148

ပြုံးသေအဖြစ်နဲ့ သေစေချင်တယ်(ပြုံးသေမဲ့သေ)

အသံဖိုင်ခေါင်းစဉ်= သေရမှာကြောက်သူနှင့် မကြောက်သူ (ပြုံးသေမဲ့သေ)

စာအုပ်ခေါင်းစဉ်= ပြုံးသေအဖြစ်နဲ့ သေစေချင်တယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ပြုံးသေအဖြစ်နဲ့ သေစေချင်တယ်

(အစေလကဿပ)

(၂၇-၁၁-၆၀)

ဒကာ ဒကာမတွေ သေရမှာကို ကြောက်တဲ့ ပုဂ္ဂိုလ်လည်း ( ရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် ဆိုတာ နှစ်မျိုး မှတ်ရမယ် (မှန်ပါ့ ဘုရား)။

မကြောက်ဘဲနဲ့သေချင်တယ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တပည့် တော်များဖြင့်ဘုရား၊ အကြိုက်ဆုံး ပြောရမှာဖြင့် ခန္ဓာကိုယ် ရထားလို့၊ သေမယ် ဆိုတာတော့ဖြင့် မချွတ်မလွဲ သိပါတယ်။ သို့သော် လည်း မကြောက်ဘဲနဲ့ သေချင်တယ်လို့ ဆိုတဲ့ အရေးဟာ လူတိုင်း တောင့်တတဲ့ အရေးလို့ မှတ်ရမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ လူတိုင်း တောင့်တတဲ့ အရေးကို ဒကာ ဒကာမ တို့ ဘုန်းကြီးက ပြုံးသေ မဲ့သေ နှစ်ပါးကို ရှင်းပြီး ပြလို့ ရှိရင်ဖြင့် အင်မတန် အဖိုးတန်တဲ့ အလုပ်ပါပဲ၊ မဲ့သေ ရလို့ ရှိရင်ဖြင့် ကမ္မနိမိတ် စသည်တွေက ထင်နေရလို့ ဆိုးဝါးတဲ့ အဖြစ်ကြီးကို ကိုယ်ကိုယ် တိုင် မြင်ပြီး နေရလို့ အလွန် ကြောက်စရာ ကောင်းတဲ့ သေခြင်းမျိုး ပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ပြုံးသေ မဲ့သေ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာကြီး ရထားတော့ သေရာသွားတယ် ဆိုတာ သိကြပါတယ် (မှန် လှပါ ဘုရား)၊ သို့သော်လည်း ပြုံးသေမဲ့သေ တို့တွင် ဘယ်ဟာ ကြိုက်သတုံး လို့မေးလို့ ရှိရင်ဖြင့် တရားတစ်ပွဲလုံးက ပြုံးသေကြိုက် ပါတယ်ဘုရားလို့ လူတိုင်းပဲ ဖြေမှာပဲ (မှန်ပါ့ ဘုရား)။

ဘာကြိုက်ကြသတုံး (ပြုံးသေ ကြိုက်ပါတယ် ဘုရား)၊ ပြုံးသေကြိုက်တယ် ဆိုတာတော့ ထင်ရှားပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဇာဏုသောဏိ ပုဏ္ဏားက မေးတယ် အရှင် ဘုရား၊ လောကကြီးမှာ သေရမှာ မကြောက်တဲ့ ပုဂ္ဂိုလ်တော့ ရှိ – မထင်ပါဘူး ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သေရ မှာ မကြောက်တဲ့ ပုဂ္ဂိုလ်ရှိတယ်၊ သေရမှာ ကြောက်တဲ့ ပုဂ္ဂိုလ်ရှိ တယ်လို့ ဘုရားက နှစ်မျိုး နှစ်စား ထားပြီး သကာလ ဖြေကြားတာ၊ ဧကန်ရှိပြီး သကာလ နေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာကောင်း သမားကောင်းလမ်း လိုက်ကြလို့ ရှိရင်ဖြင့် အကောင်းဆုံးပဲလို့ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ဆုံးဖြတ်ချက်ချရမှာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒီလမ်းနဲ့ ဒီစခန်း မလွဲတမ်း သွားရမှာဖြစ်ငြား သော်လည်း အကောင်းသွား၊ အဆိုးသွား ဆိုတာ နှစ်ဌာနရှိပြီး သကာလ နေသောကြောင့် ပြုံးသေ အဖြစ်ကိုပဲ တပည့်တော်တို့ တရား တစ်ပွဲလုံး ကြိုက်ပါတော့တယ် ဆိုတာကိုဖြင့် ဒကာ ဒကာမ တို့ လူတိုင်း၏ နှစ်သက်တဲ့အလုပ်၊ ဆန္ဒရှိတဲ့ အလုပ်၊ ပြင်းပြတဲ့ အလုပ်၊ အကြိုက်ဆုံး အလုပ်ဆိုတာ ဦးလှဘူး ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား)။

ဝိပဿနာမလုပ်ရင် မဲ့သေများတယ်

အဲဒါကြောင့် ဒီလိုပဲ ရှင်းပြီး သကာလ ပြပါတယ်။ ဝိပဿနာ အလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်များ အတွက်ဖြင့် များသော အားဖြင့် မဲ့သေ များကြတယ်နော် (မှန်ပါ့)၊ ဝိပဿနာ အလုပ် လုပ်ပြီးသား ပုဂ္ဂိုလ်များ ကျတော့ ပြုံးသေပဲများတယ် (မှန်ပါ့)။

ဝိပဿနာ မလုပ်သေးတဲ့ပုဂ္ဂိုလ်များ (မဲ့သေများပါ တယ်)၊ ဝိပဿနာ လုပ်ပြီးသား ပုဂ္ဂိုလ်များ (ပြုံးသေ များပါ တယ် ဘုရား)။

အဲဒါကြောင့် ဆရာဘုန်းကြီးသည် တို့ပြုံးသေ အဖြစ်ကို ကယ်တင်နေတဲ့ ဥစ္စာသည် ဝိပဿနာ အလုပ်ကို တိုက်တွန်းတယ် ဆိုတာ သာမည စေတနာနဲ့ တိုက်တွန်းတယ်လို့ ဒီလို မယူဘဲနဲ့ ပြုံးသေ အဖြစ် ကြိုက်ရှာ လွန်းလို့ပါကလား (မှန်ပါ့ ဘုရား)။

ပြုံးသေဖြစ်စေချင်လို့

ဒကာ ဒကာမတို့ ဝိပဿနာ အလုပ်ကို ကြိုးစားလုပ်ကြ ပါဆိုတာ ဘယ်အဖြစ်ကို ခင်ဗျားတို့ကို ဆရာဘုန်းကြီး အလိုရှိ တယ်ဆိုတာ ပေါ် ရောပေါ့ဗျာ (မှန်ပါ့)၊ ဘာအလိုရှိပါလိမ့် (ပြုံးသေ အဖြစ်ကို လိုချင်လို့ပါ ဘုရား)၊

ပြုံးသေ ဖြစ်စေချင်လို့ ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်ထားတော့၊ ပြုံးသေ ဆိုတာမျိုးဟာ ကိုယ့်ခန္ဓာကြီး ယခု သေတာ မြင်နေလို့ရှိ ရင် နောက်သေတာ ကြောက်ရဲ့ လား (မကြောက်ပါ ဘုရား)။

ဒါဟာ ထုံးစံပဲဆိုပြီး သကာလ ဒီ ခန္ဓာကြီးကို စွန့်ရလို့ ရှိရင်ဖြင့် အသေကောင်း စွန့်ရတာ ဖြစ်လေ သောကြောင့် မသေရာကို တို့သည်ကား လို့ဆိုရင်ဖြင့် ရောက်အောင် သွားမှပဲ ဆိုတော့ ဝိပဿနာ ရှုထားတဲ့ ပုဂ္ဂိုလ်များကျတော့ အသေနဲ့ ခွဲရာမှ အသေနဲ့ ကွဲရမှာ ဆိုတာ ရှင်းပြီးသား ဖြစ်တယ် (မှန်ပါ့)။

အသေနဲ့ခွဲပြီး မသေတာဘဲ တွဲရမှာပဲ ဆိုတော့ သူ့ အတွက် သေခါနီး ပြုံးလိမ့်မလား၊ မပြုံးလိမ့် ဘူးလား ဆိုတာ တရား တစ်ပွဲလုံးကလည်း စဉ်းစားခန်း ထုတ်လို့ ရှိရင်ဖြင့် ပြုံးသေဘက်ကို ဒီပုဂ္ဂိုလ် ရောက်သင့် ပါတယ်ဘုရား ဆိုတာ ဒကာ ဒကာမတွေ ဆုံး ဖြတ်ချက်ချမယ်(မှန်ပါ့ ဘုရား)။

ဝိပဿနာလုပ်ထားကြပါ

မသေခင်ကတည်းက ဝိပဿနာဉာဏ်နဲ့ ခဏခဏ ခန္ဓာ သေနေတော့ သေတတ်တာကြီးနဲ့ အတူနေရတာကို ရှင်းနေတော့ ဝိပဿနာ လမ်းဆုံ မဂ်ဉာဏ် ထိအောင် လမ်းဆုံး ပုဂ္ဂိုလ် များကျတော့ အသေနဲ့ ခွဲရမှာကို မပြုံးပေဘူးလား၊ ပြုံးမလား (ပြုံးပါတယ် ဘုရား)။

ဝိပဿနာအလုပ်ကို လုပ်မထားတဲ့ ပုဂ္ဂိုလ်များကျတော့ အသေက နဂိုက ကိုယ့်ခန္ဓာကြီး ခဏခဏ သေတဲ့ ဖြစ်ပျက်မှုကြီးကို မမြင်ဘူးတော့ ဒကာကြွယ်ရေ အခုမှပဲ ဒီခန္ဓာကြီး စွန့်ရတော့ မယ်၊ မခွဲချင်တဲ့ ခန္ဓာကြီးနဲ့ ခွဲရတော့မယ်၊ မခွဲချင်တဲ့ ပစ္စည်းတွေနဲ့ ခွဲရတော့မယ် ဆိုတော့ ခန္ဓာခင်တာ တစ်မျိုး သားတွေ သမီးတွေ အတွက် ခင်တာက တစ်မျိုး ဖြစ်နေတော့၊ ဝိပဿနာ မလုပ်ဘူးတဲ့ ပုဂ္ဂိုလ်များ ကျတော့ အခွဲကြီး ခွဲရတော့မှာပဲ၊ မည်သူမျှ မတတ်နိုင် ကြတော့ဘူးလား၊ ကျုပ်ဖြင့် ကိုယ်ကျိုး နည်းပါပေါ့ ဆိုပြီး မဲ့သေ တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုသေ ပါလိမ့် (မဲ့သေပါတယ် ဘုရား)၊ ဝိပဿနာ ရှုပြီးသား ပုဂ္ဂိုလ်ကတော့ ပြုံးပြီး သကာလ နဂိုအသေတွေ မြင်ရတော့ အသေနဲ့ခွဲရ မှာဖြစ်နေတော့ အသေကြီးနဲ့ မနေချင်၊ မသေရာကိုသာ ရောက် လိုတဲ့ ပုဂ္ဂိုလ်များ ကျတော့ ဒကာ ဒကာမတို့ ဝဋ်ကျွတ်ပဟနော်ဆို ပြီး မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား)။

အဲဒါကြောင့် ဝိပဿနာ အလုပ်သာလျှင် ဘုန်းကြီးတို့ – ဒကာ ဒကာမတွေကို ပြုံးသေ အဖြစ်နဲ့ ကျေးဇူးပြု နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာသစ်တို့ကို တိုက်တွန်း ရတယ်၊ ဒကာ ကြွယ်တို့၊ ဦးလှဘူးတို့ တိုက်တွန်း ရတယ်၊ ခင်ဗျားတို့ တွေ့ရမယ့် လမ်း အလုပ်လက်မဲ့နဲ့ သေသွားရင်ဖြင့် မဲ့သေကြီးနဲ့ သွားလို့ရှိရင် မဲ့တယ် ဆိုတာ ဒေါသပေါ့ဗျာ (မှန်ပါ့)၊ ဒေါသနဲ့ သေတော့ အပါယ်ငရဲ သွားရလိမ့်မယ်၊ လောဘနဲ့ သွားတော့ ပြိတ္တာ သွားရ လိမ့်မယ်၊ မောဟနဲ့ သေတော့ တိရစ္ဆာန် ဘုံသွား ရလိမ့်မယ်လို့ များသော အားဖြင့် ဒီအတိုင်း ရှိနေတယ် (မှန်ပါ့)။

ပြုံးသေအဖြစ်နဲ့ သေစေချင်တယ်

ဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာ အရှုခိုင်းတာ၊ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာလဲ ဆိုတဲ့ ဥစ္စာ သိကြတော့မှ သြော် တို့ဆရာ ဘုန်းကြီးသည် တို့ကို ပြုံးသေ အဖြစ်နဲ့ သေစေ ချင်တာဟာ သေသည့် တိုင်အောင် စောင့်ရှောက် ပါကလား ဆိုတာ ဒကာကြွယ်တို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

သေခါနီးလေ ပြုံးလေလေ

ဒါတွေ သိရတော့မှ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ ဆိုတဲ့ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးလည်း ပေါ်လာ၊ ဘုရား ဟောတော်မူတဲ့ တရားတော်တွေလည်း ပေါ်လာ၊ ဆရာသမား၏ အာစရိယဂုဏော အနန္တော ဆိုတာတွေလည်း အလုံးစုံ အကုန် ပေါ်လာတော့မှ သေခါနီး လေလေ ပြုံးလေလေ ဆိုတာ ဒကာသစ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သေရ မည့်လမ်းကို မလွဲတမ်း သွားရမည် ဖြစ်ငြား သော်လည်း ပြုံးသေ မဲ့သေ နှစ်ခု ရှိသေးသကိုး ဆိုတာ ခုနကပြောခဲ့တဲ့ ဇာဏုသောဏိ တို့ မေးတဲ့ အမေးတွေ ထောက်ကြည့်တော့မှ ဪ ဝိပဿနာ မလုပ်ရင် မဲ့သေပါကလား (မှန်ပါ့)၊ ဝိပဿနာ လုပ်ရင် (ပြုံးသေပါ ဘုရား)။

ပြုံးလောက်တဲ့အလုပ် လုပ်ထားမှ

အဲဒီတော့ ဒီလမ်းကလည်း မလွတ်တမ်း သွားရမှာ ဖြစ်နေ တော့ ဒကာ ဒကာမတို့ ပြုံးတာ အကောင်းဆုံးပါပဲ (မှန်ပါ့ ဘုရား)၊ ဦးလှဘူး ဘာအကောင်းဆုံးတုံး (ပြုံးသေ အကောင်း ဆုံးပါ ဘုရား)၊ ပြုံးသေ အကောင်းဆုံး ဆိုတာလည်း စောစောစီးစီး က ပြုံးလောက်တဲ့ အလုပ်ကို လုပ်ထားမှ ပြုံးသေ ဖြစ်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝိပဿနာကို ဘယ်အချိန်မှ နှောင့်နှေးပြီး သကာလ မနေနဲ့၊ ဒီအလုပ်ဟာ အမြဲ လုပ်ရမယ့် အလုပ် (မှန်ပါ့)၊ ဘာကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ပြုံးသေကို ကိုယ်ပိုင် ရှိဖို့ လုပ်နေ ရတဲ့ ကိုယ့်အကျိုး ပါကလား ဆိုတာ ပေါ် မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ပြုံးသေနဲ့ သေချင် လို့ရှိရင် ဘာလုပ်ရမှာလဲ (ဝိပဿနာ လုပ်ရမှာ ဘုရား)၊ ဝိပဿနာ လုပ်ရလိမ့်မယ် ဒကာ ဒကာမတို့၊ ဝိပဿနာ ဆိုတာ “ဝိသေသေန ပဿတီတိ ဝိပဿနာ” ဆိုတဲ့ အတိုင်း ခန္ဓာကိုယ်ထဲမှာ မိမိတို့၏ ရုပ်နာမ် ဓမ္မတွေ၏ ခဏခဏ ပြောင်းလွဲ သေပွဲ ဝင်နေတာ ကို မြင်အောင် ကြည့်ရ လိမ့်မယ် (မှန်ပါ့)။

ရှေးဦးစွာအသက်မှန်မှန်ရှူ

ပြောင်းလွဲ သေပွဲ ဝင်နေတာကို မြင်အောင် ကြည့်လိုက် တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဘုန်းကြီးကလည်း ကရုဏာ ပိုပိုနဲ့ ဘယ်လို မြင်ကြပါလိမ့်မလဲလို့ မေးခွန်း ထုတ်ချင်တဲ့ ပုဂ္ဂိုလ် တွေလည်း ဒီအထဲမှာ တစ်ပုံကြီး ပါကြမှာပဲ (မှန်ပါ့)၊ ပါတဲ့ အခါကျလို့ ရှိရင်ဖြင့် ရှေးဦးစွာ ဘယ်မှ အာရုံ မသွားဘဲနဲ့ အသက် ကလေးမှန်မှန် ရှူတာပေါ့ဗျာ (မှန်ပါ့)။

လေကလေး ပြင်ဘက် ထွက်လာတာလည်း သိလိုက်၊ လေကလေး ပြန်ဝင်လာတာလည်း သိလိုက်၊ ဤကဲ့သို့ သိရာက မှ ဟိုနေရာက ယားသလိုလို၊ ဒီနေရာက နာသလိုလို ဟာကလေး ကုဋီကျင်ငယ်ပဲ သွားချင် သလိုလိုနဲ့ ကလေးတွေက ထူးထူးဆန်းဆန်း ပေါ်မလာဘူးလား (ပေါ်လာ ပါတယ်)၊ ရှူးရင်း ရှိုက်ရင်း ကြားထဲက ဒါကလေး အထူး ပေါ်လာလို့ ရှိရင် ဒါကလေးကို ဉာဏ်လှည့် လိုက်ရင် ဝိပဿနာပါပဲ (မှန်ပါ့)။

ဝိပဿနာဆိုတာ

ဪ ဝိပဿနာ ဆိုတာက နာတယ် ဆိုရင် နာတဲ့ နေရာမှာ ကြည့်လိုက်ရင် ကြည့်လိုက် သည်နှင့် တစ်ပြိုင်နက်တည်း နာတဲ့ခန္ဓာက မရှိဘူး (မှန်ပါ့)၊ နာခန္ဓာ မရှိတော့ နာတဲ့ခန္ဓာ မရှိတာက အနိစ္စ အနိစ္စမှန်း သိတာက မဂ္ဂဖြစ်သွားတယ် (မှန်ပါ့)။

ယားတယ် ဆိုရင် ယားတဲ့နေရာကို လိုက်လိုက်ပေတော့ (မှန်ပါ့)၊ ယားတဲ့နေရာ ဉာဏ်ကလေးနဲ့ လှည့်လိုက်တဲ့အခါ ကျတော့ ယားတာ ကလေးကလည်း မရှိတော့ဘူး (မှန်ပါ့)၊ မရှိတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂနဲ့ သွားကိုက်ပါရော (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီအထဲက ကုဋီ သွားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဒီစိတ်ကလေးကိုပဲ ဒကာကြွယ်တို့၊ ဒကာသစ်တို့က လိုက်ရလိမ့် မယ် (မှန်ပါ့)၊ လိုက်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း လိုက်တဲ့ စိတ်လာရင် ခုနင်က ကုဋီ သွားချင်တဲ့ စိတ်ကလေး ရှိပါဦးမလား (မရှိပါ ဘုရား)၊ မရှိတာ ဘာခေါ် ကြမယ် (အနိစ္စပါ ဘုရား)၊ သိတာသည်(မဂ္ဂပါ ဘုရား)၊ မဂ်က ဝိပဿနာသွား ဖြစ်တယ် (မှန်ပါ့ ဘုရား)။

မဂ်က ဘာသွားဖြစ်ပါလိမ့် (ဝိပဿနာ သွားဖြစ် ပါတယ်)၊ သဘောကျပလား (ကျပါပြီ)၊ ဪ ဒါဖြင့် ဝိပဿနာ ဆိုတာ တခြားလား အောက်မေ့နေတယ်၊ တို့ခန္ဓာထဲ က တစ်မျိုးမျိုး ပေါ်လာတာ ဉာဏ်လိုက် ရှုတာ ပါပဲလားလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ထိုင်ရင်းလဲ ဝိပဿနာ

ခန္ဓာထဲက အမျိုးမျိုးပေါ်လာတာကို (ဉာဏ်လိုက် ရုံပါ ဘုရား)၊ ဉာဏ်လိုက် ရှုလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ထိုင်ရင်းလဲ ဝိပဿနာ၊ သွားရင်းလဲ ဝိပဿနာ၊ စားရင်းလဲ ဝိပဿနာ၊ ဉာဏ်တွေက အမျိုးမျိုး များလာတဲ့ အခါကျတော့ ခန္ဓာကြီးက တစ်ခါတည်း ဟိုနေရာကလဲ အသေပြ၊ ဒီနေရာကလဲ အသေပြ၊ ခန္ဓာကြီးက ဘာတွေချည့် ပြမယ် ထင်ကြသတုံး (အသေတွေချည့် ပြပါတယ် ဘုရား)၊ အသေတွေ ချည့်ပြနေတော့ နဂိုအသေတွေ ထင်ရှားတယ် (မှန်ပါ့)။

ဘယ်လို ထင်ရှားသတုံး (နဂို အသေတွေ ထင်ရှားပါ တယ် ဘုရား)၊ နဂိုအသေတွေ ထင်ရှား ပါတယ်၊ ယားတာကလေး ဟာ ယားတဲ့ ဝေဒနာက္ခန္ဓာ သေတာပဲ (မှန်ပါ့)၊ ကုဋီကျင်ငယ် သွားချင်တဲ့ စိတ်ကလေး၏ ပျက်စီးမှုဟာ ကုဋီကျင်ငယ် သွားတဲ့ ပုဂ္ဂိုလ်၏ သေပွဲပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဒါတွေသိနေတော့ ဪ ခဏခဏ သေတာတွေ မြင်ရတော့ သေတာဆိုတာ တခြားလား မှတ်တယ်၊ ဒုက္ခသစ္စာ ပါကလား၊ သတ္တဝါတွေကို ညှာတာ မဖက် အမြဲ နှိပ်စက်နေတယ်၊ ပုဂ္ဂိုလ်ကို နှိပ်စက်နေတဲ့ ဒုက္ခသစ္စာ တွေဟာ ခန္ဓာကိုယ်ကို ဟိုက ပေါ်လိုက်၊ ဒီက ပေါ်လိုက် ပါကလားလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။

အသေကောင်ကြီးရထားတာ

အဲဒီကဲ့သို့ လာတဲ့အခါကျလို့ရှိရင် “ဒုက္ခဿ ပီဠနဋ္ဌော” ဆိုတဲ့ အတိုင်း ခန္ဓာကိုယ်ထဲမှာ, နေရာတိုင်းမှာ အနိစ္စတွေ ဖြစ်နေတော့ အသေကောင်ကြီး ရထားတာပါကလား (မှန်ပါ့)။

အသေကောင်ကြီး ရထားတာပါကလားလို့ ပေါ်လာတဲ့ အခါကျတော့ ဒါတွေချည့်ပဲ ဆရာသမားက ဟောတော့ နေ့တိုင်း လိုလို ဒကာ ဒကာမတွေက အသက်ကလေး မှန်မှန်ရှုရင်း ကြည့် လိုက်၊ ကြည့်လိုက်ရင်း မတ္တနဲ့ကြားကနေ အသေကောင်တွေက ပေါ်တော့ ဪ ဒီ အသေကောင် တွေသည်ကား လို့ဆိုရင် တခြားမှာ ရှိသလား အောက်မေ့နေတယ်၊ ဒီခန္ဓာကြီး အစားထိုး နေသေးလို့ သာလျှင် မသေတာ ပါကလား (မှန်ပါ့)၊ ရှေ့ပိုင်း ကတော့ သေလျက်ပဲ အစားထိုးတာ ကလေးနဲ့ အသက်ရှင် နေတယ် (မှန်ပါ့ ဘုရား)။

ရှေ့ပိုင်းကတော့ (သေလျက်ပါ ဘုရား)၊ ဘာနဲ့ အသက်ရှင်နေသလဲ (အစားထိုးကလေးနဲ့ အသက်ရှင် နေပါ တယ် ဘုရား)၊ ဒီအစားထိုးတာလေး သေသွားပြန်တော့ ဘာနဲ့ အသက် ပြန်ရှင် သတုံး (အစားထိုးတာနဲ့ အသက်ရှင်ပါတယ် ဘုရား)။

နောက်အစားထိုးတာနဲ့ အသက်ရှင် နေရပြန်ပါတယ် ဆိုတာ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သိထားတော့ ဪ ငါတို့ လူ့ဘဝ မရစဘူး အရထူးတာဟာ လူ့ဘဝမှာ အကောင်းလား မှတ်တယ်၊ ခဏခဏ အနှိပ်စက်ခံပြီး သေနေရတဲ့ ဒုက္ခသစ္စာကြီး ရထားတာ ပါကလားလို့ ဉာဏ်တွေ ရင့်ကျက်လာ ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်တော့ အိုးစာကွဲပါ့မလဲ

ဉာဏ်တွေ ရင့်ကျက်လာတဲ့ အခါကျတော့ ဒီဒုက္ခသစ္စာ ကြီးနဲ့ ဘယ်တော့များ ခွဲရပါ့မလဲ၊ ဒီဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့ အိုးစား ကွဲပါ့မလဲ ဆိုတဲ့ ဉာဏ်တွေက တက်မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ တက်လာတဲ့ အခါကျတော့ ဒုက္ခသစ္စာသိလို့ ဉာဏ်ကလဲ အိုးစား ကွဲချင်တဲ့ဉာဏ်က ပေါ်လာတယ် (မှန် ပါ့)၊ ပေါ်လာသည်နဲ့တစ်ပြိုင်နက်တည်း ခန္ဓာ တစ်ကိုယ်လုံးမှာ ဒုက္ခစက်ကြီးဟာ ပျောက်ထွက်သွားပါတယ်။

နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ်

*ဒုက္ခစက်ကြီး ပျောက်ထွက်သွားတဲ့ အခါကျတော့ မသေ ခင်ဘဲ နောက် အစားထိုးတဲ့စိတ်က သိတယ် (မှန်ပါ့)၊

မှတ်ချက်။ ။ *မဂ်ဉာဏ်ပေါ်သည့်အခါ ဒုက္ခဖြစ်ပျက်မမြင်တော့ဘဲ ဖြစ်ပျက် ကင်းတဲ့ နိဗ္ဗာန် မြင်လာသည်။

သြော် ငါဖြင့် အသေကောင်နဲ့ အိုးစားကွဲပေါ့၊ မသေတဲ့ နေရာကလည်း ဒီခန္ဓာမရှိတဲ့နေရာ မသေတာ ပါကလားဆိုတဲ့ နိဗ္ဗာန် အာရုံပြုတဲ့ဉာဏ် ချက်ချင်းဝင်လာတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် အာရုံပြုတဲ့ဉာဏ် ချက်ချင်း ဝင်လာပြီး သေတာ တွေက ပျောက်သွားတော့ သြော် မသေတဲ့ နေရာလည်း အရှိသားကိုး၊ ခန္ဓာ မရှိတဲ့ နေရာဟာ မသေတာဘဲ (မှန်ပါ့)။

မသေရာကိုကိုယ်တိုင်တွေ့မယ်

အဲဒီလို သိပြီး သကာလ ဖြစ်ပျက်တွေ ဆုံးအောင် လိုက်ပြီး ဒုက္ခသစ္စာတွေ ပါကလား၊ ဖြစ်ပျက်တွေ ပါကလား ဆိုတာတွေ ဆုံးအောင် လိုက်လိုက်တဲ့ အခါကျတော့မှ မသေရာကို ကိုယ်ကိုယ် တိုင် တွေ့ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတွေ့ပါလိမ့် (မသေရာကို ကိုယ် ကိုယ်တိုင်တွေ့ပါတယ် ဘုရား)၊ မသေရာကို ကိုယ်ကိုယ်တိုင် တွေ့တဲ့အခါကျတော့ ဒီပုဂ္ဂိုလ်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသွားပြီ ဆိုတာ ကိုယ်ကိုယ် တိုင် ဆုံးဖြတ်ချက် ချလိုက်တော့ (မှန်ပါ့)။

ဆုံးဖြတ်ချက် ချလိုက်တဲ့ အခါကျတော့ အသက်တမ်းက လည်းစေ့လို့ ခန္ဓာလမ်းဆုံး ကလည်း ရောက်ရတော့မည့် အခြေအနေ ပေါ်ပေါက်လာတဲ့ အခါကျလို့ရှိရင်ဖြင့် ခန္ဓာကြီး အိပ်ရာ ညောင်စောင်း လျောင်းစက်ပြီး ဆေးဝါးတွေလည်း လက်လွှတ်ရ တဲ့အချိန်၊ ရောက်လာတဲ့ အချိန်ကျတော့ ဒကာ ဒကာမတွေ ခန္ဓာ ပြန်ကြည့် လိုက်ပါ၊ ခန္ဓာ ပြန်ကြည့်တော့ ဝေဒနာတွေနဲ့ဆိုတော့ ပိုမို မထင်ရှား လာဘူးလား (ထင်ရှားလာပါတယ် ဘုရား)။

အသေထည်ပျောက် မသေရာဉာဏ်ရောက်

ဟိုနေရာ အသေပြလိုက်၊ ဒီနေရာ အသေပြလိုက် နဲ့ အင်း ပြချင်တိုင်း ပြနော်၊ ဒီတစ်ခါတော့ မင်းကိုပဲ ရှုနေဦးမယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရင်း မတ္တနဲ့ပဲ နဂိုက အခုလို ကျန်းမာ ချမ်းသာစဉ် အခါက ရှုထားရင် သေခါနီးမှာ ရှုရင်လည်း ဒီခန္ဓာကြီးဟာ ပျောက်ထွက် သွားနိုင်တာပဲ (မှန်ပါ့)၊ ပျောက် ထွက်သွားတဲ့ အခါကျတော့မှ အသေထည်ကြီး မရှိဘူး ဆိုပြီး အသေထည် ပျောက်ပြီး မသေရာ ရောက်သွားတယ် (မှန်ပါ့)။

ဖြစ်ပျက်မြင်မှသော ပြုံးသေဖြစ်နိုင်တယ်

မသေရာ ဉာဏ်ရောက်သွားတော့ ဒကာ ဒကာမတို့ မသေခင်ကဘဲ ပြုံးမိတယ်၊ မသေခင်ကဘဲ အသေတွေ ဆုံးရာ မြင်တော့ ပြီးပြီ (မှန်ပါ့)၊ အဲ ပြုံးပြီး သကာလ နေနိုင်တာ ခန္ဓာမခင်, ပစ္စည်းမခင်၊ သားသမီး မခင်ဘဲနဲ့ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်သာ ပြုံးသေ ဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် သာလျှင် (ပြုံးသေ ဖြစ်နိုင်ပါတယ် ဘုရား)။

ဘာမှ အလေ့အထ ကလည်းမရှိ၊ အကျင့် ဝါသနာက လည်း မပါ၊ အိမ်မှာ တော်အောင် နေပြီး တော်အောင် အချိန်ကုန် နေတဲ့ ပုဂ္ဂိုလ်တွေ ဖီးကာလိမ်းကာ ပျော်ရွှင်ကာနဲ့ သားဝတ်၊ လင်ဝတ်တွေ ပြုပြီး သကာလ အလကား အချိန်ဖြုန်းနေတဲ့ ပုဂ္ဂိုလ် တွေကျတော့ ဖျတ်ဆို ဝေဒနာက ရောက်ပြီး သေရာလမ်း သွားရတော့မယ်၊ သေရာလမ်း သွားရတော့မယ် ဆိုတဲ့အခါကျတော့ ဒီ သားသမီး စိတ်မချ၊ ဒီပစ္စည်း စိတ်မချ၊ ဒီခန္ဓာကြီးနဲ့ပဲ ခွဲရမှာ စိုးရိမ် တော့ မဲ့လာတာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

မဲ့လာရင်အလိုမကျလို့ဘဲ

မဲ့လာတဲ့ အခါကျတော့ ဒါဟာ ဘာ့ကြောင့်တုံး၊ အလို မကျလို့ဘဲ (မှန်ပါ့)၊ အလိုမကျတာ ဘာပါလိမ့်မတုံး၊ တရားကိုယ် ကောက်လိုက်တော့ ဒေါသ၊ ဒေါမနဿပဲ (မှန်ပါ့)၊ ငရဲ နိမိတ်တွေ ဝင်လာတော့ ငရဲမီးတွေကလည်း ဟုန်းဟုန်းတောက် ကာ သူကိုယ်တိုင် မြင်ရတော့ ဒကာ ဒကာမတို့ ဘယ်သူတားလို့ ဘယ်သူဆီးလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

ဖျတ်ဆို စုတိစိတ်ကျပြီး အဲဒီဒယ်အိုးထဲ ဒီမီးလျှံထဲသွား ပြီး ငရဲကောင်ကြီး ဥပပတ္တိ ပဋိသန္ဓေ အဖြစ်နဲ့ သွားတည် ရတယ် (မှန်ပါ့)၊ သွားတည်တာတော့ ဒကာ ဒကာမတို့ သေတုန်းက မဲ့သေလို့၊ ဟိုကျတော့ အော်ပြီး ခံရတဲ့ အဓိပ္ပါယ် မရောက်ပေ ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါကြောင့် ဝိပဿနာ မှတစ်ပါး ဒကာ ဒကာမတို့ အားကိုးရာ အစစ်၊ မဂ်ဉာဏ် ကျေးဇူးပြုတဲ့ တရားအစစ်က သူသာ လျှင် ရှိပြီး သကာလ နေတဲ့အတွက် အသေကောင်းကို တကယ် တမ်းကြုံလို့ ပြုံးသေကို ခင်မင်ပါမူကား အခု စောစောစီးစီးက အသေကို မြင်အောင် လုပ်ထားပါ (မှန်ပါ့ ဘုရား)။

စောစောက အသေကိုမြင်အောင်လုပ်ထား

အခု စောစောစီးစီး ဘာလုပ်ထားရမယ် (အသေမြင် အောင်လုပ်ထား ရပါ့မယ် ဘုရား)၊ အသေ ဆိုတာကယား၊ ယားတာကလေး ပျောက်သွား ဝေဒနာက္ခန္ဓာ သေတာပဲ (မှန်ပါ့)၊ နာတာကလေး ပျက်စီး သွားရင်ကော (ဝေဒနာက္ခန္ဓာ သေတာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာ သေတယ် ဆိုတော့ ခန္ဓာကိုယ် က ဝေဒနာက္ခန္ဓာကိုး (မှန်ပါ့)။

တစ်ခါ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ဒါကလေး ရှုကြည့် လိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ ဝိညာဏက္ခန္ဓာ သေတာပါပဲ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာကိုယ်ထဲမှာ ဝိပဿနာရှု ဆိုတာက ဘာတုံးလို့ မေးလို့ရှိရင် ရှေ့အသေကို နောက်အနေက ကြည့် တယ်လို့ မှတ်လိုက်စမ်း (မှန်ပါ့)၊ နောက်အနေဆိုတာက အစားထိုးတဲ့ နောက်စိတ်က ကြည့်တယ် (မှန်ပါ့)၊ သဘောပါ ကြပလား (ပါ,ပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေမှာ နှလုံးသွင်းပါ များပြီဆို လို့ရှိရင် ကြာတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးကနေပြီး ဖျပ်ဖျပ်, ဖျပ်ဖျပ်နဲ့ ငါသေနေတယ်၊ ငါသေနေတယ်ဆိုတာ သူက ဖော်ပြော နေတယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ကိုယ်တိုင်မြင်အောင်ကြည့်စမ်းပါ

အဲဒါကလေးကို ဒကာ ဒကာမတွေ သတိပေးလိုက် တယ်၊ ကိုယ်ကိုယ်တိုင် မြင်အောင် ကြည့်စမ်း (မှန်ပါ့)၊ ဘယ်လို သတိပေးပါလိမ့် (ကိုယ်ကိုယ်တိုင် မြင်အောင် ကြည့် စမ်းပါ ဘုရား)။

အဲ ကိုယ်တိုင် မြင်အောင် ကြည့်လိုက်စမ်းပါ ဆိုတာ ဘာကိုမြင်အောင် ကြည့်ရမှာတုံးလို့ မမေးနဲ့တော့၊ ကိုယ့်အသေ ကို ကိုယ်တိုင် မြင်အောင် ကြည့်လိုက်စမ်းပါ (မှန်ပါ့)၊ ကိုယ့် အသေကို ကိုယ်တိုင် မြင်အောင် ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ခဏခဏလည်း သတိပေး ပါတယ်။

သန္ဒိဋ္ဌိကောပဲ (မှန်ပါ့)၊ သန္ဒိဋ္ဌိကော၊ သာမံ ပဿိတဗ္ဗာ။ သန္ဒိဋ္ဌိကော- ကိုယ်တိုင် မြင်ရမယ်၊ သာမံ ပဿိတဗ္ဗာ- ကိုယ်တိုင် ရှုရ မယ်ဆိုတဲ့ အတိုင်း၊ ကိုယ်ကိုယ်တိုင် အားမထုတ်ရင် မမြင်ရပါဘူး၊ ကိုယ်တိုင် မြင်အောင် အားထုတ်ရင် မြင်ပါလိမ့်မယ်ဆိုတာ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)၊

အဲဒါကြောင့် ဒီသန္ဒိဋ္ဌိကော ကိုလည်း ဒကကာကြွယ်တို့ ကြည့်မှ မြင်မှာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ငါးပါးရောက်လာတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒါက ခန္ဓာငါးပါးလို့ ရှေ့ပိုင်းက မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့)၊ ခန္ဓာငါးပါး မှတ်ပြီး သကာလ ထားတော့ ဒီကနေပြီး ဆရာဘုန်းကြီး သင်ထားတာက ခင်ဗျားတို့ သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင်မြင်အောင်ကြည့် (မှန်ပါ့)၊ ကိုယ်တိုင် မြင်အောင် ကြည့်ပါ ဆိုတော့ ဟောဒီ မဂ္ဂင် ငါးပါးဟာ ခင်ဗျားတို့ ကြည့်ရင် ခင်ဗျားတို့ ဝမ်းထဲ မဂ္ဂင်ငါးပါး ရောက်ပြီ (မှန်ပါ့)၊

မဂ္ဂင်ငါးပါးနဲ့ ကြည့်ရမှာပဲ၊ ဒီပြင်ဟာနဲ့ ကြည့်လို့ ဒကာသစ် ရမှမရဘဲ (မှန်ပါ့)၊ ဒီအထဲမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင် ငါးပါးက ရောက်လာတယ် (မှန်ပါ့)၊ ကိုယ်တိုင်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ မဂ္ဂင်နဲ့ကြည့်တာသာမှတ်ပေတော့ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် မဂ်ဟာ ဒကာ ဒကာမတို့ ရဖို့ ဆုတောင်းရုံ တောင်းနေရမှာလား၊ အကြည့် ကောင်းဖို့ အရေးကြီး တာလား (အကြည့်ကောင်းဖို့ အရေးကြီးပါတယ် ဘုရား)။

မဂ်ဆိုတာ

ဪ ဒါဖြင့် မဂ်ဆိုတာ ဒကာ ဒကာမတို့ ဟောဒီ အထဲကို ခန္ဓာငါးပါးထဲက ရှူရှိုက်ရင်းနဲ့ ယားလာတယ်၊ ယားလာ တဲ့ ဝေဒနာကလေးကို ကြည့်လိုက်၊ ကြည့်လိုက်တဲ့ အခါကျတော့ မဂ္ဂင်ငါးပါးနဲ့ ကြည့်တော့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်တော့ ဝေဒနာက္ခန္ဓာသည် သေသွား တယ်၊ ဆုံးသွားတယ်၊ ကုန်သွားတယ် ဆိုတဲ့ အဓိပ္ပါယ်မရဘူးလား (ရပါတယ်)၊ ရတဲ့ အခါကျလို့ရှိရင် ဒီခန္ဓာကြီး ပြောင်းလဲ မသွားဘူးလား (လဲသွားပါတယ်)၊ ခန္ဓာကြီး ပြောင်းလဲ သွားတယ် (မှန်ပါ့)၊

ပြောင်းလဲ သွားတဲ့ အခါကျတော့ ပြောင်းလဲတာက မဂ္ဂဝိပဿနာ (မှန်ပါ့)၊ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။

အဲဒီကဲ့သို့သိတဲ့အခါကျတော့ ဒါဟာ သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်မြင်ပြီ ဒကာသစ်ရေ (မှန်ပါ့)၊ ဟောဒီ မဂ္ဂင်ငါးပါးက ဟောဒီ ကိုယ်ခန္ဓာကြီး၏ ပြောင်းနေတာ ဘယ့်နှယ်နေသတုံး (ကိုယ်တိုင် မြင်ပါတယ် ဘုရား)၊ တကယ် သန္ဒိဋ္ဌိကော (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်လာတာတွေ ကိုယ်တိုင်လိုက်ပါ

အဲဒါ အိမ်ကျတဲ့ အခါကျတော့ ဘုန်းကြီးမှာတဲ့ အတိုင်း ထိုင်ပြီး မှန်မှန်ကလေးရှူပြီး မှန်မှန် ကလေးရှိုက်၊ ဟိုနေရာကလေး ယားသလိုလို၊ ဒီနေရာကလေး နာသလိုလို၊ ဟိုနေရာကလေး အောင့်သလိုလို၊ မမျှော်လင့်ဘဲနဲ့ တွေးစိတ်ကလေး ပေါ်လာသလို လို၊ ပေါ်လာတာတွေကို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင် လိုက်ပါ (မှန်ပါ့)၊ ကိုယ်တိုင် လိုက်တဲ့ အခါကျတော့ ဒီဥစ္စာ ခန္ဓာကြီးကပဲ ဖြစ်မှုပျက်မှု မှတစ်ပါး ဘာမှမပြဘူး (မှန်ပါ့)၊ ကျုပ်ဟာ ပေါ်ပါ တယ်၊ ပျက်ပါတယ်၊ ပေါ်ပါတယ်၊ ပျက်ပါတယ်လို့ ခန္ဓာကမပြော ဘူးလား (ပြောပါတယ်)၊ ကျုပ်ဟာ မွေးလည်း မွေးပါတယ်၊ သေလည်း သေပါတယ်လို့ (ပြောပါတယ် ဘုရား)။

ခန္ဓာကပြောသော ဉာဏ်ကကြည့်

မွေးလည်း မွေးပါတယ်၊ သေလည်းသေပါတယ်လို့ ဘယ်သူ ပြောသတုံး (ခန္ဓာကပြောပါတယ် ဘုရား)၊ ခန္ဓာကပြောတာကို သန္ဒိဋ္ဌိကော ဆိုတဲ့ ဉာဏ်က ကြည့်ပေးပါ (မှန်ပါ့ ဘုရား)။

ခန္ဓာက ပြောတာကို (ဉာဏ်ကကြည့်ပေးပါ)၊ ဉာဏ် ကကြည့်ပေးစမ်းပါ ဒကာ ဒကာမတို့၊ ပိုက်ဆံ ကုန်တာ မဟုတ်ပါ ဘူး (မှန်ပါ့)၊ ငွေလည်း မကုန်ပါဘူး၊ ကြေးလည်း မကုန်ပါဘူး၊ ခန္ဓာက ပြောတာကို ဉာဏ်က ကြည့်ပေးတော့ ကိုယ်တိုင် မမြင်ရ ဘူးလား (မြင်ရပါတယ်)၊ ဒကာသစ်ရေ သူများ အသေကို မြင်တာလား၊ ကိုယ့်အသေ ကိုယ်မြင်တာလား (ကိုယ့် အသေ ကိုယ်မြင်တာပါ ဘုရား)။

ဪ ဒါဖြင့် တို့ ဆုတောင်းလို့ ရထားတဲ့ ခန္ဓာကိုယ် ကြီးဟာ ဘယ်လို သဘော ရှိပါလိမ့် မလဲလို့ ကိုယ်တိုင် ဉာဏ်နဲ့ ကိုယ်တိုင် တွေးလိုက်တဲ့ အခါကျတော့ သြော် တို့ ဆုတောင်း ပြည့်ထားတဲ့ ခန္ဓာကိုယ်ကြီးက အနိစ္စ ခန္ဓာကိုယ်ကြီး ရထားတာ ကိုး (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

သိတာက ဝိပဿနာမဂ်

ဘယ်လို ပေါ်လာပါလိမ့် (အနိစ္စ ခန္ဓာကိုယ်ကြီး ရထားလို့ ပေါ်လာပါတယ်)၊ ဒါဖြင့် အနိစ္စက ခန္ဓာကိုယ်၊ သိတာ ကမဂ် (မှန်ပါ့)၊ သိတာက ဝိပဿနာ မဂ် ဖြစ်နေတော့ ခန္ဓာ ကိုယ်နဲ့ သိတဲ့ မဂ်နဲ့တွဲ ပေးလိုက်ပါ (မှန်ပါ့)၊ တွဲပေးလိုက် တော့ ဒါသူများ မြင်တာလား၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်မြင်တာလား (ကိုယ့်ဉာဏ်နဲ့ ကိုယ်မြင်တာပါ ဘုရား)၊ ဒါဖြင့် သန္ဒိဋ္ဌိကော ကိုက်ပြီ (မှန်ပါ့ ဘုရား)။

ဘယ်လိုကိုက်ပါလိမ့် (သန္ဒိဋ္ဌိကော ကိုက်ပါပြီ ဘုရား)၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်ပြီဘုရာ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အသေ သူများပြောလို့သိရတာ နင်တော့ သေမှာပဲ၊ ပြောတာက ရှင်တုန်းပြောတာ၊ သူသိတာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်လိုကြည့်ရမှာလဲ

ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်အောင် ဘယ်လိုကြည့် ကြမလဲ ဆိုတော့မှ ဝေဒနာကလေးတွေ၏ ဖြစ်ပုံပျက်ပုံ ခန္ဓာထဲ ကြည့်လိုက်၊ စိတ်ကလေးတွေ၏ ဖြစ်ပုံပျက်ပုံ (ခန္ဓာထဲ ကြည့်ရပါ့မယ် ဘုရား)၊ အဲဒါဟာ ဘာပါလိမ့်ဗျာ (ကိုယ့် အသေကိုယ်မြင်တာပါ ဘုရား)၊ သူများပြောလား၊ သန္ဒိဋ္ဌိကော လား (သိန္ဒိဋ္ဌိကောပါ ဘုရား)၊ သန္ဒိဋ္ဌိကော ဆိုတော့ ကိုယ် တိုင်မြင်တာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါကြီးဟာ ကိုယ့်အသေ ကိုယ် မြင်နေတဲ့ အခိုက်အတန့်မှာ ငါ့ခန္ဓာပဲ ဆိုတဲ့ ဒိဋ္ဌိလာသေးရဲ့ လား (မလာပါ ဘုရား)၊ ငါ့ခန္ဓာမို့ ငါစွဲလမ်း၊ ငါခင် မယ် ဆိုတဲ့ ဥပါဒါန်ကော (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သန္ဒိဋ္ဌိကော ဆိုတဲ့ ကိုယ်တိုင် မြင်လိုက်တာနဲ့ အကာလိကော ဆိုတဲ့ တဏှာ ဥပါဒါန်တွေ ချုပ်တယ် (မှန်ပါ့ ချုပ်ပါတယ် ဘုရား)၊

ဒိဋ္ဌိ၊ ဒိဋ္ဌပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ ချုပ်သွားပြီ (ချုပ်သွားပါပြီ ဘုရား)၊ ဒါဖြင့် အပါယ် သွားမည့် တရားတွေ ချုပ်သွားတယ် (ချုပ်သွား ပါတယ် ဘုရား)၊ ဟောဒီ တရား ကလေးက သန္ဒိဋ္ဌိကော ဖြစ်တာနဲ့ ဟောဒီ အပါယ်သွားမည့် တရားတွေ ချုပ်တာ အကာလိကော (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာ၊ ဥပါဒါန်ချုပ်တာ အကာလိကော

မိမိအသေကို မိမိမြင်တဲ့ ဉာဏ်ကလေးက သန္ဒိဋ္ဌိကော (မှန်ပါ့)၊ သူလာလိုက်တဲ့ အတွက် တဏှာ ဥပါဒါန် ကံတွေ ချုပ်သွားတာက ဘာဆိုကြမယ်, (အကာလိကောပါ)၊

သြော် ဒါဖြင့် တို့ သန္ဒိဋ္ဌိကော အလုပ်ကို မလုပ်လို့ရှိရင် အကာလိကော ဆိုတဲ့ အပါယ် သွားကြောင်း ချုပ်စရာတွေ မချုပ်ဘူး (မှန်ပါ့)၊ သန္ဒိဋ္ဌိကော ကိုယ်တိုင် လုပ်လိုက်ပါရော တဏှာ ဥပါဒါန် ကံတွေက ဘယ့်နှယ် နေသတုံး (ချုပ်သွားပါတယ် ဘုရား)၊

တစ်ချက်ခုတ်တာနဲ့ နှစ်ချက်ပြတ်ရပါကလားဆိုတာ ပေါ်လာ တယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ အပါယ် လေးပါးကို လွတ်ရပါလို၏ဆိုလို့ မလွတ်နိုင်ပါဘူး (မှန်ပါ့)၊ သန္ဒိဋ္ဌိကော လုပ်ရင် အကာလိကော ဆိုတဲ့ အပါယ် ရောက်ကြောင်း ချုပ်စရာ အကုန် ချုပ်နိုင် ပါတယ် (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ချုပ်ရပါ့မလဲလို့ ဒကာသစ်၊ ဒကာ ကြွယ်တို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြပါမလဲ (သန္ဒိဋ္ဌိကော လုပ်လို့ပါ ဘုရား)၊ ဒကာ ဒကာမတို့ တယ်အဖိုးတန် ပါကလား၊ သန္ဒိဋ္ဌိကော လုပ်လိုက်တာနဲ့ အကာလိကော ဆိုတာကြီး တစ်ခါ တည်း အခါမလင့် အကျိုးပေးချ လိုက်တယ် ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အကာလိကာက ဝိပဿနာအကျိုး

ဒကာကြွယ် သိပ်အဖိုးတန် သွားပါလား (တန်ပါ တယ် ဘုရား)၊ သန္ဒိဋ္ဌိကော သည် ဝိပဿနာ အလုပ်၊ အကာလိကော ဆိုတာ ဝိပဿနာက အကျိုးပေး လိုက်တာ (မှန်ပါ့ ဘုရား)။

သန္ဒိဋ္ဌိကော ဆိုတာ ဘာတုံး (ဝိပဿနာ အလုပ်ပါ ဘုရား)၊ အကာလိကော (ဝိပဿနာ အကျိုးပါ)၊ ဝိပဿနာ လုပ်လို့ အကျိုးပေးလိုက်တာ (မှန်ပါ့)၊ ဒကာသစ် ဒါဟာ အခါဆိုင်း သေးသလား (မဆိုင်းပါ ဘုရား)၊ အခုရှု အခု အကျိုးပေးတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဖြည်းဖြည်းမှ လုပ်မယ် ဝိပဿနာကို၊ တို့တော့ ဖြင့် ဆရာဘုန်းကြီး ကတော့ဖြင့် တိုက်တွန်းတာပဲ၊ တို့တော့ ဖြည်းဖြည်းမှပဲ၊ အခု စာရေး သောက်ရေး, နေရေး ထိုင်ရေးက လည်း မလုံလောက် သေးတော့ ကျွတ်ကျွတ်လွတ်လွတ် မလုပ် နိုင်သေးဘူးပေါ့လေ၊ တစ်နေ့တော့ လုပ်မှာပဲ ဆိုရင်ဖြင့် အခု အကျိုးပေးတာကို သူမလိုချင်လို့ (မှန်ပါ့ ဘုရား)။

လက်ငင်းအကျိုးခံစားရတယ်

ဒါဖြင့် အထည်ရောင်းတဲ့လူများ ကိုယ်ကိုယ်တိုင်စဉ်းစား ကြည့်၊ လက်ငင်းရောင်းချင်သလား၊ အကြွေးရောင်းချင်သလား ဆိုရင် ဒကာကြွယ် ဘယ့်နှယ်ဖြေမလဲ (လက်ငင်းရောင်းချင် ပါတယ် ဘုရား)၊ လက်ငင်းရောင်းတော့ လက်ငင်းအကျိုး ခံစားရ တယ်ဆိုတာ သိပြီးသား (မှန်ပါ့)၊

လက်ငင်းရောင်းရမယ့် အရာကို တစ်ဆယ်နှုန်းလျှော့ပါ ဆိုရင်တောင် လျှော့ရောင်းနိုင် ကြတယ် (မှန်ပါ့)၊ အကြွေးဆိုရင် တစ်ရာ့တစ်ဆယ်နဲ့တောင် မပေးရဲဘူး (မှန်ပါ့)၊ ပေးရဲပါ့မလား (မပေးရဲပါ ဘုရား)။

လက်ငင်းအကျိုးပေးတာ ယူလိုက်ပါ

ဒီမှာလည်း အဲဒီလို စဉ်းစားပါတော့ ဒကာ ဒကာမတို့၊ သန္ဒိဋ္ဌိကော ကိုယ်တိုင် လုပ်လို့ရှိရင် အကာလိကော လက်ငင်း အကျိုးပေးတာကို ယူလိုက်ပါလား (မှန်ပါ့)၊ ဘာဖြစ်လို့ နက်ဖြန်တွေ သန်ဘက်တွေ ဖိန်းနှဲတွေ ခင်ဗျားတို့ ဆင်ခြေလဲပြီး သကာလ အကြွေး အလိုရှိနေသလားလို့ မေးဖို့ကြုံလာတယ် (ကြုံလာပါတယ် ဘုရား)၊ မကြုံလာဘူးလား (ကြုံလာပါ တယ် ဘုရား)၊ အဲဒါဆိုရင် မိုက်ရာ ကျတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဖြည်းဖြည်း လုပ်မယ်ဆိုတဲ့ လူက ဘာပါလိမ့် (မိုက် ရာကျပါတယ်)၊ ဘယ့်နှယ်ကြောင့် မိုက်ရာ ကျပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင်လည်း အခု အကျိုးပေးတာကို လက်ငင်း မလိုချင်လို့ မိုက်တာက တစ်မျိုး (မှန်ပါ့)၊

ခန္ဓာကိုယ် ကြီးဟာ နက်ဖြန်၊ သန်ဘက်၊ ဖိန်းနှဲ၊ ဟိုလ ဒီလ ဆိုတဲ့ ဥစ္စာ နေရလိမ့်ဦးမယ် ဆိုတဲ့ သဿတဒိဋ္ဌိ ခိုင်မြဲလိမ့်မယ် ထင်နေတဲ့ ဒိဋ္ဌိက တားပစ်လိုက်တာ (မှန်ပါ့)၊ ဘယ်သူက တားပါလိမ့် (ခိုင်တယ်, မြဲတယ် ထင်တဲ့ ဒိဋ္ဌိက တားပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ လွန်ကုန်ပြီ (မှန်ပါ့)၊ လက်ငင်း မယူတဲ့ အတွက် ဒိဋ္ဌိတည်း ဟူသော ငြောင့်တောင် ဝင်စူး ပြန်ပြီ (မှန်ပါ့)၊ ဘယ်နည်းနဲ့မှ အပါယ်လေးပါးမှ မလွတ်နိုင် သေးဘူး (မှန်ပါ့ ဘုရား)၊ ဒါကြောင့် ဒကာ ဒကာမတို့ လက်ငင်း အကြွေး ဘယ်ဟာ ကောင်းပါလိမ့် (လက်ငင်း ကောင်းပါတယ် ဘုရား)။

ကိုယ်တိုင်မြင်အောင်လုပ်မှလက်ငင်းရမှာ

ဒါကလည်း ပါးစပ်ကောင်း နေရုံနဲ့တော့ မဖြစ်သေးဘူး (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲမှာ ပေါ်လာ တာတွေကို သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင် မြင်အောင် လုပ်လိုက်မှ အကာလိကော ဆိုတာ လက်ငင်း ရမှာ (မှန်ပါ့)၊ နို့မဟုတ်ရင် ရစရာ မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။

ဒါကြောင့် ဝိပဿနာ အလုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ပဋိစ္စသမုပ္ပါဒ် အနာဂတ် အကြောင်း ဖြစ်တဲ့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒကာသစ် ချုပ်ချင်လို့ ချုပ်တာလား၊ သန္ဒိဋ္ဌိကော ကြောင့် ချုပ်တာလား (သန္ဒိဋ္ဌိကော ကြောင့် ချုပ်တာ ပါ ဘုရား)။

ခန္ဓာက ယနေ့လား နက်ဖြန်လားမသိဘူး

ဟာ ဒါဖြင့် တပည့်တော်တို့ဘုရား၊ လက်ငင်းအကျိုး ပေးတာ လိုက်နာ ပါတော့မယ်၊ ခန္ဓာ ကိုယ်ကြီး ကလည်း “အဇ္ဇေဝသုဝေဝ” နဲ့ ယနေ့လား၊ နက်ဖြန်လား မသိဘူး ဆိုပြီး သကာလ ဒကာ ဒကာမတို့ အချိန်ကို အလွဲသုံးစား မလုပ်လိုက်ပါနဲ့ ဆိုတာ ဒီတရားပွဲမှာ တိုက်တွန်းပါတယ် (မှန်ပါ့)၊ မတိုက်တွန်းသင့် ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်မြင်တာ ဝိပဿနာ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အသေ ကိုယ်မြင်တာ ဝိပဿနာ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်မုန်း တာကကော (ဝိပဿနာပါ)၊ တစ်နေ့က သီတင်းနေ့ကတောင် ဟောခဲ့ သေးတယ် ဒကာကြွယ် (မှန်ပါ့)၊ ကိုယ့် အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား)၊

ကိုယ့်အသေ ကိုယ်မမြင်တာဟာ အဝိဇ္ဇာ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရကြီးဟာလည်း ဒကာသစ်တို့ ဒကာကြွယ်တို့ တစ်သံသရာ လုံး အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ပေါ်မှာ လာတာပဲလို့ ဆိုရင် လွဲပါ့ မလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် ကိုယ့်အသေ ကိုယ်မြင်တာဟာ ဘာခေါ် ကြမယ် (ဝိပဿနာပါ)၊ ကိုယ့်အသေ ကိုယ်မုန်းတာ (ဝိပဿနာပါ ဘုရား)၊ ကိုယ့်အသေ ကိုယ် မမြင်တာ (အဝိဇ္ဇာ သင်္ခါရာပါ ဘုရား)၊ အဝိဇ္ဇာ ကြောင့် သင်္ခါရ ဖြစ်သွားပြီ (မှန်ပါ့)။

ကိုယ့်အသေမှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်ဟာ မသိတဲ့ အဝိဇ္ဇာ၊ အဝိဇ္ဇာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သင်္ခါရ အလုပ်တော့ဖြင့် ဓမ္မနိယာမ အဖြစ် လုပ်တော့မှာပဲ (မှန်ပါ့)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ခင်ဗျားတို့သိတာကနည်းနည်း

အဲဒါကြောင့် ခင်ဗျားတို့ သိတာက နည်းနည်း၊ ဘုရားသိ တာက အလွန့်အလွန်သိတာ၊ ဘုန်းကြီးတို့ သိကြတာဟာ ဘုရားဟောတဲ့ အတိုင်း ဘုရား နောက်လိုက်ပြီး အစဉ် သိတာ (မှန်ပါ့)၊

ဤအသိမျိုးနဲ့ ဒကာကြွယ်တို့ ကယ်တင်နိဗ္ဗာန် ပို့ဆောင် နေတဲ့ဥစ္စာ ခင်ဗျားတို့က ရက်ရွှေ့ပြီး သကာလ နေကြတာဟာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ (မှန်ပါ့)၊ အဝိဇ္ဇာ ပစ္စယာ၊ မသိမှု အဝိဇ္ဇာတည်း ဟူသော အကြောင်းကြောင့် သင်္ခါရာ၊ ငါတို့လုပ် ချင်သလို လုပ်မည့် သင်္ခါရတို့သည်။ ဥပ္ပဇ္ဇန္တိဖြစ်ကုန်၏ (မှန်ပါ)။

မသိတော့ ခန္ဓာကိုယ် ကိုယ့်အသေ ကိုယ်မသိတဲ့ အခါ ကျတော့ မသိတာက ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)၊ အဲဒီကျတော့ ငါ သားရေးလိုက်ဦးမယ်၊ သမီးရေး လိုက်ဦးမယ်ဆို တဲ့ ကာယကံ၊ ဝစီကံတွေက မလာသေးဘူးလား (လာပါ တယ် ဘုရား)၊ အဲဒါ ဘာခေါ်ကြမလဲ (သင်္ခါ ရာပါ ဘုရား)။

ကိုယ့်အသေကိုယ်မသိတာ အဝိဇ္ဇာ

ဒါဖြင့် ကိုယ့်အသေ ကိုယ်မသိတာ ဘာခေါ်မယ် (အဝိဇ္ဇာပါ ဘုရား)၊ သားရေး သမီးရေးတွေ ဂရုစိုက် နေကြတာ လုပ်နေကြတာက (သင်္ခါရပါ), သွားကြပေတော့ သင်္ခါရ ပစ္စယာ ဝိညာဏံ (မှန်ပါ့)၊ သွားပြီ၊ သွားပြီ အပါယ် ပဋိသန္ဓေ စတဲ့ ဇာတိ မျိုးစုံတွေလာပြီ (မှန်ပါ့)၊ ဒကာကြွယ်တို့ အခု နောက်ပိုင်း ချိတ်လို့ တော်တော် သေးတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မချိတ်မိလို့ရှိရင် ကိုယ့်အသေကိုလည်း မကြည့်မိတော့ ပါဘူး ဆိုလို့ ရှိရင်ဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဖြစ်ပြီ (မှန်ပါ့)၊ အဝိဇ္ဇာ ဖြစ်တဲ့ အခါကျတော့ သားအတွက်လည်း လုပ်ဦးမှ၊ ကိုယ့် အတွက် လုပ်ဦးမှ၊ သမီးအတွက်လည်း လုပ်ဦးမှဆိုတဲ့ ဝစီကံ ရောင်းမှု ဝယ်မှုဆိုတဲ့ ကာယကံ မလာပေဘူးလား (လာပါ တယ် ဘုရား)။

ဒါဟာ ကိုယ့်အသေ ကိုယ်မသိတော့ကို သားသမီး ဆွေမျိုး ဉာတကာတို့၏ အလုပ်ကို ရက်ရက် စက်စက် လုပ်မိပြီ ဆိုမှဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရာ ပစ္စယာ (ဝိညာဏံပါ)၊ အဲ ဝိညာဏံ ကျတော့ ဘယ်လိုမှ မရတော့ဘူး (မှန်ပါ့)၊ ဘုန်းကြီးတို့ ကယ်လို့ ရတာက အဝိဇ္ဇာ မဖြစ်အောင် ဒီကစပြီး တားမှရမယ် (မှန်ပါ့)၊ သဘောကျ လား (ကျပါပြီ)၊ ကိုယ့် အသေ ကိုယ်မမြင် တာ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား)။

ဖြစ်ပျက်မကြည့်မိတာအဝိဇ္ဇာ

ဪ ဒါဖြင့် ဒကာသစ်တို့ပဲ ချိန်ပါ၊ ဦးလှဘူးတို့ပဲ ချိန်ပါ၊ ဘယ်လို ချိန်ကြမတုံး မေးတော့ ရွာထဲမှာ၊ မြို့ထဲမှာ နေကြ တဲ့ ပုဂ္ဂိုလ်များ ကိုယ့်အသေ ကလေး ခဏခဏ ဝေဒနာ ကလေး၏, ဖြစ်ပျက် စိတ်ကလေး တွေ၏ ဖြစ်ပျက်၊ ဖြစ်ပြီး ပျက်သွားတာ အသေပေါ့ဗျာ (မှန်ပါ့)၊ ရုပ်ကလေး တွေ၏ ဖြစ်ပျက်ကို သူတို့ ကြည့်မိပါရဲ့လား၊ မကြည့်မိဘူး ဆိုရင် ဘယ့်နှယ်ပြောကြမလဲ (မကြည့်မိပါ ဘုရား)၊ မကြည့်မိတာက အဝိဇ္ဇာ၊ မကြည့်မိလို့ သားရေး, သမီးရေးနဲ့ မဲလုပ်နိုင်တာက (သင်္ခါရာပါ ဘုရား)။

ဪ ဒီပုဂ္ဂိုလ် သည်ကားလို့ ဆိုလို့ရှိရင် သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုတော့ အပါယ် ဝိညာဏ်တွေ လာတဲ့ အခါကျတော့ မဲ့သေထဲ လှည့်သွားတယ် (မှန်ပါ့)၊ မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်မုန်းတာ ဝိပဿနာ

အဲဒါတွေ ဉာဏ်နဲ့ကြည့်တော့မှ ဪ ဒါဖြင့် ပြန်ကြည့်လိုက်ပါ။ ဝိပဿနာ ဆိုတာ ကိုယ့်အသေ ကိုယ်မြင်တာ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်မုန်းတာ (ဝိပဿနာပါ)

ကိုယ့်အသေမှ ကိုယ်မမြင်တာ, (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား)။

ဒါဖြင့် ဒကာသစ်တို့ အပါယ်သွား ပုဂ္ဂိုလ်ဟာ ချိန်လို့ရ ပါ့မလား (မရပါ ဘုရား)၊ မရဘူး၊ ကိုယ့်အသေမှ ကိုယ်မကြည့် ကြဘဲ၊ ဝိပဿနာမှ မပါတော့ဘဲ (မှန်ပါ့)၊ ဝိပဿနာမဂ်မှ ရှေ့က မလာရင် လောကုတ္တရာ မဂ် ဆိုတဲ့ သောတာပတ္တိမဂ်က ဝိပဿနာရှေ့သွား အနန္တရ ပစ္စည်းရှိမှ လောကုတ္တရာမဂ် အနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတဲ့ အကျိုးပေါ် ရမှာ ပေါ်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)၊ အဲဒါ သန္ဒိဋ္ဌိကော မလုပ်လို့ အကာလိကော မခံစားရတာ (မှန်ပါ့ ဘုရား)။

ကယ်တင်နေတာလို့ တကယ်ယုံကြည်ကြ

ဒကာ ဒကာမတို့ အခု ဆရာသမား လည်း ကြုံတုန်း၊ ခင်ဗျားတို့ကိုလည်း ကယ်တင် နေတာလို့ တကယ် ယုံကြည်ကြ (မှန်ပါ့)၊ အဲဒီကဲ့သို့ ယုံကြည်ပြီး သကာလမှာ သန္ဒိဋ္ဌိကောလို့ ကိုယ့်အသေ ကိုယ်မြင်အောင် မလုပ်တော့ဘူး ဆိုရင်ဖြင့် ဒီထက် ကိုယ်ကျိုးနည်း မရှိတော့ဘူး (မှန်ပါ့)၊ ဒီထက် လူဖြစ်ရှုံးတာကော (မရှိပါ ဘုရား)၊ အင်မတန် မနစ်နာပေဘူးလား (နာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီဥစ္စာ ငွေလည်းမကုန်၊ လူလည်း မပန်း ဆိုတဲ့အလုပ်ဆိုတာ ဒကာကြွယ် သေချာပလား (သေချာ ပါပြီ)၊ ငွေကုန်လူပန်းလားဗျာ (မဟုတ်ပါ ဘုရား)၊

ကိုယ့် အသေကို ကြည့်ရတာပဲ၊ မရှိတာကို ဘုရားက အကြည့်ခိုင်းတာ လား၊ ရှိတာကို အကြည့် ခိုင်းတာလား (ရှိတာကို အကြည့်ခိုင် တာပါ)၊ ဘုရားဟောတွေကို စဉ်းစား ကြည့်ပါ၊

“သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ” ကိုယ့်အသေ အနိစ္စတွေကို ပညာနဲ့ ရှုပေးပါလို့ မမှာဘူးလား (မှာပါတယ်)၊ ကိုယ်တော်ကြီး မှာတာက တခြား, တပည့်တော်တို့ နေချင်တာက တစ်ပုံဖြစ် နေတယ်ဆိုတော့ ရူးလွန်းလို့ တော်လှန်တာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊

ဒါဖြင့် “ပုထုဇ္ဇနော ဥမ္မတ္တကော” ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ရူးတာဖြင့်တော်လောက်ပါပြီ

ဒကာကြွယ် ရူးတာဖြင့် တော်လောက်ပါပြီ၊ ရူးခဲ့တဲ့ ဘဝ တွေနဲ့ သူတစ်ပါး တံတွေးထွေး ခံရတာ နည်းသလားဗျာ (မနည်းပါ ဘုရား)၊ ဟ အရူး အိမ်မလာစေနဲ့ ဆိုတဲ့ ဘဝတွေ နည်းသလား (မနည်းပါ ဘုရား)။

တစ်ခါတလေ ကိုယ့်သားသမီးတွေကတောင် ကိုယ်က ဖောက်ပြန်နေတဲ့ အခါ ကိလေသာရူး ရူးနော် သွားမခေါ်နဲ့ (မှန်ပါ့)၊ ပါသေးတယ်ဗျ (ပါ, ပါတယ် ဘုရား)၊ စိတ်ဆိုးတဲ့ အခါ မပါကြဘူးလား (ပါ, ပါတယ် ဘုရား)၊ နို့ သူတို့ပြောတာ မှားသလား၊ ကိုယ့်ကမခံနိုင်လို့ လဲသေတန် သေရမယ် မှန်လိုက် တာလွန်လို့ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မသိတဲ့လူက ပြောတာတောင်မှ မှန်နေသေးတယ် ဆို တော့ သိတဲ့လူက ကိလေသာရူး ရူးလို့ ကိုယ့်အသေ ကိုယ် မမြင်တာပဲ ဆိုတာ ငြင်းမနေပါနဲ့တော့၊ ဝန်ခံရုံပဲ ရှိတော့တယ်၊ (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

အခါမလင့်အကျိုးပေးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ သန္ဒိဋ္ဌိကော ဖြစ်မှ ဘာဖြစ်မှာပါ လိမ့် (အကာလိကော ဖြစ်မှာပါ ဘုရား)၊ သန္ဒိဋ္ဌိကော ဆိုတာ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မြင်တာ ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ)၊

အဲဒီသန္ဒိဋ္ဌိကောလည်း လာပါရော ဒကာ ဒကာမတို့သိတဲ့အတိုင်း တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်နေကြ သတုံး (ချုပ်ပါတယ် ဘုရား)၊ ဒါကို ဘာဆိုကြမှာပါလိမ့် (အကာလိကောပါ ဘုရား)၊ အခါများကော လင့်သေးသလား (မလင့်ပါ ဘုရား)၊ အခု အသေမြင်တဲ့ ဝိပဿနာမဂ်လည်း လာပါရော နောက်ဘဝ သေကြောင်း ဖြစ်တဲ့ အပါယ်သွားကြောင်းဖြစ်တဲ့ တရားတွေက တကယ်တမ်း ချုပ်ပါတယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အသေမြင်တာ ဝိပဿနာ

အဲဒါတွေသိတော့မှ ကိုယ့်အသေ ကိုယ်မြင်တာ ဘာခေါ် ကြမယ် (ဝိပဿနာပါ ဘုရား)၊ ကိုယ့်အသေ ကိုယ်မုန်းတာ (ဝိပဿနာပါ)၊ ကိုယ့်အသေ ကိုယ်မမြင်တာ (အဝိဇ္ဇာ ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပဿနာ သမားတွေ ဖြစ်နေတော့ ကိုယ့်အသေတွေ ဆုံးသွားတော့ ဒကာ ဒကာမတို့ “မရဏမ္ပိ ဒုက္ခံ” ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မသေရာဖြစ်တဲ့ အမတ နိရောဓသစ္စာ ဖြစ်သွားတယ် (မှန်ပါ့)၊ ဒါဖြင့် အမတ ဆိုတဲ့ သုခသစ္စာ သွားရလိမ့်မယ် (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့ မသေရာကို ဖြင့်တဲ့ ဥစ္စာက မဂ်ဉာဏ်၊ မဂ္ဂသစ္စာပေါ့ (မှန်ပါ့ ဘုရား)။

မသေရာမြင်တာ မဂ္ဂသစ္စာ

ဒီလို နှစ်လုံးတည်း မှတ်လိုက်ပါ၊ အသေမြင်တာ ဝိပဿနာ၊ မသေရာ မြင်တာ မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒါ သေသေချာချာ မှတ်ရလိမ့်မယ် ။ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်မြင်တာက (ဝိပဿနာပါ)၊ မသေတာ မြင်တာက (မဂ္ဂသစ္စာပါ)၊ မဂ္ဂသစ္စာဟာ နိဗ္ဗာန်ကိုသာ အာရုံပြုနေတာကိုး၊ မသေရာကို အာရုံပြုတယ် (မှန်ပါ့ ဘုရား)၊ ကိုယ့်အသေ ကိုယ်မမြင်တာက (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား)။

အဲဒီတော့ ငါသည် ဒီသုံးစားထဲက ဘယ်ပုဂ္ဂိုလ်တုံးလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ (မှန်ပါ့)၊ မမေးသင့် ဘူးလားဗျာ (မေးသင့်ပါတယ်)၊ ဒီလိုဆိုရင် ဒကာသစ်၊ ခင်ဗျားတို့ ပြုံးသေ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်နိုင်ပါတယ်(မှန်ပါ့)၊ သဘောကျပ လား (ကျပါပြီ)၊

ကိုယ့်အသေ ကိုယ်မြင်တော့ ဝိပဿနာဖြစ် နေတော့ ဝိပဿနာနဲ့ သေသွားတော့ သေခါနီးမှာပင် သောတာပန် စသည် ဖြစ်နိုင်တယ်လို့ ဖဂ္ဂုဏ ဟောပြီးပြီ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာခန္ဓာကိုယ်ကြီး

ကဲ ဒါဖြင့် ကိုယ့်အသေ ကိုယ်မမြင်တာကဘာတဲ့ (အဝိဇ္ဇာပါ ဘုရား)၊ ဪ သံသရာခရီးသည် ဒုက္ခထဲက လာပြီး၊ ဒုက္ခထဲ ပြန်သွားပဟ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးနဲ့ နေပြီး နောက် ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ထမ်းရပြန်ပြီ၊ ပိုးရပြန်ပြီ၊ သယ်ရပြန်ပြီ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါကြောင့် ဒုက္ခထဲက လာပြီး ဒုက္ခထဲ သွားချင်ကြလို့ ရှိရင် ဖြင့် ကိုယ့်အသေ ကိုယ်မမြင်တာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ (မှန်ပါ့)၊ ဒါဖြင့် ကိုယ့်အသေတွေ မရှိတော့ဘူးလို့ ကိုယ့်အသေဆုံး တာကို ကိုယ်မြင်တာ ကတော့ဖြင့် မဂ္ဂသစ္စာ (မှန်ပါ့)၊ ဒကာ ကြွယ် ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီကဲ့သို့ သေကြလို့ ရှိရင် ပြံးသေ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒိဋ္ဌိအရင်ခွာရမယ်

ကောင်းပြီ၊ ဒါဖြင့် ဝိပဿနာလုပ်မည် ကြံပြန်တော့လည်း မနေ့က ဟောထားတဲ့ တရားရှိတယ်၊ ဒကာ ဒကာမတို့ ဝိပဿနာ မလုပ်ခင် ဒိဋ္ဌိ အရင် ခွာရမယ် (မှန်ပါ့)၊ မဟောခဲ့လားဗျာ (ဟောခဲ့ပါတယ် ဘုရား)။

ဝိပဿနာ မလုပ်ခင် ဒိဋ္ဌိ အရင်ခွာရမယ်တို့ ဟောထား တော့ ခန္ဓာထဲက ဒကာ ဒကာမတို့ ရုပ်တွေ နာမ်တွေလည်း သိပြီး သားထားတော့ ခန္ဓာထဲက ခဏခဏ ဖောက်ပြန် ပျက်စီးတာ ကလေးတွေ သိလို့ ရှိရင်ဖြင့် ဒိဋ္ဌိက နေနိုင်သေးရဲ့ လား (မနေနိုင်ပါ ဘုရား)၊ ငါ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ခဏခဏဖြစ် ပျက်မြင်နေတော့ ငါလဲ မဟုတ်ဘူး (မှန်ပါ့)၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊

ဒါက တီရဏ ပရိညာနဲ့ ခွာချလိုက်တာ (မှန်ပါ့)၊ ပွားများမှု နဲ့ ခွာတော့ ဒိဋ္ဌိကွာရော (မှန်ပါ့ ဘုရား)။

ဖြစ်တာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိမရှိဘူး

ကဲ ဒိဋ္ဌိခွာပြီး သကာလ နေတော့ ဒီအထဲမှာ ဖြစ်တာ ပျက်တာ ကလေးတွေ မြင်လိုက်တော့ ဖြစ်တာ မြင်လို့ ရှိရင် ဥစ္ဆေဒ ဒိဋ္ဌိမရှိဘူး (မှန်ပါ့)၊ ပျက်တာ မြင်ရင် (သဿတဒိဋ္ဌိ မရှိပါ ဘုရား)၊ ဒီနှစ်လုံးကို သေသေချာချာ မှတ်ပါ ဒကာကြွယ် (မှန်ပါ့)၊ ဖြစ်တာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိ ဘယ်မှာ ရှိတော့ မလဲ၊ ခဏခဏ ဖြစ်နေတာ မြင်ကတည်းက ပျက်တယ် ဆိုတဲ့ အယူဟာ ယူလို့ရသေးရဲ့ လား (မရပါ ဘုရား)။

ပျက်တာမြင်ရင် သဿတစင်တယ်

အဲဒါကြောင့် ဖြစ်တာမြင်ရင် ဘာစင်ပါလိမ့် (ဥစ္ဆေဒ ဒိဋ္ဌိစင်ပါတယ်)၊ ပျက်တာ မြင်ရင် (သဿတဒိဋ္ဌိ စင်ပါတယ်)၊

ဪ ဒါဖြင့် ဖြစ်ပျက်ရှုဆိုတာ ဒိဋ္ဌိ နှင်ထုတ်နေတာကိုး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ယားတာ ကလေးဟာ ဖြစ်ပေါ်လာတာပဲ – ယားတာကလေး ပျောက်တော့ ပျက်သွားတာပဲ (မှန်ပါ့)၊

ဒါဖြင့် ယားတာ ကလေးဖြစ်တာ မြင်လို့ရှိရင် ဘာစင်သတုံး (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)၊ ယားတာ ကလေး ပျောက်ပျက် သွားတာ ဉာဏ်နဲ့ မြင်လိုက် ပြန်တော့ (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။ ခိုင်မြဲတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မခိုင်မြဲလို့ ပျောက် သွားတာပေါ့ (မှန်ပါ့ ဘုရား)။

ဖြစ်တာပျက်တာမြင်ရင် ဒိဋ္ဌိစင်

အဲဒီတော့ ဒကာ ဒကာမတို့ ဖြစ်တာ ကိုလည်းမြင်, ပျက်တာ ကိုလည်း မြင်ရင် ဒိဋ္ဌိကစင် (မှန်ပါ့)၊ ဒိဋ္ဌိစင်သွားတော့မှ ခင်ဗျား တို့ရှေ့ကို ဖြစ်ပျက် ဖြစ်ပျက် ဆိုတာ ဒိဋ္ဌိ စင်ပြီးသား ပဲ အားထုတ်နေ တဲ့အခါကျတော့ ဖြစ်ပျက် မုန်း၍ ဖြစ်ပျက် ဆုံးတဲ့ နိဗ္ဗာန် ပေါ် ရမယ် (မှန်ပါ့)၊ ဘာကြောင့်တုံး၊ ရှင်းသင့်တာ ရှင်းပြီးမှ လုပ်တာကိုးဗျ (မှန်ပါ့)၊ ရှင်းသင့်တာ မရှင်းဘဲနဲ့ လုပ်ရင် ရပါ့မလား (မရပါ ဘုရား)။

ကောင်းပြီး၊ ဒါဖြင့် ဖြစ်ပျက် နှစ်ခုစလုံးကို မြင်လို့ ရှိရင် လည်း အန္တဂ္ဂါဟိက ဒိဋ္ဌိတို့ အမရာ ဝိက္ခေပ ဒိဋ္ဌိတို့ အကုန် စင်နိုင်ပြီ (မှန်ပါ့)၊ ၆၂-ပါးသော ဒိဋ္ဌိတို့ စင်နိုင်တယ်လို့ မှတ်ကြပါတော့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိစင်ပြီးမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုး ကြိုးစားစား လုပ်လိုက်လို့ ရှိရင်ဖြင့် ပထမမဂ်ဟာ ဒိဋ္ဌိသတ်တဲ့ မဂ်ဖြစ်လေ သောကြောင့် သောတာပတ္တိမဂ်ကို ဧကန် ရနိုင်တယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါ, ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ဉာဏ်သည် ဒိဋ္ဌိသတ်တဲ့ဉာဏ်

အဲဒါကြောင့် ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှတစ်ပါး ကျုပ်တို့မှာ ဒိဋ္ဌိ သတ်ပေးတဲ့ ဉာဏ်မရှိဘူး ဆိုတာ ဦးလှဘူး သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် မမြင်သေးတဲ့ ပုဂ္ဂိုလ်များက ဒါတော့ ရှုရမှာပဲ။ မရှုလို့ ရှိရင် ကျုပ်တို့မှာ ဗုဒ္ဓဘာသာ ဝင် ဆိုငြား သော်လည်း ရှိတာပဲ။ ဥစ္ဆေဒလည်း ရှိတာပဲ၊ ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိကော (ရှိပါတယ် ဘုရား)၊ ဘာမမြင်ကြလို့ ပါလိမ့် (ဖြစ်ပျက် မမြင်ကြလို့ပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် မမြင်တာ သည် သိပ်ကြောက်စရာ ကောင်းပါကလား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်ဥစ္စာ ကြောက်စရာ ကောင်းသတုံး (ဖြစ်ပျက် မမြင်တာ ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အစေလကဿပ

ကိုင်း ဒါ ဖြေတော့၊ တစ်နေ့က ပြောခဲ့တဲ့ အစေလ ကဿပကို ပြန်ဆက် ကြည့်တာပေါ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊

၁။ ဒုက္ခ မိမိပြုတာ လား

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆွမ်းခံကြွလာတဲ့ အခါကျတော့ အစေလကဿပ က မေးတယ်၊ ရှင်ကြီး ဂေါတမ ဒုက္ခကို မိမိ ပြုတာလားလို့ မမေးဘူးလား (မေးပါတယ်)၊ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးဟာ ဒုက္ခသစ္စာ မဟုတ်လား (မှန်ပါ့)၊ “ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဆို ဒုက္ခတွေ ပေါ့ဗျာ (မှန်ပါ့)၊ အဲဒါတွေ သူက မသိတော့ ရှင်ကြီး ဂေါတမ ဒုက္ခ မိမိပြုတာ လားလို့ မေးတော့ ဘုရားက ဘယ့်နှယ်သလဲ (မဟုတ် ပါဘူးတဲ့)။

အကြောင်းကြောင့်အကျိုးဖြစ်တော့

ဒုက္ခဟာ ဘယ်မှာ မိမိပြုတာ ဟုတ်မလဲ ဒကာ ဒကာမ တို့ သူ့အကြောင်းကြောင့် အကျိုး ဖြစ်တာပဲ (မှန်ပါ့)၊ ဖဿ ကြောင့် ဝေဒနာ ဒုက္ခသစ္စာ ပေါ်တာပဲ၊ ဝေဒနာ ဒုက္ခသစ္စာ ချုပ်သွား တော့ တဏှာ ဒုက္ခသစ္စာ (မှန်ပါ့)၊ တဏှာ ဒုက္ခသစ္စာ ချုပ်သွား တော့ (ဥပါဒါန် ဒုက္ခသစ္စာ ပေါ်ပါတယ်)၊ အဲဒီတော့ ပဋိစ္စ သမုပ္ပါဒ် အကြောင်းက အကျိုး ဖြစ်စေတော့ ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊

အကြောင်းချုပ်လို့ရှိရင်လဲ (အကျိုးချုပ်ပါတယ် ဘုရား)၊ ဒုက္ခအကြောင်းချုပ်ရင် ဒုက္ခအကျိုး ချုပ်တာပဲ (မှန်ပါ့)၊ ဒုက္ခအကြောင်းဖြစ်ရင် (ဒုက္ခ အကျိုးဖြစ်ပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကိုယ်ဟာ ဒုက္ခသစ္စာ

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံး ဆိုတော့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဒုက္ခ အကြောင်းနဲ့ ဒုက္ခ အကျိုးပဲ ရှိတယ် (မှန်ပါ့)၊ ဒါဖြင့် ခန္ဓာ ကိုယ်ဟာ ဘာသစ္စာ ဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်တာလည်း ဒုက္ခ, ပျက်တာလည်း ဒုက္ခ ဒါနှစ်ခုသာ ရှုပါ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ ဟောတယ် (မှန်ပါ့)၊ ခန္ဓာကိုယ် တစ်ခုလုံးမှာ အကြောင်းနဲ့ အကျိုးသာ ရှိတယ်၊ အကြောင်းကလည်း ဖြစ်တာပဲ၊ ဖြစ်ဒုက္ခ မှတ်လိုက်၊ အကျိုးက လည်း ပျက်တာပဲ၊ ပျက်ဒုက္ခ မှတ်လိုက် (မှန်ပါ့)၊ ဒီတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ဘာသစ္စာ ရှိသတုံး (ဒုက္ခသစ္စာပဲ ရှိပါတယ် ဘုရား)။

ဒုက္ခဘယ်သူလုပ်တာတုံး

အဲဒီတော့ ဒုက္ခ ဘယ်သူ လုပ်တာတုံးလို့ မေးတဲ့အခါကျ တော့ အကြောင်းက လုပ်တာ (မှန်ပါ့)၊ မိမိက လုပ်တာ ဟုတ် ပါရဲ့ လား (မဟုတ်ပါ ဘုရား)။

အဲဒီလို အစေလကဿပ ကြောင်းအကျိုး မသိတော့ – ဒုက္ခ မိမိ ပြုလုပ်တာလား မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါဘူး)၊ ဒကာ ဒကာမတွေ ဖြေရင် ဘယ့်နှယ် ဖြေကြ မလဲ (အကြောင်းကြောင့် အကျိုးဖြစ်တာပါ ဘုရား)။ အကြောင်း ဒုက္ခကြောင့် သို့မဟုတ် သမုဒယကြောင့် အကျိုး ဒုက္ခ ဖြစ်တာဗျ(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

၂။ ဒုက္ခကို သူတစ်ပါး လုပ်တာလား

သူ ဆက်ပြီး မေးပြန်တယ်၊ ဒုက္ခကို သူတစ်ပါး လုပ်တာ လားလို့ မေးတော့ ဘုရားက ဘယ့်နှယ် ဖြေသတုံး (မဟုတ် ပါဘူး)၊ ခင်ဗျားတို့က ဖြေရင် ဘယ့်နှယ် ဖြေကြမလဲ (အကြောင်း ကြောင့် အကျိုးဒုက္ခ ဖြစ်တာပါ ဘုရား)၊ အကြောင်း သမုဒယရှိလို့ အကျိုးဒုက္ခ ပေါ်တာပဲ၊ သူတစ်ပါး မလုပ်ပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အတိုင်း ဖြစ်တာပေါ့ (မှန်ပါ့)။

၃။ နှစ်ဦး လုပ်တာလား

ဒါနဲ့ သူမကျေနပ်တာနဲ့ မေးပြန်တယ်၊ ဒုက္ခကို မိမိ၊ သူတစ်ပါး နှစ်ဦး လုပ်တာလားလို့ မေးပြန်တော့ ပထမ သဿတ ဒိဋ္ဌိနဲ့ မေးတယ်၊ ဒုတိယဥစ္ဆေဒဒိဋ္ဌိနဲ့ မေးတယ် (၃) နံပါတ် မိမိ သူတစ်ပါး နှစ်ဦးသား လုပ်တာလားဆိုတော့ သဿတ ဥစ္ဆေဒရောပြီး မေးတယ် (မှန်ပါ့)။

အဲ ဒုက္ခကို မိမိ သူတစ်ပါး နှစ်ဦးသားလုပ်တာလား ဆိုတော့ ဒီဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေကြမလဲ (မဟုတ်ပါ ဘုရား)၊ ဘယ်လို ဖြစ်တာပါလိမ့်၊ ဒါဖြင့် (အကြောင်းကြောင့် အကျိုး ဖြစ်တာပါ ဘုရား)၊ အကြောင်း ဖြစ်လို့ အကျိုးဖြစ်၊ အကြောင်း ချုပ်လို့ အကျိုးချုပ် (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲမှာ အကြောင်း အကျိုးသာ ရှိတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

၄။ ဒုက္ခဟာအလိုလိုဖြစ်တာလား

ဒါနဲ့ အစေလ ကဿပက မကျေနပ်သေးတာနဲ့ ဒုက္ခ အလိုလို ဖြစ်တာလားလို့ မေးလိုက်တော့ ဘုရားက ဘယ့်နှယ် ဖြေသ တုံး (မဟုတ်ပါဘူး)၊ ခင်ဗျားတို့က ဘယ့်နှယ် ဖြေပါ့မလဲ (အကြောင်း ကြောင့် အကျိုးဖြစ်တာ)၊ အကြောင်း ဖြစ်လို့ (အကျိုးဖြစ်ပါတယ်)၊ အကြောင်းချုပ်လို့ (အကျိုး ချုပ်ပါတယ်)၊ အလိုလို ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီလို ဆိုရင် ဒိဋ္ဌိပြုတ်ပြီး သိထားတာ (မှန်ပါ့)၊ အစေလကဿပက ဒုက္ခအလိုလို ဖြစ်တာ လားလို့ မေးတော့ အဟေတုက ဒိဋ္ဌိနဲ့ မေးလိုက်တယ် (မှန်ပါ့)။

၅။ ဒုက္ခ မရှိဘူးလား

ကဲ့ ဒါဖြင့် ရှင်ကြီး ဂေါတမ မဟုတ်ဘူးချည့် ဖြေနေ တာ လေးချက် ရှိသွားပြီတဲ့ (မှန်ပါ့)၊ ဒါကို တိုတိုပဲ ပြောသွားခဲ့ တာနော်၊ အရင် သုံးည ဟောပြီးသား ဖြစ်နေလို့ (မှန်ပါ့)၊ ဒါနဲ့ ရှင်ကြီးဂေါတမ ဒုက္ခ မရှိဘူးလားလို့ မေးတော့ ဘုရားက ဘယ့်နှယ် ဖြေသတုံး (ရှိပါတယ်တဲ့)။

၆။ ဒုက္ခကိုမသိဘူးလား

သူက ခန္ဓာကိုယ်ကို ဒုက္ခသစ္စာလို့ သိရဲ့လား (မသိပါ ဘုရား)၊ ဒုက္ခကို မသိဘူးလားလို့ မေးလိုက်တော့ ဘုရားက ဘယ် နှယ်ဖြေသတုံး (သိပါတယ်တဲ့)၊ ခန္ဓာကိုယ်ထဲ ပေါ်လာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊

အဲ ခင်ဗျားတို့ ဒုက္ခရှိနေ တယ်ဆိုတာ သိနေကတည်းကိုကလည်း အဟေတုကဒိဋ္ဌိက လည်း လွတ်သွားပြီး (မှန်ပါ့)၊ ခြောက်ချက် မြောက် မေး ပြန်တယ်၊ ဒုက္ခ ရှင်ကြီး ဂေါတမ မသိဘူးလားလို့ ဆိုတော့ ဘုရားက ဘယ့်နှယ် ဖြေသတုံး (သိပါတယ်တဲ့)။

နို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဘာပေါ်လာလာ ဘယ့် နှယ်ဆိုကြမလဲ (ဒုက္ခချည့်ပါပဲ ဘုရား)၊ ပေါ်တာလည်း ဒုက္ခ သစ္စာ ၊ပျက်တာလည်း ဒုက္ခသစ္စာ မှတစ်ပါး တခြားတစ်ပါး သိ စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ခင်ဗျားတို့ ဒိဋ္ဌိအကြောင်း နားလည် တော့ ဒကာသစ် ခြောက်ချက် စလုံး ဘုရား ဟောရင်း အဓိပ္ပါယ် ကို ဆရာ ဘုန်းကြီးလို့ သိရပြီ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ

အစေလကဿကဟာ တပည့်တော် မေးလာတာ ခြောက်ချက် ရှိသွားပြီတဲ့ (မှန်ပါ့)၊ ဒုက္ခ မိမိပြုတာလား ဆိုတော့ မိမိပြုရင် မိမိခံဆိုတဲ့ သဿတဒိဋ္ဌိ ပါနေတယ် (မှန်ပါ့)၊

ဒုက္ခ သူတစ်ပါး ပြုတာလား ဆိုတော့ ပြုတဲ့လူက တခြား။ ခံတဲ့လူက တခြား ဖြစ်နေတယ် (မှန်ပါ့)၊ ဒီကျတော့လည်း ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပြန်တယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အစေလ ကဿပ၊ ဒုက္ခကို မိမိပြုတာလည်း မဟုတ်ဘူး၊ သူတစ်ပါးပြုတာလည်း မဟုတ်ဘူး၊ မိမိ သူတစ်ပါးနှစ်ဦးသားပြုတာလည်း မဟုတ်ဘူး၊ အလိုလို ဖြစ်တာလည်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တာဆိုတော့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊ အကြောင်း ဖြစ်လို့ အကျိုး ဖြစ်ရတယ်၊ အကြောင်း ချုပ် လို့ (အကျိုး ချုပ်ပါတယ် ဘုရား)။

ပျက်လိုက်အစားထိုးလိုက်

ဒကာ ဒကာမတွေ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲမှာ ယောက်ျားတွေလား မိန်းမတွေလားလို့ မေးလိုက်လို့ရှိရင် အကြောင်းနဲ့ အကျိုးပါပဲဘုရား၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အကြောင်းနဲ့ အကျိုးအပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်နေကြတာပဲ၊ အကြောင်းချုပ်လို့ အကျိုးချုပ်နေကြတာပဲ၊

ဒါတွေသာ ခဏ ခဏလဲပြီး ခဏခဏဖောက်ပြန်ပျက်စီး၊ ပျက်လိုက် အစားထိုး လိုက်၊ ပျက်လိုက် အစားထိုးလိုက် ဒီလိုပဲ မနေဘူးလား (နေပါ တယ် ဘုရား)။

အဲဒီ ပျက်လိုက် အစားထိုးလိုက် ဆိုတာ ပျက်တာလည်း ဒုက္ခသစ္စာ၊ အစားထိုးတာလည်း ဒုက္ခသစ္စာ (မှန်ပါ့)၊

ဒါကြောင့် ဘုန်းကြီးက ခဏခဏဟောတယ်၊ ပျက်တာက ဒုက္ခသစ္စာ၊ အစားထိုးတာက ဒုက္ခ ရောက်မှာ (မှန်ပါ့)။

ပျက်တာက (ဒုက္ခသစ္စာ)၊ အစားထိုးတာက (ဒုက္ခ ရောက်မှာပါ ဘုရား)၊ အဲ အစားထိုး တာကလေး ပျက် သွားပြန်တော့ သူ့ကို ဘယ့်နှယ် နာမည်ပေးကြမလဲ (ဒုက္ခ သစ္စာပါ)၊ နောက်အစား ထိုးတာက (ဒုက္ခ ရောက်မှာပါ ဘုရား)၊ အဲဒီ ဒုက္ခရောက်မှာ ကလေး ပျက်သွားတော့ သူ့ကို ဘယ့်နှယ် စွဲချက် တင်မလဲ (ဒုက္ခသစ္စာပါ)၊ နောက်တစ်ခါ အစားထိုးပြန်တာ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခရောက်မှာ ပါ ဘုရား)။

နောက်တုန်းကဘာများဖြစ်ခဲ့သတုံး

ဪ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ထဲမှာဖြင့် သုခ ကြားညှပ် ပါသလား (မပါ, ပါ ဘုရား)၊ ဒုက္ခသစ္စာနဲ့ ဒုက္ခ ရောက်မှာသာ ဆက်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တစ်သံသရာလုံး တပည့်တော်တို့ ဘုရား ဘယ်လို များနေခဲ့ ရပါလိမ့်မတုံး ဆိုတော့ ရှေ့ကပျက်၊ နောက်က အစားထိုး ဆိုတော့ အပျက်ဟာ ဒုက္ခသစ္စာ, အစား ထိုးတာ ဒုက္ခရောက်မှာ (မှန်ပါ့)၊ ဒုက္ခ ရောက်မှာသာ ဆိုရတယ်၊ တော်တော်ကြာ သူ ဒုက္ခသစ္စာပဲ ဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။

တပည့်တော်တို့ နောက်တုန်းက နတ်များ ဖြစ်ခဲ့သလား၊ သိကြားများ ဖြစ်ခဲ့သလား၊ စကြဝတေး မန္ဓာတ်များ ဖြစ်ခဲ့သလား ဆိုတော့ အဲဒါကတော့ မသေချာဘူး၊ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက် မှာ လှည့်နေတာ ကတော့ သေချာတယ် (မှန်ပါ့) ပျက်သွား တာက (ဒုက္ခသစ္စာပါ)၊ အစားထိုးတာက (ဒုက္ခရောက် မှာပါ ဘုရား)။

ပျက်ဒုက္ခနဲ့ဖြစ်ဒုက္ခပဲရှိတယ်

တစ်သံသရာလုံး တပည့်တော်တို့ ဘယ်လို များ နေခဲ့ရပါလိမ့်မတုံးဆိုလို့ရှိရင် ပျက်ဒုက္ခနဲ့ ဖြစ်ဒုက္ခနဲ့ပဲ အချိန် ကုန်ခဲ့ရပါတယ်(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီဟာတွေများ ရပ်သွားမယ့် ဒုက္ခလည်း မလာတော့ဘူး ဘုရာ့၊ ဖြစ်ဒုက္ခလည်း မလာတော့ဘူး ဘုရာ့ ဆိုရင် ဒီပုဂ္ဂိုလ် ချုပ်သွားပြီ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခ ချုပ်ပါပြီ ဘုရား)၊ ပျက် ဒုက္ခလည်း သူ့ဉာဏ်နဲ့ ရှုလို့ မမြင်တော့ ပါဘူး၊ ဖြစ်ဒုက္ခလည်း ဉာဏ်ထဲမှာ မပေါ်လာ တော့ပါဘူး ဆိုတော့ ဒီယောဂီ ပုဂ္ဂိုလ် ဘယ့်နှယ် ဆိုပါ့မယ် (ဒုက္ခ ချုပ်သွားပါတယ် ဘုရား)၊

အဲဒီ ရောက်အောင် အားထုတ်မှ နိဗ္ဗာန်လို့ ဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ ဒါဖြင့် နိဗ္ဗာန် ရောက်ချင်ရင် ဖြစ်ဒုက္ခ ပျက် ဒုက္ခကိုပဲ ဖြိုင်ဖြိုင် ရှုပါ (မှန်ပါ့)။

ရှုပါများရင် မုန်းလာတယ်

ဖြစ်ဒုက္ခကို ဖြိုင်ဖြိုင် ရှုလိုက်လို့ ရှိရင် ရှေးဦးစွာ ဒီဒုက္ခကြီး ကို မြင်ပါလိမ့်မယ်, ယထာဘူတ ဉာဏ်နဲ့ (မှန်ပါ့)၊ မြင်ပြီး သည် အခြားမဲ့၌ ရှုပါများရင် ဒီဒုက္ခကြီးကို ဒကာသစ်တို့ မုန်းလာ မှာပဲ (မှန်ပါ့)၊ မုန်းတဲ့ အချိန် ဒီဒုက္ခကြီးပဲ ဆုံးခန်း တိုင်တိုင် မကြိုက်ပေဘူးလား၊ ကြိုက်မလား (ကြိုက်ပါတယ် ဘုရား)။

ဆုံးခန်းတိုင်အောင် ကြိုက်တဲ့ အခါကျတော့ ခင်ဗျားတို့ သန္တာန် တဏှာမရှိလို့ ဆုံးခန်းတိုင် အောင် ကြိုက်တာပေါ့ (မှန်ပါ့)၊ ဉာဏ်နဲ့ ကြိုက်သွား တာကိုးဗျ (မှန်ပါ့)၊ အဲဒီလို ဖျတ်ခနဲ မြင်တယ် ဆိုရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခ လာပါဦးမလား (မလာပါ ဘုရား)။

နိရောဓနဲ့မဂ္ဂသစ္စာ

ဒါဖြင့် ဖြစ်ဒုက္ခ,ပျက်ဒုက္ခ ဆုံးတာ ဘာသစ္စာ (နိရောဓ သစ္စာပါ)၊ ဆုံးတာ မြင်တာက (မဂ္ဂသစ္စာပါ)၊ ဆုံးချင်လို့ ဆုံးတာလား၊ ခင်တွယ်တဲ့ တဏှာ သေလို့လား (ခင်တွယ်တဲ့ တဏှာသေ လို့ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ, ပျက် ဒုက္ခ အဆုံး မြင်တဲ့ ဉာဏ်လာရင် သမုဒယ သစ္စာလည်း ချုပ်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရှိတုန်းက ဒုက္ခသစ္စာ ချုပ်သွား တော့ (နိရောဓသစ္စာပါ)၊ မြင်တာက (မဂ္ဂသစ္စာပါ)၊ ချုပ် ချင်လို့ ချုပ်ရ တာလား၊ နောက်ဒိဋ္ဌိတဏှာ သေလို့လား (ဒိဋ္ဌိ တဏှာသေလို့ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ, ပျက် ဒုက္ခ အဆုံးမြင်တဲ့ ဉာဏ်လာရင် သမုဒယသစ္စာလည်း ချုပ်တာပဲ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိတဏှာတာ သမုဒယသေတာ

ဒါဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရှိတုန်းက ဒုက္ခသစ္စာ ချုပ်သွား တော့ (နိရောဓသစ္စာပါ)၊ မြင်တာက (မဂ္ဂသစ္စာပါ)၊ ချုပ် ချင်လို့ ချုပ်ရတာလား၊ နောက်က ဒိဋ္ဌိတဏှာသေလို့လား ၊ (ဒိဋ္ဌိတဏှာ သေလို့ပါ ဘုရား)၊ အဲဒီ ဒိဋ္ဌိတဏှာသေတာက သမုဒယ သေတာလို့ မှတ်လိုက်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အစေလကဿပကို မင်းဒိဋ္ဌိ ပြုတ်ချင်လို့ ရှိရင် ပဋိစ္စ သမုပ္ပါဒ် ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်အောင် ကြည့်ကွတဲ့ (မှန် ပါ့)၊ ဒီတော့ အစေလကဿပ က ကြည့်ပါတယ်၊ ကြည့်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ မြင်တာပေါ့ဗျ (မှန်ပါ့)၊

မြင်တော့ သူ့စိတ်ထဲမှာ အဆုံးတော့ မရောက် သေးတော့ အရှင်ဘုရား သာသနာ့ဘောင် ဝင်ပါရစေ လုပ်လာတယ် (မှန်ပါ့)။

အစေလကဿပ ရဟန္တာဖြစ်တယ်

ကဲတိတ္ထိထဲက သာသနာ့ ဘောင် ဝင်လို့ရှိရင် လေးလ လောက်ကွာ ပရိဝတ် စောင့်ရ လိမ့်ဦးမယ်၊ ဝတ် မစောင့်ပါနဲ့တော့ အစေလကဿပကို ရဟန်းခံ ပေးလိုက် ဆိုပြီး ရဟန်းခံပြီးတော့ ပဋိစ္စသမုပ္ပါဒ်ကြီးကို ဖြစ်တာလည်းကြည့်၊ ပျက်တာလည်းကြည့်၊ ခန္ဓပဋိစ္စသမုပ္ပါဒ်ကြီး ကြည့်ရင်းနဲ့ လုံ့လဝီရိယ မလျှော့ဘဲနဲ့ ဒကာသစ် လျှောက်ကြည့် သွားလိုက်တာ နောက်တော့ ရဟန္တာ ဖြစ်တာပဲ (မှန်ပါ့)၊ ဖြစ်ဒုက္ခ, ပျက်ဒုက္ခ ဆုံးသွားတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခမြင်ရင် ဘာဉာဏ်ခေါ်မယ် (ယထာဘူတဉာဏ်ပါ)၊ မုန်းလာရင် (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခအဆုံးကိုမြင်ရင် (မဂ်ဉာဏ်ပါ)၊

အဲဒီ မဂ်ဉာဏ်လေးဆင့်ရသည့်တိုင်အောင် ဒိဋ္ဌိဖြုတ်ပြီး ဝိပဿနာရှု လိုက်တာနဲ့ အစေလ ကဿပ ရဟန္တာဖြစ်ပြီး ရဟန္တာ စာရင်းဝင် သွားတယ် ဆိုတာ ဒီဝတ္ထုမှာ သေသေချာချာ ဟောတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ

(၁) နံပါတ်က ဖြစ်ပျက်မြင် အောင်ကြည့် (မှန်ပါ)၊

(၂)နံပါတ်က (ဖြစ်ပျက်မုန်း အောင်ကြည့်ရပါမယ် ဘုရား)၊

(၃)နံပါတ်က (ဖြစ်ပျက်ဆုံး အောင်ကြည့်ရပါမယ် ဘုရား)။

ဆုံးအောင်ကြည့် တစ်ခါဆုံးရင် သောတာပန်၊ နှစ်ခါဆုံး ရင် သကဒါဂါမ် နောက်ထပ်ရှုလို့ သုံးခါ ဆုံးသွားရင် (အနာဂါမ်)၊ နောက်ထပ်ရှုလို့ လေးခါ ဆုံးသွားရင် (ရဟန္တာပါ ဘုရား)၊ အဲဒီလို ဆုံးအောင် လိုက်နေလို့ရှိရင်၊ အစရှိလို့ အဆုံး ရှိတယ် ဆိုတာ သေသေချာချာမှတ်။

ဆုတောင်းနေလို့မဖြစ်ဘူး

အစမတွေ့ရင် ဒကာသစ် (အဆုံးမတွေ့ပါ ဘုရား)။

ဒါဖြင့် ခန္ဓာဖြစ်ပျက်မှ မသိလို့ရှိရင် ခန္ဓာဖြစ်ပျက်၊ အဆုံး ဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လို ရောက်ပါ့မတုံး (မရောက်နိုင်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် အဆုံးကျအောင် လိုက်လည်းလိုက်ကြပါ၊ လိုက် နိုင်ပါစေ၊ ဆုတောင်းနေလို့ မဖြစ်ဘူး (မှန်ပါ့)၊ လိုက်မှ ဆုံးမယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။