၁။ မတရားကို တရားနဲ့မှနိုင်မယ်
၂။ ဖြေဆေးငါးခွက် သောက်ပါ
နာရီဝက်တရားနှစ်ပုဒ်ပါဝင်ပါသည်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ
ဤတရားတော်များသည် ပရိသတ်ကြီးအား ဟောကြား ခဲ့သော တရားတော်များ မဟုတ်ပါ။ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့သို့ ကြွတော်မူလျင်၊ ကျောင်းဒကာ ဦးချစ်ဆွေ ကျောင်းအမ ဒေါ်မမတို့ နေအိမ် ဂေဟာကို ကျောင်းအမှတ်ပြု၍ သီတင်းသုံးတော် မူခဲ့ပါသည်။ ညစဉ် များပြားလှသော တရားနာပရိသတ်ကြီးအား တရား တစ်နာရီ ဟောကြားခဲ့ပါသည်။
(၁၆-၃-၆၂)နေ့တွင် ဟောကြားခဲ့သော “မတရားကို တရားနဲ့မှ နိုင်မယ်” နှင့် (၄-၃-၆၂) နေ့တွင် ဟောကြားခဲ့သော “ဖြေဆေးငါးခွက် သောက်ပါ” တရားတော်တို့မှာ နာရီဝက် တရားတော်များ ဖြစ်၍ ဦးချစ်ဆွေ ဒေါ်မမတို့ နှစ်ဦးအား နံနက်တိုင်း (၇) နာရီအချိန်တွင် သီးခြား ဆုံးမဟောကြားတော် မူသော တရားတော်များသာ ဖြစ်သဖြင့် အလွန် နာကြားရခဲ ပါသည်။
ကျောင်းဒကာ ကျောင်းအမ တပည့်ရင်းများ ဖြစ်ကြ သည့် အလျှောက်၊ မညှာမတာ ရင်းရင်းနှီးနှီး ဟောကြားတော် မူထားပါသည်။ ဆရာတော် ဘုရားက “အခု တရားဟာ၊ သူများ ဟောနေတယ် ဆိုတာ တစ်လုံးမှ မပါဘူး၊ မင်းတို့ အကြင် လင်မယားကိုပဲ ဟောနေတယ်လို့ ဆုံးဖြတ်ချက်ချ” ဆိုပြီး သီးခြား ဆုံးမတော် မူထားပါသေးသည်။
သူတော်ကောင်းရတနာ (၇) ပါး ပြည့်စုံကြပါစေ။
အမှုဆောင်အဖွဲ့
—–
မတရားကို တရားနဲ့မှနိုင်မယ်
အသံဖိုင်ခေါင်းစဉ်= ခန္ဓာကိုယ်ကို မြက်ပမာထား၍ ဒိဋ္ဌိတဏှာသတ်ပေးပုံ
စာအုပ်ခေါင်းစဉ်= မတရားကို တရားနဲ့မှနိုင်မယ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူအပ်သော တရားတော်
မတရားကို တရားနဲ့မှနိုင်မယ်
ဟောကြားသည့်နေ့
(၁၆-၃-၆၂)
မနေ့က ကံအကြောင်းကို နားလည်လောက်ပါပြီ (တင်ပါဘုရား)၊ ကံမပြတ်ရင် ကံမပြတ်လို့ ရှိရင်တဲ့၊ ကံအကျိုး ပေးနေလို့ရှိရင် ဒုက္ခသစ္စာ ဆက်သောကြောင့်၊ နိဗ္ဗာန် မရနိုင် ဆိုတဲ့ အကြောင်း မနေ့က နဝဘူတနသုတ် ဟောပြီးပါပြီ။
ဒီနေ့ဟာကတော့ကိုတဲ့ အနတ္တထင်လွယ် မြင်လွယ် အောင် ဟောတဲ့ သုတ်လို့ဆိုပြီး၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ကွာတဲ့၊ မင်းတို့ တရားနာနေကြတဲ့ ခန္ဓာငါးပါးရှိတယ်၊ ခန္ဓာငါးပါးဟာ မင်းတို့ အရေးတကြီး မှတ်ဖို့ရာကတော့ တစ်ခုမှ ငါ့ဟာ မဟုတ်ဘူးလို့ မှတ်နိုင်ဖို့ အရေးဟာ မင်းတို့အရေး။
တစ်ခုမှ ငါ့ဟာမဟုတ်ဘူးလို့မှတ်
ခန္ဓာငါးပါးတော့ ရှိပါတယ်တဲ့ တစ်ခုမှ ငါ့ဟာမဟုတ် ဘူးလို့ မှတ်နိုင်ဖို့ အရေးဟာ မင်းတို့ အရေး၊ ဒါ နိဗ္ဗာန်ရောက်တဲ့ အရေးပဲ၊ တစ်ခုမှ ငါ့ဟာမဟုတ်ဘူး ဆိုတာ မှတ်ရမယ် (တင်ပါ ဘုရား)။
ကောင်းပြီ ဘုရားက ဒီလောက်ဟောတော့ ဆရာ ဘုန်းကြီးက ချဲ့ပေးရမယ်၊ တစ်ခုမှ ငါ့ဟာမဟုတ်ဘူးလို့ ဘုရားက ရှုခိုင်းတယ်၊ ရုပ်ကလေးပေါ်လည်း ငါ့ဟာမဟုတ်ဘူး၊ ဝေဒနာ ပေါ်လည်း ငါ့ဟာမဟုတ်ဘူး၊ သညာပေါ်လည်း ငါ့ဟာမဟုတ်ဘူး၊ စိတ်ပေါ်လာလည်း ငါ့ဟာ မဟုတ်ဘူး၊ ဒီလိုချည်း ရှုပါလို့ ဘုရားကတော့ဖြင့် ပါဠိတော် ရိုးရိုးပဲ ဟောတယ်။
ယုံကြည်ပြီးအလုပ်လုပ်မှ ခရီးပေါက်တယ်
အဲတော့ ဒကာ ဒကာမတွေ စိတ်ထဲမှာတော့ အခု နေတာကြီး ငါ့ဟာမဟုတ်ဘူးလို့ ပြောရမှာလား၊ ယုံသင့်မှ ယုံမှာဖြစ်နေတော့ ယုံထိုက်အောင် ကိုယ်က အလုပ်လုပ်တဲ့ အခါ ယုံကြည်ပြီးမှသာ အလုပ်လုပ်လို့ရှိရင် ခရီးပေါက်ပါတယ်။
ဒါကြောင့် ယုံသင့်တဲ့အကြောင်းတွေ ပြောလိမ့်မယ်လို့ အစ်မတို့က မှတ်ထားရမယ် (တင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့၊ ရုပ်ဆိုတာသည် နေ့လယ် ပူလာတော့ ခန္ဓာကိုယ်ကို စမ်းကြည့်တော့ ပူရုပ်ပဲ တွေ့ရတယ်၊ အင်း ဒီကတည်းက ဒါဥတုကြောင့် ဖြစ်တဲ့ရုပ်ပဲ၊ ကိုယ်လုပ် ထားတာ မဟုတ်ဘူးပေါ့။
ဥတုကလုပ်ထားတဲ့ရုပ်
ဒါကြောင့်ဘုရားက ကိုယ်လုပ်ထားတာ မဟုတ်သော ကြောင့် မင်းဟာ မဟုတ်ဘူးလို့ ရှုကွ ဆိုတော့၊ ဥတုက လုပ်ထားတဲ့ရုပ်ကို ကိုယ်ကသိထားမှ ဪ ဒါ ဥတုက လုပ်ထားတဲ့ရုပ်ကို၊ ဒါကြောင့် ဘုရားက ငါ့ဟာ မဟုတ်ဘူးလို့ ကိုယ့်ခန္ဓာက ပူလာတဲ့အခါ ရုပ်ကပူလာတယ် ရှုပေး၊ ငါ့ဟာ မဟုတ်ဘူးလို့ ရှုပေးလို့ ဆိုတဲ့ ဥစ္စာဟာ၊ ရှုထိုက်ပါပေတယ်ဆိုတဲ့ ဉာဏ်ဟာ မောင်ချစ်ဆွေတို့ ရောက်ရတော့မယ် (တင်ပါ ဘုရား)။
အေးလာတယ်၊ မင်းတို့ကျတော့ တပေါင်းလချမ်းပြီ၊ အေးရုပ်တွေပဲ ပေါ်နေတယ်၊ ဒါဘယ့်နှယ်ကြောင့် အေးပါလိမ့် မတုံးလို့မေးတဲ့အခါကျတော့၊ ဪ- ဥတုကြောင့်ပဲ၊ အေးဥတု ကြောင့် အေးရုပ်ဖြစ်နေတာ၊ သော် ဒါကြောင့် ဘုရားက အေးရုပ်ပေါ်လာလည်း ငါ့ဟာ မဟုတ်ဘူး ရှုဟေ့ (တင်ပါ ဘုရား)။
ဆိုတော့ ဆရာဘုန်းကြီး အကူအညီနဲ့ ယူလိုက်တော့၊ ဘုရားက ငါ့ဟာမဟုတ်ဘူး ရှုခိုင်းတယ် ဆိုတော့ တိုနေတယ်၊ ခုတော့ ငါ့ဟာ မဟုတ်ကြောင်း သူတစ်ပါး လုပ်ထားတာ သိလိုက်တော့၊ ငါ့ဟာ မဟုတ်တဲ့ အဖြစ်ဟာ ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား)။
တစ်ခါ ဝေဒနာလေးကြည့်ပြန်တော့၊ ခုလို ထိုင်နေကြ တော့ အောက်ကမာတဲ့ ကြမ်းနဲ့ အပေါ်က ဖိတဲ့ရုပ်နဲ့ နှစ်ခုကြားဟာ နာတယ်၊ ယားတယ်၊ ပူတယ်၊ အိုက်တယ် ဆိုတော့ အောက်က ကြမ်းရယ် အပေါ်က အဖိဓာတ်ဆိုတဲ့ ပထဝီ ဓာတ်တွေနဲ့ ပေါင်းပြီး ဝေဒနာ ဖြစ်ပေါ်လာတယ်။
ဝေဒနာဟာမဟုတ်ဘူး
ဒီဝေဒနာဖြစ်လာတော့၊ သော် မိမိလုပ်ထား သလား မေးတော့၊ အောက်ကကြမ်းကလည်း မခံနိုင်ဘူး ငါ့ကြောင့် သူနာတာ၊ ယားတာ၊ အပေါ်က ပထဝီဓာတ်တွေ ကလည်း ငါဖိထားလို့ သူတို့ နာတာ၊ ယားတာ၊ ကျဉ်တာ ကိုက်တာ၊ ခဲတာဆိုတော့၊ ဪ ဖေါဋ္ဌဗ္ဗအာရုံနဲ့ အပေါ်က ကိုယ်ရုပ်တွေ ကြောင့်၊ ပထဝီ ဖောဋ္ဌဗ္ဗအာရုံရုပ် တွေကြောင့် ထိခိုက်ပြီးဖြစ်တဲ့ ဝေဒနာကို၊ ဒါကြောင့် ဝေဒနာ ပေါ်လာလည် ဘုရားက ငါ့ဟာ မဟုတ်ဘူးလို့ ရှုလော့။
ငါလုပ်ထားတာ မဟုတ်တော့ ငါ့ဟာ မဟုတ်ဘူးလို့ ရှုရမှာ ဝန်လေးစရာမလိုပါဘူး (မလိုပါဘူး ဘုရား) မလိုဘူးတဲ့၊ တစ်ခါ သညာလေးပေါ်ပြန်တော့ လ္ဘက်ခြောက် ကြောင့် ပေါ်လာတာ ဒီဟာက၊ လ္ဘက်ခြောက်နဲ့ ကိုယ်မျက်လုံးနဲ့ ပေါင်းမိပြီး ပေါ်လာတာ (တင်ပါ ဘုရား)။
ပေါ်လာတော့ မျက်လုံးကလည်း ကံကြောင့်ဖြစ်တဲ့ရုပ်၊ လ္ဘက်ခြောက်က ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်နဲ့ ကံကြောင့်ဖြစ်တဲ့ မျက်လုံးနဲ့ နှစ်ခုပေါင်းပြီး သကာလ ပြောလာတဲ့ ဥစ္စာဟာ သညာလေးပဲ။
ဒီသညာက ခုနင်က ပြောခဲ့တဲ့ မျက်လုံးနဲ့ လ္ဘက်ခြောက် နဲ့ ပေါင်းဖြစ်တာ၊ သူတို့နှစ်ခု လုပ်လိုက်လို့ သညာလေးပေါ် လာတာ (တင်ပါ ဘုရား) လ္ဘက်ခြောက် မပါဘဲနဲ့ဖြင့် ပြောမှာ မဟုတ်ဘူး။
သညာပေါ်တိုင်း ရှုပေးပါ
မပြောပါဘူးတဲ့၊ အဲတော့ လ္ဘက်ခြောက် နဲ့ မျက်လုံးနဲ့ ပေါင်းပြီးလုပ်တာ ဒီသညာလေးက (မှန်ပါ) ဒါဖြင့် ဒီသညာ လေးက သူများလုပ်ထားတဲ့ သညာဆိုတာက ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
အဲတော့ သညာ ပေါ်တိုင်း ပေါ်တိုင်းလည်း ငါ့ဟာ မဟုတ်ဘူးလို့ ရှုလို့ ဘုရားက ဟောလိုက်တယ်၊ ခုတော့ဖြင့် ကိုယ်လုပ်တာ မဟုတ်တော့ ငါ့ဟာမဟုတ်ဘူးလို့ ရှုရတာ ဝန်လေးစရာ မလိုပါဘူး၊ ငါ့ဟာမဟုတ်ဘူး ရှုရုံဆိုတဲ့ ဆုံးဖြတ် ချက်ဟာ ကျသွားပြီ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။
စေတနာလေးက ပေါ်လာပြန်တယ် သင်္ခါရက္ခန္ဓာ၊ စေတနာဆိုတာ သင်္ခါရက္ခန္ဓာ၊ စေတနာ လေးကလည်း ဘုရား မြင်မှ ပန်းဝယ်ချင်လာတယ်၊ ဪ ဘုရားနဲ့ ဝမ်းထဲက မနောအကြည်နဲ့ သွားတိုက်လို့ ပန်းလေးလှူဦးမှ ထင်ပါရဲ့ ဆိုတော့ စေတနာလေး ပေါ်လာတယ်။
စေတနာလေးပေါ်ရင်ရှုပေးပါ
ဘုရားမရှိရင် မပေါ်လာပါဘူး၊ ဝမ်းထဲက မနော အကြည် မရှိလို့ရှိရင် အသေဖြစ်နေလို့ရှိရင် မပေါ်လာဘူး (တင်ပါ ဘုရား) ဒါဖြင့် ဒီလို လှူချင်၊ တန်းချင်၊ ပေးချင်၊ ကမ်းချင်တဲ့ စေတနာလေး ပေါ်လာတာလည်း၊ ဘုရားတည်း ဟူသော ရူပါရုံနှင့် မနောအကြည်တည်း ဟူသော ဘဝင်နဲ့ တိုက်ပြီး ပေါ်လာတာ ဖြစ်တော့၊ ဒီစေတနာဆိုတဲ့ ဓမ္မအထူး လေးဟာ ငါလုပ်ထားတာ မဟုတ်ဘူး၊ ဒါကြောင့် သူပေါ်လာ လို့ရှိရင် ငါ့ဟာမဟုတ်ဘူး ရူပါ (တင်ပါ ဘုရား)၊ စေတနာ သင်္ခါရက္ခန္ဓာ ပေါ်လာရင်။
စိတ်ကလေး ဘယ်စိတ်ပေါ်လာလာ ပခုက္ကူသူနဲ့ ပေါင်းရင် ပခုက္ကူစိတ်ပေါ်လာတာပဲ၊ မိုးကုတ်သူနဲ့ ပေါင်းမိရင် မိုးကုတ်စိတ် ပေါ်လာတာပဲ ပေါ်လာတာပဲကွ။
ပေါ်လာတဲ့အခါကျတော့၊ ဒီစိတ်ကလေးဟာ သူ့ ပင်ကို စိတ်လားလို့ မေးတော့ မဟုတ်ပါဘူး၊ ပခုက္ကူနဲ့ ပေါင်းလို့ ပခုက္ကူစိတ် ဖြစ်လာတာ မိုးကုတ်သူနဲ့ ပေါင်းလို့ မိုးကုတ်စိတ် ဖြစ်လာတာ ဟုတ်ဘူးလားကွ (မှန်ပါ ဘုရား)။
အဲတော့ အာရုံနဲ့ ဒွါရနဲ့ တိုက်ဆိုင်လို့ ဖြစ်တာ၊ မနော ဒွါရနဲ့ ပေါ့ကွာ ပခုက္ကူဟူသော အာရုံ၊ မိုးကုတ်တည်း ဟူသော အာရုံနဲ့ ကိုယ့်ဘဝင်အကြည်နဲ့ သွားတိုက်လို့ သူတို့နဲ့ ဆက်သွယ်တဲ့ စကားတွေ ထွက်လာတာ၊ ပြောလိုတဲ့ စိတ်တွေ ထွက်လာတာ (တင်ပါ ဘုရား)။
စိတ်ပေါ်တိုင်းပေး
ဒီစိတ်ဟာက ဒါဖြင့် ကိုယ့်သန္တာန်ပင်ကို ရှိနှင့်တာ လား၊ ယခု နှစ်ခုပေါင်းလို့လား မေးလိုက်တဲ့ အခါ၊ နှစ်ခုပေါင်းလို့ ပေါ်လာတာဆိုတဲ့ အဖြေဟာ ထွက်သွားပြီ (တင်ပါ ဘုရား) ဒါဖြင့် ဒီစိတ်ပေါ်တိုင်း ပေါ်တိုင်း ငါ့ဟာမဟုတ်ဘူးလို့ ရှုရ လိမ့်မယ် (တင်ပါ ဘုရား)။
ဒီစိတ်ပေါ်တိုင်း ပေါ်တိုင်းကို ဘယ့်နှယ်ရှုကြမယ် (ငါဟာမဟုတ်ဘူးလို့ ရှုရမှာပါ ဘုရား) ငါ့ဟာ မဟုတ်ဘူး၊ ငါ့ဟာ မဟုတ်ဘူးလို့ ရှုပေးပါလို့ဆိုတော့ “ဝိညာဏံ နတုမှာကံ” ဒီလိုရှုလိုက်တယ်တဲ့၊ ဝိညာဏံ = စိတ်သည်၊ နတုမှာကံ =ငါ့ဥစ္စာ မဟုတ်ဘူးကွ ဒီလို ရှုပေးပါ၊ ငါ့ဟာ မဟုတ်ဘူး ငါ့ဟာ မဟုတ်ဘူး၊ ရှုသာနေပါ။
ငါ့ဟာ ငါ့ဟာမဟုတ်ဘူးလို့ ရှုလိုက်ရင်ပဲ သူက သက်သေခံသွားတယ်၊ ပေါ်လာတာလည်း ငါ့ကြောင့် မဟုတ် ဘူး၊ ပျောက်သွားတာလည်း ငါ့ပယောဂ မပါဘူး၊ ပါသေးလား (မပါပါဘူး)။
အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ
မပေါ်တော့ကို ဒီမှာ စဉ်းစားကြည့်ပါလားတဲ့၊ ပေါ်တာ လည်း ငါ့ပယောဂမပါ၊ ပျောက်သွား တာလည်း ငါ့လုံ့လဝီရိယ မပါ၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး၊ အကြောင်း ချုပ်ငြိမ်း ရုပ်သိမ်းလို့ သူပျောက်ပျက်သွားတယ်။
အဲဒါကို သိလိုက်သဖြင့် စိတ်ပေါ်တွင် ပေါ်တိုင်းနဲ့ ဝိညာဏံ နတုမှာကံ၊ ဝိညာဏံ = စိတ်ဆိုတဲ့ ဝိဉာဏ်သည်၊ တုမှာကံခုတရားနာနေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်တို့၏ နသန္နကံ =ဥစ္စာမဟုတ်ဘူး ဒီလိုရှုပါ။
စိတ်ကလေး ပေါ်လာတိုင်း ငါ့ဟာမဟုတ်ဘူး၊ ငါ့ဟာ မဟုတ်ဘူးလို့ ရှုရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) စိတ်ပေါ်တိုင်း ပေါ်တိုင်း (ငါ့ဟာမဟုတ်ဘူး၊ ငါ့ဟာမဟုတ်ဘူး လို့ ရှုရမှာပါ ဘုရား)။
ကိုင်း ဒါဖြင့် တပည့်တော်တို့ ဘုရား – ဘုရားဟောတော် မူတဲ့အတိုင်း၊ ရုပ်ပေါ်လည်း ငါ့ဟာ မဟုတ်ဘူးလို့ ရှုရမယ်၊ ဝေဒနာပေါ်လည်း ငါ့ဟာမဟုတ်ဘူး ရှုပါ့မယ်၊ သညာပေါ် လည်း ငါ့ဟာ မဟုတ်ဘူး ရှုပါ့မယ်၊ စေတနာပေါ်လည်း ငါ့ဟာ ၊ မဟုတ်ဘူး ရှုပါ့မယ်၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ ပေါ်လည်း ငါ့ဟာမဟုတ်ဘူးလို့ ရှုပါ့မယ် ၊ တပည့်တော်တို့ ရှုပါပြီ။
ဒီလို့တော့ ကျေးဇူးများသတုံး
ရှုတော့ ဘာ့ကျေးဇူးရှိသတုံး ဒါလိုလာတယ် (တင်ပါ ဘုရား) ရှုလိုက်ပြီတဲ့ ဘုရားခိုင်းတဲ့ အတိုင်း
‘‘ရူပံ ဘိက္ခဝေ နတုမှာကံ၊ ဝေဒနာ ဘိက္ခဝေ နတုမှာကံ၊ သညာ ဘိက္ခဝေ နတုမှာကံ၊ သင်္ခါရာ ဘိက္ခဝေ နတုမှာကံ၊ ဝိညာဏံ ဘိက္ခဝေ နတုမှာကံ။’’
သင်တို့ ဥစ္စာ မဟုတ်ဘူး။ ငါ့ဥစ္စာမဟုတ်ဘူး၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ ငါ့ဥစ္စာမဟုတ်ဘူး ရှုပေးပါပြီ။
ရှုပေးတော့ ဘာကျေးဇူးများတုံးဆိုတော့ ဘုရားက ရုပ် ဘိက္ခဝေနတုမှာကံ၊ ဘိက္ခဝေ = ရဟန်းတို့ ရူပံ = ရုပ်တရားသည်၊ တုမှာကံ =မင်းတို့၏ နသန္နကံ =ဥစ္စာမဟုတ်ဘူး၊ သင်တို့ဥစ္စာ မဟုတ်ဘူးတဲ့ ရုပ်တရားပေါ်၌ ခင်တွယ်တဲ့ ဥစ္စာ၊ ပဇဟထ = စွန့်ကြ၏။
ဪ – ငါ့ဟာ မဟုတ်လို့ရှိရင် ဘယ်သူမဆို စွန့်လို့ ရတယ်၊ ငါ့ဟာ ဟုတ်လို့ရှိရင် မစွန့်နိုင်ကြဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ငါဟာ မဟုတ်လို့ရှိရင် (စွန့်နိုင်ပါတယ် ဘုရား) ငါ့ဟာ ရယ်လို့ စွဲလန်းနေရင် (မစွန့်နိုင်ပါဘူး ဘုရား)။
မစွန့်နိုင်ဘူးဆိုတာ သေချာတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်ဟာဖြစ်ဖြစ် ငါ့ဟာမဟုတ်ဘူး၊ ငါဟာမဟုတ်ဘူးလို့ ရှုဆိုတဲ့ဥစ္စာ၊ တဏှာသတ်ဟောတာလို့ မှတ်လိုက်စမ်းပါ (တင်ပါ)။
တဏှာသေတယ်
ဘယ်လိုမှတ်ကြမလဲ (တဏှာ သတ်ဟောတာပါ ဘုရား) တဏှာသတ်ဟောတာ ဆိုတာ သေချာကြပလား (သေချာ ပါတယ် ဘုရား)။
ဒါဖြင့် ဒီတဏှာ သတ်လိုက်တော့ တဏှာသေလို့ရှိရင် တဏှာက ကျေးဇူးပြုမယ့် ဥပါဒါန်သေ၊ ဥပါဒါန်က ကျေးဇူး ပြုမယ့် ကမ္မ (သေပါတယ် ဘုရား) ကမ္မကျေးဇူးပြုမယ့် ဇာတိ ဇရာ မရဏတွေရော (သေပါတယ် ဘုရား)။
နိဗ္ဗာန်ဆုမတောင်းဘဲနဲ့ ပြည့်တယ်
ဪ ဒါဖြင့် ကံချုပ်တဲ့နိဗ္ဗာန်၊ တဏှာချုပ်တဲ့နိဗ္ဗာန်၊ ဥပါဒါန်ချုပ်တဲ့နိဗ္ဗာန် ဇာတိ၊ ဇရာ၊ မရဏ ချုပ်တဲ့နိဗ္ဗာန်၊ ဆုမတောင်းဘဲနဲ့ ပြည့်တယ် (တင်ပါ ဘုရား)။
ငါ့ဟာ မဟုတ်ဘူးလို့ ရှုလိုက်တာက ဆုမတောင်းဘဲနဲ့ ပြည့်အောင်လို့ ဟောတဲ့တရားဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒီလိုရှုပါ။ ဒီလိုရှုပါ၊ ဒီလိုရှုပါကွ၊ ငါ့ဟာ မဟုတ်ဘူး၊ ငါ့မဟုတ်ဘူးလို့ ပေါ်လာတိုင်း ရှုပါကွ ဆိုတဲ့သဘောသည် ဘယ်သဘောပါလိမ့် မတုံးလို့ ဆိုတဲ့ဥစ္စာ တဏှာသတ်ဟောတာ၊ ဥပါဒါန်သတ် ဟောတာ၊ ကံသတ်ဟောတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဇာတိ၊ ဇရာ၊ မရဏ သတ်ဖို့ကို (ဟောတာပါ ဘုရား) ဟောဟာပဲ ဆိုတော့ ဪ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ အချုပ်ခိုင်းတာပါလား။
သစ္စာနဲ့ဝေဖန်ဟောတယ်
တဏှာ၊ ဥပါဒါန်၊ ကံက သမုဒယသစ္စာ၊ ဇာတိ ဇရာ မရဏက ဒုက္ခသစ္စာ၊ ဪ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာကို ဒကာ ဒကာမတွေအား ချုပ်ပါစေတော့ဆိုတဲ့ စိတ်ထား ပြင်းပြပြီး သကာလ ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပေါ်လာတာ ငါ့ဟာ မဟုတ်ဘူး ရှုကွ ဆိုတဲ့ဥစ္စာ၊ အခု သစ္စာနဲ့ ဝေဖန်ပြော လိုက်တော့မှ လေးလေးနက်နက် အဖိုးတန်သွားပြီ (တင်ပါ့ ဘုရား)။
တဏှာ ဥပါဒါန် ကံက သမုဒယသစ္စာ မှတ်လိုက်ပါ။ ဇာတိ၊ ဇရာ၊ မရဏက (ဒုက္ခသစ္စာပါ ဘုရား) ငါ့ဟာ မဟုတ် ဘူးလို့ ရှုလိုက်သဖြင့် ဉာဏ်လေးက ဝင်လာတော့ တဏှာ ဥပါဒါန်ကံ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) အဲဒါ သမုဒယ သစ္စာချုပ်တာ (တင်ပါ ဘုရား)။
ကရုဏာတော်ရှင်ကြီး
ဇာတိ ဇရာ မရဏ ချုပ်တာက ဒုက္ခသစ္စာ ချုပ်တာ (တင်ပါ ဘုရား) တကယ့် ကရုဏာ တော်ရှင်ကြီး ပါလား၊ တကယ့် လမ်းပြကောင်းကြီးပါလား၊ တကယ့် ဗုဒ္ဓဆိုတဲ့ နာမည်ထူးနဲ့ ကိုက်ပါပေတယ်၊ သစ္စာသိပြီး ဟောရှာတာကို၊ မကောင်းတဲ့ သစ္စာနှစ်ခုပယ်ကွလို့ အထူးပါးစပ်က မပြောငြားသော်လည်း ပယ်ပြီးသားဖြစ်အောင် ဟောတဲ့နည်းပါလား ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရန်သူသစ္စာနှစ်ခုပယ်ရမယ်
သမုဒယသစ္စာကို ပယ်ရမှာ၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိရမှာကို၊ မင်းတို့ကွာ ငါ့ဟာ မဟုတ်ဘူးလို့ ရှုတာ သမုဒယ သစ္စာပယ်ပြီးသား၊ ဒုက္ခသစ္စာသိပြီးသား ဖြစ်ပါတယ်။
ဆိုတော့ ဒီနေ့ နာရတဲ့ တရားဟာက သစ္စာ၊ မိမိတို့၏ ရန်သူသစ္စာ နှစ်ခုကို ပယ်ပြီး သကာလ မိတ်ဆွေ သစ္စာနှစ်ခုနဲ့ အတူနေစေချင်တဲ့ သဘောပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရန်သူသစ္စာ နှစ်ခုကို ပယ်ကွ၊ မိတ်ဆွေသစ္စာနှစ်ခုနဲ့ နေ့က (တင်ပါ ဘုရား) ဒါဟောတဲ့ သဘော ရောက်သွားတယ်၊ (မှန်လှပါ ဘုရား) တယ်အဖိုးတန်ပါလား၊ အင်မတန် အဖိုးတန် ပါတယ်တဲ့ ရန်သူသစ္စာနှစ်ခုကို ပယ်ခွါလို့ ပါးစပ်က ထုတ်မပြောဘူး၊ ကိုယ့်ဟာမဟုတ်ဘူး ရှုလိုက်ရင် ပယ်ပြီးသား ဖြစ်သွားတာပဲ (တင်ပါ ဘုရား)။
ရုပ်ကလေးပေါ်လာ ကိုယ့်ဟာမဟုတ်၊ ဝေဒနာလေး ပေါ်လာ ရှု ရှုပေး (တင်ပါ ဘုရား) ရန်သူ သစ္စာနှစ်ခု လာသေး ရဲ့လား (မလာပါဘူး ဘုရား)။
မိတ်ဆွေသစ္စာနှစ်ခုက ဘာတုံး
မိတ်ဆွေ သစ္စာနှစ်ခုက ဘာတုံးလို့ မေးတဲ့အခါကျမှ အရှုဉာဏ်က မဂ္ဂသစ္စာ၊ ငါ့ဟာ မဟုတ်ဘူးလို့ သိတာက မဂ္ဂသစ္စာ လာဖြစ်တယ် (တင်ပါ ဘုရား) သဘောကျပလား (သဘော ကျပါပြီ ဘုရား)။။
ငါ့ဟာ မဟုတ်ဘူးလို့ ရှေးပိုင်းမှာ ချုပ်ပျောက်သွားတာ တွေကလည်း နိရောဓတွေ ဖြစ်သွားတော့ နိရောဓတွေ့တာပဲ ဒုက္ခနိရောဓ သွားတွေ့တယ် (မှန်ပါ့)။။
ရှေ့ပိုင်းက နိရောဓနှင့် မဂ္ဂရှုတဲ့ ပုဂ္ဂိုလ်၊ နိရောဓနဲ့ မဂ္ဂပေါ်ပြီး သမုဒယနဲ့ ဒုက္ခချုပ်သွားတယ် (တင်ပါ ဘုရား)။
သစ္စာလေးပါးပေါ်တယ်
နိရောဓနှင့် မဂ္ဂပေါ်ပြီးတော့ (သမုဒယနှင့် ဒုက္ခချုပ်သွား ပါတယ် ဘုရား) ဪ တယ်အဖိုးတန်ပါလား ဆိုတဲ့ဥစ္စာ ဒို့သန္တာန်မှာ ဘုရားပွင့်တယ်ဆိုတဲ့ဥစ္စာ ဒီတစ်လုံးရှုလိုက်တာနဲ့ သစ္စာလေးပါး ပေါ်လာတယ်။
ဒီတစ်လုံး ရှုလိုက်တာနဲ့ သစ္စာလေးပါး ပေါ်လာတော့၊ သော် သစ္စာလေးပါးကို တိုတိုနဲ့ လိုရင်းသိသလို သိရပါလို၏ လို့ ဆုတောင်းနေလို့ သူမသိရဘူး၊ ငါ့ဟာမဟုတ်ဘူး ရှုလိုက်လို့ ရှုလိုက်လို့ရှိရင် တစ်ခါတည်း ပါလာတယ် ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
ငါ့ဟာမဟုတ်ဘူး ရှုလိုက်လို့ရှိရင်ဖြင့် ကိုယ်ပိုင်သစ္စာ နှစ်ခု၊ ပယ်တဲ့သစ္စာနှစ်ခု ပေါ်ပြီ၊ ငါ့ဟာမဟုတ်ဘူး ရှုလိုက်ရင် (ကိုယ်ပိုင်သစ္စာ နှစ်ခု၊ ပယ်တဲ့သစ္စာ နှစ်ခု ပေါ်ပါပြီ ဘုရား)။
ကိုယ်ပိုင်သစ္စာနှစ်ခု၊ ပယ်တဲ့သစ္စာနှစ်ခုဟာ သူ့အလိုလို ပြီးသွားတယ်၊ ဒါကြောင့် ‘‘သစ္စာ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ၊’’ ဘာဟောဟောကွာ ဆရာသမားက မသွင်းတတ်ရင် မပြော တတ်ဘူး၊ မင်းတို့ ဝိပဿနာဉာဏ်သာ ဟောလို့ရှိရင် သစ္စာဟောနေတာပဲ ဆိုတာ ရှင်းသွားပြီ။။
ရှုတဲ့အခိုက်မှာ သစ္စာနှစ်ပါး
မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဝိပဿနာဉာဏ် ဟောလို့ရှိရင် သစ္စာဟောနေတာပဲ ဆိုတော့ ဒီနေ့တော့ဖြင့် သစ္စာအဓိကထား ဟောတဲ့နေ့ ဖြစ်နေတော့၊ အရှုခံရတာက ဒုက္ခ ချုပ်တာကို ရှုလိုက်၊ အရှုဉာဏ် မဂ္ဂသစ္စာ ဖြစ်တော့၊ ရှုသောအခိုက်က သစ္စာနှစ်ပါး၊ အလိုလိုပယ်ပြီးသား ဖြစ်တာက သစ္စာနှစ်ပါး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂသစ္စာ
ရှုသော အခိုက်အတန့်မှာ (သစ္စာနှစ်ပါးပါ ဘုရား) ဒုက္ခ ရယ်၊ ဒုက္ခချုပ်တာကို မြင်လိုက်ရတယ်၊ မြင်လိုက်တာက မဂ္ဂသစ္စာ၊ ချုပ်တာက နိရောဓသစ္စာ၊ ဒုက္ခချုပ်တာ နိဗ္ဗာန်ကိုကွ (တင်ပါ ဘုရား)။
နိရောဓသစ္စာ
ဒုက္ခလေး ချုပ်သွားတာက နိဗ္ဗာန် (တင်ပါ ဘုရား) ရှေ့တင်ချုပ်သွားတာပဲ ဖြစ်ပျက်ပြီးချုပ်တာ၊ အဲဒီ ချုပ် တာက နိရောဓသစ္စာ၊ ငါ့ဟာမဟုတ်ဘူးလို့ သိလိုက်တာက မဂ္ဂသစ္စာ (တင်ပါ ဘုရား)။
သူတို့နှစ်ခုက ဒီလိုလုပ်နေတဲ့အတွက် ဟိုနှစ်ခုက ပေါ်ခွင့်မရပဲနဲ့ သမုဒယနဲ့ နောက်လာမယ့် ဒုက္ခက ပယ်ပြီးသား အထူးတလည် မင်းတို့ မလာကြနဲ့တော့၊ လောဘ ကျုပ်လျှော့ ပါပြီ ပြောရတာ မဟုတ်ဘူး (တင်ပါ ဘုရား) ပြောရသေးလား (မပြောရတော့ပါဘူး ဘုရား)။
မပြောပဲနဲ့ ပြီးတဲ့ အလုပ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ကွာတဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး မင်းတို့ကို ဥပမာလေးနဲ့ ပြောပါဦးမယ်။
မြက်၊ သစ်ရွက်ခြောက်
ဒီဝတ္ထုမှာ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ဟောဒီ ဇေတဝန် ကျောင်းရှိတယ်ကွာတဲ့၊ ဇေတဝန် ကျောင်းထဲမှာရှိတဲ့ မြက်တွေ၊ သစ်ရွက်တွေကို တရားနာတဲ့ ပုဂ္ဂိုလ်တွေက သွားကြမယ်၊ တချို့က မီးရှို့ သွားကြမယ်။
တချို့ကလည်း ခြေထောက်တွေနဲ့ နင်းသွားကြတယ်၊ မင်းတို့ ဘေးက ကြည့်နေတဲ့ ရဟန်းတွေက ဘာများတုန်လှုပ် သေးတုံး၊ ကျုံးသွားတဲ့ ပုဂ္ဂိုလ်အတွက်ကော မင်းတို့ တုန်လှုပ် သေးလား၊ မီးရှို့ သွားတဲ့ ပုဂ္ဂိုလ်အတွက်ကော မြက်တွေနဲ့ ပတ်သက်လို့ မင်းတို့ တုန်လှုပ်သေးလား။
ခြေထောက်နင်းသွားတဲ့ အတွက် သစ်ရွက်တွေ နင်းသွားရမလားလို့ မင်းတို့ ဘေးကကြည့်တဲ့ ပုဂ္ဂိုလ်က တုန်လှုပ်သေးသလား၊ တဏှာနဲ့ပေါ့လေ “နိဿိတဿ စလိတံ” မလှုပ်ပါဘူး ဘုရား တဲ့။
ငါ့ဥစ္စာ မဟုတ်လို့ မလှုပ်ဘူး
ဘာဖြစ်လို့ မလှုပ်တုံးဆိုတော့ အို ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်လို့ မလှုပ်ပါဘူးဘုရား (တင်ပါ ဘုရား)။
အေး ဒီအတိုင်းကွ၊ ဇေတဝန်ကျောင်းရှိတဲ့ ပစ္စည်း မီးလောင်လို့လည်း မီးလောင်သွားလို့လည်း မင်းတို့မလှုပ်ဘူး။ ခြေနင်းသွားလို့လည်း မင်းတို့ မလှုပ်ဘူး၊ ပွေ့ပိုက်ပြီး အပြင်ထုတ် သွားလို့လည်း မင်းတို့က မလှုပ်ရှားဘူး ဆိုတော့၊
မင်းတို့မှာတဲ့ တဏှာဒိဋ္ဌိ အမှီမရှိလို့ ဒီမြက်တွေ အပေါ်မှာ မလှုပ်သလို၊ မင်းတို့ ခန္ဓာကိုယ်ပေါ်မှာလည်း ပေါ်လာတိုင်း ငါ့ဟာ မဟုတ်ဘူး သိနေလို့ရှိရင်၊ မြက်တွေရဲ့ သဘောသို့ ဉာဏ်က ရောက်သွားတဲ့ အတွက်၊ တဏှာ၊ ဒိဋ္ဌိ မလာတော့ဘူး ကွတဲ့၊ သမုဒယသစ္စာ ချုပ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သမုဒသစ္စာ ချုပ်သွားတယ်ကွတဲ့၊ အဲဒါကြောင့် မြက်သစ်ရွက်နဲ့ ဥပမာထားပြီး ငါဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းတို့ ခန္ဓာကိုယ်ပေါ်မှာ ရုပ်နာမ် ဓမ္မတွေ ရှိတာ၊ မြက်သစ်ရွက်အတိုင်း ဉာဏ်ထဲက ထားပြီး သကာလ ငါ့မှာ ဖြစ်ရလေခြင်း ငါ့ထိတာ ကိစ္စမရှိဘူး၊ ငါ့သား ငါ့သမီးတွေ ထိတာ ငါ့ထိတာထက် နာသေးတယ်ဆိုတဲ့ အသွားမျိုး ဒါတွေ မလာပါနဲ့။
ဘာ့ကြောင့်တုံးတဲ့၊ မြက်သစ်ရွက် သဘောနဲ့ ဉာဏ်ထဲ မှာ ထင်နေလို့ ရှိရင် လှုပ်စရာ မလိုပါဘူး၊ ဒါကြောင့် “နိသိတဿ စလိတံ” ဆိုတာ မသွင်းမဖြစ်တော့ဘူး။
နိသိတဿ = မြက်သစ်ရွက်ပေါ်၌ ငါ၊ ငါ့ဥစ္စာ လို ထင်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ စလိတံ =မြက်သစ်ရွက်ကို ပွေ့ပိုက် သွားခဲ့သည်ရှိသော် နင်းချေသွားခဲ့သည် ရှိသော်၊ စလိတံ = လှုပ်သည်၊ ဟောတိ = ဖြစ်၏။
ငါ့ဟာလုပ်ထားရင် လှုပ်တယ်
လူများ ထင်းကုန်တာက စပြီး လှုပ်တယ်၊ (တင်ပါ ဘုရား) နဂိုက မီးရှို့ဖို့ ထားတာပဲ၊ ငါ့ဟာ လုပ်ထားတော့ ထင်းကုန်ပြန်ပြီ ဘယ့်နယ့်လုပ်များ ဆိုက်ကြတယ်မသိပါဘူး၊ ထင်းတစ်ချောင်းမှာ တဏှာ ဥပါဒါန် ကံပါနေတယ် (တင်ပါ ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒါကြောင့် နိသိတဿ စလိတံဆိုတဲ့အသံဟာ ဘယ့်နှယ်ကြောင့် ထင်းတွေ ကုန်ပါလိမ့်မလဲ ဆိုတဲ့၊ တစ်ခါတည်း သံသယ ဝိစိကိစ္ဆာတွေ စိုးရိမ်ကြောင့်ကျမှုတွေ၊ ဒီလိုသာ ကုန်ရင် မခက်သေးဘူးလား ဆိုတဲ့ သောက ပရိဒေဝတွေ မလာ ဘူးလား လာလား (လာပါတယ် ဘုရား)။
ဒါကြောင့် ထင်းတစ်ချောင်းမှာလည်း တဏှာ ဥပါဒါန် ကံ တစ်ချက်ပါလာတယ်၊ နောက်တစ်ချောင်း မှာလည်း (ပါ ပါတယ် ဘုရား) ဒါ “နိသိတဿ စလိတံ” ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။
ဘာတဲ့တုံး ‘‘နိသိတဿ စလိတံ’’ နိသိတဿ = ထင်းတစ်ချောင်းတစ်ချောင်းပေါ်၌ ငါ၊ ငါ့ဥစ္စာလို့ မှတ်ထားတဲ့ ပုဂ္ဂိုလ်ဟာ၊ စလိတံ =ထင်းကုန်လို့ လှုပ်သည်၊ ဟောတိ = ဖြစ်၏။ မလာရပေဘူးလားကွ (လာရပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုရားက နှစ်သက်ရာ ဥပမာနဲ့ သူပြတယ်၊ မင်းတို့ ဇေတဝန်ကျောင်းထဲ မြက်သစ်ရွက်တွေ ရှိတယ် ရဟန်းတို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေက ပွေ့ပိုက်သွားလည်း မင်းတို့ လှုပ်ဖို့မလိုပါဘူး၊ မီးရှို့ သွားလည်း မင်းတို့မှာ လှုပ်စရာ မရှိပါဘူး၊ ဘာကြောင့်တုံး မင်းတို့ဟာ မဟုတ်လို့ မင်းတို့ မလှုပ်တာ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။
အဲဒိအတိုင်း ခန္ဓာကိုယ်ကလည်း မြက်သစ်ရွက် အတိုင်းပါပဲကွာ သေသေချာချာ စဉ်းစားတော့ ငါလုပ်ထားတဲ့ ငါ့ဥစ္စာဆိုတာ ပါကို မပါဘူး၊ ဆံတစ်ပင်တောင် မပါပါဘူးကွ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူများပစ္စည်း ကိုယ့်ပစ္စည်းလုပ်တယ်
သွားတစ်ချောင်း (မပါပါဘူး ဘုရား) တစ်ကိုယ်လုံးမှာ ငါ၊ ငါ့ဥစ္စာဆိုတဲ့ဥစ္စာ အလကားနေရင်း ကြားဝင်ရှုပ်ပြီး သကာလ ၊ သူများပစ္စည်း ကိုယ့်ဥစ္စာလုပ်လို့သာ လှုပ်ရခြင်း ဖြစ်ပါတယ်၊ သဘော ပါပလား (သဘောပါပါပြီ ဘုရား)။
သူများပစ္စည်း ငါ့ဥစ္စာလုပ်လို့သာ လှုပ်ခြင်းဖြစ်ပါတယ် ဆိုတော့ကိုတဲ့ ကိုယ်က ခိုးလည်း ခိုးသေးတယ် သူများပစ္စည်းကို ကြောက်တော့လည်း သူခိုးက လူလိုလုပ်ပြီး အော်သေးတယ် ဆိုတဲ့ စကားနဲ့ တယ်တူတယ်။
သူခိုးက လူလို့အော်တယ်
သူများလုပ်ထားတာ ငါ့ဟာလုပ်တာ ခိုးတာ၊ ဒါပျက်စီး သွားတော့ လှုပ်တယ်ဆိုတော့ သူခိုးက လူလို့ အော်နေတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။
အဲဒီလောက်ထိအောင် ပုထုဇဉ် သန္တာန်တွေမှာ မိုက်လေးမိုက် ရင့်သန်နေတယ်ဆိုတာ ရိပ်မိပလား သူခိုးက လူအော်တာကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သူခိုးက လူအော်တဲ့အလုပ်ကို ကြားရတဲ့ ပုဂ္ဂိုလ်မှာတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွားကြားတယ်။
အင်း ဘာဖြစ်နေပါလိမ့်မတုံး ခိုးတာကလည်းသူ၊ သူ့ပစ္စည်း ပျက်စီးတော့ ကိုယ်ကျိုးနည်း ပါပေါ့လို့ အော်သေး တယ်၊ သူခိုးက လူဟစ်နေတာဟာ မောင်ချစ်ဆွေ လောက ကြီးထဲမှာ အတော် များပါလားကွ (များပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အင်မတန်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီလို နက်နက်နဲနဲ မသိလို့ရှိရင် အစ်မရေ ထအော် နေရတာ (တင်ပါ ဘုရား) ကြည့်လုပ်ကြနော် ကိုယ့်ဟာ မဟုတ်တာတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒို့အတွက် မဟုတ်ပါဘူးတောင် ထွက်လိုက် သေးတယ် ပြီးတော့လည်း ဒို့အတွက် ပြောတာ (တင်ပါ)။
ဒို့အတွက်မဟုတ်ပါဘူးတဲ့၊ သားအဖငါးယောက်ရှိတာ ပါ၊ ဆရာသမားထည့်မှ ခြောက်ယောက် ရှိတယ်၊ ဒို့အရေးမကြီး ပါဘူး၊ မင်းတို့ နောင်ရေးခက်မှာစိုးလို့၊ သူခိုးက လူလို့များ အော်နေလိုက်တာ မအော်ဘူးလားကဲ (အော်ပါတယ် ဘုရား)၊ ဉာဏ်နားနဲ့ထောင်ကြည့်မှ ကိုယ်မှားတာတွေပေါ်လာတယ် (တင်ပါ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဉာဏ်နားနဲ့ထောင်ကြည့်ပါ
ဘာနဲ့ နားထောင်ရမတုံး (ဉာဏ်နားနဲ့ထောင်ရမယ် ဘုရား)၊ ဉာဏ်နားနဲ့ ထောင်ကြည့်တော့ မင်းကလည်း ရောမ လိုက်နဲ့ဦးကွ၊ မင်းကလည်း ရောလိုက်တဲ့အခါ ပါလိုက်သေး တယ်။။
မင်းတို့အသွားက ငါပြော ပြောစရာချည်း၊ မင်း-သူခိုး က အော်ပြန်ပြီ၊ ငါပြော ပြောစရာ၊ မိန်းမမို့ လျှာရှည်တာ ငါက ပထမတစ်ခေါက် နှစ်ခေါက်တော့ ကြည့်နေတယ်။ ခုတော့ မင်းတို့လုပ်ပုံကိုက အချိုးမကျဘူး အစရှိသည်နဲ့ ဒီသူခိုးက အော်ပြန်တာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အတော်ဆိုး နေတာ။
မသိဘူးတဲ့ ဖော်ပြောမှ သူခိုးက လူဟစ်နေတာပါလား ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားတယ်ကွ၊ သို့မဟုတ်ရင် ရှင်းပါ့မလား။
နေရာတိုင်းတရားဖြစ်ရမယ်
အဲတော့ တရားက အကွက်ကျတဲ့နေရာမှ ပါဠိတော်နဲ့ သုံးမှ သူဟာ အမှန်ရောက်တယ် (တင်ပါ ဘုရား)၊ ဒီအတိုင်း၊ တရားနာမှ တရားဆိုရင် မဟုတ်ဘူး (တင်ပါ ဘုရား)။
နေရာတိုင်း တရားဖြစ်ရမယ်၊ သဘောကျပလား၊ မတရားတော့ နေရာတိုင်း ဖြစ်ရဲတယ်၊ တရားတော့နေရာတိုင်း မဖြစ်ရဲဘူးဆိုတော့ ဒါမလွဲဘူးလား လွဲလား (လွဲပါတယ် ဘုရား)။
မတရားကိုတရားနဲ့မှနိုင်မှာ
အဲတော့ မတရားကို တရားနဲ့မှ နိုင်မှာဖြစ်နေတော့ ပြောမယ်ကြံတိုင်း၊ ဆိုမယ်ကြံတိုင်း၊ အင်း ဘာပြောမလို့ စဉ်းစားတာပါလိမ့်ဆိုတာ အကဲခတ်ပါဦး၊ သူခိုးက လူဟစ်မလို့ လား၊ အမှန် ပြောမလို့လား၊ ဒီတစ်ခုကို အကဲခတ်ပါဦးကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ မင်းကော ရောလိုက် ရမှာလား မလိုက်ရဘူးလား (မလိုက်ရပါဘူး ဘုရား)။
အတူတူမို့ အနူနူဖြစ်တယ်ဆိုတဲ့ ကလေးတွေပြောတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားတယ် (တင်ပါ ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူဥပမာနဲ့ပြောတယ်တဲ့၊ ရဟန်းတို့ ဇေတဝန်ကျောင်းထဲရှိတဲ့ မြက်သစ်ရွက်တွေကို မီးလောင်သွားသည်ဖြစ်စေ၊ ယူသွားသည် ဖြစ်စေ မင်းတို့မှာ ဘာများ ထိခိုက်သေးတုံး။
ကိုယ့်ခန္ဓာလည်းငါ့ဥစ္စာမဟုတ်
ဟာ တပည့်တော်တို့ ပစ္စည်းမှ မဟုတ်တာဘုရား၊ ဒါ ဘာမှ ထိခိုက်စရာ မဟုတ်ပါဘူး။ ထို့အတူပဲတဲ့ ကိုယ့်ခန္ဓာ က ငါ့ဟာတစ်ခုမှ မပါတော့၊ ဟိုဟာတွေလည်း ငါ့ဥစ္စာ မဖြစ်နိုင် ဘူး၊ ကိုယ့်ခန္ဓာမှ ငါ့ဥစ္စာမပါတော့ ကျန်တာ ငါ့ဥစ္စာ (မဖြစ်နိုင် ပါဘူး)။
အဲဒိဟာ ဒါဘာဟောနေတာတုံးလို့ မေးတဲ့အခါကျ တော့မှ နိဂုံးချုပ်လိုက်တဲ့အခါကျတော့ သစ္စာလေးပါးကို ပိုင်ပိုင် နိုင်နိုင်မသိသေးလို့ရှိရင် ရှုပ်နေမှာစိုးလို့ သစ္စာလေးပါး ပိုင်ပိုင် နိုင်နိုင် သိအောင် ဟောချလိုက်တယ်။
ဒီတစ်လုံးပိုင်ရင်သစ္စာလေးပါးပိုင်သွားပြီ
ရှေ့ပိုင်းက ကိုယ်ပိုင်သစ္စာနှစ်ခု၊ နောက်ပိုင်းက ကိုယ် စွန့်ပစ်ရမယ့်သစ္စာနှစ်ခု၊ တစ်လုံးတည်း ပိုင်လို့ရှိရင် မင်းတို့ သစ္စာလေးပါး ပိုင်သွားပြီ။
ငါ့ဟာမဟုတ်ကြောင်း တစ်လုံးတည်း ပိုင်လို့ရှိရင်၊ သစ္စာလေးပါး စလုံးမှာ ပယ်ရမယ့် သစ္စာ ပယ်ပြီးသား၊ သိမ်းထား ရမယ့်သစ္စာကို သိမ်းပိုက်ပြီးသား ဖြစ်သွားတော့တယ် ဆိုတော့ ဘုရား ဘယ်လောက် ဉာဏ်ကြီးတယ် မပေါ်သေးဘူးလားကွ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နောက်ဘယ်လိုလုပ်ကြမှာတုံးလို့မေးတဲ့အခါကျ တော့ ဟိုကိုပြောမယ့်ကြံရင် ကိုယ့်အရင်ကြည့်လိုက်၊ ဒီထဲငါ့ဟာ များပါသေးရဲ့ လား၊ ငါများပါနေသေးလားကြည့်ဦးမရှိတော့။
ခန္ဓာထဲငါမပါဘူး
ကြည့်လိုက်တဲ့ အခါကျတော့ ဒါပြင်ဘက်က ဟာတွေပဲ ငါ့ဥစ္စာ မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခန္ဓာထဲမှာ ငါလုပ်တာလို့ တစ်ခုမှ မပါဘဲ၊ ခန္ဓာထဲ ငါမပါတော့ ဘေးကဟာလည်း ငါ့ဥစ္စာ လုပ်လို့ (မဖြစ်ပါဘူး ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတွေက ခန္ဓာကငါ၊ ဘေးကဟာတွေက ငါ့ဥစ္စာဆိုတော့တဲ့ ခုနင်က ငါ့ဥစ္စာ မဟုတ်ဆိုတဲ့ သမ္မာဒိဋ္ဌိက မလာဘဲနဲ့ မိစ္ဆာဒိဋ္ဌိက ဝင်လာတော့ ဒိဋ္ဌိ၊ ဒိဋ္ဌပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ပြီးတော့မှ ဇာတိ ဇရာ မရဏ လှည့်သွားတော့ ပယ်ရမယ့် သစ္စာနှစ်ခု သိမ်းပိုက်ပြီးသား ဖြစ် သွားတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပယ်ရမယ့် သစ္စာနှစ်ခု (သိမ်းပိုက်ပြီးသားဖြစ်သွားပါ တယ် ဘုရား)။ သိမ်းပိုက်ပြီးသား ဖြစ်သွားတော့ သမုဒယသစ္စာ သိမ်းပိုက်လိုက်တော့ ဒုက္ခသစ္စာ ကိုယ်ပိုင်ရတယ် (တင်ပါ ဘုရား)။
သမုဒယသစ္စာ သိမ်းပိုက်လိုက်တော့ (ဒုက္ခသစ္စာ ကိုယ်ပိုင်ရပါတယ် ဘုရား)၊ ဒါဖြင့် ပယ်ရမှာ မင်းတို့က အရ သိမ်းနေတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ပယ်ရမှာ အရသိမ်းနေလို့ရှိရင် ကိုယ်ကျိုးတော့ လှလှ ကြီး နည်းတော့မှာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ခန္ဓာကိုပြန်ကြည့်ပါ
ဒါဖြင့် ဘာပဲပြောမည်ကြံကြံ၊ ဘာပဲဆိုမည်ကြံကြံ၊ ဘယ်ဟာလေးပဲ သိမ်းဆည်းမည်ကြံကြံ မင်းက ခန္ဓာပြန်ကြည့် လိုက်ပါဦး၊ စိုးရိမ်ကြောင့်ကျမယ် စိတ်ကူးရင်ပေါ့ကွာ (တင်ပါ ဘုရား)။
မလွှဲသာလို့ ဝေယျာဝစ္စကျတော့ မဆိုလိုပါဘူး၊ ဝေယျာဝစ္စကို မဆိုလိုပါဘူး၊ ဒိဋ္ဌိဝင်လာတဲ့ အခါဆိုတာပါ၊ ဝေယျာဝစ္စက ဘုရားကဟောထားတယ် ဝေယျာဝစ္စက သီလပါကွာ (တင်ပါ ဘုရား)၊ မပျက်စီးတာ မပျက်စီးအောင်လုပ်၊ ဘုရား ပစ္စည်း၊ သံဃာ့ပစ္စည်းဟုတ်လား (တင်ပါ ဘုရား)။။
ဒါကို မပျက်စီးအောင် သိမ်းဆည်းတာတော့ ဝေယျာဝစ္စသီလပဲပေါ့ကွာ၊ အခုဟာက မင်းတို့ ဒီလိုမဟုတ်ဘူး ငါ့ဥစ္စာလေးထိ မခံနိုင်ဘူးဆိုတာက ဒီဥစ္စာကတော့ကွာတဲ့ မသိမ်းပိုက် ရမယ့် သစ္စာနှစ်ခု သိမ်းပိုက်နေလို့ မင်းတို့မှာ ဒုက္ခလှလှရမှာစိုးလို့ ခန္ဓာကို ဘာပြောမယ်ကြံကြံ၊ ဘာဆိုမယ် ကြံကြံ၊ ဒိဋ္ဌိတဏှာနဲ့ ပြောမယ်ကြံလို့ ရှိရင်၊ ခန္ဓာကို ငါ့ဟာမဟုတ်ကြောင်း၊ အရင်သိအောင် လုပ်လိုက်ပါ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာကို ငါ့ဟာမဟုတ်ကြောင်း အရင်သိအောင်လုပ်ပါ
ဘာအရင်သိအောင်လုပ်ရမတုံး (ခန္ဓာကို ငါ့ဟာ မဟုတ်ကြောင်း အရင်သိအောင်လုပ်ရမယ်) သိအောင်လုပ် လိုက်တဲ့ အခါကျတော့ ဟိုဟာတွေ ရှင်းပြီးသွားတယ်၊ ပြင်ဘက် ကဟာတွေကော ဘယ့်နှယ်နေကြတုံး (ရှင်းသွားပါပြီ ဘုရား) ငါ့ဥစ္စာဟုတ်သေးရဲ့ လား (မဟုတ်တော့ပါဘူး)။
ငါမရှိလို့ရှိရင် ငါ့ဥစ္စာရှိသေးရဲ့ လား (မရှိတော့ပါဘူး) အဲဒါကြောင့် ပယ်သစ္စာနှစ်ခုကို သိမ်းပိုက်တဲ့ သစ္စာ မဖြစ်အောင် လို့ ဒီသုတ်ကို ဘုရားဟောတော်မူတယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ကဲ – တော်ပြီ။
သာဓု သာဓု သာဓု။
———-
ဖြေဆေးငါးခွက်သောက်ပါ (ပီယ၊ သာတ)
အသံဖိုင်ခေါင်းစဉ်= ပီယသာတဖြစ်သောအာရုံကို နှစ်သက်သာယာခြင်းကြောင့်ဒုက္ခမှမလွတ်ကင်းနိုင်ပုံ
စာအုပ်ခေါင်းစဉ်= ဖြေဆေးငါးခွက်သောက်ပါ (ပီယ၊ သာတ)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားဆုံးမတော်မူသော တရားတော်
ဖြေဆေးငါးခွက်သောက်ပါ (ပီယ၊ သာတ)
(၄-၃-၆၂)
အစလေးတော့ မနေ့က အဆက်နဲ့ ပြန်ဆက်လိုက်တာ ပေါ့ကွာနော် (တင်ပါ ဘုရား)။ ရဟန်းတို့ ခန္ဓာကိုယ် သုံးသပ်ကြ ရဲ့ လားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ရဟန်းတစ်ပါးက သုံးသပ်ပါတယ်ဆိုတော့ (၃၂) ကောဋ္ဌာသ သုံးသပ်တဲ့ အကြောင်း လျှောက်တော့ ဘုရားက မကျေနပ်လို့ သစ္စာသုံးသပ်မှ ကျေနပ်တယ်လို့ မှတ်ထားရမယ် (တင်ပါ ဘုရား)။
ခန္ဓာရှိလို့အိုမှု၊ သေမှုလာတာ
အဲဒီ သစ္စာသုံးသပ်တော့ ကဲဒါဖြင့် မင်းတို့ နာကြကွာ ငါသေချာသုံးသပ်ပုံ၊ မင်းတို့ဟာမင်းတို့ နေ့တိုင်း သုံးသပ်ဖို့ရာ အရေးငါပြောပြမယ်ဆိုပြီး သကာလ ၊ သတ္တဝါ သန္တာန်မှာ အိုမှု သေမှုဆိုတဲ့ ဒုက္ခသစ္စာ နှစ်ခုဟာ၊ လူ ခန္ဓာရှိရင် ဆက်သွယ်နေ တာပဲကွာ ရှိနေတာပဲ၊ ဒီအိုမှု သေမှု ဘယ်က လာတယ် ဆိုတဲ့ ဥစ္စာ၊ မင်းတို့က အကြောင်းရှာဖို့ရာကို နောက်ဆုတ်သွားပါ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူက အဖြေထုတ် လိုက်ပါတယ်။ ခန္ဓာရှိလို့လာတာ (တင်ပါ ဘုရား)။
ခန္ဓာဘယ်ကလာသတုံး
အိုမှု၊ သေမှုဟာ ခန္ဓာရှိလို့လာတယ်မှတ်လိုက်တာပေါ့။ ဒီခန္ဓာဘယ်ကလာသတုံးလို့ တစ်ခါဆက်ကြည့်လိုက်ပြန်တော့ ဘုံဘဝ လိုချင်တဲ့တဏှာက လာတာ၊ -ဒါဖြင့် ခန္ဓာ၏ လက်သည် လည်း တွေ့ပါပြီ တဏှာ၊ ဒီတဏှာကလည်း မိုးပေါ် ကျမဟုတ်ပါဘူး၊ အလိုလို ပေါ်တယ်လို့မယူပါနဲ့ ပီယသာတဖြစ် တဲ့ အာရုံကြောင့် ပေါ်လာတာပါ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခင်တာ၊ နှစ်သက်တာ
ပီယသာတ၊ ပီယ-ဆိုတာ ခင်တာ၊ သာတ-ဆိုတာ နှစ်သက်တာ၊ အဲတော့ နှစ်သက်တဲ့ အာရုံ၊ သာယာတဲ့ အာရုံ၊ ဒီအာရုံကြောင့် တဏှာဖြစ်တယ်၊ ဒီတဏှာကြောင့် ခန္ဓာဖြစ်တယ်၊ ခန္ဓာဖြစ်လို့ အိုသေတွေ့တယ်။
ဆိုတော့ ကိုတဲ့ အရင်းတော့ဖြင့် ယနေ့တွေ့ပြီလို့ မှတ် ရမယ်၊ ပီယသာတ ဖြစ်တဲ့တရားဟာ တဏှာ ဖြစ်ခြင်း၏ အကြောင်းလို့ မှတ်ရမယ် (တင်ပါ ဘုရား)၊ ပီယသာတ ဖြစ်တဲ့ အာရုံဟာ (တဏှာ၏ဖြစ်ခြင်း အကြောင်းပါ ဘုရား)၊ တဏှာဖြစ် ခြင်းအကြောင်းလို့မှတ်ပါတဲ့။
ဘုရားပေးတဲ့ဥပမာ
အဲတော့ကွာတဲ့ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး ဥပမာနဲ့ မင်းတို့ဟောပါ့မယ်တဲ့၊ လူတစ်ယောက် ဟာကွာတဲ့ အင်မတန့် မောပန်းလာတယ်၊ အင်မတန် မောပန်းလာလို့ ရေငတ် တယ်ကွ၊ ရေငတ်တဲ့ အခါကျတော့ကိုတဲ့ အရက်ခွက်နဲ့ အရက်ထည့်ထားတာတွေ့တယ်ကွာတဲ့၊ တွေ့တဲ့ အခါကျတော့ အဲဒီနား လူကောင်း တစ်ယောက်လည်း ရှိတော့၊ ငါ့လူ မင်းကလည်း မောပန်းလာတော့ သောက်ချင်မှာပဲ၊ ထိုအရက် ခွက်ကို သောက်ချင်ငြား သော်လည်း ဒီအရက် မင်းအဆိပ်နဲ့ ရောထားတယ်၊
အဲတော့ သောက်လို့တော့ ကောင်းမှာတော့ ဖြင့် ငါမကောင်းဘူးလို့ မပြောပါဘူး၊ ကောင်းမှာ ဧကန်ပါပဲ၊ သို့သော် မင်းသောက်လည်း ပြီးရော မကြာခင်ပဲ သေပွဲဝင်ရလိမ့် မယ်လို့ အနားက သူတော်ကောင်း တစ်ယောက်က ပြော ပါတယ် (တင်ပါ ဘုရား)။
အရက်ခွက်တွေက သား၊ လင်၊ ခင်ပွန်း
အဲတော့ သူဘယ်လိုဖြစ်လာကြလိုက်သတုံးလို့မေးတဲ့ အခါကျတော့ ဒါက ဥပမာအဖြစ်နဲ့ ဘုရားက ဟောလိုက်တာ ပါ (တင်ပါ ဘုရား)၊ ဥပမေယျကတော့ကိုတဲ့ မိမိတို့သားလင် ခင်ပွန်း၊ သမီး၊ ဒါတွေဟာ အရက်ခွက်တွေပဲ။
သွားပြီး သကာလ ခင်တဲ့မင်တဲ့သဘောနဲ့ ပုထုဇဉ် မိုက်က သောက်မိတယ်ကွာ၊ဘာဖြစ်လို့ သောက်မိသတုံး ဆိုတော့ သူက ဘဝများစွာ သံသရာက ငတ်လာခဲ့တာကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခရီးပန်းတဲ့လူနဲ့တူ
ဘဝများစွာ သံသရာက (ငတ်လာခဲ့တာပါ ဘုရား) ဘယ်တော့မှ ဝသေခဲ့တဲ့ဘဝက မရှိတော့ ငတ်လာတော့ သူက ခုန ခရီးပန်းတဲ့လူနဲ့ အတူတူ ဖြစ်နေတယ် (တင်ပါ ဘုရား)။
အဲတော့ သူသည်ကားလို့ဆိုရင်ဖြင့်တဲ့ ဒီတွေ့ရာ အာရုံကို တစ်ခါတည်း ဒါ ဒီဘဝမှာ တွေ့တဲ့ ခင်ပွန်းနဲ့ဟာ အားကိုးစရာပဲ၊ ကိုးစားရာပဲ၊ ခင်စရာမင်စရာပဲ၊ ဒီဘဝမှာ မွေးထားတဲ့ သားသမီးလေး တွေလည်း၊ ဟာ ခင်စရာ မင်စရာ ကြင်နာစရာ၊ သာယာစရာ လေးတွေပဲ ဆိုပြီး သူ့မှာ သောက်မိမြိုမိ ပါတယ်တဲ့၊ ဝမ်းထဲ ဒီအဆိပ်တွေ ရောက်ပါတယ်တဲ့။ ပီယသာတကြောင့် (တင်ပါ ဘုရား)။။
ဆရာသမားနဲ့တူတယ်
တော်တော်ကြာကျတော့ကွာတဲ့ သားပူ၊ သမီးပူ၊ လင်ပူ ဆိုတာတွေဟာ တစ်ခါတည်း ရောက်တော့ တာပဲတဲ့၊ ဒါ မသောက်ရင် မဖြစ်ပါဘူးကွတဲ့၊ အဲတော့ ဆရာသမားဆိုတာ က ဘာနဲ့တူသတုံး ဆိုတော့၊ ခုနက မောလာတဲ့လူကို အရက် သောက်မယ်လို့ လုပ်နေတော့ ငါ့လူကြည့်လုပ်၊ အဲဒိ အရက်ဟာ သောက်လို့တော့ ကောင်းမှာအမှန်ပဲ၊ သို့သော် အဆိပ်နဲ့ရော ထားတယ်ကွ၊ တော်ကြာ ခဏလေးနေတဲ့ အခါကျလို့ရှိရင် မင်းသည် သေပွဲတွေ ဝင်ရလိမ့်မယ် ဆိုတော့၊ ဆရာသမားနဲ့ ဘုရားနဲ့ တူတယ် (တင်ပါ ဘုရား)။
အမောသမားနဲ့တူ
အစ်မတို့နဲ့ မောင်ချစ်ဆွေတို့ လူစုနဲ့၊ သံသရာ အငတ် မပြေဘဲနဲ့ သေလာတဲ့ အမောသမားနဲ့ တူတယ် (တင်ပါ ဘုရား)။
တွေ့ရာခင်လိုက်၊ တွေ့ရာ မင်လိုက်တော့ကို သောက်မိတာနဲ့ တူတယ် (တင်ပါ ဘုရား)။
အခုတော့ဖြင့် ဘယ့်နှယ်ဖြစ်နေကြတုံး ဆိုတော့၊ ခင်ပွန်း လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ခင်ပွန်းမ ပူ၊ သားပူ၊ ခင်ပွန်းမ လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ခင်ပွန်းသည်ပူ၊ သားပူ၊ သမီးပူ၊ ခုတော့ သောက်မိကြတော့ ဒီဝေဒနာတွေဟာ အသီးအသီး နေ့တိုင်း ရောက်နေတာပဲ (တင်ပါ ဘုရား)။။
တစ်ယောက်က နေမကောင်းလိုက်၊ အင်း တစ်ယောက် က ဆဲလိုက် ဆိုလိုက်၊ တစ်ယောက်က ဟိုဟာမှ စားချင်တယ်၊ ဒီဟာမှ စားချင်တယ်စိတ်များပျက်ပါပေါ့၊ ဆိုတော့ ဒုက္ခ ဒေါမနဿ တွေဟာ နေ့တိုင်းရောက်တာပဲ (ရောက်ပါတယ် ဘုရား)။
အိမ်ထောင်မပြုရင် ဒါတွေမလာဘူး
အဲဒိ ဒုက္ခ၊ ဒေါမနဿနေ့တိုင်းရောက်တော့ နဂိုက သောက်မိလို့ဖြစ်တာ၊ အိမ်ထောင် မပြုလို့ရှိရင် ဒါတွေ မလာ ပါဘူး၊ ခင်ပွန်းလည်း မလာဘူး၊ သားသမီးလည်း မပွားဘူး၊ အဲတော့ သံသရာခရီးသည် အငတ်က မပြေတော့၊ စာတွေ ကလည်း ပြောကြပါရဲ့၊ တရားတွေကလည်း ဟောကြပါရဲ့၊ အဲဒီတော့ ကိုယ်က အငတ်သမားဆိုတော့ သောက်မိတာပဲ (တင်ပါ ဘုရား)၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။
မင်းတို့မှာ အခု ဘယ်အခြေအနေဆိုက်နေတုံးဆိုတော့ အူပြတ်တဲ့ ကိစ္စပဲ ကျန်တော့တယ်၊ သောက်တော့ ပြီးနေပြီ (တင်ပါ ဘုရား)၊ ဘာကျန်တော့သတုံး (အူပြတ်တဲ့ကိစ္စ ကျန်တော့ ပါတယ် ဘုရား) အူပြတ်တာနဲ့ သေပွဲနဲ့၊ ငိုပွဲနဲ့၊ မျက် ရည်ကျပွဲနဲ့၊ မကောင်းတာဟူသ၍ အကုန်လာတော့မယ် ဆိုတဲ့ ဥစ္စာတော့ ဖြင့်၊ ဒါ ဘာမှ သံသယ မရှိနဲ့ အကုန်ဖို့ဟာချည်းမှတ်ထား (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်လို့တုံး နဂိုကပြောသားပဲ ဆရာသမားက၊ အဲ အာရုံဆိုတာ နှိပ်စက်တတ်တယ်ကွ၊ မဖြစ်သေးရင် ကိစ္စမရှိဘူး၊ ဖြစ်ပြီဆိုမှဖြင့် ခက်တယ်ကွ၊ လူကြီးတွေကလည်း ပြောကြတာပဲ (တင်ပါ ဘုရား)။
အမေ မိဘကလည်း ထိန်းသိမ်းတယ်၊ သမီးတို့များ အိမ်ထောင်များ မပြုလိုက်ပါနဲ့၊ ဒို့ပြုမိလို့ ဆင်းရဲကုန်ပြီ ဆိုတာ လည်း ဆရာသမားလိုပဲ ပြောရှာကြတယ်၊ အင်း အမေ အဖေ တွေကလည်း ပြောရှာကြတယ် (တင်ပါ ဘုရား)။
သောက်မိမျိုမိကြတယ်
အဆိပ်နဲ့ ရောထားတဲ့အရက်နော်၊ သွားမသောက်နဲ့ သောက်လို့ရှိရင် မင်းဒုက္ခ ရောက်လိမ့်မယ်၊ ပြောပေမယ့်လည်း ကိုယ့်က အငတ်က မပြေဘဲနဲ့ သေလာခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဖြစ်နေတော့ ဒီလိုပဲ အာရုံအငတ် ပြဿနာကြီးက ထကြွ သောင်းကျန်း လာပြန်တော့ သောက်မိ မျိုမိကြတယ်။
အခု အခြေအနေတော့ဖြင့် ပြောဖို့ရာ မလိုတော့ဘူး၊ သောက်ပြီး မျိုးပြီးဖြစ်နေတော့ အဆိပ်ဝမ်းထဲ ရောက်ပြီး သကာလ ၊ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ ဟူသရွေ့ဟာ သောက်မှုက လာတာချည်း ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား) သဘောပါကြပလား (သဘောပါပြီ ဘုရား)၊ အစ်မ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်အပေါ်ရောက်နေတဲ့တရား
သူများတရားလား၊ ဒို့အပေါ်ရောက်နေတဲ့တရားလား ဆိုတာ ဘာမှ သံသယရှိဖို့ မလိုတော့ဘူး (တင်ပါ ဘုရား)၊ ဒို့ အပေါ်ရောက်နေတဲ့တရားပဲကွ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကိုတဲ့ မင်းတို့သည်ကားဆိုလို့ရှိရင်ဖြင့် ဪ အလွဲထဲကဖြင့် လွဲကုန်ပေါ့ ဘယ်လိုလုပ်ပါ့မတုံး၊ ကိုင်း -ဒါဖြင့် ဒီအဆိပ်တွေကလည်း ဝမ်းထဲရောက်နေပြီ၊ အဆိပ်ဖြေ ဆေးသောက် ရလို့ရှိရင် သေပွဲဖြင့် လွတ်ကောင်းပါသေးရဲ့ ဒါပဲ တွေးစရာ ရှိတယ်။
အဆိပ်တွေကလည်း ဝမ်းထဲရောက်နေပြီ (ရောက် နေပါပြီ ဘုရား)၊ အဆိပ်ပြေဆေးလေး တစ်ခုကို အားကိုးရာ လေးတော့ဖြင့် မသေခင်မို့ ရှိသေးတယ်၊ နို့မဟုတ်ရင် သူတို့ အကြိုက်နဲ့ သူတို့ဒီပဲ သွားဦးမှာကို (သွားဦးမှာပါ ဘုရား) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
အရပ်သဘောကဒါဘဲပြောမှာပဲ
အဲတော့ ဘေးကလူပြောတာကို မယုံနဲ့တဲ့၊ အဆိပ်နဲ့ ရောထားတဲ့ အရက်ကို မသောက်ပါနဲ့လို့ မိဘက အမှန်ပြော တာသာယူ၊ ရိုးရာကို မယူနဲ့ ရိုးရာကတော့ဖြင့် သူတို့လည်း သောက်ပြီးလို့ရှိရင် ကဲ ဒို့လည်း သေပွဲဝင်မှာပဲ၊ သူတို့လည်း တွန်းမှပဲ၊ ညည်းအချိန်ရောက်ပေါ့ ဘာလုပ်နေသေးတုံး၊ တော်ကြာကြီးမှ ဆိုလို့ရှိရင် ဘာမှ အခြေအနေဆိုက်မိမှာ မဟုတ်ဘူး၊ အရပ်သဘောကတော့ အစ်မ ဒါပဲ ပြောမှာပဲ (တင်ပါ ဘုရား)၊ မင်းကိုလည်း အရပ်သဘောက ဒါပဲ ပြောမှာပဲ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။
ခုနက အဆိပ်နဲ့ ရောတဲ့အရက် မသောက်ပါနဲ့ဆိုတဲ့ လူကတော့ အမေအဖေပဲ ရှိတယ် (တင်ပါ ဘုရား)၊ ကျန်တဲ့ ကိုယ့်လိုရွယ်တူ တန်းတူတွေကတော့ဖြင့် ငါ့လူ ခုထက်ထိပဲ လူပျိုကြီး လုပ်နေတုန်းလား၊ အပျိုကြီး လုပ်နေတုန်းလား၊ အစရှိ သည်နဲ့ သောက်ပါ သောက်ပါ။ ဒါမှ သေပွဲ ဝင်တာ သိချင်လို့၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။
မင်းတို့လင်မယားကိုဟောနေသော
ဘုရားပေးတဲ့ဥပမာ သမ္မသနသုတ်နော် (တင်ပါ ဘုရား) အဲဒီလောက် ဆိုးရွားနေတာ၊ အခုဟာ သူများဟော နေတယ်ဆိုတာ တစ်လုံးမှ မပါပါဘူး၊ ပါသေးလား (မပါပါ ဘုရား)၊ မင်းတို့ အကြင် လင်မယားကိုပဲ ဟောနေတယ်လို့ ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား)။ သဘောပါပလား (ပါပါတယ် ဘုရား)။
အခုသောက်ပြီး နေကြပြီ၊ သောက်ပြီးနေကြ တစ်နေ့များ ဘဝင်အေးအေးနဲ့ သားသမီးကိစ္စ မပြောရ မဆူရတဲ့နေ့၊ မပူရတဲ့နေ့၊ မဆွေးရတဲ့နေ့ ရှိကြရဲ့လား မေးလို့ရှိရင်ဖြင့် သစ္စာဆိုတောင် စူးပါတယ်။ တစ်နေ့မှ မလွတ်ဖူး ပါဘူး ဆိုတာပါမှာဘဲ၊ မပါပေဘူးလား (ပါ ပါတယ် ဘုရား)၊ ဘယ်လောက်ဆိုးတုံးကွ (ဆိုးပါတယ် ဘုရား)။
သွားနေတုန်း ပေါ်တာလည်း ဒါအဆိပ်သင့်တာပဲ (တင်ပါ ဘုရား)၊ ပြန်လာလို့ ရောက်လာ ရင်လည်း မင်းနဲ့နှီးနွယ် လာလို့ သူက အဆိပ်သင့်နေပြန်ပြီ၊ သောက်မိလို့လေကွာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အတော်ဆိုးနေတာကွ (ဆိုးပါတယ် ဘုရား)။
အဲဒါ နဂိုက သောက်ထားတဲ့အဆိပ်က ခုမှကြွလာတာ၊ (တင်ပါ ဘုရား)၊ နဂိုက သောက်ထားတဲ့ အဆိပ်က (ခုမှကြွလာတာပါ ဘုရား) ခုမှကြွလာတာ ဆိုတဲ့ဥစ္စာဖြင့် ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ဒါအကြွကြီးရှိသေးတယ်လို့ ဆရာဘုန်းကြီးကဖြည့်စွက် ပြန်တယ် (တင်ပါ ဘုရား)၊ အကြွကြီး တစ်ခါတည်း အရှက်တကွဲ အကျိုးနည်းကိစ္စတွေ ရှိသေးတယ်၊ မောင်ချစ်ဆွေ (မှန်လှပါ ဘုရား) အရှက်တကွဲ အကျိုးနည်းကိစ္စတွေ အများကြီး ရှိသေးတယ်။
ဒိပြင် မကြည့်ပါနဲ့၊ ဒီအဘွားကြီးတွေ ကြည့်ပါတဲ့။ အရှက်တကွဲ အကျိုးနည်းကိစ္စတွေ၊ ဘုန်းကြီး မှာပစ်ခဲ့တာပဲ ယနေ့၊ ဘာမှမတော်ဘူး ခင်ဗျား သံယောဇဉ် မယှက်လို့ပေး တာဆိုရင်လည်း ဆိုချင် ဆိုတော့၊ သူ့မှာလည်း ဒီအရည် သောက်မိလို့ ဒီအလုပ်မှားတာတွေလည်း အကုန်လုပ်တော့ တာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဆိပ်ဒဏ်ချက်ခံရပြီ
ဒါ ပီယသာတ သဘောတွေလေ၊ ဒီကလာတာဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဘေးက အမေ မိဘကလည်း အဆိပ်နဲ့ရော ထားတဲ့အရက် မသောက်လိုက်ပါနဲ့ ဆိုတော့ မင်းတို့ကလည်း သောက်မိ၊ အစ်မကလည်း သောက်မိ၊ မင်းကလည်း သောက်မိ၊ ခုတော့ဖြင့် သောက်တဲ့လူ အပေါင်းဟာဖြင့် အဆိပ်ပါနေတော့၊ ဒီအဆိပ်ဒဏ်ချက်တော့ဖြင့် ခံကြရမှာပဲ၊ မခံရပေဘူးလား (ခံရ ပါတယ် ဘုရား)။
အပျိုကြီးလုပ်နေမယ်ဆိုရင်
နဂိုက အပျိုကြီး လုပ်နေမယ်၊ မင်းကလည်း လူပျိုကြီး လုပ်နေမယ်ဆို အဆိပ်ဒဏ်ချက်သင့်ကို မသင့်ဘူး (မသင့်ပါ ဘုရား) သင့်စရာမြင်သေးလား၊ (မမြင်ပါ ဘုရား) အခုတော့ဖြင့် အင်း လုပ်နိုင်သ၍ ကျွေးနိုင်သ၍ ကျွေး၊ လုပ်နိုင်သ၍ လုပ်၊ စုနိုင်သ၍ စု၊ အပါယ်ကျနိုင်အောင်က အကုသိုလ်တွေ စုလုပ်ပြီး အဆိပ်သင့်စရာ တွေကြောင့် အဆိပ်သင့်တဲ့ ကိစ္စတွေက တိုးတိုး တိုးတိုးက ကျယ်ကျယ် ကျယ်ကျယ် လာတယ်၊ မကျယ်လာ ဘူးလား၊ (ကျယ်လာပါတယ် ဘုရား)။
သားစာ သမီးစာက အစလုပ်ရလိမ့်မယ်၊ ဟာ လုပ်တာ တော့လုပ်ပါတဲ့၊ ခင်ဗျားဟာ အပါယ် မသွားပေဘူးလား၊ အင်းသွားချင်သွား မတတ်နိုင်တော့ဘူး ခုတော့ သူတို့ငတ်မှာ၊ သူတို့ပြတ်မှာ၊ သူတို့ လူချင်းမတူမှာ စိုးရိမ်တယ်၊ အောင်မလေး ကြောက်စရာကြီးပါလား (တင်ပါ ဘုရား)၊ အကုန် လာနေတာပဲ (တင်ပါ ဘုရား)။
အဆိပ်တုံးကြီးဖြစ်နေပြီ
ဘယ့်နှယ့်တုံးကွ၊ တစ်ကိုယ်လုံးကို အဆိပ်ချည်းဖြစ် နေပြီကွ၊ အဆိပ်တုံးကြီးဖြစ်နေပြီ (မှန်ပါတယ် ဘုရား) အင်း (အဆိပ်တုံးကြီးဖြစ်နေပါပြီ ဘုရား) အဆိပ်တုံးကြီး ဖြစ်နေပြီ တစ်ကိုယ်လုံးမှာဖြင့်၊ တစ်ခါတည်း သူတို့အကြောင်းနဲ့ ပတ် သက်ရင်၊ မျက်နှာများ ညိုပြီး တစ်ကိုယ်လုံးများ အေးသွား တဲ့အခါ ပါလိုက်သေးတယ်၊ သွေးတွေ ဘာတွေ တစ်ကိုယ် လုံးတက်တာ၊ သူတို့ကိစ္စများ ကြုံလာရင် (တင်ပါ ဘုရား) အဆိပ် သင့်လိုက်တာ၊ မလာဘူးလားကွ (လာပါတယ် ဘုရား)။
တချို့ ဒီမှာ ထကြွသောင်းကျန်းပြီးလာတော့၊ ဟ ဘာဖြစ်လို့တုံး၊ နဂိုကသောက်ထားတဲ့ ပီယသာတ ဖြစ်တဲ့အ ရက်သောက်ထားတဲ့ဥစ္စာ ခုမှအဆိပ်သင့်တာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အပါယ်ကျမယ့်အလုပ်
အဲတော့ အဆိပ်ကလည်း တစ်နေ့ ဘယ်နှစ်ခါသင့် သတုံး၊ ဒါ အသင့်ကလေးရှိသေးတယ် မောင်ချစ်ဆွေရ၊ အသင့်ကြီးကျန်သေးတယ်၊ အပါယ်ကျမယ့် အလုပ်ကြီး ဟုတ်လား (မှန်ပါ့ ဘုရား)၊ မသေချင်ဘဲနဲ့၊ ဝိညာဉ်မချုပ်ချင်ဘဲနဲ့ မျက်ရည်ကြီးငယ်ကျပြီး သေရမယ့် ပွဲကြီးကျန်သေးတယ် (တင်ပါ့ ဘုရား)။။
ရှိသေးတယ်၊ အဆိပ်သင့်တဲ့ ဒဏ်ချက်တွေကလာဦးမှာ သဘောပါပလား (သဘောပါပါပြီ ဘုရား)၊ ဒါ ဘယ့်နှယ်ကြောင့် ဒီလောက်တောင် အဖြစ်ဆိုးကြီးနဲ့ အစ်မတို့ မောင်ချစ်ဆွေတို့ ကြုံပါလိမ့်မလဲ၊ ဪ ဘေးကတော့ပြောသား ဘုရား၊ ကိုယ်က လည်း အငတ်သမားမို့ သွားသောက်မိတယ်၊ သောက်မိလို့ အခု အဆိပ်သင့်တာဘုရား၊ ဒါပဲ အဖြေထွက်ဖို့ ရှိတော့တယ် (တင်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ဒီတစ်အိမ်တည်းအဆိပ်သင့်တာလား
ဒါ ဒီအိမ်တင် အဆိပ်သင့်တာလားလို့ မေးတဲ့ အခါ ကျလို့ရှိရင်၊ ဟိုအိမ်ကြည့်ပြန်တော့လည်း ဒီလိုပဲ၊ ဟိုဘက် အိမ်ကြည့် လိုက်ပြန်တော့ကော (ဒီအတိုင်းပါပဲ ဘုရား)။
ဒါဖြင့် မြို့ထဲရွာထဲမှာ ဒီအငတ်ပြဿနာကြောင့် သောက်မိတဲ့ အိမ်တွေက အများကြီးဖြစ်ပြီး အကုန်လိုလို ဖြစ်နေတော့ အင်းရိုးရိုးသေတော့ရှိမယ့် မထင်ပါဘူး အဆိပ်သင့် သေတာရှိမှာပါပဲ၊ ပြောရတော့မှာပဲ၊ (ပြောရမှာပါ ဘုရား)။
ရိုးရိုးသေတော့ မရှိဘူး ဒါစိတ်မချလက်မချနဲ့ သေမှာ ချည်းပဲ၊ ဘယ့်နှယ့်တုံးကွ (စိတ်မချ လက်မချနဲ့ သေမှာပါ ဘုရား) စိတ်မချလက်မချနဲ့၊ စာရင်းမချုပ် အင်းမချုပ်နဲ့ သေမင်း နိုင်ငံလိုက် ရတာတောင်မှ ငြင်းမရလို့ လိုက်ရတာ (တင်ပါ့ ဘုရား) အသေ ကတော့ အသေဆိုးပဲ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။
ဘာဖြစ်လို့ ဒီအသေဆိုးနဲ့ သေရပါလိမ့်မတုံး၊ အို အဆိပ်က ခုမှ ဝမ်းထဲရောက်ပြီးတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေက အတွင်းက ကြွလာတာဘုရား ဆိုလို့ရှိရင် ငြင်းဖို့လို သေးလား (မလိုပါဘူး ဘုရား)။
အဆိပ်မသင့်ရင်သေပွဲမရှိ
ကိုင်း ဒါဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက လမ်းပြဖော်ပြီးတော့ မသောက်နဲ့ ဆိုတာ ဘေးက ငတ်လွန်းတယ် ကွာ ဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ငတ်လွန်းလို့၊ အဲတော့ မသောက်နဲ့ဆိုတဲ့ အတိုင်း မသောက်ဘူးဆိုလို့ရှိရင်တဲ့ သေပွဲမရှိဘူး (တင်ပါ ဘုရား)၊ အဆိပ်မသင့်လို့ သေပွဲမရှိဘူး၊ မသောက်နဲ့ဆိုတာ ကြောက်မိတဲ့အတွက်တဲ့ ငိုပွဲတို့၊ သေပွဲတို့၊ ကြောင့်ကျပွဲတို့ (တင်ပါ ဘုရား)။။
သားမျက်နှာလေးကို ပီယသာတ ဖြစ်နေတော့၊ ချွေးမက အော်လိုက်တာများ ခံရမယ့် ကိစ္စတွေက ရှိသေးတယ်၊ ရှိသေးတယ် ရှိသေးတယ် (လာမှာပါ ဘုရား)၊ လာမှာပဲ၊ လာမှာပဲ၊ ဒီအဘိုးကြီး အဘွားကြီး တွေကလည်း ဆိုတဲ့ ကိစ္စက ခပ်ကျယ်ကျယ်နဲ့၊ သူကလည်း ငွေရှာနိုင်မယ် ဆိုလို့ရှိရင်၊ သူကလည်း သားမဖြတ်နိုင်လို့၊ သွားသွားကြည့်မယ်ဆိုရင်၊ အော်လုံး ငေါက်လုံးတွေ ခံရမယ့် ဥစ္စာတွေလည်း၊ ရင်ထု မြေလူးတွေကလည်း မောင်ချစ်ဆွေ လာဦးမယ်ကွ (လာမှာ ပါ ဘုရား)။
လာမယ် လာမယ် ဒီလိုတွေပြည့်လို့ (တင်ပါ့ ဘုရား) ဒီလိုတွေ ပြည့်လို့ (တင်ပါ့ ဘုရား)၊ ဟုတ်ပါဘူး မင်းပိုက်ဆံ တစ်ပြားရှာလာ ပေးနိုင်တာ မဟုတ်ဘဲနဲ့ ဘာလို့ လာတာတုံး၊ တွေ့ချင်ဒီကို အကြောင်းကြားလိုက်ပါလား၊ အကောင်းပြော တာပါ လမ်းလဲမှာစိုးလို့ (တင်ပါ ဘုရား) အင်း သူက ဖုံးလိုက် သေးတယ်။
ဒီကလည်း အငတ်ကလည်း မပြေသေး နောက် ကလည်း သောက်ချင်သေး၊ နောက်ကလည်း သောက်ချင်သေးတော့ သွားမိ လာမိပြန်တာပဲကွ၊ သွားမိ လာမိပြန်တော့ အအော်ခံရတယ် (မှန်ပါ ဘုရား) မခံရဘူးလား (ခံရပါတယ် ဘုရား)။
အအော်ခံရတဲ့အခါကျလို့ရှိရင် ဆိုရက်လေခြင်း၊ ပြောရက်လေခြင်း၊ ဪ အောင့်သာ ခံလိုက်ရတယ် ဒီအဖြစ်မျိုးဟာ ဖြစ်လိမ့်မယ်လို့ မထင်ဘူးဆိုတော့ ကိုယ်က လောကွတ်ချော်လို့ ဖြစ်ရတာပဲ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရှင်ဘုရားနဲ့မတွေ့ခဲ့လို့ပါ
နဂိုက သောက်မိတယ်ကွာ၊ နောက်ထပ်သောက်မိလို့ အအော်ခံရတယ်၊ နောက်ထပ် အဆိပ်သင့်တာပဲ(တင်ပါ ဘုရား) ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)၊ အောင်မလေး ကြောက်စရာ ကြီးပါလား မင်းတို့ ဇာတ်ထုပ်က (အရှင်ဘုရားနဲ့ နဂိုကမှ မတွေ့ပဲ) တွေ့လည်း သောက်မှာပဲ၊ ဘုန်းကြီး မတွေ့ပေမယ့် အမေနဲ့တော့ တွေ့သားပဲ။
ညည်းတို့ သား လင်ခင်ပွန်းကိစ္စ မစဉ်းစားကြနဲ့၊ ဒို့ကြည့် ဆိုတာ သူတို့ပြောတယ် (တင်ပါ ဘုရား) ပြောဘူးလား (ပြောပါ တယ် ဘုရား) ပြောပါတယ်၊ ဘုန်းကြီးများကတော့ ရှိပါစေတော့ မတွေ့တာ အမှန်ပါပဲ၊ ဘုန်းကြီးလိုပဲ ကိုယ်တွေ့ သမားက စာတွေ့ကို ပြောတာ၊ ဟိုကိုယ်တွေ့ သမားက ပြောတာ အဲဒါမှ မယုံပဲ စာတွေ့သမားဆိုတော့ ပိုမယုံမှာပေါ့ကွ၊ အတော် မဆိုးဘူးလား (အတော်ဆိုးပါတယ် ဘုရား)။
အဆိပ်တွေကဝမ်းထဲမှာပုံနေပြီ
ဒါ အရွယ်က မြှောက်တာ (တင်ပါ ဘုရား)၊ ဝယမှာ နေတာ သိပ်ကြောက်စရာကောင်းတာ၊ ဝယအရွယ်ရှိတာကို (တင်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)၊ ကိုင်း ဒါဖြင့် ဒီအဆိပ်တွေကဖြင့် ဝမ်းထဲမှာဖြင့် ပုံနေပြီ၊ အကြီးကိစ္စနဲ့ ဘယ်လောက် အပူတွေ့ခဲ့ပြီတုံး၊ အလတ်ကိစ္စနဲ့ အပူပေါင်း ဘယ်လောက်တွေ့ခဲ့ပြီတုံး၊ အငယ်ကိစ္စနဲ့ အပူပေါင်း ဘယ်လောက် တွေ့ခဲ့ပြီတုံး၊ ခင်ပွန်းနဲ့ တည်ထောင်ပြီးတဲ့ အချိန် ကစပြီး သကာလ ဒီခင်ပွန်းနဲ့ ပတ်သက်ပြီး သူ့ မောင်နှမတွေနဲ့ ခင်ပွန်းလည်း မပြတ်နိုင်၊ မောင်နှမတွေက မျက်စောင်းထိုး တာလည်း မနည်းခံရနဲ့ ဒါတွေကော ဘယ်လောက်တွေ့ပြီး ပြီတုံးလို့ အစ်မကိုမေးရင် ဘယ့်နှယ် ဖြေပါ့မတုံး (အများကြီး တွေ့ဖူးပါပြီ ဘုရား)။
အဆိပ်တွေထကုန်ပြီ
အများကြီး တွေ့ဖူးပြီ ဒါအဆိပ်ချည်းပဲ (တင်ပါ ဘုရား) အဆိပ်တွေထကုန်ပြီ၊ မင်းကလည်း ထိုနည်းတူပဲ ဟုတ်လား၊ ဒို့လည်း ဆွေနဲ့ မျိုးနဲ့ပဲ၊ ဒါတော့သည်းခံရမှာပေါ့ မတတ်နိုင်ဘူး၊ အလိုကျတာ လည်းပါရဲ့၊ မကျတာလည်းပါရဲ့ ရှိတာပဲ သူ့ဘက် လည်း (ရှိပါတယ် ဘုရား)၊ ရှိတာပဲ၊ သဘော ပါပလား (သဘော ပါပါပြီ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ မင်း အလိုမကျမှုတွေ၊ ကျမှုတွေကလည်း ပြောလည်း မပြောချင်ဘူးလေ၊ ကိုယ့်ဘက် သူ့ဘက်ဆိုတာ အပြောကလည်း သိပ်ခက် ဘယ် လာပြီ ဒေါသကတော့ ဖြစ်နေပြီ (တင်ပါ ဘုရား) ဒါတွေ ဖြစ်နေတော့ ဒါအဆိပ်သင့်တာကွ၊ အဆိပ်မှ အပယ် အဆိပ် သင့်တာ (တင်ပါ ဘုရား)။
အပါယ်ကျမည့်အဆိပ်
သာမညအဆိပ်၊ သေအောင်တင် နှိပ်စက်တဲ့ အဆိပ်လို့ မောင်ချစ်ဆွေက မအောက်မေ့နဲ့ အပါယ်ကျလောက်အောင် သင့်တဲ့အဆိပ် (တင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ရှေ့က စခန်းသွားခဲ့တာက အကောင်းချည်းပဲ လား၊ အဆိုးဟူသ၍ အကုန်လာမှာပဲလား ဆိုတာလည်း သောက်ထားတဲ့ ပီယသာတက အတော်ပြင်းတယ်၊ ရှင်းပလား (ရှင်းပါပြီ)။
သောက်ထားတဲ့ ပီယသာတကလေ (တင်ပါ့ ဘုရား). ပြင်းတယ်၊ တပည့်တော်တို့ ရှေ့ကံ ဇာတာများ ဘယ့်နှယ်တုံးလို့ မမေးပါတော့နဲ့နော် မေးဖို့မလိုပါဘူး၊ အဆိပ်ဆိုတာက ကြာလေ ဆိုးရွားလေပါ (တင်ပါ ဘုရား)၊ သဘောပါပလားကွ (သဘောပါ ပါပြီ ဘုရား)။
အဆိပ်ဆိုတာကြာလေဆိုးလေ
အဆိပ်ဆိုတာက (ကြာလေ ဆိုးရွားလေပါ ဘုရား) အင်း မသောက်မိမှ မဆိုးရွားမှာကို (တင်ပါ ဘုရား) သောက်မိတဲ့ ပုဂ္ဂိုလ်ကတော့ လာလိမ့်မယ်၊ ကိုယ့်သားသမီးကလည်း ကိုယ့်ကို မျက်စောင်း ထိုးကာ အော်ကာ ငင်ကာ၊ ကွယ်ရာကနေပြီး အတင်း ပြောတာတွေ၊ အင်းလာဦးမယ်၊
အဲဒီကျလာတဲ့ အခါကျတော့မှ ကျုပ်သေလို့မရလို့ သေလိုက်ချင်တယ် ကိုချစ်ဆွေရဲ့ ဆိုတာ လာဦးမှာ၊ လာဦးမှာ (လာမှာပါ ဘုရား)။ လာမှာပါ၊ တိုင်ပင်စရာ ဒီအဘိုးကြီး ဒီအဘွားကြီး ရှိတာကို၊ ဒီကျတော့ အဘိုးကြီး၊ အဘွားကြီး ဖြစ်ကုန်ပြီကိုးကွ အတော့်ကို ခက်ဦးမယ့်ကိစ္စတွေက ရှိသေးတယ် ဆိုတော့ ကဲ ဒါဖြင့် ဘုန်းကြီးကပဲ။
အဆိပ်တွေသောက်ပြီးကြပြီ
ကဲ မင်းတို့နှစ်ယောက်တော့ အဆိပ်တွေသောက်ပြီး ကြပြီကွာ၊ သို့သော်လည်း မသေသေး ဘူးကွ၊ အဆိပ်ကြွဦးမလို့ ရှိသေးတယ်၊ မျက်ရည်ကြီးငယ် ကျရရုံပဲ ရှိသေးတယ်၊ ခန္ဓာသေပြီး အပါယ် ကျလောက်အောင်တော့ မင်းတို့ အဆိပ် မဖြစ်သေးဘူး၊ ဟုတ်ဘူးလား (မှန်ပါတယ် ဘုရား)။
အဆိပ်တွေကတော့ ကြွနေပြီ သေအောင်တော့ နှိပ်စက်မှာပဲ၊ သေပြီးသည့်အခြားမဲ့၌ အပါယ် ရောက်အောင် လည်း နှိပ်စက်မှာပဲ၊ အဲတော့ ဝမ်းထဲမှာရှိတဲ့အဆိပ်ကို အဆိပ်ဖြေဆေး သောက်နိုင် ရင်သောက် (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဆိပ်ဖြေဆေးသောက်ပါ
အဆိပ်ဖြေဆေး (သောက်နိုင်ရင် သောက်ပါ ဘုရား) ပြီးတော့ အဆိပ်ရှိနေတဲ့ ပုဂ္ဂိုလ်က အဆိပ်ဖြေဆေးကို တစ်နေ့ နည်းနည်းသောက်ရင် တော်လောက်ထင်ပါရဲ့ လို့တော့ မလုပ်နဲ့ (တင်ပါ ဘုရား)၊ စကားတတ်လို့ပြောတာ မဟုတ်ပါဘူးကွ၊ အဆိပ်က နည်းတာမဟုတ်ဘူးကွ၊ သောက်ထားတာ (မှန်ပါ ဘုရား)၊ အစ်မ ရိပ်မိပလား၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သောက်ထားတဲ့ အဆိပ်နဲ့ဖြေဆေးက နည်းနေလို့ရှိရင် လည်း မောင်ချစ်ဆွေ၊ ဖြေဆေးက ရသေ့စိတ်ဖြေ၊ ဟုတ်ဘူး လား (မှန်ပါ ဘုရား)။
အဲတော့ကိုတဲ့ ဒီလိုလုပ်ကြပါတဲ့၊ ကိုင်း. နောက်ထပ် သောက်ပြန်လို့ရှိရင်လည်း ဒိထက် အရူးတော့ မရှိတော့ဘူး၊ သေလို့ မကောင်းအောင် လုပ်တဲ့ အဓိပ္ပာယ်ရောက်သကိုကွ (တင်ပါ ဘုရား)။
အားကိုးရမယ်ထင်လိုက်တယ်
အဲဒီတော့ ဒီလိုလုပ်ကြစို့ရဲ့၊ ဝမ်းထဲမှာ ရှိတဲ့ အဆိပ်တွေ ကို နဂိုက မှားသောက်မိတာ၊ ဒါ မှားသောက်တာ၊ ဘယ်လို မှားသောက်မိတုံး ဆိုလို့ရှိရင် ဒီသားအာရုံ သမီးအာရုံ၊ ကိုယ်ခန္ဓာ အာရုံ ပေါ့လေ (တင်ပါ့ ဘုရား) နိစ္စထင်ပြီး အားကိုး ရမယ် ထင်လိုက်တာ (တင်ပါ ဘုရား)။
မောင်ချစ်ဆွေ ယူမိတာလည်း
(၁) နိစ္စ ထင်လိုက် တာ (တင်ပါ ဘုရား) တစ်ခါ
(၂) သုခ လို့လည်း ထင်လိုက်တယ် (တင်ပါ့ ဘုရား)
(၃) အတ္တ လို့လည်း ထင်လိုက်တယ်
(၄) အရောဂ တဲ့ သူနဲ့နေရလို့ ရှိရင် ငါအနာရောဂါ ကင်းတယ်လို့ လည်း ယူလိုက်တယ်
(၅) ခေမံ တဲ့ အင်းသူက အစောင့် အရှောက် ဆိုတော့ ကိုယ့်ဘေးမရှိဘူးလို့လည်း ယူလိုက်တယ် ငါးချက်ယူလိုက်တယ် (တင်ပါ ဘုရား)။
အဆိပ်ငါးချက်
အဆိပ်ကို ငါးချက်ဖြင့် ယူလိုက်တာကိုကွ နိစ္စယူလိုက် တယ်ကွာ၊ သုခယူလိုက်တယ်ကွာ၊ အတ္တ ယူလိုက်တယ်ကွာ၊ အရောဂ ယူလိုက်တယ်၊ ခေမံ ဘေးမရှိဘူးလို့ ယူလိုက်တယ်၊ အရောဂျံ ဆိုတာ အနာကင်းတာ (တင်ပါ ဘုရား)။
မိန်းမဆိုတာ လူမလေး ခွေးမခန့် အင်းသူ့ဟာက ယူပြီကွနော် (တင်ပါ ဘုရား)၊ လူမလေး ခွေးမခန့် ဆိုတော့ ဘေးရှိတယ်ပေါ့လေ (တင်ပါ ဘုရား)၊ အင်း သစ်တုံးကြားက အတက်ပေါက် ချင်တော့ အချိုးခံရတာတော့ မမြင်ဖူးဘူး ထင်ပါရဲ့၊ ကဲ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။
ဒီငါးချက်ထင်ပြီး သောက်ချလိုက်တာပေါ့ – တဲ့၊ ဘုရားက (တင်ပါ့ ဘုရား)၊ ဒီပီယသာတကို (တင်ပါ ဘုရား) ပီယသာတဖြစ်တဲ့ အာရုံတွေကို ခင်လိုက်မင်လိုက်တာလေး (တင်ပါ့ ဘုရား)။
နိစ္စထင်လို့ကွတဲ့၊ သုခထင်လို့ကွတဲ့၊ အတ္တလို့ပိုင်တယ် လို့ ထင်လို့ကွတဲ့၊ အနာကင်းတယ် ထင်လို့ကွတဲ့၊ ဘေးမရှိဘူး ထင်လို့ကွတဲ့၊ ဒီငါးချက်က နေပြီး ခင်ပြီး သောက်ချ လိုက်တာ အိမ်ထောင် ပြုချလိုက်တာ၊ သားသမီးမွေးပြီး သောက်ချလိုက် ဘာ ဒါပဲတဲ့ (တင်ပါ ဘုရား)။
အဲတော့ကိုတဲ့ ဒီဆေးဟာဖြင့် အခု တော်တယ်ထင်လို့ ဝမ်းထဲမှာဖြင့် အခု အဖေက သားငယ် အတွက် အမေက ခင်ပွန်းအတွက် စိတ်မချရ၊ တစ်ခါတလေကျတော့ ပွဲရုံနေငြား သော်လည်း သူ့တစ်ယောက်တည်း ယောက်ျားဖေါ်လေးထားခဲ့ ဦးထင်ပါရဲ့၊ ပူလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ကွာ။
မင်းကလည်း သွားသာနေတယ် ဒီအချိန်ထိပြန်မလာ သေးဘူး၊ ဘာများဖြစ်နေပါလိမ့်၊ တယ်လီဖုန်း ဆက်ဦးမှ ထင်ပါ ရဲ့နဲ့ ရှုပ်လို့ပဲမင်းတို့ဟာ (ရှုပ်ပါတယ် ဘုရား)၊ ကြည့်ပါလား အဆိပ်ကို အာရောဂျံ ထင်နေတာ အနာကင်းတယ် ဘေးမရှိ ဘူး၊ ဒီလိုထင်ပြီးတော့ သောက်ကြတာကိုကွ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလားကွ (ပေါ်ပါပြီ ဘုရား)။
အနိစ္စ၊ ဒုက္ခလို့ ရှုပေးပါ
အဲတော့ ဒီငါးချက်ကို ငါးချက် စလုံး ပြင်လိုက်ပါတဲ့ ကိုယ့်ခန္ဓာကော၊ သားသမီး ခန္ဓာကော၊ ခင်ပွန်း ခန္ဓာကော
(၁) အနိစ္စလို့ရှုပေးပါ (တင်ပါ ဘုရား)။
(၂) ဒုက္ခလို့ ရှူပေးပါ။
(၃) အနတ္တလို့ရှုပေးပါ၊
(၄) ရောဂလို့ရှုပေးပါတဲ့နော် (တင်ပါ ဘုရား)။
(၅) ဘယလို့ ရှုပေးလိုက်စမ်းပါတဲ့၊ ခုနှငါးချက် အကုန်ပြင်ပြီး ရှုချတဲ့ (တင်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖြေဆေးငါးခွက်သောက်ပါ
ရှုချလိုက်လို့ရှိရင် ဝမ်းထဲမှာ ရှိတဲ့အဆိပ်က အကုန် ပြေ ထွက်သွားတယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တချို့ အိမ်ထောင်ကျကြတယ်တဲ့ ဘုရားက၊ အိမ်ထောင်ကျပြီးမှ ရဟန္တာမ ဖြစ်တာတွေရှိသေးတာပဲ။ ဒီဆေးငါးခွက်သောက်လို့၊ ကောင်းတဲ့ငါးခွက် သောက်ချလိုက်တာ (မှန်ပါ ဘုရား)။
အရင်သောက်ထားတာကတော့ မကောင်းတဲ့ငါးခွက်၊ – အထင်မှားနဲ့ သောက်လိုက်တာ ငါးမျိုး (တင်ပါ ဘုရား)၊ နောက်ကျတော့ မှားမှန်သိတဲ့အခါကျတော့ နောက်ဆေး ငါးခွက် ပြန်သောက် လိုက်တယ်။
ရဟန္တာဖြစ်သွားကြတယ်
အနိစ္စရှုချလိုက်တယ်၊ ဒုက္ခရှုချလိုက်တယ်၊ အနတ္တရှုချ လိုက်တယ်၊ ရောဂရှုချလိုက်တယ်၊ ဘယ်လို့ ရှုချလိုက်တယ်၊ ဒါတွေသေပြီတဲ့ (မှန်ပါ ဘုရား)၊ ရှုချလိုက်တဲ့အခါကျတော့ ရဟန္တာ ဖြစ်သွားကြတယ်၊ အပါယ်ကျအောင် ဒီအဆိပ်သင့်သေးရဲ့ လား (မသင့်ပါ ဘုရား)။
ခုနက မျက်ရည်ကြီးငယ်ကျခဲ့တဲ့ ကိစ္စတွေတော့ သာမာ တို့ ခုနက ကိသာဂေါတမီတို့ ဒါရဟန္တာမတွေ တွေ့ကြ တာပါပဲ။ တွေ့ပင်တွေ့ငြားသော်လည်း ဖြေဆေး ငါးခွက် သူတို့က သောက်ဖြစ်တယ်။
သောက်ဖြစ်တဲ့အတွက်တဲ့ လွတ်ကင်းသွားတယ်ဆိုတာ သဘောပါပလား (သဘောပါပြီ ဘုရား)၊ အခုတော့ အဆိပ်တော့ ငါးခွက်သောက်ထားပြီ၊ ဖြေဆေးငါးခွက် သောက်ပါဆို တော့ တစ်စတစ်စ သောက်မှ ထင်ပါရဲ့၊ မတော်ပျောက်သွား မခက်ဘူးလားထဲကများ ဖြစ်နေလိုက်သေး၊ အတော်ဆိုးတဲ့ အဓိပ္ပါယ်ထဲ မရောက်ဘူးလားကွ (ရောက်ပါတယ် ဘုရား)။
ခန္ဓာကြီးကို ဘေးတွေလို့ရှု
အဲဒီလို ဘုရားက ဒီငါးချက်နဲ့ မင်းတို့ခန္ဓာကို ကြည့်ပြီး အလုပ်လုပ်ပါ၊ သားသမီး အပေါ်၌ လည်းကောင်း၊ မိမိခန္ဓာအပေါ် ၌လည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ရောဂ၊ ဘယလို့ ရှုပေး (တင်ပါ ဘုရား)၊ ဒီခန္ဓာကြီးကို ဘေးတွေပဲ ဘေးတွေပဲလို့ ရှုပေး ပါကွာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အချိန်ရှိသေးတယ်၊ ရသေးတယ်
အဲဒီငါးချက်နဲ့သာ အဆိပ်ဖြေလိုက်လို့ရှိရင် အစ်မ အချိန်ရှိသေးတယ် ရသေးတယ် (တင်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား) ကဲ ဒီအတိုင်း အလုပ်လုပ်တဲ့ အလုပ်စဉ်ပါ၊ ဘုရားကဟောတာပဲ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ တော်ကြဦးစို့။
သာဓု သာဓု သာဓု။