ဘုရားပွင့်,မပွင့်ဆိုတာ ကိုယ့်ဉာဏ်အပေါ်မှာမှီတယ် (ဝေဒနာခြောက်မျိုး)
အသံဖိုင်ခေါင်းစဉ်= ဝေဒနာခြောက်မျိုး
စာအုပ်ခေါင်းစဉ်= ဘုရားပွင့်,မပွင့်ဆိုတာ ကိုယ့်ဉာဏ်အပေါ်မှာမှီတယ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော တရားတော်
ဘုရားပွင့်,မပွင့်ဆိုတာ ကိုယ့်ဉာဏ်အပေါ်မှာမှီတယ်
(ဝေဒနာခြောက်မျိုး)
(၉-၁၂-၅၉)
ဘုရားမပွင့်လည်း ရှိတဲ့တရား၊ ဘုရားပွင့်လည်း ရှိတဲ့တရား ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဥပ္ပါဒါသုတ် ဆိုပြီး သကာလ အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်မှာ ဟောသည်။
ဘုရားမပွင့်လည်း ရှိတဲ့တရားလို့ မှတ်ပါနော် (မှန်ပါ့)။ ဘုရားပွင့်လည်း (ရှိတဲ့တရားပါ ဘုရား)။ အဲ့ဒါသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတွေက ဪ ဘုရား မပွင့်လည်းရှိတဲ့တရား ဘုရားပွင့်လည်းရှိတဲ့တရားဟာ ဘယ်တရားပါလိမ့်မလဲလို့ မသိဘဲနေမှာစိုးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာတဲ့ ဒီဥစ္စာ
‘‘ဥပ္ပါဒါ ဝါ ဘိက္ခဝေ တထာဂတာနံ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာဓါတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ။’’
အမြဲရှိတဲ့တရားဟာ ဘယ်တရားတုံး
ဪ အလုံးစုံ ရုပ်နာမ် ဓမ္မတွေဟူသ၍ ဟာ ဘုရား မပွင့်လည်း သူဟာဖြင့် အနိစ္စ ရောက်နေ တာပဲကွတဲ့၊ ဘုရားပွင့် လည်း ရုပ်နာမ်ရတဲ့ ပုဂ္ဂိုလ်ဟာ အနိစ္စပဲ ရှိတာပဲကွ။
ကိုင်း ဒါဖြင့် ဘုရားမပွင့်လည်း ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်မှာ အနိစ္စ ပဲ ရှိတယ်လို့မှတ်ပါ (မှန်ပါ့) ဘုရား ပွင့်ရင်ကော (ခန္ဓာရှိတဲ့ ပုဂ္ဂိုလ် မှန်သမျှ အနိစ္စပါ ဘုရား)။
ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် အနိစ္စချည့်ပဲလို့ ဒါဖြင့် ဘုရားမပွင့်လည်း ရှိတဲ့တရား၊ ဘုရားပွင့်လည်း ရှိတဲ့ တရား ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာလို့ ဟောလိုက် တယ်နော် (မှန်ပါ့)။
ဘုရားမပွင့်လည်း ရှိတဲ့တရား၊ ဘုရားပွင့်လည်း ရှိတဲ့ တရား ဘယ်သူပါလိမ့် (သဗ္ဗေ သင်္ခါရာ အနိစ္စာပါ ဘုရား)။
အဲ့တော့ ဘုရားမပွင့်ဘဲ နေလည်း ခန္ဓာကြီးဟာ အနိစ္စ ရောက်နေတာပါပဲတဲ့ ဒကာ ဒကာမတို့၊ ဖြစ်ပျက်နေတာ ချည့်ပဲပေါ့ဗျာ (မှန်ပါ့)။
ဘုရားပွင့်တဲ့အခါကျတော့လည်း ဘာထူးသေးသတုံးလို့ မေးတဲ့အခါကျတော့ရှိရင် ဒီခန္ဓာကြီးဟာ အနိစ္စရောက်နေတာ ပဲ (မှန်ပါ့)။
ဒါဖြင့် ဒီတရားဟာ ဓမ္မနိယာမတရား၊ ဓမ္မ သဘော အတိုင်း ဖြစ်နေတဲ့တရား၊ ပုဂ္ဂိုလ်သတ္တဝါ ငဲ့တဲ့တရား မဟုတ်ဘူး လို့၊ ဒကာ ဒကာမတွေက ခတ်စောစော မှတ်ထားတာပေါ့ (မှန်ပါ့)။
ခင်ဗျားတို့ ခန္ဓာငါးပါး ရုပ်နာမ်တရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဓမ္မနိယာမ ဆိုတာ ဓမ္မသဘော အတိုင်းဖြစ်တာ ဓမ္မဌိတတာ ဆိုတာ ဓမ္မသဘောအတိုင်း တည်နေတာ (မှန်ပါ့)။
ဖြစ်ပျက်သဘောနဲ့ပဲ ရှိနေတာပဲ၊ ဖြစ်ပျက်သဘောနဲ့ပဲ မြဲနေတာပဲလို့၊ ကိုမြင့်တို့ မောင်နိုင်တို့က မှတ်ရမယ်နော် (မှန်ပါ့)။
ဒါ ဘုရားမပွင့်လည်း ဘာထူးတုံး (မထူးပါဘူး ဘုရား) ဒီခန္ဓာကြီးဟာ ဘာဖြစ်နေတုံး (ဖြစ်ပြီး ပျက်နေပါ တယ် ဘုရား)၊ ဖြစ်ပြီးပျက်နေတာ သဗ္ဗေ သင်္ခါရာ အနိစ္စာ သဘောပဲရှိတယ် (မှန်ပါ့)။
ဘုရားပွင့်တာ ဘာထူးသေးသတုံး
ဘုရားပွင့်လည်း အနိစ္စသဘောပဲ ရှိတာပါပဲ (မှန်ပါ့)၊ နို့ ဘုရားပွင့်တာ ဘာထူးသေးသတုံးလို့ မေးတဲ့အခါ ကျတော့ကွာရှိပြီး မသိတာ ရှိတော့ရှိတယ်၊ မသိတာက မင်းတို့ ဘုရားမပွင့်ခင်တုန်း ကတော့ ရှိပြီး သကာလ မသိတာဟာ ဒါ ဘုရားမပွင့်တာလို့မှတ်ပါ (မှန်ပါ့)။
ဘုရားပွင့်တဲ့အခါကျတော့ ရှိပြီးသိတာလေး တာပဲ (မှန်ပါ့) သဘောကျကြလား (ကျပါတယ် ဘုရား) ဘုရားမပွင့်ခင်က ဘာတဲ့ (ရှိပြီး မသိတာပါ ဘုရား)။
ရှိပြီးသိတာထူးတယ်
ရှိပြီး မသိဘူးကွတဲ့ ဘုရားပွင့်လာတဲ့အခါကျတော့ (ရှိပြီးတော့ သိတာပါ ဘုရား) ရှိပြီး သိတာလေး ထူးတာ အဲ့ဒါ မင်းတို့ အသေအချာ မှတ်တဲ့ မင်းတို့ သန္တာန် ဘုရားပွင့်တာဟာ ရှိ သိ ဟာ မင်းတို့ သန္တာန် ဘုရားပွင့်ပြီလို့ ငါဟောတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။
နိယာမတရားတဲ့ ဒကာ ဒကာမတို့ ဓမ္မနိယာမတာ၊ ဒါ ဓမ္မဋ္ဌိတတာ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ အဲတော့ကို ဘုရားမပွင့် လည်း ဒီခန္ဓာကြီးဟာ အနိစ္စ ရောက်နေတာပဲလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့)။
ဘုရားပွင့်ရင်ကော (အနိစ္စရောက်နေပါတယ် ဘုရား)။ အနိစ္စ ရောက်နေတာပဲ ဒကာ ဒကာမတို့ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက် နေတာပဲတဲ့။
သို့သော်လည်း ဘုရားပွင့် မပွင့် မင်းတို့ အထူးလေးကို တော့ ငါက သိစေချင်တယ်တဲ့ ဘုရားကနော် (မှန်ပါ့)။
ဘယ်လိုသိစေချင်တုံးဆိုတော့ မင်းတို့ သန္တာန်မှာ ဒီတရား ရတာဖြင့်တဲ့၊ မင်းတို့ သန္တာန်မှာ ဘုရားပွင့်တယ် မပွင့် ဘူးကို အဲ့ဒါ မင်းတို့က ရွေးချယ်ပါ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။
ဒကာ ဒကာမတွေက ရွေးချယ်ပါတဲ့၊ ကိုယ့် သန္တာန် ဘုရားပွင့်တယ် မပွင့်ဘူး (မှန်ပါ့) ဒါ ရွေးချယ်ကွတဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။
ကိုယ့်သန္တာန်ဘယ်လိုရွေးချယ်ရမှာတုံး
ကိုယ့် သန္တာန် ဘယ်လိုရွေးချယ်ရမတုံး (ဘုရား ပွင့်တယ် မပွင့်ဘူး ရွေးချယ်ရမှာပါ ဘုရား) ဒကာ ဒကာမတွေ အင်မတန် အဖိုးတန်တဲ့ စကားပါလား (မှန်ပါ့)။
ကိုယ့် သန္တာန် ဘုရားပွင့်တယ် မပွင့်ဘူးဆိုတာ ရွေးချယ် ကြပါဆိုတော့ ဒကာ ဒကာမတို့၊ ဘုရားပွင့် မပွင့်ဟာက သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုတာ ဘုရားပွင့်လည်း ခန္ဓာငါးပါးဟာ အနိစ္စ တရားပဲ၊ ဘုရားမပွင့်လည်း သူကတော့ဖြင့် ဓမ္မနိယာမ ဖြစ်နေ လို့ အနိစ္စတရားပဲကွတဲ့ (မှန်ပါ့)။
မင်းတို့ ဘာထူးတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ‘‘တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ အဘိသမေတိ’’ ဒီတရားတွေကို ငါကတော့ ထိုးထွင်းသိပြီး သကာလ လာခဲ့တယ်ကွာတဲ့။
အဲ့ဒီ ထိုးထွင်းသိပြီး သကာလ လာခဲ့တဲ့အတွက် ငါဘုရား သခင် ကိုယ်တော်မြတ်ကြီးက အာစိက္ခတိ တဲ့၊ မင်းတို့ကို ဟော လည်း ဟောပါတယ်တဲ့၊ ပြောလည်း ပြောပါတယ်၊ ဖွင့်လည်း ဖွင့်ပါတယ်၊ ပေါ်လွင်အောင်လည်း လုပ်ပါတယ်။
ပေါ်လွင်ထင်ရှားအောင် ငါဘုရားက ဟောတယ်၊ အဲဒီ ဟောတာလေးကို မင်းတို့က သော် ဒီအနိစ္စတရားကို အနိစ္စ တရားလို့ မင်းတို့ သိလို့ရှိရင်ဖြင့်တဲ့၊ ဘုရားပွင့်တာနဲ မပွင့်တာဟာ အဲ့ဒါ အထူးပဲဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း မင်းတို့ သန္တာန် ဘုရားပွင့် မပွင့် ဒကာ ဒကာမတွေ ယနေ့ တရားနာကြတဲ့ ဒကာ ဒကာမတွေ၊ ဘုရားပွင့် မပွင့်ဟာ ဖြင့် ဒကာဒကာမတို့ ဘယ်လိုပင် ဘုရားပွင့်မည့် နိမိတ်သည်၊ နှစ်ပေါင်း သောင်းရှစ်ထောင်လောက်က ဘယ်လိုပင် ကြော်ငြာ သတင်းတွေနဲ့ နတ်တွေက ပြောလို့ သိကြငြားသော်လည်း၊ ကိုယ့်သန္တာန်မှာဖြင့် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စလေးတစ်လုံး၊ ဒုက္ခ လေးတစ်လုံး၊ အနတ္တလေးတစ်လုံး မသိလို့ရှိရင်ဖြင့်တဲ့ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်တယ်လို့ မင်းတို့ မယူနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘုရားပွင့်မပွင့်ဆိုတာကိုယ့်ဉာဏ်အပေါ်မှာမှီတယ်
ဪ ဘုရားပွင့် မပွင့်ဆိုတာက ဘုရားအပေါ်မှာ မှီ တာလား၊ ဒကာ ဒကာမတွေ ဉာဏ် အပေါ်မှာ မှီတာလားဆိုတာ ယနေ့ ရှင်းပြတယ် (ရှင်းပါတယ် ဘုရား) ဉာဏ်အပေါ်မှာ မှီပါ တယ် ဘုရား)။
ဉာဏ်အပေါ်မှီတယ်နော် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့် သူပြောတာ ဘုရားဟောတော်မူတာ ငါပွင့်တာ မပွင့်တာ မင်းတို့အထူးကို ယနေ့ ငါထူးထူးခြားခြား ဟောမယ်ဆိုပြီး တိကနိပါတ် အင်္ဂုတ္တိုရ်မှာ
‘‘ဥပ္ပါဒါဝါ ဘိက္ခဝေ တထာဂတာနံ အနုပ္ပါဒါဝါ တထာဂတာနံ ဌိတာဝ သာ ဓါတု ဓမ္မဌိတတာ ဓမ္မ နိယာမတာ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ တံ တထာဂတော အာစိက္ခတိ ဒေသေတိ ပညာပေတိ ပဋ္ဌပေတိ ဝိဝရတိ ဝိဘဇတိ ဥတ္တနိ ကရောတိ’’
ဆိုပြီး သကာလ ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဟောလည်း ဟောတယ်၊ မပေါ်ပေါ်အောင်လည်း ပြောတယ် ပြောတာတွေ မင်းတို့မြင်လို့ရှိရင်ဖြင့်တဲ့၊ မင်းတို့သည်ကားလို့ ဆိုလို့ ရှိရင် ငါဘုရား မရှိလည်း ဘုရားပွင့်တာပဲ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား)။
ဘုရားရှိလို့ ဒီဟာမြင်လို့ရှိရင်လည်း (ဘုရားပွင့်တာ ပါ ဘုရား)၊ ဘုရားရှိနေလျက်နဲ့ ဒါမမြင်ပြန်လို့ရှိရင်လည်း (ဘုရားမပွင့်တာပါ ဘုရား)။
ဪ ဒကာ ဒကာမတွေက ရှေးက ဒကာ ဒကာမ တွေက ဘယ်လိုများ သုံးကြ နှုန်းကြ ပါလိမ့်မတုံး ဆိုတာလေး နည်းနည်းဖြည့်စွက်ပြီး ပြောရလို့ရှိရင် ဪ ဘုရားပွင့်ရင် ရှေးဦးစွာများ ဖူးရပါလို၏။ တွေ့ရပါလို၏။ ကြုံရပါလို၏၊ အဲ့ဒါ ဘုရားနဲ့တွေ့တာလို့ ငါဘုရား က မဆိုဘူးကွ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် ဘုရားပွင့်နေတယ်
မင်းတို့ သန္တာန်မှာရှိတဲ့ ဖြစ်ပြီးပျက်နေတဲ့ ဓမ္မလေးတွေ ကို သိတဲ့ ပုဂ္ဂိုလ်မှ၊ ငါပြောတဲ့အတိုင်း သိတဲ့ပုဂ္ဂိုလ်တွေမှ၊ မင်းတို့ ဟာမင်းတို့ မြင်လည်း ဘုရားပွင့်နေတယ်လို့ ကိုယ့်ဝမ်းထဲ မှတ်ပါ (မှန်ပါ့)။
မမြင်ရင် ဘယ်အချိန်မှ သာသနာတွင်း ကြုံပါသော် လည်း ဘုရားမပွင့်သေးဘူးလို့ မှတ်ပါ။ (မှန်ပါ့) တော်တော် ထူးခြားတဲ့ စကား (ထူးခြားပါတယ် ဘုရား)။
‘‘ဥပ္ပါဒါဝါ ဘိက္ခဝေ တထာဂတာနံ အနုပ္ပါဒါဝါ တထာဂတာနံ ဌိတာဝသာဓါတု ဓမ္မဌိတတာ ဓမ္မနိယာမတာ သဗ္ဗေသင်္ခါရာ အနိစ္စာ တံတထာဂတော အဘိသမ္ဗဇ္ဇတိ အဘိသမေတိ။’’
ငါထိုးထွင်းသိတယ်ကွ၊ အဘိသမ္ဗုဇ္ဈိတွာ အဘိသ မေတ္တာထိုးထွင်းသိပြီး၍၊ အာစိက္ခတိ = မင်းတို့ကို ပြောပါတယ်။ ဒေသေတိ= ဟောလည်းဟောပါတယ်၊ ပညာပေတိ = ဟောဒီလို ရှုကြတယ် လို့ ငါပညတ်လည်း ပညတ်ပါတယ်ကွာ၊ ပဋ္ဌေပတိ = ထင်ရှားအောင်လည်း ငါလုပ်ပါတယ်တဲ့၊ ဝိဘဇတိ =ဝေဖန် လည်း ဝေဖန်ပါတယ်။ ဥတ္တာနိံ ကရောတိ =မပေါ်လွင်၊ ပေါ်လွင် အောင်လည်း ငါပြောပါတယ်။
အဲဒီ ပြောတာလေးကို မင်းတို့က ပြောတဲ့အတိုင်း မင်းတို့ က ခန္ဓာကိုယ်အတွင်းမှာ ဟာ ဒါလေးတွေဟာ ဟုတ်သားပဲ ဖြစ်ပြီး ပျက်နေတာလေးပဲလို့၊ မင်းတို့ ငါဘုရားနဲ့ မတွေ့ဘဲနဲ့ သိလည်း ဘုရားပွင့်နေတာပဲ (မှန်ပါ့)။
ဘုရားနဲ့တွေ့မှသိလည်း (ဘုရားပွင့်နေပါတယ် ဘုရား) ဘုရားနဲ့လည်း တွေ့ပါရဲ့ မသိဘူး ဆိုရင် ဘုရားကို ပွင့်တယ်လို့ မယူနဲ့ (မှန်ပါ့) သဘောကျကြလား (ကျပါတယ် ဘုရား)။
ဘုရားကိုပွင့်တယ်လို့ (မယူရပါဘူး ဘုရား)။ ဒါဖြင့် သုညကမ္ဘာထဲ သွား ဒီပုဂ္ဂိုလ်ဟာနော် (မှန်ပါ့) လူ့ သုည ပေါ့ဗျာ (မှန်ပါ့) လူ့သုညပဲတဲ့ သုညဆိုတာ ဒကာ ဒကာမတို့ သုညတစ်လုံးထဲ ရေးထားလို့ရှိရင်ဖြင့်၊ တစ်ဆယ်လည်း ဖတ်လို့ မရ၊ တစ်သောင်းလည်း ဖတ်လို့မရ၊ တစ်သိန်းလည်း ဖတ်လို့မရ၊ တစ်ကုဋေလည်း ဖတ်လို့မရ ဘာမှ အသုံးမကျတဲ့ အဓိပ္ပာယ် ကိုမြင့်၊ မောင်နိုင် ထင်ရှားတယ် (ထင်ရှားပါတယ် ဘုရား)။
ဘုရားပွင့်အောင်လုပ်ကြပါ
အဲ့ဒါကြောင့် ဘုန်းကြီးက ယနေ့ ဥပ္ပါဒါ သုတ်ကို ရှေးဦး စွာ ရှေ့ပိုင်းမှာ ဟောခြင်းသည်၊ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် မှာ ဘုရားပွင့်အောင်ဖြင့် လုပ်ကြပါဆိုတာကို လေးလေးနက် နက် တိုက်တွန်းပြန်ပါတယ် (မှန်ပါ့)။ သဘောကျပလား (သဘောကျပါတယ် ဘုရား)။
ကိုယ့်သန္တာန် ဘုရားပွင့်မပွင့်ဟာ ဒကာ ဒကာမတွေ ဘာနဲ့ ချိန်ကြမလဲ (ဖြစ်ပျက်နဲ့ပါ ဘုရား) ဖြစ်ပျက်ကို မြင်ခဲ့သော် (ဘုရားပွင့်ပါတယ် ဘုရား)။
ဟာ တပည့်တော်တို့ ဘုရား ရှုရမယ်လို့လည်း မသိပါ ဘူး၊ လှူဒါန်း ပေးကမ်းပြီး သကာလ ၊ ဒါနဲ့ပဲ တပည့်တော်တို့ နေတာပါပဲလို့ ဆိုလို့ရှိရင်၊ ဘုရားက ဒီ ဥပ္ပါဒါ သုတ်မှာ သေသေ ချာချာ ဟောပါတယ် ဒကာ ဒကာမတို့ –
အဲ့တော့ သူတို့ သန္တာန်မှာ ဘုရားမပွင့်ပါဘူးတဲ့ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား) အမယ် တော်တော် အရေးကြီးတဲ့ စကားပါလား (ကြီးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ သာမည အရေးကြီးလို့ရှိရင် (ဥပ္ပါဒါဝါ ဘိက္ခဝေ တထာဂတာနံ အနုပ္ပါဒါဝါ တထာဂတာနံ ဌိတာဝ သာဓာတု ဓမ္မနိယာမတာ ဓမ္မဋ္ဌိတတာ သဗ္ဗေသင်္ခါရာ အနိစ္စာ တံတထာဂတော အဘိသမ္ဗောဇ္ဈတိ) ဘုရားကတော့ ထိုးထွင်းသိပြီး သကာလ ငါလာတာတဲ့၊ မင်းတို့ကိုလည်း ပေါ်လွင် ထင်ရှားအောင် ပညတ်ပြီး ဟောလည်း ဟောပါတယ်ကွာ၊ အဲဒါ မသိလို့ရှိရင်ဖြင့်တဲ့ မင်းတို့ သည်ကားလို့ဆိုရင် တရားရှိပါရဲ့ တရားမသိလို့ မင်းတို့ – သန္တာန်မှာ ငါဘုရား၏ ပေါ်လွင် ထင်ရှားအောင် ပြောငြား သော် လည်း၊ မင်းတို့က မမြင်မထင်လို့ ရှိရင်ဖြင့်၊ မင်းတို့ သန္တာန် ဘုရား မပွင့်သေးဘူးလို့ မှတ်လိုက် (မှန်ပါ့)။
တော်တော် အရေးကြီးပါလား ဒကာ ဒကာမတို့ (ကြီးပါ တယ် ဘုရား) ဖြစ်ပျက် မမြင်ရင် ဘာတဲ့ (ဘုရားမပွင့်သေး ပါ ဘုရား) ဘုရားကို မပွင့်သေးဘူး (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်မှ ဗုဒ္ဓပ္ပါဒေါဒုလ္လဘော လောကသ္မီး ဆိုတဲ့အတိုင်း၊ ဘုရား ပွင့်ဖို့ရာ ကြုံဖို့ရာ အင်မတန် ခဲယဉ်းတယ်လို့ ဒုလ္လဘတရားငါးပါးမှာ မပါဘူးလား (ပါ ပါတယ် ဘုရား)။
ကိုင်း အဲ့ဒီဒုလ္လဘဟာ ဘုရားနဲ့ ကြုံဆိုတဲ့ အကြုံသည် ဘယ်အကြုံမှ အကြုံလဲဆိုတာ ယနေ့ ရှင်းပြပါလိမ့်မယ် (မှန်ပါ့)။
ဘယ်အကြုံမှ အကြုံပါလိမ့် (ဖြစ်ပျက်မြင်မှပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ကိုယ် ဖြစ်ပျက်မြင်နေ တာလေးကိုများ မြင်တဲ့ပုဂ္ဂိုလ်များက ဪ ဘုရားပွင့်ပေါ့ ၊ ပဲ ဘုရားသာသနာနဲ့ ကြုံရုံတင်မကဘူး၊ ဘုရားကိုပွင့်ပြီး သကာလ နေတဲ့အတွက် ငါတို့သည်ကားလို့ ဆိုလို့ရှိရင်၊ ဒီဘဝ သံသရာ စခန်းဖြင့် ဒုက္ခသိမ်းမဲ့ စခန်းဖြင့် ဧကန်ရောက်ပြီပေါ့ လို့ ဝမ်းသာသာလိုက်တော့ (မှန်ပါ့)။
ဖြစ်ပျက် မြင်လို့ရှိရင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သာသနာနောက်ပိုင်းကျလို့ ဝမ်းမနည်းနဲ့
ဒကာ ဒကာမတို့ ဘုရားပွင့်မပွင့်ကို ရှင်းပြတဲ့ ပါဠိတော် လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ခင်ဗျားတို့က ဘုရားပွင့်ပြီး သကာလ နေတာ၊ ကျုပ်တို့ မကြုံလိုက်ရလို့ မဆုံလိုက်ရလို့ ဪ သာသနာ နောက်ပိုင်းမှာကျလို့ ဝမ်းနည်းစရာ တစ်ကွက်မှ မပါဘူး (မှန်ပါ့) ပါသေးရဲ့ လား (မပါ ပါဘူး ဘုရား)။
ပွင့်, မပွင့်ကို ဝေဖန်လိုက်တော့မှ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား) ဝေဖန်တတ်ကြလား (ဝေဖန်တတ်ပါ တယ် ဘုရား)။
ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ (ဘုရားပွင့်တာပါ ဘုရား) ဘုရားပင်ရှိနေငြား သော်လည်း ဖြစ်ပျက် မမြင်တဲ့ ပုဂ္ဂိုလ် ဟာ (ဘုရားမပွင့်ပါဘူး ဘုရား)။
အဲမောင်နိုင်ရေ ထူးထူးခြားခြား သိရတဲ့နေ့ပါပဲ (မှန်ပါ့) ဘုရားပွင့် မပွင့် ဆုံးဖြတ်တဲ့ ပါဠိတော်နော် (မှန်ပါ့)။
သူကိုယ်တိုင်က ပွင့် မပွင့်ကို ဝေဖန်တဲ့ ပါဠိတော် မောင်နိုင် တကယ်ထူးခြားပါလား (ထူးခြားပါတယ် ဘုရား) သူကိုယ်တိုင်ကိုက ဘာတဲ့ (ပွင့်မပွင့်ကို ဝေဖန်တာပါ ဘုရား)
ကိုင်း ဒကာ ဒကာမတွေက သူဘယ့်နှယ်ကြောင့် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရား ပွင့်မပွင့်ကို ဝေဖန်ပြီး သကာလ ငါပြောရပါလိမ့်မလဲလို့ ဆိုတာကို ဒကာ ဒကာမတွေက စောဒကတက်လို့ရှိရင် ဘုရားကပဲ အဖြေ ထုတ်ပါလိမ့်မယ် (မှန်ပါ့)။
ခန္ဓာမှာ ဖြစ်ပြီး မရှိတဲ့သဘော
ဒီဖြစ်ပြီးပျက်တဲ့ ဟုတွာ အဘာဝဠန အနိစ္စ၊ ဖြစ်ပြီး မရှိတဲ့ သဘောလေးကို ခန္ဓာထဲမှာ အမြဲရှိပြီး သကာလ နေငြား သော်လည်း၊ မမြင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ မျက်စိနှစ်ကွင်း ဝမ်းထဲက အလင်းမရတဲ့ ပုဂ္ဂိုလ်ဟာ နေအောက်မှာ မွေးဖွားငြားသော်လည်း နေမြင်ရ ရဲ့လား (မမြင်ရပါဘူး ဘုရား)။
ဘာကြောင့်တုံးလို့ မေးတော့ မျက်စိနှစ်ကွင်း ဝမ်းတွင်း က အလင်းမရလို့ (မှန်ပါ) သဘောပါကြပလား (ပါပါတယ် ဘုရား) မျက်စိနှစ်ကွင်း (ဝမ်းတွင်းက အလင်း မရလို့ပါ ဘုရား)။
မျက်စိနှစ်ကွင်းအလင်း မရလို့
ဝမ်းထဲက အလင်းမရတဲ့အတွက် နေအောက်မှာ မွေး ငြားသော်လည်း နေကိုမမြင်ရဘူး (မှန်ပါ့) လအောက်မှာ မွေးငြားသော်လည်း (လရိပ်ကို မမြင်ရပါဘူး ဘုရား)။
ဦးခန့်ရေ မြင်ရသလား (မမြင်ရပါဘူး ဘုရား) ဦးဘလေးတို့ မြင်ရလား (မမြင်ရပါဘူး ဘုရား) မျက်စိ နှစ်ကွင်း ဝမ်းတွင်းက အလင်းမရတဲ့ပုဂ္ဂိုလ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
သူများတွေ နေထွက်တယ်လို့ ပြောလည်း သူမသိလိုက် ပါဘူး (မှန်ပါ့) သူများ နေဝင်တယ်လို့ ပြောလည်း (မသိပါ ဘူး ဘုရား)။ သူများလထွက်တယ်လို့ပြောလည်း (မသိလိုက် ပါဘူး ဘုရား)။ အဲ လဝင်သွားပါပြီလို့ ပြောလည်း (မသိလိုက် ပါဘူး ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် မသိပါလိမ့်မတုံးလို့ အမေးထုတ်ပါလား (ဝမ်းထဲက မျက်စိနှစ်ကွင်း အလင်းမရခဲ့ လို့ပါ ဘုရား) အဲတော့ အားလုံး ဒကာ ဒကာမတွေ နေမရှိ လမရှိ လို့လား၊ မျက်စိနှစ်ကွင်း အလင်းမရလို့လားသာ မေးလိုက် ပါတော့ (မျက်စိနှစ်ကွင်း အလင်းမရလို့ပါ ဘုရား) ပေါ်ကြ
ပလား (ပေါ်ပါပြီ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းမရတဲ့အတွက် နေမရှိ လမရှိလို့ မဟုတ်ပါဘူး သဘောကျပလား (ကျပါတယ် ဘုရား) အဲ့ဒါကြောင့် ဘုရားကကွာတဲ့ ဘုရားမရှိလည်း သဗ္ဗေသင်္ခါရာ အနိစ္စာ ဟာ ရှိတာပါပဲ (မှန်ပါ့)။
ဘုရားပွင့်လာတော့ကော (သဗ္ဗေသင်္ခါရာ အနိစ္စာ ရှိပါတယ် ဘုရား) ရှိတာပဲနော် ဒကာ ဒကာမတွေ (မှန်ပါ့)။
ဘုရားမပွင့်လည်း (သဗ္ဗေသင်္ခါရာ အနိစ္စာ) သဗ္ဗေ သင်္ခါရာ အနိစ္စာ ရှိတယ် (ရှိပါတယ် ဘုရား) ဘုရားပွင့်လည်း (သဗ္ဗေ သင်္ခါရာ အနိစ္စာ ရှိပါတယ် ဘုရား) ရှိပါတယ်တဲ့။
အားမထုတ်တဲ့ပုဂ္ဂိုလ်
ရှိပင်ရှိငြား သော်လည်း မသိတဲ့ ပုဂ္ဂိုလ်တွေမှာ အလုပ် မလုပ်ဘဲနဲ့ အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့်ကွာ၊ မျက်စိ နှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်နဲ့ သူထူးခြားသေးလား (မထူးခြား တော့ပါဘူး ဘုရား)။
ဒါဖြင့် နေနဲ့လနဲ့ တူတဲ့ဘုရားဟောတရားတွေ၊ ဘုရား , ဟောထားတဲ့ ခန္ဓာဖြစ်ပျက်တွေကို သူတွေ့သေးရဲ့ လား (မတွေ့တော့ပါဘူး ဘုရား) ဒါဖြင့် သူ ဘုရားမပွင့်လို့ (မပွင့် – ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ဖြစ်ပျက် ကလေးတွေ၊ ဪ ခန္ဓာကိုယ်ကြီး ကြည့်လိုက်တယ် ဟို နေရာက နာတာလေးတွေ နာပြီးပျောက်၊ ယားတာယားတာ ပျောက်၊ ကောင်းတဲ့စိတ်ကလေး ဝမ်းသာတာလေးပေါ်တာ ဝမ်းသာ တာလေးလည်း ခဏလေးရှိရင်ပျောက်။
ဪ ဒို့သန္တာန်မှာ ဘာမှမရှိပါလား၊ ပေါ်ပြီး ပျောက်တဲ့ တရားတွေသာ အကုန်ရှိနေပါလားလို့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တွေးလိုက်မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ကောင်းတာတွေးကြစမ်း။
ကောင်းတာနဲ့ သေပျော်ပြီဆိုတဲ့ ပုဂ္ဂိုလ်များ၊ သေသွား တဲ့ပုဂ္ဂိုလ်မှာ ဘုရားပွင့် သွားလေရော့သလား၊ မပွင့်ဘဲနဲ့ပဲ မျက်စိ နှစ်ကွင်း အလင်းမရဘဲနဲ့ပဲ၊ အင်း နေလတွေ မတွေ့ဘဲနဲ့ပဲ သေသွား လေရော့လားဆိုတာ မတွေ့ဘဲနဲ့ သေသွား ရှာတယ် (မှန်ပါ့)။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လိုရင်းသည်မှာဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဉာဏ်နဲ့ခန္ဓာစိုက်လိုက်ပါ
ဘုရားပွင့်တဲ့အခါသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမ တို့ ကိုယ်တော်ကြီးရှိတာကို ပွင့်တာ မပွင့်တာက လိုရင်းမဟုတ် ဘူး (မှန်ပါ့)။
ကိုယ်တော်ကြီး မပေါ်လွင် ပေါ်လွင်အောင် သဗ္ဗညုတ ဉာဏ်နဲ့ ပြောဆိုထားတာတွေ၊ ဟောပြော ညွှန်ပြဆုံးမပြီး မပေါ်လွင် ပေါ်လွင်အောင် ဟောထားတာတွေကို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့ခန္ဓာ စိုက်လိုက်လို့ရှိရင်ဖြင့် မြင်ပါပြီ ဆိုလို့ရှိရင်ဖြင့်၊ သော် သူ့တရားတွေ သူ့စကားတွေ သူ့ဉာဏ်တွေ ဝမ်းထဲရောက်ပြီ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။
ကိုယ့်သန္တာန်ဘုရားပွင့်ပြီ
ဒါဖြင့် သူ့ဉာဏ်တွေ ဝမ်းထဲရောက်တဲ့အတွက်၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ကိုယ့်ဘာဖြစ်သတုံးလို့ သံသယမရှိပါနဲ့ တော့ ကိုယ့်သန္တာန်ဘုရားပွင့်ပေါ့လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားက သူဟာ အသားယူဟောနေသလားလို့ ဒကာ ဒကာမတွေက စောဒက တက်ချင်လည်း တက်ကြလိမ့် မယ်နော် (မှန်ပါ့) စောဒကတက်ချင်လည်း တက်ကြလိမ့်မယ်တဲ့။
ဒကာ ဒကာမတို့ မတက်ကြပါနဲ့တော့လို့ ဘုရားကပဲ ခင်ဗျားတို့ မေတ္တာရပ်ပါတယ် (မှန်ပါ့) ဘုရားက မေတ္တာ ရပ်ပါတယ်၊ ဘယ်လို မေတ္တာရပ်တုံးဆိုရင်၊ ဒါကွာတဲ့ ဘုရား ပွင့်, မပွင့်ဟာ ဒီတရားဟာ နိယာမတရားပဲ (မှန်ပါ့)။
နိယာမတရားဆိုတော့ ကိုမြင့်တို့ မောင်နိုင်တို့ အမြဲ ရှိတယ် (မှန်ပါ့) အမြဲပင်ရှိပြီး သကာလ နေငြား သော်လည်း ဘုရားပွင့်မှ ထိုးထွင်းဉာဏ်နဲ့ ဘုရားက ဟောတာကို ကျုပ်တို့ သန္တာန်မှာ ကျုပ်တို့ အမြင်ထဲမှာ ရောက်လာတယ်လို့ ဆိုလို့ရှိရင် နဂိုရှိသည်ကားလို့ဆိုရင်ဖြင့် ဘယ်သူမှ မသိခဲ့ပါဘူး (မှန်ပါ့)။
ဘုရားပွင့်ပြီး မပေါ်လွင်ပေါ်လွင်အောင် ပြောလာတော့ မှ သိရတဲ့အသိကို၊ ကျုပ်တို့ဉာဏ်ထဲ ရောက်လာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီအသိသည်ကားလို့ဆိုရင် ဘုရားဟောတဲ့ အသိပဲ သေသေချာချာ ပြန်ရောက်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။
ဘယ်သူ အသိပြန်ရောက်ပါလိမ့် (ဘုရားဟောတဲ့ အသိပြန်ရောက်ပါတယ် ဘုရား)။ ဘုရားဟောတဲ့အသိပဲ ပြန် ရောက်တဲ့အတွက်၊ အိမ်မှာပဲနေနေ၊ ကျောင်းမှာပဲလာ အား ထုတ်ကြ အားထုတ်ကြ၊ ဘုရားပွင့်တဲ့အလုပ်မို့ ဘုရားပွင့် မပွင့်ကို ကိုယ့်ကိုယ်ကို ချိန်နှိုင်းပြီး သကာလ ချိန်ဆပြီး သကာလ။
ဪ ဖြစ်ပျက်ကလေးတွေ တွေ့လို့ရှိရင်ဖြင့် ဘုရားပွင့်လို့ ကိစ္စပြီးမယ့် ဘဝပါလားဆိုတာကို ဘယ်သူ့မှ မေး မနေနဲ့ တစ်ခါတည်း ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘော ပါကြပလား (ပါပါတယ် ဘုရား)။
ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ် ဘုရားပွင့်တာပဲ
ဘုရားပွင့်၊ မပွင့် ဒီနေ့ ဝေဖန်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ (ဘုရားပွင့်တာပါ ဘုရား)။ ဖြစ်ပျက်မမြင်သေးပါဘူးလို့ ဆိုလို့ရှိရင် (ဘုရား မပွင့်သေးပါဘူး ဘုရား)။
ဘုရားမပွင့်သေးပါဘူးဆိုတာ ကောင်းကောင်းကျေနပ် ပြီလား (ကျေနပ်ပါတယ် ဘုရား) အဲ့ဒါကြောင့် ငါဘုရား ပွင့်လာ တာသည်ကားလို့ဆိုရင်၊ သဗ္ဗေသင်္ခါရာ အနိစ္စာကို ပေါ်လွင်အောင် ပြောဖို့ ပွင့်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
သဗ္ဗေ သင်္ခါရာ ဒုက္ခာကို (ပေါ်လွင်အောင် ဟောဖို့ ပွင့်လာတာပါ ဘုရား) ပေါ်လွင်အောင် ဟောဖို့ ပွင့်လာတာ (မှန်ပါ့)။
သဗ္ဗေ ဓမ္မာ အနတ္တာကို (ပေါ်လွင်အောင်ပြောဖို့ ပါ ဘုရား) ပေါ်လွင်အောင်ဟောဖို့ ငါဘုရား ပွင့်လာတာ ဆိုတာ ဘုရား၏ ရည်ရွယ်ချက်ကို သိပါတယ် (သိပါတယ် ဘုရား)။
သိတော့ အဲဒီဟာ အဆက်တွေနဲ့ ဘုန်းကြီးများက တစ်ခါ ဝေဖန်ပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဟောပြန်တယ် ပြောပြန်တယ်ဆိုတော့ ရှုပွားတဲ့ ပုဂ္ဂိုလ်များမှာ မြင်အားသန် လာပြီ ဆိုမှဖြင့် မြင်ပြီဆိုမှဖြင့် ဪ ငါသည် ကားလို့ဆိုရင် ဘုရားပွင့်ပါပေါ့လား (မှန်ပါ့)။
ငါ့သန္တာန် ဘုရားပွင့်ပါပေါ့လားဆိုတာကို တထစ်ချ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ကျွတ်မှ ကျွတ်တန်းဝင်ပါ့မလား ပဒပရမပုဂ္ဂိုလ်များ ဖြစ်နေရော့သလားလို့ ဒီလိုကိုမယူနဲ့ (မှန်ပါ့)။
သေသေချာချာ ကျွတ်တမ်းဝင်ပြီး သကာလ သေသေ ချာချာ ဒုက္ခဇာတ်သိမ်း၍၊ ဒကာ ဒကာမတို့ ကိလေသာ မီးငြိမ်း၍၊ ဒုက္ခတွေ သိမ်းပါလိမ့်မယ်ဆိုတာကိုဖြင့် သံသယမရှိဘဲနဲ့ မှတ်ပါ ဆိုတာ ဒီပါဠိတော်ကပဲ ထောက်ခံချက် ပေးလိုက်ပါ တယ် (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။
ပုတီးအနိစ္စမျိုးကိုမဆိုလိုဘူး
သိပ်အားရှိစရာ ကောင်းပါလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား) ကိုင်း ဒါဖြင့် ရှေ့က ဒကာ ဒကာမတွေ ဘုန်းကြီးများတို့ ဒီလို ခေတ်တွေ ဘာတွေက မကောင်းခင် တုံးက အိုကြ၊ နာကြ၊ သေကြ၊ လှူကြ။ တန်းကြ၊ ပေးကြ၊ ကမ်းကြ၊ မိဘရိုးရာ သေကြေပျက်စီးပြီး သကာလ ပုတီး အနိစ္စမျိုးကိုတော့ မဆိုလိုပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ပုတီး အနိစ္စကို (မဆိုလိုပါဘူး) မဆိုလိုပါဘူးတဲ့ ခန္ဓာထဲမှာက ဉာဏ်နဲ့ကြည့်လိုက်တဲ့ အခါကျတော့၊ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ အခုဖြစ်တာလေး အခုမရှိဘူး၊ အခုဖြစ်တာလေး အခု မရှိဘူး၊ အခု ဖြစ်တာလေး အခုမရှိတော့ဘူးဆိုပြီး သကာလ သိတဲ့ အသိကိုသာလျှင် ဘုရားပွင့်တဲ့ အသိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကောင်းကောင်း သဘောပါပလား (ပါပါတယ် ဘုရား) အင်မတန်အားရှိစရာကောင်းပြီ၊ အဲဒီတော့ တပည့်တော် ဖြစ်ပျက်တော့ မြင်တယ်ဘုရား၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်တာတွေ မြင်ပါတယ်ဘုရား။
ဖြစ်ပျက်မြင်တော့ အရှင်ဘုရားကလည်း ဟောထားတာ က ဖြစ်ပျက်မြင်လို့ရှိရင် ဖြစ်ပျက်နဲ့ကို မုန်းလာလိမ့်မယ် ဒီဖြစ်ပျက်ကြီးက ဪ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲလို့ ပိုင်းခြား လိုက်လို့ရှိရင်ဖြင့် ဆုံးသွားပေမယ် ဆိုတာ တပည့်တော်တို့ ဖြစ်ပျက်တော့ မြင်ပြီ ဆုံးကိုမဆုံးပါဘူးဘုရား။ လျှောက်ချင်ရင် လည်း လျှောက်ကြမယ်ပေါ့လေ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် မပူပါနဲ့
ဒါ မပူပါနဲ့ ဒါ မပူပါနဲ့ ဒကာ ဒကာမတို့၊ ဒီဥစ္စာက ဘုရားပွင့်ပြီး သကာလ ဖြစ်ပျက်မြင်ပြီး ဘုရားဒေသနာတွေ ဝမ်းထဲရောက်ပြီး သကာလ ဟောထားတော့၊ ဖြစ်ပျက်ဆိုတာ သည် ဘယ်သူ ဟောတာတုံး မေးလို့ရှိရင်ဖြင့်၊ သွာက္ခာတော ဘဂဝတာ ဓမ္မာ (မှန်ပါ့)။
ဘဂဝတာ- မြတ်စွာဘုရားရှင်သည်၊ ဓမ္မာ- တရားတော် ကို သွာက္ခာတော- ကောင်းကောင်းကြီး ဖြစ်ပျက် ရှိတယ်လို့ ကောင်းကောင်းကြီး ဟောထားတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။
ဘယ်သူဟောထားတာတုံး (ဘုရားသခင် ဟော ထားတာပါ ဘုရား)။ ဘယ်ပါဠိတော်က ထောက်ခံတုံး (သွာက္ခာ တော ဘဂဝတာဓမ္မာ) သွာက္ခာတော ဘဂဝတာ ဓမ္မာ။
ဘဂဝတာ- မြတ်စွာဘုရားသည်၊ ဓမ္မာ- ဖြစ်ပျက်ဆိုတဲ့ တရားကို၊ သွာက္ခာတော- ကောင်းစွာ ဟောထားတယ် မဟော ဘူးလား (ဟောပါတယ် ဘုရား)၊ ဟောတဲ့အတိုင်း ခင်ဗျားတို့ ဉာဏ်နဲ့ ခန္ဓာထဲ လှည့်ကြည့်လိုက်တော့ တွေ့တယ် မို့လား (တွေ့ပါတယ် ဘုရား)။
စားချင်တဲ့စိတ်
အင်း ဒါကလေးတွေသည်ကားလို့ဆိုရင် စားချင်တဲ့ စိတ်ကလေးဟာ ဖျပ်ဆို ပျောက်သွားတယ် (မှန်ပါ့) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) စားချင်တဲ့ စိတ်ကလေး ရေသောက်အောင် ခံရဲ့ လား (မခံပါဘူး ဘုရား)။
ရေသောက်တဲ့ စိတ်ကလေး ဆေးလိပ်သောက်ရင် ခံရဲ့ လား (မခံပါဘူး ဘုရား) အင်း ပျောက်ပျောက် မသွားဘူးလား သွားပါတယ်ဘုရား။
အင်း ဘုရားက ဖြစ်ပျက်ဖြစ်ပြီး ပျက်ပါတယ်ကွ၊ ဖြစ်ပြီး ပျက်ပါတယ်ကွာလို့ ဟောထားတဲ့ အတွက် ကျုပ်တို့ သန္တာန် လည်း ပေါ်လည်းပေါ်တယ်၊ ပျောက်လည်း ပျောက်တယ် ဆိုတာလေး မြင်လိုက်တော့၊ သွာက္ခာတော ဘဂဝတာ ဓမ္မော ဆိုတဲ့ ပါဠိတော်ဟာ သူဟောထားတဲ့အတိုင်း၊ ခင်ဗျားတို့သည် ခင်ဗျားတို့ဘဏ်ထဲ ရောက်လို့သာ မြင်တာ (မှန်ပါ့)။
သူဟောထားတဲ့တရား (ဉာဏ်ထဲရောက်မှ မြင်မှာ ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်တာပဲ (မှန်ပါ့) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဖြစ်ပျက်တော့ မြင်ပါ့ဘုရား တပည့်တော် တို့က ဖြစ်ပျက်အဆုံးဖြစ်တဲ့၊ တေသံ- ထို ဖြစ်ပျက်တို့၏၊ ဝူပသမော-မရှိခြင်းသည်၊ သုခေါ- နိဗ္ဗာန်ပဲဆိုတဲ့ အဲဒီ မရောက်သေးဘူး ဖြစ်ပျက်အဆုံး မရောက်သေးဘူး။
တေသံ ဝူပသမောသုခေါ မရောက်သေးဘူး (မှန်ပါ)၊ တေသံ-ထိုဖြစ်ပျက်နှစ်ခုတို့၏၊ ဝူပသမော-မရှိခြင်းသည် သုခေါ-နိဗ္ဗာန်ပဲ သဘောကျပလား (ကျပါတယ် ဘုရား)။
ဖြစ်ပျက်နှစ်ခု မရှိတာ (နိဗ္ဗာန်ပါ ဘုရား) အဲဒီ မရောက်ဘူးဗျ၊ တပည့်တော်တို့ ခက်နေပုံက သွာက္ခာတော ဘဂဝတာဓမ္မာ ဆိုတဲ့အတိုင်း၊ ဘုရားဟောတော်မူတဲ့အတိုင်း ဖြစ်ပျက်မြင်ရမယ် ဆိုတော့ ဘုရားပွင့်လာတော့ မြင်ပါ့ဘုရား။
ဖြစ်ပျက်အဆုံးမမြင်သေးရင် ဆက်ကြိုးစား
တေသံ ဝူပသမောသုခေါ၊ တေသံ- ဖြစ်ပျက်တွေ၊ (ဝါ) ထိုဖြစ်ပျက်တို့၏၊ ဝူပသမော- မရှိခြင်းသည်၊ သုခေါ- နိဗ္ဗာန်ပဲ ဆိုတော့ ဖြစ်ပျက်သာ မြင်တယ်ဘုရားတဲ့၊ ဖြစ်ပျက်တွေဆုံးတဲ့ နိဗ္ဗာန်ကို မမြင်သေးဘူး (မှန်ပါ့)။
ဒကာ ဒကာမတွေက ဆင်ခြေလဲချင်တယ် (မှန်ပါ့) မလဲပေဘူးလား (လဲပါတယ် ဘုရား) လဲလိုက်တော့ ဒကာ ဒကာမတွေ တရားမှာ ဂုဏ်တော် ခြောက်ပါးရှိတယ်ဆိုတာ ဒကာ ဒကာမတွေ သိပြီးသားပါ (မှန်ပါ့)။
အို မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ကွာတဲ့ သန္ဒိဋ္ဌိကော အခု ကိုယ်တိုင်ပဲ မြင်ပေါ့ကွာ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။ သူများပြောလား ကိုယ်တိုင်မြင်တာလား (ကိုယ်တိုင်မြင်တာပါ ဘုရား)။
ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်မြင်ပါတယ် (မှန်ပါ့)။ ဖြစ်ပျက်ကလေးတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ (ကိုယ်ပိုင်မြင်ပါတယ် ဘုရား)။
အခါမလင့်အကျိုးပေးလိမ့်မယ်
ဪ ဒါဖြင့် မင်းတို့ သန္ဒိဋ္ဌိကော ဖြစ်ပေါ့ကွာ၊ မင်း ဆက်သာ ကြိုးစား၊ အကာလိကောဆိုတဲ့ မင်းသည် အခါမလင့် နိဗ္ဗာန် တည်းဟူသော အကျိုးတရား မင်းကိုယ်ပိုင် ရပါလိမ့် မယ်လို့ သူကိုယ်တိုင် ဟောထားတယ် (မှန်ပါ့)။
အားငယ်စရာများ ပါသေးသလား (မပါပါဘူး ဘုရား) ကဲ သဘောပါကြပလား (ပါပါတယ် ဘုရား)
ဪ ဒါ အကာလိကော အခါမလင့် အကျိုးထူး အကျိုး ကို ပေးပါတယ်ဆိုသဖြင့် မင်းသာ အားထုတ် ဒီနေ့ အားထုတ် ပါကွတဲ့၊ နက်ဖြန် အကာလိကော အခါမလင့် ဘာမှ မခြားဘဲနဲ့ မင်းဟောဒီ တေသံ ဝူပသမော သုခေါဆိုတဲ့ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်ကို မင်းကိုယ်တိုင် ရပါလိမ့်မယ်လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲတော့ သွာက္ခာတော ဘဂဝတာ ဓမ္မော တောင်မှ ဒကာ ဒကာမတွေက ပိုင်နေပေါ့ပဲ၊ ဘဂဝတော- မြတ်စွာ ဘုရားရှင်သည်၊ ဓမ္မာ-ဖြစ်ပျက်ဆိုတဲ့ တရားတော်ကို၊ သွာက္ခာတော-ငါ ကောင်းစွာဟောတယ်။
ဟောတဲ့အတိုင်း တပည့်တော်တို့ မြင်တယ်ဘုရား ဒကာ ဒကာမတွေက လုပ်ပါ့လား (မှန်ပါ့) မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
တစ်ဆင့်တက်ရုံကျန်တော့တယ်
ဘယ့်နှယ်ကြောင့် တေသံ ဝူပသမော သုခေါ ဆိုတဲ့ ဖြစ်ပျက်အဆုံး နိဗ္ဗာန် မမြင်ပါလိမ့်မတုံး ဆိုရင်၊ အို မင်းက သန္ဒိဋ္ဌိ ကော ကိုယ်တိုင်မြင် ရှိသေးတဲ့ဥစ္စာ၊ သန္ဒိဋ္ဌိကောက တက်မှ အကာလိကော ဆိုတာ အခါမလင့် အကျိုးပေးတဲ့ နိဗ္ဗာန်ရမှာ ပေါ့ကွဆို သန္ဒိဋ္ဌိကော ရောက်နေပြီ၊ အကာလိကောက တစ်ဆင့် တက်ရုံ ကျန်တော့တာ (မှန်ပါ့)။
ပူစရာများ ရှိရဲ့ လား (မရှိပါဘူး ဘုရား) သေသေ ချာချာ မှတ်ပါ ခု ပြောနေတာ အင်မတန် သဘောပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဖြစ်ပျက် မြင်ရင် သန္ဒိဋ္ဌိကော မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) သွာက္ခာတော ဘဂဝတာ ဓမ္မော ဆိုကတည်းက ဘုရားပွင့်ပြီ (မှန်ပါ့)။
ဘုရား ဟောတော်မူတဲ့တရားကို ခင်ဗျားတို့ အားထုတ် ကြည့်လိုက်တဲ့အခါ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မြင်ရင် ခင်ဗျား ဒါ သွာက္ခာတော ဘဂဝတာဓမ္မာဆိုကတည်း က ဘုရား မပွင့်သေးဘူးလား (ပွင့်ပါတယ် ဘုရား)။
အဲတော့ ရှုလိုက်တဲ့အခါကျတော့ ပျောက်ပျောက် ပျောက်ပျောက်ပြီး ဖြစ်ပျက်ကလေးတွေက မြန်လိုက်တာ ဘုရား ပျောက်ပျောက် ပျောက်ပျောက်ပြီး သကာလ သွားလိုက် တာလေးတွေဆိုတော့ သန္ဒိဋ္ဌိကော ဖြစ်ပြီကွတဲ့ (မှန်ပါ့)။
သန္ဒိဋ္ဌိကော ဓမ္မာဟောတီတိ သာမံ မယိတဗ္ဗာတဲ့၊ သာမံ-ကိုယ်တိုင် (ဝါ) ကိုယ်တိုင်ဆိုတာ ဉာဏ်ပေါ့ဗျာ (မှန်ပါ့)၊ သာမံ- ကိုယ်တိုင်ဉာဏ်ဖြင့် ပဿိတဗ္ဗော- သူမြင်ပါပြီ၊ အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်မှာ ဖြစ်ပျက်တွေ ကိုယ်တိုင် ဖြစ်ပါတယ် (မှန်ပါ့)။
မြင်ရင်မလျှော့နဲ့
မမြင်သေးဘူးလား (မြင်ပါပြီ ဘုရား) အား ဒါဖြင့် ဒကာ ဒကာမတို့ မလျှော့နဲ့တော့ သန္ဒိဋ္ဌိကော ပြီးတော့ ဘာကျန်တော့တုံး (အကာလိကောပါ ဘုရား)။
အကာလိကော- အခါမလင့် အကျိုးပေးမယ် (မှန်ပါ့) မင်းသည်ကားလို့ ဆိုရင်ဖြင့် ဟောဒိ သန္ဒိဋ္ဌိကေသာ ဆက်လုပ်ကွ၊ အကာလိကောဆိုတဲ့ နိဗ္ဗာန်ဟာ ခဏလေးနဲ့ပဲ ဖြစ်ပျက်ကို မင်းတို့သည် အင်း ဒီ ဒုက္ခမှ ဒီဒုက္ခထက်ကြီးတဲ့ ဒုက္ခသည် ခွဲမရ ခွာမရတဲ့ဒုက္ခ၊ အကြီးဆုံးသော ခန္ဓာကိုယ်၏ ဖြစ်ပျက် ဒုက္ခသာ မင်းတို့ ပိုင်းခြားလိုက်လို့ ရှိရင်ဖြင့် ဖျပ်ဆို တေသံ ဝူပသမော သုခေါ်ဆိုပြီး ဖြစ်ပျက် ချုပ်သွားမှာ (မှန်ပါ့) မချုပ်ပေဘူးလား (ချုပ်မှာပါ ဘုရား)။
အဲဒီလို ရှိရင်ဖြင့် ဖြစ်ပျက်ချုပ်သွားတော့ အကာလိ ကော (မှန်ပါ့) ဖြစ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့) အကာလိကော အခါမလင့် အကျိုးပေး၏ဆိုတော့ ကိုယ်ရှုတဲ့ မဂ်နဲ့ပဲ ကိုယ့်နိဗ္ဗာန်ဟာ ပေါ်လာတယ် (မှန်ပါ့)။
ကိုယ်ရှုတဲ့မဂ်က နိဗ္ဗာန်ဘက်လှည့်
ကိုယ်ရှုတဲ့မဂ်က ခုနက ဖြစ်ပျက်ဘက် မလှည့်ဘဲနဲ့ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်ဘက် လှည့်သွားတယ် (မှန်ပါ့) ကဲ အကာလိကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာ အချက် အလက် အကွက်ဆိုတာ ပါကို မပါပါဘူးကွာ (မပါပါဘူး ဘုရား) ပါသေးလား (မပါ ပါဘူး ဘုရား)။
အင်း ဒါဖြင့် အခု ဒကာ ဒကာမတွေ ကြောက်နေတာ ဘုရားလည်းပွင့်ပြီ ကိုယ်တိုင်ကော (မြင်ပါတယ် ဘုရား) မြင်ပြီ ဆိုတော့ ဘာလေးတစ်ချက်ကျန်တော့တုံး (အကာလိကော ပါ ဘုရား)။
အကာလိကောလေး ကျန်တယ် ဆိုတော့၊ ကိုယ်တိုင် မြင်တော့လည်း ဒကာ ဒကာမတို့ ပူမနေနဲ့၊ ယနေ့လား နက်ဖြန်လား သာ အကဲခတ်တော့ (မှန်ပါ့)။
သေသေချာချာ ခင်ဗျားတို့ ဖြစ်ပျက်ဆိုတဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ အဲဒါချုပ်တဲ့ နိဗ္ဗာန်ကိုဖြင့် ခင်ဗျားတို့ နက်ဖြန်လား သန်ဘက်လား မပြောတတ်ဘူး မြင်တော့မှာပဲ (မှန်ပါ့)။
သူ့အဆင့်အတိုင်းတက်ရတယ်
ဘာပြုလို့တုံး သန္ဒိဋ္ဌိကော ကိုယ်တိုင်ရတော့၊ အကာလိ ကော ဆိုတာ သူ့အဆင့်အတန်း အတိုင်း မတက်ရပေဘူးလား (တက်ရပါတယ် ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခု တရားနာရတာ ဘုရားပွင့် ကြောင်းလည်း သိကြပါပြီ (မှန်ပါ့) ဘုရားပွင့်လို့ပဲ ကိုယ်တိုင်အမြင်လည်း ရကြပါပြီ ( ရပါပြီ ဘုရား)။
အင်း ကိုယ်ပိုင်အမြင် ရပြီးလို့ ရှိရင်ဖြင့် ဖြစ်ပျက် ချုပ်တဲ့ နိဗ္ဗာန်ကို အကာလိကော အခါမလင့် အကျိုးပေးတယ် ဆိုတော့၊ အခါမလင့်တော့ပါဘူးလို့ ပြောလျက်သားနဲ့၊ ငါဘာဖြစ်နေတုံး ဆိုတာ မသုံးပါနဲ့ (မှန်ပါ့)။
ရ ရမယ် (မှန်ပါ့) ငါဘာဖြစ်နေလို့ပါလိမ့်မတုံး ဆိုတဲ့ မနေ့က ပြောတဲ့ ဥဒ္ဓစ္စတို့ ကုက္ကုစ္စတို့ မလာကြစေနဲ့ သေသေ ချာချာ ရပါလိမ့်မယ်ဆိုတာဖြင့် အရှင်းကြီး ရှင်းကြပါလို့ ဦးဘလေးတို့ အသေအချာမှာတယ် (မှန်ပါ့ ဘုရား)။
မပြောထိုက်ဖူးလား (ပြောထိုက်ပါတယ် ဘုရား) ဒါ ဘယ်ပါဠိတော်တုံးလို့ မေးဖို့မလိုပါဘူး (မှန်ပါ့) ဥပ္ပါဒါသုတ် အင်္ဂုတ္တိုရ် ပါဠိတော်မှာ လာတဲ့အတွက် ရှင်းကြပလား (ရှင်းပါ တယ် ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘုရားပွင့်ပါသလား (ပွင့်ပါတယ် ဘုရား) ကိုယ်တိုင်ကော ဖြစ်ပျက် ကလေးတွေ မြင်ပါ သလား (မြင်ပါတယ် ဘုရား)။
အခုပဲရမယ်လို့ဟောထားတယ်
အင်း ဒါဖြင့် သွာက္ခာတော ဘဂဝတာဓမ္မာဆိုတဲ့ဥစ္စာ ဘုရားလည်းပွင့်ပြီ ကိုယ်တိုင်လည်းမြင်ပြီ ဆိုလို့ရှိရင်ဖြင့် ဘာလေး ကျန်ပါသေးသတုံးဆိုရင်၊ အကာလိကော အခါမလင့် နိဗ္ဗာန် လေးရဖို့ ကျန်သေးတယ်လို့၊ နိဗ္ဗာန်ဟာ အခါလင့်တယ်လို့ ဘုရားက ဟောလို့ ရှိရင်လည်း၊ မင်း တော်တော် ကြာလိမ့်ဦးမယ် လို့ ဟောသလား အခုပဲရမယ်လို့ ဟောသလား (အခုပဲရမယ်လို့ ဟောပါတယ် ဘုရား)။
အခုပဲရမယ်လို့ ဟောထားတဲ့ဥစ္စာ၊ ခင်ဗျားတို့က ဖြစ်ပျက်ချည့်ပဲ မြင်နေသေးတယ်ဘုရား၊ ဖြစ်ပျက်အဆုံး နိဗ္ဗာန် ရှိတယ်လို့ ဆရာ ဘုန်းကြီးကလည်း ဟော၊ ဘုရားကလည်း တေသံ ဝူပသမော သုခေါလို့ဟော။
ဉာဏ်မရင့်သေးလို့ မှတ်လိုက်စမ်းပါ
ဟောပါရဲ့ သားနဲ့ တပည့်တော်တို့ မရောက်တာ ဘာများ ဖြစ်လို့ပါလိမ့်မတုံးဆို သန္ဒိဋ္ဌိကော မရင့်သေးလို့ အကာလိကော မလာသေးတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာမရင့်သေးလို့ (သန္ဒိဋ္ဌိကော မရင့်သေးလို့ပါ ဘုရား) အင်း သန္ဒိဋ္ဌိကော မရင့်သေးလို့ဆိုတာ ဖြစ်ပျက်မြင်ရ တာက မရင့်ထွားသေးလို့ ဉာဏ်မရင့်သေးလို့ပါလို့ မှတ်လိုက်စမ်း ပါး (မှန်ပါ့)။
အဲ သန္ဒိဋ္ဌိကော မရင့်သေးလို့ အကာလိကောဆိုတဲ့ နိဗ္ဗာန်မရသေးတာ (မှန်ပါ့) ရင့်ရင် (ရမှာပါ ဘုရား)။
ဒါဖြင့် ရင့်တာနဲ့ နုတာသည် ဘယ်လောက် ခြားပါ သတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ရင့်လာလို့ရှိရင် အကာလိကောသာ မှတ်ပါတော့ ရင့် ရမှာပဲ (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား)။
အင်မတန် ဒီနေ့ ဒကာ ဒကာမတွေ ထူးထူးခြားခြားကြီး သိရတဲ့နေ့ပဲလို့ ဆိုတာလည်း၊ ဘုရားပွင့်တာလည်း ကိုယ်ဝမ်းထဲ မှာ သိရပါပြီ (မှန်ပါ့)။
ကိုယ်တိုင် မြင်ခြင်းကြောင့်လည်း တစ်ထစ်သာ ကျန်ပါ တော့လားလို့လည်း ဆုံးဖြတ်ချက် ချဖို့လည်း အချိန်ရောက်ပါပြီ (မှန်ပါ့) မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။
သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်လို့ရှိရင် တထစ်က ဘာပါ လိမ့် (အကာလိကောပါ ဘုရား) အဲအခါမလင့် အကျိုးပေးဖို့ ဆိုတဲ့ ဥစ္စာသည်၊ ဒီမဂ်က ခု ရှုနေတဲ့ မဂ်က ဖြစ်ပျက်ဘက် ကို မရှုဘဲနဲ့ ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားရုံလေးသာ ကျန်တော့တယ် (မှန်ပါ့)။
ပထမတော့ သူ သေချာပြပါ့မယ် ဒကာ ဒကာမတို့ ဒီက မဂ္ဂင်ငါးပါးက ခင်ဗျားတို့ ခန္ဓာ ကိုယ်ထဲမှာ ပထမ ဘယ်လိုလှည့် နေတုံးဆိုတော့၊ သန္ဒိဋ္ဌိကောတုန်းကတော့ ရှေ့ပိုင်းမှာ ဝေဒနာ ရှုတဲ့ ပုဂ္ဂိုလ်ဖြင့် ဝေဒနာတွေ၏ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်၊ ဖြစ်ပျက်ဘက်ချည့် ခင်ဗျားတို့ ရှုတဲ့ဉာဏ် ကလေးက လှည့်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
သန္ဒိဋ္ဌိကောတုန်းကတော့ ဒီမဂ္ဂင်လေးက ဘယ်ဘက် ချည့်လှည့်နေတုံး (ဖြစ်ပျက်မြင်တဲ့ ဘက်ချည်း လှည့်နေပါ တယ် ဘုရား)။
ဝိပဿနာဉာဏ်ပဲရှိသေးတယ်
အင်း သာမံ ပဿိတဗ္ဗော-ကိုယ်တိုင် မြင်နေတဲ့ ခန္ဓာ ကိုယ်ထဲ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်နဲ့ ဒကာ ဒကာမတွေ မြင်နေ လိုက်တာ၊ တစ်ခါတလေများ အပျက်ကလေးတွေချည့်မြင်၊ တစ်ခါတလေ ဒီအပျက် ကလေးတွေမုန်း၊ မုန်းစရာလေး မြင် လိုက်၊ တစ်ခါတလေ ဒီအပျက် ကလေးတွေ ရှုတာလေး မြင်လိုက်။
အင်း ဒါ ဝိပဿနာဉာဏ်တွေပဲ ရှိနေသေးတာပဲ၊ ဘယ် လိုပဲ ဉာဏ်တွေ အမြင်သာ ပြောင်းရတယ်၊ ဖြစ်ပျက် ကတော့ မရွေ့သေးပါဘူး (မှန်ပါ့)။
ဘာပြုလို့တုံးဆိုတော့ သန္ဒိဋ္ဌိကော ရှိသေးတယ်တဲ့ ကိုယ်တိုင်မြင်တုန်းပဲရှိသေးတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဘာရှိသေးသတုံး (သန္ဒိဋ္ဌိကောပဲ ရှိပါသေးတယ် ဘုရား) သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော ကိုယ်တိုင် မြင်တုန်းပဲ ရှိသေးတယ်၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာမှာ ဘုရားပွင့်ပြီး သကာလ ဘုရားဟောတဲ့ အမြင်လေးအတိုင်း မြင်တုန်းပဲ ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်သူဟောတဲ့အတိုင်း အမြင်ပါလိမ့် (ဘုရား ဟောထားတဲ့အတိုင်း အမြင်ပါ ဘုရား) ဘုရား ဟောထားတဲ့ အမြင်ကလေးနဲ့ မြင်တုန်းပဲ ရှိသေးတယ် ဘုရားပွင့်နေတုန်း ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ဘုရားပွင့်နေတုန်း ရှိတော့ကိုး ဘုရားပွင့်တဲ့ အတိုင်း တဲ့ ကိုယ်တိုင်မြင်တဲ့ ဉာဏ်ကလေးနဲ့ ရတုန်း၊ ရတုန်းပဲရှိ နေတော့ ဒီဉာဏ်လေးက ဒီဘက်လှည့်နေတုန်းပဲရှိသေးတယ် (မှန်ပါ့)။
ဖြစ်ပျက် မရှိတဲ့ဘက်လှည့်ရင်ပြီးတယ်
နောက် ဒီဉာဏ်လေးက ဒကာ ဒကာမတို့ ဖြစ်ပျက် မရှိတဲ့ဘက်ကို သူလှည့်လိုက်ရင်ပြီးရော (မှန်ပါ့) ဖြစ်ပျက် မရှိတဲ့ဘက်ကို ဒီဉာဏ်လေး လှည့်လိုက်ရင် (ပြီးသွားပါ တယ် ဘုရား)။
ပြီးတာပဲ အကာလိကောပြီးရော (မှန်ပါ့) သဘော ကျလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဪ ဖြစ်ပျက်ကလေး အခုတွေ့နေတယ်၊ ဒါလေး မတွေ့တဲ့တစ်နေ့ ပြီးတော့ မှာပါလား ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အကာလိကောလို့ ဟောထိုက် မဟောထိုက် (ဟောလိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့တဲ့ ပုဂ္ဂိုလ်သည် အကာလိကောနဲ့ နီးသလား ဝေးသလား (နီးပါတယ် ဘုရား)။
ဖျပ်ဆိုဖြစ်ပျက်ချုပ်ပြီး နိဗ္ဗာန်ပေါ်လာတယ်
အဲ ဖြစ်ပျက်တွေ့နေတာက သန္ဒိဋ္ဌိကောကိုး မောင်နိုင်ရ (မှန်ပါ့) ဖြစ်ပျက်ကလေးနဲ့ ဖြစ်ပျက် ကလေးက ရှာမတွေ့တော့ပါဘူး၊ ရှုရင်း မတ္တနဲ့တစ်ခါ ဒုက္ခသစ္စာ၊ အင်း ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲလို့ ကျုပ်တို့က ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့အခါ၊ ဉာဏ်ထဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိတော့ဘူးလို့ များ ဆုံးဖြတ်ချက် ချလိုက်တဲ့အခါကျလို့ ရှိရင်၊ ဖျပ်ဆို ဖြစ်ပျက်ကလေး က ချုပ်ပြီး အကာလိကော ဆိုတဲ့ ဒီနားမှာ နေဝန်း၊ လဝန်းလို နိဗ္ဗာန်ဆိုတဲ့ တရားကြီးဟာ အစားထိုးပေါ်လာတာ (မှန်ပါ့)
ဒါ ဝေးသလားဗျာ (မဝေးပါဘူး ဘုရား) အဲဒါဖြင့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ သန္ဒိဋ္ဌိကော ရောက်ပြီ (မှန်ပါ့) ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ (သန္ဒိဋ္ဌိကော ရောက်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ဉာဏ်နဲ့တည့်နေလို့ရှိရင်ဖြင့် သန္ဒိဋ္ဌိကော သေချာပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာတော့ကို ဪ ကိုယ်တိုင်ဖြင့် မြင်ပေါ့။ ကိုယ့်ခန္ဓာ အကြောင်း ကိုယ်ကိုယ်တိုင်မြင်ပေါ့ဆိုတာ လေးဟာလည်း ဆုံးဖြတ်ချက် မကျသေးဘူးလား (ကျပါ တယ် ဘုရား)။
အဲ အရင် ဘုရားဟောတော်မူတာက သွာက္ခာ တော ဘဂဝတာ ဓမ္မာကို ကိုယ်လုပ်လိုက် တယ်နော် (မှန်ပါ့) ကိုယ်လုပ်လိုက်တဲ့အခါကျတော့ ကိုယ့်သန္တာန် ဘုရား ပွင့်တယ် (မှန်ပါ့)။
တစ်နံပါတ်က ဘုရားပွင့်တယ်
ဘုရားပွင့်တဲ့အတိုင်း ကိုယ်က ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ကိုယ်တိုင်ကိုမြင်လာတယ် (မှန်ပါ့) မမြင်လာဘူးလား (မြင်လာပါတယ် ဘုရား)။
နှစ်နံပါတ်က ကိုယ်တိုင်မြင်တယ်
ဒါဖြင့် ဘုရားပွင့်တာ တစ်နံပါတ်၊ ကိုယ်တိုင်မြင်တာက (နှစ်နံပါတ်) ကောင်းပြီ ဒါလေး နှစ်နံပါတ် ခု ဒကာ ဒကာမတွေ မြင်ကြပါပြီ (မှန်ပါ့)။
သုံးနံပါတ်က အခါမလင့် အကျိုးပေးတယ်
သုံးနံပါတ် ကလေးသည်ကားလို့ဆိုရင် အခါလင့်တယ် မလင့်ဘူးလို့ ဟောပါရဲ့လား (မဟောပါဘူး ဘုရား) အခါ မလင့်ဘူးလို့ ဟောလိုက်တယ် (မှန်ပါ့)။
သန္ဒိဋ္ဌိကောပြီးရင် အကာလိကောကတော့ကွာတဲ့ ဒါကလေး ကိုယ်တိုင် ဖြစ်ပျက် ကလေးတွေ မြင်လို့ ဟောဒိဉာဏ် လေးရင့်လို့ရှိရင်ဖြင့် ရင့်တာက သစ္စာသိတဲ့အချိန် ဒီအချိန်ကျတော့ ရင့်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘယ်အချိန်ရင့်တုံး (သစ္စာသိတဲ့အချိန်ပါ ဘုရား) ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်ဟာ အရင့်ဆုံး ဘယ်အချိန် ရောက်မှာ ပါလိမ့်မတုံးလို့ မေးတော့ ဪ ဖြစ်တာလည်း ဒုက္ခပဲ ပျက်တာလည်း ဒုက္ခပဲ ‘‘ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဇမာနံ နိရုဇ္ဇတိ။’’
ဒုက္ခဖြစ်၍ ဒုက္ခချုပ် နေတာပါလားလို့ ခင်ဗျားတို့ ဉာဏ်ထဲ တက်လာလို့ရှိရင်ဖြင့် အကာလိကော လာပြီလို့ အောက်မေ့လိုက် (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် ဖြစ်ပျက်မရင့်သေးရင် ဖြစ်ပျက်ရင့်အောင် လုပ်ပါ (မှန်ပါ့) ဘယ်လို ဉာဏ်ပြောင်းပါမှ ရင့်မလဲဆိုတာ လည်း ဘုန်းကြီးက အစီအစဉ် ပေးလိုက်ပါတယ် (မှန်ပါ့)။
ဒုက္ခမှတစ်ပါး ဘာမှမရှိ
ဪ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲ၊ ကိုယ့်သန္တာန်မှာ ဒုက္ခသည် ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူး ဆို ဉာဏ်ရောက်လာတော့၊ ဟောဒီမှာ ရှုနေတဲ့ဉာဏ်သည် ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲလို့၊ ဒီဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့သည် သန္ဒိဋ္ဌိကော ဆိုတဲ့ ကိုယ်တိုင်မြင်တဲ့ ဉာဏ်ဟာ အရင့်၊ အရင့်ဆုံး ပေါ့ဗျာ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အရင့်ဆုံးပါ ဘုရား) ဉာဏ် အရင့်ဆုံးပြီ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)
ဉာဏ်အရင့်ဆုံးပြီးလို့ရှိရင်ဖြင့် ခုနက ပြောခဲ့တဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခဟာ မောင်နိုင် ဘာဖြစ်သွားမယ် ထင်တုံး (ချုပ် သွားမှာပါ ဘုရား)။
ချုပ်သွားမယ် (မှန်ပါ့) ချုပ်သွားရင် ဘယ်သူ ပေါ်လာမတုံး (အကာလိကောပါ ဘုရား) အကာလိကော ဆိုတဲ့ နိဗ္ဗာန်ဟာ ဖြစ်ပျက်ချုပ်တဲ့နေရာမှာပဲ ဟောဒီယောဂီ ပုဂ္ဂိုလ်က မြင်ပါပြီ (မှန်ပါ့)။
သောတာပန်တည်ပြီ
ဒီ ယောဂီ ပုဂ္ဂိုလ်မှာလည်း မဂ္ဂင်ရှစ်ပါးရသောကြောင့် သောတာပန် တည်ပါပေါ့လို့ မှတ်လိုက်ပါ (မှန်ပါ့) မတည် သေးဘူးလား (တည်ပါတယ် ဘုရား)။
သောတာပန်တည်ပြီလို့ မှတ်လိုက်တော့ ဘာကြောင့် တုံးဆိုတော့ အကာလိကော သူရောက် သွားတယ် (မှန်ပါ့) အခါမလင့် အကျိုးပေးသွားပြီ (မှန်ပါ့)။
တစ်ခါ နိဗ္ဗာန်တည်းဟူသော အကျိုးတရားကို ဒကာ ဒကာမတွေက လိုချင်လိုက်တာ ဟောဒီ ဉာဏ်အောက်မှာကိုး ရောက်လာတယ် (မှန်ပါ့) ဘယ်သူ့အောက် ရောက်လာ တုံး (ဉာဏ်အောက် ရောက်ပါတယ် ဘုရား)။
ဒီထက်အကျိုးပေးကောင်းတာမရှိ
ဉာဏ်အောက်ရောက်လာတဲ့အတွက် ဪ အကျိုးပေးနှယ် ဆန်းကြယ်လိုက်တဲ့ဖြစ်ခြင်း၊ နဂိုတုန်းက ဒုက္ခတွေ ရောက်နေတာ ခုတော့ဖြင့် သုခချည့် ဉာဏ်အောက် ရောက်လာတယ် ဆိုကတည်း ကိုက ဒီထက် အကျိုးပေးကောင်း ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီနေ့တရားမှာဖြင့် ဘုန်းကြီး သည် အင်မတန် ဒကာ ဒကာမတွေအား ပါဠိတော်နဲ့လည်း ကိုက်အောင်၊ ခင်ဗျားတို့၏ စိတ်ထဲမှာလည်း ပါရမီ ရင့်တယ် မရင့်တယ်ဆိုတာလည်း သေချာသွားအောင် (မှန်ပါ့) ပြောတဲ့နေ့ပဲ။
စိတ်နောက်ဆုတ် မလာပါနဲ့
သေချာခြင်းကြောင့်လည်း ခရီးပေါက်ပါလိမ့်မယ်၊ စိတ် နောက်ဆုတ်တဲ့ဥစ္စာ မလာပါနဲ့ ဆိုတာ ကိုလည်း ကန့်ကွက်တဲ့ သဘောပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ရင် သန္ဒိဋ္ဌိကော (မှန်ပါ့) သန္ဒိဋ္ဌိကော ဖြစ်ပျက် ဖြစ်ပျက် မြင်ရင် ဒါ သန္ဒိဋ္ဌိကော ဆိုတော့ ဆိုတာလည်း အင်မတန် မှန်ပါတယ်။
အဲဒီ ဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ဘယ်အချိန်ကျလို့ရှိရင် ဖြင့် ဒီ သန္ဒိဋ္ဌိကောဆိုတဲ့ ဉာဏ်ဟာ မောင်နိုင်ရင့်ပါမလဲလို့ ရှာစမ်း (ဖြစ်ဒုက္ခ ပျက်ဒုက္ခ) ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဒါဖြစ်ရ တာလည်း ဒုက္ခ၊ ပျက်ရတာလည်း ဒုက္ခပဲလို့သာ ယောဂီပုဂ္ဂိုလ် တို့၏ ဉာဏ်ထဲမှာ၊ သော် ဉာဏ်ပြောင်းပြီး သကာလ သေသေ ချာချာ ဒုက္ခသစ္စာ မှတစ်ပါး ဘာမှမရှိပါဘူး။
ဖြစ်တာ ကြည့်လိုက်လည်း အဲ သေမလို ဖြစ်တာ၊ ပျက်မ လိုဖြစ်တာ၊ ပျက်တာကြည့်လိုက်တဲ့ အခါကျတော့ ရှိရင် သေပွဲ ဝင်တာနော် (မှန်ပါ့)။
သေမှာရယ်၊ သေတာရယ် နှစ်ခုသာရှိတယ်
ဒါဖြင့် သေမှာရယ်၊ သေတာရယ် နှစ်ခုသာရှိပါလား (မှန်ပါ့) ဖြစ်တာက သေမှာ (မှန်ပါ့) ပျက်သွားတာက (သေတာပါ ဘုရား)။
အဲ သေမှာနဲ့သေတာ နှစ်ခုရှိတော့၊ ဒီဒုက္ခထက် အကြီး များ ရှိသေးလား (မရှိပါဘူး ဘုရား) အဲဒီလိုမြင်လိုက်လို့ ရှိရင် ဒီသန္ဒိဋ္ဌိကောမှာ ဉာဏ်အရင့်ဆုံးလို့မှတ်ပါ (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။
သန္ဒိဋ္ဌိကော ဉာဏ်ရင့်တာ ဘယ်လောက်ကျအောင် ရင့်တယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
အဲတော့ အဲဒီကဲ့သို့ ရင့်လာလို့ရှိရင်ဖြင့် မလျော့နဲ့တော့ ဒကာ ဒကာမတို့ ချုပ်တော့မလို့မှတ် (မှန်ပါ့) ဖြစ်ပျက် ချုပ်တော့မလို့မှတ် (မှန်ပါ့)။
ဪ ဒါ ဒုက္ခသစ္စာတွေပဲ၊ ရေမရောတဲ့ ဒုက္ခ သစ္စာတွေပဲ၊ ဘာမှ မရောတဲ့ ဒုက္ခသစ္စာတွေပဲ သုခမြူမျှ မသန်းတဲ့ ဒုက္ခသစ္စာတွေပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီကဲ့သို့ ဉာဏ်ထဲမှာ ဒကာ ဒကာမတွေ ထင်လာလို့ ရှိရင်ဖြင့်၊ စိုက်သာရှုလိုက် ဖျပ်ဆို ချုပ်တယ် (မှန်ပါ့)။ ချုပ်သွားတော့ ဒီဉာဏ်လေးက ဘယ်များသွားပါလိမ့်မတုံးလို့ ဆိုတော့၊ ဪ ငါ ဒုက္ခ မရှိတော့ပါလား ဘက်လှည့်တယ် (မှန်ပါ့)။
နိဗ္ဗာန်ပေါ်လာတယ်
ဒီဉာဏ်လေး ဘယ်ဘက်လှည့်သွားတုံး (ဒုက္ခ မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား) အင် ဒုက္ခမရှိတာက အဖြစ်လည်း မတွေ့ဘူး၊ အပျက်လည်း မတွေ့ဘူး၊ ဒုက္ခ မရှိတော့ ဘူး (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်မရှိတာသည်၊ တေသံ – ဖြစ်ပျက်နှစ်ပါး တို့၏၊ ဝူပသမော – မရှိခြင်းသည်၊ သုခေါ-နိဗ္ဗာန်ပဲဆိုတာ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့) ဘာပေါ်လာတုံး (နိဗ္ဗာန်ပေါ်လာပါ တယ် ဘုရား) နိဗ္ဗာန် ပေါ်လာတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်တာလည်း ခင်ဗျားတို့သိပါပြီ (မှန်ပါ့) ဟုတ်လား (မှန်ပါ့) ဘုရား ပွင့်တဲ့အတိုင်း ကိုယ့်သန္တာန်မှာ ကြည့်လိုက်တော့လည်း၊ ကိုယ့် ဟာကိုယ် ဘုရားပွင့်တယ်လို့ ဆုံးဖြတ်ချက် ချနိုင်ဖို့လည်း၊ ဖြစ်ပျက် မြင်ကတည်းက ဆုံးဖြတ်ချက် ချလိုက်တော့ (မှန်ပါ့)။
ဪ ဒို့ သန္တာန်မှာ ဘုရားက တရားသာ ဟောနေ တယ် တရားအတိုင်း မြင်လို့ရှိရင် သန္ဒိဋ္ဌိကော ဖြစ်ပြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာအရင့်ကမ်းကုန်ပြီ
တရားနာလို့ နားလည်လို့ရှိရင် ဘုရားပွင့်ပြီ (မှန်ပါ့) ကိုယ်တိုင် မြင်လို့ရှိရင် သန္ဒိဋ္ဌိကောဖြစ်ပြီး (မှန်ပါ့) ဒီ ဥစ္စာလည်း သန္ဒိဋ္ဌိကော ရင့်လို့ ဖြစ်ပျက်ဒုက္ခလို့ သန္ဒိဋ္ဌိကောဆိုတဲ့ ခုနက မဂ္ဂင်က ရင့်လာပြီး သကာလ ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိပါလားလို့ ဆုံးဖြတ်ချက် ချလို့ရှိရင် ဒါ အရင့်ကမ်းကုန်ပြီ (မှန်ပါ့)။
ဝိပဿနာဉာဏ် အရင့် ကမ်းကုန်ပြီ (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား) အဲဒီအရင့် ကမ်း ကုန်လို့ရှိရင် ဒကာ ဒကာမတို့ တေသံ ဝူပသမော သုခေါ်ဆိုတဲ့ ဖြစ်ပျက်ဟာ ရှိသေးလား (မရှိတော့ပါဘူး ဘုရား)။
တေသံ-ဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော-မရှိခြင်းသည် သုခေါ-အကာလိကောပဲ ချက်ခြင်း အကျိုးပေးချလိုက်တယ် (မှန်ပါ့) အားငယ်စရာများ ပါကြလား (မပါပါဘူး ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ အလုပ်တရားမှာ ဖြင့် အစေ့စပ်ဆုံးပဲလို့သာမှတ်ပါ (မှန်ပါ့) ဘယ်ဉာဏ် ဘယ်ဉာဏ်လို့တော့ မဆိုနဲ့ ဒီဉာဏ်ရောက်မှပြီးမှာ (မှန်ပါ့)။
ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့ ဆုံးဖြတ်ချက်ချတဲ့ ဉာဏ်ရောက် မှပြီးမှာ (မှန်ပါ့) ကျေနပ်ပါသလား (ကျေနပ်ပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဘုရားမပွင့်လည်း ရှိတဲ့တရား ဘယ် တရားပါလိမ့် (သဗ္ဗေ သင်္ခါရာ အနိစ္စာ) သဗ္ဗေ သင်္ခါရာ အနိစ္စာရွတ်ပါ (မှန်ပါ့)။
အမြဲရှိတဲ့တရား
ဘုရားမပွင့်လည်း ရှိတဲ့တရား (သဗ္ဗေသင်္ခါရာ အနိစ္စာပါ ဘုရား) သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဒါ ဘုရားမပွင့်လည်း ရှိတာပဲ (မှန်ပါ့) သဗ္ဗေဓမ္မာ အနတ္တာ (ဘုရားမပွင့် လည်းရှိပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘုရားပွင့်လည်း ရှိတဲ့တရား ပြောစမ်းပါဆိုတော့ (သဗ္ဗေသင်္ခါရာ အနိစ္စာပါဘုရား၊ သဗ္ဗေသင်္ခါရာဒုက္ခာ၊ သဗ္ဗေ သင်္ခါရာ အနတ္တာပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားပွင့်လည်းရှိတာပဲ၊ ဘုရား မပွင့် လည်း ရှိတာပဲတဲ့၊ ရှိပင်ရှိငြား သော်လည်း မသိတဲ့ပုဂ္ဂိုလ်မှာ မပွင့် (မှန်ပါ့) ရှိပင်ရှိငြားသော်လည်း (မသိတဲ့ပုဂ္ဂိုလ်မှာ မပွင့်ပါ ဘုရား)။
မရှုတဲ့ ပုဂ္ဂိုလ်မှာ (မပွင့်ပါ ဘုရား) ရှုလျက်နဲ့ မသိတဲ့ ပုဂ္ဂိုလ် မှာ (မပွင့်ပါ ဘုရား) မပွင့်ဘူး ဆိုတော့ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ ဘယ်လို ဆုံးဖြတ်ချက်ချပါ့မတုံး (ဘုရားပွင့် ပါတယ် ဘုရား) ဘုရားပွင့်ပြီ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဘုရားပွင့်တော့ သူ့မှာ ဘယ်အကျိုးရတုံးလို့ မေးသည်ရှိသော်၊ သော် ဘုရားက ပွင့်လိုက်တော့ ဘုရားဟော တဲ့အတိုင်း ဘုရားက ပါးစပ်နဲ့ပြောတာ၊ ကိုယ်က ကိုယ်တိုင် မြင် တယ် ဆိုတော့ သန္ဒိဋ္ဌိကော တက်လာပြီ (မှန်ပါ့)။
ဘုရားက ဟောတာက သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာလို့ ဘုရားကဟောလိုက် တယ် (မှန်ပါ့)။
သညာစခန်းနဲ့ ပညာစခန်း
အဲတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ကြားရတဲ့ ဘုရားပွင့်လာတဲ့ တရားပေါ့ဗျာ (မှန်ပါ့) သို့သော်လည်း ဒကာ ဒကာမတွေက ကိုယ်တိုင် မမြင်ရသေးလို့ ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ ဒါ သညာ စခန်းပဲ ရှိသေးတယ် ပညာစခန်း မရောက်သေးဘူး (မှန်ပါ့)။
ကဲ ဖြစ်ပျက် ကလေးတွေ ကိုယ်တိုင်မြင်လာပြီ ဆိုတော့ ဘာဖြစ်လာတုံး (သန္ဒိဋ္ဌိကော ဖြစ်လာပါတယ် ဘုရား) သန္ဒိဋ္ဌိကောကို ကိုယ်တိုင် မြင်လာပြီ (မှန်ပါ့)။
သန္ဒိဋ္ဌိကောဟာ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်တယ်၊ ဟောဒိ ရှုတဲ့ဉာဏလေးနဲ့ ဟောဒိ ကိုယ့်ခန္ဓာထဲက ဖြစ်ပျက် ကလေးကို ကိုယ်တိုင်မြင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သန္ဒိဋ္ဌိကော၏ စွမ်းရည်သတ္တိသည် ဘယ်ကျအောင် သန္ဒိဋ္ဌိကော လုပ်ရမှာတုံးလို့ မေးတော့၊ ဖြစ်ပျက်ကို ဖြစ်ဒုက္ခ ပျက်ဒုက္ခကျအောင် မြင်ခဲ့သည်ရှိသော်၊ သန္ဒိဋ္ဌိက ဉာဏ်ဆုံးပါပြီ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ကို ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲ လို့ ဆုံးဖြတ်ချက်ချတဲ့ ဝိပဿနာဉာဏ် ဟာဖြင့်၊ သန္ဒိဋ္ဌိက ဉာဏ်မှာ ဆုံးပါပြီ။ (မှန်ပါ့) ကိုယ်တိုင် မြင်တဲ့ဉာဏ်ဟာ အဆုံးပဲ (မှန်ပါ့)။
ဒီညပိုကြိုးစားကြည့်ပါ
ဆုံးလို့ရှိရင်ဖြင့် အဲ့ဒီဉာဏ်ဆုံးလို့ ရှိရင် ဒကာ ဒကာမတွေ အကာလိကော အခါမလင့် အကျိုးပေးမယ့် နိဗ္ဗာန်ဟာ ဖြစ်ပျက် လည်း ချုပ်ပါရော ပေါ်လည်းပေါ်တာပဲ (မှန်ပါ့) အားငယ် စရာပါလား (မပါပါဘူး ဘုရား)။
ဒါဖြင့် ယနေ့ည ပိုကြိုးစားကြည့်၊ မပေါက်ရင် ဘုန်းကြီး အဆိုး ဒကာ ဒကာမတို့၊ ဒီအတိုင်းသာ ကြိုးစား (မှန်ပါ့) မရတဲ့ ပုဂ္ဂိုလ်ရှိမှာ မဟုတ်ပါဘူး၊ ဘာကြောင့်တုံး ဘုရားပွင့် ကတည်းက ဖြစ်ပျက်ကို မြင်တဲ့ ပုဂ္ဂိုလ်ပွင့်ပြီလို့ ဟောထားတာ ကိုး (မှန်ပါ့)။
ဘုရား ကိုယ်တိုင်က ဟောလို့ ဘုန်းကြီးက ရဲရဲတင်းတင်း ပြောတာပါ (မှန်ပါ့) အဲဒီလိုဟောတာ ခုနက ဒကာ ဒကာမတွေ သိတဲ့အတိုင်း အရင်တုန်းကပြောခဲ့တယ်၊ အင်း ဗောဓိရာဇ ကုမာရ မင်းသား ဟောလိုက်တာက –
ကွာတဲ့ ခုလို ဆရာကောင်း သမားကောင်းနဲ့ ကြုံလို့ ရှိခဲ့လို့ရှိရင်ဖြင့်၊ မနက်အားထုတ် ညနေရပါတယ်၊ ညနေ အားထုတ် မနက်ရတယ် မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကိုင်း-ဘုရားပွင့်တဲ့ ပုဂ္ဂိုလ်ရတယ်ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ညနေအားထုတ် မနက်ရတယ်
‘‘တထာဂတံ ဝိနာယကံ လဘမာနော၊’’ တထာဂတံ =ဆုံးမ တတ်သော၊ ဝိနာယကံ =ပြောဆိုခြင်း၌ အလွန်ကျင်လည်သော ပုဂ္ဂိုလ်ကို၊ လဘမာနော = ရသည်ရှိသော်၊ ဆုံးမတတ်တဲ့ ကောင်းကောင်း မွန်မွန် ပုဂ္ဂိုလ်ရခဲ့သည်ရှိသော်၊ သာယံ အနုသိဋ္ဌောတဲ့ = ညနေက သင်လွှတ်လိုက် စမ်းပါကွာ ‘‘ပါဝိသေသံ အဓိဂမိဿတိ၊’’ ပါတော =နံနက်အခါ၌၊ ဝိသေသံ = ခုနက အကာလိကော ဆိုတဲ့ နိဗ္ဗာန်ကို၊ အဓိဂမိဿတိ= ရကို ရပါတယ် ကွာတဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။
ဘုရားကိုယ်တိုင်ကလည်း ဟောလို့ ဘုန်းကြီးက တာဝန် ခံရဲတာပါဆိုတာ အခုပြောတာက ပဏ္ဏာသ ပါဠိတော် (မှန်ပါ့) ခုနက ဥစ္စာက အင်္ဂုတ္တိုရ် ပါဠိတော် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲတော့ တစ်ခုထဲ ဟောထားတာဖြစ်သောကြောင့် ညှိပြီး ပြောလိုက်တဲ့အတွက် ဘုရားပွင့်တာကို အင်္ဂုတ္တိုရ်က ဟော တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပွင့် မပွင့် ခန္ဓာနဲ့ ယှဉ်ကြည့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် ပွင့်ပေါ့ (မှန်ပါ့) ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲတော့ ကိုယ့်သန္တာန်မှာလည်းကြည့် ဆရာသမားက ဖြစ်ပျက်တွေ ဟောပြီး သကာလ ထားတာ၊ ကိုယ့်သန္တာန်နဲ့ မြင်ကြ မယ်ဆိုလို့ရှိရင်၊ ညနေအားထုတ် မနက်ရပါတယ်လို့၊ ဗောဓိ ရာဇကုမာရ မင်းသား ဘုရားက အသေအချာဟောတယ် (မှန်ပါ့)။
ဖြစ်ပျက်မြင်ကတည်းက ရပြီလို့ဆုံးဖြတ်
မနက်အားထုတ် ညနေ ရတယ်လို့ မဟောလား (ဟောပါတယ် ဘုရား) အဲဒီကဲ့သို့ ဟောတော့ကို ဒကာ ဒကာမတွေက၊ အို သူတို့က ဥဂ္ဃဋိတညူ – သူတွေကို ဘုရာ့၊ အင်မတန် ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကိုးလို့ ဒီလို မဆိုလိုက်ပါနဲ့တဲ့၊ အဆုံးအမ ကောင်းတဲ့ ပုဂ္ဂိုလ် ရှိလို့ရှိရင် ရလာတာပဲ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲတော့ ဥဂ္ဃဋိတညူ-တွေ ဘာတွေ ဝေဖန်ပြီး သကာလ မနေပါနဲ့တော့၊ ဖြစ်ပျက် မြင်ကတည်းက ဘုရားပွင့်လို့ ရပါပြီ လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဒီ အထဲမှာ ဒကာ ဒကာမတွေကို မဂ်တား ဖိုလ်တားဆို တဲ့ သားရေး၊ သမီးရေး၊ စီးပွားရေး ကိစ္စလေးတွေ ဒီအကြား အဝင်မခံနဲ့ (မှန်ပါ့) သန္ဒိဋ္ဌိကော ရင့်သည့်တိုင်အောင် ကြိုးစားပြီး သကာလ နေလို့ ရှိရင်ဖြင့် အကာလိကောဟာ မောင်နိုင် ဝေးတယ် ပြောတာလား နီးတယ်ပြောတာလား (နီးတယ် ပြောတာပါ ဘုရား)။
အခါမလင့်ကွ၊ သန္ဒိဋ္ဌိက အဆုံးမှာ အကာလိက ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကိုင်း ဒကာမတို့ ဘာမှ အားငယ်စရာမရှိဘူးပေါ့ဗျာ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေတဲ့ ကြိုးစားရမယ့် နည်းကိုဖြင့် သေသေချာချာ ယနေ့ ပိုင်ပိုင်နိုင်နိုင်ပဲ ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာခြောက်မျိုး
အဲတော့ မနေ့က အင်္ဂုတ္တိုရ်မှာလာတဲ့ ခြောက်ချက် ကလေး နည်းနည်းနားထောင်လိုက်ပါ၊ နိဗ္ဗေဓိကသုတ် ဝေဒနာကို သူက ခြောက်ချက် ဝေဖန်ပြန်တယ်နော် (မှန်ပါ့)။
၁။ ဝေဒနာသိမှု တစ်နံပါတ်။
၂။ ဝေဒနာဖြစ်ကြောင်း သိမှု နှစ်နံပါတ်။
၃။ ဝေဒနာထူးခြားပုံသိမှု (သုံးနံပါတ်ပါ ဘုရား)။
၄။ ဝေဒနာတို့၏ အကျိုးပေးသိမှု (လေးနံပါတ်ပါ ဘုရား)။
၅။ ဝေဒနာတို့၏ ချုပ်ရာဌာနသိမှု (ငါးနံပါတ်ပါ ဘုရား)။
၆။ ဝေဒနာတို့၏ ချုပ်ရာအကျင့်ကိုသိမှု (ခြောက်နံပါတ် ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။
၁။ ဝေဒနာသိမှု
အဲတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ပေါ်တာသိအောင် လုပ်လိုက်စမ်းပါ (မှန်ပါ့) ချမ်းသာတာ လေးပေါ်လာရင် (သုခဝေဒနာပါ ဘုရား) ခုမှ ကျုပ်စိတ် ချမ်းသာသွားတယ် ဆိုတော့ ဘာပါလိမ့် (သုခဝေဒနာပါ ဘုရား)။
ကြားရတာကျုပ်ဖြင့် မချမ်းသာပါဘူးဆိုရင် (ဒုက္ခ ဝေဒနာပါ ဘုရား) ကျုပ် ကြားရုံရှိတာပါပဲ (ဥပေက္ခာဝေဒနာပါ ဘုရား) ဝေဒနာ ဒီသုံးမျိုးပဲ ရှိတယ်ကွ (မှန်ပါ့)။
ဒကာ ဒကာမတို့ ကြားရတာ စိတ်ချမ်းသာရင် (သုခဝေဒနာပါ ဘုရား) ကြားကတည်းက ထိတ်ခနဲ သွားတာပဲ ဆိုရင် (ဒုက္ခဝေဒနာပါ ဘုရား) ကြားတော့ ကြားလိုက် တာပါပဲ ဘယ်လိုရယ်လို့ ဂရုမစိုက်လိုက်ပါဘူးဆိုတော့ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
အဲ အဲဒီလာတိုင်း လာတိုင်း ထိတ်ခနဲဆို ထိတ်ခနဲရှု ထိတ်ခနဲ ဪ ဒုက္ခဝေဒနာလို့ သိပေတော့ (မှန်ပါ့) ဟုတ်ပလား ကြားရတာ နားချမ်းသာလိုက်တာ ဆိုရင်ကော (သုခဝေဒနာပါ ဘုရား)။
ကြားတော့ ကြားလိုက်တာပဲ အဓိပ္ပာယ်လည်း ကျုပ် မစဉ်းစားပါဘူးဆိုတော့ (ဥပေက္ခာ ဝေဒနာပါ ဘုရား) ဒါပဲ ရှိတယ်ကွတဲ့ ဝေဒနာသုံးမျိုး ဒါပဲရှိတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
၂။ ဝေဒနာဖြစ်ကြောင်းသိမှု
ဝေဒနာသုံးမျိုးပဲ ရှိတယ် ဆိုတာ သိပြီနော် တစ်နံပါတ် (မှန်ပါ့) ဝေဒနာဖြစ်ကြောင်း သိရမယ်တဲ့ မောင်နိုင်ရ (မှန်ပါ့)။
ဖဿ ပစ္စယာ ဝေဒနာလို့ ဘုရားဟောထားတဲ့အတွက် ဘာမှ သံသယမရှိနဲ့ (မှန်ပါ့) မထိပဲနဲ့ ဝေဒနာ ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား)။
မယုံလို့ရှိရင် လက်တစ်ခုကို နေနဲ့လည်း မထိနဲ့၊ ခန္ဓာ ကိုယ်ထဲမှာ ပူဆိုတဲ့ ဝေဒနာမပေါ်ဘူး (မပေါ်ပါဘူး ဘုရား) ရေ နဲ့လည်း မထိနဲ့ မောင်နိုင်ရ အေးဆိုတဲ့ ဝေဒနာ (မပေါ် ပါဘူး ဘုရား)။
ဪ ဒါဖြင့် ထိတာက ဖဿ၊ ပေါ်တာက ဝေဒနာဆိုတော့၊ ဪ ဖဿကြောင့် ဝေဒနာဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖဿကြောင့် (ဝေဒနာဖြစ်ပါတယ် ဘုရား) အဲ ဒါဖြင့် ဖဿက ဝေဒနာဖြစ်ကြောင်းဆိုတာ သိသွားပြီ ထိုးထွင်းသိ၊ သိသွားပြီ (မှန်ပါ့) သိသွားတော့ သုံးနံပါတ် ယနေ့ ဆက်ဟော ရလိမ့်မယ်။
၃။ ဝေဒနာတို့၏ ထူးခြားပုံ
သုံးနံပါတ်က ဘာတုံးဆိုတော့ ဝေဒနာလေး၏ ထူးခြား ပုံသိပါဦး (မှန်ပါ့) ဝေဒနာလေး၏ ထူးခြားပုံ သိပါဦး ဆိုတော့၊ ဝေဒနာ ထူးတယ်ဆိုတော့ ဝေဒနာများတယ် ပြောတာ ပေါ့လေ (မှန်ပါ့)။
တစ်ခါတလေကျတော့ စားကောင်းတဲ့ သုခဝေဒနာ ဒါကတော့ စားကောင်းတဲ့ သုခဝေဒနာဆိုတော့ ဒကာ ဒကာမ တို့ ဆွမ်းခဲဖွယ်ဘောဇဉ်နဲ့ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။
အဲဒါကလည်း သုခဝေဒနာတစ်မျိုးပဲလို့ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား) ဒီနေ့ဖြင့် တရားအားထုတ် ရတာ ကောင်းလိုက်တာဆိုတော့ ခဲဖွယ် ဘောဇဉ်နဲ့ စပ်သေး ရဲ့လား (မစပ်ပါဘူး ဘုရား)။
အဲဒါက နိအာမိသ သုခဝေဒနာ နော် (မှန်ပါ့) ဒါဖြင့် ခဲဖွယ်ဘောဇဉ်နဲ့ ဆက်တဲ့ ကောင်းလုံး ကလေးက ခဲဖွယ် ဘောဇဉ်နဲ့ ဆက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခဲဖွယ်ဘောဇဉ်နဲ့ မဆက်ဘဲနဲ့ ဘုရားရှစ်ခိုးလို့ကောင်း၊ တရားနာလို့ကောင်း ဆိုတာလေး ကတော့၊ ခဲဖွယ်ဘောဇဉ်နဲ့ မဆက်သောကြောင့် နိအာမိသ သုခဝေဒနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အရင်ဟာက အာမိသ၊ ခဲဖွယ်ဘောဇဉ်နဲ့ဆက်ရင် အာမိသ၊ အာမိသ ခဲဖွယ်ဘောဇဉ်နဲ့ မဆက်ပဲနဲ့ တရား အားထုတ် တရားနာလို့ကောင်းတဲ့ ဝေဒနာလေးကော မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲ့ဒါ နိအာမိသ ဝေဒနာလို့ဆိုတော့ သုခနှစ်မျိုး (မှန်ပါ့) ဒုက္ခမှာလည်း ထိုနည်းတူပဲတဲ့ ငရုပ်သီး စားမိလို့ စပ်တဲ့ ဝမ်းထဲက ပူသွားတယ်ဆိုတာမျိုးကျတော့ ခဲဖွယ်ဘောဇဉ် နဲ့စပ်ပြီး ဒုက္ခဝေဒနာ ပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ ငရုတ်သီးစပ်တာ ဆားလေးလျက်လိုက်မှပဲ သက်သာသွားတော့တယ်လို့ဆိုတော့ ဒကာ ဒကာမတို့၊ အဲဒါ လည်း အာမိသနဲ့ စပ်နေသောကြောင့် အာမိသ ဒုက္ခဝေဒနာ ဒုက္ခဝေဒနာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တရားအားထုတ်ရတာ မရနိုင်တာ၊ ကျုပ်ဒီနေ့တော့ဖြင့် တော်တော်လေး စိတ်ထဲမယ် မို့လို့ ခုလုဖြစ်တယ်၊ တရားအား ထုတ်တာ မမြင်မထင်သာနဲ့ နို့လို့ခုလု ရှိတယ်။ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါကျတော့ကိုအာမိသ မပါပါဘူးတဲ့၊ တရားနဲ့ ပတ်သက်နေလို့ နိအာမိသ ဒုက္ခဝေဒနာ၊ အာမိသ ကင်းတယ် (မှန်ပါ့)။ မကင်းဘူးလား (ကင်းပါတယ် ဘုရား)။
ကဲ ဥပေက္ခာမှာလည်း ထို့အတူပဲတဲ့ အင်း ဒီဆွမ်း ခဲဖွယ်ဘောဇဉ်အစရှိသည်တို့နဲ့ စပ်ပြီး သကာလ မြင်ကာမျှ မတ္တဆိုတော့ ဒါ ဥပေက္ခာ ပေါ့နော် (မှန်ပါ့)။
အင် အာမိသစပ်နေတယ်၊ အာမိသနဲ့ မစပ်ဘဲနဲ့ ခင်ဗျားတို့ ကျုပ်ဖြင့် ဒီနေ့ ဖြစ်ပျက်ကလေးတွေ ရှုလိုက်တာ အင်းကြောက်လည်း မကြောက်ဘူး၊ လန့်လည်းမလန့်ဘူး၊ အင်း ဒီအတိုင်းပဲ မြင်မြဲ အတိုင်းပဲ မြင်နေတာပဲ ဆိုတော့ နိအာမိသ ဥပေက္ခာ ဝေဒနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲတော့ ဝေဒနာ ဘယ်နှစ်မျိုးရှိ သွားတုံး (ခြောက်မျိုးပါ ဘုရား) ခြောက်မျိုး သဘောကျပလား (ကျပါပြီ ဘုရား)။ အဲဒီလို ခြောက်မျိုး သိထားလိုက်တော့။
ဪ ငါးပါးအာရုံ ကာမဂုဏ်နဲ့စပ်တဲ့ သုခ၊ ငါးပါးအာရုံ ကာမဂုဏ်နဲ့ မစပ်ရတဲ့သုခ နှစ်မျိုးပေါ့လေ (မှန်ပါ့) ဒုက္ခကကော (နှစ်မျိုးပါ ဘုရား) ဥပေက္ခာကကော (နှစ်မျိုးပါ ဘုရား)။
အဲဒီလို မှတ်ထားတော့ ဝေဒနာခြောက်မျိုးရှိ တယ်လို့ မှတ်ထားလိုက်တော့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
၄။ ဝေဒနာတို့၏အကျိုးပေးသိမှု
ကောင်းပြီ ဒါဖြင့် ဝေဒနာတို့၏ ထူးခြားပုံ၊ ဝေဒနာတို့ ၏ အကျိုးပေး လေးနံပါတ် သိရဦးမယ် ဆိုတော့၊ ဒကာ ဒကာမ တို့ ဒီဝေဒနာလေးတွေက တစ်ခါတလေကျတော့ စိတ်ချမ်း သာတဲ့ ဝေဒနာလေး ဝမ်းထဲမှာ ပေါ်လာတဲ့အခါကော မရှိ ဘူးလား (ရှိပါတယ် ဘုရား)။
ရှိတဲ့အခါ ကျတော့ နောက် ဒီထက်ချမ်းသာအောင် ကုသိုလ်လေးတော့ လုပ်ဦးမှပဲ သော် ဝေဒနာကြောင့် ဖြစ်တဲ့ ကုသိုလ် (မှန်ပါ့)။
ဝေဒနာကအကြောင်း ပြုချင်တဲ့ ကုသိုလ်က (အကျိုး ပေးပါ ဘုရား) စိတ်ကလေး ဆင်းရဲတာနဲ့ပဲ၊ ဆင်းရဲခြင်းမှ ပျောက်အောင် တော့ဖြင့် ယတြာလေး ဆင်ပြီး သကာလ ၊ ရေသက်စေ့ ပန်းသက်စေ့ ကလေးလုပ်ဦးမှပဲ မလာဘူးလား (လာပါတယ် ဘုရား)။
အဲ ဒီဟာကျတော့လည်းတဲ့ သူ့ကြောင့်ပဲ ကုသိုလ်တော့ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အင်း – ဒါမှ စိတ်ချမ်း သာတယ် ဆိုတဲ့ ကုသိုလ်နော် (မှန်ပါ့)။
အဲတော့ ဒကာ ဒကာမတို့၊ ဒီ ဝေဒနာကြောင့်ပဲ ဘုံဘဝ ကို ရောက်စေတတ်တဲ့ ကုသိုလ်လည်း ဖြစ်တတ်တယ်ကွ (မှန်ပါ့)။
ဝေဒနာကြောင့် ဘုံဘဝကို မရောက်စေတတ်တဲ့ အကုသိုလ်ကော (ဖြစ်တတ်ပါတယ် ဘုရား)။
အဲဒါ ဝေဒနာက အကြောင်း ကုသိုလ်၊ အကုသိုလ်က ဘာဖြစ်နေတုံး (အကျိုးပေး ဖြစ်နေပါတယ် ဘုရား) ဟုတ်ဖူး လား ဒီဘဝ ကောင်းကောင်းလေး ကိုယ်စားမိပြန်တော့ ကောင်းကောင်း ကြီး လှူမယ် ဆိုတော့၊ ကောင်းကောင်းကြီး လှူတဲ့ ကုသိုလ်မလာဘူးလား (လာပါတယ် ဘုရား)။
အဲ ဘယ်လိုနေနေ ဒကာ ဒကာမတို့ မတရားသဖြင့်လည်း ပေးလိုက် မယ်၊ ကမ်းလိုက်မယ်၊ ဒီအတိုင်း အစာမစားချင်နေဆိုတဲ့ ဒါနမျိုး ကျတော့လည်း ဒေါသနဲ့ ခြံရံတဲ့ အကုသိုလ်မျိုးကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါကျတော့ ဒီဝေဒနာနဲ့ပတ်သက်ပြီး သကာလ အကုသိုလ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒါကြောင့် ဝေဒနာနဲ့ပတ်သက်ပြီး သကာလ ၊ ထိုထိုဘဝ ရောက်စေတတ်တဲ့ ကုသိုလ် အကုသိုလ်လည်း လုပ်တတ်ကြပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်ဆိုကြမတုံး ဆိုတော့ ဝေဒနာအကြောင်း၊ ကုသိုလ်၊ အကုသိုလ် ဘယ့်နှယ်နေတုံး (အကျိုးပေးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
၅။ ဝေဒနာတို့၏ချုပ်ရာဌာနသိ
ဒါဖြင့် ဒီဝေဒနာတို့၏ ချုပ်ရာဌာနဟာလည်း ဘယ်သူ ပါလိမ့်မတုံးလို့မေးပါ၊ နိဗ္ဗာန် (မှန်ပါ့) ချုပ်အောင် ဘယ်လို ကျင့်ကြမလဲလို့ မေးလို့ရှိရင်၊ မဂ္ဂင်ရှစ်ပါးလုပ်ပါ (မှန်ပါ့)။
၆။ ဝေဒနာတို့၏ချုပ်ရာအကျင့်ကိုသိ
ချုပ်အောင် ဘယ်လိုကျင့်ကြမတုံး (မဂ္ဂင်ရှစ်ပါး ကျင့်ရမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ချုပ်အောင် ကျင့်လို့ရှိရင်ဖြင့် ဝေဒနာလေး ဖြစ်ပျက် ကလေး။ ဘယ်ဝေဒနာဖြစ်ဖြစ် ဖြစ်ပျက် မြင်လို့ ရှိရင်ဖြင့်၊ ခုနက ရောက်ပါပြီ (မှန်ပါ့) ဘုရားလည်းပွင့်ပါပြီ (မှန်ပါ့)။
ဘုရားပွင့်တဲ့ တရားလည်း ကိုယ့်ဝမ်းထဲမှာ (ရောက် ပါပြီ ဘုရား) ဖြစ်ပျက်မြင်လို့ ရှိရင်လေ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
မဂ်ဉာဏ်ပေါ်တယ်
ဖြစ်ပျက်မြင်လို့ရှိရင် မဂ္ဂင်ငါးပါး မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) အဲ ဒကာ ဒကာမတွေက ဒီဝေဒနာ လေးပဲ လျှောက်ပြီး လိုက်သွားတဲ့အခါကျတော့ ဝေဒနာ မတွေ့တော့ပါဘူး၊ ဖြစ်တာနဲ့ ပျက်တာပဲ ဖြစ်တာလည်း ဒုက္ခပဲ ပျက်တာ လည်း ဒုက္ခပဲလို့ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့်၊ သူက ဒုက္ခသစ္စာ မလိုချင်လည်း သမုဒယသစ္စာက ဝေဒနာ နိရောဓာမို့လို့ တဏှာနိရောဓော ဆိုတဲ့ မဂ်ဉာဏ်က မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား)။
မဂ္ဂင်ရှစ်ပါး ပေါ်လာတယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါး၊ ပေါ်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က ချုပ်ပြီး နိရောဓ သစ္စာကို မဂ္ဂင်ရှစ်ပါးက မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
ထိုးထွင်းသိတဲ့ဉာဏ်ရတယ်
လှည့်လိုက်လို့ရှိရင်ဖြင့် နိဗ္ဗာန်နဲ့မဂ်နဲ့ဟာ သွားမတွေ့ ဘူးလား (တွေ့ပါတယ် ဘုရား) ထိုကဲ့သို့ တွေ့သည်တိုင်အောင် ဒကာ ဒကာမတွေက မဂ္ဂင်ရှစ်ပါးနဲ့ ခုနက ပြောတဲ့စကား အတိုင်း အားထုတ်လို့ ရှိရင်ဖြင့် ဒါ နိဗ္ဗေဓိက ဉာဏ်ရတယ်လို့ ဘုရားက ဟောပြန်တယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိ ပါတယ် ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြစို့
သာဓု သာဓု သာဓု။