157

ငါနေတာသည် အနေကောင်းလား၊ အနေဆိုးလား

(အနာဂတ်ဘေး-၅ပါး)

အသံဖိုင်ခေါင်းစဉ်= အနာဂတ်ဘေးနှင့် ပဋိစ္စသမုပ္ပါဒ်အနုလောမနည်းဖြင့်ရှင်းပြပုံ

စာအုပ်ခေါင်းစဉ်= ငါနေတာသည် အနေကောင်းလား၊ အနေဆိုးလား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ငါနေတာသည် အနေကောင်းလား၊ အနေဆိုးလား

ဟောကြားသည့်နေ့

(၁၂-၈-၁၉၅၈)

ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ နေ့တိုင်းပြောပြီး သကာလနေတော့ အိုဘေးဟာ ခန္ဓာကိုယ်ထဲရှိတယ်လို့ ပြော တယ် (မှန်ပါ)။ အိုဘေးရှိတယ်ဆိုတာလည်း သိပြီမဟုတ်လား (မှန်လှပါ)။ အိုဘေးဟာ ဘယ်သူပါလိမ့်မတုံးလို့မေးရင် ဘယ့် နှယ်ဖြေကြပါ့မလဲ။ (တေဇောပါ ဘုရား)။ တေဇောလောင်လို့ အို ရတယ်။

အိုအောင်လုပ်နေတဲ့တေဇော

စမ်းကြည့်ပါ၊ ခန္ဓာကိုယ်ထဲမှာ နွေးသလား ပူသလားဆို တာ စမ်းကြည့်၊ အခုမရှိဘူးလား (ရှိပါတယ် ဘုရား)။ အဲဒါ အို အောင်လုပ်နေတဲ့ တေဇောလို့မှတ် (မှန်ပါ)။

အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးထဲမှာ ဒီတေဇောရှိနေပါတယ် ဆိုကတည်းက မအိုပါစေနဲ့လို့ ဆုတောင်းလို့မပြည့်ပါဘူး (မှန်ပါ)၊ ပြည့်ပါ့မလား (မပြည့်ပါဘူး ဘုရား)။ ဒကာကြွယ်တို့ ဦးလှဖူးတို့ ပြည့်ပါ့မလား (မပြည့်ပါဘူး ဘုရား)။ ဘာဖြစ်လို့မပြည့်တာပါလိမ့် (တေဇောရှိနေလို့ပါ)။

တေဇောဟာ ခန္ဓာကိုယ်တစ်ကိုယ်လုံး အပျံ့အနှံ့မရှိဘူးလား (ရှိပါတယ်)။ ရှိနေတော့ သူက အကုန်လောင်ပြီးသကာလ နေတော့၊ တစ်နေ့တခြား အသားအရေခန်းခြောက် အရေတွေ တွန့်လိမ်၊ ဆံပင်တွေဖြူး။ အဲဒါ ဒီအိုအောင်လုပ်နေတဲ့တေဇောပဲ ဆိုသဖြင့်၊ ဒကာ ဒကာမတွေသည် အိုမှုကို မအိုပါစေနဲ့လို့ တောင်းကြငြားသော်လည်း ရပါ့မလား (မရပါဘူး)။ တေဇောမရှိရင်တော့ ရမှာပဲ။ သဘောကျပြီလား (ကျပါပြီ)။ တေဇောရှိနေရင်တော့ (မရနိုင်ပါဘူး)။

မရနိုင်ဘူးဆိုတော့ နိဗ္ဗာန်မှာ ဒီပထဝီအာပေါ တေဇော ဆိုတာတွေ မရှိဘူး (မှန်ပါ)။ ဒါကြောင့် ဒကာကြွယ်တို့၊ ဦးလှဖူး တို့၊ ဒကာသိုက်တို့ အိုဘေး ရှိပါ့မလား (မရှိပါဘူး)။ ဘာမရှိလို့ အိုဘေး မရှိတာပါလိမ့် (တေဇော မရှိလို့ အိုဘေး မရှိတာပါ)။

အဲဒီတော့ ရှေးကလို မှတ်မနေပါနဲ့။ သွားကျိုးဆံဖြူ ငယ်မူတွေ ပျောက်တာဟာ အိုတာပဲလို့ မှတ်ပါ။ အိုတာက အကျိုး၊ အိုတာကိုသာ သိတယ် ဒကာကြွယ်တို့က အကြောင်း ဘယ်သူ့ကြောင့် ဆိုတာ မသိတော့ မကြောက်ပေဘူး (မှန်လှပါ)။

ဘယ်သူ့ကြောင့် အိုပါလိမ့်မယ်

အခုတော့ ဘယ်သူ့ကြောင့် အိုပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ကြပါ့မလဲ (တေဇော ကြောင့်ပါ)။

အေး ..ဒါကြောင့် ဇီရဏ တေဇော ဆိုတာ တေဇော ဓာတ်လေးပါးထဲမှာ ပါနေတယ် (မှန်ပါ) ဒီဇီရဏ တေဇော သည်ကားလို့ဆိုရင်၊ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင်ဖြင့် တေဇော က အိုအောင် လုပ်ပြီးသကာလ တေဇော က ကိုင်း အခုတော့ဖြင့် ရင့်အောင်ပဲ လုပ်မယ်။ နောက်ကျတော့ ကြွေအောင် လုပ်မယ် ဆိုပြန်တော့လဲ၊ ကြွေအောင်လုပ်မယ် ဆိုတာ သေအောင် လုပ်မယ်လို့ ပြောတာပဲ (မှန်ပါ့)၊ သေအောင် လုပ်မယ်လို့ ပြောတော့ ဒကာ ဒကာမတွေမှာ တေဇော သတ်လို့ပဲ မသေရဘူးလား (သေရပါတယ်)။

သေအောင်လုပ်တာလည်းတေဇော

လူတွေစမ်းကြည့်တဲ့အခါ အေးသွားပြီ၊ မရတော့ဘူး ဆိုတာ တေဇော က သတ်ပစ်လိုက်တာ (မှန်ပါ)။

ဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ အိုဘေး သေဘေးရှိပါရဲ့ လားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား) အိုဘေးဟာလဲ တေဇော ပဲ ၊ သေဘေး ဟာကော (တေဇော ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ အခုအချိန်မှာတော့ တေဇော က ဘာလုပ်နေသတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) အိုအောင်လုပ်နေတယ် (မှန်ပါ့)။

နောက်အချိန်ကျတော့ ဘာလုပ်မှာတုံးလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (သေအောင် လုပ်မှာပါ)၊ ခွဲလို့ကော ရှိရဲ့လား (မရပါဘူး)။

ခန္ဓာကိုယ်ထဲ၊ သေမင်းပါတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ သေမင်းပါတယ် (ပါပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်ခန္ဓာကိုယ်ထဲမှာ ဘာပါပါလိမ့် (သေမင်း ပါပါတယ်) အားလုံး ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ (သေမင်းပါပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ လူ့ဘဝနတ်ဘဝဗြဟ္မာ ဘဝများ ရချင်တဲ့ ပုဂ္ဂိုလ်သည် သေမင်းနဲ့ အတူတူ နေရပါလို၏ (မှန်ပါ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဓိပ္ပာယ် ဒီရောက်ပါတယ် ဒကာ ဒကာမတို့ သေမင်းနဲ့ အတူတူနေရပါလို၏။ ရောက်ရာဘဝ သေမင်း သတ်၍ သေရပါလို၏ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘယ်ဘဝမှ ဆုမတောင်းပါနဲ့

အဲဒါကြောင့် ဘယ်ဘဝမှ ဆုမတောင်းပါနဲ့။ ဓာတ်လေး ပါးတို့၏ လွတ်ရာကျွတ်ရာကိုသာ ရောက်ရပါလို၏ လို့ ပြင်လိုက်စမ်းပါလို့ ပြောရတယ် (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သေမင်းလွတ်ရာရောက်ချင်ကြလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် ဝိပဿနာ အလုပ်ကို လုပ်ပါလို့ တိုက်တွန်းရတယ် (မှန်ပါ)။

သေမင်းလွတ်ရာရောက်ချင်ရင်

သေမင်းလွတ်ရာရောက်ချင်ရင် ဘာလုပ်ရမလဲ (ဝိပဿနာ အလုပ်ကို လုပ်ရပါမယ်) ဝိပဿနာ အလုပ်လုပ် ရမယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

အခု မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အင်္ဂုတ္ထုရ်ပါဠိတော်မှာ ဟောပါတယ်။ ဖြည်းဖြည်းမှ လုပ်မယ်လေ ဆိုပြီးသကာလ အချိန်ဆွဲတယ်လို့ အချိန်ဆွဲပြီး နေတဲ့ ပုဂ္ဂိုလ်များဟာ အိုဘေး စောင့်နေတာ (မှန်ပါ ဘုရား)။

အခုမလုပ်ဘဲနဲ့ အချိန်ဆွဲနေတဲ့ ပုဂ္ဂိုလ်များ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (အိုဘေး စောင့်နေတာပါ ဘုရား) စောင့်ကောင်းသလား၊ မစောင့်ကောင်းဘူးလား (မစောင့် ကောင်းပါ ဘုရား)။

ဖြေးဖြေးမှ လုပ်မယ်ဆိုရင်

ဒါဖြင့် ဖြည်းဖြည်းမှ လုပ်မယ်ဆိုတဲ့ ဒကာ ဒကာမတွေ ကျတော့ ဘယ်အဓိပ္ပာယ် ရောက်နေသတုံး (အိုဘေး စောင့်နေတာပါ)။

ကောင်းပြီ အိုဘေးကလဲ ခင်ဗျားတို့ သူ့ စောင့်နေတော့ သူကတော့ဖြင့် ရောက်မှာပဲ။ သူ့အချိန်ကျ မရောက်ပေဘူးလား (ရောက်ပါတယ်) အခုလဲ ရောက်ဆဲပဲ (မှန်ပါ့) နောင် ဒီထက် ဆိုးတဲ့ဆီ ရောက်ရအုံးမယ် ဆိုတာလဲ မသေချာဘူးလား (သေချာပါတယ်)။

ဒါဖြင့် နောက်အချိန်မှ လုပ်ပါတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်လဲ ဘာစောင့်တာတုံး (အိုဘေး စောင့်တာပါ) နက်ဖြန်သဘက် မှ လုပ်ပါတော့မယ်ဆိုတာကော (အိုဘေးစောင့်တာပါ)။

သူတော်ကောင်းအလုပ်ကို မလုပ်သေးရင်

ဒါကြောင့် (၁) နံပါတ်က သူတော်ကောင်းအလုပ် မလုပ်ဖြစ်သေးတဲ့ ပုဂ္ဂိုလ်များဟာ အနာဂတ်ဘေး စောင့်တာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

အခု မလုပ်တဲ့ ပုဂ္ဂိုလ် ဘာစောင့်တာပါလိမ့် (အနာဂတ် ဘေးစောင့်တာပါ ဘုရား) အနာဂတ်မှာ ဘယ်နှနံပါတ်စောင့် တာပါလိမ့် (၁) နံပါတ်စောင့်တာပါ ဘုရား)။ (၁) နံပါတ် အနာဂတ်ဘေး စောင့်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

နောက်ကျလာတဲ့အခါ ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အိုဘေးရင့်ကျက်လာပြီဆိုမှဖြင့် နာဘေးဟာလဲ တွေ့ရတော့ မှာပဲ (မှန်လှပါ)။ အနာဂတ်ရောက်တဲ့ ဘေးဟာလေ (မှန်ပါ) ဒကာကြွယ်တို့ မတွေ့ ရပေဘူးလား (တွေ့ရပါတယ်)။

အင်း-ဒါဖြင့် အခုမလုပ်တဲ့ ပုဂ္ဂိုလ်များလဲ (၂) နံပါတ် နာဘေးစောင့်နေကြတာကိုး (မှန်ပါ)။

သူတော်ကောင်းအလုပ် အခုမလုပ်တဲ့ ပုဂ္ဂိုလ် ဘာစောင့်နေပါလိမ့် (၂) နံပါတ် နာဘေး စောင့်နေပါတယ် ဘုရား) (၂) နံပါတ်ဖြစ်တဲ့ နာဘေးစောင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ်)။

၁။ အိုဘေးစောင့်နေတာ

ကောင်းပြီ ဒါဖြင့် (၁) နံပါတ် အလုပ်မလုပ်သေးတဲ့ ပုဂ္ဂိုလ်ဟာ အိုဘေးစောင့်တဲ့ ပုဂ္ဂိုလ် (မှန်ပါ) အလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်သည်ကား လို့ဆိုရင် နာဘေးလဲ သူစောင့်နေတာပဲ (မှန်ပါ)။

ဒါဖြင့် သူ့ဟာက နိဗ္ဗာန် မျှော်နေတာလား အိုဘေး နာဘေးမျှော်နေတာလား (အိုဘေးနာဘေး မျှော်နေတာပါ ဘုရား)။ ဒါဖြင့် မျှော်ကောင်းတဲ့ အလုပ်လား မမျှော်ကောင်းတဲ့ အလုပ်လား (မမျှော်ကောင်းတဲ့ အလုပ်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ပါးစပ်ကသာ မမျှော်တာ မလုပ်သေး ရင်ဖြင့် အိုဘေးနဲ့ နာဘေး မျှော်တာ (မှန်ပါ)။

၂။ နာဘေးစောင့်နေတာ

ဝိပဿနာအလုပ်ကို ခရီးပေါက်ရောက်အောင် မလုပ်တဲ့ ပုဂ္ဂိုလ်သည် (၁) နံပါတ် ဘာစောင့်သတုံး (အိုဘေး စောင့်ပါတယ် ဘုရား)၊ (၂) နံပါတ် ဘာစောင့်သတုံး။ (နာဘေး စောင့်ပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတွေ ဆိုးဝါးပါကလား (မှန်ပါ) မလုပ်သေးတဲ့ ပုဂ္ဂိုလ်အတွက် ဒကာကြွယ်တို့ ဦးလှဖူးတို့ ဒကာသိုက်တို့ တယ်ဆိုပါကလား (ဆိုးပါတယ် ဘုရား)။

ဒီဥစ္စာတွေသည် ဒကာ ဒကာမတို့ စောင့်နေတဲ့ ပုဂ္ဂိုလ်ဟာ လုပ်ဖြစ်အောင်လို့ စောင့်တာလား မလုပ်ဖြစ်အောင် လို့ စောင့်တာလား (မလုပ်ဖြစ်အောင်လို့ စောင့်တာပါ)။ ဟာ ဒကာကြွယ် အရုပ်ဆိုးပြီ (မှန်ပါ) အားလုံး ဒကာ ဒကာမတွေ အရုပ်ဆိုးတာ ပေါ် ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာအလုပ် အခုမလုပ်သေးတဲ့ ပုဂ္ဂိုလ် ဘာစောင့် သတဲ့ (အိုဘေးစောင့်ပါတယ် ဘုရား) နောက် ဘာစောင့် သတဲ့ (နာဘေးစောင့်ပါတယ် ဘုရား) တယ်လဲ ခက်ပါလား ဒကာသိုက်ရေ (မှန်လှပါ)။

ဒကာကြွယ်တို့က မရိပ်မိဘူး။ ဖြည်းဖြည်းမှ လုပ်မယ်။ တချို့ပုဂ္ဂိုလ်တွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။ သူသည် လုပ်ဖြစ်အောင် စောင့်တာလား၊ မလုပ်ဖြစ်အောင် စောင့်တာလား (မလုပ်ဖြစ်အောင် စောင့်တာပါ) မလုပ် ဖြစ်အောင် စောင့်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်ဟာ မလုပ်တော့ဘူး ဆိုတာနဲ့ကော (တူတူပါပဲ) အိုဘေးနာဘေးနဲ့ ကျုပ်ဖြင့် ရင်ဆိုင်တိုးပါတော့မယ် ဆိုတာနဲ့ကော (တူတူပါပဲ ဘုရား) အံမယ်လေး သူ့ထက် မိုက်တာများ ရှိသေးသလား (မရှိပါဘူး)။

သတိထားပြီးတော့ နားထောင်ပါ

ကြပ်ကြပ် သတိထားပါ။ ကြပ်ကြပ် သတိထားပြီးတော့ နားထောင်ပါ။ ခင်ဗျားတို့ ဖြစ်ထွေက ခင်ဗျားတို့ ပါးစပ်က အချိန်ကလေး ပြောင်းလိုက်၊ နာရီကလေးပြောင်းလိုက်၊ ရက်ကလေး ပြောင်းလိုက်၊ ဝါတွင်းဝါပ ပြောင်းလိုက်နဲ့ ဒကာ ဒကာမတွေက ပါးစပ်နှုတ်ချိုသလောက် ခင်ဗျားတို့ သည်ကားလို့ ဆိုရင် အိုဘေးနဲ့ နာဘေး စောင့်တာ သေချာတယ်။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ကိုယ်ပြောရင်း ပြောရင်းပဲ ဒီအပြောသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်တော့ဖြင့် လုပ်မယ်လို့တော့ ရည်ရွယ်ချက် ထားပါရဲ့။ အိုဘေးနာဘေး သေဘေး လွတ်ရာကို ကျုပ်လုပ်မယ် လို့ဖြင့် ဆရာဘုန်းကြီးကလဲ ဟောလို့ ရည်ရွယ်ချက်ထားပါတယ်။ အိုဘေး နာဘေး သေဘေးဟာ ဝိပဿနာ အလုပ်လုပ်လို့ မဂ်ရတဲ့ ပုဂ္ဂိုလ်မှာ လွတ်ပါတယ်ဆိုတာ ကျုပ်ဝမ်းထဲလဲထားပါပြီ။ ကျုပ်လဲလုပ်မယ်လို့ ရည်ရွယ်ချက်တော့ ရှိပါရဲ့ဆိုတဲ့ ပုဂ္ဂိုလ်ဟာ လုပ်ပြီလား မလုပ်သေးဘူးလား (မလုပ်သေးပါ ဘုရား) မလုပ်သေး ဘာစောင့်သလဲ (အိုဘေးစောင့်ပါတယ်) အိုဘေး နာဘေး စောင့်တယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ်)။

ဒီပုဂ္ဂိုလ်အတွက် ခင်ဗျားတို့က သာဓုခေါ်ရမှာလား၊ ( မလုပ်တော့ဘူး ပြောတာလား (မလုပ်တော့ဘူး ပြောတာပါ)။

သွားပြီးမချီးမွမ်းလိုက်ပါနဲ့ဦး

အဲဒါ ဒကာကြွယ်တို့က နားမယောင်လိုက်ပါနဲ့။ အင်း သူ့အသံက်လေးတော့ဖြင့် အသံတော့ မဆိုးဘူး ဘုရားလို့ သွားမချီးမွမ်းလိုက်ပါနဲ့ (မှန်ပါ) သူစောင့်နေတာက ဘာပါလိမ့် (အိုဘေးနာဘေး စောင့်နေတာပါ ဘုရား)။

ကဲ ဒကာသိုက်တို့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါက အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် အနာဂတ်ဘေးစောင့်တာလို့ ဟောတယ် (မှန်ပါ) လုပ်မယ်လို့ ပြောတာ များသွားပြီ ယုံမနေနဲ့ (မှန်ပါ)၊ ဘေးကိုစောင့်နေတာ၊ လုပ်မယ်လို့ ပြောတာ မဟုတ်ဘူး (မှန်ပါ)။

ဟာ – ဒကာကြွယ် သိပ်နာပါလား (နာပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ သဘောပါကြရဲ့လား (ပါပါတယ်) မနက်ဖြန်မှ လုပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ် ဘာစောင့်သတုံး (အိုဘေး စောင့်ပါတယ်)။

တစ်နေ့က ဒကာမကြီးတစ်ယောက် ဒီမှာ တရား နာတယ်ဆိုပြီး သကာလ ညလေရောဂါစွဲလို့ ပျက်စီးတယ် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် အားလုံးပဲ ကြားလိုက်ပါလိမ့်မယ် (ကြားပါတယ် ဘုရား)။

မဂ်ရပြီးမှ သေရင်ကောင်းတယ်

အဲဒါသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ မြန်မြန် လုပ်လိုက်လို့ရှိရင် ဒါမဂ်ရပြီးမှ သေသွားရင် သိပ်ကောင်းတာဘဲ (မှန်ပါ)။

အဲဒီတော့ ခင်ဗျားတို့လဲ အခုမလုပ်သေးလို့ရှိရင်ဖြင့် ညလေနာစောင့်ပြီး သကာလ သေဘေး စောင့်တာလား၊ နာဘေး စောင့်တာလားလို့ မေးခွန်း မမေးထိုက်ဘူးလား (မေးထိုက် ပါတယ် ဘုရား)။

ဒါကြောင့် ဒီဒကာမကြီးက သက်သေသာဓက ခန္ဓာ ကိုယ်ကို ပြလိုက်သဖြင့် တို့အချိန် ဆွဲတာသည် အိုဘေးနဲ့ နာဘေး ကို စောင့်တာပါကလား (မှန်ပါ ဘုရား) ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။

ဒါဖြင့် အချိန်များဆွဲချင်သေးသလား (မဆွဲချင် ပါဘူး) (၁) နံပါတ်က အိုဘေးစောင့်တာတဲ့နော် (မှန်ပါ) (၂) နံပါတ်က (နာဘေးစောင့်တာပါ)။

(၃) နံပါတ်ပြောပါအုံးမယ် အနာဂတ်ဘေးက ငါးဘေး တောင်ရှိလို့ (မှန်ပါ)။

၃။ ငတ်မွတ်ခေါင်းပါးတဲ့ဘေး

ဒကာ ဒကာမတို့ (၃) နံပါတ်က ဒကာ ဒကာမတွေမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုတာတွေလဲ မကြုံဘူးလို့ ဆိုနိုင်ပါ့ မလား (မဆိုနိုင်ပါဘူး) မဆိုနိုင်ပါဘူး ဒကာ ဒကာမတို့။

အကုန်ရေလွှမ်းမိုးသွားရင်လဲ ရှိတာတွေ ပြောင်နိုင်တာပဲ။ ငတ်မွတ်ခေါင်းပါးတဲ့ ဥစ္စာ မကြုံရပေ ဘူးလား (ကြုံရပါတယ်) အားလုံးမီးလောင်သွားပြန်ရင်ကော (ကြုံရပါတယ်) အားလုံး ပိုးကျ သွားပြန်ရင်ကော (ကြုံရပါတယ်)။

အဲဒီဘေးတွေကလဲ ဒကာ ဒကာမတွေ လာလတ္တံ့တွေ မရှိပေဘူးလား (ရှိပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု မလုပ်သေးတဲ့ ပုဂ္ဂိုလ်လဲ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကို စောင့်နေတာ (မှန်ပါ)။

အခုမလုပ်သေးတဲ့ ပုဂ္ဂိုလ် ဘာစောင့်နေပါလိမ့် (ငတ်မွတ်ခေါင်းပါးတဲ့ဘေး စောင့်နေတာပါ) ရှင်းပြီလား (ရှင်းပါပြီ)။

၄။ သံဃာသင်းကွဲတဲ့ဘေး

ဘေးက ငါးဘေးရှိတယ် သုံးဘေးပြီးသွားပြီ (မှန်ပါ) (၄) နံပါတ်က ဒကာ ဒကာမတွေ သံဃာတွေများ သင်းကွဲ သွားတယ်ဆိုတော့ လူတွေလဲ မကွဲပေဘူးလား (ကွဲပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဘေး – ဘယ်နှဘေးရှိသွားပြီလဲ (လေးဘေးရှိသွားပါပြီ) လေးဘေး ရှိသွားပြီ ဆိုတဲ့ဥစ္စာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

၅။ သူပုန်တွေဘေး

ကောင်းပြီ ဒကာ ဒကာမတို့ တောတွင်းကကော သူပုန်တွေက ဒကာ ဒကာမတွေကို ရွာတွေကို မီးရှို့ပစ်တဲ့ ဘေးဟာလဲ လာချင်လာမှာပဲ (မှန်ပါ) အဲဒီဘေးတွေကော စောင့်နေတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

အခု သူတော်ကောင်းအလုပ်ကို မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ (ဝါ) ဝိပဿနာ အလုပ်ကို မဂ်ဆိုက် ဖိုလ်ဆိုက် မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ သူပုန်ဘေးစောင့်တာနဲ့ကော (တူပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘေးဘယ်နှဘေး ရှိသတုံး (ငါးဘေးရှိပါတယ် ဘုရား) အိုဘေး၊ နာဘေး၊ သံဃာ သင်းကွဲတဲ့ဘေး မရှိပေဘူးလား။ (ရှိပါတယ် ဘုရား) ငတ်မွတ် ခေါင်းပါးတဲ့ဘေး (ရှိပါတယ်) သူပုန်လွှမ်းမိုးတဲ့ဘေး (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒီဘေးတွေက လာလတ္တံ့ ဘေးဖြစ်လေ သောကြောင့် အခု အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘေးစောင့်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး (မှန်ပါ) အခုမလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘေးငါးဘေး စောင့်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ်လို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ)။

တချို့တောရွာတွေ မြို့တွေမှာပဲ ကိုယ့်မြို့ကိုယ့်ရွာ မနေရ။ ကိုယ့်အိုး ကိုယ့်အိမ်မနေရနဲ့ ဒကာကြွယ်တို့ ကြားလိုက်ရမှာပေါ့ (ကြားရပါတယ် ဘုရား) အဲဒါတွေ ကြုံတဲ့ပုဂ္ဂိုလ်ဟာ သူပုန်ဘေး စောင့်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါ တယ်)။

ဘေး (၅) ဘေးစောင့်နေတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု မလုပ်သေးတဲ့ ပုဂ္ဂိုလ် ဘေးဘယ်နှဘေး စောင့်နေတာတုံး (ငါးဘေးပါ)။

ငါးဘေးစောင့်နေတော့ ဒကာကြွယ် လုပ်ဖြစ်ပါဦးမလား (မလုပ်ဖြစ်ပါဘူး) မလုပ်ဖြစ်တော့ ဝိပဿနာဉာဏ် မပါဘူး။ မဂ်ဉာဏ်က မရဘူး (မှန်ပါ)။

အဲဒီတော့ ဒီအတိုင်း ဝိပဿနာဉာဏ်မဂ်ဉာဏ်မရဘဲနဲ့ သေလိုက်တော့ ဒါနသီလကလဲ ထိထိရောက်ရောက် မကယ် နိုင်ရင် အပါယ်လေးပါးရောက်လိုက် (မှန်ပါ) နောက်ပြန်တက်လို့ လွယ်သေးရဲ့ လား (မလွယ်ပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမဘေးဖြင့် မစောင့်ကြပါနဲ့၊ ယနေ့လုပ်ပါဆိုတာ တိုက်တွန်းရတယ် (မှန်ပါ ဘုရား) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်အတွက် ဘေးတွေ

ဘေး ဘယ်နှဘေးပါလိမ့် အိုဘေး၊ နာဘေး၊ ငတ်မွတ် ခေါင်းပါးတဲ့ဘေး၊ သံဃာ သင်းကွဲတဲ့ဘေး၊ ဟုတ်လား (မှန်ပါ) သူပုန်ဘေး ဒါတွေက မရှိပေဘူးလား (ရှိပါတယ်) ဒါဘယ်အခါမဆို ရှိတာပဲတဲ့။

ကိုင်း ဒါဖြင့် အခု-အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဘေး ဘယ်နှဘေး စောင့်သတုံး (ငါးဘေး စောင့်ပါတယ်) စောင့် ကောင်းတဲ့ဘေးလား မစောင့်ကောင်းတဲ့ဘေးလား (မစောင့် ကောင်းတဲ့ဘေးပါ ဘုရား)။

ဒါဖြင့် မလုပ်တော့ စောင့်နေရာမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဟာ ဒကာကြွယ် ဒါဟာ လူမိုက် ပေါ့ဗျာ (မှန်ပါ့)။ အာလုံးဆိုထိုက်ကြပလား (ဆိုထိုက်ပါပြီ ဘုရား)။

မင်းတယ်မိုက်ပါလား

စဉ်းစားစမ်းပါ ဒကာ ဒကာမတို့ ဒီဘေးငါးဘေး စောင့်နေတဲ့ ပုဂ္ဂိုလ်ဟာ အနေလဲဆိုးချင်လို့ (မှန်ပါ) အသေကော (ဆိုးချင်လို့ပါ) ဒါဖြင့် အနေဆိုး အသေဆိုး မကြောက်တဲ့ ပုဂ္ဂိုလ်မို့ အခု မလုပ်တာပေါ့ (မှန်ပါ)။

အနေဆိုး အသေဆိုး မကြောက်တဲ့ ပုဂ္ဂိုလ်မို့ အခု မလုပ်တာဘဲလို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း အလုပ်လုပ်တော့မယ် ဆိုတော့ အချိန်ကလေးများ ရွှေ့မည့်ကြံ၊ ရက်ကလေးများ ရွှေ့မည့်ကြံ၊ လလေးများ ရွှေ့မည့် ကြံလို့ ရှိရင်ဖြင့် မင်း တယ်မိုက်ပါလား မင်း အိုဘေးစောင့်နေတယ်။ အိုဘေးနဲ့ တွေ့တော့ မင်းလုပ်နိုင်သေးရဲ့လား မေး (မှန်ပါ့) လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)။

နာဘေးနဲ့တွေ့တော့ မင်းလုပ်နိုင်သေးရဲ့လား မေးစမ်း (မလုပ်နိုင်ပါဘူး) ငတ်မွတ်ခေါင်းပါးတဲ့ ဘေးနဲ့ တွေ့ပြန်တော့ကော (မလုပ်နိုင်ပါဘူး) သံဃာသင်းကွဲတဲ့ ဘေးနဲ့ တွေ့ပြန် တော့ကော (မလုပ်နိုင်ပါဘူး) သူပုန်ဘေးနဲ့ တွေ့ပြန်တော့ကော (မလုပ်နိုင်ပါဘူး)

ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ဆုံးမတဲ့ ဘေးငါးဘေးလို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ) သဘော ကျပြီလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မစောင့်ပါနဲ့တော့။ ယခုအချိန်ကစပြီး လုပ်ပါတော့ဆိုတာ သတိပေးရတယ် (မှန်ပါ) ကဲ ဒကာကြွယ် ပေးထိုက် မပေးထိုက် (ပေးထိုက် ပါတယ် ဘုရား) အကယ်၍ မလုပ်တဲ့ ပုဂ္ဂိုလ် ဘာစောင့်တာတဲ့ တုံး (ဘေးငါးဘေး စောင့်တာပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

တစ်ခုစောင့်လို့တောင် အချို့ဒကာ ဒကာမတွေ အိုကေ ရောက်လို့ ဟောတော့ တာပဲ၊ တို့နားမလည်ဘူး၊ နားက မကြားဘူး အိုဘေးသင့်နေလို့ဗျာ (မှန်ပါ) ဒီလိုပုဂ္ဂိုလ် ကျတော့ ဒကာသိုက်တို့ ဒကာကြွယ်တို့ ဘယ့်နှယ်လုပ်မတုံး။ သူစောင့်တဲ့ ဘေးနဲ့ သူကြုံသွားပြီ (မှန်ပါ) သူ အချိန်ကောင်း အရွယ်ကောင်း တုန်းက မလုပ်ခဲ့ဘူးဗျာ။ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။ အဲဒါ စောင့်လို့တွေ့တာနော် (မှန်ပါ)။

ဝိပဿနာအလုပ်ကို မြန်မြန်လုပ်ပါ

ကိုင်းဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘေး ငါးဘေးဟာ စောင့်ကောင်းတဲ့ ဘေးလား မစောင့်ကောင်းတဲ့ ဘေးလား (မစောင့်ကောင်းတဲ့ ဘေးပါ ဘုရား) မစောင့်ကောင်းတဲ့ဘေး စောင့်နေတဲ့ အဓိပ္ပာယ် ရောက်အောင်ဖြင့် အချိန်လဲမရွှေ့ပါနဲ့၊ နာရီလဲ မရွှေ့ပါနဲ့၊ လရော-နေ့ရော မရွှေ့ ဘဲနဲ့ မြန်မြန်ဖြစ်ပျက် ဝိပဿနာအလုပ်ကိုလုပ်ပါလို့ ဘုရားက တိုက်တွန်းတယ် (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်စကြစို့။ ပဋိစ္စ သမုပ္ပာဒ် မသိသေးလို့ရှိရင်ဖြင့် ကနေ့ဟောရမယ့် တရားက ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ လာတတ်ပါသတဲ့နော် (မှန်ပါ)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့အစက စပြမယ် နော် (မှန်ပါ)။ အရင်ကတော့ ပဋိလောမ ပြောင်းပြန်ပြတယ်။ သဘောကျပြီလား (ကျပါပြီ)။ ယနေ့တော့ အစဉ်အတိုင်း ပြမယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ထား လိုက်စမ်းပါ (မှန်ပါ)။

ဒီဘက်က တစ်လုံးတည်းဟာ ဒကာ ဒကာမတို့ အဝိဇ္ဇာ လို့မှတ်လိုက်စမ်းပါ (မှန်ပါ)။ ဒီဘက်က တစ်လုံးတည်းဟာ ဘာ တုံး (အဝိဇ္ဇာပါ)။ ဒါဖြင့် အဝိဇ္ဇာပစ္စယာ ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ်)။

အဝိဇ္ဇာဆိုတာ ဘာတုံး

အဝိဇ္ဇာဆိုတာသည် မသိတာလို့ မှတ်ကြစမ်းပါ (မှန်ပါ)။ ဘာကို မသိသတုံးဆိုတဲ့မေးခွန်း ဒကာကြွယ်တို့ ဒကာသိုက်တို့ ဦးလှဖူးတို့က မလိုလားဗျာ (လိုပါတယ်)။

လိုတော့ ခန္ဓာကိုယ်ကြီးမှာ ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာကိုယ် ကြီးကိုလည်း မသိဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။ – ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အဲဒါ ကိုကော (ဒုက္ခသစ္စာလို့ မသိပါဘူး)။ အဲ ခန္ဓာကိုယ်ကြီး ၏ ခဏခဏပျက်နေတဲ့ ဒုက္ခသစ္စာ မသိတာဘာပါလိမ့် (အဝိဇ္ဇာ ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဖြစ်ကြောင်းဟာလောဘ

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးထဲမှာ လောဘ ဆိုတဲ့တရားဟာ သူလာရင် ဒုက္ခပေးတော့မှာပဲ၊ ဒုက္ခဖြစ်ကြောင်းဟာ လောဘပဲလို့ မသိတာလဲ ဘာလဲ (အဝိဇ္ဇာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တာ ပေါ့။ လောဘကလေး ရွှေလိုချင် ငွေလိုချင် ပိုးလိုချင် ဖဲလိုချင် အရောင်းအဝယ် ကောင်းတာကလေး လိုချင်တဲ့ သဘောကလေး ရှိလို့ရှိရင် ဘာသစ္စာလို့ဆိုကြမလဲ (သမုဒယသစ္စာပါ ဘုရား)။

အဲဒါကလေးပေါ်လာတာကိုလည်း ဪ- ဒါ သမုဒယ သစ္စာကလေးပါလားလို့၊ အဲဒီပေါ်တဲ့ အချိန်မှာ တစ်နေ့လုံးများ တစ်ခါတလေ အကြံအစည် ထုတ်နေတဲ့အချိန်မှာ ဒီသမုဒယ ဝင် လာတာကို မသိ၊ သမုဒယသည် ကောင်းကျိုးမပေးမှာကိုလည်း မသိဘဲနဲ့ အဝင်ခံနေတာသည် မသိလို့ခံတာ (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ)။

မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဒါဖြင့် သမုဒယ ပေါ်လာတာ မသိတာလည်း ဘယ်သူ့ကြောင့်တုံး (အဝိဇ္ဇာ ကြောင့်ပါ)။

ဒါဖြင့် အဝိဇ္ဇာသည် ခန္ဓာကိုယ်၏ ဒုက္ခသစ္စာကိုလည်း မသိ (မသိပါ ဘုရား)၊ ခန္ဓာထဲ ပေါ်လာတဲ့ လောဘ ကလေးဟာ ပေါ်လာလို့ရှိရင်ဖြင့် ဒုက္ခဖြစ်ကြောင်းကလေးလို့ မသိတာလည်း (အဝိဇ္ဇာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီလောဘမရှိမှ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ရုပ်နာမ်ချုပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ပဲဆိုတာ မသိတာလည်း ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)။

မဂ္ဂင်ရှစ်ပါးမှတစ်ပါး နိဗ္ဗာန်ရောက်ကြောင်းမရှိဘူးလို့ဆို ပြီး မသိတာလည်း ဘာတုံး (အဝိဇ္ဇာပါ ဘုရား)။

သစ္စာလေးပါးမသိတာ အဝိဇ္ဇာ

ဒါဖြင့် အဝိဇ္ဇာသည် ဒုက္ခသစ္စာကိုလည်းမသိ (မှန်ပါ)၊ သမုဒယသစ္စာလောဘကိုလည်း (မသိပါ ဘုရား)၊ နိရောဓသစ္စာ နိဗ္ဗာန်လည်း (မသိပါ ဘုရား)၊ မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်ရှစ်ပါးကိုမသိ တာလည်း (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာသည် ဒကာ ဒကာမတို့ သစ္စာဘယ်နှချက် မသိပါလိမ့် (လေးချက် မသိတာပါ ဘုရား)၊ ရှင်း ပြီလား (ရှင်းပါပြီ)။

ဒါဖြင့် အဝိဇ္ဇာသည်ကားလို့ဆိုရင်ဖြင့် သစ္စာလေးပါးမသိ တာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သစ္စာလေးပါး မသိတာပါ ဘုရား)၊ သူ့နာမည်ကတော့ မသိတဲ့ တရား (မှန်ပါ)၊ မင်း ဘာကိုမသိသလဲလို့မေးတော့ သူ ဘယ်လိုပြောပါလိမ့် (သစ္စာလေးပါးကို မသိပါ ဘုရား)။

ကောင်းပြီ ၊ ဒါဖြင့် ဒီအဝိဇ္ဇာခန္ဓာကိုယ်ထဲမှာရှိနေမယ် ဆိုရင်ဖြင့် ဝိဇ္ဇာဥဒပါဒိဆိုတဲ့ ဓမ္မစကြာ ပါဠိတော် သောတာပန် တည်တဲ့တရား ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး) အဝိဇ္ဇာ ရှိနေရင် ဝိဇ္ဇာ ဆိုတဲ့မဂ္ဂင် လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။ ဘာ ကြောင့်မလာပါလိမ့်ဗျာ (အဝိဇ္ဇာရှိနေလို့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာ ဘာကို လုပ်လေ့ရှိသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။ လိုတော့ ဒကာ ဒကာမတွေကမှတ်လိုက်တာပေါ့။ အဝိဇ္ဇာပစ္စယာသင်္ခါ ရာ။ သင်္ခါရ သုံးခုလာတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ အဝိဇ္ဇာ ရှိနေတဲ့ပုဂ္ဂိုလ်ဟာ သင်္ခါရသုံးခုလုပ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် သစ္စာလေးပါး မသိတဲ့ပုဂ္ဂိုလ်ဟာ ဘာလုပ်ပါလိမ့် (သင်္ခါရသုံးပါး လုပ်ပါတယ်)။

ကောင်းပြီ ၊ ဒါဖြင့် ခင်ဗျားတို့ စာဆိုနဲ့ပဲ သိတာပါတဲ့။ ကိုယ်လုပ်နေတာသိဖို့ အရေးကြီးတယ် (မှန်ပါ)။ စာဆိုသိတာ – ထက် ကိုယ်လုပ်နေတာ သိဖို့ အရေးကြီးတယ် (မှန်ပါ)။

သင်္ခါရဆိုတာ

ဒါဖြင့် ဒုကာ ဒကာမတို့ သင်္ခါရတွေ ကိုယ်လုပ်တယ် မလုပ်တယ်ဆိုတာ ကြည့်ရအောင်နော် (မှန်ပါ)၊ ဒကာ ဒကာမတို့ ကာယကံနဲ့ကော ချည်ဝယ်ပိုးဝယ်သွားကြသလား (သွားပါတယ် ဘုရား)။ အဲဒါ ကာယသင်္ခါရ (မှန်ပါ)။

ဟိုကျတော့ကာ ဈေးလျှော့ပါဦး၊ ဒီဈေး ဒီဈေးလုပ်ပါဦးလို့ ပါးစပ်ကကော မပြောကြ ဘူးလား (ပြောပါတယ်)။ အဲဒါက ဝစီသင်္ခါရ (မှန်ပါ)။ လမ်းမှာ ဘယ်လိုပြောမှ နေရာကျမယ်လို့ ကြံစည်ပြီး အသံမထွက်ဘဲနဲ့ နေတာက မနော (မှန်ပါ)၊ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တ သင်္ခါရပေါ့ဗျာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒါ ဘယ်ပုဂ္ဂိုလ်မှာဖြစ်တာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာရှိလို့ ကာယသင်္ခါ ရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရဖြစ်တာပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဝိဇ္ဇာရှိလို့ ဘာဖြစ်သတဲ့ (ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရဖြစ်ပါတယ် ဘုရား)။

ကိုင်း- ဒကာကြွယ်တို့ ကိုယ်တိုင်မိနေပြီ (သိပါပြီ ဘုရား)။ ဦးလှဖူးတို့ မိမနေသေးဘူးလား (မိပါတယ် ဘုရား)။

သင်္ခါရ (၃)မျိုး

ဒကာ ဒကာမတို့ အဲဒီပိုးဝယ်ချည်ဝယ် ကိုယ်တိုင်သွား ၊ ကြတာသည် ကာယဆိုတဲ့ ကိုယ်နဲ့ သွားကြလာကြတော့ ပြုပြင် ကြတာပေါ့ဗျာ (မှန်ပါ)၊ အဲဒါကျတော့ ကာယသင်္ခါရတဲ့ (မှန်ပါ)၊ ဝစီသင်္ခါရက ပြောပြောဆိုဆိုနဲ့ နေကြတာ ဘာဆိုကြတယ် (ဝစီသင်္ခါရပါ)။ စိတ်ထဲက ကြံစည်ပြီ းသကာလ ဒီလိုပြောမှ ဒီလို ရမှာပဲဆိုတာက (စိတ္တသင်္ခါရပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)

အဲဒီ သင်္ခါရသုံးခုဟာတဲ့ ဒကာကြွယ်တို့ ဒကာသိုက်တို့၊ ဦးလှဖူးတို့ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့် (အဝိဇ္ဇာ ကြောင့်ပါ)၊ ဟုတ် မှဟုတ်ရဲ့လားဆိုတော့ ဘုရားက အဝိဇ္ဇာပစ္စယာ (သင်္ခါရာ ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကုသိုလ်ရတာပေါ့လို့အောက်မေ့နေတယ်

ဪ တို့လုပ်နေတဲ့ အလုပ်ဟာ အန္တရာယ်ကင်း ဘေးကင်းမှတ်နေတယ် (မှန်ပါ)၊ အများကောင်းစားဖို့ လုပ်တော့ တို့ ကုသိုလ်ရတာပေါ့လို့ အောက်မေ့နေတယ်၊ ဘယ်ဟုတ်လိမ့် တုံး ဒကာ ဒကာမတို့ရဲ့ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်ဖြစ်နေတာ (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ် ဆိုတာ လည်တဲ့တရား (မှန်ပါ)၊ ဒုက္ခတရား (မှန်ပါ)၊

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿလို့ မဆိုဘူးလား ဆိုပါတယ်)။ ဒုက္ခအစု ကြီးလို့ မဆိုဘူးလား (ဆိုပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေက သာမည နားလည်ထား တော့ကို၊ ဪ အများလည်း ကောင်းစားအောင် ကိုယ်လည်း စားရအောင် ဆိုပြီးသကာလ၊ ကိုယ်နဲ့သွား၊ ပါးစပ်နဲ့ပြော၊ စိတ်ထဲက ကြံစည်ပြီး သကာလ နေတာတွေသည် သစ္စာကြံစည် တာလား လောကကြီး ကြံစည်နေတာလား (လောကကြီး ကြံစည် နေတာပါ။) အဲဒါကြောင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတာ ဒါကို မှတ်လိုက်ပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒုက္ခပွားအောင် လုပ်နေတာ

ဒကာကြွယ်ရေ အားလုံး ဒကာ ဒကာမတွေ သိ အောင်လို့ ပြောနေတယ် (မှန်ပါ)၊ ဒါမှ မသိလို့ ရှိရင်လည်း ငါလုပ် နေတဲ့အလုပ်ဟာကွာ၊ အများ ကောင်းစားရေး အားလုံး ချမ်းသာ ရေးဆိုတဲ့ ဥစ္စာ၊ ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားကြည့်တဲ့ အခါကျတော့ ဒုက္ခငြိမ်းအောင် လုပ်နေတာလား၊ ဒုက္ခပွားအောင် လုပ်နေတာလား (ဒုက္ခပွားအောင်လုပ်နေတာပါ ဘုရား)၊ ဒကာ ကြွယ်တို့ပေါ်ပြီလား (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေ ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

အဝိဇ္ဇာရှိလို့ သင်္ခါရလုပ်ဖြစ်တယ်

ဒါ ခင်ဗျားတို့ သေသေချာချာစဉ်းစားပါ။ အဝိဇ္ဇာရှိလို့ လုပ်ဖြစ်တာ (မှန်ပါ)၊ မသိလို့ ကာယသင်္ခါရ လုပ်တယ် (မှန်ပါ)။ မသိလို့ ဘာတုံး (ဝစီသင်္ခါရလုပ်ပါတယ်)၊ မသိလို့ (စိတ္တ သင်္ခါရ လုပ်တယ်)၊ စိတ်နဲ့ပြုပြင်၊ စိတ်နဲ့ကြံစည်မရှိပေဘူးလား (ရှိပါတယ်)။

ဒါတွေ ဒကာကြွယ်တို့ ဦးလှဖူးတို့ အခု အားလုံးသော ပုဂ္ဂိုလ်တို့လုပ်နေကြတဲ့ အခြေအနေတွေ ပေါ့ဗျာ (မှန်ပါ)။ အဲဒါ အဝိဇ္ဇာပစ္စယာသင်္ခါရ ချည့်လို့ မှတ်လိုက် (မှန်ပါ)၊ ရှင်းကြ ပြီလား (ရှင်းပါပြီ)။

ဒါဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရ ဘယ်နှမျိုးဖြစ်သတုံး (သုံးမျိုးပါ ဘုရား)၊ အဝိဇ္ဇာဆိုတာ ဘာမသိတာတဲ့တုံး (သစ္စာလေးပါး မသိတာပါ)။ ဒါဖြင့် သစ္စာလေးပါး မသိတဲ့ပုဂ္ဂိုလ်မို့ ဒီသင်္ခါ ရသုံးခုလုပ်တာ (မှန်ပါ)၊ ကြောက်စရာကောင်းလိုက်တာ (မှန်ပါ)၊ ဒကာသိုက်တို့ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အားလုံး ဒကာ ဒကာမတွေ တရားစစ်ကို ဟောတော့ ဒကာကြွယ်ရေ ဒါ မသိလို့လုပ်တာတဲ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်း ပါပြီ)၊ မသိလို့လုပ်တာတဲ့ ဒကာသိုက်ရ (မှန်လှပါ)။

အဝိဇ္ဇာဆိုတဲ့တရားက ဘာတရားတဲ့ (သစ္စာလေးပါး မသိတဲ့တရားပါ) မသိတဲ့ တရားလို့ ပြောလိုက်ပါတော့ (မှန်ပါ)။

အဝိဇ္ဇာဆိုသော သစ္စာလေးပါး မသိတာ

အဝိဇ္ဇာဆိုတဲ့ တရားက (မသိတဲ့တရားပါ)၊ ဘာမသိတာ တုံး (သစ္စာလေးပါး မသိပါဘူး)၊ သစ္စာလေးပါး မသိတော့ကို သင်္ခါရ အလုပ်လုပ်ပါတယ် (မှန်ပါ)၊ ကိုယ်အားဖြင့် သွားလိုက် လာလိုက် မလုပ်ပေဘူးလား (လုပ်ပါတယ်)။

ဒါတွေ နှုတ်အားဖြင့် ပြောလိုက်ဆိုလိုက်ကော (လုပ် ပါတယ်)၊ စိတ်အားဖြင့် ကြံလိုက် စည်လိုက်ကော (လုပ်ပါတယ်)။

ဒါတွေကလည်း ဝိပဿနာ ပွားနေတာလားတဲ့၊ ဒါ သင်္ခါရ အလုပ်ပြုပြင်နေကြတာလား (သင်္ခါရအလုပ် ပြုပြင်နေကြတာပါ ဘုရား)။

အဝိဇ္ဇာကြောင့် သင်္ခါရသုံးပါးဖြစ်တယ်

ဒါဖြင့် အဲဒီပြုပြင်နေတဲ့ ကိုယ်နဲ့ပြုပြင်၊ ပါးစပ်နဲ့ပြုပြင်၊ စိတ်နဲ့ပြုပြင်နေတဲ့သင်္ခါရတရားသုံးခုဟာ ဘယ်သူ့ကြောင့်ဖြစ်တာ တုံး (အဝိဇ္ဇာကြောင့်ဖြစ်တာပါ) ပါဠိတော်က ဘယ့်နှယ်ရှိသတုံး (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)၊ ဟော ပေါ်ပြီ ဒကာကြွယ်ရေ (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေပေါ်ပြီလား (ပေါ်ပါပြီ။ ဘာတဲ့ (အဝိဇ္ဇာပစ္စယာသင်္ခါရာပါ ဘုရား)။

ခင်ဗျားတို့က အဝိဇ္ဇာပစ္စယာသင်္ခါရာကို အန္တရာယ်ကင်း လုပ်နေကြတယ်။ ကိုယ်ကိုယ်တိုင် လုပ်နေတာ (မှန်ပါ)၊ ရှင်းပြီ လား (ရှင်းပါပြီ)။

အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတော့ ဒကာကြွယ်ရေ ဒီလိုဆရာကောင်း သမားကောင်းနဲ့က မတွေ့ဘူး ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ဟာ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ အလုပ်လို့ သိပါ မလား (မသိပါဘူး)၊ ဘုရားကလည်း ဝိဇ္ဇာဖြစ်ချင်တယ်၊ အဝိဇ္ဇာ ချုပ်စေချင်တယ် (မှန်ပါ)၊ ဒကာ ဒကာမတွေကလည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်နေတယ် (မှန်ပါ)၊ ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)။

မကောင်းတော့ ဒီဥစ္စာသည် ဒကာ ဒကာမတို့ ခင်ဗျား တို့အတွက်သည် ဘာပဲလုပ်နေနေ စိတ်မချရပါဘူး (မှန်ပါ)၊ ကိုင်း ဒါက လောကီအလုပ်ကို ပြောလိုက်ပါတယ် (မှန်ပါ)။

ဒီသင်္ခါရသုံးမျိုးက လောကီအလုပ်

ခုနက ပြောခဲ့တာက သင်္ခါရသုံးမျိုးက လောကီအလုပ် နော် (မှန်ပါ)။ ကိုယ်နဲ့သွားပြီး သကာလ လုပ်တာ ကာယသင်္ခါရ နော် (မှန်ပါ)၊ နှုတ်နဲ့ပြောဆို လုပ်တာက (ဝစီသင်္ခါရပါ) စိတ် ထဲက အမြဲကြံစည် နေတာက (စိတ္တသင်္ခါရပါ)၊ ဒါက ဒကာ ဒကာမတို့ အကုသိုလ် ဖြစ်နိုင်တဲ့ဘက်က ပြောလိုက်ပါတယ် (မှန်ပါ)၊ ဘယ်သူ့ကြောင့် ဖြစ်တာတဲ့ (အဝိဇ္ဇာကြောင့်ပါ)၊ ပါဠိ ရွတ်လိုက်စမ်း (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ)၊ အဲ မသိလို့ လုပ်တာတဲ့ ဒီသုံးခု (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

တရားထူးနာရလို့ အဖိုးတန်လိုက်တာ

ဒါ့ကြောင့် ဒီနေ့ တရားထူး နာရတဲ့ ဒကာ ဒကာမတွေ ဒကာကြွယ် အဖိုးတန်လိုက်တာ (တန်ပါတယ် ဘုရား)၊ တို့လုပ် နေတဲ့ဥစ္စာသည် ပဋိစ္စသမုပ္ပာဒ် လုပ်နေတာပါလား။ ပဋိစ္စသမုပ္ပာဒ် ဖြစ်နေတာလား၊ ပဋိစ္စသမုပ္ပာဒ် စက်ရဟတ်ကြီးကို လည်အောင် လုပ်နေတာလား (လည်အောင် လုပ်နေတာပါ)၊

လည်အောင် လုပ်နေတယ် ဆိုတာ သေချာပြီလား (သေချာပါပြီ)၊ အံမလေးဟယ် ကြောက်စရာ ကောင်းပါလား ဒကာ ဒကာမတို့ (မှန်ပါ)။

ဉာဏ်ရောက်အောင်လုပ်ကြစမ်းပါ

ခင်ဗျားတို့ကလည်း ဘဝကို ရပါလို၏တဲ့၊ လုပ်နေတာ ကလည်း ရှည်နေလိုက်တာ (မှန်ပါ)၊ မရှည်လား (ရှည်ပါ တယ် ဘုရား)၊ အဲဒါ ဉာဏ်ရောက်အောင် လုပ်ကြစမ်းပါ (မှန်ပါ)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ အခု အကုသိုလ်ဘက်က သဘောကျပြီလား (ကျပါပြီ)၊ အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ သုံးခုမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ကုသိုလ်သင်္ခါရ ထဲတောင် အဝိဇ္ဇာက ပါလိုက်သေးတယ် (ပါပါ တယ် ဘုရား)။

နောက်ဘဝကောင်းစားရေး မလုပ်ကောင်းဘူး

ဒါနတွေ ဘုံဘဝလိုချင်လို့ လူဖြစ်ချင် နတ်ဖြစ်ချင် ဗြဟ္မာဖြစ်ချင်လို့ ဒါနကို လုပ်ချင်တော့ ဟုတ်လား ကာယကံနဲ့ ငွေတွေ လှူ။ သွားလာပြီးတော့ ငွေလည်းလှူ (မှန်ပါ)၊ ဝစီကံ နဲ့ ပြောဆိုပြီးကော (လှူပါတယ် ဘုရား)၊ မနောကံက ဒီပုဂ္ဂိုလ် ဘယ်လိုပြောမှ ခပ်များများကလေး ထည့်မှာကွ ဆိုပြီး သကာလ ကိုယ်က နောက်ဘဝကောင်းစားချင်တဲ့ စိတ်ထားနဲ့ ကာယကံ၊ ဝစီကံ၊ ခုနက မနောကံတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း နောက်ဘဝ ချမ်းသာရေး အကြောင်းရင်းခံပြီး၊ ကိုယ်နဲ့သွား ပါးစပ်နဲ့ပြော စိတ်ထဲက ကြံစည်ပြီး သကာလ ကုသိုလ်ပဲ လုပ်ပါဦး တဲ့။

နောက်ဘဝကောင်းစားရေးသာ လုပ်မယ် ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

နောက်ဘဝကောင်းစားရေးလုပ်ရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)၊ ဒါက ကုသိုလ်ဘက်က ရှင်းပြီလား (ရှင်းပါပြီ)။

မလုပ်ကောင်းဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ အဝိဇ္ဇာ ကြောင့် ဖြစ်တာကိုးဗျ (မှန်ပါ)၊ ဒကာကြွယ်ရေ အဝိဇ္ဇာ ကြောင့်ဖြစ်တာ အကောင်းဆိုလို့ (မရပါဘူး)။

နောက်ဘဝဟာ ဒုက္ခသစ္စာ

ကိုင်း- နောက်ဘဝကောင်းစားရေး လိုချင်လို့ ကိုယ်နဲ့ သွားပြီးသကာလလုပ်ကြတာဟုတ်လား နှုတ်နဲ့ ပြောဆိုနေ ကြတာ (မှန်ပါ)၊ စိတ်ထဲကကြံစည်ပြီး သကာလ အလှူခံပြီး သကာလနေကြတာ (မှန်ပါ)၊

ကိုယ်ကိုယ်တိုင် နောက်ဘဝ ကောင်းစားရေးကို ကာယကံနဲ့ ပန်းကန်ဆေးလို့၊ ဝစီကံနဲ့ သူတစ် ပါးကိုလည်း ပြောလို့ဆိုလို့၊ မနောကံနဲ့လည်း စိတ်ထဲက နောက် ဘဝကောင်းစားရေးအလိုရှိလို့ လုပ်မယ်ဆိုရင်ဖြင့် ဒီကံသည်ကား လို့ဆိုလို့ရှိရင်ဖြင့် နောက်ဘဝကောင်းစားရေး ဆိုတော့ နောက် ဘဝဟာ ဒုက္ခသစ္စာ မဟုတ်လား (မှန်ပါ)၊ ဇာတိ လာမယ် မဟုတ်လား (လာပါမယ်)၊ ဇာတိ ဝိညာဏ်မလာပေဘူးလား (လာပါတယ်)၊ အဲဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

အဲဒီ ဒုက္ခသစ္စာ မသိသောကြောင့် နောက်ဘဝလိုချင် လို့ လုပ်တဲ့ကုသိုလ်ဟူသရွေ့သည် အဝိဇ္ဇာပစ္စယာချည့် မှတ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ကုသိုလ်လုပ်တိုင်း ခင်ဗျားတို့သည် နိဗ္ဗာန်ရောက် သလားလို့မေးလို့ရှိရင်ဖြင့် ဒကာကြွယ် ဖြေတတ်ပြီလား (ဖြေ တတ်ပါပြီ)၊ ဘယ်လိုဖြေပါ့မယ် (သင်္ခါရလုပ်ပါတယ် ဘုရား)၊ အဝိဇ္ဇာ ကြောင့်ဖြစ်တဲ့ ကုသိုလ်ဟာ နိဗ္ဗာန် မရောက်ဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီကုသိုလ်မျိုး နိဗ္ဗာန်မရောက်ဘူး

အဝိဇ္ဇာကြောင့် ဖြစ်တဲ့ ကုသိုလ်နဲ့ ပါးစပ်နဲ့ ပြုတဲ့ကုသိုလ် မနောနဲ့ပြုတဲ့ကုသိုလ် ဒကာ ဒကာမတို့ ဒါ နိဗ္ဗာန်ရောက်နိုင်ပါ့ မလား (မရောက်နိုင်ပါဘူး) ဘာဖြစ်လို့ မရောက်နိုင်သတုံး (ဝဋ်ကုသိုလ်မို့ပါ) အဝိဇ္ဇာကြောင့် ဖြစ်တာ (မှန်ပါ) ဒုက္ခ သစ္စာမသိဘဲနဲ့ လှူတဲ့ ဒကာ ဒကာမတွေ (မှန်လှပါ ဘုရား)။

နောက်ဘဝ ဘယ်ကစမယ် (ဇာတိက စပါမယ်) ပဋိသန္ဓေကစမယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)

ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် နောက်ဘဝ ဒုက္ခသစ္စာရဖို့ လုပ်တဲ့ကုသိုလ် (မှန်ပါ) ကောင်းသေးရဲ့ လား (မကောင်းပါဘူး) ဒကာကြွယ် ရှောင်ရလိမ့်မယ်နော် (မှန်လှပါ)။

အားလုံး ဒကာ ဒကာမတွေ ဒါဘာတဲ့ (ရှောင်ရမှာပါ ဘုရား) ရှောင်ရမှာကို ခင်ဗျားတို့က ဆောင်မနေပါနဲ့လို့ သတိပေးလိုက်တယ် (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ရှောင်ရမှာကို ဆောင်နေတယ်

ရှောင်ရမှာကို (ဆောင်မနေပါနဲ့) သို့သော် များသောအားဖြင့် ဒီလိုဆရာကောင်း သမားကောင်း မတွေ့လို့ ရှိရင်ဖြင့် ရှောင်ရမှာကို ဆောင်နေတာချည့်ပဲလို့ ဒကာသိုက် ဆုံးဖြတ်လိုက်စမ်းပါ (မှန်ပါ) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

တို့ ဆရာဘုန်းကြီးက .ဒါဘယ့်နှယ်ကြောင့် ဒီလို ဟောပါလိမ့်မလဲလို့ မေးခွန်းထုတ်တော့ ခင်ဗျားတို့က အမြင် သားပဲ အခုချပြတော့နော် (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ကုသိုလ် သင်္ခါရတဲ့ (မှန်ပါ) ခုနတုန်းကတော့ အရောင်းအဝယ် ကလေး လုပ်ရတုန်းကတော့ လှူမှု တန်းမှု နောက်ဘဝ ကောင်းစားချင်လို့ လုပ်တဲ့ အလှူ ဟူသရွေ့တော့ (ကုသိုလ်သင်္ခါရာပါ)။

ရောင်းရေးဝယ်ရေး လုပ်နေတော့ အဝိဇ္ဇာပစ္စယာ (အကုသိုလ်သင်္ခါရာပါ) နောက်ဘဝ ကောင်းစားရေး ကုသိုလ်တွေ လုပ်နေတော့ (ကုသိုလ်သင်္ခါရာပါ) ဒါဖြင့် အဝိဇ္ဇာအုပ်ချုပ် တယ် (မှန်ပါ) အဝိဇ္ဇာကြောင့်ဖြစ်တဲ့ အကုသိုလ်တဲ့ (မှန်ပါ) အဝိဇ္ဇာကြောင့် ဖြစ်တဲ့ ကုသိုလ်ဖြင့် ဝိဇ္ဇာဥဒပါဒိ ဆိုတဲ့ ဓမ္မစကြာမှာ သောတာပန် တည်ခန်း ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ထူသေးလို့ အ သေးလို့ ပဋိစ္စသမုပ္ပာဒ် ဟောလာတာပဲဆိုတာ ဒကာကြွယ် သေချာပြီ (သေချာပါပြီ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မလှူနဲ့လို့ ဟောတော့ မဟုတ်ဘူး

မလှူနဲ့၊ မတန်းနဲ့၊ မပေးနဲ့၊ မကမ်းနဲ့ ဟောတာ မဟုတ်ဘူး (မှန်ပါ) နောက်ဘဝ ကောင်းစားရေး ကိုသာ ရည်ရွယ်တဲ့ ကုသိုလ်ကိုဖြင့် (ဝဋ်ကုသိုလ်) မလုပ်နဲ့ အဝိဇ္ဇာကြောင့် ဖြစ်တာ လို့ ပြောလိုက်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒါ ဒါလောက်မှ မပါးရင်ဖြင့် ဒကာကြွယ် ဒုက္ခ ရှာနေတဲ့ ပုဂ္ဂိုလ်သာဆိုရမယ် (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေ ကြပ်ကြပ်သတိထားပြီး နားထောင်ပါ။ ဆရာရင်း ဒကာရင်းတွေမို့ ချွင်းချက်မရှိ ပြောရတယ် (မှန်ပါ) သာမည ပြောနည်းမျိုးဆိုရင် မင်းတို့ ကုသိုလ်ပြုကြကွ ဒါမှ မင်းတို့ နောက်ဘဝ ကောင်းစားမှာပေါ့ လို့ ဟောလိမ့်မယ် (မှန်ပါ)။ နောက်ဘဝ ဘယ်က စသတုံး (ဇာတိက စပါတယ်)။ ဇာတိဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဟော ဇာတိဟာ ဒုက္ခသစ္စာကြီးပဲ ဘယ်မှာတုံး ကောင်းစား တာ (မှန်ပါ့)။

ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဘယ်မှာတုံး နောက်ဘဝ ကောင်းစားရေးတဲ့၊ ဘာသစ္စာက စရသလဲ (ဒုက္ခသစ္စာက စရပါတယ်) ဘာတုံး ဇာတိမဟုတ်လား (မှန်ပါ) ဇာတိ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

နောက်ဘဝအစ ဇာတိက

အဲဒီတော့ နောက်ဘဝအစ ဇာတိက မဟုတ်လား (မှန်ပါ) နောက်ဘဝကောင်းစားရမယ်လို့ ဟောလို့ရှိရင်ဖြင့် ခင်ဗျားတို့ ယုံကြမလား မယုံကြတော့ဘူးလား (မယုံ ကြတော့ပါ ဘုရား) ဘာဖြစ်လို့ မယုံသတုံး (ဒုက္ခသစ္စာက စလို့ပါ) အဲဒီ ဒုက္ခသစ္စာကြီး ခင်ဗျားတို့ မသိသေးဘူးလား (သိပါပြီ) ဒါဖြင့် နောက်ဘဝ ကောင်းစားတာပါရဲ့လား (မပါ ပါဘူး)။

မပါလို့ရှိရင် ဒကာ ဒကာမတွေကလဲ အင်း သူများ ပါးစပ်လမ်းဆုံးပြီး ဒကာကြွယ်တို့ ဒကာသိုက်တို့၊ ဦးလှဖူးတို့က နောက်ဘဝ ကောင်းစားအောင်တော့ လုပ်အုံးမှပဲ ဆိုတော့ သူများ ပါးစပ် လမ်းဆုံးတာ (မှန်ပါ) သူများ ပါးစပ်လမ်းဆုံးရင် ကိုယ်ပိုင်ဉာဏ်ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး)။

သူများပါးစပ်လမ်းမဆုံးပါနဲ့

ကိုယ်ပိုင်ဉာဏ်မဟုတ်လို့ရှိရင်ဖြင့် သူများ တောင်ဝှေးဆွဲ တော့ ချောက်ထဲဆွဲသွားလည်း ကိုယ်က ချောက်ကျရုံပဲ (မှန်ပါ) ကျင်းဆီဆွဲသွားရင်ကော (ကျင်းထဲကျရမှာပါ)၊ ဆူးတွေ ရှိတဲ့ထဲ ဆွဲသွားရင်ကေ (ဆူးစူးရမှာပါ) အဲဒါသူများပါးစပ် လမ်းဆုံး မှတ်ပါ။ (မှန်ပါ)။

အဲဒါကြောင့် ယနေ့ရှင်းပြတယ်။ ခင်ဗျားတို့ သူများ ပါးစပ်လမ်းမဆုံးပါနဲ့၊ ဒီပဋိစ္စသမုပ္ပာဒ်ကို ကြည့်ပါ (မှန်လှပါ) ဘုံဘဝတောင့်တလုပ်တဲ့ ကုသိုလ်ဟူသရွေ့ သည် ဒကာ ဒကာမ တို့ နောက်ဘဝ ဘာရမယ် ထင်ကြသတုံး (ဇာတိရပါမယ်)။ ဒါကြောင့် သင်္ခါရပစ္စယာဝိညာဏ် ဇာတိဝိညာဏ် ခေါ်တာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဇာတိပဲ (မှန်ပါ) ပဋိသန္ဓေဝိဉာဏ်ဟာ ဇာတိပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) ဒါဘယ်သူ့ကြောင့် ဒီဝိညာဏ် ဖြစ်လာတယ် ပဋိသန္ဓေနေရတယ်ဆိုတာ မပေါ်လာသေး ဘူးလား (ပေါ်လာပါပြီ) ရွတ်ကြည့်စမ်း သင်္ခါရပစ္စယာ (ဝိညာဏံ ပါ ဘုရား)။ ဟော ဝိညာဏ်ဆိုတာ ပဋိသန္ဓေ ဝိညာဏ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဝိညာဏ်ဆိုတာ ဘာပါလိမ့်

ဝိညာဏ်ဆိုတာ ဘာပါလိမ့် (ပဋိသန္ဓေဝိညာဏ်ပါ ဘုရား) ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်ဗျာ (သင်္ခါရကြောင့် ဖြစ်ပါတယ်)။ သင်္ခါရအပေါ်ဘယ်သူက အုပ်ချုပ်နေပြန်ပါလိမ့် (အဝိဇ္ဇာက အုပ်ချုပ် ပါတယ်) အဝိဇ္ဇာ၏ ဩဇာအာဏာ ကင်းပါရဲ့လား (မကင်းပါဘူး)။

ဒါဖြင့် ဒီဝိညာဏ်သည် အကုသိုလ် မကင်းတဲ့ ပဋိသန္ဓေ ဝိဉာဏ်ဇာတိဖြစ်လေသောကြောင့် သူဟာ အဝိဇ္ဇာလက်ချက်မိ – နေတဲ့ ဒုက္ခသစ္စာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ။)

ဒါဖြင့် ဒီဥစ္စာပဋိသန္ဓေဝိညာဏ်ဟာ ဇာတိ (မှန်ပါ). ဇာတိပိ ဘုရားက (ဒုက္ခပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်ဆိုတော့ ကလေးကလေး တစ်ယောက် ဘုန်းကြီးက ဥပမာပြပါမယ် (မှန်ပါ) ကလေး ကလေးတစ်ယောက်ကို ဒကာကြွယ် ဥပမာပြမယ်နော် (မှန်ပါ)။

အနာမပျောက်ခင် အနာပေါက်ချင်လို့

ကလေးကလေး တစ်ယောက်က အပြေးအလွှားသွား တာနဲ့ ၎င်းကလေးကလေးဟာ ဟပ်ထိုးလဲတယ်။ ဟပ်ထိုးလဲတော့ ဒူးအနာ ရတယ်ထားပါတော့ (မှန်ပါ) ဒူးအနာကို မအေ မိဘတွေက ဖယောင်းချက်ကလေး ပရုတ်ဆီကလေး အစလိမ်း ကြသုတ်ကြပြီး သကာလ ပတ်တီးကလေး ဘာကလေး စည်းမ ပေးဘူးလား (စည်းပေးပါတယ်)။

နောက်တစ်ခါ ပြေးတော့ အမေမိဘက ဒီကလေးကို ဘယ့်နှယ်ဆိုပါ့မလဲ ဒီကောင်ကလေး အနာတစ်ခု မပျောက်သေးဘူး အနာရချင် ပြန်ပြီလားလို့ မဆိုပေဘူးလား ဆိုမလား (ဆိုပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ) ဘာဖြစ်လို့တုံး၊ အနာမပျောက်ခင် အနာတစ်ခုရောက်အောင် သူကြိုးစားတဲ့ အဓိပ္ပာယ်မရောက် ဘူးလား (ရောက်ပါတယ်)။

ခင်ဗျားတို့လည်း နောက်ဉာဝကောင်းစားချင်လို့ လုပ်တော့ ဒီဘဝခန္ဓာကြီးဟာကော မရှိဘူးလား (ရှိပါတယ်) ဒီဘဝခန္ဓာကြီးကလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သဘော ကျပြီလား (ကျပါပြီ)။

အဲဒီ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးနဲ့ နောက်ဘဝကောင်း စားရေးကို လုပ်ပြန်တော့ နောက်ဘဝ ဘာသစ္စာရမတုံး (ဒုက္ခ သစ္စာရပါတယ်) ဒါဖြင့် အနာမပျောက်ခင် အနာပေါက် ချင်တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘာတဲ့ (အနာ မပျောက်ခင် အနာပေါက်ချင်ပါတယ်)။ ဒီထက်ထူ ဒီထက်အ တာတော့ ဒကာသိုက်တို့၊ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ ရှိသေးရဲ့ လား (မရှိပါဘူး)။

ဒါဆရာသမားက ခေါင်းမဆောင်ရင် ခင်ဗျားတို့ မိုးကြိုးပစ်သည်ထက်နာတယ်အောက်မေ့ပါ (မှန်ပါ)။ မနာဘူးလား (နာပါတယ်)။ အင်မတန် ကြောက်စရာ ကောင်းပါတယ် (မှန်ပါ)။

ဒီဒုက္ခမှလွတ်ရပါလို၏

ဒါ့ကြောင့် ပဋိစ္စသမုပ္ပာဒ်ကို ရဲရဲတင်းတင်းပြနေတယ် (မှန်ပါ) လုပ်ပါ ခင်ဗျားတို့။ ကိုယ်ရော စိတ်ရော လုပ်သာလုပ်။ နောက်ဘဝကောင်းစားရေး မလုပ်နဲ့။ ဒီဒုက္ခလွတ်ရပါလို၏ဟု လုပ်၊ ဇာတိဒုက္ခမှ (မှန်ပါ) ဒီလိုဆိုရင် အိတ်သွန် ဖာမှောက်ပြုပါ (မှန်ပါ)။ ဇာတိ လာအုံးမလား (မလာပါဘူး)။

အဲဒါကျတော့ အဝိဇ္ဇာက ဦးစီးသေးရဲ့ လား (မစီးပါဘူး) ဘယ်စီးမတုံး ဒီဝိညာဏ် ဒုက္ခသစ္စာလို့ သိပြီးလှူတာကိုးဗျ (မှန်ပါ) အဲဒီတော့ ဒုက္ခသစ္စာ လာသေးရဲ့လား (မလာပါဘူး)။

လူကြီးတွေပြင်နိုင်သေးတယ်

အဲဒါသက်ကြီးအိုမတွေ အရွယ်ကြီးတွေ အလုံးစုံ သတိထားလိုက်စမ်းပါဦး။ ပြင်ချိန်ကောင်းလို့ ရှိရင် ပြင်နိုင်သေးတယ် (မှန်ပါ) ပြင်ချိန်မကောင်းဘူးဆိုရင်ဖြင့် သွားပြီ (မှန်ပါ)။ ဖယ်လို့ကို မရတော့ဘူး (မှန်ပါ)။ ရပါဦးမလား (မရပါဘူး)။

အဲဒီတရားက နောက်ကျနေတယ်၊ ခင်ဗျားတို့က အသက်ပိုစောနေတယ် မြန်မြန်ပြင်လိုက် စမ်းပါ (မှန်လှပါ) အသက်ငယ်တဲ့ ပုဂ္ဂိုလ်တွေလဲ ထို့အတူ ပြင်ချိန်ရှိသေးလို့ ပြင်လိုက်ပါဦး (မှန်လှပါ ဘုရား)။

ဒကာကြွယ်ရေ တိုက်တွန်းလိုက်သလား မတိုက်တွန်း ထိုက်သလား စဉ်းစားစမ်း (တိုက်တွန်း လိုက်ပါတယ်)။

အကယ်၍ ဒီဥစ္စာ ခန္ဓာကိုယ်ရှိတုန်းပဲ ကိုယ်ကျန်းမာ တုန်း ချမ်းသာတုန်းကွာ နောက်ဘဝ လည်း တို့ကျန်းမာ ရအောင် ချမ်းသာရအောင် လှူကြတန်းကြ ပေးကြကမ်းကြဦးစို့ဟေ့ လို့ လူကြီးက လူကြီးသံပါပါနဲ့ ပြောလိုက်လို့ရှိရင် ဒီလူကြီးသည်ပင်လျှင် သူပြောတုန်းကလည်း ခန္ဓာကိုယ်ကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) နောက်ဘဝ ကောင်းစားရေးပေါ် လာတော့ကော (ဒုက္ခသစ္စာပါ)။

ဒါဖြင့် သူသည် ယခုဒုက္ခသစ္စာ အနာမပျောက်ခင် အနာကြီးရှာပြန်တာပဲ (မှန်ပါ ဘုရား) ဒါဖြင့် အနာ မပျောက်ခင် အနာရှာရင် ကလေးပဲ (မှန်ပါ)။

ခုနက ကလေးဟာ ပတ်တီးစည်းပြီး နောက်ထပ်ပြေး တယ်။ နောက်ထပ်ပြီးတော့ လူကြီးတွေက ဘယ်လိုပြောကြ သလဲ (နောက်ထပ်အနာရှာတာလားလို့ ပြောပါတယ်)။ ဒီကောင်ကလေး အနာရချင်ပြန်ပြီထင်တယ်၊ တယ်မိုက်သကိုး (မှန်ပါ)။ မဆိုရဘူးလား (ဆိုရပါတယ်)။ ခင်ဗျားတို့ကိုလဲ ဘယ့်နှယ်ဆိုရသလဲ (နောက်ထပ်အနာရချင်လို့ပါ)။ ဒီကောင် ကလေးတွေ အနာရချင်ပြန်ပြီ ထင်တယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ပေါ်ပြီလား (ပေါ်ပါပြီ။

ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏

ဒါကြောင့် ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုတာ ဆရာ ဘုန်းကြီးက ဒကာကြွယ်တို့ ဒကာသိုက်တို့ အားလုံး ဆုံးမတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ မဆုံးမထိုက်ဘူးလားဗျာ (ဆုံးမထိုက် ပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတာ အဝိဇ္ဇာနဲ့ ကင်းပါရဲ့လား (မကင်းပါဘူး ဘုရား) ရွတ်ကြည့် ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)။

ဝိဉာဏ်ကို ဒီနေရာမှာ ယနေ့ ထူးထူးလည်လည် မှတ် လိုက်စမ်းပါ။ စာဆိုဝိဉာဏ်လို့ဆိုတယ်။ ဖြစ်စဉ်ကိုပြောရရင် ဝိဉာဏ်ပဋိသန္ဓေဝိဉာဏ်ဆိုတော့ ဇာတိပေါ်တာပဲ (မှန်ပါ) ရှင်းပြီလား (မှန်ပါ)။

ဘာပေါ်လာပါလိမ့် (ဇာတိပေါ်လာပါတယ်)။ ရှင်း ပြီလား (ရှင်းပါပြီ) ပဋိသန္ဓေ ဝိညာဏ်ဆိုတာ ဇာတိပါပဲ (မှန်ပါ) နားလည်ကြပြီလား (နားလည်ပါပြီ ဘုရား)။

အဲဒါ လျှောက်ရွတ်နေရုံနဲ့တော့မဖြစ်ဘူး (မှန်ပါ) ကိုယ်လုပ်နေတာက အဝိဇ္ဇာကြောင့် သင်္ခါရ။ သင်္ခါရကြောင့် နောက်ဘဝ ‘ဝိညာဏ်ပေါ်အောင် လုပ်နေသလားလို့ဆိုတာ ကိုယ့်ဟာကိုယ် တွေးပါ။ တွေးရင်တော့ အဝိဇ္ဇာရှိရင်တော့ဖြင့် ဒကာကြွယ်လုပ်မှာပဲ သင်္ခါရဝိညာဏ်ကို (မှန်ပါ) အဝိဇ္ဇာမရှိရင် (မလုပ်ပါဘူး) ရှင်းပြီလား (ရှင်းပါပြီ)။

အဝိဇ္ဇာအုပ်ချုပ်တဲ့အလှူချောက်ကျမှာပဲ

ဒါ့ကြောင့် ဒကာ ဒကာမတွေ သေသေချာချာပြော ပါတယ်၊ အဝိဇ္ဇာအုပ်ချုပ်တဲ့ အလှူအတန်း ဟူသရွေ့သည် ချောက်ကျမှာချည့်ပဲ (မှန်ပါ) ဇာတိပဋိသန္ဓေ ချောက်ကျမယ် (မှန်ပါ)။ မကျပေဘူးလား (ကျပါတယ်)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီလိုဆိုလို့ရှိရင်ဖြင့် ဒါတွေဟာ သင်္ခါရမဟုတ်တော့ဘူး သင်္ခါရ နိရောဓာဝိညာဏ နိရောဓော သွားဖြစ်တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒါ ဒီတရားမျိုးကို ရှေးလည်းကျမယ် နာလည်း မနာဘူး ဆိုရင်ဖြင့် အတော်ကလေးကို ခက်တယ် (မှန်ပါ) အတော်ကလေးသာခက်နေတယ် သူ့မှာ အရူးဖြစ်နေတာ (မှန်ပါ)၊ ကလေးလည်း ဖြစ်နေတယ် (မှန်ပါ) ဒကာကြွယ်မဖြစ် ဘူးလား (ဖြစ်ပါတယ်) အနာရှိလျက်နဲ့ ဘာတုံး (အနာ ရှာပါတယ် ဘုရား)။

အနာရှိလျက်နဲ့ အနာရှာတာဟာ ရူးလို့ မမြင်လို့ ဖြစ်ပါလိမ့်မယ် (မှန်ပါ) အခု ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဒုက္ခနာလက်စသတ်ပြီလား (မသတ်သေးပါ ဘုရား) အိုဘေး နာဘေး သေဘေး အပြည့်ရှိနေတယ် (မှန်ပါ) နောက်ခန္ဓာကိုယ်ကြီးလာရင်လည်း ဒါတွေပါမှာလား မပါ ဘူးလား (ပါမှာပါ)။

ဒါဖြင့် နောက်ဘဝလိုချင်လို့ လုပ်တဲ့ ကုသိုလ်သည် အနာရှိလျက်နဲ့ (အနာရှာတာပါ) ပေါ်ပြီလား (ပေါ်ပါပြီ) ဒကာကြွယ် ဒါလောက်ဆိုရင် ရှင်းလောက်ပြီ (ရှင်းပါပြီ) ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါပြီ)။

ကောင်းပြီ အဝိဇ္ဇာပစ္စယာသင်္ခါရာ ပြီးသွားပြီ (မှန်ပါ) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ) အဲဒါတော့ ဝိညာဏ်ဆိုတာ ဘယ်အခါဆိုတာပါလိမ့် (ပဋိသန္ဓေပါ) ပဋိသန္ဓေနေတာကို ဆိုတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ပဋိသန္ဓေနေရပါတယ် ဆိုကတည်းကိုက ဒီနား မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဒါက တစ်ဘဝ ဆိုတာ မသေချာဘူးလား (သေချာပါတယ်) ဒါကြောင့် အဝိဇ္ဇာနဲ့ သင်္ခါရ ဘယ်ဘဝပါလိမ့် (အတိတ်ဘဝပါ ဘုရား)။

ဒါကြောင့် မနေ့က ပိုင်းပြောခဲ့တယ်၊ အဝိဇ္ဇာနဲ့ သင်္ခါရ ဟာ အတိတ်ဘဝလို့ (မှန်ပါ) ဒါဖြင့် ဝိညာဏ်က ဘယ်ဘဝ စလာတာတုံး (ပစ္စုပ္ပန်ဘဝ စလာတာပါ)။

ကောင်းပြီ ဒါဖြင့် ဝိညာဏ်ရှိတဲ့ ပုဂ္ဂိုလ်သည် ပဋိသန္ဓေ နေမိတဲ့ ပုဂ္ဂိုလ်နာမ်ရုပ်လာမယ် (မှန်ပါ) ဝိညာဏပစ္စယာ (နာမရူပံပါ)။

ဒါက ခင်ဗျားတို့ရလို့ ရွတ်တာနော် (မှန်ပါ)။ ရလို့ ပါးစပ်က ရွတ်ရုံရွတ်နေတာဟာ သဘောပါတယ်လို့ မဆိုလိုက် ပါနဲ့ (မှန်ပါ)။

ပဋိသန္ဓေနေမိတဲ့ ပုဂ္ဂိုလ်ဟာ နာမ်နဲ့ ရုပ်ကလေးတော့ ပါရမှာပဲ (မှန်ပါ) မပါပေဘူးလား (ပါပါတယ်)။ ဒါဖြင့် ဝိညာဏ်ကြောင့် (နာမ်ရုပ်ဖြစ်ပါတယ်)။

စိတ်ကြောင့် ဘာပေါ်လာသတုံး

စဉ်းစားပါ။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် (မှန်ပါ) ဝိညာဏ်ဆိုတော့ ပဋိသန္ဓေစိတ် (မှန်ပါ)။ ပဋိသန္ဓေစိတ်ကြောင့် ဘာပေါ်လာသတုံး (နာမ်ရုပ် ပေါ်လာပါတယ်) ယှဉ်ဖော် ယှဉ်ဖက် စေတသိက်တွေနဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။

ရှိပါစေတော့၊ ဪ ဒါဖြင့် ဒီအထဲမှာ ယောက်ျား ပါသလား၊ မိန်းမပါသလား၊ ငါပါသလား၊ သူပါသလား ဒီဘဝမှာ ကြည့်စမ်း (မပါပါဘူး ဘုရား)၊ ဒါက ဘာတုံး ဝိညာဏ်။ ဒီဘက်နှစ်ခုက (နာမ်ရုပ်ပါ ဘုရား)။

ဒီအထဲမှာ ယောက်ျားတွေ ပါသလား (မပါ ပါဘူး) မိန်းမတွေပါလား (မပါ ပါဘူး)၊ ငါတွေ ပါသလား (မပါ ပါဘူး)၊ ငါ့ဥစ္စာတွေများပါသလား (မပါ ပါဘူး)၊ ဘယ် ငါ့ဥစ္စာပါရမတုံးတဲ့ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်တာ (မှန်ပါ)။ သင်္ခါရပိုင်နေတာ (မှန်ပါ) အဝိဇ္ဇာက သင်္ခါရ ကိုပါ ပိုင်တယ်၊ သင်္ခါရက ဝိညာဏ်ကိုပိုင်တယ်။ ဘယ်မှာတုံး ငါ့ဥစ္စာ (မပါပါဘူး ဘုရား)။

ငါလား၊ ငါ့ဥစ္စာလား

ဒါဖြင့်ဒီဥစ္စာငါလား၊ငါ့ဥစ္စာလား (မဟုတ်ပါဘူး ဘုရား) ဒီဘက်ကဟာကော (မဟုတ်ပါဘူး ဘုရား) ဘာပါလိမ့် (နာမ်ရုပ်ပါ ဘုရား) ဒီဘက်ကဘာပါလိမ့် (ဝိညာဏ်ပါ ဘုရား) ငါလား ငါ့ဥစ္စာလား ဝိညာဏ်လား (ဝိညာဏ်ပါ ဘုရား)။

ယောက်ျားလား၊ မိန်းမလား

ဒီဘက်ကဟာ ဘာပါလိမ့် (နာမ်ရုပ်ပါ ဘုရား)။ ဒါဖြင့် ငါလား – ငါ့ ဥစ္စာလား (မဟုတ်ပါဘူး ဘုရား) ယောက်ျားလား မိန်းမလား (မဟုတ်ပါဘူး ဘုရား) ဘာပါလိမ့် (နာမ်ရုပ်ပါ ဘုရား)။

သေသေချာချာစဉ်းစား ခင်ဗျားတို့ အစကတည်းက ငါသူတစ်ပါး၊ ယောက်ျားမိန်းမ မပါဘူး (မပါ-ပါဘူး ဘုရား)။ ပါသေးရဲ့ လား (မပါပါဘူး)။

စဉ်းစားပါ၊ စဉ်းစားပါ၊ ဒါက သူများပြောလား လက် တွေ့လားလဲ စဉ်းစားပါအုံး (လက်တွေ့ပါ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီလား (ပေါ်ပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒါက ပင်ရင်းကနေ ပြလိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ငါသူဆို တာ ဪ ပြင်ဘက်ကျမှ သူပြောငါပြောနဲ့ ဖြစ်လာတာ ကိုး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒီဘဝအစပဋိသန္ဓေဝိညာဏ်က

သူပြောငါပြောနဲ့ ဖြစ်လာရင် နဂိုက ပါမပါ (မပါ ပါဘူး ဘုရား) ကြည့်လေ ဒီဘဝအစ ပဋိသန္ဓေ ဝိညာဏ်က (မှန်ပါ) ဒီထဲမှာ ဝိညာဏ်ဆိုတဲ့ စိတ်သာပါတယ်။ ယောက်ျား မိန်းမ (မပါပါဘူး) ငါ-သူ၊ (မပါပါဘူး ဘုရား) ဒီဘက် ဝိညာဏ်ကြောင့် ဖြစ်တဲ့ နာမ်ရုပ်ကြည့်လိုက်ပြန်တော့ကော (မပါပါဘူး)။ ဘာတွေပါသတုံး (နာမ်ရုပ်တွေပဲပါပါတယ်)။ ဘယ်မှာတုံး ငါ သူ ၊ မပါပါဘူး)၊ ငါ-ငါ့ဥစ္စာကော (မပါပါဘူး)။

ဒီလိုပဋိစ္စသမုပ္ပါဒ်သိထားတော့မှ ဒကာသိုက်တို့ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ ဪ သေသေချာချာ အစ ကတည်းက ငါလဲမဟုတ် ဝိညာဏ် နာမ်ရုပ်တွေပါလား (မှန်လှပါ)။ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ပြင်ဘက်ကျမှ ခွဲတာ လား ကိုယ့်အစကိုယ်ပြန်ပြတာလား (ကိုယ့်အစကိုယ်ပြန်ပြ တာပါ)။

အပြင်ဘက်ကျမှ ခွဲရတာကြာတယ်။ အစကတည်းက ဝမ်းထဲကခွဲတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ပဋိသန္ဓေဝိညာဏ်ဆိုတော့ ပဋိသန္ဓေစိတ်

ဘယ်အချိန်ကခွဲလာပါလိမ့် (ဝမ်းထဲကခွဲပါတယ် ဘုရား) – ဒီဘဝအစ ပဋိသန္ဓေဝိညာဏ် ကနော် (မှန်ပါ)။ ပဋိသန္ဓေ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေစိတ်မဟုတ်လား (မှန်ပါ) ငါသူတစ်ပါး ပါရဲ့လား (မပါပါဘူး) ယောက်ျားမိန်းမ (မပါပါဘူး)။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တော့ကော နာမ်ရုပ်ပဲ ရှိတယ် (မှန်ပါ) ငါ သူတစ်ပါး ယောက်ျား မိန်းမ (မပါ ပါဘူး) ရှင်းပြီလား (ရှင်းပါပြီ)။

ငါ-ငါ့ဥစ္စာကော (မပါပါဘူး)။ အဲဒါ ဒကာကြွယ် တို့ အစကမပါတာ သိရတော့မှ ဪ ငါတို့ပြင်ဘက် အရူးထတာကိုး ဆိုတာ ပေါ်လာတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အစက မပါဘူးဆိုတာ သေချာပြီမဟုတ်လား။ (သေချာပါပြီ) ဘယ့်နှယ်ကြောင့် ပြင်ဘက် ကျတော့မှ ငါရှိ – သူရှိ ငါမရှိရင် မတော်ဘူး။ ငါရှိမှ သူရှိရမှာ။ သူမရှိရင်လဲ ငါရှိမှ။ ငါရှိရင်လဲ့သူရှိမှ၊ ဒီအိမ်မှာ နှစ်ယောက်အနက် တစ်ယောက်ယောက်တော့ ရှိမှ ငါတွေသူတွေနဲ့ ရှုပ်နေပြီး သကာလ တစ်ယောက်နဲ့ တစ်ယောက်မခွဲနိုင် မခွာနိုင်ဖြစ်နေတယ် (မှန်ပါ)။ စိတ်မချ လက်မချများ ဖြစ်နေလိုက်တာ (မှန်လှပါ)။

ငါဝင်မရောပါစေနှင့်

ငါရှိလို့ရှိရင် မင်းမရှိချင်နေကွာ မင်းသွားချင်တဲ့ဆီ သွား အစရှိသည်နဲ့ ငါသူတွေ ရှုပ်မနေ ဘူးလား (ရှုပ်နေပါတယ်) အဲဒါနဂိုက ပါလာတဲ့ဖြစ်စဉ်ကို သဘောမကျလို့ ငါသူကို အစစ် မှတ်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုယ်လာတဲ့ လမ်းက ဝိဉာဏ်ကအစ ဟုတ်လား (မှန်ပါ) ဝိညာဏ်က မစဘူးလား (စပါတယ်)။ ငါသူတစ်ပါးကော (မပါပါဘူး) နာမ်ရုပ်ထဲမှာကော (မပါပါဘူး) ဒီနာမ်ရုပ် ကလည်း ဘယ်သူ့ကြောင့် ဖြစ်တာပါလိမ့် (ဝိညာဏ်ကြောင့်ပါ ဘုရား) ဒါဖြင့် ဝိညာဏ်ကြောင့်ဖြစ်တာကို ငါ့ဥစ္စာဆိုလို့ကော (မရပါဘူး) ငါ့နာမ် ငါ့ရုပ် ကိုယ်ဆိုလို့ကော (မရပါဘူး) ရှင်းလား (ရှင်းပါပြီ)။

ဒါကြပ်ကြပ် သတိထားပါ၊ ကြပ်ကြပ်သတိထားပါ ဒကာ ဒကာမတို့ (မှန်ပါ)။

နာမ်ရုပ်ကြောင့်သဠာယတန

ကဲ ဒါဖြင့် တရားမဆုံးဘဲနေမှာလည်း စိုးရသေး တယ် ဒကာ ဒကာမတို့၊ နာမ်ရုပ်ဖြစ်ပြီး သကာလ နာမ်ရုပ်တင် ဆိုတော့လည်း မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်က မပါဘဲ ဖြစ်နေတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ) နာမရူပ ပစ္စယာ (သဠာယတနံပါ)။

ဒီကျမှ မျက်စိကလေး ပေါ်လာတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ရုပ်ကလေး။ သဘောကျပြီ လား (ကျပါပြီ)၊ ပြီးတော့ ဟိုဟာဒီဟာသိတဲ့ စိတ်ကလေးပေါ် လာတယ် ခြောက်ခု (မှန်ပါ)။ အခုဆင့်ပြထားတာ ခြောက် ခုမှတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

အခုဆင့်ထားတာ ဘယ်နှခုပါလိမ့် (ခြောက်ခုပါ ဘုရား)။ ကဲရွတ်ပါ နာမရူပ ပစ္စယာ (သဠာယတနံပါ ဘုရား)။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် (မှန်ပါ)။

ယောက်ျားမိန်းမ မပါဘူး

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတော့ ဒီ အထဲမှာလည်း ဒကာ ဒကာမတို့ ယောက်ျား မိန်းမပါရဲ့ လား (မပါပါဘူး)။ ငါ-သူကော (မပါပါဘူး) ငါ-ငါ့ဥစ္စာကော (မပါပါဘူး)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

သူဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာ တွေးစမ်း ဒကာ ဒကာမတို့ (နာမ်ရုပ်ကြောင့် ဖြစ်ပါတယ် ဘုရား) နာမ်ရုပ်ကြောင့်ဖြစ်တော့ နာမ်ရုပ်ကပိုင်တယ်ပေါ့ဗျာ (မှန်ပါ) ငါပိုင်ရဲ့ လား (မပိုင်ပါဘူး)၊ ငါ့ကိုယ်ငါ ပိုင်တယ်ဆိုမလား။ (မပိုင်ပါဘူး) ငါ့မျက်လုံး ငါပိုင်တယ်ဆိုမလား (မဆိုနိုင်ပါဘူး) ငါနား ငါပိုင်တယ်ဆိုမလား (မဆိုနိုင်ပါဘူး)။ ငါ့စိတ် ငါပိုင်တယ်ဆိုမလား (မဆိုနိုင်ပါဘူး)။ ဘယ်ဟုတ်ရမတုံး နာမ်ရုပ်ကြောင့် သဠာယတနံဖြစ်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)၊ သက္ကာယဒိဋ္ဌိ ပြုတ်ပြီလား (ပြုတ်ပါပြီ ဘုရား)။

ဒါဘယ်သူက ပြောလို့ ပြုတ်ပါလိမ့်မတုံးဆိုတော့ ပဋိစ္စ သမုပ္ပာဒ်သိလို့ ပြုတ်တာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘာကြောင့် ပြုတ်ပါလိမ့် (ပဋိစ္စသမုပ္ပာဒ်သိလို့ ပြုတ်တာပါ)၊ အကြောင်းအကျိုးသိလို့ ပြုတ်တာ (မှန်ပါ)။ ရှင်း ပြီလား (ရှင်းပါပြီ)။

သဠာယတနကြောင့် ဖဿ

ကဲ သဠာယတနပစ္စယာဘာတဲ့ (ဖဿပါ ဘုရား) ဖဿဆိုတော့ ဒီကခြောက်မျိုးရှိတော့ ဖဿကလဲ ခြောက်မျိုးပေါ့ ဒကာကြွယ်ရ (မှန်ပါ)၊ စက္ခုသမ္ဖဿ၊ သောတသမ္မဿ၊ ဃာနသမ္ပဿ၊ ဇိဝှသမ္မဿ၊ ကာယသမ္မဿ၊ မနောသမ္မဿလို့ ပေါင်းလိုက်တော့ ဘယ်လောက်ရှိသတုံး (ခြောက်ခုပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။

အတွေ့ခြောက်မျိုး

ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ ကိုယ်၊ စိတ်ကြောင့် အတွေ့ ခြောက်မျိုး ဖြစ်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဖဿပစ္စယာ က (ဝေဒနာပါ ဘုရား) ဒီက ဖဿ က ခြောက်မျိုးဖြစ်ရင် ဝေဒနာကလဲ ခြောက်မျိုးရမယ် (မှန်ပါ) ကျဉ်းလိုက်တော့သာ သုခ၊ ဒုက္ခ၊ ဥပေက္ခာဖြစ်သွားတာ (မှန်ပါ) – သဘော ကျပြီလား (ကျပါပြီ)။

ဒီဝေဒနာတွေဟာ ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်တဲ့ ဝေဒနာလား ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာလား (ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာပါ)။

ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ

ဒကာ ဒကာမတို့က ကျုပ်တို့အိမ် ဂြိုဟ်ဝင်ထင်ပါရဲ့တဲ့၊ ကံမကောင်းအကြောင်းမသင့်တော့ ဝေဒနာတွေများလိုက်တာ တဲ့ (မှန်ပါ) ကျုပ်တို့ အိမ် ဂြိုဟ်ဝင်တယ် ထင်တယ်တဲ့ ပရိတ်ကလေးများ ရွတ်ပါအုံးတဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ။

အခုကြည့်လိုက်တော့ ဝေဒနာဟာ ဘယ်သူ့ကြောင့် ဖြစ်တာတဲ့ (ဖဿကြောင့်ပါ) ဖဿကြောင့် ဖြစ်တဲ့ ဝေဒနာကို ဂြိုဟ်ဝင်လို့ဖြစ်တယ်ထင်နေရင်တော့ သွားပါပြီဗျာ (မှန်ပါ)။ မသွားသေးဘူးလား (သွားပါပြီ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဝေဒနာကြောင့်တာ

ဝေဒနာပစ္စယာ (တဏှာပါ)၊ တဏှာသည် ကား လို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဝေဒနာခံစားတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခ ခံစားတဲ့ ပုဂ္ဂိုလ်လဲ ဒုက္ခဝေဒနာ ခန္ဓာကိုယ်ပေါ်မှာ ရောက်နေ တယ် ဒကာကြွယ် ပျောက်ချင်တဲ့ တဏှာလာတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

သုခဝေဒနာခန္ဓာကိုယ်ထဲမှာ ချမ်းသာတာကလေး ပေါ်လာတော့ သဘောကျတဲ့ တဏှာ လာတယ် (လာပါတယ်)။

ဥပေက္ခာဝေဒနာပေါ်လာတော့ မသိတဲ့ အဝိဇ္ဇာဆိုတဲ့ ကိလေသာတွေကော မလာဘူးလား (လာပါတယ် ဘုရား)

ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ) ဝေဒနာပစ္စယာ (တဏှာပါ)၊ ဟော (တဏှာမလာဘူးလား) (လာပါတယ်) တဏှာလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဥပါဒါန် လာရမယ် (မှန်ပါ) ဥပါဒါန်လေးပါး မလားပေဘူးလား (လာပါတယ်) အဲဒီတော့ ဒီနေ့လေးပါးမချဲ့ပါဘူး (မှန်ပါ)။

ဥပါဒါနပစ္စယာ (ကမ္မဘဝေါ ) စွဲလမ်းတဲ့ ပုဂ္ဂိုလ်ဟာ ကာယကံ ဝစီကံ ဒီဘဝအားထုတ်ပြန်တယ် (မှန်ပါ) အားမထုတ်ဘူးလား (ထုတ်ပါတယ်)။

ပစ္စုပ္ပန်ဘဝဒီရှစ်ခု

ဒါဖြင့် ဝိညာဏ်ကအစ ကမ္မဘဝအဆုံး ဒကာ ဒကာမ တွေ ဒါဟာ ပစ္စုပ္ပန်ဘဝတွေလို့ မှတ်လိုက်ကြပါ (မှန်ပါ) ပစ္စုပ္ပန် ဘဝဒီရှစ်ခုယူတယ် (မှန်ပါ)။

ဒါခင်ဗျားတို့ သဏ္ဌာန်မှာ ဒီရှစ်ခုပဲရှိတယ် (မှန်ပါ) ဒကာကြွယ် ဘယ်နှခုရှိသလဲ (ရှစ်ခုရှိပါတယ်)။ ၊ ဒီဘက် ၁ နဲ့ ၂ ကတော့ ဒကာ ဒကာမတွေ အတိတ် တာလို့ ပြောခဲ့ပြီးသား (မှန်ပါ)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ အတိတ်ဘဝက အကြောင်းတွေ မဟုတ်လား (မှန်ပါ) အတိတ်ဘဝက အကြောင်းကြောင့် ပစ္စုပ္ပန် တရားတွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ ဘယ်နှခုပါလိမ့် (ရှစ်ခုပါ ဘုရား)။

ခန္ဓာကိုယ်ထဲဒါပဲရှိတယ်

ရှစ်ခုပေါ်လာတော့ ရေပြစမ်း (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ) သဘောကျပြီလား (ကျပါပြီ) ဒါခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဒါပဲ ရှိတယ် (မှန်ပါ)။

အဲဒီတော့ ဒီအထဲမှာ ယောက်ျား၊ မိန်းမ၊ ငါသူတစ်ပါး ပါ-မပါ (မပါပါဘူး ဘုရား)။ သေချာပြီလား (သေချာပါပြီ) ငါလုပ်ထားတာတွေကော (မဟုတ်ပါဘူး) သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ပစ္စုပ္ပန်ဘဝမှာ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ပဋိစ္စသမုပ္ပာဒ် ဘယ်နှမျိုး ရှိသတုံး မေးရင် ဘယ့်နှယ်ပြောကြမလဲ (ရှစ်မျိုးပါ ဘုရား)။

ရှေးကမနာဖူးတဲ့တရား

ရှင်းပြီနော် ဒကာကြွယ် (မှန်ပါ) ရှေးအသင်္ချေက မနာဖူးတဲ့ တရားပါပဲ (မှန်ပါ) ဘယ်တော့ နာဖူးကြသတုံး (မနာဖူးပါဘူး ဘုရား) ဒါဖြင့် ကိုယ့်အဖြစ်ကိုယ်မသိဘူးပေါ့ (မသိပါ ဘုရား) ခက်ပြီကော (မှန်ပါ)။

ကိုယ့်အဖြစ်ကိုယ်မသိဘူးဆိုကတည်းက ဒကာ ဒကာမ တွေ အရူးသော်လည်းကောင်း အကန်းသော် လည်းကောင်း ဆိုတာ စွဲချက်တင်ရမယ် (မှန်ပါ) မတင်ရပေဘူးလား (တင်ရပါ တယ်)။

ဒါ့ကြောင့် ဘုရားက ပုထုဇဉ်ဟာ ဥမ္မတ္တက အရူးတဲ့ (မှန်ပါ) အန္ဓပုထုဇဉ် အကန်းတဲ့ (မှန်ပါ)။

ကြည့်စမ်း ကိုယ့်ဖြစ်စဉ် ကိုယ်မသိလို့ ဘုရားက ဘယ်လိုများ စွဲချက်တင်လိုက်သတုံး (အရူးနဲ့ အကန်းပါ ဘုရား)။

အရူးအကန်းပျောက်ပြီ

ကဲ ဒကာကြွယ်တို့ ယနေ့အရူးအကန်း ဘယ့်နှယ် နေသတုံး (ပေါ်ပါပြီ ဘုရား) ပေါ်တာလား ပျောက် တာလား (ပျောက်တာပါ ဘုရား)။ ပေါ်မှာ ကျုပ်က စိုးရိမ်နေလို့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) နဂိုကပေါ်ရတဲ့အထဲ နောက်ထပ်ပေါ်အုံးမယ်ဆိုရင် အရေးကြီးလို့ ထလာတာတွေနဲ့ တူနေမှာပဲ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

ကဲ ပျောက်ပလားလို့ မေးတယ် (ပျောက်ပါပြီ ဘုရား) အံမာ အတော်ပဲ တော်သေးတယ် (မှန်ပါ)။

ဒကာသိုက်ရေ အသက် ခြောက်ဆယ်ကျော်မှ အရူးပျောက်အကန်းပျောက် (မှန်ပါ) ဒီအတိုင်း ကျမနေ ဘူးလား (ကျနေပါတယ် ဘုရား)။

ဒါဟာ ကိုယ့်သန္တာန်ဖြစ်နေတဲ့ဖြစ်စဉ်ကို မသိလို့ ငါသူစွဲနေတာ (မှန်ပါ) ယောက်ျား မိန်းမ စွဲနေတာ (မှန်ပါ) ဒီ အထဲမှာ ဝိညာဏ်နာမ်ရုပ်သဠာယတန ဖဿဝေဒနာတဏှာ ဥပါဒါန်ကံ (မှန်ပါ)။ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ဒကာ ဒကာမတွေ ဒီအထဲမှာ ယောက်ျားမိန်းမပါရဲ့လား (မပါပါဘူး) ငါလုပ်ထားတာတွေကော (မပါပါဘူး)။

အကြောင်းအကျိုးဆက်နေတာ

ကြည့်လေ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်။ ဝိညာဏ်က အလုပ်သမား နာမ်ရုပ်ကအကျိုး (မှန်ပါ)၊ ဝိညာဏ်က အကြောင်း နာမ်ရုပ်ကအကျိုး (မှန်ပါ) နာမ်ရုပ်က အကြောင်းသဠာယတနက (အကျိုးပါ ဘုရား) ငါလုပ်ထား တာ ပါမပါ (မပါ ပါဘူး ဘုရား)။ အကြောင်းအကျိုး ဆက် နေတာပဲ ရှိမယ် (မှန်ပါ)။

ဒါဖြင့် ဒီဥစ္စာသည် ပစ္စုပ္ပန်ဘဝမှာ အံကာ ဒကာမတွေ ဒါပဲလှည့်ဖြစ်နေတာပဲ (မှန်ပါ) တော်တော်ကြာ ဝိညာဏ်ပေါ် နာမ်ရုပ်ပေါ် သဠာယတနပေါ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ကလေးကို ထမင်းခွံ့နေတာ

နောက်တော့ ရက်ပေါင်းများစွာ နာလာတော့မှ ဒီဥစ္စာ ပိုမိုရှင်းမနော် ဒကာ ဒကာမတို့ (မှန်ပါ) အခုဟာက ခင်ဗျားတို့ သိနိုင်လောက်ကလေး ဟိုဒင်းလိုပေါ့ဗျာ ကလေးလေးကို သူနဲ့လိုက်ရုံ ထမင်းခွံ့ နေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာတဲ့ (သူနဲ့လိုက်ရုံထမင်းခွံ့ နေတာပါ) သူ့ ပါးစပ်နဲ့ တော်ရုံထမင်းခွံ့နေတာ (မှန်ပါ) ဒီထက်ပြင်းပြင်း ခွံ့လိုက်လို့ရှိရင် ခင်ဗျားတို့ ပါးစပ်ပေါက်ပိတ်ပြီး သီးပြီးလာမှာ စိုးလို့ (မှန်ပါ)။ သီးလာမှာ စိုးတဲ့အတွက် လျှော့ထားတာဗျ (မှန်ပါ) ခင်ဗျားတို့ အသိကုန်တယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ)။

ပြတ်အောင်း၊ ပြတ်တောင်း လုပ်မနေနဲ့ဦး

ဒကာကြွယ် ပြတ်တောင်းပြတ်တောင်းလုပ်မနေနဲ့ဦး (မှန်ပါ) ပြတ်တောင်းပြတ်တောင်း လုပ်နေရင် ကလေးဘဝက – မပျောက်ဘဲနေအုံးမယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ-ဒါဖြင့် ပစ္စုပ္ပန်ဘဝ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ ဘယ်နှခု ရှိသတုံး (ရှစ်ခုပါ ဘုရား) ဒါရှိနေတာပဲ ဆိုတာ သဘော ကျပြီလား (ကျပါပြီ)။

တစ်နေ့မှာ တစ်နာရီသော်လည်း ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာတဏှာ ဥပါဒါန်ကံ (မှန်ပါ)။

နောက်တစ်နာရီမှာတော့ ဒီအတိုင်းပဲ (မှန်ပါ) နောက်တစ် စက္ကန့်မှာကော (ဒီအတိုင်းပါ ဘုရား)။

ဒါဖြင့် ဒါတွေသာ လှည့်ဖြစ်နေတယ်ဆိုတော့ ဘယ်မှာ တုံး မိန်းမယောက်ျား ငါသူတစ်ပါး ငါ့ဟာ ငါ့ဥစ္စာ ပါသေးရဲ့ လား (မပါပါဘူး ဘုရား) ကောင်းပြီ ဒါဘယ် ဘဝပါလိမ့် (ပစ္စုပ္ပန်ဘဝပါ ဘုရား)။ ပစ္စုပ္ပန်ဘဝမှာ ပဋိစ္စသမုပ္ပာဒ် ဘယ်နှ မျိုးပါလိမ့် (ရှစ်မျိုးပါ ဘုရား)။

ကိုင်း ပစ္စုပ္ပန်ဘဝကနေပြီး ခင်ဗျားတို့က ကာယကံ ဝစီကံတွေ လုပ်လိုက်တဲ့အတွက် ကံဆိုတာ အကျိုးပေးရမယ်။ အနာဂတ်ဘဝဇာတိ။ မလာဘူးလား (လာပါတယ်) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာမရဏ ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီ အခုနောက်ပြတဲ့ သုံးခုက ခင်ဗျားတို့ အနာဂတ် ဒုက္ခပေါ်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီနှစ်ခု ဘာပါလိမ့် (အတိတ်ဘဝပါ) အလယ် ရှစ်ခုက (ပစ္စုပ္ပန်ဘဝပါ)။ နောက်နှစ်ခုက (အနာဂတ် ဘဝပါ)။

ပဋိစ္စသမုပ္ပာဒ်ဆိုတာ၊ ဘဝသုံးခုဆက်ပြတာ

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ဆိုတာ ဒကာ ဒကာမတို့ ဘဝ ဘယ်နှခု ဆက်ပြတာတုံး (သုံးခုပါ)။

အဲဒါခင်ဗျားတို့က ဒီလိုဖြစ်ရပါလို၏ ဒီလိုဖြစ်ရ ၊ ပါလို၏ (မှန်ပါ) သွားပကောဗျာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

မသိဘဲနဲ့ လုပ်လေလေ ဒီအဆက်ကြီးနဲ့ ဆက်ရပါလို၏ ဆိုတဲ့ဆုနဲ့ ပြည့်လေလေကျမှာပဲ (မှန်ပါ) စင်စစ်တော့ ဒီဥစ္စာကြီး ပြတ်ရအောင်လို့ ဘုရားက ဒီလိုဖြစ်တယ်ကွ ဖြတ်လို့ ဆိုပြီး ဘုရားက လာတာ (မှန်ပါ ဘုရား)။

ခင်ဗျားတို့ ရွတ်ရင်းမတ္တနဲ့များ၊ ဒီလိုပြတ်ရပါလို၏လို့များ ပါရဲ့ လား (မပါပါဘူး) ဟာ ဒါဖြင့် ယောသကသူဌေးလို စာသွားပေးတာပဲ (မှန်ပါ)။ ဃောသက သူဌေးဟာ သူ့သတ် ခိုင်းတဲ့ စာကို သူကိုယ်တိုင်သွားပေးတယ် (မှန်ပါ) သေသေ ချာချာ နစ်နာတာပဲ (မှန်ပါ)။

ဦးလှဖူး ဒါဟာ ဖြစ်စဉ်ကော ကိုက်ပါရဲ့ လား (ကိုက်ပါ တယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်တို့ အားလုံးသော ဒကာ ဒကာမ တို့ လူမဖြစ်သေးဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒီဘက်က အဝိဇ္ဇာနဲ့ သင်္ခါရက ဘယ်ဘဝပါလိမ့် (အတိတ်ဘဝပါ) ဝိညာဏ်အစ ကမ္မဘဝ အဆုံးက (ပစ္စုပ္ပန်ဘဝပါ) ပစ္စုပ္ပန်ဆိုတာ ယခုခင်ဗျားတို့ ခန္ဓာကိုယ်ကို ဆိုတယ် (မှန်ပါ) ဇာတိ၊ ဇရာ၊ မရဏက (အနာဂတ်ဘဝပါ)။

ပစ္စုပ္ပန်ရှစ်ခုထဲမှာ ဝိပဿနာရှုရမယ်

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဒကာကြွယ်တို့ ဒကာသိုက်တို့ မှတ်ထားပါ ဒီပစ္စုပ္ပန်ရှစ်ခုထဲမှာ ရှုရမယ် (မှန်ပါ) ဟိုဘက်အတိတ်ကိုလည်း မရှုနဲ့ (မှန်ပါ) ဟိုဟာ အနာဂတ်တွေကော (မရှုရပါဘူး) အတိတ်ကလည်းလွန်ပြီးသားဖြစ်လို့ ရှိသေး ရဲ့လား (မရှိပါဘူး) ဒါကလည်း မရောက်သေးလို့ ရှိသေး ရဲ့လား (မရှိပါဘူး) ဒါဖြင့် ဒီရှစ်ခုထဲမှာသာလျှင် ခင်ဗျားတို့ ခန္ဓာကိုယ် (မှန်ပါ) ဒီအထဲမှာပဲ ရှုရမယ် (မှန်ပါ) တခြားထဲမှာ ရှုရင် (မရပါဘူး) သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဝိပဿနာရှုဖို့ ခန္ဓာတော့ဖြင့် ဒကာကြွယ် စတွေ့ပြီ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ အလယ်ရှစ်ခုက ဘာခန္ဓာတုံး (ပစ္စုပ္ပန်ခန္ဓာပါ) ပစ္စုပ္ပန်ခန္ဓာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ။)

တရားနာနေချိန် တဏှာဥပါဒါန်ကံချုပ်တယ်

ပစ္စုပ္ပန်ခန္ဓာထဲမှာပဲ အခုလို တရားနာနေတဲ့ ဒကာ ဒကာမတွေ ရှင်းပြပါမယ်၊ တရားနာနေတဲ့ ဒကာ ဒကာမတွေ ကျတော့ ဝိညာဏ်နာမ်ရုပ် သဠာယတနဖဿဝေဒနာ ဟုတ်လား (မှန်ပါ) အဲဒီ ဝိညာဏ်,နာမ်ရုပ် သဠာယတန,ဖဿ, ဝေဒနာဆိုတဲ့ နောက်က တရားနာနေတဲ့ ကုသိုလ်က တားလိုက်တယ်။ တဏှာ ဥပါဒါန်ကံ ချုပ်သွားတယ် (မှန်ပါ)။

တရားနာနေတဲ့ ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပာဒ် ဘယ်နှမျိုး ဖြစ်နိုင်သလဲ (ငါးမျိုးပါ ဘုရား) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပြီးတော့ တရားနာတဲ့ ဝိပဿနာကုသိုလ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒီကုသိုလ်ဖြစ်တော့ ဒကာကြွယ် ဝေဒနာကနေပြီး တဏှာဆက်သေးရဲ့ လား (မဆက်ပါဘူး) ဝေဒနာကနေပြီး တစ်ခါတည်း တရားနာတဲ့ ကုသိုလ် ဆက်သွားတယ် (မှန်ပါ) အဲဒီတော့ တဏှာ ဥပါဒါန် ကံတွေ မချုပ်ဘူးလား (ချုပ်ပါ တယ် ဘုရား) ချုပ်တော့ အနာဂတ်ဖြစ်တဲ့ဘဝ လာသေးရဲ့ လား (မလာပါဘူး)။

တရားနာနေခိုက် (၅) မျိုး

ဒါဖြင့် တရားနာနေတဲ့ အခိုက်အတန့်မှာ ခင်ဗျားတို့ သန္တာန် ပဋိစ္စသမုပ္ပာဒ် ဘယ်နှမျိုး ဖြစ်နိုင်သလဲ (ငါးမျိုးပါ) မနာရင် (ရှစ်မျိုးဖြစ်နိုင်ပါတယ်) သွားပြီပေါ့ဗျာ (မှန်ပါ)။

အဲဒါ ဘယ်သူ့မှ ဗေဒင် မေးမနေနဲ့ ဒီအတိုင်းသာ လိုက်ကြည့် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

တရားမနာရင် (၈) မျိုး

ကဲ အိမ်မှာ ခင်ဗျားတို့ သားနဲ့သမီးနဲ့ ပြုံးတဲ့ အချိန်မှာ ဘယ်နှမျိုး ဖြစ်သလဲ (ရှစ်မျိုး ဖြစ်ပါတယ်) သွားပြီ အဲဒါ အပြုံးကောင်းလား အပြုံးဆိုးလား (အပြုံးဆိုးပါ ဘုရား)။

အိမ်မှာ ကိုယ့်ရှိတဲ့ ပစ္စည်းကလေးကို လျော့ပါးသွားမှာ စိုးရိမ်လို့ လည်းကောင်း ဟုတ်လား (မှန်ပါ) တိုးတက်လာအောင် လုပ်နေတဲ့အချိန်မှာ ဘယ်နှမျိုး ဖြစ်သတုံး (ရှစ်မျိုး ဖြစ်ပါတယ် ဘုရား) လျော့ပါးတာ စိုးရိမ်ရင်ကော (ရှစ်မျိုးပါပဲ) တိုးပွားတာ ဝမ်းသာရင် (ရှစ်မျိုးပါပဲ)။

အနာဂတ်အကျိုးလာရမယ်

ရှစ်မျိုးဖြစ်တော့ကို ဒကာ ဒကာမတို့ တဏှာဥပါဒါန်ကံ ပါမလာဘူးလား (လာပါတယ်) အဲဒါက အနာဂတ် အကြောင်းလို့ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ်) အဲဒီ အကြောင်းကို လုပ်နေတဲ့အတွက် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိဇရာ မရဏ လာရမယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်တွေဟာ အင်မတန် မဆိုးဘူးလား (ဆိုးပါတယ်)။

မျက်လုံးဖွင့်လိုက် ပဋိစ္စသမုပ္ပာဒ် ဘယ်နှမျိုး ဖြစ်သတုံး (ရှစ်မျိုးပါ) နားထောင်လိုက် (ရှစ်မျိုးပါ) ရှစ်မျိုးက ဘယ်သူ ဘယ်သူပါလိမ့် (ဝိညာဏ်အစ ကမ္မဘဝ ထိအောင်ပါ) သွားပြီ တဏှာဥပါဒါန်ကံက ပါပါ မနေဘူးလား (မှန်ပါ)။ မျက်လုံး ဖွင့်လိုက်ရင်လဲ တဏှာ ဥပါဒါန်ကံ ရောက်အောင်သွားတာပဲ။ နားထောင်လိုက်ရင်ကော (တဏှာဥပါဒါန်ကံ ရောက်အောင် သွားပါတယ်)။

ဒါဖြင့် ဒါက ဘယ်အကြောင်းတဲ့ဗျာ (အနာဂတ် အကြောင်းပါ) အနာဂတ်အကြောင်းလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အနာဂတ်အကျိုးရမရ (ရပါတယ် ဘုရား)။

အိမ်မှာနေတာ ဘာအပြစ်ရှိသတုံး

ဒါဖြင့် ခင်ဗျားတို့အိမ်မှာ နေတာ တပည့်တော် ဘာပြစ် ရှိသတုံးလို့ မမေးနဲ့တော့ တပည့်တော် သည်ကားလို့ ဆိုရင် အနာဂတ် အကြောင်း လုပ်နေတယ်လို့ ဖြေချပါ (မှန်ပါ)။ ရှင်းပြီလား။

ဝိပဿနာလက်လွှတ်တဲ့ ပုဂ္ဂိုလ် ဘာလုပ်နေပါလိမ့် (အနာဂတ်အကြောင်း လုပ်နေပါတယ်) အနာဂတ်အကြောင်း လုပ်တော့ သေသည်၏ အခြားမဲ့၌ အနာဂတ်အကျိုး မလာ ဘူးလား (လာပါတယ်) တဏှာဥပါဒါန်ကံ လုပ်ထားပြီ။ ဟောဇာတိလာမယ် (မှန်ပါ) မလာဘူးလား (လာပါတယ်) ဇရာမရဏကော မလာဘူးလား (လာပါတယ်)။

သီလစခန်းနဲ့ ကာကွယ်နေသော

အဲဒီတော့ ကျုပ်တော့ အိမ်မှာ ကောင်းကောင်းမွန်မွန် တော့နေတာပါပဲ။ သူက လိမ်လဲ မလိမ်ပါဘူး၊ ကောက်လဲ မကောက်ပါဘူး အစရှိသည်နဲ့ သီလစခန်းနဲ့ ကာကွယ်နေတယ် (မှန်ပါ) ဝိပဿနာစခန်းကမှ ဒယ်အိုးမကျအောင် လုပ်နိုင် တယ်လို့ ပြောထားတာ (မှန်ပါ) မပြောဘူးလား (ပြောပါတယ်)။

ကိုင်း တရားမနာ၊ တရားအားမထုတ်ရင် ပဋိစ္စသမုပ္ပာဒ် ဘယ်နှမျိုးတုံး (ရှစ်မျိုးပါ) တရားအားထုတ်ရင် (ငါးမျိုး ပါ ဘုရား)။

ငါနေတာ အနေကောင်းလား အနေဆိုးလား

ဒါဖြင့် ဒကာ ဒကာမတို့ သူများပြောလား ဉာဏ်တွေ့ လား (ဉာဏ်တွေ့ပါ ဘုရား) ကိုယ့်ဟာကိုယ် အိမ်ကျ တော့ချကြည့်ပါဦး၊ (မှန်ပါ) ဪ ငါနေတာ အနေကောင်းပဲ လား အနေဆိုးပဲလား မပေါ်၊ လာသေးဘူးလား (ပေါ်လာ ပါပြီ)။

ပေါ်လာတဲ့အခါကျတော့ ကိုယ့်သန္တာန်ကိုယ့်ဖြစ်ပျက် အားထုတ်နေရင် ပဋိစ္စသမုပ္ပာဒ် ငါးမျိုးလာတယ် (မှန်ပါ) ဖြစ်ပျက်အားမထုတ်ဘူးဆိုရင်ဖြင့် (ရှစ်မျိုးပါ ဘုရား) ရှစ်မျိုးဖြစ်တဲ့ အခါကျတော့ ဖြတ်လို့ရသေးရဲ့ လား (မရပါဘူး) သဘောကျ ပြီလား (ကျပါပြီ)။

ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။