182

ခြင်ကိုက်တဲ့ဥစ္စာ အပါယ်မှရောက်ပါ့မလား (သတိပဋ္ဌာန်သုံးမျိုး)

အသံဖိုင်ခေါင်းစဉ်= ဝေဒနာသုံးပါး ရှုကြရန်တရားတော်

စာအုပ်ခေါင်းစဉ်= ခြင်ကိုက်တဲ့ဥစ္စာ အပါယ်မှရောက်ပါ့မလား (သတိပဋ္ဌာန်သုံးမျိုး)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သော တရားတော်

ခြင်ကိုက်တဲ့ဥစ္စာ အပါယ်မှရောက်ပါ့မလား

(သတိပဋ္ဌာန်သုံးမျိုး)

(၂၅-၁၁-၆၁)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုထုဇဉ် များ ဝေဒနာခံစားတာနဲ့၊ သုတဝါ အရိယ သာဝကော ဖြစ်တဲ့ ပုဂ္ဂိုလ် ဝေဒနာ ခံစားတာနဲ့၊ တစ်နည်း အရိယာ ဝေဒနာခံစားတာနဲ့၊ ရဟန်း တစ်ပါးက မေးလို့၊ သံယုတ် ပါဠိတော် ဝေဒနာ သံယုတ်မှာ ဘယ်လိုများ ထူးခြားသလဲလို့ မေးတယ်။

ပုထုဇဉ်လည်း သုခ၊ ဒုက္ခ၊ ဥပေက္ခာ ရှိတာပဲ။ အရိယာ မှာလည်း သုခ၊ ဒုက္ခ၊ ဥပေက္ခာ ရှိတာပဲ။

ရှိပင် ရှိငြားသော်လည်းတဲ့၊ ဝေဒနာခံစားပုံချင်း ထူးခြား တာကို တပည့်တော်များ သိပါရစေ ဆိုတော့ ဝေဒနာခံစားပုံ ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်။

စိတ်နှင့်ဝေဒနာသည် သဟဇာတ

ဘာဟောနေသလဲလို့ ဒကာဒကာမတွေ မေးလို့ရှိရင် ဝေဒနာနုပဿနာ ရှုတာလွဲမှာစိုးလို့ (မှန်ပါဘုရား) ဝေဒနာ နုပဿနာ ရှုရင် စိတ္တာနုပဿနာလည်း ပါသွားတာပဲ (မှန်ပါဘုရား)။

စိတ်နှင့်ဝေဒနာသည် သဟဇာတပစ္စည်းလို့မှတ် (မှန်ပါဘုရား) သဟဇာတဆိုတာ အတူတကွ ဖြစ်တာ၊ အဲဒီကဲ့သို့ သိထားတော့ ငါထူးခြားတာ ဟောမယ်ဟေ့!

ပုထုဇဉ် ဘာမှမသိတဲ့ ပုဂ္ဂိုလ် ဝေဒနာခံစားတာနဲ့၊ သိကြား လိမ္မာတဲ့ ပုဂ္ဂိုလ် ဝေဒနာခံစားတာ ထူးခြားတာ ငါပြမယ်တဲ့၊ ပုထုဇဉ် အရင်ပြမယ်ဟေ့တဲ့။

ပုထုဇဉ်ကတော့ ဥပမာမယ် ဒကာသစ် ဖြစ်စေ၊ ဦးသံဒိုင် ဖြစ်စေ ဒုက္ခဝေဒနာလေး တစ်ခု ပေါ်တယ်၊ ဒုက္ခ ဝေဒနာလေး တစ်ခု ပေါ်လာတယ်၊ နာတယ်၊ ကျင်တယ်၊ ကိုက်တာ၊ ခဲတာလေး ပေါ်လာတယ်၊ ဒေါမနဿ နောက်က လိုက်တယ်။

ပုထုဇဉ်သဘော

ပုထုဇဉ်က ဒုက္ခနောက်က ဘာလိုက်တုံး (ဒေါမနဿ လိုက်ပါတယ် ဘုရား) ဒုက္ခနောက်က ဒေါမနဿ လိုက်တယ်တဲ့ ပုထုဇဉ် ထုံးစံက၊ ဒုက္ခနောက်က ဒေါမနဿ လိုက်တယ်။ ဦးသံဒိုင် ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ပုထုဇဉ်က ဘာလိုက်တုံး (ဒုက္ခနောက်က ဒေါမနဿ လိုက်ပါတယ် ဘုရား)။

ဒုက္ခက ကာယိကဒုက္ခ၊ ဒေါမနဿက ဒေါသော အဲဒီကဲ့သို့ လိုက်နေတော့ ဒါ ပုထုဇဉ်ထုံးစံတဲ့ (မှန်ပါ့) ပုထုဇဉ် ထုံးစံ ဒုက္ခနောက်က ဒေါမနဿ လိုက်တာ။

ခြင်ကိုက်လို့ယားတယ်

ဥပမာ ခြင်ကလေးက ကိုက်လို့ ယားတယ်၊ ယားတဲ့ဒုက္ခ ဝေဒနာ ပေါ်တယ်၊ ပွတ်ချေပစ် လိုက်တယ်၊ ဒေါမနဿ (မှန်ပါ့) သန်းကိုက်လို့ ယားတယ်၊ ပွတ်ချေပစ် လိုက်တယ်။

ဒုက္ခနောက်က ဘာလိုက်ကြတာတုံး (ဒေါမနဿ ပါ ဘုရား) ဒုက္ခနောက်က ဒေါမနဿ လိုက်တယ်တဲ့။ အဲဒီ ဒေါမနဿ လိုက်တာ ဆိုတော့ သူ့မှာတဲ့ လှံ, ထိုးတဲ့ အခါ ကျတော့ ပြင်ဖက် တစ်ချက် အထိုးခံရတဲ့ အပြင် အတွင်းတစ်ချက် အထိုးခံရတယ် (မှန်ပါ)။

အပြင်ဖက် ဒုက္ခဝေဒနာ၊ အတွင်းက ဒေါမနဿ ပေါ်တော့ အတွင်းလည်း အထိုးခံရတာပဲ (မှန်ပါ ဘုရား)။

သူများက မြားနဲ့ ပစ်လိုက် ပစ်လိုက်၊ လှံနဲ့ပစ်လိုက် ပစ်လိုက် ပုထုဇဉ်မှာ နှစ်ချက်ခံချည့် ဖြစ်ရတယ် (မှန်ပါ ဘုရား) ဒုက္ခတစ်ချက်၊ ဒေါမနဿ တစ်ချက်၊ နှစ်ချက်ခံ ဖြစ်နေ တယ် (မှန်ပါ ဘုရား)။

ဒေါမနဿလာတယ်

ဪ ပုထုဇဉ်ဟာ မသိမ်းဆည်း တတ်တော့ ဒါဖြစ်နေတာပဲ၊ ဒုက္ခနောက်က ဒေါမနဿ၊ လှံ-အပြင်က တစ်ချက်ထိုး၊ အတွင်း တစ်ချက်ထိုး နှစ်ချက်ခံ ဖြစ်နေတယ် (မှန်ပါ)။

အပြင်ဖက်က တစ်ချက်နာတာနဲ့၊ အတွင်းက ဒေါမနဿ နာတာနဲ့ဆိုတော့ တစ်ချက်တည်း ဒုက္ခဝေဒနာ ပေါ်လာတာ နှစ်ချက်ခံရတဲ့ အဓိပ္ပာယ်ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။

ဒါ ပုထုဇဉ် ထုံးတမ်း၊ ဘုရားက (မှန်ပါ) ဒါတင် မကသေးဘူးကွတဲ့၊ ဒုက္ခနောက်က ဒေါမနဿ လိုက်တာတင် မကံသေးဘူးကွတဲ့၊ ဘာလာသေးတုံး ဆိုတော့ ဒီဒုက္ခ ဝေဒနာလေးကို ပျောက်ချင်တဲ့ တဏှာက လိုက်သေးတယ် (မှန်ပါ ဘုရား)။

တဏှာလာတယ်

ပျောက်ခဲလှတာ၊ ပျောက်ချင်လှပြီ ဆိုတော့ တဏှာက လည်း လိုက်သေးတယ်၊ ဒါဖြင့် ဘယ်နှစ်ချက် ရှိသွားပြီတုံး (သုံးချက်ပါ ဘုရား) ဒုက္ခလေး တစ်ချက် ပေါ်ကာ ရှိသေး ခင်ဗျား တို့ ဒေါမနဿလေး လိုက်ပြီးပြီ (မှန်ပါ ဘုရား) လောဘ ကကော (လိုက်ပြီးပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ပုထုဇဉ်များဖြင့် ဒေါမနဿ၏ ဖြစ်မှုပျက်မှုကိုလည်း သူ နှလုံး မသွင်းနိုင်ဘူး၊ တဏှာ သောမနဿ တို့၏ ဖြစ်မှု ပျက်မှုကိုလည်း နှလုံး မသွင်းနိုင်ဘူး (မှန်ပါ ဘုရား)။

နှလုံးမသွင်းနိုင်တော့ ဒုက္ခ၏ ဖြစ်ပျက်မှုကိုလည်း သူမသိ၊ ဒေါမနဿ၏ ဖြစ်ပျက်မှုကိုလည်း သူမသိ၊ ၎င်းနောက် သော မနဿ၏ ဖြစ်ပျက်မှု ကိုကော (မသိပါဘူး ဘုရား) လောဘ သောမနဿ၏ ဖြစ်ပျက်မှုကိုလည်း မသိ (မှန်ပါ ဘုရား)။

မသိတာက အဝိဇ္ဇာ

ထိုကဲ့သို့ မသိတော့ မသိတာဘာတုံးလို့ မေးပြန်တော့ အဝိဇ္ဇာနုသယ ကိန်းသွားတယ် (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့မှာ ပုထုဇဉ်မှာ ဒုက္ခတစ်ခု ပေါ်မှာ သိပ်ကြောက်စရာ ကောင်းတယ် (မှန်လှပါ ဘုရား) ပုထုဇဉ်မှာ ဒုက္ခတစ်ခု ပေါ်တာကို (ကြောက်စရာ ကောင်း ပါတယ် ဘုရား) ကြောက်စရာ အလွန် အင်မတန် ကောင်းတယ် လို့ မှတ်ပါ (မှန်ပါ ဘုရား)။

ဒုက္ခနောက်က ဒေါမနဿ လိုက်တာလည်း မသိဘူး၊ သောမနဿ လိုက်တာလည်း (မသိပါဘူး ဘုရား) ဥပေက္ခာ လိုက်တာလည်း (မသိပါဘူး ဘုရား)။

ဒါဖြင့် ဒီလို လုပ်ကြပါ၊ ခင်ဗျားတို့မှာ ဒုက္ခဝေဒနာ တစ်ခု ပေါ်တယ်ဆိုရင်ဖြင့် ပဋိဃာနုသယ ဆိုတဲ့ ဒေါသလည်း ကိန်းတာပဲ(မှန်ပါ့)။

ကာမရာဂါနုသယဆိုတဲ့ လောဘဟာလည်း နောက်က လိုက်လာတာပဲ (မှန်ပါ) အဝိဇ္ဇာနုသယ ဆိုတဲ့ မောဟ ကလည်း မြင်လို့ လိုက်လာတာပဲ (မှန်ပါ ဘုရား) အနုသယ ဘယ်နှစ်ပါး လိုက်တုံး (သုံးပါးပါ ဘုရား)။

အနုသယဘယ်နှစ်ပါးလိုက်သတုံး

ခင်ဗျားတို့ ဒုက္ခရောက်မှာ ကြောက်စရာကြီးပါလား ဒကာ ဒကာမတွေ ဒုက္ခတစ်ခု ပေါ်မှာ (ကြောက်စရာ ကြီးပါ ဘုရား) ကြောက်စရာ အင်မတန် ကောင်းတယ်၊ အနုသယ ဘယ်နှစ်ပါး လိုက်လာတုံး (သုံးပါးစလုံး လိုက်ပါတယ် ဘုရား)။

ပဋိဃာနုသယ ဆိုတဲ့ ဒေါသက လိုက်လာတယ်၊ ကာမ ရာဂါနုသယ ဆိုတဲ့ လောဘ၊ အဝိဇ္ဇာနုသယ ဆိုတဲ့(မောဟ ကလိုက်ပါတယ် ဘုရား) ဟာ ဦးသံဒိုင်တို့ ကိုယ်ကျိုးနည်းတာပေါ့ (မှန်ပါ့)။

အကြားအမြင် မရှိဘူးတဲ့ သူ့မှာ၊ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒါတွေ လိုက်မှာပဲတဲ့၊ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်မှာ အနုသယ ဘယ်နှစ်ပါး လိုက်ပါလိမ့် (သုံးပါးလိုက်ပါတယ် ဘုရား) သုံးပါးလိုက်တယ်၊ ဒါ အနုသယ သဘောနဲ့ ပြောလိုက် ပါတယ်။

ဒါ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်၊ သုတဝါ အရိယ သာဝကော မဖြစ်တဲ့ ပုဂ္ဂိုလ်၊ အရိယာ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်မှာ၊ ဒါတွေကဖြင့် လိုက်နေတာပဲ၊ ဒါတွေက ဘယ့်နှယ်ကြောင့် – ဒါတွေ လိုက်ပါလိမ့်မတုံးလို့ ဦးသံဒိုင် မေးရင် ဘယ့်နှယ်ပေါ့ မတုံး (အကြားအမြင် မရှိလို့ပါ ဘုရား) အကြားအမြင် မရှိဘူး။

ဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေကြမတုံး (အကြားအမြင် မရှိလို့ပါ ဘုရား) အကြားအမြင် မရှိဘူး ေဩာ် အကြားအမြင် မရှိတာဟာ သိပ်ကြောက်စရာ ကောင်းတဲ့ အလုပ်ပါလားဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ ဘုရား)။

အကြားအမြင်မရှိတာ ကြောက်စရာ

အကြားအမြင်မရှိတာ (ကြောက်စရာ ကောင်းပါ တယ် ဘုရား) အနုသယ ဘယ်နှစ်ပါး လိုက်တုံး (သုံးပါး လိုက်ပါတယ် ဘုရား) အင် ပဋိဃာနုသယ – ဒေါသ လိုက်တယ်၊ ကာမရာဂါနုသယ – ပျောက်ချင်တဲ့ လောဘ၊ လိုက်တယ်၊ အဝိဇ္ဇာနုသယ – မောဟလိုက်တယ်တဲ့။

ဒီဟာလေးတွေ ဒုက္ခ၏ ဖြစ်ပျက်လည်း မသိ။ ဒေါမနဿ၏ ဖြစ်ပျက်ကိုလည်း (မသိပါဘူး ဘုရား)။

မသိတော့ မသိတာက အဝိဇ္ဇာနုသယ (မှန်ပါ) ဒါဖြင့် အနုသယ ဘယ်နှစ်ပါး လိုက်သတုံး (သုံးပါး လိုက်ပါတယ် ဘုရား) အနုသယ သုံးပါးလိုက်တယ်။

ေဩာ် ပုထုဇဉ် ခြင်ကိုက်ရင်လည်း အနုသယ သုံးပါး ကိန်းပေါ့ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အနုသယ သုံးပါး အစဉ်အတိုင်း ကိန်းသွားပြီ၊ အောင် သွားပြီ ဆိုလို့ရှိရင် လွဲကြပါ့မလား (မလွဲပါဘူး ဘုရား)။

ဒါ ဘာဖြစ်လို့ အလိုက် ခံရပါလိမ့်မတုံး မေးတော့ “အသုတဝါ ပုထုဇ္ဇနော” မို့ (မှန်ပါ) အကြား အမြင် မရှိတဲ့ ပုထုဇဉ် ဖြစ်ပါတယ်တဲ့၊ အကြားအမြင် မရှိတဲ့ ပုထုဇဉ် ဖြစ်ပြီး သကာလ နေတော့၊ ဒါ ခင်ဗျား တို့မှာဖြင့် ထုံးတမ်းပဲတဲ့၊ မောင်သစ် ထုံးတမ်းပဲ ဆိုပါတော့ (မှန်ပါ)။

ဒါ ခု ဘုန်းကြီးဟောတဲ့ တရားမျိုး မနာဘူးတဲ့ ပုဂ္ဂိုလ်မှာ ဦးသံဒိုင်က ဆုံးဖြတ်ချက်ချကြည့် ဒီသုံးပါး လိုက်၊ မလိုက် (လိုက်ပါတယ် ဘုရား) ပုထုဇဉ်မှာ ဒါလိုက်တယ်ကွတဲ့ (မှန်ပါ) ကြောက်စရာ ကြီးပါလား (မှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သဘော

ကဲ ဒါက အနုသယ သဘောနဲ့ ပြောပြီးပါပြီ ပဋိစ္စ သမုပ္ပါဒ် သဘောနဲ့ ပြောပါဦးမယ်။ ပဋိစ္စသမုပ္ပါဒ် သဘောနဲ့ ပြောတော့ ဒုက္ခနောက်က ဒေါသ လိုက်လာတယ်။

ဒေါသ လိုက်လာရင် “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ” ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) လာပြန်ပြီလို့ ရှိရင်ဖြင့်တဲ့ ပဋိစ္စသမုပ္ပါဒ် အဆုံးက နေပြီး သကာလ အစ ပြန်ပက်မှာပဲ (မှန်ပါ ဘုရား)။

အဆုံးက နေပြီးတော့ (အစပြန်ပတ်မှာပါ ဘုရား) အဆုံးကနေ အစ ပြန်ပတ်ပြန်တော့လည်း သံသရာ တစ်ပတ် လည်လိုက်တာပဲ (မှန်ပါ ဘုရား)။

တစ်ခါ သွားပါဦးတဲ့၊ ပျောက်ချင်တဲ့ တဏှာလာတဲ့ သောမနဿ ဝေဒနာကိုလည်း ဝမ်းသာချင်တဲ့ ဝေဒနာကိုလည်း မသိပြန်တော့ ပဋိစ္စသမုပ္ပါဒ် အလယ်က ဖောက်စတယ် (မှန်ပါ ဘုရား)။

တဏှာပစ္စယာ (ဥပါဒါနံ ပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား) ဒီလှည့် နေတယ် (မှန်ပါ) နှစ်ပတ် ရှိသွားပြီ တစ်ခါ ဒီဥစ္စာ၏ ဖြစ်ပျက်ကို သူမမြင်ပြန်ဘူး၊ ဒုက္ခ၊ ဖြစ်ပျက်ကိုလည်း မမြင်၊ ဒေါမနဿ၏ ဖြစ်ပျက်ကိုလည်း မမြင်၊ သောမနဿ၏ ဖြစ်ပျက်ကော (မမြင်ပါဘူး ဘုရား)။

မမြင်တာက အဝိဇ္ဇာ၊ အင်း စပြန်ပြီ ပဋိစ္စသမုပ္ပါဒ် အစက ပြန်စတယ်၊ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ဝိညာဏံ ဆိုတော့လည်း ခင်ဗျားတို့ သိတဲ့အတိုင်းတဲ့ အတိတ် အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုး စပ်သွားတယ်၊ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။

ခြင်ကိုက်တဲ့ဥစ္စာ အပါယ်မှရောက်ပါ့မလား

ဪ ခင်ဗျားတို့ ခြင်ကိုက်တဲ့ ဥစ္စာ အပါယ်မှ ရောက်ပါ့မလား (ရောက်မှာပါ ဘုရား) ခြင်ကိုက် လည်း ခံရ သေးတယ် အပါယ်လည်း ရောက်သေးတယ် (မှန်ပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)

ခြင်လည်း ကိုက်သေးတယ် (အပါယ်လည်း ရောက် ပါတယ် ဘုရား) ကြမ်းပိုးလည်း ကိုက်သေးတယ် (အပါယ် လည်း ရောက်ပါတယ် ဘုရား) အပါယ်လည်း ရောက်သေးတယ်

ဆိုတော့ (အပါယ်လည်း ရောက်ပါတယ် ဘုရား) အပါယ် လည်း ရောက်သေးတယ် ဆိုတော့ ကိုယ့်ကိုက်လို့ ကိုယ်လုပ်တာ ကျုပ်တို့တော့ မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူးတဲ့။ သူတတ်နိုင်တဲ့ နည်း သိကို မသိဘူး (မှန်ပါ)။

ခြင်ကိုက်ရင် အပါယ်သွားမယ်

ဒါဖြင့် ဒီဒကာ ဒကာမတွေ ခြင်ကိုက်မှာ စိုးရိမ်ရတယ် (မှန်ပါ ဘုရား)။ ခြင်ကိုက်ရင် အပါယ် သွားမယ် (မှန်ပါ ဘုရား) ခြင်ကိုက်ရင် (အပါယ်သွားမှာပါ ဘုရား)။ ခြင်ကိုက်ရင် အပါယ်သွားမယ်တဲ့။

သွားတာ၊ မသွားတာကို ဘယ်သူက သက်သေခံတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ်က သက်သေ ခံတယ် (မှန်ပါ)

အနုသယကကော (သက်သေခံပါတယ် ဘုရား)။

အနုသယကလည်း သက်သေခံ၊ ပဋိစ္စသမုပ္ပါဒ်ကကော (သက်သေခံပါတယ် ဘုရား) ဒါက အကြားအမြင်သာ မရှိတဲ့ ပုဂ္ဂိုလ်များဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီသုံးပါးပဲ ကွတဲ့၊ ဒါလိုက်မှာပဲ ဆိုတော့ ခြင်တစ်ခါ ကိုက်လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး ပေါ်လာတယ် (မှန်ပါ ဘုရား)။

ခြင်တစ်ခါကိုက်ရင်

ခြင်တစ်ခါကိုက်ရင် (ပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး ပေါ်ပါတယ် ဘုရား) ကြောက်စရာ ကြီးပါလား ဒီ အဓိပ္ပာယ်မျိုးကို မြတ်စွာဘုရား ဒေသနာတော်လည်း မနှံ့၊ ထုံးစံအတိုင်းနဲ့သာ နေကြမယ် ဆိုရင်ဖြင့် ဒီခြင်ကိုက်မှု သည်ပင်လျှင် ကြီးလေးစွာသော အပြစ်ကြီး သင့်တယ် ဆိုတာ ဦးသံဒိုင်က ငြင်းဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)။

မလိုတော့ဘူး၊ ဘာကြောင့်တုံး ဆိုလို့ရှိရင် “အသုတဝါ ပုထုဇ္ဇနော” ပဲ၊ အကြားအမြင်က တယ်နည်းတယ်၊ ခြင်ကိုက်တာနဲ့ အပါယ် ရောက်တယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခြင်ကိုက်တာနဲ့အပါယ်ရောက်တယ်

ခြင်ကိုက်တာနဲ့ပဲ (အပါယ်ရောက်ပါတယ် ဘုရား) အပါယ် ရောက်ကြတယ်ဆိုလို့ရှိရင်ဖြင့် ဦးသံဒိုင် ကောင်းနိုင်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ခြင်မကိုက်တဲ့ ပုဂ္ဂိုလ်က ရှာမှရှား (မှန်ပါ ဘုရား) ခြင်မကိုက်တဲ့ ပုဂ္ဂိုလ် (ရှာမှရှားပါ ဘုရား) ဒါဖြင့် ခြင်ကိုက်တိုင်းလည်း အကြားအမြင် မရှိလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် အတိုင်း အပါယ်သွားရုံပဲ (မှန်ပါ ဘုရား)။

ဒီပြင် ခင်ဗျားတို့ ဖြတ်လမ်း မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား) အင်း ပုထုဇဉ် ယားမှာလည်း စိုးရိမ် ရတယ်၊ နာမှာလည်း (စိုးရိမ်ရပါတယ် ဘုရား)။

ဘာပြုလို့ စိုးရိမ်ရသတုံး မေးလို့ရှိရင် သူယားတာ သူနာတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူ အပါယ် သွားကြောင်း ပဋိစ္စသမုပ္ပါဒ်ကို မသိမ်းဆည်း နိုင်တော့ဘူး (မှန်ပါ) သိမ်းဆည်းနိုင်ကြသေးရဲ့ လား (မသိမ်းဆည်း နိုင်ပါဘူး ဘုရား)။

ဘာပြုလို့ မသိမ်းဆည်းနိုင်တုံး ဆိုတော့ အကြားအမြင်က မရှိဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုံး (အကြားအမြင် မရှိလို့ပါ ဘုရား)။

ခေါင်းမွေးဖြူနေလည်း သွားရမှာပဲ

ဦးသံဒိုင်ရ၊ အဘိုးကြီး ဆံပင်ဖြူ၊ ခေါင်းမွှေးဖြူပြီး သကာလ တောင်ဝှေး ထောက်ပြီးတော့ ခါးကုန်းကုန်းနဲ့ ညည်းနေပေမယ့်လည်း သွားရမှာပဲ (မှန်ပါ) သွားရမှာပဲ ဒါရွှေ့လို့ ပြောင်းလို့တော့ ရမှာ မဟုတ်ဘူး (မရပါဘူး ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဆိုတာ ဘုရားပွင့်သည် ဖြစ်စေ မပွင့်သည်ဖြစ်စေ၊ နိယာမ တရား (မှန်ပါ) ဖြတ်နိုင်ရင် ဖြတ်ကြ၊ မဖြတ်နိုင်ရင် သူကတော့ဖြင့် ဒီပဋိစ္စသမုပ္ပါဒ် သုံးမျိုး ကတော့ဖြင့် လာမှာပဲ (မှန်ပါ ဘုရား)။

ဒီလို လာခဲ့လို့ရှိရင်လည်း ခင်ဗျားတို့က သိမ်းဆည်း တတ်တဲ့၊ ဖြတ်တတ်တဲ့ ဉာဏ်ကလည်း မလာ၊ သွားမြဲတိုင်း လမ်းသွားရုံပဲ ရှိမှာပဲ (မှန်ပါ ဘုရား)။

လူတစ်သိန်းမှာ တစ်ယောက် သုဂတိမရောက်

ဒါကြောင့် လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက် မရောက်ပါဘူးလို့ ဘုရား ပြောတဲ့စကား ဒကာသစ် ကြီးသေးလား (မကြီးပါဘူး ဘုရား) မကြီးပါဘူး၊ မသိတဲ့ပုဂ္ဂိုလ်နဲ့ သိတဲ့ပုဂ္ဂိုလ် ဘယ်ဟာက များသတုံး (မသိတဲ့ပုဂ္ဂိုလ်က များပါတယ် ဘုရား)။

ဒါဖြင့် သွားလေတော့ ဆိုတော့ သူ့ကို သပိတ်သွတ်ဖို့ မလိုတော့ဘူး၊ လိုသေးသလား (မလိုပါဘူး ဘုရား) သပိတ် သွတ်တာက ဟန်ပြရှိတာ (မှန်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်က တော့ တကယ် ဆွဲဆောင်သွားတာ (မှန်ပါ ဘုရား) ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ခြင်ကိုက်ဖူးကြရဲ့လား

ခြင်များကော ကိုက်ဖူးကြရဲ့လား (ကိုက်ဖူးပါတယ် ဘုရား) ဒီသုံးချက်နဲ့ကော ညီကြရဲ့လား (ညီပါတယ် ဘုရား) ဟာ သွားပြီ မရတော့ဘူး၊ သပိတ်သွတ်လွတ်ပဲ၊ အတော် ဆိုးနေပြီ ဆိုတာ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ကဲ “အသုတဝါ ပုထုဇ္ဇနော” ဆိုတာ အကြားအမြင် မရှိတဲ့ ပုထုဇဉ်တို့၏ ဖြစ်စဉ်ကဖြင့် ဦးသံဒိုင် အဆိုးချည့်ပဲ (မှန်ပါ) အနုသယ ဘယ်နှစ်မျိုးလိုက်သတုံး (သုံးမျိုးလိုက် ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ပေါ်လာသတုံး (သုံးမျိုး ပေါ်လာပါတယ် ဘုရား) ဒါ ရှောင်လို့ ရှားလို့ ရတဲ့ တရားမျိုးလား လို့ မေးလို့ရှိရင် အကြား အမြင်သာ မရှိလို့ ရှိရင် မည်သူတစ်ဦး တစ်ယောက်မှ မရှောင်နိုင်ဘူး ဆိုတာ မှတ်ပါ (မှန်ပါ ဘုရား)။

အကြားအမြင် မရှိရင် (မည်သူ တစ်ဦး တစ်ယောက် မှ မရှောင်နိုင်ပါဘူး ဘုရား) မရှောင်နိုင် ဘူးတဲ့၊ ဘယ်လို ဖြတ်ရမယ် ဘယ်လို တောက်ရမယ် ဆိုတာကိုမှ မသိသေးလို့ ရှိရင်ဖြင့်တဲ့ ခြင်ကိုက်မှုသည် သေးသော အပြစ်လား၊ ကြီးသောအပြစ်လား ဆိုတာ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်လို ဖြေကြမယ် (ကြီးသော အပြစ်ပါ ဘုရား)။

ပညာစခန်းက အရေးကြီးတယ်

ကြီးသောအပြစ်ပဲ (မှန်ပါ ဘုရား)၊ ခြင်ကိုက်လို့ ဖျောက်လိုက်တာပဲ၊ သီလစခန်းက အရေး မကြီးပါဘူး (မှန်ပါ) ပညာ စခန်းကမှ အရေးကြီးတာ (မှန်ပါ ဘုရား)။

သီလက၊ ခြင်ကိုက်လို့ မောင်းထုတ်တာ ဘာမှ အပြစ် မရှိပါဘူး၊ ပါဏာတိပါတာ သူ့အသက် လည်း မသတ်ပါဘူး၊ ခြင်သာ မောင်းထုတ်လိုက်တာကိုး (မှန်ပါ) သီလနဲ့တော့ ဘာမှ ကိစ္စမရှိပါဘူး။

သီလမှာ ခြင်မောင်းလို့မပြစ်မရှိ

သီလစခန်းမှာ အပြစ် မရှိပါဘူး သူ့ အသက်သတ်တာမှ မဟုတ်ဘဲ ခြင်မောင်းပြီး သကာလ အနုသယ သုံးမျိုး ပေါ်တာပဲ ရှိတာပဲ သီလပျက်ရဲ့ လား (မပျက်ပါဘူး ဘုရား)။

ဝိပဿနာနဲ့ သမထကတော့ မရတော့ဘူး၊ ရသေးရဲ့ လား (မရပါဘူး ဘုရား) မရတော့ဘူးတဲ့ သမာဓိ မရှိလို့ ဟုတ်တိုင်းမှန်စွာ သိသေးရဲ့ လား (မသိပါဘူး ဘုရား)။

ဒါကြောင့် “သမာဟိတော ယထာဘူတံ ပဇာနာတိ၊” သမာဓိရှိမှ ဟုတ်တိုင်းမှန်စွာ သိတယ် ဆိုတော့၊ ဟုတ်တိုင်းမှန်စွာ မသိကတည်းက ဒါတွေ မလာကောင်းဘူးဆိုတာ မသိ ကတည်းကိုက သမာဓိလည်း မရှိလို့၊ ပညာလည်း မပါလို့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့လည်း အသက်အရွယ်တွေ ကြီးကုန် ကြပြီ ဒကာသစ်တို့လည်း ကြီးပြီ၊ ဦးသံဒိုင်တို့လည်း ကြီးပြီ၊ နောက်က ဒကာ ဒကာမတွေလည်း ကြီးကုန်ပြီ (မှန်ပါ ဘုရား) ခြင်မှ မဖျောက် တတ်သေးပဲကိုး (မှန်ပါ ဘုရား)။

ခြင်မဖျောက်တတ်သေးဘူး ၊

ခြင်ကို မဖျောက်တတ်သေးဘူး၊ နောက်က ဒကာ ဒကာမ တွေ ခြင်ဖျောက်တတ်ပြီလား (မဖျောက်တတ်ပါဘူး ဘုရား) ဖျောက်တတ်တဲ့ နည်းကတော့ အပါယ်သွားတဲ့ နည်းပဲရှိတယ်၊ ခင်ဗျားတို့မှာ တခြားသော နည်းပါသေးသလား (မပါပါ ဘူး ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ အကြားအမြင် မရှိပဲကိုးဘုရား၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ခေါင်းဖြူစွယ်ကျိုး တွေပေမယ့်လည်း အကြား အမြင်မရှိရင် ဒီပုံနဲ့၊ ဒီစခန်းနဲ့ ဒီလမ်းပဲ ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း သွားမှာပဲ (မှန်ပါ ဘုရား) တ ခြားသွားစရာ ရှိသေးသလား (မရှိတော့ပါဘူး ဘုရား) ဒါဖြင့် ပေါ်ကြပြီတဲ့ ဝေဒနာ နားမလည်တဲ့ပုဂ္ဂိုလ်များ အခက်ကြီးပါလား (မှန်ပါ ဘုရား)။

ဝေဒနာ နားမလည်တဲ့ ပုဂ္ဂိုလ် (အခက်ကြီးပါ ဘုရား) အခက်ကြီးပဲဆိုတာ ပေါ်လာပြီ၊ ဝေဒနာကို မသိမ်းဆည်း တတ်လို့ရှိရင်ဖြင့် အနုသယ သုံးပါးသာ ပေါ်လာတော့ တယ်၊ ဝိပဿနာ ဉာဏ် နည်းနည်းမှ မပေါ်လာဘူး (မှန်ပါ ဘုရား) ပေါ်လာသေးရဲ့လား (မပေါ်လာပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် နောက်ကို ခြင်ဖျောက်နည်း သင်ရ ဦးမယ် ခင်ဗျားတို့ကို (မှန်ပါ ဘုရား) ခြင်ဖျောက်နည်း သင်ရဦးမယ် ဒီနေ့ည ဘာတရား ဟောမှာတုံးဆိုတာ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာသင်မှာပါလိမ့် (ခြင်ဖျောက်နည်းပါ ဘုရား) အမလေး ! ဒီအရွယ်ကြီးတွေ ခြင်ဖျောက်နည်း သင်ရတာ မလွယ်လှဘူးနော် ခြင်ဖျောက်နည်း ဆိုတာကလည်း အကြားအမြင် မရှိလို့ရှိရင် အပါယ် သွားတဲ့ နည်းသာ သူတတ် တယ် (မှန်ပါ ဘုရား)။

နိဗ္ဗာန်သွားနည်းနားမလည်ဘူး

ဝေဒနာနဲ့ နိဗ္ဗာန် သွားမယ်ဆိုတဲ့ နည်းကို သူနားမလည် ဘူး၊ အဲတော့ ခြင်ဖျောက်နည်း ဆိုတဲ့ နိဗ္ဗာန် သွားနည်းကိုလည်း အကြားအမြင် ပေးရတော့မယ် (မှန်ပါ ဘုရား) အကြား အမြင် ရှိအောင် ပေးရမယ်။ အကြားအမြင် ရှိအောင် မပေးလို့ ရှိရင်ဖြင့် ခင်ဗျားတို့ တစ်လမ်းသွားပဲ (မှန်ပါ)။

ကိုယ်က ဝိပဿနာ အားထုတ်နေတာ ခြင်က သိပ်ရှုပ် တာ (မှန်ပါ ဘုရား) ကိုယ်က ဝိပဿနာ အားထုတ် နေတာ၊ ဆရာသမားက ဝိပဿနာ အားထုတ်ရမယ်ဆိုလို့ ကိုယ်က ကြိုးစားနေတာ ဒီခြင်က သိပ်ရှုပ်တာ၊ သိပ်ရှုပ်တာ မဟုတ်ဘူး၊ အပါယ် သွားပြီ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သိပ်ရှုပ်တာလား၊ အပါယ်သွားတာလား

သိပ်ရှုပ်တာလား၊ အပါယ်သွားတာလား (အပါယ် သွားတာပါ ဘုရား) ခင်ဗျားတို့ကလည်း ကုသိုလ် လုပ်နေရင် ဒီလိုပဲ အနှောင့်အယှက်က ပါတတ်တယ်၊ ကုသိုလ် လုပ်နေရင် ညည်းလုံးက ဘယ်လို ညည်းတုံး (အနှောင့် အယှက်က ပါပါတယ် ဘုရား)။

ခက်ပြီကော အကြားအမြင်မရှိတော့ ဒါအနှောင့် အယှက်ဖြစ်နေတာ(မှန်ပါ ဘုရား) အကြားအမြင် မရှိတော့ (အနှောင့်အယှက် ဖြစ်ပါတယ် ဘုရား)။

ဒါကြောင့် တရားလေး အားထုတ်မယ်ကြံရင်ဖြင့် အလုပ်တွေက ရှုပ်လိုက်တာ ဒီနေရာ နေလို့ကို မဖြစ်ဘူးဆိုပြီး ဒေါမနဿနဲ့ ထပြေးတာ (မှန်ပါ ဘုရား) သူ ပဋိစ္စသမုပ္ပါဒ် တစ်ခါတည်း ဆွဲဆောင်ရာ ပါသွားတယ်။ မပါဘူးလား (ပါပါတယ် ဘုရား)။

ခြင်ကိုသည်းမခံနိုင်ဘူး

အဲတော့ ဘယ့်နှယ်ကြောင့် ထပြေးရတာတုံးလို့ ဆရာဘုန်းကြီးက မေးလို့ရှိရင် အရှင်ဘုရား ခြင် သည်းမခံနိုင်ဘူး ဘုရား၊ ဒေါမနဿ ပေါ်လာပြီ (မှန်ပါ ဘုရား) ခြင်သည်း မခံနိုင်ဘူး ဆိုတော့ (ဒေါမနဿပါ ဘုရား) ဒေါမနဿ ပေါ်လာတယ်တဲ့။

ဒေါမနဿတင် ပေါ်သလားလို့ မေးတော့ ဟိုနေရာ သွားပါက ခြင်ကိုက် သက်သာတယ် ဆိုတော့ ဟိုနေရာ သာယာ တဲ့ တဏှာက လာတယ် (မှန်ပါ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒေါမနဿ နောက်ကလည်း တဏှာက လိုက်လိုက်သေးတယ် (မှန်ပါ) ဒီ ဒေါမနဿ၏ ဖြစ်ပျက် ကိုလည်း မသိ သောမနဿ တဏှာ၏ ဖြစ်ပျက်ကိုကော (မသိပါဘူး ဘုရား)။

မသိတော့ ဟိုနေရာကျတော့ လည်း အဝိဇ္ဇာက လာလျက်ပဲ (မှန်ပါ) ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဘယ်နေရာ သွားအားထုတ်ကြမတုံး ဘယ်နေရာသွား အားထုတ်မှာ တုံး၊ နေရာလေး ရွေးကြပါဦး မောင်သစ် နေရာရွေးရဦး မှာ (မှန်ပါ)။

နေရာ ရွေးနေဖို့ မလိုဘူး၊ ဒီနေရာတင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောသလိုပဲ ဒီနေရာမှာတင်ဖြစ်တဲ့ အန္တရာယ်ကို ဒီနေရာ ဖျောက်ရမယ် (မှန်ပါ့)။

မာဂဏ္ဍီ

ညီတော် အာနန္ဒာ ကြည့်ပါလား မာဂဏ္ဍီတို့ က လိုက် ဆဲပြီး နေတဲ့ အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ပိုက်ဆံပေးပြီး အဆဲခိုင်းကြ၊ အမူးသမား အရူးသမားတွေကို ဆဲခိုင်းတော့၊ ညီတော် အာနန္ဒာက မကြွပါနဲ့ဘုရား! ဒီလောက် အဆဲပေါတဲ့ အရပ်ကို ! မင်း တယ်ဖျင်းတာပဲကွ၊ ဒီနေရာ ဖြစ်တဲ့ ဥစ္စာ ဒီနေရာပြီးအောင် လုပ်ရတယ်လို့ ဘုရားက ပြောတယ် (မှန်ပါ)။

ခင်ဗျားတို့ကော (ဒီနေရာဖြစ်တဲ့ ဥစ္စာ ဒီနေရာ ပြီးအောင် လုပ်ရမှာပါ ဘုရား) မဟုတ်ဘူး ခင်ဗျားတို့က ထ, ထ ပြေးတယ်၊ ဒီနေရာဖြစ်တာ ဒီနေရာ မပြီးပါဘူး (မှန်ပါ) ဘယ်သွားတုံး (ထသွား ပါတယ် ဘုရား)။

ထသွားရင် သုံးမျိုးလိုက်တယ်

သွားပြီးကောဗျ၊ ထသွားရင် ပဋိစ္စသမုပ္ပါဒ်က သုံးမျိုး လိုက်တယ်၊ အနုသယကော (လိုက်ပါတယ် ဘုရား) အနုသယ သုံးမျိုး လိုက်ပြီ နားလည်ကြရဲ့လား (မှန်ပါ့)။

အခု စကားတတ်လို့ ပြောနေတာလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ခင်ဗျားတို့ ပေါ်လွင်အောင် ပြောနေတာလား (ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင်း ပေါ်လွင်အောင် ပြောနေတာပါ ဘုရား) ပေါ်လွင်အောင် ပြောတာ၊ စကားတတ်လို့ ပြောတာ မဟုတ် ဘူး၊ ဒီလိုကို ပါဠိတော်က ရှိနေလို့ ဒီအတိုင်း သုံးရတာ (မှန်ပါ)။

ဒီပါဠိတော်ကလည်း တစ်ခါ စဉ်းစားပါဦးတဲ့ ဖြစ်စဉ်နဲ့မှ ကိုက်ကြရဲ့လား (ကိုက်ပါတယ် ဘုရား) ဖြစ်စဉ်ကိုက်ရင် လည်း ခင်ဗျားတို့ ကျေနပ်ကြပါပြီ။ ဖြစ်စဉ် အသေအချာ ကိုက်ပါတယ်တဲ့။

အဲတော့ ခုန မာဂဏ္ဍီက ပိုက်ဆံပေးပြီး အဆဲ ခိုင်းတော့ ဒီနေရာ ဖြစ်တာ ဒီနေရာတင် ပြီးစေရတယ်ကွ၊ မင်း ဟိုနေရာ ဒီလိုဆဲတော့ ဘယ့်နှယ် လုပ်မှာတုံး ဘုရားက မမေး ဘူးလား (မေးပါတယ် ဘုရား)။

အဲတော့ကိုးတဲ့ ဒီနေရာမှာ ဖြစ်တဲ့ဥစ္စာကို ဒီနေရာမှာပဲ ကိစ္စသိမ်းရမယ် ဆိုပြီး ဓမ္မပဒ ပါဠိတော် များမှာ အသေအချာ ဟောထားတယ် (မှန်လှပါ ဘုရား)။

အလုပ်သင်တရားတော်

အဲတော့ ခင်ဗျားတို့ ဒီနေရာဖြစ်တာ ဒီနေရာမှာပဲ ကိစ္စသိမ်းရမယ် (မှန်ပါ) ဒါကြောင့် အလုပ်သင် တရားလို့ ပြောနေတာ (မှန်ပါ) ညဟောတာ ဘာတရားပါလိမ့် (အလုပ်သင်တရားပါ ဘုရား)။

အလုပ်သင်တရား၊ ဒီနေရာ ဖြစ်တာ ဒီနေရာ ပြီးအောင် လုပ်ရမယ် (မှန်လှပါ ဘုရား) ဒီနေရာမှာ ဖြစ်ရင် (ဒီနေရာ ပြီးအောင် လုပ်ရမှာပါ ဘုရား) ဒီနေရာ ဒုက္ခပေါ်တယ် ဒီနေရာတွင် စခန်း သတ်အောင် လုပ်ရမယ် (မှန်ပါ) ဒီနေရာ သုခပေါ်ရင် (ဒီနေရာ စခန်းသတ်အောင် လုပ်ရမှာပါ ဘုရား)။

ဒီနေရာတင် စခန်းသတ်ရမယ်

ဒီနေရာ ဥပေက္ခာ ပေါ်ရင်ကော (ဒီနေရာ စခန်း သတ်အောင် လုပ်ရမှာပါ ဘုရား) ဒီနေရာတင် စခန်းသတ် ရမယ်ဆိုတဲ့ အဓိပ္ပာယ် ကိုဖြင့် ဒီနေ့ည ရှင်းပါပြီ (မှန်ပါ) ကဲ ဒါဖြင့် ဒီလို လုပ်ပါ။

အကြားအမြင် မရှိတဲ့ အတွက် အနုသယ ဘယ်နှစ်မျိုး ကိန်းသလဲ (သုံးမျိုး ကိန်းပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ပေါ်သလဲ (သုံးမျိုးပေါ်ပါတယ် ဘုရား) သုံးမျိုး ပေါ်တယ်၊ ဘာဖြစ်လို့ ခေါ်ကြတုံး (အကြားအမြင် မရှိလို့ ပါ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ အကြားအမြင် မရှိလို့ ရှိရင်ဖြင့် “အသုတံ သုဏာတိ” ဆိုတာ ဘုရားက လည်း အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ “အသုတံ သုဏာတိ” ကိုယ်န ားမလည်တာကို တရားနာမှဟေ့၊

တရားမနာလို့ရှိရင်တော့ မဖြစ်ဘူး “သုတံ ပရိယော ဒါပေတိ၊” ကြားပြီးသားလည်း စင်စင် ကြယ်ကြယ်နဲ့ သံသယ ရှင်းရှင်းနဲ့ အားထုတ် နိုင်တယ်ကွ ဆိုတော့၊ တရားမနာ တဲ့ သတ္တိဟာ၊ ဒီ ဒုက္ခဝေဒနာလေး တစ်ခုပေါ်လာရင်ပဲ ဦးသံဒိုင် တို့ မိုးကြိုးပစ်တာထက် နာသေးတယ် (မှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အတွက်ကြောင့်

မနာဘူးလား (နာပါတယ် ဘုရား) မိုးကြိုးပစ်တာက တစ်ခါသေကိုးဗျ (မှန်ပါ) ဒီအကြားအမြင် မရှိလိုက်တာက ခုနက ဒေါမနဿ ပဋိစ္စသမုပ္ပါဒ် အတွက်က အပါယ် တစ်ခါ သွားလိုက်၊ သောမနဿ ပဋိစ္စသမုပ္ပါဒ် အတွက်ကကော (အပါယ်တစ်ခါ သွားလိုက်ပါ ဘုရား) အပါယ် သွားလိုက်နော် (မှန်ပါ)။

အင်း မောဟ ပဋိစ္စသမုပ္ပါဒ် အတွက်ကကော (အပါယ်သွားလိုက်ပါ ဘုရား) အပါယ်သွားလိုက် ဆိုတာ ဘယ့်နှယ်ကြောင့် ဒီသွားလမ်း မှန်နေပါလိမ့်မတုံး ဆိုတာ ရှင်းပြီ လား ဘယ်လိုကြောင့်ပါလိမ့် (အကြားအမြင် မရှိလို့ပါဘုရာ) ဘယ်လောက်ဆိုးတုံး (မှန်ပါ)။

အကြားအမြင်မရှိတဲ့အပြစ်

ဒါ ဘုန်းကြီး ချဲ့ပြောတာလားတဲ့၊ အကြားအမြင် မရှိခြင်းကြောင့် အပြစ်သင့်တာတွေ များလွန်းလို့ ပြောရတာလား ဆိုတာလည်း ခင်ဗျာတို့ အကဲခတ်ကြည့်၊ အကြားအမြင်မရှိလို့ ဖြစ်ချင်သလို ဖြစ်နေတာ(မှန်ပါ ဘုရား) ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

ဘာပြုလို့ ဒီလောက်တောင် ဖြစ်ချင်သလို ဖြစ်နေပါလိမ့် (အကြား အမြင် မရှိလို့ ပါ ဘုရား) အကြား အမြင်မရှိ လို့ဖြစ်တာ ဒါဖြင့် “အသုတဝါ ပုထုဇ္ဇနော” ဆိုတာ အဖိုးတန်ပြီဗျ ဦးသံဒိုင်(မှန်ပါ)။

“သုတဝါ အရိယသာဝကော” ဆိုတာကော အဖိုးတန် ပြီဗျ “အသုတဝါ ပုထုဇ္ဇနော” ဆိုတာ လည်း ဟောသင့်တယ်၊ (မှန်ပါ)။“သုတဝါ အရိယသာဝကော” ဆိုတာကော (ဟောသင့်ပါတယ် ဘုရား)။

ဟောသင့်တယ်တဲ့၊ အကြားအမြင်ရှိတဲ့ အရိယာတို့၏ သာဝက ဖြစ်တာမှန်ရင်၊ ဒီလိုမှ မင်းတို့သည်ကားလို့ ဆိုရင် ခြင်ကိုက်ခြင်းကြောင့် အပါယ် မရောက်မှာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒေါသနဲ့သေရင် ငရဲသွားမယ်

ဒေါသနဲ့ သေလို့ရှိရင်လည်း ခင်ဗျားတို့ ငရဲသွားမယ် (မှန်ပါ) လောဘနဲ့ သေရင် ပြိတ္တာ၊ မောဟနဲ့ သေရင် တိရစ္ဆာန် အဋ္ဌသာလိနီက များသော အားဖြင့် ဒါဖြင့် ခြင်တစ်ခါကိုက်လို့ ရှိရင် တိရစ္ဆာန်လည်း ဖြစ်ဖို့ ပါသွားပြီ (မှန်လှပါ ဘုရား)။

အင်း ပြိတ္တာ ဖြစ်ဖို့ကော (ပါပါတယ် ဘုရား)။ လောဘနဲ့ သေသွားတာကိုး၊ ကဲ ခြင်တစ်ခါ ကိုက်လိုက်တာ ငရဲကျဖို့ကော (သေချာပါတယ် ဘုရား) ဟ! အကြားအမြင် မရှိတဲ့သူ ခြင်ကိုက်မှာကို အတော် ကြောက်နေရပြီ (မှန်ပါ ဘုရား)။

အကြားအမြင် မရှိတဲ့ လူမှာ (ခြင်းကိုက်မှာ ကြောက်နေရပါတယ် ဘုရား) ခြင်ကိုက်မှာ ကြောက်နေရတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အကြားအမြင်ရှိဖို့လိုတယ်

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကြားအမြင်ဟာ ဒီနေ့ည ပြောမှပဲ တော်တော် အရေးကြီး သကိုး ပေါ်လာကြပြီ လား (ပေါ်လာပါပြီ ဘုရား) အကြားအမြင်ရှိဖို့ (အရေးကြီးပါတယ် ဘုရား) အရေးကြီးတယ် ဆိုတာဟာ အသေအချာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဝိပဿနာ ရှုမှုဟာ အသာထားစမ်း ပါဦး ဦးသံဒိုင်ရ၊ အကြားအမြင် ရှိဖို့ကို သိပ်အရေးကြီးတယ် (မှန်ပါ ဘုရား) သူရှိပြီးမှ လုပ်လို့ ဖြစ်မှာကိုး (မှန်ပါ ဘုရား)။ သူမရှိလို့ရှိရင် (လုပ်လို့ မဖြစ်ပါဘူး ဘုရား)။

ဘယ်ဟာ လုပ်ရမှန်းကိုလည်း ဘယ်ဟာရှောင်လို့ ဘယ်ဟာရှားရမယ် ဆိုတဲ့ အဓိပ္ပာယ်လည်း ခင်ဗျားတို့ အတော် ဝန်လေးသွားပါလိမ့်မယ် (မှန်ပါ ဘုရား)။

လှံနဲ့ တစ်ချက်ထိုးရင်၊ ပြန်ထိုးရမယ်

ကဲ ဒါဖြင့် နာရီဝက်တောင် ရှိသွားပြီ ဒကာ ဒကာမတို့ အကြားအမြင်ရှိ မရှိ ဝေဖန်နေရတာနဲ့၊ ကိုင်း ဒါဖြင့် အကြား အမြင်ရှိတဲ့ ပုဂ္ဂိုလ် ကျတော့ကိုတဲ့ ဒီလို လုပ်လေ့ ရှိပါတယ်တဲ့၊ အကြားအမြင် ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်စေ၊ အရိယာ ဖြစ်စေ သူက လှံနဲ့ တစ်ချက် ထိုးလိုက်တယ်တဲ့၊ ကိုယ်က ပြန်ထိုး ရမယ်တဲ့ (မှန်ပါ့)။

ခုနကတုန်းကတော့ သူက တစ်ချက် ထိုးလိုက်တယ်၊ ကိုယ်က အတွင်းမှာ ပြန်စူးနေတယ် (မှန်ပါ) သဘောကျ ပြီလား (ကျပါတယ် ဘုရား) ဒုက္ခဝေဒနာက ကိုယ်ပေါ်မှာ တစ်ချက် ထိုးလိုက် တယ်၊ ဝမ်းထဲက ပါနာနေတယ် (မှန်ပါ) ဒါဖြင့် နှစ်နာမိတယ် (မှန်ပါ) မမိဘူးလား (မိပါတယ် ဘုရား)။

ဒုက္ခဝေဒနာ၊ ဖြစ်ပျက်

အဲဒါ အကြားအမြင် မရှိလို့ ကိုး (မှန်ပါ ဘုရား) ခုတော့ဖြင့် အကြားအမြင် ရှိအောင် လုပ်ရမယ်၊ ဒုက္ခ ဝေဒနာလေး တစ်ခု ပေါ်လာတယ် သူ့ကိုပဲ ခင်ဗျားတို့က အနိစ္စ ဖြစ်အောင် ရှုရမယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူက တစ်ချက်ထိုးရင် ကိုယ်က တစ်ချက် ပြန်ထိုးနိုင် ရမယ်တဲ့ (မှန်ပါ) သူက တစ်ချက် ထိုးရင် (ကိုယ်က တစ်ချက် ပြန်ထိုးနိုင်ရမှာပါ ဘုရား)။

ကိုယ်က တစ်ချက်ပြန်ထိုးလို့ ရှိရင်ဖြင့်တဲ့ ခုနက ပဋိစ္စ သမုပ္ပါဒ် အဆုံးကနေ ပြန်လှည့်မလို့ ပြန်ပတ်မလို့ လာတာ လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။

အလယ်ကကော စနိုင်သေးရဲ့လား (မစနိုင်ပါဘူး ဘုရား) အစကကော (မစနိုင်ပါဘူး ဘုရား) ဒါ ဘယ့်နှယ် ကြောင့် ပါလိမ့်မတုံး မေးတော့ “သုတဝါ အရိယသာဝကော” ဖြစ်သွားလို့ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သုတဝါ အကြားအမြင် ရှိသော၊ အရိယသာဝကော – အရိယာတို့၏ တပည့်သား ဖြစ်သွားလို့ (မှန်လှပါ ဘုရား) အရိယာများ ဟောတဲ့ တရားကို နာကြရလို့၊ ကြားကြရလို့ ဆိုတော့ ပုထုဇဉ်ပေမယ့် “သုတဝါ အရိယသာဝကော” ဖြစ်ခဲ့လို့ ရှိရင်တဲ့ ခုနက “အသုတဝါ ပုထုဇ္ဇနော” လို ပဋိစ္စသမုပ္ပါဒ် သုံးမျိုး အနုသယ သုံးမျိုး မလိုက်ပါဘူးတဲ့ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်နဲ့ပြန်ထိုးရမယ်

ဒါဖြင့် ဒီကရှေ့ သူက တစ်ချက်ထိုးရင် (ကိုယ်က တစ်ချက် ပြန်ထိုးရမှာပါ ဘုရား) ကိုယ်က ဉာဏ်နဲ့ တစ်ချက် ပြန်ထိုးရမယ် (မှန်ပါ ဘုရား) ထိုးတတ်ကြပြီလား (ထိုးတတ်ပါပြီ ဘုရား)။

ကိုင်း ယား ယားတဲ့နေရာ ဘာလုပ်ရမှာတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဖြစ်ပျက် ရှုရမယ် သွားမဖျောက်ရဘူး တစ်နေ့က ဦးသံဒိုင် ကြီးသွားဖျောက်လို့ အမြည်ခံရပြီ ဘာပြုလို့ ဖျောက်ပစ်ပါလိမ့် မတုံးလို့ မေးတော့ကို အဓိပ္ပာယ်က ယနေ့ ပေါ်သွားပြီ “အသုတဝါ ပုထုဇ္ဇနော” ဖြစ်သွားလို့ (မှန်ပါ) ရှင်းကြပြီလား (မှန်ပါ)။

ဒါ ခင်ဗျားတို့လည်း ဟိုကျလို့ရှိရင် သူက တစ်ချက် ထိုးလို့ရှိရင် နှစ်ချက်မိလို့ရှိရင်ဖြင့် “အသုတဝါ ပုထုဇ္ဇနော” အသေ အချာဖြစ်ပြီ (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

သီလနဲ့ ပညာ၊ ဘယ်သူကသာတုံး

ဒါဖြင့် ဒါက သည်းခံတဲ့ ပါရမီလားတဲ့၊ ဝိပဿနာ လုပ်ရမှာလား (ဝိပဿနာ လုပ်ရမှာပါ ဘုရား) ခြင်ကိုက်ရင် သည်းခံပြီးတော့ နေမယ်လို့၊ အဲဒီ သည်းခံ နေတာက ခန္တီပါရမီ မျှသာဖြစ်တယ်၊ သီလ ထဲက လောက်ပဲ ရှိသေးတယ် သူ့ကို ဖြစ်ပျက် ရှုနိုင်တာ ကတော့ဖြင့် ဝိပဿနာ တက်သွားပါပြီ (မှန်ပါ)။

ဒါဖြင့် သီလနဲ့ ပညာ ဘယ်သူက သာသွားတုံး (ပညာက သာသွားပါတယ် ဘုရား) အဲဒါဖြင့် ခင်ဗျားတို့ သည်းခံနေမလား၊ ဖြစ်ပျက် ရှုနေမလား (ဖြစ်ပျက်ရှုနေမှာ ပါ ဘုရား) ဒါ အသေအချာ မှတ်ထားနော်၊ ဆရာ့ဆီ တာဝန်ခံ ပြီးနောက်၊ ဟိုကျတော့ ပြောင်းပြန်ကြီးတွေ အဖွားကြီးတွေ လုပ်မနေကြနဲ့၊ ရိပ်မိပြီလား (မှန်ပါ)။

ကိုင်း ဒါဖြင့် သူက တစ်ချက်ထိုးရင် ကိုယ်ကတစ်ချက် ပြန်ထိုးနိုင်တဲ့ မဂ်ဉာဏ်နဲ့ ဝိပဿနာ မဂ်ဉာဏ်နဲ့ ပြန်ထိုးနိုင်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် အစက မလာဘူး (မှန်လှပါ ဘုရား) သဘောကျပြီလား (မှန်ပါ)။

ပျောက်ချင်တဲ့တဏှာကိုဖြစ်ပျက်ရှု

ပြီးတော့ လိုချင်တဲ့ တောင်းတ လာပြန်လို့ ရှိရင်လည်း ပျောက်ချင်တဲ့ တဏှာ လာပြန်လို့ ရှိရင်လည်း ဟိုက မတတ်နိုင် လို့ ဒီဖက်ကို တစ်ချက် လွန်လာပြန်လို့ ရှိရင်လည်း နှစ်ချက်မိပြီး သည်၏ အခြားမဲ့၌ တတိယ အချက်ကိုလည်း ခင်ဗျားတို့ ပျောက်ချင်တဲ့ တဏှာကိုလည်း၊ ဟာ မင်း လာပြန် ပြီလား ဆိုပြီး သူ့ဖြစ်ပျက် ရှုပြန်လို့ ရှိရင်လည်း နောက် ပဋိစ္စသမုပ္ပါဒ် အစက စမယ့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ချုပ်သွားတယ် (မှန်ပါ)။

လွန်လာလည်း ရှုပေးပါ (မှန်ပါ) လွန်လာလည်း (ရှုပေးရမှာပါ ဘုရား) ရှုပေးရမယ်၊ ပျောက်ချင်တဲ့ တဏှာ လာလို့ရှိရင် တဏှာ လာမှန်း သိအောင် တစ်ခါတည်း ဖြစ်ပျက် ရှုပေး (မှန်ပါ ဘုရား)။

ဒီဥစ္စာသည် အင်မတန် အဖိုးတန်တော့တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား) ပျောက်ချင်တဲ့ တဏှာလာလို့ ရှိရင်လည်း သူ့ဖြစ်ပျက်ရှု (မှန်ပါ) သဘောပါပလား (ပါပါတယ် ဘုရား)။

အဲတော့ ဘယ်ထဲ ဝင်သွားတုံးဆိုတော့ “သရာဂ စိတ္တံ သရာဂ စိတ္တန္တိ ပဇာနာတိ” ပထမ အကြောင်း မိအောင်ရှုနိုင်လို့ ရှိရင် “သဒေါသစိတ္တ သဒေါသစိတ္တန္တိ ပဇာနာတိ” စိတ္တာ နုပဿနာထဲ သွင်းလိုက် (မှန်ပါ) ဝေဒနာနုပဿနာ ထဲကော(သွင်းလိုက်ပါ ဘုရား)။ သွင်းလိုက်ပါ အကုန်တည့်တာ ချည့်ပဲ (မှန်ပါ)။

မတည့် မရှိပါဘူးဆိုတာကော ပေါ်ကြပြီလား (ပေါ်လာပါပြီ ဘုရား) ကိုင်း ဒါဖြင့် ကဲ ပျောက်ချင်တဲ့ တဏှာကို မရှုမိပါဘူး ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အဝိဇ္ဇာက လာတော့မယ် (မှန်ပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

အဝိဇ္ဇာက လာလို့ရှိရင်ဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” နဲ့ ဦးသံဒိုင် ကယ်မယ် ယူမယ့်သူ ကုန်သွားပြီ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

အကြားအမြင်ရှိရင် ပြတ်တယ်

အဲဒီလို ခန္ဓာထဲမှာ ခုပြောသလို “သုတဝါ အရိယ သာဝကော” ဆိုတော့ အကြားအမြင် ရှိပြန် တော့လည်း ပဋိစ္စ သမုပ္ပါဒ်ဟာတဲ့ သုံးမျိုးစလုံး ပြတ်တယ် (မှန်လှပါ ဘုရား) အနုသယ သုံးမျိုး စလုံး ချုပ်တယ် (မှန်လှပါ ဘုရား) သဘော ကျပြီလား (ကျပါတယ် ဘုရား)။

အကြားအမြင် ရှိပြန်တော့လည်း (ပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး ပြတ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် သုံးမျိုးစလုံး ပြတ်တယ်ဆိုတော့ ဒါ ဦးသံဒိုင်တို့က စဉ်းစားကြည့်ရမယ် အတော် ချက်ကောင်းတဲ့ နေရာပါလား၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဘုရားကတော့ ဝိသညုတ္တောနံ ပဇာနာတိ ဘုရားက ဒီပါဠိတော်ကို အများကြီး သုံးတယ်၊ ဒီနေရာမှာလည်း သုံးတယ်၊ နောက်က တဏှာ မလာစေနဲ့ကွ၊ နောက်က အဝိဇ္ဇာ မလာစေနဲ့ ကွ သိပ်ဟောတာ (မှန်ပါ)။

ခြင်ကိုက်တဲ့ဝေဒနာ ဖြစ်ပျက်ရှု

နောက်က ဒေါသ မယှဉ်စေနဲ့ကွ မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒါ ဘာပြုလို့ ဟောရသတုံး ဆိုတော့ မယူတတ်ရင်သာပါ၊ ယူတတ်လို့ရှိရင်ဖြင့် မလာအောင် ခင်ဗျား တို့ ပထမဖြစ်တဲ့ ခြင်ကိုက်တဲ့ ယားတဲ့ ဝေဒနာကိုပဲ ခင်ဗျားတို့ ဖြစ်ပျက် ရှုနိုင်ရမယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ရှုလိုက်လို့ရှိရင် နောက်ကနေပြီး ဒေါသဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော လာသေးရဲ့လား (မလာ ပါဘူး ဘုရား) လောဘဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော (မလာပါဘူး ဘုရား) မောဟဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော (မလာပါဘူး ဘုရား)။

ဖျောက်ရမှာလား ရှုရမှာလား

ဒါဖြင့် ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်များမှာ ခြင်ကိုက်ရင် ဖျောက်ရမှာလား၊ ရှုရမှာလား (ရှုရမှာပါ ဘုရား) ခြင်ကိုက် လို့ ဖြစ်တဲ့ ယားတဲ့ ဝေဒနာကိုပဲ ခင်ဗျားတို့ ဖြစ်ပျက်ရှုနိုင်ရမယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ရှုလို့ရှိရင် နောက်ကနေပြီး ဒေါသဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော လာသေး ရဲ့လား (မလာပါ ဘူးဘု ရား) လောဘဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော လာသေးရဲ့ လား (မလာပါဘူး ဘုရား) မောဟဆိုတဲ့ မယှဉ်ကောင်းတဲ့ တရားကော (မလာပါဘူး ဘုရား)။

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ ခြင်ကိုက်ရင် ဖျောက်ရမှာလား ရှုရမှာလား (ရှုရမှာပါ ဘုရား) ယားတယ်။ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်ဆိုတာ ဘာလုပ်ရ မှာတုံး (ရှုရမှာပါ ဘုရား) ရှုရမှာပဲ။

ခင်ဗျားတို့ နောက်က အနုသယ သုံးမျိုးလိုက်ဖို့ လာတာ မဟုတ်ဘူး (မှန်ပါ) သဘောပါပြီလား (ပါပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ရထားတဲ့ “ဧဟိပဿိကော” ဟာ ဒါပဲ (မှန်ပါ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုယ်တိုင်မြင်အောင်လိုက်

ဧဟိ – လာခဲ့ပါ၊ ပဿ-ရှုပါ၊ ဒေါသကလည်းခေါ်တာပဲ (မှန်ပါ) လောဘကကော (ခေါ်ပါတယ် ဘုရား) မောဟကကော (ခေါ်ပါတယ် ဘုရား) ခေါ်တာပဲတဲ့ အဲဒါကို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင် မြင်အောင် လိုက်လို့ ရှိရင်ဖြင့် “သုတဝါ အရိယသာဝကော” ဖြစ်မယ် (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အရိယာများ အစစ်ဖြစ်လာတဲ့ အခါကျတော့ မောင်သစ် ဒီအတိုင်းမှတ်၊ ဒီသုံးမျိုးကို မလာဘူး (မှန်ပါ) ရှုတာပဲ လာတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

“သုတဝါ အရိယသာဝကော” ကတော့ အရိယာ ဖြစ်ချင်လို့ အရိယာ မျိုးစေ့ကို “သုတဝါ အရိယသာဝကော” က ဘာပါလိမ့် (အရိယာ မျိုးစေ့ပါ ဘုရား)။

အရိယာမျိုးစေ့ ဆိုတော့၊ အရိယာ အမေက မွေးလို့ အရိယာ ဖြစ်တာ မဟုတ်ပါဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အရိယာ အမေက မွေးလို့ (အရိယာ မဖြစ်ပါဘူး ဘုရား)။

“သုတဝါ အရိယသာဝကော” ကမှတဲ့ အရိယာ ဘက်ကို တက်ရပါတယ် (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်က ဘယ်တက်ကြမတုံး (သုတဝါ အရိယာ သာဝကောကမှ တက်ရမှာပါ ဘုရား)။

ဝေဒနာလာတိုင်းဖြစ်ပျက်ရှု

ကိုင်း ခင်ဗျားတို့ကတော့ အခု “အသုတဝါ ပုထုဇ္ဇနော” အဖြစ်နဲ့ တရားနာ နေတာ (မှန်ပါ) ယနေ့ ဆရာ ဘုန်းကြီးက သင်ပေးလိုက်တဲ့ အတွက် ဒုက္ခဝေဒနာလာလည်း ဖြစ်ပျက်ရှုကွ၊ ဒေါမနဿ ဝေဒနာလာလည်း (ဖြစ်ပျက်ရှု ရမှာပါ ဘုရား) သောမနဿ လာရင်လည်း (ဖြစ်ပျက်ရှုရ မှာပါ ဘုရား)။

ဥပေက္ခာလာလည်း (ရှုရမှာပါ ဘုရား) ဆိုတော့ ဪ ဒါတွေဟာ ရှုစရာတွေ ပါလားလို့ ဆိုတာ မောင်သစ် တို့ ဦးသံဒိုင်တို့ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒါ “သုတဝါ အရိယသာဝကော” အဖြစ်နဲ့ ယနေ့ တက်ပေးလိုက်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တကယ်ရှုလို့ ဒေါသလည်း ချုပ်မယ်၊ လောဘလည်း ချုပ်မယ်၊ မောဟလည်း ချုပ်မယ်ဆို အရိယာဖြစ်မှ ဖြစ်ပါ့မလား လို့ မောင်သစ် ဆိုဖို့ရာ မလိုတော့ဘူး (မလိုတော့ပါဘူး ဘုရား) လိုသေးရဲ့လား (မလိုပါဘူး) ။

ဒါကြောင့် ဒီပါဠိတော်ကို ထုတ်လာတာ ဘုရားက တကယ်လို့ ဒေါသလည်း ချုပ်မယ်၊ လောဘလည်း ချုပ်မယ်၊ မောဟလည်း ချုပ်မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ အရိယာဆု တောင်းရသလားတဲ့ “သုတဝါ အရိယသာဝကော” ၏ အလုပ်ကို လုပ်လိုက်တာနဲ့ အရိယာအစစ် ဖြစ်သွားတော့တယ် ဆိုတာကော ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်

ဒါဖြင့် “အသုတဝါ ပုထုဇ္ဇနော” ကနေပြီး ဘယ်တက်ရ မယ် (သုတဝါ အရိယသာဝကော အဖြစ် တက်ရမှာပါ ဘုရား) သုတဝါ အရိယသာဝကော ကမှ “အရိယော” ဆိုတဲ့ အရိယာ ပုဂ္ဂိုလ်ဖြစ်ရမယ် (မှန်ပါ) နို့မဟုတ်ရင် မဖြစ်ပါဘူး (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါအလုပ်စဉ်ပဲ ဆိုတာကော ယနေ့ည သဘောကျ ကြပြီလား (ကျပါတယ် ဘုရား) ဘာဟောနေတာတုံး (အလုပ်စဉ် ဟောနေတာပါ ဘုရား)။

အလုပ်စဉ်ဟောနေတာ

အလုပ်စဉ် ဟောနေတာပါတဲ့၊ ခင်ဗျားတို့ ဒါ ဘယ်သူ၏ အလုပ်စဉ်တုံးဘုရားလို့ မေးလို့ရှိရင်၊ ဝေဒနာ နုပဿနာ၏ အလုပ်စဉ်လည်း ဟုတ်တာပဲ၊ စိတ္တာနုပဿနာ၏ အလုပ်စဉ်ကော (ဟုတ်ပါတယ် ဘုရား) ကာယာနုပဿနာ၏ အလုပ် စဉ်ကော (ဟုတ်ပါတယ် ဘုရား)။

ရတာပဲတဲ့၊ ကာယပသာဒ ရှိလို့ကိုးဗျ (မှန်ပါ) ယားတယ်ဆိုတော့ ကာယပသာဒ ထက်နေလို့ ယားတာပဲ၊ ကာယ ပသာဒမထက်လို့ရှိရင် ဘယ်ယားမလဲလူတွေ ခြင်ကိုက်တော့ ဘာယားတယ်လို့ ပြောသေးသလား (မပြောပါဘူး ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့ အင်း ကာယာနုပဿနာ ကိုယ် ရှုလည်းရတာပဲ၊ ဝေဒနာရှုလည်း (ရပါတယ် ဘုရား) စိတ်ရှုလည်း (ရပါတယ် ဘုရား)။

အင်း ဒါတွေဟာ ဖြစ်ပျက်ချည့်ပဲ၊ အကုန်ရှုလိုက်မယ် ဆိုရင် ဓမ္မာနုပဿနာ အဖြစ်နဲ့လည်း ရတာပဲ (မှန်ပါ ဘုရား) သတိပဋ္ဌာန် လေးပါး အကုန်ပါသွားပြီ (မှန်ပါ) မပါဘူးလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ “အသုတဝါ ပုထုဇ္ဇနော” က ဘယ်တက်ကြမယ် (သုတဝါ အရိယ သာဝကော တက်ရ – မှာပါ ဘုရား) ဒါ ဒီနေ့ညပဲ ရောက်သွားတယ် သဘောကျ ပြီလား (မှန်ပါ)။

ဖြူစင်တဲ့ပုဂ္ဂိုလ်

“သုတဝါ အရိယသာဝကော” က “အရိယော” ဆိုတဲ့ ဖြူစင်တဲ့ ပုဂ္ဂိုလ် အဖြစ်သို့ တက်ရမယ် (မှန်ပါ ဘုရား) တက်တာကတော့“သုတဝါ အရိယသာဝကော” အလုပ်ကို လုပ်ရင်တော့ဖြင့် “အရိယော” ဆိုတာသည် ဖြစ်ရတော့မယ် (မှန်ပါ)။

မဖြစ်ပါနဲ့လို့ တောင်းပန် ထားတောင်မှ မရပါဘူး (မှန်ပါ ဘုရား) ဖြစ်မှာ ဧကန်ပဲ ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

နိဗ္ဗာန်နဲ့နီးနေပြီ

ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ နိဗ္ဗာန်ကို ထည့်မပြော ငြားသော်လည်း “အရိယသာဝကော” ဆိုရင်ပဲ နိဗ္ဗာန်နဲ့ နီးနေပြီ (မှန်ပါ ဘုရား) “အသုတဝါ ပုထုဇ္ဇနော” ဆို သိပ်ဝေးတယ် (မှန်ပါ)။

“သုတဝါ အရိယသာဝကော” ဆိုရင်ဖြင့် (နီးပါ တယ် ဘုရား) နောက်ကျတော့ သုတဝါ အရိယသာဝကော အလုပ်ကို ခင်ဗျားတို့ မှန်မှန်ကန်ကန် ဝေဒနာတွေ လှည့်ပတ်ပြီး သကာလ ရှုနေကြမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ “အရိယော” ဖြစ်ဖို့ရာ ခင်ဗျားတို့ ဘာမှမလိုတော့ဘူး (မှန်ပါ ဘုရား)။

ဆုတောင်းလား၊ ဒီလို အစဉ်အတိုင်း တက်ရမှာလား (အစဉ်အတိုင်း တက်ရမှာပါ ဘုရား) အစဉ်အတိုင်း တက်ရမယ်၊ ဘာကြောင့် အစဉ်အတိုင်း တက်ရမှာတုံးလို မေးတဲ့အခါကျတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရိယာ အမေက အရိယာ မွေးတယ် ဆိုတာဟာ မရှိနိုင်ဘူးတဲ့ (မှန်ပါ)။

ဝိသာခါကသောတာပန်

ရှိနိုင်ပါ့မလား (မရှိနိုင်ပါဘူး ဘုရား) မရှိနိုင်ဘူးတဲ့ မရှိနိုင်တော့ ခင်ဗျားတို့သည် ဥပမာ ဝိသာခါ က သောတာပန် တည်တယ်၊ သောတာပန် တည်ပြီးမှ အိမ်ထောင်ကျ၊ အိမ်ထောင် ကျပြီး သကာလ မွေးတဲ့ ကလေးတွေ ကျတော့ “အရိယာ” လေးတွေ ဖြစ်သလားတဲ့ ပြန်ကျင့်ရတာပဲလား (ပြန်ကျင့် ရတာပါ ဘုရား)။

ဒါဖြင့် အရိယာက မွေးလို့ အရိယာ မဖြစ်နိုင်ဘူး (မှန်ပါ) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) မဖြစ်နိုင်တော့ကိုးတဲ့ ဒီအလုပ်စဉ်အတိုင်း ဒီပုထုဇဉ် အမည် တွေကို အမျိုးမျိုး အဖုံဖုံ ပြောင်းပြီး၊ အရိယာအမည်ကို ပန်ဆင် နိုင်အောင် တက်မှသာလျှင် လိုရာကိစ္စ ပြီးပါလားဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခြင်ကိုက်တယ်၊ ဘာဝေဒနာပေါ်တုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား) ယားတာလည်း မခံ သာလို့ ဒုက္ခဝေဒနာပဲဆိုပါ။ ယားတာဟာ (ဒုက္ခ ဝေဒနာပါ ဘုရား)။

ဒုက္ခဝေဒနာပဲ၊ ဒုက္ခဝေဒနာဟာ “ကာယဉ္စ ပဋိစ္စ ဖောဋ္ဌေဗ္ဗစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊” ဒုက္ခ သဟဂုတ် ကာယဝိ ညာဏ်ပေါ်တာ (မှန်ပါ ဘုရား) သဘောကျပြီလား။ ဝေဒနာ ဟာ စိတ်တစ်ခုယုတ် ကိုး ဆယ်မှာ ယှဉ်တယ် ဆိုသောကြောင့် သူ ဒုက္ခဝေဒနာ ဆိုလည်း ဟုတ်တာပဲ (မှန်ပါ) ဒုက္ခသဟ ဂုတ် ကာယဝိညာဏ်စိတ် ပေါ်တယ် ဆိုရင်ကော (ဟုတ်ပါ တယ် ဘုရား) ဟုတ်တာပဲ၊ အဲတော့ ဒီဟာ အလိုလိုပေါ် တာလား အကြောင်းကြောင့် ပေါ်တာလား တစ်ခါတွက်လိုက် (အကြောင်းကြောင့် ပေါ်တာပါ ဘုရား)။

ပြုပြင်လို့ယားတဲ့ဝေဒနာပေါ်

ခင်ဗျားတို့ကလည်း ကာယပသာဒဆိုတဲ့ ကိုယ်ရှိတာကိုး (မှန်ပါ) ခြင်နှုတ်သီးကလည်း မာတာကိုး (မှန်ပါ) မာပြီး သွေးတွေ စုပ်လိုက်တဲ့ အခါကျတော့ကို ယားတဲ့ဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ ဒီဝေဒနာသည် သင်္ခတ တရားလား၊ အသင်္ခတ တရားလား (သင်္ခတတရားပါ ဘုရား) ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ ဘုရား) အလိုလိုပေါ်တာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)။

အဲဒီ သင်္ခတတရားဖြင့် ခင်ဗျားတို့သည် “အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ” ဒီသင်္ခတ တရား ဖြစ်ခဲ့လို့ ရှိရင် ခင်ဗျားတို့ ဉာဏ် တိုးလိုက်ပါတော့၊ “သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ” သင်္ခတ တရားဆိုရင်ဖြင့် “သဗ္ဗေ သင်္ခါရာ” နဲ့ သဗ္ဗေ သင်္ခတာ” နဲ့ အနိစ္စ၊ ဒီလမ်းဆုံးရမယ် (မှန်ပါ)။

သင်္ခတတရားသည် အနိစ္စ

သင်္ခတတရား ဘယ်လမ်းဆုံးရမတုံး (အနိစ္စ လမ်းဆုံးပါတယ် ဘုရား) ဒါဖြင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ” ထဲ သူဝင်လာတာ (မှန်ပါ) သူ့ကို အနိစ္စမြင်ဖို့ ခင်ဗျားတို့ ဉာဏ် သွင်းဖို့ အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

ဘာကြောင့် ဆရာဘုန်းကြီးက ဉာဏ်သွင်းခိုင်းရ သတုံးလို့ မေးတဲ့အခါကျတော့ သင်္ခတ တရားပဲ ဟုတ်ဖူးလား (မှန်ပါ) သင်္ခတတရား ဆိုရင် ဘယ်လမ်းဆုံးရမယ် ။ (အနိစ္စလမ်း ဆုံးပါတယ် ဘုရား)။

ဒါဖြင့် သူကတော့ဖြင့် သူ့သဘောသူစွန့်ပါ့မလား (မစွန့်ပါဘူး ဘုရား) မစွန့်ဘူးတဲ့ သင်္ခတဟာ အနိစ္စ လမ်းဆုံးတာပဲ သင်္ခါရဟာ အနိစ္စလမ်း ဆုံးမှာပဲ၊ မဆုံးပေဘူးလား (ဆုံးပါ တယ် ဘုရား) သဘော ပါပလား (ပါပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့က သင်္ခတ တရားမှန်းလည်း မသိတော့၊ အနိစ္စရယ်လို့ သူ့ကို မရှုဖြစ်ဘူး၊ ယနေ့ည အလုပ်ပေး တရားမှာ ေဩာ် သင်္ခတ တရားဖြစ်သောကြောင့် အနိစ္စ ရှုမှတော်မယ် (မှန်လှပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက် ချမှ တော်မှာတုံး (အနိစ္စလို့ ဆုံးဖြတ်ချက် ချရမှာပါ ဘုရား) ဘာတရား မို့တုံး (သင်္ခတ တရားမို့ပါ ဘုရား)။

ကိုယ်နဲ့ခြင်နဲ့ပြုပြင်လို့ခေါ်တယ်

စဉ်းစားကြည့်ပါ ကိုယ်နဲ့ ခြင်၏ နှုတ်သီးနဲ့ နှစ်ခုပေါင်း ပြီး ပြုပြင်လိုက်လို့ ပေါ်လာတဲ့ သင်္ခတ တရား (မှန်ပါ ဘုရား) မိမိကိုယ် ကာယ ပသာဒ ရုပ်ကလည်း ပေါ်တဲ့အချိန်၊ ခြင်နှုတ်သီး ကလည်း ပသာဒ ပေါ်မှာ ထိခိုက်တဲ့ အချိန်၊ ရုပ်အပေါ်မှာ ထိခိုက် တဲ့အချိန်၊ ဒီအချိန်မှာ ကြားထဲမှာ ခုနက ဝေဒနာ ပုဗ္ဗုဠုပမာ ဆိုတဲ့ ရေပွက်ပမာ ပေါ်လာတာ (မှန်ပါ)။

ဘယ်လိုပေါ်လာတုံး (ရေပွက်ပမာ ပေါ်လာမှာပါ ဘုရား)။ ရေပွက်ပမာ ပေါ်လာတော့ ရေပွက်ကလေးက ပေါ်တယ်ဆို ပျက်တာပဲ မဟုတ်လား (မှန်ပါ ဘုရား)။

ဒါကြောင့် ဘုရားက ဝေဒနာ ပုဗ္ဗဠုပမာဆိုတာ ဦးသံဒိုင် ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား) ဒါဖြင့် ခင်ဗျား တို့ ဒီတရားကို သင်္ခတတရားလို့ သိသောကြောင့် အနိစ္စ ရှုလိုက်တယ် (မှန်ပါ ဘုရား) ဘယ်လိုမှတ်ကြမယ် (သင်္ခတ တရားမို့ အနိစ္စ ရှုထိုက်ပါတယ် ဘုရား)။

အဲဒီလို ဒါ “သုတဝါအရိယသာဝကော” ဖြစ်ရမည့် ပုဂ္ဂိုလ်မို့ တိုးချဲ့ပြီးပြောနေတာ (မှန်ပါ ဘုရား) “သုတဝါ အရိယ သာဝကော” ဖြစ်အောင်လို့ ဒကာ ဒကာမတွေ တစ်ခါ တည်း ကမ်းကုန် လမ်းကုန် တိုးချဲ့ ပြောနေတယ် ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သင်္ခတတရားတဲ့၊ သူများပြုပြင်လို့ ပေါ်လာတဲ့ သင်္ခတ တရား (မှန်ပါ) တစ်ခါ “ပဋိစ္စသမုပ္ပန္န” တရားဆိုရင်လည်း ဟုတ်တာပဲ (မှန်ပါ)။

ပဋိစ္စသမုပ္ပန္နတရား

အင်း “ပဋိစ္စသမုပ္ပန္န” တရား ဆိုရင်လည်း “ဖဿပစ္စယာ ဝေဒနာ” ကိုးဗျ (မှန်ပါ) ခြင်နှုတ်သီးနဲ့ မထိလို့ရှိရင် ယားတဲ့ ဝေဒနာ ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား) ဒါဖြင့် ထိလို့ ပေါ်တာ (မှန်ပါ) သဘော ကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် “ဖဿပစ္စယာ” (ဝေဒနာပါ ဘုရား) “ပဋိစ္စ သမုပ္ပန္န” တရားလေးပဲ (မှန်ပါ ဘုရား) ဘယ်လို ဆိုကြမယ် (ပဋိစ္စသမုပ္ပန္န တရားလေးပါ ဘုရား) “ပဋိစ္စသမုပ္ပါဒ်” တရားမဟုတ်ဘူး “ပဋိစ္စသမုပ္ပန္န တရားလေး” (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

“ပဋိစ္စသမုပ္ပန္န” တရားဖြင့် ခင်ဗျားတို့ အသေအချာ စဉ်းစားကြည့်ပါတဲ့၊ သူဟာ “ပဋိစ္စသမုပ္ပန္န” တရားဖြစ်ခဲ့လို့ရှိရင် အနိစ္စလမ်း ဆုံးရမှာပဲ (မှန်ပါ ဘုရား) မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

“ပဋိစ္စသမုပ္ပန္န” တရားဖြစ် သောကြောင့် (အနိစ္စ လမ်းဆုံးပါတယ် ဘုရား) ဒါကြောင့် ဘုရားက “အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ” နောက်ဆုံးပိတ် ကျတော့ ခယဓမ္မာ၊ မလာဘူးလား (လာပါတယ် ဘုရား) ဝယဓမ္မာလို့ (လာပါတယ် ဘုရား)၊ ဝိရာဂဓမ္မာလို့ မလာဘူးလာ (လာပါတယ် ဘုရား)။

ေဩာ် ဒါဖြင့် သူ့ “ပဋိစ္စသမုပ္ပန္ဒ” တရားလေးပဲလို့ ဆိုပြီး သကာလ ခင်ဗျားတို့က ဒီအတိုင်း ကြည့်ပြီး သကာလ နေလို့ ရှိရင်ဖြင့်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် လဲပါတယ် ကမ္မဿကတာ ဉာဏ်တွေ ကော (ပါပါတယ် ဘုရား)။

ပါသွားတယ်တဲ့၊ ဒီတစ်လုံးထဲမှာ အကုန်ပါသွားတာပဲ (မှန်ပါ ဘုရား) နားကြီးကြီးနဲ့ထောင်မှ ဒီဥစ္စာ ပေါ်လာတော့ တယ်၊ နားသေးသေးနဲ့ ထောင်နေလို့ရှိရင် ဘာပြောနေပါလိမ့် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေဦးမယ် (မှန်ပါ ဘုရား)။

ခုတော့၊ ေဩာ် သူသည် သင်္ခတတရားလည်း ဟုတ်ပါပေတယ်၊ ပဋိစ္စသမုပ္ပန္န တရားလည်း (ဟုတ်ပါတယ် ဘုရား) ဟုတ်ပါပေတယ်၊ ပဋိစ္စသမုပ္ပန္န တရား ဖြစ်ခဲ့လို့ရှိရင် ဒုက္ခက္ခန္ဓဿ ဖြစ်ရ တော့မယ် (မှန်ပါ ဘုရား) မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒုက္ခက္ခန္ဓဿ ဖြစ်တဲ့အခါကျတော့၊ ေဩာ် ဒါ ဒုက္ခသစ္စာ ပဲလို့ ရှုရင်လည်း မလွဲပါဘူး (မလွဲ ပါဘူး ဘုရား) ဒုက္ခသစ္စာ ဆိုရင်လည်း ဟုတ်တာပါပဲ ဆိုတာ ကျေနပ်ကြပါတဲ့၊ သဘော ပါရဲ့လား (ပါပါတယ် ဘုရား)။

ဒါဖြင့် အင်း ဒီဥစ္စာ တစ်လုံးတည်း ပြောနေငြား သော်လည်း၊ ဒုက္ခဝေဒနာ ပြောသဖြင့် သုခဝေဒနာလည်း “အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ” ပဲ (မှန်လှပါ ဘုရား) ဥပေက္ခာ ဝေဒနာကော “အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ” အတူတူပဲဗျ။ ဒါတွေဟာ အကုန် ရှုနိုင်တာတွေချည့်ပဲ။ ” ဘုရားက ဒါကြောင့် ဝေဒနာနုပဿနာ ဆိုပြီး သကာလ သုံးပါးလည်း ဟောခဲ့တယ်၊ ငါးပါးလည်း ဟောခဲ့တယ်၊ တချို့ အများကြီးလည်း ဟောနိုင်ပါတယ်။

ဝေဒနာနဲ့စိတ် ရောပြီးဟောတယ်

အဲတော့ ဒီနေ့ညမှာ ဝေဒနာရော၊ စိတ်ရော၊ ရောဟောတယ်လို့ မှတ်ပါ (မှန်ပါ ဘုရား) ဘယ်လို မှတ်ကြမယ် (ဝေဒနာရော၊ စိတ်ရော၊ ရောဟောတာပါ ဘုရား)။

ဝေဒနာအဖြစ်နဲ့ ရှုလည်း ဝေဒနာသန်သန် ရှုလည်း ရတာပဲ (မှန်ပါ ဘုရား) စိတ်ကို အမှတ်ထားပြီး ရှုရမယ် ဆိုရင်ကော(ရပါတယ် ဘုရား) ရတာပဲတဲ့။

သို့သော် ဘာဖြစ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေဒနာနုပဿနာ စိတ္တာနုပဿနာလို့ ဟောရပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့၊ ဒါ တစ်ခုရှု အကုန်ပါ ပါရဲ့ သားနဲ့၊ အို တဏှာများတဲ့ ပုဂ္ဂိုလ်၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်တွေက ရှိသေးတယ်ကွ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။

တဏှာများတဲ့ပုဂ္ဂိုလ်ဝေဒနာရှု

တဏှာများတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာရှုမှ နိဗ္ဗာန် ရောက်လွယ်တယ်ကွ (မှန်ပါ ဘုရား)။

ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ်ရှုမှ နိဗ္ဗာန် ပေါက်ရောက် လွယ်တယ်ကွ (မှန်ပါ ဘုရား) သမ္မာဟ အဋ္ဌကထာ ဆရာ ကလည်း ပြောရရှာတယ် (မှန်ပါ ဘုရား) မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

ထိုကဲ့သို့ ပြောရမှုသည်ကားလို့ ဆိုလို့ရှိရင်လည်းတဲ့၊ သတ္တဝါတွေက စရိုက် အမျိုးမျိုး (မှန်လှပါ ဘုရား)။ တဏှာ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ရှိတယ်၊ ဒိဋ္ဌိစရိုက်ကော (ရှိပါ တယ် ဘုရား) ဒိဋ္ဌိစရိုက်လည်း ရှိတာပဲ တဏှာစရိုက်လည်း ရှိတာပဲ။

အဲဒီ စရိုက်တွေ လိုက်ပြီးသကာလ သတိပဋ္ဌာန် လေးပါး ပြားရတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သတိပဋ္ဌာန် လေးပါးသည် ဘာကြောင့် လေးပါးဖြစ်လာပါလိမ့် (စရိုက်ကြောင့်ပါ ဘုရား)။

ဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ်ကာယာနုပဿနာရှု

ဉာဏ်လေးတဲ့ ပုဂ္ဂိုလ်ကျတော့ ကာယာနုပဿနာ ရုပ်ကြီးရှုခိုင်းတယ် (မှန်ပါ ဘုရား) ဟုတ်ဖူးလား။

ဉာဏ် အင်မတန် ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာ နုပဿနာ ဆိုတဲ့ သစ္စာတွေ ရှုခိုင်း ထားတယ် (မှန်ပါ) ဒုက္ခ သစ္စာတွေ ရှုခိုင်းထားတယ်ဆိုတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သတိပဋ္ဌာန် လေးပါးဟာ ဘယ်လိုပင် ပြားပြား နောက်ဆုံးပိတ် ကျလို့ရှိရင် မှတ်လိုက် “သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာ နုပဿီ ဝါ” ရောက်ရင် အကုန်ဆုံတာပဲ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်း ဖြစ်တာနဲ့ ပျက်တာမြင်ရင် သတိပဋ္ဌာန်လမ်း ဆုံးသွားတာပဲ (မှန်ပါ ဘုရား) သဘော ကျပြီလား (ကျပါတယ် ဘုရား)။

သတိပဋ္ဌာန်သုံးမျိုး

ဒါကြောင့် တချို့နေရာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သတိပဋ္ဌာန်၊ သတိပဋ္ဌာန ဘာဝနာ၊ သတိပဋ္ဌာန် လမ်းဆုံး ဆိုပြီတော့ သံယုတ်ပါဠိတော်များ ဟောထားတာ ရှိသေးတယ် (မှန်ပါ) သတိပဋ္ဌာန် သုံးမျိုးဟောထားတာ (မှန်ပါ)။

(၁) သတိပဋ္ဌာန် တစ်မျိုး (မှန်ပါ)

(၂) သတိပဋ္ဌာန ဘာဝနာတစ်မျိုး (မှန်ပါ)

(၃) သတိပဋ္ဌာန်လမ်းဆုံးတစ်မျိုး (မှန်ပါ ဘုရား)

ပွားနေတုန်း လမ်းမဆုံးသေးဘူး၊ ဆုံးသွားတာက တစ်မျိုး (မှန်ပါ ဘုရား) နိဗ္ဗာန်မြင်တဲ့ ဆီကျမှ ဆုံးမှာကိုး (မှန်ပါ ဘုရား)။

အဲဒါကြောင့် သတိပဋ္ဌာန်ဆိုတာက သိသိနေတာလေး ဟာ သတိပဋ္ဌာန်၊ ေဩာ် – သုခံ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

သတိပဋ္ဌာနဘာဝနာ

သုခဝေဒနာလေးဖြစ်တာ သိသိ သိသိနေလို့ရှိရင် ဒါ သတိပဋ္ဌာန်ပဲ ရှိသေးတယ်(မှန်ပါ ဘုရား) သမုဒယနဲ့ ဝယ ဖြစ်တာနဲ့ ပျက်တာမြင်ပြီ ဆိုလို့ရှိရင် သတိပဋ္ဌာန ဘာဝနာ ဖြစ်ပြီ (မှန်လှပါ ဘုရား) သဘော ကျပြီလား (ကျပါပြီ ဘုရား)။

သတိပဋ္ဌာန်လမ်းဆုံး

သတိပဋ္ဌာန ဘာဝနာ လမ်းဆုံး ဆိုတာက ခင်ဗျားတို့ သန္တာန်မှာ ဒီဖြစ်မှု ပျက်မှုတွေကို မလိုချင်တော့ပါဘူး၊ မရချင် တော့ပါဘူး၊ ဒုက္ခသစ္စာ အစစ်ပါပဲ ဆိုတဲ့ “ဝိရာဂေါ” ဆိုတဲ့ မဂ်ပေါ်လာလို့ ရှိရင် သတိပဋ္ဌာန် လမ်းဆုံးတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် သတိပဋ္ဌာန် ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုး ရှိပါတယ် ဘုရား) သတိပဋ္ဌာန်တစ်မျိုး (မှန်ပါ) သတိပဋ္ဌာန ဘာဝနာ (တစ်မျိုးပါ ဘုရား) သတိပဋ္ဌာန် လမ်းဆုံးက (တစ်မျိုးပါ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ ဆရာလိုတယ် ဆိုတာ ဦးသံဒိုင်တို့ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) သိတယ်၊ သိတယ်၊ သိတယ် လုပ်နေတာ ဒါ သတိပဋ္ဌာန် ရှိသေးတာ (မှန်ပါ ဘုရား)။

သတိပဋ္ဌာန်ပဲရှိသေးတယ်

စားတာ သိတယ်၊ သွားတာ သိတယ်၊ နေတာ သိတယ် ထိုင်တာ သိတယ် ဆိုတာ ဒါ သတိပဋ္ဌာန်ပဲ ရှိသေးတာ၊ သတိပဋ္ဌာန ဘာဝနာကို မဖြစ်သေးဘူး (မှန်ပါ ဘုရား)။

“သမုဒယဓမ္မာ နုပဿီဝါ၊ ဝယဓမ္မာနုပဿီဝါ” ကို၊ ေဩာ် ဖြစ်တာနဲ့ ပျက်တာပဲ ဖြစ်တာနဲ့ ပျက်တာပဲကို ဖြိုင်ဖြိုင်သိ နေလို့ရှိမှ သတိပဋ္ဌာန ဘာဝနာဖြစ်ပါတယ် (မှန်ပါ ဘုရား)။

ဒုက္ခသစ္စွာမလိုချင်မှ လမ်းဆုံးတယ်

အဲ့ဒီလို ဘာဝနာတွေ ပွားဖန်များပြီးသည့် အခြားမဲ့၌ သတိပဋ္ဌာန်၏ အာရုံတွေဟူသ၍ ဒုက္ခသစ္စာ ဖြစ်ပြီးတော့ ဒီဒုက္ခ သစ္စာ မလိုချင်တဲ့ အခါကျတော့ “သတိပဋ္ဌာန ဘာဝနာ ဂါမိနိ ပဋိပဒါ” ဆိုတာ သတိပဋ္ဌာန်လမ်းဆုံး ဆိုပါတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သတိပဋ္ဌာန် ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုး ရှိပါတယ် ဘုရား) ကဲ ပြန်ပြောပါဦးမယ် (၁)။ သတိပဋ္ဌာန်တစ်မျိုး (၂) သတိပဋ္ဌာန ဘာဝနာတစ်မျိုး၊ သတိပဋ္ဌာန်၏ ကိစ္စ အပြီး အဆုံးတစ်မျိုး (မှန်ပါ ဘုရား) မြန်မာလိုပြောတာ၊ ပါဠိလို ပြောတော့ ၃။ “သတိပဋ္ဌာန ဘာဝနာ ဂါမိနီ ပဋိပဒါ” လို့ ဘုရားက ဟောတယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့က အဲဒီလောက်ကျအောင် လျှာရှည်နေရင် မသိမှာမိုလို့ သတိပဋ္ဌာန် တစ်မျိုး (မှန်ပါ) သတိပဋ္ဌာန ဘာဝနာ (တစ်မျိုးပါ ဘုရား)။ သတိပဋ္ဌာန် လမ်းဆုံး တစ်မျိုး မဂ်စစ်ဆိုက်ရင် သတိပဋ္ဌာန် လမ်းဆုံး ဆိုပါတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာဆိုတာ နာမည်ပါ

ဒါဖြင့် ခင်ဗျားတို့သည် အသေအချာ ဘုန်းကြီးက ခုအခါမှာ အဖြစ် အပျက် မြင်အောင် ကြည့်ပါ၊ ဝေဒနာဆိုတာ နာမည်ပါ၊ ဖြစ်မှုနဲ့ပျက်မှု တွေ့စေချင်တယ် (မှန်ပါ ဘုရား)။

စိတ်ဆိုတာ နာမည်ပါ။ ဖြစ်မှုနဲ့ ပျက်မှုတွေ့ချင်ပါတယ် (မှန်ပါ) ဒါတွေ့လိုရင်းပါ ဆိုတော့၊ ဘာဝနာကို တွေ့စေ ချင်တယ် (မှန်ပါ) ရှင်းပြီလား။

ဘာကို တွေ့စေချင် (ဘာဝနာကို တွေ့စေချင် ပါတယ် ဘုရား)။ သတိပဋ္ဌာန ဘာဝနာကို တွေ့စေချင်တယ်တဲ့၊

ဘာဝနာတွေ့လို့ရှိရင်တော့ဖြင့်တဲ့ ဉာဏ်စဉ်အတိုင်း ဆုံးသွားတာ (မှန်ပါ ဘုရား)။

သတိပဋ္ဌာန်လောက်နဲ့ ဆိုရင် သတိပဋ္ဌာန ဘာဝနာ တက်ရမယ်(မှန်ပါ ဘုရား) မတက်ရ ဘူးလား (တက်ရ မှာပါ ဘုရား) ဒါဖြင့် စားတာ သိတယ်၊ နေတာ သိတယ်၊ ထိုင်တာ သိတယ်၊ ပြောတာ သိတယ်၊ အိပ်တာ သိတယ်ဆိုတာ ဘာတုံးဗျ။ (သတိပဌာန်ပါ ဘုရား)။

ဖြစ်ပျက်မြင်မှသာ ဘာဝနာရောက်တယ်

သတိပဋ္ဌာန်ပဲ ရှိသေးတယ်၊ သတိပဋ္ဌာန ဘာဝနာကို မရောက်သေးဘူး (မှန်ပါ ဘုရား) ဘယ်ကျမှ ဘာဝနာ အဖြစ် ရောက်ပါလိမ့်မတုံး (ဖြစ်ပျက် မြင်မှပါ ဘုရား) အဲ ဖြစ်ပျက် မြင်မှသာလျှင် ဘာဝနာ ရောက်တယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

“သတိပဌာန ဘဝနာ ဂါမိနီ ပဋိပဒါ” ဆိုတာ သတိပဋ္ဌာန် ဆိုတာ၊ ဂါမိနီ = ရောက်ကြောင်း သတိပဋ္ဌာန် အကျင့်ဆိုတော့၊ သတိပဋ္ဌာန်ကျင့်လို့ နိဗ္ဗာန်မြင်တဲ့အကျင့်ကတော့ဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ဆုံးသွားမှပဲ ဒီ “သတိ ပဌာန ဘာဝနာ ဂါမိနိပဋိပဒါ” ဆိုတာ သွားဖြစ်တယ် (မှန်ပါ ဘုရား) ဒုက္ခချုပ် သွားမှ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန် ဘယ်နှစ်မျိုး ရှိသတုံး (သုံးမျိုး ရှိပါတယ် ဘုရား) တစ်နံပါတ်က ဘာပါလိမ့် (သတိပဋ္ဌာန်ပါ ဘုရား) နှစ်နံပါတ်က (သတိပဋ္ဌာန ဘာဝနာပါ ဘုရား) သုံးနံပါတ်က (သတိပဋ္ဌာန ဘာဝနာ လမ်းဆုံး ဘုရား) သတိပဋ္ဌာန ဘာဝနာ လမ်းဆုံးပဲ (မှန်ပါ ဘုရား)။

မဂ်ပေါ်ရင် ရှေ့တက်စရာ မရှိတော့

သတိပဋ္ဌာန် လမ်းဆုံးပြီ၊ ရှေ့တက်စရာ မရှိဘူး၊ သတိပဋ္ဌာန် ဆိုတာ မဂ်ပေါ်လို့ရှိရင် ဦးသံဒိုင် ရှေ့ ဘာလုပ်စရာ ရှိသေးတုံး (မရှိပါဘူး ဘုရား) မရှိဘူးတဲ့၊ မသေခင် တစ်မဂ် ပေါ်လည်း သူ့ဟာနဲ့သူ ပြီးတာပဲ နောက်တစ်မဂ်ကျတော့လည်း ဒီသုံးခုနဲ့ တက်ရမှာ (မှန်ပါ ဘုရား)။

နောက်မဂ်လိုလည်း ဒီသုံးခုတက်

နောက်တစ်မဂ် ကျပြန်တော့ကော (ဒီသုံးခုနဲ့ တက်ရမှာပါ ဘုရား) နောက်တစ်မဂ် ကျပြန်တော့ ကော (ဒီသုံးခုနဲ့ပဲ တက်ရမှာပါ ဘုရား) ဒီသုံးခုနဲ့ပဲ တက်တက် တက်ပြီး သကာလ သွားကြရမယ် ဆိုတော့ ဒီနေ့ည ဘာဟောနေပါလိမ့်မတုံး ဆိုတော့ အလုပ်စဉ် တက်နည်းကို လည်း ဟောနေတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာဟောနေပါလိမ့် (အလုပ်စဉ်တက်နည်း ဟောနေပါတယ် ဘုရား) အဲဒါ ဒီအတိုင်း လုပ်ရ လိမ့်မယ်၊ ဒီအတိုင်း နှလုံးသွင်း ရလိမ့်မယ်၊ ဒီအတိုင်း ကြိုးစား ရလိမ့်မယ် ဆိုတာ မောင်သစ် ငြင်းဖို့ မလိုဘူး (မလိုပါဘူး ဘုရား)။

အဲတော့ ထိုင်ရင်း၊ သွားရင်း၊ နေရင်း၊ ထိုင်ရင်း တချို့ နေရာမှာ အသိတရား ရှိရမယ်ဆိုတဲ့ ဥစ္စာသည် သတိနဲ့ သမ္ပဇည ဟာက အချို့နေရာမှာ သတိဦးစီးတဲ့ နေရာကျတော့ သမ္ပဇညက နောက်ကျချင် နောက်ကျတာ (မှန်ပါ)။

သတိပဋ္ဌာန် အရင်ဟောတယ်

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှေးဦးစွာ သတိပဋ္ဌာန်မှာတော့ဖြင့် သတိပဋ္ဌာန်ပဲ အရင်ဟောလိုက်တယ် (မှန်ပါ ဘုရား)။

ဘယ်လို ဟောလိုက်သတုံး ဆိုတော့ “သုခံ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။”

ဝေဒနာ ခံစားကဲ့ပုဂ္ဂိုလ် ဝေဒနာ ခံစားတယ်လို့ သိရင် တော်ပြီကွ (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား) ဖြစ်ပျက်မပါဘူး သူက (မပါပါဘူး ဘုရား)။

နောက်ကျတော့၊ အဲဒီ ဖြစ်ပျက် မပါတော့၊ သက္ကာယဒိဋ္ဌိ က မပြုတ်ပဲ ဖြစ်နေတော့ သမုဒယ ဓမ္မာနုပဿီဝါ၊ ဝယဓမ္မာ နုပဿီဝါ ဆိုပြီး သက္ကာယဒိဋ္ဌိ ပြန်ဖြုတ်ရပြန်တယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်နဲ့ ဒိဋ္ဌိမပြုတ်

အဲတော့ သတိပဋ္ဌာန် လောက်နဲ့ သက္ကာယဒိဋ္ဌိက မပြုတ်သေး (မှန်ပါ ဘုရား) သတိပဋ္ဌာန ဘာဝနာ ကျတော့ ဖြစ်မှု ပျက်မှု ကျတော့ ေဩာ် ငါ ငါ့ဥစ္စာ မရှိပါလား၊ ဖြစ်ပျက်တဲ့ တရားသာ ရှိပါလားလို့ ဆိုတော့ သက္ကာယ ဒိဋ္ဌိက ဘယ့်နှယ် နေတုံး (ပြုတ်ပါတယ် ဘုရား)။

အဲဒီ ပြုတ်ပြီးတော့မှ ခင်ဗျားတို့ သစ္စာကို တက်ယူပါ (မှန်ပါ ဘုရား) ဒီဖြစ်ပျက်က ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား) ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ ခင်ဗျားတို့က ပွားများပြီး သကာလ ဘာဝေတဗ္ဗ ကိစ္စ၊ မဂ်-ဘာဝေတဗ္ဗ ကိစ္စနဲ့ ပွားပေါ့ဗျာ (မှန်ပါ ဘုရား)။

လောကီမဂ်ကို ပွားရမယ်

အဲတော့ မဂ် ဘာဝေတဗ္ဗကိစ္စနဲ့ ပွားများရမယ်ဆိုတာ လည်း ဦးသံဒိုင်က အထူးမှတ်၊ ဒကာသစ်တို့က အထူးမှတ် နော် (မှန်ပါ ဘုရား)။

လောကီ မဂ်ဆိုတာ (မှန်ပါ) လောကုတ္တရာမဂ်က မဂ္ဂါဘိညာ သကိံမတာ ဆိုသောကြောင့် တစ်ကြိမ်သာ ဖြစ်တာ (မှန်ပါ ဘုရား) လောက ီမဂ်ကတော့ဖြင့် (ရမှာပါ – ဘုရား) အကြိမ်များစွာ ပွားရမယ် (မှန်ပါ ဘုရား)။

လောကုတ္တရာမဂ်ကတစ်ကြိမ်ပဲ

လောကုတ္တရာမဂ်ကတော့ (တစ်ကြိမ်ပါပဲ ဘုရား) အဲတော့ ပဋိသမ္ဘိဒါမဂ်က ဒါလောကီမဂ် ကိုသာ ဆိုတာပါတဲ့ မဂ်ဟာ ဘာဝေတဗ္ဗဆိုတာ လောကီမဂ်ကိုသာ ဆိုတာပါ (မှန်ပါ)။

လောကုတ္တရာမဂ်ကို (မဆိုပါဘူး ဘုရား) မဂ် နှစ်ကြိမ်ဖြစ်နေလို့ရှိရင်ဖြင့် ကိလေသာက အတော် တောထနေ လို့ ကိလေသာမနိုင်လို့သာလျှင် ဓားနဲ့နှစ်ချက် ခုတ်နေရတဲ့ သစ်တုံးတစ်ခုလို့ ဆိုတဲ့ အဓိပ္ပာယ် ရောက်သွားမှာပေါ့ (မှန်ပါ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် သတိပဋ္ဌာန ဘာဝနာသည် ပွားများရမယ် ဆိုတဲ့ဥစ္စာ၊ သမုဒယ၊ ဝယကို ပွားများရမယ်ဆိုတာ အဲဒီရောက် မှ ဝိပဿနာမဂ် အစစ်ပေါ်တယ်ပြောတာ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဟိုဟာက သတိပြဋ္ဌာန်းတယ်၊ နောက်စာက ပညာ ပြဋ္ဌာန်းတယ် (မှန်ပါ ဘုရား) သတိကတော့ အတွင်းငုပ် သွားတယ် (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဦးသံဒိုင်တို့ ဘယ်ကျအောင် လုပ်ရမှာတုံး (သတိပဋ္ဌာန်လမ်းဆုံးကျအောင် လုပ်ရမှာပါ ဘုရား)။ “သတိပဋ္ဌာန ဘာဝနာ ဂါမိနီ ပဋိပဒါ” (မှန်ပါ ဘုရား) နိဗ္ဗာန်ရောက်တဲ့ အကျင့်တိုင်အောင် နိဗ္ဗာန် အာရုံပြုနိုင်တဲ့ မဂ္ဂင်ရှစ်ပါး ပေါ်သည့် တိုင်အောင် လုပ်ရလိမ့်မယ်ဆိုတာ ဒီနေ့ည မှတ်ရမယ် (မှန်ပါ ဘုရား)။

မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား) သဘောပါကြပြီလား (ပါပါတယ် ဘုရား)။

သတိပဋ္ဌာန် ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုးရှိပါတယ် ဘုရား) တစ်နံပါတ်က (သတိပဋ္ဌာန်ပါ ဘုရား) နှစ်နံပါတ် က(သတိပဋ္ဌာန ဘာဝနာပါ ဘုရား) သုံးနံပါတ်က (သတိ ပဋ္ဌာနဘာဝနာ လမ်းဆုံးပါ ဘုရား)။

စင်စစ်က မဂ္ဂင်ကိုဟောဟာ

သတိပဋ္ဌာန ဘာဝနာ လမ်းဆုံး ဆိုပြီး သကာလ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ နားလည်မှုကို ပြောလိုက် ပါတယ်တဲ့၊ စင်စစ်တော့ဖြင့် “သတိပဋ္ဌာန ဘာဝနာ ဂါမိနိပဋိ ပဒါ” ဆိုပြီးတော့ မဂ္ဂင်ကို သူဟောပါတယ် (မှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အယား ဖျောက်တတ်ပြီလားလို့ မေးတယ် (ဖျောက်တတ်ပါပြီ ဘုရား) ဘာနဲ့ ဖျောက်မလဲ လက်နဲ့ ဖျောက်မလား၊ ဉာဏ်နဲ့ ဖျောက်မှာလား (ဉာဏ်နဲ့ဖျောက်ရ မှာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ယားတာကို ဉာဏ်နဲ့ဖျောက်ရမယ်

ဉာဏ်နဲ့ ဖျောက်လိုက် လို့ရှိရင်ဖြင့်တဲ့ ဒုက္ခနောက်က ဒေါမနဿ မလာပါဘူး (မလာပါဘူး ဘုရား) ဒုက္ခနောက်က (ဒေါမနဿ မလာပါဘူး ဘုရား) ဒေါမနဿ နောက်လည်း သောမနဿ (မလာပါဘူး ဘုရား)။

သောမနဿနောက်ကလည်း ဥပေက္ခာ (မလာ ပါဘူး ဘုရား) ဒါဖြင့် ဒီလိုဆိုကြစို့ ဒေါသလည်း မလာ၊ လောဘ လည်း မလာ၊ အဝိဇ္ဇာ ဆိုတာကော (မလာပါဘူး ဘုရား)။

မလာတော့ ေဩာ် သုတဝါ အရိယသာဝ ကော ဖြစ်မှသိရတယ် (မှန်ပါ ဘုရား) အိမ်မှာ နေလို့တော့ (မသိရပါဘူး ဘုရား) အိမ်မှာ နေလို့ ဘယ်နည်းနဲ့မှ မသိဘူး ဆိုတဲ့ဥစ္စာ ထင်ရှားပါတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ “အသုတဝါ ပုထုဇ္ဇနော” က ဘယ်တက်ရမယ်(သုတဝါ ပုထုဇ္ဇနောပါ ဘုရား) “သုတဝါ ပုထုဇ္ဇနော” က ဘယ်တက်ရမယ် (အရိယာပါ ဘုရား) အရိယော ဘက်တက်ရမယ်။

ဒီလိုမတက်ရင်လည်း (မရပါဘူး ဘုရား) မရဘူးဆို တာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒီနေ့ညမှာ အတော်အရေးကြီးတဲ့ အချက်သုံးချက်ကို သတိပဋ္ဌာန်သုံးမျိုး ရယ်၊ ပုထုဇဉ်နှစ်မျိုးက အရိယော ထိအောင် တက်ပုံရယ် ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဒါအလုပ်စဉ်ဟာ ဒီလို သွားရမှာပဲ (မှန်ပါ ဘုရား)။

ဒါ ပါဠိတော်တွေ အကုန်ရှိပြီးသားနော် (မှန်ပါ ဘုရား) နောက်ပြောတာကလည်း သံယုတ် ပါဠိတော်ပဲ (မှန်ပါ) အရင် ဝေဒနာတွေ ပုထုဇဉ် ခံစားပုံနဲ့ အရိယာ ခံစားပုံ ကို ပြောတာလည်း သံယုတ် ပါဠိတော်ပဲ (မှန်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ရှင်းရင် ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။