၁။ ကြံတုန်းစည်တုန်းမှာ အသစ်ကံ ညကျတော့အဟောင်းကံ
၂။ မိန်းမမြတ်ဖြစ်ချင်လို့ရှိရင် ဒီ(၇) ချက် နားလည်ရပါ့မယ်
တရားနှစ်ပုဒ်ပါဝင်ပါသည်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ
ဤတရားတော်သည် မန္တလေးမြို့ ဦးချစ်ဆွေ၊ ဒေါ်မမတို့ နှစ်ဦးအား နံနက်တိုင်း သီးခြား ဆုံးမ ဟောကြားခဲ့သော နာရီဝက် တရားတော် ဖြစ်ပါသည်။ မိုးကုတ်ဆရာတော်ဘုရားသည် ကံနှင့် ပတ်သက်၍ အသေးစိပ် ဟောကြားတော်မူထားပါသည်။
အဟောင်းကံ၊ အသစ်ကံ၊ ကံချုပ်တဲ့နေရာဌာန၊ ကံချုပ် အောင် ကျင့်ရတဲ့အကျင့်ဆိုပြီး (၄)မျိုး ခွဲ၍ ရှင်းပြပေးထားပါ သည်။ ထို့ပြင် “ဒီတရားမျိုးကကြားဖူးဖို့ အတော်ခဲယဉ်းတယ်၊ ကြားဖူးမှလည်း နိဗ္ဗာန်ရောက်မယ်” ဟု ဆုံးမထားပါသည်။
“မင်းတို့က ကံဆက်ချင်တယ်၊ ဘုရားက ကံဖြတ်တဲ့ အလုပ်လုပ်မှ နိဗ္ဗာန်ရောက်မယ်။ မင်းတို့ လုပ်ရပ်တွေ မလုပ်စေ ချင်လို့ ဆရာသမားက ပြောနေတာမဟုတ်ဘူး။ ကံချုပ်တဲ့အလုပ်ကို မလုပ်သ၍၊ သူ့အကျိုးပေးက ဒုက္ခသစ္စာချည်း ဆက်နေမှာပါ – ပဲလို့ မှတ်လိုက်စမ်းပါ” ဟု ရင်းရင်းနှီးနှီး ဆုံးမထားပါသည်။
“မင်းတို့ကို မလှူရဘူး၊ မပေးကမ်းရဘူးလို့ ဘုန်းကြီးက မဟောဘူး၊ ဝိပဿနာ အုပ်ချုပ်ပြီးလှူပါ၊ ကံကနောက်မှာ နေရစ် တယ်၊ ဉာဏ်က နိဗ္ဗာန်ပို့တယ်” ဟု ထပ်၍ ဟောထားပါသေး သည်။ ဗုဒ္ဓဘာသာဝင်တိုင်း၊ သိသင့် သိထိုက်သော တရားတော် ဖြစ်ပါသည်။
ဤတရားတော်များသည် နာရီဝက်ဟောများ ဖြစ်သဖြင့် နှစ်ပုဒ်ပေါင်းပြီး ရိုက်နှိပ်ထားရာ “ယောက်ျားမြတ် မိန်းမမြတ်ဖြစ် ချင်လို့ရှိရင် သိရမည့် ဝေဒနာရှုနည်း” တရားတော်ကို ထည့်ထား ပါသည်။
ငါးနှင့်ငါးမျှားချိပ် ဥပမာဖြင့် ဝေဒနာသုံးမျိုးကို နှိုင်းယှဉ် ပြုပြီး၊ ဝေဒနာမှ ထွက်မြောက်အောင် လုပ်ဖို့ ဟောပြတော်မူထား ရာ၊ လူနည်းစုကို ဟောသော တရားတော်များဖြစ်၍ အပိုမပါဘဲ အထူး ကောင်းမွန်လှပါသည်။
“ကြံတုန်းစည်တုန်းမှာ အသစ်ကံ၊ ညကျတော့ အဟောင်းကံ” တရားတော်သည် မိုးကုတ်ဆရာတော် ဘုရားကြီး (၁၅-၃-၆၂) ရက်နေ့တွင် မန္တလေးမြို့၌ ဟောကြားခဲ့သော တရားတော်ဖြစ်ပြီး “မိန်းမမြတ်ဖြစ်ချင်လို့ရှိရင်၊ ဒီ (၇)ချက် နားလည်ရပါမယ်” တရားတော်သည် (၂၅-၁၂-၆၀) ရက်နေ့က အမရပူရမြို့၌ ဟောကြားခဲ့သောတရားတော်ဖြစ်ပါသည်။
သူတော်ကောင်းရတနာ (၇)ပါးပြည့်စုံကြပါစေ။
၁-၁-၂၀၀၂။
အမှုဆောင်အဖွဲ့။
——
၁။ ကြံတုန်းစည်တုန်းမှာ အသစ်ကံ ညကျတော့အဟောင်းကံ
အသံဖိုင်ခေါင်းစဉ်= ကံသစ်ဖြတ်မှနိဗ္ဗာန်ရောက်ပုံအလုပ်ပေး
စာအုပ်ခေါင်းစဉ်= ကြံတုန်းစည်တုန်းမှာ အသစ်ကံ ညကျတော့အဟောင်းကံ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူသော တရားတော်
၁။ ကြံတုန်းစည်တုန်းမှာ အသစ်ကံ ညကျတော့အဟောင်းကံ
ဟောကြားသည့်နေ့
(၁၅-၃-၆၂)
မနေ့က တရားဆုံးသွားတော့ ဒီနေ့တရားတစ်ပုဒ် စပြီလို့ အောက်မေ့ရမယ်နော် (တင်ပါ့ ဘုရား)၊ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းတို့ကွာတဲ့ အသစ်ဖြစ်တဲ့ကံ၊ အဟောင်းဖြစ်တဲ့ကံ၊ ကံကိုချုပ်စေတာ၊ ကံကို ချုပ်စေတဲ့အကျင့် ရယ်လို့ ကံကို လေးမျိုးရှိတယ်လို့ မင်းတို့မှတ်ထားရမယ်။
၁။ အဟောင်းဖြစ်တဲ့ကံတစ်မျိုး
၂။ အသစ်ဖြစ်တဲ့ကံတစ်မျိုး
၃။ အဲဒီကံချုပ်တဲ့နေရာဌာနက တစ်မျိုး
၄။ ချုပ်အောင်ကျင့်ရတဲ့အကျင့်ကတစ်မျိုး လေးမျိုး ရှိတယ်လို့ မှတ်ထားရမယ်။
ပြန်ပြောပါဦးမယ် အဟောင်းကံတစ်မျိုး၊ အသစ်ကံတစ် မျိုး၊ ၎င်းကံချုပ်ရာဌာနတစ်မျိုး၊ ၎င်းကံချုပ်အောင် ကျင့်ရတဲ့ အကျင့်ကတစ်မျိုး၊ အားလုံး လေးမျိုးရှိတယ်။
လေးမျိုးရှိတော့ ဒါအလုပ်တရားဆိုတဲ့ဥစ္စာ၊ ဘယ်နေရာ မှ တရားဟာ အလုပ်ကင်းတယ်လို့ မရှိဘူး။ ကိုယ်က မသွင်း တတ်လို့သာ အဟောတရား ဖြစ်နေတယ်လို့ မှတ်ရမယ်နော် (တင်ပါ ဘုရား)။ အလုပ်ကတော့ သွင်းတတ်ရတယ်။
၁။ အဟောင်းကံဆိုတာ
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာတဲ့ ငါရှင်းပြမယ်၊ ဟာ အဟောင်းကံဆိုတာက မင်းတို့ မျက်စိ၊ နား၊ နှာခေါင်း၊ ကိုယ်၊ စိတ်တွေဟာ ဒါအဟောင်းကံပဲကွတဲ့ အဟောင်းကံက လုပ်ထားတာတွေပဲ။
မျက်စိတို့၊ နားတို့၊ နှာခေါင်းတို့၊ လျှာတို့၊ ကိုယ်တို့ ပြီး တော့ အမြဲတမ်းရှိတဲ့ ဘဝင်စိတ်တို့ ပေါ့ကွာ၊ အဲဒါတွေက အဟောင်းကံက လုပ်ထားတာတွေ (တင်ပါ ဘုရား)၊ အဲဒါ အဟောင်းကံလို့ပဲ မှတ်လိုက်ပါတော့၊ အကြောင်းယူပြီး အကျိုး တင်စားပြီး၊ အဟောင်းကံလို့မှတ်ထားပါ။
ဆိုတော့ အခုတရားနာနေကြတာ ဘာတွေများနာနေ ကြပါလိမ့်မတုံးဆိုတော့၊ မျက်စိကလည်း ဆရာသမားကြည့်လျက် ကြားတတ်တဲ့ နားကလည်း ထောင်လျက်၊ ကိုယ်ကလည်း ထိုင် လျက် ဆိုသလို စိတ်ကလည်း ဘဝင်စိတ်တွေက ဆက်ပေးနေလို့ အသက်ကရှည်နေတာကို။
အဲဒါကြောင့် အဟောင်းတွေနဲ့ တရားနာနေကြတာ (တင်ပါ ဘုရား)။ အဟောင်းကံတွေနဲ့ တရားနာနေကြတာ၊ အဟောင်းကံပြုလုပ်ထားတဲ့အကျိုးတရားတွေပေါ့ကွာ (မှန်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် အဟောင်းကံက ပြုထားတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အဲဒါ အဟောင်းကံကပြုလုပ် ထားတဲ့အတွက် အဟောင်းကံလို့ ငါဘုရားက ဟောလိုက်ပါ တယ်ဆိုတော့ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
၂။ အသစ်ကံဆိုတာ
အသစ်ကံဆိုတာ ပြောစမ်းပါဆိုတော့ကွာတဲ့၊ အသစ်ကံ ဆိုတာ အခုမှဖြစ်ပေါ်လာတဲ့ကံ၊ ပြောလိုက်ရမယ်၊ ဆိုလိုက်ရမယ်ဆိုတဲ့ ကိုယ်ကဖြင့် သွားလိုက်မယ်ဆိုတဲ့ ကာယကံ၊ ပြော လိုက်၊ ဆိုလိုက်မယ်ဆိုတဲ့ ဝစီကံ၊ စိတ်ထဲက ကြံစည်တွေးတော နေတဲ့ အခုမှ သားကိစ္စ၊ သမီးကိစ္စ၊ ရောင်းရေးဝယ်ရေးကိစ္စတွေ တွေးတောနေတဲ့ မနောကံ၊ ဒီကာယကံ၊ ဝစီကံ၊ မနောကံတွေ က ဒီဘဝမှာ ပေါ်တာတဲ့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဟိုဘဝက ပါတာ မဟုတ်ပါဘူးကွတဲ့၊ ဒီကနေ ပွဲရုံသွား ပွဲရုံကနေ ပြန်လာခဲ့၊ မိမိရဲ့ ကိုယ်ကြီး လှုပ်လှုပ်နဲ့ ဆိုတော့ ဒီ ကာယကံတွေ၊ ဝစီကံတွေ ပြောလား ဆိုလားနဲ့ အခုတွေ့မှ ကြုံမှ
ပြောတဲ့ ဝစီကံတွေ၊ ဒါတွေဟာ အတိတ်က ပါတာ မဟုတ်ပါဘူး ကွတဲ့ (တင်ပါ ဘုရား)။
မနောထဲမှာ အဲဒီစိတ်တွေကများနေတယ်၊ ဘယ်လို ထုပ်ရပါ့မတုံး၊ ဘယ်လိုရောင်းရပါမတုံး အစရှိသည်နဲ့ ကြံလုံး ထုတ်နေတာ (မှန်ပါ ဘုရား)။ ဘယ်လိုထားရ သိုရပါ့မတုံးဆိုတဲ့ ကြံလုံးထုတ် နေတာကတော့ အတိတ်နဲ့မဆိုင်ဘူးတဲ့၊ ဒါ ကံသစ်တွေ (တင်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကံသစ် ကံဟောင်း ပေါင်းပြီး ရုပ် နာမ်ဖြစ်နေ
ဒါဖြင့် အခု ဒကာ ဒကာမတွေ နေကြ ထိုင်ကြတာဟာ ကံဟောင်းလည်း မကင်းဘူး၊ ကံသစ်လည်း မကင်းဘူး၊ ကံဟောင်းကလည်းရှိလျက်ပဲ လုပ်ထားတဲ့တရားတွေ၊ ကံသစ် ကလည်း မကြာ မကြာပေါ်လျက်ပဲ။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာတဲ့ အသစ်ဖြစ်တဲ့ ကံရော၊ အဟောင်းဖြစ်တဲ့ကံရော၊ အသစ်ဖြစ်တဲ့ကံရော၊ အဟောင်း ဖြစ်တဲ့ကံရော နှစ်ခုလုံးပေါင်းပြီးသကာလ ရုပ်နာမ်ဓမ္မဖြစ်နေတာ ပဲဆိုတာတော့ မလွဲတော့ဘူး။
အဟောင်းဖြစ်တဲ့ကံတွေကလည်း ပါခဲ့တယ်နော် (တင်ပါ ဘုရား)။ အသစ်ဖြစ်တဲ့ ကံတွေကလည်း ယခုမှ အား ထုတ်တာတွေကလည်းရှိလျက်ပဲ (တင်ပါ ဘုရား)။ ဒီကံတွေနဲ့ ဒကာ ဒကာမတွေ အသက်ရှင်နေတယ်ဆိုရင် လွဲပါ့မလား (မလွဲ ပါဘူး ဘုရား)။
ကြံစည်တုန်းမှာ အသစ်ကံနဲ့အသက်ရှင်နေ
ကြံရင်း စည်ရင်း အသက်ရှင်နေတာကျတော့ အသစ် ဖြစ်တဲ့ ကံတွေနဲ့ အသက်ရှင်နေတယ် (တင်ပါ့ ဘုရား)။
ကိုယ် လှုပ်လှုပ်ရွရွနဲ့ သွားရင်း လာရင်း အသက်ရှင်နေ တာကျတော့ ကာယကံနဲ့ အသက်ရှင် နေတာကိုကွ (မှန်ပါ ဘုရား)။
ပြောရင်း ဆိုရင်း အသက်ရှင်နေတာတော့ ဝစီကံနဲ့ ရှင် နေတာ (တင်ပါ ဘုရား)။
ညကျတော့အကောင်းကံနဲ့ အသက်ရှင်နေ
ဒီ ကာယကံ၊ ဝစီကံ၊ မနောကံ အကုန်ချုပ်ပြီး ညကျတော့ ရှူလိုက် ရှိုက်လိုက် ဒီလို အသက်ရှင် နေတာကတော့ အတိတ်ကံ နဲ့ ရှင်နေတာ သဘောပါပလား (သဘောပါပြီ ဘုရား)။
ဒါဖြင့် ဪ ကံပေါင်းစုံကြီးပါလားလို့ ပြောလို့ရှိရင် မလွဲ ပါဘူး (မလွဲပါဘူး ဘုရား) အတိတ်ကံ တွေနဲ့ ပစ္စုပ္ပန်ကံတွေနဲ့ စုပြီးသကာလ အသက်ရှင်နေကြတာပဲ ဆိုလို့ရှိရင်ဖြင့် ဟုတ်ပါပေ တယ်၊ မှန်ပါပေတယ်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါတယ် ဘုရား)။
၃။ ကံတို့၏ချုပ်ရာဌာန
အဲတော့ ကွာတဲ့ ကံတို့၏ ချုပ်ရာဌာနဆိုတဲ့ဥစ္စာက မှတ်ထားလိုက်စမ်းပါတဲ့၊ ဒီပစ္စုပ္ပန်ကံတွေ ယခုကာယကံ၊ ဝစီကံ၊ မနောကံတွေ မချုပ်သ၍၊ ကံတို့၏ ချုပ်ရာဌာနဆိုတဲ့ နိဗ္ဗာန်ဟာ မဖြစ်ဘူးကွတဲ့၊ ဒီကံတွေ မချုပ်ရင် မရဘူးတဲ့။
ပစ္စုပ္ပန်ကံတွေ၊ ပစ္စုပ္ပန်ကာယကံမချုပ်ရင် မရဘူး၊ ကာယကံကလည်း အကျိုးပေးဦးမှာကို ဝစီကံကကော (အကျိုး ပေးဦးမှာပါ ဘုရား)။
မနောကံကလည်း အကျိုးပေးဦးမှာဖြစ်နေတော့ ဒီကံ မချုပ်လို့ရှိရင် မင်းတို့နိဗ္ဗာန်ဆိုတာ ဝေးပါသေးရဲ့ ကံကအကျိုး ပေးပစ်လိုက်လို့ရှိရင် ရုပ်နာမ်တွေ ပေါ်နေလိမ့်ဦးမယ်ဆိုတာ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီကံတွေ အစ်မတို့ ယခုဘဝကံတွေ မချုပ်တော့ပါဘူး။ ကုသိုလ်လုပ်တဲ့ကံတွေလည်းမချုပ်၊ အကုသိုလ်လုပ်ထားတဲ့ ကံတွေလည်း အစ်မတို့ ချုပ်အောင်မလုပ်ကြတော့ဘူးဆိုလို့ရှိ ရင်ဖြင့် အကျိုးပေးဒုက္ခသစ္စာကြီး လာဦးမှာပဲ(လာမှာပါ ဘုရား)။
ကမ္မံ ဝိပါကဿ ဆိုတဲ့ အတိုင်း ကမ္မံ = ကံသည်၊ ဝိပါကဿ= အကျိုးပေးအား၊ “ကမ္မပစ္စယေန =ကမ္မပစ္စယ သတ္တိဖြင့်၊ ပစ္စယော- ဥပကာရကော =ကျေးဇူးပြုတတ်သည်၊ ဟောတိ-ဖြစ်၏’’
ဆိုပြီး ကမ္မပစ္စယောကို ဘုရားကဟောတဲ့ အတွက်၊ ဒီကံတွေက တစ်နေ့ မိုးလင်းလာလို့ရှိရင်ပဲ ဘယ်သူ မထသေးဘူးလား ဆိုလို့ ရှိရင် ဝစီကံလာပြီ (လာပါတယ် ဘုရား)။
ဘယ်သူ ဘာယူလိုက်စမ်းဆိုရင်လည်း ဝစီကံလာပြီ၊ ကိုယ့်ဟာကိုယ် အလူးအလဲ ထပြန်လို့ ရှိရင်လည်း ကာယကံလာ ပြီ (တင်ပါ ဘုရား)။
ဒီထဲကနေပြီး သကာလ နဖူးပေါ်လက်တင်ပြီး ကြံလုံး တွေးလုံးတွေများ ထုတ်နေတော့ မနောကံလာပြီ (လာပါတယ် ဘုရား)။ ဒီကံတွေ မချုပ်လို့ရှိရင်လည်း ငါ နိဗ္ဗာန်ရလိမ့်မယ်လို့ မဟော နိုင်ဘူး။
ဒီကံတွေကလည်း မှိုလိုပေါက်နေတာ ပစ္စုပ္ပန်ကံတွေက ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒီကံတွေ မချုပ်ရင်လည်း ဘုရားက ကံချုပ်ရာဌာန နိဗ္ဗာန်ဆိုတာ မရောက်နိုင်ဘူး၊ မရနိုင် ဘူး၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ကံချုပ်ရာဌာနသည် နိဗ္ဗာန်
ဪ – ဒါဖြင့် အခု ကံချုပ်ရာဌာနကိုဆိုတာ နိဗ္ဗာန်ကို ဆိုပါတယ် (တင်ပါ ဘုရား)။
ပြန်ပြောလိုက်ပါဦးမယ် အဟောင်းကံက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ အသစ်ကံက ယခုမှ ပေါ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ အဟောင်းကံကတော့ ပြီးပြီးသား အသာထားပါ တော့၊ အသစ်ကံ မချုပ်သ၍ ကာလပတ်လုံးဟာ အသစ်အကျိုး ပေးတွေ၊ အနာဂတ်အကျိုးပေးတွေ လာဦးမှာပဲ (လာမှာပါ ဘုရား)။
အသစ်ကံမချုပ်ရင်နိဗ္ဗာန်မပေါ်ဘူး
အဲဒီကံမချုပ်ရင် နိဗ္ဗာန်မပေါ်ဘူး၊ အသစ်ကံမချုပ်ရင် (နိဗ္ဗာန်မပေါ်ပါဘူး ဘုရား)။ နိဗ္ဗာန် မပေါ်နိုင်ဘူး ဆိုတော့ မင်းတို့ အတွက်ဖြစ်စေ၊ အားလုံးအတွက်ဖြစ်စေ စဉ်းစားလိုက်လို့ရှိရင် ပစ္စုပ္ပန် ကံတွေကလည်း ပေါ်လိုက်တဲ့ဖြစ်ခြင်း မှိုပေါက်နေတယ်။
မင်းတို့က အလှူကြီးပေးမှ အောက်မေ့နေတာကို ကိုယ် လုပ်တာလည်း ကာယကံပဲ (မှန်ပါ)၊ ပါးစပ်က အသံထွက်လိုက် တာကော ဝစီကံ၊ စိတ်ထဲကအကြံအစည်ထုတ်လိုက်တာကော (မနောကံပါ ဘုရား)။
ဘယ်သူ့ဘယ်လိုပြောမှ တော်မယ်၊ ဘယ်သူ့ ဘယ်လို ဆိုမယ်ဆိုတဲ့ ကြံလုံးတွေကကော (မနောကံပါ ဘုရား)။ မနောကံ (တင်ပါ ဘုရား)။
ကံတွေကနောက်ရုပ်နာမ်ကျေးဇူးပြုတယ်
အင်း ဒီကံတွေကလည်း ကမ္မံ ဝိပါကဿ လာဦးမှာပဲကွ ကမ္မံ=ကံသည်၊ ဝိပါကဿ= နောက်ရုပ်နာမ်အား၊ ကမ္မပစ္စယေန= ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော= သူက ကျေးဇူးပြု သည်၊ ဟောတိ- ဖြစ်၏လို့ဆိုတော့ မောင်ချစ်ဆွေ ဒီကံမချုပ်ရင် လည်း ခက်တယ် (ခက်ပါတယ် ဘုရား)။
ဒီကံမသိလို့ ဒကာ ဒကာမတွေကလည်း ခက်လိုက်တာ ဘယ်လိုခက်နေသတုံးဆိုလို့ရှိရင်ဖြင့် ကံဆက်ဦးမှ တော်မယ် (တင်ပါ ဘုရား)။
မသိတဲ့ ဒကာ ဒကာမတွေက မင်းတို့မွေးနေ့ကျလို့ရှိ ရင်ဖြင့်၊ ဆွမ်းလေးကျွေးလို့ ကွမ်းလေး လှူလို့ ဒါဘာလုပ်တာတုံး ကံဆက်တာဘုရား၊ ဘုရားက ကံမချုပ် နိဗ္ဗာန် မရောက်ဘူး၊ ဒီကလည်း ကံဆက်သမားနဲ့ ဘာလုပ်ကြတာတုံး မေးဖို့လိုလာတယ် မလိုဘူးလား (လိုပါတယ် ဘုရား)။
မင်းတို့ကကံဆက်ချင်တယ်
ဘုရားက ကံချုပ်ရာဌာန နိဗ္ဗာန် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) မင်းတို့က ဘာဖြစ်ချင်သတုံးလို့ မေးတော့ ကံဆက်ချင်တယ်၊ ကံဆက်ချင်ရင်တော့ ဒုက္ခသစ္စာ အကျိုးက ဘယ့်နှယ်တုံး (ပေးမှာပါ ဘုရား)။ ပေးမှာပဲဆိုတော့ ဒီတရားဟာ အဟောလည်းခက်ပါတယ်၊ မျက်စိလည်း အင်မတန် လည်ကြတယ်ဆိုရင်ဖြင့် ငြင်းစရာမရှိတော့ဘူးကွ၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ပစ္စုပ္ပန်ကံတွေ မကျေနပ်လို့ ကံဇာတာတွေများ ဘယ်တော့ပေါ်ပါ့မလဲ၊ အောင်မယ် အတိတ်ကံတွေများ တောင် မျှော်လိုက်သေးတယ် မျှော်သေးတယ် (တင်ပါ ဘုရား)။
ပစ္စုပ္ပန်ကံနဲ့လည်းဆက်လိုက်တယ်၊ အတိတ်ကံတွေ လည်း မျှော်လိုက်သေးတယ်ဆိုတော့၊ ဪ ကံတို့၏ ချုပ်ရာဌာန နိဗ္ဗာန်နဲ့ဖြင့် ဒီဒကာ ဒကာမတွေ စိတ်ကူးစိတ်သန်း နဲ့ဖြင့် ခြားနားလှ ချည်လားလို့ပဲ အပြစ်တင်လည်း အတင်ခံရမှာ ပဲ (ခံရမှာပါ ဘုရား)။
ကြားဖူးဖို့ခဲယဉ်းတဲ့တရားတော်
သို့သော် ဒီတရားမျိုးကလည်း တော်တော့နားနဲ့လည်း ကြားဖူးဖို့ကလည်း အတော် ခဲယဉ်း ပါတယ် (ခဲယဉ်းပါတယ် ဘုရား) ကြားဖူးဖို့ အတော်ခဲယဉ်းတယ်၊ ကြားဖူးမှလည်း နိဗ္ဗာန် ရောက်မယ် (တင်ပါ ဘုရား)။
ကံတွေက မချုပ်တော့ဘူး၊ သူ ကံပြတ်တဲ့တရားမလုပ် တော့ဘူးဆိုရင်လည်း စုတိပဋိသန္ဓေ ဆက်နေဦးမှာပဲကွ (မှန်ပါ)၊ ဘယ့်နှယ် ထင်ကြလဲ (စုတိပဋိသန္ဓေဆက်နေမှာပါ ဘုရား)။ ဆက်နေမှာပဲ ဆက်နေတော့ကို ဒုက္ခဆက်တာပဲ (မှန်ပါ)။
ကံချုပ်အောင်မလုပ်တတ်လို့
ဆက်နေတော့ ဘာဖြစ်သွားလို့ ဘာလုပ်မှာတုံးမေးတော့ ဘယ့်နှယ် ဖြေကြမတုံး (ဒုက္ခဆက်တာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခ ဘယ့်နှယ်ကြောင့် ဆက်ပါလိမ့်မတုံးဆိုတော့ ကံချုပ်အောင် မလုပ်တတ်လို့ ဒုက္ခဆက်တာ (တင်ပါ ဘုရား)၊ သဘောပါရဲ့လား (သဘောပါပြီ ဘုရား)။
ကံချုပ်အောင် မလုပ်တတ်တဲ့အတွက် ဘာဖြစ်နေတုံး (ဒုက္ခဆက်တာပါ ဘုရား)၊ ဪ မျက်စိကလည်ပြန်၊ လုပ်ရ မယ့်အလုပ် မလုပ်၊ မလုပ်ရမှာလုပ်ဆိုတာတော့ ယနေ့တရားမှာ ပေါ်လာတယ် (တင်ပါ ဘုရား) ပေါ်လာတယ်ကွတဲ့၊ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကံဖြတ်တဲ့အလုပ်ကိုလုပ်မှ နိဗ္ဗာန်ရမယ်
လုပ်ရမည့်အလုပ်က ကံဖြတ်တဲ့အလုပ်လုပ်မှ နိဗ္ဗာန်ကို ရောက်မယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကံဖြတ်တဲ့အလုပ် လုပ်မှ နိဗ္ဗာန်ရောက်မှာဖြစ်လေတော့ ကံတို့၏ ချုပ်ရာဌာနက နိဗ္ဗာန်ပဲ၊ ကံတို့၏ ချုပ်ရာဌာနက ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)။
အဲတော့ကို ဒကာ ဒကာမတွေက ဒီကံချုပ်သွားမှာကိုပဲ သိပ်စိုးရိမ်ကြတယ်၊ သိပ်ကြောင့် ကြတယ်၊ သိပ်ပူဆွေးကြတယ်။ အကုသိုလ်ကံကျရင် ချုပ်သွားရင် သူတို့ကြိုက်ပါတယ် (ကြိုက် ပါတယ် ဘုရား)၊ ကုသိုလ်ကံကျတော့ ဆက်ချင်တယ်၊ (ဆက်ချင် ပါတယ် ဘုရား)။
ဆက်ချင်တော့ ကုသိုလ်ကံကလည်း ဘာလုပ်မှာတုံး သုဂတိ ရုပ်နာမ်ပေါ်အောင်လုပ်မှာပဲ သုဂတိ ရုပ်နာမ်ကို (ပေါ်အောင်လုပ်မှာပါ ဘုရား) သုဂတိရုပ်နာမ် ဘာသစ္စာတုံးလို့ တစ်ခါ သစ္စာဘက်ကြည့်လိုက်ပြန်တော့ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာကျွတ်မှာ ကြောက်နေတာပဲ (တင်ပါ ဘုရား)။ အဓိပ္ပာယ်က ဒီရောက် သွားတယ် (မှန်ပါ) မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။
သစ္စာမသိတဲ့အဖြစ်ဆိုး
ဪ ဒါဖြင့် ဒကာ ဒကာမတွေ သစ္စာမသိဘူး (မသိပါဘူး ဘုရား) သစ္စာမသိတော့ သစ္စာ မသိတဲ့ အဖြစ်ဆိုးကြီး ပေါ်လာတယ် (တင်ပါ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။
အဲဒါကြောင့် မင်းတို့သည် မင်းတို့လုပ်ရပ်တွေကို မလုပ် စေချင်လို့ ဆရာသမားက ပြောနေတာ မဟုတ်ပါဘူး၊ ကံဆက် နေတဲ့အဖြစ်ဟာ ကိုယ့်အကြိုက်ဖြစ်နေလို့ ဪ ကမ္မနိရောဓ ဖြစ်မှ နိဗ္ဗာန်ကိုးကွ (မှန်ပါ) ကံချုပ်မှ နိဗ္ဗာန်ရောက်မယ် (တင်ပါ ဘုရား)။
ကံချုပ်တဲ့အလုပ်ကို မလုပ်သ၍ ကာလပတ်လုံး သူ အကျိုးပေးဆက်နေမှာပဲ၊ အကျိုးပေးက ဒုက္ခသစ္စာချည်းမှတ် လိုက်စမ်းပါ။ ဘယ်လိုမှတ်ပါလိမ့် (အကျိုးပေးက ဒုက္ခသစ္စာချည်း မှတ်ရမှာပါ ဘုရား)။
အဲဒီတော့ကို ဒီ ဒကာ ဒကာမတွေ အတွက်ဟာတဲ့ ခုဒီတရားကို ဆရာသမားက နပဘူတန သုတ်ဆိုပြီး သကာလ ဘုရားက သဠာယတန သံယုတ်ပါဠိတော်မှာဟောလို့ သေသေ ချာချာ အကွက်ကျကျ ဟောလာတော့ ဪ တို့ဆန့်ကျင်ဘက် လုပ်နေတာ အတော်များပါလား။
တောင်းတာက အနိစ္စ၊ ရချင်တာက နိဗ္ဗာန် ဟုတ်ပလား (မှန်ပါတယ် ဘုရား)၊ တကယ် ဝမ်းထဲက ရချင်တာကတော့ဖြင့် လုပ်နေတာက ဒုက္ခသစ္စာရတယ်၊ ရချင်တာက နိဗ္ဗာန်၊ ဘယ့်နှယ် ဖြစ်နေကြသတုံး (တစ်မျိုးစီဖြစ်နေတာပါ ဘုရား)၊ အင်း-ပေါ်ပြီ ကွ (ခြားနားပါတယ် ဘုရား) အတော်ခြားနားနေပြီ။
မင်းတို့ တနေ့လုံးက ဘာလုပ်တာတုံးမေးလို့ရှိရင် ကံဆက်တာပဲ အစ်မ ဘာလုပ်ပြန်တုံး (ကံဆက်တယ် ဘုရား) ဟုတ်လား (တင်ပါ ဘုရား)။
ဒီကံတွေကုန်မှ နိဗ္ဗာန်
ဒီကံတွေကုန်မှ နိဗ္ဗာန်ကပေါ်မှာ၊ မင်းတို့ကလည်း ဆက် ပြီးသကာလ နေပြန်ပါတယ်ဆိုတော့ အို-ကုသိုလ်ရတာပေါ့။ ရတော့ရတယ် ကုသိုလ်မရဘူးလို့ ဆရာသမားကလည်း မဟော ပါဘူး၊ ဘုရားကလည်း မဟောပါဘူး။
သို့သော် ကမ္မံ ဝိပါကဿ ဆိုတဲ့အတိုင်း အကျိုးပေးဒုက္ခ သစ္စာကြီးက လာဦးမှာပဲကွ၊ နိဗ္ဗာန်တော့ မရနိုင်ဘူးကွ ဒါဟော ရဦးမယ် (တင်ပါ ဘုရား) ဟောရမယ် ရှင်းပလား (ရှင်းပါပြီး ဘုရား)။
အဲဒါ ဒီတရားမျိုးကို လည်လည်ဝယ်ဝယ် မနာရလို့ အကြောင်းအကျိုးကို မသိကြတော့ဘူး ဆိုရင်ဖြင့် နိဗ္ဗာန်ရောက် မယ့်လူ အစ်မ တစ်ယောက်မှ မရှိဘူး (တင်ပါ ဘုရား) မပါဘူး (မပါပါဘူး ဘုရား)။
သေချာစဉ်းစားမှ နဝဘူတနကိုဟောမှ နဝက အသစ်၊ ဘူတနက အဟောင်းကိုကွ (မှန်ပါ)။ ကမ္မနဝဘူတနသုတ်ဆိုပြီး သကာလ နဝဘူတနသုတ်ဆိုပြီး ဘုရားက သဠာယတန သံယုတ်မှာ ဟောတယ်။
နိဗ္ဗာန်ကတော့ကံချုပ်မှရမယ်
ကံချုပ်ရာဌာနမှ နိဗ္ဗာန်ကို (တင်ပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာ ဘာတဲ့တုံး (ကံချုပ်ရာဌာနမှ နိဗ္ဗာန်ပါ ဘုရား)၊ ကံချုပ်ရာဌာနမှ နိဗ္ဗာန် ကံကလိုက်နေလို့ရှိရင် ကံကုန်ရင် ဟိုက အကျိုးပေး ကုန်လိမ့်မယ်။
ကံလိုက်လို့ရှိရင် နိဗ္ဗာန်က ပျက်လိမ့်မယ်၊ မပျက်ပေဘူး လား (ပျက်ပါတယ် ဘုရား)၊ ကံကြောင့် ဆောက်ထားတဲ့ နတ်ဘုံ ကြီးက ကံကုန်တော့ ဘုံပါပျောက်တယ် (တင်ပါ ဘုရား)၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ဉာဏ်အမိ၊ ဉာဏ်အဖ
အဲဒါတွေ လျှောက်ကြည့်တော့ ဪ ဒါကြောင့် ဆရာဘုန်းကြီးကတစ်ခါ တစ်ခါကျတော့ အရင်းကျကျပြော တယ်၊ မင်းတို့ ဉာဏ်အမိ ဉာဏ်အဖ မလုပ်ပဲနဲ့ ကံအမိ ကံအဖ အားကိုးနေတဲ့ အတွက် ဒုက္ခပင်လယ် ဝေနေတာကွ ဒီစကား သုံးတယ်၊ ဒါတော်တော်နက်တဲ့စကား။
မင်းတို့ ဆရာသမားတွေကလည်း ကံအမိ ကံအဖပဲ အားကိုးကြပြောနေတယ် (တင်ပါ ဘုရား)၊ ဒီကံမချုပ်သ၍ ကာလ ပတ်လုံးလည်း နိဗ္ဗာန်က (မရပါဘူး)၊ ဒီအမိ အဖနဲ့နေသ၍ ကာလပတ်လုံး လည်း ဒီသားသမီးဟာ ဒုက္ခပဲရောက်မှာပဲ၊ သဘော ပါပလား (သဘောပါပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
အစ်မ ဒီဥစ္စာမလွယ်ဘူးနော် (တင်ပါ)၊ မလွယ်ဘူးကွ ဒီဥစ္စာ (တင်ပါ ဘုရား) လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား) ကိုယ့်အကြိုက်နဲ့ကိုယ်မကိုက်တာ (တင်ပါ ဘုရား)၊ ဘယ့်နှယ် နေကြတုံး (မိမိအကြိုက်နဲ့ကို မကိုက်ပါဘူး)၊ မိမိအကြိုက်နဲ့ကို မကိုက်ဘဲဖြစ်ပြီး သကာလ နေတယ်။
ဒီကလည်း ကံကလေးများကုန်သွားရင် ဪ ကံကုန်သွားလို့သနားလိုက်တာ ဒီလိုသုံးတာ ကိုကွ (တင်ပါ) ကံကုန်သွားရှာတယ်၊ ကျုပ်ဖြင့်နေစေချင်သေးတယ်၊ ဒါကိုယ်ချင်း စာပြီဆိုတော့ ကိုယ့်အပေါ်ရောက်လာတာပဲ (မှန်ပါ ဘုရား)၊ ကိုယ်ချင်းစာတဲ့အတိုင်း ကိုယ်ကလည်း ကံကုန်မှာ ကြောက်နေတာပဲ (တင်ပါ ဘုရား)၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။
မင်းက ကြားကနေပြီးသကာလ ဘာမှ နားမလည်တဲ့ လူကျတော့ အစ်မကပြောလိုက် သေးတယ်၊ ကံကုန်သွားလို့ သနားလိုက်တာ၊ တို့ကလည်း သနားတာပေါ့ကွာ တားမရလို့ပေါ့ (မှန်ပါ)။
ဘာဖြစ်ဖြစ်ကံဆက်ပဲ ကျပြန်ရော (တင်ပါ)၊ ထောက်ခံ ချက်ပေးတဲ့လူကလည်း ဒီအသွားပဲ ဟုတ်ဘူးလား (တင်ပါ ဘုရား)၊ ဟိုက နှမျောတဲ့ ပုဂ္ဂိုလ်ကကော (ဒီအသွားပဲ ဘုရား)၊ ဒီအသွားချည်းပဲ (တင်ပါ ဘုရား)။
သစ္စာမသိရင်၊ ဒီတရားနားမလည်ဘူး
ဘုရားကလည်း ကမ္မနိရောဓမှ နိဗ္ဗာန်ကိုကွ၊ ဒီကံတွေ ချုပ်မှ နိဗ္ဗာန်ကို (တင်ပါ ဘုရား)၊ ဒီကံတွေမချုပ်လို့ သူကအကျိုး ပေးနေမယ်ဆို ဒုက္ခကွ၊ဒါက သစ္စာနားလည်မှ ဒီဥစ္စာက သဘော ပါတာ၊ သစ္စာနားမလည်လို့ရှိရင်ဖြင့် (သဘောမပါနိုင်ဘူး ဘုရား) မပါနိုင်ဘူး။
ကဲ အစ်မ ဘယ်လောက်ခက်တုံး ဆိုတာ သေချာစဉ်းစား မှကွ သေချာစဉ်းစားမှနော် (တင်ပါ)၊ ပြီးတော့ မင်းတို့ ရှေးတုန်းက မှတ်သားနာယူပြီးထားတာတွေကလည်း ဒီလောက် နက်တာကို မသိတော့ ဟောတဲ့ပုဂ္ဂိုလ်ကလည်း မသိရှာဘူး၊ နာတဲ့ပုဂ္ဂိုလ် ကလည်း ရမ်းယုံလိုက်တယ် (တင်ပါ ဘုရား)။
မင်းတို့ ကံအမိ ကံအဖဆိုတာကွာ ကြည့်ပါလားကွ ပါဠိတော်ရှိတယ် ဆိုပြီးသကာလရှိတဲ့ ပါဠိတော်လည်း ရှိတာပေါ့ နိဗ္ဗာန်ရောက် မရောက် ဆိုတာကို သစ္စာနဲ့ ဝေဖန်ရဦးမှာကိုကွ (မှန်ပါ ဘုရား) မဝေဖန်ရပေဘူးလား (ဝေဖန်ရမှာပါ ဘုရား)။
တရားနာ မှားလည်း၊ ဒုက္ခရောက်တယ်
ဝေဖန်တဲ့အခါကျတော့ ကံက အကျိုးပေးတွေဘက် လှည့်လာတယ် (မှန်ပါ) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အကျိုးပေးဆိုတော့ ရုပ်နာမ် ပေါ်လာတယ် (မှန်ပါ)။
ရုပ်နာမ်ပေါ်လည်း ဒုက္ခသစ္စာပဲ (တင်ပါ ဘုရား)၊ မဆို နိုင်ဘူးလား၊ ဆိုနိုင်ပါတယ်၊ အဲဒီ လောက်မှာ ကျမ်းတွေ အမျိုး မျိုး အဖုံဖုံ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားတာရှိ တော့၊ တကယ် အလိုကျကို ကိုယ့်ဉာဏ်ဝ မဆိုက်တော့ သိသ လောက်ကလေး ပြောနေတာ၊ အစ်မ ကြောက်စရာ မကောင်းဘူး လား (ကောင်းပါတယ် ဘုရား)။
တရားဟောမှားလို့လည်း ဒုက္ခရောက်ခြင်းကိုကွ၊ တရား နာမှားလို့လည်း (ဒုက္ခရောက်ခြင်းပါ ဘုရား)၊ ဒါတွေ ဖြစ်နိုင်တယ် (တင်ပါ ဘုရား)၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)၊ မပေါ် သေးဘူးလား ဒီသုတ် (ပေါ်ပါတယ် ဘုရား) နဝဘူတနသုတ်ကွ။
ဒါဖြင့် လေးမျိုးလို့ ပထမဘုရားကဟောခဲ့တယ်။ အဟောင်းကံတစ်မျိုးကွ၊ အသစ်ကံတစ်မျိုး၊ ကံချုပ်ရာဌာနတစ် မျိုး၊ ကံချုပ်ရာချုပ်ကြောင်း အကျင့်တစ်မျိုး (တင်ပါ ဘုရား)။ သဘောပါပလား (ပါပါပြီ ဘုရား)။
၄။ ကံချုပ်ရာအကျင့်ဆိုတာ
ကံချုပ်ရာ အကျင့်ဆိုတာကတော့ကိုတဲ့၊ အခုဘုန်းကြီး များ နေ့တိုင်း ညွှန်ကြားဆုံးမနေတဲ့ အဟောင်းကံတွေကို အဟောင်းကံက လုပ်ထားတဲ့ စက္ခု၊ သောတ၊ ကာယ၊ မနတွေပေါ့ ကွာ (တင်ပါ ဘုရား)။ အဲဒါတွေကို ဖြစ်ပျက်ရှုနေတဲ့အခါကျ တော့ အသစ်ကံတွေ မလာဘူးကွ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တွေ မလာဘူး (တင်ပါ ဘုရား)၊ သဘောကျပလား (သဘော ကျပါပြီ ဘုရား)။
မလာတော့ ဘယ်သူချုပ်သွားတုံး (ကံချုပ်သွားပါတယ် ဘုရား)၊ မဂ်နဲ့ရှုလိုက်တာကို (တင်ပါ)၊
ဒါကြောင့် မဂ်သည် ကံ ဖြတ်တယ်၊ မဂ်က ကံဖြတ်ချလိုက်တာ၊ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊
မလာနိုင်တော့ကိုတဲ့ ကံချုပ်အောင်လုပ်တဲ့အကျင့်ဟာ ဒါပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကံချုပ်အောင်လုပ်တဲ့ အကျင့် ဟာ (မဂ်အကျင့်)၊ ဉာဏ်ကိစ္စပေါ့ကွ အစ်မ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီဉာဏ်ကမှ ကံကိုဖြတ်တာ
ဒါဖြင့် အဲဒီဉာဏ်ကမှ ကံကိုဖြတ်တာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဖြစ်ပျက်ရှုနေတော့ ဖြစ်ပျက်ကို မြင်ပါတယ်၊ ဖြစ်ပျက်မြင်တာက ကံကမြင်တာလား၊ ဉာဏ်ကမြင် တာလား (ဉာဏ်ကမြင်တာပါ ဘုရား)၊ ဉာဏ်ကမြင်တော့ ကံလာ နိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။
မလာနိုင်တော့ သော်ဒီဥစ္စာ ကံချုပ်ရာအကျင့်ပဲဟေ့ (တင်ပါ ဘုရား) ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)၊ ဘာအကျင့်တုံး (ကံချုပ်ရာအကျင့်ပါ ဘုရား)။
ဝိပဿနာရှုကြ မေ့မနေနဲ့
ကံချုပ်ရာအကျင့်ဖြစ်တော့ကို ကံချုပ်ရာနိဗ္ဗာန်မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ အဲဒီတော့ကို ငါဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာကွာတဲ့၊ မင်းတို့တော့ဒါမမေ့နဲ့ ‘‘ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ၊’’ ဒါဒီသုတ်မှာလာတယ် (တင်ပါ ဘုရား)၊ ဝိပဿနာရှုကြ မေ့မနေနဲ့။
သေခါနီးမှ နှလုံးမသာမယာခြင်းရှိလို့ရှိရင် ခက်ကြလိမ့် မယ် (တင်ပါ ဘုရား)၊ သူဖြေတာ ဘဝတွေ ဆက်သွားရင် ခက် လိမ့်မယ်ပြောတာ (တင်ပါ ဘုရား)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဘဝတွေဆက်ရင်ခက်လိမ့်မယ်
ဘဝတွေဆက်ရင် ခက်လိမ့်မယ်ပြောတာ အခုကကြိုး စားကြဆိုပြီး သကာလ ဒီသုတ်မှာ သေချာမှာတာ။
‘‘ဈာယထ ဘိက္ခဝေ မာပမာဒတ္တ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော၊ အဟုဝတ္ထ၊ အယံဝေါ၊ အမှာကံ အနုသာသနီ၊’’ ဒီသုတ်မှာလာတာပဲ ဒီတစ်ပုဒ်ဆို မနည်းဘူးပေါ့ကွ ဒီသုတ်မှာ လည်း အသေအချာ မှာတာပဲ။
အစ်မတို့ မောင်ချစ်ဆွေတို့ နေ့တိုင်း ဘာလုပ်ကြသတုံးလို့ မေးတော့၊ ဒီအလုပ်လုပ်နေတာ ကံချုပ်တဲ့အကျင့် ကျင့်နေတာပါ ဘုရား၊ အို ရောင်းတာကတော့ ဘာတုံး ကံတွေ လုပ်နေ တာဘုရား၊ ကာယကံ၊ ဝစီကံ၊ မနောကံ ဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား)။
ဦးလှဘူးတို့ ဒီလိုလုပ်နေတာပဲပေါ့၊ ကံလုပ်တယ်ဆို၊ သိလောက်ပါပြီ (တင်ပါ ဘုရား)၊ တစ်ခါတလေ လည်း စေတနာလေး ကောင်းတော့ ကုသိုလ်ကံပါမှာပဲ (တင်ပါ ဘုရား)၊ တစ်ခါ တလေ ခတ်ကွေ့ ကွေ့လေး ပြောလိုက်တဲ့ အခါကျတော့ အကုသိုလ်ကံပါမှာပဲ (မှန်ပါ ဘုရား)။
အသစ်ကံတွေ
အဲတော့ ကာယကံနဲ့ မူနေလိုက်တဲ့ အခါပါတယ်ကွ၊ ဝစီကံ နဲ့ ချွဲနေလိုက်တဲ့အခါ ပါတယ်ကွ၊ မနောကံက ဒီကံတွေ မတွေ့လို့ ပြန်ပြန်ထုတ်ထားမယ်ဆိုတာရှိတယ်ကွ (ရှိပါတယ် ဘုရား)၊ အဲဒီ ကံတွေက ဘာတုံးလို့မေးတဲ့အခါ အသစ်ကံတွေ (တင်ပါ ဘုရား)။
သူတို့ချုပ်ရာဌာနကို ပြောစမ်းပါဆိုတော့ နိဗ္ဗာန်၊ သူတို့ ချုပ်အောင်ကျင့်တဲ့အကျင့်ဟာ ဘာတုံးဆိုတော့ ဝိပဿနာ မဂ္ဂင် (တင်ပါ ဘုရား)၊ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။
ဘုန်းကြီးကမလှူရဘူး၊ မပေးရဘူးလို့မဟောဘူး
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီဟာပြောရ တော့၊ ဪ ငါတို့ ရှေးမူကြီးနဲ့ ကိုင်ထားမယ် ဆိုလို့ရှိရင် ဖြင့် ဒီဥစ္စာ အတော့ကို တို့အမှားကျွံနေပါပေါ့လားဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)၊ အမှား ကျွံသွားတယ် (တင်ပါ ဘုရား)၊ မကျွံဘူးလား (ကျွံပါတယ် ဘုရား)၊ အမှားသေချာ ကျွံနေတာဘဲ တဲ့၊ ဒါကြောင့် မင်းတို့ မလှူရဘူး၊ မပေးရဘူး၊ မကမ်းရဘူးလို့ ဆရာဘုန်းကြီးက မဟောဘူး ဝိပဿနာ အုပ်ချုပ်ပါစေ၊ ဝိပဿနာ အုပ်ချုပ်ပါစေ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာအုပ်ချုပ်ပြီးလှူပါ
ဘာတဲ့တုံး (ဝိပဿနာအုပ်ချုပ်ရမယ်ပါ ဘုရား)၊ ဝိပဿနာအုပ်ချုပ်ပြီး လှူလိုက်တဲ့ အခါကျတော့ ကံက နောက်နေရစ်တယ် ဉာဏ်က နိဗ္ဗာန်ပို့တယ် (တင်ပါ ဘုရား)၊ ရှင်းပ (ရှင်းပါပြီ ဘုရား)။
ကံကနောက်ဆုတ်ပြီး သကာလ (ဉာဏ်ကနိဗ္ဗာန်ပို့ပါ တယ်) ဟို သတိပဋ္ဌာန်ပါဠိတော်ကျတော့ ရူပသဉ္စတနာ လောကေ၊ သဒ္ဒသဉ္စတနာလောကေ ဆို ကံတွေဟောတာ၊ ဒီစေတနာလေးတွေ သာယာနေတာလည်း ရှုပစ်ကွ၊ ဝိပဿနာ ရှုပစ်ကွ (တင်ပါ ဘုရား) သတိပဋ္ဌာန်မှာလေ။
အဲတော့ အဲဒါဖြင့် တို့သည်ကားဆိုလို့ရှိရင် ဘာဖြစ်ဖြစ် ဝိပဿနာ မအုပ်ချုပ်လိုက်လို့ရှိရင်ဖြင့်၊ အလွဲချည်းလုပ်နေတယ် ဆိုတာ ဆုံးဖြတ်ချက်ချရမယ် (တင်ပါ ဘုရား)၊ ဘယ်လို ဆုံးဖြတ် ချက်ချရမတုံး (ဝိပဿနာ မအုပ်ချုပ်လို့ရှိရင် အလွဲချည်းပဲလို့ ဆုံး ဖြတ်ချက်ချရမှာပါ ဘုရား)။
သမထဝိပဿနာခြံရံတဲ့ဒါနမှမြတ်တယ်
သမထဝိပဿနာ မခြံရံတဲ့ ဒါနဟာ မမြတ်ဘူးတဲ့ ဘုရား က သေချာတယ်၊ သမထဝိပဿနာ မခြံရံတဲ့ ဒါနဟာဖြင့် အယုတ်ဒါနပဲ၊ သူခြံရံမှ ကံပြတ်ဒါနဖြစ်တာ၊ ဒါမှ နိဗ္ဗာန်ရောက် မှာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ကံကနိဗ္ဗာန်ပို့တယ်
အဲတော့ကို ဟိုကံတွေဖြတ်ပြီး သကာလ မဂ်ကံက နေပြီး နိဗ္ဗာန်ပို့ချလိုက်တယ်၊ မဂ်ကံဆိုတော့ မဂ်မှာကံသာ ခေါ်နေတာ ဉာဏ်ချည်းပဲ၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ မဂ်ဆိုတာ ကံသာ ခေါ်ရတယ် (ဉာဏ်ချည်းပါ ဘုရား) ဉာဏ်ကဦးစီးတယ် (တင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် တရားနိဂုံး ချုပ်ပါတော့မယ်၊ အဟောင်းကံလည်း သိပြီ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တွေဟာ ဘဝင် စိတ်တွေဟာ ဒါအဟောင်းကံက ဖြစ်တာတွေနော် (မှန်ပါ)။
ကံချုပ်တဲ့အကျင့်ကျင့်မှ နိဗ္ဗာန်ရောက်တယ်
အသစ်ကံကမင်းတို့ဆီ၊ ကာယကံ၊ ဝစီကံ၊ မနောကံ မိုး လင်းလာပေါ်တာတွေ။
ကံချုပ်ရာဌာနက ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)၊ ကံချုပ်ရာ ချုပ်ကြောင်း အကျင့်က (ဝိပဿနာမဂ္ဂင်ပါ ဘုရား)၊ အဲ မဂ္ဂင်နော် (မှန်ပါ ဘုရား)။
မဂ္ဂင်အလုပ် လုပ်မှ ကံချုပ်တဲ့ အကျင့်ဖြစ်တယ်ကွတဲ့ (မှန်ပါ့)၊ ကံချုပ်တဲ့အကျင့်မှ သာလျှင် ကံချုပ်ရာဌာန ရောက်တယ် နို့မို့ဖြင့် ရောက်ကို မရောက်ဘူးကွဆိုတဲ့ အဓိပ္ပာယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီနေ့ ဒီတွင်နားပါဦး၊
သာဓု သာဓု သာဓု။
——–
၂။ မိန်းမမြတ်ဖြစ်ချင်လို့ရှိရင် ဒီ(၇) ချက် နားလည်ရပါ့မယ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူသော တရားတော်
၂။ မိန်းမမြတ်ဖြစ်ချင်လို့ရှိရင် ဒီ(၇) ချက် နားလည်ရပါ့မယ်
ဟောကြားသည့်နေ့
(၂၅-၁၂-၆၀)
ယောက်ျားမြတ်မိန်းမမြတ်ဖြစ်ချင်ရင်
ဒီနေ့ ဝေဒနာရှုနည်းကို သင်ပေးမယ် ရှေးဦးစွာ ဝေဒနာရှုနည်းကို သင်ရမယ်ဆိုရင် ယောက်ျားမြတ် မိန်းမမြတ် ဖြစ်ချင်လို့ရှိရင် ဒီ (၇) ချက်နားလည်ရမယ် (မှန်ပါ) ယောက်ျားမြတ် မိန်းမမြတ် ဖြစ်ချင်လို့ရှိရင် (ဒီခုနစ်ချက်ကို နားလည်ရပါမယ် ဘုရား) ရှေးဦးစွာ ဝေဒနာဘယ်လောက် ရှိတယ်ဆိုတာ သိမှု တစ်နံပါတ်
၁။ ဝေဒနာဘယ်လောက် ရှိတယ်ဆိုတာ သိမှု ဘာတဲ့တုံး (တစ်နံပါတ်ပါ ဘုရား)
၂။ ဝေဒနာဖြစ်ကြောင်း သိမှု နှစ်နံပါတ်
၃။ ဝေဒနာချုပ်ကြောင်းသိမှု သုံးနံပါတ်
၄။ ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှု လေးနံပါတ် (မှန်ပါ့)
၅။ ဝေဒနာကြောင့် သာယာမှု ပေါ်တာသိမှု ငါးနံပါတ်
၆။ ဝေဒနာကြောင့် အပြစ်သင့်တာသိမှု ခြောက်နံပါတ်
၇။ ဝေဒနာကြောင့် ထွက်မြောက်တာ သိမှု ခုနစ်နံပါတ် (မှန်ပါ့)
ဒါဟောလိုက်တယ်။
ဝေဒနာကို ပြောတာ ကျန်တာတွေလည်း ဒီအတိုင်းပဲ အကုန်မှတ်ရမယ် ရုပ်လည်း (၇) ချက်ရှိမှာပဲ။
ဝေဒနာကို သိမှု (တစ်နံပါတ်ပါ ဘုရား) ဝေဒနာ ဖြစ်ကြောင်းသိမှု (နှစ်နံပါတ်ပါ ဘုရား) ဝေဒနာ ချုပ်ကြောင်းသိမှု (သုံးနံပါတ်ပါ ဘုရား) ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှု (လေးနံပါတ်ပါ ဘုရား) ဝေဒနာကြောင့် အပြစ်သင့်တာသိမှု (ခြောက်နံပါတ်ပါ ဘုရား) ဝေဒနာကြောင့် ထွက်မြောက်တာ သိမှု (ခုနစ် နံပါတ်ပါ ဘုရား) ဒါတွေ မူတည်ထားရမယ်။
၁။ ဝေဒနာခြောက်မျိုးသိရမယ်
ဝေဒနာဖြစ်မှု တစ်နံပါတ် ဆိုတာ ဝေဒနာဟာ ဖြန့်ပြီး ပြောမယ်ဆိုလို့ရှိရင် မျက်လုံးမှာလည်း ဝေဒနာပေါ်တယ် နားမှာလည်း ဝေဒနာပေါ်တယ် နှာခေါင်းမှာကော (ဝေဒနာပေါ်ပါတယ် ဘုရား) လျှာမှာကော (ဝေဒနာ ပေါ်ပါတယ် ဘုရား) ကိုယ်မှာကော (ပေါ်ပါတယ် ဘုရား) ပေါ်တာပဲ ဝမ်းထဲမှာကော (ပေါ်ပါတယ် ဘုရား)
ဒါ ဝေဒနာတစ်နံပါတ် ဟောလိုက်တော့ ဝေဒနာ ခြောက်မျိုးရှိတယ်လို့ သိထားရမယ် မျက်လုံးမှာပေါ်တဲ့ ဝေဒနာ၊ နားမှာပေါ်တဲ့ဝေဒနာ၊ နှာခေါင်းမှာပေါ်တဲ့ဝေဒနာ၊ လျှာမှာပေါ်တဲ့ ဝေဒနာ၊ ကိုယ်မှာပေါ်တဲ့ဝေဒနာ၊ ဝမ်းထဲ ဟဒယဝတ္ထုမှာ ပေါ်တဲ့ ဝေဒနာ လို့ ဝေဒနာခြောက်မျိုး သိရမယ် ဪ ဝေဒနာခြောက်မျိုး ရှိသလို တို့ခန္ဓာဟာ ဝေဒနာက္ခန္ဓာ ဆိုတာ ဝေဒနာခြောက်မျိုးတွေ ရှိနေတာကိုးလို့ သိရမယ်လို့ သံယုတ်ပါဠိတော်က ဟောထား တယ်။
အဲတော့ ဒီဝေဒနာတွေတော့ သိပါပြီ တစ်နံပါတ်တော့ အောင်မြင်ပါပြီ ဆိုကြပါစို့ ဝေဒနာ ဘယ်နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား) ခြောက်မျိုးရှိတယ် ကိုယ့်ခန္ဓာထဲမှာ ခြောက်မျိုးရှိတယ်လို့ သိထားရင် ပြီးတာပါပဲ။
၂။ ဝေဒနာဖြစ်ကြောင်း သိမှု
ဝေဒနာဖြစ်ကြောင်း သိမှု နှစ်နံပါတ် ဆိုတော့ ဒီခြောက်မျိုး ဝေဒနာဟာ တစ်ခါတည်း မှတ်ထားပါ မျက်လုံးမှာ ပေါ်တဲ့ ဝေဒနာဟာ ဖဿကြောင့်၊ ဒီမနော မှာ ပေါ်တဲ့ ဝေဒနာရော (ဖဿကြောင့်ပါ ဘုရား) အကုန်ဖဿကြောင့်ချည်း ဖြစ်တာပဲ ဖဿ ပစ္စယာ ဝေဒနာလို့ မှတ်ထားတော့ (မှန်ပါ့ ဘုရား) သဘော ကျပြီလား (ကျပါပြီ ဘုရား)။
၃။ ဝေဒနာချုပ်ကြောင်းသိ
သုံးနံပါတ်ကို ပြောမယ် ဝေဒနာချုပ်ကြောင်း သိမှု သုံးနံပါတ်လို့ ဆိုထားတယ် ခုနက ဦးခင်မောင် (မှန်ပါ့) ဒီဖဿက ချုပ်လို့ ချုပ်ရာက ဒီလိုဖြစ်တာဖြင့် ဖဿချုပ်ရင် သူချုပ်ရမှာပဲ ဖဿ ချုပ် ဝေဒနာတွေဟာ (ချုပ်ရမှာပါ ဘုရား)။
သူ့ဖဿချုပ်ရင် သူ့ဝေဒနာချုပ်ရမယ် ဆိုတာ မှတ်ထား လိုက်တော့ ဪ ခန္ဓာကိုယ်ထဲမှာ ဖြစ်တာလဲ ဖဿကြောင့် မနေ့က ဟောတဲ့တရားအတိုင်း (မှန်ပါ့) ချုပ်တာလဲ ဖဿချုပ်လို့ ချုပ်တာ ဒီလို မှတ်ထား လိုက်တော့ သုံးချက်ပြီးသွားပြီ မပြီးဘူးလား (ပြီးပါပြီ ဘုရား)။
၄။ ချုပ်ရာချုပ်ကြောင်းအကျင့်သိမှု
ချုပ်ရာချုပ်ကြောင်း အကျင့်သိမှု လေးနံပါတ် (မှန်ပါ့) ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုက (လေးနံပါတ်ပါ ဘုရား) ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုက လေးနံပါတ် လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) လေးနံပါတ်ဆိုတာ ဘယ်သူတုံးလို့မေးတော့ ဒါ မဂ္ဂင်နဲ့ ကျင့်ရမယ် ဘာနဲ့ ကျင့်ရမလဲ (မဂ္ဂင်နဲ့ ကျင့်ရပါမယ် ဘုရား) မဂ္ဂင် ငါးပါးနဲ့ ကျင့်ရမယ်လို့ မင်းတို့ မှတ်ထားလိုက်ရင် ပြီးတာပါပဲ။
ဒီဝေဒနာလေး ပေါ်လာတယ် ဖြစ်ပြီး ပျက်တာပဲလို့ သိတာ မဂ္ဂင်နဲ့ သိတာပဲ ဒါဖြင့် ဒီမဂ္ဂင်နဲ့ ချည်း မင်းတို့က ဘယ်ဝေဒနာပေါ်ပေါ် ခြောက်ပါး တစ်ပြိုင်တည်း မပေါ်ဘူး ပေါ့ကွာ တစ်ခုစီ ပေါ်မှာပဲ။
မဂ္ဂင်နဲ့ သိပေးပါနေပါ
အဲ ပေါ်တာတွေကို ပျက်တယ် ပျက်တယ်, ပျက်တယ်လို့ မင်းတို့ အလုပ်လုပ်တဲ့လူက သိနေရမယ်၊ (မှန်ပါ) ဖြစ်တယ်။ ပျက်တယ်။ ဖြစ်တယ် ပျက်တယ် လို့ (သိနေရပါမယ် ဘုရား) သိနေတာ ဘာနဲ့ သိနေတာတုံး ဆိုတော့ မဂ္ဂင်နဲ့ သိနေတာ (မှန်ပါ့ ဘုရား) သိတာ ဘာနဲ့ သိနေတာလဲ (မဂ္ဂင်နဲ့သိနေတာပါ ဘုရား)။
မဂ္ဂင်နဲ့ သိနေတယ်လို့ တင်လှတို့က မှတ်ထားရမယ် (မှန်ပါ) ဖြစ်ပျက်မဂ် ဖြစ်ပျက် မဂ် ဒီလိုချည်း သွားရမယ် (မှန်ပါ ဘုရား) ချုပ်ရာချုပ်ကြောင်း အကျင့်ပဲ (မှန်ပါ့ ဘုရား) ဝေဒနာချုပ်ရာ ချုပ်ကြောင်း အကျင့် ဆိုတာက မင်းတို့ ခန္ဓာက ဝေဒနာက္ခန္ဓာကြီးကို ဝေဒနာခြောက်မျိုး ရှိတယ် (မှန်ပါ့) ဝေဒနာတွေ အကုန်လုံး ချုပ်သွားမယ် ဆိုလို့ရှိရင် ဘာကျန်ရစ်စရာရှိသေးတုံး (ဘာမှမရှိတော့ပါဘူး ဘုရား)။
ဒုက္ခသစ္စာချုပ်အောင်ကျင့်
ဪ ဒါဖြင့် ဒုက္ခသစ္စာတွေ ချုပ်သွားတာ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာတွေ ချုပ်သွားတယ် အဲဒီ ကျအောင် ကျင့်ပါလို့ ဆိုထားတယ် (တင်ပါ့ ဘုရား)။
ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုဆိုတော့ ပျော် မဂ္ဂင်နဲ့ ကျင့်ရမှာကိုးလို့ သိရမယ် (မှန်ပါ ဘုရား) ဘယ်လို သိကြရမလဲ (မဂ္ဂင်နဲ့ သိကြရမှာပါ ဘုရား) မဂ္ဂင်နဲ့ မှ ကျင့်ရမှာပဲလို့ သိရမယ်။
အကယ်၍ ဒီဝေဒနာကို ချုပ်ရာချုပ်ကြောင်း အကျင့် မကျင့်ကြပါဘူး မင်းတို့က မကျင့်တော့ဘူး ချုပ်ရာ ချုပ်ကြောင်း အကျင့် မကျင့်တော့ပါဘူးဆိုလို့ရှိရင် ဝေဒနာကြောင့် သာယာတာ ဖြစ်မယ် (မှန်ပါ ဘုရား)။ သာယာမှု (လာမှာပါ ဘုရား) ဘယ်လိုကြောင့် လာမလဲ ဆိုတော့ မြင်ရတာ ကောင်းတယ် ဆိုတာ သာယာမှု လာတာပဲ မလာပေဘူးလား (လာပါတယ် ဘုရား) သာယာမှုလာရင် ဒီက တဏှာဥပါဒါန်တွေက (လာပါ ဘယ် ဘုရား)။
တဏှာလာမှာစိုးလို့ပြောတာ
ဒီတဏှာ လာမှာစိုးလို့ ချုပ်ရာချုပ်ကြောင်း အကျင့်ကျင့်ပါ ပြောတာ (မှန်လှပါ ဘုရား)။ ဒီတဏှာ လာမှာ စိုးလို့ ဘာတုံး (ချုပ်ရာချုပ်ကြောင်း အကျင့် ကျင့်ပါ ပြောတာ ပါ ဘုရား) ချုပ်ရာ ချုပ်ကြောင်း ကျင့်ရမှာ ဒါကြောင့်များ အကျင့် မရှိရင် သာယာမှု လာတော့မယ် သာယာမှု လာလို့ ရှိရင်ဖြင့် ဒုက္ခရောက်တော့မယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် လေးနံပါတ်ကို အပြန်ပြန်ကျင့်ရမယ် ငါဟောနေတာ လေးနံပါတ်ကို အဓိက ထားဟောနေတာ။
ဒါဖြင့် ချုပ်ရာချုပ်ကြောင်း အကျင့်ကို မကျင့်တော့ဘူး ဆိုလို့ရှိရင် ဝေဒနာကြောင့် သာယာမှု လာတော့မယ် မလာဘူးလား (လာပါတယ် ဘုရား) အဿာဒ ခေါ်တာပဲ အဲတော့ အဿာဒ လာလို့ ရှိရင်ဖြင့် အာဒီနဝ ဆိုတဲ့ အပြစ်ဟာ သင့်မှာပဲ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။
ဘယ်လို အာဒီနဝ သင့်မတုံး ဆိုလို့ရှိရင် တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ ဆိုတဲ့ အပြစ်တွေ ဘယ့်နှယ် နေမတုံး (သင့်မှာပါ ဘုရား)။ ဒါ အဿာဒ လာလို့ရှိရင် အာဒိနဝက နောက်က လိုက်တာ (မှန်ပါ ဘုရား) မလိုက် ပေဘူးလား ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) အဿဒ လာရင် အာဒီနဝ နောက်က လိုက်တော့မှာပဲ အာဒီနဝဆိုတာ အပြစ်သင့်တာတွေ လိုက်တော့မှာပဲ (မှန်ပါ ဘုရား)
ဒါဖြင့် မရှုမဖြစ်ဘူးပေါ့ (မှန်လှပါ ဘုရား) မရှုမဖြစ်ဘူး ဆိုတဲ့အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်လှပါ ဘုရား)။
ထွက်မြောက်ဖို့ ဖြစ်ပျက်ရှုပါ
ကောင်းပြီ ဒါဖြင့် ဒီအာဒိနဝကို မသင့်ချင်ပါဘူး ဆိုရင်ဖြင့် မင်းတို့ ထွက်မြောက်ကြောင်း လုပ်ရမယ် (မှန်လှပါ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ထွက်မြောက်ကြောင်း လုပ်မယ် ဆိုလို့ရှိရင်ဖြင့် ခုနက စတုတ္ထ အချက်ပြန်ကိုင် (မှန်ပါ ဘုရား) ဘာလုပ်ရမတုံး (စတုတ္ထ အချက် ပြန်ကိုင်ရမယ် ဘုရား) စတုတ္ထ အချက်ပြန်ကိုင် ဆိုတော့ ဖြစ်ပျက်ရှုတာ ပြန်ကိုင် (မှန်ပါ ဘုရား) မဂ္ဂင် ရှစ်ပါးနဲ့ (မှန်လှပါ) မဂ္ဂင်ရှစ်ပါး အလုပ်ကို ပြန်ကိုင် ရမယ် (မှန်လှပါ ဘုရား) ဒီလို ဆိုရင် မင်းတို့ ထွက်မြောက် သွားမယ် တဲ့ (မှန်ပါ ဘုရား) သံသရာထဲက ထွက်မြောက်သွားမယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
အလုပ်စဉ်တရား
ဒါဖြင့် သံသရာထဲက ထွက်မြောက်ချင်ရင်ဖြင့် ထွက်မြောက်ကြောင်းကိုလည်း သိရမယ် ဆိုတော့ စတုတ္ထ အချက် ပြန်ကိုင်လိုက်ရင် ထွက်မြောက်မှာပဲလို့ ဆိုတဲ့ဥစ္စာ သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒါကြောင့် မင်းတို့ ဒီတရားမှာ ဒါအလုပ်စဉ် ပြတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား) အလုပ်ပြတယ်လို့ မှတ်ရမယ်။
တစ်ခေါက်ပြန်ပြောဦးမယ် ဝေဒနာသိမှု တစ်နံပါတ် (မှန်ပါဘု ရား) ဝေဒနာဘယ်နှစ်မျိုး ရှိသလဲ (ခြောက်မျိုးရှိပါတယ် ဘုရား) အဲဒါ တစ်နံပါတ် အောက်မေ့လိုက်။
ဝေဒနာဖြစ်ကြောင်း သိမှု နှစ်နံပါတ် ဆိုတော့ ဝေဒနာ ဘယ်သူ့ကြောင့် ဖြစ်တုံး (ဖဿကြောင့် ဖြစ်ပါတယ် ဘုရား) ဖဿကြောင့် ဖြစ်တယ် အဲတော့ နှစ်နံပါတ် အောင်သွားတာပဲ ဝေဒနာဟူသ၍ ဖဿကြောင့်ချည်း ဖြစ်တာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာချုပ်ကြောင်း သိမှု သုံးနံပါတ် လို့ဟောခဲ့တယ် ဖဿချုပ်ရင် ဝေဒနာချုပ်တာပဲ ဖဿ ချုပ်ရင် (ဝေဒနာချုပ်ပါတယ် ဘုရား) အဲ ရောချုပ်တာပဲ ဖြစ်တုန်းကကော ရောဖြစ်တယ် ချုပ်တော့ကော (ရောချုပ်ပါတယ် ဘုရား) ရောချုပ်တယ်လို့ သေချာမှတ် ထားလိုက်ရင် ဒါ ပြီးသွားတာပဲ (မှန်ပါ ဘုရား)။
ဘယ်လိုကျင့်ရမှာတုံး
ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှု လေးနံပါတ် (မှန်ပါ) ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။ သုံးနံပါတ်က ချုပ်တာသိပြီးတာပဲကွ (မှန်လှပါ ဘုရား)။
လေးနံပါတ်က သူတို့ ချုပ်တဲ့အချုပ်မှာပဲ ချုပ်ရာချုပ်ကြောင်း အကျင့်က ဘယ်လို ကျင့်ရမှာတုံးလို့ မေးလို့ရှိရင် မဂ္ဂင်ငါးပါး မဂ္ဂင်ရှစ်ပါးနဲ့ ရှုပါ (မှန်လှပါ ဘုရား) ဘယ်လို လုပ်ကြမတုံး (မဂ္ဂင်ရှစ်ပါး မဂ္ဂင်ငါးပါးနဲ့ ရှုမယ် ဘုရား) မဂ္ဂင်ရှစ်ပါး မဂ္ဂင်ငါးပါးနဲ့ရှု။
ပထမ ငါးပါးနဲ့ရှု နောက် အောင်မြင်လာရင် ရှစ်ပါးဖြစ်မှာပဲ (မှန်လှပါ ဘုရား) ဒါဖြင့် ချုပ်ရာ ချုပ်ကြောင်း အကျင့်သိပြီး ဆိုတော့ လေးနံပါတ် မအောင်မြင်ဘူးလား (အောင်ပါပြီ ဘုရား)။
၅။ ဝေဒနာကြောင့် သာယာမှုပေါ်တာသိမှု
ကောင်းပြီ ဒါဖြင့်ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို မကျင့်ခဲ့လို့ရှိရင် ဘာဖြစ်မတုံး ဝေဒနာကြောင့် သာယာမှု နောက်က လိုက်တော့မယ် (မှန်လှပါ ဘုရား) ဝေဒနာကြောင့် (သာယာမှု နောက်က လိုက်မှာပါ ဘုရား) ) သာယာမှု နောက်က လိုက်လိမ့်မယ် ဒါ ဝေဒနာကြောင့် ဖြစ်တာ အဿာဒ သုခ သောမနဿ မလာပေဘူးလား၊ (လာပါတယ် ဘုရား)။
လာလို့ရှိရင် သုခ သောမနဿ နောက်က တဏှာ ဥပါဒါန်ကံတွေ ဘယ့်နှယ်နေတုံး (လာမှာပါ ဘုရား) အကုန်လိုက်မှာပဲ (မှန်ပါ ဘုရား)
ဒါဖြင့် ဒီ သာယာမှု လိုက်လို့ရှိရင်ဖြင့် ဝေဒနာ ကြောင့် အပြစ်သင့်တာလည်း သိရမယ်၊ အာဒီနဝ အပြစ်ကို လည်း သိရမယ်။
ဪ ဝေဒနာသည် အနိစ္စပါလား ဒုက္ခ ပါလားဆိုတဲ့ သူ့အပြစ်တွေကို သိသိ ပေးရမယ် (မှန်ပါ) ဝေဒနာသည် အနိစ္စ အပြစ်သင့်နေတာပဲ ဒုက္ခအပြစ် သင့်နေတာပဲ အနတ္တအပြစ် (သင့်ပါတယ် ဘုရား)။ ဪ ဝေဒနာဟာလည်း အပြစ်သင့်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အပြစ်သင့်တာသိအောင်လုပ်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုတာသည် အပြစ်သင့်တာ သိအောင်လုပ်နေတာ (မှန်ပါ ဘုရား) ဦးစံလှ သေချာမှတ် (မှန်လှပါ ဘုရား) အပြစ်သင့်တာ သိအောင်လုပ်၊ အနိစ္စ ဒုက္ခ အနတ္တ အမြဲပျက်နေတာ မင်းတို့က ဒီအတိုင်းထားခဲ့လို့ ရရဲ့လား (မရပါဘူး) မရဘူး အနိစ္စ ဒုက္ခ အနတ္တ တရား အနိစ္စ ဒုက္ခ အနတ္တတရား ပျက်နေတာပဲ (မှန်ပါ) အမြဲတမ်း အပြစ်သင့်နေတာပဲလို့ မှတ်လိုက်ပါ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ အပြစ်သင့်တာ သိလို့ရှိရင်ဖြင့် နိဿရဏဋ္ဌ ဝေဒနာမှ ဝေဒနာမှထွက်မြောက်သွားမှာပဲ (မှန်ပါ ဘုရား) အပြစ် သင့်တာသိတော့ လိုချင်သေးရဲ့လား (မလိုချင်တော့ ပါဘူး ဘုရား)
မလိုချင်တဲ့အခါကျလို့ရှိရင်ဖြင့် မရတော့ဘူး၊ မရတော့ အပြစ်သင့်တာတွေ လွတ် မသွားဘူးလား အပြစ်သင့်တာတွေ လွတ်သွားတာသည် မင်းတို့ က နိဿရဏဋ္ဌလို့ မှတ်ပါ (မှန်လှပါ ဘုရား) ဒါဖြင့် ဒါ ဘာဟောတာတုံး ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဝေဒနာကျင့်သော ပုဂ္ဂိုလ်တို့၏ အလုပ်စဉ်ကို ဟောတာ (မှန်လှပါ ဘုရား)။
၆။ ဝေဒနာ၏ အပြစ်သင့်ပံ့သိမှု
တစ်နည်း ဝေဒနာအပြစ်သင့်ပုံကို ဟောမယ် ဝေဒနာကို မရှုခဲ့လို့ရှိရင် အပြစ်သင့်ပုံကို တစ်နည်း ဟောဦးမယ် (မှန်ပါ ဘုရား) မျက်လုံးမှာ ဥပေက္ခာဝေဒနာ ပေါ်တယ် ဒါကြောင့် ဆရာဘုန်းကြီးက ခဏခဏ ဟောတယ်။
ရေထဲကငါး ကုန်းပေါ်သေတယ် မဟောဖူးဘူးလား (ဟောဖူးပါတယ်) ရေထဲက ငါးဟာ (ကုန်းပေါ်သေပါ တယ် ဘုရား) ဟာ ရေထဲကငါး ရေထဲ သေပါ့လားလို့ ပြောဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ကုန်းပေါ်မှာ လာသေပါတယ် သူ အပြစ်သင့်လို့ပဲ (မှန်ပါ ဘုရား)။
ကုန်းပေါ်နေတဲ့လူ ရေထဲသေရင်လည်း အပြစ် သင့်လို့ပဲ အပြစ်သင့်လို့ပဲ ကောင်းပြီ လူတွေက ကုန်းပေါ် နေကြတာပဲ ရေထဲ သင်္ဘောနစ်လို့ သေသတဲ့ ရေကူးလို့ သေသတဲ့ , တံငါလုပ်ရင်း နယ်လွန်သွားလို့ သေသတဲ့ ရှိတာပဲ (ရှိပါတယ် ဘုရား)။
ငါးမျှားချိတ်နှင့်ငါးစာ
အဲဒါတွေက ဆိုလို့ရှိရင်ဖြင့် အားလုံးဟာ ဝေဒနာ သတ်လို့သေတယ် , မှတ်ရမယ်ဝေဒနာမရှုတဲ့ ပုဂ္ဂိုလ် ဝေဒနာသတ်လို့ သေတာ (မှန်ပါ ဘုရား) ဘယ်လို ဝေဒနာသတ်လို့ သေမတုံး ဟောဒါ ငါး ငါးမျက်လုံး ဆိုပါတော့ ဒီကတံငါသည်က ချလိုက်တဲ့ ငါးမျှားချိပ်နဲ့ ငါးစာလေး သူမမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) ဥပေက္ခာဝေဒနာက မြင်တယ် (မှန်ပါ) မမြင်ဘူးလား (မြင်ပါတယ် ဘုရား) –
ဥပေက္ခာ ဝေဒနာမြင်တဲ့ အခါကျတော့ သုခဝေဒနာက လောဘနဲ့ ပတ်သက်တဲ့ သုခဝေဒနာက စားချင်တဲ့ စိတ်ကလေး ဖြစ်လာတယ်၊ ဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာက ပြသမား
စားချင်လာတော့ မစားပေဘူးလား (စားပါတယ် ဘုရား) သေချာကို မြင်တော့ စားတာ စားတော့ ငါးမျှားချိပ် က အာခေါင်မှာ ချိပ်နေတယ် ချိပ်နေတဲ့ အခါကျတော့ တံငါသည်က မိနေသည်နဲ့ တစ်ပြိုင်တည်း ဒီငါးကို မရိုက်ပေဘူးလား ရိုက်တော့ ဒုက္ခဝေဒနာ မပေါ်ဘူးလား ဒုက္ခဝေဒနာနဲ့ သေတယ် (မှန်လှပါ ဘုရား)
ဒါကြောင့် ဥပေက္ခာဝေဒနာက ပြသမား (မှန်ပါ) သုခဝေဒနာက မျိုသမား (မှန်ပါ) ဒုက္ခဝေဒနာက ရိုက်သမား (မှန်ပါ) ဘယ်နှစ်ယောက်ရှိတုံး သုံးယောက် ရှိတယ် ပြသမား လည်း မင်းတို့ကြိုသိမှာ မဟုတ်ပါဘူး မကောင်းတာပြတာ သေလမ်းပြတာ (မှန်လှပါ) မျက်လုံးကလည်း ဘာပြတုံး (သေလမ်း ပြပါတယ် ဘုရား)။
သုခဝေဒနာက မျိုသမား
သေလမ်းပြတာကို သေလမ်းပြတယ်လို့ မသိလို့ စားချင်လာတဲ့ သောမနဿ သုခကကော (စားပါတယ် ဘုရား) စားလိုက်တယ် စားလိုက်တော့ အာခေါင် ချိပ်နေမှာပဲ (မှန်လှပါ ဘုရား)။
အာခေါင်ချိပ်ရင် တံငါသည်က ဆွဲတင်ပြီးတော့ ကုန်းပေါ်ကျတော့ သူ့ကို အရှင်မထား ချင်တော့ သတ်ပစ်တာပေါ့ကွ (မှန်ပါ ဘုရား) သတ်ပစ် တော့ ဘယ်ဝေဒနာက သတ်တုံး (ဒုက္ခဝေဒနာက သတ်ပါတယ် ဘုရား) ဒါဖြင့် ဒါသူ့အပြစ်သူပြတာ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒါက ဦးစံလှ တစ်မျိုးလို့ မှတ်ပါ (မှန်ပါ ဘုရား)။
ဘယ်ဝေဒနာမှ မိတ်ဆွေမဟုတ်ဘူး
ဒါဖြင့် ဘယ်ဝေဒနာ မင်းတို့ မိတ်ဆွေပါတုံး (မပါပါဘူး ဘုရား) ဘယ်ဝေဒနာမှ မိတ်ဆွေ မဟုတ်ဘူး မျက်လုံးဝေဒနာကလည်း မိတ်ဆွေမဟုတ်ဘူး (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဝမ်းထဲက ဝေဒနာကကော (မိတ်ဆွေမဟုတ်ဘူး) စားချင်တဲ့ ဝေဒနာ ကကော (မဟုတ်ပါဘူး ဘုရား) အရိုက်ခံရတဲ့ ဝေဒနာကကော (မိတ်ဆွေမဟုတ်ပါဘူး) ရန်သူချည်းပါပဲ (မှန်ပါ ဘုရား)။
သေမင်းတမန်တွေ
အဲ ဝေဒနာသုံးမျိုးဟာ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့်တဲ့၊ မရဏ မင်း၏အစေခံတွေ သေမင်း၏ စေတမန်တွေ ပဲလို့ မှတ်ကြရမယ် (မှန်လှပါ ဘုရား) ဘယ်လို မှတ်ကြမလဲ (မရဏ မင်း၏ အစေခံတွေ သေမင်း၏ စေတမန်တွေပါ ဘုရား) သေမင်း၏ စေတမန်တွေ သူလွတ်ထား တာတွေ (မှန်ပါ ဘုရား)။
ဒါကြောင့် မင်းတို့ ဘဝများစွာ သံသရာက သေခဲ့ ရတာ၊ ယခု ရေထဲက ငါးတောင် ကုန်းပေါ် အရိုက်ခံပြီး သေရတာသာ ကြည့်တော့ (မှန်ပါ) ကုန်းပေါ် အရိုက်ခံ သေရတယ် ဆိုကတည်းကိုက ဒါ မျက်လုံးက မပြပဲနဲ့ မြင်ပါ့မလား (မမြင်ပါ ဘုရား) မမြင်ဘူး မစားချင်ပဲနဲ့လည်း သေပါ့မလား (မသေပါဘူး ဘုရား) မစားချင်ပဲနဲ့ ဆိုရင်လည်း ငါးမျှားချိပ်က လည်ပင်းချိပ်မှာ မဟုတ်ပါဘူး အာခေါင်ချိပ်မှာ မဟုတ်ပါဘူး (မှန်ပါ)။
ရေထဲကငါး ကုန်းပေါ်မှာ သေရတယ်
ချိပ်မိတော့ တံငါသည် လိုရာရောက်ပြီးတော့ သကာလ၊ မင်းတို့သည်ကားဆိုလို့ရှိရင် ကုန်းပေါ်မှာ အရိုက် ခံပြီး သေရတာ၊ ဒုက္ခဝေဒနာနဲ့ သေရတာပဲ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား) ဘယ်ဝေဒနာနဲ့ သေတုံး (ဒုက္ခ ဝေဒနာနဲ့ သေပါတယ် ဘုရား) ဒါဖြင့် သုံးမျိုးအပေါ် ဘယ်ဟာ မိတ်ဆွေဖွဲ့မတုံး (ဘယ်ဟာမှ မိတ်ဆွေ မဖွဲ့ပါဘူး ဘုရား) သေမင်း စေတမန်တွေချည်းပဲ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)
ဒါဖြင့် မင်းတို့ သန္တာန် ဝေဒနာ ဘယ်နှစ်မျိုးရှိတုံးလို့ မေးရင် (သုံးမျိုးပါ ဘုရား) အဲဒီသုံးမျိုး မနိုင်သရွေ့ ကာလပတ်လုံး အသေချည်း နေရမှာပဲ (မှန်ပါ) သုံးမျိုး မနိုင်သရွေ့ ကာလပတ်လုံး (အသေချည်းနေရမှာပါ ဘုရား) အသေချည့် နေရမယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဝေဒနာကို မင်းတို့သည် ဒီအတိုင်း ထားလို့ မဖြစ်တော့ဘူး၊ သို့မဟုတ်ရင်ဖြင့် ရေထဲက ငါးတောင် ဝေဒနာသုံးမျိုးသတ်လို့ သေတော့၊ ကုန်းပေါ်က လူတွေလည်း ဥပမာ ဒီကနေပြီး ရန်ကုန်မှာ ကုန်ဈေးကောင်းလို့ ပြောသံကြားတယ် နားဝေဒနာက မကြားဘူးလား (ကြားပါတယ် ဘုရား) နားဝေဒနာက ကြားလိုက်တော့ မင်းတို့က လိုက်မှတော်မယ် ဆိုပြီး ဝမ်းသာအားရ သောမနဿ ဝေဒနာနဲ့ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)
တော်ကြာ လေယာဉ်ပျံပျက်ကျလို့ ကောင်းကင်မှာ မီးလောင် သေတယ် (မှန်ပါ) ဒုက္ခဝေဒနာ မီးလောင်ပြီး မသေဘူး လား (သေပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ဒုက္ခဝေဒနာ မီးလောင်ပြီး သေရပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ကြားတဲ့ ဝေဒနာက သတ်လိုက်တာပဲ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမတုံး (ကြားတဲ့ဝေဒနာက သတ်လိုက်တာပါ ဘုရား)။
နားပေါက်ကသေမင်းတမန်
ဒါဖြင့် ကြားတာက ဥပေက္ခာဝေဒနာ၊ ကြားလို့ သွားချင် တာက သောမနဿဝေဒနာ မီးလောင်ခံရတာက ဒုက္ခ ဝေဒနာ ဒါဖြင့် ဝေဒနာသုံးမျိုး ဒီနားပေါက်ကလည်း သေမင်းတမန် သုံးယောက်ပဲ (မှန်ပါ ဘုရား) နားပေါက် ကလည်း ဘယ့်နှယ်ဆိုကြမလဲ (သေမင်းတမန် သုံးယောက်ပါ ဘုရား)။
ကဲ ဒါဖြင့် ဘယ်သူ့ အသေကောင်းပါသတုံးလို့ မေးကြမယ် (ဘယ်သူမှ အသေကောင်းမပါဘူး ဘုရား) ဒါဖြင့် ဘယ်သူတွေက သတ်တုံးမေးရင် ဘယ့်နှယ် ပြောကြ မတုံး (ဝေဒနာသုံးပါးက သတ်ပါတယ် ဘုရား) ဝေဒနာ သုံးချက်လှည့်သတ်တာ အကြံတူ ဉာဏ်တူ (မှန်ပါ ဘုရား) အကြံတူ ဉာဏ်တူ လုပ်ပြီး သကာလ မင်းတို့ကို သတ်လိုက်တာပဲ (မှန်ပါ ဘုရား) သဘောပါပြီလား (ပါ- ပါပြီ ဘုရား)။
ဒါဖြင့် ဒီဝေဒနာတွေ မင်းတို့ခန္ဓာကိုယ်ထဲမှာ ရှိသမျှ ကာလပတ်လုံး သတ်ဖြစ်နေမှာပဲကွ မောင်မြ (မှန်ပါ) သုံးမျိုးရှိနေရင် သတ်ဖြစ်နေမှာပဲ တိုင်ပင် ပြီးလာမှာ (မှန်လှပါ ဘုရား) သူက ပြသမား သူက မျိုးသမား (မှန်လှပါ ဘုရား) သူက အသတ်သမား ဆိုတော့ မင်းတို့ကလည်း ဒီဝေဒနာသုံးမျိုးနဲ့ နေတတ် တယ် (မှန်ပါ ဘုရား) ဒါကြောင့် ဝေဒနာမာရောလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ) ဝေဒနာ-ဝေဒနာသည်၊ မာရော သူသတ်ယောက်ျားကွ (မှန်ပါ ဘုရား)။
ဝေဒနာသည် သူသတ်ယောက်ျား
ဝေဒနာ ဘယ့်နှယ်ဟောတုံး (မာရော ပါ- ဘုရား) မာရောဆိုတာ ဘာတုံး (သူသတ် ယောက်ျားပါ ဘုရား)
သူသတ်ယောက်ျား (မှန်ပါ) မင်းတို့ သန္တာန် ဝေဒနာတွေကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား) ဘယ်လို ဝေဒနာမဆို ဘာတဲ့တုံး (သူသတ်ယောက်ျားပါ ဘုရား) အဲဒီလို ရှုနိုင်ရမယ် သေမင်း တမန်တွေပဲ သေမင်းတမန် တွေပဲ ဒီဝေဒနာတွေဟာ သေမင်းတမန်တွေပဲ ဒီ ဟာကို မင်းတို့မရှုရင် ဖြစ်ကို မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)။
သူမရှိမှလည်း အသေလွတ်ကြတော့မယ် (မှန်လှပါ ဘုရား) သူရှိနေရင် (သေမှာပါ ဘုရား) မလာပဲနဲ့ ဒုက္ခဝေဒနာနဲ့ အသက်ထွက်သွားတာပဲ (မှန်လှပါ ဘုရား)
သေမဲ့လူပေါင်းပြီး သေကြတာသည် ဘယ်ဝေဒနာနဲ့ အသက် ထွက်သွားတာတုံး (ဒုက္ခ ဝေဒနာနဲ့ သေတာပါ ဘုရား) ဒုက္ခဝေဒနာနဲ့သေကြတာသည် ဟောဒီမှာ မြင်တော့ စားချင်တယ် (မှန်လှပါ ဘုရား) စားချင်တော့ကို သေရတယ်။
ဝေဒနာသုံးမျိုးဘယ့်နှယ်ဆိုကြမယ်
ကြားတော့ သွားချင်တယ် သွားချင်တော့ကို သေရ တယ် (မှန်လှပါ ဘုရား) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ကဲ နေ့စဉ် အပုပ်နံ့တွေနဲ့ နံတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) ငှက်ဖျားသင့်တာတွေ (မှန်ပါ) နှာခေါင်းကြောင့် ငှက်ဖျားသင့်တော့ ဟောဒီမှာ၊ စားမိစားရာ စားမယ် စားမိစားရာ စားလိုက်တော့ သေတာပဲ (မှန်လှပါ ဘုရား) မသေဘူးလား (သေပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာသုံးမျိုး ဘယ့်နှယ်ဆိုကြမတုံး သေမင်းချည်ပဲ (မှန်ပါ) ဝေဒနာသုံးမျိုး ဘယ်နဲ့ ဆိုကြ မလဲ (သေမင်းချည်ပါပဲ ဘုရား) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
ဝေဒနာကုန်အောင်ရှု
ဒါဖြင့် တင်လှတို့က ဒီဝေဒနာပေါ်အောင် ရှုရလိမ့်မယ် (မှန်ပါ)၊ ဝေဒနာကုန်အောင် ရှုလို့ရှိရင် သေမင်းကို အနိုင်ရမယ်။ ဝေဒနာကို နိုင်အောင် မရှူနိုင်ဘူး၊ ကုန်အောင် မရှူနိုင်ကြပါဘူး။ ဝေဒနာကို မရွံ မမုန်းဘူးဆိုလို့ရှိရင် သူက သာမှာပဲ (မှန်ပါ ဘုရား)။
မြွေပွေးကို လည်ပင်းဆုပ်ကိုင်မိသလို ကိုယ်က နိုင်နိုင် နင်းနင်း ကိုင်နိုင်ရင်ကိုင်၊ မကိုင်နိုင် သူက ကိုက်မှာပဲ (မှန်လှပါ ဘုရား)၊ ကိုယ်က မနိုင်တော့ဘူး ဆိုလို့ရှိရင်လည်း သူကိုက်တာနဲ့ (သေရမှာပါ ဘုရား)၊ သေရမယ်ဆိုတာ မရှင်းသေးဘူးလား (ရှင်း ပါတယ် ဘုရား)။
အေး- ဒါကြောင့် ဝေဒနာက စားချင်တယ်၊ စားချင်တော့ ဝမ်းထဲမှာ ကောင်းတယ်လို့ထင်တယ်၊ ကောင်း တာက ဆေးကျွေးပြီး သတ်တော့ မသေရဘူးလား (သေရ ပါတယ် ဘုရား)၊ အစားမှားသေတဲ့ ပုဂ္ဂိုလ်တွေလည်း မင်းတို့ မသာပို့ဖူးပါပြီ (မှန်ပါ ဘုရား)၊ အသွားမှားသေတဲ့ မသာတွေ ကော (ပို့ ဖူးပါပြီ ဘုရား)၊ အမြင်မှားပြီး သေတဲ့ မသာတွေကော (ပို့ဖူးပါပြီ ဘုရား)၊ အနံ့ အရှူး၊ အရှိုက်မှားပြီး သေတဲ့ မသာတွေကော (ပို့ဖူးပါပြီ ဘုရား)၊ အကြား မှားပြီး သကာလ သေတဲ့ မသာတွေကော (ပို့ဖူးပါပြီ ဘုရား)။
နားကနေပြီး ဒိုင်းကနဲ လန့်တယ်၊ လန့်ခြင်းကြောင့် သူသည်ကား လန့်တဲ့ဝေဒနာ၊ သူက လန့်တဲ့ဆီသွားတော့ လန့်ရော၊ လန့်တဲ့အခါကျတော့ လန့်တာကိုပဲ သူက ဘာမှဂရုမစိုက်ဘူး၊ လန့်တာကိုပဲ ကောင်းသလေး ဘာလေးနဲ့ပြောပြီး၊ တော်ကြာ ဒီလန့်တဲ့ဝေဒနာလေးနဲ့ပဲ သေသွားတာပဲ၊ မသေဘူးလား (သေပါတယ် ဘုရား)။
ဝေဒနာကြောင့် ထွက်မြောက်တာသိမှု
သေတော့ ဝေဒနာသုံးမျိုး လှည့်သတ်နေတာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့ ဘယ့်နှယ်လုပ်ကြ မလဲ (ဝေဒနာသုံးမျိုးရှုမှာပါ ဘုရား)၊ ဝေဒနာကို ကုန်အောင်ရှုရ မယ် (မှန်လှပါ ဘုရား)။
ဝေဒနာသုံးမျိုးကို (ကုန်အောင်ရှုရပါမယ် ဘုရား)၊ ကုန် အောင်ရှုရမယ်တဲ့၊ ကုန်အောင် မရှုလို့ ရှိရင်ဖြင့် မင်းတို့ ဝေဒနာပဲ သာမယ် (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ ကြောက်စရာ အကောင်းဆုံးပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ မင်းတို့ ယခု ဘယ်သူနဲ့ အတူတူ နေရတုံး မေးရင် သေမင်းနဲ့အတူတူနေတယ် (မှန်လှပါ ဘုရား)၊ သေမင်း စေတမန်နဲ့ အတူတူနေရတယ်ဆို လွဲပါ့မလား။
ကဲ- ဒါဖြင့် ဝေဒနာ မရှုချင်တဲ့ပုဂ္ဂိုလ်များအတွက်မှာ သေချင်သေးလို့ မှတ်ပါ၊ ဘာမှ အဖြေ ထွက်စရာ မရှိပါဘူး (မှန် လှပါ ဘုရား)၊ ဝေဒနာနိုင်တာ မကြည့်ချင်ဘူး၊ ဝေဒနာပဲ တက်နေ တယ်ဆိုတဲ့သူ သေချင်လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)၊ ဝေဒနာကြိုက်နေရင် (သေချင်လို့ပါ ဘုရား)၊ သေချင် လို့သာမှတ် ရမယ်။
ကြည့်ပါလား ရေထဲနေတဲ့ ငါးတောင်မှ ဝေဒနာ သတ်လိုက်တာ ကုန်းပေါ်မှာသေရရှာတယ် (မှန်လှပါ ဘုရား)၊ ကုန်းပေါ် နေတဲ့သူတွေ ရေထဲကော (သေရပါတယ် ဘုရား)။
နတ်ကောင်ကြီးက နတ်မသာဖြစ်တယ်
မင်းတို့က နတ်တွေချမ်းသာတာကို ကြိုက်လိုက်တာ ပြောသံကြားနဲ့ နားကနေ ကြိုက်လိုက်တာ၊ သူများပြောသံ ကြားနဲ့ နားကနေ ကြိုက်လိုက်တော့၊ သောမနဿ ဝေဒနာနဲ့ နတ်ပြည် နတ်ကောင်ကြီး သွားမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
တော်ကြာကျတော့ နတ်မသာဖြစ်ရဘူးလား (ဖြစ်ရပါ တယ် ဘုရား)၊ ဘယ်သူ သတ်လိုက်တာတုံး (ဝေဒနာ သုံးမျိုးပါ ဘုရား)။
ဗြဟ္မာပြည်အသံကြားပြန်တော့ကော နားကကြား ကာ (မှန်ပါ ဘုရား)၊ နားကကြားတော့ ဥပေက္ခာ ဝေဒနာက ကြား သမားပေါ့ကွာ (မှန်လှပါ ဘုရား)၊ သောမနဿဝေဒနာက ကြိုက်သမား (မှန်လှပါ ဘုရား)၊ ဒေါမနဿဝေဒနာက သတ်သမား (မှန်ပါ)။
ဒါကြောင့် (၃၁)ဘုံမှာ လှည့်ပတ်ပြီး ဒီဝေဒနာသုံးမျိုး လှည့်ပတ်ပြီးသတ်နေတာ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါ ဝေဒနာ၏ အပြစ်တွေကို မင်းတို့ကို ယနေ့ည ရှင်းရှင်း လင်းလင်း ပြောနေတာပဲ (မှန်လှပါ ဘုရား)။
အခု တောင်ကလူ မြောက်သွားတာလည်း ဝေဒနာပဲ (မှန်ပါ ဘုရား)၊ ချမ်းသာမလားလို့ ဟုတ်လား (မှန်ပါ)။
ကြား သကိုဗျ၊ ကျုပ်က ကြားတယ် ဆိုတော့ ဥပေက္ခာဝေဒနာ (မှန်ပါ)၊ ဒါဖြင့် သွားဦးမှပဲ ချမ်းသာမလားလို့ ဆိုတာက သောမနဿ ဝေဒနာ (မှန်ပါ)၊ တော်ကြာကျလို့ရှိရင်ဖြင့် ဖျားပြီး နာပြီး မသေကြဘူးလား (သေကြပါတယ် ဘုရား)၊ ဒုက္ခ ဝေဒနာက သတ်ချလိုက်တာ (မှန်ပါ ဘုရား)။
ဝေဒနာသုံးမျိုးက လမ်းပြနေတာ
ဒါဖြင့် ဒီလိုတွေ သွားလာပြီး အငြိမ်မနေနိုင်ကြတာ၊ ဝေဒနာသုံးမျိုးက လမ်းပြနေတာ (မှန်ပါ ဘုရား)၊ နေတာနဲ့ပဲ မင်း တို့သည် အငြိမ်မနေနိုင်ကြဘူး (မှန်ပါ)။
ဝေဒနာသုံးမျိုးက ဘာဖြစ်နေတာတုံး (လမ်းပြနေတာပါ ဘုရား)၊ လမ်းပြနေတော့ အငြိမ် မနေနိုင်ကြတာနဲ့ နောက်ဆုံး ပိတ်ကျတော့ ဝေဒနာနဲ့ သေလိုက်ရတာပါပဲ။ မသေလိုက် ရဘူးလား (သေလိုက်ရပါတယ် ဘုရား)၊ ဘယ်သူသတ်လိုက်တာလဲ (ဝေဒနာသတ်တာပါ ဘုရား)။
ဝေဒနာသုံးမျိုးလှည့်ပြီး သူတို့အပေါင်းအဖော်ချင်း ညှိပြီး သတ်လိုက်တာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လူသတ်ယောက်ျားနဲ့တွေ့ရတယ်
ဒါဖြင့် ဘယ်ဘုံ ဆုတောင်း ဆုတောင်း ဝေဒနာ တောင်းတာပဲ (မှန်ပါ ဘုရား)၊ သူသတ် ယောက်ျားနဲ့ ကျုပ်နဲ့ တွေ့ရပါလို၏ (မှန်ပါ)၊ ဘာတောင်းတာတုံး (သူသတ် ယောက်ျားနဲ့ တွေ့ ရပါ လိုက်ပါ ဘုရား)၊ သူသတ်ယောက်ျားနဲ့ တွေ့ရပါလို၏၊ အတူတွေ့ ရပါလို၏ မပါဘူးလား (ပါပါတယ် ဘုရား)။
သူသတ်ယောက်ျားနဲ့ တွေ့ရပါလို၏ (အတူနေရ ပါလို၏ ပါ ဘုရား)၊ အတူနေချင်တော့ ဝေဒနာက္ခန္ဓာ သွားဖြစ်တယ် (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ကြားစိတ်နဲ့ နတ်တွေ သည်ကား ဆိုလို့ ရှိရင် နတ်ပြည်မရှိ ပြန်ဘူးတဲ့ဆိုလို့ရှိရင် ပထမ ချမ်းသာသလိုလိုနဲ့ တော်ကြာ ဝေဒနာက သတ်ချလိုက်တာပဲ (မှန်ပါ)၊ ဒီလိုမနေဘူးလား။
အဲ ဒီတော့ ကြားလို့ဆုတောင်း ဆုတောင်းလို့ သေရဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ကြားတာက ဥပေက္ခာ ဝေဒနာ (မှန်ပါ)၊ ဆုတောင်းတာက သောမနဿ ဝေဒနာ (မှန်ပါ)၊ ဟိုသွား သေရတာက ဒုက္ခဝေဒနာ (မှန်ပါ ဘုရား)၊ ဒီလိုမနေဘူး လား (နေပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့ဥစ္စာသည် နားမလည်လို့ရှိရင် ကြားရင် ဆုတောင်း ဆုတောင်း သေသွားတယ် (မှန်ပါ ဘုရား)၊ မောင်အောင်မြ ဘယ့်နှယ်နေတုံး ဒီတိုင်းမနေဘူးလား၊ အဲဒါ အမှား တွေဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါ ဝေဒနာတရားကို မနာဖူးတော့ဘူး မောင်ချစ်တင်ရ၊ ဒါတွေဟာ တစ်ခါတည်း ဖြစ်ချင်သလို ဖြစ်နေတာ (မှန်ပါ)၊ သူ သတ်ယောက်ျားလို့ မသိတော့ ဘယ်ကိုသွားရင် ချမ်းသာမှာပဲ၊ ဒီကနေ ရန်ကုန်သွား ချမ်းသာမှာပဲ၊ ဟော- ဝေဒနာတရားမသိတော့ ချမ်းသာအနိစ္စတွေမှ လွတ်သေးရဲ့လား (မလွတ်ပါဘူး ဘုရား)၊ ချမ်းသာကနေပြီး တော်ကြာ ဆင်းရဲဒုက္ခတွေဘက် မပို့ ဘူးလား (ပို့ပါတယ် ဘုရား)၊ ဒါ ဘယ်သူနှိပ်စက်တာတုံး (ဝေဒနာ နှိပ်စက်တာပါ ဘုရား)၊ ဝေဒနာနှိပ်စက်တယ် ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
(၃၁)ဘုံမှာ သူသတ်ယောက်ျားသုံးယောက်
ဒါဖြင့် (၃၁) ဘုံမှာ သူသတ်ယောက်ျား ဘယ်နှစ် ယောက်ရှိတုံး မေးရင် ဘယ့်နှယ်ဖြေကြမတုံး (သုံးယောက်ပါ ဘုရား)၊ သုံးယောက်ကလည်းတဲ့ တခြားမှာနေသလား အတူတူပဲ နေသလား (အတူတူပဲ နေပါတယ် ဘုရား)။
မျက်လုံးက ဥပေက္ခာ ဝေဒနာပဲ သူပေါ်ချင်ရင်အတူတူ ဖြစ်နေတာ (မှန်ပါ ဘုရား)၊ ဝမ်းထဲ သောမနဿ ဝေဒနာ သူပေါ်ချင်ရင် အတူတူပဲ၊ ဝမ်းထဲ ဒုက္ခဝေဒနာကလည်း ဒုက္ခ ရောက်အောင် လုပ်ချလိုက်တာ သူပဲမနေဘူးလား (သူပါပဲ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာကထွက်အောင်လုပ်
ဒါဖြင့် ဝေဒနာတို့၏အပြစ်ကို ခုဟောနေတာပဲ (မှန်ပါ ဘုရား)၊ ဒါဖြင့် ဝေဒနာကြောင့် အဿဒ ဖြစ်တယ်။ အဿဒကြောင့် အာဒိနဝ ဆိုတာလည်း သိသွားတဲ့အခါ ကျတော့ ဝေဒနာမှ ထွက်မြောက်အောင် လုပ်ကြ (မှန်ပါ)။ ဘယ်လိုဟောတုံး (ဝေဒနာမှ ထွက်မြောက်အောင် လုပ်ကြပါ ဘုရား)၊ မဟော သင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။
ဝေဒနာကို ဖြစ်ပျက်မြင်မှ ထွက်မြောက်နိုင်မယ်
ဝေဒနာမှ ထွက်မြောက်အောင် လုပ်မယ် ဆိုလို့ရှိရင်ဖြင့် ဝေဒနာကို ဖြစ်ပျက် မရှုလို့ရှိရင် ဘယ်နည်းနဲ့မှ မထွက်မြောက် နိုင်ဘူး (မှန်ပါ ဘုရား)၊ ဝေဒနာ ဖြစ်ပျက်မြင်မှပဲ (ထွက်မြောက် နိုင်မှာပါ ဘုရား)၊ ဝေဒနာ မုန်းလာမှာပဲ၊ ဝေဒနာ မုန်းလာတော့ မှပဲ ဝေဒနာနဲ့နေတာ ဝေဒနာမလိုချင်တော့ဘူး (မှန်ပါ ဘုရား)။ လိုချင် သေးရဲ့လား (မလိုချင်တော့ပါဘူး ဘုရား)၊ မလိုချင်တော့ နောက် ဝေဒနာက္ခန္ဓာ ရဦးမလား (မရတော့ပါဘူး ဘုရား)။
မရရင် အသေလွတ်သွားမှာပဲ (မှန်ပါ)၊ သူသတ်ယောက်ျားနဲ့ အိုးစားကွဲပြီ (မှန်ပါ ဘုရား)၊ မကွဲသေးဘူးလား (ကွဲ ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့သည် ဝေဒနာနဲ့ နိဿရဏဋ္ဌ ဖြစ်အောင် လုပ်ပါ (မှန်ပါ)၊ ဝေဒနာနဲ့ နိဿရဏဋ္ဌ ဖြစ်အောင် လုပ်ပါဆို ဝေဒနာနဲ့ ထွက်မြောက်အောင် လုပ်ပါ ဆိုတော့၊ သူ့ကို ရှုတတ် ပြန်လို့ရှိရင်လည်း သူက ထွက်မြောက်တာဆီ ပို့လိုက်တာပဲ (မှန်ပါ)။
သူ့ကို သာယာ, နှစ်သက်နေပြန်လို့ရှိရင်လည်း အဿဒ ဖြစ်လာတာပဲ၊ အဿဒ ဖြစ်ရင် အာဒိနဝ ဘေးတွေ မသင့်ပေ ဘူးလား (သင့်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒီဝေဒနာကို ယနေ့ အလုပ်တရားချည်း ဖြစ်နေတဲ့ အတွက် သံဝေဂ မပါဘူး။
ခန္ဓာရှိရင် အသေမလွတ်
သံဝေဂ မပါတော့ ပါရဲ့ ပါဝင်ပါငြား သော်လည်း သူ သံဝေဂမှာ သူက အကြီးဆုံး (မှန်ပါ ဘုရား)၊ ဪ ဝေဒနာက္ခ ခန္ဓာကြီး ရှိနေသ၍ ကာလပတ်လုံး အသေလွတ်မှာကို မဟုတ်ပါဘူး (မှန်ပါ ဘုရား)။
ဝေဒနာက္ခန္ဓာရှိနေရင် (အသေမလွတ်ပါဘူး ဘုရား)။ လွတ်နိုင်စရာ အကြောင်းကော မြင်ကြရဲ့လား၊ ဘာဖြစ်လို့တုံး သူသတ်ယောက်ျား သုံးယောက်ကို (မှန်ပါ ဘုရား)၊ သူသတ် ယောက်ျား သုံးယောက်ကို တို့ကလည်း လိုက် လိုက်ပြီး မိတ်ဆွေဖွဲ့ နေလို့ရှိရင်တော့ဖြင့် အတော်ထူလို့၊ အတော်အလို့ (မှန်ပါ)။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
ကဲ- ဒီနေ့ နာရီစေ့ပြီ၊ တော်ကြဦးစို့။
သာဓု၊ သာဓု၊ သာဓု။