170

သင်္ခါရတရား (သုဘဒ်ရဟန်း)

အသံဖိုင်ခေါင်းစဉ်= သုဘဒ်ရဟန်းဥပမာပြ ချောင်(၁၆)ချောင်ခိုတတ်ပုံ။ (သုဘဒ်ရဟန်းဥပမာပြသင်္ခါရ)

စာအုပ်ခေါင်းစဉ်= “သင်္ခါရတရား” (သုဘဒ်ရဟန်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သော တရားတော်

“သင်္ခါရတရား”

(သုဘဒ်ရဟန်း)

(၁၈-၃-၆၀)

ဒကာ၊ ဒကာမတွေ သင်္ခါရတရား သင်္ခါရတရားဆိုတဲ့ ဥစ္စာနာပြီးသားပုဂ္ဂိုလ်လည်းမှတ်ရော၊ မနာသေးတဲ့ ပုဂ္ဂိုလ်လည်း ကြားနာရရောဆိုပြီး သင်္ခါရတရားကို အရင်ရှင်းပြမယ်နော် (မှန်ပါ့)။

သင်္ခါရတရားဆိုတာ

သင်္ခါရတရားဆိုတာ ဒကာ၊ ဒကာမတွေမှတ်ထားပါ၊ အားလုံး ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ သင်္ခါရတရားလို့သာ မှတ်ထားလိုက်ကြပါ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ် တစ်ကိုယ်လုံး မှာရှိတဲ့ ဆံပင်တွေ၊ သွားတွေ၊ အသားအရေတွေ ဘာခေါ်ကြမယ် (သင်္ခါရတရားပါ)

ဪ ဒါကို သင်္ခါရတရားလို့ဟောတယ်၊ မှန်လည်း အလွန် မှန်ပါတယ်၊ ဘယ်လိုမှန်ပါလိမ့် မလဲလို့ မေးတဲ့ အခါကျတော့ ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်ဟာ ပြုပြင်ထားလို့ပေါ်နေတာ (မှန်ပါ့) ပြုပြင်ထားလို့ ဖြစ်ပေါ်နေတာလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့ ဘုရား)။

ပြုပြင်ထားလို့ ဖြစ်ပေါ်နေတာ မျက်လုံးအကြည်ရုပ် ကလေး၊ နားအကြည်ရုပ်ကလေးတွေ မြင်တတ်တဲ့သဘောက လေးဟာပေါ့လေ (မှန်ပါ့) မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ထဲမှာ ဆိတ်လို့နာတာတွေ၊ ယားတာတွေ အဲဒီဟာတွေကို ကံကပြုပြင်ထားတယ်၊ ပြုပြင်ထားတော့ ကံကပြုပြင်လို့ ခန္ဓာ ကိုယ်ကဖြစ်နေတာ ဖြစ်နေသောကြောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဒါတွေဟာ ဘာပါလိမ့်မလဲဆိုတော့ သူများ ပြုပြင်ထားသောကြောင့် သင်္ခါရတရားလို့ပဲ မှတ်လိုက် တာပေါ့ (မှန်ပါ့) ကံ-သင်္ခါရက ပြုပြင်ထားတယ်၊ သဘော ကျပလား (ကျပါပြီဘုရား။)

ကံ-သင်္ခါရက ပြုပြင်ထားတယ်လို့ ဘုန်းကြီး တို့ ဒကာ၊ ဒကာမတွေက မှတ်လိုက်တော့ ဪ် တို့မှာ တို့ပိုင်ပစ္စည်းလို့ မရှိပါကလား၊ ကံကသာလျှင် သူဖြုတ်ရင်လည်း ပြုတ်ရတာပဲ၊ သူက ဖြစ်ချင် ရင်လည်း ဖြစ်လိုက်ရတာပဲ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကံက သင်္ခါရပြုပြင်ထားတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေဟာ သင်္ခါရတရား တွေပေါ့နော် (မှန်ပါ့) ဘယ်သူကပြုပြင်ထားသတုံးလို့ မေးလို့ရှိရင် ကံ ကပြုပြင်ထားတယ် (မှန်ပါ့ ဘုရား)။

ဒါက ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်၊ ဒါက အတိတ် ကပြုပြင်တဲ့ ကံပေါ့ဗျာ (မှန်ပါ့) ဒါဖြင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေဟာ ဘယ်သူကပြုပြင်ထားတာပါ လိမ့် (ကံက ပြုပြင်ထား ပါတယ်) ကံကပြုပြင်မှုကြောင့် ပေါ်နေသောကြောင့် သူ့ကိုသူများပြုပြင်သလို ဖြစ်ပေါ်နေရ သောကြောင့် သင်္ခါရတရားလို့ မှတ်ထားကြပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ၏ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေကို ဘာခေါ်ကြမယ် (သင်္ခါရတရားပါ) ဒကာ၊ ဒကာမတွေ စဉ်းစားလိုက်တာပေါ့၊ ဪ မျက်လုံး မမြင်လောက်အောင် အားထုတ်ပေးလိုက်ပြန် မြင်လောက်တဲ့ ရုပ်ကလေးထည့်ပေးလိုက်ပြန် မြင်ရတာပဲ၊ သူက ထည့်မပေး ရင် မမြင်ရတာဘဲ (မှန်ပါ့ ဘုရား)။

သူများပြုပြင်လို့ပေါ်လာတဲ့ခန္ဓာကိုယ်

ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်ကို ဒကာ၊ ဒကာမ တွေ ပိုင်သလား (မပိုင်ပါ ဘုရား) ဒါဖြင့် ဒကာ၊ ဒကာမ တွေ၏ ခန္ဓာကိုယ်ကို ကံကပြုပြင် စီစဉ်နေသောကြောင့် သူများ ပြုပြင်လို့ ပေါ်လာတဲ့ ခန္ဓာကိုယ်ဖြစ်နေသောကြောင့် ဒီ ခန္ဓာကိုယ်ကို ဘာတရားလို့ခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား)။

ကံကပြုပြင်ထားတယ်

မှတ်ထားပါ၊ မှတ်ထားပါ၊ သင်္ခါရတရားလို့ မှတ်ထား ပေါ့၊ ကံက သင်္ခါရကပြုပြင်ထားတယ် (မှန်ပါ့) ဥတုက အခုနည်း နည်းကြမ်းလာတော့ ဒကာ၊ ဒကာမတွေမှာ အပူရုပ်တွေ ဖြစ်ဖြစ်နေတယ် (မှန်ပါ့) ပူရုပ်တွေဖြစ်ပြီး ဥတုနဲ့ပတ်သက်ပြီး သကာလ စိတ်မချမ်းသာတဲ့ ဒေါသစိတ်တွေလည်းပေါ်ကြ၊ ဒကာ၊ ဒကာမတွေ စဉ်းစားကြည့်တာပေါ့လို့ ကိုယ့်သန္တာန် ဖြစ်တဲ့ အချို့ သောရုပ်တွေဟာလည်း ဥတုပြုပြင်ထားပါ သလား၊ တချို့သော စိတ်တွေဟာလည်း ဥတုကြောင့်ပဲ ဖောက် ပြန်လာတဲ့ စိတ်ကပါ လားလို့ ဆိုရင်လွဲပါမလား (မလွဲပါ ဘုရား)။

ဥတုကပြုပြင်တယ်

ဒါဖြင့် ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ တချို့ ရုပ်တွေလည်း တချို့ စိတ်တွေလည်း ဥတုက ပြုပြင်ထားတယ်လို့ ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား) ဒါဖြင့် အဲဒီ တချို့ရုပ် တချို့စိတ် ကိုလည်း သင်္ခါရတရားလို့ဘဲ နာမည်ပေးလိုက်တာ ပေါ့ (မှန်ပါ့ ဘုရား)။

အာဟာရကပြုပြင်တယ်

တချို့ကျတော့ ဒကာ၊ ဒကာမတွေ စားလို့ကောင်းလို့ ဝဖြိုးလာတယ်၊ မျက်လုံးတွေဘာတွေ ကြည်လာတယ်၊ ဆံပင် တွေဘာတွေ သန်လာတယ်ဆိုတာကော မရှိဘူးလား (ရှိပါတယ်) ဒါကျတော့လည်း ဒကာ၊ ဒကာမတွေက စားသောက်လိုက်တဲ့ ထမင်းခဲဘွယ်ဘောဇဉ်က “ပြုပြင်လိုက်တာ” အာဟာရက ပြုပြင်လိုက်တာနဲ့ ဒကာ၊ ဒကာမတွေ၏ ခန္ဓာ ကိုယ်ဟာ အသား အရေတွေ စိုပြေလာတယ်၊ ဝဖြိုးလာတယ်၊ ဆံပင်တွေ ဘာတွေတောင် ကောင်းလာတယ်၊ သွားတွေ ဘာတွေ ရင့် ကျက်ပြီးသကာလ လာတယ်ဆိုတာလည်း အာဟာရသင်္ခါရ က ပြုပြင်တယ် (မှန်ပါ့ ဘုရား)။

စိတ်ကပြုပြင်တယ်

တချို့ ဒကာ၊ ဒကာမတွေကတော့လည်း စိတ်ကောင်း တာနဲ့ ရွှင်လို့ကြည်လို့ မရှိကြဘူးလား (ရှိပါတယ် ဘုရား) အဲဒါတွေကျတော့လည်း စိတ်သင်္ခါရက ပြုပြင်ထားတာ (မှန်ပါ့) ဒါဖြင့် သင်္ခါရ လေးမျိုး ပြုပြင်ခံရတဲ့ ခန္ဓာကိုယ်ကြီးက ခန္ဓာငါးပါးပေါ့ဗျာ (မှန်ပါ့)။

ခန္ဓာငါးပါးက ဘာပါလိမ့် ဒကာ၊ ဒကာမတို့ (သင်္ခါရခန္ဓာပါ) သင်္ခါရခန္ဓာကိုယ်ပြုပြင်လို့ ပေါ်နေတာ (မှန်ပါ့) ပြုပြင်တဲ့တရားက ကံ၊ စိတ်၊ ဥတု၊ အဟာရပေါ့ဗျာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ပြုပြင်တဲ့တရားက (ကံစိတ်ဥတုအဟာရပါ ဘုရား) ပြုပြင်လို့ပေါ်လာတာက (ခန္ဓာငါးပါး) ခန္ဓာငါးပါးကို ဘာ တရားလို့ခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား) ရိပ်မိကြပြီ ဒကာ၊ ဒကာမတို့ (မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာငါးပါးကြီးဟာ သင်္ခါရခန္ဓာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ခန္ဓာငါးပါးကြီး ဘာမှတ်ကြမယ် (သင်္ခါရခန္ဓာပါ ဘုရား)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရကပြုပြင်တယ်

သင်္ခါရခန္ဓာဆိုတာ ဒကာ၊ ဒကာမတွေ ယနေ့စောစော စီးစီးပဲ ရှင်းထားပါတယ်တဲ့၊ အကြောင်း လေးပါးက ပြုပြင်လို့ ပေါ်လာတဲ့ ခန္ဓာငါးပါး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အကြောင်းက ဘယ်နှစ်ပါး ပါလိမ့် (ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါးပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်မှာ ကြီးထွား အောင်လုပ်တာလည်း ဒီလေးပါးပဲ၊ ဆုတ်ယုတ် အေင်လုပ်တာ လည်း (ဒီလေးပါးပါ ဘုရား) ဒကာ၊ ဒကာမတွေ၏ ကိုယ် က ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့၏ စီမံသလို ခံနေရတဲ့ ခန္ဓာငါး ပါးဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာငါးပါး၊ ကိုယ်မပိုင်ဘူး

ဒါဖြင့် ဒကာ၊ ဒကာမတွေ၏ ခန္ဓာငါးပါးဟာ သူများပြု ပြင်သလို ခံနေရသောကြောင့် ကိုယ်ပိုင် ကိုယ်ဆိုင် ဒီအထဲမှာ မပါဘူးလို့ မှတ်ထားလိုက်ကြပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဒါကိုရဲရဲတင်းတင်းကြီး ပြောရဲပါလိမ့်မလဲလို့ မေးတော့ တပည့်တော်တို့ အကြောင်း လေးပါးကို သိထားတယ် ဘုရာ့ (မှန်ပါ့) ကံပြုပြင်လို့ ဒီအထဲမှာ တချို့နာမ်ရုပ်ပေါ် နေတယ် (မှန်ပါ့) စိတ်ကပြုပြင်လို့ တချို့နာမ်ရုပ်၊ ဥတုက ပြုပြင်လို့ ရုပ်နာမ်တွေ၊ အာဟာရပြုပြင်လို့ တချို့ရုပ်နာမ်တွေ ပေါ် ဒီတော့ ခန္ဓာငါးပါးဟာ ဒကာ၊ ဒကာမတို့ ကိုယ်ပိုင်ဆိုင် ပါကြရဲ့လား (မပိုင်ပါ ဘုရား)။

ဒါဖြင့် သူတို့အပေါ်မှာ ဘယ်သူချုပ်ချယ်ပြီးသကာလ ဖြစ်စေ၊ ပျက်စေဆိုရင် ဘာစီမံနေ ပါလိမ့်မလဲ ဆိုတော့ စီမံနေတဲ့ အရှင်သခင်လေးယောက် ပေါ်ရောပေါ့ (ပေါ်ပါပြီ) ဘယ် သူပါလိမ့်ဗျာ (ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ ဘုရား)။

သင်္ခါရခန္ဓာကြီး

ဪ ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်ဟာ သင်္ခါရခန္ဓာဆိုတာ ရိပ်မိသွားပြီ (ရိပ်မိပါပြီ) သူများ ပြုပြင် လို့ပေါ်လာတာ (မှန်ပါ့) ကိုယ့်သဘောနဲ့ဖြင့် ဘာမှမတတ် နိုင်ဘူး (မတတ်နိုင်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ ဘုရား)

ကိုယ့်သဘောနဲ့ကိုယ် ဟောဒီ အထဲမှာ ပါသေးရဲ့ လား (မပါပါ ဘုရား) ကံပြုပြင်တဲ့သဘော တွေ စုနေတာ၊ ဥတုကပြုပြင်တဲ့သဘောတွေ (စုနေတာပါ) အာဟာရကပြုပြင်လို့စုနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီငါးပါးကို ခန္ဓာငါးပါလို့လည်းခေါ်နိုင်တယ်၊ သင်္ခါရ တရားလို့လည်း (ခေါ်နိုင်ပါတယ် ဘုရား) ကောင်းပြီ ဒကာ၊ -ဒကာမတွေမှာ တိုတိုပြောကြပါစို့ဆိုတော့ ဒကာ၊ ဒကာမတွေ ၏ ခန္ဓာကိုယ်မှာ ကျားလေးချောင်း ထောက်နေရတယ်။ (မှန်ပါ့)။

ဦးခင်မောင် ဘယ်နှစ်ချောင်းထောက်နေရသလဲ (ကျားလေးချောင်းထောက်နေရပါတယ်) ဥတုကျား၊ အာဟာရကျား၊ စိတ်ကျား၊ ကံကျားဆိုတဲ့ ကျားလေးချောင်းထောက်နေ ရတဲ့ အိမ်နဲ့ အတူတူပဲ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ၏ ခန္ဓာအိမ်ဟာ ကျားလေးချောင်း ထောက်ပြီး သကာလနေကြတော့ တစ်ချောင်းပြုတ်ရင် ဒီခန္ဓာ ဘိုင်းတိုင်းလဲတယ် (မှန်ပါ့) လေးချောင်းစလုံး ပြုတ်ရင်တော့ ပြောစရာ မလိုတော့ဘူး (မှန်ပါ့)

ဪ် ဘယ့်နှယ် ကြောင့်ပါလိမ့်မတုံးလို့ မေးလိုက်ရင် ဒကာ၊ ဒကာမတွေ ဖြေ တတ်ပလား (ဖြေတတ်ပါပြီ) ဘယ်လိုဖြေကြပါ့မလဲ (သင်္ခါ ရခန္ဓာကိုယ်ပါ ဘုရား) အဲ သင်္ခါရခန္ဓာကိုယ်ကြီးဟာ သူ များမှီနေတဲ့ ခန္ဓာငါးပါးဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

အနတ္တတရား

ကောင်းပြီ ဒါဖြင့် ဒီအထဲမှာ ကိုယ်ပိုင်ကိုယ်တိုင်ကဖြင့် မပါပါဘူး (မပါပါ ဘုရား) ဒါကြောင့် သူ့ကို ဒကာ၊ ဒကာမတွေက အနတ္တတရားလို့ ဆိုကြပေတော့ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြပါ့မလဲ (အနတ္တတရားပါ ဘုရား) ကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတာ မပါလို့ ကိုယ်နဲ့ဆိုင် ကိုယ်ပိုင်တာ မပါသောကြောင့် ခန္ဓာငါးပါးကို အနတ္တတရားလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ သိသွားကြပြီ၊ အနတ္တဆိုတာ သိသွားကြပြီတဲ့ ဘာ့ကြောင့်တုံးဆိုတော့ ကိုယ်ပိုင်ကိုယ်ဆိုင် ဒီအထဲမှာမပါဘူး (မှန်ပါ့) ပိုင်တယ် ဆိုင်တယ်လို့ ဆိုလို့ရှိရင်လည်း ကံဖြုတ် လိုက်ရင် ခင်ဗျားတို့ ဘိုင်းဘိုင်းလဲတာပဲ (မှန်ပါ့) တကယ်တော့ မကြွားကြနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာငါးပါးထဲမှာ ခင်ဗျားတို့ပိုင်တာက တစ်ခုမှ မပါဘူး (မှန်ပါ့) အခု တရားနာ နေကြတာ ခန္ဓာငါးပါး မဟုတ်လား (မှန်ပါ့) အဲဒါ သင်္ခါရတရား၊ သူများပြုပြင်လို့ ပေါ်တာနဲ့ ခန္ဓာငါးပါး သင်္ခါရတရားပဲ (မှန်ပါ့) ကိုယ်ပိုင် ကိုယ်ဆိုင် ဒီအထဲပါသေးရဲ့ လား (မပါပါ ဘုရား)။

မပါတော့ ဒီတရားကို ဝိပဿနာရှုချင်တော့ ဘာတရား လို့ အထိမ်းအမှတ်ထားမတုံး (သင်္ခါရ တရားပါ ဘုရား) တနည်း အနတ္တတရားလို့ ထားလိုက်ရင်ကော (မှန်ပါ တယ် ဘုရား)။

သူ့ကို ဟုတ်တယ်၊ မဟုတ်တယ် ဒကာသစ်တို့ ကိုမြရွှေ တို့ စဉ်းစားလိုက်ပါ၊ ဒီကကံ တစ်ခုဖြုတ် လိုက်ရင် ဒီဟာအကုန် ပြုတ်တယ် (မှန်ပါ့) စိတ်တခု ဖြုတ်လိုက်ရင်လည်း (အကုန်ပြုတ်သွားပါတယ်) ဥတုက ပူမှု၊ အေးမှု မပေးတော့ဘူး ဆိုရင်ကော (ပြုတ်ပါတယ် ဘုရား)။

ခန္ဓာငါးပါးဟာ သင်္ခါရတရား

ဪ ဒါဖြင့် ခင်ဗျားတို့ အခုထိုင်နေကြတဲ့ ဒကာ၊ ဒကာမတွေ မှတ်ထားတဲ့ ခန္ဓာငါးပါးဟာ သင်္ခါရ တရားပေါ့ဗျာ၊ သူများပြုပြင်ထားတာပဲ (မှန်ပါ့) သူများဆိုတာကော သိပါ လား (သိပါပြီ) ကံ၊ စိတ်၊ ဥတု၊ အာဟာရ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော သူများကပြု ပြင်ထားလို့ ခင်ဗျားတို့ခန္ဓာငါးပါးကြီးဟာ ခေတ္တတည်တံ့တယ် လို့ ဆိုလိုက်တာပေါ့ (မှန်ပါ့) ဦးဘတင် ဘယ်လိုပါလိမ့် (ခေတ္တတည်တံ့ပါတယ် ဘုရား) ခေတ္တပဲနော် (မှန်ပါ့)။

ခဏပေါ်လိုက်ပျောက်လိုက်

ဒါဖြင့် သင်္ခါရတရားဟူသ၍ အခုကစပြီး မှတ်ထားပါ တဲ့ ဒကာ၊ ဒကာမတို့ ခေတ္တချည့်ပဲ (မှန်ပါ့) ခဏပေါ်လိုက် ခဏပျောက်လိုက်၊ ခဏပေါ် လိုက် ခဏပျောက်လိုက်နဲ့၊ ပေါ်လာလည်း ဒကာ၊ ဒကာမတွေနဲ့ မဆိုင်ဘူး (မှန်ပါ့) ပျောက်တာလည်း (မဆိုင်ပါ ဘုရား)

အဲဒါတွေ သိထားတော့မှ ဪ သင်္ခါရတရားဟာ ခိုင်မြဲမှုမရှိပါကလား (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

သင်္ခါရ တရားဟာ ခိုင်မြဲမယ်ဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် မသာစရာ တစ်ယောက်မှမပါဘူး (မပါပါ) ဆေးကုစရာ လည်း (မပါပါ) ထမင်းကျွေးစရာလည်း (မပါပါ) အဝတ်လဲ စရာလည်း (မပါပါ) ယပ်ခတ်ပေးစရာလည်း (မပါပါ) ဘာမှ ပြုပြင်ဖို့ မလိုတော့ဘူး (မလိုပါ ဘုရား)။

အခုတော့ ဒကာ၊ ဒကာမတွေက ကိုယ်ပိုင်ကိုယ်ဆိုင်ဆို တာ တစ်ခုမှမပါတော့ တော်တော်ကြာ မသာဖြစ်လိုက်လို့ ကံက လုပ်လိုက်လည်း မသာဖြစ်လိုက်ရတာပဲ (မှန်ပါ့) ကံက မသာဖြစ်လိုက်တော့ ဆိုလိုက်လို့ရှိရင် (မသာဖြစ်ရပါတယ်) ဥတုက မသာဖြစ်လိုက်တော့ဆိုရင် (မသာဖြစ်ရပါတယ် ဘုရား)။

အာဟာရက မသာဖြစ်လိုက်ပါဆိုရင်ကော (မသာ ဖြစ်ရတယ်) စိတ်က မသာဖြစ်လိုက်ပါ ဆိုရင်ကော (မသာ ဖြစ်ရပါတယ်)ဟာ ဦးခင်မောင် ဘယ်ဟာများ ကိုးစားရာအားထား ရာ ရှိသေးသတုံး (မရှိပါ ဘုရား)။

ခန္ဓာငါးပါးဘယ်ဟာအားကိုးမတုံး

ဦးခင်မောင် ခန္ဓာငါးပါးကို ဘယ်ဟာများ အားကိုးကြ မတုံး (ဘယ်ဟာမှ အားကိုးစရာမရှိပါ) သဘောပါပလား (ပါပါပြီ) ဘယ့်နှယ်ကြောင့် ဒီသင်္ခါရတရားကို အားမကိုးလောက် ပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် သူများပြုပြင်ထားတာပါဘုရား၊ သူများစီမံသလိုခံရုံပေါ့ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (သူများပြုပြင်ထား တာ သူများစီမံသလိုခံရုံပါပဲ ဘုရား) ဪ ဒါဖြင့် ခင်ဗျားတို့ ဟာ ဒီခန္ဓာကိုယ်ကြီးအထိန်းပြီး အငှားကျောင်းနေကြတာကိုး (မှန်ပါ့ ဘုရား)။

အငှားထိန်းကျောင်းနေရတာ

ဘယ်လိုဆိုကြပါ့မယ် (အငှားထိန်းပြီး အငှားကျောင်းနေ ကြပါတယ် ဘုရား) အငှားကျောင်း ရတဲ့ နွားကျောင်းသားပမာပေါ့ ဗျာ (မှန်ပါ့) အငှားကျောင်းရတဲ့ ဆိတ်ကျောင်းသား၊ သိုးကျောင်းသား ပမာဆိုရင်ဖြင့် ဦးခင်မောင် လွဲပါ့မလား (မလွဲပါ ဘုရား)။ အဲဒီအငှားဘဝကနေပြီး ဘာမှတ်လို့ ဆိုပြီး ကြွားလုံးများ ထုတ်လိုက်သေးတယ် (မှန်ပါ့)။

ဦးဝတို့အပြောတွေကလေ (မှန်ပါ့) ကိုယ်က အငှား မဟုတ်ပါလား (မှန်ပါ့) အငှားကနေပြီး ငါ့ကို ဘာထင်လို့ တုံး ဆိုတော့ အငှားကိုယ်ပိုင်လုပ်ပြီး ကြွားလိုက်တာ (ကြွားပါတယ်)

လွဲလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ တက်တက် စင်ဆိုလို့ပဲဆိုရင် ဦးဘတင်ကျေနပ်ပလား (ကျေနပ်ပါပြီ) တက်တက်စင်အောင် လွဲတယ်ဆိုတာကော သေသေချာချာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ခင်ဗျားတို့က သူတပါးကို ရိုက်မည်ကြံခါရှိသေးတယ်။ ကံကပြုတ်လိုက်ရင် ဒီနေရာတွင် ပိုင်းပိုင်း လဲတယ် (မှန်ပါ့) ငါ့ဘာမှတ်လို့တုံးကို ပြောမည်ကြံခါရှိသေးတယ်၊ ပြောခွင့်မပေး ဘူးကွာ၊ မင်းတကယ်ကြွားလုံးထုတ်တယ်လို့ ကံကမထောက်ပံ့ တော့ဘူးဆိုလို့ရှိရင် ပိုင်းပိုင်းလဲတာပဲ (မှန်ပါ့) စိတ်က မ ထောက်ပံ့ရင်လဲ (ပိုင်းပိုင်လဲပါတယ် ဘုရား)။

ဦးခင်မောင် သိပ်မကြွားနဲ့နော် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ့ကြွားချင်ကြသေးသလား (မကြွားချင် ပါ ဘုရား) မဟုတ်ဘူး ခင်ဗျားတို့ဟာက ဒီမှာမကြားချင်ဘူး၊ အိမ်ကျတော့ကြားတယ် (မှန်ပါ့) အိမ်ကျတော့ တော်တော့ ကို ဝိပ္ပလ္လာသ အရူးက ထတာကိုး (မှန်ပါ့) ငါရှိလို့ ပြောင်နေ တာ ငါမရှိရင် နင့်အစွမ်းနဲ့လားဆိုတာ တော်တော်ကြားချင်တာ ခင်ဗျားတို့က (မှန်ပါ့)။

လူကြီးလုပ်တဲ့ လူကသာပြီး အမိုက်ပိုတယ်ဆိုရင်လည်း မလွဲပါဘူး (မလွဲပါ ဘုရား) ဘာဖြစ်လို့တုံး ဆိုတော့ ငါရှိလို့ နင်တို့ လူချင်းတူတူ သူချင်းမျှမျှနဲ့ ဝင်ထွက်လူတွေများပြီး သကာလ နင်တို့ အကြောင်း ညီညွတ်နေတာ၊ ငါမရှိရင် သိရစ်လိမ့်မယ်၊ အံမာ ကြွားလုံးတွေများ ထုတ်နေ လိုက်တာ သူ့ကိုယ်တိုင် မှာလည်း ငါဆိုတာလည်း မပါဘူး၊ ပါရဲ့လား (မပါပါ ဘုရား)။

ကံ,စိတ်,ဥတု, အာဟာရကလုပ်ထားတဲ့ ရုပ်နာမ်ပဲပါ တယ် (မှန်ပါ့) အဲဒါ ငါလုပ်ပြီးများ သူက အိမ်မှာခေါင် သူကြီးလုပ်ပြီး ဦးစီးခေါင်းဆောင်လုပ်ပြီးသကာလ ဦးဘတင်ကြွား လုံးထုတ်နေလိုက် သေးတယ် (မှန်ပါ့ ဘုရား) ယုံစရာများ ပါရဲ့လား (မပါပါ ဘုရား)။

သို့သော် ဘယ့်နှယ်ကြောင့် ဒီကြွားလုံး တစ်ခါတစ်ခါ ပေါ်လာပါလိမ့်မတုံးဆိုတော့ အရူးထတဲ့ အခါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိအရူးထချိန်၊ ကြွားတတ်တယ်

ဘယ်အခါပါလိမ့် (အရူးထတဲ့အခါပါ) ဒိဋ္ဌိ ဝိပ္ပလ္လာသ အရူးထတဲ့အခါပဲ၊ ငါထင်ပြီးတော့ ပြောနေတာ (မှန်ပါ) ရုပ်နာမ်နှစ်ပါးကို ငါထင်ပြီးသကာလ အရူးထလာတဲ့အခါ ကျတော့ ဦးခင်မောင်ရေ ကွာလာတာပဲ (မှန်ပါ့)။

ဘယ်အချိန် ကြားပါလိမ့် (ဒိဋ္ဌိ အရူးထတဲ့အခါပါ) ဒါ့ကြောင့် ဒိဋ္ဌုမ္မတ္တကဆိုတာ ဒိဋ္ဌိနာမည်ကပဲ၊ ဒီတရားလာတဲ့ အခါ ကြွားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်အချိန်များ ကြွားကြပါလိမ့် (ဒိဋ္ဌိအရူးထတဲ့ အခါကြွားပါတယ် ဘုရား)။

ဦးဝတို့ တစ်ခါတစ်ခါ အိမ်မှာထပြီး ဆူတဲ့အချိန်ကျလို့ ရှိရင် အဲဒါဘေးကဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်က ကြည့်မယ်ဆိုရင် အရွယ်နဲ့မလိုက် အရူးထပြန်တာဟ (ဆိုရပါတယ် ဘုရား) ဆိုရမှာပဲ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

အရွယ်နဲ့မလိုက်ဘာဖြစ်ပြန်သတုံး (အရူးထပါ တယ် ဘုရား) အရူးထတယ်ဆိုရမယ်၊

အဲဒါဉာဏ်ပါတဲ့လူမှ သိတာ (မှန်ပါ့) ဉာဏ်မပါတဲ့ လူကတော့ဖြင့် သူအရူးထ နေတာ ထသင့်တယ်၊ သူတို့အိမ်ကလူတွေက အလကားလူတွေ ဖြစ်နေတာ ဉာဏ်မပါတဲ့ လူချင်းကျတော့ ဒီအတိုင်း မသွားဘူး လား (သွားပါတယ်)

သူ့သားသမီးတွေကလည်း အုပ်ချုပ် ရအတော်ခက်တယ်၊ အဲဒီတော့ ဒီအဘွားကြီး ဒီအဘိုးကြီးက ဆူပေမှာပဲ၊ ဉာဏ်မပါတဲ့ လူတွေကျတော့ ဒီလိုပြောမယ် (မှန်ပါ့ ဘုရား)။

ခုနင်ကပြောခဲ့တဲ့ ဝိပဿနာဉာဏ် ဦးစီးပြီးနေတဲ့ ပုဂ္ဂိုလ် ကျတော့ ဦးခင်မောင်ရေ ဘယ်သူ့ ဆူစရာ အကွက်ပါသေးသတုံး (မပါပါ ဘုရား) ကိုယ့်ကိုယ်လို့ ဆိုစရာပါရဲ့လား (မပါ ပါ ဘုရား)၊ သူများလို့ကော ဆိုစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီလို သိထားတဲ့ အခါကျတော့မှ သော် သင်္ခါရ ဆိုတာ အနတ္တတရားကြီးကိုး၊ ကိုယ့်ကိုယ်တိုင် ဒီအထဲ မပါပါဘူး၊ ဒါကြီး ကိုယ်လုပ်ပြီးသကာလ ကြွားလုံးများ ထုတ်ပြီးသကာလ နေတဲ့အခါကျတော့ ဒီအထိ အရူးထတာ (မှန်ပါ့ ဘုရား)။

တစ်ခါတလေ ခန္ဓာငါးပါး မသိတဲ့အခါကျတော့ ခန္ဓာ ငါးပါးကိုမှပြန်ပြီး တွေးလုံးကလေးမှ မပေါ်တဲ့ အခါကျတော့ မောဟပါလာတယ် (မှန်ပါ့) အဲဒီကျတော့လည်း မောဟုမ္မတ္တက ကို ပိုပြီး လာပြန်တာပဲ (မှန်ပါ့ ဘုရား)။

သင်္ခါရတရားရယ်လို့မသိရင်၊ အရူးမပျောက်

ဒါဖြင့် ဒိဋ္ဌုမ္မတ္တကဆိုတဲ့ အရူးကတစ်မျိုး၊ မောဟုမ္မတ္တက ဆိုတဲ့ (အရူးကတစ်မျိုးပါ) အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ကိုယ့် ကိုယ်သင်္ခါရ တရားရယ်လို့ မသိသေးရင် ဒီအရူးမပျောက်သေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအိမ်များကြိုးဆွဲလုပ်နေရတာ ခေါင်းဆောင်လုပ်နေရ တာကိုတစ်မျိုး ဒကာ ဒကာမတွေ ပြုံးများနေလိုက်သေးတယ် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ သူအရူးပြီးကိုး (မှန်ပါ ဘုရား)။

ဦးခင်မောင်ဘာပြုံးတဲ့ဗျာ (အရူးညံ့ပါ ဘုရား) အရူးပြုံး ပြုံးတော့ကို ဒကာ ဒကာမတို့ သူ့ကို သေသေချာချာ ကြည့်တော့ ဒီအထဲမှာ ဆံပင်ကလေးတစ်ပင်ပါပါရဲ့ လား (မပါပါ ဘုရား) အားကလေး တစ်ခုကော (မပါပါ ဘုရား) အသံကလေးတစ်ခုကော (မပါပါ ဘုရား)။

ဘယ်ပါမတုံး အကြောင်းလေးပါးက ပြုပြင်ထားတာ (မှန်ပါ့) အဲဒီကနေပြီး ကြွားလုံးထုတ်တဲ့ အခါကျလို့ ရှိရင် ဒကာ ဒကာမတို့ သင်္ခါရတရားလည်းမသိ၊ သင်္ခါရဆိုတာ ခိုင်မြဲတာ မဟုတ်ဘူး၊ အနတ္တလည်း သူမသိတဲ့ အခါကျလို့ရှိရင်ဖြင့် ဤအတ္တဒိဋ္ဌိ ရူးလိုက်ကြခြင်းကြောင့် ဒိဋ္ဌုမ္မတ္တက လို့ဆိုလိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ခန္ဓာငါးပါးကို ခန္ဓာငါးပါးရယ်လို့ မသိသောကြောင့် လည်း မောဟုမ္မတ္တက၊ အဝိဇ္ဇာတည်း ဟူသော မောဟအရူးထ တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒါက လူကြီးနဲ့ လူငယ် ဘယ်ကများ သတုံးလို့ မေးလို့ရှိရင်ဖြင့် စိုးရိမ်ကြောင့်ကျ များတဲ့လူမှာ ဒီဥစ္စာများများလာတာပဲ (မှန်ပါ့ ဘုရား)။

လူကြီးနဲ့လူငယ် ဘယ်သူ့မှာများသတုံး

စိုးရိမ်ကြောင့်ကျများတဲ့လူမှာ (များများလာပါ တယ် ဘုရား) ဒိဋ္ဌိရူး အဝိဇ္ဇာရူး ဒါတွေက လာတာပဲ (လာ ပါတယ်) အဲဒီတော့ လူကြီးနဲ့လူငယ် ဘယ်ဟာက အလာများ တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူမှာ များသတုံး (လူကြီးမှာ များပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်ကြောက် စရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား) ဒီအိမ်မှာ ခေါင်းဆောင်လုပ်ရတာကြောက်စရာ အကောင်းဆုံးပဲ (မှန်)။ ခေါင်းဆောင်လုပ်ပြီ ဆိုမှဖြင့် အတ္တဒိဋ္ဌိကလည်း ပါလာရော (မှန်ပါ့)၊ မပါလာသေးဘူးလား (ပါ,ပါတယ်)၊ မောဟုမ္မတ္တက ဆိုတဲ့ မသိရူးကော (ပါ,ပါတယ် ဘုရား)။

ဦးခင်မောင် ဒါက သေသေချာချာကြည့်မှ ကိုယ့်အရူး ထတာ ကိုယ်သိတာနော် (မှန်ပါ့)၊ သေသေချာချာ တွေးဆ လို့ရှိရင် ကိုယ့်အရူးထတာကို ဒကာဝတို့ မသိနိုင်ဘူး (မသိ ပါ ဘုရား)။

အခုတော့ အရူးကလေးများ ထမယ်လို့ အိမ်ကျရင် ဘယ်သူ့ကို ပြောလိုက်မယ်၊ ဘယ်သူ့ကို ဆူလိုက်မယ်။ ဘယ်သူ ကိုတော့ဖြင့် မပြောမပြီးလို့ ရိုက်ဦးမှပဲ၊ တော်တော့ကို နာနာကြီး ပြောလိုက် ဦးမှပဲ ဆိုလို့ရှိရင်ဖြင့် ဒီကတည်းက တွေးသွားကြပါ၊ ငါ အိမ်ရောက်ရင် အရူးထတော့မှာပဲ ဆိုတဲ့ဥစ္စာ (မှန်ပါ့) တွေးရမယ် တွေးရမယ် (တွေးရမှာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ လူငယ်နဲ့ လူကြီး ဘယ်မှာပိုသတုံး (လူကြီးမှာ ပိုပါတယ်)၊ ဒိဋ္ဌိကလည်း ဘယ်လို လူကြီးတုံး မေးလို့ ရှိရင်ဖြင့် ဒိဋ္ဌိ များတဲ့လူကြီး၊ အဝိဇ္ဇာများတဲ့ လူကြီး၊ ဒီပုဂ္ဂိုလ်တွေ များတယ်လို့ ဦးဘတင် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိများ အဝိဇ္ဇာများတော့ သူ ဒီအိမ်မှာ ဘယ်လိုနေလေ့ ရှိသတုံးဆိုတော့ ခေါင်းဆောင် လုပ်ချင်လေ့ ရှိတယ် (မှန်ပါ့)၊ ဦးဝ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊

ကဲ-ဒါဖြင့် သင်္ခါရတရား သိကြပလား ဒကာ ဒကာမတို့ (သိပါပြီ ဘုရား)၊ သင်္ခါရတရား ဆိုတာဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကြွားလုံးထုတ်ရင် မှားလိမ့်မယ်

ဒါဖြင့် ဒီသင်္ခါရတရားမှာ ကျားဘယ်နှစ်ချောင်းလောက် ထောက်ပြီး နေရပါလိမ့် (လေးချောင်း ထောက်ပြီး နေရပါ တယ်)၊

ဒါဖြင့် လေးချောင်းထောက်ပြီး သကာလတော့ ကြွားလုံး ထုတ်လို့ မတော်ဘူး (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် သွားနိုင်တယ်၊ ကိုယ့်ဟာကိုယ် ပြောနိုင်တယ်၊ ကိုယ့်ဟာကိုယ်ဆိုနိုင်တယ်၊ ကိုယ့် ဟာကိုယ်စားနိုင်တယ်ဆိုလို့ ရှိရင်တော့ ခင်ဗျားတို့ ကြွားချင် လည်း ကြွားကြတာပေါ့ (မှန်ပါ့)၊ ကျားလေးချောင်း ထောက် ပြီး နေရတဲ့ ခန္ဓာငါးပါးက ကြွားလုံးထုတ်ရင်တော့ ဦးခင်မောင်ရေ မှားလိမ့်မယ် (မှားပါတယ် ဘုရား)။

ကျားလေးချောင်း ထောက်ရတယ်ဆိုတော့ ချိုင်း ထောက်ကြီးတစ်ခု တစ်ခုမှာ ဂွနှစ်ခု မပါဘူးလား (ပါ ပါ တယ်)၊ ဘယ်ကလဲ ဂွနှစ်ခု၊ ခြေထောက်နှစ်ခုနဲ့ပဲနော် (မှန်ပါ့)။ ဟိုဘက်ကလည်း နှစ်ခုနဲ့ပဲ၊ ဒီပုဂ္ဂိုလ်က မင်းတို့ကို ပြေးပြီးလိုက် ရိုက်မလားဆိုလို့ရှိရင် ဦးခင်မောင်တို့ ယုံလား (မယုံပါဘူး)။ ဘာဖြစ်လို့တုံး (ကျားကန်ထားလို့ပါ ဘုရား)။

မင်းတို့ကို ငါလိုက်ရိုက်ရမလား၊ မင်းတို့ ရေထဲပြေးရင် ငါလိုက်နိုင်တယ်ဆိုလို့ ယုံရမှာလား (မယုံရပါ ဘုရား)၊ ဘာ ဖြစ်လို့တုံး (ကျားကန်ထားလို့ပါ)၊ ဒီမှာလည်း ကျုပ်တို့မှာ ဘယ်နှစ်ချောင်း ထောက်ထား ရသတုံး (လေးချောင်းထောက် ထားရပါတယ်)၊ ဒါဖြင့် ကျုပ်တို့ကြားသ၍ ဟိုချိုင်းထောက် သမား နဲ့ ဘာထူးဦးမှာတုံး (မထူးပါ ဘုရား)။

ချိုင်းထောက်သမား

အဲဒါ အိမ်ကျလို့ရှိရင် ချိုင်းထောက်သမားတွေ့လို့ရှိရင် ခင်ဗျားတို့ကလည်း စဉ်းစားကြပေတော့ ဪ ဒို့လည်း ကျားလေးချောင်း ထောက်နေရတာပဲ၊ သူလည်း လေးချောင်း ထောက်ပြီး သွားရတာပဲ၊ သူလည်း လူစဉ်မမီလို့ တောင်းရမ်း၍ သော်လည်းကောင်း၊ စားရတယ်ဆိုတာ ဦးခင်မောင် ရိပ်မိမှာပါပဲ (မှန်ပါ ဘုရား)။

သူများမှီပြီး အသက်မွေးရတယ်ဗျာ၊ ကျုပ်မှာတော့ မြင်တဲ့အတိုင်းပဲ ဆိုပြီးသကာလ အောက်မှာ ဒူးဆစ်အောက်ပြတ်လို့ ဟင် (မှန်ပါ့)၊ လက်ချောင်းတွေ ဘာတွေကလည်း မပါဘူး၊ ချိုင်းထောက်ကြီးပဲ ပါပြီး သကာလနေတာ (မှန်ပါ့)၊

အဲဒါတွေ ဟာ သူ လူစဉ်မမှီကြောင်း သက်သေခံလိုက်တာ မနေဘူးလား (နေပါတယ်)၊ ကျုပ် စွမ်းရည်သတ္တိဖြင့် သူတပါးကျွေးမှ မွေးမှပဲ ဝရမည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်ပါတယ်လို့ သူဖော် ပြနေတဲ့ အဓိပ္ပာယ်ရောက်တယ် (ရောက်ပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ စွမ်းရည်သတ္တိ တော့ ဘာမှမရှိဘူး (မရှိပါဘူး)၊ ကံ, စိတ်, ဥတု၊ အာဟာရ တည်းဟူသော ကျားလေးချောင်း၏ စွမ်းရည်သတ္တိနဲ့ ခင်ဗျားတို့ ခေတ္တ နေကြ တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်မှာ တစ်ချောင်းဖြုတ်ရင်၊ ပြုတ်တယ်

ခုနင်က ချိုင်းထောက်သမားဟာ တစ်ခုဖြုတ် ဦးဝ တော်တော်အသွား နှေးတယ် (မှန်ပါ့)၊ နှစ်ခု ဖြုတ်လိုက်ရင်တော့ (သွားလို့ကိုမရပါဘူး)၊ အဲ သွားကို မသွားနိုင်ဘူး လဲတော့တာပဲ (မှန်ပါ့)၊ ဒီမှာလည်း ဟိုပုဂ္ဂိုလ်က တော်သေး တယ်၊ ခင်ဗျားတို့က တစ်ချောင်းဖြုတ်ရည်ကို ပြုတ်တယ် (မှန် ပါ့ ဘုရား)။

ဦးခင်မောင် (တစ်ချောင်းဖြုတ်ရင် ပြုတ်ပါတယ် ဘုရား)၊ ထိုပုဂ္ဂိုလ်က ချိုင်းထောက်တစ်ခု ဖြုတ်လိုက် ပေမယ့် တစ်ခု ကျန်တော့ တစ်ဖက်တည်းနဲ့လည်း သွားလို့ရသေးတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဒီလိုကိုလည်း သွားလို့မရပါဘူး၊ ကံ ဖြုတ်လည်း ပြုတ်ပဲ၊ စိတ်ဖြုတ်လည်း (ပြုတ်ပါတယ်)၊ အာဟာရဖြုတ်လည်း (ပြုတ်ပါတယ်)၊ ခင်ဗျားတို့က တစ် ချောင်းဖြုတ်ကို မခံနိုင်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူများပြုပြင်ထားတဲ့ခန္ဓာကိုယ်

ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ် သူများပြုပြင်ထားတဲ့ သင်္ခါရ ခန္ဓာကိုယ် (မှန်ပါ့)၊ (ဝါ) မပိုင်တဲ့ ခန္ဓာကိုယ် ဆိုရင်ကော လွှဲ သလား (မလွဲပါ ဘုရား)၊ ကောင်းပြီ- ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စွမ်းရည်လား၊ နောက်ကြောင်း၏ စွမ်းရည်လား အခုနေ နိုင်ကြတာ (နောက်ကြောင်း၏ စွမ်းရည်ပါ ဘုရား)၊ နောက်ကြောင်း၏ စွမ်းရည် သတ္တိနော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဟာ နောက်ကြောင်း၏ စွမ်းရည်သတ္တိပဲ၊ ပြုံးနိုင်တာလည်း သူတို့၏ စွမ်းရည်သတ္တိ၊ ရယ် နိုင်တာလည်း သူတို့၏ စွမ်းရည်သတ္တိ၊ လက်ကလေးနဲ့ ထမင်း ယူစား နိုင်တာကော (သူတို့၏စွမ်းရည်သတ္တိပါ)၊ ကံစိတ် ကြောင့်ဖြစ်တဲ့ ဝါယောစိတ်ကလေးက လှုပ်ပေး လိုက်ပြန်တော့ ဦးခင်မောင်ရေ ထမင်းကလေး ပါးစပ်ထဲ ရောက်အောက် သွင်းနိုင်သေးတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုယ်ပိုင်ကိုယ်ဆိုင် ဘယ်ဟာရှိကြသတုံး

ကံက အကူအညီမပေးပါဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ဝါယောကလည်း စိတ်က အကူအညီ မပေးတော့ပါဘူး ဆိုရင် ထမင်းရှိတဲ့နေရာကို လက်ကိုလှမ်းလို့မရဘူး (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပိုင် ကိုယ်ဆိုင်ခန္ဓာကိုယ်ထဲမှာ ဘယ်ဟာ ရှိကြသတုံး (ဘာမှမရှိပါ ဘုရား)၊ ဘာမှမရှိဘူးဆိုတာ ကောင်းကောင်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သင်္ခါရတရားဟာ အနတ္တ

ဒါဖြင့် သင်္ခါရတရားဟာ အနတ္တတရား ဟောတာပါပဲ (မှန်ပါ့)၊ သင်္ခါရတရားလို့သာ ဆိုလိုက် တယ်၊ စင်စစ်တော့ ခင်ဗျားတို့ဉာဏ်ထဲမှာ ဘယ်ဟာမှ မပိုင်ပါလားဆိုတဲ့ အနတ္တ ရောက်လာတယ် (ရောက်ပါတယ်)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

သို့သော် ခင်ဗျားတို့က အနတ္တရယ်လို့ မသိတော့ကို သင်္ခါရတရားဟာ ခိုင်မြဲတဲ့သဘော မရှိပါဘူး ဆိုတာလည်း မသိ တော့ကို ဒကာ ဒကာမတွေက ကြွားလိုက်၊ မော်လိုက်၊ ပြောလိုက်၊ ဆိုလိုက်၊ မာန်တက်လိုက်၊ တဏှာနဲ့ခင်လိုက်၊ မာနနဲ့ ထောင်လိုက်၊ ဒိဋ္ဌိနဲ့ ငါ့ကိုယ်ငါ့ဟာထင်လိုက်တာ ဒီသင်္ခါရတရား မသိတဲ့ ဖြစ်တွေဟာ တဏှာ မာနဒိဋ္ဌိ တိုးလာပါတယ်လို့ ဦးဘတင်တို့ ဦးခင်မောင်တို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သင်္ခါရတရား မသိလိုက်တာတွင် တဏှာ မာန ဒိဋ္ဌိ တစ် ခါတည်း ခန္ဓာကိုယ်ပေါ်မှာ ခင်တဲ့ တဏှာလည်း လာလိုက်တာပဲ (မှန်ပါ့)၊ ဒီခန္ဓာကိုယ်ကြီးဟာ မင်းတို့လက်အောက် အကျ မခံနိုင် သေးဘူးကွ၊ ငါသွားနိုင်သေးတယ်ဆိုပြီး မာနကကော (လာပါတယ် ဘုရား)၊ ငါ့ အရိုးကို ငါချီနိုင်သေးတယ် ဆိုတဲ့ မာနကကော (လာပါတယ်)၊

အံမလေး တယ်ပြီး လာချက်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါဟာ ဘာမသိလို့ပါလိမ့် (သင်္ခါရ တရား မသိလို့ပါ)၊ ဪ ဒါကြောင့် ယနေ့ သင်္ခါရတရားကို ပိုင်ပိုင်ပြောနေတယ်ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း သဘောကျဖို့ ကောင်းတယ် (မှန်ပါ့ ဘုရား)။

ဘာကို ပိုင်ပိုင်ပြောနေပါလိမ့် (သင်္ခါရတရားကို ပိုင် ပိုင်ပြောနေပါတယ်)၊ ဒါကို မသိလို့ တဏှာ မာန ဒိဋ္ဌိလာနေတာ (မှန်ပါ့)၊

သင်္ခါရတရားကို ဒကာ ဒကာမတွေ ဆရာသမား ကမှ ဒါ သင်္ခါရတရားပဲလို့ ရှင်းရှင်းလင်းလင်း ဘွင်းဘွင်း ဖွင့်မပြလို့ ရှိရင် ခင်ဗျားတို့ တဏှာနဲ့လည်း ဒီခန္ဓာကြီးခင်တော့မှာပဲ (မှန်ပါ့)၊ မာနနဲ့လည်း သူ့ကို အားကိုးပြီး ထောင်တော့မှာပဲ (မှန်ပါ့)၊ ဒိဋ္ဌိနဲ့ ဒါကြီး ငါ့ဟာပဲ ဟောဒီလေးပါးနဲ့ မဆိုင်ဘူး၊ ငါပိုင် တယ်လို့ ထင်နေမှာပဲ (ထင်မှာပါ ဘုရား)။

မသိရူးတွေများတယ်

အဲဒါကြောင့် ခင်ဗျားတို့သည် တဏှာရူး မာနရူး ဒိဋ္ဌိရူး ဆိုတဲ့ မသိရူးတွေ ဦးဝ မများလား (များပါတယ် ဘုရား)၊ ဒါဟာ ဘာကိုမသိလို့ပါလိမ့် (သင်္ခါရတရားကို မသိလို့ပါ)၊ သင်္ခါရတရား မသိကတည်းက ဦးဘတင် အနတ္တကို မသိဘူး၊ စိတ်သာချတော့ မသိဘူး (မှန်ပါ့ ဘုရား)။

သင်္ခါရတရားကို မသိကတည်းက (အနတ္တမသိပါ ဘုရား)၊ အနတ္တမသိလို့ရှိရင်ဖြင့် လှည့်ပေတော့ အတ္တဝင်တော့မှာ ပဲ (မှန်ပါ့)၊ အတ္တဒိဋ္ဌိ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)၊ အတ္တဒိဋ္ဌိ ဝင်လာရင် ခင်တဲ့လောဘဟာကော (လာ မှာပါ ဘုရား)၊ မာနကော (လာမှာပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သင်္ခါရ မသိမှုကြောင့် တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား တွေ ပွားရ တယ် (မှန်လှပါ ဘုရား)။

သံသရာစခန်းသိမ်းမယ်

သင်္ခါရ မသိမှုကြောင့် (ပပဉ္စ ပွားရပါတယ်)၊ သေ သေချာချာမှတ်ကြပါ။ သင်္ခါရမသိရင် ပပဉ္စ လာမယ် (မှန်ပါ့ ဘုရား)၊ သင်္ခါရသိရင် ပပဉ္စချုပ်နိုင်ပါတယ် (မှန်ပါ့)၊ ပပဉ္စ ချုပ်ရင် သံသရာစခန်း သိမ်းမယ် (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးဟာ ဘာ တရားပါလိမ့် (သင်္ခါရတရားပါ ဘုရား)၊ သင်္ခါရတရားသိ သဖြင့် အနတ္တက အတွင်းဝင်သွားတယ် (မှန်ပါ့)၊ ကိုယ်လုပ် ထားတာ ဒီအထဲမှာ တစ်ပဲဖိုးမှ မပါလာတော့ဘူး (မပါပါ)၊ ပါသေးရဲ့ လား (မပါပါ ဘုရား)၊ ငါ့ဟာ ငါ့ဥစ္စာ မရှိတော့ဘူး ဆိုတာ အတ္တဒိဋ္ဌိ ပြုတ်ထွက်သွားတယ် (မှန်ပါ)၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဟိုအိမ်နဲ့ ဒီအိမ်နဲ့ ရန်ဖြစ် အကြင်လင် မယားရန်ဖြစ်ကြ၊ သားသမီးနဲ့ မိဘနဲ့ စကားများကြ၊ သားနဲ့သမီးနဲ့ မိဘနဲ့ခင်ပြီး ယုယနေကြ၊ ဘာဖြစ်ကြတာတုံး သင်္ခါရမသိလို့ ဖြစ်နေကြတာပါ (မှန်ပါ့ ဘုရား)။

သင်္ခါရမသိတဲ့ဒဏ်ချက်

ဘယ်လိုမှတ်ကြမတုံး (သင်္ခါရတရားမသိလို့ ဖြစ်နေတာပါ ဘုရား)၊ ဒါဖြင့် ဒီသင်္ခါရမသိတဲ့ ဒဏ်ချက်ဟာ သွက်သွက် ခါအောင် ရူးတာပဲ (မှန်ပါ့)၊ သင်္ခါရ မသိတဲ့ ဒဏ်ချက်ဟာ (သွက်သွက် ခါအောင် ရူးပါတယ် ဘုရား)။

ဦးဝ မနာနဲ့နော် (မနာပါ ဘုရား)၊ ခင်ဗျားတို့က ပိုနေ သေးတယ် (မှန်ပါ့)၊ ဦးခင်မောင် မပိုဘူး လားဗျာ (ပိုပါ တယ် ဘုရား)၊ ပိုသေးတယ်၊ တစ်ခါတလေများ လူကြီးတွေလုပ် တဲ့ပုဂ္ဂိုလ်တွေက တစ်ခါတည်း အလိုမကျဖြစ်ပြီးသကာလ လိုက်တဲ့အခါ ကိုယ့်ကိုယ် တကယ်အဟုတ်ကြီး ထင်ပြီး သကာလ ကြွားလုံးတွေများ ထုတ်ပြီး နေတဲ့ အခါကျတော့ သင်္ခါရတရားကို ပိတ်ပိတ်သား ပျောက်နေတယ် (မှန်ပါ့)၊ ဦးဘတင် မပျောက် ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဘုရားဟောထားတာရှိတယ်

အဲဒီကျတော့ တဏှာဦးစီး၊ မာနဦးစီး၊ ဒိဋ္ဌိကလည်း ဦးစီး လာတဲ့အခါကျလို့ ရှိရင်ဖြင့် ကျန်တဲ့ ပုဂ္ဂိုလ်တွေကို နေစရာမရှိအောင် ဖြစ်လာတယ် (မှန်ပါ့) လူကြီးလုပ်တဲ့ ပုဂ္ဂိုလ်ကရူး လေလေ လူငယ်က နေစရာ မရှိအောင် ဖြစ်လာတယ် (မှန်ပါ့) လူကြီးလုပ်တဲ့ပုဂ္ဂိုလ်က ရူးလေလေ လူငယ်က နေစရာမရှိလေပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)

ပြီးတော့ဗျ တစ်အိမ်မှာ အရူးထတယ်ဆိုကတည်းက အကောင်းတွေ ပြေးရုံပဲရှိတော့ တယ် (မှန်ပါ့)။

အဲဒါ ကိုယ့်အိမ်ကျတော့ ဘာများဖြစ်ကြဦးမတုံး ဆိုတာ စဉ်းစားရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ရိပ်မိကြပါတယ်၊ ရိပ်မိကြပါ၊ ဒါလောက်ပေါ်အောင် ပြောနေ လို့ရှိရင် ပေါ်လောက်ပါပြီ ဦးဘတင်ရဲ့ (မှန်ပါ့) မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။ ဒါ ဘုန်းကြီးဟောတာ မဟုတ်ဘူးတဲ့၊ ဘုရားကိုယ်က ဟောထားတာ ရှိနေတယ် (မှန်ပါ့)။

ဥပကကြီး ဘုရားနဲ့တွေ့တယ်

ကဲ ဝတ္ထုထုတ်ကြပါစို့ ဒကာ ဒကာမတို့ ဥပကကြီး ဟာ ဒကာ ဒကာမတို့ ဘုရားနဲ့ လက်ဦးစွာ တွေ့တယ်နော် (မှန်ပါ့) တွေ့ပေမယ့်လည်း သူသည်ပါရမီက မပြည့်စုံ၊ ဣန္ဒြေ ဉာဏ်တွေက မရင့်ကျက် သေးတော့ ဘုရားကိုသူက အင်း-ဣန္ဒြေ လည်း ကောင်းတယ်၊ အရောင်အဆင်းတွေနဲ့ ဘယ်သူ့တပည့်တုံး မေးတဲ့အခါကျတော့ ဘုရားက ငါ့မှာ ဆရာမရှိပါဘူးကွာ၊ မာရ် ငါးပါးအောင်တဲ့ အနန္တဇိန ဆိုတာ ငါပဲလို့ပြောတော့ ဪ ဟုတ်လေမှာပဲ ထူးလည်းထူးတဲ့ ပုဂ္ဂိုလ်ကြီး ဆိုပြီး မျက်နှာလွှဲ သွား တာရှိတာပဲ (မှန်ပါ့) ဦးခင်မောင် ကျွတ်ကဲ့လား ၊ (မကျွတ်ပါ ဘုရား)။

ဥပကကြီးရဲ့ သားသုဘဒ်

နောက်တောထဲမှာ ဝင်္ကပါလှည့်ပြီး သကာလနေတဲ့ အခါ မုဆိုးတစ်ယောက်နဲ့တွေ့လို့မုဆိုးက ကြည်ညို ကိုးကွယ်ပြီး နေတဲ့ အခါနောက်တော့ သူဟာ ဆာဝါနဲ့ အိမ်ထောင်ကျ၊ အိမ်ထောင်ကျလို့ သုဘဒ်ဆိုတဲ့ သားတစ်ယောက်ကို မွေးဖွား တယ် (မှန်ပါ့)။

နောက်ကျတော့မှ ဆာဝါနဲ့ မတည့်လို့ ဘုရားဆီရောက် တဲ့အခါ သူလည်းတရားဓမ္မ ကြားနာ ကြိုးစားလို့ ပေါက်ရောက် တယ်ထားပါတော့ (မှန်ပါ့) သို့သော်လည်း အဲဒါကိုမလို ချင်ပါဘူးတဲ့ သင်္ခါရက သုဘဒ် ကိုဟောတာ (မှန်ပါ့)။

အဲဒီမှာ ဥပကထွက်ပြေးပြီး သကာလဘုရားဆီ သင်္ကန်း ဝတ်ပြီး သုဘဒ်က ဆာဝါနဲ့ နေရစ်တယ်၊ နောက်သုဘဒ်လည်း ကြီးရင့်လာပြီး သကာလ လာတော့သူလည်း ပညာလေးကပါတော့ သူ့စိတ်ထဲမှာ မေးချင်တဲ့ စကားသုံးခွန်းက ရှိတယ် ဘာရှိ သတုံးဆိုလို့ရှိရင်

ကောင်းကင်မှာ သွားတဲ့ ပုဂ္ဂိုလ်များ ခြေရာ ထင်သလားတဲ့ (မှန်ပါ့) သူ့စိတ်ထဲမှာ သံသယရှိနေတယ် (မှန်ပါ့ ဘုရား)။

ဘုရားသာသနာမှတစ်ပါး တခြားသာသနာများမှာ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာများ ရှိရဲ့ လားတဲ့၊ ဒါလည်း သူမေးချင်တယ် (မှန်ပါ့)။

သုဘဒ်မေးသောစကားသုံးခွန်း

၁။ ကောင်းကင်မှာ ခြေရာ ရှိသလားဆိုတာ ၁-နံပါတ် မေးချင်တယ် ဦးခင်မောင်ရေ (မှန်ပါ့)

၂။ ဒီဘုရားသာသနာမှ တစ်ပါး တခြားသော သာသနာမှာနေတဲ့ ပုဂ္ဂိုလ်များ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်နိုင်ရဲ့လား (မှန်ပါ့)။

၃။ သင်္ခါရတရားများဟာ မြဲတယ်လို့ ရှိရဲ့လား။

ဒီသုံးပုစ္ဆာသူ့စိတ်ထဲမှာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ပုစ္ဆာသုံးချက် သဘောကျပလား (ကျပါပြီ) ဒီပုစ္ဆာ သုံးခုကို သူမေးချင်တယ် (မှန်ပါ့) မေးချင်တော့ ဦးခင်မောင် တို့က ဂဏန်းနဲ့တွက်ကြည့်တာပေါ့နော် ဘုရားနဲ့ဥပကနဲ့ တွေ့သွားပြီ ဥပကကလည်း အတော်ကြီးပြီနော် ဒီအချိန်မှာ (မှန်ပါ့ပြီးပါပြီ ဘုရား)။

ဘုရားဖြစ်စမှာတွေ့တယ်၊ အဲဒီနောက် ဥပကဟာ ဆာဝါနဲ့ အိမ်ထောင်ကျတော့ ဘုရား ဖြစ်တာနဲ့ သုဘဒ် မွေးတာ နဲ့တော့ တယ်မကွာလှပါဘူး (မကွာပါ ဘုရား)။

တိတ္ထိဆရာကြီးတွေ

အဲဒီမှာ သုဘဒ်က ဒီသုံးခု သူ့ဉာဏ်ထဲမှာ ပေါ်နေတယ်။ ပေါ်နေတော့ တိတ္ထိဆရာကြီး ခြောက်ယောက် ရှိတယ်၊ ပုရာဏ ကဿပတို့၊ မက္ခလိဂေါသာလဆိုတဲ့ တိတ္ထိဆရာကြီးတွေကို သူက သွားသွားပြီး မေးတယ်၊ ဒီသုံးချက်ကို အဲဒီတိတ္ထိဆရာကြီး တွေက ပြေအောင်မဖြေနိုင်ဘူး (မှန်ပါ့)။

ဒါနဲ့ သူ့စိတ်မှာ ဂေါတမဘုရားတော့ မေးချင်တယ်၊ မေး ချင်ပေမယ့် သူက ငယ်သေးတယ် ဆိုပြီး မမေးခဲ့ဘူး (မှန်ပါ့) ဂေါတမဘုရားက ငယ်သေးတယ်၊ တိတ္ထိဆရာကြီးတွေတော့ ဘုရားထက် အသက်ကြီးတာ ကိုးဗျ၊ ဘုရား မဖြစ်ခင်သူတို့က ဘုရားလုပ်နေကြတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒီပုဂ္ဂိုလ်တွေသူမေးတာ ကျေနပ်လောက် အောင် ဖြေမှုမရခဲ့၊ ဂေါတမဘုရား ကိုလည်း မေးတော့မေးချင် တယ်၊ မေးပေမယ့် ဟိုဘုရားတွေလောက် အသက်ကြီးတာ မဟုတ်တော့ သူက ဗဟုသုတ နည်းလိမ့်ဦးမယ်တဲ့၊ ဒါကြောင့် ဒီပုစ္ဆာကို သူမမေးသေးဘူးတဲ့ (မှန်ပါ့)။ အံမာလေး အတော် ကြီးကျယ်လိုက်တာ (ကြီးကျယ်ပါတယ် ဘုရား)။

ဒါနဲ့ ဘုရားကလည်း လေးဆယ့်ငါးဝါကာလပတ်လုံး ပြည့်ပါရော၊ သက်တော်ကလည်း ရှစ်ဆယ် ပြည့်တော့ ကုသိန္ဒာ ရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်မှာ ဘုရားပရိနိဗ္ဗာန် စံတော် မူမယ် ဆိုတာ သူကြားတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ငါလည်း ပုစ္ဆာသုံးချက်က မေးဖို့ရှိနေတယ်၊ ဂေါတမ ဘုရားကိုလည်း ငယ်တယ်ဆိုပြီး မမေးပဲ ထားခဲ့တာ အခုတော့ လည်း ပရိနိဗ္ဗာန်စံတော့မယ်လို့ကြားတယ်၊ မမေးလိုက်ရလို့ရှိရင် ငါ့မှာ သံသယနဲ့ ခက်ရချေရဲ့ (မှန်ပါ့) သူ့ဟာသူ ဘဝင် မြင့်နေတာ (မှန်ပါ့)။

ပရိနိဗ္ဗာန်ပြုမှာကိုတားပြီးစောင့်တယ်

အဲဒီတော့ ဒကာ ဒကာမတွေက တွေးစရာက ဪ ပရိနိဗ္ဗာန်ပြုမှာကိုတောင် တားပြီး စောင့်သကိုးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါမှတ်ထားကြတဲ့၊ ခင်ဗျားတို့ ဝိပဿနာရှုပြီး သကာလ ဥပမာ သေမည့်ဝေဒနာ လာတယ် ဆိုကြပါစို့၊ လူတိုင်း ပဲ သေမည့် ဝေဒနာတော့ လာမှာပဲ (လာမှာပါ ဘုရား) အဲဒီ ဝေဒနာကို ဖြစ်ပျက် မြင်အောင် ရှုပြီး ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်အဆုံး ရှုသွားလို့ ရှိရင်ဖြင့် နိဗ္ဗာန်မြင်နေလို့ ရှိရင်ဖြင့် မသေသေးဘဲ စောင့်လို့ရတယ် (မှန်ပါ့) ဦးခင်မောင်ရိပ်မိ ပလား (မှန်ပါ့) အသေကို အထိုက် အလျှောက် တားထား နိုင်တယ် (မှန်ပါ့)။

အသေကိုတားနိုင်တယ်၊ ဦးဘတင် ကြည့်စမ်းပါ သုံးလ တိတိ စောင့်နေတယ်၊ သုဘဒ်အတွက် (မှန်ပါ့) သုဘဒ် က ဉာဏ်မရင့်သေးဘူးဗျ၊ သူကလည်း ခုနင်ကပြောတဲ့အတိုင်း စခန်းကြီးနေတာကို ဦးဘတင်ကြားပြီးပြီ (မှန်ပါ့)

ဂေါတမ ဘုရားက ငယ်တယ်တဲ့ မေးဖို့ရာဒါကြောင့် မမေးချင်ဘူးတဲ့၊ ဒီ ပြင်ဘုရားတွေ အကုန်မေးပြီးပြီတဲ့၊ ကျေနပ်လောက်အောင် မဖြေ နိုင်ကြပါဘူးတဲ့၊ ဂေါတမဘုရား မေးမယ် ကြံတော့လည်း ငယ် သေးတယ်တဲ့ (မှန်ပါ့) ငယ်တယ်ငယ်တယ်နဲ့ ဆိုင်းလာခဲ့တဲ့ အချိန်တွေ နည်းသလားဗျ (မှန်ပါ့ ဘုရား)။

ဘုရားကိုယ်တိုင်ချွတ်ရမည့် ဗုဒ္ဓဝေနေယျ

ပြီးတော့ သုဘဒ်က ဘုရားကိုယ်တိုင်ချွတ်မှ ကျွတ်တန်း ဝင်မည့် ဗုဒ္ဓဝေနေယျဆိုတာ ဘုရားကလည်း သိမြင်တော်မူ တယ်၊ သူ့မချွတ်ရသေးလို့ရှိရင် ပရိနိဗ္ဗာန်စံလို့မဖြစ်သေးဘူး သုံးလ တိတိ ဝေဒနာနုပဿနာရှုပြီး ခန္ဓာကိုယ်ကြီးကို ဖလသမာ ပတ်နဲ့ နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ ဉာဏ်တော်ကြီးနဲ့ ချုပ်စပ် ထား တယ်၊ ခန္ဓာကိုယ်ကြီး ဖရိုဖရဲမကြဲရအောင် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ လုပ်ထားတဲ့ အလုပ်ဟာ မသေးဘူးဆိုတာမှတ်ပါ၊ အထ မြောက်အောင် သာ လုပ်ပါ (မှန်ပါ့) ဖြစ်ပျက်တွေမြင်ပြီး သကာလ နိဗ္ဗာန်ကို အာရုံပြုပြီး ဖလသမာပတ် ဝင်စားနေပါ၊ ဖလသမာပတ် အတွင်းမှာ ဦးဘတင် မသေနိုင်ပါဘူး (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန် အာရုံပြုနေနိုင်လို့ ရှိရင် သေရ မသေရ (မသေနိုင်သေးပါ ဘုရား)။

အဲဒီလို ဘုရားက သူ့ခန္ဓာကိုယ်ကြီး ဖရိုဖရဲ မကြပဲနဲ့ နေရအောင် ဖလသမာပတ်နဲ့ ချုပ်ထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သုဘဒ်ကို စောင့်နေတာ (မှန်ပါ့)။

တရားကသက်တမ်းကိုတားနိုင်တယ်

ကဲ ဒါဖြင့် ခင်ဗျားတို့လုပ်ထားတဲ့ တရားဟာ အသက်တမ်းကိုပင် တားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဦးဘတင် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) သေခြင်းတရားကိုတော့ မလွန်ဆန် နိုင်ဘူးပေါ့ဗျာ၊ တားတော့ ရတာပေါ့ (မှန်ပါ့ ဘုရား)။

သေခြင်းတရားတော့ ဘယ်သူမှမလွန်နိုင်ဘူး “မရဏ ဓမ္မာမှီ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ” ကိုး အလွန်တော့ ဘယ်သူမှ မလွန်နိုင်ဘူး၊ မလွန်နိုင်ပေမယ့် အထိုက် အလျောက် တော့ တားနိုင်တာပေါ့ (မှန်ပါ့) အဲ ဒါနဲ့ တိုတိုပဲ ပြောကြပါစို့၊ ဘုရားဆီ သူလာပြီးတော့ ပုစ္ဆာတွေ လျှောက်တယ်။

ဘယ်အခါမှရဟန္တာတွေမဆိတ်သုဉ်းနိုင်ဘူး

“ဣမေ စ သုဘဒ္ဒ ဘိက္ခု သမ္မာဝိရဟေယျုံ အသုညော လောလော အရဟန္တေဟိ အဿ” လို့ဟောကြား တော်မူလိုက် တယ် (မှန်ပါ့) ဝိပဿနာကိုသာ ကောင်းမွန်စွာ ကျင့်ကြံကြ မယ်ဆိုရင် လောကကြီးမှာ ဘယ်အခါမှ ရဟန္တာတွေ မဆိတ် သုဉ်းနိုင်ပါဘူးတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အခါမှ ရဟန္တာ မဆိတ်သုဉ်းပါဘူးကွာ ဆိုတော့ သောတာပန် ပါသွားပြီ (မှန်ပါ့) မပါသေး ဘူးလား (ပါပါပြီ) ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ခင်ဗျားတို့အတွက် ပါသုဘဒ်က မေးသွားတယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

အားငယ်စရာရှိသေးသလား

ကဲ ဒါဖြင့် ဦးဝ အားငယ်စရာ၊ နှလုံးမသာစရာ ရှိသေးသလား (မရှိပါ ဘုရား) အားငယ်စရာ နှလုံးမသာ စရာကတော့ ခင်ဗျားတို့ ဘာမှမရှိဘူး၊ ခင်ဗျားတို့ ကိုယ်တိုင် ဖျင်းတာနဲ့ပျင်းတာ ပေါ်မှီရင်တော့ မပြောတတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)

ဖျင်းတာကတစ်မျိုး၊ ပျင်းတာက လည်း ရှိသေးတယ် (မှန်ပါ့) ဖျင်းတာတော့ ဘုန်းကြီးက ကူပေးနိုင်တယ်၊ ပျင်းတာကတော့ ဘုန်းကြီးမတတ်နိုင်ဘူး၊ ခင်ဗျားတို့ကိုယ်တိုင်က ကြိုးစားမှ (မှန်ပါ့ ဘုရား)။

ဖျင်းတဲ့အထဲကလား၊ ပျင်းတဲ့အထဲကလား ၊

ဒါဖြင့် ဦးဝ ဘယ်အထဲကတုံး၊ ဖျင်းတဲ့အထဲကလား၊ ပျင်းတဲ့အထဲကလား (ပျင်းတော့ မပျင်းပါ ဘုရား) ပျင်းတော့ မပျင်းဘူး၊ ဖျင်းတယ် ဆိုပါတော့ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဒီအတိုင်းပဲ၊ ဖျင်းတာကို ကုသပေးနိုင်ပါတယ်၊ ပျင်းတာ ကိုတော့ဖြင့် မတတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဒီအဓိပ္ပါယ် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ဖျင်းတာတော့ ခင်ဗျားတို့က ဘယ်လောက်ပဲ ပါဠိစကားကို နား မလည်ချင်နေပါစေ၊ မြန်မာစကားကို နားမလည်ချင်နေပါစေ၊ ကိစ္စမရှိဘူး၊ လာခဲ့ပါ ဘုန်းကြီး ရှင်းအောင်ပြောပေးပါ့မယ်၊ ဖျင်း တာကိုတော့ အကုန်ကူညီပေးပါ့မယ် (မှန်ပါ့) ဖျင်းရာမှ နားတော့ လည်လာပါတယ်၊ ပျင်းပြီးတော့ မလုပ်တာကတော့ဖြင့် မတတ်နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖျင်းတာကို ဆရာအကူအညီပေးမယ်

အဲဒါကြောင့် ဒကာဒကာမတွေ ဖျင်းလာတာ ဆရာ တာဝန် ဖျင်းတာကို ဆရာသမား ကူညီပေးမယ် (မှန်ပါ့) ဦးခင်မောင်ရေ ပျင်းတာကျတော့ သူ့ဟာသူအိမ်ထဲတွင် ပျင်းနေတာ ဘယ်သူ လာပြီး ကုသနိုင်မှာတုံးဗျ (မကုသနိုင်ပါ ဘုရား) သူ့ဟာသူ ဆင်ခြေလဲပြီး သကာလ ဟိုက နာသလေး၊ ဒီနားကနာသလေး၊ ထမင်းဆာသလေး၊ အိပ်ချင်လာပြီလေးနဲ့ ဒါတွေရှုပ်နေတော့ မတတ်နိုင်ဘူး (မှန်ပါ့) အေးပြန်တော့ လည်း အေးလို့ ပူပြန်တော့ကော (ပူလို့ပါ) စောပြန်လည်း (စောလို့) မိုးချုပ် ပြန်တော့ကို (မိုးချုပ်လို့ပါ) အဲ့ဒါမျိုးတွေက ဆရာသမား မတတ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။

လူမိုက်အောင်းတဲ့ချောင်

ဒါ့ကြောင့်

“အေးလွန်းပူစွ၊ စောစွမိုးချုပ်၊ ဆာဝရုပ်နဲ့၊ လုပ်ရအမှု၊ ပြုအံ့ကိစ္စ’’ ဆိုတဲ့ ခင်ဗျားတို့ လူမိုက်များ အောင်းတဲ့ ချောင်၊ ပျင်း တဲ့ချောင်၊ ဖျင်းတဲ့ချောင်၊ ဆယ့်ခြောက်ချောင် ရှိတယ် (မှန်ပါ့) ဘုရားက အဲဒါ ကိုလည်း ဟောတယ်၊ ခင်ဗျားတို့ ရိပ်မိပလား (မှန်ပါ့ ဘုရား)။

အေးရင်လည်း အေးချောင်ခိုလိုက်တာပဲ၊ ဒီနေ့တော့ မလုပ်အားသေးဘူးတဲ့ (မှန်ပါ့) ပူပြန် တော့ကော (ပူချောင်ခိုပါတယ်) စောပြန်တော့ကော (စောချောင်ခိုပါ တယ်)၊ မိုးချုပ်သွားတော့ (မိုးချုပ်ချောင် ခိုပါတယ်) ဆာပြန်တော့ကော (ဆာချောင်ခိုပါတယ်) ဝတော့ကော (ဝချောင်ခိုပါတယ်) ဘယ်မှာမှ မပျင်းတာကိုပါ ရှိသေးရဲ့လား (မရှိပါ ဘုရား) လုပ်ချိန်ကို မပါတော့ဘူး ဒကာ ဒကာမတို့ လွန်ကုန်ပြီ (မှန်ပါ့ ဘုရား)။

အဲဒါဘုရားက သေသေချာချာ ဟောတယ်၊ ဒီချောင် တွေ ခိုလိမ့်မယ်၊ သေသေချာချာစဉ်းစား၊ သေသေချာချာ ဟော ပစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မင်းကသာ ရှေ့ကို လောကြီးဟောနေ၊ မင်းတပည့်တွေက ဒီချောင်တွေ ရှောက်ခိုနေတာ၊ ဒီအဓိပ္ပါယ်မျိုးဟောတော်မူတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ချောင်ထဲခံမနေကြပါနဲ့

ကဲ ဒါဖြင့်ဆရာသမား၏ စေတနာမေတ္တာကိုလည်း ခင်ဗျားတို့ကလည်း ထောက်သွားသော အားဖြင့် လည်းကောင်း၊ ကိုယ့်ကိုယ် သနားသော အားဖြင့် လည်းကောင်း၊ ချောင်ခိုတော့ သတ်တတ် ပါစေ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလုပ်ရမလဲ (ချောင်ခိုတော့သတ်တတ်ပါစေ) ချောင်ခိုသတ်တတ်ပါစေ ဆိုတော့ ချောင်တွေ ကလည်း တစ် ဆယ့်ခြောက်ချောင် ဆိုတော့ ခင်ဗျားတို့ကလည်း စစ်ကိုင်းမှာ ချောင်ပေါသလောက် ချောင်ပေါနေတာပဲ (မှန်ပါ့ ဘုရား)။

လုပ်ရမည့် အမှုကိစ္စတွေက ရှိသေးလို့ တရားနှလုံးမသွင်း နိုင်သေးဘူးတဲ့ (မှန်ပါ့) သွားလှ ခရီးတဲ့ ဦးဘတင် ခရီးကလေး သွားစရာ ရှိနေသေးလို့ ပြန်မှ လုပ်တော့မလိုလို၊ ဒီလို မလာဘူးလား (လာပါတယ် ဘုရား)။

ပြန်ပြီးစတဲ့ အလုပ်ကလေးပြီးပြန်လည်း အခုမှ ထိုင် တောင် မထိုင်နိုင်သေးဘူး ဘယ်မှာ လုပ်နိုင် ပါ့မလဲတဲ့ (မှန်ပါ)၊ ခင်ဗျားတို့ဟာ လုပ်ဖို့ပါမှမပါတော့ပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန် မရောက်တာ ချောင်ခိုကောင်းလို့

အံမာလေး ဒကာ ဒကာမတွေ ရှိနိဗ္ဗာန်မရောက်တာ တရားဟောဘုန်းကြီး ညံ့လို့လား တို့ချောင်ခို ကောင်းလို့လား ဆိုတာ ဝေဖန်ကြည့်ပါဦး (ချောင်ခိုကောင်းလို့ပါ ဘုရား) အတော်ဆိုး သွားပြီ (မှန်ပါ့) ရှင်းပြီနော်။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ “သုဘဒ်ရဟန်းကြီး” က ကျုပ်တို့ကို အကုန်အားပေး သွားတယ် (မှန်ပါ့)

ကောင်းကင်မှာ ခြေရာရှိသလားဆိုတော့ ဘယ့်နှယ်ဖြေသလဲ (မရှိပါ ဘုရား) ဒီဘုရား သာသနာမှ တစ်ပါး အခြားသော အဆုံးအမတွေနဲ့ သောတာပန်, သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါ ရဲ့လား (မဖြစ်နိုင်ပါ ဘုရား) သင်္ခါရတရားဟာ မြဲသလားတဲ့ (မမြဲပါ ဘုရား)။

သင်္ခါရတရားမမြဲဘူးဆိုတာ ရှုရမယ်

ကိုင်း ဒါဖြင့် သင်္ခါရတရား မမြဲဘူးဆိုတာ ခင်ဗျားတို့ ရှုရမယ် (မှန်ပါ့) ဝေဒနာကြိုက်တဲ့သူက ဝေဒနာ သင်္ခါရ တရားပဲ အဲဒါ အမြဲရှုသာနေ (မှန်ပါ့) စိတ်ကြိုက်တဲ့သူက စိတ်ဟာ သင်္ခါရတရားပဲ၊ အဲဒါဘာလုပ်ရမလဲ (ရှုနေရပါ မယ်) မမြဲဘူးသာရှုနေ၊ သူ့ဟာ မဂ်ပြီးပြီ၊ သူ့ဟာသူဆောင်သွား မယ် မမြဲတာ သိတာမဂ်ပဲ (မှန်ပါ့ ဘုရား)။

အဲဒီလို မမြဲဘူး၊ မမြဲဘူးလို့ ရှုနေလို့ ရှိရင်ဖြင့် “ပဉ္စင်္ဂက ငါးပါးမဂ်ဖြစ်ပြီ’’ ဦးခင်မောင် မနေ့က အတိုင်း၊ ဆောင်ရမှာပဲ (မှန်ပါ့) အဲဒါ ကျုပ်တို့က ချောင်ခိုလွတ်ဖို့ပဲ အရေးကြီးတယ် တရားပြကဖြင့် ရှင်းနေပါပြီ (မှန်ပါ့ ဘုရား)။

အရှင်ဘုရားမရှိရင် ရဟန္တာမဖြစ်တော့ဘူးလား

သုဘဒ်ရဟန်းကြီးကလည်း အရှင်ဘုရား မရှိရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ သုဉ်း သွားတယ်၊ သွန်သွားတယ်၊ ကုန်သွားတယ်၊ နောက်မဖြစ်တော့ ဘူးလား လျှောက်တော့လည်း၊ ဟ ဘယ်အခါ မဆို ရှိတယ်၊

ချောင်ခို လွတ်အောင် မင်းတို့သည်ကားဆိုလို့ရှိရင် ကြိုးစား ကြမယ်ဆိုရင် ဘယ်အခါမဆို ကိုယ့်ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရှိတာ ချည့်ဘဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ နိဗ္ဗာန်ကိုလည်း တစ်ခါဟောတော့ ဒကာ ဒကာမတွေ ဒီခန္ဓာမှာကပ်နေတဲ့ (မှန်ပါ့) ဒီခန္ဓာအဆုံးမှာ ဘာရှိသတုံး (နိဗ္ဗာန်ရှိပါတယ်) ဒါဖြင့် နိဗ္ဗာန်ကလည်း ဝေးသလား (မဝေးပါ ဘုရား) အို စိပ်ပုတီး လည်ပင်းစွပ်ပြီး တခြားရှာလို့ မတွေ့ဘဲ ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပြီးပျက်ပြန်ပြီလို့သာ ရှုနေပါ

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရတရားဆိုတာ ခန္ဓာငါးပါး ကိုဆိုတယ် (မှန်ပါ့) အဲဒါကလေးကို ဘယ်တော့မှ မမြဲတာ ကလေးကို ကြည့်နေ (မှန်ပါ့) ဟော ပေါ်လာပြန်ပြီ မမြဲဘူး

ဟာပေါ်လာပြန်ပြီ ဖြစ်ပြီး ပျက်ပြန်ပြီ၊ ဖြစ်ပြီး ပျက်ပြန်ပြီလို့သာ ရှုနေ (မှန်ပါ့) ဝေဒနာကြိုက် တဲ့လူ ဝေဒနာနော် စိတ်ကြိုက်တဲ့လူ (စိတ်ရှုပါ) ရုပ်ကြိုက်တဲ့လူက (ရုပ်ရှု ပါ) ဓမ္မာနုပဿနာ ကြိုက်တဲ့ လူက သစ္စာချည့်ရှုနေ (မှန်ပါ့) သစ္စာချည့်ရှုနေ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခချည့်ရှုနေ (မှန်ပါ့) အဲဒီ ကဲ့သို့ ရှုနေလို့ ရှိရင်ဖြင့် သေသေချာချာ ဘယ်အခါမဆို ကိစ္စပြီး တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သုဘဒ်မှာ ဘုရားပရိနိဗ္ဗာန်စံကာနီးနေတဲ့ အချိန် ဘုရားအနားမှာ ရှုနေတယ်၊ ဘုရားက မနက်မိုးလင်းရင် ပရိနိဗ္ဗာန်စံမယ် (မှန်ပါ့) နေဝင်ကာနီးလို့ရှိရင်ပဲ အတော် ရောဂါပြင်းလာပြီ (မှန်ပါ့ ဘုရား)။

သုဘဒ်ရဟန်းကြီးအနာဂါမ်တည်

အဲဒီမှာ သုဘဒ်ကို “သင်္ခါရာ သဿတာ နတ္ထိ” သင်္ခါရ တရားဟာ ဘယ်တော့မှ ခိုင်မြဲတယ်လို့ မရှိဘူးလို့ အဲဒါကို နှလုံးသွင်းလိုက် ပြောတာကိုး ဒီနားတွင် နှလုံးသွင်းတာဘဲ၊ ဦးဘတင့်ရဲ့ (မှန်ပါ့) ဝေဒနာ အဆုံး၊ အနာဂါမ်တည်တယ်။

သင်္ခါရတရား “အနတ္တ”လို့ နှလုံးသွင်းလိုက်တယ်၊ သင်္ခါရ တရား မမြဲတာလေးမြင်လိုက်တာနဲ့ ဒကာ၊ ဒကာမတို့ ဖြစ်ပျက် မြင်လိုက်တာဘဲ အဲဒါနဲ့ သူအနာဂါမ်တည်တယ်ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လုပ်တတ်ပလား (လုပ်တတ်ပါပြီ)။

အလုပ်လုပ်တတ်ရင်ရဟန္တာဖြစ်နိုင်တဲ့အချိန်

အဲ လုပ်တတ်လို့ရှိရင် ဘယ်အချိန်မဆို သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလည်း ဖြစ်နိုင်တဲ့ အချိန်ရှိ၏လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

#အပျင်းချောင်(၁၆)ချောင်
(၁)အေးလွန်း၍ပျင်းပြီးအလုပ်မလုပ်ခြင်း၊
(၂)ပူလွန်း၍ပျင်းလို့အလုပ်မလုပ်ခြင်း၊
(၃)စောသေး၍အလုပ်မလုပ်ခြင်း၊
(၄)မိုးချုပ်သွား၍အလုပ်မလုပ်ခြင်း၊
(၅)ဆာလို့အလုပ်မလုပ်ခြင်း၊
(၆)ဗိုက်ဝနေလို့အလုပ်မလုပ်ခြင်း၊
(၇)လုပ်စရာအလုပ်ကရှိသေးလို့မလုပ်နိုင်သေးခြင်း၊
(၈)လုပ်တော့လုပ်ရမှာဘဲငြီးသာငြီး၍အလုပ်မလုပ်ခြင်း၊
(၉)အခုမှလုပ်ပြီးခါစရှိသေးလို့မလုပ်နိုင်သေးခြင်း၊
(၁၀)အလုပ်ကစခါရှိသေးတယ်ဖြေးဖြေးပေါ့ဆိုပြီးအလုပ်မလုပ်ခြင်း၊
(၁၁)လုပ်ရမဲ့အချိန်အခါမဟုတ်သေးဘူးဆိုပြီးမလုပ်ခြင်း၊
(၁၂)ဆွမ်းမပြည့်စုံမှုကိုစဉ်းစားပြီးအလုပ်မလုပ်ခြင်း၊
(၁၃)ပါရမီမရှိလို့မလုပ်ဘူးဆိုပြီးမလုပ်ခြင်း၊
(၁၄)ဆွမ်းပြည့်ပြည့်စုံစုံရရှိမှုကိုစဉ်းစား၍မလုပ်ဖြစ်ခြင်း၊
(၁၅)နာနေလို့နေမကောင်းသေးလို့မလုပ်သေးခြင်း၊
(၁၆)အခုမှအနာပျောက်ခါစ၊နေကောင်းခါစရှိသေးတယ်နောက်မှလုပ်မယ်ဆိုပြီးမလုပ်ခြင်း။
#လင်္ကာ
“အေးလွန်း ပူစွ စောစွ မိုးချုပ်
ဆာ ဝရုပ်နှင့် လုပ်အံ့အမှု
ပြု၍ ပြီးစ ပြုစ အခါ
ဆွမ်းတော်စာဟု ပါရမီကံ
ရပြန်ဆွမ်းလည်း နာဆဲအကျ
ပျောက်စအနာ သောဠသာသည်
ပျင်းရာဗာလချောင်ပေါင်းတည်း”
(တနည်း)
“အေးလွန်း ပူစွ စောစွ မိုးချုပ်
ဆာ ဝရုပ်နှင့် လုပ်အံ့အမှု
ပြုအံ့ကိစ္စ ပြု၍ ပြီးစ
ပြု စအခါ ဆွမ်းတော်စာနှင့်
ပါရမီကံ ရ ပြန်ဆဲလည်း
နာဆဲအစ ပျောက်စအနာ
သောဠသာသည်
ပျင်းရာ ဗာလ ချောင်ကောင်းတည်း”
(လင်္ကာ ကို online မှ ရှာဖွေတင်ပြလိုက်ပါသည်။ မည်သည့်လင်္ကါအမှန်မှန်းမသိသေးပါ။)