175

၁။ နိဗ္ဗာန်သွားနေတဲ့ နာရီဝက်

၂။ ဗုဒ္ဓဘာသာများမှာ ကံအားကိုးတာ များတယ်

တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ဤတရားတော်သည် မန္တလေးမြို့ ဦးချစ်ဆွေ ဒေါ်မမ အိမ်တွင် ကျောင်းအမှတ်ဖြင့် သီတင်းသုံးနေစဉ်၊ နံနက်တိုင်း ဦးချစ်ဆွေ၊ ဒေါ်မမတို့နှစ်ဦးအား သီးခြားဆုံးမဟောကြားခဲ့သော နာရီဝက် တရားတော်များ ဖြစ်ပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့တွင် (၂၈-၂-၆၂) နေ့၌ ဟောကြားခဲ့သော “နိဗ္ဗာန်သွားနေတဲ့ နာရီဝက်” တရားတော်နှင့် (၂၄-၂-၆၂) နေ့၌ဟောကြားခဲ့သော “ဗုဒ္ဓဘာသာများမှာ ကံအားကိုးတာ များတယ်” တရားတော် နှစ်ပုဒ်ကို ပေါင်း၍ ထုတ်ထားခြင်းဖြစ်ပါသည်။

အမှုဆောင်အဖွဲ့

——-

နိဗ္ဗာန်သွားနေတဲ့နာရီဝက်

အသံဖိုင်ခေါင်းစဉ်= သဿတ ဥစ္ဆေဒဒိဋ္ဌိပြုတ်၍ သမ္မာဒိဋ္ဌိအမှန်မြင်ပုံအလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်သွားနေတဲ့နာရီဝက်

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

နိဗ္ဗာန်သွားနေတဲ့နာရီဝက်

ဟောကြားသည့်နေ့

(၂၈-၂-၆၂)

ဒီနေ့တော့ သမ္မာဒိဋ္ဌိဖြစ်ပုံကို ရှင်းပြမယ်တဲ့၊ သမ္မာဒိဋ္ဌိ ဖြစ်ပုံကိုရှင်းပြမယ်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ ဆိုတာက သမ္မာကမှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ အမှန်မြင်တာကို ဆိုသည်လို့ မှတ်ထားကြပါ။

အမှန်မြင်ဆိုတာ

အမှန်မြင်-အမှန်မြင် ဆိုတဲ့ဥစ္စာက အရေးအကြီးဆုံး အချက်က ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပြီး သကာလ၊ အမှန်စိတ် ကလေးဖြစ်ပြီး စိတ်ကလေး၏ ဖြစ်မှုမြင်တာ စိတ်ကလေး ပေါ်လာပြီ၊ စိတ်ကလေး ပျက်သွားပြီ။

ဒီထဲ မောင်ချစ်ဆွေတို့ အစ်မတို့က စဉ်းစားလိုက်တော့၊ ဪ စိတ်ကလေးဖြစ်၍ စိတ်ကလေး ပျက်တာပဲ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ ဒီထဲ ထိုးလို့ကို မရဘူး၊ ဒီထဲ ပုဂ္ဂိုလ် သတ္တဝါထိုးလို့ ရသေးလား (မရပါဘူးဘုရား)၊ အဲဒါ အမှန်မြင်လို့ မှတ်လိုက်စမ်းပါ (တင်ပါ့ ဘုရား)။

အရိယာတို့၏တပည့်သား

ပုဂ္ဂိုလ်သတ္တဝါ မဝင်နိုင်တော့ဘူးတဲ့ ဒါလေးဟာ၊ နောက် စိတ်ကလေး လာပြန်လည်း -ဖြစ်ပြန်ပြီ၊ ဪ ပျက်ပြန်ပြီ၊ အဲဒီ ဖြစ်ပြန်ပြီ၊ ပျက်ပြန်ပြီ ဆိုတဲ့ အနိစ္စမြင်လို့ ရှိရင်ဖြင့်တဲ့ မင်းတို့ အရိယာတို့၏ တပည့်သား မျက်လုံး မှန်မှန် ကန်ကန်ရပြီလို့ ဆုံးဖြတ်ချက်ချပါ။

ဒီရလိုက်တဲ့ အမြင်လေးဟာလည်း သမ္မာဒိဋ္ဌိ ဖြစ်သွား တယ်၊ ဪ – ပုဂ္ဂိုလ် သတ္တဝါ ပျောက်ပြီး သကာလ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက်၊ ရုပ်ကြည့်လိုက်လည်း ဖြစ်မှု ပျက်မှု၊ စိတ်ကြည့်လိုက်လည်း ဖြစ်မှုပျက်မှု၊ ဝေဒနာကြည့်လိုက် လည်းဖြစ်မှုပျက်မှု၊ အင်း အစ်မတို့ ဒီလို အားထုတ်နေရင် ပုဂ္ဂိုလ် သတ္တဝါကို ရှာမတွေ့ပါဘူး။

သမ္မာဒိဋ္ဌိအမြင်

ယောက်ျားလည်း ရှာမတွေ့ပါဘူး၊ မိန်းမလည်း ရှာမတွေ့ ပါဘူး၊ တွေ့သေးလား (မတွေ့ပါဘူး ဘုရား၊ ဖြစ်မှု၊ ပျက်မှုဆိုတာ သိပါပြီ ဘုရား) အဲဒါ တွေ့လိုက်တော့ ဒီအမြင်ဟာ ဘာအမြင် ပါလိမ့်မတုံး ဆိုတော့၊ မိမိဉာဏ်ကလေးကို သမ္မာဒိဋ္ဌိလို့ မှတ်လိုက်ပါ။

မိမိမြင်တဲ့ ဉာဏ်လေးကို ဘာဆိုကြမတုံး (သမ္မာဒိဋ္ဌိလို့ ဆိုပါမယ် ဘုရား)၊ သမ္မာဒိဋ္ဌိလို့ ဒကာ ဒကာမတွေက မှတ်လိုက် ကြစမ်းပါ။

ဪ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရာဟာ ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီး သကာလ၊ ရုပ်နမ်တို့၏ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါး ကို ဖြစ်မှုပျက်မှု တွေ့မှသာလျှင်၊ သမ္မာဒိဋ္ဌိဖြစ်ပါလား ဆိုတဲ့ဥစ္စာကို သေချာမှတ်ထားပါ (တင်ပါ ဘုရား)။

ဒါဖြင့် ဖြစ်မှုတွေ့လည်းသမ္မာဒိဋ္ဌိပဲ၊ ပျက်မှုတွေ့လည်း (သမ္မာဒိဋ္ဌိပါ ဘုရား) ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီလောက်တောင် အရေးတကြီး ဒီဒကာ ဒကာမတွေ သမ္မာ ဒိဋ္ဌိကို အကြီးအကျယ် ကြီး ဒါမဂ်မျက်လုံးလို့ ပြောနေပါလိမ့် မတုံး၊ သမ္မာဒိဋ္ဌိ မဂ်မျက်လုံး (တင်ပါ ဘုရား)။

မဂ်မျက်လုံးရတာ

သမ္မာဒိဋ္ဌိဆိုတာ ဘာပါလိမ့် (မဂ်မျက်လုံးပါ ဘုရား) အခု ဒကာ ဒကာမတွေ မဂ်မျက်လုံးရပြီလို့ ဟောနေတာပါ။ ဟုတ်တယ်တဲ့ မဂ်မျက်လုံးရတာတဲ့၊ သမ္မာက အမှန်အကန်၊ ဒိဋ္ဌိကမြင်တာ၊ အမှန်အကန်မြင်တဲ့ မျက်လုံးဟာ မဂ်မျက်လုံးပဲ။

ဒီဟာ မဂ်မျက်လုံးလို့ ဆရာဘုန်းကြီးက အမည်တပ် လိုက်ခြင်း၊ ဘုရားက အမည် တပ်လိုက်ခြင်းသည် ဒီမျက်လုံးဟာ သဿတဒိဋ္ဌိကိုလည်း သေစေ ကြေစေတယ် ဒီမျက်လုံးကပဲ သတ်ပစ်လိုက်တာ။

ဒိဋ္ဌိသတ်တဲ့မျက်လုံး

ဥစ္ဆေဒဒိဋ္ဌိကိုလည်း ဒီမျက်လုံးကပဲ သတ်ပစ်လိုက်တာ (တင်ပါ ဘုရား) ဒိဋ္ဌိသတ်တဲ့ မျက်လုံး ဖြစ်လေ သောကြောင့် ဒါမဂ်မျက်လုံးမှတ်လိုက်ပါ (တင်ပါ ဘုရား) ဒိဋ္ဌိသတ်တဲ့မျက်လုံး ဖြစ်လေ သောကြောင့် (မဂ်မျက်လုံးပါ ဘုရား)။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိနှစ်ခုကို သတ်နိုင်တဲ့မျက်လုံးဖြစ်လေ သောကြောင့် သမ္မာဒိဋ္ဌိမျက်လုံး (ဝါ) မဂ်မျက်လုံး (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီမျက်လုံးရဖို့ရာ ဝိပဿနာဉာဏ်ဦးမတည့် တဲ့ ပုဂ္ဂိုလ်များ အဖြစ်ကိုလည်း ဦးမတည့်ပါဘူး၊ ဉာဏ်လေးနဲ့ အပျက်ကိုလည်း ဦးမတည့်ဖြစ်တဲ့ ပုဂ္ဂိုလ်များမှာဖြင့်၊ မောင်ချစ်ဆွေတို့ အစ်မတို့ စဉ်းစားကြည့်ပါ မဂ်မျက်လုံးကို မရပါဘူး (မရပါ ဘုရား)။

မဂ်မျက်လုံးမရရင် အရိယာတို့၏ မျက်လုံးကိုမရဘူး၊ ပုထုဇဉ် မျက်လုံးမျိုး ဖြစ်နေမှာပဲ၊ ပုထုဇဉ် မျက်လုံးမျိုးဖြစ်နေရင် လည်း အဖြစ်လည်း မပါဘူး၊ အပျက်လည်းမပါဘူး၊ ယောက်ျား၊ မိန်းမ၊ ခွေး၊ ကြောင် ဒါဖြစ်နေမှာပဲ၊ ပုဂ္ဂိုလ် သတ္တဝါချည်း ပေါ်နေ မှာပဲ(တင်ပါ ဘုရား)

မဂ်မျက်လုံးမရရင် (ပုဂ္ဂိုလ်သတ္တဝါချည်းပေါ်နေမှာ ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါချည်း ပေါ်နေမယ်။ မဂ်မျက်လုံး လည်း ပေါ်လိုက်ပါရော အဖြစ်လည်း ဪ ဖြစ်တက်တဲ့သဘော ဖြစ်တာပဲ၊ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောမို့ ပျက်သွားတာပဲ။ ဒါလေး မောင်ချစ်ဆွေတို့ အစ်မတို့က မြင်လိုက်ပြီ ဆိုမှဖြင့် မဂ်မျက်လုံး၊ စာလိုသုံးတော့ သမ္မာဒိဋ္ဌိ။

ပုထုဇဉ်မှာမိစ္ဆာဒိဋ္ဌိမျက်လုံး

သမ္မာဒိဋ္ဌိ ဆိုကတည်းက အစ်မ စဉ်းစားတော့၊ ဪ မိစ္ဆာဒိဋ္ဌိသေလို့ သမ္မာဒိဋ္ဌိ မျက်လုံး ပေါ်လာတာကို နဂိုက ပုထုဇဉ် သန္တာန်မှာ မိစ္ဆာဒိဋ္ဌိ မျက်လုံးပဲရှိတယ် (တင်ပါ ဘုရား)။

နဂိုက ပုထုဇဉ်သန္တာန်မှာ (မိစ္ဆာဒိဋ္ဌိမျက်လုံးပဲရှိပါတယ် ဘုရား) အဲဒါ အဖြစ်ကိုလည်း မြင်လိုက်၊ အပျက်ကိုလည်းမြင် လိုက်တဲ့အတွက်တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သမ္မာ ဒိဋ္ဌိမျက်လုံး ဖြစ်သွားတော့၊ နဂိုပင်ရင်းရှိတဲ့ မွေးကတည်းက ပါလာတဲ့ ပုဂ္ဂိုလ်သတ္တဝါ ထင်နေတဲ့ မျက်လုံး။

ယောက်ျားထင်နေတဲ့ မျက်လုံး၊ မိန်းမထင်နေတဲ့ မျက်လုံး၊ သားသမီး ထင်နေတဲ့မျက်လုံး၊ ဒီမျက်လုံးဟာ ဒီစခန်းထဲ ဝင်မလာတော့ဘူး၊ မိစ္ဆာဒိဋ္ဌိမျက်လုံး ဝင်လာသေးရဲ့ လား (မဝင် လာတော့ပါဘူး)။

မိစ္ဆာဒိဋ္ဌိ မျက်လုံးမဝင်လာတော့ ဒါသမ္မာဒိဋ္ဌိမျက်လုံး (ဝါ) မဂ်မျက်လုံး ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သာမညမျက်လုံးမဟုတ်ဘူး

ကောင်းပြီ ဒါနဲ့ သမ္မာဒိဋ္ဌိမျက်လုံးဖြစ်တာကို၊ ဘုန်းကြီး က အသားယူပြီး သကာလ လေးလေးနက်နက် ပြောနေတာက၊ ဘုရားကိုယ်က မင်း ဒီမျက်လုံးသာမည မျက်လုံးလို့ မင်းက

အောက်မေ့မနေနဲ့လို့ ဘုန်းကြီးကလည်းဆုံးမထားတယ်။

သဿတဒိဋ္ဌိကိုလည်း မျက်လုံးနဲ့ သတ်ပစ်တယ်ကွ (တင်ပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိ ကိုလည်း (ဒီမျက်လုံးက သတ်ပစ်ပါတယ် ဘုရား) ဒီမျက်လုံးက သတ်ပစ်တော့ ဒီမျက်လုံးဟာ သဿတ ဥစ္ဆေဒ ကြားထဲမှာ လာတဲ့မျက်လုံး အင်မတန် အဖိုးတန်ပါတယ်။

မဇ္ဈိမပဋိပဒါအကျင့်

ဘယ်ကြားထဲက လာတဲ့ မျက်လုံးပါလိမ့် (သဿတ ဥစ္ဆေဒ ကြားထဲကလာတဲ့ မျက်လုံးပါ ဘုရား) ဒါဖြင့် မဇ္ဈိမပဋိပဒါ အကျင့် မှန်ပြီ (တင်ပါ ဘုရား) နိဗ္ဗာန်ရောက်တဲ့ အကျင့်မှန်သွားပြီ၊ (မှန်ပါတယ် ဘုရား)။

မဇ္ဈိမပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ ဆိုတဲ့ အတိုင်း ဘုရားက တထာဂတေန-ဘုရားသခင်သည်၊ အဘိသမ္ဗုဒ္ဓါ ထိုးထွင်း၍ သိတယ်၊ ဘာတုံး မဇ္ဈိမပဋိပဒါတဲ့ (တင်ပါ)။

အင်း သဿတ ဥစ္ဆေဒကြားထဲမှာရှိတဲ့ မျက်လုံးနဲ့သူမြင် တာတဲ့ (တင်ပါ ဘုရား)၊ ငါသည် ဘယ်မျက်လုံးနဲ့ သမ္မာဒိဋ္ဌိ အယူမှန်အမြင်မှန်ရပါလိမ့်မတုံးဆို၊ မဇ္ဈိမပဋိပဒါ မျက်လုံးနဲ့ငါရ လာတာကွ။

မဇ္ဈိမပဋိပဒါ မျက်လုံး

မဇ္ဈိမပဋိပဒါ မျက်လုံးနဲ့ဆိုတော့ သဿတအမြင် ကိုလည်း ငါမမြင်၊ ဥစ္ဆေဒအမြင်ကိုလည်း ငါမမြင်ဘဲနဲ့ အလယ် သဿတ ဥစ္ဆေဒကြားထဲမှာ အမြင်မျက်လုံးငါရတာ (တင်ပါ ဘုရား)။

ဒါကြောင့် ငါ့ “အဘိသမ္ဗုဒ္ဓ” ဖြစ်တာ၊ အဘိ-အလွန်၊ သမ္ဗုဒ္ဓက-ထိုးထွင်းသိတာ၊ ထိုးထွင်း သိတဲ့ အသိဟာ သဿတ ဥစ္ဆေဒနှစ်ခု စလုံးဖယ်ရှားပြီး သကာလ အမှန်မြင်တဲ့ ထိုးထွင်း သိပါလားဆိုပြီး ငါ့ကိုယ်ငါလည်း တထာဂတေန အဘိသမ္ဗုဒ္ဓေါ။

စက္ခု ကရဏီ ဉာဏကရဏီ၊ ဪ ဉာဏ်အမြင်နဲ့ ပြုလို့ ပြီးစေ၏ အဘိညာယ-ဒါထိုးထွင်း သိကွတဲ့၊ မင်းတို့ ဒီဥစ္စာ မွေးကတည်းက ပါတာလို့ ယူမထားနဲ့တဲ့၊ သမ္ဗောဓါယ- သစ္စာကို သိလိုက်တာ ကွတဲ့ (တင်ပါ ဘုရား)။

သစ္စာသိလိုက်တာ

ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ သစ္စာကို သိချလိုက်တာ (မှန်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)၊ နိဗ္ဗာနာယတဲ့ ကိလေသာလည်း ငြိမ်းတယ်တဲ့ကွတဲ့ သူသိနေတုံး။

ခင်မှု၊ မင်မှု၊ ကြောင့်ကြမှု၊ စိုးရိမ်မှု၊ ဗျာပါရဖြစ်မှုလာ သေးလား (မလာပါဘူး ဘုရား)။

နိဗ္ဗာနာယ-ကိလေသာတွေလည်းချုပ်ငြိမ်းမယ်၊ သံဝတ္တတိ- ဪ ကိလေသာချုပ်ပြီး သကာလ နေတော့ချုပ်အောင် လုပ်နိုင်တဲ့ အမြင်ပါလား၊ မြင်ရုံတင် မြင်တာလား၊ ကိလေသာကို ချုပ်စေတာလားလို့ မေးတာကို မြင်လည်းမြင်တာ အမှန်ပဲ၊ ကိလေသာကိုလည်း ချုပ်စေတယ်။

ရေအိုးနှစ်လုံးထမ်းသလို၊

ဒီမျက်လုံးဟာ သာမညမဟုတ်ဘူး၊ ပခုံးထမ်းသလိုပဲ မှတ်ရ မယ်၊ ထမ်းပိုးလေး ရေအိုးပေါ် တင်ပြီး ထမ်းလိုက်တော့၊ ဟို ဘက်က ရေအိုးလည်း ပါလာတာပဲ၊ ဒီဘက်က ရေအိုးကော (ပါပါတယ် ဘုရား) အလယ်က ထမ်းလိုက်တာကို (မှန်ပါ ဘုရား)။

ထို့အတူပဲတဲ့ အခု ဘုရားပေး၊ ဆရာပေးတဲ့ မျက်လုံး လေး၊ ဖြစ်မှု၊ ပျက်မှုမြင်တဲ့ မျက်လုံး လေးသည်ကား ဆိုရင်ဖြင့် တဲ့ ဒီဘက်က တဏှာဒိဋ္ဌိ လည်းသတ်တယ် (တင်ပါ ဘုရား)။

နှစ်ကိစ္စဆောင်ရွက်တယ်

ဒီဘက်ကဒုက္ခသစ္စာလည်း (အမှန်မြင်ပါတယ် ဘုရား) ဟိုဘက်က တဏှာဒိဋ္ဌိလည်း (သတ်ပါတယ် ဘုရား)။

ဒါဖြင့် နှစ်ကိစ္စရွက်ဆောင်တယ်ဆိုရင် အစ်မထမ်းပိုး နဲ့ မတူဘူးလား (တင်ပါ တူပါတယ် ဘုရား) ရှေ့အိုးကိုလည်း ပါစေတာပဲ နောက်အိုးကိုလည်း (ပါပါတယ် ဘုရား)။

ဒီထမ်းပိုး ဘယ်နှစ်ကိစ္စရွက်ဆောင်ပါလိမ့်လို့မေးရင် ဘယ့်နှယ်ဆိုမတုံး (နှစ်ကိစ္စ ရွက်ဆောင်ပါတယ် ဘုရား) နှစ် ကိစ္စ ရွက်ဆောင်တယ်။

ဒီမှာ အမှန်မျက်လုံးလေးက ဒုက္ခကိုလည်းသိစေ တယ်၊ ကိလေသာကိုလည်းသေစေတယ် မောင်ချစ်ဆွေ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခကိုလည်း မြင်စေတယ်။ နောက်က ကိလေသာတွေ ကိုလည်း (သေစေပါတယ် ဘုရား)။

သာမညလို့အောက်မေ့မနေပါနဲ့ အဲ သေစေပါတယ်ဆိုတော့ အစ်မတို့ ဒီနေ့ နာရီဝက် ထိုင်ပါတယ်၊ တစ်နာရီ ထိုင်ပါတယ် ဆိုတဲ့ဥစ္စာ၊

ဪ- ငါအခုထိုင်တာ သာမညလို့ အောက်မေ့မနေလိုက် ပါနဲ့၊ အရိယာမျက်လုံးနဲ့ ဒိဋ္ဌိသတ်ပြီး သကာလ နေတာ၊ အလယ်လမ်းကို သွားနေတာ။

အရိယာမျက်လုံးတပ်ပြီး သကာလ အလယ်လမ်းသွား နေတဲ့ အတွက်၊ အလယ်ကမှ နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတော့၊ ကျုပ်နာရီဝက်ထိုင်တာသည် သာမညလားလို့ မေးတဲ့အခါကျတော့ အလယ်လမ်းက ဟုတ်ပြီနော် (တင်ပါ ဘုရား)။

နိဗ္ဗာန်သွားနေတဲ့နာရီဝက်

အင်း ကျုပ်နာရီဝက်ထိုင်တာသည် နိဗ္ဗာန်သွားနေတဲ့ နာရီဝက်ပါလို့ သာ ဆုံးဖြတ်ချက်ချပါ (တင်ပါ ဘုရား)

သာမညလား နိဗ္ဗာန်သွားနေတဲ့ နာရီဝက်လားလို့ မေးရင် ဘယ့်နှယ် ဆိုကြမတုံး (နိဗ္ဗာန် သွားနေတဲ့ နာရီဝက်ပါ ဘုရား)။

နိဗ္ဗာန်သွားနေတဲ့ နာရီဝက်လို့ ဆိုသဖြင့် ဘယ် ကုသိုလ်နဲ့မှ မတူဘူးလို့ ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား)

ကြေးစည်ရိုက် အော်နေတဲ့ ကုသိုလ်မျိုးနဲ့ မတူသေးပါဘူး (တင်ပါ) ဒါ-နိဗ္ဗာန်မှ မသွားသေးပဲ၊ ဘာ့ကြောင့်တုံး သမ္မာ ဒိဋ္ဌိမှမဖြစ်သေးပဲ။

ကြေးစည်ရိုက်နေတဲ့ကုသိုလ်

သမ္မာဒိဋ္ဌိ မဖြစ်တော့ အစ်မ ဒုက္ခကောမြင်ရဲ့ လား (မမြင်ပါဘူး) နောက်က ကိလေသာကော သေရဲ့လား (မသေ ပါဘူး) ဒါဖြင့် ဘယ်မတုံးကွ၊ ကြေးစည်ရိုက်နေတဲ့ ကုသိုလ်က သမ္မာဒိဋ္ဌိ မပေါ်လာဘူး (တင်ပါ ဘုရား)။

သမ္မာဒိဋ္ဌ ိမပေါ်လာတော့ သူ ဘာတုံးဆို တော့၊ ကမ္မဿကတဉာဏ် လေးလောက်နဲ့ သူကြေးစည် ရိုက်နေ ဘယ် (တင်ပါ) ဟုတ်လား (တင်ပါ ဘုရား)။

ဝိပဿနာဉာဏ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိနဲ့ ကြေးစည်ရိုက်တာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား) မကွာ ခြားဘူးလား (ကွာခြားပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်တဲ့မျက်လုံး

အဲဒါကြောင့် ကြေးစည်ရိုက်လို့ သာဓုခေါ်တဲ့ အချိန် နဲ့၊ ကိုယ့်သမ္မာဒိဋ္ဌိကိုယ်၊ နောက်ကလည်း ဒိဋ္ဌိသတ်၊ ရှေ့ ကိုလည်း သစ္စာမြင်၊ ဒီအရိယာတို့၏ မျက်လုံးလေးဟာတဲ့ ဘုရားဖြစ်တဲ့ မျက်လုံး၊ အရိယာဖြစ်တဲ့ မျက်လုံး၊ နိဗ္ဗာန် ရောက်တဲ့မျက်လုံး ဆိုတာ ကမ္မဿကတတွေထက် အဆ ပေါင်း ထောင်သောင်း သိန်းသန်းမက သာတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့မှမလဲပါနဲ့

အဲတော့ ဒီအချက်ဟာ ဘာနဲ့မှမလဲနဲ့မှတ်လိုက် စမ်းပါ (တင်ပါ ဘုရား) ဘာနဲ့မှမလဲနဲ့၊ တိုင်ကြီးစိုက်၊ တိုက်ကြီး တည်တာနဲ့လည်း မလဲပါနဲ့၊ ဟိုက ကမ္မဿကတသမ္မာဒိဋ္ဌိ မျက်လုံးကိုကွ၊ ဒါက ဝိပဿနာ သမ္မာဒိဋ္ဌိ မျက်လုံး ဟုတ်လား (တင်ပါ) မဂ်သမ္မာဒိဋ္ဌိ မျက်လုံး ဆိုတော့ မျက်လုံးချင်းက အတော်ခြားနားတယ် (မှန်ပါ) မခြားနားဘူးလား (ခြားနားပါ ဘယ် ဘုရား)။

ဟိုက ဒိဋ္ဌိ မကပ်နိုင်ဘူး (တင်ပါ ဘုရား) ဒီက ဒိဋ္ဌိကပ် နိုင်တယ် (တင်ပါ) ဟိုက ဒုက္ခသစ္စာ အာရုံ မပြုနိုင်ဘူး၊ ဒီက ဒုက္ခသစ္စာ အာရုံပြုနိုင်တယ် (တင်ပါ ဘုရား)။

ထူးထူးခြားခြားဟောနေတာ

ဟိုက ပစ္စည်းဝတ္ထုကိုသာ အာရုံပြုတယ် မကွာ ဘူးလား (ကွာပါတယ် ဘုရား) အဲဒါ ဒီနေ့ည ထူးထူးခြားခြားပဲ ဟောနေ တယ်လို့ မောင်ချစ်ဆွေက မှတ်ရမယ်ကွ (တင်ပါ ဘုရား)။

အမြင်မျက်လုံးကိုက ဟိုကကမ္မဿကတသမားက ကြေးစည်ရိုက်နေတဲ့ပုဂ္ဂိုလ်က သူ့လှူဖွယ် ဝတ္ထုလေးကိုကွ၊ ဒီအပေါ်တင်အာရုံပြုနေတာ (တင်ပါ ဘုရား)။

ဒီအပေါ် အာရုံပြုပြီး ဒိဋ္ဌိက သေသလားဆိုတော့ ငါ့ဟာတွေဖြစ်နေတာ၊ ဒိဋ္ဌိကလည်းမသေဘူး၊ နောက်ကွယ် ကနေချည်းမသေဘူး၊ ရှေ့ကလည်း သစ္စာမပါဘူး (တင်ပါ ဘုရား)။

နောက်ကလည်း (ဒိဋ္ဌိမသေပါဘူး ဘုရား)၊ ရှေ့က လည်း (သစ္စာမပါ ပါဘူး ဘုရား) သစ္စာမပါဘူး၊ (တင်ပါ ဘုရား) အခု အစ်မတို့ အချိန်လေး နာရီဝက်ထားလိုက်တယ်၊ တစ်နာရီ ထားလိုက်တယ်၊ နောက်ကလည်း ဒိဋ္ဌိသေ၊ ရှေ့က လည်းသစ္စာ မြင်ကိုကွ၊ (မှန်ပါ ဘုရား)။

အဲတော့ စက္ခုံဥဒပါဒိ ဆိုတာ ဒါကိုဆိုတာ (တင်ပါ ဘုရား) ဉာဏံဥဒပါဒိ ဆိုတာလည်း ဒါကိုဆိုတာ၊ ဟိုကပါကို မပါဘူး၊ ဝိဇ္ဇာဥဒပါဒိ ဆိုတာလည်း ဒါကိုဆိုတာ၊ အာလောကော ဥဒပါဒိ ဆိုတာလည်း ဒါဆိုတာ၊ စက္ခုကရဏီ ဆိုတာ လည်း ဒါဆိုတာ၊ ဉာဏကရဏီ ဆိုတာလည်း ဒါဆိုတာ၊ ကြေးစည် ရိုက်တာပါကိုမပါဘူး (တင်ပါ ဘုရား)။

သဘောပါတဲ့နေ့

ဒီလောက်ခြားနားသိထားပါလို့ ဆိုတာကိုလည်း အရေးတကြီး ပြောနေတယ် (တင်ပါ ဘုရား)၊ အင်မတန်သဘော ပါတဲ့နေ့ဆိုတာလည်း ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါနဲ့ ဪ တို့မြင်တဲ့အမြင်သည်ကားဆိုလို့ ရှိရင်ဖြင့်၊ ဘာကိုမြင်နေခြင်းကြောင့် သမ္မာဒိဋ္ဌိ ဖြစ်ပါလိမ့် မတုံးဆိုတော့၊ ဪ ဒကာ ဒကာမတို့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မြင်နေတာ၊ (မှန်ပါ)။

ကိုယ့် ပဋိစ္စသမုပ္ပါဒ်က ဒုက္ခက္ခန္ဓဿလို့ ဟောထား တယ်၊ ဒါဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ဒုက္ခက္ခန္ဓဿလို့ ဆိုသဖြင့် ဒုက္ခသစ္စာမြင်တာသူ (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါသစ္စဉာဏ်

ကြည့်လေ ဒီထဲကဘာစိတ်ပေါ်ပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အင်း ဒါဒုက္ခသစ္စာ မြင်နေတာပဲ။ (တင်ပါ ဘုရား) ကိုယ့် ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဒုက္ခသစ္စာ၊ အဲဒီ ဒုက္ခသစ္စာကြီးမြင်ပြီး သကာလ နေသောကြောင့် ဒါသစ္စဉာဏ်၊ ကမ္မဿကတဉာဏ် မဟုတ်ဘူး (တင်ပါ ဘုရား) မကွာခြားဘူး လား (ကွာခြားပါတယ် ဘုရား)၊

အဲဒီလောက် ထူးထူးခြားခြား မှတ်ထားပေးပါ ဆိုတာကိုလည်း လေးလေးစားစားနဲ့ပဲ ပြောနေ တယ်။

ဒါသာမညအရေးလို့ မောင်ချစ်ဆွေက မင်းဧည့်ခံ တာမျိုး၊ ဧည့်သည်လာလို့ ဧည့်ခံတော့ စားပါသောက်ပါ ဆိုတဲ့ အရေးမျိုးလောက် အောက်မေ့မနေနဲ့ ဒါ တကယ့် အရေးတွေ (မှန်ပါ ဘုရား)။

တို့သစ္စာမြင်နေတာ

ဒီမျက်လုံးရဖို့ အရေးက၊ ဪ သစ္စာဆိုတာတို့ တခြား လားအောက်မေ့နေတယ်၊ ကိုယ့်ခန္ဓာက ဖြစ်ပေါ် သ၍ ဒုက္ခသစ္စာ၊ သူ၏ဖြစ်မှုပျက်မှု မြင်သဖြင့် တို့သစ္စာမြင်နေတာ ပါလား။

ဘယ်သူကဟောတုံး ဒုက္ခက္ခန္ဓဿ၊ “ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ” တဲ့၊ ဒုက္ခသစ္စာလို့ ဟောထားတာ၊ ဟုတ်ဘူး လား (မှန်ပါ ဘုရား)။

အဲတော့ ဒုက္ခသစ္စာလေးဖြစ်တာကိုလည်း အစ်မ တို့က မြင်တယ်၊ ဒုက္ခသစ္စာလေး ချုပ်တာလည်း မြင်တယ် (မြင်ပါတယ် ဘုရား) မကွာဘူးလား (ကွာပါတယ် ဘုရား) ဒါဖြင့် မဂ်မျက်လုံး လုပ်တာ၊ ဘုရားက ဒါသမ္မာဒိဋ္ဌိကွတဲ့။

မဂ်မျက်လုံးဆိုတာ

မဂ်မျက်လုံးဆိုတာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်မှုကို လည်း သူမြင်တယ်ကွ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပျက်မှုကိုလည်း သူမြင်တယ်ကွ၊ အဲတော့ ပဋိစ္စသမုပ္ပါဒ် ပေါ်ပေါ်ခြင်း နောက်က အမြင်လေးက ပေါ်လာတော့ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်က ဆက်စရာ အကြောင်းရှိသေးရဲ့လား၊ အမြင်နဲ့ သတ်ပစ်လိုက်တာ၊ (တင်ပါ ဘုရား)။

အမြင်က သူဆက်မလို့လာတဲ့ဥစ္စာကို အမြင်က ကြားခိုပစ်လိုက်တာ၊ (တင်ပါ ဘုရား)၊ ကြားခိုပစ် လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဟာက ပြတ်ထွက်သွားတယ် (မှန်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဒီအမြင်မျိုးမြင်ပါလိမ့်မတုံး ဆိုတော့၊ ဖြစ်ဒုက္ခသစ္စာ၊ ပျက်ဒုက္ခသစ္စာ၊ ဘယ်သူက ဟောတုံး၊ ဒုက္ခက္ခန္ဓဿက ဟောတယ် (တင်ပါ ဘုရား)။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ ဆိုတော့ ဒုက္ခအစု ကြီးလို့ပြောတာ ဒုက္ခအစုကြီး၊ ဘာသစ္စာတုံး၊ (ဒုက္ခ သစ္စာပါ ဘုရား) ဒုက္ခသစ္စာ၊ ဒါဖြင့် ဒီဒကာ ဒကာမတွေ၊ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်မြင်တာ သစ္စာမြင်တာပေါ့ (မှန်ပါ ဘုရား) ဟုတ်ဘူးလား။

အလင်းရသွားပြီ

အဲဒါကြောင့် ဘုရားက ဒါမျိုးပြောတာ စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလာကော ဥဒပါဒိ၊ ခုမှအလင်း ရသွားပြီကွာ၊ ပုဂ္ဂိုလ်သတ္တဝါတွေ မရှိဘူးပေါ့၊ သူ့အမြင်ထဲမှာ မရှုပ်တော့ဘူးဟ၊ လင်းသွားပြီးဟ၊ အရှိကို သိသွားပြီဟ၊ ဒါကြောင့် အာလောကော ဥဒပါဒိ (တင်ပါ ဘုရား)။

အရင်တော့ ပုဂ္ဂိုလ်သတ္တဝါကြီးက ခံနေတော့ မမြင်ဘူး ဖြစ်မှု ပျက်မှုဒုက္ခသစ္စာကို (မမြင်ပါဘူး ဘုရား) မမြင်တော့ အ မှောင်ကျနေလို့မမြင်တာဟေ့၊ ဒီအဝိဇ္ဇာက မတွန်းလှန်နိုင် ဘူးကွ။

ပုဂ္ဂိုလ် သတ္တဝါရယ်လို့ တစ်ခါတည်း ထင်မှတ်ထားတဲ့ အမှားအဝိဇ္ဇာကြီး၊ အမှောင်အဝိဇ္ဇာကြီး၊ ဒါကြီး မတွန်းလှန်နိုင်တဲ့ အတွက်တဲ့ အမြင်မှန်မရရှာဘူး (တင်ပါ ဘုရား) သဘော ပေါက်ပလား (သဘောပေါက်ပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကယ်တင်တဲ့မျက်လုံး

ထို့ကြောင့် ဒါကိုကြိုးစားလုပ်ပါ ကြိုးစားလုပ်ပါလို့ ဆရာသမား တိုက်တွန်းတာကို စောင့်တောင် နေဖို့ မလိုဘူးတဲ့၊ ကိုယ့် ဝီရိယ မျက်လုံးကို၊ အပါယ်လေးပါး တံခါးပိတ်တဲ့ မျက်လုံး ဒုက္ခခပ်သိမ်း ငြိမ်းစေတဲ့ မျက်လုံး ဖြစ်လေသောကြောင့် ဒီမျက်လုံးမှ မိမိကိုယ်ကယ်တင်တဲ့ မျက်လုံးကို၊ (တင်ပါ ဘုရား)။

ကျန်တဲ့ မျက်လုံးကတော့ သားမြင်လိုက်တယ် ဆိုရင် ခင်တယ်၊ စွဲလန်းတယ်၊ ပွေ့မယ်၊ ချီမယ် တဏှာဥပါဒါန် ကံတွေ လာပစ်လိုက်တယ်၊ သမီး မြင်လိုက်တယ်၊ အင်း မိတ်ဆွေတွေ မြင်လိုက်တယ်၊ ဒါတွေကတော့ဖြင့် ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ချည်းပဲ၊ ဒုက္ခ ဖြစ်မှာပဲ။

အမြင်မှန်လို့ဆိုပါ

အခုဟာကတော့ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တည်း ဖြစ်မှုလည်း မြင်တယ်၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်မှု လည်းမြင်လိုက် ပျက်မှုလည်းမြင်လိုက်တော့ မြင်လိုက်တဲ့မတ္တ ဒုက္ခက္ခန္ဓဿ နိရောဓါ ဟောတိ၊ နောက်လာမယ့် ဒုက္ခကြီးကို ပါဠိတော်ကို စဉ်းစားလို့ရသေးရဲ့ လား (မရပါဘူး ဘုရား) မရဘူး ပြတ်ထွက်သွားတယ်။

နောက်လာမယ့်ဒုက္ခကြီး နိရောဓါဟောတိချုပ်သွား ပြီကွ ဆိုတော့်ကို ဒါအမြင်မှန် ဆိုထိုက် မဆိုထိုက်၊ (ဆိုထိုက်ပါ တယ် ဘုရား) သဘောပေါက်ပလား (သဘောပေါက်ပါပြီ ဘုရား) တော်တော် အရေးကြီးတဲ့နေ့လို့ ပြောတာဟာ တစ်နေ့ တစ်နေ့ ပိုပို ပိုပိုကြီးလာတာပဲ (တင်ပါ ဘုရား)။

ဝိပဿနာမျက်လုံး

ပိုပို ပိုပိုကြီးလာတယ်လို့ ဆုံးဖြတ်ချက်ချကြ (တင်ပါ) ဒီမျက်လုံးလေးဟာက ဝိပဿနာ မျက်လုံး ဖြစ်တော့ သစ္စာမြင် တာပဲ၊ ဝိပဿနာ မဂ်မျက်လုံးမှ ဒုက္ခသစ္စာမြင်တယ်၊ တကယ့် မဂ်စစ်မျက်လုံးက နိရောဓသစ္စာ မြင်တယ် (တင်ပါ ဘုရား) သဘောပေါက်ပလား (သဘောပေါက်ပါပြီ ဘုရား)။

မဂ်စစ်မျက်လုံး

ဝိပဿနာမျက်လုံးက (ဒုက္ခသစ္စာ မြင်ပါတယ် ဘုရား) အေး မဂ်မျက်လုံး အစစ်ကတော့ (နိရောဓသစ္စာ မြင်ပါတယ် ဘုရား) သစ္စာမြင်ရတာချည်းပဲ (တင်ပါ ဘုရား) သစ္စာတော့ မြင်ကြတာ ချည်းပဲ ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

သေချာပြီလို့ အဲတော့ ဒါက- သာသနာတွင်းမျက်လုံး လို့လည်းမှတ်လိုက်ပါနော် (တင်ပါ ဘုရား) တချို့ ဒီလိုမမြင်တဲ့ ပုဂ္ဂိုလ်၊ နည်းပေးကလည်း မရှိ၊ ကိုယ်ကလည်း မလုပ်ချင်၊ တချို့ ရှိကို ရှိတယ်၊ မြင်ချင်လွန်းလို့။

မြင်လောက်အောင် မျက်လုံးကလည်းမရတော့ သူက သာသနာတွင်းရယ်လို့ မြင်ငြား သော်လည်းတဲ့ မှောင်လျှက်ပဲ။ သူ့သာသနာပပဲ (တင်ပါ ဘုရား)၊ သာသနာတွင်း မျက်လုံးမရဘူး။

ဘာ့ကြောင့်၊ ပဒပရမ ပုဂ္ဂိုလ်ဖြစ်နေလို့၊ မင်းတို့ကတော့ ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမဟုတ်ပါဘူးတဲ့၊ နေယျ ပုဂ္ဂိုလ်ဖြစ်ပါ တယ်၊ ဟောလိုက်လို့ရှိရင် နားလည်ပါတယ်၊ (တင်ပါ ဘုရား)။

ဟိုက ဘယ်လိုဟောဟော နားမလည်ဘူး ပဒပရမက ဒီပုဂ္ဂိုလ်တွေကတော့ ဟောလိုက်ရင် နားလည်တယ်၊ နားလည်လို့ အားထုတ်ရင် သူကရထိုက်တယ် ဆိုတာပါသွားတယ် (တင်ပါ ဘုရား)။

ကိုယ့်ပါရမီအညွှန့်ကိုချိုးမပစ်နဲ့

အဲတော့ ကိုယ့်ပါရမီအညွှန့်ကလေးကို အလကားအ ချိန်တွေနဲ့ ချိုးမပစ်လိုက်နဲ့ ဒါအရေး ကြီးတယ်၊ ကိုယ့် ပါရမီ အညွှန့်ကလေး ပါတယ် (တင်ပါ ဘုရား)။

အညွှန့်ကလေးဟာ တစ်ခါတည်း မဂ်သီး ဖိုလ်သီး သီး အောင် ကိုယ်ကပွားများ ပေးလိုက်လို့ ရှိရင် ပြီးသွားတာပါပဲ (တင်ပါ ဘုရား) ဒါပေမယ့် ဧည့်လာဆောင်ဝတ်နဲ့ ရောင်းရေး၊ ဝယ်ရေး၊ သားရေး၊ သမီးရေးနဲ့ ဒီအလုပ်ကလေးကို ချိပ် ချိပ်ပြီး သကာလ တစ်စ တစ်စ ဒီလို အောက်မေ့မနေနဲ့။

တစ်စ တစ်စဆိုတာ အညွှန့်တုံးတာပြောတာ (တင်ပါ ဘုရား) တစ်စ တစ်စဆိုတော့ အညွှန့်တုံး သွားတာ၊ သဘော ပေါက်ပလား (သဘောပေါက်ပါပြီ ဘုရား)။

နောက်ဘဝဆိုရင်အညွှန့်တုံးသွားပြီ

နောက်ဘဝ အမေမိဘဝမ်းထဲက ကိုးလနေ၊ ဆယ်လ ဖွားလိုက်ကတည်းက မောဟတွေနဲ့ နေလိုက်ရတာ အညွှန့်တုံး သွားပြီ၊ ဒီကအညွှန့်ကလေး (တင်ပါ ဘုရား)။

တစ်ခါ လူလားမမြောက်ခင်လေး ကျောင်းထား ဘာထားနဲ့ လူဖြစ်တယ်ဆိုပါဦးတော့၊ ဒီဟာတွေ မမြင်နိုင်သေး ဘူး (တင်ပါ) အညွှန့်တုံးသွားပြန်ပြီ (တင်ပါ) ဆရာကလည်း ကွယ်သွားတော့ ဆရာသစ် ရှာရပြန်ပြီ (မှန်ပါ ဘုရား)။

ဆရာသစ်ရှာတော့ သာသနာ နောက်ပိုင်းကျတော့ ဆရာကောင်းကလည်း မရှိတော့ဘူး (တင်ပါ ဘုရား) မရှိတော့ ဒီကပါတဲ့ အညွှန့်ကလေးကလည်း ပညာသင်နေတာနဲ့ ကွယ်သွားတယ်၊ ပျောက်သွားတယ်။

နောက်တစ်ခါရှာမယ်လို့ အချိန်ရောက်ပြန်တော့ လည်း ကလျာဏမိတ္တ မရှိပြန်ဘူး (တင်ပါ ဘုရား) ကဲ-နာဘူးလား (နာပါတယ် ဘုရား)။

အရှိသုံးခုညီတုန်းစိတ်ချရအောင်လုပ်ထားပါ

အဲတော့ အရှိသုံးခု ညီတုန်းကိုတဲ့ မှန်မှန်မြင်အောင် တစ်ခါတည်း အပါယ်မကျတဲ့ အမြင် ရောက်အောင် ကျုပ်ဖြင့် ရှင်းပြီ ကျုပ်အတွက်စိတ်ချရတယ်ကွ၊ လုပ်ထားလိုက်တာ (တင်ပါ ဘုရား)။

ဒီဖြစ်မှုဒုက္ခသစ္စာနဲ့ ပျက်မှုဒုက္ခမြင်လို့ရှိရင်လည်းမကျပါ ဘူး၊ သို့သော် မြင်တဲ့အခါကျလို့ရှိရင် မြင်ပုံလေးက မနော အမြင်လို့ မှတ်ရမယ် (တင်ပါ ဘုရား) မနောအမြင်၊ မနောဉာဏ် ပေါ့ကွာ (မှန်လှပါ ဘုရား)။

မနောဉာဏ်ဆိုတဲ့ ဥစ္စာကတော့ကိုတဲ့ ထိုးထွင်းတဲ့ အ မြင်မျိုး (တင်ပါ) မျက်လုံးကို မီးလေး ကမ်းတာလည်း မြင်ပါတယ်၊ မီလေး ငြိမ်းသွားတာလည်း မြင်ပါတယ်၊ ဒီလိုမြင်တဲ့ အမြင်မျိုးမ ဟုတ်ဘူး၊ ကိုယ့်သန္တာန် အာရုံ ဒွါရ တိုက်ဆိုင်လို့ ပေါ်လာတဲ့ ဓမ္မလေးဟာ ပေါ်လည်းပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်လို့ သိရင်ပြီးတာပဲ (တင်ပါ ဘုရား)။

ပေါ်လည်းပေါ်တယ် ပျောက်လည်းပျောက်တယ် (တင်ပါ) ဒီလိုသိလို့ရှိရင် ဒါသစ္စဉာဏ် မှန်တာပဲ၊ သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

အကယ်၍ ဒီအမြင်မှ မရလို့ရှိရင်ဖြင့် မောင်ချစ်ဆွေတို့ အစ်မတို့ အဖြစ်မြင်ရင်လည်း ဥစ္ဆေဒ ဒိဋ္ဌိသေ၊ အပျက်မြင်လို့ ရှိရင် သဿတဒိဋ္ဌိသေ ဆိုတော့ ဒီလိုမှမမြင်တဲ့ ပုဂ္ဂိုလ်မှာ ဥစ္ဆေဒတန်း လန်း၊ သဿတ တန်းလန်းနဲ့ သေသွားလေရဲ့၊ ကဲ-မနာဘူးလား (နာပါတယ် ဘုရား)။

အပျက်မြင်ရင်သဿတသေတယ်

အဖြစ်မြင်တော့ ဥစ္ဆေဒဒိဋ္ဌိ သေသကိုကွ (မှန်ပါ ဘုရား) ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ် အဖြစ် မြင်တော့ ဥစ္ဆေဒဒိဋ္ဌိ သေတယ်၊ အပျက်မြင်တဲ့ အခါကျတော့ ခိုင်မြဲတယ် ထင်တဲ့ သဿတဒိဋ္ဌိ ဟာသေတယ်၊ ဒီလိုမှ မမြင်တဲ့ပုဂ္ဂိုလ် မင်းတို့နှစ်ယောက်ကပဲ ဆုံးဖြတ်ချက်ချပါတော့တဲ့ အဖြစ်လည်း မမြင်ဘူး၊ အပျက် လည်းမမြင်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ပဲ သေသွားတယ် ဆိုတော့ သဿတလည်း မစင်ပါဘူး (တင်ပါ) ရှိနေတာပဲသူ၊ ဥစ္ဆေဒက လည်း (ရှိပါတယ် ဘုရား)။

သူလုပ်တဲ့ ကုသိုလ်တွေ ယူပြီး သဿတ၊ ဥစ္ဆေဒက ချယ်လှယ်တော့မှာပဲ (တင်ပါ ဘုရား) ချယ်လှယ်လိုက်လို့ ရှိရင် သုဂတိတော့ ရောက်မှာပဲ၊ နောက်လည်း အပါယ်ကျလွတ်မှာ မဟုတ်ပါဘူး (မှန်ပါ ဘုရား)၊ ဘယ်လောက် ဆိုးဝါးသွားတယ် ဆိုတာပေါ်ပလားကွ၊ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်ဖြစ်ရုံလောက်တင်မဟုတ်ဘူး

ဪ ဒါဖြင့် ဒီအကြင် လင်မယားကို ကိုယ်လမ်း တည့်နေတာကို တည့်မှန်း မသိပြန်လို့ ရှိရင်လည်း ဝမ်းသာသင့် သလောက်ဝမ်းမသာပဲကိုကွ၊ (မှန်လှပါ ဘုရား) သူဟာ သွားရာလမ်း တည့်နေတဲ့ ဥစ္စာကြီးကိုပင်လျှင်၊ အင်း ကုသိုလ်ဖြစ်တာ လေးလောက်လို့ အောက်မေ့နေတော့ ခက်နေတယ်တဲ့၊ ကုသိုလ်ဖြစ်မှ မဟုတ်ပဲ ဒီဥစ္စာက၊ ကုသိုလ်ဖြစ် မဟုတ်ပါဘူးတဲ့ နိဗ္ဗာန်ရောက်တာပါ (တင်ပါ ဘုရား)။

ကုသိုလ်ဖြစ်က တစ်မျိုး၊ နိဗ္ဗာန်ရောက်က တစ်မျိုးကိုကွ (မှန်ပါ ဘုရား)၊ ကုသိုလ်ဖြစ် ဆိုတာက ရေအိုးစင် တည်လည်း ကုသိုလ်ရပါတယ်၊ နိဗ္ဗာန်တော့ မရောက်ဘူး (မှန်ပါ ဘုရား) အဲဒီ ကုသိုလ်မျိုး မဟုတ်ပါဘူး (တင်ပါ ဘုရား) သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

အမြင်မှန်ဆိုတာပြောစမ်းပါဦးဘုရား

အဲဒါကြောင့် ဘုရားလက်ထက်က သာဝတ္ထိပြည် ဇေတဝန်ကျောင်း သီတင်းသုံးနေတဲ့အခါမှာ ကစ္စာနအနွယ်ဖြစ် တဲ့ရဟန်းကလေး၊ အရှင်ဘုရား တပည့်တော် အရှင်ဘုရားနား ကပ်နေတာလည်း ကြာပါပြီ၊ အမြင်မှန် ဆိုတာ ပြောစမ်းပါဦး ဘုရား။

သဿတ၊ ဥစ္ဆေဒ လွက်တဲ့အမြင်ဟာ အမြင်မှန်ကွ၊ အစ်မ ဒါ ဝတ္ထုထုတ်လာတာ (တင်ပါ ဘုရား) သဿတ-ဥစ္ဆေဒ လွတ်တဲ့အမြင်ဟာ (အမြင်မှန်ပါ ဘုရား) သဘောကျပလား (သဘော ကျပါပြီ ဘုရား)။

သဿ၊ ဥစ္ဆေဒလွတ်တဲ့အမြင်

သဿတ-ဥစ္ဆေဒလွတ်တဲ့ အမြင်ဟာ (အမြင်မှန်ပါ ဘုရား)၊ ကဲဒါဖြင့် ဖြစ်မှုမြင်လည်း ဥစ္ဆေဒ စင်တယ် (တင်ပါ ဘုရား) ဒီဓမ္မလေး တစ်ခုမှာ ပျက်မှုမြင်တော့ (သဿတ စင်ပါ တယ် ဘုရား)။

ဒါဖြင့် ဒါ အမြင်မှန်ပဲ (တင်ပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အမြင်မှန် ရနေပြီတဲ့၊ ဘယ့်နှယ်ကြောင့် တုံးဆိုရင်ဖြင့် ဒါ ဒုက္ခသစ္စာမြင်တာကိုကွ (တင်ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါတွေ အထူး ဖယ်ရသလား (မဖယ်ရပါဘူး)။

မဖယ်ရပဲနဲ့မြင်နေတော့ ဒီအမြင်ထက်မှန်တာတော့ ဘယ်ရှိမလဲကွာလို့ ကစ္စာနကို ဟောလိုက်တယ် (တင်ပါ ဘုရား) သဿတ၊ ဥစ္ဆေဒ ကြားထဲက အမြင်ဆိုတာ ပေါ်သွားတယ် (တင်ပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါကြောင့် လောကကြီးထဲမှာ အမြင်မှားဖြစ်နေတာ ငါရှင်းပြရလို့ရှိရင်ကွာတဲ့၊ အဖြစ်ကို မမြင်တဲ့ ပုဂ္ဂိုလ်ကလည်း အင်း ဥစ္ဆေဒကြီး၊ အဖြစ် အပျက် မမြင်တဲ့ ပုဂ္ဂိုလ်ကလည်း ဥစ္ဆေဒ သွားတာပဲတဲ့၊ ဒီဟာဖြစ်ပြီးတဲ့ တရားသည်ကားလို့ ဆိုရင် နောက်မဖြစ်တော့ဘူး၊ ဘာမှမလာတော့ဘူး ဆိုရင် ဥစ္ဆေဒဖြစ် မှာပဲ။

ပျက်သွားတဲ့ တရားကို မြင်လိုက်ပြန်တော့ ဥစ္ဆေဒဖြစ် တယ်၊ ဖြစ်နေတဲ့ ပုဂ္ဂိုလ်မြင်လိုက်လို့ ရှိရင်ဖြင့် တစ်ခါတည်း သဿတရယ်လို့ ထင်ချင် ထင်ပစ်လိုက်တာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖြစ်မြင် သဿတ ထင်တာက ပျက်သွားတဲ့တရား၊ နောက်ဘယ်တော့မှ အကြောင်း အကျိုး မဆက်ဘူး ထင်လိုက် ပြန်တော့ ဥစ္ဆေဒ ဖြစ်တယ်ကွ၊ သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

အခုတော့ဖြင့် ဪ ဒီဖြစ်မှု ပျက်မှုဆိုတာတခြား အောက်မေ့မနေနဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဒုက္ခသစ္စာကို မြင်တာဖြစ်ပြီး သကာလ နေသောကြောင့် နှစ်ခုစလုံး မြင်တဲ့ အတွက်တဲ့ သတ္တဝါ သန္တာန်ဖြစ်မှု ပျက်မှုမှတစ်ပါး ဘာမှမရှိဘူး။

ဒိဋ္ဌိသုံးမျိုးစွန့်တဲ့ အမြင်မှန်

ပုဂ္ဂိုလ်သတ္တဝါတွေ ဖယ်ပြီး သကာလ မြင်တဲ့အမြင် ဟုတ်လား (တင်ပါ ဘုရား) သတ္တဝါတွေ ဖယ်ပြီးမြင်တဲ့ အမြင် (တင်ပါ) သဿတဒိဋ္ဌိ ဖယ်ပြီးမြင်တဲ့အမြင်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဥစ္ဆေဒဒိဋ္ဌိကို ဖယ်တဲ့အမြင် (တင်ပါ) ဒါဖြင့် ဒီအမြင်သည် သုံးခုခွါစွန့်နိုင်တယ် (တင်ပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါလည်း ခွါစွန့်နိုင်တယ် (တင်ပါ ဘုရား) အင်း သဿတဒိဋ္ဌိလည်း (ခွါစွန့် နိုင်ပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိ လည်း (ခွါစွန့်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအမြင်သည်ကားလို့ ဆိုရင်ဖြင့် သက္ကာယဒိဋ္ဌိ ဆိုတာလည်း အတွင်းဝင်သွားပြီ၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီအမြင် ဘာအမြင်လို့ဆိုကြမလဲ အမြင်မှန် (အမြင်မှန်သမ္မာဒိဋ္ဌိ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ သမ္မာဒိဋ္ဌိ မရသ၍ ကာလပတ်လုံး ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ သစ္စာနဲ့ မှတ်ထား ဘယ်တော့မှ နိဗ္ဗာန်ရောက်လိမ့်မယ်လို့မဟောဘူးတဲ့ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

ဒီအမြင်လေး အခုပြောခဲ့တဲ့ ပုဂ္ဂိုလ်သတ္တဝါဖယ်တဲ့အမြင်၊ သဿတဖယ်တဲ့အမြင်၊ ဥစ္ဆေဒဖယ်တဲ့ အမြင် ဤအမြင်ကို တစ်ချက်တည်းနဲ့ သုံးခုဖယ်ချလိုက်တာ (တင်ပါ ဘုရား)။

ဒီအမြင်မျိုးရမှနိဗ္ဗာန်ရောက်မယ်

ဒီအမြင်မျိုးမရတဲ့ ပုဂ္ဂိုလ်ဖြင့် ငါသည်ဘယ်တော့မှ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မဟောဘူး (တင်ပါ ဘုရား) ဘာဖြစ်လို့တုံးတဲ့ တချို့သင်္ခါရကို နိစ္စ၊ တချို့သင်္ခါရကို အတ္တလို့ထင်နေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ယုတ်စွ အဆုံး ငါပြောပါမယ်ကွာတဲ့ မဂ်နဲ့လျော်တဲ့ ဉာဏ်တောင်မရပါဘူး၊ ဝိပဿနာမဂ် ဆိုတာ အသာထားပါဦးတဲ့ ဝိပဿနာမဂ်နဲ့ လျော်တဲ့ဉာဏ်တောင် မရနိုင်ဘူး။

ဒါ အင်္ဂုတ္တိုရ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား)

ကဲ ယနေ့ ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။

———

ဗုဒ္ဓဘာသာများမှာ ကံအားကိုးတာများတယ်

(၂၄-၂-၆၂)

အသံဖိုင်ခေါင်းစဉ်= ကမ္မဿကတဉာဏ်သည်ဒိဋ္ဌိမလွတ်နိုင်အလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= ဗုဒ္ဓဘာသာများမှာ ကံအားကိုးတာများတယ်

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

ဗုဒ္ဓဘာသာများမှာ ကံအားကိုးတာများတယ်

ဟောကြားသည့်နေ့

(၂၄-၂-၆၂)

မနေ့က သက္ကာယဒိဋ္ဌိ ပုဏ္ဏမသုတ်မှာ သက္ကာယဒိဋ္ဌိ ဘယ်လို ဖြစ်ပါလိမ့်မလဲဘုရားလို့ မေးတဲ့ အခါကျတော့၊ ကွာ တဲ့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်၊ အရိယာတို့၏ တပည့် မဟုတ်တဲ့ပုဂ္ဂိုလ်များ ကျတော့၊ ရုပ် ငါထင်တာပဲ၊ ဝေဒနာငါထင်၊ သညာငါထင်၊ သင်္ခါရငါထင်၊ ဝိညာဏ်ငါထင် အဲဒါ အကြား အမြင်မရှိတဲ့ ပုဂ္ဂိုလ်များမှာတော့ ဒါဟာ သက္ကာယဒိဋ္ဌိ ဖြစ်တာပဲ ကွ (တင်ပါ)။

သက္ကာယဒိဋ္ဌိဘယ်ပုဂ္ဂိုလ်မျိုးဖြစ်သတုံး

သက္ကာယဒိဋ္ဌိဖြစ်တာ ဘယ်ပုဂ္ဂိုလ်မျိုးဖြစ်သတုံးလို့ မေးလို့ရှိရင်ဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှ ဖြစ်တာ (တင်ပါ ဘုရား)၊ အရိယာတို့၏ တပည့်သား မဟုတ်တဲ့ပုဂ္ဂိုလ် သို့မဟုတ် အရိယာ မဟုတ်တောင်မှ အကြားအမြင်များတဲ့ ပုဂ္ဂိုလ်၏ တပည့်သားဖြစ်ခဲ့လို့ ရှိရင်လည်း သက္ကာယဒိဋ္ဌိက မဖြစ်ပါဘူး။

ဒီအတိုင်းသာ မိဘရိုးရာအတိုင်းနေပြီး သကာလ ဒီတရား မျိုးမကြားဖူးတော့ပါဘူး ဆိုလို့ ရှိရင်ဖြင့် တစ်ကိုယ်လုံး ဟာငါပါပဲ (တင်ပါ ဘုရား) ရုပ်လည်းငါ၊ ဝေဒနာလည်းငါ၊ သညာလည်း၊ သင်္ခါရလည်းငါ၊ ငါခက်ပြီ ဆိုပြီး တစ်ခါတည်း ကုလားထိုင်ပေါ် ပက်လက်လှန် လိုက်တာ ကြည့်ပါလား (မှန်ပါ ဘုရား) ရုပ်ငါထင် လိုက်တာ (တင်ပါ ဘုရား)။

ငါတော့ခက်ပြီ၊ သင်္ကြန်တောင်မလိုက်နိုင်တော့ဘူး၊ ငါထင်ပစ်လိုက်တာ (တင်ပါ ဘုရား) ငါက နှိပ်စက်ပစ်လိုက် တာ၊ ဝေဒနာ ငါထင်ပစ်လိုက်တာ၊ အားနည်းတဲ့ ဝေဒနာကို ငါဟာတော့ ခက်သားပဲ အဲတော့ ငါနှိပ်စက်ချလိုက်တာ (တင် ပါ ဘုရား)။

သညာကလည်း ငါမနေ့က ဒီလိုမမောတတ်ပါဘူး၊ ခုတော့မောလာတယ်၊ ဟော သညာက နှိပ်စက်ချလိုက်တာ၊ သညာကြောင့်ဒိဋ္ဌိ ဖြစ်သွားတယ်။

သင်္ခါရတဲ့ ပြောတတ်တဲ့ စေတနာတွေရှိသားပဲ၊ ပြောကို မပြောချင်ဘူး၊ စေတနာ ငါထင်ပြန်တာပဲ၊ (မှန်ပါ)။

ငါ့စိတ်ဘယ့်နှယ်ဖြစ်လာပါလိမ့်မတုံး မသိဘူးတဲ့၊ ခုနင် ကမေးတယ်၊ အစ်မ ခုဘယ်လိုဖြစ်တယ် သူမသိဘူးတဲ့၊ သူ့စိတ် သူမသိဘူး ဆိုကတည်းက ဒီဥစ္စာသည် သူ့စိတ်နဲ့သူဖြစ်နေတာ ပဲဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား) သူ့စိတ်သူ တစ်ခါတည်း ငါထင်ပြီး သကာလ ငါတော့ခ က်ပြီ၊ အားလျှော့ ပစ်လိုက်တယ် စိတ်လျှော့ ပစ်လိုက်တယ် (တင်ပါ)။

အဲတော့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ် ဒါတွေ လာတာပဲ။ ဒါကြောင့် မင်းမရှိတုန်း ငါအစ်မနဲ့ ပြောနေတာ အိုမင်း၊ ငါရှုပ်နေလို့ဖြစ်နေတာ ငါမရှုပ်ရင်ဖြစ်ကိုမဖြစ်ပါဘူး (တင်ပါ ဘုရား) ငါရှုပ်နေတာတဲ့။

ငါထင်လိုက်တော့ဒိဋ္ဌိဖြစ်တယ်

အကုန်ငါထင်ပြီး ငါရှုပ်တွေကနောက်ကလိုက်တာ၊ ငါထင်လိုက်တော့ ဒိဠိဖြစ်တယ်၊ ခက်ပြီ ဆိုတော့ သောကတွေ နောက်က လိုက်တယ် (တင်ပါ ဘုရား) ဒီဥစ္စာ ငါထင်လိုက်တယ် ငါထင်လိုက်တော့ ဒိဋ္ဌိ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒိဋ္ဌိဖြစ်ပြီးနောက် ဒိဋ္ဌုပါဒါန်လိုက်လာတယ်၊ ပြီးတော့မှ ဒိဋ္ဌိဖြစ်တဲ့ကံတွေ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿတွေ အကုန်လိုက်လာတယ် (တင်ပါ)။

အဲဒါ ဒီခန္ဓာကိုယ်ကြီးကို အကုန်လုံးသော်လည်း ကောင်း၊ တစ်ခုခုသော် လည်းကောင်း၊ ငါထင်လိုက်ခြင်းကြောင့် တဲ့၊ တစ်ခါတည်း ငါခက်ပြီကော ငါဆရာဝန်ဆီပြေးမှပဲ၊ ငါ ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်တွေ ဒါမျိုး တွေ့ကြုံဖူးတဲ့ ပုဂ္ဂိုလ်ရှာမှပဲ ဆိုတဲ့ဥစ္စာ၊ ငါထင်ပစ်လိုက်တဲ့ အလုပ်ကလာတာ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိုးရိမ်လုံးတွေဝင်လာတယ်

မင်းဘယ်သူ နှိပ်စက်တာတုံး (ငါနှိပ်စက်တာပါ ဘုရား) ငါထင်လိုက်တာ စိတ်ကိုလည်း ငါထင်လိုက်တယ် (တင်ပါ ဘုရား) ရုပ်ကလည်း ငါထင်လိုက်တယ်၊ မထင်ရင် သူခက်ပြီ ဆိုတဲ့ စိုးရိမ်လုံးတွေ လာပါ့မလား (မလာပါဘူး)။

ဒါ ငါထင်ပြီးမှ စိုးရိမ်လုံးလာတာ (တင်ပါ ဘုရား) အဲတော့ အရေးကြုံတဲ့အခါ အကြားအမြင် မရှိတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားတယ် (တင်ပါ ဘုရား) အရေးကြုံတဲ့အခါမှာ (အကြားအမြင်မရှိတဲ့ အဓိပ္ပါယ် ရောက်သွားတယ်) အကြားအမြင် မရှိတဲ့ အဓိပ္ပါယ် သက်ဝင်သွားတယ် ဆိုတော့ ဆရာပေးထား တဲ့ လက်နက်က အရေးကြုံတဲ့အခါ ပစ်ရမယ့် လက်နက်တွေ (တင်ပါ)။

အဲဒီလက်နက်တွေကို အသုံးမချဘဲနဲ့ ဘေးချပြီး သကာလ နေလိုက်တော့ ဒိဋ္ဌိကို အရှုံးပေးရာ ရောက်တယ် (တင်ပါ)

ဒိဋ္ဌိကိုအရှုံးပေးလိုက်တော့ ဒိဋ္ဌိက နိုင်သွားတော့ သောက ပရိဒေဝဘက် လှည့်ကျေးဇူးပြု လိုက်တော့၊ သောက ပရိဒေဝ လာတော့တာပဲ၊ သဘောပါပလား (သဘောပါပါပြီ ဘုရား) ဒါဖြင့် လက်နက် ပေးထားတာသည် အရှုံးပေးမထားတဲ့ ပုဂ္ဂိုလ်မှာ ဘုရားလက်ထက်က ရဟန်းကြီး တစ်ပါးရှိတယ်။

အနာရောက်လာပြီ၊ အဲဒီ အနာရောက်လာလို့ ရှိရင်ဖြင့် အနာမဦးအောင် ဉာဏ်က ဦးအောင် လုပ်လိုက်တော့မယ် (တင်ပါ ဘုရား) အနာမဦးခင်၊ သူက မသတ်ခင် (ဉာဏ်ကသတ် ရမယ်) ဉာဏ်က တစ်ခါတည်း ဒီဥစ္စာကို ဝိပဿနာရှုပြီး သကာလ ဉာဏ်အလုပ် အောင်မြင်အောင် လုပ်လိုက်တော့ မယ်ဆိုတော့ သူ့စိတ်ထဲ ချက်ချင်းပေါ်လာတယ် (တင်ပါ ဘုရား) အနာရတာနဲ့ ချက်ချင်း ပေါ်လာတယ်။

သူကသတ်မယ်လို့ လာတဲ့အနာဖြစ်လို့ရှိရင် သူမသတ် ခင် ကိုယ့်ဉာဏ်က အသတ်လွတ်တဲ့ဆီ ပြေးတဲ့ ဉာဏ်ရအောင် လုပ်တော့မယ် (တင်ပါ ဘုရား)။ ဒီလိုစိတ်ကူးရပါတယ် (တင်ပါ) သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

ဉာဏ်ကဦးအောင်လုပ်တယ်

အနင်္ကာ အာဗာဓော မေ သမုပ္ပန္နာ ဖြစ်ပေါ်လာခဲ့ သည်ရှိသော်၊ ပမဇ္ဇိတုံ- မေ့လျော့ခြင်းငှာ၊ နာဟောတိ-မထိုက် ဘူးတဲ့ (တင်ပါ) အနာရောက်လာလို့ရှိရင် ပိုပြီးမမေ့ရဘူးတဲ့၊ အာဗာမေ သမုပ္ပန္နာ နကာလော ပမဇ္ဇိတုံံ တဲ့ အနာရယ် လို့ဖြစ်လာလို့ရှိရင် မေ့ကိုမမေ့နဲ့တဲ့ (တင်ပါ ဘုရား)။

တစ်ခါတည်း သူကဦးလိမ့်မယ်ဟေ့၊ ဉာဏ်ကဦး အောင်လုပ်မယ်ဟေ့၊ သူကဦးသွားရင် ခက်တယ်ဟေ့၊ ဉာဏ် ကမဦးရင် အရှုံးပေးရာရောက်တယ်ဟေ့ သဘောပါပလားကွ (သဘောပါ ပါပြီ ဘုရား)

အင်း အနာကလေးထဲ အပ်ကလေးထိုးတာ မြွေ ကိုက်သလို ထိုးလဲလိုက်တာ အရှုံးပေးပစ် လိုက်တာ (တင်ပါ) ဒီလိုမလုပ်ရဘူးတဲ့ တစ်ခါတည်း ဝေဒနာကတစ်ချက်၊ ဉာဏ်က တစ်ချက်၊ ဒီလိုသွားတယ် ကြာတော့ ဉာဏ်ကနိုင်သွားတယ် (တင်ပါ ဘုရား)။

အနာလည်းရောက်၊ ရဟန္တာလည်းဖြစ်တယ်

ကြာတော့ဉာဏ်က နိုင်သွားတဲ့အခါကျတော့ ဝေဒနာ နိရောဓါဖြစ်သွားတော့ တဏှာနိရောဓါ ဆိုတဲ့ ဥစ္စာက ဉာဏ်လာနေကတည်းက တဏှာနိရောဓိက သေချာသွားပြီ၊ အဲဒီလိုလုပ်ပစ်ရမှာ (တင်ပါ ဘုရား) ဒီရဟန်းကြီးတော့ တစ်ခါ တည်း အနာလည်းရောက် ရဟန္တာလည်း ဖြစ်တာပဲ ပေါ်ကြ ပလားကွ၊ (ပေါ်ပါပြီ ဘုရား)။

စောင်းဟောနေတာ မဟုတ်ပါဘူး ဒီဥစ္စာက ဖြစ်စဉ် ကိုက်တည့်ဟောနေတာ (တင်ပါ ဘုရား) မရဘူး (စိတ်လျှော့တာမကောင်းဘူး ဘုရား) အေးလေ အခုဒါဟောနေတာပဲ (တင်ပါ ဘုရား)။

ကဲ ဒါဖြင့် သက္ကာယဒိဋ္ဌိ ဆိုတာ ရှင်းပါပြီ ဘုရားတဲ့။ ခန္ဓာ ငါးပါးမှာ တချို့ အဿာဒ ရှိတယ်၊ သာယာမှု ရှိတယ်၊ အပြစ် သိတယ်၊ ခန္ဓာငါးပါးကြောင့် ထွက်မြောက်ကြောင်းလည်းရှိ တယ်လို့ သုံးချက် လာပါတယ် အဲဒါ တပည့်တော် အမိန့်ရှိစမ်း ပါဦး (တင်ပါ ဘုရား)။

ဒီသုံးချက်ကိုအမိန့်ရှိပါ

ကွာတဲ့ ဘုရားက ဒီပုဏ္ဏမသုတ် ဖြေနေတယ်လို့ အောက်မေ့နော် (မှန်လှပါ ဘုရား) ဒီလိုကွတဲ့ ကိုယ့်ရုပ်ကလေး ကို အင်း နည်းနည်းမာသေးရဲ့၊ ဝမ်းသာရသေး၊ သူကကျန်း ကျန်းမာမာ ရှိတယ်ဆို ရုပ်ကြောင့် အဿာဒ လာဖြစ်တယ် (တင်ပါ ဘုရား) သာယာတဲ့ သောမနဿမဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။

အဲဒါ ရုပ်ကြောင့်သာယာတဲ့ သောမနဿ၊ သုခဝေဒ နာလေး အကြောင်းရင်းခံပြီး ချမ်းသာနေတာနဲ့ပဲ၊ အန္တရာယ်ကင်းနေတာနဲ့ သာယာတဲ့ သောမနဿကော မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) လိုက်နေတာပဲ ဒါခန္ဓာငါးပါးကြောင့် သောမနဿလိုက်တယ်၊ အဲဒါရုပ်ကြောင့် ခန္ဓာကြောင့် အဿာဒဖြစ်တာ သာယာမှုလာတာ။

သာယာမှု ပြောစမ်းပါဦးဘုရား၊ အို မင်းတို့ကမလုပ် တတ်လို့ကွတဲ့၊ မင်းတို့ သာယာနေတဲ့ ခန္ဓာဟာ အနိစ္စတွေ၊ ဒုက္ခတွေ၊ ဖြစ်ပျက်တွေကွ၊ ဒီလိုကြည့်လိုက်ပြန်လို့ရှိရင်လည်း ဒါသူ့အပြစ် သိသွားတာပဲ။

သူ့ပင်ကိုယ်က အနိစ္စတွေပဲ၊ ပင်ကိုယ်က ဒုက္ခတွေပဲ လို့၊ ဉာဏ်စူးရှတဲ့ ပုဂ္ဂိုလ်ကျတော့ အပြစ်သိတယ်ကွတဲ့၊ ဒါက “အာဒီနဝ” ဆိုတာ သူ့အပြစ် သိတယ်ကွတဲ့ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

“နိဿရဏ” ပြောစမ်းပါဦးဘုရားတဲ့၊ သူနဲ့ထွက် မြောက်ကြောင်း လုပ်ရပါတယ်လို့ ပြောကြပါတယ်၊ အို သူ့ ခင်တွယ်တဲ့ တဏှာစွန့်လိုက်ရင် ထွက်မြောက် သွားတာပဲကွာ၊ ခန္ဓာငါးပါး ခင်တွယ်တဲ့ တဏှာချုပ်အောင် လုပ်လိုက်လို့ ရှိရင် ဘာတုံး (ထွက်မြောက်ပါတယ် ဘုရား) အဲဒါ သူ့အတွက် မှတ်ကွ၊ ရဟန္တာကို ဘုရားက ဖြေနေတာနော် (တင်ပါ ဘုရား)။

ဒါဖြင့် ဘုရားတဲ့ တပည့်တော် ရှေ့ဆက်ပြီး မေးပရစေ၊ ရှေ့ဆက်ပြီး မေးပရစေတဲ့၊ ဘယ်ကဲ့သို့ ပြုတဲ့ပုဂ္ဂိုလ်မှ တဏှာ မာန ဒိဋ္ဌိ ချုပ်ပါလိမ့်မတုံး၊ ဘယ်ကဲ့သို့ သိတဲ့ပုဂ္ဂိုလ်မှ လောက ကြီးထဲမှာ တဏှာမာန ဒိဋ္ဌိချုပ်ပါလိမ့်မတုံး၊ ဘယ်လိုသိတဲ့ ပုဂ္ဂိုလ်မှ တဏှာ မာနဒိဋ္ဌိ ချုပ်နိုင်ပါတဲ့သတုံး၊ ပပဉ္စချုပ်နိုင် သတဲ့တုံး မေးတော့။

တဏှာမာနဒိဋ္ဌိချုပ်တဲ့နည်း

အို မင်း အတိတ်ကဟာတွေလည်း အနိစ္စ၊ လုပ်ပြီး သားလည်း အနိစ္စ၊ ပစ္စုပ္ပန်တွေလည်း အနိစ္စ၊ ရုပ်တွေလည်း အနိစ္စကွာ၊ နောက်လာမှာတွေလည်း အနိစ္စတွေ မင်းအကုန်သာ သိမ်းပစ်လိုက်စမ်းပါ ခန္ဓာကို၊ ဘယ်ကလာ တဏှာ မာန ဒိဋ္ဌိလာရမှာတုံးကွ၊ ဘယ် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတာ ဖြစ်နိုင်သေးရဲ့ လား၊ လုပ်ပြီးသားလည်း အနိစ္စတွေပဲကွာ ဖြစ်ဆဲတွေကော (အနိစ္စပါ ဘုရား) ဖြစ်လတ္တံ့တွေကော (အနိစ္စတွေပါ ဘုရား)။

အဲတော့ အကုန်အနိစ္စတွေ၊ အနတ္တတွေ၊ မင်းကြည့် လိုက်ပြီ ဆိုမှဖြင့် ဘယ်ကလာပြီး တဏှာမာန ဒိဋ္ဌိ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုတာ မလိုက်နိုင်ပါဘူးကွ၊ အကုန် အနတ္တ ဖြစ်သွားတာပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တဏှာမာန ဒိဋ္ဌိ၊ ဪ ဒီလို ရှုလိုက်လို့ရှိရင် တဏှာမာန ချုပ်သကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလား ကြိုက်တဲ့ တစ်လုံးကို ရှုလိုက်လို့ရှိရင် တဏှာမာန ဒိဋ္ဌိချုပ်တာပါပဲကွာ အတိတ်လည်းရှု၊ ပစ္စုပ္ပန်လည်းရှု၊ အနာဂတ်လည်းရှုကွာ။

ဝေးတဲ့ရုပ်လည်း လှမ်းရှု၊ နီးတဲ့ရုပ်ကိုလည်း ရှုပါ။ သိမ်မွေ့နူးညံ့တာတွေလည်း အကုန်ရှုပါ၊ ပေါ်တဲ့ဟာတွေ အကုန်ရှုချကွာ၊ ဒီလိုဆိုရင် တဏှာမာန ဒိဋ္ဌိ အကုန်ချုပ်တာ ပေါ့ကွာ (တင်ပါ ဘုရား)။

ဒီလိုဟောတော့ ရဟန်းငါးရာထဲက၊ ငါးရာ့တစ်ပါး ရှိတယ်လို့ မနေ့က ပြောခဲ့ပြီ၊ တစ်ပါးက ဗွေဖေါက်လာတယ်၊ တစ်ပါးက ဗွေဖေါက်လာတယ်၊ ဪ အလုံးစုံ အနတ္တလို့ ဘုရားက ဟောလိုက်သည် အားကိုးရာ မဲ့တော့ ဖြစ်သွားပြီ (တင်ပါ ဘုရား)။

အလုံးစုံ အနတ္တဆိုရင် ခန္ဓာငါးပါးရှိတာကို ရှိတာက လောကကြီးထဲ ရှာလိုက်တော့လည်း ခန္ဓာငါးပါးပဲ ရှိတယ် (မှန်ပါ ဘုရား)။

အဲဒီခန္ဓာ ငါးပါးသည် အကုန် အနတ္တဆိုရင်ဖြင့် ဘယ်ဟာ ငါ့ဟာ လုပ်ရမှာတုံး (တင်ပါ ဘုရား) ငါ့ဟာ မရှိဘူး ကုန်ပေါ့ပဲ သူက ဗွေဖောက်လာတယ် (တင်ပါ) ဒီထဲက။

ဗွေဖောက်တော့ တရားနာရင်း မတ္တနဲ့ အကုန်အနတ္တ ဟောနေတော့၊ ငါ့မှာ အားကိုးရာမဲ့ ဖြစ်နေပါပေါ့လားလို့ သူ့စိတ်ထဲပေါ်နေတယ် (မှန်ပါ ဘုရား) ဘယ်ခန္ဓာမှ အားကိုးစရာမရှိတော့ဘူး အနတ္တချည်း ဖြစ်နေပြီဆိုတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက သိတယ်။

ကဲ ဒါဖြင့် ဒီရဟန်းက အကုန်အနတ္တဖြစ်လို့ရှိရင်၊ ကံတစ်လုံး အတ္တလုပ်ထားမှ တော်မယ်၊ သူစွဲမိစွဲရာ စွဲပြန်ပြီ (တင်ပါ) အကုန် အနတ္တဖြစ်နေလို့ရှိရင် ကိုယ်ပြုထားတဲ့ ကံလေးဟာ ကိုယ့်နောက် ပါမှာပဲ (တင်ပါ ဘုရား)။ ဒါလေး တစ်ခုပဲ ခိုင်တာမြဲတာ ရှိတယ် ဆိုတော့ ကံအတ္တလုပ်ပစ်လိုက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါသတိထားပါ။

ဗုဒ္ဓဘာသာမှာ ကံအားကိုးအာများတယ်

ဒီစကားဟာက ရှေ့ကဟောဖူးပေမယ့် ဗုဒ္ဓဘာသာမှာ ကံကို ငါ့ဟာလုပ်ပစ်လိုက်တာ သိပ်များတယ် (လုပ်ပါတယ် ဘုရား) ကံအမိ၊ ကံအဖ၊ ကံဟာငါ့ဥစ္စာပေါ့ကွ (တင်ပါ)။

ကံဆိုတာက သင်္ခါရက္ခန္ဓာ၊ စေတနာ (တင်ပါ) စေတနာဆိုတော့ သဗ္ဗေသင်္ခါရာအနိစ္စ (တင်ပါ) သဗ္ဗေသင်္ခါရာ ဒုက္ခ၊ သဗ္ဗေဓမ္မာ အနတ္တလို့ သူပါပြီးသား (တင်ပါ ဘုရား) အခုပေါ် အခုပေါ်တဲ့နေရာ ချုပ်တာပဲ၊ အခုပေါ်တဲ့ကံ၊ ကံက နေချုပ်တာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

သူကတော့ မဟုတ်ဘူးတဲ့ ကံအမိ ကံအဖပဲ လူသွားရာ အရိပ်ပါသလို သူလိုက်တယ် (တင်ပါ) ဒါပဲအားကိုးတော့မယ်၊ အကုန်အနတ္တဆိုရင်၊ ဘယ်ဟာမှ အတ္တလုပ်စရာ မရှိရင် ကံပဲ အတ္တ လုပ်တော့မယ်၊ ကံပဲ ငါ့ဟာ လုပ်တော့မယ် ဆိုပြီးတော့ မင်းအနတ္တကို ငါ့ဟာ လုပ်ပြန်တယ်၊ ရှင်းရဲ့ လား (ရှင်းပါပြီ ဘုရား)။

ဘာငါ့ဟာ လုပ်လိုက်ပါလိမ့် (အနတ္တကို ငါ့ဟာ လုပ်မှာပါ ဘုရား) အနတ္တငါ့ဟာ လုပ်လိုက်တယ်၊ အဲဒါက ဒီရဟန်း ဗွေဖောက်နေတာ ဟောတုန်းက ဘုရားက အကုန် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ဟောလိုက်လို့ သူ့မှာဒိပြင်ဟာ ဘာမှ အားကိုးစရာမရှိဘူး၊ ကိုယ်ပြုထားတဲ့ ကံလေးပဲ အားကိုးရတော့မှာပဲ၊ သူက ခိုင်မြဲတယ်လို့ ယူပစ်လိုက်တယ် (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ကံကို ဘာလုပ်ပစ်လိုက်တယ် (ကံကို အတ္တလုပ်ပစ် လိုက်ပါတယ် ဘုရား) ခိုင်တယ် မြဲတယ်လို့ ယူပစ်လိုက်တယ် (တင်ပါ ဘုရား) ဒါကြောင့် ဆရာကောင်းနဲ့ မတွေ့သ၍ ကာလ ပတ်လုံးမှာ ဒီကံအတ္တ လုပ်တဲ့ ပုဂ္ဂိုလ်က တယ်များတယ် (များ ပါတယ် ဘုရား)။

ကံကို အတ္တလုပ်တဲ့ပုဂ္ဂိုလ်များတယ်

ကံအတ္တလုပ်တဲ့ ပုဂ္ဂိုလ်က တယ်များတယ်၊ ဘယ်လို များသတုံး ကိုချစ်ဆွေ၊ ကျုပ် အတွက်တော့ မစိုးရိမ်နဲ့၊ ကျုပ်စု ထားတာတွေ အလကား ဘယ်ဟာမှ မဖြစ်ဘူး၊ ကျုပ်နောက် လိုက်မှာ အင်း မချုပ်ဘူး ပြောတာပဲ (တင်ပါ)၊ ချုပ်တယ် ပြောတာလား မချုပ်ဘူးပြောတာလား (မချုပ်ဘူး ပြောတာပါ ဘုရား) စေတနာ ကံတွေဟာလေ (တင်ပါ)။

ဒါဖြင့် ဒါပဲ အားကိုးတော့ ခုနင်က ရဟန်းထဲဝင်မသွား ဘူးလား (ဝင်ပါတယ် ဘုရား) ဘယ့်နှယ် ဒါတွေဟာ အကုန် အနတ္တတွေ ဖြစ်နေတာချည်းပဲ၊ ဒါပဲ အားကိုးရတော့မှာပဲ ဆိုပြီး သူယူလိုက်တော့၊ ဒါသာ သူ့နောက်လိုက်မှာပဲ ဆိုပြီး သကာလ သူယူလိုက်တဲ့အတွက်တဲ့၊ သူ့မှာဖောက်ပြန်တဲ့ သဘောသူ့မှာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပျက်စီးနေတဲ့တရား

နဂိုက ပျက်စီးနေတဲ့တရား (တင်ပါ ဘုရား) အဲဒါကို ပျက်စီးတယ်လို့ မယူဘူး၊ လူသွားရာ အရိပ်ပါ၊ နွားသွားရာ လှည်းလိုက် (တင်ပါ ဘုရား) သူကတော့ဖြင့် မပျက်စီးဘူး ပြုထားတဲ့ ကံကတော့ သူကံအတ္တ လုပ်ထားတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဗုဒ္ဓဘာသာမှာ ဒါဒိဠိဖြစ်နေတယ် (တင်ပါ ဘုရား) သဘောကျရဲ့လား (သဘော ကျပါတယ် ဘုရား) ဗုဒ္ဓ ဘာသာမှာ (ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။

အဲတော့ မင်းကပဲ ပြောထားတာပဲ၊ နဂိုကငါနဲ့ မတွေ့ခင်က ဆိုလို့ရှိရင် အို-ဇရပ်တွေဆောက်၊ ကျောင်းတွေဆောက်၊ ဘု ရားတွေတည်၊ ဒါတွေ ဘယ်သွားမှာတုံး ကိုယ့်နောက်လိုက်မှာ (တင်ပါ ဘုရား) အောင်မာ – မပျက်တော့ ဘူးတဲ့၊ ကိုယ့်နောက်မှာကို ပြောလိုက်သေးတယ် သူကတခြား ကိုယ်က တခြားပေါ့ကွာ။

သူကလည်း မပျက်စီးဘူးလိုက်တယ်၊ ကိုယ်ကရှေ့ကပြေး ပြုထားတဲ့ကံတွေက နောက်ကလိုက်၊ ဘယ့်နှယ့်တုံး၊ မပျက်စီးလို့ လိုက်တာပေါ့ ဒါဖြင့် သဗ္ဗေဓမ္မာ အနတ္တနဲ့သွားပြီ မင်းတို့ဟာ (လွဲချော်သွားတာပါ ဘုရား)။

လွဲချော်သွားပြီ အတ္တဒိဋ္ဌိဝင်လာပြီ၊ အစ်မ ကြောက် စရာကောင်းတယ်နော်၊ ဘယ့်နှယ့်တုံး မောင်ချစ်ဆွေ ကြောက် စရာသိပ်ကောင်းတယ် (ကြောက်စရာကောင်းပါတယ် ဘုရား)။

သုတ္တန်နည်း၊ အဘိဓမ္မာနည်း

မင်းတို့ယူထားတဲ့ အယူဟာက သုတ္တန်နည်း ယူထား တာကွ၊ အဘိဓမ္မာနည်း မဟုတ်ဘူး၊ ဆရာတော်တွေကလည်း ဒါပဲ၊ ဒါပဲ နင်တို့ပါအောင်လုပ်တဲ့ (တင်ပါ ဘုရား)။

ဘယ်လိုတုံးဘုရားဆိုပြီး မင်းတို့ကမမေးလိုက်ဘူးလား (မေးရပါတယ် ဘုရား) အို မင်းတို့ ပြုထားတဲ့ကံတွေ နင်တို့ နောက်လိုက်မှာပေါ့ဆို၊ ကံဆိုတာ စေတနာ မဟုတ်ဘူးလား စေတနာဆိုရင် နာမ်ပေါ့၊ နာမ်ဖြစ်ရင်ဖြစ်တဲ့ နေရာချုပ်တာပဲ၊ ဘယ်လိုက်မတုံး (တင်ပါ) လိုက်နိုင်ရဲ့လား (မလိုက်နိုင်ပါဘူး ဘုရား)။

အဲဒါကို အခုလို ထိုးထိုးထွင်းထွင်း ဒီလိုသုတ္တန် သံယုတ် ပါဠိတော်ကြီးကိုလည်း ကြည့်ပင်ကြည့်ငြား သော်လည်း အပေါ် ယံကကြည့် သွားတဲ့ ပုဂ္ဂိုလ်များကျတော့ မောင်ချစ်ဆွေ ဒီအတိုင်း ဟောချလိုက်တယ် (တင်ပါ ဘုရား)။

မင်းတို့ဟေ့ ရှာထားတာတွေ ကိုယ့်ဟာကိုယ်ယူသွားကြ အမယ်- အစ်မတို့လူစုက၊ ကိုယ်နောက်ပါတာ လုပ်ထား အောင်မာ နောက်က တစ်မျိုးပါလားဟေ့၊ ရှေ့ကလည်း တစ်မျိုး (မှန်ပါ ဘုရား) ရှေ့ကသွားတဲ့လူနဲ့ နောက်ကလိုက်တဲ့ သူနဲ့ အဓိပ္ပါယ် ဒီလိုမရဘူးလား (ရပါတယ် ဘုရား)။

ရှေ့က (သွားတဲ့လူနဲ့ နောက်ကလိုက်တဲ့လူနဲ့) ရှေ့က သွားတာလည်း ရုပ်နာမ်၊ နောက်က လိုက်တာကကံ၊ အင်း ရှေ့ကလည်းမချုပ်၊ နောက်ကလည်းမချုပ်၊ သဗ္ဗဓမ္မာအနတ္တာ နဲ့တော့ သွားပြီဟေ့၊ သဗ္ဗေဓမ္မာ အနတ္တာဆိုတာ ရှေ့ကလည်း သွားစရာ မရှိဘူး၊ နောက်ကလည်း မလိုက်နိုင်ဘူး။

ဘယ့်နှယ့်တုံး အစ်မတို့ နာထားတဲ့တရားတွေနဲ့ ကန့်လန့်ကြီး သွားဖြစ်ပြီ (တင်ပါ) သဘောပါပလား (သဘော ပါပါပြီ ဘုရား)။

တရားနာမှားလို့ ဒိဋ္ဌိဖြစ်တယ်

အဲတော့ တရားနာမှားလို့ ဒိဋ္ဌိဖြစ်တယ် (တင်ပါ ဘုရား) ဘာတဲ့တုံး (မှန်ပါတယ်ဘုရား တရားနာမှားလို့ပါ ဘုရား) တရားနာမှားလို့ (တင်ပါ ဘုရား) ဘာဖြစ်တုံး (ဒိဋ္ဌိဖြစ်တယ်) အဲဒါ လိုချင်တာကွ ဘုရားလက်ထက်က ဝတ္ထုဆိုတော့ ဟုတ်ပြီ (မှန်ပါ ဘုရား) ဒီကိုယ်တော်မှာ အတ္တဒိဋ္ဌိ ဖြစ်နေပြီ (တင်ပါ)။

ဘယ်ဟာ အတ္တလုပ်ရမှာတုံးတဲ့၊ ကိုယ်ပြုတဲ့ ကံလေးပဲ အတ္တလုပ်ရုံရှိတော့တယ်တဲ့၊ ဒါလေးက နောက်ကလိုက်မှာတဲ့ (တင်ပါ ဘုရား) ဒါတွေက မချုပ်ဘူးပေါ့လေ (တင်ပါ)။

ငါ့ဟာတွေ ဘယ်မှမသွားဘူးကွ၊ အစ်မတို့လည်း ပြောနေတာပဲ (ပြောတာပဲ ဘုရား) ဘယ်မှ မသွားဘူးတဲ့ စုနေတဲ့ သဘောပြောတာ (တင်ပါ့ ဘုရား) ခိုင်တဲ့သဘော (ပြောတာပါ ဘုရား) မြဲတဲ့ သဘော (ပြောတာပါ ဘုရား) ဪ ခက်နေပြီကို။

မင်းတို့သေချာ အချိန်ယူပြီး ပြောနေတာက မင်းတို့ အင်မတန်ကြီးကျယ်တဲ့ ပညာရှင်ကြီး တွေကို မရိပ်မိလို့ (တင်ပါ ဘုရား) ဒီအတိုင်း အကုန်ဖြစ်နေတာ ဒီအတိုင်းကို ဟောတာ ဟောဘူးလား (ဟောပါတယ် ဘုရား) မင်းတို့နောက်ပါအောင် လို့ကို (တင်ပါ ဘုရား)။

ဆောင်ဟောထားတာ

(ကံသာအမိ ကံသာအဖ ယူထားတာပါ ဘုရား) ဘုရားက ဟောတာက ဒီလိုအစ်မရဲ့ ဆောင်ပြီး သကာလ သိဖို့ ဟောတာ တစ်မျိုး၊ တိုက်ရိုက်သိဖို့ဟောတာ တစ်မျိုး၊ ခုဟာဆောင်ဟော ထားတာ တိုက်ရိုက်ဟောတာ မဟုတ်ဘူး (တင်ပါ ဘုရား) ဆောင်ဟောထားတာ။

အို မင်းတို့ သွားလို့ရှိရင်ကွာ ဒီဟာတွေကလည်း ဘယ်ဟာမှ မင်းတို့ကို ပစ်ထားမလဲဆိုတော့ အစ်မဆောင် ဟောတာ (တင်ပါ ဘုရား) ဆောင်ဟောထားတာ (တင်ပါ) နိတတ္ထ ဆိုတာ ဒီလို မယူရဘူးတဲ့ ဒီမှာဖြစ် ဒီနေရာတင်ချုပ်တာ (တင်ပါ ဘုရား) မလိုက်နိုင်ဘူး၊ လိုက်နိုင်ပါဦးမလား၊ ကိုယ့်ခန္ဓာ ဝိပဿနာရှုတော့ ဘယ်ဟာများ ခိုင်တာမြဲတာပါသေးတုံး (မပါပါဘူး ဘုရား)။

တိုက်ရိုက်ဟောတာ

စေတနာတွေကလည်း သင်္ခါရက္ခန္ဓာ မဟုတ်ဘူးလား (တင်ပါ ဘုရား) ဒါတွေကော ကြည့်ပြီးတော့ ဘယ့်နှယ့်နေတုံး (သူတို့လည်း ဒီနေရာတင်ပျက်တာပါ ဘုရား) ဘယ်မတုံးကွတဲ့ အဲဒါကျတော့ နိတတ္ထဒေသနာတဲ့၊ တိုက်ရိုက် ငါဟောတယ်တဲ့၊ ဒါမလိုက်ဘူးကွတဲ့ (တင်ပါ ဘုရား) အဲတော့ အခု ဒီလိုခွဲပြီး မဟောတော့ နိတတ္ထဆောင်ပြီး သကာလ ဥပမာ ဥပမေယျနဲ့ သူ့ကံတွေက နောက်က လိုက်လာတာကို ဆိုတဲ့ ဥစ္စာက သူ ဆောင်ဟောထားတာ (တင်ပါ) သဘောပါပလား (သဘော ပါပါပြီ ဘုရား)။

အဟုတ်ယူလိုက်ရင်ဒိဋ္ဌိဖြစ်တယ်

ဆောင်ဟောထားတာ မင်းတို့က အဟုတ်ယူလိုက်ရင် ဘယ့်နှယ်လုပ်မတုံး (မှားပါတယ် ဘုရား) ဒိဋ္ဌိဖြစ်တယ်၊ နောက်က မပျက်စီးဘူး၊ စေတနာတွေ မပျက်စီးဘူး၊ ကံတွေ မပျက်စီးဘူး၊ ဒါကြောင့် နောက်ကလိုက်နေတာ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဘာတုံး (စေတနာကံတွေဟာ နောက်ကလိုက်တယ်) ဒိဋ္ဌိဖြစ်သွားတယ်၊ အတ္တဒိဋ္ဌိကို သွားဖြစ်တယ်၊ သဿတဒိဋ္ဌိ သွားဖြစ်တယ်၊ ဒီပြင်တရားသာပျက်တယ်၊ ဒီစေတနာ မပျက်ဘူး၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲတော့ သဗ္ဗဆိုတဲ့ အလုံးစုံထဲ သူခြွင်းချက် ကျန်နေ ရစ်တယ် (မှန်ပါ) မကျန်ဘူးလား၊ ကျန်လား (ကျန်ပါတယ် ဘုရား)၊ ကျန်ရင် ဘယ့်နှယ်ဆိုကြမတုံး (မှားပါတယ် ဘုရား)။

အဲတော့ မင်းတို့ကလည်း ငါနဲ့ မတွေ့လို့ရှိရင် ဒီအမှား ကြီးဟာ မြဲနေတော့မှာပဲ (မြပါတယ် ဘုရား) မြဲသွားမှာပဲ။ အဲတော့ ဒီအမှားကြီးဟာ ဘယ်လောက်များ မြဲနေသတုံးလို့ လူပေါင်း ဘယ်လောက် တောင် ဗုဒ္ဓဘာသာမှန်က ဒီလိုနှစ်ခုခွဲ ပေးမယ့်လူ မရှိရင်လည်း အကုန်ပဲ (အကုန်လုံးပါ ဘုရား)။

တိုက်ရိုက်ယူပစ်လိုက်တယ်

နေယျတ္ထကို ဆောင်ပြီးဟောထားတာ၊ တိုက်ရိုက် ယူပစ်လိုက်တာ၊ ဆောင်ပြီးတော့ ဥပမာ ကတော့ကွာတဲ့၊ လူသွားတယ်ကွာ အရိပ်ပါတယ်ကွာ၊ ဆိုတော့ ဥပမာသူပြ လိုက်တာ (တင်ပါ ဘုရား) ဆောင်ပြီးတော့ သိလွယ်အောင်လို့ စင်စစ်တော့ မလိုက်ပါဘူးကွ (တင်ပါ ဘုရား)။

စင်စစ်တော့ သဗ္ဗေဓမ္မာအနတ္တ၊ ဘယ်နေရာက ပေါ်လာမှန်းမသိဘူး၊ ပျောက်သွားပြီ ဘယ်ပြေးသွားလည်း မသိဘူး၊ ဒီနေရာပေါ် ဒီနေရာ ပျောက်သွားတာပဲ (တင်ပါ ဘုရား) ဘယ်လိုက်နိုင်မတုံး၊ လိုက်နိုင်ပါ့မလား မင်းတို့ကိုယ် တိုင် ရှုကြည့်တော့ သိတာပဲ (တင်ပါ) ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် အခုယူနေကြတဲ့ အယူက ဘုရားက ပရိယာယ် အားဖြင့် ဆောင်ဟောတာကို၊ ကိုယ်က တကယ်ရှိတယ်လို့ ယူပစ်လိုက်တာ (မှန်ပါ) တကယ်လိုက်တယ်လို့ ယူပစ် လိုက်တာ (တင်ပါ ဘုရား) ဘုရားက နာလည်မှုကြောင့် ဆောင်ဟောလိုက်တာ (တင်ပါ ဘုရား)။

ခိုင်တယ်မြဲတယ်ယူပစ်လိုက်တယ်

အဲဒါကိုယ်က မယူတတ်တော့ တကယ်ခိုင်တယ်လို့ ယူပစ်လိုက်တယ် နောက်က ကံတွေဟာ (တင်ပါ ယူပါတယ် ဘုရား) (ယူပါတယ်ဘုရား၊ ခိုင်တယ် မြဲတယ်လို့ ယူပါတယ် ဘုရား) ခိုင်တယ် မြဲတယ်လို့ ယူပစ်လိုက်တာ၊ ကဲဒါဖြင့် ဘုရား အာဘော်ကောကျသေးရဲ့လား (မကျပါ ဘုရား)။

ဘုရားက ဘာတဲ့တုံး သိလွယ်အောင်လို့ ဆောင်ဟော တယ် (တင်ပါ ဘုရား) အဲဒါကို ဘယ်လို ယူပစ်လိုက်တုံး (ခိုင် တယ်မြဲတယ်လို့ ယူပစ်လိုက်ပါတယ်) တစ်ခါတည်း တိုက်ရိုက် ယူပစ်လိုက်တယ် (တင်ပါ ဘုရား)။

တိုက်ရိုက် ယူပစ်လိုက်တော့ ဘယ်တော့မှ မပျက်တဲ့ အဓိပ္ပါယ်ထဲ ရောက်သွားတယ် (တင်ပါ့ ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား) အဲတော့ ကံပေါ်မှာ ဘာဒိဋ္ဌိဖြစ်နေတုံးလို့ မေးတော့ ခိုင်တယ် မြဲတယ်ယူလိုက်တော့ သက္ကာယ ဒိဋ္ဌိလည်း ဖြစ်တာပဲ၊ သဿတဒိဋ္ဌိလည်း ဖြစ်တာပဲ (တင်ပါ ဘုရား)။

သိလွယ်အောင်ဆောင်ပြောတာ

(နှစ်မျိုးလုံး ဖြစ်တာပါ ဘုရား) အေး-နှစ်မျိုးလုံးဖြစ်တော့ တာပေါ့။ မောင်ချစ်ဆွေ ကြောက်စရာကြီးကွ (ကြောက်စရာပါ ဘုရား) သိလွယ်အောင်လို့ ဆောင်ပြောတာ ကိုယ်က တိုက်ရိုက် ယူပစ်လိုက်တယ် (တင်ပါ ဘုရား)။

သိလွယ်အောင်လို့ ဆောင်ပြောတာ (တိုက်ရိုက်ယူပစ် လိုက်ပါတယ် ဘုရား) လူသွားရာ အရိပ်ပါတယ်ဆို ဘုန်းကြီး ကပဲ မောင်ချစ်ဆွေ ငါမေးပါတယ်၊ မင်းမိုးအုံ့နေတုန်းသွား တာ အရိပ်ကို မပါဘူး (တင်ပါ ဘုရား)။

ပါလား (မပါပါ ဘုရား) မပါဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ နွားချည်းသွားတော့ လှည်းပါဦးမှာလားကွ၊ ဥပမာ ဆောင်ဟောတာ (တင်ပါ) အဲဒါ အစ်မတို့က အဟုတ်ကို လိုက်တယ် ယူပစ်လိုက်တာ (တင်ပါ ဘုရား) မိုးအုံ့တာ မထည့်တော့ဘူး (မှန်ပါတယ် ဘုရား) နွားချည်းသွားတာ မထည့်ဘူး၊ အတော်ရူးတာကွ၊ အရူးပြောရတာ အတော်ခက်တယ်နော် (ခက်ပါတယ် ဘုရား)။

(ကပ်တဲ့လူကျတော့ နောက်ကလိုက်လာရင် မချုပ်ဘူး လားလို့ ကပ်မှာသူတို့) မချုပ်ဘူးလားလို့ မေးလိုက်လို့ရှိရင် တော့ သူတို့က ချုပ်တယ်ပဲ ပြောရမှာပဲ (တင်ပါ ဘုရား) ပြောလို့ရှိရင် နောက်က လိုက်တယ် ဆိုတာ လွဲကုန်ပြီ (တင်ပါ ဘုရား) ဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား) လွဲကုန်ပြီ (တင်ပါ)။

အဲတော့ သာမညနဲ့ရကို မရဘူး။ အဲတော့ ခုပြောတဲ့ နှစ်ချက်ကို ခွဲမှတ်မှ (တင်ပါ ဘုရား) သိလွယ်အောင်ပြောတဲ့ စကားကို တိုက်ရိုက်ယူလိုက်တယ် (တင်ပါ ဘုရား) ဥပမာကို တကယ် ယူပစ်လိုက်တယ် (တင်ပါ ဘုရား)။

ဥပမာဆိုတာ ဥပမာပဲ မဟုတ်လား (မှန်ပါ ဘုရား) တကယ်ယူစရာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဥပမာကို တကယ်ယူပစ်တယ် (တင်ပါ ဘုရား) အစ်မတို့ နားလည်မှုတော့ ဒါကိုပြောတာ (တင်ပါ)။

ဘုရားဟောတော်မူတာနဲ့တော့၊ ဘုရားကတော့ ငါဆောင်ဟောတာကို ကိုယ်က တိုက်ရိုက် ယူပစ်တာကွ (တင်ပါ)

ပေါ် ပလား (ပေါ်ပါတယ် ဘုရား) အဲဒါကို ရေစက်ချ တော့ ကံ- ကံ၏ ဟုတ်ဘူးလား (ဟုတ်ပါ ဘုရား)။

သဿတဒိဋ္ဌိဘက်လှည့်တယ်

“ကံ-ကံ၏အကျိုးယုံကြည်ပါ ကုန်သည်ဖြစ်၍” ဟုတ်လား၊ အင်း ဒီကံတွေသည်ကားဆိုလို့ ရှိရင်ဖြင့် သွားလေရာကို အရိပ်ပါအောင်လို့၊ နွားသွားလှည်းနောက်က လိုက်သလို ဘယ်တော့မှ မပျက်စီးအောင် မင်းတို့ဟေ့ ကံအမိ ကံအဖက နောက်က လိုက်နေတာကွ (တင်ပါ ဘုရား)။

မင်းတို့အားကိုးရာ ရှိသေးတယ်၊ သွားပြီပေါ့ (တင်ပါ ဘုရား) မသွားသေးဘူးလား (သွားပါတယ် ဘုရား) သဿတ ဒိဋ္ဌိဘက်လှည့်သွားပြီ (တင်ပါ ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား) အဲဒီလို ယူထားရင် ဘယ်တော့မှ နိဗ္ဗာန် မရဘူး (တင်ပါ ဘုရား)။

ကမ္မဿကတဉာဏ်အတွက်

ဒါကမ္မဿကတဉာဏ်အတွက် ငါဟောတာကွ (တင်ပါ ဘုရား) ဝိပဿနာဉာဏ်အတွက် ငါဟောတာ မဟုတ်ဘူး (တင်ပါ ဘုရား) ဒါကြောင့် ကမ္မဿကတဉာဏ်နဲ့ ငါနိဗ္ဗာန် ရောက် လိမ့်မယ်လို့ မဟောဘူး (တင်ပါ) အတော်ခက်တယ် (ခက်ပါတယ် ဘုရား)။

ပုဏ္ဏမသုတ်မှာ လာတာနော် (တင်ပါ ဘုရား)။ ဒိပြင် နေရာမှာ လာတာမဟုတ်ပါဘူး (တင်ပါ ဘုရား) ဒီထဲက ဘုရားလက်ထက်က ဗွေဖောက်လို့ အစ်မတို့ အခုဖော်ပြော နေတာ (တင်ပါ ဘုရား)။

ဘာမှ အားကိုးစရာ မရှိတော့ဘူးတဲ့၊ ဘုရားက အလုံးစုံအနတ္တ ဆိုရင် ကိုယ်ပြုထားတဲ့ ကံလေးပဲကိုယ်အားကို ရတော့မှာပဲတဲ့ သူတော့ မပျက်ဘူး (တင်ပါ ဘုရား)။

ဒီတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီရဟန်း လေး ဝမ်းထဲကို သူကသိတယ်၊ -ငါဘုရားဟောတော်မူတဲ့ စကား လွန်ပြီး သကာလ ကြံပြန်ပါပေါ့လား “ကိလေသာထူပြော တဲ့ ပုဂ္ဂိုလ်ကို” ဘုရားက ညည်းရှာတယ် (တင်ပါ ဘုရား)။

ဒိဋ္ဌိ ကိလေသာထူပြောတာ ပြောတာနော် (မှန်ပါ ဘုရား) ကိလေသာ ထူပြောတဲ့ ပုဂ္ဂိုလ် ငါဘုရား၏ စိတ်ကူးပေါ် မှာ၊ ငါဘုရား၏ အသိဉာဏ်ကို သူတို့လွန်ပြီး သကာလ ဖြစ်ချင်သလို ဖြစ်သွားပြီလို့ ဘုရားက ညည်းရှာတယ် (တင်ပါ)။

နောက်ကလိုက်တယ်လို့ ယူနေလို့ (တင်ပါ ဘုရား) ခက်ဘူးလား (ခက်ပါတယ် ဘုရား) ဘယ်လိုက်လိမ့်မတုံး အစ်မ တို့ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ရှင်းလို့လင်းလို့၊ အကုန် ပျောက်ပါတယ် ဆိုကတည်းက ဘယ်ဟာများ ကျန်သေး တုံး (မကျန်ပါ ဘုရား)။

စေတနာ ဆိုတာနာမ်တရားပဲ

စေတနာလေးက၊ စေတနာဆိုတာလည်း နာမ်ပဲ မဟုတ်လား (နာမ်ပါ ဘုရား) သင်္ခါရက္ခန္ဓာ မဟုတ်လားကွ (ဒီနေရာတင်ဖြစ် ဒီနေရာတင်ပျက်) ဒီနေရာတင်ဖြစ် ဒီနေရာတင်ပျက် မလိုက်နိုင်ဘူး၊ သဘောကျပလား (တင်ပါ)။

ဒါဖြင့်ဘုရားတဲ့ နိဗ္ဗာန်မရတဲ့ ပုဂ္ဂိုလ်များ၊ အရှင်ဘုရား ရှင်းပြီးတော့ ပြောပါဦး၊ နို့မဟုတ်ရင် တပည့်တော်တို့မှာ တော်တော် ခက်နေပြီ၊ မလိုက်ဘူးဆိုတဲ့လူလည်း ဒီလူဟာတဲ့ အစ်မက ဒီနေရာမှာ၊ မောင်ချစ်ဆွေက ဒီနေရာမှာ ရုပ်နာမ်နဲ့ အလုပ်လုပ်လိုက်တယ်နော် (လုပ်ပါတယ် ဘုရား)။

သတ္တိကိုဆိုတာလား

ရုပ်နာမ်နဲ့ အလှူပေးလိုက်ပြန်ပြီကွ (တင်ပါ) ဟိုမှာ နတ်ရုပ်နာမ် အလားတူ ပေါ်ပါတယ် (တင်ပါ ဘုရား) ဒီက ရုပ်နာမ်တော့ မလိုက်ဘူး (သတ္တိကို ဆိုတာလား ဘုရား) သတ္တိ ကိုလည်း မဆိုဘူး၊ အလားတူ ပေါ်လာတာ၊ အတူပေါ်တာ (တင်ပါ ဘုရား)။

အလားတူပေါ်တာ

ဒီကပြုသလို ဟိုမှာ အတူပေါ်တာ (တင်ပါ ဘုရား) လိုက်ရင် သက်သက်ကံပေါ်မယ်။ သဘောပါပလား (သဘော ပါပါပြီ ဘုရား) အကျိုးမပေးဘူးလား ပေးသလား? ပေးတယ်။

လိုက်လို့ပေးတာလား (မလိုက်ပါဘူး) အတူပေါ်တာ (တင်ပါ ဘုရား) ဒီမှာ ရွှေလှူလို့ ရွှေအကျိုး ပေးတယ်။ ရွှေထုပ်ကြီး ဖြစ်လာတာ ဟုတ်ဘူးလား (တင်ပါ) ဒီမှာငွေလှူလို့ ဟိုမှာ ငွေထုပ်ကြီး ဖြစ်လာတယ်၊ ဒီမှာ ပဒေသာပင်သီးလှူလို့ ဟိုမှာ ပဒေသာပင်ပေါ်တယ် (မှန်ပါ) အလားတူ ပေါ်တာကို ဆိုတာ (တင်ပါ ဘုရား)။

ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ ပါဠိတော်က ဘယ့်နှယ်ရှိတုံးဆိုတော့ “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ အနန္တရပစ္စယေနပစ္စယော” အနန္တရနိရုဒ္ဓါ = အခြား မရှိချုပ်လေပြီးသောကို သူကတည့်ထားတာ၊ ချုပ်သွားပြီကွတဲ့

အတူပေါ်တာ

ပဋုပ္ပန္နာနံ-တဲ့ အတူဖြစ်၍ ပေါ်ကုန်သောတဲ့ ဟိုဘက် – အတူပေါ်တာတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ချုပ်ပြီးတော့ ဘာတုံး (အတူပေါ် တာပါ ဘုရား) အတူပေါ်တာဖြင့် လိုက်တာဟုတ်ရဲ့လား (မဟုတ်ပါဘူး) လိုက်ရင် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား) ပေါ်ပလား အဖြေထွက်ပလား (အဖြေထွက်ပါပြီ ဘုရား)။

ဒါသေသေချာချာ နာကြည့်မှ ဒီဥစ္စာက၊ သို့မဟုတ် မင်းတို့သူတစ်ပါးလည်း မင်းတို့ရှင်းအောင် ပြောနိုင်မယ့် အဓိပ္ပါယ်မလွယ်ဘူး (မလွယ်ပါ ဘုရား) ကိုယ်ကိုတိုင်လည်း မင်းတို့ဒီအယူကြီးက ငါနဲ့ မတွေ့ရင် မပယ်ဘူး (မှန်ပါဘုရား မပယ်ပါဘူး ဘုရား) လိုက်တယ် ယူနေတာပဲ (တင်ပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါတယ်ဘုရာ)။

လိုက်တယ်ယူရင်သဿတဒိဋ္ဌိ

လိုက်တယ်လို့ ယူနေရင် သဿတဘက်ပါနေမှာပဲ (တင်ပါ) မပါဘူးလား (ပါပါတယ် ဘုရား) လိုက်တယ်ဆိုတာက မပျက်စီးဘူးဆိုတာပဲ၊ မပျက်စီးဘူးဆိုတာ သဿတပဲ (တင်ပါ၊ ပေါ်ပလား (ပေါ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ညည်းတော်မူတယ်တဲ့၊ ဪ-ကိလေသာ ထူပြော၊ အဝိဇ္ဇာ ပေါတဲ့ပုဂ္ဂိုလ်ဟာ ငါဘုရား ဟောထားတာက အလုံးစုံ အနတ္တကို သူက ဒီရဟန်းက အတ္တ အဖြစ် ယူထားပြီကွ (တင်ပါ ဘုရား) ကဲသဘောပါပလား (သဘောပါပါပြီ ဘုရား) ဒါကြောင့် လွဲကုန်ပြီ ဆိုတဲ့ အဓိပ္ပါယ် ဘုရားက ဟောရှာတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲနက်ဖြန်မှ ဒီတရားသိမ်းမယ်။

သာဓု သာဓု သာဓု။