160

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၁)

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၂)

တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးသည်။ မန္တလေးမြို့သို့ ကြွလာတော်မူလျှင်၊ ကျောင်းဒကာ ဦးချစ်ဆွေ၊ ကျောင်းအမ ဒေါ်မမတို့၏ နေအိမ်ဂေဟာကို ကျောင်းအမှတ် ပြု၍ သီတင်းသုံးတော်မူပါသည်။ တရားနာပရိသတ် အလွန် များသဖြင့် ကျောင်းပေါ်တွင် အပြည့်၊ ဓမ္မာရုံတွင် အပြည့်၊ အိမ် နီးနားချင်း နေအိမ်ခြံဝင်းများတွင် အသံချဲ့စက်များ တပ်ပေးထား သဖြင့် ပရိသတ် အပြည့်ရှိရာ၊ ကားအသွားအလာများကို ယာဉ် ထိန်းရဲများက ရှင်းပေးခဲ့ရပါသည်။ အခါကြီးနေ့ရက်ကြီးများ၌ တရားနာပရိသတ် (၆ဝဝဝ) ကျော် (၇ဝဝဝ) ပင်ရှိကြောင်းသိရပါသည်။

ဤတရားတော်များသည် ဤသို့သော ပရိသတ်များအား ဟောကြားခဲ့သောတရားတော်များ မဟုတ်ပါ။ ဦးချစ်ဆွေ၊ ဒေါ်မမတို့နှစ်ဦးအား နံနက် (၇)နာရီတွင် သီးခြားဆုံးမလေ့ရှိသော နာရီဝက် တရားတော်များ ဖြစ်ပါသည်။

တပည့်ရင်းများဖြစ်၍ မောင်ချစ်ဆွေ၊ အစ်မ-ဟု အမည် များခေါ်ပြီး ရင်းရင်းနှီးနှီး မညှာမတာ ဆုံးမပါသည်။ ပရိသတ်ထဲ တွင် ဟော၍ မသင့်တော်သော်လည်း၊ တပည့်ရင်းများအား အမြန်ခရီးပေါက်စေ လို၍ စိတ်ရှိတိုင်း ဆုံးမထားသည်ကိုတွေ့ရပါ သည်။

ဤစာအုပ်သည် မန္တလေးမြို့ ရွှေလှံရပ်နေ ဦးချစ်ဆွေ၊ ဒေါ်မမတို့အား (၁၆. ၂. ၆၂) ရက်နှင့် (၁၈. ၂. ၆၂) ရက်နေ့ နံနက်၌ ဟောကြားဆုံးမတော်မူသောတရားတော်နှစ်ပုဒ်ကို ပေါင်းထားခြင်း ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇)ပါး ပြည့်စုံကြပါစေ။

၁၈. ၈. ၂၀၀၁

အမှုဆောင်အဖွဲ့။

——–

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၁)

အသံဖိုင်ခေါင်းစဉ်= အနာဂတ်လောကမလာရန်ပစ္စုပ္ပန်လောကကိုရှုပါ (နံနက်ပိုင်းအလုပ်ပေး)

စာအုပ်ခေါင်းစဉ်= လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၁)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၁)

ဟောကြားသည့်နေ့

(၁၆-၂-၆၂)

လောက၊ လောကဆိုတာသည်တဲ့ ဘာကိုလောကလို့ ခေါ်သတုံး ဆိုတော့ လောက ဖြစ်ကြောင်း အကြောင်းတရားက လုပ်လိုက်လို့ လောကဖြစ်လာတယ်။

လောကဆိုတာ လောကဖြစ်ကြောင်းရှိတယ်၊ ဒါကြောင့် လောက ဖြစ်လာတယ် (တင်ပါ ဘုရား)။

လောကဖြစ်ကြောင်း

လောကဖြစ်ကြောင်း ဘာပါလိမ့်မလဲလို့ မေးတော့ကို ဒွါရခြောက်ပေါက်ကို ဒါ လောက ဖြစ်ကြောင်း လို့ မှတ်ထားရ မယ်။ ဒွါရခြောက်ပေါက်သည် လောကဖြစ်ကြောင်း၊ ဒါကြောင့် သံယုတ် ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောက သမုဒယက တစ်မျိုးရှိတယ်။ လောကဖြစ်ကြောင်း၊ လောက နိရောဓက လောကချုပ်ကြောင်း လည်းရှိတယ်။

လောကဖြစ်ကြောင်းလည်းရှိတယ်၊ လောကချုပ်ကြောင်းလည်းရှိတယ်။

လောကဖြစ်ကြောင်းဆိုတာလည်း တခြားမမှတ်ပါနဲ့၊ ဒွါရခြောက်ပေါက်ပဲ၊ လောကချုပ်ကြောင်း ဆိုတာလည်း ဒွါရခြောက်ပေါက်ကနေ ချုပ်ရမှာပဲ။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လောက ဖြစ်ကြောင်းဆိုတာ တခြားမှတ် မနေပါနဲ့၊ ‘‘စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊’’ ဒါ လောကစဖြစ်တာပဲ(တင်ပါ ဘုရား)။

‘‘တိဏ္ဏံ သင်္ဂတိ ဖဿော’’ ဒါလည်း လောကပေါ်လာတာ ပဲ။ ဖဿပစ္စယာဝေဒနာ ပေါ်လာတော့ လောကပဲ။ ဝေဒနာ ပစ္စယာတဏှာ၊ ဒါလည်း လောကပဲ။ တဏှာပစ္စယာဥပါဒါန ဒါလည်း လာကပဲ။ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ဒါလည်း လောကပဲ။ ကမ္မဘဝ ပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ။ ဒါတွေဟာ တတန်းလုံးလောကလို့ မှတ်လိုက်စမ်းပါ။

ဘာလို့လောကလို့ ဆိုရတုံး

ဘာလို့ လောကလို့ဆိုရလို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ အခု မျက်လုံးပေါက်က လောက ဖြစ်ကြောင်းကို၊ ပဋိစ္စ သမုပ္ပါဒ် ပြလိုက်တယ်။ မျက်လုံးပေါက်က စပေါ်တာက စပြီး လောကမှတ်၊ အဆုံးကျအောင်လည်း လောကချည်းမှတ်။

မြင်စိတ်ပေါ်လာရင် ဪ ဒါလောကပေါ်လာတာ ပဲ။ တွေ့တဲ့ဖဿတွေ ပေါ်လာတာလည်း လောကတွေ ပေါ်လာတာပဲ။ ဖြစ်မှု ပျက်မှု ပေါ်လာတာပဲ။ ဝေဒနာလေး ပေါ်လာ လည်း ဖဿပစ္စယာ ဝေဒနာဆိုတော့၊ ဪ ဘာမှပေါ်တာ မဟုတ်ဘူး။ လောကပေါ်တာလို့ မှတ်လိုက်စမ်းပါ။ လောက ဖြစ်လာတယ်လို့ မှတ်ပါ။

ဝေဒနာပစ္စယာ တဏှာ ဆိုတော့လည်း လောကဖြစ် ကြောင်းပဲ၊ လောကကို သူတည်ထောင် မှာပဲ။ တဏှာ ပစ္စယာ ဥပါဒါနံ လောကဖြစ်ကြောင်း လောကတွေ ပေါ်လာတာပဲ။ လောကဖြစ်ကြောင်း တွေပဲ။

‘‘ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇရာမရဏ၊’’ ဒါတွေဟာ လောကတရားတွေ ပေါ်လာတာပဲ။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဒါတွေ လောကတွေ မှတ် လိုက်။

‘‘ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ’’ ဆိုသောကြောင့် မြင်စိတ် ပေါ် သည်က စပြီး သကာလ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ အဆုံးဟာ လောကချည်းပဲ လို့ မှတ်ပါ။ လောကတရားတွေပဲ၊ လောကဖြစ်ကြောင်းလို့ မှတ်ပါ။

လောကချုပ်ကြောင်း

လောကဖြစ်ကြောင်း ရှိလို့ရှိရင် လောကချုပ်ကြောင်းရှိ ရမယ်။ လောကချုပ်ကြောင်း ဘာပါလိမ့်မတုံး မေးတဲ့အခါ၊ စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ဖြစ်ပေသည်။ ဒါ လောကပေါ် ပစေဦး ကိစ္စမရှိဘူး။

ဘာကြောင့်တုံး အဗျာကတ ဖြစ်နေလို့ ကောင်းကျိုး ဆိုးကျိုး မပေးပါဘူး။ မြင်ယုံမတ္တပါ၊ တိဏ္ဏ သင်္ဂတိ ဖဿော ဖဿ ပေါ်လာတာ၊ သူ့ဟာသူ ပေါ်နေလို့ ပထမလောကတော့ လောကတရားပဲ။ လောကတရားပေမယ့် ကောင်းကျိုးဆိုးကျိုး မပေးသေးပါဘူး။

ဝေဒနာပေါ်လာတယ်၊ ဖဿကြောင့် ဝေဒနာပေါ်လာ တယ်။ ဒါ လောကပေါ်တာပဲ၊ ပေါ်ပေစေ ကိစ္စမရှိပါဘူး။ ဝေဒနာဟာ သတ္တဝါရှိရင် ဝေဒနာရှိတာပဲ။

တဏှာချုပ်ရင် လောကချုပ်ပြီ

ဒါဖြင့် ဝေဒနာနောက်က နေပြီး တဏှာမလိုက်လို့ရှိရင် ဖြင့် လောကနိရောဓာဟာ ဒီက စတာပဲ(တင်ပါ ဘုရား)၊ တဏှာ ချုပ်လို့ရှိရင် လောကချုပ်ပြီသာ အောက်မေ့ပေတော့။

အဲတော့ တဏှာနိရောဓာ ဥပါဒါန နိရောဓော၊ တဏှာ ချုပ်လို့ရှိရင် စွဲလမ်းတဲ့ ဥပါဒါန် ချုပ်ပါတယ်။ ဥပါဒါန နိရောဓာ ကမ္မဘဝနိရောဓော ဆိုသဖြင့် တဏှာချုပ်၊ ဥပါဒါန်ချုပ်လို့ရှိရင် ကံတွေဟာ ဒကာ ဒကာမတွေမှာ နောက်ကပါလာတဲ့ကံတွေ လည်း ချုပ်တယ်။ ယခုဘဝမှာ ပြုလုပ်ထားတဲ့ ကံတွေလည်း ချုပ်တယ်။

အနာဂတ်အကြောင်းက ညီညွတ်လို့ ပေါ်လတ္တံ့ ဖြစ်တဲ့ ကံတွေလည်း၊ တဏှာ ဥပါဒါန်ချုပ်ရင် ကံချုပ်တယ်လို့ မှတ်ထား ရမယ်။ ဒါကြောင့် ကံကို ကြောက်စရာမရှိ လောကချုပ်ကြောင်း ဖြစ်တဲ့ တဏှာ ဥပါဒါန်ကို သာလျှင် ဒကာ ဒကာမတွေ ချုပ်အောင် လုပ်လို့ရှိရင်ဖြင့် ကံမကောင်းလည်း မရှိဘူး၊ ကံကောင်း လည်း မရှိတော့ဘူး။

ကံမကောင်းက အပါယ်ပို့မည့် ကံလည်း မရှိတော့ဘူး။ ကံကောင်းက သုဂတိဖို့မယ့် ဒုက္ခသစ္စာ ရမည့်ကံလည်း ချုပ်သွား တာပဲ။ ဒါကြောင့် ကံကို ကြောက်စရာမရှိ။ တဏှာ၊ ဥပါဒါန်ချုပ် လို့ရှိရင်ဖြင့် ကံတွေဟာ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ခုစလုံးကို မပေး နိုင်ပါဘူး။

ဒကာ ဒကာမတွေက ဖြစ်နေလိုက်တာ ကံကိုပဲ မျှော် နေကြတယ်။ ကံကိုပဲ မျှော်နေကြတယ်။ ဘယ်တော့များ ကံကောင်းပါ့မတုံး၊ ခုဖြင့် ကံဆိုးနေတယ်။ ဒီလိုပဲ မျှော်နေကြ တယ်။

မျှော်နေကြတော့ ကံမချုပ်သ၍ ကာလပတ်လုံး နိဗ္ဗာန် မရောက်ပါဘူးလို့ မှတ်ရမယ် (တင်ပါ ဘုရား)၊ ကံ မချုပ်သ၍ ကာလပတ်လုံး (နိဗ္ဗာန်မရောက်ပါ ဘုရား)၊ နိဗ္ဗာန် မရောက်ဘူး ဆိုတာ သေချာ မှတ်ပါ။

ကံချုပ်အောင် ဘယ်လိုလုပ်ရမှာတုံး

ဒီကံကို ဘယ်လိုချုပ်အောင် လုပ်ရမှာတုံး ဆိုလို့ရှိရင်၊ ကံ ၏ လက်သည်ဖြစ်တဲ့ အကြောင်း မူလဖြစ်တဲ့ တဏှာ ဥပါဒါန် ချုပ်အောင်လုပ်၊ တဏှာဥပါဒါန်ချုပ်လို့ရှိရင် ကံချုပ်တယ်။

ကံချုပ်လို့ရှိရင် လောကနိရောဓော ဟောတိ လောကပြင် ဘက်ရောက်သွားတာပဲ၊ တဏှာ ဥပါဒါန် ချုပ်ရင် ကံချုပ်တယ်။ ကံချုပ်လို့ရှိရင် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ၊ တဏှာနိရောဓော၊ ဥပါဒါန နိရောဓော၊ ကမ္မဘဝ နိရောဓော၊ ဇာတိ ဇရာ မရဏ နိရောဓော အကုန်ချုပ်သွားတာပဲ။ တဏှာ ဥပါဒါန် ချုပ်လို့ရှိရင် (အကုန်ချုပ်ပါတယ် ဘုရား)၊ ကံရော ဇာတိ ဇရာ မရဏတွေရော အကုန်ချုပ် သောကြောင့် ဒါ နိဗ္ဗာန်ပဲ။

ဆိုတော့ ဒကာ ဒကာမတွေ ကံဖြစ်နေတာက ကံ ကောင်းကို ကြိုက်တယ်၊ ကံဆိုးကိုတော့ မကြိုက်ဘူး။ ကံဟာ ဘယ်သူပြုပြင်ထားတယ် ဆိုတာမသိတော့၊ ကံကောင်းကိုလည်း သူကြိုက်တယ်။ ကံဆိုးကို သူမကြိုက်ဘူး။ နှစ်ခုစလုံး မကြိုက်ရ ဘူးလို့ ဆရာဘုန်းကြီးက ဆုံးမတယ် (တင်ပါ ဘုရား)။

ကံနှစ်ခုစလုံး မကြိုက်ပါနှင့်

နှစ်ခုစလုံး မကြိုက်ရဘူးလို့ ဆရာဘုန်းကြီးက ဆုံးမပါ တယ်။ ဘာကြောင့်တုံး၊ ဘယ်ကံဖြစ်ဖြစ် ကမ္မဘဝ ပစ္စယာဇာတိ ချည့်လာတာပဲ။ ကုသိုလ်ကံကလည်း ဇာတိပဲ လာတာပဲ။ အကုသိုလ်ကံ ကလည်း ဇာတိပဲလာတာပဲ။ ဒီကံနှစ်ခုသည်ကားလို့ဆို ရင် အပါယ်ဇာတိနဲ့ သုဂတိဇာတိမှာပဲ ထူးခြားတယ်။

ထိုကဲ့သို့ ထူးခြားငြားသော်လည်း ဇာတိဟာ ဒုက္ခသစ္စာချည်း နှစ်ခုစလုံး ဖြစ်နေတော့၊ ကံကောင်း ကိုလည်း အလိုမရှိပါနဲ့၊ ကံဆိုးကိုလည်း အလိုမရှိပါနဲ့၊ ကံချုပ်မှုသာ အလိုရှိပါ တိုက်တွန်း လိုက်တယ်။

ကံကောင်းအလိုရှိရင် ဇာတိ၊ သုဂတိ ဇာတိရမယ်။ ဒုက္ခ သစ္စာပဲ၊ ကံမကောင်းတာကို လုပ်ပြီး သကာလ အလိုမရှိဘဲနဲ့ လုပ် နေကြလို့ရှိရင်လည်းတဲ့ အပါယ်ဇာတိရမှာပဲ၊ ဇာတိဟူသ၍က အမေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ကံကောင်းက လည်း ဒုက္ခသစ္စာပေးတာပဲ၊ ကျင်ကြီးပါပဲ။

နတ်ကျင်ကြီးနဲ့ လူကျင်ကြီး ဘယ်ဟာ ကြိုက်သတုံးမေး ရင် (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)၊ အဲဒါ ဒီအတိုင်းမှတ်ပြီး သကာလ ဪ သုဂတိ ဇာတိ ကျင်ကြီးလား၊ ဒုဂ္ဂတိလည်း ဇာတိကျင်ကြီးလာ သောကြောင့် ဘယ်ကျင်ကြီးမှ မွှေးလာမှာ လည်း မဟုတ်ပါဘူး။

စွန့်ပစ်စရာနဲ့ မလိုချင်စရာသာဖြစ်ရမယ်ဆိုတာ ကိစ္စ ဉာဏ်နဲ့ ကြည့်လိုက်၊ အဲတော့ လောကကြီးက ချုပ်သွားတယ်။ တဏှာ ဥပါဒါန်ချုပ်ရင် လောကချုပ်တယ်။

တဏှာ ဥပါဒါန်ချစ်နေလို့ရှိရင် လောကဖြစ်တယ်။ ဒါဖြင့် လောကချုပ်ကြောင်းကိုလည်း ယနေ့ ဟောတယ်၊ လောက ဖြစ်ကြောင်းကိုလည်း ယနေ့ဟောတယ်။

လောကချုပ်ကြောင်းလုပ်ရင် နိဗ္ဗာန်

လောကချုပ်ကြောင်းကို အလုပ် လုပ်ကြရင် နိဗ္ဗာန်ရတာ ပဲ။ လောကုတ္တရာဘက် ကူးသွားတာပဲ။ လောကဖြစ်ကြောင်းကို လုပ်နေကြမယ်ဆိုလို့ရှိရင်ဖြင့် လုဇ္ဇန ပလုဇ္ဇန မနေ့က ဟောခဲ့တဲ့ အတိုင်း ဖြစ်မှုပျက်မှုတွေပဲ ပြန်ရနေမှာပဲ။

ဖြစ်မှုပျက်မှုဆိုတာ ဒုက္ခသစ္စာ၊ ဒါပဲ ပြန်ရနေမယ် ဆိုလို့ ရှိရင်ဖြင့် ယနေ့ဟောတဲ့ တရားမှာ ကံကောင်း ကိုလည်း အလိုမရှိ ပါနဲ့၊ ကံမကောင်းတာကိုလည်း အလိုမရှိပါနဲ့။ ဘာကြောင့်တုံး ကျင်ကြီး ကျေးဇူးပြု သောကြောင့်၊ ဇာတိဆိုတဲ့ ကျင်ကြီးကို ကျေးဇူး ပြုသောကြောင့်၊ ကံကောင်းအလိုရှိတဲ့ ပုဂ္ဂိုလ်လည်း အလွဲပဲလို့၊ ဘဝသင်္ချေက မှတ်ထားတဲ့ ကံကောင်းကြိုက်တာ တွေလည်း အလွဲပဲ။

ကံမကောင်းတော့ ဘဝသင်္ချေကစပြီး မကြိုက်တာ၊ အဲဒီ မကြိုက်တာလည်း အားထုတ် နေပြန်လို့ရှိရင် ကြိုက်သလိုပဲ ကျတယ်။ ကျုပ်တို့က ခင်တတ်တယ်၊ မင်တတ်တယ်၊ သွားတောင် မမေ့တတ်ဘူး၊ စွဲလန်းတဲ့ ဥပါဒါန်တွေနဲ့ ဒါတွေလည်း သမုဒယတွေပဲ။

တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ လာမှာပဲ၊ အဲဒါကြောင့် လောက ဖြစ်ကြောင်း လည်း မျက်လုံးက စတာပဲ၊ လောကချုပ်ကြောင်းကိုလည်း မျက်လုံးကစတာပဲ။ သို့သော် လောကမျက်လုံး တင်ဖြစ်နေလို့ ကိစ္စမရှိသေးတော့ တဏှာ ဥပါဒါန်ချုပ်လို့ရှိရင် လောကချုပ်တယ်။

မျက်လုံးကစပြီး၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သွားလို့ရှိရင် လောကဖြစ်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာလုပ်ရင် လောကချုပ်ကြောင်း

ဒါဖြင့် ယနေ့လောက ဖြစ်ကြောင်း၊ လောကချုပ်ကြောင်း နှစ်ခုကို ရှင်းရှင်းလင်းလင်း မှတ်ရမယ်။ ဒါကြောင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ၊ လောကချုပ်ကြောင်း လုပ်နေတာ၊ ရောင်းဝယ် ဖောက်ကား သားနဲ့သမီးနဲ့ ပျော်ပျော်ပါးပါး ဆိုးတစ်လှည့် ကောင်း တစ်လှည့် နေတာမျိုးဟာဖြင့်၊ လောကဖြစ်ကြောင်း လုပ်နေတာ လို့ မှတ်လိုက်စမ်းပါ။

လောကဖြစ်ကြောင်းသည် မိမိပဲလုပ်တယ်၊ အဲတော့ ဆန်လမ်းနဲ့ စုန်လမ်း ဖြစ်နေတယ်။ ဆန်လမ်းက အားထုတ်ယူရ တယ်။ စုန်လမ်းက အားမထုတ်ဘဲနဲ့ မျောသွားတယ်။

ဆုတောင်းနေရင် လောကဖြစ်ကြောင်း

ဒါကြောင့် လောကချုပ်ကြောင်းဆိုတာသည် ဝိပဿနာ အလုပ်လုပ်မှ လောကချုပ်ကြောင်း ဖြစ်ပါတယ်။ ဝိပဿနာ အလုပ် မလုပ်ဘဲနဲ့ ဒါန သီလလုပ်ပြီး ဆုတောင်းနေရင် လောက ဖြစ်ကြောင်း ချည်းမှတ်။

ဒါက လောကနှစ်ခု ယနေ့သည်ဖြစ်ကြောင်းလည်း သိ သွားပြီ။ ချုပ်ကြောင်းလည်း သိသွားပြီ။ ချုပ်တာသည် ဘာပါလိမ့် မတုံးဆိုတော့ တဏှာ ဥပါဒါန်ချုပ်သောကြောင့် ကံ၊ ဇာတိ၊ ဇရာ မရဏ မလာတာ လောကချုပ်တာပဲ။

တဏှာ ဥပါဒါန် လာနေမယ်ဆိုလို့ရှိရင် မျက်လုံးပေါက် ကစပြီး တဏှာ ဥပါဒါန် လာနေမယ်ဆို လောကဖြစ်သွားတာပဲ။

ပစ္စုပ္ပန်လောကက အနာဂတ်လောကသွားဖြစ်တယ်။ ပစ္စုပ္ပန်လောကချုပ်လို့ ယခုဘဝ တဏှာဥပါဒါန် ချုပ်ရင် အနာဂတ်လောက မလာတော့ပါဘူး၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပစ္စုပ္ပန်လောကကို အားထုတ်နေကြမယ်၊ တဏှာ၊ ဥပါ ဒါန်ကံကို အားထုတ်နေကြမယ်ဆို အနာဂတ်လောကဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏ လာမယ်။ ပဋိစ္စ သမုပ္ပါဒ်နည်းနဲ့ ဟောရင် (၃)ကနေ (၄) ကူးတယ်လို့ မှတ်လိုက်စမ်းပါ (တင်ပါ ဘုရား)။

လောကချုပ်ကြောင်း အလုပ်လုပ်နေမယ်ဆိုရင် (၃)ကို မကူးတဲ့အတွက် (၄) မဖြစ်ဘူးလို့ မှတ်လိုက်စမ်းပါ (တင်ပါ ဘုရား)။ (၃) မကူးတဲ့အတွက် (၄)ကို (မဖြစ်ပါဘူး ဘုရား)။

(၄)ကို မဖြစ်တော့ ဒါ အနာဂတ်လောကကြီး ချုပ်သွား တာပဲ။ ဒါဖြင့် လောကကြီးထဲနေရတာ ကျုပ်ဖြင့် စိတ်ပျက်ပါပေါ့ ပြောသာပြောတယ် လောကလုပ်နေတာ (မှန်ပါ)။

အနာဂတ်လောက တည်ထောင်နေတာ

လောကကြီးထဲနေရတာ ကျုပ်ဖြင့် စိတ်ပျက်တယ်။ သား သည်ခင်ပွန်းက အချိုးမကျ၊ စီးပွားရေး ကလည်း မလည်မဝယ်နဲ့ ဆိုရင်၊ ဒါလောက သူစိတ်သာပျက်တယ်ပြောနေတာ၊ စိတ်ပျက် တဲ့လောကကြီး၊ အနာဂတ်လောကကြီး တည်ထောင်နေတာလို့ မှတ်လိုက်စမ်းပါ။

လောကကြီး စိတ်ပျက်ပါတယ်ဆိုတဲ့လူဟာ အနာဂတ် လောက တည်ထောင်တယ်လို့ မှတ်လိုက်ပါ (တင်ပါ ဘုရား)။

လောကကြီး စိတ်ပျက်တဲ့ပုဂ္ဂိုလ်၊ လောကကြီး ကြောက်တဲ့ ပုဂ္ဂိုလ်က ဒီလိုမဟုတ်ပါဘူး။ ပစ္စုပ္ပန်လောကကို ပစ္စုပ္ပန်ကျမှ ပေါ်လာတဲ့ တဏှာဥပါဒါန်တွေ ဝိပဿနာရှု နေတဲ့အတွက်၊ မလာအောင် ဝိပဿနာရှု နေတဲ့အတွက်၊ လောကစိတ်ပျက်တဲ့ ပုဂ္ဂိုလ်ဟာ သူမှအစစ် (တင်ပါ ဘုရား)။

လောကကြီးထဲ အချိုးမကျလို့ စိတ်ပျက်တာဟူသ၍က တော့၊ လောကကြီးထဲက ထွက်ချင်လို့လား၊ လောကသစ် ပြန်လုပ် တာလား (လောကသစ် ပြန်လုပ်တာပါ ဘုရား)။

လောကကြီး စိတ်ပျက်တဲ့ပုဂ္ဂိုလ်

အဲ့ဒါကြောင့် အစ်မတို့က အလိုမကျတဲ့အချိန်ကျရင် လောကကြီးထဲ ကျုပ်နေလည်း မနေချင်ပါဘူး။ စိတ်ကို ပျက်နေ တာပါ။ အဲဒါ ပျက်တာ လောကလုပ်နေတာ၊ ပျက်တယ် ဆိုတော့ ကို ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ ဆိုတဲ့ လောကကြီး ပြန်လုပ်တယ်။

ဒါကြောင့် လောကစိတ်ပျက်တဲ့ပုဂ္ဂိုလ်ဟာ လောကလုပ် နေတာ (တင်ပါ ဘုရား)၊ လောက စိတ်ပျက်တဲ့ ပုဂ္ဂိုလ်ဟာ (လောကလုပ်နေပါတယ် ဘုရား)။

ကောင်းပြီတဲ့၊ ဒါ လောကစိတ်ပျက်တာလားတဲ့။ လောကတစ်မျိုး တည်ထောင်တာလား (လောကတစ်မျိုး တည် ထောင်တာပါ ဘုရား)။ အဲဒါ မသိကြဘူး။ ကျုပ်ဖြင့် လူလောက နတ်လောက စိတ်ပျက်ပါပြီ။ အဲ စိတ်ပျက်တာသည်ကားလို့ ဆိုရင်ဖြင့် သူ့အပြောက တစ်မျိုး၊ အလုပ်က လောက လုပ်တာလို့ မှတ်လိုက်ပါ (တင်ပါ ဘုရား)။

လောကကြီး ငြီးငွေ့ရင် အလုပ်လုပ်တယ်

လောကကြီးကို စိတ်ပျက်တယ်လို့ မသုံးပါနဲ့။ လောက ကြီး ငြီးငွေ့ပါပြီလို့ ဆိုလို့ရှိရင်ဖြင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဒါတွေဟာ လောကတွေ၊ ဒါတွေ ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ်ဟာ အလုပ် လုပ်တယ် (တင်ပါ ဘုရား)။

လောကကြီး စိတ်ပျက်တဲ့ပုဂ္ဂိုလ်ဟာ အနာဂတ်လောက ရှာတယ် (တင်ပါ ဘုရား)၊ ဒါကြောင့်မို့ ဒီနေ့ ထူးထူးခြားခြား မှတ် ပါ (တင်ပါ ဘုရား)။

လောကကြီး စိတ်ပျက်ပါပြီလို့ပြောနေတဲ့ပုဂ္ဂိုလ်များ ဘာ ပါလိမ့်မတုံး (အနာဂတ်လောက ရှာတာပါ ဘုရား)၊ အနာဂတ် လောကအသစ် တည်ထောင်တာ။

လောကကြီး ငြီးငွေ့တဲ့ပုဂ္ဂိုလ်

လောကကြီးဖြင့် ငြီးငွေ့ပါပြီဆိုတဲ့ ပုဂ္ဂိုလ်ကတော့ လောကကြီးကို အနာဂတ်လောက ဖြတ်နေတာ၊ ဒါ ကွာတယ် (တင်ပါ)၊ ငြီးငွေ့တဲ့ပုဂ္ဂိုလ်နဲ့ စိတ်ပျက်တဲ့ပုဂ္ဂိုလ်ဟာ ဒီလို ခြားနား တယ်ဆိုတာ မှတ်လိုက်စမ်းပါ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

အဲတော့ လောက ကတော့ဖြင့် ဒီ ဒကာ ဒကာမတွေ ထွက်မိအောင်ထွက်မှ တော်မှာပဲ၊ ထွက်မိအောင် ထွက်မှ တော် မှာပဲလို့ ဆရာသမားက ဆုံးမတယ်၊ လောက ကတော့ ထွက်မိအောင် ထွက်ကြစမ်းပါ။

မထွက်မိရင် ဘာဖြစ်မှာတုံး၊ မထွက်မိရင် အနာဂတ် လောကလာမှာပဲ။ အနာဂတ်လောက လာလို့ ရှိရင်ဖြင့်၊ ဖြစ်မှု ပျက်မှု ဒုက္ခသစ္စာကြီးပဲ ပြန်ပြီးပွေ့ပိုက်ရဦးမှာပဲ။

ဒါကြောင့် ‘‘လောကတော ဥတ္တရတိ လောကုတ္တရာ၊’’ လောကတော- လောကမှ၊ ဥတ္တရတိ- ထွက်မြောက်တတ်၏။ လွန်မြောက်တတ် ၏၊ ဣတိတသ္မာ- ထို့ကြောင့်၊ လောကုတ္တရာ- လောကုတ္တရာ မည်၏ ဆိုသဖြင့် သူက ရင့်ကျက်လာတော့မှမဂ်၊ ဒါ လောကကြီး က ထွက်မြောက်တဲ့တရားလို့ မှတ်လိုက်စမ်းပါ။

လောကကြီးက ထွက်မြောက်တဲ့တရားဆိုတာ ဝိပဿ နာဉာဏ်၊ ဝိပဿနာမဂ်ဉာဏ်နဲ့ လောကုတ္တရာ မဂ်ဉာဏ်ကို ဆို တယ်၊ ဒါ လောကကြီးက ထွက်မြောက်တဲ့တရား။

အလုပ်မပါဘဲနဲ့ ပြောရင် အပိုပြောတာ

ဒါဖြင့် လောကကြီးက ထွက်မြောက်တဲ့တရားကို အားမထုတ်တဲ့ပုဂ္ဂိုလ်များ၊ လောကကြီး စိတ်ပျက်ပါပြီ ဆိုတာ အပိုပြောတာ၊ အလုပ်မပါဘဲနဲ့ သူပြောရိုးပြောစဉ်ကို ပြောနေ တာလို့ အစ်မတို့က မှတ်ရမယ် (တင်ပါ ဘုရား)။

လောကကြီးဖြင့် ကျုပ်ဖြင့် စိတ်ပျက်ပါပြီ အလကား ပြောတာ၊ လောကသစ် တည်ထောင် နေတာ၊ သူ့အပြောက သူ့ ဖြစ်စဉ်က လောကသစ်တည်ထောင်နေတာ၊ လောကသစ် တည်ထောင်ရင် ဒုက္ခသစ္စာ ရမယ်။

လက်ရှိလောကကြီး ငြီးငွေ့လို့ရှိရင် လောကဆုံးသွားပါ လိမ့်မယ်၊ အဲတော့ လောကဆိုတာ တခြားကို မယူပါနဲ့၊ မြင်စိတ် ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ဖဿ၊ ဝေဒနာတို့ကိုဆိုလိုက်စမ်းပါ။ ဒါတွေဟာ လောကတွေပဲ။

ဒီလောကတွေကို ဒုက္ခသစ္စာမြင်အောင် ကြည့်နိုင်လို့ ရှိရင် လောက မဂ်ပေါ်လာတာ၊ မဂ်ပေါ်လာလို့ ရှိရင်ဖြင့် လောကကြီးက ထွက်ကြောင်းဖြစ်တဲ့ မဂ္ဂသစ္စာဟာ ကိုယ်ပိုင် ရတာပဲဆိုတာ သေသေချာချာ မှတ်ပါ။

လောကကြီးက မထွက်ချင်ရင်

ကိုင်း- ဒါဖြင့် လောကကြီးက မထွက်ချင်တဲ့ပုဂ္ဂိုလ်၊ အပြစ်ရှိတယ်။ ဘယ်လိုအပြစ်ရှိတုံး ဆိုတော့ လောကထဲနေလို့ ရှိရင်ဖြင့် ကိုယ်လုပ်ထားတဲ့ အနာဂတ် ကံတွေကလည်း၊ လောကထဲမှာ နေလို့ရှိရင် သူ့သတ္တိနဲ့သူ လိုက်ပြီး နှိပ်စက်နေတာ ပဲ။

အတိတ်တုန်းကလုပ်ထားတဲ့ ကုသိုလ်ကံတွေကလည်း လိုက်နှိပ်စက်တာပဲ။ အကုသိုလ်ကံ တွေကလည်း နှိပ်စက် နေတာပဲ။ ဘယ့်နှယ်ကြောင့် လိုက်နှိပ်စက်နေပါလိမ့်မတုံးလို့၊ ဆရာဘုန်းကြီးကို အစ်မတို့က မေးလို့ရှိရင်၊ ခင်ဗျားတို့ကလည်း ပြေးပေါက် မရှိတဲ့ပုဂ္ဂိုလ်မို့ မိတာ၊ လောကကြီးထဲ လှည့်ပြေးနေတော့ မိတာပဲ။ လောကတရားကပဲ ပြန်လိုက်တယ် (တင်ပါ ဘုရား)။

ဘာကြောင့် လောကတရားက ပြန်လိုက်တုံး၊ ကိုယ်က လည်း လောကထဲပဲ လှည့်ပြေး နေတော့ ကိုယ်လုပ်ထားတဲ့ လောကတွေက လိုက်နှိပ်စက်နေတာပဲ (တင်ပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ လွတ်အောင် မပြေးတတ်လို့ ရှင်းဖလား (ရှင်းပါပြီ ဘုရား)။

ကံဟောင်းတွေလိုက်နေတယ်

အဲတော့ ဘာဟောပါလိမ့်မတုံး မေးတဲ့အခါကျ တော့၊ နောက်က အပရာပရိယ ဝေဒနိယ ကံတွေ ကံဟောင်း တွေ လိုက်နေတယ် (တင်ပါ ဘုရား)၊ ကံဟောင်းတွေ ဝိုင်းနှိပ် စက်နေတော့ အကုသိုလ် ကံဟောင်းကလည်း သတ်ဟယ်၊ ဖြတ် ဟယ် ဥပစ္ဆေဒကကံနဲ့ သေခြင်းဆိုး အသေခိုင်းတယ်။

ကုသိုလ်ကံကလည်း ဇာတိ ဇရာ မရဏတွေ နောက် ထပ်ပေးတယ်၊ ပေးနေပြန်တော့ ကိုယ်ကလည်း လောကကြီး ထဲပဲ လျှောက်ပြေးနေတော့၊ လောက နောက်က လိုက်နေတဲ့ အပရာပရိယ ဝေဒနိယကံတွေကို ဘယ်နည်းနဲ့မှ လွတ်အောင် မပြေးနိုင်ဘူး။ လောကထဲ နေတုန်းတော့ဖြင့် သူ့နယ်ချည်းပဲ။ ဒီကံတွေက အကုန်လိုက်နေတာပဲ။

ကောင်းတဲ့ကံကလည်း ဇာတိ ဇရာ မရဏ၊ သုဂတိ ဇာတိ ဇရာ မရဏ လိုက်အကျိုးပေး လိုက်တယ်။ မကောင်းတဲ့ ကံကလည်း သေခြင်းဆိုးသေလို့ အပါယ်လေးပါး ပို့ချလိုက်၊ ဒါဖြင့် သူချယ်လှယ်နိုင်တဲ့ အထဲမှာ ကိုယ်က ပြေးနေလို့၊ လောကပြင်ဘက် မထွက်တတ်တဲ့ ပုဂ္ဂိုလ်များမှာ တော့ဖြင့်၊ ကျုပ် အကောင်းချည့်တွေ့ချင်ပါတယ် ဆိုလို့လည်း မရဘူး။ ကျုပ်အဆိုးချည်း တွေ့ချင်ပါတယ် ဆိုလို့လည်း မရဘူး။ တွေ့ နေရမှာပဲ။ နောက်ဆုံးပိတ် သစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါ အဆိုးချည်းတွေ့နေရမယ်လို့ ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား)။

သစ္စဉာဏ်နဲ့ကြည့်လိုက်တော့ (အဆိုးတွေ့တာပါ ဘုရား)၊ ပဋိသန္ဓေစုတိပဲ ပေးနေမှာကို (တင်ပါ ဘုရား)၊ အဲတော့ ပဋိသန္ဓေစုတိပဲ ပေးနေတော့ ပဋိသန္ဓေကလည်း ဒုက္ခသစ္စာ၊ စုတိကလည်း ဒုက္ခသစ္စာ၊ ဘယ့်နှယ်ကြောင့်တုံး ဘယ်လို လောကထဲ ပြေးနေတဲ့ပုဂ္ဂိုလ်တုံး၊ ကျုပ်ကလည်း လောက တရား ဖြစ်နေတော့ လိုက်ရမှာပဲ၊ နှိပ်စက်ရမှာပဲ။

လောကထဲမှာ ယနေ့သူဌေး၊ နက်ဖြန်ခွေး

ဘာကြောင့်တုံး၊ လောကပြင်ဘက်ရောက်ကြောင်း အလုပ်မလုပ်တတ်လို့၊ ဒါကြောင့် ယနေ့ သူဌေး နက်ဖြန် ခွေးဖြစ်နိုင်ပါတယ်။ လောကကြီးထဲသာ လှည့်ပြေးနေလို့ရှိရင်ဖြင့် ယနေ့ သူဌေး နက်ဖြန်ခွေးပဲ။ ယနေ့ ချောချောလှလှ၊ နက်ဖြန် ဒါးခုတ်ရာကြီးနဲ့လားဖြစ်မှာပဲ။ ဒါ လောကထဲ လျှောက်ပြေး တာကို (တင်ပါ ဘုရား)။ ကံတွေက နောက်ကလိုက်နေတယ် (တင်ပါ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ၊ လောကပြင်ဘက်ကို လည်း ရှိမှန်းမသိတော့၊ လောကထဲမှာ လျှောက်ပြေးနေတော့၊ ကိုယ်လုပ်ထားတဲ့လောကတွေက မကောင်းတဲ့ကံ လောက တွေ၊ တဏှာ၊ ဥပါဒါန်တွေက ပြေးလို့မလွတ်ဘူးကွ ဆိုပြီး သကာလ၊ ယနေ့သူဌေး နက်ဖြန်ခွေးဖြစ်အောင် လုပ်နိုင်ပါ တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ အင်း ဒါ မပြေး တတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ ဘုရား)၊ ပြေးပြန်တော့ ဘယ်ပြေးတုံး လောကထဲ လှည့်ပြေးတယ်။

လောကထဲ လှည့်ပြေးတော့ ဒီကံတွေက ကျုပ်တို့ လည်း လောကပဲ။ ခင်ဗျားကလည်း လောကထဲလျှောက်ပြေး နေတယ်။ ကျုပ်တို့ကလည်း လောကတရားတွေပဲဆိုပြီး၊ သူတို့ ကလည်း မရှာတတ် မဖွေတတ် မဟုတ်တော့ဘူး (တင်ပါ ဘုရား)၊ တွေ့အောင်ပဲ လိုက်နိုင်တယ် (တင်ပါ ဘုရား)။

ဘာကြောင့်တုံး ကိုယ်က မပုန်းတတ်လို့၊ သူ လောက အပြင်ဘက်ကို သွားလို့ရှိရင် ဒီလောကဖြစ်တဲ့ ကံတွေက လောကဖြစ်တဲ့ တဏှာ ဥပါဒါန်တွေက လိုက်နိုင်သေးရဲ့ လား (မလိုက်နိုင်ပါဘူး)။

လောကဖြစ်ကြောင်း ချုပ်အောင်လုပ်ပါ

လောကဖြစ်ကြောင်းတွေ ချုပ်သွားတော့၊ ကံကလည်း ချုပ်သွားတော့၊ ကိုယ်ကလည်း လောကပြင်ဘက် ပြေးတတ်တဲ့ ပုဂ္ဂိုလ်မို့၊ သူတို့ဟာ လောကထဲသာ လိုက်ရှာတတ်ပါတယ်။ လောကပြင်ဘက် ကိုတော့ ရှာလို့မတွေ့ပါဘူး။ သူတို့လည်း မလိုက် နိုင်ဘူး။

အဲဒါ ဒကာ ဒကာမတွေက မသိတော့၊ ဒီဘုံ မကောင်း ဟိုဘုံပြောင်းတယ် ဆိုတော့၊ လောကထဲ လှည့်ပြေးတာပဲ။ ဒါဖြင့် ပြေးနည်း နိဿရည်းဟာဖြင့် ယနေ့ ရှင်းဖို့ ကောင်းပါပြီ (တင်ပါ ရှင်းပါပြီ ဘုရား)။

ပြေးတတ်မှလည်း လွတ်တယ်ဆိုတဲ့ဥစ္စာ၊ လွတ်ဆိုပေ မယ်လို့ လောကထဲ လျှောက်ပြေးနေလို့ မလွတ်ဘူး၊ လောက ပြင်ဘက် ထွက်ပြေးမှ လွတ်တယ် (တင်ပါ ဘုရား) သဘောပါ ပလား (သဘောပါ ပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ တရားဟာ ဘာတရားပါလိမ့်မတုံး ဆိုတော့ မပြေးတတ်တဲ့ ပုဂ္ဂိုလ်မှာ ကိုယ်လုပ်ထားတဲ့ လောကက ကိုယ့်လောကကို လိုက်နှိပ်စက်တယ် တဏှာ ဥပါဒါန်ကံတွေ ကိုယ်လုပ်ထားခဲ့တာကို ဘဝများစွာက (တင်ပါ)။

ဒါဖြင့် ကိုယ့်နောက်လိုက်ပြီး သကာလ-

ကမ္မုနာဝတ္တတေ လောကော၊

ကမ္မုနာ ဝတ္တတေ ပစ္ဆာ။

ကမ္မနိဝရဏံ သတ္တာ၊

ယထကနိ ယာယတော။

လို့ စတုက္ကနိပါတ် ပါဠိတော်မှာ ဘုရားသခင် ကိုယ် တော်မြတ်ကြီးက မင်းတို့ သွားချင်တဲ့ဆီ သွားကွ၊ မော်တော် ကားသွားတော့ မော်တော်ကား မီးတွေ ပါသလိုပဲ၊ ရှေ့က မီးခွက် ဟာ မော်တော်ကား အပြေးမောင်းလည်း သူအပြေးပါတာပဲ နှေးနှေးမောင်းလည်း နှေးနှေးမီးခွက်ဟာ ပါတာပဲ (တင်ပါ ဘုရား)။

ဒီမှာလည်း လောကကြီးထဲ ခပ်ဖြေးဖြေး သွားလည်း ခပ်ဖြေးဖြေးကံတွေက နောက်က လိုက် နှိပ်စက်တာပဲ၊ အခုမွေး အခုသေလည်း သူလုပ်တာပဲ အခုမွေးပြီး တော်တော်ကြာမှ အသေခိုင်းတာလဲ သူပဲ (တင်ပါ ဘုရား)။

အဲဒီတော့ မပြေးတတ်ရင်တော့ဖြင့် မော်တော်ကားများ မီးခွက်ပါသလို လိုက်နေတာပဲ၊ ကိုယ်က လောကထဲပဲ လှည့်ပြေး တတ်တော့၊ ကိုယ်လုပ်ထားတဲ့ လောကကံတွေက လိုက်လာ တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကက ကိုယ့်နှိပ်စက်တယ်

ဒါဖြင့် ကိုယ့်လောကနဲ့ ကိုယ်ဒုက္ခရောက်ရတယ်။ လောကများ၊ ကိုယ်လုပ်တဲ့ လောကက ကိုယ့်လိုက်နှိပ်စက်တယ် (တင်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ကိုယ်လုပ်ထားတဲ့ လောကက (ကိုယ့်လာနှိပ်စက်ပါတယ် ဘုရား)။

ကိုယ့်လာနှိပ်စက်တော့ ကိုယ်ကလည်း မပြေးတတ် တော့ ဘယ်ထဲလှည့်ပြေးနေပါလိမ့် (လောကထဲပဲ လှည့်ပြေး ပါတယ် ဘုရား) အို-လောကထဲ လှည့်ပြေးလို့ရှိရင် ပြေးချင် ရာပြေး မလွတ်ပါဘူး၊ (တင်ပါ ဘုရား)၊ ကိုယ်လုပ်ထားတဲ့ လောကကံတွေကလေ၊ လောကတဏှာ ဥပါဒါန်တွေက မလိုက် နိုင်တဲ့နေရာ ပြေးမှ မလိုက်မှာပေါ့။

လိုက်နိုင်တဲ့နေရာ လျှောက်ပြေးရင်တော့ မိရမှာပဲ။ ဖြည်းဖြည်း မိတာရယ်၊ အမြန်မိတာရယ် ဒီအနှိပ်စက်တွေတော့ ခံရမှာပဲ၊ ဖြည်းဖြည်းမိလည်း နှိပ်စက်မှာပဲ၊ မြန်မြန်မိလည်း နှိပ်စက်နေမှာပဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လောကထဲမှာ၊ အိုရနာရမှာပဲ၊

ဒါဖြင့် ယနေ့သည် လောကထဲနေတဲ့ ပုဂ္ဂိုလ်ဟာ၊ လောကကံတွေက နောက်က ကိုယ်က မသိမလိမ္မာတုန်း လုပ် ထားတဲ့ တဏှာဥပါဒါန် ကံတွေက လူသွားရာ အရိပ်ပါသလို၊ လှည်းသွားရာ ဘီးပါသလို၊ နွားသွားရာ ဘီးပါသလို နေပြန်တော့၊ ဒီဒကာ ဒကာမတွေမှာ အိုရမှာ ကြောက်ငြား သော်လည်း၊ လောကထဲမှာ ပြေးနေတဲ့အတွက် အိုရမှာပဲ။

နာရမှာကြောက်ငြား သော်လည်း လောကထဲသာ လျှောက်ပြေးနေရင်တော့ (နာရမှာပါ ဘုရား)၊ သေရမှာ ကြောက်ငြား သော်လည်း လောကထဲသာ လှည့်ပြေးနေရင် (သေရမှာပါ ဘုရား)။

ဘာဖြစ်လို့တုံး၊ ကိုယ်ကလုပ်ထားတဲ့ အကြောင်း လောကကရှိနေတော့၊ အဲဒီ အကျိုး လောကခန္ဓာကြီး ဟာဖြင့် အကြောင်းလောက စီမံသလို ခံနေရမှာပဲ၊ သဘောပါပလား (သဘော ပါပါတယ် ဘုရား)။

အကြောင်းလောကစီမံသလို အကျိုးလောက ခန္ဓာကြီး ဟာဖြင့် ပြေးလွတ်ပါ့မလား (မလွတ်ပါဘူး ဘုရား)။

လောကပြင်ဘက်ကိုပြေးကြ

ဒါဖြင့် ကြောက်ပါတယ်ဆိုပေမယ့်လည်း အပြေးမတတ် လို့ရှိရင် အမိအရ ဖမ်းမယ် (တင်ပါ ဘုရား)၊ ကြောက်ပါတယ် လို့ ပြေးငြားသော်လည်း အပြေးမတတ်ရင် (အမိအရဖမ်းပါ တယ် ဘုရား)၊ လောကပြင်ဘက်ကို ပြေးကြ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကပြင်ဘက်ကို ဘာလုပ်ရမတုံး (ပြေးရမှာပါ ဘုရား)၊ သို့မဟုတ် လောကကြီးထဲနေ၊ ကိုယ်လုပ်ထားတဲ့ ကံဟောင်းတွေက လိုက်လာမှာပဲ၊ မလိုက်ပေဘူးလား (လိုက်မှာပါ ဘုရား)၊ တဏှာ၊ ဥပါဒါန် လောကတွေကော (လိုက်မှာပါ ဘုရား)။ လိုက်မှာပဲတဲ့။

အဲတော့ ကိုယ်ပြေးတတ်တာက (၃၁) ဘုံ၊ သူကလည်း (၃၁) ဘုံကိုဖြင့် မရှာနိုင်တဲ့နေရာ မရှိတော့ အန္တရာယ် ကင်းချင် ပါတယ်၊ ဘေးကင်းချင်ပါတယ်ဆိုငြား သော်လည်း၊ အန္တရာယ် ထဲလျှောက်ပြေးနေပြီး၊ အပြေးမတတ်တော့ အသတ်ခံရမှာပဲ (တင်ပါ ဘုရား)။

ဘာ့ကြောင့်တုံး၊ လွတ်ရာမရှာတတ်လို့၊ ဒါဖြင့်လောက နိရောဓါ ဖြစ်အောင်လုပ်ကြ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာလုပ်ကြမတုံး (လောကနိရောဓါ ဖြစ်အောင်လုပ်ကြရမှာ ပါ ဘုရား)။

လောကချုပ်အောင်လုပ်

လောကနိရောဓါ ဖြစ်အောင် လောကချုပ်အောင် လုပ်လိုက်လို့ရှိရင်တော့၊ ဒီလုပ်တဲ့ ပုဂ္ဂိုလ်ဟာ လောကပြင်ဘက် ရောက်မှာပဲ၊ (တင်ပါ ဘုရား)၊ အဲတော့ လောကကံတွေ၊ တဏှာ တွေ၊ ဥပါဒါန်တွေ ဆိုတဲ့ လောက သမုဒယော ဟောတိ ဆိုတာ တွေ လိုက်နိုင်သေးရဲ့ လား (မလိုက်နိုင်ပါဘူး)။

အဲလောကသမုဒယော- လောကဖြစ်အောင်လုပ်တတ် တဲ့ တရားတွေ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေက မလိုက်နိုင်ပါဘူး၊ ဒါကြောင့် ယနေ့ညတရားမှာ ဘာပါလိမ့်မတုံးဆိုတော့၊ အပြေး မတတ်လို့ အသတ်ခံရတဲ့ ဥစ္စာတွေ သိပါစေတော့ ဆိုပြီး သကာလ၊ ပြေးရာဌာနကို ပြချင်လို့၊ လောကပြင်ဘက် ပြေးမှ လောကတရားတွေ၏ ရန်သူတွေဟာ နှိပ်စက်မှုမှ လွတ်သွားမယ်လို့ နိဂုံးချုပ်တော့ ဒါပြောတာပဲ (တင်ပါ ဘုရား) သဘော ပါပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် လောကပြင်ဘက်ကို (ပြေးရမယ် ဘုရား) ပြေးရ မယ်၊ လောကထဲတော့ လျှောက်ပြေး မနေနဲ့နော် (တင်ပါ ဘုရား)။

ငရဲအောင်လုပ်လိုက် ပြိတ္တာလုပ်လိုက်

လောကထဲ လျှောက်ပြေးနေလို့ ရှိရင်ဖြင့်၊ ကိုယ် လုပ်ထားတဲ့ အတိတ်လောကတွေကလည်း လိုက်နေမှာပဲ၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်မှာပဲ အတိတ် ကလုပ်ထားတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေက ပြေးလို့မလွတ်ဘူး ကွနော်ဆိုပြီးသကာလ ငရဲကောင်လုပ်လိုက်၊ ပြိတ္တာကောင်လုပ် လိုက်၊ သေခြင်းဆိုးအသေခိုင်းလိုက်၊ နေခြင်းဆိုး အနေခိုင်းလိုက် ဘယ့်နှယ်ကြောင့် ဒီဟာတွေ ဒီဒကာ ဒကာမတွေ တွေ့နေကြ တုံး၊ သော် မပြေးတတ်လို့ တွေ့ရတာဘုရာ့၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အိုလိုက်-နာလိုက်-သေလိုက်၊ သားသေလိုက်၊ မြေး သေလိုက်၊ အမေသေလိုက်၊ မျက်ရည် ကြီးငယ်တွေ ကျလိုက်၊ စီးပွားတွေ ချွတ်ယွင်းသွားလိုက်၊ တော်ကြာ ကောင်းချင်လည်း ကောင်းလာလိုက်၊ ကောင်းနေတာကနေ ဝုန်းကနဲနေပြီး သကာလ မမာလိုက်။

မနေ့က ဖီးလိမ်းလှနေသေးတယ်၊ ဒီနေ့လူမမာကောင် ကြီးဖြစ်လို့၊ ဟ-ဘာဖြစ်တာတုံးဆို၊ ဟိုမပြေးတတ်တော့ ဘုရား လဲ၊ ကွဲ၊ ချော်ကုန်တာပေါ့၊ လောကကြီးထဲ လျှောက်ပြေးတာကို။

လောကကြီးထဲ လျှောက်ပြေးနေတော့၊ မမာတဲ့ ကံကလည်း မမာအောင်လုပ်ချလိုက်တာပဲ၊ သေအောင်လုပ်မယ့် ကံကလည်း သတ်ချလိုက်တာပဲ၊ ဒုက္ခပေးမယ့်ကံ ကလည်း ဒုက္ခပေးချ ပစ်လိုက်တာပဲ၊ (တင်ပါ ဘုရား)။

ဘာဖြစ်လို့ ဒီဥစ္စာတွေ မျိုးစုံဒုက္ခတွေ့ရပါလိမ့်မတုံးဆို တော့၊ အပြေးမတတ်လို့ ဖြစ်ရတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘယ်ပြေးမှ ကျုပ်တို့ ခင်ဗျားတို့ လွတ်ပါ့ မတုံးဆိုတော့၊ လောကပြင်ဘက်ဆိုတဲ့ လောကုတ္တရာဘက် ပြေးမှလွတ်မယ် (တင်ပါ ဘုရား)။

လောကထဲ လှည့်ပြေးလို့တောဖြင့် (မလွတ်ပါဘူး ဘုရား)၊ မလွတ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ ဒါက လောကနိရောဓ ဖြစ်အောင်လုပ်ပါ (တင်ပါ ဘုရား)။

လောကနိရောဓဆိုတာဘာတုံး

လောကနိရောဓ ဆိုတာ ဘာတုံးဆိုတော့ လောကကြီး အကြောင်းတွေ ကောင်းကောင်း သိရမယ်၊ ကောင်းကောင်းသိ လိုက်တဲ့အခါ ရွံမုန်းလာလိမ့်မယ်၊ ရုပ်နာမ်လောကကြီးကို (တင်

ပါ ဘုရား) မမုန်းပေဘူးလား (မုန်းပါတယ်)။

ရုပ်နာမ်လောကကြီးလည်း မုန်းရုံတင်မကဘူး၊ သူပဲ နှိပ်စက်နေတာပဲဆိုပြီး သူ့ဒုက္ခသစ္စာတွေ မြင်လာလိမ့်မယ်၊ ထိုကဲ့သို့ မြင်လာတဲ့အခါကျတော့၊ လောကကြီးထဲ ဒုက္ခသာ ရှိတယ် နိရောဓ မရှိဘူး ဆိုတာ ပေါ်လာလိမ့်မယ်။

အဲဒီတော့မှ လောကကြီးဖြင့် ရွံပါပြီ၊ မုန်းပါပြီ၊ မလိုချင် ပါဘူးဆိုတော့ လောကဆိုတဲ့ ရုပ်နာမ်ဟာ ချုပ်သွားတာပဲ။ အဲဒီလောက ဆိုတဲ့ ရုပ်နာမ်ချုပ်သွားတော့မှ ကိုယ့်ဉာဏ်က ဪ မသေရာ အမှန်၊ မအိုရာ အမှန်၊ ပဋိသန္ဓေဆင်းရဲမှု မရှိရာ အမှန်ရှိသေးတယ်ဆိုတာ ဉာဏ်က မြင်လာလို့ ရှိရင်၊ အဲဒါ လောကပြင်ဘက်ကို မြင်တဲ့ ဉာဏ်ဟာ ခုမှရတာပဲ (တင်ပါ ဘုရား)။

အဲဒီဉာဏ်ရပြီးလို့ရှိရင်တော့ဖြင့်၊ အင်း လောက ပြင်ဘက်ရောက်ဖူးသွားတဲ့အတွက် ဘာမှ မစိုးရိမ်နဲ့တော့၊ ဒီဥစ္စာသည်ကားလို့ဆိုရင် လောကပြင်ဘက်ရောက်တဲ့ဉာဏ် ရသွားပြီဆိုတော့ ကံတွေဟူသရွေ့ အဟောသိကံဖြစ်ပြီ။

လောကတွေက နောက်ကလိုက်လာတယ်။ နောက် လောကတွေ၊ တဏှာ လောကတွေ၊ ဥပါဒါန်လောက၊ ကံလောကတွေဟာ ဒို့နယ်က လွတ်သွားပြီးမော့ဆိုပြီး သကာလ အဟောသိကံ အဖြစ်နဲ့ မေ့ကျန်နေရစ်ရတယ်၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

လောကအပြင်ဘက်ရောက်မှ

ဘာကြောင့်ပါလိမ့်၊ လောကပြင်ဘက် ရောက်သွားလို့ (တင်ပါ ဘုရား)၊ လောကအတွင်းမှာသာ သူက သတ်နိုင်တယ်၊ ဖြတ်နိုင်တယ်၊ ဆင်းရဲမျိုးစုံပေးနိုင်တာကို၊ လောကပြင်ဘက် ရောက်တဲ့ အခါကျတော့ သူ့နယ် မဟုတ်လို့ သူလိုက်နိုင်သေးရဲ့ လား (မလိုက်နိုင်ပါဘူး)။

အဲဒီ မလိုက်နိုင်တဲ့နယ်ပြေးမှသာလျှင်လည်း အန္တရာယ် ကင်းလို့ ဘေးရှင်းမယ်၊ လိုက်နိုင်တဲ့ အထဲလျှောက်ပြေးပြီ၊ တိုက်ကြီးတည်ပြီ၊ လုံနေပေမယ့် ခိုးသား ဓါးပြောတော့ လုံပါရဲ့ အိုဘေး၊ နာဘေး ကလည်း ဒီထဲအထိ လိုက်တာပဲ။

တစ်ခါ မအိုအောင်၊ မနာအောင်လို့ ဆေးတွေစားပြန် တော့လည်း ဒီရောဂါ ခန္ဓာကြီးရထားလို့ သေပွဲက ဒီထဲဆင်းရမှာ ပဲ၊ အဲတော့ ဒါဘယ့်နှယ်ကြောင့်တုံးဆိုတော့၊ အို သူမပြေး တတ်လို့ လောကကြီးထဲ မိတာပေါ့။ ဖြစ်မှု၊ ပျက်မှု လောကကြီး ထဲမှာ ဖြစ်ပျက်မှုနဲ့ပဲ သူဇာတ်သိမ်းရတာပေါ့လို့ ဆိုရင် လွဲပါ့ မလား၊ (မလွဲပါဘူး)။

လောကဆိုတာ ရုပ်နာမ်ကိုဆိုတာ

ဒါကြောင့် ပြေးတတ်ပလားလို့ မေးတဲ့ဥစ္စာလည်း ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)၊ လောက မြင်အောင်ကြည့်၊ (တင်ပါ့ ဘုရား)၊ ပြေးချင်တဲ့ပုဂ္ဂိုလ် လောကဆိုတာ ရုပ်နာမ်ကို ဆိုသည်။

ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်းတွေကို ဆိုသည်၊ အဲဒါ မြင်အောင် ကြည့်တော့မှ အဲဒီသဘောကို ငြီးငွေ့အောင်ကြည့်၊ လောက၏ သဘောကို ငြီးငွေ့အောင်ကြည့် (တင်ပါ ဘုရား)။

ဒီလောကကိုပဲ နောက်ဆုံးပိတ်ဆုံးမှ အေးမှာပါပဲဆိုတဲ့ လောကကြီးကို ဒုက္ခအဖြစ်နဲ့ အမှန်သိလို့ရှိရင် လောကကြီးဟာ ဆုံးသွားတာပဲ (တင်ပါ ဘုရား)။

လောကအဆုံးရောက်အောင်ကြည့်

အဲဒီတော့မှ ဉာဏ်သည် လောကပြင်ဘက်ရောက်သွား ပြီ၊ သေပြီးအခြားမဲ့၌လည်း လောက ပြင်ဘက်မှာပဲ သူလောက ကြီး အန္တရာယ် မာန်စွယ်တွေ အကုန်လွတ်တဲ့နေရာ ဌာန ရောက်ပါတယ်။

ဒါကြောင့် ယနေ့ တရားဟာ လောကပြင်ဘက်ကို ထွက်ချင်လို့ရှိရင် လောကမြင်အောင်ကြည့်၊ လောက မုန်းအောင် ကြည့်၊ လောကအဆုံးရောက်အောင် ကြည့်လို့ရှိရင် ကိစ္စပြီးတာ ပါပဲ၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ကဲ ဒီတွင်တော်ဦး။

သာဓု သာဓု သာဓု။

——–

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၂)

အသံဖိုင်ခေါင်းစဉ်= သင်္ခတသဘောကျမှ အသင်္ခတရမည်

စာအုပ်ခေါင်းစဉ်= လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၂)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

လောကသုံးပါး ဘယ်လောကမှ ထွက်ရမှာတုံး (၂)

ဟောကြားသည့်နေ့

(၁၈-၂-၆၂)

လောက အပြင်ဘက်ထွက်တဲ့ တရား ဒီနေ့ထွက်ပုံနှင့် တကွပြောရမယ်၊ လောကဆိုတာ မနေ့က ပြောခဲ့ပါပြီ၊ သင်္ခါရလောက ဖြစ်ပျက်ကို ဆိုသည်။

လောကသုံးပါး

ပြုပြင်လို့ပေါ်လာတဲ့ တရားဟူသ၍ ကို အားလုံး မှတ် ထားကြပါ ဒါသင်္ခါရလောကပဲ။

(၁) ပြုပြင်လို့ ပေါ်လာတဲ့ တရားက သင်္ခါရလောက လို့မှတ်ပါ။

(၂) သတ္တလောကဆိုတာ ခန္ဓာကိုယ်ကြီးကို ဆိုသည်။

(၃) ဩကာသလောကတွေကတော့ ဘုံတို့၊ မြေတို့၊ ရေတို့ ဒါကို ဆိုသည်။

အဲဒီလောကသုံးပါးကတော့ဖြင့် ‘‘လုဇ္ဇနပလုဇ္ဇနဋ္ဌေန လောကော’’ မှတ်ထားတော့ သူကျန်နေလို့ ရှိရင် ဖြစ်မှု၊ ပျက်မှုရှိတာပဲ၊ ဖြစ်မှုပျက်မှုရှိရင် ဖြစ်မှုပျက်မှု ဒုက္ခသစ္စာပဲလို့ မှတ်ထား လိုက်တော့ ဪ ဒုက္ခသစ္စာနယ်ထဲကကို။

ဘယ်လောကမှ ထွက်ရမှာတုံး

ဒါဖြင့် ဘယ်လောကမှ ထွက်ရမှာတုံးလို့ မေးတဲ့အခါကျ တော့၊ လောကသုံးပါးမှာ သင်္ခါရလောကမှ ထွက်မှ၊ သင်္ခါရ လောက ကထွက်လို့ရှိရင် သတ္တလောကလည်း ထွက်ပြီးသား၊ ဩကာသလောက ကလည်းထွက်ပြီးသားလို့ မှတ်ထားပါ (တင်ပါ ဘုရား)။

သင်္ခါရလောက ကထွက်လို့ရှိရင် သတ္တလောကမှလည်း – ထွက်ပါတယ်၊ ဩကာသ လောက ဆိုတဲ့ ဘုံဌာနမှလည်း ထွက်ပါတယ်။

ဒါ့ကြောင့် သင်္ခတာဓမ္မာ၊ အသင်္ခတာဓမ္မာလို့ ဘုရားက ဟောလိုက်တယ်၊ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ၊ သင်္ခတာဓမ္မာ ဆိုတာ သင်္ခါရလောကဆိုတာပဲ၊ အသင်္ခတာဓမ္မာ ဆိုတာ သင်္ခါရ မပြုမပြင်ဘဲနဲ့ အမြဲထာဝရရှိနေတဲ့ နိဗ္ဗာန်ကို ဆိုတာပဲ။

အဲတော့ ဒီဒကာ ဒကာမတွေက ဒို့လောက သုံးပါးက ထွက်ရမယ်ဆိုပေမယ့်၊ ဘယ်လောကကို အလုပ်လုပ် ထွက်ရမှာတုံးလို့ မသိဘဲနေမှာစိုးတဲ့အတွက်၊ သင်္ခါရ လောက အလုပ်လုပ်ပြီး ထွက်ကြလို့ သတိပေးလိုက်တယ်။

သင်္ခါရလောကဆိုတာ

သင်္ခါရလောကဆိုတာ ဘာပါလိမ့်မတုံး၊ ရုပ်တို့၏ ဖြစ်ပျက်၊ နာမ်တို့၏ ဖြစ်ပျက်လို့မှတ်လိုက်။

ရုပ်တို့၏ ဖြစ်ပျက်၊ နာမ်တို့၏ဖြစ်ပျက်က၊ ရုပ်ဆိုတာ ၊ ကံ၊ စိတ်၊ ဥတု၊ အဟာရ ပြုပြင်လို့ ပေါ်လာ သောကြောင့် သင်္ခါရလောကပဲ၊ နာမ်ဆိုတာ အာရုံဒွါရနှစ်ခုထိလိုက်မှ ပေါ်သောကြောင့် ပြုပြင်လို့ ပေါ်လာတဲ့ နာမ်ကလေးပဲ။ ဒါကြောင့် သူ့လည်း သင်္ခါရလောကလို့ မှတ်လိုက်။

အဲဒီ သင်္ခါရလောက ကထွက်မှ အသင်္ခတဘက်ကို ရောက်မယ်၊ သင်္ခတကထွက်မှ (အသင်္ခတဘက်ကို ရောက်မှာပါ ဘုရား)၊ အသင်္ခတဘက်ရောက်မယ်ဆိုတော့ ဩကာသလောက ကထွက်ဖို့မလိုဘူး၊ သတ္တလောကက ထွက်ဖို့မလိုဘူး၊ သင်္ခါရလောကက ထွက်ရင် အကုန်ထွက်တာပဲ (တင်ပါ)။

သင်္ခါရလောကဝိပဿနာရှု

ဒါကြောင့် ဒကာ ဒကာမတွေကို သင်္ခါရလောကပဲ ဝိပဿနာရှုခိုင်းတယ်လို့ မှတ်ထားတော့၊ ဪ ဒီလောက တစ်ခုလုံးကို ရွံမုန်းပြီးတော့ မလိုချင်လို့ရှိရင်ဖြင့် ကိစ္စပြီးတာပဲကိုး၊ ဒါကြောင့်ဒို့ကို သင်္ခါရလောက တစ်ခုတည်း ရှုခိုင်းတာကို ဆိုတာ ယနေ့ည ရှင်းရှင်းလင်းလင်း မှတ်ရမယ်။

ကောင်းပြီ၊ ဒါဖြင့် သင်္ခါရလောက မရှုလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်လိုစိုးရိမ်ရသတုံး၊ ကုသိုလ်သင်္ခါရ ကလည်း သုဂတိပို့ချလိုက်တာပဲ။

စဉ်းစားကြည့်ကြပါလား အဝိဇ္ဇာ ပစ္စယာသင်္ခါရာ၊ သူ့အကြောင်းမှ မကင်းပဲ ဒီသင်္ခါရ (မကင်းပါ ဘုရား)၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလို့ အစ်မတို့ ရထားတော့၊ ဪ သင်္ခါရ ဆိုတဲ့ တရားဟာ အဝိဇ္ဇာနဲ့ မကင်းသေးပါလား ဆိုသဖြင့်၊ သင်္ခါရလောက ကမထွက်လို့ရှိရင်၊ ဘယ်ကလာရမှာလဲဆိုတာ ကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ရင်လည်း ရှင်းနေတာပဲ (ရှင်းပါတယ် ဘုရား)။

သင်္ခါရကိုအဝိဇ္ဇာအုပ်ချုပ်တယ်

အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ ဆိုထားတာကို၊ (တင်ပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ ဆိုထားတော့ ဪ သင်္ခါရက အဝိဇ္ဇာ အုပ်ချုပ်နေတယ်။

သင်္ခါရကို အဝိဇ္ဇာ အုပ်ချုပ်ပြီး သကာလနေတော့၊ အင်း တော်ကြာသင်္ခါရပစ္စယာ ဝိညာဏံ လာမှာပဲ၊ ဝိညာဏံမသိပဲ နေမှာစိုးလို့ ဖွင့်ဟပြီး ပြောလိုက်ပါတယ်၊ ဝိညာဏံဆိုတာ ပဋိသန္ဓေစိတ်ကို ဆိုတယ် (တင်ပါ ဘုရား)။

သင်္ခါရတွေသာ လုပ်နေကြမယ်ဆို ဝိညာဏံဆိုတဲ့ ပဋိသန္ဓေဟာ၊ ပဋိသန္ဓေဟာ ဘာတုံး ဆိုတော့ ဇာတိ၊ ဇာတိက ဒုက္ခသစ္စာ၊ ဇာတိက ဒုက္ခသစ္စာလို့ သိထားတော့၊ ဪ သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတာ၊ သင်္ခါရလောကထဲက ဒို မထွက်လို့ရှိရင်ဖြင့်၊ ဝိညာဏံဆိုတဲ့ ဇာတိဒုက္ခ ဒို့ကိုယ်ပိုင် ရမှာပဲ ဆိုတာ ရှင်းထားလိုက်တော့၊ ဪ ဒါဖြင့် ဒါကြောင့် သင်္ခါရလောကမှ ထွက်ခိုင်းတာကို၊ ဒီပဋိသန္ဓေဝိညာဏ်ရမှာစိုး လို့၊ သင်္ခါရပစ္စယာ ဝိညာဏံဖြစ်မှာစိုးလို့၊ ဝိညာဏ်ဖြစ်ခဲ့လို့ ရှိရင် ပဋိသန္ဓေ ဆိုသောကြောင့် ဇာတိပိ ဒုက္ခသစ္စာ ပြန်ရတာ။

ဘယ်သင်္ခါရကထွက်ရမှာတုံး

ဇာတိပိဒုက္ခသစ္စာပြန်ရတာ ဘယ်သူတည်ထောင်လိုက် ပါလိမ့်မလဲဆိုတော့၊ အို- သင်္ခါရ လောကမှ မထွက်လို့ သင်္ခါရ ပြုပြင်သလိုခံနေတဲ့၊ သင်္ခါရကို မတော်လှန်နိုင်တဲ့၊ သင်္ခါရက မထွက်ချင်တဲ့ ပုဂ္ဂိုလ်များ၏ ဇာတိဒုက္ခ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သင်္ခါရက ထွက်ကြရမှာတုံးလို့မေးတဲ့ အခါကျတော့ကိုတဲ့ သင်္ခါရလောက ကထွက်ပါ၊ ဩကာသလောက ကထွက်ပြီးသားဖြစ်သွားပါလိမ့်မယ်၊ သတ္တလောက ကလည်း ထွက်ပြီးသာ းဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် သင်္ခါရလောကကို ဝိပဿနာရှုပါလို့ ဆိုသောကြောင့် ဖြစ်မှု ပျက်မှုဟာ သင်္ခါရလောက။

စေတနာတွေ

အဲဒီဖြစ်မှု ပျက်မှုကို ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ သင်္ခါရပစ္စယာ ဝိညာဏံဆိုတာလည်း စေတနာကို ဆိုတာပဲ။ ကုသိုလ်၊ အကုသိုလ်စေတနာ၊ အရူပစေတနာတွေကို ဆိုတာပဲ။

ဒီစေတနာတွေကလည်း သင်္ခါရပစ္စယာ ဝိညာဏံ ဆိုပြီး သကာလ၊ ဇာတိ ဒုက္ခကို ကျေးဇူးပြု လိုက်ပါတယ်လို့ မှတ်ထားတော့မှ၊ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လောကထဲက ထွက်ဖို့ရာဟာ၊ လောကမှ မသိသေးတဲ့ပုဂ္ဂိုလ် လောကထဲကထွက်ဖို့ရာ ဘယ်လောက ကထွက်ရမှန်းလည်း မသိ၊ လောက ဘယ်လောက်ရှိမှန်းလည်း မသိ။

ဘယ်လောက ကထွက်ရမှန်းလည်းမသိတော့ ထွက်ဆို တာ အသာထားပါဦး၊ လောကကြီး အတိုင်း လျှောက်ပြေး နေတယ်လို့ ဆိုလို့ရှိရင် မလွဲပါဘူး (မလွဲပါဘူး ဘုရား)၊ လောက အတိုင်း လျှောက်ပြေး နေတာကို။

အိုလိုက်၊ နာလိုက်၊ သေလိုက်၊ ထပြေးလိုက်၊ ပဋိသန္ဓေ နေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ သေရာက ထပြီး တစ်ခါ သင်္ခါရ လောကပြုပြင်လို့ ပြေးပြန်တော့ ဇာတိ ဇရာ မရဏပဲ လှည့်ပြေးတာပဲ။

ဒါကြောင့် သင်္ခါရလောက ကထွက်မှ အသင်္ခတ၊ သင်္ခါရနဲ့ အသင်္ခတနဲ့ဟာ ဆန့်ကျင်ဘက်လို့ မှတ်ထားစမ်းပါ (တင်ပါ ဘုရား)။

သင်္ခါရလောကကိုသိမှ နိဗ္ဗာန်ရောက်မယ်

ဆန့်ကျင်ဘက်ဆိုတာ တခြားမဟုတ်ပါဘူး၊ သင်္ခါရ လောကကို သိတဲ့ ပုဂ္ဂိုလ်မှ အသင်္ခတ ရောက်တယ်၊ သင်္ခါရ လောကမှ မသိသေးတဲ့ ပုဂ္ဂိုလ်ဟာဖြင့် အသင်္ခတ နိဗ္ဗာန် ရောက်ဖို့ အစ်မ ဘယ်အခါမှ မစဉ်းစားနဲ့၊ ဘာပြောနေနေ မယုံနဲ့လို့မှတ် (တင်ပါ ဘုရား)။

သင်္ခါရလောကဆုံးမှ အသင်္ခတ နိဗ္ဗာန်ရောက်မှာကို (တင်ပါ ဘုရား)၊ သင်္ခါရလောကမှ မသိသေးတဲ့ ပုဂ္ဂိုလ်က၊ ကဲမင်းတို့ အကြင်လင်မယားပဲ စဉ်းစားကြည့်တာပေါ့။ ကဲ နိဗ္ဗာန်ဆိုတာ သင်္ခတလား အသင်္ခတလား၊ ကိုယ်က ဘယ်ထဲ ရောက်နေတုံး၊ ကိုယ်က သင်္ခါရလောကထဲ ရောက်နေတယ် (တင်ပါ)။

ကိုယ်က သင်္ခါရလောကထဲရောက်နေတော့ ဒီသင်္ခါရ လောကမှန်းမသိလို့ ပျော်နေခဲ့သည် ရှိသော်၊ အသင်္ခတဘက် ခေါင်းလှည့်ပါ့မလား (မလှည့်ပါဘူး ဘုရား)။

ဒါဖြင့် သူ သင်္ခါရလောကဟာ ဒုက္ခသစ္စာ ဒါကိုလည်း သူမသိတော့၊ အသင်္ခတဟာ နိရောဓသစ္စာ၊ ဒါကိုလည်း သူမသိတော့ နှစ်ခုစလုံး မသိဘဲနဲ့နေတော့၊ ဒီသင်္ခါရလောက ကိုလည်း ဒုက္ခသစ္စာလို့ မသိတော့ ဒုက္ခသစ္စာနဲ့ နေရတာကိုပင် သူ့မယ်ကျက်သရေတုံးကြီး၊ မင်္ဂလာတုံးကြီး၊ ထင်ပြီး သကာလ နေတယ်ဆိုတာ မှတ်ရမယ်နော် (တင်ပါ ဘုရား)။

ဒါဖြင့် ဘယ်ကထွက်ကြရမှာတုံး (သင်္ခါရလောက က ထွက်ရမှာပါ ဘုရား)၊ သင်္ခါရလောက ကထွက်ရမယ်၊ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်များ ဘယ်ကထွက်မှ ရောက်မှာပါ လိမ့်မတုံး သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လိုက် တဲ့အခါကျတော့ သင်္ခါရလောက ကထွက်ရမယ် (တင်ပါ ဘုရား)။

ဘယ်လိုလုပ်ပြီး ဆုတောင်းပြည့်မှာတုံး

ဒါဖြင့် နိဗ္ဗာန်ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ၊ သင်္ခါရ လောကတောင်သူမသိဘူး၊ ဘယ်လိုလုပ် သူ့ဆုတောင်းက ပြည့်မတုံးလို့ မေးလို့ရှိရင်ဖြင့် အဖြေပေးစရာမရှိဘူး (တင်ပါ ဘုရား)။

သူ့သင်္ခါရလောကမှ သူမသိလို့ရှိရင်၊ သင်္ခါရလောက ကထွက်ချင်တဲ့ဉာဏ်ကမှ အသင်္ခတ ဘက်ကို လှည့်တာကို (တင်ပါ)၊ အဲတော့ သင်္ခါရလောကမှ မသိတဲ့ပုဂ္ဂိုလ်က၊ အစ်မ တို့က ဪ ကျုပ်ဖြင့် နိဗ္ဗာန်လိုချင်လှချည်ရဲ့လို့ ပြောငြား သော်လည်း ပြောသံကြားနဲ့ ပြောတာပါ၊ သင်္ခါရလောက သိလို့ သင်္ခါရလောကထဲက ထွက်ချင်တဲ့ သဘောနဲ့ ပြောတဲ့စကားမျိုး တော့ မောင်ချစ်ဆွေ ဟုတ်ကို မဟုတ်ဘူး (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီလိုမသိတဲ့ ပုဂ္ဂိုလ်များ ဘယ်လောက်များ များပါလိမ့်မတုံးဆိုတော့၊ နိဗ္ဗာန်ကို သင်္ခါရလောက ကထွက်မှ ရမှာပဲဆိုတဲ့ ဥစ္စာကို၊ အတော်လေးကို အလုပ်သမားမှပဲ။ အလုပ်သမား ကောင်းက ပြောဆို ဆုံးမထားလို့ ဒါရှိနေတာ သင်္ခါရလောကပါလား၊ ဒါဖြင့် ဒီကထွက်ချင်အောင်လို့ အရှုခိုင်းနေတာကိုဆိုတာ အဲဒီကျမှ နည်းနည်းရိပ်မိတယ် (တင်ပါ ဘုရား)။

သို့မဟုတ်လို့ရှိရင်ဖြင့် မောင်ချစ်ဆွေ မရိပ်မိ ပါဘူး (မရိပ်မိပါဘူး ဘုရား)၊ သင်္ခါရက ထွက်ချင်တဲ့ ဉာဏ်၊ ဘုရားက “သင်္ခတာဓမ္မာ၊ အသင်္ခတာဓမ္မာ” လို့ ပြောထားတာပဲ၊ ဒါသင်္ခါရ တွေကို မြန်မာပြန် ယူထားတာတွေချည်းပဲ (တင်ပါ ဘုရား)။

သင်္ခတာ ဓမ္မာဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ကပြုပြင်တဲ့ တရားကိုဆိုတာ (တင်ပါ ဘုရား)၊ အသင်္ခတာ ဓမ္မာ ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ နဲ့ မဆက်ဆံတဲ့တရားကို ဆိုတာ (တင်ပါ ဘုရား)၊ ဒါ ဓမ္မသင်္ဂဏီ ပါဠိတော်လို့ မှတ်ထား လိုက်စမ်းပါ (တင်ပါ ဘုရား)။

သင်္ခတကထွက်မှ အသင်္ခတရောက်မယ်

ဒါဖြင့် သင်္ခတက ထွက်မှ အသင်္ခတရောက်မယ် ဆိုတာ မှတ်ထားလိုက်တာပေါ့ (တင်ပါ)၊ သင်္ခတက မထွက်ရင် (အသင်္ခတမရောက်နိုင်ပါဘူး ဘုရား)၊ သင်္ခတမှ မသိတဲ့ ပုဂ္ဂိုလ် ဘယ်လိုလုပ်ပြီး အသင်္ခတ နိဗ္ဗာန်ရောက်မှာတုံး၊ (မရောက်နိုင်ပါ ဘူး ဘုရား)။

ဒါဖြင့် တရားနက်နက်နဲနဲ၊ စေ့စေ့ပေါက်ပေါက် လိုရင်း ကျကျ အမှန်အကန်ကို သုံးသပ်ကြည့်တဲ့ အခါကျတော့မှ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်များ ရောက်လမ်းမတွေ့သေးပါဘူး ဆိုတာကို ယနေ့ ဆုံးဖြတ်ချက် ချရမယ် (တင်ပါ ဘုရား)။

နိဗ္ဗာန်တော့ ရောက်တော့ ရောက်ချင်တယ် ပြောတာ ပဲ၊ ဘယ်ကထွက်သွားမှ ရောက်မယ် ဆိုတဲ့ သူဟာ ထွက်ရာ လမ်းကို မမြင်သေးပါဘူး၊ ဘယ်ကထွက်ရမယ်ဆိုတဲ့ ဥစ္စာ၊ သူမသိသေးဘူး (မသိပါဘူး ဘုရား)။

ထိုကဲ့သို့ မသိသေးလို့ရှိရင်ဖြင့် သူဟာ ဒီသင်္ခါရထဲပဲ ပြန်လှည့် ပါတယ်၊ အသင်္ခတဘက်ကို မရောက်ပါဘူး၊ ဉာဏ်မလှည့်ပါဘူး အသင်္ခတ တော်ပါတယ်၊ ကောင်းပါတယ်၊ သဘောကျပါတယ် ဆိုတဲ့ အသွားမျိုး ဘယ်အခါကာလမှ မလာပါဘူး။

ဝိပဿနာအလုပ်ဆိုတာ

ဒါကြောင့် ဝိပဿနာအလုပ်ဆိုတာ ဘာတုံးလို့ ယနေ့ မေးတော့ သင်္ခါရလောက အကြည့်ခိုင်းတဲ့ အလုပ်၊ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် (သင်္ခါရလောက ကြည့်ခိုင်းတဲ့ အလုပ်ပါ ဘုရား)။

သင်္ခါရလောက ကြည့်ခိုင်းတဲ့ အလုပ်ဖြစ်တော့ သင်္ခါရလောက၏ အဖြစ်သနစ်ကို ကိုယ်ပိုင် သိရတယ် (တင်ပါ ဘုရား)၊ အဖြစ်သနစ်ကို ကိုယ်ပိုင်သိရတာ သင်္ခါရ လောကဆို တာ ဖြစ်ပျက် ပါလား။ ဖြစ်လိုက်၊ ပျက်လိုက်ဆိုတာ သင်္ခါရလောက ဆိုတာပါလား၊ ဒီဖြစ်ပျက်ဟာလည်း ဆရာသမားက တတွတ်တွတ် ပြောထားပြန်တော့ ဒုက္ခသစ္စာပါလား။

ဝိပဿနာဆိုတာ သင်္ခတအကြည့်ခိုင်းတာ

ဒီလိုသိတဲ့ ပုဂ္ဂိုလ်မှာ ဒီဒုက္ခက ကျွတ်မှ၊ လွတ်မှ အသင်္ခတဘက် ရောက်မှာပါလား ဆိုပြီးသကာလ တဲ့။ သင်္ခါရလောကကို ဝိပဿနာဉာဏ်နဲ့ အကြည့်ခိုင်းရသည်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာအလုပ် ဆိုတာ ဘယ်လောက အကြည့်ခိုင်း တာပါလိမ့် (သင်္ခါရလောက အကြည့်ခိုင်း တာပါ ဘုရား)၊ သင်္ခါရလောကကို ကြည့်မှသာလျှင် အသင်္ခတဟာ အဖိုးတန် မှန်းသိတယ်။

သင်္ခတဖြစ်တဲ့ မဂ်တရားတွေတောင်မှ ဒါတွေမြင်မှ ဪ မဂ်တရားလည်း ဖြစ်ပျက် ရှိသေးတယ်၊ ဖိုလ်တရား လည်း ဖြစ်ပျက် ရှိသေးတယ်။

ဪ နိဗ္ဗာန်မဂ်က ဒီလိုမဟုတ်ပါလား၊ သင်္ခတ ကထွက်တော့ ဖြစ်မှု ပျက်မှု ချုပ်ငြိမ်းပြီး သကာလ အေးချမ်းတဲ့ သဘောပါလားလို့ သင်္ကေတမြင်မှ အသင်္ခတကို ကြိုက်ကြပါ။ အစုတ်မြင်မှ အကောင်းကြိုက်တယ်

အဝတ်စုတ်ကိုမြင်မှ အဝတ်ကောင်းကြိုက်ပါတယ်၊ အဝတ်စုတ်ကို မမြင်တဲ့ ပုဂ္ဂိုလ် အဝတ်ကောင်း ကြိုက်ပါဆိုလို့ ရှိရင် ကိုယ့်အဝတ်စုတ် ကိုယ်လှတယ်ထင်နေ ဘယ်တော့

အဝတ်ကောင်း ကြိုက်မှာတုံး (မကြိုက်ပါဘူး ဘုရား)။

ဒီမှာလည်း သင်္ခတမှ မမြင်တဲ့ပုဂ္ဂိုလ် အသင်္ခတနိဗ္ဗာန် ကြိုက်ပါတယ်၊ ရချင်ပါတယ်၊ လိုချင်ပါတယ် ဆိုတော့ဖြင့် ဒါအကောင်းဆုံး ထားတာပါပဲလို့ ပြောငြားသော်လည်း အစုတ် ဝတ်နေတာ အစုတ်မှန်း မသိသေးတဲ့ ပုဂ္ဂိုလ်က အကောင်း ကြိုက်တယ်ဆိုတာ ပြောသံကြားဖြစ်ပါလိမ့်မယ် (တင်ပါ ဘုရား)။

တကယ်သာ ဝမ်းထဲက လှိုက်လှိုက်လှဲလှဲ ကြိုက်တဲ့ဥစ္စာ မဟုတ်ပါဘူး၊ ဒါဖြင့် နိဗ္ဗာန်ကို လှိုက်လှိုက်လှဲလှဲ အကြိုက်သမား ကဖြင့် သင်္ခတမြင်မှ အသင်္ခတ ကြိုက်တယ် ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

နိဗ္ဗာန်လှိုက်လှိုက်လှဲလှဲ ကြိုက်တဲ့ ပုဂ္ဂိုလ်ဘယ်လို ပုဂ္ဂိုလ် ပါလိမ့်၊ (သင်္ခတမြင်မှ အသင်္ခတ ကြိုက်ပါတယ် ဘုရား) သင်္ခတ ရှုတတ်တဲ့ ပုဂ္ဂိုလ်မှ (တင်ပါ့ ဘုရား)။

ခင်ဗျားတို့ မြို့ထဲ၊ ရွာထဲမှာ ရှေးကစ ခုတိုင်တိုင် သင်္ခတ မှ သူမတွေ့တဲ့ ပုဂ္ဂိုလ်ဟာ အသင်္ခတ ကြိုက်ပါတယ် ဆိုတာဟာ ပြောသံကြားကြိုက်၊ ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာတူတဲ့ အသံထွက် တာလောက်ပဲ ရှိတယ်၊ တကယ်လှိုက်လှိုက်လှဲလှဲ ဝမ်းထဲက မြင်ပြီးသကာလ အစုတ်မြင်လို့ အကောင်း ကြိုက်တဲ့ အသွားမျိုးတော့ ဟုတ်ပါဘူး (မဟုတ်ပါဘူး ဘုရား)။

ဒါဖြင့် ရောက်နိုင်ပါ့မလား၊ ရနိုင်ပါ့မလား အသင်္ခတ ဘက် သူ့ဉာဏ်ရောက်ပါ့မလားလို့ မေးတော့ မရောက်ဘူး၊ ဆုံးဖြတ်ချက်ချပါ (တင်ပါ ဘုရား)၊ မရောက်ဘူးလို့ ဆုံးဖြတ် ချက်ချ။

ဘာ့ကြောင့် ဆုံးဖြတ်ချက်ချမတုံးလို့ဆိုတော့၊ အစုတ် ဝတ်နေတာ သူ့ဟာသူတင့်တယ်တယ် ထင်နေတဲ့ ပုဂ္ဂိုလ်က အကောင်း မမြင်ဖူးပါဘူး၊ အစုတ်ကိုပဲ သူ့ဟာသူ၊ သူနဲ့ ဒါဝတ် ရမယ်။

အဝတ်စုတ်နဲ့တင်းတိမ်နေတယ်

သူ့မှာ ဒီလိုအဝတ်ဟာ အင်မတန်ကောင်းမြတ်တယ် လို့ သူ့ဟာသူထင်နေလို့ရှိရင်၊ အကောင်း မမြင်ဘူးတော့ ကျုပ်ဖြင့် ဟိုဟာလိုချင်ပါတယ်ဆိုတာ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ အကောင်း လိုချင်ပါတယ် ဆိုတာလေ (မပေါ်ပါဘူး ဘုရား)၊ ဘာကြောင့်တုံး ဆိုတော့ အစုတ်နဲ့ တင်းတိမ်နေတယ် (တင်ပါ ဘုရား)။

အခုအားလုံး ဝတ်နေကြတာတွေကလည်း အစုတ်နဲ့ တင်းတိမ်နေကြတယ် (တင်ပါ)၊ အခုအားလုံး ဝတ်နေကြတာ တွေကလည်း အစုတ်တွေ ဝတ်နေကြတယ်၊ ပျက်စီးတတ် တာတွေ (တင်ပါ ဘုရား) ပျက်စီးဖေါက်ပြန်တာတွေချည်းပဲ။ မခိုင်မှာ၊ မမြဲမှာ၊ အစိုးမရတာတွေ ဝတ်နေကြတာကိုး (တင်ပါ ဘုရား)။

ခန္ဓာကလည်း ထို့အတူ၊ ခန္ဓာပေါ်ဆင်ထားတာတွေ ကလည်း ထို့အတူ၊ ဒါတွေကို ခိုင်တယ် မြဲတယ်လို့ ထင်ပြီး ဝတ်နေတဲ့ ပုဂ္ဂိုလ်က တကယ်ခိုင်တာတော့ သူရောက်တော့မှာ မဟုတ်ပါဘူး။

ဒီလောက်ကျအောင် ဆရာကောင်း၊ သမားကောင်း လမ်းညွှန်ကောင်းနဲ့ မတွေ့လို့ရှိရင်၊ အင်မတန်ဝေးလိမ့်မယ်ဆိုတဲ့ ဥစ္စာမေးရတာ ဘာကြောင့်ပါလိမ့်မလဲဆိုတဲ့ ဥစ္စာဖြင့် သင်္ခတ မမြင်လို့ အသင်္ခတ သူတို့ မရောက်တာပဲဆိုတာ ယနေ့ဆုံးဖြတ် ချက်ချ။

သင်္ခတဝိပဿနာဉာဏ်နဲ့ရှုပါ

သင်္ခတမမြင်ဘဲနဲ့ အသင်္ခတကို (မရောက်နိုင်ပါဘူး) မရောက်နိုင်ဘူး၊ ဒါဖြင့် နိဗ္ဗာန် ရောက်ကြောင်းဟာ ဘာပါလိမ့် မတုံး၊ သင်္ခတ ဝိပဿနာဉာဏ်နဲ့ ရှူမှသာလျှင် အသင်္ခတ ဘက်ကို ပြေးမှာပဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သင်္ခါရလောကက ထွက်မှ အသင်္ခတရောက်မယ်၊ အသင်္ခတကျတော့ လောကမပါဘူး၊ သင်္ခတလောက၊ ဒါလော ကပါတယ်၊ ပျက်စီးတယ်၊ နိဗ္ဗာန်ဘက်ကျတော့ အသင်္ခတာ ဓမ္မာဆိုတော့ ဓမ္မသာ ဆိုတော့တယ် လောကမပါဘူး (တင်ပါ ဘုရား)၊ လောကမပါသောကြောင့် ဪ မပျက်တဲ့ တရားမဟုတ်ဘူး၊ လောကပါရင် ပျက်ဦးမှာပဲ၊ လုဇ္ဇန ပလုဇ္ဇနဋ္ဌေန လောကော ကိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သင်္ခါရလောက ကထွက်မှ အသင်္ခတရောက် မယ် (တင်ပါ ဘုရား)၊ သင်္ခါရလောကက ထွက်မှ (အသင်္ခတ ဘက်ရောက်မှာပါ ဘုရား)။

ထွက်တယ်ဆိုတာ ပြောတော့သာ လွယ်ပါတယ်။ သင်္ခါရလောကက ပိုင်ပိုင်နိုင်နိုင်သိဖို့ရာ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)၊ သင်္ခါရလောက ပိုင်ပိုင် နိုင်နိုင်သိဖို့ရာ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)၊

ဘယ်ဆီမှန်းတောင် မသိဘူး၊ သင်္ခါရလောကဆိုတာ ဘာတုံး မင်းပြောစမ်းလို့ မေးတဲ့ အခါကျတော့ ကျွန်တော်မသိပါဘူး ပြောမှာပဲ (မှန်ပါတယ် ဘုရား)။

ကျွန်တော်မသိပါဘူး ပြောမှာပဲ၊ မသိသေးလို့ရှိရင် အသင်္ခတ နိဗ္ဗာန်လိုချင်လို့ရှိရင် ဘယ့်နှယ် ရမှာတုံး၊ ဘာမှ မဟုတ်သေးဘူး၊ ဆုံးဖြတ်ချက်ချပေးရမယ်၊ မချထိုက်ဘူးလား (ချထိုက်ပါတယ် ဘုရား)၊ ရှင်းပြီ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်လိုချင်လို့ရှိရင် ဘာအရင်ကြည့်ရမတုံး သင်္ခတမြင်အောင်ကြည့် ရလိမ့်မယ်၊ (သင်္ခတ မြင်အောင် ကြည့်ရမှာပါ ဘုရား)၊ သင်္ခတမြင်အောင်ကြည့် သင်္ကေတ အပြစ် မြင်လိမ့်မယ်။

သင်္ခတရဲ့အပြစ်မြင်မှ ရွံ့မုန်းမယ်

သင်္ခတ အပြစ်မြင်မှ သင်္ခတကို ရွံမုန်းလိမ့်မယ်၊ သင်္ခတ ရွံမုန်းမှ သင်္ခတက ထွက်ချင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါမှရမယ်၊ သို့မဟုတ်ရင် ရကို မရဘူးဆိုတာတော့ ယနေ့ည တရားမှာဖြင့် နိဗ္ဗာန်နဲ့ဝေးပုံကို ကောင်းကောင်းကြီး ပေါ်လာတော့တာပဲ၊ (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

သင်္ခတမတွေ့တဲ့ ပုဂ္ဂိုလ်ဟာဖြင့် အသင်္ခတကို လှမ်းလို့ မျှော်မှန်းနိုင်ပါ့မလား မေးရင်ဘယ့်နှယ် ဖြေကြမတုံး (မမျှော် မှန်းနိုင်ပါဘူး ဘုရား)။

မမျှော်မှန်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဆွမ်းလေးလှူ၊ ကျောင်း လေးဆောက်၊ ဘုရားလေးတည်ပြီး နေငြားသော်လည်း သင်္ခတ မမြင်သေးပါဘူး (တင်ပါ ဘုရား)။

မမြင်သေးတော့ သင်္ခတနယ်က ထွက်ဖို့ရာ သူ့ဉာဏ် ထဲ ဉာဏ်ထူးတစ်ခုပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)၊ မပေါ်နိုင်မရောက်ပါဘူး၊ သင်္ခတနယ်က ထွက်တဲ့ ဉာဏ်ထူး မလာတော့ဘူး၊ မလာရင်မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မပေါ်နိုင်တော့ဘူး (တင်ပါ)။

သင်္ကေတဖြစ်တဲ့ တရားကို မြင်မှသာလျှင် အသင်္ခတ တရားကို ကြိုက်တာ (တင်ပါ ဘုရား)။

ခဏ ခဏ ပြုပြင်နေရတဲ့ ဝတ္ထုပစ္စည်းကြီး မြင်တော့မှ ခိုင်တဲ့ ပစ္စည်းပိုကြိုက်တာ (တင်ပါ ဘုရား)၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ကြိုက်မှလည်း သင်္ခတကထွက်ဖြစ်မှာ၊ သို့မဟုတ်ရင် ထွက်ဖြစ်ပါ့မလား၊ မထွက်ဖြစ်ပါဘူး ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သင်္ခတဆိုတာဘာတုံး

အေး ဒါကြောင့် မင်းတို့ပြောရတာ ဪ သင်္ခတ အရေးကြီးတယ်ကွ၊ သင်္ခတမြင်ဖို့ အရေးကြီးတယ်ကွ၊ သင်္ခတဆိုတာ ဘာတုံး ရုပ်နာမ်တို့၏ ခဏခဏ ပေါ်လိုက် ပျောက်လိုက် ဒါကို သင်္ခတဆိုတာ။

အဲဒီ သင်္ကေတတွေ၊ ကိုယ့်ခန္ဓာ ကြီးဟာ ဪ သင်္ခတခန္ဓာ၊ သင်္ခတနယ်ထဲရှိသေးတာကို၊

ဒါကြောင့် ကိုယ်ပိုင် ကိုယ်ဆိုင်ဆိုတဲ့ အဖြေဟာ ကြည့်နေရင်း မတ္တနဲ့ ကိုယ်ပိုင် ကိုယ်ဆိုင် မရှိပါလားဆိုတဲ့ ဥစ္စာပေါ်လာတယ်။

ကိုယ်ပိုင် ကိုယ်ဆိုင် ပြောကြစမ်း၊ ကိုယ့်အလို၊ ကိုယ့် အကြိုက်နဲ့ ကိုယ့်စရိုက်နဲ့ ကိုက်တာ ခန္ဓာကိုယ်ထဲပါရဲ့ လားလို့ မေးတဲ့အခါကျတော့ ဘယ့်နှယ်ဖြေကြမတုံး (မပါပါဘူး ဘုရား)။

ကိုယ်ပိုင်ပစ္စည်းတစ်ခုမှမရှိ

ပုဂ္ဂိုလ်၏အကြိုက်၊ ပုဂ္ဂိုလ်၏စရိုက်အလိုက် တရားမှ မဟုတ်ပဲ၊ အဲဒီကျတော့မှ ကိုယ်ပိုင်ပစ္စည်း မဟုတ်တာချည်းနဲ့ မျက်စိလည်ပြီး သကာလ၊ ကိုယ်ပိုင်လုပ်ပြီးသကာလ နေရတော့ ကိုယ့်အမှားကြီးက ပေါလောကြီး ပေါ်လာတော့မှ၊ ဝိပဿနာ ဉာဏ်နဲ့ ကြည့်တော့မှ ကိုယ်ပိုင် ပစ္စည်းရယ်လို့ ထင်ပြီးသကာလ၊ အမျိုးမျိုးဘဝတွေက အလုပ်လုပ်ခဲ့တာ အခုတော့ဖြင့် ကိုယ်ပိုင် ပစ္စည်းတစ်ခုမှ မရှိဘူး။

မရဏဆိုတဲ့ တရားတွေ၏ စားဖတ် ဝါးဖတ်အဖြစ်သာ ဖြစ်ပျက်သွားတာမြင်လိုက်တော့မှ၊ ဒါဖြင့် သင်္ခတ သည်ကားလို့ဆိုရင် မရဏ စားဖတ်ဝါးဖတ်ပဲ၊ ဒါဖြင့် မသေရာ ရှာမှပဲဆိုတော့မှ အသင်္ခတ ဘက်လှည့်သွားတယ်၊ သင်္ခတက မရဏ၏ စားဖတ် ဝါးဖတ်ကွ (တင်ပါ ဘုရား)။

သင်္ခတပြုမြင်၍ ဖြစ်ပေါ်လာလည်း မရဏပဲလမ်းဆုံးတာပဲ၊ စိတ်ကလေး ပြုပြင်ထားတယ်၊ ပြုပြင်တဲ့ စိတ်ကလေးကိုပဲ သင်္ခတတရား၊ ဒါလေးကလည်း မရဏလမ်းဆုံးတာပဲ (တင်ပါ ဘုရား)။

ဒါဖြင့် သင်္ခတချည်း ခင်ဗျားတို့နေကြတော့မယ်၊ သင်္ခတကိုသာ ကိုယ်ပိုင်လုပ်နေကြတော့မယ် ဆိုလို့ရှိရင်၊ ကိုယ် လည်း မပိုင်ဘူး မရဏ ထိုးအပ်ဖို့ပဲ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

လောကီဥပမာ ပြောကြပါစို့ဆိုတော့၊ ခင်ဗျားတို့ အခု ရောင်းဝယ်ဖေါက်ကားပြီး နေကြတာ လုပ်သာနေရတယ် ငွေတစ်ရာ တစ်ကျပ်တောင်မှကိုယ်က မသုံးရဘူး၊ တစ်ဆယ် တစ်ကျပ်တောင်မှ ကိုယ်က မသုံးရဘူး၊ ကိုယ်ပိုင်မဟုတ်ဘူး ရသရွေ့ပေးရမယ်၊ ဆိုလို့ရှိရင်ဖြင့် မလုပ်တော့ဘူးဆိုတာ လာမှာပဲ၊ ဒီလိုနှုတ်မှန်းသိရင် မလုပ်တော့ဘူးဆိုတာ လာမှာပဲ (လာမှာပါ ဘုရား) ဒီနယ်က ထွက်ချင်မှာပဲ (တင်ပါ ဘုရား)။

ဒီက ပြေးချင်မှာပဲဆိုတာ လာမည့်တရားလို့ မှတ်ရမယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သင်္ခတမြင်မှ နိဗ္ဗာန် အသင်္ခတရောက်မယ်ကွာ (တင်ပါ)၊ သင်္ခတ မမြင်သေးတဲ့ ပုဂ္ဂိုလ်များဖြင့် (အသင်္ခတဘက် မရောက်နိုင်ပါဘူး ဘုရား)။

သင်္ခတမြင်ကြရဲ့လား

ဒါဖြင့် ခုနဒါနလုပ်နေတဲ့ ပုဂ္ဂိုလ်လည်း သင်္ခတ မမြင်ဘူး၊ သူ့အလုပ်က လှူဖို့ပေးဖို့ ကမ်းဖို့ကို၊ သင်္ခတ မြင်တာ ဟုတ်ကြရဲ့လား (မဟုတ်ပါဘူး) သီလ ဆောက်တည်တာလည်း သင်္ခတမြင်တာများ ဟုတ်လား (မမြင်ပါဘူး)၊ သမထလုပ်နေ တာ သင်္ခတမြင်ရဲ့ လား (မမြင်ပါဘူး)၊ ဒါဖြင့် ဝိပဿနာနဲ့ မဂ်မှပဲ သင်္ခတနယ်က ထွက်ချင်တဲ့ တရားထူးဖြစ်မှာပဲ (တင်ပါ ဘုရား)။

ကျန်တာတွေ ဒီထဲဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး) သင်္ခတမှ သူမမြင်ပဲဘဲ (တင်ပါ)၊ သင်္ခတ မမြင်တဲ့ တရားဖြစ် တော့ သင်္ခတနယ်က ထွက်ချင်တဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် တွေ လာနိုင် ပါ့မလား (မလာနိုင်ပါဘူး)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် မင်းတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့်၊ သင်္ခတ နယ်က မလွတ်သေးတော့၊ အကုသိုလ် သင်္ခတက ပြုပြင် လိုက်တဲ့အခါကျတော့၊ သွားကွ အပါယ်၊ ကုသိုလ်သင်္ခတက ပြုပြင်လိုက်လို့ ရှိရင်လည်း သွားကွ သုဂတိ။

အဲဒီ သုဂတိနေတုန်းပဲ ငါအကုသိုလ် သင်္ခတက အလှည့်ကျလာပြီဆိုပြီး ဖြတ်ချလိုက်ပြန်တော့ သွားကွ အပါယ်။ သင်္ခတသမားမှာဖြင့် တည်ရာဌာန အမြဲရှိရဲ့ လား (မရှိပါဘူး ဘုရား)။

မခိုင်တာကို ဆုတောင်းယူထားတယ်

ဘာဖြစ်လို့မရှိသတုံးလို့ မေးတဲ့အခါကျတော့၊ မင်းတို့ က သင်္ခတဆုတောင်းယူထားကြတယ်၊ အမြဲမရှိတာကို ဆုတောင်းယူထားတယ်၊ မခိုင်တာကို ကျုပ်ဟာ ဖြစ်ရပါလို၏ ဆိုတာ ဒါပဲ (တင်ပါ)။

မခိုင်တာ ကျုပ်ဟာဖြစ်ရပါလို၏၊ မမြဲတာ ကျုပ်ဟာ ဖြစ်ရပါလို၏၊ ဆင်းရဲတာ ကျုပ်ဟာ ဖြစ်ရပါလို၏ (တင်ပါ ဘုရား)၊ ဒါဘုံဘဝတွေ ဆုတောင်းတဲ့ ပုဂ္ဂိုလ်မှာ ဒီဆုသုံးခုပဲ ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မခိုင်တာ သူ့ဟာဖြစ်ရပါလို၏ ဟုတ်လား၊ ဆင်းရဲတာ (သူ့ဟာဖြစ်ရပါလို၏)၊ အစိုးမရတာ သူ့ဟာဖြစ်ရပါလို၏။ အမလေး ပါးစပ်ထဲထည့်ဖို့တောင် မကောင်းပါဘူး (မကောင်း ပါဘူး ဘုရား)။

မကောင်းပေမယ့်လည်း မသိဆိုးဝါးနေတဲ့ ပုဂ္ဂိုလ် တွေက ဒီအတိုင်းပဲ၊ မခိုင်တာ ကိုယ့်ဟာ ဖြစ်ရပါလို၏။ နတ်ဖြစ်ရ ပါလို၏ ဆိုတော့ နတ်ဆိုတာမခိုင်တာကို (တင်ပါ ဘုရား)၊ အဲဒါ

ကိုယ့်ဟာဖြစ်ရပါလို၏ တော်ကြာကျ နတ်ပွဲကြီး ဆင်တာပဲ (တင်ပါ ဘုရား)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

တော်ကြာကျ နတ်စိတ်ဒုက္ခရောက်တယ်၊ ဒုက္ခပွဲကြီး ကော၊ သားသေ၊ မယားသေးနဲ့ (တင်ပါ ဘုရား)၊ မရှိဘူးလား ရှိပါတယ်။

အဲတော့ကို သင်္ခတ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်ဟာ မခိုင် တာ ကိုယ့်ဟာဖြစ်ရပါလို၏၊ ဆင်းရဲတာ ကိုယ့်ဟာဖြစ်ရ ပါလို၏။ ဒီလောက်မှန်မှန်ပြောလို့ရှိရင်တော့ တော်တော်ရိပ် မိဖို့ကောင်းပြီ (ရိပ်မိပါပြီ ဘုရား)၊ တော်တော်ရိပ်မိဖို့ ကောင်းပါ ပြီ။

သုဗြဟ္မာနတ်သား

ဒါကြောင့် သူနဲ့ပတ်သက်ပြီး သကာလ သုဗြဟ္မာတို့ ဝတ္ထုထုတ်လိုက်ရင် သိပ်ပေါ်မယ်နော် (မှန်လှပါ ဘုရား)။

သူဟာ တာဝတိံသာနတ်ပြည်မှာ သုဗြဟ္မာနတ်သား၊ နတ်သမီးငါးရာ၊ နတ်သမီး တစ်ထောင်နဲ့ သူ-သင်္ခတနယ်ထဲ သွားနေတယ်၊ နောက် သူ-ဥယျာဉ် ထွက်သွားတဲ့ အခါမှာ သစ်ပင်ပေါ်မှာ နတ်သမီး တချို့ကပန်းတွေ ဆွတ်ခူး ချတယ်၊ အောက်က နတ်သမီးငါးရာကလည်း အဲဒီပန်းတွေ သီကုန်းပြီး သူ့ကိုဆင်ကြ၊ ပြင်ကြ၊ ပျော်ပါးကြ။

တော်တော်ကြာ၊ သင်္ခတသမားဖြစ်သောကြောင့်၊ မခိုင်တာကိုယ့်ဟာဖြစ်အောင် ဆုတောင်း ထားတော့၊ ဖျတ်ဆို ဥပစ္ဆေဒကကံက သင်္ခတကပြုပြင်လိုက်တာ အဝီစိကို ပန်းခူးတဲ့ အပေါ်က ငါးရာကျသွားတယ်ဆိုတာ ထင်ရှားသားပဲ (တင်ပါ ဘုရား)၊မခိုင်တာ ကိုယ့်ဟာဖြစ်ရပါလို၏ တောင်းထားလို့ မခိုင်တာပဲ ရသွားတာ (မှန်ပါတယ် ဘုရား)။

နောက်ကျတဲ့အခါကျတော့၊ နတ်သားက အပေါ်မှာ သီချင်းတကြော်ကြော်နဲ့ ပန်းတွေခူးချ ဆွတ်ချနေတဲ့ ပုဂ္ဂိုလ်တွေ မမြင်ပါလားလို့ ကြည့်လိုက်တဲ့အခါ၊ အားလုံး သူ့နတ်မျက်လုံး နဲ့ ကြည့်လိုက်တော့၊ ဘယ်သွားကုန်ပါလိမ့် ကြည့်လိုက်တော့၊ နတ်မျက်စိမို့ အဝီစိငါးရာကျနေတယ်၊ သူ့နတ်သမီးငါးရာ အဝီစိရောက်သွားတယ်။

မခိုင်လို့ပြုတ်ကျတာ

မခိုင်တာ ငါ့ဟာဖြစ်ရပါလို၏၊ ဒါမခိုင်လို့ ပြုတ်ကျတာ ပေါ့ကွာ (မှန်ပါတယ် ဘုရား)။

ဒါနဲ့ သူတို့အတွက်တော့ဖြင့် အတော်ဆိုးဝါးသွားပြီ ကိုယ့်အတွက် စဉ်းစားပါဦးမယ်ဆိုပြီး၊ ကိုယ်ကလည်း မခိုင်တာ ကိုယ့်ဟာဖြစ်ရပါလို၏ ဆုတောင်းထားတာပဲ၊ သူလည်း နောက်ခုနှစ်ရက်ရှိရင် အဲဒီလမ်း သွားရမယ်၊ (တင်ပါ့ ဘုရား)၊ အဝီစိ သွားရမယ်။

ဘာဖြစ်လို့တုံးဆိုတော့ အခုကုသိုလ်သင်္ခတက ပြုပြင် လိုက်၊ တော်ကြာ အကုသိုလ်သင်္ခတက ဖြတ်ချလိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကုသိုလ်သင်္ခတကို ပြုပြင်တာကို (အကုသိုလ် သင်္ခတက ဖြတ်ချလိုက်တာပါ ဘုရား)၊ အကုသိုလ် သင်္ခတက ဖြတ်ချလိုက်တယ်။

ဖြတ်ချလိုက်တော့ ယနေ့ပျော်သွားတယ် အခုငိုပွဲ နောက်ငိုပွဲဆိုတာ ခဏလေးပါပဲ၊ ပျော်ပွဲနဲ့ ငိုပွဲဝေးသလား (မဝေးပါဘူး ဘုရား)။

ခုတင်ပဲ သီချင်းတကြော်ကြော်နဲ့ ပျော်တယ်၊ ဖျတ်ဆို အဝီစိကျသွားတော့ ငိုပွဲသွားဖြစ်တယ်၊ သင်္ခတသမားတွေလေ (တင်ပါ ဘုရား) သင်္ခတသမားတွေ အဖြစ်တွေကဖြင့် ဒီအတိုင်း ပါပဲ။

သောကနှစ်မျိုးဖြစ်လာတယ်

နတ်သားက စဉ်းစားလိုက်တဲ့အခါကျတော့မှ၊ ဪ ငါလည်း ဒီသွားရမှာပဲဆိုတော့မှ၊ သူ့မှာ သောက ပရိဒေဝ လာဖြစ်တယ်၊ သူ့သောက-က နှစ်မျိုးလာဖြစ်တယ် (တင်ပါ ဘုရား)။

စိတ်ထဲမှာ တုန်လှုပ်ချောက်ချားလာတယ်၊ ဘယ်လို တုန်လှုပ်ချောက်ချားသွားတုံး၊ သွားပြီးသား ပုဂ္ဂိုလ်တွေ အတွက်လည်း စိတ်ကမအေးဘူး၊ ကိုယ်သွားရမှာကြောင့်လည်း စိတ်ကမအေးဘူး၊ နှစ်ချက် ဖြစ်နေတယ် (တင်ပါ ဘုရား)။

ဖြစ်ပြီးသား ကိစ္စတွေကြောင့်လည်း သင်္ခတသမားမှာ အပူအဆွေးဖြစ်နေတယ်၊ မဖြစ်သေးတဲ့ ကိစ္စအတွက်လည်း ပူဆွေး ဒုက္ခရောက်နေတယ် (တင်ပါ ဘုရား)။

ဖြစ်ပြီးတာက သူ့ခင်ပွန်းမငါးရာ၊ မဖြစ်သေးတာက သူနှင့်တကွ ကျန်နေတဲ့ ငါးရာက မဖြစ်ရသေးဘူး၊ ခုနှစ်ရက် လိုသေးတယ်၊ အဲဒီအတွက်လည်း သောက ပရိဒေဝ ဖြစ်နေ တယ်လို့ မောင်ချစ်ဆွေက မှတ်ရမယ် (တင်ပါ ဘုရား)။

ဒါဖြင့် သူ့မှာ အတိတ်သောကက လွန်ပြီးသားကို အောက်မေ့လို့ ဖြစ်တဲ့သောက ကလည်း စူးတယ်၊ လာလတ္တံ့ သောကကလည်း (စူးနေပါတယ် ဘုရား) သောကနှစ်ချက် စူးနေတယ် (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း မင်းတို့မှာ ဒီနှစ်ချက်ရှိတယ် (ရှိပါတယ် ဘုရား) ဒီနှစ်ချက်ဘာရှိတုံးဆိုတော့ အစ်မတို့က ဗြုန်းကနဲ ဖေါ်မပြောရင် မသိဘူး၊ သော် ငါအခုတော့ ဆရာ ကောင်း သမားကောင်း တွေ့ရပြီ ငါငယ်တုန်းက မိုက်တေပြီး လာခဲ့တာ ဖြင့် အပါယ်များရောက်ဦးမှာလား။

လွန်ပြီးသားမိုက်ပြစ်အတွက် စိုးရိမ်တယ်

အင်း လွန်ပြီးသားက လွန်ပြီးသားက လာဖြစ်နေတာ ငါတော့ အတော်တော့ ကြိုးစားနေတာပဲ၊ ကြိုးစားပေမယ့် လည်း မိုက်ပြစ်က ပြင်းထန်နေတဲ့အတွက်၊ ဒီလိုများသွားနေရ ဦးမှာလား အနာဂတ် အတွက်လည်း စိုးရိမ်တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ လွန်ပြီးသားအတွက်ကလည်း စိုးရိမ်တယ် အခု လုပ်နေတာကလည်း အင်း ဒီနေရာများ ပြန်ရောက်လည်း ခက်သားပဲဆိုတဲ့ အနာဂတ် အတွက်ကိုလည်း စိုးရိမ်လျှက်ပဲ၊ အတိတ်ကြောင့်လည်း သောကစိုးရိမ်နေတယ် နော် (တင်ပါ ဘုရား) အနာဂတ်ကြောင့်လည်း (သောက စိုးရိမ်နေတယ် ဘုရား)။

အဲဒီတင်နတ်သားက ဘုရားမှတစ်ပါး ကိုးစားရာမရှိ တော့ပါဘူး၊ ဘုရားဆီကိုပြေးမှပဲ ပြေးမှပဲ အေးတော့မယ်ဆိုပြီး ဘုရားဆီ နတ်သမီးငါးရာနဲ့တကွ ပြေးကြတယ် (တင်ပါ ဘုရား)။

အနာဂတ်ကြောင့်လည်း စိတ်မချမ်းသာပါဘူးတဲ့

ပြေးကြတော့ တပည့်တော်ဘုရား အရင်က ငါးရာ အဝီစိကျလို့လည်း တပည့်တော်များဖြင့် စိတ်မချမ်းသာပါဘူး၊ တပည့်တော်တို့ သွားရမယ့် အနာဂတ်ကြောင့်လည်း စိတ်မချမ်းသာပါဘူး။

လွန်ပြီးသားအတွက်လည်း တပည့်တော် သောက ငြောင့်ကြီးစူးနေတယ်၊ အနာဂတ် အတွက်လည်း တပည့်တော် သောက ဗြောင့်ကြီးစူးနေတယ်၊ ဒီငြောင့် နှစ်စင်းကိုဖြင့် အရှင်ဘုရားမှ တစ်ပါး ရှင်းလင်းပေးမယ့်လူမရှိပါဘူး။

သီလစောင့်ပြီး ဝိပဿနာလုပ်ပါ

ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဟေ့ သီလဆောက်တည်ပြီး ဝိပဿနာမဂ္ဂင် အလုပ်ကို လုပ်ကွ (တင်ပါ)။

သီလဖြူစင်အောင်ထားပြီး ဝိပဿနာ မဂ္ဂင်အလုပ် လုပ်ဆိုတော့ ဝိပဿနာ အလုပ် လုပ်ခိုင်း လိုက်တယ် (တင်ပါ ဘုရား)။

ဝိပဿနာအလုပ် လုပ်ခိုင်းတော့ အစ်မသူက နတ် မျက်လုံးနဲ့ ကြည့်လိုက်တော့ အဝီစိဆိုတာ ကိုယ်တိုင် မြင်ရ တယ် (တင်ပါ ဘုရား)။

ကိုယ်သွားရမှာက ခုနှစ်ရက်၊ ကိုယ့်အကြောင်း ကိုယ် ကောင်းကောင်းသိတယ် ဆိုတော့ အလုပ်လုပ်မလားတဲ့ ခုနှစ်ရက်အတွင်းမှာ အပြီး လုပ်မလား၊ လျှော့လျှော့ပေါ့ပေါ့ လုပ်မလားလို့ စဉ်းစားကြည့်စမ်းပါ (အပြီးလုပ်မှာပါ ဘုရား)။

အဲဒီတွင် အပြီးလုပ်လိုက်တော့ကို သွားဖို့ရာ သေချာ ပြီးသားတောင်ပြီးတယ်။ မဂ္ဂင်အလုပ် လုပ်ပါ မဂ္ဂင်လုပ်ရင် ပြီးသွားတာပဲ (တင်ပါ ဘုရား)။

အပါယ်သေချာပြီးသားတွေသောတာပန်တည်တယ်

အဲဒါလုပ်လိုက်တာနဲ့ အားလုံးပဲ သောတာပန်တွေ တည်၊ အပါယ်လေးပါး တံခါးပိတ်သွားတယ် (တင်ပါ ဘုရား)။

အဲတော့ ဘုရားက “နာညတြ ဗောဇ္ဇာတပသာ” သုဗြဟ္မာ နတ်သား၊ ဗောဇ္ဇာတပသား ဗောဇ္ဈင် အကျင့်ကို (ဝါ) မဂ္ဂင်အကျင့်ကို၊ အညတြ= ကြဉ်ထား၍၊ သောတ္ထိံ= မိမိသောကကို ချမ်းသာခြင်းမှ၊ န ပဿာမိ = မမြင်ဘူး။ မဂ္ဂင်အလုပ်လုပ်ရင် ဒီသောက ပျောက်သွားမှာပဲ (တင်ပါ ဘုရား)။

နာညတြိန္ဒိယသံဝရာ မင်းတို့သည်ကားဆိုရင် သီလကို ဣန္ဒိယသံဝရသီလကို လုံခြုံအောင် စောင့်နေလို့ ရှိရင်လည်း နိဗ္ဗာန် ဝင်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။