158

နောက်တုန်းကဟာတွေ၊ မအောက်မေ့နဲ့

အသံဖိုင်ခေါင်းစဉ်= ကုက္ကုစ္စအပြစ်ကြောက်စရာကောင်းပုံနှင့် သေနည်းသင်ပေးပုံ

စာအုပ်ခေါင်းစဉ်= နောက်တုန်းကဟာတွေ၊ မအောက်မေ့နဲ့

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

နောက်တုန်းကဟာတွေ၊ မအောက်မေ့နဲ့

(၂၀-၁၂-၆၀)

သာသနာတစ်ခွင်လုံးမှာ ဘုရားအဆူဆူနဲ့လွဲ၊ တရားပွဲ အမျိုးမျိုးတွေနဲ့ မကြုံတာ၊ ဒီနီဝရဏ တရားငါးပါး၏ ကာကွယ် မှုပဲလို့ ဒကာ ဒကာမတွေ မှတ်မိကြပြီ (မှတ်မိပါပြီ ဘုရား)။

နီဝရဏတရားငါးပါး

သံသရာ တစ်ခွင်လုံးမှာ ဘုရားအဆူဆူနဲ့ လွဲ၊ တရားပွဲ အမျိုးမျိုးတွေနဲ့ မကြုံတာ ဘယ်သူ ပိတ်ပင် ထားတယ် ဆိုတာ ပေါ်ကြရောပေါ့ (ပေါ်ပါပြီ) ဘယ်သူပါလိမ့် (နီဝရဏ ငါးပါးပါ ဘုရား)။

နီဝရဏတရားငါးပါးလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့က မှတ်ထားလို့ရှိရင်၊ ေဩာ် – ဒါ မသိမ်းတတ် မဆည်းတတ် မရှုတတ် မမှတ်တတ်တာနဲ့၊ ဘုရား အဆူဆူနဲ့ လွဲ၊ တရားပွဲ အမျိုးမျိုးနဲ့ မကြုံဘဲနဲ့ ဒုက္ခပင်လယ်ဝေပြီး သကာလ နေခဲ့ရတဲ့ အဖြစ်တွေဟာ၊ ဒီတရားငါးခုကို ဖယ်နည်း ရှားနည်း နိဿရည်းကို မရကြလို့ဘဲဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကာမစ္ဆန္ဒနီဝရဏဆိုတာ လောဘ

ကာမစ္ဆန္ဒနီဝရဏ ဆိုတာ လောဘနော် (မှန်ပါ့ ဘုရား) လောဘနောက် လိုက်နေလို့ရှိရင်လဲ ဘုရားပွင့်လဲ သူနဲ့ မဆိုင်ဘူး (မှန်ပါ့)၊ တရားတွေ သစ္စာတရားတွေ ဟောနေပြန်လဲ (သူနဲ့ မဆိုင်ပါဘူး ဘုရား)။

အဲ-အဲဒါကြောင့် လောဘဟာလဲ၊ လောဘကိစ္စ လိုက်စားနေတဲ့ ပုဂ္ဂိုလ်ဟာလဲ ဘုရားအဆူဆူနဲ့ လွဲ၊ တရားပွဲ အမျိုးမျိုးနဲ့ မကြုံဆိုတာ ဒီတရားက တားတာပဲ ဆိုတာ ပေါ်လာပြီ (ပေါ်လာပါတယ် ဘုရား)။

ဗျာပါဒနီဝရဏဆိုတာ ဒေါသ

ဗျာပါဒ နီဝရဏဆိုတာ မိမိတို့ နေရာ အစားပေါ်မှာ အဝတ်ပေါ်မှာ အလိုမကျ၊ သားသမီးနှင့် တကွ အိမ်ရာ တိုက်တာ ပေါ်မှာ အလိုမကျ၊ အဲဒီ ဒေါသ အလိုမကျ နေပြန်လို့ ရှိရင်လည်း တဲ့၊ ဘယ်မှာ ဘုရားပွင့်လည်း မသွားဖြစ် တရားပွဲနဲ့လည်း ကြုံအောင် ကိုယ်ကလည်း မဆုံအောင် လွှဲဖယ်အောင် နေသည် ဖြစ်လေ သောကြောင့်၊ တစ်သံသရာလုံးမှာ သူကလည်း အတား သမား သက်သက်ပဲ ဆိုတာ, ဒကာ ဒကာမတွေက မှတ်ရမယ် (မှန်ပါ့)။

ထိနမိဒ္ဓဆိုတာ ငိုက်မျဉ်းတာ

ဒေါသလဲ အတားသမား၊ နီဝရဏတရားလို့ မှတ်လိုက် ကြစမ်းပါ (မှန်ပါ့)၊ ထိနမိဒ္ဓ ဆိုတာက စားပြီး သောက်ပြီး တယ်ဆို ငိုက်တယ် မျဉ်းတယ် ဆိုပြန်တော့ ဘုရားတွေ ဘယ်လို ပွင့်ပြီး သကာလ နေစေကာ သူမသွားဖြစ်ဘူး၊ မသွားဖြစ်ဘူး။

သူ့ အလို လိုက်နေရတာနဲ့ တရားတွေ ဘယ်လို ဟောပြီး နေကြသော်လည်း၊ အိပ်ချင်တာနဲ့ အိပ်ပြီး သကာလ အိပ်ပွဲနွှဲ နေရတာနဲ့၊ ဘုရားသာ ပရိနိဗ္ဗာန်စံ တရားပွဲ တွေသာ သိမ်းသွားတယ်၊ သူ့အရေး ဘာမှမပါတော့ သူတား တာပဲ၊ ထိနမိဒ္ဓ တားတာပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏဆိုတာ

ကောင်းပြီ၊ ဒါဖြင့် ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ ဆိုတာ သူတို့က နှစ်ခုတွဲလို့ ရှိရင် နှစ်ခုတွဲတာလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီနေ့ တရားပွဲမှာ ဥဒ္ဓစ္စတော့ဖြင့် ပြောပြီးပါပြီ (မှန်ပါ့)။

ကုက္ကုစ္စ နီဝရဏကို အဇာတသတ်ကို ဘယ်လိုဟောပါ သတုံးဆိုလို့ရှိရင်ဖြင့် “ဥဒ္ဓစ္စ ကုက္ကုစ္စ ဒါသိယာ” ကျွန်သပေါက် သွင်းတဲ့ တရား၊ ကျွန်သပေါက် သွင်းတဲ့တရား ဆိုတော့ ဒကာ ဒကာမတွေ လွတ်လပ်ရေး ကိုယ်ပိုင် အလုပ်ကို ပေးတဲ့ အလုပ် မဟုတ်ဘူးပေါ့ (မှန်ပါ့)။

လွတ်လပ်ရေးလဲ မပေးပါဘူး (မှန်ပါ့) ကိုယ့်ဟာ ကိုယ် ချွန်နိုင်တဲ့ အလုပ်မျိုးကော (မပေးပါဘူး ဘုရား)။

အဲဒါ ဥဒ္ဓစ္စလို့ မှတ်ထားလိုက်စမ်းပါဆိုတော့ ဒါဖြင့် ယနေ့ ဥဒ္ဓစ္စပြီးတော့ ဒကာ ဒကာမတို့ ကုက္ကုစ္စပဲ ရှင်းပြပါမယ် (မှန်ပါ့)။

ကုက္ကုစ္စဆိုတာ

ကုစ္ဆိတံ ကတံ ကုကတံ၊ ကုစ္ဆိတံ – စက်ဆုပ်အပ် သည်ကို၊ ကတံ – ပြုသော တရားသည်၊ ကုကတံ – စက်ဆုပ် အပ်သော တရားကို ပြုတတ်တယ်၊ စက်ဆုပ်အပ်တဲ့ တရားကို ပြုတတ်ပါတယ်တဲ့ ဒကာကြွယ်တို့ မှတ်ထားရမယ် (မှန်ပါ့)။

ဘယ်လောက် စက်ဆုပ်စရာကောင်းတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ တကယ် ချမ်းသာရေး၊ ချမ်းသာ အနှစ် အရသာနှင့် ပြည့်စုံတဲ့ နိဗ္ဗာန်ကြီး၊ ဒကာ ဒကာမတွေ ဒုက္ခ ချုပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး၊ အပူ အလောင်တွေမှာလဲ အကုန် သိမ်း၊ အေးချမ်းတဲ့ နိဗ္ဗာန်ကို သူတစ်ခါတည်း ကုစ္ဆိတံ ကတံ – စက်ဆုပ်ဖွယ်ရာ အဖြစ်နဲ့ တစ်ခါတည်း ပင်ကိုယ်ကလည်း စက်ဆုပ်စရာ တရား၊ စက်ဆုပ်ဖွယ်ရာ အလုပ်ပဲ လုပ်နေတာနဲ့ ကျုပ်တို့မှာတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကြီးနဲ့ အလွဲကြီး လွဲရ တယ်၊ အင်း – သူက စက်ဆုပ်ဖွယ်ရာ အလုပ်ကို လုပ်နေသော ကြောင့် သူ့ ကုက္ကုစ္စလို့ မှတ်လိုက် ကြစမ်းပါ (မှန်ပါ့)။

ကုက္ကုစ္စ ဆိုတာ ဘာလုပ်တတ်ပါလိမ့် (စက်ဆုပ် စရာကို လုပ်တုတ်ပါတယ် ဘုရား) စက်ဆုပ် ရွံရှာဖွယ် အလုပ်ကို လုပ်တတ်သောကြောင့် ကုက္ကုစ္စလို့ မှတ်ပါ (မှန်ပါ့)။

‘‘ကုစ္ဆိတံ ကတံ ကုကတံ၊ ကတာကတ ဒုစ္စရိတသုစရိတံ’’ တဲ့။ အဋ္ဌကထာ ဆရာများက ပြုပြီးသား ဒုစရိုက်တွေ မပြုသေးတဲ့ သုစရိုက်တွေ သူက တောင့်တ နေတယ် (မှန်ပါ့)။

ပြုပြီးသား ဒုစရိုက်တွေ တွေးပြီး သောကဖြစ်နေတယ်။ သဘောကျပလား (ကျပါတယ် ဘုရား)၊

မပြုရသေးတဲ့ ကောင်းတဲ့တရားတွေလဲ မပြုရသေးလို့ သောက ဖြစ်နေတယ် (မှန်ပါ့)၊ ဒကာသစ် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား) ပြုပြီးသား ဒုစရိုက် အတွက်ကျတော့ သောက ဖြစ်နေ (မှန်ပါ့)။

မပြုသေးတဲ့ သုစရိုက်အတွက်သောကဖြစ်နေတယ်

မပြုသေးတဲ့ သုစရိုက် အတွက်တွေ (သောက ဖြစ်နေပါတယ် ဘုရား) ဒကာ ဒကာမတွေ ဒါ သေသေချာချာ မှတ်ပါနော်။

စက်ဆုပ်ဖွယ် တရားက ဘယ်လို လုပ်နေတတ်တယ် ဆိုတာ ခန္ဓာထဲမှာ စဉ်းစားပါ (မှန်ပါ့) ပြုပြီးသား မကောင်းမှုတွေ ကျတော့ သူက မကောင်းမှုတွေ ပြုခဲ့လေခြင်း ဆိုပြီး သောက လာတယ် (မှန်ပါ့)။

ကောင်းမှုတွေ ကျတော့လဲ မပြုရလေခြင်း ဆိုပြီး သောက ဖြစ်နေတယ် (မှန်ပါ့) မကောင်းမှု ကြောင့်လဲ သူက ဘာဖြစ်နေတုံး (သောက ဖြစ်နေပါတယ် ဘုရား)။

ကောင်းမှုတွေကြောင့်လဲ (သောက ဖြစ်နေ ပါတယ် ဘုရား) ကောင်းမှု လုပ်ဖြစ်တာလား၊ မလုပ်ဖြစ်လို့ သောက ရောက်တာလား (မလုပ်ဖြစ်လို့ သောကရောက် တာပါ ဘုရား)။

ဒါဖြင့် သောက တစ်လုံးတည်းဟေ့ (မှန်ပါ့) ဒါ ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား) သောက တစ်လုံး တည်းကို ချုံးခေါ်လိုက်တဲ့ အခါကျတော့ ကုက္ကုစ္စ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) သောက တစ်လုံးကို ချုံးခေါ်လိုက်တဲ့ အခါကျတော့ (ကုက္ကုစ္စပါ ဘုရား)။

ပြုပြီးသားဒုစရိုက်ကို စိုးရိမ်နေတယ်

အေး – ဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေမှာ ပြုပြီးသား ဒုစရိုက်တွေကိုလည်း တွေးတဲ့စိတ်လာလို့ရှိရင် ေဩာ် – ငါ ကုက္ကုစ္စ ဖြစ်နေပါပေါ့လားလို့ သိလိုက်ပါ (မှန်ပါ့)။

မပြုရသေးတဲ့ ကျောင်းဆောက် ဘုရားတည် သူတော် ကောင်းအလုပ် ဥပုသ်စောင့်တဲ့ အလုပ်တွေ မလုပ်ရသေးတာ ကိုလည်း မလုပ်သေးတာကို သွားတွေး မနေပါနဲ့တဲ့၊ မလုပ်ရ သေးတဲ့ သောက ဖြစ်နေတာ (မှန်ပါ့) ဝမ်းထဲက သောက၊ အဲ့ဒီသောကကို ပေါင်းခေါ်ရင် ဘယ်လိုဆိုကြမယ် (ကုက္ကုစ္စပါ ဘုရား)။

အဲ-ဒါဖြင့် ကုက္ကုစ္စဟာ ဒကာသစ်တို့၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ ပြုပြီးသား အကုသိုလ် အတွက် သူ သောကဖြစ် တယ်၊ မပြုရသေးတဲ့ ကုသိုလ် အတွက်လဲ (သောက ဖြစ်ပါတယ် ဘုရား) သောက တစ်လုံးတည်းပဲတဲ့ဗျာ၊ အကုသိုလ် တရားပဲ အဲ့ဒါ ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)။

အေး – ဒါကြောင့် ‘‘ကုစ္ဆိတံ ကတန္တိ ကုကတံ၊ ကတာကတ ဒုစ္စရိတသုမရိတံ၊ အကတမ္ပိ ကုကတမ္ပိ ဝုစ္စတိ။’’ လို့ ဆိုလိုက်တယ်တဲ့၊ ဋီကာကျော် ဆရာက အကတမ္ပိ- မပြုအပ် သေးသော တရားကိုလည်း၊ ကုကတံ – ကုကတပဲ၊ မပြုရ သေးတဲ့ ကုသိုလ်တွေကို သောကဖြစ်နေလဲ ကုက္ကုစ္စပဲ (မှန်ပါ့)။

သောကဖြစ်နေလဲ ကုက္ကုစ္စပဲ

ယံ – အကြင်အမှုကို၊ မယာ – ငါသည်၊ အကတံ – မပြုရသေး၊ တံ – ထို မပြုရသေးတဲ့ တရားသည်၊ ကုကတံ – ကုကတ ပဲတဲ့ (မှန်ပါ့) အကြင်အမှု မပြုရသေးဘူးလို့ သောက ဖြစ်နေလဲ ကုက္ကုစ္စ ပါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြီးတော့ ‘‘ကတာကတ ဒုစ္စရိတ သုစရိတံ – အာရဗ္ဗ ပဝတ္တော ဝိပ္ပဋိသာရိနော။’’

ဒီပြုပြီးသား ဒုစရိုက်, မပြုရသေးတဲ့ သုစရိုက်တွေကိုတဲ့။

‘‘ကတာကတ ဒုစ္စရိတ သုစရိတံ ပဝတ္တော ဝိပ္ပဋိသာရော’’ နှစ်လုံး မသာယာခြင်း ဖြစ်တာပါပဲ (မှန်ပါ့) ဒုစရိုက်တွေ ပြုမိတဲ့အတွက် စိတ်ထဲ မသာယာဘူးပေါ့ဗျာ၊ စိတ်ထဲ သောက ဖြစ်နေတယ်၊ သုစရိုက်တွေ ကောင်းတဲ့ အလုပ်တွေ မလုပ်မိတဲ့ အတွက်လဲ သောက ဖြစ်နေတယ် (မှန်ပါ့) သဘော ကျ ပလား (ကျပါတယ် ဘုရား)။

အဲ- အဲဒါ ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား) အေး- ဒါကြောင့် ကုက္ကုစ္စ ယနေ့ ရှင်းရှင်း ပြောနေတယ်၊ ဒကာ ဒကာမတွေ သတိထားပါ (မှန်ပါ့) ပြသား ဒုစရိုက်တွေကိုလဲ စိုးရိမ်နေလို့ရှိရင် (ကုက္ကုစ္စပါ ဘုရား) မပြုသေးတဲ့ ကုသိုလ် အလုပ်တွေ၊ မပြုရသေးဘူးလို့ ပူပန် နေရင်လဲ (ကုက္ကုစ္စပါ ဘုရား)။

ပူပန်တာချည်းလမ်းဆုံးတယ်

အင်း – အသံကတော့ ကုသိုလ် ဒကာသစ်ရေ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ပြုပြီးသား အကုသိုလ် ပူပစ်တာ ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)၊ မပြုရသေးတဲ့ ကုသိုလ်တွေ အတွက် ပူပန်တာကော (ကုက္ကုစ္စပါ ဘုရား) ဒါဖြင့် သူ့ဟာက ပူပန်တာချည်း လမ်းဆုံးတယ် (မှန်ပါ့)။

ဒကာကြွယ် ဘယ်လမ်းဆုံးပါလိမ့် (ပူပန်တာ လမ်းဆုံးပါတယ် ဘုရား) ပူပန်တာ တွေချည်း သွားပြီး လမ်းဆုံးတဲ့ အတွက်တဲ့ သူက ကုက္ကုစ္စ ဆိုတဲ့ သောက ဖြစ်နေတယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

နှလုံးမသာယာတဲ့ သောက ဝိပ္ပဋိသာရ နှလုံး မသာယာမှု ဖြစ်ပါတယ်၊ ဒါ ဘာခေါ်ကြမယ် (သောကပါ ဘုရား)

ကုက္ကုစ္စဆိုတာ ဒကာ ဒကာမတို့ ဒီကုက္ကုစ္စကို ခင်ဗျား တို့ ဘယ်လိုလုပ်မှ တော်မယ်ဆိုတဲ့ ဥစ္စာကိုလဲ ဘယ်လို ဖယ်ရှား ရမယ် ဆိုတာလဲ ဒီကုက္ကုစ္စသာ ပေါ်နေလို့ရှိရင် ဒကာသစ်ရေတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျွန်သပေါက် အဖြစ်ပဲ (မှန်ပါ့)။

ကျွန်သပေါက်ဖြစ်နေတဲ့သူ

ကျွန်သပေါက်ဆိုတာ ကိုယ်ရေး ကိုယ်တာ လုပ်နိုင် သေးရဲ့ လား (မလုပ်နိုင်ပါ ဘုရား) အင်း- အိမ်ရှင်၏ အရေးကို မျက်နှာလိုက်၊ အကြိုက် လိုက်ပြီး လျှောက်လုပ် နေ ရတယ် (မှန်ပါ့) အင်း- ကိုယ့်အရေး လုပ်ဖြစ်ကဲ့လား (မလုပ်ဖြစ်ပါ ဘုရား)။

သခင်၏ အရေးကိုသာ (လုပ်ရပါတယ် ဘုရား) အဲ ကျွန်သပေါက် ဖြစ်နေတဲ့ သူ၏ ထုံးတမ်းလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ထို့အတူပဲ ကုက္ကုစ္စ လာလို့ရှိရင် သူ့ဟာသူ ပြုပြီးသား ဒုစရိုက် သူ့ဟာသူ သွားတယ် (မှန်ပါ့)။

မပြုရသေးတဲ့ ကုသိုလ် အလုပ်တွေ၊ မပြုလုပ်ရသေးလို့ ဆက်တွေးတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် သူမဂ်ဖိုလ် အလုပ် လုပ်ဖြစ်သေးရဲ့လား (မလုပ် ဖြစ်ပါ ဘုရား)။

ဒါဖြင့် သူ့အရေး သူမလုပ်ဖြစ်သောကြောင့် ခုနက အကုသိုလ်ခိုင်းတဲ့ အရေး သူလုပ်တယ် (မှန်ပါ့) သောက ခိုင်းရင် မပြုရသေးတဲ့ သုစရိုက်တွေလဲ ပူပန်ရ၊ ပြုပြီးသား ဒုစရိုက်တွေလဲ ပူပန်ရ ဆိုတော့ သူဟာ ကျွန်အလုပ်သာ လုပ်နေရ။

ထွက်ရပ်လမ်းအလုပ် မလုပ်ဖြစ်ဘူး

အပါယ်ရောက်ဖို့ အလုပ်သာ လုပ်နေရတယ်၊ ထွက်ရပ် လမ်းဖြစ်တဲ့ ကိုယ်ပိုင် အလုပ် လုပ်ဖြစ် သေးရဲ့လား (မလုပ်ဖြစ်ပါ ဘုရား) ဒါဖြင့် ‘‘ဥဒ္ဓစ္စ ကုက္ကုစ္စ ဒါသိယာ” ဆိုတဲ့ ဥစ္စာ ကိုက်သွားပြီ (မှန်ပါ့)။

ဥဒ္ဓစ္စ ကုက္ကုစ္စသာ ရှိနေလို့ရှိရင် ကျွန်အလုပ်သာ လုပ်ဖြစ်တော့တယ်၊ ကိုယ့်အရေး ဘာမှ မလုပ်ဖြစ်တော့ဘူးကွ အဇာတသတ်ရ၊ ဘုရားက မေးနေတယ် (မှန်ပါ့) မဆိုး ဘူးလား (ဆိုးပါတယ် ဘုရား)။

အေး-ဒါကြောင့် ဒကာ ဒကာမတွေ၊ ဒီလိုတရားမျိုး ကြားလဲ ကြားရခဲတယ် (မှန်ပါ့)၊ ကြားလဲ ကြားရခဲတယ် ဆိုတဲ့ ဥစ္စာက၊ ပြုပြီးသား ဒုစရိုက်တွေကလဲ အရေးရှိ ပြန်ပြန် တွေးတယ် (မှန်ပါ့)။

နောက် “မထူးပါဘူးကွာ၊ အပါယ်ကျလဲ ကျပါ စေတော့ တရားလဲ မနာတော့ပါဘူး၊ တရားလဲ အားမထုတ် တော့ပါဘူး၊ ငါပြုထားတဲ့ အကုသိုလ်တွေကလဲ နည်းတာ တွေမှ မဟုတ်ဘဲ” ဆိုပြီး သကာလ အားမထုတ်ဘဲ နေလိုက်တော့ ကိုယ့်အရေး လစ်ဟင်း မသွားဘူးလား (လစ်ဟင်း သွားပါတယ် ဘုရား)။

ဝိပဿနာလုပ်ရင် အပြစ်ကျွတ်လွတ်တယ်

ဒီအပြစ်ဟာ ဘာပြောပလောက်တာမှတ်လို့ ပဉ္စာနန္တ ရိယကံမှ မဟုတ်ဘဲ၊ ဝိပဿနာ လုပ်လိုက်ရင် ကျွတ်လွတ်ပြီး နိဗ္ဗာန် ရောက်သွားတဲ့ အလုပ်မျိုးကို၊ အကုသိုလ်တွေက အများကြီး မထူးပါဘူးကွာ၊ သန်းခေါင်အပြင် ညဉ့်မနက်ပါဘူး ဒီလိုရင်လဲ လာတတ်တယ် (မှန်ပါ့) မလာတတ် ဘူးလား (လာတတ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေထဲမှာ ပဉ္စာ နန္တရိယကံ လွတ်ခဲ့လို့ ရှိရင်ဖြင့် ဘာမှ ပူစရာမရှိဘူး၊ အခု ဆရာသမားနဲ့ ဘုရားဟောထားတဲ့ အလုပ်ကိုသာလုပ် အဲဒါတွေ အကုန် ပျောက်ပျက် သွားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“မမှားသောရှေ့နေ မသေသောဆေးသမား မရှိငြား” ဆိုတဲ့ လောက ပုံပြင်ရှိသလို မည်သူမဆို ငယ်တုန်း ကတော့ဖြင့် မိုက်ခဲ့၊ တေခဲ့၊ မူးခဲ့၊ ရူးခဲ့တာတွေ ရှိကြတာပဲ (မှန်ပါ့) မရှိကြဘူးလား (ရှိကြ ပါတယ် ဘုရား)။

နောက်တုန်းက ဟာတွေ အောက်မေ့မနေနဲ့

ပြန်အောက်မေ့မနေနဲ့တဲ့၊ နောက်ဟာတွေ ပြန်အောက် မေ့မနေပါနဲ့၊ ကိုယ်လုပ်ရမယ့် ဆရာသမား ပေးတဲ့ အလုပ် ဘုရားပေးတဲ့ အလုပ်၊ ကိုယ်ပိုင် အလုပ်ကို ဘုရားက ဆရာ သမား ပေးနေတာကို ဒကာသစ် မလုပ်ဖြစ်ရင် ခက်မယ်။

အဲဒါ ကျွန်စိတ်ပေါက်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အကြီး အကျယ်သတိပေးလိုက်ပါတယ်၊ ကိုယ်ပြုပြီးတဲ့ ဒုစရိုက် လုံးလုံးမတွေးနဲ့ (မှန်ပါ့ ဘုရား)။

မပြုရသေးတဲ့ သုစရိုက်တွေလဲ မတွေးပါနဲ့ မတွေးပါနဲ့ အခု လုပ်စရာရှိတဲ့ ဝိပဿနာ အလုပ်သာ လုပ်ပါ၊ မပြုသေးတဲ့ သုစရိုက် အလုပ်ထ လုပ်ပြန်တာပေါ့၊ တွေးတောမနေနဲ့ (မှန်ပါ့) ဒါဖြင့် သဘော ပါပလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် တော်တော်တော့ဖြင့် လုံလောက်ပြီလို့ ထင်တာပဲ ဒကာ ဒကာမတွေ လုပ်လို့ ရလောက် ပလားလို့ ဆိုတာ ကိုလဲ စစ်ဆေးပါဦး (မှန်ပါ့)။

ဒါက ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက တွင်တွင် ကျယ်ကျယ်နဲ့ ထပ်ပြန်တလဲလဲ ပြောဟော ဆုံးမပြီး သကာလ ဦးလှဘူး နေပါလိမ့်မလဲ ဆိုရင် သူက ကျွန်စိတ်ပေါက်တဲ့စိတ်၊ အရေးကြုံရင် သူက လာလာ ဆို့နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရေးကြုံရင် (သူက လာလာဆို့နေပါတယ် ဘုရား) သူက လာလာပြီး မဂ်တားဖိုလ်တား အဖြစ် လာပြီး သကာလ ကန့်လန့် လာလုပ်နေတယ် (မှန်ပါ့)။

ဘုန်းကြီးသတိပေးနေပါတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အကြီး အကျယ်ပဲ သတိပေးနေပါတယ် (မှန်ပါ့) ကိုယ်ပြုထားတဲ့ အကုသိုလ်တွေ ဘယ်လိုမှ မအောက်မေ့နဲ့။

ကိုယ်ပြုထားတဲ့ အကုသိုလ်တွေ (ဘယ်လိုမှ မအောက်မေ့ရပါ ဘုရား) မပြုရသေးတဲ့ ကုသိုလ်တွေကိုလဲ မပြုရသေးလို့ဆိုပြီး ကုသိုလ်ရတယ် ထင်ပြီးများ ဒကာကြွယ် တို့က မအောက်မေ့ လိုက်နဲ့၊ လုပ်ချင်ရင်တော့ ထလုပ်၊ နို့မို့လို့ရှိရင် လုပ်ဖြစ်တာလဲ မဟုတ်ဘဲနဲ့ သောက ဖြစ်နေမယ် (မှန်ပါ့ ဘုရား)။

“သောကောတိ ဒေါသော” ဆိုတဲ့အတိုင်း ဒေါသ အနုစား ဖြစ်နေတာ (မှန်ပါ့) ခင်ဗျားတို့က ကုသိုလ် ရတယ် ထင်နေတယ် စင်စစ်ဖြစ်နေတာက (သောကပါ ဘုရား)။

သောကဆိုတာ ဒေါသ အနု စား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒါ တွေးကောင်း၊ မတွေးကောင်း စဉ်းစားစမ်း (မတွေးကောင်းပါ ဘုရား)။

မတွေးကောင်းလို့ ဘုရားက ‘‘ဥဒ္ဓစ္စ ကုက္ကုစ္စ ဒါသိယာ’’ လို့ ဟောတာပဲ (မှန်ပါ့) ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ တစ်ခုခုရှိနေရင် ကျွန်စိတ်ပေါက်နေတာကွ – တဲ့။

နီဝရဏဟာမဂ်ဖိုလ်နိဗ္ဗာန်တားတယ်

ဒါကြောင့် နီဝရဏ တရားတဲ့၊ မဂ်တားတယ်၊ ဖိုလ်တားတယ်၊ နိဗ္ဗာန်တားတယ် (မှန်ပါ့) သဘောပါ ပလား (ပါ-ပါတယ် ဘုရား) ကဲ-ဒီဥစ္စာ တွေးကြောင်း မတွေးကောင်း (မတွေးကောင်းပါ ဘုရား)။

ဒါဖြင့် အခုအလုပ်မှာ လာပြီး ကန့်ကွက်တယ် မကန့် ကွက်တယ် ဆိုတာလဲ ဒကာကြွယ် ဒကာသစ်တို့ ဦးလှဘူးတို့ စဉ်းစားမိပါပြီ (မှန်ပါ့)။

ဝိပဿနာအလုပ် ကန့်ကွက်တယ် – မကန့်ကွက်တယ် စဉ်းစားစမ်း (ကန့်ကွက်ပါတယ် ဘုရား) မလုပ်သေးတဲ့ ကုသိုလ် အဲ့ဒီ ဝိတက်ကလေး ကျုပ်တို့ ဝင်နေသေးတယ်လို့ မြို့သုံး သုံးပြီး သကာလ လာသေးတယ် (မှန်ပါ့)။

အခုလိုဆိုတော့ မှားကုန်ပြီ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုအပ်ပြီးသော ဒုစရိုက်ကိုလဲ ပြန်မတွေးပါနဲ့ (မှန်ပါ့) မပြုလုပ်ရသေးတဲ့ သုစရိုက် တရားတွေကိုလဲ (ပြန်မတွေး ရပါ ဘုရား) ပြန်တွေးမနေနဲ့၊ တွေးရင် ဘာဖြစ်မတုံး (သောက ဖြစ်ပါတယ် ဘုရား)။

သောကဆိုရင် ဘာတရားလို့ ဆိုမတုံး (ကုက္ကုစ္စ တရားလို့ ဆိုပါမယ် ဘုရား) ကုက္ကုစ္စ ဆိုတော့ အခုပြတဲ့ တရားထဲမှာ နီဝရဏ (မှန်ပါ့)။

နီဝရဏဆိုတာ ဘာဖြစ်တဲ့ တရားပါလိမ့် (မဂ်တား၊ ဖိုလ်တား, နိဗ္ဗာန်တားပါတယ် ဘုရား) မဂ်, ဖိုလ်, နိဗ္ဗာန်တားတဲ့ တရား (မှန်ပါ့) ကဲ-ဒကာကြွယ် ဒါလောက် ဆို သေချာပြီ (သေချာပါပြီ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဋီကာကျော် ဆရာက ‘‘ကတာကတ ဒုစ္စရိတ သုစရိတံ အာရဋ္ဌ ပဝတ္တော ဝိပ္ပဋိသာရံ စိတ္တုပ္ပါဒေါ ကုက္ကူစ္စံ’’ (မှန်ပါ့)

ပြုပြီးသော ဒုစရိုက်၊ မပြုလုပ်ရသေးတဲ့ သုစရိုက် တရားတွေကို သူဟာ သောက ဖြစ်နေ သောကြောင့် ဒါ ကုက္ကုစ္စကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခု မပြုသေးတဲ့ အကုသိုလ် နေပါစေတော့၊ ပြုပြီးသား ဖြစ်လို့ ရှိရင်လဲ မလာစေနဲ့ (မှန်ပါ့)။

ကွာ ငါတရားတော့ နာချင်ပါရဲ့ ငါ့အလှူလေးက ပေးစရာ ရှိသေးတယ်၊ အဲဒီဟာလေးက မပြီးသေးတော့ ငါခက် နေသေးတယ် (မှန်ပါ့)။

အဲဒါ လုပ်မနေနဲ့ (မှန်ပါ့) ဒါ ကုက္ကုစ္စ (မှန်ပါ့)၊ ပြုသေးတာလဲ မဟုတ်ဘဲနဲ့ အလှူလေးအတွက်နဲ့ သူစိတ်ထဲ စိတ်မချမ်းမသာ မလောက်မှာ မပြုမှာ မပြည့်စုံ မှာတွေ စိုးရိမ် နေတာ သောက သွားဖြစ် နေတာ (မှန်ပါ့)၊ အဲဒါ ကိုယ့်ဟာကို လှူချင်တဲ့ အချိန်ကျတော့ လှူလိုက်။

ခက်သေးတယ်ဆိုတာ မလာစေနဲ့

ကျောင်းဆောက်ချင်တဲ့ အချိန်ကျ ကျောင်းဆောက် လိုက် ဘုရားတည်ချင်တဲ့ အချိန်ကျ တည်လိုက်တာပေါ့ (မှန်ပါ့)၊ မလုပ်ရသေးလို့ ခက်သေးတယ် ဆိုတာတော့ မလာစေနဲ့၊ လာရင် သူ့ ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)။

ကုက္ကုစ္စကို ပေါင်းခေါ်လိုက်တော့ နီဝရဏ ဖြစ်သွား တယ်၊ နီဝရဏ ဆိုတော့ ဘယ် အဓိပ္ပါယ် ရောက်သွားတုံး၊ မဂ်ဖိုလ် နိဗ္ဗာန်တားတဲ့ အဓိပ္ပာယ် (ရောက်သွားပါတယ် ဘုရား)။

မဂ်ဖိုလ်နိဗ္ဗာန် တားတယ် ဆိုတော့ ဒကာသစ်တို့၊ ဦးလှဘူးတို့ ရိပ်မိလောက်ပါပြီ (မှန်ပါ့)၊ စဉ်းစားကြည့်ပါတဲ့၊ သူ သောက ဖြစ်နေတာ၊ ပြုပြီးသား ဒုစရိုက်တွေ အတွက်လည်း သောကဖြစ်၊ မပြုရသေးတဲ့ ကောင်းတဲ့ အလုပ်တွေအတွက် လည်း မပြုရသေးလို့ ခက်သေးက လာတယ် (မှန်ပါ့)။

ခက်သေးဆိုတာက လာတော့ ဒီတရားကော ဘာခေါ် ကြ (သောကတရားပါ ဘုရား)၊ အေး- သောက တရားပေါ့ (မှန်ပါ့)။

သောကောတိ ဒေါသော၊ ဒါ ဒေါသ အနုစားလေးလို့ ဒကာ ဒကာမတို့က မှတ်လိုက်တာပေါ့။ ဘယ်လိုမှတ်ကြမယ် (ဒေါသအနုစားလို့ မှတ်ပါတယ် ဘုရား)။

အဲ့ဒါ ခင်ဗျားတို့က ဒကာကြွယ်တို့ လူစုတွေက ဒကာသစ်တို့ လူစုတွေက ကျုပ် ဒီနေ့ တရား အားမထုတ်ဖြစ်ဘူး၊ ဘာ ကြောင့်တုံး မေးကြလို့ရှိရင် ကျုပ် ကုသိုလ်လေး တစ်ခုက လုပ်မယ် လို့ စိတ်ကူးလေးက ရှိနေတော့၊ အဲဒီဟာလေးက ဟိုဟာလို ဒီဟာလို လိုတာလေးတွေ ကျုပ်မှာ ဒါလေးက သောက ဖြစ်နေတယ်။

သောကဆိုတာ ဒေါသအနုစား

ပြောနေတယ်၊ သောက ဆိုတာ ဒကာသစ်ရေ ဒေါသ (မှန်ပါ့)၊ သဘောကျပလား၊ အဲဒါ ဖြစ်ကောင်း မဖြစ်ကောင်း၊ ကုသိုလ်လား အကုသိုလ်လား မေးကြည့် လိုက်တော့ သိရောပေါ့ (အကုသိုလ်ပါ ဘုရား)။

ဘာတရားပါလိမ့် (အကုသိုလ်တရားပါ ဘုရား)၊ အကုသိုလ်တရား ဆိုတော့ နီဝရဏတရား ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ အဲဒါတွေ သေသေချာချာ စဉ်းစား တော့မှ ခင်ဗျားတို့က ေဩာ်- တရား အားမထုတ် နိုင်တာ ဒါလေးက ဖြစ်နေသေးတယ်။

ကောင်းတော့ ကောင်းပါရဲ့၊ တရား အားထုတ်ရရင် ကောင်းတာပဲ၊ သို့သော်လည်း ဒါလေးက မပြည့်စုံ မလုံ လောက် ဖြစ်နေပြီး သကာလ မိုးတစ်ပြိုက် လေတစ်ပြိုက်-

အင်း- နောက် အချိန်အရွယ် ကလေးကလည်း ရောက် လာတာ ဖြစ်နေတော့ မလုပ်ရရင် မဖြစ်တာနဲ့ အဲဒီသောကလေး က ကျုပ်က ဝင်နေတယ်ဗျာ၊ ဒါကြောင့် ယခုတရား အားထုတ် လို့ကိုပဲ သမာဓိကလည်း မရ၊ ဖြစ်ပျက်လည်း မမြင်ဘူး ဆိုရင် –

ဘယ်သူကတားတယ် ဆိုတာ ခင်ဗျားတို့ အကဲ ခတ်တော့ (ကုက္ကုစ္စက တားမြစ်ပါတယ် ဘုရား)၊ ကုက္ကုစ္စက တား နေတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မတွေးနဲ့ လုပ်ချိန်ကျတော့ထလုပ်

ဒါဖြင့် မလုပ်နဲ့ ဆိုတာလား၊ မတွေးနဲ့ ဆိုတာလား (မတွေးနဲ့ဆိုတာပါ ဘုရား)၊ မတွေးနဲ့ လုပ်ချိန်ကျတော့ ထလုပ် (မှန်ပါ့)၊ လုပ်ချိန်ကျတော့ (ထလုပ်ရမှာပါ ဘုရား)။

တွေးပြီးတော့ဖြင့် (မနေရပါ ဘုရား)၊ တွေးရင် ဘာ ဖြစ်မယ်၊ (သောကဖြစ်မှာပါ ဘုရား)၊ သောက ဆိုတော့ ကုက္ကုစ္စ၊ ကုက္ကုစ္စ ဆိုရင် နီဝရဏ (မှန်ပါ့)၊ သဘောကျပလား (ကျ ပါပြီ ဘုရား)။

ဘယ်သူဟာ အမျက်ထွက်တာပါသေးလား (မပါ ပါ ဘုရား)၊ ဒကာကြွယ် တစ်ချို့က ဒါ အကောင်း ထင်နေကြတာ (မှန်ပါ့)၊ မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)။

အင်း- ခင်ဗျား တရားနာ သွားကြစို့ဗျာ၊ တရားသွားထိုင် ရအောင်ဗျာ။ အို- ခင်ဗျား ခက်တယ်၊ ကျုပ်က တပို့တွဲ၊ တပေါင်း ကျလာလို့ ရှိရင်ဖြင့် သားလေးကြီးလားလို့ ရှင်လေး ပြုစရာ ရှိနေတော့ ဒီဟာလေးက အပင်းလျှိုသလို ဖြစ်နေတယ်။

အဲဒါလေးက မအေးသေးဘူးဗျာ (မှန်ပါ့ ဘုရား)၊ ဒီအတိုင်း ဖြေတာပဲ (မှန်ပါ့)၊ မဖြေဘူးလား (ဖြေပါ – တယ် ဘုရား)၊ ဒီအတိုင်း ဖြေတာကို ထောက်ကြည့်တော့ သောကဖြစ် နေတာ၊ သောက ဆိုတာ ဒေါသအနုစား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူများ ဓားနဲ့လိုက်တဲ့ ဒေါသကတော့ ကြမ်းသကိုးဗျ။ အခုဟာကတော့ ကိုယ့်ဟာကိုယ် သက်သက် စိတ်မချမ်းသာအောင် လုပ်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူ့ ဘာတရားခေါ်ကြမယ် (နီဝရဏတရား လို့ ခေါ်ပါတယ် ဘုရား)၊ နီဝရဏတရား ဆိုလည်း မှန်တာပဲ။ ကုက္ကုစ္စ ဆိုရင်ကော (မှန်ပါတယ် ဘုရား)။

ဒါဖြင့် သူဟာ သခင်အလုပ် ကိုယ်ပိုင်အလုပ် ကိုယ့်ကို ကျေးဇူးပြုမယ့် အလုပ် လုပ်နေ တာလား၊ ကိုယ့်ကိုယ်ကို မအား အောင်လုပ်နေတာလား (ကိုယ့်ကိုယ်ကို မအားအောင်လုပ် နေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်ကို မအားအောင်လုပ်တဲ့ အလုပ် ဖြစ် သောကြောင့်တဲ့ ဒီကုက္ကုစ္စ ရှိနေရင် ကျွန်ဖြစ်နေတာကွ (မှန်ပါ့)။

ဘုရားက အဇာတသတ် ဟောတာ ဒကာကြွယ်ရေ၊ ဟောထိုက် မဟောထိုက် (ဟောထိုက် ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့်တဲ့ ဋီကာကျော်ဆရာက ‘‘ကတာကတံ အာရဗ ္ဘ ပဝတ္တာ ဝိပ္ပဋိသာရော၊’’ ကတာ ကတံ- ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်ရသေးသော သုစရိုက်တွေကို၊ အာရ ဗ္ဘ- အာရုံ ပြု၍၊ ပဝတ္တော- ဖြစ်သော၊ ဝိပ္ပဋိသာရော စိတ္တုပ္ပါဒေါ- နှလုံး မသာယာသော စိတ္တုပ္ပါဒ်ဖြစ်သော စိတ္တုပ္ပါဒ်သည်၊ ကုက္ကုစ္စံ- ကုက္ကုစ္စပဲကွ (မှန်ပါ့)။

ကုက္ကုစ္စပဲကွ ဆိုတော့ သိပ်ကြောက်စရာ မကောင်းဘူး လား (ကောင်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ကြ ပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ မြို့ သုံး သုံးပြီး သကာလ ဆရာသမား ပြောတာ (ဆောင်ဖို့ပဲ ဘုရား)၊ ဟောတာ ဆောင်ဖို့ပဲ (မှန်ပါ့)။

လုပ်စရာရှိတဲ့အချိန်ကျတော့ ကုသိုလ်ပြုပြု ဘာပြုပြု ဘုန်းကြီးတို့ မတားပါဘူး၊ လုပ်တာပေါ့ (မှန်ပါ့)၊ အဲဒီ အတွက်တော့ သောက ဝင်မနေနဲ့၊ သောက ဝင်နေလို့ရှိရင် အခု မဂ်တား ဖိုလ်တား တားကြလိမ့်မယ် (မှန်ပါ့)၊ မတားပေဘူး လား (တားပါတယ် ဘုရား)၊ သိပ်ကြောက်စရာ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

ကဿပဘုရားလက်ထက်က

အဲဒါကြောင့် ဒကာ ဒကာမတွေသည်တဲ့ ကုက္ကုစ္စ အင်မတန် ကြောက်စရာ ကောင်းတယ်နော် (မှန်ပါ့)၊ မဂ်တား ဖိုလ်တား ဆိုတာ တစ်နေ့က ပြောခဲ့တယ်၊ ဒကာ ဒကာမတို့၊ ကဿပဘုရား လက်ထက်က အနှစ် နှစ်သောင်း လောက် ရဟန်း ကြီး တစ်ပါး ရှိတယ် (မှန်ပါ့)။

ပိန်းရွက်ကလေးပြတ်သွားတယ်

သူမြစ်နားနေတဲ့အခါ လှေလေးနဲ့ ဆွမ်းခံရတဲ့အတွက် လှေလေးပေါ် သပိတ်တင်ပြီး သကာလ လှော်မယ်လို့ လုပ်တုန်း လှေငြိမ်အောင်လို့ ပိန်းရွက်ကလေး ဆွဲကိုင်လိုက်တော့ ရေစီးသန် တာနဲ့ လက်ကလည်း မလွှတ်မိတော့ ပိန်းရွက်ကလေး ပြတ်သွား တယ်။

ဒုက္ကဋ်အာပတ် ဆိုတာမကောင်းတဲ့ အာပတ်ကလေး တစ်ခုပေါ့ဗျာ (မှန်ပါ့)၊ အပါယ် ကျလောက်အောင် မဟုတ် ပါဘူး၊ ဒေသနာ ကြားလိုက် ပျောက်ထွက်သွား (မှန်ပါ့)။

နောက် မလုပ်ပါဘူးဆို ပြီးတာပဲ (မှန်ပါ့)၊ အဲဒါ လေးက သူ့မှာ- ရဟန်းတွေကလည်း ရှာမရဘဲ နေတော့ ဒေသနာ မကြားဖြစ်ဘူး ဆိုကြပါစို့ (မှန်ပါ့)။

နောက်ကျတော့ အနှစ် နှစ်သောင်း အားထုတ်ထား၊ သေခါနီး ကျတော့ ဒါလေးကို အကြီး အကျယ် ဖြစ်လာတာပေါ့ ဗျာ၊ ဒီ အဖြစ်အပျက် ကလေးကို ငါဒေသနာ မကြားဖြစ်ဘူး (မှန်ပါ့)၊ ဒုစရိုက် ပြန်တွေးလိုက်တယ် (မှန်ပါ့)၊ ကုက္ကုစ္စ ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။

ဒါလေးအတွက်ခက်တယ်

အဲဒီစိတ်နဲ့ ဖြုတ်လို့ကို မရဘူးတဲ့ ဒကာကြွယ်ရေ (မှန်ပါ့)၊ ဒီအပြစ် ဖြုတ်လို့ကို မရဘူးတဲ့၊ “ဒါလေးအတွက် ခက် တယ်၊ ဒါလေးအတွက် ခက်တယ်” ဆိုတဲ့ သောက ဖြစ်လာတယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါလေးအတွက် ခက်တယ်၊ ဒါလေးအတွက် ခက်တယ်၊ ဒါ သူများပစ္စည်း ခိုးတာလည်း မဟုတ်ဘူး၊ သူများအသက် သတ်တာလည်းမဟုတ်ဘူး၊ ကိုယ်ပြုထားတဲ့ အမှုလေးက မဖြစ် လောက်တာကို ကုက္ကုစ္စ ဖြစ်နေပြန်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဘာပြန်ဖြစ်ပါလိမ့် (ကုက္ကုစ္စ ပြန်ဖြစ်ပါတယ် ဘုရား)၊ ကုက္ကုစ္စ ပြန်ဖြစ်ပြီး သကာလ ကုက္ကုစ္စ တွေနဲ့ပဲ ဒကာ ဒကာမတို့ သေတော့ ဂင်္ဂါမြစ်ထဲ ပိန်းကော်လောက်ရှိတဲ့ နဂါးကြီး သွားဖြစ်တယ် (မှန်ပါ့)။

ရဟန်းဘဝအနှစ် နှစ်သောင်း

ကိုင်း အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ထား – တာ ကဿပဘုရား လက်ထက်က ကယ်ဖေါ်ယူဖေါ် မရတော့ပါ ဘူး (မှန်ပါ့)။

ဘယ်သူ ချလိုက်တာပါလိမ့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ သြော်- ဒါလေးကို ငါဒေသနာ ကြားလို့ ကုသိုလ် မလုပ်ခဲ့ရဘူး (မှန်ပါ့)။

ပြုအပ်ပြီးသော ဒုစရိုက် အောက်မေ့တယ်၊ မပြု ရသေးတဲ့ ဒေသနာ ကြားမှုလေးလည်း မလုပ် လိုက်ရဘူးဆို၊ ဒါကြီးက လည်းပင်မှာ မြွေပတ်သလို စွဲနေတယ် (မှန်ပါ့)။

နဂါးကြီးသွားဖြစ်တယ်

အဲဒီဇောနဲ့ သေသွားတယ် ဒကာ ဒကာမတို့၊ ဂင်္ဂါ မြစ်ထဲ ပိန်းကောလောက်ရှိတဲ့ နဂါးကြီး သွားဖြစ်တယ် (မှန်ပါ့ ဘုရား) ဘုရား နှစ်ဆူကြားမှာ သွားဖြစ်တယ် (မှန်ပါ့)။

ဘယ်လောက်များ ကြောက်စရာ ကောင်းတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ဘယ်သူ ချလိုက်တာပါလိမ့် (ကုက္ကုစ္စ ချလိုက်တာပါ ဘုရား)။

ဒကာကြွယ် အနှစ် နှစ်သောင်းတဲ့နော် (မှန်ပါ့) ရဟန်းတရား အားထုတ်နေတာ အနှစ် နှစ်သောင်းတဲ့နော် (မှန်ပါ့)၊ အဲဒါကိုပဲ ကယ်မယ့် ယူမယ့် ဟို တရားတွေက ကယ်နိုင် ယူနိုင်တဲ့ စွမ်းရည်သတ္တိ ရှိငြားသော်လည်း ကုက္ကုစ္စ ဖြုတ်မရ ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုတရားတွေက ကယ်နိုင်ယူနိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူးလား (ရှိပါတယ် ဘုရား) သို့သော် ဘယ့်နှယ် ကြောင့်ပါလိမ့်မတုံး (ကုက္ကုစ္စကြောင့်ပါ ဘုရား)၊ ကုက္ကုစ္စက ဖြုတ်မရဘူး (မှန်ပါ့)၊ ဘယ်သူ ဖြုတ်မရတာတုံး (ကုက္ကုစ္စပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနှစ် နှစ်သောင်း အားထုတ်ထားတဲ့ ကိုယ်တော် ကြီးတောင် ဖြုတ်မရလို့ မလာသင့်တာက လာပြီး နေသောကြောင့် ဂင်္ဂါ မြစ်ထဲ ဖားစိမ်းစား နဂါး သွားဖြစ်ရတယ် (မှန်ပါ့)။

မနာလားဗျာ (နာပါတယ် ဘုရား)၊ ဒီက ဒကာ ဒကာမတွေအတွက် ဒီလောက်တော့လည်း အားထုတ်ထားတာ မဟုတ်တော့ ေဩာ်- ငါငယ်ငယ်တုန်းက မိုက်ခဲ့တယ်လို့ သေခါနီး တွေးချင် တွေးလိမ့်မယ် (မှန်လှပါ ဘုရား)။

ဘယ်သူတွေတော့ ဥပုသ်စောင့်၊ ငါတော့ မစောင့်ခဲ့ ရဘူး။ ကုသိုလ် ဘက်ကလည်း မစောင့် သေးတာတွေး (မှန်ပါ့)၊ အကုသိုလ်ဘက်ကလည်း လုပ်ပြီးတာ တွေးဆိုတာ ကုက္ကုစ္စ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီလိုနေပြီး သကာလ သေခါနီးများ လာလိုက်လို့ရှိရင် ဖြင့် အပါယ် ကျသွားလိမ့်မယ် (မှန်ပါ့)၊ သိပ်ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဧလကပတ္တနဂါးမင်း

အခုဧလကပတ္တ နဂါးမင်းကြီး ဆိုတာ ဒကာ ဒကာမ တွေ တစ်နေ့ကလည်း ဒီကုက္ကုစ္စ အကြောင်းနဲ့ ပြောခဲ့ပါတယ် (မှန်ပါ့)။

အခုလည်း ဒီဝတ္ထု ကြုံလာတာနဲ့ ကုက္ကုစ္စ အတွက် ကြုံလာပြန်တာနဲ့ ဒကာ ဒကာမတို့ နဂါးဖြစ်ချင်လို့ ဖြစ်ရ တာလား၊ ကုက္ကုစ္စက နဂါးဖြစ်ခိုင်းတာလား (ဖြစ်ခိုင်းတာပါ ဘုရား)။

အဲဒီ နဂါးအဖြစ်ခိုင်းတော့ ဒကာ ဒကာမတို့ တိရစ္ဆာန် ဘဝရောက်သွားတယ် (မှန်ပါ့)၊ တိရစ္ဆာန်ဘဝ ရောက်သွားတော့ တိရစ္ဆာန်ဘဝက လူဘဝရောက်ဖို့ ဆိုတာကော ဒကာ ဒကာမတို့ လူပြည်က အပ်တစ်စင်းထောင် အချွန်ကလေး အပေါ်က လှည့်ထား (မှန်ပါ့)။

ဗြဟ္မာပြည်က အပ်တစ်စင်းက အချွန်ကလေးအောက် စိုက်ချလိုက် (မှန်ပါ့)၊ ဗြဟ္မာပြည်က ဗြဟ္မာတစ်ယောက်က အပ်သွားချင်း ထိဖို့ မြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါ ဘုရား)။

တိရစ္ဆာန်ဘဝက လူ့ဘဝကိုမရတော့ဘူး

အဲဒီလိုပဲ တိရစ္ဆာန်ဘဝက လူဘဝကို မရတော့ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်မတန် ကြောက်စရာမကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။

ဒါ ဘုရားဟောတော်မူတာပါပဲ၊ ဒါနဲ့ ဘုရားဟောတာ ကို ကိုယ်ကိုယ်တိုင် ပြောပြပါဦးမယ် ဆိုတော့ သူ ဘုရား ပွင့်တယ် မပွင့်တယ် သိရအောင်လို့ သူ့သမီးလေး ပါးပျဉ်းပေါ် တင်ပြီး လပြည့် လကွယ်တိုင်း အဲ- ဂါထာပုစ္ဆာလေး မေးတယ် (မှန်ပါ့)။

အကယ်၍ ဖြေနိုင်ခဲ့ပါရင် ဘုရားပွင့်တယ်လို့ အကဲခတ် မှာကိုးဗျ၊ ဘယ်သူမှ မဖြေနိုင်ဘူး (မှန်ပါ့)၊ နောက် ဂေါတမ ဘုရားပွင့်လာတယ် ဆိုတော့ ဒကာ ဒကာမတို့၊ ကဿပ ဘုရား လက်ထက် ကတည်းက နဂါးဖြစ်လာတာ ဂေါတမဘုရား လက်ထက်တောင် နဂါး ရှိသေးတယ် (မှန်ပါ့)။

မြေကြီး ဆယ့်သုံးမိုင် တက်ရတယ် ဆိုတော့ မခက်ဘူး လားဗျာ (ခက်ပါတယ် ဘုရား)။

ဥတ္တရလုလင်

ဒါလောက်ထိအောင် တိရစ္ဆာန်ဘဝနဲ့ ဆိုတော့ ဘာသံမှ လည်းမကြားရဘူး၊ အဲဒီတင်မှ ဥတ္တရလုလင်က ဖြေမယ် ဆိုတော့ ဘုရားက နဂါးတော့ ကျွတ်ဖို့ မမြင်ဘူး၊ ဥတ္တရလုလင်နဲ့ တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေ မြင်တယ် ဆိုပြီး ဘုရားက မြစ်နား လာတာကိုး (မှန်ပါ့)။

ဘုရားကအဖြေပေးလိုက်တယ်

မြစ်နား လာပြီး ဥတ္တရလုလင်၊ မင်းဘယ်သွားမလို့တုံး။ နဂါးသမီး လိုချင်လို့ အဖြေသွားမလို့၊ မင်းအဖြေ ပြောစမ်း ပြောလိုက်တယ်၊ တစ်ခုမှ မဟုတ်ဘူး၊ အဲဒီမှာ ဘုရားက အဖြေ ပေးလိုက်တယ်။

ဆဒွါရ အဓိပတိရာဇာ အစရှိသည်၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)၊ အဲဒါတွေ ကိုတော့ မချဲ့တော့ ပါဘူးတဲ့၊ သူ့ သီးသန့် ဟောရမှာ ဖြစ်နေလို့ ကုက္ကုစ္စ အရေးကြီးလို့ ပြောပါတယ် (မှန်ပါ့)။

ဒီတင်မှ တစ်ခါတည်း ဥတ္တရလုလင်နှင့်တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ အကုန် တရားထူးတွေ ရကြတယ် (မှန်ပါ့)၊ မြစ်ထဲသွားပြီး သကာလ ဖြေလိုက်တယ်၊ ဥတ္တရလုလင် (မှန်ပါ)။

ဖြေလိုက်တော့ ဘုရားပွင့်မှန်း သူသိတယ်၊ အဲဒီအဖြေ ဟာ သူများတွေ ဖြေနိုင်တဲ့ အဖြေ မဟုတ်ဘူး၊ ဘုရားပွင့်မှ ဖြေနိုင်တဲ့ အဖြေ ဆိုတာ သူသိတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဥတ္တရလုလင် မင်းဘုရားပွင့်ပြီကွ၊ ဘုရားဆီ လိုက်ပို့ ပါဆိုပြီး လူယောင် ဖန်ဆင်းပြီး လိုက်လာတာ (မှန်ပါ့)။

လိုက်တဲ့အခါကျတော့ တပည့်တော်ဘုရား ကဿပ ဘုရားလက်ထက် အနှစ် နှစ်သောင်း ကိုယ်တိုင်၊ အနှစ် နှစ်သောင်း တိုင်တိုင် ရဟန်းတရား အားထုတ်လာပါတယ်။

အခု ကုက္ကုစ္စဆိုတဲ့ တရားလေး နှိပ်စက်လိုက်တဲ့ အဖြစ် ကြောင့် တပည့်တော် ဘုရား ဖားစိမ်းစား, ငါးစိမ်းစား နဂါးကြီး ဖြစ်ရပါတယ်ဆိုပြီး ငိုတာကိုဗျ (မှန်ပါ့)။

လူ့ဘဝရအောင်အားထုတ်ပါဦး

ငိုရုံနဲ့လည်း ဘုရားကလည်း ဘာမှ မတတ်နိုင်တော့ တပည့်တော် ကယ်ပါအုံး, ယူပါအုံးလို့ တောင်းပန်တယ်၊ (မှန်ပါ့)၊ မကယ်နိုင်, မယူနိုင်ဘူးတဲ့၊ လူ့ဘဝရအောင် အားထုတ် ပါဦး (မှန်ပါ့)။

ဒါပဲ တတ်နိုင်တယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ ဘဝလေးဟာ သေးသေးသိမ်သိမ်နဲ့ ရလာတယ်လို့ မအောက် မေ့ပါနဲ့၊ ဒါလေး ခင်ဗျားတို့က အခုသားရေး သမီးရေး, စီးပွားရေးနဲ့ လူ့ဘဝကြီး တစ်ခုလုံးကို ၇၅-နှစ်တန်းသာ ရှိတဲ့ ဥစ္စာ ဒါလေးကို အလွဲသုံးစားနဲ့ ဖြုန်းပစ်ကြအုံးမယ် ဆိုလို့ရှိရင် အရကြီး ရတာကို အလွဲသုံးစား ဖြုန်းပစ်တာ ဒကာကြွယ် သိပ်နာတယ်။

သားကျွန်, မယားကျွန်,ဆွေမျိုးကျွန်

သားကျွန်, မယားကျွန်၊ ဆွေကျွန်, မျိုးကျွန်၊ ရပ်ကျွန် ရွာကျွန်တွေ ဖြစ်ပြီး သကာလ ဒကာ ဒကာမတွေ ခန္ဓာအလွဲသုံး စား လုပ်ပစ်လိုက်တာ မရစဖူး အထူးတဲ့ ခန္ဓာကြီးကို အလွဲသုံး စား လုပ်ပစ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဥပမာ ပြောကြပါစို့၊ စိန်ငါးရတီ ခြောက်ရတီ ရဖို့ရာ ဘယာကြော် ရောင်းပြီး စုရမယ် ဆိုရင် လွယ်ကို မလွယ်ဘူး၊ ဒါ- အကြောင်းညီညွတ်လို့ ဒကာကြွယ်က ဒယ်အိုးတယ်နိုင်တဲ့ ဘဝရောက်လို့ အရောင်းတွေလည်း စုံလို့၊ မနည်း စုခဲ့ရလို့ရှိရင် ငါးရတီ, ခြောက်ရတီ, သူဝတ်ချင်လည်း ဝတ်ရ လိမ့်မယ်။

အဲဒါလေး – တစ်ခါ ကစားဝိုင်းရှိလို့ နိုင်လိမ့်မယ် ထင်လို့ ကစားဝိုင်း သွားထိုးလိုက်မယ်၊ ဒါလေး ဖလှယ်ပြီးတော့ ဒါ အလွဲသုံးစား မကျဘူးလား (ကျပါတယ် ဘုရား)၊ လုပ်ခဲ့ ရတာကော လွယ်ကူ သလား (မလွယ်ကူပါ ဘုရား)။

ကစားဝိုင်းမှာအလွဲသုံးနေတယ်

ဒီမှာလည်း လူ့ဘဝ တက်ခဲ့ရတာ လွယ်ကို မလွယ်တဲ့ အထဲမှာ ခင်ဗျားတို့က သားရေး သမီးရေး, စီးပွားရေး ကစား ဝိုင်းမှာ အလွဲသုံး စားတွေ သုံးနေလို့ ဒကာကြွယ် ပြောနေတယ် (မှန်ပါ့)၊ မပြော ထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားစမ်းပါ ခင်ဗျားတို့ဟာက သားလေး နေမကောင်း၊ သမီးလေး နေရာ မချရသေး၊ သားလေးက ပညာ အရည်အချင်းက စကောစက ဖြစ်နေလို့ ဆိုပြီး ကိုယ့် သက်တန်းကို သူတို့ကျွန်ခံပြီး ဖြုန်းနေတဲ့ ဥစ္စာ အလွဲသုံးစား ဟုတ်မဟုတ်ချိန်ပါ (ဟုတ်ပါတယ် ဘုရား)။

အဲဒီ အလွဲသုံးစားတွေကို ခင်ဗျားတို့က ထုံးတမ်းထဲ မသွင်း လိုက်ပါနဲ့၊ ထုံးတမ်းထဲ သွင်းလိုက် တာက ဟိုအိမ်, ဒီအိမ် စုံလုံးကန်းချင်း မြင်လို့ပြောတာပါ (မှန်ပါ့)။

ဟိုအိမ်ကလည်း ဒီလိုပဲ၊ ဒီလိုပဲ၊ သားနဲ့ သမီးနဲ့ ပူပန်ပြီး နေတာ၊ အဲဒီလိုနေရမှာပဲ လူ့ပြည် ဆိုတာ ဒီလိုပဲလို့ အဲဒါက စုံလုံးကန်းချင်း ညှိနေတဲ့စကား (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

မျက်လုံးကန်းချင်းညှိတာ

ဘယ်လို ညှိတာတုံး (မျက်လုံးကန်းချင်း ညှိတာပါ ဘုရား)၊ ဘုန်းကြီးက ဒီလိုမညှိကြပါနဲ့လို့ ဒကာသစ်တို့၊ ဒကာ ကြွယ်တို့၊ ဦးလှဘူးတို့ ပြောတယ် (မှန်ပါ့)။

ခင်ဗျားတို့ မရစဘူး အရထူးပြီး လူ့ဘဝရဖို့ရာ အခု ဘုရား ဟောသလိုပေါ့၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အင်မတန်မြင်တဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးက ပြောတာဗျာ (မှန်ပါ့)၊ မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ အဲဒီဥစ္စာ ခင်ဗျားတို့က လူ့ဘဝ ရလို့ရှိရင် နိဗ္ဗာန် တက်ရမယ် (မှန်ပါ့)။

အခု နိဗ္ဗာန်တက်ဖို့ လုပ်သလား၊ သားကျွန်, မယား ကျွန်, ခံနေကြတာလားဆိုရင် ဘယ့်နှယ် ဖြေကြမလဲ (သားကျွန်, မယားကျွန် ခံနေကြပါတယ် ဘုရား)။

ဒါဖြင့် အလွဲသုံးစား ဟုတ်မဟုတ်၊ ခုနက ဘယာကြော် သည် စိန်ကို ပေါင်ပြီး သကာလ ကစားဝိုင်း သွားသလို မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ် ဒါ တွက်မိသလား (တွက် မိပါတယ် ဘုရား)၊ တွက်မိပြီ ဒကာသစ်တို့ တွက်မိပြီ၊ ငါ အလွဲ သုံးစားလွန်တဲ့ အချိန်တွေ များလွန်းတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သားကျွန်, မယားကျွန် ခံတဲ့အလုပ် ရက်ကန်း ထောင်တဲ့ အလုပ် ဒါနဲ့ပဲ အချိန်ကုန်ပြီး သကာလ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူးတဲ့ အလုပ်ကို မလုပ်ဖြစ်လို့ရှိရင် ဒါ ဘာလုပ်နေတာ တုံးဆိုရင် မရစဖူး အထူးတဲ့ စိန်ကို ကစားဝိုင်းမှာ အလွဲသုံးစား သုံးသလို (မှန်ပါ့)။

ခန္ဓာကိုယ်သက်တမ်း ဖြုန်းပစ်လိုက်တာ

မရစဖူးအထူးတဲ့ ဘဝကြီးကို အလွဲသုံးစား သားကျွန် မယားကျွန် ခန္ဓာကိုယ် သက်တမ်း ဖြုန်းပစ် လိုက်တာ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒါ သေသေ ချာချာတွက်မှ ရှုံးမှန်း သိတယ်။

ရွာထဲရပ်ထဲမှာ ဟိုအိမ်က ဒီအိမ် ကြည့်နေမယ်ဆိုလို့ရှိ ရင်ဖြင့် ဟိုအိမ်ကလည်း နီဝရဏ တရား မသိတော့ စုံလုံးကန်း (မှန်ပါ့)၊ ဒီအိမ်ကလည်း နီဝရဏ မသိတော့ စုံလုံးကန်း (မှန်ပါ့)။

စုံလုံးကန်းချင်းဆိုတော့ ဟိုဘက်အိမ်ကလည်း ဒီလိုပဲ ကျုပ်တို့အိမ်ကလည်း ဒီလိုပဲဆိုတော့ မတတ်နိုင်ဘူးဗျာ ဒီလို နေကြရမှာပဲ (မှန်ပါ့)။

ဒီလိုမညှိပါနဲ့တဲ့၊ အခုမျက်လုံး အမြင်ကျယ်တဲ့ ဘုရား၊ မျက်လုံး အမြင်ကျယ်တဲ့ ဆရာသမားက လမ်းညွှန်နေတော့ ခင်ဗျား တို့ အလွဲသုံးစား မလုပ်နဲ့၊ မရစဖူး အရထူးတဲ့ ဘဝ၊ ဒီတစ်ခါ ကျွန် သွားလို့ ရှိရင် ကျောက်ခဲရေကျ (မှန်ပါ့)။

ဒီတစ်ခါ လွဲသွားရင် အလွဲသုံးစား သန်တယ်လို့ ဒီအဓိပ္ပါယ်ကို ကြားဖောက်ပြီး ရှင်းပေး နေပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သေခါနီးမှာလာတတ်တယ်

အင်း-ဒါဖြင့် ကုက္ကုစ္စ ဆိုတာ ဒကာ ဒကာမတို့၊ ဘယ်အချိန်လာတတ်ပါသတုံး မေးတော့ ခုနက ရဟန်းကြီး အနှစ် နှစ်သောင်း အားထုတ်တာ သေခါနီးမှ လာတယ် (မှန်ပါ့)။

ဘယ်အချိန်လာတုံး (သေခါနီးမှ လာပါတယ် ဘုရား)။ အဲဒါကတစ်ချက် (မှန်ပါ့)၊ ပြီးတော့ အခုလို ဆရာ သမားကောင်း တွေ့ပြီး ခင်ဗျားတို့ကို ဝိပဿနာ အလုပ်တွေ လုပ်ခိုင်းတော့ ငြိမ်ငြိမ်လေး ထိုင်ပြီး အသက်မှန်မှန် ရှူနေမှ တွေးလုံးက လာတယ် (မှန်ပါ့)။

တွေးလုံးက လာတယ်၊ မယားအပေါ် နိုင်ခဲ့တယ်၊ သား အပေါ်ဆိုးခဲ့တယ်၊ သူတို့ ရှာကျွေးခဲ့ ရတဲ့၊ တရားတာ မတရား တာတွေစုံလို့ (မှန်ပါ့)။

ဒါတွေနဲ့ အားထုတ်လို့မှ ဖြစ်ပါ့မလား (မှန်ပါ့) အင်း လာပြီ ကုက္ကုစ္စ၊ ဒကာသစ်ရေ (မှန်ပါ့)၊ ကုက္ကုစ္စ ဒါမလာ စေနဲ့ (မှန်ပါ့)။

ဒကာကြွယ် ဒါ မလာစေနဲ့နော် (မှန်ပါ့)၊ သူတို့က လာရင် ဘာလုပ်မလို့ဆိုတာကော ရှင်းပလား (ရှင်းပါ တယ် ဘုရား)။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို တားမလို့ (မှန်ပါ့)၊ ဒကာသစ် ကုက္ကုစ္စပဲတဲ့၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တား-မတား (တား ပါတယ် ဘုရား)။

တားရင် နီဝရဏတရား၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကျွန်နဲ့ မကူဘူးလား (တူပါတယ် ဘုရား)၊ ကိုယ့်အလုပ် လုပ်ဖြစ်သလားး အပါယ်ကျဖို့ လုပ်ဖြစ် သလား (အပါယ်ကျဖို့ လုပ်ဖြစ်ပါတယ် ဘုရား)။

နိဗ္ဗာန်သွားဖို့က ကိုယ့်အလုပ်

ကိုယ့်အလုပ် ဆိုတာက အပါယ်တွင်းက လွတ်ကင်း ပြီး သကာလ နိဗ္ဗာန်သွားဖို့က ကိုယ့်အလုပ် ကိုးဗျ (မှန်ပါ့)။

အပါယ် ခန္ဓာဖို့ အလုပ်ဆိုတာသည်ကား ဆိုလို့ရှိရင် အပါယ်သွားဖို့အလုပ် (မှန်ပါ့) တဏှာ ခိုင်းတဲ့အလုပ် ကုက္ကုစ္စ ခိုင်းတဲ့ အလုပ်ဆိုတော့ ကိုယ့်အလုပ် ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

အဲဒါကြောင့် ကိုယ့်အလုပ် သူ့အလုပ် မကွဲအောင် ကုက္ကုစ္စ ဆိုတဲ့တရားက ခင်ဗျားတို့ကို ကျွန်သပေါက် အတွင်းသို့ အပါယ်လေးပါး၊ ကျွန်သပေါက် အတွင်း ၃၁-ဘုံထဲမှာ ကျွန် အဖြစ်နဲ့ သားကျွန်၊ မယားကျွန် အဖြစ်နဲ့ အချိန်ကုန်အောင် လုပ် တတ်သည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဥဒ္ဓစ္စကုက္ကုစ္စဒါသိယာ၊ ဒါသိယာဆိုတဲ့ ကျွန်ပဲ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒီနေ့ကစပြီးပြင်ကြဆင်ကြပါဦး

ကိုင်း ဒီနေ့ကစပြီး သကာလ ပြင်ကြဆင်ကြပါဦး ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ့)၊ ပြုပြီးသား ဒုစရိုက်ကို အောက်မေ့ရ အုံးမလား (မအောက်မေ့ရပါ ဘုရား)။

မပြုရသေးတဲ့ သုစရိုက်ကိုကော (မအောက်မေ့ ရပါ ဘုရား)၊ မအောက်မေ့ ကောင်းဘူးတဲ့၊ အောက်မေ့ရင် သောက၊ အောက်မေ့ရင် (သောကပါ ဘုရား)။

သောကဆိုတာ ဒေါသအနုစား (မှန်ပါ့)၊ သောက ဆိုတာ ဒကာ ဒကာမတို့၊ ကုက္ကုစ္စ (မှန်ပါ့)၊ ကုက္ကစ္စ ဆိုတာ မဂ်, ဖိုလ်တားတဲ့ နီဝရဏ၊

ဒီလိုအကြောင်းအကျိုးတွေ ဆက်ပြီး ဒကာကြွယ်ရေ ပေါင်းယူလိုက်တော့ နီဝရဏ တရား ဆိုတာ ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေ၊ ဒီနှစ်ခုကို ဖယ်ရှားတဲ့ နည်းနိဿရည်း ယူပြီး ခုနက နဂါးမင်းကြီး လူဘဝရောက်အောင် မင်းပြန်လုပ်ပါဦးနဲ့ပဲ ဇာတ်သိမ်း လိုက်ရတယ် (မှန်ပါ့)။

တကယ်တော့ မဂ်, ဖိုလ် နိဗ္ဗာန်ရတယ်လို့ ပါကိုမပါဘူး (မှန်ပါ့)၊ မဂ်, ဖိုလ် တည်တယ်လို့ ပါကို မပါတော့ဘူး၊ တည်ရင် တည်တယ်လို့ ဟောရှာမှာပေါ့ဗျာ (မှန်ပါ့)။

ခုတော့ မင်းမတတ်နိုင်တော့ဘူးကွ၊ အဟိတ် တိရစ္ဆာန် ဖြစ်နေတယ်၊ လူဘဝကိုပဲ ရအောင် လုပ်ပါဦး (မှန်ပါ့)။ လူဘဝ ရပြန်တော့လည်း ဒွိဟိတ် ဖြစ်နေရင် မရပြန်ဘူး၊ တိဟိတ် ဖြစ်အောင် လုပ်ပါဦး၊ လာအုံးမှာပဲ (မှန်ပါ့)။

အဲဒီလောက်တောင် အဖြစ်ဆိုး- အကြံကြီးကြံပြီး မကောင်းတာ အကုန်လုပ်ပြီး သံသရာ ခရီးသည် ဖြစ်ပြီး သကာလ၊ သံသရာ ဝန်ထမ်းသမား အသုဘထမ်းသမား ဒုက္ခသစ္စာကြီးနဲ့ လည်သမား ဖြစ်ပြီး သကာလ နေရတာ နဂါးမင်းကြီးမှာ ဒကာသစ် တို့၊ ဒကာကြွယ်တို့ ဘယ်သူချလိုက်တာတုံး (ကုက္ကုစ္စက ချလိုက်တာပါ ဘုရား)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာလည်း သားနဲ့ သမီးနဲ့ ငွေနဲ့ ရွှေနဲ့ အိမ်နဲ့ ယာနဲ့နေကြတော့ ထိုက်တန် သလောက် ရှိကြတာဖြစ်တော့ ဒါလေးတွေ ဘယ်သူ့များ ပေးရပါ့၊ ဘယ်သူ့ ပေးခဲ့ရပါ့မလဲလို့ သေခါနီးမှာ လုပ်မနေကြပါနဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ခန္ဓာကိုရှုပြီးသေပါ

ဒါတွေ စွဲကို စွဲမနေနဲ့ ကိုယ်ခန္ဓာကို ရှုပြီး သေဆိုတာလဲ သင်ထားတယ် (သင်ထားပါတယ် ဘုရား) မသင်ထား ဘူးလား (သင်ထားပါတယ် ဘုရား) ဘာလုပ်ရမှာတုံး (ကိုယ့်ခန္ဓာကို ရှုရမှာပါ ဘုရား)။

ကိုယ့်ခန္ဓာကို ရှုပြီး သကာလ သေကြပါလို့ ပြောလိုက် တယ် (မှန်ပါ့) ကိုယ့်ခန္ဓာကိုရှု၊ ကိုယ့်ခန္ဓာကိုမုန်း၊ ကိုယ့် အဆုံး ကိုယ်မြင်ပြီး သကာလ သေလိုက်လို့ ရှိရင် ပုထုဇဉ်က သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်ပြီး သေခါနီး ဖြစ်နိုင်ပါတယ်လို့ ဆိုတာလဲ ဖဂ္ဂုနတုန်း ကလဲ သေသေချာချာ ဟောခဲ့ ပါပြီ (မှန်ပါ့)။

ရှုသေပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ကဲ- အဲဒါကတော့ ဘာကြောင့်တုံး ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့၊ နီဝရဏကို မလာအောင် ထားတဲ့ အလုပ်လည်းဖြစ် သောကြောင့်၊ ကိုယ်ပိုင် အလုပ်လည်း ဖြစ်သောကြောင့်၊ သခင် အလုပ်လည်း ဖြစ်သောကြောင့် သခင်ဖြစ်သွားတယ် (မှန်ပါ့)။

သူ ဝင်လာရင် ကုက္ကုစ္စ ဝင်လာရင် ကျွန်ဖြစ်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊

ကဲ- ဒါဖြင့် သေခါနီးမှာ ဒကာ ဒကာမတို့၊ အကုသိုလ်တွေးဖို့ အရေး ဟာလည်း ကိုယ့်အရေး မဟုတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ကိုယ့်အရေးက ဘာပါလိမ့်

မလုပ်ရသေးတဲ့အလုပ်၊ ကုသိုလ်တွေမလုပ်ရသေးပါ လားလို့ စိုးရိမ်တဲ့အလုပ်ဟာလည်း (ကိုယ့်အရေး မဟုတ်ပါ ဘူး ဘုရား)၊ ကိုယ့်အရေးက ဘာပါလိမ့်မတုံး (ကိုယ့်ခန္ဓာ ကိုယ်ရှုပြီး သေဖို့အရေးပါ ဘုရား)။

ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုသေ (မှန်ပါ့)၊ ကိုယ့် အရေးက ဘာပါလိမ့် (ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုသေဖို့ပါ ဘုရား)၊ ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုသေပါ (မှန်ပါ့)။

ကိုယ့်ခန္ဓာ အနိစ္စကိုမြင်အောင် လုပ်ပြီး သေပါလို့ ဆိုတာ ကိုဖြင့် များစွာ တိုက်တွန်းပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ကုက္ကုစ္စ အကြောင်းဖြင့် ဦးလှဘူးရေ သေချာပလား (သေချာပါတယ် ဘုရား)၊ ဒီနဂါးမင်း ဝတ္ထု ထုတ်သဖြင့်လည်း (သေချာပါပြီ ဘုရား)၊ သေချာတယ်နော် (မှန်ပါ့)။

သူသာလာလို့ ရှိရင်ဖြင့် အပါယ်လေးပါး ဆိုတော့ တိရစ္ဆာန်ဘုံကလည်း အပါယ်လေးပါးထဲ တစ်ပါး အပါအဝင် ကိုဗျ (မှန်ပါ့)၊ မနစ်နာသွားဘူးလား (နစ်နာပါတယ် ဘုရား)။

အင်း ဒါကြောင့် ပြန်တက်ဖို့ရာ ဘုရားတောင်မှ ကူ နိုင်သေးရဲ့ လား (မကူနိုင်ပါ ဘုရား)၊ ကိုင်း- ဒကာကြွယ်၊ ဒါလေး ဒေသနာ မကြားခဲ့ရလို့ ကုသိုလ်လေး မလုပ်ခဲ့ရတာ နာလိုက်တာ (မှန်ပါ့)။

ဒါလေးကြောင့် တစ်ခါတည်း အနှစ်-နှစ်သောင်း အား ထုတ်တာတွေက ကယ်မယ့်ယူမယ့်လူ မလာဘဲနဲ့၊ ဒီကုက္ကုစ္စလေးက နေပြီး သကာလ တိရစ္ဆာန်ဘုံ ထိုးချလိုက်တာ ဒကာသစ် နာလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့)။

အနှစ် နှစ်သောင်း အားထုတ်ထားတာတဲ့ဗျာ၊ ဓမ္မပဒ အဋ္ဌကထာမှာ ဒီအတိုင်း လာတယ် (မှန်ပါ့)၊ မနာဘူးလား (နာပါတယ် ဘုရား)။

ကုက္ကုစ္စလာရင် ဖြစ်ပျက်ရှု

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ကုက္ကုစ္စ လာခဲ့သော် ဘယ့် နှယ်လုပ်ကြမတုံး မေးရင်ဖြင့် ဒီ ဒကာ ဒကာမတွေ အားလုံး သိပါပြီ (မှန်ပါ့)။

အေး- ကုက္ကုစ္စ လာပြီ၊ ဒကာသစ် ဘယ့်နှယ် လုပ်မတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ အေး- သူ့အလျင်ရှု (မှန်ပါ့)။ ဘာလုပ်ရမယ် (သူ့အလျင် ဖြစ်ပျက် ရှုရပါမယ် ဘုရား)။ သူ့ အလျင် ဖြစ်ပျက်ရှု ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ သူ့ဖြစ်ပျက်ရှုတာ ဘယ်ပါဠိတော်က လာပါ လိမ့်ဆိုတော့ “ဝိက္ခိတ္တစိတ္တံ ဝိက္ခိတ္တစိတ္တန္တိ ပဇာနာတိ” ဝိက္ခိတ္တစိတ္တံ- ဝိက္ခိတ္တစိတ်ကို၊ ဝိက္ခိတ္တစိတ္တန္တိ- ဝိက္ခိတ္တစိတ် ဟူ၍၊ ပဇာနာတိ- ဖြစ်ပျက်မြင်အောင် သိအောင်ရှု။

သူ့ကို ဖြစ်ပျက် ရှုပစ်ပါလို့ သေသေချာချာ ဟောပါ တယ် (မှန်ပါ့)၊ ကိုင်း- ဒါဖြင့် ဝိက္ခိတ္တစိတ္တံ ဝိက္ခိတ္တစိတ္တန္တိ ပဇာနာတိ၊ ဝိက္ခိတ္တစိတ္တံ- ပျံ့လွင့်တဲ့ စိတ်ကို၊ ငါ- ကုက္ကုစ္စနဲ့ ရောတဲ့ ဖြစ်တဲ့စိတ်ကို ပဇာနာတိ- ဖြစ်ပျက် သိအောင်ရှု (မှန်ပါ့)၊ သူ့ကို ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ့)။

‘‘ဝိက္ခိတ္တန္တိ ဥဒ္ဓစ္စ ကုက္ကုစ္စံ’’ လို့ အဋ္ဌကထာ ဆရာများဖွင့် သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စဟာ တွဲပြီး ဝင်လာတယ် (မှန်ပါ့)၊ တွဲပြီး ဝင်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနှစ်လုံး ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ကြိုက်တဲ့ကမ္မဋ္ဌာန်းရှု

ကိုင်း- သူ့ကို မနိုင် နိုင်အောင်ရှုနော် (မှန်ပါ့)၊ မနိုင် နိုင်အောင် စိတ္တာနုပဿနာ သတိပဋ္ဌာန် ပါဠိတော်က သူ့ကို မနိုင် နိုင်အောင ်ရှုပါလို့ သေသေချာချာ ဟောပြီးသည် နောက်မှ တပည့်တော်တို့ ဘာလုပ်မှာတုံး မေးတော့မှ ဒကာ ဒကာမတို့ ကြိုက်တဲ့ ကမ္မဋ္ဌာန်းရှု (မှန်ပါ့)။

သူ့ မနိုင်ဘဲနဲ့တော့ ကြိုက်တဲ့ ကမ္မဋ္ဌာန်းဘက် မလိုက် ပါနဲ့ (မှန်ပါ့)၊ သူ့ကို မနိုင်နိုင်အောင် ရှုလိုက်ပါဦး (မှန်ပါ့)။ ဘယ်သူ့ အလျင်ရှုရမယ် (ကုက္ကုစ္စကို အလျင်ရှုပါမယ် ဘုရား)။

ကုက္ကုစ္စလာရင် ကုက္ကုစ္စဖြစ်ပျက်ရှု၊ ကုက္ကုစ္စ ဖြစ်ပျက် ချည်းရှု (မှန်လှပါ ဘုရား)၊ သူက အရှုခံ လာတာကော – သေချာပလား (သေချာပါတယ် ဘုရား)။

ခင်ဗျားတို့အတွက်ဟာ ဒကာကြွယ် အများကြီး စိုးရိမ် တယ်နော် (မှန်ပါ့)၊ ဒီကုက္ကုစ္စက သေခါနီး နဖူးပေါ် လက်တင် ဆရာဝန် လက်လျှော့တဲ့ ဝေဒနာ ကိုယ်ထဲ ရတော့မှ ဒီသား ဘယ်လို နေရစ်မလဲ၊ ဒီသမီး ဘယ်လို နေရစ်မလဲ ဆိုတာတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ ပြီးပြီးသား ဒုစရိုက်တွေလည်း (ပြန်လာပါတယ် ဘုရား)။

ဒါတွေလာရင် ဖြစ်ပျက်ရှု

အေး- အင်း၊ သူတို့ ရှင်လည်းမပြုရသေးပါလားဆိုတဲ့ ကုက္ကုစ္စကကော (လာပါတယ် ဘုရား)၊ အင်း- ဒါတွေ လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ နိုင်အောင်ရှုနော် (မှန်ပါ့)။

မရှုနိုင် နဂါးဖြစ်ဖို့ သေချာတာပဲ (မှန်ပါ့)၊ နဂါးဘဝ တော့ သေချာတာပဲ၊ ဖားစိမ်းစား၊ ငါးစိမ်းစား အဖြစ်နဲ့ ဘယ်တော့မှ မကျွတ်နိုင်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အေး- ဒါကြောင့် ဘယ်လင်, ဘယ် သား, ဘယ်ပစ္စည်း, ဘယ်မယားရယ်လို့ ဒကာကြွယ်ရေ မလာ စေနဲ့နော် (မှန်ပါ့)၊ မလာစေနဲ့ မလာစေနဲ့ (မှန်ပါ့)။

ဒီအချိန်မှာ အရေးကြီးတဲ့ အချိန် (မှန်ပါ့)၊ အရေးကြီးတဲ့အချိန်မှာ သူက ဝင်နှောင့်ယှက်ပြီး သူက ဝင်ပြီး ကျောင်းဆောက်တဲ့ ကုသိုလ်တွေ အကျိုးပေး မခံဘူး၊ ငါအလျင် အကျိုးပေးမယ် ဆိုပြီး ဝင်လာတယ် (မှန်ပါ့)။

အာသန္နကံဆိုတာ

ဘယ်လောက် ဆိုးရွားတာတုံး (ဆိုးရွားပါတယ် ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)၊ အဲဒီတော့ သူက ဘာလာဖြစ်လာတုံး ဆိုတော့ အာသန္နကံ လာဖြစ်တာ (မှန်ပါ့)၊ အာသန္နကံ ဆိုတာ သေခါနီးနဲ့ နီးတယ်ကွ၊ စုတိစိတ်နဲ့ နီးတယ်ကွ (မှန်ပါ့)။

ဘာလာဖြစ်တာတုံး (အာသန္နကံ လာဖြစ်တာပါ ဘုရား)၊ အာသန္နကံ လာဖြစ်လာတယ်၊ ဘယ်သူနဲ့ နီးပါလိမ့်၊ စုတိ စိတ်နဲ့ နီးပါတယ်၊ စုတိစိတ်နဲ့ နီးတဲ့ ကုက္ကုစ္စ ဖြစ်မလာဘူးလား၊ အဲဒီတော့ ဥပမာလေး တစ်ခု ဒကာ ဒကာမတွေက မှတ်လိုက်ပါတော့ အလျင်ဟာတွေက မကယ်နိုင်တာ ဘာကြောင့်ပါတဲ့ ဘုရား။

သူတို့က လာပါတော့လား ဆိုတော့ ခင်ဗျားတို့က ဒီဘက် သွား အာရုံပြုတာကိုး (မှန်ပါ့)၊ အလျင် ပြုထားတဲ့ အနှစ်နှစ်သောင်း အားထုတ်ထားတဲ့ သီလတွေ ပြန်စစ်ဆေးနေ၊ ဘာကိစ္စရှိတုံး၊ အခုတော့ ဒီဟာတွေ ပြန်မအောက်မေ့ဘူး၊ ခင်ဗျားတို့ လည်း ဝိပဿနာရှုဖို့တော့ မအောက်မေ့ဘူး။

သားလေး ဘယ်လိုနေရစ်မယ်၊ သမီးလေး ဘယ်လိုနေ ရစ်မယ်၊ ငါ ရေအိုးစင်လေး တည်မယ်လို့ ဟာ မတည် ဖြစ်သေးဘူး၊ မဟုတ်တာတွေက လာနေတယ် (မှန်ပါ့)။

ကုက္ကုစ္စက သေပေါက်ဝနဲ့နီးတယ်

ကုက္ကုစ္စကပဲ လာနေတော့ လာသင့်တာ လာတာလား၊ မလာသင့်တာ လာတာလား (မလာသင့်တာ လာနေတာပါ ဘုရား)။

အဲဒီတော့ သူက သေပေါက်သေဝနဲ့ ဘယ့်နှယ်နေတုံး (နီးနေပါတယ် ဘုရား)၊ အဲ့ဒါကြောင့် သူက အလျင် အကျိုးပေးချ လိုက်တယ် (မှန်ပါ့)။

လောကီ ဥပမာနဲ့ပြောလို့ရှိရင် ခင်ဗျားတို့ ပိုမို ရှင်းပါ လိမ့်မယ် (မှန်ပါ့)၊ ဒီဥပမာလေးကို ခင်ဗျားတို့ သေသေချာ ချာမှတ်ကြပါ (မှန်ပါ့)။

နွားအို, နွားပျို နွားငယ် ညနေ နွားကျောင်းသား နွား တစ်ရာလောက် မောင်းပြီးတော့ ခြံထဲ သွင်းလိုက်တယ်၊ နွားကျောင်းသားလည်း အိမ်ပြန်ဖို့ အရေးကလည်း အင်မတန် ကြီး ပါတယ် (မှန်ပါ့)၊ နွားကျောင်းတာကို (မှန်ပါ့)၊ ဒီနွားတွေ ခြံထဲ ပိတ်ပြီးမှ သူပြန်ရမှာ ဖြစ်နေတော့ နွားတွေ မောင်းသွင်း လိုက်တယ်။

အတင်း ရိုက်သွင်းတာ ဘယ်လိုပင် ရိုက်သွင်း ရိုက်သွင်း နွားအိုတွေကတော့ မှန်မှန်ပဲ သူ သွားမှာပဲ သူအား ရှိသလောက် သွားမှာ (မှန်ပါ့)။

နွားပျိုတွေရှေ့ကပြေးတယ်

ခုက နွားပျိုလေးတွေ နွားလတ်လေးတွေ ကျတော့ အလျင် ရောက်အောင်ပြေးတာ၊ အလျင် ရောက်အောင် ပြေးတော့ နွားခြံ နောက်ဖေးဘက်ချည်း အဝေးဘက်ချည်း ရောက်သွားတာ ပေါ့ဗျာ (မှန်ပါ့)။

ခြံထဲမှာ အပေါက်နဲ့ ဝေးတဲ့ဆီ ဘက်ချည်း ရောက် ရောက် သွားတာပေါ့ဗျာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ တယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နွားအိုတွေက ခြံဝနဲ့နီးတယ်

နွားအိုကြီးတွေကတော့ ဘယ်လောက် ရိုက်သွင်းသွင်း နဂိုကမှ ခပ်နွဲ့နွဲ့ ဖြစ်နေတော့ မသွား နိုင်ဘူး၊ မသွားနိုင်တော့ ဒီ အပေါက်ဝနားတွင်ပဲ သူတို့သည် တံခါးပိတ် ပြန်သွားတော့ သူတို့က အပေါက်ဝ အိပ်ရတဲ့ နွားအိုကြီးတွေ (မှန်ပါ့)။

နွားပျိုနွားသန်တွေက ဟိုကျယ်ကျယ်ဝန်းဝန်းမှာ သွား အိပ်တယ် (မှန်ပါ့)၊ ဒါဖြင့် တံခါးပိတ်ပြီး နွားကျောင်းသား က ပြန်ရော၊ နက်ဖြန် မနက် သူနွားကျောင်းဖို့ အလုပ်လုပ်တဲ့ အခါ ခြံဖွင့်လိုက်တဲ့ အခါကျတော့ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စဉ်းစားပါ၊ ဘယ်သူ အလျင် ထွက်မလဲ ၊ (နွားအိုကြီး တွေက အလျင်ထွက်ရပါတယ် ဘုရား)။

နွားအိုကြီးတွေက အလျင်ထွက်ရမယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး၊ ခြံပေါက်နဲ့နီးလို့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊

ဒီမှာလည်း ခင်ဗျားတို့ အပြင် ကုသိုလ်တွေက အကျိုးပေးဖို့တွေ အများကြီးရှိပါသေးတယ် (မှန်ပါ့)။

ကုက္ကုစ္စက သေခါနီးမှာလာတယ်

သို့သော် ခြံပေါက်နဲ့နီးတဲ့ ကုက္ကုစ္စက သေခါနီးမှ လာပြီး – ကန့်ကွက် ချလိုက်တယ် (မှန်ပါ့)၊ ဒါကြောင့် သူက အလျင် အကျိုးပေးချလိုက်တယ် (မှန်ပါ့)၊ သူက ဟိုဘဝ ထွက်ပေါက် နဲ့ သွားနီးတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ေဩာ်- ဒါဖြင့် ဒီဥပမာ အတိုင်းပဲ ဒီပြင် ကုသိုလ်တွေက အဝေးရောက်နေတယ်၊ သူက အနီး ရောက်နေတော့ ဒီဘဝက ဟိုဘဝထွက်ဖို့ ကျတော့ သူကနေ အလျင်ထွက်ပြီး အကျိုးပေးချ လိုက်တယ် (မှန်ပါ့)၊ ဘယ်လောက် ကြောက်စရာ ကောင်း တုံး (ကောင်းပါတယ် ဘုရား)။

ကိုင်း- ဒကာ ဒကာမတို့၊ စဉ်းစားမိကြပလား (မှန် ပါ့)၊ သူက အလျင်ဝင် အကျိုး ပေးတယ်၊ နွားအိုကြီး တွေလိုပေါ့ ဗျာ (မှန်ပါ့)၊ ထွက်တော့ သူက အလျင်ထွက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လောကီဥပမာမှာ သူတို့ပိတ်နေတော့ ဟိုနွားတွေက ထွက်လို့ရရဲ့ လား၊ ဒါဖြင့် သူတို့က အလျင် ထွက်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘာကြောင့်တုံးလို့မေးတော့ ဘယ့်နှယ်ဖြေကြမယ် (ခြံပေါက်နဲ့နီးလို့ပါ ဘုရား)။

ခြံပေါက်နဲ့နီးလို့

ခြံပေါက်နဲ့ နီးလို့ (မှန်ပါ့)၊ ဒကာ ဒကာမတွေ၊ ဘယ့် နှယ်ကြောင့်ပါလိမ့် (ခြံပေါက်နဲ့နီးလို့ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဒီဘဝ ကနေ ဟိုဘဝကို ထွက်ပေါက်နဲ့ မနီးဘူးလား (နီးပါတယ် ဘုရား)။

ကုက္ကုစ္စလေ (မှန်ပါ့)၊ ထွက်ပေါက်နဲ့နီးတဲ့ ကုက္ကုစ္စ ဖြစ်လေသောကြောင့် ဟို အနှစ် နှစ်သောင်းက အဝေးရောက် နေတယ်၊ တရား အားထုတ်တာက (အဝေး ရောက်နေတာပါ ဘုရား)။

ခုနက ပိန်းရွက်ကလေး ဆွဲထားတဲ့အပြစ်ကလေးက (အနီးကပ်နေပါတယ် ဘုရား)၊ အနီး ထွက်ပေါက်နား ရောက်နေတော့ ဖျတ်ဆို သူထပြီး နဂါးအဖြစ် အကျိုးပေး ချလိုက်တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကုက္ကုစ္စဟာ ဒကာသစ်၊ ဒကာကြွယ် သိပ်ကြောက်စရာကောင်းတဲ့ တရား (မှန်ပါ့)၊ ဦးလှဘူး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒီအချိန် ဘာလုပ် ကြရမယ် (ဖြစ်ပျက်ရှု ပါမယ် ဘုရား)။

ကိုယ့်ခန္ဓာ ဝေဒနာလာ ဝေဒနာ ဖြစ်ပျက်ရှု ပေါ့ဗျ (မှန်ပါ့)၊ စိတ်လာရင် (စိတ်ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ရှုသေ တာသာ အကောင်းဆုံးပဲ (မှန်ပါ့)၊ ဒီအပြင် ကြားတွေထဲ အတိုးမခံပါနဲ့၊ ဥဒ္ဓစ္စတွေ ကုက္ကုစ္စတွေ မလာစေပါနဲ့။

မဂ်တား, ဖိုလ်တားနဲ့ အပါယ်သွား ရအောင် လုပ်မလို့ (မှန်ပါ့)၊ တကယ်လို့ ရှုသေတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရဦး မှာကိုး (မှန်ပါ့)၊ သူတို့ လာလိုက်တော့ မဂ်တား ဖိုလ်တား – အပါယ်သွား (မှန်ပါ့)။

ဘယ်လောက်များ ကြောက်စရာ ကောင်းတုံး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါ သံဝေဂ ရအောင်လို့ ဟောတဲ့တရား မဟုတ်ဘူးတဲ့၊ ဖြစ်စဉ်ကိုက် ယနေ့ ပြောနေတယ် မှတ်ပါ (မှန်ပါ့)၊ ဘာဟောတာပါလိမ့် (ဖြစ်စဉ်ကိုက် ဟောတာပါ ဘုရား)။

ဖြစ်စဉ်ကိုက်တရားသာအမှန်ထားပါ

ဒါဖြင့် ဖြစ်စဉ်ကိုက် ဆိုတာ ဒကာကြွယ် ဘယ်သူ့မှ ငဲ့နေ – တဲ့တရား မဟုတ်ဘူး (မှန်ပါ့)၊ ဟောဖြစ်စဉ်ကဖြင့် ဒီအတိုင်း ပဲ ဒကာ ဒကာမတွေ၊ ရှောင်ချင်ရှောင် ရှားချင်ရှား မရှားသွားဘဲ (မှန်ပါ့)၊ ဒါ ဖြစ်စဉ်ကိုက် ပြောတဲ့ တရားပဲ (မှန်ပါ့)။

တစ်ခါ ချော့တရား မော့တရားတွေ ဆိုတာ ကတော့ဖြင့် ခင်ဗျားတို့ မတော်ဘူးနော် (မှန်ပါ့)၊ မတော် ဘူးတဲ့။

ဖြစ်စဉ်ကိုက်ပြောတဲ့ တရားသာ အမှန်ထား ပေတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် ကုက္ကုစ္စဟာ ဒကာသစ် သိပ်ကြောက်စရာ ကောင်းတယ်နော် (ကောင်းပါတယ် ဘုရား)။

မဂ်ဉာဏ်, ဖိုလ်ဉာဏ် အားထုတ်တော့မယ် ဆိုရင်ဖြင့် သူ လာပြီ (လာပါတယ် ဘုရား)၊ သေပေါက် သေဝနီးရင် (လာပါတယ် ဘုရား)၊ ချက်ကောင်းမှ လာတယ် ဒကာ ဒကာမတွေ၊ ဘယ်အချိန် လာပါလိမ့် (သေပေါက်သေဝ ချက်ကောင်းမှ လာပါတယ် ဘုရား)။

သေပေါက်သေဝမှာလာပြီး တရားအားထုတ်တော့မယ် ဆိုရင် (လာပါပြီ ဘုရား)၊ အင်း- ဒီပြင် အချိန် လာပါတော့ ကိုယ်တော်ကြီးလို့ ပြောပါလား၊ ဒီပြင် အချိန် လာကိုမလာဘူး (မှန်ပါ့)။

ဒီအချိန်မှ ကြိုးကြိုးစားစား လာတယ် (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့ သိပ်မဆိုးရွားဘူးလား (ဆိုးရွား ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြီးဆုံးရန်သူ

ဒါဖြင့် ဒကာသစ်ရေ အကြီးဆုံး ရန်သူ ဘယ်သူပါလိမ့် (ကုက္ကုစ္စပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)။

အမယ်လေး ဦးလှဘူးရေ ဒီလိုပုဂ္ဂိုလ်တွေ သေချင်းဆိုး များလိမ့်မယ် ဆိုတာ ခင်ဗျားတို့ ကိုယ်ပိုင်ဉာဏ်နဲ့ တွေးကြည့်ပေ တော့ (မှန်ပါ့။)

ဒကာကြွယ် ဒါတွေများ အလာ မများဘူးလား (များပါတယ် ဘုရား)၊ အေး- တချို့များ ဒကာ ဒကာမတို့ ဝိညာဉ် မချုပ်နိုင်လို့ ကုက္ကုစ္စ နှိပ်စက်နေတယ် (မှန်ပါ့)။

တစ်ရက်နှစ်ရက်များ အို- ဝိညာဉ် မချုပ်ဘူး ဘာဖြစ်ပါ လိမ့်၊ သွေးတွေလည်း ဆုတ်ကုန်ပြီ (မှန်ပါ့)၊ ဒီကုက္ကုစ္စ နှိပ်စက်နေ တာ (မှန်ပါ့)။

ကုက္ကုစ္စက ဟိုတွေးဒီတွေး တွေးနေတော့ ကုက္ကုစ္စက ကုက္ကုစ္စတွေက တွေးလုံးထုတ်ပြီး သကာလ ဒါနဲ့ပဲ သက်ဆိုးရှည် (မှန်ပါ့)။

ဝိညာဉ်က ချုပ်နိုင်ရဲ့လား (မချုပ်နိုင်ပါ ဘုရား)၊ တယ်လည်း ဆိုးရွားပါလား (ဆိုးရွားပါတယ် ဘုရား)၊

နောက်ကျတော့ ချုပ်မယ့် ချုပ်ပြန်တော့လည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ အပါယ် ရောက်သွားတယ် (မှန်ပါ့)၊ ချုပ်တော့ လည်း (အပါယ် ရောက်သွားပါတယ် ဘုရား)။

လွန်လှချည့်လား (မှန်ပါ့)၊ ကိုင်း- တချို့ ဒကာ ဒကာမတွေ အဲဒီတော့ သေခါနီးများ ေဩာ် ဆွေမျိုးများ မလာလို့ ထင်ပါရဲ့ အမယ်လေး တွေးလိုက်သေးတယ်။

ဆွေမျိုးလာရင် အပါယ်ကျရှာ တော့မယ်၊ ဆွေမျိုးလာ တော့လည်း လာကြသလားလို့ မေးနိုင်တော့တာ မဟုတ်ဘူး (မှန်ပါ့)၊ ဘေးက လူက လောကွတ်ချော်ပြီး ဘယ်သူ ရောက်လာပြီလို့ အော်ငို နေတာ (မှန်ပါ့)။

အော်ပြန်တော့ တကယ်လို့များ ကြားသွားတော့ ေဩာ် သူတို့နဲ့ ခွဲရတော့မယ် ဆိုတော့ ကုက္ကုစ္စက လိုက်လာ လိမ့်မယ်၊ လာလိုက်တော့ သွား ဒယ်အိုးထဲကို (မှန်ပါ့)။ အကျည်းတန်တဲ့ အလုပ် ဒီဥစ္စာ ဘေး က လူတွေကလည်း အတော် ချော်တယ် ဗျာ၊ မချော်ဘူးလား (ချော်ပါတယ် ဘုရား)၊ ဘေးက လူလာ လည်း အရုပ်ဆိုး အကျည်းတန်တဲ့ အလုပ်ကို အတော် လုပ်ပေးလေ့ ရှိတယ် (မှန်ပါ့)။

တချို့ ဒီဝိညာဉ်မချုပ်နိုင်လို့တဲ့ ကူးတို့ခလေး ထည့်လိုက်မှ ထွက်သွားပြီတဲ့၊ အမယ်လေး သွားပြီ ဒကာ ဒကာမတို့၊ ရိုးရိုး မသာထက် ဆိုးသွားတာပေါ့၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

တချို့ သေမယ်ကြံလို့ ရှိရင် သေမှာကလည်း သေသေ ချာချာသိ၊ ငွေလုံးလေးတွေ ရွှေလုံးလေးတွေ လျှောက်ပြီး အကုန်ပါးစပ်ထဲ အတင်း ထည့်တော့တာပဲ ဘယ်လောက်များ ဆိုးကုံး (ဆိုးပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေက ကူးတို့ခ,လေး လိုလို့ ထင်ပါရဲ့ မထွက်နိုင်ဘူး အစရှိသည်နဲ့ ကြမ်းအောက် ဩဇာရွက် များ ထိုးဦးမှ ထင်ပါရဲ့ ဖြစ်မှဖြစ်ရလေ။

ဟိုကနာလှ ကျင်လှတယ် နာတဲ့အထဲ ဒေါသနဲ့ သေ အောင်လို့ (မှန်ပါ့)၊ ထွက်သက် ဝင်သက် ပိတ်သေအောင် လို့ (မှန်ပါ့)။

မဟုတ်တာတွေဖြင့်မလုပ်ရစ်ကြပါနဲ့

ဒကာကြွယ် မသိတဲ့ ပုဂ္ဂိုလ်ကြားမှာ သေရတာ ခုကတည်းက ကြောက်ထား စမ်းပါအုံး၊ မှာကြအုံးဗျ ခင်ဗျားတို့ “မဟုတ်တာတွေဖြင့် မလုပ်ရစ်ကြပါနဲ့ကွာ” လို့ “ငါ့ကို လျစ်လျူ ရှုထား လိုက်စမ်းပါ” ခုကတည်းက မှာထားကြ (မှန်ပါ့)။

သေရမယ့် လူတွေကတော့ အကုန်ပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ သားတွေ, မယားတွေက ဟို ကလက်တို့ ဒီကလက်တို့နဲ့ “ညည်း ခင်ပွန်းသည် အသက် မထွက်နိုင်တာ သိရဲ့လား၊ ဘယ်လိုမှ ညာလို” ဟိုး- ရှုပ်လို့ (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။ သည်။

အဲဒီလို ရှုပ်တာတွေကို ဒကာကြွယ် လက်ခံမနေနဲ့နော် (မှန်ပါ့)၊ စောစောစီးစီး ကတည်းက မင်းတို့ မယောင်ကြ ပါနဲ့ကွာ၊ ငါ့ဟာငါ တရား နှလုံးသွင်းပြီး သေပါ့မယ်၊ ဘယ်အကူအညီမှ မပေး ကြပါနဲ့ (မှန်ပါ့)။

ဆာမယ်ထင်ပြီး ရေမတိုက်ပါနဲ့

ဒါ လူတိုင်း မှာရမယ် (မှန်ပါ့)၊ သားတွေ, မယား တွေ ဘယ် အကူအညီမှ မပေးနဲ့၊ ရေလေး ဆာမယ် ထင်ပြီး ရေလည်း မတိုက်ပါနဲ့၊ သူ့ဟာသူဆာ, သူ့ဟာသူတိုက်၊ တိုက်ကို မတိုက်စေနဲ့ ကိုယ်ကလည်း တစ်လုံးတည်း၊ ဝေဒနာ နုပဿနာ တစ်လုံးတည်းရှု။

ဒုက္ခဝေဒနာ လာလဲ ဒုက္ခဝေဒနာ ဖြစ်ပျက် နှလုံးသွင်း ဒုက္ခဝေဒနာ လာရင် (ဒုက္ခဝေဒနာ ဖြစ်ပျက် နှလုံးသွင်းရပါ မယ် ဘုရား)၊ ဒုက္ခဝေဒနာ ဖြစ်ပျက် နှလုံးသွင်းပါ (မှန်ပါ့)။ သဘော ပါကြ ပလား (ပါ,ပါပြီ ဘုရား)။

သောတာပန်တည်နိုင်တယ်

နှလုံးသွင်း သေချာတဲ့ အခါကျတော့ ဝေဒနာက ဖြစ်ပျက်၊ နောက်- ဝေဒနာတွေမုန်း၊ နောက်-ဝေဒနာတွေ ဆုံးသွားတဲ့ အခါကျတော့ သောတာပန်, သကဒါဂါမ်, အနာဂါမ် တည်နိုင်တယ် (မှန်ပါ့)။

ဘေးက မသူတော်တွေ ဝိုင်းပြီး သူပြော လူပြောနဲ့ ခြေတို့ လက်တို့တွေနဲ့ဆို သွားပြီ (မှန်ပါ့ ဘုရား)၊ သိပ်ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဦးလှဘူးရေ မဟုတ်တဲ့ အကြံအစည်တွေ ပေးတဲ့ ပုဂ္ဂိုလ် တွေကလည်း တစ်ပုံကြီးပဲနော် (မှန်ပါ့)၊ ဒကာကြွယ် မှာမလား (မှန်ပါ့)၊ မှာရမယ်၊ ဒကာသစ်ကော မှာရဲလား (မှာရဲပါတယ် ဘုရား)။

မှာရမယ်တဲ့ ကိုယ့်အရေး၊ ဟို- မဟုတ်တဲ့လူက လာပြီး သကာလ မတရားတွေ ဟောနေရင် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အဲဒီတော့ကို ဒါလူမိုက်တွေ ကြားထဲမှာ သူတော် ကောင်း တစ်ယောက် သေဖို့ရာ သူယုတ်မာ သေ ဖြစ်သွားမှာ မစိုးရပေဘူးလား (စိုးရပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ ဒီအရေးဟာ သာမည ကြီးတဲ့ အရေးမဟုတ်ဘူး (မှန်ပါ့ ဘုရား)။

နဂိုက ကုက္ကုစ္စ မရှိဘူး၊ သူတို့ လာတာနဲ့ ကုက္ကုစ္စက ဝင်လာတယ် (မှန်ပါ့)၊ သူ့လဲ ငွေရင်း မပေးခဲ့ရတာ၊ ဟော ကုက္ကုစ္စက လာချင်လာမယ်။

ဒီတော့ ဘယ်သူတွေ ဘယ်သူတွေ လာတယ်၊ တူလေး လာတယ်၊ အစ်မလေး လာတယ်၊ နှမလေး လာတယ်၊ ခုပဲ ချက်ချင်း မော်တော်ကားနဲ့ ဆိုက်လာတယ်၊ နားနားကပ်ပြီး အော်လိုက်သေး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒီတော့ လူမမာက ေဩာ် လာရှာသကိုးလို့၊ လာရှာ သကိုးလို့ ဆိုရင်ပဲ သူ့ကိုလဲ ဘာမှ မပြောခဲ့ ဘာမှ မမှာရှာခဲ့ရ ဆိုတဲ့ ကုက္ကုစ္စက မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ-လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ချုပ်သွား ဒယ်အိုး ဆီကို (မှန်ပါ့)၊ ဒီပြင် ဘယ်မှသွားစရာ မရှိဘူး၊ ရှိသေးရဲ့လား (မှန်ပါ့)။

လူယုတ်မာသေတော့မဖြစ်ပါစေနဲ့

အဲဒါကြောင့် ယနေ့အရေးမှာ ဒကာ ဒကာမတို့ သူယုတ်မာ သေတော့ မဖြစ်ပါစေနဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ပတ်ဝန်းကျင်ကလည်း သူတော်ကောင်း ဖြစ်ကြ ပါစေ၊ သူတော်ကောင်း မရှိလို့ရှိရင် ကိုယ့်တရား နှလုံးသွင်း သေကြပါ (မှန်ပါ့)။

လူမိုက်တွေ အနားခြံရံပြီး သေရမယ် ဆိုရင်ဖြင့် မဂ်မဆိုက်, ဖိုလ်မဆိုက်တဲ့ ပုဂ္ဂိုလ် အတွက်မှာ စိုးရိမ် ရတယ် (မှန်ပါ့)။

မဂ်ဆိုက် ဖိုလ်ဆိုက် ပုဂ္ဂိုလ်အတွက်မှာ ဘယ်သူက ဘာပြောလို့ ဘာနေနေ သူက ဒုတိယ ဂတိတော့ လားရာ သုဂတိ မြဲသွားပြီ သူ့အတွက် ကျတော့လည်း စိုးရိမ်စရာ မရှိ ဘူးတဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

သူတော်ကောင်းဖို့အရေးကြီးတယ်

အဲ-ပုထုဇဉ် အဖြစ်နဲ့ သေတဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် အခြံ အရံ ဘေးကသူတော်ကောင်း တော်တော် အရေးကြီးတယ် (မှန်ပါ့)၊ မရှိလို့ရှိရင် သူ့ဟာသူ သူတော်ကောင်းဖို့ အရေး ကြီးတယ် (မှန်ပါ့)။

ကိုယ့် သူတော်ကောင်း အလုပ်ကို ဘေးက လာ မရှုပ်ဖို့ရာ ခုကတည်းက ကာကွယ်ထားပါ (မှန်ပါ့)၊ ဦးလှဘူး အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒီ အရေးကြီးတဲ့ အချက်တွေဟာ မတွေ့ ရမယ့်လမ်း ပြောတာလား၊ တွေ့ရမယ့်လမ်း ပြောတာလား (တွေ့ရ မယ့် လမ်းပြောတာပါ ဘုရား)၊ တွေ့ရမယ့်လမ်း၊ ပြောတော့ ဟိုကလဲ ဖြုန်းခနဲလဲ ဝိညာဉ် မချုပ်တဲ့အချိန် –

ဝိညာဉ်ဆိုတာ

ဝိညာဉ်ဆိုတာ ဖြုန်းခနဲလဲ ချုပ်တာလ ဲရှိတယ်၊ မချုပ်တာလဲ ရှိတယ် (မှန်ပါ့)၊ တချို့ မချုပ်တာတွေ ကျတော့ ဒကာ ဒကာမတို့၊ ကံက စီမံနေတာဗျ။ သူ့ကို အပါယ် ပစ်ချ ရမှာလား၊ နတ်ရွာ သုဂတိလား၊ ရုက္ခစိုး လောက်လား၊ ဒီ-ဝေဖန်လို့ မရတာနဲ့ ကြာနေတာ (မှန်ပါ့)။

အဲ-ကံက ဝေဖန်လို့ မရ သူက ပစ်ချရမယ့် ဘက်ကကိုး ဗျာ၊ အဲဒီ ပစ်ချရမယ့် ဘက်က နေရငြား သော်လည်း ဝေဖန်လို့က မရသေး (မှန်ပါ့)။

ဝေဖန်လို့မရတဲ့ အခါကျတော့ နိမိတ်တွေက အမျိုးမျိုး၊ တော်တော်ကြာ နတ်နိမိတ်တွေ ထင်လာ၊ တော်တော်ကြာ တိရစ္ဆာန်နိမိတ်တွေ ထင်လာ (မှန်ပါ့ ဘုရား)။

ကံက ဝေဖန်လို့မရသေးလို့

ဒါ-ကံက ဝေဖန်လို့ မရသေးလို့ (မှန်ပါ့)၊ အဲဒီမှာ မချုပ်နိုင်ပဲ ဖြစ်နေတာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဝေဖန်လို့ရတဲ့ တစ်နေ့ ကျပြန်တော့လဲ သွားတာပဲ၊ သုဂတိ သွားမှာဖြင့် သုဂတိ၊ ဒုဂ္ဂတိ သွားမှာဖြင့် (ဒုဂ္ဂတိပါ ဘုရား)၊ အပါယ် သွားမှာဖြင့် (အပါယ်ပါ ဘုရား)။

အဲဒီသွားတာပါပဲတဲ့၊ ဝေဖန်လို့ မရလို့ ကြာတာ၊ ဘယ် သူမှ မလာသေးလို့ စောင့်တယ်လို့ ခင်ဗျားတို့က ယူလိုက်တဲ့ အတွက် ခက်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါ ပြီ ဘုရား)။

ကံက ဝေဖန်လို့ မရသေးလို့ ကြာနေတာ၊ ခင်ဗျားတို့က မြေးလေး စောင့်သလိုလို၊ သမီးလေး စောင့်သလိုလို့ (မှန်ပါ့)၊ ဘေးက လူတွေက ပြောနေတာ (မှန်ပါ့)။

အဲပြောလို့ ရောက်လည်း ရောက်လာရော၊ နားနားကပ် ပြီးလည်း အော်ပါရော၊ သွားရော ဒီလူမမာ အပါယ်ပဲ (မှန်ပါ့ ဘုရား)။

တကယ်လို့သာ ကြားသွားရင်လေ (မှန်ပါ့)၊ ကြားသွားလို့ ကုက္ကုစ္စ ဝင်လာမယ် ဆိုရင် မသွားပါနဲ့ ဆိုလို့ ရသေးရဲ့ လား (မရပါဘူး ဘုရား)။

အဲဒါ ဒကာကြွယ်၊ ဒကာသစ်၊ ဦးလှဘူး အခုအချိန်က စပြီး ဒီကာကွယ်ရေးကို လုပ်ထားရမယ် (မှန်ပါ့)။

မှာတန်တာမှာထားပါ

ဘယ်လို လုပ်ရမတုံး (ကာကွယ်ရေး လုပ်ထားရ ပါမယ် ဘုရား)၊ မှာတန်တာ မှာ, ပြောတန်တာ ပြောပေါ့ဗျာ (မှန်ပါ့)။

သူတို့ နိမိတ်မရှိဘူးလို့ ပြောချင်လဲ ပြောလိမ့်မယ်နော်၊ အို-နိမိတ်မရှိနေ၊ ဒီနိမိတ်နဲ့ သွားရမှာလို့ ပြောသာပြော (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိမိတ်မရှိဘူးလို့ သူတို့က ပြောပေမယ့် သွားရမှာက သေချာတယ်လို့ ကိုယ်က ရဲရဲပြောပါ (မှန်ပါ့)၊ ဒကာကြွယ် နှုတ်ဆွံ့နေအုံးမှာလား (မဆွံ့ပါဘူး ဘုရား)၊ ဒကာသစ် ကော (မဆွံ့ပါဘူး ဘုရား)။

သူတို့နိမိတ်က မရှိပါဘူး ဆိုပြီး မျက်ရည်လေး သုတ်ခါ သုတ်ခါနဲ့ ဒီလိုများ ပြောလိုက်တဲ့ အခါကျလို့ ရှိရင်၊ ခင်ဗျားတို့ ရောပြီး သကာလ မှိုင်တွေချပြီး မနေနဲ့အုံး၊ ဒီလမ်းနဲ့ ဒီစခန်း ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး (မှန်ပါ့)၊ သဘော ပါ ပလား (ပါ-ပါပြီ ဘုရား)။

ငါ့ခန္ဓာငါရှုပြီး သေပွဲဝင်မယ်

အဲဒီတော့ ပြောစရာရှိတာ ပြော၊ မှာစရာ ရှိတာမှာ၊ စကားကုန်ပြော၊ ငါမအိပ်သေးဘူး၊ ဘယ်သူမှ မျက်ရည်ကျ စရာလည်း မလိုဘူး၊ အမှန်ချည်းပဲ ဒီလမ်းဟာ ဒီလမ်း ငါသေလို့ရှိရင် ဘာမှ မရှုပ်နဲ့ဟေ့၊ ငါ့ခန္ဓာ ငါရှုပြီး သေပွဲ ဝင်မယ် (မှန်ပါ့)၊ ဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ဒီဟာဟာ အကောင်းဆုံး မဟုတ်လား (မှန်ပါ့)၊ အဲ မင်းတို့ ဘယ်ကလာလို့ ဘာတွေညာတွေ ငါ့လာပြော မနေနဲ့၊ မျက်နှာတောင် လာမပြနဲ့ ဟိုနှယ်- ဒီနှယ် မလုပ်နဲ့ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟိုနှယ်- ဒီနှယ် လုပ်မနေနဲ့ (မှန်ပါ့) လုပ်နေရင် သူတို့ အာရုံတွေက ငြိချင် ငြိနေအုံးမှာကိုး (မှန်ပါ့) ငြိရင် ကုက္ကုစ္စက မလာပေဘူးလား (လာမှာပါ ဘုရား) လာရင် တွန်းချမှာပဲ (မှန်ပါ့)။

ကုဏ္ဍလကေသီ

သနားသလိုလိုနဲ့ တွန်းချလိုက်တာ (မှန်ပါ့) ဟိုဘိက္ခုနီမ ဖြစ်တဲ့ ဟိုဒကာမ “ကုဏ္ဍလ ကေသီ’ လိုပဲ၊ သူ့ ယောက်ျားက တောင်ပေါ် ခေါ်သွားပြီး သကာလ သူ့ ယောက်ျားက ‘‘မင်းတောင်ပေါ် ခေါ်လာတာ တခြားကြောင့် မဟုတ်ဘူး။ လက်ဝတ်လက်စားတွေ ယူပြီး သကာလ သတ်မလို့ ခေါ်လာတာ” လို့ ပြောတာပေါ့ဗျာ၊ အဲဒီမှာ ဘိက္ခုနီမ ဖြစ်မယ့် ဉာဏ်ရှိတဲ့ ဒကာမက “မောင်ရယ် ဒီလက်ဝတ် လက်စားတွေက မောင်ပိုင်တာပဲ ရလဲ ရမှာပါ၊ သို့သော်လဲ ကျွန်မတော့ နောက်ဆုံး တောင်အောက်မှာ သေရမှာပဲ၊ သတ်မယ်လို့ ခေါ်လာ တာကိုး။

သုံးပတ်လှည့်ပြီး ကန်တော့ပါရစေ

သို့သော်လဲ လင်ယောက်ျားကို သုံးပတ်လှည့်ပြီး ကန်တော့ပါရစေအုံး လာသေးတာဗျာ၊ အဲဒီတင် ခါးတောင်း ကျိုက်ဖြုတ်ပြီး သကာလ သူက တောင်ပေါ်က တွန်းချလိုက်၊ ယောက်ျားကို တွန်းချလိုက်တာ သေပါရောဗျာ (မှန်ပါ့) ရိပ်မိရဲ့ လား (ရိပ်မိပါတယ် ဘုရား)။

အဲ့ဒီလို ခင်ဗျားတို့ကို အဲ့ဒီအချိန်မှာ တွန်းချမှာ စိုးရသေးတယ်၊ မိန်းမတွေက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ့ဒါကြောင့် ကုက္ကုစ္စ ဆိုတာ လာစရာလဲ နဂိုက ရှိရတဲ့အထဲ သူတို့က ဝင်ရှုပ်အုံးမယ် ဆိုတော့ ကုက္ကုစ္စ မှိုပေါက် နေတယ်ဗျာ (မှန်ပါ့)။

ဝိပဿနာမူရင်းပြန်ရှု

မှိုပေါက်လို့ ရှိရင်ဖြင့် သေချင်းဆိုး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ သေချင်းဆိုး ကြောက်လို့ရှိရင် ကုက္ကုစ္စ ဝေးဝေးရှောင်ပါ ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ့) ရှောင်ဆိုတာ ဖြစ်ပျက် ရှုပြီးတော့ ဝိပဿနာ မူရင်း ပြန်ရှုဗျာ့ (မှန်ပါ့)။

အဲဒီလိုရှုသေ ခြင်းဟာ ဖဂ္ဂုန အကောင်းဆုံးပဲလို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား) ကဲ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား) အဲ ဝိစိကိစ္ဆာ တစ်လုံး ကျန်တယ်။

နက်ဖြန်မှ ဆက်ဟောကြစို့။

သာဓု သာဓု သာဓု။