ပြုံးပြီးအားထုတ်ကြပါ အဖိုးတန်လွန်းလို့ ပြောနေတာ
အသံဖိုင်ခေါင်းစဉ်= ပဋ္ဌာန်းနည်း၊ ပဋိစ္စသမုပါဒ်နည်း သစ္စာနည်းတို့ဖြင့် ဒုက္ခသစ္စာကို ထင်အောင်ဟောပုံ
စာအုပ်ခေါင်းစဉ်= ပြုံးပြီးအားထုတ်ကြပါ အဖိုးတန်လွန်းလို့ ပြောနေတာ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားဆုံးမတော်မူသော တရားတော်
ပြုံးပြီးအားထုတ်ကြပါ အဖိုးတန်လွန်းလို့ ပြောနေတာ
(၁၄-၁၀-၆၁)
ဒိဋ္ဌိဆိုတဲ့ဥစ္စာက ဒကာကြွယ်တို့ မှတ်စရာက သူစွဲချင်တဲ့ နေရာစွဲပြီး ယူချင်တဲ့နေရာ ယူနေတာပဲ (မှန်လှပါ ဘုရား)။ ခိုင်တယ်၊ မြဲတယ် အမျိုးမျိုးအဖုံဖုံ ယူချင်ယူပြီး သကာလ နေတော့၊ ဒိဋ္ဌိဆိုတဲ့ တရားက သေသေချာချာ မှတ်တော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မှ ကန့်ကွက်တယ် (မှန်ပါ့) နတ်ရွာသုဂတိ မကန့်ကွက်ပါဘူး (မှန်ပါ့)။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တော့ ဘာတုံး (ကန့်ကွက် ပါတယ် ဘုရား) နတ်ရွာသုဂတိကျတော့ (မကန့်ကွက်ပါ ဘုရား)။
ဪ ဒါဖြင့် သူ့ဟာက အရေးမကြီးတဲ့ နေရာကျ တော့ သူတော်အောင်ပဲ အကျိုးပေး ခိုင်းတယ် (မှန်ပါ့) အရေးကြီးတဲ့ နေရာကျတော့ ကန့်ကွက်တယ် (မှန်ပါ့ ဘုရား) ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီပြင်ဟာထက် သူ အရေးကြီးတော့တယ် ဆိုတဲ့ဥစ္စာ ဒကာကြွယ် , ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
တဏှာနဲ့ဒိဋ္ဌိဘယ်ဟာအရင်ခွာရမယ်
တဏှာခွာမှုနဲ့ ဒိဋ္ဌိခွာမှုသည် ဒကာ ဒကာမတို့ ဒိဋ္ဌိရှေ့ထား၊ တဏှာနောက်မှ ခွာပါ (မှန်ပါ့)။
တဏှာနဲ့ ဒိဋ္ဌိ ဘယ်ဟာ အရင်ခွာကြမယ် (ဒိဋ္ဌိအရင် ခွာကြပါမယ် ဘုရား) ဒိဋ္ဌိအရင်ခွာရမယ် (မှန်ပါ့)။
ဒိဋ္ဌိ အရင်ခွာလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒိဋ္ဌိက ဒကာ ဒကာမတို့ ဘယ်မှာ ကပ်နေသတုံးလို့ မေးလို့ ရှိရင်ဖြင့် ခန္ဓာပေါ်မှာ အထင်လွဲ၊ အမြင်လွဲ၊ အယူမှား အဖြစ်နဲ့ ကပ်နေပါတယ် (မှန်ပါ့)။
အဲဒီတော့ အခု တာ ရမှာက မဟာတဏှာ သင်္ခယသုတ် ဆိုတော့ သာတိရဟန်းကို အကြောင်း ပြုပြီး ဘုရားက ဟောရတယ် (မှန်ပါ့)။
သာတိရဟန်းက ဘယ်လို ယူထားသတုံး လို့ မေးတဲ့ အခါကျလို့ ရှိ ရင် ဖြင့် မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဇာတ်ကြီးဆယ်ဘွဲ့ ဟောလိုက်တယ် (မှန်ပါ့)။
သူဖြစ်ခဲ့ပုံတွေ ဇာတ်ကြီးဆယ်ဘွဲ့ ဟောလိုက်တဲ့ အခါကျတော့၊ သူယူလိုက်တာက တရား နာရင်း မတ္တနဲ့ ဗွေဖောက်ပြီး သကာလ၊ ခန္ဓာငါးပါး ရှိသည့် အနက်က ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဟာတော့ဖြင့် တစ်ဘဝ၊ တစ်ဘဝမှာ ချုပ်ပျောက် ပျက်စီးပြီး နေရစ်တယ် (မှန်ပါ)။
ဝိညာဏက္ခန္ဓာ ဆိုတဲ့ ဓမ္မကတော့ဖြင့် လူတစ်ယောက် ဒီဝမ်းထဲမှာ မကောင်းလို့ သူက နတ်ဝမ်းထဲ ပြောင်းလိုက်တယ် (မှန်ပါ့ ဘုရား) ဗြဟ္မာဝမ်းထဲ ပြောင်းလိုက် (မှန်ပါ့) ဆိုတော့ အားလုံး ဒကာ ဒကာမတွေ သူက မသေဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဝိညာဏ်ပြောင်းတယ်လို့ယူတယ်
မသေတာကို သေသေချာချာ သူသည်ကားလို့ ဆိုရင် ယူထားတော့ ဒါ့ကြောင့် ဇာတ်ကြီး ဆယ်ဘွဲ့မှာ ဝိညာဏ် ပြောင်း တယ် (မှန်ပါ ဘုရား)။
ဇာတ်ကြီးဆယ်ဘွဲ့ မှာ (ဝိညာဏ် ပြောင်းပါတယ် ဘုရား) ဝိညာဏ် ပြောင်းတယ်လို့ ဤကဲ့သို့ ယူလိုက်တဲ့ အတွက် ဝိညာဏ် မသေဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်မလဲတဲ့ (ဝိညာဏ် မသေပါတဲ့ ဘုရား) ဝိညာဏ်မသေဘူးလို့ သာတိယူတယ် လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဘုရားကဘယ်ဝိညာဏ်မဆို အနိစ္စလို့ဟောတယ်
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကလဲ ဟောထားတာက ဝိညာဏံ အနိစ္စ (မှန်ပါ့) ဝိညာဏံ ဘယ်ဝိညာဏ် မဆို အနိစ္စံ အနိစ္စပဲကွ (မှန်ပါ့ ဘုရား)။
ဒီနေရာဖြစ်ရင် ဒီနေရာပဲပျောက်ပြီး တခြားနေရာ မပြောင်းနိုင်ဘူးလို့ ဟောထားတယ် (မှန်ပါ့) သူကတော့ဖြင့် ဘယ်တော့မှ မသေဘူး၊ ဝိညာဏ်ဟာ ဒီအထည် မကောင်းလို့ ဟိုအထည် ပြောင်းဝတ်သလို (မှန်လှပါ)
ဒကာ ဒကာမတို့ သိတဲ့ အတိုင်းတဲ့ ဒီဝိညာဏ်ကလေးဟာက ဒီခန္ဓာကိုယ်ကြီးက နေလို့ ထိုင်လို့ မကောင်းတော့ဘူး ဆိုရင်၊ ဒီဝိညာဏ် ဆိုတဲ့ အသက် ကလေးဟာက တစ်ပါးသော နတ်ပြည် ပြောင်းလိုက်၊ ဗြဟ္မာပြည် ပြောင်းလိုက်၊ တိရစ္ဆာန် ဘုံပြောင်းလိုက် ဒကာကြွယ် အမျိုးမျိုး ပြောင်းတယ် လို့ သူယူထားတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ အားလုံး ဒကာဒကာမတွေက ဆုံးဖြတ်ချက် ချတာပေါ့၊ ဝိညာဏ် အပေါ်မှာ သူ ဘာဒိဋ္ဌိ ယူထားသလဲ (သဿတဒိဋ္ဌိ ယူထားပါတယ် ဘုရား)။
ဘုရားက ဝိညာဏံ အနိစ္စလို့ ဟောတယ် (မှန်ပါ့) စက္ခုဝိညာဏံ အနိစ္စံ၊ သောတဝိညာဏံ အနိစ္စံ (လ) မနော ဝိညာဏံ အနိစ္စံ လို့ ဘုရားက အနိစ္စတရားတွေလို့ ဟောတယ် (မှန်ပါ့ ဘုရား)။
သူ့ကို နိစ္စယူတော့ သဿတဒိဋ္ဌိဖြစ်သွားတယ်
သူက အနိစ္စ မဟုတ်ဘူး၊ နိစ္စလို့ ယူပစ်လိုက်တဲ့ အတွက် သဿတဒိဋ္ဌိ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့ဖြင့် ဒီအယူ ဖျောက်ကြမှပဲ (မှန်ပါ့ ဘုရား)။
ဒီအယူ ဘာလုပ်ကြရမယ် (ဖျောက်ရပါမယ် ဘုရား) ဖျောက်ရမယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီအယူရှိရင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မရနိုင်ဘူး
ဒီအယူ မဖျောက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် သဿတဒိဋ္ဌိ ခံနေတဲ့ အတွက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရနိုင်ဘူး (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို (မရနိုင်ပါ ဘုရား) မရနိုင်ဘူး ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချတော့မှ၊ ေဩာ် ဒီအရေးဟာ ဆရာဘုန်းကြီး ပြောမည့် အရေးသည်၊ ဒို့ဝိညာဏ် နားလည်အောင် လုပ်ထားဖို့ အရေးဟာလည်း ဒို့ဒိဋ္ဌိခွာတဲ့ အရေး ပါလား (မှန်ပါ့ ဘုရား) ဆိုတော့ ဝိညဏ်ကို ယနေ့ ရှင်းပြမယ် (မှန်ပါ့ ဘုရား)။
ဝိညာဏ်ခြောက်မျိုးရှိတယ်
ဝိညာဏ် ရှင်းပြတော့မယ် ဆိုတော့ ဝိညာဏ်သည် ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ ခြောက်မျိုး ရှိတယ် (မှန်ပါ့) မျက်လုံးထဲမှာ အဆင်းတွေ မြင်တာလည်း ဝိညာဏ်ပဲ (မှန်ပါ့) နားထဲမှာ ကြားတာ လည်း (ဝိညာဏ်ပါ ဘုရား) နှာခေါင်ထဲမှာ ရှူတာ၊ ရှိုက်တာလည်း (ဝိညာဏ်ပါ ဘုရား)။
လျှာပေါ်မှာ စားတာရော – (ဝိညာဏ်ပါ ဘုရား) ကိုယ်ပေါ်မှာ ယားတာရော (ဝိညာဏ်ပါ ဘုရား) ကာယ ဝိညာဏ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဝမ်းထဲမှာ ခင်ဗျား ကြံတွေးဆနေတဲ့ စိတ်ကလေးတွေ ဟာ ရော (ဝိညာဏ်ပါ ဘုရား) မနောဝိညာဏ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဝိညာဏ် ဘယ်နှစ်မျိုးရှိပါလိမ့် (ခြောက်မျိုး ရှိပါတယ် ဘုရား)။
အဲဒီ ဝိညာဏ်တွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဝိညာဏ်တော့ ခြောက်မျိုးရှိပြီ၊ ဘယ်လို ဖြစ်၍ ဘယ်လို ပျက်ပါလိမ့်မလဲ ဆိုတာလည်း သိဖို့ အရေး လိုသေးတယ် (မှန်ပါ့ ဘုရား)။
ဝိညာဏ်ဟာ မရွှေ့ဘူး ဖြစ်တဲ့နေရာမှာပျက်တယ်
သိဖို့အရေးလိုသေးတော့ ဒီဝိညာဏ်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ေဩာ် ဝိညာဏ်ဟာ မရွှေ့ဘူး ဆိုတာကို သိဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
ဝိညာဏ်မရွှေ့ဘူး ဆိုတာ သိလိုက်တော့ ေဩာ် ဝိညာဏ်ဟာ သူဖြစ်နေတဲ့ နေရာမှာ သူပျက်တယ်၊ တခြားမရွေ့ နိုင်ဘူး ဆိုသဖြင့် သဿတဒိဋ္ဌိ လွတ်သွားတယ် (မှန်ပါ့ ဘုရား)။
ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိက (လွတ်သွားပါမယ် ဘုရား) လွတ်သွားမယ် ဆိုတော့ အင်မတန် အဖိုးတန်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပိတ်ဆီးနေတဲ့ ဒိဋ္ဌိ အမိုက်အမဲကြီးကို၊ ငါတို့ ယနေ့ ဆုံရှင်း လိုက်ရလို့ ရှိရင်ဖြင့်၊ သူ့ရှင်းပြီးမှ ဝိပဿနာ ရှုရင်ဖြင့် ဒိဋ္ဌိ အကာအကွယ်တွေ ပွင့်သွားပြီး၊ နိဗ္ဗာန်တည်း ဟူသော ချမ်းသာရာ အေးချမ်းရာ မသေရာကို ငါတို့မြင်ရတော့မယ်လို့ ဆိုပြီး စိတ်ထဲ ဝမ်းမြောက်ကြ (မှန်ပါ့ ဘုရား)။
မအို-မသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီးကို ဒိဋ္ဌိတည်း ဟူသော အမိုက်အမဲ မှောင်ကြီးက ဒကာသစ် ဖုံးအုပ်နေတယ် – (မှန်လှ ပါ ဘုရား)။
အဲဒါ ဉာဏ်မျက်စိက မထိုးဖောက်နိုင်ဘူး ဆိုတဲ့ဥစ္စာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဘယ်မှာပဲ အားထုတ် အားထုတ် တရား အားထုတ်ကြလို့၊ ကိုယ့်အရေး ကိုယ့်ကို ကယ်တင်တဲ့ အလုပ်ကို ကိုယ့်ဝိပဿနာ အလုပ် ကိုယ်လုပ်ကြတော့မယ် ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဆရာသမား မှီဝဲလွဲမှာ အင်မတန် စိုးရိမ်ရ တယ် (စိုးရိမ်ရပါတယ် ဘုရား)။
ဆရာလွဲမှာစိုးရိမ်တယ်
ဆရာသမား မှီဝဲလွဲမှာကို အင်မတန် စိုးရိမ်ရတယ်လို့ ဘယ့်နှယ်ကြောင့် ထုတ်ဖော် ပြောရပါလိမ့်မလဲလို့ ဦးဗထွေးတို့ မေးလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ဦးသန်းမောင်တို့က မေးတဲ့အခါကျတော့ ဒိဋ္ဌိမခွာဘဲနဲ့ မင့်ခန္ဓာထဲကွာ ဝေဒနာကလေးတွေ ရှိသားပဲ၊ ဝေဒနာရှုကွ၊ စိတ်ကလေးတွေ ရှိသားနဲ့ စိတ်တွေ ရှုကွ၊ ရုပ်တွေ ရှုကွ၊ ဦးမာဒင် ဒီလိုခိုင်းရုံနဲ့၊ ဒီလို ဉာတပရိညာ သိမှုနဲ့ ဆရာက ရှင်းမပေးဘဲနဲ့ ရှုခဲ့သော် တဲ့၊ ဘယ်လောက်ပင်ရှုရှု ကုသိုလ်သာ ရ၍ နိဗ္ဗာန် မရဘူး (မှန်ပါ့ ဘုရား)။
ကုသိုလ်တော့ရပါတယ်၊ နိဗ္ဗာန်မရပါ
ကုသိုလ်တော့ (ရပါတယ် ဘုရား) နိဗ္ဗာန်ကျတော့ (မရပါ ဘုရား) ေဩာ် ဒါဖြင့် ဒီအရေးသည် ဒကာ ဒကာမ တို့ ဝိပဿနာ မလုပ်မီ ရှင်းလင်းရမည့် (၁) နံပါတ်အရေးပါ ကလား ဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။
ဒါအလုပ်စဉ်မှာဖြင့် အားလုံးသော ဒကာ ဒကာမတွေ မှတ်စမ်းပါ၊ သူ့ရှင်းပြီးမှ အားထုတ်ရမယ် (မှန်ပါ့ ဘုရား) သူ့မရှင်းဘဲနဲ့ အားထုတ်လို့ရှိရင် သူက တစ်ခါတည်း နိဗ္ဗာန် မဂ်ဖိုလ် လာတားတာပဲ – (တားပါတယ် ဘုရား) သဘောပါကြပလား၊ (ပါပါပြီ)။
ဒါ ဒီဒိဋ္ဌိလောက် ကျုပ်တို့ ခင်ဗျားတို့မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကန့်ကွက်တာဖြင့် မရှိတော့ဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိခွာမှုအရင်လုပ်မှအလုပ်စဉ်တည့်တယ်
ကဲ ဒါဖြင့် တရား အားထုတ်တော့မယ်ဆို ဒကာ ဒကာမတို့ အရင်ပဲ ရှူရှိုက်မှု လုပ်မလား၊ ဒိဋ္ဌိခွာမှုကို အရင်လုပ် မလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒိဋ္ဌိခွာမှု အရင်လုပ်ရမှာ ပါ ဘုရား)။
ဒိပြင်ဟာ နောက်မှလုပ်ပါ (မှန်ပါ့) အလုပ်စဉ် မတည့်လို့ ပြောရပါတယ် (မှန်ပါ့) အလုပ်စဉ် မတည့်လို့ ပြော ရပါတယ်လို့ ဦးလှဘူး သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဒိဋ္ဌိကိုအရင်ခွာမှုသည် ဒကာ ဒကာမတို့ (၁) နံပါတ် အရေးကြီးတဲ့အတွက် ဒိဋ္ဌိက ဘယ်အပေါ်မှာ စွဲနေသတုံး လို့ မေးတဲ့ အခါကျတော့ ခန္ဓာပေါ်မှာ စွဲတယ် (မှန်ပါ့)။
ဒီနေ့ ဟောရမည့် တရားက ခန္ဓာငါးပါးအပေါ်မှာ သာတိဆိုတဲ့ တံငါသည်ရဲ့ သား သာတိက မစွဲပါဘူး (မှန်ပါ့) ဝိညာဏ် အပေါ်မှာ သွားစွဲနေတယ် (မှန်ပါ့)။
ဝိညာဏ် အပေါ်မှာ စွဲနေတော့ ဒကာ ဒကာမတို့ ဝိညာဏ် မပြောင်းတာကို ကျုပ်တို့က သိဖို့ အရေးကြီးတယ် (မှန်ပါ့) သူက ယူထားတာက ဦးမာဒင် ဝိညာဏ် ပြောင်းတယ်တဲ့ (မှန်ပါ့) ဒီဝမ်းခေါင်း မကောင်းလို့ ဟိုဝမ်းခေါင်း ပြောင်းတယ် (မှန်ပါ့) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။
ဝိညာဏ်ဆိုတာစိတ်
သဿတဒိဋ္ဌိ ဆိုတော့ ကဲ ဒါဖြင့် ဝိညာဏ် ဆိုတာ လည်း ထူးထူးလည်လည် ဒကာ ဒကာမ တွေက တခြား မှတ်မနေ ပါနဲ့ ခင်ဗျားတို့ စိတ်လို့ မှတ်လိုက် (မှန်ပါ့)။
ဝိညာဏ်မသိမှာစိုးတော့ ဘယ့်နှယ်မှတ်ကြမယ် (စိတ်ပါ ဘုရား) စိတ်ဝိညာဏ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (စိတ်ဝိညာဏ်ပါ ဘုရား)။
နေရာကျပြီ၊ နေရာကျပြီ၊ ဪ ဒီစိတ်ကလေးကို ဝိညာဏ်ထားတာကိုး၊ စာလိုသုံးတော့ ဝိညာဏ် (မှန်ပါ့)
မြန်မာလို သုံးတော့ စိတ်ကလေးပါလားဆိုတာ မှတ်ထားတော့ ဦးသန်းမောင်တို့ (ရှင်းသွားပါပြီ ဘုရား)။
ဒါဖြင့် စိတ်ဘယ်နှစ်မျိုး ရှိသတုံးလို့ မေးလို့ရှိရင်ဖြင့် မြင်စိတ် ဘုရာ့ (မှန်ပါ့) ဒါလည်း မြင်စိတ်ဟာ ဝိညာဏ်ပဲ (မှန်ပါ့) ၊ ကြားစိတ် (ဝိညာဏ်ပါ) နံစိတ် (ဝိညာဏ်ပါ) စားစိတ် (ဝိညာဏ်ပါ) ကောင်းတဲ့ စိတ်တွေလည်း ဝိညာဏ်တွေပဲ (မှန်ပါ) ကြံစိတ်၊ စည်စိတ်၊ တွေးစိတ် (ဝိညာဏ်ပါ) ေဩာ် ဒါကြောင့် ဝိညာဏဓာတ် ခြောက်ပါး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဝိညာဏဓာတ် (ခြောက်ပါးပါ) အေး ဝိညာဏ ဓာတ် ခြောက်ပါးကို ဟောရတော့မယ် ဆိုတာ မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)။
မျက်လုံးဝိညာဏ်
ကိုင်း ဒါဖြင့် မျက်လုံးဝိညာဏ် ပြောကြပါစို့ (မှန်ပါ့) မျက်လုံးဝိညာဏ် ဆိုတော့ ဒကာ ဒကာမတို့ မျက်လုံး စိတ်ကလေးဟာ မျက်ခွံကလေး အုပ်ပြီး သကာလ ထားလိုက်တဲ့ အခါကျတော့ ဒကာသစ် ဘာမြင်တယ်လို့ ရှိသေးသလဲ (မရှိပါ ဘုရား) မျက်ခွံကလေး ဖွင့်လိုက်တော့ (မြင်ပါတယ်) မျက်ခွံ ဖွင့်တော့ သူ့ရှေ့မှာ တစ်ခုခု ရှိလိမ့်မယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ်) သူ့ရှေ့က အိုး၊ ခွက်၊ တိုက်တာ၊ ကား တစ်ခုခု ရှိပါတယ် (မှန်ပါ့)။
အဲဒါနဲ့ ဖွင့်လိုက်တဲ့ အခါကျတော့ ဟိုမှာ ကားရှိရင်လည်း ကားနဲ့သွားတည့်မယ် (မှန်ပါ့) မျက်လုံးရုပ်နဲ့ ကားနဲ့ သွား တည့်မယ် (မှန်ပါ့) သွားတည့်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ မြင်စိတ်ကလေး ပေါ်တယ် (မှန်ပါ့)။
ဒါက မြင်စိတ်ကလေး (မှန်ပါ့) ဒါက ဒကာ ဒကာမတွေ မျက်ခွံကို ဖွင့်လိုက်တဲ့ မျက်လုံး (မှန်ပါ့) မျက်လုံးက နေပြီး ဟိုဘက်ကား ရှိတာနဲ့ ကားဘက်ကို တည့်လိုက်တယ် (မှန်ပါ့) ဒီမျက်လုံး ကလေးဖွင့်ပြီး ကားဘက် တည့်လိုက်တယ် (မှန်ပါ့) တည့်လိုက်တော့ မြင်တယ်ဆိုတဲ့ စိတ်ကလေးဟာ ပေါ်လာတယ် (ပေါ်လာပါတယ်) သဘောကျပလား (ကျပါပြီ) မြင်တယ် ဆိုတဲ့ စိတ်ကလေးဟာ (ပေါ်လာပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒါမြင်စိတ်ကလေးပေါ်ပုံကို ပြောပါ တယ် ဒကာ ဒကာမတို့ (မှန်ပါ့) ဦးမာဒင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
မြင်စိတ်
အားလုံး ဒကာ ဒကာမတွေ မြင်စိတ်ကလေးဟာ မျက်လုံးလည်း ဖွင့်လိုက်ပါရော ဟိုဘက်က ကားကလည်း ရှိနေတော့ မျက်လုံးနဲ့ကားနဲ့ တည့်တဲ့ အခါကျလို့ ရှိရင် မြင်စိတ်ကလေး ဆိုတဲ့ ဝိညာဏ်ဟာ မပေါ်လာဘူးလား (ပေါ်လာပါတယ်) အဲဒါ စက္ခုဝိညာဏ်လို့ စာလိုသုံးပါတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ သုံးတဲ့ အခါကျလို့ ရှိရင်ဖြင့် မြင်စိတ် လို့ပဲ သုံးပါတော့ (မှန်ပါ့ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား) ၊ ကောင်းပြီ ဒီမြင်စိတ်ကလေးကို ဒကာ ဒကာမတို့ ဘယ်သူ လုပ်လိုက်လို့ ပေါ်လာ ပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်) နဂိုက မျက်လုံးကို မျက်ခွံ ကလေး အုပ်ထားတုန်းက ဘာမှ မပေါ်ဘူး (မှန်ပါ့) မြင်စိတ် မရှိပါဘူး (မရှိပါ) ရှိရဲ့လား (မရှိပါ) မျက်ခွံကလေး အုပ်ထားတုန်း ကလေ (မရှိပါ ဘုရား)။
မရှိပါဘူးတဲ့၊ မရှိတော့ မျက်ခွံကလေးလဲ ဖွင့်လိုက်ပါ ရော ဟိုဘက်မှာရှိတဲ့ ကားနဲ့၊ သားနဲ့၊ သမီးနဲ့ လာပြီး တည့်တယ် (တည့်ပါတယ်) တည့်တဲ့ အခါကျတော့မှ နောက်မှ ပေါ်တယ်လို့ မြင်စိတ်ကလေး မှတ်လိုက်ပါ (မှန်ပါ့)။
မြင်စိတ်ပေါ်တာနောက်ကျတယ်
ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံး ရှိတာက ရှေးကျတယ် (မှန်ပါ့) ဟိုက ကားရှိတာကလည်း ရှေးကျတယ် (မှန်ပါ့) မြင်စိတ် ပေါ်လာတာက နောက်ကျတယ် (မှန်ပါ့) ဆိုတော့ ဒါက ဒကာ ဒကာမတို့ မျက်လုံး ရှိတာက ရှေးကျတယ် (မှန်ပါ့) ကားရှိတာက (ရှေးကျပါတယ်) မြင်စိတ် ပေါ်တာက (နောက်ကျ ပါတယ် ဘုရား)။
နောက်ကျတယ်၊ မျက်လုံးရုပ်ထဲမှာ ပေါ်လာတယ် (မှန်ပါ့) မျက်လုံးရုပ်ထဲမှာ ပေါ်လာတယ် ဆိုတော့ ဒါခန္ဓာပေါ်မှာ ဒီအတိုင်းလို့ မှတ်လိုက်ပါ (မှန်ပါ့) မျက်လုံးခန္ဓာထဲမှာ ဒီ အတိုင်းပဲလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ ည-ညကျတော့ ရွတ်ကြ တယ် ‘‘ပုရေဇာတပစ္စယော’’ တဲ့ (မှန်ပါ့) ဦးမာဒင်တို့ တစ်ခါ တစ်ခါ ရွတ်ပါလိမ့်မယ် (ရွတ်ပါတယ်) ဒကာကြွယ်ရော မရွတ် ဘူးလား (ရွတ်ပါတယ် ဘုရား)။
ရွတ်ပြစမ်းပါဦး ဘာတဲ့တုံး (ပုရေဇာတ ပစ္စယောပါ) ပုရေဇာတပစ္စယော ဆိုပြီး သကာလ ရှေးကျကျ လူတွေ အကုန်ပဲ ရွတ်ကြတယ် (မှန်ပါ့) ညများ ရွက်ကြဟေ့၊ အန္တရာယ်ကင်း တယ်ဟ၊ သူခိုး ဓားပြ ကာကွယ်တယ်ကွ (မှန်ပါ့) “ပုရေဇာတ ပစ္စယော” ရွတ်ကြတယ် (မှန်ပါ့ ဘုရား)။
ဟေတုပစ္စယောက စပြီး ရွတ်လိုက်တာ နှစ်ဆယ့်လေး ပစ္စည်း စည်းချအိပ်၊ သူခိုး ဓားပြ မဝင်နိုင်ဘူးကွ (မှန်ပါ့)။
ဘုရားတွေစည်းရိုးတိုင်စိုက်တယ်
ဒကာကြွယ်တို့ ဘုရားစည်းချတာ ယုံရဲ့လား (ယုံ ပါတယ် ဘုရား) နိုင်ငံခြားသားတွေက အိန္ဒိယမှာ ကျတော့ ဘုရားတွေ စည်းရိုးတိုင်တွေ စိုက်တဲ့အခါကျတော့ ခင်ဗျားတို့က အို မိုက်လိုက်တာ (မှန်ပါ့) ပြောကြလိမ့်မယ် ဦးသန်းမောင်တို့ အိန္ဒိယ ရောက်တော့ (မှန်ပါ့)။
ဘုရားရုပ်တွေ ဟိုထောင့်စိုက်၊ ဒီထောင့်စိုက် စည်းတိုင် တွေစိုက်တဲ့ အခါကျတော့ ဦးမာဒင်တို့က တယ်မိုက်တဲ့ လူတွေကို (မှန်ပါ့) ဘာမှမသိရှာဘူး မိစ္ဆာဒိဋ္ဌိတွေ (မှန်ပါ့) ကိုယ်စည်း ချတာတော့ မရိပ်မိဘူး (မရိပ်မိပါ ဘုရား)။
အရှင်ဘုရား ဟေတုပစ္စယော ဆိုတဲ့ ဓမ္မက ဟိုထောင့် က စောင့်၊ တနင်္ဂနွေထောင့် စောင့်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားကိုစည်းချတယ်
အာရမ္မဏပစ္စယော ဆိုတဲ့ဓမ္မက တနင်္လာထောင့်က စောင့်ပါ (မှန်ပါ့) ခင်ဗျားတို့ ဘာလုပ်ကြတာတုံး (စည်းချ တာပါ ဘုရား) တရားကို စည်းချတယ် (မှန်လှပါ ဘုရား)။
ဟိုက မသိတဲ့လူတွေက ဘာစည်းချသလဲ (ဘုရား စည်းချပါတယ်) ခင်ဗျားတို့ကတော့ (တရား စည်းချပါတယ်) ကဲ ဒကာကြွယ် ဒါလောက် ဆိုးနေတာ (ဆိုးပါတယ်) ဘယ်ကများ လုပ်ထားတယ်လို့ မပြောတတ်ပါဘူး၊ သုံးပတ် လောက်ပြည့်ရင် ဘီလူးမဝင်ဘူး ပြောတာပါပဲ၊ အတော် ဆိုးနေ တယ် (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ ကိုယ်တိုင် စဉ်းစားကြည့် တရားဟာ ကိုးကွယ်ရာလား အစောင့် ခိုင်းရမှာလား (ကိုးကွယ် ရမှာပါ ဘုရား)။
လောကီသမားတွေက ထွင်ထားတယ်
ေဩာ် ကိုးကွယ်ရမှာ ခင်ဗျားတို့ကများ ဩဇာ အာဏာရှင် လုပ်ပြီး ကယ်တော်မူပါ၊ မ, တော်မူပါ၊ စောင့်ပေးပါ ဆိုတဲ့ အဓိပ္ပာယ်ဟာလည်း ဒီပရမတ် မျက်လုံး သေသေချာချာ တပ်ပြီးသား ပုဂ္ဂိုလ်တွေ ကျတော့လည်း ဒါအတော် ဆိုးတဲ့အလုပ် ပဲ ဆိုတာ ပေါ်လာတယ် (မှန်ပါ့) လောကီ သမားတွေက ထွင်ထားတယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (လောကီသမားတွေက ထွင် ထားတာပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့က ဒီဥစ္စာကို လောကီ သမား ထွင်ထားတာ သူတို့ကတော့ဖြင့်တဲ့ လောကီသမားလို့ ပြောနေတယ် (မှန်ပါ့)။
ခင်ဗျားတို့က ဒီဥစ္စာလုံတယ်လို့ ယူလိုက်ပြန်တော့ ခင်ဗျားတို့လည်း ဘာသမားဖြစ်သွားသလဲ (လောကီသမား ဖြစ်သွားပါတယ်) ရောသွားပါတယ် (မှန်ပါ့ ဘုရား)။
ရောသွားကတည်းကိုက ကိုယ်သည်ကားလို့ ဆိုရင် သူ့မှာရှိတဲ့ အညစ်အကြေးလည်း ကိုယ့်မှာ လူးတယ် (မှန်ပါ့) မလူးသေးဘူးလား (လူးပါတယ် ဘုရား)။
အဲဒီလို ဖြစ်သွားကြတယ်၊ စင်စစ်ကတော့ ယခု သေသေချာချာ ပြောပါတော့မယ် ဒကာ ဒကာမတို့ နားထောင် ကြပါနော် (မှန်ပါ့ ဘုရား)။
ပုရေဆိုတာ ရှေး (မှန်ပါ့) ပစ္ဆာဆိုတာ နောက် (မှန်ပါ့ ဘုရား) ပုရေ ဆိုတာက (ရှေးပါ) ပစ္ဆာ ဆိုတာက (နောက်ပါ ဘုရား)။
အဲဒီတော့ ဘုရားက ပုရေဇာတပစ္စယော ကွာတဲ့ (မှန်ပါ့) ဒီကားရှိနှင့် တာကလည်းတဲ့ မြင်တဲ့ မျက်လုံးထက် ရှေးကျတယ် (ကျပါတယ် ဘုရား)။
ဒီမျက်လုံးရုပ် မျက်စိထဲမှာ ရှိနေတာကလည်း ဒီမြင်တဲ့ စိတ်ဖြစ်ပေါ်မည့် တရားထက် ရှေးကျတယ် (မှန်ပါ့ ဘုရား)။
ဒါရော (ရှေးကျပါတယ်) ရှေးဆိုတာ အရင်ကျ တယ် (မှန်ပါ့) ဒီဘက်ကရော (အရင် ကျပါတယ်) မျက်လုံးရုပ် ကလည်း အရင်ကျတယ် (မှန်ပါ့) ဒီကားရှိနှင့်တာ ကရော (အရင်ကျပါတယ် ဘုရား)။
အဲဒါက ပုရေဇာတ (မှန်ပါ့) သဘောကျပလား (ကျသွားပါပြီ ဘုရား) ပုရေ က-ရှေး၊ ဇာတ က-ဖြစ်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပုရေဇာတပစ္စယော
အင်း ပုရေဇာတ ဒီရှေးနှစ်ခုပေါင်းပြီး သကာလ နောက်တစ်ခုကို ဖြစ်စေတယ် (မှန်ပါ့) ရှေးနှစ်ခု ပေါင်းပြီး (နောက်တစ်ခုကို ဖြစ်စေပါတယ် ဘုရား) ဒါဖြင့် ပုရေဇာတ ပစ္စယော၊ သဘော ကျပလား (ကျပါပြီ)။
ဦးမာဒင်တို့ ပဋ္ဌာန်းပါ ထည့်ဟောရမယ်၊ မဟောရင် ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့) မဟောရင် ဒကာကြွယ် ဖြစ်ကို မဖြစ်တော့ဘူး (မဖြစ်ပါ ဘုရား)။
ကဲ ဒါဖြင့် ပုရေဇာတက ဒီနှစ်ခု (မှန်ပါ့) ပုရေဇာတ နှစ်ခုက နေပြီး ကျေးဇူးပြုလိုက်လို့ တဲ့ ဟောဒီမှာ ၊ မြင်စိတ် ကလေး ပေါ်ပါတယ် (ပေါ်ပါတယ် ဘုရား)။
ရှေးကျတဲ့နှစ်ခုက ကျေးဇူးပြုလိုက်တာနဲ့ (မြင်စိတ် ပေါ်ပါတယ် ဘုရား) ဒါဖြင့် မြင်စိတ် ကလေးက နောက်ကျတယ် (နောက်ကျပါတယ် ဘုရား) မြင်စိတ်ကလေးက – (နောက်ကျပါ တယ် ဘုရား) ဒါဖြင့် ပုရေဇာတပစ္စယော (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား)။
ဪ ခန္ဓာကိုယ်ထဲမှာ နောက်မှ ပေါ်တာကလေး သိပါစေတော့လို့ ဘုရားက ပုရေဇာတပစ္စယော လို့ ဟောလိုက် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်မှ ပေါ်တာသိအောင်လို့ (ပုရေဇာတ ပစ္စယော လို့ ဟောပါတယ် ဘုရား) ဪ ဒို့ရွတ်သာ နေတယ် ဘာမှ မသိဘူးပေါ့ (မှန်ပါ့)။
ရွတ်သာနေတယ် ဘာမှမသိဘူး (မှန်ပါ့) ဘာမှ မသိဘူးဆိုတော့ အခုတော့ဖြင့် ရှိတဲ့ မျက်လုံးရုပ်၊ ဟိုက ကြည့်စရာ အာရုံ၊ တည့်မည့်အာရုံ တစ်ခုခုပေါ့ဗျာ- (မှန်ပါ့) ကားဖြင့်ကား လူဖြင့် လူပေါ့ဗျာ၊ တစ်ယောက်ဖြင့် တစ်ယောက် (မှန်ပါ့)။
သူတို့က အရင်ကျနှင့်တယ်တဲ့၊ မြင်စိတ်က နောက်မှ မြင်တယ် (မှန်ပါ့) ဒါဖြင့် ပုရေဇာတပဲ (မှန်ပါ့ ဘုရား) အဲ ပုရေဇာတဆိုတာ ဒီနှစ်ခုဆိုပါတယ် (မှန်ပါ့)။
ကျေးဇူးပြုလို့ပေါ်လာတဲ့မြင်စိတ်
ပစ္စယော ဆိုတာက သူတို့က ကျေးဇူးပြုလိုက်လို့ ပေါ်လာ ပါတယ်တဲ့ မြင်စိတ်ကလေး (မှန်ပါ့) နဂိုက မရှိပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နဂိုက (မရှိပါ ဘုရား) ေဩာ် နဂိုက မရှိကတည်းက သူ ဧည့်သည်ပဲ (မှန်ပါ့ ဘုရား) ဧည့်သည်နေ-နေပြီး သကာလ ဧည့်သည်သွား၊ သွားလိမ့်မယ်လို့ ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့ (မှန်ပါ့)။
ဧည့်သည်နေ-နေပြီးတော့ (ဧည့်သည်သွား-သွား ပါလိမ့်မယ် ဘုရား) ဒါဖြင့် ဒီနှစ်ခုကြောင့် ပေါ်တဲ့တရား ဆိုတော့ ဒီနှစ်ခုက အကြောင်းပေါ့ဗျာ (မှန်ပါ့) ပေါ်တဲ့တရားက (အကျိုးပါ ဘုရား) ဒီအကျိုးတရားပဲနော် (မှန်ပါ့)။
နဂိုက ရှိနှင့်တာလား၊ ဒကာ ဒကာမတို့ သူတို့နှစ်ခုက ပြုပြင်လိုက်လို့ ပေါ်လာတာလား (သူတို့နှစ်ခုက ပြုပြင် လိုက်လို့ ပေါ်လာတာပါ ဘုရား)။
ပုရေဇာတ နှစ်ခုက ပြုပြင်လိုက်တာနဲ့ ပေါ်လာတဲ့ တရား မျိုး ဆိုတော့ ဒါကလေးဟာ ဒကာ ဒကာမတွေ စောစောစီးစီးပဲ မှတ်လိုက်ပါတော့ သူများ ပြုထားတယ် (မှန်ပါ့) သူများ ကြည့်လို့ ခေါ်တဲ့ တရား (မှန်ပါ့)။
သူတို့နှစ်ခုကရုပ်
သူတစ်ပါးကြည့်လို့ (ပေါ်တဲ့တရားပါ ဘုရား) ကြည့်လေ ဒီက မျက်လုံးရုပ် တဲ့ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဒီက ရှေ့ပိုင်းက မြင်စရာ၊ ကြည့်စရာတွေ (မှန်ပါ့) သူတို့နှစ်ခုပေါင်းပြီး သကာလ ပြုလုပ်လိုက်လို့ မြင်စိတ်ကလေး ပေါ်တယ် (မှန်ပါ့)။
ဒါဖြင့် သူတို့နှစ်ခုက ရုပ် (မှန်ပါ့-ရုပ်ပါ ဘုရား) သူတစ်ခုက နာမ် (မှန်ပါ့) ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ရုပ်နှစ်ခုကြောင့် ပေါ်လာတဲ့ မြင်စိတ်
နှစ်ခုကရုပ် (မှန်ပါ့) မြင်စိတ်ကလေးက- (နာမ်ပါ ဘုရား) ကဲ ဒီနာမ်ကလေးဟာ ဒကာ ဒကာမတို့ နဂိုက မရှိ ပါဘူးတဲ့၊ သူတို့နှစ်ခုက ပေါင်းလို့ ပေါင်းပြီး ပြုလိုက်လို့ ပေါ်ပြီး သကာလ လာတဲ့ အကျိုးတရား ကလေးပါတဲ့ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ ဒါကလေးဟာ နဂိုက ရှိသလား (မရှိပါ ဘုရား) ယခုပေါင်းပြီး လုပ်လိုက်တဲ့ အတွက် (ပေါ်လာပါတယ် ဘုရား) ပေါ်လာတယ် ဆိုတာ သဘော ကျပလား (ကျပါပြီ) ဒါဖြင့် ဒါဟာ မြင်တတ်တဲ့ ဝိညာဏ် ကလေး၊ စက္ခုဝိညာဏ် ကလေး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါကလေးဟာ ဒီကဖယ်လိုက်၊ ကားကလေးဟာ မောင်းသွားရော၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဒါဖြင့် သူချုပ်ပြီ (မှန်ပါ့) သူချုပ်သွားပြီ (မှန်ပါ့၊ ချုပ်သွားပါပြီ) ဒီဝိညာဏ်ကလေး ဘာဖြစ်သွား သတုံး (ချုပ်သွားပါတယ် ဘုရား)။
တည့်နေတုန်း ကတော့ ဒီဝိညာဏ် ကလေး ဘာတဲ့ (ပေါ်နေပါတယ် ဘုရား) ကားက မောင်းသွားတယ် (မှန်လှပါ) မမြင်တော့ဘူး (မှန်ပါ့)။
မြင်စိတ်ဖြစ်တယ်၊ ချုပ်တယ်
ဒါဖြင့် ဒီတရားကလေးဟာ ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ဖြစ်လည်း ဖြစ်တယ် (မှန်ပါ့) ချုပ်လည်း (ချုပ်ပါ တယ် ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သာတိရဟန်းက ဒီဝိညာဏ်ဟာ ဘယ်တော့မှ မသေဘူး ယူတာ (မှန်ပါ့) ခင်ဗျားတို့ ကရော ဒီလို ယူဦးမလား (မယူပါ ဘုရား)။
အကြောင်း နှစ်ခု တိုက်ဆိုင်ရင် ပေါ်တယ် (မှန်ပါ့) အကြောင်းတစ်ခု ချို့ရင် (ချုပ်သွားပါတယ် ဘုရား) ဒါဖြင့် သူဖြစ်ပျက် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပြီး ပျက်တဲ့ ဓမ္မပဲလို့ လူကြီးတွေရော လူငယ် တွေရော အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်တော့ ဝိညာဏ်ဟာ ရွှေ့သေး သလား (မရွှေ့ပါ ဘုရား) ဟောဒီ မျက်လုံးကလေး အပေါ်မှာပဲ ပေါ်တယ် (မှန်ပါ့) ဒကာကြွယ် မျက်လုံးကလေး အပေါ်မှာပဲ ပျက်စီးသွားတယ် (မှန်ပါ့ ဘုရား) မပျက်စီး ဘူးလား (ပျက်စီးပါတယ် ဘုရား)။
ဒါဖြင့် ‘‘စက္ခုဝိညာဏံ အနိစ္စံ”လို့ ဘုရားက ဟောလိုက် တယ် (မှန်ပါ့) စက္ခုဝိညာဏံ = မြင်တတ်တဲ့ တရားကလေး သည်။ အနိစ္စံ = အနိစ္စပဲလို့ ဘုရားက ဟောလိုက်တာ ဒကာသစ်က ယုံပလား (ယုံပါပြီ ဘုရား)။
အကြောင်းတိုက်ဆိုင်လို့ပေါ်တယ်
အကြောင်း တိုက်ဆိုင်တော့ ပေါ်တယ် (မှန်ပါ့ ဘုရား) ချုပ်တယ်ဆိုတော့ ေဩာ် ပေါ်လည်း ပေါ်တယ်၊ ပျက်လည်း ပျက်တယ် (မှန်ပါ့) ရွေ့နိုင်သေးရဲ့ လား (မရွေ့ နိုင်ပါ ဘုရား) သဘော ကျကြပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် တရားကို တကယ်တမ်း ဟောတော့မယ်။ တကယ်တမ်း ဒိဋ္ဌိခွာနည်း နိဿရည်းနဲ့ တကယ်တမ်း ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းအောင် ဟောတော့မယ် ဆိုတော့ ပဋိစ္စသမုပ္ပာဒ် မပါလဲ မရဘူး (မှန်ပါ့) ပဋ္ဌာန်း မပါလည်း မရဘူး (မရပါ) သစ္စာလေးပါး မပါရင်လည်း (မရပါ ဘုရား)။
နို့မဟုတ် ဆိုလို့ရှိရင်ဖြင့် ပဋ္ဌာန်း မပါလို့ရှိရင်ဖြင့် အကြောင်းအပေါ်၌ မရှင်းပြန်ဘူး (မှန်ပါ့) မရှင်းပြန်တော့ လည်း မရှင်းတာ ဝိစိကိစ္ဆာရှိတယ် (မှန်ပါ့) ဝိစိကိစ္ဆာ ဆိုတာလည်း မဂ်တား လိုက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မရှင်းတော့ ဘာတဲ့ (ဝိစိကိစ္ဆာရှိပါတယ်) ဝိစိကိစ္ဆာ ရှိတယ် (မှန်ပါ့) ဘယ့်နှယ်ဖြစ်တာ ပါလိမ့်မတုံး ဒီမြင်စိတ် ကလေးဟာ ဆိုတော့ ဘယ့်နှယ်ဖြစ်တာ ပါလိမ့်မတုံး ဆိုတဲ့ ဝိစိကိစ္ဆာ ရှိလို့ရှိရင်လည်း ဒိဋ္ဌိရှိတော့တာပဲ (မှန်ပါ့)။
ကဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားတဲ့တရားဟာ မပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပဋ္ဌာန်းနည်း
ဒါဖြင့် အခု ပုရေဇာတပစ္စယော ဆိုတော့ ဒီနှစ်ခုက ရှေးကျသောကြောင့် ပုရေ (မှန်ပါ့) သူက နောက်မှ ဖြစ်လို့ ပစ္ဆာ- (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါက ပဋ္ဌာန်းနည်းနဲ့ ပြောလိုက်တာ (မှန်ပါ့)။
ဒါဖြင့် မြင်စိတ်ကလေးဟာ ဒီလို ပေါ်တယ် ဆိုတာ ရိပ်မိ ပလား – (ရိပ်မိပါပြီ) ကြားစိတ် ကလေးရော – (ဒီလိုပေါ်ပါတယ်) ဒီလိုပဲ ပေါ်မှာပါပဲ – (မှန်ပါ့) ဝမ်းထဲက ကြံစိတ် ကလေးဟာရော (ဒီလို ပေါ်ရမှာပါပဲ ဘုရား)။
မြင်စိတ်က ကြားတဲ့ဘက် ပြောင်းနိုင်သေးရဲ့ လား (မပြောင်းနိုင်ပါ) ဒါဖြင့် ကားကလေး ရွှေ့သွားရင် သူ, ချုပ်ပြီ (မှန်ပါ့) မချုပ်သေးဘူးလား – (ချုပ်ပါတယ် ဘုရား)။
ဒီနေရာဖြစ် ဒီနေရာပျက်
ကဲ ကြားတဲ့ဘက် သွားနိုင်သေးရဲ့ လား (မသွား နိုင်ပါ ဘုရား) မသွားနိုင်ဘူး ဆိုတော့ သြော်- ဒီနေရာဖြစ် ဒီနေရာ ပျက်ပါကလား (မှန်ပါ့)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ သာတိ ရဟန်းကို ဒါလောက် ဟောချင်လို့ မဟုတ်ပါဘူး (မှန်ပါ့) မြင်စိတ် ကလေး ဖြစ်ပျက် ရှုတတ်ပါစေလို့ ဟောနေတာ (မှန်ပါ့)။
ကဲ အကြောင်းအကျိုးနဲ့တကွ ဒကာ ဒကာမတွေ လည်လည်ပယ်ပယ်လည်း ဟောထားတော့ အခုပဋ္ဌာန်းနည်းနဲ့ ပြီးသွားပါပြီ (မှန်ပါ့) ဒကာသစ် ကျေနပ်ရဲ့လား (ကျေနပ် ပါတယ် ဘုရား)။
ပုရေဇာတပစ္စယောဗျ (မှန်ပါ့) သူ့ကို ရှေးကျတဲ့ နှစ်ခုက ကျေးဇူးပြုလိုက်လို့ ပေါ်လာတယ်တဲ့ (မှန်ပါ့) မြင်စိတ် ကလေးဟာ (ပေါ်လာပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပာဒ်နည်း
ကဲ-တစ်ခါ ပဋိစ္စသမုပ္ပာဒ်နည်း ပြောလိုက်ပါဦးမယ်တဲ့။ ပဋ္ဌာန်းနည်း ပြီးသွားတော့ (မှန်ပါ့) ပဋ္ဌာန်းနည်း ပြီးသွားတော့ ပဋိစ္စသမုပ္ပာဒ်နည်းက အားလုံး ဒကာ ဒကာမတွေသိတဲ့ အတိုင်း “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” (မှန်ပါ့)။
ဪ သူတို့နှစ်ခုပေါင်းမှ သူပေါ်တယ် ဆိုတော့ ကဲ ပဋိစ္စသမုပ္ပာဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ဟပ် မသွားဘူးလား (ဟပ်သွားပါတယ် ဘုရား)။
ဒါ အင်မတန် သဘောပါအောင်လို့ ပြောနေတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘု ရား အမျိုးမျိုး ဟော တာကို အမျိုးမျိုးပဲ နားလည်အောင် ဒကာ ဒကာမတွေကို ချီးမြှောက် နေတယ် (မှန်ပါ့)။
ကြည့်လေ “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ’’ မျက်လုံးနဲ့ အဆင်းနဲ့ ပေါင်းမှ မြင်စိတ် ပေါ်တယ်ကွတဲ့ (မှန်ပါ့ ဘုရား) ဒါက ဘာနည်းတုံး ဆိုတော့ ပဋိစ္စသမုပ္ပာဒ်နည်း (မှန်ပါ့) ခုနင်က ပုရေဇာတပစ္စယော ဆိုတာက (ပဋ္ဌာန်း နည်းပါ ဘုရား)။
ကောင်းပြီတဲ့ ဒါဖြင့် သဘောကျပြီ ဘုရား၊ မြင်စိတ် ကလေးပေါ်တော့ တပည့်တော်တို့ ကောင်းကောင်း ကျေနပ်ပြီ။ သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာ၊ ပဋ္ဌာန်းနည်းနဲ့ ကျေးဇူးပြု လိုက်လို့ ပေါ်လာတာ၊ ပဋိစ္စသမုပ္ပာဒ်နည်း ကြောင့်လည်း ပေါ်လာ တာပဲ (မှန်ပါ့)။
သစ္စာဖွဲ့လိုက်တဲ့အခါ သစ္စာဆိုက်ပုံ
သစ္စာဖွဲ့စမ်းပါဦး (မှန်ပါ့) ဒါ ဘာသစ္စာတုံးလို့ မသိ ပြန်လည်း ဒကာ ဒကာမတွေမှာတဲ့ မရှုတတ်ဘဲ ဖြစ်နေမှာ စိုးရ တယ် (မှန်ပါ့) ဆိုတော့ ခင်ဗျားတို့က ဓမ္မစကြာထဲမှာ ရဘူးတဲ့ လူလည်း များပါလိမ့်မယ် (မှန်ပါ့) “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’’ (မှန်ပါ့) ခန္ဓာငါးပါး ဘာပဲလာလာ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒါကလေးက ဝိညာဏက္ခန္ဓာ (မှန်ပါ့) ဒါကလေးက ဒီအပေါ်မှာ လာပြီး ဒီအပေါ်မှာပဲ သူ ဒီအပေါ်မှာ မွေးပြီး ဒီအပေါ်မှာ သေတာပဲ (မှန်ပါ့)။
ဒီအပေါ်မွေး ဒီအပေါ် သေတယ် ဆိုတော့ ဝိညာဏက္ခန္ဓာ ဖြစ်နေတော့ သူ့ကို ဘာသစ္စာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ပေါ်သွားပြီ (မှန်ပါ့ ဘုရား)။
သုံးနည်းစလုံးနဲ့ကိုက်တယ်
ေဩာ် ဒကာကြွယ်ဒီနေ့ ဘယ်နှစ်နည်းနား လည်ရလဲ (သုံးနည်း နားလည်းရပါတယ်) ဘုန်ကြီးက ပေးတာ ကဖြင့် အဖိုးဖြင့် မဖြတ်နိုင်အောင် တန်ပြီနော် (မှန်ပါ့) ယူတတ်တဲ့ ပုဂ္ဂိုလ်က ကလေး မဖြစ်ပါစေနဲ့ (မှန်ပါ့)။
ယူတတ်တဲ့ပုဂ္ဂိုလ်က- (ကလေးမဖြစ်ပါစေနဲ့) ကလေး မဖြစ်ပါစေနဲ့လို့ ပြောတော့၊ တပည့်တော်တို့များ အရှင်ဘုရားမို့ ပြောရက်ပါပေတယ်လို့ ဆိုချင် ဆိုမယ်၊ ခေါင်းဖြူစွယ်ကျိုး တွေက (မှန်ပါ့) ဒကာကြွယ် ကလေးပါပဲတဲ့၊ မသိတဲ့လူဟာ မသိတဲ့ အပေါ်မှာတော့ ကလေးကျတာပဲ (မှန်ပါ့) ကဲ အခု သုံးနည်းစလုံးနဲ့ ကိုက်ပါပလား (ကိုက်ပါပြီ ဘုရား)။
ဒါကလေးဟာ ခန္ဓာဖွဲ့လိုက်တော့ ခန္ဓာကတော့ ဝိညာဏက္ခန္ဓာပဲ (မှန်ပါ့) ဝိညာဏက္ခန္ဓာ ဆိုတော့ ဘုရားက ခန္ဓာ ငါးပါးစလုံး ဒုက္ခသစ္စာကွ ဆိုပြီးဟောတော့ သူကျန်နေရစ် သေးသလား (မကျန်ပါ ဘုရား)။
ဒါဖြင့် သူ ဒီအပေါ်မှာဖြစ်ပြီး ဒီအပေါ်မှာပျက်တဲ့ အတွက် သူ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
မျက်စိကဖြစ်ပျက်၊ ရှုတာကမဂ်
အဲဒါကြောင့် ဒကာ ဒကာမတွေ မြင်တယ် ဆိုရင် ဒီအပေါ် ဖြစ်ပျက်၊ ဪ ဒါ သူဖြစ်ပျက် ပါကလား၊ ဉာဏ်နဲ့ ရှုပေးပါ (မှန်ပါ့) ဒါ စက္ခုဝိညာဏ်ကို ရှုလိုက်တာပဲ (မှန်ပါ့) ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဟိုတိုက်ထဲမှာ နေ့လယ်က ပြခဲ့သလို ဒီမျက်စိက ဖြစ်ပျက်၊ ရှုတာကမဂ် ဖြစ်တော့ ဦးဗထွေးတို့ ဦးသန်းမောင်တို့နောက် ပဋိစ္စသမုပ္ပါဒ် လာနိုင်သေးရဲ့လား (မလာနိုင်ပါ) ဟ-ဘယ်သူက ဖြတ်လိုက်ပါလိမ့် (မဂ်ဖြတ်လိုက်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်၊ နောက်ခန္ဓာပြတ်တယ်
ခင်ဗျားတို့ဟာ ခင်ဗျားတို့ သေချာပြီ (မှန်ပါ့ ဘုရား) ဪ ဒို့အလုပ် မှန်တယ် (မှန်ပါ့) ဒို့အလုပ် သည်ကားလို့ ဆိုရင် ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ နောက်ခန္ဓာဖြတ်တယ် (မှန်ပါ့ ဘုရား)။
နောက်ခန္ဓာဖြတ်တယ် ဆိုကတည်းက တစ်ခါ ပဋိစ္စ သမုပ္ပာဒ်မှာလဲ အကွက်ကျကလေး ဘုန်းကြီး ပြောလိုက်ပါ့မယ် (မှန်ပါ့) ဒီကနေ သွားလိုက်တာ ပဋိစ္စသမုပ္ပာဒ် ဆုံးအောင် ဆောင်ရွက် ကြည့်လိုက်တော့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (မှန်ပါ့ ဘုရား) ဒကာသစ် အဆုံးကျတော့ ဘာလာသတုံး (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ လာပါတယ် ဘုရား)။
အဲဒီကျအောင်ကို ကျုပ်တို့က ဒီမြင်တဲ့စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒီဘက်က ဒုက္ခပေးမည့် တရားတွေရော လာသေးရဲ့လား (မလာပါ) မလာလို့ ဒီဘက် အဆုံးမှာ ဒုက္ခ က္ခန္ဓဿ သမုဒယော ဟောတိ ဒုက္ခအစုကြီး ဖြစ်တယ်လို့ ဘုရားက ဟောတာကိုး (မှန်ပါ့) လာကို လာသေးရဲ့လား (မလာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မလာပါလိမ့် (မဂ်ဖြတ် လိုက်လို့ပါ ဘုရား) ရှုတဲ့မဂ်က ဖြတ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ဒို့ဒုက္ခသိမ်းတဲ့တရား
ဪ ဒါဖြင့် ဒီတရားမှန်တယ်လို့ ဆုံးဖြတ်ချက်ချရုံပဲ (မှန်ပါ့) ဒို့ ဒုက္ခသိမ်းတဲ့တရား (မှန်ပါ့) ကဲ ရှုမှပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တယ် အဖိုးတန်ပါကလား ဒကာကြွယ်၊ ဟင် (တန်ပါတယ် ဘုရား) အဖိုးတန်တယ်တဲ့ ဘုရား တစ်ဆူ တစ်ဆူမှ တစ်ခါတစ်ခါ ကြားရတာ (မှန်ပါ ဘုရား)။
လွယ်တာမဟုတ်ဘူး၊ လွ ယ် တာ မဟုတ်ဘူး ဦးသန်းမောင်တို့ ပေါ့ပေါ့မနာပါနဲ့ (မှန်ပါ့ ဘုရား)။
ဦးဗထွေး ပေါ့ပေါ့နဲ့ (မနာပါ ဘုရား) ပေါ့ပေါ့နဲ့ ဘယ်သူမှ မနာကြပါနဲ့ ဒကာ ဒကာမတို့၊ ဒါ အင်မတန် အရေး ကြီးတယ် မှတ်ကြပါ (မှန်ပါ့) ဒါ ဒုက္ခသစ္စာ ဆိုတာရော ယုံပလား (ယုံပါပြီ ဘုရား)။
ဖြစ်ပြီးပျက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာ လို့ ဒီကဖြစ် ပျက်သွားတာကို ရှုလိုက်တဲ့အတွက် ရှုတဲ့ဉာဏ်သည် ဘာကို သိသတုံး မေးရင် ဘယ့်နှယ် ပြောကြမလဲ (ဒုက္ခသစ္စာ သိပါတယ်) ဒုက္ခသစ္စာပဲ သိတယ် (မှန်ပါ့ ဘုရား) ရှုတဲ့ဉာဏ်က ဘာသိသလဲ (ဒုက္ခသစ္စာပဲ သိပါတယ် ဘုရား)။
သစ္စာသိတဲ့ဉာဏ်
ဒါဖြင့် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ ဘုရာ့၊ ဖြစ်ပျက်ဟာ ဒုက္ခ သစ္စာဘုရာ့လို့ ခင်ဗျားတို့ရှုတဲ့ဉာဏ်က မသိဘူးလား (သိပါ တယ်) ဒါဖြင့် ခင်ဗျားတို့ သစ္စာသိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)။
ဒါက သစ္စာ (မှန်ပါ) ဒီဘက်က (ဉာဏ်ပါ ဘုရား) သိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)။
ဒီဘက်က ဘာပါလိမ့် (သစ္စာပါ) ဒီဘက်က (သိတဲ့ဉာဏ်ပါ ဘုရား) သစ္စာသိတဲ့ ဉာဏ် ဆိုတော့ သစ္စာသိလို့ မှတ်ထား တစ်ခါတည်း သောတာပန် တည်တာလဲ သစ္စာသိမှ တည်တာပဲ (မှန်ပါ့) ဘုရားဖြစ်တာလဲ (သစ္စာသိမှဖြစ်တာ ပါ ဘုရား)။
သစ္စာမသိပဲသေသွားမှာစိုးလို့
ဒါဖြင့် ဒို့ဒီအလုပ်ဟာ ဘုန်းကြီးက အရှုခိုင်းနေတာ ဘယ့်နှယ်ကြောင့် ဒါလောက် ပြင်းပြင်း ထန်ထန် အရှုခိုင်း နေရပါလိမ့်မတုံး၊ ဒို့ကို တိုက်တွန်းတာကလဲ များလိုက်တာ (မှန်ပါ့ ဘုရား)။
တစ်ခါတလေ ကျတော့ ငရဲခန်းတွေနဲ့ တောင်မှ ပြောလိုက် သေးတယ် (မှန်ပါ့ ဘုရား)။
ရှုစေချင်လွန်းလို့ (မှန်ပါ့) ဪ ခင်ဗျားတို့ သစ္စာမသိဘဲ သေသွားမှာ စိုးလို့ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ကြပါပြီ ဘုရား)။
ဘယ်လို သေသွားမှာစိုးလို့ပါလိမ့် (သစ္စာမသိဘဲ သေသွားမှာ စိုးလို့ပါ ဘုရား)။
ဒေဝီလရသေ့ကြီးငိုတယ်
သစ္စာမသိဘဲ သေသွားတော့ကို ဒေဝီလရသေ့ကြီး ငိုတာ ဘာဖြစ်လို့ ငိုသတုံး (သစ္စာမသိဘဲ သေသွားမှာမို့ပါ) သစ္စာမသိဘဲနဲ့ သေသွားမှာမို့ပါ၊ သူက ကလေး ကလေးက အခုမှ လသား ရှိသေးတယ် သိဒ္ဓတ္ထ မင်းသားက (မှန်ပါ့ ဘုရား)။
သုဒ္ဓေါဒနဘုရင်က ကလေးကလေး ပြတဲ့ အခါကျတော့ ငိုတယ် (မှန်ပါ့) ေဩာ် သစ္စာတရား ဟောမည့် ကလေး မမီပါဘူးလို့ ငိုရှာတယ် (မှန်ပါ့ ဘုရား)။
အဲဒီမှာ သူမငိုဘဲနဲ့ ကလေး ကလေးကလဲ လူလား မြောက် သူကလဲ အသက်ရှည်နေလို့ ရဦးမယ်ဆိုရင် တစ်ခါတည်း နိဗ္ဗာန် ရမှာကိုး (မှန်ပါ့ ဘုရား)။
ငါတော့အရှုံးကြီးရှုံးပြီ
ငါတော့ အရှုံးကြီး ရှုံးတယ် ဆိုပြီး ငိုတာ (မှန်ပါ့) သစ္စာ ဟောမည့်ကလေးက လူလား မမြောက် သေးဘူး (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာတော့ ေဩာ် လူလားကလဲ မြောက် သစ္စာကလဲနာရ ဆိုတော့ ဒေဝီလလို ငိုပွဲမဆင်ရပါဘူး (မှန်ပါ့ ဘုရား)။
ဒို့ကျွတ်တမ်းဝင်မည့်အချိန်ဟာ ဒီအချိန်ပါလား
ပြုံးပွဲသာဆင်ပါ (မှန်ပါ့) ေဩာ် ဒို့ ပါရမီ တယ်ထူး ပါကလား၊ ဟောမည့် ပုဂ္ဂိုလ်ကလည်း အရွယ်ရောက် (မှန်ပါ့) နာမည့် ပုဂ္ဂိုလ်ကလည်း ထောင်တတ်တဲ့ နားရှိတော့ အရွယ်ရောက် (မှန်ပါ့) ေဩာ် ကျွတ်တမ်းဝင်မည့် အချိန်ဟာ ဒီအချိန်ပါကလား (မှန်ပါ့) ဘာမှမလျှော့နဲ့ ဒါသေချာနေပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါနဲ့ ဒေဝီလငိုတာတော့ ဒကာကြွယ်၊ ဒေဝီလက အဲဒီအချိန်မှာ အသက်ရှစ်ဆယ် လောက်ရှိပြီ (မှန်ပါ့) သိဒ္ဓတ္ထ မင်းသားကလေးက ပွေ့ချီရတုန်း ရှိသေးတယ် (မှန်ပါ့) ကဲ ငိုသင့်မငိုသင့် (ငိုသင့် ပါတယ် ဘုရား)။
သူ့ အသက်တမ်းကလဲ ‘‘မရဏဓမ္မောမှီ မရဏံ အနတီတော’’ ဘယ်သူတားလို့ရသလဲ (မရပါ ဘုရား) မရတော့ ဦးမာဒင် ငိုရုံရှိတာပဲ (မှန်ပါ့ ဘုရား)။
ဒေဝီလရသေ့ကြီးရယ်ပြန်တယ်
နောက်ပြီး သကာလ ဒေဝီလရသေ့ကြီးက ရယ်ပြန် တယ် (မှန်ပါ့) မရယ်ဘူးလား (ရယ်ပါတယ် ဘုရား) ေဩာ် ငါတော့ ကျွတ်တမ်း မဝင်ရဘူး၊ သူများ ကျွတ်တမ်းဝင်ဖို့ အတွက် ဝမ်းသာ လိုက်တာ (မှန်ပါ့) သူဟာ သစ္စာဟောမည့် ကလေး (မှန်ပါ့ ဘုရား)။
သူများအတွက်တော့ ပြုံးရရှာတယ် (မှန်ပါ့) သူ့ အတွက်တော့ (ငိုရပါတယ် ဘုရား)။
အဲ ခင်ဗျားတို့လဲ ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့လို့ရှိရင် ငိုရဦးမှာပဲ (မှန်ပါ့) ငိုရဦးမှာ (ငိုရဦးမှာပါ ဘုရား)။
အခုကြည့်လေ ဒကာကြွယ်တို့ ဘိုးတွေ၊ ဘွားတွေ တချို့ သစ္စာ မနာလိုက်ရတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က မရဘူး (မရပါ ဘုရား)။
မသိလို့သာ မငိုရှာကြတယ် (မှန်ပါ့) သိရင်ဖြင့် အရှုံးကြီး ရှုံးသွားလေရဲ့ (မှန်ပါ့) ဦးမာဒင် ပြောထိုက်၊ မပြော ထိုက် (ပြောလိုက်ပါတယ် ဘုရား)။
ကဲ ဒါက ဒေဝီလရသေ့ ဆိုတာက နန်းတော်ထဲ ဆွမ်းခံစားတဲ့ ကိုယ်တော်ကြီး (မှန်ပါ့) နန်းတော်က ကိုးကွယ်နေတဲ့ သုဒ္ဓေါဒန ဘုရင်တို့က ဘုရား မပွင့်ခင်က သူ့ကို ဘုရားလုပ် ကိုးကွယ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
နောက်ကျတော့ အနှစ်သုံးဆယ်လောက် အချိန်ရောက် တော့ တောထွက်ပြီး ဘုရား ဖြစ်တယ် (မှန်ပါ့)။
ဆရာအာဠာရ ရသေ့
ဘုရားဖြစ်တော့ သူ့လောကီဆရာ အာဠာရ ရသေ့ တစ်ပါးရှိတယ် (မှန်ပါ့ ဘုရား) ဥဒက ရသေ့လို့လဲ တစ်ပါး ရှိတယ် (မှန်ပါ့) ဈာန်တွေပင်ရတယ် (မှန်ပါ့)။
ဘုရားဖြစ်တော့ သူတွေးလိုက်တယ်၊ ကဆုန်လပြည့်နေ့ က ငါ့မှာလဲ ဘုရားဖြစ်ပြီ၊ သစ္စာလေးပါး ဘယ်သူ့ဟောရပါ့မတုံး၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဟောမှ ရမှာပဲဆိုပြီး လက်ဦးဆရာ အာဠာရ ရသေ့ ကိုတွေးလိုက်တယ် (မှန်ပါ့)။
ခုနှစ်ရက်ကသေနှင့်ပြီ
ခုနှစ်ရက်က သေနှင့်ပြီး (မှန်ပါ) ရှုံးပြီဟေ့လို့ ဘုရားက ပြောလိုက်တာ (မှန်ပါ့) ရှုံးခြင်းကြီးမက ရှုံးသွားပြီ၊ သစ္စာတရားနဲ့ လွဲသွားပြီး (မှန်ပါ့) သစ္စာတရား ဟောရင် ချက်ချင်းကိစ္စပြီးတယ် (မှန်ပါ့)။
ကဲ ခင်ဗျားမသေနှင့်တာလဲ ရှုံးတဲ့ဘက်ကလား၊ မြတ်တဲ့ ဘက်ကလား (မြတ်တဲ့ဘက်ကပါ ဘုရား)။
ခင်ဗျားတို့ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့ ဆိုတာ ဘုန်းကြီး က တိုက်တွန်းတာလား၊ အလုပ် သွားကိုက အဆင်ပြေနေလို့ ပြောရတာလား (အလုပ်သွားကိုက အဆင်ပြေနေလို့ ပြောရတာပါ ဘုရား) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ) ခင်ဗျားတို့ အသေစောရင် သွားပြီဗျ (သွားပါပြီ) သွားပြီ၊ သွားပြီ အသေစောလို့ ရှိရင် (မှန်ပါ့)။
အာဠာရတော့ အရှုံးကြီးရှုံးပြီ
ကဲ ဒါနဲ့ပဲ အင်း အာဠာရ တော့ဖြင့် အရှုံးကြီး ရှုံးပြီ၊ ရှုံးတာက ဘယ်လောက်တုံးလို့ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့က မေးဖို့လိုတယ် (မှန်ပါ့ ဘုရား)။
ကမ္ဘာများစွာ ခန္ဓာ့ဝန်ထမ်းပြီး၊ အိုပွဲ၊ နာပွဲ၊ သေပွဲ နဲ့နေ ရမယ် (မှန်ပါ့) ကမ္ဘာပေါင်းများစွာ (မှန်ပါ့) ဘယ်လောက် ဆိုးရွားသလဲ (ဆိုးရွားပါတယ် ဘုရား)။
အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) အိုပွဲ၊ နာပွဲ၊ သေပွဲနဲ့ ချည်း နေရဦးမှာ ကိုးဗျ (မှန်ပါ့ ဘုရား)။
ဒါ သစ္စာတရား မနာလိုက်ရလို့ အရှုံးကြီး ရှုံးနေပြီဆိုတဲ့ အဓိပ္ပါယ်ဖြင့် ဦးမာဒင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့က ပြောဖို့ရာ မသင့်ငြား သော်လဲ ဒကာ ဒကာမတို့ အားတက် လာအောင် ဘယ်လို ပြောရသလဲ၊ သေမှာတောင် အောင့်ထား ဦးဟေ့၊ ဒါကလေး သိအောင် လုပ်သွား ပါဦး (မှန်ပါ့)။
သေမှာအောင်အောင့်ထားပါဦး
သေမှာတောင် အောင့်ထားပါဦး၊ ဒီသစ္စာလေးပါး သိအောင် လုပ်သွားပါဦးလို့ ဒကာကြွယ်၊ တိုက်တွန်းထိုက်၊ မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)။
ဘာ့ကြောင့်တုံးဆိုတော့ ဘုရားဆရာတွေကို ဘုရား အပေါ်မှာ လောကီဆရာလုပ်လာတဲ့ လောကုတ္တရာ မှာတော့ ဆရာ မရှိဘူးပေါ့ဗျာ (မှန်ပါ့) လောကီမှာ ဆရာလုပ်လာတဲ့ ပုဂ္ဂိုလ်တွေ တောင်မှ သစ္စာတရား မနာရလို့ ကမ္ဘာပေါင်းများစွာ အရှုံးပေးကြရတယ် (မှန်ပါ့) မနစ်နာဘူးလား (နစ်နာပါ တယ် ဘုရား) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။
ဆရာဥဒက ရသေ့၊ မနေ့ညကသေနှင့်တယ်
ဒါနဲ့ အာဠာရ ရှုံးပဟေ့၊ ဘယ်သူ့ကို ဟောရပါ့မတုံး၊ ငါသစ္စာသိပြီ သစ္စာဟောမဟ ဆိုပြီး ကြိမ်းဝါးရင်း မတ္တနဲ့ အဘိညာဉ်နဲ့ ကြည့်လိုက်တယ် (မှန်ပါ့) ဥဒကကိုဟောမှ တော်မယ် ဆိုပြီး ဒုတိယ ဆရာပေါ့ဗျာ (မှန်ပါ့) သူကလဲ မနေ့ညက သေနှင့်တယ် (မှန်ပါ့)။
ကဲ ဒကာကြွယ် သီသီကလေး လွဲတယ် (မှန်ပါ့) ဟာ သူလဲရှုံးခြင်းကြီး ရှုံးပဟ လို့ ဘုရားက ကြိမ်းဝါး ပြန်တယ် (မှန်ပါ) သစ္စာတရား မနာလိုက်ရလို့ (မှန်ပါ ဘုရား) နာရင် ချက်ချင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်မယ် (မှန်ပါ ဘုရား)။
ကဲ ဒကာကြွယ် ဘယ်နှစ်ယောက်လုံး ရှုံးသွားတာ (နှစ်ယောက်ပါ ဘုရား) ဒေဝီလပါ ထည့်လိုက်ပါဦး (သုံးယောက်ပါ ဘုရား) သုံးယောက် ရှုံးသွားကြတယ် (မှန်ပါ့)။
ဦးလှဘူး ကဲ ကိုယ့်ကံအကြောင်း ကိုယ်ဖြည့်လာတဲ့ ပါရမီတွေ ပြည့်ကြောင်းကို ဘုန်းကြီးက ထုတ်ဖော်ပြောရမှာလား တဲ့ ဖြစ်စဉ်ကိုက ကိုက်နေတာလားဆိုတာ ဦးမာဒင် ဘာမှမငြင်း နဲ့ (ဖြစ်စဉ်က ကိုက်နေတာပါ ဘုရား)။
ပြုံးပြီးအားထုတ်ကြပါ
ဖြစ်စဉ်က ကိုက်နေတာ (မှန်ပါ့) အဲဒီတော့ ဖြစ်စဉ်က ကိုက်ပြီး သကာလ နေတော့ ဒကာကြွယ်တို့က ပြုံးပြီး သကာလ အားထုတ်ဖို့ပဲ (မှန်ပါ့)။
ကိုင်း တောင်းသရွေ့ ဆုပြုသရွေ့ ကုသိုလ်တွေ ဒီနေရာစုပုံပြီး နောက်ဆုံးပိတ် ဇာတ်သိမ်း အောင်ပွဲ ယူမည့် အခါဟာ ဒီအခါပဲ (မှန်ပါ့) ဒီလိုကို ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့)။
အဖိုးတန်အောင် ပြောလို့ တန်တာလား၊ သက်သေခံ လုံလောက်လို့ တန်တာလား (သက်သေခံ လုံလောက်လို့ တန်တာပါ ဘုရား)။
အဖိုးတန်လွန်းလို့ပြောနေတာ
တချို့က ဟာ ဘုန်းကြီးက စကားသိပ်တတ်တာ၊ တရားက သိပ်ပြီးလည်း ပြောတတ်တာလို့ ဦးမာဒင်တို့က ဘုန်းကြီးအပေါ် စွဲချက်မတင်နဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဖိုးကို တန်လွန်းလို့ ပြောနေတာ (မှန်ပါ့)။
ဟိုဝမ်းထဲမှာ ပဋိသန္ဓေနေတုန်း ရှိသေးတဲ့ ပုဂ္ဂိုလ်တွေ လူလားမြောက်မှာနဲ့ ဘုန်းကြီးတို့ ပျံတော် မူမှာနဲ့တော့ တန်းနေ တယ် (တန်းနေပါတယ် ဘုရား)။
အဲဒါတွေကျတော့ ဘယ့်နှယ်စဉ်းစားမလဲ (ရှုံးပါတယ်) ရှုံးဦးမှာပဲ၊ သဘောကျပလား (ကျပါပြီ)။
ရှေ့သေနှင့်တဲ့ အာဠာရ၊ ဥဒကတို့လို ဒီလူ့ပြည်မှာ နေတဲ့ ပုဂ္ဂိုလ်တွေရော (ရှုံးပါတယ် ဘုရား) ရှုံးသွားကုန်ပြီ (မှန်ပါ့) ရှုံးသွားကုန်ပြီ ဆိုတာလဲ အထင်ရှားပါ (မှန်ပါ့) ရှုံးသွားတယ်တဲ့ ဘယ်ဉာဏ်နဲ့ သေသွားသတုံး မေးတော့မှ ဦးမာဒင် ကမ္မဿကတဉာဏ် (မှန်ပါ့) ဒကာသစ် ဘာတုံး (ကမ္မဿကတ ဉာဏ်ပါ ဘုရား)။
ကျွေးမယ်ကွာ မွေးမယ်ကွာ၊ ပိုရင်လှူမယ်ကွာ၊ တန်းမယ်ကွာ (မှန်ပါ့) ဒါ နောက်ဘဝ ကောင်းစားရေး ပေါ့ကွာ ဆိုပြီး သကာလ နောက်ဘဝ ဘက်သာ လှည့်သွားတာပဲ (လှည့်သွားပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘဝ ဇာတ်သိမ်းတဲ့ သစ္စာဉာဏ်ရရဲ့လား (မရပါ ဘုရား)။
သူတို့လဲ စွဲချက်တင်ရတော့မယ် (မှန်ပါ့) ရှုံးပြန်ပဟေ့ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (ရှုံးပြန်ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာတော့ဖြင့် အင်း အထိသုံးပါး ညီပြီပေါ့၊ လောကီ အလိုနဲ့ပြောရင် (မှန်ပါ့) အထိသုံးပါး ဘယ့်နှယ်တုံး (ညီပါတယ် ဘုရား)။
လျှော့ဈေးမလုပ်ပါနဲ့
ညီတဲ့အထဲက ခင်ဗျားတို့က လျှော့ဈေးမလုပ်နဲ့ (မှန်ပါ့) အံမာ လျှော့ဈေးက ခင်ဗျားတို့က ပါနေလို့ ပြောရတာ (မှန်ပါ့) လျှော့ဈေးက ဘာပါသတုံးလို့ မေးတဲ့ အခါကျတော့ ဒီကသစ္စာတွေ ဟောလို့ သစ္စာ အလုပ် အထ မမြောက်ခင် ခင်ဗျားတို့က ကိစ္စတွေ၊ ဗျာပါဒတွေ၊ မလွှဲသာ မရှောင်သာ တာတွေ ဒါတွေက လာချင်လာတတ်တယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
လာတော့ ဒါကညီညွတ်ပြီးသားကို ဒကာကြွယ် ပြန်ဖျက် တယ် (မှန်ပါ့)။
ညီညွတ်ပြီးသားကို (ပြန်ဖျက်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ညီညွတ်ပြီးသားကို (ပြန်ဖျက်ပါတယ် ဘုရား) ဘယ်သူ့အပြစ်တုံး (တပည့်တော်တို့အပြစ်ပါ ဘုရား) ကိုယ့် အပြစ်ပဲ (မှန်ပါ့)။
နောက်ဆုံးပိတ်၊ ဒုက္ခသိမ်းတဲ့ဘဝပဲ
ဘယ့်နှယ်ကြောင့် ဒီညီညွတ်ဖို့ရာကြီး ဘယ်လောက် ခင်ဗျားတို့ ပါရမီဖြည့်ခဲ့သတုံး ဆိုလို့ရှိရင် မရေတွက်နိုင်ဘူး ဖြေရမယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် နောက်ဆုံးပိတ်ဘဝပဲ ကိုယ့်ကိစ္စ ဒုက္ခသိမ်းတဲ့ ဘဝပဲလို့ ဆိုရင်ရော လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒါကို ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ငဲ့ရေး၊ စောင်းရေး ဆိုတဲ့ သာမည ကိစ္စလေးက ထောပတ် ထမင်းနားမှာ ကျင်ကြီးတစ်ပဲသား ကျတာလောက် နာတယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ပါပါပြီ ဘုရား)။
ထောပတ်ထမင်း၊ ဒံပေါက် ထမင်းနားမှာ ကျင်ကြီး တစ်ပဲသားဆိုတော့ ဟိုက တစ်ပိဿာခွဲ လောက် ရှိတယ်၊ တစ်ပဲ သားကျငြားသော်လဲ ပျက်မှာပဲ (ပျက်ပါတယ် ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်ဆိုမလဲ (ပျက်ပါတယ် ဘုရား) ခင်ဗျား စားချင်သေးရဲ့လား၊ မစားချင် ပါဘူး၊ ဘာဖြစ်သွား လို့တုံး (ကျင်ကြီး တစ်ပဲသား ကျလို့ပါ ဘုရား) ပျက်စီးသွား တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ကိစ္စလေးက ဒီ တစ်ပဲသားလောက်ကလေး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ကိစ္စက (တစ်ပဲသားလောက်ပါ ဘုရား) တစ်ပဲသားကလဲ အသုံးချလို့ ရရဲ့လား၊ တစ်ပွဲလုံး ပျက်သွား သလား (တစ်ပွဲလုံးပျက်သွားပါတယ် ဘုရား)။
တစ်ပဲသားက (တစ်ပွဲလုံးပျက်သွားပါတယ် ဘုရား) အံမာလေး ခင်ဗျားတို့ တစ်သံသရာလုံး လုပ်လာတာ အကုန် ပျက်လိုက်တော့ ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်ပဲ သားက ထမင်းတစ်ပွဲလုံး ပျက် ရတာက ဒါလောက် အဖိုးမတန်ပါဘူး (မတန်ပါဘူး ဘုရား) ဟုတ်လား၊ တစ်ကျပ် ခွဲ နှစ်ကျပ်ဆိုရင် ဒကာသစ်ရပါတယ် (ရပါတယ် ဘုရား)။
ဒီဆရာနဲ့ဒီသစ္စာသိရပါလို၏
အဲဒါ ပစ်လိုက်ရတာ ဘာမှအရေးမကြီးပါဘူး (မှန်ပါ့) ဘဝများစွာ အဆင်းရဲခံပြီး သကာလ ဒီဆရာ ဒီသမားနဲ့ ဒီသစ္စာ သိရပါလို၏၊ သစ္စာသိမှ နိဗ္ဗာန်က ပါတာကိုး (မှန်ပါ့) နိရောဓသစ္စာ ဆိုတော့ နိဗ္ဗာန်မဟုတ်လား (မှန်ပါ့)။
အဲ သစ္စာထဲမှာမှ နိဗ္ဗာန်ပါလို့ သစ္စာတရားကို ကိစ္စ အဆုံးထားတဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိလေသာကဆင်ခြေထိုးတယ်
အဲဒါကို ဒီနိဗ္ဗာန်မရောက်ခင် ဒုက္ခသစ္စာလောက် တွေ့ပြီး သကာလ ဒုက္ခချုပ်မှ နိရောဓသစ္စာက ပေါ်မှာကိုးဗျ (မှန်ပါ့ ဘုရား) အဲဒါကလေး မဆိုင်းနိုင်တာနဲ့ တစ်ခါတည်း ဒကာ ဒကာမတွေက မလွှဲသာဘူး ဘုရာ့ မရှောင်သာဘူး ဘုရာ့နဲ့ ကိုယ့်ဆင်ခြေနဲ့ ကိုယ်ပေါ့ဗျာ (မှန်ပါ့)။
ဒါကလဲ ဘယ်သူကပြောတာတုံး ဆိုတော့ တစ်နေ့က တစ်ခါပြောပြီ ကိလေသာက ဆင်ခြေထိုး လိုက်တာ (မှန်ပါ့)။
ဘယ်သူက ထိုးတာပါလိမ့် (ကိလေသာက ဆင်ခြေ ထိုးတာပါ ဘုရား)။
အဲဒီ ကိလေသာ ဆင်ခြေထိုးတာနဲ့ ဦးသန်းမောင်ရေ ခုနင်ကပြောသလို တစ်ပဲသားနဲ့ပဲ တစ်ပွဲလုံး ပျက်ပြီ (ပျက်ပါတယ် ဘုရား) မပျက်သေးဘူးလား (ပျက်ပါတယ် ဘုရား)။
တစ်ပွဲလုံး ပျက်တော့ ပေယျ ပြောသလိုပဲ ရှိမှာပဲ (မှန်ပါ့) ပေယျမှာ ဟောနေတဲ့ တရားက ဒါနကထာ ဟောတုန်းက သူရှိတယ် (မှန်ပါ့ ဘုရား) သီလကထာ ဟောတော့ (ရှိပါတယ် ဘုရား) သဂ္ဂကထာ နတ်ပြည် ရောက်ကြောင်း ဟောတော့ (ရှိပါတယ် ဘုရား) မဂ္ဂကထာ သစ္စာဟောမည် ကြံမှ ထပြေးတယ် (မှန်ပါ့) ကဲ မနာဘူးလား (နာပါတယ် ဘုရား)။
ပါရမီပြည့်စုံတဲ့အချိန် အဆုံးရောက်အောင်ယူပါ
နာပုံကလေး နည်းနည်း နားထောင်ကြည့်ပါ ဆိုတော့ တစ်နေ့ကလဲ ပြောခဲ့ပါပြီ (မှန်ပါ့) ပေယျ အရိုးချည်း စုထားမယ် ဆိုရင် သုံးရက်တက် သုံးရက်ဆင်း (မှန်ပါ့)။
ကဲ သစ္စာတစ်ခုတည်း လွဲသွားတယ် (မှန်ပါ့) ဒါလောက်ထိအောင် သေရဲပါ့မလား မေးတော့လဲ (မသေရဲပါ ဘုရား)။
မသေရဲလို့ရှိရင်ဖြင့် ပါရမီစုံတဲ့ ဥစ္စာကို အကုန်ယူ (မှန်ပါ့) အဆုံးရောက်အောင် ယူရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
သာသာထိုးထိုး ပေးနေတာ၊ အင်တင်တင် လုပ်မနေနဲ့
ခင်ဗျားတို့ကို သာသာထိုးထိုး ပေးနေတာ (မှန်ပါ့) ယူမည့်လူက အင်တင်တင် လုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သာသာထိုးထိုး ပေးတော့ ဒကာကြွယ်က အင်တင်တင် များ လုပ်ချင်သေးသလား (မလုပ်ချင်ပါ) မလုပ်နဲ့ဗျ ဒီဥစ္စာ ဒကာသစ် ဒီဥစ္စာ သေသေချာချာ ကြိုးစားကြပါ ဆိုတာ တိုက်တွန်း ပါတယ် (မှန်ပါ့)။
အံမာလေး ခင်ဗျားတို့ကို ဟောရတာ နည်းနည်း၊ တိုက်တွန်းရတာက များများ ဖြစ်နေတယ် (မှန်ပါ့)။
ဘာ့ကြောင့် တိုက်တွန်း ရပါလိမ့်မတုံး ဆိုတော့ လူကြီးတွေ မို့ဟေ့ (မှန်ပါ့)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) လူကြီးဆိုတာ အရှက်မရှိဘူး (မှန်ပါ့)။
လူကြီးတွေမှာ အရှက်မရှိဘူး
ဘာဖြစ်လို့ အရှက်မရှိသတုံးဆိုတော့ ဟိုငဲ့၊ ဒီငဲ့တွေ ဆိုတော့ ဟိုငဲ့၊ ဒီငဲ့တာက ဒကာသစ် တဏှာ မဟုတ်လားဗျ (မှန်ပါ့) လူကြီးတွေမှာ တဏှာများနေလို့ အရှက်မရှိဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လူကြီးဆိုတော့ လူငယ်လို မဟုတ်ဘူးဘုရာ့၊ လူငယ် ကတော့ တစ်ခါတည်း ေဩာ် သူမိုက် သေးတာပဲကွ ဆိုပြီး သကာလ ပြောပေ ဆိုပေမယ့်လဲ ငယ်တာနဲ့ ဖုံးလိုက်ရင် ဒီပြင် အပြစ်တွေ အကုန် ပျောက်တယ် (မှန်ပါ့)။
လူကြီးကတော့ မျက်နှာပြရမည့် နေရာ မျက်နှာပြရမယ် (မှန်ပါ့) ကိုယ်ဝင်ပြောရမည့်နေရာ (ကိုယ်ဝင်ပြော ရပါမယ် ဘုရား)။
တရားတော့ ရှောင်တယ်
အဲဒါ လူကြီးဆိုတော့ ရှောင်လို့တိမ်းလို့က မကောင်းဘူး (မှန်ပါ့) တရားတော့ ရှောင်လိုက်၊ လူထဲတော့ မရှောင်နဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒါ ဆိုးရွားနေတယ် (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒကာကြွယ် တရားတော့ ဘာတဲ့ (ရှောင်ပါတယ်) ချမ်းသာ ကိုတော့ ရှောင်လိုက်ပေါ့၊ ဆင်းရဲတော့ ဖက်ထား (မှန်ပါ့) ဒီအဓိပ္ပါယ် ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။
ချမ်းသာကိုတော့ ဘာတဲ့ (ရှောင်ပါတယ်) ဆင်းရဲတော့ (ဖက်ထားပါတယ်) ခင်ဗျားတို့ထက် ဆိုးတာ ဘယ်ရှိတော့မလဲ (မရှိပါ ဘုရား) ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ကဲ ဦးလှဘူး ခင်ဗျားတို့ ထက်ဆိုးတဲ့လူရှာဦး (မတွေ့ပါ) မတွေ့တော့ဘူး (မှန်ပါ့)။
တရားတော်ပြန်စကြစို့
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရားပြန်စကြစို့တဲ့၊ ဒီဥစ္စာ သစ္စာတရားကို ခဲယဉ်းတယ် ပြောတာပါ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ ပဋ္ဌာန်းနည်းနဲ့လဲ ဝိညာဏ် ပေါ်ပုံပြောပြီးပါပြီ (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ် နည်းနဲ့ရော (ပြောပြီးပါပြီ) သစ္စာဆိုက်ပုံရော (ပြောပြီးပါပြီ ဘုရား) ဒါ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ကိုယ့်အသေကို ကိုယ်မြင်တာ
ဒီအပေါ်မှာ ပေါ်ပြီး ဒီအပေါ်မှာ ပျက်ရတယ် (မှန်ပါ့) ဒါဘယ်သူသေတာတုံး မေးလို့ ရှိ ရင် ဖြင့် ကြည့်တဲ့ မိမိသေတာ (မှန်ပါ့) ဒီအပေါ်မှာ မွေး၊ ဒီအပေါ်မှာ သေရရှာတယ် (မှန်ပါ့) ဘယ်သူ သေတာပါလိမ့် (ကြည့်မိတဲ့ မိမိသေတာပါ) ဒါတစ်ယောက် သေနေတာ (မှန်ပါ့)။
ေဩာ် ကိုယ့်အသေကို ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ကိုယ့်ဉာဏ်နဲ့ကြည့်တော့မှ ကိုယ်မြင်တာ (မှန်ပါ) အသေမြင်တော့မှ “မရဏမ္ပိ ဒုက္ခံ’’ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာကိုမြင်တာ
မရဏမ္ပိ – ကိုယ့်အသေကို ကိုယ်မြင်ခြင်းသည်လည်း၊ ဒုက္ခံ- ဒုက္ခသစ္စာကို မြင်ခြင်းပါပဲ (မှန်ပါ့) ကိုယ့်အသေကို ကိုယ်မြင်တာ (ဒုက္ခသစ္စာမြင်ခြင်းပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သစ္စာလည်းမြင်ပြီ ဆိုတော့ကို ဒါ ဒုက္ခသစ္စာ မြင်တာ (မှန်ပါ့) ဒုက္ခသစ္စာ မြင်ရင် ဒကာသစ်က ဒုက္ခသစ္စာ ဆုံးအောင် လိုက်-လိုက် (မှန်ပါ့)။
ဒုက္ခအဆုံးမှာ နိရောဓရှိတယ်
ဆုံးအောင်လိုက်တော့ ဘာတွေ့မယ်ထင်သတုံး (နိရောဓမြင်ပါတယ်) ဒုက္ခအဆုံးမှာ နိရောဓ ရှိတယ် (မှန်ပါ့) ဒုက္ခအဆုံးမှာ (နိရောဓရှိပါတယ် ဘုရား)။
အဲဒီတော့ ဒုက္ခသစ္စာ ကလည်း ဘာလို့ ဘုရားက ဟောလိုက်တော့ ခန္ဓာငါးပါး ဟောလိုက် တယ် (မှန်ပါ့) ဒီခန္ဓာကလေး ဆုံးအောင် လိုက်ကြည့်စမ်း (မှန်ပါ့)။
ဝေဒနာဆုံးအောင်လိုက်၊ စိတ်ဆုံးအောင်လိုက်
ဒါ ဘုန်းကြီးကလည်း ဒီဒကာ ဒကာမတွေ ခန္ဓာငါးပါး မဆုံးချင်နေပါစေ၊ ဝေဒနာ ဆုံးအောင် လိုက်ပါ (မှန်ပါ့) စိတ်ဆုံးအောင် လိုက်ပါ (မှန်ပါ့) ဒါပဲ မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒီတော့ ဒကာသစ် ဒါလိုက်ရုံပဲ (မှန်ပါ့ ဘုရား)။
ကဲ တရားနှလုံးသွင်းကြ ဒကာ ဒကာမတို့၊ ခန္ဓာ ကိုယ်ထဲမှာ ရှိသရွေ့ ရှုတဲ့ဉာဏ် မှတစ်ပါး ကျန်တာတွေဟာ ဘယ်အချိန် ဘာဖြစ်ဖြစ်၊ ဘာပေါ်ပေါ် အားလုံး ဒကာ ဒကာမတွေ မှတ်စရာက ဒုက္ခသစ္စာ ပေါ်၍ ဒုက္ခသစ္စာ ပျောက်တာသာ မှတ်ပါ (မှန်ပါ့) ရှုတဲ့ဉာဏ်ကို ချန်ထား (မှန်ပါ့)။
ရှုတဲ့ဉာဏ် ချန်ထားပြီး ကျန်တာတွေ ဉာဏ်အောက်မှာ ပေါ်လာတာတွေ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ခန္ဓာထဲ လျှောက်ကြည့်ပါ (မှန်ပါ) ဘာသစ္စာတွေ တွေ့ရသလဲ (ဒုက္ခသစ္စာတွေ တွေ့ရပါတယ် ဘုရား)။
စိတ်တွေကိုဖြစ်ပျက်ရှုပါ
အဲဒီတော့ ဒီပြင် ဒုက္ခသစ္စာတွေ ဆိုတော့ များနေမှာစိုးလို့ ဒကာ ဒကာမတွေ ဒီ ဝိညာဏ ဓာတ်ခြောက်ပါး ကြည့်ပါ (မှန်ပါ့)
မျက်လုံးစိတ် ဖြစ်ပျက်ကိုကြည့်ပါ (မှန်ပါ့) နားစိတ်ရော (ဖြစ်ပျက် ကြည့်ရပါမယ်) နှာခေါင်းစိတ် ဖြစ်ပျက်ရော (ကြည့်ရပါမယ်)
လျှာပေါ်- ပေါ်တဲ့စိတ်ကလေး၏ ဖြစ်ပျက် (ကြည့်ရပါမယ်) ကိုယ်ပေါ်မှာ တစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့ နေရာပေါ်တဲ့ စိတ်ကို (ကြည့်ရပါမယ်) ဝမ်းထဲမှာ ကြံတွေးဆ တဲ့စိတ်တွေ (ကြည့်ရပါမယ်) ရှူရှိုက်နေတဲ့ စိတ်တွေကို (ကြည့်ရပါမယ်) ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
ရှုလိုက်တော့ ဒီဟာတွေဟာ ဘုရားက ဟောထားတော့ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” ဆိုတော့ လောကီခန္ဓာတွေလဲ ဖြစ်နေသောကြောင့် ဒကာကြွယ် ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။
ေဩာ် ဒုက္ခသစ္စာ ဆိုတာ ဒကာ ဒကာမတို့ ဉာဏ်နဲ့ တည့်တိုင်း တွေ့တယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
ဉာဏ်နဲ့တည့်တိုင်း၊ ဒုက္ခသစ္စာတွေ့တယ်
ဉာဏ်နဲ့တည့်တိုင်း တည့်တိုင်း (တွေ့ပါတယ် ဘုရား) ဉာဏ်နဲ့တည့်တိုင်း တည့်တိုင်း ဒုက္ခသစ္စာ တွေ့တယ် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒို့သည်ကားလို့ ဆိုရင်ဖြင့် ရေထဲမှာ ရေရှာဖို့မလိုပါဘူး (မလိုပါဘူး ဘုရား)။
ရေထဲမှာ (ရေရှာဖို့မလိုပါ ဘုရား) ရေတော့ ရှိတယ်ဗျာ၊ ရေက အရှာခက်လိုက်တာ ရေထဲနေတဲ့ လူက ရေရှာဖို့ မလိုဘူး (မလိုပါဘူး ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာကို ဉာဏ်နဲ့သာ စိုက်ထား၊ ရေထဲ ရေရှာသလို မနေပါစေနဲ့၊ ခန္ဓာကို ဉာဏ်နဲ့စိုက်ထားလို့ ရှိရင်ဖြင့် မြင်စိတ်ကလေး ပေါ်လာလဲ ဪ ဒါ ခုနင်က ရေထဲမှာ တွေ့သလိုပဲ၊ ဒုက္ခသစ္စာပဲ (မှန်ပါ့ ဘုရား)။
ပေါ်လာတာ ဒုက္ခသစ္စာ
နဂိုကိုက ဒုက္ခသစ္စာထဲမှာ ဉာဏ်က ထည့်ထားတာကိုး (မှန်ပါ့) ပေါ်လာတာ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။
ပေါ်လာတာ (ဒုက္ခသစ္စာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဉာဏ်နဲ့ ဘယ်လှည့်ထားကြမလဲ (ခန္ဓာ လှည့်ထားရပါမယ်) ခန္ဓာတစ်ခုလုံးဟာ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။
အဲဒီဒုက္ခသစ္စာတွေ အများကြီးထဲကမှ စိတ်ဒုက္ခသစ္စာကို ရှုပါ (မှန်ပါ့ ဘုရား)။
စိတ်ဒုက္ခသစ္စာကိုပါ
ဘယ်ဒုက္ခသစ္စာကိုလဲ (စိတ်ဒုက္ခသစ္စာကို ရှုပါမယ် ဘုရား) စိတ်ရှုတော့လဲ များများမရှုပါနဲ့ (မှန်ပါ့) မြင်စိတ်ပေါ်ရင်လဲ ရှုပါ (မှန်ပါ့) ကြားစိတ်ပေါ်ရင် ၊ (ရှုရမှာပါ ဘုရား)။
နံစိတ်ပေါ်ရင် (ရှုရမှာပါ ဘုရား) စားစိတ်ပေါ် ရင် (ရှုရမှာပါ ဘုရား) ကိုယ်ပေါ်မှာ ယားတဲ့ ကောင်းတဲ့စိတ်ပေါ် ရင် (ရှုရမှာပါ ဘုရား)။
ကိုယ်ပေါ်မှာ ရှုရမယ် (မှန်လှပါ ဘုရား) ယားတဲ့ စိတ်၊ ကောင်းတဲ့စိတ် ပေါ်ရင် ကိုယ်ပေါ်မှာ (မှန်ပါ့ ဘုရား)။
ဝမ်းထဲမှာ ဝမ်းသာတဲ့စိတ်ပေါ်ရင်လဲ (ရှုရမှာပါ ဘုရား) ဝမ်းနည်းစိတ်ပေါ်ရင် (ရှုရမှာပါ) လှူချင်၊ တန်းချင် တဲ့စိတ် ကလေးပေါ်လာရင် (ရှုရမှာပါ ဘုရား)။
ပေးချင်၊ ကမ်းချင်တဲ့စိတ်ပေါ်လာရင် (ရှုရမှာပါ ဘုရား) သနားတဲ့စိတ်ပေါ်လာရင် (ရှုရမှာပါ ဘုရား) မေတ္တာ ရှိတဲ့စိတ်ကလေးပေါ်လာလဲ (ရှုရပါမယ် ဘုရား) အကုန်အကုန်ရှု၊ ရေထဲမှာ ပေါ်လာတာ ရေချည်း မှတ်ပေတော့ (မှန်ပါ့ ဘုရား) ဒီမှာလဲ ဉာဏ်အောက် ရောက်နေတာတွေ ဒုက္ခသစ္စာချည်း မှတ်ပေတော့ (မှန်ပါ့ ဘုရား)။
နောက်ခန္ဓာမလာတာနိရောဓသစ္စာ
အဲဒီတော့ ဒုက္ခသစ္စာလို့ မမြည်ဘဲနဲ့ ဪ ဒါတွေ သည်ကားလို့ ဆိုရင် ဖြစ်ပျက်နေတဲ့ ဓမ္မတွေပါကလားလို့ ဉာဏ်ထဲက မှတ်လိုက်လို့ ရှိရင် ဒါ ဒုက္ခသစ္စာ သိတာလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် ဖြစ်ပျက်သည် ဘာသစ္စာ (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂသစ္စာပါ) ဒီဘက်ကို ပဋိစ္စသမုပ္ပာဒ် မထွက် လာတာက သမုဒယ ချုပ်တာ (မှန်ပါ့ ဘုရား)။
မထွက်လာသောကြောင့် နောက်ခန္ဓာ မရတာက (နိရောဓသစ္စာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။