169

တစိမ်းတွေကို ဆွေမျိုးလုပ်ပြီး ကြည့်မနေနဲ့

မှတ်ချက်။ ။ဝိပဿနာရှုနည်း အလုပ်ပေးတရားဖြစ်ပါသည်။

အသံဖိုင်ခေါင်းစဉ်= သိမ်မွေ့တဲ့ ရုပ်နာမ်ကို သူစိမ်းပြင်ပြင်ထားပြီးရှုရမည်

စာအုပ်ခေါင်းစဉ်= တစိမ်းတွေကို ဆွေမျိုးလုပ်ပြီး ကြည့်မနေနဲ့

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူမြို့၌

ဟောကြားတော်မူသော တရားတော်

တစိမ်းတွေကို ဆွေမျိုးလုပ်ပြီး ကြည့်မနေနဲ့

ဟောကြားသည့်နေ့

(၁-၃-၅၉)

မိမိတို့ အခု တရားနာနေကြတဲ့ သဘောဟာ ထိုင်နေ တာ ဘယ်သူတုံးလို့ မေးလို့ရှိရင်ဖြင့် နာမ်ကအထိုင်ခိုင်းလို့ ရုပ်က ထိုင်နေတယ်လို့ မှတ်ရမှာပဲ (မှန်ပါ့)။

ထိုင်တာ ဘယ်သူပါလိမ့်

ထိုင်တာ ဘယ်သူပါလိမ့် (နာမ်က အထိုင်ခိုင်းလို့ ရုပ်က ထိုင်ပါတယ်ဘုရား) သြော် ဒါဖြင့် အခိုင်းသမားနဲ့ အလုပ် သမား နှစ်ယောက် ရှိတယ်လို့ မှတ်ရမယ် (မှန်ပါ့) အခိုင်းသမားက နာမ်၊ အလုပ်သမားက ရုပ်။

ဪ ဒါဖြင့် ယောက်ျားတွေလား၊ မိန်းမတွေလား၊ အခိုင်းသမားနဲ့ အလုပ်သမားဆိုတဲ့ နာမ်, ရုပ်နှစ်ပါးလားလို့ မေးလိုက်ပါတယ် (အခိုင်းသမားက နာမ်နဲ့ အလုပ်သမားက ရုပ်ပါ ဘုရား)။

အခိုင်းသမား၊ အလုပ်သမားဆိုတဲ့ နာမ်ရုပ်နှစ်ပါးပဲ ရှိတယ်လို့ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့်

ကောင်းပြီ ဒါဖြင့် ဒီနာမ်, ရုပ်နှစ်ပါးသာရှိပြီး သကာလ နေတော့၊ ဒီနာမ်, ရုပ်နှစ်ပါးကို ဘုန်းကြီးက မနေ့က ဒကာ ဒကာမတွေကို၊ ဝိပဿနာ ရှုတတ်အောင် ဘယ်လိုသင်ခဲ့ သတုံးဆိုတော့၊ နာမ်, ရုပ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့်လို့ မနေ့က မှာတမ်း တစ်ခါတည်း ပေးထားတယ် (မှန်ပါ့)။

မနေ့က နာမ်, ရုပ်က ပြောပါလိမ့်မယ်၊ ကြည့်ပါလို့ ဦးခင်မောင်တို့ကို ပေးထားခဲ့တယ်နော် (မှန်ပါ့) အဲဒီတော့ ဒီနာမ်ရုပ်က ပြောတဲ့အခါမှာ ဒကာ ဒကာမတို့ ကြမ်းကြမ်းတမ်း တမ်း ပြောမလား၊ သိမ်သိမ် မွေ့မွေ့ ပြောမလားဆိုတာ ကလေးကို ယနေ့ ဝေဖန်ရလိမ့်မယ် (မှန်ပါ့)။

အစိုင်အခဲမြင်နေရင် နိဗ္ဗာန်မရောက်နိုင်

ကြမ်းကြမ်း တမ်းတမ်း ပြောမလား၊ သိမ်သိမ်မွေ့မွေ့ ပြောမလား ဆိုလို့ရှိရင် ရုပ်ဆိုတာ အတုံးအခဲကြီး မြင်နေသေး လို့ရှိရင်၊ အဲဒါသည် ကြမ်းကြမ်း တမ်းတမ်း မြင်တာ ဖြစ်လေ သောကြောင့်၊ ဒကာ ဒကာမတွေသည် နိဗ္ဗာန်ရောက်တဲ့ အမြင် မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်အတိုင်း အတုံးအခဲကြီး၊ အစိုင်အခဲကြီး မြင်နေသေးလို့ ရှိရင် နိဗ္ဗာန်ရောက်တဲ့အမြင် မဟုတ်သေး ပါဘူး (မှန်ပါ)။

နိဗ္ဗာန်ရောက်တဲ့အမြင်

ဒါဖြင့် ယနေ့ရှင်းရမှာက နိဗ္ဗာန်ရောက်တဲ့ အမြင်ကတော့ ဒကာ ဒကာမတို့ ပျက်ပျက်ပြီး သကာလ ပျောက် ပျောက်သွားတာ ကလေးကို မြင်ရမယ်နော် (မှန်ပါ့)။

ရုပ်ဘက်ကလည်း ပေါ်ပြီး ပျောက်သွားတာ ကလေးတွေ ကို မြင်အောင်ကြည့်ရမယ် (မှန်ပါ့) စိတ်ဘက်က ကြည့်ပြန်လို့ ရှိရင်ကော (ပေါ်ပြီး ပျောက်သွားတာ ကလေး မြင်အောင်ကြည့် ရပါမယ်) အဲဒီ သိမ်မွေ့တာကို မြင်အောင်ကြည့်ရမယ် (မှန်ပါ့)။

ဒါဖြင့် သိမ်မွေ့တာမြင်အောင် ကြည့်ဆိုတော့ ဘုန်းကြီး က သိမ်မွေ့ခိုင်းတာ မဟုတ်ဘူး၊ သူ့သဘောက သိမ်မွေ့နေတာ (မှန်ပါ့)။

သူ့သဘောက သိမ်မွေ့နေတာက ဖြစ်ပြီး ပျောက်သွား တယ်၊ ဖြစ်ပြီး ပျောက်သွားတယ်ဆို ရုပ်ကလေး တစ်ခုဟာ ပူတဲ့ရုပ်ကလေး ဟာလည်း တော်တော်ကြာ ပျောက်သွားတာပဲ (မှန်ပါ့ ဘုရား) အေးတဲ့ ရုပ်ကလေးကော (ပျောက်သွားပါတယ် ဘုရား)။

သိမ်မွေ့တာမြင်အောင်ကြည့်

အဲဒါတွေ ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ သြော် ခုနင်က ဒီနေရာ ပူတယ်၊ အခုမရှိဘူး ခုနင်က ဒီနေရာ အေးတယ်၊ အခုမရှိဘူး (မှန်ပါ) ခုနင်က ဒီနေရာမှာ ထားတဲ့ စိတ်ကလေး ဒီနေရာ ပေါ်တာလည်း အခုမရှိဘူး၊ အဲဒီလို အခု မရှိ၊ အခု မရှိတာကလေးကို သူက သိမ်မွေ့နေတော့ ဉာဏ်မှပဲ ထိုးဖောက် နိုင်တယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဉာဏ်မှ ထိုးဖောက် နိုင်ပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်ထဲမှာ ရှုပ်နေလို့ ရှိရင်ဖြင့် သိမ်မွေ့တဲ့ တရားမို့ ဉာဏ်တစ်ခုပဲ ထိုးဖောက်နိုင်တယ် (မှန်ပါ့ ဘုရား)။

ဦးဘတင်ရေ ဒါဟာ ဒီနေ့ ထူးလာတယ်နော် (မှန်ပါ့) သိမ်မွေ့တဲ့တရား နှစ်ခု ဖြစ်နေ သောကြောင့် ထိုးထွင်း သိဉာဏ် နဲ့မှပဲ ရမယ်လို့မှတ်၊ မျက်လုံးနဲ့မြင်သလိုမြင်မယ်၊ နားနဲ့ ကြားသလို ကြားမယ်၊ နှာခေါင်းနဲ့ ရှူလို့ ရှိုက်လို့ ရသလို ဒီလို မဟုတ်ဘူး (မှန်ပါ့) သူက သိမ်မွေ့နေတော့ ဉာဏ်တစ်ခုနဲ့ သာလျှင် ကြည့်လို့ ဖြစ်မှာပဲလို့ ယနေ့ မှတ်ကြရလိမ့်မယ် (မှန်ပါ့)။

သိမ်သိမ်မွေ့မွေ့ပြလိမ့်မယ်

ဒါနဲ့ ရုပ်က ပြန်လည်း သိမ်သိမ်မွေ့မွေ့ ပြလိမ့်မယ် (မှန်ပါ့) ရုပ်က ပြန်လို့ရှိရင်လည်း ပျက်ပျက်ပြီး ပြလိမ့်မယ်။

နာမ်ကပြပြန်လည်း (ပျက်ပျက်ပြီး ပြပါလိမ့်မယ် ဘုရား)။

အဲဒီတော့ ပျက်ပျက်ပြီး ပြတယ်ဆိုတော့ ဒကာ ဒကာမ တွေက ဉာဏ်နဲ့ကြည့်မှပဲ ဒီဥစ္စာပေါ်ပြီး ပျောက်သွားတယ်လို့ သိမှာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပေါ်ပြီး ပျောက်သွားပြီ၊ ပေါ်ပြီး ပျောက်သွားပြီလို့ သိလို့ရှိရင်ဖြင့် ရုပ်မှာလည်း ပေါ်ပျက်ပဲ ရှိတယ်၊ ဖြစ်ပျက်ပဲ ရှိပါတယ် (မှန်ပါ)။

နာမ်မှာလည်း (ဖြစ်ပျက်ပဲ ရှိပါတယ်) ရုပ်မှာလည်း ဖြစ်ပျက်ရှိတယ်၊ နာမ်မှာလည်း ဖြစ်ပျက် ရှိတယ်၊ အဲဒီ ဖြစ်ပျက် ကလေးတွေဆိုတော့ ဦးဘတင်တို့ သိမ်မွေ့မှာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သိမ်မွေ့တာကလေး မှန်အောင်ပစ်နိုင်ဖို့ ဉာဏ်က အရေးကြီးတယ် (မှန်ပါ့)။

ဪ ဒါဖြင့် ရုပ်၏ ဖြစ်ပျက်မှုဟာလည်း သိမ်မွေ့ ပါလား၊ နာမ်၏ ဖြစ်ပျက်မှုဟာလည်း သိမ်မွေ့ပါကလား၊ ဒီပြင် မျက်လုံးနဲ့၊ နားနဲ့၊ နှာခေါင်းနဲ့၊ လျှာနဲ့၊ ကိုယ်နဲ့ကြည့်လို့ဖြင့် မမြင်ပေဘူး ဦးခင်မောင်တို့ရ (မှန်ပါ့)။

ထိုးထွင်းဉာဏ်နဲ့ကြည့်

ထိုးထွင်းဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

အဲဒီလို မြင်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမြင်မှန် ရပေါ့ (ဝါ) ယထာဘူတဉာဏ် ရပေါ့လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

သိမ်မွေ့တဲ့ ဖြစ်ပျက်ကလေးတွေ မြင်လာလို့ရှိရင် အမြင်မှန် ရပေါ့လို့ ဆုံးဖြတ်ချက် ချပါနော် (မှန်ပါ့) ရုပ်ကလည်း သိမ်သိမ်မွေ့မွေ့ ဖြစ်ပျက်ပဲပြမယ်၊ နာမ်တကော (သိမ်သိမ် မွေ့မွေ့ဖြစ်ပျက်ပဲ ပြပါမယ် ဘုရား)။

ဖြစ်ပျက်မြင်ရင်အမြင်မှန်

အဲဒါကလေးတွေ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်က ရုပ်သိမ်မွေ့တာ ကလေး ဖြစ်ပျက်ကို မြင်ပြီ၊ နာမ် သိမ်မွေ့တာ ကလေး ဖြစ်ပျက်ကို မြင်ပြီဆိုမှဖြင့် သြော် ဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမြင်မှန်ပဲလို့ ဆုံးဖြတ်ချက် ချပေတော့ (မှန်ပါ့)။

ရုပ်ကလေး၏ ဖြစ်ပျက် သိမ်သိမ်မွေ့မွေ့ ကလေးကို မြင်ပြီ (အမြင်မှန်ပါ ဘုရား) နာမ်ကလေး၏ ဖြစ်ပျက် သိမ်သိမ် မွေ့မွေ့ ကလေးကိုမြင်ပြီ (အမြင်မှန်ပါ ဘုရား)။

အဲ အမြင်မှန်ဆိုတာကို ပါဠိလိုသုံးတော့ ယထာ ဘူတဉာဏ် (မှန်ပါ့) ဒကာ ဒကာမတွေ မှတ်ထား ပြန်တော့ အမြင်မှန်လို့ မှတ်ထားကြပါ (မှန်ပါ့) အမြင်မှန်လို့ ဆိုလို့ရှိရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ မြင်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အမြင်မှန်ရတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟုတ်တိုင်းမှန်စွာမြင်တာ

အမြင်မှန်ကို မဂ္ဂင်ဘယ်နှစ်ပါး ပေါင်းပြီးတော့ မြင်ပါလိမ့် (ငါးပါး ဘုရား) ဟာ ဒါဖြင့် ဦးဘအုန်းတို့ ယထာဘူတဉာဏ် သေချာလိုက်တာ (မှန်ပါ့) ဟုတ်တိုင်း မှန်စွာ မြင်တာကိုးဗျ (မှန်ပါ့)။

သူက သိမ်မွေ့လို့ သိမ်မွေ့တာကို မြင်တယ်ဆိုတော့ ဟုတ်တိုင်းမှန်စွာ မြင်တယ်လို့ ဦးခင်မောင်တို့က ဆုံးဖြတ်ချက် ချရမှာပဲ (မှန်ပါ့)။

သိမ်မွေ့တာကို သိမ်မွေ့သလောက် မြင်တယ်ဆိုက တည်းက ဒကာ ဒကာမတို့ ဒါဟာ အမြင်မမှန် သေးဘူးလား (မှန်ပါတယ် ဘုရား) ဒီဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတ ဉာဏ်ပါ ဘုရား)။

ဒီဘဝတွင်ပင် ကိစ္စပြီးနိုင်တယ်

အဲဒီဉာဏ်ကလေးကို ရလို့ရှိရင်ဖြင့် ဘုန်းကြီးကပဲ ဆုံးဖြတ်ချက် ချပေးပါ့မယ်၊ ဒီ ဒကာ ဒကာမတွေဟာ ဒီဘဝ တွင်ပင် ကိစ္စပြီး နိုင်တဲ့ ဒကာ ဒကာမတွေပဲ (မှန်ပါ့) ဒီဘဝ တွင်တောင် ကိစ္စပြီးစီး နိုင်တယ် ဆိုရင် ပြီးစီး နိုင်ပါကလားလို့ ဆုံးဖြတ်ချက် ချလိုက်၊ သူခုမြင်တာကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ကိုယ်ဟာ ဒီဘဝတွင် ကိစ္စပြီးနိုင်တယ်။ မပြီးနိုင်ဘူးဆိုတာကို သူများမမေးပါနဲ့ ရုပ်ကလေးတွေ၏ ဒီနေရာ ပူတာကလေး၊ ပူတာကလေး မရှိတာသိပါ (မှန်ပါ့)။

ရုပ်ကလေးတွေ၏ တောင့်တင်းတာ ကလေးဟာ ဖျတ်ဆို တောင့်တင်းတာကလေး ပျောက်သွားတယ်၊ အေးတာကလေး လည်း ဒီနေရာတွင် ပျောက်သွားတယ်၊ အဲဒီလို မြင်နိုင်လို့ရှိရင် ဒီဘဝတွင် တိဟိတ်မှ မြင်နိုင်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒွိဟိတ်က ဘယ်လိုပဲ အာပေါက်အောင် အားထုတ် မမြင်ဘူး သူက (မှန်ပါ့) ပါရမီ ဖြည့်ရုံပဲ ရမယ် (မှန်ပါ့) ဒါဖြင့် တိဟိတ်မှ မြင်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

တိဟိတ်ဉာဏ်မို့လို့မြင်တာ

ဒါဖြင့် သိမ်မွေ့တာကို ဘယ်သူမှ မြင်နိုင်ပါလိမ့် (တိဟိတ်မှ မြင်နိုင်ပါတယ်) အဲ တိဟိတ် ဉာဏ်မှ မြင်မယ် ဆိုတာ ဦးခင်မောင်တို့ကို ဆုံးဖြတ်ချက် ချပေးတာပဲ (မှန်ပါ့)။

အဲဒါကို မြင်ပြီး တပည့်တော်တို့ ရုပ်ကလေးတွေပဲ ဘုရား အထည်မ ရှိဘူးဘုရာ့၊ ဒီနေရာမှာ ခုနင်က အေးရုပ်ကလေးတော့ ပေါ်တာပဲ၊ အေးရုပ် ပျောက်တာပဲ၊ အထည်တော့ တပည့်တော် မတွေ့ပါဘူး (မှန်ပါ့) ပေါ်တုန်းကလည်း အထည် မရှိပါဘူး၊

အေးတာကလေး သဘောကလေးပဲ ပေါ်တယ်၊ နောက်လည်း ဒီသဘောကလေးပဲ ပျောက်သွားတယ်ဘုရာ့ ဆိုလို့ရှိရင်၊ အဲဒီလိုမြင်လို့ရှိရင် ဒါတွေဟာ ဒကာ ဒကာမတို့ တိဟိတ်လို့ ဆုံးဖြတ်ချက်ချ ကိုယ့်ကိုယ်ကို (မှန်ပါ့) တိဟိတ်လို့ ဆုံးဖြတ် ချက် အချခိုင်းတာ တခြားကြောင့် မဟုတ်ပါဘူး ဒကာ ဒကာမတို့ ဒီဘဝတွင်ပင် ကိစ္စပြီးစီးနိုင်တဲ့ ပုဂ္ဂိုလ်မို့ ဒီအမြင် မြင်တာလို့ မှတ်ပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဒီဘဝတွင်ပင် ကိစ္စပြီးစီး နိုင်မည့် ပုဂ္ဂိုလ်မို့ ဒီအမြင် မြင်တာပါ ဘုရား)။

ဒုက္ခခပ်သိမ်းငြိမ်းမည့်ဘဝ

အဲဒီတော့ မိမိသည် ဆရာဘုန်းကြီးကလည်း ဟောနေတယ်၊ မိမိတို့ကလည်း နေ့တိုင်းပဲ ကြိုးစားကြတယ်၊ ဟာ ကုသိုလ်ဖြစ်ရုံတင် ဒီဘဝပြီးမှာလား၊ ဒီဘဝတွင်ပဲ ငါသည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းမှာလား၊ သူများကို မမေး နဲ့တော့ ဒီအမြင် ရလို့ရှိရင်၊ ဟာ ဒီဟာ ဒုက္ခခပ်သိမ်း ငြိမ်းမည့်ဘဝ (မှန်ပါ့) ဒီလိုကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒီလိုဖြစ်အောင် ကြိုးစား ကြမယ်လို့ စိတ်ထဲမှာလည်း ထားကြပါ (မှန်ပါ့) ဦးခင်မောင် ဒါ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချပေးနေတာဗျ (မှန်ပါ့)။

အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချပေးနေတယ် ဒကာ ဒကာမတို့ ပေါ့ပေါ့တန်တန်နဲ့ မမှတ်နဲ့နော် (မှန်ပါ့) သိမ်မွေ့တဲ့ ဖြစ်ပျက် ကလေးတွေ မြင်လို့ရှိရင် ကိုယ့်ကိုယ်ကို ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဒီဘဝတွင်ပင် မဂ်ဖိုလ် ရနိုင်ပါတယ်) ဒီဘဝတွင်ပင် ဒုက္ခခပ်သိမ်း ငြိမ်းမယ်၊ ဒီဘဝတွင်ပင် နိဗ္ဗာန်ရ နိုင်တယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် ရပါလိမ့်တုံး ဆိုတော့ တိဟိတ်အဖြစ် ထင်ရှားလို့ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (တိဟိတ် အဖြစ် ထင်ရှားလို့ပါ) သြော် တိဟိတ်အဖြစ် ထင်ရှားလို့ ဆိုတော့ အဲဒါကို ကိုယ့်ဟာကိုယ် ကျွတ်တမ်း ဝင်မည့်ဘဝ ဆိုတာ ဒီအမြင်က သက်သေခံ ပါလိမ့် မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ကျွတ်တမ်းဝင် နိုင်တယ်, မဝင်နိုင်ဘူး ဆိုတာ ဒီပြင်သွားမေးနေဖို့ မလိုပါဘူး၊ မေးလို့ ရှိရင်လည်း သူများက ရမ်းပြောရတော့ လွဲသွားနိုင်တယ် (မှန်ပါ့) ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက် ချရမှာပါ (မှန်လှပါ)။

ဦးခင်မောင်သူများသွားလို့ ခင်ဗျားဉာဏ်ကို ဘယ်သူက သိနိုင်မှာတုံး (မသိပါ ဘုရား) မသိနိုင်ဘူးတဲ့၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ တရားသည် မနေ့က ရှုနည်းကို ရုပ်, နာမ်ကို ရှုပါလို့ပြောခဲ့တယ် (မှန်ပါ့)။

ဒီဘဝကိစ္စပြီးနိုင်မည့်ပုဂ္ဂိုလ်

ရုပ်, နာမ် ဘယ်လိုမြင်မှ တပည့်တော် တို့သည် ဒီဘဝ ကိစ္စပြီးနိုင်မည့် ပုဂ္ဂိုလ်လို့ ဆိုတာ၊ ဘယ်လို ဆုံးဖြတ်ချက်ချရမှာ တုံးဆိုတော့ သိမ်မွေ့တဲ့ ဖြစ်ပျက်မြင်မြင်၊ မြင်လို့ရှိရင်ဖြင့် ရုပ်၏ ဖြစ်ပျက် မြင်မြင်၊ နာမ်၏ဖြစ်ပျက် မြင်မြင်၊ မြင်ချင်တာမြင်၊ သြော် ငါဖြင့်မြင်ပြီ၊ ဒီဘဝ တိဟိတ်ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် ဆက်လက်ကြိုးစား အားထုတ်ရင်ဖြင့် ကျွတ်တမ်း ဝင်မှာကိုဖြင့် အလုပ်က သက်သေခံ ပါပေါ့လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချ (မှန်ပါ့)။

သူများတောင် သွားမေးမနေနဲ့၊ မေးရင် မှားချင်မှား ဦးမယ် (မှန်ပါ့) မေးရင်တော့ တွေးလုံးဆ, လုံးနဲ့ပြောမှာ ကိုးဗျ (မှန်ပါ့)။

ဒါက ကိုယ်တိုင် တိဟိတ်, ဒွိဟိတ်သိဖို့ ဆုံးဖြတ်ချက် ချပေးတဲ့နည်း (မှန်ပါ့) ဒီလို ဆုံးဖြတ် နိုင်ရန် နည်းလမ်း တဲ့၊ ဆရာသမားနဲ့လည်း တွေ့ပြီဆိုတော့။ ဆရာသမားပြောတဲ့ အတိုင်း တပည့်တော်တို့ဖြင့် ဒီအတိုင်း မြင်ပါ့မယ် ဘုရားလို့ ဆိုလို့ရှိရင်ဖြင့် လုံ့လဝီရိယ မလျော့ပဲနဲ့ အချိန်မှန်မှန် ကလေး ထားတဲ့ပြီး ကြိုးစားလိုက်လို့ ရှိရင်၊ ဪ ဒီဘဝသည် သာမညဘဝ မဟုတ် ပါကလား၊ ဒုက္ခခပ်သိမ်း ငြိမ်းနိုင်မည့်ဘဝ (ဝါ) နိဗ္ဗာန်ရောက်နိုင်မည့် ဘဝဟာ အလုပ်က ပြောနေပါပေါ့ လားလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူများပြောနဲ့ အလုပ်ပြောကို ဘယ်ဟာကို ခင်ဗျားတို့က အယုံအကြည် ညိုရမှာတုံး (အလုပ်အပြောကို အယုံအကြည် ပိုရမှာပါ ဘုရား)။

အဲ ဒါဖြင့် အလုပ် လုပ်ကြည့်မှ ပြောနိုင်လိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်စေဆိုရုံနဲ့ ဖြစ်မလာဘူး

ဆုကလေး တောင်းနေရုံလောက်နဲ့ဖြင့် ကိုယ့်ကိုယ် ကိုတောင် ဆုံးဖြတ်ချက် မချနိုင်ဘူး (မှန်ပါ့) ဆုတောင်းတာက ဘယ်တော့များ ရမယ်ဆိုတာလည်း ဖြစ်စေဆိုရုံနဲ့ ဦးခင်မောင် အခက်သားပဲ (မှန်ပါ့) ဘယ်သူက ပေးပေး ဖြစ်စေဆိုရုံနဲ့ ဖြစ်မယ်လို့ ထုံးစံ မရှိဘူး (မှန်ပါ့) ရှိကြရဲ့လား (မရှိပါ ဘုရား) ကဲ သဘာပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အကြောင်း ကိုယ်သိအောင် ဒကာ ဒကာမ တွေ စမ်းကြည့်ကြတာပေါ့ (မှန်ပါ့) ဘယ်လို လုပ်ကြမယ် (စမ်းရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုပြီး စမ်းကြည့်ရမယ်

ဖြစ်ပျက်ရှုပြီး စမ်းကြည့်ရမယ် (မှန်ပါ့) ရုပ်ခန္ဓာ ဖြစ်ပျက်ကို တွေ့အောင်ရှုနိုင်ရင်လည်း တိဟိတ်ပဲ၊ ဒီဘဝတွင် ကျွတ်တမ်းဝင်နိုင်တာပဲ (မှန်ပါ့) နာမ်ဖြစ်ပျက်ကို ရှုစမ်းကြည့်လိုက်ပါ၊ သူ့ကိုလည်း တွေ့တာပဲ၊ ဖြစ်တဲ့တရားလေးဟာ မရှိတာ သိလိုက်သားပဲ၊

ဒီလိုသိလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ ဒီဘဝတွင်ပင် ကျွတ်တမ်းဝင်နိုင်တဲ့ အဖြစ်ကို ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာနဲ့ပဲ ပြောနေပါပြီ (မှန်ပါ့)။ ကိုယ့်ခန္ဓာကလည်း ဖြစ်ပျက်ပြတယ်၊ ကိုယ့်ဉာဏ် ကလည်း မြင်ပါတယ်လို့ ပြောနေတော့၊ ဆရာ မမေးပါနဲ့တော့၊ ဘယ်သူ့ထံမှလည်း စုံစမ်း မနေ ပါနဲ့တော့၊ ကိုယ့်အရေးဟာ ပြီးနိုင်တဲ့ အရေးလို့သာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဆုတောင်းနေရုံနဲ့တော့ တာဝန်မခံနိုင်

ဒါဖြင့် ဒီအရေးဟာ သေးသေး ကွေးကွေးလို့ မမှတ်ပါနဲ့ လို့ ပြောလိုက်ပါတယ် (မှန်ပါ့) နိဗ္ဗာန် ရောက်ရပါလို၏လို့ ဆုတောင်း နေရုံနဲ့တော့ ဘုန်းကြီး တာဝန်မခံနိုင်ဘူး (မှန်ပါ့) ဒီလို မြင်လာတယ် ဆိုရင် ရနိုင်ပါလိမ့်မယ်လို့ တာဝန်ခံတယ် (မှန်ပါ့)။

နိဗ္ဗာန်ရ, ရပါလို၏လို့ ဒကာ ဒကာမတွေက ဆုတောင်း ရုံတောင်း နေလို့ရှိရင်ဖြင့် ဘယ်တော့ ဘယ်ကာလမှ ရလိမ့်မယ် လို့ မပြောနိုင်ဘူး (မှန်ပါ့) ပြောနိုင်ပါ့မလား (မပြောနိုင်ပါ ဘုရား)။

ဘုရားဟောထားတာရှိတယ်

ဒီဟာမြင်လို့ရှိရင်တော့ ဒကာ ဒကာမတွေ ဒီဘဝဇာတ် သိမ်းနိုင်တယ်လို့ ပြောနိုင်ပါတယ် (မှန်ပါ့)။

အဲဒီတော့ကို ဘုန်းကြီးကလည်း ဘုရားသခင်ကိုယ် တော်မြတ်ကြီး ဟောတာတွေကို ဥဒယဗ္ဗယ ဉာဏ်သာ ခရီး ပေါက်ရင် နေရာကျပါတယ်လို့ ပြောထားတာ၊ ဓမ္မပဒ ပါဠိတော် မှာ လုံလောက်အောင် အကိုးအကားတွေ၊ ဘုရားက ဟောထား တာရှိတာနဲ့ ဒကာ ဒကာမတွေကို၊ ဪ သူတို့ဟာ ကိုယ့်အတွက်တော့ဖြင့် ဘယ်အချိန် မဆို စဉ်းစားကြမှာပဲ။

ငါသည်ကား လို့ဆိုရင် ဘာများ ဖြစ်မှာပါလိမ့်၊ နိဗ္ဗာန်မှ ရပါ့မလား၊ ဒီလိုသံသယတွေ ရှိနေမှာတွေကို ဘုန်းကြီးက မြင်တဲ့အတွက်၊ အင်း ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်၊ သူများမစစ်ဆေးနဲ့ ဟုတ်ပလား (မှန်ပါ့)။

ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်တော့ ဥပမာမယ် ခင်ဗျား တို့ စဉ်းစားကြည့်ပါ။ လက်မောင်းလေး တစ်ခုကို ဘယ်ဘက် လက်မောင်းကလေး တန်းထားပါ ဒကာ ဒကာမတွေနော် (မှန်ပါ ဘုရား)။

လက်ညှိုးကလေးနဲ့ လက်သည်းကလေးနဲ့ ခြစ်ကြည့် စမ်းပါ၊ စမ်းကြည့်တဲ့ အခါကျတော့ နာတဲ့ နာမ်ဝေဒနာ ကလေး ဟာ ဒကာ ဒကာမတို့ ထိတဲ့ နေရာမှာပေါ်ပြီး ပျောက်ပျောက် သွားတယ်၊ ရွှေ့ထိတဲ့ နေရာမှာ ဆက်ပေါ် နောက်က ပျောက် လိုက်၊ မရှိဘူးလား၊ ရှိသလား (ရှိပါတယ် ဘုရား)။

ဒါတွေသည်ကားလို့ ဆိုလို့ရှိရင် ဘယ်သူပျောက်သွား ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်၊ ဒါကလေး တွေဟာနာတဲ့ နာမ် ကလေးတွေ ပျောက်ပျောက်- ပျောက်ပျောက် သွားတာဟာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

လုပ်ပြီးတော့ ရှုကြည့်စမ်းပါ ဒါကို (မှန်ပါ့) လက်ညှိုး ကလေးနဲ့ လက်မောင်းကို တန်းဆွဲ ကြည့်ပါ၊ ပထမဆွဲတဲ့ နေရာ ကနာပြီး ရှေ့နားဆွဲသွားတော့ သူရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒီနေရာပေါ်ပြီး ဒီနေရာမှာပျက်တယ်

ဪ ဒီနေရာတွင်ပေါ် ဒီနေရာတွင် ပျောက်တယ်။ ရှေ့မလိုက်ဘူး (မှန်ပါ့) လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား) တစ်ခါရွှေ့ဆွဲတဲ့ နေရာကလည်း ရှေ့ကို တိုးပြီး ဆွဲလိုက်ပြန်တော့ ခုနင်က နာတာ ကလေးဟာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အင်း ပျောက်သွားတာပဲ (မှန်ပါ့) ပေါ်တုန်း ကလည်း ဒီနေရာမှာ ပေါ်တယ်၊ ပျောက်တော့ကော (ဒီနေရာ မှာ ပျောက်ပါတယ် ဘုရား)။

ဒါကို မမြင်ဘူးလို့ ဆိုရမှာလား၊ ဟောဒီနေရာမှာ နာတယ်၊ ဒီနေရာမှာ မရှိတော့ဘူး၊ ဒီနေရာမှာ နာပြန်ပြီ၊ ဒီနေရာ မှာ မရှိတော့ဘူး (မှန်ပါ) ဒါ ကိုယ့်ကိုယ်ကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး သကာလ လုပ်ရှုကြည့် တောင်မှပဲ၊ ဖြစ်ပြီး ပျက်နေတယ် ဆိုတာ သေချာပါတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နာမ်ဆိုတာ တွေးလုံးချည်းပဲ

တစ်ခါ၊ ဟာ တပည့်တော် တွေးလုံးနဲ့ပဲ နာမ်ဆိုတာ တွေးလုံးချည်းပဲ မှတ်ရမယ်နော် (မှန်ပါ့) မနောကံ နာမ်ဆိုတာ တွေးလုံးချည်းပဲ ဦးဘတင် (မှန်ပါ)။

အဲဒါကြောင့် အင်း အနံ့ကလေး နံတယ်၊ ဒီအနံ့ကလေး နံတဲ့အခါကျတော့ ဒီဟင်းကလေး စားချင်လိုက်တာ၊ စားချင်လိုက်တာ ဆိုပြီး စားချင်တဲ့စိတ် ကလေးဟာ ပျောက်သွား တယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) သွားတောင်း ဦးမယ်ဆိုတဲ့ စိတ်ကလေး ဟာလည်း တောင်းတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သွားတောင်း ချင်တာကလေးက ဒီနေရာက တောင်းချင် တာ၊ သွားတဲ့အခါကျတော့ သွားစိတ်သာ ရှိတယ်၊ တောင်းစိတ် မရှိဘူး (မှန်ပါ့ ဘုရား) မပျက်ဘူးလား၊ ပျက်သလား (ပျက်ပါတယ် ဘုရား)။

ဖြစ်ပြီးပျက်တာ ရုပ်နာမ်ကပြောတာ

ပေါ်ကော မပေါ်ဘူးလား (ပေါ်ပါတယ်) ပေါ်လည်း ပေါ်တယ် ဆိုတဲ့ အဓိပ္ပာယ်က ကောင်းကောင်း ရှင်းနေတော့၊ ဒကာ ဒကာမတို့ ဒါကလေးတွေကို ခင်ဗျားတို့က၊ ဖြစ်ပြီး ပျက်တယ် ဆိုတဲ့ တရားဟာ ဆရာပြောလား ရုပ်နာမ် ကပဲ ပြောနေသလား (ရုပ်, နာမ်ကပဲ ပြောနေပါတယ် ဘုရား)။ ဒကာ ဒကာမတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်သူက ပြောပါလိမ့် (ရုပ်, နာမ်က ပြောပါတယ် ဘုရား)။

သြော် ရုပ်, နာမ်က ပြောနေတော့ ကိုယ့်ရုပ်, နာမ် လို့ပဲ ဆိုကြမလား၊ ဖြစ်ပျက် ရုပ်နာမ်လို့ပဲ ဆိုကြမလား (ဖြစ်ပျက် ရုပ်, နာမ်ပါ ဘုရား)။

ငါ့ကိုယ်ငါ့ဟာတော့ မဟုတ်ဘူး၊

ဖြစ်ပျက် ရုပ်, နာမ်လို့ သိနေတာက ကိုယ့်ရုပ်, နာမ် မဟုတ်တာတော့ ဘုန်းကြီးက ဖယ်စရာ မလိုပါဘူး (မှန်ပါ့)။

ငါ့ကိုယ်ငါ့ဟာတော့ မဟုတ်တော့ဘူး၊ ဖြစ်ပျက်နေတာတော့ – ဟုတ်တယ်၊ ငါ့ကိုယ်, ငါ့ဟာတော့ (မဟုတ်ပါ ဘုရား)။

ဦးဘတင် သိပ်အဖိုးတန်ပါတယ် (မှန်ပါ့) ဒီတစ်လုံးတည်းပဲ၊ ဒကာ ဒကာမတို့ အများကြီး အဖိုးတန်သွား ပြီ (မှန်ပါ့ ဘုရား)။

ကိုယ့် နာမ်ရုပ်မဟုတ်ဘူး၊ ဘာပါလိမ့် (ဖြစ်ပျက် နာမ်ရုပ်ပါ ဘုရား) အဲ ဖြစ်ပျက် နာမ်ရုပ်ပဲ ဆိုတော့ ဖြစ်ပြီး ပျက်တဲ့ ရုပ်နာမ်ဟာ ပါဠိလိုသုံးရင် အနိစ္စ ရုပ်နာမ်၊ မြန်မာလို ပြောရင် ဖြစ်ပျက်ရုပ်နာမ် (မှန်ပါ့)။

ဪ ဒါဖြင့် ဒီဖြစ်ပျက် ကိုပင်လျှင် ကိုယ်ကိုယ်တိုင် ဉာဏ်ကလေးနဲ့ တွေးပြီး သကာလ ကြည့်လိုက်တဲ့ အခါကျတော့ ဪ ကိုယ်ရုပ်, နာမ် မဟုတ်ကြောင်းကို ရုပ်, နာမ်က ပြောနေပါကလား (မှန်ပါ့)။

ပင်ကိုယ်သဘောက ဖြစ်ပျက်ပါ

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ့် ရုပ်, နာမ်, မဟုတ်ကြောင်းကို ရုပ်-နာမ်ကပဲ ပြောနေ ပါတယ် ဘုရား)။

ကျုပ်တို့ကို ခင်ဗျားတို့က ကိုယ်ပိုင် ပစ္စည်းရယ်လို့ မထင် လိုက်ပါနဲ့၊ ကျုပ်ပင်ကိုယ် သဘောက ဖြစ်ပျက်ပါလို့ ပြောနေ ပါလျက်သားနဲ့၊ ဒကာ ဒကာမတွေက ကြက်ကန်းဆွဲ ဆွဲပြီး ဒါ ငါပဲတော့ မလုပ်ထိုက်ဘူး (မှန်ပါ့) လုပ်ထိုက်ပါ့မလား (မလုပ်ထိုက်ပါ ဘုရား)။

ဖြစ်-ပျက်နေတာ အမှန် ပြောပါလျက်သားနဲ့ ဒါ-ငါပဲ ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့က ငါ စွဲတဲ့ အချိန်မှာ ဟိုမှာ မရှိတော့ဘူး (မှန်ပါ) ခင်ဗျားတို့ ငါစွဲတဲ့ အချိန်မှာ ဖြစ်ပျက် ကလေး ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့်မရှိတုန်း စားချင်တဲ့ ဒကာ ဒကာမတွေ မရှိတာကို ငါ့ဟာလို့ ပြောနေတာလောက်၊ လောကမှာ ရယ်စရာ ကောင်းတာ ဘယ်မှာရှိပါလိမ့်မတုံး (မရှိပါ ဘုရား)။

ဘာပြောနေတာနဲ့ တူသတုံး (မရှိတာကို ငါ့ဟာလို့ ပြောနေတာနဲ့ တူပါတယ်) မရှိတာကို ငါ့ဟာဆိုတော့ ပါးစပ်က ထွက်ကတည်းက အရူးပဲဗျ (မှန်ပါ့)။

မရှိတာကို ငါ့ဟာလို့ ဦးဇံရင်တို့ တွက်ရင် ဘယ့်နှယ် ဆိုပါ့မလဲ (အရူးပါ ဘုရား) ဒီလိုပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

ရုပ်နာမ်က ဘယ်လိုပြောသတုံး

ကဲ ဒါဖြင့် ရုပ်, နာမ်က ဘယ်လိုပြောသတုံးဆိုလို့ ရှိရင် ဘယ်လိုဖြေကြမတုံး (ဖြစ်ပျက်လို့ ပြောပါတယ်) ဖြစ်ပျက် လို့ ပြောနေကတည်းက ခင်ဗျားတို့က ငါ-ဝင်မရှုပ်စေနဲ့တော့ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဖြစ်ပျက်ထဲ ငါ-ဝင်မရှုပ် စေနဲ့ပါ ဘုရား) ငါ ဝင်ရှုပ်လိုက်သည်နဲ့ တစ်ပြိုင်တည်း မရှိတာ ဟာ ငါ့ဟာပဲ ဆိုတာ ထွက်လာလိမ့်မယ် (မှန်ပါ့)။

ဖြစ်ပျက်ထဲမှာ ငါ ရှုပ်လိုက်ရင် (မရှိတာဟာ ငါ ထွက်လာလိမ့်မယ်) ဟာ ဒီလိုတော့ မရူးပါနဲ့ဗျာ (မှန်ပါ့ ဘုရား) ဦးဘအုန်း ရူးလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

မရှိတာ ငါ့ဟာဆိုတဲ့စကားဟာ လောကသုံးစကား တောင် ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ကျန်တာ ငါ့ဟာ ဆိုရင်ဖြင့် လောကမှာ သုံးကြပါသေးတယ် (မှန်ပါ့) မရှိတာ ငါ့ဟာပဲ ဆိုတာတော့ (မသုံးကြပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က လောကသုံးထဲလည်း မဝင်တော့ ဒါဟာ စိတ်မနှံ့တဲ့ ပုဂ္ဂိုလ်၏ အသုံးဖြင့် ဖြစ်ချင်ဖြစ်မယ် (မှန်ပါ့) စိတ်နှံ့တဲ့ ပုဂ္ဂိုလ်ဖြစ်ရင်ဖြင့် ကိုမြရွှေတို့ ဒီအသုံးကို သုံးပါ့မလား (မသုံးပါ ဘုရား)။

“ငါ” အဖြုတ်ခိုင်းတာ

ကိုင်း ဒါဖြင့် မသုံးပါနဲ့ ဆိုတဲ့ စကားကလေးဟာ လည်း ဒကာ ဒကာမတွေက သေးသေး သိမ်သိမ် မမှတ်ပါနဲ့ (မှန်ပါ့) မသုံးပါနဲ့ဆိုတာ ငါ-အဖြုတ် ခိုင်းနေတာ (မှန်ပါ့)။

မသုံးပါနဲ့ဆိုတာဘာတုံး ( အဖြုတ်ခိုင်းနေတာပါ ဘုရား)။

ဘုန်းကြီးက အဖြုတ်ခိုင်းလို့ ဖြုတ်ရတာလို့ မယူလိုက်ပါနဲ့၊ ရုပ်, နာမ်က မင်းတို့ဟာ မဟုတ်ဘူးလို့ ပြောနေလို့ကို ဖြုတ်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်, နာမ်က ဘယ်လို ပြောသတုံး (မင်းတို့ဟာ မဟုတ် ဘူးလို့ ပြောပါတယ် ဘုရား) ဖြစ်ပျက်ပါကွ တဲ့၊ ဖြစ်ပြီး ပျက်တာပဲတဲ့၊ မင်းတို့နဲ့ ဘာမှမဆိုင်လို့ ဖြစ်ချိန် ဖြစ်လိုက်တာပဲ၊ ပျက်ချိန် ပျက်လိုက်တာပဲ၊ မင်းတို့က သူ့သဘောနဲ့ သူဖြစ်ပြီး သူ့သဘောနဲ့သူ ပျက်နေတဲ့ သဘောကလေးကို မင်းတို့က အလကား နေရင်း အရမ်းဆွဲ၊ ကြက်ကန်းဆွဲ၊ လိပ်ကမ်းဆွဲ ဆွဲသလို၊ တဏှာဆွဲ- ဆွဲသလို မင်းတို့က ငါ့ကိုယ်, ငါ့အိမ်, ငါ့ဥစ္စာတော့ လုပ်မနေပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်စရာကော ပါရဲ့လား (မပါ-ပါ ဘုရား) မပါ-ပါဘူး ဒကာ ဒကာမတို့ မပါကြောင်း ဘယ်သူက ပြောသတုံး (ရုပ်နာမ်က ပြောပါတယ် ဘုရား)။

ဒါဖြင့် ရုပ်, နာမ်က ပြောတော့ကို သြော် ငါ့ကိုယ်, ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ကြောင်းလည်း ထင်ရှား လိုက်တာလို့ ဉာဏ်က ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ကြောင်းလည်း ဆုံးဖြတ်ချက် ချရပါမယ်ဘုရား။)

သူ့သဘောနဲ့သူ ဖြစ်ပျက်နေတယ်

ဒါဖြင့် အာရုံ အာရမ္မဏိက သဘောအားဖြင့် ရုပ်နာမ်က တခြား၊ ဉာဏ်က တခြား ဖြစ်မလား မဖြစ်ဘူးလား (ဖြစ်ပါတယ်) ရုပ်နာမ်က သူ့သဘောနဲ့သူ ဖြစ်ပျက်နေတယ်၊ ဉာဏ်ကလည်း သူ့သဘောနဲ့သူ ဖြစ်နေတာ ကလေးကို၊ သြော် ငါ့ဟာ မဟုတ်လည်း သဘော ကလေး ပေါ်လိုက်လို့ ဉာဏ်က ဆုံးဖြတ် ချက်ချနေတာပါ (မှန်ပါ ဘုရား)။

ဤကဲ့သို့ ဉာဏ်က ဆုံးဖြတ်ချက် ချတော့ကို၊ ဘယ် အဓိပ္ပာယ်ကျအောင် ရောက်သွား သတုံး ဆိုရင် ပရတော စတဲ့ တောလေးဆယ်ဟာ တစ်ခါတည်း ရောက်လာတယ် (မှန်ပါ့) ဦးဘတင် ရောက်လာပြီနော် (ရောက်ပါတယ် ဘုရား)

ပရတော- သူစိမ်းပြင်ပြင် ရှုရမှာကိုးဗျ (မှန်ပါ ဘုရား)။

သူစိမ်းပြင်ပြင်ရှုရမှာ

ရုပ်နာမ်တွေ ဖြစ်ပျက်နေတာ၊ သူစိမ်းပြင်ပ သူ့သဘောနဲ့ သူဖြစ်ပြီး သူ့သဘောနဲ့သူ ပျက်နေ တာကို၊ သူစိမ်း ဖြစ်နေတာကိုးလို့ ဆိုတာ မသိရသေးဘူးလား (သိရပါတယ်) ပရတောလို့ ရှုတဲ့ ဉာဏ်ကလေးက၊ ပရတော့ ဒါဟာ သူစိမ်း ပြင်ပကလေးပဲလို့၊ ဉာဏ်ကလေးက ဒီလို အသံထွက်မလာ ပေဘူးလား (ထွက်လာပါတယ် ဘုရား)။

ဒီလို အသံထွက်လာတဲ့ အခါကျတော့ ခုနင်က ငါ့ကိုယ် ငါ့ဟာ ဆိုတဲ့ ဒိဋ္ဌိတွေ, တဏှာတွေ ဘယ့်နှယ် နေသတုံး (ပြုတ် ထွက်သွားပါတယ်) ဒိဋ္ဌိ, တဏှာ ပြုတ်သွားတယ် ဆိုသဖြင့် ဒိဋ္ဌိ တဏှာ ပြုတ်ရင် ဥပါဒါန်ပြုတ်၊ ဥပါဒါန် ပြုတ်ရင်တော့ ကံပြုတ်၊ ဇာတိပြုတ်၊ မရဏပြုတ်၊ မပြုတ်သေးဘူးလား (ပြုတ် ပါတယ်) တယ်လည်း အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

ဘယ်တော့အမြင်မှန်ဖြစ်မှာလဲ

အဲ ခင်ဗျားတို့ ရုပ်နာမ်ကို အမြင်မှန် မြင်အောင် တပည့်တော်တို့ကို ဆုံးဖြတ်ချက် ချပေးစမ်း ပါဦး၊ တပည့်တော်တို့ အမြင်မှန်ဟာ ဘယ်လို အခြေအနေ ရောက်မှ၊ အမြင်မှန်သည် စစ်စစ်ကြီး ဖြစ်ပါသလဲလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီလို ကြည့်ရင်ရမယ် ဒကာ ဒကာမတို့ လေတိုက်နေတဲ့ အခါ သစ်ပင် တွေဟာ မလှုပ်ကြဘူးလား (လှုပ်ပါတယ် ဘုရား)။

ဒီကနေ ကြည့်လိုက် ကိုယ့်အိမ်နဲ့လည်း အဝေးကြီး လေတိုက်လို့ လှုပ်နေတယ် (မှန်ပါ့) သြော် သူ့လေနဲ့ သူ့အရွက်နဲ့ လိုက်ပြီးလှုပ်နေတာကို ခင်ဗျားတို့က မမြင်ပေဘူး လား (မြင်ပါတယ်) လေကလည်း တိုက်တယ်၊ သစ်ရွက် တွေကလည်း လှုပ်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက ကိုယ့်အိမ်နဲ့လည်း အဝေးကြီး ကိုယ့်ရွာနဲ့လည်း အဝေးကြီး ဖြစ်နေတော့ သြော် ဒါဟာ သူ့သဘောနဲ့သူပဲကိုးလို့ သဘော မထားနိုင်ဘူးလား (ထား နိုင်ပါတယ်) ကဲ သူ့သဘောပဲ ထားလိုက်တော့ ကိုယ်နဲ့ မဆိုင်တာက ထင်ရှားတယ် (မှန်ပါ့) မထင်ရှားဘူးလား (ထင်ရှား ပါတယ် ဘုရား)။

ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ မြင်ပါ

ဒီမှာလည်း ရုပ်နာမ်က ဖြစ်ပျက်ပြနေတော့ ခုနင်က လေတိုက်လို့ သစ်ပင် လှုပ်သလို ကိုယ့်ခန္ဓာ ကြည့်ပြီး သြော် ဒါဟာ သူ့သဘောပဲကိုး၊ ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ ဒီအတိုင်း မြင်ကြရမည် (မှန်ပါ့) ဒီအမြင်ဆိုရင် ပရတော ကိုက်ပြီ (မှန်ပါ့) ဒီအမြင်ဆိုရင် ပရတော ကိုက်ပြီ ဒကာ ဒကာမတို့ ပရတော ဆိုတာ သူစိမ်းပြင်ပ မြင်သလို မြင်ရမှာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုမြင်မှာပါလိမ့် (သူစိမ်းပြင်ပမြင်သလို မြင်ရမှာပါ) ဦးခင်မောင် အလုပ်တရား ပြောနေ ရတော့ ခပ်ဖြည်းဖြည်းနဲ့ ထင်လွယ်အောင် ပြောနေရတယ် (မှန်ပါ့) ဒီဥစ္စာက အမြင်မှန် ရောက်အောင် ပြောနေရတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့နဲ့ မိမိနဲ့ အတူတကွ ဒီဉာဏ် ရှေ့မှာ ရောက်လာတဲ့ ရုပ်နာမ်ကို သစ်ပင် လှုပ်တာကို ဘာမှ ကိုယ်က ကြောက်လည်း မကြောက်ဘူး၊ ဝမ်းလည်း မသာဘူး (မှန်ပါ့ ဘုရား)။ သစ်ပင်ဟာ သူ့ဟာသူ လေတိုက်လို့ လှုပ်နေတော့ အနီးမှာ ရှိနေတဲ့ သစ်ပင် လှုပ်နေတော့ ကြောက်ကော ကြောက်သေးရဲ့လား (မကြောက်ပါ) ဝမ်းကာ သာသေးရဲ့လား (မသာပါ ဘုရား)။

ဘယ်လိုဖြစ်သတုံး ဆိုတော့၊ သြော် သူ့ဟာသူ ဖြစ်ပြီး သူ့ဟာသူ လှုပ်နေတာပဲ ဆိုတော့၊ ဒါဟာ သူစိမ်းသဘော ကြည့်တာပဲ မဟုတ်လား (မှန်ပါ့) ကိုယ့်သစ်ပင်ပဲ ဆိုရင်တော့ ကျိုးမှာ စိုးရိမ်တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်သစ်ပင်ကို မဟုတ်ဘူး၊ ခပ်ဝေးဝေးမှာရှိတဲ့ သစ်ပင် တွေကြည့်ရတာ (မှန်ပါ့) ခင်ဗျားတို့ တဏှာကလည်း ဟိုချောင် ကပ် ဒီချောင်ကပ် တော်တော် များတယ်၊ ဒါကို ဖော်ပြောနေတာ (မှန်ပါ့) ဖော်မပြောရင်လည်း မရဘူး (မရပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တဲ့အကြည့်

ကိုယ့်အိမ်ရှေ့က သစ်ပင် လှုပ်နေရင် ကျိုးများ သွားချည် မလား လာချင်လာဦးမှာ (မှန်ပါ့) အခုဟာ မဆိုင်တဲ့ သစ်ပင် လှုပ်နေတဲ့ ဥစ္စာကို ဘာမဆိုင်သလို ဒီကနေကြည့်ရမယ် (မှန်ပါ့) ဟိုသစ်ပင် ကလည်း ကိုယ်နဲ့ဘာဆိုင်သတုံး (မဆိုင်ပါ) ကြည့်တဲ့ ပုဂ္ဂိုလ်ကကော (ဘာမှမဆိုင်ပါ ဘုရား)

သစ်ပင်ကလည်း ဘာမှ မဆိုင်တဲ့သစ်ပင်၊ ကြည့်တဲ့ ပုဂ္ဂိုလ်ကလည်း မျက်လုံးပေါက် ရောက်လို့ ကြည့်လိုက်တာပဲ ရှိတယ် (မှန်ပါ့) ဘာမှ ကြောက်ခြင်း လည်း မရှိဘူး၊ စိုးရိမ်ခြင်းကော (မရှိပါ ဘုရား)။

အဲဒီလို မိမိခန္ဓာမှာ ကြောက်ခြင်း၊ စိုးရိမ်ခြင်း ကင်းပြီး သကာလ သစ်ပင်လှုပ်သလို သူ့ဟာသူ ဖြစ်ပျက်နေတာကို ဒီကနေကြည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်တဲ့ အကြည့်ပဲ (မှန်ပါ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတာ တဏှာပဲ၊ တဏှာနဲ့ ဒိဋ္ဌိ တွဲနေတာပဲ၊ ဦးဘတင်ရေ (မှန်ပါ့) ဒါဖြင့် တဏှာ, ဒိဋ္ဌိပြုတ်တဲ့ အကြည့်ပေါ့ဗျာ (မှန်ပါ့) တဏှာဒိဋ္ဌိ ပြုတ်တော့ ဥပါဒါန်ရော (ပြုတ်ပါတယ် ဘုရား) ကံတွေရော (ပြုတ်ပါတယ်) လာလတ္တံ့ ဇာတိ, ဇရာ, မရဏတွေ (ပြုတ်ပါတယ် ဘုရား)။

ကြည့်တတ်ကြပြီလား

ဪ ဒါသည်ကားလို့ဆိုရင်ဖြင့် သူစိမ်းကြည့် ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ရုပ်နာမ်ပေါ်၌ သူစိမ်း မြင်မြင်တဲ့ အမြင်ဟာ အမြင်မှန်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘာကြောင့်တုံး တဏှာ, ဥပါဒါန်, ကံချုပ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။ ကြည့်တတ်ကြပလား (ကြည့်တတ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ကတော့ နည်းနည်း ကလေး နုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့၊ စောဒကတော့ တက်ချင် တက်မယ်၊ မိမိရုပ်, နာမ်ကို သူစိမ်းကြည့် ကြည့်ရမှာ မလွယ်ဘူး ဘုရာ့လို့ လာချင်လာမယ် (မှန်ပါ့) လာချင်လာမယ် မဟုတ်လား၊

ဪ ဒီမိမိကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့)။

နဂိုက ခင်ဗျားတို့ကို ဒါ မိမိခန္ဓာလို့ သင်ထားတာကိုက အလွဲကြီး လွဲနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒီအထဲများ မိမိတွေ သွားမရှုပ်နဲ့နော် (မှန်ပါ့) ဒီအထဲမှာလည်း မိမိကလည်း နည်းတာမဟုတ်ဘူး၊ ပါနေတာ (မှန်ပါ့)။

ကိုင်း အခုပြောတဲ့ အဓိပ္ပာယ်သည် အတူတကွ မွေးဖွားပြီး သကာလ လာငြား သော်လည်း ကိုယ့်အလို ကိုယ့် အကြိုက် မလိုက်လို့ရှိရင် သူစိမ်းကြီး ဆိုရမှာပဲ (မှန်လှပါ)။

ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်အကြိုက် မလိုက်လို့ရှိရင် သူစိမ်းကြီး ဆိုရမှာပါ ဘုရား)။

ဉာဏ်၏အလိုကို ရုပ်နာမ်က မလိုက်ဘူး

အဲ ဉာဏ်ကလည်း ဒီအထဲမှာပဲ၊ ရုပ်, နာမ်ကလည်း ဒီခန္ဓာပဲ၊ အတူတကွတော့ တွဲစပ်တော့ နေကြတာပဲ၊ သို့သော် လည်း ဉာဏ်၏ အလိုကို ရုပ်,နာမ်က လိုက်ရဲ့လား (မလိုက်ပါ ဘုရား) မလိုက်ဘူး၊ ရုပ်, နာမ်က သူ့သဘောနဲ့ သူနေတယ် (မှန်ပါ့)။

ဉာဏ်ကလည်း သူ့သဘောနဲ့သူနေတာ ကျုပ်ကလည်း ဘယ်လိုမှ မကန့်ကွက်ပါဘူး၊ သူ့သဘော၊ ကိုယ့်သဘော မဟုတ်ဘူးလို့ ကျုပ်လည်း ဆုံးဖြတ်ချက် ချလိုက်တာပါပဲ၊ ဒီလို ဉာဏ်က ဆုံးဖြတ်ချက် ချလို့ရှိရင် ဖြစ်ပျက်နေတာက သူစိမ်း၊ ဒီသူစိမ်းဉာဏ်နဲ့ ကြည့်ရမယ် (မှန်ပါ့)။

ဖြစ်ပျက်နေတာက (သူစိမ်းပါ ဘုရား) သူစိမ်း ဖြစ်နေတာ ဒီကလည်း သူစိမ်းသဘောနဲ့ ကြည့်ပါ၊ သူစိမ်းသဘောနဲ့ ကြည့်လိုက်တဲ့အခါကျတော့ကို ငါ, ငါ့ဥစ္စာလို့ ပါသေးရဲ့ လား (မပါပါ ဘုရား)။

တဏှာဒိဋ္ဌိသေတယ်

ဒါဖြင့် တဏှာဒိဋ္ဌိ မသေဘူးလား (သေပါတယ် ဘုရား) တဏှာဒိဋ္ဌိ သေရင် ဥပါဒါန်က (သေပါတယ်) ဥပါဒါန်သေရင် ကံတွေကော (သေပါတယ်) ကံသေရင် နောက်လာမည့် ဇာတိ, ဇရာ, မရဏတွေ (သေပါတယ် ဘုရား)။

အပါယ်ဇာတိ၊ လူဇာတိ၊ နတ်ဇာတိ အကုန်သေတာပဲ (မှန်ပါ) သြော် ဘယ်လို ကြည့်တတ် လို့ပါလိမ့် (သူစိမ်း ပြင်ပြင် ကြည့်လို့ပါ ဘုရား)။

သူစိမ်းပြင်ပြင် ကြည့်လိုက်တာ ကောင်းတယ် (မှန်ပါ့) ခင်ဗျားတို့က သူစိမ်းကြည့် ကြည့်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ လောက မျက်လုံးနဲ့ ကြည့်လို့ရှိရင်ဖြင့် ကိုယ့်သားသမီး ကြည့်တာပဲ။ သူစိမ်းကြည့် ကြည့်နေတယ် ဆိုတော့ ခွကျမှာပေါ့ ဦးခင်မောင် (မှန်ပါ့)။

ကိုယ့်သားသမီးကို ဒီအဘိုးကြီးနဲ့ ထားခဲ့ရတာ ကလေး တွေဟာ တစ်ခါတည်း လဲသူလဲ ကွဲသူကွဲနဲ့ သူစိမ်းကြည့် ကြည့်နေ တာကိုး (မှန်ပါ့) လောကသုံးက ဒီအတိုင်း ဦးခင်မောင်တို့ အမြည်အတွန် မခံရဘူးလား (ခံရပါတယ် ဘုရား)။

ဟိုကလည်း အေးကွယ် သူစိမ်းလိုတော့ ပစ်ထားတာ မဟုတ်ပါဘူး၊ မမြင်လိုက်လို့ပါ ဆိုတော့လည်း သူကလည်း သူစိမ်း မလုပ်တော့ဘူး (မှန်ပါ့)။

ဟိုကလည်း သူစိမ်းအသံ ထွက်ရဲ့ လား (မထွက်ပါ ဘုရား) တခြားက ပြန်လာတဲ့ ပုဂ္ဂိုလ် လည်း ကလေးတွေ ဘာတွေ ကွဲပြဲနေတာ တွေ့လို့ရှိရင်ဖြင့် ဟိုကစိတ်ဆိုး၊ ဒီကရှိရစ်တဲ့ ပုဂ္ဂိုလ် စောင့်ရှောက်တာက သံယောဇဉ် သဘောနဲ့ စောင့်ရှောက်တာပဲ၊

သို့သော်လည်း ကိုယ်မမြင်လိုက်တော့ သူစိမ်းအဓိပ္ပာယ်ရောက် မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။

အဲဒါတွေ ညီမနှစ်ယောက်ဖြစ်စေ၊ မောင်နှမ နှစ်ယောက် ဖြစ်စေ၊ ပြောကြပြီဆိုမှဖြင့် သူစိမ်းကြည့်၊ သူစိမ်းနေ, နေတဲ့ နေရာဟာ အလွန်ဆိုးတယ်၊ တဏှာဒိဋ္ဌိက ပြောတယ်နော် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခင်ဗျားတို့က အဲဒီလိုအသံသာ ကြားဖူးတယ်၊ အခုနိဗ္ဗာန် ရောက်ချင်လို့ ရှိရင်တော့ သူစိမ်းဖြစ်လို့ သူစိမ်းကြည့် ကြည့်ရ မယ် (မှန်ပါ့)။

နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ဘယ့်နှယ်တဲ့ (သူစိမ်း ကြည့် ကြည့်ရပါမယ်)။

သူစိမ်းကြည့် ကြည့်ရင် နေရာကျပြီ

နှစ်ချက်သုံးတယ် ဒကာ ဒကာမတို့၊ ဒါ ကြပ်ကြပ်သတိ ထားပါ၊ သူစိမ်းဖြစ်လို့ (သူစိမ်းကြည့် ကြည့်ပါတယ် ဘုရား) သူစိမ်းကြည့် ကြည့်လို့ရှိရင်ဖြင့် နေရာကျပြီလို့သာ မှတ်ပေတော့ (မှန်ပါ့)။

သူစိမ်းဖြစ်တော့ သူစိမ်းကြည့်, ကြည့်တယ်ဆိုက တည်းက နဂိုကလည်း သူစိမ်းမို့ သူစိမ်းမှန်း သိသွားတဲ့အသိဟာ သေးသေး သိမ်သိမ် အသိ မဟုတ်ဘူးတဲ့၊ အမှန်သိတဲ့ (မှန်ပါ့) သူစိမ်းဖြစ်နေလို့ သူစိမ်းသိ သိတာနော် (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (သူစိမ်းဖြစ်နေလို့ သူစိမ်း သိ သိတာပါ ဘုရား) အဲဒီအသိဟာ အသိမှန်ပဲ (မှန်ပါ့) နဂိုက သူစိမ်း၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နဂိုက သူစိမ်းဆိုတာက ခင်ဗျားတို့ အေးချင်လို့ အေးတဲ့ ရုပ်လား၊ သူ့သဘောနဲ့သူ အေးတာလား (သူ့သဘောနဲ့သူ အေးတာပါ ဘုရား)။

သူစိမ်းတွေ ဆွေမျိုးလုပ်ပြီး ကြည့်မနေနဲ့

ခင်ဗျားတို့ ပူချင်လို့ ပူတာလား (သူ့သဘောနဲ့သူ ပူတာပါ ဘုရား) ဒါဖြင့် နဂိုက ဘာတုံး (သူစိမ်းပါ ဘုရား) အဲ သူစိမ်းတွေ ဆွေမျိုးလုပ်ပြီး ကြည့်မနေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုကြည့်ရမတုံး (သူစိမ်းကြည့် ကြည့်ရပါမယ် ဘုရား) သူစိမ်းကို သူစိမ်းကြည့် ကြည့်ပေါ့ဗျ ဟုတ်လား (မှန်ပါ့) ခင်ဗျားတို့ အပါယ်ရောက်နေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သူစိမ်းကို ဆွေမျိုး လုပ်ကြည့်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်ရောက်တာ ဘာကြောင့်လဲ

သူစိမ်းတွေကို (ဆွေမျိုး လုပ်နေတာပါ ဘုရား) သူစိမ်းကို ဆွေမျိုးလုပ်နေတဲ့ အတွက် ဒကာ ဒကာမတွေက အပါယ် ရောက်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်ကောင်း မလုပ်ကောင်းလည်း ကြည့်ပါဦး (မလုပ် ကောင်းပါ ဘုရား) ဟာ သူစိမ်းဟာ သူစိမ်းပေါ့၊ ဘာဖြစ်လို့ ဆွေမျိုး လုပ်ချင်ရတာတုံး ခင်ဗျားတို့က (မှန်ပါ့)။

တပည့်တော်တို့ ဆွေမျိုး လုပ်ချင်တာက လူတွေ့ရင် ခင်တတ်တယ်ဘုရာ့၊ ဟာ သွားပါပြီ ဒီကတည်းက ဟင် (မှန်ပါ့) သူစိမ်းကို ဆွေမျိုးလုပ်ပကောဗျ (မှန်ပါ) မလုပ် ဘူးလား (လုပ်ပါတယ် ဘုရား)။

ငရဲကိုဘယ်သူလုပ်ပါလိမ့်မတုံး

လုပ်လို့ရှိရင်ဖြင့် သူစိမ်းကို ခင်ဗျားတို့က ကြံဖန်ပြီး ဆွေမျိုးလုပ်တဲ့ အတွက် ခင်ဗျားတို့က ကြံဖန်လုပ်တဲ့ငရဲ ဖြစ်ရမ္မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ငရဲဟာ ဒကာ ဒကာမတို့ ငရဲအိုးကြီးကြီး၊ ငရဲအိုး သေးသေး ဟုတ်လား (ဟုတ်ပါတယ်) ငရဲမီးများများ၊ ငရဲမီး နည်းနည်း ဆိုတာ ခင်ဗျားတို့ ကြံဖန် လုပ်သလို ဟိုကဖြစ်ရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ငရဲကို ဘယ်သူ လုပ်ပါလိမ့်မတုံး (ကိုယ့်ဟာကိုယ် လုပ်ပါတယ် ဘုရား) ဒီကနေပြီး အမှန်ဉာဏ်မရတဲ့ ပုဂ္ဂိုလ်က လုပ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက လုပ်တာတုံး (အမှန်ဉာဏ်မရတဲ့ ပုဂ္ဂိုလ်က လုပ်တာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ပြောတဲ့ အထဲမှာလည်း ပါသားပဲ၊ သူ့အကြောင်းနဲ့ သူ့အကျိုးကိုး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ငရဲဇာတ်သိမ်း ချင်တော့လည်း၊ ဒီကသိမ်း၊ ငရဲ တည်ဆောက်ချင်လို့ ရှိရင်လည်း ဒီကနေ တည်ဆောက်ရမယ် (မှန်ပါ့) ဒီကနေ တည်ဆောက်လို့ ဖြစ်လို့ရှိရင် ဒီကနေ ဖျက်လည်း ရရမယ် (မှန်ပါ့) ဒီကနေ မဆောက်လည်း (ရပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ငရဲကြောက်တယ်ဆိုပြီး ငရဲတည်ဆောက်တယ်

ဒါဖြင့် ဒကာ ဒကာမတွေက ငရဲကြောက်တယ်ဆိုပြီး ငရဲဆောက် နေလို့ရှိရင်တော့ မဖြစ်ဘူး (မှန်ပါ့) ငရဲတော့ ကြောက်ပြီး ငရဲကို တည်ဆောက် နေလို့ရှိရင်တော့ သွားပြီ (မှန်ပါ့)။

ငရဲကြောက် လို့ရှိရင်- ငရဲ မတည်ဆောက်လို့ ရှိရင်လည်း ပြီးသွားတာပဲ (မှန်ပါ့)။

ဒါဖြင့် ငရဲ ကြောက်စရာလား၊ မိမိတို့၏ အမြင်မှား ကြောက်စရာလား (အမြင်မှား ကြောက်စရာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အမြင်မှန်အောင်လုပ်ပါ

ဒါဖြင့် အမြင်မှန် ရအောင်လုပ်၊ သူစိမ်းကို သူစိမ်းလို့ မြင်အောင်ကြည့် (မှန်ပါ့) သူစိမ်းကို ဘယ်လို ကြည့်ရမယ် (သူစိမ်းလို့ မြင်အောင်ကြည့်ရမယ်) သူစိမ်းအမြင်နဲ့ ကြည့်။

ခက်လိုက်တာဘုရား ဒီဥစ္စာ အခက်ဆုံးပဲဘုရာ့ လို့ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) ဦးဇံရင် ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) မဆိုချင်ရဲဘူးဆိုတော့ ဆိုချင်ရဲထဲကလား (မဟုတ်ပါ ဘုရား)။

ကဲ ဦးဘတင် သူစိမ်းကို သူစိမ်းအမြင်နဲ့ ကြည့်လို့ ရှိရင် ဒါဟာ အမြင်မှန်လား၊ အမြင်မှားလား (အမြင်မှန်ပါ ဘုရား) သူစိမ်းကို ငါ့ကိုယ်, ငါ့ဟာ လုပ်လိုက်ရင်တော့ဖြင့် (အမြင်မှား ပါ ဘုရား)။

မှားသော ပုဂ္ဂိုလ် မှားသော လမ်းကိုသွား (မှန်ပါ့) မှန်တဲ့ ပုဂ္ဂိုလ်ကဖြင့် (မှန်တဲ့လမ်းကို သွားရမယ်) မှန်တဲ့လမ်း နိဗ္ဗာန် (မှန်ပါ့) မှားသောပုဂ္ဂိုလ်ဖြင့် မှားသော အပါယ်လေးပါး (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အမြင်မှန်ကြောင့် နိဗ္ဗာန်သွားရတာ

ဪ ဒါဖြင့် အပါယ်လေးပါး သွားရတာနဲ့ နိဗ္ဗာန် သွားရတာသည် အမြင်မှား အမြင်မှန် နှစ်ခုကြောင့် သွားကြရတာ (မှန်ပါ့) အမြင်မှားကြောင့် အပါယ်သွား၊ အမြင်မှန်ကြောင့် နိဗ္ဗာန်သွား၊ ဒါပဲရှိတာပဲ (မှန်ပါ့ – ဒါပဲရှိပါတယ် ဘုရား) မရှင်း သေးဘူးလားဗျာ (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် အပါယ်သွားတဲ့ ပုဂ္ဂိုလ်တွေ ထောက်ကြည့်လို့ရှိရင်ဖြင့် အမြင်မှားနဲ့ သွားကြလေရဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးဘတင်တို့ ကိုမြရွှေတို့ ဘာနဲ့သွားကြတာတုံး (အမြင် မှားနဲ့ သွားကြတာပါ) အမြင်မှန် ရတဲ့နေ့က စပြီး အပါယ်တံခါး ပိတ်တယ် (မှန်ပါ့) သူစိမ်းကို သူစိမ်းမြင်, မြင်ရင် (အပါယ်တံခါး ပိတ်ပါတယ် ဘုရား)။

ဟုတ်မှ ဟုတ်ရဲ့လားဆိုတော့ သူစိမ်းကို သူစိမ်းမြင်, မြင်တယ်ဆိုကတည်းက ဉာဏ်ပါပြီဗျ၊ ဉာဏ်နဲ့မြင်တာ မဟုတ်လား (မှန်ပါ) ဉာဏ်နဲ့မြင်တော့ ခုနင်က ငါ့ကိုယ်, ငါ့ဟာဆိုတဲ့ စကား လာသေးရဲ့လား (မလာပါ ဘုရား)။

တဏှာမလာမှပဲ ဥပါဒါန်က (မလာပါ ဘုရား) ဥပါဒါန် မလာပဲ ကာယကံ, ဝစီကံ, အပါယ်ချမည့် ကံတွေက ပေါ်သေး သလား (မပေါ်ပါ ဘုရား) မပေါ်လို့ရှိရင် ဇာတိဆိုတဲ့ အပါယ်မှာ ဖြစ်ရမည့် ခန္ဓာကြီး ပေါ်ဦးမလား (မပေါ်ပါ ဘုရား)။

ဪ ဒါဟာ အမြင်မှန်ရတဲ့ ပုဂ္ဂိုလ်ကျပြန်တော့ လည်း ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တယ်၊ အပါယ်လေးပါးလမ်းမဟုတ်တော့ဘူး၊ နိဗ္ဗာန်လမ်းဆိုတာ ထင်ရှားသွားတယ် (မှန်ပါ့)။

အမြင်မှားကြောင့် အပါယ်သွားတယ်

အမြင်မှားနဲ့ ကြည့်လိုက်ပြီ ဆိုမှဖြင့်လည်း အပါယ် လေးပါးသွားတော့တာပဲ၊ ငါ့ကိုယ်, ငါ့ဟာ လုပ်ပြီး မြင်လိုက်ရင် လေ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ။ အမြင်မှန်မ ရသေးသရွေ့ ကာလပတ်လုံး မိမိတို့မှာဖြင့် သြော် အမြင်မှားနဲ့ ကြည့်ပြီး အပါယ်သွားလေရဲ့ (မှန်ပါ့) ဒါ ဘယ်သူ လုပ်လို့ သွားတယ်လို့ ဆိုစရာ မလိုတော့ပါဘူး၊ အမြင်မှားကြောင့် သွားတာ (မှန်ပါ့) အမြင်မှန်ကြောင့် သွားတာက နိဗ္ဗာန်ကိုး (မှန်ပါ့ ဘုရား)။

ဒါဖြင့် အပါယ်သွားကြောင်း အပါယ်လွတ်ကြောင်း နှစ်ကြောင်းဟာ အမြင်မှန်နဲ့ အမြင်မှား ပေါ်မှာ တည်နေတယ် (မှန်ပါ့) ဒုံးလိုက်တော့ ဒါပဲရတယ် (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အင်မတန်ကို ခင်ဗျားတို့ နားလည်ဖို့ ခရေစေ့တွင်းကျ သဘော ဆိုက်အောင် ပြောနေတာ ဦးဘတင် (မှန်လှပါ) ခင်ဗျား တို့မှာ ဒီနှစ်လမ်းပဲရှိတယ်၊ နေရာကျပလား (ကျပါပြီ ဘုရား)။

အတုံးအခဲမြင်ရင် အမြင်မှား

အဲဒီတော့ကို ခုနင်က ဒကာ ဒကာမတွေကို ဘုန်းကြီး စကားချီခဲ့တယ်၊ ဒကာ ဒကာမတို့ အတုံးအခဲမြင်ရင် အမြင်မှားပဲ (မှန်ပါ့)။

ဟိုက အတုံးအခဲ ပုံသဏ္ဍာန်မှ မရှိပဲ၊ ဘယ်ဘက်လက် မောင်းကို ညာဘက်လက်ညှိုးကလေးနဲ့ ကုတ်ကြည့်လိုက်တဲ့ အခါကျတော့ နာတာကလေးဟာလည်း အရှိသား၊ နာတာ၊ ကလေး ပျောက် သွားတာ ကလေးဟာလည်း အဟုတ်သား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါ အတုံးအခဲ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဘယ် ဟုတ်မလဲ ဒကာ ဒကာမတို့ ဒီနေရာနာတယ်၊ ဒီနေရာပျောက် သွားတာပဲ (မှန်ပါ့) နာတုန်းကလေး နာဆဲကလေးလို့ သိရဲ့လား (မသိပါ ဘုရား)။

သိမ်မွေ့မြင်ဆိုတာဘာတုံး

အဲဒီလို ဪ ဒီနေရာပေါ်၊ ဒီနေရာပျောက် တယ်လို့ မြင်ရင် ဒါဟာ အမြင်မှန်ပဲ သိမ်မွေ့တာ မြင်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ့ဒါ သိမ်မွေ့မြင်ဆိုတဲ့ ဥစ္စာသည် ဘာတုံးလို့ မေးတဲ့ အခါကျတော့ ပရတော- သူစိမ်းပြင်ပ မြင်တဲ့အမြင်ဟာ၊ သြော် ဒီအမြင်ပါလားလို့ပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိမ်မွေ့တဲ့အမြင်ကို အရေးကြီးတယ်နော် (မှန်ပါ့ ဘုရား) တကယ်လို့ ကြမ်းကြမ်း တမ်းတမ်း အတုံးအခဲ မြင်နေလို့ရှိရင် ခင်ဗျားတို့ သမထ ဖြစ်သွားမယ် (မှန်ပါ့) သိမ်မွေ့တဲ့ အမြင် မြင်လို့ရှိရင် (ဝိပဿနာ ဖြစ်ပါတယ်) အတုံးအခဲမြင်နေရင် (သမထပါ ဘုရား)။

အဲ သမထဖြစ်သွားတာက ပညတ်အမြင် ဖြစ်နေ တယ် (မှန်ပါ့) သမထ ပညတ်ချည်း မြင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမြင်ကြမ်းသည် သမထ

သြော် – ဒါဖြင့် ဦးခင်မောင်ရေ၊ အမြင်မှန်နဲ့ အမြင်မှား သည် အမြင်သိမ်မွေ့နဲ့ အမြင်ကြမ်းသည် အလွန် ခြားတယ် ဆိုတာကို ကွဲကြပလား (ကွဲပါပြီ ဘုရား)။

အမြင်ကြမ်းဆိုလို့ရှိရင်ဖြင့် သမထ သက်သက် ဘက်လည်း ပြီးသွားတယ်၊ အမြင်နုဆိုလို့ရှိရင် (ဝိပဿနာ ဘက်လည်း ပြီးသွားပါတယ် ဘုရား)။

အမြင်မှားနဲ့အမြင်မှန်

ကောင်းပြီ ဒီအမြင်နှစ်ခုအနက် အမြင်ကြမ်းဟာ သမထ (မှန်ပါ့) အမြင်နုဟာ (ဝိပဿနာပါ ဘုရား) တော်သေး တယ် အမြင်မှားနဲ့ အမြင်မှန် ကျတော့ မရတော့ဘူး၊ ငါ့ကိုယ်, ငါ့ဟာ လုပ်လိုက်တဲ့ အမြင်မှားနဲ့ ကြည့်လိုက်လို့ရှိရင် အပါယ်သွား မယ်၊ အမြင်မှန်နဲ့ ကြည့်လိုက်လို့ရှိရင် (နိဗ္ဗာန်သွားမှာပါ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဦးခင်မောင် သိပ်အဖိုးတန်ပါတယ် (တန်ပါတယ် ဘုရား) ဒီဟာကို မမေ့ကြပါနဲ့ ခင်ဗျားတို့နော် (မှန်ပါ့) ဪ တို့ နားလည်ရေး ရှေးရှုပြီး ဘုန်းကြီးက စကားအမျိုးမျိုး တန်ဆာဆင် ပြီး လှည့်ပတ် ပြောတာ တရား မများဘူး ဆိုတာတော့ မှတ်ထား ရမယ် (မှန်ပါ့)။

တရားအခု ဟောလာတာ ဥပမာမယ်နာရီ ၃ မတ်ရှိ တော့မယ် ဒကာ ဒကာမတို့၊ နာရီ ၃ မတ်သာ ရှိတယ်၊ သိမ်မွေ့တဲ့ အမြင်ကို သူစိမ်းထားပြီး မြင်စေချင်တယ်၊ ဒါပဲ ပါတယ်၊ ဒီတရားပွဲမှာ ဒါပဲပါတယ် (မှန်ပါ့)။

သိမ်မွေ့တဲ့အမြင်ကို (သူစိမ်းထားပြီး မြင်စေချင်ပါတယ် ဘုရား) ဒါကလေး ရှိသေးတယ်၊ နာရီ ၃ မတ်ကြာအောင် ပြောနေတာကို လိုရင်းက ဒါပဲပါသေးတယ် (မှန်ပါ့)။

သို့သော် ဘယ့်နှယ်ကြောင့် ဘုန်းကြီး လျှာရှည်ရသတုံး လို့ မေးလို့ရှိရင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြောင့် ဘုန်းကြီးကဟောရသတုံး

ဘုန်းကြီး လျှာရှည် ရတာသည်ကားလို့ ဆိုရင် ခင်ဗျားတို့ ချေးများလွန်းလို့။ ကိလေသာ အညစ်အကြေး ပေါလွန်းလို့ ကိလေသာတွေက အုပ်စိုးနေလို့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရောက်အောင် မသွင်းနိုင်တာနဲ့ ဟိုက လှည့်သွင်း၊ ဒီကလှည့်သွင်း နဲ့ ကိလေသာထု ထူနေလို့ ရှည်နေရတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိလေသာထု ထူနေလို့ ဒီက ပြောလိုက်တဲ့စကား ဉာဏ်ထဲမှာ မရောက်နိုင်လို့ ဟိုက လှည့်သွင်းရ၊ ဒီက လှည့် သွင်းရနဲ့ ဒါကြောင့် နာရီ ၃မတ် ကြာသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးက နာရီ ၃မတ်ကြာအောင် ဒါကလေး ပြောနေတယ်လို့ မဆိုနဲ့ (မဆိုပါ ဘုရား)။

ဒါတောင် ခင်ဗျားတို့ ဟိုကျတော့ လက်တို့ပြီး မေးချင် မေးနေရဦးမှာ ကိလေသာထု ပြန်ဖုံးသွားလို့ (မှန်ပါ့)။ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီးတော့ ဘယ့်နှယ်တုံး ဟိုဟာကလေး ဘာပြောလိုက်ပါလိမ့် -လာချင် လာဦးမှာ ခင်ဗျား တို့က (မှန်ပါ့)။

သိမ်မွေ့တာကို သူစိမ်းလိုကြည့်

ဪ ဒါကြောင့် သေသေချာချာ နာရီ ၃ မတ် ပြောရတဲ့ ဥစ္စာ ဘယ်နှစ်လုံး ပြီးသွားသတုံး ဆိုတော့ သိမ်မွေ တာကို သူစိမ်းကဲ့သို့ မြင်အောင် ကြည့်နိုင်ရင် ပြီးတာပဲ (မှန်ပါ့)။

သိမ်မွေ့တဲ့ ရုပ်ကလေး၊ သိမ်မွေ့တဲ့ နာမ်ကလေးကို သူစိမ်းအမှတ်ထားပြီး ကြည့်နိုင်ရင် ပြီးရော (မှန်ပါ့) ချုံးလိုက်တော့ ဒါပဲ ရတယ် (မှန်ပါ့)။

သိမ်မွေ့တဲ့ ရုပ်နာမ်ကို မြင်အောင် ကြည့်နိုင်လို့ရှိရင် ဒကာ ဒကာမတို့ ဒီအမြင်ဟာ အမြင်မှန် လို့သာ ဆုံးဖြတ်ချက်ချ။ တိဟိတ်လို့လည်း ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

အမြင်ကတော့ (အမြင်မှန်ပါ) ဒီဘဝ မဂ်ရနိုင်မည့် ပုဂ္ဂိုလ် လို့ကော (ဆိုနိုင်ပါတယ် ဘုရား) အဲ တိဟိတ် ပုဂ္ဂိုလ်မို့ ဒီဘဝ တွင်ပင် ဒုက္ခခပ်သိမ်း ငြိမ်းနိုင်တဲ့ ပုဂ္ဂိုလ်လို့လည်း ဆုံးဖြတ်ချက် ချနိုင်ပါတယ် ဆိုတော့၊ ဒကာ ဒကာမတို့ တရား ဘယ်နှစ်လုံး ဟောလိုက်သတုံး (တစ်လုံးတည်းပါ ဘုရား) တစ်လုံးတည်း ရှိသေးတယ် (မှန်ပါ့)။

သူစိမ်းမြင် မြင်ရင်ပြီးတယ်

တရားတစ်လုံးတည်းပဲ ရှိသေးတယ်နော် (မှန်ပါ့) တစ်လုံးတည်း ပေမယ့်လည်း တစ်လုံးလို့သာ မှတ်သွား လို့လည်း မဖြစ်သေးဘူး၊ ဘယ်လို တစ်လုံးပါလိမ့်မတုံး ဆိုတော့ သိမ်မွေ့ တရားကို သူစိမ်းမြင် မြင်ရင်ပြီးတာပဲ (မှန်ပါ့)။

သိမ်မွေ့တဲ့ ရုပ်နာမ်ကို (သူစိမ်းမြင်, မြင်ရင် ပြီးတာပါပဲ ဘုရား) အဲ သိမ်မွေ့တဲ့ ဖြစ်ပျက် ရုပ်, နာမ်ကို သူစိမ်းမြင်, မြင်ရင်ပြီးတာပါပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဘယ်ခန္ဓာကို ကြည့်ရမှာပါလိမ့် (မိမိခန္ဓာကို ကြည့်ရမှာပါ) အဲဒါ မိမိကြောင့် ခက်နေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မိမိခန္ဓာမဟုတ်ဘူး

ဒါကို မိမိလုပ်ထားလို့ ခက်နေတာ၊ မိမိခန္ဓာမဟုတ်ဘူး၊ သူစိမ်းပြင်ပြင်ကြီးပဲ (မှန်ပါ့)။

ခင်ဗျားတို့ကို တစ်ခါတည်း ဘယ်သူ့ကို ကြည့်ရမှာတုံး မေးတော့ မိမိက ထွက်လာပြီ (မှန်ပါ့) အတော်ဆိုးနေတာ (မှန်ပါ့)။

ဦးဘတင် စကားနှိုက်နေတာ အမေမိဘတွေနဲ့တကွ ရိုးရာက သင်ထားတာကိုက မိမိကိုယ်ကို မိမိစောင့်ရှောက်တဲ့၊ ဒါကလေးက တစ်ခါတည်း စူးနေတာပဲ (စူးနေပါတယ် ဘုရား)။

မိမိကိုယ်ကို နင်က ထီးမှ မထမ်းချင်ဘူး၊ ဖိနပ်မှ မစီး ချင်ဘူး၊ မိမိကိုယ်မှာ မိမိက နာမှန်း ကျင်မှန်းမသိဘူး၊ တစ်ခါ တည်း မိမိတွေထိုးပြီး သင်ထားတာကိုး (မှန်ပါ့) တစ်ခါတည်း ကလေးက ဒါဟာမိမိပဲမလာဘူးလား (လာပါတယ် ဘုရား)။

ဒီရုပ်နာမ်ဟာ မိမိပဲ တော်တော်နဲ့ ဖျက်လို့ (မရပါ ဘုရား) ခုပြောတာ ဘာလုပ်နေတာတုံး၊ အဲဒါဖျက်နေတာ (မှန်ပါ)။

အဲဒါဖျက်တဲ့အထဲက ဒီအထဲမှာ မိမိလုပ်လိုက်ချင်သေး တယ်မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ရုပ်နာမ်ကိုကြည့်ရမှာ

ဘယ်သူ့ ကြည့်ရမှာတုံး ဆိုတော့ ဘယ့်နှယ်ဖြေကြမတုံး (မိမိကိုယ်ကိုကြည့်ရမှာပါ) ဘယ်ဟုတ် ရမတုံးဗျ၊ ရုပ်, နာမ်ကို ကြည့်ရမှာ (မှန်ပါ) ရုပ် နာမ်ကို မိမိလုပ်နေလို့ ခက်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြည့်ရမှာတုံး (ရုပ်, နာမ်ကိုကြည့်ရမှာပါ ဘုရား)။

အဲ အခု သေသေချာချာ မေးတော့ မိမိလုပ်ထား တာလည်း တစ်ကြောင်း၊ ခင်ဗျားတို့ နှုတ်တက် နေတာလည်း တစ်ကြောင်း ဖြစ်နေတော့ ဦးဘတင် မခက်ဘူးလားဗျ (မှန်ပါ တယ် ဘုရား) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

ဒီက ရှေ့ကိုဘာကြည့်ကြမယ် (ရုပ်, နာမ်ကြည့်ကြပါ မယ် ဘုရား) ဘယ်သူ့ရှိတဲ့ ရုပ်, နာမ်တုံး လာလိမ့်ဦးမယ် ခင်ဗျား တို့၊ အတော် ဆိုးနေတာဗျ (မှန်ပါ) ဒါက အပြောဟာ အပြောပဲ လို့ မထားဘူး၊ တကယ်တမ်းလည်း ထင်တတ်တယ် (မှန်ပါ)။

အပြောဟာ အပြောပဲလို့ ထားကြရဲ့လား (မထားပါ) ဘယ့်နှယ်ထင်သတုံး (တကယ်တမ်း ထင်ပါတယ် ဘုရား) တကယ်တမ်း မိမိထင်တယ်၊ မိမိထင်ရင် မချိအောင်နာတယ်၊ ဟော တကယ်တမ်း မိမိထင်နေတယ် (မှန်ပါ့)။

မိမိတော့ လာမထိလာနဲ့ ဟုတ်လား၊ မိမိကိုယ်တော့ ဖြင့် မျက်စောင်း ထိုးတာတောင် မခံနိုင်ဘူး (မှန်ပါ့) တယ်လည်း ရဲတင်းပါလား (ရဲတင်းပါတယ် ဘုရား) အတော်စွဲသွားပါလား (စွဲပါတယ် ဘုရား)။

အဲဒီတော့ ငယ်မှတ်က နာနေတယ်၊ မနာဘူးလား (နာ နေပါတယ် ဘုရား) အမှန် နာနေတာလား၊ အမှားနာနေတာ လား (အမှားနာနေပါတယ် ဘုရား)။

ဪ ဒါကြောင့် တရားရှည်သွားတာ ဒကာ ဒကာမတို့ အမှားနာနေလို့ (မှန်ပါ)။

တရားနာရီ ၃-မတ်ဟောတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (အမှားနာနေလို့ပါ ဘုရား) ဦးဘတင် ကျုပ်ရှည်တာလား၊ အမှား နာနေတာလား (အမှားနာနေတာပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နောက်တစ်နာရီဟောလည်း ဒီအမှားက ပျောက်မှ ပျောက်ပါ့မလား ကျနေတယ် ဒကာ ဒကာမတို့ (မှန်ပါ)။

ကဲ အခုတော်တော် နားလည်ပလား (နားလည် ပါပြီ ဘုရား) တရား အကျဉ်းချုံးလိုက်တော့ သိမ်မွေ့တဲ့ ရုပ်, နာမ် ဖြစ်ပျက်ကို သူစိမ်းမြင် မြင်ရင် ပြီးတာပဲ (မှန်ပါ) ဒါပဲဟော သေးတယ် (မှန်ပါ)။

ထွက်ရပ်လမ်းပေါက်နိုင်တယ်

သိမ်မွေ့တဲ့ ရုပ်, နာမ်ဖြစ်ပျက်ကို သူစိမ်းမြင် မြင်လို့ ရှိရင်ဖြင့် ဒီဘဝ တိဟိတ်ဟုတ်၏၊ ထွက်ရပ် လမ်းလည်း ပေါက် နိုင်တယ်ဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။

ဒါကလည်း မနည်း ထုတ်ရတာဗျ၊ ခင်ဗျားတို့က ကြည့် ပါဆိုရင် အတုံးကြီး တွေ့ချင် တွေ့နေဦးမယ်၊ ဒါကြောင့် သိမ်မွေ့ တဲ့ ရုပ်နာမ် ဖြစ်ပျက်ကို သူစိမ်းအမြင်နဲ့ မြင်အောင်ကြည့်ပါ။ ကြည့်လိုက်လို့ရှိရင် ပရတော ဖြစ်သွားတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ပရတော သူစိမ်းမြင်အားဖြင့် မြင်တာတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ဟိုဟာဖြင့် ငါ့မောင်နဲ့ တူလိုက်တာ လာပြီ သူစိမ်းမြင်ကို မမြင်ဘူး (မှန်ပါ) မျက်လုံးသာ မတူတာ မျက်နှာထား ကတော့ ဟန်ပန်ကတော့ သိပ်တူတာ၊ သူစိမ်းကို မပါဘူး၊ ပါသေးရဲ့ လား (မပါပါ ဘုရား)။

ဒါ တို့အရပ်သူနဲ့ တူလိုက်တာ၊ ဒါက တို့အရပ်သားနဲ့ တူလိုက်တာနဲ့ တို့ချည်းပဲ (မှန်ပါ့) သူစိမ်းကို ပါသေးရဲ့ လား (မပါပါ ဘုရား)။

ဪ ခင်ဗျားတို့ဟာ ကမ္ဘာကြီးမှာ ဗြဟ္မာကြီး ရှစ်ယောက်က မွေးတာ အမျိုးချည်း ဖြစ်နေတာကိုး ဆိုတဲ့အယူ မျိုးဖြစ်နေပါပြီ (မှန်ပါ့) ဆွေမျိုးစပ်များ ခင်ဗျားတို့ ပထမတန်း ပဲနော် (မှန်ပါ)။

သူတို့နဲ့ ကျုပ်နဲ့ ဝေးဝေးနေလို့ သွေးသိပ်မကင်း သေးဘူး လာသေးတာကိုး (မှန်ပါ့)၊ ဝေးတာလည်း လှမ်းဆက်လိုက် တာပဲ (မှန်ပါ)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဒီဥစ္စာ အဘိုးအဘွား တွေက မပြောခဲ့လို့သာ အရင်းကြီး ရှိသေးတယ် ပြောချင်ပြောနေတာ (မှန်ပါ့)၊ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)၊ သူစိမ်းကို ပါသေးရဲ့ လား (မပါပါ ဘုရား)။

ဘုရားကလည်း သူစိမ်း ဖြစ်စေချင်တယ်

ကဲ ဒကာ ဒကာမတွေကလည်း သူစိမ်းကိုမပါဘူး။ ဘုရားကလည်း သူစိမ်းဖြစ်စေချင်၊ ဘယ့်နှယ်နေကြတုံး (ကန့်လန့်ကြီးပါ)၊ ဘယ်သူက ကန့်လန့် လုပ်တာတုံး (တပည့်တော် တို့ကပါ ဘုရား)၊ ဘယ်သူ့ကို ကန့်လန့်လုပ်တာတုံး (ဘုရားကို ကန့်လန့်လုပ်တာပါ ဘုရား)။

ခင်ဗျားတို့က မပြိုင်သင့်တဲ့ ပုဂ္ဂိုလ်ကြီး ပြိုင်တာကိုးဗျ (မှန်ပါ)၊ မြတ်စွာဘုရားဟာ အတု မရှိပါဘူး ဆိုတာတောင် ခင်ဗျားတို့က လျှောက်ပြီး တုနေတော့၊ ဘုရားက ရောင်ခြည်တော် လွှတ်တယ် ဆိုရင် ခင်ဗျားတို့က မီးပုံးပျံ လွှတ်မယ်ထဲက ဖြစ်နေတာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီတရားမှာ သေသေချာချာ ခင်ဗျားတို့ ရုပ်နာမ်ဖြစ်ပျက်ကို ဘေးအမြင်နဲ့ မြင်လို့ရှိရင် ကိစ္စ ပြီးပါတယ် (မှန်ပါ ဘုရား)။

ရုပ်နာမ်ဖြစ်ပျက်ကို ဘေးအမြင်နဲ့မြင်ပါ

ဆိုကြစမ်းပါ ဘာတဲ့တုံး (ရုပ်နာမ်ဖြစ်ပျက်ကို ဘေး အမြင်နဲ့မြင်ရင် ပြီးပါတယ်)၊ ကိစ္စပြီး နိုင်တယ်၊ ပြီး မပြီး ခင်ဗျားတို့ ချိန်တတ်ပလား (ချိန်တတ်ပါပြီ)၊ သူစိမ်းဆိုတော့ ခင်တာ လည်း မပါဘူး၊ စွဲလန်းတာကော (မပါပါ ဘုရား)။

သူ့အတွက် အားထုတ် ချင်တာတွေရော (မပါပါ ဘုရား)၊ ဟော တဏှာရော, ဥပါဒါန်ရော အားထုတ်ချင်တဲ့ ကံရော အကုန်သေသွားပြီ (မှန်ပါ)၊ မသေဘူးလား (သေပါတယ်)၊ သူစိမ်းမြင် မြင်တော့ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် (မှန်ပါ့)။

ဆွေမျိုးစပ်နေလို့ ရှိရင်တော့ဖြင့် တဏှာ, ဥပါဒါန်, ကံလာ တော့မယ်၊ တဏှာက လာမယ်၊ ဥပါဒါန်က နောက်ကို လာပါဦး၊ လည်ပါဦး၊ ဆွေမျိုးတွေ ပြတ်ကုန်လိမ့်မယ်၊ ဒီဥပါဒါန်ကလည်း ပါနေတာ (မှန်ပါ့ ဘုရား)။

ဘာကလေး ယူသွားပါဦးတဲ့ ကာယကံကလည်း ဘာ ကလေး စားသွားပါဦး ဆိုတော့ ဝစီကံရော (ပါပါတယ်)၊ ဟော တဏှာ, ဥပါဒါန်, ကံတွေက မဆက်ဘူးလား (ဆက်ပါတယ်)၊ ဘယ်လောက်များ ဆိုးရွားသွားသတုံး (ဆိုးရွားပါတယ် ဘုရား)။

ဒီလိုမှ မဟုတ်လို့ရှိရင်လည်း လူ့ဝတ်က မကျေဘူးဘုရာ့၊ အင်း ခင်ဗျားတို့က လာဦးမှာက ရှိသေးတယ် (မှန်ပါ)၊ ဒီလို မလုပ်ရင်ဘာတဲ့ (လူ့ဝတ် မကျေပါ ဘုရား)၊ ခင်ဗျားတို့ က ဝဋ်ကြိုက် နေတာကို သဘောကျပလား (မှန်ပါ ဘုရား)။

ဘာကြိုက်နေသတုံး (လူ့ဝတ်ကြိုက်နေပါတယ် ဘုရား)၊ လူဆိုတာ ဝဋ်ကောင်၊ ဒီဝဋ်ကောင်မှ မထွက်ချင်ဘူး ပြောတာပေါ့ (မှန်ပါ)၊ ဦးဘတင် သူ့အပြောပဲ သူပါမနေဘူး လား (ပါနေပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှင်မောဂ္ဂလာန်က ဟောတာ

ကိုင်း ဒါ ဘယ်သူဟောတာတုံး ဒကာ ဒကာမ တို့ သက်သေ သာဓက လုံလောက်အောင် ပြောစမ်းပါ (ရှင်မောဂ္ဂလာန် ဟောတာပါ)၊ မနေ့က တရားပေါ်မှာ ဒါ ဆင်း လာတယ်၊ ရှင်မောဂ္ဂလာန် ဟောတာ ရုပ်နာမ်ဖြစ်ပျက်ကို၊ သူစိမ်း အမြင်နဲ့ မြင်အောင်ကြည့်နိုင်လို့ရှိရင် ကိစ္စပြီး ပါတယ်လို့၊ ရှင်မောဂ္ဂလာန် လက်ဝဲရံ အဂ္ဂသာဝကကြီးမို့ တိုတိုနဲ့ မိတဲ့တရားပဲ (မှန်ပါ့)၊ မမိဘူးလားကိုင်း (မိပါတယ် ဘုရား)။

ရှင်မောဂ္ဂလာန်ဟာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့် – လာရတာ (မှန်ပါ)၊ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဆိုတာနည်း သလားဗျာ (မနည်းပါ ဘုရား)၊ ဪ ဒီလို ဟောနိုင်အောင် တော်တော် ခဲခဲယဉ်းယဉ်း ကျင့်တော်မူခဲ့ပါကလား ဆိုတာ ခင်ဗျားတို့ သိကြပါပြီ (မှန်ပါ ဘုရား)။

သူကျင့်ခဲ့ရတာ ဘယ်လောက်တဲ့ (တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါ ဘုရား)၊ ဒါမှ သူသည် အဂ္ဂသာဝကကြီး ဖြစ်ပြီး အဂ္ဂသာဝက ပညာကြီးနဲ့ ဟောနိုင်တာ (မှန်ပါ)၊ အဲ့ဒါကို ခင်ဗျားတို့က အခု ဘာကြာသေးသလဲ၊ နာရီမှ တစ်နာရီတောင် မပြည့်သေးပါဘူး၊ ခင်ဗျားတို့ ဒီနားထိုင်ပြီး နာတာနဲ့ ဒီအကြောင်း ကိုသိရတာပါ (မှန်ပါ့)၊ မရဘူးလား (ရပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အလွယ်နဲ့ ရရင် အလွယ်တော့ သုံးပစ်တတ်တယ်နော်၊ မဟုတ်ဘူးလား (မှန်ပါ)၊ ငွေများ အလွယ်နဲ့ ရတဲ့ ပုဂ္ဂိုလ်ကျတော့ (အလွယ်နဲ့ သုံးတတ်ပါတယ် ဘုရား)၊ အင်း ဒီမှာလည်း အလွယ်နဲ့ ရရင်တော့ ဖြုန်းပစ် မယ်ထင်တယ် (မဖြုန်းပါ ဘုရား)၊ အလွယ်ရတော့ ဖြုန်းပစ် တယ်ဆိုရင် တော်တော်ကြာ လက်ထဲရှိမှာမဟုတ်ဘူး။ ဒီငွေ မဟုတ်ဘူးလား (မှန်ပါ့)။

အလွယ်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ လက်ထဲမှာ ငွေရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ ဒီမှာလည်း အလွယ်နဲ့ရတော့ နက်ဖြန် ကျတော့ ဒီဥစ္စာရှိမှ ရှိပါဦးမလား (ရှိပါတယ် ဘုရား)၊ မေးရသေးတယ်၊ ခင်ဗျားတို့ကို လွယ်လွယ်နဲ့ရတော့ ဖြုန်းပစ်မှာ စိုးလို့ (မှန်ပါ ဘုရား)။

အဖိုးတန်လွန်းလို့ပြောတာ

တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လို့ ရခဲ့တဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး ကတော့ မပျောက်ဘူး၊ ခက်ခဲစွာ ကျင့်ကြံခဲ့ရတာမို့ ဆုပ်ကိုင်ထားတာပဲ (မှန်ပါ့)၊ ကိုယ်တော် မြတ်ကြီး ဟောတဲ့ တရားကို ခင်ဗျားတို့ ကြားနာရတော့၊ ခင်ဗျား တို့မှာကော တစ်နာရီလောက်နဲ့ သိရတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ လွယ်ပါတယ်ကွာ ဆိုပြီးလုပ်တော့ မပစ်ကြနဲ့ ဟုတ်ပလား (မှန်ပါ)၊ ဒါ ဆီလျော်အောင် ပြောတာလား၊ အဖိုးတန်လွန်း လို့ပြောတာလား (အဖိုးတန်လွန်းလို့ ပြောတာပါ ဘုရား)။

ဖြစ်ပျက်ရုပ်နာမ်ကို တစိမ်းအမြင်နဲ့ကြည့်

ဒါဖြင့် ပြန်ပြောကြစမ်းပါဦး၊ ဘယ်လိုမြင်ရမှာတုံးတဲ့ (ရုပ်နာမ်ဖြစ်ပျက်ကို သူစိမ်း အမြင်နဲ့ မြင်အောင် ကြည့်ရပါမယ်) အဲ- ဖြစ်ပျက် ရုပ်နာမ်ကို သူစိမ်းအမြင်နဲ့ မြင်အောင် ကြည့်နိုင်ရင် ကိစ္စ ပြီးတယ် (မှန်ပါ ဘုရား)။

ကဲ ဒါကလေးတော့ဖြင့် ဦးစံရင်တို့ ဖျောက်ပစ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)၊ တစ်သင်္ချေနဲ့ ကမ္ဘာတစ် သိန်း ပါရမီဖြည့်ခဲ့ရတဲ့ ကိုယ်တော်ကြီးလည်း ငဲ့ကြပါဦး၊ ခင်ဗျား တို့ ငဲ့ကြစေချင် တာက ကျေးဇူးတော်ရှင်ပဲ ဆိုတာကိုသာ အောက်မေ့ပြီး၊ သူဟောတဲ့ တရားကို လိုက်နာ ကျင့်ကြံ စေချင် တာပါ။ ကိုယ်တော်ကြီး ကတော့ ဒုက္ခ သိမ်းသွားပါပြီ။ သူ့ဆီ မေတ္တာပို့လို့လည်း မရောက်ပါဘူး။ ခန္ဓာပဉ္စက အထည်မှ မရှိ တော့ကိုး (မှန်ပါ့)၊ ကျေးဇူး တော်ရှင်ပဲလို့ သိရင်ပဲ ဘုန်းကြီးက ကျေနပ်ပါပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံခဲ့လို့ ဒီလို – တရားမျိုး ဟောနိုင်တာ ဆိုတော့ ဒီတရားဟာ ခင်ဗျားတို့ ဉာဏ်ထဲ မှာ မပျောက်အောင် ရှုလည်းရှုရမယ်၊ မေ့လည်း မမေ့ရအောင် နေရမည့်တရား၊ ကိုယ့်အရေး ကိုယ်လုပ်တာ ဖြစ်လေသောကြောင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပေါ့ပေါ့ဆဆ မလုပ် သင့်ဘူး (မှန်ပါ့)၊ လုပ်သင့်ရဲ့လား (မလုပ်သင့်ပါ ဘုရား)။

ပေါ့ပေါ့ကလေး လုပ်မယ် ကြံလို့ရှိရင် တစ်သင်္ချေနဲ့ကမ္ဘာ တစ်သိန်း ကိုယ်တော်ကြီးကိုလည်း ခင်ဗျားတို့ တစ်ခါတည်း မျက်နှာလွှဲတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)၊ ကိုယ့် အတွက် မသနား တာနဲ့ကော (တူပါတယ် ဘုရား)။

ဒါဖြင့် ကိုယ်တော်မြတ်ကြီးလည်း မကြည်ညိုဘူး၊ ငါလည်း ပေါ့လျော့ နေတော့မယ် ဆိုလို့ရှိရင် ကောင်းပါဦးမလား (မကောင်းပါ ဘုရား)။

ဒါကြောင့် ဒီမကောင်းလုံး နှစ်လုံးကိုတော့ ဖြုတ်ကြပါ (မှန်ပါ့) ကိုယ်တော် မြတ်ကြီးကိုလည်း ကျေးဇူးဆပ်ရာ ရောက်အောင်၊ ကိုယ့်ကိုယ်လည်း သနားရာ ရောက်အောင်၊ ဘယ်လို ကျင့်ကြမတုံး ခင်ဗျားတို့ (ရုပ်, နာမ် ဖြစ်ပျက်ကို သူစိမ်း အမြင် မြင်အောင်ကြည့်ရပါ့မယ် ဘုရား)။

အဲဒါကလေးကို မှတ်မိအောင်လို့ မနည်းထပ်မေး နေရတာ ခင်ဗျားတို့ကို (မှန်ပါ) တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တဲ့ ကိုယ်တော်ကြီးကို သပိတ်မှောက် ကြမလားလို့ ထပ်မေးရသေးတယ်၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

အဲဒီ ဂါထာကလေးဟာ ဒီလိုလာတယ်။

“နယိဒံ သိထိလမာရဗ္ဘ နယိဒံ အပ္ပေန ထာမသာ၊

နိဗ္ဗာန မဓိဂန္တဗ္ဗံ၊ သဗ္ဗဂန္တပ မောစနံ။ (မဟာမောဂ္ဂလာနတ္ထရ ဂါထာအမှတ် ၁၁၇၄)

သုခုမံ တေ ပဋိ ဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုနာ ယထာ၊

ယေ ပဉ္စက္ခန္ဓေ ပဿန္တိ၊ ပရတော နောစ အတ္တတော၊” (မဟာမောဂ္ဂလာနတ္တရ ဂါထာ ၃၆၂)။

(ဂါထာအမှတ် ၁၁၆၉)

* ထေရဂါထာပါဠိတော် မဟာမောဂ္ဂလာနတ္ထရဂါထာ၊ စာမျက်နှာ (၃၉၂)။

ဒီပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက်တယ်

ယေ = အကြင်ပုဂ္ဂိုလ်တို့သည်၊ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါး ရုပ်, နာမ်တရား၌၊ ပရတော- သူစိမ်း ပြင်ပအားဖြင့်။ ပဿန္တိ- မြင်ကြကုန်၏။ အတ္တတော – ကိုယ်ပိုင် အတ္တအားဖြင့်။ နော ပဿန္တိ- မမြင်ကုန်။ ဒီလို သူစိမ်းပြင်ပြင် မြင်လာအောင် ကြည့်ရမှာတဲ့ (မှန်ပါ့)။

ဒီလိုပုဂ္ဂိုလ်တွေဟာ ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်တယ်။ ရုပ်နာမ်၊ ဖြစ်ပျက်ကို သူစိမ်းအမြင်နဲ့ မြင်အောင်သာ ကြည့်နေ ကြမယ်ဆိုရင် နိဗ္ဗာန် ရောက်ပါတယ်တဲ့ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အခု ငါ့ကိုမထိနဲ့ ဆိုတာက သူစိမ်းကို ငါလုပ်ထားတာ (မှန်ပါ့) အမွေးတစ်ပင် ထိတောင် မခံဘူး တဲ့၊ ဟော အမွေးကလေး တစ်ပင်ကစ, ပြီး သူ့ဟာချည်းပဲ (မှန်ပါ့) ဘာများ ကျန်သေးသတုံး (ဘာမှမကျန်ပါ ဘုရား)။

ဘာမှ မကျန်တော့ဘူးဒကာ ဒကာမတို့ ခြေသည်း ကလေး လာထိရင်လည်း ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား) ငါ့ဟာကိုတော့ ကိုက်ပစ်ချင် ကိုက်ပစ်မှာပါ (မှန်ပါ့) သူများ လာထိရင်တော့ (မကြိုက်ပါ) မကြိုက်ဘူး ဆိုတဲ့ဥစ္စာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့သည် အင်မတန် ဆိုးဝါးတဲ့ အယူကြီးကို ယူထားတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အဲဒီလို မြင်တဲ့ ပုဂ္ဂိုလ်ဟာဖြင့်ကွာ တဲ့၊ သားမြီးဖျား ကလေးကို ဥပမာမယ် – ကြက်တောင် ကလေး တစ်ခုကို အမျှင်ကလေး ယူပြီး စိပ်နိုင် သလောက် စိပ်လိုက်လို့ ရှိရင် ဘာကျန်ဦးမလဲ (သေးသေး မှုန်မှုန်ကလေး ကျန်ပါမယ်) အဲ့ဒါကလေးကို အဝေးက နေပြီး လေးနဲ့ ပစ်မယ် ဆိုရင် မှန်အောင် ပစ်နိုင်ပါ့မလား (မလွယ်ပါ ဘုရား) ဟိုက သေးငယ် နေတယ် (မှန်ပါ့) သေးငယ်နေတော့ ဦးခင်မောင်ရေ မလွယ်ဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

အနတ္တဉာဏ်အစစ်ရတယ်

အဲဒါ မှန်အောင် မပစ်နိုင်သလိုပဲ တဲ့၊ မိမိ ရုပ်နာမ် ဖြစ်ပျက်ကို သူစိမ်းပြင်ပလို့ မြင်ပြီ ဆိုမှဖြင့်၊ ဪ ဒါဟာ သူ့သဘောနဲ့သူ ဖြစ်နေတာ သူစိမ်း သဘောအတိုင်း ဖြစ်ချင်သလို ဖြစ်နေတာကိုး လို့ ခင်ဗျားတို့ မြင်လို့ ရှိရင်ဖြင့်၊ အဲဒါ သားမြီးဖျား မှန်တာပဲ (မှန်ပါ့) အနတ္တဉာဏ် အစစ် ရသွားရတာ ပဲတဲ့ (မှန်ပါ့)။

ဘာရသွားသတုံး (အနတ္တဉာဏ် အစစ်ရသွားတာ ပါ ဘုရား) သြော် တော်တော် အဖိုးတန် ပါကလား ဒကာ ဒကာမတို့ (တန်ပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့တရားသည် ဒကာ ဒကာမတို့ အလုပ်စခန်း သက်သက်ကိုပြောတာ မာဂဏ္ဍီတောင် မဆက်ရသေးဘူး မာဂဏ္ဍီ ကျန်နေသေးတယ် ဦးခင်မောင် (မှန်ပါ့)။

ယထာဘူတဉာဏ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားသိမ်းတော့ မှာမို့ ခင်ဗျားတို့ ဘယ်အမြင်သည် အမြင်မှန် ပါလိမ့် (ရုပ်နာမ် ဖြစ်ပျက်ကို သူစိမ်းမြင်, မြင်အောင်ကြည့်ရင် အမြင်မှန်ပါ ဘုရား) သူစိမ်းမြင် အမြင်မှန် ရလို့ရှိရင်ဖြင့် ဒါဟာ ယထာဘူတဉာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော်လည်း ဝိပါကဝဋ်ကောင် ဖြစ်နေတော့၊ ဒကာ ဒကာမတွေက ဒါကို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း လည်း၊ သူ့ဟာ သူ ဒုက္ခရောက်နေတဲ့ ရုပ်ရော နာမ်ရော ပျောက်သွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရုပ်နာမ်ပျောက်တော့ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

မဂ်ဉာဏ်ဖြစ်တယ်

ဒါဖြင့် သူစိမ်း မြင်အောင်ကြည့်၊ သူစိမ်း မုန်းအောင်ကြည့် သူစိမ်းနဲ့ လုံးဝ မပေါင်း ချင်တဲ့စိတ် ပေါ်အောင်ကြည့်၊ ကြည့်လိုက် ရင် ဒါဟာ မဂ်ဉာဏ် ဖြစ်တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။