143

ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်

အသံဖိုင်ခေါင်းစဉ်= ကိံသုကောပမသုတ် အမှတ်(၁) ကိုယ့်အကြောင်းကိုယ်သိရမည် ငါသည်မုချသေရမည်

စာအုပ်ခေါင်းစဉ်= ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားသောတရားတော်

ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်

(၂ဝ၊ ၃ ၊ ၆၁)

ဘယ်ဘဝကလာကြသတုံး

အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ ကိုယ့် – အကြောင်း ကိုယ်စဉ်းစားရမယ်၊ (မှန်ပါ့) ကိုယ့်အကြောင်း ကိုယ် စဉ်းစားရမယ် ဆိုလို့ ရှိရင်ဖြင့်၊ ကိုယ်ဟာ ဘယ့်နှယ်ဖြစ်နေ တယ် ဆိုတာ တွေးရမယ်နော် (မှန်ပါ့) ဘယ်လိုများ ဖြစ်နေသတုံး လို့မေးတဲ့ အခါကျတော့မှ၊ ဒကာ ဒကာမတွေ ဘယ်ဘဝက လာကြသလဲလို့ မေးလို့ ရှိရင်၊ မသိပါဘူး ဘုရားလို့ တစ်ပွဲလုံးဖြေ ရမယ် (မှန်ပါ့)။

ဘယ်ဘဝကလာကြသတုံး (မသိပါဘူးဘုရား) ဪ မသိတဲ့ ဆီကလာကြတာဘဲ။

ဒကာ ဘယ်ကလာပါလိမ့် (မသိပါဘူးဘုရား)၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ကိုယ်လာတဲ့နေရာ ကိုယ်မသိဘူး ဆိုတဲ့ အဓိပ္ပါယ်ကလဲ ဘယ်နှယ့် ဖြစ်နေကြတာတုံးလို့ မေးလို့ရှိရင် ဖြင့် မသိလို့ မသိတာ လျှောက်ရပါတယ် ဘုရား ဆိုတာ ဒါပဲ အဖြေထွက်မှာပဲ (မှန်ပါ့)။

ဘယ်သွားရမှာတုံး

ကောင်းပြီ ဒကာ ဒကာမတွေ၊ ဒီဘဝက စုတေမနေ သေ လွန်လို့ရှိရင်လဲ၊ ဘယ်သွား ကြရမှာ တုံးလို့ မေးပြန်လို့ရှိရင် လဲ မသိပါဘူး ဘုရားဘဲ ဖြေရမှာပဲ။

သြော် ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဘယ်ကလာလို့ ဘယ်သွားရမှန်း မသိဘူးဆိုတဲ့ ကလေးလောက် အရုပ်ဆိုး တာတော့ဖြင့် ရှိမယ် မထင်ပါဘူး (မှန်ပါတယ်)။

ဦးခင်မောင် ဘယ်ကလာလို့ ဘယ်သွားရမှန်း မသိဘူး တဲ့၊ ဘယ့်နှယ်ဖြစ်နေကြသတုံး။ မသိလို့ဘဲ ဘယ်ကလာ လို့ ဘယ်သွားရမှန်း မသိဘူး ဆိုတော့၊ မောင်ကျော်တို့ လူစု အတော်ခက် နေတယ်ကွ။ ဘယ်က လာသတုံး မေးရင်တော့ (မသိပါဘူးဘုရား)။ ဘယ်သွားရမှာတုံး ဆိုတော့ကော (မသိပါဘူး ဘုရား)။ အံမလေး မသိတွေကလဲ ပေါလှချေလား။ ဦးခင်မောင် မသိတွေ မှိုပေါက်နေပြီ (မှန်ပါ့)။

မသိရာကို သွားနေရတယ်

ဒါတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ နောက်နောင် တုန်းက ဘဝတွေကလဲ မသိရာက လာပြီး၊ မသိရာကို ချည်းသွား နေရတာဘဲ ဆိုတဲ့ အဓိပ္ပါယ် ရှင်းလင်းပြီး သကာလ နေတော့ တယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ တစ်ခါဘုန်းကြီးကပဲ ဆက် မေးပြန်ပါတယ်။ ဓမ္မပဒမှာ လာတဲ့ ရက်ကန်းသည်မကလေး ကုမာရီတို့ ဝတ္တုကို ထောက်လိုက်လို့ ရှိရင်လဲ သိသာပါတယ်၊

သေရမှာ ဒကာ ဒကာမတွေ မသိဘူးလားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (သိပါတယ် ဘုရား) သေရမှာတော့လဲ အသိသား (မှန်ပါ)။

သေရမှာတော့သိကြတယ်

ဪ သေရမှာတော့လဲ သိတယ်၊ သိတာ တစ်ချက်ကတော့ အရှိသားပဲ။ ဘယ်က လာမှန်းလဲ မသိ၊ ဘယ်သွား ရမှန်းလဲမသိ၊ သေရမှာ သိရဲ့လားဆိုတော့ (သိပါတယ် ဘုရား) သိပါတယ်ဘုရား ဆိုတော့ သိတာကလဲ အမှန်သားပဲ။

ခန္ဓာကြီး ရကတည်းက သေရမယ်ဆိုတာ သိနေကြတယ်နော် (မှန်ပါ) သိပင် သိငြားသော်လဲ မသိတာကလေး တစ်ချက်က ရှိနေပြန်တယ်။ သိတဲ့အထဲက မသိတာကလေး တစ်ချက်က ဒကာဝတို့ မောင်သော်တို့ ဦးခင်မောင်တို့ ရှိနေသေးတယ် (မှန်ပါ) သေရမည့်အချိန် ကာလကို သိကြရဲ့လား မေးပြန်တော့ (မသိပါဘူး)။

သေရမည့်အချိန်တော့ မသိကြဘူး

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အချိန်သာမသိ တာ သေရမှာတော့ သိတယ် ဆိုတာ ရှင်းနေပြီ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြန်မေးပါဦးမယ်။ ဘယ်ကလာ ကြသတုံး (မသိပါဘူး) ဘယ်သွား ကြမှာတုံး (မသိပါဘူး) သေရမှာတော့ သိရဲ့လား (သိပါတယ်ဘုရား) အချိန်တော့ သိကြရဲ့လား (မသိပါဘူး)။

ဪ ဒကာ ဒကာမတွေရှိလို့ ခင်ဗျားတို့ ကျုပ်တို့ မှာဖြင့် ခက်ပြီး သကာလ နေတာ ဘယ်က လာမှန်းလဲ မသိ၊ စုတေမနေ သေလွန်တဲ့ အခါကျလို့ရှိရင် ဘယ်သွားရမှန်းလဲ မသိ။ သေရမှာတော့လဲ ခန္ဓာရကတည်းက သိရဲ့။ သေရမည့် အချိန်ကာလ ကြည့်လိုက်ပြန်လို့ ရှိရင်လဲ မသိပြန်ဘူးတဲ့။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြစို့လား။ ဘယ်က လာတယ် မသိတာ ကတော့ဖြင့် အသာထား၊ ဘယ်သွားရမယ် ဆိုတဲ့ သိဖို့ရာ အလုပ်ကတော့ လုပ်မယ် ဆိုရင် ရတယ်။ (မှန်ပါ)။

ဘယ်သွားရမယ်ဆိုတာ သိအောင်လုပ်ထားပါ

ဘယ်သွားရမယ်ဆိုတာ သိဖို့ရာ အလုပ်ကတော့ (လုပ်ရင် ရပါတယ်) လုပ်ရင် ရသေးတယ် ဆိုတော့ အင်း ဒီနည်းကလေး တစ်နည်း တစ်ဖုံ ရှိသေးတဲ့အတွက် ကောင်းပဲ ကောင်းသေး တော့တယ် ဆိုတဲ့ အဓိပ္ပါယ်လဲ ရသေးတယ် နော် (မှန်ပါ)။

အဲဒီတော့ ဒီလိုလုပ်ကြရပါ လိမ့်မယ်။ ဒကာ ဒကာမတို့ လာရာ မသိလို့ ရှိရင် သွားရာ သိဖို့ အလုပ်ကလေးတစ်ခုတော့ ကျုပ်တို့ လုပ်ထားရမယ် (မှန်ပါ)။

သွားရာသိဖို့ အလုပ်ကလေး တစ်ခုတော့ ဘာပါလိမ့်။ (လုပ်ထားရပါမယ် ဘုရား) လုပ်ထားဖို့ အင်မတန်ကိုပဲ အရေးကြီးပါတယ် ဆိုတာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။

စိတ္တသူကြွယ်

သေတော့မယ် ဆိုတော့ စာလိုသုံးရင် ကံ ကမ္မနိမိတ် ဂတိ နိမိတ် သုံးပါးမှာ တစ်ပါးပါး ထင်ရတယ် ဆိုတော့၊ စိတ္တသူကြွယ် တို့ကျတော့ ဒကာ ဒကာမတို့ ခိုင်လုံတဲ့ ဝိပဿနာ ပညာ၊ မဂ်ပညာတွေ လုပ်ထားလိုက်တဲ့ အတွက်၊ ဘေးက သစ်ပင်စောင့် စသည်တို့က စိတ္တသူကြွယ် သင်သေတော့မှာပဲ၊ “သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ” ဆိုတဲ့အတိုင်း၊ သင်သည်ကားလို့ ဆိုရင် သီလလည်း ပြည့်စုံ စိတ်တောင့်တတိုင်း ပြည့်စုံ နိုင်ပါတယ်တဲ့။

သွားရမည့်ကိစ္စ၊ သူသိတယ်

ဒါကြောင့် သင်သည်ကား စကြဝတေးမင်း အဖြစ်ကို ယူပါလို့ ဆိုတော့၊

စိတ္တသူကြွယ်က ဦးဝရေ “တမ္ပိ အနိစ္စံ”လို့ ပြောလိုက်တယ်။ တမ္ပိ – ထိုစကြဝတေးမင်း စည်းစိမ်သည်လည်း၊ အနိစ္စံ – အနိစ္စ ပဲတဲ့။ တမ္ပိ- ထိုစကြဝတေးမင်း စည်းစိမ်သည်လည်း၊ အဓုဝံ – မမြဲဘူးတဲ့၊ ကဲ- ထိုစကြဝတေးမင်း စည်းစိမ်ကို ပဟာယ- ပယ်၍၊ ဂမနီယံ- သွားမည်တဲ့။

ဒါတွေကို ငါပယ်ပြီးတော့ သွားမည်ဆိုတော့ သူသေမည့် ကိစ္စကို လာပြောနေကြတာ (မှန်ပါ) ဒါတွေပယ်ပြီး ကျုပ်သွားမယ် ပြောတော့ သူသေရမှာ သိတယ်။ သွားရမည့် ကိစ္စကို သူသိတယ် (မှန်ပါ) အဲ့ဒါက သိတဲ့နည်း လုပ်ထားလို့ သိတာ (မှန်ပါ)။

ဒကာ ဒကာမတို့ အစကပြောခဲ့တာကတော့ သိတဲ့နည်း လုပ်မထားလို့ မသိပါဘူး ဘုရားလို့ ဆိုတဲ့ အဓိပ္ပါယ် ရတယ် (မှန်ပါ)။

သွားရမည့်လမ်း သိအောင်လုပ်ထားပါ

ဘာလုပ်မထားလို့ပါလိမ့် (သိတဲ့နည်း လုပ်မထား လို့ ပါဘုရား)။ သိတဲ့နည်း လုပ်မထားတဲ့ အတွက် ဒကာ ဒကာမ တွေ မသိပါဘူး ဘုရားတွေသာ များနေတော့၊ သေရမှာတော့ သိရဲ့ အချိန်ကလေးလဲ မသိကြသေး။ သွားရမည့် လမ်းခရီးကိုလဲ သိအောင် လုပ်တဲ့နည်း ကျုပ်တို့ လုပ်ထားဖို့ အရေးဟာ ကျုပ်တို့ အရေးဘဲ ဆိုတာ၊ ဒကာဝတို့ မောင်ကိုတို့ ဦးခင်မောင်တို့ ဒကာသစ်တို့ အကုန် မှတ်ကြရမှာဘဲ (မှန်ပါ)။

ဒါဖြင့် ဒီဥစ္စာ သေရမှာသိရဲ့လားလို့ မေးတော့ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေသတုံး (သိပါတယ် ဘုရား)။

သိပြီး သကာလ ဒကာ ဒကာမတို့ ဘယ်သွားရမှာတုံး ဆိုတော့ မသိဘူးလို့ ဒကာ ဒကာမတွေက တရားတစ်ပွဲလုံးပဲ သုံးလိုက်ပါတယ်။ အဲဒါ သိအောင် လုပ်လို့ ရှိရင်လဲ သိနိုင်ပါ တယ်။ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

သိအောင်လုပ်ထားတဲ့ပုဂ္ဂိုလ်တွေ

သိအောင်လုပ်တဲ့ ပုဂ္ဂိုလ်များ သေခါနီး ကျတော့၊ ဟို ဓမ္မပဒမှာ လာတဲ့ ပုဂ္ဂိုလ်များ ထောက် ကြည့်တဲ့ အခါကျတော့ တုသိတာ နတ်ပြည်က ရထားက လာဆိုက်နေတယ်၊ တာဝတိံသာ က လာဆိုက် နေတယ်။ ရထားတွေက ကျုပ် ရထားလိုက်ပါ သူ့ရထား လိုက်ပါနဲ့၊ သေခါနီးများ ဦးခင်မောင် အလုအယက် မခေါ်ကြဘူးလားဗျာ (ခေါ်ပါတယ် ဘုရား) ရပ်ကြပါဦး။ ရပ်ကြပါဦးလို့ တောင် အောက်က နေပြီး မအော်ရ ဘူးလားဟေ့။ (အော်ရပါတယ်)။

အဲဒီလိုအော်ရတဲ့ အခါ သားသမီးတွေကတောင် အထင်လွဲလို့ အဖေ ကယောင်ကတမ်း မပြောပါနဲ့လို့ တောင် တောင်းပန်ကြ သေးတယ်။ ဟ ငါ ကယောင်ကတမ်း ပြောတာ မဟုတ်ဘူး။ နတ်ရထားတွေက သူ့ရထား လိုက်ပါ။ ငါ့ရထား လိုက်ပါနဲ့ ပြောလို့ ရပ်ကြပါဦး ပြောရတာ ဆိုတော့ သူသွားရမည့် လမ်း သိနေတာကိုးဗျ (မှန်ပါ)။

စိတ္တသူကြွယ်တို့ကျတော့

ဒါဖြင့် သုဂတိသွားရမည့် လမ်းကိုလဲ သိတယ်။ ခုနင်က ပြောခဲ့တဲ့ စိတ္တသူကြွယ်တို့ ကျတော့ လည်း၊ ဝဋ်စည်းစိမ်ကို မလိုချင်တော့ ဒီအနိစ္စတွေ မလိုချင်ပါဘူး၊ နိစ္စနိဗ္ဗာန်သာ လိုချင်ပါတယ်။ နိစ္စနိဗ္ဗာန် ဆီသာ သွားပါတယ် ဆိုတာလဲ ထင်ရှားပြီး သကာလ နေတော့၊ သြော် သူသည် ဘယ်က လာလို့ မသိငြားခဲ့ သော်လည်း၊ ဘယ်သွားရမယ် ဆိုတာတော့ သိအောင် ဒကာ ဒကာမတို့ လုပ်ထားဖို့ သင့်ပါတယ် (မှန်ပါ)။

မလျော့ကြနဲ့နော် (မှန်ပါ)။ ကိုယ်လုပ်ရင် ကိုယ်ရ တာပဲ (မှန်ပါ)။

ကိုယ်လုပ်ရင် (ကိုယ်ရပါတယ်ဘုရား)။ အဲဒီတော့ ဘုန်းကြီးက ဒကာ ဒကာမတွေ ဆုံးမချင် တာက၊ ဪ ဘယ်က လာမှန်းလဲ မသိ၊ ဘယ်သွားရမှန်းလဲ မသိ၊ သေရမှာ သိရဲ့လား ဆိုတော့ သိပါတယ်။ အချိန်သိပါရဲ့လား ဆိုတော့ မသိဘူးတဲ့။

အခု ဒကာ ဒကာမတွေ ဝိပဿနာလုပ်၊ ဒါန သီလတွေ ကို ကြီးကြီးကျယ်ကျယ် ကဲ ငါလည်း သေတော့မှာပဲ စွန့်မှပဲ ကြဲမှပဲ ဒါန သီလတွေလည်း လုပ်ရလိမ့်မယ်။ ဝိပဿနာ မဂ်ဉာဏ် ဆိုက်အောင်လည်း (လုပ်ရမှာပါဘုရား)။

လုပ်ရလိမ့်မယ် ဆိုတော့ ဒါတွေကို ဒါနလည်း တွင်တွင် ကျယ်ကျယ် မလုပ်ဖြစ်၊ သီလလဲ မြဲအောင် မလုပ်ဖြစ်၊ ဝိပဿနာ အလုပ်ကြီး ကျပြန်တော့လဲ အချိန်ရွေးပြီး သကာလ နေတာသည်၊ ဒကာ ဒကာမတို့ သေရမှာ အချိန်သိကြရဲ့လား (မသိပါဘူး) သေရမယ်ဆိုတာတော့ သိတယ်နော် (သိပါတယ်) အချိန်ကျတော့ (မသိပါဘူး)။

အလုပ်လုပ်မထားရင် မှားပြစ်ကြီးတယ်

ဪ ဒါဖြင့် သေရမှာ သိပြီး၊ အချိန် မသိတာနဲ့ ဒါနလည်း တင်းတင်း မလုပ်၊ သီလလည်း ဖြောင့်ဖြောင့် မစောင့်၊ ဝိပဿနာ အလုပ်တွေ ကိုလည်း တွင်တွင်ကျယ်ကျယ် မလုပ်ပဲ နေတာ ဒကာ ဒကာမတွေ ကိုယ့်မှားပြစ်ကြီး ကြီးတယ်လို့ ဆိုကြပါစို့ (မှန်ပါ)။

ဦးခင်မောင်ဘာပြစ်ကြီးပါလိမ့် (မှားပြစ်ကြီးပါတယ် ဘုရား)။

မှားပြစ်ကြီး၊ ကြီးတယ်။ သေရမှာတော့ မသိဘူးလား။ သိသလား (သိပါတယ်) အချိန်ကလေး ကျပြန်တော့ (မသိပါဘူးဘုရား) အဲ အချိန်ကလေး မသိတာနဲ့ ဖြင့် ဆင်ခြေလဲပြီး သကာလ၊ သားရေး သမီးရေး စီးပွားရေးနဲ့ အချိန် တွေ အကုန်ခံပြီး သကာလ ဒါနလည်း ရဲရဲကြီး မစွန့်၊ သီလလည်း များများကြီး မဆောက်တည် နိုင်ပဲနဲ့၊ သမထ ဝိပဿနာတွေကို လည်း ဒကာ ဒကာမတွေက ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာ ဪ ဒီအချိန်ကလေး မသိတာနဲ့ ဒကာ ဒကာမတွေ သည်ကား လို့ဆိုရင်ဖြင့် မိုက်နေတာပဲ။ မလိမ္မာမှုတွေ ပိုနေတာ ပဲ ဆိုလို့ရှိရင် မလွဲပါဘူး (မလွဲပါဘူး)။

ဒါ့ကြောင့် ခင်ဗျားတို့ တရားအားထုတ်လို့ တွင်တွင် ကျယ်ကျယ် ဖြစ်ပြီး သကာလ၊ သွားရာ လမ်း ခရီး အသိကြီး သိချင်လို့ ရှိရင်ဖြင့်၊ ဒီ မရဏာနုဿတိ ကလေးလဲ မှတ်ထားပါဆို တာ ပြောရတယ်နော် (မှန်ပါ)။

ငါသည် မုချသေရမည် – အချိန်ပိုင်းသာ လိုတော့သည် ဆိုတာကလေး အမြဲနှလုံးသွင်း ရမယ် (မှန်ပါ)။

ငါသည် မုချသေရမည်

ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။

မုချတော့ သေရမှာပဲ မဟုတ်လား (မှန်ပါ) အချိန်လေး ဘဲလိုတော့တယ် မဟုတ်လား (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ လူငယ်ကလေးတွေမှာလဲ ဘာ သာလိုတော့သလဲ (အချိန်ပိုင်းသာ လိုပါတော့တယ် ဘုရား) သေတော့ သေမှာဘဲ၊ အချိန်ပိုင်း ကလေး ကျန်တော့ တယ်။ (မှန်ပါ) လူကြီးတွေ မှာကော (အချိန်ပိုင်းကလေး ကျန်ပါတော့တယ်)။

အဲဒီအချိန်ပိုင်းအတွင်းမှာ ကျုပ်တို့သည်ကားလို့ ဆိုရင် တစ်နေ့က ပြောခဲ့သလို သုဿာန် သွားရင်း အပြေးအလွှား သုဿာန်မြှုပ်တဲ့ အဖြစ် ဒီဘဝသာ အရောက်ခံမယ်။ နောက် မရောက်အောင် ကြိုးစားမယ်ဟဲ့ ဆိုတာကို သုဿာန် သွားရင်း ကြိုးစား ရတယ် ဆိုတာ ကိုလဲ မနေ့က ပြောခဲ့ပါတယ် (မှန်ပါ)။

ဒါကြောင့် ဒကာ ဒကာမတွေ ငါသည် မုချသေရမည်၊ အချိန်ပိုင်း သာလိုတော့သည် ဆို တာ၊ ကိုယ့်ကိုယ်ကို နှလုံးသွင်းဖို့ ပြောပါ တယ် (မှန်ပါ)။ အချိန်ပိုင်းသာ လိုတော့သည် ဆိုရင် မြန်မြန် ကြိုးစား လိုက်မှပဲ ဆိုပြီး သကာလ၊ သွားရာ လမ်းခရီး သိအောင် မြန်မြန်ကြိုးစားလိုက်မှပဲ ဆိုတဲ့ ဝီရိယတွေ ပြင်းထန်လာပါလိမ့် မယ်နော် (မှန်ပါ)။

ဒကာ ဒကာမတွေ ကိုယ့်အဓိပ္ပါယ်ကော ကိုယ်ရှင်းကြရဲ့ လား (ရှင်းပါတယ်ဘုရား) ငါသည် ဘာတဲ့တုံး (မုချ သေရမည်)။ သေမှာတော့ သေသေချာချာဘဲ နော် (မှန်ပါ) အေး ဒါကြောင့် –

သူဌေးလည်း သေရမှာပဲ၊

“ဒဟရာ စ ဟိ ဝုဒ္ဓါ စ၊ ယေ ဗာလာ ယေ စ ပဏ္ဍိ တာ။

အဍ္ဍာစေဝ ဒလိဒ္ဒါ စ၊ သဗ္ဗေ မစ္စုပရာယဏာ” (ဧကာဒသနိပါတ် ဒသရထဇာတ်)

လို့ ဟောထားတယ်။

ငယ်တဲ့ပုဂ္ဂိုလ် သေရမှာပဲကွ။ ကြီးတဲ့ ပုဂ္ဂိုလ်လည်း သေရမှာကွ။ ယေ ဗာလာ ယေစ ပဏ္ဍိတာ-လူမိုက်တွေလည်း သေမှာဘဲ၊ လူလိမ္မာလည်း သေမှာပဲကွတဲ့ (မှန်ပါ) အဍ္ဍာစေဝ ဒလိဒ္ဒါစ တဲ့-သူဌေး သူကြွယ်တွေလည်း သေရမှာဘဲ၊ ဆင်းရဲသားကော (သေရမှာပါဘုရား)။ သဗ္ဗေ မစ္စုပရာယဏာ – သေမင်းသာ လျှင် လဲလျောင်းရာ ရှိတယ်။

သေမင်းဆီမှာ သွားပြီး အခွန် ဆက်ကြရမှာချည်းပါဘဲ၊ သေမင်းလက်တွင်း ခေါင်းစင်းပြီး အပ်ကြရမှာချည်းပါဘဲဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

လူလိမ္မာလည်း သေရမှာပဲ

အဲဒါကြောင့် ဒီအထဲမှာ အခုပြောတဲ့ ခြောက်မျိုးထက် ဖြင့် မများတော့ပါဘူး (မှန်ပါ) ငယ်တဲ့ ပုဂ္ဂိုလ်လဲပါ, ပါတယ်၊ ကြီးတဲ့ ပုဂ္ဂိုလ်ကော (ပါ ပါတယ်ဘုရား)၊ မိုက်တဲ့ပုဂ္ဂိုလ်လဲ (ပါပါတယ်)၊ လိမ္မာတဲ့ ပုဂ္ဂိုလ်ကော ပစ္စည်းပါးရှားတဲ့ ပုဂ္ဂိုလ်ကော (ပါပါတယ်) ဘာပဲပါပါ ဒီခြောက်မျိုးဟာ နောက်ဆုံးပိတ် သေမင်း ခေါင်းစင်း အပ်ရမှာချည်းဘဲ (မှန်ပါ)။

အဲဒါကြောင့် သေမင်းချည်း ခေါင်းစင်း အပ်ရတဲ့ ဘဝတွေက များလွန်းလို့၊ ဒကာ ဒကာမတို့ တော်ပြီ တန်ပြီ သေမင်းရဲ့ စာဖတ် ဝါးဖတ် အဖြစ်မှ ကျုပ်လွတ်အောင် ရှောင်ပါတော့မယ် ဆိုပြီး သကာလ၊ စိတ္တသူကြွယ်တို့ လို လောက စည်းစိမ်တွေဟာ အကုန် အနိစ္စချည်းဘဲ နိဗ္ဗာန် သာလျှင် ကောင်းတယ် ဆိုတဲ့ အသိဉာဏ်မျိုး ရောက်အောင်၊ တစ်ခါတည်း ကိုယ်သွားရမည့် လမ်းကို သိထား ရအောင်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါနသီလ သမထ ဝိပဿနာတွေ အကုန် ကြိုးစား ရတော့မယ် ဆိုတဲ့ ဥစ္စာ ယနေ့ ဟောပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အခု တရားတော့ နာနေ ကြတာပဲ၊ ဘုန်းကြီးကလဲ တရားဟော နေတာပဲ၊ အချိန်ပိုင်းသာ လိုတော့တယ် (မှန်ပါ့)။

အချိန်ပိုင်းသာလိုတော့တယ်

ဘုန်းကြီးကလဲ (အချိန်ပိုင်းသာလိုတော့တယ်) ပျံတော် မူတော့မှာပဲ အချိန်ပိုင်းသာ လိုတော့တယ်၊ ဒကာ ဒကာမတွေကလဲ သေတော့မှာပဲ ဘာပါလိမ့် (အချိန်ပိုင်း သာ လိုပါတော့တယ် ဘုရား) အချိန်ပိုင်းပဲ ကျန်ကြတော့တယ်၊ သေရမှာတော့ သေချာတယ်နော် (မှန်ပါ့)။

အဲဒီတော့ ဒီအချိန် ကလေး အတွင်းမှာ၊ ဆရာကလည်း ဆင်ခြေလဲ နေလို့ မဖြစ်ဘူး ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ (မှန်ပါ့) ဒကာ ဒကာမတွေကလည်း ဆင်ခြေလဲနေဖို့လို သေးလား (မလိုပါဘူး)။ ခုနင်က ပြောခဲ့တဲ့ ပြုံးသေ အလုပ်ကိုဖြင့် လုပ်ရတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းရှင်း လင်းလင်းပဲ မှတ်ရတော့မယ် (မှန်ပါ)။

ပြုံးသေ အလုပ်ကိုလုပ်ထားပါ

ပြုံးသေ အလုပ်ဆိုတာ သွားရမည့် လမ်းခရီးကြီးကို တကယ်သိပြီး သကာလ ထားတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ ပြုံးဆိုတဲ့ အဓိပ္ပါယ်ဟာလည်း ရှင်းလို့၊ တစ်နေ့က လည်း ဒီအကြောင်း ဟောခဲ့ပြီးပါပြီ (မှန်ပါ့)။ မရှင်းသေးဘူးလား (ရှင်းပါပြီ)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် “ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်” ဆိုတာလေးကို နှလုံးသွင်းကြပါ (မှန်ပါ့)။

နှလုံးသွင်းလိုက်တဲ့ အခါကျတော့ လားရာ ဂတိ သိတဲ့ အလုပ်ကို “နိဗ္ဗာနံ အရဟတော ဂတိ” လို့ တစ်နေ့က ပြောခဲ့ တယ် နိဗ္ဗာန်သည် ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိလို့ ပြောခဲ့ တယ် (မှန်ပါ့)။ အဲဒီတော့ ဂတိမြဲအောင် ဒကာ ဒကာမတို့၊ နိဗ္ဗာန် မရသေးတောင်မှ သုဂတိ ရောက်အောင် သုဂတိ ကနေပြီး သကာလ အောက်သို့ ပြန်မဆင်းဘဲနဲ့ နိဗ္ဗာန် ကူးအောင် လုပ်ဖို့ကိုဖြင့်၊ သေခါနီးမှာ ရထား တွေက ခေါ်သလို နိဗ္ဗာန်ကို အာရုံပြု နိုင်သလို ထိအောင် ဒကာ ဒကာမတို့သည် ကြိုးစားရမှာဘဲ (မှန်ပါ့)။

အချိန်ပိုင်းအတွင်း ကြိုးစားကြပါ

ဒါဖြင့် အချိန်ပိုင်း အတွင်း ကြိုးစား ရမှာပေါ့ (မှန်ပါ) ခင်ဗျားတို့က ဘာပဲ လိုတော့သတုံး (အချိန်ပိုင်းပဲ လိုပါတော့ တယ်) ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည် (မှန်ပါ)။

ဒါဖြင့် ဒီအချိန်ပိုင်းကလေး အတွင်းမှာဘဲ ဒကာ ဒကာမတို့ ဘာလုပ်ရမှာတုံး (ကြိုးစား ရမှာပါ)။ ဦးခင်မောင် ရေ လားရာသိဖို့ ကြိုးစား ရလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီး ပြောနေကျ စကားအတိုင်း ဒကာ ဒကာမတွေ သုံးစွဲရလို့ ရှိရင်ဖြင့် “အသေက မဦးဘဲနဲ့ ဉာဏ်က ဦးအောင်လုပ်လိုက်ပါ” (မှန်ပါ့ဘုရား) ခန္ဓာကိုယ် ကြီးဟာ တစ်ခါတည်း အသေ ဘက်ချည်း ကိုင်းနေပါတယ် (မှန်ပါ့) ဉာဏ်က ဒကာ ဒကာမတွေက မင်းကိုင်းတာတော့ ကိုင်းတာ ပေါ့ကွာ၊ တစ်ခါဘဲ အကိုင်း ခံတော့မယ်ကွ၊ နောင်ကိုဖြင့် သေမင်း အခွန်ဆက်တဲ့ အလုပ် မလုပ်တော့ ပါဘူး ဆိုတဲ့၊ မသေရာမှန် ပြည်နိဗ္ဗာန်ကို ဒကာ ဒကာမတွေ မရောက် ရောက် အောင် ကြိုးစား ရတော့မယ် ဆိုတာ သဘောပါပလား (ပါပါပြီ)။

ကိုယ်သွားရာလမ်း သိအောင်လုပ်ပါ

မသေရာမှန် ပြည်နိဗ္ဗာန် ဆိုတာ တခြားမဟုတ်ပါဘူး၊ အားထုတ်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်၊ နိဗ္ဗာန်မြင်တဲ့ အမြင်ရ ပြီးတဲ့ ပုဂ္ဂိုလ်ကျလို့ ရှိရင်ဖြင့်၊ သောတာပန် အမြင်ဖြစ်ဖြစ် အပါယ် လေးပါး နိမိတ်တွေက မထင်လာပဲ၊ သုဂတိ နိမိတ်တွေသာ ထင်လာပြီ ဦးခင်မောင်ရေ သွားရာ လမ်းခရီး ကြီးမှာလဲ (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ) သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့မှာလဲ ထို့အတူဘဲ၊ ကိုယ်သွားရာ လမ်းကို ကိုယ်သိကြပါတယ် ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်က လာကြသတုံး မသိပါဘူး။ ဘယ် သွားကြမှာတုံးလို့ မေးရင်ကော (မသိပါ ဘုရား) အဲဒါကိုတော့ သိအောင် လုပ်ရမယ်။ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဘုန်းကြီးတို့ အားလုံး တရားနာကြတဲ့ သံဃာတော်တွေရော ဒကာ ဒကာမတွေရော ဘုန်းကြီးတို့ရော အချိန်ပိုင်းပဲ လိုကြပါတော့တယ် (မှန်ပါ့)။

ဘာလိုကြတော့သတုံး (အချိန်ပိုင်းဘဲ လိုကြပါ တော့တယ်ဘုရား)။

ကိုယ့်ကိုယ်ကို ဆုံးမပါ

အချိန်ပိုင်းဘဲ ဒကာ ဒကာမတွေ လိုကြတော့တယ် အိမ်မှာလဲ တစ်ဦးနဲ့တစ်ဦး စကားများ ကြတော့မယ်၊ ကတောက် ကဆ ဖြစ်ကြတော့မယ် ဆိုလို့ရှိရင်၊ အို အချိန်ပိုင်းတင်လိုတဲ့ သေခါနီးက ဒီအပြောမျိုး ပြောရသလားလို့ ကိုယ့်ကိုယ်ကိုလည်း ဆုံးမပါ။ (မှန်ပါ့ဘုရား) အချိန်ပိုင်းလိုတဲ့ သေခါနီးတွေ မဟုတ်လားဗျာ (မှန်ပါ့)။

အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ညီအကို မောင်နှမ ဖြစ်ဖြစ်၊ သားသမီး ဖြစ်ဖြစ်၊ မအေ မိဘနဲ့ ဖြစ်စေ၊ ဆွေမျိုး ညာတကာနဲ့ ဖြစ်စေ၊ မိတ်သင်္ဂဟနဲ့ ဖြစ်စေ၊ ကြမ်းကြမ်း တမ်းတမ်း ပြောမယ် ဆိုမယ်လို့ ကြည့်လိုက်လို့ရှိရင် ခုနင်က ဟာကလေးကို “ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်” အချိန်ပိုင်း လိုတယ် ဆိုတာ သေခါနီး ပြောတာ (မှန်ပါ့)။

အချိန်ပိုင်း လိုတယ် ဆိုတာ ဘာပါလိမ့် (သေခါနီးပြော တာပါဘုရား)။

သေခါနီးတွေ

သေခါနီး ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ခင်ဗျားတို့သည်၊ လောဘ ဒေါသ မောဟ သိမ်းပြီး သကာလ သွားရာလမ်း ခရီးသိဖို့ရာ အလုပ်ကိုသာ အရေးတကြီး လုပ်ပါတော့ (မှန်ပါ့)။

အခု ဒကာ ဒကာမတွေကို ရှေ့ပိုင်းမှာ ဘုန်းကြီး ဆုံးမချင် တာက သေကံနီးတွေက သေကံဝေးလို နေတာခက်တယ် (မှန်ပါ့)။

ဘာခက်နေပါလိမ့် (သေကံနီးတွေက သေကံလို နေတာခက်ပါတယ်ဘုရား)။

အသက် အတိုင်း နေရလို့ ရှိရင် ဦးခင်မောင်နဲ့ ဦးခင်မောင် သားနဲ့ဆိုလို့ရှိရင်ဖြင့် ဦးခင်မောင်က သေကံနီး။ သားက (သေကံဝေးပါဘုရား)။

ဘယ့်နှယ်ကြောင့် ဦးခင်မောင်ကြီးတို့ သူတော်ကောင်း အလုပ် မလုပ်နိုင်ပါလိမ့်မလဲ၊ မောင်ကိုတို့ မလုပ်နိုင်ပါလိမ့်မလဲ တွင်တွင်ကျယ်ကျယ် မလုပ်ပါလိမ့်မတုံးလို့ မေးလိုက်တဲ့ အခါကျ တော့ လက်ညှိုးထိုးပြတာက သေကံဝေးကို ထိုးပြတယ် (မှန်ပါ့)။

သေကံဝေးကို ငဲ့နေတာ

ဒါဖြင့် ဒကာ ဒကာမတို့ သေကံဝေးဆိုတဲ့ ဥစ္စာ အသက် အတိုင်းနေရင် သူက ဝေးပါလိမ့်မယ်။ အသက်တမ်း အတိုင်းနေခဲ့ ရလို့ရှိရင်ပေါ့ဗျာ (မှန်ပါ့) အဲဒါကို သေကံနီးတွေက ပြန်ငဲ့ပြီး သကာလ နေတာသည် အမိုက်တစ်မျိုး ပိုတာပဲလို့ ဆိုလို့ရှိရင်လဲ မလွဲပါဘူး (မလွဲပါဘူးဘုရား)။

ဘယ်လိုဆိုကြပါ့မယ် (အမိုက်တစ်မျိုး ပိုတာပါဘုရား) အမိုက်တစ်မျိုး ပိုတယ်လို့ ဒကာ ဒကာမတွေကို ဆိုလိုက်လို့ မနာပါနဲ့ (မှန်ပါ) ဘာ့ကြောင့်တုံး ဆိုတော့ ကိုယ်က အသက် အတိုင်း နေတော့ သေကံက နီးတယ်၊ သေကံက နီးတယ်ဆိုတာ ယုံမှား သံသယ ရှိစရာ လိုသေးသလား (မလိုပါဘူး)။

သားငယ်၊ သမီးငယ်၊ မြေးငယ်တွေကတော့ အစဉ်အတိုင်းသာ ကျုပ်တို့ အတိုင်းသာ နေသွား ရမယ် ဆိုလို့ရှိရင် သူတို့က သေကံဝေး နိုင်ပါသေးတယ် (မှန်ပါ့) အခု ဒကာ ဒကာမတွေ ကိုယ့်အလုပ် မလုပ်နိုင်တာဟာ သေကံနီးတွေက ကိုယ့်အလုပ် မလုပ်နိုင်တာ ဟာ သေကံဝေး ငဲ့နေလို့ (မှန်ပါ့) ကြားလို့မှ ကောင်းနိုင် စရာရှိကြရဲ့လား (မရှိပါဘူးဘုရား)။

ကိုယ်ဟာကိုယ် မရှက်ရင်လဲ မပြောတတ်ပါဘူးပေါ့ ဗျာ။ ရှက်မယ် ဆိုလို့ရှိရင်ဖြင့် အို သေကံနီးက သေကံ ဝေးတွေ ငဲ့နေလို့၊ သေကံနီးတို့ လုပ်ရမည့် အလုပ်ကို မလုပ်ဘူး၊ အသေလွတ်တဲ့ အလုပ်ကို မလုပ်ဘူးဟေ့ ဆိုတဲ့ ဥစ္စာ ဦးဝတို့ မောင်ကိုတို့ အတော်လွဲပါလား (လွဲပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ဥပမာ ပြောရတယ်၊ ကိုယ်က တော့ဖြင့် မရဏ ရေတွင် နစ်လို့၊ မရဏဆိုတဲ့ ရေတွေ နစ်လို့ ပါးနား ရောက်နေပြီ။ (မှန်ပါ့) ကလေးသူငယ် ကိုယ်မွေးထားတဲ့ ကလေး သူငယ်တူသား နောင်မယ်တွေက ကုန်းပေါ်က နေတယ်။ ကိုယ်က ရေထဲနစ်နေလို့ ပါးစပ်နားတောင် ရေဝင် တော့မယ်။ ပါးစပ် ရေဝင် ရင် သေကံ မနီးသေးဘူးလား (နီးပါတယ်)။

ရေနစ်နေတဲ့သူက စိတ်မချဖြစ်နေတယ်

ဒီမှာလဲ ခင်ဗျားတို့ နေခဲ့ရတာ ကြာလို့ မရဏရေ တွေက လွှမ်းမိုး လွှမ်းမိုးလာလို့၊ တစ်နေ့ထက် တစ်နေ့ မရဏရေ တွေကြောင့် သေခါနီး ဖြစ်လို့ ပါးစပ်နား ရောက်ပြီး ရေဝင်လုပါ ပြီ (မှန်ပါ့) ဦးခင်မောင် မဝင်လု သေးဘူးလား (ဝင်လုပါပြီ) အဲဒီရေနစ် နေတဲ့ပါစပ်နား ရောက်နေတဲ့လူက၊ ကုန်းပေါ်က လူအတွက် စိတ်မချလို့ ကျုပ်ဖြင့် အခက်ကြီးခက် ပေါ့လို့၊ ကုန်းပေါ်က လူတွေများ ကြည့်ပြီး သကာလ အသံကုန် ဟစ်ပြီး အော်ပြော နေကြမယ် ဆိုရင် ရေထဲကလူ အရူးဖြစ် လိမ့်မယ် (မှန်ပါ့) ကိုယ့်အသေ လွတ်တော့ ကိုယ်ရှာတာ မဟုတ်ပဲနဲ့၊ ကုန်းပေါ်က သေကံ ဝေးတွေအတွက် ကြည့်ပြီး သကာလ စကားပြောနေတယ် ဆိုကတည်းက ဦးခင်မောင် ရေထဲကလူ အရူး (မှန်ပါ့)။

ဘယ့်နှယ့်ဆိုကြပါ့မလဲ (ရေထဲကလူ အရူးပါ ဘုရား)။

ကိုယ့်အရေးကို လွတ်အောင်ရုန်းဖို့ရာက အရေးမကြီး ဘူးလား (မှန်ပါ့) ကုန်းပေါ်မှာ လွတ်နေတဲ့ ကလေးတွေက အင်မတန်မှ သူတို့မှာ ချမ်းသာ ကျန်းမာပြီး သကာလ၊ သူတို့ သွားလို ရာသွား လာလိုရာလာ၊ ကိုယ့်မှာဖြင့် ရေနစ်နေလို့ ပါးစပ်ထဲတောင် ရေဝင်လုပါပြီ။

ဒါတောင် ကုန်းပေါ် လူတွေတော့ အော်တုန်း ဟစ်တုန်း၊ စိုးရိမ်တုန်း ကြောင့်ကြတုန်း၊ ဗျာပါရ တွေ ဖြစ်တုန်း ဆိုလို့ရှိရင်ဖြင့်၊ သြော် သေကံဝေးတွေအတွက် သေကံနီးက ဗျာများနေလိုက်တာလို့ ဆိုလိုက်မြည် လိုက်လို့ရှိရင်၊ ဒကာမတို့ ဦးခင်မောင်တို့ မောင်ကိုတို့ နာစရာမလိုပါဘူး (မလိုပါဘူး ဘုရား) ကိုယ်မိုက်တာပေါ်လာတယ် (မှန်ပါ့ဘုရား) မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား) သေကံနီးက ဘာငဲ့ေနေသတုံး (သေကံဝေးငဲ့နေပါတယ်) သေကံနီးက သေကံ ဝေးငဲ့နေတယ် (မှန်ပါ့)။

မိုက်တဲ့အပေါ်အရူးပိုသေးတယ်

သူကတော့ ရေနစ်လို့ ပါးစပ်ထဲ ရေဝင်လု နေပြီနော် (မှန်ပါ့) ကုန်းပေါ်က ကလေးတွေအတွက် သူသည်ကားလို့ ဆိုရင် စိုးရိမ်နေတယ်၊ ကြောင့်ကြနေတယ်၊ သူတို့အတွက် ကျုပ်စိတ်မ ချဘူး လို့များ ပြောနေမယ် ဆိုရင်၊ ဦးခင်မောင်ရေ ရေထဲကလူ ဟာ မိုက်တဲ့ အပေါ် အရူးပိုသေးတယ် (မှန်ပါ့) ဆိုထိုက် မဆို ထိုက် (ဆို ထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ကတော့ သုံးတော့ သုံးမှာပဲ၊ တဏှာက ခင်ဗျားတို့ ဝမ်းထဲမှာ ရှေ့နေ အဖြစ်နဲ့ ရှိနေတယ် (မှန်ပါ) တဏှာက ခင်ဗျားတို့ ဝမ်းထဲမှာ ရှေ့နေ လိုက်နေတယ်၊ မင်းမွေး ထားတာ မင်းမပြု ဘယ်သူ ပြုမလဲတဲ့ (မှန်ပါ့) တဏှာက မင်းမွေးတာ မင်းမပြု ဘယ်သူပြုမတုံး။ မင်းတည်ထောင် ထားတာတွေ မဟုတ်ဘူးလားတဲ့ (မှန်ပါ့) မင်းသာ သေသွား လို့ရှိရင် ဒါတွေ ဝါးစည်း ဖြေလိုက်သလို ကစင့်ကရဲ မဖြစ်ပေဘူးလား တဲ့။ အဲတာ တဏှာက ဝင်နွှဲနေတယ် (မှန်ပါ့)။

ဘုန်းကြီးကသာ အခု သေကံနီးက သေကံဝေးတွေ အတွက် ပူနေတယ်လို့ ဘုန်းကြီး ပြောတော့သာ တရားက မှန်နေတာ၊ အိမ်ကျတော့ ခင်ဗျားတို့က ဘုန်းကြီး ပြောတာလဲ ဟုတ်ပါရဲ့၊ ငါ့ဟာ ငါလဲ စွဲလမ်းရဦးမယ်။ မလာပေဘူး လား (လာပါတယ်) အင်း ဒါဘယ်သူကဝင်ပြီး တရား ဟောမယ် ထင်သတုံး (တဏှာ က ဟောပါတယ်)။

ကဲ ဒါဖြင့် ဘုန်းကြီးကတော့ ဒီလာတဲ့အခါမှာ တဏှာ အကြောင်း ပြောနေတာ၊ တဏှာက အိမ်စောင့်သူကြီး ဖြစ်နေတော့ ခင်ဗျားတို့ ဟိုဘက်ပါမှာပါဘဲ ဘုန်းကြီးက အရှုံးပေးရပုံ ရပါတယ် (မှန်ပါ့) အတော်ဆိုးနေပါလား။ ဒကာ ဒကာမတို့ (ဆိုးပါတယ်ဘုရား)။

လိမ္မာတာလား မိုက်တာလား?

အဲဒါ အိမ်ကျတော့ ငါလိမ္မာတာလား ငါမိုက်တာ လား ဆိုတာ ဦးခင်မောင်ရေ နဖူးပေါ် လက်တင် စဉ်းစားစမ်း ပါ (မှန်ပါ့) ဒီလူအုပ်တွေနဲ့ ရှေ့စားဖို့ သောက်ဖို့နဲ့ ဒီငွေရှားမှုနဲ့ ဒီအရောင်း အဝယ်ကြီး ပျက်မှုနဲ့ဖြင့် ငါဖြင့် အိပ်တောင် မပျော်ဘူးကွာ ခက်လိုက် တာဆိုတော့ သြော် သေကံနီးက အရူးသံ ထွက်လာပြန်ပြီ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (သေကံနီးက အရူးသံထွက် လာပါတယ် ဘုရား) သေလဲ သေကံနီး သေးတယ်၊ အရူးသံ လဲ ထွက်သေးတယ် ဆိုတော့ အရူး မသာချဖို့ရာဖြင့် အတော်နီး နေပြီ (နီးနေပါပြီ ဘုရား) ဘာမသာတွေ ဖြစ်ကုန်ပလဲ (အရူး မသာတွေ ပါဘုရား)။

မကောင်းပါဘူးဗျာ ခင်ဗျားတို့ဟာက မသာဆိုတာလဲ အသုဘ၊ ဒီအထဲက အသုဘပေါ်မှာလဲ အရူးက ထပ်နေပြန်တော့ အရူး မသာဖြစ်နေတယ် (မှန်ပါ့)။ ဦးခင်မောင် ကောင်းသေးရဲ့ လား (မကောင်းပါဘူး)။

အရူးလဲ ဖြစ်ရပြန် သေတော့လဲ မသာ ဖြစ်ရမှာပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ အရူးမသာ ဆိုတော့ လူပို့လို့မှ ကောင်းနိုင်စရာ ရှိရဲ့လား (မရှိပါဘူး) ဦးခင်မောင် အရူး မသာများ ခင်ဗျား ပို့ချင်သေးသလား (မပို့ချင်ပါဘူး ဘုရား) ဟုတ်ကဲ့လား။ ကြပ်ကြပ်စဉ်းစားကြစမ်းပါဟ ဒကာမတို့။ အရူးမသာနဲ့ အကောင်း မသာနဲ့ ဘယ်ဟာကများ သတုံး (အရူးမသာက များပါတယ်) ဒါ မပို့ချင်ဘူးတဲ့ ဦးခင်မောင်ကြီးက၊ သူပို့ခဲ့တဲ့ မသာတွေ ဘာမသာတွေ ပါလိမ့် (အရူး မသာတွေက များပါတယ်) သဘော ပါကြပလား (ပါပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာတွေက ရှေ့ပိုင်းက နေပြီး ဒကာ ဒကာမတွေ ဆရာဘုန်းကြီး ဟောတာ၊ အိမ်ကျလို့ရှိ ရင် တဏှာ တရားဟော ဆရာက ဖျက်လိမ့်မယ် ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ့)။

ဆရာဘုန်းကြီးက အမှန်ကို ပြောတာ

ဆရာဘုန်းကြီးနဲ့တကွ အားလုံးသော မြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော် တာဝန် ဆောင်ပြီး သကာလ လာတဲ့ ပုဂ္ဂိုလ်တွေက၊ ဒကာတို့ ဒကာမတို့ ကိုအမှန်ပြောတာ (မှန်ပါ့) ခင်ဗျားတို့ကို တဏှာက ပြောတာ အင်မတန် ကောက်ကျစ် တဲ့စကား (မှန်ပါ့)။

တဏှာက ပြောတာက (အင်မတန် ကောက်ကျစ် တဲ့ စကားပါဘုရား) ဘုရားနဲ့ တကွ တပည့် သာဝကတွေက ပြောတာတော့ဖြင့် (အမှန်ပြောတာပါ ဘုရား) အမှန်တရားကို ဒီက နေပြီး လက်နဲ့ ရေးရင်၊ တဏှာက ဟိုကျတော့ အိမ်ကျရင် ခြေနဲ့ ဖျက် လိမ့်မယ်။ အဲဒါ ကြပ်ကြပ် သတိထားစမ်းပါ (မှန်ပါ့) ဖျက်လိမ့်မယ်နော်။

အိမ်ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း မော်တော်ကားပေါ်က ဆင်းကြ၊ မြင်းရထားပေါ်က ဆင်းကြ၊ ဆင်းကြသည်နဲ့ တစ်ပြိုင်နက်တည်း ဘယ်သူတွေ အိပ်နေတာ ဘယ်သူ့ ခေါင်းကလေး သွားစမ်းလိုစမ်း လုပ်ကုန်ပြီ ခင်ဗျားတို့ဟာ (မှန်ပါ့) ချောင်းဆိုးသံ ကလေးက မကောင်း သေးပါဘူး ဆိုပြီး၊ ဟိုနားသွား ဒီနားသွား ဘာလုပ်တာတုံးလို့ မေးလိုက်တော့၊ ဒီက လက်နဲ့ ရေးလိုက်တာ ဟိုမှာ တဏှာခြေနဲ့ ဖျက်လိုက်တာ ဟိုမှာ တဏှာခြေနဲ့ ဖျက်လိုက်တာ (မှန်ပါ့ဘုရား)။

နှလုံးကို မသွင်း မိတော့ဘူး။ ကျုပ်ဖြင့်ထိတ်ကနဲ ပြာကနဲသွားတာပဲ။ ဦးခင်မောင် ဒီဘက် လှည့် မသွားဘူးလား (သွားပါတယ်ဘုရား) တဏှာသည်ကား လို့ဆိုရင် ဒုက္ခသစ္စာကို ပေးတတ်တယ်။ ထိတ်အောင် ပြာအောင် ပေးတတ်တယ်တဲ့ အလုပ်ဟာ ဘယ်သူ့အလုပ် ပါလိမ့် (တဏှာ၏ အလုပ်ပါ ဘုရား)။

ရှင်းအောင် လင်းအောင် ချမ်းသာအောင် ပေးတဲ့ အလုပ် ကတော့ဖြင့် ဆရာသမားနဲ့ တကွ ဘုရား ဟောတော်မူတဲ့ ပညာ စခမ်း တွေပေါ့ဗျာ (မှန်ပါ)။ အဲဒီတော့ ပညာ စခမ်းက အမှန် ပြော သော်ငြားလည်း၊ တဏှာစခန်းက ထိတ်အောင် လုပ်တာကို ခင်ဗျားတို့က သူ့ဘက် လိုက်လိုက် သွားတာ တယ်နာ တယ်ဗျာ (မှန်ပါ) တဏှာကတော့ ဘာလုပ် တတ်ပါလိမ့် (ထိတ်အောင် ပြာအောင် လုပ်ပေးပါတယ် ဘုရား)။ ထိတ်အောင် လန့်အောင် လုပ်တဲ့လူ (မှန်ပါ)။ ဉာဏ် ကတော့ဖြင့် ရှင်းအောင် လင်းအောင် (လုပ်တတ်ပါတယ် ဘုရား)။

ဉာဏ်နဲ့ အိမ်ပေါ်တက်ပါ

အဲဒီတော့ ဉာဏ်နောက်ကို လိုက်မှ မိမိတို့ ချမ်းသာကြ မယ် (မှန်ပါ) ဉာဏ်နောက် ကိုလိုက်ရင်ဖြင့် (ချမ်းသာမှာပါ ဘုရား)။

အဲဒီတော့ အိမ်အတက် ကျတော့ စဉ်းစား။ ပြုံးကနဲ အိမ်ပေါ် မတက်လိုက်နဲ့အုံး ဘုန်းကြီးက မှာလိုက်တယ်၊ ဉာဏ်နဲ့ အိမ်ပေါ်တက်ပါ။ တဏှာနဲ့ အိမ်ပေါ်မတက်ပါနဲ့ (မှန်ပါ့)။

ဦးခင်မောင်ဘယ်လိုမှာပါလိမ့်ဗျာ (ဉာဏ်နဲ့အိမ် ပေါ်တက်ပါ၊ တဏှာနဲ့ အိမ်ပေါ်မတက်ပါနဲ့)။

အဲ လှမ်းတဲ့စိတ်ကလေးသည်ကားလို့ ဆိုရင်ဖြစ်ပြီး ပျက်တာပဲ၊ ကြွတဲ့ စိတ်ကလေးကော (ဖြစ်ပြီး ပျက်ပါတယ်) ခြေချတဲ့ စိတ်ကလေးကော (ဖြစ်ပြီး ပျက်ပါတယ်)။

အဲ စိတ်ကလေးတွေ ဖောက်ပြန်မှုကို ရှုချင်ရှု၊ ရုပ်ကလေးတွေ ဖောက်ပြန်မှုကို ရှုချင်ရှု၊ ရှုပြီး သကာလ အဲဒီလိုဉာဏ်နဲ့ တက်သွားပါ (မှန်ပါ့) ဘယ်သူက ပြန်မလာ သေးဘူးလား၊ တို့တောင် ပြန်လာပြီ ဘယ်သွားမှန်း မသိဘူး အဲဒါ အခက်ဆုံးပဲလို့ လုပ်မနေနဲ့ဦး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ ပုတီးမစိပ်ကောင်းတာကို ကြံဖန်စိပ်တယ်။ (မှန်ပါ)။ ဦးခင်မောင် စိပ်ဖူးသလား (စိပ်ဖူးပါတယ် ဘုရား)။

ကိုင်းဒါဖြင့် အိမ်တက်နည်းကော တက်တတ်ကြပလား (တက်တတ်ကြပါပြီ ဘုရား) ဒီကပြန်တဲ့ အခါကျလို့ ရှိရင်ဖြင့် သေခါနီး တက်တက်ကြစမ်းပါ။ သေကံဝေးတွေ အတွက် ထည့်ပြီး မစဉ်းစားကြ စမ်းပါနဲ့ (မှန်ပါ့)။

ငါသေတော့မယ် မြန်မြန်လုပ်မှ

ဘယ်လို တက်ရမယ် (သေကံနီး တက်ရပါမယ်) သေကံ နီးတယ် ဆိုတာ ငါသေတော့မယ် မြန်မြန်လုပ်မှ ကိုယ့် အရေးကိုယ်ဆိုပြီး၊ ငါသည် ဘယ်အခါ ကာလမှ သတိပဋ္ဌာန်ကို အလွတ် မခံဘူး ဆိုပြီး သေခါနီး တက်တက်ကြစမ်းပါ (မှန်ပါ့) ဒီအတိုင်းတက်လို့ ရှိရင် သေကံဝေးတက် တက်တဲ့ အဓိပ္ပါယ် ရောက်ပါလိမ့်မယ် (မှန်ပါ့) သေကံဝေးတွေ အတွက် စဉ်းစား တက်သွားလို့ ရှိရင် ငါးပါး မှောက်မှာစိုးလို့ (မှန်ပါ့)။

ကဲဆုံးမတာဖြင့် တော်တော်စေ့ပြီ မဟုတ်လား (မှန်ပါ)။

သူတော်ကောင်းအလုပ် မြန်မြန်လုပ်ပါ

ကိုင်း ဒကာ ဒကာမတွေ “ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်” ဆိုတာကိုလည်း ညည၌ နှလုံး သွင်းပြီး သကာလ တစ်ခါတည်း မြန်မြန် လုပ်ပစ်ပါနော် (မှန်ပါ)။ သူတော်ကောင်း အလုပ်ကို မြန်မြန်လုပ်ပါ (မှန်ပါ)။

ကိုင်းသူတော်ကောင်း အလုပ်လုပ်တဲ့ အခါကျလို့ ရှိရင်ဖြင့် ရဟန္တာကြီး လေးပါး နိဗ္ဗာန်မြင်ပုံကို ယနေ့ ရှင်းပြပါမယ် (မှန်ပါ့)။

ရဟန္တာကြီး လေးပါး နိဗ္ဗာန် မြင်ပုံကို၊ သဠာယတန ဝဂ္ဂသုတ် ပါဠိတော်မှာ လာတဲ့၊ ကိံသုကောပမ သုတ်ကို ဦးခင်မောင် ဟောပါလိမ့်မယ် (မှန်ပါ့ဘုရား) ကိံသုကောပမ သုတ်ဆိုတဲ့ ဥစ္စာက ပေါက်ပင် အကြောင်း အရင်းခံပြီး သကာလ ဟောမည့်သုတ် ဆိုတာ မှတ်ကြပါတော့ (မှန်ပါ့)။

အလုပ်ကိုလုပ်ကြပါစို့

ကိုင်း ဒကာ ဒကာမတို့ ဘယ်က လာခဲ့တာ ကျုပ် မသိခဲ့လို့ ရှိရင်ဖြင့်၊ သွားရာသိတဲ့ အလုပ်ကို လုပ်ကြပါစို့ ဆိုတော့ ဒီဝတ္ထုနဲ့အလုပ် လုပ်ရလိမ့်မယ်။

ဘုရား လက်ထက်တော်က ရဟန်းတစ်ပါးက နိဗ္ဗာန်ကို တယ်မြင်ချင်တယ်၊ တယ်ပြီး ရချင်တယ် ဒကာဝ (မှန်ပါ့) နိဗ္ဗာန် ရောက်ချင်တော့ သူ့စိတ်ထဲမှာ သူများ မြင်ပုံ၊ သူများ ဝိပဿနာ တက်ပုံ၊ သူများ ဝိပဿနာ တက်ပြီး သကာလ ဝိပဿနာ အဆုံးမှာ နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ မြင်ပုံ၊ ဒါတွေသူ့စိတ် ထဲမှာ အင်မတန် ရချင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဦးခင်မောင် သူတော်ကောင်းပေါ့ဗျာ (မှန်ပါ့)။ ဒီသူတော်ကောင်းဖြစ်တဲ့ ရဟန်းက မေးတယ်၊ သို့သော် သူက ပုထုဇဉ် ဖြစ်ပြီး သကာလ နေတော့ ဒကာတို့ မောင်ကိုတို့ ပုထုဇဉ်များ လျှာရှည်တယ်ဆို တဲ့ အဓိပ္ပါယ်မျိုး ကလေးတော့ မှတ်ထား လိုက်ဦးပေါ့ (မှန်ပါ့)။

ရဟန္တာကြီးလေးပါး

ဒါနဲ့ရဟန္တာကြီး လေးပါးကလည်း ရှိတယ်။ ရဟန္တာကြီး လေးပါးက ကိစ္စပြီးပြီးသား ကိုယ်တော်တွေ (မှန်ပါ့)။ သို့သော် သူတို့ တက်လာတဲ့ လမ်းစဉ်ချင်းကတော့ ပုထုဇဉ် အနေနဲ့ကြည့် ရင်တော့ မတူဘူးလို့ ထင်ရတယ်ပေါ့ဗျာ (မှန်ပါ) ရဟန္တာ အနေနဲ့ဖြင့် ဒီလမ်းနဲ့ ဒီစခမ်းဟာ အတူတူပဲ ဆိုတာ ပေါ်လာ ပါလိမ့်မယ်နော် (မှန်ပါ့)။

ဒါနဲ့ ပုထုဇဉ်ရဟန်းက ပထမ ရဟန္တာကြီးထံ သွားပြီး မေးတယ်၊ အရှင်ဘုရား ဝိပဿနာ ဉာဏ်က နေပြီး နိဗ္ဗာန် တက်ပုံ ကလေးကို တပည့်တော်ကို အမိန့်ရှိပါ၊ အရှင်ဘုရား များကတော့ ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင် တက်ခဲ့တာ ဖြစ်သောကြောင့် တပည့်တော်အား သနားသော အားဖြင့် အရှင်ဘုရားတို့ အမြင်မှန် ကလေးကို တပည့်တော်ကို အမိန့်ရှိတော်မူပါတဲ့ (မှန်ပါ့)။

အမြင်မှန်ရအောင်လုပ်ထားပါ

ဘာတောင်းတာပါလိမ့် (အမြင်မှန် တောင်းတာပါ ဘုရား) ယနေ့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမြင်မှန် တရားကိုဖြင့် မြင်ရတော့မယ် ဆိုတဲ့ဥစ္စာ မှတ်ရ လိမ့်မယ်နော် (မှန်ပါ့)။

ရှင်တဲ့အခါမှာ အမြင်မှန် ရမှသာလျှင် သေတဲ့ အခါမှာလဲ အမြင်မှန် ရမယ် (မှန်ပါ့) နို့မဟုတ်ရင် ကြောက်ကာ လန့်ကာနဲ့ ဟိုနိမိတ်က လာထိုးပြလိုက်၊ ဒီနိမိတ်က လာ ထိုးပြ လိုက်နဲ့၊ အမြင်မှန်ကို မရနိုင်ပဲ ဖြစ်ပြီး သကာလ နေပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် အမြင်မှန် တရားကို ဟောလိမ့်မယ်လို့ မှတ်ကြပါ (မှန်ပါ့)။

ဘယ်လိုအမြင်မျိုးလဲ

ကဲ ဒီမှာပုံစံကြည့်ပါ၊ ဟောဒီဘက်က ဖြူဖြူကလေး က ပုထုဇဉ်၊ ဒီဘက်က လေးခုကတော့ ရဟန္တာကြီး လေးပါးလို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့)။ သူက မေးလိုက်တယ် အရှင် ဘုရားတို့ အရှင်ဘုရားတို့ ဝိပဿနာဉာဏ်က နေပြီး၊ နိဗ္ဗာန်ကို မြင်တဲ့ နေရာ ဌာနမှာ ဘယ်လို မြင်တဲ့ အမြင်သည် အမြင်မှန် ဖြစ်ပါလိမ့်မလဲ၊ တပည့်တော်တို့ အဲဒီ အမြင်မှန်ကြီးကို လိုက်ချင် ပါတယ် (မှန်ပါ့)။

ဦးဇံရင် ဘာလိုက်ချင်တာတုံး (အမြင်မှန်လိုက်ချင် တာပါဘုရား) ဒါဖြင့် တရားတစ်ပွဲလုံးသာ မှတ်ကြပေတော့ ဒကာ ဒကာမတို့၊ အမြင်မှန်ကိုဖြင့် သေသေ ချာချာဖြင့် ပုထုဇဉ် ရဟန်းက မေးပြီ (မှန်ပါ)။ ဒကာ ဒကာမတွေ ကလည်း ဒီအတိုင်း မှတ်မိလို့ ရှိရင်၊ ဘာအမှန်ကို ရမယ် ဆိုတာလဲ ရှင်းပါလိမ့်မယ် (အမြင်မှန်ပဲ ရပါလိမ့်မယ် ဘုရား)။

ပထမရဟန္တာကြီး

အဲဒီမှာ ပါဠိလို မေးလိုက်တော့ “ကိတ္တာဝတာနုခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဘယ်လို – အမြင်သည် အမြင်မှန် ဖြစ်ပါလိမ့်မလဲလို့ မေးတော့၊ ပထမ ရဟန္တာကြီးက ဦးခင်မောင် ဖြေလိုက်တယ်။

အာယတန ခြောက်ပါး၏ဖြစ်ပျက်

“ယတော ခေါ အာဝုသော ဘိက္ခု ဆန္နံ ဖဿာယတာနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ” အာယတန ခြောက်ပါး ဖြစ်ပျက်ကို မြင်လို့ရှိရင် အမြင်မှန် ရပါတယ်တဲ့ (မှန်ပါ့)။

ဘာတုံး ဒကာ ဒကာမတို့ (အာယတန ခြောက်ပါး၏ ဖြစ် ပျက်ကို မြင်လို့ရှိရင် အမြင်မှန် ရပါတယ် ဘုရား)။

ဒါက သဠာယတန သံယုတ်ပါဠိတော်၊ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးထဲက တစ်ပါးပါးကိုပဲ ဖြစ်ပျက် မြင်လို့ရှိရင် အမြင်မှန် ရပါတယ် (မှန်ပါ့) ဒါ သတိပဋ္ဌာန်နဲ့ ကြည့်လိုက် တာနော် (မှန်ပါ့) ဟိုကတော့ “ဆန္နံ ဖဿာယတာနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ” အာယတန ခြောက်ပါး၏ ဖြစ်ခြင်းကို၎င်း ချုပ်ခြင်းကို၎င်း ဆိုတော့၊ အာယတန လို့သာ ဆိုတာ ဦးခင်မောင်ရဲ့ ဖြစ်ပျက် မြင်ဖို့သာ အရေးကြီးတယ် ပြောလိုက်တာ (မှန်ပါ့)။

ဘာလို့ ဆိုပါလိမ့် (ဖြစ်ပျက် မြင်ဖို့ အရေးကြီးပါတယ် ဘုရား) အာယတန ခြောက်ပါးတော့ ဆိုတာပဲ၊ သို့သော်လဲ နောက်ဆုံးပိတ် ဖြစ်ပျက် မြင်ရမှာလား အာယတန ခြောက်ပါး မြင်ရမှာလား (ဖြစ်ပျက် မြင်ရမှာပါ)။

ပါဠိတော်ကို ကြည့်ပါ။ ဆန္ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ . တဲ့ (မှန်ပါ့)။ သမုဒယဉ္စ-ဖြစ်မှုကို၎င်း၊ အတ္ထင်္ဂမဉ္စ- ချုပ်မှုကို၎င်း၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ – သိ၏။ ဧတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ။

အာယတန ခြောက်ပါးထဲက သတိ ပဌာန်နည်းနဲ့ ပြောကြစို့ဆိုရင် တစ်ပါးပါးရဲ့ ဖြစ်ပျက်မြင်ရင် အမြင်မှန်ရပေါ့ (မှန်ပါ့)။

ဖြစ်ပျက် မြင်ရင် အမြင်မှန်

ဖြစ်ပျက်မြင်ရင် (အမြင်မှန် ရပါပြီ)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြည့်ပါ ဆိုတော့လဲ တစ်ပါးပါးနဲ့တော့ သူတိုး ရတော့မယ် (မှန်ပါ့) ယားတယ် ယံတယ် ဆိုရင် ဝေဒနာက္ခန္ဓာနဲ့ တိုးမယ်။ သိတယ် ဆိုရင် စိတ်နဲ့ ဝိညာဏက္ခန္ဓာနဲ့ မတိုးပေဘူးလား (တိုးပါတယ်) လှုပ်တယ် ရှားတယ် ဆိုရင် ဝါယောဆိုတဲ့ ရုပ်တွေနဲ့ မတိုးပေဘူးလား (တိုးပါတယ်)။ မှတ်တယ် သားတယ် ဆိုရင်ဖြင့် သညာက္ခန္ဓာနဲ့ မတိုးပေဘူးလား (တိုးပါတယ်)။

အဲဒီကဲ့သို့ ခန္ဓာထဲက တစ်ခုခုနဲ့ တိုးရမှာ ဖြစ်နေတော့ကိုးတဲ့ ခန္ဓာကို ဒါကလေးဟာက ဖြစ်တယ်၊ ဒါကလေးဟာ ပျက်သွားပြီလို့ ဒကာ ဒကာမတွေက ဤကဲ့သို့ မြင်ရင် အမြင်မှန်ပဲတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီဘုရား) ဒီဥစ္စာ ဘယ်သူက ဖြေပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတို့ ပထမ ရဟန္တာကြီးက ဖြေလိုက်တယ် (မှန်ပါ)။

“ယတော ခေါ အာဝုသော ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ”

အာယတနခြောက် ပါးထဲက တစ်ပါးပါးရဲ့ ဖြစ်မှု ပျက်မှုကလေး မြင်လို့ရှိရင်ဖြင့် အမြင်မှန် ရပါပြီတဲ့ (မှန်ပါ)။

ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်မြင်မယ်

ဒကာ ဒကာမတို့ ဖြစ်မှုပျက်မှု မြင်ရင် (အမြင်မှန် ရပါပြီ ဘုရား) ကြိုးစားစမ်းပါ၊ ဒါဖြင့် အမြင်မှန် ရလို့ရှိရင် ဖြင့် ဒကာ ဒကာမတွေ ဒီကနေ ဆက်ပြီး သကာလ မြင်လို့ ရှိရင် ဖြင့် ဒီဖြစ်ပျက် မြင်ပြီးလို့ ရှိရင်၊ ဖြစ်ပျက်ဟာ ဆုံးသွားလို့ ရှိရင် ဖြစ်ပျက် မရှိဘဲ နိဗ္ဗာန် မြင်တော့မှာပဲ (မှန်ပါ) မမြင်ပေဘူးလား (မြင်ပါတယ်)။

အဲဒီတော့ ဖြစ်ပျက် မတွေ့ဘဲနဲ့လဲ ဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး)။

တေသံ- ထိုဖြစ်ပျက် နှစ်ပါးတို့၏၊ ဝူပသမော- ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်၊ သုခေါ- ချမ်းသာ၏ တဲ့ ကိုး (မှန်ပါ)။

“အနိစ္စာဝတ သင်္ခါရာ” မှာ ကြည့်ပါ၊ “ဥပ္ပါဒဝယ ဓမ္မိနော” ကိုး။ ဖြစ်ခြင်း ပျက်ခြင်းသာ ရှိတယ်လို့ မပြောဘူးလား (ပြောပါတယ်) “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” တဲ့။ ဘယ်တရားမဆို ဖြစ်ပြီးပျက်တာ ချည့်ပါပဲတဲ့ (မှန်ပါ)၊ တေသံ- ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော- ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်၊ သုခေါ- ချမ်းသာ၏ဆိုတော့ ဖြစ်ပျက် ချုပ်ရင် နိဗ္ဗာန် (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်မြင်ရင် အမြင်မှန် (မှန်ပါ)။ ဖြစ်ပျက် ဆုံးလို့ ရှိရင် နိဗ္ဗာန် မြင်တော့ကို ဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ်မို့ နိဗ္ဗာန် မြင်နိုင်တာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ခန္ဓာဉာဏ်လှည့်ပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာဉာဏ် လှည့်ပါ၊ ခန္ဓာဉာဏ် လှည့်ပါ ဆိုတဲ့ ဥစ္စာကိုဖြင့် များစွာပဲ တိုက်တွန်း ရတယ် (မှန်ပါ) ဘာ့ကြောင့်တုံး ဆိုလို့ ရှိရင်ဖြင့် ဘယ်က လာတာ မသိငြား သော်လည်း၊ ဘယ်သွားရမယ် ဆိုတဲ့ ပြုံးသေကလေး သိစေချင်လို့ ဒါလောက် ဟောနေ ပါတယ် (မှန်ပါ) ဦးခင်မောင် ပြုံးသေကလေး ဖြစ်စေချင်လို့နော် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

နို့မဟုတ်လို့ရှိရင် ဘယ်ကလာလို့ ဘယ်သွားရမှန်း မသိဘူး ဆိုတော့၊ ခက်လိုက်တဲ့ဖြစ်ခြင်း ၊

ဘယ်ကလာခဲ့ သတုံးလို့ ဦးခင်မောင် မေးလဲ မသိဘူး (မှန်ပါ)။ ဒကာမေးလဲ (မသိပါဘူးဘုရား)၊ ဘယ်သွားရမှာတုံး ဆိုတော့လဲ (မသိပါဘူးဘုရား) အမြင်မှန်မရရင် မသိပေဘူး (မှန်ပါ)။

ဒါကြောင့် ဦးဇံရင်တို့ သေသေချာချာ လုပ်ရလိမ့်မယ်နော် (မှန်ပါ) အမြင်မှန်ကို ကြည့်စမ်း သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အာယတန ခြောက်ပါးထဲက တစ်ပါးပါးရဲ့ ဖြစ်မှုနဲ့ ပျက်မှုကို မြင်အောင ကြည့်လို ရှိရင်ဖြင့်၊ “ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” – ဒါအမြင်မှန် ရတာပါပဲတဲ့ သဘောကျပြီလား (ကျပါပြီ)။

ဝေဒနာကိုဖြစ်စေ၊ စိတ်ဖြစ်စေရှုပါ

ဪ ဒါဖြင့် တို့ဆရာဘုန်းကြီး ဆုံးမနေတယ်၊ ခန္ဓာကိုယ်ကို ဝေဒနာဖြစ်လည်း ဝေဒနာကို ဖြစ်ပျက်ရှုပါ။ စိတ်ဖြစ်လည်း (စိတ်ဖြစ်ပျက် ရှုရပါမယ်) သညာသင်္ခါရ ဖြစ်လည်း (သညာသင်္ခါရကို ဖြစ်ပျက် ရှုရပါမယ်) ရုပ်ဖြစ်လည်း (ရုပ်ကို ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှုပါ ဆိုတော့ ဒီပါဠိတော် တွေက လာပြီး သကာလနေတဲ့ အတွက် ဘုရားက ဒီအကြောင်းကို ထောက်ခံ လိမ့်ဦးမယ်၊ ဒီပုထုဇဉ် ရဟန်းက ဘုရားဆီ သွားဦးမှာ တစ်နေ့က လိုပဲ (မှန်ပါ)။

အာယတနခြောက်ပါး၏ ဖြစ်ပျက်မြင်လို့ ရှိရင် အမြင်မှန် ပါပဲတဲ့ နိဗ္ဗာန် ရောက်မှာပါပဲ (မှန်ပါ)။

အေး ဖြစ်ပျက်သာ မြင်အောင်ရှုဖို့ အရေးကြီးတယ် (မှန်ပါ) ဖြစ်ပျက် မြင်အောင်ရှုဖို့ ဆိုတော့ ဘုရားကူ ရှုလို့လဲ မရဘူး ဆရာကူရှု ပေးလို့လဲ မရဘူး၊ နည်းပေးဖော်သာ ရကြမှာပဲ (မှန်လှပါ) ဒကာ ဒကာမတွေ ကိုယ်တိုင်က ကိုယ့်ခန္ဓာနဲ့ ကိုယ့်ဉာဏ်နဲ့ ကိုက်အောင် လုပ်ရလိမ့်မယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါ ပြီဘုရား)။

ခန္ဓာနဲ့ဉာဏ်နဲ့ ကိုက်အောင်လုပ်ပါ

ကိုယ့်ခန္ဓာနဲ့ ကိုယ့်ဉာဏ်နဲ့ (ကိုက်အောင် လုပ်ရမှာပါ ဘုရား) ကိုယ့်ခန္ဓာက ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ်နဲ့ ကိုက်အောင် လုပ်လိုက်ပါ (မှန်ပါ)။

ကဲ ဒါဖြင့် ပထမ ရဟန္တာကြီးကဖြင့် ဒကာ ဒကာမတို့ ပုထုဇဉ် ရဟန်းက မေးလို့ အာယတန ခြောက်ပါး၏ ဖြစ်မှုပျက်မှုကို ယထာဘူတ ဉာဏ်နဲ့သာ သိပေးမယ် ဆိုလို့ရှိရင် အမြင်မှန်ရပြီ တဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ ကိုယ့်အမြင်မှန် ဆိုတာ သိကြပလား (သိပါပြီဘုရား) ကိုယ့်ခန္ဓာထဲက တစ်ခုခု ဖြစ်ပျက်ကို မြင်ရင် ဘယ့်နှယ်ဆိုကြမလဲ (အမြင်မှန်ရပါတယ် ဘုရား)။

ဦးခင်မောင်ရေ အမြင်မှန်ဆိုတာ ဉာဏ်လှည့်ရင် လွယ် ပါတယ် (မှန်ပါ) ဉာဏ်မလှည့်ရင်တော့ ခက်ကြလိမ့်မယ်နော် (မှန်ပါ) ဉာဏ်မလှည့် ရင်တော့ ဒကာ ဒကာမတို့ အမြင်မှန် မရပဲနဲ့ သေသွားလေရဲ့ (မှန်ပါ) ဒီပါဠိတော် အတိုင်း ဆိုရင် ဒီလိုပဲ ဆုံးမရမှာပဲ (မှန်ပါ)။

ဖြစ်ပျက်မြင်မှ သွားရာလမ်းသိမည်

ဒီပါဠိတော်အတိုင်းက အာယတန ခြောက်ပါးထဲက တစ်ပါးပါး ဖြစ်ပျက် မမြင်ပဲနဲ့ ဒကာ ဒကာမတွေ သေသွားကြမယ် ဆိုလို့ရှိ ရင် သွားရာလမ်းလဲ သိပါဦးမလား (မသိပါဘူး) မနေ့က ပြောခဲ့တဲ့ ပရမ်းပတာ ကျတဲ့ ဝိနိပါတိက ဘေးတွေ မသင့်ပေ ဘူးလားဗျာ (သင့်ပါတယ်)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသွားရာ လမ်း ခရီး သိရအောင် အမြင်မှန် ရဖို့ အရေးကြီးပါတယ် ဆိုပြီး ဒီဝတ္ထုကို ထုတ်ရပါတယ် ဦးခင်မောင် (မှန်ပါ) အာယတန ခြောက်ပါး တစ်ပါးပါးကို ဘာမြင်ရမလဲ (ဖြစ်ပျက် မြင်ရပါမယ်) ဖြစ်ပျက် မြင်ရင် ဘယ့်နှယ် ဆိုကြမလဲ (အမြင်မှန် ရပါတယ် ဘုရား)။

အေး ဒါပါဠိတော်နဲ့လဲ ကိုက်သွားပါပြီ ဒကာ ဒကာမတို့၊ သူ့ဖြစ်ပျက် မြင်လို့ရှိရင် ဖြစ်ပျက်ဆုံးလို့ ရှိရင် ဖြစ်ပျက် မရှိတဲ့ နိဗ္ဗာန် ဘယ့်နှယ်တုံး (မြင်ရပါတယ် ဘုရား)။

ကဲ ထားလိုက်ပါဦး၊ ရဟန္တာလေးပါး ဖြေတာကို နောက် အလုပ်စဉ်နဲ့တကွ ပြပါမယ် ဒကာ ဒကာမတို့၊ ပထမ ရဟန္တာက ဖြေလိုက်တာက “ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ပဇာနာတိ” ဆိုတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဒီခြောက်ခု ဖြစ်ပျက် မြင်လို့ရှိရင် ဦးခင်မောင်ရေ ဘာတဲ့တုံး (အမြင်မှန်ရပါတယ်ဘုရား)။

အာယတနခြောက်ပါးဆိုတာ

စက္ခုဆိုတာ စက္ခုပသာဒရုပ်ကို ဆိုပါတယ်၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယရုပ် ဆိုတာရယ် ပြီးတော့ မနဆိုတဲ့ စိတ်၊ ပေါင်းလိုက်တော့ အာယတန ခြောက်ပါး အတွင်း အဇ္ဈတ္တိကာယတန ခြောက်ပါးလို့ ခေါ်တယ်၊ ဆန္နံ ဖဿာယတနာနံ လို့ ပထမ ရဟန္တာကြီးက ခြောက်ပါးလို့ ခေါ်တယ်၊ ဆန္နံ ဖဿာယတနာနံ လို့ ပထမ ရဟန္တာကြီးက ခြောက်ပါးသော ဖဿာယတန လို့ ဆိုလိုက် တယ်နော် (မှန်ပါ)။

ဒကာ ဒကာမတွေ နားလည်မှုကို ရှင်းလင်းပြီး ဆရာ ဘုန်းကြီးက ပြောပါဆိုလို့ ရှိရင်ဖြင့် မြင်ရုပ်ကလေးပေါ့ဗျာ အဲဒီ မြင်ရုပ်ကလေးဟာ စက္ခာယတနပဲ (မှန်ပါ) ကြားတဲ့နား နာမ်ရုပ် ကလေး ဟာကော (သောတာယတနပါဘုရား) နံတတ်တဲ့ နှာခေါင်း ရုပ်ကလေးဟာ ဃာနာယတန၊ စားတဲ့ အခါမှာ ချိုချဉ် ဖန်ငန်ကလေးနဲ့ တွေ့တဲ့ ရုပ်ကလေးက (ဇိဝှာ ယတနပါ) ကိုယ်ပေါ်မှာ ဘယ်နေရာ ဆိတ်ဆိတ် ဘယ်နေရာ ထိလိုက် ထိလိုက် သိတဲ့ သဘောကလေးကို အားပေးနေတဲ့ တရားကလေးက (ကာယာယတနပါဘု ရား) ပြီးတော့မှ ဝမ်းထဲမှာ ဘယ်စိတ်ပေါ်ပေါ် စိတ်တွေ ဟူသ၍ က မနာယတန (မှန်ပါ) သဘောကျပလား (ကျပါပြီ) အာယတန ဘယ်နှစ်ပါး ပါလိမ့် (ခြောက်ပါးပါ ဘုရား)။

ဒါကို ဖြစ်ပျက်မြင်ရင် အမြင်မှန်

အဲဒီ အာယတနခြောက်ပါးကို ဦးခင်မောင် ဖြစ်ပျက်မြင် လို့ရှိရင်ဖြင့် “ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနာ ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” အမြင်မှန်ပါပဲကွာဆိုတော့ သူက အာယတန ခြောက်ပါး ဖြစ်ပျက်မြင်ရင် အမြင်မှန်လို့ ဟောလိုက်ပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါက ပထမရဟန္တာကဖြေတာ ဦးခင်မောင်ရေ (မှန်ပါ)။

ကိုင်းဒါနဲ့ အဲဒီလိုဖြေလိုက်တော့ ပုထုဇဉ်က အရှင် ဘုရား၊ အရှင်ဘုရားကဲ့သို့ ဒီလို အမြင်မှန် ရတဲ့ ပုဂ္ဂိုလ်များ ရှိပါသေး သလားလို့ မေးတော့၊ သူဟာ ဒီရဟန္တာကြီး ဟောတာကို ကျေနပ် ကဲ့လား (မကျေနပ် ပါဘူး) ဒီရဟန္တာကြီးက ဖြေတာက ကြည့်စမ်း၊ ခြောက်ပါး အာယတနတို့၏ ဖြစ်ပျက် မြင်ရင် ပြီးတာ ပါပဲ (မှန်ပါ) အာယတနက ခြောက်ပါး ဆိုတာ သူ့ဟာက ဖြစ်ပျက်ကို ပြောနေ တာ (မှန်ပါ) ခြောက်ပါးကို ပဓာန မထားနဲ့ ဖြစ်ပျက်ကို ပဓာန ထားပါ (မှန်ပါ)။

ဘာကို ပဓာန ထားရမလဲ (ဖြစ်ပျက်ကို ပဓာနထားရ ပါမယ်)။ “သမုဒယဉ္စ အတ္ထင်္ဂမဉ္စ” ကို ပဓာန ထားရမယ်၊ ဖြစ်မှုနဲ့ ပျက်မှု မြင်ရင် အမြင်မှန်ပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒုတိယရဟန္တာကြီး

ပုထုဇဉ် ရဟန်းကတော့ ဖြစ်ပျက်ကို ပဓာနမထားဘဲနဲ့ သူ့စိတ်ကူးမှာ ခြောက်ပါးကိုသာ ပဓာန ထားပြီး ဖောက်ပြန် သွားတဲ့ အတွက် အရှင်ဘုရားလို အမြင်မှန်ရတဲ့ ပုဂ္ဂိုလ်များရှိပါ သေးသလား ဆိုတော့ – ရှိပါသေးတယ်၊ ဟိုဘက်နားမှာ သီတင်းသုံး နေတယ် ဆိုတော့၊ သူဟာ ဒုတိယ ရဟန္တာဆီကို တစ်ဖန် ရောက်လာပြန်တယ် (မှန်ပါ)။

ပုထုဇဉ်ရဟန်း ဘယ်ရောက်သွားပါလိမ့် (ဒုတိယ ရဟန္တာဆီ ရောက်လာပါတယ်ဘုရား) ဒုတိယ ရဟန္တာဆီ ရောက်သွားပြန်တော့

“ကိတ္တာဝတာနု ခေါ အာဝုသော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ-လို့ မေးပြန်တာပဲ (မှန်ပါ) ဒုတိယ ရဟန္တာ ကတော့ ခုနင်က ပြောခဲ့တဲ့ အတိုင်း

“ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ သမုဒယဉ္စ အတ္ထင်္ဂမ ယထာဘူတံ ပဇာနာတိ။ ဧတ္တာဝတာ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓိ ဟောတိ” ခန္ဓာငါးပါး ဖြစ်ပျက်မြင်လို့ရှိရင် ဒါဟာ အမြင်မှန်လို့သာ မှတ်ပေတော့ (မှန်ပါ)။

ခန္ဓာငါးပါး၏ ဖြစ်ပျက်မြင်ရင် အမြင်မှန်

ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖြစ်ပျက်မြင်လို့ ရှိရင် (အမြင်မှန်ပါ ဘုရား)။

ဒါဖြင့် ခုနင်ကပထမပုဂ္ဂိုလ်ကတော့ အာယတန ခြောက်ပါး အမြင်မှန်၊ နောက်ပုဂ္ဂိုလ်ကတော့ (ခန္ဓာငါးပါး အမြင်မှန်ပါ) ဒီတော့ ပုထုဇဉ် ပုဂ္ဂိုလ်က မကျေနပ်ဘူး၊ အရင်ပုဂ္ဂိုလ်ကဖြင့် ခြောက်ပါး၊ နောက်ပုဂ္ဂိုလ်က ငါးပါးတဲ့၊ ရဟန္တာ ဖြစ်ပုံချင်းက တယ်ခြားကြတယ်တဲ့ (မှန်ပါ) သူက ဖြစ်ပျက်ကိုမှ ပဓာန မထားဘဲကိုး (မှန်ပါ)။

ဖြစ်ပျက်ကို ပဓာနထားပြောတာ

ဟိုက ခြောက်ပါး ဟောတာ၊ ခြောက်ပါး နောက်က ဘာလိုက် လာသတုံး (ဖြစ်ပျက် လိုက်ပါ တယ်) ဒုတိယ ရဟန္တာကြီး ကလဲ ငါးပါး နောက် ကဘာလို က် လာသတုံး (ဖြစ်ပျက်ပါ ဘုရား)။ ရဟန္တာ ကြီးများ က ဖြစ်ပျက်ကို ပဓာနထား ပြောတာ (မှန်ပါ) သူ က ၅-နဲ့ ၆- ကို ပဓာနထားပြီး စဉ်းစား နေတယ် (မှန်ပါ)။

ပုထုဇဉ်က ဘာကိုပဓာနထားပါလိမ့် (၅ နဲ့ ၆ ပါဘုရား)

ပုထုဇဉ်က ၅ နဲ့ ၆ ကိုပဓာန ထားပြီး သကာလ နေတော့ သြော် ဒီပုဂ္ဂိုလ်ကတော့ဖြင့် ပထမ ပုဂ္ဂိုလ်က ၆ပါး၊ ဒုတိယ ပုဂ္ဂိုလ်က ၅ ပါးတဲ့။ သူစိတ်ထဲမှာ ၆ပါး ဆိုတော့ ရုပ်ကလေး ကလည်း ၅ခု စိတ်ကလေးကလည်း တစ်ခုတည်း ဆိုတော့ ဒကာ ဒကာမတို့ ၆ပါးကို ရှုလို့ အမြင်မှန် ရတယ်လို့ သူက ယူလိုက်တယ်။ စင်စစ်ကတော့ ဖြစ်ပျက် ကျအောင် လုပ်လိုက်ရင် အတူတူပဲ။ ရုပ်နဲ့ နာမ်ပဲ (မှန်ပါ့)။ ဖြစ် ဒုတိယ ပုဂ္ဂိုလ်ကတော့ ခန္ဓာ ၅ ပါး ဖြစ်ပျက် မြင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမြင်မှန်ပါဘဲလို့ ဒုတိယ ရဟန္တာကြီး က မဟောဘူးလား (ဟောပါတယ်) သူ့စိတ်ထဲမှာ ကျေနပ် ကဲ့လား (မကျေနပ် ပါဘူး)။

အရင် ပုဂ္ဂိုလ်က ၆၊ နောက် ပုဂ္ဂိုလ်က ၅၊ သူဖြင့် ၆၊ ၅ ရှုပ်နေပြီး မယူတတ်တာနဲ့ သေရချည်ရဲ့ (မှန်ပါ့) စင်စစ်က သေသေချာချာ မယူတတ်လို့ပါ၊ ယူတတ်လို့ ရှိရင် ၅ မှာလဲ ဘာကိုယူရမလဲ (ဖြစ်ပျက် ပါဘဲ) ၆ မှာကော (ဖြစ်ပျက်ပါဘဲ) ဖြစ်ပျက်ကို ဒကာ ဒကာမတွေ ပဓာန ထားလိုက်ကြပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

အဲ့ဒီတော့ ဒီဥစ္စာ ဟောလဲ ဟောနေပါတယ် ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်မှာလဲ ဖြစ်ပျက် ကလေးလဲ ကြည့်ပေးကြပါ (မှန်ပါ့) ခန္ဓာကိုယ်ထဲ ဘာကြည့်ပေးရမလဲ (ဖြစ်ပျက်ကလေးတွေ ကြည့်ပေး ရပါတယ်)။

ဒါကြည့်နည်း ကလေးတော့ ဘုန်းကြီး ခဏခဏပြော တယ် ဒကာ ဒကာမတို့၊ မျက်လုံးကလေး ဖွင့်လိုက်တဲ့အခါ ကျတော့ မမြင်ဘူးလား (မြင်ပါတယ်ဘုရား) မြင်ရုပ် မြင်စိတ် ကလေးတော့ ပေါ်တာဘဲ၊ (မှန်ပါ့) တော်တော်ကြာ တစ်ခု ကြည့်လိုက်ပြန်လို့ရှိရင်လဲ မမြင်ဘူးလား (မြင်ပါတယ်) ပထမတော့ သားကြည့်လိုက် ပြန်တော့လည်း မြင်တယ်၊ နောက် သမီးကြည့်လိုက် ပြန်တော့လည်း (မြင်ပါတယ်) ဒီမြင်ပုံချင်း တူရဲလား (မတူပါဘူး) အရင်စိတ်က သားမြင်တယ်၊ နောက်စိတ် က (သမီး မြင်ပါတယ်)။

ဪ ဒါဖြင့် သားမြင်တဲ့စိတ်က မချုပ်ပျက်ပဲ နေမယ် ဆိုရင်ဖြင့် သမီးမြင်တဲ့စိတ် ဟာပေါ်ခွင့် မရဘူး (မရပါဘူး) အဲဒီက တည်းကသူတို့ သည်ကားဖြစ်ပြီး ပျက်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

မြင်စိတ်ဟာ ဒီနေရာဖြစ်ဒီနေရာပျက်

အဲဒါကလေးလဲ မြင်တယ် ဆိုရင်မြင်တဲ့ စိတ်ကလေးကို ကိုယ့်ခန္ဓာကို လှုပ်လှုပ်ပြီး၊ ကိုယ့်မျက်လုံးထဲ ဉာဏ်ကလေး လှုပ်လှုပ်ပြီး ဪ မြင်တဲ့စိတ်ကလေးဟာ ဒီနေရာဖြစ်ပြီး ဒီနေရာ ပျက်တာပါကလား (မှန်ပါ့) ကြားတဲ့စိတ်ကလေးကော နားထဲဖြစ်ပြီး (နားထဲပျက်ပါတယ်ဘုရား)

နံတဲ့စိတ်ကလေး ဟာ နှာခေါင်းထဲဖြစ်ပြီး တော့ (နှာခေါင်းထဲပျက်ပါတယ်ဘုရား) စားတဲ့စိတ်ကလေးဟာ ရွာလယ်မှာဖြစ်ပြီးတော့ (လျှာလယ်မှာ ပျက်ပါတယ်) ယားတဲ့ ယံတဲ့ စိတ်ကလေးဟာလဲ ကိုယ်ပေါ်မှာ ပေါ်ပြီးသကာလ ပေါ်တဲ့ နေရာမှာပျက်တယ် (မှန်ပါ့ဘုရား)။

ကောင်းတဲ့ သုခဝေဒနာ ကလေးဟာလဲ သုခသဟဂတံ ကာယဝိညာဏံဆိုတဲ့ ကာယဝိညာဏ် စိတ်ကလေးဟာလဲ ကိုယ်ပေါ်မှာပေါ်ပြီးတော့ (ကိုယ်ပေါ်မှာပဲ ပျက်ပါတယ်ဘုရား) နေရာရွေ့ပြီး ပျက်သေးသလား ဒီနေရာမှာပဲ ပျက်သလား (ဒီနေရာမှာပဲ ပျက်ပါတယ်)။

အဲဒီလို ဒကာ ဒကာမတွေက သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဆိုတာကလေး ပဓာနထားပြီး သကာလ ဖြစ်ပျက်ကလေးတော့ဖြင့် ခန္ဓာကိုယ်လှည့်လှည့်ပေးကြပါ။ (မှန်ပါ့) အဲဒါ အမြင်မှန် ရအောင်လို့ ပြောနေတယ် (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင်ဘာတဲ့တုံး (အမြင်မှန်ရပါတယ်ဘုရား)။

ကိုယ့်ခန္ဓာကိုယ်၏ အနိစ္စကိုမြင်တာ

ဘယ့်နှယ်ကြောင့် အမြင်မှန်ရသတုံး ဆိုလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကိုယ်ကြီး၏ အနိစ္စကို ကိုယ်မြင် သောကြောင့် ကိုယ့်အမြင်မှန်ပြီ (မှန်ပါ့) ယောက်ျားမိန်းမလို့ မမြင်တော့ဘူး (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ယောက်ျားမိန်းမလို့ မမြင်တော့ ပါဘူး) ကိုယ့်အနိစ္စကိုသာ (ကိုယ်မြင်ပါတယ်ဘုရား)

ဒါဖြင့် ဒါကို ဘယ့်နှယ်ဆိုကြပါ့မလဲ (အမြင်မှန်ပါဘုရား) ဒီကနေ တက်သွားပြန်တော့ ဖြစ်ပျက်တွေ ဆုံးတော့ နိဗ္ဗာန်မမြင် ဘူးလား (မြင်ပါတယ်) အဲဒီကျပြန်တော့လဲ အမြင်မှန် မရဘူးလား (ရပါတယ်)။ အဲဒီ တော့ဖြစ်ပျက် အမြင်မှန်မရရင် ဟိုမှာဖြစ်ပျက်သုဉ်းတဲ့ အမြင်မှန်ကို မရနိုင်ဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်ပါပြီဘုရား)။

ဒီကဖြစ်ပျက်အမြင်မှန်မှ ခန္ဓာကိုယ်ထဲက မရသေးခဲ့လို့ ရှိရင်ဖြင့် ဖြစ်ပျက်ဆုံးတဲ့ အမြင်မှန်ကို (မရပါဘူး)။ ဒါကြောင့်ဒီ ဟာကိုရှေ့ပိုင်းက အမြင်မှန်လို့မှတ်ပါ (မှန်ပါ့)။

ပုထုဇဉ်ပုဂ္ဂိုလ်က-အရင်ပုဂ္ဂိုလ်ကတော့ ၆ ပါးဟောတယ် နောက်ပုဂ္ဂိုလ်က ၅ ပါးဟောတယ်။ အရင်ပုဂ္ဂိုလ်ကတော့ အကြွင်း အကျန်နဲ့ သဠာယတန ခြောက်ပါးကိုဟောတယ်၊

နောက်ပုဂ္ဂိုလ်က အကြွင်းအကျန်မရှိ ခန္ဓာငါးပါးရှုတယ်ဆိုပြီး သကာလ ဟောတယ်။ တခြားစီ ဖြစ်နေပြီ အရှင်ဘုရား၊ အမြင်မှန်ရတဲ့ ပုဂ္ဂိုလ်များ ဘယ်မှာရှိသေးသတုံး ဘုရား။ တပည့်တော်ကို အမိန့်ရှိပါဦး။ ဟိုဘက်နားမှာရှိတယ်ဆိုတော့ သွားပြန်တာဘဲ ဒကာ ဒကာမတို့။

တတိယရဟန္တာကြီး

ဒါနဲ့ တတိယရဟန္တာဆီကို သွားမေးလိုက်တယ်။ အရှင် ဘုရားတို့ နဗ္ဗာန်ရတဲ့ အမြင်မှန်ကလေး တပည့်တော်ကို အမိန့် ရှိပေးပါဘုရား။ တတိယပုဂ္ဂိုလ်ကသာ ကျဉ်းတာပေါ့ ဦးဝရဲ့ ‘‘စတုန္နံ မဟာဘူတာနံ’’ ဆိုပြီးတော့ ဓါတ်ကြီးလေးပါးပဲ ဟော လိုက်တယ်။ –

ယတောခေါ အာဝုသော ဘိက္ခု စတုန္နံ

မဟာဘူတာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စယထာဘူတံ ပဇာနာတိ။

ဓါတ်ကြီးလေးပါး၏ဖြစ်ပျက်

ဓါတ်ကြီးလေးပါး တစ်ပါးပါး ဖြစ်ပျက်မြင်ရင် ပြီးတာပါပဲ။ အဲဒါအမြင်မှန်ပဲလို့ ဟောလိုက်တယ် (မှန်ပါ) ဦးခင်မောင်သာပြီး နည်းမနေဘူးလား (နည်းပါတယ်ဘုရား)။ ကဲ ဦးဇံရင်တို့ သာပြီး နည်းမနေ ဘူးလား (နည်းပါတယ်)။

သူက ရိပ်မှ – မရိပ်မိပဲ ဒကာ ဒကာမတို့ ဖြစ်ပျက် ပါတာ ချည်းပဲ။ ဟိုကပြောတာတွေက ဖြစ်ပျက်ကို အဓိက ထားပြီး ပြောနေကြတာ။ မပေါ်လာကြသေးဘူးလား (ပေါ်ပါပြီ ဘုရား) ဖြစ်ပျက် အဓိက ထားဟောနေတာ သူမှ မရိပ်မိဘဲ (မှန်ပါ)။

ပခန်းသားလိမ်နည်း

အဲဒီတော့ ပုထုဇဉ်ဆိုတာ ဦးခင်မောင် တယ်ပြီး ခက်ပါလား (ခက်ပါတယ်ဘုရား) ပခန်းသားလို ဖြစ်နေပြီထင် တယ်။

ပခန်းသား လိမ်တတ်တယ်၊ ကြောတတ်တယ် သူများအပေါ် လူညွန့်ခူးတတ်တယ်ဆိုတော့ တစ်ယောက်သော ပုဂ္ဂိုလ်က မင်းတို့ ပခန်းသားများဟာ တယ်ကြောက်စရာကောင်းသကွာ။

လိမ်တတ် တယ်၊ ကြော တတ်တယ် ဆိုတော့ ငါ့ကိုလိမ်စမ်းပါဦး ငါသတိနဲ့နေမယ်လို့ ပြောလိုက်တယ် (မှန်ပါ) အို မလိမ်နိုင်သေးပါဘူးကွယ် ရောက်ခါစ ဧည့်သည်ပဲ ရှိသေးတယ်၊ ထမင်းမှ မစားရသေးဘူး ဆိုတော့ ထမင်း ချက်ကျွေး ရတယ်။ (မှန်ပါ) ထမင်းစားပြီးတော့ ကဲ လိမ်လေကွာ ပြောတော့ အို လိမ်ပြီးပြီတဲ့။ (မှန်ပါ) ထမင်းတောင် စားပြီးပေါ့ ကိုးဗျ (မှန်ပါ)။

ထမင်းတောင်မှ မစားရသေးပဲနဲ့ ကွာ မင်းနှယ် မဟုတ်သေးပါဘူး။ ထမင်းကလေး ဘာကလေး စားပြီးတော့ ပြောတာပေါ့တဲ့။ ရိပ်မိကြပလား (ရိပ်မိပါပြီ။) ဘယ်လို လိမ်သွားသတဲ့ (ထမင်းကို လိမ်သွားပါတယ်) ထမင်းစားဖို့ လိမ်ပြီးပြီ။

အဲဒီတော့ ကျုပ်လိမ်လေလို့ ဟိုက စောင့်နေတဲ့ ပုဂ္ဂိုလ်က သိသေးရဲ့ လား (မသိပါဘူး) ဟိုက လိမ်တာကိုမှ မသိဘူးဆိုလို့ ရှိရင် သူဟာ သတိထားရာကော ရောက်သေး ရဲ့လား (မရောက်ပါဘူး)။

ဒီမှာလဲ ပုထုဇဉ်ကို အာယတနခြောက်ပါးဟော၊ ခန္ဓာ ငါးပါး ဟောတော့ ဖြစ်ပျက်လို့ ထည့်ထားတယ် (မှန်ပါ) ရဟန္တာတွေ ဟောတဲ့အထဲမှာ ဘာပါသတုံး (ဖြစ်ပျက်ပါ ထားပါတယ်)

အဲဒီတော့ သူက နားမလည်သေးဘူးဆိုတော့ လိမ်ပြီးတာတောင် မသိသေးတဲ့ လူလို ကျနေတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ပုထုဇဉ်ထူတယ်ဆိုတဲ့ အဓိပ္ပါယ် ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ)။

ဒကာသစ်ဘာပေါ်လာသတုံး (ပုထုဇဉ်ထူပါတယ်) ကြည့် စမ်း ဟိုကဟောတာက ခြောက်ပါးသော အာယတနလဲ ဖြစ်ပျက် မြင်ရင်အမှန်ပါဘဲဆိုတော့ ဖြစ်ပျက်ကလေးတွဲတွဲ ချုပ်ထားတယ် (မှန်ပါ) ခန္ဓာငါးပါးကိုလဲ ဖြစ်ပျက်မြင်လို့ ရှိရင် အမှန်ပါပဲ (မှန်ပါ) အဲဒီတော့ ဒကာ ဒကာမတွေက ရှုပ်သေးသလား (မရှုပ်ပါဘူး)။

ဘာတွေ့တွေ့ ဘာကိုမြင်ရမှာတုံး

ဘာတွေ့တွေ့ ဘာကိုမြင်ရမှာတုံး (ဖြစ်ပျက်မြင်ရပါ တယ်) ဖြစ်ပျက်မြင်ရင် ဘာဆိုကြမယ် (အမြင်မှန်ပါဘုရား) အမြင်မှန်ရပြီဆိုတာ သေသေချာချာမှတ်ပါတော့ (မှန်ပါ) သဘောပါ ကြပလား (ပါပါပြီ)

ပုထုဇဉ်ရဟန်းကတော့ ကျေနပ်ကဲ့လား (မကျေနပ်ပါဘူး) လိမ်ပြီးတာတောင်မှ လိမ်မှန်း မသိတဲ့ ပုဂ္ဂိုလ်လို မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)

ထူတယ်။ အတယ် ဆိုရင်ကော စွဲချက်တင်ရင် အတင်ခံရတော့မှာပဲ (မှန်ပါ)။

ကဲဒါနဲ့ တတိယရဟန္တာကြီးက လေးပါးတည်းနဲ့ နိဗ္ဗာန်တည်းဟူသော အမြင်မှန်ကို မဂ်ဉာဏ်နဲ့ အမြင်မှန် ရသတဲ့ဆို တော့ ပုထုဇဉ်ရဟန်းမှာ ခက်နေတယ် ဦးခင်မောင်ရေ (မှန်ပါ)။

ဘယ်သူခက်နေတာတုံး (ပုထုဇဉ် ရဟန်း ခက်နေတာပါ) ရဟန္တာကြီးတွေကတော့ အမြင်မှန်ချည်း ပြောချတယ် (မှန်ပါ) ဖြစ်ပျက်မြင်ရင် အမြင်မှန်ဘဲ (မှန်ပါ) ဒီလိုမပါဘူးလား (ပါပါတယ်ဘုရား)။

ပုထုဇဉ်ရဟန်းက မကျေနပ်သေးဘူး

ဒါနဲ့ ဒကာ ဒကာမတို့ မကျေနပ်သေးတာနဲ့၊ အရှင် ဘုရားလို အမြင်မှန်ရတဲ့ ပုဂ္ဂိုလ်များ ဘယ်များ ရှိပါသေး သတုံး ဆိုတော့ ဟို နားမှာ တစ်ပါးရှိ သေးတယ်လို့ ညွှန် လိုက် တယ် (မှန်ပါ) သွားရတာ ဘယ် နှ စ် ပါး ရှိ ပလဲ (လေးပါးကို သွားပါပြီ) အမောသာ ဆိုက်မယ် ဒီပုဂ္ဂိုလ်အမှန်ဖြစ်မှာ မဟုတ်သေးဘူး (မှန်ပါ)။

အမောတော့ ဆိုက်မှာပဲ အမှန်ဖြစ်ဖို့ မြင်သေးရဲ့လား (မမြင်ပါဘူး) လိမ်ပြီးတာတောင်မှ ပြီးမှန်းမသိသေးတဲ့ အဓိပ္ပါယ်မျိုး ရောက်နေတာ (မှန်ပါ) အတော်မဆိုးဝါးဘူးလား ဒကာ ဒကာမတို့ (ဆိုးဝါးပါတယ်)။

အဲ ဒီမှာလဲ ဒကာ ဒကာမတို့ အနိစ္စ ဆိုတာက ဘယ် များနေပါလိမ့်မတုံး ဆိုတော့ ယားတာဟာလဲ အနိစ္စပဲ (မှန်ပါ) ချုပ်ပျောက်ပြီ ဆိုတော့ အရင်စိတ်ကလေး ပျက် သွားတာ (အနိစ္စပါ ဘုရား) ဒါတောင်ကျုပ်တို့ဖြင့် အနိစ္စဆိုတာ မမြင်သေးပါဘူးတဲ့ (မှန်ပါ) အင်း ခက်ပြီ ဒါဖြင့် ခင်ဗျားတို့ လဲခက်ပြီ (မှန်ပါ) မခက်သေးဘူးလား (ခက် ပါပြီ) ယားတာ ကလေးက ဒီနေရာဖြစ်ပြီး ဒီနေရာ

ပျောက်သွားတော့ ဘာဆိုကြမလဲ (အနိစ္စပါဘုရား)။

စားချင်တဲ့စိတ်ဟာ အနိစ္စ

စားချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမတို့ စားတော့ ရှိ သေးရဲ့ လား (မရှိပါဘူး) အဲဒါ ဒကာ ဒကာမတို့ စားချင်တဲ့စိတ် ကလေးဟာ အနိစ္စပဲ မဟုတ်လား (မှန်ပါ)။ ပထမစားတဲ့ စိတ်ကလေး ဟာလဲ ဇွန်းကိုင်တဲ့ အချိန်သူရှိသေး သလား (မရှိပါဘူး) မရှိတော့ စားတဲ့စိတ်ကလေးဟာ ဘာဆိုကြမယ် (အနိစ္စပါဘုရား)။

အဲဒါကလေးတွေ ရှိနေလျက်သားနဲ့ ကျုပ်တို့ဖြင့် ဘုန်းကြီး ဆီလဲ တရားနာနေတာကြာပြီ၊ ခန္ဓာကိုယ် ကြည့်ပါ ဆိုလို့လဲ ကြည့်တာဘဲ – မြင်ကိုမမြင်သေးဘူးတဲ့ (မှန်ပါ) ခက်ပကော ခင်ဗျား တို့ဟာ – (မှန်ပါ) မြင်ကိုမမြင်သေးဘူးတဲ့ အနိစ္စတွေကတော့ပုံနေတယ် (မှန်ပါ)

ဒါဖြင့်ခင်ဗျားတို့ ဟာ ကြောင်တောင်ကွယ်မျိုးလို ကျနေပြီ (မှန်ပါ) ဒါဘဲပြောစရာ ရှိတော့တယ် (မှန်ပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာမျိုးများ ဖြစ်နေကြသတုံး (ကြောင်တောင်ကွယ်လို ဖြစ်နေပါတယ်) အင်း ကြောင်တောင် ကွယ်တော့ မလုပ် ကြနဲ့ဗျာ သိပ်အရုပ်ဆိုးတယ် နာမည်လဲ မကောင်းပါဘူး (မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ အမြဲတမ်းပျက်နေတယ်ဆိုတာကော သဘော ကျပလား (ကျပါပြီ)။

အနိစ္စမမြင်သေးဘူး မလုပ်ပါနဲ့

ကဲ ဒကာ ဒကာမတို့ စားချင်လိုက်တာ ရေ သောက်ချင်လိုက်တာ ဆိုကြပါစို့။ ရေသောက်ချင် လိုက်တာဟာ ရေသောက်ချင် ပြီးချုပ်သွားတာပဲ ရေသောက်လိုက်ရ ရဲ့လား (မသောက်လိုက် ရပါဘူး)။ သွားရဦးမှာကိုး ဒကာ ဒကာမတို့ ရဲ့ (မှန်ပါ) အဲဒီတော့ သောက်ချင်တဲ့ စိတ် ကလေးဟာ ရှိသေးရဲ့ လား (မရှိပါဘူး) ဘာခေါ်ကြမယ် ဒါဖြင့် (အနိစ္စတရားပါ)

အဲဒါကလေးအနိစ္စဆိုတော့ ကျုပ်အနိစ္စ မမြင်သေးဘူး နောက်ကိုမလုပ်ကြနဲ့နော် (မှန်ပါ)။ အနိစ္စက မရှိလို့လားတဲ့ ခင်ဗျားတို့က မသိလို့လား (မသိလို့ပါ ဘုရား)။

ဪ ဒါဖြင့်မရှိတာထက် မသိတာကအခက်ဆုံးပါ လား (မှန်ပါ) ခင်ဗျားတို့အခုမှပဲ ကိုက်ပေ တော့တယ် (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

တစ်ခါတည်း ဒကာ ဒကာမတွေသည်ကားလို့ဆိုရင်၊ မရှိတာဘဲ ဒီနားမှာကပ်နေတာပဲ ဒါကိုပဲ မသိတာ ခက်နေတယ် (မှန်ပါ) နောက်ကိုဖြင့် ဒီလို မလုပ်ကြပါနဲ့ဗျာ ဘုန်းကြီးလည်း နာမည် ပျက်ကုန် ရော့ မယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)

မရှိတာနဲ့ သိတာနဲ့ဖြင့် ကိုက်အောင် လုပ်ကြပါ။ မရှိတာထက် မသိတာက အခက်ဆုံးဖြင့် မလုပ်ကြပါနဲ့ (မှန်ပါ)။

ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမယ် (မရှိတာနဲ့သိတာ ကိုက်အောင်လုပ်ရပါမယ်ဘုရား) မရှိတာ ကလေးကို သိပြီ။ ဒီတရား လေး မရှိတော့ဘူး (မှန်ပါ)။

ကဲ ရေသောက်ချင်တဲ့ စိတ်ကလေးဟာ ရေ သောက်ရရဲ့လား (မသောက်ရပါဘူး) ကဲဒါဖြင့် သူရှိသေး ရဲ့ လား (မရှိပါဘူး) မရှိတာကအနိစ္စသိတာက (မဂ္ဂပါ ဘုရား) အဲဒီလို သွားတာ (မှန်ပါ)။

မရှိတာက အနိစ္စ၊ သိတာကမဂ္ဂ

ကဲ ရေသောက်ချင်တော့ ထိုင်နေရာက ထသောက် ချင်တယ်ဆိုတော့ ထရပြန်ပြီ၊ ထချင်တဲ့ စိတ်လေးဟာလဲ ထပြီး ရှိသေးရဲ့လား (မရှိပါဘူး) မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ)။

အဲဒီလိုချည့်သွားတော့ ခြေထောက်ကလေးကြွပြန် တော့ ကြွချင်တဲ့စိတ်ကလေးကကော ဒကာ ဒကာမတို့ ကြွပြီး ရှိသေးရဲ့ လား (မရှိပါဘူးဘုရား) မရှိတာကဘာဆိုမယ် (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါဘုရား)။

အဲဒါတွေ မသိလို့ရှိရင်ဖြင့် မရှိတာဟာ အနိစ္စလို့ ခင်ဗျား တို့ သန္တာန်မှာ မဖြစ်တော့ဘူး။ မရှိတာထက် မသိတာခက်လို့ ခင်ဗျားတို့ အပါယ်သံသရာက မတက်ကြရဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အခုတော့ဖြင့် ရှင်းပါပြီနော် (ရှင်းပါပြီ) ကိုယ်နှလုံး သွင်းလိုက်ရင် တည့်တည့်မနေဘူးလား (နေပါတယ်)။

အေး ဒါကြောင့် ခင်ဗျားတို့ ကြမ်းပိုးကိုသာ စမ်းပြီးဖမ်း တတ်တာကိုး ခက်လိုက်တဲ့ဖြစ်ခြင်း၊ ကြမ်းပိုးကျတော့ မှောင်ထဲ တောင်စမ်းပြီးဖမ်းတတ်တယ်။ ဒီမှာ သေသေချာချာ ရှိတာကျ တော့ မဖမ်းတတ်ဘူး ဆိုတာ အတော်ခက်နေတာ (မှန်ပါ) မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ်ဘုရား)။

ဒကာ ဒကာမတွေ သန်းတွေများပြေးနေတော့ ခင်ဗျားတို့ မိအောင် မဖမ်းဘူးလား (ဖမ်းပါတယ်) ဟိုမှာ ပြေးတာတော့ မိအောင်ဖမ်းနိုင်တယ်။ ဒီနေရာကလေးမှာဖြစ် ဒီနေရာကလေးမှာ သေတာကို ရှုလိုက်ရင် တိုက်ဆိုင်တွေ့တဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့ မသိတာ အတော်ခက်ပါတယ် (မှန်ပါ)။

ကဲ ဒီကရှေ့တော့ဖြင့် သူများအမြည်အတွန်လဲ မခံတော့ဘူး၊ မရှိတာနဲ့ သိတာနဲ့ ကိုက်အောင် လုပ်တော့မယ် လို့ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။

ကဲ ဒါဖြင့် စတုတ္ထရဟန္တာသွားကြပါဦးစို့ ဒကာ ဒကာမတို့ ခင်ဗျားတို့ အလုပ်ကလဲထည့်ရ ဝတ္ထုကလည်း ထည့်ရနဲ့မို့ ခက်နေတာ (မှန်ပါ)။

စတုတ္ထရဟန္တာကြီး

ပုထုဇဉ်ရဟန်းက စတုတ္ထရဟန္တာဆီ သွားလိုက်တယ်။ အရှင်ဘုရား အရှင်ဘုရားတို့ နိဗ္ဗာန် မြင်တဲ့ အမြင်မှန်ကို ပြောစမ်းပါဦးဘုရားလို့ လျှောက်တယ်။

ဖြစ်ပျက်ချည်း အကုန်ရှိတယ်

‘‘ယံကိဉ္စ သမုဒယဓမ္မံ၊ သဗ္ဗံတံ နိရောဓမ္မံ’’ လို့ ဖြေလိုက် တယ်။ ဒီကိုယ်တော်က သာပြီး ရှင်းသေးတယ်။ ဖြစ်ပျက်ချည်း အကုန်ရှိတယ်ကွတဲ့ (မှန်ပါ)

ယံကိဉ္စ- အလုံးစုံသော သင်္ခါရ တရားသည်၊ သမုဒယဓမ္မံ- ဖြစ်ခြင်း သဘောရှိ၏။ အလုံးစုံသော ဖြစ်တတ်တဲ့ သဘောသည် ချုပ်ခြင်း သဘောပဲ၊ ဖြစ်ပျက်ပဲရှိ တယ်။ ခန္ဓာတွေ အာယတနတွေ ဓါတ်တွေတောင် မဖော်တော့ ဘူး (မှန်ပါ) ဖော်သေးရဲ့ လား (မဖော်ပါဘူး)။

ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါပဲ

အဲဒီဖြစ်ပျက်မြင်ရင် အမြင်မှန်ပါပဲလို့ စတုတ္ထ ရဟန္တာက တာဝန်မခံဘူးလား (ခံပါတယ်)။

ဒီပုဂ္ဂိုလ်ဖြေတာကမှ ခက်တယ်၊ ဟိုကိုယ်တော်တွေက သရုပ်ပါသေးတယ်၊ ဒီပုဂ္ဂိုလ်ဖြေတာက သရုပ်တောင် မပါဘူး (မပါပါဘုရား)။

ပုထုဇဉ်ရဟန်းတော့ ခက်သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ) မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ လည်း ဒီလိုဘဲ ဘုန်းကြီးဆီမှာ တရားနာတာ ကြာလှပြီ၊ ဘုန်းကြီး ကလည်း ဖြစ်ပျက်ဟော တယ်၊ ကျုပ်တို့လဲ ဖြစ်ပျက်ကို မတွေ့သေးဘူး ဆိုတော့ မခက် ဘူးလား (ခက်ပါတယ်) ဒီကရှေ့တော့ ဆရာလဲ နာမည် မပျက်စေနဲ့၊ ကိုယ်လဲ စုံလုံးကန်းမဖြစ်စေနဲ့ (မှန်ပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်စိတ်ပေါ်ပေါ် မရှိဘူးလို့ သိအောင်လုပ်ပါ

ကိုယ်လဲ စုံလုံးကန်း မဖြစ်ရအောင် ဒကာ ဒကာမတို့ ဘယ် စိတ်ပေါ်ပေါ် မရှိဘူး မရှိဘူးလို့ သိအောင် လုပ်ပါဆိုတာ ကိုဖြင့် သတိပေးလိုက်ပါတယ် (မှန်ပါ)။

ပုထုဇဉ် ရဟန်းကို ရဟန္တာ မထေရ်လေးပါး ဟောတာ တွေဟာ အမှန်ချည်းပဲဆိုတာ သဘော ကျပလား (ကျပါပြီ) တစ်နံပါတ် ပုဂ္ဂိုလ်ဟောတာလဲ ဖြစ်ပျက်ပါတာဘဲ၊ ဒုတိယ ကိုယ်တော် ဟောတာကော (ဖြစ်ပျက်ပါပဲ) တတိယ ကိုယ်တော်ကော (ဖြစ်ပျက်ပါပဲ) စတုတ္ထကိုယ်တော် ဟောတာကော (ဖြစ်ပျက် ပါပဲ)။

ဖြစ်ပျက်ပါတာကို မတူဘူးတဲ့ သူတို့ မြင်ပုံချင်း မတူ ဘူးတဲ့။ နိဗ္ဗာန် အမျိုးမျိုး ရှိလိမ့်မယ်လို့ တောင် သူယူချင် ယူပစ်လိမ့်မယ် (မှန်ပါ)။

အဲဒါကြောင့် အရှင်ဘုရားတို့နဲ့ ဖြင့် မကျေနပ်နိုင်ဘူး ဆိုပြီး ဘုရားထံ မေးလိမ့်ဦးမယ်။ လျှာက ဒါလောက်ရှည်တယ် ဆိုတာ မှတ်ပေတော့ (မှန်ပါ)။ ဒါဖြင့် ဘုရားထံမေးပြီး ဘုရားအဖြေထုတ်တာ နက်ဖန်မှနာကြ။

ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။