သောတာပန်မှရဟန္တာဖြစ်သည်အထိ အလုပ်စဉ်
သောတာပန်မှရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၁)
သောတာပန်မှ ရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၂)
နာရီဝက်တရားနှစ်ပုဒ်ပါဝင်ပါသည်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ
ဤတရားတော်သည် မန္တလေးမြို့၌ ဦးချစ်ဆွေ၊ ဒေါ်မမတို့နှစ်ဦးအား နံနက်တိုင်း သီးခြား ဆုံးမဟောကြားခဲ့ သော နာရီဝက်တရားတော်များဖြစ်ပါသည်။
မိုးကုတ် ဆရာတော်ဘုရားသည် တပည့်ရင်းများကို ခရီးပေါက်စေ ချင်သဖြင့် ရင်းရင်းနှီးနှီး မောင်ချစ်ဆွေ၊ အစ်မဟု အမည်များခေါ်ပြီး ဆုံးမခဲ့သော ရှားပါးသည့် တရားတော်ဖြစ်သည်။
ဤတရားတော်တွင် သောတာပန်တည်အောင် အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ ဂဏ္ဍတော၊ အဿတော စသည်တို့မှ တစ်ပါးပါးနဲ့ ခန္ဓာမြင်အောင် ရှုပွားပုံ။ သောတာပန်မှ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သည်အထိ မည်သို့ ကျင့် ရပုံကို သေချာစွာ ဟောကြားထားပါသည်။
ရဟန္တာဖြစ်ပြီး အရိယာပုဂ္ဂိုလ်များပင်လျှင် မည်သို့ ကျင့်ကြပုံတို့ကို ဖော်ပြထားရာတွင် အဆင်းရဲဆုံး ပုဂ္ဂိုလ်များ အား ကရုဏာထားပြီး ချီးမြှောက်လိုသဖြင့် ဖလသမာ့ပတ် ဝင်စားပုံ၊ နိရောဓ သမာပတ်ဝင်စားပြီး ချီးမြှောက်ခဲ့ပုံတို့ကိုပါ ဟောကြားတော်မူထားပါသည်။
ဤစာအုပ်သည် ဦးချစ်ဆွေ၊ ဒေါ်မမတို့နှစ်ဦးအား (၁၃-၃-၆၂) ရက်နေ့နှင့် (၁၄-၃-၆၂)ရက်နေ့ တို့တွင် ဟောကြားခဲ့သော တရားတော်နှစ်ပုဒ်ကို ပေါင်းထားခြင်းဖြစ် ပါသည်။
သူတော်ကောင်းရတနာ (၇)ပါးပြည့်စုံကြပါစေ။
၂၂-၂-၂၀၀၁
အမှုဆောင်အဖွဲ့။
——-
သောတာပန်မှရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၁)
အသံဖိုင်ခေါင်းစဉ်= ရဟန္တာကြီးနှစ်ပါး အမေးအဖြေတရားတော်
စာအုပ်ခေါင်းစဉ်= သောတာပန်မှရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၁)
နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားဆုံးမတော်မူအပ်သောတရားတော်
သောတာပန်မှရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၁)
(၁၃-၃-၆၂)
ရှင်သာရိပုတ္တရာက သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတဲ့အချိန်မှာ ရှင်မဟာ ကောဋ္ဌိက ဆိုတဲ့ရဟန္တာ ကြီးကလည်း ရှိတယ်။
ရှိတော့ကို ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင်၊ ရဟန္တာ တွေတော့ဖြစ်ကြပြီ၊ နောင်လာ နောက်သားတွေ ရဟန္တာဖြစ် တဲ့နည်း၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ သံသရာကြီးမှ ထွက်တဲ့နည်းကို ငါတို့ နှစ်ယောက် အမေးအဖြေ လုပ်ရလို့ရှိရင်ဖြင့်၊ နောင်ကို မှတ်တမ်းတွေ ကျန်ရစ်ပြီး သကာလ၊ ဒီအတိုင်း လုပ်ကြလို့ရှိရင် ဒုက္ခဝဋ်မှ ကျွတ်ကြလိမ့်မယ်ဆိုတဲ့ စိတ်ထားနဲ့ တစ်ယောက် က အမေးခံ၊ တစ်ယောက်က အမေးသမား ဆိုပြီး သကာလ အင်မတန်ကြီးလှစွာသော ကရုဏာကြီးနဲ့ အမေး အဖြေ လုပ်ကြတယ်လို့ မှတ်ကြရမယ်နော် (တင်ပါ့ဘုရား)။
တစ်ယောက် မသိလို့ တစ်ယောက်မေးတယ်ဆိုတဲ့ အခြေအနေမျိုးကို မယူပါနဲ့ (တင်ပါ့ဘုရား)။
နောင်လာနောက်သားတွေ ဝဋ်ကျွတ်စေချင်လို့
တစ်ယောက်မသိလို့ တစ်ယောက်မေးတာ မဟုတ် ဘူး။ နောင်လာနောက်သားတွေ ဒုက္ခဝဋ် ကျွတ်တဲ့နည်းကို ငါတို့ အမေးခံကလည်း ရဟန္တာ၊ အမေးသမားကလည်း ရဟန္တာ၊ ကိစ္စပြီးပြီးသား ပုဂ္ဂိုလ်တွေ။
ထိုကဲ့သို့ ကိစ္စပြီးပြီးသားပုဂ္ဂိုလ်တွေ၏ နည်းနာ နိဿယကို မေးပုံ ဖြေပုံတွေကြားပြီး သကာလ ကြိုးစားကြလို့ ရှိရင်ဖြင့် ငါတို့တရားသည် သာသနာရှိသလောက် အား ထုတ်တဲ့ ပုဂ္ဂိုလ်တွေ အားထုတ် သလောက်ဖြင့် ဘယ်အချိန် မဆို ဒီနည်းအတိုင်း လိုက်နာလို့ရှိရင်ဖြင့် လိုရာခရီးကို အပြီး တိုင် ရောက်လိမ့်မယ် ဆိုတဲ့စိတ်ထားနဲ့ အမေးအဖြေလုပ် ကြသည်။
ချမ်းသာမှန်ရကြပါစေ
အဲတော့ ဒီ ဒကာ ဒကာမတွေက ဘယ်လိုမှတ်ရမလဲ ဪ ဒို့ဆရာဘုန်းကြီးကလည်း တစ်ဆင့် ပြောပြန်တယ် ဒို့သွားကြည့်လို့ရှိရင် ဒို့ဟာ မဟုတ်ဘူး။ သည်နည်းသည်ကား ဆိုလို့ရှိရင်ဖြင့် သွားနေကျ ပုဂ္ဂိုလ်၊ သွားပြီးသား ပုဂ္ဂိုလ်၊ ချမ်းသာရပြီးသား ပုဂ္ဂိုလ်က ချမ်းသာလမ်းစဉ် ပြတာပါလား၊ ဒါနာဖို့ မဟုတ်ဘူး၊ မှတ်ဖို့တင် မဟုတ်ဘူး၊ ဒီလမ်းစဉ် ငါတို့ လိုက်လို့ရှိရင်ဖြင့် ချမ်းသာစစ် ချမ်းသာမှန် ရစေတယ် ဆိုတဲ့ စိတ်ထားနဲ့ မေးမြန်းကြတာဖြစ်တော့ နာတာက မှတ်ပြီး သကာလ အလုပ်ကို တွင်ကျယ်အောင် လုပ်ဖို့ကို ဒါကို စိတ်ထဲက မွေးကြရမှာ (တင်ပါ့ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ခုနင်က ပြောခဲ့ပါပြီတဲ့၊ သူတို့ ချင်း မေးစရာ ဖြေစရာအကြောင်းကို မရှိဘူး၊ ကိစ္စပြီးပြီးသားတွေ မေးစရာ ဖြေစရာ အကြောင်းမရှိဘူး (တင်ပါ့)။
ဘာဖြစ်လို့ ဒီကိုယ်တော် နှစ်ပါးက အမေးအဖြေများ လုပ်နေကြပါလိမ့်မတုံးဆိုတာလဲ ခုနင်က ပြောခဲ့လို့ နောင် လာ နောင်သားတွေ ဒီလမ်းစဉ်လိုက်ပါစေတော့ (တင်ပါ့ ဘုရား) ဆိုတော့ လမ်းစဉ် လိုက်ဖို့ ဟောတာ။
လမ်းစဉ်ကို မှတ်ပြီး ကျင့်စဉ်နဲ့လိုက်ပါ
လမ်းစဉ်ကို မင်းတို့က မှတ်ပြီး သကာလ ကျင့်စဉ်နဲ့ လိုက်ရုံပဲ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
လမ်းစဉ်ကိုတော့ မှတ်ရမယ်၊ ကျင့်စဉ်နဲ့လိုက်ရမယ်၊ ဒါပေါ့ပေါ့တန်တန် နေလိုက်လို့ရှိရင်ဖြင့် ဒုက္ခပင်လယ် ဝေသွားလိမ့်မယ် ဟုတ်ပေဘူးလား (မှန်ပါတယ် ဘုရား)။
အဲတော့ ဒါပေါ့ပေါ့တန်တန် နေဖို့လား၊ သူတစ်ပါးကို အတုယူပြီးသကာလ လောကီတွေမှာ လုပ်နေဖို့လား ဆိုတော့ အို မသိတဲ့ ပုဂ္ဂိုလ်တွေကို ဒါအတုခိုးစရာ မလိုပါဘူး။ သိတဲ့ ပုဂ္ဂိုလ်က မသိတဲ့ ပုဂ္ဂိုလ်ကို အတုခိုးလိုက်လို့ရှိရင် ကိုယ်က အောက်ကျ သွားတယ် (တင်ပါ့ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ် လုပ်နေတာကို သိတဲ့ပုဂ္ဂိုလ်က ဒို့လည်း ဒီလိုလုပ်ဦးမှထင်ပါရဲ့ ဆိုလို့ရှိရင်ဖြင့်တဲ့ အမြင့်က အနိမ့်ကျ သွားတာ ဒါအတုခိုးစရာမလိုပါဘူး (တင်ပါ့ ဘုရား)။
ပုထုဇဉ်ထုံးစံ
သို့သော် ပုထုဇဉ် ထုံးစံက မြင့်နေပေမယ့်လည်း နိမ့် တဲ့ဘက်ကို သူပြေးချင်တဲ့ ဝါသနာလေးက ရှိတယ်။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
မြင့်နေပေမယ့်လို့ နိမ့်တဲ့ဘက်ကိုပြေးချင်တဲ့ ဝါသနာ လေးက ရှိနေတယ်ဆိုတဲ့ဥစ္စာက ဘာဖြစ်လို့တုံး ဆိုတော့ မျောက်မျိုး ချောင်းခုန်နေကျဖြစ်နေတယ်ကွနော်၊ မျောက်မျိုး က ဘာလုပ်တတ်တုံး (ချောင်းခုန်တဲ့ ဝါသနာရှိပါတယ် ဘုရား)
ချောင်းထဲဘယ်တော့မှ ဆင်းပြေးတဲ့ဝါသနာမရှိဘူး၊ ချောင်း ခုန်တဲ့ ဝါသနာပဲရှိနေတယ် ဆိုတာ မင်းတို့ သေချာပလား (သေချာပါတယ် ဘုရား)။
အတုခိုးလွဲတတ်တယ်
အဲဒါကြောင့် ဆရာသမားက ပိတ်ပင်တယ်။ ဟာ ဒီဥစ္စာတွေက ဘဝသံသရာတွေက အိုမဆုံး၊ နာမဆုံး၊ သေ မဆုံး၊ ပူမဆုံးတဲ့အလုပ်၊ ပူမဆုံးတဲ့အလုပ်တွေကို ဇာတ်သိမ်း တဲ့အလုပ်၊ ကိုယ့်အလုပ်က ဖြစ်နေတော့ အိုမဆုံးတဲ့ အလုပ်ကို အတုခိုးဦးမှ ထင်ပါရဲ့၊ သေမဆုံးတဲ့ အလုပ်ကို အတုခိုးဦးမှ ထင်ပါရဲ့ဆိုတော့ ဖော်ပြောလိုက်တော့မှ ဪ အတုခိုးလွဲပေါ့။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်နဲ့ပေါ်တုံးကွ (အတုခိုးလွဲတာပေါ်လာတာပါ ဘုရား)။ အတုခိုးလွဲတဲ့ဥစ္စာ သေချာ မပေါ်ဘူးလား အဲဒါကြောင့် အတုခိုး၊ အတုခိုး ဆိုပေမယ့်လည်းတဲ့ အထက်တန်း ကို အတုခိုး ရတယ်ကွ၊ အောက်ကျတာ အတုခိုးလို့တော့ ဖြစ်ကို မဖြစ်ဘူးနော် (တင်ပါ့ ဘုရား)။
သေချာ စဉ်းစားကြည့်ပါတဲ့ ဟိုက အမေလုပ်နေ တယ်၊ ကလေးတွေကို အတုခိုးရင် ဘယ်နဲ့ လုပ်မလဲ (မဟာ အမှားကြီး မှားတာပါ ဘုရား) အင်မတန် ကြီးကျယ်တဲ့ အမှားတော်ကြီး ဖြစ်သွားမှာပေါ့ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
သေခါနီးကသေခါဝေးကို အတုမခိုးနဲ့
အဲတော့ သေခါနီးက သေခါဝေးကို အတုခိုးဖို့ မလို ဘူး ပေါ်ကြပလား (ပေါ်ကြပါပြီ ဘုရား) သေခါနီးက အတုခိုး ရမှာက အသေမရှိတဲ့လမ်းသွားနည်းကိုသာ အတုခိုးရမယ် ဟုတ်ဘူးလား (တင်ပါ့ ဘုရား)။
သေခါဝေးတွေ ထင်ရာလုပ်နေတာကို ကိုယ်က အတုခိုးဖို့မလိုဘူး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါက အင်မတန်မှ အရေးကြီးတယ် ဆိုတာလည်း မှတ်ရတယ်ကွ (မှန်ပါ) အင်မတန်မှ အရေးကြီးတယ် ဆိုတာ လည်း မှတ်ရသေးတယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီလမ်းလိုက်ရင် ဒုက္ခကင်းငြိမ်းတယ်
ကဲ ဒါကြောင့် ဒီကိုယ်တော်ကြီးနှစ်ပါးကို သူတို့ အတွက်လား၊ ဒီလိုဆရာကောင်း သမားကောင်းနဲ့ လမ်းပြကောင်းနဲ့ တွေ့ပါစေတော့၊ ဒီလမ်းအတိုင်း လမ်းစဉ်လိုက်ကြ ပါစေတော့၊ ဒီလမ်းလိုက်လို့ရှိရင် ဒုက္ခခပ်သိမ်းကင်းငြိမ်းပါ တယ်ဆိုတဲ့ဥစ္စာကို သိစေချင်လို့၊ သူတို့ဟာ သူတို့ဆိုရင် ဖလသမာပတ် ဝင်စားပြီး သကာလ ချမ်းသာအောင် နေလိုက် ရင် စကားမပြောဘဲနဲ့ နိဗ္ဗာန် အာရုံပြု နေလိုက်ရင် အစ်မ ပြီး သွားတာပဲ (တင်ပါ ဘုရား)။
သူတို့ ချမ်းသာစွန့်ပြီး သကာလ နောင်လာနောင်သား ချမ်းသာမှုကို ငဲ့ပြီးမေးကြ ဖြေကြတယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ မင်း သေးတဲ့ကရုဏာလို့ မဆိုနဲ့ကွ (မှန်ပါ ဘုရား)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား) ဘာကရုဏာပါလိမ့် (ကြီးတဲ့ကရုဏာ)။
အကျိုးစီးပွားအလိုရှိလို့
အဲဒီတော့ ဒီကရုဏာလေးတွေ ထောက်ပြီး သကာလ ဪ ဒီကိုယ်တော်ကြီးတွေကတော့ လောကွတ်ချော်တာ မဟုတ်ပါလား၊ လောကွတ်ချော်တာ မဟုတ်ပါလား၊ တကယ် တမ်း အကျိုးစီးပွား အလိုရှိပြီး တကယ်တမ်း အမေးအဖြေ ထုတ်ကြတာပါလား၊ ဘယ်သူ့အရေးမှ မဟုတ်ပါလား သူတို့ အရေး တစ်ပဲသားမှမပါ ပါလား၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နောင်လာနောင်သားတွေ သိကြားလိမ္မာသော ပုဂ္ဂိုလ်တို့၏ ဆင်းရဲတွင်းမှ တက်ဖို့အရေးကို သူစီစဉ်တဲ့ အမေးအဖြေလို့ ဆိုရင် မလွဲပါဘူး (မလွဲပါဘူး ဘုရား)။
ဒါဖြင့် ဒီအစီအစဉ်ဟာ သူတို့အတွက်လား ကိုယ့် အတွက်လားဆိုတာ ယနေ့ အကဲခတ် တာပေါ့ကွာ (ကိုယ့် အတွက်ပါ ဘုရား) ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။
တရားချီး နေတာ မဟုတ်ပါဘူး၊ ဒါအမှန် ပြောနေတာ ပါ (မှန်ပါ့ ဘုရား) တရားချီး နေတယ် ဆိုတာ မနာချင် နာချင်အောင် ပြောနေတာ တရားချီးတာ ဆိုတယ် (မှန်ပါ)။
အထက်ကိုအတုခိုးပါ
အခုဟာကတော့ အတုခိုးလွဲမှာစိုးလို့ အတုခိုးပြောင်း လိုက်ပါဦး ဆိုတာလေးကို သတိပေး တာပါ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အောက်အတုခိုးမှာစိုးလို့ အထက် အတုခိုးပါလို့ ပြောတာ (တင်ပါ ဘုရား)။
အောက်အတုခိုး အောက်ကျမှာပဲ၊ အထက်အတုခိုး မှ လွတ်ရေး ကျွတ်ရေး ဖြစ်မှာပဲ (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှင်ကောဋ္ဌိက ကမေးလိုက်တယ် ရှင်သာရိပုတ္တရာ၊ အရှင်ဘုရား သီလ ဖြူစင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုနှလုံးသွင်းပြီး သကာလ ရှုရမှာလဲ သီလဖြူစင်ပြီးသား ပုဂ္ဂိုလ်များ ဘုရား ဘယ်လို နှလုံးသွင်းပြီးသကာလ “ဘယ်လို ယောနိသောမနသီကာရ” နဲ့ ဘယ်လို ရှုရမှာတုံး ဘုရား။
သီလဖြူစင်တဲ့ပုဂ္ဂိုလ် ဘယ်လိုရှုရမှာတုံး
ဆိုတော့ သူဟာ မောင်ချစ်ဆွေ အဖြေတစ်ခါတည်း ပါတယ်။ သီလဖြူစင်တဲ့ပုဂ္ဂိုလ်ဆိုတာနဲ့ အဖြေပါပြီးသား (တင်ပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါတယ် ဘုရား)၊ ဘယ်လို နှလုံးသွင်းပြီးသကာလ ဘယ်လိုရှုရမှာတုံးဘုရား။
ဆိုတော့ သူသိပြီးသား မေးတာ (မှန်ပါ ဘုရား) သိပြီးသားမေးတာဖြစ်နေတော့ ဟိုကလည်း သိပြီးသား ပုဂ္ဂိုလ်ကပဲ ရှင်သာရိပုတ္တရာက ဖြေရတယ်၊ သီလဖြူစင်တဲ့ ပုဂ္ဂိုလ်ကွာ … တဲ့ သူတို့လက်ရှိ ခန္ဓာကြီး ရှိသားပဲတဲ့ အဲဒီ လက်ရှိ ခန္ဓာကြီး ခုနင်က မနေ့ကပြောခဲ့သလို အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ ဂဏ္ဍတော၊ သလ္လတော၊ အဃတော၊ အာဗာဓတော၊ ပရတော၊ ပလောကတော၊ သုညတော ရှိတယ်ကွ ဒီပါဠိတော်တွေရှိတယ်။
ခန္ဓာမြင်အောင်ကြည့်ပါ
အဲဒီထဲက တစ်ခုခုနဲ့ ဒီခန္ဓာငါးပါး တစ်ပါးပါးကို ခု ပြောခဲ့တဲ့အထဲက တစ်ချက်ချက်နဲ့ ခန္ဓာ မြင်အောင် ခန္ဓာမှာ ဒါပဲရှိလို့ ဒီတစ်ချက်ချက်နဲ့ မြင်အောင် ကြည့်ပါလို့ ဆိုလို့ရှိရင် ဖြင့်တဲ့ ဒီအတိုင်း ကြည့်ကြပါတဲ့ သီလဖြူစင်တဲ့ပုဂ္ဂိုလ် ဒီအတိုင်း ကြည့်ပါ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သီလဖြူစင်တဲ့ပုဂ္ဂိုလ် ခုပြောခဲ့တဲ့ (၁၀)ချက်တစ်ချက် ချက်ကို ကြည့်ရမယ်၊ ကောင်းပြီတဲ့ ကြည့်တော့ ဘာဖြစ် မတုံး၊ အို ကြည့်တော့ကွာတဲ့ ဒီဟာတွေကို ကြည့်လိုက်တဲ့ အခါကျတော့ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန် ရှေးဦးစွာ တည်တယ်ကွဆိုတော့ ရှုမှသိမှာကို (တင်ပါ ဘုရား)။
သောတာပန်တည်မယ်
သီလလည်းဖြူစင်ပြီးသကာလ နှလုံးသွင်းတဲ့ ဒီလို (၁၀)ခုကို တစ်ခုခု နှလုံးသွင်းမှ ခုဟာက သောတာပန်တည် မယ်ပြောတာ (တင်ပါ ဘုရား) သဘောပါပလား (သဘော ပါပါပြီ ဘုရား)။
အဲတော့ကိုတဲ့ ရောဂတော ဒီနေ့ညပြောမယ် (မှန်ပါ ဘုရား) မနေ့ကတော့ ပရတော ပြောခဲ့တယ် (တင်ပါ ဘုရား) သူစိမ်းပြင်ပဖြစ်အောင် ကြည့်စမ်းပါ၊ ရောမရှုလိုက်ပါနဲ့ ဆိုတာ မနေ့က မှာတမ်းတစ်ခု တော်တော်ပဲ လေးလေး နက်နက်ပြောခဲ့တယ်။
ရောဂတောအဖြစ်နဲ့ ခန္ဓာကိုမြင်အောင်ကြည့်
ဒီနေ့တော့ လေးလေးနက်နက်ပဲ ပြောရမှာပဲတဲ့။ ရောဂတော အဖြစ်နဲ့ ခန္ဓာကိုမြင်အောင် ကြည့်စမ်းပါ၊ ရောဂါတွေပါလား၊ ဪရောဂါတွေပါလား ဆိုတဲ့အသွားမျိုး နဲ့ကြည့်စမ်းပါနော် (တင်ပါ ဘုရား)။
ကြည့်လိုက်တဲ့အခါကျတော့ ရောဂါ ဟုတ်မဟုတ်ကို တော့ဖြင့် ကြည့်လိုက်ရင်သိပါတယ်၊ ထိုင်နေရင်း မတ္တနဲ့ပဲ ညောင်းလာတယ်၊ ဟ-ဘာတုံး မောင်ချစ်ဆွေက (ရောဂါပေါ့ ဘုရား။)
ခန္ဓာကပြတာ (ပြပါတယ်ဘုရားခန္ဓာက) ရောဂတော သူရောဂါရှိလို့ ထလာတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဘယ်သူက ပြောတုံးလို့ မေးတဲ့အခါကျတော့ ရောဂ တော သီလဖြူစင်ပြီး နှလုံးသွင်း အဲဒီလို မှန်အောင် မှန်မှန် လေး နှလုံးသွင်းလိုက်တဲ့အခါကျတော့ ခန္ဓာက ကျုပ်ဟာ ရောဂါဗျ၊ တစ်ကိုယ်လုံး ရောဂါတုံး ရောဂါခဲကြီးဗျ၊ ဒါ ခန္ဓာ က ပြောနေတာ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ရောဂါပါလားလို့ရှုပါ
ဘယ်သူက ပြောပါလိမ့် (ခန္ဓာက ပြောတာပါ ဘုရား) အလကားနေ နဖူးပေါ်လက်တင် မှိုင်နေဖို့မလိုဘူးတဲ့၊ ဟိုက ရောဂါပြောလို့ရှိရင်လဲ ရောဂါပါလားလို့ ရှုလိုက် (တင်ပါ ဘုရား) ရောဂါပါလားလို့ ရှုလိုက်တော့ ဒါ ဒုက္ခသစ္စာ ရှုနေတာ ဒုက္ခသစ္စာလို့သာ ဆိုင်းဘုတ် မဆွဲတာ (တင်ပါ ဘုရား) ဒုက္ခ သစ္စာမြင်တာ (မှန်ပါ ဘုရား) သဘောပါပလား (သဘောပါ ပါပြီ ဘုရား)။
ခန္ဓာထဲက ယားလာလို့ရှိရင်လည်း ဘာမြင်တာတုံး၊ (ဒုက္ခသစ္စာမြင်တာပါ ဘုရား) ရောဂါမြင်တာ ရောဂါဘာသစ္စာ တုံးမေးလိုက်တဲ့အခါကျတော့ (ဒုက္ခသစ္စာပါ ဘုရား)။
အဲတော့ အစ်မတို့မှာ ဟိုစောင်းလိုက်၊ ဒီရွဲ့လိုက် ခန္ဓာ က ကြီးတော့ ဟိုပြင်လိုက်၊ ဒီပြင်လိုက် ဟ ဘာဖြစ်နေတုံး (ရောဂါ ထနေပါတယ် ဘုရား)။
ရောဂါထနေတယ်လို့သိအောင်လုပ်ပါ
အဲဒီ ရောဂါထနေတောကြီး ရောဂါထနေတယ်လို့ သိအောင်လုပ်ပါ (တင်ပါ ဘုရား) ဒီ ရောဂါထနေတယ်လို့ သိနေလို့ရှိရင်ဖြင့် ဒါ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ နဂိုရှိလို့ နဂိုင်း ထွက်လာတာ ဒုက္ခသစ္စာမို့ ကျုပ်ဟာ ဒုက္ခသစ္စာလို့ ပြောတာ ပဲ၊ ရောဂတောဆိုတော့ ဒုက္ခပြောတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲတော့ကိုတဲ့ အားနေချိန်ကလေးများရှိသလားဆို တော့ စောင်းလိုက်ရတာနဲ့၊ ငဲ့လိုက်ရတာနဲ့၊ ဆာလိုက်ရတာနဲ့၊ ဟိုဟာလေး စားချင်လိုက်တာနဲ့၊ ဒီဟာလေး စားပြီးအန်ထုတ် ရတာနဲ့ ဘာဖြစ်နေ ကြတာလဲ (ရောဂါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မယုံလို့ရှိရင် နှစ်ကုဋေငါးသောင်းသော ဆံပင်တွေ တစ်ပင် တစ်ပင်ဆွဲကြည့် တစ်နေရာမှာ တစ်ရောဂါ ရှိတယ်၊ တစ်ပင်တစ်ပင်ဆွဲကြည့် စုနေတဲ့ ရောဂါတွေပါတယ်။ နာတဲ့ ရောဂါတွေ ပါပါလာတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါကြောင့် ခေါင်းတစ်ခုလုံးမှာ ဘာတွေစုနေတုံး မေးရင် (ရောဂါတွေစုနေတယ်) ကိုယ်ထဲမှာ ကိုးသိန်း ကိုးသောင်းသော အမွှေးတွေ အစ်မ တစ်ပင်စီ ဆွဲနှုတ်ကြည့်စမ်း ဘာတွေပြမယ်ထင်တုံး (အနာတွေပြမယ် ဘုရား) အနာတွေ ပြတယ်ဆိုတော့ ရောဂါတွေပြနေတာ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ဘယ်သူကထည့် ပေးတဲ့ရောဂါတုံး သူ့အထဲ ရှိပြီးသားလား လို့သာ ဒို့ကကြည့်ဖို့ လိုတော့တယ် (တင်ပါ ဘုရား)။
ကြည့်လိုက်တော့ ဘာတွေတွေ့တုံး (ရောဂါတွေ့ပါ တယ် ဘုရား) အဲဒါတွေ့လို့ရှိရင် မင်းတို့က ဒုက္ခသစ္စာတွေ့တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါတွေ့ရင်ဒုက္ခသစ္စာတွေ့တာ
ရောဂါတွေ့ရင်(ဒုက္ခသစ္စာတွေ့တာပါ ဘုရား)၊ ဒုက္ခ သစ္စာလို့မမြင်ချင်နေပါ၊ ဪ ဒီဥစ္စာ ရောဂတော ပါလား၊ ရောဂါတွေလားလို့ ရောဂါတွေပါလားလို့ ဆိုပြီးသကာလ ကြည့်နေနော်။
ကြည့်နေတော့ ရောဂါက ဒုက္ခသစ္စာ၊ ကြည့်နေတာက မဂ္ဂသစ္စာ သွားဖြစ်တယ် (တင်ပါ ဘုရား)။ မဖြစ်ပါနဲ့ ဆိုလို့ ရသေးလား၊ အဲတော့ မကြည့်လို့ရှိရင်လည်း ရောဂါက ဒုက္ခ၊ နောက်က ဒေါမနဿ လိုက်တယ်၊ မကြည့်ရင် (လိုက်ပါတယ် ဘုရား)။
ဒုက္ခနောက်က ဒေါမနဿလိုက်လာပြီ၊ သောက ပရိဒေဝတွေ လိုက်ပြီးသကာလ၊ ငါဒီတောင်မှ တက်နိုင်ပါတော့မလား ဆိုတဲ့ အသွားတွေက မောင်ချစ်ဆွေ လာပြီကွ (မှန်ပါ ဘုရား) ရောဂတော မကြည့်လို့ (တင်ပါ ဘုရား) ဒါ အားနည်းနေတယ်။
အသက်အရွယ်တွေကလည်း ထောက်လာတဲ့အခါ ဒီတောင်မှ တက်နိုင်ပါ့မလား အစရှိသည်နဲ့ ရောဂတော ဉာဏ်နဲ့ မကြည့်ပဲနဲ့ တစ်ခါတည်း ရောဂါနောက်က နေပြီး သကာလ ဒေါမနဿ သောက ပရိဒေဝ တွေသာ သူလိုက်နေ တယ် သဘောပါပလား (သဘောပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာမြင်တာလား ဒုက္ခနောက်က ဒေါမနဿ လိုက်တာလားလို့မေးရင် အစ်မက ဖြေစမ်းပါ (ဒုက္ခနောက်က ဒေါမနဿလိုက်တာပါ ဘုရား)၊ ဒုက္ခ သစ္စာ နောက်က ဒေါမနဿ လိုက်နေမယ်ဆို တစ်ကိုယ်လုံးတွယ် လိုက်ရုံပဲ (တင်ပါ ဘုရား)။
ရောဂါလာရင် မင်းတို့ကအပါယ်ကျတယ်
ခြွင်းချက်မရှိဘူး ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား) တစ်ကိုယ်လုံး တွယ်လိုက်ရုံပဲ (တင်ပါ့ ဘုရား) ဆံပင်လေးဖြူ လာလဲ လိုက်ရုံပဲ၊ ထမင်းဆာလာလဲ (လိုက်ရုံပါပဲ ဘုရား)။
လိုက်ရမှာပဲတဲ့ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင်လဲ လိုက်ရမှာပဲ၊ မင်းတို့ဟာက ဘယ့်နှယ့် ဖြစ်နေတုံး ဆိုတော့ ကျင်ကြီး စွန့်ချင်လဲ အင်း တစ်ခါတည်း အနားရှိတဲ့ ပုဂ္ဂိုလ်တွေ စိတ်ဆိုး၊ အလုပ်ပျက်၊ အကိုင်ပျက်၊ ရောဂါလာရင် မင်းတို့က အပါယ်ကျပြီ သဘောပါပလား (သဘောပါပြီ ဘုရား)။
ရောဂါလာရင် (အပါယ်ကျပါပြီ ဘုရား) ဘုရား ကလည်း ရှင်သာရိပုတ္တရာက ဒီခန္ဓာကိုယ်ကြီး ဒီလိုကြည့်လို့ ရှိရင် သောတာပတ္တိမဂ် ရတယ်ကွ၊ သူက သောတာပတ္တိမဂ် ရတယ်တဲ့ (တင်ပါ ဘုရား)။
ခင်ဗျားတို့က ဒယ်အိုး ရနေတယ်ဆိုတော့ ဒါ ဘယ့်နှယ်တုံးကွ၊ ခြားနားနေပါလား (တင်ပါ ဘုရား) သဘော ကျပလား (သဘောကျပါပြီ ဘုရား)။
ဒါဖြင့် ရောဂတော ဆိုတာက ဘယ်သူ့ဆိုတာပါလိမ့် မတုံးဆိုတော့ တစ်ကိုယ်လုံးမှာ ရောဂါတွေ ရှိနေလို့ ရောဂါတော ဆိုတာလို့ မောင်ချစ်ဆွေက မှတ်ရမယ် (မှန်လှပါ ဘုရား)။
ရောဂတောပါလားလို့ဉာဏ်နဲ့ကြည့်
ယားလာတိုင်း လာတိုင်း ရောဂတောပါလားလို့ ဉာဏ်နဲ့ကြည့်နေ ဒါတွေရောဂါပါလား၊ ဒါလည်းရောဂါ… ဆိုပြီး သကာလ အစ်မ ဒီလိုကြည့်နေတော့ ရောဂါရယ်၊ ရောဂါ သိတာရယ် နှစ်ချက် သွားနေတယ် (တင်ပါ ဘုရား)။
နှစ်ချက်သွားတော့ ဒုက္ခ ဒေါမနဿလိုက်သေးရဲ့ လား မလိုက်တော့ပါဘူး၊ မလိုက်တော့ဘူး၊ ဒါဖြင့် ရောဂါကို သိငြားသော်လည်းတဲ့ ရောဂါ မသိတဲ့ပုဂ္ဂိုလ်ကတော့ကို ဒီခန္ဓာကိုယ် ကြီးက ပင်ကိုက ရောဂါ ဒုက္ခသစ္စာလို့ မသိတဲ့ ပုဂ္ဂိုလ်ကျတော့ကို သောကပရိဒေဝတွေ အကုန်လာတော့တာပဲ (တင်ပါ ဘုရား)။
သူများဖြစ်လဲ ကိုယ်ကလာတယ်၊ ကိုယ်ဖြစ်လည်း လာတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အပါယ်လိုင်စင်ခံထားသလို
သူများဖြစ်လည်း (ရောက်လာတာပါပဲ ဘုရား) ကိုယ် ဖြစ်လည်း (သူရောက်လာတာပါပဲ ဘုရား) သူလာတာပဲ ဆိုတော့ မင်းတို့ဥစ္စာက အပါယ်လိုင်စင်ခံ licenceထားသလို ဖြစ်နေ တယ်။ သူများဖြစ်လည်း ငါအပါယ်သွားမယ်၊ ငါဖြစ်လည်း ငါသွားမယ်၊ ဒီလို လိုင်စင်ယူထားတာနဲ့ သိပ်တူတယ်(တင်ပါ ဘုရား) မတူဘူးလား (တူပါတယ် ဘုရား)။
အဲတော့ ငါ့ဥစ္စာက ကိုယ်တိုင်မသိလို့ အပါယ်ရောက် ရတာနဲ့တစ်မျိုး၊ လောကွတ် ချော်မှုကြောင့် အပါယ်ရောက်ရတာ တစ်မျိုး ပေါ်ပလားကွ (ပေါ်ပါတယ် ဘုရား)။
လောကွတ်ချော်မှုကြောင့် အပါယ်ကျရတာ
ကိုယ်တိုင်မသိလို့ (အပါယ်ရောက်ရတာတစ်မျိုးပါ ဘုရား) လောကွတ်ချော်မှုကြောင့် (အပါယ်ကျ ရတာတစ်မျိုးပါ ဘုရား) အဲတော့ လောကွတ်ချော်မှုကြောင့် အပါယ်ကျတာ သာနာတယ် (တင်ပါ ဘုရား)။
ဘယ်ဟာတုံးကွ (လောကွတ်ချော်ပြီးတော့ အပါယ် ကျရတာ ပိုပြီးနာပါတယ် ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။
အဲတော့ မင်းတို့ကလည်း ဖြစ်ချင်းဖြစ် ကိုယ်ပဲဖြစ်ပါ တော့၊ အောင်မာ – လောကွတ် ချော်လိုက်တာ၊ ဘာပြောတာ တုံးကွ ကိုယ်ဖြစ်တာလည်း သူမသိဘူးတဲ့၊ မသိဘူးပြောလိုက်တာပဲ (မှန်ပါ ဘုရား)။
ဟိုကလည်း ရောဂါတွေနဲ့ ဖြစ်ချင်းဖြစ် ကိုယ်သာဖြစ် ချင်ပါတယ်၊ သူတို့ဖြစ်တာကို ကျုပ် မကြည့်နိုင်ပါဘူး၊ ဘာဖြစ် လို့တုံး ဆူလွန်းလို့ ရှုပ်လွန်းလို့ စိတ်မချမ်းသာ လွန်းလို့ ကိုယ် ကတော့ ခြောက်ပြစ်ကင်း ဖြစ်နေတာ (မှန်ပါ) ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါနဲ့ အဲဒီလောကွတ်တွေဟာလည်း ခုဟာက သူ့ ခြောက်ပြစ်ကင်းလို့ လောကွတ် လုပ်တာလား၊ သူ့ရောဂါကို သူမမြင်လို့ လောကွတ် လုပ်ရဲတာလားဆိုတာလည်း မင်းတို့ နှစ်ယောက် စလုံး တွေးပါ (ရောဂါကို သူမမြင်လို့ လောကွတ် လုပ်ရဲတာပါ ဘုရား)။
သူ့ရောဂါသူမမြင်လို့ လောကွတ်လုပ်တာ
သူ့ရောဂါ သူမမြင်တာနဲ့ လောကွတ်လုပ်တာ (တင်ပါ ဘုရား) သူ့ရောဂါ သူမမြင်လို့ လောကွတ် လုပ်တော့ ကို လောကွတ် အပြုခံရတဲ့ ပုဂ္ဂိုလ်ကလည်း ဟုတ်ရှာလိမ့်မယ် လို့ လိုက်သေးလားကွ၊ ဟုတ်ရှာလိမ့်မယ်လို့ လိုက်လို့ရှိရင် – သူကလည်း တစ်မျိုးရူးတာပဲ (တင်ပါ ဘုရား)။ သူ့ရောဂါ သူမသိဘူး ဟုတ်လား၊ ဟိုဘက်သာ ငဲ့သွားတယ် သူ့ရောဂါ သည် မဂ်နဲ့ မဖြတ်တော့ဘူး၊ သဘောကျပလား (သဘောကျ ပါပြီ ဘုရား)။
ဟိုဘက်ကျတော့ ဪ ခင်ရှာတယ်၊ မင်ရှာတယ် ကြင်နာရှာတယ် ဆိုပြီး တဏှာ၊ ဥပါဒါန်၊ ကံ လုပ်ချလိုက်တာ လောကွတ်ချော်ခံရတဲ့ ပုဂ္ဂိုလ်က လောကွတ်ချော်တဲ့ ပုဂ္ဂိုလ် ကတော့ ဒုက္ခ ဒေါမနဿနဲ့ အပါယ်သွားတယ် (တင်ပါ ဘုရား)။
ဒါဖြင့် လောကွတ်ချော်တဲ့ပုဂ္ဂိုလ်က အပါယ်သွား၊ – လောကွတ် အချော်ခံရတဲ့ပုဂ္ဂိုလ်က ပြိတ္တာသွား၊ ရိပ်မိပလား (တင်ပါ ဘုရား)၊ ဘယ်သူများ အမျှဝေလို့ ရမယ်ထင်ကြတုံး၊ (မည်သူမှ ရမှာမဟုတ်ပါဘူး ဘုရား)။
မျောက်နှစ်ကောင်ရန်ဖြစ်သလို
အဲဒါ မင်းတို့က ဘယ့်နှယ်ဖြစ်နေတုံး မေးတော့၊ ဆရာသမား အမှန်အကန်နဲ့ အရင်းကျကျ ပြောတော့၊ ငါပြော နေကျ အတိုင်းကွ၊ သစ်ပင်ပေါ် မျောက်နှစ်ကောင် ရန်ဖြစ် သလို ဖြစ်နေတယ်၊ အကုန်သစ်ကိုင်းနဲ့ လွတ်ကုန်တယ် ဒေါသကြောင့် ခြေကလည်း မကိုင်နိုင်ဘူး၊ လက်ကလည်း မကိုင်နိုင်တော့ နှစ်ယောက်စလုံး အောက်ကျတယ် ဘယ်သူ သက်သာတုံး (မည်သူမှ မသက်သာ ပါဘူး ဘုရား)။
အဲတော့ မသက်သာတဲ့နည်းဟာ လိုက်ဖို့မလိုဘူး (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား) ဘယ်လိုမှတ်ကြမတုံး (မသက်သာတဲ့နည်း လိုက်ဖို့မလိုပါ ဘုရား) မသက်သာတဲ့နည်း ဆိုတာကွ (တင်ပါ ဘုရား)။
မသက်သာတဲ့နည်းကို လိုက်ဖို့မလိုဘူးဆိုတဲ့ဥစ္စာ ဟိုကပြောတာလည်း ကိုယ်ကရမ်းမယုံနဲ့၊ ကိုယ်ကလည်း ယုံ ပြစ်လည်းသင့်တယ်၊ ဟိုကပြောပြစ်သင့်တယ် (တင်ပါ ဘုရား) ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား) ရောဂတောတော့ ဒီနေ့ဆုံး မှာ မဟုတ်ပါဘူး၊ ဒီလိုပဲရှိတယ် အစ်မရဲ့ မဖွင့်လို့ရှိရင် သိကို မသိဘူး။
ဖွင့်မပြောလို့ရှိရင်လေ ဟိုလောကွတ်သမားကလည်း သူ့ရောဂါ သူမမြင်လို့ လောကွတ် လုပ်တာကွ၊ (တင်ပါ ဘုရား) ဟုတ်လား၊ ဒီကလည်း ကိုယ့်ရောဂါကိုယ်တော့ သိတော့ သိပါရဲ့ ဟိုဘက်အင့်က များသွားတယ် (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဪ- ခင်ရှာတယ်၊ မင်ရှာတယ်၊ စိုးရိမ်ရှာတယ်၊ ကြောင့်ကြရှာတယ်၊ ရှာဘက်လှည့် သွားတယ်။ မလှည့်ဘူး လား (တင်ပါ ဘုရား)၊ အဲဒီလှည့်တဲ့အခါကျတော့ကို မသိလို့ လောကွတ် ရှာတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်သွားတယ် (တင်ပါ ဘုရား)။
သစ္စာမသိတဲ့အပြစ်သင့်ပြီ
သိလို့လက်ခံတဲ့ပုဂ္ဂိုလ်က ပြိတ္တာသွားဆိုတော့ ဒါဟာ ဘာဖြစ်လို့တုံးဆိုတော့ သစ္စာပြတာကို သစ္စာမသိတဲ့အပြစ်နဲ့ သွားရတာ (တင်ပါ ဘုရား) ခန္ဓာက သစ္စာပြတာ (တင်ပါ ဘုရား) သဘော ပါပလား (သဘောပါပါပြီ ဘုရား)။
ဟိုက နှစ်ယောက်စလုံး မသိဖြစ်သင့်ပြီး အပါယ် ရောက်သွားကြတာ၊ ဘာတုံး (နှစ်ယောက် စလုံး မသိဖြစ်သင့် ပြီး အပါယ်ရောက်တာပါ ဘုရား) အဲဒါ မင်းတို့ကပါ အတုခိုး တယ်၊ ဘယ်လို အတုခိုးမလဲ၊ ဟိုဘက်အိမ်က လင်မယားက တယ်ယုယတာပဲ၊ တစ်ယောက် တစ်ယောက်ဟာ ကြင်ကြင်နာနာ တယ်ရှိတယ်၊ လာသေးတာ အစ်မ ဒီလိုဟာတွေက တစ်ပုံကြီးဗျ မများဘူးလားကဲ။
(တပည့်တော်တို့ ကိုယ်တိုင်က ဒါ ဂုဏ်ယူပါတယ် ဘုရား) အေး-ဂုဏ်ယူတာကလည်း အောက်ခြေကော အထက်ကော လွတ်ပြီကွ (မှန်ပါ ဘုရား)။
အောက်ခြေတင်မကဘူး၊ အောက်ခြေတွေက မလွတ်လို့ရှိရင် ဒီမျောက်အပေါ် နေဦးမှာ၊ ခုတော့ အောက် ခြေကော အထက်ကော လွတ်နေတယ် (လွတ်နေပါ တယ် ဘုရား)။ လွတ်နေတော့ လူကျချင်လို့ အဓိပ္ပါယ်ရောက် ပါတယ်တဲ့ ဒီဥစ္စာက ရောဂတော တစ်လုံးကို မပိုင်ကြတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။
သောတာပန်တည်စေဖို့ဟောတာ
ဘာမပိုင်တာတုံး (ရောဂတော တစ်လုံးကို မပိုင်လို့ပါ ဘုရား)။ ရှင်သာရိပုတ္တရာက အခု ဒါဟာ သူတို့အတွက် ပြောတဲ့ ရောဂတောလားတဲ့၊ နောင်လာနောက်သားများ ဒီရောဂတော ကြည့်ပြီး သောတာပန် တည်ပါစေတော့လို့ ဟော တာလားဆိုတာလဲ အကဲခတ်ပါဦး (နောင်လာနောက်သား အတွက် သောတာပန်တည်ဖို့ ဟောတဲ့တရားပါ ဘုရား) နောက်ခြေရှေ့ခြေလွတ်ဖို့ ဟုတ်ကဲ့လား ပေါ်ပလားကွ။
ဒီတရားဟာ အစ်မ သေသေချာချာ စစ်ပြီးထုတ် တော့မှ ကိုယ့်အမှားတွေဟာ သိပ်ကြီးနေတာ (တင်ပါ ဘုရား) မကြီးဘူးလား (ကြီးပါတယ် ဘုရား) ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ် ကလည်း အမှားကြီး တာပဲ၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကကော (အမှားကြီးပါတယ် ဘုရား) အမှားကြီးတာပဲတဲ့။
အမှန်ရဖို့ဆုံးမနေတာ
ဒီလမ်းဟာ မှားနေပြီကွ၊ မှားလို့ပဲ ချုံပိတ်ပေါင်းတွေနဲ့ ရှုပ်နေပြီ၊ ရှေ့တိုးလို့တော့ဖြင့် ရဖို့မြင်သေးရဲ့ လား (မမြင်ပါ ဘုရား) မင်းတို့ ဒီလမ်းက ပြန်ဆုတ်ပေါ့။ မင်းဟာ ဒီလမ်းသွား လို့ မတော်ပါဘူး အစပျောက်ပြီ (တင်ပါ ဘုရား) ဆုတ်ရမှာပဲ၊ ပြန်ဆုတ်မှရမယ် (တင်ပါ ဘုရား) နဂိုက မသိမှားကို ဟုတ်ဘူးလား၊ ခုတော့ မှားမှန်းတော့ ဘယ်နဲ့နေကြတုံး (သိပါပြီ ဘုရား)။
သိတော့ ဘယ့်နှယ့်လုပ်မတုံး (နောက်ပြန်ဆုတ်ရ မယ် ဘုရား) နောက်ပြန်ဆုတ်ရမှာ၊ မင်းတို့ ဒါအမှန်ရဖို့ ဆုံးမနေတာ လွယ်တာမဟုတ်ဘူး (တင်ပါ ဘုရား) ဒီဥစ္စာက။
ကဲ ဒါဖြင့် ဒီရောဂတော တစ်လုံးကို မပိုင်လို့ရှိရင်ဖြင့် လောကွတ်ချော်မှုလည်း လက်စသတ်မှာ မဟုတ်ဘူး (မှန်လှပါ ဘုရား) ဟုတ်ဘူးလား (တင်ပါ) လောကွတ်လက်ခံမှုကော (လက်စ မသတ်ပါဘူး ဘုရား) အဲတော့ ဘယ်သူကောင်းတုံး လို့ မေး ဘယ့်နှယ်ဖြေကြတုံး(ဘယ်သူမှ မကောင်းပါဘူး ဘုရား) ဒါ ရောဂတော တစ်လုံးလှမ်းပြီး ပိုင်လိုက်တာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂတော တစ်လုံးကို (နှစ်ဦးစလုံးမပိုင်တာပါ ဘုရား) လောကွတ်ချော်တဲ့ပုဂ္ဂိုလ်လည်း မပိုင်ဘူး၊ လောကွတ် လက်ခံတဲ့ပုဂ္ဂိုလ်ကလည်း (မပိုင်ပါ ဘုရား)၊ သိပ်ကြောက်စရာ ကောင်းပါလား ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။
ရောဂါမှန်းသိမှ ရောဂါဆုံးမယ်
ကဲ ဒါဖြင့် နောက်ကျတော့၊ ကိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီရောဂါကို ရောဂါမှန်း သိမှ ရောဂါ မုန်းမှ ရောဂါဆုံးတယ်၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။
အဲတော့ ရောဂါပျောက်ချင်လို့ရှိရင်ဖြင့် ရောဂါမှန်း သိမှ ရောဂါမုန်းမှာကို၊ ရောဂါမုန်းမှ ရောဂါပျောက်မှာ (တင်ပါ ဘုရား)၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား) ရောဂါ မေးရုံနဲ့ ပျောက်တာ မဟုတ်ဘူး၊ လောကွတ်ချော်လို့ မပျောက်ဘူး၊ လက်ခံနေလို့လည်း (မပျောက်ပါ ဘုရား) ဘယ့်နှယ် လုပ်မတုံး ဒါဖြင့် (ပျောက်အောင်တော့ လုပ်ရမှာပါ ဘုရား)။
ရောဂါပျောက်ချင်ဆုံးအောင်လိုက်
ရောဂါမှန်းသိအောင်လုပ်ရမယ်၊ ပြီးတော့မှ ရောဂါ မုန်းအောင်လုပ်ရပြီးတော့ ရောဂါဆုံးအောင် (လုပ်ရမယ် ဘုရား)၊ အဲတော့ ရောဂါပျောက်ချင် ဆုံးအောင်လိုက် ဟုတ်ဘူးလား (တင်ပါ ဘုရား)။
လောကွတ်ချော်လို့ မပျောက်လို့ပြောနေပါတယ် (မှန်ပါ) လောကွတ်လက်ခံလို့မပြီးလို့ ပြောနေပါတယ် ပေါ်ပလားကွ၊ ဒါဖြင့် ရောဂါဆုံးအောင် လိုက်ရမယ်ဆိုတဲ့ ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေချာ ဟောပါတယ်တဲ့။ ဒီရောဂတော ဆိုတဲ့ဥစ္စာကွာတဲ့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက “ခေမံ”လို့ ဟောပါတယ်နော် (တင်ပါ ဘုရား)။
ဘေးမရှိတော့ဘူး
“အသောကံ ဝိရဇံ ခေမံ” လို့ မလာဘူးလား (လာပါတယ် ဘုရား) ခေမံ ဆိုတာ ရောဂါမရှိတာ (တင်ပါ) ခေမံ ကော ဖြစ်သွားတယ် ဘေးမရှိတော့ဘူး၊ ရောဂါက ဘေးကို (တင်ပါ)။
အဲတော့ ရောဂါဆုံးအောင်လိုက်ရင် ရောဂါမရှိဘူး ကွ (တင်ပါ ဘုရား) ရောဂါဆုံးအောင် မလိုက်ဘဲနဲ့ နေကြလို့ရှိရင်ဖြင့် လောကွတ်ချော်မှုရယ်၊ လက်ခံမှုရယ် နှစ်ပြစ်သင့် တယ် (တင်ပါ ဘုရား)။
သဘောကျပလား (သဘောကျပါပြီ ဘု ရား)၊ လောကွတ်ချော်မှုရယ် (လက်ခံမှုရယ် နှစ်ပြစ် သင့်ပါတယ် ဘုရား) နောက်တော့ ဒီလိုလုပ်ကြ မင်းက ပြောမယ့်ကြံလို့ ရှိရင် အို ကျုပ်တို့ ဒါသိထားပြီ၊ မင်းဘယ့်နှယ်နေတုံး လာမေး ရင် တော်တော့၊ ဟိုကလောကွတ်ချော်ပြလို့ရှိရင် မင်းက ဘယ့်နှယ်တုံး (တော်တော့လို့ ပြောရမှာပါ ဘုရား) တော်တော် လုပ်ရမယ်၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ)။
လူကြီးက လူကြီးပီပီနေပါ
ဒါက ဘာတုံးလို့ဆိုလို့ရှိရင် အောက်ကိုအတု မခိုး အောင်လို့ပြောပါတယ်။ လူကြီးက ကလေးကို အတုခိုးဖို့ မလိုပါဘူး ဟုတ်လား၊ လူကြီးက လူကြီးသုံး လူကြီးနေနဲ့ လူကြီးပီပီနေဖို့ အရေးဟာက ကိုယ်လိမ္မာတဲ့ အရေးပါ (တင်ပါ ဘုရား)။
ဒါဖြင့် အောက်ကို စာနာနေလို့ရှိရင်ဖြင့် မသိတဲ့ ပုဂ္ဂိုလ်စာနာနေလို့ရှိရင် မသိတဲ့လမ်းသွားရမှာ၊ မသိသော ပုဂ္ဂိုလ်တို့၏ သွားရာလမ်း သွားရမယ် (တင်ပါ ဘုရား)။ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား) ကြောက်စရာကြီးပါလားကွ (ကြောက်စရာကြီးပါ ဘုရား)။
ဒါဖြင့် ဒီလိုလုပ်ကွ လောကွတ်ချော်ရင် တော်ပြီ၊ တော်ပြီ လက်မခံနဲ့၊ ဒါသေချာလုပ်ရမှာ အစ်မရဲ့၊ မလုပ် ထိုက်ဘူးလားကဲ၊ (လုပ်ထိုက်ပါတယ် ဘုရား) မင်းကလည်း ဟုတ်ရှာလိမ့်မယ်လို့ လိုက်မနေနဲ့ဦးကွ၊ အစ်မကလည်း ဟုတ် ရှာလိမ့်မယ်လို့ လိုက်မနေနဲ့ (တင်ပါ ဘုရား)။
ဟုတ်ရှာလိမ့်မယ်ဆိုတဲ့ဥစ္စာက ဘာဖြစ်လို့တုံးဆိုရင် ဖြင့်.. တဲ့ မျောက်နှစ်ကောင် ရန်ဖြစ်တဲ့ အဓိပ္ပါယ်ပဲ ပြန် ရောက်နေတယ် အကုန်လုံး အောက်ခြေ အထက်ခြေ လွတ် နေတယ် (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုယ့်ရောဂါ ကိုယ်သိမ်းရမယ်
အောက်ခြေ အထက်ခြေလွတ်နေရင် သေပွဲပဲတွေ့ မယ် နှစ်ကောင်စလုံး လိမ့်ကျမယ် (တင်ပါ ဘုရား)၊ ပေါ် ပလားကွ (ပေါ်ပါပြီ ဘုရား) ဒါဖြင့် သူ့ရောဂါဖြစ်တာ ကိုယ် မကြည့်ချင်ဘူး၊ ကိုယ့်ရောဂါ ဖြစ်တာ သူမကြည့်ချင်လို့ ရှိရင် ကိုယ့်ရောဂါ ကိုယ်သိမ်းမှရတယ် သူများသိမ်းလို့မရဘူး (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
(မိမိရောဂါ မိမိသိမ်းမှရမှာပါ ဘုရား) သူများ လောကွတ်ချော်လို့ (မရပါဘူး ဘုရား) သူများ ပြောတာတွေ လက်ခံပြီး ယုံနေရင်ကော (မဖြစ်ပါဘူး ဘုရား) ပေါ်ပြီကွ၊ ဒီတစ်ခါတော့ ရန်တိုက်တယ်လို့ အောက်မေ့မနေနဲ့နော်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရောဂါမြင်အောင် ကြည့် (တင်ပါ ဘုရား) ရောဂါမြင်အောင်ကြည့်ဆိုတာက ခန္ဓာကိုယ်ထဲ ယားယား နာနာ အောင့်အောင့် ကောင်းကောင်း ကောင်းတာလည်း ရောဂါပဲကွ (မှန်ပါ ဘုရား)။
အိပ်လို့ကောင်းတာရောဂါ
အို- အိပ်လို့ ကောင်းလိုက်တာ ဆိုတာလည်း ရောဂါပဲ အိပ်လို့ကောင်းလိုက်တာလဲ ရောဂါပဲတဲ့၊ ဘာဖြစ်လို့ အိပ်လို့ ကောင်းတာ ရောဂါလို့ဆို ရတုံးဆိုတော့ ထိနမိဒ္ဓကိုကွ (တင်ပါ ဘုရား)။
ထိနမိဒ္ဓဆိုတော့ ကုသိုလ်လား၊ အကုသိုလ်လား (အကုသိုလ်ပါ ဘုရား) အကုသိုလ်ရောဂါကြီး သဘောကျ ပလား (သဘောကျပါပြီ ဘုရား)။
တစ်ကိုယ်လုံးရောဂါတွေစုနေတာ
ကောင်းပြီ ဒါဖြင့် စိတ်ထဲက အားလုံးပေါ်လာသရွေ့ ထူးထူးချွန်ချွန်ပြတာ ဟူသရွေ့ကိုဖြင့် ရောဂါငြိမ်းတယ်လို့ မယူလိုက်ပါနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူကပေါက်ဖွားလာတာတွေဟူသရွေ့ဖြင့် ဘယ် နည်းနဲ့မှ ရွှေငွေ မဟုတ်ဘူး၊ သူက ရောဂါပဲ ထွက်မယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဟိုပြောင်း ဒီပြောင်းဟာ ဘာပါလိမ့်ကွာ(ရောဂါပါ ဘုရား) ရောဂါပဲဆိုတာ ပေါ်ပလား ဟိုဟာတွေ၊ ဒီဟာတွေ ဆောင်ထားတာတွေကော (ရောဂါတွေပါ ဘုရား) ရောဂါ မို့ ဆောင်ထား ရတာတွေ၊ အမျိုးတွေ ဟိုဆွေ ဒီဆွေတွေ ကူညီရတာတွေကော (ရောဂါကြောင့် ကူညီရတာပါ ဘုရား)။
ကဲ ဒါဖြင့် သူရောဂါရှိလို့ ရောဂါနဲ့ဆိုင်ရာတွေ အကုန် ဆောင်ထားရတယ်ဆိုတာ ပေါ်နေတော့ ရောဂတောဟာ သေချာတယ် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ရောဂါပျောက်ချင်ရင်အဆုံးလိုက်ပါ
ဒါဖြင့် ဒီနေ့ တရားမှာ ရောဂါရှိတာသိမှု (၁)နံပါတ်၊ ရောဂါမုန်းအောင် ဉာဏ်လိုက်ဖို့ (၂)နံပါတ်၊ ရောဂါပျောက် ၊ ချင်ရင် အဆုံးလိုက်ပါ (တင်ပါ ဘုရား)။
အဆုံးလိုက်လို့ရှိရင်ဖြင့် သူများ လောကွတ်ချော်တာ နဲ့ ကိုယ်မကျန်းမာဘူး၊ ကိုယ်လက်ခံ နေတော့ ကိုယ်မကျန် မာဘူး၊ ကိုယ့်ဟာကိုယ် သိမ်းမှ ကိုယ်ကျန်းမာမယ် ဆိုတာ ရှင်းသွားပြီ (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)
ဒီလိုရှုနိုင်ရင် သောတာပန်တည်ပါသတဲ့ (တင်ပါ ဘုရား) ရှင် ပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။
———-
သောတာပန်မှ ရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၂)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားဆုံးမတော်မူအပ်သောတရားတော်
သောတာပန်မှ ရဟန္တာဖြစ်သည်အထိ အလုပ်စဉ် (၂)
( ၁၄-၃-၆၂)
ရဟန္တာကြီးနှစ်ပါး အမေးအဖြေလုပ်တယ် ဆိုတာ မနေ့ကလည်း ပြောခဲ့ပါတယ် တဲ့ သူတို့ အရေးလို့ အားလုံး မထင်ကြပါနဲ့ နောင်လာနောက်သားတို့၏ အရေးဆိုတာ ဆုံးဖြတ်ချက်ချပြီး မှတ်ထားရမယ်။
သူတို့အရေး ဘာလိုတော့တုံးတဲ့ သူတို့ ဒီဘဝ စုတေပြီးနောက် ပဋိသန္ဓေမလာတဲ့ ပုဂ္ဂိုလ်တွေပဲ သူတို့ အရေးက ဘာမှမပါဘူးလို့ ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား)။
ဒါဖြင့် ဘယ်သူ့အရေးဆိုမတုံးလို့ မေးတဲ့အခါကျ တော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တို့၏ အရေးဆိုတာကို ဆုံးဖြတ် ချက်ချ။
အလုပ်စဉ်အတိုင်း လုပ်ရမှာ
ဪ် ဒီအရေးသည်ကားလို့ဆိုရင်ဖြင့် နာဖို့ အရေးလား၊ ဒီအလုပ်စဉ်အတိုင်း သွားဖို့ အရေးလား ဆိုတာကိုလည်း ဝေဖန်ကြ (မှန်ပါ ဘုရား)။
ဝေဖန်လိုက်တဲ့ အခါကျလို့ရှိရင် နာဖို့အရေးက တစ်ချီ နာလို့ နားလည်ရင် တစ်ချီနာ၊ နှစ်ချီနာမှ နားလည်ရင် နှစ်ချီနာ၊ သုံးချီနာမှ နားလည်ရင် သုံးချီနာ၊ လုပ်ရမှာ ကတော့ဖြင့်တဲ့၊ နာရုံနဲ့ မပြီးလို့ လုပ်ရမှာကတော့ဖြင့် မီးပွတ်ယောက်ျားကဲ့သို့ မီးမထွက်၊ ထွက်အောင်ပွတ်ရသလို ဒီမှာလည်း ကိလေသာ မခန်းခြောက်၊ ခန်းခြောက်အောင် လုပ်ကြရမှာပဲဆိုတာ မှတ်ကြရမယ် (တင်ပါ ဘုရား)။
တရားကို ဘယ်လိုနှလုံးသွင်းရမှာတုံး
သူဟောတာက နာဖို့ဟောတာလား၊ အလုပ်စဉ်ပေး တာလားဆိုတာ မေးကြည့်တော့မှ
“သီလဝတာ အာဝုသော သာရိပုတ္တဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိကာတဗ္ဗာ”
သီလရှိတဲ့ ပုဂ္ဂိုလ်၊ အရှင်ဘုရားတဲ့ ဘယ်လိုတရား ကို နှလုံးသွင်းမှန်မှန် လုပ်ရမှာတုံးလို့ မေးတော့ နာဖို့ကို မပါဘူး (မပါပါဘူး ဘုရား) နာဖို့ကို မပါဘူး၊ (တင်ပါ ဘုရား)။
သီလရှိတဲ့ပုဂ္ဂိုလ် ခန္ဓာငါးပါးကို နှလုံးသွင်းပါ
“သီလဝတာ အာဝုသော ဘိက္ခု၊ ကတမေ ဓမ္မာ ယောနိသော မနသိကာတဗ္ဗာ” သီလရှိတဲ့ ရဟန်း၊ သီလရှိတဲ့ – ပုဂ္ဂိုလ်များမှာ ဘယ်တရားကို နှလုံးသွင်းရမှာတုံးလို့ ရှင်ကောဋ္ဌိက က မေးတယ်။ မေးတော့ ရှင်သာရိပုတ္တရာက သီလရှိတဲ့ ပုဂ္ဂိုလ် နှလုံးသွင်းရမှာပေါ့လို့ ဆိုသဖြင့် နှလုံးသွင်း ရမယ်လို့ ဟောနေတာ နာပါလို့ ဟောတာ မဟုတ်ဘူး (မှန်ပါ)။
အဲတော့ မင်းက ထပ်ထပ်ပြီး သကာလ နာနေတယ် ထိုင်တော့ မထိုင်ဘူး ဆိုလို့ရှိရင်တော့ ဒီဥစ္စာ ဟင့်-အပ် !
ဟောတဲ့ ပုဂ္ဂိုလ်ကလည်း မေးကြ၊ မြန်းကြတဲ့ ရဟန္တာ နှစ်ပါးကလည်း သီလရှိတဲ့ ပုဂ္ဂိုလ် ဘယ်ကဲ့သို့ နှလုံးသွင်းရမလဲ လို့ မေးတာပဲ (မှန်ပါ) နှလုံးသွင်းဆိုတာ ဘယ်လို – စူးစိုက်ရှုရ မှာတုံး ဆိုတော့ လောကီခန္ဓာငါးပါးရှိတယ်ကွတဲ့
ဥပါဒါန်၏ အာရုံဖြစ်တဲ့ ခန္ဓာငါးပါး၊ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ခန္ဓာငါးပါးကို အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော၊ ဂဏ္ဍတော၊ သလ္လတော၊ အယတော၊ အာဗာဓတော၊ ပရတော၊ ပလောကတော၊ သုညတော၊ အနတ္တတော၊ ဒီထဲကကွာတဲ့ အခုတောတွေ ငါဟောထား ပါတယ်တဲ့။
အားထုတ်နိုင်ရင် သောတာပန်တည်တယ်
ဒီထဲက တစ်ပါးပါးနဲ့ မင်းတို့အားထုတ်နိုင်ကြလို့ရှိရင် နှလုံးသွင်းမှန်ပြီး အားထုတ်နိုင်ကြလို့ရှိရင် သောတာပန် တည်ပါတယ် ဆိုတော့ နှလုံးသွင်းဖို့ ခိုင်းတာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တရားနာဖို့ ဟောပါသလား၊ နှလုံးသွင်းဖို့ ဟောပါသလားဆို ဘယ့်နှယ် ဖြေကြမတုံး (နှလုံးသွင်းဖို့ ဟောပါတယ် ဘုရား)။
နာဖို့မဟုတ်ဘူး နာတာက ပထမတစ်ချီ၊ နှစ်ချီ၊ သုံးချီ။ ဉာဏ်ဖျင်းလို့ရှိရင် သိအောင်နာဖို့ပဲ။
ခန္ဓာကြီးကို ဒီလိုနှလုံးသွင်းပါ
နာရုံပင်နာဖူးတဲ့ အတွက် ဘယ်လိုနှလုံးသွင်းရ မတုံးလို့ မေးတော့၊ ဒီလိုနှလုံးသွင်းလိုက်လို့ သူက ခန္ဓာကိုယ် ရှိတယ်၊ ၎င်းခန္ဓာကြီးကိုဖြင့် နှလုံးသွင်းမှန်မှန်နဲ့ကွာ အနိစ္စလို့ သွင်းသွင်း၊ ဒုက္ခလို့ သွင်းသွင်း၊ အနတ္တသွင်း၊ ရောဂါ လို့သွင်းသွင်း၊ အဃတော ဆင်းရဲတဲ့တရားလို့ပဲ သွင်းသွင်း အဃမူလတော ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တရားလို့ သွင်းသွင်း၊ ပရတောတဲ့ သူစိမ်းပြင်ပလိုပဲ သွင်းလဲရတာပေါ့။
ပျက်စီးတာနဲ့ ကိုက်အောင်၊ ကိုယ်က နှလုံးသွင်းလည်း ပြီးတာပါပဲ။
သုညတောတဲ့ ငါ၊ ငါ့ဥစ္စာမှ ဆိပ်တဲ့တရား ဒီတရားပါ လားလို့ နှလုံးသွင်းနေရင်လည်း ဒါသောတာပန်တည်တာ ပါပဲကွ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အလုပ်လုပ်စေချင်လွန်းလို့ ပြောတာ
ဒါဖြင့် ဒီတရား အစ်မတို့က စဉ်းစားရမယ်၊ ရဟန္တာကြီး နှစ်ပါးသည် နာစေချင်လွန်းလို့ ပြောတာလား၊ လုပ်စေချင်လို့ ပြောတာလားဆိုတာ အကဲခတ်ပါ (လုပ်စေ ချင်လွန်းလို့ ပြောတာ ပါ ဘုရား)။
အဲ လုပ်စေချင်လွန်းလို့ ပြောတဲ့ အဓိပ္ပါယ်ကို ရှင်းမှ သာလျှင်တဲ့ ဒကာ ဒကာမတွေ နာတာက ဓမ္မဿဝန၊ , ဓမ္မတွေ ဓမ္မသာဝန ကုသိုလ်ဖြစ်တယ်နော် (တင်ပါ ဘုရား)။
နာတာက ဓမ္မဿဝန ကုသိုလ်၊ ဓမ္မဿ ကုသိုလ်သာ ဖြစ်တော့ ဒါက ကာမာဝစရ ကုသိုလ်သာ ရှိပါ တယ်တဲ့ လောကုတ္တရာကုသိုလ် မဖြစ်ဘူး (တင်ပါ ဘုရား)။
ကာမထဲ လည်တဲ့ကုသိုလ်
နှလုံးသွင်းလိုက်တဲ့ အခါကျတော့ လောကုတ္တရာ ဘက် ကူးသွားတယ်၊ ဒါဖြင့် ကာမာဝစရနဲ့ လောကုတ္တရာနဲ့ ကာမာဝစရဆိုတာ ကာမထဲ ကျင်လည်တာ ကာမာဝစရ ကုသိုလ်ခေါ်တယ်၊ ကာမမှ ထွက်မြောက် သွားတာက လောကုတ္တရာလို့ ခေါ်တယ်၊ အဲတော့ ကာမကုသိုလ် ကြိုက်သလား၊ ကာမမှ ထွက်မြောက်တာ ကြိုက်သလားလို့ အမေးမေးလို့ရှိရင် မည်သူမဆို ကာမမှ ထွက်မြောက်မှပဲ လောကုတ္တရာရောက်မှာပဲ (တင်ပါ ဘုရား)။
လောကုတ္တရာ အခြေခံကုသိုလ်
အဲတော့ ကာမကုသိုလ်ထဲ မရောက်လို၍ လောကုတ္တရာ အခြေကုသိုလ်ကို လိုက်ပါဆိုတာ လေးစားစွာ နဲ့ တိုက်တွန်းရတယ်၊ သဘောပါပလား (သဘောပါပါပြီ ဘုရား) ကုသိုလ် နှစ်ခုကို ခွဲပြောလိုက်တယ် (တင်ပါ ဘုရား)။
အဲတော့ ပုညကိရိယာ ဝတ္ထု (၁၀) ပါးဆိုတာ ရှိတယ် ဒါန သီလ ဘာဝနာ၊ သူက ဓမ္မသာဝန ကုသိုလ် ဆိုတဲ့ဥစ္စာ၊ ဒါန သီလ ဘာဝနာထဲမှာ သွင်းလိုက်တဲ့ အခါကျလို့ရှိရင် သူက ဘာဝနာထဲ မပါဘူး (တင်ပါ ဘုရား) မပါပါဘူးတဲ့။
မပါတော့ ဘာဝနာ ဖြစ်မှသာလျှင်လည်း ဘာဝေတဗ္ဗ ကိစ္စ၊ ဘာဝေတဗ္ဗ ကိစ္စရှိမှ ပဟာတဗ္ဗ ကိစ္စဘက် လှည့်တယ် (တင်ပါ)။
ပွားများမှုရှိမှ ပယ်ရှိမယ်
ပွားများမှု ရှိမှသာလျှင် ပယ်မှုကိစ္စဘက် လှည့်တယ်၊ ပယ်မှုကိစ္စရှိမှသာလျှင် ဒဿနကိစ္စ ဆိုတာ ပယ်လိုက်မှ မြင်လာ တယ်၊ ရှေ့မှာ ကွယ်နေတာကြီး ပယ်လိုက်လို့ မြင်လာရင် အဲဒါ ဒဿန ကိစ္စလာတာပဲ (မှန်ပါ)။
ဒါ့ကြောင့် ပွားများမှုရှိမှ ပယ်မှုလာတယ်၊ ပယ်မှုလာမှ မြင့်မှုဖြစ်တယ်၊ မြင်မှုဖြစ်မှသာလျှင် သောတာပန် တည်နိုင်တယ် ဆိုတာ မှတ်ပြီးသကာလ မသိရင်နာ၊ သိအောင်နာပြီးလို့ ရှိရင်ဖြင့် ဒီလိုအလုပ် လုပ်ရမှာပဲဆိုတာ အသေအချာ မှတ်ပါ (တင်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သောတာပန်တည်တယ်
အဲ-ဒါဖြင့် အခုပြောခဲ့တဲ့ တောတွေ (၁၀) ပါး လောက် ဟောထားတဲ့ အထဲက တစ်ပါးပါးနဲ့ ကြိုးစားရင် သောတာပန် တည်တယ်ဆိုတာကို မနေ့က နိဂုံးချုပ်ခဲ့တယ် (တင်ပါ ဘုရား)။
ဒီနေ့ ရှေ့ဆက်မယ်တဲ့ ရှင်ကောဋ္ဌိက က ဆက်မေး တယ်၊ အရှင်ဘုရားတဲ့ ကဲ သောတာပန် တည်ပါပြီတဲ့ သီလ ရှိတဲ့ ပုဂ္ဂိုလ်များ၊ ခုနင်က ပြောခဲ့တဲ့ အနိစ္စတောတွေ အစရှိသည်နဲ့ အားထုတ် လိုက်တော့ သောတာပန် တည် သွားတော့၊ သကဒါဂါမ် တည်ချင်တော့ အလုပ်ပြောင်းလုပ် ရမှာလား သို့မဟုတ် ဘာတုံး၊ သူမေးလာတယ် (တင်ပါ ဘုရား)။
သကဒါဂါမ် ဖြစ်ချင်ပြီဗျတဲ့၊ သူ သောတာပန်နဲ့ မကျေနပ်ဘူးတဲ့၊ မကျေနပ်တော့ သကဒါဂါမ် ဖြစ်ချင်တဲ့ ပုဂ္ဂိုလ် ကတော့ အခုပြောခဲ့တဲ့ (၁၀) ပါးသော တောပဲလား၊ သို့မဟုတ် တခြားသော တရားများ ရွှေ့ပြောင်းပြီးသကာလ အားထုတ်ရ ဦးမှာလားဆိုတာ သူမေးတယ်။
နောင်လာနောက်သားများအတွက်
အဲတော့ အစ်မတို့က စဉ်းစား မောင်ချစ်ဆွေတို့က စဉ်းစား၊ ဪ -ဒီကိုယ်တော် မေးပုံ ကြည့်ရတာ နောင်လာ နောက်သားအတွက် သက်သက်ပဲ (တင်ပါ ဘုရား) သေချာ သွားပြီ (သေချာသွားပါပြီ ဘုရား)။
နောင်လာနောက်သား အတွက် သက်သက်ပဲဆိုက နောင်လာနောက်သားများမှာ ဪ သောတာပန် တည်ပြီး၊ သကဒါဂါမ် အလုပ်ကတော့ဖြင့် ဘယ်လိုများ လုပ်ရမှာတုံး ဆိုတဲ့ သံသယ တွေက ရှိချင်ရှိကြလိမ့်မယ် (ရှိပါတယ် ဘုရား)။
သကဒါဂါမ်ဖြစ်ချင်ရင် ဒါကိုဆက်အားထုတ်
ရှိကြတဲ့ အခါကျတော့ကိုတဲ့ ဒီလိုပါကွ တဲ့ မင်းခုနင်က ပြောတဲ့အတိုင်း တစ်ခါတည်း ခန္ဓာငါးပါးကို အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ သုညတော ဆိုတဲ့ ဒါကို ဆက်အားထုတ်ကွ၊ လာပြန်ပြီ၊ (တင်ပါ ဘုရား) ဒါပဲ ဆက်အားထုတ်တဲ့ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
သကဒါဂါမ်တည်ချင်ရင် ဒီလမ်းလိုက်ရုံပဲ
ဒါပဲ ဆက်အားထုတ်တဲ့ ဒါပဲ ဆက်အားထုတ် လို့ရှိရင်ကွာတဲ့ ဒီဥစ္စာကို ယထာဘူတဉာဏ်နဲ့ ဟုတ်တိုင်း မှန်စွာ သိ။ နိန္ဒဉာဏ်နဲ့ ငြီးငွေ့၊ သစ္စာဉာဏ်တွေနဲ့ သစ္စာသိသွားလို့ ရှိရင် သကဒါဂါမ်တည်ဖို့ ဒီလမ်းလိုက်ရုံပါပဲ (တင်ပါ ဘုရား) တရား အခြားမရှိပါဘူး။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သောတာပန်တည်ဖို့လည်း ဒီအနိစ္စတော၊ ဒုက္ခတော စသည်ပဲ ဟောတယ်၊ သကဒါဂါမ် တည်ဖို့လည်း အနိစ္စ တော၊ ဒုက္ခတော စသည်ပဲ ရှင်သာရိပုတ္တရာက ဟောတော့ ဒီဒကာနဲ့ ဒီဒကာမက အင်း တရား ကလည်း မထူးပါလား ဒီဟာပဲ ဆက်အားထုတ်ရမယ်တဲ့ ဆိုတဲ့ အဓိပ္ပါယ်က သက်ရောက် သွားတယ် (မှန်လှပါ ဘုရား)။
သက်ရောက်သွားတော့ကို တဲ့ – သက်ရောက် သင့်တယ် ဆိုတာကိုလဲ ရှေ့က တရားဟောတဲ့ ပုဂ္ဂိုလ် ကလည်း အင်း သက်ရောက်သင့်တယ်ဆိုတာ ထောက်ခံချက် ပေးပါတယ် (မှန်လှပါ ဘုရား)။
သောတာပန်က ဒိဋ္ဌိသာပယ်တာ
ဘယ့်နှယ်ကြောင့် ထောက်ခံချက်ပေးရသတုံးဆို တော့ အို သောတာပန်ပယ်တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ “သီလဗ္ဗတ ပရာမာသ” အပါယ်လေးပါး ကျစေတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဒါသာ ပယ်တာကို ဒီကာမဘုံမှာ ခင်တွယ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေက ကျန်နေပြန်တော့ကိုတဲ့
ဒီလောဘ၊ ဒေါသ၊ မောဟကို ဒီတောတွေနဲ့မှ အနိစ္စတော ဒုက္ခတောတွေနဲ့မှ ဆက်ပြီး မရှင်းပြန်လို့ ရှိရင်လည်း ကျန်တာက အရင်လိုပဲ ကျန်နေရစ်တာ၊ အပါယ်ကျကြောင်းသာ လွတ်သွားတာ၊ အပါယ်မကျပဲနဲ့ ကာမဘုံတွေမှာ၊ ရူပဘုံတွေမှာ မြုပ်မျောတဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေက ရှိသေးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အသေပွဲတွေ ပြန်ပြီးတော့ ပြောတာပေါ့ကွာ၊ သေပွဲ၊ အိုပွဲ၊ နာပွဲတွေ ကျန်သေးတယ်ဆိုတာ သူဟောတာ (မှန်ပါ) ကိလေသာ ကျန်လို့ ဒါ ပြန်အားထုတ်ဆိုတာကို (တင်ပါ ဘုရား)။
ခေါင်းရိတ်တဲ့ဥပမာ
လောကီ ဥပမာပြောကြပါစို့ဆိုတော့ ခေါင်းရိတ် တယ်။ တစ်ခါတည်းနဲ့ မပြောင်တော့ သင်တုံးဓါးကို တစ်ခါ ပြန်သွေးပြီး သကာလ ကျန်တာလေးတွေ ရိတ်ရတယ်၊ (မှန်လှပါ) ဒီဆံပင်ပါပဲ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒီဓါးပါပဲ သို့သော် ဒီဓါးပဲဆိုငြား သော်လည်းတဲ့ အရင်ဆံပင်ထက် သူသည်ကားလို့ ဆိုလို့ ရှိရင် အရိတ် ခက်တယ် (မှန်ပါ ဘုရား) အရင်ဆံပင်ထက် အရိတ်ခက်တယ် ဘာ့ကြောင့်တုံး အငုတ်ကလေးတွေ အတိုလေးတွေ၊ အနုလေးတွေ ကျန်တယ်။
အဲတော့ ကာမဘုံခင်တွယ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အပါယ်တော့ မကျပဲနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ (တင်ပါ ဘုရား) ဒါတွေက ကျန်နေသေးတယ်ကွ -တဲ့။
အပါယ်တော့ မကျပါဘူးတဲ့ မကျပေမဲ့ လောဘ၊ ဒေါသက မပြည့်စုံငြားသော်လည်း လေးပုံ သုံးပုံလောက် ကျန်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဓါးသွေးပြီး ပြနံရံတ်ရမယ်
အဲတော့ ဒီဓါးနဲ့ ပြန်ရိတ်လို့ရှိရင် ဒီဆံပင် ပြောင်မှာ တော့ မဟုတ်တော့ ဒီဓါးကို ပြန်ခတ်ပြီး သကာလ၊ ပြန်သွေးပြီး သကာလ၊ ဒီဆံပင်နုကိုလည်း ဒီဓါးနဲ့ ပြန်ရိတ်ရမယ်၊ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ အပါယ် ကျတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟသာ ကုန်တယ်ဟေ့ ကာမဘုံ၊ ရူပဘုံမှာ ဆိုတဲ့ ကျန်တဲ့ မီးလောင်စရာ ခန္ဓာကိုယ် ဖြစ်စရာတွေ ကျန်သေးတယ် မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
မီးလောင်စရာ ခန္ဓာကိုယ် ဖြစ်စရာတွေ ကျန်နေ တော့ကိုတဲ့၊ ဒီခေါင်း ဒီဓါးနဲ့ ပြန်ရိတ်ရသလို ဒီဟာနဲ့ပဲ ပြန်လုပ်ပါကွ ဆိုတော့ မကုန်လို့ ဟောရတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုကြောင့် ဟောပါလိမ့် (မကုန်လို့ ဟောရ တာပါ ဘုရား) မကုန်လို့ ဟောရတာနော် (တင်ပါ ဘုရား)။
မကုန်လို့ ဟောရတာဆိုတာကို ဝိသာခါ၊ အနာထပိဏ်တို့ ထောက်ကြည့်တော့ မင်းတို့ သေချာနေတာ၊ ကာမ၊ ရူပဘုံ ကျတော့ သူတို့ ငါးပါးအာရုံခံစားနေကြတာ (တင်ပါ ဘုရား) မကုန်လို့ (မှန်ပါ)။
ရှင်အာနန္ဒာ အလှောင်ခံရတယ်
မကုန်တော့ မိုက်ပြစ်သင့်တာတွေက ရှိနေသေး တာပေါ့၊ ရှင်အာနန္ဒာကြီး သောတာပန် တည်ထားတဲ့ ပုဂ္ဂိုလ် ရှင်ပုဏ္ဏက ဟောလို့။ ရဟန္တာတွေထဲ ဝင်တဲ့အခါကျလို့ရှိရင် အင်မတန် အနံ့ အသက်တွေ ထွက်လာတယ်ကွ၊ ဒို့အထဲမှာ မစင်ကြယ်တဲ့ ပုဂ္ဂိုလ် ပါလာတယ်ကွလို့ အချို့သော ရဟန်းတို့ ရဲ့ လှောင်ခြင်း၊ ပြောင်ခြင်းကို ခံရတယ် (မှန်ပါ) ကိလေသာ ကျန်နေလို့ (မှန်ပါ ဘုရား)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိလေသာ ကျန်နေတော့ကို သူ့ကျန်နေတဲ့သဘော ဟာက မင်းတို့ အချင်းချင်းတော့ မွှေးချင်လည်း မွှေးနေလိမ့် မယ် (တင်ပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါ ဘုရား) စင်ပြီးသား ပုဂ္ဂိုလ် ကျတော့ နံတယ်၊ သဘောကျပလား (သဘောကျ ပါပြီ ဘုရား) စင်ပြီးသား ပုဂ္ဂိုလ်မှာ (နံပါတယ် ဘုရား)။
သောတာပန်မှာ ကိလေသာကျန်တယ်
အဲဒီကဲ့သို့ နံနေတာထောက်လို့ရှိရင်ဖြင့် ဪ ကိလေသာ ကျန်ကြောင်းဟာ သောတာပန် မှာလည်း သေချာနေတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သေချာနေတော့ကိုတဲ့ ဪ ကိလေသာကျန်ရင် အနံ့ထွက်တာပဲဆိုတာ လောကီဥပမာနဲ့ သူရှက်အောင် ပြောတဲ့ စကားပါ၊ စင်စစ်ကတော့ သေသေချာချာ ရှင်းရှင်း လင်းလင်း မှန်မှန်ကန်ကန် ပြောမယ်ဆိုရင် ကာမရူပမှာ အိုစရာ၊ နာစရာ၊ သေစရာ ဒုက္ခသစ္စာတွေ သူမပယ်နိုင်ပဲ ဖြစ်နေတာ (မှန်ပါ ဘုရား)။
ကာမရူပ၊ အရူပမှာ အိုစရာ၊ နာစရာ၊ သေစရာ မီးလောင်စရာ ဒုက္ခသစ္စာကြီး သူမပယ်နိုင်ဘဲ ဖြစ်နေလို့ ဘာကြောင့် မပယ်နိုင်ရသလဲမေးရင် ကိလေသာ ထုကြီးရှိလို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) ကိလေသာ အကြွင်း ရှိလို့ (မှန်ပါ ဘုရား)။
သောတာပတ္တိမဂ်က ပယ်တယ်ဆိုငြားသော်လည်း အကြွင်းကျန်နေတယ် မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
အဲဒါကြောင့် ရှင်ကောဋ္ဌိက က မေးတော့ သကဒါဂါမ် တည်ချင်တော့ ဘာအားထုတ်ရမှာလဲ ဘုရားဆိုတဲ့ မေးခွန်းဟာ မေးသင့်ပါတယ်။ မမေးသင့်ဘူးလား (မေးသင့် ပါတယ် ဘုရား)။
သကဒါဂါမ်ဖြစ်ချင်ရင် ဒါပဲပြန်ရှု
သကဒါဂါမ်တည်ချင်တော့ဘုရား၊ သကဒါဂါမ် အဖြစ်သို့ ရောက်ချင်တော့ ဘာအားထုတ် ရမှာတုံး ဆိုတော့ကွာတဲ့ ခုနင်က ပြောခဲ့ပြီးကောကွာတဲ့ တစ်ခါတည်း အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော၊ ဂဏ္ဍတော၊ သလ္လတော၊ အဃတော၊ အာဗာဓတော၊ ပရတော၊ ပလောကတော၊ သုညတော၊ အနတ္တတော ဆိုတာတွေ ပြန်ရှူရမယ်ကွ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါပြန်ရှုလိုက်တော့ကိုတဲ့ ခုနင်က ဉာဏ်စဉ်အတိုင်း တက်လိုက်တော့ သစ္စာမြင်ပြီးသကာလ သကဒါဂါမ် တည်သွားတယ်။
ဪ သကဒါဂါမ်တည်သွားတော့ သူလည်း ဒီတော ကို မြင်တဲ့ဉာဏ်နဲ့ ကိလေသာ ရှင်းရပြန်တာပဲ ဆိုတာ ဒီ ဒကာ ဒကာမတွေ ပေါ်သွားပြီ (တင်ပါ ဘုရား) ဒီတောတွေ့ တိုင်း မြင်လိုက်တော့ ကိလေသာက စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။
ကောင်းပြီတဲ့ ခန္ဓာကိုယ်ကြီးမှာ အနိစ္စတောနဲ့ အနိစ္စ သဘောတွေ့မြင်လို့ပေါ့ကွာ၊ ဒုက္ခတောနဲ့ ဒုက္ခသဘောတွေ မြင်လို့၊ ရောဂတောနဲ့ ရောဂါတွေမြင်တဲ့ ဒုက္ခသစ္စာတွေ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
အဲဒီကဲ့သို့ မြင်တော့ကိုတဲ့ သကဒါဂါမ် တည်သွား တယ်၊ သကဒါဂါမ် အဖြစ်သို့ သူ ရောက်သွားတယ်၊ ဪ ခုနတုံးကလည်း ဒါပဲ၊ ခုလဲဒါပဲ၊ ဘယ့်နှယ်ကြောင့် အကျိုးပေး ကျတော့ အထက်တန်း ကျသွားပါလိမ့်မလဲဆိုတဲ့ မေးခွန်း ကို ခုနင်က ပြောတဲ့အထဲမှာ အဖြေပါသွားပါတယ်။
ကျန်ကိလေသာ၊ ကာမကျန်နေတဲ့ ကိလေသာ၊ ရူပ၊ အရူပ ကျန်နေတဲ့ ကိလေသာကို သူက တစ်ခါ ကာမ ကျန်နေတဲ့ ကိလေသာကို ပယ်ချပြီး ရူပ၊ အရူပ ကျန်နေ တယ် (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)
ကြမ်းတမ်းတဲ့ကိလေသာကိုသကဒါဂါမ်ကပယ်တယ်
ကာမဘုံ ခင်တွယ်တဲ့ ကိလေသာ၊ ကြမ်းတမ်းတဲ့ ကိလေသာတွေ ကျတော့ကိုတဲ့ ခုနင်က ကြမ်းတမ်းတဲ့ ကိလေသာတွေကို သူပယ်ချလိုက်တယ်၊ ကာမကိလေသာ တွေကိုတော့ သူကောင်းကောင်း မပယ်နိုင်သေးဘူး သကဒါဂါမ်က (မှန်ပါ ဘုရား)။
ကြမ်းတမ်းတဲ့ ကိလေသာတော့ ပယ်နိုင်တယ်၊ ကြမ်းတမ်းတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ သဘောကျပလား၊ ကာမဘုံ မပယ်နိုင်သေးဘူး၊ ကာမက ခင်တဲ့ လောဘတွေ (တင်ပါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)
အဲတော့ သူကျန်တာထောက်ရင်ဖြင့် ရှေ့အလုပ်ဟာ လည်း ဆက်ရဦးမှာပဲ (မှန်ပါ ဘုရား) ရှေ့သို့ကလည်း ဆက်ရ ဦးမှာပဲဆိုတာ မအောက်မေ့သင့်ဘူးလား (အောက်မေ့သင့်ပါတယ် ဘုရား)။
ဒါ့ကြောင့် ရှင်ကောဋ္ဌိက က အရှင်ဘုရား သက ဒါဂါမ် တည်အောင်လည်း ဒါပဲ အားထုတ် ရမယ် ဆိုတော့ သကဒါဂါမ် တည်ပြီဘုရား၊ အနာဂါမ်တည်အောင် ကျတော့ ဘယ်တရားများ ဆက်လက် အားထုတ်ရမှာလဲ သူမေးတာပဲ (မေးပါတယ် ဘုရား)။
အနာဂါမ်တည်အောင် ဒါပဲဆက်အားထုတ်
အနာဂါမ်တည်ချင်တော့လည်းကွာ သီလဖြူစင် အောင် လုပ်ပြီးသကာလ သီလကတော့ နဂိုက ဖြူစင်နေပါပြီ ခုနင်က ပြောခဲ့တဲ့ တောတွေကို အနိစ္စတော၊ ဒုက္ခတော တွေကို သုညတော၊ အနတ္တတော တွေကို ဆက်အားထုတ် ရမှာပဲကွ။
ဪ ဒါဖြင့် မင်းတို့ ကျန်တာများ အကဲခတ်ကြည့် လိုက်တော့ လုပ်ရင်းသားပဲ ဒီကာမတွေ ပယ်စရာ ကျန်ပါသေးပါလားဆိုတဲ့ အဓိပ္ပာယ်က ရှင်းသွားတယ် မရှင်းဘူးလား (ရှင်းပါတယ် ဘုရား) ၊
ကာမဘုံ ခင်တွယ်တဲ့ လောဘ ကျန်သေးတယ်။ အဲဒီ လောဘ၊ အဲဒီဒေါသ၊ အဲဒီမောဟတွေ တစ်ခါတည်း ရှင်းသွားအောင်လို့တဲ့ ခုနင်က အနာဂါမ်တည်ချင်ပြန်တော့ လည်း ဆက်ပြီး ဒါပဲ အားထုတ် ရတယ် (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။
အနာဂါမ်တည်ရင် ကာမဘုံမလာတော့ဘူး
ဒါဖြင့် န အာဂစ္ဆတီတိ အနာဂါမီ ဆိုတော့ ကာမဘုံတော့ မလာတော့ဘူး ဘယ်သွားငြိနေတုံး ဆိုတော့ ရူပ၊ အရူပ သွားငြိနေတယ်၊ ရူပ၊ အရူပ ခင်တွယ်တဲ့ ကိလေသာက မကုန်ဘဲ ဖြစ်နေတယ် ဘယ်လောက်များ ဆိုးဆုံး (ဆိုးပါတယ် ဘုရား)။
ရူပ၊ အရူပကျတော့မှ သစ္စာမမြင်တဲ့ အဝိဇ္ဇာတွေက လာချင်လာနေတာ အဝိဇ္ဇာက ကျန်နေတယ် (တင်ပါ ဘုရား) မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။
ကာမမှာလည်း ဒုက္ခသစ္စာတွေမြင်ပါရဲ့ ရူပ၊ အရူပ ကျတော့ ဒုက္ခသစ္စာ သူနုနေတဲ့ အတွက် ကျန်နေတဲ့ အဝိဇ္ဇာက ရှိသေးတယ် ဒုက္ခ အဉာဏံ ဆိုတဲ့အတိုင်းနော် (မှန်ပါ့)။
ဒုက္ခသမုဒယေ အဉာဏံ ဆိုတဲ့အတိုင်းတဲ့ ရူပ၊ အရူပမှာ ခင်တွယ်တဲ့ ဒုက္ခသမုဒယကို အဉာဏံ ဆိုတော့ မသိဘဲ ဖြစ်နေတယ် သဘောကျပလား (သဘောကျပါပြီ ဘုရား)။
အဲဒါတွေ ကျန်ပြီးသကာလနေတော့၊ ကဲ ဘုရားတဲ့ ခုနင်က ကာမကိလေသာနဲ့ပဲ ပယ်လိုက်ပါပြီ ဆိုပါတော့ ရဟန္တာ ဖြစ်ချင်တော့ ဘာလုပ်ရဦးမှာတုံး ဆိုတော့ မေးရဦးမှာပဲ၊ မမေးရဘူးလား (မေးရပါတယ် ဘုရား)။
ရဟန္တာဖြစ်ချင်တော့ ဘာကျင့်ရမှာတုံး
ရဟန္တာဖြစ်ချင်တော့ ဘာလုပ်ရဦးမှာတုံးဘုရား သူမေးချင်လို့ မေးရတာလားဆိုတော့ ကိလေသာ ကျန်တာ သိလို့ မေးနေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိလေသာ ဘာတုံး (ကျန်နေသေးလို့ပါ ဘုရား)။
ရူပ၊ အရူပ ဘုံကျလာတဲ့အခါကျတော့ ခင်တွယ်တာ တွေ ရူပ၊ အရူပ မသာကြီးတွေကျတော့ သူက သုခသစ္စာ ဖြစ်ချင်ဖြစ်နေတာ သဘောပါပလား (သဘောပါပါပြီ ဘုရား)။
အဲဒါတွေက ကျန်ပြီးသကာလ နေတော့ နောင်လာ နောင်သားများအတွက် ဟောတာ ဖြစ်တော့ အကွက်ကျတော့ မောင်ချစ်ဆွေ မေးရမယ်ကွ (တင်ပါ ဘုရား) မမေးရဘူးလား (မေးရမှာပါ ဘုရား)။
အရှင်ဘုရားတဲ့ ရဟန္တာဖြစ်ချင်တော့ ဘာကျင့် ရမှာတုံး သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဒါတွေပြန်ပြီး အားထုတ်ရမှာပဲ
ရဟန္တာဖြစ်ချင်တော့ကွာတဲ့ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ ဂဏ္ဍတော၊ သလ္လတော၊ အယတော၊ အာဗာဓတော၊ ပရတော၊ ပလောကတော၊ သုညတော ဆိုတာတွေ ငါဟော ပကောကွာ အဲဒါတွေ ဆက်ပြီး ပြန်ပြီး အားထုတ်ရ မှာပဲ၊ ဒါက ဖိုလ်ပေါ်မှာရှိတဲ့ ခန္ဓာကိုယ်ကို ဖိုလ်က ဉာဏ်နဲ့ သွင်းရမယ် (တင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီလူ့ပြည်ရှိတဲ့ ကိလေသာကို လူ့ပြည်ရှိတဲ့ ဉာဏ်နဲ့ သွင်းရမယ် သဘောကျပလား (သဘော ကျပါပြီ ဘုရား) ဒါဖြင့် သူ့ဉာဏ်နဲ့သူ သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်က ရှင်းသွား တယ် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီဘုရားတဲ့၊ ဒါဖြင့် ရူပ၊ အရူပ၊ ကိလေသာ တွေလည်း ရဟန္တာဖြစ်သွားတဲ့ အခါကျတော့၊ ခုနင်က အတိုင်း တောတွေ အားထုတ်လိုက်တဲ့ အခါကျတော့ ရဟန္တာ ဖြစ်သွားပြီ ရဟန္တာ ဖြစ်သွားပြီဆိုတော့ ကိလေသာတွေ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား) ကုန်ပြီ ရူပ၊ အရူပ ကိလေသာလည်း ကုန်သွားပြီ။
ရဟန္တာဖြစ်ပြီးတော့ ဘာဆက်အားထုတ်ရမှာတုံး
ကုန်သွားတော့ကိုတဲ့ ရှင်ကောဋ္ဌိက က ရဟန္တာဖြစ်ပြီး တော့ ဘာဆက်အားထုတ်ရမှာတုံး၊ ရဟန္တာ ဖြစ်ပြီး အိပ်နေရုံပဲ လား။
ငါဖြင့် အေးချမ်းပေါ့၊ ဘုံဘဝ (၃၁) ဘုံဖြင့် ခြေကန် နိုင်ပေါ့ မီးဟုန်းဟုန်းတောက်နေတဲ့ ဘုံထဲ ငါမီးလွတ်ပကွလို့ သူ့ဟာသူ အေးအေးချမ်းချမ်းနဲ့ နေရုံပဲလားလို့ မေးတဲ့ အခါကျတော့ ရဟန္တာ ဖြစ်ပြီးလည်း ဒါ အားထုတ်ရမှာပဲကွ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနိစ္စတော၊ ဒုက္ခတောတွေကို ဘာလုပ်ရဦးမတုံး (အားထုတ်ရဦးမှာပါ ဘုရား) ရဟန္တာ ဖြစ်ပြီးလဲ အားထုတ်ရဦးမှာပဲ (တင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ရဟန္တာမှာ ခန္ဓာဒုက္ခသစ္စာက ရှိလျက်ပဲ
ရဟန္တာဖြစ်တော့ကွာ မင်းတို့က မေးရမယ်၊ ကိလေသာတွေ ကုန်နေပေါ့ပဲ။ အင်း ဘယ့်နှယ်ကြောင့် ဒီဥစ္စာ ဆက်ပြီး၊ ဒီဟာတွေ ပြန်ပြီး အားထုတ်ရဦးမှာတုံး မေးတဲ့ အခါကျတော့ ကွာတဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ဒုက္ခသစ္စာတွေက ရဟန္တာပင် ဖြစ်ငြားသော်လည်း ခန္ဓာဒုက္ခသစ္စာက ရှိလျက်ပဲ။ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်၊ ခဲလိုက် ရှိလျက်ပဲတဲ့ ဒါတွေက (တင်ပါ ဘုရား)။
စေတသိကဒုက္ခကတော့ မရှိတော့ဘူး
ကာယိက ဒုက္ခတွေ့ ရှိတယ် (တင်ပါ ဘုရား) စေတသိက ဒုက္ခတော့ မရှိဘူး (မှန်ပါ ဘုရား) ကိုယ်သာနာ၍ စိတ်မနာဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုယ်တော့ နာနေတာပဲ ပြောင်း၊ ရွှေ့ဟ၊ ဆွမ်းကျွေးဟ၊ ရေချိုးပေးဟ ဒီဒုက္ခတွေက ရှိနေသေးတယ်။ အဲဒီ ဒုက္ခတွေ ရှိနေတော့ကို ကဲ ဒီဒုက္ခတွေ လွတ်ရာကို ငါအာရုံပြုပြီး နေပါဦးမယ် ဆိုပြီး သကာလ နိဗ္ဗာန်အချိန် ကြာကြာကြီး ဒီဒုက္ခတွေ လွတ်ရာကို ငါဉာဏ်နဲ့ နေပါ ဦးမယ် ဆိုပြီးသကာလ အဲဒီလို နေစေခြင်းအကျိုးငှာ။ ပြန်အားထုတ်ရတယ်၊ ကိလေသာပယ်ဖို့တော့ မဟုတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခဝဋ်ကြီး ကျွတ်တဲ့အဖြစ်ကို သူနဲ့ မဆက်သွယ်ဘဲနဲ့ နေချင်တာနဲ့ ခန္ဓာဝန် မချရသေးတော့ ရှိလျက်ပဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ခန္ဓာဝန်မချရသေးတော့ (ရှိလျက်ပဲ ဘုရား) အဲဒီ ရှိတဲ့ ခန္ဓာကြီးနဲ့ အိုးစားကွဲနေချင်လို့ ဒီဟာ ပြန်အား ထုတ်ရတယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖလသမာပတ်ဝင်စားနေတယ်
ရှိတဲ့ခန္ဓာကြီးနဲ့ အိုးစားကွဲချင်တာနဲ့ ဘာတုံး (ပြန် အားထုတ်ရပါတယ် ဘုရား) ပြန်ပြီး အနိစ္စတော၊ ဒုက္ခတောတွေ ပြန်လုပ်ရပါတယ် (တင်ပါ ဘုရား) ဒါမှ ဖလသမာ ပတ် ဝင်စားနိုင်တယ် (မှန်ပါ ဘုရား)။
ဖလသမာပတ် ဝင်စားနိုင်မှလည်း အချိန်ကြာကြာ ရပြီး သကာလ ခန္ဓာနဲ့ အိုးစားကွဲတော့ ခန္ဓာဒုက္ခကြီးကို မထမ်းရတာပေါ့ (တင်ပါ ဘုရား)။
မင်းတို့က ထမ်းရတာ၊ ပိုးရတာ၊ ဟိုထမ်းသွား၊ ဒီထမ်းသွား ဒီလိုထမ်းရလို့ တော်သေးတယ် ကျန်းမာလို့ ထမ်းနိုင်တယ်လို့ မင်းတို့က ထင်နေတယ် (မှန်ပါ ဘုရား)။
မြင်းမိုရ်တောင်ထမ်းရတာ
ဟိုကတော့ ရဟန္တာဖြစ်တော့ မင်းတို့ အရင်တုန်းက ဟောတယ် “ဂဝေသာတံ နဝိဓမှိ” ဆိုတဲ့ အတိုင်း မြင်းမိုရ် တောင်ကြီး ထမ်းရတာက တော်သေးတယ်။
မြင်းမိုရ်တောင်ကြီးက ကမ္ဘာပျက်တဲ့ အခါမှာ သတ္တဝါ က မထမ်းရဘူး (တင်ပါ ဘုရား) ဒီခန္ဓာကြီးကတော့ ကမ္ဘာပျက်လည်း တခြားနေရာသွားပြီး သူ့ထမ်းလျှက်ပိုး လျှက်ပဲ နေရတယ် (မှန်ပါ ဘုရား)။
အဲတော့ ခုလို အသိဉာဏ် ထူးထူးလယ်လယ် ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနား နေတဲ့ အချိန်မှာဖြင့် ကဲ နောက်ဆုံး ပိတ် ခန္ဓာပရိနိဗ္ဗာန် မစံသေးလို့ရှိရင် တောင်မှ မင်းကို မထမ်းတဲ့ အလုပ်တော့ လုပ်နေဦးမကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဘက်ကူးသွားတယ်
မင်းကို မထမ်းတဲ့ အလုပ်တော့ လုပ်ဦးမကွဆိုပြီး သကာလ၊ ခုနင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေက မြင်ပြီး သကာလ ဖျက်ဆို မဂ်တွေ ဖိုလ်တွေကတော့ မလာတော့ဘူး နိဗ္ဗာန်ဘက် ကူးသွားတယ်၊ ဖြစ်ပျက်ဆိုပြီး နိဗ္ဗာန်ဘက် ကူးသွားတယ် သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဖြစ်ပျက်တွေ မြင်ပြီးသကာလ ဖြစ်ပျက်တွေ ချုပ်သွားပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ် မလာဘဲနဲ့ နိဗ္ဗာန်ကိုမြင်တဲ့ ဉာဏ် လာပလိုက်တယ်။ ပစ္စဝေက္ခဏာဉာဏ်ပေါ့လေ (တင်ပါ့ ဘုရား)။
ဖိုလ်ဉာဏ်တွေနဲ့ အာရုံပြုပေးလိုက်တယ်၊ ဖလသမာပတ် စိတ်တွေချည်း ပေါ်တယ် (တင်ပါ ဘုရား) ဖြစ်ပျက် မြင်တယ်၊ ဖြစ်ပျက်မြင်တာက ဝိပဿနာဉာဏ်ပဲ (တင်ပါ ဘုရား) နောက်ကျတော့ ဖြစ်ပျက်မြင်ပြီး သကာလ ဖိုလ်ဉာဏ် လာတယ်၊ ဖိုလ်ဉာဏ်လာတော့ နိဗ္ဗာန်အာရုံပြုလိုက်တယ် (တင်ပါ ဘုရား)။
နိဗ္ဗာန်အာရုံပြုပြီးနေတယ်
ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်နဲ့ချည်း အချိန်ကြာကြာ နေလိုက် တယ် (တင်ပါ့ ဘုရား) အဲဒီက ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်နဲ့ချည်း အချိန်ကြာကြာနေပြီး သကာလ လာလို့ရှိရင်၊ ဒီခန္ဓာကိုယ် ကြည့် လိုက်လို့ရှိရင် တစ်ခါတည်း ရုပ်တွေဘာတွေက ကြည်ရွှင်ပြီး သကာလ ပေါ့ပေါ့ပါးပါးနဲ့ ကျန်းကျန်းမာမာ ရုပ်တွေမြင်ရတယ် (မှန်ပါ့)။
ဒါကြောင့် ရဟန္တာတစ်ပါးနဲ့ ရဟန္တာတစ်ပါး ဒီနေ့ မျက်နှာတွေဘာတွေ တယ်ကြည်လင်ပါလား၊ ရုပ်တွေ ဘာတွေ တယ်ပြီး သန့်ရှင်းပါလား ဘာများ လုပ်လာကြတုံး ဆိုတာ ဒါမေးတာ (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလေ မင်းတို့ ဘာများ နှလုံးသွင်းလာကြတုံးကွ မင်းတို့ ရုပ်တွေ ကြည့်ရတာ တယ်ကြည်ရွှင်တယ် ဆိုတော့ ကျန်းမာ တဲ့ရုပ်တွေ (တင်ပါ့ ဘုရား)။
ကြည်ရွှင်တဲ့ရုပ်၊ ကိလေသာအရှိန်အစော် ဒုက္ခအရှိန် အစော်တွေမရှိဘဲနဲ့ ကိလေသာ ဝေးပြီး သကာလ ကိလေသာနဲ့ မဆက်သွယ်တဲ့ ရုပ်တွေ ကြည့်ရတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖလသမာပတ်ဝင်စားရင်
ကိလေသာနဲ့ ဆက်သွယ်တဲ့ ရုပ်ကျတော့ အခု ဖီး၊ အခုလိမ်း၊ အခုဒုက္ခ ပြန်တွေ့တာပဲ၊ အခုပြင်ရ ဆင်ရတာ၊ ကိလေသာနဲ့ မဆက်သွယ်နိုင်တဲ့ ရုပ်ကျတော့ ဖလသမာပတ် တစ်ခါ ဝင်စားထားလိုက်တယ်ဆို၊ ကြည့်လို့ ကြည်ညိုလို့ မပြီး နိုင်ဘူး (မှန်ပါ ဘုရား)။
ဘာဖြစ်လို့တုံး ဆိုတဲ့အခါကျတော့ မင်းစဉ်းစားကြည့် ပါလား ဝမ်းထဲမှာ ဖိုလ်စိတ်တွေ (မှန်ပါ့) လောကုတ္တရာ သူက ဖြစ်စေတဲ့ ရုပ်တွေ (မှန်ပါ ဘုရား)
လောဘ၊ ဒေါသ ဖြစ်စေတဲ့ရုပ် ရှိပါသေးလား (မရှိပါ ဘု ရား) ဖိုလ်က ဖြစ်စေတဲ့ (ရုပ်တွေပါ) ဒါဖြင့် လောကုတ္တရာရုပ် တွေ (မှန်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ရုပ်တွေက ကြည်ညိုဖွယ်ရှိတယ်
ဒါဖြင့် ဒီရုပ်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ကိလေသာ မရောမနှောတဲ့ ရုပ်တွေ ဖြစ်လေ သောကြောင့် အကြောင်းကလည်း ကိလေသာ မဟုတ်၊ အကျိုးကလည်း ကိလေသာ၏ အကျိုးတရား မဟုတ်၊ အကြောင်းကလည်း လောကုတ္တရာ ဟုတ်လား အကျိုးကတော့ ထားပါတော့ ကာမပဲ ဆိုပါဦးတော့ ဒီ ကာမ ဆိုငြားသော်လည်းတဲ့ ဖြစ်ကြောင်းက စင်ကြယ်လို့ဖြစ်ကျိုးကလည်း ကြည်ညိုဖွယ် ရှိတာ (တင်ပါ ဘုရား)။
ဖြစ်ကြောင်းကလည်း စင်ကြယ်လို့ (ဖြစ်ကျိုးကလည်း စင်ကြယ်တာပါ ဘုရား) ဖြစ်ကျိုး ကလည်း ကြည့်လိုက် စင်ကြယ် တာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိရောဓသမာပတ်ဝင်စားတဲ့ပုဂ္ဂိုလ်
ဒါကြောင့် ဖလသမာပတ် ဝင်စားတဲ့ပုဂ္ဂိုလ်၊ ဒီကနေ တက်ပြီး ငါ နိရောဓသမာပတ်ပဲ ဝင်စားပါဦးမယ် ဆိုတဲ့အခါ များ ကျတော့ နိရောဓသမာပတ် ဝင်စားတဲ့ ပုဂ္ဂိုလ်များ ဆွမ်းခံလာလို့ လှူလိုက်ရတဲ့ အခါကျတော့ ချက်ချင်း အကျိုးပေး တာ ကြည့်ပါလား (တင်ပါ ဘုရား)။
ကိလေသာနဲ့ အင်မတန် ဝေးပြီးလာတဲ့ ရုပ်ကို ပေးကမ်း လှူဒါန်းလိုက်ရတယ် (တင်ပါ ဘုရား) ကိလေသာ ဝေးတဲ့ ပုဂ္ဂိုလ် ပေးကမ်းလှူဒါန်းရတာနဲ့ ရှင်သာရိပုတ္တရာကြီး နေ့တိုင်း ဆွမ်းခံနေတာနဲ့ ဟုတ်လား ခုနှစ်ရက် နိရောဓ သမာပတ် ဝင်စားပြီး နိဗ္ဗာန်အာရုံပြုပြီး နေတဲ့အချိန် ဆွမ်းခံတာနဲ့ လောင်းတဲ့ပုဂ္ဂိုလ်မှာ အကျိုးပေး မတူပေဘူး (မှန်ပါ့)။
(၇) ရက်အတွင်း အကျိုးပေးတယ်
ဟိုက ဒိဋ္ဌ ခုနစ်ရက်အတွင်း အကျိုးပေးတယ် (တင်ပါ) ဒါက နောက်မှ အကျိုးပေးမယ် မဝင်စားတဲ့ ပုဂ္ဂိုလ်နဲ့ မကွာခြား ဘူးလား (ကွာခြားပါတယ် ဘုရား)။
ဒါဘာတုံးဆိုတော့ ကိလေသာသည်ကား ဆိုလို့ရှိရင် ဖြင့် အင်မတန်ဝေးပြီး သကာလ ကိုယ့်ကြောင့်ဖြစ်တဲ့ ရုပ်တွေနဲ့ ချည်း အကုန်အသက်ရှည်နေတာ (မှန်ပါ)
လောကုတ္တရာရုပ် တွေနဲ့ အသက်ရှင်ပြီး သကာလနေတော့ ခုနင်က အလှူခံ၏ စင်ကြယ်ခြင်း မှာလည်း ထင်ရှားတယ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်များ ဘာလုပ်ရမှာတုံး ဆိုတဲ့ ဥစ္စာဖြင့် ဒီလို ကိစ္စတွေ၊ ခန္ဓာဝန် မထမ်းချင်လို့ လုပ်တာတစ်မျိုး သတ္တဝါတွေ ကျေးဇူးများအောင်လို့၊ ကူညီချင်လို့ မွဲတဲ့ပုဂ္ဂိုလ် ဒို့သည် ဖလသမာပတ် ဝင်စား နိရောဓသမာပတ် ဝင်စားပြီး ဆွမ်းခံ ပေးရလို့ ရှိရင်ဖြင့် ချက်ချင်းပဲ ချမ်းသာ သွားတော့မှာပဲ။
ဆင်းရဲတဲ့ပုဂ္ဂိုလ်ကို ချီးမြှောက်တယ်
ဒါကြောင့် ရှင်မဟာကဿပကြီး ကျတော့ အဆင်းရဲဆုံး လျှောက်ရှာတာ ကြည့်ပါလား (မှန်ပါ ဘုရား) သိကြားက ဆင်းရဲ ဟန်ဆောင်ပြီး လိမ်လောင်းလို့သာကိုကွ၊ သူက ဆင်းရဲဆုံး ပုဂ္ဂိုလ် ချီးမြှောက်မယ်ကွ၊ ငါ့ခုနှစ်ရက်တောင် ဒီရုပ်ဒီနာမ်နဲ့ နေလာတဲ့ ဥစ္စာ၊ သာမညလူတော့ ငါမချီးမြှောက်ဘူးကွ၊ အလွန်ဆင်းရဲတဲ့ ပုဂ္ဂိုလ် ချီးမြှောက် မယ်ကွ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကာကဝလ္လိယ
ကာကဝလ္လိယတို့ကြည့် ဒီအတိုင်းလာတာပဲ မဟုတ် လား၊ ဟိုသိကြားတို့ကော (ဒီအတိုင်းပါပဲ ဘုရား) သိကြား လည်း တပည့်တော် ဆင်းရဲတာပါပဲတဲ့ နတ်ပြည်မှာ သာသနာ တွင်းတုန်းက အခု သာသနာတွင်း လှူတဲ့နတ်တွေက တပည့်တော်ထက် အရောင်အဆင်း သာပါတယ်။
တပည့်တော်က အုပ်ချုပ်ရေးသာ အုပ်ချုပ်ပြီး နေရပါတယ်။ အရောင်အဆင်း အလင်းတွေ ရွှေရောင်တွေနဲ့ တကွ ဘုံနန်းတွေ ကျတော့ တပည့်တော်က အောက်ကျ နေတယ်၊ ဒါကြောင့် တပည့်တော်လည်း လူဆင်းရဲပဲ ဆိုပြီးသကာလ လိမ်ပြီးလောင်းတာ၊ သဘောပါပလား (ပါပါပြီ ဘုရား)။
အဲတော့ကို ချမ်းသာတဲ့ရုပ်၊ ချမ်းသာတဲ့စိတ်၊ အစစ် အမှန်ဖြစ်အောင် ဆိုလို့ရှိရင်ဖြင့်တဲ့ ကိလေသာနဲ့ လုံးဝ မဆက်သွယ်မှပဲကွ (မှန်ပါ)။
ကိလေသာနဲ့ ဆက်သွယ်တဲ့ နာမ်ရုပ်ကတော့ဖြင့် အစ်မတို့ သေသေချာချာမှတ်ပေတော့ အပါယ်ရုပ်ပဲ နာမ်ပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိလေသာနဲ့ ဆက်သွယ်တဲ့ ရုပ်နာမ်ကတော့ (အပါယ်ရုပ်ပဲ နာမ်ပဲ ဘုရား) တဏှာနဲ့ ပျော်ပြီး ဖြစ်ပေါ်လာတဲ့ရုပ်၊ ဒေါသနဲ့ ဖြစ်ပေါ်လာပြီး ကြမ်းတမ်းတဲ့ရုပ်၊ ဒါမသေခင်က သူ့ဟာက ဗျာဒိတ်ရပြီးသား ဖြစ်နေတာ၊ အပါယ်လေးပါး ရောက်တာ သဘောပါ ပလား (သဘောပါပါပြီ ဘုရား)။
ဓမ္မက ဆောင်မှပြောင်တယ်
အဲဒါကြောင့် ခင်ဗျားတို့ ဓမ္မကသာ ဆောင်မှ ပြောင်တယ် ဆိုတာဟာလည်း ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား) ဓမ္မမဆောင်ရင် (မပြောင်ပါ ဘုရား) မပြောင် တော့ကိုတဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်က ဓမ္မနဲ့ ဆောင်ရမှာပဲကွ၊ လောကီလည်း ဓမ္မနဲ့ ရှာမှရတယ်၊ လောကုတ္တရာလည်း (ဓမ္မနဲ့ ရှာမှရပါတယ် ဘုရား) ဓမ္မနဲ့ ရှာမှရတယ်။
ဓမ္မနဲ့ ချီးမြှောက်မှ ရွှေတောင်၊ ငွေတောင်ပေါက်တယ်
ခင်ဗျားတို့က လောဘနဲ့ရှာမှရတယ်လို့ ထင်နေတာ ကိုက အတော်ကလေး လွဲနေတယ်၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။ ဓမ္မနဲ့ရှာတော့ မြင်ဘူးလား။ နိရောဓသမာပတ်က ထလာတဲ့ ပုဂ္ဂိုလ်ကျတော့၊ ကိုင်း ဘယ်သူ့ချီးမြှောက်မယ် ဟေ့ ဆိုပြီး ဓမ္မနဲ့ ချီးမြှောက်ချလိုက်တော့ ရွှေတောင် ငွေတောင်ပေါက်တယ်၊ မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား)။
ဒါက လောဘနဲ့ချီးမြှောက်တာလား၊ ဓမ္မနဲ့ ချီးမြှောက် တာလား (ဓမ္မနဲ့ချီးမြှောက်တာပါ ဘုရား)။ သဘောပါပလား၊ (သဘောပါပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် လယ်ယာမြေကောင်း ဆိုတာလည်း ပေါ်ကြရောပေါ့ (ပေါ်ပါပြီ ဘုရား)။
လယ်မြေကွာခြားတယ်
ကိလေသာရှိတဲ့ပုဂ္ဂိုလ် လှူရတန်းရ၊ ပေးရ၊ ကမ်း ရတာ၊ ဒိုက်၊ သရိုက်တွေရှိတဲ့ လယ်နဲ့တူတယ် အဲဒီ လယ်ထဲမှာ သွားစိုက် စပါးတွေကျလိုက်၊ ဒိုက်သရိုက်တွေနဲ့ အစ်မ ကောင်းကောင်း မွန်မွန် ပေါက်နိုင် သီးနိုင်ပါ့မလား (မသီးနိုင်၊ မပေါက်နိုင်ပါ ဘုရား) ဘာဖြစ်လို့တုံး အညစ်အကြေးများလို့ (တင်ပါ ဘုရား)။
ဒါကြောင့် သူတို့ ပုထုဇဉ် လယ်ယာမြေကောင်းတွေ လို့ မဟောဘူးဘုရားက (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)
“အနုတ္တရံ ပုညခေတ္တံ လောကဿ” ကို လောကဿ အခုလူမိုက် တွေဆိုတဲ့ လောကကြီး အနုတ္တရံ အတုမရှိသော၊ ပုည ခေတ္တ ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်၊ အရိယာ ဓမ္မ ဖြစ်တယ်ကွ (တင်ပါ ဘုရား)။
အကျိုးပေးခြင်း မတူဘူး
အကျိုးပေးခြင်းမတူဘူးတဲ့ ဒါကြောင့် သောတာပန် လှူရတာနဲ့ သကဒါဂါမ်လှူရတာ မတူဘူး၊ သကဒါဂါမ် လှူရတာနဲ့ အနာဂါမ်လှူရတာ (မတူပါဘူး ဘုရား) ခုန လယ်ကွာသွားသလို (တင်ပါ) လယ်မြေကွာသွားတယ် ရဟန္တာ လှူရတာနဲ့ ဘုရား လှူရတာနဲ့ (မတူပါဘူး ဘုရား)။
ဘာကွာသွားတာတုံးမေးတော့မှ လယ်မြေကွာတာ၊ ကိလေသာ ရှင်းလင်းမှုကွာတာ၊ မကွာဘူးလား (ကွာပါတယ် ဘုရား) အဲတော့ကိုတဲ့ မျှော် ကိလေသာဟာ ဘယ်နေရာ မဆို အနှောင့် အယှက် ပေးလေသမျှ သူကချည့်ကို ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အနှောင့်အယှက်ပေးလေသမျှ (ကိလေသာကပါ ဘုရား) ကိလေသာကချည့်ပဲ လှူလိုက်ပြန်လည်း အနှောင့် အယှက် လုပ်တာသူပဲ (တင်ပါ) သဘောကျပလား (သဘော ကျပါပြီ ဘုရား)။
ကိလေသာဟာ ရန်သူအကြီးဆုံး
ဒါဖြင့် သူ့ကို ဒီဒကာ ဒကာမတွေက ဘယ်လို အောက်မေ့ရမတုံး ဒို့ရန်သူ အကြီးဆုံးဟာသူပဲ၊ ဒို့ရန်သူ အကြီးဆုံးဟာ သူပဲ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချရမယ် (တပည့်တော်တို့ ရန်သူ အကြီးဆုံးဟာ ကိလေသာပါ ဘုရား) ကိလေသာပဲ (တင်ပါ ဘုရား) ဒါနဲ့ သူ့နာမည်က မင်းတို့မြို့သုံးမနေနဲ့ ကိလိဿတီတိ ကိလေသော၊ ကိလိဿတီတိ ပင်ပန်းအောင် လုပ်တတ်၏။ သူနာမည် ခေါ်ရင် အတော်ဆိုးတဲ့ နာမည် (တင်ပါ ဘုရား)။
(ဒီလိုဆိုးမှန်းပေါ်လွင်အောင် မသိလို့ပါ ဘုရား)။
ကိလေသာဟာ မဂ်ဖိုလ်တားတယ်
အင်း ဒါ လက်ခံထားတာပဲလေ လက်ခံထားတော့ ကိုတဲ့ လက်ခံသလောက် လက်ခံတဲ့ ပုဂ္ဂိုလ်မှာ အကျိုးယုတ် တယ်သူကအကုန်ကန့်ကွက်တာ “ပလိဗောဓဋ္ဌော မဂ္ဂါဓိဂမဿ နိဝါရဏံ’’ ဆိုတဲ့ ပလိဗောဓ၊ မဂ္ဂါဓိဂမဿ မဂ်ကိုရခြင်း၊ နိဝါရဏံ တားတာပဲ၊ ဒါမဂ်ကိုလည်း တားပစ်လိုက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဖိုလ်လည်းတားတယ်၊ အကျိုးကို လည်း ယုတ်လျော့ စေတယ်၊ သူ့လက်သတ်မွေးလို့ ကောင်းပါ့မလား ( မကောင်းပါဘူး ဘုရား) ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒါတွေ ဘယ်က ထွက်လာတဲ့ တရားတွေတုံး ဘယ်က ထွက်လာတဲ့ စကားတွေတုံး ဆိုတော့ ရဟန္တာဖြစ်တဲ့ အခါ ဘာအားထုတ်ရမတုံး မေးတော့ ထွက်လာတဲ့ စကားတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်က ထွက်လာတဲ့စကား (ရဟန္တာဖြစ်တဲ့အခါ ဘာအား ထုတ်ရမတုံးမေးတဲ့အခါ ထွက်လာတဲ့ စကားတွေပါ ဘုရား) အင်း ရဟန္တာဖြစ်ပြီးတော့မှ မင်းတို့ လယ်ယာမြေ ကောင်းသဖွယ် ကောင်းကောင်းကြီး ဖြစ်ချင်သေးလို့ရှိရင် ဒါ ကြိုးစားဦး (တင်ပါ ဘုရား)။
နိရောဓသမာပတ် တွေ လုပ်လိုက် ဦးကွ ဖလသမာပတ် ဝင်စားလိုက်ဦးကွ (တင်ပါ) ခန္ဓာဝန်နဲ့လည်း မင်းတို့ အိုးစားကွဲတယ်ကွ အဲဒါက သူတစ်ပါး ချီးမြှောက် ချင်လည်း ချီးမြှောက်ရာ ရောက်တယ်ကွ (မှန်ပါ)။
ကိလေသာဝေးလေလေ အကျိုးပေးလေလေ
ဒါကြည့်စမ်း ကိလေသာ ဝေးလေလေ အကျိုးပေး လေလေ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လို မှတ်ကြမတုံး (ကိလေသာ ဝေးလေလေ အကျိုးပေးလေလေပါ ဘုရား)။
ကိလေသာ ဝေးလေလေ အကျိုးပေးလေလေ ဆိုတော့၊ လောဘသမားတွေအတွက်ကတော့ အတော် စဉ်းစားရကြပ် ပါတယ်။ ကိုယ့်လောဘလေးနဲ့ ကိုယ်ရှာလိုက် လို့ ဒါလေးစားနေရတာ ဒီဘလေးမှ မရှိရင် ဒီတစ်အိမ်လုံး ဘယ့်နှယ်လုပ်မလဲ တရားအားမကိုးဘူး လောဘသွားအားကိုးတယ် (မှန်ပါ့ ဘုရား) ဒီလိုဖြစ်နေတယ်။
စင်စစ်တော့ သေချာစဉ်းစားကြည့်တော့ ဒီခန္ဓာ ငါးပါးကြီး ဆုံးဖို့၊ ကုသိုလ်တော့ မလုပ်ပဲနဲ့ ဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါဘူး) အမိဝမ်းထဲမှ ကုသိုလ်ကံမရှိလို့ရှိရင် မျက်စိလေးလဲ ပါမှာမဟုတ်ဘူး (တင်ပါ ဘုရား) နားလေးကော (ပါမှာမဟုတ်ပါဘူး ဘုရား)။
လောဘအမွှန်းတင်နေတယ် ဒီ လောဘလေးကြောင့် ဆိုပြီး သကာလ သူက နောက်မှ ပေါက်တဲ့ ရွှေကြာပင်ကို မင်းတို့က အမွှန်းတင်ပြီး ပြောတဲ့ စကားပါ (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) နောက်မှ ပေါက်တဲ့ ရွှေကြာပင် အမွှန်းတင်နေတာ။
စင်စစ်ကဖြင့် ဒီခန္ဓာကိုယ်ထဲမှ ကာမာဝစရ ကုသိုလ် တွေကြောင့် ဖြစ်ထားတဲ့ ဆံတစ်ပင်မှ သူက မတတ်နိုင်ပါ ဘူးကွ ဒီကုသိုလ်တွေက ဖန်တီးပြီး လုပ်နေရရှာကြတာ (တင်ပါ)။
ကုသိုလ်က ကြွေးတာ
ဖန်တီးပြီး လုပ်နေရငြားသော် ဒီဒကာ ဒကာမတွေက ကုသိုလ်က ကျွေးတာကို တဏှာက ကျွေးတယ်ထင်နေတာ (မှန်ပါ ဘုရား)။
လောကီဥပမာ ပြောကြပါစို့ ဆိုတော့ သခင်လာမှ ကပျာကယာ ရေထ, ထည့်ပြီး သူချက်တဲ့ ထမင်း မဟုတ်ပဲနဲ့ ချက်တော့ “ခံတမာ” (ထမင်းချက်သမား) က ချက်တာ၊ သူက ပွဲတော်တည်တာနဲ့ ဟန်လုပ်သလို ဖြစ်နေတာ၊ သူ့ ကျေးဇူးတင်ရဦးမလိုလို ပင်ပန်းထားတာကတော့ မီးဖိုချောင် ကလူက သဘောပါပလား (သဘောပါပါပြီ ဘုရား)။
ဒီမှာလည်း အစ်မတို့က ကျေးဇူးစောင့်နေတာက ဟန်လုပ်တဲ့သူကို ကျေးဇူးတင်နေတာ မီးဖိုချောင် နေတဲ့လူနဲ့ တူတဲ့ကံကိုတော့ (ကျေးဇူးမတင်ပါဘူး ဘုရား)။
အကဲခတ်ညံ့တယ်
ကျေးဇူးမတင်တော့ ကိုယ်ကိုယ်တိုင် အကဲခတ် ညံ့တယ်လို့ဆုံးဖြတ်ချက်ချရမယ် (တင်ပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက် ချရမတုံး (မိမိတို့ ကိုယ်တိုင် အကဲခတ် ညံ့တယ်လို့ ဆုံးဖြတ်ချက် ချရမှာပါ ဘုရား)။
မိမိကိုယ်တိုင်ကိုက လက်သည်မိအောင် မဖမ်း နိုင်ဘူး၊ (မဖမ်းနိုင်ပါဘူး ဘုရား) အကြောင်း အရင်းကို မဖမ်းနိုင်ဘူး၊ အကြောင်းတရား လေးလောက် ဖမ်းမိတယ် (မှန်ပါ)။
အဲတော့ အကြောင်းအရင်းနဲ့ အကြောင်းတရား ဆိုတာကလည်း အင်မတန် ကွာခြားပါတယ်၊ အကြောင်း အရင်းမိမှ သာလျှင်လည်း ကောင်းတာကိုလည်း အကြောင်း အရင်းသတ်ရမှာပဲ မကောင်းတာ ကိုလည်း အကြောင်းအရင်း သတ်ရမှာပဲ၊ ခုတော့ မင်းတို့ဟာက အဖျားသတ်ချည့် ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာနဲ့ အိုးစားကွဲအောင်လုပ်တာ
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်ကြီးတွေ ရဟန္တာဖြစ်ပြီး၊ ဘာလုပ်ရဦး မှာလည်းဆိုတော့ ခုနင်က “တော” တွေ ကြိုးစားရတယ်ကွ၊ ဘယ်ကိလေသာ ရှင်းချင်လို့ တုံး မဟုတ်ပါဘူးတဲ့ ဒီခန္ဓာနဲ့ အိုးစား ကွဲအောင် လုပ်တာပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မည်သူမဆိုအားထုတ်ရမည့် တရားတော်
သူတစ်ပါးကိုလည်း အကျိုးပေး သန်သန်ထွားထွား ဖြစ်စေချင်လို့ ဒါတွေ လုပ်ရပါတယ် (တင်ပါ ဘုရား) ကိုယ့် အတွက်လည်း ခန္ဓာနဲ့ ခွဲပြီး ချမ်းသာချင်လို့၊ သူတစ်ပါး ကိုလည်း ချီးမြှောက်ချင်လို့ ဒီဟာဆက်ပြီး အားထုတ်ရ ပြန်တယ်ဆိုတော့ ဒီတရားဟာ မည်သူမဆို အားထုတ်ရမယ် ဆိုတော့ ပုထုဇဉ်က သောတာပန်ဖြစ်ချင်လို့ အားထုတ်ရမယ်။
သောတာပန်က သကဒါဂါမ် ဖြစ်ချင်လည်း (အားထုတ် ရမယ်) ဒီတရားပဲ၊ သကဒါဂါမ်က အနာဂါမ်ဖြစ်ချင်ရင် (ဒီတရားပဲ) အနာဂါမ်က ရဟန္တာဖြစ်ချင် (ဒီတရားပဲ)။
အလုံးစုံတရားကချည်း ရွက်ဆောင်သွားတယ်
ရဟန္တာဖြစ်ပြီး သကာလ ခန္ဓာ့ဒုက္ခငြိမ်းစေချင်ရင် (ဒီတရားအားထုတ်ရမယ်) သူတစ်ပါး ချီးမြှောက်ချင်ရင် (ဒီတရားပဲ အားထုတ်ရမယ်) ဒါဖြင့် အားလုံးဟာ သူ့တာဝန်ချည်း ပါလားကွ (မှန်ပါ ဘုရား) အလုံးစုံအကုန် သူကချည်းပဲ ရွက်ဆောင် သွားတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။