159

လူတိုင်းမှာ အိုမှုသေမှုရှိတယ်

လူတိုင်းမှာ အိုမှုသေမှုရှိတယ် (၁)

လူတိုင်းမှာ အိုမှုသေမှုရှိတယ် (၂)

တရားနှစ်ပုဒ်ပါဝင်ပါသည်။အသံမ​ကြည်ပါ။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးသည်။ မန္တလေး မြို့သို့ ကြွလာတော်မူလျှင် ကျောင်းဒကာ ဦးချစ်ဆွေ၊ ကျောင်းအမ ဒေါ်မမတို့နေအိမ်ဂေဟာကို ကျောင်းအမှတ်ပြု၍ သီတင်းသုံး တော်မူပါသည်။ ခြံဝင်းကျယ်ကြီးတွင် ဓမ္မာရုံဆောက်၍ ညစဉ် တရားဟောတော်မူပါသည်။ တရားနာ ပရိတ်သတ်မှာ အလွန်များသဖြင့် ကျောင်းပေါ်တွင်အပြည့်၊ ဓမ္မာရုံတွင်အပြည့်၊ အိမ်နားနီးချင်း နေအိမ်နှင့် ခြံဝင်းများ၌ လည်း အပြည့်ရှိရာ ကားအသွားအလာ များကို ယာဉ်ထိန်းရဲ များဖြင့် ရှင်းပေးကြရသည်။ အခါ ကြီး နေ့ရက်ကြီးများ၌၊ တရားနာပရိတ်သတ် (၆ဝဝဝ) ကျော် (၇ဝဝဝ) ပင် ရှိကြောင်း သိရပါသည်။

ဤတရားတော်များသည် ဤပရိတ်သတ်ကြီးအား၊ ဟောကြားခဲ့သော တရားတော်များ မဟုတ်ပါ၊ ဦးချစ်ဆွေ ဒေါ်မမ တို့နှစ်ဦးအား နံနက် (၇) နာရီတိုင်း သီးခြားဆုံးမ ဟောကြား ခဲ့သော နာရီဝက် တရားတော်များဖြစ်ပါသည်။

တပည့်ရင်းများဖြစ်၍ မောင်ချစ်ဆွေ၊ အစ်မဟု အမည် များခေါ်ပြီး ရင်းရင်းနှီးနှီး ဟောပါသည်။ မညှာမတာ ဟောပါသည်။ ပရိတ်သတ်ထဲတွင် ဟော၍ မသင့်သော်လည်း တပည့် ရင်းများအား စိတ်ရှိတိုင်း ဆုံးမထားသည်မှာ အလျင် အမြန် ခရီးပေါက်စေလို၍ ကရုဏာထားခြင်းပင် ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီးက ခန္ဓာကိုယ်၏ ဆင်းရဲခြင်းဒုက္ခ ကို သိစေချင်သဖြင့် ခန္ဓာရတဲ့ ပုဂ္ဂိုလ်၏ အိုမှုဒုက္ခ၊ သေမှုဒုက္ခကို အသားပေး ဟောထားသည်။ စိန်တွေ တသီတတန်းကြီး ဝတ်ဆင်ထားပေမယ့် သေလမ်းသွားတာပါပဲလို့ ဟောတော်မူ သည်။

နောင်ဘဝကြီးပွားချင်၍ တန်ခိုးကြီးတဲ့ ဘုရားရှေ့မှာ သွားပြီး ဆုတောင်းနေခြင်းသည်၊ ဘုရားမကြိုက်တဲ့ဆု၊ ဘုရား ရွံမုန်းတဲ့ဆုကိုတောင်းနေသလို ဖြစ်သဖြင့် ဘုရားနှင့် ရန်သွား ဖြစ်နေတာနှင့် တူကြောင်းကိုပါ ဟောတော်မူသည်။

ဤသို့ဆုတောင်းနေတာသည် သစ္စာမသိလို့ ဖြစ်သည်။ ဘုံဘဝဆုတောင်းရင် လိုချင်တဲ့ တဏှာပါနေသဖြင့် နိဗ္ဗာန်မရဘူး လူရင်းတွေမို့ ဟောရတာဆိုပြီး တားမြစ်ထားပါသေးသည်။

ဤစာအုပ်သည် မန္တလေးမြို့ ရွှေလှံရပ်နေ ဦးချစ်ဆွေ ဒေါ်မမတို့ နှစ်ဦးအား (၂၊ ၃၊ ၆၂) ရက်နှင့် (၃၊ ၃၊ ၆၂) ရက်နေ့ နံနက်၌ ဟောကြားဆုံးမတော်မူသော တရားတော် နှစ်ပုဒ်ကို ပေါင်းထားခြင်း ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ပြည့်စုံကြပါစေ။

၈-၈-၂၀၀၁

အမှုဆောင်အဖွဲ့

————

လူတိုင်းမှာ အိုမှုသေမှုရှိတယ်(၁)

အသံဖိုင်ခေါင်းစဉ်= ခန္ဓာကိုယ်ကို ပဋိလောမနည်းဖြင့်သုံးသပ်၍ ဝိပဿနာရှုရန်

စာအုပ်ခေါင်းစဉ်= လူတိုင်းမှာ အိုမှုသေမှုရှိတယ်(၁)

အသံမကြည်ပါ။

——–

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

လူတိုင်းမှာ အိုမှုသေမှုရှိတယ်

ဟောကြားသည့်နေ့

(၂-၃-၁၉၆၂)

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်းသုံးပြီး သကာလ နေတော့၊ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင် ကွာ၊ ကိုယ့်ခန္ဓာ ကိုယ့်အကြောင်းတော့ နေ့တိုင်းလိုလို သုံးသပ် ဆင်ခြင်ဖို့ ကောင်းပါတယ်။

ခန္ဓာကိုယ်ကို ဆင်ချင်သုံးသပ်ပါ

ကိုယ့်ခန္ဓာကြီး ရထားတယ်၊ ကိုယ့်ခန္ဓာကြီးက ဘယ်လမ်း သွားနေတယ်၊ အခု ဘယ်လမ်း ခုလတ်ဆီ ရောက်ပြီ၊ ရှေ့ လည်း သူ ဘယ်ဆိုက်မှာတုံး၊ ဒီလိုတွေးလုံးလေးတွေကို တွေးဖို့ကောင်း ပါတယ်၊ (တင်ပါဘုရား)။

ခန္ဓာကြီးရထားတယ်၊ အခုခန္ဓာကြီးက ဘယ်သွားနေ တုံး၊ သွားလို့ဘယ်လောက် ခရီး ပေါက်ပြီတုံး၊ နောက်ခရီးဆုံးသူ ဘယ်ကျတော့ ဘာဖြစ်မှာတုံး ဆိုတာလေးဟာလည်း၊ မင်းတို့ သူများ မသုံးသပ်ချင်နေ၊ ကိုယ့်ဟာကိုယ်တော့ သုံးသပ်ဆင်ခြင်ဖို့ သိပ်ကောင်းပါတယ်- ဆိုတော့ တော်တော် အဖိုးတန်မယ့်စကား (တင်ပါဘုရား အဖိုးတန်ပါတယ်ဘုရား)။

အိုရာကသေလမ်းသွားနေတယ်

အဲတော့ကွာတဲ့ ဥပမာမယ် မင်းတို့မှာတဲ့ ခန္ဓာရထား တယ်ဆိုတော့၊ ဪ အိုပါပေါ့လား-(၅၀) (၄၀) ကျော် တွေအိုလာပြီ အိုတဲ့နေရာကို ရောက်ပြီ ရှေ့ဘယ်များ ဒီခန္ဓာ ကြီးက ဆက်လက်ပြီး သကာလ ခြေလှမ်းသွက် ဦးမှာလဲ ဆိုတာလည်း ကိုယ့်ဟာကိုယ် စဉ်းစားလို့ရှိရင်၊

ခန္ဓာရတဲ့ ပုဂ္ဂိုလ်က ဒီသစ္စာနှစ်ခုကိုယ်တိုင်ပြုပြီး သကာ လနေတော့၊ ဪ ခန္ဓာအလုပ်က ဒီသစ္စာနှစ်ခု ကိုယ်ပိုင်ပြု နေရတဲ့ဥစ္စာ၊ ဒီသစ္စာနှစ်ခုကြည့်လိုက်ပြန် တော့လည်း ဒုက္ခသစ္စာ။

ဒီဒုက္ခသစ္စာနှစ်ခုနဲ့ပဲ ကိုယ်ပိုင်ပြုလုပ်ပြီး နေရတော့၊ ကဲ ဒီဥစ္စာသည်ကားဆိုရင်ဖြင့်၊ ဘယ့်နှယ်ကြောင့် ကိုယ်ပိုင် လုပ်နေရပါလိမ့်မတုံးဆိုတဲ့ တွေးလုံးဟာလည်း တွေးဖို့အချိန် ရောက်ပြီကွာတဲ့၊ လက်ဖက်ချည်း ရောင်းနေလို့ မဖြစ်သေးဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကြီးရထားလို့

အဲတော့ ကိုင်း ဒါဖြင့် ကွာတဲ့၊ ပဋိစ္စသမုပ္ပါဒ် အတိုနည်းပဲ ငါဟောပါ့မယ်၊ အရှည်နည်း ငါမဟောပါဘူး၊ အရှည်နည်း ဆိုလို့ရှိရင်ဖြင့် မင်းတို့ရှုပ်နေရော့မယ်၊ ဒီနှစ်ခုဟာ ဘယ့်နှယ်ကြောင့် ဖြစ်ပေါ်ပေါက်ပြီး ကိုယ်ပိုင်ကျင့်၊ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ပစ္စည်း၊ မရုန်းနိုင် မကန်နိုင် တွေ့ရတဲ့ အလုပ်နှစ် ခုလို့ ကိုယ်ကိုယ်တိုင် သိထားလို့ရှိရင်ဖြင့် သူဘယ်က လာသတုံး၊ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး ဆိုတာလေးတော့ ဆက်တွေး ကြပါဦး၊ သူ့အကြောင်းအရင်းကို ရှာပါဦးပေါ့ဗျာ (တင်ပါ ဘုရား)။

အကြောင်းအရင်းရှာတော့မှ ကွာတဲ့၊ မင်တို့လိုက်စမ်း ပါတဲ့ အကြောင်းအရင်းရှာလို့ရှိရင်၊ ခန္ဓာငါးပါးရလို့ပဲ ဆိုတာ ပေါ်လာပါလိမ့်မယ် (တင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အိုမှု သေမှု ဒုက္ခသစ္စာကြီးကို မလွှဲသာ မရှောင်သာနဲ့ ဒီလမ်းချည်း၊ ဒီနေရာချည်း ဆိုက်နေရတာ၊ အင်း ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ ရှာတဲ့အခါကျတော့၊ ဥပဓိနိဒါနံ ဆိုတဲ့ အတိုင်း ခန္ဓာကြီး ရထားလို့ပဲဟေ့ လို့တွေးကွတဲ့ (တင်ပါ ဘုရား)။

အိုရေးနဲ့သေရေးဟာကိုယ့်အရေး

ခန္ဓာကြီးရထားလို့ရှိရင်ဖြင့် အိုရေးနဲ့ သေရေးဟာကိုယ့်အရေးမှတ်၊ အဲဒီလိုတွေးလိုက်တဲ့ အခါကျတော့မှ၊ ဪ ခန္ဓာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒီလမ်းနဲ့ ဒီစခန်း မလွဲတန်း သွားတတ်တယ် ဆိုတဲ့ဥစ္စာ သူ့ထုံးစံ၊ သူ့နိယာမလို့ မှတ်လိုက်စမ်းပါ။

သူ့ထုံးစံနဲ့ သူ့နိယာမဆိုတာ အတူတူပဲနော် (တင်ပါ ဘုရား)၊ အင်း သူ့ထုံးစံနဲ့ သူ့နိယာမကို ခန္ဓာရထားတဲ့ ဥစ္စာ၊ ကြော်-ဒါဖြင့် ဟိုသစ္စာ၊ ဒီသစ္စာ နှစ်ခုသည်ကားလို့ဆို လို့ရှိရင်၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်၏ မလွှဲသာမရှောင်သာ တွေ့ကြုံရမယ့် ကိစ္စကြီးနှစ်ခု၊ သဘောပါကြပလား (သဘောပါပါပြီ ဘုရား)။

ဒုက္ခသစ္စာကြီးနှစ်ခုလို့မှတ်ပါတယ်

ခန္ဓာရတဲ့ပုဂ္ဂိုလ်၏ မလွှဲသာမရှောင်သာ တွေ့ကြုံရမယ်၊ ဒုက္ခသစ္စာကြီး နှစ်ခုပေါ့ကွာ (တင်ပါ ဘုရား)၊ အဲဒုက္ခသစ္စာကြီးနှစ်ခု လို့ အစ်မတို့က မှတ်ထားပါ (မှန်ပါ ဘုရား)။

အဲဒီလိုမှတ်ထားလိုက်တဲ့အခါကျတော့၊ အိုမှုဒုက္ခသစ္စာ၊ သေမှု ဒုက္ခသစ္စာကြီးဟာ ကိုယ့်ဟာကိုယ် ပြန်ပြီးသုံး သပ်လိုက်တဲ့အခါကျတော့ ခန္ဓာရတဲ့ ပုဂ္ဂိုလ်၏ အလုပ်ကို ဆိုတာ ပေါ်လာတယ် (တင်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ပုဂ္ဂိုလ်၏ အလုပ်ပါလိမ့် (ခန္ဓာရတဲ့ပုဂ္ဂိုလ်၏ အလုပ်ပါ ဘုရား)၊ ခန္ဓာရတဲ့ပုဂ္ဂိုလ်၊ ခန္ဓာကြီး လက်ရှိ ရှိတဲ့ ပုဂ္ဂိုလ်၏အလုပ် ဘယ်သူ့အလုပ်ပါလိမ့် (ခန္ဓာကြီးလက်ရှိ ရှိနေတဲ့ ပုဂ္ဂိုလ်၏ အလုပ်ပါ ဘုရား) ဪ ခန္ဒာလက်ရှိ ရှိတဲ့ ပုဂ္ဂိုလ်၏ အလုပ်နော် (တင်ပါ)၊ ဘယ်သူက တော်တယ်လို့ မရှိပါလားဟေ့။

အားကျနေစရာမလိုဘူး

အင်း သူတော့ဖြင့် တော်တယ်၊ ဒီမြို့ထဲနေကြ ထိုင်ကြတာ သူကသာတယ်၊ သူက တော်သေးတယ်၊ ကျုပ်တို့က မတော်ဘူး၊ မသုံးပါနဲ့ ဘယ်သူမှ မတော်ဘူး၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်

(တင်ပါ ဘုရား)။

ဘယ်သူတော်တယ်လို့ မသိလို့ အမှားလို့ ထင်မနေ လိုက်ပါနဲ့တဲ့၊ ဒီနှစ်ခု သွားနေတာပဲ ရှိတယ် (မှန်ပါ)၊ ဘယ်သူ သည် နေရာကျပြီ၊ စိန်တွေ သီးနေအောင် ဝတ်ထားတယ်။

ဘယ်သူသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာ ခြင်းနဲ့ နေတယ်၊ အို အစ်မ အားကျ နေစရာ မလိုဘူး၊ ဒီလမ်း သွားနေတာ သူကစိန်ဝတ်သွားတာ ထူးတာပဲ၊ စိန်ဝတ်ပြီးတော့ လမ်းက ဒီအတိုင်း သွားနေတာရှိတာပဲ (မှန်ပါ)။

အိုလမ်းသေလမ်း၊ သူသွားနေသော

အခုတော့ ဒကာ ဒကာမတွေက ဒီနှစ်ခုကို မသိတော့ ဪ သူက တော်လိုက်တာ သူ့အကျိုးပေးမျိုးဆို ဒို့တွေ့ချင် သေးတယ်၊ ဒို့ တွေ့ချင်ဟိုနှစ်ခုက တွေ့မှာ၊ သူ့ အဖြစ်မျိုးက မလွယ်ဘူး၊ တယ်ကုသိုလ် ကောင်းတယ်၊ ဘယ်ကောင်းရမှာတုံး၊ သူသွားနေတဲ့ လမ်း ကြည့်လိုက်တဲ့ အခါကျတော့ အိုလမ်း သေလမ်းသူသွားနေတယ်၊ သူလည်းဒါရှိတာပဲ၊ နောက်တောင်း လို့ ရသေးလား (မရပါဘူး ဘုရား)။

မသိချီးမွမ်းနေတာ

မရတော့ အစ်မတို့ကဖြစ်စေ၊ မောင်ချစ်ဆွေက ဖြစ်စေ မသိချီးမွမ်းနေတာ (တင်ပါ ဘုရား)၊ မသိချီးမွမ်းကြီး (မှန်ပါတယ် ဘုရား မသိချီးမွမ်းပါ ဘုရား)၊ မသိချီးမွမ်းကြီး (တင်ပါ)။

ဘယ်လို မသိချီးမွမ်း ဖြစ်နေသတုံးဆိုတဲ့ အခါကျတော့၊ ဟိုသစ္စာနှစ်ခုကို လှမ်းမမြင်တော့၊ ဒီဟာကြီးကို သုဘထင်ပြီး သကာလနေတော့၊ သုဘက ဖုံးလိုက်တာ၊ တင့်တယ် တယ်ဆို တဲ့ အမှတ် တစ်ချက်တည်း ဖုံးလိုက်တော့ ဟိုသစ္စာနှစ်ခု ပျောက်သွားတယ်။

သစ္စာပျောက်တဲ့တရား

ဒါကြောင့် ချီးမွမ်းတဲ့ အသံထွက်လာတာ၊ ဒါဖြင့် သုဘသညာဟာလည်း သစ္စာပျောက်တဲ့ တရားပဲ (မှန်ပါ)။ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

သုဘသညာဟာ ဘာပါလိမ့်(သစ္စာပျောက်တဲ့တရားပါ ဘုရား)၊ သစ္စာပျောက်တဲ့တရား (တင်ပါ ဘုရား)၊ အဲဒါကြောင့် အစ်မတို့ မြို့ထဲရွာထဲ ပွဲတွေ လမ်းတွေ သွားတဲ့ လာတဲ့အခါ ကျလို့ရှိရင်ဖြင့်၊ အို သူ့အရွယ်နဲ့ သူဝတ်ထားတာနဲ့ သူ့ အကျိုးပေးနဲ့ ကျေနပ်ဖို့ ကောင်းပါတယ်။

ကိုယ်ကပြောတော့ သစ္စာမသိတာ၊ ဟိုကနေတဲ့ ပုဂ္ဂိုလ် ကလည်း မသိတာပဲ (တင်ပါ)၊ သူကလည်း စိန်ဝတ်လို့၊ ဇရာက မရိုက်ဘူး၊ မရဏက မသတ်ဘူးဆိုလို့ ရှိရင်တော့၊ ဘုန်းကြီးက ဒီဥစ္စာ ဒီတရားထဲ ထည့်ဟောဖို့ မလိုပါဘူး (မှန်ပါ ဘုရား)၊ မဟုတ်ဘူးလား။

စိန်တွေဝတ်ပြီးအိုရ၊ သေရတယ်

ဒီစိန်ကြီးနဲ့ပဲ – ဇရာကြောင့် အိုခြင်းဆိုး ဖြစ်တာပဲ၊ မရဏ လက်ချက်နဲ့ ဝိညာဏ်ချုပ်ရတာလည်း မောင်ချစ်ဆွေ အထင် အရှားပဲ။

အဲဒါဘုရားက နေပြီးသကာလ ခင်တဲ့ပုဂ္ဂိုလ်ချီးမွမ်းတာ၊ မုန်းတဲ့ပုဂ္ဂိုလ်မျက်စောင်းထိုးတာ၊ မျက်စောင်းထိုးလည်း သစ္စာ မသိတာပဲ၊ ခင်လို့ချီးမွမ်းနေလည်း သစ္စာမသိတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်လို့ချီးမွမ်းရင်လည်း (သစ္စာမသိတာပါ ဘုရား)၊ မျက်စောင်းထိုးပြန်လည်း (သစ္စာမသိတာပါ ဘုရား)၊ မျက်စောင်း ထိုးပြန်တော့လည်း သစ္စာမသိတာပဲ၊ ခုမှအကြီးအကျယ်လုပ်လို့ အစရှိသည်နဲ့ မိန်းမ ဆိုတော့ ငါ့တာကြည့်တတ်သကိုကွ (တင်ပါ)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်

အဲဒါကြောင့် ဒါသစ္စာမသိတဲ့ ပုဂ္ဂိုလ် ကိုယ့်ပါးစပ်က ထွက်တာဟူသ၍ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ လမ်းသွားမထူးပဲ နဲ့ ကိုယ့်ပါးစပ်က အထူးလုပ်ပြီးသကာလနေတာ၊ ဒါ-သုဘ သညာ နှိပ်စက်တာ၊ သုဘသညာနဲ့ သုခသညာနှိပ်စက်တာလို့ မှတ်လိုက်စမ်းပါ။ (တင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုဘ-တင့်တယ်တယ်ထင်တဲ့၊ သညာက အမှတ် ((တင်ပါ) တင့်တယ်တဲ့အမှတ်၊ ချမ်းသာတဲ့ အမှတ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအမှတ်နှစ်ခု နှိပ်စက်လိုက်တာ တစ်ခါတည်း သူ့ခန္ဓာထဲ ရှိတဲ့ သစ္စာနှစ်ခု သူသွားနေတဲ့ လမ်းဆိုး လမ်းကြမ်းကြီးဟာ ပျောက်ထွက်သွားတယ် (မှန်ပါ ဘုရား)၊ ကိုယ်လည်းမသိဘူး၊ ကိုယ်လည်း ဒီလမ်းသွားတယ်လို့ မသိဘူး။

သူလည်း ဒီလမ်းသွားတယ်လို့ မသိဘူးဆိုတော့၊ တစ်ခါတည်း ဟိုလူလည်း ကွယ်၊ ကိုယ်လည်း ကွယ် (တင်ပါ ဘုရား)၊ သစ္စာနှစ်ခုလုံးပျောက်ထွက်သွားတယ်၊ ခင်ဗျားတို့ အတွက် ကိုယ်ပိုင် ကိုယ်ဆိုင် ရမယ့် သစ္စာကတော့ အမှန်ပဲ (တင်ပါ ဘုရား)။

စိန်တွေဝတ်နေလည်း ဒီလမ်းပါပဲ

စိန်တွေတသီတတန်းကြီးနဲ့ ဝတ်ဆင် ကျကျနန နေလည်း ဒီလမ်းပဲ၊ မဝတ်ဘဲ သွားလည်း (ဒီလမ်းပါ ဘုရား)၊ ဒီလမ်းပဲ အဲတော့ဘာထူးသတုံးဆိုတော့၊ ဖီးလိမ်းပြီး အခွန်ဆက်တာနဲ့ မဖီး မလိမ်းပဲနဲ့ အခွန်ဆက်တာ ဒါပဲ ထူးခြားပါတယ်၊ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

ဖီးလိမ်းပြီး အခွန်ဆက်တာနဲ့ မဖီးလိမ်းပဲနဲ့ အခွန်ဆက်တာ ဇရာကို အခွန်ဆက်၊ မရဏကို အခွန်ဆက်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ငါးနနွင်း၊ ဆားနယ်ပြီး သကာလ ပန်းကန်ပြားနဲ့ တည်တာနဲ့၊ အင်း- ငါးပိအတိုင်း တည်တာနဲ့ ဒါပဲ ထူးမှာပါပဲ၊ (တင်ပါ)၊ ထူးသေးရဲ့ လား (မထူးပါ ဘုရား)၊ အပြီးသတ်တော့ စားဖို့ ဝါးဖို့ပါပဲ၊ ငါးပိ တည်တော့လည်း အနံ့ဆိုး၊ အမြင်ဆိုး၊ ပြီးတော့လည်း စားတဲ့ပုဂ္ဂိုလ်၏ စာဖတ် ဝါးဖတ် ဖြစ်ရတာပဲ (တင်ပါ ဘုရား)။

ဆားနယ်ပြီး သကာလ အနံ့မနံအောင် ဖုံးထားငြား သော်လည်း၊ စားတဲ့ပုဂ္ဂိုလ်၏ စားဖတ် ဝါးဖတ်ပဲ သွားဖြစ်တာပဲ၊ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

သစ္စာမသိကြလို့

ဒါက အထင်လွဲနေမှာစိုးလို့ ဒီတရားဟောရတာကွ၊ (တင်ပါ ဘုရား)၊ တစ်ယောက် တစ်ယောက်မှ ကုသိုလ် ကာမာ ဝစရက ဒီလောက်ရှိလို့ ဒီလောက်ပဲ၊ သူတို့မှာတော့ ကာမာဝစရ ကုသိုလ်တည့်လို့ ဒီလိုတင့်တောင့် တင့်တယ် ဖွယ်ဖွယ်ရာရာ တွေဖြစ်ရတာ အစရှိသည်နဲ့ ထွက်လာလို့ ရှိရင် ဒီလူလည်း သစ္စာမသိဘူး (တင်ပါ ဘုရား)။

သူ့အခွန်ဆက်ချင်တာလည်း သူမသိဘူး၊ သူက ဘယ်လိုများမှ အခွန်ဆက်ချင်သတုံးဆိုတော့ “နနွင်းဆားနယ် ငါးသဖွယ်လို” အခွန်ဆက်ချင်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဒါက သေချာ ယှဉ်တွဲ ဖေါ်နဲ့ပြောမှ ပေါ်လာတာ၊ နို့မဟုတ်ရင် မပေါ်ဘူး (မပေါ်ပါဘူး)။

မပေါ်ဘူးတဲ့ နို့ မဟုတ်လို့ရှိရင်ဖြင့်၊ အင်း အတူတူပဲ ဒီလောက်ပဲထင်တာ (မှန်ပါ ဘုရား)၊ အတူတူပဲ ဒီလောက်ထင် တာက မဟုတ်ဘူးတဲ့၊ အခွန်ဆက်တာခြင်း ကွာခြားကြတယ်၊ နနွင်းဆားနယ်ပြီး အခွန်ဆက်တာနဲ့အများကြီး ကွာဘူးလား (အများကြီး ကွာပါတယ် ဘုရား)။

သို့သော် စားတဲ့ပုဂ္ဂိုလ်၏ စာဖတ်ဝါးဖတ်အဖြစ်တော့ တူကြတာပဲ၊ မတူဘူးလား (တူပါတယ် ဘုရား)၊ စားတဲ့ပုဂ္ဂိုလ်၏ စားတဲ့ဝါးတဲ့ အဖြစ်ကြတော့ (တူပါတယ် ဘုရား)။

သုဘသညာနဲ့ သုခသညာ

ဒါကြောင့် ခင်ဗျားတို့ သုဘသညာနဲ့ သုခသညာဟာ ဒီဒကာ ဒကာမတွေကို အလွန် နှိပ်စက်ပြီး သကာလ နေသောကြောင့် ဒုက္ခသစ္စာ ပျောက်ရပါတယ်၊ ပေါ်ကြပလား (ပေါ်ပါ တယ် ဘုရား)၊ ဒုက္ခသစ္စာကို ဘယ်သူဖုံးသလဲဆိုရင် သုဘသညာ နဲ့ သုခသညာဖုံးသည် (တင်ပါ ဘုရား)။

ဒုက္ခသစ္စာကို (ဒုက္ခသစ္စာကို သုဘသညာနဲ့ သုခသညာက ဖုံးပါတယ် ဘုရား) အဲ ဟုတ်ပြီ သုဘသညာနဲ့ သုခသညာကနော် (တင်ပါ ဘုရား)၊ ဖုံးလိုက်တော့ ကြည့်စမ်းပါတဲ့ နတ်ပြည်ဆုတောင်း၊ ဗြဟ္မာပြည် ဆုတောင်းတဲ့ ပုဂ္ဂိုလ်များဟာ၊ ဟ-ဘယ်သညာက တောင်းခိုင်းတာတုံးကွ၊ ပြောစမ်းပါဦးကွ၊ (သုဘသညာနဲ့ သုခသညာကပါ ဘုရား) ဒါကတောင်းခိုင်းတာ (တင်ပါ ဘုရား)။

အခွန်ဆက်ပါရစေ၊ ဆက်ပေမယ့် လှလှပပ၊ သူက သုခ-ဖြစ်ပြီး သကာလ ဆက်ပါရစေဆိုတဲ့ အဓိပ္ပါယ်ပဲ မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)၊ ရောက်တယ်။

လူ့ပြည်၊ နတ်ပြည်ဆုတောင်းရင်

အဲတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ဆုတောင်းတဲ့ ပုဂ္ဂိုလ်များဟာ အရူးကွ၊ သညာ ဝိပ္ပလ္လာသနဲ့ တောင်းတာ (တင်ပါ ဘုရား)၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

သုခဝိပ္ပလ္လာသနဲ့ တောင်းတာ သုခစစ်မှ မဟုတ်ပဲကိုး (တင်ပါ ဘုရား)၊ အဲဒါဖြင့် တောင်းလိုက် တော့ကို၊ လူ့ပြည် ဆုတောင်းတော့၊ ဗြဟ္မာပြည်ဆုတောင်းတာ အပြစ်ဆိုချင်လို့ မဟုတ်ပါဘူး၊ သူ့အမှားကို အရင်းကျကျသိတော့ကို၊ မဆို သော်လည်း ဒီအပြစ်ဟာ သင့်သွားတာပဲ၊ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

အဲတော့ တောင်းနေတဲ့ ပုဂ္ဂိုလ် အစ်မတို့က အသံကြား မောင်ချစ်ဆွေတို့က အသံကြားလို့ ရှိရင်၊ ဒီသညာ နှစ်ခု သူ့လှည့်နေတာ သူမသိရှာဘူး (တင်ပါ ဘုရား)။ အင်း(မသိပါဘူး ဘုရား) သုဘသညာနဲ့ သုခသညာဆိုတော့ ဝိပ္ပလ္လာသ၊ နှစ်ခု (တင်ပါ ဘုရား)၊ သူ့လှည့်နေတာ မသိဘူး၊ သူက တောင်းမြဲ တောင်းနေတာ (တင်ပါ)။

ဘုရားရှေ့သွားပြီး အရူးထတာ

ဒါဖြင့် ဘုရားရှေ့သွား အရူးထရင်ကော၊ ဘယ့်နှယ်ဆို ကြမတုံး (ဘုရားရှေ့သွားပြီး အရူးထ နေတာပါ ဘုရား)၊ အင်းရူးချင်ကိုယ့်အိမ်တွင် ကိုယ်ရူးပါလားကွ (ဘုရားရှေ့ဆုတောင်း ပြည့်မှာပါ ဘုရား)၊ ရူးချင် ကိုယ့်အိမ်တွင် ကိုယ်ရူးနေကိစ္စ မရှိဘူး၊ ဟုတ်ဘူးလား။

တကယ့် မရူးကောင်းတဲ့ နေရာမှာ သွားရူးတယ်၊ အဲတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၊ အကြိုက်ပဲ ဖြစ်လေရော့လား၊ ဟုတ်လား?၊ မျက်နှာလွှဲစရာ ဖြစ်လေရော့လား၊ သံဝေဂ ရစရာ ဖြစ်လေရော့လားဆိုတာ မင်းတို့ပဲ တွေးကြတာပေါ့ (တင်ပါ ဘုရား)။

မျက်နှာလွှဲစရာ၊ ဘုရား၏ မျက်နှာလွှဲစရာ၊ ဘုရား၏ သံဝေဂဖြစ်စရာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ့်နှယ့်ကြောင့် ဘုရား၏ မျက်နှာလွှဲစရာ၊ ဘုရား၏ သံဝေဂဖြစ်စရာလို့ ဆရာဘုန်းက အကြီးအကျယ်ဟောရပါလိမ့်မတုံး မေးတဲ့အခါ ကျတော့၊ သူ့ရှေ့အရူးထလို့ (တင်ပါ ဘုရား)၊

ကိုယ်ကလည်း မထကောင်းမှန်းကလည်းမသိ၊ ရူးတာ အရူးမှန်းကလည်း မသိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ အတော်ကြောက်စရာကောင်းတယ် (တင်ပါ ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါမင်းတို့ ငယ်တုန်းက ရူးခဲ့ပုံတွေပေါ့လေ (တင်ပါ ဘုရား) ရူးခဲ့ပုံတွေနော် ဒါကြောင့် အရူးက တခြားသော နေရာမှာ ရူးလို့ ရှိရင်၊ မင်းအိမ်ထဲ ရူးလို့ရှိရင် အရေးမကြီးပါဘူး၊ မင်းပွဲစိုးပွဲ ရူးတော့ သာပြီး အရုပ်ဆိုးတယ် (တင်ပါ ဘုရား)။

ဘယ့်နှယ် ဆိုကြမတုံး (မင်းပွဲစိုးပွဲ သာပြီး အရုပ်ဆိုး ပါတယ် ဘုရား)၊ သူ့ဟာသူ အမိုက်တွေ တောထဲ ရူးနေတာ အစ်မအရေး မကြီးပါဘူး (တင်ပါ ဘုရား)။

ခုတော့ တကယ့် အရူးပျောက်ဆေး ကုနေတဲ့ ကိုယ်တော်ကြီးရှေ့မှာ ရူးပုံဇာတ်ခင်းတာကို (တင်ပါ ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ သတ္တာဒေဝမနုဿာနံ ပေါ်ရော ပေါ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကြောက်စရာကြီးပါလား ရူးတာတောင် နေရာမရွေးနိုင်ဘူးနော်။

ဒီနေရာမှ ဆုတောင်းပြည့်တယ်

မရူးကောင်းတဲ့နေရာ၊ ရူးကောင်းတဲ့နေရာ သူမသိဘူး၊ ဒီနေရာမှ ပိုအရူးထတယ် ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားတယ် (တင်ပါ ဘုရား)၊ မင်းပြောသလိုပဲ ဒီနေရာမှ ဆုတောင်းပြည့်တယ် ထင်တာကလည်း၊ ဒီနေရာမှ ရူးကောင်းတယ်လို့ ပြောတာပဲ (တင်ပါ ဘုရား)။ အတော်ဆိုးဝါးတယ် (တင်ပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီလိုဟာတွေ သိတော့မှ ဒို့သည်ကားလို့ ဆိုရင်ဖြင့်၊ ဘယ်သူက ဘာဝတ် သွားသွား၊ ပြင်ပြင်ဆင်ဆင်နဲ့ အခွန်ဆက်ဖို့ပဲ၊ ဒုက္ခသစ္စာနှစ်ခုအခွန်ဆက်ဖို့ပဲ၊ မဝတ်မစားပဲနဲ့ မပြည့်မစုံတဲ့ ပုဂ္ဂိုလ်ကလည်း အင်း ရှိသ၍နဲ့ အခွန်ဆက်ဖို့ပဲ (တင်ပါ ဘုရား)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အခွန်ဆက်ကျတော့ ထူးသေးရဲ့ လား (မထူးပါဘူး ဘုရား)၊ မထူးဘူး၊ မရဏမင်းကကော ဘယ်သူ့ကို နှေးနှေး စားမယ်၊ ဘယ်သူ့မြန်မြန်စားမယ်လို့ သူမထူးခြားဘူး (မျက်နှာမ လိုက်ပါ ဘုရား)၊ မျက်နှာမလိုက်ဘူး ဟုတ်လား သူ့ရှေ့ရောက် လို့ရှိရင် ချက်ချင်းရိုက်နှက်ပြီး သတ်ပြီး သကာလ သူစားခြင်း ဝါးခြင်း အလုပ်မှတစ်ပါး သူဘာမှ မလုပ်ပါဘူး၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

အဲဒါသိတော့မှ ဪ မြို့လယ် နေရငြားသော် လည်း မြို့စိတ်ပေါက်ရတာ အရူးတစ်မျိုး ပါလားဟေ့ (မှန်လှပါ ဘုရား)၊ ပေါ်လာတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဆိုနိုင်တယ်တဲ့၊ သို့သော်လည်း အများက ဒီလိုဖြစ်နေတော့ တပည့်တော်များမှာ လူ့အလိုက်၊ လူ့ဘာသာဆိုတာ နေရသေး တာပဲဆိုတော့ အများရူးလို့မှ မရူးလို့ရှိရင် မကောင်းလို့ပဲ ထ, ရူးလိုက်တယ် အဓိပ္ပါယ် ဆိုတော့ ဒီအဓိပ္ပါယ် ပြန်ရောက်တာပဲ (တင်ပါ ဘုရား)။

မသိအရူးနဲ့ သိရူးဆိုလို့ရှိရင် ဒီအရူးက ရှောင်ရမှာပေါ့ကွာ (မှန်ပါတယ် ဘုရား)၊ ရှောင်ရမှာပဲတဲ့ ဝတ်တာစားတာ မကြည်ညို လို့ မဟုတ်ပါဘူး၊ ဒီသစ္စာ အခွန်ဆက်တဲ့ အခါကျတော့ သော် ဒီအခွန် ဆက်နည်း ကလည်း တစ်မျိုးဆိုတဲ့ အဓိပ္ပါယ်လည်း ရှင်းသွားအောင်လို့ပါ (တင်ပါ ဘုရား)။

အိုမှုသေမှုခန္ဓာကြီးကလာတာ

ကိုင်း-ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အိုမှု၊ သေမှုကွာတဲ့ မင်းတို့သည်ကားလို့ ဆိုရင်ဖြင့် ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်စမ်းပါ ဘယ်ကများလာတယ် ဆိုတာ၊ ဒီခန္ဓာကြီးက လာတာကွတဲ့။

ဆင်လည်း ဒီခန္ဓာက လာတာပဲ၊ မဆင်လည်း (ဒီခန္ဓာက လာတာပါ ဘုရား) ဆင်၊ မဆင် ဘုရားက ထူးတယ်လို့ ဆိုသေးလား၊ (မဆိုပါဘူး ဘုရား)၊ မထူးဘူး ဒီလမ်းပဲ သွားမယ်ကွ တဲ့၊ အိုလမ်း၊ သေလမ်းပဲ၊ တခြား သွားစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မရှိတော့ပါဘူးတဲ့၊ တစ်ခါ ရှေ့တိုးဖို့လာတယ်ကွာတဲ့ မင်းတို့ ကောင်းပါသေးတယ်၊ အရင်း ကျကျလေး လိုက်လိုက်၊ လိုက်လိုက် သွားလို့ရှိရင် သိပ်အဖိုးတန်တာ၊ ဘာဖြစ်လို့တုံး ဆိုတော့ နွယ်တစ်ခု ဖြတ်မယ်ဆိုလို့ရှိရင် အဖျားကဖြတ်ရင် အရင်းက ဖြာလာလိမ့်မယ်ကွ၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

အရင်းက ဖြတ်လို့ရှိရင်ဖြင့် ဖြာစရာရှိသေးလား (မရှိပါ ဘူး ဘုရား)၊ အဲတော့ အဖျားဖြတ်နဲ့ အရင်းဖြတ်ကိုလည်း မင်းတို့ သိဖို့ ကောင်းတယ်လို့ ငါရှေ့ကနေ လမ်းခင်းပါတယ်ဆိုတဲ့ အဓိပ္ပါယ် လည်း ဘုရားက ဟောပြန်တယ် (တင်ပါ ဘုရား)။

ခန္ဓာဘယ်ကလာသတုံး

ဒီခန္ဓာဘယ်ကလာသတုံးလို့ တွေးပါကွာ ဆိုတော့၊ ဒီခန္ဓာဟာ ဘုံဘဝလိုချင်တဲ့ တဏှာက လာတာကွာ၊ ဟောလက်သည်ကို ဆိုသွားတယ် (တင်ပါ)။

ပဋိစ္စသမုပ္ပါဒ် သူချုံးပစ်လိုက်တယ် ဘုရားက၊ ဒါဖြင့် သမုဒယသစ္စာဆိုတော့ ဟိုကဒုက္ခသစ္စာ သွားဖြစ်ပြီ (မှန်ပါ ဘုရား)၊ ဆင်လည်း ဒုက္ခသစ္စာပဲ (မဆင်လည်း ဒုက္ခသစ္စာပဲ) မဆင်လည်း ဒုက္ခသစ္စာပဲ၊ သူဘယ်က လာတာတုံး၊ တဏှာက လုပ်တာ၊ ဒီခန္ဓာကြီးကို၊ (တင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုံဘဝလိုချင်တဲ့တဏှာကလာတာ

ဒီခန္ဓာကြီး ဘယ်သူက တည်ထောင်လို့ ဖြစ်လာပါလိမ့် မလဲလို့ အစ်မတွေးစမ်း (ဘုံဘဝ ဆုတောင်းတာက လာတာပါ ဘုရား)၊ ဘဝလိုချင်တဲ့ တဏှာက တည်ထောင်လိုက်တယ်၊

ဪ တွေးလိုက်တဲ့အခါကျတော့၊ ငါ့မှာ အရုပ်ဆိုးတာ တည်ထောင်လို့ အကျည်းတန် ဖြစ်တာပါလား ဆိုတာ ပေါ်လာ တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရုပ်ဆိုးတာ တည်ထောင်လို့ အကျည်းတန် ဒုက္ခ သစ္စာဖြစ်လာတာ၊ အရုပ်ဆိုးသမုဒယ သစ္စာက တည်ထောင်လို့ ရှင်းပလားကွ (ရှင်းပါတယ် ဘုရား)။ တော်တော် အရေးကြီး တယ်ကွနော်။

အရုပ်ဆိုးသမုဒယက တည်ထောင်လိုက်တဲ့အတွက် အကျည်းတန် ဒုက္ခသစ္စာကြီး ရထားတာကို၊ ဘယ်လိုပဲပြုပြင် နေနေ နနွင်းဆားနယ် ငါးသဖွယ်ပဲဖြစ်မှာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူရင်းတွေမို့ဟောလို့ရတာ

ဒါ လူရင်းတွေမို့ ဟောလို့ရတာပါကွ (တင်ပါ ဘုရား)၊ အရင်းတွေမို့ ဟောလို့ရတာပါ။ တော်တော်ပဲ ဒီသမုဒယသစ္စာ ကလည်း အကျည်းတန် ဒုက္ခသစ္စာကြီး၊ အရုပ်ဆိုးသမုဒယ သစ္စာကြောင့် အကျည်းတန်ဒုက္ခသစ္စာကြီးရထားတော့၊ သူကြီးသလောက် တန်ဖိုးမရှိတဲ့အခါ၊ သူသွားရာ လမ်းကြည့် လိုက်တော့ကို၊ ဇရာမရဏ လမ်းပဲ အပြေးသွားတယ်၊ ခန္ဓာက (တင်ပါ ဘုရား)။

မသွားဘူးလား (သွားပါတယ် ဘုရား)၊ ဇရာ မရဏ လမ်းပဲ သူအပြေးလှမ်းပြီး သကာလ နေတော့တယ်ဆိုတာ လည်း ပေါ်လာတယ်၊ ဒါဖြင့် လက်သည် နောက်ဆုတ် နောက်ဆုတ် လိုက်လာတော့ အဖျားကနေ ကိုင်လိုက်၊ မြှောက် လိုက်တဲ့အခါကျတော့ အစ်မ အရင်းလေးတွေ ပေါ်ပေါ် လာမှာကို (တင်ပါ ဘုရား)။

မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ နွယ်လေး တစ်ခု အဖျားကနေ မြှောက်လိုက်တဲ့ အခါကျတော့ကွာ (ပေါ်ပါ တယ် ဘုရား)၊ ဇရာ၊ မရဏကနေ မြှောက်လိုက်တော့ ခန္ဓာလာ တွေ့တယ်၊ (တင်ပါ ဘုရား)။

တဏှာဘယ်ကလာပါလိမ့်

ခန္ဓာကို ရအောင်မြှောက်ပစ်လိုက်ပြန်တော့ တဏှာ လာတွေ့တယ်၊ ဒီ တဏှာမြှောက်ပါဦး သူ့လည်း အရင်း ရှိသေးတယ်တဲ့ (တင်ပါ)၊ တဏှာမှာ အရင်းရှိသေးတယ်တဲ့၊ ဒီတဏှာဟာက-ကွာ၊ အကျည်းတန် တဏှာက အရုပ်ဆိုး ဒုက္ခသစ္စာကြီးက လုပ်ပြန်တာပဲ၊

ဒီတဏှာဟာက ဘယ့်နှယ့်ကြောင့် ဒီဥစ္စာလုပ်ရပါလိမ့်မတုံးဆိုတော့၊ လောကကြီးထဲမှာ လည်း ဝတ်စားပြီး၊ ဝဖြိုး၊ သားတွေ၊ သမီးတွေနဲ့၊ ဆွေနဲ့ မျိုးနဲ့ ချောချောလှလှ ယဉ်ယဉ်ကျေးကျေး၊ ဒါကို ကြည့်မိလို့ ဒီတဏှာက လာတာဟေ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီတဏှာသည် ပီယသာတ က လာတာကွ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒီတဏှာ ဘယ်ကလာပါလိမ့် (ပီယ-သာတက လာတာပါ ဘုရား)။

သူများမြင်တာကလာတာ

အဲ အစ်မတို့ သူများမြင်တာက လာတာတဲ့ (တင်ပါ ဘုရား)၊ ကြည့်ပါလား သူသည် အဝတ်ကလေး ဝတ်ရင် ငါလည်းဝတ်ဦးမှ၊ ဟော သူများ မြင်တာက လာတာ (တင်ပါ ဘုရား)။

သူ အိမ်ထောင်ကျတယ်၊ သူဒီလိုပဲ တင့်တောင့် တင့်တယ် လင်နဲ့မယားနဲ့နေကြတယ်၊ ငါလည်း ကျဦးမှ တော်မယ် (မှန်ပါ ဘုရား)၊ ဟော-ပီယ သာတ ကချည်း လာတာ ပဲ (တင်ပါ ဘုရား)။ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် ဒီတဏှာ ဘယ်ကလာပါလိမ့်မတုံး ဆိုတဲ့ အဓိပ္ပါယ် ရှင်းပါပြီကွာ။

ပီယသာတ က လာတာတဲ့ကွ (တင်ပါ ဘုရား)၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။ ပီယသာတက လာတာတဲ့၊ (တင်ပါ ဘုရား)။

ကဲ-ဒါဖြင့် ဒီလောကထဲ အဝတ်အစားတွေ အမျိုးမျိုး အဖုံဖုံပြင်ကြ ဆင်ကြတယ်ဆိုတော့၊ အဝတ်အစား တဏှာက အတော်ခြားတာကွ၊ ဘယ့်နှယ်တုံး သူများဝတ်လာတာ မြင်တော့ သူ့ပုံလေးက ကောင်းတယ်၊ သူဟာလေးကို ပြန်ရိုက်ဦးမှ တော်မယ် အစရှိသည်နဲ့ ဒီပီယသာတ ချည်းလာတာပဲ။

ပီယသောတအာရုံကလာတယ်

ဒါဖြင့် တဏှာ ဘယ်က လာတုံး ပီယသာတ အာရုံက လာတယ် (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တဏှာ ဘယ်က လာသတုံး (ပီယသာတ အာရုံက လာပါတယ် ဘုရား)။

အာရုံကို ဝိပဿနာရှုရမယ်

ဒါဖြင့် ဒီအာရုံကို ဝိပဿနာ မရှုရင်မရဘူး၊ ဒီအာရုံရှု တော့မှ တဏှာက သေတယ်၊ တဏှာ သေတော့ ခန္ဓာမလိုက်ပါ ဘူး၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။ – ခန္ဓာမလိုက်မှ အိုဘေး နာဘေး လွတ်မယ် (တင်ပါ ဘုရား)။ ဆိုတော့ အရေးမကြီးဘူးလား ကြီးသလား (အရေးကြီး ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ-နက်ဖြန်မှ လုပ်ပုံ ပြောကြစို့ နာရီက စေ့သွားပြီ။

သာဓု သာဓု သာဓု။

———

လူတိုင်းမှာ အိုမှုသေမှုရှိတယ် (၂)

အသံဖိုင်ခေါင်းစဉ်= ပိယသာတကြောင့် တဏှာပွား၍ ခန္ဓာဖြစ်ပုံ

စာအုပ်ခေါင်းစဉ်= လူတိုင်းမှာ အိုမှုသေမှုရှိတယ် (၂)

အသံမကြည်ပါ။

———

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

လူတိုင်းမှာ အိုမှုသေမှုရှိတယ်

ဟောကြားသည့်နေ့

(၃-၃-၁၉၆၂)

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်း သုံးနေတဲ့အခါကျတော့ကို၊ ရဟန်းတွေက မြတ်စွာဘုရား ဘာများဟောမလဲ၊ ဘာများပြောမလဲဆိုပြီး သကာလ၊ ရဟန်းတွေက အနားဝိုင်း နေတဲ့ အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ မင်းတို့သည်ကား လို့ဆိုရင် ဒီအတိုင်းမနေကြနဲ့။

ခန္ဓာကိုယ်အတွင်းသားသုံးသပ်ကြ

ခန္ဓာကိုယ်ကိုလည်း မင်းတို့ ဒီအတိုင်းမနေကြနဲ့၊ အတွင်းသား သုံးသပ်ကြရဲ့လား၊ သုံးသပ်ပြီး သကာလ နေမှသာ လျှင် သစ္စာသိမယ်ဆိုတဲ့ အဓိပ္ပါယ်ဘုရားက ပြောလိုက်တယ်။

အဲဒီတော့ ရဟန်းတစ်ပါးက ထပြီးသကာလ တပည့်တော် သုံးသပ်ပါတယ်ဘုရား မင်းသုံးသပ်တာ ပြောစမ်းပါ။

တပည့်တော် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နာရု၊ အဋ္ဌိ (၃၂) ကောဋ္ဌာသကို အနုလုံ၊ ပဋိလုံ သုံးသပ်နေပါတယ် ဆိုတော့ ဘုရားက ဘာမှမပြောဘူး၊ သူ့အလိုမကျဘူး။

မကျတာနဲ့ ရှင်အာနန္ဒာကလည်း အနားရှိတာနဲ့၊ ရှင်အာနန္ဒာက အရှင်ဘုရား တဲ့၊ အခုအရှင်ဘုရာ းမေးတဲ့ အမေးဟာ အရှင်ဘုရားဖြေမှပဲ အရှင်ဘုရား အလိုကျ ဖြစ်မှာပါ ပဲ တဲ့၊ အရှင်ဘုရား၏ အလိုကို မည်သူ တစ်ဦးတစ်ယောက် မှလည်း မသိနိုင်ပါဘူး။

အဲဒါကြောင့် အရှင်ဘုရား ဟောရမယ့် ပြောရမယ့် အချိန်ကာလ ရောက်ပါပြီလို့ အရှင်အာနန္ဒာက လျှောက် တယ်။

ကောင်းပါကွာ ရိုရိုသေသေ ကိုင်းကိုင်းညွတ်ညွတ်နဲ့ နာကြကွာဆိုပြီး ဘုရားက သုံးသပ်ပုံ အရေးတကြီး သုံးသပ်ရမှာ က မင်းတို့ငါဟောပါမယ်ကွာ။

လူတိုင်းမှာအိုမှုသေမှု ရှိတယ်

လူတိုင်းမှာ ဆက်ဆံနေတာ ဇရာဒုက္ခ၊ မရဏဒုက္ခဆို တာရှိတယ်ကွ၊ အဲဒီဇရာဒုက္ခ၊ မရဏဒုက္ခ ဘယ့်နှယ်ကြောင့် လူတိုင်းနဲ့ ဆက်ဆံနေပါလိမ့်မတုံး၊ ဒီဇရာ မရဏ အိုမှု သေမှု ဆိုတာ သတ္တဝါတိုင်း မကြိုက်တဲ့ အလုပ်၊ အိုမှု သေမှု ဘယ်သူများ ကြိုက်ကြတုံး၊ (ဘယ်သူမှ မကြိုက်ပါဘူး ဘုရား)။

ဘယ်သူမှ မကြိုက်တဲ့ အလုပ်ကြီးတစ်ခုကို လူတိုင်း ရှိနေတယ်ကွာတဲ့၊ ဘယ်သူမှ မကြိုက်တဲ့ အလုပ်တစ်ခုကို လူတိုင်းရှိပြီးသကာလနေတော့၊ အဲဒါမင်းတို့ လူတိုင်းလည်း ရှိတယ်၊ မင်းတို့ကလည်း သူတို့ကို ဘယ်အခါကာလမှ သူဘယ် က လာတယ်လို့ မင်းတို့ မသုံးသပ်ဘူး ဆိုရင်၊ ဒါတွေ့ မြဲတိုင်း တွေ့ နေမှာပေါ့ကွ-သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့မသုံးသပ်ရင် (တွေ့မြဲတိုင်းတွေ့နေမှာပါ ဘုရား)၊ တွေ့မြဲတိုင်းတွေ့နေမှာပဲဆိုပြီးသကာလ အဲဒါ ဇရာဒုက္ခသစ္စာ၊ မရဏဒုက္ခသစ္စာ၊ သစ္စာနှစ်ခုရှိတဲ့အနက်က၊ ဒီသစ္စာနှစ်ခုဟာ လူတိုင်းမှာလည်း ဆက်ဆံနေတယ်။ ဒါကို မင်းတို့ တွေ့တိုင်းသာ မင်းတို့ က အရှုံးပေးနေမယ်ဆိုလို့ရှိရင် မင်းတို့ တာဝန်ပဲတဲ့၊ မင်းတို့၏ မသိမူပဲ။

အဲတော့ (၃၂) ကောဋ္ဌာသ လက်သည် ရှာခိုင်းတာ ဟေ့ လို့မှတ်လိုက်ပါနော် (တင်ပါ ဘုရား)၊ (၃၂) ကောဌာသ ဘာပါလိမ့် (လက်သည် ရှာခိုင်းတာပါ ဘုရား)၊ လက်သည် ရှာခိုင်း တယ်တဲ့။

လက်သည် အရှာခိုင်းတော့ ငါဘုရားသေချာ ဟော မယ်ကွ၊ ဒီဇရာ မရဏသည်ကားလို့ဆိုရင် လူတိုင်း မကြိုက်၊ မကြိုက်ပေမယ့်လို့ တွေ့ကြုံနေရ၊ ဘယ်ကလာတယ် ဆိုတာ ငါပြောပြမယ်ကွာ၊ ခန္ဓာရတဲ့-ပုဂ္ဂိုလ်က လာတာပေါ့။ (တင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာရှိလို့ ဒုက္ခနှစ်ခုလာတာ

ဘယ်ကလာတာလည်း (ခန္ဓာရတဲ့ပုဂ္ဂိုလ်ကပါ ဘုရား)၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်က လာတာ ဖြစ်နေတော့၊ ဪ ဒို့တွေးလုံး မင်းတို့ဘုရား ဟောတော်မူတဲ့ အတိုင်း ခန္ဓာရရင် ဒီဒုက္ခနှစ်ခု ဟာ-အပြီးတိုင်ပါလာတာပဲလို့ မှတ်ဖို့ပဲ (တင်ပါ ဘုရား)။

ခန္ဓာရလို့ရှိရင် ဇရာဒုက္ခနှင့်၊ မရဏဒုက္ခအံပြီးတိုင် ပါလာတယ်၊ ဒါဖြင့် အစ်မတို့က စဉ်းစား ရမယ်၊ ဪ ခန္ဓာများဟေ့၊ သူရှိလို့ လာတာပဲ၊ အခုဘုရားက သုံးသပ်ကြရဲ့ လားဆိုပြီး သူကိုယ်တိုင် သုံးသပ်ပုံနည်းတွေကို ဖွင့်ဟပြီးပြတဲ့ အခါကျတော့မှ၊ ခန္ဓာရလို့လာတာလို့ သူကပြောလိုက်တာ ဟုတ်လည်း ဟုတ်ပါပေတယ်။

ခန္ဓာရရင် တနေ့တခြားအိုမှု၊ တနေ့တခြား သေမှုကြုံရမှာ ဆုံရမှာဆိုတဲ့ ဥစ္စာက အထူးပြောဖို့ မလိုပါဘူးနော် (တင်ပါ ဘုရား)။

အဲဒီတော့ အားလုံးပဲ စဉ်းစားရမယ်၊ ခန္ဓာကိုယ် ဝမ်းထဲက ဘယ်ခန္ဓာဖြင့် ကောင်းလိမ့်မယ်လို့၊ ဘယ်သူကပြောလို့ ဘယ်သူက-ဟောဟော၊ ကိလေသာက ဟောသည်ဖြစ်စေ၊ တရားဟောမှားတဲ့ ဆရာက ဟော၍ဖြစ်စေ၊ ယုံကိုမယုံပါနဲ့၊ ကန့်ကွက်ရမယ် (တင်ပါ ဘုရား)။ ခန္ဓာရလို့ ဖြစ်တာလို့ အခုဘု ရားက ပြောပြပြီကောကွ (မှန်ပါတယ် ဘုရား)။ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်ပြီမဟုတ်လား (တင်ပါ ဘုရား)။

ဘယ်ခန္ဓာမှ မလိုချင်ပါနဲ့

ခန္ဓာရလို့ အိုမှုသေမှုရှိတာ (တင်ပါ)၊ ခန္ဓာမရတဲ့ ပုဂ္ဂိုလ် အိုမှု-သေမှု (မရှိပါ ဘုရား)၊ အဲတော့ ခန္ဓာကို မင်းတို့ အကြင်လင်မယားကပဲ လိုချင်တဲ့စိတ်ပေါ်လာလာ၊ တစ်ပါး သော ဆရာ ပြောသံကြား နဲ့ပဲ မင်းတို့က ဪ -သူပြောတာ သိပ်ကောင်းတာပဲ၊ ခန္ဓာရတာ၊ လူချမ်းသာ၊ နတ်ချမ်းသာထဲကို တရားနာမှား၍ လည်း မလိုချင်လိုက်ပါနဲ့ (တင်ပါ ဘုရား)။

တဏှာပွား၍ လည်း မလိုချင်လိုက်ပါနဲ့ (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တရားနာ မှား၍လည်း (မလိုချင် လိုက်ပါနဲ့ ဘုရား)၊ တဏှာပွား၍ လည်း (မလိုချင်လိုက်ပါနဲ့ ဘုရား)၊ မလိုချင်ပါနဲ့လို့ ဒါ ဒီနေ့ ကန့်ကွက်တဲ့ တရား ပြန်ဟော တယ်နော် (တင်ပါ ဘုရား)။

ဘယ်သူ့မှလည်း ဒီတရားကိုလည်း မဟောပါနဲ့ ခန္ဓာရ ကြောင်းများ ဟောလိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်ဟောမှား၊ ကြိုက်တဲ့ ပုဂ္ဂိုလ်ကလည်း အမှား (တင်ပါ ဘုရား)၊ ကိုယ် ကိုယ်တိုင် ကလည်း အဟောမှားထဲ သွင်းလိုက်ပါ။

ဟောနေကြတယ်တဲ့ တချို့ပုဂ္ဂိုလ်က-နော် (တင်ပါ ဘုရား) ကွာ မင်းဟောစား မနေနဲ့ကွာ၊ နောက်ဘဝ ဘယ့်နှယ်လုပ် မလဲ၊ အဲတော့ နောက်ဘဝ ကောင်းစားရေးလေးလည်း မင်းလုပ် ဦးမှပေါ့ကွ။

သစ္စာမသိလို့ဟောတဲ့တရား

ဘယ်လိုပင် လေချိုသွေးငြား သော်လည်း သစ္စာမသိတဲ့ ပုဂ္ဂိုလ်က ဟောတဲ့တရား ဖြစ်နေတော့ တရားဟောမှာပဲ မှတ်ရမယ် (တင်ပါ ဘုရား)၊ ဘယ်လို မှတ်ကြမတုံး (တရားဟော မှားလို့ မှတ်ရမှာပါ ဘုရား)၊ တရားဟောမှားလို့ မှတ်လိုက်တဲ့ အခါကျတော့မှ ဪ တရားနာပေမယ့် ကြောက်စရာ ပါလား၊ တစ်ချက် တိမ်းရင် ဒုက္ခနှစ်ချက်ရမယ် (တင်ပါ ဘုရား)။

တစ်ချက်တိမ်းရင် ဒုက္ခပင်လယ်ဝေမယ်၊ မောင်ချစ်ဆွေ တစ်ချက်တိမ်းရင် (ဒုက္ခပင်လယ်ဝေ မှာပါ ဘုရား)၊ ပေါ်ပလား(ပေါ်ပါပြီ ဘုရား)၊ ဒါကြောင့် လမ်းပြကောင်း လိုတယ်၊ ခေါင်းဆောင်ကောင်း လိုတယ်၊ ဦးစီးကောင်း လိုတယ်ဆိုတဲ့ “သတ္တာဒေဝမနူဿာနံ” ဆိုတဲ့ ဂုဏ်ကြီးဟာ-မနေ့က ပြောသ လိုပဲ ပြန်ပေါ်လာတယ်၊ (တင်ပါ ဘုရား)။

ခေါင်းဆောင်ညံ့လို့မှားရင်

ဒီခေါင်းဆောင်သာညံ့ဖျင်းသွားလို့ရှိရင်ဖြင့်၊ တရားနာ မှား၍လည်း ခန္ဓာရခြင်းတစ်မျိုး၊ ကိုယ့်သန္တာန် တဏှာပွား၍လည်း ခန္ဓာရခြင်း တစ်မျိုးဆိုတာ ပေါ်သွားပြီကွ (ပေါ်ပါတယ် ဘုရား)၊ ပေါ်သွား ပြီနော် (တင်ပါ ဘုရား)။

အဲတော့ကို စဉ်းစားရမယ် အစ်မတို့က၊ တဏှာက ဘယ်လိုများ ဟောတတ်တုံးဆိုတော့၊ ကျုပ်ဖြင့် တစ်ယောက် တည်းဖြင့် နိဗ္ဗာန်မလိုချင်သေးဘူး၊ ဒီသား၊ ဒီသမီး၊ ဒီခင်ပွန်း တွေနဲ့ အတူတူ သွားရမှပဲ၊ နိဗ္ဗာန် ဆိုတာလည်း ရောက်ချင်တာပဲ။

တဏှာပွားနေတာ

နိဗ္ဗာန်ဒါတွေပါလို့ ရှိရင်၊ ဒါတွေစွဲနေကတည်းက – လိမ်ပြီးကောက်ကျစ်ထားတာ ဖြစ်လေ သောကြောင့် မရနိုင်ဘူး (တင်ပါ ဘုရား)၊ ဒါတွေနဲ့ အကုန်ရောက်ရပါလို၏ဆို မရနိုင် ဘူး၊ ဘာကြောင့်တုံး ဆိုတော့ ဒါတွေနဲ့ ဆိုကတည်းက တဏှာ ပွားနေပကာကွ၊ သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။

ဒါတွေနဲ့ ဆိုကတည်းက (တဏှာပွားနေပါတယ် ဘုရား)၊ တဏှာပွားလို့ရှိရင်လည်း နိဗ္ဗာန် မရောက်နိုင်ဘူး၊ ခုနက ပြောခဲ့တယ်၊ (တင်ပါ ဘုရား)၊ တရားနာ မှားလို့လည်း (နိဗ္ဗာန် မရနိုင်ဘူး ဘုရား)။

ငှက်ဖြစ်တောင်တစ်ကိုင်းတည်း

နိဗ္ဗာန်မရောက်နိုင်ဘူးဆိုတော့၊ အဲ-ယနေ့ သင်လိုက်တဲ့ အဓိပ္ပါယ်သည် ကိုယ့်မှာ ဒီစိတ်မျိုးပေါ်တတ်တယ် (တင်ပါ ဘုရား)၊ ပေါ်တတ်တယ်ကွ (မှန်ပါ ဘုရား)၊ ဒီလင်၊ ဒီသား၊ ဒီမယားနဲ့ပဲ၊ ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း၊ ဆင်ဖြစ် သော်လည်း တစ်ကျုံးတည်းနဲ့ တော်တော် ရှုပ်တယ်ကွ (တင်ပါ ဘုရား)။

ရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)၊ မရတဲ့အထိ ကြင်နာ တယ်(တင်ပါ ဘုရား)၊ တဏှာ ပွားရင်လည်း နိဗ္ဗာန်မရဘူး ဆိုတာ၊ အခုတော့ သူ့ဟာသူက တဏှာပွားထားပြီ (မှန်ပါ) ဘယ်တော့ ရဦးမှာလဲ (ဘယ်တော့မှ မရနိုင်ပါဘူး ဘုရား)။

ဘယ်တော့မှ မရနိုင်တာကြီးကိုပင်လျှင် ရရပါလို၏ ဆိုတော့ “မိုးပေါ်ကလ, ကြီးကို လှည်းဘီး လုပ်စီးချင်ပါတယ်” မဝယ်ပေးလို့ဖြစ်နေမှာပဲ (တင်ပါ ဘုရား)၊ ရအောင် လုပ်ပေးစမ်းပါ၊ ဒါလှည်းဘီး လုပ်စီးချင်လို့၊ လှလွန်းလို့ဆိုတော့ ရနိုင်တဲ့ ပစ္စည်းလားလို့ ချိန်လိုက်တော့၊ ကလေး အငိုတိတ် အောင်တော့ ပြောတဲ့ပစ္စည်း ဖြစ်နေတယ်နော် (မှန်ပါတယ် ဘုရား)။

ဉာဏ်စိတ်မှ နိဗ္ဗာန်ရနိုင်တယ်

ဒီမှာလည်း ခင်ဗျားတို့ တဏှာကြိုက်သာပြောတဲ့ ပစ္စည်းဖြစ်နေတယ်၊ ဉာဏ်ကြိုက်မဟုတ်လို့ နိဗ္ဗာန်မရနိုင်ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒါက ငါ့ရှေ့မှာသာ ဒီဥစ္စာ တွေ့ ဖုန်းပြီးသား ဖိပြီးသား၊ လုံပြီးသားပါပဲ၊ ကွယ်ရာ တိုးတိုး တိတ်တိတ်ကျမှ ပေါ်တတ်တယ်ကွ၊ ဒီဟာတွေက။

တိုးတိုးတိတ်တိတ်ကျမှ မင်းတို့ချင်းနဖူးပေါ်လက်တင် စဉ်းစားလိုက်တဲ့ အခါကျတော့မှ၊ ဪ ဖြစ်လာပြန်တော့ လည်း မလွယ်ဘူးလေ၊ ကိုယ်၏ ချမ်းသာရေးတင်လည်း မဟုတ်သေးဘူး၊ အားလုံး ချမ်းသာအောင် ဆိုတော့ တစ်ခါဘုရားတောင် ဉာတတ္ထစရိယံ သူ့ဆွေမျိုးတွေ အတွက်ပါ ကျင့်နေ သေးတာပဲ။

ကိုယ်ကလည်း ဘုရားဆုလည်း မဟုတ်ဘဲနဲ့၊ ဉာတတ္ထစရိယံနဲ့ မဟုတ်တာချည်းနဲ့လာပြီး အကိုးအကားလုပ် ပြီး ကန့်ကွက်နေလိုက်သေးတယ်၊ သဘောပါပလားကွ (သဘောပါပါပြီ ဘုရား)။

စင်စစ်ကိုက သူ့ဟာက လွဲပုံက မဟန်ဘူးကွ (မှန်ပါ ဘုရား)၊ သာမည ပုဂ္ဂိုလ်ဆိုရင်လည်း ဒါထုတ်ဖေါ်မပြောပါဘူး (တင်ပါ ဘုရား)၊ ဪ ဘုရားလည်း ဒီလိုတောင်းတာပဲ၊ ဒို့လည်းတောင်း ကောင်းထင်ပါရဲ့၊ ဟာ ဘုရားဆုမပန်ဘဲနဲ့ ဒီဥစ္စာ တောင်းနေလို့က ဖြစ်ကို မဖြစ်ဘူးကွ၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဘုရားဆုပန်ရင်တော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လုပ်လေ၊ (တင်ပါ ဘုရား)၊ လိုချင်တာက အခုနိဗ္ဗာန်ဆိုတော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ရှေ့မှာလည်းမလာစေနဲ့၊ ကွယ်ရာမှာ လည်း မပွားစေနဲ့ဆိုတာ ပိတ်ပင် လိုက်တယ်ကွ၊ ရှေ့တင်လည်း မလာစေနဲ့ ကွယ်ရာကော မပွားစေနဲ့ ဒီတဏှာကို၊ ဒါကြောင့် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး တရားဟောတော့ အဟော ခက်တယ်ပေါ့ အဟော ခက်တယ် တဲ့။

တဏှာခြံရံချင်ကြတယ်

ငါဘုရားဟောရမယ့်တရားကလည်း ဒါနည်းနည်းမှ မခြံရံအောင်ဟောရမှာ (တင်ပါ ဘုရား)၊ ဒကာ ဒကာမတွေ ကလည်း ဒါမဝံ့မရံ ရလို့ရှိရင်ဖြင့် မယူဘူးဆိုတဲ့ ငြင်းလုံးက လာတော့မယ်၊ မလာပေဘူးလား (လာမှာပါ ဘုရား) တဏှာ မခြံရံရရင် (မဖြစ်ပါ ဘုရား)၊ မလိုချင်ဘူးပေါ့ကွ။

တဏှာခြံရံရင် (လိုချင်ပါတယ် ဘုရား)၊ အခြံအရံတွေ နဲ့တကွ (တင်ပါ ဘုရား)၊ ဆိုတော့ မရတာတောင်းတာနဲ့ တူနေတယ်ကွာ၊ ပေါ်ကြပလား (ပေါ်ကြပါပြီ ဘုရား)၊ ဒါဆုံး မလုံးလို့ မှတ်လိုက် (တင်ပါ ဘုရား)။

ဘုံဘဝဆုတောင်းရင်နိဗ္ဗာန်မရဘူး

ကဲဒါဖြင့် ဘုံဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်၏ မရမှုက ယနေ့ တရားက ထောက်ခံချက် ပေးသွားတယ်၊ ဇရာ မရဏ သာရတယ်၊ နိဗ္ဗာန်မရဘူး (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘုံဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ (ဇရာ မရဏရမှာပါ ဘုရား)၊ အဲ နိဗ္ဗာန်ကို (မရပါဘူး ဘုရား)။

နိဗ္ဗာန်ဆိုတာ ဇရာ မရဏ ချုပ်တာကို (တင်ပါ ဘုရား)။ ဇရာ၊ မရဏသာရ၍ ဇရာမရဏ ချုပ်တဲ့နေရာ မရနိုင်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်းမှတ်လိုက်ပါ (တင်ပါ ဘုရား)၊ ခန္ဓာက လာတဲ့ ဇရာ မရဏကိုကွ၊ ခန္ဓာဆုတောင်းနေတော့ ဇရာ မရဏရမှာပဲ (တင်ပါ ဘုရား)။

ခန္ဓာဘယ်ကလာပါလိမ့်

ဒါဖြင့် တွေးကြပါဦးကွာတဲ့၊ ဒီလောက်နဲ့လည်း လမ်းက မဆုံးသေးတော့ ဆက်တွေးပါဦးကွ၊ ကိုယ့်ခန္ဓာ တွေးလုံးကို မပျင်းပါနဲ့၊ ဒီခန္ဓာဘယ်ကလာပါလိမ့်မလဲဆိုတာ တွေးကြဦး၊ (တင်ပါ ဘုရား)၊ ခန္ဓာငါးပါးကြီးက ဘယ်ကလာပါလိမ့်မလဲ ဆိုတာ ဆက်တွေးပါဦးတဲ့၊ တွေးတဲ့အခါကျတော့ ဆုတောင်း တဏှာက လာတာ၊ ဟော ပေါ်လာပြီ(တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကလာသတုံး (ဆုတောင်းတဏှာက လာတာပါ ဘုရား) ဪ ဒီဆုတောင်း တဏှာကလည်း မနေ့က ပြောသလိုပဲ ကိလေသာအရူးဟာ၊ ကိုယ့်ဟာကိုယ် ကိုယ့်အိမ် ကိုယ့်ယာတင်ရူးနေတာ ကိစ္စမရှိဘူး၊ တကယ့်တန်ခိုးကြီးဘုရား ရှေ့မှာ သွားရူးတာဟာလည်း အတော်ဆိုးတယ်ဆိုတာ ပေါ်သွားပြီ (တင်ပါ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကိုယ့်ဟာကိုယ် ရူးတာကိစ္စမရှိဘူး၊ ကိုယ့်အိမ်ကိုယ်ယာ မှာ ဟုတ်လား (တင်ပါ)။

တန်ခိုးကြီးဘုရားရှေ့မှာ

တန်ခိုးကြီး ဘုရားရှေ့မှာ၊ မကြိုက်တဲ့ ကိုယ်တော်ကြီး ရှေ့မှာမှ မဟုတ်တာသွားလုပ်တဲ့ အဓိပ္ပါယ်ဟာ ရောက်တယ်၊ ဘယ့်နှယ့်တုံးဟေ့၊ (ရောက်ပါတယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သွားနားထောင်ကြည့်စမ်း၊ မဟာ မြတ်မုနိတို့၊ ရွှေတိဂုံတို့ကို ဒီလို တောင်းနေတဲ့ ဆုတွေနည်းကြ လား။

ဒါ ဘုရားကြိုက်တဲ့ ဆုလားတဲ့၊ ဘုရားရွံမုန်းတဲ့ဆုလား (ဘုရားရွံမုန်းတဲ့ဆုပါ ဘုရား)၊ ရွံမုန်းတာ ပေးတော်မူပါ၊ (တင်ပါ ဘုရား)။

အဲတော့ ပေးတဲ့ ပုဂ္ဂိုလ်ကလည်း မပေးချင်ဘူး၊ ယူတဲ့ ပုဂ္ဂိုလ်ကလည်း ယူချင်တယ်ဆိုတော့၊ ဒါဟာ ဘုရားရှေ့ သွားရန် ဖြစ်တာပဲဟေ့၊ (မှန်ပါ ဘုရား)၊ ပေးတဲ့ပုဂ္ဂိုလ်က (မပေးချင်ပါ ဘုရား)။ ပေးရမှာ သူ့စိတ်ထဲ အင်မတန်သနားတယ် (တင်ပါ့ ဘုရား)။

မသိရှာဘူး၊ မသိရှာဘူး၊ ပေးတဲ့ပုဂ္ဂိုလ်ကလည်း လုံးဝ မပေးချင်ဘူး၊ ယူတဲ့ပုဂ္ဂိုလ်ကလည်း ဒါအတင်းတောင်းတယ်၊ အဲတော့ မပေးချင်တဲ့ ပုဂ္ဂိုလ်နဲ့ တောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ ရန်ဖြစ်မြဲပါ (တင်ပါ ဘုရား)။

ဘုရားရှေ့သွားပြီး ရန်ဖြစ်တယ်

ဒီတစ်ခါ ဘုရားရှေ့သွားပြီး ရှိခိုးတာလား၊ ရန်ဖြစ်တာ လားလို့ဆိုတာ မေးခွန်း ထွက်လာတယ်(တင်ပါ ဘုရား)၊ ဘယ့်နှယ် အဖြေထွက်ကြတုံး (ဘုရားရှေ့သွားပြီး ရန်ဖြစ်တာပါ ဘုရား)။ အတုမရှိတဲ့ ကိုယ်တော်ကြီးနဲ့ သွားရန်ဖြစ်တဲ့ အဓိပ္ပါယ်ရောက် တယ်၊ ဒီကျအောင်လည်း မသိကြတော့ ခက်တယ်၊ မောင်ချစ်ဆွေ (မှန်ပါ ဘုရား)၊ ဒီကျအောင် မသိဘူး (မသိပါ ဘုရား)။

ဒီကျအောင်မသိတော့ အတင်းပဲ တစ်ခါတည်း ကလေးပူစာသလို ပူစာနေတာပဲ (တင်ပါ ဘုရား)၊ အမေမိဘက လည်း သူကလှတဲ့ အရုပ်ကလေးကြိုက်တယ်၊ အမေမိဘ ကတော့ ပိုက်ဆံသာ ပေးရတယ် ပျက်စီးမှာမြင်တော့ ဝယ်မပေး ချင်ဘူး (တင်ပါဘုရား၊ ကလေးက ငိုလိုက်တာ ကျူကျူပါလို့ (တင်ပါ ဘုရား)၊ ဘယ့်နှယ်လုပ်မတုံးဟေ့ ဘယ်သူ့အမှန်ယူကြမတုံး၊ အမေမိဘ အမှန်ယူရမယ်။

ကြူကြူပါအောင် ငိုတာ ငဲ့ဖို့လိုသေးလား (မလိုပါဘူး ဘုရား) သူလိုချင်တာက လှတဲ့ အရုပ်ကလေး၊ အမေကလည်း သူ့လက်ထဲရောက်ပျက်တော့မှာပဲ ဆိုတာ သိပြီးသား၊ အဲတော့ ဝယ်ပေးချင်သေးရဲ့ လား (မပေးချင်ပါဘူး ဘုရား)။

ဒီမှာလည်း ဘုရားရှေ့သွားပြီး ဘာလုပ်ကြတာတုံး ဆိုတော့၊ မခိုင်တာမို့ မပေးချင်တဲ့ အမေ မိဘနဲ့ တူတဲ့ ဘုရား ကျူကျူပါအောင် ငိုတဲ့ ပုထုဇဉ်မိုက် (တင်ပါ ဘုရား)၊ ဒီရောက် သွားတယ် (မှန်ပါ ဘုရား)၊ ဥပမာ အပေးကောင်းလို့-လို့ ဒီလို မဆိုပဲနဲ့၊ ဖြစ်စဉ်ကိုက ဒီအတိုင်းဖြစ်နေလို့ပါ (တင်ပါ ဘုရား)။ ပေါ်ပြီလားကွ၊ (ပေါ်ပါတယ် ဘုရား)၊ ဒီလိုတော့ မလုပ်ကြနဲ့ ဆိုတာလည်း ကန့်ကွက် ရပြန်တယ်နော် (မှန်ပါ ဘုရား)။

ဆရာသမားက ကန့်ကွက်တယ်

ခန္ဓာ တဏှာကပါလာတယ် ဆိုကတည်းကိုက၊ ဒီအရုပ် လိုချင်လို့ရှိရင် ဒီပျက်စီးမှုဆိုတာပါမှာပဲ (ပါပါတယ် ဘုရား)။ ဒါဖြင့် ဒီအရုပ်တော့ဖြင့် မဝယ်လည်း မဝယ်ချင်ပါနဲ့၊ လိုလည်း မလိုချင်ပါနဲ့ဆိုတဲ့ အဓိပ္ပာယ်ကို၊ အမေမိဘနဲ့တူတဲ့ဘုရားက ကန့်ကွက်နေလျက်နဲ့ဖြင့်၊ ဂျွမ်းထိုးမှောက်ခုန် လုပ်မနေ ပါနဲ့တော့ ပြောချင်လွန်းလို့ (တင်ပါ ဘုရား)၊ ပြောချင်လွန်းလို့ ဂျွမ်းထိုး မှောက်ခုံလုပ်မနေပါနဲ့ ဆိုတာ ကိုလည်း၊ ဒီဆရာသမားက အကူအညီနဲ့ပဲ ဘုရားဘက်ကနေ ကန့်ကွက်ရတယ်၊ မကန့် ကွက်ရပေဘူးလားကွ (ကန့်ကွက်ရပါတယ် ဘုရား)။

တဏှာဘယ်ကလာ

ကဲ-ဒါဖြင့် ဒီတဏှာဟာဖြင့် တဏှာက ဖြစ်စေတတ်တဲ့ ခန္ဓာ၊ ပျက်စီးတတ်တဲ့ ခန္ဓာကြီး (တင်ပါ ဘုရား)၊ ကဲ-ဒါဖြင့် တွေးကြပါစို့တဲ့ ဒီတဏှာကလည်း ဘယ်ကများ လာပါလိမ့်မတုံး မေးဖို့လိုလာတယ်၊ (တင်ပါ ဘုရား)။

ဒီတဏှာ ခင်ဗျားတို့ ပီယသာတဖြစ်တဲ့ အာရုံကြောင့် လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒီတဏှာ ဘယ်ကလာ တုံး (ပီယသာတဖြစ်တဲ့ အာရုံကြောင့် လာတာပါ ဘုရား)၊ ပီယ ဆိုတာ ခင်တဲ့ ဆီက လာတာ၊ သာတဆိုတာ သူ့ကြည့်ရတာ သာယာတာ (တင်ပါ ဘုရား)၊ အဲဒီကလာတာတဲ့။

ပီယသာတ၊ ခင်မှု သာယာမှု

တဏှာ ရေသောက်မြစ်တွေ့ပြီ (တွေ့ပါပြီ ဘုရား)၊ ဘယ်က လာပါလိမ့် (ပီယသာတက လာတာပါ ဘုရား)၊ ပီယသာတဖြစ်တဲ့ ခန္ဓာကလာတာ (တင်ပါ ဘုရား)၊ ပီယသာတက လာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာတဲ့၊ မင်းတို့ကတော့ ခင်တာကို သာယာ တာပဲ၊ မင်းတို့သာယာဟာ ကို ငါက ယူတော့ ရော့၊ အင့် လို့ ဆိုလိုက်လို့ရှိရင်လည်း မင်းတို့ မျိုးတုန်းတော့ ကောင်းလိမ့်မယ်၊ အူပြတ်လိမ့်မယ်၊ မျိုးတုန်းတော့ လျှာပေါ်ကောင်းလိမ့်မယ်ကွ၊ အတွင်းကျ အူပြတ်သေလိမ့်မယ် ကွ (တင်ပါ ဘုရား)။

မျိုးတုန်းတော့ကောင်းတယ်

ဘယ့်နှယ်တုံး မျိုးတုန်းတော့ (ကောင်းမှာပါ ဘုရား)။ အတွင်းကျတော့ (အူပြတ်သေမှာပါ ဘုရား) အဲဒါမြင်တယ်၊ ကိုယ်တော်ကြီးက ဒါမြင်တယ်၊ မင်းတို့ ပီယသာတဟာ ခင်သလိုလိုနဲ့ တော်ကြာငိုပွဲကြီးတွေ့ရမယ်၊ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)၊ ပင်ပန်းပွဲတွေကော (တွေ့ရပါတယ် ဘုရား) ဆင်းရဲပွဲတွေကော (တွေရပါတယ် ဘုရား) တွေ့ရပါ တယ် တဲ့။

ဪ ပီယသာတဆိုတဲ့ ဥစ္စာဟာ၊ အင်း သူ့ကို ခင်မိတဲ့ သဘောနဲ့ မျိုမိတယ်၊ သာယာမိတဲ့ သဘောနဲ့ မျိုမိ ပြီဆိုမှဖြင့် သေပွဲဝင်ဖို့သာ စိတ်ကူးပေတော့၊ အူပြတ်ပြီး သေပွဲ ဝင်ဖို့သာ စိတ်ကူး ပေတော့ ဆိုတာ၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက မြင်တယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အူပြတ်မှာမမြင်ဘူး

ဒါဖြင့် မင်းတို့သည် ဒီပီယသာတကို ချစ်စရာ၊ ခင်စရာ၊ သာယာစရာတွေ့ လာပြီဆိုမှဖြင့်၊ မင်းတို့ကလည်း အတင်း အဓမ္မပဲ အူပြတ်မှာမမြင်ဘူး၊ ပေါင်းသင်းမှပဲ၊ ဆက်ဆံမှပဲ၊ ဒါမှ ချမ်းသာမှာ၊ ဘယ်ဟုတ်မလဲ ဒါမှ သေမှာကို (တင်ပါ ဘုရား)၊ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)၊ အဆိပ်မျိုတာကို (တင်ပါ ဘုရား)။

သူ့အမှားကိုတော့ဖြင့် အထူးတလည်ပြောမနေနဲ့၊ ကိုယ့်မှာ ဒီစိတ်ကလေး သုံးခု၊ လေးခု ရှိနေတယ်၊ ဒီစိတ်ကလေး တွေကြောင့်ကိုပဲ၊ သူ့ကြောင့်ချော်လဲနိုင်တယ်၊ မသေရုံတမယ် ကျန်တယ်၊ သူတို့သာ စားပါစေ ကိုယ်အငတ်နေမယ်ကွာ အောင်မာ-အစ်မ လာသေးဘူးလား (လာပါတယ် ဘုရား)။

ပီယသာတကြောင့်

ကိုယ့်မှာ ငတ်ပွဲကွ၊ ဆင်းရဲပွဲနဲ့ ငတ်ပွဲ (တင်ပါ ဘုရား) ပီယသာတ လိုက်မိတဲ့အတွက် (တင်ပါ ဘုရား)၊ ဆင်းရဲပွဲနဲ့ ဘာတုံး (ငတ်ပွဲပါ ဘုရား)။

အို ဒါဘယ်ကလာတဲ့ ဆင်းရဲပွဲငတ်ပွဲပါလိမ့် မတုံး ဆိုတော့ (ပီယသာတကြောင့် ဘုရား) ပေါ်လာသေးဘူးလားကွ (ပေါ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အဲတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အနားနား ရပ်ပြီး၊ ဆရာသမားကလည်း အရှေ့က ထိုင်ပြီး အစ်မတို့ မောင်ချစ်ဆွေတို့ ဒါဖြင့် မလုပ်လိုက်ပါနဲ့နော်၊ ပီယသာတတွေ ဖြင့် မသောက်လိုက် မလိုက်ပါနဲ့၊ မခင်လိုက်ပါနဲ့ မင်းတို့ အူပြတ်တာကို ငါ့ရှေ့တင် တွေ့ရလိမ့်မယ်။

မသေသင့်ဘဲနဲ့သေလိမ့်မယ်

ဘုရားက ဒီအတိုင်းရပ်ပြောတာပဲ၊ ဆရာသမားက သူ့ဟာသူ ဒီအတိုင်းရပ်ပြောတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သေတန်မှ သေရမယ်ဗျာ၊ ကိုယ့်သား ကိုယ်သမီးရယ်လို့ ဖြစ်လာတော့ ဟုတ်ဘူး သေတန်မှ သေတာ မဟုတ်ဘူး၊ မသေတန်ဘဲနဲ့ သေလိမ့်မယ်ကွ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သေတန်မှ သေလို့ရှိရင်လဲ ငါအပြစ်မဆိုပါဘူး၊ မသေတန်ဘဲနဲ့ သေလိမ့်မယ်ကွလို့ကော မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)၊ တချို့ကျတော့ သားနေမကောင်းဘူး၊ အမေက တက်ချင်ချင် ဖြစ်လာပြီ၊ သေတန်လို့ သေတာလားကွာ (မသေတန်ဘဲနဲ့ သေတာပါ ဘုရား)၊ မသေထိုက်ဘဲနဲ့ ဝေဒနာ၊ ရနေတာ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဆိပ်သင့်နေတာ

သူ့ အတွက် ကိုယ်က စီးပွားရှာတော့ မော်တော်ကား တိုက်မိသင့်ဘဲနဲ့ တိုက်မိ၊ ခလုတ်တွေ မတိုက်မိသင့်ဘဲနဲ့ (တိုက်မိ ပါတယ် ဘုရား)၊ အရွယ်မရောက်ဘဲနဲ့ အိုမှုကြီး ကြီးထွားလာ လိုက် (တင်ပါ ဘုရား)၊ ဘယ့်နှယ်တုံးကွ (မှန်ပါတယ် ဘုရား)၊ လာပေဘူးလား (လာပါတယ် ဘုရား)။

ဒါ ပီယသာတက နှိပ်စက်လို့ရတဲ့၊ အဆိပ်မျိုးမိလို့ အဆိပ်သင့်တာကွာ (တင်ပါ ဘုရား)၊ ဘယ်လိုဆိုကြမတုံး (အဆိပ်မျိုးမိလို့ အဆိပ်သင့်တာပါ ဘုရား)၊ အဆိပ်သင့်တာပဲ၊ ဆိုတာ သဘောပါပလား (သဘောပါပြီ ဘုရား)။ ဒါဖြင့် ဒီဟာကို အဆိပ်မျိုးမိလို့ အဆိပ်သင့်တယ်လို့ ဆရာသမားက ဟော၊ ဘုရားက ဟောနဲ့ အဆိပ်မှန်းသိအောင် နှလုံးသွင်းဖို့ရာ အရေးကကြီးတယ် (မှန်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဆိပ်ကို မမျိုလိုက်ပါနဲ့

ဘာနှလုံးသွင်းဖို့ အရေးကြီးတာတုံး (အဆိပ်မှန်း သိအောင် နှလုံးသွင်းဖို့က အရေးကြီးပါတယ် ဘုရား)၊ ဒါဖြင့် အဆိပ်ဖြစ်အောင်ကိုပဲ ဆရာသမားက ဟောမှရမယ် (တင်ပါ ဘုရား)၊ အဆိပ်ကို အဆိပ်အစစ် ဖြစ်ပါတယ်၊ ခင်ဗျားတို့ မယောင်ပါနဲ့ မမှားပါနဲ့၊ မိုးကြိုးပစ်တာထက်နာပါလိမ့်မယ်၊ ဒါကို သွားမမျိုလိုက်ပါနဲ့ မောင်ချစ်ဆွေ မဟောရဘူးလား (ဟောရပါတယ် ဘုရား)၊ သဘောကျပလား (သဘောကျပါပြီ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နက်ဖြန်မှ အဆိပ်ဖြတ်ကြစို့။

သာဓု သာဓု သာဓု။