164

မေတ္တာပို့ရင် ရှင်းရှင်းလင်းလင်းပို့ပါ

အသံဖိုင်ခေါင်းစဉ်= မေတ္တာလိုလိုနှင့်ရာဂစိတ်ဝင်လာတတ်ပုံ

စာအုပ်ခေါင်းစဉ်= မေတ္တာပို့ရင် ရှင်းရှင်းလင်းလင်းပို့ပါ

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

မေတ္တာပို့ရင် ရှင်းရှင်းလင်းလင်းပို့ပါ

ဟောကြားသည့်နေ့

(၉-၁-၅၉)

ဝဉ္စန တရားဆိုတာ ကောက်ကျစ်တဲ့ တရားလို့ မှတ်ထားပါ။ ဝဉ္စန တရားဆိုတာ ဘာတုံး (ကောက်ကျစ်တဲ့ တရားပါ ဘုရား)။ ကောက်ကျစ်တဲ့တရားလို့ မှတ်ထားရမယ်။ ကောက်ကျစ်တာက သူများကို မဟုတ်ဘူး။ ကိုယ့်အလုပ်ထဲမှာ ကိုယ်ကောက်ကျစ်တာကို မသိတာလို့ မှတ်ထားရမယ်။

ကိုယ်လုပ်နေတဲ့အလုပ်ပဲ ကောင်းတယ်လို့ ထင်တာပဲ။ ကောင်းတယ်လို့ထင်တဲ့ တရားကို ပင်လျှင် သူက ကောက်ကျစ်ပြီး သကာလ ကောက်ကျစ်စဉ်းလဲပြီးနေတာကို မောင်ထွန်းလှိုင် တို့က မသိဘူးကွ (တင်ပါ ဘုရား) ဒါကြောင့် ကိုယ့်ဟာကိုယ်သိဖို့ သတိပဋ္ဌာန်ကို ပြောရမယ်။

ဒါက ကောက်ကျစ်တာ၊ ဒါအမှန်ဆိုတာ သူများအထဲ မှာ ဖြစ်တာ မဟုတ်ဘူး။ ကိုယ့်အထဲတင် ကိုယ်ဖြစ်နေတာကိုပဲ ဒါက အမှန်၊ ဒါက ကောက်ကျစ်တာလို့ မခွဲတတ်ဘူး၊ မခွဲ တတ်လို့ရှိရင် ဒီပရမတ်ဟာ မပေါ်လာတော့ဘူး မပေါ်လာလို့ ရှိရင်ဖြင့် ကုသိုလ်လိုလိုနဲ့ အကုသိုလ်တွေက ဖြစ်ဖြစ် လာတယ်။

ကုသိုလ်လိုလိုနဲ့ အကုသိုလ်

ကောက်ကျစ်တယ်ဆိုတာ ကုသိုလ်လိုလိုနဲ့ အကုသိုလ် ဖြစ်နေတာကို မသိလို့၊ မသိတော့ကို အကုသိုလ်ကောင် ကောက်ကျစ်တာကို သတိမထားမိတတ်ဘူး၊ သတိမထားမိတတ်တော့ ကို ကိုယ်က ကုသိုလ်လို့ပဲ ထင်နေတယ်။ စင်စစ်တော့ အကုသိုလ် ဝင်နေတာ။

ကောက်ကျစ်တယ်ဆိုတာ ကုသိုလ်လိုလိုနဲ့ အကုသိုလ် ဝင်ဖျက်နေတာကို ဆိုသည်။ ရှင်ပလား (ရှင်းပါပြီ ဘုရား)

ကောက်ကျစ်တယ်ဆိုတာ ဘာတုံး (ကုသိုလ်လိုလိုနဲ့ အကုသိုလ် ဝင်ဖျက်နေတာကို ဆိုပါတယ် ဘုရား)။ အေး ကုသိုလ်လိုလို နဲ့ အကုသိုလ် ဝင်ဖျက်နေတာကို ဆိုသည်။

ဒါလူတိုင်း သိခဲတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောလို့သာလျှင် ရှင်းရတယ် လင်းရတယ်၊ မင်းတို့ မှတ်ထား ရမယ်၊ (တင်ပါ ဘုရား) သူက ဘယ်လောက်ရှိသတုံးဆိုတော့ ကောက်ကျစ်တဲ့ တရားက (၃၆) ကောင်ရှိတယ်၊ ကောက်ကျစ် တဲ့ တရားပေါင်း ဘယ်လောက်ရှိတုံး (၃၆ ကောင်ပါ ဘုရား) (၃၆) ကောင်ရှိတယ်တဲ့။

ဗြုန်းခနဲ အကဲမခတ်နိုင်ဘူး

အဲဒါ တော်တော့ပညာရှိဆိုလို့ရှိရင်ဖြင့်၊ သူဝင်လာတာ ကို ဖြုန်းခနဲ အကဲမခတ်နိုင်ဘူး၊ ကုသိုလ်ပဲ ထင်နေတာ၊ စင်စစ်တော့ အကုသိုလ် ဝင်လာတာ၊ အကုသိုလ်ဝင်လာတာ ကုသိုလ်ထင် နေလို့ရှိရင်၊ အကုသိုလ်က ဝင်ကောက်ကျစ် လိုက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ်ကတော့ ကုသိုလ်လုပ်နေတာပဲ၊ ကုသိုလ်လုပ်ပြီး သကာလ နေငြား သော်လည်း အကုသိုလ်က ဝင်လာတာ မသိလိုက်ဘူးတဲ့၊ ဘယ်သူက ဝင်ကောက်ကျစ်လိုက်တာတုံး (အကုသိုလ်က ဝင်ကောက်ကျစ်တာပါ ဘုရား) အကုသိုလ်က ဝင်ကောက်ကျစ်လိုက်ပြီလို့ မှတ်ရမယ်။

မေတ္တာလိုလိုနဲ့ ကောက်ကျစ်တယ်

အဲတော့ အမြင်ရှိတဲ့ ပုဂ္ဂိုလ်၊ သတိပဋ္ဌာန် အားထုတ်တဲ့ ပုဂ္ဂိုလ်မှ ဒီဆရာကောင်း သမားကောင်းနဲ့လည်း ဆုံးမသွန်သင် ထားမှ၊ ဟ ဒါဝင်လာပါပေါ့လား အကုသိုလ် ကုသိုလ် လုပ်တဲ့ အထဲ သူဝင်လာပါပေါ့လားလို့ သိတယ်။

အဲတော့ ဘာတုံးလို့ မေးတဲ့အခါကျတော့ ရာဂေါ မေတ္တာရ ဝဉ္စေတိ၊ ရာဂေါ ရာဂဆိုတဲ့ တရားသည်၊ မေတ္တာရ= မေတ္တာလိုလိုနဲ့၊ ဝဉ္စေတိ = ဒကာ ဒကာမတို့အပေါ်မှာ ကောက် ကျစ်စဉ်းလဲ၍ လာ၏။ လောဘလာတာပဲ ရာဂလောဘ လာတာပဲ၊ လာပင်လာငြားသော်လည်း ကိုယ်က မေတ္တာ ပါပဲလို့ ထင်နေတယ်။

ဗြဟ္မာ့ပြည်လားတတ်တဲ့ကုသိုလ်

မေတ္တာဆိုတော့ မေတ္တာစေတသိက်ဟာ ကရုဏာ တစ်ခါတည်း အင်မတန် ဗြဟ္မာပြည် လားတတ်တဲ့ ကုသိုလ်ပါပဲ၊ သို့သော် ဒီထဲ ရာဂဝင်လာတာကို လောဘဝင်လာတာကို သိခဲတယ်တဲ့ မောင်အေးက မှတ်ထားရမယ် (တင်ပါ ဘုရား)။

ကဲ ဒါဖြင့် ပြောကြစို့တဲ့၊ ဒါ လမ်းခင်းနေတာပဲတဲ့ မသိမှာ စိုးလို့၊ မိမိက မေတ္တာပို့တယ်၊ မေတ္တာပို့ ဆိုတာက ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စီးပွားဥစ္စာ ရတနာ တိုးတတ်ပါစေ၊ အန္တရာယ် ကင်း၍ ဘေးရှင်းပါစေလို့ ဆိုတဲ့ ဥစ္စာက မောင်အေး ဒါမေတ္တာ ပေါ့ကွာ (တင်ပါ့ ဘုရား)။

မေတ္တာတော့ပို့နေတာပဲ

မေတ္တာဆိုတဲ့ ဥစ္စာကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ကင်းလို့ ဘေးရှင်းပါစေ၊ ဒီလို မေတ္တာ ပို့နေတာ မေတ္တာတော့ ပို့နေတာပဲတဲ့၊ ပို့တဲ့အထဲက ဘယ်သူ့ပို့မိသတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ကိုယ်ခင်တဲ့ ပုဂ္ဂိုလ်၊ မင်တဲ့ပုဂ္ဂိုလ်၊ ကိုယ် အင်မတန် ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်ကို လှည့်လှည့်ပြီး သကာလ သွားတယ်။

ချစ်ခင် ရင်းနှီးမြတ်နိုးတဲ့ ပုဂ္ဂိုလ်ဘက် လှည့်မသွားတတ် ဖူးလား (လှည့်သွားတတ်ပါတယ် ဘုရား) လှည့်သွားတော့ ချစ်ခင် မြတ်နိုးတဲ့ ပုဂ္ဂိုလ်ကို လှည့်ပြီးသကာလ၊ သူလည်း အရေးကြီး တယ်၊ သူလည်း အရေးကြီးတယ်၊ သူကျန်းမာဖို့ အရေးကြီး တယ်၊ သူချမ်းသာဖို့ အရေးကြီးတယ်ဆိုတော့၊ ဒီသူလေးကို သာပြီး စူးစူးစိုက် မကြည့်ဖြစ်ဖူးလား၊ ကြည့်ဖြစ်သလား (ကြနှစ် ပါတယ် ဘုရား)။

အဲ့တော့ ဒီသူလေးဆိုတာက ကိုယ်နဲ့ အရင်းနှီးဆုံး၊ အချစ်ခင်ဆုံး၊ အကြင်နာဆုံးကို ကျန်းမာပါစေ၊ ချမ်းသာပါ၊ အန္တရာယ်ကင်းလို့ ဘေးရှင်းပါစေဆိုလို့ရှိရင်ဖြင့်၊ မေတ္တာ ဆိုတဲ့ ဥစ္စာက အကုန်လုံးကို မေတ္တာပို့ရမယ့် ဥစ္စာကို၊ ဒီသမုဒယရှိတဲ့ ပုဂ္ဂိုလ်ကို အရင်ရောက်ပြီး သကာလ သွားတယ်၊ ဘယ်ရောက် သွားတတ်တုံးကွ (သမုဒယရှိတဲ့ဆီ ရောက်ပါတယ် ဘုရား)။

သမုဒယရှိတဲ့ဆီရောက်တယ်

သမုဒယရှိတဲ့ဆီ ရောက်သွားတော့ သားလေးဆီ၊ သမီး၊ လေးဆီ၊ ဆွေလေးဆီ၊ မျိုးလေးဆီ၊ ကိုယ့်စီးပွား ဥစ္စာ ရတနာ အကူအညီပေးတဲ့သူဆီ၊ ဒီလိုချည်း ရောက် ရောက်သွားတယ်၊ ရောက်သွားတော့ မေတ္တာက မေတ္တာလိုလိုနဲ့ သူက တဏှာက လမ်းညွှန်ပြီး သကာလ သွားလိုက် တာက ခင်တဲ့လူ၊ မင်တဲ့လူ၊ ကိုယ့် ကျေးဇူးတုံ့ ကျေးဇူးစားရှိတဲ့လူ၊ ဒီဘက်ကိုသာ ရောက် ရောက်သွားတယ်၊

အားလုံးဘက်ကို ပျမ်းမျှခြင်း မသွားဘူး သူက၊ အားလုံးဘက် ပျမ်းမျှခြင်း မသွားတော့ ခင်တဲ့ဆီ၊ မင်တဲ့ဆီ လက်ညှိုးထိုးပြီး သကာလ ပြနေတာက လောဘကိုကွ (တင်ပါ ဘုရား)။

အဲဒီလောဘကိုပင်လျှင်၊ မင်းတို့က ခင်တဲ့ဆီ၊ မင်တဲ့ဆီ ချည်း လျှောက်သွားနေတဲ့ လောဘကို၊ မင်းတို့ ကျုပ် မေတ္တာ ပို့ပါတယ် ဆိုတော့ မေတ္တာက ကုသိုလ်၊ ခင်တဲ့ဆီ မင်တဲ့ဆီကို ညွှန်ပြနေတာက လောဘ ဆိုတော့ ကိုယ်ကတော့ မေတ္တာပို့ နေတယ် ထင်တာပဲတဲ့၊ စိတ်က ဟိုဘက်ဆီ ရောက်ရောက် သွားတယ်၊ မရောက်တတ်ဖူးလား (ရောက်တတ်ပါတယ် ဘုရား)။ ဘယ်ရောက်တတ်တုံး (ခင်တဲ့မင်တဲ့ဆီပါ ဘုရား) ခင်တဲ့ မင်တဲ့ဆီ မရောက်တတ်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခင်တဲ့ မင်တဲ့ဆီပဲ ရောက်သွားတယ်၊ မေတ္တာဆိုတာ ပျမ်းမျှခြင်း အကုန် သွားရမှာ၊ မောင်အေးက မသွားချင်ဘူးကွ၊ အနားမှာ ကလေးလေးတွေ အိပ်နေတယ် ဆိုလို့ရှိရင် ဒီကလေး လေးတွေပဲ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အင်း မိနု ဒီနား ရှိတဲ့လူ အရေးကြီးနေတာ မဟုတ်လား (တင်ပါ ဘုရား)။

ဒီနားရှိတဲ့ လူကတော့ စဉ်းစားကြည့်ပါလားတဲ့၊ ဒါ အခင် ဆုံးလူ အမင်ဆုံးလူမှ ဟုတ်ပါရဲ့ လားလို့ အစ်မတို့ မေးကြည့်ရင် ဘယ့်နှယ်ပြောကြမတုံး (ဟုတ်ပါတယ် ဘုရား)။ အဲတော့ ဒီ အခင်ဆုံး လူကို အမင်ဆုံးလူကို မောင်အေး ရောက်ရောက်သွား တယ် (မှန်ပါ ရောက်ပါတယ် ဘုရား)။

ရောက်သွားတော့ကာ အခင်ဆုံး အမင်ဆုံးဆိုတဲ့၊ ခင်တယ် မင်တယ်ဆိုကတည်းကိုက တဏှာ လောဘ (တင်ပါ့ ဘုရား) အဲဒီတဏှာလောဘနဲ့ ခင်တဲ့မင်တဲ့ ဆီရောက်သွားတယ် ရောက်သွားပြီး မင်းတို့က ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာက နောက်က အသံကောင်း လုပ်တယ်ပေါ့ကွာ။

တဏှာညွှန်ရာမေတ္တာလိုက်နေတာ

အသံကောင်းလုပ်ပြီးသွားတော့ကို အင်း ဘယ် သူက လက်ညှိုးညွှန်ရာသို့ မေတ္တာက လိုက်သတုံးလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေကြမတုံး (တဏှာညွှန်ရာကိုပါ ဘုရား) တဏှာ ညွှန်ကြားရာသို့ မောင်ဆွေထွန်းရေ မေတ္တာ လိုက်နေတာ သဘောကျပလား (ကျပါတယ် ဘုရား)။

မေတ္တာ၏ ခင်မှု မင်မှုကြောင့် ပြောဆိုနေတဲ့ စကားမျိုး ဖြစ်မနေဘူးလား၊ ဒါမေတ္တာလို့ ဆိုမလား၊ ခင်မှုမင်မှုက ရှေ့သွား ထားတာကို မေတ္တာလို့ ဆိုမလားလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့၊ ဒါ မသိလိုက်ဘူးတဲ့ ကိုယ်ကတော့ မေတ္တာ ပို့နေတယ် ထင်တာပဲ (တင်ပါ ဘုရား)။

သူက လက်ညှိုးညွှန်ပြနေတာက ဒါ နင့်သား၊ သမီး ဒါလေးတွေ ကျန်းမာမှ နင်တို့ နေရာ ကျမယ်၊ ဒါလေးတွေ မကျန်းမာရင် နင်တို့ ခေါင်းကိုက်တာပဲ မဆိုလည်း ဆိုဘိသကဲ့သို့ သူက လမ်းမှန်၊ လမ်းမှန်ပြနေတာ မိနုက (တင်ပါ ဘုရား)။

ဘယ်သူက လမ်းမှန်ပြနေတာ (တဏှာက လမ်းမှန်ပြ နေတာပါ ဘုရား) တဏှာက လမ်းမှန် ပြနေတာ၊ မေတ္တာကလည်း နောက်က (လိုက်ပါတယ် ဘုရား) “အဝေရာဟောန္တု အဗျာပဇ္ဇာ ဟောန္တု” နဲ့ တစ်ခါတည်း မောင်းမ အသူရာတွေနဲ့ လာလိုက်တဲ့ ဖြစ်ခြင်း မလာဘူးလား (လာပါတယ် ဘုရား)။

မေတ္တာစစ်ကဲ့လား

လာလိုက်တော့ကိုတဲ့ ဒီမှာ စဉ်းစားကြည့်တော့ မင့်ဟာ မေတ္တာစစ်ကဲ့လား တဏှာများ ပါနေသလားလို့ ဆိုတာ တွေးမိကြရဲ့လား (မတွေးမိပါဘူး ဘုရား) မတွေးမိတော့ကို ဒါဖြင့် ရာဂဆိုတဲ့ တဏှာက ဝင်ပြီးလှည့်စားပြီး သူက မေတ္တာလုပ်နေ လိုက်တာကိုကွ (တင်ပါ ဘုရား)။

ရာဂဆိုတဲ့ တဏှာက ဘာလုပ်နေလိုက်တာတုံး (ရာဂ ဆိုတဲ့ တဏှာက ဝင်ပြီး မေတ္တာ လုပ်နေလိုက်တာပါ ဘုရား) မေတ္တာ လုပ်ပြီး သကာလ သူကနေပြီး သကာလ စုန်းပူးသလိုပေါ့ ကွာ၊ သူက ဝင်ပြောနေတဲ့ဥစ္စာကို မင်းတို့က ဒီပုဂ္ဂိုလ်က ပြောတယ် ထင်နေတာ၊ ပယောဂက ပြောနေတာ (တင်ပါ ဘုရား)။

အဲတော့ မေတ္တာ အော်ကျယ် အော်ကျယ် ပို့နေငြား သော်လည်း ချင့်ယုံကြကွ (တင်ပါ ဘုရား) ချင့်မယုံရ ပေဘူး လား ယုံရမှာလား (ချင့်ယုံရမှာပါ ဘုရား) ချင့်ယုံရမှာ၊ သို့သော် လည်း ဒါက ဆရာသမားနဲ့ ဘုရားကို ကြေလည်ပြီး သကာလ ပြောတတ် ဆိုတတ်တဲ့ ပုဂ္ဂိုလ်ရှိမှ၊ ဪ ဒါလှည့်ပြီ ဆိုတာ သိတယ်၊ ရာဂက ဝင်ကောက်ကျစ်သွားပြီ ဆိုတာ သိတယ် (မှန်လှပါ ဘုရား) သို့မဟုတ် သိပါ့မလား (မသိပါဘူး ဘုရား)။

မေတ္တာစစ်ဟာ ရှာမှရှားတယ်

မသိပါဘူးတဲ့၊ အားလုံးပို့နေတဲ့ မေတ္တာဟာ များသော အားဖြင့်၊ ဒီလိုကောက်ကျစ်တာကို နားမလည်တဲ့ပုဂ္ဂိုလ် ဟူသ ၍ စာဖြင့် ရာဂက လှည့်စားသွားတာချည်းပဲ၊ မေတ္တာစစ်ကို မရှိဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မေတ္တာစစ်ဟာ ရှာမှ ရှားတယ်ဗျ။

ဒီနား ကိုယ့်သားသမီးလေးတွေ၊ ကိုယ့်ဆွေမျိုးလေးတွေ ကိုယ့် ဉာတကာလေးတွေ၊ ကိုယ့်ကျေးဇူးတုံ့ ကျေးဇူးခံ ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်ကို လှည့်သွားတယ် (တင်ပါ ဘုရား) မုံရွာ မီးလောင်တယ် ဆိုသူတို့ လဖက်ဖောက်သည် မေတ္တာပို့သလို ဖြစ်နေတာပေါ့ကွ။

ဟင်္သာတ မီးလောင်းတယ်ဆို လဖက်ဖောက်သည် လွတ်မှ လွတ်ပါ့မလား လွတ်ရှာပါစေ၊ ဒီလိုမလာဘူးလားကွ (လာပါတယ် ဘုရား) လာတော့ ဒါဘာထင်တုံး ရာဂပေါ့ကွ၊ ဟုတ်ဘူးလား၊ ရာဂက ဘာလိုလိုဖြစ်သွားတာတုံး (မေတ္တာလိုလို ဖြစ်သွားတာပါ ဘုရား)။

ဘယ်ဟုတ်မတုံးကွ၊ မင်းတို့လှည့်သွားလိုက်တာ မသိလို့၊ သူတို့ခင်တဲ့မင်တဲ့ဆီ အလုပ်ခိုင်းတာ တဏှာအလုပ်ခိုင်းတာ တဏှာကနေပြီး မေတ္တာလုပ်နေတာ မောင်အေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရာဂကမေတ္တာကိုလှည့်စားတယ်

ဒါဖြင့် ဘယ်သူက လှည့်စားသတုံးလို့ မေးလို့ရှိရင်ဖြင့် ရာဂက မေတ္တာ ပျောက်ထွက် သွားအောင် လှည့်စားပစ်လိုက်တာ ဘယ်သူက ဘယ်သူ့ လှည့်စားတာတုံး (ရာဂက မေတ္တာကို လှည့်စားပါတယ် ဘုရား) ရာဂက မေတ္တာကို လှည့်စားတယ် ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

ရှိနေတဲ့ ဆွေတင်တို့ လူစုပေါ့ကွာ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစ်မကလည်းပို့၊ အဘိုးကြီး ကလည်း ပို့ပါကွာ ပို့သာပို့တယ် ဒီဥစ္စာ ခင်ပို့ကြီး ဒီအပြင် ဘာလို့ ဆိုရဲတုံး (မရှိပါ ဘုရား) ခင်ပို့ ဆိုတော့ ခင်တာက သမုဒယက (တင်ပါ ဘုရား)။

အတွင်းသားကတဏှာ

အဲတော့ ပို့တဲ့အခါမှာလည်း အသံကသာ မေတ္တာသံ ထွက်ပါတယ်တဲ့၊ အတွင်းသားကတော့ တဏှာပါပဲ၊ ရာဂပါပဲ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အတွင်းသားက ဘာဖြစ်နေတုံး (ရာဂပါ ဘုရား) ရာဂပဲ မောင်အေး (တင်ပါ ဘုရား)။

အဲတော့ ဒီရာဂကိုများ မင်းတို့က အမျှဝေကြတာများ ကျုပ်မေတ္တာပို့ပြီ ပို့ရတဲ့အမျှကို ခင်ဗျားတို့ ယူကြပါ ဆိုပြီး တဏှာများ အမျှ ဝေနေသေးတယ်-မင်းတို့က (တင်ပါ ဘုရား) အတော် ဆိုးမနေ ဘူးလား (တင်ပါ ဘုရား)။

ဒါ မသိဘူးတဲ့ လုံးလုံးမသိတာ (မသိတာပါ ဘုရား) မသိတော့ မေတ္တာတင် ဆုံးသွားတယ်၊ အသိက မေတ္တာပို့လိုက်တာ ရွတ်စရာသာ ကုန်သွားတယ်၊ တဏှာကချည်း လုပ်သွား တယ်၊ ပို့တဲ့ ဥစ္စာကတော့ဖြင့် မေတ္တာပို့ကလည်း ဆုံးသွားပြီကွ ဘယ်သူက ဝင်ပို့နေတယ်ဆိုတာ မောင်အေး ရိပ်မိပလား (တဏှာကပါ ဘုရား)။

တဏှာက ဝင်ပို့နေတာကွ၊ ဒီအသံတွေ ဟူသ၍ သည် ဘယ်သူ့အသံတုံးလို့ မေးလို့ရှိရင်ဖြင့်၊ ခင်တဲ့ မင်တဲ့ဆီ ရောက်ပါ တယ်ဆိုကတည်းကိုက တဏှာက ရောက်တာ၊ တဏှာရောက် သွားတော့ အသံကျယ်ကျယ်နဲ့ အော်ပြီး သကာလ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲ အိမ်နီးချင်းက စပြီး သကာလ ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆိုပြီး သကာလ ၊ မေတ္တာတော့ ပို့တော့ ပို့နေတာပဲတဲ့၊ ပို့ပင် ပို့ငြား သော်လည်း သူ ဘယ်ဟာကို အစူးစိုက်ဆုံးတုံးလို့ တစ်ခါမေးကြည့်စမ်းပါ။

မေတ္တာဆိုတာအားလုံး တစ်တန်းတည်း

သူပို့နေတာ ဘယ်သူ့ အစူးစိုက်ဆုံးတုံးလို့ မေးကြည့်ပါ (ခင်တဲ့မင်တဲ့လူ စူးစိုက်ပါတယ် ဘုရား) ခင်တဲ့ မင်တဲ့လူ စူးစိုက် ပါတယ် ဆိုကတည်းက ဒါ မေတ္တာဆိုတာက အားလုံး တစ်တန်းတည်းကိုကွ၊ အခုဟာ ဘယ်စူးစိုက်တုံး (ခင်တဲ့ မင်တဲ့ဆီပါ ဘုရား) ဒါဖြင့် ဘယ်သူက ဝင်ပို့နေတာတုံးကွ (တဏှာက ပို့နေတာပါ ဘုရား) တဏှာက ပို့နေတဲ့ဥစ္စာကွ။

အဲတော့ တဏှာက ပို့နေတဲ့ဥစ္စာကို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုပ် မေတ္တာ ပို့နေတယ်လို့ ပြောသေးတယ်။ ကျုပ် မေတ္တာပို့နေတယ်လို့ ပြောသေးတယ်၊ မြင်းခြံက ဒကာကြီးက ဟုတ်ကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ဘူးတဲ့ ဒါ ဘယ်သူက ဝင်ပို့နေတာတုံး (တဏှာကပါ ဘုရား) တဏှာက အသံကောင်း ဟစ်နေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာက အသံကောင်း ဟစ်တာကိုပင်လျှင် တဏှာ လာပြီလို့ သတိပဋ္ဌာန်နဲ့ မရှုတဲ့ ပုဂ္ဂိုလ်က သိကို မသိဘူး (မသိပါ ဘူး ဘုရား) မေတ္တာလို့ ထင်နေတော့ ဒါက ကိုယ့်ဝမ်းထဲတင် ကိုယ့်ဟာကိုယ် လှည့်သွားတာကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာဖြစ်နေရင် အကုသိုလ်ကံ

ဘယ်သူက ဘယ်သူ့လှည့်သွားတာတုံး (ရာဂက မေတ္တာကို လှည့်သွားပါတယ် ဘုရား) မေတ္တာ လိုလိုနဲ့ တဏှာ ဖြစ်သွားတယ် (တင်ပါ) တဏှာဖြစ်နေရင် ဘာကျေးဇူးရှိမှာတုံး ဒီဥစ္စာ၊ ရှိသေးလား (မရှိပါ ဘုရား) တဏှာဖြစ်နေလို့ရှိရင် အကုသိုလ်ကံ ဖြစ်နေသေးတယ်လို့ ဘုရားအမြင်နဲ့ဆို ပြောရ တာမှတ်၊ မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

သို့သော် များသောအားဖြင့် ပို့နေကြတဲ့ မေတ္တာဟာ မေတ္တာချည်ပဲလား၊ တဏှာက များလေ ရော့လားလို့ ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားကြည့် (တဏှာက များပါတယ် ဘုရား) မိနုရော (တဏှာက များပါတယ် ဘုရား)။

ဒါ မေတ္တာထင်နေတယ်တဲ့ (တင်ပါ ဘုရား) မောင်ထွန်း လှိုင် ဘာထင်နေတုံး (မေတ္တာ နေပါတယ် ဘုရား) ဘာကို မေတ္တာထင်တာတုံး (တဏှာကို ရွာထင်ပါတယ် ဘုရား) တဏှာကို မေတ္တာ ထင်နေတယ်ဆို အတော်လေး အံ့သြ စရာကောင်းတယ် (တင်ပါ ဘုရား)။

မင်းတို့ လုပ်တာကတော့ဖြင့် မေတ္တာထား ပို့လိုက်ဦးမယ် ဟေ့၊ မေတ္တာထားပို့မယ်ဆို ခင်မင်တဲ့ လူက အရင် မျက်လုံးထဲ ရောက်လာတာ မရောက်ဘူးလား ရောက်လား (ရောက်ပါတယ် ဘုရား) ခင်မင်တဲ့လူ မျက်လုံးထဲ ရောက်လာကတည်းကိုက မေတ္တာဆိုတာက ဒီလိုလား၊ ပျမ်းမျှခြင်းသွား ရမှာလား၊ ခင်မင် တဲ့ဆီ စူးစိုက်ရမှာလားလို့ မေးကြည့်စမ်းပါလားကွ။

မေတ္တာပို့လား တဏှာပို့လား

မေတ္တာဆိုတာက သဗ္ဗေသတ္တာ သွားရမှာကို သွား သလား (မသွားပါဘူး ဘုရား) မသွားဘူး မသွားတဲ့အခါ မေတ္တာ ပို့လား တဏှာပို့လားဆိုတာ စဉ်းစားကြည့်ဦး (တဏှာပို့ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) မေတ္တာပို့လား၊ တဏှာ ပို့လား (တဏှာပို့ပါ ဘုရား)။

တဏှာဖြင့် ပို့မနေပါနဲ့လို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါ တယ် ဘုရား) အကုသိုလ် လုပ်နေတာကိုဗျ တဏှာဆိုတာက အကုသိုလ်ဖြစ်ပြီး သကာလ နေတော့ မောင်အေး မင်းက မေတ္တာ ထင်ပြီး သကာလ အသံကျယ်ကျယ်နဲ့ ရွတ်ငြား သော် လည်း ရွတ်နေတာက တဏှာကရွတ်နေတာ (တင်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူက ဘယ်သူ့ လှည့်စားတာတုံးကွ (တဏှာက မေတ္တာကို လှည့်စားပါတယ် ဘုရား) တဏှာက မေတ္တာ လှည့်စားတဲ့အခါကျတော့၊ နောက် ကြေးစည်လေးများ ရိုက်ပြီး အမျှများ ဝေလိုက်သေးတယ်၊ မောင်အေး ဝေလေ့ မရှိ ဘူးလား (ဝေလေ့ရှိပါတယ် ဘုရား) ဘာဝေတာတုံးကွ ပြောပါဦး (တဏှာဝေနေတာပါ ဘုရား)။

တဏှာ ဝေနေတာ မဝေပါနဲ့ လူတိုင်း ရှိပါတယ် ဒီဥစ္စာက ဝေစရာလိုသေးလား (မလိုပါဘူး ဘုရား) တဏှာဟာ လူတိုင်း ရှိနေတယ် ပုထုဇဉ်မှန်လို့ရှိရင် (တင်ပါ) ဒါ အမျှဝေနေလို့ရှိရင်ဖြင့် ဟိုလူ တဏှာနည်းလို့ ကိုယ်က တစ်ဝက် ပို့တာလားလို့ မေးစရာ လိုဘူးလား (လိုပါတယ် ဘုရား) ရှင်းရဲ့ လားကွ (ရှင်းပါတယ် ဘုရား)။

သူဝင်လာရင် ရပ်ပစ်ပါ

အဲတော့ ဒါက ဘုရားဉာဏ်မို့ သိတာကိုဗျ၊ အဲတော့ ဘုရားဉာဏ်မို့ သိတာကို ဆရာ ဘုန်းကြီးက လမ်းညွှန်ပြီး သကာလ ဒီလိုဖြစ်တတ်တယ်လို့ ပြတာ၊ ခင်ဗျားတို့က ပို့တိုင်း ပို့တိုင်း သူဝင်လာလို့ရှိရင် ရပ်ပစ်မှ (တင်ပါ ဘုရား) သူဝင်လာလို့ ရှိရင်ဖြင့် အလုံးစုံသတ္တဝါတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှ ဒီခင်တဲ့ ဘက်ကို စူးပစ်လိမ့်မယ် မျက်လုံးက၊ မစူးပေဘူးလား (စူးပါတယ် ဘုရား)။

ခင်တဲ့ဘက် စူးပစ်လိုက်တော့ ဘယ်သူနဲ့ စူးတာတုံး (တဏှာနဲ့ စူးတာပါ ဘုရား) တဏှာနဲ့ စူးတာဆိုတော့ မေတ္တာ ဘက် ရောက်သေးရဲ့လား (မရောက်ပါဘူး ဘုရား) အသံက မေတ္တာ ထင်နေတယ် ရထားတာကိုဗျ ရထားတာ မေတ္တာသံ ရထားတာ (တင်ပါ ဘုရား)။

ဒီစိတ်ထဲက စူးစိုက်နေတာကတော့ စဉ်းစားကြည့် (တင်ပါ ဘုရား) ခင်တဲ့ဆီ စူးစိုက်နေတော့ ခင်တာက ခင်တယ် ဆိုကတည်းက မေတ္တာဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား) ခင်တာက တဏှာ တဏှာတို့ ရာဂတို့ပေါ့ကွာ။

တဏှာစခန်းဖွင့်နေသော

အဲဒါကြောင့် ခင်ဗျားတို့က မသိသေးတော့ကို အို မေတ္တာပို့နေလိုက်တာ အားလုံးသော ပုဂ္ဂိုလ်တို့ မေတ္တာ ပို့နေ လိုက်တာ သူ့ကြည်ညိုလိုက်တာလို့ သွားမကြည်ညိုနဲ့ကွ၊ သွား မကြည်ညိုနဲ့ သူက တဏှာစခန်းဖွင့်နေတာ ဟုတ်ဘူးလား ဘာစခန်း ဖွင့်နေတာတုံး (တဏှာစခန်း ဖွင့်နေတာပါ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ရမ်းပြီးများ သာဓုများ ခေါ်လိုက် သေးတယ် အတော့်ကို ဆိုးနေတာကွ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒါက ဟိုပို့တဲ့ပုဂ္ဂိုလ် ကိုယ်တိုင်ကိုကမသိလို့ ပို့နေတာ ပို့တဲ့သူ ကိုယ်တိုင်ကိုက ဒီနား သားလေးတွေက အိပ်လို့ တန်းပြီး သကာလ အင်း ဒါလေးတွေ ကျန်းမာပါစေ ဒါလေးတွေ ချမ်းသာပါစေ ဒါလေးတွေဆိုတာက သူ့သမုဒယကို သူပြော နေတာ။

မေတ္တာဆိုတာ ပျမ်းမျှခြင်းညွှန်တာ

ဘာပြောနေတာတုံး (သူ့သမုဒယ သူပြောနေတာပါ ဘုရား) သမုဒယဆိုတဲ့ဆီကို စိတ်သွားအောင် တဏှာက ကွက်ပြီး ညွှန်တာကွ၊ မေတ္တာဆိုတာက ဒီပျမ်းမျှခြင်းညွှန်တာ ရိပ်မိပလား (ရိပ်မိပါပြီဘု ရား) မေတ္တာက ဘာတုံး (ပျမ်းမျှခြင်းပါ ဘုရား)။

ပျမ်းမျှခြင်း အကုန်ပေါ့ဗျာ၊ သဗ္ဗေသတ္တာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒီတဏှာက သဗ္ဗေ သတ္တာထဲကမှ ဆွဲထုတ်လာတာ သဘောကျပလား (ကျပါပြီ ဘုရား) တဏှာက ဘယ် ထဲက ဆွဲထုတ်တာတုံး (သဗ္ဗေသတ္တာထဲက ဆွဲထုတ်ပါတယ် ဘုရား)။

သဗ္ဗေ သတ္တာထဲက ဆွဲထုတ်ပြီး သကာလ သူအင်မတန် လေးမြတ်တဲ့ အလွန်အခင်ဆုံးလူကို ရောက် ရောက်သွားတယ်၊ မရောက်ဘူးလား ရောက်လား၊ ဒါ မေတ္တာပဲလား မောင်အေး တို့က မြင်းခြံက ဒကာကြီးတို့က တဏှာပဲလား ကိုယ့်ဟာကိုယ် ဝေဖန်ရမယ်။

ဝေဖန်တော့ ဘာအစွန်းထွက်နေတုံး (တဏှာ အစွန်း ထွက်နေပါတယ် ဘုရား) တဏှာ အစွန်းထွက် နေတာကို ခင်ဗျား တို့က ကိုယ့်ဟာကိုယ်တော့ မသိဘူး၊ မေတ္တာပို့သာ ဆုံးသွား တယ် ကိုယ့်ဟာကိုယ်ကို မသိလိုက်ဘူး သိလိုက်ကဲ့လား (မသိ လိုက်ပါဘူး)။

မသိလိုက်တော့ ဆုံးသာသွားတယ် မေတ္တာ ပါလိုက် ကဲ့လား (မပါ ပါဘူး) မပါတော့ဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မောင်စိန်ထွန်းက ဒို့ဒကာ ဒကာမတွေ မင်းက တော်တော်ယဉ်ပြီလို့ အောက်မေ့မနေနဲ့ကွ၊ ရိုင်းနေသေး တာတွေက ဒီထဲ တစ်ပုံကြီး မြင်နေသေးတယ် မောင်အေး (တင်ပါ ဘုရား)။

မေတ္တာသက်သက် ဟုတ်သေးရဲ့လား

ဘယ်လောက် ရိုင်းတုံး တဏှာအရိုင်းဝင်လာတာ (တင်ပါ ဘုရား) မေတ္တာသက်သက် ဟုတ်သေးရဲ့လား (မဟုတ် ပါဘူး ဘုရား) ပထမတော့ မေတ္တာပို့မယ် ဆိုတုန်းကတော့ ဟုတ်သားပဲ သူ့ဟာက နောက်မှတစ်ခါတည်း နီးစပ်တာကို ငဲ့ညှာသွားလိုက်တဲ့ဖြစ်ခြင်း စဉ်းစားကြည့်ပါလားကွ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်မီးလောင်သတဲ့ဆိုမှ သာထင်ရှားတယ် (တင်ပါ ဘုရား) ကိုယ့်စီးပွားရေး ရှိတဲ့ဆီ လွတ်ပါစေ (တင်ပါ ဘုရား) ဘာမှ မရှိတဲ့ဆီကျ လွတ်ပါစေပါရဲ့ လား (မပါပါဘူး ဘုရား) မပါ ဘူး မီးလောင်တယ်လို့ ကြားလို့ရှိရင် ဘယ်သူရှိတဲ့ဆီတော့ လွတ်ကြပါစေ၊ လွတ်ကြပါစေဆိုတာ ခင်ဗျားတို့ ကလည်း အင်း မေတ္တာပို့ရှာတယ်။

သူ့မေတ္တာများ ရှိနေတော့ လွတ်မှာပဲလို့ ကိုယ်ကတော့ ထင်တော့ ထင်ကြတာပေါ့ဗျာ၊ သူက မေတ္တာက ကွက်ပြီး တစ်မြို့လုံးထဲမှ ဒီဖောက်သည်တင် သွားပို့တာ၊ ဟုတ်ဘူးလားကွ (ဟုတ်ပါတယ် ဘုရား) တစ်မြို့လုံးထဲမှ မောင်ထွန်းလှိုင် ဘာသွားပြီး ကြည့်မိတုံး (ကိုယ့်ဖောက်သည်ကိုယ့်နီးစပ်ရာ ကြည့်မိ ပါတယ် ဘုရား)။

အေး ကိုယ့်နီးစပ်ရာ ဖောက်သည်၊ ကိုယ့်ကုန် ရှိတဲ့ဆီကွ၊ ဒီကြွေးမကြေသေးတဲ့ ကုန်ရှိတဲ့ဆီ ဒါသာ အရေးကြီးနေတာ မိနုတို့ ဟုတ်သလားကွ (ဟုတ်ပါတယ် ဘုရား)။

သူ့ဟာသူ ထွက်လာတာ မောင်ချစ်ဆွေက (မှန်ပါ ဘုရား) ဘယ်သူက အရင်ထွက်လာတာတုံး (ကြွေးရှိတဲ့ ပုဂ္ဂိုလ် အရင်ထွက်လာတာပါ ဘုရား) အဲဒါ တဏှာလား မေတ္တာလား (တဏှာပါ ဘုရား) ကိုယ့်ဟာလေး ငဲ့တာဗျ၊ ဘယ်သူ့ငဲ့တာတုံး (ကိုယ့်ဟာကိုယ် ငဲ့တာပါ ဘုရား)။

မေတ္တာထင်ရင်လွဲမှာပေါ့

ကိုယ့်ဟာကိုယ်တယ်ဆိုတော့ ဒါ သက္ကာယဒိဋ္ဌိ – ကလည်း ပါနေတော့ ဒါ တဏှာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒါကို ခင်ဗျားတို့က ဘာထင်နေကြ တုံး ခင်တော့ (မေတ္တာ ထင်နေပါတယ် ဘုရား) မေတ္တာထင်နေတော့ လွဲမှာပေါ့တဲ့ ဘုရားက၊ မေတ္တာမှ မဟုတ်ပဲ တဏှာဝင်ပြီး သကာလ မေတ္တာယောင် ဆောင်နေတာပဲတဲ့ ရိပ်မိပလားကွ။ (ရိပ်မိပါပြီ ဘုရား)။

မောင်အေး ပို့တဲ့အခါ ရှင်းရှင်းပို့ကွ မင်းက (တင်ပါ ဘုရား) ပျမ်းမျှခြင်းအကုန်သွားကွ၊ ဒီနားအိပ်နေတဲ့ သားကို မယားကို ကျန်းမာပါစေ ချမ်းသာပါစေ လုပ်နေလို့ မဖြစ်ဘူးကွ၊ ဟုတ်လား (တင်ပါ ဘုရား) မေတ္တာဆိုတာ မေတ္တာသမထကိုဗျ မေတ္တာသမထဆိုတာ အကုန်ပြန့်ရတယ် တစ်တန်းတည်း ဖြစ်ရမယ် ဒီမေတ္တာက (တင်ပါ ဘုရား)။

ဟိုလူလည်း ဒီမေတ္တာပဲ ဒီလူလည်း ဒီမေတ္တာပဲ၊ မဟုတ် ဘူး ကိုယ့်အစွဲလေးတွေ ကိုယ့် ရင်းနှီးတဲ့ပုဂ္ဂိုလ်အတွက် စောင်းစောင်းမသွားတတ်ဘူးလား (စောင်းသွားတတ်ပါတယ် ဘုရား) အဲဒီစောင်းသွားလို့ရှိရင် ဒါဘာတုံး (တဏှာပါ ဘုရား) တဏှာ။

နောက်သူတို့လာတဲ့အခါ ခင်ဗျားတို့ ထင်ထင်ရှားရှား .ပြောတာပဲဗျ မပြောဘူးလား (ပြောပါတယ် ဘုရား) ပြောလိုက်တာ အားလုံးတော့ သူမေတ္တာပို့တာပဲ၊ သို့သော် အထူးတော့ဖြင့် ခင်လို့ပဲထားပါတော့၊ အားလုံးတော့ မေတ္တာပို့တာပဲလို့ စကားက ချီလိုက်တာ (တင်ပါ ဘုရား) ချီလိုက်တယ် ပြီးတော့ အထူး ထားတာကိုဗျ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် မေတ္တာထင်နေတယ်

အထူးထားတာ ဘယ်သူက အထူးထားတာတုံးဗျ (တဏှာက အထူးထားတာပါ ဘုရား) တဏှာက အထူးထားတာ ကိုပင်လျှင် ဟိုလူကလည်း ယုံတာပဲ ဟိုလူကလည်း ယုံတာပဲ မိနုတို့ ပြောတာလေးက အင်း မေတ္တာထားရှာ ကြတယ်။ အိုး မေတ္တာ ထားတာ မဟုတ်ဘူး၊ တဏှာထားတာ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ဘာထားတာတုံးဗျာ (တဏှာထားတာပါ ဘုရား)။

တဏှာထားတာကို ဟိုက သာဓု လေးများတောင် ခေါ်လိုက်သေးတယ်၊ ဟိုကခေါ်တဲ့လူက ရမ်းခေါ်တာ။ ဒီက လည်း ရမ်းပြောတာ ဒီက ကိလေသာ ပါနေတဲ့ တရားကို သိရဲ့ လားကွ (မသိပါဘူး ဘုရား) မသိတော့ ဒီကလည်း မသိလို့ပဲ ကိုယ့် ဟာကိုယ် မေတ္တာထင်နေတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် ဘာထင်နေတုံး (မေတ္တာထင်နေပါတယ် ဘုရား) ဘာကို မေတ္တာထင်နေတုံး (တဏှာကို မေတ္တာ ထင်နေ ပါတယ် ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ တဏှာက မည်းမည်းကြီး မေတ္တာက အဖြူ (တင်ပါ ဘုရား) ဟုတ်ဘူးလား မေတ္တာဆိုတာ ဖြူတယ်တဲ့၊ ကိလေသာမပါဘူးတဲ့၊ တဏှာ ကတော့ အမည်း ဓာတ် ဖြစ်တယ်တဲ့ ကဏှာဓမ္မာ သုက္ကာ ဓမ္မာ – ကော မလာဘူးလား သူက မည်းတတ်တဲ့တရား (တင်ပါ ဘုရား)။

အမည်းကို အဖြူထင်နေတယ်

အမည်းကို မင်းတို့ ဘာထင်နေတုံး (အဖြူထင်နေ ပါတယ် ဘုရား) အိုး ဂွကျတာပေါ့ကွ၊ အမည်းအဖြူ ထင်နေကတည်းက သွားပြီ မောင်ထွန်းလှိုင်က (တင်ပါ ဘုရား) မှန်သေးရဲ့လား (မမှန်ပါ ဘုရား) ကဲ မောင်အေးတို့ အမည်း အဖြူထင်ဖို့ရာ အခုငါပြောမှ ပေါ်တာကွ (တင်ပါ ဘုရား)။

နို့မို့လို့ရှိရင် မင်းတို့ဟာ အမည်းဟာ အဖြူပဲ (တင်ပါ ဘုရား) ဥပမာမယ် ဒကာကြီးက မြင်းခြံနေတယ်၊ ဒီမှာရှိတဲ့ သားလေးဆီကို မေတ္တာလှမ်းမပို့ဘူးလား ပို့သလားလို့မေးရင် ဘယ့်နှယ် ပြောမတုံး (ပို့ပါတယ် ဘုရား) ပို့တယ်ပြောမယ် ဘာဖြစ် လို့ ပို့တာတုံး၊ မန္တလေး တစ်မြို့လုံးရှိရဲ့ သားနဲ့ တစ်မြို့လုံး ပို့ပါ တော့ ဟုတ်ဘူးလား၊ မဟုတ်ဘူးဘုရား၊ သူ့အထူးပို့ရတယ် မလာ ဘူးလား လာမလား (လာမှာပါ ဘုရား)။

အထူးပို့ဆိုတာ မေတ္တာမဟုတ်ဘူး

အထူးပို့ ဆိုကတည်းက မေတ္တာဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား) ဒါ တဏှာ ဖြစ်သွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ ကိုယ်ကလည်း ဘုရားရှေ့မှာကို ဒီဥစ္စာလုပ်နေတာ (တင်ပါ ဘုရား)။

ဒီပြင်နေရာသွားပြီး သကာလ တဏှာ ခင်ဗျားတို့ တဏှာ စကား၊ တဏှာသံတွေ ဘာလုပ် နေနေ ဘုရားရှေ့ သွားပို့ လိုက်ဦးကွ၊ မလာဘူးလားကွ (လာပါတယ် ဘုရား) ဘုရားရှေ့ သွားပြီး မေတ္တာပို့ လိုက်ဦးမယ် ထူးအောင် (တင်ပါ ဘုရား)။

ဘုရားရှေ့သွား မေတ္တာပို့လိုက်ဦးမယ်၊ ထူးအောင်လို့ မိနုတို့ မလာဘူးလား (လာပါတယ် ဘုရား) အဲ့ဒီ ဘုရားရှေ့မှာ မေတ္တာသက်သက်လားတဲ့၊ တဏှာက များသွားသလား (တဏှာက များသွားပါတယ် ဘုရား) မိနု ဒါဘယ်သူ့ရှေ့မှာ တဏှာ များတာတုံး ခင်ဗျားတို့ (ဘုရားရှေ့မှာပါ ဘုရား)။

မရိုမသေကန်တော့ပါရဲ့

မောင်အေး ဘယ်မှာများနေတုံးကွ (ဘုရားရှေ့မှာပါ – ဘုရား) ဘုရားစင်အောက်သော် လည်းကောင်း ပေါ့ကွာ၊ ဘုရား ရှေ့မှာ လက်အုပ်ချီရင် ချီသေးတယ် ဟုတ်လား၊ မရိုမသေ ကန်တော့ပါရဲ့ ထဲက ကျနပြီ၊ ဒီထဲက ကျမနေဘူးလားကွ (ကျပါတယ် ဘုရား)။

မရိုလည်း မရိုသေဘူး ပြောသေးတယ် ကန်တော့ပါ သေးလည်း ပါသေးတယ်ကွ၊ ဒီလိုပြောတဲ့ စကားနဲ့ ဘာထူးသေး တုံး (မထူးပါဘူးဘု ရား) သဘော ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) မရိုမသေတော့ မရှိပါနဲ့ ဆိုပြီး ဒီနား ဖြတ်သွား ဒိနား ကုန်းသွား ဆိုပြီး သကာလ မရိုသေဘူးလည်း ပါသေးတယ်၊ သူ့ဟာက မရိုသေလည်း မအောက်မေ့ပါနဲ့ ဟုတ်လား မရိုမသေ တော့ ရှိတယ်လို့တော့ မဟုတ်ပါဘူး လုပ်တာက မရိုမသေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားရှေ့ဘာလုပ်ကြတာတုံး

ဒီမှာလည်း ဘုရားရှေ့ ဘာလုပ်ကြတာတုံး မေးရင် ဘယ့်နှယ်ဖြေကြမတုံး (မရိုမသေ လုပ်တာပါ ဘုရား) မရိုမသေ ဘုရားရှေ့မှာ ရာဂ မလာကောင်းဘူး လာကောင်းရဲ့လား (မလာ ကောင်းပါ ဘုရား) မလာကောင်းတာကို ခင်ဗျားတို့က အဲဒီ သွားပြီး သကာလ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ် – မေတ္တာပို့လို့ ကိုယ်ခင်တဲ့ ပုဂ္ဂိုလ် မေတ္တာပို့လို့၊ ကိုယ့်ကျေးဇူးခံ ကျေးဇူး စားတွေကို ခင်တာ မင်တာတွေ လျှောက်ပြီးအာရုံက ရောက် မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။

ရောက်သွားတော့ အဲဒါ မေတ္တာလို့ ဆိုမလား ရာဂလို့ ဆိုမလား (ရာဂလို့ ဆိုမှာပါ ဘုရား) ဘယ်ရှေ့မတုံးကွ (ဘုရား ရှေ့မှာပါ ဘုရား) ဟာ မင်းတို့ တော်တော့ကို ဆိုးနေပါပေါ့ လားကွ၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ခွေးမိုက်ဥပမာ

ငါ ခဏခဏ ပြောတယ် မဟုတ်လား မောင်ချစ်ဆွေက ဘုရားပေါ် ဘုရားမြေပေါ် ဘုရားပန်းတင် ခုံတွေ ပေါ်မှာ ခွေးတွေ ဘာတွေက တက်ပြီး ကျင်ကြီး ကျင်ငယ်စွန့်တဲ့ အခါ ကျတော့ ဒကာကြီးတွေက ဘယ့်နှယ် ဆိုကြတုံးဆို ခွေးဖြင့် တအား မိုက်တာ၊ ခွေးမိုက်မို့ ဘုရားပေါ်သွား ကျင်ကြီး ကျင်ငယ် စွန့်တာ၊ ဒါကြောင့် နင်တို့ ခွေးဖြစ်နေတာ မြင်တဲ့ပုဂ္ဂိုလ်က မပြောဘူးလား (ပြောပါ တယ် ဘုရား)။

ဒါ ဘုရားနေရာမှာ ကျင်ကြီးကျင်ငယ် မစွန့်ကောင်းလို့ (တင်ပါ့ ဘုရား) ဟုတ်ဘူးလား ခင်ဗျားတို့ ကလည်း ဘုရားရှေ့ ဘာသွားလုပ်ကြတာလည်းလို့ မေးဖို့လိုလာတယ် မလို ဘူးလား (လိုပါတယ် ဘုရား) မေးတော့ ဘုရားရှေ့မှာ ဒီရာဂတွေ အကြောင်းနဲ့ပတ်သက်လို့ မင်းတို့ပြောကောင်း ဆိုကောင်းရဲ့ လား (မပြောကောင်းပါဘူး ဘုရား)။

လုပ်ပုံကတော့ မတူဘူးလား

ဟ ကျင်ကြီး ကျင်ငယ် သွားစွန့်တာနဲ့ တယ်ထူး တာမဟုတ်ဘူးကွ (တင်ပါ ဘုရား) ထူးသေးရဲ့ လား (မထူးပါဘူး ဘုရား) အဲတော့ မင်းတို့ တိရစ္ဆာန်မိုက်လို့တော့ မဆိုပါဘူးကွ၊ မဆိုပင် မဆိုငြားသော်လည်း လုပ်ပုံက တူတာပြောတာပါ လုပ်ပုံကတော့ မတူဘူးလား (တူပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘုရားရှေ့ရောက်တယ်ဆို မေတ္တာသက်သက် လုပ်ကြစမ်းပါ။ ဒီသားလေး သူ့အထူး ပို့ရတယ် ၊ သူက မမာတတ်လို့ လာပြီဗျ ၊ သူက မမာတတ်လို့ဆိုတော့ ခက်သေးဘူးလားဗျာ တဏှာဆိုတာ မသေချာဘူးလားဗျာ (သေချာ ပါတယ် ဘုရား) သူက မိုက်လွန်းလို့ မိုက်တဲ့ပုဂ္ဂိုလ် မေတ္တာ အထူးထားရတာ လာပြီ မလာသေးဘူးလား (လာပါ တယ် ဘုရား)။

အသံက မေတ္တာ၊ အလုပ်ကတဏှာ

ဒီပြင်ဟာတွေက မဟုတ် ဘူးဆို တော်သေးတယ် ဒီကတော့ မိုက်တယ် လူဆိုး သူဆိုးတွေနဲ့ တွေ့ခက်ချည့်ရဲ့ မောင်အေးတို့က မလာဘူးလား (လာပါတယ် ဘုရား) သူက ဆော့တယ် သူက အလဲအကွဲများတယ်ဆို သူ့ ကျန်းမာပါစေ ချမ်းသာပါစေလို့ မေတ္တာပို့ရတယ် ဆိုပြီး သကာလ အသံကတော့ မေတ္တာချည်းပဲ နော် (တင်ပါ ဘုရား) အလုပ်က တဏှာချည်းပဲ (မှန်ပါ ဘုရား)။

အသံက ဘာတုံး (မေတ္တာပါ ဘုရား) အလုပ်က (တဏှာပါ ဘုရား) အဲဒါကို ပို့တဲ့ပုဂ္ဂိုလ်က ငါတဏှာ ဖြစ်သွားပြီလို့ သိရဲ့လား (မသိပါဘူး ဘုရား) မသိတော့ ဒါ ဘယ်သူက ဝင်ပြီး သကာလ လှည့်စားသွားတယ်ဆိုကြမတုံး (တဏှာက ဝင်ပြီး လှည့်စားသွားပါတယ် ဘုရား) ဘယ်သူ့ အပေါ်မှာ လှည့်စား သွားတုံး (မေတ္တာပေါ်မှာ လှည့်စားသွားပါတယ် ဘုရား)။

မွေးနေ့မို့ သက်စေ့ဆွမ်းလောင်းတယ်

မေတ္တာလိုလိုနဲ့ ဘာဖြစ်သွားတုံး (တဏှာဖြစ်သွား ပါတယ် ဘုရား) ရှင်းပလားကွ (ရှင်းပါပြီ ဘုရား) ကလေး လေးတွေ သက်စေ့ ဆွမ်းလောင်းသလိုပေါ့ကွ၊ တချို့လေ မွေးနေ့ မွေးရက်မို့ သက်စေ့ဆွမ်းလောင်း ဆိုတာတွေက ဒါနတော့ ဒါနပဲ ဟုတ်လား၊ ဒါနလိုလိုနဲ့ ဘာဖြစ်သွားတုံး၊ သူ့ကျန်းမာဖို့ ချမ်းသာ ဖို့လုပ်တယ် ဆိုပြီး သကာလ တစ်ခါတည်း ရာဂက ဝင်မသွားဘူးလား (ဝင်သွားပါတယ် ဘုရား) ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

ရာဂ မပါပဲနဲ့ လုပ်တာ ခပ်ရှားရှားပဲကွ (တင်ပါ) မရှား ဘူးလား (ရှားပါတယ် ဘုရား) ဒါဖြင့် သူ့ကျန်းမာရေး ချမ်းသာရေး ဆိုတော့ မေတ္တာက မဟုတ်ဘူးလား အသံ အသံ (တင်ပါ ဘုရား)။

အသံက ဟုတ်တယ်တဲ့ သေချာကြည့်တော့ကိုတဲ့ . ခင်လို့ လုပ်ဖြစ်တာကများတယ် (တင်ပါ ဘုရား) မြင်းခြံက ဒကာကြီးခင်လို့ လုပ်ဖြစ်တာက များတယ် (တင်ပါ ဘုရား) ခင်တာက ဘယ်သူတုံး (တဏှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဘုန်းကြီးက မွေးနေ့တွေ ကြောက်တယ်

အဲဒါကြောင့် ဘုန်းကြီးက သက်စေ့တွေ၊ မွေးနေ့တွေ၊ မွေးရက်တွေ ကြောက်တာဗျ (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သက်စေ့တွေ လုပ်တာတွေ၊ မွေးနေ့ မွေးရက် ဆိုတာတွေ ခန္ဓာငဲ့တာ တဏှာနဲ့ငဲ့တာ၊ မငဲ့ဘူးလား ငဲ့လား (ငဲ့ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဒါမွေးနေ့ မွေးရက်မို့ လုပ်ရဦးမယ် ဟုတ်လား၊ အင်း ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အသက် ဆက်ပေးရဦးမယ်၊ အသက် ဆက်ပေးရဦးမယ်ဆိုက တည်းက အင်မတန် ခင်လို့ပေါ့ကွ (တင်ပါ) မခင်ပဲနဲ့ ဆက်ပေးပါ့ မလား (မဆက်ပါဘူး ဘုရား) ကဲ အဲဒါဖြင့် မေတ္တာလို့ ဆိုမလား တဏှာလို့ဆိုမလား (တဏှာပါ ဘုရား) ရိပ်မိပလား၊ မင်းကော အသက်ဆက်ပြီးပြီလား (ပြီးပါပြီ ဘုရား)။

မောင်ချစ်ဆွေ မင်းအသက် ဆက်ခဲ့တာတွေ အတော် ကုန်ပြီကွ၊ အသက်ဆက်ချင်လို့ ဆန်တွေခွဲပြီးဝေတာ အတော် များခဲ့ပြီဆိုပဲကွ (ခုတော့ မဆက်တော့ပါဘူး ဘုရား) မင်းက ဆက်တာမဟုတ်ပါဘူးကွ၊ မင်းမိန်းမက ဆက်တာပါ မင်းက သူ့ဟာသူနေတာပါ၊ ဟို ဒကာမက သူ့ခင်တာနဲ့ ဆက်ပေး နေတာ ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

တဏှာအမျှပေးတာ

ပြီးတော့ အမျှယူကြပါဗျာ ဆိုလိုက်သေးတယ်၊ ဘာ အမျှတုံးလို့မေးရင် ဘယ့်နှယ်ဆိုကြမတုံး (တဏှာအမျှပါ ဘုရား) တဏှာအမျှပေးတာများ မင်းတို့မို့ ရဲရဲတင်းတင်း သာဓုခေါ်မိ ပါပေကွ မိနု (တင်ပါ ဘုရား) ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) ဒါက မောင်စိန်ထွန်း သိခဲတဲ့တရား (သိခဲပါတယ် ဘုရား) သိခဲတဲ့တရား (တင်ပါ ဘုရား)။

ကိုယ်ကိုယ်တိုင် မသိဘူး (မသိပါဘူး ဘုရား) ကိုယ်ကိုယ် တိုင် မသိတဲ့တရား ဘယ်လောက် နူးညံ့တုံးကွ မနူးညံ့ဘူးလားကွ (နူးညံ့ပါတယ် ဘုရား) မေတ္တာလိုလိုနဲ့ ဘာဝင်တုံး (တဏှာ ဝင်လာ ပါတယ် ဘုရား) တဏှာ ဝင်လာတယ်။

အဲဒီအလှူဒါနတွေ စင်ကြယ်ရဲ့လား

ဘုရားတွေ ဘာတွေ သွားကြ လာကြတဲ့အခါလည်း ပါတာပဲ ဒါတွေက ဒါ ဘိုးဘွားမိဘများ ပြုပြင်ထားခဲ့တဲ့ ဘုရား၊ သူတို့ ငဲ့ပြီး သကာလ ဟောသွားပြီ ဒီတရား၊ သူတို့ငဲ့တယ် ဆိုကတည်းက သေတဲ့လူကို တဏှာသဘောနဲ့ မငဲ့ဘူးလား ငဲ့လား (ငဲ့ပါတယ် ဘုရား) ငဲ့ပြီး သကာလ မှ ဒီပြင့် ဘုရားတွေ ဒီလောက်မသွားဖြစ်ဘူး၊ ဒီခင်မင်တဲ့ပုဂ္ဂိုလ်၊ ရင်းနှီးတဲ့ပုဂ္ဂိုလ် သွေးသားစပ်နေတဲ့ပုဂ္ဂိုလ် ဘုရားဆိုလို့ရှိရင်ဖြင့် တစ်နှစ် တစ်ခေါက်မှ မရောက်ရင် မကောင်းဘူး၊ ဘုရားဖူးတော့ သွားဦး မှပဲ မြက်ရှင်းသွားဦးမှပဲ၊ ရေသပ္ပါယ်သွားဦးမှပဲ ဒကာကြီး မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။

ဘုရားတိုင်းလာသလားလို့ မေးရင် စဉ်းစားကြည့်ပါတဲ့၊ ကိုယ်သမုဒယရှိတဲ့ ဘုရား၊ အမေ မိဘများနဲ့ ဆက်သွယ်တဲ့ ဘုရား၊ တစ်နည်းအားဖြင့် ကိုယ့်စီးပွားဥစ္စာတက်တဲ့ ဘုရားမျိုး လောကီ မှာလေ မရှိဘူး ရှိလား (ရှိပါတယ် ဘုရား) အဲဒီဒါနတွေကော စင်ကြယ်ရဲ့လားလို့ မေးရင် ဘယ့်နှယ် ပြောမတုံး (မစင်ကြယ်ပါ ဘုရား) တဏှာရှိသေးတယ် မဟုတ်လား (တင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မေတ္တာပို့ရင် ရှင်းရှင်းလင်းလင်းပို့ပါ

အေး ဒါကြောင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင် ဖြင့် မေတ္တာပို့ရင် ရှင်းရှင်းလင်းလင်းလုပ်ပါကွ နော်၊ မေတ္တာ ပို့လို့ရှိရင် အနားကို ဘယ်သူမှ မလာစေနဲ့၊ သမုဒယ ဟူသရွေ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သမုဒယ ဟူသ၍ ဘာမှမလာစေနဲ့ တစ်ခါတည်း ပျမ်းမျှကြေးသွားအောင် လုပ်စမ်းပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ တရားဆိုတာက ဗြဟ္မာများကဲ့သို့ ပျမ်းမျှကြေး ထားမှုများကို ဆိုတာ၊ မင်းတို့ လိုချင်တာကို ကွက်ပို့နေလို့ရှိရင်သွားပြီ ဒီဥစ္စာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီသဗ္ဗေသတ္တာထဲပဲ ကိုယ်ခင်တာလေးတွေ လာမရော ဘူးလားကွာ (ရောပါတယ် ဘုရား)။

အင်း မရသေးဘူးတဲ့ တဏှာက ကွက်ပို့ရဦးမယ် ကွက်ပို့ရဦးမယ်တဲ့ကွ၊ ဘယ်သူက ကွက်ပို့တာတုံး (တဏှာ ကွက်ပို့တာပါ ဘုရား) တဏှာက ကွက်ပို့တာကိုပင်လျှင် ကိုယ်ကလည်း မေတ္တာ ပို့နေတယ်လို့ပဲ ထင်တယ်တဲ့၊ တဏှာက လက်ညှိုးညွှန်ပြီး အကြီးအကျယ်ပြနေတာကို ပို့တဲ့ လူက သတိကို မထားမိဘူး ၊ အင်း ဒါ သူ့အလုပ်ပါလားလို့ ထားမိ ရဲ့ လား (မထားမိပါဘူး ဘုရား)။

ဝိပဿနာနဲ့ကြည့်ရင်

မထားမိတော့ ခင်ဗျားတို့ကို မေတ္တာလိုလိုနဲ့ တဏှာက လှည့်စားသွားတာ အလှည့်စားခံရတဲ့ ပုဂ္ဂိုလ်က မသိဘူးတဲ့ (မသိပါဘူး ဘုရား) သိပါ့မလား (မသိပါဘူး ဘုရား) မသိလို့ ရှိရင်ဖြင့် ဒီဥစ္စာ ဝိပဿနာနဲ့ ကြည့်လိုက်ပြန်လည်း ခင်ဗျားတို့ သတိပဋ္ဌာန်မှာ လွတ်သွားတာပဲ လွတ်သွားတယ်။

တဏှာလာလို့ရှိရင် တဏှာဖြစ်ပျက်ရှုပေးရမှာကိုကွ မင်း မလာခဲ့နဲ့၊ ခုတော့ တဏှာ လာမှန်းက မသိတော့ဘူး ဆိုကတည်းက သတိပဋ္ဌာန် လွတ်ကင်းမသွားဘူးလား (လွတ်ကင်း သွားပါတယ် ဘုရား)။

သတိပဋ္ဌာန်က လွတ်ကင်းသွားတော့ ဒီဥစ္စာ သက်သက် တဏှာဝင်ပြီး သကာလ ဥပမာ နာရီဝက်ပို့တယ် (၁၅) မိနစ် ပို့တယ်ဆို မောင်စိန်ထွန်းရေ သူ့စခန်းချည်း ဖွင့်သွားတယ် (မှန်ပါ ဘုရား) ဘယ်သူ့စခန်းတုံး (တဏှာစခန်းပါ ဘုရား) များဘူးလား ဒီတဏှာတွေက (များပါတယ် ဘုရား)။

သူလာရင် ဖြစ်ပျက်ရှုပစ်ပါ

များတယ်ဆို တဏှာစခန်းချည်းပဲ ဟေ့ မောင်ချစ်ဆွေ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) အဲတော့ မင်းတို့ ကြပ်ကြပ်သတို့ ထားမှကွ၊ သူလာလို့ရှိရင် မပို့နဲ့တော့ကွ၊ သူ့ ရင်လည်း ဖြစ်ပျက် ရှုပစ်လိုက်၊ ပြီးမှ ဆက်ပို့ချင်ပို့ (တင်ပါ ဘုရား) သဘောကျ ပလား (သဘောကျပါပြီ ဘုရား)။

သူလာလို့ရှိရင် “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” လို့ မြန်မြန်လုပ်ပစ်လိုက်၊ မင်းတို့က မသိပဲနဲ့ စောင့်မနေနဲ့ တောက်လျှောက်ကြီး သူသွားလိမ့်မယ် (တင်ပါ ဘုရား) မဆို နိုင်ဘူးလား ဆိုနိုင်လား (ဆိုနိုင်ပါတယ် ဘုရား) ဒီလိုကော လုပ်ဖူး ရဲ့ လား (မလုပ်ဖူးပါဘူး ဘုရား) လာမှန်းမှ မသိပဲ ဘယ်တော့ လုပ်ဖူးမှာလဲ (တင်ပါ ဘုရား)။

မောင်အေး လာမှန်းတောင်မှ အခုမှ ဒီလိုဒီလိုပြောလို့ သာလျှင် ဪ သူပါလားဆိုတာ ပေါ်လာတာကို မိနု (တင်ပါ ဘုရား) သူ့ကို ရပ်ပစ်ရမယ်လို့ ခင်ဗျားတို့စိတ်ထဲမှာ ဘယ်တော့မှ မလာဘူး၊ ဘာဖြစ်လို့မလာသတုံး လာမှန်းမသိလို့ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

မေတ္တာလိုလိုနဲ့ တဏှာဝင်ပူးတယ်

ဘယ်သူတုံးကွ (တဏှာ) တဏှာက ဘာလိုလိုနဲ့ ဝမ်းထဲ ဝင်ပူးတာတုံး (မေတ္တာလိုလိုနဲ့ ဝမ်းထဲ ဝင်ပူးတာပါ ဘုရား) မေတ္တာ လို လို နဲ့ တဏှာက ဝင်ပူးသွားပြီ ခေါင်းကို ချာလည်လိုက်နေပြီ မသိသေးဘူး၊ ဒီကလည်း မေတ္တာပို့တုန်းပဲ ထင်နေတယ် (တင်ပါ ဘုရား)။

ဟာ သူကဖြင့် တစ်ခါတည်း ခန္ဓာငဲ့လိုက်တာနဲ့ ခန္ဓာ ခင်မှုငဲ့လိုက်တာနဲ့ စီးပွားတက်မှု ငဲ့လိုက်တာနဲ့ တဏှာကလေ မငဲ့ဘူးလား၊ အဲဒါ စီးပွားတက်မှုလေးငဲ့လိုက်၊ တစ်ခါတည်း အိမ်သားအိမ်သူတွေ ငဲ့လိုက်၊ ဒီ တဏှာက ဝင်ရှုပ်ထားလိုက် တာကွာ နည်းတာတွေ မဟုတ်ဘူး၊ မိတ်ဆွေ သင်္ဂဟတွေ ဆီကော ဟာ ရောက်သွားလိုက် မောင်ထွန်းလှိုင်ရေ လွန်ကုန်ပြီကွ (တင်ပါ ဘုရား)။

ဘယ်လောက် ကျယ်ဝန်းတုံးသူက (ကျယ်ဝန်းပါတယ် ဘုရား) သို့သော်လည်း မောင်ချစ်ဆွေတို့ လူစုကတော့ မေတ္တာ ပို့ပြီးခဲ့တဲ့ လူတွေချည်းပဲ၊ မေတ္တာပို့ပြီးခဲ့ပြီလို့ ပြောသေးတယ် သူတို့က မပြောဘူးလား (ပြောပါတယ် ဘုရား) မေတ္တာပို့ပြီးခဲ့ ပါပြီတဲ့ ဒီနေ့တော့ဖြင့် မနက်ကိစ္စ ပြီးသွားပြီ၊ ညတစ်ခါ ပို့ရဦးမှာ ပေါ့လေကွာ၊ ဘာတွေများ ပို့ကြမယ် ဆိုတာတော့မပြောတတ် ဘူးပေါ့ကွာ (တင်ပါ ဘုရား)။

အဲဒါ သတိပဋ္ဌာန်ကင်းလို့

ညကျတော့လည်း တစ်ခါပို့ဦးမှာကိုကွ မပို့ပေဘူးလား မေတ္တာက (ပို့ပါတယ် ဘုရား) ပို့ပြန်တော့လည်း သူလာတာ သိလိုက်ကဲ့လား (မသိပါဘူး ဘုရား) ဘယ့်နှယ်ဖြစ်နေတုံး မသိတာက လွန်နေတာပဲ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အဲဒါ သတိပဋ္ဌာန်ကင်းလို့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်ကင်းလို့တဲ့ မောင်အေးက (တင်ပါ ဘုရား) မေတ္တာကိုလည်း မသိဘူး၊ မေတ္တာ သိတယ်ထားတော့၊ ရာဂ ဝင်လာတာကိုလည်း ရာဂလို့ မသိတော့၊ မေတ္တာပဲ ပြန်ထင် နေတော့၊ ဒီဥစ္စာ ကိုယ့်စိတ်ကိုကိုယ့် ဝိပဿနာရှုပါဆိုတဲ့ အသွားမျိုးဟာ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကိုမှ စဉ်းစားကြည့် ပါတဲ့ ဒီဥစ္စာက တဏှာဖြစ်ပြီး သကာလ နေတာကိုပင်လျှင် သိကိုမသိလိုက်ဘူး (တင်ပါ ဘုရား) သိလိုက်ကဲ့လား (မသိလိုက် ပါဘူး ဘုရား)။

မသိမှားတာက တောက်လျှောက်

မသိလိုက်တော့ ဒါ မသိမှားကြီးက တောက်လျှောက် – မသွားပေဘူးလား (သွားပါတယ် ဘုရား) ဒီမေတ္တာသုတ် သည့်တိုင်အောင်ပဲ မြင်းခြံက ဒကာကြီး တောက်လျှောက်သွားတယ် (တင်ပါ ဘုရား) မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ရွတ်ဖတ်တာတင်ပေါ့ဗျ၊ (တင်ပါ ဘုရား) မောင်အေး ဘာထင်တုံးကွ ရွတ်တာပဲ အဖတ်တင်တာပဲ (တင်ပါ ဘုရား) တစ်နေ့လုံး အစာမကြေလို့ အော်ရတာနဲ့ လေနာ ထတာပဲ အဖတ်တင် သလို ကျမနေဘူးလား၊ သူကလည်း စောစောမှ ထစေချင်တာကို၊ မိနု ရိပ်မိပလား (တင်ပါ ရိပ်မိ ပါပြီ ဘုရား)။

မေတ္တာပို့တယ်ချည်းပြောတယ်

ဒါက ဆရာကောင်း သမားကောင်းနဲ့ အတော့်ကိုပင် ပိတ်ပြောမှ နို့မဟုတ်ရင် ဒီဟာ မြင်းခြံက ဒကာကြီးတွေ မေးကြည့် မင်းတို့ထက် ကြီးတဲ့ လူကြီးသူမတွေ မေးကြည့်၊ ဒါ မေတ္တာပို့ နေတယ်ချည်း ဆုံးဖြတ်ချက်ချတယ်၊ ဒီလိုပြောပါတယ်တဲ့ အခု အသေအချာစဉ်းစားကြည့်တော့ သူဝင်လာတာ မသေချာဘူး လားဗျာ (သေချာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်ထွန်းလှိုင် ဒါကရှေ့ ဘယ့်နှယ်လုပ်မတုံးကွ စင်စင်ကြယ်ကြယ်လုပ်ရမှာ (တင်ပါ) ဟုတ်ဘူးလား (တင်ပါ ဘုရား) မင်းမလာခဲ့နဲ့ သူက ဟိုညွှန်ပြန်ပြီ၊ သားလေးဆီ၊ ဟော သမီးလေးဆီ ပြေးရပြန်ပြီ၊ မညွှန်နဲ့ မညွှန်နဲ့ မင်းမလာခဲ့နဲ့ မင်းမလာခဲ့နဲ့ ဒို့က မေတ္တာသက်သက်သွားမယ် ဆိုပြီး ခင်ဗျား တို့က ဒီလိုလေးများ တားဖူးရဲ့လား (မတားဖူးပါဘူး ဘုရား)။

သူလာမှန်းမှ မသိပဲ ဘယ်တော့ တားမှာတုံး၊ မောင်အေး ဘာဖြစ်လို့ မတုံး (သူလာမှန်း မသိလို့ပါ ဘုရား) လာမှန်းကို မသိဘူး မောင်ချစ်ဆွေ ရိပ်မိပလားကွ (ရိပ်မိ ပါပြီ ဘုရား) ဘယ်လောက်ဆိုးတုံး (မှန်ပါ ဘုရား) ဒီက ရှေ့ပြင် စရာတစ်ခုမရှိဘူးလား (ရှိပါပြီ ဘုရား)။

မေတ္တာအစစ်ဖြစ်အောင်လုပ်ပါ

ဘယ်လိုပြင်ကြမတုံး (မေတ္တာ အစစ်ဖြစ်အောင်လုပ်ရ မှာပါ ဘုရား)။

မေတ္တာအစစ်ဖြစ်အောင်လုပ်ပါ တဏှာ လက်ညှိုး ညွှန်ရာကို လိုက်မနေပါနဲ့ (တင်ပါ ဘုရား) နို့မဟုတ် တဏှာက မေတ္တာလုပ်သွားလိမ့်ဦးမယ် ခင်ဗျားတို့ကို မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား) တယ်ကြောက်စရာကောင်းပါလား (မှန်ပါ ဘုရား)။

ဒါကြောင့် ပရမတ်ဟာ မောင်ထွန်းလှိုင်ရ နက်နဲတယ် ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား) ဘယ်သူ့ လိမ်တာတုံးမေးတော့ ကိုယ့်ကိုယ်ကို ကိုယ်လိမ်တာ ဘယ်သူ့ လိမ်တာတုံး (ကိုယ့်ကိုယ်ကို လိမ်တာပါ ဘုရား) ကိုယ်လုပ်နေတဲ့ အလုပ် ကိုယ့်ဟာကို မသိအောင် မောင်အေး ကိုယ်လုပ်နေတဲ့ အလုပ်ကို ဘာတုံး (ကိုယ့်ဟာကိုယ် မသိအောင်လုပ်တာပါ ဘုရား)။

သူ့များ လိမ်စရာ ရှိတာ ကုန်သွားလို့ကွ၊ ကိုယ့်ကိုယ်ကို လိမ်ပြန်တာပဲ ဒီအဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ကဲ အစ်မတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)

ကျေနပ်တာ ဘယ်လိုကျေနပ်တာတုံး (မေတ္တာအစစ်နဲ့ မေတ္တာ ပို့ရတာကို ကျေနပ်ပါတယ် ဘုရား) အေး ဒီလိုကိုသွားမှ။

နို့မဟုတ်လို့ရှိရင် မေတ္တာပို့တဲ့အနားမှာပဲ သား လင် ခင်ပွန်းတွေ ကလည်း ရှိနေပြန် ဟုတ်လားကွာ စိတ်ကလည်း မြန်လွန်းလို့။

ဟိုဒီရောက်လိုရောက် မိနုတို့လိုပေါ့လေ၊ ရန်ကုန် ရောက်လိုရောက် ဒါမေတ္တာဟုတ်သေးရဲ့ လားကွ (မဟုတ်ပါဘူး ဘုရား) မဟုတ်တော့ဘူးတဲ့ တစ်ခါတည်း တစ်ခါတည်း အမျိုးမျိုး တောက်လျှောက် သွားတော့တာပဲ မောင်ထွန်းလှိုင် မဆိုးဘူးလားကွ (ဆိုးပါတယ် ဘုရား)။

မေတ္တာစစ်မှ မေတ္တာအကျိုးပြည့်မှာ

အေး ဒါကြောင့် မေတ္တာစစ်စစ်ဖြင့် မဖြစ်နိုင်ကြလို့ မေတ္တာအကျိုးဟာ မပြည့်တာ (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မေတ္တာစစ်စစ် ဆိုလို့ရှိရင်ဖြင့် မေတ္တာ အကျိုးတွေ အကုန်ပြည့်မှာ၊ သေတော့ ဗြဟ္မာပြည်လားတယ် ဆိုတာကိုကွ (တင်ပါ ဘုရား) မပူမပင်ပဲ သေရမယ်၊ သေလည်း ဗြဟ္မာပြည် လားရမယ်၊ ကောင်းသောအိပ်ခြင်း၊ ကောင်းသော နိုးခြင်းတဲ့များပါဘိ၊ မေတ္တာကျိုးလည်း (၁၆)ပါးလောက်ရှိတာ ပါပဲ။

အဲဒါ ဘယ့်နှယ်ကြောင့် မပြည့်စုံပါလိမ့်မတုံးဆိုတာ ဒီနေ့ လက်သည်ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လိုကြောင့် ပေါ်သွားတဲ့ မေတ္တာမဟုတ်လို့ဟေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာမဟုတ်လို့တုံး (မေတ္တာမဟုတ်လို့ တဏှာပို့ ဖြစ်နေလို့ပါ ဘုရား) တဏှာပို့ ပို့နေတဲ့အတွက် တဏှာပို့ ဆိုလို့ရှိရင်လည်း ပို့ဖို့လည်း မလိုဘူး (တင်ပါ ဘုရား)။

တဏှာဆိုတာလည်း ရှောင်ကျဉ်ရမယ့် တရားကိုကွ (တင်ပါ ဘုရား) ပို့ဖို့လိုသေးလား (မလိုပါဘူး ဘုရား) မလိုတာကို မင်းတို့က တစ်ခါတည်း ပြည့်လျှံနေတာချည်း ထပ်ထည့်တော့ ဖိတ်ကုန်မှာပေါ့ (တင်ပါ ဘုရား) ဒီလိုမကျဘူးလား (ကျပါတယ် ဘုရား)။

ဆရာကောင်းနဲ့တွေ့လို့ခွဲခြားသိတာ

အဲဒါကြောင့် “ရာဂေါ မေတ္တာယ ဝဉ္စေတိ” ဆိုတဲ့ ပေဋကော ပဒေသ မှာ လာတဲ့ဥစ္စာ အင်မတန် မှန်ပါတယ် (တင်ပါ) မှန်ဘူးလား (မှန်ပါတယ် ဘုရား) ဒါအခုဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ခွဲသိရတာ (တင်ပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် သေသည့်တိုင်အောင် ခင်ဗျားတို့ ဒီအတိုင်း သွားမှာ (တင်ပါ ဘုရား) မြင်းခြံက ဒကာကြီး မသွားပေဘူးလား (သွားပါတယ် ဘုရား) ဒီလိုပြင်ပေးမည့်သူ မရှိရင်လေ၊ အခုတော့ မေတ္တာပို့ရင် ရပ်ပစ်လိုက်ဦး၊ သူ လာလို့ ရှိရင် ရပ်ပစ်လိုက်ပါဦး ၊ မိနု ဘာလုပ်ပစ်ရမတုံး (ရပ်ပစ် လိုက်ရမှာပါ ဘုရား)။

သူက အထွေးလေး ဖြစ်စေကွာ၊ အကျိုးလေးဆီ ဖြစ်စေ၊ အကန်းလေးဆီ ဖြစ်စေ၊ စိုးရိမ်ဖွယ်ရှိတဲ့ လူဆီ ဖြစ်စေ၊ သူတို့လေးတွေဆီ နားရောက်သွားတာပဲ (တင်ပါ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခင်တာလေးကို ဖြစ်ပျက်ရှုပစ်

ရောက်သွားတော့ကို ခင်တဲ့ဆီ ရောက်တာလား၊ မခင် တဲ့ဆီ ရောက်တာလား မေးဦး (ခင်တဲ့ဆီ ရောက်တာပါ ဘုရား) ခင်တဲ့ဆီ ရောက်ရင် အဲဒီ ခင်တာလေး ဖြစ်ပျက်ရှုလိုက် ဦး ရပ်ပစ်လိုက်၊ ရပ်ပြီးတော့မှ သူပျောက်သွားပလားဆိုမှ ကိုယ့်မေတ္တာကို ပြန်ကောက်ပါ (တင်ပါ ဘုရား)။

တောက်လျှောက် ယူမထားပါနဲ့ သူက လူယောင် ဆောင်ပြီး သကာလ အလုပ်လုပ်နေလိမ့်မယ် (တင်ပါ ဘုရား) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ပြင်တတ်ကြပလား (ပြင်တတ်ပါပြီ ဘုရား) တဏှာ ဝင်လာရင် ဘာလုပ်ပစ်ရမယ် (ဖြစ်ပျက်ရှုရမယ်) ဖြစ်ပျက် ရှုပစ်လိုက် ဖြစ်ပျက်ရှုပစ်လိုက်တာက ရပ်ပစ်လိုက်တာ (တင်ပါ ဘုရား)။

သူကို မလာတော့ဘူးဆိုမှ ကိုယ့်မေတ္တာ မဆုံးသေးရင် – ရတာ မဆုံးသေးရင် ပြန်ပြီးတော့ မပို့ရပေဘူးလား၊ အဲ သူပါလာရင်တော့ ရပ်မိအောင် ရပ်ပစ်လိုက်ပါ၊ တောက်လျှောက်ကြီး သူက ထမ်းသွားပါလိမ့်မယ် (တင်ပါ ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား) မိနု သဘောကျပလား (ကျပါ တယ် ဘုရား)။

ဆွမ်းဆန်ထဲ ကြွက်ချေးရောပြီ

ဘယ်လိုလုပ်မတုံး ပြင်ပေး (ပြင်ရမှာပါ ဘုရား) ရာဂ ဝင်လာရင် ဘာလုပ်မယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဖြစ်ပျက် – ရှုပြီး ဒါတွေရပ်ပစ်လိုက်ပါတော့၊ တော်ပြီ တော်ပြီ မေတ္တာထဲ မင်းဝင်လာပြီ၊ ဆွမ်းဆန်ထဲ ကြွက်ချေးရောပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲတော့ ဒီကြွက်ချေးလည်း သန့်မပစ်လို့ ရှိရင် ဒကာကြီး တော်ပါ့မလား (မတော်ပါ ဘုရား)။

အဲတော့ ကြွက်ချေးကိုလည်း ပါမှန်းသိမှ ကောက်တတ် တာကွ (တင်ပါ ဘုရား) နဂိုက မျက်လုံး မဲကြီးနဲ့တော့ ကြွက်ချေး ကောက်တတ်ပါ့မလားကွ (မကောက်တတ်ပါ ဘုရား) အဲဒါ အခု ဆရာဘုန်းကြီးက မျက်မှန်တပ်ပေးတော့ ဒီထဲ ကြွက်ချေးပါ နေတယ် မပါဘူးလား (ပါပါတယ် ဘုရား)။

ခင်ဗျားတို့ မေတ္တာပို့တဲ့လူတွေ ကြွက်ချေးပါနေတယ်၊ – အဲဒီ ကြွက်ချေးကို သန့်ပစ်လိုက်ပါဦး မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) နဂိုကတော့ မင်းတို့က ကြွက်ချေးရော ဘာရော (ကြွက်ချေးမှန်း မသိလို့ပါ ဘုရား)။

သာမညဆိုရင်မသိဘူး

အဲတော့ ပြင်ဖြစ်အောင် ပြင်ပါလို့ ယနေ့က တိုက်တွန်း ရတဲ့နေ့ကွ (တင်ပါ ဘုရား) ဒါက သာမည ဆိုလို့ရှိရင်ဖြင့် မြင်းခြံ က ဒကာကြီးတို့ ဘယ်တော့မှ မသိဘူး (မသိပါဘူး ဘုရား) သေသာ သေရော ခင်ဗျာတို့ ဘိုးတွေ ဘွားတွေ စဉ်းစားရဲ့လား (မစဉ်းစားပါဘူး ဘုရား)။

ရာဂနဲ့ပဲ မေတ္တာထင်ပြီး သကာလ သွားကြမှာပဲ မသွား ပေဘူးလား (သွားပါတယ် ဘုရား) အဲတော့ကိုတဲ့ မေတ္တာတော့ မေတ္တာပဲ သို့သော်လည်း ရာဂက ဝင်ဝင်နှောက်တာကို သတိမထား မိတော့ ဒီဥစ္စာဟာ ကုသိုလ်လိုလို အကုသိုလ် သွားဖြစ်တယ် (တင်ပါ ဘုရား) ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

မေတ္တာက အထက်လမ်း

အဲ့ဒါကြောင့် “ရာဂေါ မေတ္တာယ ဝဉ္စေတိ” ဆိုတဲ့တစ်လုံး ဟာ မိနု သေးတာ မဟုတ်ဘူး (တင်ပါ ဘုရား) အင်မတန် ကြီးကျယ်တဲ့စကား မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) မေတ္တာက အထက်လမ်း၊ ရာဂက အောက်လမ်း၊ ဒီလိုမနေဘူး လားကွ (နေပါတယ် ဘုရား)။

သို့သော်လည်း အောက်လမ်းက အသက်ရှည်သွားတဲ့ အခါလည်း မရှိပေဘူးလား (ရှိပါတယ် ဘုရား) အောက်လမ်းက တစ်ခါတည်း အမျှလည်းယူကြပါတော့ဆိုပြီ မဟုတ်လားဗျာ အဲ သူက အသက်ရှည်သွားတာက များလေရဲ့ (များပါတယ် ဘုရား)။

မေတ္တာ အထက်လမ်းက ဗြဟ္မာပြည်လမ်းက အတော် နည်းသွားတယ် (တင်ပါ ဘုရား) ရိပ်မိပလား၊ ဒါကြောင့် မင်းတို့ လှူတာ တန်းတာပေးတာ ကမ်းတာ ဘယ်သူ့ကျန်းမာစေချင်လို့ ဘယ်သူ့ကို ချမ်းသာစေချင်လို့ ဆိုလို့ရှိရင်ဖြင့်၊ ဒါတော်တော် ဆိုးသွားတယ်ကွ၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လွမ်းဆွတ်သတိရတယ်တဲ့

သို့ သော် လည်း အခုခေတ်ကြီးက မွေးနေ့ မွေးရက်ဆိုတဲ့ ဥစ္စာတွေ တခမ်းတနား လုပ်နေတာဗျ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘု ရား) မွေးနေ့ မွေးရက်ဆိုပြီး သကာလ တခမ်း တနား လုပ်နေတာက နောက်ဆုံးပိတ် သူတို့ ဖိတ်စာသွား ကြည့်တော့ လွမ်းဆွတ် သတိ ရတာ သတင်းစာ တွေထဲမှာလည်း မပါဘူးလား (ပါပါတယ် ဘုရား)။

သုံးနှစ်ရှိပြီ လွမ်းဆွတ် သတိရတယ်လို့ လာတာကွ (တင်ပါ ဘုရား) လွမ်းဆွတ်တယ် ဆိုကတည်းက မင်း စဉ်းစား ကြည့်စမ်းပါလားကွ (တင်ပါ ဘုရား) သေချာ မနေဘူးလား (သေချာပါတယ် ဘုရား)။

အဲတော့ သေချာတာကိုပင် ခင်ဗျားတို့ကလည်း ကိုယ်တတ်နိုင်လို့ရှိရင်တော့ သတင်းစာ မရှိလို့ရှိရင် အမျှဝေမယ် သတင်းစာရှိလို့ရှိရင်လည်း သတင်းစာကနေ ဝေမယ်ဆိုတဲ့ အသွားက အတော်များတာကွ၊ (တင်ပါ ဘုရား) မများဘူးလား (များပါတယ် ဘုရား)။

ဘယ်သူ့လက်ချက်တွေများတုံး

သေချာ စဉ်းစားကြည့်တော့ ဒါဘာထင်ကြတုံး မင်းတို့ (ရာဂ ပါ ဘုရား) ရာဂလက်ချက်ချည်ပဲ၊ မြင်းခြံက ဒကာကြီး ထင်နိုင်ပလား(ထင်နိုင်ပါတယ် ဘုရား) ဘယ်သူ့လက်ချက်တွေ များတုံး (ရာဂ လက်ချက်ပါ ဘုရား)။

မေတ္တာသက်သက်က အတော်နည်းနေတယ် နည်းဘူး လား (နည်းပါတယ် ဘုရား) အဲတော့ ရာဂလက်ချက်တွေက များပြီး သကာလ နေတော့ မင်းတို့ တစ်အိမ်လုံးမှာ ဘယ်သူ ချယ်လှယ် နေသတုံးဆိုတာ မင်းတို့ စဉ်းစားကြည့်ပေါ်ပါတယ် ရာဂချယ်လှယ်နေတာ (တင်ပါ ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား)။

ဟ.. ရေ သက်စေ့ လုပ်လိုက်ဦး၊ ဟော လာပြီ ကွ ရေသက်စေ့ လုပ်လိုက်ဦးတဲ့ ဘယ်သူ့ သက်စေ့တုံးဆို မင်းတို့ စဉ်းစားကြည့်စမ်း၊ ကဲ ဘယ်သူ့ သက်စေ့တုံး (ကိုယ့်ကိုယ်ကိုသက်စေ့) ကိုယ့်ကိုယ်သက်စေ့ တစ်နည်းအားဖြင့် မမာတဲ့လူ သက်စေ့၊ ဟုတ်လား မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါ ဘယ်သူက ငဲ့တာတုံးတဲ့ (တဏှာကငဲ့တာ) တဏှာကငဲ့တာ သူ ကျန်းမာအောင်တဲ့ အသံကတော့ ဟုတ်ပြီကောကွ၊ အသံကတော့ မေတ္တာပဲတဲ့ ငဲ့တာက (တဏှာကပါ ဘုရား)။

ရေသက်စေ့ မီးသက်စေ့

အဲတော့ ရေသက်စေ့တို့ မီးသက်စေ့တို့ ဆေးသက်စေ့ တို့ပေါ့ကွာ၊ မရှိဘူးလား (ရှိပါတယ် ဘုရား) တချို့များ ဆွမ်းလုံး လေးတွေ များကွာ တစ်ခါတည်း ပန်းကန်ထဲမှာ ပုံထားတာ တစ်ခါတည်း သက်စေ့၊ ဆုပ်ဆုပ်ပြီးတော့ ပုံသေးတယ်ဗျာ၊ ဘယ်သူ့ သက်စေ့တုံးဆိုရင် မိမိသက်စေ့ သော် လည်းကောင်း၊ မိမိ ခင်ပွန်းသက်စေ့သော်လည်းကောင်း၊ မိမိကလေး သက်စေ့သော် လည်းကောင်း သူကျန်းမာဖို့၊ ချမ်းသာဖို့ လုပ်တာ (တင်ပါ ဘုရား)။

အသံကတော့ မေတ္တာ

အသံကတော့ မေတ္တာကွ လုပ်တာက တဏှာ (တင်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အဲတော့ ဆွမ်းတော်ပွဲ သွားကြည့်၊ ဒီအလုံးလေးတွေ တွေ့လို့ရှိရင်တော့ မဟုတ်ဘူး သူ့ဟာက မရှိဘူးလား ရှိသလား (ရှိပါတယ် ဘုရား) ရှိတယ်ကွ အလုံးလေးတွေနဲ့ ပြီးတော့မှ ဘာနေ့သား၊ ဘာနံသား ဘယ်ပန်း နဲ့ ဘယ်ဟင်းချက်လို့ အဲတော့ ဘယ်ထောင့်များ သွားလိုက် သေးတယ်။

ဒါသာ သတိထားလို့ ဆိုလို့ရှိရင်ဖြင့် နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒီလူမမာကျန်းမာဖို့ပဲကွ (တင်ပါ ဘုရား) ဘယ်သူ့ ငဲ့နေသတုံးလို့ မေးလို့ရှိရင်ဖြင့် ကိုယ်မသေစေချင်တဲ့ လူငဲ့တာ (တင်ပါ ဘုရား) မသေစေချင်တာ ခင်လို့ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်လို့လုပ်တဲ့မေတ္တာ ဒါန

မသေစေချင်တာ ဘာတုံး (ခင်လို့ပါ ဘုရား) ခင်လို့ လုပ်တဲ့ ဒါန၊ ခင်လို့ လုပ်တဲ့ မေတ္တာတွေက မများဘူးလား (များပါတယ် ဘုရား) ဒါ ကုသိုလ်ရနိုင်တယ်လို့ ဟောရမယ်ဆို ဒါ ကုသိုလ်ရမယ်လို့ ဟောလို့ ရပါ့မလား (မရပါဘူး ဘုရား) မရဘူးတဲ့ တရားကိုယ်က အစစ်ကို ကွ၊ တရားကိုယ်က အကုသိုလ် ဝင်လာတယ်ဆိုတာ မောင်အေး ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ငွေကုန်ကျိုးနပ်အောင်လုပ်ပါ

နောက် မင်းတို့ ဆင်ခြင်လုပ်ကြကွ၊ ငွေကုန်ကျိုး နပ်အောင်လုပ်ပါ၊ မြင်းခြံကဒကာကြီး ငွေကုန်ကျိုးနပ်အောင့် လုပ်လေ ကောင်းလေ (တင်ပါ ဘုရား) ဒါနဖြင့် ဒါနသက်သက် ပေါ့ဗျာ မေတ္တာဖြင့်ကော (မေတ္တာသက်သက်ပါ ဘုရား)။

အခုတော့ အရော အနှောတွေက ရောတာထက် – တောင် သူက ဖုံးသွားလိုက်သေးတယ်၊ ဖုံးမသွားဘူးလား (ဖုံးသွားပါတယ် ဘုရား) မေတ္တာဘက်ကို တစ်ခါတည်း သူက တစ်ခါတည်း အုပ်သွားတော့တာပဲ (တင်ပါ) မေတ္တာအညွန့် ပေါက်သေးရဲ့လား (မပေါက်တော့ပါဘူး ဘုရား)။

ဒါဖြင့် မေတ္တာ ဘယ့်နှယ်လုပ် အကျိုးပေးမလဲကွ (တင်ပါ့) ပေးနိုင်သေးရဲ့ လား (မပေးနိုင်ပါ ဘုရား) ခုန ဒကာကြီး တို့ မြင်းခြံရွှေ့တဲ့ သစ်ပင်တစ်ပင်ကို လောင်းရိပ်မိနေမယ်ဆို ကတည်းက ဒီသစ်ပင် ကြီးပါဦးမလား (မကြီးပါဘူး ဘုရား)။

ဘာဖြစ်လို့တုံး (လောင်းရိပ်မိနေလို့ပါ ဘုရား) ကြာတော့ ဒီလိုနဲ့ပဲ အညွန့်တုံးပြီး သေရုံပဲ မဟုတ်လား (တင်ပါ) ဒီမှာလည်း မေတ္တာပေါ်မှာ ရာဂလောင်းရိပ်က မိနေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မေတ္တာအပေါ်မှာ လောင်းရိပ်မိနေတယ်

မေတ္တာအပေါ် ဘာလောင်းရိပ်မိနေတာတုံး (ရာဂ လောင်းရိပ်မိနေပါတယ် ဘုရား) ပစ္စုပ္ပန် သေမှာပဲကွ အကျိုးပေး စရာ မရှိပါဘူး အသီးစားရမှာ မဟုတ်ပါဘူး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

အဲတော့ စင်စင်ကြယ်ကြယ် လုပ်ကြပါလို့ သတိပေးတဲ့ နေ့ပဲကွ (တင်ပါ ဘုရား) မေတ္တာပို့ရင် ဘာတုံး (စင်စင်ကြယ်ကြယ် လုပ်ရမှာပါ ဘုရား) မေတ္တာချည်း သက်သက်လုပ်ပါ (တင်ပါ ဘုရား) တဏှာ အရော မခံပါနဲ့ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မေတ္တာပို့ရင် ဘယ့်နှယ်လုပ်ရမတုံး (တဏှာ မ ရာပဲနဲ့ ပို့ရမှာပါ ဘုရား) အေး မေတ္တာချည်း သက်သက် (တင်ပါ) တဏှာ လုံးဝ မဖက်စေနဲ့ သဘောကျပလား (ကျပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် မောင်ချစ်ဆွေတို့ နောက်ကရောတာတွေ တော့ အသာထားပေါ့ကွာ (တင်ပါ ဘုရား) ရှေ့ကို (မရောမိ အောင် လုပ်ရမှာပါ ဘုရား)။

အင်း ရှေ့ကို မရောမိအောင်လုပ်၊ ဘာဖြစ်လို့တုံး ဆိုတော့ ကုသိုလ်လိုချင်လို့ လုပ်တယ် ဆိုပြီးတော့ အကုသိုလ် ဖြစ်နေတာ၊ ဒါ ပဋ္ဌာန်းဉာဏ်လို့ ခေါ်ပါတယ် (တင်ပါ ဘုရား) ပဋ္ဌာန်းကတော့ သိထားတာ ဝီထိခြားနေတာ တစ်ခုက ကပ်ထွက်သွားတာ၊

ပဋ္ဌာန်းကတော့ “ရာဂံ ဥပနိဿယ ဒါနံ ဒေတိ။ သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ၊ မာနံ ဇပ္ပေတိ။’’ နဲ့ သဒ္ဓါတရား အကြောင်းအရင်း ခံပြီး၊ ငါဟာ ငါလို့ ဆိုနိုင်ဖွယ်ရှိလား ဆိုတာ အဲဒါ အင်မတန် ပေါ်တဲ့ တရား၊ အခုဟာက ဒီလောက် မပေါ်ဘူး။

ကပ်ပြီးတော့မှ တစ်ခါတည်း ဟိုအညွန့် မပေါက် အောင်၊ သိတောင်မသိလိုက်သူက (မသိပါဘူးဘု ရား) သိတောင် မသိလိုက်ဘူး၊ ကဲ ဘယ်လောက် ဆိုးဝါးနေတုံး၊

အေး အသက်အရွယ် လေး ကြီးလာပြီကွ၊ အသက်ကလေးများ ဆက်ကြဦးစို့ ဟုတ်လား မေတ္တာလေးပို့ကြဦးစို့ ဆိုပြီး သကာလ ၊ ငါးလေးတွေ မေတ္တာပို့ တာတောင်ကြည့် ခင်းဗျားတို့ ၊ဟော လှတဲ့ ငါးလေး ပိုပို့တယ်။

မေတ္တာသက်သက်ဟုတ်သေးရဲ့လား

ငါးလေးတွေ အင်တုံထဲ ထဲ့ပြီးတော့ ဒီလှတဲ့ငါးလေး (ပို့ပေးပါတယ် ဘုရား) လှတဲ့ငါး ပို့တယ် ဆိုကတည်းက၊ လှတာ ကို ကြိုက်တာ တဏှာက ကြိုက်ထားတာကိုဗျ (တင်ပါ ဘုရား) အဲတော့ ဒါ မေတ္တာသက်သက် ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

အိမ်ခွေးလေးတွေ ကိုးကောင် ရှိတယ်ကွ၊ သူမေတ္တာပို့လို့ ရှိရင် ဘယ်ခွေးမေတ္တာ ပို့မတုံး၊ လှတာလေးမှ ပို့မယ်ဆိုကတည်း က လှတာလေးက ဘယ်သူက လာတုံး (တဏှာကလာပါတယ် ဘုရား)။ တဏှာပို့ပဲ ဖြစ်လိမ့်မယ် ။

အဲဒါလေး ပို့နေလို့ရှိရင် တဏှာပို့ပဲ ဖြစ်လိမ့်မယ်၊ မေတ္တာပို့ မဖြစ်နိုင်ဘူး (တင်ပါ ဘုရား) ဖြစ်နိုင်ပါ့မလား (မဖြစ် နိုင်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲတော့ မင်းတို့က ခွေးဆိုလို့ရှိရင် ခွေး အတူတူပေါ့ကွာ၊ ဟုတ်ဘူးလား အခုတော့ မဟုတ်ဘူး ထမင်းကျွေးတယ် ဆိုရင်ဖြင့် တစ်မျိုးစီ ဖြစ်လာပြီ၊ ထမင်းကျွေးတယ် ဆိုလို့ရှိရင်ဖြင့် ဟိုခွေးတွေ ရိုက်၊ ဒီခွေးတွေ ကျွေး ဒီလိုတော့ မလာဘူးလား (လာပါတယ် ဘုရား)။

လှတဲ့ခွေးလေး၊ ကိုယ့်သမီးအရွယ်ရှိတဲ့ ခွေးလေးပေါ့ကွာ၊ ကျန်းမာပါစေလို့ ကျွေးတာပါပဲ ကျွေးတာ ကတော့ နော် ကျွေးတာက ဘာတုံး (ကျန်းမာပါစေလို့ ကျွေးတာပါ ဘုရား)။

ကျန်းမာပါစေလို့ ကျွေးတဲ့အထဲ ဘယ်သူဝင်ရှုပ်နေတုံး ကြွ (တဏှာက ဝင်ရှုပ်နေပါတယ် ဘုရား) တဏှာက ဝင်လိုက် တော့ သူတို့တော့ မကျန်းမာစေနဲ့၊ သူကျန်းမာပါစေ၊ သူတို့ကို ရိုက်ထုတ်ကွာ၊ ကျန်တဲ့ခွေးတွေ ရိုက်ထုတ်၊ ဒါမေတ္တာရှိလို့ ကျွေးတာလို့ သူများတော့ ပြောချင် ပြောဦးမှာပေါ့ဗျာ၊ ကျန်းမာ ပါစေ၊ ချမ်းသာပါစေလို့ ဝင်ထားတာ မသိလိုက်ပဲကိုကွ။

အချိုးကျတဲ့ဘုရားမှ ကြည်ညိုတယ်

ကြားခိုသွားတာ မသိလိုက်ဘူး ဒါ ကိလေသာ ကြားခို တာနဲ့ အတူတူပဲကွ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား) အဲတော့ကို ဘုရားလေးတွေ ထုထားတယ်၊ သုံးဆူလောက် တန်းထား ခင်ဗျားတို့ သုံးဆူလောက် တန်းထား ပန်းပုဆရာ အချိုးကျတဲ့ ဘုရားကို ခင်ဗျားတို့ ကြည်ညိုတယ်။

ဥဒ္ဒိဿဆိုသော ရည်မှန်းတာ

အဲဒီက ဥဒ္ဒိဿ ဟို ဘုရားကို ရည်မှန်း၍ ဆိုတော့ ဟိုဘုရားဆီ ရောက်သေးရဲ့ လား (မရောက်ပါဘူး ဘုရား) ဒီတင် ရောက်နေတာ ဒီဘုရား မြင်သဖြင့် ဟိုဘုရားကို ကျုပ်တို့က ရောက်ရမှာကိုဗျ (တင်ပါ) ဒါဘုရားစစ်မှ မဟုတ်ပဲ၊ ဥဒ္ဒိဿ ဆိုတာ ရည်မှန်းထားတာ (တင်ပါ ဘုရား)။

ပန်းပုဆရာရှိခိုးသလိုဖြစ်နေတယ်

သို့သော်လည်း ပန်းပုဆရာမှာ လမ်းဆုံးနေတာများ တယ် မောင်အေး ဘယ်လမ်းဆုံးတုံး (ပန်းပုဆရာ လမ်းဆုံး ပါတယ် ဘုရား) ဂွကျနေပြီ၊ ပန်းပုဆရာ ရှိခိုးနေသလို ဖြစ်နေမှာပေါ့ကွာ၊ ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အတော်ဆိုးနေ တာကွ မောင်ချစ်ဆွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက သူကလှည့်ဝင်သွားတာ မသိလိုက်လို့ ဖေါ်လို့ မရတာပါကွ၊ ဟောဒီဘုရားလေးကို အချိုးကျတယ်၊ ဒီဘုရားလေး ရောက်လာမှ အိမ်မှာလည်း စီးပွားရတနာ နေရာကျတယ် ဆိုတော့ ဘယ့်နှယ်ဖြစ်နေတုံး၊ တဏှာက ပါပါ မသွားဘူးလား (ပါပါတယ် ဘုရား)။

တဏှာက ပါသွားတော့ ဒီပြင် ဘုရားတွေလည်း ကြည်ညိုပါရဲ့၊ မကြည်ညိုလို့ မဟုတ်ပါဘူးဆိုပြီး ကန့်ကွက် လိုက်သေးတယ် (တင်ပါ ဘုရား) ကြည်တော့ ကြည်ညိုပါတယ် မကြည်ညိုလို့တော့ မဟုတ်ပါဘူး။

မိနုတို့ ဒီဥစ္စာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ မိနုတို့အိမ်မှာ ဘုရားလေးတစ်ဆူ မရှိဘူးလား (ရှိပါတယ် ဘုရား) ဦးဝင်းက ဘုန်းကြီးတစ်ခါပြရဦးမယ်တဲ့ ဘုရားလေး၊ သူ့ ဘုရား လေး အတော်နေရာကျပုံပေါ်တယ်၊ ရွှေဆင်းတုမှာ ဆင်စွယ်တောင် လုပ်ထားတယ်ဆိုတာကိုဗျ သူကလည်း။

ရူပါရုံတင်ကြည်ညိုတာ၊ ဉာဏ်တော်မရောက်ဘူး

အဲတော့ ဒီဟာသည်ကားလို့ ဆိုရင်ဖြင့်တဲ့၊ ရူပါရုံတင် ရောက်နေတာ ဘုရား မရောက် တော့ဘူးနော် (မှန်ပါ့ ဘုရား) ရူပါရုံတင် ရောက်ပြီး သကာလ ၊ ရူပပသာဒပုဂ္ဂိုလ်တဲ့ ရူပါရုံတင် ကြည်ညိုတာ သဗ္ဗညုတဉာဏ် မရောက်ဘူးတဲ့ (တင်ပါ) ရောက်သေးရဲ့လား (မရောက်ပါဘူး ဘုရား)။

မရောက်တော့ကိုတဲ့ ဒီဥစ္စာ တဏှာဝင်ခိုတာပဲ မခိုဘူး လား (ခိုပါတယ် ဘုရား) တဏှာ ဝင်ခိုနေတော့ ဘုရားတော့ ရှိခိုး ပြီးသွားပြီ ရှိခိုးတဲ့ ကုသိုလ်စိတ်ကို မလာဘူး (တင်ပါ ဘုရား) ဝက္ကလိ ရှိခိုးနည်း ဖြစ်နေတာပေါ့ကွ (မှန်ပါ ဘုရား)။

ကြည့်ကောင်းတာနဲ့ ကြည့်နေတာပဲ၊ ကြည့်ကောင်း တာနဲ့ ကြည့်တယ်ဆိုလိုက်ပါ၊ အကြည်ညိုတော့ မထည့်ပါနဲ့ အကြည်ညိုထည့်လိုက်လို့ရှိရင် သဒ္ဓါပါသေးတာကိုဗျ (တင်ပါ ဘုရား)။

ကြည့်ကောင်းတာနဲ့ ကြည့်နေတာ

ကြည့်ကောင်းတာနဲ့ ကြည့်နေတာပဲဆိုတော့ ဘယ့်နှယ် နေတုံးဗျ တဏှာလောဘ ဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းပလား တချို့များ ဘုရားကြီးရှေ့မှာ မောင်ထွန်းလှိုင် တစ်ခါတည်း ထိုင်ပြီး မျက်နှာတော်ကြီးများ ဖူးနေလိုက်တာ ဆိုတာ အတော်ဟုတ်တာပေါ့ (တင်ပါ ဘုရား)။

အရပ်က ဘုရားတွေကျတော့ ဒီလိုဖူးရဲ့လားလို့ မေးရင် ဒီမှာက ကြုံခဲသကို၊ ခုလို ရွှေစလွယ်ကြီးတွေနဲ့ စိန်တွေ အမျိုး မျိုးနဲ့ မကိုဋ်တော်ကြီးနဲ့ ပလ္လင်ကြီးကလည်း ကျောက်တွေ အမျိုးမျိုးစီလို့ ပန်းကလေးတွေနဲ့ ဓာတ်မီးတွေနဲ့ဆိုတော့ ရူပါရုံ တင်ရပ်နေတာဗျ၊ မရပ်ဘူးလား ရပ်လား (ရပ်ပါတယ် ဘုရား)။

ကျေးဇူးတော်ရှင်ဆိုတာ ရောက်သေးရဲ့လား

သဗ္ဗညုတဉာဏ် ရောက်သေးရဲ့ လား (မရောက်ပါဘူး ဘုရား) ကျေးဇူးတော်ရှင် ဆိုပြီး သကာလ ကိုယ့်မှာ သူပြောလို့ သိရပေတယ် ကျင့်ရပေတယ်လို့ အဲ့ဒီကျအောင် ရောက်သေး ရဲ့လား (မရောက်ပါဘူး ဘုရား) ရူပါရုံတင် ရပ်နေတာ၊ အဆင်းတင် ရပ်နေတယ်ဆိုကြပါစို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒီတွင် တော်ဦးကွာ။

သာဓု သာဓု သာဓု။