161

ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ

ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၁)

ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၂)

တရားနှစ်ပုဒ်ပါဝင်ပါသည်။

—————-

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ဤတရားတော်များသည် ပရိတ်သတ်အများအား ဟောကြားသော တရားတော်များမဟုတ်ပါ။ မန္တလေးမြို့ ရွှေလှံ ရပ်နေ၊ ဦးချစ်ဆွေ ဒေါ်မမတို့အား နံနက် (၇) နာရီတွင် သီခြား ဆုံးမလေ့ ရှိသော နာရီဝက်တရားတော်များဖြစ်ရာ (၂၈၊ ၃၊ ၆၂) ရက်နှင့် (၂၉၊ ၃၊ ၆၂) ရက်နေ့ နံနက်၌ ဟောကြားသော တရားတော် နှစ်ပုဒ်ကို ပေါင်းထားခြင်းဖြစ်ပါသည်။

ဤတရားတော်မှာ အနာဂါမ်တည်ပြီးသား စိတ္တသူ ကြွယ်၏ စုတေစိတ်ကျခါနီး အကြောင်း အရာများကို ဖော်ပြထား ပါသည်။ စိတ္တသူကြွယ်သည် စိတ်ချရတဲ့အလုပ် လုပ်ထားတဲ့ အတွက် ကိုယ်သွား ရမည့်နေရာ၊ ရောက်မည့်နေရာကို သိနေကြောင်း ဟောကြားတော်မူပါသည်။

စိတ္တသူကြွယ်က သူငယ်ချင်းဖြစ်သူ အစေလကဿပကို ဟောကြားသော လူတို့၏ ကျင့်ဝတ် (၁၀) ပါးနှင့် ထိုတရား၏ ထက်မြတ်ပုံကို နှိုင်းယှဉ်၍ ပြဆိုထားပြီး အစေလကဿပ ရဟန္တာ ဖြစ်သွား ပုံကိုပါ ဆရာတော်ဘုရားက ဟောကြားတော် မူပါသည်။

ဤတရားတော်တွင် ကုသိုလ် နှစ်မျိုး အထက်တန်း ကုသိုလ်နှင့် အောက်တန်း ကုသိုလ် ခြားနားပုံ အပြင် ကိုယ်လုပ် ထားတဲ့ အလုပ်သည် အတော် ခရီးပေါက်ပြီလား မပေါက် သေးဘူးလား ဆုံးဖြတ်နိုင်ကြောင်း ဟောကြား ထားတော်မူပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ပြည့်စုံကြပါစေ။

၁-၉-၂၀၀၁။

အမှုဆောင်အဖွဲ့။

—————-

ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၁)

အနာဂါမ်စိတ္တသူကြွယ် ဥပမာပြ

အသံဖိုင်ခေါင်းစဉ်= အနာဂါမ်စိတ္တသူကြွယ် ဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ်= ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၁)

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၁)

(စိတ္တသူကြွယ်)

(၂၈-၃-၁၉၆၂)

စိတ္တသံယုတ်တဲ့၊ စိတ္တသံယုတ် ဆိုတော့ စိတ်ကို ဟောလိမ့်မယ်လို့ ဒီလို မအောက်မေ့ပါနဲ့၊ စိတ္တသူကြွယ် အကြောင်းပြုဟောမှာ၊ စိတ္တသူကြွယ်က ဘယ်လို ပုဂ္ဂိုလ်တုံးလို့ မေးတဲ့ အခါကျတော့ အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်လို့ မှတ်ရမယ် (တင်ပါဘုရား)။

စိတ္တသူကြွယ်

စိတ္တသူကြွယ်က အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ နေတော့၊ သူနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေတော့ အများကြီးပဲ အခုဟာ သူ စုတေစိတ်ကျမယ့် ဝတ္ထုလို့ မှတ်ထား ရမယ် (တင်ပါ)။

သူဟာ တစ်နေ့သ၌ မမာလာဘူး၊ မမာလာတော့ ဘေးက သစ်ပင်စောင့်နတ်တို့ မြို့စောင့်တဲ့ နတ်တို့၊ ဥယျာဉ်ခြံထဲ စောင့်တဲ့နတ်တို့က လာလာ သတိပေးကြတယ်။ လာလာ သတိပေးကြတယ်။ ဒီပြင်ဟာ မတောင့်တပါနဲ့၊ သေခါနီးကို၊ စကြဝတေးမင်း ဆုကို တောင်းပါ (တင်ပါဘုရား) လာလာပြော ကြတယ်၊ စကြဝတေးမင်း ဆုကိုပဲ တောင့်တပါ၊ လူမမာကို လာလာ ပြောနေကြတယ်၊ သူက ပြန်ပြော တယ်။

ဒီသုံးခွန်းပဲပြောတယ်

တမ္ပိ အနိစ္စံ

တမ္ပိ အဒ္ဓုဝံ

တမ္ပိ ပဟာယ ဂမနီယံ

ဒီသုံးခွန်းပဲ သူက စကားပြောတယ်။

ဒီစကြဝတေးမင်းဟာလည်း အနိစ္စ မမြဲပါဘူးတဲ့၊ သူ့ကို ကျော်လွန်ပြီး သကာလ ကျုပ်က သွားမှာတဲ့၊ ဒီအာရုံလောက် အလိုရှိတာမဟုတ်ဘူး နိဗ္ဗာန်ပေါ့လေ (တင်ပါဘုရား)

သူက ဒါတွေ အနိစ္စတွေ၊ ဒါတွေဟာ ဒုက္ခတွေ၊ မမြဲတဲ့ တရားတွေ၊ ဒါတွေသည်လို့ဆိုရင် ပယ်ပြီး သကာလ ကျုပ်က သွားမှာလို့ နှုတ်က ဖွင့်ဟပြောတယ် (တင်ပါဘုရား)။

နှုတ်က ဖွင့်ဖွင့်ပြောတော့ သူ့သားတွေ၊ သမီးတွေ၊ ဆွေမျိုးတွေကလည်း မမာနေတဲ့ အချိန်မှာ အနားက စောင့်နေ ကြတယ်၊ စောင့်နေကြတော့ ဟိုက နတ်တွေကလည်း ဝိုင်းပြီး ပြောကြတယ်။

စိတ္တသူကြွယ်က အနာဂါမ်

ပြောတာကလည်း ဒီနတ်တွေကလည်း သိပြီးသားတွေ (တင်ပါဘုရား) ဘယ်လို သိပြီးသား ဖြစ်သလဲလို့ မေးတဲ့အခါ ကျတော့ ဟိုက သီလမြဲပြီးသားကို အနာဂါမ်ဆိုတော့ (မှန်ပါ တယ်ဘုရား)။

သီလမြဲပြီးသား ပုဂ္ဂိုလ်ဆိုတော့ ရဟန္တာတော့ မဖြစ်သေးတော့ သူလိုချင်တာတော့ ရတယ် (တင်ပါဘုရား) စကြဝတေး မင်းကြီး လိုချင်လည်း ရတာပဲ၊ ဗြဟ္မာ လိုချင်လည်း ရတာပဲ၊ နတ် အကြီးစားတွေ လိုချင်လည်း ရတာပဲ၊ အဲဒါ ဘေးက ပြောတဲ့ နတ်တွေက သိတယ်၊ (တင်ပါဘုရား) ခင်ဗျား လိုချင်တာ ရတယ်၊ အဲဒါကြောင့် စကြဝတေးမင်း ဆုအကောင်းဆုံးပဲ၊ အဲဒါသာ ညွတ်လိုက်စမ်းပါ၊ သေခါနီးကိုပေါ့လေ (တင်ပါဘုရား)။

ဒါသာ ညွတ်လိုက်စမ်းပါဆိုတော့ မဟုတ်ဘူးတဲ့၊ ဒါတွေ ဟာ နတ်တွေကို ပြန်ပြောတယ်၊ အဲဒါ လူမမာ စောင့်တွေက မကြားဘူး (တင်ပါဘုရား) သူက ပြန်ပြောတာတော့ လူမမာ စောင့်တွေက ကြားတယ်၊ ဒါတွေ အနိစ္စတွေ နတ်တွေက ပြောတော့ ဒါတွေဟာ မမြဲတဲ့ တရားတွေ၊ ဒါတွေ ကျော်လွန်ပြီး – သကာလ သူသွားမယ်၊ သူက ဒါချည်းပြောနေတာ (တင်ပါ ဘုရား)။

တောင်ပြောမြောက်ပြောမပြောဖို့

ဒါချည်းပြောတော့ အနားက လူမမာစောင့် ဆွေမျိုး ဉာတကာတွေက စိတ္တသူကြွယ် တောင်ပြော မြောက်ပြော မပြောပါနဲ့၊ တောင်ပြော မြောက်ပြောပြီး သကာလ ဟိုဟာ ဒီဟာ ပြောမနေပါနဲ့၊ ဟိုဟာ အနိစ္စ၊ ဒီဟာ မမြဲဘူး၊ ဒါပယ်ပြီး သကာလ သွားမယ်ဆိုတဲ့ စကားလုံးတွေကို၊ သူတို့ကတော့ ကယောင် ချောက်ချား ပြောနေတယ်လို့ ထင်တာပေါ့ကွာ (မှန်ပါဘုရား)။

အဲဒီလိုပြောပြီး သကာလ ဘေးကနေ ပိတ်ပင်ကြတယ်။ စကား တောင်ပြော မြောက်ပြော မပြောပါနဲ့ ဆိုတော့၊ စိတ္တ သူကြွယ်က မဟုတ်ဘူး၊ ငါက ဘာတွေများ ပြောလို့တုံး၊ ဟာ အခု ပြောနေတာ ကြားသားပဲ တမ္ပိ အနိစ္စံ၊ တမ္ပိ အဒ္ဓုဝံ၊ တမ္ပိ ပဟာယ ဂမနီယံလို့ ဒီစကားတွေ ပြောတယ်။

ဒါတွေ အနိစ္စပဲ ဒါတွေဒုက္ခပဲ ဒါတွေကျော်လွန်ပြီး သွားမယ်ဆိုတော့ ဒါတွေ တောင်ပြော မြောက်ပြော ပြောတဲ့ စကားတွေပဲ၊ နားမှ မလည်ဘဲကို၊ သူသာသိတယ် (မှန်ပါတယ် ဘုရား)။

သီလမြဲမှ ဆုတောင်းပြည့်တယ်

မဟုတ်ဘူး၊ ဒါတွေ ကယောင်ချောက်ချား ပြောနေတဲ့ စကားလို့ မင်းတို့က မမှတ်နဲ့၊ ငါ့ကို တောစောင့်နတ်၊ တောင်စောင့် နတ်၊ မြို့စောင့်နတ် အမျိုးမျိုးသော ဒီသစ်ပင်တွေ စောင့်တဲ့နတ် တွေက အကုန် စုဝေးပြီး သကာလ၊ စိတ္တသူကြွယ် စိတ်ကူး မလွဲပါနဲ့၊ စကြဝတေးမင်းဆု အကောင်းဆုံးပဲ၊ ဒါသာ တောင့်တပြီး ယူလိုက် ပါ၊ သင့်မှာ သီလက ပြည့်စုံပြီးသား ဖြစ်နေတော့ တောင့်တတာ ရတယ်၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ဒါကြောင့် မင်းတို့ ဆုတောင်းတယ် ဆုတောင်းတယ် ဆိုပေမယ့်လည်း တဲ့၊ မြဲပြီးသား သီလရှိတဲ့ ပုဂ္ဂိုလ်မှ ဆုတောင်းမြဲတာ (တင်ပါ ဘုရား)၊ ဒီမနက် ဆောက်တည်ထားတဲ့ သီလလေးက ဒီနေရာ ဆောက်တည်လိုက် ဟိုနေရာ တော်အောင် ပြောလိုက် ရယ်လိုက် မောလိုက်နဲ့ အဲဒီသီလမျိုး မရဘူး စိတ်မချရဘူး (မှန်ပါ ဘုရား)။

အရိယာသီလမှမြဲတယ်

အရိယာ သီလမှမြဲတာ (တင်ပါ ဘုရား) အရိယာ သီလ ဆိုတာ သောတာပန် တည်ပြီးတဲ့ ပုဂ္ဂိုလ်များ ဓါးကုပ်ပေါ် တင်ပြီး သကာလ ဝဲပြီး ဒီကြွက်ကလေး သတ်ရမယ်၊ ဒီကြောင်ကလေး သတ်ရမယ် ဆိုစေကာမူ၊ သူတို့မှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ၊ သူတို့အတွက်သာ စွန့်တော့တယ် ဒါလုပ်တဲ့ ထုံးစံမရှိဘူး (တင်ပါ ဘုရား)။

မြဲတဲ့သီလဆိုတာ

နိစ္စသီလ ဖြစ်သွားတယ် (တင်ပါ ဘုရား) နိစ္စ ဆိုတာ မြဲတာ၊ သီလ ဘယ်လောက် ထိအောင် မြဲသတုံးလို့ အစ်မတို့က မေးလို့ရှိရင်၊ သူတို့မှာ ခံယူဖို့ ဝတ္တရား မရှိဘူး၊ ဒီဘဝစုတေ တယ်ကွ၊ အထက်မဂ် အထက်ဖိုလ်လဲ မရသေးဘဲနဲ့ နတ်ရွာ သုဂတိ ရောက်သွားတယ်၊ အဲဒီ ရောက်သွားလည်း ဒီသီလ မပျက်ဘူးတဲ့၊ နောက်ထပ် ခံယူစရာ အကြောင်းမရှိဘူး (တင်ပါ့ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

သီလဟာ၊ သောတာပန်တို့၏ သီလ၊ အနာဂါမ်တို့၏ သီလဟာဖြင့် ဘယ်အခါကာလမှ ဘဝကူးသွား ငြားသော်လည်း မပျက်ပါဘူး (တင်ပါ ဘုရား)။

ဟိုဘ၀ ဒီဘဝ၊ အကြောင်းအကျိုးဆက်သွား ငြားသော်လည်း တဲ့၊ ဒီသီလတွေကတော့ မပျက်ဘူး၊ အဲဒါ နတ်တွေ က သိတဲ့ အတွက် ခင်ဗျားမှာ သီလ အပြည့်အစုံနဲ့ “သီလဝတော စေတောပဏိဓိ ဝိသုတ္တဋာ” ဒါ ပါဠိတော်၊ “သီလဝတော” သီလရှိသော ပုဂ္ဂိုလ်အား၊ “စေတောပဏိတိ” စိတ်တမ်းတတဲ့ အတိုင်း၊ “ဝိသုဒ္ဓတ္တာ” စင်စင်ကြယ်ကြယ် အကျိုးပေးတတ်သည် “ဟောတိ” = ဖြစ်သည်။

သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ ယူချင်တာ ညွှတ်လိုက်ပါတဲ့ ရတာပဲတဲ့ (တင်ပါ ဘုရား) ဒီ သီလကလည်း ဘယ်သီလတုံး မေးတော့မှ မြဲတဲ့သီလကို ဆိုပါတယ် (တင်ပါ ဘုရား) ဒီဘဝ လည်း မြဲတယ်၊ ဟိုဘက်ဘဝ စုတေစိတ်ကျသွားပြီး ပဋိသန္ဓေ နေပြန်ကော (မြပါတယ် ဘုရား) အဲဒီလိုမြဲတဲ့ သီလကို ဆိုတာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ့ကို ဒီလို့မပြောနဲ့တဲ့

ဒါနဲ့ ဒီလို မပြောပါနဲ့ ဒီလို မဆိုပါနဲ့ ဆိုပြီး ကယောင် ချောက်ချားတွေ မပြောပါနဲ့၊ ဆွေမျိုး ဉာတကာ တွေက ပြောတော့၊ ငါ့ကို ဒီလိုမပြောကြနဲ့တဲ့ တောစောင့်နတ်၊ တောင် စောင့်နတ်၊ မြို့တွေစောင့်တဲ့နတ်၊ သစ်ပင်တွေ စောင့်တဲ့နတ်တွေ က၊ စိတ္တသူကြွယ် သင့်မှာ သီလပြည့်စုံပြီးသား လိုချင်တာ ရနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့၊ လိုချင်တဲ့ အထဲမှာလည်း စကြဝတေးမင်း ဟာဖြင့် အကောင်းဆုံးပဲ။

ဒါကိုသာ တောင့်တပါလို့ သူတို့က ပြောတဲ့အခါ ကျတော့၊ ငါက ဒါတွေဟာ ခန္ဓာတွေ၊ ခန္ဓာတွေဟာ အနိစ္စတွေ၊ မမြဲတာတွေ၊ ဒါကျော်ပြီး သကာလ မြဲတဲ့ နိဗ္ဗာန် သွားတော့မယ်။ ဒါမှ ယူမယ်၊ ငါက ဒီလို စိတ်ထားရှိဖို့ ဒါပြန်ပြောတာကို ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

သူတို့ပြန်ပြောတာပါတဲ့၊ အဲတော့ နင်တို့ကို ငါ ကယောင် ချောက်များ ပြောတယ်လို့ မမှတ်ပါနဲ့၊ ငါလိုချင်တာကို ရနိုင်တယ်၊ စကြဝတေးမင်းလိုချင် စကြဝတေးမင်းရတယ်၊ နိဗ္ဗာန်လိုချင် နိဗ္ဗာန်ရတယ်၊ ငါ့အတွက်ဟာ စိုးရိမ်စရာ ပူပန်စရာ ကြောင့်ကြ စရာ မရှိပါဘူး အစရှိသည်နဲ့သူက အလုံးစုံ အကျယ်တဝင့် ပြောတာပေါ့ကွာ။

ပြောတော့ လူမမာစောင့်တွေ၊ သားတွေ သမီးတွေက သဘောကျတယ် (တင်ပါ ဘုရား) သော် တကယ့် သူတော် ကောင်းအလုပ်များ လုပ်လိုက်ပါလား (တင်ပါ ဘုရား)။

လိုချင်တာရအောင်အလုပ်စဉ်

ဒါဖြင့် စိတ္တသူကြွယ် သူတို့လည်း ဆုံးမပါဦး၊ ကိုယ်လို ချင်တာ ရအောင် ဘယ်လို အားထုတ် ရမှာတုံး၊ အားထုတ်စဉ် ကလေး ပေးစမ်းပါဦး၊ လူမမာကို တောင်းနေတာကွ (တင်ပါ ဘုရား)။

လူမမာကို တောင်းတဲ့ အခါကျတော့ကိုတဲ့ ဣတိပိသော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဆိုပြီး ဂုဏ်တော်ကိုးပါး မရှိဘူး လား (ရှိပါတယ် ဘုရား) အဲဒါကို ဘယ်သူ ဖျက်ဖျက် မပျက်အောင် ယုံကြည်နိုင်တဲ့ အလုပ်ကို လုပ်ထားရမယ်။

အရဟံဆိုတာ

အရဟံ ဆိုတာလည်း ကိလေသာ အနှောင့်အယှက် တွေကို ဖျက်တတ်တဲ့ ဉာဏ်ရှိ သောကြောင့် ဘုရားကို အရဟံလို့ ခေါ်တာပဲ၊ တကယ့် အရဟံပဲ၊ တကယ်စွမ်းနိုင်တဲ့ ကိုယ်တော် ကြီးပဲ၊ ဒီလို ယုံယုံကြည်ကြည်နဲ့ ပေါ့လေ (တင်ပါ ဘုရား)။

သမ္မာသမ္ဗုဒ္ဓေါ မဖောက်မပြန် သစ္စာလေးပါး သိတာ၊ ဘယ်သူက မသိဘူးဆို မယုံဘူး သိတာပဲ၊ ဒီကိုယ်တော်ကြီးဟာ (တင်ပါ ဘုရား) အဲဒီလို ဘုရားအပေါ်၌ အဝေစ္စပ္ပသာဒ လို့ စာလိုက ဆိုတယ်၊

အဝေစ္စပ္ပသာဒ ဆိုတာက ဘယ်သူဖျက်လို့ မှ မရဘဲနဲ့ မပျက်ဘဲနဲ့ ကိုယ်ယုံကြည်မှု ပေးနေတာကို ဆိုတယ် (တင်ပါ ဘုရား) မိမိယုံကြည်မှု မြဲတာကို ဆိုပါတယ်လို့ မှတ်ထား ရမယ်နော် (တင်ပါ ဘုရား)။

သောတာပန်မတည်မှာစိုးရိမ်တယ်

အဲဒီလို မြဲတာကတော့ မှတ်ထားကြ သောတာပန် တည်ပြီးမှ မြဲတယ် (တင်ပါ ဘုရား) ဒါကြောင့် သောတာပန် မတည်မှာ များ ဘုန်းကြီးများက ဒီဒကာ ဒကာမတွေကို စိုးရိမ် ပါတယ်။

ဘာ့ကြောင့်တုံး ဆိုတော့ တော်တော်ကြာ အယူဝါဒ တွေက ပြောင်းနိုင်တယ် (မှန်ပါ) ဟိုနတ်တွေ ကိုးကွယ်ပြန်ပြီ ဘယ်တွေ ပြောင်းတယ် ဆိုတော့၊ အစ်မ မှတ်ထား မတည်သေး လို့ ပြောင်းတာ (တင်ပါ ဘုရား) ဘုရားပြောင်း သွားလိုက်၊ ဟိုဘာသာဘက် ပြောင်းသွားလိုက်၊ ဒီဘာသာ ဘက် ပြောင်းသွား လိုက်၊ ဒါတွေဟာ ဘာ့ကြောင့် ထင်တုံးဆိုတော့ မြဲတဲ့ သီလ မရှိသေးဘူး သောတာပန် မတည်သေးဘူးတဲ့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သောတာပန် မတည်သရွေ့ ကာလပတ်လုံး ကိုယ်မှာဖြင့် ဒီဘဝ ဗုဒ္ဓဘာသာ၊ နောက်ဘဝ တခြား ဘာသာ မဖြစ်ဘူးလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား) နောက်ဘဝ ကျလို့ရှိရင် ဒိဋ္ဌိထဲ သွားတော့မယ်။

ဒီဘဝတော့ သမ္မာဒိဋ္ဌိ၊ နောက်ဘဝ မိစ္ဆာဒိဋ္ဌိ (တင်ပါ ဘုရား) အဲတော့ မိစ္ဆာဒိဋ္ဌိဘက်ကို မောင်ချစ်ဆွေ တစ်ယောက် ဖြစ်စေ၊ အစ်မ တစ်ယောက် ဖြစ်စေ ကျွံသွားလိုက်လို့ရှိရင် ဒီသမ္မာဒိဋ္ဌိ ဘက်ရောက်ဖို့ကို လုံးဝ မရှိတော့ဘူး (တင်ပါ ဘုရား)။

အပါယ်မှာ မိတ်ဆွေဖြစ်နေတယ်

အပါယ်မှာ မိတ်ဆွေ ဖြစ်နေတယ် (တင်ပါ ဘုရား) တက်လမ်း ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ အဲဒီက တက်ပြန်တော့ တိရစ္ဆာန်ဘုံ တက်တယ်၊ တိရစ္ဆာန်ဘုံ တက်ပြန်တော့ တိရစ္ဆာန်တို့က နိုင်ရာစား ဖြစ်ပြန်တော့ “ပါဏာတိပါတ” ကံ တွေကော နှိပ်စက် ချလိုက်ပြန်တော့ အပါယ်ပဲ ပြန်ကျတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အပါယ်နဲ့ တိရစ္ဆာန် လှည့်နေတာ (တင်ပါ ဘုရား) အဲဒါကြောင့် မင်းတို့ ရထားတဲ့ ဘဝလေးကို ဒါမတည် တည်အောင် လုပ်တဲ့နည်းကို ဆရာဘုန်းကြီး ကလည်း ပေးထား ပြီပဲကွ၊ ဒီအယူဝါဒ မပြောင်းအောင်ကဖြင့် သောတာပန် တည်မှ မပြောင်းမှာ (တင်ပါ့ ဘုရား)။

သို့မဟုတ် ရင်တော့ သောတာပန် တည်ပြီးသား သက္ကာယ ဒိဋ္ဌိပယ်လိုက်တော့ ဒိဋ္ဌိက (၆၂) ခုရှိတယ်၊ အဲတော့ သက္ကာယဒိဋ္ဌိ ပြုတ်လိုက်ရင် ဟိုဟာတွေပါ အတွဲလိုက်ပါ ပြုတ် တယ်ဆိုတော့၊ အင်မတန် အားရှိစရာ မကောင်းဘူးလား (အားရှိ ပါတယ် ဘုရား) (၆၂) ခုလုံး ဖြုတ်နေရမှာ မဟုတ်ဘူး၊ သက္ကာယဒိဋ္ဌိ က ရေသောက်မြစ်ကိုကွ (တင်ပါ့ ဘုရား)။

ဒီပြင်ဟာ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ အမရာဝိက္ခေပဒိဋ္ဌိ ဟုတ်လား အန္တာနန္တိက ဒိဋ္ဌိ၊ ဒိဋ္ဌိတွေ (၆၂) ပါးတောင် ရှိပါတယ် ရှိပင် ရှိငြားသော်လည်း ရေသောက်မြစ်က သက္ကာယဒိဋ္ဌိပဲ (တင်ပါ ဘုရား)။

ကိုယ့်ခန္ဓာ ကိုယ်ကြီးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်နေတဲ့ အသွားဟာ သက္ကာယဒိဋ္ဌိ (တင်ပါ) အဲဒါ တစ်လုံး ပြုတ်လို့ရှိရင် အကုန်ပြုတ်တယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရေးအကြီးဆုံးဘာလဲ

ဒါဖြင့် အရေးကြီးဆုံး ဘာပါလိမ့်မတုံး မေးတဲ့အခါ၊ သောတာပန် တည်အောင်လုပ်မှ သက္ကာယဒိဋ္ဌိ ပြုတ်မယ်၊ သက္ကာယဒိဋ္ဌိ ပြုတ်မှသာလျှင် နောက် အမေမှား၊ အဖေမှား တွေ့စေကာမူ ကိုယ်မမှားတော့ဘူး။

ဥပမာ – ခုနစ်ဘဝ ပဋိသန္ဓေ နေတယ် ထားပါဦးတော့၊ အယုတ်ဆုံး ဒါသောတာပန် တိုင်းလည်း မဟုတ်ပါဘူး၊ တချို့ တစ်ဘဝနဲ့ ပြီးပါတယ်၊ တချို့ နှစ်ဘဝ၊ သုံးဘဝနဲ့ ပြီးပါတယ် (တင်ပါ ဘုရား) အလွန်ဖျင်းတဲ့ သောတာပန်မှ ခုနစ်ဘဝ (မှန်ပါ ဘုရား)။

အဲတော့ကို ဒီဘဝမှာ ကျောင်းဒကာ၊ ဘုရားဒကာ ဆရာကောင်း တပည့်၊ နောက်ဘဝမှာ ကျလာတော့ ခွေးကောင်ကြီး၊ ဝက်ကောင်ကြီး မဖြစ်ဘူးလို့ ဆိုလို့ မရဘူး ဒိဋ္ဌိမပြုတ်သေးရင် (တင်ပါ ဘုရား)၊ သဘောကျပလား (သဘောကျပါတယ် ဘုရား)။

မလ္လိကာ မိဖုရားကြီးကွာ၊ မင်းတို့ ခဏခဏ ပြောနေ တာပဲ၊ ယနေ့ မိဖုရားကြီး စုတေ သေလွန်သွားတော့ ခုနစ်ရက် တိတိ အဝီစိကောင်ကြီး သွားဖြစ်တယ်၊ သောတာပန်မှ မတည် ပဲ ကို (တင်ပါ ဘုရား)။

စိတ်ချရတဲ့အလုပ် အရင်လုပ်ထားပါ

အဲဒီတော့ ကြော် ငါတို့မှာ စိတ်ချရတဲ့ အလုပ်ကလေးတော့ လုပ်ထားဖို့ရာ ငါတို့ အရေးကြီးပါလား၊ ဒါပြီးမှ ဒီပြင် အလုပ်ကို အရေးတကြီး လုပ်ဖို့ပါလား ဆိုတာကို လွှဲပြောင်းယူ ရမယ်၊ မယူထိုက်ဘူးလား (ယူထိုက်ပါတယ် ဘုရား)။

လက်ဖက်ခြောက်ကူးချင်တယ် လက်ဖက်စို ကူးချင်တယ်။ အိုး ကူးတာ မကူးရဘူးလို့ ဆရာဘုန်းကြီးက မတားမြစ်ပါဘူး၊ စိတ်ချရတဲ့ အလုပ်ကို အရင်လုပ်ထားပါ (တင်ပါ ဘုရား)။

ပိုးကောင်အဖြစ် ခံနိုင်ပါ့မလား

စိတ်မချရတဲ့ အလုပ်ကတော့ကိုတဲ့၊ တော်တော်ကြာ ကျတော့ ယနေ့ မိဖုရားကြီး နက်ဖြန် နွားချေးထိုး ပိုးကောင် ကလည်း ရှိသေးတယ် (မှန်ပါ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲတော့ အစ်မတို့ ဒီလိုကျတော့ကိုတဲ့ အဖြစ်ခံနိုင် ပါ့မလားလို့ မေးတော့၊ ပြောသံတောင် မကြားချင်ဘူး (တင်ပါ ဘုရား) ကြားချင်ပါ့မလား (မကြားချင်ပါ ဘုရား) မကြားချင်ဘဲနဲ့၊ ဒိဋ္ဌိ မဖြုတ် ရင်တော့ ဖြစ်နိုင်တာချည်းပဲ (တင်ပါ ဘုရား)။

တကယ့်စေတနာနဲ့ပြောနေသော

သက္ကာယဒိဋ္ဌိ မပြုတ်ရင် (ဖြစ်နိုင်ပါတယ် ဘုရား) ဖြစ်နိုင်တဲ့ သဘောတွေဟာတဲ့ ဆရာ သမားက အတင်းအကြပ် ဆုံးမ နေတယ် ဆိုလို့ရှိရင်၊ မင်းတို့ ေဩာ် တကယ်စေတနာ နဲ့ တကယ် ပြောနေ ဒါဆိုတာ မှတ်ရမယ် (မှန်လှပါ ဘုရား)။

အဲတော့ ခုနင်က စိတ္တသူကြွယ် မှာတော့ အစ်မတို့ ပြောခဲ့ပါပြီတဲ့ သူလိုချင်တာ ရသွားပြီ (တင်ပါ ဘုရား) အောက် သံသရာ မဟုတ်တော့ဘူးကွ၊ အထက် သံသရာ (အထက် သံသရာ လိုချင်တာ ရပါတယ် ဘုရား)။

လိုချင်တာ ရပါတယ်လို့ နတ်တွေက တောင်းပန်တာ တောင် မယူဘူးကွ (တင်ပါ ဘုရား) ဒါတွေ အနိစ္စတွေ၊ ဒါတွေ မမြဲတာတွေ၊ ဒါတွေ ကျော်လွန်သွားမယ်၊ သူက အမြဲပြော နေတာ (တင်ပါ ဘုရား)။

တိမ်းစောင်းမသွားစေနဲ့

အဲဒီလို ပြောနိုင်တဲ့ အခြေအနေ ရှိအောင် ကိုယ်လုပ် ထားရမှာကွ၊ အဲတော့ ဒါဒီနေ့ ညဟောတဲ့ တရားဟာ၊ ေဩာ် တို့ တိမ်းမှာ စောင်းမှာ၊ တိမ်းနိုင်တဲ့ စောင်းနိုင်တဲ့ အခြေ အနေကို သိမ်းဆည်းဖို့ အရေးတကြီး ပြောတာပဲ ဆိုတာ ပေါ်လာတာ (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်ကယ် ဘုရား)။

ဒီ ရောင်းဝယ် ဖောက်ကား စားသောက်၊ မိတ်ဆွေ သင်္ဂဟနဲ့ အို ဒါတွေက မောင်ချစ်ဆွေ ရိုးရာတွေပါ (တင်ပါ ဘုရား) အသေ ရှာတာတွေပါ (တင်ပါ) ဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား) အသေရှိရက်နဲ့ အသေရှာတာ တဏှာ၊ ဥပါဒါန်၊ ကံတွေကို အစ်မရဲ့ (တင်ပါ ဘုရား)။

အဲတော့ ဒါတွေကို ရှေ့မထားပါနဲ့၊ ခုနင်က ဘဝကူး တောင် မပျက်တဲ့ သီလကို ရအောင်၊ တစ်ဘဝ၊ တစ်ဘဝ စုတေ မနေ သေလွန်လို့ ရောက်သွားတောင် မပျက်တဲ့ သီလ ရှိနေလို့ ရှိရင် အဲဒါ သောတာပန်မှ မပျက်တဲ့သီလကွ (တင်ပါ ဘုရား)။

ဒီနေ့သေ၊ ဒီနေ့သန်းကြီးဖြစ်

ဘုန်းကြီးတွေမှာ (၂၂၇) သွယ်သော သိက္ခာပုဒ် ရှိတယ်။ အင်း နက်ဖြန်ကျ သန်းကြီး သွားဖြစ်တယ်၊ တိဿတို့ ကျတော့ (မှန်ပါ ဘုရား) ဒီနေ့သေ ဒီနေ့ပဲ သန်းကြီး သွားဖြစ်တယ် ဆိုတော့ ဒါ များသာ နေတာကို အစ်မရဲ့ (တင်ပါ ဘုရား) အမြဲ မဟုတ် သေးဘူး (တင်ပါ ဘုရား)။

များတာ နည်းတာ လိုရင်း မဟုတ်

ဒါဖြင့် များတာလည်း လိုရင်း မဟုတ်သေးဘူး နည်းတာ လည်း လိုရင်း မဟုတ်ဘူး၊ မြဲတာ လိုရင်း သဘောပါပလား (သဘောပါ ပါပြီ ဘုရား) များတာကော (လိုရင်း မဟုတ်ပါဘူး) နည်းတာကော (လိုရင်းမဟုတ်ပါဘူး) မြဲတာမှ (မြဲတာမှပါ ဘုရား)။

မြဲ ဆိုတဲ့ဥစ္စာက ဒိဋ္ဌိပြုတ်ပြီးမှ မြဲတာ သို့မဟုတ်ရင် နက်ဖြန်လည်း ယူဦးမယ် သဘက်ခါလည်း ယူဦးမယ် ဒါ ဘယ့်နှယ်ကြောင့် ထပ်ပြန် တလဲလဲ ယူနေရပါလိမ့်မတုံး မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမတုံး (မမြဲသေးလို့ပါ ဘုရား) မမြဲလို့ ယူရတာ ဆိုတာ သေချာသွားပါပြီ (တင်ပါ ဘုရား)။

ကဲ ဒါဖြင့် စိတ္တသူကြွယ်က မမာရင်းနဲ့ပဲ သူသီလကို ပဓါန၊ သူက ဒီထဲအတွင်း ဝင်သွားအောင် သူပြောလိုက်တယ်၊ ဘုရားကို ဘယ်သူက ဓါးကုပ်ပေါ်တဲပြီး သကာလ၊ ဝဲပြီး သကာလ ဖြတ်ပစ်မယ်၊ ဒီကိုးပါးဟာ မဟုတ်ဘူး မယုံနဲ့ ဆိုရင်လည်း မဖြစ်ဘူးတဲ့ ယုံရမယ်၊ ဒီလိုယုံတဲ့ သဒ္ဓါတရား ဖြစ်ရမယ်(တင်ပါ ဘုရား)။ သံဃာ့ဂုဏ်တော်တွေလည်းယုံ။

တရားဂုဏ်တော် ၆ပါးရှိတယ်။ သွာက္ခာတော ဘဂဝတော ဓမ္မာ၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ၊

အဲဒီ ၆ပါးရှိတဲ့ အနက်ကလည်း ခြောက်ပါးစလုံးကို ဘယ် သူက လာပြီး ဓါးကုပ်ပေါ်ဝဲပြီး သကာလ မဟုတ်ဘူးကွ ဆိုစေကာမူ ကိုယ့်စိတ်ထဲမှာတော့ ဟုတ်တယ်။

ဒိဋ္ဌိပြုတ်မှ သီလမြဲမယ်

ဒီလိုယုံကြည်ရမယ် (တင်ပါ ဘုရား) အဲဒီယုံကြည်တဲ့ သဒ္ဓါတရား ကျအောင် ကိုယ်က ဆောက်တည်ထားရမယ် (တင်ပါ ဘုရား) ဆောက်တည်ရမှာလားလို့ မေးတော့ မဟုတ်ဘူးတဲ့၊ ဒိဋ္ဌိပြုတ်သည်နှင့် တပြိုင်နက်တည်း သူတို့က မြဲသွားတယ်၊ မခံယူဘဲနဲ့ မြဲသွားတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြုတ်မှ မြဲမယ်ဆိုတာဖြင့် ယနေ့ည သူ့သတ္ထု ချမှတ်ရမယ် (မှန်ပါ ဘုရား) ဒိဋ္ဌိ မပြုတ်သေးရင် သီလ (မမြဲသေး ပါဘူး) မမြဲသေးဘူး မမြဲသေးလို့ ရှိရင်ဖြင့် တောင့်တတာ

ဘာပြည့်တုံးတဲ့၊ မပြည့်နိုင်တော့ ကံပစ်ချသလို သွားရတယ် (တင်ပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ပုတီးကိုင်လို့ မမြဲသေးဘူး

အဲဒါတွေ အခု ဆရာရင်း ဒကာရင်းမို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ပြောလာတော့မှ ေဩာ် သီလမြဲ သီလမြဲတယ် ဆိုတာကလည်း ပုတီးကိုင်လို့ မြဲသေးတာ မဟုတ်ပါလား။

ကျုပ်တို့တော့ဖြင့် သီလမြဲပါတယ်၊ ဘာကြောင့်တုံး ကိုယ်က မုသားမှမသုံးဘဲ၊ သူ့များ အသက်မှ မသတ်ဘဲ အို ဒါ အလကား ပြောနေတာ၊ ဒိဋ္ဌိ မပြုတ်သေး မမြဲသေး (တင်ပါ ဘုရား) ဒါက လိုရင်း (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတုံးကွ (ဒိဋ္ဌိမပြုတ်သေးရင် သီလမမြဲသေးပါ ဘုရား) မမြဲသေးဘူး ဆိုတော့ ဒိဋ္ဌိကို မဂ်က ဖြတ်လိုက်တော့မှ (သီလက မြဲပါတယ် ဘုရား)။

ဝိပဿနာအလုပ် ရှေ့ထားပါ

သီလပါ မြဲသွားတယ် ဆိုတော့မှ – သီလနဲ့ ဒိဋ္ဌိ ရှင်းလင်းတဲ့ အလုပ်နဲ့၊ တို့ဘယ်သူ့ကို အဓိက ထားရမှာပါလိမ့် မတုံး မေးတော့မှ၊ ဒိဋ္ဌိဖြုတ်တဲ့ ဝိပဿနာ အလုပ်ကို ရှေ့ထားရ မှာ(တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါတယ် ဘုရား) သူအောင် မြင်မှ သီလမြဲမှာကို (တင်ပါ ဘုရား)။

ကိုယ်က မဂ်ဆိုက် ဖိုလ်ဆိုက်ဖြစ်မှ ဘာတုံး (သီလမြဲ မှာပါ ဘုရား) ကိုယ်က မဂ်ဆိုက် ဖိုလ်ဆိုက် မဖြစ်သေးရင် (သီလ မမြဲပါဘူး ဘုရား) သီလ မမြဲရင် မှန်းခြေပေါက် သံသရာမှ ခရီးသွားလို့ ဖြစ်မဖြစ် (မဖြစ်သေးပါ ဘုရား)။

ဆရာဒကာသုံးယောက်

သီလမြဲပြီး အခါကျလို့ရှိရင် မှန်းခြေပေါက် သွားလို့ ရတယ် (တင်ပါ ဘုရား) ဒါဖြင့် တို့ဟာ အခု ထိုင်သာ နေကြတယ်၊ ဆရာ ဒကာသုံးယောက် ထိုင်ပြီး နေကြငြား သော်လည်း၊ အစ်မက ဘယ်လမ်း၊ ဘုန်းကြီးက ဘယ်လမ်း၊ မောင်ချစ်ဆွေကကော ဘယ်လမ်းလို့ ကိုယ့်မှာ မှန်းခြေထားလို့ မဖြစ်သေးတဲ့ အခြေ အနေ ရောက်နေတယ် (မှန်လှပါ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

တို့ဘာချို့ယွင်းချက်ရှိလို့ပါလိမ့်

မှန်းထားလို့ မဖြစ်သေးတဲ့ အခြေအနေ ရောက်နေ တော့ ဒါ တို့ ဘာချို့ယွင်းချက် ရှိလို့ပါလိမ့် ဆိုတာ ပေါ်သွားပြီ (ပေါ်ပါတယ် ဘုရား) မဂ်သီလ မရှိသေးလို့ (တင်ပါ ဘုရား) ပေါ်ပလားကွ (ပေါ်ပါပြီ မဂ်သီလ မရှိသေးလို့ပါ ဘုရား)။

မဂ်သီလ မရှိသေးတော့ကို ကံ စီမံနိုင်တယ်၊ မဂ်သီလ မရှိလို့ရှိရင် ကံစီမံနိုင်တယ် (တင်ပါ ဘုရား) မဂ်သီလရှိရင် ကံက နောက်ဆုတ်သွားတယ် မဂ်က ကံဖြတ်တာကိုကွ (တင်ပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကံကိုနိုင်တာမဂ်

မဂ်က ကံဖြတ်လိုက်တော့ ကံက သူပစ်ချ ချင်သလို ပစ်ချလို့ ရသေးရဲ့လား (မရပါ ဘုရား) ဒါဖြင့် ကံကို နိုင်တာ မဂ်ပဲ (တင်ပါ ဘုရား) သီလမြဲအောင် လုပ်တာလည်း (မဂ်ပါ ဘုရား) မဂ်ပဲ ဆိုတော့ ဒီမဂ်ကလည်း ဘယ့်နှယ်ကြောင့် သူသည် မြဲအောင် လုပ်နိုင်ပါလိမ့်မလဲ ဆိုတော့ ဒိဋ္ဌိသတ်ပြီးလို့ လုပ်နိုင် တာ ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိမသတ်နိုင်တဲ့ မဂ်ဆိုရင်ဖြင့် မလုပ်နိုင်ဘူး၊ အဲဒါ ကြောင့် ေဩာ် ခက်လိုက်တာက နေသာ နေရတယ်၊ ကိုယ့် အတွက်က စိတ်မချသေးတော့၊ သူများ အတွက်ကို အသာထား ကိုယ်စိတ်ချရတဲ့ အလုပ် ရှေ့ထား ပေါ်ပလားကွ (ပေါ်ပါတယ် ဘုရား)။

လမ်းမတူကြဘူးဖြစ်ချင်သလိုဖြစ်ဦးမယ်

ထိုင်သာနေရတာကိုကွ ဆရာ၊ ဒကာ သုံးယောက် -ထိုင်ပြီးတော့သာ နေရတယ်၊ သူကလည်း မဂ်သီလ မရှိသေး၊ ကိုယ်ကလည်း မဂ်သီလ မရှိသေး ဆိုရင်ဖြင့်၊ အင်း လမ်းမတူ ကြဘူး ဖြစ်ချင်သလို ဖြစ်ကြဦးမှာပဲဆို၊ ဘယ်ကောင်းတော့မတုံး ကွ ကောင်းနိုင်သေးရဲ့လား (မကောင်းပါဘူး ဘုရား)။

ဖြစ်ချင်သလို ဖြစ်ဦးမယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) အဲဒါ ဘာကြောင့်တုံး ဆိုတော့မှ ဒိဋ္ဌိမပြုတ်တော့ မဂ်သီလ မရှိဘူး (တင်ပါ ဘုရား)။

ဒါကိုငါမချီးမွမ်းသေးပါဘူး

မင်းတို့ သားတွေ ရှင်ပြုထားတယ်၊ ဒါနပွဲ အကုန်ပါတယ်၊ လေး – ငါးသောင်း၊ အို ဒါ ငါမချီးမွမ်း သေးပါဘူးကွာ မင်း အဲဒါကြီးက မြဲမှာလားကွ မေးလိုက်တဲ့ အခါကျတော့၊ ဒိဋ္ဌိ မပြုတ်သေးလို့ရှိရင် မင်းထက် ကြီးကျယ်တဲ့ အသဒိသ ဒါန အလှူကြီးမှ မရဘဲ (တင်ပါ ဘုရား) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါနရှင်တောင် အဝီစိ ကျသွားသေးတော့ကို၊ ဒါ မဂ်က ကံကို မဖြတ်နိုင်သေးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာဖြင့်၊ သွားရာဂတိ လားရာဂတိ မောင်ချစ်ဆွေ အစ်မတို့ မမြဲသေးဘူး ဆိုတာ မှတ်ရမယ် (တင်ပါ ဘုရား)။

ဒါဖြင့် ဒီအတိုင်း သူများနဲ့ ကိုယ်ချင်း မစာကြပါနဲ့၊ မြို့ထဲ ရွာထဲ နေတဲ့သူတွေ မစာနဲ့ကွ၊ သူတို့လည်း ရောင်းတာ၊ ဒီလိုပဲ ဝယ်နေတာပဲ သူတို့ အသက်တောင် ကြီးလှပြီ၊ ခုထက်ထိ နေကြ ထိုင်ကြတုန်းပဲ ခပ်ပျော်ပျော်ပဲ အစရှိသည်နဲ့၊ ဒါ အတုခိုးဖို့ မလို ပါဘူး (တင်ပါ ဘုရား) အတုခိုးဖို့ မလိုပါဘူး။

နက်ဖြန်ခွေးဖြစ်နိုင်တယ်

သူများ သိန်းတစ်ရာ ချမ်းသာလည်း ဒါ အတုခိုးဖို့ မလိုပါဘူး နက်ဖြန် ခွေးဖြစ်နိုင်တာ (တင်ပါ ဘုရား) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား) အဲတော့ အခု မျက်စိ တစ်ဆုံးလေး ကို အစ်မတို့က မကြည့်ပါနဲ့ (တင်ပါ) မဟုတ်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒီမျက်စိတစ်ဆုံးဟာ အလကားပါ၊ အလကားပါတဲ့ အခု ကားလေးစီးနိုင် စိန်လေး ရွှေလေး ဝတ်နိုင်တယ် လောကကြီး ထဲမှာ တော်ပါပေတယ်လို့ အပြောခံရတယ်၊ ဟာ မသိတဲ့လူက တော်ပါ ပေတယ် ပြောနေတာ သူချီးမွမ်းတာ ငါနာတယ် အောက်မေ့ (တင်ပါ ဘုရား) သဘော ပါရဲ့လား (ပါပါတယ် ဘုရား)။

မသိတဲ့လူကချီးမွမ်းတာနာတယ်

မသိတဲ့လူက ချီးမွမ်းတာ ကိုယ်နာတယ် ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား) ဥပမာ မင်းတို့ အို အလှူပေး လိုက်တာ စုံစုံညီညီ ရှိလိုက်တာ၊ သူကတော့ နိဗ္ဗာန်ပေါက်ပဲ၊ ဆရာကောင်း တပည့်ပဲ၊ ဒါ မသိတဲ့လူက ချီးမွမ်းတာ (တင်ပါ ဘုရား)။

စင်စစ်မဂ်သီလ မြဲမှသာလျှင် လားရာကလည်း မြဲမှာ ကိုကွ (မှန်ပါ ဘုရား) နို့မဟုတ်ရင် (မမြဲပါဘူး ဘုရား) မဂ်သီလ မရှိသေးရင် (မမြဲပါ ဘုရား) အဲတော့ကို မဂ်သီလ မရှိသေးရင် ဘုရားလည်း ပြောင်းနိုင်သေးတယ်တဲ့၊ တရားလည်း ပြောင်းနိုင် သေးတယ်၊ သံဃာလည်း ပြောင်းနိုင် သေးတယ် (ပြောင်းနိုင်ပါ တယ် ဘုရား)။

တခြားဘာသာကိုလည်း ကိုးကွယ်မယ် ဆိုရင် ကိုးကွယ် နိုင်သေးတယ် မဂ်သီလ မရှိသေးရင် သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် ဒါကို ပြောင်းနိုင်ပါတယ် ဆိုတာ ဒီမဂ်သီလ မရှိလို့ မဂ်သီလ မရှိလို့ရှိရင် ဒါတွေဟာ ဒိဋ္ဌိဘက် လှည့်မသွားဘူးလားကွာ (သွားပါတယ် ဘုရား) ဒိဋ္ဌိရှိလို့ရှိရင် ဒိဋ္ဌိဟာ ငရဲမျိုးစေ့ (တင်ပါ ဘုရား)။

ကိုယ်မြဲမှကိုယ်နေရာကျမယ်

ဆိုတော့ ေဩာ် တို့ သူများနဲ့ စာလို့တော့ မတော်ဘူး တို့ ဆရာဘုန်းကြီး ပြောတာပဲ တစ်ထစ်ချ မှတ်ပြီး သကာလ အတူ ထိုင်နေ ငြားသော်လည်း ကိုယ်မြဲမှ ကိုယ်နေရာကျကြမှာ ဟုတ်ဘူးလား (မှန်ပါတယ် ဘုရား)။

မင်း ဘာပူစရာ ရှိတုံး၊ သူပြောလည်း မယုံနဲ့၊ ရှင်ဘာပူ စရာရှိတုံး၊ အို ပူစရာ မရှိတာချည်း ပြောကြ (တင်ပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါ ဘုရား) ဆရာသမားက အရှင်ဘုရား ဘာပူစရာရှိတုံး၊ အိုမယုံဘူး တို့က၊ သူလည်း ရှိသေးတယ်၊ ဘာဖြစ် လို့တုံး မြဲအောင် လုပ်ရဦးမှာကိုကွ (တင်ပါ့ ဘုရား) သဘောပါ ပလား (သဘောပါပါပြီ ဘုရား)။

ရိုက်တာထက်နာသေးတယ်

အဲဒီတော့ ဒီလောကီ ပြောတဲ့စကား မသိတဲ့လူ ချီးမွမ်းတာဟာ ရိုက်တာထက် နာသေးတယ်၊ အခု ဒီမြို့ထဲ ရွာထဲ ချီးမွမ်းထောပနာ အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြု နေကြတာတွေဟာ လူမိုက် အားပေး တာကို တို့က ယူထားတာ ဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား) လူမိုက်အားပေးတာ ဖြစ်နေတာ (တင်ပါ ဘုရား)။

ကိုယ်ကလည်း မသိလို့ ဒီဥစ္စာ ကိုယ့်ဟာကိုယ် သေချာပြီ ထင်နေတာ မသေချာသေးဘူး ကိုယ်က (မှန်ပါ့) အဲဒီ မသေချာ သေးတဲ့လူ ဟိုက အားပေးနေတာ (တင်ပါ့ ဘုရား) ဆိုတော့ လူမိုက် အားပေးပဲ မကျပေဘူးလား (လူမိုက်အားပေးပဲကျပါ တယ် ဘုရား) တင်းတိမ် နေရင်လေ (မှန်ပါ)။

မတင်းတိမ်သေးလို့ရှိရင်တော့ လူမိုက်အားပေးမကျ၊ ပါဘူး၊ ေဩာ် သူက မသိလို့ ပြောတာ၊ သူက လိုသေး တယ်၊ မဟုတ်ဘူး။ တချို့က ပြုံးပြီး လက်ခံတာ ရှိသေးတယ် (ရှိပါတယ် ဘုရား) အဲဒါ ဇစ်ဇစ်မြစ်မြစ် ပြောနေတဲ့ တရားပဲ ဆိုတာ စိတ္တသူကြွယ်နဲ့ ထောက်ပြောနေတာကွ (တင်ပါ ဘုရား) ယုံကြည် ပလား (ယုံကြည်ပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ်သိရမယ်

ကဲ ဒါဖြင့် မင်း ဘာပူစရာ ရှိသတုံးလို့ မောင်ချစ်ဆွေက လောကွတ်ချော်လည်း အစ်မတို့ မယုံနဲ့ ကိုယ့်ဟာကိုယ် သိရမယ် (တင်ပါ ဘုရား) ရှင် ဘာပူစရာရှိသလဲ ရှင်လှူချင် သလိုလှူ။ ရှင်ပေးချင် သလိုပေး၊ ရှင်ကမ်းချင် သလိုကမ်း၊ ကျုပ်ဘာ ကန့်ကွက် စရာရှိတုံး ရှင့်အတွက် စိတ်ချရတာပဲ ဪ သူလည်း မသိလို့ ပြောရှာတာပဲ၊ ငါ့မှာ ပူစရာ ရှိသေးတယ်လို့ပဲ ဆုံးဖြတ်ချ ထားရမယ် (တင်ပါ ဘုရား)။

ခုန မဂ်သီလမပြည့်သေးရင်လေ (တင်ပါ ဘုရား) ပြည့်လို့ ရှိရင်လည်း ဘုန်းကြီးများက စိတ္တသူကြွယ်အတိုင်း ပြောတော့ မှာပေါ့ (တင်ပါ ဘုရား) သဘောပါကြပလား (သဘောပါပါပြီ ဘုရား)။

အရင်းထားပြီးပြောနေတဲ့စကား

ဒါဖြင့် ဒီနေ့ညပြောတဲ့ဥစ္စာ အရင်းထားပြီး ပြောနေတဲ့ စကားဖြစ်လေ သောကြောင့်၊ အများနဲ့ နှီးနှောလို့ မရတဲ့ စကားပါ လား၊ အများစကား ယောင်စရာလည်း အကွက် မဟုတ်သေး ပါလား ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)။

တော်တော် အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား) အဲတော့ စိတ္တသူကြွယ် သူဆုံးမတယ်၊ သူ့သားတွေ သမီးတွေ အကုန်ဆုံးမတယ်၊ ခုနင်က မှားပြီး သူတို့ ကန့်ကွက် ကြတယ် မဟုတ်လား၊ နောက်တော့ မဟုတ်ဘူးတဲ့ နတ်တွေက ဒီလိုပြောလို့၊ ငါက ဒါတွေ အနိစ္စတွေ ဒါတွေ မမြဲဘူး ဒါတွေ ကျော်လွန်ပြီး ငါသွားမယ်လို့ ငါကပြောတာ၊ ငါ့မယ် သေချာ ပြီးသားဆိုတဲ့ အဓိပ္ပါယ် ပေါ့လေ (တင်ပါ ဘုရား)။

ဒီလေးခုပြည့်စုံရမယ်

ဒါဖြင့် ကျုပ်တို့ပြောပါဦး ဆိုတော့

(၁) ဘုရားကို ဘယ်သူက ဘာဖျက်ဖျက်၊ မလှုပ်မရှားနဲ့ ယုံကြည်နိုင်တဲ့ သဘော ရှိရမယ်။

(၂) တရားဂုဏ်တော် (၆) ပါးကို မလှုပ်မရှားဘဲနဲ့ယုံကြည် နိုင်တဲ့သတ္တိရှိရမယ်။ (တင်ပါ ဘုရား)။

(၃) သံဃာဂုဏ်တော်ကို မလှုပ်မရှားပဲနဲ့ အရိယာသံဃာကို ဆိုတာပါ (တင်ပါ ဘုရား) ယုံကြည်နိုင်တဲ့ သဘော သတ္တိရှိရမယ် (တင်ပါ ဘုရား)။

(၄) ကိုယ်စားတဲ့သောက်တဲ့ ဥစ္စာကို မဝေဖန်ဘဲနဲ့ မပေး မကမ်းဘဲနဲ့ သူတော်ကောင်းကို ပေါ့ကွာ မစားဘူးဆိုတဲ့စိတ် မွေးရမယ်။

မှတ်ချက်။ ။ စိတ္တသံယုတ်၌ နံပါတ်လေးအချက်မှာ “စာဂေ” ဟူ၍ လာရှိ၏။ ဓမ္မာဒါသ တရားတော်၌ နံပါတ်လေးအချက်မှာ အရိယာများမြတ်နိုးသော ငါးပါးသီလနှင့် ပြည့်စုံခြင်း (ငါးပါးသီလမြဲခြင်း) ဟူ၍ လာရှိ၏။ မိုးကုတ်ဆရာတော်ဘုရားကြီး နောက်နေ့ ဆက်ဟောရာ၌ ဓမ္မာဒါသတရားကို ဆက်ဟောပါသည်။

အဲ့ဒီလေးခု ပြည့်စုံလို့ရှိရင် နင်တို့ ငါပြောသလို ပြောနိုင်တယ် (တင်ပါ ဘုရား)။

လေးချက်ကွ ဒါက (၁) ဘုရားကို နှစ်နှစ်သက်သက် ယုံကြည်မှု (တင်ပါ)

(၂) တရားကို (နှစ်နှစ်သက်သက် ယုံကြည် မှုပါ ဘုရား)

(၃) သံဃာကို (နှစ်နှစ်သက်သက် ယုံကြည်မှုပါ ဘုရား)

(၄) ကိုယ်စားသောက်နေတဲ့ ဝတ္ထုပစ္စည်းကို သူတော်ကောင်းနဲ့ ဝေငှပြီး သကာလ ဘယ်သော အခါမဆို စားမယ်တဲ့ ဆိုတဲ့ စိတ်ဟာ ထားရမယ် (တင်ပါ ဘုရား)။

သောတာပန်တည်မှဖြစ်တာ

ဒီလေးခုနဲ့ ပြည့်စုံရင်ရမယ်၊ ဒါမှသာလျှင် ငါအခုပြော သလို လိုချင်တဲ့ခရီးကို မှန်းခြေပေါက် ဖြစ်နိုင်တယ် ဆိုတော့ သောတာပန် တည်မှ ဖြစ်တာ (တင်ပါ ဘုရား) သောတာပန် သကဒါဂါမ်၊ အနာဂါမ်ပေါ့ကွာ (တင်ပါ ဘုရား) အောက်ဆုံး ပြောလိုက်တော့ အထက် ပါသွားရောပေါ့ (တင်ပါ ဘုရား)။

ဒါဖြင့် ဒါ ဘယ်သူဟောတာတုံးလို့ မေးတော့မှ သေခါ နီးမှာ အနာဂါမ်တည်ပြီးသား စိတ္တသူကြွယ်က ဟောနေတာ ဟုတ်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲတော့ ဒီစိတ္တသူကြွယ်က ဟောနေတော့မှ အစ်မတို့က ဪ ပြီးပြီးသား ပုဂ္ဂိုလ်က ပြောတဲ့ စကားပါလား မှန်းဆ ပြောတဲ့စကားမဟုတ်ဘူး၊ ဟုတ်ဘူးလား (တင်ပါ ဘုရား) တိုက်ရိုက်ကို မှန်တဲ့ အကြောင်းကို သူပြောတာ (တင်ပါ ဘုရား)။

သူ့ကိုယ်ပဲ နတ်တွေက လာပြောနေတော့ အဖြေ ထုတ်ပြီး ပြောနေတာ (မှန်ပါ ဘုရား) အဲတော့ အခု ဒီနေ့ည မှတ်စရာက ဘုရားကို မတုန်မလှုပ်နိုင်အောင်၊ တရားကို ဘယ်သူက ဖျက်ဖျက် မတုန်မလှုပ် ယုံကြည်နိုင်အောင်၊ သံဃာကို (မတုန်မလှုပ် ယုံကြည်ရမယ် ဘုရား) ကိုယ် စားသောက်နေတဲ့ ဝတ္ထု ပစ္စည်းကို သူတော်ကောင်းနဲ့ ခွဲဝေပြီး သကာလမှ စားမယ် ဆိုတဲ့စိတ်ကို ဘယ်ဟာ စားစား အမြဲရှိမယ် (တင်ပါ ဘုရား)။

နတ်တွေထက်ပိုမြင်မယ်

ဒီလေးခု ရှိလို့ရှိရင်ဖြင့် သင်တို့သည်ကား ဆိုရင်ဖြင့်တဲ့ စိတ္တသူကြွယ်က သူ့သားတွေ သမီးတွေ လူမမာ ပြုတွေကို ပေါ့ကွာ (တင်ပါ ဘုရား) ဒီအလုပ ်လေးခုကို နင်တို့ ပိုင်ပိုင်နိုင်နိုင် လုပ်မိလို့ရှိရင် အခု ပြောသလိုပဲတဲ့၊ ငါက နတ်တွေမြင်တာထက် ပိုမြင်တယ် နတ်တွေက စကြဝတေးလောက် ဆုံးနေတာကို (မှန်ပါ ဘုရား)။

ဒါတွေ ငါကျော်သွားမယ်တဲ့ ဒါတွေ အနိစ္စတွေ၊ ဒါတွေ ဒုက္ခတွေ မမြဲတာတွေတဲ့၊ ဒါတွေ ကျော်ပြီး နိဗ္ဗာန် သွားမှာ (တင်ပါ ဘုရား) သင်တို့ပြောတာကို ငါမလိုချင်ဘူး ဆိုတော့ သူက အထက်တန်း မကျဘူးလား (ကျပါတယ် ဘုရား)။

အဲတော့ သူအထက်တန်း ကျတာကို ဆရာဘုန်းကြီးက ဖြည့်စွက်ပြီး သေချာ ပြောတော့မှ မောင်ချစ်ဆွေ သောတာပန် တည်လို့ ဒီစကား လေးလုံး ထွက်လာတာ (မှန်ပါ ဘုရား) သောတာ ပန်တည်မှ သာလျှင် ဒီလေးခုကလည်း အမှန်ဖြစ်တယ် (တင်ပါ ဘုရား)။

သောတာပန် မတည်သေးလို့ရှိရင်ဖြင့်တဲ့ ဒီလေးခုဟာ မတည်သေးပါဘူးဘုရား၊ ပြောင်းနိုင် သေးတယ်၊ တရားရော (ပြောင်းနိုင်ပါတယ် ဘုရား)၊ သံဃာရော (ပြောင်းနိုင်ပါတယ် ဘုရား) အစ်မတို့ ရှေ့တင်ပဲ တော်ကြာ ဟိုပြောင်းသွား ဒီပြောင်း သွားလိုက် (တင်ပါ ဘုရား)။

ဒိဋ္ဌိမပြုတ်လို့

ဒါတွေဘာတုံး ဆိုတော့မှ ခုနက ပြောခဲ့တဲ့ ဒိဋ္ဌိမပြုတ်တာ (တင်ပါ ဘုရား) ဒိဋ္ဌိမပြုတ်တော့ အင်း နတ်ကိုးကွယ်တာ ချမ်းသာ ထင်ပါရဲ့ သွားပြီ ဟုတ်လား (မှန်ပါတယ် ဘုရား) ဒိဋ္ဌိမပြုတ်လို့ ရှိရင် သစ်ပင် ကိုးကွယ်တာကအစ လာလိမ့်မယ်နော် (မှန်ပါတယ် ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီအပင်မီးထွန်းမှပဲ ချမ်းသာသလိုလို မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒါ ဘာတုံးလို့ မေးတဲ့ အခါ ဒိဋ္ဌိမပြုတ်လို့ ပြားထွက်သွားတာ၊ ပြားထွက်သွားတယ် ဆိုတာ စာလိုသုံးတာပါ မြန်မာ လိုတော့ဖြင့် အယူပြောင်းသွားတာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နာမည် ဗုဒ္ဓဘာသာ ဖြစ်ရုံနဲ့ မင်းတို့က မကျေနပ် ဘဲနဲ့

(၁) ဘုရားဂုဏ်ကို ယုံကြည်နိုင်မှလည်း ဗုဒ္ဓဘာသာအစစ်

(၂) တရားဂုဏ်တော် မတုန်မလှုပ် ယုံကြည်မှ (ဗုဒ္ဓဘာသာအစစ် ပါ ဘုရား)

(၃) သံဃာဂုဏ်တော်ကို (မတုန်မလှုပ် ယုံကြည်မှ ဗုဒ္ဓဘာသာအစစ်ပါ ဘုရား) သံဃာ ဂုဏ်တော် ကိုးပါးရှိတယ်နော် (တင်ပါ ဘုရား)

(၄) စားတဲ့သောက်တဲ့နေရာဌာနမှာလည်း ကိုယ်ချည်း မစားဘူး၊ သူတော်ကောင်းနဲ့ ဝေဖန်ပြီး သကာလ စားမယ်ဆိုတဲ့ စိတ်ဟာ ခဏခဏ ပေါ်တယ် (တင်ပါ ဘုရား)။

သောတာပန်တည်အောင်လုပ်ပါ

အဲဒီလို လေးချက်နဲ့ ညီလို့ ရှိရင်တဲ့ သင်တို့ ဒီညီအောင် လေးပဲ ဆိုတော့ သူ့ဟာက ဘာမှ မဟုတ်ဘူး အစ်မ၊ သောတာ ပန် တည်အောင်လုပ်လို့ ပြောတာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုံး (သောတာပန် တည်အောင် လုပ်ပါ ဘုရား) အဲ သောတာပန် တည်အောင်လုပ်လို့ပြောတာ (မှန်ပါ ဘုရား)။

သောတာပန်တည်မှ ဒီလေးခုက မြဲမှာကိုကွ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီလို ပြောပြီးတော့မှ သူ စုတေစိတ် ကျသွားတယ် (တင်ပါ ဘုရား) သဘောပါပလား (သဘော ပါပါပြီ ဘုရား)။

ဒါဖြင့် ေဩာ် တို့သည်ကားလို့ဆိုရင်ဖြင့် အခုအချိန် မှာဖြင့်၊ သင်တုံးဓါးပေါ်မှာ တင်ထားတဲ့ မုန်ညင်းစေ့ ကလေးလို နှမ်းစေ့ကလေးလို သင်တုံးအဖျားလေးပေါ်တင်ထားတဲ့ မုန်ညင်း စေ့၊ နှမ်းစေ့လေးလို ဟုတ်ဘူးလား၊ တောင်လေလာ မြောက် ဘက်ကျမယ်၊ မြောက်လေလာ တောင်ဘက်ကျမှာပဲ (တင်ပါ ဘုရား)။

နဂိုကတဲတဲကို ကွ (မှန်ပါ ဘုရား) အဲတော့ ခု သောတာပန် မတည်သေးလို့ ရှိရင် တဲတဲချည်း မှတ်ရမယ်၊ အထက်လည်း တက်နိုင်တယ် အောက်လည်း (ကျနိုင်ပါတယ် ဘုရား) သင်တုံးဓား သွားပေါ်မှာ တင်တဲ့ မုန်ညင်းစေ့ လေကွာ (မှန်ပါတယ် ဘုရား) မြဲသလား (မမြဲပါဘူး ဘုရား) မမြဲဘူးတဲ့။

ကျောက်တိုင်ဖြစ်အောင် ပြောင်းပါ

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ မင်းတို့ ကွာ ဝါဂွမ်းအဖြစ် ဇာတ်သိမ်းပြီး သကာလ ကျောက်တိုင် အဖြစ် ပြောင်းပါလို့ သစ္စာသံယုတ်မှာ တစ်ခါလာပြန်တယ် (တင်ပါ ဘုရား) ဝါဂွမ်းအဖြစ်ကို (ပြောင်းရမယ် ဘုရား) ပြောင်းရမယ် တောင်လေလာ မြောက်လွင့်တာကို၊ မြောက်လေလာ တောင်၊ အဲဒါ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကွ (မှန်ပါ ဘုရား)။

ကျောက်တိုင်ဖြစ်သွားတော့ မြေကြီးထဲလည်း တစ်ယူ ဇနာ၊ အပေါ်ကလည်း တစ်ယူဇနာ ဆိုတော့ ဘယ်လိုပဲ တိုက် တိုက် လှုပ်သေးရဲ့လား (မလှုပ်ပါ ဘုရား) အဲဒါက သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်မှ မလှုပ်တာ (တင်ပါ ဘုရား) ရှင်ပလား (ရှင်းပါပြီ ဘုရား)။

ကဲ မင်းတို့သည် အခုနာချိန်မှာ လှုပ်နေသေးတယ် ဟုတ်ဘူးလား (တင်ပါ ဘုရား) ငါမလှုပ်တဲ့ နည်းသာ လိုက်တော့ မယ် (တင်ပါ ဘုရား) ဘယ်သူက ချီးမွမ်းတာကို တို့အတည်ပြုဖို့ မလိုဘူး၊ အခုပြောတဲ့ လေးချက်က သောတာပန် တည်မှ မြဲသတဲ့ မြဲမှလည်း သေချာသတဲ့ ဆိုတာ စိတ္တသူကြွယ်က သေချာဟော ပစ်ခဲ့တာ (တင်ပါ ဘုရား)။

ပြောပေးမယ့်လူရှိတုန်း လုပ်ထားကြပါ

အဲဒါကြောင့် ဒီနေ့ည တရားမှာ ကိုယ့်အတွက် စိတ်ချ ရအောင်၊ အင်း ဒါပြောပေးမယ့်လူ ရှိတုန်း၊ လုပ်နည်း ကိုင်နည်းကလည်း မှန်တုန်း (တင်ပါ ဘုရား) ဒီအချိန်သာ ရှိတာနော်၊ နောက် တကယ် အိုသွားမယ်၊ တကယ် နာသွားမယ်၊ တကယ် တိုင်းပြည် ပျက်သွားတော့မယ် ဆိုတော့ အစ်မ ပြောချိန် မရဘူး အားထုတ်ချိန်ကော (မရပါဘူး ဘုရား)။

အဲဒါ ဒီအဓိပ္ပာယ်လည်း ပျောက်ထွက်သွားမှာပဲ (တင်ပါ ဘုရား) ကိုယ်ပြေးတာကို ဟိုလက်ဆွဲ၊ ဒီလက်ဆွဲ၊ ပြေးချင်သလို ပြေး၊ သွားချင်သလို သွားနဲ့ မတတ်နိုင်ဘူး၊ အသက်ဘေးပဲ ဝေးဝေး ရှောင်ရမှာပဲ ဒီပြင်ဟာတွေ ချိပ်ထား ရဦးမယ် (တင်ပါ ဘုရား) လာမယ် (လာမှာပါ ဘုရား)။

အခုအချိန်အကောင်းဆုံး

အဲတော့ အခုအချိန် အကောင်းဆုံး မြဲအောင်လုပ်ထား ဖို့(တင်ပါ ဘုရား) အခုအချိန် အကောင်းဆုံး မြဲအောင်လုပ်ထား ဖို့ဆိုတာ အဇ္ဇေဝ သုဝေဝ နဲ့လည်း မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် မင်းတို့သည် ငါတို့နေတဲ့ အချိန်တွေဟာ ဘယ်အချိန်မဆို တွေးလိုက်၊ အင်း ဆောက်သွားပေါ် တင်ထားတဲ့ မုန်ညင်းစေ့၊ ဟန်သေးပါဘူး၊ တောင်ဘက်လည်း ကျနိုင်တယ်၊ မြောက်ဘက်လည်း (ကျနိုင်ပါတယ် ဘုရား) ကျောက်တိုင်ကြီးကဲ့သို့ မြဲမြဲစွဲစွဲလည်း မဖြစ်သေးပါဘူး (မဖြစ် သေးပါဘူး ဘုရား)။

ဒိဋ္ဌိပြုတ်မှ အားကိုးရာအစစ်

ငါတို့ လုပ်ထားတာတွေက ဘယ်ဟာ အားကိုးရမှာတုံး ဆိုတော့၊ ဘယ်ဟာမှ အစစ်ကြီးလို အားကိုးစရာ မရှိသေးဘူး (တင်ပါ ဘုရား) ဒိဋ္ဌိပြုတ်မှပဲ အစစ် အားကိုးစရာ ရှိတော့တယ် (တင်ပါ ဘုရား) ဒါကို သေချာမှတ်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။

—————-

အနာဂါမ်စိတ္တသူကြွယ် ဥပမာပြ (၂)

အသံဖိုင်ခေါင်းစဉ်= ကုသလကမ္မပထတရားထက် လွန်မြတ်သော တရားရှိပုံ တရားတော်

စာအုပ်ခေါင်းစဉ်= ပြောပေးမည့်လူရှိတုန်း လုပ်ထားကြပါ (၂)

မှတ်ချက်။ ။နာရီဝက်တရားဖြစ်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူအပ်သော တရားတော်

ပြောပေးမည့်လူ့ဘုန်း လုပ်ထားကြပါ (၂)

(စိတ္တသူကြွယ်)

(၂၉-၃-၁၉၆၂)

ဒီနေ့လည်း စိတ္တသူကြွယ်ပဲ ဟောမယ်တဲ့၊ စိတ္တသူကြွယ် ဆိုတာ စိတ္တက ဆန်းကျယ်တာ၊ သူကြွယ်ကတော့ ချမ်းသာလို့ အဲ့ဒီသူသည် သူ့ရဲ့ ငယ်သူငယ်ချင်း တစ်ယောက်ဆီကို၊ ငယ် သူငယ်ချင်း တစ်ယောက်က ဘာဖြစ်နေတုံး ဆိုတော့၊ သူက တိတ္ထိဘက်က ရဟန်းဖြစ်နေတယ်။

အစေလကဿပ

အစေလကဿပ အဝတ်မရှိဘူး (တင်ပါ ဘုရား) ဆွမ်းခံ စား၊ ဒီလိုပဲ ဆွမ်းခံစား နေတော့ အစေလကဿပက စိတ္တ သူကြွယ်တို့ နေတဲ့နေရာ ရောက်လာတယ်။

ရောက်လာတဲ့ အခါကျတော့ စိတ္တသူကြွယ်က ငယ်သူ ငယ်ချင်း ဖြစ်နေတော့ သွားမေးဦးမှ ပါပဲလေ ဆိုပြီး သွားမေး လိုက်တယ်၊ အရှင်ဘုရား ဘယ်က ကြွလာတာတုံး၊ ငါ ဒီလို ဒီလိုပဲ ဟိုကပဲ ကြွလာခဲ့တယ်။

အခု ဒီအစေလ ကဿပ လုပ်နေတာ ရဟန်းဘောင် ရောက်နေတာ သူတို့တွေက ရဟန်း ပေါ့ကွာ (တင်ပါ ဘုရား) နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲလို့၊ သုံးဆယ်ရှိပြီ အစေလ ကဿပက ပြောလိုက်တယ် (တင်ပါ ဘုရား)။

လူတို့၏တရားထက် မြတ်တဲ့တရား

နှစ်ပေါင်း သုံးဆယ်ရှိတော့ အရှင်ဘုရား ဥတ္တရိမနုဿ ဓမ္မ ဆိုတဲ့ တရားများ ရပလား၊ ဥတ္တရိတ- က အလွန်၊ မနုဿက လူ၊ ဓမ္မ-က တရား၊ လူတို့ သိနေတဲ့ တရားထက်၊ လူတို့ကျင့်နေ တဲ့ တရားထက်၊ ထူးမြတ်တဲ့ တရားများ ရပလား (တင်ပါ့)။

လူတို့၏ ကျင့်နေတဲ့ တရားမှတစ်ပါး သူ့ထက် အထက် တန်းကျတဲ့ အရိယာတရား ဆိုတာပဲ၊ အဲဒီတရားများ အရှင်ဘုရား ရပလားလို့ မေးတော့၊ ငါကွာ မင်းပြောတာလည်း နားမလည် ပါဘူးတဲ့၊ ငါဆွမ်းခံစားတယ်ကွာ ဒါဘဲ ရှိတာပဲတဲ့။ နေ့တိုင်း ဒီအဝတ် ဝတ်ပြီး ဒီလိုပဲ နေတာပဲတဲ့။

ဟာ ဒါဖြင့် အရှင်ဘုရား ဟုတ်သေးပါဘူးတဲ့၊ အငိုပွဲပဲ ရှိပါသေးတယ်လို့ ပြောလိုက်တယ်၊ ဒါနဲ့ သူက ပြန်မေးတယ်၊ စိတ္တသူကြွယ်ကော ဂေါတမ ဘုရားရှင်ဆီမှာ နေတာ၊ ဆရာ ဒကာ ဖြစ်နေတာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲ၊ သုံးဆယ် ရှိပြီ တပည့်တော်။

နို့ ခုနင်က စကားမေးတဲ့ အတိုင်း လူတို့၏ ကျင့်ကြံတဲ့ တရားထက် မွန်မြတ်သော တရား ရပလား၊ ဟာ-တပည့်တော် ရပါပြီ (တင်ပါ ဘုရား) ဒါ လိုရင်းပဲ မှတ်ရမယ် (မှန်ပါ ဘုရား)။

လူတို့၏ ကျင့်ကြံတဲ့တရား

လူတို့၏ ကျင့်ကြံတဲ့ တရားကို ရှင်းပြမယ်၊ လူတို့၏ ကျင့်ကြံတဲ့တရားက ပါဏာတိပါတာ ကြဉ်ရှောင်မယ်၊ အဒိန္ဒာ ဒါနာ ကြဉ်ရှောင်မယ်၊ ကာမေသုမိစ္ဆာစာရာ ကြဉ်ရှောင်မယ်၊ ဒါသုံးပါး ဒါလူတို့၏ ကျင့်တဲ့ တရားပဲ ရှိသေးတယ် (မှန်ပါ ဘုရား)။

မုသာဝါဒါ-မုသားပြောခြင်း ကြဉ်ရှောင်မယ်၊ ပိသုဏ ဝါစာ-ကုန်းတိုက်ပြောခြင်း ကြဉ်ရှောင်မယ်၊ ဖရုသဝါစာ – ကြမ်းကြမ်းတမ်းတမ်း သူတစ်ပါးကို စိတ်ထိခိုက်အောင် ပြောတဲ့ စကားမျိုး ကြဉ်ရှောင် မယ်၊ သမ္မပ္ပလာပဝါစာ – သူတပါးအကျိုး ပျက်စေတတ်တဲ့ ရယ်ရယ် မောမောနဲ့ အကျင့်ပျက်အောင် ပြောတဲ့ စကားတွေလည်း ရှိသေးတယ်။

အဲ့ဒီ ဝစီကံလေးပါးဟာလည်း လူတို့၏ ကျင့်ရမယ့် တရားပဲနော် (မှန်လှပါ) ကာယကံက သုံးပါး၊ ဝစီကံ က လေးပါး (တင်ပါ) မနောကံကတဲ့ သမ္မာဒိဋ္ဌိ (တင်ပါ ဘုရား)။

သမ္မာဒိဋ္ဌိဆိုတာ ကံ ကံ၏အကျိုး ယုံကြည်တာပဲ ရှိသေး တယ် (တင်ပါ ဘုရား) တစ်အိမ်လုံး ကုသိုလ်ရတယ်၊ ဒါလောက်ပဲ ရှိသေးတော့ ကာယကံသုံးပါး၊ ဝစီကံ လေးပါး မနောကံက အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ၊ အဘိဇ္ဈာ – သူပြုပုံကို သူများ ချမ်းသာတာကို ကိုယ်လိုချင်တဲ့ သဘော မရှိရအောင် နေနိုင်လို့ ရှိရင်၊ ဒါလူ့သီလမှ လုံနေတာပဲနော် (တင်ပါ ဘုရား)။

လူ့ကျင့်ဝတ် (၁၀) ပါး

ဗျာပါဒ- သူတစ်ပါး နှိပ်စက်ချင်တဲ့ သဘောမျိုး မလာလို့ ရှိရင် ဒါ လူသီလ လုံနေတာပဲ၊ မိစ္ဆာဒိဋ္ဌိ မယူပဲနဲ့ ကမ္မဿကတ သမ္မာ ဒိဋ္ဌိက ယူလို့ရှိရင်လည်း ဒါကျင့်ဝတ် ဆယ်ပါး (တင်ပါ ဘုရား) လူ့ကျင့်ဝတ် ဆယ်ပါး (တင်ပါ ဘုရား)။

ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ ကာယကံ သုံး၊ ဝစီကံ က (လေးပါ ဘုရား) မနောကံက သုံး၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ၊ အဲဒါလူတို့၏ ကျင့်တဲ့တရား (တင်ပါ ဘုရား) ရှင်းပြီနော် (မှန်လှပါ ဘုရား)။

ကာယကံ (၃) ဝစီကံ (၄) မနောကံ (၃) (မှန်ပါ) အဲဒါ လူတို့၏ ကုသလကမ္မပထ တရား (၁၀)ပါး ဆိုတာ ဒါပဲ (တင်ပါ ဘုရား) လူတို့၏ ကုသလ- ဆိုတာ ကုသိုလ်၊ ကမ္မ-က ကံပေါ့ကွာ၊ ပထ-က အကြောင်း၊ တရား-က တရားပေါ့။ လူတို့၏ ကုသလ ကမ္မပထတရား ဆယ်ပါးဆိုတာ မှတ်ထား လိုက်ပါ (မှန်ပါ့ ဘုရား)။

သုဂတိသွားလမ်းပဲ ရှိသေးတယ်

အဲဒီတရားထက် လွန်တဲ့ တရားမှ ပိုမြတ်တာ (မှန်ပါ ဘုရား) ဒါက လူဖြစ်ခဲ့လို့ရှိရင် ဒါလောက် ကို လုံခြုံနေလို့ ရှိရင် သောတာပန်စခန်းနဲ့ ဘာမှ မဆိုင်သေးဘူး၊ သုဂတိသွား လမ်းလောက်ပဲ ရှိသေး တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

အဲဒီတော့ အစ်မ တို့က ကြားဖူးလိမ့်မယ်၊ ကျုပ်တို့ တရားနာဖို့လည်း မလိုပါဘူး တရား အားထုတ်ဖို့လည်း မလိုပါ ဘူး ကျုပ်တို့ ဘာမှ လုပ်တာမှ မလုပ်ဘဲ-ပဲ (တင်ပါ ဘုရား)။

ဒါကျော်မြင်မှ သောတာပန်

သူ ဘာကို ရည်ညွှန်းပြီး ပြောပါလိမ့်မတုံး မေးတော့မှ လူတို့ ကျင့်ဝတ် ဆယ်ပါး လုံတယ်လို့ ပြောတာ (တင်ပါ ဘုရား) အဲဒါနဲ့ မောင်ချစ်ဆွေက မှတ်ဖို့ရာက ဒါကျော်မြင်မှ သောတာ ပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်မှာ (မှန်လှပါ ဘုရား) ဒီ (၁၀) ပါး ကျော်လွန်မှ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက လူတို့၏ ကျင့်ဝတ်၊ ကျင့်စဉ်ပဲ ရှိသေးတယ်တဲ့၊ အဲဒီတရားထက်လွန်တဲ့တရားကမှ အဓိသီလတို့၊ အဓိစိတ္တ တို့၊ အဓိပညာ တို့ဆိုတာ အဓိဆိုတာနဲ့ လာတာကိုကွ နော် (တင်ပါ ဘုရား)။

သူကတော့ သီလ၊ သမာဓိ၊ ပညာရိုးရိုးပဲ ရှိသေးတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဓိမပါဘူး (တင်ပါ ဘုရား) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတို့ မပါဘူး၊ သူကတော့ သီလ၊ သမာဓိပညာ၊ ဒါပဲ ရှိတယ် (တင်ပါ ဘုရား)။

သီလ၊ သမာဓိ၊ ပညာလောက်နဲ့ ဆိုလို့ရှိရင်ဖြင့်တဲ့ လူတို့ ကုသလ ကမ္မပထ တရား (၁၀)ပါး ထဲကပဲ ရှိသေးတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ စိတ္တသူကြွယ်က အရှင်ဘုရား အစေလကဿပမှ လူတို့၏ ကုသလ ကမ္မပထတရား (၁၀) ပါးထက် လွန်မြောက်တဲ့ အဓိကဖြစ်တဲ့ တရားများ ရပလား ဆိုတော့၊ ကြားကို မကြားဖူးဘူး (မှန်ပါ ဘုရား)။

ခုနက အစ်မတို့ ဈေးထဲမှာ မေးတဲ့ပုဂ္ဂိုလ်တွေလည်း မကြားဖူးလို့ မေးတာပဲ၊ တို့တရားနာဖို့ မလိုပါဘူးကွာ၊ တို့ဘာမှ မကောင်းတာမှ မလုပ်ဘဲပဲ (မှန်ပါ ဘုရား) ဒီလိုလူတွေလည်း တွေ့ဖူးမှာပဲ (တွေ့ဖူးပါတယ် ဘုရား) အဲဒါ ကုသလ ကမ္မပထ တရား (၁၀)ပါးနဲ့ သူကျေနပ်နေတာ (တင်ပါ ဘုရား)။

သူ့ထက်ကြီးကျယ်တဲ့တရားရှိတယ်

သူ့ထက် ကြီးကျယ်တဲ့တရား ရှိမှန်းမသိဘူး (မှန်ပါ့ ဘုရား) သိပ်ကြောက်စရာ ကောင်းပါလား (ကြောက်စရာ ကောင်းပါတယ် ဘုရား) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဆိုတာ ရှိသေးတယ် (မှန်ပါ)။

သီလ၊ သမာဓိ၊ ပညာက အခုပြောခဲ့တဲ့ ဒကာဒကာမ တွေ လူတို့၏ ကျင့်ဝတ် ရှိသေးတယ်နော် (တင်ပါ ဘုရား) အဓိ သီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတာကတော့ ခုနက အလုပ် လုပ်မှ ရမယ့် သီလ (တင်ပါ ဘုရား) အလုပ်လုပ်မှ ရမယ့် သမာဓိ၊ အလုပ်လုပ်မှ ရမယ့် ပညာကတော့ အဓိ ပါလာတယ်၊ (တင်ပါ ဘုရား)။

ဒါဖြင့် သီလ၊ သမာဓိ၊ ပညာက တစ်မျိုး (တင်ပါ ဘုရား)

အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာကတစ်မျိုး၊ ဘယ်နှစ်မျိုးရှိပြီတုံး (နှစ်မျိုးပါ ဘုရား) နှစ်မျိုး မခြားဘူးလား (ခြားပါတယ် ဘုရား) ခြားနားသွားပြီတဲ့။

အဲတော့ စိတ္တသူကြွယ်က မေးလိုက်တာက ဒီထက် လူတို့၏ ခုနက သီလ၊ သမာဓိ၊ ပညာ ထက် လွန်တဲ့တရားများ အရှင်ဘုရား အစေလကဿပ ရပလား၊ မရသေးပါဘူး။

ဘာမှအသုံးမကျသေးပါလား

ေဩာ် အရှင်ဘုရား ဒါဖြင့် နှစ်တွေသာ ကုန်တယ် ဘာမှ အသုံးမကျ သေးပါလား (တင်ပါ ဘုရား) ဆိုတော့ ဒို့ဒကာ၊ ဒကာမတွေက တွေးရမယ်၊ ေဩာ် ဒို့လည်း ဒီအလုပ်လုပ်တဲ့ နည်းကို ပြပေးမယ့် ဆရာနဲ့ မတွေ့လို့ရှိရင်ဖြင့် နှစ်ပေါင်း ဘယ်လောက်ပဲ အသက်ရှည်နေနေ ခုနက အစေလ ကဿပလိုပဲ နေမှာပဲ။

စားသောက်၊ ရောင်းဝယ် ဖောက်ကားပြီး ဒီအတိုင်း နေမှာပဲ (တင်ပါ ဘုရား) သာမည သီလ၊ သမာဓိ၊ ပညာနဲ့ နေမှာ ပေါ့ကွာ၊ အဲဒါက တရား ပုံမှန်ပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာမည လူတို့၏ ကျင့်ဝတ် ကာယကံ (၃) ဝစီကံ (၄) မနောကံ (၃) ပါးလောက် လုံရုံနဲ့တော့ မောင်ချစ်ဆွေ အပါယ် လေးပါး တံခါးမပိတ်ပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လိုတာကို လိုမှန်းမသိတဲ့ပုဂ္ဂိုလ်

ဒါဖြင့် ေဩာ် လောကကြီးထဲမှာ လိုတာ လိုမှန်းသိတဲ့ လူလည်း အရှားသားပဲ (ရှားပါတယ် ဘုရား) ဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား) လောကကြီးထဲမှာ လိုတာ လိုမှန်းသိတဲ့ ပုဂ္ဂိုလ်လည်း အရှားသားပဲ၊ အစ်မ လိုတာ လိုမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ အတော်ခက်တယ် (တင်ပါ ဘုရား)။

ဆုံးဖြတ်ချက် မချရပေဘူးလား (ချရပါတယ် ဘုရား) ဘာ့ကြောင့်တုံး ဆိုတော့ အပါယ် လေးပါးမှ စိတ်မချသေးရတဲ့ အလုပ်ကို ကိုယ်က စိတ်ချရတဲ့ အလုပ်မှတ်ပြီး နေတော့ လိုတာ လိုမှန်း မသိလို့ပေါ့ (တင်ပါ ဘုရား)။

မောင်ချစ်ဆွေ (မှန်ပါတယ်ဘုရား လိုတာလိုမှန်းမသိလို့ ပါ ဘုရား) အပါယ်လေးပါး စိတ်မချ ရတဲ့ ကုသလ ကမ္မပထတရား (၁၀)ပါးကို သူအားကိုးနေမယ် ဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါး စိတ်ချရ ရဲ့ လား (စိတ်မချရပါဘူး ဘုရား) အဲ့ဒီ တရားတော် လွန်မြောက်တဲ့ တရားမှ စိတ်ချရတာ (တင်ပါ့ ဘုရား)။

ဒါဖြင့် တရားဟာ ဒီနေ့ည စိတ္တသူကြွယ် မေးလို့ ဆရာ သမားက ရှင်းပေးနေတာဟာ၊ ေဩာ် တရားပေမယ့် နှစ်မျိုးရှိသကိုး၊ (မှန်ပါဘုရား နှစ်မျိုးရှိပါတယ် ဘုရား) ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

လူ့ကျင့်ဝတ်ရှိတဲ့တရား လူ့ကျင့်ဝတ်ဖြစ်တဲ့တရားက (၁၀) ပါး တစ်မျိုးနော် (မှန်ပါ ဘုရား) လူ့ကျင့်ဝတ်ကို လွန်ပြီး အပါယ်လေးပါး တံခါးကို ဘယ်အခါ ကာလမှ မပွင့်ဘဲနဲ့ ပိတ်နေတဲ့ (၁၀) ပါးက တစ်မျိုး ရှိတယ်ကွ (တင်ပါ ဘုရား) ဒါက ဘာတုံးဆိုတော့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ (မှန်ပါ ဘုရား)။

အဘိုး၊ အဘွားတွေသိမသွားရှာဘူး

ဆိုတော့ ေဩာ် တို့အမေတွေ၊ တို့အဖေတွေ၊ တို့အဘိုးတွေ တို့အဘွားတွေ သေသွားရှာကြပြီ၊ တရား နှစ်မျိုးရှိကြောင်း သိမသွားရှာဘူး၊ ဒို့ ဒါဆိုဘာလိုသေးတုံးတဲ့ လူတို့၏ ကျင့်ဝတ်တွေ ကုန်နေပေါ့ပဲ၊ ဒီထက် အထက်တန်းရှိတဲ့ တရားတွေ မျှော်လို့လည်း မကြည့်ဘူး၊ မှန်းလို့လည်း မရဘူး၊ မောင်ချစ်ဆွေ နာသွားတယ် (နာပါတယ် ဘုရား) သဘောပါပလား (သဘော ပါပါတယ် ဘုရား)။

ရှိသေးတယ်ကွတဲ့ ဘုရားက စိတ္တသူကြွယ်က ရိပ်စား မိတယ်၊ ဒီတရားပဲ ဟောလာပါတယ်တဲ့၊ လူတို့၏ ကုသလူ ကမ္မ ပထတရား (၁၀)ပါးထက် လွန်မြောက်တဲ့တရား အရှင်ဘုရား ရပလား ဆိုတာ မေးတာပဲ၊ ဒါဖြင့် တရား နှစ်မျိုးရှိတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။

အပါယ်တံခါးပိတ်တဲ့ကံသုံးမျိုး

ပေါ်လာပါတယ်တဲ့ အဲဒါ ဘာတုံးလို့ မေးတဲ့အခါကျ တော့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဆိုတဲ့ ခုနက ကာယကံ (၃) ပါးက တစ်မျိုး၊ လူတို့ ကျင့်ဝတ် ကာယကံ သုံးပါးက တစ်မျိုး၊ ဟုတ်လား (တင်ပါ ဘုရား) ကုသိုလ် ရရုံတင် ကာယကံ သုံးပါး တစ်မျိုး၊ အပါယ်တံခါးပိတ်တဲ့ ကာယကံသုံးပါး တစ်မျိုး (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ် ရရုံတင်ဖြစ်တဲ့ ဝစီကံ လေးပါးတစ်မျိုး၊ အပါယ် လေးပါး ပိတ်တဲ့ ဝစီကံ လေးပါး တစ်မျိုး (တင်ပါ့ ဘုရား)။ ဒါ ခွဲရတော့မယ် (ခွဲရမှာပါ ဘုရား) ကုသိုလ် ရရုံဖြစ်တဲ့၊ လူတို့၏ ကျင့်ဝတ် ပြည့်စုံ ရုံလေးဖြစ်တဲ့ မနောကံက သုံးပါး တစ်မျိုး၊ အပါယ် လေးပါး တံခါးပိတ်တဲ့ မနောကံ သုံးပါး တစ်မျိုး ဆိုတော့ နှစ်ခု ဖြစ်နေတာပေါ့ (ဖြစ်နေပါတယ် ဘုရား)။

ထိုးထွင်းသိရမယ့်တရား

ဒါဖြင့် တစ်ခုထက် တစ်ခုသာတာ ရှိသေးတယ်၊ ဒါဟာ အပါယ် မပိတ်တဲ့ (၁၀) ပါး၊ အပါယ် ပိတ်တဲ့ (၁၀) ပါး၊ ဒီလိုခွဲ လိုက်ဦးတဲ့။ ေဩာ် ဒီနေ့ည သိရတာသည်ကားလို့ ဆိုရင်ဖြင့် ရိုးရာ ကျော်ပြီး သကာလ ထိုးထိုး ထွင်းထွင်း သိရမယ့် တရားပါလားလို့ မှတ်ရမယ် (မှန်ပါ ဘုရား) ရိုးရာကျော်ပြီး ပေါ်ကြပလား။ (ကျော်ပြီး ထိုးထိုးထွင်းထွင်း သိရမှာပါ ဘုရား) ထိုးထိုးထွင်းထွင်း သိရမယ့် တရား ရှိသေးတယ်။

တရားကတော့ ဒီတရားပဲ ခုနက ပြောခဲ့ပါပြီ သို့သော် ကုသိုလ်ရရုံ၊ သုဂတိလောက် ကျေးဇူးပြုနိုင် တဲ့ ကာယကံသုံးပါး တစ်မျိုး၊ ဝစီကံ လေးပါးတစ်မျိုး၊ မနောကံ သုံးပါးတစ်မျိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်တံခါးပိတ်တဲ့တရား

အပါယ်လေးပါး တံခါးပိတ်တဲ့ ကာယကံသုံးပါး၊ ဝစီကံ လေးပါး မနောကံသုံးပါး တစ်မျိုး (တင်ပါ ဘုရား) ေဩာ် ဒါဖြင့် (၁၀)ပါးချင်းတူပေမယ့် မြင့်တာ ရှိသေးတယ် (တင်ပါ ဘုရား)။

ဒါ မေးတာ ချက်ကောင်း မေးတာ။ဒါ မဟောဖူးသေးပါဘုူတဲ့။(တင်ပါ ဘုရား) ကိုင်း ရှင်းသထက်ရှင်းအောင် ကိုယ်ကြားဖူးတာနဲ့ ရှင်းပြမယ်။

ခုနက ရိုးရာသိတဲ့ ပုဂ္ဂိုလ် များမယ်၊ ေဩာ် အခု ဟောလတ္တံ့ ဖြစ်တာကို သိရမယ့် ပုဂ္ဂိုလ် များနဲ့ဟာဖြင့် အတော် ခြားနားသွားလိမ့်မယ် ဆိုတဲ့ဥစ္စာ ပေါ်သွားပြီ (မှန်လှပါ ဘုရား) ခြားနား ဘူးလား (ခြားနားပါတယ် ဘုရား) ခြားနားတယ်တဲ့။

ကိုင်း- ဒါဖြင့် အစေလကဿပက ကျုပ်ဒါတော့ မကြား ဖူးသေးဘူး၊ ကျင့်လည်း မကျင့်ဖူးဘူး၊ လုပ်လည်း မလုပ်ဖူးဘူး ဒကာကြီးတဲ့၊ သူ့သူငယ်ချင်း အစေလကဿပက ပြောတယ်၊ လူတုန်းက သူငယ်ချင်းကွ။

ဒါနဲ့ သူက ပြန်ပြန် မေးတယ် အစေလကဿပက ဂေါတမ ဘုရားနဲ့ စိတ္တနဲ့ ကိုးကွယ်နေတာ နှစ်ပေါင်း ဘယ် လောက်ရှိပြီလဲ၊ သုံးဆယ်ရှိပြီ၊ သုံးဆယ်ရှိတော့ ဒကာကြီး ခုန ပြောတဲ့ လူတို့၏ ကုသလ ကမ္မပထတရား ဆယ်ပါးထက် လွန်မြောက်တဲ့ တရားဆယ်ပါး ရပလား၊ ဟာတပည့်တော် ရပြီ (မှန်ပါ့ ဘုရား) ရပြီတဲ့။

ရပြီ ဆိုတာ မနေ့က ပြောခဲ့ပါပြီပဲ ဒကာဒကာမတို့၊ သူက အနာဂါမ်တောင် တည်နေမှ၊ သောတာပန် တောင်မှ မကပဲ သောတာပန် ဆိုရင်ရတယ် (မှန်လှပါ) သကဒါဂါမ်၊ အနာဂါမ် ဆိုလို့ရှိရင် အထူးပြောဖို့ မလိုတော့ဘူး ရပြီးသား ပုဂ္ဂိုလ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့်၊ ေဩာ် ကာယကံ သုံးပါးလည်း နှစ်စားရှိပါတယ်၊ ဝစီကံလေးပါးလည်း (နှစ်စား ရှိပါတယ် ဘုရား) မနောကံသုံးပါးလည်း (နှစ်စားရှိပါတယ် ဘုရား) နှစ်စားရှိပါလား ဆိုတာ ပေါ်လာ တယ်၊ ရိုးရိုးတရား, လွန်မြောက်တဲ့ တရား နော် (တင်ပါ ဘုရား)။ ရိုးရိုးတရား (လွန်မြောက်တဲ့ တရားပါ ဘုရား)။

ရိုးရိုးတရားဆိုတာ

ရိုးရိုးတရားဆိုတာ လူတို့၏ ထုံးတမ်းသာ နားလည်နေပြီး သကာလ ဒါလောက်နဲ့ သေပျော်ပြီ ဆိုတာဟာ ရှိသေးတယ် (တင်ပါ ဘုရား) မောင်ချစ်ဆွေ (မှန်ပါ ရှိပါတယ် ဘုရား) ငါတော့ သေပျော်ပြီကွ (တင်ပါ) ကာယကံ သုံးပါးလည်း လုံခြုံ၊ ဝစီကံ လေးပါးလည်း လုံခြုံပြီကွာ၊ မနောကံလည်း လုံခြုံပြီကွာ ဆိုတော့ ဒို့ ဘာပူစရာ ရှိတော့သတုံး ဆိုတဲ့ အသွားမျိုးဟာလည်း၊ အစ်မ ပြောလည်း ပြောတယ် အားလည်း အားကိုး နေတာပဲ (တင်ပါ ဘုရား) ဟုတ်တာလည်း သူ့ဟာ သူတော့ ဟုတ်နေတာပဲ (တင်ပါ ဘုရား)။

သို့သော် သူ ဘယ့်နှယ်ကြောင့် ဒီအသုံးနဲ့ ဒီအနှုန်းကိုပင် တင်းတိမ်နေပါလိမ့်မလဲလို့ မေးစရာ ရှိတော့မှ ေဩာ် အထက် ရှိမှန်းမသိလို့ ပြောတဲ့စကားပဲ (မှန်ပါ ဘုရား) မသိလို့ (မသိလို့ ပါ ဘုရား) သဘော ကျပလား (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့က ဒီဟာကို ခွဲ၊ ဘယ်လိုခွဲရမတုံး ဆိုတော့၊ ေဩာ် ကုသိုလ် ပေမယ့်လည်း အပါယ် လေးပါး မပိတ်နိုင်တဲ့ ကုသိုလ်၊ အပါယ်တံခါး ပိတ်နိုင်တဲ့ ကုသိုလ် ရှိသေးတယ်ဟေ့ ဆိုတော့၊ ဆယ်ပါး နှစ်မျိုး ဆိုတော့ ပေါ်သွားပြီပေါ့။ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီအတိုင်းနေလို့မတော်ဘူး

အဲဒါကြောင့် မင်းတို့ဟာဖြင့် ေဩာ် ဒို့သည်ကားလို့ ဆိုလို့ ရှိရင် ဒီအတိုင်းနေလို့ မတော်ပါလား၊ လွန်မြောက်တဲ့ တရား လုပ်ဦးမှ ပါလားဆိုတဲ့ စိတ်ဟာ၊ သားရှင်ပြုရုံနဲ့ ဝါတွင်း ဥပုသ် စောင့်ရုံနဲ့ တင်းတိမ် နေလို့မရဘူး (တင်ပါ ဘုရား) ဒါ ခုန ကုသလ ကမ္မပထတရား ဆယ်ပါးထဲကပဲ ရှိသေးတယ် (တင်ပါ ဘုရား)။

သူထက် လွန်မြောက်တဲ့တရားမှ အပါယ်တံခါး ပိတ်တာ ကိုကွ (မှန်ပါ ဘုရား) သူကတော့ သုဂတိ ရောက်သွားတာ နောက်ပြန်ကျတယ် (တင်ပါ ဘုရား) သူကသိပ်ပြီး သကာလ အားအကိုးကြီး ကိုးလောက်တဲ့ တရား မဟုတ်ဘူး၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင်လည်း ဘုန်းကြီးများကလည်း ဒါလောက်ပဲကွာ မင်း တော်ပြီလို့လည်း ပြောချင်ပြော (တင်ပါ ဘုရား) မသိတဲ့ ပုဂ္ဂိုလ် ကျလာပြန်တော့လည်း၊ ဒါလောက်မှ မသိတဲ့ ပုဂ္ဂိုလ် ဒါလောက် ရအောင် မနည်း ဆွဲယူရတယ် (မှန်ပါ ဘုရား) ဒါလောက်နဲ့ တင်းတိမ်နေတဲ့ ပုဂ္ဂိုလ်လည်း၊ ဟ မတင်းတိမ်နဲ့ဦးဆိုတာလည်း ဆရာသမားက ညွှန်ပြရတယ် (တင်ပါ ဘုရား) မညွှန်ပြရင် တော်ပါ့ မလား (မတော်ပါ ဘုရား) မတော်ဘူးတဲ့။

ကျုပ်က ဆွမ်းခံစားတာပဲ ရှိတယ်

အခု စိတ္တသူကြွယ်လို့ မေးလိုက်တော့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) လူတို့၏ ကုသလ ကမ္မပထတရား ဆယ်ပါးထက်၊ လွန်မြောက်တဲ့တရား အရှင်ဘုရား ရပလားမေး တာပဲ (တင်ပါ ဘုရား) မရသေးဘူး ဘုရား၊ ကျုပ်က ဆွမ်းခံစား တာပဲ ရှိပါတယ်၊ ခေါင်းရိပ်ထားတာ ရှိတာပဲတဲ့၊ မရသေးပါဘူး ဒါတွေ သိလည်း မသိပါဘူးတဲ့ (မှန်ပါ ဘုရား)။

ဒါနဲ့ သူက ပြန်မေးတယ် ဒကာကြီးကော ရပလားဆိုတော့၊ ရပြီ တပည့်တော်၊ ရတာမှဘုရား တပည့်တော် ဈာန်ကို လည်း ဝင်စား နိုင်ပါတယ်တဲ့၊ ဂေါတမ ဘုရား အရင် တပည့်တော် က စုတေ စိတ်ကျသွားမယ် ဆိုတာတောင်မှ အောက်သံသရာ တပည့်တော် မသွားဘူးတဲ့၊ (တင်ပါ ဘုရား) ရထားတာမှ သေချာ တယ်တဲ့၊ အောက်သံသရာ မသွားဘူးတဲ့ အထက်က နေပြီး နိဗ္ဗာန်ကူး တော့မှာတဲ့ (တင်ပါ ဘုရား)။

ဒကာကြီးကတယ်ထူးပါလား

ေဩာ် ဒကာကြီးက တယ်ထူးပါလား။ (တင်ပါ့) ထူးတယ်ဆို ဒီလိုမှတ်ရမယ်တဲ့ “သွာက္ခာတော၊ ဘဂဝတာဓမ္မော မှတ်ရမယ်တဲ့၊ ရွတ်စမ်းပါဦး ဘာတဲ့တုံး (သွာက္ခာတော၊ ဘဂဝတာဓမ္မော ပါ ဘုရား)။

သွာက္ခာတော၊ ဘဂဝတာဓမ္မာ၊ ဘဂဝတာဓမ္မော တရားသည် ဒါမြဲသော တရား သွာက္ခာတော ဒကာ ဒကာမတို့အား ကုသလ ကမ္မပထတရား ဆယ်ပါးထက်၊ လွန်မြောက်တဲ့ တရားတွေ ကျင့်ဖို့ ခေါ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သွာက္ခာတော၊ ဘဂဝတာ၊ ဓမ္မော ဆိုတာကို လူတို့ ကျင့် ဝတ်ထက် ပိုပြီးသကာလ၊ အထွတ် အထိပ်ရောက်တဲ့ အပါယ် လေးပါးတံခါး ပိတ်တဲ့၊ အောက်သံသရာ မလည်တဲ့ တရားကို ဟောတော်မူတာ၊ သွာက္ခာတော ဘဂဝတော ဓမ္မောက (တင်ပါ ဘုရား) ဒါနည်းနည်း သေးသေး သိမ်သိမ်၊ အဖိုး နည်းနည်းတန် တယ်လို့ မောင်ချစ်ဆွေက မှတ်မနေနဲ့ (မှန်လှပါ ဘုရား)။

ဘုရားကကောင်းခွာ ဟောထားတယ်

သွာက္ခာတော၊ ဘဂဝတာဓမ္မော ဗုဒ္ဓံ-မြတ်စွာဘုရားသည်၊ ဓမ္မော-တ ရားတော်မြတ်ကို၊ သွာက္ခာတော- ကောင်းစွာ ဟောတော်မူအပ်ပါ၏ ဆိုတော့ သူအကောင်းဆုံး ဟောထားတာပဲ၊

အဲဒီ အတိုင်းကျင့်ရမယ် (တင်ပါ ဘုရား)။

ဘယ်နှယ့် ဟောထားတာတုံး ဆိုတော့ ရူပံ အနိစ္စ၊ ရူပံ အနတ္တ သူဟောထားတယ်၊ ဒါသွာက္ခာတော ဘဂဝတာ ဓမ္မော (တင်ပါ ဘုရား) သူဟော မထားဘူးလား (ဟောထားပါ တယ် ဘုရား) ဒါဘာတုံး (ကောင်းစွာ ဟောထားတာပါ ဘုရား) သွာက္ခာတော ဘဂဝတာ ဓမ္မောကွ (မှန်လှပါ ဘုရား)။

ကဲ-ဒါဖြင့် ဒီသွာက္ခာတော၊ ဘဂဝတာဓမ္မောကို ဒကာ ဒကာမတွေ ကြိုးစားလို့ ရှိရင်ဖြင့် လူတို့၏ ကုသလ ကမ္မပထ တရား ဆယ်ပါးထက် လွန်မြောက်တဲ့ သောတာပန် စခန်းရောက် မယ် (တင်ပါ ဘုရား) သေးတာ မဟုတ်ဘူးကွ (မသေးပါ ဘုရား)။

ဒုက္ခသစ္စာလို့ရှိတယ်

သွာက္ခာတော ဘဂဝတာ ဓမ္မောဆိုတဲ့ စကားဟာ အစ်မ တို့က ဘုရားကို ရှိခိုးနေတာ (တင်ပါ ဘုရား) ငါတို့သည်ကားလို့ ဆိုရင်ဖြင့် ဘုရားက ကောင်းစွာ ဟောထားတဲ့ ဥစ္စာကို ဘယ်လို များ ဟောထား ပါလိမ့်မတုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှိတယ်ပေါ့၊ ဒုက္ခသစ္စာလို့ ရှိတယ်ဟေ့ ဆိုတာ ဘယ်သူ ဟောထား တာတုံး ဆိုတော့ အစ်မတို့ ရထားတဲ့ ပါဠိပဲတဲ့ (မှန်လှပါ ဘုရား)။

လူ့ကျင့်ဝတ်ထက် လွန်မြောက်တဲ့တရား

ဘယ်နှယ့်တုံးကွ၊ မောင်ချစ်ဆွေက ရွတ်စမ်းပါဦး (သွာက္ခာတော ဘဂဝတာ ဓမ္မောပါ ဘုရား) ကောင်းစွာ ဟောထား တဲ့တရားကို လူတို့၏ အကျင့်ထက် လွန်မြောက်တဲ့ တရားကို (ကျင့်ရမှာပါ ဘုရား)၊ လူတို့၏ ကျင့်စဉ်ထက် ပိုမိုပြီး သကာလ ထက်တဲ့တရား ရှိသေးတယ်၊ အဲဒီထက်တဲ့တရားဟာ သွာက္ခာတော၊ ဘဂဝတာ ဓမ္မော (တင်ပါ ဘုရား)။

ဝိပဿနာတရား

အဲဒါဘာတုံးလို့ မေးတဲ့ အခါကျတော့ ဝိပဿနာ (မှန်လှ ပါ ဘုရား) ပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ဟိုထဲမှာ ဝိပဿနာမှ မပါသေးဘဲကိုကွ “ပါဏာတိပါတာ ဝေရမဏိ” ပါပလား (မပါပါဘူး ဘုရား) “မုသာဝါဒါဝေရမဏိ” ကော (မပါ ပါ ဘုရား) အဘိဇ္ဈာ ဆိုတာကော (မပါ ပါ ဘုရား) ဗျာပါဒကော (မပါပါ ဘုရား) မပါသေးပါဘူးတဲ့ အဗျာပါဒ ဆိုတာလည်း မပါသေးပါဘူး၊ သမ္မာဒိဋ္ဌိ ဆိုတာလည်း ကမ္မဿကတ သမ္မာဒိဋ္ဌိ ကံ ကံ၏အကျိုး ယုံကြည်မှုရှိသေးတယ် (တင်ပါ ဘုရား)။

ကောင်းတာလုပ် ကောင်းကျိုးပေးတဲ့လူတွေ တစ်ပုံကြီး ရှိသေးတယ် သဘောကျပလား (သဘောကျပါပြီ ဘုရား) မဂ် သမ္မာဒိဋ္ဌိ ဖြစ်ပလား (မဖြစ်သေးပါဘူး ဘုရား) ေဩာ် ဒါအကြောင်းလည်း ဟောလိုက်တာပဲ ဆိုတာ မပေါ်လာသေးဘူးလား (တင်ပါ ဘုရား)။

တို့ဘာလိုနေလို့ပါလိမ့်

ဒါဖြင့် တို့ ဘာလိုနေလို့ ဒီဆရာဘုန်းကြီး ဘာတွေ ဟောပါလိမ့်မလဲ ဆိုတဲ့ဥစ္စာ ပေါ်သွားပြီကွ၊ (ပေါ်လာပါပြီ ဘုရား) လူတို့၏ နေတတ်၊ ထိုင်တတ်၊ ကုသိုလ်သာမည လုပ်တတ်တဲ့ ကုသလ ကမ္မပထ တရား ဆယ်ပါးထက် လွန်မြောက်တဲ့ တရားကို လုပ်ရဦးမယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တရားတွေတုံး

ဘယ်သူတုံးလို့ မေးတဲ့ အခါကျတော့မှ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ၊ သီလမှာက အဓိသီလ ဖြစ်အောင် လုပ်ရ မယ်နော် (တင်ပါ ဘုရား) သမာဓိမှာလည်း အဓိ-လွန်ကဲတဲ့ သမာဓိ ဖြစ်အောင် လုပ်ရမယ် (တင်ပါ ဘုရား) သဘော ကျပလား (သဘောကျပါပြီ ဘုရား) ပညာကလည်း လွန်တဲ့ ပညာဖြစ်ရမယ် ဟိုဆယ်ပါးထက် လွန်တဲ့ ပညာပေါ့ကွာ (တင်ပါ ဘုရား) ပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ဘယ်နှစ်မျိုးရှိလို့ ဒီစိတ္တသူကြွယ် မေးတာတုံး ဆိုတာလည်း ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) ေဩာ် ကုသလ ကမ္မပထတရား ဆယ်ပါးဟာလည်း နှစ်မျိုးရှိတယ် (တင်ပါ ဘုရား) လွန်တဲ့တရားက တစ်မျိုး၊ ဒီတင် ရပ်နေတဲ့တရားက (တစ်မျိုးပါ ဘုရား)။

အဲတော့ အစ်မတို့က စဉ်းစားရမယ်တဲ့ ေဩာ် လုပ်နေတဲ့ ပုဂ္ဂိုလ်က များပါလား (တင်ပါ ဘုရား) လွန်ပြီး သကာလ ကျင့်တဲ့ ပုဂ္ဂိုလ်ကော ဘယ့်နှယ်နေတုံး (နည်းပါတယ် ဘုရား) ရှားတယ် လို့ ဆိုလို့ ရှိရင် ဘာမှ ပြောဖို့မလိုဘူးကွ (မှန်ပါ ဘုရား)။

စိတ္တသူကြွယ်ကတော့မြဲသွားပြီ

ဒါနဲ့ ဒကာကြီးကကော ဒါရပြီးပလား၊ ရပြီးပြီ တပည့် တော်၊ ဒါတွေကုသလ ကမ္မပထတရား ဆယ်ပါးထက် လွတ် မြောက်တဲ့တရား၊ တပည့်တော် ကာယကံသုံးပါးလည်း ဘယ်တော့မှ မပျက် တော့ဘူး၊ ဝစီကံလေးပါးလည်း ဘယ်တော့မှ မပျက်တော့ဘူး၊ မနောကံ သုံးပါးကလည်း တပည့်တော် ဘယ်တော့မှ မပျက်တော့ဘူး၊ မြဲသွားပြီ။

ဘယ်သူ ဘယ်လို လုပ်သလဲ၊ အခု ဒီနေရာမှာ ပါဏာတိ ပါတာ ဝေရမဏိဆိုပြီး ဆိုနေရာ ကျတော့ အင်း သန်းတုပ်ချင် တုပ်နေတာ (တင်ပါ) ဒီလို ဖြစ်တာမျိုး မဟုတ်ဘူးတဲ့ တပည့်တော်တို့က (တင်ပါ ဘုရား) ဒါ လွန်သွားပြီတဲ့ (တင်ပါ ဘုရား) မြဲသွားပြီ ဆိုတာ။

အထက်သာသွားဖို့ရှိတယ်

ဒါဖြင့် ဒကာကြီး တယ်နေရာကျပါလား၊ နေရာကျ ပေမယ့် တပည့်တော် ဘုရားတဲ့၊ ဘုရားက ပရိနိဗ္ဗာန် မစံသေးဘဲ၊ တပည့်တော်က အရင်သေမယ် ဆိုရင်တဲ့၊ အထက်သံသရာသာ တပည့်တော် သွားစရာ ရှိတယ် (တင်ပါ) အောက်သံသရာ သွားဖို့ မရှိဘူးတဲ့ (တင်ပါ ဘုရား)။

ဘာတဲ့တုံး (အထက် သံသရာသာ သွားဖို့ရှိတယ်။ အောက်သံသရာသွားဖို့ မရှိပါ ဘုရား) ဘုရားထက် သူက စောပြီး သေပွဲများ ဝင်မှာတောင်မှ (တင်ပါ ဘုရား)။

မှန်ကလေးဆောင်ထားပါ

ဒီနေ့ တရားတစ်ပုဒ် ကြားထိုးရမှာပေါ့ကွ (တင်ပါ ဘုရား) သံယုတ် ပါဠိတော်မှာလည်း တစ်ခါ လာပြန်တယ်၊

ရှင်အာနန္ဒာက အရှင်ဘုရား ဘယ်သူ သေပြန်ပြီ ဘယ်ရောက်သတုံး၊ ဘယ်သူ သေပြန်ပြီ ဘယ်ရောက်သတုံး ဆိုတော့၊ ထင်ရှားတာကို ဘုရားက ဟေ အောက်သံသရာထဲက လွတ်သွားပြီ။ သောတာပန် တည်သွားပြီပေါ့ကွာ (တင်ပါ ဘုရား) သူကတော့ ပော့ လူ့ပြည် တစ်ကြိမ်တောင် မလာဘူးကွာ၊ အနာဂါမ် တည်ပြီ၊ သူကတော့ (၃၁)ဘုံ ဟေ့ ခြေကန်သွားပြီ၊ ရဟန္တာ ဖြစ်သွားပြီ (တင်ပါ ဘုရား) အဲတော့ ကွာတဲ့ မင်းက သာဝတ္ထိပြည်နဲ့က နီးတယ်၊ ဝေသာလီပြည်ထဲက ဒီလိုချည်းပဲ မင်းက လာမေးနေမယ်၊ မင်းလို တစ်ပါးသော ပုဂ္ဂိုလ်က လာမေးနေမယ် ဆိုလို့ရှိရင်လည်း ငါ အားတော့ မှာမဟုတ်ဘူး (တင်ပါ ဘုရား) ငါအားတော့မှာ မဟုတ်ဘူးတဲ့။

အဲတော့ မင်း မှတ်ထားပါ။ မှတ်ထားတဲ့ ကိုယ့်အဆင်း ဟာ လှတယ်၊ အရုပ်ဆိုးတယ် သူများ မေးတာ ကြာတယ်ကွာ၊ ကိုယ့်မှန်လေး ရှေ့ထောင်ကြည့်တာပေါ့ (တင်ပါ ဘုရား) သဘော ပါပလား (သဘောပါပြီ ဘုရား)။

အလုပ်လုပ်ထားဖို့အရေးကြီးတယ်

ကျုပ် ဘယ့်နှယ်နေသတုံး၊ ဝနေသေးလား၊ သူများ မေးရတာကတော့ မေးရိုးထုံးစံပဲ (တင်ပါ ဘုရား) မမေးဘဲနဲ့ သိတဲ့အလုပ်ကို လုပ်ထားဖို့ အရေးကြီးတယ် အာနန္ဒာက (တင်ပါ ဘုရား)။

အဲတော့ ဒါဖြင့် ကွာတဲ့၊ တရားမှန် ကလေးတစ်ခု ထားလိုက်ပါမယ်၊ ကိုယ့်ဟာကိုယ် သိတဲ့ မှန်ကလေး တစ်ချပ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ရှင်အာနန္ဒာက မေးလွန်းလို့၊ ဘုရားက ဒီလိုသာ မင်းမေးနေမယ်ဆို ငါ့တရား ဟောချိန် မရှိတော့ဘူး၊ ဘယ်သူတော့ အပါယ် သွားပြီ ဆိုတာ ပြောရမှာပေါ့ (မှန်ပါ ဘုရား)။

ဘုရားဂုဏ်တော်

အဲဒါဒီလိုပါတဲ့၊ ဘာတုံး ဆိုတော့ မနေ့က တရား ပြန်ဆက်၊ ဘယ်သူက ဓါးကုပ်ပေါ်ဝဲပြီး ဘုရားဂုဏ်တော် ကိုးပါး မရှိဘူးလို့ ဆိုစေကာမူ၊ သူက ရှိတယ် အသေအချာ ယုံကြည် တယ်၊ ဒါမှန်တစ်မျိုးကွတဲ့ (တင်ပါ ဘုရား) ဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် သောတာပန်တည်ပြီလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ် ချက် ချနိုင်ပါပြီ (တင်ပါ ဘုရား)။

တရားဂုဏ်တော်၊ သံဃာဂုဏ်တော်

တရားဂုဏ်တော် ခြောက်ပါး ရှိတယ်ကွာတဲ့၊ အဲဒါ သူ မတုန်မလှုပ် ယုံကြည်နေတဲ့ သူတစ်ဦး တစ်ယောက် ဖြစ်ခဲ့လို့ ရှိရင် ေဩာ် သူသောတာပန် တည်နေပြီ ဒါ သူ့မှန်ပဲကွ၊ (တင်ပါ ဘုရား)

သံဃာဂုဏ်တော် ကိုးပါးရှိတယ်၊ အရိယာသံဃာ ဂုဏ်တော်၊ အဲဒါကို မတုန်မလှုပ် ယုံကြည်ပြီး ဘယ်သူ ဖျက်လို့မှ မရပါဘူး ဆိုလို့ရှိရင် အဲဒါ မှန်တစ်ချပ်ပဲကွ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလေးချက်ညီရင် သောတာပန်

သီလ ကိုလည်းကွာတဲ့၊ သူပေါက်အောင်၊ ကျိုးအောင်၊ ပြတ်အောင် ဒီလို မလုပ်တော့ပါဘူးတဲ့၊ သီလပျက်အောင် သူ ဘာမှ မလုပ်တော့ပါဘူး၊ အဲဒီ လေးချက် ညီလို့ရှိရင် ဒါ သောတာ ပန် ပါပဲကွာ၊ အဲဒါ သောတာပန် တည်ပြီလို့ ဆုံးဖြတ်ချက်ချပါ (တင်ပါ ဘုရား)။

ကိုယ့်ဟာကိုယ် ငါ ဒီလေးချက်ညီလို့ရှိရင်ဖြင့်တဲ့ ကိုယ့်မှန်နဲ့ ကိုယ်ကြည့်ပြီး သကာလ ငါသောတာပန်ပဲ၊ ငါ သကဒါဂါမ်ပဲ၊ ငါ အနာဂါမ်ပဲလို့ ဆိုတာ သိတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဓမ္မာဒါသ၊ ဓမ္မ-က တရား၊ ဒါသ-က မှန်ပေါ့ကွာ (တင်ပါ ဘုရား) အဲဒါ မင်းသေချာမှတ်ထား၊ နောက် လာမမေးနဲ့ အဲဒီပုဂ္ဂိုလ်တွေလည်း ပြောလိုက် (တင်ပါ ဘုရား)

ဒီလို ဘုရားက မေးမှာ စိုးလွန်းလို့ မေးရင်လဲ အားမှာ မဟုတ်တော့ဘူး (တင်ပါ) အားပါ့မလား (မအားပါဘူး)။

အဲဒီလို စိုးရိမ်သောကြောင့် ဓမ္မာဒါသ ဆိုတာလည်း ဟောထားတယ်၊ ဓမ္မ က တရား၊ အာဒါသက မှန်၊ အာဒါသကို နော် (တင်ပါ ဘုရား) ဒီမှာလည်း ဒကာ ဒကာမတွေမှာ ရင်းရင်း

နှီးနှီး နေကြတော့၊ တပည့်တော် ဘယ်အခြေအနေ ရောက်နေ တယ်၊ အားလည်း ထုတ်တာ အတော် ကြာပေါ့လို့ ဆိုတဲ့ ဥစ္စာ မမေးပါနဲ့တော့၊ ဘုန်းကြီးတို့ကို မေးဖို့ မလိုဘူး၊ ဒီဓမ္မာဒါသနဲ့တင် ပြီးပါပြီ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သူများကို မေးဖို့မလိုဘူး

ကုသလ ကမ္မပထတရား (၁၀) ပါးထက် လွန်မြောက်တဲ့ တရားရလို့ရှိရင် သူများမေးဖို့ မလိုဘူးတဲ့ (တင်ပါ ဘုရား) သဘော ပါပလား (သဘောပါပါပြီ ဘုရား) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

အဲဒါနဲ့ပဲ ဘုရားက အရင်ပရိနိဗ္ဗာန်မစံပဲ၊ သူကအရင် သေရင်တောင် တပည့်တော် အထက် သံသရာထဲ သွားဖို့ ရှိတယ် ဆိုတာ၊ တပည့်တော်ဟာ တပည့်တော် သူ့မှန်ထဲ သူကြည့် ပြောတာ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား) စိတ္တသူကြွယ်က (သူ့မှန်ထဲ သူကြည့် ပြောတာပါ ဘုရား)။

သူ့မှန်ထဲ သူကြည့်ပြောတာ ဆိုတော့ ခုနက ထုတ်ပြော တာနဲ့ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)

ဒါနဲ့ပဲ ဒကာကြီး ဒါဖြင့် အလကားလုပ်နေတာ နှစ်ပေါင်း(၃၀) ကြီးဗျာ။ ကျုပ် ခင်ဗျားတို့ သာသနာထဲ ဝင်ပါရစေ ဆိုပြီး သာသနာ့ဘောင် ဝင်လိုက်တယ်၊ ဒါဖြင့် ပစ္စည်းလေးပါး တပည့်တော် ခံမယ်၊ ရဟန်းလည်း တပည့်တော်က ခံမယ်၊ ဆွမ်းကွမ်းလည်း တပည့်တော်က လှူပါ့မယ် ဆိုပြီး ရဟန်း သပိတ်ကြီး အပ်ပြီးတော့ သူ့ တရား အားထုတ်ခိုင်းတာပဲ (တင်ပါ ဘုရား)။

အစေလကဿပ ရဟန္တာဖြစ်တယ်

အဲဒီတော့မှ ဖြစ်ပျက်တွေ မြင်၊ မုန်း၊ ဆုံးပြီး သူ ရဟန္တာ ဖြစ်သွားတယ် (မှန်ပါ ဘုရား) အဲဒီတော့မှ ကုသလ ကမ္မပထ တရား ဆယ်ပါးထက် လွန်မြောက်တဲ့ တရား ရသွားတယ် (တင်ပါ ဘုရား)။

သောတာပန်တည် ကတည်းက ရတယ်လို့ ဆိုကြပါစို့။ ရှင်းပလား (ရှင်းပါပြီ ဘုရား)

အဲတော့ကို ဒီနေ့ည အထူးမှတ်စရာ က နှစ်လုံးထဲ ပါပါတယ်၊ ေဩာ် ကုသိုလ်ဆိုတာ အထက်တန်း ကုသိုလ်၊ အောက်တန်း ကုသိုလ် နှစ်မျိုး ရှိတာကို ဒါ တစ်ချက် (မှန်ပါ ဘုရား)။

ကိုယ့်ကိုယ်ကိုမှန်နဲ့ကြည့်ပါ

ကိုယ့်ကိုယ်ကို မှန်နဲ့ကြည့်ပြီး မှဲ့ရှိတာ၊ တင်းတိတ် ရှိတာ သိသလို၊ အရသာ ကောင်းတာ သိသလို၊ ကိုယ်လုပ်ထားတဲ့ အလုပ်ဟာလည်း တော်တော် ခရီးပေါက်ပလား၊ မပေါက်ဘူး လား ဆိုတာလည်း ကိုယ့်ဟာကို ဆုံးဖြတ် နိုင်တာကိုလည်း ယနေ့ည သိရပြီ (မှန်လှပါ ဘုရား) မသိရဘူးလား (သိရပါတယ် ဘုရား)။

အဲဒီနှစ်ခုဟာ ပွိုင့် (point) နှစ်ခု၊ လိုရင်းနှစ်ခုလို့ မှတ်ကြပါ (မှန်ပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့

သာဓု သာဓု သာဓု။