179

ဘုရားဟောတာသာ ယုံလိုက်စမ်းပါ (အာသဝခြောက်မျိုး)

အသံဖိုင်ခေါင်းစဉ်= ဝဲဩဃ တရားတော်

စာအုပ်ခေါင်းစဉ်= ဘုရားဟောတာသာ ယုံလိုက်စမ်းပါ

မှတ်ချက်။ အသံဖိုင်ခေါင်းစဉ်မှာ အာသဝခြောက်မျိုး ဖြစ်သင့်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့

မင်္ဂလာရိပ်သာ ဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူအပ်သော တရားတော်

ဘုရားဟောတာသာ ယုံလိုက်စမ်းပါ

(အာသဝနှင့်စပ်သော နိဗ္ဗေဓိကပရိယာယ ခြောက်မျိုး)

ဟောကြားသည့်နေ့

(၅ – ၁၂ – ၅၉)

နိဗ္ဗေဓိကသုတ်ကို ဒီနေ့ဟောလိမ့်မယ်၊ ဆက္ကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော် ကိုယ်တော်တိုင် ဟောတာ နိဗ္ဗေဓိက ပရိယာယ ထိုးထွင်းပြီး သိရမည့် အကြောင်း၊ ထိုးထွင်းပြီး သကာ လ သိရမည့် အကြောင်းကို ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလိမ့်မယ်လို့ မှတ်ထား ရမယ်နော် (မှန်ပါ့)။

ထိုးထွင်းတဲ့ဉာဏ်ပေးတဲ့နေ့

ဒကာ ဒကာမတွေမှာ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ပေးတဲ့ နေ့ပဲလို မှတ်ရမယ် (မှန်ပါ့) ထိုးထွင်းပြီး သကာလ (သိရမည့်ဉာဏ်ပါ ဘုရား) သိရမည့်ဉာဏ်ပေးမည့်နေ့ပဲလို့ အားလုံး ဒကာ ဒကာမတွေ မှတ်ကြပါ (မှန်ပါ့)။

ထိုးထွင်းတဲ့ဉာဏ်ရှိမှ သာလျှင်တဲ့၊ ဒကာ ဒကာမတို့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ရောက်မှာ (မှန်ပါ့) သာမည ဉာဏ်နဲ့ မရောက်နိုင်ဘူးဆိုတာ မှတ်ထားပါ (မှန်ပါ့)။

အဲဒီတော့ ဒီဆက္ကဆိုတဲ့ “ဆ” ဆိုတာ ခြောက်ခု ခြောက်မျိုးကို သူပြမယ် (မှန်ပါ့) ခြောက်မျိုးပြမယ် ဆိုတော့ သူရှေးဦးစွာ ဘာပြလိုက်တုံးဆိုတော့ အာသဝ မင်းတို့ အရင် သိဖို့ အရေးကြီး တယ်ကွာဆိုပြီး၊ အာသဝကို အရင်သိဖို့ ကိုမြင့်တို့ မောင်နိုင်တို့ ဟောတယ်နော် (မှန်ပါ့)။

အာသဝဆိုတာ

အဲဒီတော့ ဒကာ ဒကာမတွေ အာသဝဆိုတဲ့ဥစ္စာ မှတ်ထားကြပါ။ ဘုံဘဝတွေကို ငရဲ ရောက်လိုက်၊ တိရစ္ဆာန် ရောက်လိုက်၊ ပြိတ္တာဘုံရောက်လိုက် သူလှည့်ပေးတာလို့ မှတ်ရမယ် (မှန်ပါ့)။

သုံးဆယ့်တစ်ဘုံထဲမှာ တစ်ခါတည်း အိုဘေး၊ နာဘေး၊ သေဘေးတွေကို ခဏခဏ တွေ့နေရတာ၊ ဪ အာသဝက လှည့်ပေးတာပါလား၊ အာသဝဆိုတဲ့ ဝဲသြဃကြီးက လှည့်ပေး တာပါလား။

ရေထဲမှာ ဝဲသြဃ မြင်ဖူးကြပါလိမ့်မယ် (မှန်ပါ့)။ ရေထဲမှာ ဝဲကလေးတွေ မြင်ဖူးတော့ ဝဲလေးထဲမှာ ရောက်သွား တဲ့ သစ်ရွက်ကလေးကိုဖြစ်စေ၊ တုံးကလေးကိုဖြစ်စေ တစ်ခါ တည်း ဝဲက လှည့်ပေးလိုက်တာ မောင်နိုင်တို့ မြင်ဖူးတဲ့အတိုင်း ကိုယ့် သဘောကို ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ဝဲသဘောအတိုင်း တုံးကလေးတွေ၊ သစ်ရွက်ကလေး တွေဟာ လှည့်နေရရှာတယ် (မှန်ပါ့) လှည့်နေပြီး သကာလ လှည့်လှမကလှည့်၊ ကျဉ်းလှမက ကျဉ်းပြီး သကာလ အံမယ် ရေထဲများ အောက်များ မြုပ်သွားလိုက်သေးတယ် (မှန်ပါ့)။

မြုပ်သွားပြီး သကာလ တစ်ခါ ပရမ်းပတာ ဟိုဘက် သွားပြီး သကာလ ပေါ်လိုက်သေးတယ် ဆိုတာကော မြင်ဖူး သလား (မြင်ဖူးပါတယ် ဘုရား)။

ဪ-ဒါဖြင့် ဒီသစ်ရွက်ကလေး၊ ဒီတုံးလေး ဘယ်သူ လှည့်နေပါလိမ့်မတုံး ဆိုတော့ ဝဲသြဃဆိုတဲ့ တရားက လှည့်နေ တာပဲလို့ဆိုလို့ရှိရင် ဒကာ ဒကာမတွေ သိကြမှာပါ (မှန်ပါ့)။

အာသဝသတ္တိ

ဒီမှာလည်း ဒကာ ဒကာမတွေတည်း ဟူသော သစ်တုံး သစ်ရွက်ကို အာသဝဆိုတဲ့တရားက တစ်ခါတည်း သုံးဆယ့် တစ်ဘုံထဲမှာ ဟိုဘုံ အသေခိုင်းလိုက်၊ ဟိုဘုံ အနာခိုင်းလိုက်၊ ဟိုဘုံ အရှက်ကွဲ ခိုင်းလိုက်၊ ဒီဘုံမှာ အရှက်ကွဲ ခိုင်းလိုက်၊ ဟိုဘုံမှာ ငရဲအခံ ခိုင်းလိုက်၊ ဟိုဘုံမှာ ချိုကြီးပေါက်ပြီး သကာလ သူက လုပ်လိုက်၊ ဟိုဘုံမှာ လမိုင်းကပ်ပြီး သကာလ သူက လှည့်ပေး လိုက်။

အမယ်လေး သုံးဆယ့်တစ်ဘုံမှာ ဒကာ ဒကာမ တို့ ကျုပ်တို့မှာ ရုပ်စုံကနေရတယ် ဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

အဲဒီတော့ ဘယ်သူ့သတ္တိလို့ ထင်ကြပါလိမ့်မတုံးလို့ မေးတော့မှ ဪ အာသဝ သတ္တိ ပါလားလို့ ပေါ်လာ တယ် (မှန်ပါ့) ဘယ်သူ့သတ္တိပါလိမ့် (အာသဝသတ္တိပါ ဘုရား)။

ဘုန်းကံရှိလို့ သိရတာ

ကြပ်ကြပ်ဂရုစိုက်ပြီး မှတ်ကြစမ်းပါ။ ဒီအာသဝကို ယနေ့ ဒကာ ဒကာမတို့ ဖြုတ်နည်း၊ သိမ်းနည်းနဲ့ တကွ ကျင့်နည်း ကြံနည်း နဲ့တကွ၊ ချုပ်နည်းသိမ်းနည်းကိုပါ သေသေချာချာ ဟောမည့် ထိုးထွင်း သိရမည့် အကြောင်းကို ဘုရားဟောတဲ့ သုတ်ဖြစ်လေသောကြောင့် ဪ ငါတို့ဖြင့် ဘုန်းရှိ ကံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ သိရပေပြီ၊ ဒါဖြတ်လိုက်လို့ရှိရင်လည်း တို့မှာ လည်စရာ၊ ပတ်စရာမရှိပါလား၊ တည်စရာ တန့်စရာသာ ရှိတော့ပါလားဆိုတာ ကိုမြင့်တို့၊ မောင်နိုင် တို့ မှတ်ရမယ် (မှန်ပါ့)။

အာသဝချုပ်တော့ လည်စရာ၊ ပတ်စရာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။ တည်စရာ၊ တန့်စရာသာ ရှိတော့တယ် ဆိုတာ အသေအချာမှတ်ပါ (မှန်ပါ့)။ ခြေနှစ်ချောင်းက ခြေလေးချောင်း

ခုခင်ဗျားတို့ ခြေနှစ်ချောင်းနဲ့နော် (မှန်ပါ့) စုတေပြီး ခြေလေးချောင်းဘက်ကို ပို့လိုက်တာ ကလည်း ဘာထင်ကြတုံး (အာသဝပါ ဘုရား)။

ခြေလေးချောင်းကနေပြီး ခြေများတဲ့ ကင်းခြေများ ဘက်ပို့ လိုက်ပြန်လို့ရှိရင်လည်း ဘယ်သူ ထင်ကြတုံး (အာသဝပါ ဘုရား) သူလှည့်ပစ်လိုက်တာ (မှန်ပါ့) ကျုပ်တို့မှာ ကျုပ်တို့သဘော ပါသေးလား (မပါတော့ပါဘူး ဘုရား)။

တော်သေးရဲ့ဆိုတာ မသုံးပါနဲ့

ဪ -တယ်ဆိုတဲ့ အာသဝပါလားလို့ဆိုတာ ယနေ့ စဉ်းစားကြ (မှန်ပါ) စဉ်းစားကြပါ ဒကာ ဒကာမတို့၊ ကိုယ့်အဖြစ် လေးဟာ တော်လှပြီ၊ တန်လှပြီလို့၊ တော်လောက်ပြီ၊ တန်လောက်ပြီလို့များ စိတ်ထဲ နည်းနည်းမှ မမွေးပါနဲ့ ဦး (မှန်ပါ့)။

ဘာကြောင့်တုံးဆိုတော့ ခန္ဓာကြီးက ဒုက္ခသစ္စာကြီးနဲ့ နေရကတည်းက အာသဝလက်ချက် မကင်းသေးဘူး (မှန်ပါ) ကင်းပလား (မကင်းသေးပါဘူး ဘုရား)။

မကင်းသေးတော့ ကိုယ့်အဖြစ်လေး တော်ပြီ၊ တန်ပြီ၊ ဒီလောက်ပဲ ချမ်းသာပြီ၊ ဒီလောက်ပဲ လှူရပြီ၊ ဒီလောက်ပဲ တန်းရပြီ၊ ဒီလောက်ပဲ ပေးရပြီ၊ တော်သေးရဲ့ တော်သေးရဲ့ ဆိုတာများ သုံးကို မသုံးပါနဲ့၊ ဒုက္ခသစ္စာကြီး ပွေ့ပြီး သကာလ တော်သေးရဲ့လို့ မပြောပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာကြီး ပွေ့ပိုက်ထားရပြီး သကာလ တော်သေး ရဲ့လို့ မသုံးလိုက်ပါနဲ့လို့ ဆိုရတယ်နော် (မှန်ပါ့) တစ်နည်း အိုတတ်တဲ့ ခန္ဓာကြီး၊ နာတတ်တဲ့ ခန္ဓာကြီး၊ သေတတ်တဲ့ ခန္ဓာကြီး ရှိနေလျက်နဲ့ တော်သေးရဲ့ ဟဲ့ ဆိုတာ မသုံးလိုက်ပါနဲ့ (မှန်ပါ့)။

ဘုရားဟောတာသာ ယုံလိုက်စမ်းပါ

ဒါ သာမညဆရာ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ တကယ့် ထိုးထိုးထွင်းထွင်းနဲ့ ဒကာ ဒကာမတွေ အတင်းအဓမ္မ ကဲ- ခင်ဗျားတို့ ကြိုက်နေတာ အလွဲကြီးပဲ၊ ဒီတစ်ခါ ဇာတ်သိမ်း စမ်းပါဆိုပြီး သကာလ ခင်ဗျားတို့ မျက်လုံးတွေကို ပိတ်ပြီး သကာလ ဘာမှ မဟုတ်တဲ့ မျက်လုံးတွေဖြစ် သောကြောင့် ဒီမျက်လုံး တွေဟာ အပိုထားလိုက်စမ်းပါ၊ ခု ဘုရားဟောတော် မူတာနဲ့ ဆရာသမား ပြောတာသာ အတည်ထားပြီး ယုံလိုက် စမ်းပါဆိုတာ ဟောတော့ တာပဲ (မှန်ပါ့)။

အစစ်ကိုပြောတော့မယ်

ငဲ့စရာ မပါတော့ဘူးနော် (မှန်ပါ) အစစ်ကိုပြောတော့ မယ်ဆိုတာ ဒကာ ဒကာမတွေ အသေအချာမှတ်ပါ (မှန်ပါ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ သုံးဆယ့်တစ်ဘုံမှာ ရုပ်စုံကခဲ့ရ တာဟာ ဘယ်သူ့ သတ္တိထင်ကြတုံး (အာသဝသတ္တိပါ ဘုရား) အာသဝသတ္တိနော်။

အဲဒါကြောင့် အာသဝကို မင်းတို့သိစမ်းပါကွာ၊ ရှေးဦး စွာ ငါ (တစ်)နံပါတ် အာသဝကို ခုသိအောင် မင်းတို့ကို ပြောချင် ပါတယ် ဆိုပြီး၊ (တစ်)နံပါတ် ခြောက်ခုဟောမည့်အနက်က (တစ်) နံပါတ်ကို စဟောတယ် (မှန်ပါ့)။

၁။ အာသဝဘယ်သူတုံး

အာသဝ ဘယ်သူတုံးဆိုလို့ရှိရင် ဒကာ ဒကာမတို့ သား သမီးနဲ့ ပစ္စည်းအာရုံခင်တဲ့အခါ ကာမာသဝ လို့ခေါ်သည် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ရောက်ရာဘဝမှာ ဒကာ ဒကာမတွေက ကိုယ့်စီးပွား လေးနဲ့၊ ကိုယ့်သားသမီးလေးနဲ့၊ အင်း- အကြောင်း ညီညွတ်ပြီး ကိုယ်ဘဝ လေးကိုပဲ အရတော်လှပြီလို့ ထင်နေတာ ဘဝါသဝ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကာမာသဝ

သားသမီးနဲ့ ပစ္စည်းအာရုံခင်တာက ဘာတဲ့ (ကာမာသဝ) ကာမာသဝထားပါ။ သားသမီးနဲ့ ပစ္စည်း အာရုံခင်နေ တာက (ကာမာသဝ) ကိုယ့်ဘဝလေးကို အရ တော်လှပြီ ထင်နေတာက (ဘဝါသဝပါ ဘုရား)။ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဘဝါသဝ

ကိုယ့်ဘဝလေး ကိုယ်အရတော်လှပြီ၊ ငါစားချင်သလို စားရတာပဲ၊ သောက်ချင်သလို သောက်ရတာပဲ၊ လှူချင်သလို လှူရသားပဲ၊ ပေးချင်သလို ပေးနိုင်သားပဲ၊ ကမ်းနိုင်သားပဲ၊ ငါ့ဘယ်သူမှ အုပ်ချုပ်ရေးမရှိဘူး၊ တော်သေးရဲ့ တော်သေးရဲ့၊ ကိုယ့်ဘဝကလေး တော်သေးရဲ့၊ ကိုယ့်ဘဝကလေး အရ တော်ပြီလို့ သစ္စာမမြင်ပဲ ပျော်နေတာက ဘဝါသဝ (မှန်ပါ့) ရိပ်မိ ကြပလား (ရိပ်မိပါတယ် ဘုရား)။

အဝိဇ္ဇာသဝ

အဝိဇ္ဇာသဝက ဪ လည်း ငါ့ခြေပဲ၊ လက်လည်း ငါ့လက်ပဲ၊ အကြံဉာဏ်ဟူသမျှ ငါ့အကြံ ဉာဏ်တွေပဲ ဆိုပြီး သကာလ တစ်ကိုယ်လုံးထဲမှာ အပ်သွားချစရာမရအောင် ငါတွေစွဲသွားအောင် ဖုံးထားတာက အဝိဇ္ဇာသဝ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း သားသမီးနဲ့ ပစ္စည်း အာရုံခင်တာက ဘာတဲ့ (ကာမာသဝပါ ဘုရား)။ အဲ ကာမာသဝ ဆိုတာ လောဘပါပဲနော် (မှန်ပါ) ဘဝါသဝက သော် ပေးချင်သလိုပေး၊ ကမ်းချင်သလိုကမ်း၊ လှူချင်သလို လှူပြီး သကာလ ကိုယ့်အပေါ် မှာ အုပ်ချုပ်ရေးမရှိဘူး တော်သေးရဲ့၊ ဒီဘဝမျိုးရတာ တော်သေးရဲ့၊ ကြောက်ကြောက် လန့်လန့်နဲ့ နေရထိုင်ရတာ မဟုတ်ဘူး၊ ကိုယ့်အိမ် ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ကိုယ့်အပေါ်မှာ ဩဇာပေးမည့်သူ မရှိဘူး၊ ကိုယ့်ဘဝကလေး တော်သေးရဲ့ ဒါက ဘာပါလိမ့် (ဘဝါသဝ ပါ ဘုရား) ဘဝါသဝနော် (မှန်ပါ့)။

ကိုယ့်ဘဝကိုယ်တော်တယ်ပြောတော သစ္စာမသိလို့

ဒါ လူတိုင်းမှာရှိလို့ဟောပါတယ် (မှန်ပါ့) ခင်ဗျားတို့က မသိဘူး၊ ဒုက္ခသစ္စာ မမြင်လို့ ကိုယ့်ဘဝကိုယ် တော်တယ်လို့ ပြောတာမဟုတ်လား မောင်နိုင်ရ (မှန်ပါ့)။

အဝိဇ္ဇာသဝက ခြေလည်းငါပဲ၊ လက်လည်းငါပဲ၊ အကြံ ဉာဏ်လည်းငါပဲ၊ မျက်လုံးလည်း ငါပဲဆိုပြီး သကာလ တစ်ကိုယ် လုံးမှာ အနိစ္စတရားတွေ မသိရအောင် ငါချည့်ထင်အောင် ဖုံးထားတဲ့ ဥစ္စာက ကိုမြင့်တို့ မောင်နိုင်တို့ ဘာအာသဝလို့ ဆိုကြမတုံး (အဝိဇ္ဇာသဝပါ ဘုရား)။

အဲ သူတို့ သုံးခုပဲ ဒကာ ဒကာမတို့၊ အာသဝ သိရမယ်ဆိုတာ သူတို့သုံးခုပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ ဘယ်နှစ်မျိုး ရှိတုံး (သုံးမျိုးရှိပါတယ် ဘုရား)။ အဲဒီ သုံးမျိုးက ဒကာ ဒကာမ တွေကို တစ်ခါတည်း သုံးဆယ့်တစ်ဘုံထဲမှာ အရုပ်မျိုးစုံ၊ အရှက်တကွဲမျိုးစုံ၊ အသေမျိုးစုံ၊ အနာမျိုးစုံနဲ့ အလှည့်ခိုင်း ထားတာ၊ ဒီသုံးခုက အလှည့်ခိုင်းထားတာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

မြန်မာလိုတော့ ဩဃ

သုံးဆယ့်တစ်ဘုံထဲမှာ ဒီသုံးခုကနေပြီး ဒကာ ဒကာမတို့ လှည့်လိုက် ပတ်လိုက်တဲ့ဖြစ်ခြင်း၊ ဒကာ ဒကာမတွေဟာ တည်လို့ တန့်လို့ ရသေးရဲ့ လား (မရပါဘူး ဘုရား)။

အင်း-သူ့ဒါဖြင့် လှည့်တတ်တဲ့ သဘောရှိလေသော ကြောင့် ဒီသုံးခု ဘာလို့ခေါ်ကြမတုံး (အာသဝပါ ဘုရား) အဲ အာသဝ ဆိုတာ ပါဠိလို၊ မြန်မာလိုတော့ ဝဲသြဃ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ တယ်ကြောက်စရာ ကောင်းပါလား ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗေဓိကသုတ်လို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကတော့ ထိုးထိုးထွင်းထွင်းနဲ့ အကြောင်းပြပြီး ဟောတဲ့ သုတ်ပါကွာတဲ့၊ မင်းတို့ သာမညနားနဲ့ မထောင်ပါနဲ့လို့ ရှေးဦးစွာ ဘုရားက တောင်းပန်တယ်နော် (မှန်ပါ)။

အာသဝ ဘယ်သူ့ကြောင့် ဖြစ်သတုံး

အာသဝသုံးပါး သိပြီလား (သိပါပြီ ဘုရား)၊ ကဲ (တစ်)နံပါတ်ပြီးသွားတော့ ခြောက်ခုတောင် ဟောရမှာ ဪ အာသဝတော့ တို့သိပြီ၊ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာ သဝ၊ ဒီအာသဝ သုံးခုဟာ ဘယ့်သူ့ကြောင့် ဖြစ်ပါလိမ့်မတုံး၊ မင်းတို့ လက်သည်ရှာဦး (မှန်ပါ့) လာပြန်တယ် (မှန်ပါ)။

မောင်နိုင် ခုနဟာက အာသဝသာ သိရတာနော် (မှန်ပါ) ခုဟာက ၎င်းအာသဝသုံးခုဟာ ဘယ်သူ့ကြောင့် ဖြစ်ရတာတုံး ဆိုတဲ့ဥစ္စာ မင်းတို့လက်သည်ရှာကြဦး (မှန်ပါ) ဒုတိယ လက်သည် ရှာရမယ်နော် (မှန်ပါ)။

ခုနကပြောခဲ့တဲ့ အာသဝသုံးခုက ဘယ်သူ့ကြောင့် ဖြစ်ပါ လိမ့်မလဲဆိုတဲ့ လက်သည်ကို ရှာမိအောင် ရှာစမ်းပါ (မှန်ပါ) ရှာလိုက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ရှာပြီး သကာလ ဒကာ ဒကာမတွေ ကျွတ်တမ်း ဝင်စေချင်၊ လည်မှုပတ်မှုကြီးမှ ရပ်စေချင်တော့ ကွာတဲ့ ဒီအာသဝ သုံးခု၏ လက်သည် အကြောင်းအရင်းကဖြင့် အဝိဇ္ဇာကြောင့်ပေါ့ (မှန်ပါ့)။

ဒါဖြင့် အာသဝသုံးခု၏ အကြောင်း ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် အာသဝသုံးခုက သိပြီးသားထား၊ ဘယ်သူ့ ကြောင့်ဖြစ်တုံး (အဝိဇ္ဇာကြောင့် ဖြစ်ပါတယ် ဘုရား)။ အဝိဇ္ဇာ ကြောင့် ဒကာ ဒကာမတို့၊ ဘယ်သူ့ကြောင့် ပါလိမ့် (အဝိဇ္ဇာ ကြောင့်ပါ ဘုရား)။

အဝိဇ္ဇာဆိုတာ ဒကာ ဒကာမတို့ ခေါင်းဆောင်ကြီးပါ။ (မှန်ပါ့) ကျန်တဲ့ အာသဝက လှည့်ပေး ရတာ၊ သူတို့လှည့်ချင် သလို လှည့်ပေးရတာလား၊ အဝိဇ္ဇာတည်းဟူသော အကြောင်း က လှည့်ပေးလိုက် ဆိုလို့ လှည့်ပေးရတာလား (အဝိဇ္ဇာ တည်းဟူသော အကြောင်းက လှည့်ပေးလိုက် ဆိုလို့ လှည့်ပေး ရတာပါ ဘုရား)။

အဝိဇ္ဇာကြောင့် အာသဝဖြစ်တယ်

အဝိဇ္ဇာက လှည့်ပေးလိုက်စမ်းကွာ မင်းတို့က (မှန်ပါ)၊ သတ္တဝါတွေ ငါ အမျိုးမျိုးရုပ်စုံကတာ အိုပွဲ၊ နာပွဲ၊ သေပွဲ တွေထဲ အများကြီးနွှဲတာကို ငါကြည့်ချင်တယ်ကွ ဆိုပြီး ဟောဒီ ခေါင်းဆောင် အဝိဇ္ဇာက နောက်လိုက် အာသဝတွေကို ဒကာ ဒကာမတွေ လှည့်ခိုင်းလိုက်တာ (မှန်ပါ့)။

မနာဘူးလား (နာပါတယ် ဘုရား)၊ အင်း – ဉာဏ်နဲ့ မှတ်ကြနော် ဉာဏ်နဲ့မှတ်ကြနော်၊ ဒကာ ဒကာမတွေ ဉာဏ်နဲ့မှတ်ကြပါ၊ အာသဝသုံးခု၏ အကြောင်း ဘာတွေတွေ့ပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ဪ ဒါဖြင့် အဝိဇ္ဇာကြောင့်ဖြစ်ရတာ ဖြစ်ပေမှာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အဝိဇ္ဇာဆိုတာကို ဒကာ ဒကာမ တွေမသိလို့ ဘုန်းကြီးကပဲ ချဲ့ပြီးပြောပါဦးမယ် (မှန်ပါ့)။

ဟောဒီ အဝိဇ္ဇာက ဒကာ ဒကာမတို့ သစ္စာလေးပါး မသိတာ အဝိဇ္ဇာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာလည်း သူမသိ (မှန်ပါ့)၊ သမုဒယသစ္စာ (မသိပါဘူး ဘုရား)၊ အင်း-နိဗ္ဗာန် ဆိုတဲ့ နိရောဓ သစ္စာ (မသိပါဘူး ဘုရား) နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဂ္ဂသစ္စာ (မသိပါဘူး ဘုရား)။

ဪ- မသိတဲ့သူကနေပြီး သကာလ ခေါင်းဆောင်ပြီး သကာလ လှည့်ခိုင်းတာကိုးဆိုတာ ကိုမြင့်တို့ မောင်နိုင်တို့ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

၂။ အာသဝ၏အကြောင်း

ကဲ ဒါဖြင့် အာသဝ၏အကြောင်း ဒကာ ဒကာမတွေ (နှစ်)နံပါတ်ဖြင့်တွေ့ပါပြီ၊ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဒါဖြင့် အာသဝသုံးပါးနော် (မှန်ပါ့)။

အာသဝ၏ ခေါင်းဆောင်ကို ရှာလိုက်တဲ့အခါကျ တော့မှ အဝိဇ္ဇာ (မှန်ပါ့)၊ အဝိဇ္ဇာကြောင့် အာသဝဖြစ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာကြောင့် ဘာဖြစ်ပါလိမ့် (အဝိဇ္ဇာကြောင့် အာသဝ ဖြစ်ပါတယ် ဘုရား)၊ အဝိဇ္ဇာကြောင့် အာသဝ ဖြစ်တယ်။

ကိုင်း ဒါ ဒကာ ဒကာတွေက၊ ဪ ဒါ ဘုရားဟော တော်မူတာ၊ ဘုရားဟောတော်မူတာ၊ ဘုရားဟောတော်မူတာ လို့ ဒီတင်မရပ်ပါနဲ့ (မှန်ပါ့)။

ဘုရားဟောတော်မူတာတင် မထားလိုက်ပါနဲ့၊ ဒို့အိမ်မှာ ကဲ ဒို့ဘာလုပ်တယ်ဆိုတာ စဉ်းစား ကြစို့နော် (မှန်ပါ့)၊ ဒို့အိမ် မှာ ဒို့ဘာလုပ်တယ်ဆိုတာ စဉ်းစားကြပါစို့၊ ဘုရားဟောတော် မူတာ ကတော့ သူ့အမြင်နဲ့ သူပြောတာ (မှန်ပါ့)။

ကိုယ့်အမြင်နဲ့ ကိုယ်ကြည့်ကြဦးစို့ (မှန်ပါ့)၊ ကိုပေါ် ကိုယ့်အမြင်နဲ့ ကိုယ်ကြည့်ကြဦးစို့ (မှန်ပါ့)၊ အိမ်မှာ ဒကာ ဒကာမတွေက အဝိဇ္ဇာကလည်း မဂ်နဲ့မပယ်ရသေးတော့ ဘယ့်နှယ်များ ဖြစ်နေတုံး မေးတော့ ဒုက္ခသစ္စာ ဆိုတာကိုလည်း မသိ (မှန်ပါ့)၊ သမုဒယသစ္စာ ဆိုတာကိုလည်းမသိ၊ နိဗ္ဗာန် ဆိုတာ လည်း မသိတဲ့အချိန်ပေါ့ဗျာ (မှန်ပါ့)။

အဝိဇ္ဇာက တစ်အိမ်လုံးမှာ ခေါင်းဆောင်

မဂ္ဂသစ္စာ ဆိုတဲ့ဥစ္စာ အလုပ်လုပ်တဲ့အချိန်မဟုတ်တဲ့ အချိန် ကျတော့ အဝိဇ္ဇာက တစ်အိမ်လုံးမှာ ခေါင်းဆောင်တယ် (မှန်ပါ့)၊ အဝိဇ္ဇာက ခေါင်းဆောင်နေတော့ ဦးခန့်တို့ ဦးဘကလေးတို့ မှတ်စရာက ကာမာသဝဆိုတဲ့ သားသမီးနဲ့ ပစ္စည်းခင်တာလေးဟာလည်း လာတော့တာပဲ (မှန်ပါ့)။

အင်း- ဘယ်သူကျန်းမာရဲ့ လား၊ အင်း- ဘယ်ပစ္စည်း လေးဟာ ရှိမှရှိရဲ့လား၊ ဘယ်ပစ္စည်းလေး မြှုပ်ရတာနဲ့။ အစပ်ကလေးများ ရရင် ဘယ်လောက်များ ကောင်းမလဲလို့၊ ကြည့်စမ်း ကြည့်စမ်း (မှန်ပါ့)၊ အိမ်ပေါ်မှာ သူဝင်နေပြီ (မှန်ပါ့)၊ အိမ်ပေါ်မှာဝင်နေပြီး ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒါ ဘယ်သူ့ကြောင့် ကာမာသဝ ဝင်လာတယ်ဆိုတာ၊ ခုနက သစ္စာလေးပါးကိုသွားတဲ့ အားထုတ်တဲ့ အချိန်မဟုတ်တဲ့ အတွက် ကာမာသဝက တစ်ခါတည်းမိုးလင်းလာရင် အရင် ရောက်တယ် (မှန်ပါ့)၊ မရောက်ဖူးလား (ရောက်ပါ တယ် ဘုရား)။

ဒါ အိမ်ထဲဝင်ပြီး ဒကာ ဒကာမတို့ (မှန်ပါ့)၊ မဝင် သေးဘူးလား (ဝင်ပါပြီ ဘုရား)၊ အိမ်ထဲ ဝင်နေပြီ ဒကာ ဒကာမတို့၊ ကြပ်ကြပ် စဉ်းစားပါဦး၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အဝိဇ္ဇာရှိနေတဲ့အတွက်၊ မနက်မိုးလင်းလာလို့ရှိရင်ဖြင့် ဝယ်ချင် တဲ့စိတ်၊ ခြမ်းချင်တဲ့စိတ်၊ ရောင်းချင်တဲ့စိတ်၊ ဝယ်ချင်တဲ့ဆီသွား ချင်တဲ့စိတ်၊ ခင်ရာမင်ရာကို သွားချင်တဲ့စိတ်၊ ရရာရကြောင်းရှိ တဲ့ဆီကို သွားချင်တဲ့စိတ်ပေါ်လာတာ ကာမာသဝ (မှန်ပါ့)။

အိပ်ရာထ ကာမာသဝလာပြီ

အင်း- ဘယ့်နဲ့ကြောင့် ဒီ ကာမာသဝ အိပ်ယာထ အစောကြီးလာပါလိမ့်မလဲလို့ ကိုမြင့်တို့ မောင်နိုင်တို့ မေးလို့ရှိရင် ဟောဒီ အဝိဇ္ဇာက သစ္စာလေးပါး စောစောကြီးက မသိအောင် လုပ်ထား တာ (မှန်ပါ့)။

သစ္စာလေးပါး စောစောကြီးက မသိအောင်လုပ်ထား လိုက်တဲ့အတွက် အင်း- ရောင်းချိန် ဝယ်ချိန် ရောက်လာပြီ၊ သွားချိန် လာချိန်ရောက်လာပြီဆိုတဲ့ ကာမာသဝက လာတယ် (မှန်ပါ့)။

အင်း- ကိုယ်ကျန်းမာတုန်း ကိုယ်သွားမှဖြစ်တယ်ဆိုပြီး ဘဝါသဝကလည်း ကိုယ်ကျန်းမာတုန်း ဘဝါသဝကလည်း ကိုယ်ကျန်းမာလို့ ကိုယ်သွားနိုင်တာကိုး (မှန်ပါ့)။

ဘဝါသဝကလည်း လာပြီ

ဘဝါသဝကလည်း ကိုယ့်ဘဝလေးကို တစ်ခါတည်း အင်း- ကျန်းမာတုန်း ဂရုစိုက်မှ ကိုယ့်ဘဝ ကလေး ကျန်းမာတုန်း တစ်ခါနည်း လာတယ် (မှန်ပါ့)၊ ဒုက္ခသစ္စာရယ်လို့ သိသေး ရဲ့လား (မသိပါဘူး ဘုရား)။

စောစောစီးစီးက အဝိဇ္ဇာက မျက်လုံးပိတ်ထား ပကော ဗျ (မှန်ပါ့)၊ မပိတ်သေးဘူးလား (ပိတ်ပါတယ် ဘုရား)၊ အဲဒီမှာ အဝိဇ္ဇာက ဪ- ဒီတစ်အိမ်လုံးလည်း ငါပဲ ခေါင်းဆောင် နေရတယ်၊ ငါပဲရှာရတာပဲ၊ ငါပဲကျွေးရ မရှိလဲ ငါ, ရှိလဲ ငါပဲ ဒီတစ် အိမ်လုံးမှာ ဆိုပြီး အမှောင်ဖုံးထားတဲ့ အဝိဇ္ဇာ မလာသေးဘူးလား (လာပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့၊ ဒါက အိမ်ထဲဝင်လာတာ အိမ်ထဲ ဝင်လာတာဟောတာ (မှန်ပါ့)၊ မောင်နိုင် သံသရာ မဟော သေးပါဘူး (မှန်ပါ့)၊ သံသရာမဟောသေးပါဘူး ဒကာ ဒကာမတို့၊ စောစောစီးစီး အဝိဇ္ဇာက ခေါင်းဆောင်ကြီး လုပ်ပြီး သကာလ တစ်ခါတည်း ဟို အာသဝသုံးခု မပေါ်ပေါ် အောင် ခိုင်းလိုက်၊ စေလိုက်တာ မြင်ကြပလား (မြင်ပါပြီ ဘုရား)။

ဪ- မနက်မိုးလင်း အဝိဇ္ဇာဆိုတာ ဘာမှမသိတဲ့ အခြေ အနေရောက်လာတဲ့အတွက် ရရာရကြောင်း ခင်ရာမင် ရာကို သွားချင်လာချင်တဲ့စိတ်၊ တရားအားထုတ်ချင်တဲ့ စိတ်အသာထားပါ၊ ရောင်းချင် ဝယ်ချင် ခင်ရာမင်ရာ သွားချင်တဲ့ စိတ်၊ ဘယ်သူကျန်းမာ သလား၊ ဘယ်သူ မကျန်းမာဘူးလား သိချင်တဲ့စိတ် ကာမာသဝ လာတာ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် အစောကြီးကာမာသဝ လာပါ လိမ့်မတုံး ဆိုတော့ သူ့ထက်စောတဲ့ အဝိဇ္ဇာက အုပ်ချုပ်ပြီးပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကာမာသဝထက် စောတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာ ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဒီဥစ္စာက သံသရာ မဟောပါဘူးတဲ့ နော် (မှန်ပါ့)။

ယခု ပစ္စုပ္ပန်တွင် ခင်ဗျားတို့စောစောစီးစီး လူယုတ်မာ တွေ ရောက်လာတာ၊ ကိုယ့်အိမ်ဟာ ခင်ဗျားတို့က မသိလို့ သပြေပန်းထိုးပေမဲ့ သူတို့က ဝင်လျက်ပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေ သပြေပန်းကလေးကိုင်ကာ ဒီနေ့ မင်္ဂလာ ရှိတဲ့နေ့၊ သပြေပန်းလေး ဘုရားထိုးပြီး သကာလ ၊ မညှိုးမနွမ်းအောင် အောက်က ရေအေးအေးနဲ့ စိုက်မယ်လို့ ဆိုငြား သော်လည်း သူက အစောကြီးရောက်တယ် (မှန်ပါ့) ဘယ်သူအစောကြီးရောက်တုံး (အဝိဇ္ဇာက အစောကြီးရောက် ပါတယ် ဘုရား)၊ အဝိဇ္ဇာက အစော ကြီးရောက်နေတော့ တစ်ခါတည်းရောင်းမဟဲ၊ ဝယ်မဟဲ့၊ ဒီနေ့ တော့ဖြင့် သွားမတဲ့ လာမတဲ့ဆိုတဲ့ ကာမာသဝရောက်လာတယ်။

ကာမာသဝနောက်ကျတယ် ဘယ်သူက ခေါင်းဆောင် ထားလို့ (အဝိဇ္ဇာက ခေါင်းဆောင် ထားလို့ပါ ဘုရား)၊ အဝိဇ္ဇာက စောကြီးက ဒကာ ဒကာမတွေ နိုးနိုးချင်း သူက ရောက်လာတဲ့ အတွက် ဒီအလုပ် စိတ်ကူးမိပြီ (မှန်ပါ့)။

နိုးနိုးခြင်း အဝိဇ္ဇာရောက်လာတယ်

နိုးနိုးချင်း အဝိဇ္ဇာရောက်လာတဲ့အတွက် နိုးပြီးသည်နဲ့ တစ်ပြိုင်နက်ထဲ ရောင်းဖို့ရာ ဝယ်ဖို့ရာ စိတ်ကူး လာတယ် (မှန်ပါ့)၊ မကူးဘူးလား (ကူးပါတယ် ဘုရား)။

အဲဒီတော့ ဘယ်သူက စောတယ်ဆိုတာ ဒကာ ဒကာမ တွေရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူက စောတုံး (အဝိဇ္ဇာက စောပါတယ် ဘုရား)၊ အဝိဇ္ဇာက စောတော့ အဝိဇ္ဇာက စောပြီးတော့မှ အဝိဇ္ဇာက သစ္စာလေးပါး ကို ဒီတစ်အိမ်လုံးမှာ ခေါင်းဆောင် တစ်ယောက်၊ တစ်ခါတည်း မမြင်အောင် ဖုံးပြီး သကာလ ကဲ မင်းကို စောစောစီးစီး ကာမာ သဝဘက်ကို အလှည့် ခိုင်းလိုက်မယ်၊ ကာမာသဝ ဖြစ်စေရမယ် ဆိုပြီး စောစောစီးစီးကနေပြီး အဝိဇ္ဇာက ကာမာသဝကို အပေါ် ခိုင်းတာ (မှန်ပါ့)။

ရောင်းတဲ့ ဝယ်တဲ့ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)၊ သွားတဲ့ လာတဲ့ (ခိုင်းပါတယ် ဘုရား)၊ ဘယ်သူက ခိုင်းတာတုံး (အဝိဇ္ဇာက ခိုင်းတာပါ ဘုရား)။

အဝိဇ္ဇာက မသိအောင် ဖုံးထားတဲ့အတွက် သစ္စာမသိ အောင်ဖုံးထားတဲ့အတွက် ကာမာသဝ တစ်ခါတည်း အဝိဇ္ဇာ၏ ကျေးဇူး၊ ကျေးဇူးဆိုတာ အဝိဇ္ဇာ၏ လက်အောက်ခံအဖြစ် ကနေပြီး ဒကာ ဒကာမတို့သန္တာန်မှာ စောစောက အဝိဇ္ဇာ အလုပ် ထလုပ်တော့ ကာမာသဝ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်နဲ့တုန်း ဒကာ ဒကာမတွေရ၊ အဝိဇ္ဇာဖြင့် အဝိဇ္ဇာ အိမ်ထဲဝင်ကတည်းက၊ ကာမာသဝ ဆိုတဲ့ ဝဲသြဃကြီးက ရောက် လာပါပေါ့လား (မှန်ပါ့ ဘုရား)၊ မရောက်သေး ဘူးလား (ရောက်ပါတယ် ဘုရား)၊ ကြပ်ကြပ်စဉ်းစားပြီး နားထောင်ပါ ဒကာ ဒကာမတို့၊ ဒါ အကြွေးတရားမဟုတ်ဘူး လက်ငင်း ဖြစ်နေတာကို ဟောပါတယ် (မှန်ပါ့)၊ လက်ငင်း ဖြစ်နေတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မျက်စိနှစ်ကွင်းမှ ဖွင့်ချိန်မရ၊ ဖွင့်ဖွင့်ချင်း အဝိဇ္ဇာက လာပစ် လိုက်တယ် (မှန်ပါ့)၊ အဝိဇ္ဇာ လာလို့ရှိရင် ရောင်းဖို့ ဝယ်ဖို့ သွားဖို့လာဖို့ ချက်ချင်းစိတ်ကူးပေါ်တယ် (မှန်ပါ့)၊ မပေါ်လာ ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း- ဒါဖြင့် အစောဆုံးက ဘယ်သူတုံး (အဝိဇ္ဇာ ပါ ဘုရား)၊ သူလည်း အစောဆုံး ရောက်လာ ပါရောတဲ့။ သူ့နောက်က ကာမာသဝ လိုက်လာတယ် (မှန်ပါ့)၊ ဘဝါသဝက ဘယ်လို လာသတုံးဆိုရင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ငါ့ကိုယ်လေး ကျန်းမာချမ်းသာတုန်း၊ နောက် မကျန်းမမာ မချမ်းသာ လို့ရှိရင် ဒီအရောင်းအဝယ်နဲ့ ဒီအသွား အလာမလုပ်နိုင်ဘူး၊ ကိုယ်ကျန်းမာ တာလေး ချမ်းသာတာလေး ရှိသေးလို့ဆိုတဲ့ ကိုယ့်ဘဝလေး ကျန်းမာချမ်းသာမှုလေးကို သဘောကျတယ် (မှန်ပါ့)။

ကိုယ့်ဘဝ ကိုယ်သဘောကျတယ်

ကိုယ့်ဘဝလေး ကိုယ်သဘောကျတဲ့ အဓိပ္ပါယ်ပါ ပလား (ပါ ပါပြီ ဘုရား)၊ အဲဒါ ဘာအာသဝ ပါလိမ့် (ဘဝါသဝ ပါ ဘုရား)။

အင်း- ငါလုပ်မှ ငါရမှာ၊ ငါ့အိမ်မှာ ငါခေါင်းဆောင်၊ ငါလုပ်မှ ငါရမှာ၊ ငါမလုပ်လို့ရှိရင်ဖြင့် တစ်အိမ်လုံးဟာ တစ်ခါတည်း ဗိုင်းဝိုင်းလဲပြီး သကာလ အင်း ဆင်းရဲပွဲကြီးနဲ့ နွှဲနေကြမှာပဲ၊ ငါပဲခေါင်းဆောင် ငါပဲလုပ်မှပဲ၊ အင်း အဝိဇ္ဇာ သဝလေး ရောက်လာတယ် (ရောက်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အိမ်ထဲဝင်ပြီနော် (မှန်ပါ့)၊ ခန္ဓာ အိမ်ထဲဝင်ပြီ (မှန်ပါ့)၊ ဘယ်ဝင်ပါလိမ့် (ခန္ဓာအိမ်ထဲ ဝင်ပါပြီ ဘုရား)၊ ခန္ဓာအိမ်ထဲဝင်ပြီ။

စောစောကြီးဝင်လာတာ ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)၊ ဒုတိယဝင်လာတာ ဘယ်သူတုံး (ကာမာသဝပါ ဘုရား)၊ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝသူတို့က အချိုးကျ ဝင်လာတာ (မှန်ပါ့)၊ စောစောကြီး ဝင်လာတာက (အဝိဇ္ဇာ ပါ ဘုရား)၊ တော်တော်လေး ခဏလေးနေမှ ရောက် လာတာက (ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝပါ ဘုရား)။

အေး အာသဝသုံးပါး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါကြောင့် ဘယ်အိမ်ပဲကြည့်လိုက် ကြည့်လိုက် ဘယ်မင်္ဂလာမှ မရှိပါလား (မှန်ပါ့)၊ အယုတ် တမာတွေ ဝင်နေပါပေါ့လားဆိုရင် လွဲပါ့မလား (မလွဲပါ ဘူး ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘုန်းကြီးက သံသရာကြီးစိုးရိမ်လို့ဟောတာ

ကြပ်ကြပ် စဉ်းစားနားထောင်ပါ။ ဒီနှစ်ချက်တင်ဟောပါ သေးတယ်၊ နှစ်ချက်ဟာ ဒကာ ဒကာမတို့က ဪ ဘုန်းကြီးက ဟောရှာတယ်၊ သံသရာကြီး စိုးရိမ်လို့လို့ ပြောလိုက်စမ်းပါ (မှန်ပါ့)

သံသရာမစိုးရိမ်ဘူး၊ သံသရာဆိုတာ ဒီကလုပ်မှ သံသရာ ကပေါ်တာ (မှန်ပါ့)၊ ဒီဖြစ်စဉ်အတိုင်း သံသရာက သေတော့မှ ဖြစ်ရမှာ၊ ခုမသေခင် အာသဝတွေက အဝိဇ္ဇာ တည်းဟူသော အကြောင်း ကြောင့် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝဆိုတဲ့ အကျိုးတွေဟာ မနက်မိုးလင်းလာရင် တစ်ခါတည်း ပွေလာတယ် (မှန်ပါ့)၊ မပွေသေးဘူးလား (ပွေပါတယ် ဘုရား)။

အဲဒါ သတိမထားမိဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ဒီနေ့ ငါဘာဖြစ်ပါလိမ့်မတုံးလို့မှ ဒီနေ့ ဘယ်သူများ ရှေးဦးစွာရောက် လာပါလိမ့်မလဲလို့တောင်မှ သိတောင် မသိ လိုက်ဘူး၊ ခင်ဗျားတို့က စောစောစီးစီး ရောက်တာကဖြင့် အဝိဇ္ဇာမို့လား (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒုတိယ ရောက်လာတာက အာသဝ (မှန်ပါ့)၊ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ (မှန်ပါ့)၊ ဒုတိယ ရောက်လာတာက (အာသဝပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ခင်ဗျားတို့က အင်း သူတို့အိမ်က စောစော စီးစီး ထပြီး သကာလ ဘာများ လုပ်နေကြပါလိမ့် မတုံးလို့၊ ခင်ဗျား တို့ တစ်အိမ်နဲ့တစ်အိမ် အကဲခတ်လည်း ဟိုအိမ်က မီးထွန်းလို့ ဘာများ လုပ်နေကြပါလိမ့်မလဲလို့ ဆိုတော့မှ အင်း သူတို့သည် ကား ဘာများလုပ်နေကြပါလိမ့်မတုံးလို့ စဉ်းစားကြည့်ပါ။ စဉ်းစားကြည့်တော့ အစောကြီးဧည့်သည်က ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)။

သူနောက်ရောက်လာတာက (အာသဝပါ ဘုရား)၊ အာသဝ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အံမလေး ခင်ဗျားတို့အိမ်တွေ စောစောစီးစီးလုပ်နေတာ ဝမ်းထဲရောက်နေ ပါပေါ့လား။

ပါးစပ်ကတော့ဖြင့် ယံဒုန္နိမိတ္တံ တွေရွတ်နေတာပဲ (မှန်ပါ့)၊ မရွတ်ကြဘူးလား (ရွတ်ပါတယ် ဘုရား)၊ ရောက်နေတာက ဘယ်သူပါလိမ့် (အာသဝပါ ဘုရား)၊ အဝိဇ္ဇာတွေ၊ အာသဝတွေ ရောက်မနေဘူးလား (ရောက်နေပါတယ် ဘုရား)။

နှစ်လုံးတည်းဟောသေးတာ

အင်း ရွတ်တဲ့ပုဂ္ဂိုလ်ထဲမှာ ဒါပါနေတာကိုး နောက် တရားတွေ အရေလည်လာရင် ခင်ဗျားတို့ ရှင်းပါလိမ့်မယ် (မှန်ပါ့)၊ ခုတော့ နှစ်လုံးတည်း ဟောနေသေးလို့ ခြောက်ခုဟောရ မှာကိုး (မှန်ပါ့)၊ ဒီနှစ်ခုရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အစောဆုံး ဧည့်သည်ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)၊ ဒုတိယရောက်လာတာက (အာသဝပါ ဘုရား)၊ အင်းသွားပြီမောင်နိုင်ရေ အတော့်ကို ခက်နေပါပေါ့လား (မှန်ပါ့)၊ ဒကာ ဒကာမတို့အားလုံးပဲ သဘောကျကြပလား (ပါ ပါတယ် ဘုရား)။

ဘုန်းကြီးက ခုဖြစ်စဉ်ကိုက် ဟောနေတယ်ဆိုတာကော ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းပါပလား (ရှင်းပါပြီ ဘုရား)၊ ဟုတ်ကောဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒီအတိုင်း လာတာပဲနော် (မှန်ပါ့)။

ကြည့် ဒကာ ဒကာမတွေက ဆင်ခြေလဲဦးမယ်၊ တော်ကြာ တပည့်တော်တို့က စောစော ထတယ် ဆိုပေမဲ့ဘုရား ဆွမ်းတော် ကွမ်းတော်လေး ချက်ပါတယ်၊ ကျက်လို့ရှိရင်လည်း ကပျာကယာ ဆွမ်းတော်တင်ပါတယ် ဆိုတာ ခင်ဗျားတို့က ဆင်ခြေတော့လဲဦးမှာပဲ (မှန်ပါ့)၊ လဲရင်နော် (မှန်ပါ့)၊ အဲဒီလဲတဲ့ အထဲမှာလည်း ပါတယ်ဆိုတာ ဘုန်းကြီး ရှင်းပြမယ်။

လဲတဲ့ အထဲမှာကို သူပါတယ်ဆိုတာ ရှင်းပြပါ့မယ်။ ဒါဖြင့် ရှေးဦးစွာ အာသဝသိရမယ်ဆိုလို့ သိပါပြီနော် (မှန်ပါ့)၊ အာသဝဖြစ်ကြောင်းကလည်း ဘယ်သူ့ကြောင့်တဲ့ (အဝိဇ္ဇာ ကြောင့်ပါ ဘုရား)။

ဪ- ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့နှစ်ချက် သိသွားပြီနော် (မှန်ပါ့)၊ နှစ်ချက်သိသွားပြီ၊ အဲဒီတော့ ခုသိတာကို တရားနာတုန်း သိတာကို ဘုန်းကြီးက တရားနာ တုန်းတော့ မှတ်ရုံပဲ မှတ်ကြပါ (မှန်ပါ့)၊ အိမ်မှာသိစေချင် တယ် (မှန်ပါ့)။

ဓမ္မာနုပဿနာ

စောစောကြီးဧည့်သည် ဘယ်သူပါလိမ့်မတုံး (အဝိဇ္ဇာပါ ဘုရား)၊ ဒုတိယရောက်လာတာ ဘယ်သူပါလိမ့် (အာသဝပါ ဘုရား)၊ အဲဒါကိုသိပြီး သကာလ သိစေ ချင်တယ်၊ အဲဒီလို ဝင်လာတာသိမှ သာလျှင် ဒကာ ဒကာမတို့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြစ်မယ်နော် (မှန်ပါ့)။

ဒါတွေ ဖြစ်ပျက်ရှုနိုင်မှ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြစ်မှာ ကိုး (မှန်ပါ့)၊ ဒါတွေ လက်ခံထားရင် သတိပဋ္ဌာန် သတိကင်းလို့ သူတို့ဝင်လာကြတာ (မှန်ပါ့)၊ သတိမကင်းလို့ ရှိရင် မဝင်ပါဘူး၊ သဘော ပါပလား (ပါ ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့သတိပေး လိုက်တာ ဟာ ဪ-တို့ဖြင့် နက်ဖြန် သတိထား ရမည့် အလုပ် နှစ်ခုတော့ ဆရာ ဘုန်းကြီးကပေးလိုက်ပြီ၊ စောစောကြီးဖြင့် သစ္စာမသိတဲ့ အဝိဇ္ဇာ အရင် ရောက်တတ်သတဲ့ (မှန်ပါ့)၊ နောက်မှ သူက ကျေးဇူးပြု၊ လိုက်တဲ့အတွက် ဒကာ ဒကာမတို့ အာသဝတွေ ပေါ် တတ်သတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါတွေပေါ်လို့ရှိရင် ဒို့ဟာ ဒါတွေကို အဝိဇ္ဇာပေါ်လာရင် အဝိဇ္ဇာကို ဖြစ်ပျက်ရှုရမတဲ့၊ ကာမာသဝ ဆိုတာက ပေါ်လာရင် လောဘဖြစ်ပျက်ရှုရမတဲ့၊ ကိုယ့်ကိုယ်ကို ခင်တဲ့လောဘ ပေါ်လာရင်ကော (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

ကိုယ့်ကိုယ်ကို ငါထင်တဲ့ ဒိဋ္ဌိ ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အရှုခံလာရင် ရှုနော် (မှန်ပါ့)၊ မရှုလို့ ရှိရင်ဖြင့် ထုံးစံအတိုင်းလို့ ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာကြောင့် အာသဝေါ ဖြစ်ရတော့မယ် (မှန်ပါ့)၊ ငြင်းစရာ လိုသေး သလား (မလိုပါဘူး ဘုရား)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်နှစ်ချက်သိပြီလဲ မောင်နိုင်ရေ (နှစ်ချက် သိပါပြီ ဘုရား)၊ အင်း-အာသဝ (တစ်) နံပါတ်လို့ သိပါပြီဘုရား၊ အာသဝဖြစ်ကြောင်း အဝိဇ္ဇာကော (သိပါပြီ ဘုရား)။

အာသဝဖြစ်ကြောင်းလည်း သိတော့၊ တစ်နံပါတ် ဒကာ ဒကာမတွေသိပြီ၊ ဆရာဘုန်းကြီးက ဟောလို့ မိုးလင်းလာ ရင် သတိထားရမယ်ဆိုတာလည်း သိပြီ၊ အာသဝ ဖြစ်ကြောင်း အဝိဇ္ဇာဆိုတဲ့ (နှစ်)နံပါတ်လည်း သိပါပြီ။

၃။ အာသဝ၏ထူးပုံ

အာသဝ၏ ထူးပုံကို ငါဟောဦးမယ် ဆိုပြီး ဘုရားက ဟောပြန်တယ် (မှန်ပါ့)၊ ခု တတိယ ဟောမှာက ဘာဟော မှာတုံး (အာသဝ၏ထူးပုံပါ ဘုရား)၊ အာသဝတို့၏ ထူးပုံကို ငါဟောမယ်။

ဒကာ ဒကာမတို့ ဘာဟောမှာပါလိမ့် (အာသဝ ၏ ထူးပုံကိုဟောမှာပါ ဘုရား)၊ အာသဝကို မင်းတို့က နည်းနည်းလေး မှတ်နေတယ်တဲ့၊ အာသဝဟာ အင်မတန်မှ ထူးထူးခြားခြား ရှိတယ်ကွ၊ ခုနကပြောခဲ့တဲ့ အာသဝသုံးခုဟာ ထူးတယ်ကွတဲ့။

ဘယ်လိုများထူးတုံး ဆိုတော့ ငရဲရောက်တတ်တဲ့ အာသဝလည်းရှိတာပဲ (မှန်ပါ့)၊ တိရစ္ဆာန်ဘဝ ရောက်တတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)၊ ပြိတ္တာဘဝရောက် တတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)၊ လူ့ပြည်ရောက် တတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)၊ နတ်ပြည် ဗြဟ္မာပြည်ရောက်တတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)။

အဲ-အာသ၀ အထူးလို့မှတ်စမ်းပါတဲ့၊ မင်းတို့က အာသဝ ဆိုလို့ရှိရင် အပါယ်ချည့် သွားတော့မယ်လို့ မင်းတို့က မှတ်နေလိမ့် မယ်တဲ့ (မှန်ပါ့)၊ မဟုတ်ဘူးကွတဲ့၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နတ်ပြည်ရောက်စေတတ်တဲ့ အာသဝ

လူ့ပြည်၊ နတ်ပြည်ပေါ့ဗျာ (မှန်ပါ့)၊ လူ့ပြည်ရောက် တတ်တဲ့ အာသဝလည်းရှိပါသေးတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ နတ်ပြည် ဗြဟ္မာပြည် ရောက်တတ်တဲ့ အာသဝကော (ရှိပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက်ကျယ်သတုံး (ကျယ်ပါတယ် ဘုရား)၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာရောက် တတ်တဲ့ အာသဝလည်း ရှိတယ်တဲ့၊ လူ့ပြည်ရောက်တတ်တဲ့ အာသဝကော (ရှိပါတယ် ဘုရား)၊ နတ်ပြည် ဗြဟ္မာပြည် ရောက်တတ်တဲ့ အာသဝကော (ရှိပါတယ် ဘုရား)။

အာသဝ မနည်းဘူးကွတဲ့၊ ရှာရင် အာသဝအထူးတွေ ကဲ မောင်နိုင်သိပလား (သိပါပြီ ဘုရား)၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရောက်စေတတ်တဲ့ အာသဝရှိ မရှိ (ရှိပါတယ် ဘုရား)၊ လူ့ပြည်၊ ရောက်စေ တတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)။

ရှိတာပဲတဲ့၊ နတ်ပြည် ရောက်စေတတ်တဲ့ အာသဝ (ရှိပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အာသဝ အထူးက ဒီလို ထူးလာတာ (မှန်ပါ့)၊ မထူးဘူးလား (ထူးပါတယ် ဘုရား)။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတာ ဖြစ်လေ သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေရှင်းမှုကို သာ အဓိကထားပြောနေပါတယ်၊ ဘုရားဟောလို့ အသေအချာ မှတ်ပါ (မှန်ပါ့)။

ငရဲပြည်ရောက်စေတတ်တဲ့ အာသဝ

ဪ- ဒါဖြင့် အာသဝဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရောက်စေတတ်တဲ့ အာသဝလည်းရှိတယ်၊ လူ့ပြည် ရောက်စေ တတ်တဲ့ (အာသဝလည်း ရှိပါတယ် ဘုရား)၊ နတ်ပြည် ဗြဟ္မာပြည် ရောက်စေ တတ်တဲ့ (အာသဝလည်း ရှိပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

အင်း- ဒါဖြင့် အခုအားလုံး ဒကာ ဒကာမတွေ ဘယ်ပြည်များ ရောက်နေကြပါလိမ့်မတုံး မေးလို့ရှိရင် ဘယ်နဲ့ ဖြေကြမတုံး (လူ့ပြည်ရောက်နေပါတယ် ဘုရား)၊ လူ့ပြည် ရောက်နေတယ် (မှန်ပါ့)၊ ခုရောက်ဆဲပေါ့ဗျာ (မှန်ပါ့)။

အင်း ဘယ်သူများ ပို့လိုက်လို့ ရောက်ပါလိမ့်မလဲလို့ အမေးထုတ်ပါ (အာသဝပို့လိုက်လို့ပါ ဘုရား)၊ အဲ့ အစစ် ဟောလာတော့ အာသဝကြောင့် ရောက်တာ၊ ဘယ့်နှယ် ကြောင့် အစစ်ဟော လာတော့ အာသဝကြောင့် ရောက်ရပါ လိမ့်မလဲလို့ ဒကာ ဒကာမတွေ စဉ်းစားကြည့်တော့ ဒကာ ဒကာမတွေ ကျုပ်တို့ဟာ ကာမဘုံ မဟုတ်လား (မှန်ပါ့)။

ကာမဆယ့်တစ်ဘုံထဲကနော်၊ လူ့ပြည်ဆိုတာ ကာမဘုံ ထဲက လူ့ပြည်လိုချင်တဲ့ ကာမာသဝ မရှိပဲနဲ့၊ ဒကာ ဒကာမတို့ လူ့ပြည်ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား)၊ သဘော ကျပါလား (ကျပါပြီ ဘုရား)။

လူ့ဘဝလိုချင်တဲ့ ဘဝါသဝမရှိပဲနဲ့ လူ့ပြည်ရောက်ပံ့ မလား (မရောက်ပါဘူး ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

လူ့ပြည်ရောက်ချင်တယ်၊ ငါလူဖြစ်ချင်တယ်ဆိုတဲ့ ဒိဋ္ဌိ မရှိပဲနဲ့ လူကောဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)၊ ဟော အာသဝကြောင့်ဖြစ်တာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

အာသဝက ပို့လိုက်တာ

အင်း-နတ်ပြည်လည်း ဘယ်သူ့ကြောင့်ဖြစ်တုံး (အာသဝကြောင့် ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် အာသဝသည် လူ့ပြည်ရောက်စေတတ်တဲ့ အာသဝ၊ နတ်ပြည်ရောက်စေ တတ်တဲ့ အာသဝ၊ အပါယ်သို့ရောက်စေတတ်တဲ့ အာသဝ၊ တစ်ချို့ ဗြဟ္မာ ဖြစ်ချင်လို့ သမထတွေကြိုးစားပြီး သကာလ ဈာန်နဲ့သေသွားတာ တွေဟာ၊ ဗြဟ္မာဖြစ်ချင်တော့ ဗြဟ္မာပြည် သို့ပို့တတ်တဲ့ ဘဝါသဝ (မှန်ပါ့)။

ဗြဟ္မာဖြစ်ချင် ငါဗြဟ္မာဖြစ်ချင်တယ်ဆိုတဲ့ ဘဝါသဝရှိ မရှိ (ရှိပါတယ် ဘုရား)၊ -ဒါဖြင့် အာသဝသည် အပါယ်အာသဝလည်း ရှိတယ်၊ လူနတ်အာသဝလည်း ရှိတယ် (မှန်ပါ့)၊ အာသဝ အထူးတွေလေ (မှန်ပါ့)။

အင်း-ဗြဟ္မာဖြစ်စေတတ်တဲ့ အာသဝကော (ရှိပါ တယ် ဘုရား)၊ ဒါဖြင့် အာသဝအထူးဟာ၊ မောင်နိုင် ငရဲရောက် စေတတ်တဲ့ အာသဝ၊ တိရစ္ဆာန်၊ ပြိတ္တာ ရောက်စေတတ်တဲ့ (အာသဝ)၊ လူ့ပြည်ရောက်စေတတ်တဲ့ (အာသဝ)၊ နတ်ပြည် ဗြဟ္မာပြည် ရောက်စေတတ်တဲ့ (အာသဝ)။

ဪ- အာသဝအထူးဟာ ဒီလိုမှတ်ထားပါကွာတဲ့၊ အာသဝဟာ ဒီလောက်ထိအောင် ထူးခြားပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)

အပေါ်ယံဟောတာလို့မှတ်

အဲဒီတော့ သာမညဟောတော့ ဪ-လူ့ပြည်ရောက် တာ ကံကောင်း အကြောင်းသင့်ပြီး သကာလ ဒုလ္လဘတရား ထဲမှာ မနုဿတ္တဘာဝေါ ဒုလ္လဘော လူ့ဘဝ ရခဲတယ်လို့ ပြောတာ၊ အဲဒါ သာမည အပေါ်ယံ ဟောတာလို့မှတ်ပါ (မှန်ပါ့)။

သေသေချာချာ ကြည့်တော့ အာသဝပို့လိုက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ သေသေချာချာ တော့ဖြင့် (အာသဝပို့လိုက်တာပါ ဘုရား)။

ကိုင်း-ဒကာ ဒကာမတို့ အာသဝပို့တယ်၊ မပို့တယ် သိပါတယ်၊ လူ့ပြည်ဟာ လူခန္ဓာ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။ အင်း-ဒုက္ခသစ္စာထဲ ပို့လိုက်ကတည်းက ဒကာ ဒကာမတွေ ဘယ်သူ ပို့လိုက်တယ်ဆိုတာ မောင်နိုင် လက်သည် ရှာလိုက်ရင် အာသဝပဲ (မှန်ပါ့)။

ဒီပြင် ဘာပြောစရာရှိသေးတုံး (မရှိပါဘူး ဘုရား)။ ဒုက္ခသစ္စာ ဖြစ်အောင် လုပ်တာကတော့ အာသဝချည့်ပဲ (မှန်ပါ့)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ကောင်း ကောင်း သဘော ပါကြပလား (ပါ ပါတယ် ဘုရား)။

ဪ သေသေချာချာလည်း မှတ်ကြ၊ သေသေ ချာချာလည်းမှတ်ကြ၊ ဪ အာသဝ ထူးခြားပုံဟာ မနည်း ပါလား (မှန်ပါ့)။

အပါယ်လေးပါး အပါယ်လေးပါး ရောက်စေတတ်တဲ့ အာသဝလည်းရှိတယ် (မှန်ပါ့)။ လူ့ပြည် ရောက်စေ တတ်တဲ့ အာသဝကော (ရှိပါတယ် ဘုရား)၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်စေတတ်တဲ့ အာသဝကော (ရှိပါတယ် ဘုရား)။

ဒါကြောင့် ဘုံအားဖြင့် ဘဝဂ်တိုင်အောင်၊ ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင်လို့ ဆိုတဲ့ဥစ္စာ မမှားပါဘူး ဆိုတာကော ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် (သုံး)နံပါတ် နားလည်လဲ အာသဝ ထူးခြားပုံလဲ နားလည်ပါပြီ (မှန်ပါ့)။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် ထိအောင် ထူးတယ်လို့ ဆိုကြပါစို့ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် တစ်၊ နှစ်၊ သုံး၊ နားလည်ကြပါ့မလား (နားလည်ပါတယ် ဘုရား)။ အင်း-အာသဝလည်း သိပြီဗျာ (မှန်ပါ့)။ အာသဝ ဖြစ်ကြောင်းကော (သိပါပြီ ဘုရား)။

အာသဝတို့၏ ထူးထူးခြားခြားများနေပုံကော (သိပါပြီ ဘုရား)။ သိပြီ။

၄။ အာသဝအကျိုးပေးပုံ

ကောင်းပြီတဲ့ စတုတ္ထ (လေး)နံပါတ်ကို ဒကာ ဒကာမ တွေ ဟောဦးမယ်နော် (မှန်ပါ့)။ ခြောက်ထိအောင် ဟောရ မှာကိုး၊ ကဲ စတုတ္ထ(လေး)နံပါတ်က အာသဝတို့၏ အကျိုးပေးကို ငါဟောမယ် သဘောကျပလား (ကျပါတယ် ဘုရား)။

အာသဝအကျိုးပေးကို ငါဟောမယ်တဲ့၊ အာသဝ ကြောင့် အကျိုးပေးတာ ငါဟောမယ်တဲ့၊ ဒါ အာသဝထူးခြား ပုံတင် ဟောတာနော် (မှန်ပါ့)။

အပါယ်ချည်းသွားတာမဟုတ်

ခု စတုတ္ထဟောမှာက အာသဝ အကျိုးပေးကိုဟောမယ် (မှန်ပါ့)။ အာသဝ၏ အကျိုးပေးဆိုတာ အာသဝက အာသဝဆိုတာ ခင်ဗျားတို့က အပါယ်ချည့် သွားတယ်လို့ ဒီလို မယူလိုက်ပါနဲ့၊ အာသဝ၏ အကျိုးပေးတာ အကြင်ပုဂ္ဂိုလ် တစ်ယောက် ရှိတယ်ကွာလို့ ဘုရားက ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ရှိတယ်။

သူဟာ နတ်ပြည် ဗြဟ္မာပြည် ရောက်ချင်တဲ့ ကုသိုလ်မျိုး သူလုပ်မလား၊ မလုပ်ဘူးလား စဉ်းစားစမ်း (လုပ်မှာပါ ဘုရား)။ လုပ်ဖြစ်မှာပဲ ဒီဥစ္စာ (မှန်ပါ့)။

ဒါဖြင့် တပည့်တော် ဤဆွမ်းလှူရတဲ့ ဤအကြောင်း ဤကံကြောင့် ဤအလှူဒါနကြောင့် ဤသီလကြောင့် ဤသမထ ကြောင့်ဆိုပြီး သကာလ လူ့ပြည် နတ်ပြည်ကို ဆုတောင်းတဲ့အခါ လူ့ပြည် နတ်ပြည်ရောက်တဲ့ ဝမ်းထဲမှာ အာသဝတွေက ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီ ပေါ်လာတော့ လူကောင်၊ နတ်ကောင်၊ ဗြဟ္မာ ကောင်တွေ တည်းဟူသော အကျိုးတရားတွေ ပေါ် သင့် မပေါ် သင့် (ပေါ်သင့်ပါတယ် ဘုရား)။ လူ၊ နတ်၊ ဗြဟ္မာ မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ ဆွမ်းတော် ကွမ်းတော်တင်ရင်း တစ်ခါတည်းတဲ့ လူ့ပြည်၊ နတ်ပြည် ရောက်ရပါလို၏။ လူ့ပြည်၊ နတ်ပြည် ရောက်ရပါလို၏ဆိုတဲ့ဥစ္စာ အာသဝေါတရားကြောင့် နောက် လူကောင် နတ်ကောင်ဖြစ်လာတဲ့အခါမှာ အကျိုးပေးလို့ ဆိုရင် လွဲပါမလား (မလွပါဘူး ဘုရား)။

အကျိုးပေးက ဘာပါလိမ့်

အာသဝကအကြောင်း၊ အကျိုးပေးက လူကောင် နတ်ကောင် ဗြဟ္မာကောင် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။ အကျိုးပေးက ဘာပါလိမ့် (လူကောင် နတ်ကောင် ဗြဟ္မာကောင်ပါ ဘုရား)။

လူကောင် နတ်ကောင် ဗြဟ္မာကောင်ဆိုတဲ့ ရုပ်နာမ် တွေမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အင်း ဒီဥစ္စာ သည် ဒကာ ဒကာမတို့၊ အဲဒီတော့ အာသဝ၏ အကျိုးပေး လူကောင် နတ်ကောင် ဗြဟ္မာကောင် ဆိုတာက နောက်မှ အကျိုးပေးမှာ ဖြစ်တော့ကို၊ ဘုရားက မင်းတို့ဆွမ်းတွေ ကွမ်းတွေ ပေးကြ ကမ်းကြ လှူကြ တန်းတဲ့အခါကျလို့ရှိရင် သစ္စာမမြင်ပဲနဲ့ လုပ်တဲ့ပုဂ္ဂိုလ် အတွက်မှာ ငါ အသေအချာ ပြောပြမယ်။ လူ့ပြည်ရောက်ကြောင်း ကုသိုလ်ကိုလည်း သူလုပ် ဖြစ်တယ်ကွ (မှန်ပါ့)။

နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကိုကော (လုပ် ဖြစ်ပါတယ် ဘုရား)။ ဗြဟ္မာပြည် ရောက်ကြောင်း ကုသိုလ် ကိုကော (လုပ်ဖြစ်ပါတယ် ဘုရား)။ အဲဒါ အာသဝ ကြောင့် လုပ်ဖြစ်တာ (မှန်ပါ့)။ သဘောကျပလား (ကျပါ တယ် ဘုရား)။

လူ့ပြည်ရောက်ကြောင်း ကုသိုလ်ကိုတော့ ဘယ်သူ ကြောင့် လုပ်ဖြစ်တာ (အာသဝကြောင့် လုပ်ဖြစ်တာပါ ဘုရား)။ နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကရော (အာသဝကြောင့် လုပ်ဖြစ်တာပါ ဘုရား)။ ဗြဟ္မာပြည် ရောက်ကြောင်း ကုသိုလ်တွေ လုပ်တာကော (အာသဝကြောင့် ပါ ဘုရား)။

အာသဝ၏ အကျိုးပေး

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆွမ်းတော် တင် နေလို့ရှိရင် အာသဝအုပ်ချုပ်တယ် (မှန်ပါ့)။ သစ္စာ မသိတဲ့ ပုဂ္ဂိုလ် လှူလိုက်လို့ရှိရင် ဒီအတိုင်းပါပဲ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာမသိတဲ့ ပုဂ္ဂိုလ်လှူတယ်။ လူခန္ဓာ ဒုက္ခသစ္စာ၊ နတ်ခန္ဓာ ဒုက္ခသစ္စာ၊ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာ ဆိုတာမှ မသိတဲ့ ပုဂ္ဂိုလ်ဖြင့် ဆွမ်းတော်တင်တာလည်း လူ့ပြည်ရောက်ချင်၊ နတ်ပြည်ရောက်ချင်၊ ဗြဟ္မာပြည် ရောက်ချင်။

အင်း သမထအားထုတ်တော့လည်း ဗြဟ္မာပြည် ရောက် ချင်ဆိုတဲ့ ဒါတွေသာ ပါကြမယ်ဆိုရင် အာသဝ ဒီထဲမှာ အာသဝက ခိုင်းနေလို့ အာသဝ၏အကျိုးပေး၊ အာသဝကြောင့် ဖြစ်ပေါ်လာတဲ့ ကုသိုလ် တွေပဲကွ (မှန်ပါ့)။

ဒါကြောင့် အာသဝ အကျိုးပေးလဲ သိရမယ်ဆိုတာ ဒီကုသိုလ်တွေ ပေါ်နေတာကို၊ ဝမ်းထဲမှာ အာသဝက အကြောင်း၊ ခုလုပ်နေတဲ့ ကုသိုလ်က အကျိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အာသဝက (အကြောင်းပါ ဘုရား)၊ ခုလုပ်နေတဲ့ ကုသိုလ်က (အကျိုးပါ ဘုရား)၊ ကိုင်း-ခင်ဗျားတို့ ဆွမ်းတော်တင်ရင်း မတ်တပ်နဲ့ တစ်ခါတည်း အာသဝကြောင့် ဖြစ်တဲ့ ကုသိုလ်၊ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် တောင့်တ လုပ်ရင် ဒီကုသိုလ်ဟာ ဘယ်သူ့ကြောင့်ပေါ်တာတုံး (အာသဝကြောင့်ပါ ဘုရား)။

သစ္စာမသိတဲ့ အာသဝကြောင့်

သစ္စာမသိတဲ့ အာသဝကြောင့် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမ တွေက ဟိုအိမ်က မီးအစောကြီးထွန်းပြီး သကာလ ဟိုအိမ်က နေပြီး အော်ကျယ် အော်ကျယ်နဲ့ မေတ္တာတွေ ပို့ပြီး သကာလ တစ်ခါတည်း လူ့ပြည်နတ်ပြည်တွေ ဆုတောင်းများ လျှောက်လုပ် နေမယ် ဆိုရင် ဟိုအိမ်မှာ အာသဝထနေတယ်လို့ အသေအချာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုဆိုကြမတုံး (အာသဝထနေပါတယ် ဘုရား)၊ အာသဝထနေတယ်လို့ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် တွေ လိုချင်လို့ လုပ်နေတယ်၊ ဆွမ်းတော်တင် မီးထွန်းနေတာ လုပ်မယ် ဆိုကြလို့ ရှိရင်ဖြင့် ဟိုအိမ်မှာ အာသဝကြောင့် အကျိုးတွေ ပေါ်နေပြီလို့ မောင်နိုင်ဆို (မှန်ပါ့)။

ကုသိုလ်တော့ သူမလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)၊ အဲ့ဒီကုသိုလ် အာသဝကင်းပါရဲ့လား (မကင်းပါ ဘူး ဘုရား)၊ နတ်ပြည်ရောက်ကြောင်း ကုသိုလ်၊ လူ့ပြည် ရောက်ကြောင်း ကုသိုလ်၊ ဗြဟ္မာပြည် ရောက်ကြောင်းကုသိုလ်၊ ဒီသား ဒီသမီးနဲ့ မခွဲချင်တဲ့ကုသိုလ် (မှန်ပါ့)။

ဒါသာလုပ်နေလို့ရှိရင် ဟိုအိမ်မှာ အစောကြီးလည်း မီးထွန်းပြီး ဆူဆူ ဆူဆူနဲ့နေတယ်၊ အင်း- ဘယ်သူ ရောက်နေတယ် ဆိုတာ ခင်ဗျားတို့သိပါပြီ (အာသဝပါ ဘုရား)။

အာသဝခိုင်းတာလုပ်တဲ့ကုသိုလ်

အာသဝတည်း ဟူသော တရားက ကြိုးဆွဲလို့ အာသဝ အကျိုးပေးတွေ လုပ်နေတာ (မှန်ပါ့)၊ ဒီကုသိုလ်ကလည်း အာသဝခိုင်းတာ လုပ်တဲ့ကုသိုလ်ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

လူ့ပြည်ရောက်ကြောင်း ကုသိုလ်က ဘယ်သူက ခိုင်းတာတုံး (အာသဝက ခိုင်းတာပါ ဘုရား)၊ နတ်ပြည် ရောက်ကြောင်း ကုသိုလ် ဘယ်သူကခိုင်းတာတုံး (အာသဝကခိုင်း တာပါ ဘုရား)၊ ဗြဟ္မာပြည် ရောက်ကြောင်း ကုသိုလ် (အာသဝကခိုင်းတာပါ ဘုရား)။

ဒါဖြင့် အာသဝကအကြောင်း၊ သူကအကျိုး မနေဘူး လား (နေပါတယ် ဘုရား)၊ စောစောစီးစီး အကျိုးပေးတွေ ဒကာ ဒကာမတို့ အာသဝ၏အကျိုးတွေကို သိရမယ်ဆိုတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် သာတောင့် တလုပ်တဲ့ ကုသိုလ်တွေသာ ဝမ်းထဲမှာ ပေါ်နေကြမယ်ဆိုရင် အဲ့ဒါ စောစောစီးစီး အာသဝထလို့ အကျိုးပေး ပေါ်တာ (မှန်ပါ့)။

ဘယ်လောက် ကြောက်စရာကောင်းတုံး (ကောင်းပါတယ် ဘုရား)၊ ဒီလို ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့ရှိရင် ခင်ဗျားတို့ ဒီအကျိုးပေးတွေပဲ မနက်မိုးလင်းရင် ဒီကုသိုလ်တွေပဲ ဝမ်းထဲ ရောက်နေမှာပဲ (မှန်ပါ့)။

ဒီကုသိုလ် တွေကလည်း ဘယ်သူ့ကြောင့် ရောက်ရတုံး (အာသဝကြောင့်ပါ ဘုရား)၊ အဲ-ဘယ်လောက်ဆိုးတုံး (ဆိုးပါတယ် ဘုရား)၊ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

သစ္စာသိပြီးသားမို့ ဟောလို့ဖြစ်တာ

ဒါ အင်မတန် ခု သစ္စာသိပြီးသား ပုဂ္ဂိုလ်မို့ ဟောလို့ ဖြစ်တာနော်၊ သစ္စာမသိသေးတဲ့ပုဂ္ဂိုလ် အာသဝနယ်ထဲပဲ သာမည ဆရာက ဟောပေးရမယ် (မှန်ပါ့)။

ဟောလို့ရှိရင်လည်း ဟောတဲ့ပုဂ္ဂိုလ် ညံ့နေတယ်၊ နာတဲ့ ပုဂ္ဂိုလ်လည်း ဗရချာ ရမ်းသွားပြီး သကာလ လည်ရုံပဲရှိမှာပဲ (မှန်ပါ့)၊ မလည်ပေဘူးလား (လည်ပါတယ် ဘုရား)၊ ကဲ-ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

လူ့ပြည်ရောက်ကြောင်း ကုသိုလ်၊ နတ်ပြည်ရောက် ကြောင်းကုသိုလ်၊ ဗြဟ္မာပြည် ရောက်ကြောင်း ကုသိုလ်ဟာ အာသဝ တည်းဟူသော အကြောင်းမပါပဲနဲ့၊ ဒီကုသိုလ်တွေဟာ ဝမ်းထဲ ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား)။

ဒါဖြင့် အာသဝ၏အကျိုးပေးကိုလည်း သိရမယ်ဆိုတဲ့ (လေး)နံပါတ်ဟာ၊ စောစော ရောက်လာတဲ့ ကုသိုလ်တွေ၊ ဘုံဘဝ တောင့်တလုပ်တဲ့ ကုသိုလ်တွေကို ဆိုတယ်နော် (မှန်ပါ့)။

အင်း-စောစောစီးစီး ဝိပဿနာကို အားထုတ်နေတာကို ဆိုတာမဟုတ်ဘူး (မှန်ပါ့)၊ စောစောစီးစီး ဝဋ်ကျွတ်ချင်တဲ့ ဉာဏ်ပေါ်နေတာကို ဆိုတာမဟုတ်ဘူး (မှန်ပါ့)၊ စောစော စီးစီး လျှာရှည်ပြီး သကာလ ဘုံဘဝတွေတောင့်တနေတဲ့ အိမ်ကို ကြည့်လိုက်လို့ရှိရင်ဖြင့် ဪ အာသဝတည်းဟူသော အကြောင်းကြောင့် သူဖြင့် ဒီအကျိုးပေး ကုသိုလ်တွေ လုပ်နေ ပါပေါ့လား၊ ဒီကုသိုလ်တွေ သူဝမ်းထဲ ရောက်နေပါပေါ့လားလို့ ခင်ဗျားတို့ အကုန် အကဲခတ်မိလိမ့်မယ် (မှန်ပါ့)။

သဘောပါကြပလား (ပါ ပါတယ် ဘုရား)၊ ကဲမောင်နိုင် ဒါများ မများ (များပါတယ် ဘုရား)၊ ဒါဘယ်သူ ကြောင့် ပေါ်လာတဲ့ အကျိုးတရားပါလိမ့် (အာသဝ ကြောင့် ပေါ်လာတဲ့အကျိုးတရားပါ ဘုရား)။

ဒါဖြင့် အာသဝကအကြောင်း၊ ဒီကုသိုလ်တွေလုပ်ဖြစ် တာက ဘာဆိုကြမလဲ (အကျိုးပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ဆရာကောင်း သမားကောင်းမတွေ့ရင် ခင်ဗျားတို့ ဗရချာရမ်းမယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါ ဆက္ကနိပါတ် အင်္ဂုတ္တိရ်လေးခုပဲ ဟောပါသေးတယ် (မှန်ပါ့)၊ လေးခုပဲ ဟောရသေးတယ် တစ်၊ နှစ်၊ သုံး၊ လေး၊ အာသဝကိုသိရမယ် (တစ်)နံပါတ် (မှန်ပါ့)။

အာသဝဖြစ်ကြောင်းသိရမယ် (နှစ်-နံပါတ်)၊ အာသဝ ထူးထူးခြားခြား၊ ထူးခြားပုံကို သိရမှာက (သုံး- နံပါတ်ပါ ဘုရား)။

အာသဝ၏ အကျိုးပေးသိရမယ် ((လေး)နံပါတ် ပါ ဘုရား)၊ ကိုင်း-ဒကာ ဒကာမတို့ မနက်နဲဘူးလား ကဲ (နက်နဲ ပါတယ် ဘုရား)၊ – ဒီလိုဥစ္စာက မောင်နိုင် သာမည အရေးကြီးသလား၊ အထူးပဲအရေးကြီးသလားဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)၊ (အထူးပဲအရေး ကြီးပါတယ် ဘုရား)။

အထူးပဲအရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေသိ ကြပလား (သိပါပြီ ဘုရား)၊ စောစောစီးစီး ကုသိုလ်လုပ်နေ တာတောင်မှ သစ္စာမသိတဲ့ပုဂ္ဂိုလ်များ လုပ်နေတာ အာသဝ ကြောင့် လုပ်နေတာကွ (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

လည်ဦးမှာပဲ (မှန်ပါ့)၊ လည်ပြီးမြုပ်ဦးမှာပဲ (မှန်ပါ့)၊ မြုပ်ပြီး ပရမ်းပတာ ဟိုဘက် သွားပြီး ပေါ်ဦးမယ် (မှန်ပါ့)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

၅။ အာသဝချုပ်ကြောင်း

ကိုင်း-ဒါဖြင့် ငါဘုရားသည် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းတို့သိအောင်လို့ဖြင့် ရှေ့က လေးခုပြခဲ့ပြီကွာတဲ့၊ အာသဝချုပ်ကြောင်း ငါဟောတော့မယ်၊ မောင်နိုင် ဘာဟော မတုံး (အာသဝချုပ်ကြောင်း ဟောမှာပါ ဘုရား)။

အဲ အာသဝချုပ်ကြောင်း၊ အာသဝချုပ် ကြောင်းဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့တဲ့ အဝိဇ္ဇာ ချုပ်မှ အာသဝချုပ်မယ် (မှန်ပါ့)၊ အဝိဇ္ဇာချုပ်မှ (အာသဝ ချုပ်မှာပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

အဝိဇ္ဇာချုပ်မှ အာသဝချုပ်မယ်

အဝိဇ္ဇာချုပ်မှ (အာသဝချုပ်မှာပါ ဘုရား)၊ အဲ အဝိဇ္ဇာချုပ်မှ အာသဝချုပ်မယ်လို့ သိရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါကြောင့် အဝိဇ္ဇာချုပ်မှ သော် သံသရာ စခန်းသတ်မှာပါလားဆိုတာလည်း ကောင်းကောင်း ကျေနပ် ကြပလား (ကျေနပ်ပါတယ် ဘုရား)။

အဝိဇ္ဇာ မချုပ်ရင် သံသရာစခန်းဟာ (မသတ်ပါ ဘူး ဘုရား)၊ မသတ်နိုင်ဘူးဆိုတာ ကောင်းကောင်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ခု (ငါး)နံပါတ်သိပြီ နော် (မှန်ပါ့)။ အဝိဇ္ဇာချုပ်မှ သံသရာ လည်မှု ရပ်စဲမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အဝိဇ္ဇာချုပ်မှ (သံသရာလည်မှု ရပ်စဲမှာပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

မောင်နိုင်တို့ ကိုမြင့်တို့ ဘယ်နှစ်ချက် နားလည်သွားတုံး (ငါးချက် နားလည်သွားပါပြီ ဘုရား)၊ ဆက္ကနိပါတ် ဆိုသောကြောင့် ခြောက်ခု ဟောရမှာဖြစ်သောကြောင့် ဒကာ ဒကာမတို့ ခြောက်ခု မြောက်ကို ဘုန်းကြီး ဟောတော့မယ်။

၆။ အာသဝတို့ချုပ်ရာချုပ်ကြောင်းအကျင့်

ဒါဖြင့်ကွာတဲ့ အဝိဇ္ဇာချုပ်လို့ အဝိဇ္ဇာချုပ်မှ သံသရာ စခန်း သတ်မယ်ဆိုတာတော့ဖြင့် သဘောကျပြီ၊ ဒကာ ဒကာမ တွေလည်း သဘောကျပြီ၊ ဘုရားဟောလို့ အာသဝတို့၏ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကိုလည်း မင်းတို့သိရဦးမယ် (မှန်ပါ့)။

ခြောက်ခုမြောက်က ဘာသိရမှာတုံး (အာသဝတို့ ၏ ချုပ်ရာချုပ်ကြောင်းအကျင့်ပါ ဘုရား)၊ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို မင်းတို့သိရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ချုပ်ရာချုပ်ကြောင်း အကျင့်ကတော့ဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူ့ လက်ကိုင်ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး၊ အာသဝချုပ်ရာချုပ်ကြောင်းအကျင့်က ဘယ်သူပါလိမ့် (မဂ္ဂင်ရှစ်ပါးပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ သံသရာမှာဖြင့် တပည့် တော်တို့ဘုရား လူလည်းမဖြစ်ချင်ဘူး၊ လူလည်းဒုက္ခသစ္စာ၊ နတ်လည်း ဒုက္ခသစ္စာ၊ အပါယ်ကလည်း ဒုက္ခသစ္စာ ဒီကုသိုလ် တွေကလည်း ဒုက္ခသစ္စာ ကျေးဇူးပြုမည့် ကုသိုလ်တွေ အာသ ဝေါတရား၏ အကျိုး တွေမို့ ဒါတွေများ အားကိုးစရာ ရှိရဲ့ လား (မရှိပါဘူး ဘုရား)။

အာသဝချုပ်မှနိဗ္ဗာန်

လူပြည်၊ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေက လည်း အာသဝေါတရား၏ အကျိုးကို ဟောထားတယ် (မှန်ပါ့)၊ ဒါ အာသဝချုပ်မှသာလျှင် နိဗ္ဗာန်ဆိုတာကော သဘော ကျပလား (ကျပါတယ် ဘုရား)။

အဲ-အာသဝ ချုပ်ချင်လို့ရှိရင်လည်း ချုပ်ရာချုပ်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂင်ဟာ မင်းတို့ သိထားပါဦး (မှန်ပါ့)၊ ဒါနဲ့ ကျင့်မှရမယ် (မှန်ပါ့)။

တစ်ခြားဟာနဲ့ကျင့်ရင် (မရပါဘူး)၊ ကဲ့ခေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ နေရာကျ ပလား (ကျပါတယ် ဘုရား)၊ ဘယ်နှစ်ချက် နားလည်သွားတုံး (ခြောက်ချက် နားလည်ပါတယ် ဘုရား)။

(တစ်)နံပါတ်က အာသဝသိရမယ် (မှန်ပါ့)။

(နှစ်)နံပါတ်က (အာသဝဖြစ်ကြောင်းသိရပါမယ်)၊ အာသဝဖြစ်ကြောင်းသိရမယ်။

(သုံး)နံပါတ်က အာသဝများပြားပုံကိုသိရမယ်။ (မှန်ပါ့)။

(လေး)နံပါတ်က အာသဝအကျိုးကို သိရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘုံဘဝ တောင့်တတဲ့ ကုသိုလ်တွေပေါ်လာတာ ဘယ်သူ့ကြောင့် ပေါ်လာတာတုံး (အာသဝကြောင့်ပါ ဘုရား)။

ဒါဖြင့် (ငါး) နံပါတ်ကအာသဝချုပ်တာကိုလည်း သိရမယ် ဆိုတော့ ဘယ်သူချုပ်မှ ချပ်တုံး (အဝိဇ္ဇာချုပ်မှပါ ဘုရား)။

မဂ္ဂင်နဲ့ကျင့်ရမယ်

ကောင်းပြီ၊ ခြောက်နံပါတ် အာသဝချုပ်ရာချုပ်ကြောင်း အကျင့်ဆိုတာ ဘာနဲ့ကျင့်ရမတုံး (မဂ္ဂင်ရှစ်ပါးနဲ့ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ နေ့တိုင်း ဆရာဘုန်းကြီးဟောနေ တာဟာ ဪ- ဘယ်သူ့ကို ဖြုတ်စေချင်လို့ ဒါတွေနဲ့ ရှုစမ်းပါကွ၊ လုပ်စမ်းပါကွလို့ ဆရာဘုန်းကြီးဟောတယ်ဆိုတဲ့ ဥစ္စာ၊ ခင်ဗျားတို့ ဘုရားဟောတော်မူတယ် ဆိုတာလည်း ခင်ဗျားတို့ သော်-အာသဝချုပ်စေချင်တာကိုး (မှန်ပါ့)။

မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘာချုပ်စေ ချင်တာတုံး (အာသဝချုပ်စေချင်လို့ပါ ဘုရား)၊ အဲအာသဝ ချုပ်စေချင်လို့ ဟောနေတယ်ဆိုတဲ့ဥစ္စာလည်း ခင်ဗျားတို့ ဝဲထဲမှာ အာသဝ တည်းဟူသော ဝဲက ခင်ဗျားတို့ လူခန္ဓာကိုယ် သစ်တုံးတွေကို လည်နိုင်သရွေ့ လည်ပြီး ရုပ်စုံကခိုင်းနေပါတယ် (မှန်ပါ့)။

ရုပ်စုံ က, ခိုင်းပြီး သကာလ အောက်ငရဲပို့ပြန်တယ် အာသဝကပဲပို့တာ (မှန်ပါ့)၊ နောက်တစ်ဖန် အဲဒီကနေ ပရမ်းပတာ တစ်ခါတည်း ဒကာ ဒကာမတို့ ဝဲစုပ်သွားတဲ့ သစ်ရွက် ကလေးဟာ၊ ပရမ်းပတာ လည်ထွက်သွားတယ် ဆိုတာလည်း၊ အောက် မြုပ်ပြီးတော့မှ ပရမ်းပတာပေါ်ချင်တဲ့ဆီ သွားမပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ဒီသုံးဆယ့်တစ်ဘုံထဲ ပေါ်ချင် တဲ့ဆီ သွားပြီး သကာလ လှည့်လိုက် တာတည်း သုံးဆယ့်တစ်ဘုံ၊ နောက်လည်း အပါယ်လေးပါးထဲ မြုပ်၊ မြုပ်ရာကနေပြီး ပြန်ပြီး ပရမ်း ပတာ ပေါ်လာပြန်တော့လည်း သုံးဆယ့်တစ်ဘုံ ဒုက္ခ သစ္စာထဲ ပြန်ရောက်။ (မှန်ပါ့)။

ကောင်းတာများ ပါသေးရဲ့လား (မပါ ပါဘူး) အဲဒီ ကဲ့သို့ ကောင်းတာမပါတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အာသဝမချုပ်သရွေ့ ဒီလိုပဲလှည့်ပေးပြီး သကာလ ပရမ်းပတာ လှည့်ပြီး ပရမ်းပတာ ပေါ်နေဦးမှာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘယ်လိုလုပ်ကြရမလဲဆိုတော့ အာသဝ ချုပ်အောင် လုပ်ရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

ချုပ်အောင် ဘယ်လိုကျင့်ရမလဲ

အာသဝချုပ်သွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လှည့်ပေးမဲ့ တရားရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် အာသဝချုပ်အောင် ဘယ်လိုကျင့်ရမှာတဲ့တုံး (မဂ္ဂင်ရှစ်ပါး) မဂ္ဂင်ရှစ်ပါးနဲ့ ခင်ဗျားတို့ ၏ ခန္ဓာကိုယ်ကို လက္ခဏာရေး သုံးပါးရှုရမှာပဲ (မှန်ပါ့)။

ဒါ မရှုလို့ရှိရင် အာသဝက ပြုံးကိုမပြုံဘူး (မှန်ပါ့)၊ ဖြူပါ့ မလား (မဖြူပါဘူး ဘုရား) ဒါဖြင့် ယနေ့ တရားမှာ ဒကာ ဒကာမတို့ ဪ အကွက်လည်း စေ့နေအောင် ဘုရားလည်း ဟောတော် မူပါပေတယ်။ လိုရင်းလည်း ဆိုက်ပါပေ တယ်ဆိုတာ ခင်ဗျား တို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

လိုရင်း မဆိုက်သေးဘူးလား (ဆိုက်ပါတယ် ဘုရား) လိုရင်းဆိုက်ပြီနော် (မှန်ပါ့) ဒါဖြင့် လိုရင်းဆိုက်ပေ မဲ့လည်း ဘုန်းကြီးက ဒီ ဒကာ ဒကာမတွေ ဆိုက်တယ် မထင်သေးတဲ့အတွက် လုပ်နည်းကိုပြမှပဲ ပိုဆိုက်မယ် (မှန်ပါ့) သဘောကျပ လား (ကျပါတယ် ဘုရား)။

အာသဝချုပ်အောင် ဘာနဲ့ကျင့်မယ်

အာသဝချုပ်မှ နိဗ္ဗာန်ကိုး (မှန်ပါ့) အာသဝချုပ်ရင် (နိဗ္ဗာန်ပါ ဘုရား) အဲဒီအာသဝ ချုပ်အောင် ဘာနဲ့ကျင့်မယ် (မဂ္ဂင် ရှစ်ပါးနဲ့ ကျင့်ရမှာပါ ဘုရား) မဂ္ဂင်ရှစ်ပါးဆိုတော့ (ခြောက်) နံပါတ်နဲ့ မကျင့်ရ ဘူးလား။ (ကျင့်ရပါတယ် ဘုရား)။

အဲ-(ခြောက်)နံပါတ်နဲ့ ကျင့်မှ အာသဝချုပ်မယ် (မှန်ပါ့) (ခြောက်)နံပါတ်နဲ့ မကျင့်ရင် အာသဝ မချုပ်ပါဘူး၊ အာသဝမချုပ်လို့ ရှိရင် ဒကာ ဒကာမတို့ ဟောဒီ အာသဝဟာ ဒီကုသိုလ်တွေချည့် လုပ်ခိုင်းနေမှာပဲ (မှန်ပါ့)။

ဘုံဘဝလည်တတ်တဲ့ ကုသိုလ်၊ ဘုံဘဝမြှုပ်တတ်တဲ့ ကုသိုလ် (မှန်ပါ့) မလုပ်ခိုင်းပေဘူးလား (လုပ်ခိုင်းမှာ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အာသဝချုပ်ရာပ်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂင်အလုပ်နဲ့ ခန္ဓာပေါ်မှာ မလုပ်သရွေ့ ကာလပတ်လုံး အာသဝတော့ ချုပ်မည်မဟုတ်ပါဘူး (မှန်ပါ့) သဘောကျပလား (ပါ ပါပြီ ဘုရား)။

အာသဝချုပ်ပါ့မလား (မချုပ်ပါဘူး ဘုရား) မဂ္ဂင် ရှစ်ပါးနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒုက္ခသစ္စာ မြင်အောင် မလုပ်သရွေ့ ကာလပတ်လုံး အာသဝ ဘယ်တော့မှ မချုပ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါးနှင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပေါ်မှာ ခန္ဓာကိုယ်ကို ဒုက္ခသစ္စာလို့ မသိသရွေ့ ကာလပတ်လုံး အာသဝ မချုပ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာကိုယ်ကို ဖြစ်ပျက် ဒုက္ခသစ္စာလို့မှ ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ရှိရင် အာသဝဟာ ဘယ့်နှယ်နေတုံး (မချုပ်သေးပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှင်းလို့ရှိရင် ဒကာ ဒကာမတို့ အလုပ်လုပ်ကြပါစို့လို့ ဆိုတဲ့တရားကိုဖြင့် ပြောရတော့မယ် (မှန်ပါ့)။

သစ္စာမသိအောင် ဖုံးထားတာ

ခန္ဓာကို ဒုက္ခသစ္စာလို့ သိသွားလို့ရှိရင်ဖြင့် ခန္ဓာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ မနေဘူးလား (နေပါတယ် ဘုရား) ဒီအာသဝက လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘူး ဘုရား) သူက အာသဝဆိုတဲ့ တရားက၊ အဝိဇ္ဇာအာသဝက သစ္စာ မသိအောင် ဖုံးထားတာကိုး (မှန်ပါ့)။

သစ္စာမသိအောင်ဖုံးထားတာကို ကျုပ်တို့က သစ္စာ သိတဲ့ အလုပ်လုပ်လိုက်တော့ ခုနက အဝိဇ္ဇာ အာသဝ ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

ချုပ်တော့ သူ့ကြောင့်သူက လှည့်ခိုင်းလို့ ပေါ် ရတဲ့ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ သူ့အစေခံ သုံးယောက်က သူမှမရှိပဲနဲ့ ရှိပါ့မလား (မရှိပါဘူး ဘုရား)။

သူ့အစေခံ သုံးယောက်မှ မရှိပဲနဲ့ အာသဝအပြား တွေကော ရှိပါ့မလား (မရှိပါဘူး ဘုရား) အဲ-ဘုံဘဝလည် စေတတ်တဲ့ ကုသိုလ်တွေကော ရှိပါ့မလား (မရှိပါဘူး)။

ဪ ဒါဖြင့် သူတို့နှစ်ခု အရေးကြီးဆုံးပဲ (မှန်ပါ့) အာသဝချုပ်တဲ့အကျင့်ဟာ အရေး အကြီးဆုံးပဲ (မှန်ပါ့) သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ဘာအရေးကြီးပါလိမ့် (အာသဝချုပ်ဖို့ အရေးကြီး ပါတယ် ဘုရား)

ကိုင်း-အာသဝချုပ်တဲ့အကျင့်က အလွန်အရေး ကြီးပါတယ် (မှန်ပါ့) အာသံဝက ဘယ်အန် မှာ ချုပ်မှာ တုံးလို့ မောင်နိုင်တို့ ကိုမြင့်တို့က မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) သစ္စာသိတဲ့အချိန်မှာ သူချုပ်ပါ မယ်တဲ့ (မှန်ပါ့) သဘောကျပလား (ပါ ပါတယ် ဘုရား)။

သစ္စာသိဖို့အရေးကြီးတယ်

ဘယ်အချိန် သူချုပ်မယ်လို့ပြောတုံး (သစ္စာသိတဲ့ အချိန် ချုပ်မှာပါ ဘုရား) သော် ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာ မသိသရွေ့ အာသဝမချုပ်သေး (မှန်ပါ့)။

မချုပ်သေးသရွေ့ ကျုပ်တို့သည် ဝဲထဲနေတဲ့ သစ်တုံး သစ်ရွက်လိုပဲ (မှန်ပါ့) ပရမ်းပတာ လည်ပြီး ပရမ်းပတာ မြှုပ်၊ ပရမ်းပတာသွားပေါ် ပေါ်ချင်တဲ့ဆီ (မှန်ပါ့) ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပေါ်မှာ ဘာသိဖို့ အရေးကြီးပါတုံး (သစ္စာသိဖို့ အရေးကြီးပါတယ် ဘုရား) အဲ ခန္ဓာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ့) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

အင်း ဒါဖြင့် အာသဝသေတယ်ဆိုတဲ့ အတိုင်း အာသဝ သေလို့ရှိရင်ဖြင့်တဲ့ အာသဝက္ခယံ – အာသဝေါတရား တို့၏ ကုန်ရာဟာ နိဗ္ဗာန် (မှန်ပါ့)။

သူကုန်တဲ့နေရာ နိဗ္ဗာန်ပေါ့ (မှန်ပါ့)၊ သူမကုန်တဲ့ နေရာ (နိဗ္ဗာန်မရောက်ပါဘူး ဘုရား) သဘော ပါပလား (ပါ ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ (တစ်)လည်း သိပါပြီ (နှစ်)လည်း သိပါရပြီ၊ (သုံး)ကော (သိပါပြီ ဘုရား) (လေး)ကော (သိပါပြီ ဘုရား)။

ဒီကုသိုလ်က ဘယ်သူ့သတ္တိတွေလဲ

ဒါကြောင့် ဒီကုသိုလ်တွေဟာ ဘယ်သူ့သတ္တိတွေ ဆိုတာ လေးလေးနက်နက်မှတ်တာပေါ့ (မှန်ပါ့) ဘုံဘဝကို တောင့်တလုပ်တဲ့ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝ တောင့်တ လုပ်တဲ့ ကုသိုလ်ဟာ အာသဝရဲ့ အကျိုးတွေပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်သူ၏ အကျိုးတွေပါတုံး အာသဝ၏ (အကျိုးတွေပါ ဘုရား) ကိုင်း-ခင်ဗျားတို့ကဖြင့် အင်း-မင်းကတော့ကွာ နောက်ဘဝ ကောင်းစားဦးမပေါ့။ အင်း ကောင်းစား လိမ့်မယ်။

နောက်ဘဝ ကောင်းစားရေးလုပ်တာဟူသရွေ့ အာသဝကြောင့် လုပ်ဖြစ်တာချည့်ပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား) နောက်ဘဝ ကောင်းစားရေး လုပ်တာဟူသရွေ့ (အာသဝ ကြောင့်ပါ ဘုရား) အာသဝက အကြောင်း၊ ကောင်းစားရေး ကုသိုလ်တွေက (အကျိုးပါ ဘုရား)။

ကဲ-မောင်နိုင် အသေအချာပေါ်ပြီကွ (ပေါ်ပါပြီ ဘုရား) ဆက္ကနိပါတ် အင်္ဂုတ္တိုရ် နိဗ္ဗေဓိက သုတ်မှာ သေသေ ချာချာ ဘုရားဟောတဲ့အတွက် ဘုန်းကြီးက ရှင်းရှင်း လင်းလင်း ပြောပေးနေတယ် (မှန်ပါ့) သဘောပါပလား (ပါ ပါတယ် ဘုရား)။

ကဲ ခင်ဗျားတို့ ဒီနားမျိုးနဲ့ ဒီဉာဏ်မျိုးရတာကိုပဲ မောင်နိုင် တော်တော်ကို ရင့်လာလို့ရတာ (မှန်ပါ့) ရနိုင်စရာ အကြောင်းကို ရှိပါ့မလား (မရှိပါဘူး ဘုရား)။

ကုသိုလ်ဆို မကောင်းတာ ဘယ်ရှိမတုံးကွ ပိတ်ငြင်းတဲ့ လူက တစ်ပုံကြီးရှိသေးတယ် (မှန်ပါ့) ကုသိုလ်ဟူသရွေ့ ဒါ ကုသိုလ်ပါလို့ဆိုတာ ဘယ်မကောင်းတာ ရှိမလဲ ဟော ပိတ်ငြင်းတဲ့ လူကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကုသိုလ်ဆိုတာ ကောင်းတာချည့်ပေါ့ကွ၊ ဘုံဘဝကို ဖြစ်စေတတ်တဲ့ ကုသိုလ်ဟူသရွေ့၊ အာသဝကြောင့် ဖြစ်တဲ့ အကျိုးတရားလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုံဘဝတောင့်တတဲ့ကုသိုလ်

ဘုံဘဝ တောင့်တလုပ်တဲ့ ကုသိုလ်တွေ ဝမ်းထဲများ ပြည့်နေမယ်ဆိုရင် ဒါ ဘယ်သူ့ကြောင့် ဖြစ်တာတုံး (အာသဝ ကြောင့်ပါ ဘုရား)။

ဒါဖြင့် ဒါ အာသဝကြောင့်လုပ်တဲ့ ကုသိုလ်ဖြင့် သူဘုံဘဝ တွေ ဒုက္ခသစ္စာတွေ ပေါ် မပေါ် (ပေါ်ပါတယ် ဘုရား) ပေါ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်မှာ နိဗ္ဗာန် ပေါ်တာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ပေါ်တာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား) ဒါကြောင့်တဲ့ ဘာလေးလှူလှူ၊ ဘာလေး တန်းတန်း၊ ခင်ဗျားတို့ အာသဝေါတရားကုန်ရာသာ ရောက်ရ ပါလို၏လုပ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာလေးလှူလှူ ဘာလေးတန်းတန်း (အာသ ဝေါ တရားကုန်ရာသာ ရောက်ရပါ၏ ဘုရား) အဲဒါလည်း ဆုတောင်းတာပဲ ရှိသေးတယ်၊ ကုန်အောင်လုပ်တဲ့ အလုပ်က မဂ္ဂင်ရှစ်ပါးနဲ့ လုပ်မှရမှာ (မှန်ပါ့) အဲဒါဆုတောင်း တဲ့အလုပ်က ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆုတောင်းနဲ့တော့မရဘူး

ဆုတောင်းနဲ့တော့ မရပါဘူး၊ ကြက်မကြီး တွန်နေလို့ ကြက်ဥတွေက အလိုလိုပေါက်မှာလား (မပေါက်ပါဘူး ဘုရား)။ သူက ဝပ်ရဦးမှာ (မှန်ပါ့) ကြက်ငွေ့ တွေပေးရ ဦးမယ် မဟုတ်လား (မှန်ပါ့)။

အင်း-အထဲမှာရှိတဲ့ ကြက်ဥထဲမှာရှိတဲ့ အင်း ကိုယ့် ကိုယ်ငွေ့နဲ့ ဝပ်ပေးမှသာလျှင်၊ ဟိုထဲမှာရှိတဲ့ အရည်တွေခန်းပြီး ကြက်ကောင်လေးတွေဖြစ်ပြီး အပြင်ဘက်ထွက်နိုင်တာ (မှန်ပါ့) မဝပ်ပဲနဲ့ ရတယ်လို့ ထုံးစံရှိရဲ့ လား (မရှိပါဘူး ဘုရား)။

အဲ့ဒါ ဘုရားကလည်း မဟောဘူးလား (ဟောပါ တယ် ဘုရား) အပြင်ဘက်က နေ ငါ့ကြက် ကလေးတွေ ပေါက်ပါ စေလို့ ကြက်မကြီးကလည်း မေတ္တာပို့နေလို့ရော ကြက်ဥ ကလေးတွေ မပေါက်ဘူးတဲ့ (မှန်ပါ့)။

သူဥထားတဲ့ ပေါက်ပါ့မလား (မပေါက်ပါဘူး ဘုရား) အဲ့ဒီ အတိုင်းပါပဲ၊ ဒကာ ဒကာမတို့ လုပ်ဦးမှရမယ် (မှန်ပါ့) ဘယ်လိုဟောပါလိမ့် (လုပ်ဦးမှ ရမှာပါ ဘုရား)။

ကဲ လုပ်ကြပါစို့တဲ့၊ ဒကာ ဒကာမတို့ ဒါ သိမ်းလိုက်ပါ ပြီနော် ခန္ဓာကို ဒုက္ခသစ္စာသိဖို့ အရေးကြီးတယ် (မှန်ပါ့) ခန္ဓာကို ဘာသစ္စာသိဖို့ (ဒုက္ခသစ္စာသိဖို့ အရေးကြီး ပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာကို သိပါပြီ၊ ဒကာ ဒကာမတို့ မဂ္ဂသစ္စာ ပေါ့ဗျာ (မှန်ပါ့) ကိုင်း-ဒီဘက်က မဂ္ဂသစ္စာထား၊ ဒီက ခန္ဓာငါးပါး၊ ဒီက ခန္ဓာငါးပါးထားတာပေါ့၊ ဒကာ ဒကာမတွေ သိပြီးသားအတိုင်းနော် (မှန်ပါ့)။

ဝေဒနာကိုဖြစ်ပျက်ရှု

အဲဒီတော့ ခင်ဗျားတို့ကို ဖြစ်ပျက်ရှုခိုင်းတယ် ဘုန်းကြီး ကနော် (မှန်ပါ့) ဒီက ရုပ်တရားကို ဖြစ်ပျက်ရှု၊ ဒကာ ဒကာမတို့ ဝေဒနာကို ဖြစ်ပျက်ရှု၊ ရှုချင်တာရှု၊ ခန္ဓာပဲ မကျဘူးလား (ကျပါတယ် ဘုရား) ဒါ ခန္ဓာငါးပါးကိုး။

တစ်ပါးပါး ဖြစ်ပျက်ရှုလို့ရှိရင် ခန္ဓာပေါ် ခန္ဓာထဲရှုရာ မရောက်ဘူးလား (ရောက်ပါတယ်) ရောက်တော့ ဒီဖြစ်လိုက် ပျက်လိုက်၊ ဝေဒနာလေးပေါ်လိုက် ဖြစ်လိုက် ပျက်လိုက်၊ စိတ် ကလေး ပေါ်လာ (ဖြစ်လိုက်၊ ပျက်လိုက်ပါ ဘုရား)။

အင်း ရုပ်ကလေးတွေက ကွေးလိုက် ဆန့်လိုက်လို့ရှိရင် ဖြင့် ဒကာ ဒကာမတွေသိတဲ့အတိုင်း အင်း-ထောက်ကန်လို့ ထောက်ကန်တဲ့ ရုပ်တွေပျက်ပြီး သကာလ လှုပ်ရှားတဲ့ရုပ်တွေ ပေါ်ချင် ပေါ်လာတယ် (မှန်ပါ့)။

ရုပ်တရားကိုဖြစ်ပျက်ရှု

လှုပ်ရှားတဲ့ရုပ်တွေ ပျောက်ပြီး အင်း တောင့်တင်းတဲ့ ရုပ်တွေကော (ပေါ်ပါတယ် ဘုရား) အင်း ဒါတွေလည်း ဖြစ်လိုက်၊ ပျက်လိုက် မနေဘူးလား (နေပါတယ် ဘုရား) အဲဒီ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်ပြန်ပြီ ပျက်ပြန်ပြီ ဖြစ်ပြန်ပြီ၊ ပျက်ပြန်ပြီလို့ ဟောဒီ မဂ္ဂင်နဲ့ ကြိုက်တာကိုရှု တစ်ခုခုကို (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြိုက်တာကို တစ်ခုခုရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ဝေဒနာ ကြိုက်ရင် ဝေဒနာကိုရှု၊ ကြိုက်တာရှု၊ တစ်ခုရှု အကုန်ပါမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့မှ ဪ မိမိ ခန္ဓာကြီးဟာ ဒါ မိမိဉာဏ်ပေါ့ဗျာ မိမိမဂ္ဂင် မိမိဉာဏ်နဲ့ မိမိခန္ဓာ ကြည့်လိုက်တော့မှ ဒကာ ဒကာမတွေ ခဏ ခဏ အင်းဖြစ်လိုက် ပျက်လိုက်၊ ဝေဒနာကြည့်လည်း ဖြစ်လိုက် ပျက်လိုက်၊ အင်း-သုခ ကြည့်လိုက်ပြန် ဖြစ်လိုက် ပျက်လိုက်၊ ဒုက္ခကြည့် လိုက်ပြန် (ဖြစ်လိုက် ပျက်လိုက်ပါ ဘုရား)။

မိမိခန္ဓာမဟုတ်၊ ဖြစ်ပြီးပျက်နေတာ

ဥပေက္ခာလေး ကြည့်လိုက် (ဖြစ်လိုက်ပျက်လိုက်ပါ ဘုရား) ဪ မိမိခန္ဓာလား အောက်မေ့တယ် မိမိခန္ဓာ မဟုတ်ပါလား၊ သူဟာ သူ့သဘောနဲ့သူ ဖြစ်ပြီး ပျက်နေတာပါလား (မှန်ပါ့)။

ဒီလိုမြင်ရမယ် (မှန်ပါ့) တစ်ခြားစီ ကြည့်ရမယ် (မှန်ပါ့) ကြည့်တဲ့လူက ဉာဏ်ကတစ်ခြား (မှန်ပါ့) ခန္ဓာက တစ်ခြား (မှန်ပါ့) တစ်ခြားစီမြင်ရမယ် (မှန်ပါ့)။

အကြည့်ခံနေတာက ဖြစ်တာပျက်တာပဲရှိရမယ် (မှန်ပါ့) ကြည့်ဉာဏ်ကလည်း ဖြစ်တာ ပျက်တာကိုပဲ မြင်နေ ရမယ် (မှန်ပါ့)။

ဒါဖြင့် ဪ-ဒါက ကြည့်တာက ဉာဏ်ဓမ္မ၊ တစ်ခြား ဉာဏ်ဦးစီးတဲ့ ဓမ္မကတစ်ခြား (မှန်ပါ့) အကြည့်ခံရတာက ခန္ဓာဓမ္မက တစ်ခြား (မှန်ပါ့) အကြည့်ခံရတာက ဘာဓမ္မ (ခန္ဓာဓမ္မပါ ဘုရား)။

အင်း-ကြည့်တဲ့ ဓမ္မက ဉာဏ်ဓမ္မ (မှန်ပါ့) ခန္ဓာ ဓမ္မကို ဉာဏ်ဓမ္မနဲ့ကြည့်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာ၏သဘောကို ဉာဏ်သဘောနဲ့ကြည့်

ခန္ဓာ ဓမ္မကို (ဉာဏ်ဓမ္မနဲ့ကြည့်ရမှာပါ ဘုရား) ခန္ဓာ၏ သဘောကို ဉာဏ်သဘောနဲ့ကြည့်ပါ (မှန်ပါ့) သဘောပါ ကြပလား (ပါပါတယ် ဘုရား) ဘယ်လိုသိကြမယ် (ခန္ဓာ၏ သဘောကို ဉာဏ် သဘော နဲ့ကြည့်ရမှာပါ ဘုရား)။

ခန္ဓာ၏ သဘောကို ဉာဏ်သဘောနဲ့ ကြည့်ပေးပါတဲ့၊ ခန္ဓာ၏ သဘောကို ဉာဏ်သဘောနဲ့ ကြည့်ပေးလိုက်တဲ့ အခါကျတော့ ခန္ဓာက ကိုယ့်ခန္ဓာမဟုတ်တဲ့အတွက် ဒုက္ခသစ္စာသာ ဖြစ်နေတဲ့ အတွက် သူဘာမှ ပြောလေ့မရှိဘူး၊ ဒုက္ခသစ္စာသာပဲ ပြောမယ် (မှန်ပါ့)။

ခန္ဓာသဘောက ဘာပြောပါလိမ့် (ဒုက္ခသစ္စာသာ ပြောပါတယ် ဘုရား) ဉာဏ်သဘောက ဘယ်လိုများ သိပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ ဪ ဖြစ်ပြီးပျက်နေတဲ့ဥစ္စာ ဒုက္ခသစ္စာပဲလို့ သိမနေပေဘူးလား (သိပါတယ် ဘုရား)။

ခန္ဓာသဘောက ဒုက္ခသစ္စာ

သိနေတော့ ခန္ဓာသဘောက ဒုက္ခသစ္စာ ဟုတ်လား (မှန်ပါ့) ခန္ဓာပင်ကို သဘောက (ဒုက္ခသစ္စာပါ ဘုရား)

ဉာဏ်၏ ထိုးထွင်းမှု သဘောကလည်းတဲ့ ခု ဆရာ ပေးထားတဲ့ မျက်လုံး ဘုရားပေးထားတဲ့ မျက်လုံးနဲ့ မဂ္ဂင်ရှစ်ပါး သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ မျက်မှန်တပ်ပြီး သမ္မာဒိဋ္ဌိ မျက်လုံးဖြင့် ကြည့် လိုက်ပြီဆိုမှဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ပဲ ဉာဏ် သဘောက သိတယ် (မှန်ပါ့)။

မသိဘူးလား (သိပါတယ် ဘုရား) ဒါဖြင့် အသိ သမားက တစ်ယောက် (မှန်ပါ့) သဘော ကျပလား (ကျပါ တယ် ဘုရား) အသိခံရတဲ့ ဓမ္မက (တစ်ယောက်ပါ ဘုရား) အသိသဘောက တစ်ခြားနော် (မှန်ပါ့) အသိခံဓမ္မက တစ်ခြား (မှန်ပါ့)။

ဒီသဘောနဲ့ ဒီသဘောဟာ တစ်ခြားစီထားပါ (မှန်ပါ့)။ သူကသိတတ်တာပဲ ပဓာနထားပါ (မှန်ပါ့) သူက သူ့ပင်ကိုသဘောကို ဒုက္ခသဘောကို ဒုက္ခပြောတတ်တာက သူ့ပင်ကိုသဘော (မှန်ပါ့)။

ဒုက္ခရှိလည်း ဒုက္ခသဘောပြောတာက ခန္ဓာသဘော၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒုက္ခရှိရင် ဒုက္ခတွေ ထုတ်ပြနေတာက (ခန္ဓာသဘောပါ ဘုရား)။

ဉာဏ်သဘောကတော့

ဉာဏ် ဓမ္မက မင်းဘာပြောမလဲ၊ မင်းသဘောကို ငါ အမှန်သိအောင် စောင့်ကြည့်မယ်လို့ ဆိုတာက ဘယ်သူ့ သဘောတုံး (ဉာဏ်သဘောပါ ဘုရား) ဉာဏ်သဘောက အမှန်သိအောင် စောင့်ကြည့်တာ (မှန်ပါ့)။

ခန္ဓာသဘောက သူ့ရှိတာပြောတာ (မှန်ပါ့) ခန္ဓာက ရှိတာပြော၊ သူ့ရှိတာ သူပြောတာ (မှန်ပါ့) သူ့ရှိတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အင်း-ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ (မှန်ပါ့) ဒီသစ္စာပဲ သူပြောလေ့ရှိတယ် (မှန်ပါ့) ဉာဏ် သဘောက မင်းပြောချင်တာပြောစမ်း၊ ကြည့်စမ်းမယ်ဆိုပြီး ကြည့်တဲ့သဘောက ဉာဏ်၏ သဘော (မှန်ပါ့)။

အဲဒီကဲ့သို့ ဒီလို သိသွားတဲ့အခါကျတော့ ဪ သူက ဒုက္ခသစ္စာ၊ သူ့သဘောက ဒုက္ခသစ္စာ ဟုတ်လား (မှန်ပါ့) အင်း ဉာဏ်၏ ပင်ကိုက ထိုးထွင်းမှုကတော့ သူ့မှာ နဂို ဉာဏ်တုန်း ကတော့ဖြင့် ခုလို သစ္စာမသိတဲ့ဉာဏ်တရားတွေ နာနေရ အားထုတ်နေတုန်းကတော့ဖြင့် ဒါ လူပဲ နတ်ပဲ ဖြစ်နေ တာပေါ့ကွာ (မှန်ပါ့)။

ခန္ဓာငါးပါးဟာ လူပဲ နတ်ပဲ မဖြစ်ဘူးလား (ဖြစ်ပါ တယ်)။ ခု သေသေချာချာ စဉ်းစားတော့ ဉာဏ်သဘော ဆရာ ဘုန်းကြီးက ပေးပေးလာတဲ့အခါကျတော့ ဒီဉာဏ်က ကလျာဏ မိတ္တ သူတော်ကောင်းနဲ့ ပေါင်းသင်းလို့ရတဲ့ ဉာဏ်ဖြစ်ပြီး သကာလ နေသောကြောင့် ဒီဉာဏ်ကတော့ဖြင့် လူ့သဘောကို မသိဘူး၊ ဒုက္ခသစ္စာ သဘောသာ သိတယ် (မှန်ပါ့)။

ဉာဏ်က ဘာသိပါလိမ့်

ဒီဉာဏ်က ဘာသိပါလိမ့် (ဒုက္ခသစ္စာသဘော သာ သိပါတယ် ဘုရား) ခန္ဓာက ဘာပြောတုံး (ဒုက္ခ ပြောပါ တယ် ဘုရား) အင်း ဆရာသမား အကူအညီနဲ့ ရထား တဲ့ဉာဏ်က ဘာကိုသိတုံး (ဒုက္ခသစ္စာ သိပါတယ် ဘုရား)။

ဒုက္ခသစ္စာကို သိတော့။ သူက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ အဲဒီကျတော့မှ ခုနကတဲ့ ဒီကြားထဲမှာ ကာမာသဝက လည်း ဒီခန္ဓာကြီးလိုချင် သေးလား (မလိုချင်ပါဘူး ဘုရား) ဘဝါသဝ ကလည်း ဒီခန္ဓာကြီးနဲ့ ပျော်သေးလား (မပျော်ပါ ဘူး ဘုရား)။

အဝိဇ္ဇာသဝကလည်း ဒီခန္ဓာကြီးကို သူ့ ဒုက္ခသစ္စာ သိထား တော့ ငါ့ကိုယ် ငါ့ဟာလို့ ယူအောင် ဖုံးထားသေးလား (မပါဘူး) ဒါဖြင့် အာသဝေါတရားတွေက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အာသဝေါတရားတွေချုပ်တယ်

အာသဝေါတရားတွေ သစ္စာကိုသိတဲ့အတွက် အဝိဇ္ဇာ ပါ ရောချုပ်တယ် (မှန်ပါ့) ခေါင်းဆောင်လဲ ချုပ် နောက်လိုက်တွေကော (ချုပ်ပါတယ် ဘုရား)။

ခေါင်းဆောင်က အဝိဇ္ဇာ၊ နောက်လိုက်က ကာမာသဝ၊ ဘဝါသဝ အဝိဇ္ဇာသဝ (မှန်ပါ့) မချုပ်သေးဘူးလား (ချုပ်ပါ တယ် ဘုရား) ထိုကဲ့သို့ ချုပ်သွားတဲ့ အခါကျတော့ ဒီ အာသဝေါ တရား ကုန်တာကို ဘာခေါ်ကြမလဲ (နိဗ္ဗာန် ပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အာသဝေါတရားကုန်တာကို (နိဗ္ဗာန်ပါ ဘုရား) အဲ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ မြင်လို့ရှိရင် အာသဝေါတရား ကုန်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား)။

အာသဝေါ တရားကုန်တော့ ဒီခန္ဓာကြီးကတော့ ရှိနေ မှာပဲ (မှန်ပါ့) ရှိပင်ရှိငြားသော်လည်း ကိလေသာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကြီး သူရနေတယ် (မှန်ပါ့)။

ခန္ဓာရှိပေမယ့် ကိလေသာချုပ်နေတယ်

ခန္ဓာကတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ပရိနိဗ္ဗာန် စံမှပဲ ခန္ဓာက ပျောက်မယ် (မှန်ပါ့) ခန္ဓာရှိပေမယ့် ကိလေသာ ချုပ်နေတဲ့ ဘုရားကိုယ်တော်ကြီးလို ဖြစ်နေတယ် (မှန်ပါ့)။

ဘုရားက ခန္ဓာတော့ မရှိဘူးလား (ရှိပါတယ် ဘုရား)။ အာသဝေါတရားကတော့ (ကုန်ပါတယ် ဘုရား) အဲ-သူ့ဉာဏ်နဲ့ သူ့ခန္ဓာတော့ သူကြည့်တာပဲတဲ့ အာသဝေါ ကတော့ ရှိကိုမရှိဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ခန္ဓာကြီးနဲ့တော့ ဆွမ်းဘုန်းပေးလိုက်၊ သွားလိုက်၊ လာလိုက်၊ သင်္ကန်းရုံလိုက်၊ တန်ခိုးပြလိုက် ရှိတာ ပါပဲတဲ့ သဘော ကျပလား (ကျပါတယ် ဘုရား)။

အာသဝေါကတော့ ဘယ့်နှယ်နေတုံး (ကုန်ပါ တယ် ဘုရား) အဲ-သစ္စာသိလို့ ဒါက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ကုန်တာက အာသဝေါတရား (မှန်ပါ့) မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။

ပထမမဂ်ရရင်

မဂ်လေးတန်ရရင် အာသဝေါကုန်တာပဲ (မှန်ပါ့) ပထမမဂ် ရမယ်ဆိုရင် ဒိဋ္ဌာသဝကုန်မှာပဲ၊ ကာမာသဝ လေးပိုင်းတစ်ပိုင်း ကုန်မှာပဲ၊ အဝိဇ္ဇာသဝ လေးပိုင်းတစ်ပိုင်းကုန်မှာပဲ။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒိဋ္ဌာသဝကတော့ဖြင့် စင်းလုံးချော ကုန်တယ်လို့ မှတ် လိုက်ပါတော့ (မှန်ပါ့)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ လုပ်တတ်ပါသလား (လုပ်တတ်ပါပြီ ဘုရား) ဒုက္ခသစ္စာသိအောင် ဖြစ်ပျက်က ဒုက္ခ သစ္စာပဲလို့သာ (မှန်ပါ့) ရှုလိုက်လို့ရှိရင်ဖြင့် ရှုဉာဏ်က မဂ္ဂသစ္စာ ဖြစ်ပြီး ကုန်တာက ဘာလာဖြစ်တုံး (အာသဝေါပါ ဘုရား)။

ဒီအတိုင်းအားထုတ်ပါ

အာသဝေါသည် ကုန်တာက အာသဝ၊ ကုန်တဲ့နေရာ အစားထိုးတာက အာသဝချုပ်တဲ့ နိဗ္ဗာန် (မှန်ပါ့) ကုန်တာက (အာသဝပါ ဘုရား) ကုန်တဲ့နေရာ အစားထိုးတာက (နိဗ္ဗာန် ပါ ဘုရား)။

အဲ-နိဗ္ဗာန်ကလည်း အာသဝချုပ်ရာမကျသေးဘူးလား (ကျပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) ဒီအတိုင်း အားထုတ်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။