့ လား (မပါ,ပါ ဘုရား)။

ခင်ဗျားတို့ပြုံးနေတာ ကြောက်စရာကြီး

ဟိုကလဲ လင်းတဆိုတော့ တိရစ္ဆာန်၊ ခွေးသားကလဲ အပုပ်အစပ် ဒါစားပြီး ပြုံးနေတယ်ဆိုတော့ ဒကာ ဒကာမတွေတဲ့ ခင်ဗျားတို့ ပြုံးနေပုံက ကြောက်စရာကြီး (မှန်ပါ့) လင်းတ ပြုံးပြုံးတာကိုး၊ ရိပ်မိရဲ့လား (ရိပ်မိပါတယ်) အတော်မဆိုး ဘူးလား (ဆိုးပါတယ်) ဒါ ဒကာရင်း ဆရာရင်းမို့လို့ အမှန်ပြော ပါတယ် (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ပြုံးလိုက်မှာကို ဘုန်းကြီးက သိပ်ကြောက်တယ်၊ ဒီလူဟာ ပြုံးချိန်လဲ မဟုတ်သေးဘဲနဲ့ ဘာပြုံးတာပါလိမ့်မတုံး၊ အတော်မဆိုးဘူးလား (ဆိုးဝါးပါတယ်) အဲဒါက နားကြီးကြီးနဲ့ ထောင်တော့မှ ကိုယ်ပြုံးတာ လွဲမှန်း သိတယ် (မှန်ပါ့) နို့မို့ရင်သိပါ့မလား (မသိပါ)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ပြုံးချိန်လား၊ မဲ့ချိန်လား (မဲ့ချိန်ပါ ဘုရား) အလုပ်လုပ်ပြီးရင်တော့ ဘယ်နှယ်တုံး (ပြုံးချိန် ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ပြုံးသေမဲ့သေ သေတဲ့အခါ နှစ်မျိုးရှိတယ်ကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သွားရာလမ်းမြင်ပြီးမှ သေတယ်

အရူးလို ပြုံးနေတာကတော့ကိုတဲ့၊ သေတော့မယ်ဆိုလို့ရှိရင် သေခါနီးမှာ ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါ၊ သွားရာလမ်းကို မမြင်ဘဲနဲ့ သေတဲ့လူ ဘယ်သူမှ မရှိဘူး (မှန်ပါ့) သေခါနီးမှာ မရဏာသန္နဇောကလေ (မှန်ပါ့)။

အဲဒီကျတော့မှ ငါ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်တွေ ဖြုန်းခဲ့တာဖြင့် ငါ့မှာ ကိုယ်ကျိုး လှလှကြီး နည်းပြီ ဆိုပြီး မျက်ရည်တွေ ခေါင်းအုံးပေါ်စီးကျတယ် (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ ကြောက်စရာနော် (မှန်လှပါ)။

အချိန်တွေ ဖြုန်းခဲ့တာတွေ

ဪ သားရေး၊ သမီးရေ။ စီးပွားရေးနဲ့ ငါ အချိန်တွေ ဖြန်းခဲ့တာလဲ ခုတော့ဖြင့် သူတို့က ဘယ့်နှယ်နေတုံးသာ မေးဖော် ရတော့တယ်၊ ငါသွားရမယ့်လမ်းက အတော်ကြမ်း နေတယ် (မှန်ပါ ဘုရား) ကိုယ့်ဟာကိုယ် မျက်ရည်ကျတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ မဆိုးဘူးလား (ဆိုးပါတယ်) ဘယ်သူ ကယ်နိုင်သေးတုံး (မကယ်နိုင်ပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ အခု ပြုံးနေတာက သော် ရူးလို့ ပြုံးပြန်၊ သေခါနီးကျမှ မဲ့ချင်လို့ သဘောကျလား (ကျပါတယ်) သေခါနီးကျတော့မှ (မဲ့ချင်လို့)

ဒါကြောင့် ခင်ဗျားတို့ မသာ ဓာတ်ပုံ ရိုက်ရမှာ သိပ် ကြောက်စရာ ကောင်းတယ် (မှန်လှပါ) သားအာရုံ၊ သမီး အာရုံ၊ ပစ္စည်းအာရုံကြားထဲမှာ သေမယ်ဆိုတော့ ဪ မခွဲချင်တာနဲ့ ခွဲရတော့မယ်၊ မစွန့်ချင်ဘဲနဲ့ စွန့်ရတော့မယ် ဆိုတော့ ဒီစိတ်က လာကတည်းက နိမိတ်ထင်တော့ ကောင်းပါ ဦးမလား (မကောင်းပါ ဘုရား)

ဒါဖြင့် ဒီမသာ ဓာတ်ပုံရိုက်ပြီး ဘယ်သူက ကိုးကွယ်သင့်သတုံး (မှန်ပါ့၊ မကိုးကွယ်သင့်ပါ ဘုရား)၊ မောင်ကိုရော ကိုးကွယ်သင့်ပါ့မလား (မကိုးကွယ် သင့်ပါ ဘုရား)။

ပြုံးသေဖြစ်အောင် လုပ်ကြစမ်းပါ

ဒါဖြင့် ပြုံးသေဖြစ်အောင် လုပ်စမ်းပါ (မှန်ပါ) ဒကာ ဒကာမတွေ ဒါပြတ်သွားလို့ရှိရင် ဘာသေ ဆိုကြမလဲ (ပြုံးသေ ပါ ဘုရား) ဒီဘက်မှာ တဏှာ၊ ဥပါဒါန်လဲ မရှိ၊ ဇာတိ၊ ဇရာ၊ မရဏတွေရော လာစရာ မြင်သေးရဲ့လား မမြင်ပါ ဘုရား)

ဪ ငါဝဋ်ကျွတ်ပြီဆိုပြီး ပြုံးကြ၊ သဘောကျပလား (ကျပါတယ်) ဒါဝတ္ထု မထုတ်ချင်ပါဘူးတဲ့၊ ပြုံးသေ မဲ့သေ ဝတ္ထုရှိတယ် (မှန်ပါ့)။

ဝဿကာရပုဏ္ဏားက မေးလို့ ဘုရားက ဖြေရှာတယ်၊ တပည့်တော်ကတော့ ဘုရား၊ သေတဲ့ ပုဂ္ဂိုလ်မှန် အကုန်ကြောက်သေ တယ်ချည်း ဆုံးဖြတ်ချက်ချတာ၊ ဟ ပုဏ္ဏားက မင်းဟာ လွန်တယ်၊ မဲ့သေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်ကွ ၊ ပြုံးသေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်ကွ နှစ်ချက်ဟောတယ်၊ ဒီလို ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ပုဂ္ဂိုလ်ကျတော့ကဲ ဦးမြကြီး ဘယ့်နှယ်ဆိုမယ် (ပြုံးသေပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် ပြုံးသေ

ဒီခန္ဓာဝန် ဒုက္ခကြီးကို စွန့်ရပေတော့မယ်၊ ဒုက္ခကြီးနဲ့ မခွဲရတာ ကြာလှပြီ၊ ဒီတစ်ခါ နောက်ဆုံးပိတ် ခွဲခြင်းပဲ ဆိုပြီး ပြုံးတယ်၊ သဘောပါလား (ပါ,ပါတယ်) ဒီခန္ဓာဝန်ကြီးကို စွန့်ပြီးတဲ့ နောက် နောက်ခန္ဓာ အဆိုးဝါးကြီးရမှာကို နိမိတ်က မြင်နေတော့ ဪ ငါဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ကိုယ်ကျိုးလှလှကြီး နည်းပြီဆိုပြီး မဲ့တယ် (မှန်ပါ ဘုရား)။

သေမှ အရှက်မကွဲပါစေနဲ့

မောင်ထွန်းရင် မင်းဘယ်ဟာကြိုက်သလဲ (ပြုံးသေ ကြိုက်ပါတယ် ဘုရား) မင်းဟာမင်း ကြိုက်နေတာကိုးကွ၊ လုပ်မှ မလုပ်ဘဲ၊ ကိုင်း ဒကာ ဒကာမတွေ (ရှင်းပါတယ်) သေမှ အရှက်မကွဲ ကြပါစေနဲ့ (မှန်ပါ့) သေမှ ဓာတ်ပုံရိုက်ခံရတော့ အရှက်ကွဲတယ်၊ မကွဲဘူးလား (ကွဲပါတယ် ဘုရား)။

ဦးမြကြီး နာမည်တော့ကြီးပါဗျာ၊ သေမှ ဓာတ်ပုံရိုက်လို့ ရှိရင်ဖြင့် ဘယ့်နှယ်နေမလဲ၊ ကဲ ဒကာ ဒကာမတွေ ဆွေနဲ့ မျိုးနဲ့ ကြားထဲမှာ အရှက်ကွဲမှာနော်၊ ဘယ်သူ့ကြားထဲမှာ အရှက်ကွဲမယ် ထင်ကြသတုံး (ဆွေနဲ့ မျိုးနဲ့ကြားထဲမှာ) ကဲ တစ်သက်လုံး ဖုံးလေသမျှ ဘယ့်နှယ်လုပ်မလဲ (ပေါ်ကုန် မှာပေါ့ ဘုရား)။

ဒါဖြတ်ပြီးတော့ သေလိုက်စမ်းပါ

ခုမှ အကုန်ပေါ်ကုန်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီ) အဲဒါကြောင့် ဒါဖြတ်ပြီးတော့ကို သခင်ဝတင် လိုက်စမ်းပါ ဆိုတာ ယနေ့ သတိပေးတယ် (မှန်ပါ့ ဘုရား) ဒါဖြတ်ပုံ ဖြတ်နည်း အကျယ် ကိုတော့ နက်ဖြန်မှ ဒီနေရာမှာ ဟောမယ် (မှန်ပါ ဘုရား) သဘောကျကြပလား (ကျပါတယ် ဘုရား) ခင်ဗျားတို့ နက်ဖြန် နာရီကိုက်လာကြ (မှန်ပါ့) နာရီမကိုက်ရင် ရကိုမရဘူး (မှန်ပါ့)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။