172

လူ့ပြည်ရောက်ရင်၊ နိဗ္ဗာန်အရယူမယ်

အသံဖိုင်ခေါင်းစဉ်= ထိနမိဒ္ဓသည် ကောက်ကျစ် လှည့်စားတတ်ပုံ

စာအုပ်ခေါင်းစဉ်= လူ့ပြည်ရောက်ရင်၊ နိဗ္ဗာန်အရယူမယ်

မှတ်ချက်။ ။အလုပ်သမားယောဂီများအတွက် အထူးအရေးပါသောတရားဖြစ်သည်။ အိပ်ငိုက်သွားတာကို မဂ်ဟု အထင်မှားတတ်ပုံကို မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ရှင်းပြထားခြင်း ဖြစ်သည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

“လူ့ပြည်ရောက်ရင်၊ နိဗ္ဗာန်အရယူမယ်”

ဟောကြားသည့်နေ့

(၁၉-၁-၅၉)

ထိနမိဒ္ဓိက ဝင်ပြီး သကာလ လာတာကို သမာဓိများ လာပြီ၊ သမာဓိများ လာပြီလို့ ယောဂီ ပုဂ္ဂိုလ်က ကိုယ့်ဟာကိုယ် ထင်တတ်တယ်၊ ထင်သာ ထင်တာတဲ့ ဟိုအာရုံပျောက်တာ၊ မပျောက်တာ အကဲခတ် လိုက်လို့ရှိရင် ဦးဝင်း သမာဓိဆိုရင် ဟိုဘက်က ရှုစရာ အာရုံမပျောက်ဘူး (မှန်ပါ)။

သမာဓိဝင်လုပ်နေတယ်

ထိနမိဒ္ဓ ဆိုရင် ပျောက်ထွက်သွားတယ်၊ အဲတော့ကို ထိနမိဒ္ဓက သမာဓိ ဝင်လုပ်နေတယ်လို့ မောင်ကိုတို့ ဆုံးဖြတ် ချက်ချရမယ်၊ ထိနမိဒ္ဓက သမာဓိ ဝင်လုပ်နေတာ၊ စင်စစ် ထိနမိဒ္ဓ ဆိုတာ ကတော့ ငိုက်မြည်းရေး၊ မငိုက် သော်လည်း မှိုင်တွေဝေ ပြီး သကာလ ရှုနေတဲ့ အာရုံ ပျောက်ထွက် သွားတာက ထိနမိဒ္ဒ ကြောင့် ပျောက်သွားတာကို၊ သူက သမာဓိဝင်ပြီး သကာလ လာတယ် ဒါကြောင့် တည်တည် ကြည်ကြည် ရှိနေတယ်လို့ ထင်တယ်။

ကိုယ်စားလှယ်ကဘယ်သူတုံး

ထင်သာထင်ရတယ် မဟုတ်ပါဘူးတဲ့၊ ကိုယ်စားလှယ်က ဘယ်သူတုံးလို့ မေးလို့ရှိရင်ဖြင့် ထိနမိဒ္ဓ ဖြစ်နေတယ်၊ သဘော ကျရဲ့လား (သဘောကျပါတယ် ဘုရား) အဲဒါက ဝိပဿနာ ယောဂီပုဂ္ဂိုလ်၊ အလုပ်လုပ်နေတဲ့ ယောဂီ ပုဂ္ဂိုလ်မှာ လာသည်။ မောင်အေး ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ထိနမိဒ္ဓက ဘာဝင်လုပ် နေတာတုံးကွ (သမာဓိဝင် လုပ် နေတာပါ ဘုရား) သမာဓိ ဝင်လုပ် နေတယ် အဲတော့ တချို့သော ကမ္မဋ္ဌာန်း ဆရာတွေ တချို့သော ယောဂီတွေမှာ ကျုပ်ဖြင့် ဘာမှ မတွေ့လိုက်တော့ဘူး၊ တစ်ခါတည်း အဖြစ်အပျက်တွေ ပျောက်သွားတာပဲ။

ဒုက္ခဆုံးတဲ့ပုံထင်ရတယ်

ဆိုတော့ သူက အဖြစ်အပျက်တွေ ပျောက်သွားတယ် ဆိုတော့ ဒုက္ခဆုံးတဲ့ပုံ၊ ဦးဝင်း မထင်ရဘူးလား (ထင်ရပါတယ် ဘုရား)၊ ထင်သာ ထင်ရတယ် သူ ထိနမိဒ္ဓက ဝင်ပြီး၊ မမြင်ဘဲနဲ့ ပျောက်တာ၊ သူက သမာဓိ ဝင်လုပ်ပြီး သကာလ ရှိရဲ့ သားနဲ့ ပျောက်သွားတာ။

တကယ့်ကို ဒီဒုက္ခကြီး ရွံမုန်းငြီးငွေ့လို့ ဉာဏ်ကြောင့် ပျောက်သွားတာလို့ ဆိုလို့မရဘူး၊ ထိနမိဒ္ဓ ဝင်တာနဲ့ မမြင်လို့ ပျောက်သွားတာ လစ်သွားတာ။

လစ်သွားတာ မဂ်ထင်နေတယ်

အဲဒါကို လစ်သွားတာကို သူတို့က တချို့နေရာ တော့ ဦးဝင်းတို့၊ မောင်ကိုတို့က မဂ်များ ထင်နေ လိုက်သေး တယ် (တင်ပါ) စင်စစ်တော့ ဘုရားက “ထိနမိဒ္ဓ သမာဓိမှိ” ကွတဲ့ ထိနမိဒ္ဓက သမာဓိ ဝင်လုပ်နေတာ သူတို့က မရိပ်မိ လိုက်ဘူးတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာက ဘာဝင်လုပ်တာတုံးကွ (ထိနမိဒ္ဓက သမာဓိ ဝင်လုပ် နေတာပါ ဘုရား) အဲဒါတွေ အခု ယောဂီ ပုဂ္ဂိုလ်တွေမှာ ဖြစ်စေ၊ တချို့ယောဂီတိုင်းမှာ ဖြစ်စေ လစ်သွားတာကို မဂ်ထင် နေတော့ ကောင်းကောင်းကြီး လွဲနေတာပေါ့၊ ပါဠိတော်က ဒီရှိနေတာ။

ခွဲသိရမယ်

ထိနမိဒ္ဓက ဝင်လုပ် နေတာကွတဲ့၊ သမာဓိ ယောင် ဆောင်ပြီး ဝင်လုပ်နေတာ စင်စစ်တော့ ဒီက ဒကာ ဒကာမ တွေက မှတ်စရာက ထိနမိဒ္ဓနဲ့ သမာဓိကို ခွဲသိရမယ်။

ကိုယ့်ခန္ဓာထဲမှာ စိတ်ကလေး ရှုနေနေ ထိနမိဒ္ဓဝင်လာ လို့ရှိရင်ဖြင့် ဒီစိတ်ကလေး၏ အဖြစ်အပျက်ကို မမြင်တော့ဘူး၊ သမာဓိ ဆိုလို့ရှိရင်ဖြင့် သမာဓိက သူ့ချည်းလာတာ မဟုတ်ဘူး ပညာနဲ့ တွဲလာတာ သတိနဲ့ တွဲလာတာ။

သမာဓိနဲ့ သတိနဲ့ဟာက၊ သမာဓိရယ်၊ သတိရယ်၊ ဝီရိယရယ်က ခွဲလို့ ရတဲ့ တရား မဟုတ်ဘူး စုံဝင်လာတာ၊ သမာဓိ မဂ္ဂင်၊ သမာဓိ မဂ္ဂင်က သုံးပါး မရှိဘူးလား ဦးဝင်း (ရှိပါတယ် ဘုရား)၊ အရင်သင် ထားတယ်နော် (မှန်ပါ ဘုရား)။

သတိရယ်၊ ဝီရိယရယ် သမာဓိရယ်က, သုံးပါး ဝင်လာ တော့ သူတို့နဲ့ ဆိုရင် ရှုနေတဲ့ အာရုံလေး တစ်ခု ရှေ့နားက ကိုယ့်ခန္ဓာထဲက ပစ္စည်းလေး တစ်ခု ရုပ်ဖြစ်ဖြစ်၊ နာမ်ဖြစ်ဖြစ် ပျောက်စရာ မရှိဘူး၊ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

ထိနမိဒ္ဓဝင်လို့

မရှိတော့ ထိနမိဒ္ဓဝင်လို့ ပျောက်တာကို တချို့က ဟာ ဒီဥစ္စာ မဂ်ကျတာပဲ၊ တစ်မဂ် ရတာပဲ ဒီလို ထင်တတ်တယ် (မှန်ပါ) ဒီလို ထင်လို့ရှိရင်ဖြင့် မောင်ကို မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အဲဒါတွေ အင်မတန် များပြီး သကာလ နေတာ ဒီလို ပါဠိ တော်တွေကလည်း မတွေ့တော့ အမရဲ့ သိပ်ခက်တယ် (တင်ပါ ဘုရား)။ ကျုပ်တို့ တစ်ခါမှ မငိုက် လိုက်ရဘူး၊ တစ်ခါမှ မငိုက် လိုက်ရတော့ မဂ်ကို တစ်ခါမှ မကျဘူးလို့ ပြောချင် ပြောနေ မှာ (တင်ပါ)။

ငိုက်တိုင်းမဂ်ရတယ် ထင်နေတယ်

ဆရာကလည်း သိပ်လွဲနေတာ၊ ဆရာကလွဲ၊ တပည့်က မသိထဲက ဖြစ်နေလို့ရှိရင် မောင်ချစ်ဆွေ သွားပြီကွ ဒီဥစ္စာ (မှန်ပါ)၊ ဒါ သူငိုက်တိုင်း ငိုက်တိုင်း မဂ်ရနေတယ် အောက်မေ့နေမှာ၊ လစ်တိုင်း လစ်တိုင်း မဂ်ရနေတယ် အောက်မေ့နေမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စင်စစ်ဘယ်သူက ဝင်လုပ်နေတာတုံး (ထိနမိဒ္ဓကပါ ဘုရား) ထိနမိဒ္ဓက သမာဓိ ယောင် ဆောင်ပြီး ဝင်လုပ်နေတာ မောင်အေးက ဘာက ဘာဝင်လုပ်နေတာတုံး (ထိနမိဒ္ဓက သမာဓိ ဝင်လုပ်နေတာပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ ခွဲတတ်ပလား၊ သမာဓိ ဆိုလို့ ရှိရင် သတိရော ဝီရိယရော တွဲပြီး ဝင်ရတဲ့ တရား (တင်ပါ ဘုရား)။

သတိရှိကတည်းက မေ့တယ်၊ ငိုက်တယ် လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။

အဲတော့ သတိကလည်း သူချည်း ဝင်လာတာလားလို့ အမေး ထုတ်ခဲ့သော် သတိရယ်၊ ဝီရိယရယ်၊ သမာဓိရယ် သုံးခု တွဲဝင်တာ ခွဲပြီးမဝင်ဘူး၊ ဟိုအာရုံဆီမှာ (တင်ပါ)။

ခွဲမဝင်တဲ့ တရား ဆိုလို့ရှိရင် သူဘယ်နည်းနဲ့မှ ရှေ့က အာရုံ ပျောက်စရာ ရှိရဲ့ လား (မရှိပါဘူး ဘုရား) ပျောက်သွား တယ်၊ ပျောက်သွားတယ်တဲ့ ဘာမှကို မသိလိုက်တော့ဘူးတဲ့ ဆိုတော့ သူဘာမှ မသိတာ ထောက် လိုက်တော့ ထိနမိဒ္ဓ။

အိပ်မလို့အစကိုဆိုတာ

ထိနမိဒ္ဓ ဝင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ခြင်ကိုက်တာတောင် သိသေးရဲ့ လား (မသိပါဘူး) မသိဘူး၊ ထိနမိဒ္ဓ ဆိုတာ အိပ်စ ဆိုတာပဲ (တင်ပါ ဘုရား) အိပ်မလို့ အစပဲ (တင်ပါ ဘုရား)။

အိပ်မယ်လို့ အစလေး ဝင်လာတာကို မောင်အေးတို့ လူစုတွေက ဒါမဂ်ထင်ချင် ထင်နေရင် ဒါငါးပါး မှောက်မယ် (တင်ပါ ဘုရား)။

အဲဒိတော့ကို ထိနမိဒ္ဓက သမာဓိ ဝင်မလုပ်နိုင်တဲ့ နည်း ကတော့ဖြင့် သြော်-အာရုံ မပျောက်လို့ ရှိရင်ဖြင့်၊ အစက အာရုံ မပျောက်ဘူး နောက်မှ ပျောက်သွားတာလည်း ကိုယ့်ဟာကိုယ် သိလိုက်တယ်၊ ရှေ့ကဖြစ်ပျက်တွေ ပျောက်သွားတာလည်း သိလိုက်တယ်။

ဒီအသိနှစ်ခုဆက်သွားမှမဂ်စစ်

အစတုန်းက မပျောက်တာလည်း သိတယ် ဒီအသိ နှစ်ခု ကို ဆက်သွားမှ မဂ်စစ် ရှင်းပလား၊ ဒီအသိနှစ်ခု ဆက်သွားမှနော် သတိ၊ ဝီရိယ၊ သမာဓိကလည်း ဟိုမှာဖြစ်ပျက် ဆီမှာ စိုက်ပြီးနေ ရဲ့၊ ပြီးတော့မှ ပညာဝင်လာတဲ့ အခါကျတော့ ဒါမလိုချင်ပါဘူး ဆိုတော့ ပျောက်ထွက် သွားတယ်။

ပျောက်သွားတော့ ပျောက်တာလည်း သိတယ်၊ နဂိုက ဖြစ်ပျက်တွေ ရှိနေတာလည်း သိတယ်၊ နောက် ဉာဏ်ဝင်လာလို့ ပျောက်သွားလည်း သိတော့မှ သြော်- ဒီဥစ္စာ နိဗ္ဗာန်ပါလား ပျောက်သွားတာ ဒုက္ခ မရှိတာပါလားလို့ ဒီလို နှစ်ချက် ဆက်ပြီး သိသွားလို့ ရှိရင် မောင်ကို အမှန်ယူ၊ သဘောကျပလား (ကျပါပြီ)။

အလုပ်သမားမှာ အရေးကြီးတယ်

ဒါ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) အလုပ် သမားမှာ မောင်အေးက သိပ် အရေးကြီး တယ်၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒါတွေ ဘုန်းကြီးတို့နားမှာလည်း ကြားရ၊ တချို့ဆရာ တွေကလည်း မဂ်ဆိုလို့ရှိရင် ဘာမှ မသိဘူး တုံးလုံး ဖြစ်နေတာပဲ ဘာပဲ ညာပဲ ဆိုတော့ မောင်ကို သိပ်လွဲနေတာဗျ (တင်ပါ ဘုရား)။

ဘယ့်နှယ် သမာဓိ ပညာစခန်းဟာ လစ်စရာ ပါရဲ့လား (မပါပါဘူး ဘုရား) သူတစ်ပါးသာ မပြောနိုင်ရင် ရှိရမယ်။ ကိုယ့် ဟာကိုယ်တော့ မလစ်ဘူး၊ ခုဟာက သူတို့ဟာက ဒီလိုမဟုတ် တော့ဘူးတဲ့၊ ဒီလို မဟုတ်တော့ဘူး ထိနမိဒ္ဓကို သူတို့က သမာဓိ ပညာ ထင်ပြီး သကာလ ဒါ မဂ်ဆိုက်တယ် ဖိုလ်ဆိုက်တယ် ဆိုပြီး သကာလ ထင်နေကျတော့ ဒီဥစ္စာက သံသရာ ရှည်ဖို့ ဖြစ်လာတာ။

ဘယ့်နှယ် သံသရာ ရှည်ဖို့ ဖြစ်လာတာတုံး ဘုရား အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်၊ မေ့သွားတဲ့ အချိန်မှာ ဟို ထိနမိဒ္ဓ ဆိုတာ ထိနမိဒ္ဓ ဆိုတာက တရားကိုယ် မှတ်လိုက်တော့ ထိနမိဒ္ဓက ငိုက်လို့ ကောင်းတယ် ထင်ရင်၊ မေ့နေလို့ ထင်ရင် လောဘ (တင်ပါ ဘုရား) ဟုတ်ဘူးလား။

ထိနမိဒ္ဓက လောဘဒေါသ

ကိုယ့်စိတ်ကိုယ် မနိုင်တာက ဒေါသ ဆိုတော့ လောဘနဲ့ ဒေါသ တစ်ခုခု ဝင်လာတာ (မှန်ပါ) ထိနမိဒ္ဓက လောဘဒေါသ။ “ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိက စိတ္တသု” မလာဘူးလား (လာပါ တယ် ဘုရား)။

လာတော့ သသင်္ခါရိက စိတ်ငါးခု ဆိုတော့ လောဘ သသင်္ခါရိက လေး၊ ဒေါသ သသင်္ခါရိက တစ်။ သူက သက်သက် လောဘနဲ့ ဒေါသ တစ်ခုခု ဖြစ်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါမင်းတို့က ဘာထင်နေတုံးတဲ့ လောဘနဲ့ ဒေါသ၊ လောဘ အနုကလေး၊ ဒေါသ အနုကလေး ဖြစ်နေတာကို မဂ် ထင်နေတယ် ဆိုတော့ လောဘဖြစ်တော့ တဏှာ၊ ဥပါဒါန်၊ ကံဘက် လှည့်သွားတာပေါ့၊ ဒေါသ ဖြစ်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဘက်မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

သံသရာလည်တာ မဂ်ရတယ်ထင်

ဆိုတော့ သံသရာ မလည်ဘူးလား (သံသရာလည် ပါတယ် ဘုရား) အဲ-သံသရာ လည်တာကို သူတို့က မဂ်ရတယ် ထင်နေတာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သံသရာ လည်တာ ဘာထင်နေတုံး (မဂ်ရတယ် ထင်နေပါတယ် ဘုရား)။

မဂ်ရတယ် ထင်နေတော့ အဲဒါနဲ့ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ် တွေလည်း ဦးဝင်းရဲ့ တော်တော် တွေ့ရတယ်(မှန်ပါ ဘုရား)။ တော်တော် တွေ့ရတယ် ဒီဥစ္စာ ဒီပါဠိတော်တွေ မတွေ့ဘူး သူတို့က၊ မတွေ့တော့ သူတို့ အတွက်မှာက လုပ်ကား လုပ်ကဲ့၊ လုပ်ပြီး သကာလ အပြစ်ရှိတာ မသိပဲ ဖြစ်သွားတယ် (တင်ပါ ဘုရား)။

လောဘအနုနဲ့ ဒေါသအနုဖြစ်တော့ မောင်ကို အပြစ်မရှိ ဘူးလား (ရှိပါတယ် ဘုရား) ရှိတာ သူတို့က အပြစ် ရှိတယ် ထင်သလား၊ အကျိုး ရှိတယ်လို့ ထင်သလား (အကျိုး ရှိတယ်လို့ ထင် ပါတယ် ဘုရား)၊ ဟ-သွားရော ပေါ့ကွ သွားသေးဘူးလား၊ ကဲ (သွားပါတယ် ဘုရား)။

မေ့တာ၊ ငိုက်တာ မဂ်ရတယ်ထင်နေ

အဲဒိ ဥစ္စာကလည်း အခုခေတ်မှာမှ တချို့နေရာမှာ တော်တော် ဆိုးနေတယ် ဦးဝင်းရ (မှန်ပါ ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) မင်းတို့ ကြားဖူးမှာပေါ့ မေ့သွားတယ်၊ ငိုက်သွားတယ်၊ မဂ်ရတယ် ကျုပ်တို့ဖြင့် တစ်ခါမှ မမေ့ မငိုက် လိုက်ရလို့ ဒီနေ့ တစ်မဂ်မှ မရလိုက်ဘူး ဒီလို ဟာတွေက ရှိသေး တယ်ကွ၊ သဘောကျရဲ့လား။

ဘုရားကလည်း ထိနမိဒံ သမာဓိမှိ တဲ့၊ ထိနမိဒ္ဓံ= ထိနမိဒ္ဓက၊ သမာဓိမှီ= သမာဓိလိုလိုနဲ့၊ ထိနမိဒ္ဓံ သမာဓိမှိ၊ သမာဓိမှိ= သမာဓိကို၊ ထိနမိဒ္ဓံ= ထိနမိဒ္ဓက၊ ဝေဉ္စတိ= လှည့်စားလိုက်တာကွ (တင်ပါ)။

သူက သမာဓိ ယောင်ဆောင်ပြီး ဝင်လာတာတဲ့၊ ရိပ်မိပ လားကွ ဘယ်လို ဝင်လာတာတုံး (သမာဓိ ယောင်ဆောင် ဝင်လာတာပါ ဘုရား) သမာဓိ ယောင်ဆောင် ဝင်လာတော့ ဒို့က အကဲခတ် တတ်ပလား (မှန်ပါ)။

သမာဓိဆိုရင်အာရုံမပျောက်ရဘူး

သမာဓိ သက်သက် ဆိုရင် ရှေ့က အာရုံ မပျောက်ရဘူး (မပျောက်ရဘူး ဘုရား) မပျောက်ရဘူး အစ်မ (တင်ပါ ဘုရား) ရှုနေတဲ့ အာရုံလေး ဘာတုံး (မပျောက်ရဘူး ဘုရား)

ထိနမိဒ္ဓဝင်လာရင် (ပျောက်သွားပါတယ် ဘုရား) ဒါ ပျောက်သင့်လား မပျောက်သင့်လား ဝေဖန်ကြည့် လိုက်ပါလားကွ (တင်ပါ ဘုရား)

ဝေဖန်ကြည့် လိုက်တဲ့ အခါကျလို့ ရှိရင် သြော် ပျောက်တယ် ဆိုရင် ထိနမိဒ္ဓပဲ ဟုတ်ဘူးလား (တင်ပါ)၊ မပျောက်ဘဲနဲ့ နေလို့ရှိရင်ဖြင့် သြော်- သမာဓိ တည်နေလို့ ဒီဟာလေးဟာ အရင်ပေါ် တာလည်း သိတာပဲ၊ ပျောက်တာလည်း သိတာပဲ၊ နောက်ပေါ်တာလည်း သိတာပဲ၊ ပျောက်တာလည်း သိတာပဲ မလာပေဘူးလား (လာပါတယ် ဘုရား)။

အာရုံပျောက်ရင်ထိနမိဒ္ဓ

အဲတော့ ရှေ့က အာရုံတည်းဟူသော ဒီဂရီနဲ့ချိန်ထိုး ကြည့်လိုက်တော့မှ သြော်- ဒါက သမာဓိ ဆိုတာ ပေါ်လာတယ်၊ အာရုံ မပျောက်မှ ဘာတုံးဦးဝင်း (သမာဓိပါ ဘုရား) အာရုံ ပျောက်သွားရင် (ထိနမိဒ္ဓပါ ဘုရား) ထိနမိဒ္ဓ၊ အဲဒါ သူတို့က မဂ်ထင်နေတယ်၊ ဒုက္ခချုပ် သွားတယ်၊ ရှေ့က ရှူနေတာလေး ချုပ်သွားတယ် ဆိုတော့ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အထင်မှားနေတယ်တဲ့ အထင်မှားတာက ရိုးရိုးမှား တာလား မသိမှားလားလို့ ဆိုလို့ရှိရင် ဒီနှစ်ခု မခွဲတတ်တော့ဘူး (မသိမှားပါ ဘုရား) ခွဲတတ်သေးရဲ့ လား (မခွဲတတ်ပါဘူး ဘုရား)။ မခွဲတတ်တော့ မသိမှား ဖြစ်သွားတယ်။

မသိမှား ဆိုလို့ရှိရင် အဝိဇ္ဇာ လာတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား) မသိမှားက ဘာတုံး (အဝိဇ္ဇာပါ ဘုရား)။ မောင်ချစ်ဆွေ နေရာကျ ပလားကွ (ကျပါပြီ ဘုရား)။

လစ်သွားတာကို မဂ်ထင်တယ်

လစ်သွားတဲ့ ဥစ္စာကို သူက မဂ်ထင်နေတာ ဘာထင်နေ တုံး (လစ်သွားတာ မဂ်ထင်နေပါတယ် ဘုရား) လစ်သွားတာက ထိနမိဒ္ဓ ဝင်လာတာ ထိနမိဒ္ဓက မင်းတို့ ဝင်ပါမယ်လို့ သူက ပြောတာ မဟုတ်ဘူး၊ အာရုံတစ်ခု စူးစူးစိုက်စိုက် ကြည့်နေ၊ အိပ်ရေးက လည်း ပျက်ထားမယ် ဆိုလို့ ရှိရင်ဖြင့်၊ ဖျတ်ခနဲ ဖျတ်ခနဲ လစ်လစ် ပွားတာပဲ၊ မလစ်ဘူးလား (လစ်ပါတယ် ဘုရား)။

အဲဒါ လစ်သွားတာကို လစ်သွားတယ် ဆိုကတည်းက ဟိုက သူကြည့်နေတဲ့ ပစ္စည်းလေး မပျောက်ဘူးလား၊ ပျောက် ပလား (ပျောက်သွားပါတယ် ဘုရား) ပျောက်သွားလို့ ရှိရင် ဒါ ဘာမှ မဟုတ်ဘူး၊ မဂ်မဟုတ်ဘူး၊ ထိနမိဒ္ဓ သက်သက် ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ထိနမိဒ္ဓ သက်သက်ကို ဆရာကလည်း နားမလည် တပည့်ကလည်း နားမလည် ဆိုလို့ရှိရင် ဒါဟာ တစ်မဂ်ရပါပြီ (တင်ပါ ဘုရား) ဒီလိုရင်လည်း ထင်တတ်တယ် ထင်ရင် ကောင်းကောင်း လွဲတာပဲ။

ကောင်းကောင်း လွဲတယ် မလွဲတယ်ကို တစ်ခါချိန်ထိုး ကြည့်လိုက်တော့ ထိနမိဒ္ဓ၏ ပင်ကိုယ် တရားအရင်းကို ကောက် လိုက်ပါတဲ့ လောဘနဲ့ ဒေါသပါ (တင်ပါ ဘုရား)။

တစ်ခါတလေ လောဘကြောင့် ငိုက်တယ်၊ တစ်ခါ တလေ ကျတော့ အလိုမကျတာ ငိုက်သွား တယ် မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ အလိုမကျလို့ ငိုက်ရင် လစ်သွားလို့ ရှိရင် ဒေါသ ဟုတ်လား။

လောဘနဲ့ဒေါသဝင်တာ

အလိုကျပြီး ငိုက်နေလို့ ရှိရင် လောဘ၊ အဲတော့ လောဘ နဲ့ ဒေါသ ဝင်လာတာကို သူတို့က မဂ်ဝင်တယ် ထင်နေတယ် (တင်ပါ) ဒါကြောင့် ဘုရားက ဟောရရှာတာ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

ဒီဥစ္စာ ယောဂီ ပုဂ္ဂိုလ်မှာ ဦးဝင်းတို့ မောင်ကိုတို့ အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒါ ခွဲသိရမယ် (မှန်ပါ ဘုရား) ခွဲသိ ခွဲသိတော့ သိနည်းကို ရှင်းပေးမယ်တဲ့ ခွဲသိဖို့၊ သိနည်းကို ရှင်းပေးမယ်။

သမာဓိဆိုရင်သုံးခုတွဲရမယ်

သမာဓိ ဆိုလို့ရှိရင် ခုနင်က ပြောခဲ့တယ် သတိရယ်၊ ဝီရိယရယ်၊ ပညာရယ် သုံးခု တွဲရမယ် (မှန်ပါ ဘုရား) သတိပါနေ ကတည်းက လစ်စရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အဲ သမာဓိ မှန်လို့ရှိရင် ဘယ်တော့မှ ရှေ့က ပစ္စည်း မပျောက်ဘူး သတိထား နေတော့ (မှန်ပါ) ဝီရိယကော (ထားပါ တယ်) ဝီရိယလည်း စိုက်နေတာပဲ သဘောကျပလား (တင်ပါ ဘုရား) စိတ်ကလည်း တည်ကြည် နေတာပဲ (တင်ပါ ဘုရား)။

အဲတော့ ရှေ့က ရှုစရာ ပစ္စည်းတစ်ခု ရှုနေတဲ့ ဖြစ်ပျက်၊ ရှုနေတဲ့ နာမ်ရုပ်၊ ဘယ်နည်းနဲ့မှ မပျောက်ဘူး၊ ပျောက်ပါ့မလား (မပျောက်ပါဘူး ဘုရား)။

အဟောင်း ပျောက်တယ် အသစ် ပေါ်လာတာ သိတယ်၊ အဟောင်း ပျောက်တယ် အသစ်ပေါ် လာတာသိတယ် မသိ ဘူးလား (သိပါတယ် ဘုရား) သုံးခု တွဲနေတာကိုကွ၊ ခွဲလို့ရတဲ့ ဥစ္စာဖြစ်ကဲ့လား (မဖြစ်ပါဘူး ဘုရား) သူက သမာဓိမဂ္ဂင်လို့ ဘုရားက ဟောထားတာ။

သမာဓိ ပြဋ္ဌာန်းတယ် ဆိုတော့ သမာဓိမဂ္ဂင်တဲ့၊ ဖြစ်တော့ သုံးခုဆိုတော့ ဒီထဲ ပျောက်စရာ ပါသေးရဲ့ လား (မပါပါဘူး ဘုရား) အဲဒါ သေချာ မှတ်ထားတဲ့ ပဏ္ဏာသက ဒါသမာဓိမဂ္ဂင် ဆိုလို့ ရှိရင်ကွာတဲ့ ဒီ-သတိရယ် သမာဓိရယ်၊ ဝီရိယရယ် သုံးခု တွဲနေတော့ ဘယ်လစ်စရာ ရှိမတုံး၊ ရှေ့ကဟာကို၊ ရှေ့ကဟာ မသိလိုက်ဘူး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

သုံးခုကဘယ်သူတွေပါလိမ့်

ဘယ်နှစ်ခု တွဲနေတုံး (သုံးခု တွဲနေပါတယ် ဘုရား) သုံးခုက ဘယ်သူ ဘယ်သူပါလိမ့် (သတိရယ်၊ သမာဓိရယ်၊ ဝီရိယရယ် ပါ ဘုရား) အေး-ဒါသမာဓိ မဂ္ဂင်လို့ ဘုရားကကော မဟော ဘူးလား (မှန်ပါ)။

သူ့ချည်း တစ်ခုတည်း ဖြစ်တယ်လို့ ထုံးစံကော ရှိရဲ့ လား (မရှိပါဘူး ဘုရား) မရှိတော့ သတိနဲ့ တွဲဖြစ်ရတဲ့ အတွက် သူမှားစရာ ရှိသေးလား (မရှိပါဘူး ဘုရား)၊ လစ်စရာကော (မရှိပါဘူး ဘုရား)။

ဝီရိယနဲ့ တွဲနေတော့ ဝီရိယ အားကြီးနေတဲ့ ပုဂ္ဂိုလ် ဘယ်တော့ လစ်မလဲကွ (မလစ်ပါဘူး ဘုရား) အဲတော့ သမာဓိ က သူချည်း တစ်ခုတည်းဖြစ်တဲ့ အဓိပ္ပါယ်မျိုးလို့ ဘုရားကလည်း မဟောဘူး (မှန်ပါ ဘုရား)၊ ဖြစ်လည်း မဖြစ်ဘူးတဲ့၊ သူတို့ချင်းက သဟဇာတကွတဲ့၊ တကွဖြစ်တာတဲ့ (မှန်ပါ ဘုရား)၊ သဟဇာတ ဆိုတာ တကွဖြစ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တော့ ခွဲဖြစ်သတုံး မေးတော့ ဘယ်တော့မှ ခွဲမဖြစ် ဘူး သဘောကျပလား (ကျပါပြီ ဘုရား)၊ သတိရယ် ဝီရိယရယ် သမာဓိရယ်က အာရုံဆီကို ပြုတဲ့အခါကျတော့ ခွဲဖြစ်ကဲ့လား (မဖြစ်ပါဘူး ဘုရား)။

ဘုရားပေးတဲ့ဥပမာ

လောကီဥပမာ ငါဘုရား ရှင်းပြမယ်တဲ့ ဘုရားက မင်း တို့ မမှား ရအောင်ပေါ့လေ ရှင်းပြမယ်။ ဒီထဲမှာ ပန်းပင် တစ်ပင် ရှိတယ်။ ပန်းပင် တစ်ပင်မှာ ပန်းပွင့်လို့ မမှီတဲ့ပန်း ဖြစ်နေတယ်။ နှစ်ယောက် တက်မှ မှီမယ်။

ဆိုတော့ တစ်ယောက်သော ပုဂ္ဂိုလ်က အောက်ကနေ ပြီးတော့ ကုန်းပြီးတော့ ပခုံးပေါ်ကို အရပ်ခိုင်းတယ်။ တစ်ယောက်သော ပုဂ္ဂိုလ်က အပေါ်ကလူ တုန်မှာစိုးလို့ ဘေးက လက်တစ်ဘက်ကို ထိန်းပေးတယ်။ ဘေးက တစ်ယောက်က ရပ်ပေးတယ်။

တစ်ယောက်က ဘေးက လက်တစ်ဖက်ကိုင် ရပ်ပေး လိုက်တော့ သူက လက်မြှောက်ထားတဲ့ အတွက် ဒီအပေါ်က တက်တဲ့လူက ဘေးက ကပ်နေတဲ့ လက်မြှောက်တဲ့ လူကို လက်တစ်ဖက် ကိုင်ပြီး တစ်ဖက်ကနေ ဆွတ်မယ်ဆို မရပေဘူးလား (ရပါတယ် ဘုရား)။

သုံးယောက်ပေါင်းမှပန်းတစ်ပွင့်ရတယ်

ဒါဖြင့် အောက်က မြှောက်တဲ့ လူကတစ်မျိုး၊ ဘေးက အကူအညီပေးတဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ ဆွတ်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး (မှန်ပါ)၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အဲတော့ကိုတဲ့ အောက်ကလူက ဝီရိယနဲ့ တူတယ် (တင် ပါ)၊ ဘေးက လူက သတိနဲ့တူတယ်၊ ဟိုက သမာဓိနဲ့ တူတယ်။ ပန်းကိုဆွတ်မိတာပဲ (တင်ပါ ဘုရား)၊ ဆိုတော့ ဥပမာနဲ့တကွ လာထားတော့ ဦးဝင်း၊ ဒါ ရှုပ်စရာ လိုသေးလား (မလိုပါဘူး ဘုရား)။

မှတ်ထားကွ ဒီဥစ္စာ ပန်းဆွတ်တဲ့လူ ဥပမာ သူပြတယ် (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အင်မတန် ခြား နားနေတာပဲကွ (တင်ပါ ဘုရား)၊ ကဲ ခြားနားတာကိုလည်း သေသေချာချာကို မင်းတို့ ဂရုစိုက်ထားမှ သူတို့က သုံးယောက် ပေါင်းမှ ပန်းတစ်ပွင့် ရတာကိုးဗျ (တင်ပါ ဘုရား) ဟုတ်ဘူးလား။

ဥပမာကလည်း တခြားကမှ လာတာမဟုတ်ဘဲ ဒီ သမာဓိ နေရာမှာ ဘုရားက ပြောတဲ့ ဥပမာကို၊ မဂ္ဂင်ဆိုက်တဲ့ နေရာ ပြောတာ ဒါ သမာဓိမဂ္ဂင်ကွ၊ သမာဓိမဂ္ဂင် ဆို ဒီလိုပေါ် ရမယ် (တင်ပါ ဘုရား)။

ခုနင်က မေ့သွားတဲ့ ပုဂ္ဂိုလ်ကတော့ ပန်းဆွတ် နိုင်သေးရဲ့ လား (မဆွတ်နိုင်ပါဘူး ဘုရား)၊ သူကတော့ ဆွတ်နိုင်တယ်တဲ့၊

ပန်းဆွတ် နိုင်တယ် ဆိုကတည်းက ဟိုအာရုံကို ပြုနိုင်တယ် ပြော တာ (တင်ပါ ဘုရား)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီလောက်ထိအောင် ကျယ်ကျယ်ဝန်းဝန်း၊ အဓိပ္ပာယ်ကို နှံ့နှံ့စပ်စပ် မသိပြီဆိုမှဖြင့် ထိနမိဒ္ဓက ဝင်နှောက် ယှက်ချလိုက်တာပဲ (တင်ပါ ဘုရား)။

ထိနမိဒ္ဓက နှောက်ယှက် ချလိုက်တော့ ခုနက ပန်းနဲ့တူ တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သူ ဆွတ်ခူး နိုင်သေးရဲ့လား (မခူး နိုင်ပါဘူး ဘုရား)၊ မခူးနိုင်ကတည်းက ဒီဥစ္စာ ထိနမိဒ္ဓ သက် သက်ပဲ (တင်ပါ ဘုရား)။

သတိကခေါင်းညိတ်ပြတယ်

သမာဓိ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) မဟုတ်ဘူး တဲ့၊ ကဲ- ဒါဖြင့် အခုမှတ်လို့ ကောင်းတာက၊ အရေးတကြီး မှတ် ရမှာက ဪ သမာဓိ ဆိုတာ သူ့ချည်း သက်သက်မှ မဖြစ် ဘဲနဲ့ သူ့ချည်း သက်သက်ဖြင့် ဟိုအာရုံကို မမြင်ဘဲ မရှိဘူး သတိက ခေါင်းညိတ်ပြတယ် (တင်ပါ ဘုရား)။

ဝီရိယကတွန်းပေးတယ်

ဟိုကြည့် ဟိုကြည့် ဆိုပြီးတော့ သတိက ခေါင်းညိတ်ပြ တယ် (မှန်ပါ ဘုရား) သမာဓိကို၊ ဝီရိယ ကလည်း နောက်က တွန်းပေးတယ် (မှန်ပါ ဘုရား)၊ တွန်းပေး မနေဘူးလား (တွန်း ပေးပါတယ် ဘုရား)။

တွန်းပေးတော့ သမာဓိက ဟိုစိုက်ထားတယ်၊ ဝီရိယက မမေ့အောင်လည်း တွန်းပေးတယ်၊ သတိက မမေ့အောင်လည်း ခေါင်းလေး ညိတ်ပေးထားတယ်၊ ဒီခေါင်း ဘယ်မှမရွေ့နဲ့ဦး ရှိတဲ့ ဆီ ကြည့် သဘောကျ ပလား (မှန်ပါ ဘုရား)။

သမာဓိက အာရုံဆီတည့်နေတယ်

ဝီရိယကလည်း နောက်က တွန်းပေးနေတယ် (တင်ပါ ဘုရား)၊ ဒါကြောင့် ဝီရိယက တွန်းသမား၊ သတိက ခေါင်းညိတ် ပေးသမား ဆိုတော့ သမာဓိက ဟိုအာရုံဆီကို တည့်မနေဘူး

လား (တည့်နေပါတယ် ဘုရား)၊ ဒီလို လုပ်ရမှာ (တင်ပါ)၊ ရှင်း ပလား ́(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အာရုံနဲ့ သူနဲ့ဟာ တန်းနေတာပေါ့ကွ၊ ထိနမိဒ္ဓ ကတော့ အာရုံကို ပျောက်သွားတာ၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)၊ ထိနမိဒ္ဓက အာရုံ ပျောက်တယ်၊ အဲတော့ ဘယ်လို ထူးခြား သတုံးလို့ အမေး ထုတ်လို့ရှိရင် ပျောက် မပျောက် ထူးခြားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထိနမိဒ္ဓကတော့ အာရုံပျောက်တယ်

ထိနမိဒ္ဓ ကတော့ ရှေ့က အာရုံ ပျောက်တယ် (မှန်ပါ)၊ သမာဓိ ကတော့ (မပျောက်ပါဘူး ဘုရား)၊ ဘာဖြစ်လို့ မပျောက် သတုံး၊ အို သတိက ခေါင်းညိတ်ထားတယ် ကျုပ်ကို (တင် ပါ ဘုရား)။ ဝီရိယက နောက်က တွန်းနေတယ် ဆိုတော့ ကျုပ်တစ်ခုတည်း ဖြစ်တာမှ မဟုတ်ဘဲလို့ သူက ပြောမှာပေါ့။ မပြော ပေဘူးလား (ပြောပါတယ် ဘုရား)၊ သဘောပါပလား ဦးဝင်း (ပါ ပါပြီ ဘုရား)။

ဆရာကောင်းကပြမှ ရွေးနိုင်တယ်

အဲဒါ ဒီကနည်းကို ရတဲ့ပုဂ္ဂိုလ်၊ ဒီလို ဆရာကောင်း သမားကောင်းနဲ့ အကွက်ကျ သိထားတဲ့ ပုဂ္ဂိုလ်ကတော့ ဒါ မဂ် ဟုတ်တယ် မဟုတ်တယ် ရွေးနိုင်တယ်၊ ခွဲခြားနိုင်တယ် သိပြီကိုး။

မသိတဲ့ ပုဂ္ဂိုလ်ကတော့ ဟိုအာရုံ ပျောက်သွားတာက ထိနမိဒ္ဓကြောင့် ပျောက်သွားတာကို မဂ်ဝင်လို့ ပျောက်သွား တယ်လို့ ထင်တာ၊ ထင်ရင် ကောင်းကောင်း လွဲတာပေါ့ (တင်ပါ ဘုရား)၊ မောင်ချစ်ဆွေ (ကောင်းကောင်း လွဲပါတယ် ဘုရား)။

အဲတော့ မင်းတို့ ရှုတဲ့ အခါကျတော့ ဒါ သတိထားရမှာ၊ အရေးကြီးတာပေါ့ ဒါ အလုပ်သမား အတွက် ဘုရားဟောတာ ကို၊ ကဲ- ဒီတရားက မင်းတို့ သေသည် တိုင်အောင် မှတ်ထားရ မှာကွ (တင်ပါ ဘုရား)။

နာရုံနဲ့တော့မဖြစ်ဘူး

ကိုယ်လုပ်မယ့် အလုပ်ကို ခွဲခြားတာ (တင်ပါ ဘုရား)။ ကိုယ်လုပ်မည့် အလုပ်ကို ခွဲခြားတာ ဖြစ်တော့ ဦးဝင်း သာမည မှတ်လို့မရဘူး (မှန်ပါ ဘုရား)၊ နာရုံနဲ့တော့ မဖြစ်ဘူး၊ အလုပ်ထဲ ကျလို့ရှိရင် ကိုယ့်ဥစ္စာကိုယ် ဉာဏ်နဲ့ကို ဝေဖန်နိုင်လောက်အောင် သဘော ကျလာအောင်ကို တစ်ခါတည်း မမေ့ လောက်အောင် မောင်အေး လုပ်ထားရမယ် ဆိုတာ ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲ- ဒါဖြင့် အကျဉ်းချုပ်ပြီး မှတ်ချင်လို့ ရှိရင်ဖြင့် သမာဓိ ဆိုရင် ရှေ့က အာရုံ မပျောက်ဘူး၊ ထိနမိဒ္ဓ ဆိုပျောက်တယ်၊ ဟိုက ပျောက်နေတာလား၊ ဒီက ဝမ်းထဲက ပျောက်တာလား၊ (ဝမ်းထဲက ပျောက်တာ။) ဟိုက ပျောက်မှ အမှန်ကိုကွ (တင်ပါ ဘုရား)။

အလုပ်လုပ်တတ်ကြပြီလား

ကိုယ့်ဝမ်းထဲက ကိုယ့်ဟာကိုယ် ကြံဖန် ပျောက်နေတာ အမှန် ဆိုလို့ ရပါ့မလား၊ အဲဒါနဲ့ ချိန်လိုက်လို့ ရှိရင် အသေအချာ ပေါ်လွင် လာတယ်၊ မပေါ်လွင် လာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကဲ- ဒါဖြင့် လုပ်တတ် ကြပလားကွ။

လုပ်တတ်ပြီတဲ့၊ အဲဒါ မပျောက်သေးလို့ရှိရင် စိုက်သာရှုနေ၊ နောက် မလိုချင်တဲ့ ဉာဏ်လာလို့ ပညာနဲ့ ဝိတက် ဝင်လာ လို့၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ တရားနှစ်ခု ဝင်လာရင် မပျောက်ပါနဲ့ဆိုလို့ မရဘူး၊ သူ့ဟာသူ ပျောက်ထွက် သွားတယ် (မှန်ပါ ဘုရား)။

ကိုယ့်ဟာ ကိုယ်သိတယ်

သမ္မာဒိဋ္ဌိက မလိုချင်တာကို၊ သမ္မာသင်္ကပ္ပက မလိုချင် အောင်ကို ပြပေးတာ သဘောကျပလား (မှန်ပါ)၊ သမ္မာသင်္ကပ္ပ က မလိုချင်အောင် ဒီအကွက်ကို ပြတာ၊ သမ္မာဒိဋ္ဌိက သူပြတဲ့ အကွက်ကို မလိုချင် တော့ဘူး၊ မလိုချင်မှ ပျောက်သွားတော့မှ သြော် မိမိဒုက္ခ၊ မိမိချုပ်သွားပြီ ဆိုတော့ ဒါလည်း ကိုယ့် ဟာကိုယ် သိလိုက်တာ။

ဒုက္ခချုပ်ပြီး နိဗ္ဗာန်ပေါ်လာတယ်

ဒုက္ခချုပ်ပြီး နိဗ္ဗာန် ပေါ်လာတာလည်း သြော် ဒါဒုက္ခ မရှိတာကိုလို့ ကိုယ့်ဟာကိုယ် သိတယ်၊ လစ်တာကို ပါသေးရဲ့ လား (မပါပါဘူး ဘုရား)၊ သိမှုလေး ကျန်နေတော့ ရှေ့ကဟာ လည်း ဒုက္ခ ချုပ်သွားတဲ့ သဘောဟာ ဒါကိုးလို့ သိတယ် (တင်ပါ ဘုရား)။

ကိုယ်ကလည်း သိမှု အကျန်နဲ့ ဟိုက ဒုက္ခချုပ်တ ဲ့နေရာ နိဗ္ဗာန် ဆိုတာ ဒီနေရာ ဆိုတာကိုး လို့လည်း သိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ချောက်ကျတတ်တဲ့နေရာ

ဒါဖြင့် ဒီနေ့တရားဟာ မင်းတို့ အလုပ်သမားအတွက် မှာ သိပ်အရေးကြီးတယ် ဆိုတာ ပေါ်လာတာပေါ့ (ပေါ်ပါတယ် ဘုရား)၊ ဒါ အလုပ်သမားမှာ ဒီနေရာမှာ ချောက်ချတတ်တဲ့ နေရာပဲ၊ လုပ်ပြီးတော့ ခရီးမပေါက်တဲ့ နေရာ ဟုတ်ဘူးလား (ထိနမိဒ္ဓဝင်တာ များပါတယ် ဘုရား)၊ များတာ ပေါ့ကွ။

ထိနမိဒ္ဓဝင်တာ များတော့ ထိနမိဒ္ဓကို မင်းတို့က အခု တော့ နည်းပေးလိုက်ပြီလေ၊ ထိနမိဒ္ဓ ဖြစ်ပျက် ရှုပစ်လိုက် (မှန် ပါ)၊ ထိနမိဒ္ဓ ဖြစ်ပျက် ရှုပစ်လိုက်တော့၊ ထိနမိဒ္ဓ ချုပ်သွားရော၊ ရှုတဲ့ဉာဏ် ကျန်နေတယ်၊ အဲဒိဉာဏ်နဲ့မှ နောက်လာတာနဲ့ တွဲ ဒီလိုဆိုတော့ ကမ္မဋ္ဌာန်း ပြန်ဆက်သွားတယ်။

ကျန်းမာရေးဂရုစိုက်

မင်းတို့ လူဝတွေက သာဆိုးသေး၊ ပြီးတော့ တက်တဲ့ အစာ အဟာရတွေ စားထားတဲ့ အခါမှာလည်း ပိုဆိုးတယ်၊ အညောင်းများတဲ့ အခါမှာလည်း ဆိုးတယ် (မှန်ပါ)၊ အဲဒါကြောင့် ဘုရားက ကျန်းမာရေး ဂရုစိုက်၊ မင်းတို့ ဝိပဿနာလုပ် မယ်ဆိုလို့ ရှိရင် ပဓာနိယင်္ဂ တရားငါးပါး ဆိုပြီး ဟောမထား ဘူးလား (ဟောထားပါတယ် ဘုရား)။

ဒါအတွက် ဟောနေရတာ (တင်ပါ ဘုရား)၊ ဒါ မပါလို့ ရှိရင် မင်းတို့ ထိနမိဒ္ဓက ဝင်ပြီး ညောင်းလို့သော် လည်းကောင်း၊ ထိနမိဒ္ဓက အစာမကြေလို့ သော် လည်းကောင်း ထိနမိဒ္ဓ ဟုတ်ဘူးလား။

ထိနမိဒ္ဓဆိုတာ သူခိုး

နဂိုက စောင့်နေတာ ထိနမိဒ္ဓ ဆိုတာ သူခိုးတဲ့ (တင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ထိနမိဒ္ဓ ဘာနဲ့ တူတုံး (သူခိုးနဲ့ တူပါတယ် ဘုရား) သူခိုး ဆိုတော့ မင်းတို့သက်တမ်း အလကား ခိုးယူသွားမလို့ (တင်ပါ့ ဘုရား)။

ဉာဏ်က အသုံးချနေမယ့် နေရာ အသုံးမချ နဲ့တော့ကွ၊ မင်း ဉာဏ်ပစ္စည်းတွေ သူ ခိုးယူမယ ဆိုပြီးတော့ သူခိုးယူ သွားတာနဲ့ မင်းတို့ ကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါဘူး ဘုရား)။

သမာဓိတွေ၊ သတိတွေ၊ ဝီရိယတွေ အကုန်ပျောက်၊ သူယူသွားတာနဲ့ ဉာဏ်ကော ဝင်ခွင့် ရသေးရဲ့ လား (မရပါဘူး ဘုရား) သူခိုးယူ သွားတာနဲ့ အသက်တမ်းကလည်း အလကား အသက်တမ်း ဟုတ်လား။

ရှိတဲ့ ကိုယ့်ဆရာသမားဆီက နာထားတာတွေ၊ နှလုံး သွင်းတုန်းက ပေါ်နေတာတွေ၊ သူခိုးယူ သွားတာနဲ့ ပြောင်ရော၊ ဒါကြောင့် ထိနမိဒ္ဓ သူခိုးဟာ အဆိုးဆုံးပဲ (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တစ်ခါတလေများ ထိနမိဒ္ဓခိုးလိုက်တာ မိုးလင်းမှ နိုးတော့ ဒီသက်တမ်းကြီးဟာ အလကား သက်ဆိုး ရှည်ကြီး ဖြစ်နေတာပေါ့ (မှန်ပါ့) ဟုတ်ဘူးလား သဘောကျပလား (ကျပါတယ် ဘုရား) အိပ်ကောင်း လိုက်တာ ဆိုတာ သက်ဆိုးရှည်၊ အိပ်ကောင်းတာ သက်ဆိုးရှည်တာ မှတ်ပေတော့ (တင်ပါ့ ဘုရား)။

လူ့ပြည်ရောက်ရင် နိဗ္ဗာန်အရယူမယ်

လူ့ဘဝလာတာ အိပ်မလို့လာတာ မဟုတ်ဘူး၊ ငရဲက တက်လာတာ လူ့ပြည် ရောက်လို့ရှိရင် နိဗ္ဗာန် အရယူမယ်၊ ဒီနေရာ မပြန်တော့ဘူး၊ ဒီလိုနဲ့ လာခဲ့ကြတာကို ဒီလိုနဲ့ လာတာ၊ ရည်ရွယ် ချက်နဲ့ အခု နှုတ်ပစ်တာနဲ့ ကိုက်သေးရဲ့ လား (မကိုက်ပါဘူး ဘုရား) သဘောကျပလား။

ကဲ ဒါဖြင့် ဒီနေ့တရားဟာ မင်းတို့ အလွန်အရေးကြီးပေါ့ ကွာ မောင်အေး ဝေဖန်ဖို့ ဉာဏ်က (တင်ပါ ဘုရား) ဝေဖန်ဖို့ ဉာဏ် အရေးကြီးတယ်တဲ့ ထိနမိဒ္ဓံ သမ္မာဓိမှိ၊ သမ္မာဓိမှိ -သမာဓိလိုလိုနှင့် ထိနမိဒ္ဓံ – ထိနမိဒ္ဓသည်၊ ဝေဉ္စတိ-လှည့်စား၏။ သူက သမာဓိ ယောင်ဆောင်၍ လှည့်စားသွား၏။

ဘယ်လောက်ကောက်ကျစ်တုံး

ကဲ ဒါကြောင့် သူ့ ဝေဉ္စတိ တရားထဲ ဘုရားက ထားတော့ အင်မတန် ကောက်ကျစ်တဲ့ တရားကွတဲ့ (တင်ပါ ဘုရား) မောင်ကို (ကောက်ကျစ်ပါတယ် ဘုရား) ဘယ်သူတုံး ကောက်ကျစ်တဲ့ တရား (ထိနမိဒ္ဓပါ ဘုရား) ဘယ်လောက် ကောက်ကျစ်တုံး၊ သူက ဝိပဿနာများ ဝင်လုပ် နေလိုက် သေးတယ်၊ မဂ်လိုလို ဝင်လုပ် လိုက်၊ တကယ့်ကို ဒကာ ဒကာမတွေကို ထွက်ရာလမ်း ပေါက်မှာ စိုးတဲ့ အတွက် သူက ဝင်ပြီး သကာလ ကန့်ကွက်တဲ့ မဂ်တား ဖိုလ်တားကြီး သူက။

မဂ်တား ဖိုလ်တား မဂ်ရတယ် ထင်နေတော ခက်ဘူး လားကွ (မှန်ပါ ခက်ပါတယ် ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား ကိုင်း (ကောင်းပါတယ် ဘုရား)။

မိုးကြိုးပစ်တာထက်နာတယ်

ဦးဘအုံးကြီးတို့ လူကြီးတွေကော ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) လူဝကြီး တွေလည်း ဖြစ်မယ် များများလည်း စားဦး မယ် ဆိုလို့ရှိရင်တော့ဖြင့် အင်း မိုးကြိုးပစ်တာထက် နာတယ်နော် မနာဘူးလား (နာပါတယ် ဘုရား)။

မိုးကြိုးပစ်တာ တစ်ခါတလေသာ ကိုကွ၊ ဒီဥစ္စာ ထိနမိဒ္ဓ ဝင်တာ၊ ထိနမိဒ္ဓက လောဘ ဒေါသ နှစ်ခု ဖြစ်နေတာ၊ လောဘကြောင့် ထိနမိဒ္ဓတစ်မျိုး၊ ဒေါသကြောင့် ထိနမိဒ္ဓတစ်မျိုး။

လောဘကြောင့် လာတော့လည်း တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ အဝိဇ္ဇာ သံသရာ လှည့်ပတ်သွားတယ်။ ဒေါသကြောင့် လာတော့လည်း ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ ကျအောင် မလှည့်ဘူးလား၊ ကဲ မိုးကြိုးပစ် တာ တစ်ခါတလေကွာ၊ သူက ဘယ်နှစ်ပတ် လှည့်မှာတုံး (မရေ နိုင်ပါဘူး ဘုရား)။

ဇာတိ၊ ဇရာ၊ မရဏ လှည့်နေတယ်

မရေနိုင်အောင် လှည့်နေတဲ့ အခါကျတော့ မိုးကြိုးပစ် တာ တစ်ခါပဲ သေတယ်၊ သူလှည့် လိုက်လို့ ရှိရင် မင်းတို့အသေ ကို ဇာတိ၊ ဇရာ၊ မရဏ၊ တော်ကြာ ဇာတိ၊ ဇရာ၊ မရဏ ဦးဝင်း (မှန်ပါ) ဘယ့်နှယ်နေတုံး (လည်နေပါတယ် ဘုရား)။

လည်နေတာ မဟုတ်ဘူး၊ အသေဆိုး သေနေတာ ရိပ်မိ ပလား၊ လည်နေတာက တော်သေး တယ် အသေဆိုး ခဏ ခဏ သေနေရတာက (ပိုဆိုးပါတယ် ဘုရား) ပိုပြီး မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အဲဒါ ဘယ်သူက နေပြီး သကာလ ဘယ်သူ့လှည့်စား လိုက်တာ ဆိုတာ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) ထိနမိဒ္ဓက သမာဓိဝင် လုပ်နေတာ၊ သူကောက်ကျစ်တဲ့ တရား၊ ဒါကြောင့် သူခိုး ဆိုတာကော ကျေနပ်ပလား၊ မင်းတို့ သက်တမ်းကြီးကို အလကား ဖြုန်းပစ်တာလည်း ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)

မင်းတို့ ရထားတဲ့ ဉာဏ်ကလေးတွေ သတိ မရအောင် တစ်ခါတည်းနောက် မိုးလင်းတောင် မပေါ် လောက်အောင် အချိန်တွေ ဖြုန်းပစ်လိုက်တာကော (ထိနမိဒ္ဓပါ ဘုရား) ဒါဖြင့် မင်းတို့ သန္တာန် ဘာကျန်ရစ် သေးတုံး သူဝင်လာလို့ရှိရင် (ဘာမှမကျန်ပါ ဘူး ဘုရား)။ ဘာမှမကျန်ရင် သူ သူခိုး ဘုရားက (တင်ပါ ဘုရား)။

သူခိုးကွတဲ့ ရိပ်မိပလား အကြီးစား ပေါ့ကွ၊ အိမ်အတွင်း ပစ္စည်းက ရှာရင် ရသေးတာ၊ သူတော်ကောင်း ရတနာက ရှာရ ရဲ့လား (မရပါဘူး ဘုရား) မရဘူးတဲ့ ဘုရားပွင့်မှ ဆရာကောင်း ၊ သမားကောင်းကြုံမှ တစ်ခါတလေ ရတာ၊ အင်မတန် အဖိုးတန်တဲ့ ပစ္စည်း (တင်ပါ ဘုရား)။

ဟိုပစ္စည်းက နတ်ရွာ သုဂတိတွေသာ သွားနိုင်တယ် လှူနိုင် တန်းနိုင်လို့ ရှိရင် (တင်ပါ ဘုရား) တစ်နည်း မလှူချင်၊ မတန်းချင်လို့ ရှိရင် သူစွဲလမ်း သွားရင် အပါယ် လေးပါးသွား နိုင်တယ် (တင်ပါ) ဒီဟာက နိဗ္ဗာန် သွားနိုင်တဲ့ တရား၊ ဒုက္ခ ချုပ်ငြိမ်းတဲ့ဆီ သွားနိုင်တဲ့ တရားကို ခိုးသွားတာကိုကွ (မှန်ပါ ဘုရား)။

အတွင်းပစ္စည်းခိုးသွားတာ

အတွင်းပစ္စည်း ခိုးသွားတာ အပြင်ပစ္စည်း မခိုးဘူး၊ အတွင်း ပစ္စည်း ခိုးတော့ ဦးဝင်း အတွင်း ပစ္စည်းနဲ့ အပြင်ပစ္စည်း ဘယ်ဟာ က ခိုးချက် နာသတုံး၊ အဲ အတွင်းပစ္စည်းကို ခိုးတာ (မှန်ပါ) ထိနမိဒ္ဓက ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးဘအုန်း ဘာခိုးတာတဲ့ (အတွင်း ပစ္စည်း ခိုးတာပါ ဘုရား) အတွင်း ပစ္စည်း ဆိုတော့ ပေးထားတဲ့ ခုနင်က ပြောတဲ့ ဉာဏ်ကလေးတွေ ခိုးတာ (တင်ပါ ဘုရား) သဒ္ဓါလေးတွေခိုး၊ သတိလေး တွေခိုး၊ ခုန သမာဓိခိုး၊ ဝီရိယကော (ခိုးပါတယ် ဘုရား) ပညာကော (ခိုးသွားပါတယ် ဘုရား) ဝင်ခွင့်တောင် မပေးဘူး သူက။

ပေးသေးရဲ့လား (မပေးပါဘူး ဘုရား) မပေးတော့ ဒါ ဘယ်သူ ခိုးသွားလို့ ဆုံရှုံးခြင်းလည်း ဆိုတာ ပေါ်လာတာ ပေါ့ကွ (ထိနမိဒ္ဓပါ ဘုရား) ထိနမိဒ္ဓ ခိုးသွားတာ၊ ဦးဝင်း ဟန်ကျပလား (ကျပါပြီ ဘုရား)။ အဲဒါ ခင်ဗျားတို့ကလည်း အိပ်ရာ နေခင်း ကောင်းကောင်း မွန်မွန်နဲ့၊ စားလည်း အိပ်ကောင်းတဲ့ အစားမျိုး လေးမှ စားတော့ အခိုးခံချင်လို့ ကြိုးစား ရှာတာကိုကွ (မှန်ပါ) မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါမှ အခိုးများများခံရမှာ

ကိုယ်နဲ့ သပ္ပါယဖြစ်တဲ့ အစာလေး၊ အိပ်ကောင်းတဲ့ အစား မျိုး၊ ကျန်းမာရေးကို ငဲ့တဲ့ အစားမျိုး၊ အိပ်ရာ နေခင်းကလည်း ကောင်းကောင်း မွန်မွန်ဆိုလို့ ရှိရင်ဖြင့် ဒါမှ အိပ်တယ် ဆိုလို့ ရှိရင်ဖြင့် နှစ်နှစ် ခြိုက်ခြိုက် ရှိတယ် (တင်ပါ ဘုရား) ဒါမှ အခိုးများ များခံရမှာ မောင်ထွန်းလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခိုး များများခံဖို့ပဲ အတော် ကြိုးစား ထားရတာ ဘုရား မဆိုနိုင်ဘူးလား၊ အခိုးများများ ခံဖို့ပဲ အစားကိုလည်း တပည့်တော်တို့ ရှာကြံပြီး သကာလ စားရတဲ့ သဘော၊ အိပ်ရာနေခင်း ကိုလည်း ကောင်းကောင်း မွန်မွန်ကို တစ်ခါတည်း ခန္ဓာကိုယ်ကို များများ အိပ်နိုင်တဲ့ အခြေအနေ ရောက်အောင် ကိုပဲ ခင်းကျင်း ထားရတဲ့ သဘော (တင်ပါ ဘုရား)။

ဒါ ဘာဖြစ်ချင်လို့ ဒီလောက်တောင် စီမံရတာလည်းလို့ မေးလို့ရှိရင် မင်းတို့ အဖြေထွက်ပလား (ထွက်ပါပြီ ဘုရား) (ထိနမိဒ္ဓ ဝင်လာဖို့ပါ ဘုရား)၊ပစ္စည်း ပျောက်ချင်လို့ပဲ ဆိုလိုက်ပါ အတွင်း ပစ္စည်း ပျောက်ချင်လို့။

ဘယ်လိုပဲ ဘာနဲ့ ထည့်ထားထား မီးခံသေတ္တာနဲ့ ထည့်ထား မီးခံသေတ္တာထဲမှာ အံဖုံးနဲ့ ထည့်ထားထား ဒါ ပျောက်မှာပဲ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား) ထိနမိဒ္ဓက ဝင်လာရင် (ပျောက်ပါတယ် ဘုရား)။

လောကီသူခိုး ခိုးလည်းပျောက်တာပဲ၊ လောကီသူခိုးက လည်း ထိနမိဒ္ဓကြောင့် ခိုးသွားတာပဲ၊ လောကုတ္တရာ သူခိုးကကော (ထိနမိဒ္ဓကြောင့် ခိုးတာပါ ဘုရား) ဒါကြောင့် သူ့ သူခိုးလို့ နာမည်ပေးတာ မောင်ထွန်းလှိုင်က ငြင်းနေဖို့ လိုသေးလား (မလိုပါဘူး ဘုရား)။

ဒီအိမ် အိပ်ရေးကြီး လိုက်တာ တစ်ညလုံး ရှာဖွေယူသွား တာတောင် မသိလိုက်ဘူးတဲ့ သူ့ကြောင့် ယူသွားတာ (တင်ပါ ဘုရား)။ ဒါဖြင့် သူခိုး ခိုးဖို့ရာ ကျုပ်တို့ အတော်ကြိုးစား ထားရ တယ်၊ အိပ်ရာနေခင်း ကောင်းအောင် ပေါ့ကွာ (တင်ပါ ဘုရား) ဘယ်သူ ခိုးဖြစ်အောင် ကြိုးစားရတုံး (သူခိုး ခိုးကောင်းအောင်ပါ ဘုရား)။

ကိုယ့်ဆင်းရဲရေး

သူခိုး ခိုးကောင်းအောင် ကြိုးစားတာကို မင်းတို့က ကိုယ့် ကျန်းမာရေးလို့ ထင်နေတာ (တင်ပါ ဘုရား) ကိုယ်ဆင်းရဲ ရေးကြီး၊ ကိုယ့်ကျန်းမာရေးလား ကိုယ့်ဆင်းရဲရေးလား (ကိုယ့် ဆင်းရဲရေးပါ ဘုရား) ကိုယ့်ဆင်းရဲရေးကို မင်းတို့က ဘယ်လို သုံးနေတုံး (ကိုယ့်ကျန်းမာရေးလို့ သုံးနေပါတယ် ဘုရား) သွားရောပေါ့ကွာ၊ သွားသေးဘူးလား။ အင်း – အဲဒီကျအောင် လွဲနေ လို့ ဒီပါဠိ ထွက်လာ တာကွ (တင်ပါ ဘုရား) ကဲ မဟောသင့်ဘူးလား ဘုရားက (ဟောသင့်ပါတယ် ဘုရား) ဦးဝင်း ရိပ်မိပလား (တင်ပါ ဘုရား)။

ကျုပ်အတွက်ဗျာ နေရာ ထိုင်ခင်းတော့ဖြင့် သီးသန့်နေရာ လေးပေးပါဗျာ၊ မဆူမပူတဲ့ နေရာလေး ဒီလို နေရာမှ ကျုပ်တို့က နေတတ် ထိုင်တတ် တာဗျ။ အိပ်ပြန်လို့ ရှိရင်လည်း အချိန်မတော် နိုး မူးတတ် သေးတယ်ဗျ လာချင်လာဦးမှာ ကိုကွ၊ ဒါက အဲတော့ အိပ်တယ် ဆိုလည်း မိန်မိန်ရှက်ရှက် ရှိအောင် ဆိုတော့ ဒီအိပ်တဲ့ အချိန် အသက်တမ်း ကြီးဟာက အဟောသိကံ ကိုကွ (တင်ပါ ဘုရား)။

အိပ်တဲ့အချိန်ဘာလို့ဆိုမလဲ

လူ့ဘဝရတဲ့ အထဲမှာ ဒါ လူဖြစ်တဲ့ အချိန်လို့ ဆိုမလား (မဆိုပါဘူး ဘုရား) လူဖြစ်တဲ့ အချိန်မှ မဟုတ်ဘဲ၊ အလဟဿ အချိန် (ဝါ) သူခိုး ခိုးတဲ့ အချိန် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲတော့ကို သြော် ထိနမိဒ္ဓက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နီဝရဏတရားလို့ တစ်ချက် ဟောတယ် နီဝရဏ တရား ဆိုတာ မဂ်တား ဖိုလ်တားတာ (မှန်ပါ ဘုရား) ဘယ်လောက် ဆိုးတုံး၊ (ဆိုးပါတယ် ဘုရား)။

သမာဓိထဲ ဝင်လုပ်လိုက်တယ် ဆိုရင် မဂ်တား ဖိုလ်တား သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဝင်ခွင့် ရသေး ရဲ့ လား (မရပါဘူး ဘုရား)၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပမှ ဝင်လို့ မရတော့၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ က မဂ်ကိုကွ၊ အဲဒိ မဂ်ကိုပဲ ဝင်ခွင့် ရသေးရဲ့ လား (မရပါဘူး ဘုရား)။ မရတော့ သူမဂ်တား ဖိုလ်တား ဆိုတာ မပေါ် သေးဘူးလား ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထိနမိဒ္ဓကသာ သမ္မာဒိဋ္ဌိ ကိုယ်စားလှယ် လုပ်ပြီး ဝင်နေလို့ , ရှိရင်ဖြင့်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ မဂ္ဂင်နှစ်ပါး ဝင်နိုင်သေးရဲ့ လား (မဝင်နိုင်ပါဘူး ဘုရား) မဝင်နိုင်တော့ သူ ဒီမဂ္ဂင်မှ မဝင်နိုင် တော့ သူမဂ်တားတယ်၊ မဂ်မှ မရဘဲနဲ့ ဖိုလ်ကျ ရပါဦးမလား (မရပါဘူး ဘုရား)။ ဒါကို မဂ်တား ဖိုလ်တား တရားပေါ့။

နီဝရဏဆိုမဂ်ဖိုလ်တားတယ်

ဒါကြောင့် နီဝရဏ တရား၊ နီဝရဏ ဆိုတာ တားမြစ်တာ ဘယ်သူ့ တားမြစ်တုံး၊ မဂ်ရမှာ ဖိုလ်ရမှာ တားမြစ်တယ်၊ ရှင်းပလား ဒါကြောင့် ကြိုးစား အိပ်ရဦးမလား (မအိပ်ပါဘူး ဘုရား)။

ဦးဝင်းတို့ ကြိုးစားများ အိပ်မိသေးလား (မအိပ်ပါဘူး ဘုရား) မအိပ်ဘူး၊ ပြိတ္တာကြီးတွေ ဖြစ်နေတဲ့ အခါကျ ကမ္ဘာပေါင်း (၃ဝ) (၄ဝ) အိပ်နေရတာ (မှန်ပါ ဘုရား)။ ဘယ်လောက် ကြောက်စရာ ကောင်းတုံး၊ ကာလနဂါးကြီးတို့ အိပ်နေတာများ ကြည့်စမ်း ပါ၊ ဘုရား တစ်ဆူမှ တစ်ခါ နိုးတယ် ဆိုတော့ ဘယ့်နှယ်တုံး မဂ်ဖိုလ်ကို ကပ်နိုင် သေးရဲ့လား၊ ဒါကြောင့် တိရစ္ဆာန် ဖြစ်နေတာ (တင်ပါ ဘုရား)။

မင်းတို့ပြောနေကြတာပဲကွ၊ ကိုယ့်ကာလနဂါးသာ မထည့်တာ၊ ဟိုကာလနဂါးကျတော့ မျက်စောင်းတော်တော် ထိုးတယ် မင်းတို့က မထိုးဘူးလားကဲ၊ မင်းက ကာလနဂါး ဆန်လိုက်တာ ဦးဝင်းတို့ ပြောလေ့မရှိဘူးလား (ရှိပါတယ် ဘုရား)။ , ဘုရားတစ်ဆူ တစ်ဆူမှ တစ်ခါ တစ်ခါ နိုးတယ် မင်းဟာ လွန်လွန်းတယ် မပြောဘူးလား (ပြောပါတယ် ဘုရား)။

အေး ပြောသာ ပြောတယ် ကိုယ်ကကောတဲ့ ကာလနဂါးဖြစ်ဖို့ကို မကြိုး စားဘူးလားတဲ့၊ အိပ်ရာနေခင်း ကောင်းကောင်း၊ အစား အသောက်ကောင်းကောင်း ဘာဖြစ်လို့တုံး၊ ကာလနဂါး

ဖြစ်အောင်လို့ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

အဲဒါတွေကို မသိပြီဆိုမှဖြင့် နီဝရဏတရားကို မသိ တော့ဘူး၊ နီဝရဏ ဆိုတာ ခုနင်က မဂ်ဖိုလ်ကို ပိတ်ပင်ဆီးတားတဲ့ တရား ဘယ်သူတုံး ဆိုတော့ ခုနင်က ထိနမိဒ္ဓ၊ ငါ ဥပမာ ပြမယ် တဲ့ ဘုရားက အဇာတသတ်ကို ဟောတာပဲ ဒီဥစ္စာ (တင်ပါ)။

ထိနမိဒ္ဓံ အဒ္ဓုဃရံ ကွတဲ့၊ ထိနမိဒံ- ထိနမိဒ္ဓသည်။ အဒ္ဓုဃရံ- အကျဉ်းထောင် ကျနေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူပဲတဲ့၊ အကျဉ်းထောင် ကျနေတဲ့ ပုဂ္ဂိုလ်က ပြင်ပမှာ သမဝါယမ ပွဲတွေ၊ လွတ်လပ်ရေး ပွဲတွေ၊ ထောင်ထဲက လူက လာနိုင်ရဲ့ လား (မလာနိုင်ပါဘူး ဘုရား)

ဘုရားပွင့်နေလည်းသူနဲ့မဆိုင်ဘူး

ဘာများ သူသိသေးတုံး (မသိပါဘူး ဘုရား) ဘာဖြစ်လို့ တုံး ထောင်ကျနေလို့ မဟုတ်ဘူးလား၊ အဲ ထိနမိဒ္ဓ ဝင်နေတဲ့ ပုဂ္ဂိုလ်က ထောင်ကျနေတာတဲ့၊ ဘုရားပွင့်နေလည်း သူနဲ့မဆိုင် ဘူး၊ တရားဟော နေရင်ကော (သူနဲ့မဆိုင်ပါဘူး ဘုရား)။

အင်း နိဗ္ဗာန် ပို့နေရင်ကော သူနဲ့မဆိုင်ပါဘူး၊ နတ်ရွာ သုဂတိ ပို့နေရင်ကော (မဆိုင်ပါဘူး ဘုရား) ဒါဖြင့် သူ့ဟာ ဘာလုပ်နေတုံး ဆိုလို့ရှိရင် ကောင်းတာ ဟူသ၍ ဘာမှ မဆိုင်အောင် နေတတ်တဲ့ တရားကို ထိနမိဒ္ဓ ခေါ်တာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းတာဟူသ၍ ကို ဘယ်ဟာမှ သူမမျှော်မှန်း နိုင်တဲ့ တရားကို ဦးဝင်း ဘာဆိုမတုံး (ထိနမိဒ္ဓပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အစ်မတို့ကော၊ ကောင်းတာ ဟူသ၍ ဘယ်ထဲ မှ ဝင်ဆံ့အောင် မရှိရအောင် ဆင်းရဲခြင်း တာရှည်အောင် လုပ်ထား တဲ့တရား ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)။

မဂ်ဖိုလ်မသွားနိုင်အောင်တားတာ

ဘာများဖြစ်တယ် မသိပါဘူး အိပ်ချင်လိုက်တာ လွန်လို့ ဘာများ ဖြစ်တယ် မသိဘူး၊ သူ့ဟာသူ ဘာများဖြစ်တယ် မသိဘူး တဲ့ မောင်ကိုရ သိပ်လျှော်ပါလားကွ။

ဘာဖြစ်နေရမတုံး၊ ဒါ ဘာများဖြစ်တယ်လို့ မသိဘူး မနေပါနဲ့၊ မဂ်ဖိုလ် မသွားနိုင်အောင်လို့ လုပ်နေတာပါ၊ ဘာမှမဖြစ် ပါဘူး၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။ မဂ်ဖိုလ် မသွားဖြစ်အောင် လို့ တားနေတာပါ။ ဘာများ ဖြစ်တယ် မသိဘူးတဲ့ အိပ်ချင်လိုက် တာ အပါယ် သွားချင်လို့ အိပ်ချင်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ထိနမိဒ္ဓဟာ နီဝရဏ တရားဆိုတာ အကျဉ်း ထောင်ကျတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူပဲ ဆိုတာ ဘုရား ဟောတော်မူတာ အဇာတသတ် ဟောတာပဲ (တင်ပါ ဘုရား)။

အကျဉ်းထောင်ကျတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ကိစ္စမျိုးနဲ့မှ သူနဲ့ ဆက်သွယ်သေးရဲ့ လား (မဆက်သွယ် ပါဘူး ဘုရား) ပျော်စရာနဲ့ လည်း မဆက်သွယ်၊ ထူးထူးဆန်းဆန်း နဲ့ကော (မဆက်သွယ် ပါဘူး ဘုရား)၊ ဘုရား ဆိုတာ ထူးထူးဆန်းဆန်း ပွင့်လာတာ သူက ထောင်ကျနေ ဘယ့်နှယ် လုပ်မတုံး (မတွေ့ပါဘူး ဘုရား)။

ကိုယ် ထိနမိဒ္ဓ ထောင်ကျနေရင် ဘယ့်နှယ် လုပ်မတုံး (မတွေ့နိုင်တော့ပါဘူး) အဲတော့ သူ့ကို သူခိုးလို့လည်း ဟောတယ် အကျဉ်းထောင် ကျနေတဲ့ ပုဂ္ဂိုလ်နဲ့လည်း တူတယ်လို့ လည်း ဟောတယ် (မှန်ပါ ဘုရား) ဘုရားက ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ခုလို ထိနမိဒ္ဓ ဝင်လာလို့ရှိရင်ဖြင့် ပမာဒ ဆိုတဲ့ ခုနင်က သတိတရားတွေ အကုန် လွတ်သွားတဲ့ အခါကျတော့ မေ့လျော့တဲ့ သဘော ဖြစ်သွားတော့ ဒါ လူသေလေး ဖြစ်သွားတာ ပဲ (တင်ပါ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် လူသေအဖြစ်လုပ်တာလည်း ထိနမိဒ္ဓ အစပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ လူသေ အဖြစ် စပြီး လုပ်တာက ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)၊ နောက် အစစ်ဖြစ် အောင်ကတော့ ဘဝင်က လုပ်တာ (တင်ပါ ဘုရား)။ ထိနမိဒ္ဓ နောက်ကမှ အိပ်တဲ့ ဘဝင် က လိုက်လာတာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိပ်တဲ့စိတ်ကဘဝင်စိတ်

အိပ်တဲ့စိတ်က ဘဝင်စိတ်ကိုးကွ၊ ဆိုတော့ ပထမစပေး လိုက်တာကတော့ ဘယ်သူက စပေး လိုက်တာတုံး (ထိနမိဒ္ဓက ပါ ဘုရား) အဲ သူက နေပြီး သကာလ ထိနမိဒ္ဓက အိပ်ဖို့ရာ စပေးတော့၊ ဘဝင်စိတ်က တစ်ခါတည်း အသေ ဖြစ်အောင် လုပ်ပစ် လိုက်တာ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

ရှူသာ ရှူနေတာကွ ရေမွန်းနေတဲ့ ပုဂ္ဂိုလ်၊ ဝေဒနာတက် နေတဲ့ ပုဂ္ဂိုလ်နဲ့ ထူးသေးရဲ့လား (မထူးပါဘူး ဘုရား) ဘာသိသေး တုံး (ဘာမှမသိပါဘူး ဘုရား)။

အေး ဒါကြောင့် လူသေ ဖြစ်အောင် လုပ်တာလည်း ဘယ်သူတုံး၊ ဘဝင်၊ လူသေ စဖြစ်အောင် ထိနမိဒ္ဓက စပေး သမား၊ သူနဲ့တော့ အိပ်တာ မဟုတ်ဘူး၊ အိပ်တာကတော့ ဘဝင်နဲ့ – သူက အိပ်ချင် အောင် စပေး လိုက်တာ၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

သူက ဘယ်လို စပေးလိုက်တုံး (အိပ်ချင်အောင် စပေး တာပါ ဘုရား)။ အိပ်တော့ ဘယ်သူနဲ့ အိပ်တုံး (ဘဝင်နဲ့ အိပ်တာပါ ဘုရား) ဘဝင်နဲ့ အိပ်တယ် ဆိုပေမယ့် အိပ်ဖြစ်အောင် စပေးတဲ့ ပုဂ္ဂိုလ်နဲ့ အိပ်တဲ့ ပုဂ္ဂိုလ်နဲ့ ဆိုတော့ မိတ်ဆွေကွ၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

အအိပ်ပျက်ရင်မူးတတ်တယ်တဲ့

အဲတော့ ထိနမိဒ္ဓနဲ့ ဘဝင်နဲ့ ဟော မိတ်ဆွေ ဖြစ်နေတာ၊ သံသရာ ထောင်ချတာ၊ မင်းက ဖမ်းခဲ့ကွာ၊ ငါက ချမယ် ဆိုတော့ ဘာထူးသေးတုံး (မထူးပါဘူး ဘုရား)၊ ထိနမိဒ္ဓက ဒီသံသရာ့ ခရီး သည် ဖမ်းလာတာ၊ ဘဝင်က ထောင်ချ လိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ မင်းတို့က ဒါကိုပဲ အတော် အရေးကြီးပြီး သကာလ မအိပ်နိုင်မှာ ကျုပ်က အစိုးရိမ်ဆုံးပဲ၊ အစားပျက်တာ အရေးမကြီးဘူး၊ ဘယ့်နှယ်တုံး၊ ဦးဘအုန်းရေ အတော်ဆိုး နေပါပေါ့လား။ မောင်ကိုတို့ အစားပျက်မှာနဲ့ အအိပ်ပျက်မှာ ဘယ်ဟာ စိုးရိမ် တုံး၊ မောင်ကို တို့က နည်းနည်း စကားတတ်တယ်၊ အစ်မတို့လိုပဲ အစားပျက်မှာကို ဒီလောက် မစိုးရိမ်ဘူး သူတို့က အအိပ်ပျက်ရင် မူးတတ်တယ် (မှန်ပါ ဘုရား)။

စားနိုင်မှအိပ်နိုင်မယ်တဲ့

စားနိုင်မှ အိပ်နိုင်မယ်က လာပြီကောဗျ၊ ဟုတ်ဘူးလား မစားနိုင်လို့ရှိရင် မအိပ်နိုင်ဘူး ဆိုတော့ ဦးဝင်းရေ ဒါကြောင့်ပဲ ကြိုးစား ရှာနေရတာ ထင်ပါရဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မန္တလေးတင် ရှာလို့ အားမရလို့ ရန်ကုန် သွားရှာရတာပဲ ဘာဖြစ်လို့တုံးဆို အို စားဖို့ အိပ်ဖို့ပေါ့ ဘုရား၊ သူများမေး ဒါပဲပြောတယ် မဟုတ်လား (မှန်ပါ ဘုရား)၊ ဒီလိုမှ မရှာလို့ ရှိရင် ဘယ်စားစရာ ရှိမလဲဗျ၊ ဟိုက အိပ်တာက ပါသွားပြီ၊ စားရင် အိပ်တော့မှာပဲ သူ့ဟာ သေချာနေပြီ၊ ရှင်းပြီလားကွ (ရှင်းပါပြီ ဘုရား)။

ထိနမိဒ္ဓအားပေးတရားတွေ

အဲတော့ အခု လောကမှာ ဘယ်ဟာ အားပေးတရားတွေ ကို ရှာနေကြသတုံး သာမေးကြ၊ ထိနမိဒ္ဓ အားပေး၊ ဘဝင် အား ပေး၊ မဆိုနိုင်ဘူးလား၊ မောင်အေး မင်းအခု အားကြိုး မာန်တက် ရှာနေတာ ဘာတုံးကွ (ထိနမိဒ္ဓအားပေး၊ ဘဝင် အားပေးပါ ဘုရား) ဒါမှ မဂ်ဖိုလ် မရမှာကိုးကွ၊ နို့မဟုတ်ရင် မဂ်ဖိုလ်များ ရသွား လို့ရှိရင်လည်း ခက်ကောင်း ခက်ရချည့်သေးဖြစ်နေဦးမှာ။

ဒီလို မရှာရင် ဘာစားမတုံး၊ ဘာစားချင်လို့ရှိရင်ဖြင့် ဘယ့်နှယ် လုပ်ပြီး အိပ်နေ၊ ဘယ့်နှယ် လုပ်မလဲ၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။ အဲတော့ စားဖို့လည်း ရှာရသေး၊ အိပ်ဖို့လည်း ရှာရသေး၊ အိပ်ဖို့လည်း အိမ်ဆောက် ရတယ် တိုက်တည် ရတယ် (မှန်ပါ ဘုရား)။

ကဲ သူတို့နှစ်ခု အားပေး နေတာ၊ အဲဒါ သံသရာ ရှည်တာ သာပြောတယ်၊ ရှည်ခြင်း၏ အကြောင်းက ကိုယ်ကိုယ်တိုင် လုပ် နေတာ၊ ဟုတ်ပြီလား ရှည်ခြင်း အကြောင်းက ဘယ်သူ လုပ်တာ တုံး၊ ကိုယ်ကိုယ်တိုင် လုပ်တာ၊ ဘုရားက တို့များ သတိမထားလို့ ထင်ပါရဲ့ တို့ ဘယ်ဘုရားမှ မပါဘူးလို့ အောက်မေ့ မနေနဲ့။

ဘုရားကိုစွဲချက်မတင်ပါနဲ့

ဘယ်ဘုရားကမှ တို့ကိုကရုဏာ မထားခဲ့လို့ထင်ပါရဲ့၊ တို့ ကျွတ်တမ်းကို မဝင်ခဲ့ဘူး၊ ဘုရားကလည်း ဂင်္ဂါဝါဠု သဲစုမကတဲ့ နည်းတဲ့ ဘုရားတွေ မဟုတ်ဘူး၊

ဟာ-ဘုရားများ သွားပြီးစွဲချက် မတင်နဲ့ဦး၊ (မှန်ပါ ဘုရား)၊ ကိုယ်ကိုယ်တိုင်က ဘာတုံးဆိုတော့ စားဖို့အိပ်ဖို့ပဲ ဝအောင် အရေးကြီးနေတာ၊ မကြီးဘူးလား (ကြီး ပါတယ် ဘုရား)။

တိရစ္ဆာန် ဖြစ်ပြန်တော့လည်း အိပ်ရာက နိုးရင် အစာ ရှာပြီ (တင်ပါ) အစာ စားလို့ဝရင် အိပ်ပြီ၊ ဒိပြင် ဘာရှိသေးတုံး၊ (ဘာမှမရှိပါဘူး ဘုရား) လူတွေ ကျတော့ကော မသိတဲ့ ပုဂ္ဂိုလ်မှာ မရှိတော့ ရှာတယ်၊ ရှာလို့ ရပြန်တော့ စားတယ်၊ စားပြီး သကာလ သူကောင်းကောင်း မွန်မွန် အိပ်တယ်။

အဲဒီထဲက နေပြီး သကာလ ဒါရန်သူပါလား ဆိုပြီး အခု သိတဲ့အချိန် လုပ်ပစ်ရမယ် (တင်ပါ ဘုရား)၊ ထိနမိဒ္ဓဟာ အတော် ဆိုးတဲ့တရား ထောင်ချ တော့လည်း သူပဲ၊ ခန္ဓာကိုယ်ဟာ အတော် ဆိုးတဲ့ တရား ထောင်ချတော့လည်း သူပဲ၊ ခန္ဓာကိုယ် သက်တမ်း ကြီးကို လူ့ဘဝ အနှစ်တစ်ရာ နေရမယ့်ဥစ္စာ၊ (၇၅)နှစ် နေရာမှာ (၇၅) နှစ်ထဲက ထက်ဝက်သာသာ နုတ်သွားတော့လည်း သူပဲ၊ ထက်ဝက်သာသာ မနုတ်ဖူးလား (နုတ်ပါတယ် ဘုရား)။

(၂၄) နာရီဆို (၁၂) နာရီလောက် ပါသွားပြီ၊ ကြားဖေါက် အိပ်တဲ့လူ ထည့်မယ် ဆိုတော့ ဖျားတာ နာတာ ထည့်ရုံတင် မက ဘူး၊ ကြာတော့ ကျန်ကို မကျန်တော့ဘူး၊ လူ့ဘဝ ကျန်ရစ် သေးရဲ့လား (မကျန်ပါဘူ ဘုရား)။

ဘယ်သူနုတ်သွားတုံး (ထိနမိဒ္ဓ နုတ်သွားလို့ပါ ဘုရား) ထိနမိဒ္ဓနဲ့ ဘဝင်နဲ့ ရောနုတ်၊ သူတို့ နှစ်ယောက် ရောနုတ် သွားလိုက် တာ ဘာကျန်ရစ်သေးတုံး၊ ထီတော့ ပေါက်ချင် လိုက်တာ ဗလာ ချည်း ထိုးမိ လျက်သား ကြုံနေတယ်။

ဒါတွေ သဘောပါမှ ဦးဝင်းတို့ရ (မှန်ပါ) ဒါတွေ သဘော မပါတော့ မင်းတို့ဟာ တွက်မှ မတွက်တော့ဘဲ၊ ကုန်သော အရှုံး အမြတ်ပိုင်း ကျအောင် တွက်နေတာ (တင်ပါ ဘုရား)၊ ကိုယ့်ရတဲ့ ဘဝကြီးကို ဘာများ ကျန်သေးတုံး တွက်ကြည့်ရမှာ၊ သူတော်ကောင်း အလုပ် ဘယ်လောက်များ ပါသတုံး တွက်ကြည့် ရမှာ (မှန်ပါ)။

နုတ်ပစ်တာများသွားလို့

မပါတော့ ဘယ့်နှယ် ဖြစ်နေသတုံး ဆိုလို့ရှိရင် တို့ဟာ ကံမကောင်း အကြောင်း မသင့်လို့ ထင်ပါရဲ့၊ မဂ်ဖိုလ် ရဖို့ရာ အတော်ကိုပဲ ပါရမီက မရှိလို့ ထင်ပါရဲ့ ဘယ်ဟုတ်လိမ့်မတုံး၊ နုတ်ပစ်တာ များသွားလို့ (တင်ပါ)။

ပါရမီ မရှိလို့လား (နုတ်ပစ်တာ များလို့ပါ ဘုရား)၊ အဲတော့ နုတ်ပစ်တာ များတာ ကိုယ့်ဟာ ကိုယ်တော့ မတွေးဘူး၊ ပါရမီ ဆို တာ မြင်ကောင်း တာလည်း မဟုတ်ဘူး၊ အဲဒါကြီးသွား စွဲချက် တင်လိုက်တယ်၊ သူ့ကြောင့် ပါရမီ ကြောင့် မရတာ၊ နုတ်တာတော့ မင်းတို့က စွဲချက်ထဲ ပါသေးရဲ့ လား (မပါ ပါဘူး ဘုရား)။၏

သက်တမ်းကလည်းကို

မောင်ကိုကော ပါသေးလား၊ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား) ဒါဖြင့် နုတ်တာနဲ့ လူ့ဘဝ ကျန်တာနဲ့ ဘယ်ဟာက များတုံး (နုတ်တာက များပါတယ် ဘုရား)၊ နုတ်တာက များပြီး သကာလ နေတော့ သက်တမ်းလည်း ရှည်သလား၊ တိုသလား တစ်ခါမေးတော့ (တိုပါတယ် ဘုရား)၊ တိုတဲ့ အထဲ ဘယ်သူက များနေတုံး (နုတ်တာက များပါတယ် ဘုရား)။

ဘယ်ဟာ ကျန်သေးတုံးကွ (မကျန်ပါဘူး ဘုရား) သုည ကျန်တော့တယ် နုတ်လိုက်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား) သုည ကျန်မှာပေါ့ကွ၊ အမိ ဝမ်းခေါင်းထဲမှာ ကိုးလခွဲ၊ ဆယ်လ ကလည်း သုညနဲ့ နေနေခဲ့တာ (မှန်ပါ) နောက် လေးဖက် သွားတွေ ဘာတွေ ကျတော့ သုညနဲ့နေတာ သူတော်ကောင်းပါ သေးရဲ့ လား (မပါပါ ဘုရား)။

နောက် ကျောင်းကန်တွေ နေပြန်တော့ကော (သုညပါ ဘုရား)။ သုညပဲ၊ နောက်အိမ်ထောင် ရက်သား ကျတော့ လူချင်း တူတူ သူချင်း မျှမျှ လုပ်နေရတော့ (သုညပါ ဘုရား)၊ သုညချည်းပဲ။ နောက်အိုပြန် တော့လည်း သုည ကျန်တော့တယ်၊ နာပြန်တော့ ကော (သုညပါ ဘုရား)၊ သေခါနီး တော့ကော (သုညပါ ဘုရား)။

ဝိတက်များရင်ဝိတက်ရှု

အဲဒါ မတွက်ဘူးကွ လူတွေက ပါရမီ တွက်နေတယ် ဟောတဲ့ ဘုန်းကြီးက ညံ့လို့ လိုလို၊ ဟုတ်လား ကိုယ်ကပဲ ဝိတက်များ လွန်းလို့ လိုလို၊ မဟုတ်ဘူး ဝိတက်တွေ ဘာတွေ အသာထားပါတဲ့ ဝိတက်များရင် ဝိတက်ရှုလိုက်လို့ ရပါတယ်၊ မနေ့ညက ဟောတဲ့ တရားလေ ဝိတက်များ ဘာလုပ်မတုံး ဝိတက် ရှုလိုက်လို့ ရှိရင် ကာမဝိတက် ဆိုရင်လောဘကွ (မှန်ပါ ဘုရား)။

ကာမတက်ဆိုတာလောဘ

ကာမဝိတက် ဆိုတော့ လောဘ ဆိုတော့ လောဘရှုချ လိုက် ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ဗျာပါဒ ဝိတက် ကျုပ်ကိစ္စတွေ များလွန်းလို့ဆို ဗျာပါဒ ဝိတက် (မှန်ပါ)။

အဲဒီကိစ္စကို များတဲ့ စိတ်ကလေး၊ ဝေနေတဲ့ စိတ်ကလေး သိပ်ပြီး သကာလ နှလုံးမသာယာတဲ့ စိတ်ကလေး ရှုချလိုက် (တင်ပါ ဘုရား) ဒေါသ ရှုချလိုက်တာပေါ့၊ ဝိဟိံသ ဝိတက် ဆိုတာ လည်း အတူတူပဲ ဒေါသ အကြီးစားပဲ (တင်ပါ) သဘောကျပလား အဲတော့ မင်းတို့ မရှုနိုင်တဲ့ နေရာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မရှုဖြစ်မှာသာ စိုးရိမ်ရတယ်

မရှုဖြစ်မှာသာ စိုးရိမ်ရတယ် (မှန်ပါ) အဲ-သတိ၊ သမာဓိ၊ ဝီရိယက သုံးခုတွဲ ဦးဝင်းရ၊ သတိလေး တစ်ခုတည်း ဘယ်တော့မှ မဖြစ်ဘူး (မှန်ပါ)၊ သတိနဲ့ (သမာဓိ၊ ဝီရိယနဲ့) ဒီသုံးခုက တွဲလျက် ချည်း ဖြစ်နေရမယ်၊ သတိ၊ သမာဓိ၊ ဝီရိယက သူတို့က စုံဝင်တာ၊ အလုပ်တစ်ခု လုပ်ရင် စုံအလုပ် လုပ်တာ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အလုပ်တစ်ခု လုပ်ရင် စုံအလုပ်လုပ်တဲ့ တရားကိုလည်း ကိုယ်က မှတ်ထားရတယ် (တင်ပါ ဘုရား) အဲတော့ သူတို့ သုံးခုသာ မင်း ဖြိုင်ဖြိုင်ကြီး အာရုံပေါ်မှာ ရောက်နေလို့ ရှိရင်ဖြင့် ပညာဆိုတဲ့ ဥစ္စာက အထူး မရှာရတော့ဘူးတဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။

ပညာသည်ကား ဆိုလို့ ရှိရင်ဖြင့်တဲ့ ဥပမာ ထင်းလေးတွေ ဒီနားထား ဓါးလေး ဒီနားချထား၊ ထင်းလေးတွေ ဖြတ်ဖို့ရာ ဓါး ဒီနား ချထားတာနဲ့ ပြတ်ပါ့မလား (မပြတ်ပါဘူး ဘုရား)၊ မပြတ်ဘူး (မှန်ပါ) ကိုင်ခုတ် လိုက်ရင်တော့ (ပြတ်ပါတယ် ဘုရား)။

အဲ ဒီမှာလည်း သတိ၊ သမာဓိ၊ ဝီရိယတို့က ကိုင်ထားလို့ ရှိရင်တဲ့ ဟိုဟာ ပြတ်ဖို့ရာ တဲတဲ ကျန်တော့တယ်၊ ဟုတ်ဘူးလား ထင်းလည်း ရှိပြီ၊ ဓါးလည်း ရှိပြီ ဆိုတော့ ပြတ်ဖို့ဟာလေး ကတော့ သာမည ရှိတော့တယ် (မှန်ပါ) ဟုတ်ဘူးလား။

ပညာအလိုလိုဝင်လာမယ်

အဲတော့ သတိ၊ သမာဓိ၊ ဝီရိယသာ မင်းတို့ မလွတ်ကြ ဘူး ဆိုလို့ရှိရင် ပညာ အလိုလို ဝင်လာမယ် (မှန်ပါ) မဝင်လာ ဘူးလား (ဝင်လာပါတယ် ဘုရား) မင်းတို့ဟာ မင်းတို့သာ သတိ သမာဓိ ဝီရိယနဲ့ ဟုတ်လား တစ်ခါတည်းဖြင့်သာ တည့်နေအောင် လုပ်နေလို့ ရှိရင် ပညာက သူဝင်လာတဲ့ အချိန်ကျတော့ ဒါတွေ ကိလေသာ ဖြတ်ပစ် လိုက်မှာပဲ။

လိုချင်တဲ့ ကိလေသာ ဖြတ်မပေး လိုက်ဘူးလား၊ ခုနဖြစ် ပျက်ကို အရင်တုန်းကတော့ မသိလို့ လိုချင်နေတာ (တင်ပါ) အခု သိလာတဲ့ တစ်နေ့ ကျတော့ သတိ၊ သမာဓိ၊ ဝီရိယနဲ့ စိုက်ကြည့်တဲ့ အခါကျတော့ ပညာက၊ ဒါကြောင့် ပညာကို မင်းတို့က ဆုတောင်း ရတာ မဟုတ်ဘူး။ ပညာ သူ့အလိုလို ဝင်လာတာ (တင်ပါ ဘုရား) သဘောကျပလား (မှန်ပါ)။

မူလမဂ္ဂင်ကအားထုတ်ထားတယ်

ပညာဟာ သူ့အလိုလို ဝင်လာတယ် ဆိုတာ တခြား မဟုတ်ဘူး သိပြီးသား ပုဂ္ဂိုလ်မှ ဝင်လာတာ၊ မသိသေးတဲ့ ပုဂ္ဂိုလ် ကိုဆိုလို့မရဘူး၊ သိပြီးသား ပုဂ္ဂိုလ်ကျတော့ သတိ သမာဓိ ဝီရိယ နဲ့ မူလ မဂ္ဂင်ကပဲ အားထုတ် ထားတယ်၊ နောက်ကျတော့ မူလမဂ္ဂင် နဲ့ပဲ မုန်းအောင် လုပ်လိုက်၊ နောက်မှ ဆုံးချင်တဲ့ အခါကျတော့ သူဝင်လာတယ်၊ ဒါ-မုန်းပြီးသားမို့ သူဝင်လာတာ (တင်ပါ)။

မမုန်းခင်တုန်းက သူလာရဲ့ လား (မလာပါဘူး ဘုရား)။ ကိလေသာ ဖြတ်တဲ့ မဂ်ဟာလေ (တင်ပါ) အဲတော့ ဘယ်သူ အရေးကြီးတယ် ဆိုတာ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

သတိ၊ ဝီရိယ၊ သမာဓိ အရေးကြီးတယ်

သတိ ဝီရိယရယ် သမာဓိရယ် ဒီသုံးခု အရေးကြီး နေတယ်၊ ပညာနဲ့ သမ္မာသင်္ကပ္ပ သူ့ဟာသူ ဝင်လာမယ် (တင်ပါ ဘုရား) အဲဒါ တောင့်တ ရတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ရှေ့က အမှိုက်တွေ ရှင်းဖို့ရာက သတိတို့၊ ဝီရိယတို့၊ သမာဓိတို့ သူတို့က ရှင်းမှ ပညာက မီးခြစ်ကလေး ခြစ်ပြီး ရှို့လို့၊ လယ်လုပ်မယ့် နေရာ လယ်ရှင်း ချင်တော့လေ (မှန်ပါ့)၊ မီးခြစ် ခြစ်ရှို့ရတဲ့ လူနဲ့ စုပုံရတဲ့ လူနဲ့ ဘယ်သူက ပင်ပန်းတုံး (စုပုံရတဲ့ လူက ပင်ပန်းပါတယ် ဘုရား)။

မီးရှို့တာက ပညာအလုပ်

စုပုံဟာ သတိ ဝီရိယ သမာဓိ အလုပ်၊ မီးရှို့တာက ပညာအလုပ် (မှန်ပါ ဘုရား)။ ဒါ ပဏ္ဏာသမှာ ဒီအတိုင်း လာတယ် (တင်ပါ ဘုရား)။ ပညာက အရေးကြီးတော့ ကြီးပါတယ်တဲ့။ သူက နောက်ဆုံးပိတ် အသားယူတဲ့ တရားမို့ အရေးတော့ကြီး တယ်။ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

အသားယူတဲ့ တရားကို သူက ကိလေသာ ဖြတ်တဲ့ ဉာဏ်၊ သူမှတစ်ပါး ဒိပြင် ဉာဏ်က ဖြတ်မည့် လူမရှိဘူး (တင်ပါ) ရှိပါ့မလား (မရှိပါဘူး ဘုရား)။ သူက အသားယူ ဖေါ် ရတယ်။

ရှေ့က လုပ်ထားရတာ နည်းတာတွေ မဟုတ်ဘူး။

ဝီရိယက ဖြစ်ပျက်ကို တစ်ခါတည်း ယထာဘူတဉာဏ် ရအောင်လည်း သူပဲ၊ နိဗ္ဗိန္ဒဉာဏ် ရအောင် (သူပါ ဘုရား) ဒီဉာဏ်က မဂ်ဉာဏ်လေး ရဖို့ရာလေး သူလာတာကွ၊ ဟုတ်ဘူးလား။

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဆိုတာတွေ သတ်ဖို့ရာ သူလာတာ၊ မင်းတို့ ရှင်းပြီးပြီလား၊ ရှင်းပြီးရင် ငါလာ ခဲ့မယ် ပြောတာ (တင်ပါ ဘုရား) မရှင်းသေးရင် (မလာပါဘူး ဘုရား)။

ဒါဖြင့် မင်းတို့ဟာ အခု အရေးကြီး နေတာက ရှေ့ပိုင်းမှာ အရေးကြီး နေတာ၊ ရှေ့ပိုင်းက လိုနေတာ ရှေ့ပိုင်းက ဘယ်သူနဲ့ နုတ်တုံး ဆိုရင် ထိနမိဒ္ဓက ဝင်နုတ်ပစ်တာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား) ရှေ့ပိုင်း သုံးခုကို ဘယ်သူက ဝင်နှုတ်တာတုံး (ထိနမိဒ္ဓကပါ ဘုရား)။

အင်း ထိနမိဒ္ဓက ဝင်နုတ်လိုက်တဲ့ အခါကျတော့ နဂိုကမှ စုထားတာမှ မရှိပဲနဲ့ သူက လာမီးရှို့လို့ (မရပါဘူး ဘုရား) ရပါ့ မလား (မရပါဘူး ဘုရား) အဲဒီလို ဖြစ်သွားတာ မောင်အေး (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဘာဖြစ်နေတုံး၊ အို – ဘာဖြစ်မနေနဲ့ ရှေ့အတွက် မဟန်ဘူး (ထိနမိဒ္ဓ ဝင်တာ အကြီးစားပါ ဘုရား) အကြီးစားလေ၊ အကြီးစားပေမယ့်လည်း လူတွေက မိတ်ဆွေ ဖွဲ့နေတာကွ၊ အကြီးစား စိတ်ဆွေ ဖွဲ့နေတာ (မှန်ပါ့ ဘုရား)။

တစ်ရေးတမော အိပ်လိုက်ဦးမယ်တဲ့

ကျုပ် တစ်ရေးတမော အိပ်လိုက်ဦးမယ်ဗျာ၊ မိတ်ဆွေ သင်္ဂဟ လာလို့ရှိရင် ဟုတ်လား ကိုယ်က ဧည့်ခံတာပဲ၊ ခင်ဗျား ဒီရောက်လာပြီ အေးအေးချမ်းချမ်းနေပါဦးဗျာ၊ အိပ်ပါဦး၊ ဒါလှည့် ဧည့်ခံနေတာပဲ ဒိပြင် ဘာပါသေးတုံး၊ ဟုတ်ဘူးလား။

နို့မဟုတ်ရင် ဧည့်ဝတ်တောင် မကျေဘူး ပြောတာကွ (တင်ပါ ဘုရား)။

ကဲ ဒီနေ့ သူဟာ အင်မတန် အရာကျယ်တဲ့ တရား အခုပြောတဲ့ အဓိပ္ပါယ် နည်းတာတွေ မဟုတ်ဘူး (မနည်းပါဘူး ဘုရား) မနည်းဘူးတဲ့၊ မင်းတို့ အလုပ်စခန်းမှာဖြင့် သူလှည့်စားတာ မခံဖို့ပဲ အရေးကြီးတယ်၊ ထိနမိဒ္ဓ လှည့်စားတာ မခံဖို့ (မှန်ပါ့ ဘုရား)။

နားနားနေနေ လုပ်တာပေါ့တဲ့

ထိနမိဒ္ဓက အလုပ်ကလေးများ ခရီးပေါက်မည့်ကြံမှ သူက နေပြီး သကာလ “နားနားနေနေ လုပ်တာပေါ့ကွာ” သူဝင် ချင်လို့ လုပ်တာ (မှန်ပါ ဘုရား) “သိနေ သိပ္ပံ၊ သိနေဓနံ” တဲ့ လောက နီတိ လာပြန်ပြီ (မှန်ပါ ဘုရား)။

လောက ပြောနေတာကိုကွ၊ လောကနီတိ ဆိုတာက လောကုတ္တရာ ပြောတာလား (မပြောပါဘူး ဘုရား) လောက ပြောနေတာကို ဘုရားဟော မှတ်ပြီး၊ တစ်ခါတည်း လောကထဲက မထွက်အောင် လုပ်နေတဲ့ လောကနီတိ ကိုကွ၊ အဲဒါ မင်းတို့က ဘုရားဟော တစ်ခါတည်း လုပ်ထည့်ပြီး သကာလ မောင်အေး တို့က လောကနီတိက ဒီလို ဆိုနေတာ။

ဇီးကွက်လို့မြည်နေတာ

မင်း ဒီလိုမနေနဲ့ ဒီလိုမသွားနဲ့ ဖြည်းဖြည်း (လောကနီတိ ကို ဟုတ်တယ် ထင်နေပါတယ် ဘုရား) အသံထွက်နေတာကွ၊ ဇီးကွက် ဇီးကွက်လို့ မြည်နေတာ ဘာငှက်လဲလို့ မေးနေစရာ မလိုဘူး (မှန်ပါ) မင်းတို့က မေးသေးတယ် ဒီငှက် ဘာငှက်တုံး ဟ ! သူမြည်နေတာ နားထောင်ပါလား၊ သဘော ကျပလားကွ (ကျပါပြီ ဘုရား)။

ဇီးကွက်မြည်နေတာ မောင်ကို မင်း ဘာငှက်မေးချင် သေးတုံး (မေးစရာ မလိုပါဘူး ဘုရား) သို့သော်လည်း မေးတဲ့ ပုဂ္ဂိုလ်ကျရင် ဘယ့်နှယ် ဆိုမတုံး သူ လူမိုက်ပဲ (မှန်ပါ ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား) ဇီးကွက်ကိုပဲ သူမသိတာ၊ မဆို နိုင်ဘူးလား။

လောကနီတိကို အားကိုးနေတယ်

ဒီမှာလည်း လောကနီတိကို မင်းတို့က အားကိုးနေတာ “သိနေသိပ္ပံ၊ သိနေဓနံ” ဟုတ်ဘူးလား၊ ဖြည်းဖြည်း ဖြည်းဖြည်း တက်ရတယ် ဆိုတော့၊ မောင်အေးတို့က သိပ်သဘောကျတယ် ပေါ့လေ၊ ဖြည်းဖြည်း သွားချင်တဲ့ လူနဲ့ စာကလည်း ဆိုထားတော့၊ ဒီလို မနေဘူးလား မောင်ထွန်းလှိုင်ရ (နေပါတယ် ဘုရား)။

ဘုရားဟောထဲ ထည့်တယ်

အဲ-ဒါကို မင်းတို့က တစ်ခါတည်း ဘုရားဟော လုပ်ပစ် လိုက်တော့ ဘုရား ဆိုရင် ဓမ္မနီတိ (တင်ပါ ဘုရား) သူ့ခမျာ ရေးရှာတာ အပြစ် လွတ်အောင်လို့ လောကနီတိ၊ မင်းတို့ လောကသာ အသုံးချနော်၊ ငါ့ဘုရားထဲ သွားပြီးတော့ မင်းတို့ အသုံးချ မနေနဲ့၊ မင်းတို့က ဘုရားဟောထဲ ထည့်ဆို လိုက်တော့ ကိုယ် ပျင်းတာနဲ့ ကိုက်သွားတယ် မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ကိုယ်ပျင်းတာနဲ့ ကိုက်သွားတယ်

ဘာနဲ့ ကိုက်သွားတုံး (ကိုယ်ပျင်းတာနဲ့ ကိုက်သွားပါ တယ် ဘုရား) အဲ ကိုယ်ပျင်းတာနဲ့ ကိုက်လို့ရှိရင် မင်းတို့ ဒီဥစ္စာ အတော် မှန်တယ်၊ ကဲ မောင်ကိုတို့ လူစု ဖျင်းပုံကွ (တင်ပါ) သဘော ကျပလား ကဲ (ကျပါပြီ ဘုရား)။

ကဲ သက်တမ်းကော မင်းတို့ နုတ်တတ်ပလား (နုတ်တတ် ပါပြီ ဘုရား) ဒီ ထိနမိဒ္ဓနဲ့ ဘဝင်နဲ့ ရောနုတ်သွားတာနဲ့ သက်တမ်း မှာ အပုံတစ်ရာပုံ တစ်ပုံလောက်ပဲ ကျန်ရစ်တော့တယ် ဉာဏ် အချိန် ဟာလေ (မှန်ပါ ဘုရား)။

ကလေးအရွယ် နုတ်ကွာ၊ ဝမ်းထဲ နေခဲ့တာ နုတ်ကွာ၊ ကျောင်းနေတာ နုတ်ကွာ၊ မင်းတို့ ကုန်သည်တွေ လုပ်နေတာ နုတ်ကွ (မှန်ပါ့) တော်ကြာ နာတော့ နာခန်းတွေ နုတ်ပြန်၊ သာခန်းတွေ လိုက်နေရတာကော (နုတ်ရမှာပါ ဘုရား) နုတ်ရမှာပဲတဲ့ မောတာတွေ နုတ်လိုက်ပါ။ မောလာလို့ ကျုပ်ဘာမှ မလုပ်နိုင်ဘူး။ နုတ်ကွာ၊ ဘာကျန်သေးတုံး။

တော်ကြာ အိပ်ချိန်ကျလည်း အိပ်ဦးမှ တော်မယ် နုတ်ကွာ၊ မနက် မိုးလင်းပြန်တော့ မျက်နှာသစ်တာနဲ့ နုတ်လိုက် ဟုတ်လား၊ ကော်ဖီ သောက်တာနဲ့ နုတ်လိုက်၊ ပြီးပြန်တော့လည်း စက်သွားစရာ ရှိတယ်ဆို နုတ်လိုက်၊ ဘာများ ကျန်သေးတုံး (မကျန်ပါဘူး ဘုရား)။

နိဗ္ဗာန်ရောက်ဖို့ ဝေးသေးတယ် ပြောရုံပဲ

မကျန်ပေမယ့် သြော် ငါတို့သည်ကား နိဗ္ဗာန်ရောက် ဖို့ရာ ဝေးသေး ထင်ပါရဲ့ အို ဝေးတယ်လို့ ပြောရုံပဲ၊ မပြော ထိုက်ဘူးလား ဘာဖြစ်လို့တုံး အနုတ်က များလာလို့ ဦးဘအုံး ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

ဒီထဲက တစ်နေ့က မနုတ်ကြနဲ့တော့ ဆိုတော့ ဦးမောင် အေးက နုတ်ပါရစေဦး လို့တောင် ပြောသေးတာ ကျုပ်ကို (တင်ပါ ဘုရား)။ သူတရားနာ လာသေးတယ် (မှန်ပါ) တရား နာလာတော့ ဦးမောင်အေး ကျန်တဲ့ အသက်ထဲကတော့ မနုတ် နဲ့တော့ နုတ်တာတွေ များလွန်းပြီ၊ မဖြစ်ဘူး ဘုရားတဲ့ ဒီထဲကပဲ နုတ်ရဦးမယ်။

မင်းတို့တွေလည်း ဒီထဲက နုတ်ဦးမှာလားကွ၊ အတူတူ ပါပဲဘုရား၊ နုတ်ရဦးမှာလား၊ ကျန်တဲ့ အထဲက နုတ်ရဦးမယ် ဆိုတော့ နဂိုကမှ နည်းနည်း ကျန်တာ ဘယ့်နှယ်တုံးဦးဝင်း ဘယ့်နှယ် လုပ်မတုံး။

အနှုတ်ကများလွန်းနေတယ်

ခုတော့ မင်းတို့ဟာက အနုတ်က များလွန်းနေလို့ ပြောရတာ (မှန်ပါ့) ဒါ လူတိုင်းတွက် မပြတတ်ဘူးကွ၊ သတိမထား ရင် တွက်မပြတတ်ဘူး (မပြတတ်ပါဘူး ဘုရား)။

အခု သေသေချာချာ သတိထား ကြည့်လိုက်တော့ ကဲ ပဋိသန္ဓေက စပြီး၊ အဲတော့ ဘုရားတစ်ဆူ တစ်ဆူ ပွင့်တယ်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေ တစ်သိန်း၊ နှစ်ဆယ့်လေး အသင်္ချေနှင့် ဗိုလ်ခြေ တစ်သိန်း ဟုတ်လား (တင်ပါ ဘုရား) ကျွတ်တမ်း ဝင်သွားကြတယ်၊ အဲဒီထဲ မပါဘူးတဲ့ သူနုတ် ထားတာနဲ့ မပါတာ။ ပါသေးရဲ့လား (မပါပါ ဘုရား)။

ပါရမီစလိုက်ရတယ်ကို မရှိဘူး

ပါရမီစကို စလိုက်ရတယ် မရှိဘူး ဟုတ်ဘူးလား (မှန်ပါ ဘုရား) ပါရမီ ပြည့်ဖို့ရာ ဝေးလို့ စကို စလိုက်ရတာ ပါရဲ့လား။ (မပါပါဘူး ဘုရား) စတာလေးကိုလည်း တစ်ခါ ထိနမိဒ္ဓက နုတ်ပြန်တော့ ဒီစတာလေး ကလည်း အရင်းပျောက်သွား ပြန်တာ (မှန်ပါ)။

ပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) အမိဝမ်းခေါင်း ထဲ အောင်းလိုက် ပျောက်ထွက် သွားတာပဲ၊ ရင့်သေးရဲ့လား (မရင့်ပါဘူး ဘုရား) အမိဝမ်းခေါင်းထဲ အောင်းလိုက်တော့ ဒီကလေးဟာ အထဲမှာ ဒုက္ခဝေဒနာနဲ့ နေရမယ်၊ မစားရ၊ မသောက်ရ၊ မဝတ်ရနဲ့ (တင်ပါ ဘုရား)။

နောက်ထပ်ပျောက်စရာတွေ

ဘယ့်နှယ်နေတုံး ဒီဥစ္စာ ဒီကပေးလိုက်တဲ့ ဉာဏ်ကလေး ဘယ့်နှယ်ဖြစ်သွားတုံး (ပျောက်သွား ပါတယ် ဘုရား) နောက်ကျတော့ ကလေးလေး ဘာလေး ဖြစ်နေ ပြန်တော့ကော (ပျောက် ပါတယ် ဘုရား)

နောက်ကျောင်းကန် လောကီပညာတွေ သင်နေတော့ကော (ပျောက်ပါတယ် ဘုရား) အိမ်ထောင် ရက်သား ကျပြန်တော့ကော (ပျောက်ပါတယ် ဘုရား) ဟ ! မင်းတို့ ပေါ်တာ ပါသေးရဲ့ လား (မပါပါဘူး ဘုရား) ရိပ်မိပလား မောင်အေး (တင်ပါ ဘုရား)။

နောက်ပျောက်စရာတွေ တစ်ပုံကြီး ရှိသေးတယ်ကွ မောင်ချစ်ဆွေ ဘာတဲ့တုံးကွ (ပျောက်စရာ တွေ ရှိပါသေးတယ် ဘုရား) ဦးဝင်းကော (ပျောက်စရာတွေရှိပါတယ် ဘုရား) ဘာပျောက်မှာတုံး ပါရမီ မျိုးစေ့လေးတွေ ဘယ်နှယ်နေတုံး (ပျောက်မှာပါ ဘုရား)။

ပျောက်ရုံတင်မကပါဘူး

ပျောက်ရုံတင် မကပါဘူးလို့ တစ်နေ့က ဟောလိုက်တယ် (တင်ပါ ဘုရား) မီးတောင် ရှို့လိုက်သေးတယ်၊ ပြောင်ကို သွားအောင် စိတ်မချမ်းသာလို့ ကျုပ်တော့ ဘာမှ မတွေးဘူး၊ ဒေါသမီး လောင်ချ လိုက်တာ၊ ဝိပဿနာ အလုပ် ဆိုလို့ရှိရင် ကျုပ် စိတ်မချမ်းသာလို့ လုပ်ကို မလုပ်ချင်ဘူး ဒေါသမီးက ရှို့ပစ်လိုက်တာ (မှန်ပါ့)။

ခုန ဝိပဿနာလုပ်မည့် ဉာဏ်ကလေးတွေကို အရင် သိထားတာလေးတွေကို ဘယ့်နှယ် နေတုံး၊ ဒေါသမီးနဲ့ ရှို့မပစ် လိုက်ဘူးလား (ရှို့ပစ် လိုက်ပါတယ် ဘုရား)။

အေး စီးပွားရေးက အကြောင်း ညီညွတ် နေပြန် တော့လည်း “အချိန်ရှိခိုက် လုံ့လစိုက်တဲ့” ဆိုပြီး စီးပွားရေးချည်း စိုက်နေတော့ လောဘမီး ရှို့ပစ်လိုက်တာနဲ့ ကျန်သေးလား (မကျန်ပါ ဘုရား) နို့ ဘယ်မတုံးကွ ပါရမီ အစကို ပါသေးရဲ့ လား (မပါပါဘူး ဘုရား) ပါရမီ အညွန့်တုံး သွားတယ်၊ ပါရမီ မျိုးစေ့ပါ ပျောက်သွားတယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့ စဉ်းစားကြည့် မနက်က ပြောလိုက်တာ ရှိသေး တယ်။ ညပြန်မေးရင် မပြောတတ် တော့ဘူး (မပြောတတ်ပါ ဘုရား)။ မီးက လောင်ကုန်ပြီ ကိုကွ (မှန်ပါ့) တစ်နေ့လုံး တစ်ခါတည်း လောဘမီး၊ ဒေါသမီးတွေက ရစရာတွေနဲ့ ယူစရာ တွေနဲ့၊ ပေးစရာတွေနဲ့၊ ကမ်းစရာတွေနဲ့ ပြောစရာ တွေနဲ့ ဆိုစရာတွေနဲ့ ဆိုတော့ အဲဒါလောဘ၊ ဒေါသ ကိစ္စတွေ မဟုတ်လား (မှန်ပါ့ ဘုရား)။

မမှတ်မိတော့ဘူး

အဲဒီမီးတွေက လောင်ပစ်လိုက်တော့ ညကျတော့ မေးလိုက် မှတ်မိသေးလား ဆိုရင် ဘယ်နှယ် ပြောကြမတုံး (မမှတ်မိပါဘူး ဘုရား) မေ့သွားတာ မဟုတ်ဘူး၊ ပျောက်သွားတာ၊ ရိပ်မိပလားကွ ဘာဖြစ် သွားတာတုံး (ပျောက်သွားတာပါ ဘုရား)။

ဘာတုံးကွ မီးလောင် ပစ်လိုက်တာ၊ ဒါ သန္တာပဋ္ဌမီး လောင်တာ (တင်ပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား) ဘာမီး လောင်တာတုံး (သန္တာပဋ္ဌမီးပါ ဘုရား) သန္တာပဋ္ဌော ဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီမီးလောင် ပစ်လိုက်တာ၊ ကဲ အရင်းလေး ထည့်ပေးတယ် မီးက ရှို့လိုက် (တင်ပါ ဘုရား)။

အရင်းလေး ထည့်ပေးလိုက် (မီးကလောင်လိုက်ပါ ဘုရား) အင်း တော်တော့်လူ မထည့် ရဲဘူးကွ၊ မီးကြောက်တာနဲ့ ထည့်ရဲပါ့မလား၊ အခု ငါသက်သက် ပေထည့်နေတာ ရိပ်မိ ပလား မင်းတို့က ဒီက ပြန်ရင် ရှို့မယ် ဘယ့်နှယ်တုံးကွ (ရှို့မှာပါ ဘုရား)။

တရားကို မီးရှို့ပစ်တာ

ဒါကြောင့် တစ်နေ့က ငါဟောတယ် မဟုတ်လား မင်းတို့က တရား မီးရှို့တာကွလို့၊ ကျောင်းကန် မီးရှို့တဲ့လူတော့ အပြစ်ကြီးတယ်၊ ဒီလူကျောင်းမှန်း ကန်မှန်း မသိဘူး၊ ဟ! ကျောင်းက ဘာမှ အဖိုးမတန်ဘူးကွ၊ ကျောင်းက ဘာမှအဖိုး မတန်ဘူး သစ်သားတွေ (တင်ပါ ဘုရား) ဒါက တရား ဆိုတာ ရတနာတွေ (မှန်ပါ ဘုရား) ဟုတ်ဘူးလား ဘုရားရတနာ၊ တရား ရတနာလို့ ခင်ဗျားတို့ မသုံးဘူးလား (သုံးပါတယ် ဘုရား)။

အဲဒါ ဘာလုပ်တာတုံး တရား မီးရှို့ပစ်တာ ဟုတ်လား စာအုပ်တွေ မီးရှို့တာတော့ မြင်တယ်၊ မင်းတို့က ကိုယ်ရထားတဲ့ ဝမ်းထဲက တရားတွေ မီးရှို့တာတော့ (မမြင်ပါဘူး ဘုရား) ကိုယ်ကိုယ်တိုင် လုပ်တာ လူတိုင်းတယ် မြင်ခဲတယ်ကွ၊ ကိုယ့် မျက်ချေးတော့ ကိုယ်မသိဘူးလို့ ပြောသားပဲ၊ သူများသာ မြင်နေတာ၊ ရိပ်မိပလား (မှန်ပါ) ကိုယ်မီးရှို့ နေတာက မသိတော့ ကို ကိုယ်မီးရှို့တဲ့ အပြစ်ကလည်း သေးသလား (မသေးပါဘူး ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အလုပ်သွားတော့မယ် ဆိုရင် မီးရှို့ သွားဦးမယ် ပြောတာ၊ မောင်ကို ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) တပည့်တော်၊ ရန်ကုန် သွားဦးမယ် ဘုရားဆို ငါကတော့ သိလိုက်ပြီ မီးရှို့ သွားဦး မှာပဲ၊

ဘာမီးရှို့မှာတုံး တရားရတနာတွေ မီးမရှို့ဘူးလား၊ ဟိုကျတော့ ပြန်ရှာတဲ့ အခါကျတော့ တစ်ဝက် တစ်ပျက် တောင်မှ ရချင်မှ ရမှာ (သုံးပုံတစ်ပုံလောက် ရပါတယ် ဘုရား) အတော် ခဲယဉ်း ပါတယ် သုံးပုံတစ်ပုံ ရလို့ ရှိရင် မနည်း စုမိမှာပေါ့ (တင်ပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထိနမိဒ္ဓနဲ့ သမာဓိကို ခွဲဖြစ်အောင်ခွဲပါ

အဲတော့ ဒီနေ့ တရားမှာ မင်းတို့ ထိနမိဒ္ဓက သမာဓိ ဝင်လုပ်တဲ့ အတွက် မင်းတို့သည်ကား ဆိုလို့ရှိရင် နိဗ္ဗာန် မရနိုင် ဘူး။ (မှန်ပါ့) ထိနမိဒ္ဓနဲ့ သမာဓိကို ခွဲဖြစ်အောင် ခွဲပါ (တင်ပါ)။

သမာဓိဆိုရင် သုံးပါးနဲ့ တွဲရမယ် (မှန်ပါ)၊ ထိနမိဒ္ဓ ဆိုရင် အာရုံကို မမြင်ရဘူး (မှန်ပါ) ဟိုသုံးပါး ဆိုရင် အာရုံကို မြင်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီတွင် တော်ဦး။

သာဓု သာဓု သာဓု။