153

ဝေဒနာကို မတွေ့စေနဲ့ ဝေဒနာပျက်တာကိုတွေ့ပါစေ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နှင့် လက်တွေ့ဝိပဿနာ၊ ပဋိလောမနည်းဖြင့်ရှင်းပြပုံ

စာအုပ်ခေါင်းစဉ်= ဝေဒနာကို မတွေ့စေနဲ့၊ ဝေဒနာပျက်တာကိုတွေ့ပါစေ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဝေဒနာကို မတွေ့စေနဲ့၊ ဝေဒနာပျက်တာကိုတွေ့ပါစေ

ဟောကြားသည့်နေ့

(၁၄-၈-၁၉၅၈)

တရားဂရုစိုက်ကြပါ။ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ကာလသုံးပါး ရှိတယ်ဆိုတာ မှတ်ထားပါ။ ဒီကာလ သုံးပါဟာ ယခုအခါ မပေါ်လာသေးပါဘူး (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီက ပြတာလည်း ကြည့် လည်း ကြည့်ပါလို့ သတိပေး လိုက်တယ်။ ဒီဘက်က နှစ်ခုချထား တာသည် ဘာပါလိမ့်မလဲ (ဇရာ မရဏပါ ဘုရား)။

နှိပ်စက်တတ်သောကြောင့်ဒုက္ခသစ္စာ

ဇရာ မရဏဆိုတာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပါဠိလိုသုံးတော့ ဇရာ၊ မရဏ၊ မြန်မာလို ခန္ဓာကိုယ်ထဲ ကြည့်လိုက်တဲ့ အခါကျတော့ အိုမှု တေဇောနဲ့ သတ်မှု တေဇောလို့ မှတ်လိုက်ပါ (မှန်ပါ့)။ သူတို့က အိုအောင်လုပ် တတ်တဲ့ တရားဖြစ်သောကြောင့် ဘုရားသဏ္ဌာန်ကိုလည်း အိုအောင် လုပ်တာပဲ။ စကြဝတေး မန္ဓာတ် သဏ္ဌာန်လည်း အိုအောင် လုပ်တာပဲ (မှန်ပါ့)။ ဒါကြောင့် ဇရာ မရဏ သည် နှိပ်စက်တတ်သောကြောင့် ဒုက္ခသစ္စာ လို့မှတ်ပါ (မှန်ပါ့)။

ဇရာ မရဏဆိုတဲ့ တေဇောဓာတ်သည် ပုဂ္ဂိုလ် သတ္တဝါမရွေး နှိပ်စက်တတ်သောကြောင့် သူ့ကို ဘာသစ္စာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာလို့ ဒကာ ဒကာမတွေ မှတ်ထားပါ။

သစ္စာကိုဉာဏ်ထဲဆိုက်အောင်ကြည့်

အဲဒီတော့ ဒီတရားပွဲမှာ အားလုံးလာကြတဲ့ ဒကာ ဒကာမ တွေက သစ္စာကို ယခုဉာဏ်ထဲ ဆိုက်အောင် ကြည့်ပါလို့ ဘုန်းကြီး က မေတ္တာရပ်တယ် (မှန်ပါ)။

အခု ခန္ဓာကိုယ်ထဲမှာ စမ်းကြည့်တော့ ပူမှုကလေးများ ရှိသလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ရှိပါတယ် ဘုရား)။

အဲဒါလောင်နေတာ။ တေဇောဆိုတဲ့မီးက ကျန်တဲ့ ခန္ဓာတွေကို ရုပ်ကလာပ်တွေကို လောင်နေ သောကြောင့် သူသည် အိုအောင်လုပ်နေတဲ့ ပူနွေးမှုပဲလို့ မှတ်လိုက်ပါ (မှန်လှပါ)။

အိုအောင် လုပ်နေတဲ့ ပူနွေးမှုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ မရွေး နှိပ်စက် သောကြောင့် သူ့ကို ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ (မှန်ပါ)။ သေအောင် သတ်တတ် သောကြောင့် လည်း သူ့ကို ဒုက္ခသစ္စာလို့ မှတ်ပါ (မှန်ပါ)။

ပုဂ္ဂိုလ်သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သော ကြောင့် ငါတို့သဏ္ဌာန်၌ ရှိတဲ့ ပူနွေးမှုကို ဇရာ ဆိုတာလည်း သူ့ကို ဆိုတာပဲ။ သေအောင်လုပ်မယ့် တရားဟာလည်း သူပဲလို့ မှတ်ထားပါ (မှန်လှပါ)။

ပူနွေးမှုတေဇော

ဒါဖြင့် တရားနာတဲ့ ဒကာ ဒကာမတွေ့၌ ခန္ဓာကိုယ်ထဲ – ပူနွေးမှုရှိပါရဲ့လား (ရှိပါတယ် ဘုရား)။ အဲဒါ ဇရာတရား အိုအောင် လုပ်နေတဲ့တရား (မှန်ပါ)။ နောက်ကျလို့ ရှိရင်ဖြင့် အိုအောင် လုပ်ရာကနေပြီး သေအောင် လုပ်မယ့် တရားလည်း ဒီပူနွေးမှု တေဇောပဲလို့မှတ်လိုက်ပါ (မှန်ပါ)။

ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါမရွေး ဒကာကြွယ်တို့၊ ဦးလှဖူးတို့ အနှိပ်စက်ခံနေရတာပဲဆိုတာ ငြင်းစရာ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် ဒီတရားသည် ပုဂ္ဂိုလ်သတ္တဝါမရွေး နှိပ်စက်တတ် သောကြောင့် ဒုက္ခရောက်အောင် လုပ်တတ်သော ကြောင့်လဲ ဒုက္ခ (မှန်ပါ)။ ပုဂ္ဂိုလ်မရွေး နှိပ်စက်နိုင်သော ကြောင့်လဲ သစ္စာ (မှန်ပါ)။ ဒါဖြင့် ဒုက္ခနဲသစ္စာပေါင်းလိုက်တော့ (ဒုက္ခသစ္စာပါ)။

ဪ- ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတာ ငါတို့က ခလုတ် တိုက်မှ ဆူးငြိမှ တစ်ခုခုထိခိုက်မှ ဒုက္ခသစ္စာ ထင်နေတယ်။ မဟုတ် ပါလား အမြဲနှိပ်စက်တတ်တဲ့ တရားက နှိပ်စက်နေသော

ကြောင့် တို့ကလဲ အနှိပ်စက်ခံနေရ သောကြောင့် ဒုက္ခသစ္စာ ပါလား၊ လက်ရှိခန္ဓာကြီး၏ ပူနွေးမှု၏ ဒဏ်ချက်ကို ဒလစပ် ခံနေရသောကြောင့် ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ပူနွေးမှုက ဘယ်သူ့လောင်နေသတုံး

ဟုတ်ကြရဲ့လား (ဟုတ်ပါတယ်)။ ပူနွေးမှုရှိရဲ့လား (ရှိပါတယ်)။ အဲဒါက ဘယ်သူ့ လောင်နေသတုံး မေးရင် ဘယ့်နှယ် ဖြေပါ့မယ် (ခန္ဓာကိုယ် လောင်ပါတယ် ဘုရား)။

မီးသည် နီးရာ အကုန်လောင်တာပဲလို့ မှတ်လိုက်ပါ (မှန်ပါ)။ မီးသည် နီးရာ အကုန်လောင် သောကြောင့် တေဇောက နှိပ်စက်တတ်တဲ့ တရား၊ တေဇောမှ တစ်ပါး ကျန်တဲ့ ရုပ်နာမ်တွေက အနှိပ်စက်ခံရတဲ့ တရား (မှန်ပါ)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ သော် တရားနာနေရတာ တရားနာနေတယ် ဆိုတာလဲ ဟုတ် တာပဲ၊ အနှိပ်စက် ခံနေရတယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

အနှိပ်စက်ခံရသောကြောင့်ဒုက္ခသစ္စာ

ဒါကြောင့် လက်ရှိခန္ဓာကြီးသည် အနှိပ်စက်ခံရသော ကြောင့်လဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒုက္ခသစ္စာ ဒုက္ခသစ္စာဆိုတာ တခြားလား မှတ်တယ် ခန္ဓာကိုယ်ထဲက တေဇော နှိပ်စက်တာကို ခံနေရ သောကြောင့်၊ လက်ရှိခန္ဓာကြီးသည် တေဇော၏ သဘော ကို မလွန်ဆန် နိုင်ဘဲနဲ့ အလောင်ခံနေရသောကြောင့် ဘာသစ္စာ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။ သေအောင်လောင် သောကြောင့်လဲ ဘာသစ္စာတုံး ( ဒုက္ခသစ္စာပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ – ဒါဖြင့် ဒကာ ဒကာမတို့ လက်ရှိခန္ဓာကြီး၏ အကြောင်း ကောင်းကောင်းသိပြီလား (သိပါပြီ)။

အကြောင်းသမုဒယကြောင့်ဖြစ်တယ်

ဒုက္ခသစ္စာသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ လက်သည် အကြောင်းကို ရှာပါဦးလို့ သတိပေးလိုက်တယ်နော် (မှန်ပါ)။ လက်သည် အကြောင်းကို ရှာတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ သမုဒယကြောင့်ဖြစ်မှာပဲ (မှန်ပါ)။

လက်သည် ရှာတော့ ဘာတွေ့မယ်ထင်သတုံး (တဏှာ သမုဒယပါ ဘုရား)။ သမုဒယကို တွေ့မယ်လို့ မှတ်လိုက် စမ်းပါ – (မှန်ပါ)။ တဏှာရယ်လို့ မထည့်ပါနဲ့တော့ သမုဒယကို တွေ့မယ်လို့ ဆိုပါ။ သမုဒယဆိုတဲ့ အကြောင်းတွေ့မယ် (မှန်ပါ)။

ဒါဖြင့် ဇရာ မရဏ ဘယ်ကလာသတုံးလို့ မေးခွန်းထုတ် တော့ ဇာတိက လာတယ် (မှန်ပါ)။

ဒကာ ဒကာမတွေ ဒီဟာကလေး ဘာပါလိမ့် (ဇာတိပါ ဘုရား)။ ဪ – ဒါဖြင့် ဇာတိကြောင့် ဇရာမရဏ ဖြစ်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဇာတိကြောင့်ဇရာမရဏဖြစ်တယ်

ဇာတိကြောင့် ဇရာ မရဏဖြစ်တယ် ဆိုတာ သိသော ကြောင့် ဇာတိက အကြောင်း သမုဒယ။ ဇရာ မရဏက အကျိုးဒုက္ခ။ ရှင်းပြီလား (ရှင်းပါပြီ)။

ဇာတိကြောင့် ဇရာ မရဏဖြစ်တယ်ဆိုတာ သိသော ကြောင့် ဇာတိက အကြောင်းသမုဒယ။ ဇရာ မရဏက အကျိုး ဒုက္ခ။ ရှင်းပြီလား (ရှင်းပါပြီ)။

ဪ- ပါဠိတော်နဲ့ သွားကိုက်ပါရဲ့ လားလို့ မေးခွန်း ထုတ်ကြည့်တဲ့အခါကျတော့ ရွတ်လိုက်စမ်းပါ ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ)။

ဪ- ဒါဖြင့် ဇာတိကြောင့်ဖြစ်တဲ့ ဇရာ မရဏဆိုတော့ ဇာတိက သမုဒယသစ္စာ။ အကြောင်း သမုဒယသစ္စာ (မှန်ပါ)။ ဇရာ မရဏ (အကျိုးဒုက္ခသစ္စာပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဇာတိမှမကြိုက်ပါနဲ့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်ဇာတိမှ မကြိုက်ပါနဲ့လို့ ဘုန်းကြီးက ကန့်ကွက် လိုက်တယ် (မှန်ပါ)။ ဘယ်ပဋိသန္ဓေမှ မကြိုက်ပါနဲ့လို့ ကန့်ကွက်လိုက်တယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

ဘယ်ပဋိသန္ဓေမှ မကြိုက်ပါနဲ့လို့ ကန့်ကွက်ရခြင်းသည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမုဒယ သစ္စာကို ကြိုက်မိ မှာစိုးလို့ (မှန်ပါ့)။ သမုဒယသစ္စာ ကြိုက်မိပြီဆိုမှဖြင့် ဒုက္ခသစ္စာကြီး ဟာ ပွေ့ပိုက်ပြီး သကာလ နေရတော့မှာက သေချာတယ် (မှန်ပါ့)။

ဇာတိရှိတဲ့ပုဂ္ဂိုလ်တွေ၏ဖြစ်ထွေ

ဒါကြောင့် လူတို့ဇာတိကလဲ ဒကာ ဒကာမတို့ သမုဒယ သစ္စာပဲ (မှန်ပါ)။ နတ်ဇာတိကော (သမုဒယ သစ္စာပါပဲ)။ စကြဝတေး မန္ဓတ်ဇာတိ (သမုဒယသစ္စာပါ)။ ဒါကြောင့် စကြဝတေးမင်းလဲ အိုပြီး သေရတယ်။ မြတ်စွာဘုရားလဲ ဇရာ တရားဝင် လာတယ်။ ပရိနိဗ္ဗာန်လဲ စံတော်မူရတယ် (မှန်ပါ)။ ဘုန်းကြီးအို ဘုန်းကြီးပျံ ဆိုတာကော (ရှိပါတယ် ဘုရား)။ အဲဒါ ဇာတိရှိတဲ့ ပုဂ္ဂိုလ်တွေ၏ ဖြစ်ထွေပဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘာကြိုက်တဲ့ ပုဂ္ဂိုလ်၏ဖြစ်ထွေပါလိမ့် (ဇာတိကြိုက် တဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဒါကြောင့် ဇာတိက သမုဒယသစ္စာ။ ဇရာ မရဏက ဒုက္ခသစ္စာ (မှန်ပါ့)။

ဇာတိဘယ်ကလာပါလိမ့်

လက်သည်ရှာကြဦးစို့ ဒကာ ဒကာမတို့။ ဒီဇာတိ ဘယ်က လာပါလိမ့်မလဲလို့ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ ဒီဇာတိသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ကံက လာတာပဲ (မှန်ပါ)။ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ ကံသုံးခုက လာတယ် (မှန်ပါ)။

ဒကာကြွယ် ဘယ်ကလာပါလိမ့် (ကာယကံ၊ ဝစီကံ၊ မနောကံက လာပါတယ်)။

ဪ- ဒါဖြင့် ကံသုံးခုဆိုတဲ့ ကမ္မဘဝကြောင့် ဇာတိဖြစ်တယ် (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဪ- ဒါဟာ ခင်ဗျားတို့ ရိုးရိုးပါဠိရွတ်တော့ ဘဝ ပစ္စယာ ဇာတိ (မှန်ပါ)။ သို့သော် ခင်ဗျားတို့ ဉာဏ်ထဲ ရှင်းသည်ထက် ရှင်းအောင်ဟောပြန်တော့ ကမ္မဘဝပစ္စယာ ဇာတိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ကောင်းပြီ ဒကာ ဒကာမတို့၊ ကမ္မဘဝပစ္စယာဇာတိ ဆိုတာ ကျေနပ်ပါပြီ။ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ပစ္စုပ္ပန်ဘဝက လုပ်လို့ အနာဂတ်ဇာတိရတယ် (မှန်ပါ)။

ကာယကံ၊ ဝစီကံ၊ မနောကံက ဘယ်ဘဝကနေပြုတာ ပါလိမ့် (ပစ္စုပ္ပန်ဘဝက ပြုတာပါ)။ ပစ္စုပ္ပန်ဘဝ ကနေပြုသောကြောင့် အနာဂတ်ဘဝ၌ ဒီဇာတိရပါတယ် (မှန်ပါ)။ ဒါဖြင့် ဆက်လိုက်တဲ့ အခါကျတော့ ဘဝပစ္စယာ (ဇာတိပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ)

ဒါဖြင့် ဘဝကအကြောင်း၊ ဇာတိက (အကျိုးပါ ဘုရား)။

ဒါဖြင့် ဘဝက အကြောင်းသမုဒယ။ ဇာတိကအကျိုး ဒုက္ခ (မှန်ပါ)။

ဒကာ ဒကာမတို့ အခု နောက်ဆုတ်လာခဲ့တဲ့အခါ ကျ တော့ ဒုက္ခသစ္စာ ဘယ်နှစ်မျိုးတွေ့ပြီလဲ– (နှစ်မျိုးပါ)။ နှစ်မျိုး တွေ့ပြီ။ ဇရာ မရဏကလဲ (ဒုက္ခသစ္စာပါ)။ ဇာတိကကော (ဒုက္ခသစ္စာပါ)။ သမုဒယ ကတော့ ဒီဘက်က (မှန်ပါ)။

ဒါကြောင့် ဒကာ ဒကာမတို့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာ အကြောင်းသမုဒယ။ ဇာတိက အကျိုးဒုက္ခ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဇာတိကို ဖြစ်စေမည့်ကံကိုကြောက်ပါ

ကောင်းပြီ အဲဒါတွေ စဉ်းစားလိုက်ပြန်တော့ ကာယကံ၊ ဝစီကံ၊ မနောကံဟာ ကုသိုလ် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ဇာတိဖြစ်စေရင်ဖြင့် ကြောက်ကြပါတော့ (မှန်ပါ)။ ကာယကံ၊ ဝစီကံ၊ မနောကံ သည် ဇာတိကို ဖြစ်စေမယ့် ကံဟူသရွေ့ ကြောက်ကြပါ။

ဘယ့်နှယ်ကြောင့် အကြောက်ခိုင်း ရပါလိမ့်မတုံးလို့ မေးခွန်းထုတ်တော့ ကာယကံ၊ ဝစီကံ၊ မနောကံက သမုဒယ သစ္စာ (မှန်ပါ)။ ဇာတိက (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ဇာတိနဲ့ ဒုက္ခသစ္စာဖြစ်ပြီး သကာလနေတော့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကံ အကြောင်း ချုပ်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဇာတိ ချုပ်မှာပဲ (ချုပ်မှာပါ ဘုရား)။ ကံအကြောင်း မချုပ်ရင် (ဇာတိ မချုပ်ပါဘူး)။

ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံသည် ကုသိုလ် ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ် မနောကံ (မှန်ပါ)။ အကုသိုလ် ကာယကံ၊ အကုသိုလ် ဝစီကံ၊ အကုသိုလ် မနောကံ၊ (မှန်ပါ)။ ဒီကံတွေ ဟူသရွေ့ သည် ကုသိုလ်ကံဖြစ်ဖြစ် အကုသိုလ်ကံဖြစ်ဖြစ် ဇာတိကိုဖြစ်စေတဲ့ တရားဖြစ်ခဲ့လို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကုသိုလ်ရော အကုသိုလ် ရော ဒါနှစ်ခုစလုံး စွန့်လိုက်တယ် (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။

ကုသိုလ် အကုသိုလ်ကို ဘုရားက ဘာတဲ့ (စွန့်ပါတယ် ဘုရား)။

ဘာကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကုသိုလ် အကုသိုလ်ကို စွန့်ပါလိမ့်မတုံး ဆိုတော့ ဒီကံမစွန့်ရင် သူသည် နိဗ္ဗာန်စံမြန်းသည်အထိ မရောက်ဘူး ဇာတိရနေမယ် (မှန်ပါ)။

ဒီကံမစွန့်ရင် ဘာရမယ် (ဇာတိရပါမယ်)။ ဉာဏ် နားနဲ့ ထောင်ကြပါ ဒကာ ဒကာမတို့။ ဇာတိဖြစ်စေတဲ့ ကံဖြစ် ရင် ပယ်ရလိမ့်မယ် (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘယ်ကံဖြစ်ရင် ပယ်ရမှာတုံး (ဇာတိပဋိသန္ဓေဖြစ် စေတဲ့ ကံဖြစ်ရင် ပယ်ရမှာပါ)။

ဒါဖြင့် ကုသိုလ်ကံလုပ်လည်း ဒကာ ဒကာမတို့ ဇာတိ ကြောက်ပြီးလုပ်ပါ (မှန်ပါ)၊ ဇာတိ မရချင်လို့ ကုသိုလ် လုပ် ပါ (မှန်ပါ)။ အကုသိုလ်ကံကတော့ နဂိုကတည်းက ပယ်ရ မယ့် တရားမို့ ဘုန်းကြီး တိုက်တွန်းနေဖို့တောင် မလိုပါဘူး (မှန်ပါ)။

ဒါဖြင့် ကုသိုလ်ကံပေမယ့်လည်း ကြောက်စရာကံ တစ်မျိုး မကြောက်ရမယ့်ကံတစ်မျိုး (မှန်ပါ)။ ဇာတိ ဖြစ်စေမယ့်ကံ ဖြစ်ရင် (ကြောက်ရမှာပါ)။ ဇာတိမဖြစ်စေတဲ့ ကံဖြစ်ရင် (မကြောက်ရပါဘူး)။

ဒါကြောင့် ဒကာ ဒကာမတွေ ကုသိုလ်လုပ်တိုင်းလည်း ခင်ဗျားတို့ မှန်ပြီဟု အယူ မရှိလိုက်ကြပါနဲ့ (မှန်ပါ)။

ကုသိုလ်ကိုရဲရဲတင်းတင်းလုပ်ပါ သို့သော်-

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောပါတယ်၊ ပုညံ ဘိက္ခဝေ မာဘာယိတ္ထ။ ဘိက္ခဝေ ရဟန်းတို့၊ ပုညံ ကောင်းမှုပြု တာကို။ မာ ဘာယိတ္ထ မကြောက်ပါနဲ့ (ဝါ) ရဲရဲတင်းတင်းပြုပါလို့ ဆိုတယ် (မှန်ပါ)။ မကြောက်ရဘူးတဲ့ ရဲရဲတင်းတင်းပြုပါလို့ ဆို တယ် (မှန်ပါ)။ မကြောက်ရဘူးတဲ့ ရဲရဲတင်းတင်း လုပ်ရမယ်တဲ့။ ရဲရဲတင်းတင်းတော့ လုပ်ရပါတယ်။ သို့သော် ဇာတိရောက်မယ့် ကုသိုလ်မျိုးကတော့ မလုပ်နဲ့ (မှန်ပါ)။

ဇာတိကိုမဖြစ်စေတဲ့ ကုသိုလ်မျိုး ဇာတိကိုကြောက်ပြီးတော့ လုပ်တဲ့ကုသိုလ်မျိုးကို ရဲရဲ တင်းတင်း လုပ်ပါလို့ သတိပေးပါတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကာယကံ ဝစီကံသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်ကလာတဲ့ ကာယကံ ဝစီကံတုံးလို့ မေးဖို့မလို ဘူးလား (လိုပါတယ် ဘုရား)။ လိုတဲ့အခါကျလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက်ပါတော့ ဥပါဒါန် ကလာတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။ ဥပါဒါနပစ္စယာ ကမ္မဘဝေါ (မှန်ပါ)။

ဥပါဒါန်လေးပါး

သူ့လက်သည် ရှာပါဆိုတော့ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ သတ္တဝါဒုပါဒါန်လို့ ဘုရားက ဟောထား သောကြောင့် ဥပါဒါန်လေးပါးဖြစ်တဲ့ ကုသိုလ်တော့ ကုသိုလ်ကောင်းလို့ပဲ ဆိုလို့ မရဘူး (မှန်ပါ့)။ အကုသိုလ်တော့ နဂိုကတည်းက မကောင်းတဲ့တရားမို့ မကောင်းပါဘူးလို့ ဆိုင်းဘုတ် ဆွဲစရာ မလိုပါဘူး (မှန်ပါ့)။ လိုသေးရဲ့ လား (မလိုပါဘူး)။

ဒါကြောင့် ကုသိုလ်ပေမယ့် ဥပါဒါန်ကြောင့်ဖြစ်တဲ့ ကုသိုလ်မျိုးကို ကြောက်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဘာထောက်လို့ရှိရင်သိမလဲ ဆိုတော့ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ်)။ ဒါဖြင့် ဥပါဒါန်က အကြောင်း သမုဒယ။ ကံက ဒုက္ခ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ)။

သတ္တဝါတွေမှာ ကံနှိပ်စက်ပြီး သကာလ နေသောကြောင့် တစ်ခါတလေ ခေါင်းပြတ်ရတယ်။ လက်ကျိုး ရတယ်၊ ပဋိသန္ဓေ နေရ အိုရ နာရဆိုတော့ ဒီကံ နှိပ်စက်နေသောကြောင့် ကံသည် နှိပ်စက်တတ် သောကြောင့် ဒုက္ခသစ္စာ ပီဠနဋ္ဌ သဘောသတ္တိ ရှိတယ် (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီကံသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာ (မှန်ပါ့) ဥပါဒါန်က (သမုဒယသစ္စာပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခဘယ်နှစ်မျိုးတွေ့ခဲ့ပြီလဲ (သုံးမျိုးတွေ့ခဲ့ပါပြီ)။ ဇရာ မရဏလဲ ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ ဇာတိ (ဒုက္ခသစ္စာပါ) ကမ္မဘဝ (ဒုက္ခသစ္စာပါ)။

ဥပါဒါန်ဘယ်ကလာပါလိမ့်မတုံး

သေသေချာချာ မှတ်နော် ဒကာ ဒကာမတို့၊ ဒီဥစ္စာ ၊ သေသေချာချာပြောနေတယ် (မှန်ပါ့)။

ကောင်းပြီ ဒကာ ဒကာမတို့ ဒီဥပါဒါန် ဘယ်ကလာပါ လိမ့်မတုံးလို့ မေးတဲ့အခါကျတော့ တဏှာက လာတယ် (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)။

ဒါကြောင့် တဏှာကြောင့် ဥပါဒါန်ဖြစ်သောကြောင့် တဏှာက လိုချင်ကာမတ္တ ဥပါဒါန်က ငမ်းငမ်းတက်ဖြစ်နေ သောကြောင့် ငမ်းငမ်းတက်နေတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ဒုက္ခ ရောက်နေတာပဲ (မှန်ပါ့)။ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။

ဒါဖြင့် တဏှာက ဘာသစ္စာ (သမုဒယသစ္စာပါ)။ ဥပါဒါန်က (ဒုက္ခသစ္စာပါ)။ ဒါဖြင့် ဒုက္ခသစ္စာ ဘယ်နှစ်မျိုး ရပြီတုံး (လေးမျိုးရပါပြီ)။

မှတ်ထား မှတ်ထား ဒကာ ဒကာမတို့ ဒုက္ခသစ္စာ လေးမျိုးရပြီ (မှန်ပါ့)။

တဏှာဘယ်ကလာပါလိမ့်

ကောင်းပြီ၊ ဒီတဏှာသည် ဒကာ ဒကာမတို့ တိုတိုပြော ကြပါစို့။ တိုတိုပြောကြစို့ ညနေတိုင်း လည်း ဟောနေလို့ အားလုံး လည်း နားလည်တန်သလောက် နားလည်ပါပြီ။

ဒီတဏှာ ဘယ်က လာပါလိမ့်မတုံးလို့ မေးခွန်းထုတ်ပါအုံး၊ ဝေဒနာကလာ တယ်။ ဝေဒနာပစ္စယာ (တဏှာပါ)။ ဒါဖြင့် ဝေဒနာက အကြောင်းသမုဒယ တဏှာက (အကျိုးဒုက္ခပါ)။

ဒါဖြင့် တဏှာကို ဘာသစ္စာဆိုကြမလဲ (သမုဒယ သစ္စာပါ)။ မရမ်းကြနဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

သေသေချာချာ ပြောနေတယ် ဒကာ ဒကာမတို့၊ နို့မဟုတ် လို့ရှိရင် ခင်ဗျားတို့ မယူတတ်လို့ ရှိရင် ပါဠိတော်ကြီး ခင်ဗျား တို့ကြောင့် ချို့ယွင်းနေလိမ့်မယ် (မှန်ပါ့)။

‘‘ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ’’ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးဟာ ဒုက္ခသစ္စာလို့ ဆိုပါလျက်သားနဲ့ ဒိပြင်ဟာ ယူနေရင် မတော်ဘူး။ ရှင်းပြီလား (ရှင်းပါပြီ)။

တဏှာကြောင့် ဒုက္ခရောက်တယ်၊ သားက ရန်ကုန်မှာ သမီးက မန္တလေးမှာဆိုလို့ရှိရင်၊ အမေလုပ်တဲ့ ပုဂ္ဂိုလ်သည် နှစ်ဖက် ခင်မှု ရှိနေခြင်းကြောင့် ရန်ကုန်မှာလည်း တာရှည် မနေနိုင်ဘူး၊ မန္တလေးမှာကော (တာရှည်မနေနိုင်ပါဘူး)။ လမ်းမှာကော (တာရှည် မနေနိုင်ပါဘူး)။ ဒါဖြင့် တစ်ပြေးတည်း ပြေးနေတာသည် ဒကာ ဒကာမတို့ တဏှာကြောင့် ဒုက္ခ ဖြစ်နေတာ ဆိုတာ သေချာပြီလား (သေချာပါပြီ)။ တဏှာ မရှိရင် ဒုက္ခမရှိဘူး (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ တဏှာရှိနေတဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခရောက်နေတာပဲ ဆိုတာ သေချာပြီလား (သေချာပါပြီ)။ ဒါဖြင့် တဏှာသည် ဒုက္ခသစ္စာ။ ဝေဒနာသည် (သမုဒယ သစ္စာပါ)။

ဘယ်နေရာမှာဘုရားဖြစ်ပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ နေတိုင်းပြောပြီး သကာလ နေရမယ်။ ဘုရားဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ့်မတုံး (ဝေဒနာနဲ့ တဏှာကြားမှာပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုယ်တော်မြတ်ကြီးသည် ဝေဒနာဖြစ်ပျက်ရှု၊ သင်္ခါရဓမ္မ တွေ ဖြစ်ပျက်ရှုပြီး သကာလ နေတာနဲ့ ဝေဒနာနောက်က သောတာပတ္တိမဂ် လိုက်တယ်။ ဝေဒနာနောက်က သကဒါဂါမိမဂ် လိုက်တယ်။ ဝေဒနာ နောက်က အနာဂါမိမဂ် လိုက်တယ် (မှန်ပါ့)။ ဝေဒနာ နောက်က အရဟတ္တမဂ်လိုက်တယ် (မှန်ပါ့) အဲဒီမဂ်လေးတန် လိုက်လာသောကြောင့် ဒီကိုယ်တော်မြတ်ကြီး သည် ဒီနေရာမှာ ဘုရား ဖြစ်တယ်လို့ ပြလိုက်တယ် (မှန်ပါ့)။ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ)။

ဘုရားမဖြစ်ခင်တုန်းက

သူ့ခန္ဓာထဲမှာ ဘုရားမဖြစ်ခင်တုန်းက ဝေဒနာပစ္စယာ တဏှာရှိတယ် (မှန်ပါ)၊ မဂ်လေးတန် ရပြီးလို့ ဘုရားလည်း ဖြစ်ပါရော ဝေဒနာနိရောဓာ တဏှာနိရောဓော သွားဖြစ်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

တဏှာနိရောဓော ဖြစ်သွားတော့ ဒီဘက်က တဏှာ နိရောဓာ ဥပါဒါနနိရောဓော ကမ္မဘဝနိရောဓာ ဇာတိ (နိရောဓောပါ)၊ ဇာတိနိရောဓာ ဇရာ မရဏ (နိရောဓောပါ)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဗောဓိပင် နဲ့ ရွှေပလ္လင်ပေါ်မှာ တဏှာဥပါဒါန် ကံတွေ ချုပ်တယ် (မှန်ပါ)၊ ဝေဒနာနဲ့ တဏှာကြား မဂ်သွင်းလိုက်တာနဲ့ ဗောဓိပင်နဲ့ ရွှေပလ္လင် ပေါ်မှာ တဏှာဥပါဒါန် ကံတွေ ချုပ်တယ် (မှန်လှပါ)၊ ဝမ်း ထဲမှာ ချုပ်တယ် (မှန်ပါ)။ ဝမ်းထဲမှာ ချုပ်တဲ့အတွက် ဝမ်းထဲ ချုပ်အောင်လုပ်တာက မဂ်က ချုပ်အောင် လုပ်သည် ဖြစ်လေ သောကြောင့် ဦးလှဖူးတို့၊ ဒကာသိုက်တို့ ဒကာကြွယ်တို့ ဝေဒနာနဲ့ တဏှာကြား မဂ်ကြောင့် ဘုရားဖြစ်တာကိုးဆိုတာ ပေါ်လာပြီ လား (ပေါ်လာပါပြီ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနောက်က မဂ်လိုက်လို့ ဘုရားဖြစ်တော

ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ဝေဒနာနောက်က နေပြီး မဂ် လိုက်လို့ ဘုရားဖြစ်တာ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်က ပါရမီဆယ်ပါး အပြား သုံးဆယ်ကြောင့် ပေါက်လာ တာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)၊ မဂ်က ဖြစ်ပျက် မြင့်လို့ မဂ်ဖြစ် လာတာ (မှန်ပါ)၊ အင်မတန် ခြားတယ် (ခြားနားပါတယ် ဘုရား)။

ဒါဖြင့် ကိုယ်တော်မြတ်ကြီး မဂ်လေးတန် ပေါ်လာတာ သည် ဒကာ ဒကာမတို့ စဉ်းစား ကြည့်ပါတဲ့ ဘုရား ဖြစ်ပြီလို့ မဆိုဘူးလား (ဆိုပါတယ်)။

ဒါဖြင့် ရှေ့ပိုင်းက ဘာတွေဖြစ်ပျက်ရှုလို့ မဂ်လေးတန်ရ လို့ မဂ်ပုဂ္ဂိုလ် ဖိုလ်ပုဂ္ဂိုလ်ကြီး ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို မသမုတ်ကြဘူးလား (သမုတ်ပါတယ် ဘုရား)။

ဖြစ်ပျက်ရှုတဲ့မဂ်ကြောင့်

အဲဒီတော့ ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေ ပလ္လင်ပေါ်မှာတော့ဖြင့် ကိုယ်တော် မြတ်ကြီး ရုပ်နာမ်တိုင်တာတော့ မှန်ပါရဲ့။ ဘုရားဆိုတဲ့ အဖြစ်ကတော့ဖြင့် ဖြစ်ပျက်ကို ရှုတဲ့မဂ်ကြောင့် ဘုရား ဖြစ်ရပါတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ် တာ တည်ရာဌာနပြ တယ်။ မဂ်ဖြစ်ရာဌာနကတော့ ဟဒယဝတ္ထု ပေါ်မှာလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ)၊ ကိုယ်တော်မြတ်ကြီးရဲ့ ရုပ်နာမ်ထိုင်နေတာ ကတော့ ဗောဓိပင်မှီပြီး ရွှေပလ္လင်ပေါ်မှာ ထိုင်ပါတယ်။ သဏ္ဌာန်တော်ဘုရားကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင် ပေါ်မှာ ထိုင်တာပဲ။ ဉာဏ်တော် ဘုရားကတော့ ဟဒယဝတ္ထုပေါ်မှာ မဂ်ဖြစ် ဖိုလ်ဖြစ် နေသောကြောင့် အဲဒီမှာ ဉာဏ်ဘုရား ဖြစ်တယ် (မှန်လှပါ)။

သဏ္ဌာန်ဘုရားနှင့် ဉာဏ်ဘုရား

သဏ္ဌာန် ဘုရားကတော့ ဗောဓိပင်မှီပြီး ရွှေပလ္လင်ပေါ်မှာ ထိုင်ပါတယ် (မှန်လှပါ)၊ ဉာဏ်ဘုရား ကတော့ဖြင့် ဒကာ ဒကာမတို့ ဟဒယဝတ္ထုပေါ်၌ မူလပေါ်နှင့်ပြီး ချုပ်သွားတဲ့ ဝေဒနာစသော သင်္ခါရဓမ္မ တွေကို ဟဒယဝတ္ထု ပေါ်က မဂ်နဲ့ ရှုလိုက်သောကြောင့် အဲဒီမှာ ကိလေသာတွေ ပြတ်သွားတယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်သွားပါတယ် ဘုရား)။

ဒါဖြင့် သဏ္ဌာန်တော် ဘုရားက ဗောဓိပင်နဲ့ ရွှေပလ္လင် ပေါ်မှာ။ ဉာဏ်ဘုရားက ဟဒယဝတ္ထု ပေါ်မှာ (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ) သဘောကျရဲ့လား (ကျပါတယ်)။

မာရ်နတ်က လာလုတယ်

အင်မတန် အရေးကြီးနေပါတယ် ဒကာ ဒကာမတို့ ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်တော်မူတယ် ဆိုတော့ ယုတ္တိယုတ္တာ နဲ့တကွ ဒကာ ဒကာမတွေ ရှင်းပြလိုက်တဲ့ အခါကျတော့ ကိုယ်တော်မြတ်ကြီး နှုတ်က ထွက်တာနဲ့ပဲ ရှင်းပြမယ်။ မာရ်နတ်က ဗောဓိပင်နဲ့ ရွှေပလ္လင်လုမယ်လို့ ညနေပိုင်း မလာလား (လာပါတယ်)။

အဲတော့ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ လှူဒါန်း ပေးကမ်းပြီးသကာလ ထားတဲ့ အကျိုး ဆက်ကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်လာတာ။ ငါ့ ပါရမီဆယ်ပါး အပြားသုံးဆယ် ဟူသော အကျင့် အလှူတွေကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ် လာတာ မင်းနဲ့ဘာမှမဆိုင်ဘူးလို့ မပြောလား (ပြောပါတယ်)။

ပါရမီတော်ကြောင့် ပလ္လင်ပေါ်တာ

ဒါဖြင့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်လာတာ (မှန်လှပါ)။ ဒါကို မဟာပထဝီမြေကြီး အသိလို့ သက်သေမထူဘူးလား (ထူပါတယ်) အဲဒီမှာ မဟာ ပထဝီမြေကြီးက အိုးထိန်းစက်ကဲ့သို့ လှုပ်လာတော့မှ မာရ်နတ် စစ်သည်တွေ မပြေးကြဘူးလား (ပြေးပါတယ်)။

ဒါဖြင့် သူကိုးကားလိုက်တာကိုက ပါရမီဆယ်ပါး အပြား သုံးဆယ်ကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ကို ငါပိုင်တယ် ပြောလိုက် တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

မဂ်ဉာဏ်ရတာ ဖြစ်ပျက်မြင်လို့

ဗောဓိပင်နဲ့ ရွှေပလ္လင်ကို သူပိုင်တယ်လို့ ပြောတာနော် (မှန်ပါ) ပါရမီဆယ်ပါး အပြားသုံးဆယ် ကြောင့် သဘော ကျပြီလား (ကျပါပြီ)။ သဗ္ဗညုတဉာဏ် ရတာကတော့ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရတာကတော့ဖြင့် ဖြစ်ပျက်ကို မြင်ပြီးသကာလ နောက်က မဂ်ဖြစ်ပြီး သကာလ မဂ်နောက်က ဖိုလ်လိုက် လာလို့ မှတ်လိုက် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။ အားလုံး ဒကာ ဒကာမတွေ ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်)။

သောတာပန်ဖြစ်ချင်ရင်

ဒကာ ဒကာမတွေ ခင်ဗျားတို့လဲ သောတာပန်ဖြစ်ချင် ပါတယ်ဆိုတော့ ဝေဒနာဖြစ်ပျက် နောက်က မဂ်သာလိုက် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဝေဒနာဖြစ်ပျက် နောက်က ဘာလိုက်ရမလဲ (မဂ်လိုက်ရပါမယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သုံးပါးရှိတယ်လို့ ဘုရားက ဟောတော်မူတယ်။ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာ ဝေဒနာက္ခန္ဓာကြီး ဆိုတာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒုက္ခဝေဒနာပျက်သွားတာရှု

အခု လူတွေကလဲ တိုးကျပ်ပြီး သကာလ တစ်ယောက် နဲ့တစ်ယောက် ထိစပ်ပြီး သကာလ နေတော့ ပူမှုအိုက်မှု ဆိုတာ ရှိကြရဲ့လား (ရှိပါတယ်) အဲဒါ ဘာဝေဒနာပါလိမ့် (ဒုက္ခဝေဒနာပါ) အဲဒီ ဒုက္ခဝေဒနာကို ဒုက္ခဝေဒနာ မရှုနဲ့၊ ဒုက္ခ ဝေဒနာလေး ပျက်သွားတာကိုရှု (မှန်လှပါ) သဘောကျပြီ လား (ကျပါပြီ)။

ဘာရှု ရမလဲ (ဒုက္ခဝေဒနာကလေး ပျက်သွားတာကို ရှုရပါမယ်)။

ဒုက္ခဝေဒနာကလေး ပျက်သွားတာရှုတော့ ဒုက္ခဝေဒနာ ကို ရှုတာမဟုတ်လား (မှန်ပါ) ဒုက္ခဝေဒနာ၏ ပျက်မှုကို ရှုတာ (မှန်ပါ)။

ဝေဒနာရှုရင် နာမပရိစ္ဆေဒဉာဏ်

သို့သော် ဒကာ ဒကာမတို့ ဒုက္ခဝေဒနာမရှိဘဲနဲ့လဲ ပျက်မယ် မဟုတ်ဘူး (မှန်ပါ)။ ဒါကြောင့် ဒုက္ခဝေဒနာရှုလို့ ရှိရင်ဖြင့် အနိစ္စလက္ခဏာဉာဏ် ဖြစ်ပါတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဝေဒနာကျော်ပြီး အပျက်မြင်အောင်ကြည့်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကျော်ပြီး အပျက်မြင်အောင် ကြည့်ပါ (မှန်ပါ့) သုခဝေဒနာကို ရှုဆိုလဲ အပျက်မြင်အောင်ကြည့်၊ ဒုက္ခဝေဒနာကို မြင်အောင်ရှု ဆိုတာကော (အပျက် မြင်အောင် ကြည့်ရမှာပါ) အပျက်မြင်မှ မဂ်က ဆိုက်တာကိုး ဝေဒနာမြင်ရုံနဲ့တော့ မဆိုက်သေးဘူး။ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ။

ဘာ့ကြောင့် ဒီအသုံးကို ဆရာဘုန်းကြီးသည် လေးလေး နက်နက် တိုက်တွန်းရပါလိမ့်မတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ်၏ ပဋိလောမကို ကြည့်တော့ ဒီက ပျက်တယ်ဆိုတာ ချုပ်တာ မဟုတ်လား (မှန်ပါ) ဝေဒနာနိရောဓာ (တဏှာနိ ရောဓောပါ ဘုရား) ဟော တဏှာနိရောဓောဆိုတော့ မဂ်ရတယ် (မှန်ပါ) တဏှာချုပ်အောင် လုပ်တာ မဂ်ပေါ်လို့ချုပ်တာ (မှန်ပါ) မဂ်မပေါ်ရင် (မချုပ်ပါဘူး)။

ဝေဒနာ နိရောဓာ တဏှာ နိရောဓောဆိုတော့ ဝေဒနာ ချုပ်တာကို မြင်တာသည် မဂ်ပဲတဲ့ သဘောကျပြီလား (ကျပါပြီ)။

ဝေဒနာချုပ်တာကို မြင်တာကမဂ်

ဝေဒနာချုပ်တာကို မြင်တာဟာ (မဂ်ပါ ဘုရား) ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော) တဏှာ နိရောဓော ဆိုတာ မဂ်ပေါ်တာကို ဆိုတယ် (မှန်ပါ)။

ဝေဒနာကတော့ နိရောဓပဲ (မှန်ပါ) တဏှာနိ ရောဓောဆိုတာကတော့ဖြင့် မဂ်ပေါ်လို့ တဏှာ မလာတာကို ဆိုတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီလိုရှင်းလိုက်တဲ့အခါကျတော့ အပျက်ကို မြင်အောင်ကြည့်ဖို့ပါကလား။ ဝေဒနာကို မြင်အောင် ကြည့်ဖို့ ပါကလား။ ဝေဒနာကိုမြင်အောင်ကြည့် ဖို့ မဟုတ်လား။ အပျက်မြင်အောင် ကြည့်ဖို့ပါကလား ဆိုတာ ဒကာကြွယ်တို့ ဒကာသိုက်တို့ ဦးလှဖူးတို့ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါ ဝိပဿနာအလုပ်ကို ဟောနေတယ် ဒကာ ဒကာမတို့ မှန်ပါ) ဒါဖြင့် ဘယ်ဝေဒနာပေါ်ပေါ် အပျက်မြင်အောင်ကြည့် (မှန်လှပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ။)

ဘယ်ဝေဒနာပေါ်ပေါ် အပျက်မြင်အောင်ကြည့်

ဘယ်ဝေဒနာ ပေါ်ပေါ် (အပျက်မြင်အောင် ကြည့် ရမယ် ဘုရား) အပျက်မြင်အောင် ကြည့်ပါမှ အပျက်ကအပျက်။ မြင်အောင်ကြည့်တာက (မဂ်ပါ ဘုရား)။

ပါဠိလိုရွတ်လိုက်စမ်းပါ ဆိုတော့ အပျက်ကိုတော့ ဝေဒနာနိရောဓာ (မှန်ပါ) အပျက်ဟာ ဝေဒနာနိရောဓာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ နောက်က ဘယ့်နှယ် ဆက်မယ် (တဏှာနိရောဓောပါ) တဏှာနိရောဓော ဆိုတော့ ဒီမဂ်ပေါ်မလာဘူးလား (ပေါ်လာပါတယ်) ဒီတဏှာလာခွင့် ရသေးရဲ့လား (မရပါဘူး)။ သဘော ကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ် ဘာမြင်ဖို့ အရေးကြီးပါလိမ့် (အပျက်မြင်ဖို့ အရေးကြီးပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ)။

ပါဠိတော် ကလဲ အပျက်မြင်အောင်ကြည့်ဆို တာ ဘုန်းကြီး များများ မကိုးပါဘူး၊ ကျမ်းတစ်စောင်နဲ့ တကွ ဖြစ်စဉ်တွေ အများကြီးရှိပါတယ် (မှန်ပါ) သို့သော် ဒီပါဠိတော်ကို သူ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဆိုတာလို ဝေဒနာနိရောဓာ (တဏှာနိရောဓော)

ဪ သူ့နိရောဓကိုမြင်မှ တဏှာနိရောဓော ဆိုတဲ့ မဂ်ပေါ်တယ် (မှန်ပါ့)။ သူနိရောဓကို မမြင်ရင် (မဂ်မပေါ်ပါဘူး) တဏှာနိရောဓော ဆိုတဲ့ မဂ်ဟာ မပေါ်နိုင်ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

အလွန်အရေးကြီးလို့ ပြောနေတာ

ဒါ ကြပ်ကြပ်စဉ်းစားပါ၊ ဒါကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ အလွန်အရေးကြီးလို့ ပြောနေတယ် (မှန်ပါ့)။

ကဲ ဒကာကြွယ်တို့အားလုံး ဒကာ ဒကာမတွေ ကျေနပ် ကဲ့လား (ကျေနပ်ပါတယ်) မကျေနပ်လို့ ရှိရင် ဘယ်အချိန်မဆို လာမေးနိုင်ပါတယ် (မှန်ပါ) ပါဠိတော်ကလဲ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာကို ရွတ်တာပဲ (မှန်ပါ) ဝေဒနာနိရောဓာ (တဏှာနိရောဓော)။

အဲဒီတော့ ဒကာ ဒကာမတွေက တဏှာနိရောဓော ဆိုတော့ ဪ ဝေဒနာချုပ်တာနဲ့ တဏှာ ချုပ်သွားတာလို့ ထင်လိမ့်မယ် (မှန်ပါ) မဟုတ်ပါဘူး ဝေဒနာနိရောဓာ တဏှာနိရောဓော ဆိုတာက ဒုတိယဟာက မဂ်ပေါ်တာကို ပြောတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဘာပြောပါလိမ့် (မဂ်ပေါ်တာကို ပြောပါတယ်)။

ဝေဒနာနိရောဓာက ဝေဒနာတို့၏ ချုပ်တာကိုပြောတာ တဏှာနိရောဓော ဆိုတာက (မဂ်ပေါ်တာကို ပြောတာပါ) ဒါကို ကြပ်ကြပ်စဉ်းစားပါ (မှန်ပါ)။

ဝေဒနာနိရောဓာဆိုတာ

ဝေဒနာနိရောဓာဆိုတာက ဘာပြတာတုံး (ချုပ်တာကို ပြပါတယ်) ဝေဒနာချုပ်တာကို ပြတယ်။ နိရောဓ ဆိုတာ ချုပ်တာပဲ မဟုတ်လား (မှန်ပါ)။ ဝေဒနာ၏ အချုပ်ကို မြင်အောင်ကြည့် ပြော့တာ (မှန်ပါ)။ တဏှာနိရောဓော ဆိုတော့ ဘာပေါ်တာကို ပြသတုံး (မဂ်ပေါ်တာကို ပြပါတယ်) ဒီမှာ နိရောဓသော ဆိုတာကိုးဗျ။ မဂ်ပေါ်တာကို ပြတယ် (မှန်ပါ)။ မဂ်ပေါ်လို့ ချုပ်ရတယ် (မှန်ပါ) မဂ် မပေါ်ရင် (မချုပ်ပါဘူး) တဏှာချုပ်သွားတာလား မဂ်ပေါ်တာလား (မဂ်ပေါ်တာပါ)။

တဏှာနိရောဓောဆိုတာ

အဲဒီတော့ မဂ်ပေါ်တာကို ဒကာကြွယ်ရ တဏှာနိရောဓော ဆိုတာ (မှန်ပါ့)။

အဲဒါ မယူတတ်တဲ့အတွက် တဏှာချုပ်သွားတာ ဝေဒနာ ချုပ်သွားတဲ့အတွက် တဏှာချုပ်သွား တာလို့ ယူလိုက်တယ်။ စင်စစ်မဟုတ်ပါဘူး။ ဝေဒနာချုပ်တာကို မဂ်ကမြင်လိုက်တာနဲ့ မြင်တဲ့မဂ် ပေါ်တာ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာပေါ်တာပါလိမ့် (မဂ်ပေါ်တာပါ ဘုရား) မြင်တဲ့ မဂ်ပေါ်တာဆိုတာ သေချာပြီလား (သေချာပါပြီ)

အဲဒီတော့ ဒကာ ဒကာမတွေက ပြောသံကြား မှတ်ပြီး တော့ အို ဝေဒနာချုပ်ရင် တဏှာ ချုပ်တာပဲ ဆိုတော့ တဏှာချုပ် တာတော့ သူပြောတော့ ပြောရဲ့ ကိုယ့်သန္တာန်မှာ ဘာအကျိုး ရှိလိုက်တယ် ဆိုတာ သိသေးရဲ့လား (မသိပါဘူး) ကိုယ့် သန္တာန်မှာ မဂ်ပေါ်တာမှ မသိလိုက်တော့ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနိရောဓာဆိုတာ ဘာပြတာပါလိမ့် (ဝေဒနာချုပ်တာကို ပြတာပါ) ဝေဒနာ ချုပ်တာကို ပြနေတာ။ လေသံမပျော့နဲ့ ပျော့ရင် မပိုင်လို့ ဆိုတာ သိပြီ ဆရာဘုန်းကြီးက (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

လေသံပျော့ရင် မပိုင်သေးလို့

လေသံပျော့လို့ရှိရင် ဘယ့်နှယ် ဆုံးဖြတ်ချက်ချမလဲ (မပိုင်သေးလို့ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါ့ကြောင့် ခင်ဗျားတို့ကို ပါဠိစကားကို ပြောနေလို့ရှိရင် ဖြင့် ဒကာ ဒကာမတို့ နားမလည်မှာစိုးတဲ့ အတွက် ဝေဒနာ ချုပ်တာကို မြင်အောင်ကြည့်။ ဝေဒနာချုပ်တာက ဝေဒနာ နိရောဓ။ မြင်အောင်ကြည့်က မဂ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဝေဒနာနိရောဓာက ဝေဒနာချုပ်တာ။ တဏှာ နိရောဓောက မဂ်ပေါ်တာ (မှန်ပါ)။ ဒါ သေသေချာချာ မှတ်ပါ။ ရှုတဲ့ပုဂ္ဂိုလ်မှာ မဂ်ပေါ်တာကိုပြတာ (မှန်ပါ) ဒကာကြွယ်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

အားလုံး နောက်က ဒကာ ဒကာမတွေ သူများ ကျေနပ် တာနဲ့ရောပြီး မကျေနပ်လိုက်ပါနဲ့။ သူများကျေနပ်လို့ ယောက်ျား တွေက ရှေ့ပိုင်းက ကျေနပ်တာနဲ့နောက်က ဒကာ ဒကာမတွေက ရောပြီး မကျေနပ်လိုက်ပါနဲ့။ ဒါအလုပ်တရားကို ပြနေတာ (မှန်ပါ) ကိုယ်လုပ်မှ ကိုယ်ရမှာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုယ်လုပ်မှ ကိုယ်ရမှာ မှ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်နေတော့ ဝေဒနာနိရောဓာမှ မမြင်သေးဘူး ဆိုရင်ဖြင့် ကျုပ်တဏှာသေပေါ့ ဆိုတာ ဘယ်တော့မှ မသုံးနဲ့ မဂ်ကိုမပေါ်ဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) မဂ်ကိုပေါ်သေးရဲ့လား (မပေါ်ပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာကို ရှုရမှာလား သုခဝေဒနာချုပ်တာကို ရှုရမှာလား (သုခဝေဒနာ ချုပ်တာကို ရှုရမှာပါ)။

ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော)၊ တဏှာနိရောဓောဆိုတာ ဘာပေါ်တာပါလိမ့် (မဂ်ပေါ်တာပါ) ဝေဒနာနိရောဓော ဆိုတာက ဘာဖြစ်တာတုံး (ဝေဒနာချုပ်တာပါ)။

ဒါဖြင့် ချုပ်ပျောက်သွားတာက အနိစ္စ။ ချုပ်ပျောက်သွား တာကို မြင်တာက (မဂ္ဂပါ) မဂ္ဂဆိုတော့ ဒီမဂ်ပေါ်တာကို တဏှာချုပ်တယ်လို့ ဆိုတာပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

မဂ်ပေါ်တာကို (တဏှာချုပ်တယ်လို့ ဆိုပါတယ်) အဲဒါကို ဒကာ ဒကာမတွေက မသိတော့ ပါဠိသာ လျှောက်ရွတ်နေ တာပဲ။

ဝေဒနာနိရောဓာ တဏှာနိရောဓော။ တဏှာနိရောဓာ ဥပါဒါနနိရောဓော။ ဘာဖြစ်တုံး မေးတော့ ဒကာကြွယ် ဘယ့်နှယ်ဖြေပါ့မတုံး (ရွတ်တာပါ) လျှောက်ရွတ်တာ လောက်ပဲ ရှိတယ် (မှန်ပါ) ခင်ဗျားတို့လျှောက် မရွတ်ပါနဲ့ ဝေဒနာနိရောဓာကို တဏှာ နိရောဓောဖြစ်အောင် လုပ်လို့ရှိရင် ပြီးတာပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဒီတစ်ခါလွဲရင် ဘုရားနဲ့တွေ့ဖို့မလွယ်တော့ဘူး

ဘယ်လိုလုပ်ရမှာပါလိမ့် (ဝေဒနာနိရောဓာကို တဏှာနိရောဓော ဖြစ်အောင် လုပ်ရပါမယ်) အားလုံး ဒကာ ဒကာမတွေ ဒါခင်ဗျားတို့ သန္တာန်ဘုရားပွင့်နေတာ (မှန်ပါ) ခင်ဗျားတို့ သန္တာန်ဘုရား ပွင့်နေတာ။ ဒီတစ်ခါလွဲလို့ ရှိရင် ခင်ဗျား တို့ နောက်ကို ဘုရားနဲ့တွေ့ဖို့ မလွယ်တော့ဘူး (မှန်ပါ)။

ဘာဖြစ်လို့ မလွယ်တော့ဘူးလို့ ပြောရသတုံးဆိုတော့ ဂေါတမမြတ်စွာဘုရားနဲ့ ခင်ဗျားတို့နဲ့ မတွေ့လိုက်ရပါဘူး။

ဘုရားချွတ်မှ ကျွတ်မည့်သူ

ဒကာ ဒကာမတွေက ဂေါတမမြတ်စွာဘုရားကိုတော့ အင်မတန် ကြည်ညိုပါတယ်။ သို့သော် ခင်ဗျားတို့ဘုရားနဲ့က တိုက်ရိုက်မဆိုင်ကြပါဘူး။ ဂေါတမ မြတ်စွာဘုရား ချွတ်ထိုက်တဲ့ ဗုဒ္ဓဝေနေယျ ပုဂ္ဂိုလ်က ပဉ္စဝဂ္ဂီ အစ သုဘဒ္ဒရဟန်း ဆိုတာမှာ ဆုံးပါ တယ်။ အဲဒါဟာ ဘုရားကိုယ်တိုင် ချွတ်သည့် ဗုဒ္ဓဝေနေယျ ပုဂ္ဂိုလ် တွေပါ။ ကျန်တဲ့ပုဂ္ဂိုလ်တွေက ဗုဒ္ဓဝေနေယျ မဖြစ်လိုက်ရတော့ပါဘူး (မှန်ပါ)။

ပဉ္စဝဂ္ဂီအစ သုဘဒ္ဒအဆုံး အဲဒီပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဝေနေယျ ပုဂ္ဂိုလ်တွေပါ။ ခင်ဗျားတို့ကတော့ ဗုဒ္ဓဝေနေယျ မဟုတ်တော့ပါဘူး။ ဗုဒ္ဓဝေနေယျ မကုန်သေးရင် ဘုရားက ပရိနိဗ္ဗာန်မစံသေးဘဲ စောင့်နေတယ် (မှန်ပါ)။ မစောင့်ပေ ဘူးလား (စောင့်ပါတယ်)။ စောင့်နိုင်တယ်လို့ မှတ်ရမယ် (မှန်ပါ)။

ဘုရားက ငါဖလသမာပတ်ဝင်စား နေလိုက်လို့ရှိရင်၊ ဣဒ္ဓိပါဒ် ပွားများနေလိုက်လို့ရှိရင် အာယုကပ် ပတ်လုံး နေနိုင်ပါ တယ်လို့ဟောတယ် (မှန်ပါ)။ သို့သော် ဘုရားချွတ်မှ ကျွတ်မည့် ဗုဒ္ဓဝေနေယျ ပုဂ္ဂိုလ်က သုဘဒ္ဒမှာ ဆုံးသွားပါတယ်။ ဒါကြောင့် ဗုဒ္ဓကိစ္စကုန်သွားတယ်။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘုန်းကြီးတို့ချွတ်မှ ကျွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ

အဲဒီတော့ ဒကာ ဒကာမတွေ ဂေါတမမြတ်စွာဘုရား ကိုလဲ ခင်ဗျားတို့ မမှီလိုက်ကြပါဘူး (မှန်ပါ)။ ဂေါတမ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ ပုဂ္ဂိုလ်တွေက သူ့သာဝကနဲ့သူ ချွတ်ရမယ့် ပုဂ္ဂိုလ်တွေ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။ ခင်ဗျားတို့လဲ ဆရာဘုန်းကြီး တို့လို ဘုရား၏ သာဝက ပုဂ္ဂိုလ်တွေက ချွတ်မှ ကျွတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကတော့ ဗုဒ္ဓဝေနေယျကုန်လို့ ပရိနိဗ္ဗာန် စံတော်မူသွားပြီ (မှန်ပါ)။

ဒကာ ဒကာမတွေကတော့ သာဝကဝေနေယျ သာဝကတွေ ချွတ်လို့ ကျွတ်နိုင်တဲ့ပုဂ္ဂိုလ်လို့ မှတ်ကြပါ (မှန်ပါ)။

မေတ္တေယျမြတ်စွာဘုရားကိုစောင့်မှာလား

မေတ္တေယျမြတ်စွာဘုရားကို စောင့်အုံးမယ်ဆိုလို့ရှိရင်လဲ ဘုရားတစ်ဆူနဲ့ တွေ့ကြုံဖို့ရာ အင်မတန် ခဲယဉ်းလှတဲ့ ဒုလ္လဘကြီးပဲ (မှန်ပါ)။

ဒါကြောင့် ယခုလိုဘဝမျိုး ကြုံဆုံခိုက်မှာ ဘုရား၏ တပည့် သာဝကများထံမှာပဲ။

ဒီငါးပါးနဲ့ ပြည့်စုံအောင်လုပ်ပါ

‘‘ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်ကာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။’’

ဆိုတဲ့ ပဓာနိယင်္ဂမတရားငါးပါး မရှိဘူးလား (ရှိပါတယ်) အဲဒီငါးပါးနဲ့ ပြည့်စုံပြီ၊ ဆရာကောင်းသာ တွေ့မယ် ဆိုရင် ၇ နှစ်၊ ၇ လ၊ ၇ ရက်တွင် တစ်မျိုးမျိုးနဲ့ ရနိုင်မယ်တဲ့ (မှန်ပါ့) ဘုရား ပရိနိဗ္ဗာန်စံငြား သော်လဲ ကိုယ့်ဆိုင်ရာ ဆရာသမားနဲ့ ဒီငါးပါးပြည့်စုံအောင် လုပ်ကြလို့ရှိရင် ၇ နှစ်၊ ၇ လ၊ ၇ ရက်အတွင်း မှာပင် ကိစ္စပြီးစီးနိုင်တယ် (မှန်ပါ) ဘုရားက မဟောဘူးလား (ဟောပါတယ်)။

ဒါ့ကြောင့် ခင်ဗျားတို့ ဗုဒ္ဓဝေနေယျပုဂ္ဂိုလ်တွေ မဟုတ် တော့ဘူးဆိုတာ သေချာပြီ (မှန်ပါ) ကောင်းပြီဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဘယ်သူ့သာဝကတွေဆိုတာ ပေါ်လာပြီ။ သာဝက ဝေနေယျတွေပဲ (မှန်ပါ)။

ဒီတစ်ချက်လွဲရင် မရတော့ဘူး

သာဝကဝေနေယျဆိုတာ ထင်ရှားပြီးသကာလနေတော့ သော် တို့ဖြင့် ဒီတစ်ချက်လွဲရင်ဖြင့် ရဖို့ ခဲယဉ်းသွားပြီ (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒီတစ်ချက်လွဲရင် (မရပါဘူး) မရတော့ဘူး မရတော့ဘူး။ ဒီတစ်ချက်လွဲရင် ဒကာကြွယ် ရပါအုံးမလား (မရပါဘူး)။

ကျမ်းအစောင်စောင်နဲ့ ညှိပြောတာ

အားလုံး ဒကာ ဒကာမတွေ စဉ်းစားပါ။ ဒါဟာ ကျမ်းအစောင်စောင်နဲ့ ညှိပြောတာ။ ဒါကြောင့် ယုံကြည်ကြပါတော့ (မှန်ပါ)။

ဗုဒ္ဓဝေနေယျက ပဉ္စဝဂ္ဂီအစ (သုဘဒ္ဒရဟန်းအဆုံး ပါ ဘုရား)။ ကျန်တဲ့ပုဂ္ဂိုလ်တွေက သာဝက ဝေနေယျဖြစ်ရစ် လိမ့်မယ်ဆိုပြီး ပရိနိဗ္ဗာန်စံသွားတာ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။

ကိုင်း ဒီ ဒကာ ဒကာမတွေ သာဝကဝေနေယျပဲ ဆိုတာ ထင်ရှားနေပြီ (မှန်ပါ) ဒီတစ်ခါ လွဲရင်တော့ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းမှာ အစစ်ပါပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

သူ့ဆရာနဲ့သူ့ရင်းရစ်လိမ့်မယ်

အဲဒါ ခင်ဗျားတို့ သေသေချာချာ မှတ်ပါ။ ဗုဒ္ဓဝေနေယျ တွေ ကုန်ခဲ့ကြောင်းကိုလဲ အခု ရှင်းပြခဲ့ပြီ။ သူ့ဆရာနဲ့သူ ရှင်းရစ် လိမ့်မယ်ဆိုတာလဲ ရှင်နာဂသိန်တို့ ချွတ်လို့ အများကြီးကျွတ်ပြီ (မှန်ပါ)။ ပါဋလိပြည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿတို့၊ ရှင်မဟိန္ဒ တို့ ချွတ်လို့ကော (ကျွတ်ပါတယ် ဘုရား) အဲဒါ သာဝက ဝေနေယျတွေ ကျန်နေရစ်တာ။ ဗုဒ္ဓဝေနေယျ တစ်ဦးမှ မပါဘူး။ ပါသေးရဲ့ လား (မပါပါဘူး)။

လသာတုန်း ဗိုင်းငင်

အေး ဒါတွေ ထောက်တော့မှ ဪ ဒီတစ်ချိန် ကလေးဟာ လသာတုန်းဗိုင်းငင် ဆိုတဲ့ စကားပုံလို ဒီအချိန်မှာ ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်အောင် လုပ်လို့ ရှိရင်ဖြင့် “ဥပါဒါနနိရောဓော ကမ္မဘဝနိရောဓော ဇာတိနိရောဓာ ဇရာ မရဏနိရောဓော” ဆိုပြီး နိဗ္ဗာန် ရောက်တာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုယ့်ဆရာများထံမှာပဲ ကိုယ်ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ပဲလို့ မှတ်လိုက်ပေတော့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဝေဒနာပျက်တာကို တွေ့ပါစေ

ဒါဖြင့် ဝေဒနာကို ရှုဆိုတာသည် ဝေဒနာတော့ဖြင့် ရှုရမှာပဲတဲ့။ သို့သော် ဝေဒနာကို မတွေ့စေနဲ့ ဝေဒနာပျက်တာ ကို တွေ့ပါစေ (မှန်ပါ)။

ဝေဒနာရှုဆိုတာ ဘာတွေ့ရမှာပါလိမ့် (ဝေဒနာ ပျက်တာ တွေ့ရမှာပါ ဘုရား)။

ဒါကြောင့် ဘုရားက ဝယဓမ္မာနုပဿီဝါ ဝေဒနာ၏ အပျက်ကို မြင်အောင်လုပ်စမ်းပါတဲ့ (မှန်ပါ)။ သမုဒယဓမ္မာ နုပဿီဝါ အဖြစ်ကို မြင်အောင်ကြည့်။ ဝယဓမ္မာနုပဿီဝါ အပျက် ကလေးမြင်အောင် ကြည့်လို့ မပေါ်လာဘူးလား (လာပါတယ်) အဲဒါကျမှ ဪ ငါ ငါ ငါ့ဥစ္စာမဟုတ်ပါလား ဆိုတာ ပေါ်လာတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ပါဠိတော်ကို ရှင်းပေးတာပါပဲ (မှန်ပါ)။

အချုပ်မြင်မှ မဂ်ပေါ်တာ

ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော)။ ဝေဒနာနိရောဓာက ဘာပါလိမ့် (ဝေဒနာ ချုပ်တာပါ)။ တဏှာ နိရောဓောက (မဂ်ပေါ်တာပါ) မဂ်ပေါ်တယ် ဆိုတာ အလိုလိုပေါ်တာလား အချုပ်မြင်မှ ပေါ်တာလား (အချုပ် မြင်မှ ပေါ်တာပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီလိုမမြင်ခဲ့လို့ ရှိရင် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ)။ ဒါအချုပ်ကို မမြင်တဲ့ပုဂ္ဂိုလ် ပဋိစ္စသမုပ္ပါဒ် ဆက်တယ် (မှန်ပါ)။

ဝေဒနာအချုပ်ကို မြင်တဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ ဝေဒနာနိရောဓာ (တဏှာ နိရောဓော) တဏှာ နိရောဓော ဆိုတဲ့ မဂ်ဟာ ဝင်လာတယ် (မှန်ပါ) ရိပ်မိပြီ (ရိပ်မိပါပြီ)။

မဂ်သည် ကိလေသာကို ဖြတ်တယ်

ဒါဖြင့် မဂ်သည် ဟောဒီကိလေသာကိုလဲ ဖြတ်ပါတယ်။ တဏှာဥပါဒါန် ကိလေသာကို (ဖြတ်ပါတယ်) တဏှာ ဥပါဒါန် ဆိုကတည်းက တဏှာသည် အဝိဇ္ဇာနဲ့ မကင်း သောကြောင့် အဝိဇ္ဇာနဲ့တဏှာ ချည်း မှတ်ပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ) ဒါက ကိလေသာဝဋ်မပြတ်ဘူးလား (ပြတ် ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိလေသာဝဋ်ပြတ်တော့ ဒီဘက်က သုံးခုက ကမ္မဝဋ်ကော (ပြတ်ပါတယ်) ဒီဘက်က ဝိပါကဝဋ် နှစ်ခုကော (ပြတ်ပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။

သမုဒယသစ္စာချုပ်တာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီက သမုဒယသစ္စာ ချုပ်တာ (မှန်ပါ)။ ဒီကံနဲ့တကွ သမုဒယတွေ မချုပ်လား (ချုပ်ပါတယ်) ဒီဘက်က အနာဂတ်ဖြစ်တဲ့ အနာဂတ်ဘဝတွေ ကော (ပြတ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီက သမုဒယသစ္စာ သေတာ။ ဒါချုပ်တဲ့အတွက် ဒါ နိရောဓသစ္စာ ပေါ်တာ (မှန်ပါ)။ ဒီဟာ ဇာတိတို့၏ ချုပ်ရာ နိဗ္ဗာန် (မှန်ပါ)။ ဇရာမရဏတို့၏ ချုပ်ရာကော (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ဒီဘက်က နိဗ္ဗာန် ဒီဘက်က သမုဒယချုပ်တာ (မှန်ပါ) ဒီဘက်က နိဗ္ဗာန်ပေါ်တာ (မှန်ပါ) ဒီက မဂ်ပေါ်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) ဒီကဒုက္ခသစ္စာ မြင်တာ၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီဘက်က အချုပ်က ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ) အမြင်က (မဂ္ဂသစ္စာပါ) အသေက (သမုဒယ သေတာပါ) အရက (နိရောဓသစ္စာပါ) ဒီလိုသွားပါ ရှင်းကြပြီ လား (ရှင်းပါပြီ)။

အလွန်အရေးကြီးတယ် ဒကာ ဒကာမတို့ သစ္စာလေးပါး မသိဘူးဆိုတာ မရှုတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မသိဘူး (မှန်ပါ) ဦးလှဖူး ရှင်းရဲ့လား (ရှင်းပါတယ်)

အချိန်ကတည်းတည်းရှိတော့တယ်

ရှင်းကြပါ၊ ရှင်းကြပါ ခင်ဗျားတို့ ခင်ဗျားတို့ အချိန် ကလေးကလဲ တည်းတည်း ရှိတော့တယ်။ တည်းတည်း ကျန်ပါတော့တယ်၊ ဒကာ ဒကာမတို့ (မှန်ပါ) ခန္ဓာကိုယ်က တည်းတည်း ကျန်ပါတော့တယ် ဆိုတော့ ဒကာ ဒကာမတို့ ကြိုက်ချင်မှ ကြိုက်မယ်နော် (မှန်ပါ)။ အခု မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာများ ဒကာ ဒကာမတို့ အရင် ပျိုပျိုရွယ်ရွယ် တုန်းကလို သန်သန်ထွားထွား ရှိပါသေးရဲ့ လား (မရှိပါဘူး။) အဲဒါ ကံကုန်လုပြီလို့ ပြောတာ (မှန်ပါ)။

ကံကုန်လှပြီလို့ပြောတာ

ဘာပြောတာတုံး (ကံကုန်လုပြီလို့ ပြောတာပါ) ကံကုန်လုံးတော့ ကံမွဲဉာဏ်မွဲသာ ကျန်ရစ် တော့တယ်ဟေ့ (မှန်ပါ)။

ဘာကျန်ရစ်တော့သလဲ (ကံမွဲဉာဏ်မွဲသာ ကျန်ရစ်ပါတော့တယ်) ကံမွဲဉာဏ်မွဲသာ ကျန်ရစ်တဲ့ အချိန်မှ တကယ့် အရေးကြီးဆုံး ကံကောင်းဉာဏ်ကောင်းနဲ့ သုံးရမယ့် မဂ်ဉာဏ်ကို အရရှာရမယ် ဆိုတော့ ခင်ဗျားတို့ မြန်မြန်လုပ်ရင်လုပ် မလုပ်ရင် ဒီကံမွဲ ဉာဏ်မွဲက ဒကာ ဒကာမတို့ ခင်ဗျားတို့ကို အသေတွန်းတော့မယ် ဆိုတာ မှတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ ဖျင်းလိုက်တာ ကံကောင်း ဉာဏ်ကောင်းတွေကို တဏှာခိုင်း တဲ့ဘက် အသုံးချပစ်တယ် (မှန်ပါ) နစ်နာလိုက်တာ (မှန်ပါ)။

ကံကောင်းဉာဏ်ကောင်းတွေ ဘယ်မှာ သုံးခဲ့ကြသလဲ (တဏှာခိုင်းတဲ့ဘက် သုံးခဲ့ကြပါတယ်)။

ကံကလေးကောင်းတုန်းက နားကြားတာဟာ ကံကောင်း လို့ ကြားတာ (မှန်ပါ) နှာခေါင်းက အနံ့ကလေးကို ရှင်းရှင်း လင်းလင်းရှုနိုင်တာလဲ ကံကောင်းလို့ (မှန်ပါ) ကမ္မဇရုပ်တွေ ကိုးဗျ (မှန်ပါ)။

ဉာဏ်ကောင်းတွေ တဏှာခိုင်းလို့ကုန်ခဲ့ပြီ

ကံကောင်း ဉာဏ်ကောင်းတွေတုန်းကတော့ သားရေး သမီးရေး စီးပွားရေး ခင်ရေး မင်ရေး ဆိုတဲ့ တဏှာခိုင်းတဲ့ဆီ သုံးပစ် ခဲ့ကြတယ် (မှန်လှပါ)။

ကံကောင်း ဉာဏ်ကောင်းတွေ ဘယ်သူခိုင်းတာနဲ့ ကုန်ခဲ့ပြီတုံး (တဏှာခိုင်းတာနဲ့ ကုန်ခဲ့ပါပြီ)။

အခု ဘုန်းကြီးဆီရောက်လာတော့ ဘယ်လို ပုဂ္ဂိုလ်တွေ များ ရောက်လာပါလိမ့်(ကံမွဲ ဉာဏ်မွဲ ပုဂ္ဂိုလ်တွေ ရောက်ပါတယ်) ဒီဘုန်းကြီးမို့ ပေပြီးဟောနေတာ ကံမွဲဉာဏ်မွဲချည်းပဲ။ ရိပ်မိပြီလား (ရိပ်မိပါပြီ) ကံကောင်း ဉာဏ်ကောင်းက ကုန်ခဲ့ပြီဗျ ((မှန်ပါ) ရှင်းပြီးလား (ရှင်းပါပြီ)။

ဝီရိယအချိန်မှန်ရင်ရနိုင်သေးတယ်

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ကံမွဲ ဉာဏ်မွဲကလေးရှိပင် ရှိငြားသော်လဲ ဆရာကနည်းပေးကောင်း (မှန်ပါ)။ ဒကာ ဒကာမတွေကလဲ ကံကောင်းတုန်းကလိုပဲ ဝီရိယ အချိန်မှန်မှန်နဲ့ လုပ်မယ်ဆိုရင်လဲ ရနိုင်ပါသေးတယ် (မှန်လှပါ) သဘောကျ ပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တို့သည်ကားလို့ဆိုရင်ဖြင့် အသုံးတွေကတော့ များလာခဲ့ပြီ ဆိုတာတော့ ယနေ့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ) မချနိုင်ဘူးလား (ချနိုင်ပါတယ်)။

ကံကောင်း ဉာဏ်ကောင်းတွေ ဘယ်မှာသုံးခဲ့သတုံး (တဏှာစေခိုင်းရာမှာ သုံးခဲ့ပါတယ် ဘုရား) ရဲရဲတင်းတင်း ပြောပါ မှန်လဲ မှန်ပါတယ် ဥပုသ်နေ့ကြီး မုသားလဲ မဖြစ်ပါဘူး ခင်ဗျားတို့ ဖြစ်သေးသလား (မဖြစ်ပါဘူး)။

မဖြစ်ပါဘူး ဒကာ ဒကာမတို့ ကံကောင်းဉာဏ်ကောင်း တွေ ဘယ်သူခိုင်းတာနဲ့ ကုန်ခဲ့ပြီလဲ (တဏှာစေခိုင်းတာနဲ့ ကုန်ခဲ့ပါပြီ)။

ဒကာ ဒကာမတွေ တယ်လဲကျက်သရေမရှိတဲ့ စကား သုံးတာကိုး တဏှာခိုင်းတာနဲ့ ကုန်ခဲ့ပြီ (မှန်ပါ) ဟုတ်လဲ ဟုတ်တာပဲ (မှန်ပါ့)။

အားအင်ဗလတွေ ကဲအခု ဒီနေ့တရားပွဲ လာရတယ် ဆိုတာတောင်မှ လွယ်တာမဟုတ်ဘူး (မလွယ်ပါဘူး)။

ပိုမိုကြိုးစားမှ ကိစ္စပြီးမယ်

အဲဒီတော့ ဒကာ ဒကာမတို့ ကံမွဲ ဉာဏ်မွဲတွေနဲ့ အခု လာပြီး အသုံးချရတော့ကို ပိုမိုကြိုးစားမှ ကိစ္စပြီးမယ် (မှန်လှ ပါ)၊ အဘယ်ကြောင့်ဆိုသော် ကံမွဲ ဉာဏ်မွဲတွေကို တဏှာ ခိုင်းတဲ့အထဲမှာ အလွဲသုံးစား လုပ်ခဲ့လို့ (မှန်လှပါ)။

ကံကောင်း ဉာဏ်ကောင်းတွေ ဘာလုပ်ခဲ့ကြပါလိမ့် (အလွဲသုံးစားလုပ်ခဲ့ကြပါတယ် ဘုရား)။

ဦးလှဖူး ကြောက်စရာ ကောင်းတယ် (မှန်ပါ) ကြောက်စရာသိပ်ကောင်း၊ ကံကောင်း ဉာဏ်ကောင်းတွေ ခင်ဗျားတို့ ဘာလုပ်ခဲ့သတုံး (အလွဲသုံးစားလုပ်ခဲ့ပါတယ် ဘုရား)၊ ကံမွဲ ဉာဏ်မွဲနဲ့ ကျမှ တကယ့်ကြီးပွားရေးရှာတယ် (မှန်ပါ)၊ ဂွကျလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ)၊ ပြောင်းပြန်ဖြစ် နေတာ (မှန်ပါ)။

ဒါ ဖော်ပြလို့သိတာ (မှန်ပါ)၊ ခင်ဗျားတို့ထင်ခဲ့ကြ တာက ငယ်တုန်းမှာ ပညာ၊ အရွယ် အလတ်စား ကျတော့ဥစ္စာ၊ ကြီးတော့မှ ပညာကိုး ။ ကံမွဲ ဉာဏ်မွဲကျမှ ပညာရှာတာ (မှန်ပါ)၊ လောကုတ္တရာ ထွက်ရပ်လမ်း ပညာရှာတာ ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။

အခု ရောက်လာတာ ဒကာ ဒကာမတွေ ရှင်းကြပြီလား ကံကောင်း ဉာဏ်ကောင်းတွေ ဖြုန်းပြီးသား သုံးပြီးသား အလွဲသုံးစားသမားချည်း ဒီရောက်လာတာပဲ (မှန်ပါ)။ ဒါ ထိပ်တိုက် ပြောနေတယ်လို့ ဒကာသိုက်က အောက်မေ့ မနေနဲ့ဦး (မှန်လှပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒီဘက်က ဝဋ်တွေကို ရှင်းအောင်ပဲပြောပါရစေဦး (မှန်ပါ)။

တဏှာနိရောဓောက မဂ်ပေါ်တာ

ဒါဖြင့် ဝေဒနာအချုပ်ကိုမြင်လို့ရှိရင်ဖြင့် ဝေဒနာအချုပ်က နိရောဓာ၊ မြင်တာက (မဂ္ဂပါ)၊ ဒါဖြင့် ပါဠိရွတ် ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ ဝေဒနာနိရောဓာ ဆိုတာက ဝေဒနာ ချုပ်တာကို ဆိုတယ်။ တဏှာနိရောဓောက (မဂ်ပါ)၊ မဂ်ပေါ်တာကို ဆိုတယ် (မှန်ပါ)။

တဏှာနိရောဓောဆိုရင် ဘယ့်နှယ်ဆိုမလဲ (မဂ် ပေါ်တာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကြောင့် ဒကာ ဒကာမတို့ ထုံးစံအတိုင်း တဏှာ မဖြစ်ဘူးလား (ဖြစ် ပါတယ်)၊ ဝေဒနာက သမုဒယ သမုဒယသစ္စာ၊ တဏှာက (ဒုက္ခသစ္စာ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ ဒါ ဝေဒနာတစ်လုံးပဲထားပါတော့ ဝေဒနာ ဘယ်ကလာသတုံး (ဖဿက လာပါတယ်)၊ ဖဿကြောင့် ဝေဒနာပေါ်တယ် (မှန်ပါ)၊ ဖဿက သမုဒယသစ္စာ၊ ဝေဒနာ က (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ဒုက္ခဘယ်လောက်ရပြီလဲ။ ၁ ၂ ၃ ၄ ၅ ၆ (ခြောက်မျိုးပါ)၊ ဒုက္ခ ရပြီနော် (မှန်ပါ့)။

ခင်ဗျားတို့ နဂိုက ပါဠိကိုသာ လျှောက်ရွတ်ပြီး ဒုက္ခအစု ကြီးလို့သာ ဆိုတယ်။ ဒီလို ဒုက္ခ မသိပါဘူး (မသိပါဘူး ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖဿဘယ်ကလာသလဲ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖဿ ဘယ်ကလာ သတုံး (သယတနက လာပါတယ်)၊ သဠာယတန ဆိုတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနက လာတယ် (မှန်ပါ)။ ဒါဖြင့် သဠာယတန ပစ္စယာ (ဖဿောပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မပိုင်ရင် ခင်ဗျားတို့လျှာက အတော်လေးတယ်။ ကံမွဲ ဉာဏ်မွဲတွေ ပေါ်နေတယ် (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ)၊ အဲ ဒီလို သွားလိုက်ပါတဲ့ ဒကာ ဒကာမတို့ ဖဿက သမုဒယသစ္စာ၊ ဝေဒနာက (ဒုက္ခသစ္စာပါ)၊ ဒီ ဖဿ ဘယ်က လာသတုံး သဠာယတနက လာတယ် (မှန်ပါ)။ သဠာယတနပစ္စယာ (ဖဿောပါ)။ သဠာယတနက ဘာသစ္စာ (သမုဒယ သစ္စာပါ)၊ ဖဿက (ဒုက္ခသစ္စာပါ)။

သဠာယတန ဘယ်ကလာ

ကဲ ဒုက္ခကုန်အောင်သွားလိုက်၊ သဠာယတန ဘယ်က လာသ (နာမ်ရုပ်က လာပါတယ်)၊ နာမ်ရုပ်က လာတယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ)၊ နာမရူပ ပစ္စယာ (သဠာယတနပါ)၊ နာမ်ရုပ်က ဘာသစ္စာ (သမုဒယသစ္စာပါ)။ သဠာယတနက (ဒုက္ခသစ္စာပါ)။

ကိုင်း နာမ်ရုပ် ဘယ်ကလာသတုံး (ဝိညာဏ်က လာပါတယ်)၊ ပဋိသန္ဓေ ဝိညာဏ်ကလာတယ် (မှန်ပါ)။ ပဋိ သန္ဓေ ဝိညာဏ်ဘာသစ္စာ (သမုဒယသစ္စာပါ)၊ နာမ်ရုပ်က (ဒုက္ခသစ္စာပါ)။

ဒီဝိညာဏ်ဘယ်က လာပါလိမ့်မတုံး (သင်္ခါရက လာ ပါတယ် အတိတ်ကံက လာတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကံဆိုတဲ့သင်္ခါရဘယ်ကလာ

ကောင်းပြီ၊ ဒါဖြင့် ဒီကံဆိုတဲ့ သင်္ခါရ ဘယ်ကလာပါ လိမ့် (အဝိဇ္ဇာက လာပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဝိညာဏပစ္စယာ (နာမရူပံ)၊ ကဲ အကုန် သွားတတ်ပြီ မဟုတ်လား (သွားတတ်ပါပြီ)။

ကောင်းပြီ၊ ဒါကတော့ ခင်ဗျားတို့ ပြေးနေကျလမ်းမို့ ပြေးတုန်း (မှန်ပါ)၊ ဒီလမ်းက ပြေးနေကျလမ်း (မှန်ပါ)။

ဒီလမ်းချုပ်တဲ့လမ်းကျတော့ တွေ့ကိုမတွေ့ဘူး။ ဒီလမ်းပေါ် ချည်း လျှောက်ပြေးနေတယ် (မှန်ပါ၊ ရှင်းပါပြီ)။

ဒီဘက်က သုံးခုဟာ အနာဂတ်ဘ၀ (မှန်ပါ)၊ ဝိပဿနာ မရှုကောင်းဘူး (မှန်ပါ)။

ဒီသုံးခုက ဘာပါလိမ့် (အနာဂတ်ဘဝပါ)၊ ဒီ ဝိပဿနာ (မရှုကောင်းပါဘူး ဘုရား)။

ဒီဘက်က အဝိဇ္ဇာသင်္ခါရက အတိတ်ဘ၀ (မှန်ပါ)။ သူတို့လည်း ဝိပဿနာ မရှုကောင်းဘူး (မှန်ပါ)၊ လွန်ပြီးသား ဖြစ်နေတယ် (မှန်ပါ)။

ပစ္စုပ္ပန်ဘဝ

ဒါဖြင့် ခင်ဗျားတို့ ပစ္စုပ္ပန်ဘဝသည် ဝိညာဏ်နာမ်ရုပ် (သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန်ကံ)။ တော်တော် ဒါခင်ဗျားတို့ဘဝ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

နောက် ဝယ်ဦးမယ် ကာယကံနဲ့ ဟုတ်လား (မှန်ပါ)၊ ဝယ်ခဲ့စမ်းပါဆိုတဲ့ ဝစီကံနဲ့။ စိတ်ထဲက ဒီဥစ္စာကလေးပဲ တတနေတဲ့ မနောကံနဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဝိညာဏ်ကအစ (ကံအဆုံးပါ)၊ ကာယကံ ဝစီကံ မနောကံ အဆုံးဆိုပါတော့၊ သာပြီး ကောင်းပါတယ်၊ ခင်ဗျားတို့ ထင်ရှားအောင် (မှန်ပါ)။

ဒါဖြင့် အိမ်မှာနေတဲ့ပုဂ္ဂိုလ်များသည် စိတ်ဝိညာဏ်က အစ ကာယကံ ဝစီကံ မနောကံ အဆုံး (မှန်ပါ)။

မြင်စိတ်ကအစ ဘယ်မှာဆုံးမလဲ (ကာယကံ ဝစီကံ မနောကံ အဆုံးပါ ဘုရား)၊ ကြားစိတ်က အစ (ကာယကံ ဝစီကံ မနောကံ အဆုံးပါ)၊ နံစိတ်ကအစ (ကာယကံ ဝစီကံ မနောကံ အဆုံးပါ)၊ စားစိတ်ကအစ (ကာယကံ ဝစီကံ မနောကံ အဆုံးပါ)၊ တွေးစိတ်ကအစ (ကာယကံ ဝစီကံ မနောကံ အဆုံးပါ)။

အနာဂတ်အကြောင်းသုံးခု

ဒီသုံးခုကို မှတ်လိုက်စမ်းပါဦး ဒကာ ဒကာမတို့၊ ပစ္စုပ္ပန် ဘဝကတော့ ခင်ဗျားတို့ ခန္ဓာတော့ ရှစ်ခုပါပဲ။ သို့သော် တဏှာ ဥပါဒါန်ကံကိုက အနာဂတ်အကြောင်း သုံးခုလို့မှတ်လိုက် (မှန်ပါ)။

တဏှာ ဥပါဒါန်နဲ့ ခုနင်ကပြောခဲ့တဲ့ ကာယကံ ဝစီကံ မနောကံဟာ ဘာအကြောင်းပါလိမ့် (အနာဂတ်အကြောင်း ပါ ဘုရား)၊ သေသည်၏ အခြားမဲ့၌ ဟောဒီ ချောက်ဆင်းရအောင်လို့ ဒီထဲကျအောင် ခင်ဗျားတို့ နေ့တိုင်း လျှောက်တယ် (မှန်ပါ)။

မျက်လုံးဖွင့်လည်း ဒီရောက်တာပဲ (မှန်ပါ)၊ နှာခေါင်း က ရှူရှိုက်ရင်ကော (ဒီရောက်တာပါပဲ)၊ လျှာက စားရင်ကော (ဒီရောက်တာပါပဲ)။

ဒယ်အိုးအဆင်သင့်ဖြစ်အောင်လို့

ဒီရောက်အောင် ဘယ့်နှယ်ကြောင့် သွားပါလိမ့်မတုံး ဆိုတော့ သေတော့ ဒယ်အိုး အဆင်သင့် ဖြစ်အောင်လို့ ဘုရား (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကျောင်းဆောက်တော့ နတ်ပြည် ဘုံပေါက်တယ် ဆိုတော့ အဆင်သင့်သွားနေရမှာ ကျုပ်တော့ သိပ်ဝမ်းသာတာပဲ တဲ့ (မှန်ပါ)၊ လောဘ ဒေါသ အင်း ကျုပ်လည်း အပါယ် မှာ ဘုံပေါက်နေပြီ၊ ကျုပ်လည်း အဆင်သင့် ဖြစ်နေတော့ ဝမ်းသာ ပါလား အဲဒါကော၊ မသာနိုင်ဘူးလား (မသာနိုင်ပါ ဘုရား)။

နန္ဒိယတို့မှာ ဘုံပေါက်တယ်

ဘယ့်နှယ်ကြောင့်တုံး၊ ကျောင်းဆောက်တော့ ဘုံ ပေါက်တယ် နန္ဒိယတို့၊ ဝမ်းမသာကြဘူးလား (သာပါတယ် ဘုရား)၊ တာဖြစ်လို့တုံး ဒီကလုပ်လို့ ဟိုမှာပေါက်တာ (မှန်ပါ)၊ ဒီကနေ အကုသိုလ် လုပ်တော့ ငရဲမှာလည်း ငရဲဘုံပေါက်မှာပေါ့။ ဒယ်အိုး ကြီးငယ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည် ရောက်အောင်တော့သွားတယ် ဘုံပေါက်တော့ မကြိုက်ဘူးဆိုတော့ မရဘူး ဒီဥစ္စာ (မှန်ပါ)၊ ရပါ့မလား (မရပါဘူး ဘုရား)။

ငရုတ်သီးစားရင် ဝမ်းလျှောမယ်

ရောက်အောင်တော့ (သွားပါတယ် ဘုရား)၊ ဘုံ ပေါက်တာတော့ (မကြိုက်ပါဘူး)၊ ငရုပ်သီးတော့လည်း စားချင်တယ် ဝမ်းလျှောမှာတော့ ကြောက်တယ်ဆိုရင် မဖြစ်ဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ငရုတ်သီးကို မစားဘဲနဲ့နေမှ မလျှောမှာပေါ့ (မှန်ပါ)၊ စားရင် (လျှာမှာပါ ဘုရား)၊ ဒါဖြင့် စားတာက ဒီထဲရောက်အောင်စားထားပြီ။ ဒီဇာတိ ဝမ်းလျှောရုံ ကျန်တော့တယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ကဲ အားလုံး ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာကျအောင် ပဲပြောလိုက်တော့ ဒါတွေဟာ ၁ -၂ – ၃ – ၄ – ၅ – ၆ တွေသာ အကုန် ဒုက္ခတွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊

သို့သော် ခင်ဗျားတို့ ခန္ဓာကတော့ဖြင့် ရှစ်ခုလို့မပြောလား (ပြောပါ တယ်)၊ ဝိညာဏ်ကအစ (ကံအဆုံးပါ ဘုရား)။

အဲ သေသေချာချာ ကြည့်ထားပါ။ ဒါ ခင်ဗျားတို့ လက်ရှိခန္ဓာ တရားနာနေတဲ့ ခန္ဓာကိုဆိုတာ (မှန်ပါ)၊ ရှင်း ပြီလား (ရှင်းပါပြီ)။

တရားနာနေတဲ့ ခန္ဓာကိုယ်ဟာ ဘယ်အစ ဘယ်အဆုံး ပါလိမ့် (ဝိညာဏ်အစ ကံအဆုံးပါ ဘုရား)၊ ကာယကံ ဝစီကံ မနောကံအဆုံး (မှန်ပါ)။ ခန္ဓာကိုယ်ထဲ ဖြစ်စဉ်ကြည့်ပြောတာလား၊ စာကိုလမ်းမှာ ရေးထားတဲ့ ဆိုင်းဘုတ်ဖတ်သလို ဖတ်တာလား (ခန္ဓာကိုယ် ဖြစ်စဉ်ပြောတာပါ)။

ခန္ဓာ၏ဖြစ်စဉ်ဟာ ပဋိစ္စသမုပ္ပါဒ်

ဒါက ခန္ဓာကိုယ်ထဲမှာ ဘယ်စိတ်မဆို စိတ်ဝိညာဏ်ဖြစ် တယ် (မှန်ပါ)၊ ဝိညာဏ်ဖြစ်လို့ရှိရင် သွားချင်လာချင်တဲ့ နာမ် ရုပ် (ဖြစ်ပါတယ်)၊

နာမ်ရုပ် ရှိလို့ရှိရင်ဖြင့် ကြည့်ချင် ရှုချင်တဲ့ မျက်လုံးတွေ (ပေါ်ပါတယ်)၊ ကြည့်ချင် ရှုချင်တဲ့ မျက်လုံးရှိရင်ဖြင့် ကျုပ်က ဒီအတိုင်း မကြိုက်ဘူး၊ အတွေ့မှ ကြိုက်တယ် ဆိုတဲ့ ဖဿ (ရှိပါတယ်)၊

ဖဿ ရှိလို့ရှိရင်ဖြင့် ကျုပ်က ကိုယ်ကိုယ်တိုင်ကို စားရ သောက်ရမှ ကျေနပ်တယ် မလာဘူးလား (လာပါတယ်)၊

စားရပေမယ့်လည်း ကျုပ်သဘောကျဦးမှ ဆိုတဲ့ တဏှာက (လာပါတယ်)၊ ကျုပ် သဘောကျလို့ရှိရင် ကျုပ်ဟာ နောက်ဝယ်စားမှာပဲဆိုတဲ့ ဥပါဒါန် (လာပါတယ်)၊ ဥပါဒါန်ရှိတဲ့ ပုဂ္ဂိုလ်သည် နောက် ဝယ်စားဖို့ဖြစ်တဲ့ ကာယကံ ဝစီကံနဲ့ ငွေပိုရှာမယ်၊ မရှာ ပေဘူးလား (ရှာပါတယ်)၊ သဘောကျပြီလား (ကျပါပြီ)၊ အဲဒါက ခင်ဗျားတို့ဖြစ်စဉ်။ စာရလို့ ရွတ်နေရုံနဲ့ သဘောပေါ်မှာ မဟုတ်ဘူး (မှန်ပါ)၊ ဒါက ခန္ဓာ၏ဖြစ်စဉ် ဟာ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ပေါ်ပြီလား (မှန်ပါ့)။ ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။

ဥပုသ်နေ့မို့ ပြောလိုက်ပါဦးမယ်

ကောင်းပြီ၊ သို့သော်လည်း ဒီနေ့ ဥပုသ်နေ့မို့ ဒကာ ဒကာမတွေ မကြားနာရဖူးသေးတဲ့ ဒကာ ဒကာမတွေများစွာ ပါဝင်နေတော့ သက်သာခွင့်ရတာ အမှန်ကိုလည်း ပြောလိုက် ပါဦးမယ် (မှန်ပါ့)၊ အိမ်မှာနေလို့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့နေတဲ့ ဒကာ ဒကာမ မှန်လို့ရှိရင် ဝိညာဏ်အစ ကံအဆုံး (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။

သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ နေတဲ့ ဒကာ ဒကာမ များ ဘယ်ကစ၍ ဘယ်ထိအောင် ဖြစ်သလဲ (ဝိညာဏ်အစ ကံအဆုံး ဖြစ်ပါတယ်)၊ ဒါဖြင့် အနာဂတ် အကြောင်းတွေ လုပ်မိ၊ မလုပ်မိ (လုပ်မိပါတယ် ဘုရား)။

ကျွမ်းထိုးပစ်ဖို့ကောင်းတယ်

ဒကာကြွယ် ကျွမ်းထိုးပစ်ဖို့ကောင်းတယ် (မှန်ပါ့)၊ အနာဂတ်အကြောင်းလုပ်တော့ အနာဂတ် အကျိုးတွေက ဘယ့် နှယ်တုံး (ပေးမှာပါ ဘုရား)၊ ရမှာပဲမဟုတ်လား (ရမှာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် အနာဂတ်အကြောင်းတွေ ကြိုးစားပါ လိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ခင်ဗျား တို့၏ ခန္ဓာဖြစ်စဉ် မသိလို့ ဒီရောက်သွားတာ (မှန်ပါ့)၊ ပေါ် ပြီလား (ပေါ်ပါပြီ)။

ခန္ဓာ့ဖြစ်စဉ် မသိလို့

ဘာဖြစ်စဉ် မသိလို့ပါလဲ (ခန္ဓာဖြစ်စဉ် မသိလို့ပါ ဘုရား)၊ ခန္ဓာဖြစ်စဉ်မသိလို့ ဒီရောက်ချည်း သွားနေတာ (မှန်ပါ့)။

အံမလေး ခင်ဗျားတို့ တော်တော်ဆိုးတဲ့လူတွေ မဟုတ် ဘူးလား (မှန်ပါ့)၊ ဟိုဘက်မှာ ချိုင့်ကြီး ရှိတယ်၊ ဟောဒီမှာ ဇာတိချိုင့် ဇာတိကျင်းကြီး၊ ဇရာ မရဏ ချိုင့် ကျင်းကြီး၊ ဒီရောက်အောင်ကို ပြေးတယ် (မှန်ပါ့)။

ဝိညာဏ်ကနေ ပြေးလိုက်တာ ကံကျအောင် မပြေးဘူး လား (ပြေးပါတယ်)၊ ကံကျအောင် ပြေးတော့ ကံကနေပြီး သကာလ စုတေရင် ဒီချိုင့်မကျဘူးလား၊ ကျမှာလား (ကျပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကနေ့ ဘယ်နှစ်ခေါက် ဒီချိုင့်ရောက် အောင်ပြေးသလဲ (မရေတွက်နိုင်ပါဘူး)။

ငါသေရင် ဘာများဖြစ်မှာတုံး

ငါသေရင် ဘာများဖြစ်ပါလိမ့်မတုံး ဆိုတော့ ဇာတိကြောင့် ဇရာ မရဏချောက်ထဲကျမယ် (မှန်ပါ့)၊ သို့သော် ဘယ်ဇာတိ နဲ့ ဘယ်ဇရာ မရဏချောက်ကျမလဲ အပါယ်ဇာတိ၊ အပါယ် ဇရာ မရဏ ချောက်ကျမယ်၊ ဘာဖြစ်လို့တုံး၊ ဒီရောက်အောင် ပြေးတယ် (မှန်ပါ့)၊ မပြေးဘူးလား (ပြေးပါတယ်)။

သားကလေးမြင်လိုက်တယ်ဆိုရင်ဖြင့် ဟောဒီမှာ ပွေ့ချီ ချင်ကလာပြီ (မှန်ပါ့)၊ မြေးကလေး မြင်လိုက်တယ် ဆိုရင်ဖြင့် ဒီမှာ ပွေ့ချီချင်တဲ့ကာယကံက (လာပါပြီ)၊ ဒီကြားထဲကဟာ မထည့် တော့ပါဘူး၊ ခင်ဗျားတို့ ရောက်အောင်သွားနေကျ ဖြစ်လို့ အစနဲ့အဆုံးသာ ကိုင်ပြပါတော့တယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အနာဂတ်အကြောင်းတွေလုပ်မိပြီ

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်မြေးကလေး မြင်လိုက်တယ် ဒကာကြွယ်ရေ၊ စောင်းဟောတယ်များ အောက် မမေ့နဲ့နော် (မှန်ပါ့)၊ မြေးကလေးမြင်တော့ စက္ခုဝိညာဏ် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊

မြင်လို့ရှိရင်ဖြင့် ဟ ဘယ့်နှယ့်ကြောင့် ငိုသတုံးဆိုတဲ့၊ ငိုသံကြားရင်လည်း ဝစီကံကလေးက ပြောလိုက်တယ် (မှန်ပါ့)၊ ကာယကံကလည်း ငါကြည့်ပါဦး မယ်၊ မနောကံကလည်း အင်း ဘာဖြစ်ပါလိမ့်မလဲ တွေးလုံး (မှန်ပါ့)၊ မလာဘူး လာမလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဝိညာဏ်အစ ကံအဆုံး ဟော မြေးသံကြားရင် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ သမီးသံကြား ရင် (ဝိညာဏ်အစ မှ အဆုံးပါ ဘုရား)၊ ဪ အနာဂတ် အကြောင်းကို လုပ်မိပြီလား (လုပ်မိပါတယ်)။

အနာဂတ်အကျိုး မယူချင်လို့မရ

တဏှာ၊ ဥပါဒါန်၊ ကံဟာ ဘာအကြောင်းတော့တဲ့ (အနာ ဂတ်အကြောင်းပါ ဘုရား)၊ ဒါဖြင့် ဒီအနာဂတ် အကျိုးကို ခင်ဗျား တို့ မယူချင်ပါဘူးဆိုလို့ (မရပါဘူး)။

ခက်တယ်၊ ခင်ဗျားတို့က အကြောင်းတော့လည်း မကြောက်ဘူး၊ အကျိုးကျတော့လည်း မယူချင်ဘူး ဆိုတော့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ ယနေ့တော်ကြဦးစို့။

သာဓု သာဓု သာဓု။