174

၁။ အားကိုးလွဲရင် ငိုပွဲချည်းပဲ

၂။ ဘယ်အကျိုးငှာဘုရားပွင့်သတုံး

တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် အမှာစာ

ဤတရားတော်များသည် မန္တလေးမြို့၌ ကျောင်းဒကာ ကျောင်းအမများ ဖြစ်ကြသော ဦးချစ်ဆွေ၊ ဒေါ်မမတို့ နှစ်ဦးအား အမှူးထား၍ နံနက်တိုင်း သီးခြားဆုံးမဟောကြား ခဲ့သော နာရီဝက် တရားတော်များ ဖြစ်ပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “အားကိုးလွဲရင်ငိုပွဲချည်းပဲ” တရားတော်ကို (၂၇-၂-၆၂)တွင် ဟောကြား၍ “ဘယ်အကျိုးငှာ ဘုရားပွင့်သတုံး” တရားတော် ကို (၁-၃-၆၂) နေ့တွင် ဟောကြားတော်မူပါသည်။

အမှုဆောင်အဖွဲ့

၄၊ ၄၊ ၂၀၀၂။

——

အားကိုးလွဲရင် ငိုပွဲချည်းပဲ

အသံဖိုင်ခေါင်းစဉ်= အားကိုးမှား၍ ပရိဒေဝမချုပ်တည်းနိုင်ပုံ

စာအုပ်ခေါင်းစဉ်= အားကိုးလွဲရင် ငိုပွဲချည်းပဲ

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

အားကိုးလွဲရင် ငိုပွဲချည်းပဲ

(၂၇-၂-၆၂)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သတ္တဝါတွေ အားကိုးလွဲမှာ စိုးရိမ်လာတယ်။ အားကိုးလွဲမှာ စိုးရိမ်သောကြောင့် အားကိုးမှန်ကို ငါဟောမယ်ဟေ့လို့ ဘုရားက တရားချီ လိုက်တယ်နော် (မှန်ပါ ဘုရား)။

အားကိုးလွဲမှာစိုးလို့ အားကိုးမှန်ကို ငါဟောမယ်၊ ဪ တယ် မြင်တဲ့ ကိုယ်တော်ကြီး ပါလားလို့ ဒကာ ဒကာမတွေက မှတ်ရမယ်။

အားကိုးလွဲလို့ကိုယ်ကျိုးနည်းခဲ့ရတယ်

ဘာ့ကြောင့်လဲ ဆိုတော့ တစ်သံသရာလုံး အားကိုးလွဲ လို့ ကိုယ်ကျိုးနည်းခဲ့ကြရတယ်၊ တစ်သံသရာလုံး အားကိုးလွဲလို့ ကိုယ်ကျိုး နည်းခဲ့ကြရတာကို၊ ခုထိတိုင်ပဲ အားကိုးကလွဲတုန်းဆို ရင်ဖြင့်၊ ကိုယ်ကျိုးနည်းတဲ့ ဇာတ်ဟာ မသိမ်းပါဘူး သိမ်းပါ့မလား (မသိမ်းပါဘူး ဘုရား)။

တစ်သံသရာလုံး အားကိုးမှားလို့လည်း ကိုယ်ကျိုးနည်း ခဲ့ပြီးပြီ၊ ဒီဘဝအားကိုးလွဲလို့ရှိရင်လည်း ကိုယ်ကျိုးနည်းတဲ့ဇာတ် ပြန်ဖွင့်တာပဲ၊ ဒီဇာတ်ပဲ ပြန်ခင်းတာပဲ အစ်မ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီနေ့ သေသေချာချာ နားထောင်ပါ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူကမှ တောင်းပန်လို့ ဟောတဲ့တရား မဟုတ်ဘူးဆိုသဖြင့်၊ ကိုယ်တိုင်ဉာဏ်ထုတ် ဟောတဲ့တရားဆိုတာ သေချာပြီ (တင်ပါ ဘုရား)။

ကိုယ်တော်တိုင်က သနားလို့ဟောတာ

ဘယ်သူမှ တောင်းပန်လို့ ဟောတဲ့တရားမဟုတ်ဘူး၊ အတ္တဒီပသုတ်ဆိုတာ ကိုယ်ကိုယ်တိုင်က သနားကရုဏာရှေ့ ထားပြီး သကာလ ဟောတဲ့သုတ်လို့ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ကဲဒါဖြင့် ပါဠိရွတ်လိုက်တယ်

“အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ” မိမိ အားကိုးကြကွ၊ မိမိ အားကိုးကြကွ၊ မိမိဟာ မိမိအားကိုးကြကွ၊ ဒီလိုဆိုတော့ ကိုယ်တော်ကြီးက မရိပ်မိမှာစိုးလို့ “ဓမ္မဒီပါ ဓမ္မ သရဏာ အနညသရဏာ” ဓမ္မအားကိုးကြယ် ဓမ္မအားကိုးကြ ဟေ့။

ဓမ္မကိုသာအားကိုးပါ

ဓမ္မကို အားကိုးကြဟေ့ ဓမ္မနောက်ပဲ အားကိုး လိုက်၊ ဓမ္မကိုပဲ အားကိုးလုပ်ကြမှ ဓမ္မကို အားမကိုးကြလို့ရှိရင် ဖြင့်၊ မင်းတို့ဘာဖြစ်မယ်ဆိုတာ ငါ သေသေချာချာ ပြောပြ မယ်။

ဓမ္မကို အားကိုးပါလို့ ပြောတဲ့ဥစ္စာ မင်းတို့တွေးလုံးထုတ် ပါဦး၊ ဓမ္မအားကိုးပါလို့ ပြောတဲ့ဥစ္စာကို တွေးလုံးထုတ်ကြပါဦး၊ ဪ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးသည် ဓမ္မ ကို အားကိုး ခိုင်းပါလိမ့်မတုံး ဆိုတဲ့တွေးလုံးထုတ်ပါ။ တွေးလုံး ထုတ်ရင် ငါအစဖော်ပြမယ်။

ဓမ္မကို အားကိုးကြယ်၊ ဓမ္မမှတစ်ပါး ကျန်တာကို – အားမကိုးကြနဲ့ပေါ့။ ဒါကို သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတာသည် ဓမ္မအားကိုးရင် ဘာဖြစ်မလဲ လို့ အစ်မတို့က မေးမေး မောင်ထွန်းရင်တို့က မေးမေး။

အဆုံးကပြန်ပတ်တယ်

ဓမ္မအားမကိုးလို့ ရှိရင်ကွာတဲ့ ပဋိစ္စသမုပ္ပါဒ် ပြန်လှည့် လိမ့်မယ် (တင်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြန်ပတ် လိမ့်မယ်တဲ့။

ဓမ္မအားမကိုးရင် ဘာတဲ့တုံး (ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်ပတ်မှာပါ ဘုရား) အမလေး ကြောက်စရာ ကြီးပါလား၊ ဆုံးတဲ့ဥစ္စာကို ဆုံးတာယူခဲ့လို့ ရပ်စဲမသွားဘဲနဲ့ ပြန်ပြီးသကာလ အစ အဝိဇ္ဇာကပဲ ပြန်ပတ်ရတယ်။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿကနေ အဝိဇ္ဇာ ပြန်ပတ်တယ်၊ အဲဒါ မင်းတို့ စဉ်းစားကြတဲ့၊ အားကိုးလွဲမှာ ငါ အင်မတန် စိုးရိမ်တယ်၊ အားကိုးလွဲပြီ ဆိုမှဖြင့် မင်းတို့ ပဋိစ္စ သမုပ္ပါဒ် အဆုံးကနေ ပြန်ပတ်မယ်။

အဆုံးကပြန်ပတ်တယ်ဆိုတော့ ဦးသံဒိုင်တို့က စဉ်းစား ဖို့ကောင်းပါတယ်၊ အဆုံးက ပြန်ပတ်လို့ ရှိရင် အစပြန်ရောက် မှာပဲ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿက နေပြီး အဝိဇ္ဇာ ပြန်ရောက်မှာပဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဘာကြောင့်ပဋိသန္ဓေဝိညာဏ်ပြန်ပေါ်ပါလိမ့်

အဲဒီလိုရောက်တဲ့ ပုဂ္ဂိုလ်အပေါင်းကို အစ်မတို့က စဉ်းစားရမယ်၊ ဘယ့်နှယ်ကြောင့် ပြန်ပြန်ပြီး အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်ဆိုတဲ့ ပဋိသန္ဓေနာမ်ရုပ်တွေ ထပ်ထပ်ပြီး ပေါ်ပါလိမ့်မတုံးဆို၊ အို ငါဘုရား မင်းတို့ကို သေသေ ချာချာဟောတယ်၊ အားကိုးလွဲတဲ့ ပုဂ္ဂိုလ်ရတာကွ (တင်ပါ ဘုရား)။

အားကိုးလွဲတဲ့ပုဂ္ဂိုလ်မှာရတာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ အစ ပြန် ပတ်ရတယ်၊ ပြန်ပတ်လို့ ပဋိသန္ဓေ ပေါ်လာတယ်၊ ဇာတိဒုက္ခ ပြန်ပေါ်လာတယ်၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်ပြန်ပေါ်လာတယ်။

ဘယ့်နှယ်ကြောင့် အဆုံးကနေ အစပြန်ပတ်ပါလိမ့်မလဲ လို့ မင်းတို့စဉ်းစားကြည့်ပါ။ အဲဒါ အားကိုး လွဲတဲ့ ပုဂ္ဂိုလ် ဖြစ်ထွေ ပဲ၊ အတော် သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ မောင်ချစ်ဆွေ ဘယ်သူ့ ဖြစ်တဲ့တုံးကွ (အားကိုးလွဲတဲ့ သူ ဖြစ်ထွေပါ ဘုရား)၊ အားကိုးလွဲတဲ့ပုဂ္ဂိုလ်၏ ဖြစ်ထွေပဲဆိုတာ သေသေချာချာမှတ်ပါ။

အဆုံးကနေ အစပြန်ပတ်တယ်

ဟုတ်ပါတယ်ကွ၊ အားကိုးလွဲတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေကို ငါ သေသေချာချာ အကျယ် ပြောပါဦးမယ်၊ မင်းတို့ သည် တစ်သံသရာလုံး ပဋိစ္စသမုပ္ပါဒ်အဆုံးကနေ အစချည်း ပြန်ပြန် ပြီးသကာလ၊ လူတစ်ယောက် သေလိုက် အဆုံးကနေ အစပြန် ပတ်လိုက်၊ သူများသေလည်း အဆုံးက နေပြီး အစပြန်ပတ်တာ၊ သူများသေလည်း သောကပရိဒေဝ ဖြစ်တာပဲ။

သောကပရိဒေဝက ဘာလို့ဖြစ်ပါသတုံးဆိုတော့ အို မသိတဲ့ ပုဂ္ဂိုလ်မို့ ဖြစ်တာဆိုတော့ အဝိဇ္ဇာ ပြန်ရောက်တယ် (တင်ပါ ဘုရား)။

ကိုင်း- အဝိဇ္ဇာပြန်ရောက်တော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတဲ့ ကာယကံ ဝစီကံတွေနဲ့၊ မျက်ရည်သုတ်လား အော်လား ဆိုတဲ့ ဝစီကံတွေ လာတော့တာပဲ (တင်ပါ ဘုရား)။ သင်္ခါရ အလုပ်တွေ တစ်ခါတည်းပေါ်လာတယ်။

သင်္ခါရပစ္စယာ စုတေမနေသေလွန်တော့ ဝိညာဏ် ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်ပေါ်လာတယ်။ ဒါဘယ့်နှယ် ကြောင့် အဆုံးကနေ အစပြန်ပတ်တဲ့အဓိပ္ပါယ်ရောက်ရပါလိမ့် ဆိုတော့ အားကိုး လွဲလို့ပေါ့။

ဒါကြောင့် ဓမ္မကို အားကိုးကွ၊ ဓမ္မကိုအားကိုး၊ ဓမ္မကို အားမကိုးလို့ရှိရင်၊ မင်းတို့သည် အဆုံးကနေ အစချည်း ပြန်ပတ်နေမယ်ဆိုလို့ရှိရင် ဘယ်မှာ နောက်တစ်ခါဆုံးပြန် အစပြန်ပတ်ပြန်ပြီ အစပြန်ရောက်ပြီ၊ ဒီလိုဆိုလို့ရှိရင်ဖြင့် မင်းတို့ အတွက်ဟာဖြင့် ဘေးကကြည့်လည်း မကောင်းဘူး၊ ကိုယ်ကိုယ် တိုင်ကတော့ အရူးအနှမ်း ပြေးပြေးတာဟာဖြင့် မသိလို့ ရှိပါစေတော့၊ ဘေးကကြည့်လို့ကို မကောင်းဘူး၊ ဘုရားရှင်ကိုယ်တော် မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ကြည့်လိုက်တာ (တင်ပါ ဘုရား)။

အားကိုးလွဲတဲ့ပုဂ္ဂိုလ်၊ အဆုံးကပြန်စတယ်

ဒါဖြင့် အားကိုးလွဲတဲ့ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ဘယ်ဆက်ပါလိမ့်မတုံး (အဆုံးကနေ အစပြန်ဆက်ပါတယ် ဘုရား)၊ အဆုံးက နေပြီးတော့ အစ ပြန်ဆက်ပါတယ်။ သောက ပရိဒေဝ၊ ဖျတ်ဆို လူတစ်ယောက် ပျက်စီးသွားတယ်၊ အားကိုးတဲ့ပုဂ္ဂိုလ် သောကပရိဒေဝက လာလိုက်တယ် (တင်ပါ ဘုရား)။

သောကပရိဒေဝက လာလိုက်တဲ့ အခါကျတော့၊ အားကိုးလွဲတဲ့သောကပရိဒေဝကလာပြီ၊ လာတဲ့ အခါကျလို့ ရှိရင် သိသော ပုဂ္ဂိုလ်လာတာလား မသိသောပုဂ္ဂိုလ် သောကပရိ ဒေဝဖြစ်တာလား (မသိသောပုဂ္ဂိုလ် သောကပရိဒေဝဖြစ်တာ ပါ ဘုရား)။

ဒါဖြင့် သောကပရိဒေဝ ရှေ့ကျတော့ နောက်မသိမှု ဖြစ်ပြီးတော့နေတော့ အဝိဇ္ဇာဘက် ပြန်လှည့်တယ်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလှည့်တယ်၊ ကာယကံတွေနဲ့ ရင်ထု၊ ဝစီကံတွေနဲ့ အော်လို့ ဟစ်လို့ မလာဘူးလား (လာပါတယ် ဘုရား)။

အဲတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာပြန်လုပ်တော့၊ သင်္ခါရပစ္စယာ ဝိညာဏံပဲလာမယ် မလာပေဘူးလား (လာပါ တယ် ဘုရား)၊ ဒါဘယ်သူတို့၏ ပစ္စည်းတုံး၊ ပဋိစ္စသမုပ္ပါဒ်ကြီးဆုံး နေတဲ့ ဥစ္စာကို ဆုံးတဲ့လက်စနဲ့ မဆက်ပါနဲ့လို့ မေးစမ်းပါတဲ့၊ မေးတဲ့အခါကျတော့ အားကိုး လွဲတဲ့ပုဂ္ဂိုလ်တို့၏ ဖြစ်ထွေကွ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူတို့၏ ဖြစ်ထွေလည်း (အားကိုးလွဲတဲ့ပုဂ္ဂိုလ်တို့ ၏ ဖြစ်ထွေပါ ဘုရား) အားကိုးလွဲတဲ့ ပုဂ္ဂိုလ်တို့၏ ဖြစ်ထွေဆို ပြီး အတ္တဒီပသုတ်မှာ၊ ဒါကြောင့် ကဲကွာတဲ့ ငါသေသေချာချာ ရုပ်နာမ်ထဲမှာပဲ မင်းတို့ကို ရှင်းပြပါ့မယ်တဲ့ဘုရားက။

ရုပ်နာမ်ထဲမှာ ရှင်းပြမယ်တဲ့၊ မင်းတို့အားကိုးလွဲတာ ဘယ်ထဲရှင်းပြမတုံး (ရုပ်နာမ်ထဲ ရှင်းပြပါ့မယ် ဘုရား) ရုပ်နာမ် ထဲမှာကို ငါအသေအချာ ရှင်းပြမယ်တဲ့ မင်းတို့အားကိုးလွဲတာ။

ကိုယ့်ခန္ဓာငါးပါးကိုအားကိုးတယ်

မင်းတို့ဟာတဲ့ မင်းတို့ရူပက္ခန္ဓာကြီးကိုလည်း “ငါ” ထင်တာပဲ ၊ မင်းတို့သည် စားလို့ကောင်း၊ သောက်လို့ ကောင်းတာကို လည်း ငါဟန်ကျပြီလို့ ထင်တာပဲ။ ဝေဒနက္ခန္ဒာကိုလည်း ဒီစာပိုဒ်ကလေး ထားခဲ့တာကို၊ ဒါလေး ကျုပ်တို့ အားကိုးနေရတာ ဆိုပြီး သညာလေးအားကိုးတာပဲ မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား) သင်္ခါရအရေးဆိုတဲ့ စေတနာလေး၊ ဝီရိယလေးတို့၊ အင်း အကြံကောင်း ဉာဏ် ကောင်းလေးတို့ ၊ အပြောအဆို အလည်အပတ်ကလေးတို့၊ အင်း ဒါတွေက သူသင်္ခါရအားကိုးနေတာ လောကီ ဉာဏ်ကလေးပေါ့ လောကီဉာဏ်က သင်္ခါရက္ခန္ဓာကို။

ကိုယ့်စိတ်ကိုယ်လည်း ကောင်းကောင်းထားတာပါပဲ။ စိတ်ကောင်းတဲ့ တစ်နေ့ကျတော့ မင်းတို့ မငတ်နိုင်ပါဘူးဆိုပြီး၊ ကိုယ့်စိတ်ကလေးလည်း ကိုယ်အားကိုးလိုက်တယ် (တင်ပါ ဘုရား)။

အမယ် ဘယ်နှစ်ပါးအားကိုးလိုက်တာတုံး (ငါးပါး ပါ ဘုရား)၊ ကိုယ့်ကိုယ်ကို အားကိုးတာ။

အားကိုးအသစ်လည်းရှာတယ်

အင်း ဒါက ကိုယ့်ခန္ဓာငါးပါးကို ကိုယ်အားကိုးတာ ဒို့တော့ ဒီအတိုင်းနေလို့ ဒီလိုနေလို့ မတော်သေးဘူးလေ၊ အားကိုးတစ်ယောက်တော့ ရှာဦးမှပဲဆိုပြီး ခင်ပွန်းတည်ထောင် လိုက်တယ်၊ တည်ထောင်လိုက်တယ်၊ အားကိုးတစ်ခု ကိုယ့်ကိုယ် လည်းကိုယ် အားကိုးတယ်၊ အသစ်လည်း ရှာလိုက်သေးတယ် (တင်ပါ ဘုရား)။

အားကိုးတစ်ခုလည်း ရှာလိုက်သေးတယ်၊ ယောက်ျား လည်းထို့အတူ၊ မိန်းမလည်း ထို့အတူပဲ၊ ဦးသံဒိုင် အားတော့ ကိုးကုန်ကြပြီ၊ ဘာတုံးဆိုတော့ ဒီခန္ဓာငါးပါးပဲ လှည့်အားကိုး နေတာ၊ ကိုယ့်ခန္ဓာ ငါးပါးကို ကိုယ့်အားကိုးလိုက်၊ သူများ ခန္ဓာ ငါးပါးကို (အားကိုးလိုက်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာငါးပါး အားကိုးလိုက်ဆိုတော့ ခန္ဓာငါးပါးက ပင်ကိုသဘောက အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

ခန္ဓာကလည်းသူ့သဘောသူပြောတယ်

ဆိုတော့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တ သဘော မင်းမပြောပါနဲ့ဆိုလို့ ဦးသံဒိုင် ရမှာလား မရပါဘူး မရဘူး ခန္ဓာငါးပါးက သူ့သဘောသူလုပ်မှာပဲ (တင်ပါ ဘုရား)။

သို့သော် ဒကာ ဒကာမတွေက အားကိုးထားတော့၊ သူ့သဘောလည်း ပြလိုက်ပါရော သောက ပရိဒေဝလာတယ် သူ့သဘောပြလိုက်တော့ (သောက ပရိဒေဝလာပါတယ် ဘုရား) ဪ မင်းတို့ ခက်ပါဘိသနဲ့။

ခန္ဓာက သူ့သဘောပြောလို့ရှိရင် မင်းတို့က ဟုတ်ပါ မေ့လို့ဆိုပြီးသကာလ၊ ဪ ခန္ဓာသဘောဟာ ဒီအတိုင်း ပါလားလို့ မသွားဘဲနဲ့၊ ဖြစ်မှဖြစ်ရလေဆိုတဲ့ သောက၊ ပရိဒေဝကော မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့်တုံးလို့ ဒီသောက ပရိဒေဝ လာရသတုံးလို့ သောကဆိုတာ စိုးရိမ်တာ၊ ပရိဒေဝဆိုတာ ငိုကြွေးတာ၊ ဒုက္ခ ဒေါမနဿ-ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ဥပါယာသ – ပြင်းစွာပူပန်ခြင်း။

တဲ့ ဘယ်ကလာတာတုံးဆိုတော့ အားကိုးလွဲက လာတာပေါ့ကွာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အားကိုးလွဲက လာတာ ဦးသံဒိုင် ရှင်းပလား ဘယ်ကလာတာတုံး (အားကိုးလွဲကလာတာပါ ဘုရား)။

အားကိုးလွဲကုန်ပြီ

ဒါဖြင့် ကိုယ့်ဟာကိုယ်ခေါ်လာတာ အားကိုးလွဲကုန်ပြီ ကော၊ ဝေဒနာကို ငါထင်၊ သညာငါထင်၊ သင်္ခါရငါထင်၊ ဝိညာဏ်ငါထင်၊ အဲ့ဒါတွေ ရုပ်ကလည်းပျက်လိုက်၊ ဝေဒနာက္ခန္ဓာ ကလည်း သူ့အနိစ္စ သဘောနဲ့ ပြောလိုက်တယ်။

ခန္ဓာကြီးက၊ သညာက္ခန္ဓာကလည်းပြောလိုက်၊ သင်္ခါရက္ခန္ဓာကလည်းပြောလိုက်၊ ဝိညာဏက္ခန္ဓ ကလည်း သူ့သဘောသူပြောလိုက်တဲ့အခါ ဖောက်ပြန်ပျက်စီးတဲ့ အခါကျတော့၊ နဂိုကလွဲထားတာ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးဗျ။ ဘယ့်နှယ်ဖြစ်နေတုံး (နဂိုက လွဲထားတော့ ဒီလိုဖြစ်မယ်မထင်လို့ပါ ဘုရား)။

နဂိုက လွဲထားတော့ ဒီလိုဖြစ်တတ်တဲ့ဥစ္စာကို ဘုရားက မင်းတို့အားကိုးရမှာက ဒီဟာ အားမကိုးရဘူး၊ အားကိုးလွဲလို့ရှိ ရင် မျက်ရည်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အားကိုးလွဲရင် မျက်ရည်ကျမှာပါ ဘုရား)၊ မျက်ရည် ရမယ်ဆိုလိုက်ပါတော့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ကျုပ်တို့မှာဖြင့် ခိုကိုးရာမဲ့ အားကိုးရာမဲ့ဖြစ် ) နေတယ်လို့၊ တချို့ ဒကာ ဒကာမက ညည်းလုံးများ ထုတ်သေးတယ်၊ ငိုစရာမရှိလို့ဖြစ်မယ် ဘယ့်နှယ်ကြောင့်တုံး၊ (ငိုစရာ မရှိလို့ ရှာနေတာပါ ဘုရား) ငိုစရာ မရှိလို့ ညည်းလုံးထုတ်တာ (တင်ပါ ဘုရား)။

မျက်ရည်ရလေသမျှ၊ ဒိဋ္ဌိက

နောက်ကျတော့ဖြင့် လိမ်လိမ်မာမာ အေးအေး ချမ်းချမ်းနဲ့၊ ခြယ်ခြယ်လှယ်လှယ်နဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် နဲ့ ရပြီဆိုမှဖြင့် ခန္ဓာငါးပါးသွားအားကိုးလိုက်ပြန်ပြီ၊ အားကိုး တဲ့ခန္ဓာ ငါးပါးက ခန္ဓာသဘောပြောလိုက်တာပဲ ၊ ပြောလို့ ရှိရင် မျက်ရည်ရကြမှာပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။။

ဒါဖြင့် မျက်ရည်ရတာ မျက်ရည်ပေးလေသမျှ အားမကိုးကောင်းတာ အားကိုးကြတဲ့ ဒိဋ္ဌိကလို့ မှတ်ပါ၊ မျက်ရည်ရလေသမျှ ဒိဋ္ဌိကပဲ ရှင်းပလား၊ မျက်ရည်ရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) စိုးရိမ်မှုရလေသမျှ (ဒိဋ္ဌိ ကပါ ဘုရား)။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) ပြင်းစွာသော မှားခြင်းရလေသမျှ (ဒိဋ္ဌိကပါ ဘုရား) နောက် အဝိဇ္ဇာ ပြန်လှည့်တာပဲ (တင်ပါ ဘုရား)

ဒိဋ္ဌိကကြောင့် အဝိဇ္ဇာပြန်ပတ်သွားပြန်ပြီ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ပြီးတော့ အဝိဇ္ဇာ ပြန်လှည့်ပြန်တယ်၊ အဲဒါလည်း ဘယ်သူ့ကြောင့်တုံး (ဒိဋ္ဌိကြောင့်ပါ ဘုရား)။

အဝိဇ္ဇာပစ္စယာသရာ ပြန်ဖြစ်ပြန်တာကော (ဒိဋ္ဌိကြောင့်ပါ ဘုရား)၊ ဒိဋ္ဌိကြောင့်ပဲ (တင်ပါ ဘုရား)၊ အားကိုးမှားခဲ့ပြီကို (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတွေ တောင် သွား၊ မြောက်သွား သွားကြတယ် ၊ ဘယ့်နှယ်ကြောင့် သွားကြလာကြပါလိမ့်မတုံး ကိုမပြောပါနဲ့၊ အားကိုးရှာ ကြလို့ (တင်ပါ ဘုရား)၊ အားကိုးရှာကြတာ ဘာဖြစ်လို့တုံး ငိုချင်လို့ ရိပ်မိပလား ၊ ဘာဖြစ်လို့ အားကိုးရှာကြတာတုံး (ငိုချင်လို့ အားကိုးရှာကြတာပါ ဘုရား)။

တောင်သွား မြောက်သွား၊ တောင်ကနေ မြောက်သွား ပြီး ပစ္စည်းရှာပြန်ရင်လည်း၊ ပစ္စည်းက ရူပက္ခန္ဓာကိုကွ ဒါလည်း ငိုချင်လို့၊ ဝေဒနက္ခန္ဓာရှာရင်ကော (ငိုချင်လို့ပါ ဘုရား)၊ ငိုချင်လို့ ချည်းပဲတဲ့။

အားကိုးမှန်နဲ့အားကိုးလွဲကို စဉ်းစားဖို့အချိန်

အဲတော့ မင်းတို့ဟာကွာတဲ့၊ စဉ်းစားဖို့ ကောင်းပါတယ် တဲ့ ၊ အားကိုးလွဲ အားကိုးမှန်လို့ နှစ်မျိုး ရှိတယ်ဆိုတာ မင်းတို့ စဉ်းစားဖို့အချိန်ရောက်ပြီတဲ့ ရှင်းပလား၊ အားကိုးမှန် အားကိုးလွဲကို စဉ်းစားဖို့ အချိန်ရောက်ပြီတဲ့။

မင်းတို့ဟာ အားကိုးမှားနဲ့ချည်း၊ ပဋိစ္စသမုပ္ပါဒ် အဆုံး ကနေအစ ပြန်ပတ်နေတဲ့ဥစ္စာ ၊ ခုထက်ထိ လည်း မင်းတို့ မရိပ်မိသေးဘူး၊ အားကိုးရှာတုန်းပဲ အားကိုးမှား ရှာတုန်းပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

အိုတော့ ဆေးပေး မီးယူလို လာသလိုလို၊ ကိုယ့်အိမ် ကိုယ့်ရွာမှပဲ ဟန်ကျသလိုလို၊ ကိုယ့်အိမ် ကိုယ့်ရွာ ဆိုတာ ရူပက္ခန္ဓာဆိုတာပဲ (တင်ပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ သူများအိမ်ပျက်တော့ မျက်ရည်မကျဘူးကွ (တင်ပါ ဘုရား)၊ ကိုယ့်အိမ် ပျက်တော့ (မျက်ရည်ကျပါတယ် ဘုရား)။

မျက်ရည်ဆုတောင်းတုန်းရှိသေးတယ်

ဪ ခက်လိုက်တဲ့ဖြစ်ခြင်း၊ မျက်ရည် ဆုတောင်းတုန်းရှိသေးတယ် ရိပ်မိရဲ့ လား မောင်ထွန်းရင်၊ သညာလေးကော အမှတ်သညာလေး သူအားကိုးနေတယ် (အားကိုးပါတယ် ဘုရား) ဘာဖြစ် လို့တုံး မျက်ရည် ရအောင်လို့။

အမလေး ကြောက်စရာကြီးပါလား ၊ ဒါဖြင့်ဘုရား သခင်ကိုယ်တော်မြတ်ကြီးက မင်းတို့မျက်ရည်ရတာ အားကိုးမှား ဒိဋ္ဌိကရတာ ပေါ်လာပြီ (တင်ပါ ဘုရား)၊ မျက်ရည်ရတာ ဘယ်ကပါလိမ့် (အားကိုးမှားဒိဋ္ဌိကပါ ဘုရား) အားကိုးမှား ဒိဋ္ဌိက။

နောင်တစ်ဖန် ပဋိသန္ဓေရတာ လှည့်လိုက်ဦး၊ ဘယ်သူ့ ကြောင့်တုံး (အားကိုးမှား ဒိဋ္ဌိကြပါ ဘုရား)၊ ဪ ဒါဖြင့် ဒို့မျက်ရည်ရတဲ့ ဘဝပေါင်း ဘယ်လောက်ရှိပြီတုံးဆိုတော့၊ မရေ တွက်နိုင်ဘူးတဲ့ ၊ ဒီတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးက အစပြန် ပတ်တာကော ဘယ်လောက်များခဲ့ပြီတုံး မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမတုံး (မရေတွက်နိုင်ပါဘူး ဘုရား) ဒါလည်း မရိပ်မိဘူး။

ထိပ်ချလို့ဓားပြမှန်းမသိသေးဘူး

“ထိပ်ချလို့ ဓားပြမှန်းမသိသေးဘူး” (တင်ပါ ဘုရား) အလိုက်တာ၊ ထူလိုက်တာက၊ လွန်နေတယ် ဒါဆရာသမားက မြည်တာထက်ကို ထူတာက ပိုနေသေးသလားဆိုတာလည်း အကဲခတ်ပါဦးကွ (ထူတာကပိုပါတယ် ဘုရား)။

ဒါ ဂုဏ်ယူစရာလားကွ မင်းတို့၊ မဟုတ်ဘူး ဂုဏ်ယူစရာ မဟုတ်တာကိုတဲ့ ဒကာ ဒကာမတွေ ကလည်း တပည့်တော်တို့က လိုတာပေါ့ ဂုဏ်ယူတော့မလို့။

မကင်းတရားလေး မကောင်းတရားလေး၊ အမလေး မကင်းတရားလေးဆိုတာက မပေါ့သွားဘူးလား၊ မကောင်း တရားလေးဆိုတာကော (ပေါ့သွားပါတယ် ဘုရား) ကိုယ့်အကြောင်း ရှိတော့ ဘယ့်နှယ်လုပ်မတုံးဘုရာ့၊ ကိုယ်ကသွား မထားလို့ရှိရင် အားကိုးလုံးလေးတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ့ကြောင့် တပည့်တော်က တစ်ချက်ခုတ်သုံးချက်ပြတ် လုပ်ခဲ့ရတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ပြီးတော့ မှ အားကိုးတဲ့အမှားဆိုတာ သူသိပြီကိုကွ မင်းအလွဲလိုက်လုပ် နေတာ ဦးသံဒိုင် ဘယ့်နဲ့တုံး အလွဲချည်း လုပ်နေတာဗျ မောင်ထွန်းရင် ရိပ်မိပလား။

အားကိုးမှန်လား အားကိုးမှားလား အကဲခတ်ပါ (အားကိုးမှားပါ ဘုရား) အားကိုးမှားတဲ့ ဟိုတုန်းက အားကိုးမထားတဲ့ ပုဂ္ဂိုလ်၊ သူ့ဟာသူ အင်္ဂလန်မှာ ဆင်းရဲသား တစ်ယောက်သေသတဲ့ ဆိုရင်၊ သူ့ပေါ်မှာ အားမကိုးတော့ ကျွတ်ထိုးတဲ့ အသံလည်း မလာဘူး၊ ဝမ်းနည်းတဲ့အသံလည်း မလားဘူး(တင်ပါ ဘုရား) အားမှ မကိုးတာဗျ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

အဲတော့ ကျွတ်ထိုးတယ်၊ ဖြစ်မှဖြစ်ရလေ ဆို တဲ့ဥစ္စာ ခင်ဗျာတို့ အားကိုးမှားကစပြီး ဒါငိုတော့ မလို့သာမှတ်ပေတော့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမုဒ္ဒရာလေးစင်းရေထက် မျက်ရည်များ သေးတယ်ဆိုတာ ကောင်းကောင်း သဘောကျပလား (သဘော ကျပါပြီ ဘုရား)။

အဆုံးကနေ အစချည်း ပြန်ပတ်တာ အဆုံးကငိုပွဲ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အဆုံးကငိုပွဲတဲ့ အစ ကငိုစရာရှာပွဲ၊ အစကငိုစရာ ရှာပွဲ (တင်ပါ ဘုရား)။

အဆုံးက (ငိုပွဲပါ ဘုရား) အစကျတော့ (ငိုစရာရှာတာ ပါ ဘုရား) မင်းတို့က ငိုစရာရှာပွဲ နောက်ငိုစရာရှာ ပွဲပြတ် သွားတော့ ငိုပွဲ ငိုပွဲကနေပြီး သကာလ ငိုစရာရှာပွဲလုပ်ပြန် တာပဲ ဒီလို ဆက်နေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီနေ့ တရား သေသေချာချာ နားထောင်ပါ (တင်ပါ ဘုရား) သေသေချာချာနားထောင်ပါ အားကိုးလွဲတာက သတ္တုချလိုက်တော့ ဘယ့်နဲ့ဆိုကြမတုံး (အားကိုးလွဲတာပါ ဘုရား) အားကိုးလွဲက လာတယ်နော် (တင်ပါ ဘုရား) အစ်မရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာဓမ္မ မဂ်ဓမ္မကိုအားကိုးပါ

အေး ဒါကြောင့် ဘုရားက ‘‘အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ’’ တစ်ပါးကိုတော့ မကိုးကြ ပါနဲ့ကွ ဓမ္မသရဏာ လုပ်ပါ (တင်ပါ ဘုရား)။

ဓမ္မကိုပဲ ငါရှင်းရှင်းပြောပါ့မယ် တဲ့ ဝိပဿနာဓမ္မ မဂ်ဓမ္မယူပါကွ ဒါမှ ငိုဇာတ်သိမ်းမယ် ဒါကြောင့် သတိ ပဋ္ဌာန်းပါဠိတော်က သောက ပရိဒေဝါနံ သမာတိက္ကမာယ သောကပရိဒေဝ လွန်အောင် ငါလုပ်နိုင်တယ်ကွ သတိပဋ္ဌာန်ဘက်က “ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ” ဒုက္ခ ဒေါမနဿလည်း ချုပ်စေနိုင်တယ်ကွ ကိုယ်တော်ကြီးဖြင့် အာပေါက်အောင်ဟောတာ (မှန်ပါ ဘုရား)။

မပတ်စေနဲ့နော် အဆုံးက အစကို မပြောဘူး လား (ပြောပါတယ် ဘုရား) သောကပရိဒေဝါနံ သမတိက္ကမာယ သူ့လွန်မြောက်အောင်နော် (တင်ပါ ဘုရား) မမှာဘူးလား (မှာပါတယ် ဘုရား)။

ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ သူတို့ကို ချုပ်အောင် လုပ်နော်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဉာယဿ အဓိ ဂမာယ၊ ဉာယဿ – မဂ်ကို အဓိဂမာယ – ရအောင်လုပ်လိုက်ကွ မဂ်ရအောင် လုပ်လိုက်၊ မဂ်ရအောင် လုပ်လိုက်ဆိုတော့ ဒီထက် တော့ မပြောနိုင်တော့ဘူး၊ မောင်ချစ်ဆွေ ဒီထက်တော့ (မပြောနိုင်တော့ပါ ဘုရား)။

ဒါဖြင့် ကိုယ်တော်ကြီးမှာ အာပေါက်နေပြီ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား) ကိုယ်တော်ကြီးတော့ အာပေါက် ပြီကွ၊ မင်းတို့က တော်တော်ပေပြီး တော်တော်ကို တေတဲ့လူတွေမို့၊ နားကိုမထောင်ဘူး၊ (တင်ပါ ဘုရား)။

ကဲ မင်းတို့ စိတ်ထဲက ဒီတက်မကောင်း ဟိုတက်ပြောင်း မှာပေါ့ လှေလှော်သလို (တင်ပါ ဘုရား)၊ ဒီတက်မကောင်း တော့ဆို လည်းဒုက္ခရောက်တာပဲ၊ ဟိုတက်ပြောင်းပြန်တော့ ရောက်တဲ့ အခြားမဲ့၌ (ဒုက္ခရောက်ပါတယ် ဘုရား)၊ ဒီလိုပဲ မနေ ဘူးလား (နေပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

လောကုတ္တရာမဂ်ကိုသာအားကိုးပါ

ဒါကို ဘယ့်နှယ်လုပ်ကြမတုံး၊ “ဓမ္မဒီပါ ဓမ္မသရဏာ” ဓမ္မကို သာ ကျွန်းကြီးသဖွယ် အားကိုး လိုက်စမ်းပါ။ အနညသရဏာ သူမှတစ်ပါး ဒိပြင်သွားအားမကိုးလေနဲ့။ ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ် မှတစ်ပါး ကျန်တာ အားမကိုးနဲ့၊ ငါသေသေချာချာမှာတယ်ဆိုတော့ တန်းမကုန် သေးဘူးလား (တန်းကကုန်ပါပြီ ဘုရား)။

မင်းတို့က ဒီလမ်းမလိုက်လို့ရှိရင် ဘာဖြစ်လိမ့်မတုံး၊ ငိုချင်လို့ဗျ (မှန်ပါ့ ဘုရား)၊ ဒီလမ်း မလိုက်တော့ ဘယ့်နှယ် ဆို ကြမတုံး (ငိုချင်လို့ပါ ဘုရား) ငိုချင်ရုံတင်ပဲလား၊ နောက်တစ်ခါ ငိုစရာ အထည် လိုချင်လို့ ဆိုရင်ကော၊ ပြီးတော့ ဘာဖြစ်ဦးမတုံး မေးတော့ ငိုပွဲဆင်ရဦးမှာပဲ၊ ငိုပွဲဆင်းရဦးမှာပဲ ဆိုရင်ကော လွဲ သလား (မလွဲပါဘူး ဘုရား)။

ညံ့လိုက်တဲ့ဖြစ်ခြင်း

ဪ ဦးသံဒိုင်ကြီးတို့ ညံ့လိုက်တဲ့ဖြစ်ခြင်း၊ မောင်ထွန်းရင်တို့ အဖြစ်တွေက သိပ်ညံ့လွန်းအား ကြီးတယ်၊ မင်းတို့ စကားသာ ပြောနေတာပဲ မင်းတို့ ဒီဟာအရေးကြီးတယ် လို့ လာကိုမလာဘူး၊ ရိပ်မိပလား။

ကဲ့ အင်မတန် ဆိုးဝါးနေပြီကွ၊ ခုတော့ ဆိုးဝါးနေတယ် ဆိုတာ ပေါ်ပလား (ပေါ်နေပါပြီ ဘုရား)၊ အဲဒါဖြင့် အားကိုး လွဲတာ အားကိုးလွဲတာသည်ကားဆိုလို့ရှိရင်ဖြင့်တဲ့ ခုနက ခန္ဓာ ငါးပါးကို ခန္ဓာငါးပါး ကြောင့် ငိုရတာကို၊ ခန္ဓာငါးပါးအသစ်ရှာရင် ဒါအားကိုးလွဲတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကြောင့် ငိုရတာကို နောက်ခန္ဓာငါးပါး အသစ်ရှာရင် (ငိုရမှာပါ ဘုရား)၊ ဒါဖြင့် အရင်ခန္ဓာ ငိုပွဲဆင်ခဲ့ရ တယ်၊ နောက်ခန္ဓာ မရှိလို့ရှိရင် အငိုဇာတ်သိမ်းမှာပေါ့ (တင်ပါ ဘုရား) ဟုတ်ဘူးလား။

နောက်ခန္ဓာမရှာရင် အငိုဇာတ်သိမ်းမယ်

အရင်ခန္ဓာငိုပွဲဆင်ခဲ့ရတာ သေချာပြီမဟုတ်လား၊ နောက်ခန္ဓာမရှာရင် အငိုဇာတ်သိမ်းမှာ၊ ငိုပွဲမသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။

ကျုပ်ဖြင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရမှာ ဘယ်တော့မှ မကြိုက်ဘူး၊ ငွေမရှိတာ ကျုပ်အရေး မကြီးဘူး၊ ဒီစိတ်တော့ ထိ ခိုက်တာ ကျုပ်မကြိုက်ဘူး၊ ဒါ အပိုပြောနေတာ အပိုပြောနေ တာ မောင်ထွန်းရင်၊ အားကိုးမှားကြီးရထားလို့ ရှိရင် ဒါ အလကား ပြောတာ၊ သူငိုဖို့စီစဉ်ထားပြီးသား ဘယ့်နှယ် ဆိုကြ မတုံး (ငိုဖို့ စီစဉ်ထားပြီးသားပါ)။

အဲဒါ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရမှာတော့ ကျုပ်တော့ ဖြင့် အကြောက်ဆုံးပဲ၊ ကြောက်လည်း ကြောက် စီစဉ်ပြီးသားလည်း ဖြစ်နေတယ်၊ ဘယ့်နှယ်ဆိုကြမတုံးကွ (အရူးပါ ဘုရား)။

ဒိပြင်ဟာ ဆိုစရာမရှိဘူး၊ ကြောက်လည်းကြောက်သတဲ့ ကွ မျက်ရည်ကြီးငယ်ကျရမှာကို၊ ကျစရာက လုပ်ပြီးပလားမေး တော့ (လုပ်ပြီးပါပြီ ဘုရား)၊ မကြောက်နဲ့တော့ ဒါဖြင့် ကျရ တော့မှာပဲ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)၊ သေချာပြီ မောင်ချစ်ဆွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်းမျက်ရည်ကျစရာဘယ်လောက်ရှိသတုံး

မင်းခင်တဲ့သူ ဘယ်လောက်ရှိတုံး ငါမမေးချင်ပါဘူး ကွာ၊ မျက်ရည်ကျစရာ ဘယ်လောက် ရှိတုံးသာ မေးကြ၊ မမေး သင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ ဒါပဲ အစ်မပြောရ မယ်၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

တပည့်တော်က လူခင်လူချစ်များတယ်ဘုရာ့ ဆိုလို့ရှိရင် သွားပြီ၊ ဒီလူ မျက်ရည်ပွဲထဲ သွားပြီ၊ ရိပ်မိပလားကွ၊ မင်း စောင်းဟောနေတယ်လို့ အောက်မေ့မနေနဲ့ဦး။

တပည့်တော်က လူခင်လူချစ် များတယ်၊ သူကလည်း ခင်တဲ့လူပဲ၊ ကိုယ်ကလည်းခင်အောင် လုပ်တတ်တယ်ဘုရား ဆိုလို့ရှိရင် မျက်ရည် အပေါဆုံးလူက သူပဲ၊ ဘာမှ သံသယမရှိနဲ့ (တင်ပါ ဘုရား)။

ဘယ်သူဖြစ်ဖြစ် ဘယ်သူဘာဖြစ်တယ်ဆိုရင် ဒီထဲက လား အမလေး ကျုပ်အိမ်၊ သောက်အိမ်ဗျ သွားပေါ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငိုပွဲချည်း ပြောတာပဲ

မင်းတို့အကြိုက်ကလည်း ဘယ်လိုဖြစ်နေတုံးလို့ မေးတဲ့ အခါကျတော့ ချွေမှရတယ်၊ လာမယော့ နှုတ်ချိုမှ ပြည်စိုးသကွ၊ အမလေး လာလိုက်တာ ငိုပွဲချည်းပြောတာပဲ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။ ဘာတွေပြောနေတုံး (ငိုပွဲချည်းပြောပါတယ် ဘုရား)။ ငိုပွဲကို ပြေးတာကို အပြေးကောင်း ထင်နေတာ ရှင်းပလား ဦးသံဒိုင်တို့ ရိပ်မိပလား။

ဪ ဒီလို တရားစစ်တရားမှန်ကို တကယ်ပြောရ တော့မယ်ဆိုတော့၊ သူ့အကွက်နဲ့သူ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် လက်ကိုင်ထား ပြီးတော့ အမှန်ကို ပြောတော့မှ ဪ ဒို့သည် – သောက ပရိဒေဝါနံ သမတိက္ကမာယ = သောကပရိဒေဝမှ လွန်မြောက်အောင် ဘုရားကလည်း ဟောထားတယ်၊ ဒုက္ခ ၊ ဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒုက္ခဒေါမနဿမှလည်း ချုပ်အောင်၊ ဉာယဿ အဓိဂမာယ = မဂ်ဉာဏ် ရအောင်လို့ သတိပဋ္ဌာန်လုပ်လို့ ဆိုတဲ့ဥစ္စာ၊ သူ့မလုပ်သရွေ့တော့ ငိုပွဲချည်းရ မယ်၊ သူ့ပါဠိတော်လေ ဒီဥစ္စာ ဘုရားက ဟောတာ (တင်ပါ ဘုရား)။

တစ်ပင်လဲရင်တစ်ပင်ထူထဲကလား

ဘုန်းကြီးက ချဲ့ပြောနေတာမဟုတ်ပါဘူး ၊ သံယုတ်မူတည်ပြီး သတိပဋ္ဌာန်ထည့်လိုက်တာပါပဲ၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့ ဘယ်လိုများ ရှေ့စခန်းသွားကြမယ် စိတ်ကူးတုံးကွ၊ တစ်ပင်လဲမူ တစ်ပင်ထူ ထဲကပဲလား (မဟုတ်ပါဘူး ဘုရား)။

ဘာ မဟုတ်တာတုံးကွ မင်းတို့ ဒီအိမ်မှာ ခိုင်းစရာလူ တစ်ယောက်မရှိလို့ ဟိုလူတစ်ယောက် ခေါ်လို့ ရှိရင်ဖြင့် ဟိုလူ့ အတွက် ငိုရဦးမှာပဲ၊ အိမ်ခံတင် မဟုတ်ဘူးအစ်မ အိမ်ခံတင် မဟုတ်ဘူး။

အားကိုးလွဲရင်ပွဲချည်းပဲ

အဲဒီတော့ မင်းတို့ကွာ ဖြစ်လိုက်ပျက်လိုက်ပဲရှိတော့ ဒါ ခင်ပွန်းတင်ဆိုတာ မဟုတ်ဘူးကွ၊ အလုံးစုံ အကုန်အားကိုးလွဲ လို့ရှိရင် ငိုပွဲချည်းရမယ်။

ဒါဖြင့် ဓမ္မဒီပါ ဓမ္မသရဏာ လုပ်လိုက်ရုံပဲ၊ ဓမ္မကို ကျွန်း ကြီးသဖွယ် ဓမ္မသရဏာ ဓမ္မသာလျင် ခိုအောင်းရာ ရှိတယ်လို့ ဦးသံဒိုင်တို့ လုပ်ရမယ်၊ မလုပ်သရွေ့ ကာလပတ်လုံးဖြင့် ငိုပွဲနဲ့ ဟုတ်လား၊ နောက်ငိုပွဲဖြစ်မှုနဲ့ ဒါတွေ ဆက်နေတာ ဒိပြင် ဘာရှိ သေးတုံး (ဘာမှမရှိပါဘူး)၊ ပဋိစ္စသမုပ္ပါဒ်ကို နားလည် ထားမှ ဒါကလည်း ရှင်းတာကိုကွ (တင်ပါ ဘုရား)။

ငိုပွဲဘယ်ကလာသတုံး

ဒါဖြင့် ငိုပွဲဘယ်က လာသတုံးလို့မေးတဲ့အခါ အားကိုး လွဲကလာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ငိုပွဲ ဘယ်ကလာသတုံး (အားကိုးလွဲက လာပါတယ် ဘုရား)၊ အားကိုးလွဲက လာတယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ အသုဘအိမ်ဆိုလို့ရှိရင်ဖြင့် ဘာများဖြစ်နေ လိမ့်မလဲလို့ ဒို့မတွေးပါဘူး၊ ငိုပွဲပဲရှိတယ် ဟုတ်ပြီလား၊ ဘာဖြစ် လို့တုံးဆိုရင်ဖြင့် အဖေတစ်ယောက် သမီးတစ်ယောက် ဒီလိုလာ ဦးမှာကို မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီလူဘာမှ လုပ်မကျွေးချင်ရင် အသာထားပါ၊ အိမ်ဦး ခန်းမှာ ထိုင်ဖော်ရလို့ အဖေရှိသေးတယ် ပြောရရင် တော်ပါပြီ၊ အားကိုးပုံပြောတာကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဟာလေး ဒီအားကိုးလေး ဒီအားကိုးလေးကို အခု ပြတ်သွားတဲ့အတွက်၊ နဂိုက အားကိုး ထားတာ ပျက်သွားတဲ့ အတွက် ငိုပွဲဆင်နေတာ၊ ဒါဖြင့် ငိုပွဲဟူသ၍ မောင်ထွန်းရင်မှတ် အားကိုးလွဲက လာတာချည်းပဲ အားကိုးမှား၊ အားကိုးလွဲ၊ အဲတော့ ဒါကမြန်မာလိုပြောနေတာ စာလိုပြောတော့ ဒိဋ္ဌိက လာတာချည်းမှတ်လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပြုတ်၍ ငိုပွဲဇာတ်မသိမ်းပါ

ဒါဖြင့် ဒိဋ္ဌိမပြုတ်သ၍ ငိုပွဲဇာတ်မသိမ်းပါဘူး (တင်ပါ ဘုရား) ရှင်းကြပလား ဒိဋ္ဌိမပြုတ်သ၍ (ငိုပွဲဇာတ် မသိမ်းပါဘူး ဘုရား) ငိုပွဲ ဇာတ်မသိမ်းပါဘူး ဆိုတာ သေချာ ပလား။

ခင်ဗျားတို့ အသုဘ သွားတဲ့အခါကျတော့ ပျော်ပျော် ရွှင်ရွှင်သွားနေကြသလား၊ မျက်နှာ ညှိုးညှိုးငယ်ငယ်နဲ့ သွားနေ ကြသလားလို့ မေးရုံနဲ့ မင်းတို့ တစ်ပြိုင်နက် အဖြေတူထွက်မှာ (တင်ပါ ဘုရား)၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

မျက်နှာညှိုးညှိုးငယ်ငယ်နဲ့ သွားကြရတယ် (ညှိုး ငယ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံးဆို တော့ ထိုက်တန် သလောက် သူအားကိုးထားတာကို ဒီအားကိုးလွဲလို့ ညှိုးငယ်တာ (တင်ပါ ဘုရား)။

မောင်ချစ်ဆွေ ဘာတဲ့တုံး (အားကိုးလွဲကညိုးစေ တာပါ ဘုရား) ဒါကိုယ်ညှိုးတာ မရိပ်မိဘူး၊ သနားတာပါပဲဗျာ ဘာဟုတ်မလဲ သနားတာပဲလို့ ဖုံးပစ်တာ၊ ဘယ်ဟုတ်မလဲ တစ်ခါတည်း ဒုက္ခ ဒေါမနဿက သူနဲ့ပတ်သက်ပြီး မဖြစ်ထိုက် သေးဘူး ဖြစ်တယ်ဆိုပြီးတော့ တစ်ခါတည်း မျက်နှာညှိုးဖြစ် သွားတယ်။

ဟိုနီးစပ်တဲ့ပုဂ္ဂိုလ်ကျတော့ နဂိုက သွေးသားကလည်း စပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ တစ်ခါတည်း ယူကျုံးမရ ဖြစ်လာတာပဲ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဘယ်ကလာတာတုံး

ဒါ ဘယ်က လာတာတုံးကွ (အားကိုးလွဲက လာတာပါ ဘုရား)။ အားကိုးလွဲကလာတာ ဒါဖြင့် အားကိုးလွဲက လာလို့ ရှိရင်ဖြင့် ဒုက္ခဒေါမနဿလာမယ် မလာဘူးလား (လာပါတယ် ဘုရား)၊ အားကိုးမှားရင် ဒုက္ခဒေါမနဿမှ တစ်ပါး တခြား လာစရာရှိသေးရဲ့လား။

လာရင်လည်း ဒီတင်ရောက်မှာလား၊ အဝိဇ္ဇာ သင်္ခါရ ပြန်ပတ်မှာလား (ပြန်ပတ်မှာပါ ဘုရား) အဝိဇ္ဇာ သင်္ခါရ ပြန်ပတ် မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် (၃၁)ဘုံမှာ မျက်ရည် ဇာတ် မသိမ်းခဲ့ရတဲ့ ဥစ္စာ ဒီနေ့-လက်သည်ပေါ်သွားပြီ (ပေါ်ပါ ပြီ ဘုရား)။

ကံမကောင်းလို့ ငိုတာလား

ခင်ဗျားတို့ မျက်ရည်ပွဲကြီးနဲ့ တစ်သံသရာလုံး ငိုခဲ့ကြရ တာတွေကို သေသေချာချာ စဉ်းစားတော့ ကံမကောင်း အကြောင်းမသင့်လို့ ငိုရတာ တစ်ခုမှမပါဘူး (မပါပါဘူး ဘုရား)၊ အားကိုးလွဲလို့ (တင်ပါ ဘုရား)။

မင်းတို့သုံးနေတာက မောင်ထွန်းရင်တို့က သူ့မှာကံ မကောင်းအကြောင်းမသင့်လို့ မျက်ရည် ကြီးငယ်ကျ ရတာ၊ ဘယ်ဟုတ်မလဲ နဂိုက ဒီဥစ္စာ အားမကိုးခဲ့လို့ရှိရင်၊ ဒီဟာကြီး ဘာဖြစ်သွားသွား သူမျက်ရည်မကျဘူး၊ ကျပါ့မလား (မကျပါဘူး ဘုရား)။

အခုတော့ သူက ဒါတွေအားကိုးထားလိုက်တော့ ခန္ဓာ ငါးပါး၊ ဒါဖြင့် ခင်ဗျားတို့ အတွက်ဟာ အတော် ခက်တယ်၊ ပရမတ်က ပရမတ်အတိုင်းပြောရင်လည်း ခင်ဗျားတို့ က ငိုချင်းချတယ်။

ပရမတ်က ပရမတ်သဘောပြောရင် (ငိုချင်းချပါတယ် ဘုရား) ခက်ပြီ မောင်ချစ်ဆွေ၊ အစ်မ ဘယ့်နဲ့တုံး (ခက်ပါပြီ ဘုရား) ပရမတ်က သဘောပြောလို့ရှိရင်ဖြင့် ဉာဏ်ဆိုက်ရမှာ ကိုဗျ၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

ဉာဏ်ဆိုက်ရမှာမဟုတ်လား၊ မဂ်ဉာဏ်ပေါ်ရမယ်၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပေါ် ရမယ် (တင်ပါ ဘုရား)။ မပေါ်တဲ့အပြင် မင်းတို့မှာ ဘာဖြစ်နေတုံး (ငိုချင်းချနေပါတယ် ဘုရား)၊ ငိုချင်းချ နေတယ်။

ဪ ဘုရားအဆူဆူနဲ့လွဲတာ၊ တရားအမျိုးမျိုး နဲ့လွဲတာ၊ ဘုရားအဆူဆူတရားတွေ ထားခဲ့ပါတယ်၊ သာသနာ ထားခဲ့တဲ့ ဘုရားတွေလည်း မနည်းပါဘူး၊ အဲဒီတရားနဲ့လည်း ပြလိုက်ပါရော၊ ငိုချင်းချတာပဲ (တင်ပါ ဘုရား)။

တရားပြ ငိုချင်းချ၊ တရားပြ ငိုချင်းချ၊ ရှင်းပလား ဒါဘယ်ကလာတာတုံးကွ (အားကိုးလွဲကပါ ဘုရား)၊ အားကိုး လွဲတစ်လုံးတည်း ဟောနေတာပဲ၊ ဒီနေ့အတွက် ဒိပြင် များများ မပါသေးပါဘူး၊ ဘယ်က လာတာပါလိမ့် (အားကိုးလွဲက လာတာပါ ဘုရား)၊ တယ်ခက်ပါလား မင်းတို့ အင်မတန် ခက်နေပြီ ကွ မောင်ချစ်ဆွေရ။

တရားကိုအားကိုးစမ်းပါ

ဒါဖြင့် ဘုရားက “ဓမ္မဒီပါ ဓမ္မသရဏာ” ဓမ္မအားကိုးစမ်း ပါကွ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ ဓမ္မသရဏာ တဲ့ တရားပဲ ဦးသံဒိုင် အားကိုးစရာရှိတယ်လို့ သေချာမှာတာပဲ၊ ဒီသုတ်မှာ မမှာဘူးလား၊ ဒီတစ်ပုဒ်တည်းနဲ့ ကိစ္စပြီးလောက်ပါ တယ်၊ မပြီးလောက်ဘူးလား (ပြီးလောက်ပါတယ် ဘုရား)။

ပြီးလောက်ပါတယ် တဲ့၊ ကဲ ဒါဖြင့် ဒီလိုအားကိုးမှား တော့ကိုတဲ့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါကျတော့၊ ဪ သောကပရိဒေဝ ဒုက္ခ ဒေါမနဿဖြစ်မှာ ဘုရားက စိုးရှာလွန်း လို့ အားကိုး မလွဲစေနဲ့ပေါ့။

သောက ပရိဒေဝ ဒုက္ခဒေါမနဿဖြစ်မှာ သနားလွန်း လို့ (တင်ပါ ဘုရား)၊ ရင်ဝယ်သားကဲ့သို့ သနားတယ် (တင်ပါ ဘုရား)။

အားကိုးမှန်ရင်နိဗ္ဗာန်ပေါ်လာတယ်

ဒီတော့ ခင်ဗျားတို့က အစ်မတို့ လူစုက အားကိုးတော့ မလွဲစေနဲ့ စကားတစ်လုံး နားထောင်လို့ ရှိရင် သောက ပရိဒေဝ ချုပ်တယ် (တင်ပါ ဘုရား)၊ အားကိုးမလွဲရင် သောက ပရိဒေဝချုပ်တယ်။ “အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလမုတ္တမံ” ဆိုတဲ့အတိုင်း နိဗ္ဗာန်ကြီးပေါ်လာတယ် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

အားကိုးမှန်သွားရင် (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)၊ သူ မဂ်ပေါ်အောင် လုပ်လိုက်တဲ့အခါကျတော့ အားကိုး မှန်သွားတော့ နိဗ္ဗာန်ပေါ်လာတယ်။

အားကိုးလွဲလိုက်တော့ မျက်ရည်တွေထွက်လာတယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မျက်ရည်အစ အားကိုးမှား၊ ဒိဋ္ဌိကပေါ့ကွာ (တင်ပါ ဘုရား)။

မျက်ရည်အစ (အားကိုးမှားဒိဋ္ဌိကပါ ဘုရား)၊ ဒါဖြင့် မင်းတို့ကတော့ဖြင့် ဦးသံဒိုင်တို့ လူစုတွေ ကတော့ အို-သနား လိုက်တာ သနားတယ် ကျုပ်ဖြင့် မကြည့်ချင်ဘူး။

မကြည့်ချင်ဘူးဆိုပြီး စိတ်ထဲထိခိုက်တယ်၊ စိတ်တော့ ထိခိုက်တယ်၊ ဘာဖြစ်လို့ မကြည့်ချင် တာတုံး ထိုက်တန် သလောက်အားကိုးရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ရှိတယ်တဲ့ ဒီဥစ္စာတွင်ဖြင့် ကိုယ်ကိုင်တဲ့ တောင်ဝှေး လေး ပျောက်သွားတာတောင် စိတ်ပျက် လိုက်တာ လာသေး တယ်(တင်ပါ ဘုရား)။ လာသေးတယ် ကိုယ်ကိုင်တဲ့ တောင်ဝှေး လေး ပျောက်သွားရင် ဘယ့်နှယ်တုံး (စိတ်ပျက်တာ လာပါတယ် ဘုရား) အားကိုးမှားပါပြီကော၊ ဒီတောင်ဝှေးလေးနဲ့ ထောက်သွားနေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲတော့ ဘယ်ဟာရယ်လို့မဟုတ်ဘူး၊ အားကိုးမှားဟူ သ၍ဟာ သောက ပရိဒေဝကို ကျေးဇူးပြုမှာပဲ (တင်ပါ ဘုရား) ပေါ်ကြပလားကွ (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာမဂ်သာလုပ်ပါ

ဒါဖြင့်ကွာတဲ့ မင်းတို့အတွက်ဖြင့် မဂ်စစ်ကို ငါမဟော နိုင်သေးပါဘူး၊ ဝိပဿနာ ရှေ့ပြေး မဂ်သာ ငါဟောပရစေဦးတဲ့၊ ဒီသုတ်မှာလာတာ (တင်ပါ ဘုရား) မဂ်စစ်ကို ငါမဟော သေးဘူးတဲ့၊ ဝိပဿနာမဂ်ပဲ မင်းတို့ကို ဟောပရစေဦးတဲ့။

ဝိပဿနာမဂ်သာ မင်းတို့လုပ်လိုက်လို့ရှိရင်၊ တဒင်္ဂဖြစ် တဲ့ သောကပရိဒေဝ အကုန်ငြိမ်း တယ်ကွတဲ့၊ ဒီသုတ်မှာ ပါတာ တဒင်္ဂသောက ပရိဒေဝ အကုန်ငြိမ်းမယ်တဲ့ (တင်ပါ ဘုရား)၊ ဝိပဿနာမဂ်သာ လုပ်စမ်းပါတဲ့ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ခန္ဓာကိုယ်ကြီးကို ခန္ဓာငါးပါးခွဲလိုက်ပြီး သကာလ တစ်ပါးပါးကို ဪ အနတ္တ ဖြစ်အောင်၊ အနိစ္စ၊ အနတ္တဖြစ်အောင် ရှုလိုက်ပြီဆိုမှဖြင့် ဪ အားကိုးစရာမရှိ ပါလား ငိုပွဲသိမ်းတယ်။

ကိုယ်က အားကိုးစရာမရှိဘူး၊ သူ့ကြည့်တော့လည်း အားကိုးစရာမရှိတဲ့အကြောင်း သူက ပြောနေတယ်။ မပြောဘူး လား (ပြောပါတယ် ဘုရား) ခန္ဓာက မပြောဘူးလား (ပြောပါ တယ် တယ် ဘုရား)။

ပြောတဲ့အခါကျတော့၊ အင်းဒါဖြင့် ပြောလည်း ပြော ရော၊ ကိုယ့်ခန္ဓာထဲ မဂ်ကပေါ်လာတယ်၊ ခန္ဓာကလည်း အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကို ဦးသံဒိုင် ပြော ပါရော ကျုပ်တို့မှာ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ ဘုရား)။

မဂ်ဉာဏ်က စိုးရိမ်မှု၊ ငိုကြွေးမှုကိုငြိမ်းစေတယ်

မဂ်ဉာဏ်က သောကပရိဒေဝကို သွားငြိမ်းသတ်တယ်၊ နောင်လာလတ္တံ့ သောကပရိဒေဝကို အနာဂတ်လှမ်းသတ် လိုက်တယ်၊ ရိပ်မိကြပလားကွ (ရိပ်မိပါပြီ ဘုရား)။

ကဲ ဝိပဿနာနဲ့ပဲ တဒင်္ဂဘယ့်နှယ်နေတုံး (ငြိမ်းပါ တယ် ဘုရား) ဝိပဿနာဉာဏ်ကိုကွာတဲ့ တဒင်္ဂ ကျေးဇူးများ တယ်ဆိုတာ ငါဒီသုတ်မှာ ဟောပါတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဆိုက်အောင်လုပ်လို့ရှိရင်တော့ အကုန်သိမ်းပါ တယ်၊ တဒင်္ဂတာ ငြိမ်းတယ်၊ တဒင်္ဂဆိုတာ ခဏပေါ့ကွာ (မှန်ပါ ဘုရား) ဝိပဿနာမဂ်နဲ့ အလုပ်လုပ်ထားတောင် အားကိုး မှန်ခဲ့လို့ရှိရင်ဖြင့် အဲဒါကို ဒါဖြင့် အားကိုးမှန်ဟာ ဘာတုံးဆိုတော့ လောကီက လောကုတ္တရာမဂ်လို့ အဋ္ဌကထာဆရာက ဖွင့်ဆိုတယ် လောကီက လောကုတ္တရာမဂ် လောကီမဂ်နဲ့ လောကုတ္တရာမဂ် နှစ်ခုအားကိုးကွ။

လောကီမဂ်ကခဏငြိမ်းတယ်

ရှေးဦးစွာ လောကီမဂ်လာမယ် နောက်လောကုတ္တရာ မဂ်လာမှာပေါ့ကွ၊ အဲဒါ အားကိုးလိုက်လို့ ရှိရင် တဒင်္ဂငြိမ်းတယ် ကွတဲ့။

လောကီမဂ်အားကိုးရင် တဒင်္ဂငြိမ်းတယ်၊ လောကုတ္တရာ မဂ် အားကိုးလို့ရှိရင် သမုစ္ဆေဒ ငြိမ်းတယ် (တင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ကို မျက် ရည်ကြီးငယ်ကျရမှာကို ကျုပ် အင်မတန် ကြောက်တယ်လို့ညည်းမနေနဲ့၊ မျက်ရည်ကြီးငယ် ဇာတ်သိမ်းတဲ့ မဂ်ကိုအားကိုးလိုက် (တင်ပါ ဘုရား)၊ ရှင်းပလား ဘာအားကိုး ကြမတုံး (မဂ်ကိုအားကိုးရမှာပါ ဘုရား) မဂ်ကို အားကိုးလိုက်။

မဂ်ကိုအားကိုးပါ

အဲတော့ ခန္ဓာကို အားကိုးလို့ရှိရင် သောကပရိဒေဝဖြစ် မယ်၊ မဂ်ကိုအားကိုးလို့ရှိရင် သောက ပရိဒေဝ သိမ်းမယ် (တင်ပါ ဘုရား)၊ ခန္ဓာကို အားကိုးရင် (သောကပရိဒေဝဖြစ်ပါမယ် ဘုရား)၊ မဂ်ကို အားကိုး လိုက်ရင်ကော (သောက ပရိဒေဝ ငြိမ်းပါ့ မယ် ဘုရား)၊ ငြိမ်းမယ်ဆိုတာ ခုန ပါဠိတော် ရွတ်ပြီးပြီ ဟုတ် ဘူးလား။

“သောကပရိဒေဝါနံ သမတိက္ကမာယ” ဘုရားအဆူဆူ ဖွင့်မှာကိုကွ ဒီဥစ္စာ၊ သတိပဋ္ဌာန် ပါဠိတော်ကိုကွ၊ ဒုက္ခ ၊ ဒေါမနဿာနံ အတ္ထင်္ဂမာယ ဒုက္ခဒေါမနဿကလည်း မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဉာယဿ ဆိုတယ်။

ခန္ဓာကိုအားမကိုးပါနဲ့

ဉာယဿပြီး မဂ္ဂဿကို၊ မဂ်ပဲကွတဲ့ တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘာအားကိုးရမတုံး (မဂ်ကို အားကိုးရမှာပါ ဘုရား) ခန္ဓာကို အားမကိုးနဲ့ မဂ်ကို (အားကိုး ရမှာပါ ဘုရား)။

အဲတော့ မဂ်ကို အားကိုးလိုက်လို့ရှိတော့၊ သောက ပရိဒေဝတွေက ငြိမ်းသွားတော့၊ ပြန်ပြီး အဝိဇ္ဇာ သင်္ခါရ လှည့်သေးရဲ့ လား (မလှည့်ပါဘူး ဘုရား) ဒါဖြင့် သံသရာပြတ် တယ် (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ခန္ဓာကို အားကိုးလိုက်တဲ့အခါကျတော့ ခန္ဓာက အနိစ္စ သဘော ဒုက္ခသဘော အနတ္တ သဘောပြောလည်း ပြောပြီး ရော

သောက ပရိဒေဝ ထတောက် တယ် (တင်ပါ ဘုရား) မတောက်ဘူးလား (တောက်ပါတယ် ဘုရား) တောက်ပြီးတာနဲ့ အဝိဇ္ဇာ သင်္ခါရဘက်ပြန်လှည့်သွားတယ်။

ခန္ဓာကို အားကိုးလို့ရှိရင်ဖြင့် သောကပရိဒေဝရမယ်၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)၊ မဂ်ကိုအားကိုးလို့ ရှိရင် သောကပရိဒေဝ သိမ်းမယ်ငြိမ်းမယ် ဆိုရင် ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဓမ္မကိုသာ အားကိုးကြ ရင် အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဓမ္မဒီပါ ဓမ္မသရဏာ” ဒီဓမ္မကိုသာ အားကိုးကြ၊ ငါသေချာမှာ ခဲ့တယ် မင်းတို့ကို မျက်ရည် ဇာတ်သိမ်းတာဖြင့် ဒီနည်းပဲ ရှိတယ် (တင်ပါ ဘုရား)။

သံသရာစခန်းသတ်တာကော (ဒီနည်းပါပဲ ဘုရား)။ ဒီနည်းပဲရှိတယ်ဆိုတော့ ဦးသံဒိုင်တို့ ဒါမှတ်လိုက်ဖို့ကောင်း တယ် (မှန်ပါ ဘုရား)၊ မောင်ထွန်းရင် ဘယ့်နှယ်တုံး (မှတ်လိုက်ဖို့ ကောင်း ပါတယ် ဘုရား) မှတ်လိုက်ရမှာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားဟာ နောက်ကို ဘယ်သူငိုတယ်ဆိုတာ ကြည့် ဦးသံဒိုင်တို့ကနော်၊ ဘယ်သူ မျက်နှာ မသာမယာ ရှိလဲ ဆိုတာကြည့်၊ အားကိုးလွဲကချည်းလာတာ၊ ဆောင့်ငင် အောင့်ငင်နဲ့ သွားလို့ရှိရင်ကော ဘာထင်ကြတုံး အားကိုးလွဲပဲ ဦးသံဒိုင် ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မျက်စိမျက်နှာ မကြည်မသာ အလုပ်ဟူသ၍ ကား ဘယ်ကလာတာတုံး (အားကိုးလွဲက လာတာပါ ဘုရား)။ အရှက်မရှိအောင် ငိုပွဲဆင်၊ အဝတ်တွေ မသိမ်းနိုင် မဆည်းနိုင် လောက်အောင် ဘယ်က လာတာတုံး (အားကိုးလွဲက လာတာပါ ဘုရား)။

ဒါ ဘာတုံးဆိုလို့ ရှိရင်ဖြင့်တဲ့ ဓမ္မကို အားမကိုးဘဲနဲ့ သဘောကျပလား၊ ဓမ္မကို အားမကိုးဘဲနဲ့ ခန္ဓာကို သွားအား ကိုးလိုက်တာ ရှင်းပလား၊ ခန္ဓာငါးပါးကို ယောက်ျားမိန်းမ လုပ်ပြီး တစ်ခါတည်း အကြီးအကျယ် အားကိုး နေလိုက်တယ်၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာထဲဝိပဿနာရှုပါ

ကဲ ဒါဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်လည်းမချမ်းသာ ဘူး ဆိုလို့ရှိရင်၊ ကိုယ့်ကိုယ်မြန်မြန် ဝိပဿနာ ရှုလိုက်၊ကိုယ့်ခန္ဓာ ထဲ တစ်ခုခု မြန်မြန်ရှုပါ၊ ဝေဒနာကြိုက် ဝေဒနာရှု၊ စိတ်ကြိုက် စိတ်ရှု၊ မြန်မြန်ရှုလိုက်လို့ရှိရင်ဖြင့် သောကပရိဒေဝ ငြိမ်းသွား တာပဲ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

သို့မဟုတ် လို့ရှိရင် သူ့ကြောင့်ကိုယ့်ကြောင့်သာ ရှုပ်နေရင်တော့သွားပြီ ငိုပွဲသာ လာတော့မှာပဲ၊ မောင်ထွန်းရင် သူ့ကြောင့် ကိုယ့်ကြောင့် ရှုပ်ရင်ဘာတုံးဗျ (ငိုပွဲလာမှာပါ ဘုရား)။

“သူ” “ကိုယ်” နှိပ်စက်နေတယ်

အဲတော့ ခင်ဗျားတို့မှာလည်း ငိုပွဲဆင်ရအောင်ပဲ သူရှိ အောင်လည်းလုပ်ထားတယ်၊ ကိုယ်ရှိအောင်လည်း လုပ်ထား တာ ဒိဋ္ဌိဗျ (တင်ပါ ဘုရား)။

သူရှိအောင်လုပ်ထားတာကော (ဒိဋ္ဌိပါ ဘုရား) ကိုယ်ရှိ အောင် လုပ်ထားတာကော (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ မှာဖြင့် သူ ကိုယ်နှိပ်စက်နေတယ်၊ မောင်ထွန်းရင် ဘယ်သူ နှိပ်စက် နေတာတုံး (သူ ကိုယ်နှိပ်စက်နေပါတယ် ဘုရား)၊ သူကိုယ် နှိပ်စက်နေတယ်ကွ၊ သူ့ကိုယ်သူ သူလို့ လုပ်ထားပြန်တော့ သူက နှိပ်စက်တယ်၊ ကိုယ့်ကိုယ်ကို ကိုယ်လုပ်ထားပြန်တော့ ကိုယ်က နှိပ်စက်တယ်။

အားကိုးမှန်မှ ကိုက်မယ်

ဒါဖြင့် သူ ကိုယ်နှစ်ခုသည်ကားလို့ရှိရင် ဒိဋ္ဌိက လာတာ ချည်းပဲ ရှင်းပလား၊ ငါရှိတော့ ငါ့ဥစ္စာကိုကွ၊ အတ္တမို့ အတ္တနိယ ပေါ်ပလား။

ဒါဖြင့် ဒကာ ဒကာမတွေမှာ စိတ်မချမ်းသာ လက် မချမ်းသာနဲ့ ပျော်တာက နည်းနည်း၊ ငိုပွဲကများများ၊ ဒါအားကိုး လွဲကလာတာချည်းပဲဆိုတဲ့ အဓိပ္ပါယ် ရှင်းလောက်ပါပြီကွ (မှန်လှပါ ဘုရား)။

ဒါဖြင့် မင်းတို့ တဒင်္ဂငြိမ်းမှ လောကုတ္တရာငြိမ်းမှာ (မှန်ပါ) အားကိုးမှန်မှ ကိုက်မယ်ဆိုတဲ့ဥစ္စာကို ဒီတရား နိဂုံးချုပ်လိုက်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲတော်ပြီ။

သာဓု သာဓု သာဓုပါ ဘုရား။

——

ဘယ်အကျိုးငှာဘုရားပွင့်သတုံး

(ညီတော်တိဿ)

အသံဖိုင်ခေါင်းစဉ် = တိဿရဟန်းကျွတ်တမ်းဝင်ပုံအလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= ဘယ်အကျိုးငှာဘုရားပွင့်သတုံး(ညီတော်တိဿ)

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

ဘယ်အကျိုးငှာဘုရားပွင့်သတုံး

(ညီတော်တိဿ)

(၁-၃-၆၂)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ လမ်းကို နား လည်တဲ့ ပုဂ္ဂိုလ်တဲ့၊ ဒါကြောင့် လှည်းဦးစီး သဖွယ် ဆိုပြီး သကာလ “သတ္တာဒေဝမနုဿာနံ” လမ်းကို နားလည်တဲ့ ကိုယ်တော်ကြီး၊ ဒါက လက်ဝဲလမ်းကွ၊ ဒါက လက်ယာလမ်းကွ၊ ဒီလိုနားလည် တဲ့ပုဂ္ဂိုလ်ကြီး။

ဘယ်အကျိုးငှာဘုရားပွင့်သတုံး

အဲတော့ ဘုရားပွင့်လာတာ ဘယ်အကျိုးငှာသူပွင့်လာ သတုံးမေးတော့မှ လမ်းနှစ်လမ်းလုံး နားလည်တဲ့ပုဂ္ဂိုလ်မို့ လက်ယာလမ်းကို ပြဖို့ ရည်ရွယ်ချက်နဲ့ ဘုရားအဖြစ်ကို ယူပါ တယ်လို့ အောက်မေ့ရမယ်။

ဘုရားအဖြစ်ကို ဘယ်အကျိုးငှာ ယူပါလိမ့်မတုံး အောက်မေ့တော့မှ လမ်းနှစ်လမ်း နားလည်တဲ့ အဖြစ်ကို ရချင် လွန်းလို့ ပါရမီ (၁၀) ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါးကို စွန့်ရမယ်။

နောင် ဒီအတိုင်းနဲ့ ဘုရားဖြစ်ကြောင်းတွေ ကြိုးစား လိုက်တဲ့အခါ ဘုရားဖြစ်တယ်၊ ဘုရားဖြစ်တော့ သူဘာနား လည်တုံး မေးတော့ လမ်းပြ အဖြစ် နားလည်လာတယ်။

လူနတ်တို့၏လမ်းပြဆရာကြီး

ဒါကြောင့် သတ္တာဒေဝမနုဿာနံ၊ ဒေဝမနုဿာနံ = နတ်လူတို့၏၊ သတ္တာ = လမ်းပြဆရာကြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သူ့ဂုဏ်က သတ္တာဒေဝမနုဿာနံ၊ ဒေဝ မနုဿာနံ = နတ်လူတို့၏၊ သတ္တာ = လမ်းပြဆရာကြီး။

ဒါကြောင့် ဘုရား၊ ဘယ်အကျိုးငှာ ဘုရားအဖြစ် အရယူပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့၊ လမ်းနှစ်လမ်းကို သိပြီး သကာလ တစ်လမ်းပယ်ပြီး သကာလ ၊ တစ်လမ်းပြချင် လွန်းလို့ ဘုရားအဖြစ်ကို ကျင့်တယ်၊ ဘုရားအဖြစ်ကို အရယူ တယ်လို့ ဆုံးဖြတ်ချက်ချရမယ်။

မိစ္ဆာမဂ္ဂင်လမ်းမသွားနဲ့

အဲတော့ ဘုရားရှိခိုးတဲ့အခါ ဒကာ ဒကာမတွေက “သတ္တာဒေဝမနုဿာနံ” အလကား မရွတ်လိုက်ပါနဲ့၊ မိစ္ဆာမဂ္ဂင်လမ်း၊ သမ္မာမဂ္ဂင်လမ်းကို မိစ္ဆာမဂ္ဂင်လမ်း မသွားနဲ့ကွ၊ သမ္မာမဂ္ဂင်လမ်း သွားကွလို့ ဆိုပြီး၊ လမ်းနှစ်လမ်းရှိတဲ့ အနက်က နှစ်လမ်းစလုံး သိသောကြောင့် တစ်လမ်းကိုသာ သွားစေသတဲ့၊ လက်ဝဲ ရှောင်ပြီး၊ လက်ယာဆောင်စေ လိုတဲ့ အဓိပ္ပါယ်ပဲ ဆိုတဲ့ ဥစ္စာ သတ္တာဒေဝ မနုဿာနံ ဘုရားရှိခိုးတိုင်း ရှိခိုးတိုင်း လက်ယာလမ်းလိုက်ပါကွ၊ လက်ယာလမ်း လိုက်ပါကွလို့ ပြော နေတယ်လို့ အစ်မတို့က အောက်မေ့ရမယ် (တင်ပါ ဘုရား)။

အခုတော့ ဘုရားရှိခိုးနေတာ သတ္တာဒေဝမနုဿာနံ၊ ဗုဒ္ဓေါ ဘဂဝါ အင်း ဘာမှန်းလည်း မသိဘူး၊ သတ္တာဒေဝ မနုဿာနံ ဆိုတာ လက်ဝဲပယ်ပြီး လက်ယာလိုက်ပါလို့ ဆုံးမနေတာ ကိုယ်တော်ကြီးက (တင်ပါ ဘုရား)၊ ဒီက ဘုရားရှိခိုးနေတာ သူ့ကို (တင်ပါ ဘုရား)။

လက်ယာလမ်းလိုက်ပါ

သူကတော့ကွာ ပြောနေတယ်၊ ငါ “သတ္တာဒေဝ မနုဿာနံ” ဆိုတာ မင်းတို့၏ ဆရာပါ၊ လက်ဝဲရှောင်ပြီး လက်ယာလမ်းလိုက်ပါကွာလို့ ငါပြောနေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့တော့ ဒကာ ဒကာမတွေက ကန့်လန့်လုပ်ပြီး ၊ သကာလ တစ်ခါတည်း မိုးလင်းသည်နှင့် တစ်ပြိုင်နက်တည်း လက်ဝဲလမ်းချည်း မောင်ချစ်ဆွေ ဖိသွားတာ၊ (မှန်ပါတယ် ဘုရား)၊ လက်ယာလမ်း တရားထိုင်တဲ့ အချိန်လေးလောက်ပဲ။ ကျန်တဲ့အချိန် လက်ဝဲလမ်းချည့်သွားနေတာပဲ၊ တော်ကြာကျ ရင် သတ္တာဒေဝ မနုဿာနံ အော်ပြန်ပြီ၊ ရိပ်မိပလားကွ (ရိပ်မိ ပါပြီ ဘုရား)။

အင်း သတ္တာဒေဝမနုဿာနံ အော်ပြန်ပြီ၊ ကိုယ်တော် ကြီးက လက်ယာလိုက်၊ လက်ယာ လိုက်လို့ ပြောနေတာ သတ္တာဒေဝမနုဿာနံက (အဓိပ္ပါယ် မသိလို့ပါ ဘုရား)၊ အဓိပ္ပါယ် မသိတာ တစ်ကြောင်းပါပဲ၊ လိုက်မြဲတမ်းလမ်းက လည်း သွက်လွန်းတယ်ကွ၊ သဘောပါကြပလား (သဘောပါ ပါပြီ ဘုရား)။

ဘုရားရှိခိုးလို့ရှိရင်

ဒါဖြင့် နောက်ဘုရားရှိခိုးလို့ရှိရင် သတ္တာဒေဝမနုဿာနံ ဆိုတာ၊ ဪ ငါကို သမ္မာမဂ္ဂင် လုပ်လို့ပြောတာ၊ မိစ္ဆာ မဂ္ဂင်အလုပ် မလုပ်နဲ့လို့ ပြောတာ (တင်ပါ ဘုရား)။

သတ္တာဒေဝမနုဿာနံ ကို ဉာဏ်ထဲမှာ ရွတ်မည် ကြံတိုင်း ဪ လက်ယာလမ်းလိုက်တဲ့ လက်ဝဲလမ်း ရှောင် ရမယ်တဲ့ဆိုတာ ဒါပြောနေတာ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါ့ကြောင့် ဘုရားရှိခိုးတော့ သတ္တာဒေဝ မနုဿာနံ လို့ ရွတ်မလား၊ သူဘာပြောနေတယ်ဆိုတာ တွေး မလား (သူဘာပြောနေတယ်ဆိုတာ တွေးမှာပါ ဘုရား)။

တွေးတော့ သူဘယ့်နဲ့ပေါ်လာကြတုံး (လက်ယာလမ်း လိုက်) လက်ဝဲလမ်းရှောင် သဘောပါပလား (သဘောပါပါပြီ ဘုရား)၊

ဒါကြောင့် သူသည် ဒီနည်းနားလည်တဲ့ပုဂ္ဂိုလ်ကြီးဆို ပြီး သူ့ကိုယ်သူ သတ္တာဒေဝမနုဿာနံ ခရီးကို ငါမှ နားလည် တာကွတဲ့၊ သွားမိသွားရာသွားနေကြတဲ့ ပုဂ္ဂိုလ်အချိုးအစား တွေကို လက်ဝဲချည်း ဖိသွားနေတဲ့ပုဂ္ဂိုလ်တွေကို သနားလို့ ငါ ဘုရားအဖြစ်သို့ယူတယ်၊ ဒါကြောင့် ငါ့ “သတ္တာဒေဝမနုဿာနံ” ငါရတယ်။

တဖွဖွပြောနေတာမှတ်ပါ

သူများပေးလို့ ရတာမဟုတ်ဘူး၊ သူ့ဟာသူ ဆုတောင်း ယူလို့ရတာ (တင်ပါ ဘုရား)၊ သဘော ပါကြပလား (သဘောပါ ပါပြီ ဘုရား)။

ဒါဖြင့် သတ္တာဒေဝမနုဿာနံ ဆိုတာ ပုထုဇဉ်ရဟန်း တွေကို လက်ဝဲလမ်းရှောင်၊ လက်ယာလမ်း လိုက်ပါဆိုတာကို တဖွဖွ ပြောနေတာမှတ်ရမယ် (တင်ပါ ဘုရား)။

ရှိခိုးနေဖို့လား၊ အလိုက်ခိုင်းတာလား၊ (အလိုက်ခိုင်းတာ ပါဘုရား၊ ရှိခိုးခိုင်းတာ မဟုတ်ပါဘူး) ရှိခိုးနေဖို့မဟုတ်ဘူး၊ ရှိခိုး ပြန်လို့ရှိရင်လည်း ကြော် – ဒီကိုယ်တော်ကြီးက လမ်းသိတဲ့ ပုဂ္ဂိုလ်ကြီးမို့ ကြည်ညိုပါတယ်၊ ဒို့လမ်းပြ ကိုယ်တော်ကြီးဆို ကြည်ညိုလိုက်။

ကြည်ညိုရုံနဲ့မပြီးသေးဘူး

ကြည်ညိုရုံနဲ့မပြီးသေးဘူး၊ ကြည်ညိုရင် သုဂတိရောက် မယ်၊ သူပြောတဲ့အတိုင်း လက်ဝဲ ရှောင်ပြီး၊ လက်ယာဆောင် လိုက်ကြမယ်ဆိုလို့ရှိရင် နိဗ္ဗာန်ရောက်မယ် (တင်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ည သတ္တာဒေဝမနုဿာနံ ကို အဓိကထား ပြောတယ်လို့ မှတ်ရမယ်နော် (တင်ပါ ဘုရား)။

ဘုရားညီတော်တိဿ

အဲဒါ ဘယ်သူ့အကြောင်းအရင်းခံပြီးတော့ ဘယ်လို နေပုံ ဘယ်သူ ဟောပါလိမ့်မတုံး လို့မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ ညီအစ်ကိုပါပဲ၊ သုဒ္ဓေါဓမနမင်းကြီး ညီက မွေးတဲ့ တိဿဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်၊ ရဟန်းခံပြီ းနေတယ်၊ သူနဲ့ညီအစ်ကိုပဲ အဖေညီအစ်ကို။

အဲ့ဒီ တိဿက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးပြီး သကာလ နေတော့ သူ့စိတ်ထဲ မပျော်ဘူး၊ မပျော် တာမှ သာမည မပျော်တာမဟုတ်ဘူး၊ ဘယ်လိုမပျော်သတုံး မေးတဲ့အခါ ခန္ဓာကိုယ်ထဲ လေးလံလာတယ်၊ ပျင်းလိုက်တာ (တင်ပါ ဘုရား)။

ခန္ဓာကိုယ်ထဲ လေးလံလာတယ်၊ သူက အရှေ့ အနောက် တောင် မြောက်တောင် သူဥစ္စာ မကွဲတော့ဘူး (တင်ပါ ဘုရား)၊ မပျော်လွန်းလို့ပေါ့လေ၊ အရှေ့ အနောက် တောင် မြောက်လည်း မကွဲဘူး၊ ခန္ဓာကိုယ်လည်း သယ်လို့ ယူလို့မကောင်းဘူး။

ပြီးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထား တဲ့ တရားတွေ အားထုတ်ရတာလည်း သူ့ဉာဏ်ထဲမှာ မထင် လာတော့၊ သင်္ကန်း ဝတ်ခါမျှ မတ္တနဲ့တူပါရဲ့၊ သူ့ကိုယ် လည်း သင်္ကန်းဝတ် ကလေးသာ ထူးတာ ထင်ပါရဲ့၊ တရားက ဘာမှမပေါက်ရောက်ဘဲကို၊ ဒီတရားပေါ်၌လည်း ဟုတ်မှ ဟုတ်ပါ့ မလားဆိုတဲ့ သံသယက လာလိုက်သေးတယ် (တင်ပါ)။

သံသယတွေများနေတယ်

တိဿမှာဖြစ်နေတာ ခန္ဓာကိုယ်က လေးလံတာ တစ်မျိုး၊ အရှေ့ အနောက် တောင်မြောက် မကွဲတာက တစ်မျိုး၊ တရားပေါ်မှာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယရှိနေတာက တစ်မျိုး၊ ဒီလိုဖြစ်နေတော့ ရဟန်းတွေ ပြောတာပေါ့လေ၊ တိဿက အရှင်ဘုရားတို့ တပည့်တော်တော့ ခန္ဓာကိုယ်က လေးလံတယ်၊ အရှေ့ အနောက် တောင်မြောက်လည်း မကွဲဘူး၊ ကျင့်နေတဲ့ တရားက ဟုတ်မှဟုတ်ကဲ့လား ဆိုတဲ့ သံသယ ဝိစိကိစ္ဆာသိပ်များနေတယ်။

အဲတော့ တပည့်တော်က လူ့ဘောင်ပဲ ထွက်ချင်တယ်၊ မပျော်ဘူး၊ သင်္ကန်းဝတ်ခါမျှ မတ္တ နေလို့တော့ အလကားပဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ရဟန်းတွေက ကြားတော့ ဘုရားသွားလျှောက် တယ် (တင်ပါ ဘုရား) အရှင်ဘုရား၊ အရှင်ဘုရား ညီတော်ဖြင့် ဒီလို ဒီလိုဖြစ်နေပြီ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကဲ တိဿ ခေါ်ချည်ကွာ ငါ့အမိန့်နဲ့ပဲ ခေါ်ချည်ပေါ့ ဆိုပြီး အမိန့် ထုတ်လိုက်တော့ သွားခေါ်တယ်။

ဘာဖြစ်သလဲတိဿ ပြောစမ်းပါဦး

မင်းဘာဖြစ်သလဲကွ တိဿ ပြောစမ်းပါဦး၊ တပည့် တော်ဘုရား ခန္ဓာကိုယ်ထဲ လေးလံတယ် ဘုရား၊ အရှေ့ အနောက် တောင်မြောက်လည်း မကွဲဘူးဘုရား၊ ကျင့်နေတဲ့ တရားကလည်း ဟုတ်မှ ဟုတ်ပါ့မလားလို့ သံသယ ရှိတယ် ဘုရား၊ တပည့်တော် သင်္ကန်းသာ ဝတ်နေရတယ်၊ မဂ်ဖိုလ်ရ ထိုက်တာ မဟုတ်ဘူး၊ သူများဆွမ်း၊ သူများကွမ်းတွေစားပြီး သင်္ကန်းဝတ်တာ ရှိတာပဲ။

လူထွက်ချင်တယ်

တရားထူး တရားမြတ်၊ ဘာမှ ခရီးပေါက်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး၊ အားလည်းထုတ် တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးလို့ တပည့်တော်စိတ်ထဲမှာ အောက်မေ့တယ်၊ ဒါကြောင့် လူထွက် ချင်တဲ့စိတ်သာ ပေါ်နေတယ်။

ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချော့သင့် တယ်ပေါ့လေ၊ တိဿတဲ့ မင်းတစ်ခု မှတ်ထားစမ်းပါကွာတဲ့၊ မိမိခန္ဓာငါးပါး ရှိတယ်တဲ့၊ အဲဒီခန္ဓာငါးပါးခင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဖြင့်၊ ဒီခန္ဓာငါးပါးကြီးက သွေးတိုး သလိုလို အားလျော့သလိုလို ဖြစ်လာလို့ရှိရင်၊ တစ်ခါတည်း ဒီခန္ဓာ ငါးပါးပေါ် ပူပင်ဆွေးပြီး လာတာပဲ (တင်ပါ) ခင်နေလို့လာတာ။

ခန္ဓာခင်လို့ဖြစ်တာ

ခင်နေလို့လာတာ၊ မခင်ရင် ကြောက်ခြင်း လန့်ခြင်း ဘာမှမလာဘူး၊ ခင်နေတဲ့ပုဂ္ဂိုလ် အတွက် လာတာပဲ (တင်ပါ ဘုရား)။

ခန္ဓာငါးပါးမကင်းသေးလို့ရှိရင်ကွာတဲ့၊ ခန္ဓာငါးပါးက လည်း နဂိုက ခင်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ် ကျတော့၊ ခုလို အားအင်ဗလချည့်နဲ့တဲ့ ဝေဒနာမျိုးရယ်လို့ တစ်ခုရောက်လာပြီ ဆိုမှဖြင့် ပျင်းသလိုလို၊ ကြောက်သလိုလို၊ လန့်သလိုလို အဲဒါ ခန္ဓာမကင်းတာက နဂိုက ချစ်ခင်နေတာက လာတာကွ၊ တိဿ ဟောနေတာကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီတိဿ ဟောနေတာ မဟုတ်ဘူး၊ ဟိုတိဿ ဟောနေ တာ ခန္ဓာခင်လို့ဖြစ်တာကွ (တင်ပါ ဘုရား)။

ဝေဒနာခင်နေလည်း ဒီအတိုင်းပဲကွတဲ့၊ ဝေဒနာကို ချစ် နေမယ်၊ ဝေဒနာက္ခန္ဓာကြီးကို နှစ်သက်နေမယ်၊ ဝေဒနာက္ခန္ဓာ ကြီးကို သာယာနေမယ်ဆို ဝေဒနာလေးက ဖောက်ပြန်လာ လို့ရှိရင်လည်း၊ ခုနင်က ခန္ဓာကိုယ် လေးသလိုလို၊ တရား အားထုတ်ရတာလည်း အင်း ရှင်းရှင်းလင်းလင်း မရှိသလိုလို၊ တစ်ခါတည်း အရှေ့အနောက် တောင်မြောက်ပဲ မေ့သလိုလို၊ ဘယ်သူနဲ့ စကား မပြောချင်သလိုလို ဒီဟာတွေ အကုန်လာတာ ပဲကွ။

တိဿ မင်းသတိထားကွလို့ ဘုရားက ဟောနေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါသူ့ညီအစ်ကို တော်တဲ့ တိဿဟောနေတာ သုဒ္ဓေါဒနမင်းကြီး ညီက မွေးတာ (တင်ပါ ဘုရား)။ အဲဒါ သံယုတ်ပါဠိတော်လို့ မှတ်ထားပါတဲ့ ထေရဝဂ် မှာ လာတယ်။

မကင်းတရားတွေရှိနေလို့

အဲတော့ကွာတဲ့ မင်းအခုဖြစ်တဲ့ အဓိပ္ပါယ်ဟာ မင်း ဒီဟာကြောင့်ဖြစ်နေတာ၊ ခန္ဓာငါးပါးကို မကင်းသေးသော – ဆန္ဒ၊ မကင်းသောတရားတွေ ရှိနေတဲ့အတွက်၊ အခုခန္ဓာက အမျိုးမျိုး လေးသလိုလို၊ လံသလိုလို ဖြစ်လာတဲ့အခါကျတော့၊ မင်းသည်ကားလို့ ဆိုရင်ဖြင့် တရား အားထုတ်လည်း မဖြစ်၊ အရှေ့ အနောက် တောင်မြောက်လည်းမကွဲ ဒီလိုဖြစ်လာတာ၊ နဂိုက ခန္ဓာ ခင်နေလို့ ခန္ဓာက ဖေါက်ပြန်လာလို့ဖြစ်တာကွ (တင်ပါ ဘုရား)၊ သဘောပါကြပလားကွ (ပါ ပါပြီ ဘုရား)။

နဂိုက ခန္ဓာခင်နေတယ်တဲ့၊ အခုခန္ဓာက ဖောက်ပြန် တော့ ဒါတွေလာတာပေါ့ကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ အမလေး ဒီဟာကြောက်စရာ ပါလားတဲ့ တိဿ ဟောတာပါကွ၊ – မင်းမဟုတ်ပါဘူး၊ အဲဒီလို ဖြစ်လာတယ်ကွ။

အဲတော့ကွာတဲ့ ငါဥပမာ တစ်ခုပြောမယ်ဟေ့၊ တိဿ ဥပမာတစ်ခု ပြောမယ်ကွတဲ့၊ လမ်းသိတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ လမ်းမသိတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ နှစ်ယောက် ရှိတယ်ကွာ။

လမ်းသိတဲ့ပုဂ္ဂိုလ်၏လမ်းညွှန်ချက်

လမ်းသိတဲ့ပုဂ္ဂိုလ်တစ်ယောက်၊ မသိတဲ့ပုဂ္ဂိုလ် တစ် ယောက်၊ နှစ်ယောက်ရှိတယ်တဲ့၊ နှစ်ယောက် ရှိတော့ လမ်းမသိတဲ့ပုဂ္ဂိုလ်က မေးတယ်ကွတဲ့၊ ဒီလမ်း ဒီလမ်းသွားချင် ပါတယ်လို့ ဆိုတော့၊ လမ်းသိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုပြောလိုက် သတုံးဆိုတော့၊ ငါ့လူ ဟောဒီကနေ ရှေ့သွား၊ ဟိုနားကျ လမ်း နှစ်ခွတွေ့လိမ့်မယ် (တင်ပါ ဘုရား)။

လမ်းနှစ်ခွတွေ့တဲ့အခါကျတော့ ဘယ်ဘက်ရှောင်ပြီး တော့ ယာဘက်လိုက်ပေါ့ (တင်ပါ ဘုရား)၊ အဲဒီလိုက်ပြီး ရှေ့ တော်တော်လေးသွားမိတဲ့အခါကျတော့ တောအုပ်ကြီးတွေ့ လိမ့်ဦးမယ်။

အဲဒီတောအုပ်ကြီးဖြတ်သွား၊ တောအုပ်ကြီးကျော်တဲ့ အခါကျတော့ ညွန်အိုင်ကြီး၊ ရွံ့အိုင်ကြီး တစ်ခု တွေ့လိမ့်ဦးမယ် ကွ၊ အဲဒီညွန်အိုင်ကြီး ရှောင်ရှားပြီး သကာလ မင်းသွားလို့ရှိရင် ဖြင့် ရှေ့မှာ ကမ်းပါးပြတ်နဲ့၊ အင်း ကမ်းပါးပြတ်ကြီး တစ်ခုကျတဲ့အခါ ကြောက်စရာ ကောင်းလောက်အောင် တွေ့လိမ့်မယ်ကွ၊ အဲဒါကျော်သွားတဲ့အခါမှာ မြေပြင်တွေ့မယ်ပေါ့။

မွေ့လျော်ဖွယ် မြေပြင်ကြီးတွေ့မယ်ကွ၊ အဲဒါမင်းမှတ် ထားစမ်းပါ ဘုရားက ဥပမာ ပြလိုက်တယ် (တင်ပါ ဘုရား)။

အဲတော့ကွာတဲ့ လမ်းသိတဲ့ပုဂ္ဂိုလ်နဲ့ လမ်းမသိတဲ့ ပုဂ္ဂိုလ် ဆိုတာ လမ်းမသိတာက တိဿကွ၊ ဘုရားက လမ်းသိတာက ငါကွ (တင်ပါ ဘုရား)။

လမ်းနှစ်ခွဆိုတာ ဝိစိကိစ္ဆာ

အဲတော့မင်းသည် ဒီအတိုင်းသွားတဲ့ အခါကျတော့ လမ်းနှစ်ခွတွေ့လိမ့်မယ်ဆိုတဲ့ဥစ္စာ ဝိစိကိစ္ဆာကို ဆိုတယ် (တင်ပါ ဘုရား) ဝိစိကိစ္ဆာကို ဆိုပါတယ်။

အဲဒီဝိစိကိစ္ဆာကို လာတိုင်း လာတိုင်း သူ့ကို လက်မခံ ဘဲနဲ့ ရုပ်နာမ်သာရှိတယ် ဖြစ်ပျက်သာ ရှိတယ် ဆိုပြီး သကာလ ၊ လက်ယာလမ်းလိုက် ဝိစိကိစ္ဆာနောက်ကို လိုက်မနေနဲ့ ဟုတ်မှ ဟုတ်ကဲ့လား ဆိုပြီး ဟိုလိုက် ဒီလိုက် လိုက်မနေနဲ့ (တင်ပါ ဘုရား)။

တစ်ခါတည်း လက်ယာ လမ်းဖြစ်တဲ့ ဖြစ်ပျက်ရှုပြီး သကာလ ဖြစ်ပျက်လမ်းကိုသာလိုက် (တင်ပါ ဘုရား)၊ ဟုတ်မှ ဟုတ်ကဲ့လားတွေဘာတွေ လုပ်မနေနဲ့။

လက်ယာလိုက်ကွ၊ လက်ဝဲက မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝဆိုတဲ့ မိစ္ဆာ မဂ္ဂင်ရှစ်ပါးလမ်း မလိုက်နဲ့ (တင်ပါ ဘုရား)။

လက်ယာက သမ္မာဒိဋ္ဌိအစရှိတဲ့ မဂ္ဂင်ရှစ်ပါးလမ်းကွ၊ အဲဒီကို မင်းကြည့်လိုက်ပါ၊ မင်းဒီကနေ သွားတဲ့ အခါကျတော့ လမ်းနှစ်ခွကို မင်းလက်ယာလိုက်၊ သမ္မာဒိဋ္ဌိမဂ္ဂင်လမ်းလိုက် လိုက်ပါ။

ဆိုတော့ကို ဒီခန္ဓာနဲ့ မနေနဲ့တဲ့ သမာဓိမဂ္ဂင် လမ်းပေး လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဟုတ်မှ ဟုတ်ကဲ့လား၊ ခန္ဓာက လေးလေးလံလံကြီးနဲ့၊ အင်း အားအင်ဗလက ချည့်နဲ့ပါသနဲ့၊ အင်း။

လောကွတ်ရှောင်ပြီး လောဘသတ်ရင် ဒီလမ်းနှစ်ခွ တွေ့ လိမ့်မယ်လို့ ငါလမ်းညွှန်ကောင်းကြီး ပြောပြီ ကွ (မှန်ပါ) မင်းကလမ်းမသိလို့ဖြစ်နေတာပဲ၊ အဲတော့ လက်ယာလမ်းဖိ လိုက်၊ (တင်ပါ ဘုရား)။

ဖြစ်ပျက်လမ်းကိုဖိလိုက်ပါ

လက်ယာလမ်း ဖိလိုက်ကွ ဆိုတော့ ဖြစ်ပျက်လမ်းကို ဖိလိုက်ပြောတာ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

အဲတော့ ဝိစိကိစ္ဆာကျော်သွားပြီကွတဲ့၊ ဝိစိကိစ္ဆာလမ်းနှစ်ခွကို ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဝိစိကိစ္ဆာ ကျော်သွားပြီတဲ့ (တင်ပါ ဘုရား)။

အဲဒီကျော်သွားတဲ့အခါကျတော့ ငါခုနင်ကပြောခဲ့ တယ် မဟုတ်လားကွတဲ့၊ ရှေ့နားကျတော့ တောအုပ်ကြီး တွေ့လိမ့်မယ်လို့ ငါပြောတယ် (တင်ပါ)။

တောအုပ်ဆိုတာအဝိဇ္ဇာ

အဲဒီတောအုပ် ဆိုတာက အဝိဇ္ဇာကွ (တင်ပါ ဘုရား)၊ အဲဒီ အဝိဇ္ဇာတောအုပ်ကြီးကိုလည်း တစ်ခါတည်း သူကွယ်ဆီး နေတာကြီးကို မင်းအတင်းတိုးရမယ် (တင်ပါ ဘုရား)။

သူက သစ္စာတွေကို ဖုံးထားတယ်၊ မင်းကဖြစ်ပျက်ရှုပြီး သစ္စာသိအောင်လုပ်လိုက်၊ သဘောပါပလား (သဘောပါပြီ ဘုရား)၊ ဒီတောအုပ်ကြီးက (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာတဲ့၊ အဝိဇ္ဇာ တောအုပ်ကြီးကိုလည်း မင်းက သစ္စာဖုံးထားတဲ့ အတွက်၊ ဖြစ်ပျက် မမြင်လို့ရှိရင် သူတိုးထွက်ရမယ် (တင်ပါ ဘုရား)။

တိုးထွက်တဲ့အခါကျတော့မှ အင်း ဒီတောကြီး လည်း ရှင်းသွားတဲ့အခါကျတော့ ဖြစ်ပျက် အနိစ္စအစစ်၊ ဒုက္ခ အစစ်၊ အနတ္တအစစ် တကယ်တွေ့မယ်ကွ (တင်ပါ ဘုရား)။

ရွှံ့အိုင်ကြီးက ငါးပါးအာရုံကာမဂုဏ်

ဒီကနေပြီး တောအုပ်ကြီး ကျော်သွားပြန်ရင်လည်း မင်း ဟာ အန္တရာယ် မကင်းသေးဘူကွတဲ့၊ တောအုပ်ကြီး ကျော်သွား တဲ့အခါကျတော့ ခုနင်က ပြောခဲ့တယ်တဲ့၊ ရွှံ့အိုင်ကြီး တစ်ခုတွေ့ လိမ့်မယ် (တင်ပါ ဘုရား) ရွှံ့အိုင်ကြီးတစ်ခုတွေ့လိမ့်မယ် ဆိုတော့ ငါးပါးအာရုံ ကာမဂုဏ်တွေ တွေ့လိမ့်မယ် ပြောတာကွတဲ့ (တင်ပါ)။

ငါတော့ ဝိပဿနာတွေ တော်တော်ခရီးပေါက်ပြီကွာ၊ သားနဲ့သမီးနဲ့ နေတောင် ကိစ္စတော့ မရှိပါဘူး၊ အပါယ်လေးပါးတော့ မကျပါဘူးဆိုတဲ့စိတ်က လာချင်လာလိမ့်မယ်ကွ၊ ပျော်ပျော် နေလိုက်ဦးမယ် ဆိုတဲ့ အဓိပ္ပါယ်ပါတယ်တဲ့ (ပါပါ တယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အမလေး ကြောက်စရာကြီးပါလား။

အဲဒီကဲ့သို့ ရှေ့နားကျတော့ ညွန်အိုင်ကြီးတွေ့လိမ့်မယ်၊ အဲဒီညွန်အိုင်ကြီးဆိုတာ တခြား မဟုတ်ဘူးပေါ့ တဲ့၊ ရွှံ့ညွန် အိုင်ကြီး ဆိုတာ ငါး လိပ် မကန်းတွေက အင်မတန်ပေါတယ် သွားပြီး မဆင်းနဲ့။

ဆင်းလို့ ရှိရင်ဖြင့် ဒါသည်ကားလို့ဆိုလို့ရှိရင် ငါးတွေ၊ မကန်းတွေက ကိုက်သတ်ပြီး စားတတ်တယ်၊ အဲဒါ ငါးပါးအာရုံ ကာမဂုဏ် ဆိုပါတယ်ကွာ (တင်ပါ ဘုရား)။

သာယာတာကနည်းနည်း

သာယာတာကနည်းနည်း၊ အပြစ်ရှိတာက များများ (တင်ပါ ဘုရား)၊ ဒီလိုမှတ်ပါကွာ တိဿတဲ့၊ သာယာတာကတော့ အစ်မက ခေါ်လိုက်တယ် ကိုချစ်ဆွေ၊ အင်း သူက ကျန်းမာလို့ တော်သေးတယ်၊ သားလေး တစ်ယောက်က အဖေ ခေါ်လိုက်တယ်၊ အင်း သာယာတာက နည်းနည်းလေး အပူက သာ များနေတာပဲကွာ၊ (တင်ပါ ဘုရား)၊ ရိပ်မိပလားကွ (ရိပ်မိပါ ပြီ ဘုရား)။

အပြစ်တွေကများများ

သာယာတာက ဘယ့်နဲ့လဲ (နည်းနည်းပါ ဘုရား)၊ အပြစ်တွေ့တာက (များများပါ ဘုရား) အပြစ် တွေ့တာက များများကွတဲ့၊ အဲဒီ ညွန်အိုင်ကြီးကိုလည်း ရုန်းကွ၊ တိဿ ဟောနေတာ အစ်မရ၊ သဘောပါပလားကွ (သဘောပါပါပြီ ဘုရား) အဲဒီညွှန်အိုင်ကြီး ကျော်ဖြစ်အောင် ကျော်ကွ။

ကျော်သွားတဲ့အခါကျတော့ ရှေ့မှာ၊ ကမ်းပါးပြဟ်ကြီး တစ်ခုတွေ့လိမ့်မယ်တဲ့၊ ငါခုနင်က ဟောထားတယ်။

ကမ်းပါးပြတ်ဆိုတာကာမနဲ့ဒေါသ

ကမ်းပါးပြတ်တွေ့တယ်ဆိုတာ တစ်ခြားမဟုတ်ဘူးတဲ့၊ ခင်ပြီးသည့်အခြားမဲ့၌ ဒီဟာ ကျော်တာ တောင်မှ ကိုယ့်မပယ် နိုင်သေးတဲ့ ဒေါသတွေက ရှိသေးတယ်ကွ။

ခုနင်က ကာမတောင်မှ မပယ်နိုင်သေးဘဲကိုကွ၊ ဝိစိကိစ္ဆာတို့ ဒိဋ္ဌိတို့သာ ပယ်ခဲ့တာကို၊ ကာမ ဆိုတာ အနာဂါမ် မှ ပယ်နိုင်တာကို အနာဂါမ်မှ ကာမနဲ့ ဒေါသပယ်နိုင်တာ။

အဲတော့ ရှေ့ကမ်းပါးပြတ်ကြီး၊ အဲဒီကမ်းပါးပြတ်ကြီးကို ကွ။

ဪ သူတို့ကြီးမှာနဲ့ ကိုယ်ကရှာဖို့ရာနဲ့၊ သုံးကြ ဖြုန်းကြမှာနဲ့ ခက်ပါသေးရဲ့ အစရှိသည်နဲ့ လာလို့ရှိရင်၊ ဒီဒေါသ ဖြစ်ပျက်ရှုပေးရမယ် (တင်ပါ ဘုရား) လာလိမ့်မယ်တဲ့ ဒီဥစ္စာ (လာမှာပါ ဘုရား) လာမှာပဲတဲ့။

သူတို့ကြီးလာရင်

သူတို့ကြီးလာလည်း အဝတ်ဖိုးကလည်း မနည်းလှဘူး၊ အတန်း ကြီးလာပြန်လို့ ရှိရင် ကျောင်းကြေးက မနည်းလှဘူး၊ ဒီထဲက အပိုသုံးတွေကလည်း နည်းမှာမဟုတ်ဘူး၊ ကိုယ်က အိုတာနဲ့ သူတို့က အသုံးကြီးမှာနဲ့ မထမ်းနိုင်တာနဲ့ ဝန်နဲ့တော့ တွေ့တော့မှာပဲဆိုတာကိုလည်း ဒီလို ဖြစ်တတ် တယ်ကွတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီလိုဖြစ်တတ်တယ်ကွတဲ့၊ မထမ်းနိုင်တဲ့ အချိန်ရောက် မှ ဝန်ကြီးကြီးနဲ့ သွားတွေ့တတ် တာကိုလည်း ဒေါမနဿ အမေ အဖေမှာ ဖြစ်တတ်တယ် (တင်ပါ ဘုရား)။

ပေးလည်းပေးချင်တယ်၊ ကျွေးလည်းကျွေးချင်တယ် သားသမီးများကို ဒို့ပေးစရာ ကျွေးစရာ ကလည်း အရင်လိုက ခိုင်ခိုင်မရှိဘူး၊ ကိုယ်က မလုပ်နိုင် မကိုင်နိုင် အချိန်ရောက်နေတော့ ဒေါသ ဖြစ်တယ်ကွ၊ အဲဒီ ကမ်းပါးပြတ်လည်း တွေ့လိမ့် မယ် (တင်ပါ ဘုရား)၊ အဲဒါတွေ ကျော်ရလိမ့်ဦး မယ်ကွ (ရိပ်မိ ပါပြီ) အင်း ဘယ်သူ့ဟောနေတာတုံးကွ၊ (တိဿဟောနေတာ ပါ ဘုရား)။

ဖောက်ပြန်နေလို့ဟောနေရင်

ဘုရားရဲ့ညီ၊ သုဒ္ဓေါဒနမင်းကြီး ညီက မွေးတဲ့ တိဿကြီး ဖောက်ပြန်နေလို့ ဟောနေတာ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အဲဒီ ဒေါသတွေ လာလိမ့်ဦးမယ်ကွတဲ့ အဲဒီ ဒေါသတွေလည်း ကျော်ရလိမ့်မယ်ကွ။

လောဘ၊ ဒေါသဖြစ်ပျက်ရှု

ကျော်ပြီး သကာလ မင်းသွားမှ သာလျှင်၊ ဒေါသကျော် တယ်ဆိုတော့ ဒေါသဖြစ်ပျက်ရှုလိုက်၊ လောဘ ဖြစ်ပျက်ရှုလိုက်တော့၊ ဒိဋ္ဌိသတ်ပြီးငြား သော်လည်း၊ တဏှာကျန်တာကိုကွ၊ ဒေါသ ကျန်တာကိုကွ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်မှာတဏှာကျန်သေးတယ်

သောတာပန်တည်ငြားသော်လည်း တဏှာနဲ့ ဒေါသ က ကျန်နေသေးတယ်၊ အဲဒါကြောင့် ဒါတွေ ဘုရားက အင်း ညွန်အိုင်ကြီးတွေ့လိမ့်ဦးမယ်ကွ၊ ကမ်းပါးပြတ်ကြီးတွေ့လိမ့်ဦး မယ်ကွ၊ မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)။

အဲဒါတွေလည်း ကျော်သွားတဲ့ အခါကျတော့မှ၊ မင်း အင်မတန် မွေ့လျော်ဖွယ်ကောင်းတဲ့ မြေပြင်ကြီး တွေ့လိမ့်မယ် (တင်ပါ ဘုရား)၊ ဒါ ငါလမ်းညွှန်တယ်၊ မင်းကတော့ မသိဘူးတဲ့၊ ငါက သတ္တာဒေဝမနုဿာနံ ဆိုတဲ့ ဂုဏ်ထူးရထားတော့ လမ်းညွှန်ကောင်း လမ်းပြကောင်းဆိုတာ ငါဘုရား ဆိုတာကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမ္မာမဂ္ဂင်လမ်းလိုက်ပါ

ရှေ့သွား လမ်းနှစ်ခွ တွေ့လိမ့်မယ်ဆိုတာ ဝိစိကိစ္ဆာ ဆိုတာကွ၊ အဲဒီက ကျော်သွားပြန်တော့ လက်ယာလိုက်ဆိုတာ သမ္မာမဂ္ဂင်လမ်း လိုက်ဆိုတာကွ၊ လက်ဝဲရှောင်ဆိုတာ မိစ္ဆာမဂ္ဂင် မလိုက်နဲ့ ဆိုတာကွ ဆိုတော့ ဒိဋ္ဌိဝိစိကိစ္ဆာ ဒီမှာဖြုတ်ပစ်ခဲ့တယ် (တင်ပါ ဘုရား)။

ဒိဋ္ဌိဖြုတ်တော့သောတာပန်တည်တယ်

ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တော့ သောတာပန် တည်ပါတယ် ကွာတဲ့၊ တည်ပင်တည်ငြား သော်လည်း ညွန်အိုင်ကြီးကျတော့ ရုန်းနိုင်ခဲတယ်၊ ငါးပါးအာရုံကာမဂုဏ် ကျတော့လေ မရုန်းနိုင် ဘူးတဲ့၊ ဒီမှာ တစ်ခါတည်း၊ အဲဒီ မရုန်းနိုင်လို့ရှိရင် ဒီညွန်အိုင် ကြီး ဆိုတာကလည်း ငါးလိပ် မကန်းတွေက တစ်ခါတည်း ကျတဲ့ ပုဂ္ဂိုလ် အကုန်စားတာကွ (မှန်ပါ ဘုရား)။

အဲဒါကြောင့် ငါဘုရားဟောပါတယ်တဲ့၊ သာယာတာက နည်းနည်း ဒုက္ခပွားတာက ကြီးကျယ်တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာယာတာတော့ (နည်းနည်းပါ ဘုရား)၊ ဒုက္ခ ကြီးကျယ်တာက (များများပါ ဘုရား)၊ သာယာတာ တွေက နည်းပါတယ်၊ ဒုက္ခကတော့ အလွန်ကြီးကျယ်တယ်ကွာတဲ့၊ အဲဒါကြောင့် ဒါကို လည်းကျော်ပါ၊ ဒါကိုလည်းကျော်ပါတဲ့။

ကျော်သွားတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ခုနင်က အိုခြင်း ဆိုးနဲ့တွေ့တဲ့အခါ သားသမီးက ဖြုန်းတာနဲ့ ဆိုတာ ကြုံလိမ့်ဦး မယ်ကွ၊ ဒေါသဖြစ်စရာပါဦးမယ် ပြောတာ (တင်ပါ ဘုရား)။

ဒီချောက်ကိုကျော်ရဦးမှာ

အမေ အဖေက အိုခြင်းဆိုး ဖြစ်ကုန်ကြပြီ၊ အခါက လည်းမဟုတ်၊ ကိုယ်ကလည်း အသက်က ကြီးလို့ အိုခြင်းဆိုးက လည်းဖြစ်ကာ နုံချာတုန်း အချိန်မှာ၊ သားသမီးတွေက လူလား မြောက်ပြီး သကာလ ၊ အသုံးအစွဲကလည်း ကြီးလာလို့ရှိရင် ပေးချင်တဲ့ စေတနာကလည်း မစွန့်နိုင်သေး၊ အဲဒီလူ ဒေါမနဿ ဖြစ်နိုင်သေးတယ်ကွ၊ ဒီကောင် ဂျီကျ နိုင်သေးတယ်၊ ဒီချောက်ကို ကျော်ရဦးမှာကွ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မင်းလူမထွက်နဲ့၊ အလုပ်စဉ်အတိုင်းလုပ်

ဒါလာလိမ့်မယ်ကွ၊ အဲဒါကျော်နိုင်မှ မွေ့လျော်ဖွယ် ကောင်းတဲ့မြေပြင် ရောက်မယ်၊ တိဿ မင်းလူမထွက်နဲ့၊ လူ မထွက်နဲ့ ဒီအတိုင်း မင်းကျော်ပြီး ဒီအလုပ်စဉ်အတိုင်း လုပ်သွား ကြရမယ် (တင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း – ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။