146

သံသရာမှာအစမရှိ အဆုံးရှိသည် နိဗ္ဗာန်မှာ အစရှိသည် အဆုံးမရှိ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

သံသရာမှာအစမရှိ အဆုံးရှိသည် နိဗ္ဗာန်မှာ အစရှိသည် အဆုံးမရှိ

ဒါဖြင့် ခန္ဓာငါးပါး ရုပ်တရားဆိုတာတော့ သိသွားပြီ။ နိဗ္ဗာန်တရားဆိုတာ ရှိသေးတယ်၊ သူကတော့ ဒကာ ဒကာမ တို့ ပြောင်းပြန် ပြန်ပြီးမှ မှတ်လိုက်တာပေါ့။ ဆင်းရဲမရှိ၊ အမြဲရှိ၏ (မှန်ပါ့)။

ခန္ဓာငါးပါးကတော့အမြဲမရှိ ဆင်းရဲရှိ၏

နိဗ္ဗာန်တော့ ဘယ်လိုမှတ်ကြမယ် (ဆင်းရဲမရှိ အမြဲရှိ၏ပါ ဘုရား) ခန္ဓာငါးပါး ရုပ်တရားကတော့ အမြဲမရှိ၊ ဆင်းရဲရှိ၏, ကိုစောမောင်, သေသေချာချာမှတ်နော် (မှန်ပါ့)။

ခန္ဓာငါးပါး ရုပ်တရားကတော့ (အမြဲမရှိ, ဆင်းရဲရှိ၏ပါ ဘုရား) အမြဲကလဲ မရှိပြန် ဆင်းရဲကလဲ ရှိနေပြန်တယ် ဆိုတော့ လိုချင်စရာ, ရချင်စရာ ဘာမှမပါဘူး (မှန်ပါ့) ကိုစံလှ, ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

သူ့သဘောသာ စဉ်းစားကြည့်လေ ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတာက အမြဲမရှိဘူး တဲ့၊ ဆင်းရဲသာ ရှိတယ် တဲ့၊ ကိုစောမောင် ဘယ်မှာလိုချင်စရာ ရချင်စရာ (မရှိပါ ဘုရား)။

ဒါက ဝိပဿနာသမားများမှာ ဪ ဒီလို သိနှင့်ပြီး သကာလ ထားဖို့ အရေးကြီးတယ်ဆိုတာ မောင်နိုင်, ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

နိဗ္ဗာန်ကတော့ ဆင်းရဲမရှိ၊ အမြဲရှိ၏

နိဗ္ဗာန်တရားကတော့ ဘယ်လိုပါလိမ့်မတုံး, ဆိုတော့ ပြောင်းပြန်လှည့်၊ ဆင်းရဲမရှိ အမြဲရှိ၏ (မှန်ပါ့) ဆင်းရဲမရှိ – ဘူး တဲ့၊ အမြဲလည်း ရှိနေတယ် ဆိုတော့၊ ဪ နိဗ္ဗာန် ကတော့ ဆင်းရဲမရှိ အမြဲရှိတာက ဆင်းရဲလဲမရှိဘူး ၊အမြဲတမ်း လည်း ရှိနေတယ်၊ ဘယ်တော့မှ မပျက်ဘူး၊

ဒါကြောင့် “ဓုဝနိဗ္ဗာန်, သုခနိဗ္ဗာန်, အမတနိဗ္ဗာန်” ဆိုတဲ့ဥစ္စာ မသေတဲ့ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဆင်းရဲလည်းမရှိ အမြဲရှိတဲ့ဆီသို့ ကျုပ်တို့ ဘုန်းကြီးများကလည်း အရောက်ပို့၊ ဒကာ ဒကာမတွေကလဲ အရောက်သွားမှသာလျှင် ဒီကိစ္စ ပြီးကြ မယ်ဆိုတာဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ရုပ်နာမ်တွေကတော့ ဘယ့်နှယ့်တုံး (အမြဲမရှိ ဆင်းရဲပါတယ်) ဘယ်ရုပ်နာမ် ဆုတောင်း ဆုတောင်း ခင်ဗျား တို့ဟာ အမြဲမရှိဘူး၊ လာမှာပဲ (မှန်ပါ့) ဆင်းရဲရှိတယ်ပဲ လာမှာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ရုပ်နာမ် ဆုတောင်း ဆုတောင်း (အမြဲမရှိ ဆင်းရဲတာ လာမှာပါ ဘုရား)။

အမြဲမရှိဘူး ဆင်းရဲတာရှိတယ်ဆိုတာ သိထားတော့ မှ သော် ရုပ်နာမ်များဟာ စက်ဆုပ်စရာ, မုန်းစရာ, ရွံစရာ, မလိုချင်စရာ ပါလားဆိုတာ ကိုစောမောင်, ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ရုပ်နာမ်သဘောကို ဉာဏ်နဲ့ကြည့်ရင်

ဒါ့ကြောင့် ရှေ့ပိုင်းမှာ ဒီဥစ္စာကို ရှင်းရှင်းလင်းလင်း ပြောနေတယ်၊ ဒကာ ဒကာမတို့ ဂရုစိုက်ပါ။ ရုပ် နာမ်ဓမ္မ တို့၏ သဘောက ဘယ်လိုပါလိမ့် (အမြဲမရှိ ဆင်းရဲပါ တယ် ဘုရား)

ဆင်းရဲတော့ ရှိတယ်၊ အမြဲမရှိဘူး တဲ့ ဒကာ ဒကာမတို့ ဘယ်တော့မှ မြဲတဲ့သဘောမရှိဘူး၊ ဘယ်ရုပ်နာမ် ရရ ခင်ဗျားတို့ ဉာဏ်နဲ့ကြည့်လည်း မမြဲဘူး၊ ဉာဏ်နဲ့ မကြည့် ဘူး၊ သညာနဲ့ပဲ ကြည့်ပါဦးမယ်ဆို ဒီအိုနာသေပါတာပဲ၊ ဉာဏ်နဲ့ကြည့်လိုက်တော့လည်း ကိုစောမောင် ဖျပ် ဖျပ်နဲ့ လဲနေတာပဲ (မှန်ပါ့)။

ရုပ်နာမ်သဘောကို သညာနဲ့ကြည့်ရင်

ဟာ သညာနဲ့ပဲ အိုနာသေ ကြည့်လိုက်ဦးမယ်၊ ဆိုတော့လည်း တော်တော်ကြာအို၊ တော်တော် ကြာနာ၊ တော်တော်ကြာသေနဲ့ ဒီလိုအမြဲရှိရဲ့လား (မရှိပါ ဘုရား) အင်း ဆင်းရဲတော့ (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တကွ တကယ့် အရိယာ ပေါင်း သူတော်ကောင်းတို့ကဖြင့် အမြဲမရှိ ဆင်းရဲတဲ့ တရားကိုဖြင့် ဘယ်နည်းနဲ့မဆို စက်ဆုပ် ကြလိမ့်မယ် ဆိုတာ မောင်နိုင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။

အမြဲမရှိ ဆင်းရဲတာ ရှိတယ် ဆို သဖြင့် လည်း ကိုစောမောင်ရေ လိုချင်စရာ, ရချင်စရာ တော့ဖြင့် မပါ,ပါဘူး (မပါ,ပါ ဘုရား)။

ရုပ်နာမ်တို့၏ပင်ကိုသဘော

သူ့ပင်ကိုသဘောကို ယနေ့ ရှင်းပြလိုက်ပါတယ် ဒကာ ဒကာမတို့ သူ့ပင်ကိုသဘောကျ နတ်ရုပ်နမ် လိုချင်လိုချင်၊ ဗြဟ္မာရုပ်နာမ် လိုချင်လိုချင်၊ စကြဝတေး မန္ဓာတ်ရုပ်နာမ် လိုချင်လိုချင်၊ ဘာရမလည်း ဆိုတာ မောင်နိုင် တို့တရားတစ်ပွဲလုံးက ဆုံးဖြတ်ချက်ချပါ (အမြဲမရှိ ဆင်းရဲတာ ရပါမယ် ဘုရား)။

ဪ ဒါတွေကိုမသိလို့ရှိရင်လည်း ကိုစောမောင်, ကိုစံလှတို့ လူတွေဟာ ထင်သလို ဖြစ်နေမှာပဲ (မှန်ပါ့) အခု ဒီတစ်လုံးသိလိုက်ရင်ပဲ သော် ရုပ်နာမ်ဓမ္မတို့၏ သဘောကတော့ ဘယ်ဘုံ ဖြစ်တဲ့ ရုပ်နာမ်ဖြစ်ဖြစ် အမြဲမရှိဘူး။ ဆင်းရဲသာရှိတယ်ဆိုတော့ မောင်နိုင်, ရှင်းနေပြီ (ရှင်းပါ ပြီ ဘုရား)။

ကဲ နိဗ္ဗာန်ဘက် လှည့်လိုက်ပါဦး တဲ့။ နိဗ္ဗာန်ဆိုတဲ့ တရားကတော့ ဘာတုံး (ဆင်းရဲလည်း မရှိပါ, အမြဲပဲရှိတယ်) သော် သူကတော့ ဆင်းရဲလည်း မရှိဘူး တဲ့၊ အမြဲတမ်းလည်း ခိုင်ခံ့ တည်တံ့မယ် ဆိုတော့ ဪ ဒီမရောက်သရွေ့ တို့စိတ်မအေးရသေးဘူးဆို တာရော ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ကိုစောမောင် ကောင်းကောင်းပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သုံးခေါက်ပြည့်အောင်လည်း မှတ်ထားပါ ဒီဥစ္စာကလေးကို၊ ဒါကို သိနှင့်တော့မှ အရောက် ခြေနဲ့ လှမ်းတော့ကို မောင်နိုင် သွက်လာတယ် (မှန်ပါ့) ဒီလိုမသိရင် ကိုယ်, သွက်ပါ့မလား (မသွက်ပါ ဘုရား)။

မသွက်ဘူး တဲ့၊ နိဗ္ဗာန်ကို မလိုချင်ကြဘူး၊ မရ ချင်ကြဘူး၊ ဖြည်းဖြည်းမှပဲ ယူတော့မလိုလို ဒီအသံတွေ ထွက်နေတာ၊ အခုပြောတဲ့ အချက်အလက် ကလေးတွေကို နားမလည်ဘဲ ဖြစ်နေတယ် (မှန်ပါ့)။

ရုပ်နာမ်တို့၏ ပင်ကိုသဘောက ဘာပါလိမ့် (အမြဲမရှိ ဆင်းရဲပါတယ် ဘုရား) ကိုင်း မောင်နိုင်, ဘယ် ရုပ်နာမ်များရချင်သတုံး (ဘယ်ရုပ်နာမ်မှ မရချင်ပါ ဘုရား) အမြဲကလည်း မရှိဘူးတဲ့ ၊ ဆင်းရဲကလည်း (ရှိပါတယ် ဘုရား)။

အမြဲမရှိ ဆင်းရဲရှိတဲ့တရားဆိုတော့ ကိုစောမောင်, စုံကန်ပြေးဖို့ရာပဲ ကောင်းတယ် (မှန်ပါ့) မကောင်းကြဘူးလား (ကောင်းပါတယ် ဘုရား)။

နိဗ္ဗာန်ကိုဘုရားက ဘယ်လိုပြောပါလိမ့်

ကိုင်း နိဗ္ဗာန်က နေပြီး စဉ်းစားလိုက်တဲ့ အခါကျတော့ နိဗ္ဗာန်ကို ဘုရားကဘယ်လိုပြောပါလိမ့် (ဆင်းရဲ မရှိ အမြဲရှိပါတယ် ဘုရား)။

ဆင်းရဲမရှိ အမြဲရှိ၏ဆို သုခနိဗ္ဗာန်ဆို ကတည်းက ဆင်းရဲရှိသေးရဲ့လား (မရှိပါ ဘုရား) ဓုဝနိဗ္ဗာန် ဆိုတော့ မြဲတယ်လို့ ပြောမထားဘူးလား (ပြောထားပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မျက်စိမလည် ကြနဲ့တော့ဆိုတာကို တောင်းပန်ပါတယ် (မှန်ပါ့) မျက်စိ မလည်ကြပါနဲ့တော့ ဆိုတာကို တောင်းပန်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ရုပ်နာမ်ကောင်းလိမ့်မယ်လို့ဆိုတာဖြင့် နတ် ခန္ဓာငါးပါး ရုပ်နာမ်တရားရရင် ကောင်းမလား၊ ဗြဟ္မာခန္ဓာ ရုပ်နာမ်တရားရရင် ကောင်းမလားဆိုတာ၊ ဪ ဒီဥစ္စာသည်ကား လို့ ဆိုရင်ဖြင့် အဝိဇ္ဇာ မျက်လုံး တပ်ထားတဲ့ ပုဂ္ဂိုလ်က မမြင်တဲ့ပုဂ္ဂိုလ်၏ ထင်လုံးပါလား ဆိုတာ ကိုစောမောင်, ဒီအတိုင်း ဖြစ်တယ် (မှန်ပါ့) အမှန် မသိတဲ့ ပုဂ္ဂိုလ်၏ ထင်ချက်နဲ့ ပြောနေတာ ပါလား ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်နာမ်ဓမ္မ၏ ပင်ကို သဘောက ဘာတဲ့ (အမြဲမရှိ ဆင်းရဲပါတယ် ဘုရား) နိဗ္ဗာန်၏ သဘောကတော့ (ဆင်းရဲမရှိ အမြဲရှိပါတယ် ဘုရား)။

ချမ်းသာရှိပြီးမြဲတယ်

ဆင်းရဲကတော့ မရှိဘူး တဲ့၊ အမြဲကတော့ ရှိတယ် ဆိုတော့ ဆင်းရဲမရှိ ဆိုကတည်းက သူချမ်းသာ ရှိပြီ (မှန်ပါ့) ရုပ်နာမ်ဓမ္မတွေလို မမြဲတဲ့တရားလားဆိုတော့ မြဲတဲ့တရားတဲ့၊ ဘယ်သူ ဖျက်လို့ ဘယ်သူပျက်လို့မှ မရခြင်းကြောင့်လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အသင်္ခတာဓမ္မာ တဲ့၊ အသင်္ခတာ ဓမ္မာ ဆိုတာ ဘယ်သူမှ ဘယ်သူမှ ပြုပြင်ထားတာ မဟုတ်သောကြောင့် မြဲနေတယ် တဲ့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကဲ ကျေနပ်ပလား ဒကာ ဒကာမတို့ (ကျေနပ်ပါပြီ ဘုရား)။

ဪ ရှေ့ပိုင်းမှာ ဒီအရေးကလေးနှစ်ခုကို မသိ သေးလို့ရှိရင်၊ ရုပ်နာမ်တွေကို ဒကာ ဒကာမ တွေက ဒီ, ရုပ်နာမ်သာ မကောင်းတာ၊ ဟို ရုပ်နာမ်ကောင်းတယ်လို့ ကိုစောမောင်တို့က ဝေဖန်ချင် ဝေဖန်ဦးမှာ (မှန်ပါ့ ဘုရား) မဝေဖန်ပေဘူးလား (ဝေဖန်ပါတယ် ဘုရား)။

ကိုစောမောင် ဟုတ်မလား (ဟုတ်ပါတယ် ဘုရား) ရုပ်နာမ်၏ ဘာသဘောပါလိမ့် (နိယာမ သဘောပါ ဘုရား) နိယာမ ဆိုတာ အမြဲတမ်းသဘောနော် (မှန်ပါ့)။

ကဲ ဒါဖြင့် နိဗ္ဗာန်၏ သဘောကလေး ပြောကြ ပါဦး (ဆင်းရဲမရှိ အမြဲရှိပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ နိဗ္ဗာန်အရောက်သွား ကြပေတော့ (မှန်ပါ့) ဆင်းရဲမရှိ အမြဲရှိတယ် ဘယ်တော့မှ သူ, မတွေ့ရတော့ဘူး မပြောင်းရတော့ဘူး (မှန်ပါ့) ကိုစောမောင် အထုပ်ပြင်စရာ ပါသေး သလား (မပါ, ပါ ဘုရား)။

ဘယ်နေရာသွားမှ စီးပွားရေးဖြောင့်မယ်ဆိုပြီး ဒီနေရာက ဟိုနေရာ အထုပ်ပြင်ရတဲ့ အလုပ် တွေရော ရှိသေး သလား (မရှိပါ ဘုရား) လူ့ပြည်, နတ်ပြည်ကတော့ ကိုစောမောင်ရေ အထုပ်ပြင် ရတာနဲ့ကို မအားဘူး (မှန်ပါ့)။

အဲဒါ ဘာတုံးဆိုလို့ရှိရင်ဖြင့် ရုပ်ဓမ္မတွေဖြစ်နေတော့ အမြဲမရှိ ဆင်းရဲတာရှိနေတော့ သူ့ဆင်းရဲက ကိုယ့်ပေါ်ရောက်လာတယ် (မှန်ပါ့ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ရုပ်နာမ်၏ ပင်ကိုသ ဘောက ဘာပါလိမ့် (အမြဲမရှိ၊ ဆင်းရဲသာ ရှိပါတယ် ဘုရား) နိဗ္ဗာန်၏ ပင်ကိုသဘောက (ဆင်းရဲမရှိ ချမ်းသာရှိပါတယ် ဘုရား) ဒီလိုမှတ်ထားပါ (မှန်ပါ့)။

မသေလို့ကြားရတာမှတ်ပါ

ဒကာကြီးလှိုင်ရေ မသေလို့ ကြားရတယ်လို့ မှတ်ပေတော့ (မှန်ပါ့ ဘုရား) မသေလို့ ကြားရ တာဗျ။ သေလို့ရှိရင် ကြားကို ကြားစရာရှိပါ့မလား (မရှိပါ ဘုရား)။

ဒီဥစ္စာနဲ့ပဲ ကျုပ်တို့ တရားရည်ဝပြီးသား ပုဂ္ဂိုလ်တွေ ကတော့ အင်း ဒါကြောင့် ဘုရားအလောင်း သူတော် ကောင်း အရိယာပေါင်း သူတော်ကောင်းတို့ဟာ ဒီရုပ်နာမ်ကို နိဗ္ဗိန္ဒဉာဏ်နဲ့ ရုပ်နာမ်မလိုချင်တဲ့ ဉာဏ်ရဖို့ အရေးတကြီး အားထုတ်နေကြတာဟာ ဒါ့ကြောင့်ကိုး လို့ ဆိုတာ မောင်နိုင်, ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ကိုစံလှ, ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ အင်မတန် ရှင်းသွား ပါပြီတဲ့ ဒီစကားနှစ်လုံးနဲ့နော် (မှန်ပါ့) ကိုစောမောင်, မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ရှင်းပြီ တဲ့၊ ဒါဖြင့် ဘယ်နေရာအရောက်သွားပြီး သကာလ ကျုပ်တို့နေဖို့ သင့်ပါလိမ့်မလဲဆိုတာ မေးနေဖို့ တောင် မလိုတော့ဘူး (မှန်ပါ့)။

ရုပ်နာမ်နဲ့နိဗ္ဗာန်ထူးခြားပုံ

ဆင်းရဲမရှိ၊ အမြဲရှိတဲ့နေရာကို သွားကြဖို့ ရောက် ကြဖို့ အချိန်ဖြင့် ရောက်ပြီဆိုတာ လမ်းပြကောင်း နဲ့လည်း တွေ့နေတာပဲဆိုတဲ့ ဥစ္စာ မောင်နိုင် သေချာပြီ (သေချာ ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ရုပ်နာမ်နဲ့ နိဗ္ဗာန်ထူးခြားပုံ ပြောလိုက်တာ (မှန်ပါ့)။

ဘာပြောတာပါလိမ့် (ရုပ်နာမ်နဲ့ နိဗ္ဗာန်ထူးပုံ ပြောတာပါ ဘုရား) အားကြီး မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

ဘုရားက ငါ့အတွက် နိဗ္ဗာန်ဟာပြီးနေပြီ

ထူးခြားတယ် ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ။ ရုပ် နာမ်နဲ့ နိဗ္ဗာန်ဟာ ဒီမျှလောက်ပဲ ကွာခြား ကြတယ် ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့အတွက်ကတော့ဖြင့် နိဗ္ဗာန် ဆိုတဲ့ဥစ္စာ အခု ပရိနိဗ္ဗာန် မစံခင်က မြင်ထားတဲ့ အတွက် ငါ့အတွက်ကတော့ နိဗ္ဗာန်ဟာ ပြီးနေပြီကွာ တဲ့၊ မင်းတို့ မမေ့ရစ်ကြနဲ့ တဲ့။

ကိုစောမောင်, ငါ့အတွက်ကတော့ နိဗ္ဗာန်ပြီးနေပြီလို့ မှတ်လိုက်ပါတဲ့၊ “အပ္ပမတ္တာ သတိမန္တာ သုသိလာ ဟောထ ဘိက္ခဝေ” အစရှိသည်နှင့် သေသေချာချာ ဟောတယ် (မှန်ပါ့)။

မေ = ငါဘုရား၏၊ သရဏံ= ရောက်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို၊ ကတံ = ငါ ပြုလုပ်ပြီးပါပြီကွာ တဲ့။

ငါ့နေရာ ဌာနကြီးကတော့ဖြင့် အမြဲရှိပြီးသကာလနေတဲ့ ချမ်းလည်း ချမ်းသာတယ်၊ မြဲလည်း မြဲတဲ့ နိဗ္ဗာန်ကြီးကတော့ ငါ့မှာ သေချာနေပြီ၊ မင်းတို့သတိမမေ့ရစ်ကြနဲ့ တဲ့။ ငါတော့ဖြင့် ဆောက်လုပ် ပြီးပြီလို့ သူ့အဓိပ္ပါယ်က ရတယ် (မှန်ပါ)။

မင်းတို့သာသတိမမေ့ရစ်ကြနဲ့တဲ့

“ကတံ မေ သရဏံ အတ္တနော” အတ္တနော မိမိ၏။ သရဏံ – ကိုးကွယ်ရာ ပုန်းအောင်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို (ဝါ) အမြဲရှိပြီး ဆင်းရဲမရှိတဲ့ နိဗ္ဗာန်ကြီးကို၊ ကတံ- ငါတော့ဖြင့် ပြုလုပ်ပြီးပြီကွာတဲ့၊ မင်းတို့သာ မမေ့ရစ်ကြနဲ့၊ သတိပညာနဲ့ နေရစ်လို့ ကျန်တဲ့ ပုဂ္ဂိုလ်တွေကို မမှာဘူးလား (မှာပါတယ် ဘုရား) သူ့အတွက် ကတော့ဖြင့် ဆင်းရဲမရှိ အမြဲ ရှိတဲ့ နိဗ္ဗာန်ကြီးကို ပြုလုပ်ပြီးပါပြီကွာလို့ သေသေချာချာ ပြောတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ တို့သည် ကားလို့ဆိုရင် မျက်စိလည်ဖို့ တစ်ချက်ကိုဖြင့် ယနေ့ ၊ အကုန်ဖျက်ပေါ့ ဆိုတဲ့ဥစ္စာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) အမြဲမရှိ ဆင်းရဲရှိတဲ့ နေရာထဲ မျက်စိလည် မနေပါနဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အမြဲလည်းမရှိဘူး၊ ဆင်းရဲတွေနဲ့ချည်းနေရတဲ့ ဆင်းရဲ ချမ်းသာရှိနေတဲ့ ဘယ်ရုပ်နာမ် ကောင်းနိုးနိုး ဆိုတဲ့ မျက်စိ လည်လုံးကို ဖြင့် ယနေ့ဖျောက်ပါ (မှန်ပါ့ ဘုရား) မဖျောက်သင့်ဘူးလား (ဖျောက်သင့် ပါတယ် ဘုရား)။

နိဗ္ဗာန်ကိုသာအရောက်သွားပါ

ဆင်းရဲမရှိ အမြဲရှိတဲ့ နိဗ္ဗာန်ကိုသာလျှင် ဒကာ ဒကာမတွေ မရောက်, ရောက်ကြောင်း သိပြီး သကာလ သွားဖို့ပါပဲ (မှန်ပါ) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကောင်းကောင်း ရှင်းသွားပလား (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒီဥစ္စာ မမေ့စေနဲ့၊ ကိုစောမောင် မေ့လို့တော် ပါ့မလား (မတော်ပါ ဘုရား) ကိုယ့်စိတ် ထဲက ဟို, ဘုံဘဝတွေ ညွှတ်တိုင်း လွှတ်တိုင်း မင်းဟာ မိုက်လှချည်လား၊ ကိုယ့်ကိုယ် ကို ဆုံးမရမယ် (မှန်ပါ့)။

အမြဲမရှိ ဆင်းရဲသာ ရှိပါတယ် ဆိုတာ မင်းက ဘာဖြစ် လာတာတုံးလို့ ကိုယ့်ကိုယ်ကို ဆုံးမရမယ် (မှန်ပါ့) မဆုံးမ ထိုက်ဘူးလား (ဆုံးမထိုက်ပါတယ် ဘုရား)။

ဘုရားရှိခိုးထဲ ထည့်မယ်ကြံရင် အော်ထုတ်ပါ

လူရုပ်နာမ်၊ နတ်ရုပ်နာမ်၊ ဗြဟ္မာရုပ်နာမ်၊ စကြ ဝတေးမန္ဓာတ်ရုပ်နာမ်တွေ စိတ်ထဲကများ ညွှတ်တဲ့ အခါ ကျတော့ အင်း ဘုရားက ဟောထားလို့ ဘုန်းကြီးက လည်း ပြောထားပြီ၊ ရုပ်နာမ်ဆိုတာ ဘာရုပ်နာမ်ရရ အမြဲမရှိ ဆင်းရဲသာ ရှိပါတယ်ဆိုတာ မင်းက ဘာဗွေဖောက်တာတုံး လို့၊ ဘုရားရှိခိုး တဲ့ အခါမှာ လူချမ်းသာ, နတ်ချမ်းသာ ထည့်မယ်ကြံရင် ဒါနဲ့ အော်ထုတ်ပါ (မှန်ပါ့)။

ကိုပေါ်, အော်ထုတ်ရမယ်နော်၊ မထုတ်ရင် တော်ပါ့ မလား (မတော်ပါ ဘုရား)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတွေ ဒီစကားဟာ သေးသေးသိမ်သိမ်လို့ ကိုစောမောင်, မယူနဲ့နော် (မှန်ပါ့) အဝိဇ္ဇာဖုံးတဲ့အခါမှာ အခုပြောတဲ့ဥစ္စာ မလာဘူးဗျ (မှန်ပါ့ ဘုရား)။

အမြဲမရှိ ဆင်းရဲသာရှိတဲ့ ရုပ်နာမ် ဓမ္မမှု ဆိုတဲ့ဥစ္စာ မသိလို့ တောင်းတာ (မှန်ပါ့) မောင်နိုင်မှ တောင်းတဲ့ ပုဂ္ဂိုလ်တွေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

လူ့ပြည်, နတ်ပြည် ဗြဟ္မာပြည်လိုချင် ရချင်တဲ့ပုဂ္ဂိုလ် ဟာ ဘာမသိတာတုံး ဆိုတော့၊ အခု ရုပ်နာမ် ဓမ္မတို့၏ ပင်ကို သဘောဖြစ်တဲ့ အမြဲမရှိ ဆင်းရဲရှိတဲ့ သဘောကို သူမသိဘူး (မှန်ပါ) မသိလို့ ဗွေဖောက်ကြတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိလေသာအရူးထတာ

ဒါဖြင့် ဖောက်ကောင်း မဖောက်ကောင်း (မဖောက်ကောင်းပါ ဘုရား) ဖောက်ရင် ပင်ကို သိတာလား၊ အရူးစိတ်ထတာလား၊ အရူးစိတ်ထတာပါ၊ ကိလေသာ အရူး ထတာလို့မှတ်ပါ (မှန်ပါ့)။

ကိုစံလှ ဘယ်လိုမှတ်မလဲ (ကိလေသာ ရူးထတာပါ)။

အဲဒီတော့ ခင်ဗျားတို့ ကိလေသာရူးတွေကို ဘုန်းကြီးက နာအောင်ပဲ တော်တော်ပြောခဲ့တယ်၊ ဒီပြင် နေရာ သွားရူးချင်ရူးပါ ဘုရားရှေ့ကန်တော့ပွဲနဲ့ မရူးနဲ့ဟေ့ ကိလေသာရူးကိုဗျ (မှန်ပါ့)။

ကိုစောမောင်, ဒီဆုတောင်းတယ်ဆိုတဲ့ အချိန်ဟာ ဆွမ်းတော်ပွဲ, ကွမ်းတော်ပွဲနဲ့ တော်တော် အရေးပါ အရာရောက်တဲ့နေ့မှ သူဝင်လာတာ (မှန်ပါ့)။

ကိုစံလှရေ ဒီပြင်နေ့ သူမလာဘူးနော် (မှန်ပါ့) ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ထမင်းစားရင်းနဲ့ ဆုမတောင်းပါဘူး (မှန်ပါ့) ဘုရားရှေ့ကျမှ ဒီစိတ်ပေါ်လာ တာ (မှန်ပါ့ ဘုရား)။

ဘဝကိုဆုတောင်းတာသည် ဘဝသမ္ပတ္တိ တောင်း တာသည် တဏှာပဲ၊ တဏှာသည်ကား လို့ဆို ရင် ရာဂုမ္မတ္တကလို့ ခေါ်တယ် (မှန်ပါ့)။

ရာဂုမ္မတ္တက ရာဂက တပ်စွဲတာ၊ ဥမ္မတ္တက,က အရူး၊ ဟိုဘုံဘ၀ ဒီဘုံဘဝတပ်စွဲပြီး သကာလ တပ်နှစ်သက် စွဲနေတဲ့ ဥစ္စာ ရာဂုမ္မတ္တက လို့ခေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ ရာဂုမ္မတ္တက ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဘယ်အချိန်များ လာလိုက်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဆီမီးဖယောင်းတိုင်နဲ့ ဆွမ်းတော်ပွဲကပ်မှ ကိုစောမောင် သူက လာတာဗျ (မှန်ပါ့) ဒီပြင်အချိန်များတော့ သူလာခဲတယ် ဆိုကြပါစို့ (မှန်ပါ)။

နိဗ္ဗာန်ချန်ပြီး၊ ဆုတောင်းတယ်

ဆုကလေးတော့ တောင်းလိုက်ဦးမှ ဆိုပြီး နိဗ္ဗာန်ချန် ပြီးသကာလ မောင်နိုင်ရေ ရာဂုမ္မတ္တက က ဟိုဘဝ ဒီဘဝတွေ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

အဲဒါကြည့်စမ်း အမြဲမရှိဆင်းရဲရှိတဲ့တရားကို တောင်း တာ (မှန်ပါ့) ကိုစံလှပဲ ဉာဏ်နဲ့ချိန်ကြည့် တောင်းကောင်း မကောင်းကောင်း (မတောင်း ကောင်းပါ ဘုရား)။

ဘာ့ကြောင့်တုံး (အမြဲမရှိ ဆင်းရဲရှိလို့ပါ) အမြဲ မရှိဘူးဆိုတော့ တောင်းယူစရာပါသေးသလား (မပါ, ပါ ဘုရား) ဆင်းရဲသာရှိတယ်ဆိုတော့ရော (တောင်းယူ စရာ မပါ, ပါ ဘုရား)။

အဲဒါကိုပင်လျှင် ဒကာ ဒကာမတွေက ရာဂုမ္မတ္တက ဖြစ်တဲ့ ပုဂ္ဂိုလ်များက အရူးထပြီးသကာလ ကိုစောမောင်, ဒါတွေလုပ်ချင်တာဟာ နိဗ္ဗာန်၏ ပင်ကိုသဘော သစ္စာဆိုက်အောင် မသိလို့ (မှန်ပါ့) အမြဲမရှိ ဆိုတော့ ဒုက္ခသစ္စာပဲ (မှန်ပါ) ဆင်းရဲသာရှိတယ်ဆိုတော့ (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီး၊ မမြဲတာက ဒုက္ခသစ္စာ၊ ဆင်းရဲတာကရော (ဒုက္ခသစ္စာပါ) ကိုစောမောင် သူ ဘာတောင်းယူ တာတုံး (ဒုက္ခသစ္စာတောင်း ယူတာပါ ဘုရား)။

အတော်ကို အပြောအဆိုခက်တဲ့ ဒကာ ဒကာမ တွေပဲလို့ ကိုစောမောင် ဆိုလို့ရှိရင်လဲ ခင်ဗျားတို့ ခံရတော့ မယ် (မှန်ပါ့)။ တပ်နှစ်သက်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့) နိဗ္ဗာန်ဆိုတော့ သူမသိလို့ပေါ့ဗျာ ဆင်းရဲမရှိ အမြဲရှိတယ်ဆိုတာ သူမသိဘူးဆိုတဲ့ အဓိပ္ပာယ်ရော မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ရှေ့ပိုင်းမှာ တော်တော် ကလေးရှင်းပလား (ရှင်းပါပြီ ဘုရား) ရှင်းလို့ရှိရင် တစ်ခု ပေးမလို့ (မှန်ပါ) ခုဘာပေးရမတုံးဆိုတော့ သံသရာ ပြောဦးမယ် (မှန်ပါ့)။

သံသရာဆိုတာ

သံသရာဆိုတာက ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်လည်ရာ သံသရာလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) ဒီခန္ဓာကိုယ်ကြီး မပြတ်လှည့်နေတာဟာ ဘာ ခေါ်ကြမယ် (သံသရာပါ ဘုရား)။

သံသရာကျတော့ ဒကာ ဒကာမတို့ အစမရှိဘူးတဲ့၊ အဆုံးရှိတယ် (မှန်ပါ) သံသရာကျတော့ ဘာတဲ့ (အစမရှိပါ အဆုံးရှိပါတယ်) ကိုစောမောင် ဒါကို သံသရာလို့ ခေါ်တယ်နော် (မှန်ပါ့)။

ကျုပ်တို့၏အစ, ကျုပ်တို့ ဘယ်ကစ, ဖြစ်တယ်လို့ ဘယ်ဘဝ ဘယ်ဘဝလို့ အစများ ရှာတွေ့နိုင်ရဲ့လား (မတွေ့နိုင်ပါ ဘုရား)။

ဒါဖြင့် သံသရာဖြင့် ကျုပ်တို့ အို, နာခဲ့ သေခဲ့ရတာ အစမရှိဘူး တဲ့၊ ကြာလွန်းလို့ ကိုစံလှရေ (မှန်ပါ့) ကြာလွန်းလို့ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) အဆုံးတော့ (ရှိပါတယ် ဘုရား)။

သံသရာမှာ အစမရှိ အဆုံးရှိ၏

အဆုံးတော့ ရှိတယ် တဲ့၊ သံသရာမှာ အစသာ မရှိတာ၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီး ‘‘အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ဗုဗ္ဗကောဋိ န ပညာယတိ။’’

ဘိက္ခဝေ= ငါ၏ချစ်သား တပည့်များတို့၊ အယံ သံသာရော = ပဋိသန္ဓေ အိုသေ, နာရေး, ဘေးရန် အတန်တန် ရန်အဝဝ ဒုက္ခစက်သွား ရဟတ်များသို့ မရပ်မနား အမြဲလှည့်လည်နေ တဲ့ သံသရာကြီးသည်၊ အနမတဂ္ဂါ= မသိအပ်သော အစရှိ၏၊ မောင်နိုင်တို့ အစမသိအပ်ဘူး တဲ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်ရင်ဆုံးပါတယ်

သံသရာမှာ ဒါ့ကြောင့် အစမရှိဘူး၊ အဆုံးတော့ဖြင့် နိဗ္ဗာန်ရောက်ရင် ဘာတုံး (ဆုံးပါတယ် ဘုရား) ဒါဖြင့် သံသရာ ဘယ်လိုမှတ်ကြမယ် (အစမရှိ အဆုံးသာ ရှိပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ သံသရာကတော့ အစမရှိဘူး၊ အဆုံးရှိ တယ်ဆိုတော့ အင်း သံသရာ့အစ တို့ဒုက္ခတွေ ဘယ်တုံးက စ,ခဲ့ပါလိမ့်မလဲဆိုတဲ့ဥစ္စာကို ရွံစရာ, မုန်းစရာ ဘယ်လောက်ကောင်းတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ တော်တော်ကြီးပေါ် ပေါ်လွင်လွင်ဖြစ်သွားပါပြီ (မှန်ပါ့)။

ဘယ်လောက် ထိအောင် သေခဲ့တယ် ဆိုတာ ငါ မတွေးနိုင်တော့ဘူးကွာ တဲ့၊ အစမှ မရှိဘူးတဲ့၊ ဘယ်တုန်းက စပြီး မင်းတို့သေခဲ့တယ်၊ ဘယ်တုံးက ပဋိသန္ဓေနေခဲ့တယ်၊ ဘယ်တုန်းက မင်းတို့ သည်ကား လို့ဆိုလို့ရှိရင်ဖြင့် ချမ်းသာ တစ်ကွက်မှမတွေ့ခဲ့ဘူးဆိုတဲ့ဥစ္စာကို ရှာလိုက်တဲ့ဖြစ် ခြင်း အစကိုရှာမတွေ့ဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ့ကြောင့် သံသရာအစ ဘယ်လိုမှတ်ကြမယ် (အစရှာမတွေ့ပါ, အဆုံးသာရှိပါတယ် ဘုရား) အဲ အစတော့ မရှိဘူးတဲ့၊ ဆုံးချင်လို့ရှိရင်လဲ သစ္စာမြင်အောင် လုပ် လိုက်ရင် ဆုံးသွားတာပဲ (မှန်ပါ့)။

သစ္စာမြင်အောင် လုပ်လိုက်တော့ ခုနင်က အစမရှိ တဲ့ဥစ္စာကြီးဟာ ကျုပ်တို့ ဒုက္ခအစ မရှိတာကြီးဟာ ဒကာ ဒကာမတို့ သေသေချာချာပြောတော့ ဒုက္ခက အစမရှိဘူး ပြောတာ (မှန်ပါ့)။

ဦးဘကလေး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ဘယ်လောက်ကြာပြီတုံးဗျာ (ကြာပါပြီ ဘုရား) ကြာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အစ,ရှာမတွေ့ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) အဆုံးတော့ (ရှိပါ တယ် ဘုရား) အဲ သစ္စာသိတဲ့နေ့ကျတော့ ဆုံးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာသိတဲ့နေ့ဆုံးပါတယ်

ဘယ်နေ့ကျတော့တုံး (သစ္စာသိတဲ့နေ့ပါ ဘုရား) သစ္စာသိတဲ့နေ့ကျတော့ ဆုံးပြန်တယ်ဆိုတော့ ခုနင်က ရှေ့ ပိုင်းဟောခဲ့တာဟာ သစ္စာပြောခဲ့တာပဲ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ သံသရာတော့ဘာတဲ့ (အစမရှိပါ ဘုရား) အစတော့ မရှိဘူးတဲ့နော်၊ အဆုံးရှိတယ် ဆိုတာလဲ လူတိုင်းအတွက်လို့ မောင်နိုင်က မယူနဲ့ဦး (မှန်ပါ့ ဘုရား) ကိုစောမောင် သူတိုင်းအတွက်လို့ မယူနဲ့နော် (မှန်ပါ့ ဘုရား) ဆရာကောင်း, သမားကောင်းတွေ့ပြီး သစ္စာ မြင်တဲ့ပုဂ္ဂိုလ်မှာ (အဆုံးရှိပါတယ် ဘုရား)။

ဆရာကောင်းက ပြမှသစ္စာသိမှာ

ဆရာကောင်း, သမားကောင်းဆိုတာလဲသစ္စာကို ညွှန်ပြတဲ့ ဆရာကောင်း, သမားကောင်း (မှန်ပါ့)။

အဲဒီလို ဆရာကောင်း, သမားကောင်းကပြလို့ တပည့်ကောင်းကလဲ လုပ်လိုက်လို့ရှိရင်ဖြင့် အဆုံးရှိသွား တယ် (မှန်ပါ့)။ မောင်နိုင်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာဒကာမတွေ သံသရာခရီး သည်ဖြစ်နေရမှာများ ကိုစောမောင် ကြောက်စရာ ကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

သံသရာ ခရီးသည်ဖြစ်ရမှာ ဘာတဲ့ (ကြောက် စရာကြီးပါ ဘုရား) ကြောက်စရာကြီး၊ အခုတော့ဖြင့် ဘုန်းကြီး ဆီမှာ တရားဓမ္မတွေ နာနိုင်ကြသေးတယ်၊ တော်တော်ကြာ မနာနိုင်တဲ့ အခြေအနေ၊ သံသရာ့ခရီးသည်မို့ အိုလမ်း ရောက်တဲ့အခါ၊ နာလမ်း ရောက်တဲ့အခါ၊ သေလမ်း ရောက်တဲ့ အခါကျတော့ သံသရာခရီးသည်လမ်းအတိုင်း သွားနေတဲ့ အခါကျတော့ ဘယ်မှာသာလျှင် – သစ္စာသိဖို့အရေး ပေါ်သေးရဲ့ လား (မပေါ်ပါ ဘုရား)။

အဲဒါကြောင့် မြန်မြန်လုပ် သံသရာ့ခရီးသည်ဘဝက လွတ်ချင်ရင် သံသရာ အဆုံးရှိသတဲ့၊ သစ္စာမြင်ရင် ဆုံးပါလိမ့် မယ်တဲ့ (မှန်ပါ့)။

ဒုက္ခသစ္စာပိုင်ပိုင်နိုင်နိုင်သိရင်ဆုံးပါတယ်

ကိုစံလှ ဘာတဲ့တုံး (သစ္စာမြင်ရင် ဆုံးပါလိမ့် မယ် တဲ့) သစ္စာမြင်ရင် ဆုံးပါလိမ့်မယ် (မှန်ပါ့) ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိရင်လဲ မောင်နိုင် (ဆုံးပါလိမ့် မယ် ဘုရား)

နိရောဓသစ္စာ မျက်မှောက်ပြုရင်လည်း (ဆုံးပါ လိမ့်မယ် ဘုရား) နိရောဓသစ္စာ မျက်မှောက် ပြုရင်လည်း (ဆုံးပါလိမ့်မယ် ဘုရား) အဲ စကားလုံးသာ များနေပါ တယ်၊ ဒုက္ခပိုင်ပိုင်နိုင်နိုင် သိရင် ဒုက္ခဆုံး သွားတာပဲ၊ ဒုက္ခဆုံး ရင် နိရောဓ ဒီနေရာမှာ အစားထိုးတာပဲ (မှန်ပါ့ ဘုရား) ပူစရာ လိုသေးသလား (မလိုပါ ဘုရား)။

ကိုင်း ဒါဖြင့် သံသရာသဘောတော့ ဒကာ ဒကာမတွေ အခုနောက်စကားမှာ သိကြပါပြီ (သိပါပြီ ဘုရား) သံသရာဆိုတာ ဘာရှိသတဲ့ (အစမရှိ အဆုံးသာရှိပါ တယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လူတိုင်းနဲ့တော့မဆိုင်ပါဘူး

ဒါ လူတိုင်းအတွက်လားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးတဲ့အခါကျတော့ လူတိုင်းနဲ့ တော့ မဆိုင်ပါ ဘူး (မှန်ပါ့)၊ သူတော်ကောင်းနဲ့ ဆရာကောင်း သမားကောင်းနဲ့ ပေါင်းပြီး သကာလ ကိုယ်ကလည်း ပေါင်းတဲ့ရော ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ထမင်း ကျွေးရင်ကျွေး ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာနဲ့ ခေါင်းထဲပြေးမှာပဲ၊ မဟုတ်လား (မှန်ပါ့)၊ ဆေး တိုက်ရင် တိုက်ပါ၊ မတိုက်ရင် ကျုပ်ခေါင်းထဲ ပြေးပါလိမ့်မယ် ဆိုတော့ ခန္ဓာချစ်ခင်တဲ့ ပုဂ္ဂိုလ် ခန္ဓာဝန်ထမ်းသမားက အံမှာလေး မလုပ်တော်မူပါနဲ့၊ ဘယ်လောက်ကုန်ကုန် ကျုပ် ဆေး ဝယ်ပါ့မယ် ဆိုပြီး သူ့ရှာတိုက်နေရတယ် (မှန်ပါ့ ဘုရား)။

သစ္စာပြတတ်တဲ့ဆရာနဲ့တွေ့တုန်းလုပ်လိုက်ပါ

အဲဒီတော့ မြန်မြန်လုပ်ရင် လုပ်ပါဆိုတဲ့ဥစ္စာ သူက ခဏခဏပြေးပါ့မယ်ပြောနေလို့ သစ္စာ ပြတတ်တဲ့ ဆရာနဲ့ တွေ့တုန်း သစ္စာသိတဲ့အလုပ် သံသရာဆုံးတဲ့အလုပ်ကို လုပ် လိုက်၊ သစ္စာသိရင် သံသရာ ဆုံးတယ် (မှန်ပါ့)။

ဒီတော့ အရေးတကြီး လုပ်ပါလို့ဆိုတာရော ဒကာ ဒကာမတွေ တိုက်တွန်းထိုက်၊ မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)။

ခန္ဓာက ဘယ်လိုပြောပြောနေလို့တုံး (ခေါင်းထဲ ဝင်မယ်ပြောနေလို့ပါ ဘုရား)၊ ခေါင်းထဲ ပြေးမယ် ချည်း ပြော တယ်၊ ရိပ်မိကြရဲ့လား (မှန်ပါ့)။

အတိုင်း လုပ်လို့ရှိရင်ဖြင့် အစ, မရှိတဲ့ သံသရာမှာ အဆုံး ရှိသွားတာပေါ့။ သူ့အတွက် အဆုံးရှိတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သူ့အတွက် အဆုံးရှိဖို့ အရေးဟာက အခုအချိန်မှာရရင် ရပါ ကိုစောမောင်၊ နက်ဖြန်သေရင် မရနိုင်ဘူးနော် (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဒါ့ကြောင့် အရေးကြီးလှချည်လားဘုရား လို့ မောင်နိုင်တို့က မေးချင်မေးလိမ့်မယ် (မှန်ပါ့)၊ ကိုစံလှ ကလည်း အရေးကြီးလှချည်ဆိုတော့ အို အရေးကြီးရပါသော်ကော တဲ့၊ ဒီခန္ဓာကိုယ်ကြီးက ဒကာ ဒကာမတွေ တော်တော်နေ ငါ့ခေါင်းထဲပြေးတော့မယ်ဆိုတာ ခဏခဏ ပြောတယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား။

ထမင်းကျွေးရင် ကျွေး၊ မကျွေးရင် ခေါင်းထဲ ပြေး မယ်၊ ဆေးနဲ့တားချင်တာ၊ မတားရင် သူက ဘာတဲ့တုံး ) (ခေါင်းထဲပြေးပါမယ် တဲ့)။

အို သူက ဒီဥစ္စာက တစ်နေ့ဘယ်နှစ်ခါ ခြိမ်း ခြောက်နေသတုံး မေးကြည့်စမ်းပါဦး (မရေ မတွက်နိုင်ပါ ဘုရား)၊ မရေမတွက်နိုင်အောင် ခြိမ်းခြောက်နေတယ် ဆိုတာ အဲဒါ အရုပ်ဆိုးအောင် ပြောနေတာလား၊ သူ့ ပင်ကိုသဘောလား (သူ့ ပင်ကိုသဘောပါ ဘုရား)၊ သူ့ ပင်ကိုသဘောပါ ဒကာ ဒကာမတို့၊ ကျွေးရင် ကျွေးပါ၊ မွေး ရင် မွေးပါ၊ ကုရင် ကုပါ၊ သ,ရင် သ,ပါ၊ မကုသ,ရင် ကျုပ်သွား တော့မယ် မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒါကြောင့်၊ ခင်ဗျားတို့က ဆန်တွေ လှောင်ထား၊ ဆီ တွေလှောင်ထားနဲ့ ကိုစောမောင်တို့က (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် လှောင်ထားတာတုံး၊ သူပြေးမယ် ပြေးမယ်ပြောတိုင်း ကျုပ်တို့က မပြေးပါနဲ့လို့ တားရအောင် လို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်နဲ့တားရတဲ့အခါ မပါဘူးလား (ပါ ပါတယ် ဘုရား)၊ အဝတ်အထည်ကလေးနဲ့ တားရတဲ့အခါ (ပါပါ တယ် ဘုရား) ဆေးနဲ့တားရတဲ့အခါ (ပါပါတယ် ဘုရား) ပရိတ်တွေနဲ့များ တားရတဲ့အခါ (ပါ, ပါတယ် ဘုရား) အံမာလေး ပါသေးတယ် ပါသေးတယ် နည်းတာမဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ တားဖို့ရာ ဆေးများ ရှာရပါလိမ့်မလဲလို့ မေးလို့ရှိရင် သူက နေ့တိုင်း ခြိမ်း ခြောက်လို့ (မှန်ပါ့) ဘယ်လိုများ ဆုံးဖြတ်သလဲ (ပြေးမယ်လို့ ခြိမ်းခြောက်ပါတယ် ဘုရား) ပြေးမယ် ပြေးမယ်က ဦးဘကလေး တစ်နေ့ဘယ်နှစ်ကြိမ် ပြောတယ်ထင်သတုံး (မရေတွက် နိုင်ပါ ဘုရား)။

တစ်ခါတည်း ဒကာ ဒကာမတွေ သူ, ခြေနာပါတယ် ဆိုလို့ရှိရင်ဖြင့် ဥပမာ အခု အော်ဒါချုပ် ဖိနပ်တွေ, ကတ္တီပါ ဖိနပ်တွေဝယ်ပြီးရင်ချော့၊ မချော့ရင် ခြေနာနဲ့ပဲ သူက လည်း တစ်ခါတည်း အသားမာတွေဘာတွေ ဖြစ်ပြီးသကာလ ခေါင်းထဲ သွားလိုက်မယ်မပြောဘူးလား (ပြောပါတယ် ဘုရား)။

ထီးမဆောင်းဘဲ သွားလို့ရှိရင်ဖြင့် ခေါင်းအအေးပတ်ပြီး နှာစေး ချောင်းဆိုး ဝေဒနာနဲ့ ဖျားပြီး သကာလ ခေါင်းထဲ သွင်းလိမ့်မယ် မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခေါင်းထဲသွားမယ်ဆိုလို့ တောင်းပန်ထားရတာ

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ အခု ခြယ်လှယ်ထားတဲ့ အထည်အလိပ်၊ ခြံရံထားတဲ့ အစား အသောက်၊ ကာရံထားတဲ့ အိမ်, တိုက်တာ ကားတွေဟာ ဘာလုပ်တာတုံး လို့ မေးရင် ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ခေါင်းထဲသွားမယ်ဆိုလို့ တောင်းပန်ထားရတာ ဆို တော့ကို တောင်းပန်တိုင်း ရမယ် ဆိုလို့ရှိရင်လည်း ဒီမြို့ပေါ်မှာ အရင်တုန်းက အဘိုးကြီးတွေလည်း အကုန်ရှိမှာပဲ။ အဘွားတွေရော (ရှိမှာပါ ဘုရား)။

သို့သော်လည်း ရသေ့စိတ်ဖြေသာ တောင်းပန် နိုင်တယ်လို့မှတ်ကြ (မှန်ပါ့) ဘယ်လို မှတ်ကြမယ် (ရသေ့စိတ်ဖြေသာ တောင်းပန်နိုင်ပါတယ် ဘုရား)။

ရသေ့စိတ်ဖြေဆိုတာ ဒကာ ဒကာမတွေ ရှေးစကား ဖြစ်နေလို့ တော်ရုံ တန်ရုံသာ ရတယ်လို့ ပြောလိုက်ပါ (မှန်ပါ့) တကယ်သွားတော့မယ်ဆိုရင် ဘာနဲ့တားတား (မရပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက တားထားလို့ မရလို့ အဘိုးတွေ၊ အဘွားတွေ၊ ဘီတွေ၊ ဘင်တွေ၊ သားတွေ၊ မြေးတွေ၊ မြစ်တွေ၊ သွားနှင့်ကြတာလည်း ကိုစံလှ, ဘယ် လောက်များပလဲ (မရေတွက် နိုင်ပါ ဘုရား) ဒါ ဘယ့်နှယ် ကြောင့်တုံး (တားမရလို့ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာသိအောင် မြန်မြန်လုပ်လိုက်

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာ သစ္စာသိအောင် မြန်မြန်လုပ်လိုက်၊ သံသရာဆုံးသွားအောင် (မှန်ပါ့) သံသရာ ဆိုတာ တားနေရတဲ့ကိစ္စ၊ မျက်နှာ အောက်ကျတဲ့ ကိစ္စနဲ့ သံသရာကြီးထဲမှာ နေရတယ် (မှန်ပါ)။

သံသရာကြီးထဲမှာနေရတာ သူများအိမ်မှာ လခနဲ့ အစေအခိုင်းနေရတဲ့ကလေး၏ မျက်နှာမျိုး၊ အိမ်ဖော်ကလေး ၏ မျက်နှာမျိုးသွားဖြစ်နေတယ် (မှန်ပါ) ဘယ်တော့ ကြည်သာတဲ့ အချိန်ရှိသလဲ (မရှိပါ ဘုရား)။

ဘယ်တော့များ သူ့စိတ်သဘောအတိုင်း နေရတဲ့ အချိန်များ ပါပါရဲ့လား (မပါ,ပါ ဘုရား) သခင်မျက်နှာ ကြည့်နေရတဲ့ အချိန်က မများဘူးလား (များပါတယ် ဘုရား)။

ဒီမှာလည်း ခန္ဓာတည်းဟူသော အရှင်သခင်ကြီးကို ဒကာ ဒကာမတွေက သူ့နဖူးစမ်းရတာနဲ့ (မှန်ပါ့) မစမ်းရဘူးလား (စမ်းရပါတယ် ဘုရား)။

သူ့ပဲတစ်ခါတည်း နှာခေါင်းနှိုက်ကြည့်ရတာနဲ့၊ သူ့ပဲ လျှာကိုကြည့်ရတာများ မတော်များ သေသွား ချည်မလား အစရှိသည်နဲ့ သူ့မျက်နှာကြည့်ပြီး ဒီက ပြုသမား စုသမားက အရေးစိုက် နေရတယ် (မှန်ပါ့) သဘောကျပလား , (ကျပါပြီ ဘုရား)။

အဲဒီတော့ တစ်သံသရာလုံးဟာ မျက်နှာကောင်း ရခဲ့ရဲ့လားလို့ မောင်နိုင်, မေးကြည့်စမ်း (မရခဲ့ပါ ဘုရား) ဘယ်အချိန်မရတာတုံး ဆိုလို့ရှိရင် ခေါင်းထဲပြေးမလို့ တားတိုင်း တားတိုင်းပဲ သူကဖြင့် ဒီတစ်ခါ တားတာကိုဖြင့် သည်းခံမယ်လို့ တစ်ခါနေလိုက်တော့ နောက်မှ တားပါများလို့ ရှိရင် သည်းမခံနိုင်ဘူး၊ ငါသွားနေကျလမ်းပဲ သွားမယ်ဆိုပြီး -ခေါင်းထဲပဲသွားတယ် (မှန်ပါ့) ဒီပြင်ဘယ်များသွားသေး သလဲ (မသွားပါ ဘုရား) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် သံသရာဆုံးမှ မျက်နှာအောက်ကျတဲ့ကိစ္စ လည်း ဇာတ်သိမ်းမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား) တောင်းပန်မှုရော (ဇာတ်သိမ်းမှာပါ) လွတ်သွားမယ် မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ဒီထဲမှာ မျက်နှာကြီးများ ပါသေးသလား လို့ ကိုစောမောင်, မေးချင်တယ် (မပါ, ပါ ဘုရား)

တောင်းပန်ပြီးနေရတဲ့ပုဂ္ဂိုလ် အမျိုးအစားကြီးပဲ အကုန် တစ်ပြုံလုံးပဲ ဆိုလို့ရော လွဲစရာ ရှိသေးသလား (မရှိပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သံသရာ့ခရီးသည်

အဲဒါသိရလို့ရှိရင်ဖြင့် ဪ သံသရာထဲမှာ မျက် နှာကောင်း မရခဲ့ဘဲနဲ့ အောက်ကျနောက်ကျနဲ့ အိမ်ဖော် လောက်မှ မဟန်တဲ့ အခြေအနေမျိုးဟာ တို့ နေ့တိုင်းကြုံ နေပါလား၊ သံသရာ ခရီးသည် မျိုးဟာ ဒီအပူပါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

သံသရာခရီးသည်ကို အခု နားလည်ပလား (နားလည်ပါပြီ ဘုရား) ဒီအထဲက သံသရာကို ရှေ့များ တောင်းချင်သေးလို့ရှိရင်ဖြင့် မောင်နိုင် ရေး တောင်းပန်တိုးလျှိုရတဲ့ဘဝကို သူ့မှာအတော် ပျော်နေလို့ သူတောင်းစားမျှော်တဲ့ အဓိပ္ပာယ် ကိုစံလှ, ရောက်မှ မရောက် (ရောက်ပါတယ် ဘုရား)။

ဒါ အရုပ်ဆိုးအောင်ပြောတာလား, အမှန် ပင်ကို သဘောလား (အမှန်ပင်ကိုသဘောပါ) အမှန် ပင်ကို သဘောကိုပြောနေတယ် ဆိုတာ အကွက်ကျလို့သာ ခင်ဗျားတို့က နားထောင်လို့ဖြစ်တာနော် (မှန်ပါ့) ကိုစောမောင်, ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာသိအောင် မြန်မြန်လုပ်ပါ (မှန်ပါ့ ဘုရား) နို့မဟုတ်လို့ရှိရင် မျက်နှာအောက်ကျတဲ့ ဘဝနဲ့ပဲ အချိန်ကုန်နေလိမ့်မယ် (မှန်ပါ့) မျက်နှာအောက်ကျပြီး သကာလ တောင်းပန်လို့ရတာလားလို့ မေးတဲ့အခါကျတော့ တောင်းပန်တိုင်း ရတဲ့သဘောမျိုးလည်း ဟုတ်ရဲ့ လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် တောင်းပန်ရတာကလည်း မအားမလပ် တောင်းပန်မရလို့လက်လျှော့ပြီးသကာလ မျက်ရည် စက်လက်နဲ့ နေရစ်ရတာလည်း (မအားလပ်ပါ ဘုရား)၊ မအား မလပ်ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

နေ့တိုင်းရှာဖွေနေသော ဘာလုပ်ဖို့တုံး

အဲဒါတွေ သေသေချာချာဉာဏ်နဲ့ဝေဖန်ပြီးသကာလ ကြည့်လိုက်တဲ့အခါကျတော့မှ ဪ တို့မှာ နေ့တိုင်း ရှာဖွေနေတာ ဘာလုပ်ဖို့ပါလိမ့်မတုံး လို့ မေးတော့မှ ကိုစောမောင် ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ ဘာ လုပ်ဖို့ပါလိမ့် (တောင်းပန်ဖို့ပါ ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်တောင်းပန် ဖို့ပါလိမ့် (ခန္ဓာကို တောင်းပန်ဖို့ပါ ဘုရား)။

ဪ ဒါဖြင့် ဘယ်နှစ်ချိန် တောင်းပန်ရသတုံး လို့ မေးလို့ရှိရင်ဖြင့်လည်း အစားကဖြင့် တစ်နေ့ သုံးကြိမ်လောက်၊ အဝတ်နဲ့ဖြင့် အမြဲတောင်းပန်နေရတယ်၊ ဒီအဝတ် မကြိုက်ရင် ဟိုအဝတ် မြန်မြန်လဲ၊ မောင်နိုင် မလဲရဘူးလား (လဲရပါတယ်)၊ ဒါလည်း ဘာလုပ်တာတုံးကွ (တောင်းပန်တာပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီအစာမကြိုက်လို့ ဟိုအစာ အခွန် ဆက်ရတာရော (တောင်းပန်ရတာပါ ဘုရား)၊ တောင်းပန် နေရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သံသရာ ဆုံးအောင် လုပ်လိုက်ပါ။ သံသရာ ခရီးသည်ကြီး၏ ဆိုးရွားတဲ့ ဝဋ်ကြီး ကြုံ နေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ သံသရာ့ ခရီးသည်ကြီး၏ ဆိုးရွားတဲ့ ဝဋ်ကြီး (မှန်ပါ့)၊ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သံသရာအစမရှိဘူး၊ အဆုံးရှိတယ်ဆိုတာ မြန် မြန်လိုက်လိုက်ဖို့ကောင်းတယ် (မှန်ပါ့)၊ အဆုံးကို မြန် မြန်လိုက်လိုက်ဖို့ ကောင်းတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာပါလိမ့် (သံသရာအဆုံး မြန်မြန်လိုက်လိုက်ဖို့ကောင်းပါတယ်) မြန်မြန် သစ္စာသိအောင် လုပ်လိုက်ရင် ဆုံးသွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြန်မြန် သစ္စာသိအောင် လုပ်လိုက်ရင် (ဆုံးသွား ပါတယ်)၊ ကဲ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ကံကောင်း

သေးတယ်၊ သစ္စာဟောတတ်တဲ့ဆရာနဲ့လည်းတွေ့ပြီး ခင်ဗျား တို့ကလည်း သစ္စာ သိအောင် ကြိုးစားလိုက်မယ်ဆိုလို့ရှိရင် ဖြင့် တောင်းပန်တိုးလျှိုးတဲ့ဘဝတွေလည်း ဇာတ်သိမ်း (မှန်ပါ့)။

မျက်ရည်စက်လက်နဲ့ တောင်းပန်မရလို့ လက်လွှတ် ရတဲ့ ဇာတ်တွေရော (သိမ်းပါတယ် ဘုရား)၊ အကုန်သိမ်း လို့ရှိရင်ဖြင့် နေရာကျသေးရဲ့၊ တော်သေးရဲ့ ဟေ့ ဒီလို သစ္စာဟောတဲ့ ဆရာမျိုးနဲ့ မတွေ့တော့ဘူး ဆိုရင် မောင်နိုင် သွားပြီ (မှန်ပါ့ ဘုရား)၊ မသွားတော့ပေဘူးလား (သွားပါတယ် ဘုရား)။

သူ့ကိစ္စက ဘာတုံး တောင်းပန်တိုးလျှိုး၊ နောက် ခန္ဓာရလည်း တောင်းပန်တိုးလျှိုးဖို့ပဲ (မှန်ပါ့)၊ နောက်ဆုံး ပိတ် လက်လျှော့ဖို့ ကိုစောမောင် ဘာပါသေးသတဲ့ (မပါပါ ဘုရား)၊ ဒါပဲ မဟုတ်လား (ဒါပါပဲ ဘုရား)။

သေသေချာချာ ဉာဏ်နဲ့စဉ်းစားမှ ဪ သံသရာ အစ, မရှိဘူး၊ အဆုံးရှိတယ်ဆိုတာ အဆုံးတော့ ဖြင့် ရောက်အောင် သွားလိုက်ဖို့ပါပဲ။ သံသရာခရီးသည်၏ ဖြစ်ထွေကဖြင့် အင်မတန် ကြောက်စရာကောင်းတဲ့အဖြစ်နဲ့ နေကြ၊ ကြုံကြရတယ် ဆိုတဲ့ဥစ္စာ သေသေချာချာပေါ်သွား တယ် (ပေါ်သွားပါတယ်)၊ မပေါ်သေးဘူးလား (ပေါ်သွားပါတယ် ဘုရား)။

သစ္စာသိတဲ့ပုဂ္ဂိုလ်အတွက်သာ အဆုံးရှိတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သံသရာမှာ ဘာ တဲ့ (အစမရှိပါ ဘုရား)၊ ဘာတော့ရှိသလဲ (အဆုံး တော့ရှိပါတယ် ဘုရား)၊ တော်သေးတယ်၊ အဆုံးက လူတိုင်း အတွက် ရှိတာလား၊ သစ္စာသိတဲ့ ပုဂ္ဂိုလ် အတွက် ရှိတာလား (သစ္စာသိတဲ့ပုဂ္ဂိုလ်အတွက် ရှိတာပါ ဘုရား)။

ကိုင်း ဒါဖြင့် နိဗ္ဗာန်ပြောကြပါဦးစို့ ဒကာ ဒကာ – မတွေ သူက အသွားအပြန်ပြောရမှာ၊ မောင်မြင့်ရေ (မှန်ပါ့)၊ အခု သံသရာမှာလည်း အစမရှိဘူး တဲ့၊ ဆင်းရဲ အစ၊ ဘယ်ဘဝ ဆင်းရဲခဲ့ ပါတယ်လို့ ရှာလို့ကိုမတွေ့ပါဘူး (မှန်ပါ့)၊ အဆုံးတော့ရှိပါတယ်တဲ့၊ သစ္စာသိရင် ဆုံးပါ တယ် (မှန်ပါ့)၊ ကိုစောမောင် ကျေနပ်ပလား (ကျေ နပ်ပါပြီ ဘုရား)။

ကောင်းပြီ နိဗ္ဗာန်မှာတော့ ဘယ်လိုတုံး လို့ ဆိုလို့ရှိရင် သံသရာမှာ အစမရှိဘူးလို့ ဆိုလို့ရှိရင် နိဗ္ဗာန် မှာတော့ အစရှိတယ် ဒကာ ဒကာမတို့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ နိဗ္ဗာန်မှာတော့ အစရှိတယ် တဲ့။ အဆုံးတော့ မရှိဘူး (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ကျတော့ ဘာတဲ့ (အစသာရှိတယ်၊ အဆုံး မရှိပါ ဘုရား)၊ ပြောင်းပြန် လှည့်မှတ်လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်တော့ ဘယ်လိုတဲ့ (အစသာရှိတယ်၊ အဆုံးမရှိပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ဟာ သိပ်ကျယ်ဝန်းတဲ့ အဓိပ္ပာယ်သဘော ရောက်တာပေါ့ (ရောက်ပါတယ် ဘုရား)။

နိဗ္ဗာန်သည် အစရှိတဲ့တရား

အစရှိတယ်ဆိုတာက ဒကာ ဒကာမတို့ နိဗ္ဗာန်သည် ကားလို့ဆိုရင်ဖြင့် သေသေချာချာ အစရှိတဲ့ တရားပါပဲ။ အဆုံးကတော့ မရှိဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဘုရားလက်ထက်က နိဗ္ဗာန်ဟာ ဘယ်ရွာ ဘာ့ ဖြစ်လို့ပါသွားတယ်လို့ အဆုံးရောရှိရဲ့ လား , (မရှိပါ ဘုရား)။

အမြဲတမ်း ခိုင်ခံ့တဲ့တရား၊ ဘယ်သူဖျက်လို့မှ မပျက်၊ ဘယ်ဆင်းရဲမှ ကြားမတိုးနိုင်တဲ့ ချမ်းသာ ဆိုတော့ နိဗ္ဗာန် သည်ကားလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အဆုံးမရှိတာ သဘောကျပလား (ကျပါပြီ ဘုရား)၊ ချမ်းသာ အဆုံးမရှိ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်မှာပြည့်သွားတယ်၊အန်သွားတယ်လို့မရဘူး

ဘယ်လောက်ပဲ ဘုရားတွေက ဒီအထဲမှာ နိဗ္ဗာန် ရောက်ဖို့ပုဂ္ဂိုလ်တွေ သွင်းသွားငြား သော်လည်း အဆုံးရှိရဲ့ လား (မရှိပါ ဘုရား)၊ ပြည့်သွားတယ်၊ အန်သွားတယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)၊ ကိုစံလှရေ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်မှာတော့ ဘာတဲ့ ဒကာ ဒကာမတို့ (အစသာရှိပါတယ်၊ အဆုံးမရှိပါ ဘုရား)၊ အဲဒီတော့ အစရှိရင် ကျုပ်တို့ အစကိုလိုက်ဖို့ အရေးကြီးတယ်၊ အစရှိလို့ အစလိုက်တဲ့အခါကျတော့ အဆုံးမရှိတဲ့ နိဗ္ဗာန်ကြီး ကျုပ်တို့ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဆုံးမရှိ ဒကာ ဒကာမတို့ ဘယ်လောက်ချမ်း သာသတုံး ဆိုတာလည်း ချမ်းသာလည်း အဆုံးမရှိဘူး၊ အကျယ်အဝန်း ဘယ်လောက်တုံးဆိုတာရော ကိုစောမောင် (အဆုံးမရှိပါ ဘုရား)။

အဆုံးမရှိဘူး၊ ဘယ်ဘုရားလက်ထက်က ဘယ် လောက် ၂၄ အသင်္ချေနဲ့ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း ပေါင်း နိဗ္ဗာန် သွင်းသွားတာတွေဟာ သူက အဆုံးမရှိတဲ့ အတွက် ဘယ်လောက် လာလာ သမုဒ္ဒရာရေလိုပဲ ဘယ်တော့ မှ ခန်းတယ်၊ ကုန်တယ်လို့မရှိဘူး (မှန်ပါ့)၊ ဘယ်လောက် ရေတွေဝင်ဝင် လျှံတယ်လို့လည်း မရှိဘူး၊ မောင်နိုင် သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ကျတော့ ဘယ်လိုမှတ်ကြမယ် (အစသာရှိတယ်၊ အဆုံးမရှိပါ ဘုရား)။ ဒါဖြင့် သစ္စာသိတာဟာ အစ, သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာသိမှ နိဗ္ဗာန်ရောက်မယ်

နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ဘာသိမှရောက်မတုံး (သစ္စာသိမှ ရောက်ပါတယ် ဘုရား)၊ အဲ သစ္စာတည်း ဟူသော အစကို ခင်ဗျားတို့ တွေ့တဲ့နေ့ကစပြီး အဆုံးမရှိတဲ့ နိဗ္ဗာန်တော့ ရောက်ရ တော့မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာတွေ့တဲ့အစကို တွေ့တဲ့နေ့ကစပြီး အဲဒီကသာ လိုက်တော့ မောင်နိုင်ရေ ဘယ်ရောက်မယ် ထင်သတုံး (နိဗ္ဗာန်ရောက်ပါမယ် ဘုရား)၊ အဆုံးမရှိတဲ့ နိဗ္ဗာန်ကို သေသေချာချာ ရောက်မယ်ဆိုတာ ကောင်းကောင်းကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ကိုစောမောင်ရေ၊ တစ်သက်မှာ တစ်ခါကြားရတဲ့တရားလို့မှတ် (မှန်ပါ့)၊ သဘောပါ ပလား (ပါ ပါပြီ ဘုရား)။

ဘယ်အခါကာလမှ ကိုစံလှရေ ၊ ဒါ ကြားဖူး တယ်လို့ရှိသတုံး (မရှိပါ ဘုရား)၊ မရှိပါဘူး၊ မရှိတော့ တော်,တော်သေးရဲ့၊ နိဗ္ဗာန်အစ, ရှိတယ်ဆိုရင် တို့အစကလေး တော့ ဒီအစကလေးက လိုက်လို့ရှိရင်ဖြင့် အဆုံးမရှိ ချမ်းသာ တဲ့ နိဗ္ဗာန်တော့ တို့မရောက်မရှိပါဘူးဆိုတာ ခင်ဗျားတို့သာ မှတ်လိုက်ပေတော့၊ သစ္စာသိတာက အစပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဒီလမ်းကသာ ဖိလိုက်ပါ

သစ္စာသိတာက (အစပါ ဘုရား)၊ အဲ သစ္စာ သိတယ်ဆိုရင်ဖြင့် နိဗ္ဗာန်အစရှိလို့ ဒီလမ်းကသာ ဖိလိုက်သွားတော့၊ ဒီသစ္စာကို ဝိပဿနာ ရှုသွားတော့ ကိုစောမောင် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်မှာပဲ၊ ဒီသစ္စာဒုက္ခကြီးသာ ဆုံးအောင် လိုက် သွားလိုက်စမ်း၊ ခုနင်က အဆုံးမရှိတဲ့ နိဗ္ဗာန်ကြီး မောင်နိုင် ရောက်၊ မရောက် (ရောက်ပါတယ် ဘုရား)၊ အဲ ဒုက္ခ သစ္စာကို ဒုက္ခသစ္စာလို့ သိတဲ့အစဟာ နိဗ္ဗာန်တွေ့တဲ့ အစ ပါပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန်တွေ့တဲ့အစဟာ ဘာပါလိမ့် (ဒုက္ခသစ္စာ သိတဲ့ အစပါ ဘုရား)၊ အဲ သစ္စာသိတဲ့အစဟာ နိဗ္ဗာန်၏ အစ ရှိတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ မောင်နိုင်ရဲ့၊ သံသရာတော့ မောင်နိုင်ရဲ့၊ သံသရာတော့ ဘာ လဲ (အစမရှိပါ၊ အဆုံးသာရှိပါတယ် ဘုရား)၊ နိဗ္ဗာန်ကျတော့ (အစသာရှိတယ် အဆုံးမရှိပါ ဘုရား)၊ သဘောပါ ပြီနော် (ပါ ပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်အောင် အစလုပ်ပါ

အဲဒါ သေသေချာချာမှတ်ထားတော့မှ။ ဒါဖြင့် တို့ နိဗ္ဗာန်ရောက်အောင် အစလုပ်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

အစရှိရင်တော့ ကိုစောမောင်ရေ လိုက်သွားရုံ ပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ အစ မတွေ့ရင်တော့ ကိုစံလှ ခက်သေးတယ် (ခက်ပါတယ် ဘုရား)။

အဆုံးမရှိတဲ့ နိဗ္ဗာန်ကြီး၊ ဘယ်တော့မှ မပျက်စီးတဲ့ နိဗ္ဗာန်ကြီး ချမ်းသာတကာတို့၏ အထွတ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန် ကြီး၊ ဘယ်လောက် ပုဂ္ဂိုလ်တွေ ဒီအထဲရောက်ရောက် ဘယ် အခါကာလမှ အဆုံးအပိုင်းအခြား မရှိအောင် ကျယ်ဝန်းနေ တဲ့ နိဗ္ဗာန်ကြီး၊ ပျက်စီးခြင်းမရှိတဲ့ နိဗ္ဗာန်ကြီးကို အစကလိုက် ကြမှ နေရာကျမယ် ဆိုတာဖြင့် မှတ်ဖို့ပဲ (မှန်ပါ့)။

အစတွေ့တဲ့ပုဂ္ဂိုလ်မှရမယ်နော်

အစတွေ့တဲ့ပုဂ္ဂိုလ်မှ ရမယ်နော် (မှန်ပါ့)၊ အစ တွေ့ဆိုတာ ဘယ်ပုဂ္ဂိုလ်ပါလိမ့် (သစ္စာသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)၊ သစ္စာသိတယ်ဆိုတာ အစတွေ့တာပဲ၊ အဲဒါ အဆုံးမရှိတဲ့ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့)။

ဒါဖြင့် သစ္စာကို ကျုပ်တို့မတွေ့ခဲ့လို့ နောက်တုန်းက နိဗ္ဗာန်ကို မရောက်ခဲ့ဘူး (မှန်ပါ့)၊ အဆုံးမရှိတဲ့ နိဗ္ဗာန်ကို (မရောက်ခဲ့ပါ ဘုရား)၊ ဘာမသိခဲ့လို့တုံး (သစ္စာမသိ ခဲ့လို့ပါ ဘုရား)။

ဟာ သစ္စာဆိုတာ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မှာ ခုနင်ကပြောခဲ့တဲ့ စကားနဲ့ ပြန်ဟပ်လိုက် အစရှိ တယ် (အဆုံးမရှိပါ ဘုရား)၊ ဒါဖြင့် ကျုပ်တို့အစ ဟာ သစ္စာသိတဲ့အစ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့သံသရာရှည်ခဲ့တာ အစကို တစ်ခါမှ မတွေ့ဖူးဘူး (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အစကို ရှာမတွေ့ပါ ဘုရား)၊ ဒါဖြင့် အခု အစတွေ့လို့ရှိရင်ဖြင့် အခုလိုက်ရုံပဲ (မှန်ပါ့)၊ ကိုစောမောင်ရေ ကိစ္စပြီးရမည်ဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။

ကိုစံလှ အားငယ်စရာပါသေးသလား (မပါပါ ဘုရား)၊ မပါတော့ဘူး၊ နဂိုက ကျုပ်တို့နေခဲ့တာ ဘယ်လိုနေ ခဲ့ပါလိမ့်မတုံးဆိုတော့ အစရှိလျက်နဲ့ အစမသိခဲ့ဘူး (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အစရှိလျက်နဲ့ အစမသိခဲ့ ပါ ဘုရား)၊ အစရှိလျက်နဲ့ အစမသိခဲ့တဲ့ အတွက် ဪ ခွေးဘဝဖြစ်ခဲ့ရတာတွေလည်း (မရေတွက်နိုင်ပါ ဘုရား)၊ ငရဲအိုးတွေနဲ့ နေခဲ့ရ တာတွေရော (မရေတွက်နိုင်ပါ ဘုရား)၊ ငါးသလောက်ဥထဲမှာပဲ ကျုပ်တို့ အကြိမ်ပေါင်း ဘယ် နှစ်ခါပါဖူးသလဲ (မရေတွက်နိုင်ပါ ဘုရား)၊ အဲဒါ ဘာ မတွေ့ခဲ့တာပါလိမ့် (အစ မတွေ့ခဲ့တာပါ ဘုရား)။

ဒီတစ်ခါချော်ရင်တော့သွားပြီ

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ဒီတစ် ခါချော်ရင်တော့ သွားပေါ့ ဘုရား)။

ဒီတစ်ခါချော်ရင် သွားပြီ ခင်ဗျားတို့က၊ အခုမှတွေ့ တဲ့ သား၊ လင်၊ ခင်ပွန်းအရေး သားမယား များတို့၏ အရေးကို ခင်ဗျားတို့က ကြီးတယ်၊ မောင်နိုင် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အခု ဒီဘဝမှာလာပြီး ဆုံကြ၊ ကြုံကြတွေနဲ့ အရေး ကြီးနေတာ နောက်ဘဝကပဲ ဒီလို ဆုံဖူး ကြုံဖူးပလားလို့ မေးလို့ရှိရင် အို အလောင်းချင်းထပ်ခဲ့ပါပြီ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သို့သော် ဒီအစတော့ မတွေ့ခဲ့ဘူး (မှန်ပါ့)၊ သစ္စာသိတဲ့ အစတော့ တွေ့ခဲ့ကြသလား (မတွေ့ပါ ဘုရား)။

အဲဒီတော့ မတွေ့ခဲ့ကြတော့ ဒကာ ဒကာမတို့တွေ ဪ ဒုက္ခမျိုးစုံတော့ တွေ့ခဲ့တယ်၊ သုခ ရောက်ကြောင်း တော့ အစကို မတွေ့ခဲ့ဘူး (မှန်ပါ့ ဘုရား)၊ ကိုစံလှ ဘယ်လောက်နာခဲ့သတုံး (နာပါတယ် ဘုရား)။

ဒုက္ခရောက်ကြောင်းတွေကတော့ ဟိုဘဝ အတိုင်းပါ ပဲ၊ သားသေ လင်ဆုံးတာတွေက မကြုံဖူးတဲ့ ဘဝရယ်လို့ (မရှိပါ ဘုရား)။

နိဗ္ဗာန်အစကျတော့ တစ်ခါမှမတွေ့ဖူးဘူး

ဒါဖြင့် နိဗ္ဗာန်အစကျတော့ တစ်ခါမှ မတွေ့ဘူး (မှန်ပါ့)၊ အစတွေ့လို့ရှိရင် အဆုံးတွေ့တဲ့ နိဗ္ဗာန်ရောက်ဖို့ပါပဲ (မှန်ပါ့)၊ အခုတော့ ရောက်ကို မရောက်ခဲ့တဲ့ ချမ်းသာဆိုတာ ကျုပ်တို့ မတွေ့ခဲ့ သေးဘူး (မှန်ပါ့)။

ခုနင်က နိဗ္ဗာန်သည်ကားလို့ဆိုရင်ဖြင့် ဆင်းရဲမရှိ အမြဲရှိဆိုတဲ့ဆီကို ရောက်ကိုမရောက်ခဲ့ဘူး (မှန်ပါ့)၊ ဆင်းရဲမရှိ အမြဲရှိဆိုတဲ့စကားနဲ့ မောင်နိုင်ပြန်ဟပ်လိုက် နိဗ္ဗာန် ကို (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကျုပ်တို့ ဘာနဲ့နေခဲ့ရသတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် အမြဲမရှိ ဆင်းရဲနဲ့ပဲ နေခဲ့ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ ဘာနဲ့ နေခဲ့ ရသလဲ (အမြဲမရှိ ဆင်းရဲနဲ့နေခဲ့ရပါတယ် ဘုရား)၊ အမြဲကလည်း ဘယ်နေရာမှ ဘယ်အခါကာလမှ မနေခဲ့ရဘူး တဲ့၊ နေတုန်းကလည်း ဆင်းရဲတာနဲ့ နေခဲ့ရတယ် ဆိုတော့ လွမ်းစရာများ ဘယ်ဟာ ပါသေးသတုံး (မပါပါ ဘုရား)၊ ရှင်းပဲလား (ရှင်းပါပြီ ဘုရား)။

တော်တော်အရေးကြီးတာတွေကို ပြောနေတာ

ဪ တော်တော်အရေးကြီးတာတွေကို ယနေ့ ပြောနေပါလားဆိုတာ မောင်နိုင် ပေါ် ရောပေါ့ (ပေါ်ပါ ပြီ ဘုရား)၊ ကိုပေါ် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အစရှာကြပါစို့ (မှန်ပါ့)။

ဘာရှာရမလဲ (အစရှာကြပါစို့)၊ နိဗ္ဗာန်မှာ အစရှိ တယ်ဆိုတော့ အစရှာကြပါစို့ (မှန်ပါ့)၊ သစ္စာ သိတာက အစ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပါလိမ့် (သစ္စာသိတာ အစပါ ဘုရား)၊ အဲ သစ္စာသိတာ အစ၊ ဒါမှ အဆုံးမရှိတဲ့ နိဗ္ဗာန်ကို ရောက်မယ်ဆို သဖြင့် ရှင်အာနန္ဒာက ဘုရားကိုလျှောက်တယ်၊ ခန္ဓာဝဂ္ဂသံ ယုတ်ပါဠိတော်မှာ၊

‘‘နိရောဓော နိရောဓောတိ ဘန္တေ ဝုစ္စတိ၊’’

နိရောဓ နိဗ္ဗာန်, နိဗ္ဗာန်လို့ ပြောကြတယ်ဘုရား၊ ဘယ်တရားမျိုးဟာ နိဗ္ဗာန်ဆိုတာ တပည့်တော် အင်မတန် သိချင်ပါတယ် လို့ဆိုပြီး သကာလ လျှောက်တယ် (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာဘုရား နိရောဓ နိဗ္ဗာန်လို့ ဆိုတာ၊ နိရောဓော- ချုပ်တာသည်၊ နိဗ္ဗာနံ= နိဗ္ဗာန်မည်၏ ဆိုတော့ ဘယ် တရားများ ချုပ်သွားတာ နိဗ္ဗာန်လို့ ဆိုပါ့မလဲ၊ ဒါ တပည့်တော် အင်မတန် သိချင်ပါတယ်လို့ဆိုတော့ နိဗ္ဗာန်၏ အစ မေး တယ် (မှန်ပါ့)။

ဘယ်တရားမျိုးကို နိဗ္ဗာန်လို့ဆိုရမှာလဲ

ကိုစံလှ ဘာမေးတာတုံး (နိဗ္ဗာန်၏အစ မေးပါ တယ် ဘုရား)၊ နိဗ္ဗာန်၏အစ မေးနေတာ ဒကာ ဒကာမတို့၊ အရှင်ဘုရား နိဗ္ဗာန် နိဗ္ဗာန်ဆိုတာတော့ဖြင့် ပြောကြ ဆိုကြတာတွေတော့ အင်မတန်မှ များပါတယ်၊ အဲဒီ များ တဲ့အထဲက ဘယ်တရားမျိုးကို နိဗ္ဗာန်လို့ဆိုရပါမလဲ တဲ့။

ဒီတော့ အာနန္ဒာ သေသေချာချာမှတ်ကွ ဆိုပြီး သကာလ သစ္စာကို စပြတယ် (မှန်ပါ့)။

ဘာစပြသလဲ (သစ္စာစပြပါတယ် ဘုရား)၊ သစ္စာ စပြတယ် တဲ့ ဒကာ ဒကာမတွေနော် (မှန်ပါ့)၊ သစ္စာ စပြတော့ ဒီခန္ဓာငါးပါးပဲ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ ခန္ဓာငါးပါး ဘာတရားတဲ့တုံး (ဒုက္ခတရားပါ ဘုရား)။

ဘာထိုးပြသတုံး (ဒုက္ခကို ထိုးပြပါတယ် ဘုရား)၊ ဒုက္ခထိုးပြတော့ ဒုက္ခက သစ္စာပဲမဟုတ်လား (မှန်ပါ့၊ သစ္စာထိုးပြပါတယ် ဘုရား)။

အရှင်ဘုရား နိဗ္ဗာန်သိချင်ပါတယ်၊ နိဗ္ဗာန်သိချင်ပါ တယ်ဆိုတော့ ဘာထိုးပြသတုံး (ဒုက္ခကို ထိုးပြပါတယ် ဘုရား)၊ ဒါဖြင့် သစ္စာထိုးပြတာပေါ့ (မှန်ပါ့)၊ ရှင်းပလား ဒကာ ဒကာမတို့ (မှန်ပါ့)။

နိဗ္ဗာန်သိချင်တော့ ဘုရားက ဘာထိုးပြသတုံး (ဒုက္ခ ထိုးပြပါတယ် ဘုရား)၊ ဒုက္ခသစ္စာ ထိုးပြတယ်၊ ဒါ နိဗ္ဗာန်အစကွ တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာသိရင် နိဗ္ဗာန်အစတွေ့ပြီ

ဒါ နိဗ္ဗာန်အစ တွေ့ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ခန္ဓာသိလို့ရှိရင်ဖြင့် ဘာတွေ့တယ် ထင်ကြသလဲ (နိဗ္ဗာန် တွေ့ပါတယ် ဘုရား)။

နိဗ္ဗာန်အစ တွေ့ပြီ (မှန်ပါ့)၊ ခန္ဓာဟာ ဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ)၊ သစ္စာတွေ့ရင် နိဗ္ဗာန်အစ တွေ့တာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ဒါ ဟာ ဪ တို့သည်ကား လို့ဆိုရင် အစ တွေပဲပေါ့ ဆိုပြီးသကာလ သူ့ကို ဆုံးအောင် လိုက် လိုက်ရုံပဲရှိတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အစတွေ့လို့ရှိရင် (ဆုံးအောင်လိုက်ရပါမယ်)၊ ဆုံးအောင်လိုက်ကြပါလို့ ဒီ ဒကာ ဒကာမတွေကို လေးလေး စားစား သေသေချာချာပြောနေတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အစရှိရင် ဘာလုပ်ရမယ် (တွေ့အောင်ရှာရပါ မယ် ဘုရား)၊ ကျေကျေနပ်နပ် ရှာယူရမယ်၊ အစကို မရရအောင် ရှာရမယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်မှာ ဘာရှိသတုံး (အစရှိပါတယ် ဘုရား)၊ အဆုံးမရှိဘူး (မှန်ပါ့)။

အစရှိတယ် အဆုံးမရှိဘူးဆိုတာ သေသေချာချာ သိ ပါတယ်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အစ ဘယ်သူတုံး လို့ မေးတော့မှ ခန္ဓာငါးပါး၊ ခန္ဓာငါးပါးကို သစ္စာဖွဲ့လိုက် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ သူတို့ ဒုက္ခသစ္စာလို့ တွေ့လို့ရှိရင် အဆုံး တွေ့တော့တယ် (မှန်ပါ့)၊ ဒုက္ခသစ္စာ အစတွေ့လို့ရှိရင် ဒုက္ခသစ္စာ အဆုံးရှိတော့မှာပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။

ဒုက္ခသစ္စာ အစတွေ့ရင် ဒုက္ခသစ္စာက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆုံးသွားလို့ရှိရင် ဒုက္ခနိရောဓ ဖြစ်တယ်၊ နိဗ္ဗာန် မလာသေးဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် နိဗ္ဗာန် မှာအစ ရှိတယ် ဒကာ ဒကာမတို့ အဆုံး မရှိဘူး (မှန်ပါ့)၊ နိဗ္ဗာန်မှာ (အစရှိပါတယ်၊ အဆုံးမရှိပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ နိဗ္ဗာန်အစကို တစ်သံသရာလုံး မတွေ့ခဲ့ဘူး (မှန်ပါ့)၊ နိဗ္ဗာန်အစ ဘယ့်နှယ် ဆိုကြမလဲ (တစ်သံသရာလုံး မတွေ့ခဲ့ပါ ဘုရား)။

ပြမည့်ဆရာနဲ့တွေ့လို့ ကံကောင်းပြီ

ဒါဖြင့် အခုတွေ့ပြီ (မှန်ပါ့)၊ အခုတွေ့ပြီ ဒကာ ဒကာမတွေ ဪ ဒါဖြင့် ဆရာဘုန်းကြီးက ပြောတယ်။ ကံကောင်းတယ်၊ ဉာဏ်သာ ကောင်းကြပေတော့၊ ကံကတော့ ဖြင့် ကောင်းပြီ၊ နိဗ္ဗာန်အစ ပြပေးမည့်ဆရာနဲ့တွေ့ပြီ (မှန်ပါ့)၊

ခင်ဗျားတို့ ဉာဏ်ကလေးနဲ့ ကောင်းကောင်းလိုက်လို့ ရှိရင် ကိစ္စ ပြီးတော့မယ် (မှန်ပါ့)၊ ကိုစောမောင် မပါ ဘူးလား (ပါပါတယ် ဘုရား)၊ ကံကောင်းသလောက် ဉာဏ်ကောင်းကြပါစို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကံကောင်းသလောက် ဉာဏ်ကောင်းကြပါစို့

ကံကောင်းသလောက် ဉာဏ်ကလိုက်နိုင်ကြလို့ရှိရင် ဖြင့် အစတွေ့ရင်တော့ လိုက်သာ သွားပေတော့ (မှန်ပါ့ ဘုရား)၊ နွယ်တစ်ခု အဖျားက တွေ့ပြီဆိုမှဖြင့် အမြစ်ကိုရှာ ဖို့ရာ ကိုစောမောင် အတော်ကို လွယ်သွားပြီ (လွယ်သွား ပါပြီ ဘုရား)၊ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

ဒီအဖျားကလေးသာကိုင်ပြီး ဒကာ ဒကာမတွေက လိုက်သွားစမ်းပါ။ သဘော ကျပလား (ကျပါပြီ ဘုရား)။ ဒီအဖျားကလေးကို ကိုင်ပြီး လိုက်သွားလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမြစ်တွေ့မှာပဲ (မှန်ပါ့)။

ဒီမှာလည်း နိဗ္ဗာန်အစဆိုတာ သစ္စာတွေ့တာက အစ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တရားတို့၏ချုပ်ခြင်းဟာ နိဗ္ဗာန်ပါလဲ

ကိုင်း ဒါကြောင့် ရှင်အာနန္ဒာက အရှင်ဘုရား တဲ့ ‘‘နိရောဓော နိဗ္ဗာနံ, နိရောဓော, နိဗ္ဗာနံ’’ လို့ အရှင်ဘုရား ဟောတော်မူပါတယ်။ “ကတမေသံ ဓမ္မာနံ နိရောဓော နိဗ္ဗာနံ” ဘယ်တရားတို့၏ ချုပ်ခြင်းဟာ နိဗ္ဗာန်လို့ ခေါ်ပါသလဲလို့ လျှောက်တယ်။

ဒကာ ဒကာမတို့ ဒီထဲမှာ ခန္ဓာငါးပါးရှိတယ်၊ ရှိပင် ရှိငြားသော်လည်း တစ်ပါးပဲပြောပါရစေ၊ တစ်ပါးပဲပြောတော့ ခင်ဗျားတို့ အားထုတ်တဲ့တရားကိုပဲ ဥပမာ ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ဒီနှစ်ခုပဲ မောင်နိုင် ပြောရအောင် ပေါ့ကွာ (မှန်ပါ့) ပြောတဲ့အခါကျလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာနိဗ္ဗာန်တုံး ဆိုတော့ နိရောဓော နိဗ္ဗာနံ တဲ့ တရားက (မှန်ပါ့ ဘုရား)။

ဒီတရားကလေးဟာ ဥပမာမယ် ဝေဒနာကလေး ဆိုပါတော့ မောင်နိုင်၊ ဘာဝေဒနာမဆို ဒကာ ဒကာမတွေ ထိနေတဲ့ ဝေဒနာပေါ့လေ (မှန်ပါ့)။

အဲဒီ ဝေဒနာလေးဟာ ဖြစ်ပြီး ပျက်သွားတဲ့ ပင်ကို သဘောမရှိဘူးလား, ရှိသလား (ရှိပါတယ် ဘုရား) ဒါ့ကြောင့် သွားလိုက် မောင်နိုင်တို့က၊ ခုနင်က မူလဘူတ သွားလိုက်၊ မူလ, ရုပ်နာမ်ဓမ္မသည် အမြဲရှိသလား (မရှိပါ ဘုရား)။

အမြဲမရှိဘူးဆိုတော့ ဖြစ်ပြီးပျက်သွားတာ အမြဲရှိရဲ့ လား (မရှိပါ ဘုရား) ဖြစ်ပြီးပျက်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဆင်းရဲရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အမြဲမရှိဆင်းရဲရှိတာ ရုပ်နာမ်တို့၏အလုပ်

အမြဲကရော (မရှိပါ ဘုရား) ဆင်းရဲရော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ဒါဖြင့် အမြဲမရှိ၊ ဆင်းရဲ ရှိတာသည် ဒကာ ဒကာမတို့ ရုပ်နာမ်၏အလုပ် (မှန်ပါ့) ရုပ်နာမ် ခန္ဓာတို့၏အလုပ်၊ ကောင်းကောင်း သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်နာမ်ခန္ဓာတို့၏ အလုပ်ကတော့ ဘာတဲ့ (အမြဲမရှိ ဆင်းရဲသာရှိပါတယ် ဘုရား) အမြဲမရှိ ဆင်းရဲရှိတာ ရုပ်နာမ်ဓမ္မတို့၏အလုပ်ဆိုတာ ကောင်းကောင်းကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ အမြဲမရှိတာကလေး ရှုလိုက်လို့ရှိရင်ဖြင့် သော် ဆင်းရဲ ဒုက္ခသစ္စာဆိုတာသူပဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာကိုဉာဏ်နဲ့ကြည့်ပေးပါ

ဒါကို မျက်ခြည်မပြတ် ဉာဏ်နဲ့သာ ကြည့်ပေး ပါ ခင်ဗျားတို့က (မှန်ပါ့)၊ အမြဲမရှိ၊ ဆင်းရဲ ရှိတယ်ဆို တာ သူပါပဲဆိုတော့ အမြဲမရှိတာကိုလည်း သိတယ်၊ ဆင်းရဲ ရှိတယ်ဆိုတဲ့ ဒုက္ခသစ္စာ ကိုလည်း မောင်နိုင်တို့က မသိပေဘူး လား (သိပါတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်အစတွေ့ပြီ (မှန်ပါ့) အစ မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)။

အမြဲမရှိ ဆင်းရဲရှိတယ်ဆိုတော့ ဒုက္ခသစ္စာ စ,တွေ့ တာကိုး (မှန်ပါ့) သစ္စာ စ,တွေ့ကတည်းက ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မှာ အစတော့ရှိတယ်၊ အဆုံးမရှိဘူးဆိုတဲ့ဥစ္စာ အခုပေါ် – လာတယ် (ပေါ်လာ ပါတယ် ဘုရား)။

သစ္စာတွေ့ရင် နိဗ္ဗာန်အစတွေ့ပြီ

နိဗ္ဗာန်အစ တွေ့ပြီး၊ သစ္စာသွားတွေ့တယ် (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျာတို့ ဖြစ်ပျက်မည်မျှလောက် အရေးကြီးတယ်ဆိုတာ ကိုစောမောင်, မပေါ်သေးဘူးလား ၊ (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ ဒီဖြစ် ပျက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ဒီ ဝေဒနာက္ခန္ဓာကလေးဟာ မောင်နိုင် ဖြစ်ပျက်၊ ဖြစ်ပြီး ပျက်နေတာပဲ၊ ဖြစ်ပြီးပျက်နေတာပဲလို့ ခန္ဓာစိုက်ပြီးသကာလ ရှုရင်း, ရှုရင်းနဲ့ တစ်ခါတည်း ရှုရင်း, ရှုရင်းနဲ့ ဒုက္ခသစ္စာ တွေ့ တွေ့ပြီး သကာလ နေရင်းနဲ့ပဲ နောက်ဆုံးပိတ် တစ်နေ့ ကျတော့ သူဘယ့်နှယ့် ဖြစ်သွားသတုံး ဆိုတော့ ဒီခန္ဓာ သည် ခုနင်က ဉာဏ်ခရီးအတိုင်းပေါ့ မောင်နိုင်ရာ (မှန်ပါ့)။

ဖြစ်ပျက်ဒုက္ခသစ္စာမုန်းလာမယ်

ပထမ ဒုက္ခသစ္စာတွေ့တယ်၊ နောက် ဒုက္ခသစ္စာ မုန်း တယ်၊ ဖြစ်ပျက် မုန်းလာဦးမယ် မဟုတ်လား (မှန်ပါ့) ဘာမုန်းတာတုံး (ဒုက္ခမုန်းတာပါ ဘုရား)။

ကိုစောမောင်, ဘာမုန်းတာတုံး (ဒုက္ခမုန်းတာ ပါ ဘုရား) ဖြစ်ပျက်ဒုက္ခသစ္စာမဟုတ်လား (မှန်ပါ့) သူ့ကို မုန်းလာတာမဟုတ်လား (မှန်ပါ့)။

အဲ သူ့မုန်းလာတဲ့ အချိန်ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဆက်လက်ရှုပါ၊ ဆက်လက်ရှုပါလို့ ဆရာ ဘုန်းကြီးက တိုက်တွန်းလေ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ တိုက်တွန်းလေ့ရှိတဲ့ အတိုင်း ခင်ဗျားတို့က ရှုတဲ့အခါကျတော့ မုန်းတဲ့ ပုဂ္ဂိုလ်ကို မပေါင်းချင်၊ ကွာချင်၊ ရှင်းချင်၊ မမြင်ချင်၊ မကြားချင်ဆိုတာ လာတော့တယ် (လာမှာပါ) လာရမလား မလာရ ဘူးလား (လာရမှာပါ ဘုရား)။

မလိုချင်လို့ခန္ဓာချုပ်သွားရင်နိဗ္ဗာန်

လာရတဲ့ အခါကျတော့ ဒီခန္ဓာ ဝေဒနာက္ခန္ဓာကြီးဟာ ကဲ မင်းကိုမလိုချင်တော့ပါဘူးဆိုတော့ မိမိခန္ဓာကြီးကို ဒုက္ခသစ္စာမှန်းသိလို့ မလိုချင်တော့ဘူး (မှန်ပါ့) မလိုချင် တဲ့အခါကျတော့ ဒီခန္ဓာ ဘာဖြစ်သွားမလဲ (ချုပ်သွားပါ မယ် ဘုရား) ဒါဖြင့် နိရောဓော ဘာခေါ်ကြမလဲ (နိဗ္ဗာနံ ပါ ဘုရား)။

ဒါ အစရှိလို့ ဒကာ ဒကာမတို့ အစက လိုက် သွားလို့တွေ့တာ (မှန်ပါ့) ကိုစံလှ, ဘယ်က လိုက်သွား လို့တုံး (အစက လိုက်သွားလို့ပါ ဘုရား)။

အစက လိုက်သွားလို့တွေ့တာနော် (မှန်ပါ့) အစကသာမလိုက်ဘူးဆိုရင် ဒီ ဒကာဒကာမတွေ ဘယ်မှာ နိဗ္ဗာန်တွေ့မလဲ (မတွေ့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်တွေ့ချင်ရင် သစ္စာကစ

ဒါဖြင့် နိဗ္ဗာန်တွေ့ချင်ရင် ဘယ်ကနေ စ,ပြီးလိုက်ရ မလဲ (အစကနေပြီးလိုက်ရပါမယ် ဘုရား) သစ္စာက စ, လိုက်ရမယ် (မှန်ပါ့)။

ဖြစ်ပျက်ဒုက္ခသစ္စာကနေပြီး စ,လိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်ဆုံးတဲ့ အခါကျလို့ ရှိရင်ဖြင့် တရား စ, တာ၊ အစကပြောခဲ့တဲ့ ရုပ်နာမ်ခန္ဓာတို့မှာ အမြဲ ဘာတုံး (အမြဲမရှိ ဆင်းရဲရှိပါတယ် ဘုရား)။

ရုပ်နာမ်ခန္ဓာ အမြဲလည်းမရှိတဲ့တရား၊ ဆင်းရဲလည်း ရှိတဲ့တရား ပျောက်ထွက်သွားတယ် (မှန်ပါ့) မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)။

အဲဒီ အမြဲမရှိတဲ့ တရားဆိုတော့ အနိစ္စလည်း ပျောက်ထွက်သွားတယ် (မှန်ပါ့) ဆင်းရဲလည်း ရှိတယ် ဆိုတော့ ဆင်းရဲဆိုတာ ဒီရုပ်နာမ်ပဲခေါ်တာ (မှန်ပါ့) ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အမြဲမရှိ၊ ဆင်းရဲရှိတဲ့ တရား ကို မဂ်ဉာဏ်နဲ့ မလိုချင်တဲ့အခါကျတော့ ဘာဖြစ်သွား သတုံး (ချုပ်ပျောက်သွားပါတယ်) ချုပ်ပျောက်ဆုံး မသွားဘူးလား (ဆုံးသွားပါတယ် ဘုရား)။

ရှင်အာနန္ဒာကို သေသေချာချာဟောတယ်

အဲဒါ နိဗ္ဗာန်ဟေ့ လို့ ရှင်အာနန္ဒာကို သေသေ ချာချာ ဟောတယ် (မှန်ပါ့) ကိုစံလှ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေ့တရားဟာ သိပ်လွယ်တဲ့။ တရားလို့အောက်မေ့မနေနဲ့ (မှန်ပါ့) ခုနင်က လေးချက် ကိုလည်း သဘောကျဦးမှ ဒါမှ ဒီအဖြေဟာ အမှန်ထွက်လာ တယ်ဆိုတာ ကောင်းကောင်း သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါဖြင့် အမြဲမရှိ၊ ဆင်းရဲရှိတဲ့တရားဘာဖြစ်သွားသတုံး (ချုပ်ပျောက်သွားပါတယ် ဘုရား) အဲဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

အမြဲမရှိ၊ ဆင်းရဲရှိတဲ့တရား ချုပ်သွားတော့ ဪ အမြဲရှိတဲ့ ချမ်းသာပေါ်လာတယ် (မှန်ပါ့)။

ဒီစကားပြန်ဟပ်လိုက် ကိုစောမောင် (မှန်ပါ့) နိဗ္ဗာန်မှာ ဘယ်သဘောရှိသတုံး (ဆင်းရဲမရှိ အမြဲရှိပါ တယ်) ဆင်းရဲမရှိ အမြဲရှိ, ဆိုကတည်းက ဆင်းရဲလည်း ပျောက်သွားပြီ (ပျောက်သွားပါပြီ) နိဗ္ဗာန်ကလည်း ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ သော် နိဗ္ဗာန်မှာ အစရှိ တယ်၊ အဆုံးမရှိဘူးဆိုတဲ့ဥစ္စာသည် တစ်ခါတည်း ဒုက္ခနယ် သိမ်းသွားတဲ့အခါကျတော့ သုခနယ် ဘယ်လောက်ကျယ် သတုံး မေးရင် မဆုံးနိုင်ပါဘူး (မှန်ပါ့) ပြောဖို့ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

ဒီလိုလိုက်ရင် ဒီနေရာဆိုက်ရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်း လိုက်ရလိမ့်မယ် (မှန်ပါ့) ဒါကြောင့် ခင်ဗျားတို့ကို နည်းပေးထား တာသည် အင်မတန် ပါဠိတော်ကြီး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က ဤလို လိုက်, လိုက်လို့ရှိရင် ဤနေရာဆိုက်ရ မယ် ဆိုတဲ့ ဥစ္စာ ကိုစောမောင်, သေသေချာချာ ဟောထား တယ် (မှန်ပါ့) အားငယ်စရာများ ရှိရဲ့လား (မရှိ ပါ ဘုရား)။

ဒီလမ်းအတိုင်းသာလိုက်ပါ၊ ရောက်ရမယ်

ဒါဖြင့် ဖြစ်ပျက်တွေ့တဲ့ ပုဂ္ဂိုလ်ဟာ ဒကာဒကာမတွေ သစ္စာတွေ့တဲ့အတွက် နိဗ္ဗာန်အစတွေ့ပြီ (မှန်ပါ့) ဆက် လိုက်သွားလို့ မုန်းတဲ့ဆီလည်းရောက်မယ်၊ ဆုံးတဲ့ဆီလည်း ရောက်မယ်ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆင်းရဲ မရှိ အမြဲရှိတဲ့နိဗ္ဗာန်ရောက်မယ် (မှန်ပါ့) မရောက်ပါနဲ့ ဆိုလို့ (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ကို သင်ထားတဲ့ ၁, ၂, ၃ဆို တဲ့ ဉာဏ်စဉ်ဟာ သဘောပါပလား (ပါ, ပါပြီ ဘုရား) ဒီကလာတယ်ဆိုတာရော (သေချာပါပြီ ဘုရား)။

ဪ တို့သည်ကား လို့ဆိုလို့ရှိရင် သံသရာ ရော နိဗ္ဗာန်ရော အကုန်ရှင်းသွားလို့ရှိရင် ဒီလမ်းအတိုင်းသာ လိုက်တော့ (မှန်ပါ့) ဘာမှ ရွှေ့စရာမလိုဘူး၊ မရောက် မရှိဘူးဆိုတာကို ဘုန်းကြီးများက တာဝန်ခံပါတယ် (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။