154

သားသမီးပစ္စည်းခင်တာသည် ငါးစာတွေ မျိုနေကြတာ

အသံဖိုင်ခေါင်းစဉ်= ဝေဒနာသုံးပါးကို ငါးမျှားချိတ်ဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ်= သားသမီးပစ္စည်းခင်တာသည် ငါးစာတွေ မျိုနေကြတာ (ငါးမျှားချိတ်ဥပမာ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

သားသမီးပစ္စည်းခင်တာသည် ငါးစာတွေ မျိုနေကြတာ

(ငါးမျှားချိတ်ဥပမာ)

ဟောကြားသည့်နေ့

(၈-၉-၅၅)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောတော်မူတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေဟာ မျက်လုံးထဲမှာ မြင်ရတာဟာ၊ သူ့အနေနဲ့ကြည့်ရတာ သနားစရာ အင်မတန် ကောင်းတယ်တဲ့၊ သနားစရာ အင်မတန် ကောင်းတယ်တဲ့ (မှန်ပါ)။

သေမင်းဆိုတဲ့မရဏဓာတ်

သေမင်းဆိုတဲ့ မရဏဓာတ်၊ သေမင်းဆိုတဲ့ မရဏဓာတ် ကြီးကရှိတယ်၊ အဲ့ဒီ မရဏဓာတ် သေမင်း ကလည်း သတ္တဝါတွေ သေရာသေကြောင်း ကြံစည်ထားတာ ရှိတယ်။

သေရာ သေကြောင်း ကြံစည်းထားတာက ဘာတုံးဆို လို့ရှိရင်ဖြင့် အဆင်းကလေးကို ပြပြီး သကာလ ဒကာ ဒကာမ တွေ ဒီအဆင်းလေးချစ်အောင် ခင်အောင် သူလုပ်တယ်။

ဒီအဆင်းလေး ချစ်အောင် ခင့်အောင် လုပ်ပြီးမှဖြင့် ဒီအဆင်းနားက ဒီဒကာ ဒကာမတွေသည် မသွားနိုင်ပါဘူး (မှန်လှပါဘုရား)။

မသွားနိုင်တဲ့အခါ မရဏဓာတ်ဆိုတဲ့ သေမင်းက သတ္တဝါတွေဟူသ၍ ကို သူ့လက်အောက်က အကုန်အသတ် အဖြတ်ခံဖို့ရာ အလိုရှိနေတဲ့ သေမင်းသည် သတ္တဝါတွေကို အထူးတလည် ရှာမနေ ရဘူး။

သားတည်းဟူသော ရူပါရုံအဆင်း၊ အသံ အဲ့ဒါလေး တွေ ခင်တွယ်နေတဲ့ အမေမိဘတည်း ဟူသော ပုဂ္ဂိုလ်တွေဟာ သားသမီးတည်းဟူသော အသံ၊ အဆင်း၊ အပြောအဆို၊ ပုံသဏ္ဌာန်၊ ဟန်ပန် ဒါတွေနှစ်သက်ပြီး သားတည်းဟူသော အစာကို မျိုသိပ်ကာ၊ စားကာနဲ့ပဲ ဒီနားကိုပဲ တဝဲလည်လည် တရစ်ပတ်ပတ်နဲ့ နေတော့တယ် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ ရှိတဲ့ အခါကျတော့ မရဏဓာတ်ကြီးက သတ္တဝါတွေ ဘယ်လိုက်ရှာရပါ့မတုံး ဆိုတာ ရှာဖို့ မလိုတော့ဘူး (မလိုတော့ပါဘူး ဘုရား)။

ဒီနားတင် သူတို့ဆွဲပြီးသကာလ သတ်ဖို့ပဲဖြတ်ဖို့ပဲတဲ့ မရဏဓာတ်က (မှန်ပါ့)။

ဒကာ ဒကာမတွေက မိုက်ပါဘိနဲ့

အဲ့ဒါကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အင်း မရဏမင်းကလည်း အကြံအဖန် ကောင်းပါပေ့ပေါ့၊ ဒီ ဒကာ ဒကာမတွေကလည်း မိုက်ပါပေ့ကွာ၊ ဒီအဆင်းတည်းဟူသော တရားနဲ့ ထောင်ထားတဲ့ဥစ္စာကို သူတို့က မျိုးကြတယ်၊ စားကြတယ် ဆိုတော့၊ ဘယ်မှာသာလျှင် မရဏမင်း လိုတဲ့အချိန် ဆွဲ သတ်ပြီး သကာလ အပါယ်ဆိုတဲ့အရပ်သို့ ပို့ရုံပဲ (မှန်ပါ့)။

ဘုရားကမြင်လို့ဟောခဲ့တာ

သူတို့ကလည်း မိုက်ပါဘိနဲ့ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မြင်တော်မူတယ် (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် သံယုတ်ပါဠိတော်မှာ ဟောတော်မူတယ်။

‘‘သေယျထာပိ ဘိက္ခဝေ ဗာဠိသိကော အာမိသဂတံဗဠိသံ ဂမ္ဘီရေ ဥဒကဒရဟဒေ ပက္ခိပေယျ။’’

ငါးဥပမာပြဟောတယ်

ဘာတုံးဆိုလို့ရှိရင် ငါးဥပမာပြမယ်ကွာတဲ့၊ ဘိက္ခဝေ ရဟန်းတို့၊ သေယျထာပိ ဥပမာအဘယ်ကဲ့သို့နည်းဟူမူကား၊ ဗာဠိသိကော = ငါးကိုမျှားလေ့ ရှိသော ပုဂ္ဂိုလ်သည်။ အာမိသဂတံ အစာနှင့်တကွသော၊ ဗဠိသံ =ငါးမျှားချိတ်ကို၊ ဂမ္ဘီရေ= နက်သော၊ ဥဒကဒရဟဒေ =ရေအိုင်၌၊ ပက္ခိပေယျ= ချထားရာ၏၊ တမေနံ =ထိုငါးမျှားချိတ်ကို၊ အညတရော = တစ်ကောင်သော၊ အာမိသစက္ခု= အစာကိုမြင်သော၊ မစ္ဆော= ငါးသည်၊ ဂိဠေယျ = မျိုရာ၏၊ ဘိက္ခဝေ = ရဟန်းတို့၊ ဂိလဗဠိသော= ငါးမျှားချိတ်ကို မျိုမိသော၊ သော မစ္ဆော= ထိုငါးသည်၊ ဗျသနံ = သေမင်း၏နိုင်ငံသို့၊ အာပန္နော =ရောက်တော့၏။

ငါးဥပမာနဲ့ ပြဟောလိုက်တယ် (မှန်လှပါ) သံယုတ်ပါဠိတော်၊ သံယုတ်ပါဠိတော်။

ကိုယ့်သား၊ ကိုယ့်သမီးဟာအဆင်း

အဲတော့ ဒကာ ဒကာမတို့ စဉ်းစားပါတဲ့၊ ခင်ဗျားတို့မှာ တဲ့ အဆင်းရှိတဲ့ ဥစ္စာ ကိုယ့်သားလေး၊ ကိုယ့်သမီးလေး အဆင်းပေါ့ဗျာ (မှန်လှပါ ဘုရား) ရုပ်အဆင်း (မှန်လှပါ)။

အဲဒိကဲ့သို့ အဆင်းတည်းဟူသော တရားတွေဟာ ငါးမျှားချိတ်မှာ ငါးစာတပ်ထားတဲ့ ငါးမျှားချိတ်မှာ ပါတဲ့ ငါးစာနဲ့ တူပါတယ် (မှန်ပါ့)။

အဲဒိ ငါးစာကို ဒကာ ဒကာမတွေ တည်းဟူသော ငါးတွေသည် မြင်ပြီဆိုမှဖြင့်တဲ့ တစ်ခါတည်း မျိုမိကြတယ်၊ စားမိကြတယ် ဆိုတော့ ခင်မိကြတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ခင်မိကြတယ်၊ ကြင်မိကြတယ် ဆိုပြီးသကာလ တစ်ခါတည်း မိမိတို့သည် မခွဲနိုင် မခွာရက် ဖြစ်ကြတယ် (မှန်လှပါ ဘုရား)။

အဆင်းသည်ငါးစာ

အဲတော့ မရဏမင်းဆိုတဲ့ ပုဂ္ဂိုလ်က ဒီရူပါရုံ အဆင်းကို အဆင်းတည်းဟူသော ငါးစာတပ်ပြီး သကာလ ဒီအထဲချထားတာ (မှန်လှပါ ဘုရား)။

ဒီအထဲချထားတဲ့ အခါကျတော့ ဒီငါးသည် မျိုမိတဲ့အခါ ကျတော့ ဒီတိုင်နဲ့ ဒီငါးမျှားကြိုးအပြင် ပိုမိုပြီး သကာလ သူဘေး သွားနိုင်သေးလား (မသွားနိုင်ပါဘူး ဘုရား)။ မျိုမိပေါ့ကိုးဗျ (မှန်လှပါ) မျိုမိတဲ့ အခါကျတော့ ဒကာ ဒကာမတွေ မသွားနိုင်တော့ဘူး (မှန်လှပါ ဘုရား)။

မသွားနိုင်တဲ့အခါကျတော့၊ တံငါသည်နဲ့တူတဲ့ မရဏ မင်းသည် (ဝါ) သေမင်းသည်၊ ဘယ်အချိန်မဆို ဒီငါးကို အလိုရှိ တဲ့အချိန် ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချသွားတယ် (မှန်လှ ပါ ဘုရား)။

ထိုကဲ့သို့ ဆုံးဖြတ်ချက်ချသွားတော့၊ ဒီငါးကို အလိုရှိတဲ့ အချိန်ကျလို့ရှိရင်၊ ဒီကြိုးအတိုင်း လိုက်ပြီး ဆွဲလိုက်တယ် ဆိုလို့ရှိရင်ဖြင့် ဘယ်အချိန်မဆို ဒီငါးဟာ တန်းလန်းကြီး ပါလာတယ် (ပါလာပါတယ် ဘုရား)။

အဲတော့ကို ဈေးဆီ ဘာဆီ ရောက်လာမှ သူ့ဝယ်သူ ကို ရောင်းကောင်းအောင်ဆိုပြီး ဈေးကျမှ သတ်မှာ (မှန်လှပါ ဘုရား)။ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

မရဏမင်းဆိုတဲ့တံငါသည်

အဲဒီကဲ့သို့ မရဏမင်းဆိုတဲ့ တံငါသည်၏ လက်တွင်း မှာ၊ ၎င်းငါးသည်ကားလို့ဆိုရင် အလိုရှိသော အချိန်၌၊ အသက် အပ်နှင်းရတယ်လို့ ဆိုလို့ရှိရင်၊ အမှန်ပဲ ဆုံးဖြတ်ချက်ချရမှာပဲ (မှန်လှပါ ဘုရား)။

ထို့အတူပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဥပမာမယ် ခင်ပွန်းမကို ခင်မိတယ် (မှန်လှပါ)။

ခင်ပွန်းမကို ခင်မိတယ်၊ ယောက်ျားဘက်ကနေ တွေးပါ တော့ (မှန်လှပါ) ခင်ပွန်းမကို ခင်မိတယ် ဆိုလို့ရှိရင် ခင်ပွန်းမ ရူပါရုံ၊ အဆင်း ရူပါရုံကြီး ငါးစာတပ်ထားတဲ့ ငါးမျှားချိတ်ပါပဲ (မှန်လှပါ ဘုရား)။

အဲတော့ ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်သည် ဒီခင်ပွန်းမကို ခင်မိ၊ မင်မိ၊ ကြင်နာမိတဲ့အတွက် (ဝါ) မျိုမိ၊ စားမိတဲ့အတွက် ဒီအနားမှတစ်ပါး ဘယ်ကိုပဲသွားသွား ဒီနားတော့ ရှာရင်တွေ့ တဲ့အချိန် များတယ် (များပါတယ် ဘုရား)။

ဟုတ်ဖူးလား (မှန်လှပါ) ဒီအနား မပြန်ပါပဲနဲ့ နေသေးရဲ့ လား (မနေပါဘူး ဘုရား)။

တစ်ယောက်ကိုတစ်ယောက်ခင်တယ်ဆိုတာ

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ စဉ်းစားကြ၊ ဪ ဒို့တစ်ယောက် တစ်ယောက် ခင်တယ် ဆိုတာ ငါးစာမျိုမိတဲ့ ငါးဥပမာပါလား (မှန်ပါ့)။

ဒီနေရာကနေ ဘယ်နေရာမှ မပြေးနိုင်တော့ဘူး (မှန်ပါ့) သေမင်းလာရှာလို့ရှိရင်ဖြင့် ဒို့ပုန်းစရာ လျှိုစရာရယ်လို့ ငါတို့နေရာမရှိဘူး (မရှိပါ ဘုရား)။

သူထောင်ထားတဲ့ငါးစာ ဒို့က မျိုမိရက်ကြုံပြီ သူက အဆင်းနဲ့ထောင်ထားတာ (မှန်လှပါ)။

အဆင်းနဲ့ ထောင်ထားတော့ ဒကာ ဒကာမတွေက လည်း ဒီအဆင်းလေး ခင်မိပြီ၊ မျိုမိပြီ ဆိုကြစို့ (မှန်ပါ့)။

အဲတော့ သေမင်းက လိုက်ရှာတဲ့အခါကျတော့ တော် တော် အရှာခက်နေလား၊ သူထောင်ထားတဲ့ နေရာ သူသွားရုံပဲ လား (သူထောင်ထားတဲ့နေရာ သူသွားရုံပါ ဘုရား)။

အေး သူထောင်ထားတဲ့နေရာ သူသွားပြီးသကာလ ခုနက အဆင်းမျိုထားတဲ့၊ ဟုတ်လား အဆင်းထားတဲ့ ငါးဖမ်းယောက်ျားတွေသည်ကား ဆိုလို့ရှိရင်ဖြင့်၊ ဒီကြိုးအတိုင်း လိုက်ပြီးသကာလ ဖမ်းလိုက်လို့ ရှိရင်ဖြင့်၊ ဒီငါးသည် ဘယ်မှာ ပြေးလွှားစရာ အချက်ရှိသေးတုံး (မရှိပါဘူး ဘုရား)။

သူပြေးနိုင်တာ ဒီတိုင်ကိုလှည့်ပတ်ပြီး ပြေးတော့မှာပေါ့ (မှန်လှပါ ဘုရား) ဒီပြင် ဘယ်ပြေးမတုံး (ဘယ်မှ မပြေး နိုင်ပါ ဘုရား)။

ဘယ်မှ မပြေးနိုင်ဘူး၊ ဘယ်မှ မပြေးနိုင်ဘူး၊ အဲတော့ မရဏမင်းသည် သိပ်အရှာခက်ပြီး သကာလ သိပ်အဖမ်းရခက် ပြီး သကာလ သတ်ဖို့ရာ အလုပ်ကို အင်မတန် ခဲခဲယဉ်းယဉ်းရှာ ရမယ့် အခြေအနေ မရောက်ဘူး (မရောက်ပါဘူး ဘုရား)။

အလိုရှိတဲ့အချိန်ဖမ်းကာ သတ်ကာနဲ့ပဲ သူအလိုရှိသလို စီမံဖို့ရာသည် အချိန်မရွေး ပြည့်စုံနိုင်တယ်လို့ ဆိုလို့ရှိရင် လွဲသလား (မလွဲပါဘူး ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ သေမင်းဆို တဲ့ မရဏဓာတ်က ထောင်ထား လိုက်တာကဖြင့်၊ အဆင်းရူပါရုံ နဲ့ ထောင်ထားတော့၊ ခင်ဗျားတို့ ကိုယ့်ခင်ပွန်းရှိတဲ့အိမ် ဒီငါး ဘယ်မှ သွားမရှာနဲ့၊ ဒီအနားမှာပဲ တဝဲလည်လည် တရစ် ပတ်ပတ်နဲ့ မနေဘူးလား (နေပါတယ် ဘုရား)။

သား၊ သမီးဟူသော အဆင်းရူပါရုံ ငါးစာလေးတွေရှိတဲ့ နေရာ၊ အမေ မိဘတွေ သွားရှာပြီး၊ မရဏမင်းက သတ်ချင်ပါ တယ်ဆိုရင်ကော မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

သူကသားသမီး ဟူသော အဆင်းနဲ့ ငါးမျှားချိတ်တပ်ပြီး သကာလ ထောင်ထားတာကိုးဗျ (မှန်လှပါ ဘုရား)။

ထောင်ထားတဲ့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မရဏမင်းက လျှောက်ရှာတဲ့ အခါကျလို့ရှိရင်ဖြင့် သိပ်ပြီး အနှံ့အပြား ရှာရမှာလား၊ ဒီကြိုးနဲ့ ဒီနေရာပဲ ရှာရမှာ လား (ဒီကြိုးနဲ့ ဒီနေရာပဲရှာရမှာပါ ဘုရား)။

သား၊ သမီးပစ္စည်းခင်တာ၊ ငါးစာမျိုတာ

အဲဒါကြောင့် ခင်ဗျားတို့ သားခင်၊ သမီးခင်၊ ပစ္စည်းခင် အဲ့ဒါတွေ ငါးစာတွေ မျိုနေကြတာတဲ့ ဒကာ ဒကာမတို့ ဘုရား က (မှန်ပါ့)။

“သေယျထာပိ ဘိက္ခဝေ ဗာဠိသိကော အာမိသဂတံ အာမိသစက္ခုမစ္ဆော ဂိလေယျ သော အနယဗျသနံ အာပန္နော”

ဘုရားကဟောခဲ့တယ်

ဘိက္ခဝေ = ရဟန်းတို့၊ သေယျထာပိ = ဥပမာဘယ် ကဲ့သို့နည်းဟူမူကား၊ ဗာဠိသိကော= ငါးများတတ်သော သူသည်၊ ဗဠိသံ =ငါးမျှားချိတ်ကို၊ ဂမ္ဘီရေ = နက်သော၊ ဥဒကဒရဟဒေ= ရေအိုင်၌၊ ပက္ခိပေယျ= ချထားရာ၏။

ရူပါရုံလေးတပ်ပြီး ချထားလိုက်တယ် (မှန်လှပါ ဘုရား)။ အဆင်းလေးတပ်ပြီး ချထား လိုက်တယ် (မှန်ပါ့)။

အဲဒီကဲ့သို့ ချထားတဲ့ တမေနံ = အဆင်းတည်းဟူသော၊ ရူပါရုံ =ငါးစာကို၊ အာမိသစက္ခုမစ္ဆော = အားလုံးသည် အဆင်းကို နှစ်သက်တဲ့ ငါးနဲ့တူတဲ့ ဒကာ ဒကာမတွေသည်တဲ့၊ ဂိလေယျ =မျိုရာ၏၊ (ဝါ) ခင်ရာ၏ပေါ့ဗျာ (မှန်လှပါ ဘုရား)။

မာရဿ = မရဏမင်း၏၊ တံ ဝသံ = ထိုနိုင်ငံသို့၊ အနယ ဗျသနံ = ပျက်စီးခြင်းသို့၊ ပါပုဏေယျ = ရောက်ရာ၏။

သေမင်းစီမံဖို့ တစ်ခါတည်း ဖြစ်လာတာပဲ (မှန်ပါ့) မျိုမိကြ ပြီ (မှန်လှပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့၏ ဖြစ်စဉ်ကို ပြောရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဘယ်နေရာမှာ သေမင်း လိုက်ရှာဖို့ရာ ခဲယဉ်းသေးရဲ့ လားလို့ မေးလို့ရှိရင် သူထောင်ထား တဲ့နေရာ သွားရှာမှာပေါ့ဗျ (မှန်လှပါ ဘုရား)။

အာခေါင်ချိတ်ရက်ကြီး

သူထောင်ထားတဲ့ နေရာ သွားရှာတော့ ခင်ဗျားတို့ တန်းလန်းကြီး အာခေါင်ချိတ်ရက်ကြီး ဆိုသလို မိနေတာ (မိနေပါတယ် ဘုရား)။

မိနေတဲ့အခါကျတော့ လိုချင်တဲ့အချိန်မှာ ကဲ ဒီငါးက သတ်ချိန်ရောက်ပြီ၊ ဒီ ပုဂ္ဂိုလ် သတ်ချိန်ရောက်ပြီ ဆိုတော့ တခြားလျှောက်ရှာမနေရတော့ဘူး (မှန်လှပါ ဘုရား)။

အလိုရှိတဲ့အချိန် ခင်ဗျားတို့ တိုက်၊ ခင်ဗျားတို့အိမ်၊ ခင်ဗျားတို့ သားသမီး၊ ခြေရင်းသွားရှာ လိုက်တော့ အဆင်သင့် တွေ့တာပေါ့ ဒီငါးခြေရာ (မှန်ပါ ဘုရား)။

မတွေ့ပဲ ရှိသေးလား (မရှိပါဘူး ဘုရား)၊ အဲဒီလို ခင်ဗျားတို့ ယခုအိမ်မှာနေလာတာသည် ဘာများလုပ်နေကြတုံး ဆိုတော့ မျိုမိလို့ ဘယ်မှ မသွားနိုင်တော့ဘူး (မှန်လှပါ ဘုရား)။

သားတည်းဟူသော ခင်မှုကို မျိုမိလို့၊ အဆင်းတည်းဟူ သော ငါးစာကို မျိုးမိလို့ (မှန်လှပါ ဘုရား)။

သမီးတည်းဟူသော အဆင်း ရူပါရုံကို ခင်မိ၊ ကြင်မိ၊ မျိုမိလို့၊ ဒီအဆင်းတည်းဟူသော ဖောဋ္ဌဗ္ဗအာရုံ ဆိုတဲ့ တရားတွေကို ခင်မိ၊ မင်မိ၊ မျိုမိလို့ ဘယ်နေရာသွားရှာရှာ ခင်ဗျားတို့သည် ဒီနေရာမှတစ်ပါး ဘယ်မှ သွားရှာနေဖို့ မလိုတော့ဘူး (မှန်လှပါ ဘုရား)။

ဒီနေရာပဲ ရှာပြီး ဒီနေရာကနေပြီး မရဏမင်းက လိုက်သတ်တာ (မှန်လှပါ ဘုရား)။

ငါးစာသည် ရန်သူအကြီးဆုံး

အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ သည် အဆင်းတည်းဟူသော ငါးစာသည် ခင်ဗျားတို့၏ ရန်သူ အကြီးဆုံး (မှန်လှပါ ဘုရား)။

သို့သော် ငါးစာ သူ့ဟာသူနေတာ ခင်ဗျားတို့က မျိုတယ် (မှန်လှပါ ဘုရား)။

မျိုတဲ့ ပုဂ္ဂိုလ်ဟာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား) အဲ့ဒါကြောင့် ယနေ့ ဟောမယ့်တရားသည် ဒကာ ဒကာမတို့ မျိုတာသည် ဘာတုံးလို့မေးတဲ့အခါကျတော့ သုခဝေဒနာ (မှန်လှပါ ဘုရား)။

ချမ်းသာချင်သကိုး (မှန်ပါ့) ရချင်သကိုး (မှန်လှပါ) စားချင်သကိုး (မှန်လှပါ ဘုရား)။

ကောင်းတာကြိုက်သကိုး (မှန်လှပါ) ကောင်း တာကြိုက်တာ ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

အဲ သုခဝေဒနာနဲ့ မျိုလိုက်တယ် (မှန်လှပါ ဘုရား)။ သုခဝေဒနာနဲ့ တဏှာပေါ့ဗျာ (မှန်လှပါ)။

သုခ တဏှာ သုခ ကြိုက်တဲ့တဏှာနဲ့ မျိုလိုက်၊ အဲတော့ သုခက ချမ်းသာတာ ဟုတ်လား (မှန်ပါ့) တဏှာက နှစ်သက်တာ ဟုတ်လား (မှန်ပါ့)။

ချမ်းသာခြင်း၊ နှစ်သက်တော့မျိုတယ်

နှစ်သက်တဲ့တဏှာ ချမ်းသာမယ်၊ ချမ်းသာတယ်လို့ လည်းထင်၊ နှစ်လည်းနှစ်သက် (မှန်ပါ့) ချမ်းသာခြင်း နှစ်သက်တော့ မျိုလိုက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။

သားခင်၊ သမီးခင်၊ ပစ္စည်းခင် (မှန်လှပါ) သား အသံ၊ သမီးအသံ၊ ပစ္စည်းကလေး၏ ပြောသံ ဆိုသံ အဲဒါတွေ မျိုမိပြီဆိုမှဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာက မျိုသမား (မှန်လှပါ ဘုရား) ဟုတ်ပြီလား (မှန်ပါ့)။

သုခဝေဒနာရှိနေတဲ့ ဒကာ ဒကာမတွေဟာ ဘယ် အခါမဆို အာခေါင်ချိတ်တဲ့ ငါးစာ မျိုမိပါလိမ့်မယ် (မှန်လှပါ ဘုရား)။

ကိုင်း – ဒကာ ဒကာမတို့ ငါးစာက ငါးဆီလာသလား၊ ငါးက သွားမျိုသလား (ငါးက သွားမျိုပါတယ် ဘုရား)။

ကိုင်း – ပေါ်ပြီ၊ ပေါ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) ငါးစာဟာ သူ့ချည်းချထားတာ မရဏမင်းက သတ်ချင်လို့ချတာ အမှန်ပါပဲ (မှန်လှပါ)။

ငါးကသွားမျိုတာ

သို့ရာတွင် ငါးစာက ဘယ်နည်းနဲ့မှ ငါးရှိရာသို့ ပြေး မလိုက်ဘူး (မလိုက်ပါဘူး ဘုရား) သူက ငြိမ်ငြိမ်ဆိမ်ဆိမ် နေတာပဲ (မှန်လှပါ) ဟုတ်လား။

လေတိုက်ရင် အနည်းငယ်လှုပ်မယ်ပေါ့ဗျာ (မှန်လှပါ ဘုရား) သို့သော် လှုပ်ပေမယ့် ငါးက သွားမျိုရတာလား၊ သူက အာခေါင်ထဲ ဝင်ချိတ်ဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။

မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား) ငါမျှားချိတ်နဲ့ ငါးစာသည် ဒကာ ဒကာမတို့ ငါး၏အာခေါင် ထဲကို ပါးစပ်ပိတ်ထားတဲ့ ငါကိုဖြင့် ချိတ်ကို မချိတ်ဘူး (မချိတ်ပါဘူး ဘုရား)။

အဲဒါ ခင်ဗျားတို့ကလည်းတဲ့ အကောင်းကြိုက် သုခ ၊ ဝေဒနာကလေးကလည်း ရှိနေတော့ မျိုမိကြတယ် (မှန်လှပါ ဘုရား)။

မျိုမိလာတဲ့အခါကျတော့ ဒကာ ဒကာမတို့ အာခေါင် ချိတ်တဲ့ ဒုက္ခဝေဒနာရတယ် မရသေးဘူးလား (ရပါတယ် ဘုရား)။

မျိုမိတာက သုခဝေဒနာ

ဒါဖြင့် မျိုချင်တာ သုခဝေဒနာ (မှန်ပါ့) ဟုတ်လား (မှန်ပါ့) သူတို့အတွက်နဲ့ စိတ်ဆင်းရဲမှု ခင်မှု ကြင်မှု၊ ကြင်နာမှုတွေ စုပြီး သကာလ နေသောကြောင့် အင်း ခက်ပါသေး တယ်၊ ကျွေးဖို့၊ မွေးဖို့၊ လိမ္မာ ယဉ်ကျေးဖို့ သူတို့အတွက် စိတ်အေးရတာ တစ်ကွက်မှ မရှိဘူး (မှန်ပါ့)။

မျိုမိလို့ ငြီးတာ (မှန်ပါ့) အဲဒါ အာခေါင်ချိတ်တာ (မှန့်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

နာလွန်းလို့ညည်းမိတာက

မျိုမိတာက သုခဝေဒနာ (မှန်ပါ့) နာလွန်းလို့ ညည်းမိတာက (ဒုက္ခဝေဒနာပါ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ ဘယ်အခြေအနေ ဆိုက်နေကြသတုံးလို့ ဆိုတော့၊ ခုနက သေမင်း ထောင်ထားတဲ့ ငါးစာကလေးတွေကို စားလည်း ပြီးကြပါပြီ (မှန်လှပါ ဘုရား)။

အာခေါင်လဲ ချိတ်နေလို့ ယ္ခုအချိန်တော့ ညည်းလုံး ထုတ်တဲ့ အချိန်ရောက်ပါပြီ (မှန်ပါ့) မရောက်သေး ဘူးလား (ရောက်ပါပြီ ဘုရား)။

ညည်းလုံးထုတ်တဲ့အချိန် ရောက်နေပြီ ဒကာ ဒကာမ တို့ (မှန်ပါ့) ရှေ့ ကြာလေခက်လေ ခက်ဦးမှာပဲ (ခက်မှာပါ ဘုရား)။

ရှေ့ကြာလေ ခက်လေ ခက်ဦးမှာပဲဆိုတော့ ခင်ဗျားတို့ တွေးလုံးတွေက အာခေါင်ချိတ်နေတော့ ဟုတ်လား (မှန်ပါ့)။

ဘယ့်နှယ့်မှလည်း မတတ်နိုင်တော့ ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ ဒီ စူးရှပုံနဲ့ဟာ ရှေ့အတော်လေး တော့ ခဲယဉ်း မအား ပါသေးတယ်ဆိုပြီး သကာလ ညည်းလုံးချည့် ထုတ်နေတာပဲ (ထုတ်ပါတယ် ဘုရား)။

အဲဒါ ဘယ်ချိတ်နေလို့တုံး (အာခေါင်ချိတ်နေလို့ ပါ ဘုရား)။ ဒကာ ဒကာမတို့ ဒါက ဒုက္ခဝေဒနာ ကြောင့် ထွက်တဲ့ ညည်းသံ (မှန်လှပါ ဘုရား)။

သုခနဲ့ မျိုမိလို့ ဒုက္ခတွေ့ရတယ်

သုခဝေဒနာကို သတိမထားလိုက်တဲ့အတွက် မျိုးချင် တယ်၊ ခုနက ငါးစာကို မမျိုးပါဘူးဆိုပြီး ငါးစာက ကိုယ့်ဆီ လာတာ မဟုတ်ပဲ၊ ကိုယ်ကသွားပြီး ဟပ်မိ၊ မျိုမိတာ၊ သုခ ကြိုက်မိတဲ့အတွက် ဒကာ ဒကာမတို့ သုခနဲ့ မျိုမိတဲ့အတွက် ဒုက္ခသည် လှလှကြီး တွေ့ပါပေါ့လား (မှန်လှပါ ဘုရား)။

မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား) ဒုက္ခ တွေ့နေပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုရင်ဖြင့် ငါးစာက လာသည် မဟုတ်ဖူး (မှန်လှပါ) မျိုတဲ့ငါးက မိုက်မှု (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အိမ်ထောင် ရယ်လို့ ကျကြတယ်ဆိုတာသည် ရိပ်မိကြပလား (ရိပ်မိ ပါတယ် ဘုရား)။

ငါးစာက လာတာလား၊ ငါးက သွားမျိုးတာလား (ငါးကသွားမျိုတာပါ ဘုရား)။

ခုတော့ ဘယ့်နှယ်နေကြတုံး

အခုတော့ ဘယ့်နှယ်နေကြတုံး (အာခေါင်ချိတ်နေ ပါတယ် ဘုရား) အာခေါင် ချိတ်နေတဲ့ အတွက် ပြေးနိုင်ကြ သေးရဲ့ လား (မပြေးနိုင်ပါဘူး ဘုရား)။

မပြေးနိုင်တော့ ဒီနေရာမှာ သေရလိမ့်မယ်လို့ ဆိုတာ ကော ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီနေရာမှာ ငါသေရလိမ့်မယ်ဆိုတာ တခြားမဟုတ်ဘူး မရဏမင်းက ဒီနေရာမှာ ဘယ်အချိန်မဆို ငါထောင်ထားတဲ့ငါး မိလည်း မိနေတယ်။

ဘယ်အချိန်မဆို ငါ ဒီနေရာမှာ သွားရှာရင် ဒီ အကောင် အသေသတ်နိုင်တယ်ဆိုတော့ နေရာများ မျက်စိ လည်နေစရာ မရဏမင်းမှာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ အင်မတန် ခက်နေပြီ (မှန်လှပါ ဘုရား) ခင်ဗျားတို့ သုခဝေဒနာက မျိုသမား – (မှန်လှပါ)။

ဒုက္ခဝေဒနာက တစ်ခါတည်းတဲ့ ရိုက်နှက်သမား၊ အာခေါင်ချိတ်သမား (မှန်လှပါ ဘုရား) ဟုတ်လား (မှန်ပါ့)။

မရဏမင်းက သတ်သမား (မှန်ပါ့) ကိုင်း ဒကာ ဒကာမတို့ ယနေ့ ဖြစ်စဉ်ကဖြင့် ဆိုးပါတယ် (ပါတယ်)။

အင်မတန်ဆိုးနေပြီ ဒကာ ဒကာမတို့ (မှန်ပါ) အင်မတန် ဆိုးနေပြီ အဲဒီကဲ့သို့ စဉ်းစားလိုက်ပါဦး စဉ်းစား လိုက်ပါဦး။

ဝေဒနာသုံးမျိုး ယနေ့ ရှင်းလင်းပြီး သကာလ အပြစ်တွေ ပြပြီးမှ ဝိပဿနာရှုနည်းကို ပြောပါ့မယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ငါးစာကို ရှေးဦးစွာမြင်တာက ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့ သား၊ ဒါလေးက ခင်ပွန်း ပြုလို့ တော်မှာပဲ၊ ဒါလေး သားလေးလုပ် မွေးစားရတာ တော်မှာပဲ။

ဥပေက္ခာကလမ်းပြတယ်

သားလေးတစ်ယောက် ဖြစ်ထွန်းကားလာမယ်ဆို သိပ်တော်မှာပဲ အစရှိသည်နဲ့ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်မကျမှီ မခင်မှီ မြင်မှု ဥပေက္ခာ ရှေ့သွားကိုး (မှန်လှပါ ဘုရား)။

ဟာ ဥပေက္ခာက လမ်းပြတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဥပေက္ခာက ဟိုမှာဟေ့ ငါးစာတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူက လမ်းပြပါလိမ့် (ဥပေက္ခာက လမ်းပြပါတယ် ဘုရား) ခက်ပကောဗျာ။

မြင်တာ ဥပေက္ခာဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား) မြင်တာ – မြင်မြင်ချင်း ဥပေက္ခာပဲ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ငါးစာ၊ မရဏမင်း ချထားတဲ့ ငါးစာကို ပြပေးတာက ဘယ်သူတုံး (ဥပေက္ခာပါ ဘုရား)။

ဥပေက္ခာပဲ ရှေးဦးစွာ လက်ညှိုးညွှန်လိုက်တာ၊ ဟိုမှာ ကွတဲ့ မင်းသဘောကျတဲ့ဥစ္စာ၊ ဟိုမှာရှိတယ် (မှန်လှပါ)။

မင်း ခင်မင်နှစ်သက်ဖို့ရာ မင့်သား၊ မင့်သမီး ဟိုမှာ ရှိတယ် (မှန်လှပါ) မင်းနဲ့ အိမ်ထောင်ပြုဖို့ ဟိုဘက်မှာ ရှိတယ် (မှန်ပါ့)။

ဘယ်သူကပြောတုံး (ဥပေက္ခာက ပြောပါတယ် ဘုရား) ဥပေက္ခာကလည်း တကယ့်လူပါလား (မှန်ပါ့)။

ဒကာ ဒကာမတို့ ငါးကလည်း ငါးဆိုတာသည် ဒကာ ဒကာမတို့ တိရစ္ဆာန်ကို မသိလို့ တိရစ္ဆာန် ဥပမာပေးပြီး သကာလ ဟောတာ ဟုတ်လား (မှန်ပါ့)။

တိရစ္ဆာန်လောက်ကို မသိကြဘူး

တိရစ္ဆာန်လောက်ကို မသိဘူးဟေ့ မင်းတို့လူတွေ ဒါကြောင့် တိရစ္ဆာန်ဥပမာ ထားပြီး ငါဘုရား ဟောတယ် ဆိုတာ ပေါ်ပြီလား (ပေါ်လာပါပြီ ဘုရား)။

ခု ဒီအတိုင်း ဒကာ ဒကာမတွေ မျိုးပြီးသား၊ ချိတ်ပြီး သားချည့်ပဲ ဆိုရင်ဖြင့် ခင်ဗျားတို့ ဆောက်တည်ထားတဲ့ သီလဟာ မုသား မဖြစ်ပါဘူး (မဖြစ်ပါဘူး ဘုရား)။

ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား) ရှစ်ပါးထဲက တစ်ပါးပျက်ဦးမလားဗျာ (မပျက်ပါဘူး ဘုရား)။

မှန်နေတယ် (မှန်လှပါ) မှန်နေတယ် ဒကာ ဒကာမ တို့ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ မျိုးမိပြီဆိုမှဖြင့် ဒုက္ခ ဝေဒနာက ချိတ်မိပြီ (မှန်လှပါ ဘုရား) ချိတ်မိရင် နာပြီ (နာပါတယ် ဘုရား)။

သုခဝေဒနာကမျိုသမား

သုခဝေဒနာက မျိုသမား၊ ဒုက္ခဝေဒနာက ချိတ်သမား (မှန်လှပါ ဘုရား) ဘယ်မှမပြေးနဲ့တော့ ဆိုတဲ့ ဒုက္ခဝေဒနာက ဖမ်းချိတ်ထားပြီ (မှန်လှပါ ဘုရား)။

ဖမ်းချိတ်ထားလိုက်တဲ့အခါကျတော့ မရဏဓာတ်ဆိုတဲ့ သေမင်းကြီးလာတဲ့အခါကျတော့ ခင်ဗျား အဝေးကြီးမသွားနဲ့ ကျုပ်ဒီမှာ ဖမ်းထားတယ် (မှန်လှပါ)။

ဒုက္ခဝေဒနာက (မှန်လှပါ) ဘယ်မှ ရှာမနေနဲ့ ဒီနေရာ ဒီကြိုးအတိုင်းသာ လိုက်ဆွဲ (မှန်လှပါ)။

ကြိုးအတိုင်း လိုက်သွားတဲ့အခါကျတော့ အားလုံး ဒကာ ဒကာမတွေ ဒီငါးကြီးဟာ ငါးနဲ့တူတဲ့ ဒကာ ဒကာမတွေ ခန္ဓာ ကိုယ်ကြီးဟာ တခြားရှာရသေးရဲ့ လား (မရှာရပါဘူး ဘုရား)။

မရှာရဘူး ဒီနေရာမှာ သူအလိုရှိသလို ရိုက်ချင်တိုင်း ရိုက် နှက်ချင်တိုင်းနှက်ပြီး သကာလ ဟုတ်လား (မှန်ပါ့)။

ဘယ်သူပုဂ္ဂိုလ်ကြိုက်သတုံး ဒီငါး ဘယ်လောက်ဈေး ဆိုပြီး သကာလ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို သုံးဆယ့်တစ်ဘုံ ဒီအတိုင်းပဲ ခံရတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ပြောတဲ့ ဝေဒနာ သုံးမျိုးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ အင်မတန်မှ ဆိုးဝါးနေ ပါပြီ (မှန်လှပါ ဘုရား)။

ဥပေက္ခာဝေဒနာက ပြပေးတယ်

ဥပေက္ခာဝေဒနာက ဘာလုပ်သတုံး (ဟိုမှာ ငါးစာပါ ဘုရား) ဟိုမှာ ငါးစာတဲ့ဗျာ (မှန်လှပါ ဘုရား)။

ဥပေက္ခာဝေဒနာက ပြပေးတယ် (မှန်လှပါ ဘုရား) သူက မြင်ရုံမြင်တတ်တာ (မှန်လှပါ ဘုရား) မမျိုတတ်ပါဘူး (မှန်လှပါ)။

ဥပေက္ခာနဲ့ မျိုတယ်လို့ မရှိပါဘူး (မှန်လှပါ) မြင်ရုံ မြင်တတ်တာပဲ (မှန်လှပါ)။

ကဲ ဘယ်သူက မျိုးပါလိမ့် (သုခဝေဒနာကပါ ဘုရား) သုခဝေဒနာက မျိုလိုက်တယ် သူကလဲ မျိုရုံမျိုတတ် တယ် အထဲ ငါမျှားချိတ် ပါတယ်လို့ သူမသိဘူး (မသိ ပါဘူး ဘုရား) ဟုတ်ပလား (မှန်ပါ့)။

ဘယ်ရန်သူကြိုက်သတုံး

ဒုက္ခဝေဒနာကလည်း ဘာလုပ်ပြတုံး ချိတ်ရုံ ချိတ်တာ ပဲ ဒကာ ဒကာမတို့ နာအောင် ကျင်အောင်တော့ ချိတ်တတ် တယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာလည်း အင်း မင်းက အစရန်သူ (မှန်လှပါ) သုခဝေဒနာက အလယ် ရန်သူ ဟုတ်လား (မှန်လှပါ) ဒုက္ခဝေဒနာက မရဏမင်း ထိုးအပ်တဲ့ အဆုံးရန်သူ (မှန်လှပါ ဘုရား)။

ဘယ်ရန်သူ ကြိုက်သတုံး (ဘယ်ရန်သူမှ မကြိုက် ပါဘူး ဘုရား)။

ကိုင်း ယနေ့ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ဗဠိသသုတ်ဆိုပြီး သကာလ ဟောတော် မူတယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ကလည်း ဒီဝေဒနာများ ဘယ်အခါမှ အပြစ် ၊ မမြင်ဘူး ခု သုံးခုစလုံးဟာ ခင်ဗျားတို့ မှာဖြင့် ကောင်းကျိုးပေးတဲ့ ဝေဒနာရယ်လို့ ပါသေးသလား (မပါပါဘူး ဘုရား)။

ဥပေက္ခာဝေဒနာကလည်း ဟိုမှာကွတဲ့ ငါးစာတဲ့ (မှန်လှပါ) ဥပေက္ခာဝေဒနာက ဟိုမှာ ငါးစာတဲ့ မျှားချိတ်နဲ့ တွဲထားတဲ့ ငါးစာလို့ မပြောဘူး (မပြောပါဘူး ဘုရား)။

စားချင်တာကြာပြီ စားဦးမှပဲ

ဟိုမှာ ငါးစာလို့သာ ပြောတာ (မှန်လှပါ ဘုရား) သုခဝေဒနာကလည်း ဒါဖြင့် ကျုပ်လည်း စာချင်တာ ကြာလှ ပြီ စားဦးမှပဲဆိုပြီး သွားစားတယ် (မှန်လှပါ)။

ဟို စားလိုက်တဲ့အခါကျတော့ ငါးစာထဲပါတဲ့ ငါးမျှား ချိတ်က ဒုက္ခဝေဒနာက အာခေါင်ချိတ် ထားလိုက်တာပေါ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာက လမ်းပြသမား (မှန်ပါ့) အနယဗျသနံ ပါပုဏေယျ – ပါဠိတော်မှာ ဒီလို ဟောလိုက်တယ် (မှန်လှပါ)။

ဘိက္ခဝေ= ငါ၏ ချစ်သားတပည့်များတို့ မင်းတို့ ဖြစ်စဉ် ကို ငါအမှန်မြင်လို့ ပြောရမှာဖြင့်တဲ့ ဗဠိသိလော= တံငါသည် သည် (ဝါ) ငါးထောင်တတ်သော ပုဂ္ဂိုလ်သည်ပေါ့ဗျာ (မှန်ပါ့)။

ဗဠိသံ =ငါးမျှားချိတ်ကို၊ ဂမ္ဘီရေ= နက်လှစွာသော၊ ဥဒကေ = ရေထဲ၌၊ ပက္ခိပေယျ = ချလိုက်ပြီဟေ့တဲ့ (မှန်ပါ့) တမေနံ =ထိုငါးစာနဲ့ ချထားသော ငါးမျှားချိတ်ကို။ အညတရော= ဘာမှ အသုံးမကျသောပေါ့ဗျာ (မှန်ပါ့)။

ငါးနှင့်တူသောပုဂ္ဂိုလ်

အာမိသစက္ခုမစ္ဆော= စားလိုတဲ့ သုခဝေဒနာရှိသော ပုဂ္ဂိုလ်သည်။ ငါးနဲ့တူသော ပုဂ္ဂိုလ်သည် (မှန်လှပါ) ဂိလေယျ= သောမနဿနဲ့ မျိုရာ၏။ အနယဗျသနံ =ပျက်စီးခြင်းသို့၊ ပါပုဏေယျ = ဒုက္ခနဲ့ ရောက်ရာ၏။

ဒကာ ဒကာမတို့ အားကြီးဆိုးနေပြီ (ဆိုးပါတယ် ဘုရား) အားကြီးဆိုးနေပြီ ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုး အကြောင်း ယနေ့ ခင်ဗျားတို့ လည်လည်ကြီး မှတ်ဖို့ ရှုဖို့ရာ အရေးကြီးလို့ ပြောပြီ (မှန်လှပါ ဘုရား)။ ၊ ဥပေက္ခာဝေဒနာက ဟိုမှာ ငါးစာတဲ့ ဗျာ (မှန်လှပါ ဘုရား)။ ပြပေးပြီ၊ ပြပေးပြီ ခင်ဗျားတို့ကတော့ (မျိုချင်ပါတယ် ဘုရား) မျိုးချင်တယ်၊ စားချင်တယ်။

ကောင်းတယ်ဆိုရင်ဖြင့် ကျုပ်တော့ မကြိုက်တာ တယ်မရှိပါဘူး (မှန်လှပါ ဘုရား) မကြိုက်တာ တယ်မရှိ ပါဘူးလို့ဆိုတာ ဘယ်ဝေဒနာက ပြောတာတုံး (သုခ ဝေဒနာကပါ ဘုရား)။

သုခဝေဒနာက မျိုမိပြီ ဒကာ ဒကာမတို့၊ သူကလည်း မျိုးရုံမျိုတတ်တာ၊ ဒီထဲ အာခေါင်ချိတ် မိတယ်လို့ သိနိုင်တဲ့ စွမ်းရည်သတ္တိ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

သိနိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူး (မှန်လှပါ) အဲဒီလို သိနိုင်တဲ့ စွမ်းရည်သတ္တိ မရှိတော့ မျိုမိတာပေါ့ (မှန်လှပါ ဘုရား)။ မိတော့ ဒုက္ခဝေဒနာ ငါးမျှားချိတ်က ဒကာ ဒကာမတို့ မလွတ်အောင် ချိတ်တော့တာပေါ့ (မှန်လှပါ)။

အဲတော့ ဒုက္ခဝေဒနာ ချိတ်မိတယ်ဆို၊ မရဏမင်း သည်ကားလို့ဆိုရင် လိုက်ရှာတယ်၊ ငါထောင်ထားတဲ့ ငါးစာပဲ ငါးဟာ ခွဲများနေသေးသလားလို့ သွားကြည့်လိုက်တဲ့အခါ ကျတော့ ငါးစာနဲ့ ငါးနဲ့ တွဲရက်ကြီး (မှန်လှပါ)။

ခန္ဓာကိုယ်ကဒုက္ခဝေဒနာ

ဒုက္ခဝေဒနာနဲ့ ခန္ဓာကိုယ်နဲ့ တွဲရက်ကြီး (မှန်လှပါ) အဲ ဒီပုဂ္ဂိုလ် သည်ကားလို့ဆိုရင် ဘယ်နည်းနဲ့မှ ချမ်းသာပေးလို့ မရဘူး ဆိုပြီး၊ ခုနက ဒုက္ခအပေါ်မှာ ဒုက္ခဆင့်ပြီး သကာလ (၉၆) ပါး ရောဂါဝေဒနာတည်း ဟူသော လက်နက်တွေနဲ့ မရဏမင်းက ရိုက်သတ်ပြန်တယ် (မှန်လှပါ)။

အရင်တော့ ဒုက္ခဝေဒနာ ဒဏ်ချက်တစ်ချက်တည်း (မှန်လှပါ) နောက် (၉၆) ပါး ရောဂါဝေဒနာ တွေနဲ့ မရဏမင်း လက်နက်တွေနဲ့ အကုန်ရိုက်သတ်လိုက်တဲ့ အခါ ကျတော့ ဒကာ ဒကာမတို့ ငါးနဲ့တူတဲ့ သံသရာခ ရီးသည်မှာ ရှင်ဖို့ရာ အကြောင်းရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

မျိုရင်တော့ သေရဦးမှာပဲ

အဲ ခုတစ်ခါသေပြီး ဇရာ မရဏကို ထပ်တောင်း ဦးမှာပဲ (မှန်လှပါ ဘုရား) တောင်းပြီး မျိုဦးမှာပဲ (မျိုမှာပါ ဘုရား) မျိုရင်တော့ သေဦးမှာပဲ (သေရမှာပါ ဘုရား)။

အဲဒီလို တောင်းလိုက် မြင်လိုက် မျိုလိုက်ဟုတ်လား မိလိုက်၊ သေလိုက် (မှန်ပါ့)။

မြင်လိုက်၊ မျိုလိုက်၊ မိလိုက် သေလိုက် (မှန်လှပါ) သံသရာမှာ ဒီလိုသာရှိပါတယ် (မှန်လှပါ)။ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ မရဏမင်းဟာ သူလိုက်ပြီး သကာလ သတ်နိုင်တာ မိတဲ့ပုဂ္ဂိုလ်သာ သတ်နိုင်တာ (မှန်ပါ့) မမိတဲ့ ပုဂ္ဂိုလ်ကျတော့ (မသတ်နိုင်ပါဘူး ဘုရား)။

အဲတော့ ခင်ဗျားတို့က မိအောင် ခံနေတယ်။ ဒကာ ဒကာမတို့ မျိုမိကြပလား (မျိုမိပါတယ် ဘုရား) အာခေါင်ကော ချိတ်ပလား (ချိတ်ပါတယ် ဘုရား) ချိတ်မိပြီတဲ့။

အိမ်တစ်ဆုံးပဲ ပြေးနိုင်တယ် (မှန်လှပါ ဘုရား) ဟုတ်လား (မှန်ပါ့) ဒိပြင်နေရာ ပြေးနိုင်သေး ရဲ့လား (မပြေးနိုင်ပါဘူး ဘုရား)။

ကြိုးရှည်ရှည်နဲ့ သွားလိုက် မန္တလေး ရန်ကုန် (မှန်ပါ့) ပြန်လှည့်လာလိုက် ကြိုးတစ်ဆုံးကိုး (မှန်ပါ့ ဘုရား) ဟုတ်ပလား (မှန်ပါ့)။

ကြိုးတန်းလန်းနဲ့ သွားနေသော

ဘာကြောင့် ဒီဥစ္စာ၊ ဒီလောက် ရှည်ရှည်ကြီး ကြိုး တစ်ဆုံးကိုသွားတာတောင်မှလည်း၊ ကြိုးတန်းလန်းနဲ့ သွားတော့ ဦးလှဘူးရေ၊ ကြိုးတင်းတဲ့အချိန် မြန်မြန်ပြန်မှ ထင်ပါရဲ့ ဘယ်လိုများ နေကြမယ် မသိဘူးဆိုပြီး ပြန်ပြေးလာ တာပဲ (မြန်မြန်ပြန်ရပါတယ် ဘုရား)။

မြန်မြန်ပြန်လာတာ (မှန်လှပါ) ဘယ်နေရာ အချိန်ဆွဲနေရဲသေးသတုံး (မဆွဲချင်ပါဘူး ဘုရား) အချိန် ဆွဲတဲ့ ပုဂ္ဂိုလ်လည်း ဘုရားနဲ့သာ တွေ့မယ်ဆို ခင်ဗျားတို့ ပြန်ချင်တဲ့ စိတ်နဲ့ ဘုရားတရား နာချင်တဲ့စိတ်နဲ့ ဘယ်ဟာက များပါ့မတုံး (ပြန်ချင်တဲ့စိတ်က များပါတယ် ဘုရား)။

အို ဘုရားနဲ့ နဂိုက ချိတ်ထားတာမဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား) ဒီက ငါးမျှားနဲ့တော့ (ချိတ်ထား ပါတယ် ဘုရား)။

အဲ ချိတ်ပြီးသား ဖြစ်တော့ ငါးမျှားကြိုး တင်းလေလေ အာခေါင် နာလေလေ၊ နာလေလေ ဒီငါးမျှားတံနား ပြန်ကပ် ချင်လေလေ (မှန်လှပါ ဘုရား) ဟုတ်ဖူးလား (မှန်လှ ပါ ဘုရား)။

အဲဒီကဲ့သို့ ဒီက ဒကာ ဒကာမတွေ ဖြစ်စဉ်နေတော့၊ ဪ ဘုရား အဆူဆူနဲ့ မတွေ့လို့ မကျွတ်ခဲ့တာလား ကြိုးတန်းလန်းနဲ့ သွားရင်းတွေ့လို့ပဲ တရားကို နာခွင့်မရခဲ့လို့ မကျွတ်တာလားလို့ မေးလို့ရှိရင်ဖြင့် နာခွင့်ကို မရခဲ့ဘူး (မှန်လှပါ ဘုရား)။

ဒီကြိုးက နောက်က ဆွဲနေတယ် (တန်းလန်းဖြစ်နေ ပါတယ်) တန်းလန်းဖြစ်နေတယ် (မှန်လှပါ ဘုရား)။

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ ဖြစ်စဉ် ဒီနေ့ တရားမှာဖြင့် သစ္စာမသိသ၍ဖြင့် လုံးဝနေရာမကျသေး ပါဘူး (မှန်လှပါ ဘုရား)။

သစ္စာမသိသေးသ၍ နေရာမကျ

သစ္စာမသိသ၍ လုံးဝနေရာမကျသေးပါဘူး (မှန်လှပါ) ဥပေက္ခာဝေဒနာဟာလည်း မင်းလည်း ရန်သူပဲကွ မင်းကြောင့် ဒုက္ခဖြစ်တာပဲ၊ မင်း ဒုက္ခသစ္စာလည်း သူ့ဆီလည်း ရောက်ရမယ် (မှန်ပါ ဘုရား)။

သုခဝေဒနာ မျိုလို့ရှိရင် မင်းမမျိုးနဲ့ မျိုးရင် အာခေါင် ချိတ်လိမ့်မယ်၊ မင်းလည်း ဒုက္ခပေးတဲ့ တရားပဲ။ ဒါကြောင့် ဒုက္ခ သစ္စာပဲ မင်းလည်း ပီဠနဋ္ဌောပဲ (မှန်ပါ့)။

ညှာတာမဖက် အမြဲနှိပ်စက်တာပဲ (မှန်ပါ့) ဥပေက္ခာ ဝေဒနာကလည်း ညှာတာမဖက် အမြဲနှိပ်စက်တာပဲ (မှန်ပါ့)။

ကောင်းပြီ ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလည်း နှိပ်စက် ဒကာ ဒကာမတွေလေ (မှန်ပါ့) မရဏမင်း လက်တွင်း ထိုးအပ်တဲ့ အထဲမှာ ဥပေက္ခာဝေဒနာလည်း ခေါင်းဆောင်ဗျ (ခေါင်းဆောင်ပါ ဘုရား)။

မညံ့ဘူး၊ မညံ့ဘူး၊ မရဏမင်းကို ထိုးအပ်တဲ့ နေရာ ဥပေက္ခာဝေဒနာလည်း ရှေ့သွား (ရှေ့သွားပါ ဘုရား)။

သုခဝေဒနာကလည်း သူသည်ကားလို့ ဆိုလို့ရှိရင် မျိုချင်သမားဆိုတော့ သူက အလတ်စားပဲ (မှန်ပါ့)။

ဒုက္ခဝေဒနာကလည်း တစ်ခါတည်း မထွက်ရအောင် မရဏမင်းလာရင် အဆင်သင့်ထိုးအပ်ဖို့ တစ်ခါတည်း သူကလည်း ချိတ်ထားသမား (မှန်ပါ့) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

သေမင်းမမြင်ရာမရောက်နိုင်ဘူး

ကိုင်း ဒါကြောင့် သေမင်းမမြင်ရာ ရောက်ဖို့ရာ အရင်ကတည်းက ဟောခဲ့တယ် (မှန်လှပါ) သို့သော်လည်း ခင်ဗျားတို့ကလည်း သေမင်းမမြင်ရာကို မရောက်နိုင်ဘူး (မရောက်ခဲ့ပါဘူး)။

ဘယ်ရောက်ခဲ့မလဲ ဦးလှဘူးတို့က (မှန်လှပါ) ဒကာသိုက်တို့ မရောက်နိုင်ဘူး (မှန်လှပါ)။

ဘာကြောင့် မရောက်နိုင်တုံး၊ ပြီးသား၊ သိပ်ပြီးသား၊ ခင်ပြီးသား (မှန်ပါ့) အဲတော့ သေမင်း ထောင်ထားတဲ့ ဒီငါးစာနဲ့ ဒီငါးမျှားချိတ်ဆီမှာ သွားပြီး သေမင်းက ရှာလိုက်တဲ့ အခါကျတော့ အဆင့်သင့် တွေ့ရတယ် (မှန်လှပါ ဘုရား)။

သူထောင်ထားတဲ့နေရာ သူရှာတာကိုး (မှန်လှပါ) ကျုပ်တို့ကလည်း မျိုမိ သိပ်မိပြီး သကာလ နေတော့ ပြေးစရာ လွှားစရာ ကြိုးတစ်ဆုံးသာရှိတော့ သိပ်ပြီး အရှာခက်နေသလား (မခက်ပါဘူး ဘုရား)။

မရဏမင်းက သိပ်အရှာခက်နေသလား ဒကာ ဒကာမတို့ (မခက်ပါဘူး ဘုရား) အေးဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာကြောင့် အသေဆိုး အနေဆိုးတွေ ကြုံကြပါလိမ့်မလဲ ဆိုတော့ ဝေဒနာသုံးခု ဝိုင်းပြီး သကာလ နှက်နေကြသောကြောင့် အသေဆိုးအနေဆိုး ဖြစ်ကြတာ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒီဝေဒနာကို ဒကာ ဒကာမတွေ အပြစ် အကြီးအကျယ်ပြုပြီး သကာလ နေပြီ၊ ပြတဲ့ အတိုင်းလဲ မှန်လည်း မှန်လိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့)။

ဘုရားကလည်း ငါးမျှား ဥပမာနဲ့ ပြထား (မှန်လှ ပါ ဘုရား) ဟုတ်ပလား (မှန်ပါ့) ဒါသည် ဘာတုံး (ဥပေက္ခာပါ ဘုရား)။

ဥပေက္ခာက လက်ညှိုးညွှန်ပြီး သကာလ ဟိုဘက်မှာ ရှိတယ်၊ ဟိုဘက်မှာရှိတယ်၊ မင်း အားကိုးလုံး ဟိုဘက်မှာ၊ သူသည်ကားလို့ဆိုလို့ရှိရင် မသေမချင်း လုပ်ကျွေးမယ့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နဲ့ တူတယ် အစရှိသည်နဲ့။

ဥပေက္ခာဝေဒနာ ဆိုတဲ့ မျက်လုံးမြင်မှုက ဒကာ ဒကာမ တို့ လက်ညှိုးပြပေးလိုက်တယ် (ပြပေးပါတယ် ဘုရား)။

ပြပေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေက ခင်မှပဲ မင်မှပဲ ဒါမှပဲ နေရာကျမှာပဲ (မှန်လှပါ)။

မြင်တာကတခြား၊ နေရာကျမှာပဲကတခြား (မှန်လှပါ ဘုရား) မြင်တာက ဥပေက္ခာ၊ နေရာကျမှာပဲက ဒုက္ခဝေဒနာ (မှန်ပါ ဘုရား)။

သုခဝေဒနာက ခင်မင်လိုက်တယ်

အဲတော့ သုခဝေဒနာက တစ်ခါတည်း သွားပြီး ခင်လိုက်၊ မင်လိုက်၊ ကြင်နာလိုက်တာပေါ့ဗျာ (မှန်လှပါ – ဘုရား) မျိုမိပြီ (မှန်ပါ ဘုရား)။

မျိုမိတဲ့အခါကျတော့ ဒကာ ဒကာမတို့ သံယောဇဉ် ဆိုတာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မျိုမိပြီ ဆိုမှဖြင့် ကောင်း လည်း မပစ်နိုင် ဆိုးလည်း မပစ်နိုင် လာပြီ (မှန်ပါ့)။

ခင်ပွန်းလည်း မပစ်နိုင်ဘူး၊ သားတွေသမီးတွေလည်း (မပစ်နိုင်ဘူး ဘုရား) မပစ်နိုင်တော့ ဒကာ ဒကာမတွေ ညည်းလုံး ထုတ်တယ်။

ကြင်ဖော်ကလည်း ခတ်ဆိုးဆိုး၊ သားတွေ၊ သမီးတွေ ကလည်း ခတ်ပေပေ၊ ခပ်တေဇော၊ မတတ်နိုင်တော့ဘူး ဖြစ်မိပေါ့ကိုး (မှန်လှပါ)။

ဆိုပြီး သကာလ ဒီတိုင်အနားက ဘယ်ရွေ့သေးသတုံး (ဘယ်မှ မရွေ့ပါ ဘုရား)။

ညည်းလုံးတော့ ထုတ်ပါရဲ့ နာလွန်းလို့ (မှန်ပါ) နောက် ဝေဒနာများသော်လည်း ဒကာ ဒကာမတို့ နာနာနဲ့ပဲ ဒီဘဝ ဇာတ်သိမ်းရပုံ ရတယ် (ရပါတယ် ဘုရား) ဟုတ်လား နာနာနဲ့ပဲ ဘေးသွား နိုင်သေးရဲ့လား (မသွား နိုင်ပါဘူး ဘုရား)။

မသွားနိုင်ဘူး၊ မရဏမင်းက ဒီနေရာက ထောက်တန် ကြီးနဲ့ ထောက်ပြီး သကာလ ငါးကြိုးနဲ့ တန်းလန်း ဟုတ်လား (မှန်ပါ့)။

ငါစာကြီးနဲ့ အာခေါင်ချိတ်၊ ငါးမျှားချိတ်နဲ့ အာခေါင် ချိတ်နေတော့ ဒကာ ဒကာမတွေသည် ကားလို့ ဆိုရင်ဖြင့် ညည်းတာ ညည်းနေရတယ် နာလှချည်ရဲ့ ဒီဘဝအဖြစ်ဆိုးလှ ချည်ရဲ့ (မှန်ပါ့)။

ဘယ်တော့များမှ ချမ်းသာမှာတုံး

ဘယ်တော့များမှ ချမ်းသာပါ့မတုံး ဘယ်တော့မှ မချမ်းသာဘူး ဒါ အာခေါင်မှာရှိတယ် ညည်းမနေနဲ့ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ခင်ဗျားတို့ သားရေး သမီးရေးတည်း ဟူသော အာရုံ တရားတွေက ခင်ဗျားတို့ သန္တာန်၌ အမြဲရှိပြီး သကာလ နေတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုရင် ဘယ်မှမပြေးနိုင်ဘူး (မပြေးနိုင်ပါဘူး ဘုရား)။

မပြေးနိုင်တော့ သေမင်းဆိုတာက တခြားလိုက်ရှာ ရသလား၊ ဒီ သားသမီးတည်းဟူသော ငါးစာမျိုထားတဲ့ ပုဂ္ဂိုလ် ဟာ ဒီငါးစာနားတင် ရှိမှာပဲ၊ ပြေးလည်း ဒီကြိုးတဆုံးပါပဲ ဆိုပြီး သကာလ ၊ ကြိုးအစဉ်တိုင်းများ လျှောက်လိုက်ရင် အလိုက်သင့် အသာမိ။

မမိဘူးလား (မိပါတယ် ဘုရား) အလိုက်သင့် အသာမိတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခဝေဒနာနဲ့ ညည်းတာတင် ခံရသေးတယ် (မှန်ပါ) ညည်းပြီး ဒီသား ဒီသမီး ဒီမြေးနဲ့ ကိုယ့်အသက်ကြီးမှာနဲ့ ဟုတ်လား။

ဒုက္ခကြီး ရဦးမှာပဲ

သူတို့ သုံးမှာ ဖြုန်းမှာနဲ့ အတော်ကိုပဲ ဆိုးဝါးဦးမယ်။ ရှေ့ဒုက္ခကြီးကဖြင့် အကြီးအကျယ် ရဦးမှာပဲ ဆိုတာလည်း ငါးစာမူမိရက် အာခေါင်ချိတ်မိရက် ဖြစ်နေတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေဟာ ပြေးစရာ လွှားစရာ အပေါက်မြင် သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

ဘယ်မြင်လိမ့်မလဲဗျ ဝေးလိုက်တဲ့ဖြစ်ခြင်း ပြေးလည်း ဒီကြိုးတစ်ဆုံးပါလို့ ဆိုနေပေါ့ (မှန်လှပါ) မရဏမင်း ထောင်ထားတဲ့ ကြိုးတစ်ဆုံးပါ ပြေးလည်း ဒီနားလှည့်ပြေးမှာပါပဲ။

ဒီပြင် ပြေးစရာ ရှိသေးလား (မရှိပါဘူး ဘုရား) ပြေးမယ်ကြံရင် ကြိုးကနေပြီး သကာလ ဟုတ်လား တင်းထား လိုက်ရင်း၊ ကိုယ်က နာရက်နဲ့ ဖြစ်ပြီး အာခေါင် ချိတ်နေတော့ ကိုယ့် ကိုယ်ငဲ့တာ တစ်မျိုး (မှန်ပါ့) ဟုတ်လား။

ပြန်ပြန်ပြီး ကြိုးနားပဲ ပြန်ပြီး သကာလ တိုင်ခြေရင်းပဲ မရောက်ရဘူးလား (ရောက်ရပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုရားက ဗဠိသိကော ဆိုပြီး သကာလ သံယုတ်ပါဠိတော်မှာ ဟောရှာတယ် (မှန်ပါ့)။ ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဉာဏ်ရောက် ကြပလား (ရောက်ပါပြီ ဘုရား)။

ဥပေက္ခာဝေဒနာက ပို့ပြီဟေ့ (မှန်ပါ့) မင်းတို့ စားချင်တဲ့ငါးစာ ဟိုမှာဟေ့ ဆိုတာက သုခက မြင်တတ်တဲ့ သဘောသတ္တိ မရှိဘူး၊ သုခက မျိုချင်တာသာ ရှိတယ် (မှန်ပါ့)။

ဥပေက္ခာဝေဒနာကတော့ မြင်တတ်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာက ဘာလုပ်တတ် တုံး (မြင်တတ်ပါတယ် ဘုရား)။

ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံကိုး (မှန်ပါ့ ဘုရား) ဥပေက္ခာက မြင်တတ်တယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဝေဒနာ သုံးမျိုး ချုပ်သွားလို့ရှိရင်ဖြင့် ဒီငါးစာဟာ သူ့ဟာသူ နေရစ်တော့မှာ (မှန်ပါ ဘုရား)။

ဒီပြင် မိစရာ ဖမ်းစရာ သေမင်းကလည်း လိုက်ပြီး ရိုက်စရာ နှက်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အဲဒါကြောင့် ဝေဒနာတို့ သာ ကုန်အောင် ဒကာ ဒကာမတို့ ဟုတ်လား၊ ဝေဒနာတို့၏ ကုန်ရာကို ရှုနိုင်လို့ရှိရင် ဝေဒနာသည် ဖြစ်ပျက် ဒုက္ခသစ္စာ၊ အမှန်အကန် ရှုနိုင်လို့ရှိရင် ဖြင့် နိဗ္ဗူတော ပရိနိဗ္ဗူတော ဆိုတဲ့အတိုင်း ငြိမ်းအေးတဲ့ နိဗ္ဗာန်ကို ရမယ် (မှန်ပါ့)။

ဝေဒနာငြိမ်းရင် အသေငြိမ်းမယ်

ဝေဒနာငြိမ်းရင် အကုန်အသေငြိမ်းမယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဝေဒနာငြိမ်းရင် ဘာငြိမ်းမလဲ (အသေငြိမ်းမှာပါ ဘုရား)။

ဝေဒနာငြိမ်းရင် အသေငြိမ်းမယ်လို့ ပြောထားပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် ခက်နေပြီ၊ ဝေဒနာငြိမ်းဖို့ရာ အကြောင်းကို ခု ဘုန်းကြီးက ဟောတော့ ကို အပြစ်သာမြင်သေးတယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလည်း ခင်ဗျားတို့ ဟိုမှာ မျိုးစမ်းပါလားလို့ မဆို သော်လည်း ဆိုဘိသကဲ့သို့ ဟိုမှာ ခင်ဗျား အစာလို့ ပြတာက ဥပေက္ခာဝေဒနာ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကျုပ်စားပရစေ ဆိုတာက (သုခဝေဒနာပါ ဘုရား)။ အဲ ကျုပ်စားပရစေ ဆိုတာက သုခဝေဒနာ၊ စားသာ စားလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အာခေါင်ချိတ်တာက ဘယ်ဝေဒနာက ချိတ်တာတုံး (ဒုက္ခဝေဒနာကပါ ဘုရား)။

ဒုက္ခဝေဒနာက ချိတ်တာ၊ ဒုက္ခဝေဒနာက ချိတ်ထားတဲ့ အခါကျတော့ သေမင်းလာရှာတဲ့ အခါကျတော့ တော်တော် ခရီးပမ်းပမ်း ရှာရသလား။

အဲ မရဏမင်းလာတဲ့ အခါကျတော့ တစ်ခါတည်း ထိုးအပ်လိုက်ရတယ် (မှန်ပါ့) ဒုက္ခဝေဒနာက ချည်ပြီး သား တုပ်ပြီးသားကိုး (မှန်လှပါ)။

ခင်ဗျားလာရင် အဆင်သင့်ဖြစ်ဖို့ ကျုပ် ချိတ်ထားပါပြီ (မှန်ပါ့) ဟောဒီ သတ္တဝါမိုက်တွေ သည်ကားလို့ ဆိုရင် ခင်ဗျား ကြိုက်သလို စီမံပါတော့ (မှန်ပါ့) ဆိုပြီး ဒုက္ခဝေဒနာ ကလည်း ထိုးအပ်လိုက်တာပဲ (မှန်ပါ့)။

ဘယ်ဝေဒနာကြိုက်သလဲ

အဲတော့ ဒကာသိုက်တို့နဲ့တကွ ဦးလှဘူးတို့က စဉ်းစား ကြပါတော့ ဝေဒနာသုံးမျိုး ဘယ်အမျိုး သည်ကားလို့ ဆိုရင် ငါတို့၏ကိုးစားရာ အစစ်၊ အားထားရာအစစ် ဖြစ်ပါ့မလဲလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ ဘယ်သူမှ ကိုးစားရာ အားထားရာ မဟုတ်ဘူး၊ ဒကာ ဒကာမတို့ကို သွယ်ဝိုက်သောနည်းနဲ့ ဥပေက္ခာ ဝေဒနာက ပြမယ် (မှန်ပါ့)။

သုခဝေဒနာက အရမ်းမျိုး (မှန်လှပါ ဘုရား) ဒုက္ခဝေ ဒနာက အမြဲ အာခေါင်ချိတ် (မှန်လှပါ ဘုရား)။ ဟုတ်လား။

မရဏမင်းလာတဲ့ အခါကျတော့ ချိတ်ပြီးသား ထိုးအပ် ဘယ်မှာ ကလန်ကဆန် ပြေးနိုင်သေး ရဲ့လား (မပြေးနိုင်ပါ ဘူး ဘုရား)။

အေး ဒါကြောင့် ဒီမြို့၊ ဒီရွာ၊ ဒီဌာန ကျုပ်တို့ဖြင့် ဒီအနေအတိုင်းသေရမှာပဲဆိုတာ မမှားဘူး (မမှားပါဘူး ဘုရား)။

မမှားဘူး ဒီအနေအတိုင်း သေ ရမှာပဲ၊ ဘာကြောင့် မမှားတုံးဆိုတော့ ဒီနေရာ အာခေါင်ချိတ် မိပါပြီ (မှန်လှပါ ဘုရား) ဟုတ်ပလား (မှန်လှပါ)။

ဒီနေရာ အာခေါင်ချိတ်နေတော့၊ ကျုပ်တို့သည်ကား သေမင်းလိုက်ရာကို ဆရာဘုန်းကြီးက ဘယ်လိုပင် ပြငြား သော်လည်း၊ ခင်ဗျားတို့ အာခေါင်ချိတ်ကို မဖြုတ်နိုင်သေးသ၍ ကာလပတ်လုံး၊ ဒီကြိုးကို မဖြတ်သ၍ ကာလပတ်လုံး၊ ဒီဝေဒနာနဲ့ နေသည့် ကာလပတ်လုံး၊ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ သည်ကား မရဏမင်း မမြင်ရာဆိုတဲ့ နေရာဌာန မရောက်နိုင်ပါဘူး (မရောက်နိုင်ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဦးလှဘူးတို့ ဒကာသိုက်တို့ စဉ်းစားကြစို့ (မှန်ပါ့)။

ဝေဒနာမရှိမှ နိဗ္ဗာန်ရောက်မယ်

‘‘ဝေဒနာနံ ခယံ ဒိသွာ’’ ဝေဒနာကို မရှိမှ ဖြစ်မှာပဲ (မှန်ပါ့)။

‘‘ဝေဒနာနံ ခယံ ဒိသွာ’’ ဝေဒနာကုန်ရာ ရှိမှသာလျှင် ခင်ဗျားတို့သည် ကားလို့ဆိုရင်၊ နိစ္စတော ပရိနိဗ္ဗူတော ဆိုတဲ့ အတိုင်း ငြိမ်းအေးတဲ့ နိဗ္ဗာန်ရောက်မယ် (မှန်လှပါ ဘုရား)။

ဝေဒနာကုန်အောင် မရှုနိုင်ရင် (မရောက်နိုင်ပါဘူး ဘုရား) အေး မရောက်နိုင်ဘူး၊ မရောက်နိုင်ဘူး ဒကာ ဒကာမတွေကဖြစ်နေပြီ (မှန်လှပါ)။

ကိုင်း ပြန်ပြောလိုက်တယ် ဒကာ ဒကာမတွေ ရှင်း သထက်ရှင်းအောင်လို့ (မှန်လှပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မရဏမင်း၊ မရဏမင်း ဆိုတာ သေမင်းဆိုတာ သည် တခြား အကောင် အထည် ဒြပ်ရှိသည် မဟုတ်ပါဘူး (မှန်ပါ့)။

သေစာစားမိလို့ သေရတာဟာ မရဏမင်းပါပဲ (မှန်ပါ့) ဒကာ ဒကာမတို့ သေမင်းဆိုတာသည် သေစာစားမိလို့ သေရတာ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ စဉ်းစားကြည့်ပါ ဆေးနဲ့မတည့်လို့ သေတယ် ဆိုရင် ဆေးဟာ သေမင်းမှတ်ပေတော့ (မှန်ပါ့)။ ဟုတ် ပလား။

ကြောက်လန့်ပြီး သေတယ်ဆိုရင် ကြောက်တဲ့တရား သည် သေမင်းမှတ်ပေတော့ (မှန်လှပါ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလည်း ခင်ဗျားတို့ သေရာတွန်းသမား (မှန်လှပါ) သေမင်းပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုခဝေဒနာကလည်း မျိုမိအောင်တော့ သေမင်းပဲ (မှန်လှပါ ဘုရား) ဒုက္ခဝေဒနာကလည်း မပြေးနိုင်အောင် လုပ်တဲ့ချိတ်ထားပြီး သကာလ နာအောင်ချိတ်ထားတဲ့အတွက် မပြေးနိုင်အောင် လုပ်တဲ့အတွက် သူလည်း သေမင်းပဲ (မှန်လှပါ ဘုရား)။

မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အဲတော့ ဒကာ ဒကာမတွေကလည်း ဝေဒနာသုံးမျိုးကို သေမင်းလို့ သာ အသေအချာ မှတ်ကြပေတော့ (မှန်ပါ ဘုရား)။

ဝေဒနာသည်လူသတ်ယောက်ျား

ဒါကြောင့် ဝေဒနာမာရော ဝေဒနာဟာ မင်းတို့ သူသတ်ယောက်ျားကွ (မှန်လှပါ)။

ဝေဒနာမာရောလို့ ဆိုတယ်၊ ဦးလှဘူးရ (မှန်လှပါ ဘုရား)-ဒကာသိုက်ရေ ဝေဒနာ ဘာတဲ့တုံး (ဝေဒနာမာရော ပါ ဘုရား)၊ ဝေဒနာမာရောတဲ့၊ ဝေဒနာ ဝေဒနာသုံးမျိုးသည်။ မာရော သူသတ် ယောက်ျားသည် (ဝါ) သဘောတူသတ်မယ့် ပုဂ္ဂိုလ်သုံးယောက်သည် (မှန်ပါ) မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိုင်း ဝေဒနာဟာ သူသတ်ယောက်ျားတဲ့၊ ဒကာ ဒကာမတို့ မြို့ထဲရွာထဲမှာဖြင့် ခက်နေကြပြီ (မှန်လှပါ) မျက်လုံးမြင်တာကလည်း ဥပေက္ခာဝေဒနာ (မှန်ပါ့)။

မျက်လုံးမြင်လို့လည်း မျိုးချင်၊ စားချင်၊ ရချင်တာက သုခ ဝေဒနာ၊ သုခဝေဒနာ ဒဏ်ချက်မိပြီ ဆိုမှဖြင့် ဒုက္ခ ဝေဒနာဆိုတဲ့ ဥစ္စာ စိုးရိမ်ရတော့မယ်၊ ပူဆွေးရတော့မယ်ဆိုတဲ့ အာခေါင်ချိတ်မှု က မလာသေးဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် မြင်လို့ လိုချင်၊ လိုချင်လို့ ဆင်းရဲ (မှန်ပါ့)။ ဒီမကျဘူးလား (ကျပါတယ် ဘုရား)။

မြင်တော့ လိုချင်လာတယ် ဒကာ ဒကာမတွေရ (မှန်လှပါ) ဟုတ်လား၊ မြင်တော့ လိုချင်တယ်၊ လိုချင်တဲ့အခါကျ တော့ရ၊ ရတဲ့ အခါကျတော့ မဆင်းရဲဘူးလား (ဆင်းရဲ ပါတယ် ဘုရား)။

ဝေဒနာသုံးမျိုးရန်သူသုံးမျိုး

ကိုင်း ဒကာ ဒကာမတို့ မြင်တာက ဥပေက္ခာဝေဒနာ၊ လိုချင်တာက သုခဝေဒနာ၊ ဆင်းရဲတာက ဒုက္ခဝေဒနာ (မှန်လှပါ)။

ကိုင်း ဒကာသိုက်ရေ ဝေဒနာသုံးမျိုးသည် ဒကာ ဒကာမတွေ၏ အကြီးဆုံးသော ရန်သူသုံးမျိုးပဲ ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါကြောင့် ဝေဒနာ အပြစ်ကို ကြပ်ကြပ်ပြောနေ ခြင်းသည် ဝေဒနာနုပဿနာနဲ့ နိဗ္ဗာန်ကူးပါစေ တော့ရယ်လို့ ဆိုပြီး ဟောရတယ် (မှန်လှပါ ဘုရား) ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာ ဝေဒနာက ငါးစာရှိရာ ပြသမား (မှန်လှပါ) သုခဝေဒနာက (သမားပါ ဘုရား)၊ ဒုက္ခဝေဒနာက (ချိတ်သမားပါ ဘုရား) ချိတ်သမား။

ဥပေက္ခာဝေဒနာက ဘာတုံး (ငါးစာရှိရာ ပြသမားပါ ဘုရား) ပြသမား ငါးစာရှိရာ၊ သုခဝေဒနာက (မျိုသမားပါ ဘုရား) ဒုက္ခဝေဒနာက (ချိတ်သမားပါ ဘုရား)။

ကိုင်း ပြပြီ၊ မျိုးပြီ၊ ချိတ်ပြီ ဆိုမှဖြင့် သံသရာခရီးသည်ဆိုတဲ့ ငါးတွေသည် ဟုတ်လား (၃၁) ဘုံ ချည်တိုင်မှ တစ်ပါး ဘယ်များ ပြေးနိုင်သေးသတုံး (ဘယ်မှမပြေးနိုင်ပါ ဘုရား)။

နိဗ္ဗာန်ကလည်း (၃၁) ဘုံ အပြင်ဘက်မှာ ရှိတယ် ခင်ဗျားတို့ကလည်း ဒီချည်တိုင်နဲ့ ဒီကြိုး အဆုံးသာ လှည့်ပတ်ပြီး နေရတယ် (မှန်လှပါ ဘုရား)။

ဝဋ်မကျွတ်ဘာဘာ့ကြောင့်

အဲတော့ ဒကာ ဒကာမတွေ ကျွတ်လမ်းလွတ်လမ်းဆိုတဲ့ ဝဋ်မှ ကျွတ်ခန်း ဆိုတာ ပါသေးသလား (မပါပါဘူး ဘုရား)။ မပါတော့ဘူး၊ မပါတော့ဘူး။

ဒကာ ဒကာမတို့ ဝဋ်ထဲက မကျွတ်တာဘာကြောင့် ပါလိမ့် မလဲလို့ သေသေချာချာ တွေးတော့မှ ဝေဒနာ ဒဏ်ချက်နဲ့ အသက်ထွက်နေရလို့ (မှန်ပါ့) ဟုတ်ပလား။

(၃၁) ဘုံထဲမှာ ဝေဒနာဒဏ်ချက်မိပြီး သကာလ ၊ ဒကာ ဒကာမတွေ အဖန်ဖန်သေနေရလို့၊ ဝေဒနာ သတ်သဖြင့် အဖန်ဖန်သေနေရလို့ ဆိုတာ သဘောကျပလား – (ကျပါတယ် ဘုရား)။

ကိုင်း ဘယ့်နှယ့်လုပ်ကြမလဲ၊ ဒီဝေဒနာသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဝေဒနာနံ ခယံဒိသွာ လုပ်မှပဲ (မှန်ပါ့)။

ဝေဒနာကုန်ရာကို မြန်မြန်ကြည့်မှပဲ (မှန်ပါ့ ဘုရား) ဒါမှသာလျှင် ခင်ဗျားတို့ နိဗ္ဗတဆိုတဲ့ ငြိမ်းအေးခြင်း ရမယ် (မှန်လှပါ ဘုရား) နို့မဟုတ်လို့ရှိရင် ရစရာမြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

ဘယ်ဝေဒနာမျိုးကြိုက်သတုံး

ကိုင်း ဝေဒနာသုံးမျိုးကို ဒကာ ဒကာမတို့ ဘယ်ဟာများ ကြိုက်ကြသတုံး (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား) ဘယ်ဟာမှ မကြိုက်ဘူး။

ဥပေက္ခာဝေဒနာကလည်း ရုပ်ဆိုး အကျည်းတန်ပဲ (မှန်လှပါ ဘုရား) သုခဝေဒနာကကော (ရုပ်ဆိုး အကျည်းတန်ပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတွေကလည်း အသံမကောင်း တော့ ဒုက္ခဝေဒနာ ကြောက်တယ်၊ ကျုပ်တို့ဖြင့် ဒုက္ခများ ကြောက်ပါရဲ့ (မှန်ပါ့) ဪ တော်တယ်၊ တော်တယ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခတော့ ကြောက်တယ် (မှန်လှပါ)။

ဒုက္ခဘယ်ကလာသတုံး

ဒုက္ခဘယ်ကလာတာတုံး မျိုမိတဲ့ သုခကလာတာ (မှန်လှပါ ဘုရား) ကိုင်း၊ ဘယ်သူက အရင်းကျတုံး (သုခက အရင်းကျပါတယ် ဘုရား)။

ဒကာ ဒကာမတွေက ကျုပ်ဖြင့် သုခများ ကြောက်ပါရဲ့ လို့ ဘယ်တော့မှ အသံမထွက်ဘူး (မထွက်ပါဘူး ဘုရား) သုခကြောက်ပါရဲ့ လို့ ဘယ်တော့မှ အသံမထွက်ဘူး။

သုခကြောက်လိုက်တာ ကျုပ်ချမ်းသာမှာများ သိပ် ကြောက်တာပဲ (မှန်လှပါ) မပြောပါဘူး (မပြောပါ ဘူး ဘုရား)။ ပြောရင်လည်း ဟန်ပြော ဟုတ်လား (မှန်ပါ့)။

ပြောပြန်ရင်လည်း မရှိတဲ့သူကပြောတော့ (မှန်ပါ့) ကျုပ်က ဘာပြုလို့တုံး ဟိုချမ်းသာမယ်ဆိုရင် ကိုယ့်အိမ်တောင် ကိုယ်မနေရဲလို့၊ ချမ်းသာများတော့ ကြောက်ပါရဲ့ (မှန်ပါ့)။

ဒါတောင် ပြောပြီ မရှိမရှား ကြိုက်တယ်တဲ့ (မှန်ပါ့) သုခတွေတော့ ကြောက်တယ်မဟုတ်ပါဘူး (မဟုတ် ပါဘူး) မရှိမရှားကျတော့ ကြိုက်နေ (ကြိုက်ပါတယ် ဘုရား)။

ကောင်းသေးရဲ့လား (မကောင်းပါဘူး) မကောင်း ပါဘူး၊ မကောင်းပါဘူး သုခကြိုက်ရက်ပါပဲ မကောင်းပါဘူး။

အဲတော့ ဒကာ ဒကာမတွေက ဥပေက္ခာ ဝေဒနာများ ကြောက်လှချည်ရဲ့လို့ ဘယ်တော့များ လာသတုံး (ဘယ် တော့မှ မလာပါဘူး ဘုရား)။

အံမလေး ကြောက်စရာ အကောင်းဆုံးက သူကလမ်းစ ထွင်ပေးတာဗျ (မှန်ပါ့) သူနဲ့ပေါင်းလို့ အမိုက်ကြီး မိုက်ရတာ (မှန်လှပါ ဘုရား) ဟုတ်ပလား။

အဲဒီ ဥပေက္ခာဝေဒနာကျတော့ ကြောက်မိရဲ့လား ( မကြောက်မိပါဘူး ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ မကြောက်တတ်တာ၊ ကြောက်စရာ မကြောက်တာသည် အဝိဇ္ဇာဘဲသာ မှတ်ပေတော့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြောက်စရာမကြောက်တာဘာပါလိမ့်

ကြောက်စရာမကြောက်တာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဲ ကြောက်စရာ မကြောက်တာဟာ အဝိဇ္ဇာပဲ ဆိုသဖြင့် သူတို့၏ သဘောကို ကောင်းကောင်း မသိဘူး။

ဝေဒနာသုံးမျိုး၏ အရုပ်ဆိုးအကျည်းတန်တဲ့ သဘော သိသေးရဲ့ လား (မသိပါဘူး ဘုရား) အဲဒီ မသိတာ ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)။

ဒကာ ဒကာမတို့ တရားနည်းနည်းပေါ်လာပြီ၊ တရားပေါ်လာပြီ၊ သူတို့၏အကြောင်း ကောင်းကောင်း မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ကိုင်း ဒါဖြင့် အဝိဇ္ဇာဖြစ်နေပြီ (မှန်လှပါ) အဝိဇ္ဇာ ပေါ်နေပြီ၊ သူတို့၏ အကြောင်းကောင်းကောင်း မသိတာသည် သူတို့၏ အကြောင်းက ဒုက္ခပေးတတ်တဲ့ အကြောင်းတရားတွေ (ဝါ) သူ သတ် ယောက်ျားတွေ တဲ့ ဝေဒနာသုံးမျိုးက (မှန်ပါ့)။

အဲ သူတို့၏ အကြောင်းကောင်းကောင်း မသိတာ က ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာသည် ဒကာ ဒကာမတို့ ဒုက္ခအကြောင်း ကောင်းကောင်းမသိဘူး ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသည် ဘာအကြောင်းကောင်းကောင်း မသိတုံး (ဒုက္ခအကြောင်းကောင်းကောင်း မသိပါ ဘုရား)။

ကိုင်း ဒုက္ခအကြောင်း ကောင်းကောင်းမသိဘူး ဒကာ ဒကာမတို့၊ ဝေဒနာသုံးမျိုး၏ အကြောင်း ကောင်းကောင်း မသိဘူးဆိုတဲ့ အဝိဇ္ဇာ လာပြီ (မှန်လှပါ)။

အဲဒီ ကောင်းကောင်းမသိတဲ့တရား ကျုပ်တို့က ခန္ဓာကိုယ်ထဲမှာ ရောက်ပြီး သကာလ နေတော့ကိုး၊ ဘယ်နည်းနဲ့ မှ ဒီဝေဒနာသုံးမျိုးကို ကျုပ်တို့ မပြစ်နိုင်တော့ဘူး (မှန်ပါ့)။

မပစ်နိုင်တော့၊ မပစ်နိုင်တာ ခင်ဗျားတို့ ပါးစပ်ထဲမှာ ပါတယ် (မှန်ပါ့) အကြင်လင်မယား အိမ်ထောင် ကျတယ် (မှန်လှပါ)။

ဆိုးလည်း မပစ်ပါဘူး၊ ဟော ဒုက္ခလည်း မပစ်ပါဘူး (မှန်လှပါ) ကောင်းရင်ကော (မပစ်ပါဘူး ဘုရား) အဆိုးအကောင်း ဝေဖန်လို့မရရင်ကော (မပစ်ပါဘူး ဘုရား)။

ဝေဒနာသုံးမျိုးအကုန်ကြိုက်ထားတာ

အံမာ ဝေဒနာသုံးမျိုးကို အကုန်ကြိုက်ထားတာပါလား (ကြိုက်ပါတယ် ဘုရား) ဆိုးလည်း မပစ်ပါဘူး ဆိုတော့ ဘာဝေဒနာကြိုက်တုံး (ဒုက္ခဝေဒနာပါ ဘုရား)။

ဆိုးလည်းမပစ်ပါဘူးဆိုတာက ဆိုးလည်း ဒုက္ခဝေဒနာ မပစ်ပါဘူးက ကြိုက်တာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရာ)။

ဆိုးလည်း မပစ်ပါဘူးဆိုတော့ ဒုက္ခဝေဒနာ ဘာဖြစ် နေတုံး (ကြိုက်ပါတယ် ဘုရား) ကောင်းလည်း (မပစ်ပါ ဘူး ဘုရား) သုခဝေဒနာကြိုက်တယ် (မှန်ပါ့)။

ဆိုးလည်း မပစ်ပါဘူးတဲ့ ဒီခင်ပွန်းနဲ့ ဒီခင်ပွန်းမ ပြောဆို နေကြတယ်၊ ဆိုးလည်း မပစ်ပါဘူး ဒုက္ခဝေဒနာကြိုက်နေတယ် (မှန်ပါ့)။

ကောင်းလည်း မပစ်ပါဘူး၊ ဘာကြိုက်နေတုံး (သုခ ဝေဒနာကြိုက်နေပါတယ် ဘုရား) အဆိုးအကောင်း ရောနေလည်း (မပစ်ပါဘူးဘုရာ)။ မပစ်ပါဘူးတဲ့။

အံမယ်၊ ဝေဒနာသုံးမျိုး ခင်ဗျားတို့ ဘယ်ဟာမကြိုက် တာပါလဲ (ဘယ်ဟာမှမပါပါ ဘုရား) အံမာလေး လွန်လှ ချည်လားဗျာ လွန်လှချည်လား။

ဆိုးလည်း မပစ်ပါဘူး၊ ဒီလိုလည်း ပြောမိကြလား (ပြောမိပါတယ် ဘုရား) ဟာ မုသားများ ဖြစ်နေကြပါ့မယ်။

ငါးစာမျိုစတုန်းကပြောတာ

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်စဉ်ကဖြင့် ဆိုးလည်း မပစ်ဘူးဆိုတာက ဘယ်အချိန်မှာ ပြောတဲ့စကားလုံး လို့ မေးတဲ့အခါကျတော့၊ အိမ်ထောင်ဦးပြောတဲ့စကား ဟုတ်ပလား (မှန်ပါ့)။

ငါးစာမျိုးစတုန်းက ပြောတာ (မျိုးခါစက ပြောတာပါ ဘုရား) မျိုခါစက ပြောတာ (မှန်ပါ့) မျိုခါစက ပြောတော့ ဆိုးလည်းမပစ်ပါဘူး၊ ကောင်းလည်း မပစ်ပါဘူး ဟုတ်လား (မှန်ပါ့)။

အဆိုး၊ အကောင်း ရောနေလည်း (မပစ်ပါဘူး ဘုရား)။ မပစ်ပါဘူးဆိုတော့ သုခဝေဒနာနဲ့ နေလည်း မပစ်ပါဘူး (မှန်ပါ့) ဒုက္ခဝေဒနာရောက်လည်း (မပစ်ပါဘူး)။

ဥပေက္ခာဝေဒနာနဲ့ နေရလည်း (မပစ်ပါဘူး ဘုရား) အဲ-အဲတော့ ဘုရားဆီမှာ ခင်ဗျားတို့ ဆုတောင်းတာ လည်း (မနည်းပါဘူး ဘုရား) လူကြီးစုံရာရှေ့ ပြောတဲ့ စကားက မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘုရားရှေ့ပြောတဲ့ စကားသည် တော်တော်ကြာဘုရား၊ ဘုရားကိုတော့ ကလန်ကဆန် လုပ်မယ်ဆို လုပ်နိုင်သေးတယ် (မှန်လှပါ ဘုရား)။

လူကြီးစုံရာ ရှေ့မှာကျတော့ (မလုပ်နိုင်ပါဘူး ဘုရား) မလုပ်နိုင်ဘူး၊ ဆိုးလည်း မပစ်ဘူး၊ ကောင်းလည်း မပစ်ပါဘူး (မှန်လှပါ) အဆိုးအကောင်း ရောနေရင်ကော (မပစ်ပါဘူး ဘုရား) မပစ်ပါဘူး။

ဘယ်ဝေဒနာကို ကြိုက်တာလည်း၊ ဝေဒနာသုံးခုလုံးကို တစ်ခါတည်း နှစ်သက်နေတယ် (မှန်လှပါ ဘုရား)။

ဝေဒနာပစ္စယာ တဏှာ၊ ဆိုးလည်း မပစ်ပါဘူး၊ ဆိုးတာက ဒုက္ခဝေဒနာ၊ မပစ်ပါဘူးက တဏှာ၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဆိုးတာက ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား) မပစ်တာက (တဏှာပါ ဘုရား) ဒုက္ခဝေဒနာ ပစ္စယာတဏှာ (တဏှာပါ ဘုရား) မပစ်ဘူးတဲ့ (မှန်ပါ့)။

ဒကာသိုက် ဒီလိုများ ပြောမိသလား (ပြောမိပါ တယ် ဘုရား) ဆိုးလည်း မပစ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဒုက္ခဝေဒနာ ပစ္စယာ ဘာတဲ့တုံး (တဏှာပါ ဘုရား)။

တဏှာကဘယ်တုန်းကစခဲ့သတုံး

အဲတော့ ခင်ဗျားတို့ ဝေဒနာ ပစ္စယာ တဏှာက ဘယ်တုန်းကစခဲ့ကြတုံး အိမ်ထောင်ဦးက စသည် ဒီဘဝမှာ၊ ဒီဘဝမှာ ဟုတ်ပလား (မှန်လှပါ ဘုရား)။

ဝေဒနာပစ္စယာ တဏှာ၊ ဆိုးလည်း မပစ်ပါဘူး ဆိုသဖြင့် ဒုက္ခဝေဒနာ ပစ္စယာ ဘာတုံး (တဏှာပါ ဘုရား)။

ကောင်းလည်း မပစ်ပါဘူးဆိုတော့ (သုခဝေဒနာ ပါ ဘုရား) သုခဝေဒနာပစ္စယာ တဏှာ၊ အဆိုးအကောင်း ရောနေရင်ကော (မပစ်ပါဘူး ဘုရား)။

အလယ်အလတ်ပေါ့ဗျာ ဥပေက္ခာ အဲဒါကော ဒကာ ဒကာမတွေ ပစ်မှာလား (မပစ်ပါဘူး ဘုရား) အို ဥပေက္ခာ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါတယ်ဘုရား။)

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဝေဒနာသုံးမျိုးကဖြင့် တဏှာ သုံးမျိုးလာပြီ (မှန်လှပါ ဘုရား) ဟုတ်ပလား။

မပစ်တာမှ တကယ်တမ်းပြောတာလား၊ ပျက်ကယ် ပျက်ကယ် ပြောတာ လား (တကယ်တမ်း ပြောတာပါ ဘုရား)။

မျက်နှာထဲမှာ ခင်ဗျားတို့သည်ကားလို့ဆိုရင် မူသေထား ပြောသလား၊ ခတ်ပြုံးပြုံး၊ ခတ်ရွှင်ရွှင် ပြောလေ့ရှိသလား (ခတ်ပြုံးပြုံး ပြောလေ့ရှိပါတယ် ဘုရား)။

အင်း သေသေချာချာကိုပဲ ခင်ဗျားတို့ ခတ်ပြုံးပြုံး ခတ်ရွှင်ရွှင် ပြောတယ်ဆိုလို့ရှိရင်ဖြင့် တဏှာပစ္စယာ ဘာတုံး (ဥပါဒါန်ပါ ဘုရား)။

တဏှာပစ္စယာဥပါဒါနံ

ဥပါဒါနံဆိုတာ မလာသေးဘူးလား (လာပါတယ် ဘုရား)။ ကိုင်း ဒကာ ဒကာမတို့ သုခဝေဒနာ ကြောင့်လည်း ဥပါဒါန်လာတာပဲ (လာပါတယ် ဘုရား)။

ဒုက္ခဝေဒနာကြောင့်ကော (ဥပါဒါန်လာပါတယ် ဘုရား) ဥပေက္ခာဝေဒနာကြောင့်ကော (ဥပါဒါန်လာပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် မပစ်ဘူးဆိုတဲ့ သဘောသည် ခင်ဗျားတို့ သည် တကယ်တမ်းပြောတာနော် (မှန်ပါ ဘုရား) တကယ် တမ်းပြောတာ တကယ်တမ်းပြောတာ (မှန်လှပါ)။

ကျုပ် ပျက်ကယ်၊ ပျက်ကယ်များ မထင်လိုက်ပါနဲ့ ဆိုတာ မယုံယုံအောင်ကို မနည်း ပြောရသေးတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဝေဒနာပစ္စယာ တဏှာ တဏှာပစ္စယာ ဥပါဒါနံဆိုတာ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ဥပါဒါနပစ္စယာကမ္မဘဝေါ

ကိုင်း ဥပါဒါနပစ္စယာ ဘာတဲ့ (ဘဝေါ်) ဘဝေါဆို တာ ဒကာ ဒကာမတွေ ရှုပ်မှာသိပ်စိုးရိမ်တယ် (မှန်ပါ)။

ဘဝဆိုတာ ခင်ဗျားတို့က နောင်ဘဝသွားယူလိမ့်မယ် (မှန်ပါ့) မဟုတ်ဘူးတဲ့ ကမ္မဘဝ။ ကမ္မဘဝဆိုတာ တစ်ခါ တည်း စွဲလမ်းတဲ့ ဥပါဒါန်လာပြီဆိုမှဖြင့် ကာယကံလည်း ကျုပ် အပါယ် ရောက်အောင် ကာယကံနဲ့ထမ်းပို့ ရွှေ့ပါမယ် (မှန်လှပါ ဘုရား)။

ဟော ကာယကံလာပြီ (မှန်ပါ ဘုရား) ဝစီကံနဲ့ လည်း လိမ်၍ဖြစ်စေ ရိုးရိုးဖြစ်စေ ဝစီကံ ပြောပြောဆိုဆိုနဲ့ပဲ ကျုပ်ကျွေးပါ့မယ် မွေးပါ့မယ် (မှန်လှပါ)။

ဝစီကံနဲ့ကော (လာပါတယ် ဘုရား) မနောကံ ကကော ကျုပ်ဒီကအကြံအစည် ရှိပါတယ်ဗျာ၊ ကျွေးဖို့မွေးဖို့ကို အဆင်သင့်ပါပဲ၊ အကြံအစည် ဝမ်းထဲမှာ မဆိတ်ပါဘူး (မှန်ပါ့)။

မနောကံကောပါရဲ့ လား (ပါပါတယ် ဘုရား)။ ဒါဖြင့်အဲဒါ ကာယကံ၊ ဝစီကံနဲ့ ခုနက ဆိုးမပစ်ဘူး၊ ကောင်း မပစ်ဘူး၊ အဆိုးအကောင်းရောနေလည်း မပစ်ပါဘူးဆိုတဲ့ ဥစ္စာကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ကျုပ်အကုန် လုပ်ကိုင် ကျွေးပါ့မယ်ဆိုတာ ပါရဲ့လား (ပါပါတယ် ဘုရား)။

ကာယကံ၊ ဝစီကံ၊ မနောကံ

အဲဒါကြောင့် ဥပါဒါနပစ္စယာ ဘာဆိုကြမတုံး (ဘဝေါပါ ဘုရား) ဘဝေါ ကာယကံဘဝေါ၊ ဝစီကံဘဝေါ၊ မနောကံ (ဘဝေါပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ခုခင်ဗျားတို့ ကာယကံနဲ့ ကိုယ်နဲ့သွားပြီး ရှာကြံကျွေးကြ (မှန်ပါ့) ပြောဆိုပြီး သကာလ ပါးစပ်နဲ့ အသက်မွေးပြီး ကျွေးကြ (မှန်ပါ)။

မနောကံကလည်း ကြံလုံးစည်လုံးနဲ့ ဟုတ်လား လုပ်ကိုင်ပြီး ကျွေးကြကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ ဘာဖြစ်တယ်ထင်တုံး ဥပါဒါနပစ္စယာ ဘယ့်နှယ်ဆိုကြမတုံး (ဘဝေါပါ ဘုရား) အဲ ဒကာသိုက်ရေ ပဋိစ္စသမုပ္ပါဒ် ဘယ်လောက်ဆက်သွားတယ်ဆိုတာ ပေါ်လာကြ ပလား (ပေါ်လာ ပါတယ် ဘုရား)။

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမျှလောက် ဆို ရင် ခင်ဗျားတို့ သည် သံသရာကြီး လည်တော့မယ် ဆိုတာသည် ပေါ်လာကြပလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာပြီ၊ ဝေဒနာပစ္စယာက ဘာတဲ့ (တဏှာပါ ဘုရား) ဆိုးပါစေ၊ ကောင်းပါစေ၊ မပစ်တာမှ ဒကာ ဒကာမတို့ အဟုတ်တမ်းလား၊ တကယ်တမ်းလားလို့ မေးလိုက်တယ် (တကယ်တမ်းပါ ဘုရား)။

တကယ်တမ်းဆိုတော့ ဥပါဒါန် (မှန်ပါ့ ဘုရား) တဏှာပစ္စယာ ဘာဆိုကြမယ် (ဥပါဒါန်ပါ ဘုရား) အေးသာမညလား ဒကာသိုက်ရ (မဟုတ်ပါဘူး ဘုရား)။

မပစ်ပါဘူး ဆိုတဲ့စကားသည် လျှာဖျားတင်ပြောတာ လား လှိုက်လှိုက်လှဲလှဲလား (လှိုက်လှိုက် လှဲလှဲပါ ဘုရား)။

လှိုက်လှိုက်လှဲလှဲကဥပါဒါန်

အေး လှိုက်လှိုက်လှဲလှဲက ဥပါဒါန် ရိပ်မပလား (ရိပ်မိပါတယ် ဘုရား) လှိုက်လှိုက်လှဲလှဲ ဆိုတာက ဘာပါလိမ့် (ဥပါဒါန်ပါ ဘုရား) မပစ်ပါဘူးဆိုတာက တဏှာ၊ လှိုက်လှိုက်လှဲလှဲက ဥပါဒါန်။

လှိုက်လှိုက်လှဲလှဲ မဟုတ်တယ် ဟုတ်တယ် ရှာကြံ ကျွေးတာကြည့် (မှန်လှပါ) ကာယကံနဲ့ကော (ကျွေး ပါတယ် ဘုရား)။ ဝစီကံနဲ့ကော (ကျွေးပါတယ် ဘုရား) မနောကံနဲ့ကော (ကျွေးပါတယ် ဘုရား)။

အဲဒါက ဥပါဒါနပစ္စယာ ဘာတုံး (ဘောပါ ဘုရား) သေချာလာပြီ ခင်ဗျားတို့ (မှန်ပါ ဘုရား) သေချာလာပြီ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်ကဖြင့် သေချာ ဆက်မိပြီ (ဆက်မိ ပါပြီ ဘုရား) အဲတော့ ဘယ်နှယ့်နည်းနဲ့ ဖြတ်ကြမလဲ။

ဒီတိုင်းဖြင့် ခက်ရချည်ရဲ့ ဒကာ ဒကာမတို့၊ အလုပ်စဉ် ကတော့ဖြင့် ဘုန်းကြီးပြောတာနဲ့ ခင်ဗျားတို့ ဖြစ်စဉ်နဲ့ဟာ တစ်ထပ်တည်းပါ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ဖြစ်စဉ်နဲ့ တစ်ထပ်တည်း နေပလား (နေပါတယ် ဘုရား) အေးတစ်ထပ်တည်းနေပြီ ကိုင်း ဒါဖြင့် ဒကာသိုက်ရေ သူ့ဟာတော့ ဆုံးအောင်သွားဦးမှ ကောင်းမှာ ဘာတုံး ခင်ဗျားတို့ကလည်း ဒီအသွားကို တစ်ခါတည်း ခင်ဗျားတို့က ကိုယ်တိုင်လုပ်ထားတော့လည်း မရှောင်သာ မလွှဲသာ တော့လည်း သွားလိုက်ကြဦးပေါ့ဗျာ (မှန်ပါ ဘုရား) ဟုတ်ပလား (မှန်လှပါ ဘုရား)။

မရှောင်သာ မလွှဲသာကိစ္စနဲ့ ကြုံလာတာကိုး ဟုတ်လား (မှန်လှပါ ဘုရား) မရှောင်သာမလွှဲသာ ကိစ္စတွေက တရား နာတောင် မလာနိုင်တဲ့ ကိစ္စတွေက ရှိသေးတယ် (ရှိပါတယ် ဘုရား)။

အဲဒီလိုကော ပဋိစ္စသမုပ္ပါဒ်နဲ့ မရှောင်သာမလွှဲသာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘဝပစ္စယာဇာတိ

ကဲ ဒကာသိုက်ရေ ဘဝပစ္စယာ (ဇာတိပါ ဘုရား)။ အံမယ် မလှည့်နဲ့တော့ ဒကာသိုက်ရေ တော်လောက်ပြီ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

ဇာတိရောက်ပြီ၊ ဇာတိရောက်ပြီ ဒကာ ဒကာမတို့ (မှန်လှပါ) ဘဝပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား) ဟုတ်ပြီတဲ့။

ကာယကံနဲ့လည်း လုပ်မိပြီ (မှန်လှပါ) ဝစီကံနဲ့ လည်း ပြောဆိုမိပြီ၊ မနောကံနဲ့လည်း စားဖို့ သောက်ဖို့ ကျေနပ်အောင်လုပ်မိပြီ (လုပ်မိပါပြီ ဘုရား)။

လုပ်မိတဲ့အခါကျတော့ ဒီကံတွေဟာ ကမ္မံဝိပါကဿ ကိုး ဘုရားက ကမ္မံ ဝိပါကဿလို့ ဟောပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကမ္မံ= ကံသည်၊ ဝိပါကဿ အကျိုးအား (ဝါ) ပဋိသန္ဓေအား၊ ဥပနိဿယပစ္စယေန ဥပနိဿယပစ္စယ သတ္တိဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏ (မှန်လှပါ ဘုရား)။

အကုသလံ ကမ္မံ ဝိပါကဿ၊ ကုသလံ ကမ္မံ (ဝိပါကဿ ပါ ဘုရား) ဝိပါကဿ ချည့်ပဲ ဒကာ ဒကာမတို့ ခင်ဗျားတို့က ကံသုံးပါ စုံရဲ့လား (စုံပါတယ် ဘုရား) အံမာ ဘုရားရှိခိုး သလိုပဲ ခင်ဗျားတို့က ဘုရားရှိခိုးတာ တစ်ခါတည်း ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ရှိခိုးပါ၏ (မှန်လှပါ)။

ဟိုမှာကော ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်တော့ကော ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လုပ်ပါ၏။ တယ်လဲရိုသေကြပါလား (ရိုသေပါတယ် ဘုရား) ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

ကံသုံးပါနဲ့ဘုရားရှိခိုးတယ်

ဒကာသိုက်ရေ ဘုရားရှိခိုးတာ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ဆိုတော့ ကြားကောင်းတယ် (မှန်လှပါ) ခင်ဗျားတို့ လုပ်နေတာကော (ကြားမကောင်းပါဘူး ဘုရား)။

ကာယကံနဲ့ကော သွားလိုက်တာပဲ၊ ဝစီကံနဲ့ကောပြော လိုက်တာပဲ၊ မနောကံနဲ့ကော လှမ်းစိတ်ကူး သွားလိုက်သေးတယ် (စိတ်ကူးပါတယ် ဘုရား)။

အဲဒီကံတွေ မလုပ်မိဘူးလား (လုပ်မိပါတယ် ဘုရား) အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုရားရှိခိုးတော့ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ရှိခိုးပါ၏ (မှန်လှပါ ဘုရား)။

အပါယ်မှလွတ်မြောက်ရပါလို၏

ရှိခိုးရသော အကြောင်းကြောင့် ရှိခိုးတဲ့ ဝစီကံအ ကြောင်း၊ မနောကံအကြောင်း၊ ကာယကံ အကြောင်း တို့ကြောင့် အပါယ်လေးပါးမှ လွတ်မြောက်ရပါလို၏ (မှန်လှပါ)။

ဟုတ်တာပေါ့ဗျ လွတ်နိုင်တာပဲ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ဘုရားရှိခိုး အပါယ်လေးပါးမှ လွတ်နိုင်တာပေါ့ (မှန်လှပါ)။

အပါယ်ကိုရောက်ရပါလို၏

သားရေး၊ သမီးရေး၊ စီးပွားရေးကို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လုပ်တော့လုပ်တယ်၊ ဆုမတောင်းနဲ့ အပါယ်လေးပါး ရောက်ရပါလို၏ (မှန်ပါ) ပါရဲ့ လား (ပါပါတယ် ဘုရား)။

လုပ်လည်းလုပ်ချင်တယ် ဒီဘက်ကရောက်ရပါလို၏ မထည့်ပဲနဲ့ လုပ်မှာလား။ ( ဒကာ ဒကာမတို့ ဒီအသံမျိုးကျတော့ ခင်ဗျားတို့က အသံ တောင် မထွက်တော့ဘူး၊ အသံတောင် မထွက်တော့ဘူး ဘုရား ရှေ့ကျတော့ ကျယ်လိုက်တဲ့အာ (မှန်လှပါ ဘုရား)။

ဟိုဟာကျတော့ တော်တော်ဟန်လုပ်လို့ ကောင်းနေ တာကိုးဗျ (မှန်လှပါ)။ ကာယကံ၊ ဝစီကံ၊မနောကံတို့ဖြင့် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ဘုရားလို့ ဆိုတော့ အင်း ကံသုံးပါးနဲ့ကို ရှိခိုးနေတာဟေ့၊ မညံ့ဘူး လူကြားကောင်း တာကိုး (လူကြားကောင်းတာပါ ဘုရား)။

ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ရှိခိုးပါ၏။ ဒကာသိုက် မဆိုဘူးလား (ဆိုပါတယ် ဘုရား)။ အဲဒီ ရှိခိုးပြီးတဲ့ အခြားမဲ့၌ ဘာရချင်တဲ့ ခင်ဗျားတို့ အပါယ်လွတ်ရပါလို၏ (မှန်ပါ့) ကပ်သုံးပါး ကျော်နင်း ရပါလို၏ (မှန်လှပါ)။

ပြည့်တယ် ဒကာ ဒကာမတို့ ဘာပြုလို့တုံး အသေအချာ ရှိခိုးပကောဗျ (မှန်လှပါ) အသေအချာ ရှိခိုးတော့ အပါယ်လေးပါး ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး လွတ် ရပါလို၏။ မလွတ်ပေ ဘူးလား (လွတ်ပါတယ် ဘုရား)။

နိဗ္ဗာန်သာမရောက်နိုင်တာ

လွတ်မယ်ထင်လို့လည်း ရှိခိုးကြပကောဗျာ (မှန်လှပါ ဘုရား)။ လွတ်လည်း လွတ်ပါတယ် လို့လည်း ဘုရားကဟောပါတယ် (မှန်လှပါ ဘုရား)။ နိဗ္ဗာန်သာ ခင်ဗျားတို့ မရောက် နိုင်တာပါ (မှန်လှပါ)။

“ဗုဒ္ဓါနုဿတိ” ဖြစ်နေလို့ (မှန်ပါ)။ ဟုတ်ပါလား နိဗ္ဗာန်သာ မရောက်နိုင်တာပါ။ “ဗုဒ္ဓါနုဿတိ” ဖြစ်နေလို့ (မှန်ပါ)။

အဲဒါကျတော့ ခင်ဗျားတို့ အပါယ်လေးပါးမှ လွတ်ရပါလို ၏။ ရန်သူမျိုးငါးပါမှ ကင်းရပါလို၏။ ဟုတ်လား မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား)။

အေး အဲဒါပြည့်သလိုပဲ ဒကာ ဒကာမတို့ ကဲ ကာယ ကံနဲ့ သွားပြီး စီးပွားရှာတယ်၊ ဝစီကံနဲ့ ပြောဆိုကြတယ် (မှန်ပါ) မနောကံနဲ့ကော ကြံစည်စိတ်ကူးလေးကော (ရှိပါတယ် ဘုရား)။

ဆုမတောင်းဘဲနဲ့ပြည့်တယ်

ဒီ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လုပ်တဲ့အလုပ်ကျလာ တော့ ဆုတောင်းရသေးသလား မတောင်းဘဲနဲ့ ပြည့်မှာလား (မတောင်းဘဲနဲ့ပြည့်မှာပါ ဘုရား)။

ကဲ ဒါဖြင့် ဘယ်လို ပြည့်မယ်ထင်တုံးဗျာ၊ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လုပ်ကြပြီ ဒကာသိုက်ရ အပါယ်လေးပါး ကပ်သုံးပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးနဲ့ ပြည့်ရ ပါလို၏ (မှန်လှပါ)။

ဟို ကျတော့လည်း ဒီအတိုင်းပဲ သွားရမှာ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဒကာ ဒကာမတွေ ငြင်းချင်သေးသလား (မငြင်းချင်ပါဘူး ဘုရား)။

လိုချင်တာတော့ တောင်းယူတယ် (မှန်လှပါ) ဒီကိုယ်တိုင် လုပ်ထားတာတော့ မပြည့်ရတော့ ဘူးလား (ပြည့်ရမှာပါ ဘုရား) အဲတော့ ဘယ်ဟာက သေချာတုံး (ကိုယ်တိုင်လုပ်တာက သေချာပါတယ် ဘုရား)။

ပြည့်စုံရပါလို၏

ဟိုဆုတောင်းက သေချာချင်မှ သေချာမှာ တယ်စိတ်ချ ရတာ မဟုတ်ဘူး ဟောဒါကတော့ လက်တွေ့ ကိုယ်တိုင် လုပ်ထားတော့ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာ မျိုး (၉၆)ပါးတို့နဲ့ ပြည့်စုံရပါလို၏ (မှန်လှပါ ဘုရား)။

ဘာတုံးဗျ ဒီဥစ္စာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သိပ်လည်း၊ မနာကြနဲ့ဗျ။ မနာနဲ့ (မနာပါဘူး ဘုရား) နာလည်းရမှာပဲ (မှန်လှပါ)။

စိတ်ထဲကတော့ ဘုန်းကြီးက ပြောလိုက်တာ ပြောလိုက် တာ၊ ပြောလိုက်တာလို့ ဆိုလိမ့်မယ် (မှန်လှပါ) ကျုပ်ပြော တာနည်းနည်းလေးပဲ။

နည်းနည်းလေးပဲ၊ ခင်ဗျားတို့ တစ်နေ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဘယ်နှစ်ကြိမ်လာသတုံး သားရေး၊ သမီးရေး၊ စီးပွား ရေးနဲ့ ပတ်သက်ပြီးတော့ (မရေမတွက်နိုင်ပါဘူး ဘုရား)။

ခု ကျုပ်ပြောတာက တစ်ခါပဲရှိသေးတယ် ဟုတ်ပလား ကျုပ်ပြောတာက တစ်ခါပဲ ရှိသေးတယ်၊ ခင်ဗျားတို့ ပြည့်စုံနေတာက (မရေမတွက်နိုင်ပါ ဘုရား)။

အဲဒါ ဘယ်က လက်သည်ရှာကြမတုံးဆိုတာ ဝေဒနာ လာတာပေါ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာကလာတာ ဒကာ ဒကာမတို့ (မှန်လှပါ) ဘယ်ကလာတာတုံး (ဝေဒနာက လာတာပါ ဘုရား)။

ဝေဒနာရေသောက်မြစ်ဖြတ်ပါ

ကိုင်း ဒါဖြင့် ဒီသစ်ပင်ကြီး ဘယ်လောက်စည်ချင်၊ ကားချင်ကြသတုံး၊ ဝေဒနာ ရေသောက်မြစ် ဖြတ်လိုက်လို့ ရှိရင်ဖြင့် ဒကာသိုက်ရေ မငြိမ်းပေဘူးလား (ငြိမ်းပါတယ် ဘုရား)။

ငြိမ်းမယ်၊ ငြိမ်းမယ် ဒကာ ဒကာမတို့ ဝေဒနာ ရေသောက်မြစ်သာ ဖြတ်ပါ၊ ငြိမ်းပါတယ် (မှန်ပါ) မငြိမ်းမရှိဘူး။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မကောင်းကြောင်း ကောင်း ကောင်း သိပလား (သိပါပြီ ဘုရား)။

ဝေဒနာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံကနေပြီး ဟိုဆုတောင်း ပြည့်တွေ အကုန်မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လာလတ္တံ့ ဘေးသည်ကားလို့ဆိုရင် ပြေးသာ မတွေ့လိုက်ပါနဲ့၊ အစက ဖြတ်လိုက်ပါ ရပါသေးတယ် (မှန်ပါ)။

ဒကာသိုက်ရေ ဖြတ်လိုက်ရင် မရပေဘူးလား (ရပါတယ် ဘုရား) ရသေးတယ် ရသေးတယ်။

ဘယ်ကနေဖြတ်ကြမတုံး ဝေဒနာနုပဿနာကနေဖြတ် ဗျာ (မှန်လှပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနုပဿနာနဲ့ဖြတ်ပါ

ဘယ်ကနေဖြတ်မှာတုံး (ဝေဒနာနုပဿနာက နေဖြတ်ရမှာပါ ဘုရား)။

ဝေဒနာနုပဿနာကနေ ဖြတ်လိုက်လို့ရှိရင် ဝေဒနာနိ ရောဓါ ဖြစ်မှာပေါ့ဗျာ (မှန်လှပါ) တဏှာနိရောဓာ ဖြစ်မှာပေါ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် အားကိုးရာလေးတော့ဖြင့် တွေ့တော့ တွေ့ပြီ (မှန်ပါ ဘုရား) တွေ့တော့ တွေ့ပြီ ဒကာ ဒကာမတို့ အားကိုးရာလေးတော့ ထင်ရှားတွေ့ပြီ (မှန်ပါ)။

အားကိုးရာရှာတုန်း ခင်ဗျားတို့ တွေရုံလေး တွေ့ပြီး သကာလ ၊ အားကိုးလောက်တဲ့ အလုပ်ကို မလုပ်ပြန်လည်း ဦးလှဘူးတို့ ဒကာသိုက်တို့ အလကားပဲ (မှန်ပါ)။

အလုပ်မလုပ်ရင် အလကားပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) တကယ်လုပ်ကြမှာလား (လုပ်မှာပါ ဘုရား)။

အဟောသိကံဖြစ်အောင်လုပ်ပါ

အဲဒီတော့ ခင်ဗျားတို့ ခင်ဗျားတို့ ဆုတောင်း ပြည့်ထား တာတွေနည်းတာတွေမဟုတ်ဘူး၊ အဲဒါတွေအကုန် အဟောသိကံဖြစ်အောင်လုပ်ရမှာ (မှန်လှပါ ဘုရား) ဟုတ်ပြီလား။

အဲဒါတွေ အဟောသိကံဖြစ်တော့မယ်ဆိုရင်ဖြင့်ဗျာ အကျေနပ်ကြီးကျေနပ်ပြီး လုပ်ဖို့ကောင်းတယ်၊ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ သစ္စာသိအောင်လုပ်ပါ ဆိုတာ သစ္စာနဲ့ဖြတ်မှ ပြတ်မှာနော် (မှန်ပါ ဘုရား)။ ဒီပြင်နည်းနဲ့ ဖြတ်ဖို့ဆိုတာ မရပါဘူး။

ဒီပြင်နည်းနဲ့ ဘယ်နည်းနဲ့မှ ဖြတ်လို့ မရပါဘူး။ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြစို့–

ဗဟုံ ဝေသရဏံယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ

အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ

နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ

နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ

ယော စ ဗုဒ္ဓဉ္စ၊ ဓမ္မဉ္စ သံဃဉ္စ၊ သရဏံဂတော

စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

သမ္မပ္ပညာယ- ကောင်းသော ဉာဏ်ဖြင့် မှန်ကန်သော ပညာဖြင့်၊ ပဿတိ- ရှုရမယ်။

ဒါမှ ခင်ဗျားတို့ ခုနက ဇာတ်တွေသိမ်းမယ် (မှန်လှ ပါ ဘုရား)။

သစ္စာလေးပါးသိနေရာကျမယ်

စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ =သစ္စာ လေးပါး သိမှသာလျှင် ဒကာ ဒကာမတို့ နေရာကျမယ် (မှန်လှပါ ဘုရား) အဲဒါ ဓမ္မပဒပါဠိတော်၊ စတ္တာရိအရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ၊ ဧတံခေါ သရဏံခေမံ၊ ဒါမှ နိဗ္ဗာန် ရမှာပေါ့ (မှန်လှပါ)။

ဧတံ-ဤတရားသည်၊ ခေမံ = နိဗ္ဗာန်ဆိုတဲ့အ ရပ်သို့ ရောက်ကြောင်းတည်း (မှန်လှပါ ဘုရား)။

ဧတံ သရဏံမုတ္တမံဤတရားအား သစ္စာလေးပါး ပေါ်လာတဲ့အလုပ်ဟာ အမြတ်ဆုံးပဲ (မှန်လှပါ)။

သစ္စာလေးပါးအလုပ်လုပ်ပါ

ဧတံ သရဏမာဂမ္မ ဤသစ္စာလေးပါး အလုပ်ကို လုပ်မှာသာလျှင်၊ သဗ္ဗဒုက္ခာ ပမုစ္စတိ အလုံးစုံ ဒုက္ခတွေ လွတ်မယ် (မှန်လှပါ)

မင်းတို့ ကာယကံ၊ ဝစီကံနဲ့ လုပ်တာ ဒါအကုန် အဟောသိကံ ဖြစ်မယ်ကွ (၁) လုပ်နေကြလည်း အဟော သိကံပဲကွ၊ နောက်ကပါတာတွေကော (အဟောသိကံပါ ဘုရား)။

အဲဒီတော့ စတ္တာရိအရိယ သစ္စာနိ – သမ္မပ္ပညာယ ပဿတိ၊ ဧတံခေါသရံဏံယေ ဒါတွေ ကိုယ်ကို ချဉ်းကပ်မှ၊ ကိုယ်သစ္စာလေးပါး တရားကိုသာလျှင် ချဉ်းကပ်မှသာလျှင် နေရာကျမယ်။

ဧတံသရဏမုတ္တမံ – ဒီဟာတွေ ကိုးကွယ်ဆည်းကပ်လို့ ရှိလျှင်လည်း အမြတ်ဆုံးပဲ (မှန်ပါ့)။

ဧတံသရဏမာဂမ္မ၊ ဧတံ = သစ္စာလေးပါး တရားကို၊ | အာဂမ္မ = အကြောင်းပြု၍၊ သဗ္ဗဒုက္ခာ ပမုစ္စတိ = အလုံးစုံဒုက္ခမှ လွတ်မကွတဲ့ (မှန်ပါ့)။

ကဲ အဂ္ဂိဒတ္တ ဟောတဲ့ ဂါထာပါပဲဗျာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“စတ္တာရိအရိယသစ္စာနိ သမ္မပညာယ ပဿတိ” အရိယာ သစ္စာဟူသော မှန်ကန်သော အသိပေးစမ်းပါကွာ ဟုတ်လား (မှန်ပါ့)။

ဧတံ မေ သရဏံ ခေမံ =သေချာ နိဗ္ဗာန်ရောက်တယ်လို့ ငါဘုရား တာဝန်ယူတယ်တဲ့ (မှန်ပါ့)။

သစ္စာလေးပါးဟာအမြတ်ဆုံး

တရားတွေထဲမှာလည်း ဧတံသရဏမုတ္တမံ သစ္စာ လေးပါးဟာ အမြတ်ဆုံးပဲကွာ (မှန်ပါ့)။

ကြည့်စမ်းပါလားဗျ၊ ဟို ဓမ္မပဒမှာ – မဂ္ဂါနံ အဋ္ဌင်္ဂီကော သေဋ္ဌော မဂ္ဂါနံ = ခရီးလမ်းကြောင်း ဟူသမျှတို့တွင်၊ အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်သည်၊ သေဋ္ဌော = အမြတ်ဆုံးကွတဲ့၊ ဟောမထား ဘူးလား (ဟောထားပါ တယ် ဘုရား)။

အဲဒီ ငါအမြတ်ဆုံးတရားလို့ ဟောထားတယ်၊ စတ္တာရိ အရိယသစ္စာနိ သမ္မပ္ပညာယ ပဿတိ ဆိုတဲ့ ဥစ္စာလည်း ဒီသစ္စာ ပြောပြမယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား) ဒါဖြင့် ကျုပ်တို့ ဝေဒနာနုပဿနာကို သစ္စာ ဖြစ်အောင် လုပ်တတ်ရင်လုပ် (မှန်ပါ ဘုရား)။

မလုပ်နိုင်လို့ရှိရင်လည်း ခုနက ဆုတောင်းပြည့်တွေ အကုန်လာလိမ့်မယ် (မှန်လှပါ) မလာခဲ့ဘူးလား။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာကို အဓိက ထား ဟောနေတယ် (မှန်ပါ့) ဒီပြင်ဟာတွေ ဘုန်းကြီး အကုန်မယ်ဆို ပြောတတ်တယ်။

သို့သော်လည်း ခင်ဗျားတို့ ဒါတစ်လုံးတည်း ကြိုးစားရင် အကုန်ပြီးမယ် ဆိုပြီး သကာလ မနေ့ကတောင် စိတ္တာ နုပဿနာ ပြောသေးတယ် (မှန်ပါ့)။

ကမ္မဋ္ဌာန်းရှာခန္ဓာကြည့်

သို့သော်လည်း ဒီနေ့က လူများတဲ့နေ့၊ ဒကာ ဒကာမတွေလည်း အားလုံး ဝေဒနာပဲ ဂရုစိုက်ပြီး သကာလ ကြိုးစား ရအောင်လို့ ဒကာသိုက်ရ (မှန်လှပါ)။

အရေးတကြီး ပြောပြတယ်နော်၊ ကိုင်း ဒကာ ဒကာမ တို့ကမ္မဋ္ဌာန်းရှာ ခန္ဓာကြည့်လို့ မှတ်ကြစို့ ဒကာသိုက်ပြောတာ (မှန်ပါ့)။

မအားတာကဒုက္ခဝေဒနာ

မအားတာက ဒုက္ခဝေဒနာပြောတာ ဟုတ်လား၊ မအားတာ ဘာဝေဒနာ (ဒုက္ခဝေဒနာပါ ဘုရား) မအားတာ ဒုက္ခဝေဒနာလို့ရှိရင် ဒကာ ဒကာမတို့ မအားတာ မအားတဲ့နေရာ ရှုလိုက်ရုံပေါ့ဗျာ (မှန်လှပါ ဘုရား)။

မအားတာ ဒုက္ခဝေဒနာ (မှန်လှပါ) မိတ်ဆွေ သင်္ဂဟတွေနဲ့ အပျော်လွန်သွားတာနဲ့၊ ယနေ့တော့ဖြင့် ဝိပဿနာ မရှုလိုက်ရတော့ဘူးဆိုတော့ ပျော်တာဘာ ဝေဒနာ (သုခဝေဒနာပါ ဘုရား)။

အဲဒါ ရှုလိုက်လို့ရှိရင်လည်း ပျော်လည်းပျော်ရတာပဲ၊ ဝိပဿနာ ဉာဏ်လည်း ဆိုက်ပါတယ် (မှန်လှပါ ဘုရား) ဟုတ်လား။

ကျုပ်တော့ ဒီနေ့ နေမကောင်းဘူး၊ နေမကောင်းရင် ကာယိက ဒုက္ခပေါ့ အဲဒါ ရှုပါလား။

နေမကောင်းတော့ စိတ်ကဘယ့်နှယ်ဖြစ်တယ် မသိဘူး၊ အဲဒါ စေတသိက ဒုက္ခ၊ ဒုက္ခဝေဒနာ ရှုပါ (မှန်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သဘောကျလား (ကျပါတယ် ဘုရား) ဒုက္ခဝေဒနာရှုချင်ရင် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘယ်က နေမကောင်းတုံး စမ်းကြည့်ပါ့လား၊ ကိုယ်ပါ နေမကောင်းဘူး ပူနေတာ မြင်သားပဲ၊ အဲဒါ ဒုက္ခဝေဒနာရှုပေး (မှန်လှပါ) ဟုတ်လား။

ဒုက္ခဝေဒနာဖြစ်ပျက်ရှု

စိတ်ထဲက ဘယ့်နှယ်နေတုံး၊ စိတ်ကိုပျက်နေတာပဲ။ ပျက်သွားတဲ့ စိတ်ကဘာလဲ (ဒုက္ခဝေဒနာပါ ဘုရား)။

အဲဒါ ဘာလုပ်မလဲ (ဖြစ်ပျက်ရှုပေးရမှာပါ ဘုရား) အာ စိတ်တွေ မထိမ်းနိုင်အောင် ဖြစ်နေတယ်၊ ဒီနေ့ ဝိပဿနာအလုပ် လုပ်ရမလား၊ မလုပ်ရဘူးလား ကျုပ်ဖြင့် စိတ်ထဲ ကို ဝေဖန်လို့ မရဘူး။

အဲဒါ ဥပေက္ခာဝေဒနာ ဝိစိကိစ္ဆာဆိုတာ ဥပေက္ခာ ဝေဒနာ (မှန်ပါ့) ကျုပ် ဒီနေ့ ဝိပဿနာ လုပ်ရတော့ မလား၊ မလုပ်ရပဲနေရ တော်မလား။

စိတ်ထဲ ခန္ဓာကိုယ်ကလည်း နေရာမကျတာနဲ့ ဒွိဟဖြစ် နေတယ် (မှန်ပါ့) အဲဒါဒွိဟလေး ကြည့်စမ်းပါ (မှန်လှပါ ဘုရား)။

ဒွိဟက၊ ဘာဝေဒနာတုံး

ဒွိဟက ဘာဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ ဘုရား) အံမလေး ရှုစရာတွေများတဲ့ဥစ္စာ ပါးစပ်ထဲ မရှုချင်ဘူး ပြောတယ် (မှန်လှပါ) ခက်လိုက်တဲ့ ဒကာ ဒကာမတွေ မသိတာက လွန်နေပြီ (လွန်နေပါပြီ ဘုရား)။

ကျုပ် ဒီနေ့ ဝိပဿနာရှုရတာ ဒီနေ့ အလုပ်ထိုင်ရ တော်မလား၊ မထိုင်ရတော်မလား၊ ဘာဝေဒနာပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)။

အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကျုပ်တော့ဗျာ ယနေ့တော့ဖြင့် စိတ်ကို ငြိမ်ငြိမ် ထားလို့ မရဘူး၊ ဘယ့်နှယ်ဖြစ်လဲ မသိဘူး၊ ဥဒ္ဓစ္စ။

ဥပေက္ခာဝေဒနာဖြစ်ပျက်၍

ဒကာ ဒကာမတွေ စိတ်ကို ငြိမ်ငြိမ်ထားလို့ မရတာ ဘာပါလိမ့် (ဥဒ္ဓစ္စပါ ဘုရား) ဘာဝေဒနာတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

ရှုပါလားဗျ ဥပေက္ခာဝေဒနာကြီး ပေါ်နေတဲ့ဥစ္စာ (မှန်လှပါ ဘုရား)။

ဒီနေ့ပြောနေတာ ဂရုစိုက်ပါ၊ ဝေဒနာရှာတာ ဝေဒနာ ကို တွေ့အောင် ပြောနေတာ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ အသုံးနှုန်းထဲမှာ ဝေဒနာ တွေ့နေရဲ့ သား နဲ့၊ မရှုတတ်လို့ ဝေဒနာရှာ ပေးနေတာပါ အခု (မှန်လှပါ ဘုရား) ဝေဒနာရှာပေးနေတာပါ (မှန်လှပါ)။

ဘုရားဟောတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တွေ့ပါ နေရဲ့ သားနဲ့၊ မရှုတတ်လို့ ဝေဒနာ ရှာပေးနေတာပါ (မှန်လှပါ)။

ဘုရားဟောတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ ဟောတာပဲ။

သို့သော် ခင်ဗျားတို့ စိတ်ထဲမှာ ဒီသုံးခုပဲဖြစ်တာပဲ (မှန်ပါ့) သို့ရာတွင် ခင်ဗျားတို့ မသိတဲ့ အဓိပ္ပါယ်တွေက ကျန်ကျန်နေတယ်။

အဲဒါကြောင့် ဘုန်းကြီးများက ဖြည့်စွက်ပြီး သကာလ ဒါလည်း ဝေဒနာ၊ ဒါလည်းဝေဒနာ၊ ဒါလည်း ဝေဒနာဆိုပြီး သကာလ ဒကာသိုက်ရ လက်ညှိုးညွန်ပေးနေရတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ပြန်ပြောရအောင် ပြန်ပြော ရအောင် (မှန်လှပါ)။

ယနေ့တော့ဖြင့် ကိုယ်နေမကောင်းတာနဲ့ ကိုယ်က နေမကောင်းတာနဲ့ ဝိပဿနာ မရှုနိုင်ဘူး (မှန်လှပါ) ဘာဝေဒနာပေါ်လဲ (ဒုက္ခ ဝေဒနာပေါ်တာပါ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ်နေမကောင်းတာ ဘာ ဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား) အဲဒါ ကိုယ့် သန္တာန်မှာ နေမကောင်းတာလည်း အသိသားဗျာ (မှန်လှပါ)။

ဖြစ်ပျက်ရှု

အဲဒါဗျာ နေမကောင်းတာသည်၊ ဖြစ်ပြီးပျက်တယ်ဆို တဲ့ ဉာဏ်လေးမှ နည်းနည်း မလိုက်နိုင်ဘူးလား (လိုက်နိုင် ပါတယ် ဘုရား)။

နဂိုက မတွေ့ဘူးလို့ ရှိရင်လည်း မလိုက်ပါနဲ့ အခု ကိုယ်တိုင် ပြောနေတာ (မှန်လှပါ)။

ကျုပ်ဖြင့် နေမကောင်းဖြစ်နေလို့ နေမကောင်း ဖြစ်နေတယ် ဆိုတာ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)။

ဒကာ ဒကာမတွေ တွေ့သားပဲ (တွေ့ပါတယ်) နေမကောင်း ဖြစ်နေတာ ဘာပါလိမ့်မတုံးလို့ မေးလိုက်စမ်း ပါလားဗျာ၊ ဘာလို့ ပြောမတုံး (ဒုက္ခဝေဒနာလို့ပါ ဘုရား)။

ဒုက္ခဝေဒနာလို့ မပြောပေဘူးလား (ပြောပါတယ် ဘုရား) အဲဒုက္ခဝေဒနာလို့ ပြောကတည်း ကိုက ခင်ဗျားတို့ အဲဒိ သူပြောတဲ့အချိန်မှာ မရှိတော့ဘူး (မှန်ပါ့)။

ဒုက္ခဝေဒနာလို့ ပြန်တွေးတဲ့ အချိန်ကျတော့ ဒုက္ခ ဝေဒနာလေးရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

ဒုက္ခဝေဒနာကဒုက္ခသစ္စာ

အဲ ဒုက္ခဝေဒနာလေးမရှိတော့ ဒုက္ခသစ္စာလေးဖြစ် သွားတယ် (မှန်ပါ) ဒုက္ခဝေဒနာက ဒုက္ခသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား) အဲဒိသစ္စာ သိတာပေါ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာသိတာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာသိတာလား၊ သစ္စာသိတာလား (သစ္စာ သိတာပါ ဘုရား)။

အေး ဒါဖြင့် စတ္တာရိအရိယသစ္စာနိ ကိုက်ပြီ (မှန်ပါ့) စတ္တာရိအရိယသစ္စာနိ ကိုက်ပြီ၊ ဒကာ ဒကာမတို့ နေမကောင်းတာလေး ပြန်တွေးလိုက်လို့ရှိရင် နေမကောင်း တာလေးရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ကာယိက ဒုက္ခလေး ချုပ်ပျောက်သွားတယ် (မှန်ပါ့) ချုပ်ပျောက်သွားတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ – ဘုရား)။

သိတာကကမဂ္ဂသစ္စာ

အဲ ဒုက္ခသစ္စာ ဖြစ်သွားပြီလို့ မသိဘူးလား (သိပါတယ် ဘုရား) အဲဒိကဲ့သို့ သိတာလေးက မဂ္ဂသစ္စာပါလား (မှန်ပါ့) ဟုတ်ပလား။

အဲတော့ ဒကာ ဒကာမတို့ ဆိုးလည်းမပစ်ပါဘူးဆိုတဲ့ တဏှာလာသေးသလား (မလာပါဘူး ဘုရား)။

ဟော ဆိုးလည်း မပစ်ပါဘူးဆိုတဲ့ တဏှာသေ သွားပြီ၊ ဘာကြောင့် ဆိုးလည်း မပစ်ပါဘူးဆိုတဲ့ တဏှာ၊ ဘာကြောင့် မလာပါလိမ့်မတုံးဆိုတော့၊ ဆိုး ဆိုတာက ဒုက္ခဝေဒနာ ဟုတ်လား။

အခုတော့ အဆိုးဖြစ်နဲ့ တွေ့သေးလားတဲ့၊ ဒုက္ခသစ္စာ အဖြစ်နဲ့တွေ့တာလား (ဒုက္ခသစ္စာ အဖြစ်နဲ့တွေ့တာပါ ဘုရား)။

အဲ ရှေးတုံးကတော့ ဆိုးလည်း မပစ်ပါဘူးဆိုတာ ဒုက္ခဝေဒနာကြည့်ပြောတဲ့စကား (မှန်လှပါ) ခုတော့ ဒုက္ခဝေဒနာလေးက ဒကာ ဒကာမတို့ ဒုက္ခသစ္စာဖြစ်သွားပြီ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

‘‘ယံ ကိဉ္စ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓမ္မံ’’ ဆိုတဲ့အတိုင်း ဒုက္ခသစ္စာဖြစ်သွားတယ် (မှန်ပါ့)။

အဲဒိကဲ့သို့ ဒုက္ခသစ္စာ ဖြစ်သွားတဲ့ အခါကျတော့၊ ဆိုးမပစ်ပါဘူးဆိုတဲ့ တဏှာ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဆိုးတယ် မပစ်ပါဘူးဆိုတဲ့ တဏှာမလာဘူး၊ ဒုက္ခသစ္စာ မြင်တဲ့ပညာလာတယ် (လာပါတယ် ဘုရား) မဂ္ဂသစ္စာ မလာဘူးလား (လာပါတယ် ဘုရား)။

တဏှာသေတယ်

အဲ မဂ္ဂသစ္စာလာတော့ကို မပစ်ပါဘူးဆိုတဲ့ တဏှာ သေတယ်၊ မသေသေးဘူးလား (သေပါတယ် ဘုရား) အဲဒါ တဏှာသေတယ်ဆိုလို့ ရှိရင်ဖြင့်တဲ့၊ တဏှာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရာဂက္ခယောပဲ (မှန်ပါ့)။

ရာဂဆိုတာလည်း ကုန်သွားတာပဲ (မှန်ပါ့) သူအသေအချာ ကုန်တာပဲ မဟုတ်လား (မှန်ပါ ဘုရား)။

အဲ ရာဂက္ခယောဘာပါလိမ့်မတုံး ဆိုတော့ ရာဂက္ခယောနိဗ္ဗာနံပေါ့ကွာ (မှန်လှပါ) ဟုတ်လား။

ရာဂကုန်ရင်နိုဗ္ဗာန်

ရှင်သာရိပုတ္တရာက ဟောလိုက်တယ် (မှန်ပါ့) ရာဂက္ခယော နိဗ္ဗာနံ ပေါ့ကွာ ဆိုတော့ ဆိုးမပစ်တဲ့ တဏှာလေး သေကတည်းကိုက ရာဂ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။

ရာဂကုန်တာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)၊ ရာဂကုန်ရင် နိဗ္ဗာန်ဆိုတာ ဘုရားက လည်းဟော ရှင်သာရိပုတ္တရာကလည်းဟော (မှန်ပါ ဘုရား)။

စုံမနေဘူးလား (စုံနေပါတယ် ဘုရား) အဲတော့ ခင်ဗျားတို့ ဒုက္ခဝေဒနာလေးကို ဖြစ်ပျက်တဲ့ ဒုက္ခသစ္စာရှုရင် စတ္တာရိအရိယသစ္စာနိ၊ သမ္မပ္ပညာယပဿတိ ဖြစ်တယ် (မှန်ပါ့)။

သစ္စာလေးပါးကို တစ်ခါတည်း ပဿတိ ဖြစ်လာတယ်။ မြင်ရတယ် (မှန်ပါ့)။

စတ္တာရိ အရိယသစ္စာနိ သမ္မပ္ပညာယ ပဿတိ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။ သမ္မပ္ပညာယ = ရှုကြည့်တဲ့ဉာဏ်ဖြင့် ပဿတိ သစ္စာလေးပါးစလုံးကို တစ်ခါတည်း ပေါ်လာ၏ (မှန်ပါ့)။

သစ္စာလေးပါးတစ်ပြိုင်နက်ပေါ်တယ်

မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဒီ ဒကာ ဒကာမတွေ ဖြစ်ပျက်က ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်ပျက်မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) သေတာ က (သမုဒယသစ္စာပါ ဘုရား) အေး ပေါ်လာတာက နိရောဓ သစ္စာပါဘုရား။ အဲဒါတစ်ပြိုင်တည်း မဟုတ်လား (မှန်ပါ့)။

အဲ့ဒါကြောင့် စတ္တာရိ အရိယသစ္စာနိ သမ္မပ္ပညာယ ပဿတိဆိုတဲ့ အဓိပ္ပါယ် ပေါ်လာပလား (ပေါ်ပါပြီ ဘုရား)

အေး သစ္စာလေးပါ တစ်ပြိုင်နက်ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ဆိုးမပစ်ဘူးလို့ ပြောငြား သော်လည်း မပူပါနဲ့ (မှန်လှပါ ဘုရား) ခု ဆိုး မပစ်ဘူးဆိုတာ ဆိုးတဲ့ ဝေဒနာကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ဆိုတဲ့ ဒုက္ခသစ္စာမြင်အောင် ကြည့်ပစေ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ မြင်အောင် ကြည့်ပေးလို့ရှိရင် ဝမ်းထဲမဂ္ဂသစ္စာပေါ် (မှန်ပါ့)။

ပေါ်ရင် မပစ်ပါဘူးဆိုတဲ့ တဏှာက လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား) မလာနိုင်ရင် တဏှာသေပြီ (မှန်ပါ့)။

တဏှာသေရင်နိဗ္ဗာန်ရောက်ပြီ

တဏှာသေရင် နိဗ္ဗာန်ရောက်ပြီ၊ အဝိဇ္ဇာနဲ့ တဏှာ တော့ အဝိဇ္ဇာနဲ့ တဏှာရှိမှ ဇာတိဆိုတဲ့ ပဋိသန္ဓေလာမှာကိုး (မှန်ပါ့)။

အဲ့ဒါတွေ အကုန်မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်ကို သေသေ မျာချာ လုပ်လို့ရှိရင် သံသရာစခန်းသတ်ပြီး သကာလ နိဗ္ဗာန် ရောက်မယ်ဆိုတာ အသေအချာ မှတ်ပါ။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။