150

ကိုယ်ကိုယ်တိုင် သောတာပန်တည်ပြီလား

အသံဖိုင်ခေါင်းစဉ်= အာသဝဝင်ရိုးပေါ်ပဒေါင်းလည်နေပုံတရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ်ကိုယ်တိုင် သောတာပန်တည်ပြီလား

(အသံမကြည်ပါ)

မှတ်ချက်။ ။ ဤတရား အစပိုင်းကို ကတဉာဏ်ဟု ခေါင်းစဉ်တပ်၍ ယခင်က (Facebook)တွင် တင်ပေးခဲ့ပြီးဖြစ်သည်။ အစပိုင်း၌ မဂ်ကျခါးနီးဖြစ်ပုံ၊ ဖြစ်ပျက်မုန်းဉာဏ် ရင့်လာပြီး မဂ်ကူးခါနီးဖြစ်ပုံ စိတ်ခံစားချက် ဉာဏ်အမြင်၊ ဒုက္ခသစ္စာဉာဏ်ထဲထင်လာပုံ မဂ်ဆိုက်ပုံများ ပါဝင်ပါသည်။ ဉာဏ်စဉ် အမြင့်ပိုင်း ရောက်နေသော ယောဂီများ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချနိုင်ဖို့ အလွန် အရေးကြီးသောကြောင့် သေချာလေ့လာပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူအပ်သော တရားတော်

ကိုယ်ကိုယ်တိုင် သောတာပန်တည်ပြီလား

(၅-၁-၅၉)

ကတဉာဏ်

ကတဉာဏ် ကတဉာဏ်ကို ဘယ်အချိန် ဘယ်လိုဉာဏ် နဲ့ဆိုမှ ကတဉာဏ်ဆိုတဲ့ ဥစ္စာကို ရောက်တယ် ဆိုတာကို ရှင်းပြမယ်။

ဒါဖြင့် ဒီနေ့ ဟောရမယ့် တရားသည် ဒကာ ဒကာမတွေ မှတ်စရာက ကတဉာဏ်ကို အဓိက ထား ဟောလိမ့်မယ်လို့ မှတ်ထားရမယ် (မှန်ပါ့)။

ဘာဉာဏ် ဟောမှာပါလိမ့် (ကတဉာဏ်ကို ဟောမှာပါ ဘုရား) ကတဉာဏ်ကို ဟောတဲ့အတွက် အထူးသဖြင့် အရေးကြီး တယ်လို့ မှတ်ပါ။

ကိုယ်ကိုယ်တိုင်သောတာပန်တည်ပြီလား

ကတဉာဏ် ဘယ့်နှယ်ကြောင့် အထူးသဖြင့် အရေးကြီး ရပါသတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဒို့သောတာပန် တည်တယ်၊ မတည်တယ်ကို ဝေဖန်နိုင်တဲ့ဉာဏ်။

ကိုယ်ကိုယ်တိုင် သောတာပန် တည်တယ်၊ မတည်သေးဘူး ဆိုတာ ဝေဖန်နိုင်တဲ့ ဉာဏ်လို့ မှတ်ပါ။

အာရုံကပြောပါလိမ့်မယ်

ဒါဖြင့် ကိုယ်ကိုယ်တိုင် သောတာပန် တည်တယ်။ မတည်တယ် ဆိုတဲ့ ဥစ္စာ အာရုံက ပြောပါလိမ့်မယ်လို့ မှတ်ထား ဘယ်သူက ပြောတုံး (အာရုံက ပြောမှာပါ ဘုရား)။

အာရုံက ပြောပါလိမ့်မယ်လို့ မှတ်ထားကြပါ။ အဲတော့ကို အာရုံက ပြောမှသာလျှင် သြော် ဒါက ဒုက္ခ ချုပ်တာ၊ ဒါက ဉာဏ်ထဲမှာ ဒုက္ခဖျတ်ဆို ချုပ်သွားတာ။

ငါသည်ကိစ္စပြီးပြီ

ဒါက နိဗ္ဗာန်တည်း ဟူသော တရားကြီး ပေါ်လာတာ ဪ ဒါဖြင့် ငါသည် ကိစ္စပြီးပြီ ဆိုတော့ နိဗ္ဗာန် တရားကြီး ပေါ်လာတာ မြင်မှ ငါသည် ကိစ္စပြီးပြီ ဆိုတဲ့ ဥစ္စာ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် ချနိုင်မှာ။

သို့သော် ဒီဉာဏ်ကို နှစ်ချက် မှတ်ကြပါလို့ မှတ်ပါ။ နှစ်ချက်က ဘာတုံး ဆိုလို့ရှိရင်ဖြင့် ဒုက္ခဆုံးတာက တစ်ချက်၊ ဒုက္ခ အဆုံးမှာ နိရောဓ ပေါ်လာတာက တစ်ချက်။

ဒုက္ခဆုံးမှန်းသိရမယ်

အဲဒါ ဒုက္ခဆုံးမှန်းလည်း သိရမယ်။ နိရောဓ ပေါ်လာတာ လည်း သိရမယ်။ ဒီလို ဆိုမှသာလျှင် ကတဉာဏ် အစစ်လို့ မှတ်ထားပါ။

ကတဉာဏ် ဒကာ ဒကာမတွေ မိမိတို့ လုပ်နေတဲ့ အလုပ် ကိစ္စပြီးတဲ့ ကိစ္စပြီးတယ်လို့ သိတဲ့ ဉာဏ်ဟာ ကတဉာဏ်။

သို့သော် ဒီကတဉာဏ် ကိုယ့်ကတဉာဏ်ကို ကိုယ် ဆုံးဖြတ်ချက်ချဖို့ရာက ဒုက္ခရှေ့တွင် ချုပ်ပျောက် သွားတာကိုလည်း ဒုက္ခတွေ မလာတာကိုလည်း သိရမယ်။

နိရောဓပေါ်လာတာသိရမယ်

ဒုက္ခတွေ မလာသည်နဲ့ နိရောဓ ပေါ်လာတာ ကိုလည်း သိရမယ်။ ဒီနှစ်ချက် သိမှသာလျှင် ဒကာ ဒကာမတို့ သြော် ငါသည် သောတာပန် တည်သည်၊ ကိစ္စပြီးပြီဆိုတဲ့ ကတဉာဏ် ဟာ သေချာ ပါလိမ့်မယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကတဉာဏ်ဟာ အရေးကြီးတယ်နော် အားလုံးဒကာ ဒကာမတွေ ဘယ်ဉာဏ်အရေးကြီးတုံး (ကတဉာဏ် အရေးကြီးပါတယ် ဘုရား)။

ကတဉာဏ် ကိုယ့်ကိုယ်ကို ရှုရင်း မတ္တနဲ့ ပေါ်တယ်၊ မပေါ်တယ်ကို သိဖို့ရာက ထပ်ပြောပါ့မယ်။

တို့ကိစ္စပြီးပြီလို့ မှတ်ပါ

ဒုက္ခဆုံးတာလည်း ကိုယ်တိုင် သိရမယ်၊ ဒုက္ခအဆုံးမှာ နိရောဓ ဆိုတဲ့ ဓမ္မကြီး ပေါ်လာတာ လည်း ကိုယ်တိုင် သိရမယ်။

ဤကဲ့သို့ သိလို့ ဒကာ ဒကာမတွေသည် ကားလို့ဆိုရင် ပြန်တွေးလိုက်လို့ သြော် ဒုက္ခလည်း ဆုံးတာလည်း တွေ့လိုက် တယ်၊ ဒုက္ခ အဆုံးမှာ နိရောဓ ဆိုတဲ့ သဘောကြီး ပေါ်လာတာ မျက်မြင်နဲ့ ထင်ရှား လိုက်တယ်လို့ ထင်မြင်လိုက်သည်နဲ့ တစ်ပြိုင်နက် တည်း ဒို့ ကိစ္စပြီးပြီလို့ မှတ်ပေတော့။

သောတာပန်ဟာချိုမပေါက်ဘူး

ဒါဖြင့် ဒီဥစ္စာ အလွန် အရေးကြီးတဲ့ ဉာဏ်ဆိုတာ ဒကာ ဒကာမတွေ အရေးတကြီး နာရ လိမ့်မယ်၊ အရေးတကြီး ကိုယ့်စိတ်ထဲ မှတ်ထား ရလိမ့်မယ် ဆိုတဲ့ ဥစ္စာ သောတာပန်ဟာ ချိုမပေါက်ဘူး ဒီဉာဏ် နှစ်ဉာဏ် အမြင်ရှင်းမှ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်ဟာ ချိုပေါက်ကဲ့လား (မပေါက်ပါဘူး ဘုရား) ဘာရှင်းရမတုံး (ဒီဉာဏ်နှစ်ဉာဏ် အမြင်ရှင်း ရမှာပါ ဘုရား)။

ဒုက္ခရှေ့တွင် ဖျတ်ခနဲ ဆုံးတာလည်း သိရမယ်၊ ဒုက္ခဆုံး တာ နိဗ္ဗာန်ကြီး ဘွားခနဲ ပေါ်လာ တာလည်း သိရမယ်၊ ဒီလိုသိတဲ့ အခါကျတော့မှ သြော် ငါ သောတာပန် ကိစ္စဖြင့်ပြီးပေါ့ပဲ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကိုယ်တိုင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက် ချလို့ ရှိရင်ဖြင့်တဲ့ ဒီနှစ်ချက် မြင်လိုက်လို့ ရှိရင်ဖြင့် ကတဉာဏ် အစစ် ပေါ်တယ်လို့ ဒကာ ဒကာမတွေ အောက်မေ့ရ မယ်။

ဒါဖြင့် ကတဉာဏ်သည် နှစ်ချက်မြင်ပေါ့ဗျာ (မှန်ပါ) ဘယ်လိုဆိုကြမယ် (နှစ်ချက်မြင်ပါ ဘုရား)။

ဒီနှစ်ချက်မြင်ရင်သောတာပန်

ဒုက္ခ ဆုံးတာကိုလည်း မြင်တယ် (မှန်ပါ) ဒုက္ခအဆုံး နိရောဓ ပေါ်လာတာကိုလည်း (မြင်ပါတယ် ဘုရား)။

ဤနှစ်ချက်မြင်လို့ရှိရင်ဖြင့် သူတစ်ပါးတော့ မပြောနိုင် ဘူးတဲ့ ကိုယ့်ဟာကိုယ်တော့ဖြင့် ငါ ဒီနေ့ သောတာပန်တည်ပေါ့ ဆိုတာ သိသွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်ချက်မြင်တာတုံး (နှစ်ချက် မြင်တာပါ ဘုရား)။ ဦးဘအုန်း ထပ်ပြောနေတာ၊ ဦးခင်မောင်တို့ ထပ်ပြောနေတဲ့ အဓိပ္ပါယ်ဟာ အရေးကြီးလို့နော် (မှန်လှပါ ဘုရား)။

အရေးကြီးလို့ထပ်ပြောတာ

အရေးကြီးလို့ ထပ်ပြောတာ (မှန်ပါ့) ဘယ်နှစ်ချက် မြင်ရမှာပါလိမ့် (နှစ်ချက် မြင်ရမှာပါ ဘုရား)။

ဒုက္ခဆုံးတာလည်း (မြင်ရမှာပါ ဘုရား) နိရောဓပေါ် လာတာကော (မြင်ရမှာပါ ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတွေ အာရုံဘက်က နှစ်ချက် မြင်ရမယ်၊ အာရမ္မဏိက ဘက်ကတော့ ရှင်းပါတယ်တဲ့ မဂ်ပေါ်တာလည်း ဒီမဂ်က မြင်တာပဲ ဆိုတာလည်း သိတယ်။

ကိလေသာ ချုပ်သွားတာတော့ ဒကာ ဒကာမတွေက ၊ မသိလိုက်ငြား သော်လည်း ဒုက္ခ အဆုံး မြင်တာနဲ့၊ ဒုက္ခအဆုံးမှာ နိရောဓ ပေါ်လာတာ မြင်လိုက်လို့ရှိရင် သူချုပ်လို့ ပေါ်လာတာလို့သာ မှတ်ပေတော့ (မှန်ပါ့)။

သူကတော့ အထူး ချုပ်နေတာ မဟုတ်တော့ဘူး (မှန်လှပါ)။ ကိလေသာ အထူး ချုပ်နေ ရတာ မဟုတ်တော့ မင်း သွားတော့လို့ နှင်ရပြုရတဲ့ တရားမျိုး မဟုတ်ဘူးလို့ မှတ်ရမယ် နော်။

ကတဉာဏ်လာတော့မယ်ဆိုရင်

အဲတော့ ဒကာ ဒကာမတို့ ကတဉာဏ် လာတော့မယ် ဆိုလို့ရှိရင်ဖြင့် ဉာဏ်ထဲမှာ ဘယ်လို အမြင်ထူးတယ် ဆိုတာ ကိုလည်း ဦးဘတင် တစ်နံပါတ် သိဖို့ အရေးကြီးတယ် (မှန်ပါ့)။

ကတဉာဏ် ပေါ်လာတော့မယ်ဆိုတော့ ကိစ္စပြီးတော့ မှာကိုးဗျ (မှန်လှပါ)။

ကိစ္စပြီးတော့မှာ ဆိုတော့ တပည့်တော်တို့ ဉာဏ်ထဲမှာ ရှုနေတဲ့အခါ ဘယ်လိုအမြင်မှာ ထူးထူးခြားခြား များ လာပါလိမ့် မလဲလို့ ဆိုတဲ့ဥစ္စာ သိဖို့ရာ တစ်နံပါတ် အရေးကြီးတယ် (မှန်ပါ့)။

အဲဒီ ကိစ္စကို မြင်ပြီး သကာလ လာတဲ့ ဥစ္စာကိုလည်း ဘယ်လိုမြင်မှ သာလျှင် ဒီဥစ္စာ ကတဉာဏ်၏ အမြင် ပြီးဆုံးတော့မလို့ အမြင်ပဲ ဆိုတဲ့ဥစ္စာ သိဖို့ရာ သိပ်အရေးကြီးပါတယ်။

အဲ့ဒါကြောင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာက စက်ယန္တရား၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတွေ မြင်လာလိမ့်မယ်။

စက်ယန္တရား ရဟတ်ချား သို့တဲ့ ချားများ၊ ရဟတ်များ လည်နေတဲ့ ဥစ္စာ ဒီနေရာ တော်ကြာ ဒီနေရာ ဒီဟာ ရောက်လာ တော်ကြာ ဒီနေရာ ဒီဟာ ရောက်လာ၊ ဒီပြင်ဟာ ရောက်ကို မရောက်ဘူး၊ ဒီတစ်မျိုးတည်း ရောက်လာတယ် ဆိုတာကော မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒီရဟတ်ကြီး လည်နေတော့ ဒီရဟတ်ကြီးထဲပဲ ရောက်တာပဲ ဒိပြင်ဟာ ဘာရောက်စရာ ရှိသေးတုံး (မရှိပါဘူး ဘုရား)။

ကတဉာဏ်ရောက်ခါနီးရင်

ဖျတ်ဆို ဉာဏ်ထဲမှာ နှလုံးသွင်းတိုင်း သွင်းတိုင်း ဘုန်းကြီး တို့ ဒကာ ဒကာမတွေ ကတဉာဏ် ရောက်ခါနီး လာပြီ ဆိုမှဖြင့် ဘာရှုရှု။ အနိစ္စလည်း မတွေ့ဘူး၊ ထိုင်ပြုနေတဲ့ ဒုက္ခလည်း မတွေ့ ဘူး၊ ခါတိုင်း တွေ့နေတဲ့ အနတ္တလည်း မတွေ့ဘူး။

ဘာတုံး ဆိုလို့ရှိရင်ဖြင့်တဲ့ ဒုက္ခစက်ကြီး လည်နေတာ တစ်ခုတည်းသာ ကိုယ့်ဉာဏ်ထဲ တွေ့နေတာပဲ သဘောကျပလား ဘာကြီး လည်နေတာ တွေ့ရတုံး (ဒုက္ခစက်ကြီး လည်နေတာ တွေ့ရပါတယ် ဘုရား)။

ဒုက္ခစက်ကြီးလည်၊ ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပျောက် ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါတွေ ဘယ့်နှယ်တုံး (အကုန် ပျောက်ပါတယ် ဘုရား)။

ဘယ်ဟာတွေ တွေ့နေတုံး (ဒုက္ခစက်ကြီးလည် နေတာ တွေ့ပါတယ် ဘုရား) ဒုက္ခစက်ကြီး လည်နေတာ တွေ့တယ်။

ဒုက္ခစက်ကြီးလည်နေတဲ့ ဥစ္စာက အကောင်အထည် လည်နေတဲ့ ဟိုရှေ့တုန်းက ဒကာ ဒကာမတွေ ရှေ့တုန်းက မြင်ဘူးတဲ့ မြင်းရုပ်တွေ ဆင်ရုပ်တွေလို လည်တဲ့ အလည်မျိုးလည်း မဟုတ် ပါဘူးပေါ့ဗျာ (မှန်ပါ့)။

ဒီရှေ့မှာပဲ ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန် လည်း ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန်လည်း ဖြစ်လိုက် ချုပ်လိုက်။

ဒီဖြစ်ချုပ်တာ တွေ့တော့ ဒကာ ဒကာမတို့ ဘယ်စိတ် ဘယ်စိတ် ပေါ်တယ်လို့လဲ မသိတော့ဘူး ဘယ် ရုပ်တရားရယ်လို့ လဲ မသိတော့ဘူး။

ဒါလေး နှစ်ခု အသေအချာ မှတ်စမ်း၊ ရုပ်တရားရယ်လို့ လည်း မသိဘူး၊ နာမ်တရား ရယ်လို့လည်း မသိတော့ဘူး၊ ဖြစ် ချုပ်သာ သိတယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ဖြစ်ချုပ်သာသိတယ်

ဘယ်လိုသိပါလိမ့် (ဖြစ်ချုပ်သာ သိပါတယ် ဘုရား) ရုပ်တရားရယ် လို့လည်း (မသိပါ ဘုရား) နာမ်တရား ရယ်လို့ (မသိပါ ဘုရား)။

ဘယ်လိုများသိပါလိမ့် (ဖြစ်ချုပ်သာ သိပါတယ် ဘုရား) ရုပ်နာမ် ရယ်လို့ မဟုတ်ဘူး ဒုက္ခတွေချည့်ပဲ သိတော့တာပဲ။ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေသာ လှည့်နေကာ သာမြင်တော့တယ် ရုပ်ကို ရှုတယ်လို့ သူမသိတော့ဘူး။

နာမ်ကို ရှုတယ်လို့လည်း မိမိ မသိတော့ဘူး ဘယ်လိုသာ သိနေတုံး (ဖြစ်ချုပ်ပဲ သိပါတယ် ဘုရား)။

ဖြစ်ချုပ် ဒုက္ခကြီးသာ တွေ့နေတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) ဘာတွေ တွေ့ရမယ် (ဖြစ်ချုပ် ဒုက္ခကြီးသာ တွေ့ရပါတယ် ဘုရား)။

ကတဉာဏ်လာတော့မလို့

အဲဒါ ကတဉာဏ် လာတော့မယ်ဆို ဒါချည်း ဆက် တွေ့ တော့တာ ဒကာ ဒကာမတို့ ကတဉာဏ် လာမယ် ဆိုတော့ ဘာတွေ့ရ (ဖြစ်ချုပ်သာ တွေ့ရပါတယ် ဘုရား)။

ဖြစ်ချုပ် ဒုက္ခကြီး ဆက်တွေ့နေတာ ရုပ်လား၊ နာမ်လား ၊ ကိုယ့်ဟာကိုယ် မသိတော့ဘူး၊ သဘောကျပလား (မှန်ပါ)။

ရုပ်နာမ်လို့ကို ခွဲမနေချင်ဘူး၊ အဲ့ဒါတွေ အောက်ဉာဏ် တွေလို့မှတ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်ထဲမှာထင်လာတယ်

ရုပ်နာမ်ခွဲနေတာတွေက အောက်ဉာဏ်တွေလို့မှတ် ကတဉာဏ် ရောက်ခါနီး ကျတော့ ကို စက်ယန္တရား၊ ရဟတ်များသို့ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည် လို့ ဉာဏ်ထဲမှာ ထင်လာတာကိုဗျ။

ဉာဏ်ထဲ ဒီလို ထင်လာတယ်၊ ဒုက္ခစက်ကြီး လည်နေတာပဲ ထင်တယ် ဘာမှ မထင်လာ တော့ဘူး (မှန်ပါ)။

ဦးခင်မောင် ဒီဥစ္စာ ဒီပုံမှာ ရှင်းပြီး သကာလ ပြရတဲ့ အတွက် ဒကာ ဒကာမတွေ ဒီအတိုင်းမြင်မှ အမြင်မှန် ကတဉာဏ် ဆုံးတော့မလို့ လာတာကိုးလို့ ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

ဒုက္ခစက်ကြီးလည်နေတာ

ဘာကြီး လည်နေတာ မြင်ရမတုံး (ဒုက္ခစက်ကြီး လည်နေတာမြင် ရမှာပါ ဘုရား) ဒုက္ခစက်ကြီး လည်နေတာ ရုပ်တွေ နာမ်တွေ ပေါ်သေးရဲ့လား (မပေါ်တော့ပါဘူး ဘုရား)။

မပေါ်တော့ပါဘူး ဖြစ်တာရယ်၊ ပျက်တာရယ်၊ ဖြစ်တာရယ် ပျက်တာရယ်၊ ဖြစ်ဒုက္ခ ရယ် ပျက်ဒုက္ခရယ်၊ ဖြစ်ဒုက္ခရယ်၊ ပျက်ဒုက္ခရယ် ဆိုတဲ့ ဒကာ ဒကာမတွေ ဒီနှစ်ခုသာလျှင် ဉာဏ်အောက် ရောက်လာ တာဖြင့် ဒီနှစ်ခုပဲ တွေ့တော့ တယ်။

ရုပ်လည်း မတွေ့ဘူး၊ နာမ်လည်း မတွေ့ဘူး၊ ပုဂ္ဂိုလ်လည်း မတွေ့ဘူး၊ သတ္တဝါလည်း မတွေ့ဘူး၊ ပညတ်လည်း မတွေ့ဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာမှ မတွေ့တော့ဘူးတဲ့ ဒုက္ခတစ်ခုတည်းသာ လှည့် တွေ့နေတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုများ နေ (ဒုက္ခ တစ်ခုတည်းသာ လှည့်တွေ့ နေပါတယ် ဘုရား)။

ဒါကြောင့် ပစ္စုပဋ္ဌာန် ဆိုတဲ့ ဥစ္စာ ဉာဏ်ထဲကို ထင်ဖို့ဟော တာနော် (မှန်ပါ့)။

ဒီလိုမြင်မှ အမြင်မှန်

ဉာဏ်ထဲမှာ ယောဂီပုဂ္ဂိုလ်များမှာ ဒီလိုထင်မှ အထင်မှန်၊ ဒီလိုမြင်မှ အမြင်မှန် ဆိုတဲ့ဥစ္စာ အတော် အရေးကြီးတယ် (မှန်လှပါ ဘုရား)။

စက်ယန္တရား၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည်ဟု ဉာဏ်ထဲမှာ ထင်လာတယ်။

ဒုက္ခတွေ လည်ပတ် နေတာသာ ထင်လာတယ် (တင်ပါ) နောက်တစ်ခုလာလည်း ဒုက္ခပဲ၊ ချုပ်သွားတာ လည်း ဒုက္ခပဲ၊ တွေ့ရတာ လည်း ဒုက္ခပဲ ဘာမှ မလှည့်တော့ဘူး ဒုက္ခ လည်နေတာပဲ တွေ့တယ် သဘောကျပလား (ကျပါတယ် ဘုရား)

ဘာတွေ လည်နေတာတွေ့ (ဒုက္ခတွေ လည်နေတာ တွေ့ပါတယ် ဘုရား) အဲ ဒုက္ခတွေ လည်နေတာ တွေ့တော့မှ ဒကာ ဒကာမတို့ ဖျတ်ဆို ဒုက္ခတွေ လည်နေတဲ့ အခါမှာ အလှည့် ဉာဏ်က ပြောင်း ထွက်သွားတယ်။

မဂ္ဂင်ငါးပါး

ဒုက္ခတွေ လည်နေတုန်းကဖြင့် အင် ဒီဥစ္စာသည် မဂ္ဂင်တွေတော့ ထိုက်တန် သလောက် ဖြစ်တာပဲ ငါးပါး လောက်တော့ ဖြစ်နေတာပဲ။

ဖျတ်ဆို ဒီဒုက္ခကြီးဟာဖြင့် လည်နေတဲ့ ဒုက္ခကြီးဟာဖြင့် ဘဝများစွာ သံသရာကလည်း မတွေ့ဖူးဘူး၊ ခုမှ ကိုယ့်ခန္ဓာ ဒုက္ခစက်ကြီး လည်နေတာကို ကိုယ့်ကိုယ်တိုင် သိရတဲ့အတွက်။

မဂ္ဂင်ရှစ်ပါး

ဪ ဒီဒုက္ခကြီးနဲ့ ဖြင့် ကြုံလည်း မကြုံချင်ပါဘူး၊ ဆုံလည်း မဆုံချင်ပါဘူး၊ နေလည်း မနေချင် ပါဘူး၊ လိုလည်း မလိုချင်ပါဘူး၊ ရလည်း မရချင်ပါဘူး ဆိုတာ တစ်ခါတည်း မဂ္ဂင်ရှစ်ပါး ပြောင်း ထွက် သွားတယ်။

ပြောင်းထွက် သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဖျတ်ဆို ဒုက္ခကြီးက ဉာဏ်အောက် မှာပင် ပျောက်ထွက် သွားတယ်၊ ဘာပျောက်သွားတုံး ခုနက လည်နေတဲ့ ဒုက္ခကြီး ဘယ့်နှယ် ဖြစ်သွားတုံး (ပျောက်ထွက် သွားပါတယ် ဘုရား)။

ပျောက်သွားတယ်၊ ပျောက်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့၊ သူလည်း ပျောက်သွားရော ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ဘယ့်နှယ့် ဖြစ်လာတုံး

အင်း ဒီဥစ္စာ ဒုက္ခ မရှိတဲ့နေရာ ဒီနေရာကိုး ဆိုတာ တစ်ခါတည်း ဉာဏ်က စိုက်သွားတယ် (မှန်လှပါ)။

ဒုက္ခမရှိတဲ့နေရာ

ဒုက္ခပျောက်သွားတော့ ဒုက္ခ မရှိတဲ့နေရာ ဉာဏ်က စိုက် သွားတယ်၊ သဘောကျပလား (မှန်ပါ့)။

ဒုက္ခပျောက်သွားတော့ ဉာဏ်က ဘယ်ဆိုက် သွားတုံး (ဒုက္ခ မရှိတဲ့နေရာ) ဒုက္ခ မရှိတဲ့နေရာ ဆိုက်သွားတယ်။

ဒါဖြင့် ဒုက္ခပျောက်တာလည်း သူသိလိုက်တယ်၊ ဒီဉာဏ် ဟာနော် ဒုက္ခ မရှိတဲ့နေရာ ဆိုက်သွား တာလည်း သူ ဆိုက်သွားလို့ သူမသိပေဘူးလား (သိပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာကိုလည်း ပိုင်းခြားတာ တစ်ပြိုင်တည်း နိရောဓ သစ္စာဆိုတဲ့ ဒုက္ခ မရှိတဲ့ နေရာ ဆိုက်သွားတော့ နိရောဓ မြင် တာလည်း တစ်ပြိုင်နက်တည်းလို့ မှတ်ရမယ် (တင်ပါ့)။

အဲဒီလို မြင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သြော် တစ်ခါ မြင်တယ်ဆို ကြာတာမှ မဟုတ်ပဲ မဂ်ပြီး ဖိုလ်လာ ပစ်လိုက် တာကိုး မဂ်ကတစ်၊ နှစ်။

တစ်၊ နှစ် ချုပ်သွားပြီးနောက် ဖိုလ်၊ မဂ္ဂင်ပြီးတော့ ဖိုလ် ပြန်လာတာပဲ ဆိုသော် ငြားလည်း ဒီအတိုင်းပဲ လာတာပဲတဲ့။

မဂ်အမြင်

အဲဒီလို လာတဲ့ အခါကျတော့မှ ဖိုလ်ကလည်း အဲဒီ ဖိုလ်ကျတော့ ခုနက မဂ်တုန်းကတော့ ဒုက္ခ ချုပ်တာရယ်၊ အင်း ဒုက္ခ ဖျတ်ခနဲ ချုပ်တာရယ်၊ နိရောဓ ပေါ်တာရယ် တစ်ပြိုင်တည်း မြင်လိုက်တယ်။

နောက် မဂ်ချုပ်သွားတဲ့ အခါကျတော့ ဖျတ်ဆို သောတာပတ္တိ ဖိုလ် လေး ပေါ်လာတဲ့ အခါကျတော့ ဒုက္ခချုပ်တာ သူမမြင်တော့ဘူး နိဗ္ဗာန် တစ်ခုတည်း၊ ဒီဒုက္ခ ချုပ်တဲ့ နေရာသာ၊ ဒုက္ခချုပ်တဲ့ သဘော ဒါကိုသာ မြင်တော့တယ်- ဒုက္ခ မမြင်တော့ဘူး။

မဂ်အမြင်နဲ့ ဖိုလ်အမြင်ခြားနားတယ်

ဒါဖြင့် မဂ်အမြင်နဲ့ ဖိုလ်အမြင် အတော် ခြားနားတယ် ဆို တာကော သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ် အမြင်က ဒုက္ခပဲ ပိုင်းခြားတယ်၊ နိရောဓပဲ မြင်တယ်၊ ရှင်းပလား (မှန်ပါ့)။

ဖိုလ် အမြင်က ဒုက္ခ မမြင်ဘူး၊ ရှင်းပလား (မှန်ပါ့) နိရောဓသာ မြင်တယ်၊ ဒါ အသေအချာ စဉ်းစား နားထောင်မှ ဒီနေ့ တရားက ဒကာ ဒကာမတို့။

မဂ် အမြင်ကတော့ ဘာတုံး (ဒုက္ခချုပ်တာ မြင်ပါတယ် ဘုရား) ဒုက္ခ ချုပ်တာပဲ မြင်လိုက်တယ်၊ နိရောဓ ပေါ်လာ တာလည်း သိလိုက်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နောက် ဒီနောက်စိတ် ကလေး လာတော့ ဖိုလ်ဆိုတဲ့ ဥစ္စာကတော့ ဒကာ ဒကာမတွေ ခုနက ဒုက္ခချုပ်တာ သူက မမြင်ဘူး။

ဖိုလ်အမြင်

မဂ်မြင်ပြီးသား ဖြစ်တဲ့ ဖိုလ်တစ်ခုသာ ကွက်မြင်တယ်၊ နိဗ္ဗာန် တစ်ခုသာ ကွက်မြင်တယ်လို့ မှတ်ပါ။ ရှင်းပါလား (ရှင်းပါပြီ ဘုရား)။

ဖိုလ်ကတော့ ဘာတွေ မြင်တုံး (နိဗ္ဗာန်တစ်ခုသာ – မြင်ပါတယ် ဘုရား)။ အဲ ဒုက္ခချုပ်ပြီးသား နိဗ္ဗာန် တစ်ခုကို သာလျှင် ကွက်ပြီး မြင်တာက ဖိုလ်။

နှစ်ခု ပြိုင်ပေါ်တာက မဂ်၊ တစ်ခုတည်း မြင်တာက (ဖိုလ်) အေး ဒီအတိုင်းမှတ်။

ပစ္စဝေက္ခဏာစိတ်

နောက်လာမဲ့ စိတ်တွေကတော့ ဒီအတိုင်းချည်းပဲမှတ် ဖိုလ်နောက်က နေပြီး ပစ္စဝေက္ခဏာ စိတ်ဆိုပြီး ဦးဘတင်တို့ လာလိမ့်မယ်နော် (မှန်ပါ့)။

အဲဒိ လာတာ ဟူသ၍ ကတော့ နိဗ္ဗာန် တစ်ခုတည်းပဲ သူကတော့ နှစ်ခု မရှိတော့ဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာ အလွန်အရေးကြီးပါလား ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဉာဏ်ထဲမှာပင် သာမည နားနဲ့တော့ ထောင်လို့ မရဘူး၊ အလုပ်သမားမှ ရတာ။

ဦးဘတင် ဘယ်လို ပုဂ္ဂိုလ်မှ ရတုံး (အလုပ်သမားမှရ ပါတယ် ဘုရား)။ အလုပ်သမားမှ ရမယ် ဆိုတော့ ဒါက ဘုရားသခင် ကိုယ်တော်မြတ်ကြီး နှင့်တကွ ပဋိသမ္ဘိဒါမဂ်က ဟောလို့ ဘုန်းကြီး များက သေသေချာချာ မြင်ပုံ နှစ်မျိုးကို ခွဲခြားပြီး ပြောရခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့ ခွဲခြားပြီး ပြောရခြင်း ဖြစ်တော့ကို ဒကာ ဒကာမတွေက ကိုယ်တိုင် လုပ်ကြည့်တော့ ဒီဟာပဲ လာရမယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တိုင် လုပ်ကြည့်တော့ (ဒီဟာပဲ လာရမှာပါ ဘုရား)။ မဂ်အမြင်က နှစ်ခု သဘောကျပလား (ကျပါတယ် ဘုရား)။

ဖိုလ် အမြင်က (တစ်ခုပါ ဘုရား) နောက်တစ်ခါ ဖိုလ့်နောက်က လာတဲ့ ပစ္စဝေက္ခဏာ ဆင်ခြင်တဲ့ အမြင်ကကော (တစ်ခုတည်း) တစ်ခုတည်း ချည့်ပဲ၊ နိဗ္ဗာန် တစ်ခုတည်း ချည့်ပဲ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲတော့ကို ဘုန်းကြီးက ဒီကနေပြီးတော့ ချပြပါ့မယ်တဲ့ ဒကာ ဒကာမတို့ ဒီကနေ ပဋိစ္စသမုပ္ပါဒ်က ဒကာ ဒကာမတွေ သူမပါရင် မပြီးဘူး။

ဘာလို့သူမပါရင် မပြီးလဲ ဦးခင်မောင်ကမေးမေး၊ ကိုမြရွှေ တို့က မေးမေးပေါ့ဗျာ၊ သူ့ဒုက္ခကို ဘုန်းကြီးတို့က ပြရဦးမှာကိုဗျ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ခန္ဓာ

ခန္ဓာကိုယ်ကတော့ ဘာခန္ဓာကိုယ်တုံး မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာလို့ ဆိုရုံပဲရှိမယ်(မှန်ပါ့)။

ခန္ဓာက ဘာခန္ဓာ (ပဋိစ္စသမုပ္ပါဒ် ခန္ဓာပါ ဘုရား)။ သဘောကျပလား (မှန်ပါ့) ခန္ဓာက ဘာခန္ဓာ ပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ခန္ဓာပါ ဘုရား)။

ခန္ဓာက ပဋိစ္စသမုပ္ပါဒ်ခန္ဓာ ဒါက ဘယ်သူမှငြင်းစရာ မလိုတော့ဘူး၊ လိုသေးလား (မလိုပါဘူး ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ရပ်သွားတဲ့ အခါကျပြန်တော့လည်း နိဗ္ဗာန်ကိုးဗျ (မှန်ပါ့)။

မရပ်သေးရင် ဒါ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ၊ အမျိုးမျိုး ဒီခန္ဓာတွေဟာ ပဋိစ္စသမုပ္ပါဒ် ချည့်ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ရပ်သွားလို့၊ ချုပ်သွားတယ်ဆိုရင်လည်း နိဗ္ဗာန်ပဲကိုး မရပ်သေးရင် ဘာခန္ဓာ ဆိုကြမတုံး (ပဋိစ္စသမုပ္ပါဒ် ခန္ဓာပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မရပ်သေးရင် ဘယ်ခန္ဓာမဆို ဘယ့်နှယ် – (ပဋိစ္စသမုပ္ပါဒ် ခန္ဓာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ – ဒကာမတွေက တခြားစီ မှတ်မနေပါနဲ့ အတူတူပဲ လို့မှတ်ပါနော် (မှန်ပါ့)။

ကတဉာဏ်မြင်ပုံပြမယ်

ကဲ့ ခင်ဗျားတို့ ကတဉာဏ် မြင်ပုံကို အသေအချာ အကွက်ချ ပြတော့မယ်နော်၊ ကတဉာဏ် မြင်ပုံကို အကွက်ချပြမယ်လို့ မှတ်ကြပါ (မှန်ပါ့)။

ဘာပြမယ် (ကတဉာဏ် မြင်ပုံကို အကွက်ချ ပြမှာပါ ဘုရား)။ အေး အကွက်ချပြမယ်တဲ့ ဒါ ကိုယ့်ဘဝကြီး ကိုယ့်ဘဝ ကို ဒကာ ဒကာမတို့ ဒီဘက်က အဝိဇ္ဇာ မှတ်တာပေါ့၊ ဟုတ်ဘူးလား။

ဒီဘက်က သင်္ခါရမှတ်တာပေါ့၊ ဒီဘက်က ဝိညာဏ်၊ သဘောကျပလား၊ ဒီဘက်က ဘာတုံး (နာမ်ရုပ်ပါ ဘုရား)။

အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာကတော့ မပါရင် မဖြစ်ဘူးတဲ့ ဒါ ဒုက္ခက္ခန္ဓဿကြီးဆိုတော့ ဦးခင်မောင် ဒီဒုက္ခကတော့ဖြင့် လှည့်ပေါ်ရမှာပဲ (မှန်ပါ့)။

လှည့်ပေါ်မှာပဲ (မှန်ပါ့) တခြား လှည့်ပေါ်လို့ရ ပါ့မလား (မရပါဘူး ဘုရား)။

ဘာပြုလို့ ဒီခန္ဓာကိုယ်တော့ဖြင့် မတန်းလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။ မဖြစ်လို့ တန်းပြ မယ်တဲ့ ပြီးတော့မှ ဘုန်းကြီးက ဒုက္ခ၊ ဒုက္ခစက်လည်ပုံကို ခင်ဗျားတို့ ဉာဏ်ထဲကို ထင်ပုံ ပြမပေါ့ နော်(မှန်လှပါ)။

ကဲဒါဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ ဒီဘက်က ဘာခေါ်ကြမတုံး (သဠာယတနပါ ဘုရား) သဠာယတန ထုံးစံအတိုင်း ဒါ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဒီဘက်က ဖဿ ဟုတ်လား။ ဒီဘက်က ဘာတုံး (ဝေဒနာပါ ဘုရား) ဝေဒနာ။

ဒီဘက်က (တဏှာ) တဏှာ ထုံးစံအတိုင်းသွား ဒီဘက်က (ဥပါဒါန်) ဥပါဒါန် ဒကာ ဒကာမတို့ ဒါလည်း ရထား ရမယ်နော် (မှန်ပါ့)။

ဒီဘက်က ကံ၊ ကမ္မဘဝ၊ ကဲ ဒီဘက်က ဘာတုံး (ဇာတိ)။ ဇာတိ၊ ဒီဘက်က ဇရာ၊ မရဏဆိုကြပါစို့ နော်။

ဒကာ ဒကာမတို့ ဒီဘက်က နှစ်လုံးက ဘာပါလိမ့် (ဇရာ၊ မရဏ ပါ ဘုရား)။ ဇရာ၊ မရဏလို့ မှတ်ထားတော့ကို ပေါင်းလိုက်တော့ တစ်ဆယ့်နှစ်ခု မရှိဘူးလား။

ဒီ (၁၂)ခုက ခန္ဓာကြီး

ဒီတစ်ဆယ့်နှစ်ခုက ထုံးစံဆယ့်နှစ်ပဲ ထားပါတော့နော်၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်၊ တစ်ဆယ့်တစ်၊ တစ်ဆယ့်နှစ် ကိုက်ပလား (ကိုက်ပါပြီ ဘုရား)

ကောင်းပြီ ဘာတွေတုံးလို့ မေးလို့ရှိရင်ဖြင့်၊ ဘာတွေတုံး မေးလို့ရှိရင် ဖျတ်ခနဲ ပြောလိုက်ရင် ဒါပဋိစ္စသမုပ္ပါဒ် အားလုံး ဒကာ ဒကာမတွေ ပြောကြမှာပဲ နော် (မှန်ပါ့)။

ဟာ မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ၊ ဒကာမတို့၏ ခန္ဓာ ဖြစ်စဉ်ပဲဆိုရင်ကော ဒီ ခန္ဓာကြီးလို့ ဆိုရင်ကော လွဲသလား (မလွဲပါဘူး ဘုရား)။

တစ်ခုချုပ်ပြီးမှတစ်ခုဖြစ်

ဒီခန္ဓာကြီးလို့ ဆိုရင်ကော မလွဲဘူးနော် (မလွဲပါဘူး ဘုရား) ကောင်းပြီ ဒီခန္ဓာကြီးဆိုရင် မလွဲဘူး၊ နို့ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီလိုပဲ တန်းနေသလားဗျ၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်သလားလို့ မေးပြန်တော့လည်း ဘယ့်နှယ် ဖြေကြမတုံး (တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ပါတယ် ဘုရား)။

သြော် ဒီလိုဆိုလို့ရှိရင်တော့ အတန်း မဖြစ်ဘူးပေါ့ (မှန်လှပါ ဘုရား)။ မဟုတ်ဘူးလား (မှန်ပါ့)။ အတန်းရှိသေး ရဲ့ လား (မရှိပါဘူး ဘုရား) မရှိရင်တော့ အတန်းမှ မပြလို့ ရှိရင်တော့ တစ်ဆယ့် နှစ်ခုတော့ ပြည့်မှာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။ နော် (မှန်ပါ့)။

အတန်းမှ မပြရင် တစ်ဆယ့် နှစ်ခုတော့ ပြည့်မလား ဒကာ ဒကာမတို့ (မပြည့်ပါဘူး ဘုရား)။

ခန္ဓာကိုယ်ထဲတန်းနေတယ်လို့မှတ်မနေနဲ့

မပြည့် ပြည့်အောင်လည်း ပြရတယ်၊ ဒီလို တန်းနေတယ်လို့ လည်း ခန္ဓာကိုယ်ထဲ မှတ်မနေနဲ့ဦး (မှန်ပါ့)၊ တစ်ခုဖြစ်ပြီးမှ တစ်ခုဖြစ်တယ် (မှန်ပါ့)။

တစ်ခုချုပ်ပြီးမှ (တစ်ခု ချုပ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ တယ် မလွယ်ပါလားဗျ နော် (မှန်ပါ့) မလွယ်ဘူးတဲ့။

ငယ်မှတ်တွေ ဖျောက်ပြီး သကာလ ဘုန်းကြီးဟောတဲ့ ဆီကို ဉာဏ်နဲ့ ရှုကြပါလို့ ပြောလိုက်တယ် (မှန်ပါ့) ဒီငယ်မှတ် တွေ ဖျောက်မယ်နော် (မှန်ပါ့)။

ငယ်မှတ်ဆိုတာ မိဘရိုးရာ ပြောနေတာပဲ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့အတိုင်း တစ်ဆယ့်နှစ်ခု တန်းနေတာပဲ (မှန်ပါ့)။

ဟ တစ်ဆယ့်နှစ်ခု တန်းနေလို့ရှိရင်ဖြင့် မိစ္ဆာ ဖြစ်နေမှာပေါ့ (မှန်ပါ့)။ ဒုက္ခကော ဖြစ်နိုင်သေး ရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။

တစ်ဆယ့်နှစ်ခုကဖြစ်စဉ်

မဖြစ်ဘူး၊ တစ်ဆယ့်နှစ်ခုလုံး တန်းမနေပေဘူး၊ တစ်ဆယ့် နှစ်ခုက ဖြစ်စဉ်လို့ မှတ်ပါ (မှန်လှပါ) ဘယ်လို မှတ်ကြမယ် (ဖြစ်စဉ်ပါ ဘုရား)။

ဖြစ်စဉ်၊ ဖြစ်စဉ် ဒကာ ဒကာမတို့ တစ်ဆယ့်နှစ်ခုက ဘာတုံး (ဖြစ်စဉ်ပါ ဘုရား)။

အချိန်ပိုင်းဖြစ်တာကို ပြတာပါ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ တကယ် ဖြစ်နေတာ ကတော့ဖြင့် ခန္ဓာကိုယ်ထဲမှာ တစ်ခု တစ်ခုစီလို့ မှတ်တာပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဥစ္စာလဲတဲ့ ဒုက္ခစက်ကြီး လည်ပုံတော့ဖြင့် ဒကာ ဒကာမတွေ ရှင်းပြဦးမယ်၊ ဘုရားဟောတော် မူတဲ့နည်း အတိုင်း ဒုက္ခစက်ကြီး လည်နေပုံလည်း ရှင်းပြမယ် (မှန်ပါ့)။

ဒါက ခု ပထမလည်မှာက ဒကာ ဒကာမတွေ သံသရာ ဒုက္ခကို ပြတာ၊ နောက် ဒုတိယ လည်မှာက ယခုဖြစ်နေတဲ့ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်၏ လည်ပုံကိုပြမှာ။

ခု ပြမှာက ဘာတုံး (သံသရာလည်ပုံပါ ဘုရား) သံသရာလည်ပုံ၊ သံသရာထဲမှာ နေခဲ့၊ ထိုင်ခဲ့ ရတဲ့ ဖြစ်စဉ်ကိုပြမှာ (မှန်ပါ့)။

ဟို ကတဉာဏ်ကတော့ တကယ်မြင်မှာကတော့ ယခုဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်၏ ဒုက္ခကို မြင်လိမ့်မယ် (မှန်ပါ့)။

သို့သော် ဒီ အကျယ်ကို သဘောမကျပဲနဲ့ အကျဉ်းကို သဘောကျမယ် မဟုတ်ဘူး (မှန်ပါ့)။

ဒါကြောင့် ရှေ့ပိုင်းက ဘာကိုပြတုံး (သံသရာ လည်ပုံ ကို ပြပါတယ် ဘုရား)။ သံသရာ လည်ပုံ ဆိုတော့ တစ်သံသရာလုံး လည်ပုံကို ပြတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလည်ပုံပါလိမ့် (တစ်သံသရာလုံး လည်ပုံပါ ဘုရား) သြော် တစ်သံသရာလုံး လည်ပုံကို ပြမယ်၊ ကောင်းပြီ ဒါက အကျယ်နော် (မှန်လှပါ)။

အကျယ်ပြီးတော့မှ ကတဉာဏ် အစစ်ကို ပြောရတော့ မယ် ဆိုတော့၊ လည်ပုံကျတော့ ယ္ခုခန္ဓာထဲပေါ်တဲ့၊ ယ္ခုခဏ ပဋိစ္စသမုပ္ပါဒ် ပြလိမ့်မယ် နောက် ကတဉာဏ်ကျတော့ (မှန်ပါ့ ဘုရား)။

သို့သော် အကျယ် မပြောပဲနဲ့၊ အကျဉ်းကို ပြောလိုက်လို့ ရှိရင်ဖြင့် အတိတ်က မပါဘူးလို့၊ သင်္ခါရ- မပါဘူးလေ၊ ဇာတိ၊ ဇရာ မပါဘူးလေး၊ ဖြစ်ချင် ဖြစ်နေမယ် (မှန်ပါ့)။

မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲ့ ဒါကြောင့် ဒီဥစ္စာကို ရှေ့ပိုင်းက ဒါကိုမှတ်ပါ။ နောက်ပိုင်းက ကတဉာဏ် လာပုံကို ရှင်းပြမယ် သဘောကျပလား (ကျပါတယ် ဘုရား)။

အံမာလေး ခင်ဗျားတို့ တရား ဟောရတာများ လွယ်တယ် များ ထင်မနေနဲ့ဦးနော် (မလွယ် ပါဘူး ဘုရား)။

အခုပြလိုက်တဲ့ ပဋိစ္စသမုပ္ပါဒ် ခုဖြစ်နေတဲ့ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ။

ယ္ခု ဒွါရခြောက်ပေါက်က လာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပြမယ် ဆိုလို့ရှိရင် ဟောဒီ အဝိဇ္ဇာ သင်္ခါရ ကိုမပါဘူး၊ ပါမလား (မပါ ပါဘူး ဘုရား)။

ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏ (မပါ ပါဘူး ဘုရား) မပါတော့ ဘယ့်နှယ့် ပဋိစ္စသမုပ္ပါဒ် ပါလိမ့်မတုံး ဖြစ်ဦးမလား၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နှစ်မျိုး

အဲတော့ကို မူလ ပဋိစ္စသမုပ္ပါဒ်၊ ပဝတ္တိ ပဋိစ္စသမုပ္ပါဒ် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိတုံး (နှစ်မျိုး ရှိပါတယ် ဘုရား)။

မူလ ပဋိစ္စသမုပ္ပါဒ် မူလဆိုတာ အစကတည်းက လာတာ (မှန်ပါ့)။

ပဝတ္တိပဋိစ္စသမုပ္ပါဒ်

ပဝတ္တိ ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ယ္ခုမှပေါ်လာတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) ဘာတဲ့ (မူလ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုး၊ မူလ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုး ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ပြန်ပြောပါဦး (မူလ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုး ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုးပါ ဘုရား)။

မူလပဋိစ္စသမုပ္ပါဒ်

အဲ မူလ ပဋိစ္စသမုပ္ပါဒ်ဆိုတာ တစ်သံသရာလုံး လည်ခဲ့ရတယ် အဲ့ဒါ မူလ ဘူတ ပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

ပြီးတော့ ဒီ ကတဉာဏ်ကို တကယ် ဟောတော့မယ်။ ထင်မြင်ပုံကို တကယ် ဟောတော့မယ် ဆိုတော့ မူလလို့ မဟော နိုင်တော့ဘူး (မှန်ပါ့)။

ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ကို ဟောရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဝတ္တိ ပဋိစ္စသမုပ္ပါဒ် ဘာလို့ ဟောရမတုံး အို ယခုဖြစ်တဲ့ ခန္ဓာ ရှုရမပေါ့၊ အဝိဇ္ဇာ၊ သင်္ခါရ တို့ကို ရှုမနေနိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဟို ဇာတိ၊ ဇရာ၊ မရဏနဲ့ မသေသေးလို့ တွေ့ပါမလား (မတွေ့ပါဘူး ဘုရား) မတွေ့ သေးတော့ အဲဒီကျတော့ ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ကို ဟောရမယ် (မှန်ပါ့)။

ကဲ ဦးခင်မောင် ပဋိစ္စသမုပ္ပါဒ် ဟောနည်းကိုက အတော်ခက်နေတာ (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဒီဟာကြီး ဟောလိုက်မယ်ဆိုတော့လည်း ခင်ဗျားတို့ရိုးရာ ပဋိစ္စသမုပ္ပါဒ်ကြီး နားလည်မှု ရှိအောင် ကိုလည်း ဒါမပြောလို့ရှိရင် လည်းမတော်ဘူး (မှန်ပါ့) တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

ဒါ ဘယ့်နှယ် အရင်းပျောက်၊ အဖျားပျောက်၊ ဒီလိုမနေ ပေဘူးလား (နေပါတယ် ဘုရား)။

အဲ့တော့ အရင်းလည်း မပျောက်အောင် အဖျားလည်း မပျောက်အောင် မူလ ပဋိစ္စသမုပ္ပါဒ်ကို ရှေးဦးစွာ တရားနာ (မှန်ပါ့)။

ပြီးတော့မှ ကတဉာဏ် ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ကို ဘုန်းကြီး ရှင်းပြမယ်(မှန်ပါ့) ဒီထဲ ပဝတ္တိလည်း ပါတော့ ပါပြီးသားပဲ။

ပါပင် ပါငြားသော်လည်း ခင်ဗျားတို့က နှစ်ခုခွဲမှရမယ် နှစ်ခုမခွဲရင် (မရပါဘူး ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ယနေ့ နားကြီးကြီးနဲ့ ထောင်မှ ရမပေါ့ဗျာ (မှန်ပါ့) နားသေးသေးနဲ့ ထောင်ရင်တော့ (မရပါဘူး ဘုရား)။

နားကြီးကြီးနဲ့ဆောင်ပါ

မရဘူးတဲ့ အသေအချာ မှတ်ပါ၊ နားကြီးကြီးနဲ့ ထောင်ပါ ကိုင်း ဒါဖြင့် ဒီဥစ္စာကြီးတော့ဖြင့် မိဘရိုးရာ နှင့်တကွ ခင်ဗျားတို့က ဘုရားရှိခိုးတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ သိပြီသားပဲ ထားပါတော့။

ဘုရားရှိခိုးတော့ ကံမထည့် ကြဘူးလား (ထည့်ပါတယ် ဘုရား) ဘာပြုလို့ထည့်တာတုံးဗျ ရှေးရိုးထုံးစံ ရလို့ထည့်တာ(မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ရှည်အောင်လို့ ထည့်တာပေါ့ ရှည်အောင်လို့ ထည့်တော့ သူကလည်း ဘာမှ မဆိုင် ဘူးနော် (မှန်ပါ့) သူကလည်း ဘာမှမဆိုင်ဘူး ဒီဥစ္စာ။

လိုရင် နှလုံးသွင်းတတ်ဖို့၊ သူနဲ့ ပတ်သက်လို့လည်း အန္တရာယ်ကင်းတယ်၊ ဘယ်အကြောင်း မရှိဘူး၊ ရှိပါ့မလား (မရှိပါဘူး ဘုရား)။

သူနဲ့ပတ်သက်လို့ အန္တရာယ်ကင်းတယ် ဘယ်အကြောင်း မရှိဘူး သို့သော်လည်း ဒကာ ဒကာမတွေက ဒီဥစ္စာ ဝတ်ရွတ်စဉ် မှာတော့ ဒီဥစ္စာက ပါပြီး သကာလ နေတော့ ကိုယ့်ဖြစ်စဉ်ပဲလို့လည်း သိဖြစ်တာလည်း မဟုတ်ဘူး။

ဒီလိုကော ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား) ဒီလိုလည်း မဟုတ်ဘူး၊ ကိုယ့်ဖြစ်စဉ်လို့လည်း သူမသိဘူး ခက်လိုက်တာက ဘာဖြစ်လို့တုံး အို ဝတ်ရွတ်စဉ် ပါလို့သာ ဆိုကြပါစို့၊ နောက်ဆုံးပိတ် ထိုင်တော့လေ (မှန်ပါ့)။

ဘယ်ထိုင်ရမတုံး (ဝတ်ရွတ်စဉ်ပါ ဘုရား) ဝတ်ရွတ်စဉ်ပါ လို့သာ၊ အဲဒါကိုမသိတာ အတူတူပဲ။

သံသရာကြီး လည်ပုံဆိုလို့ရှိရင် ဒါကို ဦးခင်မောင်တို့ ဦးဘတင်တို့ လည်တယ် ဆိုတာ ဘီးက လည်တာကိုးဗျ (မှန်ပါ့)။

လှည်းဘီးမျိုးမှ လည်တာနော် (မှန်ပါ့) ဒါဘီး မဖြစ်အောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထား တယ် (မှန်လှပါ)။

အဝိဇ္ဇာသင်္ခါရက အတိတ်ဘဝ

ဟောထားတော့ ဒကာ ဒကာမတွေ ဒီအထဲမှာ နဂိုက ဘုန်းကြီး သင်ထားတာက အဝိဇ္ဇာ၊ သင်္ခါရက အတိတ်ဘဝလို့ သင်ထားတယ်နော် (မှန်ပါ့) မနှစ်က သင်ထားတယ်မို့လား (မှန်ပါ့)။

အဝိဇ္ဇာ သင်္ခါရက ဘာတုံး (အတိတ်ဘဝပါ ဘုရား) အေး ဇာတိ၊ ဇရာ၊ မရဏက (အနာဂတ် ဘဝပါ ဘုရား) အေး အနာဂတ်ဘဝနော် (မှန်ပါ့)။

ဒါက အတိတ်ဘဝ၊ ဒီကြားထဲက ဟာက (ပစ္စုပ္ပန်ဘဝပါ ဘုရား) ပစ္စုပ္ပန်ဘဝ ဆိုတာ မနှစ်က မေ့ကုန်ကြပလား (မမေ့ပါဘူး ဘုရား) မမေ့နဲ့ဦး၊ မမေ့နဲ့ဦး၊ မေ့လည်း မေ့တဲ့လူက ခင်ဗျားတို့ ရောသာလိုက်။

အနာဂတ်ဘဝ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်က နှစ်ခု ဟုတ်လားဗျာ(မှန်ပါ့) အင်း အနာဂတ်က ဖြစ်စဉ်လာ လတ္တံ့ ကလည်း ဇာတိ၊ ဇရာ၊ မရဏ ထားလိုက်ပါတော့နော်။

အလယ် ရှစ်ခုဆိုတော့ ကိုက်မနေဘူးလားဗျာ (ကိုက်နေပါတယ် ဘုရား) ကိုင်း တစ်ဆယ့် နှစ်ခုတော့ ကိုက်ပါ တယ်တဲ့။

ဒါဖြင့် ဒကာ ဒကာမတို့ မနှစ်ကလည်း နည်းနည်း ပြောထားပါတယ်တဲ့ မူလ ပဋိစ္စသမုပ္ပါဒ် ကိုတော့ ဒီနှစ်ခုကို ဘုရားက ဘာဟောလိုက်သတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လှည်းဘီး အလယ်မှာ ပဒေါင်းကြီး (မှန်လှပါ) မဟောဘူးလား မနှစ်က (ဟောပါတယ် ဘုရား)။

ဘယ်လိုများ ဟောပါလိမ့် (ပဒေါင်းကြီးပါ ဘုရား) ဒါက ကျုပ်တို့ ဒီ ဒေါက်တွေ တပ်စရာ ဒီလို သုံးတာ ဟိုဘက် ဒီဘက် ဒီမှာ အပေါက်တွေပါသပေါ့ဗျာ နော်။

အလယ် ပဒေါင်းကြီး ဆိုတာ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

လှည်းပဒေါင်းလည်ရင် ကျန်တာတွေလည်တယ်

အဲတော့ကိုးတဲ့ ဒကာ ဒကာမတွေ သိထားရအောင် သြော် အဝိဇ္ဇာ သင်္ခါရဆိုတာ သူ ဘီးလည်တဲ့ နေရာဌာနဖြင့် ဗဟိုက နေပြီး သူလည်ရင် ဒိပြင်ဟာတွေ ဒေါက်တွေ မလည်ပါနဲ့၊ သံပတ်ခွေကြီး မလည်ပါနဲ့ ဆိုလို့ ဦးခင်မောင် ရ မရ (မရပါ ဘူး ဘုရား)။

ဒီ ပဒေါင်းကြီး လည်ရင်လေ (မှန်ပါ့) ပဒေါင်းကြီး လည်ရင် ကျန်တာတွေက ဒေါက်တွေက မလည်ချင်ဘူး ဆိုလို့ (မရပါဘူး ဘုရား)။

မရဘူး အုပ်ထားတဲ့ သံပတ်ခွေကြီးက (လည်ရမှာ ပါ ဘုရား) လည်ရမယ်ဆိုတာ သဘော ကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာနဲ့ သင်္ခါရ ဒီမှာထား၊ အဝိဇ္ဇာနဲ့ ဟောဒိ ပစ္စုပ္ပန်ဘဝက ဒကာ ဒကာမတို့ တဏှာ၊ ဥပါန်၊ ကံလို့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ တဏှာ နှုတ်လိုက်၊ အစက အဝိဇ္ဇာ နှုတ်လိုက်၊ အလယ်က ပစ္စုပ္ပန်ဘဝက ဘာနှုတ်လိုက် (တဏှာပါ ဘုရား)။

အဝိဇ္ဇာနဲ့တဏှာကပဒေါင်း

အဝိဇ္ဇာနဲ့တဏှာကို ပဒေါင်း လုပ်လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လောက် ရထားတုံး (နှစ်ခု ရထားပါတယ် ဘုရား) ဒီနှစ်ခု ရသွားတယ် ဆိုတော့ ဒကာ ဒကာမတွေ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတွေ၊ ဒီနှစ်ခုဟာ ဘာဖြစ်လို့ ပဒေါင်းကြီးလို့ ဘုရားက ပြောရပါလိမ့် မတုံးလို့၊ အဋ္ဌကထာ ဆရာတွေ ဘယ့်နှယ်ကြောင့် ရေးရပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် သူဟာတဲ့ ဘီးမှာ သူမပါလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဒိပြင် ပစ္စည်း လည်ကို မလည်နိုင်ဘူးတဲ့ (မှန်ပါ့)။။

လည်နိုင်ပါ့မလား (မလည်နိုင်ပါဘူး ဘုရား) ဒါဖြင့် ပဒေါင်း ပါမှ ဘာတုံး (လည်နိုင်မှာပါ ဘုရား) လည်နိုင်တယ် ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဝိဇ္ဇာကသစ္စာမသိတာ

ကောင်းပြီ ပဒေါင်းဟာ နာမည် ဘယ်သူတဲ့တုံး မေးရင် ဘယ့်နှယ့် ပြောမတုံး (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)။

အဝိဇ္ဇာက သစ္စာလေးပါးမသိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာကခန္ဓာကိုယ်ခင်တာ

တဏှာက ဒီပစ္စုပ္ပန်ဘဝ ရောက်ရာ ကိုယ့်ခန္ဓာကြီးကို ခင်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာက ဘာတုံး (သစ္စာလေးပါး မသိတာပါ ဘုရား) တဏှာက (ပစ္စုပ္ပန်ဘဝ ရောက်ရာ ကိုယ့်ခန္ဓာကြီး ကိုခင်နေတာပါ ဘုရား)။

ယခု ပစ္စုပ္ပန် ဘဝထဲက နှုတ်လိုက်တော့၊ ပစ္စုပ္ပန်ဘဝ ခင်နေတဲ့ တဏှာ၊ ခင်ဗျားတို့က မခင်ကြဘူးလား (ခင်ပါတယ် ဘုရား)။

ကိုယ့်ကိုယ် ကိုများ “အဟံ အဝေရာ ဟောမိ” မလုပ်ကြ ဘူးလား၊ လုပ်ကြပါလား (လုပ်ပါတယ် ဘုရား)။

ဘာပြုလို့ လုပ်တာတုံး (ကိုယ်ခင်နေလို့ပါ ဘုရား)။ မေတ္တာ မဟုတ်ပါလား၊ နို့ ခင်ဗျားတို့ ဥစ္စာ ခင်လို့ လုပ်တာပါလား (ခင်လို့လုပ်တာပါ ဘုရား) နော်။

မေတ္တာလား၊ ခင်လို့ လုပ်ကြတာလား (ခင်လို့ လုပ်တာပါ ဘုရား)။

မေတ္တာကတော့ဖြင့် ဒကာ ဒကာမတွေ တခြားပါလား၊ ခင်တာက တဏှာပါလား ဆိုတော့ လွဲမနေ ဘူးလား (လွဲပါ တယ် ဘုရား)။

လွဲချင်လွဲ အဲ့ဒါတွေ မရှင်းနိုင်သေးဘူး အသာထားဦး ဒါတွေ ရှင်းရင် တစ်ညလုံး ရှင်းလို့ ပြီးမှာမဟုတ်ဘူး။

ဒါဖြင့် ဒကာ ဒကာမတွေ ဒါမရှင်းပဲနဲ့ အတိတ်ဘဝက ပါလာတဲ့ အဝိဇ္ဇာ (အဝိဇ္ဇာ) ဟုတ်လား၊ ဒီဘဝ ဒါပစ္စုပ္ပန် ဘဝလို့ ဘုန်းကြီးပြောတယ်မို့လား (ပြောပါတယ် ဘုရား)။

ပြောတော့ ဒီပစ္စုပ္ပန်ဘဝမှာ ကိုယ့်ခန္ဓာကိုယ်မခင်ဘူးလား (ခင်ပါတယ် ဘုရား) ခင်တာက တဏှာမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီ အဝိဇ္ဇာ တဏှာဟာ ပဒေါင်းလုပ်လိုက်ပါ (မှန်ပါ့) လည်ပုံကို ပြတာ (မှန်ပါ့)။

အတိတ်က အဝိဇ္ဇာ

အဝိဇ္ဇာနဲ့ တဏှာကို ကိုမြရွှေ ဘာတုံး (ပဒေါင်းပါ ဘုရား) သို့သော် အဝိဇ္ဇာက အတိတ် အဝိဇ္ဇာ နော် (မှန်ပါ့)။

တဏှာက ပစ္စုပ္ပန်တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာက (အတိတ်ပါ ဘုရား) အတိတ်က ပါလာတဲ့ အရှိန်နဲ့ ပါလာတဲ့ အဝိဇ္ဇာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပစ္စုပ္ပန်တဏှာ

တဏှာက (ပစ္စုပ္ပန်ပါ ဘုရား) ပစ္စုပ္ပန်တဏှာ ဆိုတော့ အလိုလို ပေါ်တာလား၊ ကိုယ့်ခန္ဓာ ကိုယ်ခင်တာလား (ကိုယ့် ခန္ဓာကိုယ်ခင်တာပါ ဘုရား)။

ကိုယ့်ခန္ဓာ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ အန္တရာယ်ကင်းလို့ ဘေးရှင်းပရစေ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဘာဖြစ်လို့လာတုံးဗျ (ကိုယ့်ခန္ဓာခင်လို့ပါ ဘုရား)။ ခင်လွန်းလို့ပေါ့ဗျာ ခင်လွန်းလို့ပေါ့၊ သဘောကျပလား (မှန်ပါ့)

ကိုယ့်ဘဝလေး ကိုယ်ကော ဒကာ ဒကာမတွေ နှမြောကြ ရဲ့လား (နှမြောပါတယ် ဘုရား)။

နှမြောတယ်၊ နှမြောတယ် ဆေးလေးအကုန်ခံတာ ကြည့်ရော (မှန်ပါ့) ဟုတ်ဘူးလား (မှန်ပါ့)။

နှမြောတယ်၊ မနှမြောတယ်ဆိုတာ ဘာမေးနေစရာ လိုသေးသတုံး (မလိုပါဘူး ဘုရား)။

ဘာအကုန်ခံကြတုံး (ဆေး အကုန်ခံပါတယ် ဘုရား) အနှိပ်ကလေးကော (ခံပါတယ် ဘုရား) ဘာဖြစ်လို့ခံတာတုံး (နှမြောလို့ပါ ဘုရား)။

ကိုယ့်ဘဝလေးကို နှမြောလွန်းလို့သော် အနှိပ်ခံတာသာ ကြည့်ရင် သေချာပြီ ဟ! ဘာဖြစ်နေတာတုံး အို ဘဝ နှမြောလို့၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဆရာဝန် ပင့်တာကကော (ဘဝနှမြောလို့ပါ ဘုရား)။ ဘဝနှမြောလို့ ကိုယ့်ဘဝလေးကို (မှန်ပါ့)။

ကိုမြရွှေ အဓိပ္ပာယ်မှ ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။ ရှုပ်များနေသေးလားလို့ ကျုပ်က ဦးခင်မောင်ရေ ရှုပ်သေးသလား မရှုပ်တော့ပါဘူး၊ ဒကာ ဒကာမတွေ နေရာကျပလား။ (ကျပါတယ် ဘုရား)။

အင်း အဲဒိတော့ မသိလို့ခင်၊ မသိတာက ဒီအောက် အလုပ် (မှန်ပါ့) ခင်တာက အထက်က၊ နှစ်ခုမတွဲဘူးလား တွဲလား (တွဲပါတယ် ဘုရား)။

အဲတော့ ကိုယ့်ခန္ဓာကိုယ် ဒုက္ခသစ္စာလို့ ဒုက္ခစက်လည်နေ တယ်လို့ သိသလား၊ မသိဘူးလား (မသိပါဘူး ဘုရား)။

အဝိဇ္ဇာတဏှာကမူလဘူတအကြောင်း

ဒါဖြင့် မသိတာက၊ အဝိဇ္ဇာ (မှန်ပါ့) ခင်တာက (တဏှာပါ ဘုရား)။

ဒါကြောင့် သူတို့သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ကို လည်ဖို့ရာ မူလဘူတအကြောင်း၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာအကြောင်းပါလိမ့် (မူလဘူတ အကြောင်းပါ ဘုရား)။

ဒါကြောင့် မူလ ပဋိစ္စသမုပ္ပါဒ်လို့ ပြောတာ (မှန်လှပါ) မူလ ပဋိစ္စသမုပ္ပါဒ်လို့ ပြောတာ ဒကာ ဒကာမတို့ သဘော ကျပလား (ကျပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုယ့် ခန္ဓာလေးကို သြော် ဒီ မိန်းမပင်ဖြစ်ရ ငြား သော်လည်း ကိုယ်မိန်းမအဖြစ် သာယာတယ် (မှန်ပါ့)။

ယောက်ျားပင်ဖြစ်ရ ငြားသော်လည်း ယောက်ျား အဖြစ်ကို (သာယာပါတယ် ဘုရား) သာယာ တယ် ဆိုတော့ ယောက်ျားလို့ ဆိုနေတော့ သမုဒယသစ္စာကို ဒကာ ဒကာမတွေက သမုဒယ သစ္စာလို့ လည်း မသိဘူး။

ဒုက္ခသစ္စာရယ်လို့လည်း မသိတော့ မသိတာက အဝိဇ္ဇာ ယောက်ျားဘဝ၊ မိန်းမဘဝ၊ ကိုယ့်ဘဝ ကိုယ်ခင်နေတာ (တဏှာပါ ဘုရား) ဒီလိုမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒါ အဲဒိ အဝိဇ္ဇာနဲ့တဏှာကို ဒကာ ဒကာမတွေက မှတ်လိုက်ပါတော့တဲ့၊ လုပ်တော့မယ် ဆိုလို့ရှိရင် ဘီးကြီး လုပ်တော့မယ် ဆိုတော့ သူတို့ဘာပါလိမ့် (ပဒေါင်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဒေါင်းတော့ ထွက်လာပြီ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ပဒေါင်း ပြုတ်မှ ကိုက်မှာနော် (မှန်ပါ့ ဘုရား)။

ပဒေါင်းပြုတ်ဖို့ရာ ခင်ဗျားတို့ လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား) ဘာဖြစ်လို့တုံး (ခင်လို့ပါ ဘုရား)။

ခင်တာသိလို့လား၊ မသိလို့လား (မသိလို့ပါ ဘုရား)။ မသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) ခင်တာက (တဏှာပါ ဘုရား)။

သွားပြီပေါ့ဗျာ ဒီပဒေါင်းပြုတ်ဖို့အတော်အရေးကြီးတယ်။ ပဒေါင်းမှ မပြုတ်ရင် ဒေါက်တွေ ကတော့ ဒီအတိုင်းနဲ့ ကြွေ မကျဘူးဗျ (မှန်ပါ့) ကြွေမကျပါဘူး။

သံပတ်ခွေကြီးကလည်း ဒီအတိုင်း လွင့်သွားပါ့မလား (မလွင့်ပါဘူး ဘုရား)။

သြော် ဒါဖြင့် ပဒေါင်းကစ အဖြုတ် ခက်နေတာကိုး ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံသရာရှည်မှ ၊ ရှည်ပါ့မလားလို့ ဆိုတော့ ကိုယ့်ခန္ဓာကို ဒုက္ခစက်ကြီး လည်နေတယ်လို့ မသိတာကဘာတုံး (အဝိဇ္ဇာပါ ဘုရား)။

ဒုက္ခစက်မှန်းမသိတော့ ယောက်ျား၊ မိန်းမ ထင်ပြီး သကာလ ငါ့ကိုယ်၊ ငါ့ဟာထင်ပြီး သကာလ သာယာ ခင်တွယ် နေတာက ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)။

အဲဒါ ဘီးလုပ်တော့မယ် ဆိုတော့ သူတို့က ဘာဖြစ်နေတုံး (ပဒေါင်း ဖြစ်နေပါတယ် ဘုရား)။ ပဒေါင်းဖြစ်နေတယ်(မှန်ပါ့) ခက်နေပြီကော။

ဒါဖြင့် ဒကာ ဒကာမတို့ ပဒေါင်းဖြစ်နေတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) ကျေနပ်ပြီနော် (ကျေနပ်ပါတယ် ဘုရား)။

ကျေနပ်ပါပြီတဲ့ သူများပြောအဖြစ်လား၊ ကိုယ့်အဖြစ်လား (ကိုယ့်အဖြစ်ပါ ဘုရား) အင်း ကိုယ့်အဖြစ်ကိုက ပဋိစ္စ သမုပ္ပါဒ် နှစ်စထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

အဝိဇ္ဇာ တစ်စ၊ တဏှာ တစ်စ (မှန်လှပါ) ကိုင်း ဒကာ ဒကာမတို့ သဘောကျပလား (ကျပါတယ် ဘုရား) ရှင်းနေပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတွေ ပဒေါင်း ဖြစ်လို့ ရှိရင်ဖြင့် ပဒေါင်းချည့် လည်လို့ ရှိရင်လည်း ပဒေါင်းရိုးရိုး လုပ်နေလို့ရှိရင်ဖြင့် ခတ်သေးသေး လုပ်မှာပေါ့ဗျ။

ကျယ်ကျယ်ကြီးတော့ မလုပ်ဘူး (မှန်ပါ့) ဒေါက်တွေ တပ်ပြီး သံပတ်ခွေကြီး တပ်ပြီး သကာလ ဘီးဖြစ်မယ် ဆိုတော့ ကျယ်ကျယ်လုပ်မယ် (မှန်ပါ့)။

မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ဒါဖြင့် သူချည့်လည်း လုပ်လို့မဖြစ်ဘူး။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတော့၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား)။

ကံဆိုတာသင်္ခါရ

ဒီဘက်ကျတော့ ဥပါဒါန် ကံဆိုတာမျိုးကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီကလည်း ကံဆိုတာ သင်္ခါရ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကံကဘာတုံး (သင်္ခါရပါ ဘုရား) ဒီဘက်ကဟာ ကော (ကမ္မဘဝပါ ဘုရား) ဒါဖြင့် သင်္ခါရနဲ့ ကမ္မဘဝဟာ အတူတူပဲ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လုပ်လုပ်၊ ပုညာဘိ သင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္စာဘိ သင်္ခါရနဲ့ လုပ်လုပ် သုံးချက် နဲ့စရတော့မယ် (မှန်ပါ့) မရပေဘူးလား (စရပါတယ် ဘုရား)။

ဒေါက်သုံးဒေါက်တပ်ပါ

ဒါဖြင့် ဒီ ပဒေါင်းကြီးကို ဒကာ ဒကာမတွေက အပေါက်သုံးပေါက် ဖောက်ပြီး သကာလ ဒေါက်သုံးခု တပ်ပေးပါ မတပ်နိုင်ဘူးလား (တပ်နိုင်ပါတယ် ဘုရား)။

ဘာပြုလို့တပ်ရသတုံး မေးတဲ့ အခါကျတော့ရှိရင် ပဒေါင်း အပေါက်ပေါ်မှာ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရ၊ အာနဉ္စာဘိ သင်္ခါရ တနည်း ကာယကံ၊ ဝစီကံ၊ မနောကံ အတူတူပဲနော် (မှန်ပါ့)။

အဲဒိ ဒေါက်တွေ တပ်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ သံပတ်ခွေ တပ်ရုံပဲ ကျန်တော့တယ်၊ ဘီးဖြစ်ဖို့တော့ သေချာပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ကာယကံ၊ ဝစီကံ၊ မနောကံ ကဒေါက်တွေ

ဒေါက်ရပလား (ရပါပြီ ဘုရား) အတိတ်ဘဝက ပါလာတဲ့ ကံတွေကလည်း ဒေါက်ပဲ (မှန်ပါ့) ယခုဘဝမှာ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကကော ဒကာ ဒကာမတွေ နည်းသလား (မနည်းပါဘူး ဘုရား)။

ကာယကံနဲ့ သွားလိုက် ဆိုလည်း သွားလိုက်၊ ဟုတ်လား (မှန်ပါ့)၊ ဝစီကံနဲ့ ပြောလိုက်ဆိုလည်း မှားလိုက်ပေါ့ဗျာ (မှန်ပါ့)။

မနောကံနဲ့ ကြံလိုက်၊ စည်လိုက် မှားလိုက်တွေကော (ရှိပါတယ် ဘုရား)။

အဲဒါတွေကဘာဖြစ်လာတုံး ပဒေါင်းကြီးမှာ (ဒေါက်ဖြစ်ပါတယ် ဘုရား) ဒေါက် ဘယ်နှစ်ဒေါက် ဖြစ်လာတုံး (သုံးဒေါက်ဖြစ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်ဒေါက်ပါလိမ့် (သုံးဒေါက်ပါ ဘုရား) အင်း သုံးဒေါက် ဒါဖြင့် ခုနက ဒကာ ဒကာမတို့ ပဒေါင်းပေါ်လိုက်ရုံပဲ ကျန်တော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လည်ပုံကို မပျက်အောင်လို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဟောတာနော် (မှန်ပါ့)၊ သံယုတ် ပါဠိတော်မှာ ပါတယ် ဒီလိုဟောတာနော် (မှန်ပါ)။

အဲတော့ ဒကာ ဒကာမတွေ ဇရာ၊ မရဏဆိုတာက ဘာပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရာ)။

ဒီကံတွေဘယ်မှာလမ်းဆုံးသတုံး

ဇရာ၊ မရဏဆို တဲ့ ဥစ္စာ ဒကာ ဒကာမတွေ ဒီကံတွေဟာ ဘယ်မှာ လမ်းဆုံးမှာတုံး၊ ဒီကံ အသီးသီး ဘယ်မှာ လမ်းဆုံးမှာတုံး မေး အိုသေမှာ လမ်းဆုံးမယ် (မှန်ပါ့)။

ဒီကံတွေ ဇရာ၊ မရဏတွေ သင်္ခါရ ဒေါက်တွေ သင်္ခါရ ဆိုတာ ကံတွေမို့လား (မှန်ပါ့) ဒီကံတွေ ဘယ်မှာလမ်း ဆုံး မှာ တုံး (အိုသေမှာ လမ်း ဆုံး မှာပါ ဘုရား)။

အဲ အို သေမှာ လမ်းဆုံးမယ်၊ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒီကံတွေဟာ ဘယ်မှသွားစရာမရှိဘူး (မှန်ပါ့) အိုတဲ့၊ သေတဲ့ ဆီမှာပဲ လမ်းဆုံးရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကံတွေက၊ ဘယ်လိုအကျိုးပေးမှာတုံး

ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ လုပ်ချင်တဲ့ ကံတွေလုပ် တပည့်တော်တို့ လုပ်တဲ့ကံ ဘယ်လိုများ အကျိုးပေး မှာတုံး မေးလို့ရှိရင် အကျိုးပေးကဖြင့် ဘာအကျိုးပေး၊ ဘာအကျိုးပေး မပြောတတ်ဘူး အိုမှာနဲ့ သေမှာတော့ သေချာတယ် (မှန်ပါ့)။

ဒါပဲ ဟောဖို့ရှိတယ်(မှန်ပါ့) ဒိပြင် ဘာဟောစရာ ရှိတုံး (မရှိပါဘူး ဘုရား)။

သူတို့မေးတာ ကြားထဲကဟာ မေးတာ (မှန်ပါ့) အမှန်ဖြေရမှာက အိုမှာနဲ့ သေမှာပဲလို့ ဖြေရမှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

တပည့်တော်တို့ ကျောင်းဆောက်ပါတယ်၊ ဘုရားတည် ပါတယ်ဘုရား၊ လူဘဝ၊ နတ်ဘဝ နိဗ္ဗာန် မရောက်မှီ စပ်ကြားလေးမှာ ချမ်းချမ်းသာသာ၊ ကျန်းကျန်းမာမာ နေရမတဲ့။

ကံအကျိုးပေးက ဘယ်မှာလမ်းဆုံးတုံး

အို အဲ့ဒါတွေ အသာထား မစဉ်းစားနဲ့ အဆုံးသာ မေး တပည့်တော်တို့ အကျိုးပေး ဘယ်ဆုံးမှာတုံး သာမေး (မှန်ပါ့)။

မေးရင် ဘယ့်နှယ်ဖြေပါ့မတုံး (အိုနာသေ လမ်းဆုံး မှာပါ ဘုရား)။ ကံအကျိုးပေးက ဒီတင်လမ်းဆုံးလာတာပဲ (မှန်ပါ့)။

ကံအကျိုးပေးက ဒီတင် လမ်းဆုံးလာတာပဲ (မှန်ပါ့) ကံ အကျိုးပေးက ဘယ်မှာ လမ်းဆုံးတုံး (အိုနာသေမှာ လမ်းဆုံးပါတယ် ဘုရား)။

ကံကို ဖြတ်လိုက်ရလို့ရှိရင်ဖြင့် မအိုမသေတဲ့ဆီမှာ လမ်းဆုံးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံကို ဖြတ်လိုက်ရင် (မအိုမသေမှာ လမ်းဆုံးမှာပါ ဘုရား) ကံကို မဖြတ်နိုင်ရင်(အိုသေမှာ လမ်း ဆုံးမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် အဓိပ္ပါယ်က ခက်တယ်လို့ ပြောတာ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ကံဖြတ်ကမအိုမသေမှာ လမ်းဆုံးတယ်

ကံကို ဖြတ်လိုက်တော့ (မအိုမသေမှာပါ ဘုရား) မအို မသေတဲ့ဆီမှာ ကံဖြတ်လိုက်တော့ မဂ္ဂင်ကိုး (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အကဏု အသုက္ကကံ ဆိုတော့ ဦးဘတင်တို့၊ ဦးခင်မောင် တို့ ဘုန်းကြီး သင်ထားပြီးပြီ၊ မသင်ဘူးလား (သင်ပါတယ် ဘုရား)။

ဟော ဒါက ကံပြတ်မို့လား (မှန်ပါ့) ကံပြတ်က မအို မသေတဲ့ဆီမှာ ဘာတုံး (လမ်းဆုံးပါတယ် ဘုရား)။

ကံကတော့ (အိုသေမှာ လမ်းဆုံးပါတယ် ဘုရား) ဒါကြောင့် အိုသေကို ဒကာ ဒကာမတွေက ဒီလိုလုပ်လိုက်၊ အိုသေ ကို အိုသေဟာ လမ်းဆုံး ဆိုသဖြင့် ဒီဒေါက်တွေ၏ အဆုံးမှာ ဘာရှိတုံး (သံပတ်ခွေ ရှိပါတယ် ဘုရား)။

သံပတ်ခွေကြီး

အဲ သူက သံပတ်ခွေကြီးပဲ မှတ်ပေတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူက ဘာတုံး (သံပတ်ခွေပါ ဘုရား) ဒါဖြင့် ဒေါက် သုံးဒေါက်နဲ့ သံပတ်ခွေကြီးနဲ့ ပဒေါင်းနဲ့တော့ အတော် နေရာကျနေတာ (မှန်ပါ့)။

ဘီးတော့ဖြစ်နေပြီ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဘာဖြစ်သွားတုံး (ဘီးဖြစ်သွားပါပြီ ဘုရား) ဘီးဖြစ်သွားပြီး လှည့်ပေးမယ့်လူပဲ လိုတော့တယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလိုတော့တုံး (လှည့်ပေးမဲ့လူပါ ဘုရား) လာပါလိမ့်မယ် နောက်မပူပါနဲ့ လာလိမ့်မယ် လှည့်ပေးမယ့်သူ ပါလိမ့်ဦးမယ် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာက ဘာတဲ့ (ပဒေါင်းပါ ဘုရား) ကံ သင်္ခါရတွေက (ဒေါက်တွေပါ ဘုရား) ဒေါက်က ဘယ်နှစ်ဒေါက်ပါလိမ့် (သုံးဒေါက်ပါ ဘုရား)။

အဲဒါ သဘောတူ လှည့်ပေးမလို့နော် နည်းတော့မနည်း ဘူး (မှန်ပါ့) တစ်နေ့ ဒေါက်ပေါင်း ဘယ်လောက် လုပ်သတုံး မပြောတတ်ဘူး (မှန်ပါ့) သဘောတူရာ ပေါင်းလိုက်လို့ ဒေါက်သုံးဒေါက် ဖြစ်သွားတာ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

တစ်နေ့ ဒေါက်ပေါင်းကတော့ ကာယကံပေါင်း ဒကာ ဒကာမတွေ ဘယ်လောက်တုံး မေးကြည့်စမ်း (မနည်းပါ ဘုရား)။

ဝစီကံပေါင်းကော (မနည်းပါ ဘုရား) မနောကံပေါင်း ကော (မနည်းပါ ဘုရား) အံမယ် ဒေါက် ကုမ္ပဏီတွေထဲက ကျနေတာပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒေါက်တွေလည်း ခုနက ပဒေါင်းပေါ်တင်လိုက်၊ ဒီကံတွေ အကျိုးပေး ဘယ်ဆုံး မှာတုံး တစ်ခါဝေဖန်ပါ (အိုသေ ဘက်ပါ ဘုရား)။

အဲ ကံကုန်ရှာတယ် လို့တော့ ခင်ဗျားတို့ပြောတာပဲ သေတဲ့အခါကျတော့ သေတဲ့ အခါကျလို့ ရှိရင် ကံကုန်လို့ချည့် ပြောတာပဲ (မှန်ပါ့)။

သေတော့မယ် ဆိုတော့ကော (ကံကုန်လို့ပါ ဘုရား) နှုတ်ကတော့ သူကံပေါ်ချည့် လမ်းဆုံး တာပဲလို့ (မှန်ပါ့) ရိပ်မိ ပလား (မှန်ပါ့)။

ဘုန်းကြီး ပြောမှမဟုတ်ပါဘူး၊ ခင်ဗျားတို့ ပါးစပ်ထဲကို နှုတ်ကို တက်နေတာ (မှန်ပါ့) အဲ ဘုန်းကြီး တစ်ယောက် ကံကုန်ရှာသတဲ့။

ကံကုန်တယ်ဆိုတာ၊ ဇရာမရဏ ပြောတာ

ကလေးလေး တစ်ယောက်ကော (ကံကုန်ရှာပါ တယ် ဘုရား)။ ကံကုန်ရှာပြီဆိုတော့ ဇရာ၊ မရဏကို သူပြောတာ (မှန်ပါ့) ဟုတ်ဖူးလား (မှန်ပါ့)။

ကံကုန်ရှာပြီဆိုတာ ဘာပြောတာတုံး (ဇရာ၊ မရဏ ကို သူပြောတာပါ ဘုရား) ဇရာ၊ မရဏ ဒကာ ဒကာမတွေရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် ကံသည် ဘယ်မှာ လမ်းဆုံးသတုံး (ဇရာ၊ မရဏမှာ လမ်းဆုံးပါတယ် ဘုရား) အဲ ဇရာ၊ မရဏမှာ လမ်းဆုံး တယ် မြန်မာလိုပြန် အိုသေမှာလမ်းဆုံးတယ် (မှန်ပါ့) ရိပ်မိ ကြပလား (ရိပ်မိပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကံတွေဟာ ခု ဒီဘဝ နောက်က ပါလာတဲ့ ကံတွေ တပည့်တော်တို့ ဘယ်တော့များ ဘာဖြစ်မှာတုံး ဘုရားလို့ မေးကြရင် ဘယ့်နှယ် ဖြေကြမတုံး (အိုသေမှာပဲ လမ်းဆုံး မှာပါ ဘုရား)။

နောက် အိုလိမ့်ဦးမယ်၊ သေလိမ့်ဦးမယ်လို့သာဟော (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

တပည့်တော်တို့ ကံက ဘယ့်နှယ့်များ နေသတုံးမေးရင် (အို သေမှာ လမ်းဆုံးပါတယ် ဘုရား) မဟုတ်သေးဘူး ဒီလိုဆိုရင် စားစရာ ရှိပါ့မလား (မရှိပါဘူး ဘုရား) ငတ်မှာပဲ။

မှန်တော့ မှန်ပါတယ် (မှန်ပါ့) မှန်ပင် မှန်ငြားသော် လည်း ဒီလိုဆို ငတ်မယ်၊ မငတ်ပေဘူးလား (ငတ်ပါတယ် ဘုရား)။

ကိုယ်က ဒီရည်ရွယ်ချက်နဲ့မှ မေးတာမဟုတ်ပဲ။ (မှန်ပါ့) ဟုတ်ဘူးလား (မှန်ပါ့)။

ကံများ၊ ဘယ့်နှယ်များနေတုံး ဟ ကောင်းလိမ့်မယ်ဟောမှ (မှန်လှပါ) အိုသေတို့၊ ဘာတို့ သွားမဟောနဲ့ မှန်ပင်မှန်ငြား သော်လည်း ယုံမှာမဟုတ်ဘူး။

ယုံပါ့မလား (မယုံပါဘူး ဘုရား) အမှန်ကတော့ ဘယ်လမ်းခင်းနေတုံး (အို နာသေမှာ လမ်းခင်း နေပါတယ် ဘုရား)။

အိုတယ်ဆိုတာ ကံကုန်လို့ ကံကုန်တာ ဘယ်အချိန်မှာ ကုန်တုံး (အို သေမှာကုန် ပါတယ် ဘုရား) အိုတယ် ဆိုတာက ကံကုန်လို့သာ ပြောတာ (မှန်ပါ့)။

အိုတယ်ဆိုတာက (ကံကုန်လို့ပါ ဘုရား) ကုန်တာ ကိုပြောတာ ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ ကံသည် ဘယ်တော့ဘာဖြစ်မှာတုံး မေးကြရင် ဘယ့်နှယ်ဖြေကြမတုံး (အိုသေမှာလမ်းဆုံးမှာပါ ဘုရား)။

အိုသေ လာလိမ့်မယ်ဘုရား၊ အိုပါလိမ့်မယ်၊ သေပါလိမ့် မယ်၊ ဒါ ကံ၏ သတ္တိအစွမ်းကုန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိုသေဘာနှင့်တူသတုံး

ဒါနဲ့ အိုသေကို ဘုရားက ဘာနဲ့တူတယ်လို့ ဟောသတုံး (သံပတ်ခွေကြီးနဲ့တူပါတယ် ဘုရား) သံပတ်ခွေကြီးနဲ့ တူတယ်။

ဒါဖြင့် ဒကာ ဒကာမတွေ ဘီးဖြစ်ပလားလို့ (ဖြစ်ပါ တယ် ဘုရား) စက်ဝိုင်ကြီး ဖြစ်လား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်ပြီးတဲ့ စက်ဝိုင်းကြီးဟာ ဒီအတိုင်း ထားလို့ရှိရင်လည်း မြေပေါ်မှာ ပြားကပ်နေတော့ လိမ့်ဟန်မတူဘူး (မှန်လှပါ ဘုရား)။

လိမ့်ပါ့မလား (မလိမ့်ပါဘူး ဘုရား) မလိမ့်ဘူး၊ လိမ့် အောင် ဘယ့်နှယ်လုပ်မတုံး ဆိုတော့ ဝင်ရိုး တပ်ပေးရလိမ့်မယ် (မှန်ပါ့) မတပ်ရပေဘူးလား ကဲ (တပ်ရပါတယ် ဘုရား)။

အာသဝဝင်ရိုး

ဝင်ရိုးကလည်း သူများ လာတပ်တာ မဟုတ်ပါဘူး ၊ ဒကာမတို့၊ ကာမာသဝတဲ့ ခင်ဗျားတို့ ကာမာသဝ ဆိုတာ တခြား မဟုတ်ပါဘူး။

ဒီဘဝ စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် နတ်ပြည်များ ရောက်လို့ရှိရင် တော်သေးရဲ့ (မှန်ပါ့) အပါယ်ထက်တော့ တော်သေးရဲ့၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါ ဘာအာသဝ ဆိုကြမတုံး (ကာမာသဝပါ ဘုရား) သူက သွားမှာ သွားချင်တာ ပြောတာ (မှန်ပါ့)။

လှည့်ပေးတာပြောတာ (မှန်ပါ့) ဒါဖြင့် ကာမာသဝ က ဒီထဲမှာ ပဒေါင်းနဲ့ အတူတူပေါ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကာမာသဝ

ကာမာသဝက ဘာလုပ်ရမှာတုံး (ပဒေါင်းလှည့်ပေး တာပါ ဘုရား) ပဒေါင်း လှည့်ပေးတော့ ခင်ဗျားတို့ကလည်း ဘယ်သွား ချင်သတုံးတဲ့ (မှန်ပါ့)။

နတ်ပြည်သွားချင်တော့ သူကနေ လှည့်လိုက်တာပဲ (မှန်ပါ့) ပဒေါင်းကနေ လှည့်ပြီး ဒေါက်တစ်ခုကို နတ်ပြည် လှည့်ပေး လိုက်တာပဲ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘယ်သူက လှည့်ပေး လိုက်တာတုံး (ကာမာသဝကပါ ဘုရား) ကာမာသဝက လှည့်ပေးလိုက်တယ်။

ဘဝါသဝ

တစ်ခါ ဗြဟ္မာပြည် သွားချင်တယ်ဆိုတော့ ဘဝါသဝ က လှည့်ပေးလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

နတ်ပြည်သွားချင်တော့ကော ကာမာသဝက လှည့်ပေး တယ် ဗြဟ္မာပြည် သွားချင်တော့ကော (ဘဝါသဝက လှည့်ပေးပါတယ် ဘုရား)။

ဘဝါသဝက လှည့်ပေးတယ်ဆိုတော့ သဘောကျကြ ပလား (ကျပါတယ် ဘုရား)။ တစ်ခါတလေ ကျလာတဲ့ အခါတော့အပါယ်၊ အပါယ်ငရဲ ရောက်သွားတယ်၊ အောက် ရောက် သွားတယ် (မှန်ပါ့)။

အဝိဇ္ဇာသဝ

ဒီကျတော့ အဝိဇ္ဇာသဝက လှည့်ပေးတယ် (မှန်လှပါ)။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ သူ့ဟာနဲ့သူ လှည့်ပေးတာ မစိုးရိမ်နဲ့ ဒကာ ဒကာမတွေ အကုန်ရှိတယ်၊ ရှင်းပလား (မှန်ပါ့)။

ဘာရှိတုံး (အကုန်ရှိပါတယ် ဘုရား) နတ်ပြည်လှည့် ပေးမဲ့ ကာမာသဝ ဝင်ရိုးကော(ရှိပါတယ် ဘုရား)။

ဒိဋ္ဌာသဝ

ဗြဟ္မာပြည်လှည့်ပေးမယ့် (ဘဝါသဝ ဝင်ရိုး ရှိပါတယ် ဘုရား) အဲ အပါယ်လှည့်ပေးမယ့် (အဝိဇ္ဇာသဝ ဝင်ရိုး) အဝိဇ္ဇာသဝ၊ ဒိဋ္ဌာသဝ ထားလိုက်ပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာသဝနဲ့ ဒိဋ္ဌာသဝက ဘယ်လှည့်ပေးတုံး (အပါယ်ကိုပါ ဘုရား)။

အံမယ် သူဒါဖြင့် ဒေါက်သုံးချောင်းနဲ့ လှည့်ပေးမယ့်ဝင်ရိုး သုံးချောင်းနဲ့ကို ကိုက်နေတာပဲ၊ ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

မှတ်ချက်။ ။အာသဝေါတရားလေးပါး (ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ) ကို (အပါယ်ဘုံ၊ ကာမဘုံ၊ ဗြဟ္မာဘုံကိုလိုက်၍) သုံးခုအနေဖြင့် ပေါင်းဟောသည်။

လှည့်ပေးမည့်ဝင်ရိုးသုံးချောင်း

လှည့်ပေးမည့် ဝင်ရိုးသုံးချောင်းနဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ရောက်ရာ ဌာနဘက်ကို အတော် ကိုက်မသွားဘူးလား (ကိုက်သွားပါတယ် ဘုရား)။

ကာမာသဝဆိုတာ လူ့ပြည်ပြန် လှည့်ချင်ပါတယ် ဆိုရင် လူပြည်လှည့်ပေးမယ် ကာမာသဝက လှည့်ပေးမယ်။

ဟာ နတ်ပြည်ပဲ ကြိုက်တယ်လို့ သမထတွေ အားထုတ်တဲ့ ကံတွေလုပ်လိုက် (ဘဝါသဝက လှည့်ပေးပါတယ် ဘုရား)။

ဗြဟ္မာပြည် သိပ်ကြိုက်တယ်လို့ သမထတွေ အားထုတ်တဲ့ ကံတွေလုပ်လိုက် (ဘဝါသဝက လှည့်ပေး ပါတယ် ဘုရား)။

ဘဝါသဝက လှည့်ပေးလိုက်တော့ ဗြဟ္မာပြည်သွားပြီး တော့ တစ်ခါတည်း နေပြန်တာပဲ (မှန်ပါ့) နေပင် နေငြားသော်လည်း ဒေါက်သာ အလယ်က ပြောင်းတယ်တဲ့ ဇရာ၊ မရဏ အကွပ်ကြီးကတော့ ကွပ်ရက်ပဲ (ကွပ်ရက်ပါ ဘုရား)။

ဟိုရောက်ရင် အိုသေပဲကွတဲ့ (မှန်ပါ့) နတ်ပြည် ရောက်လည်း (အိုသေပါ ဘုရား) ဗြဟ္မာပြည် ရောက် ရင်ကော (အိုသေပါ ဘုရား)။

အပါယ်လေးပါး ရောက်ရင်ကော (အိုသေပါ ဘုရား) ဒီအကွပ်မှ မပြုတ်ပဲကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

အကွပ်မပြုတ်သ၍အိုသေရမယ်

အကွပ်ကြီးက ပြုတ်သလား (မပြုတ်ပါဘူး ဘုရား) ဒါဖြင့် ဒီအကွပ် မပြုတ်သ၍ ကာလပတ်လုံးတော့ ခင်ဗျားတို့ ဘယ်ရောက်ရောက် အိုသေပဲ (မှန်ပါ့)။

ဒါကြောင့် သူ ဇရာ၊ မရဏက သံပတ်ခွေကြီးနဲ့တူတယ် လို့ ဟောလိုက်တယ် (မှန်ပါ့) ဟောသင့်သလား (ဟောသင့်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဘုံဘဝရောက်ရောက် ကောင်းပါ့မလား (ကောင်းရာဘုံဘဝ ရောက်ချင်ပါတယ် ဘုရား)။

ရိုးရိုးပြောပါ၊ ခင်ဗျားတို့က ခတ်ဆန်းဆန်း မပြောပါနဲ့ ဘယ်များ ရောက်ချင်ကြသေးတုံး (နိဗ္ဗာန်ပဲ ရောက်ချင် ပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင် ဒီတစ်ခုလုံးဖြုတ်

နိဗ္ဗာန်ပဲရောက်ချင်တယ် (မှန်ပါ့) နိဗ္ဗာန်ပဲ ရောက်ချင် လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီတစ်ခုလုံး ပြုတ်မှရမယ် (မှန်ပါ့)။

ဝင်ရိုးလည်းကျိုးရမယ် (မှန်ပါ့)၊ ပဒေါင်းလည်းကွဲရ မယ် (မှန်ပါ့) ဒေါက်လည်း ကြွေကျရမယ် (မှန်ပါ့)။

ဒါမှ ရမှာ (မှန်ပါ့) နို့မဟုတ်ရင်ရပါ့မလား (မရပါဘူး ဘုရား) ဒါဖြင့် ဖျက်စရာတွေမနည်းပါလား (မှန်ပါ့)။

ဒီလိုလည်း နောက်မဆုတ်သွားနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုလည်း နောက်ဆုတ်မသွားနဲ့ တစ်ခုဖျက်ရင် အကုန် ပျက်မှာပဲ(မှန်ပါ့) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

နောက်တုန်းက၊ ဘယ်လိုနေခဲ့ရသတုံး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ အခုတော့ဖြင့် တပည့်တော်တို့ နောက်တုန်းက ဘယ်လို နေခဲ့ရသတုံးလို့ မေးတဲ့ အခါ ဒီဘီးကြီး လိုပါပဲ။

ဒီ ဘီးကြီးကို၊ အာသဝဝင်ရိုး သုံးခုက လှည့်ချင်သလို လှည့်နေတာပဲ၊ လှည့်လိုက်တော့ အောက်ရောက်တာလည်း မရေတွက် နိုင်တော့ဘူး။

အထက်ရောက်ကော (မရေတွက်နိုင်တော့ပါဘူး ဘုရား)။

သို့သော်လည်းတဲ့ အထက်ရောက်တော့ကိုတဲ့ ဒကာ ဒကာမတို့ အိုသေပဲလမ်းမဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

ကျုပ်တို့က အထက်ရောက်သွားငြားသော်လည်း ဘယ် လမ်းဆုံးတုံး (အို သေပဲ လမ်းဆုံး ပါတယ် ဘုရား)။

သြော် သံပတ်ခွေထဲမှာပဲ လမ်းဆုံးရတာကိုး (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့) ဘယ်ထဲ လမ်းဆုံး ရတုံး (သံပတ်ခွေ ထဲ လမ်းဆုံးရပါတယ် ဘုရား)။ သံပတ်ခွေထဲ လမ်းဆုံးတော့ သံပတ်ခွေက ဘာတဲ့တုံး (အိုသေပါ ဘုရား)။

အဝိဇ္ဇာသဝနဲ့ ဒိဋ္ဌာသဝကလှည့်ရင်

ဒါဖြင့် အထက်ရောက်လည်း အိုသေ (မှန်ပါ့)။ အာသဝဝင်ရိုး ကနေပြီး သကာလ အဝိဇ္ဇာသဝနဲ့ ဒိဋ္ဌာသဝက လှည့်လိုက်တာ အောက်ရောက်သွားတယ် (မှန်ပါ့)။

အပါယ်လေးပါး ရောက်သွားတယ်(မှန်ပါ့) မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒိရောက်တော့လည်း သံပတ်ခွေကြီးက ပျက်စီးပလား (မပျက်စီးပါဘူး ဘုရား)။

သူအောက်မှာ ဘယ်လိုများ ဖြစ်နေပါလိမ့် (အိုသေမှာ လမ်းဆုံးပါတယ် ဘုရား) အိုသေ လမ်းဆုံးတယ် မသေခင်တော့ ခံပေါ့ဗျာ (မှန်ပါ့) သေခါနီး နောက်ဆုံးနေ့ကျတော့ အိုသေလမ်းဆုံးပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကာမာသဝကလှည့်ရင်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်ဘက် လှည့်ပြီး နတ်ပြည်ဆုတောင်းတဲ့ ကံကြောင့် အာသဝကနေ ကာမာသဝက နေ လှည့်လိုက်စမ်းကွာ၊ နတ်ပြည်ရောက်သွားတယ် (မှန်လှပါ ဘုရား)။

သို့သော် သံပတ်ခွေပြုတ်ပါရဲ့လား (မပြုတ်ပါဘူး ဘုရား) ဘီး ဒေါက်ပြောင်းသွားတာ ဒေါက် ဟိုဘက်ဒီဘက် လှည့်သွားတာပဲထူးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အိုသေတော့ ပြုတ်ပါရဲ့လား (မပြုတ်ပါဘူး ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ်တစ်ဘုံ ထဲမှာဖြင့် လှည့်ချင်တဲ့ ဘက် လှည့်ပါတဲ့ ခင်ဗျားတို့ အိုသေလွတ်အောင် မပြေးနိုင်ဘူး (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လှည့်ချင်တိုင်းလှည့်၊ အိုသေမလွတ်ဘူး

သုံးဆယ်တစ်ဘုံ လှည့်ချင်တိုင်းလှည့် ဒကာ ဒကာမတို့ အိုသေလွတ်အောင် ဘယ့်နှယ် လုပ်ကြမတုံး (မပြေးနိုင်ပါဘူး ဘုရား)။

မပြေးနိုင်တော့ဘူး၊ ဒါဖြင့် တပည့်တော်တို့ နောက်တုန်း က ဘယ်လို နေခဲ့ရတယ် ဆိုတာ ဒီ ဘီးသာ လှည့်ကြည့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ ဝင်ရိုးသုံးချောင်းက လှည့်ပေးရာကို တပည့်တော်တို့ ရောက်နေရပါတယ် (မှန်ပါ့)။

ရောက်တော့ အကောင်းရောက်လား၊ အဆိုးရောက်လား အို မူးနေတာသာ ဖြေတော့ (မှန်ပါ့) လှည့်နေတာကိုးဗျ (မှန်ပါ့)။

အကောင်းရောက်လား၊ အဆိုးရောက်လားဆိုတာ ငြင်းနေဖို့များလိုသေးသလား (မလိုပါဘူး ဘုရား) ဘာဖြစ် နေတုံး (မူးနေပါတယ် ဘုရား)။

မူးတဲ့အပြင်မှာ အရူးပါသေးတယ်(မှန်ပါ့) အမူးတွေ၊ အရူးတွေချည့်ပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လိုနေပါလိမ့် (အမူးတွေ၊ အရူးတွေချည့်ပါ ဘုရား)။

ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာ ကျုပ်တို့မူးနေအောင် လည်ရ တယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

မူးပြီးသကာလ သေပွဲဝင်ခဲ့ရတယ်ဆိုတာကော ရှင်းကြပါ လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီသုံးနည်း အတိုင်းနေခဲ့ရတယ် ဆိုတာ တပည့်တော် တို့ နောက်တုန်းက လူဖြစ်ခဲ့ သလား၊ နတ်ဖြစ်ခဲ့သလား၊ ဗြဟ္မာဖြစ်ခဲ့ သလား အဲဒါတော့ မသေချာဘူး ရှင်းပလား (မှန်ပါ့)။

ဝမ်းသာစရာပါကိုမပါဘူး

ရှေးက နေရပြီး သကာလ အိုသေ မလွတ်ခဲ့တာတော့ သေချာတယ်(မှန်ပါ့) မူးနေအောင်လည်း နေခဲ့ရတယ် (မှန်ပါ့) အိုသေ မလွတ်တာလည်း (သေချာပါတယ် ဘုရား)။

တပည့်တော်တို့ အတိတ်အကြောင်းရင်းတော့ဘုရား ဝမ်း သာအောင် ပြောစမ်းပါဦး ဆိုတော့ ဝမ်းသာစရာပါကိုး မပါဘူး၊ ပြောလို့ ကိုမရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဝမ်းသာတဲ့တရားနာမိရင်ငါးပါးမှောက်မယ်

ကဲ ဝမ်းသာတဲ့ တရားသွားနာမိရင် ခင်ဗျားတို့ ငါးပါး မှောက်မယ်(မှန်ပါ့) မမှောက်ပေဘူးလား (မှောက်ပါတယ် ဘုရား)။

ဖြစ်စဉ်က ဒီကနေပြီး ဘယ်သူရွေ့နိုင်သေးတုံး (မရွေ့နိုင်ပါဘူး ဘုရား)။

သို့သော် ခင်ဗျားတို့ ဝမ်းသာချင်တဲ့ တရားထဲကော အို ပန်းတစ်ပွင့်နဲ့ကို လူပြည်၊ နတ်ပြည် အကြိမ်ကြိမ် ခံစားရပါလို၏ ဆိုတာ ဒီ ဒေါက်ကြီးလည်တာကို ပြောနေတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အကြိမ်ကြိမ် လည်၍ လို့ပြောတာ(မှန်ပါ့) သဘော ပါရဲ့ လား (ပါပါတယ် ဘုရား) ဘယ်လိုများ မှတ်ကြမယ် (အကြိမ်ကြိမ်လည်၍ပါ ဘုရား)။

အကြိမ်ကြိမ်ပဲ လည်ရုံပဲ လည်ရတာလား သေပွဲ ကကော (ဝင်ရပါတယ် ဘုရား) သေပွဲ ကကော ခဏခဏ ဝင်ရတယ် ဆိုတော့ ခင်ဗျားတို့ မနာတတ်လို့ရှိရင်တော့ ဒီဥစ္စာကို ပဋိစ္စသမုပ္ပါဒ် ဖြစ်ရပါလို၏ (မှန်ပါ့)။

ဘီးကြီး ဖြစ်ရပါလို၏၊ သံပတ် မပြုတ်ရပါလို၏ (မှန်ပါ့) အာသဝ ဝင်ရိုးလှည့်ချင်သလို လှည့်တာကို တပည့်တော်တို့ မူးနေအောင် သေပွဲ ဝင်ရပါလို၏ (မှန်ပါ့)။

ဒီဆုတောင်းတာပဲ(မှန်ပါ့) အစစ်ကိုပြောတာ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

အတုကို ပြောလို့ရှိရင်တော့ဖြင့် ခင်ဗျားတို့ ခုနက ပြောသလိုပဲ တစ်ခါတည်း၊ စားကြွင်း ကလေး ကျွေးတာနဲ့ တောင်ပဲ မဆုံးတော့ဘူး ဆုံးပါ့မလား (မဆုံးပါဘူး ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာကတော့ အလွယ်လေးကိုဗျ (မှန်ပါ့) ဒီတော့ လှည့်နေမှာပဲ (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

လှည့်မှာပဲ လည်တာ လှည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဆုံးတာကို သဘောကျနေရင်တော့ ခက်လိမ့်မယ် (မှန်ပါ့)။

ဘာမဆုံးဘာတုံး

ဘာမဆုံးတာတုံး မေးရင်ကော သဘောကျကြလား (လှည့်လို့ မဆုံးတာပါ ဘုရား) ဒီလိုမဆိုနဲ့ အိုသေ မဆုံးတာလို့ဆို ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမဆုံးတာတုံး (အိုသေမဆုံးတာပါ ဘုရား) အိုသေ မဆုံးတာများ ခင်ဗျားတို့မို့ ကြံဖန် ကြိုက်ရင်ဖြင့် မပြောတတ်ဘူး (မှန်လှပါ) ကြိုက်စရာ ပါသေးသလား (မပါပါဘူး ဘုရား)။

ဒီပေါ်မှာ ခုဒီနေရာမှာ ခင်ဗျားတို့ ကောင်းကောင်း ကျေနပ် ပလား (ကျေနပ်ပါတယ် ဘုရား)။

ကြည့်လေ အောက်လှည့်လဲ ဇရာမရဏဆိုတော့ ဒုက္ခ သစ္စာမှာပဲ လမ်းဆုံးတယ်၊ အထက် လှည့်ပြန်တော့ (ဇရာ၊ မရဏပါ ဘုရား) ဒုက္ခပဲ။

ဒါကမူလပဋိစ္စသမုပ္ပါဒ်

ဘေးလှည့် ပြန်တော့ကော (ဇရာ၊ မရဏပါ ဘုရား) ကဲ လှည့်ချင်တဲ့ဘက် လှည့်ကြ (ဇရာ မရဏ လမ်းဆုံး ပါတယ် ဘုရား) ဒုက္ခစက် လည်နေတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက သံသရာနဲ့ လည်ပြတဲ့ မူလ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခုနက ကတဉာဏ်အမြင် ပဋိစ္စသမုပ္ပါဒ် မဟောသေးဘူး၊ မလုပ်သေးဘူး (မှန်ပါ့) ဒါက သံဝေဂကို ပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဟုတ်လား (မှန်ပါ့)။

မဂ်ရမယ့် ပဋိစ္စသမုပ္ပါဒ် မဟုတ်သေးဘူး (မှန်လှပါ) မဂ်၏ ရှေ့ပြေး၊ သံဝေဂ မပါပဲနဲ့လည်း မဂ်ကို အားမထုတ် ချင်သေးဘူး (မှန်ပါ့) ထုတ်ချင်လား (မထုတ်ချင်ပါဘူး ဘုရား)။

သံဝေဂပဋိစ္စသမုပ္ပါဒ်

အဲ့ဒါကြောင့် ဒါသံဝေဂ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ဒါဖြင့် ဒီဟာကိုပဲ ခင်ဗျားတို့ကလည်း အတော် ခက်နေတာ (မှန်ပါ့)။

ဒီ ပဋိစ္စသမုပ္ပါဒ်ကိုပဲ တချို့ လည်ချင်တုန်း ရှိသေးတယ် (မှန်ပါ့) ကဲ ဒီအထဲ ဒကာ ဒကာမတွေ တချို့မသိပဲနဲ့ ဘယ့်နှယ် ထင်ကြတုံး (လည်ချင်ပါတယ် ဘုရား)။

လည်ချင်တုန်းရှိသေးတယ် ဒီဘဝစုတေမနေ သေလွန် တော့ ဗြဟ္မာကောင်၊ နတ်ကောင် ဖြစ်ရင် ကျေနပ်ပါပြီ မလာဘူး လား (လာပါတယ် ဘုရား)။

အဲ့ဒါ ဘာပြောတာတုံး (လည်ချင်တုန်း ပြောတာပါ ဘုရား) လည်ချင်တာက သူလည်ချင်တာ ရိုးရိုးလား၊ နောက်ထပ် လိုချင်တာ ပြောတာလား (နောက်ထပ်လိုချင်တာ သူပြော တာပါ ဘုရား)။

ဟ! သေလို့ အားမရသေးဘူးလား မေးရုံပဲရှိမှာပဲ (မှန်ပါ့) ဒီပြင် ဘာမေးစရာရှိသေးသတုံး (မရှိပါဘူး ဘုရား)။

ဒါ ပဋိစ္စသမုပ္ပါဒ်တဲ့ (မူလ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) မူလပဋိစ္စသမုပ္ပါဒ်တဲ့ အစ သံသရာက စလာတယ် ဒီအတိုင်းပါပဲတဲ့ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အဲတော့ ဒါက ဘီးကြီးနော် (မှန်ပါ့) ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်ကို ပေါ်တဲ့ ဘီးကြီးသာ မှတ်ပါ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒါက ဘာတုံး (ဘီးကြီးပါ ဘုရား) ဘီးကြီး၊ ဘီးနဲ့ဝင် ပဲ(မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာကိုယ်က ဒီမယ်ကြည့်လေ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာတွေက ဒီဘက်ပါ သွားပြီမို့လား (မှန်ပါ့)။

အဲ့တော့ ဒီငါးပါးက ခင်ဗျားတို့ ဘီးကြီးမှာတပ်တဲ့ လှည်းအိမ်ကြီးသာ မှတ်ထား၊ ဒါက ဘီးကြီးထားနော် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘီးကြီး၊ ဒီဘက်က ဇရာ၊ မရဏ ဒေါက်တွေကော ပါပလား (ပါပါပြီ ဘုရား) ဒီက ခန္ဓာလှည်း အိမ်ကြီး (မှန်ပါ့)။

ဒီခန္ဓာကြီးလည်ပြီးတော့ ဘီးကြီးကတော့ လှည့်နေတာပဲ ဘီးကြီးလည်တာကို ဒီခန္ဓာကြီးက မလှည့်ရဘူးလား (လှည့်ရပါတယ် ဘုရား)။

ဘာခန္ဓာတုံးလို့ မေးလို့ရှိရင်တော့ ဒေါက်သဘော အတိုင်း ဖြစ်နေတယ် (မှန်ပါ့) ဒီဒေါက်က ကုသိုလ်ကံဖြစ်လို့ရှိရင် နတ်ခန္ဓာ။

ဒီ ဒေါက်က အာနဉ္စာဘိ သင်္ခါရဆိုတော့ ဗြဟ္မာပြည် ရောက်ကြောင်း ဒေါက်ဖြစ်လို့ရှိရင်လည်း ဗြဟ္မာခန္ဓာပေါ့ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးနဲ့ ဒီဘီးနဲ့ ဒီဘီးသွားရာ ဒီခန္ဓာမလိုက်ရဘူး လား (လိုက်ရပါတယ် ဘုရား)။

ဒါဖြင့် ဒီဘီးကြီးကလည်း ဒကာ ဒကာမတို့ အထက် အောက် အကုန်လည် မနေဘူးလား (လည်နေပါတယ် ဘုရား)။

ဒီ ခန္ဓာကြီးကကော ဘယ့်နှယ့်တုံး (အထက် အောက် လည်နေပါတယ် ဘုရား) အထက် အောက် လှည့်နေတယ်၊ ဒီခန္ဓာပြီး ဟိုခန္ဓာ၊ ဟိုခန္ဓာပြီး ဟိုခန္ဓာ မလှည့်ပေဘူးလား၊ လှည့်လား (လှည့်ပါတယ် ဘုရား)။

နောက်တုန်းကဘယ်လိုနေခဲ့ရတုံး

ဒါဖြင့် ဒကာ ဒကာမတို့သည် နောက်တုန်းက ဖြစ်စဉ် သေချာပလား (သေချာပါပြီ ဘုရား) ဘယ်လိုများ နေခဲ့ရတဲ့ (အိုနာသေပါ ဘုရား)။

အိုနာသေမှာ လမ်းဆုံးခဲ့ ရတယ် ဒီဘီးကြီးလှည့် သလောက် လိုက်နေရတယ်၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဘယ်လိုနေခဲ့ရတုံး (ဒီဘီးကြီး လှည့်သလောက် လိုက်နေရပါတယ် ဘုရား) လိုက်တော့ လိုက်နေရတယ်။ လိုက်တော့ အလိုက်ကောင်းလား၊ အလိုက်ဆိုးလား (အလိုက်ဆိုးပါ ဘုရား)။

ဘာမှာလမ်းဆုံးနေတုံး (အိုနာသေမှာလမ်းဆုံး နေပါတယ် ဘုရား) အိုသေမှာ လမ်းဆုံးတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှမလိုက်ကြနဲ့တော့ အိုသေ ဇာတ်သိမ်းပါ (မှန်ပါ့) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

ဘာ ဇာတ်သိမ်းပါတဲ့(အိုသေမှာ ဇာတ်သိမ်းပါတယ် ဘုရား) အိုသေ ဇာတ်သိမ်းဆိုတော့ ဒကာ ဒကာမတို့ အိုသေ ဇာတ်သိမ်းမှသာလျှင် မအိုရာ နိဗ္ဗာန်ကိုး (မှန်ပါ့)။

မသေရာသည် (နိဗ္ဗာန်ကိုပါ ဘုရား) ဒါဖြင့် သူ့ ဘယ်သူ့ဇာတ်သိမ်းရမှာတုံး (အိုသေ ဇာတ်သိမ်း ရမှာပါ ဘုရား)။

အဲ အိုသေ ဇာတ်သိမ်းချင်လို့ ရှိရင်ဖြင့် အိုသေကို ဒကာ ဒကာမတွေက စဉ်းစားတော့ အိုသေ ဒေါက်က ပေးတာ (မှန်လှပါ)။

ဒေါက်ကိုဘယ်သူကခိုင်းတာတုံး

အိုသေကို ဘယ်သူက ပေးတာတုံး (ဒေါက်ကပေးတာပါ ဘုရား) ဒေါက်ကို ဘယ်သူက ခိုင်အောင် လုပ်နေတာတုံး (ပဒေါင်းကပါ ဘုရား)။

ပဒေါင်းကို ဘယ်သူ လုပ်ပေးတုံး (ဝင်ရိုးကပါ ဘုရား) ဝင်ရိုး၊ ဝင်ရိုး၊ ဝင်ရိုး ကြောက်စရာ ကောင်းတယ် (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝင်ရိုး ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အံမာလေး ဒကာ ဒကာမတို့ ဒီနေ့ ကတဉာဏ် ဖြစ်တဲ့ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို ဦးခင်မောင်ရ ဟောနိုင်ပုံ မရဘူး (မရပါဘူး ဘုရား)။

မူလ ပဋိစ္စသမုပ္ပါဒ်နဲ့ နာရီကစေ့ပုံ ရနေတယ်၊ ကိစ္စမရှိပါဘူး ဒကာ ဒကာမတို့ နားလည်မှာပဲ၊ ကဲ မူလပဋိသစ္စသမုပ္ပါဒ် တော်တော် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒို့ နောက်တုန်းက ဘယ်လိုနေခဲ့ရတဲ့ အထက်အောက် ပြောင်းပြန်လှည့်နေခဲ့ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လှည့်တော့ လှည့်တာပဲ၊ လှည့်ပင်လှည့်ငြားသော်လည်း ဘယ်လိုများ လက်စသတ်ခဲ့ရတဲ့ (အိုသေမှာလမ်းဆုံးခဲ့ပါ တယ် ဘုရား)။

လှည့်လဲလှည့်ရသေး သဘောကျပလား (ကျပါ တယ် ဘုရား) ဘယ်ဟာနဲ့ပဲ လက်စသတ် ခဲ့ရတုံး (အိုသေနဲ့ လက်စသတ်ခဲ့ ရပါတယ် ဘုရား)။

ဒါဖြင့် အိုသေ လက်စသတ် ပျောက်ပါတော့လား အိုသေကြီး ငြင်းပါတော့လား၊ မဟော သင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ကံကုန်ရင်အိုသေကုန်မယ်

ဟောသင့်တယ်နော် (ဟောသင့်ပါတယ် ဘုရား) ဟောသင့်တော့ ဒါက ဒေါက်ကံကုန်လို့ ရှိရင်တော့ဖြင့် ဒကာ ဒကာမတို့ အိုသေကုန်မှာပဲ (မှန်ပါ့)။

ဒေါက်ကံမကုန်ရင်တော့ (အိုသေမကုန်ပါဘူး ဘုရား) သို့သော် ခင်ဗျားတို့က ခင်ဗျားတို့မှာ ဒွါရ ဘယ်နှစ်ပေါက် ရှိသတုံး (ခြောက်ပေါက်ပါ ဘုရား)။

ဒွါရခြောက်ပေါက်ကစက်ရုံတွေ

ကိုင်း ဒွါရခြောက်ပေါက်က နေပြီးသကာလ ဒကာ ဒကာမတွေ ဒေါက်လဲတဲ့ လှည်းအိမ်က ခြောက်ရုံတောင် ရှိတယ် (မှန်ပါ့)။

ဒေါက်လဲတဲ့ လှည်းအိမ်က ဘယ်နှစ်ရုံရှိတုံး (ခြောက်ရုံပါ ဘုရား) ရပါ့ဗျား။

ဘယ့်နှယ်ထင်ကြတုံး ဒကာ ဒကာမတွေ ဒေါက်လဲတဲ့ လှည်းရုံ (ခြောက်ရုံပါ ဘုရား) ခြောက်ရုံ ရှိတယ်။

မျက်လုံးပေါက်က နေပြီး သကာလ လည်း အဝိဇ္ဇာ၊ တဏှာ ပဒေါင်းလဲမယ့် လူနဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား) ဝင်ရိုး လဲမယ့် လူကော (ရှိပါတယ် ဘုရား)။

အဲ ဒေါက်လဲမယ့်လူကော (ရှိပါတယ် ဘုရား) ဒါဖြင့် ဒီခြောက်ရုံက ဘာလုပ်နေတာတုံး နေ့တိုင်း နေ့တိုင်း ဒေါက်လိုရင် ဒေါက်လဲမယ် (မှန်ပါ့)။

ပဒေါင်းကုန်ရင် (ပဒေါင်းလဲမှာပါ ဘုရား) သံပတ်ခွေ ပြုတ်ရင် (သံပတ်ခွေလဲမှာပါ ဘုရား)။

ဒါက ခင်ဗျားတို့က နေ့တိုင်းလုပ်နေတယ် မျက်လုံးပေါက် က လောဘ၊ ဒေါသ၊ မောဟ မလာဘူးလား (လာပါတယ် ဘုရား)။

မျက်လုံး ပေါက်က မြင်တာနဲ့ပဲ ဘုံဘဝ တောင်းတပြီး လှူချင်တဲ့ကံတွေကော မလာဘူးလား (လာပါတယ် ဘုရား)။

ကိုင်း ဒီရုံခြောက်ရုံ ဘာရုံလို့ဆိုကြမတုံး (ဒေါက်ရုံပါ ဘုရား) ဒေါက်တင်မဆိုနဲ့။

ဘာလုပ်တဲ့စက်ရုံတွေပါလိမ့်

ပဒေါင်းလဲတဲ့ရုံ၊ ဝင်ရိုးလဲတဲ့ရုံ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ သံပတ်ခွေပျော့သွားလို့ရှိရင်တော့ (မာအောင် ပြန်လုပ်ပေးမှာပါ ဘုရား) မာအောင် လုပ်ပေးမဲ့ရုံ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အိုသေများ နည်းသွားလို့ရှိရင် ထပ်ပေးမဲ့ရုံရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒွါရခြောက်ပေါက်က ဘာခေါ်ကြမယ် စက်ရုံ ဘာလုပ်တဲ့စက်ရုံပါလိမ့် (ပဒေါင်း၊ ဒေါက်၊ ဝင်ရိုး၊ သံပတ်ခွေ) အကုန်၊ အကုန်။

ဝင်ရိုးညံ့သွားရင် (ဝင်ရိုးလဲပေးမှာပါ ဘုရား) ဝင်ရိုးလဲ ပေးမယ်။ ပဒေါင်းညံ့သွားရင် (ပဒေါင်းလဲ ပေးမှာပါ ဘုရား)။

ဒေါက်ညံ့သွားရင် (ဒေါက်လဲပေးမှာပါ ဘုရား)။ သံပတ်ခွေ ပျော့သွားရင် (သံပတ်ခွေ မာအောင် လုပ်ပေးမှာပါ ဘုရား)။

ကဲ သွားပါပြီဗျာ ဒီခြောက်ရုံကလည်း အတော် အရေးကြီးပါလား (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် တစ်နေ့ကို ဝင်ရိုးဘယ်နှစ်ချောင်း ပြီးလို့၊ ဒေါက်ဘယ်နှစ်ခုပြီးကြလို့၊ ပဒေါင်းဘယ်နှစ်ခု ပြီးပတုံး မေးရင် ဘယ့်နှယ်ပြောကြမတုံး (မရေမတွက်နိုင်ပါဘူး ဘုရား)။

အံမယ် တယ်လွယ်ပါ့လားဗျ။ ဒီစက်ရုံကြီးက အနောက် နိုင်ငံက စက်ရုံကြီးတွေလိုထွက်တယ် (မှန်ပါ့) မထွက် ဘူးလား (ထွက်ပါတယ် ဘုရား)။

အနောက်နိုင်ငံက စက်ရုံကြီးတွေလို တစ်နေ့မှ ကား တစ်စီးထွက်ရင် သူကတစ်နေ့ဆို ဒီကအများကြီး ထွက်မယ်၊ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒွါရခြောက်ပေါက် အကြောင်း တော့ ကောင်းကောင်း သိပလား (သိပါပြီ ဘုရား)။

ဦးခင်မောင် ကောင်းကောင်းသိပလား (သိပါပြီ ဘုရား) ဘာလုပ်နေကြတာတုံး (အကုန် လုပ်နေပါတယ် ဘုရား)။

ဒွါရခြောက်ပေါက်က အကုန်လုပ်ပေးတယ်

အကုန်လုပ်တာ၊ ဝင်ရိုးလိုရင် (ဝင်ရိုးလဲပေးပါတယ် ဘုရား) ပဒေါင်းလိုရင် (ပဒေါင်းလဲ ပေးပါတယ် ဘုရား) ဒေါက်လိုရင် (ဒေါက်လဲပေးပါတယ် ဘုရား)။

သံပတ်ခွေလိုရင် (သံပတ်ခွေလဲပေးပါတယ် ဘုရား) အံမယ် အတော်တတ်တဲ့ စက်ရုံပါလား။ ဘယ်နှစ်ရုံ ရှိတုံး (ခြောက်ရုံ ရှိပါတယ် ဘုရား)။

တစ်ရုံတစ်ရုံကလည်း ဘယ်နှစ်မျိုးလုပ်နိုင်တုံးဆိုရင် လေးမျိုးစလုံး၊ လေးမျိုးစလုံး လုပ်နိုင်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နည်းတူ လုပ်နိုင်တယ်ဆိုတော့ နောက်ရုံကလည်း ဘာလုပ်တတ်တုံး၊ လေးမျိုးစလုံး၊ နောက်ရုံကကော (လေးမျိုး စလုံးပါ ဘုရား)။

မျက်လုံး ပေါက်က၊ နားပေါက်က၊ နှာခေါင်းပေါက်က၊ လျှာပေါက်က၊ ကိုယ်ပေါက်က၊ မနောပေါက်က (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်နှစ်မျိုး လုပ်တတ်တုံး (လေးမျိုး လုပ်တတ် ပါတယ် ဘုရား) တစ်ရုံ ဘယ်နှစ်မျိုး လုပ်တတ်တုံး (လေးမျိုး လုပ်တတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဟိုက မပျက်ခင် ဒီက ဘီးတွေလဲ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုက မကျိုးခင်၊ မပျက်ခင်၊ မဆွေးခင် ဒီကလုပ်ထား တာက ဘယ်လောက်များနေတုံး (မရေမတွက် နိုင်အောင်ပါ ဘုရား)။

ဒါဖြင့် ဒီ ဘီးကြီးဟာ ပျက်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ပျောက်စရာကော (မရှိပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဘုရားအဆူဆူနဲ့ လွဲပြီး လည်နေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါ ဘာပဋိစ္စသမုပ္ပါဒ်တဲ့ (မူလပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ကတော့ အလုပ်နဲ့ သွင်းရမယ် (မှန်ပါ့)။

ဒါက သံဝေဂကို ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ပါဦးမယ်။

သာဓု သာဓု သာဓု။