149

ပြင်ပေးမည့်သူရှိရင် ချက်ချင်းရတယ် (ဇောငါးကြိမ်)

အသံဖိုင်ခေါင်းစဉ်= သေခါနီး ပေါ်တတ်သော ကုသိုလ် အကုသိုလ် စိတ်နှစ်မျိုးကို ခွဲ၍ ရှင်းပြပုံ တရားတော်

စာအုပ်ခေါင်းစဉ်= ပြင်ပေးမည့်သူရှိရင်၊ ချက်ချင်းရတယ် (ဇောငါးကြိမ်)

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

ပြင်ပေးမည့်သူရှိရင်၊ ချက်ချင်းရတယ် (ဇောငါးကြိမ်)

( ၂၉-၅-၆၁ )

ဒကာ ဒကာမတွေ ယနေ့ ရှေ့ပိုင်းက ကိုယ်တွေ့ရမယ့် အရေးလေးကို ရှောင်တဲ့နည်းရော၊ အမှန်တွေ့ရမယ့် ကိစ္စလည်း ရှိတယ်၊ ရှောင်နိုင်တဲ့ ကိစ္စလည်း ရှိတယ်။ ရှင်းရှင်းပြောကြပါစို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီးတွေဟာ ဘယ်သွားနေ သတုံးလို့ မေးနေဖို့ မလိုတော့ ပါဘူးနော် (မှန်ပါ့ ဘုရား)။ သေ ရာဌာန သွားနေတယ် ဆိုတာ လူတိုင်း သိပါတယ် (မှန်ပါ)။

ကိုစောမောင် လူတိုင်းသိတယ် (မှန်ပါ ဘုရား)၊ ကြီးပြီ ကွ သေတော့မှာပဲကွ၊ ကြီးပြီကွ သေတော့မှာပဲ ဆိုတာ သေရာဌာန သူသွားလို့ ရောက်တာပေါ့ဗျာ (မှန်ပါ)၊ သူ မသွားရင် (မရောက်ပါ ဘုရား)။

အဲဒါ ထင်ရှားပြီး သကာလ နေတော့ အို မွေးတစ်နေ့ သေတစ်နေ့လို့ လူမိုက် ပြောတဲ့ စကားကို ဒီလို နားမယောင်ကြ ပါနဲ့နော် (မှန်ပါ ဘုရား)၊ ဖျက်ပစ်ပါ။

မသေခင်ဆိုတာ

ဒကာ ဒကာမတို့ ဒီလူမသေခင်၊ မသေခင် ဆိုတာက၊ လေလေးက ရှူလိုက် ရှိုက်လိုက် နေလို့ ရှိရင်ဖြင့် မောင်နိုင် မသေ သေးဘူး (မှန်ပါ)၊ နောက်ဆုံးပိတ် လေလေး ပြန်သွင်းပြီး သကာ လ နောက်တစ်ခါ ပြန်ထုတ်လို့ သွင်းနိုင်တဲ့ စိတ်မလာရင် သေတာပဲ (မှန်လှပါ ဘုရား)။

လေလေးထုတ်လိုက်တယ် ကိုစောမောင်၊ ပြန်သွင်းနိုင် တဲ့စိတ်၊ အတွင်းက ရှိုက်လိုက် နိုင်တဲ့စိတ် မရှိတော့ဘူး (မှန်ပါ ဘုရား)၊ ဒါဖြင့် ဦးဘလေးတို့၊ ကျုပ်တို့၏ ခန္ဓာကိုယ်ဟာ ဒီနှစ်ခု

မှာ တစ်ခုခု ပြတ်ရင် သေတယ်ခေါ် ရမှာပဲ (မှန်ပါ)။

ဒီနှစ်ခု တစ်ခုခုပြတ်ရင် (သေတယ် ခေါ်ရမှာပါ ဘုရား)၊ သေတယ်ခေါ် ရမယ်လို့ ဆိုတော့ ဒီနှစ်ခုကြားမှာ ဗြုန်းခနဲ ဒကာ ဒကာမတွေက ဆေးသမားတွေနဲ့ ဝါးသမားတွေနဲ့ ကုသပြီး ဝေဒနာရှင် ဖြစ်နေတဲ့ အချိန်မှာ ကိုစောမောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာတယ်၊ ဒီအတိုင်းများ မင်းတို့ကွာ သူ့ဟာသူ ချုပ်ပြီး၊ သူ့ဟာသူ ပျက်ပြီး သေသွားလိမ့်မယ်လို့ ဒီလို မထင်ပါနဲ့ဦးကွာ၊ ဒီလို မထင်ပါနဲ့ဦးတဲ့။

သွားရမည့်ခရီး မမြင်ဘဲနဲ့ မသေပါဘူး

မင်းတို့သွားရမည့်လမ်းခရီး မမြင်ဘဲနဲ့မသေပါဘူး။ ဘယ်လိုပါလိမ့် (သွားရမယ့်လမ်းခရီး မမြင်ဘဲနှင့် မသေပါဘူး ဘုရား)၊ သွားရမည့်လမ်းခရီးကို ဒကာ ဒကာမတွေ မမြင်ဘဲနဲ့ မည်သူ တစ်ဦး တစ်ယောက်မှ မသေပါဘူးတဲ့ (မှန်ပါ့)။

အဲတော့ မည်သူ တစ်ဦးတစ်ယောက်မှ မသေဘူးဆို တော့ ကိုမြင့်တို့က မှတ်ရမှာက၊ ဪ ဒို့ဟာ သေမယ့် ပုဂ္ဂိုလ်တွေလည်း ဟုတ်တယ်၊ သေခါနီး ပေါ်လာမည့် စိတ်တွေ ကလည်း သွားရာလမ်း ခရီးမြင် ဦးမှာတဲ့ (မှန်ပါ)။ သွားရာလမ်း ခရီးကို (မြင်ဦးမှာပါ ဘုရား)၊ မြင်ဦးမှာပဲဆိုတော့ ဒီအမြင်သည် ကားလို့ဆိုရင် ဘယ်သူ့ အမြင်နဲ့ မြင်ရတာတုံး မေးတော့ သေခါနီးအခါ ပေါ်လာတဲ့ မရဏာသန္နဇော စိတ်၏ အမြင်နဲ့ မြင်ရတာ (မှန်ပါ)။

ကိုစောမောင် ဇောစိတ်နော် (မှန်ပါ ဘုရား)၊ ဇောစိတ် ငါးစိတ်က မြင်ရတာပါ။ သေခါနီးမှ ဒီငါးစိတ်လာတာ မောင် နိုင် (မှန်ပါ)၊ သေမည့်စိတ် (၅) စိတ်နော် (မှန်ပါ ဘုရား)။

သေရာကိုမြင်တဲ့စိတ် (၅)စိတ်

သေခါနီးမှ သေရာကိုမြင်တဲ့စိတ် (၅)စိတ်ပေါ်ပြီးမှ နောက် စုတိစိတ် ဆိုတာ လာတာ (မှန်ပါ)၊ ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါ မရဏာသန္နဇောစိတ် (၅)စိတ်၊ ဒါအရင် ပေါ်လိမ့်ဦးမယ် ကိုစံလှ (မှန်ပါ)။

ဒါအရင်ပေါ်ပြီးတော့မှ စုတိ ဆိုပြီး ဒီက ဒီဘဝ နောက် ဆုံးပိတ်စိတ် ဖြစ်တာ။ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ဒါက ဘာတဲ့တုံး (သေခါနီးဇော (၅)ကြိမ်ပါ ဘုရား)၊ သေခါနီးဇော (၅)ကြိမ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သေခါနီးဇော (၅)ကြိမ်

ဒါက ဘာပါလိမ့် (သေခါနီးဇော (၅)ကြိမ်ပါ ဘုရား)၊ သေခါနီးဇော (၅)ကြိမ်ပြီးတော့မှ ဘာဖြစ်လာတုံး၊ စုတိစိတ်၊ ဒါ ဒီဘဝ လမ်းဆုံးတာ (မှန်ပါ)၊ ဦးဘလေး ဒီဘဝလမ်းဆုံးပြီ (မှန်ပါ)၊ ဒီဘဝအတွက်တော့ ဒါ နောက်ဆုံးပိတ်စိတ်ပဲ၊ မရှိတော့ဘူး။ ဒီစိတ်ပြီး နောက်စိတ် ဒီခန္ဓာထဲမှာ မလာတော့ဘူး၊ နောက် ပဋိသန္ဓေသာ နေတော့မယ် ကိုစောမောင် (မှန်ပါ)။ ကဲ- ဒါဖြင့် သူ့ဘယ့်နှယ့် ဆိုကြမတုံး၊ နောက်ဆုံးပိတ်စိတ် (မှန်ပါ)။

“စုတိစဝနတာ ခန္ဓာနံ ဘေဒေါ အန္တရဝါနံ ပစ္ဆိမာနံ ကာလံကိရိယာ ခန္ဓာနံဘေဒေါကဠေ ဝရဿ နိက္ခေပေါ” လို့ လာတဲ့ဥစ္စာ ဒီစိတ်ပြီးလို့ ရှိရင် ခန္ဓာကိုယ်ကြီး သုသာန်သာ ပို့ဖို့ စိတ်ကူးကြတော့၊ ဒီစိတ် ပြီးရင် ခန္ဓာကိုယ် သုသာန်ပို့ဖို့ပဲ၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ မသေခင်လာ တဲ့စိတ်က ဘယ်နှစ်စိတ်ပါလိမ့် ( (၅)စိတ်ပါ ဘုရား)၊ ဇော (၅)စိတ် ဆိုတာ ဒါပါပဲ (မှန်ပါ)၊ အခုလို ခင်ဗျားတို့ သားနဲ့၊ သမီးနဲ့ နေတဲ့ စိတ်တွေ ပေါ့ဗျာ၊ ရောင်းတဲ့စိတ်၊ ဝယ်တဲ့စိတ်၊ ဒါတွေနဲ့ နေကြတာပဲတဲ့၊ သို့သော် သေခါနီးကျတော့ မောင်နိုင် ဇောဘယ်နှစ်ကြိမ်လာမှာ ((၅) ကြိမ်လာမှာပါ ဘုရား)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ကုသိုလ်ဇောလည်း ဖြစ်နိုင်တယ်

ဒီဇောဟာက ကုသိုလ်ဇောလည်း ဖြစ်နိုင်တယ်၊ ကိုစံလှ (မှန်ပါ)၊ အကုသိုလ်ဇော လည်း (ဖြစ်နိုင်ပါတယ် ဘုရား)၊ သူက နှစ်မျိုး (မှန်ပါ) ဦးဘလေး သူက ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)၊ ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်း ပြောနေတယ်၊ သေသေချာချာ နားထောင်ပါ။

သေသေချာချာ နားထောင်ပါတဲ့၊ ဘယ်သူမှ မလာ မရှိဘူးနော် (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)၊ ဘယ်သူမှ မလာ မရှိပါဘူးဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒီဇော (၅)ကြိမ်က ဒီစိတ်တွေ ပဲ၊ စိတ်ငါးကြိမ်က တစ်ခုချုပ်ပြီး တစ်ခု ဖြစ်တာပဲ၊ တစ်ခုချုပ်ပြီး တစ်ခုဖြစ်တာပဲ၊ ဒီတစ်ခုချုပ်ပြီးလို့ ဒီတစ်ခုဖြစ်တာ၊ ဒီတစ်ခု ချုပ်ပြီးမှ ဒီတစ်ခုဖြစ်တာ၊ သူပြီးတော့မှ စုတိစိတ်ဖြစ်တာ၊ ဒါသဘော တူလို့သာ (၅) ခုလို့ပြောလိုက်တယ်၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တာလို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့)။

ဇော(၅)ကြိမ်ကဘာကိုမြင်သတုံး

ဒီဇော(၅)ကြိမ်က ဘာကိုမြင်သတုံးလို့မေးဖို့လိုတယ်၊ ဒီဇော(၅)ကြိမ်က ဘာကို မြင်သတုံးလို့ ဆိုတော့ ဒကာ၊ ဒကာမတို့ အကုသိုလ် လုပ်ထား ပြန်လို့ရှိရင်လည်း၊ လိမ်လည် ကောက်ကျစ် ထားလို့ ရှိရင်လည်း လိမ်လည် ကောက်ကျစ်တာလေးက ဒီအချိန်မှာ လာမြင်တာ (မှန်ပါ့)။

လိမ်လည် ကောက်ကျစ်ပြီး ထားတာတွေလေ (မှန်ပါ့) လိမ်လည် ကောက်ကျစ် ထားတဲ့ဥစ္စာ ဘယ်သူ့ လိမ်ထားတာတွေ၊ အဲဒီ အမူအရာလေးတွေပေါ့ဗျာ၊ ပြောပုံ ဆိုပုံလေးတွေ၊ အဲဒါတွေ လာတယ်နော် (မှန်ပါ ဘုရား) ရှေးက ဘယ်တော့မှ မပေါ်ဘူးတဲ့ မောင်နိုင် (မှန်ပါ့)၊ သေခါနီးမှ ခုနင်က လိမ်လည် ကောက်ကျစ်တာ ဒီဇောက သွားမြင်တာ၊ ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လိမ်လည်ခဲ့ပုံတွေသေခါနီးမှာ ပေါ်တယ်

ဒီဇောက လိမ်လည် ကောက်ကျစ် ထားတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်နဲ့ လိမ်လည်ပုံ၊ လှည့်ပြီး စကားပြောပုံ တွေဟာ အကုန်ပေါ် လာတယ် အဲဒါတွေသွားပြီး သတိရတယ်၊ ဒီစိတ်က၊ သဘော ကျပလား (ကျပါပြီ ဘုရား)။ အဲဒါ ကံအမူအရာတွေ မြင်တာပဲ၊ အကုသိုလ်ကံတွေ သွားမြင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကုသိုလ်ဇော ဖြစ်ခဲ့လို့ရှိရင်လည်း ဒကာ ဒကာမတွေက လှူဒါန်းပေးကမ်းလို့ရှိရင်လည်း လှူဒါန်းပေးကမ်းတဲ့ သင်္ကန်းတွေ ကပ်နေတဲ့ပုံတွေ၊ မြင်ချင် မြင်လာလိမ့်မယ်၊ ဒါဖြင့် ဒီဇော ဘာဇော ခေါ်ကြမတုံး (ကုသိုလ်ဇောပါ ဘုရား)။

ဝိပဿနာလုပ်ထားတဲ့ပုဂ္ဂိုလ်

တစ်ခါ ဝိပဿနာတွေ လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ လည်း ဝိပဿနာက ဥပမာ-သောတာပန်၊ သောတာပန်မှ မဆိုက်သေးဘူး၊ ဖြစ်ပျက်မြင်တဲ့ အခြေအနေလေး လောက်ရှိသေးတဲ့ ပုဂ္ဂိုလ် ကျတော့လည်း၊ အင်း သူဖြစ်ပျက်ကလေးတွေပဲ မြင်လာတယ်၊ ဖြစ်ပျက်ဆိုတဲ့ ကံတွေ မြင်လာတယ် မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သူအလုပ်များရာ သူမြင်တာပေါ့(မှန်လှပါ ဘုရား) အလုပ်များရာကို (သူမြင် ပါတယ် ဘုရား)။

သူအလုပ်များရာသူမြင်တယ်

သူအလုပ်များမှာ သူမြင်တယ်ဆိုတာ မှတ်ထားလိုက် တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ သြော် အသေဆို တာသည် ကိုယ်လုပ်ထားတာ ကိုယ်မြင်ပြီး သကာလ သေရတာကို ဆိုတာ ပေါ်လာတယ် (မှန်ပါ)။ ကိုယ်လုပ်ထားတာကို (ကိုယ်မြင်ပြီးမှ သေပါတယ် ဘုရား) ဒီတိုင်း တိတ်တိတ်ပုန်း သေလို့ ဖြစ်တာမဟုတ်ပါဘူး၊ တိတ်တိတ်ပုန်းသေလို့ မဖြစ်ဘူးနော်။

ခွေးနက်ကြီးတွေ ငရဲအိုးတွေ

အဲဒါဖြင့် တချို့ကျတော့ ဘယ်လို မြင်လာတုံးဆိုတော့ မောင်နိုင်ရေ ဒီကံတွေ တန်ခိုး ကြောင့် ပေါ့လေ၊ ဒီက အကုသိုလ်ကံ တို့၏ တန်ခိုးကြောင့် ခွေးနက်ကြီးတွေ၊ ငရဲအိုးကြီးတွေ၊ ငရဲထိမ်း တွေ မြင်လာတယ် (မှန်ပါ)၊ နဂို အကုသိုလ်တွေက လုပ်ထားတာကို (မှန်ပါ)၊ လောဘ၊ ဒေါသ၊ မောဟ အလုပ်တွေနဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်နေတော့လေ (မှန်ပါ) ဘာတွေမြင်ကြပါလိမ့်၊ ခွေးနက်ကြီးတို့၊ ငရဲအိုးတို့၊ ငရဲထိန်းတို့ ပေါ့ဗျာ၊ ဒါတွေမြင်လာတော့ မျက်ရည်တွေ စီးကျလာတယ်။

ပေါ့ပေါ့နေခဲ့မိတာမှားပေါ့

မျက်ရည်တွေ စီးကျတယ်၊ လန့်သွားတယ်၊ ဦးဘလေး ဘာဖြစ်တာတုံး (လန့်သွားပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (လန့်သွားပါတယ် ဘုရား) ပေါ့ပေါ့နေခဲ့မိတာ မှားပေါ့။ ပေါ့ပေါ့ နေခဲ့ မိတာဖြင့် မှားပြီ၊ မျက်ရည်စီး ကျတယ်ဆို ကတည်းက ခန္ဓာ မသေသေးဘူး ဆိုတာ သေချာတယ် (မှန်ပါ) ကိုမြင့် ဘာတုံး (ခန္ဓာမသေသေးဘူး ဘုရား) မသေသေးဘူး ဆိုတာ ရှင်းနေတာပဲ (မှန်ပါ)။

အနေမှားခဲ့လို့အရောက်မှားတယ်

ဒါဘယ့်နှယ်ကြောင့် မျက်ရည်ကြီးငယ် ကျရပါလိမ့်မတုံး ဆိုတော့၊ သြော် ငါအနေမှားခဲ့လို့ အရောက်ဖြင့် မှားတော့မှာ ပဲဆိုတာ သူ့ဟာသူ သိတယ် (မှန်ပါ) အနေမှားခဲ့တဲ့အတွက် (အရောက်မှား ပါတယ် ဘုရား) အရောက် မှားတော့မှာပဲ ဆိုတာ သူ့ဟာသူသိတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဒီဥစ္စာ၊ သေမှ ဒီအကြောင်းကို သိနေရင် အပိုပဲ သေရင် ဒါတွေ လာလိမ့်မယ်၊ မကောင်းလုပ်ထားတဲ့ ပုဂ္ဂိုလ် က မကောင်းတဲ့ ခွေးနက်ကြီးတို့၊ ငရဲအိုး၊ ငရဲထိန်းတို့ မြင်လာလိမ့် မယ် ဆိုတာ ခုက မှတ်ထားလိုက် (တင်ပါ ဘုရား) ဒါပြောနေတာပဲ ဘုန်းကြီးကတော့နော်။

အခုအချိန်ပြင်ရင်ရသေးတယ်

ပြောနေတာက အခုအချိန်ပြင်ရင် ရသေးတယ်ဆိုတာ ကိုစောမောင် သတိပေးချင်လို့ပါ (မှန်ပါ) ဘုရားကလည်း ဒီအတိုင်း ဟောထားတယ်နော်၊ ကိုင်း ဒါဖြင့် ကောင်းတဲ့နေရာ ကလည်း ကောင်းတဲ့ နေရာ သုဂတိ သွားမည့် ပုဂ္ဂိုလ်ကျတော့ လည်း၊ နတ်သမီးတွေ၊ ဗိမာန်တွေ၊ နတ်ရထားတွေ၊ ဒီဇော (၅) ကြိမ်က မြင်တာပဲ မောင်နိုင် (မှန်ပါ)။

မကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဇော (၅) ကြိမ်ကပဲ ငရဲအိုး၊ ငရဲထိမ်းတွေ မြင်တာပဲ (မှန်ပါ)၊ ပြိတ္တာဘုံ သွားမည့် ပုဂ္ဂိုလ်ဖြင့်လည်း အင်း တောင်ကြီးတွေ၊ ချောက်ကြီးတွေ ကြားကြီးတွေမြင်တာပဲ (မှန်ပါ)၊ ဒီဇော (၅) ကြိမ်ကမြင်တာ မောင်နိုင် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မသေခင်က ကိုယ်ရောက်မည့် နေရာ သိရသလား၊ မသိရဘူးလား ကိုပေါ် မေးရင် ဘယ့်နှယ့် ပြောမတုံး (သိရပါတယ် ဘုရား)၊ သေပလား (မသေသေးပါဘူး ဘုရား)၊ မသေသေးပါဘူး ဒကာ ဒကာမတို့ မသေခင်က သိရတာ၊ အဲ ဒီတော့ ဒီအချိန်မှာ အခု ဘုန်းကြီး ပြထားတာ သိတော့ ဇော (၅) ကြိမ်ပြီးရင် စုတိဆိုတာ ဒီဘဝ နောက်ဆုံးပိတ် စိတ်လို့ ပြောတာပဲ ကိုစောမောင် ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။

ပြင်ချိန်ရှိသေးရဲ့လား၊ ဒကာကြီးလှိုင် ပြင်ချိန် (မရှိတော့ ပါဘူး ဘုရား)၊ ဒါဖြင့် ပြင်ချိန်သည် ဘယ်အချိန်က ပြင်ရမှာတုံး ဆိုတော့ဖြင့် အခုက ပြင်ကြ (မှန်လှပါ ဘုရား)၊ ကိုစံလှရေ (ခုက ပြင်ရမှာပါ ဘုရား)၊ အခုကပြင်ကြရမှာ ဒကာ ဒကာမတို့ (မှန်ပါ)။ အခုက ပြင်ကြရမယ် ဆိုတာ သတိပေး လိုက်ပါတယ် (မှန်ပါ ဘုရား)။

ငရဲအိုးတွေ့မြင်ပြီးလန့်နေသော

ခုက မပြင်ရင်ဖြင့် ဒီနေရာကျမှ မျက်ရည်ကြီးငယ် ကျပြီး ဒါ ယောက်ျားစိတ် ဆိုပါတော့၊ ယောက်ျားက ဝေဒနာ ဖြစ်နေတယ်၊ ဒီနားက သားမယား ကလည်းရှိ၊ ဒီဘက်က သားသမီးတွေက လည်း ရှိတယ်၊ ဘာစားချင်တဲ့ သတိလေး ထားပါ၊ ပြောပေမဲ့ သူက မကြားတော့ဘူး၊ ဟိုဟာသာ မြင်ပြီး လန့်နေတာ (မှန်ပါ)၊ ခွေးနက်ကြီးတွေ၊ ငရဲအိုး၊ ငရဲထိမ်းတွေ မြင်ပြီး သူလန့်သွားတာပဲ ဒီက ဘာပြောပြော မကြားတော့ဘူး၊ အဲဒါကို ခင်ဗျားတို့က နားဆွံ့ သွားပြီလို့ ပြောကြတယ် မဟုတ်ပါဘူးတဲ့၊ ကဲ စုတိစိတ်နဲ့ ပြန်ချုပ်ထားတာ ကြားကို မကြားတော့ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူက ဟိုမှာ အာရုံကို ကြည့်ပြီးလန့်ပြီးနေတော့ ဘယ်သူ့ အသံမှ ဂရုမစိုက်နိုင်ဘူး၊ ငါကိုယ်ကျိုး နည်းပြီလို့ ဝမ်းနည်း နေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မကြားလို့လား၊ သူ့ဟာသူ ဝမ်းနည်း နေလို့လား (ဝမ်းနည်း နေလို့ပါ ဘုရား) သူ့ဟာသူ မျက်ရည်တွေ ကျလာတာ၊ မျက်ရည်တွေ မကျဘူးလား ကယ်ကြပါဦး၊ ယူကြပါဦး အော်နိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ အော်လာတယ် (မှန်ပါ)၊ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဇောကလူတိုင်းကြုံရမယ်

ဒါဖြင့် ဒီဇော (၅) ကြိမ်သည် လူတိုင်း လာရမယ်(မှန်ပါ) ဒကာ ဒကာမတို့ ဇော (၅) ကြိမ်ဟာ (လူတိုင်း လာမှာပါ ဘုရား) လူတိုင်း လာရမယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) အနားက ခင်ပွန်း ထိုင်နေတယ် ကယ်နိုင်ရဲ့လား (မကယ်နိုင်ပါဘူး ဘုရား) ဒီက သားကြီး သမီးကြီးတွေက (မကယ်နိုင်ပါဘူး ဘုရား)။

သူ့မှာကယ်ချိန်ကုန်ပြီ

ဒါဘာ့ကြောင့် မကယ်နိုင်သတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ အေး သူ့မှာ ကယ်ချိန် ကုန်ပြီတဲ့၊ ကိုစောမောင် ဒီကြည့်လေ ဒီငါးခုပြီးတော့မှ ဘာလုပ် ရတော့မှာတုံး၊ ဒီငါခုက လည်း သိပ်ကြာတာမှ မဟုတ်ပဲ (မှန်ပါ)၊ (၁၊၂၊၃၊၄၊၅)ဆို ကုန်ပြီ (မှန်ပါ) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ အဲတော့ ခင်ဗျားတို့ သြော် ဒါဖြင့် မသေခင် က သိရတယ် ဆိုလို့ရှိရင်ဖြင့်၊ ဒို့ဟာ ကိုယ်ကျိုး နည်းတော့မယ်။

စောစောပြင်ပါ

အခုလို စောစောက၊ ဒီငါးခုလာမှ မပြင်နဲ့တော့နော် (မှန်ပါ)၊ အခုလို စောစောက ပြင်မယ် ဆိုတော့ ဘုန်းကြီးနေ့တိုင်း ဒကာ ဒကာမတွေ ဆုံးမသွန်သင်၊ တရားဓမ္မတွေ ပြောပြီး သကာလ နေတာ စောစော ပြင်ပါပြောတာ (မှန်ပါ)၊

ဘာပြောတာပါလိမ့် (စောစောပြင်ဖို့ပါ ဘုရား)၊ ဒါ ခင်ဗျားတို့က တွေ့မှတော့ ပြင်လို့ မရတော့ဘူး (မှန်ပါ)၊ တွေ့မှပြင်လို့ ရတာ ဝတ္ထုပေါင်း တစ်သိန်းမှ ကိုစောမောင် တစ်ခုလောက် တွေ့တယ်၊ ဘုန်းကြီးတို့ ပိဋကတ်သုံးပုံ မွှေနှောက်ပြီး ရှာလိုက်တာ (မှန်ပါ)၊ ပြင်လို့ရတာ ဝတ္ထုပေါင်း တစ်သိန်း လောက်မှ ဒကာကြီးလှိုင် တစ်ဝတ္ထုလောက် တွေ့တယ် အင်မတန် နည်းဘူးလား (နည်းပါတယ် ဘုရား)။

သွားရာလမ်းခရီးမြင်ပြီးမှသေဘာ

အဲတော့ ဒကာ ဒကာမတို့ သေဆိုတာ ဖျတ်ခနဲ သေသွားတာလား၊ သွားရာလမ်းခရီးမြင်ပြီးမှ သေတာလား (သွား ရာလမ်းခရီးမြင်ပြီးမှ သေတာပါ ဘုရား) သွားရာ လမ်းခရီး မြင်ပြီးမှ သေတာ ဆိုတော့၊ သြော် မကောင်းစိတ်တွေ လာလို့ ရှိရင်လည်း မကောင်းတာမြင်တာပဲ (မှန်ပါ)။

မကောင်းစိတ်တွေ လုပ်ထားရင်လည်း မကောင်းတာ မြင်တာပါ ဘုရား)၊ သေခါနီး မကောင်းတဲ့ဇော မလာဘူးလား (လာပါတယ် ဘုရား)၊ အဲတော့ ကိုမြင့်တို့ အားလုံး ဒကာ ဒကာမတွေက စဉ်းစားပြီး သကာလ ကြည့်တော့မှ သြော် ပြင်ချိန် ကောင်းတုန်းက ပြင်မှပဲ (မှန်ပါ)။

အကျိုးလိုလားတဲ့ဆရာသမားနဲ့တွေ့လို့

ကိုစံလှရေ ဒါ အင်မတန် အကျိုးလိုလားတဲ့ ဆရာသမား နဲ့လည်း တွေ့လို့ ခင်ဗျားတို့ ကလည်း နားထောင်ချင် စိတ်ရှိလို့ တော်သေးတာ (မှန်ပါ) နို့မဟုတ်ရင် ဒီဥစ္စာ ဒို့ပြင်ချိန် ရှိသေးတယ် ဆိုတော့ အခုချိန်မှာ ပြင်လိုက်ဦးမယ်ဆိုတဲ့ စိတ်ကလေး မွေးလို့ ရသေးတယ် ကို စောမောင်၊ ဒီနေရာကျမှတော့ မွေးလို့ ရပါမလား (မရပါဘူး ဘုရား)၊ ဒီနေရာ ကျတော့ မွေးလို့ မရဘူး၊ ညီအစ်ကို မောင်နှမ သားချင်း တွေလည်း ဘယ်သူက လာကယ်နိုင် ယူနိုင် သေးတုံး (မယူနိုင်ပါ ဘုရား)။

မမြင်တော့ဘူး၊ မကြားတော့ဘူး

ဟော့ ဒီက မင်းအတွက် လှူတဲ့ သင်္ကန်းလေး ပြနေ တောင် မမြင်တော့ဘူး၊ ကြောက်နေတာ သဘောကျပလား (ကျပါပြီ ဘုရား)။ မင်း လှူထားတဲ့ ဟာလေးတွေ ပြန်နှလုံး သွင်းပါလားလို့ ဘေးက သူတော်ကောင်းက သတိပေးလည်း သူကြောက် နေရလို့ ဒါတွေ မကြားဘူး (မှန်ပါ) ကြားသေးရဲ့လား (မကြားပါဘူး ဘုရား)။

တစ်ခါတည်း မျက်ရည်တွေသာ ကျပြီး ဝမ်းနည်းနေ တာပဲ ဝမ်းနည်းပြီး တစ်ခါတည်း စုတိစိတ် လာတာပဲ၊ စုတိစိတ် လာပြီးသည်နှင့် တစ်ပြိုင်တည်း ဘယ်သူမှ မပို့ရဘူး၊ ဒီကံ တွေက ပို့ချလိုက်တာ၊ ဥပမာ – တိရစ္ဆာန်ဖြစ်မယ့် ပုဂ္ဂိုလ်ဖြင့် တိရစ္ဆာန်ဝမ်း ထဲရောက်သွားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငရဲကျမည့် ပုဂ္ဂိုလ်ဖြင့် ဒယ်အိုးထဲ ရောက်သွားတာ၊ အစစ် တောင် မခံရဘူး တချို့ကျတော့၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ အဲတော့ ဒကာ ဒကာမတွေ ဒီအချိန်ကျမှ ပြင်လို့ မရဘူး ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်အချိန်က ပြင်ရမယ် (အခုအချိန်က ပြင်ရမှာပါ ဘုရား)။ အခုအချိန်က ပြင်ကြရမယ်ဆိုတာ ကြပ်ကြပ်သတိထားပါ (မှန်ပါ)။

ခုအချိန်ဘာနဲ့ပြင်ရမှာတုံး

ဘယ်အချိန်က ပြင်ကြရမှာတုံး (အခုအချိန်က ပြင်ကြရ မှာပါ ဘုရား)၊ ခုအချိန်က ပြင်ရ မယ်နော်၊ အဲဒါကြောင့် ပြင်တော့ ဘာနဲ့ပြင်ရမှာတုံးလို့ မေးတော့ ဘုရားက ဈာယထ- ဝိပဿနာ ရှုကြဟေ့၊ ဒါပြင်နည်းလေး ပေးတာ (မှန်ပါ)။

ပြင်နည်းပေးနေတာ

ဒကာ ဒကာမတို့ ဘယ်လိုပြင်နည်း ပေးပါလိမ့် (ဝိပဿနာ ရှုရမှာပါ ဘုရား) “ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ”။ ဘိက္ခဝေ = ရဟန်တို့၊ ဈာယထ= ဝိပဿနာရှုကြ၊ ခန္ဓာကိုယ် ရှုပါကွ၊ မာပမာ ဒတ္ထ= မေ့လျှော့ပြီး မနေနဲ့၊ ပေါ်ကြပလား။ ဘာနဲ့ပြင်ကြမယ် (ဝိပဿနာ ရှုပြီးပြင်ရမှာပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာ ရှုထားတဲ့ပုဂ္ဂိုလ်ကျတော့ သေခါနီးကျတော့ လည်း သူဖြစ်ပျက်တွေပဲ မြင်လာတယ် (မှန်ပါ)၊ မောင်နိုင်ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်တွေ မြင်တယ် ဆိုကတည်းက သြော် အနိစ္စခန္ဓာ ပါလား၊ အနိစ္စခန္ဓာပါလား ဆိုပြီး သကာလ အနိစ္စဉာဏ်နဲ့ သေသွားတယ် (မှန်ပါ)။

အနိစ္စဉာဏ်နဲ့သေသွားရင်

အနိစ္စဉာဏ်နှင့် သေသွားရင် သူသေခါနီး စုတိ မရောက်ခင် လေးမှာ သူဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်လည်း ဖြစ်နိုင်တယ်၊ နိဗ္ဗာန် ရောက်နိုင်တယ် (မှန်ပါ)။

(တစ်နည်း) ဒီအတိုင်း အနိစ္စဒုက္ခမြင်ပြီး သေလို့ရှိရင် သုဂတိ ချက်ချင်း ရောက်သွားမယ် ကိုစောမောင် (မှန်ပါ ဘုရား)၊ စုတိပြီး သုဂတိရောက်မယ် (မှန်ပါ)။

သောတာပန်တည်တယ်

သုဂတိ ရောက်လို့ နတ်သမီး ရင်ခွင်ထဲမှာ ထိုင်ရက် ကလေးသွားပြီး ယောက်ျားလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ၊ သြော် ငါဘယ့်နှယ့်ကြောင့် ဒီနေရာ ရောက်လာပါလိမ့်မတုံးလို့ မတွေးပဲနှင့် ဒီခန္ဓာကြီးဟာ အနိစ္စပါလား၊ ဒုက္ခပါလား အနတ္တပါလားဆို အဲဒီ ရင်ခွင်ထဲမှာ သွား သောတာပန် တည်တယ် (မှန်ပါ ဘုရား)။

ဒီက ဝိပဿနာသာ ရှုတဲ့ ပုဂ္ဂိုလ်ကို (မှန်ပါ)၊ သူထင်တဲ့ နိမိတ်ကလည်း နတ်ရွာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူသည်ထင်တဲ့ အာရုံကကော နတ်ရွာ သုဂတိ လာထင်တာပဲ ကိုစောမောင် (မှန်ပါ)၊ ဒါဖြင့် အထင်လည်း ကောင်းတယ်၊ အရောက်ကော (ကောင်းပါတယ် ဘုရား)။

ဒါဘာလုပ်ထားလို့တုံး

ဒါဘာလုပ်ထားလို့တုံးဆို ဈာယထ – ဝိပဿနာရှုထားလို့၊ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာလုပ်ထားတာတုံး (ဝိပဿနာ လုပ်ထားလို့ပါ ဘုရား)၊ ဝိပဿနာ ရှုထားကြလို့၊ မာ ပမာဒတ္ထ မေလျော့ပေါ့ဆ၍ မလုပ်ပါနှင့်၊ ပစ္ဆာ =မင်းတို့ သေခါနီး အခါကာလကျမှ ဒီငါးခုလာ မှာပေါ့ (မှန်ပါ)၊ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပ္ပဋိသာရိနော – ငါတော့ မှားခြင်းကြီးမှားပြီလို့ ဒီကျမှ မျက်ရည်ကြီးငယ် မကျနဲ့တဲ့ ဒီကျမှ ကျရင် အပိုပဲတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒီကျမှ ကျတော့ ဒီနားက ကားက ပြင်လို့ ရရဲ့ လား (မရပါဘူး ဘုရား)၊ ဒီနားက စိန်တွေ ရွှေတွေ တွေ ကကော (မရပါဘူး ဘုရား)၊ ဒကာကြီးလှိုင် ဘာက အကူအညီ ပေးသေးတုံး (မပေးနိုင်ပါဘူး ဘုရား)။ ဘာကမှ မပေးနိုင်ဘူး ဆိုတာ ကိုစောမောင် သေချာ နေပြီ (မှန်ပါ ဘုရား)။

ပြုံးချင်ရင်ဝိပဿနာရှုထားကြ

ဒါဖြင့် ဒကာ ဒကာမတို့ သေခါနီးမှ နှလုံးမသာယာဖြစ် ရတာဟာ မကောင်းတော့ဘူး၊ တစ်ခါ တည်း ဒီဥစ္စာကို ပို့တော့ အစလောက်ကတည်းက ဝိပဿနာ ရှုထားတော့မယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ထင်တဲ့ နိမိတ်ကလည်း ကောင်း၊ ပြုံးများနေ လိုက်သေးတယ်။

ဒီဇောနဲ့ ပြုံးလိုက်သေးတယ် ကိုကံလှရေ (မှန်ပါ)၊ ဒီဇောက မဲ့လည်း မဲ့နိုင်တယ်၊ ပြုံးကော (ပြုံးနိုင်ပါတယ် ဘုရား)၊ အဲ မဲ့လည်းမဲ့နိုင်၊ ပြုံးလည်းပြုံးနိုင်တဲ့ ဇောဖြစ်သောကြောင့် မမဲ့ချင်လို့ ရှိရင် ဝိပဿနာရှုထား၊ ပြုံးချင်လို့ ရှိရင်ပေါ့ဗျာ၊ မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။

၁၇၉၂ ကြိမ်မှာသွားတယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဘုရားသည် အကြိမ် ပေါင်း (၁၇၉၂) ကြိမ်၊ (၄၅)နှစ် အချိန်မှာ ပြောတာ အကြိမ်ပေါင်း (၁၇၉၂) ကြိမ်တောင် မှာ သွားတဲ့ ဥစ္စာ လူတိုင်း အလုပ်မို့မှာတယ် (မှန်ပါ)၊ ဘယ့်နှယ့်ကြောင့်တုံး (လူတိုင်း အလုပ်မို့မှာတာပါ ဘုရား) ဘယ်သူမှ မလွတ်နိုင်ဘူး၊ မှာဘူးလား (မှာပါတယ် ဘုရား)။

အဲတော့ ကိုစံလှတို့ ကျုပ်တို့က သူတောင်မှ ပါးစပ်က တဖွဖွ ပြောပြီး အကြိမ်ပေါင်း (၁၇၉၂) ကြိမ်တောင် တဖွဖွပြော နေတဲ့ ကိုယ်တော်ကြီးက အကျိုး စီးပွားမည်မျှလောက် အလို ရှိတယ်ဆိုတဲ့ ဥစ္စာဖြင့် ပြောနေဖို့ မလိုတဲ့အတွက် ဒို့ဖြင့် ပြင်ထားတာ အေးပါတယ် လုပ်ကြပါ (မှန်ပါ)၊ ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (ပြင်ထားတာအေးပါတယ် ဘုရား)၊ ပြင်ထားတာ အေးပါတယ်လို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် တရား တစ်ပွဲလုံးချပါ (မှန်ပါ)။

ပြင်ထားတာ အေးပါတယ်

မောင်နိုင် ဘာမှ အေးမတုံး (ပြင်ထား မှ အေးမှာပါ ဘုရား)၊ ပြင်ထားမယ် ဆိုတော့ ဘာလုပ် ထားကြမယ် (ဝိပဿနာ ရှုထားရမယ် ဘုရား)၊ ဝိပဿနာရှုထား၊ ခန္ဓာကိုယ်ရှုထား၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာ ရှုထားပါလို့ ဆိုတာ ဘုန်းကြီးက တိုက်တွန်း တာလား၊ ဘုရားက အကြိမ်ပေါင်း (၁၇၉၂) ကြိမ် တိုက်တွန်းတာ လား (ဘုရားက တိုက်တွန်းတာပါ ဘုရား)၊ (၁၇၉၂) ကြိမ် တိုက်တွန်း တာပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြန်မြန်လုပ်ပါလို့ဆုံးမခဲ့တယ်နော်

အဲတော့ ဦးမူတို့ မြန်မြန်လုပ် (မှန်ပါ)၊ မြန်မြန်လုပ်ပါ။ ဝိပဿနာကိုလည်း ဒကာ ဒကာမတွေ ဆုံးမ ခဲ့တယ်နော် ကိုစောမောင် (မှန်ပါ)၊ ဒကာ ဒကာမတွေ သာသနာတွင်းမှ ပေါ်တယ်လို့ ပြောခဲ့တယ် (မှန်ပါ)၊ နက်ဖန် သေတဲ့ လူမှာ ဝိပဿနာ မလုပ်မိလို့ရှိရင် နက်ဖန်ကွယ်ပြီ သာသနာ (မှန်ပါ)၊ မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)။

တစ်ခါ မသေပဲနဲ့ နေပြန်လည်း မလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ (ကွယ်ပါတယ် ဘုရား)၊ ကွယ်နေ ပြန်တယ်တဲ့ သာသနာပ အလုပ်ဆိုတော့ ဒါန၊ သီလ၊ သမထ အလုပ်တွေနဲ့ အချိန်ကုန် နေလို့ ရှိရင် ကိုစောမောင် ကွယ်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

သာသနာတွင်းဉာဏ်တွေရောက်ကြပါစေ

ဒါဖြင့် ခင်ဗျားတို့က မွေးတာ သာသနာတွင်း၊ ဝမ်းထဲ ရောက်တာလည်း သာသနာတွင်း ဉာဏ်တွေရောက်ကြပါစေ ဆိုပြီးသကာလ ဟောနေတာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ မွေးတာ ကတော့ (သာသနာတွင်းပါ ဘုရား)၊ သာသနာတွင်းပါပဲ တဲ့ အလုပ်က သာသနာပ အလုပ်ကို လုပ်နေကြလို့ရှိရင် မတော် သေးတော့၊ သာသနာတွင်း အလုပ်ကြပ်ကြပ် လုပ်စမ်းပါ (မှန်ပါ) ဟိုအလုပ် မလုပ်ရဘူးလို့ မဆိုပါဘူး (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ကိုင်း ဒါဖြင့် သေခါနီး အခါကာလမှာ မျက်ရည်ကြီး ငယ်မကျရအောင် ဘာလုပ်ထားကြမတုံး (ဝိပဿနာ လုပ်ထားမှာ ပါဘု ရား) ဝိပဿနာကို အာစိဏ္ဏကံ ဖြစ်အောင် လုပ်ထားပါ (မှန်ပါ)၊ ဝိပဿနာ ကို မပျက်မကွက် နှလုံးသွင်းပါလို့ဆိုတာ သတိ ပေးတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်အဆုံးမှာ မဂ်ဉာဏ်

ကဲ ဒါဖြင့် ဝိပဿနာ လုပ်ထားပြီ၊ ဝိပဿနာ လုပ်ထားလို့ ဝိပဿနာမှာ ခရီးပေါက်သွားတယ် ဆိုကြပါစို့ မောင်နိုင်ရေး၊ ဝိပဿနာ ခရီးပေါက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိပဿနာဉာဏ် အဆုံးမှာ မဂ်ဉာဏ် မလာဘူးလား (လာပါတယ် ဘုရား)။

အင်း တစ်မဂ် လောက်တော့ ရတယ်၊ ဝိပဿနာ ဉာဏ်အဆုံးမှာ ခန္ဓာဆုံးတာ မြင်ပြီး သကာလ၊ ခန္ဓာ ဘယ်တော့မှ မလာဘူး၊ ဒုက္ခချုပ်တာ ဒါပဲ ဒါပဲလို့ ဆင်ခြင် နိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ကိုစောမောင် သောတာပန် တည်တာပဲ (မှန်ပါ)၊ သောတာပတ္တိ မဂ်ရပြီး သောတာပန် တည်သွားတာပဲ (မှန်ပါ)၊ ဦးဘလေး ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလို ပုဂ္ဂိုလ်များကျတော့ သူသေပုံလေး ရှင်းပြမယ် နော် သူသေပုံလေးကို ဘုရားက သူမဟာနာမ်မင်းကြီး ဟောပုံကို ရှင်းပြမယ် ဒကာ ဒကာမတို့ ပြန်စပ် သွားအောင်နော် (မှန်ပါ)၊ ကြပ်ကြပ် သတိထား နားထောင်ကြပါ ဒကာ ဒကာမတို့ ပြီးတော့မှ အလုပ်တရား စတာပေါ့တဲ့။

မဟာနာမ်မင်းကြီး

မဟာနာမ်မင်းကြီးက မောင်နိုင် သူ့ဟာသူ သောတာပန် တည်တော့ တည်တယ်၊ သူ့ဟာသူ မသိပဲ ဖြစ်နေတာ (မှန်ပါ)၊ အလုပ် လုပ်ထားလို့ ခရီးတော့ ပေါက်နေပြီ၊ သူက မသိပဲဖြစ်နေ တာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သူက မရှင်းမလင်းပဲ ဖြစ်နေတယ်ဆို ကြပါစို့ ကိုစောမောင် (မှန်ပါ)။

မှတ်ချက်။ ။ဋီကာ၌မဟာနာမ်မင်းကြီးကို သကဒါဂါမ်ဟုဆို၏။

ဒါနဲ့ တစ်နေ့သ၌ ကျတော့ သူက ကျောင်းတော်တော့ နေ့တိုင်းသွားတယ်၊ ဘုရားလည်း ကြည်ညို။ တရားလည်းကြည် ညို၊ သံဃာတွေလည်းကြည်ညို၊ တရားလည်း အားထုတ်၊ ကျောင်းတော်က ပြန်လာ၊ ပြန်တော့ သူနေတဲ့ ကပိလဝတ်ပြည် ထဲရောက်လာတယ်၊ ရောက်တဲ့ အခါကျတော့ သူက ကျောင်းတော်က ပြန်တော့ ဆင်ရိုင်းတွေ၊ မြင်းရိုင်းတွေကလည်း မြို့ထဲ လွတ်လာတော့ သူရှောင်ရ၊ တိမ်းရ ရှိတာပေါ့လေ၊ နေရာ ထိုင်ခင်းတွေ၊ လူတွေ မြို့ကလည်း စည်လွန်းလို့ မောင်နိုင် ရှောင်ရ တိမ်းရတာ သိပ်များတယ် (မှန်ပါ)၊ သူ့အသက် အန္တရာယ် ကြောင့်ပေါ့လေ (မှန်ပါ)။

အဲတော့ သူ့စိတ်ထဲ ဖျတ်ခနဲ ဝင်ပြီ၊ သြော် ကျောင်းတော် မှာတော့ ဘုရား၊ တရား၊ သံဃာ၊ ဘယ်တော့မှ မမေ့ဘူး၊ အလုပ် တရားတွေလည်း၊ မမေ့ဘူး၊ အခုမြို့ထဲလာတဲ့ ဥစ္စာ ကျောင်းက ပြန်လာပြီး သကာလ၊ မြို့ထဲမှာ ဆိုတော့ ဟိုရှောင်ရ ဒီတိမ်းရနဲ့ ဆိုတော့ သတိဟာ လွတ်မနေ ဘူးလား၊ ဖြစ်ပျက်တွေ ဉာဏ် လွတ်နေတာ၊ ရိပ်မိကြပလား၊ ဖြစ်ပျက်တွေကို (ဉာဏ်လွတ် နေတာပါ ဘုရား) ဉာဏ်နဲ့ မရှုနိုင်ဘူးတဲ့ လွတ်နေတာ၊ လွတ်မှာပဲ ကိုစောမောင်ရ (မှန်ပါ)။

ဦးခိုင် မလွတ်ပေဘူးလား (လွတ်မှာပါ ဘုရား)၊ ရှောင် ရတာ၊ တိမ်းရတာကို၊ လူတွေေ ရှာင်ရ၊ မူးတဲ့ လူရှောင်ရ၊ ကိုပေါ်ရေ (မှန်ပါ) အဲတော့ သတိက တပည့်တော် လွတ်လွတ် သွားတယ် တဲ့ အဲဒီတော့ ဒီလို အချိန်များမှာ ဥပမာ ဆင်နင်း လို့သေသေ၊ မြင်းနဲ့ တိုက်မိလို့သေသေ၊ ဒီအချိန်သာ သေသွားရင်တော့ ငါတော့ ခက်တော့မှာပဲလို့ သူ့စိတ်ထဲ အောက်မေ့လာ တယ်၊ မဟာနာမ် မင်းကြီးနော် (မှန်ပါ)။

ဘုရားထံလျှောက်တယ်

မြို့ထဲမှာ သေသွားလို့ ရှိရင်ဖြင့် အာရုံတွေက ကြမ်းတာနဲ့ သူ့စိတ်ထဲ ဝိပဿနာ အလုပ်ကို လည်း သတိလွတ်လွတ် နေတာနဲ့၊ ဒီအချိန်များ သေသွားရင်တော့ အခက်ကြီးပဲလို့ သူ့ဟာသူ ဆုံးဖြတ်ချက် ချတယ်၊ နောက်တစ်နေ့ သူအိမ်ပြန်ပြီး အိပ်တယ်။ ဒီဟာကို တွေးပြီး အိမ်ပြန် အိပ်တယ်၊ မနက်ကျတော့ ကိုစောမောင် ကျောင်းကို သွားပြန်တယ် (မှန်ပါ)၊ ကိုမြင့် ကျောင်းကို ပြန်သွား တယ်နော် (မှန်ပါ)၊ နေ့တိုင်း သွားတာကို သူက၊ နေ့တိုင်း သွားတော့ မောင်နိုင် သူဘုရားနားမှာ အခွင့်ကြုံတာနဲ့ သူလျှောက်တယ်၊ အရှင်ဘုရားတဲ့ –တပည့်တော်သည်ကားလို့ ဆိုရင်၊ ကျောင်းမှာ နေရင် ဘုရား၊ တရား၊ သံဃာ မမေ့ဘူး၊ တရားဆိုတဲ့ ကိုယ့်အလုပ် ကိုယ်လည်းမမေ့ပါဘူး–တဲ့၊ တပည့်တော် လုပ်နေပါတယ်တဲ့။

အပါယ်များသွားဦးမှာလား

သို့သော်လည်း ကျောင်းတော်က ပြန်တဲ့ အခါကျတော့ ဆင်ရိုင်း၊ မြင်းရိုင်း၊ တီးသံ၊ မှုတ်သံတွေ၊ ပြေးကြ၊ လွှားကြတာတွေ၊ ကစားနေကြတာတွေ၊ ဒါတွေ တပည့်တော် ရှောင်တိမ်းပြီးတော့ နေတဲ့ အခါကျတော့ ခုနင်က တရားတွေ လွတ်နေတယ်၊ ဖြစ်ပျက် တရားတွေပေါ့ဗျာ (မှန်ပါ)၊ လွတ်နေတယ် ဘုရားတဲ့၊ အဲဒီ အချိန်များ တပည့်တော် တစ်ခုခုနဲ့ တိုက်မိ ခိုက်မိလို့၊ သေသွား ရရင် တပည့်တော် အပါယ်များ သွားဦးမှာလား ကိုစံလှ မေးတာ (မှန်ပါ)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

အပါယ်များ သွားဦးမှာလားလို့ မဟာဝဂ္ဂ သံယုတ်မှာ မေးတယ်၊ ဒီနိမိတ်တွေများ မဟုတ် တာတွေ ထင်လာဦးမှာလား၊ ဦးခန့် ဒီလိုမေးတာပဲ (မှန်ပါ)။

အဲတော့ ခုနင်က ပြောခဲ့ပြီ၊ သူသောတာပန် တည်ပြီးသား ဒုက္ခချုပ်တဲ့ ဆီမြင်ပြီးသား၊ သို့သော် သူ့ဟာသူ၊ ဘုရားကလည်း သူသောတာပန် တည်တယ်လို့ မပြောဘူးကို၊ သူ့ဟာသူလည်း မရိပ်မိဘူးပေါ့ သဘော ပါပလား (ပါပါပြီ ဘုရား)၊ အဲဒါနဲ့ သူ့စိတ် ထဲ သံသယ ရှိပြီးတော့ ဒီလိုများ ရှုပ်တဲ့ အထဲမှာ ကယောင်ချောက် များနဲ့ သေပွဲများဝင်ရလို့ရှိရင် ငါတော့ မကောင်းသော သေခြင်း များ ဖြစ်ဦးမှာလားလို့ သူ့စိတ်ထဲ အောက်မေ့တယ်။

ဒါနဲ့ ဘုရား သွားလျှောက်တယ်၊ သူကတော့ ဒုက္ခချုပ်တာ မြင်ပြီးသားနော် (မှန်ပါ)၊ ဒုက္ခသစ္စာ မြင်တယ် ဆိုတော့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ လည်း ပယ်ပြီးသားနော် (မှန်ပါ)၊ ကိုစံလှတို့ ရိပ်မိပြီနော် (ရိပ်မိပါပြီ)။

အရိုးအသားကတော့မြေထဲရောက်

အဲဒီတင်မှ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မေးခွန်းမေး တော့ မဖွင့်ရင် ဖြစ်ပါ့မလား (မဖြစ်ပါဘူး)၊ မဖွင့်ရင် မဖြစ်ပါဘူး ဒကာကြီးလှိုင်ရေ (မှန်ပါ)၊ မဖွင့်ရင် မဖြစ်တော့ဘူးတဲ့၊ ဒါနဲ့ ဒကာကြီး၊ မဟာနာမ်မင်းကြီး၊ ဒီလိုပါတဲ့ မြို့ထဲရွာထဲ သွားတဲ့အခါ အာရုံတွေက များပြီး သတိက လွတ်နေတယ် ဆိုတာ လွတ်မှာပဲတဲ့၊ အသက် အန္တရာယ်ကြောင့် ရှောင်ရ တိမ်းရ၊ ဟိုဟာတွေကြည့်၊ ဒီဟာတွေကြည့်၊ ရှောင်ရတိမ်းရတော့ လွတ်မယ်၊ သို့သော် သင်ဟာ သေလို့ ရှိရင်ဖြင့် မကောင်းသော သေခြင်းတော့ မသေတော့ပါဘူး။ သင့်အရိုးတွေ အသားတွေကသာ မြေထဲ ရောက်မှာ၊ ကျီး၊ လင်းတတို့၏ အစာကိုလည်း ဖြစ်မယ် သင့်စိတ်ကတော့ အထက်သာ ဆန်တော့မယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့စိတ်ကတော့သုဂတိနဲ့နိဗ္ဗာန်

သူ့စိတ်ကတော့ သုဂတိနဲ့ နိဗ္ဗာန်ပဲ သွားတော့မယ် ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါ ဒုက္ခချုပ်တာ မြင်ထားလို့ ပြောတာ ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။ ဘာမြင်ထား လို့တုံး (ဒုက္ခချုပ်တာ မြင်ထားလို့ပါ ဘုရား)၊ အဲ ဒုက္ခချုပ်တော့ ကောင်းကောင်း ပိုင်ပိုင်နိုင်နိုင် မြင်ထားတဲ့ အတွက် ကိုစောမောင် (မှန်ပါ)။

ဆီတို့ထောပတ်တို့ကရေပေါ်ပြန်တက်တယ်

ကဲ ဒကာကြီးတဲ့၊ ကျုပ် ဥပမာ တစ်ခု ပြောလိုက်ဦးမယ်တဲ့ ရှင်းသထက် ရှင်းအောင်၊ အင်မတန် နက်တဲ့ မြစ်ကြီးထဲမှာ လှေပေါ်မှာ ထောပတ်အိုးတွေ၊ ဆီအိုးတွေ ထောပတ် အပြည့်နဲ့ တင်သွားတယ်၊ လှေမှောက်လို့ တနည်းအားဖြင့် ပျက်စီးတယ်၊ လှေပေါ်မှာ ဟိုဟာ၊ ဒီဟာတွေနဲ့ ရိုက်ပြီး၊ လှိုင်းတွေ၊ လေတွေ ခတ်ပြီး အိုးချင်းတိုက်ပြီး ပျက်စီးတယ် ဆိုပါတော့၊ လှေပါမှောက် သွားတယ်လို့ ဆိုပါတော့၊ လှေပါ မှောက်သွားလည်း အိုးခြမ်းပဲ့ တွေကသာ မောင်နိုင် မြုပ်မှာပဲ (မှန်ပါ)၊ ဆီတို့ ထောပတ်တို့က ရေပေါ် ပြန်တက် လာမှာပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

သိပ်အားရှိစရာကောင်းတယ်

အိုးခြမ်းပဲ့တွေကသာ (မြုပ်ပါတယ် ဘုရား)၊ ဆီတို့ ထောပတ်တို့က (ပေါ်ပါတယ် ဘုရား)၊ ရေပေါ် ပြန်တက်မှာပဲ ဆိုတော့ ဒကာ ဒကာမတို့ မြုပ်လမ်းမျောလမ်း မဟုတ်တော့ဘူး ပြောတာ (မှန်ပါ)၊ သူ “ဈာယထ” လုပ်ထားလို့ ဆိုရင် (မှန်ပါ)၊ ကိုမြင့် သိပ်အားရှိစရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မြုပ်လမ်းမျောလမ်း ရှိသေးရဲ့လား (မရှိ ပါဘူး ဘုရား)၊ အဲတော့ ကိုစောမောင် မြုပ်လမ်း မျောလမ်း မဟုတ် ဘူး၊ ထောပတ်အိုး၊ ဆီးအိုး ကွဲသလို ဖြစ်ပါလိမ့်မယ် (မှန်ပါ)၊ အသား အရိုးသာ မြေထဲ ကျမယ်ကွ၊ မင်းဉာဏ်တို့က နိဗ္ဗာန်သွား မယ်ကွ၊ အထက် ဆန်လိမ့်မယ်ကွ (မှန်ပါ)၊ ဒါဟောနေတာ (မှန်ပါ)၊ ရိပ်မိပလား အဲဒါ ဘယ့်နှယ့်ကြောင့်တုံးလို့ မေးတဲ့အခါ ကျတော့မှ သူဒုက္ခချုပ်တဲ့ နေရာ မြင်ပြီးသား (မှန်ပါ)၊ ကိုစံလှ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထိုင်ပြီးခန္ဓာကြည့်ရုံပါပဲ

ဒါဖြင့် ကျုပ်တို့လည်း ဘုန်းကြီးလည်း ဆုံးမနေတယ် ခင်ဗျားတို့ကိုလည်း နေ့တိုင်း လိုလို တိုက်တွန်းပြီး သကာလ နေတော့၊ ပိုက်ဆံလည်း မကုန်ပါဘူး ဒကာကြီးလှိုင်ရာ၊ ထိုင်ပြီး ခန္ဓာ ကြည့်ရုံပါပဲ၊ ဘယ်လိုပါလိမ့် (ထိုင်ပြီး ခန္ဓာကြည့်ရုံပါပဲ ဘုရား) ထိုင်ပြီး ခန္ဓာသာ ကြည့်နေ၊ ယားလည်း ဖြစ်ပျက်ရှု၊ နာလည်း ဖြစ်ပျက် ရှုလိုက်၊ သြော် ဒါအနိစ္စလေး တွေပါလား၊ ဟုတ်လား (မှန်ပါ)။

အင်း ထချင်တာလာ ပြန်လည်း ထချင်တဲ့ စိတ်ကလေး၊ ခုမှပေါ်ပြီး ခုမှပျက်သွားတယ်၊ ထိုင်ချင်တဲ့ စိတ်ကလေးလာလည်း ဒီစိတ်ကလေးဟာလည်း ဖြစ်ပျက်ပဲ၊ စားချင်တဲ့ စိတ်ကလေး လာလည်း စားမှ မစားရသေးပဲ စားချင်တာ ရှိသေးတာ၊ စားချင်ပြီး ဖြစ်ပြီး ပျက်သွားတာပဲလို့ သူရှိတဲ့ နေရာ အနိစ္စလေး ရှုရှုပေး လိုက်ပါ (မှန်ပါ)၊ ကိုစံလှ ရှုပေးလိုက် (မှန်ပါ)၊ ဝန်လေးစရာလား (မလေးပါဘူး ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်သွားတယ်

မလေးပါဘူးတဲ့၊ အဲဒီကဲ့သို့ ရှုပါများလာတဲ့ အခါကျတော့ ကျုပ်တို့ ဒကာ ဒကာမတွေဟာ အနိစ္စနဲ့ ရှုတဲ့ဉာဏ်နဲ့ဟာ ကိုက် ကိုက်သွားတော့တယ် (မှန်ပါ)။ ဘာဖြစ်လို့တုံး ဆိုင်းနဲ့စည်းဝါး ကိုက်သလိုပေါ့ မောင်နိုင် ကြာတော့ သူဟာ ချက်ကျ လာတယ် (မှန်ပါ)။ ဒီမှာလည်း ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်ကိုက် သွားတယ်။ မကိုက်ပေဘူးလား (ကိုက်ပါတယ် ဘုရား)။

အဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်၊ ကိုက်ပြီး သကာလ သွား ကြလို့ရှိရင်လည်း ကိလေသာမှာ ကြားမခိုဘူး၊ ဒါက ဥပမာမယ် ခန္ဓာကိုယ်ထဲ ဖြစ်ပျက်ဆိုရင် ဒါက ရှုတဲ့ မဂ်သွားဖြစ်လို့ရှိရင် ဒီကြားထဲ ဘာဝင်နိုင်သေးတုံး (ဘာမှ မဝင်တော့ပါဘူး ဘုရား)။

ကြားမဝင်လို့ရှိရင်ဖြင့် တစ်ခဏနဲ့ပဲ သောတာပန်တည် မှာကို (မှန်ပါ)၊ တစ်ခဏနဲ့ ဒီမဂ်ဟာ သောတာပတ္တိမဂ် မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဖြစ်တော့ကို ဒီပုဂ္ဂိုလ် သေလို့ရှိရင်ကွာတဲ့ ဘုရားက ထောပတ်အိုး၊ ဆီအိုး ကွဲသလိုပဲ အိုးချမ်းပဲ့သာ – ရေမြုပ်တော့မှာပေါ့။ ထောပတ်နဲ့ ဆီတွေ ကတော့ အပေါ်တက် မှာပဲ (မှန်ပါ)။

ကြောက်နေရုံနဲ့မပြီးဘူး

ဒီမှာလည်း အသားအရိုး တွေကတော့ မြေထဲ ရေထဲ မြုပ်မှာပဲတဲ့။ ဉာဏ်က နိဗ္ဗာန်ပဲ (မှန်ပါ)၊ ဉာဏ်က အပေါ် တက် လာတယ်(မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သြော် တပည့်တော်တို့ အပယ်လေး ပါး မြုပ်ရမှာတော့ ကြောက်တယ်ဘုရား၊ သံသရာ ထဲ မျောရမှာလည်း ကြောက်လိုက်တာ၊ ဒီလိုဖြစ်နေလို့ ရှိရင်ဖြင့်၊ ကြောက်နေရုံနဲ့တော့ မပြီးဘူး၊ မောင်နိုင် ကြောက်နေ ရုံနဲ့တော့ (မပြီးပါဘူး)၊ ကြောက်နေရုံနဲ့ သံဝေဂတော့ ရမယ်၊ လုပ်လိုက်လို့ ရှိရင် ကြောက်တာ လွတ်သွားမယ် (မှန်ပါ)။

ဒကာကြီးလှိုင် လုပ်လိုက်ရင်တော့ (ကြောက်တာလွတ် သွားမှာပါ ဘုရား)၊ အခု မရလည်း ဒုတိယဘဝ သောတာပန် တည်မယ် ဆိုတော့ ဒကာကြီးလှိုင် ဘာကြောက်စရာ ရှိသေးတုံး (မရှိပါဘူး ဘုရား)၊ သေတော့လည်း နတ်ပြည်နိမိတ်ပဲ ထင်မယ်ဆိုတော့ မောင်နိုင် ဘာကြောက်စရာ ရှိတုံး (မရှိပါဘူး ဘုရား)၊ ဆီတွေက အပေါ်တက် လာတာ၊ နတ်နိမိတ် ဆိုတာ အပေါ်တက် လာတာ (မှန်ပါ)၊ ငရဲနိမိတ် ဆိုတာ အောက်ဆင်းသွားတာ၊ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အသေဆိုးလည်း ပြပြီ၊ အသေကောင်းလည်း ပြတဲ့နေ့ပဲ ဆိုရင်တော့ လွဲလား (မလွဲပါဘူး ဘုရား)။ အသေဆိုးကော (ပြပါတယ် ဘုရား)၊ ပြပြီးပြီ ခုနင်ကဇော (၅)ကြိမ်နဲ့ ပြတာ အသေဆိုး ပြတာ (မှန်ပါ)၊ အသေကောင်း ပြလိုက်တာက အခု မဟာနာမ်မင်းကြီး ပြလိုက်တာ (မှန်ပါ)။

သစ္စာဟောတတ်တဲ့ဆရာနဲ့ ကြုံနေတာ

အဲဒီတော့ကို ခင်ဗျားတို့ဟာ မဂ်ရထိုက်တဲ့ ပုဂ္ဂိုလ်လား၊ မရထိုက်တဲ့ ပုဂ္ဂိုလ်လား ဘုန်းကြီးက သံသယ မရှိပါဘူးတဲ့ (မှန်ပါ)၊ လုပ်ကြည့်ပါ မောင်နိုင် (မှန်ပါ)၊ လုပ်ကြည့်ရင် (သိပါတယ် ဘုရား)၊ သိတာပဲတဲ့၊ သာသနာတွင်း သားတွေဖြစ်ပြီး ဘုရားနဲ့ကြုံ၊ တရားနဲ့ ကြုံ၊ သံဃာနဲ့ကြုံ၊ ဒီလို သစ္စာတွေ ဟောတဲ့ ဆရာသမားနဲ့ ကြုံဆို ကိုစောမောင်၊ သစ္စာဟာ သာသနာတွင်း ထောင်နိုင်တဲ့ နားရှိလို့ ရှိရင် တိဟိတ်တွေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မသေခင်က ဝိပဿနာရှု

ထောင်နိုင်တဲ့နားရှိရင် (တိဟိတ်ပါ ဘုရား)၊ အဲဒီလိုဖြစ်ပြီး သကာလ နေတော့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သြော် သေခါနီးမှ ကယ်ပါယူပါ လုပ်လို့လည်း မရဘူး (မှန်ပါ)၊ မသေခင် က “ဈာယထ” ဆိုတဲ့ ဝိပဿနာ ရှုမှပဲ (မှန်ပါ)၊ ယနေ့ ဒါ ဆုံးဖြတ်ချက် ချရမှာပဲ၊ မချရပေဘူးလား (ချရပါတယ် ဘုရား)၊ ဒါဖြင့် ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ကို တဲ့ ဒကာ ဒကာမတို့ အကုန် အမြုပ်ချည်းပဲသွားမယ်(မှန်ပါ)၊ ကိုစောမောင် အမြုပ်နဲ့ အပျော်ချည်းပဲ (မှန်ပါ)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ အသားအရိုးသာ မြုပ်တဲ့ဘက်သွား တယ်နော် (မှန်ပါ)၊ ဉာဏ်နဲ့ စိတ်တွေက အထက်တက်သွား တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ထိုက်၊ မလုပ်ထိုက် (လုပ် ထိုက်ပါတယ် ဘုရား)။ ဒီလိုသိထားမှ လုပ်ချင်တဲ့ စိတ်လည်း ပေါ် တယ် (မှန်ပါ)၊ ဘာမှ မသိလို့ရှိရင်လည်း လုပ်ဖြစ်ပါ့မလား (မလုပ် ဖြစ်ပါဘူး)၊ အဲတော့ကို အခု ပေါ့သလောက် တော်ကြာကျတော့ ကိုယ့်သားနဲ့ သမီးနဲ့ ပျော်စရာ၊ ပါးစရာ မော်တော်ကားနဲ့ အမျိုး မျိုး ပျော်နေမယ် ဆိုလို့ရှိရင် ဟိုအချိန်မှာ မျက်ရည် ကြီးငယ် ကျမယ် (မှန်ပါ)၊ သားက အနား ထိုင်ပြီး မကယ်နိုင်၊ ခင်ပွန်းမက အနားနေ – ပြီးကော (မကယ်နိုင်ပါ ဘုရား)၊ ဘယ်သူ ကယ်နိုင်သေးတုံး (ဘယ်သူမှ မကယ်နိုင်ပါ ဘုရား)။

ဘယ်သူ့မှ မကယ်နိုင်တဲ့အလုပ်

ဘယ်သူမှ မကယ်နိုင်တဲ့ အလုပ်ကို ငါသည် ပျော်ပါးနေလို့ရှိရင် ဘယ်သူ့မှ မကယ်နိုင်တဲ့ အလုပ် ငါလုပ်နေတာကိုလို့၊ ကိုယ့်ကိုယ်ကို စွပ်စွဲပါ (မှန်ပါ)၊ ဦးဘလေး စွပ်စွဲထိုက် မစွဲထိုက် (စွဲထိုက်ပါတယ် ဘုရား)။

အဲတော့ မသိတုန်းက အခုလို ဆရာသမားကောင်း – မတွေ့တုန်းက မသိ မလိမ်မာ လို့ဖြစ်ခဲ့တာ၊ ဘုန်းကြီးတို့က ဘာမှ အရေးမယူပါဘူး (မှန်ပါ)၊ သိတဲ့အချိန် ပြင်လိုက်ရင် ပြီးသွားတာပဲ (မှန်ပါ)၊ ကိုစံလှ ဘယ့်နှယ့်ဆိုမတုံး (သိတဲ့အချိန် ပြင်ရမှာပါ) သိတဲ့ အချိန် ပြင်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မပြီးဘူးလား (ပြီးပါ တယ် ဘုရား)

သိတဲ့အချိန်မှာလည်း ခင်ဗျားတို့ ထူးထူးခြားခြား မှတ်ပါ။ ခင်ဗျားတို့မှာ ပဉ္စာနန္တရိယကံ မရှိဘူး၊ ပြင်လို့ရတဲ့ ပုဂ္ဂိုလ်ချည်း မှတ် (မှန်ပါ)၊ ဦးဘလေး ဘယ့်နှယ့် မှတ်မတုံး (ပြင်လို့ရတဲ့ ပုဂ္ဂိုလ်ချည်း မှတ်ရမှာပါ ဘုရား)၊ အင်း ဘာဖြစ်လို့တုံး (ပဉ္စာနန္တရိယကံ မရှိလို့ပါ ဘုရား)၊

အမိသတ်တဲ့ကံ ရှိရင်တော့ ဘုန်းကြီး ဘယ်လို ပြင်ပြင် မရဘူး (မှန်ပါ)၊ ဘယ်လို နည်းပေးပေး မရဘူး၊ အဖသတ် တဲ့ ကံရှိရင် (မရပါဘူး ဘုရား)၊ သံဃာသင်းခွဲတဲ့ကံ ရှိရင် (မရပါ ဘူး)၊ အင်း ဘုရား သွေးစိမ်း တည်အောင် လုပ်ရင် (မရပါဘူး ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ပြင်ပေးမည့်လူရှိရင် ချက်ချင်းရတယ် ၊

ပိတုဃာတက မာတုဃာတက (၅)ခုပေါ့လေ၊ ဒါ သိပြီး သားတွေ ထားလိုက်ပါတော့၊ အဲဒါ ရှိရင်တော့ မရနိုင်ဘူး၊ နိယတ မိစ္ဆာဒိဋ္ဌိ ကျတော့ ဘုန်းကြီးက ယခုပြင်ပေးလိုက်ရင်၊ ဒီလိုရှုဟေ့ ဆိုလို့ရှိရင် “ဟောဒါ အနိစ္စပဲ” လို့ဆိုရင်၊ နိယတ မိစ္ဆာဒိဋ္ဌိက ပယ်ပြီးသား ဖြစ်သွားတယ် ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) ဒါကြောင့် နိယတ မိစ္ဆာဒိဋ္ဌိက ကြောက်စရာရှိရဲ့ လား (မရှိပါဘူး ဘုရား)၊ ပြင်ပေးမည့် လူရှိရင် ချက်ချင်းရတယ်(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပြင်ချိန်ရှိသေးတဲ့အထဲ ဒို့အပါအဝင်

ပြင်ပေးမယ့် လူရှိရင် ချက်ချင်း ရမယ် ဆိုသဖြင့်တဲ့ ဒကာ၊ ဒကာမတို့၊ အခု သေသေချာချာ စဉ်းစားတော့၊ ဪ ငါတို့ဟာ ပြင်ချိန် ရှိသေးတဲ့အထဲ ဒို့အပါအဝင် ပါလား ဆိုတာ ပေါ်လာ တယ် (မှန်ပါ)၊ ပြင်ချိန် ရှိသေးတဲ့အထဲမှာ (ဒို့အပါအဝင်ပါ ဘုရား)၊ ဒို့ အပါအဝင်ပဲလို့ ဆိုတဲ့ဥစ္စာ သေချာ ပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပထမ ဒါ နှစ်ခုစပ် ဟောနေ တယ်။ ကိုစောမောင် (မှန်ပါ)၊ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။

ခန္ဓာကိုယ်ကိုကြည့်လို့ရှိရင်

အသေဆိုးနဲ့ အသေကောင်း ပြောနေတယ် (မှန်ပါ)။ အသေဆိုးနဲ့ အသေကောင်း ပြောပြ နေတော့ ခန္ဓာကိုကြည့်လိုက် လို့ရှိရင်ဖြင့် ဒီနေရာ ယားတယ်၊ လက်မောင်းလေးမှာ ယားတယ်၊ ယားတာ မရှိဘူး သိရင်တော်ပြီ၊ နာရင်ကော (နာတာ မရှိရင် တော်ပါပြီ ဘုရား)၊ နာတာကိုသိပြီးတော့ နာတာသိကတည်းက အဖြစ်ကို မြင်တယ်၊ နာတာ မရှိတာ သိကတည်းက အပျက်ကို မြင်နေတယ်၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

နာတာက ဖြစ်တာ၊ နာတာ ပျောက်သွားတာက ပျက် တာ၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ယားတာက ဖြစ်တာ၊ ယားတာလေး ပျောက်သွားတာက (ပျက်တာပါ ဘုရား)၊ အဲတော့ ဒါ ဝေဒနာက္ခန္ဓာတွေ ပျက်နေတာ၊ ဒကာ ဒကာမတို့ ဘာတွေ ပျက်နေတာတုံး (ဝေဒနာက္ခန္ဓာတွေ ပျက်နေတာပါ ဘုရား)။

မဂ္ဂင်ငါးပါးက ရှစ်ပါးဖြစ်သွားလိမ့်မယ်

အဲဒီ အပျက်ကလေးတွေကို ခင်ဗျားတို့က မြင်လိုက် တော့ အပျက်မြင်တဲ့မဂ်၊ ဘယ်မှာတုံး တဏှာ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒကာကြီးလှိုင် လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)၊ မလာ နိုင်တော့ကို ဒီ ဒကာ ဒကာမတွေမှာတဲ့ ခဏလေးနဲ့ပဲ မဂ္ဂင် (၅)ပါးက မဂ္ဂင် (၈)ပါး ဖြစ်သွား ပါလိမ့်မယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ္ဂင် (၅)ပါးက မဂ္ဂင် (၈)ပါးဖြစ်သွားလိမ့်မယ် ဆိုတာ ဒကာကြီး လှိုင် သေချာပလား (သေချာပါတယ် ဘုရား)၊ မဂ္ဂင် (၈)ပါး ဖြစ်သွားတော့ ဒကာ ဒကာမတွေ ယားတာတွေ၊ နာတာတွေ၊ ကိုက်ခဲတာတွေ၊ ဒါတွေသာ ဉာဏ်နဲ့သာ ဪ အနိစ္စ၊ ဖြစ်ပြီး ပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ လို့ ဒီဉာဏ်လေး နဲ့သာရှုနေ၊ ကိုစောမောင် မရှုထိုက်ဘူးလား (ရှု ထိုက်ပါတယ် ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ ခင်ဗျားတို့စဉ်းစားကြည့်ပါတဲ့။ ဝေဒနာ ပစ္စယာ တဏှာတို့ ဥပါဒါန်တို့ ဆိုတဲ့ ခန္ဓာထဲမှာ ဒီစိတ်စဉ် သုံးခု တန်း သေးရဲ့လား (မတန်းတော့ပါဘူး)၊ ကိုစောမောင် ဘယ့် နှယ်ကြောင့် မတန်းပါလိမ့်မတုံး၊ ကြားဝင်လာလို့ (မှန်ပါ)။

အဲတော့ ဒီနေ့ အထူးလေး ပြောချင်တာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ သုခဆိုတာ ချမ်းသာတာ၊ ဒုက္ခ ဝေဒနာဆိုတာ ယားတာ နာတာ၊ ဥပေက္ခာ ဝေဒနာကတော့ အယားလည်း မဟုတ်ဘူး၊ အနာလည်း မဟုတ်ဘူး၊ ချမ်းသာ လည်း မဟုတ်ဘူး၊ သူ စိတ်ကလေး တစ်မျိုး ပေါ်တာပဲ၊ မြင်ကာမျှမတ္တ၊ ကြားကာမျှ မတ္တဖြစ်တာ (မှန်ပါ)၊ ဒါ ဥပေက္ခာ ဝေဒနာလို့ဆိုရင် လွဲသလား (မလွဲပါဘူး)။

မလွဲတော့ကိုတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း ဒါလေးကို ဒို့သည်ကား ဆိုရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ လည်း ဒီ သုံးခုဟာ အမြဲတမ်းမှတ်ထားကြပါ။ တစ်ခုပေါ်လိုက်၊ တစ်မျိုးမျိုးဟာ ရှိနေမှာပဲ (မှန်ပါ)။

သူကပြတိုင်း မဂ္ဂင်လေးနဲ့ကြည့်ပေးပါ

တစ်မျိုးပြီး တစ်မျိုးဟာ ပေါ်နေတာပဲ (မှန်ပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ သုခ ဝေဒနာကလည်း တစ်ခါတစ်လေ ဖြစ်ပျက်နဲ့ ပြသွားတာပဲ (မှန်ပါ)။ ဒုက္ခဝေဒနာ ကကော (ဖြစ်ပျက်နဲ့ ပြသွားတာပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာကော (ဖြစ်ပျက်နဲ့ ပြပါတယ် ဘုရား)၊ အဲ သူက ပြ သလောက် ကျုပ်တို့က သတိထားပြီး ပညာလေးနဲ့ မဂ္ဂင်လေးနဲ့ ကိုစောမောင်တို့က ကြည့်ကြည့် ပေးလိုက်တာပေါ့ (မှန်ပါ)။ မောင်နိူင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သတိထား ကြည့်ရမယ်နော်၊ သတိထား ကြည့်မယ် ဆိုရင် သတိထား၊ ဝိရိယစိုက်၊ ပညာနဲ့ ကြည့်ပေါ့လေ၊ ဘယ်လို လုပ်ကြ မယ်၊ (သတိထား၊ ဝိရိယစိုက်၊ ပညာနဲ့ ကြည့်ရမှာပါ ဘုရား)။

သတိထား၊ ဝိရိယစိုက်၊ ပညာနဲ့ ကြည့်နေတော့ ဒါလေး တွေဟာ ဉာဏ်ထဲမှာ မြင်နေတာပဲ၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။ ဒီဉာဏ်မြင်တာဟာ အမြင်မှားလား၊ အမြင်မှန်လားဆို ရင် ဘယ့်နှယ့် ဆိုကြမတုံး (အမြင်မှန်ပါ ဘုရား)။

ဝေဒနာတွေ့တာလား၊ အနိစ္စတွေ့တာလား

ဘာ့ကြောင့် အမြင်မှန်လို့ ဆိုရပါလိမ့်မတုံးဆိုတော့ ဝေဒနာ တွေ့တာလား၊ အနိစ္စ တွေ့တာလား (အနိစ္စ တွေ့တာပါ ဘုရား)၊ ကိုစံလှရေ နေရာ ကျပလား (ကျပါတယ် ဘုရား)၊ ဘာတွေ့တုံး (အနိစ္စ တွေ့ပါတယ် ဘုရား)။

အနိစ္စတွေ့တော့ ဒါဖြင့် ခန္ဓာထဲမှာ ဘယ်နေရာမှာပဲ ပေါ် ပေါ် ဘာတွေ ပေါ်ပါလိမ့်မတုံး (အနိစ္စပဲ ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် တစ်ကိုယ်လုံးဟာ အနိစ္စတွေ စုနေတာပေါ့။ ဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ အနိစ္စတွေ စုပြီး သကာလ နေတော့ အနိစ္စကိုမြင်တဲ့ ဉာဏ်ကိုတော့ဖြင့် ဒကာ ဒကာမတွေ ကျုပ်တို့ “ဈာယထ” ဆိုတဲ့ အတိုင်း ခုနင်က အသေဆိုးဆိုးမှာ စိုးတဲ့အတွက် ဝိပဿနာ ရှုနေတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘာလုပ်နေကြပါလိမ့် (အသေဆိုး မသေအောင် လုပ်နေတာပါ ဘုရား)၊ အသေဆိုး သေရမှာ စိုးတာနဲ့ တစ်ခါတည်း ဝိပဿနာ လုပ်နေတယ် ဆိုတာကို ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေတဲ့ ဒါ အခု စောတုန်းမို့ ခင်ဗျားတို့ကလည်း နားထောင်နိုင်တာ (မှန်ပါ)၊ ကျောင်းမလာရင် ဒီနားလည်း မထောင်နိုင်တော့ပါဘူး (မှန်ပါ)၊ ခင်ဗျားတို့က ကျိုးမယ်၊ ပဲ့မယ် ဖျားနာ နေကြမယ်၊ ဖြေနည်းကို ပေးမယ့်လူ မရှိတော့ဘူး (မှန်ပါ)။

သူကပြောတာကို ခေါင်းညိတ်လိုက်

ကိုယ့်ဟာကို ရှုမယ်ဆိုတော့ တည့်ချင်မှလည်း တည့်မှာ (မှန်ပါ)၊ ပေါ်ချင်မှလည်း ပေါ်မယ်၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အင်း ချမ်းသာတာလေးလည်း (ဖြစ်ပျက် ရှုပစ်ပါဘုရာ)၊ ဆင်းရဲတဲ့ ဝေဒနာ လေးပေါ် ရင် (ဖြစ်ပျက် ရှုပစ်ပါ)၊ အလတ်စား ပေါ် ရင် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ပဲရှု ဘာမှ မရှုနဲ့ ဒကာ ဒကာမတို့၊ ဖြစ်ပြီး ပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ၊ ကိုယ်က ရှုရမှာလား၊ သူက ပြောတာ ခေါင်းညိတ် ရမှာလား (သူက ပြောတာ ခေါင်း ပိတ်ရမှာပါ ဘုရား)၊ သူက ပြောတာကို ခေါင်းညိတ် လိုက်၊ သူက ဖြစ်ပျက်ဆို ဟုတ်ပါပေတယ် လိုက်ရုံပဲ၊ သူက ဝေဒနာဖြစ်ပျက်ဆို ဟုတ်ပါပေတယ် လိုက်ရုံပဲ၊ မဂ်က ဟုတ်ပါပေတယ် လိုက်ရုံပဲ။ မဂ်က ဟုတ်ပါပေတယ် လိုက်ရုံပဲ (မှန်ပါ)။

ဒုက္ခဝေဒနာ ဖြစ်ပျက် ဆိုရင်ကော မဂ်က ဟုတ်ပါပေ တယ်လိုက်ရုံပဲ၊ အဲဒီ ဟုတ်ပါ ပေတယ် ဆိုတဲ့ဥစ္စာ အမှန်မြင်တာပဲ (မှန်ပါ)၊ ကိုပေါ် ဘာတဲ့တုံး (အမှန်မြင်တာပါ ဘုရား)၊ အမှန်မြင်တာ ဖြစ်ပြီး သကာလ ဒါအမှန်သည် သမ္မာဒိဋ္ဌိ၊ သမ္မာက မှန်ကန် တာ၊ ဒိဋ္ဌိက မြင်တာ ဒါဖြင့် သူ့ဘယ့်နှယ် ခေါ်မတုံး (သမ္မာဒိဋ္ဌိပါ ဘုရား)၊ သမ္မာဒိဋ္ဌိ အမှန်မြင်တာ ဘာခေါ်ကြမတုံး (သမ္မာဒိဋ္ဌိပါ ဘုရား)။

မသေခင်က မဂ်ရနေပြီ

ကဲ- ဒါဖြင့် သမ္မာဒိဋ္ဌိက သူချည်း ဖြစ်ကောင်းတာလား၊ သူလည်း အဖော် လေးခု နှင့်တကွ ဖြစ်ရတာလား (အဖော်လေးခု နှင့်တကွ ဖြစ်ရတာပါ ဘုရား)၊ ဒါဖြင့် မဂ္ဂင် (၅)ပါးရတယ်၊ ခင်ဗျားတို့ မသေခင်က မဂ်ရ နေပြီ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ မသေခင်က လောကီမဂ် ပုဂ္ဂိုလ်လည်း ဖြစ်နေပြီ (မှန်ပါ)။

ဒကာ ဒကာမတို့ မသေခင်က ဘာဖြစ်နေတုံး (လောကီ မဂ်ပုဂ္ဂိုလ်ဖြစ်နေပါတယ် ဘုရား)၊ လောကီမဂ်ပုဂ္ဂိုလ်ဖြစ်ပြီး သကာလနေတော့ ကဲ- ဆရာဘုန်းကြီးက ခင်ဗျားတို့က ထောင်နိုင် တဲ့နား ရှိတယ်၊ ကိုယ့်အရေးကိုလည်း ကိုယ်သိလာ တဲ့အခါကျတော့၊ ဟာ ဒီဟာလေးတော့ ပြီးအောင် လုပ်ထား လိုက်မယ် ဆိုပြီး၊ ရှစ်ခု ပြည့်အောင် လုပ်လိုက်လို့ရှိရင် ပြီးသွားတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုလုပ်ရမယ် (ရှစ်ခု ပြည့်အောင် လုပ်ရမှာပါ ဘုရား) ရှစ်ခုပြည့်အောင် လုပ်လိုက်ရင် ပြီးသွားတာပဲ ဆိုတော့၊ ဘယ်လိုရှု ရမှာတုံးဆိုတော့၊ အို ဝေဒနာက္ခန္ဓာ ကိုယ့်ခန္ဓာ ပြောတာ (မှန်ပါ)၊ ဒီခန္ဓာ မုန်းပြီးလို့ ရှိရင် ဒီခန္ဓာကြီးကို ဒုက္ခသစ္စာပဲ၊ ဖြစ်တာ လည်း ဒုက္ခသစ္စာပဲ၊ ပျက်တာလည်း ဒုက္ခသစ္စာပဲလို့ ဒီကနေ ပိုင် ပိုင်နိုင်နိုင်သာ သိနေ (မှန်ပါ)၊ သိလို့ရှိရင် ကိုစောမောင် ချုပ်တာပဲ (မှန်ပါ)။

မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ချုပ်တော့ ဒီ သိနေ တဲ့ ဒီ ဒကာ ဒကာမတို့ပြောနေတဲ့ မဂ္ဂင်က (၅)ပါးလား၊ (၈)ပါးလား မောင်နိုင် ((၈) ပါးပါ ဘုရား)၊ သူ့ဆီမှာ ဒီသင်္ခါရတွေ ရှိသေး ရဲ့လား၊ မရှိပါဘူး၊ သင်္ခါရ မရှိလို့ရှိရင် ဒီနေရာမှာ တစ်ခါတည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ အင်မတန် တောင့်တ နေတဲ့ နိဗ္ဗာန် ဟာ သူဖုံး နေတာ၊ နဂိုက ဒီဖြစ်ပျက်တွေ ဖုံးနေတာ၊ ဖြစ်ပျက်တွေကုန် ဒုက္ခသစ္စာတွေ မင်းတို့ မလိုချင်ဆိုတဲ့ ဒီမဂ်ဉာဏ်က လာပလိုက်တော့ ကိုစောမောင် သူဖုံးနိုင်သေးရဲ့ လား (မဖုံးနိုင်ပါ ဘူး ဘုရား)။

နိဗ္ဗာန်ကို ဘာဖုံးနေတုံး

မဖုံးနိုင်တော့ ဒီနေရာမှာ ဘာပေါ်တုံးဆိုတော့၊ ခင်ဗျား တို့ အင်မတန် တောင့်တနေတဲ့ နိဗ္ဗာန်ဟာ ပေါ်လာတယ် (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကို သင်္ခါရ ဖုံးနေတာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန် ဘာဖုံးနေတုံး (သင်္ခါရ ဖုံးနေပါတယ် ဘုရား)။ သင်္ခါရဆိုတာ ဘာပါလိမ့် မောင်နိုင် (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက် ဖုံးနေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ နိဗ္ဗာန်ဟာ (ဖြစ်ပျက်ဖုံး နေပါတယ် ဘုရား)။

ဒါဖြင့် ဒီဒုက္ခသစ္စာ ဖြစ်ပျက်၊ ဝေဒနာတို့၏ ဖြစ်ပျက် ဒုက္ခသစ္စာကို ကျုပ်တို့က ဒုက္ခသစ္စာ အစစ်ပါပဲ၊ မလိုချင်တော့ပါ ဘူးလို့ ဒီလိုပဲ ဉာဏ်လာလို့ရှိရင်၊ မလိုချင်တဲ့အချိန်ဟာ ကိုစောမောင် ဒီသုံးခုလည်းချုပ်၊ တစ်ခုမှ မလာဘူး (တင်ပါ ဘုရား)၊ ဖြစ် ပျက် ဟူသရွေ့ ဘယ့်နှယ့်နေတုံး (တစ်ခုမှ မလာပါဘူး ဘုရား)။ အကုန် ဆိတ်သုဉ်း သွားတယ် (မှန်ပါ)။

အသင်္ခတနိဗ္ဗာန် သွားတွေ့တယ်

ဒါဖြင့် သင်္ခါရနယ်က မလွန်သေးဘူးလား (လွန်ပါပြီ ဘုရား)၊ ဒါ သင်္ခါရ ဆိုတာ ဖြစ်ပျက်ကို သင်္ခါရခေါ်တာ (မှန်ပါ)၊ သင်္ခါရနယ်က လွန်ပြီး ဒီဉာဏ်သည် အသင်္ခတ နိဗ္ဗာန်ကို သွား တွေ့တယ် (မှန်ပါ)။

သင်္ခါရနယ်က လွန်ပြီ ဘာနဲ့သွားတွေ့တုံး (အသင်္ခတ နယ် သွားတွေ့ပါတယ် ဘုရား)၊ အသင်္ခတ နယ် သွားတွေ့တယ် ဒါဖြင့် ကျုပ်တို့ ဒီသင်္ခတကို မဆုံးဘဲနဲ့တော့ အသင်္ခတ ဖျတ်ခနဲ မပေါ် နိုင်ဘူး၊ သူဖုံးထားတာ (မှန်ပါ)၊ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဟာ အမြဲတမ်းရှိသလား

ဒါကြောင့် မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဟာ ရှိသလား၊ မရှိ ဘူးလား လို့မေးတဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်ဟာ အမြဲရှိသလား၊ နိဗ္ဗာန်ဟာ မရှိဘူးလားလို့ မိလိန္ဒမင်းကြီးက မေးတယ်၊ ယနေ့ ရှင်းပြမယ် မောင်နိုင် (မှန်ပါ)၊ နိဗ္ဗာန်ဟာ ရှိသလား၊ အမြဲတမ်း ရှိနေ သလား၊ အမြဲတမ်း မရှိဘူးလားလို့ ရှင်နာဂသိမ် ရဟန္တာကို မေးတယ် (မှန်ပါ)။

ဒကာကြီး တဲ့၊ အမြဲတမ်း ရှိသလားလို့ ဒကာကြီးက လည်း မေးတယ်၊ အမြဲတမ်း မရှိဘူးလား လည်း မေးတော့၊ ကျုပ် ဖြေရမှာပဲ တဲ့၊ အမှန်ကို ဒီရဟန္တာက မြင်ပြီးသား (မှန်ပါ)၊ ခုနင်က ဒုက္ခသစ္စာ၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ် ဝိပဿနာအဆုံး လိုက် လို့ရတယ်၊ အဆုံးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ရှိတယ် (မှန်ပါ)၊ နဂိုကတော့ ရှိနေနှင့်တာ မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ နဂိုကတော့ (ရှိနေနှင့်တာ မဟုတ်ပါဘူး ဘုရား)၊ ရှိနေနှင့်တာ မဟုတ်ဘူး တဲ့၊ လုပ်တဲ့ ပုဂ္ဂိုလ် (ရှိနေနှင့်တာပါ ဘုရား)၊ လုပ်တဲ့ ပုဂ္ဂိုလ်၏ ရှေ့ မှာ ရှိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်သည် လူတိုင်းနှင့်မဆက်ဆံပါ

ဒါဖြင့် လူတိုင်းနဲ့ ဆက်ဆံသလားလို့ မေးတော့ မှတ် လိုက်၊ လူတိုင်းနှင့် မဆက်ဆံဘူး၊ နိဗ္ဗာန်သည် (လူတိုင်းနှင့် မဆက် ဆံပါဘူး ဘုရား)၊ အားထုတ်တဲ့ ပုဂ္ဂိုလ်နဲ့တော့ (ဆက်ဆံပါတယ် ဘုရား)၊ ဒါဖြင့် သူကလည်း လူရွေးချည်ပါလား ကိုစောမောင် (မှန်ပါ)၊ မောင်နိုင် ဘယ့်နှယ်ဆိုမတုံး (လူရွေးချည်းပါ ဘုရား)။

ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်မရှိပါ

ဒါကြောင့် မေးတဲ့ပုဂ္ဂိုလ် မေးတာလည်း မောင်နိုင် မဆိုး ဘူးနော် (မှန်ပါ)၊ ဒို့အတွက် မေးတာ (မှန်ပါ)၊ ကိုစံလှ ကျုပ်တို့ အတွက် မေးတာ (မှန်ပါ)၊ နိဗ္ဗာန်ဟာ အမြဲတမ်း ရှိသလား၊ သို့ မဟုတ် မရှိဘူးလား၊ အဲဒါ အရှင်ဘုရား ဖြေပါဆိုတော့၊ သူက ဖြေတယ်၊ ဒကာကြီးတဲ့ ဝိပဿနာ ဉာဏ်အစဉ် အတိုင်း တက်လာတဲ့ ပုဂ္ဂိုလ်ကျတော့ ရှိတယ်၊ ဝိပဿနာ မလုပ်တဲ့ ပုဂ္ဂိုလ် ကျတော့ မရှိဘူး (မှန်ပါ)။

ဆိုတော့ ဒီထက် အဖြေတော့ နောက်က ဒကာ ဒကာမ တွေ ရှင်းဖို့ အဖြေမရှိတော့ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဒုက္ခခပ်သိမ်းငြိမ်းတာ

ဒါဖြင့် အားထုတ်တဲ့ပုဂ္ဂိုလ်မှာ အဆုံးရောက်အောင် အားထုတ်ရင် (နိဗ္ဗာန်ရှိပါတယ် ဘုရား)၊ အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာတော့ (မရှိပါဘူး ဘုရား)၊ နိဗ္ဗာန် ဆိုတာ ဒုက္ခခပ်သိမ်း ငြိမ်းတာ (မှန်ပါ)၊ (၁၅ဝဝ) ကိလေသာ သိမ်းတာ သဘောကျပလား (ကျပါ တယ် ဘုရား)၊ ဆင်းရဲ ဟူသရွေ့ ဘာမှ မရှိတာ (မှန်ပါ)။

အဲ ဆင်းရဲဟူသ၍ ဘာမှ မရှိတော့ နိဗ္ဗာန်လို့ဆို သဖြင့် သြော် နိဗ္ဗာန်သည် ငါတို့ နေပုံ ထိုင်ပုံနဲ့ နိဗ္ဗာန် ရှိသလား၊ မရှိဘူးလား ကိုယ့်ဟာကိုယ် စစ်ဆေးလိုက်တာပေါ့ (မှန်ပါ)။

ငါတို့ အလုပ်လုပ်နေလို့ရှိရင်တော့ ငါတို့ အလုပ်ပြီးရင် နိဗ္ဗာန် တွေ့လိမ့်မယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ငါ အလုပ် မလုပ်တော့ပါဘူး ဆိုရင်ဖြင့် ငါတို့ အတွက်ဟာ နိဗ္ဗာန် မရှိ ဘူး (မှန်ပါ)။

ဘယ်လို ဆုတောင်း ဆုတောင်း (မရှိပါဘူး ဘုရား)၊ ဘယ့် နှယ့် ဆိုမလဲ ကိုစံလှ (မရှိပါဘူး ဘုရား)၊ ဘယ်လိုဆုတောင်း ဆုတောင်းလေဗျာ၊ ဘယ်ရှိပါ့မလဲ၊ ဒီအလုပ်လုပ်မှ ဒါ ဒုက္ခ သစ္စာ၊ ဒီ ဒုက္ခသစ္စာ ရအောင်လည်း ဖြစ်ပျက်က စခဲ့ရတယ် (မှန်ပါ)။ ဖြစ်ပျက်ကစ၊ ဖြစ်ပျက်မုန်း၊ ဒါ ဒုက္ခသစ္စာ လို့ ဆုံးဖြတ်ချက် ချမှ ဆုံး၊ မဆုံးဘူးလား၊ ဆုံးတော့မှ ဘာပေါ်လာတုံး (နိဗ္ဗာန် ပေါ်လာ ပါတယ် ဘုရား)။

နိဗ္ဗာန်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ဆုံးမှ ဒကာ ဒကာမတို့ ဘာပေါ်လာတုံး (နိဗ္ဗာန် ပေါ်လာ ပါတယ် ဘုရား)၊ ဒါဖြင့် ဒါမှ မတွေ့တဲ့ ပုဂ္ဂိုလ် မောင်နိုင်က နိဗ္ဗာန်တွေ့လိမ့် မယ် ဆိုလို့တော့ မရပါဘူး ဘုရား)၊ အဖုံးမှ မဖွင့်နိုင်ဘဲ နိဗ္ဗာန်တွေ့ ပါ့မလား (မတွေ့ပါဘူး)။

ဘယ်ပုဂ္ဂိုလ်နိဗ္ဗာန်ရမှာတုံး

ဦးမူ သေချာမှတ်ပါ (မှန်ပါ)၊ နောက်က ဒကာ ဒကာမ တွေ သေချာ မှတ်ထိုက်ဘူးလား (မှတ်ထိုက် ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဘယ်ပုဂ္ဂိုလ် နိဗ္ဗာန် ရမှာတုံး၊ နိဗ္ဗာန် သည်ကားလို့ရှိရင် ဘယ် လို ပုဂ္ဂိုလ် ရမှာတုံး၊ နိဗ္ဗာန်သည် အမြဲ ရှိသလား မရှိဘူးလား ဆိုတော့ မောင်နိုင်ပဲ ဖြေကြည့်ပါ၊ ဘယ်နှယ့် ဆိုကြမတုံး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက် (ရှိပါတယ် ဘုရား)၊ အားမထုတ်တဲ့ ပုဂ္ဂိုလ် အတွက် (မရှိပါဘူး ဘုရား)။

ဒါဖြင့် လူတိုင်းနဲ့ ဆက်ဆံ မဆက်ဆံ (မဆက်ဆံပါ ဘုရား)၊ ဒါဖြင့် လူတိုင်းနဲ့ မဆက်ဆံတဲ့ တရားမှ လူထူးနဲ့မှ ဆက် ဆံမှာ (မှန်ပါ)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ လူထူး

လူထူး ဆိုတာက ဘယ်လိုဟာ လူထူးတုံး မေးတဲအခါကျ တော့မှ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် လူထူး (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘယ်လို မှတ်ကြမတုံး (အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ လူထူးပါ ဘုရား)၊ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်မှာ (လူထူး မဟုတ်ပါဘူး ဘုရား)။

ဒါဖြင့် သမ္မာပဋိပန္န၊ သမ္မာက ကောင်းစွာ၊ ပဋိပန္န- ကျင့် တဲ့ပုဂ္ဂိုလ် မှာတော့ နိဗ္ဗာန် ရှိတယ်ကွာ (မှန်ပါ)၊ ရဟန္တာက ဖြေတာ နော်၊ မကျင့်တဲ့ ပုဂ္ဂိုလ်မှာ (မရှိပါဘူး)၊ ဒါဖြင့် နိဗ္ဗာန်သည် ဘယ်နေ ရာမှာတုံး လို့ ခင်ဗျားတို့က မမေးနဲ့ (မှန်ပါ)၊ ကိုယ်ကျင့်တဲ့ ပုဂ္ဂိုလ်မှ နိဗ္ဗာန်တွေ့မှာ၊ သူ့အတွက် ပေါ်လာတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ (မပေါ်ပါဘူး)၊ လောကီ ဥပမာ ရှင်းအောင် ဒီထက် ရှင်းအောင် ဘုန်းကြီးက ပြောလိုက်ပါ့မယ်။

စကြဝတေးမင်းကြီး

စကြဝတေးမင်းကြီး ဖြစ်တော့မယ် ဆိုလို့ရှိရင် စကြာ ရတနာဆိုတဲ့ ရထားကြီးဟာ တိုင်းပြည် တစ်ပြည်လုံး တင်ပြီး လေးကျွန်းနှံ့တဲ့ ရထားကြီးက စကြဝတေးမင်း ဖြစ်မှ သူ့ဟာသူ ပေါ်လာတယ် (မှန်ပါ)၊ စကြဝတေး မဖြစ်ခင် ရှိလား (မရှိပါဘူး ဘုရား)။

ကိုစံလှရေ ရှိရဲ့လား (မရှိပါဘူး)၊ ဒါဖြင့် သူသည် စကြ ဝတေး ဖြစ်အောင် လုပ်လို့သာလျှင် စကြာ ရတနာနဲ့တွေ့တာ (မှန်ပါ)၊ စကြဝတေး ဖြစ်အောင် မလုပ်လို့ ရှိရင်ဖြင့် (စကြာရတနာနဲ့ မတွေ့ပါဘူး)၊ ခုနင်က ပတ္တမြား ရတနာကြီးနဲ့ကော (မတွေ့ပါဘူး ဘုရား)။

ဆင်ရတနာ၊ မြင်းရတနာတွေနဲ့ကော (မတွေ့ပါဘူး ဘုရား)၊ ဘာဖြစ်လို့ မတွေ့တုံးဆိုတော့ စကြဝတေးမင်း ဖြစ်အောင် မလုပ်လို့ (မှန်ပါ)၊ ဒီမှာလည်း ခင်ဗျားတို့ ဝိပဿနာ အလုပ် လုပ်လို့ ရှိရင်ဖြင့် ဒီ နိဗ္ဗာန် တွေ့လိမ့်မယ် (မှန်ပါ)။

မလုပ်ဘဲနဲ့ တွေ့ချင်ပါတယ် ဆိုရင်တော့ (မရပါဘူး)၊ အော်နေ မရဘူး (မှန်ပါ)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။ ဒါဖြင့် သြော် ဒီနေ့ဟောတဲ့ တရားဟာလည်း သိမှုမှာ တော်တော် အရေးကြီး နေပါလား၊ အလုပ်မပါရင် မရတဲ့အလုပ်၊ မရတဲ့ သဘောပါရဲ့ လားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အဲတော့ ဒီအလုပ်မှ မလုပ်တော့ဘူး ဆိုလို့လည်း ခုနက ပထမပြောတဲ့ဘက်၊ သူသွား တော့မယ် (မှန်ပါ)၊ သေခါနီး မျက်ရည်ကြီးငယ် ကျတဲ့ဘက်ကို မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါ အသာထားလိုက်၊ နိဗ္ဗာန် ရှိသလား မရှိဘူးလား မေးလို့ရှိရင် ဘယ့်နှယ့် ဆိုကြမတုံး (အား ထုတ်တဲ့ ပုဂ္ဂိုလ်အတွက် ရှိပါတယ်)၊ ကျင့်တဲ့ပုဂ္ဂိုလ် အတွက်မှာ ရှိ တယ်၊ မကျင့်တဲ့ ပုဂ္ဂိုလ် (မရှိပါဘူး ဘုရား)။

ဆိုတော့ ဦးဘလေး လူတိုင်းနဲ့ မဆက်ဆံ (မှန်ပါ)၊ ဒီဘက် က ဒကာတွေ ဘယ်လို ဖြေကြမတုံး (လူတိုင်းနဲ့ မဆက်ဆံပါ ဘုရား)၊ လူတိုင်းနဲ့ မဆက်ဆံပါဘူး ဆိုတာ အလွန် ရှင်းနေပြီ (ရှင်း ပါတယ် ဘုရား)။

အလုပ်လုပ်တော့မှ စကြာရတနာပေါ်တယ်

ဘယ့်နှယ့်ကြောင့် ရှင်းပါလိမ့်မတုံး မေးတဲ့ အခါကျတော့ မှ ဪ သူ့ဟာနဲ့သူ စကြဝတေး မင်းလိုပဲကို၊ စကြဝတေး မင်းအလုပ်ကို လုပ်တော့မှ စကြာရတနာ ပေါ်တယ်၊ စကြဝတေး မင်းဖြစ်ဖြစ် ချင်းတောင် ပေါ်သေးတာ မဟုတ်ဘူး (မှန်ပါ)။

စကြဝတေးမင်းစောင့်တဲ့ ဥပုသ်ကို စောင့်ရဦးမယ် (မှန်ပါ)၊ ပြီးတော့မှ သူ့မေတ္တာတွေ ပို့ရဦးမယ်၊ ပြီးတော့မှ အဝတ် ဖြူစင်ကြယ် ဝတ်ရဦးမယ်၊ ဝတ်ပြီးတော့မှ စကြဝတေးမင်းတို့၏ မေတ္တာပို့တဲ့ အချိန်ကျမှ စကြာကလာဆိုက်တာ (မှန်ပါ)။

စကြာအလိုလို လာဆိုက်တာလား၊ စကြဝတေးမင်းတို့ ၏ ထုံးတမ်း အကုန်လုပ်လို့ စကြာ လာတာလား (ထုံးတမ်း အကုန် လုပ်လို့ စကြာလာတာပါ ဘုရား)၊ အကုန်လုပ်လို့ စကြာလာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့လည်းတဲ့ သောတာ ပန် စကြဝတေး၊ သကဒါဂါမ် စကြဝတေး ဖြစ်ချင်လို့ရှိရင် စကြာဝတေးမင်း အလုပ်လုပ်ပါ (မှန်ပါ)

ဝိပဿနာ အားထုတ်မှ နိဗ္ဗာန်ပေါ်မယ်

ဈာယထ ပါပဲနော်၊ ဈာယထ ဆိုတာ ဘာပါလိမ့် ဝိပဿနာရှုကြ၊ ဒကာ ဒကာမတို့ ဘယ်လိုမှာထုံး (ဝိပဿနာ ရှူ ကြပါ ဘုရား) ဝိပဿနာ ရှုကြ၊ ကောင်းပြီ ဒီအလုပ်က အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန် ပေါ်ပါတယ်၊ အားမထုတ်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် မပေါ်နိုင်ဘူး ဆိုတော့ အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဒီက သမ္မာဒိဋ္ဌိက မောင်နိုင် လာသေးရဲ့လား (မလာပါဘူး)။

သမ္မာဒိဋ္ဌိက-ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။ သမ္မာဒိဋ္ဌိကလေ ဝိဇ္ဇာ ဆိုတော့၊ ဝိဇ္ဇာ မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အဝိဇ္ဇာ က ဒီက မလာဘူးလား (လာပါတယ် ဘုရား)။ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” ဆိုတော့ သူက အောက်သာ စုန်သွားတယ် (မှန်ပါ)၊ အထက် ဆန်တက် သေးရဲ့ လား (မတက် ပါဘူး ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ နိဗ္ဗာန်က အထက် မှာ နေတယ်နော် (မှန်ပါ)။

အဝိဇ္ဇာဖြစ်တဲ့ ပုဂ္ဂိုလ်က အောက်စုန်တယ်၊ ရှင်းကြပလားက (ရှင်းပါပြီ ဘုရား)၊ အဝိဇ္ဇာ ရှိတဲ့ ပုဂ္ဂိုလ်က (အောက်စုန်ပါတယ် ဘုရား)။ အဲ ဒါဖြင့် အောက် မစုန်ချင်လို့ ရှိရင်ဖြင့် ဒီထဲက သမ္မာဒိဋ္ဌိ ဝိဇ္ဇာနဲ့ ဒီအဝိဇ္ဇာတွေ ဖျက်ပစ်လိုက်ပါ (မှန်ပါ)၊ မရဘူးလား (ရပါတယ် ဘုရား)

အဲဒီလိုကျတော့ ကောင်းစွာ ကျင့်တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဒုက္ခအဆုံးမှာ နိဗ္ဗာန် ရှိတယ် (မှန်ပါ)။ ဒီဖြစ်ပျက်တွေက ဒုက္ခသစ္စာပါ ဒီဒုက္ခသစ္စာ အဆုံးမှာ (နိဗ္ဗာန် ရှိပါတယ် ဘုရား)၊ နိဗ္ဗာန် ရှိတယ် ဆိုတော့ ဒုက္ခသစ္စာလည်း ဉာဏ်ထဲမှာ မလိုချင်လို့ ဆုံးပါရော့ ကိုစောမောင်ရေ၊ နိရောဓသစ္စာ ဘွားခနဲ ပေါ်လာတယ် (မှန်ပါ)

တောင့်တယူရတာလားတဲ့၊ အဖုံးကို အဖွင့်ကောင်းလို့ ပေါ်လာတာလား (အဖွင့်ကောင်းလို့ ပေါ်လာတာပါ ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ သုံးချက်တည်း ဖွင့်ရင် ပြီးပါတယ် (မှန်ပါ)။

နိရောဓသစ္စာပေါ်လာတယ်

ဖြစ်ပျက်မြင်ရင် သုံးထပ် အုပ်ထားတဲ့ အနက်က မောင်နိုင် တစ်ထပ်ပွင့် (မှန်ပါ)၊ ဖြစ်ပျက် မုန်းရင် (နှစ်ထပ် ပွင့်ပါတယ် ဘုရား)၊ ဖြစ်ပျက်ကို ဒုက္ခသစ္စာ အစစ်လို့ ဆုံးဖြတ်ချက် ချနိုင်ရင် (သုံးထပ် ပွင့်ပါတယ် ဘုရား)၊ သုံးထပ်ပွင့်တော့ ဒုက္ခသစ္စာ ဆုံးသွားတော့ ဘာပေါ်လာတုံး (နိရောဓသစ္စာ ပေါ်လာပါတယ် ဘုရား)။

နိရောဓသစ္စာ ပေါ်လာဆိုတော့ ဒကာ ဒကာမတွေ ဈာယထ အလုပ်လုပ်တော့ ဝိပဿနာ ရှုလိုက်တာ (မှန်ပါ)၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)၊ ကဲ ဒီပုဂ္ဂိုလ်တွေ ကြတော့၊ မဂ်ဆိုက် ပြီဆိုကြစို့ အဆုံးကို ဒါမြင်ပြီးပြီ (မှန်ပါ)၊ မြင်ပြီးနောက် မမြင်ချင် နေပေါ့ဗျာ၊ တစ်ခါမြင်ပြီးပြီ (မှန်ပါ)။

နောက်တော့ဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ပဲ ကုန်ပစေ သဘောကျပလား (ကျပါတယ် ဘုရား)၊ အဲဒီတင် ခုနင် က မဟာနာမ် မင်းကြီးက ဒါရပြီးသား ဖြစ်နေတော့ ခုနင်က ပြောပြီးတဲ့ အတိုင်း ကပိလဝတ်ပြည် ထဲ သွားတယ် (မှန်ပါ)။

သွားတော့ ဆင်တွေနဲ့တွေ့ မြင်းတွေနဲ့တွေ့ ဆိုတော့ သူဖြစ်ပျက် နှလုံး မသွင်းနိုင်ဘူး၊ သွင်းနိုင်သေးရဲ့လား (မသွင်းနိုင် ပါဘူး ဘုရား)၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရော မြင်နိုင်သေးရဲ့လား (မမြင် နိုင်ပါဘူး ဘုရား)။

ဒေါသက အနာဂါမ်ကျမှ ပယ်တယ်

ကြောက်လန့်ပြီး သကာလ ဒေါသမှ မပယ်သေးဘဲ ကြောက်တာပေါ့ (မှန်ပါ)၊ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ပယ်ပြီးသား ဒေါသက အနာဂါမ်ကျမှ ကိုပေါ်၊ ပယ်မှာကို (မှန်ပါ)။

အဲတော့ ဒကာ ဒကာမတို့ မပယ်လို့ ကြောက်နေတာ ဒကာကြီးလှိုင် ဘာအရေးကြီးတုံး၊ မပယ်သေးလို့ ကြောက်ရတာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အသေဆိုးများသေဦးမှာလား

ကောင်းပြီ အဲဒီကဲ့သို့ ဖြစ်နေတော့ မဟာနာမ်မင်းကြီးက အရှင်ဘုရား မြို့ထဲ ရွာထဲ သွားတဲ့ အခါ တပည့်တော် အင်မတန်မှ ကြောက်ပါတယ်၊ အင်မတန် မှ လန့်ပါတယ်၊ ဒီအချိန်မှာ သတိ ကလည်း လွတ်နေတော့ သတိလွတ်တုန်းသာ သေသွားမယ်ဆိုလို့ရှိရင် ဆင်နင်းလို့ သေသေ၊ လှည်းကြိတ်လို့ သေသေ၊ ရန်သူ တွေ သတ်လို့ သေသေ မေ့နေတုန်းသေသွားမယ်ဆိုရင် တပည့် တော်ဟာ အသေဆိုးကြီးများ သေဦးမှာလား၊ ခုန နိမိတ်တွေများ မဟုတ်တာ ထင်ဦးမှာလား (မှန်ပါ)။

ဒကာကြီး ဒီလို ဒုက္ခသစ္စာကို မြင်ပြီးသား ပုဂ္ဂိုလ်ဟာ အသေဆိုး မသေတော့ဘူး၊ အသား အရိုးဟာ မြေထဲ သွားမယ်၊ စိတ်က နိဗ္ဗာန် အာရုံပြုမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်က နိဗ္ဗာန်အာရုံပြုမယ်

အသားအရိုးသာ (မြေထဲသွားမှာပါ ဘုရား)၊ မြေထဲမြုပ် ရမှာတဲ့ စိတ်ကတော့ နိဗ္ဗာန်သာ အာရုံပြုတယ်၊ အထက်တက် သွားတယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ဆီအိုး၊ ထောပတ်အိုး ရေထဲမှာ ကွဲသလို အိုးခြမ်းပဲ့သာ တဲ့ (ရေထဲမြုပ်ပါတယ် ဘုရား)၊ ဆီတို့၊ ထောပတ်တို့က (ရေပေါ် ပေါ်နေပါတယ် ဘုရား)။

အပါယ်ဆိုတာ မြူမှမသန်းတော့ဘူး

ဒီမှာလည်း ဒကာ ဒကာမတွေ ဘာမှမပူပါနဲ့တဲ့။ ဒီအတိုင်းပဲ ခင်ဗျားတို့ ဖြစ်မြောက်အောင် လုပ်လို့ရှိရင် ဒီအတိုင်း တက်ပြီး သကာလ အပါယ်လေးပါး ဆိုတာ မြူမှ မသန်းတော့ဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့သည်ကားလို့ဆိုလို့ရှိရင် မှတ်စရာသုံးခုထဲပဲ ပါတယ် နော်၊ အသေဆိုး သေတာ တစ်မျိုး၊ အသေကောင်း သေတာ တစ်မျိုး၊ နိဗ္ဗာန် ဘယ်သူ ဖုံးနေတယ် ဆိုတာ သိတာ တစ်မျိုး၊

သင်္ခါရ ဖုံးနေတာ၊ နိဗ္ဗာန် သုံးချက် ဖုံးနေတယ် (မှန်ပါ)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာသုံးမျိုး ဖုံးနေတယ် (မှန်ပါ)၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်မှာ စိတ်တွေ ဖုံးနေတယ် (မှန်ပါ)၊ ဒါတွေ အကုန်ဖယ်လိုက် လို့ ဒုက္ခသစ္စာတွေ မလိုချင်ဘူး ဆိုလို့ရှိရင် ဘယ့်နှယ့်များ နေကြ တုံး၊ နိရောဓ ပေါ်လာတယ်၊ အဖုံး ဖွင့်လိုက် တာကို မောင်နိုင်ရ (မှန်ပါ)။

ကိုမြင့် ဘယ်လိုပါလိမ့် (အဖုံး ဖွင့်လိုက်တာပါ ဘုရား)၊ အဖုံး ဖွင့်လိုက်တော့ နိဗ္ဗာန် ဖုံးနေတဲ့ တရား ပေါ်လာတယ် ဆိုတော့ နဂိုရှိနှင့်သလားဆိုတဲ့ သံသယဟာ ရှိမှာစိုးလို့ ခုနက အမေးပြန် ထည့် လိုက်တာ (မှန်ပါ)။

နိဗ္ဗာန်သည် အားထုတ်တဲ့ပုဂ္ဂိုလ်အတွက်

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ တရားလည်း သိမ်း တော့မယ်၊ အမြဲ ရှိသလား၊ မရှိဘူးလား မေးရင် ဘယ့်နှယ့် ဆိုကြမတုံး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက် (ရှိပါတယ် ဘုရား)၊ အား မထုတ်တဲ့ ပုဂ္ဂိုလ် (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အားမထုတ်တဲ့ ပုဂ္ဂိုလ် အားလည်း မထုတ်ဘူး၊ သူက ဘုရား ရှေ့သွားပြီး ပေးတော်မူပါလုပ် နေတာ၊ ပေးတော်မူပါ၊ ကမ်းတော်မူပါ ဆိုလို့ရှိရင် ကိုစောမောင် ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (မရပါဘူး ဘုရား)။

ဒါဖြင့် အားထုတ်ပြီး ယူကြပါ ဆိုတာကို ဒီနေ့ တရားသိမ်း ပါတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် နက်ဖန်မှ ဆက်နာပါတဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါ တယ် ဘုရား)၊ ဒါဖြင့် နက်ဖြန်မှ ဆက်နာ။

သာဓု သာဓု သာဓု။