178

ဒီတစ်လုပ်တည်းနဲ့ ကိစ္စပြီးတယ် (ဥတ္တရလုလင်)

အသံဖိုင်ခေါင်းစဉ်= ဥတ္တရလုလင်ဥပမာပြ ဝိပဿနာအားထုတ်နည်းတရားတော်

စာအုပ်ခေါင်းစဉ်= ဒီတစ်လုပ်တည်းနဲ့ ကိစ္စပြီးတယ် (ဥတ္တရလုလင်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဝိပဿနာအားထုတ်ဆဲပုဂ္ဂိုလ်များအတွက်

ဒီတစ်လုပ်တည်းနဲ့ ကိစ္စပြီးတယ်

(ဥတ္တရလုလင်)

(၁၀-၁၂-၅၉)

ပါဠိတော်ကိုတဲ့ ဒီနေ့ အင်္ဂုတ္တိုရ်က ပြောင်းပြီး ဥပရိပဏ္ဏာသ ပါဠိတော် ဆိုတာ ဥပရိ က-အထက်ပိုင်း၊ ပဏ္ဏာသက သုတ်ပေါင်းငါးဆယ်ကို ဝေဖန်ပြီး သကာလ မြတ်စွာဘုရား ပညတ်ပြီး သကာလ ဟောတော်မူတာတဲ့။

အဲဒီ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ဝိပဿနာ ယောဂီ ပုဂ္ဂိုလ်တို့ အားထုတ်နည်း အကျဉ်းချုပ် ပြတာ အင်မတန် အဖိုးတန်တယ်လို့ ဆိုတာ မှတ်ထားရမယ်နော် (မှန်ပါ့)။

ဝိပဿနာလုပ်ဆဲပုဂ္ဂိုလ်များအတွက်

ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်များ၊ အကျဉ်းချုပ်ကွာ ဒီကနေ ထိုင်ပြီး အားထုတ် လိုက်မယ် ဆိုလို့ ရှိရင်ဖြင့် ကွာတဲ့၊ မကြာ ပါဘူးတဲ့ နိဗ္ဗာန် မဂ်ဖိုလ်ဆိုတဲ့ ဥစ္စာဟာ မရောက် မရှိပါဘူး။ ငါ အကျဉ်းချုပ် ဟောပါမယ် ဆိုပြီး သကာလ၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝိပဿနာ အကျဉ်းချုပ် ဟောတဲ့နေရာဌာန ဒကာ ဒကာမတွေ ဝိပဿနာ အလုပ် လုပ်စ ပုဂ္ဂိုလ်များ၊ လုပ်ဆဲ ပုဂ္ဂိုလ်များ နောင်ကို အထက် တက်ချင်တယ် ဆိုတဲ့ ပုဂ္ဂိုလ်များ ဒီတစ်လုပ်ထဲနဲ့ပဲ ကိစ္စပြီးပါတယ်လို့ ဘုရားက တာဝန်ခံတယ် (မှန်ပါ့)။

အဲဒါကြောင့် အထူးဂရုစိုက်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ မနေ့က ပြောခဲ့တာ မှတ်ပြီး သကာလ ေဩာ် ဖြစ်ပျက်မတွေ့သေး ဘုရားမပွင့်သေးပါလား (မှန်ပါ့)။

မနေ့ကစကားကလေး (မှန်ပါ့)၊ ဖြစ်ပျက်မတွေ့ သေးလို့ ကိုယ့်သန္တာန်မဆိုက်သေးဘူးပေါ့ဗျာ (မှန်ပါ့)။

ဖြစ်ပျက်အလုပ်သည်လိုရင်းအလုပ်

အဲဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းဟာဖြင့်၊ ဝိပဿနာ ဖြစ်ပျက် အလုပ်ဟာဖြင့်၊ ဒါ လိုရင်း အလုပ်ကို ဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ကို ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ် ကလေးလည်း မပါပဲနဲ့လည်း ဟောလို့မဖြစ်လို့၊ ပဋိစ္စသမုပ္ပါဒ် လမ်းခင်းပြီး သကာလ၊ ဒကာ ဒကာမတွေ ရှေ့ပိုင်းက နားထောင်ပါဦးတဲ့။

ကိုယ့်သန္တာန်ဖြစ်တဲ့ ဖြစ်စဉ် သိပြီးမှ ကိုယ်ရှုတဲ့ဉာဏ်နဲ့ တည့်အောင်လို့၊ ယနေ့ သေသေ ချာချာပဲ ဒကာ ဒကာမတွေ မရှုတတ် မရှိရအောင်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟော တာကို၊ ပဋိစ္စသမုပ္ပါဒ် ရှေ့ပိုင်းက နေပြီးတော့မှ ဝိပဿနာ အကျဉ်းချုပ်ကို ဒီလို ရှုရတယ် ဆိုတာ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟောတဲ့ အတွက်၊ ဒကာ ဒကာမတွေ အလွန်ကျေးဇူး များမဲ့ အဖြစ်ကို ဒီဟာကို ထုတ်လာသည်လို့ မှတ်ကြစမ်းပါနော် (မှန်ပါ့)။

ဒကာ ဒကာမတွေမှာ မျက်လုံးရှိတယ် (မှန်ပါ့) မသေခင် မျက်လုံးဆိုတဲ့ မျက်လုံး ရုပ်ကလေးက ရှိတယ်။ ဒီမျက်လုံး ကလေးက မဖွင့်ပဲနဲ့လည်း မနေနိုင်ဘူး၊ မပိတ်ပဲလည်း မနေနိုင်ဘူး။ မောင်နိုင်တို့ ကိုမြင့်တို့ ဒီအတိုင်းပေါ့နော် (မှန်ပါ့)

မဖွင့်ပဲ၊ မပိတ်ပဲ နေလို့ရကြရဲ့လား (မရပါဘူး ဘုရား) မရတော့ မျက်လုံးဆိုတာ ဖွင့်လိုက်လို့ ရှိရင်ဖြင့် တစ်ခုခုသော ပစ္စည်းနဲ့တော့ တည့်ရတော့မှာ (မှန်ပါ့)။

မျက်လုံးဖွင့်လိုက်ရင်

မတည့်ပေဘူးလား (တည့်ပါတယ် ဘုရား) မျက်လုံး ဖွင့်လိုက်ရင် တစ်ခုခုသောပစ္စည်းနဲ့ မတည့်ပါနဲ့ ဆိုလို့ မရဘူး (မရပါဘူး ဘုရား)။

ကျောက်ကုန်သည်တွေဆိုလို့ရှိရင်လည်း ကျောက်နဲ့ တည့်မှာပဲ (မှန်ပါ့) တမင်တကာ တွင်းလုပ်ပြီး သကာလ အဖက်လုပ်ပြီး သကာလ စားကြတဲ့ ပုဂ္ဂိုလ်တွေ မှန်လို့ရှိရင်လည်း အနီးအနား ကျောက်တွေ၊ အင်း ကျောက်ကြီးတွေ၊ အင်း မြေတွေ ဖြုန်းတွေနဲ့ဟာ မျက်လုံးဖွင့်လိုက်ရင် ဒါကတော့ တည့်ရတော့မှာ (မှန်ပါ့)။

မတည့်ရဘူးလား (တည့်ရပါတယ် ဘုရား) တည့်ရ တဲ့အခါကျတော့ မျက်လုံးဖွင့်တယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ တစ်ခုခုနဲ့ တည့်တော့ကို ဘယ်လို ဖြစ်တတ်ပါတုံး ဆိုတော့၊ ဒီက ဥပမာ ကျောက်ကုန်သည်မို့ ကျောက်ကလေး တစ်ခုထားတာပေါ့။

ဒီကျောက် ကလေးကို သူက ကျောက် ကုန်သည် တစ်ယောက်က ဟောဒါ ကျောက် ကုန်သည်၏ မျက်လုံးလို့ မောင်နိုင်တို့က မှတ်တာပေါ့၊ ကိုမြင့်တို့က မှတ်တာပေါ့။ (မှန်ပါ့)။

မြင်စိတ်

ကျောက်ကုန်သည်၏ မျက်လုံးနဲ့ ကျောက်နဲ့ဖြင့်တဲ့ မျက်စိ ဖွင့်လိုက်လို့ ရှိရင် တည့်သွားပြီ (မှန်ပါ့) တည့်သွား တယ် ဆိုလို့ရှိရင်ဖြင့် ေဩာ် ဒီမျက်လုံးနဲ့ တည့်လိုက်ရင်ပဲ နောက်က ဘာပေါ် လာတုန်းလို့ မေးလို့ ရှိရင်ဖြင့် မြင်တယ် ဆိုတဲ့ စိတ်ကလေးက ဒကာ ဒကာမတို့ ဒါက မျက်လုံးရုပ်၊ မြင်တယ် ဆိုတဲ့ စိတ်ကလေးက နောက်က ပေါ်လာတယ် (မှန်ပါ့)။

မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား) ကျောက်ကုန်သည်နဲ့ မျက်လုံးနဲ့ တည့်လိုက်ရင် ဘာပေါ်လာတုံး (မြင်စိတ် ပေါ်လာပါတယ် ဘုရား) မြင်တယ် ဆိုတဲ့ စိတ်ပေါ်လာတယ်လို့ မှတ်လိုက် ပါတော့ (မှန်ပါ့)။

ေဩာ် ကျောက်ကုန်သည်သည် မျက်လုံး ဖွင့်လိုက်လို့ ရှိရင်ဖြင့် မြင်တဲ့ စိတ်ကလေး ဟာဖြင့် တစ်၊ တစ်က = ကျောက်၊ နှစ်က= မျက်လုံး၊ သုံးက = မြင်တဲ့စိတ် ပေါ်လာတယ် (မှန်ပါ့)။

တစ်က ဘာပါလိမ့် (ကျောက်ပါ ဘုရား)၊ နှစ်ကဘာပါလိမ့် (မျက်လုံးပါ ဘုရား)၊ သုံးက ဘာပါလိမ့် (မြင်တဲ့ စိတ်ပါ ဘုရား)၊ မြင်တဲ့ စိတ်ကလေး ပေါ်လာတယ်နော်။

မြင်တဲ့စိတ်ကလေး ပေါ်လာတယ်တဲ့ ဒါပဌာန်းနည်းတွေ အသာထားလိုက်ပါဦးတော့ ဒကာ ဒကာမတွေ အစဉ်သိအောင် လို့သာ ဒီလို ဖွင့်လိုက်ပါတယ်။ ဒီလို ပြောလိုက်ပါတယ်။

လိုချင်တာရယ်

အဲတော့၊ ဒီမြင်တဲ့ စိတ်ကလေး ပေါ်လာလို့ ရှိရင်ဖြင့်၊ မြင်ပြီး – သူဒီအတိုင်း နေတော့လားလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့်၊ မြင်လို့ရှိရင် သူတစ်ခုခုတော့ ဖြစ်ရတော့မယ် (မှန်ပါ့)။

ဖြစ်ရတော့မယ်၊ မြင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လိုချင် ရင်လည်း လာမယ် (မှန်ပါ့)၊ မြင်ရင် (လိုချင်လာမှာပါ ဘုရား)၊ လိုချင်ရင်လည်း လာမယ်နော် (မှန်ပါ့)။

မလိုချင်တာရယ်

မြင်ပါရဲ့ မလိုချင်ရင်လည်း (လာပါတယ် ဘုရား)။ ဪ မြင်တယ် ဒီအထည် ကိုယ့်မှာ အစပ် မရှိလို့ရှိရင် လည်း ဈေးကလည်း မြင့်နေမယ်၊ အစပ်ကလည်း မရှိဘူး ဆိုလို့ ရှိရင်ဖြင့်၊ ကြိုက်ကျောက်လည်း မဟုတ်ဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သန္တာန်၌ မလိုချင် ပေါ်ပါတယ် (မှန်ပါ့)။

မြင်ပြီး သကာလ လိုချင်တာရင်လည်း ပေါ်တယ် ဒီနေရာ က (မှန်ပါ့)၊ လေးနံပါတ်ကနော် (မှန်ပါ့)၊ မြင်ပြီး သကာလ မလိုချင်ရင်လည်း (ပေါ်ပါတယ် ဘုရား)။

ေဩာ် မျက်လုံးပေါက်ထဲမှာ မြင်ပြီး သကာလ လိုတာ ရင်လည်း ပေါ်တတ်တယ်။ တစ်ခါတလေ ကျတော့ ဒီမြင်တာလေး မလိုချင်တာလေး ပေါ်တတ်တယ်၊ နှစ်ခု ရှိသွားပြီ (မှန်ပါ့)။

အင်း သုံးနံပါတ်က လာပြလို့ ကြည့်လိုက်တာပဲ ဆိုပြီး သကာလ လိုချင်မှု၊ မလိုချင်မှု ဪ ဒါသည် လာပြလို့ ကြည့်လိုက်တာပဲ ဆိုတော့ ကြည့်ကာမျှ မတ္တကော မလာဘူးလား (လာပါတယ် ဘုရား)။

အားနာပါးနာ ကြည့်လိုက်တဲ့ အကြည့်လေးကော မရှိဘူး လား (ရှိပါတယ် ဘုရား)။ ရှိတော့ ဒီဥစ္စာက လိုချင်တာလား လို့ဆိုတော့ မဟုတ်ဘူး၊ မလိုချင်တာလား ဆိုတော့လည်း (မဟုတ်ပါဘူး ဘုရား)။

လိုချင်မှုမလိုချင်မှု ကင်းတာရယ်

အားနာပါးနာ ပြလာလို့ ကြည့်လိုက်တာပဲ ရှိတာပဲဆို တော့ ဪ ဒါဖြင့် လိုချင်မှု၊ မလိုချင်မှု ကင်းတဲ့ သဘော လေးကော တစ်ခါတစ်ရံ ဖြစ်တယ် (မှန်ပါ့)၊ ဘယ်နှစ်မျိုးဖြစ် သွားတုံး (သုံးမျိုး ဖြစ်သွားပါတယ် ဘုရား)။

ကျောက်မြင်လို့ လိုချင်မှုက တစ်ခါတလေဖြစ်တယ်နော် (မှန်ပါ့)၊ မျက်လုံးပေါက် တစ်ပေါက် တည်း ကနော် (မှန်ပါ့)။

တစ်ခါတစ်လေ ကျတော့လည်း ကျောက်မြင်လိုက် ကတည်းကိုကပဲ မလိုချင်မှု မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ တစ်ခါတလေ ကျလာတဲ့ ကျတော့လည်း လိုချင်မှု၊ မလိုချင်မှုမှ ကင်းတာ လေးကော (ပေါ်ပါတယ် ဘုရား)။

သုံးမျိုးပေါ်နိုင်တယ်

ဒါဖြင့် ဒီနေရာမှာ သုံးခု ပေါ်တဲ့နေရာ (မှန်ပါ)။ တစ်၊ နှစ်၊ သုံး၊ လေးနံပါတ်မှာ သုံးမျိုး ပေါ်နိုင်တယ် (မှန်ပါ့)။ လေးနံပါတ်မှာ ဘယ်နှစ်မျိုး ပေါ်တုံး (သုံးမျိုး ပေါ်ပါတယ် ဘုရား)။

သေချာမှတ်ပါ၊ သေချာမှတ်ပါ၊ ပြီးတော့မှ ဝတ္ထုထုတ်ပြီး သကာလ ပြပါမယ်။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာလေးဟာဖြင့် လိုချင်မှု ပေါ်နိုင်တဲ့ နေရာကော (ဟုတ်ပါတယ် ဘုရား)။ လိုချင်မှု၊ မလိုချင်မှုကင်းတဲ့ သဘောလေး ပေါ်တဲ့နေရာကော (ဟုတ်ပါတယ် ဘုရား)။

ဒါမှတစ်ပါး ဒကာ ဒကာမတွေ သန္တာန်ပေါ်စရာမရှိဘူး (မရှိပါဘူး) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ တစ်၊ နှစ်၊ သုံး၊ လေး၊ လေးမှာ ဘယ်နှစ်မျိုး ပေါ်နိုင်တုံး (သုံးမျိုး ပေါ်နိုင်ပါတယ် ဘုရား)။ ဒါက ကျောက် ကုန်သည် ဟောသဖြင့် အားလုံးသော ပုဂ္ဂိုလ်တို့လည်း ကိုယ်ဆိုင် ရာ ပစ္စည်း အပေါ်မှာ ဒီအတိုင်းပဲ နေကြမှာပဲ (မှန်ပါ့)။ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဘယ်နှစ်မျိုး ပေါ်နိုင်ပါတုံး (သုံးမျိုး ပေါ်နိုင်ပါတယ် ဘုရား)။ လိုချင်မှုဆိုတဲ့ သဘောလေးလဲ ပေါ်တယ်။ မလိုချင်မှု ဆိုတဲ့ သဘော လေးကော (ပေါ်ပါတယ် ဘုရား)။

လိုချင်မှု၊ မလိုချင်မှု ကင်းတဲ့ သဘောလေးကော (ပေါ်ပါတယ် ဘုရား)။ ဒီနေရာ ဘယ်နှစ်မျိုး ပါလိမ့် (သုံးမျိုး ပါ ဘုရား)။

မှတ်ထားပါ၊ မှတ်ထားပါ၊ မှတ်ထားပါတဲ့ ကိုင်း ဒါဖြင့် ဒီနေရာလေးဟာ သုံးမျိုး ပေါ်နိုင်တဲ့ နေရာလေးကို ဒကာ ဒကာမတွေက ရှင်းလင်းသွားပြီဆိုတာကော ကိုမြင့်တို့ မောင်နိုင်တို့ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဒီနေရာ ဘယ်နှယ်မျိုး ပေါ်ပါလိမ့် (သုံးမျိုးပေါ်ပါ တယ် ဘုရား)။ ကောင်းပြီ၊ ဒါမပေါ်ပါနဲ့လို့ ဆိုလို့လည်း မရဘူး (မရပါဘူး) ပေါ်ပါလို့ ဆိုလို့လည်း မရဘူး (မရပါဘူး)။

မျက်စိဖွင့်ရင် တစ်မျိုးမျိုးပေါ်ရမယ်

မျက်လုံးဖွင့်တဲ့ ပုဂ္ဂိုလ်များဖြင့် ဒီဥစ္စာ မလွဲသာ မရှောင်သာ တဲ့ သုံးမျိုး ပေါ်ရမှာပဲ (မှန်ပါ့)။ တစ်ခုခုတော့ဖြင့် မပေါ်ပါနဲ့ ဆိုလို့ (မရပါဘူး)။

ဪ ဒါဘယ်ပစ္စည်းမျိုး ကြည့်ကြည့် အားလုံး ဒကာ ဒကာမတို့ ဒီသုံးမျိုး တစ်ခုခုတော့ဖြင့် ဒကာ ဒကာမတွေ သန္တာန် မပေါ်ပါနဲ့ဆိုလို့ မရတဲ့ တရားသုံးမျိုး (မှန်ပါ့)။

သုံးမျိုးစလုံး ပေါ်တယ် လို့တော့ မဆိုနဲ့ တစ်ခုခုတော့ ပေါ် ရမယ် (မှန်ပါ့)။ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။ သုံးမျိုး စလုံး ပေါ်နိုင်သလား တစ်ခုခု ပေါ်သလား (တစ်ခုခု ပေါ်ပါတယ် ဘုရား)။

လိုချင်ရင်တဏှာ

တစ်ခုခုတော့ ပေါ်ရတော့မယ် (မှန်ပါ့)။ ကောင်းပြီ ဒါဖြင့် တစ်နံပါတ် ပြောလိုက်မယ် လိုချင်မှု ပေါ်လာတယ် ဆိုတော့ တဏှာပဲ ထားလိုက်ပါတော့ (မှန်ပါ့)။ လိုချင်မှု ပေါ်လာတော့ (တဏှာပါ ဘုရား)။

ေဩာ် တဏှာက နေပြီး ပဋိစ္စသမုပ္ပါဒ် ဆက်လိုက်တဲ့ အခါကျတော့ တဏှာပြီးတော့ ဥပါဒါန် (မှန်ပါ့)။ လာမှာပဲ (လာမှာပါ ဘုရား)။ မလာပါနဲ့ ဆိုလို့ (မရပါဘူး ဘုရား)။

ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား)။ ဟော ကံလာ ပြီ (မှန်ပါ့)။ ဪ ဒီနေရာက နေပြီး ဆက်တာကိုး ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။

ဒီနေရာကနေပြီး သကာလ ဆက်တာကိုး ဒါမပေါ်ပါနဲ့ ဆိုလို့မရ၊ ဒီကနေပြီးသကာလလည်း ဥပါဒါန်တို့၊ ကံတို့ ဆိုတာကလည်း လာရတဲ့နေရာပဲဆိုတာ ဒကာ ဒကာမတွေ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။ ရှင်းပြီ။

တဏှာပြီး ဥပါဒါန်၊ ဥပါဒါန်ပြီး ကံလာတာပဲ။ ဒါဖြင့် ဒီလို မှတ်လိုက်ပါဦးလား ဒကာ ဒကာမတို့ ရှင်းသထက် ရှင်းအောင် သော် ဒီနေရာဟာ တော်တော်အရေးကြီးတဲ့ နေရာပါလားဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

သံသရာဆက်တာ ဘယ်နေရာကလဲ

ဪ တို့သံသရာဆက်တာ ဘယ်နေရာကပါလိမ့် မတုံးလို့ အားလုံး ဒကာ ဒကာမတွေ လက်သည် ရှာလို့ရှိရင် လေး(၄)က ဆက်တယ် (မှန်ပါ့)။ ဘယ်က စဆက်တုံး (လေးက စဆက် ပါတယ် ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လေးက စဆက်တယ် ဆိုတော့ ရှင်းပါပြီ၊ ဒါက လိုချင်မှု ပေါ်လို့ လိုချင်မှုတဏှာ သဘော ကျပလား (ကျပါတယ် ဘုရား)။

တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)။ ဥပါဒါနပစ္စယာ (ကမ္မဘဝ)။ ကမ္မဘဝေါ ဆိုတော့ ေဩာ် ဒီလိုပါလား။

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာဆက်တဲ့ နေရာသည် တစ်၊ နှစ်၊ သုံး၊ လေး၊ လေးက စတယ် (မှန်ပါ့)။ လေးက စတယ်။ လေးက ဘယ်နှယ်ကြောင့် စသတုန်း ဆိုတော့ ဥပါဒါန် မရှိပဲနဲ့ ကံမရှိပဲနဲ့ ဒီအတိုင်း ဒကာ ဒကာမတွေ သိတဲ့အတိုင်း နောက်ဘဝ ကမ္မဘဝ ပစ္စယာ ဇာတိဆိုတာ မပေါ်နိုင်ဘူး (မပေါ်နိုင်ပါဘူး ဘုရား)။

စွဲလန်းရင်ဥပါဒါန်

ဇာတိ မရှိပဲနဲ့လည်း ဇရာ မရဏဆိုတဲ့ နှစ်ခုဟာကော (မရှိပါဘူး) မပေါ်နိုင်ပါဘူး။ ဪ ဒါဖြင့် ဒါက ဒို့ ကျောက် ကုန်သည် လိုချင်တဲ့ သဘောလေး၊ လိုချင်တဲ့ သဘောလေးက နေပြီး သကာလ ဒီကျောက် ကလေး မရ ရအောင်တော့ ကြိုးစားမှ ပဲ၊ ဘယ်လို လှည့်ပတ်ပြီး ဘယ်လို ပြောမှပဲ၊ ဘယ် လောက် ဈေးကလေး ပေးမှပဲဆိုတဲ့၊ ဥစ္စာ စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် အသံတွေ အမျိုးမျိုး ထွက်ပြီး သကာလ မလာဘူးလား (လာပါတယ် ဘုရား)။

အသံတွေ အမျိုးမျိုး ထွက်ပြီး လာတာကတော့ ကာယကံ နဲ့ အင်း သွားလိုက်၊ ကြည့်လိုက်၊ အမျိုးမျိုး အဖုံဖုံ ဟိုလှည့်ကြည့် ဒီလှည့်ကြည့် ဆိုတဲ့ ကာယကံတွေကတော့ မလာဘူးလား (လာပါတယ် ဘုရား)။

ဝစီကံလည်း ဒီလောက်တော့ တော်လောက်ပြီ ထင်တယ် ဆိုတဲ့ ဝစီဘေဒသဒ္ဒ ကလေး ကလည်း မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

မနောကံလေးကလည်း မနောကံကလည်း ကြံလျက် စီလျက်ပဲ၊ ဒါ သူဒီလောက် ဆိုရင်တော့ သူဘယ်နည်းနဲ့ မဆိုဖြုတ်မှာပဲ ဆိုတဲ့ မနောကံ ကြံလုံးကလည်း ပါသေးတယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။

အားထုတ်တော့ ကံမြောက်ပြီ

အံမလေး ဒကာ ဒကာမတို့ ဒီနေရာ ကံသုံးမျိုး ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။ ကံ ဘယ်နှစ်မျိုးဖြစ်တုံး (ကံသုံးမျိုးဖြစ်ပါတယ် ဘုရား)။

ေဩာ် ဘယ်နှယ်ကြောင့် ဒီကံတွေ ဒီလောက်များ – ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ၊ လေးဟာလည်း ဒကာ ဒကာမတို့သည် လေးမှာက သံသရာ ဆက်ဖို့ အစ ဖော်လိုက်တဲ့ အတွက် (မှန်ပါ့)။

လေးနံပါတ်မှာ သံသရာအစ ပေါ်လာတယ် (မှန်ပါ့)။ လေးနံပါတ်မှာ ဘာပေါ်တုံး (သံသရာအစ ပေါ်လာပါတယ် ဘုရား)။ သံသရာ အစ ပေါ်လာတယ်။ သဘော ကျပလား (ကျပါတယ် ဘုရား)။

သံသရာအစ ပေါ်လာတယ်လို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ သံသရာအစ အဝိဇ္ဇာ၊ တဏှာကကိုး (မှန်ပါ့)။ သဘော ကျပလား (ကျပါတယ် ဘုရား)။

သံသရာအစ အဝိဇ္ဇာ တဏှာက

သံသရာအစ (အဝိဇ္ဇာ တဏှာကပါ ဘုရား)။ အဲဒီမှာ လိုချင်တဲ့ဥစ္စာ လိုချင်တာသည် သိလို့ လိုချင်တာလား မသိလို့ လိုချင်တာလားလို့ မေးလို့ရှိရင် ဘယ်နဲ့ ဖြေပါမတုံ (မသိလို့ လိုချင်တာပါ ဘုရား)။

ဒါကြောင့် ဒီလောဘနဲ့ အဝိဇ္ဇာနဲ့ဟာ တွဲရက်ကြီးလို့ မှတ်ပါ (မှန်ပါ့)။ ဒီမှာ သံသရာအစ ပေါ်လာပြီ (မှန်ပါ့)။ ဟေ့ ဦးခန့်ကြီးတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ရှင်းပြီနော်။

ဒီက သံသရာအစ ပေါ်လာတော့ သံသရာ ရောက်ကြောင်း နှစ်ခုဟာလည်း မောင်နိုင် မလာပါနဲ့ ဆိုလို့ (မရပါဘူး ဘုရား)။

ဒီက အဝိဇ္ဇာတဏှာ၊ ဒီကဥပါဒါန် အင်း ဒီက ကာယကံ၊ ဝစီကံ၊ မနောကံ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဥစ္စာဖြင့် ဒကာ ဒကာမတွေ ဒီဘက် ကိုကတော့ သေမှ ရောက်မှာ (မှန်ပါ့)။ ယခုဒီဘဝ ကျောက် တစ်လုံး တွေ့လိုက်တယ်ဆို ဒီသံသရာ အစလည်း ပေါ်ပြီ သံသရာ အစ အကြောင်း သုံးခု ပေါ်လာတယ် (မှန်ပါ့)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သံသရာအစ အကြောင်းသုံးခု (ပေါ်လာပါတယ် ဘုရား) ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝပါ ဘုရား)။

တဏှာထဲမှလည်း အဝိဇ္ဇာပါတယ် (ပါပါတယ် ဘုရား) ဒါကြောင့် သံသရာ အစ ဒီကလို့ ပြောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျောက်ကုန်သည်ဘာအပြစ်ရှိသတုံး

ေဩာ် ဒီလိုဆရာသမားတွေနဲ့ ဆုံးမသွန်သင်ပေးမဲ့ ပုဂ္ဂိုလ် မရှိလို့ ရှိရင်ဖြင့်၊ တို့ ကျောက် ကုန်သည် လုပ်နေတာလား၊ သံသရာ ဒုက္ခရှာနေတာလားလို့ မေးဖို့ လိုလာတယ် (မှန်ပါ့)။

ဘယ်လို အဖြေထုတ်ကြမတုံး (သံသရာ ဒုက္ခရှာ နေတာပါ ဘုရား)။ ဇာတိ ပိ ဒုက္ခ (မှန်ပါ့)။ ဇရာ ပိ (ဒုက္ခပါ ဘုရား)။ မရဏမ္ပိ ဒုက္ခပါ ဘုရား)။

ဒါ ဒီကံမလုပ်ပဲနဲ့ ဒါရပါ့မလား (မရပါဘူး ဘုရား)။ ဒီကံဟာ ဒီဥပါဒါန် မစွဲလန်းပဲနဲ့ ဒီကံပေါ်ပါ့ မလား (မပေါ် ပါဘူး ဘုရား)။

ဒီ သံသရာမစပ်နဲ့ ဒီဟာတွေ လာပါ့မလား (မလာ ပါဘူး ဘုရား)။ ေဩာ် ကျောက်ကုန်သည် လည်း လုပ်ရတာ ဘုရား ဒီပြင်ကုန်နဲ့ စာရင် အတော် အပြစ်ကင်းပါတယ်လို့ ဒကာ ဒကာမတွေ ပြောချင် ပြောကြမယ် (မှန်ပါ့)။ ပြောချင်လည်း ပြောကြမှာပဲ (မှန်ပါ့)။

ဘာပြုလို့တုံးဆိုတော့ ခြင်းတောင်းထမ်းပြီး သကာလ မသွားရတာက တစ်ကြောင်း၊ သိပ်ငြင်းဆို နေရတာလည်း မထွက် ရတာလည်း တစ်ကြောင်း၊ ကုန်က သေးငယ်တာလည်း တစ်ကြောင်း ဆိုတော့ အသက်မွေး ဝမ်းကြောင်းတော့ တော်သေးရဲ့ လို့ မောင်နိုင်တို့ ဆိုချင် ဆိုမှာပါ (ဆိုမှာပါ ဘုရား)။ ကိုမြင့် တို့ကော (ဆိုမှာပါ ဘုရား)။

ဆိုပင်ဆိုငြား သော်လည်း ဒီဥစ္စာက အဘိဓမ္မာ ဒေသနာ တော်ဖြစ်နေတော့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ကလည်း ဘုရား မပွင့်လည်း ရှိတာပဲ (မှန်ပါ့)။ ဘုရား ပွင့်ရင်ကော (ရှိပါ တယ် ဘုရား)။ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဘုရားမပွင့်လည်း ခင်ဗျားတို့ မျက်လုံးနဲ့ ခင်ဗျားတို့ ဒီအတန်းက နေပြီး ကြည့်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားမပွင့်လည်း ဒီအတန်းကြီးက (ရှိပါတယ် ဘုရား) အဲမနေ့က တရားအတိုင်း မှတ်ပါတဲ့၊ ဒါလည်း ဓမ္မနိယာမ တရား (မှန်ပါ့)။

ဘုရားပွင့်လည်းရှိ၊ ဘုရား မပွင့်လည်း (ရှိပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။ ဒါဖြင့် သံသရာ ဖြတ်ချင်လို့ ရှိရင်ဖြင့် သံသရာအစ အဝိဇ္ဇာ တဏှာက ဆိုတဲ့ သဘော ဟာလည်း အားလုံး ဒကာ ဒကာမတွေ ရှင်းပါပြီ။ (ရှင်းပါပြီ ဘုရား)။

သံသရာဖြတ်ချင်ရင် အဝိဇ္ဇာ တဏှာ ဖြုတ်ရမယ် (မှန်ပါ့)။ မဖြုတ် ရဘူးလား (ဖြုတ်ရမှာပါ ဘုရား)။ ကိုင်း ဒကာ ဒကာမတို့ ယနေ့ဝတ္ထု မထုတ်သေးပါဘူးတဲ့။ ခင်ဗျားတို့ မျက်လုံး ထဲမှာပင် တရားဟော နေပါတယ်။ မျက်လုံးဖြစ်စဉ် ကိုက် တရား ဟောနေပါတယ် ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ကျေနပ်ပါပြီ။

အဲဒီတော့ အခုလာတာ ဆရာဘုန်းကြီးနဲ့ ကြုံလို့ မောင်နိုင်တို့ ကိုမြင့်တို့ ကောင်းကောင်းမွန်မွန် သိကြရမယ်နော် (မှန်ပါ့)။

ဘာအပြစ်မှမရှိဘူးလို့ထင်ကြတယ်

ဒီလိုမသိတဲ့ ပုဂ္ဂိုလ်တွေ မြို့ထဲရွာထဲမှာ ဖြစ်စေ၊ တစ်နိုင်ငံ လုံးမှာဖြစ်စေ၊ တစ်ကမ္ဘာလုံးမှာ ဖြစ်စေ ဟာ ဖြင့် ဘာအပြစ်ရှိတုံး လို့ ပြောကြမှာပဲ (မှန်ပါ့)။

မပြောကြဘူးလား (ပြောမှာပါ ဘုရား) ဘာအပြစ်မှ မရှိဘူးလို့ထင်တယ် (မှန်ပါ့)။ ဘာအပြစ်မှ မရှိဘူးလို့ ထင်တာက အဝိဇ္ဇာနဲ့ တဏှာက ဒီနေရာ ပေါ်နေတယ် (မှန်ပါ့)။

ကံတွေက၊ အဟောသိကံဖြစ်မှာလား

ဒီ ဥပါဒါန်ကကော (ပေါ်နေပါတယ် ဘုရား)။ ဒီ ကာယကံ၊ ဝစီကံ၊ မနောကံ ကကော (ပေါ်နေပါတယ် ဘုရား)။

ပေါ်ပြီး သကာလ နေတော့ ဒီကံတွေဟာ အဟောသိကံ ဖြစ်ရတော့မှာလားလို့ မေးတော့ ဒကာ ဒကာမတို့ ဝိပဿနာ ဉာဏ် မဂ်ဉာဏ် မပါရင် ဘယ်တော့မှမဖြစ်ဘူး (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဝိပဿနာဉာဏ် မဂ်ဉာဏ်မပါရင် (မဖြစ်ပါဘူး ဘုရား)။ မဖြစ်တော့ ဟောဒီနေရာမှာ သေလိုက် ဒကာ ဒကာမတွေ စုတိစိတ် ကျလိုက် ဒီကြားထဲ (မှန်ပါ့)။

ကံပြီးတော့ကော ကံကုန်လို့ သေလိုက်ပြန်တော့ မောင်နိုင် (မှန်ပါ့)။ ဘာလာမယ် ထင်တုံး (ဇာတိပဲ လာမှာပါ ဘုရား)။

ဇာတိ၊ ဇရာ၊ မရဏ လာတယ် ဆိုတော့ ဒီသုံးခုက ဘာသစ္စာတုံး မေးပြန်တော့ (ဒုက္ခသစ္စာပါ ဘုရား)။ အို ဟုတ်သားပဲ ဒကာ ဒကာမတွေက ဟောဒီသုံးခုက သမုဒယ သစ္စာ (မှန်ပါ့)၊ သံသရာ အစကလည်း သမုဒယကပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဥပါဒါန်ကလည်း သမုဒယပဲ (မှန်ပါ့)။ ကံကလည်း (သမုဒယပါ ဘုရား)။ သမုဒယ ဆိုတာ ဒုက္ခဖြစ်ကြောင်း ဟူူသရွေ့ သမုဒယချည့် မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်းဟူူသရွေ့ (သမုဒယချည့်ပါ ဘုရား) အဲ ခင်ဗျားတို့ လောဘ တစ်လုံးထဲလို့ မှတ်မထား နဲ့နော် (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်းဟူသရွေ့ သမုဒယ

လောဘတစ်လုံးထဲက သမုဒယလို့ မမှတ်လိုက်ပါနဲ့။ ဒုက္ခဖြစ်ကြောင်း ဟူူသရွေ့ ဘာဆို (သမုဒယပါ ဘုရား)။

ဒါဖြင့် ကျောက်ကုန်သည်မှာ ဖြစ်စေ၊ ဈေးသည်မှာ ဖြစ်စေ အမျိုးမျိုး သားနဲ့ သားသမီး ဆွေမျိုး ညာတကာတွေ မျက်လုံး ဖွင့်လိုက်လို့ ကြည့်လိုက်တဲ့ အခါဖြစ်စေ သမုဒယ သုံးခုက တန်းပေါ်တယ် (မှန်ပါ့)။

သေသည် အခြားမဲ့၌ ဒုက္ခသုံးခုကို ရှောင်ချင် လွဲချင် ပါတယ် ဆိုလို့တော့ မရတော့ဘူး (မရတော့ပါဘူး ဘုရား)။ ရပါမလား (မရတော့ပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမပွင့်လည်း ဒီ ပဋိစ္စ သမုပ္ပါဒ်က ဒီအတိုင်းပဲ (မှန်ပါ့)၊ ဘုရား ပွင့်လည်း (ဒီအတိုင်းပါ ဘုရား)။

ဒီနေ့ ခပ်စိပ်စိပ်နဲ့ ဒကာ ဒကာမတွေ ဝိပဿနာ အလွယ်ဆုံးနည်းနဲ့လည်း ပထမတည်းက စကားချီခဲ့ ပါတယ်။ ဟော မလို့ သို့သော်လည်း ကိုယ့်အဖြစ်ဆိုးကြီးကို အရင်ပြ နေပါတယ်လို့၊ ပယ်စရာကို အရင်ပြနေတယ်လို့ မှတ်ပါ (မှန်ပါ့)။

ဪ ကိုယ့်သန္တာန် ဒီလို အဖြစ်ဆိုးကြီးဟာဖြင့် မျက်လုံး ဖွင့်လိုက်ရင် အခက်ကြီးပါလား ဆိုတာ သိသွားပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ ဘုရား)။

ကောင်းပြီ ဒါမျက်လုံးဖွင့်လိုက်လို့နော် (မှန်ပါ့)။ မလာပါနဲ့ဆိုလို့လည်း (မရပါဘူး ဘုရား)။ မရဘူးတဲ့ မရ တာ ဘယ်နဲ့ကြောင့် မရတုံးလို့ မေးတဲ့အခါကျတော့ ဓမ္မနိယာမ တာ၊ ဓမ္မထိတတာ၊ ဓမ္မ၏ သဘောအတိုင်း ဖြစ်နေတာ (မှန်ပါ့)။

မလာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား) ဒီကနေ မြင် တယ်ဆိုလို့ရှိရင့်ဖြင့် လိုချင်တာရင်လည်း လာမယ်နော် (မှန်ပါ့)။ မလိုချင်တာ လာပြန်တယ်လို့ ပြန်စကြပါဦးစို့။

ခုနက ဒါလိုချင်တာ သဘောကျသွားပလား (မှန်ပါ့)။

ဒီကကျောက်ကလေး ဒီကမျက်လုံးမြင်တယ်၊ ဒီက မျက်လုံးက ဒီကျောက်ကိုမြင်တော့ အင်း ဒီကျောက်ကို မြင်တဲ့ မျက်လုံးနဲ့ ထိပ်တိုက်လိုက်တဲ့ အခါ ဒီမှာ မြင်တဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)။ မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

မြင်ပေမဲ့လည်း ကိုယ့်မှာ အစပ်လည်း မရှိဘူး၊ ကျောက်ကလည်း အနာအဆာတွေ များလိုက် တာနဲ့ စကားသာ ရှည်နေ တာ မလိုချင်ပါဘူး (မှန်ပါ့)။ မလာဘူးလား (လာပါတယ် ဘုရား)။

မလိုချင်တာက ဒေါသ

အင်း မလိုချင်တဲ့ ဒေါသလေးက (လာပါတယ် ဘုရား) အလိုမကျမှုလေး၊ ဒေါသလေး မလာဘူးလား (လာပါတယ်)။

ဒေါသလာတာနဲ့ ဒေါသဆိုတာ မသိလို့ဖြစ်တာ ဖြစ် သောကြောင့် အဝိဇ္ဇာ တွဲလိုက် (မှန်ပါ့)။ ပါရက်ပဲ။ အဝိဇ္ဇာ ဆိုတဲ့တရား အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခု ဘာဖြစ်ဖြစ် ငါပါ တာချည့်ပဲ ဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းထားလိုက်တာပေါ့ (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲတော့ ဒီဒေါသ လာတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့၊ ဒေါသ နောက်က နေပြီး သကာလ အင်း ဒီဥစ္စာ သောက က ငါအပြောများ တိုသွားသလား မပြောတတ်ပါဘူး သောက က လုပ်တယ် (မှန်ပါ့)။

အပြောများ တိုသွားလို့လား၊ စိတ်ခုများ သွားလား အင်း ဒီတွေးလုံးနဲ့က လာသေးတယ် သောက တွေက (မှန်ပါ့)။ မလာဘူးလား (လာပါတယ် ဘုရား)။

ကြည့်တော့ ကြည့်လိုက်တာပဲ ကိုယ်က မလိုချင်လို့ ဒါ မလိုချင်ပါဘူး ပြောလိုက်ပေမဲ့ သူ့စိတ် ထဲက ကျမှကျေနပ်ရဲ့ လားဆိုတဲ့ တွေးလုံး သောကလေးက လာသေးတယ် (မှန်ပါ့)။

မလာဘူးလား (လာပါတယ် ဘုရား)။ အင်း တွေးလုံး သောက ကလေးက လာတဲ့ အခါကျလို့ ရှိရင် သောကနဲ့ ဆိုင်ရာ အကုသိုလ်တွေ၊ ပရိဒေဝတွေ ဒုက္ခ၊ ဒေါမနဿ တွေကကော (လာပါတယ် ဘုရား)။

အင်း ဒုက္ခ၊ ဒေါမနဿတွေ လာတဲ့ အခါကျတော့ ကျွေးလိုက်ဦးမှ မွေးလိုက်ဦးမှပဲ အင်း ဝယ်တော့ မဝယ်ဘူးကွာ ဒီက ဈေးသုံးယူသွားဦး ဆိုတဲ့ ဒုက္ခ ဒေါမနဿတွေလည်း လာသေးတယ် (မှန်ပါ့)။ မလာရပေဘူးလား (လာရပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်စပြန်တယ်

လာရတယ်၊ ဒုက္ခဒေါမနဿတွေနဲ့ လာတော့ ဒီနေရာ အဝိဇ္ဇာက ပါလျက်ပဲ မနေဘူးလား (နေပါတယ်)။ အင်း လာပြန်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ ဒီဘက်က ဘယ့်နှယ် နေတုံး (စပါတယ် ဘုရား)။

သင်္ခါရပစ္စယာ ဟောဒီ ဝိဉာဏ်လာတယ် (မှန်ပါ့) ဝိဉာဏ်လာလို့ ရှိရင် အိုသေကတော့ (လာမှာပါ ဘုရား)။ တွဲပြီ (မှန်ပါ့)။

အဲဒါ မလိုချင်တဲ့ သဘောလေး (မှန်ပါ့)။ ရှင်းကြ လား (ရှင်းပါပြီ ဘုရား)။ ကောင်းပြီ ဒါက ကျောက်တစ်လုံး ကို မလိုချင်လို့ ဖြစ်ရတဲ့အဖြစ် (မှန်ပါ့)။

ဒါလည်း သံသရာ ဆက်မဆက် (ဆက်ပါတယ်) ရှင်းကြလား (ရှင်းပါပြီ)။ ကောင်းပြီ ဒါက ဓမ္မနိယာမတာ ဓမ္မထိတာ ဆိုတဲ့ အတိုင်း ဒကာ ဒကာမတို့ ငြင်းဆန်ကိုမနေနဲ့ ဘုရား မပွင့်လည်း ဒီမျက်လုံးဟာ ရှိနေတာပဲ (မှန်ပါ့)၊ ဘုရား ပွင့်ရင်ကော (ရှိပါတယ် ဘုရား)။

ရှိနေတာပဲ၊ ဓမ္မနိယာမပဲလို့ ဆောင်းပြီးနွေ၊ နွေပြီး မိုးဟာ ဘုရားမပွင့်လည်း ရှိတာပဲ (မှန်ပါ့)၊ ဘုရား ပွင့်ရင်ကော (ရှိပါတယ် ဘုရား)။

ကောင်းပြီ ဒါက အခုပြောတဲ့ အစဉ်က မောင်နိုင် လိုချင် မှုလား၊ မလိုချင်မှုလား (မလိုချင်မှုပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သံသရာဆက်တယ်

မလိုချင်မှုကလည်း သံသရာဆက်တာပဲ (ဆက် ပါတယ်)။ ဘာအပြစ်ရှိသတုံးလို့ မမေး ကြပါနဲ့နော် (မှန်ပါ့) ပေါ်နေပြီ (မှန်ပါ့)။ ဘာအပြစ် ရှိသတုံး ဘုရား တပည့်တော်တို့ အို မမေးပါနဲ့ မောင်နိုင် မမေးပါနဲ့ သူ့မေးတာ ရိပ်မိပါတယ်။ (မှန်ပါ့)။

သူမေးတော့ ဘုန်းကြီးက ဘယ်လိုများ သူမေးတာက သူများဟာ ခိုးတာ မဟုတ်ဘူး၊ တိုက်တာ မဟုတ်ဘူး၊ သူ့ဟာသူ ကောင်းကောင်း ပြောပြီး ကောင်းကောင်းရောင်း ကောင်းကောင်း ဝယ်တာပဲ ကိုယ်ပစ္စည်းနဲ့ ကိုယ်ဆိုတော့ ဟုတ်ပါတယ်တဲ့ ဒကာ ဒကာမတို့။

ဒကာ ဒကာမတို့ ပြောတာက သီလလေး မပျက်ဘူး ပြောတာပါ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလမပျက်ဘူးပြောတယ်

ဘာမပျက်ဘူးပြောတာတုံး (သီလလေး မပျက်ဘူး ပြောတာပါ ဘုရား)။ သီလ မပျက်ဘူး ပြောတာ။ ဘာဝနာက ဖောက်တယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလကတော့ (မပျက်ပါဘူး ဘုရား)။ ဘာဝနာက တော့ (ဖောက်ပါတယ် ဘုရား)။ ဘာဝနာက ဖောက်နေ တယ် ဆိုတော့ ဘာဝနာ လုံးဝမှမပါဘဲ (မှန်ပါ့)။ ပါသေးရဲ့လား (မပါလာပါဘူး ဘုရား)။

မပါတော့ ဘာအပြစ်ရှိသတုံး မေးတဲ့သူတို့၏ စိတ်ထား အာဘော်ကော ကိုမြင့်တို့ မောင်နိုင်တို့ ဖြေတတ်ပလား (ဖြေတတ်ပါတယ် ဘုရား)။

ဘယ်လိုဖြေကြမလဲ (သီလ မပျက်ပါဘူး ဘုရား)။ သီလ မပျက်ဘူး (မှန်ပါ့)။ သီလတော့ နားလည်တယ် (မှန်ပါ့) ဟုတ်လား ဘာဝနာကို (နားမလည်ပါဘူး ဘုရား)။

ဘာဝနာ သူနားမလည်လို့ (မှန်ပါ့)။ ဘာဝနာ နားမလည် လို့ ဘာအပြစ်ရှိသတုံး သူမေးချ လိုက်တယ် (မှန်ပါ့)။

အဲတော့ သာမညပုဂ္ဂိုလ်နဲ့ ဆိုလို့ရှိရင်တော့ ဒီအမေးဟာ မောင်နိုင်တို့ အားလုံး ဒကာ ဒကာမတို့ အမေးခံရမှာပဲ (မှန်ပါ့)။

ကျုပ်တို့တော်သေးပါရဲ့ နော်၊ အောက်လို ငါးစိမ်သည် တွေလို ဝက်သားသည်၊ အမဲသည် တွေလို ကျုပ်တို့ မယ် ကြမ်းကြမ်း တမ်းတမ်းနဲ့ ပြောလဲမရ၊ ဆိုလည်း မရ၊ ဝစီကံ ကလည်း သိပ်ပြီး မကြမ်းရ၊ မနောကံ ကလည်း သိပ်ပြီး ဖောက်ရတာ မဟုတ်လို့ တော်သေးရဲ့နော် သူသီလ ပြောနေတာ (မှန်ပါ့)။

ဘာဝနာကဖောက်နေတယ်

ဘာပြောနေတာ (သီလ ပြောနေတာပါ ဘုရား)။ ဘာဝနာက ဘယ်နှယ်နေတုံး (ဖောက်နေ ပါတယ် ဘုရား)။

ဘာဝနာက ခုတားမရတော့ဘူး ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ တော်သေးရဲ့ လေးဟာလဲ ေဩာ် တို့ဟာ သာမည နားလည်မှုနဲ့ တော်သေးရဲ့ သုံးနေတာကိုးလို့ ဆိုတာလေးကိုလည်း ယနေ့ ထူးထူးခြားခြားပဲ မှတ်လိုက်ပါ (မှန်ပါ့)။

သီလလောက် နားလည်လို့ ပြောနေတာကိုး (မှန်ပါ့)။ ခိုးလည်း မခိုးဘူး၊ ဝှက်လည်း မဝှက်ဘူး ပါဏာတိပါတာ သူအသက်လည်း သတ်တာ မဟုတ်ပဲကိုး (မှန်ပါ့)။

သူ့ပစ္စည်းလည်း ခိုးတာမဟုတ်ဘူး၊ ကိုယ်ကြိုက်တဲ့ဈေးနဲ့ ကိုယ်ဝယ်ယူတာ (မှန်ပါ့) ဟုတ်လား။

အဲတော့ သီလတော့ မပျက်ဘူး ဒကာ ဒကာမတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘာဝနာက (ပျက်ပါ တယ် ဘုရား)။ ရှင်းပြီနော် ဒကာ ဒကာမတို့ (တင်ပါ့)။

သီလကတော့ (မပျက်ပါဘူး)။ ဘာဝနာကတော့ (ပျက်ပါတယ် ဘုရား)။ သို့သော်လဲ ဒကာ ဒကာမတို့ သီလ သည်ကားလို့ ဆိုရင် တစ်နေ့က ဟောခဲ့တယ် သာမည ရှိပါသေးတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာဝနာကမှ လိုရင်း

ဘာဝနာမှ လိုရင်း ဆိုက်မယ် မဟုတ်လား (မှန်ပါ့)။ အဲတော့ ခင်ဗျားတို့က သာမညလေး လောက် နားလည်ထားတဲ့ ပုဂ္ဂိုလ်မို့ သာမညနဲ့ ဆင်ခြေလဲ လိုက်တယ် ဆိုတဲ့ အဓိပ္ပါယ် သေချာ သက်ရောက်တယ် (မှန်ပါ့)။

မသက်ရောက်ဘူးလား (သက်ရောက်ပါတယ် ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မလိုချင်တဲ့ အပြစ်ကလေး ဟာလည်း သံသရာ ဆက်တယ် (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မလိုချင်တဲ့ အပြစ်ဟာလည်း (သံသရာဆက်ပါတယ် ဘုရား)။ ဟောဒါက မလိုချင်တာ ဒုက္ခ ဒေါမနဿ ပေါ့လေနော် (မှန်ပါ့)။

ဒေါမနဿ နောက်က နေပြီး သကာလ မလိုချင်တာ ပေမဲ့လည်း သောက ကလေးက ဆက်လိုက်သေးတယ် (မှန်ပါ့)။ ဟုတ်ဖူးလား (မှန်ပါ့)။

မလိုချင်ပဲနဲ့ ယူလိုက်ရလို့လည်း သောက ဖြစ်တာ ရှိတယ် (မှန်ပါ့)၊ မလိုချင်ဘူးလို့ ပြောလိုက် ရလို့လည်း သူ့မှ ကြိုက်မှကြိုက်ရဲ့လားဆိုတဲ့ သောကကော ရှိပါတယ် ဘုရား။ မလာဘူးလား (လာပါတယ် ဘုရား)။

အင်း သောကလာရင် သောကနဲ့ ဆိုင်ရာတွေ ပရိဒေဝ ဒုက္ခ ဒေါမနဿ တွေကော (လာပါတယ် ဘုရား)။ လာတယ် တဲ့ ဒုက္ခဒေါမနဿ။

အင်း အပြောများ မှားသွားသလားဆိုတဲ့ အသုံးတွေ မကြိုက်လည်း မတတ်နိုင်ဘူးလေ အစရှိသည်နဲ့ ဒေါမနဿ လည်း ဖြစ်ချင်ဖြစ်လာမှာ (မှန်ပါ့)။

အို အကောင်း ပြောတာ မကြိုက်လို့ မကြိုက်ဘူးပြောတာ သူက စိတ်ဆိုး ဘယ်တတ် နိုင်ပါ့မတုံး ဆိုတော့ ဒေါသကလည်း နောက်က လိုက်ချင် လိုက်သွားတာပဲ (မှန်ပါ့)။ မလိုက်ဘူး လား (လိုက်ပါတယ် ဘုရား)။

အဝိဇ္ဇာကအုပ်ချုပ်တယ်

ဒါဖြင့် သောကပရိဒေဝ ဒုက္ခဒေါမနဿ လာတော့ ဒါ အဝိဇ္ဇာ အုပ်ချုပ် မအုပ်ချုပ် (အုပ်ချုပ် ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။ အင်း သင်္ခါရာ ဆိုတော့ သင်္ခါရပစ္စယာ (ဝိညာဏံ)။ ဪ တော်ကြာ သင်္ခါရတွေဖြစ်ပြီး ဟောဒီ ပဋိသန္ဓေဝိဉာဏ် လာပါပြီ – ဒကာ ဒကာမတို့ အနာဂတ် ဘဝ (မှန်ပါ့)။ မလာသေးဘူးလား (လာပါတယ် ဘုရား)။

ေဩာ် ဝိဉာဏ်ဖြင့် ဝိဉာဏ်ဆိုလို့ရှိရင် ပဋိသန္ဓေ ဝိဉာဏ် ဆိုတာ နာမ်ရုပ်ပါပဲ (မှန်ပါ့)။ အဲ နာမ်ရုပ် ရှိရင်ဖြင့် အိုသေ ကတော့ မလွတ်တော့ဘူး (မှန်ပါ့)။

သံသရာဆက် မဆက် (ဆက်ပါတယ် ဘုရား) မလိုချင်တာလည်း ဆက်တာပဲ (မှန်ပါ့)။ သဘော ကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်နှစ်မျိုး နားလည်သွားတုံး (နှစ်မျိုး ပါ ဘုရား)။ နှစ်မျိုး နားလည်သွားပြီ ဒကာ ဒကာမတို့ လိုချင်ခြင်းကြောင့် သံသရာ ဆက်တာလည်း နားလည်ပြီးပါပြီ (မှန်ပါ့)။

မလိုချင်လို့ သံသရာ ဆက်တာကော (နားလည် သွားပါပြီ ဘုရား)။ ဦးခန့် သဘော ကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒီနေရာလေးဟာ တော်တော်လေး အရေး ကြီးတဲ့ နေရာပဲလို့ ဆိုတာဖြင့် အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကိုင်း တစ်ခါ ဒီက ကျောက်ပဲတဲ့၊ ဒီက မျက်လုံး ဒီကမြင်ပြန် ပြီ (မှန်ပါ့) မြင်ပြန်တော့ သူက သူ့လက်ထဲ ပါလာတာ ကိုပဲ စိတ်ထဲ ကြည့်လိုက်ကတည်းက ဘာမှကို လိုချင်တာ တစ်ခုမှ မပါဘူး (မှန်ပါ့)။

သို့သော်လည်း ကြည့်ပါဦးဆိုလို့ ကြည့်လိုက်တယ် (မှန်ပါ့)။ ကြည့်ပါဦးဆိုလို့ ကြည့်လိုက်တဲ့ အခါ လိုချင်မှုလား မလိုချင်မှုလားလို့ မေးတော့၊ ကြည့်ပါဦး ဆိုလို့ ကြည့်တာပဲတဲ့ လိုချင်မှု၊ မလိုချင်မှုတော့ ပါရဲ့လား (မပါပါဘူး ဘုရား)။

ကြည့်ဆိုလို့ ဖွင့်လာ ကတည်းက လိုချင်တာလည်း မပါဘူး ဟုတ်လား၊ မလိုချင်တာလည်း မပါဘူး၊ အားနာလို့ ကြည့်လိုက်တာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဘယ်လိုကြောင့် ကြည့်လိုက်တုံး (အားနာလို့ ကြည့်လိုက်ပါတယ် ဘုရား)။

အားနာလို့ ကြည့်လိုက်တယ် ဆိုတော့ အားနာလို့ကြည့် လိုက်တဲ့ အခါကျတော့ လိုချင်မှု မလိုချင်မှု ကင်းတဲ့ သဘောလေး မပါဘူးလား (ပါပါတယ် ဘုရား)။ ဒါဥပေက္ခာ (မှန်ပါ့)။ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဥပေက္ခာပေါ်လာတယ်

ခုနက လိုချင်မှု လောဘလည်း မဟုတ်ဘူး၊ မလိုချင်မှု ဒေါသလည်း မဟုတ်ဘူး၊ လိုချင်မှု မလိုချင်မှု ကင်းတဲ့ သဘောလေး ပေါ်လာတယ် (မှန်ပါ့)၊ ဥပေက္ခာ ပေါ်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

အဲဒီ ဥပေက္ခာ လေးကလည်း ဒကာ ဒကာမတို့ ဥပေက္ခာ ကို ခင်ဗျားတို့က ပေါ်မှန်းလည်း မသိ၊ ပျက်မှန်းလည်း မသိတော့ ဥပေက္ခာဟာ ပေါ်မှန်း၊ ပျက်မှန်း မသိတဲ့ အဝိဇ္ဇာ ဖြစ်တယ် (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)။ ဟော သင်္ခါရ ပစ္စယာ ဝိညာဏံသွားဖြစ်တယ်။ မဆက် ဘူးလား (ဆက်ပါ တယ် ဘုရား)။

အနာဂတ်ဘဝနဲ့ သွားသွားပြီး ဘယ်နှယ့်နေတုံး (ဆက် ပါတယ် ဘုရား)။ ဒါကြောင့် ဘုရား ဟောတော်မူတာ၊ ဒါကြောင့် ဘုရားဟောတော်မူတာ ဆိုတော့ ဒကာ ဒကာမတို့ ရိပ်မိကျပလား (ရိပ် ဘုရား)။

ဒီနေရာလေးဟာ အတော် အရေးကြီးနေတယ် (ကြီးပါ တယ် ဘုရား)။ လိုချင်တဲ့ နေရာလည်း သူပဲ (မှန်ပါ့)။ မလို ချင်တဲ့ နေရာလည်း (သူပါ ဘုရား)။

အားနာပါးနာကြည့်၊ အားနာပါးနာနဲ့ ဟိုမွှေသည်မွှေ မွှေတာကော သူပါဘုရား (သူပဲ)။ လိုချင်မှု လည်း မပါဘူး၊ မလိုချင်မှုလည်း မပါဘူး၊ အားနာပါးနာနဲ့သာ သူဟာ နေလိုက် တော့တာ ဥပေက္ခာ ဖြစ်တာပဲတဲ့ လိုချင်မှု၊ မလိုချင်မှု ကင်းတဲ့ စိတ်ကလေးနဲ့ သူဟိုဟာတွေ လျှောက်ပြီး ကြည့်လိုက်၊ ကြည့် လိုက် ဟိုဟာ ကိုင်မလို ဒီဟာ တွယ်သလိုလို မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ဥပေက္ခာပေါ်မှန်းမသိတာ အဝိဇ္ဇာ

အားနာပါးနာနဲ့လေ (မှန်ပါ့) အဲဒါကျတော့ ဘာ ဆိုကြမယ် (ဥပေက္ခာပါ ဘုရား) အဲဒါလေးကိုပဲ တစ်ခါ ခင်ဗျားတို့က ဝိပ္ပဿနာ ဉာဏ်လည်း မဝင်ဘူး၊ ဘာလည်း မဝင် ဘူး ဆိုလို့ရှိရင် ဒီ ဥပေက္ခာ လေး ပေါ်တာ မသိတော့ အဝိဇ္ဇာ လာပြန်တယ် (မှန်ပါ့)။

အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော ဝိညာဏံ ဆိုတော့ အနာဂတ် ဘဝကူး မကူး (ကူးပါတယ် ဘုရား)။

ဦးခန့် ဘယ်နှစ်မျိုး ရှိသွားတုံး (သုံးမျိုး ရှိသွားပါပြီ ဘုရား) အားလုံး နားလည် လောက်ပါပြီ နော် (မှန်ပါ့) အားလုံး နားလည်လောက်ပါပြီ ဒကာ ဒကာမတို့။

ဪ ဒီနေရာလေးဟာက သံသရာ ဆက်ချင် လည်း ဒီနေရာပဲဆိုတာ ဒီနေရာလေးကို တစ်ခါတည်း မှတ်လိုက်တော့ (မှန်ပါ့)။

သံသရာ ပြတ်ချင်ရင်လည်း ဒီနေရာပဲလို့ မှတ်လိုက် တော့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သံသရာဆက်နေတာသည် (ဒီနေရာပါ ဘုရား) သံသရာ ပြတ်အောင် လုပ်လို့ရှိရင် (ဒီနေရာပါ ဘုရား) ေဩာ် ဒီနေရာ အရေးကြီးဆုံးပဲ (မှန်ပါ့)။

တစ်လုံးတည်းနဲ့ နိဗ္ဗာန်ရောက်တဲ့တရား

ဒါကြောင့် ဘုရားက မိအောင် ဟောမယ်တဲ့၊ ငါ ဒီနေ့ ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်များကို သေသေချာချာ ငါသည်ကား လို့ဆိုရင် ယနေ့ တစ်လုံးတည်းနဲ့ နိဗ္ဗာန်ရောက်တဲ့ တရား ငါဟော မယ် (မှန်ပါ့ ဘုရား)။

ဒီနေရာက နေပြီး သူဟောတော့မှာ (မှန်ပါ့)။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) လေးကနေ ဟောမယ်။ (မှန်ပါ့) ဦးဘလေး ဘယ်ကနေ ဟောမှာတုံး (လေးကနေ ဟောမှာပါ ဘုရား)။

လေးက ဘယ်နှယ့်ကြောင့် ဘုရား ဟောရပါလိမ့်မတုံး လေးကနေပြီး သကာလ အသေငြိမ်းတဲ့ နိဗ္ဗာန်ပို့မယ်လို့ ပြောပါလိမ့်မတုန်း ဆိုတော့ လေးမနိုင်လို့ ရှိရင် ဒကာ ဒကာမှ တို့ သွားပြီ (မှန်ပါ့) ဆိုထိုက် ပလား (ဆိုထိုက်ပါပြီ ဘုရား)။

လေးမနိုင်လို့ ရှိရင်ဖြင့် လေးနေရာမှာ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ အသုံးမချ လို့ရှိရင်ဖြင့် ဒါဟာ နိယာမထဲ ဝင်သွားတော့မှာ (မှန်ပါ့)။

မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နံပါတ် အရေးကြီးပါလိမ့် (လေးနံပါတ် အရေးကြီးပါတယ် ဘုရား)။ လေးနံပါတ် အရေးကြီးတယ် (မှန်ပါ့)။

လေးနံပါတ်သည် သံသရာစခန်း သတ်ချင်ရင်လည်း လေးနံပါတ်ကိုပြင် (မှန်ပါ့) သံသရာ ဆက်ချင်လို့ ရှိရင်လည်း လေးနံပါတ် နေရာက ဆက်သည်လို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့)။ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

သံသရာဆက်ချင်လည်း (လေးနံပါတ်က ဆက်ပါ တယ် ဘုရား) အင်း သံသရာ ဖြတ်ချင် ရင်လည်း (လေးနံပါတ်ကိုပဲ ဖြတ်ရမှာပါ ဘုရား)။

ဒီနေရာအရေးကြီးဆုံး

ဝိပဿနာမှာ ဒီနေရာအရေးကြီး ဆိုတာ ဘုရားက ဒီနေ့ သေချာဟောတော့မှာ (မှန်ပါ့) သဘော ပါကြပလား (ပါပါ တယ် ဘုရား)။

ဒီတရားကို နာရတာဖြင့် ဒကာ ဒကာမတို့ရဲ့ ဒီနေ့တော့ စိတ်နည်းနည်းတော့ ဆုတ်နစ်ကဲ့ စိတ်တော့ ပေါ်ချင်ပေါ်မယ် မောင်နိုင်ရေ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါ တယ် ဘုရား)။

ဒီလိုဖြင့် ခက်ကြီးပဲ ဒီစိတ် ပေါ်ချင်ပေါ်မယ်၊ ဒီလိုဖြင့် ခက်ကြီးပဲ ခက်တာမှ ခက်ရော့ ဒီလို ဖြစ်နေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီလိုဖြင့် ဘယ်နှယ့် ဆိုကြမလဲ (ဒီလိုဖြစ်နေမှာပါ ဘုရား) ဒီလိုဖြစ်နေဦးမှာပဲ ဆိုတာကို သဘော ကျပလား (ကျပါတယ် ဘုရား) ဒီလိုဖြင့် အခက်ကြီးပါလား ဆိုတာ ဝိပဿနာ ဉာဏ် အခက်ကြီးလို့ ဒကာ ဒကာမတွေ စိတ်ထဲမှာ ပေါ်လာရင် ဒကာ ဒကာမတို့ အင်မတန် ကျေနပ်ပါတယ် (မှန်ပါ့)။

အခက်ကြီးပေါ်လာရင် ကျေနပ်ပါတယ်လို့ ပြောလိုက် တယ် (မှန်ပါ့) မပြောလိုဘူးလား (ပြောလိုက်ပါတယ် ဘုရား)။

ဒီနေရာအမှားရှိတဲ့နေရာ

ဪ ခက်တဲ့နေရာ ဒီနေရာကို ဆိုတော့ ဒီနေရာ အမှားရှိတဲ့ နေရာပါလားလို့ ဆိုတော့ ပထမ သူထိုးထွင်း သိသွားပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ)။

ဒီနေရာ ဒီအတိုင်းဆိုရင် အခက်ကြီးပါလား ဆိုတော့ ဒီလေးနံပါတ်ဟာ မလွယ်ဘူး။ ဪ သူ လေးနံပါတ်ကို သိလာပြီ တော်ပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ ဘုရား)။

ရှေးက လေးမှန်းလည်း မသိဘူး၊ ငါးမှန်းလည်း မသိဘူး (မှန်ပါ့) ဟုတ်ဘူးလား (မှန်ပါ့) မျက်စိကန်း တစ္ဆေ မကြောက် သွားနေတာကိုး (မှန်ပါ့)။

ခုတော့လည်း လေးက အရေးကြီးတယ် ဆိုတာကော (သိပါပြီ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲတော့ အခက်ကြီး ညည်းလို့ရှိရင် ဘုန်းကြီးဘက်ကို တစ်ဝက်ပါပြီ ဒကာ ဒကာမတို့ (မှန်ပါ့) အခက်ကြီး ညည်းလို့ရှိရင် (ဘုန်းကြီးဘက်ကို တစ်ဝက်ပါပါပြီ ဘုရား) ဘုရားဘက်ကော (တစ်ဝက် ပါပါပြီ ဘုရား)။

သိလာပြီကွ (မှန်ပါ့) မောင်နိုင် နဂိုကဖြင့် မျက်စိ ကန်း တစ္ဆေ မကြောက် သွားနေတာ ဘာသိတုံး (မသိပါ ဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်ပါ ဒကာ ဒကာမတို့ နဂိုက သွားလာနေတာဖြင့် မျက်စိကန်း တစ္ဆေ မကြောက် သွားတယ်ဆိုတာ အသေအချာ မှန်တယ် (မှန်ပါ့) မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒီနေရာဟာ သံသရာ ဆက်တဲ့နေရာလို့ သိဖူးပါရဲ့ လား (မသိဘူးပါဘူး ဘုရား)၊ ဒီနေရာဟာ သံသရာပြတ်အောင် လုပ်ရင် ဒီက ဖြတ်ရမယ်လို့ကော (မသိပါဘူး)။

မျက်စိနှစ်ကွင်း အလင်းရပြီ

ကိုင်း ခုဪ မျက်စိနှစ်ကွင်း အလင်းရပြီ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်နှယ့် ဆိုကြမတုံး (မျက်စိ နှစ်ကွင်း အလင်း ရပါပြီ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းရပြီတဲ့ ဘယ်နှယ့်ကြောင့် အလင်းရတုံး ေဩာ် ဖြတ်ချင်လည်း ဒီနေရာကနေ ဖြတ်ရုံ ပဲ (မှန်ပါ့) ဆက်ချင်လည်း (ဒီနေရာကနေ ဆက်ရုံပါ ဘုရား)။

ဘယ်လောက် မှန်သွားသတုံး (မှန်ပါ့) ပယ်ရမဲ့ တရား သိသွားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ( ဘုရား)။

အင်း ပယ်ရမဲ့ တရားလည်း သိသွားပြီ၊ မပယ်ရင်လည်း ဒီအပြစ် ကြီးတယ် ဆိုတာကော (သိပါပြီ ဘုရား) ကိုင်း ဒကာ ဒကာမတို့ ညည်းတဲ့ ပုဂ္ဂိုလ် လာလို့ရှိရင် ဘုန်းကြီးများက သိပ်ကျေနပ် ပါတယ် (မှန်ပါ့) မကျေနပ်ထိုက်ဘူးလား (ကျေနပ် ထိုက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မျက်လုံးပေါက် တစ်ခုထဲက ခု သုံးမျိုးပြပြီး သကာလ ဟောလိုက်သဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ေဩာ် သံသရာ ဆက်ချင်လည်း ဒီနေရာ က စဆက်တာကိုး၊ သံသရာ ဖြတ်ချင်ရင်လည်း ဒီနေရာက ဖြတ် လိုက် အအေးသားပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါက တရားနာရလို့ သမ္မာဒိဋ္ဌိ တက်လာတာ (မှန်ပါ့) သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက သိတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သမ္မာ (မှန်ကန်တာပါ ဘုရား) ဒိဋ္ဌိက (သိတာ ပါ ဘုရား) အဲဒိဋ္ဌိက သိတာ၊ မြင်တာ၊ အမှန် သိတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သမ္မာက (မှန်ကန်တာပါ ဘုရား) ဒိဋ္ဌိက (သိတာပါ ဘုရား) အဲ ဒိဋ္ဌိက သိတာမြင်တာ အမှန် သိတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိက သိတော့ အမှန် သိကလေး ရောက်လာတော့ ပယ်ရမဲ့ တရား သိသွားပြီ (မှန်ပါ့) ပယ်ရမဲ့ တရားလည်း သိသွားပြီ၊ မပယ်ရင် ခက်မယ် ဆိုတာကော (သိပါတယ် ဘုရား)။

ဒီအသိ သေးတာမဟုတ်ဘူး

ဒီအသိ သေးတာ မဟုတ်ဘူး ဒါ သမ္မာဒိဋ္ဌိ ဖြစ်သွားတာတဲ့ တရားနာရင်း သမ္မာဒိဋ္ဌိ ဖြစ်သွားတာ (မှန်ပါ့) ကျောက်ကုန်သည် လုပ်တဲ့အချိန်မှ မဟုတ်ပဲ (မှန်ပါ့)။

တရားနာတဲ့ အချိန် (မှန်ပါ့) တရားနာတဲ့ အချိန်မှာ ဒီတရားဟာ ဒီတရားက ဒီနေရာက ပယ်ရမှာပဲလို့ သိသွားပြီ (မှန်ပါ့)။

အဲလို တရားနာတဲ့ ပုဂ္ဂိုလ် ဘာဒိဋ္ဌိဖြစ်သွားတုံး (သမ္မာဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား) သမ္မာဒိဋ္ဌိ ဖြစ်သွားတယ် သဘောကျပလား (ကျပါတယ် ဘုရား) တရားနာတဲ့ ပုဂ္ဂိုလ် သမာဒိဋ္ဌိ ဖြစ်သွားပြီ။

ဒီအယူက ဒီလိုရှိသကိုးလို့ သိသွားတာလည်း၊ ဒီတရား ကို မပယ်လို့ရှိရင်လည်း သံသရာ ဆက်သကိုးလို့ သိတာလည်း သမ္မာဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သံသရာဆက်တယ်လို့ သိတာလည်း (သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဆက်လည်း ဆက်တာကို အမှန်သိလို့ သမ္မာဒိဋ္ဌိ (မှန်ပါ့)။

သံသရာ ဒီနေရာက ဒီတရားကို တစ်နည်းနည်းနဲ့ ဆရာ ဘုန်းကြီး ပေးတဲ့နည်းနဲ့ အလုပ် လုပ်လိုက်ရလို့ ရှိရင်လည်း ပြတ်မှာ ပဲလို့ သိတာကော ဘာဒိဋ္ဌိ ဆိုကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား)။

ကိုင်း ဒီအချိန်တင် ခင်ဗျားတို့ ဘယ်လောက် အဖိုးတန်သွားတုံး (တန်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့ သာသနာပမှာ ဒီသမ္မာ ဒိဋ္ဌိလာကို မလာဘူး (မှန်ပါ့)။

လာပါ့မလား (မလာပါဘူး ဘုရား) ပယ်ဖို့ရာ သိတဲ့ သမ္မာဒိဋ္ဌိကော (မလာပါဘူး ဘုရား) မလာပါဘူး၊ ဖြစ်နေ တယ်လို့သိတဲ့ သမ္မာဒိဋ္ဌိကော (မလာပါဘူး ဘုရား) ကိုင်း ဘယ်လောက် အဖိုးတန် သွားတုံး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပယ်ရမဲ့ တရား ပယ်ရမဲ့ တရားရယ်လို့ သိတာလည်း သမ္မာဒိဋ္ဌိ မဂ္ဂင်ကွတဲ့ တရားနာတဲ့ ပုဂ္ဂိုလ်မှာ (မှန်ပါ့) ဟုတ်လား

မပယ်လို့ရှိရင်လည်း အပြစ်ရှိတယ်လို့ သိတာကော မှ (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိ မဂ္ဂင်ကွ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ သန္တာန်မှာ ခု တရားနာရင်း ဘာ ဒိဋ္ဌိဖြစ်နေတုံး (သမ္မာဒိဋ္ဌိ ဖြစ်နေ ပါတယ် ဘုရား)။ သမ္မာဒိဋ္ဌိ ဖြစ်တော့ သမ္မာသင်္ကပ္ပက ပါလာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ညည်းတဲ့ပုဂ္ဂိုလ် သမ္မာဒိဋ္ဌိဖြစ်ပြီ

ကိုင်း အဲဒီကဲ့သို့ ဖြစ်ပြီး သကာလ သွားတော့ ဪ တရားနာရတာတို့ နာရီဝက် ရှိသေးတယ်၊ တို့မှာဖြင့် မဂ်သမ္မာဒိဋ္ဌိတော့ ဖြစ်နေပါပေါ့လားလို့ဆိုတာ ညည်းတဲ့ ပုဂ္ဂိုလ် လည်း သမ္မာဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ဟော ဒါ ပယ်မှပဲလို့ စိတ်ကူးပေါက်တဲ့ ပုဂ္ဂိုလ် လည်း (သမ္မာဒိဋ္ဌိဖြစ်ပါတယ် ဘုရား) ဒီလိုဆိုလို့ ရှိရင် အခက်ကြီး ပါလားလို့ ညည်းတဲ့ ပုဂ္ဂိုလ်ကော (သမ္မာဒိဋ္ဌိပါ ဘုရား)။

သမ္မာဒိဋ္ဌိပါလို့ ညည်းတာ (မှန်ပါ့) ရွာထဲမှာ လုပ်နေကြ၊ မြို့ထဲမှာ လုပ်နေကြ၊ ညည်းလုံးများ ပါရဲ့လားလို့ မေးကြည့် (မပါပါဘူး ဘုရား)။

ဘယ်သမ္မာဒိဋ္ဌိကို လုံးဝမပါဘူး (မှန်ပါ့) ပါသေး ရဲ့ လား (မပါပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အပြစ် သိတာလည်း (သမ္မာဒိဋ္ဌိ) အပြစ် ပယ်မယ်လို့ စိတ်ကူး ရှိတာလည်း (သမ္မာ ဒိဋ္ဌိပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် အဖိုးတန်တုံး (တန်ပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိ ဝင်လာတာကို မိစ္ဆာဒိဋ္ဌိလို့သိရင် – လည်း သမ္မာဒိဋ္ဌိပဲ (မှန်ပါ့)။

ကိုယ့် သန္တာန်ရှိတဲ့ မိစ္ဆာဒိဋ္ဌိကို၊ ဟော ဒီဥစ္စာဖြင့် ဒီလို သမ္မာဒိဋ္ဌိဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ မဂ်ဆိုက် တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလို သမ္မာဒိဋ္ဌိပေါ်တဲ့ ပုဂ္ဂိုလ်တွေဟာ (မဂ်ဆိုက် တာပါ ဘုရား)။ မဂ်ဆိုက်တာပဲ ဆိုတာကော ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့ ဒီနေရာမှာ လမ်းခွဲ ဆိုတာတော့ ကိုမြင့်တို့ မောင်နိုင်တို့က ရှင်းပါပြီ (ရှင်းပါ ပြီ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ)။

သံသရာခရီးသည် ဖြစ်တာလည်း ဒီနေရာကနေ ခရီး သည် ဖြစ်ရတယ် (မှန်ပါ့) သဘော ကျပလား (ကျပါ တယ် ဘုရား)။ သံသရာ လမ်းဆုံး ပြန်လို့ရှိရင်လည်း (ဒီနေရာက ဆုံးပါတယ် ဘုရား)။

ဒီနေရာလေးကို ပယ်နိုင်လို့ရှိရင် ဒါ လမ်းဆုံးတာပဲ ဆိုတာကော ကောင်းကောင်း ကျေနပ် ပလား (ကျေနပ် ပါတယ် ဘုရား)။

သံသရာကြီးကို ကြောက်ရုံနဲ့မပြီးဘူး

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် ဘုန်းရှိ ကံရှိတဲ့ ဒကာ ဒကာမတွေမို့ ထူးထူးခြားခြားပဲ ေဩာ် သံသရာ ကြီးကဖြင့် ကြောက်လှချည့်ရဲ့ ဆိုရုံနဲ့ မပြီးဘူး (မှန်ပါ့)။

သံသရာကြီးကို နောက် အိုဘေး၊ နာဘေး၊ သေဘေး တွေဟာ တပည့်တော်တို့ ပစ္စည်းတွေလို့ အရှင်ဘုရားက ဟော ထားတယ်၊ ဘုရားက ဟောထားတယ်။ တပည့်တော်တို့ဖြင့် ကြောက်လှ ချည့်ရဲ့ဆို ကြောက်ရုံ ကြောက်နေလို့ မရပါဘူး၊

ဒကာ ဒကာမတွေ ဒီနား အဆိပ်ပင် ပေါက်တာကို ကြောက်လှချည်ရဲ့ ဆိုပေမယ့်လည်း၊ ကြောက်ရုံလေးနဲ့ ဆိုလို့ရှိရင် အဆိပ်ပင်က သီးချိန်သီး၊ ပွင့်ချိန်ပွင့် ကိုယ့်အနံ့တွေ မိပြီး သေဦးမှာပဲ (မှန်ပါ့)။

မသေပေဘူးလား (သေမှာပါ ဘုရား) အဲဒီတော့ ဒီအဆိပ်ပင်၏ အမြစ်ကို ယနေ့သိရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

ကြောက်လှချည်ရဲ့ ဆိုတာက အဆိပ်ပင် သိတာ (မှန်ပါ့) အဆိပ်ပင် သိတာကတော့ ဒကာ ဒကာမတွေ ဒီလောက် ကျေးဇူးမများဘူး၊ အဆိပ်ပင်၏ ရေသောက်မြစ် သိရတာက ပိုကျေးဇူး များတယ် (မှန်ပါ့) မများဘူးလား (များပါတယ် ဘုရား)။

ခု ဘာသိရတုံး လေးနံပါတ် သိရတယ် (မှန်ပါ့) လေးနံပါတ်ဟာ ဒုက္ခပင်၏ ရေသောက်မြစ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒုက္ခပင်၏ရေသောက်မြစ်

အိုဘေး၊ နာဘေး၊ ဒုက္ခဘေးတွေကို အမျိုးမျိုးပေးတဲ့ ရေသောက်မြစ် (မှန်ပါ့)။ သောက၊ ပရိဒေ၀ ဒုက္ခ ဒေါမနဿ အစုံပေးနိုင်တဲ့ (ရေသောက်မြစ်ပါ ဘုရား)။

ရေသောက်မြစ်၊ အပါယ်လေးပါးကို ရောက်အောင် ပို့နိုင်တဲ့ (ရေသောက်မြစ်ပါ ဘုရား) ဒါဖြင့် လေးနံပါတ်ဟာ ဘယ်လောက် အရေးကြီးတုံး (ကြီးပါတယ် ဘုရား)။

စကားတတ်လို့ ပြောနေတာလား၊ ဖြစ်စဉ်ကိုက်ပြောနေ တာလားဆိုတာ သတိထားပြီး နားထောင်ပါ၊ ဘုန်းကြီးက လျှာ ရှည်တယ်လို့ အောက်မေ့ မနေနဲ့ ခင်ဗျားတို့က (မှန်ပါ့) အရေးကြီး ပါတယ် (ကြီးပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

မပေါ် ပေါ်အောင်လည်း ပြောရတဲ့အတွက်တဲ့ ဒကာ ဒကာမတွေ။

ကိုင်း ဒါနေရာ ကျပြီတဲ့ သံသရာဖြတ်ချင်လည်း ဒီနေရာ သံသရာ ဆက်ချင်လည်း ဒီနေရာ ပေါ်ကြပြီနော် (ပေါ် ပါပြီ ဘုရား)။

အဲတော့ ဝတ္ထု ထုတ်ကြစို့ဆိုတော့ ကိုမြင့်တို့ မောင်နိုင် တို့နော် (မှန်ပါ့)။

ကွာတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဂဇင်္ဂလမြို့မှာ ဝါးတောကြီး ဒီ ဂဇင်္ဂလမြို့က လည်း ရှိတယ်။ ဘုရား လက်ထက်က ဂဇင်္ဂလမြို့လည်း ရှိတယ်၊ အဲဒီ ဂဇင်္ဂလ မြို့ကလည်း ဘယ်လို ဒီမြို့မှာ ခြံရံထားတုန်း ဆိုတော့၊ ရွှေရောင် ဝါးတွေ မောင်နိုင်တို့ အောက်ဆီမှာ မြင်ဖူးမှာပေါ့ (မှန်ပါ့)။

အဲဒီဝါးတွေကို သူတို့က မြို့ရိုးလုပ်ထားတယ် (မှန်ပါ့) ဒီအပင်တွေ အကုန် စိုက်ထားပြီးတော့ မြို့ရိုး လုပ်ထားတယ်။

အဲဒီမှာ သီတင်းသုံးပြီး သကာလ ဂဇင်္ဂလမြို့ ရွှေရောင် ဝါးတွေနဲ့ မြို့ရိုးခတ်ပြီး သကာလ နေတဲ့ မြို့ကြီးမှာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အားလုံးသော ရှင်အာနန္ဒာလည်း ပါတယ် နောက်တော်ပါ ရှင်အာနန္ဒာနဲ့ တကွ ဘုရား ကြွလာတယ် ဆိုတော့ အားလုံးသော ပုဂ္ဂိုလ်တွေ တရားနာပြီး သကာလ နေကြတယ်။

ဥတ္တရလုလင်

တရားနာတဲ့အထဲမှာ ဒီခုပြောတဲ့ ဝတ္ထု၊ ဝိပဿနာ အကျဉ်းချုပ်ကို ဟောချင်တော့၊ ဘယ်သူက ပါလာတုန်း ဆိုတော့ အရင်တုန်းကလည်း ဟောဘူးပါတယ်။ ဒကာ ဒကာမတို့ ပါရာ သိဝိယ ဆရာကြီး၏ တပည့် ဥတ္တရလုလင်က ပါလာတယ် (မှန်ပါ့)။

ဒီတရားပွဲထဲမှာ ပါရာသိဝိယ တက္ကသိုလ် ဆရာကြီး၏ တပည့် ဥတ္တရလုလင်က ပါလာတယ် (မှန်ပါ့) ဒါနဲ့ ဘုရား သခင် ကိုယ်တော်မြတ်ကြီး၊ ဒီတရားပွဲထဲမှာ ဥတ္တရ လုလင်က ပါလာတာနဲ့၊ ဥတ္တရ လုလင် မင်းဆရာကြီး ကလည်း ခု ဝိပဿနာ ဆရာကြီး၊ တက္ကသိုလ် ဆရာကြီးရယ်လို့ အင်မတန် လည်း နာမည် ကြီး ပါတယ်ကွာ။

အဲဒီ ပါရာသိဝိယ ဆရာကြီးက ဣန္ဒြေ လုံအောင်၊ မျက်လုံးတို့ ဘာတို့ လုံအောင် မျက်လုံး ပေါက်ကနေပြီး အပါယ် မသွားရအောင်၊ နားပေါက်က နေပြီး အပါယ် မသွားရအောင် ခုဟာက မျက်လုံးပေါက်က နေပြီး ဒီသွားတာတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။ သံသရာ သွားတာတွေနော် (မှန်ပါ့)။

မျက်လုံးပေါက်ကနေပြီး သံသရာ မလည်ရအောင်၊ နား ပေါက်ကနေပြီး သံသရာ မလည် ရအောင်၊ ဘယ်လိုများ မင်းတို့ ဆရာကြီးဟာ တပည့်သားမြေးတွေကလည်း များပါဘိနဲ့။

သံသရာမလည်အောင် မျက်လုံးပိတ်ထားတဲ့

အဲဒီ တပည့်သားမြေးတွေကို ဘယ်လိုဟောလေ့ ပြော လေ့ရှိသတုန်းကွ ဥတ္တရလုလင်ရ ငါ့လျှောက်စမ်းပါဦး ဘုရားက ဟောချင်လို့ စလိုက်တာ (မှန်ပါ့)။

ဘုရားတဲ့၊ တပည့်တော် ဆရာကြီးကလည်း ဒီလို ဟော ပါတယ်၊ မျက်လုံးရှိ ပိတ်ထားကွ၊ ဘယ်နည်းနဲ့မှ သံသရာမလည် ဘူး (မှန်ပါ့) သူက မျက်လုံး ပိတ်ခိုင်းပြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နား ရှိရက်နဲ့ နားပိတ်ထားကွ သံသရာ မလည်ဘူး ဒီလို ဟောပါတယ်ဘုရား ေဩာ် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက အံ့အား သင့်တယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အံ့အား သင့်တယ်။

လူပြိန်းကြိုက်တရား

ဒါ- ဣန္ဒြေ လုံတာပဲတဲ့ စက္ခုန္ဒြေလုံတယ် ပြောတာပေါ့ လေ (မှန်ပါ့) သောတိန္ဒြေ ဘက်က နေပြီး သံသရာ မဆက်ဘူး မျက်လုံးပေါက်ကလည်း သံသရာ မဆက်ဘူး နားပေါက်ကလည်း သံသရာ မဆက်ဘူးလို့၊ သူက လူပြိန်းကြိုက် တရား ဖြစ်နေတယ် (မှန်ပါ့)။

ဘယ်သူ ကျလောက်တဲ့ တရားပါလိမ့် (လူပြိန်းကြိုက် တရားပါ ဘုရား) လူပြိန်းကျတော့ မမြင်လို့ သူဘာမှ မဖြစ်ဘူး (မှန်ပါ့) မကြားလို့ ကျုပ်ဘာမှ မဖြစ်ဘူး။

ဒီလို ယူပစ်လိုက်တယ် (မှန်ပါ့) ဟုတ်သလိုလိုတော့ မထင်ရဘူးလား (ထင်ရပါတယ် ဘုရား) ဘယ်ဟုတ်မလဲ တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဒါဖြင့်ကွာတဲ့ ဥတ္တရ လုလင် မင်းစောဒက တက်တယ်လို့လည်း မအောက်မေ့နဲ့ မင်းဆရာ ပါရာသိဝိယ ဆရာကြီး ပြောတဲ့ တရားကဖြင့် ဝမ်းထဲက ကန်းလာတဲ့ ပုဂ္ဂိုလ်လည်း သံသရာခရီး ဆုံးပေါ့လို့ ဒီအဓိပ္ပါယ် ရတယ် (မှန်ပါ့)။

မပြောထိုက်ဖူးလား (ပြောထိုက်ပါတယ် ဘုရား) ဝမ်းထဲက နားပင်းလာတဲ့ ပုဂ္ဂိုလ်လဲ သံသရာ လည်မှု မရှိတော့ဘူး၊ ဘာကြောင့်တုံး မျက်လုံးပေါက်ကလုံ၊ နားပေါက်က လုံပြီး သကာလ နေတဲ့ အတွက်၊ ဒီပုဂ္ဂိုလ်တွေဟာ သံသရာ လည်စရာ မရှိတော့ဘူး မြင်လည်မမြင်၊ ကြားလည်း မကြား ဖြစ်ပြီး သကာလ မနေလား (နေပါတယ် ဘုရား)။

နို့ အဲဒီပုဂ္ဂိုလ်တွေက သံသရာ စခန်းသတ်ပြီး သကာလ နိဗ္ဗာန် ရောက်ဖို့ပဲ ရှိတော့တာပဲလို့ ဘုရားက ထိုးပြီး စကားပြော လိုက်တယ် (မှန်ပါ့)၊ ပြောသင့် မပြောသင့် (ပြော သင့်ပါတယ် ဘုရား)။

အဲဒီမယ် ဥတ္တရလုလင်က တစ်ခါတည်း ေဩာ် သူလည်း ဒါသဘော ကျတာပဲ (မှန်ပါ့) မျက်လုံးရှိ ပိတ်ထား ဘယ်နည်း နဲ့မှ သံသရာဆက်တဲ့ တဏှာ ဥပါဒါန် ကံ မလာဘူးပေါ့ကွာ (မှန်ပါ့)။

နားရှိပိတ်ထား တဏှာ၊ ဥပါဒါန် ကံမလာဘူး ဆိုတော့ ဘုရား ပေးလိုက်တဲ့ ဥပမာနဲ့ ဆိုတော့ ကန့်လန့်ကြီး မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဖြစ်နေတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးတယ်၊ ဒီပါရာသိဝိယ တက္ကသိုလ် ဆရာကြီး၏ ဉာဏ်စွမ်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လူပြိန်းတော့ဖြင့် အတော် ကြိုက်မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လူပြိန်းတော့ (အတော်ကြိုက်မှာပါ ဘုရား) လူပြိန်းကြိုက် တရားကြီးပါလား ဟုတ်သလိုလို ကော မထင်ရဘူးလား (ထင်ရပါတယ် ဘုရား) ထင်ရပါတယ်တဲ့။

ခု တချို့ ဒကာ ဒကာမတွေမှာလည်း ဒါ နားမ လည်လို့ရှိရင်ဖြင့် ဒီဥစ္စာ ကြိုက်ချင် ကြိုက်သွားမယ် (မှန်ပါ့)။ ဟေ့ မျက်စိကွယ်ရာ နားကွယ်ရာ ကောင်းတယ်ဟေ့ အံမာလာပ ကောဗျ (မှန်ပါ့)။

သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ဟာ အဲဒါ သူတို့နဲ့ နေရရင် တရား အားမထုတ်ဖြစ်ဘူး၊ မျက်စိ ကွယ်ရာ နားကွယ်ရာ သိပ်ကောင်းတယ် မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

အင်း ပါရာသိဝိယ ဆရာကြီးရဲ့ တပည့်တွေဖြစ် ကုန်ဦးမယ်နော် (မှန်ပါ့) သုံးကော မသုံးကြ ဘူးလား (သုံး ကြပါတယ် ဘုရား)။

မျက်စိကွယ်ရာ နားကွယ်ရာ

အင်း မျက်စိကွယ် နားကွယ် ဟိုး နေကြစမ်းပါတော့ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ အကုသိုလ် ဖြစ်လွန်းလို့ နင်တို့နဲ့ နေရတာ မျက်စိကွယ်ရာ နားကွယ်ရာဆို ဘာမှ ဖြစ်စရာ မရှိဘူး၊ နင်တို့ဟာ နင်တို့ ကျွမ်းထိုးနေနေ၊ ဘာဖြစ်နေနေတို့ အေးတာပဲ၊ ဘယ်အေးမလဲကွ (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

မျက်စိကွယ် နားကွယ်ရာဆိုတော့၊ ဒကာ ဒကာမတွေက နှင်ချင်နှင်နေတာ ပေါ့လေနော် (မှန်ပါ့) မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့၊ မျက်စိကွယ်ရာ နားကွယ်ရာသာ ဆိုတာကို ဆိတ်ကွယ်ရာ သွားနေ၊ ဆိတ်ကွယ် ရာမှာ သွားနေလိုက်တယ်၊ တွေးလုံးတွေ ထုတ်ပြီး နေတာတွေ ကျတော့ ဘယ်နှယ် လုပ်မတုံး (မှန်ပါ့) ဟုတ်ဘူးလား (မှန်ပါ့)။

မနောဒွါရ

နေမှကောင်းကြရဲ့လား စီးပွားမှ ဘယ်လိုများ နေရှာကြတုံး၊ ဥတုရာသီက ဆိုးပါဘိတော့နဲ့ ဟို တောက နေတာ သူပြောမှ မဟုတ်ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

အဲဒါလွတ်ရာသွားနေကြ ဆိုပေမဲ့လို့၊ လွတ်ရာ သိနိုင်တဲ့ မနောဒွါရက ရှိသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ တချို့ကျတော့လည်း ဆင်ခြေက လဲလာတယ်။ မျက်စိကွယ်၊ နားကွယ် ဆိုလို့ရှိရင် မကောင်းဘူး၊ မျက်စိအောက်၊ နားအောက်မှာ ကောင်းလည်း အတူ ဆိုးအတူပဲ ကြိုက်တယ်၊ လာပြန်တာပဲသူက (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ခင်ဗျားတို့ဟာလည်း ဘယ်လိုမှပြင်လို့ကိုမရဘူး (မှန်ပါ့) တစ်ခါတလေလည်း လွတ်ရာ ကျွတ်ရာ သွားနေစမ်းပါ အေးပါတယ်လို့ ပြောဆိုလည်း သုံးတယ် (မှန်ပါ့)

တစ်ခါ တစ်လေကျတော့လည်း မျက်စိကွယ်ရာ နားကွယ်ရာ၊ စိတ်မချ ပါဘူး။ လက်မချပါဘူး လာချင်လာနေတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်ဟာ အသုံးချရမှာတုံး၊ ဒါဖြင့် မောင်နိုင် ဘယ်ဟာ အသုံးချရမှာတုံး၊ ဘယ်ဟာမှ အချိုးကို ကျရဲ့လား (မကျ ပါဘူး ဘုရား)။

ဝေးပြန်ဝေးလို့၊ နီးပြန် (နီးလို့ပါ ဘုရား) နီးလို့တဲ့ ဒါဖြင့် အဝေးအနီး မှတစ်ပါး၊ ဒီပြင်ဟာ ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ဘာမှမရှိတာကြီးကိုပင်လျှင် ခင်ဗျားတို့ကလည်း စကား အိမ်ဖွဲ့ပြီးသကာလ အမျိုးမျိုး ပြောနေ ကြတော့ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အဲဒီတရားမျိုးဟာ လုံးဝမမှန်တဲ့တရား

ဒါ စဉ်းစားမိကြလား (စဉ်းစားမိပါတယ် ဘုရား)။ အဲဒီတော့ ဘုရားက အဲ့ဒီတရားမျိုးဟာ လုံးဝ မမှန်တဲ့ တရားလို့ ဆုံးဖြတ်ချက်ချလိုက်တယ် (မှန်ပါ့) မျက်စိကွယ်ရာ နား ကွယ်ရာ တရားကတော့ လုံးဝ မမှန်တဲ့တရား (မှန်ပါ့) ဆိုတော့ ခု ပယ်ချလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟေ့ ဥတ္တရလုလင်၊ မင်း ပါရာသိဝိယ တက္ကသိုလ်ဆရာ ကြီး ဟောတာက မျက်စိပိတ်ထား နားပိတ်ထား၊ ဒါဆိုလို့ရှိရင် ဖြင့် သံသရာဆက်တဲ့ တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘူး။

ဒီလိုဟောလိုက်တော့ ဒါဖြင့်ကွာတဲ့၊ ဘုရားက ဝမ်းထဲက မျက်လုံး ကန်းလာတဲ့ ပုဂ္ဂိုလ်၊ ဝမ်းထဲက နားကန်းလာတဲ့ ပုဂ္ဂိုလ် တွေ၊ အင်း သံသရာ တစ်ခါတည်း စခန်းသတ်မယ်လို့ မွေးဖွား လာတယ်လို့ မင်းဆိုမလား၊ မပြောထိုက်ဘူးလား (ပြော ထိုက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလို ပြောလိုက်တော့မှ ပါရာသိဝိယ ဆရာကြီးရဲ့ တပည့် ဥတ္တရလုလင်က ေဩာ် တို့ ဆရာကြီး ဟောတာ အလွဲပါလား၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ့်နှယ်တုံး (အလွဲပါ ဘုရား) လွဲကုန်ပြီတဲ့၊ မျက်လုံးကို ပိတ်ထားရမယ်တဲ့၊ နားရှိလည်း ပိတ်ထား မကြားရရင် ဘာမှမဖြစ်ဘူး၊ မကြားရတွေးလုံးက ရှိနေသေးတာကိုး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့ မမြင်မကြားရတာနဲ့ တွေးလုံးနဲ့ ဒကာ ဒကာမတွေ အမေမိဘက လုပ်ဘူးတဲ့ ပုဂ္ဂိုလ်ချည့်ပဲ၊ သားနဲ့ သမီးနဲ့ နေကြတဲ့ ပုဂ္ဂိုလ် ဆွေနဲ့မျိုးနဲ့ မမြင်ရ မကွယ်ရတာ ပူရတာ နဲ့ ရှေ့တင် မျက်မှောက် ပူရတာနဲ့ ခင်ဗျားတို့ ဘယ်ဟာ ကြိုက် သတုံး။

တိုးတိုးပြောကြပါ၊ တိုးတိုးပြောကြပါ (ဘာမှ မကြိုက်ပါ ဘုရား)။ ဘာမှမကြိုက်ဘူး ဒီလိုတော့ မပြော နဲ့လေ ခင်ဗျားတို့ ခုလောက မျက်လုံးနဲ့သာ ပြောလို့ရှိရင်ဖြင့် မျက်စိကွယ်ရာ၊ နားကွယ်ရာ ဆိုတာ ဒီအနာလေးက အနာကြီးဖြစ်ပြီး တွေးတော့ ခေါင်တွေး တတ်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

မျက်စိအောက် နားအောက်

အနာကြီးက အနာလေးဖြစ်ပြီး ခေါင်တွေး တတ်တယ် (မှန်ပါ့) ခုတော့ ခေါင်မတွေးရဘူး ဒကာ ဒကာမတို့၊ ကိုယ့်မျက်စိ အောက်ပဲ သေအတူ၊ ရှင်အတူ ကောင်း ထင်ပါရဲ့ ဟော လာပြီ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

လာပါတယ်တဲ့၊ ဒါအနီးကြိုက် သက်သက် သေသေ ချာချာက (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) အင်မတန် ဆိုးလှတဲ့ သား ဆိုးလွန်းတေလွန်းလို့ ဖဲတွေရိုက် အမျိုးမျိုး အဖုံဖုံ ပြေးနေတာတောင်မှ ဟေ့ ဘာသံများ ကြား သေးတုံး လှမ်းမေးချင်မေးတာ (မှန်ပါ့)။

ကိုယ့်အိမ်က နေပြီးတော့ ဘာသံများ ကြားသေးတုံး မေးဘူးလား (မေးပါတယ် ဘုရား) မေးတယ်တဲ့ အမေမိဘ ဆိုတာ တောင်းစုပ်၊ ပလုံးစုပ်လည်း မဟုတ်တော့ မပစ်နိုင်ဘူး (မှန်ပါ့)။

သူ့ဆင်ခြေနဲ့ သူလာတာပဲ (မှန်ပါ့) မလာဘူး လား (လာပါတယ် ဘုရား) သဘောပါပလား (ပါပါ ပြီ ဘုရား)။

အဲဒီ အနီးကြိုက်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါကြောင့်ပေါ့ဗျာ အိမ်မှာ ဥပမာ တစ်ယောက် တစ်ယောက် ခွဲကြ၊ ပြုကြတဲ့ အခါကျလို့ရှိရင် ဘယ်သူ စိတ်ကောင်းတုံး မေးရင် ဘယ်နှယ်ပြောကြတုံး ခွဲတဲ့ သူကော စိတ်ကောင်းရဲ့လား (မကောင်းပါဘူး ဘုရား)။

ကျန်ရစ်တဲ့သူကကော (မကောင်းပါဘူး ဘုရား)၊ ဟာ နဂိုက အဝေးကြိုက်လား၊ အနီးကြိုက် လား (အနီးကြိုက်ပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား) သေချာပါပြီ ဒကာ ဒကာမတွေရ။

အဲဒီကဲ့သို့ လောကီမှာလည်း ခင်ဗျားတို့ ရှင်းလောက် ပါပြီတဲ့၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီနေရာမှာ တရားဟောဖို့ကို မောင်နိုင် အခွင့်ရောက်လာပြီ (မှန်ပါ့)။

ဒီ ပါရာသိဝိယ ဆရာကြီးကလည်း ဘုန်းကံပါရမီနဲ့ တပည့်သားမြေးတွေနဲ့၊ ဤကဲ့သို့ ကြီးကျယ် နေတဲ့ ပုဂ္ဂိုလ်ကြီးက၊ ဒီတရားတွေ အလွဲတွေ ဟောနေတယ် ဆိုလို့ရှိရင်ဖြင့်၊ အားလုံးသော ပုဂ္ဂိုလ်တွေဖြင့် အကုန်ဒုက္ခ ရောက်ချည်ရဲ့ (မှန်ပါ့) ဘုရားဉာဏ်နဲ့ သွားမြင်တယ် (မှန်ပါ့)။

မျက်လုံးပိတ်ထား နားပိတ်ထားဆိုတာ သူ့အရာဟာ ဒါကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကဲ ညီတော် အာနန္ဒာ အနားရှိတော့၊ အရှင်ဘုရားတဲ့ ဘုရားအလို မကျတာသိတော့၊ အရှင်ဘုရား ဟောဖို့ အချိန် ရောက်ပါပြီ။ အရှင်ဘုရားပဲ ဆုံးမ သွန်သင်ဖို့ အချိန်ရောက်ပါပြီ ဒီတရား အရှင်ဘုရား ဆက်ဟောပါ (မှန်ပါ့)။

သံသရာပြတ်တဲ့တရားဟောမယ်

ကဲ ဒါဖြင့် အားလုံးသော သံဃာတွေကော လူတွေ ကောကွာ အကြောင်း ကြားလိုက်၊ မြတ်စွာဘုရား သခင် ကိုယ် တော်မြတ်ကြီး သံ သရာ မဆက်တဲ့ တရားကို ဝိပဿနာ အကျဉ်းချုပ်နဲ့ သံသရာပြတ်တဲ့ အတိုင်း ဟောလိမ့်မယ် ဆိုတာ မင်းကြော်ငြာ ပေးလိုက်၊ အားလုံး သံဃာတွေ အမိန့်ရှိလိုက် ကျောက်စည် ခေါင်းလောင်း ထိုးလိုက်ဆိုမှ သံဃာတွေကော လူတွေကော အကုန် စုလာတယ်။

စုလာတဲ့ အချိန်ကျတော့မှ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောဒီ ဒကာ ဒကာမတို့၊ မျက်လုံးနဲ့ ဒါက ကျောက် ကလေး တစ်ခု မျက်လုံးနဲ့ မြင်တယ် (မှန်ပါ့)။

မြင်တဲ့အခါကျတော့ လိုချင်မှုလည်း ပေါ်ချင် ပေါ်မယ်တဲ့ (မှန်ပါ့) တစ်နံပါတ်၊ မလိုချင်မှုကော (ပေါ်ပါတယ် ဘုရား)။

လိုချင်မှု မလိုချင်မှု ကင်းတဲ့ ဓမ္မကော (ပေါ်ပါတယ် ဘုရား)။ ဘယ်နှစ်မျိုးပေါ်တုံး (သုံးမျိုး ပေါ်ပါတယ် ဘုရား)။

အဲ သုံးမျိုးပေါ်တယ်ကွ ဒါမပေါ်ပါနဲ့ ဆိုလို့တော့ ဒကာ ဒကာမတွေ မရဘူးပေါ့ဗျာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီသုံးခု၊ တစ်ခုခုလာမှာပဲ

ဒါ မပေါ်ပါနဲ့ဆိုတော့ ဒါက ဓမ္မနိယာမကွာ ကိုမြင့်တို့ မောင်နိုင်တို့၊ မပေါ်ပါနဲ့လို့ ဆိုလို့တော့ မရဘူး (မရပါဘူး ဘုရား) မျက်လုံးဖွင့်ရင် ဒီသုံးခု တစ်ခုခုကတော့ ပေါ် ရမယ် (ပေါ်ရမှာပါ ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။

ဒါ ဘယ်နှယ့်ကြောင့် ပေါ်ရတုံး အိုး ဒါ နိယာမတွေ၊ ဆောင်းပြီး နွေလာတာကို မောင်နိုင်က၊ ထူးထူး ဆန်းဆန်းလား သူပေါ်မြဲလား (ပေါ်မြဲပါ ဘုရား) မျက်လုံးဖွင့်ရင် ဒီသုံးခုလာမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ပုထုဇဉ်သာ မှန်ရင် လာရမယ်တဲ့ (မှန်ပါ) ဒီသုံးခု တစ်ခုခု (လာရမှာပါ ဘုရား) မလာပါနဲ့ ဆိုလို့ (မရပါဘူး ဘုရား) ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီတော့ လာတဲ့နေရာမှာ ဘုရားက အသုံးချရမှာ (မှန်ပါ့) မျက်လုံး ဖွင့်သာ ဖွင့်ထား၊ လာတဲ့ နေရာမှာ မောင်နိုင်ရဲ့ သိမ်းဆည်း နိုင်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ယခု တစ်နံပါတ် ကလေး၊ လေးနံပါတ်ကို ဘုန်းကြီး ခုရှင်းပြပါပြီတဲ့၊ လေးနံပါတ် နေရာမှာ ဒကာ ဒကာမတို့ ဝမ်းသာတာလည်း လာနိုင်တယ်နော် (မှန်ပါ့) ဝမ်းနည်း တာကော (လာနိုင်ပါတယ် ဘုရား) ဝမ်းသာ ဝမ်းနည်း ကင်းတဲ့ သဘောလေးကော (လာနိုင်ပါတယ် ဘုရား)

လာနိုင်တယ် မြင်ကာမျှ မတ္တတွေ ဟုတ်လား (မှန်ပါ့) လိုချင်ကာမျှမတ္တ မဟုတ်ဘူး (မှန်ပါ့) အင်း ဒီဥစ္စာ ဥပေက္ခာ သဘောနဲ့ ဒီနေရာ လာတယ် ဆိုတာလည်း ခုနက ရှင်းပေးခဲ့ပါပြီ (မှန်ပါ့)။

အဲတော့ ဒီနေရာ ဘယ်နှစ်မျိုးလာတုံး – (သုံးမျိုး လာပါတယ် ဘုရား) သုံးမျိုးတော့ မင်းတို့ အရေးက ဒီဘက် သံသရာ မဆက်ချင်လို့ရှိရင်၊ ငါသေသေချာချာ သံသရာ ပြတ် တရားကို ဟော ဒါလေးကို ငါ အဖြတ်ခိုင်းမယ် (မှန်ပါ့)။

လေးနံပါတ် အဖြတ်ခိုင်းတာ (မှန်ပါ့) ဒကာ ဒကာမတို့ တယ် နံပါတ်တုံး (လေးနံပါတ်ပါ ဘုရား) လေးနံပါတ် မလာပါနဲ့ ဆိုလို့လည်းမရဘူးတဲ့ (မှန်ပါ့) လာမှာပဲတဲ့။

ဒကာ ဒကာမတွေ မလာပါနဲ့ဆိုလို့ ဘယ်တားရမတုံး (မရပါဘူး ဘုရား) မျက်လုံးရှိတဲ့သူ ဖွင့်မှာပဲ ဖွင့်ရင်တော့ ဒါတော့ ပေါ်မှာပဲ (မှန်ပါ့)။

လိုချင်မှု လာချင်လာမယ် (မှန်ပါ့) မလိုချင်ဘူး (လာမှာပါ ဘုရား) အင်း မလိုချင်မှု လိုချင်မှု ကင်းတဲ့သဘော – ကော (လာမှာပါ ဘုရား)။

လာမှာပဲတဲ့ လာချင်တာလာပစေ ဘုရားက ကိစ္စမရှိ ဘူးတဲ့ ဒါဝီထိ ပဋိစ္စသမုပ္ပါဒ်ကြည့်ရင် နိယာမ ဝီထိအားဖြင့် လည်း နိယာမ အမြဲတမ်း ပေါ်တဲ့တရားပဲတဲ့၊ လာတာ မလာတာ ဘယ်သူမှ မတတ်နိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

လာတာ မလာတာကိုတော့ (ဘယ်သူမှ မတတ် နိုင်ပါဘူး ဘုရား) ဘယ်သူမှ မတတ်နိုင်တော့ လာမှာပဲတဲ့ ဒီဥစ္စာ ဒကာ ဒကာမတို့ အရေးကြုံပြန်ပြီနော် (မှန်ပါ့)။

အရေးကြုံပါပြီတဲ့၊ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သံသရာ မဆက်တဲ့တရားကို သူ ဟောပါတယ်၊ ဣန္ဒိယ ဘာဝနာ ဒါ တို့အရိယာတို့ တရား ကတော့ကွာတဲ့၊ ဒီနေရာမှာ ပေါ်တဲ့ တရားကို စဉ်းစားဖို့ပဲ၊ ဒါ မပေါ်ပါစေနဲ့လို့ ဣန္ဒိယသည် ပါရာသိဝိယ ဆရာကြီးကတော့ ဒါကို မပေါ်စေနဲ့ ပြောတာ (မှန်ပါ့)။

ဘုရားကတော့ ဒါ ပေါ်ပလေ့စေ (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား) ဘုရားက (ပေါ် ရမှာပါ ဘုရား) ဘုရားက ပေါ်ပလေ့စေ ဆိုတဲ့ ဥစ္စာက မပေါ်ပါနဲ့ ဆိုလို့ကို မရလို့ ဝီထိနိယာမ၊ ပဋိစ္စသမုပ္ပါဒ် နိယာမ မို့ ဘုရားက သူလည်း မတားနိုင်လို့ ပေါ်ပစေ ပြောတာ (မှန်ပါ့)။

ဘယ်သူက တားနိုင်တဲ့ ဒကာ ဒကာမတွေ (ဘယ်သူ မှ မတားနိုင်ပါ ဘုရား) မြင်လို့ လိုချင်တာကော ဘယ်သူတား နိုင်တုံး (မတားနိုင်ပါဘူး ဘုရား) မြင်လို့ မလိုချင်တာ ကော (မတားနိုင်ပါဘူး ဘုရား) အင်း မြင်လျှက်သားနဲ့ပဲ လိုချင်မှု။ မလိုချင်မှု ကင်းတဲ့ သဘောလေး ပေါ်တာ ကော (မတားနိုင်ပါဘူး ဘုရား)။

ဘယ်သူမှ မတားနိုင်ဘူး ဒကာ ဒကာမတို့ ဒါ မျက်လုံး သာဖွင့် ဒီနေရာကတော့ဖြင့် ရောက်ရမှာ ချည့်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတိုနည်းနဲ့ပြတဲ့တရား

သေသေချာချာသာ နားထောင်ပါ ဒကာ ဒကာမတို့ ဒီဥစ္စာ ဝိပဿနာ အတိုနည်းနဲ့ ဘုရားက တစ်ခါတည်း သံသရာ စခန်းကို ဖြတ်လမ်းက နေပြီးပြတဲ့ တရားလို့ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ဒါ ဟောပြီးတော့ မောင်နိုင်ရဲ့ နောက် မဟောတော့ ဘူး (မှန်ပါ့) ဒါ အင်မတန် အရေးကြီးတဲ့ တရားလို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ကိုတဲ့ တရားဟာ ပေါ်တယ် ဆိုတာတော့ဖြင့် ဒကာ ဒကာမတို့ ဘယ်သူမှ မတားလို့ မရလို့ ပေါ်တာကို ပေါ်ပစေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီတရား မပေါ်ပါစေနဲ့လို့ဆိုလို့တော့ (မရပါဘူး ဘုရား) ပေါ်တာကို အသုံးချဖို့ပဲ ကျုပ်တို့က အရေးကြီးတယ် (မှန်ပါ့)၊ ပါရာသိဝိယ ဆရာကြီးကတော့ ဒါကို သူက မပေါ်အောင် ခိုင်းတယ် (မှန်ပါ့)။

သူ မပေါ်ပါနဲ့ဆိုလို့ နေမဲ့တရားလား (မနေပါဘူး ဘုရား) နိယာမလေကွာ (မှန်ပါ့) နိယာမ ဆိုတာ ဒါပြီး ဒါပေါ် ဒါပြီး ဒါပေါ် ဆိုတော့ ပြောင်းလို့ ပြင်လို့ ရပါ့မလား (မရပါဘူး ဘုရား)။ ကျေနပ် ကြပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါတရား အစစ်ကို ဟောတော့မယ်ဆို၍ ရှေ့ပိုင်းကနေ အကုန် ရှင်းပေးနေတာနော် (မှန်ပါ့) ရှေ့ပိုင်းက အကုန်ရှင်း ပေးနေတယ်

ကိုင်း ဒါဖြင့် မြင်လို့ရှိရင် ခင်ဗျားတို့ သားသမီး မြင်လည်း တစ်ခါတစ်လေ ကျလို့ရှိရင် ခင်တာ လည်း ပါချင် ပေါ်မယ် (မှန်ပါ့)။

အင်း တွေ့ထိပြီးတော့ နင်ကြည့်ရတာ ဟုတ်လား ချေး လက်ရှစ်သစ်နဲ့ အဝတ်က စုတ်ပြတ်လို့ အစရှိသည်နဲ့ ဒီလိုလည်း ပေါ်ချင်ပေါ်တာ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

ပေါ်နေတာပဲ တစ်ခါတစ်လေ ကျတော့လည်း ေဩာ် ဘယ်သွားသကိုးလို့ သွားမှန်း သိရုံလေး လောက်မြင်တဲ့ သဘော ကော (ပေါ်ပါယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်တဲ့တရားကိုစဉ်းစားပါ

ဘယ်နှစ်မျိုးပေါ်တုံး (သုံးမျိုးပေါ်ပါတယ် ဘုရား) အဲ ပေါ်တာလေးကို စဉ်းစား၊ ပေါ်တာလေးကို ဒါ ပေါ်တော့ ပေါ်ပြီ နောက်က နေပြီး ဒကာ ဒကာမတွေက စဉ်းစား (မှန်ပါ့) ဒီပေါ်တဲ့ တရားလေး စဉ်းစား (မှန်ပါ့)။

ပေါ်တဲ့တရားလေးဟာ ဒကာ ဒကာမတို့က စဉ်းစား လုံးကလေးသာ ထုတ်လိုက်ပါ သဘော ကျပလား (ကျပါ တယ် ဘုရား) ပေါ်တဲ့တရားလေးကို ဘာလုပ်ရမတုံး (စဉ်းစားလုံး ထုတ်ရမှာပါ ဘုရား)။

စဉ်းစားလုံး ထုတ်ရမယ်တဲ့ ဒကာ ဒကာမတို့ ပေါ်တဲ့ တရားဘာလုပ်ရမတုံး (စဉ်းစားလုံး ထုတ်ရမှာပါ ဘုရား)

ဪ ဒီတရားလေးကို ခင်ဗျားတို့ ခု ဘုန်းကြီးက စဉ်းစား လုံးကို ဖြည့်စွက်ပြီး သကာလ ဒကာ ဒကာမတို့ နားမလည် လည်အောင်ပဲ ရှင်းပေးပါတော့မယ်နော် (မှန်ပါ့)။

အကြောင်းမရှိပဲနဲ့မပေါ်ဘူး

ဒီတရားလေးဟာ မောင်နိုင်တို့ ကိုမြင့်တို့က စဉ်းစား ဟောဒီ အကြောင်း မရှိပဲနဲ့ ပေါ်ပမလား (မပေါ်ပါဘူး ဘုရား)။ သော် ဒီအကြောင်းက ပြုပြင်လို့ ပေါ်လာတဲ့ တရားလို့ တွေးလိုက် (မှန်ပါ့)။

အဆင်းကပြုပြင်လို့ပေါ်လာတာ

ဒီကျောက်တည်းဟူသော အဆင်းက ပြုပြင်လို့ ပေါ်လာ တဲ့တရား (မှန်ပါ့) ကျောက်မရှိရင် ဒီ လိုချင်ဆိုတာ လာပါ့ မလား (မလာပါဘူး ဘုရား) ဒါဖြင့် လိုချင်တာ အသာထား ေဩာ် ကျောက်က ပြုပြင်လို့ ပေါ်လာတဲ့တရားလို့တွေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီတရားဟာ ဘယ်သူ့ကြောင့် ပေါ်လာတုံး (ကျောက်ကြောင့်ပါ ဘုရား) အဲ ကျောက်က ပြုပြင်လို့ ပေါ်လာ တဲ့တရား ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျောက်ကပြုပြင်လို့ ပေါ်လာတဲ့တရား ဆိုကတည်းက သူ ပဋိစ္စသမုပ္ပန္န တရားလို့ ပြောလိုက်တယ် စာလို ပြောတော့ ရှုပ်နေမှာ စိုးလို့နော်။

ဒီကျောက်တည်း ဟူသော တရားက ပြုပြင်လို့ ပေါ်လာ တဲ့တရားမှ ဟုတ်ပါရဲ့လား ဒကာ ဒကာမတို့ လေးနံပါတ် ဟာ (ဟုတ်ပါတယ် ဘုရား) အင်း ပြုပြင်လို့ ပေါ်လာတဲ့ တရားလို့ ချက်ခြင်းတွေးပါ (မှန်ပါ့) ဟုတ်လား (မှန်ပါ့) ပြုပြင်လို့ ပေါ်လာတဲ့ တရားဖြင့် သင်္ခါရတရား (မှန်ပါ့)။

ပြုပြင်လို့ ပေါ်လာတဲ့တရား (သင်္ခါရတရား) ဒီတရားက မပြုပြင်ပဲနဲ့ဖြင့် ဒါ ပေါ်ကို မပေါ်ဘူး (မပေါ် ပါဘူး ဘုရား) စဉ်းစားကြည့်ပါ ဒီကလေးက ငို ဆိုရင် ငိုတာပါပဲ ဒီအမေဟာ (မှန်ပါ့) ဒီကလေးက ပြုံးလိုက် ဆိုရင် (ပြုံးပါတယ် ဘုရား)။

ဒါဖြင့် ဒီအာရုံက ပြုပြင်နေတယ် ဆိုတာ မပေါ်ကြဘူး လား (ပေါ်ပါတယ် ဘုရား) ဒါဖြင့် သူ သင်္ခါရတရား (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

လောဘ၊ ဒေါသ၊ မောဟမဟုတ် သင်္ခါရတရား

ဘာတရားခေါ်ကြမတုံး (သင်္ခါရ တရားပါ ဘုရား) ဟာ ဒါဖြင့် သူ သင်္ခါရတရား ပါလားလို့ သင်္ခါရ တရားလို့ပဲ တွေးလိုက်တယ်။ သင်္ခါရတရားလို့ တွေးလိုက်တော့ သူသည် လောဘကော ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး)၊ ဒေါသ ကော (မဟုတ်ပါဘူး) အင်း မောဟ တရားကော (မဟုတ် ပါဘူး ဘုရား)။

မဟုတ်ပါဘူးတဲ့ ဒါ သင်္ခါရတရားလေးပဲလို့သာ တွေး လိုက်ပါ (မှန်ပါ့) သင်္ခါရတရား ပဋိစ္စသမုပ္ပန္န တရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သင်္ခါရတရားမှန်းလည်း သိပြီး ပဋိစ္စသမုပ္ပန္န တရား လည်း သိသွားပြီ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒါကို ခင်ဗျားတို့က သင်္ခါရ တရား၊ ပဋိစ္စသမုပ္ပန္န တရားလို့ ခင်ဗျားတို့က တွေးလုံးကလေး နောက်က နေပြီး တွေးလုံးသာထုတ် ပေါ်တိုင်း ပေါ်တိုင်း တွေးလုံးထုတ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း တွေးလုံး ထုတ်လိုက်တဲ့ အခါကျ တော့ သင်္ခါရတရား၊ ပဋိစ္စသမုပ္ပန္န တရား ဆိုသဖြင့် သင်္ခါရဖြင့် ပျက်တယ် မလာဘူးလား (လာပါတယ် ဘုရား) ပဋိစ္စသမုပ္ပန္န တရားဖြင့် ချုပ်တယ် (မှန်ပါ့)။

သင်္ခါရတရားပျက်တယ်

မလာပေဘူးလား (လာပါတယ် ဘုရား) သင်္ခါရ တရားဖြင့် (ပျက်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပန္န တရားဖြင့် (ချုပ် ပါတယ် ဘုရား) ချုပ်တယ် ဆိုတော့ ပဋိစ္စသမုပ္ပန္န တရား ဆိုတာ ကတော့ ဖြစ်ပြီး ချုပ်ရ မှာကိုး (မှန်ပါ့) မချုပ်ရပေဘူးလား (ချုပ်ရမှာပါ ဘုရား)။

အဲဒီကဲ့သို့ ဒီတရားလေးကို ဒကာ ဒကာမတို့ ခင်ဗျားတို့ နားလည်တဲ့ဉာဏ်နဲ့ ပြောမယ် ဆိုလို့ ရှိရင်ဖြင့် ဒီတရားကို ခင်ဗျား တို့က လောဘလို့လည်း မယူနဲ့၊ ဒေါသလို့လည်း မယူနဲ့၊ သင်္ခါရ တရား ဖြစ်ပျက် ကလေးပဲသာ လုပ်လိုက် (မှန်ပါ့) ရှင်းလား (ရှင်းပါပြီ ဘုရား)။

လိုချင်တာ မလိုချင်တာ ဖြစ်ပျက်ရှု

ဒီတရားလေး လိုချင်တာလေး လာလည်း ဖြစ်ပျက်ရှု လိုက် (မှန်ပါ့) မလိုချင်တာလေး လာရင်ကော (ဖြစ်ပျက် ရှုရမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လိုချင်မှု မလိုချင်မှုကင်းတဲ့ စိတ်ကလေး ပေါ်လာရင် ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အဲတော့ ဒီနေရာမှာ ဖြစ်ပျက်နဲ့ ရှုလိုက်တော့ သူက ဖြစ်ပျက် ဖြစ်တော့၊ သူ့နောက်က ရှုတာက မဂ် လာ ဖြစ်တော့၊ ဒီ ဥပါဒါန်တို့ ကံတို့ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏတို့ကော (မလာ တော့ပါဘူး ဘုရား) မလာတော့ ဪ ဒါ ဒီလို ရှုလိုက်တဲ့ အတွက် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ဟောပါ တယ်ကွာတဲ့ လောဘ လည်း မရှိဘူးကွ။ (မှန်ပါ့) လောဘလည်း မဟုတ်ဘူးတဲ့ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။

သင်္ခါရတရား၊ ပဋိစ္စသမုပ္ပန္န တရားပဲဖြစ်တယ် (မှန်ပါ့) ဒေါသလည်း မဟုတ်ဘူးကွ ဘာတုံး (သင်္ခါရ တရား ပဋိစ္စသမုပ္ပန္န တရားပါ ဘုရား) သဘောကျပလား (ကျပါ တယ် ဘုရား)။

ပြုပြင်လို့ပေါ်တဲ့တရားလို့ သိပေးပါ

အဲတော့ သင်္ခါရတရား၊ ပဋိစ္စသမုပ္ပန္န တရားလို့ မင်းတို့ က ေဩာ် သူပြုပြင်လို့ ပေါ်လာတဲ့ တရား၊ သူပြုပြင်လို့ ပေါ်လာ တဲ့တရား၊ ဒီလို သိပြီး သကာလ နေလို့ရှိရင်၊ ဒီသိတဲ့ အချိန်ကျတော့ ပြုပြင်လို့ ပေါ်လာတဲ့ တရားဟာလို့လည်း သိပြန်တော့ သိတဲ့ အချိန်ကျတော့ ပြုပြင်လို့ ပေါ်လာတဲ့ တရားဟာလို့လည်း သိပြန်တော့ သိတဲ့ အချိန်မှာ ပြုပြင်လို့ ပေါ်လာတဲ့ တရားလေး ဟာလည်း မရှိဘူး ဆိုတာ ပါသွားတယ် (ပါပါတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။

ပြုပြင်လို့ ပေါ်လာတဲ့ တရားလို့ သိရင်လည်း ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) မရှိတော့ အဖြစ်လည်း သူသိတယ် (မှန်ပါ့) အပျက်ကော (သူသိပါတယ် ဘုရား)။

ဒါဖြင့် လောဘလား ဖြစ်ပျက်လား (ဖြစ်ပျက် ပါ ဘုရား) ဒေါသလား ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား) မောဟလား (ဖြစ်ပျက်ပါ ဘုရား)။

ဖြစ်ပျက်နောက်ကသိတာကမဂ်

အင်း ဒါဖြင့် ဖြစ်ပျက် နောက်က သိတာက (မဂ် ပါ ဘုရား) ဒီလိုဖြစ်သွားလို့ရှိရင် မျက်လုံး ဖွင့်ပါကွတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ ဒီဉာဏ်ဟာ ဘာဉာဏ်လို့ ဆိုမတုန်းလို့ မေး ဖို့မလိုဘူးလား (လိုပါတယ်) ဟောဒီ လောဘဟာလည်း လောဘအဖြစ် မထားဘူး၊ ဒေါသလည်း ဒေါသအဖြစ် မထား ဘူး၊ ဖြစ်ပျက်ပဲ ထားတယ် (မှန်ပါ့)။

မောဟကော (မောဟ အဖြစ ်မထားပါဘူး။ ဖြစ် ပျက်ပဲ ထားပါတယ် ဘုရား) ဖြစ်ပျက်ပဲ ထားတော့ ဟောဒီက တစ်တန်းတည်း ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်)။

လောဘနဲ့ ဒေါသ မောဟတွေ ဘယ်နှယ့်နေတုံး ဒကာ ဒကာမတွေ (တစ်တန်းတည်း ဖြစ်သွားပါတယ် ဘုရား) တစ်တန်း တည်း ဖြစ်ပျက် တူမသွားဘူးလား (တူသွားပါတယ် ဘုရား)

ဒီကစရှုလည်းရတယ်

အဲဒါသည် ဟောဒီဉာဏ် ဒီဉာဏ်က နေပြီး ဖြစ်ပျက်သာ တွေ့တဲ့အတွက် ဒါ ဝိပဿနုပေက္ခာ ဉာဏ်လို့ မှတ်လိုက်ပါ တစ်ခါတည်း သင်္ခါရုပေက္ခာဉာဏ် ထိုးတက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သင်္ခါရုပေက္ခာ ပြီးရင် မဂ်ဉာဏ်ပဲ ရှိတော့တာပဲ (မှန်ပါ့) ဒီကနေ စရှုလည်း ရတယ်ကွ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား) ဘယ်လောက် အဖိုးတန်တဲ့ ဒကာ ဒကာမတွေ (တန်ပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဒီနေ့တော့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။