163

ပြုံးနေတော့ လော့ဘမီး၊ မဲ့နေတော့ ဒေါသမီး

(ကိစ္စဉာဏ်)

အသံဖိုင်ခေါင်းစဉ်=သုဗြဟ္မနတ်သားဥပမာပြကိစ္စဉာဏ်တရားတော်

စာအုပ်ခေါင်းစဉ်= ပြုံးနေတော့ လော့ဘမီး၊ မဲ့နေတော့ ဒေါသမီး(ကိစ္စဉာဏ်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

ပြုံးနေတော့ လော့ဘမီး၊ မဲ့နေတော့ ဒေါသမီး

(ကိစ္စဉာဏ်)

ဟောကြားသည့်နေ့

(၄-၁-၅၉)

ရုပ် နာမ်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နာတဲ့ အခိုက်အတန့်မှာ ဒုက္ခသစ္စာလို့ မှတ်ပါနော်။ နာတဲ့အခိုက်အတန့် မှာ ပေါ်နေတဲ့စိတ်၊ သူက ဖြစ်ဖော်ဖြစ်ဖက်ဖြစ်တဲ့ ရုပ်တွေ၊ နာတဲ့ အခိုက်အတန့်မှာ ခု ခဏမှာနေတဲ့ နာမ်ရုပ်ကိုဆိုတယ်လို့ အောက်မေ့ပါ။

သူ့ဟာသူ ဒုက္ခသစ္စာဖြစ်နေတာကို ကိုယ့်ဉာဏ်ထဲ မတည့်လို့ရှိရင်၊ ဒါ ကိုယ့်ဒုက္ခသစ္စာလို့ မဆိုနဲ့။ ယခု တရားနာ နေတဲ့ အခိုက်အတန့်မှာ နာနေတဲ့စိတ်တွေကော မရှိကြ ဘူးလား (ရှိပါတယ် ဘုရား)။

ဪ နာနေတဲ့ စိတ်တွေ ရှိတယ်။ ကောင်း မကောင်း ဝေဖန်တာတွေရှိတယ်။ တရားနဲ့ တွေ့ထိတာတွေ ရှိတယ်။ တရား အပေါ်၌ ယုံကြည်တဲ့သဒ္ဓါတွေရှိတယ်။

တရားနာတဲ့အချိန်မှာ

တရား ကြည်ညိုတဲ့ ကုသိုလ်ဇော ခုနစ်ကြိမ်တွေ ရှိတယ်။ ခုနက ဘဝင်စိတ်တွေ ရှိတယ်။ အဲဒီ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးဟာ ဒုက္ခသစ္စာချည့်ပဲလို့ မှတ်ပါ (မှန်ပါ့)၊ တရားနာနေတဲ့အခိုက် အတန့် ပေါ်လာတဲ့ စိတ်ရော ရုပ်ရော ဘာဆိုကြမယ် (ဒုက္ခ သစ္စာပါ ဘုရား)။

ဒုက္ခသစ္စာလို့ မှတ်၊ ဒုက္ခသစ္စာကို အရှာခက်တယ်လို့ ဦးခင်မောင်တို့က အယူမရှိနဲ့နော် (မှန်ပါ့)၊ ပေါ်လာတာကို ခုပေါ်လာတာကို သိလို့ရှိရင် ဒုက္ခသစ္စာပေါ်တာပဲ။

အခုပျက်သွားတာကို သိလို့ရှိရင်တော့ ဒုက္ခသစ္စာပျက် တာပဲ။ နောက်ကပေါ်လာတာလည်း ဘာပါလိမ့် (ဒုက္ခသစ္စာ ပါ ဘုရား)၊ နောက်ထပ် ပျက်သွားတာလည်း (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ သန္တာန်မှာ ပေါ်သ၍ ပျက်သ ၍ဟာဖြင့် ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ။

ဒါ သစ္စာဉာဏ်

ဆုံးဖြတ်ချက်ချထားတော့ကိုး၊ အဲဒီကဲ့သို့ ကိုယ့်သန္တာန် ပေါ်လိုက် ပျက်လိုက်၊ ပေါ်လိုက် ပျက်လိုက်၊ ပေါ်လိုက် ပျက် လိုက်နေတာတွေ ဟူသ၍ ဒုက္ခသစ္စာလို့ မှတ်ထားရင် ဒါ သစ္စာ ဉာဏ် ရသွားတယ် (မှန်ပါ့)။

အဲ့ဒါ သစ္စဉာဏ်ကတော့ ဟောပြီးသား ဖြစ်နေတဲ့ အတွက် မနေ့ကပြောခဲ့တဲ့ ကိစ္စဉာဏ် မနေ့က တစ်ဝက်ဟောခဲ့ တယ် (မှတ်ပါ)။

ကိစ္စဉာဏ်ဆိုတာ

ကိစ္စဉာဏ်ဆိုတဲ့ဥစ္စာ မှတ်ထား၊ ဒကာ ဒကာမတွေ သန္တာန်၌ ပေါ်လာတဲ့ ရုပ်နာမ်ဟူသ၍ သည် နှိပ်စက်တတ်တဲ့၊ နှိပ်စက်ခြင်း ခံရတဲ့ ကိစ္စရှိတယ်။

ဒကာ ဒကာမတွေ သန္တာန်၌ ပေါ်လာတဲ့ ရုပ်နာမ်တွေကို နှိပ်စက်ခြင်းကိစ္စနဲ့ ကြုံရရှာကြတယ် (ကြုံရပါတယ် ဘုရား)။

ဒကာ ဒကာမတွေသန္တာန်၌ ပေါ်လာတဲ့ ရုပ်နာမ် ဘာနဲ့ ကြုံရတုံး (နှိပ်စက်ခြင်းကိစ္စနဲ့ ကြုံရပါတယ် ဘုရား)၊ နှိပ်စက် ခြင်းကိစ္စနဲ့ ကြုံရတယ်လို့ ဆိုတာ မှတ်ထားကြပါ။

ကဲ- ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ခု တရားနာ နေ တဲ့စိတ်တွေ၊ တရားသိတဲ့ ဥပမာ မနေ့ကပြောခဲ့တဲ့ သောတဉ္စ ပဋိစ္စ သဗ္ဗေစ ဥပ္ပဇ္ဇတိ သောတဝိညာဏ် ဆိုတဲ့ ကြားစိတ်ကလေး တစ်ခု မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

တဏှာလိုက်တာရတယ်

တိဏ္ဏံ သင်္ဂတိ ဖဿော ဆိုတော့ ဖဿကော (ပေါ်ပါ တယ် ဘုရား)။ ဖဿ ပစ္စယာ (ဝေဒနာပါ ဘုရား)၊ ဝေဒနာ ပေါ်လာတယ်။

ဝေဒနာပေါ်လာပြီးသကာလ၊ ဝေဒနာနောက်ကနေပြီး သကာလ တဏှာ လိုက်တာလည်း ရှိတယ်။ တဏှာက မလိုက်တာလည်း ရှိတယ်နော် (မှန်ပါ့)။

ဝေဒနာနောက်ကနေပြီး သကာလ တရားကို သိနေတဲ့ ပညာကော မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ပညာလိုက်တာရှိတယ်

အေး – ဒီလိုလဲလိုက်ပြီးသကာလ နေတော့၊ ပညာလိုက် ပြီး သကာလ နေပါတယ် ဆိုတာ မှတ်လိုက်တယ်၊ ပညာလိုက်ပြီး ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ် ပြတ်ရတော့မလားလို့ မေးတဲ့အခါကျတော့ ကိုးတဲ့၊ ပညာလိုက်ပြီး သညာကသိ ဆုံးဖြတ်ချက်ချပြီး သကာလ မိမိတို့၏ ရိုးရာ အိပ်နေတဲ့စိတ်မျိုး ဘဝင်စိတ်တွေ ပဋိစ္စသမုပ္ပါဒ် နောက်က လိုက်တယ်၊ သဘောကျပလား (မှန်ပါ့)။

ဘဝင်စိတ်ကဆက်လိုက်တယ်

ဘဝင်စိတ်တွေ ပဋိစ္စသမုပ္ပါဒ်နောက်က လိုက်လာတယ် လို့ ဆုံးဖြတ်ချက်ချတော့ တစ်ရယ်၊ နှစ်ရယ်၊ သုံးရယ်၊ လေးရယ် ထားပါတော့၊ ဒကာ ဒကာမတွေ သန္တာန်မှာ အခု ခဏပေါ်လာ တဲ့စိတ် ဆိုလို့ ရှိရင်ဖြင့် သဘောကျပလား (သဘောကျပါ တယ် ဘုရား)။

ဒါဘာတုံးလို့မေးလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်လို့ဆိုရမှာပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲတော့ ပဋိစ္စသမုပ္ပါဒ် တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါတို့သန္တာန် ဘာစိတ်ပဲ ပေါ်ပေါ် ဒုက္ခက္ခန္ဓဿလို့ ဟောထားတယ်ဆိုတော့ ဒီဘက်မှာ ဧဝမေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿလို့ မလာဘူးလား (လာပါတယ် ဘုရား)။

ဘာစိတ်ပေါ်ပေါ် ဒုက္ခသစ္စာလို့မှတ်ပါ

ဒါဖြင့် ဒီရှေ့က ပေါ်လာတာသည် ဘာလို့ဆုံးဖြတ်ချက် ချမလဲ (ဒုက္ခအစုကြီးပါ ဘုရား)၊ ဒုက္ခလို့ ဆုံးဖြတ်ချက်ချကြပါ ဒကာ ဒကာမတို့ ကိုယ့်သန္တာန်ပေါ်တဲ့ နာမ်ပေါ်ပေါ်၊ ရုပ်ပေါ်ပေါ် ခုတရားနာတဲ့ စိတ်အစဉ်ပဲ ပေါ်ပေါ်၊ ဘာလို့ဆုံးဖြတ်ချက် ချမလဲ (ဒုက္ခပါ ဘုရား)၊ ဒုက္ခလို့၊ ဆုံးဖြတ်ချက်ချပါ။

ဒီ ဒုက္ခကို ဒုက္ခသစ္စာလို့တော့ သိသွားပါပြီး ဖြစ်ပြီးပျက် လို့ ဖြစ်ပြီးပျက်လို့ ဖြစ်ပြီးပျက်လို့ ဒုက္ခသစ္စာလို့တော့ သိသွားပါပြီ။

ကိစ္စဉာဏ်ထည့်ပေးပါ

သူတို့ကိစ္စ ဘာကိစ္စရှိသတုံးဆိုတော့ ကိစ္စဉာဏ်က ကိုယ့်သန္တာန်ပေါ်ဖို့ရာ အရေးရှိသေးတယ်၊ ကိစ္စဉာဏ်မပေါ်ရင် သောတာပန် မတည်နိုင်ဘူး (မှန်ပါ့)။

သစ္စာဉာဏ်နဲ့ သောတာပန် မတည်နိုင်ဘူး၊ ကိစ္စဉာဏ် ထည့်ပေးပါလို့ ဆရာဘုန်းကြီးက သတိပေးတယ်၊ ဒကာ ဒကာမတွေ ရှုတဲ့အချိန်မှာနော်၊ ဘာဉာဏ်ထည့်ပေးရမတုံး (ကိစ္စဉာဏ် ထည့်ပေးရမှာပါ ဘုရား)။

ပူပန်စေခြင်းကိစ္စရှိတယ်

ကိစ္စဉာဏ်ထည့် ပေးရမယ်လို့ မှတ်ထားကြပါ။ ကိစ္စဉာဏ် ဆိုတာ ဘာတုံးလို့ ဆိုလို့ရှိရင် သန္တာပဋ္ဌလက္ခဏံ ဒုက္ခသစ္စံ၊ သန္တာပဋ္ဌ = ပူပန်စေခြင်းကိစ္စ ရှိတယ်။

အင်း ဒီတရားတွေဟာ ဒကာ ဒကာတို့ ခုပေါ်နေတဲ့ တရားတွေဟာ ဒီဘက်က တရားနာတဲ့စိတ်၊ တရားကိုကြားတဲ့ စိတ်၊ ဒါက တရားနဲ့ တွေ့တာ၊ ဒါက တရားအရသာ ခံစားတာ၊ ဒါကတရားကို သိတာ၊ ဇော (၇) ကြိမ်က တရားကိုသိတာ။

ပြီးတော့မှ ဘဝင်စိတ်တွေဖြစ်တာ၊ ဒါ ပဋိစ္စသမုပ္ပါဒ်ဆို တာ သဘောကျပလား (တင်ပါ့)၊ ဝီထိ ဆိုရင်လည်း ဟုတ်တာပဲ၊ ပဋိစ္စသမုပ္ပါဒ် ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

နှိပ်စက်ခံခြင်းကိစ္စ

ဟုတ်ပါတယ်လို့ ဆုံးဖြတ်ချက်ချထားတော့၊ ဪ – ဒါ ဖြင့် ဒီစိတ်တွေဟာ အပူလောင်ခံခြင်း၊ နှိပ်စက်ခံခြင်း ကိစ္စရှိတယ် လို့ မှတ်ထားပါ (မှန်ပါ့)။

ဒကာ ဒကာမတွေ ခု တခြားကနေပြီး သကာလ ၊ ဒါကို နှလုံးသွင်းပြီး သကာလ မနေတဲ့ အချိန် ဆိုလို့ရှိရင်ဖြင့် နှလုံးမသွင်း တဲ့ အချိန်ကျလို့ ရှိရင်ဖြင့် အယောနိသော မနသိကာရ၊ နှလုံး သွင်းတဲ့ အချိန် ယောနိသော မနသိကာရ။

နှလုံးမသွင်းတဲ့ အချိန်ကျတော့ အယောနိသော မနသိကာရဆိုတာ မရှိဘူးလား (ရှိပါတယ်)။ အဲဒီ အယောနိသော မနသိကာရ လာလိုက်လို့ရှိရင် ဒီစိတ်တွေ ပျောက် မပျောက်စဉ်းစားကြည့် (ပျောက်ပါတယ် ဘုရား)။

အယောနိသောမနသိကာရဆိုတာ

မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား) ဘာပြုလို့ ပျောက် ရပါသလဲဆိုတော့၊ အယောနိသော မနသိကာရ လို့ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ မှတ်ထား အနိစ္စကို နိစ္စထင်တဲ့တရား၊ ဒုက္ခကို (သုခ) သုခထင်တဲ့တရား၊ အသုဘကို (သုဘလို့ထင်တာပါ ဘုရား)။

အနတ္တကို (အတ္တလို့ ထင်ပါတယ် ဘုရား) အတ္တထင်တဲ့တရားဆိုတော့ ဒီတရားတွေဟာ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါတော့၊ လောဘ ဒိဋ္ဌိပဲလို့ ပေါင်းလိုက်တော့ လောဘဒိဋ္ဌိပဲ ရတယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။

အနိစ္စ နိစ္စထင်တာကလည်း ဒိဋ္ဌိပဲ မဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား)၊ အသုဘ-သုဘလို့ ထင်တာ ကတော့ လောဘလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

လောဘဒိဋ္ဌိပဲရှိတယ်

ကောင်းပြီ၊ အနတ္တ – အတ္တထင်တာက ဒိဋ္ဌိလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒုက္ခကို သုခထင်နေတာကတော့ဖြင့် ဒါလိုချင်တဲ့ လောဘလို့ မဆိုနိုင်ဘူး လား။

ပေါင်းလိုက်တဲ့အခါကျတော့ အယောနိသောမနသိကာ ရ မှာ လောဘဒိဋ္ဌိပဲရှိတယ် သဘော ကျပလား (မှန်ပါ့)။

အယောနိသောမနသိကာရ၏ တရားကိုယ် ကောက် လိုက်ရင်ဘာပါလိမ့် (လောဘ ဒိဋ္ဌိပါ ဘုရား)။

အဲဒီ လောဘဒိဋ္ဌိကဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဒီဝီထိမျိုး နောက်ထပ်ကျနိုင်သေးရဲ့ လား (မကျနိုင်ပါဘူး ဘုရား) မကျနိုင်တော့ဘူး။

လောဘဒိဋ္ဌိဝင်လာလို့ရှိရင် ဒကာ ဒကာမတို့ ဒီအစဉ် လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ ဒီအစဉ် ဘယ်နှယ့်ကြောင့် မလာသတုံး မေးလို့ရှိရင်ဖြင့်၊ ဒီအစဉ်ဟာ အာသေဝန သတ္တိ နဲ့ ဦးဘတင် ဆုံးပြီး သကာလ ဒီဘက်လည်း ဒါမျိုးလာဖို့ မသင့်ဘူးလား။

ခဏ ခဏ ပေါ်နေဖို့ (မှန်ပါ့) အာစိဏ္ဏကံ ဖြစ်နေဖို့ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။ သို့သော် အာစိဏ္ဏကံဖြစ်နိုင်လား (မဖြစ်နိုင်ပါဘူး ဘုရား) လောဘဒိဋ္ဌိက လောင်ပစ်လိုက်တယ် (မှန်ပါ့)။

ပူလောင်ခံခြင်းနှိပ်စက်ခံရခြင်းကိစ္စ

ဒါဖြင့် ဒီတရားတွေဟာ ပူလောင်ခံခြင်း၊ နှိပ်စက်ခံရ ခြင်း ကိစ္စရှိတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား) ဘာကိစ္စရှိတုံး (ပူလောင်ခံခြင်း၊ နှိပ်စက်ခံရခြင်း ကိစ္စရှိပါတယ် ဘုရား)။

ဪ ပူလောင်ခံခြင်း၊ နှိပ်စက်ခံရခြင်းကိစ္စရှိတယ် ဆိုတော့၊ ဒါ လောဘမီးနဲ့ ဒိဋ္ဌိမီး လောင်ပစ် လိုက်တာ သဘောကျကြလား (ကျပါတယ် ဘုရား)။

ဘာလောင်ပစ်လိုက်တာပါလိမ့် (လောဘမီးနဲ့ ဒိဋ္ဌိ မီးပါ ဘုရား) လောဘဒိဋ္ဌိ လောင်ပစ် လိုက်တယ် ဆိုကြပါစို့၊ လောဘဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ ကိလေသာ ဆယ်ပါး မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ ကိလေသာ ဆယ်ပါးမှာ ခုဒီထဲမှာ လောဘဒိဋ္ဌိ ဆိုတဲ့ ကိလေသာ မီးက လောင်ပစ် လိုက်တာနဲ့ ပထမပေါ်တဲ့ အရှိန်ကလေးကုန်သွားရော နောက်ပေါ်ခွင့်ရသေးရဲ့လား (မရပါဘူး ဘုရား)။

ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမတုံး (လောဘမီး၊ ဒိဋ္ဌိမီး လောင် ပစ်ပါတယ် ဘုရား) လောဘမီး ဒိဋ္ဌိမီးလောင်ပစ်လိုက်တယ် (မှန်ပါ့)။

ခန္ဓာထဲ လောင် (မှန်ပါ့) ဒီဟာမျိုး နောက်ထပ် မပေါ်အောင်လို့ တစ်ခါတည်း ကျွမ်းအောင် လုပ်မပစ်လိုက်ဘူးလား (လုပ်ပစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒကာ ဒကာမတို့ သန္တာန်မှာ ရှိတဲ့ မနေ့က ပြောခဲ့တဲ့၊ ဘုန်းကြီးနေ့တိုင်း ဟောနေတဲ့တရားတွေ ဟာ မေ့ပျောက်၊ မေ့ပျောက်သွားတာဟာ သဘောကျကြပလား လို့ မေးတယ် (ကျပါတယ်)။

လောဘမီး၊ ဒိဋ္ဌိမီးတွေလောင်တယ်

ဘယ်လိုများ ကျပါလိမ့် လောဘမီး ဒိဋ္ဌိမီးတွေက ဘယ့်နှယ်တုံး (လောင်ပါတယ် ဘုရား) လောင်လောင်ပစ် လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မေ့ပြီဘုရား၊ ပျောက်သွားပြီဘုရား၊ နှလုံးမသွင်းမိဘူး ဘုရား မလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါ ဘယ်မီးတွေလောင်တယ်ထင်တုံး (လောဘ မီးတွေ လောင်တာပါ ဘုရား) လောဘဒိဋ္ဌိမီး က ဘာတွေလောင်ပါလိမ့်မတုံး ဆိုလို့ရှိရင် ကောင်းတဲ့နာမ်ရုပ် လောင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေလောင်ပါလိမ့် (ကောင်းတဲ့နာမ်ရုပ် လောင်ပါတယ် ဘုရား) ကောင်းတဲ့နာမ်ရုပ် လောင်ပစ်တယ်၊ ဦးခင်မောင်ရေ (မှန်လှပါ) ဒကာ ဒကာမတွေ သဘောကျ ပလား (ကျပါတယ် ဘုရား)။

လောဘဒိဋ္ဌိက မီးလို့ဆိုတာကော သဘောကျပလား (ကျပါတယ် ဘုရား) ထမင်းဆာလို့ စားလိုက်တော့ လောဘမီးက မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

ထမင်းဆာလို့ စားနေတာနဲ့ လောဘမီးတောက်တာနဲ့ ဒီတရားတွေ ပြန်နှလုံးသွင်း ကြည့်ရသေးရဲ့လား (မရပါဘူး) အဲဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးရင်ကော ဘယ့်နှယ်ဖြေမတုံး (လောဘမီးလောင်လို့ပါ ဘုရား)။

အင်း ငါ့ပစ္စည်းဖြစ်အောင် ငါလုပ်ရဦးမယ်ဆိုပြီး ရောင်းရ ဝယ်ရတာနဲ့ပဲ၊ ဒိဋ္ဌိမီးလောင် လိုက်တာနဲ့ပဲ ဒါတွေဟာ အာစိဏ္ဏကံအဖြစ်နဲ့ ပေါ်လာသေးရဲ့လား(မပေါ်လာပါ ဘုရား)။

ဟ-ဘာလောင်ပစ်ပါလိမ့် (ဒိဋ္ဌိမီးပါ ဘုရား) ဒိဋ္ဌိမီး လောဘမီး မလောင်ပေဘူးလား (လောင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေသန္တာန် ဘဝများစွာ သံသရာ က မနေ့က ပြောခဲ့တဲ့ ဘုရားအဆူဆူနဲ့ မတွေ့ခဲ့တာ မရှိပါဘူး တွေ့ပါတယ်၊ တွေ့လို့လည်း လူဖြစ်လာတာ သက်သေခံလုံ လောက်ပါတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘာ့ကြောင့် ကျွတ်တမ်းမဝင်ကြပါလိမ့်

သို့သော် ဘယ့်နှယ်ကြောင့် ကျွတ်တမ်းမဝင်ပါလိမ့် မလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့် တပည့်တော်တို့ ဘုရား ရသ၍ သူတော်ကောင်း ရတနာပစ္စည်းလေး၊ ကိစ္စဉာဏ်ပစ္စည်းလေး တပည့်တော်တို့ ရလည်းရ။

တပည့်တော်တို့ကိုလည်း နှိပ်စက်ပြီး သကာလ ပစ်လိုက် လို့ ပြောင်ပြောင်ပြောင်ပြောင် သွားတာနဲ့၊ ပါရမီဆိုတာ အညွန့် အညှောက်ပေါက်ရမှာပဲဆိုတော့၊ မျိုးစေ့ ပျောက်ပျောက်သွား လို့ ဘုရားလို့ အဖြေထွက်တယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လိုအဖြေထွက်ပါမတုံး (မျိုးစေ့ပါ ပျောက် ပျောက်သွားလို့ပါ ဘုရား) အညွန့်အညှောက် ပေါက်သေးရဲ့ လား (မပေါက်ပါဘူး ဘုရား)။

ဘယ်လို အဖြေထွက်ပါ့မတုံး (မျိုးစေ့ပါ ပျောက်ပါတယ် ဘုရား) မျိုးစေ့ပါ ပျောက်သွားတယ် မျိုးစေ့ပါ ပျောက်သွားတော့ နောက်ဆရာကောင်း သမားကောင်းနဲ့ တွေ့ ပြန်တော့ မျိုးစေ့လေး ရပြန်ရော သဘောကျပလား (မှန်ပါ့)။

ရတဲ့မျိုးစေ့လေး အိမ်ကျတော့ လောဘမီး၊ ဒေါသမီး၊ သားရေး၊ သမီးရေး၊ စီးပွားရေးကိစ္စဆိုတဲ့ လောဘဒိဋ္ဌိ မီးတွေက လောင်ပစ် လို က် ပြန်တော့ ဘာဖြစ်ပြန် တုံး (ပြောင်ပါတယ် ဘုရား)။

ရတာကနည်းနည်း၊ ဖြုန်းတာကများများ

ပြောင်ပြန်ရောဆိုရင် လွဲသလား (မလွဲပါဘူး) ဒါဖြင့် ဒကာ ဒကာမတို့ ရတာကနည်းနည်း ဖြုန်းလိုက်တာက များများ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ့်နှယ်ဆိုကြမတုံး (ရတာကနည်းနည်း ဖြုန်းလိုက်တာက များများပါ ဘုရား)၊ ဪ-ဒါဖြင့် ပေးတဲ့ ပုဂ္ဂိုလ် ကိုရော သဒ္ဓါစရာ ရှိရဲ့လားလို့ မေးပါဦး (မရှိပါဘူး ဘုရား)။

ဘယ့်နှယ်ဆိုကြမတုံး (သဒ္ဓါစရာမရှိပါဘူး ဘုရား) သဒ္ဓါစရာတောင် မရှိဘူးနော် (မှန်ပါ့) ဒါဖြင့် မီးရှို့ခဲ့လွန်းလို့ (မှန်ပါ့)။

ဒေါ်ရွှေ ဘာဖြစ်လို့တုံး (မီးရှို့ခဲ့လွန်းလို့ပါ ဘုရား)၊ မယုံရင် ကြည့်ပါလို့ မနေ့က ပြောခဲ့တယ်။ ခင်ဗျားတို့ ဒီတံခါး ပေါက်ကထွက်ရင်ပဲ ဒီကဟာ တချို့မပါဘူးဗျ (မှန်ပါ့)။

တံခါးပေါက်ကထွက် ရင်လေ (မှန်ပါ့)၊ ကိုယ့်ကိစ္စနဲ့ ကိုယ် အရေးကြီးပြီး သကာလ ကိုယ့်လူ စုံ မစုံ ကြည့်ရတာ၊ ကိုယ့်ခင်ပွန်း ကိုယ့်သား၊ ကားစီးဖော်စီးဖက်၊ ဒါတွေကို နှလုံး သွင်းနေရတာနဲ့ ဒီဘက်က အကုန်ပျောက်သွား တယ် (မှန်လှပါ)၊ မပျောက်ဘူးလား ပျောက်လား (ပျောက်ပါတယ် ဘုရား)။

အိမ်ပေါ်မှာ ကျန်ရစ်ခဲ့တယ်

အဲဒါဟာ ဘာတုံးဆိုတော့ ခင်တဲ့ပုဂ္ဂိုလ်ကို ကြည့်ရတဲ့ လောဘမီး၊ သဘောကျပလား (မှန်ပါ့) ငါ့လူ ဘယ်နား မတုံးဟေ့ဆိုတဲ့ ဒိဋ္ဌိက လောင်ရတာက တစ်မျိုး။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ့ဒါတွေ လောင်ပစ်လိုက်တာနဲ့ အိမ်ပေါ်ကတရားသည် ဒကာ ဒကာမတို့ အိမ်ပေါ်မှာ ကျန်ရစ်ခဲ့တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒို့ နိဗ္ဗာန်မရတဲ့အကြောင်း ကောင်းကောင်း ကြီး သိပလား (သိပါပြီ ဘုရား)။ ဘာကြောင့် ပါလိမ့်ဗျာ (လောင်စာရှိလို့ပါ ဘုရား)။

အင်း အဲဒီ ပူပန်စေခြင်းကိစ္စ၊ နှိပ်စက်ခြင်းကိစ္စရှိတယ်ဆို တော့ ဪ ဒီလို လောင်လောင် သွားလို့ ဒီလိုပြောင်ပါ လား၊ လောင်တဲ့အချိန်မှာ သိနေရမယ်။

ခန္ဓာကြီးဘာကိစ္စရှိပါလိမ့်

ဒါလေး ပျောက်သွားတဲ့ အချိန်ကျတော့ ပျောက်သွား တာ ဘာဖြစ်လို့ ပျောက်ပါလိမ့်မတုံး၊ ဪ တရားက ပူပန်စေခြင်းကိစ္စ၊ နှိက်စက်ခြင်းကိစ္စရှိတယ်၊ နှိပ်စက်ခံရခြင်းကိစ္စ ရှိတယ်။

ဪ ဒီခန္ဓာကြီးဟာ ဒီကိစ္စမှတစ်ပါး ဘာမှမရှိဘူး သဘောကျပလား (မှန်ပါ့)၊ ဒီ ခန္ဓာကြီးမှာ ဒီကိစ္စမှတစ်ပါး ဘာကိစ္စရှိသေးတုံး (မရှိပါဘူး ဘုရား)။

လောဘမီး၊ ဒေါသမီး၊ လောင်စာ၊ လောင်စာဖြစ်ခြင်း ကိစ္စရှိတယ်၊ သဘောကျပလား (မှန်ပါ့)၊ ဘာကိစ္စရှိတုံး (လောင်စာဖြစ်ခြင်းကိစ္စရှိပါတယ် ဘုရား)။

လောင်စာဖြစ်ရပါလို၏

အဲတော့ ခင်ဗျားတို့ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏။ ဗြဟ္မာဖြစ်ရပါလို၏၊ လောင်စာ ဖြစ်ရပါလို၏ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘာဖြစ်ရပါလို၏ (လောင်စာဖြစ်ရ ပါလို၏) ထင်းဆုတောင်းတာ (မှန်ပါ့) ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)။ ဘာဆုတောင်းတုံး (ထင်းဆုတောင်းပါတယ် ဘုရား)။

ထင်း ဆုတောင်းတယ်၊ ကြံကြံဖန်ဖန် မတောင်းကောင်း ဘူးဗျ၊ ဒီ အဓိပ္ပာယ် ဦးဘတင် (တင်ပါ့) တောင်းကောင်း ရဲ့လား (မတောင်းကောင်းပါဘူး ဘုရား)။

နို့ ဘာဖြစ်လို့ တောင်းကြတုံး ကိစ္စဉာဏ်မရလို့ တောင်းတာ ဘာဖြစ်လို့ တောင်းကြတုံး (ကိစ္စဉာဏ် မရ လို့ တောင်းတာပါ ဘုရား)။

ပူပန်စေခြင်း၊ နှိပ်စက်ခြင်း ကိစ္စပဲရှိတယ်တဲ့ မင်းတို့ ခန္ဓာ မှာ သဘောကျပလား၊ အဲဒီ ကိစ္စဉာဏ်မရတဲ့ ဒကာ ဒကာမ ဟူသ၍ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဒီသား၊ ဒီသမီး၊ ဒီမြေးနဲ့ မခွဲရပါလို၏ အစရှိသည်နဲ့ မတောင်းကြဘူးလား (တောင်းပါတယ် ဘုရား)။

လူဖြစ်ချင်၊နတ်ဖြစ်ချင်ဆိုတာ ထင်းဆုတောင်းတာ

အဲဒါ ဘာဆုတောင်းတာတုံး (ထင်းဆုတောင်း တာပါ ဘုရား)။ ထင်းဆုတောင်းတာသည် ကားလို့ဆိုရင်၊ ထင်းဆို လို့ရှိရင်ဖြင့် ခင်ဗျားတို့ ခြစားလောက်ကိုက်သော် လည်းကောင်း၊ တောမီးလောင်၍သော် လည်းကောင်း၊ ယာမီးလောင်၍သော် လည်းကောင်း ပြောင်မှာပဲ၊ စောဒက ဒီအပြင် အလုပ်ရှိသေး သလား (မရှိပါဘူး ဘုရား)။

ခြစားလောက်ကိုက်ရယ်၊ တောမီးရယ်၊ ယာမီးရယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘာမီးတွေ လောင်ရတုံး တောမီး၊ ယာမီး ဆိုလိုက်ပါတော့ဗျာ နော်။

အဲ ဘာဆုတောင်းလို့ တောမီး၊ ယာမီးနဲ့ တွေ့ရပါလိမ့် – (ထင်းဆုတောင်းလို့ပါ ဘုရား)။ မတောင်းကောင်းဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီခန္ဓာကြီးကို နှိပ်စက်ခြင်းကိစ္စ နားလည် လို့ရှိရင်လည်း ဘဝတဏှာ သေ၊ မသေ (သေပါတယ် ဘုရား)။

နှိပ်စက်ခြင်းကိစ္စ၊ နှိပ်စက်ခံရတဲ့ကိစ္စ သိသွားလို့ရှိရင်ဖြင့်၊ ဪ ထင်းဆုကြီး မတောင်းတော့ ပါဘူးလို့ ခုနက ခင်ဗျားတို့ တစ်ပြိုင်နက် အဖြေထွက်တယ် (မှန်ပါ့)။

မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။ ဒါ နှိပ်စက်တဲ့ကိစ္စဖြစ်တာနဲ့ မတောင်းတော့ပါဘူး ဆိုတာက နောက် ဘဝဘာမှ မတောင်းတော့ပါဘူးဆိုတဲ့ တောင်းချင်တာက တဏှာကိုဗျ။

မတောင်းတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ဒါ အလောဘလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ဒါဖြင့် အလောဘဟာ ဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မတုံးလို့ အမေးထုတ်ခဲ့သည် ရှိသော် ပူပန်စေခြင်း၊ နှိပ်စက်ခြင်း ကိစ္စနဲ့ မကြုံချင်တာနဲ့ပဲ မတောင်းတော့ဘူး၊ သဘောပါရဲ့လား (မှန်ပါ့)။

ကိစ္စဉာဏ်ရလို့ဘဝတဏှာသေတယ်

ဒါဖြင့် ဘဝတဏှာ သေမသေ (သေပါတယ်)၊ အနာဂတ်တဏှာ သေမသေ (သေပါတယ် ဘုရား)၊ သေတာထောက်လိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိစ္စဉာဏ်ရလို့ သေသွားတာ။

ကိစ္စဉာဏ်မရရင် (မသေပါဘူး ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ရုပ်နာမ်ကြီးဟာ ဘာကိစ္စရှိသတုံး၊ နှိပ်စက်ခံရခြင်း (ကိစ္စရှိပါတယ် ဘုရား) ကိစ္စရှိတယ်၊ သဘောကျပလား (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေမှာ ဘာကိစ္စရှိသတုံး (နှိပ်စက်ခြင်းကိစ္စရှိပါတယ် ဘုရား) နှိပ်စက်ခံရခြင်းကိစ္စ ရှိတယ်၊ ဘာမီးတုံးဆိုတော့ ဒီနေ့ ပြောချင်တာ ကိလေသာမီးပြောတယ်နော် (မှန်ပါ့)။

ဒုက္ခမီးမထည့်သေးဘူးတဲ့၊ မနေ့ကပြောခဲ့တယ်၊ ဒီနေ့ တော့ ထည့်ပါလိမ့်မယ်။ ကိလေသာမီး လောက် အလောင် ကြမ်းတာမရှိဘူးနော် သဘောကျပလား (မှန်ပါ့)။

ဒီပြင် မီးလောင်တယ်ဆိုတာက ပြာကျန်ရစ်တယ်လို့ မှတ် (မှန်ပါ့)၊ တခြားမီးလောင်လို့ရှိရင် ခု ပူတယ် ဆိုတဲ့မီးဟာ ပြာကျန်ရစ်တယ်။

ပြာမကျန်အောင်လောင်တယ်

ကိလေသာမီး လောင်တာက ပြာကို မကျန်ရစ်ဘူး။ ကဲကိလေသာမီးနဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ပကတိလူဖြစ်မှ ပါတဲ့ မီးနဲ့ ထင်းမီးနဲ့ ဘယ်သူက ပြင်းတယ်ထင်ကြတုံး (ကိလေသာမီးက ပြင်းပါတယ် ဘုရား)။

ထင်းမီးက ခင်ဗျားတို့ အသည်းနှလုံး လောင်တယ်ဆို တာက အပေါ်ယံတင်အကုန် သေပြီးမှသာလျှင် လောင်နိုင်တာ (မှန်ပါ့) ဟုတ်လား (မှန်ပါ့)။

ဒီ ကိလေသာမီးက အတွင်းကစလောင်တာ ရိပ်မိပလား (မှန်ပါ့)၊ ကိလေသာမီးက ဘယ်က စလောင်တုံး (အတွင်းက စလောင်ပါတယ် ဘုရား)။

ထင်းမီးက (အပြင်ဘက်က စလောင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကိလေသာမီးက (အတွင်းက စလောင်တာပါ ဘုရား)။

ဒါဖြင့် ထင်းမီးက (အပြင်က စလောင်တာပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဘယ်သူက ထက်လို့တုံးတဲ့ (ကိလေသာမီးက ထက်လို့ပါ ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ထင်းမီးကပြောင်အောင်မလောင်နိုင်ဘူး

အဲဒီ ကိလေသာမီးနဲ့ ရှို့ပေးလိုက်တဲ့အခါ ထင်းမီးက ခင်ဗျားတို့ သူတော်ကောင်းရတနာတွေ ဘုန်းကြီးက ပေးထား တယ်၊ ထင်းမီးက ပြောင်အောင် မလောင်နိုင်ဘူး (မှန်ပါ့)။

လောင်နိုင်ပါ့မလား (မလောင်နိုင်ပါဘူး ဘုရား)၊ ကိလေသာမီးကတော့ (ပြောင်အောင် လောင်နိုင် ပါတယ် ဘုရား)။

ကိုင်း ဘယ်သူက သတ္တိထက်လို့တုံး (ကိလေသာ မီးက ထက်လို့ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အမလေး ဒကာ ဒကာမတွေက ကိလေသာမီး ခင်ဗျား တို့က မကြိုက်အောင်လို့ ခု လောကီ ထင်းပုံမီးနဲ့ ဦးဘတင် နှိုင်းယှဉ် ပြောနေရတာ (မှန်ပါ့)။

ခု-ကြောက်နေရတာ မီးမီးတဲ့ ဆိုတော့ ပျာလို့ (မှန်ပါ့)၊ ထင်းပုံမီးကျတော့ ပျာနေတယ် (မှန်ပါ့)။

အတွင်း ကိလေသာမီး တောက်လောင်နေတော့၊ ပျာကြ ရဲ့ လား (မပျာပါဘူး ဘုရား)။ ဒါ ပျာရမှာမပျာ၊ ခင်ဗျားတို့ ဟာက မပျာရမှာကျတော့ ဘယ့်နှယ်ဖြစ်နေတုံး (ပျာနေ ပါတယ် ဘုရား)။

အတော်လိုနေပါသေးလားဗျ (မှန်ပါ့)။ အတွင်း လောင်တဲ့မီးကျတော့ ပျာရမယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အပြင်လောင်တဲ့မီးကျတော့ ခင်ဗျားတို့က ပျာတယ်၊ အတွင်းလောင်တဲ့ မီးကျတော့ (မဟ္မပါဘူး ဘုရား)။

မပျာတော့ သတိပဋ္ဌာန်အလုပ် မလုပ်တော့ဘူး လုပ်သေးရဲ့လား (မလုပ်ပါဘူး ဘုရား)။

ဒါ အတွင်းမီးကို ခင်ဗျားတို့သည် ပျားရမယ့်ဥစ္စာ ကိလေသာမီး လောင်နေတဲ့ဥစ္စာကို မဂ်ရေစင်နဲ့ ဖျန်းမှ ငြိမ်းမှာကိုးဗျ၊ သဘောကျပလား (မှန်ပါ့)။

ခုတော့ မဂ်ရေစင်နဲ့ မဖျန်းသေးခင် အတွင်းမီးကျတော့ လောင်မှန်းမသိဘူး ပေခံနေတော့ အတော် ဆိုးမနေဘူးလား (ဆိုးနေပါတယ် ဘုရား) သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်က နတ်တွေ ဘုန်းကြီး ရှင်းပြမယ် ကိလေသာမီး ပြင်းထန် နေပုံနော်။

သုဗြဟ္မာနတ်သား

သုဗြဟ္မာနတ်သားဝတ္ထုကို ဖတ်ကြည့် သံယုတ်ပါဠိတော် မှာ ခင်ဗျားတို့ သုဗြဟ္မာနတ်သား ဆိုတာ အားလုံး ဒကာ ဒကာမတွေ ကြားဖူးပါတယ်။

သူဟာ ပန်းပင်ကြီးတစ်ပင်ရှိတယ်။ ပန်းပင်ကြီးတစ်ပင် ပေါ်မှာ နတ်သမီး ငါးရာက ပန်းတွေ ဆွတ်ခူးပြီး အောက်ချရ တယ်၊ အောက် နတ်သမီးငါးရာက ပန်းတွေကို ကုံးကာ သီကာနဲ့ သူ့လည်ပင်းစွပ်ပြီး ဆင်ကြပြင်ကြရတယ်။

စည်းစိမ်ရှင်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။ အပေါ်က နတ်သမီးငါးရာက ဘာတုံး (ဆွတ်ခူးချရတယ်)။

အောက်နတ်သမီး ငါးရာက ဘာလုပ်ရတုံး (သီကုံးပေးရပါတယ် ဘုရား)၊ သီကုံးပေးရတယ်၊ သီကုံးပြီး သူ့ကို ဆင်ရတယ်နော် (မှန်ပါ့)။

အဲ့ဒါကို သူတို့အပင်ပေါ်က နတ်သမီးတွေကလည်း သီချင်းတကြော်ကြော်နဲ့ဆိုပြီး တစ်ခါတည်း ခြွေချနေကြတာပဲ။ သူတို့ခင်ပွန်းသည် လှဖို့ ပဖို့ပေါ့ဗျာ။

နတ်သမီးတစ်ထောင်

အားလုံး နတ်သမီးတွေကလည်း လို့ပါးလို့ ကုံးရ သီရတာကိုပဲ သူတို့မှာ ပျင်းရိဖွယ်မရှိ ပြင်ဆင်လုပ်ပေး နေရတာ ကိုပဲ ဦးခင်မောင်ရ သူတို့မှာ မင်္ဂလာကြီးတစ်ခု ဖြစ်နေတယ် (မှန်ပါ့)။

ဒါဖြင့် သူတို့မှာ ပျော်နေတာပေါ့ဗျာ (မှန်ပါ့)၊ သဘောကျကြပလား (မှန်ပါ့)၊ ဘာဖြစ်နေတုံး (ပျော်နေပါတယ် ဘုရား)။

ပျော်တာ လောဘမီးတောက်နေတာ (မှန်ပါ့)။ ပျော်တာ ဘာမီးတောက်တုံး (လောဘမီး တောက်နေတာ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား။)

နတ်သမီးငါးရာ အဝီစိငရဲကျသွားတယ်

ပျော်တာ ကိလေသာမီး မဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား)။ အဲ့ဒီ ကိလေသာမီးက တစ်ခါတည်း လောင်လိုက် တာ ဦးခင်မောင်ရေ အပေါ်က နတ်သမီးငါးရာ ပြာတောင့် မကျန်ရစ်ဖူး (မှန်ပါ့)။

အကုန်ပျောက်ပြီး အဝီစိငရဲကျသွားတယ် (မှန်ပါ့) တစ်ပြိုင်တည်းကျတာ (မှန်ပါ့)။ ဘာမီး လောင်ချ လိုက်တုံး (ကိလေသာမီး လောင်ချလိုက်တာပါ ဘုရား)။

တယ်လည်း ကြောက်စရာကောင်းပါလား၊ သီချင်း တကြော်ကြော်နဲ့ ဆိုပြီး သကာလ ခူးဆွတ်နေတဲ့ နတ်သမီး ငါးရာဟာ တစ်ပြိုင်နက် တစ်ခါတည်း အပင်ပေါ်က ပျောက်သွား တယ်။

ကိလေသာမီး လောင်ချလိုက်တာ (မှန်ပါ့) နောက်ကျတော့ နတ်သားက ကြည့်တယ်၊ သုဗြဟ္မာ နတ်သား က ကြည့်တယ်၊ ငါ့နတ်သမီးတွေဟာ သီချင်းဆိုသံလည်း မကြားဘူး၊ ပန်းလည်း အောက်မကျပါဘူး၊ ဘာများဖြစ်ပါလိမ့် မတုံးဆိုတော့ တစ်ယောက်မှ ရှာမတွေ့ဘူး။

တစ်ယောက်မှ ရှာမတွေ့တော့ သူနတ်မျက်စိနဲ့ ဦးခင်မောင်ကြည့်လိုက်ပါတယ် (မှန်ပါ့)။ ကြည့်လိုက်တော့ ဟို ဒယ်အိုးထဲ တစ်ပြုံကြီးဖြစ်နေကြတယ်။ အော်ကာ ဟစ်ကာ နဲ့ ပေါ့ဗျာ။

ဒါ ဘာမီးလောင်ချလိုက်တယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိတယ်မို့လား (ရိပ်မိပါတယ် ဘုရား)။ ဘာမီးပါလိမ့် (ကိလေသာမီးပါ ဘုရား)။

သူ့ခင်ပွန်းခင်တဲ့ လောဘမီး၊ သူတို့ဒီအလုပ်လုပ်နေရ လို့ ပျော်တယ်ဆိုတဲ့ လောဘမီး သဘော ကျပလား (မှန်ပါ့)။

ဒါဖြင့် ဒီဥစ္စာ အလကား သေသွားကြတာလား၊ မီးလောင်လို့ သေသွားကြတာလားလို့သာမှတ် (မီးလောင် လို့ သေသွားကြတာပါ ဘုရား) ရှင်းပလား။

ကိလေသာမီးကလောင်လိုက်တာ

ဪ ဒါဖြင့် ဒီနတ်သမီးတွေဟာ၊ ကိလေသာမီး တည်းဟူသော လောင်ချလိုက်တဲ့ဥစ္စာတဲ့၊ သူတို့ အကျိုးပေးထား တဲ့ဒါန၊ သီလတို့၏ အကျိုးပေးကုသိုလ်ကံတွေကို တစ်ခါတည်း ပြောင်သွား တာပဲ၊ မပြောင်ဘူးလား (ပြောင်ပါတယ် ဘုရား)။

အကျိုးပေးတွေ ဘယ့်နှယ်ဖြစ်သွားတုံး (အကုန် ပြောင်ပါတယ် ဘုရား)။ ပြောင်သွားအောင် လောင်ပစ်လိုက် တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက လောင်တာပါလိမ့် (ကိလေသာမီးက လောင်တာပါ ဘုရား)၊ကိလေသာမီးက လောင်ချတာ တစ်ခါ တည်း ပြောင်ပြီး သကာလ အောက်ရောက်သွားတယ်၊ ငရဲအိုး ထဲ ရောက်သွားတယ် ဆိုတာ ဒကာ ဒကာမတွေ ထင်ရှား တယ်နော် (မှန်ပါ့)။

ကောင်းပြီ၊ ဒါနဲ့ သုဗြဟ္မာနတ်သားက ကြည့်လိုက်တယ်၊ ငါ့နတ်သမီးတွေ တစ်ယောက်မှ အသံလည်း မကြားဘူး၊ ပန်းတွေ လည်း အောက်မကျလာဘူး၊ ဘာများဖြစ်ပြန်သတုံးလို့ အပေါ် ကြည့်လိုက်တော့ တစ်ယောက်မှလည်း ရှာမတွေ့ဘူး။

ဒါနဲ့ နတ်မျက်စိနဲ့ ကြည့်လိုက်တော့ ကိုသစ်အောက်မှာ ဒယ်အိုးထဲမှာ အော်ကာ ဟစ်ကာနဲ့ ငါးရာစလုံး ကျတယ် (မှန်ပါ့)။ ကဲ ဘယ်လောက် ကြောက်စရာ ကောင်းတုံး (ကိလေသာမီး လောင်လို့ပါ ဘုရား)။

ဘာမီးလောင်လို့တုံး (ကိလေသာမီး လောင်လို့ပါ ဘုရား)။ အဲဒါ ခင်ဗျားတို့က ဒီလို ဝတ္ထုတွေလည်း မကြားရ၊ ကိလေသာမီး ဒီလောက်ထက်မှန်းကလည်းမသိတော့၊ ခင်ဗျားတို့ က ရှာဖွေပြီး သကာလ မရ ရကြောင်း ကိလေသာမီး တောက် နေတာကိုပဲ။

ဘယ်သူကကျွေးမှာတုံး

အို လူဆိုတာ ဒီလိုပဲ လုပ်ရတာပဲ ဘယ်တတ်နိုင်ပါ့ မတုံး၊ မလုပ်လဲ ဘယ်သူကမှ လာကျွေးတာ မဟုတ်ဘူး ဆိုပြီး၊ ကိလေသာမီးတောက်တာကို ဆင်ခြေလဲပြီး ထုတ်ပေးကြတာပဲ။

ဘာဖြစ်ကြတာတုံး (ကိလေသာမီးတောက်တာ ကို ဆင်ခြေလဲပြီး ထုတ်ပေးတာပါ ဘုရား)၊ ထုတ်ပေးကြတာ။

ဒီပြင်လူကလည်း ပြောတယ်၊ ဒီလောက် စားလောက် သောက်လောက်ရှိတော်ရောပေါ့၊ နည်းနည်းစားနိုင် သောက်နိုင် တဲ့ပုဂ္ဂိုလ်ကလည်းပေါ့ဗျာ (မှန်ပါ့)၊ တော်ကြရဲ့လား (မတော်ပါဘူး ဘုရား)။

ဘာဖြစ်လို့တုံး အလောင်ခံရတာ မကျေနပ်သေးလို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒယ်အိုးစာဖြစ်မယ်

အဲတော့ ခင်ဗျားတို့က တစ်ပြုံလုံးဘာဖြစ်မယ်ထင်ကြတုံး (ဒယ်အိုးစာ ဖြစ်မှာပါ ဘုရား)၊ ဒယ်အိုးစာ ဖြစ်မယ်ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

အဲတော့ ဒါ ကြပ်ကြပ် သတိထားပါ၊ ကိလေသာမီး အင်မတန် ထက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒါနဲ့ နတ်သားက အေး သူများတွေတော့ ရောက် သွားကြပြီ။

ငါနဲ့တကွ ဒီကျန်တဲ့ အောက်မှာပန်းသီကုံးနေတဲ့ နတ်သမီးငါးရာလည်း ကြည့်ဦးမှပါပဲဆိုပြီး နတ်မျက်လုံးနဲ့ တွက် ချက်ကြည့်လိုက်တယ်။

သူတို့လည်းသွားရတော့မယ်

သူတို့လည်း နောက်ခုနှစ်ရက်ရှိ အဲဒီ ဒယ်အိုးအတူတူ သွားကြရမှာပဲ (မှန်ပါ့)။ ဒကာ ဒကာမတို့ ရိပ်မိပလား (မှန်လှပါ ဘုရား)။

နောက်ခုနှစ်ရက် ဆိုရင်ဘာတုံး (ဒယ်အိုးထဲ အကုန်သွားရမှာပါ ဘုရား)။ အတူတူ အကျိုး ပေးလိုက်၊ အတူတူ ဖြစ်ကြတာကိုး (မှန်ပါ့) ရက်ပိုင်းလေးသာ ကွာနေကြတာ (မှန်ပါ့)။

အဲဒီတင်မှ ဒကာ ဒကာမတွေ ကြောက်လာတယ်၊ သုဗြဟ္မာနတ်သားလည်းကြောက်၊ နတ်သမီးတွေကကော ဟိုခုနှစ်ရက်သိတော့ ကြောက်မှာပေါ့ဗျ (မှန်ပါ့)။

ဒကာ ဒကာမတို့ ခုနှစ်ရက်လိုတော့တယ်လို့သိတော့ ဘယ့်နှယ်နေတုံး (ကြောက်ပါတယ် ဘုရား)။

ဒီ ဒကာ ဒကာမတွေလည်း ဘုရားက ခုနှစ်ရက်လည် တယ်ဟောသလား၊ အဇ္ဇေ၀ သုဝေဝလို့ ဟောသလား (အဇ္ဇ၀ သုဝေဝလို့ဟောပါတယ် ဘုရား)။

မကြောက်ဘူး ကျုပ်တို့က ဒီလောက်များတော့ ဝေးပါ သေးရဲ့ ရိပ်မိပလား။

အဇ္ဇေ၀ သုဝေဝ တို့ကိုလည်းမကြောက်ဘူး၊ ခုနှစ်ရက် တောင်ကြောက်လှပြီ။ ခင်ဗျားတို့က အဇ္ဇေ၀ သုဝေဝ ဘယ့်နှယ် နေတုံး (မကြောက်ပါဘူး ဘုရား)။

ဒီဘုန်းကြီးမို့လို့ ပေဟောနေတာ

တော်တော့် ဘုန်းကြီးမို့ ပေဟောနေတာဗျ၊ မကြောက်တာကတော့ တကယ့်ကို မကြောက်တာ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဟေ – ဒေါ်နွဲ့ကြီးတို့ ဘယ့်နှယ်တုံး ကြောက်ပလား (ကြောက်ပါတယ် ဘုရား) ကြောက်ပါတယ်။

ဒေါ်ရွှေတို့ကော (ကြောက်ပါတယ် ဘုရား) ကြောက်လို့ရှိရင်ဖြင့် ကြောက်ပုံလေးလဲ ပြကြဦးဗျ ဟုတ်ဖူး လား ကြောက်တဲ့ အမူအရာ ဟန်ပန်ပေါ့လေ။

တစ်ခါတည်း နေရာထိုင်ခင်းနဲ့ အမျိုးမျိုးအဖုံဖုံ ကုသိုလ် ရေးက အချိန်မှီက ကြိုးစားလို့ ဒီလိုလည်း ပြကြပါဦး၊ သားတွင်း သမီးတွင်း ပျော်ရင်းရွှင်ရင်း ဒေါ်အုန်းခင်ကြီး ကြောက်နေ တာကတော့ ဘယ်သူယုံမှာတုံး ယုံစရာကောရှိရဲ့လား (မရှိပါဘူး ဘုရား)။

အေး ဒါလည်း သတိထားရဦးမယ်၊ ကြောက်တာက နေရာမကျဘူး၊ ကြောက်ရုပ် မပေါ်သေးဘူး၊ ကြောက်ရုပ် ပေါ်ပလား (မပေါ်သေးပါဘူး)၊ မပေါ်သေးဘူး။ ကြောက်ရုပ်မပေါ်သေးဘူး

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ ခုနက နတ်သားကလည်း အင်မတန် ကြောက်ပြီးတော့လည်း သူနဲ့တကွ နတ်သမီးငါးရာ တို့လည်း နောက်ခုနှစ်ရက်ရှိရင်တော့ဖြင့် သေကြရတော့မှာပဲ ဆိုတော့ ကိလေသာမီး နှိပ်စက်တော့မှာပဲဆိုတာ သူသွား မြင်တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်လိုမြင်ပါလိမ့် (ကိလေသာမီး နှိပ်စက်တော့ မှာပါ ဘုရား)၊ ဟိုနတ်သမီးငါးရာ ကိလေသာမီး နှိပ်စက်လိုက်တာ အောက်ရောက်သွားပြီ (မှန်ပါ့)။

ဘုရားထံပြေးကြတယ်

တို့လည်း ခုနှစ်ရက်ရှိဘာတဲ့ (ရောက်တော့မှာပါ ဘုရား)။ ဘယ်သူနှိပ်စက်မှာတုံး (ကိလေသာမီးပါ ဘုရား)။

ဒီအတိုင်းသာ ပျော်နေရင်တော့ဖြင့် သွားရတော့မယ်။ အဲဒီကိလေသာမီးက နှိပ်စက်ခြင်းကိစ္စ ရှိတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ တစ်ပိုင်းကတော့ သေချာပြီနော် (မှန်ပါ့)။

အဲဒီတင်မှ ဘုရားထံပြေးပါရော၊ ဘုရားလက်ထက်က ဦးခင်မောင် (မှန်ပါ့)၊ နတ်သမီးငါးရာ ကလည်း ကြောက် လှချည်ရဲ့၊ နတ်သားကလည်း ကြောက်လှချည်ရဲ့ဆိုပြီး ဘုရားထံ ပြေးကြတယ်။

ဘုရားကငါလည်းမကယ်နိုင်ဘူးတဲ့

ဘုရားက ငါလည်း မကယ်နိုင်ဘူးတဲ့၊ ဘူးခံလိုက်တယ်၊ ရိပ်မိပလား (မှန်ပါ့)၊ ဘုရားက ဘယ်လိုပါလိမ့် (ငါလည်း မကယ်နိုင်ဘူး) ငါလည်း မကယ်နိုင်ဘူးတဲ့။

ငါကယ်နိုင်ရင် သူ့သားရာဟုလာ ထမ်းခေါ်မှာပေါ့ဗျ။ နိဗ္ဗာန်ကိုဟုတ်ဖူးလား (မှန်ပါ့)၊ ခေါ်နိုင်ရဲ့လား (မခေါ် နိုင်ပါဘူး ဘုရား)။

မခေါ်နိုင်တော့ ရာဟုလောဝါဒသုတ် မင်း ဒီဟာလေး ကျင့်ပါဦးကွ ပြောနေရတာ ခေါ်နိုင်ရဲ့လား ကဲ (မခေါ်နိုင် ပါဘူး ဘုရား)။

အမျိုးသားတွေက ခေါ်နိုင်ရဲ့လားလို့မေးတော့ (မခေါ်နိုင်ပါဘူး) စန္ဒကိန္နရီဇာတ် ကို ပြန်ဟောယူရတယ်။

တရားသာအားထုတ်ကြ၊ တရားကသာ ခေါ်နိုင်တယ်၊ ငါက မခေါ်နိုင်ဘူးပြောတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ အထင်မှားမနေကြပါနဲ့၊ ခင်ပွန်းသည် ကလည်း ခင်ပွန်းမပြောတာကို ယုံမနေပါနဲ့၊ ဟုတ်ပလား တစ်ယောက်တစ်ယောက် ကယ်နိုင်ရဲ့လား (မကယ်နိုင်ပါ ဘူး ဘုရား)။

ခင်ပွန်းမကလည်း ခင်ပွန်းသည် ပြောတာကို ယောင်ပြီး ယုံမနေနဲ့၊ ဘာပူစရာရှိတုံး အေးအေးပဲ နေပေါ့ အစရှိသည်နဲ့ ယုံတယ်၊ အေးကို မနေနဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အေးနေရင် အကုန်မှားကြလိမ့်မယ်၊ ခင်ဗျားတို့ လောကီစကားကတော့ အလကားပဲ၊ နားဝင်ချိုပြီး သကာလ အတွင်းမှာဘာမှ ခရီးမပေါက်ဘူး (မှန်ပါ့)၊ ပေါက်ကြရဲ့လား (မပေါက်ပါဘူး ဘုရား)။

အဲဒီ ငယ်ရွယ်တုန်းကလည်း ခင်ဗျားတို့က အချိန်ကုန် မနေကြနဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။ ကိုင်း ဒါဘယ့်နှယ်လုပ်ကြမတုံး အားထုတ်ရမယ် (မှန်ပါ့)။

ဘုရားကတရားဟောတယ်

ကဲ – ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတာပေါ့ ကွာ၊ ငါတော့မကယ်နိုင်ဘူး၊ ကယ်နိုင်တာတော့ နည်းတစ်နည်း တော့ရှိတယ်၊ ငါကိုယ်တိုင်ကတော့ မကယ်နိုင်ဘူး၊ ကယ်နည်း ကိုတော့ မင်းဒီလိုကျင့်ကြံရင်တော့ရမှာပဲဆိုပြီး

‘‘နာညတြ ဗောဇ္ဈင်္ဂတပသာ၊ နာညတြိန္ဒိယ သံဝရာ၊ နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။’’

သတ္တဝါတို့ကွာတဲ့ ဗောဇ္ဈင် မဂ္ဂင်မကျင့်ပဲနဲ့တော့ဖြင့် ကိလေသာမီးတောက်လောင်တဲ့ကိစ္စကို ငြိမ်းလိမ့်မယ် လို့တော့ ငါမဟောနိုင်ဘူးတဲ့ သဘောကျပလား (မှန်လှပါ)။

မဂ္ဂင်အကျင့်မှကယ်နိုင်မယ်

ကိလေသာမီး ထိုးနှက်တဲ့ ကိစ္စကို၊ ဒီဗောဇ္ဈင် မဂ္ဂင်အကျင့်ကိုမှ မကျင့်ပဲနဲ့ဖြင့် ဒီမီးကို ဘယ်သူမှ ငြိမ်းနိုင် လိမ့်မယ်လို့ ငါသဗ္ဗညုတဉာဏ်တော်နဲ့ကြည့်လိုက်တာ မမြင်ဘူးကွတဲ့။

မဂ္ဂင်မြင်ပြီးတော့ အားကိုးရမယ် သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာအားကိုးရမတုံး (မဂ္ဂင် အားကိုးရမှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သားလေးကြည့် အားကိုးရ နိုးနိုး၊ မှားကုန်ပြီနော်၊ သမီးလေး ကြည့် အားကိုးရနိုးနိုး ဆိုတာကော (မှားကုန်ပါပြီ ဘုရား) မှားကုန်ပြီ။

ဆွေမျိုးတွေလည်းအားမကိုးနဲ့

ကိုယ့်ဆွေမျိုးတွေပဲ အားကိုးရမှာဆိုတာကော (မှားကုန်ပါပြီ ဘုရား) မှားတယ် ဘာအားကိုးရ မတုံး ဘုရားက (မဂ္ဂင် အားကိုးရမှာပါ ဘုရား)။

ကြည့်လေ မင်း ကိလေသာမီးနဲ့ ဆုံတော့မယ်၊ မီးလောင်တော့မယ်ဆိုတော့ သူ့ဟာသူလည်း သိတယ်၊ သူ့ဟာသူ သိလို့ဘုရားလျှောက်တယ်။

တပည့်တော်တို့ နောက်ခုနှစ်ရက်ရှိရင် ဒယ်အိုးသွားရ တော့မယ်ဘုရား၊ ကယ်တော်မူပါ၊ ယူတော်မူပါ ဆိုတော့ ငါမကယ်နိုင်ဘူးတဲ့။

ဗောဇ္ဈင်မဂ္ဂင်မှတစ်ပါး ချမ်းသာရာကို ပေးနိုင်တဲ့တရား မရှိဘူးဆိုတော့၊ တရားပဲလက်ညှိုး ညွှန်ပြတယ် (မှန်ပါ့)၊ ဘာလက်ညှိုးညွှန်ပြတုံး (တရားလက်ညှိုးညွှန်ပြပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ယနေ့ ဘာကို ဘုန်းကြီးက အသားယူပြီး ဒကာ ဒကာမတွေ မှတ်စေချင်တယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘာအားကိုးရမလဲ

ဘာအားကိုးရမလဲ (မဂ္ဂင်အားကိုးရမှာပါ ဘုရား)။ မဂ္ဂင် အားကိုး (မှန်ပါ့) တရားမကျင့် ခင် အားမကိုးနဲ့ဦး (မှန်ပါ့) မဂ္ဂင်အရေးကြီးတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါကြောင့် ဗောဇ္ဈင်ဆိုတာ မဂ္ဂင်ပဲလို့ ဦးဘတင်တို့က မှတ်လိုက်နော် (မှန်လှပါ ဘုရား)။ ဒါဘာမှ ထူးတာမဟုတ်ဘူး။

တချို့နေရာ ဗောဇ္ဈင် လို့ဟောတယ်၊ တချို့နေရာမဂ္ဂင် လို့ဟောတယ် (မှန်ပါ့)။

သောတ္ထိံ ပဿာမိ ပါဏိနံ၊ ပါဏိနံ -သတ္တဝါတွေဟာ၊ သောတ္ထိံ- ချမ်းသာခြင်းကို၊ နပဿာမိ = မမြင်ဘူးကွတဲ့၊ ဗောဇ္ဈင် မဂ္ဂင်မှတစ်ပါး၊ နာညတြ ဗောဇ္ဈင် မဂ္ဂင်ကို ကြဉ်၍ တစ်ပါးသော တရားသည်၊ မင်းတို့ ကိလေသာမီး၊ ဒုက္ခမီးကို မကယ်နိုင်တဲ့။

ပြောင်တာသိတာ ပြောင်တာက ဟိုက ဒုက္ခသစ္စာကြီး၊ နှိပ်စက်ခြင်းကိစ္စကိုးဗျ (မှန်လှပါ ဘုရား)။ သိတာက မဂ္ဂကိစ္စ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ မဂ်ကိစ္စလာကတည်းက ခုနက နှိပ်စက်နေတဲ့ ကိစ္စတွေကို မြင်လိုက်သည်နဲ့ တစ်ပြိုက်နက်တည်း၊ နှိပ်စက်တာကြီးကို ကျုပ်တို့သည် သာယာသေးရဲ့လား၊ နှစ်သက် သေးရဲ့ လား၊ လိုချင်သေးရဲ့ လားလို့မေးရင် ဘယ့်နှယ်မတုံး (မလိုချင် ပါဘူး ဘုရား)။

မသာယာ၊မနှစ်သက်၊ မလိုချင်တော့ဘူး၊ မလိုချင်တော့ မဂ္ဂင်က ဝမ်းထဲမှာ ရောက်နေတာ (ရောက်နေပါတယ် ဘုရား)။ မဂ္ဂင်ဝမ်းထဲ ရောက်နေတော့ကို ခုန နှိပ်စက်မည့် ကိလေသာတွေက ငြိမ်းသွားတယ် (မှန်ပါ့)၊ သဘော ကျပလား (မှန်ပါ့)။

မဂ်ပေါ်မှကိလေသာငြိမ်းမယ်

နှိပ်စက်မည့် ကိလေသာတွေက (ငြိမ်းသွားပါတယ် ဘုရား)၊ ငြိမ်းသွားတဲ့အခါကျတော့ ကိလေသာမီးကို မဂ်နည်း ကမှ ငြိမ်းနိုင်တာ သဘောကျပလား (မှန်လှပါ)။

နှလုံး၌ ငြိမ်းအေးစေခြင်းလက္ခဏာရှိသော မဂ္ဂသစ္စာကို မြင်မှသာလျှင်၊ သန္တာပဋ္ဌော သန္တာပဋ္ဌမီးတွေ ငြိမ်း၏ကွတဲ့ မဂ်ပေါ် မှ ငြိမ်းတာ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့)။

ဘယ်လိုမှ ငြိမ်းပါလိမ့် (မဂ်ပေါ်မှငြိမ်းမှာပါ ဘုရား)။ သော်- ဒါဖြင့် ဒကာ ဒကာမတို့ ဒီကိစ္စ မငြိမ်း မငြိမ်းဖြစ်ရင် ငြိမ်းတဲ့ မဂ်လာရင် သူငြိမ်းမှာပဲ (မှန်ပါ့)၊ သဘောကျပလား (သဘောကျပါတယ် ဘုရား)။

ပူလောင်စေခြင်း၊ နှိပ်စက်ခြင်းကိစ္စရှိတယ်ဆိုတာကို ခင်ဗျားတို့ သိပြီမို့လား (သိပါပြီ ဘုရား)။

မြင်အောင်သာရှု

အဲတော့ မြင်အောင်သာ၊ ဘယ့်နှယ်ကြောင့် ပျောက် သွားပါလိမ့်၊ ဘယ့်နှယ်ကြောင့် သူတော်ကောင်း ရတနာတွေ ပျောက်သွားပါလိမ့်မတုံး၊ ဘယ့်နှယ်ကြောင့် သူတော်ကောင်း ရတနာတွေ ပျောက်သွားပါလိမ့်မတုံး၊ ဘယ့်နှယ်ကြောင့် အင်း အဖြစ်အပျက်တွေ မမြင်ပါလိမ့်မလဲ ဆိုလို့ရှိရင် သူနှိပ်စက်လို့ မမြင်တာပဲ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

နှိပ်စက်ပြီး သကာလ ပျောက်ပျက်မသွားဘူးလား (ပျောက်ပျက်သွားပါတယ် ဘုရား)၊ အဲပျောက်ပျက် သွားတာလေး ပဲ၊ အဲ ပျောက်ပျက်သွားတဲ့ပစ္စည်းဖြင့် ကျုပ်တို့က လိုချင်သေး သလား (မလိုချင်ပါဘူး ဘုရား)။

မလိုချင်လို့ရှိရင်ဖြင့် ပျောက်ပျက်သွားတာက သူ့ကိစ္စ သဘောကျပလား (ကျပါတယ် ဘုရား)။

နှိပ်စက်ခံရခြင်းကိစ္စ (မှန်ပါ့) မလိုချင်တာက မဂ် ကိစ္စ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ကိစ္စလည်းပေါ်လာရော ဟိုဟာမလိုချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တဏှာ နိရောဓော မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)၊ တဏှာနိရောဓော နိဗ္ဗာနံပေါ့ (မှန်ပါ) သဘောကျပလား (မှန်ပါ့)။

တဏှာနိရောဓာ တဏှာက မလိုချင်ဘူး၊ နိဗ္ဗာနံ – နိဗ္ဗာန်သည်ဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး နှိပ်စက်တာ မြင်လို့ နှိပ်စက်ခံနေရတာမြင်လို့ မလိုချင်ရင်ဖြင့် ဒါမလိုချင်တာ မဂ်ပဲ (မှန်ပါ့)။

မဂ်ပေါ် ရင် ခင်ဗျားတို့က နိဗ္ဗာန်ရရပါလို၏လို့ မဆိုနဲ့ နိဗ္ဗာန်က၊ မဂ်က ဒါကို အာရုံပြုတော့ကို ဒီမဂ်ပေါ်သည်နဲ့တစ်ပြိုင် နက်တည်း နိဗ္ဗာန်ကို သွားပြီး အာရုံပြုတော့တယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ဒုက္ခသစ္စာပိုင်းခြားသိမှ နိဗ္ဗာန်အာရုံပြုနိုင်တာ

မဂ်က ဘယ်အာရုံပြုတုံး (နိဗ္ဗာန်ကို အာရုံပြုပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော် သူဟာ အလိုလိုပြုနိုင်သလားဆိုတော့၊ နှိပ်စက် တဲ့ကိစ္စကို သေသေချာချာ နှိပ်စက်ခြင်း ကိစ္စကို ဆုံးဖြတ်ချက် ချပြီးမှသာလျှင်၊ ဒုက္ခသစ္စာပဲဆိုပြီး ပိုင်းခြားသိမှသာလျှင် ဟိုဘက်ကို အာရုံပြုနိုင်တာ။

သူ့ကို မပိုင်းခြားသေးလို့ရှိရင်လည်း နိဗ္ဗာန်ကို မမြင် သေးဘူး (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် သူလည်း တစ်နံပါတ်ပေါ့ဗျာ၊ နှိပ်စက်တဲ့ကိစ္စ သိဖို့က တစ်နံပါတ် (မှန်ပါ့) နိဗ္ဗာန်မြင်ဖို့ရာ နှစ်နံပါတ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့) နှိပ်စက်တဲ့ကိစ္စ သိဖို့ရာက (တစ်နံပါတ်)။

အင်းနှိပ်စက်တဲ့ကိစ္စဟာ ဧကန် ဒုက္ခသစ္စာပဲမို့ အရှုခံရ တာပဲလို့ ဆုံးဖြတ်ချက်လည်း ချပါရောတဲ့၊ ကိလေသာက သူနဲ့ ပတ်သက်တဲ့ ကိလေသာက ချုပ်ခြင်းကြောင့် နိဗ္ဗာန်က ပေါ်လာ တယ် မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

မဂ်သည်နိဗ္ဗာန်ကိုမြင်တယ်

ပေါ်လာတဲ့အခါကျတော့ အဲဒီအချိန်ကျတော့ မဂ်သည် နိဗ္ဗာန်ကိုမြင်တယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့) မဂ်သည် နိဗ္ဗာန်ကို သူမြင်ရတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဘယ်ကိစ္စပြီးမှ မြင်ပါလိမ့်၊ (နှိပ်စက်ခြင်းကိစ္စပါ ဘုရား)၊ နှိပ်စက်ခြင်းကိစ္စကို ဧကန်ဒုက္ခပဲလို့ ဆုံးဖြတ်ချက်ချပြီးမှ နိဗ္ဗာန်ကိုမြင်မယ် (မှန်ပါ့)။

ဒါဖြင့် ဒုက္ခ၊ ဒုက္ခကို ပိုင်းခြားတာနဲ့ မြင်တဲ့အချိန်နဲ့ ဟာလဲအချိန်က၊ တစ်ချိန်တည်းပါပဲလို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။

ဒုက္ခပိုင်းခြားတာနဲ့ မြင်တာနဲ့ တစ်ချိန်တည်း

သို့သော်လည်း သူ့ပိုင်းခြားမှုက ကိစ္စဉာဏ်က ရှေးဦးစွာ အပြောမှာ ရှေးဦးစွာ ပြောရမယ် (တင်ပါ့) တကယ်တမ်း လက်တွေ့ ရှစ်ပါး ပြည့်လာတဲ့အခါ သူ့ပိုင်းခြားတာနဲ့ မြင်တာနဲ့ တစ်ချိန်တည်း ရိပ်မိပလား (မှန်ပါ့)။

လောကီဥပမာ ပြောကြပါစို့ ဆိုတော့၊ ဒကာ ဒကာမတို့ မီးထွန်းတာနဲ့ အမှောင်ပျောက်တာ ဘယ်သူရှေ့ ဘယ်သူ နောက်တုံးဆို ဘယ့်နှယ်ဖြေကြမတုံး (အတူတူပါ ဘုရား) အဲဒီအတိုင်းနေမှာပဲ။

မဂ္ဂင်ရှစ်ပါးပြည့်ရင် နိဗ္ဗာန်မြင်တယ်

ဒုက္ခပိုင်းခြားတဲ့အချိန်နဲ့ နိဗ္ဗာန်ပေါ်တဲ့အချိန်နဲ့ တစ်ပြိုင်တည်းနော် (မှန်ပါ့) တဏှာသေတဲ့ အချိန်နဲ့ ဒကာ ဒကာမတို့ မဂ္ဂသစ္စာရှစ်ပါး ပြည်တဲ့ အချိန်နဲ့လည်း (တစ်ကြိမ် တည်းပါ ဘုရား) တစ်ကြိမ်တည်းပဲလို့ ဆုံးဖြတ်ချက်ချပါ သဘောကျပလား (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပူလောင်စေခြင်း၊ နှိပ်စက်ခြင်း ကိစ္စဟာ ခင်ဗျားတို့ ခန္ဓာကိစ္စ (မှန်ပါ့) ပူလောင်စေခြင်း နှိပ်စက်ခြင်း ခံရတဲ့ကိစ္စဟာ ဘယ်သူ့ ကိစ္စပါလိမ့် (ခန္ဓာ့ကိစ္စပါ ဘုရား)။

အဲဒါ ဒီခန္ဓာကိစ္စဟာ ဒကာ ဒကာမတို့ အင်မတန် သိဖို့ အရေးကြီးတာ အင်မတန်သိဖို့ အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။

ခန္ဓာကိစ္စဟာ ခင်ဗျားတို့ မသိလို့ ခန္ဓာဆုတောင်းကြတာ (မှန်ပါ့) ခန္ဓာကိစ္စ သိလာရင် ဒကာ ဒကာမတွေ ဘယ့်နှယ် ဆိုကြမလဲ (ခန္ဓာဆုမတောင်းပါဘူး ဘုရား) ခန္ဓာဆု မတောင်းဘူး (မှန်ပါ့)။

ခန္ဓာဆုမတောင်းလို့ရှိရင်ဖြင့် ထင်းမဖြစ်ရဘူး ဒကာ ဒကာမတို့၊ ထင်းမဖြစ်လို့ရှိရင်ဖြင့် ဘယ်ပုဂ္ဂိုလ်၏ မီးစမှကော ဖြစ်စရာ လိုသေးသလား (မလိုပါဘူး ဘုရား) သဘောကျ ပလား (သဘောကျပါတယ် ဘုရား)။

ကိစ္စဉာဏ်မသိလို့၊ ထင်းဆုတောင်းတယ်

ဒါဖြင့် ဒကာ ဒကာမတို့ နှိပ်စက်တဲ့ကိစ္စသိတဲ့ပုဂ္ဂိုလ်သည် ထင်းဆုမတောင်းဘူးတဲ့ (မှန်ပါ့)၊ တောင်းပါ့မလား၊ (မတောင်းပါဘူး ဘုရား)၊ ဦးခင်မောင် (မတောင်းပါဘူး ဘုရား)။

နှိပ်စက်တဲ့ကိစ္စ၊ နှိပ်စက်ခံရတဲ့ကိစ္စကို မသိတဲ့ပုဂ္ဂိုလ် တိုင်း ဘာတောင်းတယ်ထင်တုံး (ထင်း ဆုတောင်းပါတယ် ဘုရား)

ဪ-ဒကာ ဒကာမတို့သည် လူဆုတောင်းတာလား၊ ထင်းဆုတောင်းတာလား (ထင်းဆုတောင်းတာပါ ဘုရား)။ နတ် ဆုတောင်းတာလား၊ ထင်းဆုတောင်းတာလား (ထင်းဆုတောင်းတာပါ ဘုရား)၊ ဗြဟ္မာဆုတောင်းတာလား၊ ထင်း ဆုတောင်းတာလား (ထင်းဆုတောင်းတာပါ ဘုရား)။

အဲ့ဒါ ကိစ္စဉာဏ်မရသ၍ ကာလပတ်လုံး ထင်းဆုချည့် တောင်းနေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကိစ္စဉာဏ်မရသ၍ ကာလပတ်လုံး (ထင်းဆုချည့် တောင်း ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထင်းဆုတောင်းတာလောက် အရုပ်ဆိုးတာကော (မရှိပါဘူး ဘုရား)၊ တောင်းကောင်းတဲ့ ဆုလား၊ မတောင်းကောင်း တဲ့ဆုလား (မတောင်းကောင်းတဲ့ဆုပါ ဘုရား)။

တဏှာခိုင်းတာလုပ်တယ်

တောင်းတာ ဘယ်သူတုံး လက်သည်ရှာစမ်း တဏှာ (မှန်ပါ့)၊ သူက ခိုင်းတာလုပ်ကတည်းက ခင်ဗျားတို့ အမှားတော်ပုံအကြီးစားပေါ့ (မှန်ပါ့)။

တဏှာခိုင်းတာ လုပ်သလား ကိုမြရွှေ၊ လုပ်သလား (မှန်ပါ့) မမှားဘူးလား မှားလား (မှားပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

တဏှာခိုင်းတာ ဘယ်အလုပ် အလုပ်ကောင်းလေ့ရှိ သတုံး (မရှိပါဘူး ဘုရား)၊ ဘယ်အလုပ်မှ ကောင်းကျိုး မပြုဘူး။

သို့သော် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဪ စိတ္တာနုပဿနာကလည်း နားမလည်တော့၊ ဒါ တဏှာက တောင်းခိုင်းတာ၊ ဒါ ဉာဏ်က အတောင်းခိုင်းတာလို့ ခင်ဗျားတို့ က မခွဲနိုင်ဘူး၊ ခွဲနိုင်သေးရဲ့လား (မခွဲနိုင်ပါဘူး ဘုရား)။

မခွဲနိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကြပ် တွေ့တာပေါ့ (မှန်လှပါ)၊ တဏှာချည့်ပဲ တပြင်တည်း တစ်ခုလုံးမှာ အခုရှိတုန်း တဏှာကပဲ ဆရာလုပ်သွားတာနဲ့ပဲ ခု- မီးဘက်ပူးသွားရော (မှန်ပါ့)။

တဏှာကဆရာလုပ်သွားတယ်

ဘယ်သူက ဆရာလုပ်သွားတုံး (တဏှာက ဆရာ လုပ်သွားပါတယ် ဘုရား)၊ တဏှာက ဟိုလူထည့်ဦးကွာ၊ ဟိုဟာ ထည့်ဦးကွာ၊ဒါမှ ကောင်းမှာပေါ့၊ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တော့မပေါ့။

ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ကွ၊ နို့သူက တစ်ခုလုံး သူခေါင်းဆောင်သွားတာပဲ၊ သွားပါရော (မှန်လှပါ) နော် (မှန်ပါ့)။

နောက်ဆုံးပိတ် မျက်ရည်ကျပါဆိုတာတောင်မှ သူက ဗိုလ်လုပ်သေး ဟုတ်ဖူးလား (မှန်ပါ့)၊ ကွာ နောက်ဘဝ နှစ်ထပ်အကျိုးပေးအောင်လို့ဆိုပြီး သူက ဗိုလ်လုပ်ချင် လုပ်ပစ်တာ (မှန်ပါ့)။

ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)၊ အေး ရောက်ရာ ပေါက်ရာ သူကပဲ ရှို့ပစ် လိုက်တယ်တဲ့ သဘောကျပလား (မှန်ပါ့)။

ရောက်ရာပေါက်ရာ ဘာလုပ်တုံး (ရှို့ပစ်ပါတယ် ဘုရား)၊ သူကပဲရှို့ပစ်လိုက်တယ်တဲ့ ထင်းဖြစ်အောင်လည်း သူပဲ ခိုင်းတယ် (မှန်ပါ) သဘောကျပလား (မှန်ပါ့)။

ထင်းဖြစ်အောင်လည်းသူလုပ်တယ်

ထင်းဖြစ်အောင်လည်း သူလုပ်လို့ ထင်းဖြစ်ရတာ၊ မီးပြာ ကျအောင်လည်း (သူပဲခိုင်းတာပါ ဘုရား)။

အံမလေး ဒီလောက်ယုတ်မာတဲ့လူ၊ ခင်ဗျားတို့ မိတ်ဆွေဖွဲ့ထားလို့ ငါးပါး မှောက်နေကြတာ (မှန်ပါ့) ရိပ်မိ ပလား (မှန်ပါ့)။

ဒီလောက်ဆိုးဝါးတဲ့လူ တွေ့ဖူးကြရဲ့လား (မတွေ့ ဖူးပါဘူး ဘုရား)၊ ထင်းဆုတောင်း ခိုင်းတာလဲ သူပဲ၊ ဟိုကျတော့ လောင်မြိုက် ချလိုက်တာကော (သူပါ ဘုရား)။

ကဲ ဒီလူနဲ့ ပေါင်းသင့် ပေါင်းလိုက်ပါရဲ့ လားလို့ ဘုန်းကြီး ကပဲမေးတယ် (မပေါင်းထိုက်ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီဥစ္စာ ခင်ဗျားတို့က မပေါင်းထိုက်ဘူးလို့သာ ဆိုတာ၊ ခု ဆရာဘုန်းကြီး ပြောတုန်းသာ ခင်ဗျားတို့က ဉာဏ်လေးက ထက်နေလို့ ဒီလောဘလေးရှိလို့ စားနေရတာ ပြောတာ (မှန်ပါ့)။

လောဘရှိလို့စားနေရတာ

မပြောဘူးလား (ပြောပါတယ်) ဘယ့်နှယ်များ ပြောကြတုံး (လောဘရှိလို့ စားနေရတာပါ ဘုရား)၊ လောဘရှိ လို့ စားနေရတာတဲ့၊ နို့မဟုတ်လို့ ရှိရင်ဖြင့် ငတ်သေတာ ကြာလှပြီ။

အံမာလေး – သူ့ပဲ ဘု ရားတစ်ဆူ ဂူတစ်လုံး၊ အိမ်ရောက် ပြီဆိုမှဖြင့် မဖြစ်ဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

လောဘကလေးတဲ့၊ အငယ်အလုံးတောင် သုံးလိုက် သေးတယ်၊ အဲဒါ ယဉ်ယဉ်သုံးထားတာ၊ ကြမ်းတာကိုများ သုံးရဲ့ လား (မသုံးပါဘူး ဘုရား)။

ဒီလောဘလေးရှိလို့ တော် တော်လိုက်သေးတယ်ဆိုတဲ့ အံမယ် သူ့ပဲ အမွှန်းတင် လိုက်သေးတယ် ဆိုတာ ရောက် မရောက် (ရောက်ပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့ တဏှာအကြောင်း ကောင်းကောင်း မသိသေးဘူးဆိုတာ ဘုရား ဟောတော်မူတာ သဘောကျပလား (ကျပါတယ် ဘုရား)။

တဏှာကို ထိုးထွင်း၍ နှိပ်စက်တတ်တယ်လို့ သိသော ပုဂ္ဂိုလ်သည် ကြောင့်ကြခြင်း မရှိသော နိဗ္ဗာန်ကို ရောက်နိုင်တယ်။

တဏှာအကြောင်းသိရင်နိဗ္ဗာန်ရောက်တယ်

သူ့အကြောင်းကို ကောင်းကောင်း သိလိုက်ရင် နိဗ္ဗာန်ကို ရောက်သွားတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ့အကြောင်း ကောင်းကောင်းသိရင် (နိဗ္ဗာန်ရောက်ပါ တယ် ဘုရား)။

နိဗ္ဗာန် ရောက်တယ်၊ ကြောင့်ကြခြင်းမရှိတဲ့ နိဗ္ဗာန်ရတယ် ကွတဲ့၊ ခုတော့ ဒကာ ဒကာမတွေက ရိပ်မိပါရဲ့လား၊ တဏှာ အကြောင်းကို (မရိပ်မိပါဘူး ဘုရား)။

မရိပ်မိသေးဘူး၊ တော်တော် ခက်နေပါလား သူက ပိရိတယ်၊ လိမ်ပုံက ဟုတ်ဖူးလား၊ လိမ်ပုံက မပိရိဘူးလား (ပိရိပါတယ် ဘုရား)။

ဒေါ်ရွှေတို့ (သိပါတယ် ဘုရား) ဘယ်လိုများ ပိတုံး အို – အရွယ်ရှိတုန်းတော့ ငယ်တုန်း ဥစ္စာပေါ့။ တော်တော်လေး အိုခြင်းဆိုး ဖြစ်လာတော့မှ ပညာ မလုပ်နိုင်တဲ့အချိန် ပညာ ပေးသတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ငယ်တုန်းအားထုတ်မှပညာရမယ်

မလုပ်နိုင်တဲ့အချိန် ပညာတဲ့၊ ဟေ့ – အားထုတ်စမ်းပါ။ ငယ်တုန်းက ဉာဏ်ထက်ထက်နဲ့လုပ်မှ ပညာရမှာ မဟုတ်လား (မှန်ပါ့)။

မဟုတ်ဘူး သူက ဟောထားတဲ့ တရားက ဘာတဲ့တုံး (အိုမှပါ ဘုရား)၊ အိုတဲ့အချိန်မှနော်။

အင်း အရွယ်လတ်တုန်းကတော့ ဥစ္စာရှာတဲ့၊ ကြီးတဲ့ အခါကျမှ ပညာရှာတဲ့၊ လောကုတ္တရာ ပညာရှာတဲ့ ဆိုတော့ မလုပ်နိုင်တဲ့အချိန် ပညာရှာလို့ သူက ဟောထားတယ် (မှန်ပါ့)။

ဟောထားတဲ့အတိုင်း ခင်ဗျားတို့က ဟုတ်ပစ်လိုက်တာပဲ (မှန်ပါ့)၊ သူဟောတာ ဟုတ်တယ်၊ အရွယ်ရှိတုန်း (စီးပွားရှာ)၊ မလုပ်နိုင်တဲ့အချိန်ကျမှ ပညာရှာ၊ မရိပ်မိဘူး၊ ခင်ဗျားတို့က ရိပ်မိကြရဲ့လား (မရိပ်မိပါဘူး ဘုရား)။

အရွယ်ရှိတုန်းတော့ ဘာတုံး (ဥစ္စာရှာပါ ဘုရား)၊ ဥစ္စာရှာတဲ့ငါ အိုကြီး အိုမဖြစ်မှ (ပညာရှာပါ ဘုရား)၊ ရနိုင် စရာကောမြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

တို့ဖြင့် မရိပ်မိဘူး မင်းတို့အတော်လွန်တာနဲ့တွေ့တွေ့ နေတာ ဟုတ်ဖူးလား (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ခုတော့ ပညာရှာတဲ့အချိန်ကျတော့ ဘုန်းကြီးက ပြောရ တယ်၊ ကံကောင်း၊ ဉာဏ်ကောင်း တွေတော့ မင်းတို့ကွာ အရွယ်ကောင်းတုန်းက သုံးပစ်ခဲ့ပါပြီ။

ကံမွဲဉာဏ်မွဲမှလာကြတယ်

ငါ့ဆီရောက်လာတော့ ကံမွဲဉာဏ်မွဲနဲ့ ဆိုတော့ ငါလည်း ထည့်မပေးနိုင်ဘူး သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုန်းကြီးဆီ ရောက်လာတော့ ဘယ်အခြေအနေရှိကြ သတုံး (ကံမွဲဉာဏ်မွဲပါ ဘုရား) ကံကောင်း ဉာဏ်ကောင်းက ဘယ်သုံးပစ်ခဲ့တုံး (ငယ်ရွယ်တုန်းပါ ဘုရား)။

ကံကောင်း ဉာဏ်ကောင်းတုန်းက ခင်ဗျားတို့သည်ကား လို့ဆိုလို့ရှိရင် အလွဲသုံးစား လုပ်ခဲ့ပြီ (တင်ပါ့) မဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား)။

ကံမွဲ ဉာဏ်မွဲနဲ့မှ လာပြီး သကာလ တရားရှာကြတယ် ဆိုရင် ဘယ့်နှယ်တုံး (မလွဲပါဘူး ဘုရား) သဘောပါကြ ပလား (ပါ ပါတယ် ဘုရား)။

ကိလေသာ ဟောထားတဲ့ ဒဏ်ချက် ခင်ဗျားတို့က မရိပ်မိလို့ ဒီအခြေအနေအတိုင်း ဖြစ်နေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မာလုကျပုတ္တ

ကိုင်း-ဒါဖြင့် မာလုကျပုတ္တ၊ မင်းသည်ကားလို့ဆိုရင် အရွယ်ကောင်းတုန်းကလဲ ငါ့ဆီမလာဘူး၊ ခုမှ – မင်းကအရွယ် ကြီးမှ တရားတိုတို ဟောပြီး နိဗ္ဗာန်ရောက်ကြောင်း မင်းဟောပါ ဆိုတော့၊ မင်းအတော် ခက်တယ်လို့ ဘုရားက ညည်းပါတယ်။ မညည်းဘူးလား (ညည်းပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာမီး ဖြတ်ကြောင်း ကောပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နတ်သား၊ နတ်သမီးတွေ သောတာပန်တည်တယ်

ခုနက နတ်သားနဲ့တကွ နတ်သမီးငါးရာသည် တစ်ခါ တည်း သောတာပန်တည်ကြတယ်၊ ပူလောင်စေခြင်း၊ နှိပ်စက် ခြင်းကိစ္စကို သူတို့ ကောင်းကောင်းသိသွားတယ် (မှန်ပါ့)။

မသိလဲ လောင်တော့မှာပဲ ဟုတ်ဘူးလား (မှန်ပါ့) တို့လည်း လောင်တော့မှာပဲ၊ ဟိုနတ်သမီးတွေ လောင်လို့ ပြာတောင် မကျန်ရစ်ဘူး၊ ဒယ်အိုးသာ ရောက်သွားတယ် ဟုတ်လား။

တို့လည်း ခုနှစ်ရက်ရှိရင်လောင်မယ်ဆိုတဲ့ ကိစ္စက မသိဘူးလား (သိပါတယ် ဘုရား) အဲဒါ သိတာနဲ့ပဲ ကိုင်း ဒါဖြင့် ပူလောင်စေခြင်း၊ နှိပ်စက်ခြင်းကိစ္စကို သူသိတာနဲ့ပဲ ဘုရား ထံ ပြေးပါတယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားထံ ပြေးသည်နဲ့ တစ်ပြိုင်နက်တည်း ဘုရားက မဂ္ဂင်မှတစ်ပါး ကိုးစားရာ၊ အားထားရာ မရှိဘူးကွ မဂ္ဂင်ကြိုးစားလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိစ္စဉာဏ်တက်ပြီးကြည့်တယ်

ဟောလိုက်တဲ့ အခါကျတော့ သူ့ခန္ဓာကိုယ်ကြီးကို သစ္စဉာဏ်၊ ကိစ္စဉာဏ်တက်ပြီး နှိပ်စက်ခြင်း ကိစ္စ ကြည့်လိုက်တာ နဲ့ သောတာပန်ဖြစ်ပါတယ်။ အကုန်ဖြစ်တာ (မှန်ပါ့)။

ဟို ငါးရာကတော့ မတည်ငြိမ်သွားလို့ တားနိုင်သေးရဲ့ လား (မတားနိုင်ပါဘူး ဘုရား)၊ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ လည်း တည်ငြိမ်သွားပလား မတည်ငြိမ်သေးဘူးလား ဆိုတာ သတိထား (မတည်ငြိမ်သေးပါဘူး ဘုရား)၊ အချိန်ပိုင်း ကျန်သေးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အခြေအနေကိုယ်ဆုံးဖြတ်ပါ

ဘာကျန်နေသေးတုံး (အချိန်ပိုင်းကျန်ပါသေးတယ် ဘုရား)၊ အချိန်ပိုင်းမှာပဲ ကိုယ့်အခြေအနေ ကိုယ် ဆုံးဖြတ်ချက် ချနော်၊ လွတ်တယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲတော့ ဒီအချိန်ပိုင်းလေးသာ နှိပ်စက်ခြင်းကိစ္စကို ခင်ဗျားတို့ မမြင် မြင်အောင်ကြည့်ရမယ် (မှန်လှပါ) မကြည့် ရပေဘူးလား (ကြည့်ရမှာပါ ဘုရား)။

အင်း – ဒီခန္ဓာကြီးဖြင့် ခဏခဏ အလောင်ခံနေရတယ်၊ ခဏခဏ အလောင်ခံနေရပါလား၊ ပေါ်တဲ့ ခန္ဓာသာ ကြည့်ပေး ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒီဥစ္စာက ကိလေသာမီး လောင်ချ လိုက်လို့ ခုနက နတ်သမီးငါးရာဖြင့် လျှောသွားပြီ၊ ကျန်တဲ့ဥစ္စာ ကျတော့ မဂ်ရေစင် ဖျန်းလိုက်တာနဲ့ပဲ ဒကာ ဒကာမတို့ ကိလေသာတွေက ချုပ်ငြိမ်း မသွားဘူးလား (ချုပ်ငြိမ်းသွား ပါတယ် ဘုရား)။

အပါယ်လေးပါးကလွတ်သွားတယ်

ချုပ်ငြိမ်းသွားတဲ့အတွက် သူတို့မှာ ကိစ္စပြီးမသွားဘူးလား (ပြီးသွားပါတယ်)၊ “စတူဟပါယေဟိ စ ဝိပ္ပမုတ္တော” မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အပါယ်လေးပါးမှ လွတ်သွားတယ် (မှန်ပါ့)။

ကောင်းပြီတဲ့ ရှိပါစေတော့တဲ့၊ နှိပ်စက်ခြင်းကိစ္စက ဒကာ ဒကာမတွေ သန္တာန်မှာ နှစ်ကိစ္စ ရှိတယ်လို့၊ ဒကာ ဒကာမတွေ ဒုက္ခမီးကလည်း နှိပ်စက်သေးတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒုက္ခမီးကနှိပ်စက်လိုက်တဲ့အခါကျလို့ရှိရင် လုပ်ရကိုင်ရ တာက မောပမ်း ဟုတ်လား၊ ကိုယ်၏ ဆင်းရဲခြင်း ကလေးက မများ ဘူးလား၊ ညောင်းညာကိုက်ခဲတာတွေက တစ်ထိုင်တည်းမှာ ရောက်လာ နေတယ်၊ ဟုတ်လား၊ ရောက်ရောက် လာတဲ့အခါ သားလင် ချစ်ဖို့ရာ ပြင်ဆင်နေရတာနဲ့၊ ကာယိက ဒုက္ခမီးတွေက လည်း ထ,ထပြီမလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

လောင်လိုက်တဲ့အခါကျလို့ရှိရင် ဒီ ကာယိက ဒုက္ခမီး လောင်လိုက်တာပဲ ဒကာ ဒကာမတို့ ခန္ဓာကိုယ် မှာလည်း မနစ် နာဘူးလား (နစ်နာပါတယ် ဘုရား)။

ကာယိကဒုက္ခမီး

ခုနက သူတော်ကောင်း ရတနာတွေလည်း မပျောက် လား (ပျောက်ပါတယ် ဘုရား) ကာယိက ဒုက္ခမီး လောင်တဲ့ အခါကျတော့လေ (မှန်ပါ့)။

မယုံလို့ရှိရင် ခင်ဗျားတို့ တစ်လလောက် လူမမာ လုပ်ကြည့် နဂို ကျက်ထားတဲ့စာ အကုန် ပျောက်စေရမယ် ပျောက်ဖူးလား (ပျောက်ပါတယ် ဘုရား)။

ဒါ ဒုက္ခမီး လောင်ချလိုက်တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ကျုပ် မမာလည်း မမာဘူး၊ ဘယ့်နှယ် ဖြစ်သွားတယ် မသိဘူး၊ အကုန်ပျောက်ကုန်ပြီ၊ တချို့ မီးလောင် မသွားဘူးလား၊ (သွားပါတယ် ဘုရား) အဲဒါ ဘာမီးလောင်ချလိုက်တာတုံး (ဒုက္ခမီး လောင်တာပါ ဘုရား)။

ဒုက္ခမီး လောင်တာ ကာယိက ဒုက္ခမီးနော်၊ စေတသိက ဒုက္ခမီးနော် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာတွေ လောင်ပစ်လိုက်တာပါလိမ့် (ကာယိက ဒုက္ခမီး စေတသိက ဒုက္ခမီး) ကာယိက ဒုက္ခမီး စေတသိက ဒုက္ခမီးနဲ့ အတူတကွ ဖြစ်ဖော်ဖြစ်ဖက် ရုပ်နာမ်တွေလည်း လောင်တယ် (မှန်ပါ့)။

ကာယိကဒုက္ခ စေတသိကဒုက္ခ

သူတော်ကောင်း မှတ်သားထားတဲ့ တရား ရတနာတွေ ကော (လောင်ပါတယ် ဘုရား) ဪ ဒါကလဲ ကာယိက ဒုက္ခ၊ စေတသိက ဒုက္ခ ဒဏ်ချက်ကလည်း မသေးပါလား ဆိုတာ ပေါ်လာပါတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ကာယိက ဒုက္ခ၊ ကိုယ်ပေါ်မှာ နာမှု၊ ကျင်မှု၊ ကိုက်မှုက ကာယိက ဒုက္ခပဲ၊ စိတ်ထဲမှာ ဆင်းရဲ နေတာ သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် စိတ်ဆင်းရဲနေတာက စေတသိက ဒုက္ခ ခေါ်တယ် (မှန်ပါ့)။

အဲဒီ မီးနှစ်ခု ညှပ် လောင်လိုက်မယ် ဆိုလို့ရှိရင်တော့ ဒကာ ဒကာမတွေ သူတော်ကောင်း ရတနာလည်း ခန္ဓာကြီးက ပြောင်တာပဲ (မှန်ပါ့) မပြောင်ဘူးလား (ပြောင်ပါတယ် ဘုရား)။

ပျိုရေးတွေ ပျောက်ပြီး၊ ဘယ့်နှယ်လဲ အိုရေးတွေပဲ။ ကျန်တော့တယ် မကျန်ဘူးလား (ကျန်ပါတယ် ဘုရား) ဒါ ဘာမီးလောင်လိုက်ပါလိမ့် (ကာယိက ဒုက္ခမီး စေတသိက ဒုက္ခမီး)။

ဪ ကာယိက ဒုက္ခမီး စေတသိက ဒုက္ခမီး အဲဒါတွေ လောင်လို့ နှိပ်စက်ခြင်းရှိလို့ပဲ ဪ ဒီခန္ဓာရှိလို့ ကိလေသာ မီးနဲ့ တိုက်လိုက်ပြန်လည်း လောင်စာ၊ ကာယိက ဒုက္ခမီး စေတသိက ဒုက္ခမီးနဲ့ တွေ့လိုက်ပြန်တော့ (လောင်စာပါ ဘုရား)။

နှိပ်စက်ခြင်းကိစ္စရှိတယ်

ဪ တို့ဟာ လောင်စာရှိတယ်၊ ဒီခန္ဓာကြီးဟာ ဘာခန္ဓာပါလိမ့်မတုံးဆိုပြီး သကာလ ၊ နှိပ်စက်ခံခြင်း ကိစ္စမှ တစ်ပါး သူ့ ဘာမှ မရှိဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာကြီးမှာ ဘာကိစ္စရှိတုံး (နှိပ်စက်ခြင်းကိစ္စ ရှိပါတယ် ဘုရား) နှိပ်စက် ခံရခြင်းကိစ္စရှိပါတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ အားလုံးပဲ ဘာကိစ္စရှိတုံး (နှိပ်စက် ခံရခြင်းကိစ္စ ရှိပါတယ် ဘုရား)။

ဘယ်သူ့မှ မလွတ်ဘူး

ဪ ဘယ်သူ ကံကောင်းလို့ လွတ်ပါ့မတုံး (ဘယ်သူမှ မလွတ်ပါဘူး ဘုရား) ဘယ်သူမှ မလွတ်ဘူး သဘောကျပလား (ကျပါတယ် ဘုရား)။

ကာယိက ဒုက္ခမီး ဆိုတော့ ကိုယ်ထဲက ဖြစ်လာတဲ့ အနာဗျ၊ သွေးစုအနာဟာ ခင်ဗျားတို့ ဘယ်က ဘယ်သူ လာပေးတဲ့ အနာလို့ ဆိုကြမတုံး (ကိုယ်ထဲက ဖြစ်လာ တာပါ ဘုရား)။

သွေးစုနာလို့ ပြောနေကတည်းက ရှင်းရှော့ပေါ့၊ အပူ သွေးတွေရှိလို့ စုပြီး ဖြစ်တဲ့အနာ ရိပ်မိသေးဘူးလား (မရိပ် မိသေးပါဘူး ဘုရား) ကဲ ဒါဖြင့် ရှိပါစေတော့။

သွေးစုနာသည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ ဘယ်သူ ပေးတာတုံးမေးရင် ဘယ့်နှယ် ပြောကြမတုံး (ကိုယ်ထဲက ဖြစ်တာပါ ဘုရား)။

အဲ ကာယိက ဒုက္ခမီး သူက ထတောက်တာ စေတသိက ဒုက္ခမီးလဲ ဒကာ ဒကာမတွေ ဝမ်းထဲများ လောင်လိုက်တဲ့ဖြစ် ခြင်း ထိုင်လို့မရ၊ ထလို့မရ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

ဝမ်းထဲမှာ ဒုက္ခမီးလောင်လို့

အိပ်လို့ မပျော်နော် ဒကာ ဒကာမတို့ ထိုင်လို့မရ၊ ထလို့မရ အိပ်လို့မပျော်တာ အတွင်းက ဝမ်းထဲမှာ စေတသိက ဒုက္ခမီး လောင်လို့၊ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

အဲဒီ လောင်တဲ့ဥစ္စာလဲ ဒကာ ဒကာမတို့ ဘယ်သူ့ လောင်သတုံးလို့ မေးလို့ရှိရင်ဖြင့် ထင်းထဲက ဖြစ်လာတဲ့ မီး၊ ဦးဘတင် ဘယ်သူ့ လောင်မှာတုံး (ထင်းပဲ လောင်မှာပါ ဘုရား)။

ထင်းထဲက ဖြစ်လာတဲ့မီး ထင်းပဲ လောင်မယ်၊ ဒါဖြင့် ကာယိက ဒုက္ခကလည်း ကိုယ်ထဲက ဖြစ်လာတဲ့ ဒုက္ခမီးဟာ ကိုယ်လောင်၊ စေတသိက ဒုက္ခမီးက စိတ်လောင်၊ ကဲ ရှိတာက ကိုယ်ရယ် စိတ်ရယ် ဒီနှစ်ခုရှိတယ် (မှန်ပါ့)။

ကိုယ်ကိုလောင်တဲ့မီး

ကာယိက ဒုက္ခမီးက ကိုယ်လောင်၊ စေတသိက ဒုက္ခ မီးက (စိတ်လောင်ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ရှိတဲ့နာမ်ရုပ်နှစ်ခု ဘယ်ဟာများ အကောင်းကျန်သေးသတုံး (မကျန်ပါဘူး ဘုရား)။

ဒါဖြင့် ပူလောင်စေခြင်း၊ နှိပ်စက်ခြင်း ကိစ္စရှိတဲ့ ခန္ဓာ ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ ကိုယ်ဆိုတာတော့ ရုပ်ပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုယ်ဆိုတာ ဘာတဲ့ (ရုပ်ပါ ဘုရား)။

စိတ်ကိုလောင်တဲ့မီး

အင်း စိတ်ဆိုတာက (နာမ်ပါ ဘုရား) ဒါပဲ ရှိတယ် ကိုယ်ကျတော့ ကာယိက ဒုက္ခမီးက လောင်တာ စိတ်ကျတော့ (စေတသိက ဒုက္ခမီးက လောင်တာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရှိတာနဲ့ ကိုယ်ရယ်၊ စိတ်ရယ် ဒီနှစ်ခု ပဲ ရှိတယ်၊ ကိုယ်က ရုပ်၊ စိတ်က နာမ်၊ နာမ်ကို နာမ်မီးကလောင် တယ်၊ ရုပ်ကို ကာယိက ဒုက္ခမီးကလောင်တယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ကိုင်း ခင်ဗျားတို့ လူ့ဘဝရလာတာ ဒကာ ဒကာမတို့ ဒုက္ခမီးနဲ့ ကြုံဖို့ ဖြစ်လာတာပဲလို့ဆိုလို့ရှိရင် ငြင်းနိုင်စရာ ရှိသေးလား (မရှိပါဘူး ဘုရား)။

ဒီလိုဉာဏ်တွေ ဒီကိစ္စဉာဏ်တွေ မသိတော့ လူဘဝကို အတော် တောင်းတယ်နော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလို ကိစ္စဉာဏ်မရတဲ့ပုဂ္ဂိုလ်က လူ့ဘဝတောင်းမှာပဲ (မှန်ပါ့) မတောင်းပေဘူးလား (တောင်းမှာပါ ဘုရား)။

အရေတွေတွန့်လာပြီ

တောင်းတဲ့ အခါကျတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ တဲ့၊ အရေတွေ တွန့်လိမ်လာလို့၊ သွားတွေ ကျဲကုန်လို့ ဆံတွေဖြူ ကုန်တယ် ဆိုတာ ဒီကာယိကဒုက္ခဆိုတဲ့ မီးတွေက လောင်လွန်း လို့၊ စေတသိက ဒုက္ခမီးတွေက လောင်လွန်းလို့။

ဪ ဘယ့်နှယ်ဖြစ်နေတာတုံး၊ တစ်ယောက် တစ်ယောက်များ ခင်ဗျားတို့မေးရင် မတွေ့ရတာလဲ ကြာပါပြီ။ ခု အဖွားကြီးကို ဖြစ်နေပါပေါ့လား၊ အဖိုးကြီးကို ဖြစ်နေပါပေါ့လား၊ အိုး မသိဘူးလား၊ သားလေးသေလို့၊ သမီးလေးသေလို့ မလာ ဘူးလား (လာပါတယ် ဘုရား)။

ဒါ သူဘာစေတသိက်ပါလိမ့်၊ သူပြုခဲ့တဲ့ ဒုက္ခမီးကလည်း လောင်မယ်၊ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းက မပြတ် ဘူးမြင်တဲ့အတိုင်းပဲ သူ ဘာနဲ့ဧည့်ခံတုံး၊ မီးလောင်တာနဲ့ ဧည့် ခံနေတာပဲ။

ဘာနဲ့ ဧည့်ခံနေတာတုံး (မီးလောင်တာနဲ့ ဧည့်ခံ နေပါတယ် ဘုရား) ရိပ်မိပလား (မှန်ပါ့)။

ဪ – မီးလောင်တာနဲ့ ဧည့်ခံတော့ မေးတဲ့ ပုဂ္ဂိုလ် ဖြစ်မှဖြစ်ရလေ၊ ဪ ဘေးကလည်း (မှန်ပါ)။

မေးတဲ့ပုဂ္ဂိုလ်ကလည်း ဟိုကမီးလောင်တာနဲ့ ဧည့်ခံ တော့ သူက ဘယ်လိုများညည်းပြတုံး (ဖြစ်မှဖြစ်ရလေပါ ဘုရား)။ ကျုပ်လည်း စိတ်မကောင်းဘူး ဆိုတော့ ကျုပ်လည်း အလောင်ခံဦးမယ် ပြောတာပဲ ရိပ်မိပလား (မှန်ပါ့)။

ကျုပ်ကလည်း ဒီအတိုင်းကြီး အပြောင်ကိုက်နေလို့ ကောင်းပါ့မလား (မကောင်းပါဘူး ဘုရား)၊ ဘာမီးဖြစ်ဖြစ် အလောင်ခံရလိမ့်ဦးမယ်၊ ခင်ဗျားတို့ကလဲ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

တချို့ကလည်း တကယ်ရင်းလို့ရှိရင် တကယ့်မီးကို လောင်တာ (မှန်ပါ့)။ မလောင်ပေဘူးလား (လောင်ပါတယ် ဘုရား)။

လောင်စာနဲ့လောင်မယ်နဲ့

ကဲ ခင်ဗျားတို့က ဟိုက ဘာနဲ့ဧည့်ခံတုံး (လောင် စာနဲ့ ဧည့်ခံပါတယ်) လောင်စာနဲ့ ဧည့်ခံတယ်၊ ဒီက လောင် မယ်လို့ဧည့်ခံတယ် (မှန်ပါ့) ဟုတ်ဖူးလား (မှန်ပါ့)။

ဟိုက ဘာနဲ့ဧည့်ခံတုံး (လောင်စာနဲ့ ဧည့်ခံပါ တယ် ဘုရား)၊ ဒီက ဘယ့်နှယ်တုံး (လောင်မှာပါ ဘုရား)။

လောင်မယ်လို့ ဆိုပြီး သကာလ သူနဲ့တွေ့မှကျုပ်ဖြင့် စိတ်ကို မကောင်းကိုဖြစ်သွားတာပဲ၊ မလာဘူးလား လာလား (လာပါတယ် ဘုရား)။

ဒါဖြင့် သူကလည်း လောင်စာနဲ့ ဧည့်ခံတယ်၊ ဟိုက လောင်မယ်နဲ့ ဧည့်ခံတယ်၊ သဘော ကျပလား (မှန်လှပါ)။ လူမှာ ဒါပဲရှိတယ်၊ ဒီပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အကယ်၍ ကျန်းကျန်းမာမာတွေ့ပြန်တော့လည်း ဟိုပုဂ္ဂိုလ်ကလည်း ဝမ်းသာလိုက်တာ လာပြန်ပြီ၊ ဒီက ပုဂ္ဂိုလ်ကကော (ဝမ်းသာတာပါ ဘုရား)။

လောဘမီးနဲ့ဒေါသမီး

သူကျတော့လည်း လောင်စာနဲ့ဧည့်ခံတာ၊ ကိလေသာ ဒါက လောဘမီးလောင်တာ၊ ဟိုက ဒေါသမီးနဲ့ ဧည့်ခံတာ၊ နောက် ဒီက ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားတာက (လောဘမီး)။

ဟိုကလည်း လောဘမီးနဲ့ပဲ ဧည့်ခံတယ်။ ဒီကတော့ (ဒေါသမီးနဲ့ဧည့်ခံပါတယ်) ဒါကျတော့လည်း လောင်စာနှစ်နဲ့ ဧည့်ခံကြတယ် (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့)။

အဲတော့ ဒီခန္ဓာ ဘာကိစ္စရှိသတုံးသာ မေးကြပေတော့ (ပူလောင်စေခြင်း၊ နှိပ်စက်ခြင်း) ပူလောင်စေခြင်း၊ နှိပ်စက်ခံရ ခြင်းကိစ္စ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (သဘောကျပါတယ် ဘုရား)။

အဲတော့ နေရာတိုင်းသာ သတိထားလိုက်ကြမယ်ဆို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ဟာ ဪ- ကျဉ် တုန်းလည်း လောင်နေတယ်၊ ဟုတ်ဖူးလား (မှန်ပါ့)။

နာတုန်းကော (လောင်နေပါတယ် ဘုရား) ပျော်တုန်းကော (လောင်နေပါတယ် ဘုရား) ဟိုနတ်သမီး တွေ ပျော်တုန်း လောင်တာ (မှန်ပါ့)။

ပျော်တုန်းပျင်းတုန်းလောင်နေတာ

အပေါ်က ငါးရာဟာ ဒကာ ဒကာမတွေ ပျင်းတုန်း လောင်တာလား၊ ပျော်တုန်း လောင်တာလား (ပျော်တုန်း လောင်တာပါ ဘုရား)၊ ပျော်တုန်းလောင်ချလိုက်တာဗျ၊ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား) ရှင်းပြီနော်။

ကောင်းပြီ နောက် နတ်သမီးတွေ ကျတော့ကို အပျော် လောင်တာ မဟုတ်ဘူး၊ သူတို့မယ် စိတ်ပျက်ပြီး သကာလ ပျင်း မီးပေါ့ဗျာ (မှန်ပါ့)။

စေတသိကဒုက္ခမီး၊ နောက် နတ်သမီးတွေတောင် မလောင်ဘူးလား (လောင်ပါတယ် ဘုရား) အင်း နောက်က နတ်သမီးတွေနဲ့ ခုနက သုဗြဟ္မာနတ်သားတို့ကျတော့ ဘုရားကသွားပြီး မဂ်လွှတ်ပေးလိုက်လို့ မီးငြိမ်း သွားခဲ့တယ် ဆိုပါတော့ဗျာ (မှန်ပါ့)။

ကိလေသာမီးလောင်လို့ပြုံးတာ

ဟို – လွန်သွားတာတွေ ကျွံသွားတာတွေကော တတ်နိုင် သေးရဲ့လား (မတတ်နိုင်ပါဘူး) အဲတော့ ခင်ဗျားတို့ ပြုံး နေတာလည်း ဘုန်းကြီးတို့ ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ ကိလေသာမီး လောင်လို့ ပြုံးတာ (မှန်ပါ့) မဲ့နေတာကော (ကိလေသာမီး လောင်တာပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးဟာဖြင့် လောင်လက်စကို သတ်သေးရဲ့ လား (မသတ်ပါဘူး ဘုရား) အဲဒါ နေရာတိုင်း သတိထား ပေး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လို သတိထားရမယ် (နေရာတိုင်းကို သတိထား ပေးရမှာပါ ဘုရား) ရှင်းပြီနော်။

ပြုံးရင်ကော (ပြီးရင် ကိလေသာမီး လောင်တာပါ ဘုရား)။ ပြုံးနေလို့ရှိရင် ဒါ အင်း ကိလေသာမီး လောင်နေတာပဲ သောမနဿ ကိလေသာမီး လောင်နေတာပဲ။ လောဘမီး လောင်နေတာပဲ (မှန်ပါ့)။

ဒီလို အကြောင်း ညီညွတ်နေလို့ မရှိကြဘူးလား (ရှိပါတယ် ဘုရား) အဲဒီရှိတာကျတော့လည်း ဘာမီးပါလိမ့်မတုံး (လောဘမီးပါ ဘုရား)။

မှိုင်တွေချတုန်းလောင်တာဒေါသမီး

အင်း -အကြောင်းအကျိုး မညီညွတ်တော့ မှိုင်တွေချ နေတာကော (ဒေါသမီးပါ ဘုရား)၊ ဒီပြင် မီးများ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒီပြင်အချိန်ကျတော့ကို ဒကာ ဒကာမတို့ ဒီလောဘမီး နဲ့ ဒေါသမီး လောင်စရာ မရှိတဲ့ အခါကျတော့ ဇရာမီး၊ ဗျာဓိမီးက လောင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သူတို့နှစ်ခု မလောင်တဲ့အခါကျတော့ ဘယ်သူက ဝင် လောင်တုံး (ဇရာမီး၊ ဗျာဓိမီးက လောင်ပါတယ် ဘုရား)။ ဇရာမီးနဲ့ ဗျာဓိမီးက သူတို့ဟာသူတို့ သီးသန့် လောင်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်အချိန် အန္တရာယ်ကင်းလို့ ဘေးရှင်းသတုံးမေးလိုက် (မရှင်းပါဘူး ဘုရား)၊ ဒါဖြင့် ပူလောင် စေခြင်း၊ နှိပ်စက်ခြင်းကိစ္စ ရှိ-မရှိ (ရှိပါတယ် ဘုရား) သဘောကျပလား (ကျပါ တယ် ဘုရား)။

မြုံနေတော့ဘာမီးလဲ

အံမာလေး ဒကာ ဒကာမတို့ ပြုံးနေတော့ ဘာမီးတဲ့ (လောဘမီးပါ ဘုရား) မဲ့နေတာ (ဒေါသမီးပါ ဘုရား)။

ဒီအတိုင်း နေပြန်တော့ (ဇရာမီး၊ ဗျာဓိမီးပါ ဘုရား) ဇရာမီး၊ ဗျာဓိမီး လောင်တယ် (မှန်ပါ)။

ဘယ်အချိန်များ အန္တရာယ်ကင်း ဘေးရှင်းကြတုံး (မရှင်းပါဘူး ဘုရား)။ ဒီထဲကနေပြီး သကာလ ကတ်ကတ် သတ်သတ် ပျော်ပရစေဦးဆိုရင်တော့ မတတ်နိုင်တော့ဘူး၊ တတ် နိုင်စရာ မြင်သေးသလား (မမြင်ပါဘူး ဘုရား)။

ကတ်သီးကတ်သတ် ပျော်တာကောမရှိဘူးလား (ရှိ ပါတယ် ဘုရား) ပျော်တာက ဘယ်အချိန် ပျော်တာတုံးတို့ မေးတဲ့အခါကျလို့ရှိရင် ကိလေသာမီး လောင်တဲ့အချိန်မှာ သူတို့က ပျော်တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ကိလေသာမီး လောင်တဲ့အချိန် (ပျော်ပါတယ် ဘုရား)၊ ပျော်တဲ့အချိန်တဲ့၊ ဒါ လောဘ ကိလေသာမီး လောင်တဲ့ အချိန်နော် (မှန်ပါ့)။

ဒေါသ ကိလေသာမီး လောင်တဲ့အချိန်ကျတော့ (မြဲပါတယ်) ပြုံးတဲ့မဲ့တဲ့အချိန် သဘော ကျပလား၊ မဲ့တယ်၊ ပြုံးတယ် အတူတူပဲ မကျဘူးလား (ကျပါတယ် ဘုရား) ရှင်းပါပလား (ရှင်းပါတယ် ဘုရား)။

ဇရာမီး၊ ဗျာဓိမီး

ဒီအတိုင်း နေတဲ့ အချိန်ကျတော့ကို ဇရာမီး၊ ဗျာဓိမီးတွေ ကကော မလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အန္တရာယ်ကင်း ဘေးရှင်းတဲ့အချိန်များ ပြောကြစမ်းပါ (မရှိပါဘူး ဘုရား)။

အမြဲတမ်း လောင်နေတယ်၊ အဲဒီ နှိပ်စက်ခြင်းကိစ္စ မြင်နေလို့ရှိရင်ဖြင့်၊ -လောင်ပြန်ပြီ၊ -လောင်ပြန်ပြီ၊ ဪ -ပြောင်ပြန်ပြီ၊ ဪ-လောင်ပြန်ပြီ၊ ဪ -ပြောင်ပြန်ပြီလို့ သာ ခန္ဓာ ကိုယ်ကြီးကို ဉာဏ်ထဲမှာ ကြည့်ပြီး သကာလ နေလို့ရှိ ရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ခန္ဓာကိုယ်ကြီးမှာ ဒီကိစ္စ မှတစ်ပါး ဘာကိစ္စမှ မရှိဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလောင်ခံခြင်းကိစ္စသာရှိတယ်

အလောင်ခံခြင်းကိစ္စမှတစ်ပါး (ဘာမှမရှိပါဘူး ဘုရား)၊ ဘာကိစ္စမှ မရှိဘူးလို့ မလာပေဘူးလား (လာပါ တယ် ဘုရား)။

ကာယိက ဒုက္ခမီးကလည်း လောင်လိုက်၊ စေတသိက ဒုက္ခမီးကကော (လောင်ပါတယ် ဘုရား)၊ တစ်ထောင့်ငါးရာ ကိလေသာမီးကကော (လောင်ပါတယ် ဘုရား)။

လောင်လိုက်ဆိုတော့ ခင်ဗျားတို့က ဘယ်ဘက်ကချည့် နေရတာတုံး အခံဘက်က (မှန်ပါ့)၊ ကိလေသာ ဘက်က (အလောင်ဘက်က) ခင်ဗျားတို့က (အခံဘက်က)။

အဲ-ကိလေသာမီးလောင်တဲ့အချိန်ကျတော့ ဇရာ ဗျာဓိ ကတော့ လောင်လျက်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိလေသာမီးကလည်း လောင်လျက်၊ ဇရာ၊ ဗျာဓိ ကကော (လောင်လျက်ပါ ဘုရား)။

အိပ်နေတုန်းမီးလောင်ကင်းပါရဲ့လား

ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတို့ အိပ်နေတဲ့အခါများ မီးလောင်ကင်းပါရဲ့လားလို့ မေးကြည့်စမ်း (မကင်းပါဘူး ဘုရား)။ ဇရာမီး ဗျာဓိမီးက (လောင်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နိုးလာတဲ့အခါ ကိလေသာမီးက ထတောက်တယ်၊ မနက်မိုးလင်းလာလို့ရှိရင် ဘယ်သွားရမတုံး၊ ဘယ်လာရမတုံး၊ ဘယ်သူ့ဆီရစရာရှိပါလိမ့်မတုံး၊ ဘယ်သူ့ပေးစရာရှိပါလိမ့်မတုံး၊ မနက်မိုးလင်းရင် ကိလေသာမီးက ထထောက်တယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

မိုးလင်းတော့ဘယ်မီးလောင်သတုံး

မနက်မိုးလင်းတော့ ဘယ်မီးထ အလောင်ခံရတုံး (ကိလေသာမီးက ထလောင်ပါတယ် ဘုရား)၊ အင်း နောက်ကျတော့ အလိုမကျဘဲနဲ့ ပြန်လာရတဲ့အခါ၊ လောဘမီးက လောင်ပြီ ဟုတ်လား၊ လုပ်တော့ လုပ်ပါတယ် ဒီနေ့ အကြောင်း မညီညွတ်ဘူး ဆို ဒေါသမီးက လောင်ပြန်တာပဲ (မှန်ပါ့)။

မလောင်ပေဘူးလား (လောင်ပါတယ် ဘုရား)၊ အင်း ဒါဖြင့် ဒေါသမီးလောင်၊ ဒီနေ့တော့ အိပ်တာကောင်းတယ် ဆိုတော့ ဇရာမီး ဗျာဓိမီးနဲ့ မအိပ်ဘူးလား (အိပ်ပါတယ် ဘုရား)၊ လောင်ပြန်ပြီ ဆိုတော့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီ ကိစ္စတွေ ဘုန်းကြီးပြောသလောက် စုံအောင် လိုက်နေရင် သေချာ ခင်ဗျားတို့ မဂ်ဆိုက်တယ် (မှန်ပါ့)၊ ဘယ်အချိန်များ မမြင်စရာကောရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးမှာ ပူလောင်စေခြင်း၊ နှိပ်စက်ခံရခြင်း ကိစ္စရှိတယ်ဆိုတာများ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘူး ဘုရား)။

ကိစ္စဉာဏ်မြင်တာ

အဲ – မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး စက္ခုံ ဥဒပါဒိ ဆိုတော့ ဒါပဲ (မှန်ပါ့)၊ ဒီကိစ္စဉာဏ် မြင်တာ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)။ စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ဆိုတဲ့ ဥစ္စာသည် ဒုက္ခသစ္စာကို ပူလောင်စေခြင်း၊ နှိပ်စက်ခြင်းကိစ္စဉာဏ်နဲ့ သွားမြင်တာကိုးဗျ၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

မြင်လာတဲ့အခါကျတော့ သူ့ခန္ဓာကြီးကို သူသည် ဘယ်နည်းနဲ့ သာယာစရာ ရှိမတုံး (မရှိပါဘူး ဘုရား)။

မရှိတဲ့အခါကျတော့ ခန္ဓာခင်တွယ်တဲ့ တဏှာပြုတ် သွားတော့၊ ခန္ဓာငါထင်နေတဲ့ ဒိဋ္ဌိကလည်း အတွဲလိုက် ပြုတ်သွား တယ် (ပြုတ်ပါတယ် ဘုရား)၊ မပြုတ်ပေဘူးလား (ပြုတ်ပါ တယ် ဘုရား)။

ကိစ္စသိတဲ့ဉာဏ်ကြောင့် ဒိဋ္ဌိပြုတ်

ဘယ့်နှယ်ကြောင့် ပြုတ်ပါတုံး အို ဉာဏ်သုံးဉာဏ်ကြောင့် ပြုတ်သွားတာ (မှန်ပါ့) ကိစ္စတွေ သိတဲ့ ဉာဏ်ကြောင့် (ပြုတ်ပါတယ် ဘုရား)၊ ဘာလုပ်ကြတုံး (ပြုတ်ပါတယ် ဘုရား) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဘာသိတဲ့ဉာဏ်ကြောင့်ပါလိမ့် (ကိစ္စသိတဲ့ဉာဏ် ကြောင့်ပါ ဘုရား)၊ ကိစ္စသိတဲ့ဉာဏ်ကြောင့် ပြုတ်ပါတယ်ဆိုတာ ကော သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိစ္စမသိဘဲနဲ့ ဘုရားဖြစ်လာတယ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်လာတယ်ဆို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မယုံနဲ့ (ရှင်းပါပြီ ဘုရား)။

ကိစ္စဉာဏ်ရမှသာတာပန်ဖြစ်မယ်

ကိစ္စဉာဏ်မရဘဲနဲ့ ကျုပ်တော့ ဒုက္ခဉာဏ်လည်း မတက် တော့ဘူးဗျာ၊ အလိုလိုပဲ သောတာပန် ဖြစ်လာတယ်၊ ဆုတောင်း နဲ့ ဝေးပါသေးတယ် (မှန်ပါ့)။

ဘယ်နည်းနဲ့မှ မရဘူး၊ ဆုတောင်းနဲ့ (မှန်ပါ့) ဒီကိစ္စဉာဏ်မပါဘဲနဲ့ဖြင့် (မရပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဘယ်ဉာဏ် အရေးကြီးတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စဉာဏ်ရမှကိစ္စဉာဏ်ရမယ်

သစ္စဉာဏ် မသိဘဲနဲ့တော့ ကိစ္စဉာဏ် မရဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သစ္စဉာဏ် မသိဘဲနဲ့ (ကိစ္စဉာဏ် မရပါဘူး ဘုရား)။

ကိစ္စဉာဏ် မရံဘဲနဲ့လဲ သောတာပန်ဖြစ်ပြီ၊ သကဒါဂါမ် ဖြစ်ပြီဆိုတဲ့ ကတဉာဏ် ဘယ်နည်းနဲ့မှ မရနိုင်ဘူး ရပါ့မလား (မရပါဘူး ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ဉာဏ်က စအရေးကြီးတုံး (သစ္စဉာဏ် က စပြီး အရေးကြီးပါတယ် ဘုရား)။

သစ္စဉာဏ်နဲ့မပြီးသေးဘူး

အဲ-သစ္စဉာဏ်နဲ့လည်းမပြီးသေးဘူးတဲ့ ဟုတ်လား၊ ‘‘ဒုက္ခသမုဒယန္တိ၊ ယထာဘူတဉာဏံ၊ သစ္စဉာဏံ နာမ သံယုတ် ကလာက။

ဪ-ဒါ ဒုက္ခပဲ၊ ဒါ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲလို့ ဒီလောက် သိလို့ရှိရင် အို- ဒါ ယထာဘူတ ဉာဏ် ရှိသေးတာကွ၊ ဘုံဘဝကို စွန့်နိုင်တဲ့ဉာဏ်၊ ကိုယ့်ဘဝအကြောင်း ကိုယ်ကောင်းကောင်း သိရုံရှိသေးတယ်၊ ကိုယ့်ဘဝ ရွံမုန်းပြီးတော့ မလိုချင်တဲ့ ဉာဏ်မလာသေးဘူးတဲ့ သစ္စဉာဏ်လောက်နဲ့ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ယထာဘူတဉာဏ်ပဲရတယ်

သစ္စဉာဏ်လောက်နဲ့တော့ ယထာဘူတဉာဏ်ပဲရတယ်၊ ကိစ္စဉာဏ်ဝင်လာလို့သာ နိဗ္ဗိန္ဒတွေ ဝင်လာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကိစ္စဉာဏ်ဝင်လာလို့ရှိရင် နိဗ္ဗိန္ဒရော၊ မဂ်ရော ဝင်လာ လိမ့်မယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိစ္စဉာဏ်ကျမှပဲ နိဗ္ဗိန္ဒဉာဏ် ကူးနိုင်မယ်ဆိုတာကော ခင်ဗျားတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အားထုတ်ရမှာက ဘယ်နှစ်ဉာဏ်ပါ လိမ့် (နှစ်ဉာဏ်ပါ ဘုရား)၊ နှစ်ဉာဏ်။

သောတာပန်တည်ချင်လို့ရှိရင် ပထမ သစ္စဉာဏ်ရဖို့ အရေးကြီးတယ် (မှန်ပါ့) နောက်ဘယ်ဉာဏ် ရဖို့ (ကိစ္စဉာဏ်ရဖို့ပါ ဘုရား)။

ကိစ္စဉာဏ်အဆုံးမှာကတဉာဏ်

ကိစ္စဉာဏ်ရလို့ရှိရင်ဖြင့် ကိစ္စဉာဏ်အဆုံးမှာ ကတဉာဏ် ဆိုတာရှိတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘယ်ဉာဏ်အဆုံးမှာ (ကိစ္စဉာဏ် အဆုံးမှာပါ ဘုရား)၊ ကိစ္စဉာဏ်ဆုံးမှ ကတဉာဏ်က ဖြစ်တာနော် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့မှာ တစ်လည်း အရေးကြီးတယ်၊ နှစ်ကော (အရေးကြီးပါတယ် ဘုရား)၊ ဒါဖြင့် တစ်နဲ့ နှစ်ဟာ အရေးကြီးတယ်၊ သုံးဟာ အရေးမကြီးဘူးမှတ် (မှန်ပါ့)။

တစ်က သစ္စဉာဏ်၊ နှစ်က (ကိစ္စဉာဏ်ပါ ဘုရား) သုံးက (ကတဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်နဲ့ကိစ္စဉာဏ်အရေးကြီးတယ်

ကတဉာဏ်ဟာ ဒီလောက် အရေးမကြီးပါဘူး၊ ဘုန်းကြီး မနက်ဖြန် ရေရေလည်လည် ဟောပါ့မယ်၊ ဒီအရေးကြီး နေတာက တစ်အရေးကြီးတယ်၊ နှစ်အရေးကြီးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စဉာဏ် လည်း ငါမရလို့၊ ကိစ္စဉာဏ်လည်း ငါမရလို့ ဆိုတော့ ဒါသစ္စာ၊ သစ္စာချည့်ပဲ မဟုတ်လား (မှန်လှပါ)။

ငါ သံသရာ ရှည်ခဲ့တယ်ဆိုတော့ ခင်ဗျားတို့ တရားဟာ ဒီလိုရှုရမှန်းလည်းမသိ၊ ကြောက်ရမှန်းလည်း မသိဆိုရင်ဖြင့် ဘယ် ခင်ဗျားတို့ နိဗ္ဗာန် ရောက်နိုင်စရာ အကြောင်း မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။

ဒီနှစ်ဉာဏ်ကိုမရ ရအောင်ရှုပါ

ဒါဖြင့် ဒီမှာ ကြုံကြိုက်တဲ့အခါ ဒကာ ဒကာမတွေ ဒီနှစ် ဉာဏ်ကို မရ ရအောင် ဟောရမယ် ဘုန်းကြီးက (မှန်ပါ့) ခင်ဗျားတို့ကလည်း မရ-ရအောင်ရှု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။