142

ဆင်ခြေမလဲပါနဲ့တော့ အလုပ်လုပ်မှ ပြည့်စုံမှာ

အသံဖိုင်ခေါင်းစဉ်= ဓမ္မာနုဓမ္မပဋိပတ္တိကင်း၍ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်ပုံ

စာအုပ်ခေါင်းစဉ်= ဆင်ခြေမလဲပါနဲ့တော့ အလုပ်လုပ်မှ ပြည့်စုံမှာ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဆင်ခြေမလဲပါနဲ့တော့ အလုပ်လုပ်မှ ပြည့်စုံမှာ

(၂၅-၉-၆၁)

အားလုံး ဒကာ၊ ဒကာမတွေ ကိုယ့်အရေး ကိုယ်ကြိုး စားကြပါဆိုတာ တိုက်တွန်းတယ်နော် (မှန်ပါ့)။

ကိုယ်အရေးကို ကိုယ်ကြိုးစားကြပါဆိုတာ တိုက်တွန်း တယ်၊ ကိုယ်အရေးက ဘာပါလိမ့်မလဲ လို့ ဒကာ၊ ဒကာမ တွေကမေးလို့ရှိရင်ဖြင့်၊ ကိုယ့် ကိုယ် ဒုက္ခသစ္စာ- ကိုယ့်သမုဒယ ကလုပ်ထားလို့ ကိုယ့် ဒုက္ခသစ္စာဖြစ်ရတယ် (မှန်ပါ့)။

ကိုယ့်သမုဒယကလုပ်ထားလို့၊ မိမိခန္ဓာကိုယ်ကြီး ဒုက္ခ သစ္စာဖြစ်ရတယ် (မှန်ပါ့)။

ဪ ဒီဒုက္ခသစ္စာကြီးဟာ သိကြား-ဗြဟ္မာ ဘုရား လာပေးတဲ့ဒုက္ခသစ္စာလား၊ သို့တည်း မဟုတ် မိမိတို့သန္တာန်ရှိတဲ့ ခင်မှု၊ မင်မှု၊ ကြင်နာမှုဆိုတဲ့သမုဒယက ဘဝတောင့်တတဲ့ သမုဒယ၊ သားသမီးတွေ ခင်တွယ်တဲ့သမုဒယ၊ ပစ္စည်း ခင်တွယ်တဲ့ သမုဒယ၊ ဤသမုဒယတွေက လုပ်ထားတာလားလို့ မေးလို့ရှိရင်ဖြင့် သမုဒယတွေက လုပ်ထားတဲ့ခန္ဓာ ဒုက္ခသစ္စာ(မှန်ပါ့)။

ဒီခန္ဓာဒုက္ခသစ္စာ ဘယ်သူက လုပ်ထားပါလိမ့် (သ မုဒယက လုပ်ထားပါတယ်ဘုရား)။

ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့ သူရေးထားတဲ့ အရုပ်ကို သူဖျက်ရင် ပြီးရမယ်(မှန်ပါ)။

ကိုယ်ရေးထားတဲ့အရုပ်ကို (ကိုယ်ဖျက်ရင် ပြီးရပါ မယ် ဘုရား)။

ကိုယ်ရေးထားတဲ့အရုပ်၊ကိုယ်ဖျက်ရင်ရတယ်

ဒါဖြင့် ကိုယ့်သမုဒယနဲ့ ရေးထားတဲ့ ကိုယ့်ခန္ဓာရုပ် ကလာပ်ကြီးကို၊ ကိုယ့်ဉာဏ်တည်းဟူသော ဒကာ၊ ဒကာမတို့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ ဖျက်လို့ရှိရင်လည်း ဒီဒုက္ခကြီးဟာ ပျက်သွားမှာ (မှန်ပါ့)။

အခုတော့ ရေးတော့ ရေးတတ်တယ်၊ ဖျက်တော့မဖျက် တတ်ဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။

ရေးတော့ရေးတတ်တယ် (ဖျက်တော့ မဖျက်တတ်ဘူး အဓိပ္ပာယ်ရောက်ပါတယ် ဘုရား)။

ဖျက်တော့မဖျက်တတ်တဲ့ အဓိပ္ပါယ်ရောက်နေတော့၊ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အရေးကသာကဲပြီး အဖျက်က လုံးဝမပါတော့ ဒုက္ခတွေပွားနေတယ် (မှန်ပါ့)။

အဲ့ဒါကြောင့် ယနေ့တရားသည် ဒကာ၊ ဒကာမတို့ မ နေ့ကတရား အဆုံးသတ် ပါလိမ့်မယ် (မှန်ပါ့) သို့သော် ရှေ့ပိုင်း မှာ ဒကာ၊ ဒကာမတို့ ကိုယ့်လိုရင်း ကလေး တစ်ချက် ကိုလည်း မှတ်ပါဦး (မှန်ပါ့)။

သာသနာတော်နဲ့ကြုံတွေ့ရပြီ

လိုရင်းအချက် ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့ သာသနာတော်ကြီးနဲ့ တွေ့ရပါလို၏ ဆိုတဲ့ဒကာ၊ ဒကာမတွေ၏ ဆုတောင်းဟာဖြင့် ဒကာကြွယ် ပြည့်နေပြီ (မှန်ပါ့ ဘုရား)။

သစ္စာတရားဦးများကိုလည်း နာနိုင်တဲ့ကိုယ် ဖြစ်ရပါလို ၏ ဆိုတဲ့ နောက်ဘဝက ဆုတောင်း လည်း ဒကာသစ်တို့၊ ဦးမာဒင်တို့ ပြည့်ပြီ (ပြည့်ပါပြီ ဘုရား)။

ဆုတောင်းပြည့်ပြီး သကာလ နေငြားသော်လည်း တဲ့။ ကိုယ်ကိုယ်တိုင် လုပ်ရမယ့် အရေးကြီးကို၊ ကိုယ်မလုပ် လိုက်လို့ရှိ ရင် ဆုတောင်းဟာ ငုံသွားမယ်- မြုံသွားမယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။

ငုံသွားမယ်-မြုံသွားမယ် ဆိုတာက ဒကာ၊ ဒကာမတို့တ ခြားမဟုတ်ပါဘူး၊ ပြည့်ပြီးသား ဆုတောင်း၊ ဥပမာ ကြာကလေးတစ်ခု ရေထဲက တက်လာတယ်၊ နေရောင်နဲ့ လေတို့နဲ့ မတွေ့ရလို့ရှိရင် ဒီကြာကလေးဟာ ငုံလျက် ငုံလျက်နဲ့ပဲ ပွင့်ခြင်း ကားခြင်း အဖြစ်သို့ မရောက်ဘဲနဲ့ ဆုံးရှုံးသွားတယ် (မှန်ပါ့ ဘုရား)။

ဒါ ဘာလိုလို့ပါလိမ့်မလဲ လို့ မေးတဲ့အခါကျမှ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကမှတ်၊ ဪ အကူအညီ နေ-လေ လိုနေပါကလား (မှန်လှပါ ဘုရား)။

အကူအညီနေတို့၊ လတို့ လိုနေပြန်လို့ရှိရင် ဒီကြာ ကလေးဟာ ငုံရာကနေ၍သာ ခြောက်သွေ့ သွားရတယ် ဦးမာဒင်ရေ.. စွင့်စွင့်ကားကား ပွင့်ဖို့မရပါဘူး (မရပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဘာလိုလို့တုံးဆိုတော့ အကူအညီလိုလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ့မှာတဲ့ဘုရား သာသနာတော်နဲ့ တွေ့ကြုံရပါလို၏ ဆိုတော့၊ အင်း ရေထဲက တက်လာတဲ့ကြာနဲ့တော့ တူနေပြန်ပြီ (မှန်ပါ့)၊ ငါးစာ၊လိပ်စာ ကြာမဟုတ်ဘူး (မှန်ပါ့) ရေထဲကကိုတစ်ခါ တည်းတက်လာတဲ့ကြာပဲ (မှန်ပါ့)။

သစ္စာဟောနိုင်တဲ့ဆရာနဲ့တွေ့ရပြီ

သစ္စာလေးပါး ဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ရပါလို၏ ဆိုတဲ့ ဥစ္စာလဲ တွေ့နေကြပြီ (မှန်ပါ့)၊ ဒါလဲ ငါးစား၊ လိပ်စာဖြစ်တဲ့ ကြာမဟုတ်ပါဘူး (မှန်ပါ့)၊ ရေပေါ် တက်တဲ့ကြာပါပဲ (မှန်ပါ့)။

ထောင်နိုင်တဲ့နားနဲ့ပြည့်စုံပြီ

သစ္စာလေးပါးတရားကို ထောင်နိုင်တဲ့နားနဲ့ ပြည့်စုံရပါလို၏ ဆိုတော့၊ ဒကာ၊ ဒကာမတွေဆီမှာ ထောင်နိုင်တဲ့နားနဲ့ ပြည့်စုံရပါလို၏ ဆိုတော့လဲ၊ ဒကာ၊ဒကာမတွေမှာ ထောင်နိုင်တဲ့ နားကလည်း ရကြတယ် (မှန်ပါ့)။

ဒါဖြင့် ငါးစာ၊ လိပ်စာ ကြာမဟုတ်ဘူး (မဟုတ် ပါ ဘုရား)၊ ရေပေါ် တက်မည့်ကြာပဲ (မှန်ပါ့ ဘုရား)

အဲ့ဒီကဲ့သို့ ရေပေါ်တက်ပြီး သကာလ လာငြားသော် လည်း နေက မထွက်တဲ့နေ့၊ လေက မတိုက်တဲ့နေ့ ဆိုလို့ရှိရင် ဒီကြာသည် ဒကာသစ်ရေ ငုံလျက်နဲ့ပဲ ခြောက်သွားရတယ် (မှန်ပါ့ ဘုရား)။

ဘာလိုလို့ ဘာလိမ့်မတုံးမေးတော့မှ ဘုန်ကြီးတို့ ဒကာ၊ ဒကာမတွေမှတ်လိုက်ပါ အကူအညီ လိုလို့ (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ပါရမီပြည့်ပြီးသား ဆုတောင်းတွေနဲ့ အ ကုန်ညီညွတ်ပြီးသား ပုဂ္ဂိုလ်တွေမှာတဲ့ တိဟိတ်လည်းဖြစ် သွားပြီ (မှန်ပါ့ ဘုရား)။

အလုပ်လုပ်မှပြည့်စုံမှာ

အခုပြောတဲ့ အဓိပ္ပါယ်တွေလဲ ပြည့်စုံပါပြီ (မှန်ပါ့) သို့သော် နေ-လေနဲ့ တူတဲ့ ကိုယ့်ကြာ ကလေ းပွင့်မှုဟာ အကူ အညီက လိုသေးတယ် (မှန်ပါ့ ဘုရား)။

အကူအညီကလိုတော့ ဘုရားက အခုပြောလိုက်တယ်။ ပါရမီ ဘယ်လိုပဲ ဆုံဆုံကွတဲ့၊ ဓမ္မာနု ဓမ္မပဋိပတ္တိ အလုပ်ကို မလုပ် လို့ရှိရင် ငုံပြီး ပျက်သွားတာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ကို မလုပ်ရင်ဘာတဲ့ (ငုံပြီး ပျက်ပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ၊ဒကာမတို့ဉာဏ်တွေဟာ မြုံပြီး သကာလ စုတိစိတ်သာ ကျသွားမယ် (မှန်ပါ့) အင်မတန် မနာဘူးလားဗျာ (နာပါတယ် ဘုရား)။

အဆုံကြီး ဆုံလာပြီးတော့မှ တကယ်အရေးကြုံတာလေး တစ်ခု၊ အရေးကြီးတာလေးတစ်ခုကို မဖြည့်စွက် လိုက်ရတာနဲ့၊ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အနာကြီးနာရတယ် (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့်ဘာက သာအရေးကြီးသလဲဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ဘာပါလိမ့် (အကူအညီပါ ဘုရား)။

အကူအညီဟာ ဘာပါလိမ့်မလဲလို့မေးတော့ ဓမ္မာနုဓမ္မ ပဋိပတ္တိ (မှန်ပါ့ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်လုပ်ပါ

အကူအညီဟာ ဘာပါလိမ့် (ဓမ္မာန ဓမ္မပဋိပတ္တိ ပါ ဘုရား) ပါရမီတွေ အကုန်စုံတာတောင်မှ သူမပါလို့ ရှိရင် ဒကာကြွယ် အချိုးမကျဘူး (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ၊ ဒကာမတွေ နားကြီးကြီးနဲ့ ထောင် ပြီးသကာလ၊ ဪ ဒီပြင်ဟာတွေစုံပြီး သကာလ ဒါ- မပါလို့ရှိရင် ခရီးမရောက်ပါလား (မှန်ပါ့)။

ဒါဖြင့် ကျုပ်တို့ ဒကာ၊ဒကာမတွေမှာ တိဟိတ်လဲဖြစ် ဖြစ်ပျက်မြင်ရင် တိဟိတ်ဖြစ်နေပြီ (မှန်ပါ့)၊ ဖြစ်မှု ပျက်မှုတွေ မရှိဘူး- မရှိဘူး သိနေရင် တိဟိတ်က ဖြစ်နေပြီ (မှန်ပါ့ ဘုရား)။

ဖြစ်ပင်ဖြစ်ငြားသော်လည်း ကိုယ် တိဟိတ်ဖြစ်ငြား သော်လည်း ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတဲ့ လောကုတ္တရာ တရားနဲ့ လျော်တဲ့ မဂ်ပေါ်အောင် မလုပ်နိုင်သေးလို့ရှိရင်ဖြင့် တဲ့၊ ငါးစာ၊ လိပ်စာ၊ ကြာနဲ့၊ ကြာပွင့်ကလေးဟာ တချို့နေရာ ကျတော့ ငါးတို့၊ လိပ်တို့က စားသွားတယ် (မှန်ပါ့)။

တချို့ ကြာပွင့်ကလေးတွေ ကျတော့လဲ ရေပေါ်မှာ စွင့်စွင့်ကားကား တက်နိုင်တယ် (မှန်ပါ့)။

အဲဒီလို စွင့်စွင့်ကားကား တက်နိုင်တဲ့ကြာ ဖြစ်ပါလျက် သားနဲ့၊ မပွင့်ဘဲနဲ့ ငုံပြီး သကာလ ခြောက်သွေ့ သွားရတယ်ဆို တာသည်၊ အကူအညီဖြစ်တဲ့ ဓမ္မာနု ဓမ္မပဋိပတ္တိ လိုတဲ့ အတွက် ဒကာ၊ ဒကာမတို့ ပေယျလို ဖြစ်သွားမယ် (မှန်ပါ့)။

ပေယျမှာ ဓမ္မာနုဓမ္မပဋိပတ္တိ ဟောကာနီးမှ လွတ်သွား တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေ ဒီနေ့ ဘာ ဖြည့်ရမယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဘာဖြည့်ရမလဲ (ဓမ္မာနုဓမ္မပဋိပတ္တိ ဖြည့်ရပါမယ် ဘုရား)။

ပါရမီပြည့်စုံပြီးသား

ဒကာသစ်ရေ ဒါအရေးကြီးတယ် ဆိုတာသေသေ ချာချာမှတ်နော် (မှန်ပါ့) ပါရမီပြည့်စုံပြီးသား ဖြစ်စေကာမူ ဒကာ၊ ဒကာမတို့

(၁) လူ့ဘဝရတယ်

(၂) သဒ္ဓါသမ္ပတ္တိ နဲ့ပြည့်စုံတယ်

(၃) သစ္စာလေးပါးဟောတတ်တဲ့ဆရာနဲ့ကြုံ တယ်

(၄) သာသနာတွင်းကြုံတယ်

(၅) ထောင်တတ်တဲ့နား ရှိတယ်

(၆) ဓမ္မာနုဓမ္မပဋိပတ္တိမပါရင် ဦးမာဒင် သွားပြန်တာပဲ (မှန်ပါ့)။

ငုံသွားတယ်-မြုံသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အင်မတန် ကြောက်စရာ ကောင်းတယ် (မှန်ပါ့)၊ မရှုံးဘူးလား ဗျာ (ရှုံးပါတယ် ဘုရား)။

အေး ဒါတွေကိုသိရမှ ဪ ဒါဖြင့် တို့သည် ကားလို့ ဆိုရင်ဖြင့်၊ ဖြည့်စရာကလေး နည်းနည်း ကလေးနဲ့ တစ် သံသရာလုံး ပြန်မြုပ်သွားရမယ် ဆိုလို့ရှိရင်၊ ကိုယ်ကျိုး အကြီး အကျယ် နည်းတာပဲ ဆိုတဲ့ဥစ္စာ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘာ- အရေးကြီးပါလိမ့်- (ဓမ္မာနုဓမ္မ ပဋိပတ္တိ အရေးကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီအရေးကို ဘုန်းကြီး စွဲစွဲမြဲမြဲနဲ့ ဒကာ ဒကာမတွေ ကရုဏာရှေ့ထားပြီး အကြီးအကျယ် ပြောတယ် ဆိုကတည်းက ဦးမာဒင် ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဟင်း အကုန်စုံပြီးသား ကလေးတစ်ခုလိုတော့ တယ်ဆိုရင်လည်း အကုန်ပျက်တယ် (မှန်ပါ့)။

ဟင်း ကိရိယာ အကုန်စုံငြားသော်လည် ဆားမပါ ရင် (ပျက်ပါတယ် ဘုရား)။

ဒီမှာလည်း တခြားပါရမီတွေ အကုန်စုံငြားသော်လည်း ဓမ္မာနုဓမ္မပဋိပတ္တိ ဆားမပါရင် အကုန်ပျက်ပါတယ် (မှန်ပါ့)။

ဒါကြောင့် ဦးမာဒင်တို့ ဒကာသစ်တို့အသေက မဦးခင် ဓမ္မာနုဓမ္မပဋိပတ္တိက ဦးအောင်ကြိုးစား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ) အသေမဦးခင် (ဓမ္မနုဓမ္မပဋိပတ္တိက ဦးအောင် ကြိုးစားပါမယ် ဘုရား)။

ဒါတော့ဖြင့် ဒကာကြွယ် ဦးမာဒင်တို့ ဆရာဝန်ကြီးတို့ မလျှော့နဲ့နော (မှန်ပါ့) ဒါ- လျှော့လိုက်လို့ ရှိရင် ပြည့်ပြီးသား အကြောင်းတွေ အကုန်ပျက်တယ် (မှန်ပါ့)။

ပြည့်ပြီးသား အကြောင်းတွေ (အကုန် ပျက်ပါတယ် ဘုရား) အကုန်ပျက်တယ် ဆိုတဲ့ဥစ္စာ ဒကာကြွယ်ရေ အနာဆုံး အချက်မို့ ဒီနေ့ရှေ့ပိုင်းမှာ သတိပေးပါတယ် (မှန်ပါ့ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ တခြားမဟုတ်ပါဘူး၊ ဖြစ်ပျက် နဲ့မဂ်နဲ့ ကိုက်ဖို့ အရေးကြီးပါတယ် (မှန်ပါ့)။

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ ဘာပါလိမ့် (ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ဖို့ အရေးကြီးပါတယ် ဘုရား) ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ရင် ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်ရမယ်

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ရင် (ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်ပါ တယ် ဘုရား)။

ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ မပါလို့ရှိရင်ဖြင့် ဘုရားနဲ့တွေ့ရပါလို၏ ဆိုလည်း တွေ့သွားတာပဲ ရှိတာပဲ (မှန်ပါ့) ကိုယ့်မဂ် ဉာဏ် ဖိုလ်ဉာဏ် မပွင့်ရဘူး (မှန်ပါ့) သဘောကျပလား (ကျ ပါပြီ) သာသနာကြီးနဲ့ ကြုံရပါလို၏ဆိုလဲ ကြုံတာပဲ ရှိတာပဲ။ ကိုယ့်ဝမ်းထဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပွင့်ရရဲ့ လား (မပွင့်ရပါ ဘုရား)။

သစ္စာတရားကို ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့ရပါလို၏ ဆိုတဲ့ဥစ္စာလည်း တွေ့ကြတယ် (မှန်ပါ့) ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ကို ကိုယ်က မလုပ်လိုက်လို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ် ဉာဏ် မပွင့်ရဘူး (မပွင့်ရပါဘူး ဘုရား) တယ် နာပါကလားနော် (နာပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့မကိုက်ရင်၊ မဂ်ဉာဏ်မရ

ဒကာ ဒကာမတို့ သစ္စာတရားကို ထောင်တတ်တဲ့ နားနဲ့ ပြည့်စုံရပါလို၏ဆိုတဲ့ ဒကာ ဒကာမတွေ၊ နောက်က အားခဲလာ တာကြီးလည်း အခုတွေ့ ရပါပြီ (မှန်ပါ) နားတော့လည်ရဲ့၊ ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်ပျက်နဲ့ မဂ်နဲ့ မကိုက်သေးပြန်ရင်လည်း ဒကာသစ်ရေ မဂ်ဉာဏ် ဖိုလ်ဉာဏ် မပွင့်ဘူး (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ ဒကာ ဒကာမတို့ ဓမ္မာနုဓမ္မပဋိပတ္တိ အကူအညီကင်း၍ မရနိုင် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ (ဓမ္မာနုဓမ္မပဋိပတ္တိ အကူ အညီကင်း၍ မရနိုင်ပါ) မရနိုင်ဘူး ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိကြပြီ (သိကြပါပြီ ဘုရား)။

ဒါဖြင့် ဦးလှဘူး ဘာအရေးကြီးသလဲ (ဓမ္မာနုဓမ္မပဋိ ပတ္တိ အကူအညီ အရေးကြီးပါတယ် ဘုရား)။

ဒါ တိရစ္ဆာန်ဘုံတွေကို ပြောတာ မဟုတ်ဘူးနော် (မှန်ပါ့) တိရစ္ဆာန်တွေတော့ ဘုရားသာသနာ တော်နဲ့လဲ မကြုံ (မှန်ပါ့) ဒကာ ဒကာမတို့သိတဲ့ အတိုင်း ထောင်တတ်တဲ့နားက လည်းမပါ (မှန်ပါ့) ဟောတတ်တဲ့ ပုဂ္ဂိုလ်က ဟောတော့ သူနဲ့မဆိုင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့ကျတော့ ဒီဖြည့်ရုံကလေးတစ်ခု လိုတော့တယ်လို့ ဘုန်းကြီးတို့ကလဲ ဟောဖို့မလိုဘူး (မှန်ပါ့) ဘုရားကလဲဟောဖို့မလိုဘူး (မလိုပါ)

ဒီဒကာ ဒကာတွေတော့ ဖြည့်ရုံက လေးတစ်ခု လိုတော့တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်တာဝန်ပဲလိုတော့တယ်

ဦးမာဒင် ဘာတဲ့တုံး (ဖြည့်ရုံကလေး တစ်ခုလိုပါတော့ တယ်) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဖြည့်ရုံလေး တစ်ခု လိုတယ် ဆိုတဲ့ ဥစ္စာသည်ကား ဆိုရင်ဖြင့် ကိုယ့်တာဝန်ကလေး တစ်ခုပဲ လိုတော့တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်တာဝန်ကလေး (တစ်ခုပဲလိုပါတော့တယ်) ဒီ တစ်ခုကလေးနဲ့ဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ အသေစော ကို မခံလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ်လိုမှာပါလိမ့် (အသေစောကို မခံပါနဲ့) အသေမစောပါနဲ့ (မှန်ပါ့) ဉာဏ်က ဦးပါစေ (မှန်ပါ့)။

အသေမစောပါစေနဲ့၊ ဉာဏ်ကဦးပါစေ

အသေကမစောပါစေနဲ့ ဉာဏ်ကဦးပါစေဆိုတဲ့ ဥစ္စာက နစ်နာသွားမှာ စိုးလွန်းလို့ (မှန်ပါ ဘုရား)။

ထီမှာနောက်ဆုံးပိတ် တစ်လုံး ၄-နေရာမှာ ဟုတ်လား ၅-ကလေး ဖြစ်တော့ တစ်လုံးပဲ လွဲသွားတယ်လို့ ဒိပြင်ဂဏန်းတွေ အကုန်တိုက်မိသားပဲ ဆိုတော့ ဒကာ ဒကာမတို့ တစ်လုံးလွဲတာ လည်း မပေါက်တာပဲ (မှန်ပါ့ ဘုရား)။

တစ်လုံးလွဲတာ ဘယ့်နှယ်တုံး (မပေါက်တာပါ) မပေါက်တာပဲဆိုတော့ ကိုယ်လိုချင်တဲ့ ဝတ္ထုပစ္စည်း မရတာပဲ (မှန်ပါ့ ဘုရား)။

ထီပေါက်ဂဏန်းအမှန်ဖြစ်ပါစေ

ဒီမှာလဲ ဒီပြင်ဟာတွေ အကုန်စုံလာ ငြားသော်လဲ ဓမ္မာနု ဓမ္မပဋိပတ္တိ မပါရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ပြောတဲ့ အရေးမှာဖြင့် ဒီပြင် ပါရမီစုံတာကိုလဲ ဘုန်းကြီး အကုန်ပြောခဲ့ပါပြီ (မှန်ပါ့) ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတဲ့ ၄-နေရာမှာ ၅-လည်း မဖြစ်ပါစေနဲ့ (မှန်ပါ့ ဘုရား)။

၄-နေရာမှာ ၃-ကလေး (မဖြစ်ပါစေနဲ့) ၄-ကပေါက် ဂဏန်းကိုးဗျ (မှန်ပါ့) ၃-ဖြစ်လည်း အလကားပဲ (မှန်ပါ့) ၅-ဖြစ်ကော (အလကားပါပဲ) အဲဒီ ၃- ၅ကိုဖြင့် ဦးမာဒင် ရှောင်ရ လိမ့်မယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ခရီးပေါက်အောင်ကြိုးစားပါ

၃-၅ မဖြစ်စေဘဲနဲ့ ဟုတ်လား ၄-ဖြစ်အောင်တော့ဖြင့် ငါသည်ကားလို့ ဆိုရင်ဖြင့် ဝီရိယနှင့် ဉာဏ်စွမ်းကို အစွမ်းကုန် ကြိုးစားလိုက်လို့ ရှိရင်ဖြင့် ဒကာကြွယ် ခရီးပေါက်ပြီးရောက် တော့မှာပဲ (မှန်ပါ့) သဘောကျပလား. (ကျပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင် အပါယ်လေးပါး ရောက်မည့် တရား တွေက အဟုတ်လုပ်သလား မလုပ်ပါဘူးလား သူတို့ကစောင့် ကြည့်နေတယ် (မှန်ပါ့ ဘုရား)။

အဟုတ်လုပ်သလား မလုပ်ဘူးလားလို့ (စောင်ကြည့် နေပါတယ်) မစောင့်သော်လည်း အနုသယ သဘောနဲ့ကိန်းနေ တယ် (မှန်ပါ့) မင်း မဂ်ဉာဏ် မရဘူး၊ နက်ဖြန် မင်းကိုတွန်းချမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မင်းဒီနေ့ မဂ်ဉာဏ်ရအောင် ဓမ္မာနုဓမ္မပဋိပတ္တိနဲ့ မင်း လုပ်လိုက်တယ်၊ ငါတို့ အကြီးအကျယ် နောက်ဆုတ်မယ် (မှန်ပါ့) ကဲ ဒီလို စစ်ထိုးနေလေ့ရှိတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ အခုပြောတဲ့ စကားဟာ သေးသေး သိမ်သိမ်လို့ မမှတ်ပါနဲ့ (မှန်ပါ့ ဘုရား) အပါယ် ကျစေတတ်တဲ့ တရားတွေကလဲ အနုသယ သဘောနဲ့ ခန္ဓာကိုယ်ထဲမှာ ကိန်း နေတယ် (မှန်ပါ့ ဘုရား) အထည်တော့ မရှိဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။

အကြောင်းရှိလို့ရှိရင် မင်းမဂ်ဉာဏ် ဖိုလ်ဉာဏ် မရရင် တွန်းချရမယ်ဆိုတဲ့ သဘော ကတော့ ရှိတယ် (ရှိပါတယ်) သူကလည်း တွန်းမည့်ဆဲဆဲ ကိုယ်ကလည်း လွတ်မည့်ဆဲဆဲမှာ ဒကာ ဒကာမတို့ သူကတွန်းမယ် ကိုယ်ကရှောင်မယ် (မှန်ပါ့)။

တွန်းချမည့်တရားကစောင့်နေတယ်

ဒါဖြင့် တွန်းမည့်တရားကလည်း စောင့်နေတယ်။ ရှောင်ရမည့် ပုဂ္ဂိုလ်ကလည်း တွန်းမည့်တရား သိနေလို့ ဖြေးဖြေး ရှောင်မှ တော်မလား၊ မြန်မြန် ရှောင်မှတော်မလား (မြန်မြန်ရှောင်မှ တော်ပါမယ် ဘုရား)။

အဲဒါခင်ဗျားတို့က ဒကာကြွယ်တို့က ချေးထူမနေပါနဲ့ (မှန်ပါ့) နက်ဖြန် သဘက်ရွှေ့မနေပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နက်ဖြန်သဘက်ရွှေ့မနေပါနဲ့

ဦးမာဒင် ဘယ့်နှယ်မှာသတုံး (နက်ဖြန်သဘက်ရွှေ့ မနေပါနဲ့ ဘုရား)။

နက်ဖြန် သဘက် ရွှေ့လိုက်တော့ တွန်းမည့်တရားက နိုင် သွားလို့ရှိရင် အသေစောလိမ့်မယ် (စောပါတယ်) အသေ စောလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့မဂ်ဉာဏ် ဖိုလ်ဉာဏ်က မရ လိုက်တော့၊ သူတို့ဘက်က အနိုင်ယူသွားတယ် (မှန်ပါ့) ချောက်ကျတဲ့ဘက် ပါသွားတယ် (ပါသွားပါတယ်) ရှင်းကြပါ လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တွန်းမည့်တရား ရှိလျက်သားနဲ့၊ အရှောင် နှေးတဲ့ အလုပ်ကို လုပ်နေကြမယ်ဆိုရင် ဒီလူ့ထက် မိုက်တာတော့ မရှိဘူး (မှန်ပါ့ ဘုရား)။

ဒါလုပ်စေချင်လို့ ပြောတာလား- ပရမတ်နယ်မှာ တ ကယ်ရှိနေတာလား- (ပရမတ်နယ်မှာ တကယ်ရှိနေတာပါ ဘုရား)။

မဂ်နဲ့ မပယ်သေးသရွေ့ ဒီဘဝအကုသိုလ် တွေကလဲမ နည်းလှဘူး (မနည်းပါ) နောက်လာတဲ့ အကုသိုလ် တွေကကော (မနည်းပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါတွေက ဘာလုပ်မှာတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာ မတွေက မေးတော့မှ အို သူတို့က တွန်းချမည့် တရား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အပါယ်တံခါးပိတ်တဲ့အလုပ် လုပ်ပါ

သူတို့ကလဲ ဒကာ ဒကာမတွေ အနုသယ သဘောနဲ့ တော့စောင့်နေတယ် (စောင့်နေပါတယ် ဘုရား) ဒကာ ဒကာမတွေကလဲ အခုဆရာသမား အမှီပြုပြီး သကာလ ရှောင် မဟဲ့ (မှန်ပါ့) အပါယ်လေးပါး တံခါးပိတ်တဲ့အလုပ် လုပ်မ ဟဲ့ ဆိုတာ ရှောင်မဟဲ့- လုပ်တာပဲ (မှန်ပါ့)။

အဲဒါအရှောင်က နှေးနေပြီး၊ ဟိုက အတွန်းက စော သွားမှာလဲ စိုးရိမ်ရတယ် (စိုးရိမ်ရပါတယ် ဘုရား)။

အဲဒီတော့ ဒီဥစ္စာကို နှေးနိုင်သလောက် နှေးနေလေ လေ- မှားချက် သန်လေလေ (မှန်ပါ့) အချိန်ဆွဲလေလေ (မှားချက် သန်လေလေပါ ဘုရား) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့ ဘုန်းကြီးပြောတာသည် မြတ်စွာ ဘုရားဟောတော်မူတာ ပြောရတာ ဖြစ်ပါတယ် (မှန်ပါ့)။

မြတ်စွာဘုရား ဟောတော်မူတာ ပြောရတာဖြစ်တော့ ဘုရားက နှစ်ဘက်မြင် (မှန်ပါ့) တွန်းမည့် တရားလည်း သူမြင်တယ်၊ ရှောင်မည့် တရားလည်း သူပေးထားတယ် (မှန်ပါ့)။

အဲဒီ ပေးတဲ့ ဓမ္မာနုဓမ္မပဋိပတ္တိ ကိုလည်း ဒကာ ဒကာမ တွေက မလုပ်လိုက်လို့ရှိရင် တွန်းမည့် တရားကတော့ ဖြင့် တွန်းတော့ မှာပဲ (တွန်းမှာပါ ဘုရား)။

တွန်းရင်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေပြန်ပြီး မတက်နိုင်ဘူးတဲ့ (မှန်ပါ့) တယ်လည်း ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဆွေကိစ္စ၊ ရပ်ရွာကိစ္စ၊ သပိတ်မှောက်ပါ

အေး ဒါကြောင့် သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုး ကိစ္စ၊ ရပ်ကိစ္စ တွေနဲ့ကိုး၊ အဲဒါ ကိုယ့်ကိစ္စ မဟုတ်ဘူးလို့ကို ဒကာ ကြွယ် သပိတ်မှောက် ရလိမ့်မယ် (မှန်ပါ့) ကိုယ့်ကိစ္စလို့ ဆိုလို့ရ ရဲ့ လား (မရပါ ဘုရား)။

အေး မင်းတို့က ခေါ်တာတော့ ဟုတ်တယ်၊ ငါ့ကို တွန်းချမည့်တရားက ဦးသွားလို့ရှိရင် ငါ- ကိုယ်ကျိုး နည်းလိမ့် မယ်၊ ရှောင်ရမည့်တရား ငါအရေးကြီး နေတယ်လို့ ပြောလိုက် စမ်းပါ (မှန်ပါ့ ဘုရား) ပြောထိုက်- မပြောထိုက် (ပြောထိုက် ပါတယ် ဘုရား)။

ဉာဏ်နားနဲ့ထောင်ပါ

ဒါ ဉာဏ်နားနဲ့ထောင်တော့မှ ဒီအရေးဟာ ဪ သူတို့ကတော့ ရပ်ကိစ္စ၊ ရွာကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ စီးပွားရေးကိစ္စနဲ့ ကောင်းစေချင်လို့ ပြောတယ်လို့တော့ ဆိုကြ တာပဲ၊ ကိုယ့်မှာ အခု ဘုန်းကြီးဟောတဲ့ ဘုရားတရားနဲ့ ကြည့် လိုက်တဲ့ အခါကျတော့ သူအကောင်းဟာ အကောင်းစစ် မဟုတ် ပါလား (မှန်လှပါ) ကိုယ်ရှောင်ရမည့် အလုပ်သာ အကောင်း စစ်ပါလား (မှန်ပါ့)။

တွန်းမည့်တရား မရှိရင်လဲ ဘုန်းကြီးက ဒါလောက် ကတိုက်ကရိုက် ပြောဖို့ ဆရာဝန်ကြီး လိုသေးသလား (မလိုပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

တွန်းမည့်တရား မရှိလို့ရှိရင်လည်း ဒကာကြွယ် ခပ်ဖြေး ဖြေး ပေါ့လို့ ဘုန်းကြီး ပြောရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဓမ္မာနုဓမ္မပဋိပတ္တိဆိုတဲ့ ဖြစ်ပျက်အလုပ်ကို မလုပ်ဘဲနေတဲ့ပုဂ္ဂိုလ်များ တွန်းမည့် တရား ရှိတာကို စောင့်နေတာ (မှန်ပါ့) ကယ်တင်မည့်တရားကိုသူ အားမကိုးဘူး (မှန်ပါ့ ဘုရား)။

အနာဂတ်ဘေးစောင့်နေတာ

တွန်းမည့်တရား (စောင့်နေပါတယ် ဘုရား) အဲဒါ အနာ ဂတ်ဘေး ဆိုတာ ဦးမာဒင် မှတ်လိုက်စမ်းပါ (မှန်ပါ့) မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အနာဂတ်ဘေး စောင့်တယ် (မှန်ပါ့)။

မလုပ်တဲ့ပုဂ္ဂိုလ်ဟာ (အနာဂတ်ဘေးစောင့်ပါတယ် ဘုရား) ဒကာကြွယ် သဘောပါပလား (ပါ-ပါပြီ ဘုရား)။ ဒါက အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတာပါဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟေ့ တဲ့ တွန်းမည့်တရား ကလည်းတွန်းမည်လို့ မင်း ငါနက်ဖြန် တွန်းချမည်လို့ သူက ဆုံးဖြတ်ချက် ချနေတုန်း၊ ကိုယ်က ယနေ့ မရှောင်လို့ရှိရင် ဒါအနာဂတ် ဘေးသင့်ပြီး သူ့စောင့်မျှော်နေတဲ့ ရန်သူနဲ့ သူတွေ့ သွားတာကွ-တဲ့ (မှန်လှပါ) ရှင်ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နက်ဖြန်သဘက်ရွှေ့ နေတာ ဉာဏ်ကို စောင့်တာလား- ဘေးကို စောင့်တာလား (ဘေးကို စောင့်တာ ပါ ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ဘေးဆိုတာက မစောင့် ရဘူး၊ ရှောင်ရတယ်နော် (မှန်လှပါ) ခင်ဗျားတို့ကတော့ ဘယ့် နှယ်ဖြစ်နေသတုံး (စောင့်နေပါတယ် ဘုရား)။

ဟာ ဒကာကြွယ် သတ်မည့်သူစောင့်နေတဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင်ဖြင့် အမိုက်အကြီးစား ဖြစ်ရလိမ့်မယ် (ဖြစ်ရမှာပါ ဘုရား) မဖြစ်ထိုက်ဘူးလား (ဖြစ်ထိုက်ပါတယ် ဘုရား)။

ကိုယ့်အရေးကြီးကြောင်း ကိုယ်သိပါ

အေး- ဒါကြောင့် တရားကိုမဟောမီ ဒါဟာ ကျမ်းဂန် တွေအမျိုးမျိုး ညှိပြီးသကာလ၊ ဒကာ ဒကာမတွေကို ကိုယ်အရေး ကြီးကြောင်း ကိုယ်သိပါစေတော့လို့ အင်္ဂုတ္တိရ်တွေ ထဲကဟာတွေ ယူပြီး ပြောနေတာ (မှန်ပါ့) ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့မှာ မလုပ်ဘဲနေလို့ ဓမ္မာနုဓမ္မပဋိပတ္တိမလုပ်ဘဲ နေလို့ရှိရင်ဖြင့် သက်ဆိုးရှည် ကွ (မှန်ပါ့)။

ဘယ့် နှယ် ဆိုမယ် (သက်ဆိုးရှည်ပါဘု ရား) ဘာကြောင့်တုံးဆိုတော့ အနာဂတ်ဘေး စောင်နေလို့ (မှန်ပါ့)။

ဘယ်လိုဆိုကြပါ့မလဲ (အနာဂတ်ဘေး စောင့်နေ လို့ပါ) အနာဂတ်ဘေးတွေကလဲ တွေ့ရမှာပဲ (မှန်ပါ့) ရှေ့က ရှိလျက်ကိုးဗျ (မှန်ပါ့ ဘုရား)။

အဲ နောက်က ဥပစ္ဆေဒက၊ ဥပပီဠက၊ ဥပဃာတက ကံတွေကလည်း နောက်က တွန်းချမည်လို့ ဒါတွေကကော ရှိလျက်ပဲ (ရှိလျက်ပါ ဘုရား)။

ခင်ဗျားတို့က စဉ်းစားကြည့်ပါ၊ ကံဖြတ်တဲ့မဂ်မှ မရသေးတော့ စောင့်နေတယ်ဆိုတာ မသေချာ ဘူးလား (သေချာပါ တယ် ဘုရား)။

ကံဖြတ်တဲ့မဂ်ကို မရသေးရင် (စောင့်နေပါတယ် ဘုရား) အဲဒါကြောင့် ဘုန်းကြီးက ဒကာကြွယ် အရေးတကြီး ပြောနေတယ် (မှန်ပါ့) ကဲ ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့သည် ဘုန်းကြီးတို့၏ ပြောဆိုမှု ဘုရား၏ ဆုံးမမှုကို မလိုက်နာတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့တွန်း မည့် လူစောင့်ပြီး ရှောင်ဖို့ရာ အလုပ်ကို အရေးမကြီးတဲ့ အထဲ မိမိ ပါဝင်သွားတယ် (ပါဝင်ပါတယ် ဘုရား) မပါဝင်ဘူးလား (ပါဝင်ပါတယ် ဘုရား)။

သေသေချာချာ ဉာဏ်နားနဲ့ထောင်ကြည့်ပါ ၊ နက်ဖြန် သဘက် လတွေ၊ နှစ်တွေရွှေ့ နေတဲ့ ပုဂ္ဂိုလ် ဒကာသစ် ဘယ် လိုပုဂ္ဂိုလ်ထဲ သွင်းပါ့မလဲ (အနာဂတ်ဘေးစောင့်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အနာဂတ်ဘေး စောင့်တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာစောင့်သလဲ (အနာဂတ်ဘေး စောင့်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပြောရင်းပြောရင်း စကားထဲမှာ ဖြင့် ဒီအနာဂတ်ဘေး စောင့်နေတဲ့ အသံတွေ ပါတယ်နော် (ပါ,ပါတယ် ဘုရား)။

သို့သော် သာမညနား အခုလို အင်္ဂုတ္တိုရ်ပါဠိတော် ကြီးတွေ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာတွေ မကြားဖူးတော့၊ သူ့ရည်ရွယ်ချက် ကောင်းရှာသားပဲ (မှန်ပါ့)။ ဒီလိုပြောလေ့ ရှိသေးတယ် (မှန်ပါ့)။

ဘုန်းကြီးကတော့မကောင်းဘူးလို့ပြောမယ်

ဘယ်လို ပြောမယ်ထင်သတုံး (ရည်ရွယ်ချက်ကောင်း တယ်လို့ ပြောပါတယ် ဘုရား)။

ဘုန်းကြီးတို့က မကောင်းဘူးကွ တဲ့ (မှန်လှပါ) ဘုရားကကော (မကောင်းပါဘူး တဲ့) မကောင်းပါဘူးကွ တဲ့ (မှန်ပါ့)။ မကြားဘူးတော့၊ သူ့ရည်ရွယ်ချက် ကောင်းရှာ တာပဲ (မှန်ပါ့) ဒီလို ပြောလေ့ရှိသေးတယ် (မှန်ပါ့)။

မင်းတို့ကသာ မင်းတို့မိတ်ဆွေချင်းမို့ ဒီရည်ရွယ်ချက် ကောင်းရှာတယ်လို့ ဂုဏ်လုပ်ပြီးပြောတာ (မှန်ပါ့)။

စင်စစ်တော့ သူသည်ကားဆိုလို့ရှိရင် ရက်ရွှေ့ လရွှေ့ ဆိုတာ အနာဂတ်ဘေး စောင့်နေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပြည့်သရွေ့ဆု အဟောသိကံဖြစ်မယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ အနာဂတ်ဘေး ကလဲ ဧကန် ရှိနေတဲ့အထဲမှာ စောင့်လုံးက သန်နေဦးမယ်၊ ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ကို မလုပ်တော့ဘူး ဆိုလို့ရှိရင်ဖြင့် ခုနင်က ပြည့်သရွေ့ဆု အကုန် အဟောသိကံဖြစ် (မှန်ပါ့)။

ပြည့်သရွေ့ဆုတွေ (အကုန် အဟောသိကံ ဖြစ်ပါ တယ်) ကဲ ဦးမာဒင် ဒါလောက်နာတာ ရှိသေးသလား (မရှိပါ ဘုရား) ပြည့်သရွေ့ဆုတွေ ဘာဖြစ်သတုံး (အကုန် အဟောသိကံဖြစ်ပါတယ် ဘုရား)။

ကဲ ဒကာကြွယ် ဒီထက် နာတာကတော့ (မရှိပါ ဘုရား) ဒါဖြင့် ဒီနေ့ပြောတဲ့ မြတ်စွာဘုရား အနာဂတ်ဘေး ဟောတဲ့ နေရာဌာန ကြာတွေပွင့်နိုင်တဲ့ အခြေအနေ ရှိပါလျက် သားနဲ့၊ တစ်ချက်တည်း လိုလို့ဆိုတာနဲ့လည် ဦးမာဒင် တထပ် တည်းပြောတာပဲ (မှန်ပါ့ ဘုရား) တထပ်တည်းပဲ မဟုတ်လား (တစ်ထပ်တည်းပါ ဘုရား)။

ညှိပြီးပြောတဲ့ ဘုရားဟောတရားတော်တွေ

အဲဒါက ပါဠိတော်တွေ အမျိုးမျိုးညှိပြီး သကာလ ဘုရား ဟောတော်မူတာတွေ ပြောနေတဲ့ တရားလို့ သေသေချာချာမှတ် ပါ (မှန်ပါ့) စကားပြောတာ မဟုတ်ဘူး တရား ပြောနေတာ (မှန်ပါ့) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီဒါဖြင့် ဒကာ ဒကာမတို့ စုံပြီးသား ပုဂ္ဂိုလ်မှာ ဘာလိုသတုံး ဒကာသစ်ရေ (ဓမ္မာနုဓမ္မပဋိပတ္တိ ကူဖို့လိုပါ တယ် ဘုရား)။

မမေ့ပါနဲ့- မမေ့ပါနဲ့၊ အိပ်ရာထဲ နဖူးပေါ်လက်တင်ပြီး သကာလ အိပ်မယ်ကြံရင်- မင်း ဘယ်အချိုးအစားတုံး ကိုယ့် ကိုယ်ကို မေးပါ (မှန်ပါ့)။

မင်းမှာ ဆရာကောင်းတွေ့ရဲ့လား၊ သာသနာတွင်း တွေ့ ရဲ့လားလို့မေးကြည့် (မှန်ပါ့) သူဘယ်လို ဖြေမယ်ထင်သတုံး ခင်ဗျားတို့ (တွေ့ပြီလို့ ဖြေပါမယ် ဘုရား)။

သစ္စာတရား ဟောတတ်တဲ့ ဆရာသမားနဲ့ မင်းတွေ့ ပလားလို့ မေးကြည့် (တွေ့ပါပြီ ဘုရား) မင်းကော ထောင် တတ်တဲ့နားကောပါရဲ့လားလို့ မေးကြည့် (ပါပါတယ် ဘုရား)။

မင်းမှာဘာလိုနေသတုံး

ဒါဖြင့် မင်းဘာလိုနေသတုံး၊ မင်းမှာတစ်ခုတည်း လိုတော့ပါကလား (မှန်ပါ့) ဘာပါလိမ့် (ဓမ္မာနုဓမ္မပဋိပတ္တိပါ ဘုရား)။

ဒါဖြင့်ဗျာ ဒီဂဏန်းကလေး တစ်လုံးတိုးလိုက်ရတာနဲ့ ဦးမာဒင်ရေကျုပ်တို့မှာ အလွန်ကျေးဇူး များပါတယ် (များပါ တယ် ဘုရား) မများပေဘူးလား (များပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာကြွယ် ဒို့ ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ကလေးတစ်ခု လိုပါကလား (မှန်ပါ့) တခြားဟော တာတွေကဖြင့် ဒို့ကြိုးစားခဲ့ သလောက် ခရီးပေါက် ကုန်ပြီ (မှန်လှပါ ဘုရား)။

ဒီတစ်လုံး ချော်ရင် သံသရာမျောရမယ်

ဒီတစ်လုံး ချော်တာနဲ့ တသံသရာလုံး မျောရမယ်ဆိုလို့ရှိ ရင် ဒို့လောက်မိုက်တွင်း နက်တာ မရှိဘူး (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါ တခြားထား ဘုန်းကြီးကလဲ ဒကာ ဒကာမတွေ အားထုတ်စေချင်ရှာလွန်းလို့ ခင်ဗျားတို့ ဒီလိုလေပြေ မထိုးပါနဲ့ (မှန်ပါ့) ဦးမာဒင် မထိုးနဲ့နော် (မထိုးပါ ဘုရား)။

ရှုံးချက်သန်လွန်းလို့

အားထုတ်ရှာစေချင်လွန်းလို့ မဟုတ်ပါဘူး (မှန်ပါ့) ရှုံးချက် သန်လွန်းလို့ ပြောတာ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အားထုတ်စေချင်လို့လား၊ ရှုံးချက် သန်လို့လား (ရှုံး ချက်သန်လို့ပါ ဘုရား)။

အဲ ဘုန်းကြီးဟောတာကတော့ အရှုံးအမြတ်ကို တွက်ပြီး ဒီရှုံးချက်ဟာ အကုန်နိုင်လာပြီးမှ ဒီတစ်ချက်ကျမှ ရှုံးတယ်လို့ ပြောတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့အားထုတ်တာ ခင်ဗျားတို့အရေးပါ- (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ရှုံးတာ၊ မရှုံးတာ မတွက်မှာစိုးလို့ ဦးမာဒင်ရေ အရှုံးတွက်ပြတာ (မှန်ပါ့)။

ဓမ္မာနုဓမ္မပဋိပတ္တိ တစ်လုံးတည်း ရှုံးလိုက်တာတစ်ခါ တည်း ကိလေသာ အကုန်နိုင်သွားတယ် (မှန်ပါ့) မနိုင် ဘူးလား (နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကိလေသာ စီမံသလိုခံရလို့ရှိရင် သုံးဆယ့်တစ် ဘုံဟာတဲ့ ကျုပ်တို့၏ အရိုးမြှုပ်စရာ နေရာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) သုံးဆယ့်တစ်ဘုံ အလောင်းမြှုပ်စရာ နေရာတွေပဲ ဆိုရင်ကော (မလွဲပါဘူး ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ဒါလောက်တောင် အလောင်းတွေထပ်ပြီး သကာလ၊ ဘုရား တစ်ဆူခြား မြေကြီး ဆယ့်သုံးမိုင်တက်အောင် ကိုယ့်အရိုးတွေ မြှုပ်ရပါလမ့်မတုံးဆိုတော့၊ ဓမ္မာနုဓမ္မပဋိပတ္တိ တစ်ချက်တည်း ချော်သွားတယ် (မှန်ပါ့)၊ များများချော်တာလား (နည်းနည်း ချော်တာပါ ဘုရား)။

ဝေပုလ္လတောင်လောက် နာလိမ့်မယ်

ဒကာ ဒကာမတို့ အဖိုးတန်အောင် ပြောနေလို့ တန်နေ တာလား တဲ့၊ အမှန်တရားလို့ ဆိုတာလဲ အကဲခတ်ကြည့် (အမှန်တရားပါ ဘုရား) အမှန်တရားပြောတာ (မှန်ပါ့)။

အမှန်တရားက တဲ့ သံယုတ် ပါဠိတော်ကြီးထဲမှာ လည်းတဲ့ မင်းတို့တစ်ချက်လွဲရင် ဝေပုလ္လတောင်လောက် နာလိမ့် မယ်နော် (မှန်ပါ့ ဘုရား)။

ဝေပုလ္လတောင်ဆိုတာ တစ်နေ့ကပြောခဲ့တယ် လေး ရက်တက်လေးရက်ဆင်း (မှန်ပါ့ ဘုရား) လူတစ်ယောက်အ ရိုးတွေဟာ (မှန်ပါ့)။

ဒီတစ်ချက် လွဲသွားရင် လူတစ်ယောက် အရိုးတွေဟာ လေးရက်တက်, လေးရက်ဆင်းလောက် ကုန်ပြီးတော့မှ ဟိုဘက် မှာ ကျွတ်မယ် (မှန်ပါ့) ဆိုတော့ သေရဲကြမလား (မသေရဲ ပါ ဘုရား)။

ဒါ ဘာလွဲသွားတုံးဒကာကြွယ် (ဓမ္မာနုဓမ္မပဋိပတ္တိလွဲ သွားတာပါ ဘုရား) ကဲ ဦးမာဒင် ဒါလောက် အဖိုးတန်တဲ့ အဖြစ်မရှိတော့ပါဘူး (မှန်ပါ့)။

ဒါဖြင့် အလွဲခံကြမလား ၊ အမှန်ပဲဖြစ်အောင် လုပ်ကြမလားဆိုတာဖြင့် မေးဖို့လည်း မလိုတော့ပါဘူး (မလိုပါ ဘုရား)။

ကိစ္စတုံးပဲ လုပ်ပါတော့မယ် မှ ဒါလောက်နဲ့ဖြင့် တပည့်တော်တို့ ဒီဘဝ အရှုံးမပေးတော့ဘူး ဘုရား (မှန်ပါ့) ကိစ္စတုံးပဲ လုပ်လိုက်ပါတော့မယ် ဆို ပြီး သကာလ ဆုံးဖြတ်ချက် ချလိုက် (မှန်လှပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒါ တိုက်တွန်းလုံးလား ဦးမာဒင်ရေ- ဖြစ်စဉ်ကိုက် လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) တိုက်တွန်းလုံး မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။

တိုက်တွန်းလုံးဖြင့်လည်း ဝေပုလ္လတောင်ကြီးကို ဘုရား ထည့်မဟောပါဘူး (မှန်ပါ့) ပေယျတို့ ကိုလည်း ဘုန်းကြီးက ထည့်မဟောပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခုနင်က ဒုလ္လဘ ခြောက်ပါးကိုလည်း ဘုန်းကြီးက ထည့် မဟောပါဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

အခု ဒုလ္လဘခြောက်ပါး တစ်ပါးတည်းလိုတာနဲ့ နာသွားတာ (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ် ဘာတစ်ခုဟာ ကျုပ်တို့ အရေးအကြီးဆုံး အချက်ပါလိမ့်မလည်း ဆိုတာ ယနေ့ပေါ်ပါ တယ် (ပေါ်ပါတယ် ဘုရား) ဦးမာဒင် ဘာပေါ်သတုံး (ဓမ္မာနုဓမ္မပဋိပတ္တိ ပေါ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အားလုံး ဒကာဒကာမတွေ နာရိုး နာစဉ်နဲ့ တရားကို မနာလိုက်ပါနဲ့ (မှန်ပါ့) ဪ တို့အရေး ဘာကျန်သေးသ တုံးဆိုတဲ့ဥစ္စာ တို့အရေး စုံပါပေါ့လား တစ်ခုတည်း ကျန်ပါပေါ့လား (မှန်ပါ့)။

ဒုလ္လဘခြောက်ပါးတစ်ပါးတည်းလိုနေတာ

ကျန်တဲ့အရေး အကုန်စုံတယ် (မှန်ပါ့) ဓမ္မာနုဓမ္မပဋိပတ္တိ တစ်ခုသာ (ကျန်ပါတယ် ဘုရား) ကျန်တော့တယ် ဆိုရင်ဖြင့် နောက်ဆုံးပိတ် ခြေလှမ်းကလေး ခုန်လှမ်းလိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ဆုံးပိတ် ခြေလှမ်းကလေး (ခုန်လှမ်းလိုက်တာ ပေါ့) ခုန်လှမ်းလိုက်လို့ရှိရင် ဟိုမှာဘက်ကမ်း ဆိုတဲ့ နိဗ္ဗာန်ရောက် ပါတယ် (မှန်ပါ့ ဘုရား) မရောက်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ကဲ ဒကာကြွယ် ဒါလောက် ဆိုလို့ရှိရင် ဪ ကိုယ့်အရေးဟာ ကိုယ့်တွက်ကိန်းကလေး ရပါလိမ့် မယ် (ရပါတယ်) ဦးမာဒင် ရပလား (ရပါပြီ ဘုရား)။

ဒါဖြင့် ဒီတွက်ကိန်းကိုဖြင့် ကိုင်း- ကြိုးစားပြီးသကာလ ဓမ္မာနုဓမ္မပဋိပတ္တိ တစ်လုံးဖြည့် တော့မယ် ဆိုတာ ယနေ့အကြီး အကျယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘာမှမလိုဘူး ခင်ဗျားတို့ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရမယ် (ဓမ္မာနုဓမ္မပဋိပတ္တိ တစ်လုံးဖြည့်ရပါ မယ်) ဓမ္မာနုဓမ္မပဋိပတ္တိ တစ်လုံးဟာဖြင့် အလွန် အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ခုနင်က ကြာသည်ရေပေါ်တွင် တက်ငြားသော်လည်း နေရောင်ခြည်နဲ့ မတွေ့ရ လေအေးနဲ့ မတွေ့ရရင် ဦးမာဒင်ပွင့် ပါ့မလား (မပွင့်ပါ) ငုံပြီး သကာလ တစ်ခါတည်း သူ့ရက် လည်း ကုန်သွားတဲ့ အတွက် ကြာငုံကြာမြုံ ဖြစ်သွားတယ် (မှန်ပါ့) မနာဘူးလား (နာပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာလုပ်ကြပါ

အေး ဒါကြောင့် စုံပြီးသားပုဂ္ဂိုလ်က အလုံးစုံ စုံတဲ့ အထဲမှာ တစ်ခုကလေး ဖြည့်စရာရှိတဲ့ဥစ္စာ ဒကာကြွယ်ရေ အဖြည့်ကြီး ဖြည့်လိုက်ပါ (မှန်လှပါ ဘုရား)။

ဘုရားကတော့ဖြင့် အရိုးကြေကြေ အခြောက် ခြောက်လုပ်လိုက်ပါကွာ ဆိုတာ သူ့ပြောရိုး ပြောစဉ်မို့ ပြောတာ (မှန်ပါ) ဝိပဿနာ လုပ်လို့ အရိုးကြေစရာ တစ်ခုမှ မရှိပါဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) အရေလဲခြောက်စရာ (မရှိပါ) မစားသောက်ဘဲနဲ့ လုပ်ရတာမှ မဟုတ်ဘဲ (မှန်ပါ့) တထိုင်တည်းလည်း လုပ်ရတာမှ မဟုတ်ဘဲ (မှန်ပါ့ ဘုရား)။

“သမိဉ္ဇိတေ ပသာရိတေ” အင်း-ဆန့်ပြီး ခြေထောက်ဆန့် တဲ့အခါလည်း ဆန့်လုပ်နေလို့ ပြောတာပဲ (မှန်ပါ့) ကွေးလုပ်တဲ့ အခါကော (ကွေးလုပ်တယ်) သွားတဲ့အခါကော (သွားလုပ်ပါတယ်)

‘‘ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ” သွားလဲ လုပ်နိုင်တယ်ပြောတော့ ဘယ်ကလာ အရိုးကြေစရာ ရှိရမှာ လဲ (မရှိပါ ဘုရား)။

သို့သော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ယောက်ျားတို့၏ စွမ်းအားဆိုတာ စိတ်ထား ဒါလောက် မြင့် မြတ်ရမကွ၊ ဟောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊

ယောက်ျားတို့၏ စွမ်းပကားသည် အရိုးကြေကြေ အရေခြောက်ပစေကွ၊ ဒီမဂ်ဉာဏ် ဖိုလ်ဉာဏ် မပွင့်ရရင်ဖြင့် မနေဘူးကွဆိုတဲ့ စိတ်ထားမြင့်မြတ်ပုံကို ဒီအတိုင်းထားပါလို့ ဟောတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆင်ခြေမလဲနဲ့ အလုပ်လုပ်ဖို့အရေးကြီးတယ်

ကဲ ဒါဖြင့် ဒကာဒကာမတို့ ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ဟာဖြင့် အလွန်အရေးကြီးပေါ့ ဆိုတဲ့ ဥစ္စာဖြင့် ဘာမှ ခင်ဗျားတို့ ဆင်ခြေမလဲနဲ့၊ သူပြီး- ပြီးတော့မှာပဲသာ ဆုံးဖြတ် ချက်ချ (မှန်ပါ့ ဘုရား)။

သူပြီးရင် (ပြီးတော့မှာပါ) အေး ဒါကြောင့် လေးလေးစားစားနဲ့ ပြောနေတယ် ဆိုတာလဲ ဦးမာဒင် ရိပ်မိ နေပါပြီ (ရိပ်မိပါပြီ) ရိပ်မိပြီတဲ့၊ လျော့ ဈေး တစ်လုံးမှ မထည့် လိုက်ပါနဲ့ ဆိုတာကိုလည်း ပါရမီတွေ စုံပြီးသားမို့ ပြောပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သိကြားမင်းအလုပ်လုပ်လို့ သောတာပန်တည်တယ်

ကဲ ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်လုပ်တော့မယ် ဆိုတော့၊ မနေ့က တရားကို ဒကာ ဒကာမတို့ အစကလေး ပြောပြီး၊ နောက်ပိုင်းမှာ ဝိပဿနာအလုပ် လုပ်ပုံကို သိကြား အား ဟောတယ် (မှန်ပါ့) သိကြားကို ဝိပဿနာလုပ်ပုံ ဟောတဲ့ အတွက်၊ သိကြား ချက်ချင်း သောတာပန်တည်တာ ထောက်လို့ ရှိရင်ဖြင့်၊ ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ဟာ တယ်အရေးကြီးပါလား ဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း အားလုံး နားထောင်ကြပါ ဒကာ ဒကာမတို့ မနေ့ကဟာကလေး ပြန်ပြီး တိုတိုပဲ ဆက်ပါတယ် (မှန်ပါ့) မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးပြီ းနေတဲ့ အချိန်မှာ သိကြားသည် လာပါတယ်တဲ့၊ လာပြီး သကာလ ဘုရားအရင် သူက သိကြား ဖြစ်နေရတဲ့ အတွက် သူ့ကြံလုံးတွေဟာ တခြားသော ဘုရား အမည်ခံနေတဲ့ ပုဂ္ဂိုလ်တွေထံ မေးမြန်းကြည့်တဲ့ အခါ ဒကာကြွယ်ဘာမှ အဖြေ မရဘူး (မရပါ ဘုရား)။

သံသယဝိစိကိစ္ဆာ ရှင်းလောက်အောင် ဘာမှ မရတဲ့ အတွက် သူ့မှာ အစောင့်ကြီး စောင့်နေ ရပါတယ် (မှန်ပါ့) နောက်ဘုရား ပွင့်လာတယ် ကြားတော့ သူအရင်ပဲ ပြေးလာ တယ်လို့ ဒကာကြွယ် မှတ်တာပေါ့ (မှန်ပါ့ ဘုရား)။

တစ်ခါတည်း ကောက်မေးလိုက်တယ်၊ အရှင်ဘုရား တပည့်တော် မသိတဲ့ဥစ္စာ မေးပရစေ ဆိုတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ကဲ မင်းသံသယရှိတာ အကုန်ပြေ စေ့မယ်ကွာ-မေးတဲ့ (မှန်ပါ့) ဆိုတော့ ရဲရဲတင်းတင်းကြီးကိုဗျ (မှန်ပါ့ ဘုရား)။

အသက်တိုတာဘယ်သူ့ကြောင့်တုံး

အရှင်ဘုရား လူတွေဟာ ကျန်းမာရေး၊ ချမ်းသာရေး လိုက်စားပါလျက်သားနဲ့၊ ကိုယ့်ကိုယ် ကိုလည်း မေတ္တာတွေ အများကြီး ပို့သပါလျက်နဲ့၊ အစားကောင်း အသောက်ကောင်းတွေနဲ့ ကျွေးမွေးပြီး သကာလ ပြုစုကြပါလျက်သားနဲ့၊ ဘယ့်နှယ်ကြောင့် ရောဂါများ အသက်တိုရပါသတုံးတဲ့ (မှန်ပါ့) မေးတာ အင်မတန် ပွိုင့်ကျတယ်လို့ ဒကာသစ် အောက်မေ့ ရမယ် (မှန်ပါ့ ဘုရား)။

ဣဿာ မစ္ဆရိယကြောင့်

အဲဒီမှာ ဘုရားသခင်က ဘာပဲလုပ်နေနေကွာ ဣဿာ မစ္ဆရိယ (မနာလိုမှု၊ ဝန်တိုမှု) ရှိရင် ဒါလာမှာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒီတော့ ရောဂါများ အသက်တိုတာ ဘယ်သူ့ကြောင့်တုံး (ဣဿာ မစ္ဆရိယကြောင့်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒီဟာတွေကို ရောဂါကင်းချင်ပါတယ်ဆို ဆေး အားမကိုးပါနဲ့ (မှန်ပါ့) ဆေးဟာ ဥပထမ္ဘကသာ ရှိပါတယ်၊ ဥပထမ္ဘက ဆိုတာက ဦးမာဒင် မှတ်လိုက် အထောက်အပံ့ ကလေးပဲ ရတယ် (မှန်ပါ့ ဘုရား) အပျောက် မရဘူး (မှန်ပါ့) အထောက်အပံ့က တစ်မျိုးနဲ့ အပျောက်က တစ်မျိုးနော် (မှန်ပါ့) အထောက်အ ပံ့က တစ်မျိုးနော် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အထောက်အပံ့ကဆေးနှင့်အာဟာရ

အထောက်အပံ့က (တစ်မျိုးပါ) အပျောက်က (တစ် မျိုးပါ) အဲ ထမင်းခဲဖွယ်ဘောဇဉ်တို့က အထောက်အပံ့ကို သာရတယ်တဲ့၊ ရောဂါအပျောက်ကျတော့မရဘူး (မရပါ ဘုရား)။

ရောဂါအပျောက်ကျတော့ ခင်ဗျားတို့ လောကီ ဥပမာနဲ့ ပြောတော့ဆေး (မှန်ပါ့) ထမင်းက (အထောက်အပံ့ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ အထောက်ပံ့က တစ်မျိုး၊ အပျောက်ကတစ်မျိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထိုနည်းအတူပဲတဲ့ ခင်ဗျားတို့ အခုကျန်းမာရေး, ချမ်းသာရေး ဒီအပြင်ဟာတွေ လုပ်ပြီး သကာလ နေကြတာက အထောက်အပံ့သ ာဖြစ်တယ် (မှန်ပါ့) တကယ့် ရောဂါပျောက် ဖို့ကျတော့ ဣဿာ မစ္ဆရိယကို မရှိရအောင် ခင်ဗျားတို့ဝိပဿနာ ရှုနိုင်မှ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပျောက်ဖို့က ဝိပဿနာ

ဣဿာမစ္ဆရိယကို (မရှိအောင် ဝိပဿနာရှုနိုင်မှပါ ဘုရား) မရှိအောင်ရှုနိုင်လို့ရှိရင် သူကလာတဲ့ ရောဂါ ဆိုတော့ ဦးမာဒင်တို့ စဉ်းစားကြည့်၊ သူပျောက်ရင် အကုန်ပျောက်ရမယ်။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ သိကြားကမကျေနပ်တာနဲ့၊ ဒါဖြင့် ဘုရားဣဿာ မစ္ဆရိယကြောင့် အသက်တို ရောဂါမျာ းဆိုတာ တပည့်တော်များ သံသယရှင်းလို့ ကင်းပါပြီ၊ ဒီဣဿာ မစ္ဆရိယလည်း ဘယ်ကများ လာလို့ တပည့်တော်တို့ သန္တာန် ရောက်ပါလိမ့်မလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် အကြောင်း လှမ်းမေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ဣသာမစ္ဆရိယဘယ်ကလာ

အကြောင်းလှမ်းမေးလိုက်တော့၊ မနေ့က နာပြီးသား ဒကာဒကာမတွေ ဖြေကြမယ် ဆိုလို့ရှိရင်ဖြင့် ဘာဖြေကြမလဲ (ချစ်ခြင်း မုန်းခြင်းက လာပါတယ်) ဪ ဟုတ်ပြီ- ဟုတ်ပြီ၊ ချစ်ခြင်း, မုန်းခြင်းက လာတယ် (မှန်ပါ့ ဘုရား)။

ဒကာဒကာမတွေ ဣဿာမစ္ဆရိယ ဘယ်ကလာပါ လိမ့် (ချစ်ခြင်း, မုန်းခြင်းက လာပါတယ် ဘုရား) ချစ်ခြင်း, မုန်းခြင်းက လာတယ်နော် (မှန်ပါ့)။

သေသေချာချာကြည့်ပါ တဲ့၊ မဲတွေ ဘာတွေ ရွေးကြ တော့မယ် ဆိုတော့ ကိုယ်ရစေချင်တဲ့ အမတ်ဘက် ကတော့ ကိုယ်ခင်တဲ့ဘက် ကတော့၊ ကြော်ငြာတွေ ဘာတွေ အမျိုးမျိုးအ ဖုံဖုံ ချွတ်ယွင်းချက်တွေ ထားပြီး ပြောကြား သော်လည် ဒကာသစ် တို့ကကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။

ဣဿာ မီးမွှေးတယ် (မှန်ပါ့) အလကားပါကွ ဒီဥစ္စာ အပြောတွေပါ၊ မဲဆွယ်တာတွေပါ (မှန်ပါ့) အစရှိသည်နဲ့ ဒါ မဲဆွယ်တာ ဆိုကတည်းက ဘယ်သူက ထွက်တဲ့အသံတုံး (ဣဿာကပါ ဘုရား) ဣဿာက ထွက်တဲ့အသံ၊ သဘောကျ ပလား (ကျပါပြီ)။

မဲဆွယ်တာတွေပါကွာ၊ ဒီဥစ္စာ အလကားဟာပါ၊ ဒါ-ဘာ ကထွက်လာတာတုံး (ဣဿာက ထွက်လာတာပါ ဘုရား)။

သို့သော် ခင်ဗျားတို့က ဣဿာမထင်ဘူး၊ ခေတ်သုံး စကားနဲ့ ကြည့်လိုက်တော့ ဒီဥစ္စာဖြစ်မြဲပဲ (မှန်ပါ့)။

ဣဿာလို့ကိုမထင်ဘူး (မှန်ပါ့) စင်စစ်ကတော့ ဘာ ပါလိမ့် (ဣဿာပါ ဘုရား)။

ဣဿာပဲ၊ ဟိုဘက်က ဘာတွေရေးပြီး ဘယ်လိုမျှော် လင့်ချက်တွေ အမျိုးမျိုး အဖုံဖုံ ကြော်ငြာတွေ ကမ်းတော့ ဒကာသစ်တို့က ဘယ်လိုပြောလေ့ရှိသတုံး (မဲဆွယ်တာ) မဲဆွယ်တာပါ အလကားပါကွာ (မှန်ပါ့) အလကားပါ ဆိုနောက် လိုက်လာကတည်းက ဒါ- ဘယ်သူ့အသံဆိုတာ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ ဘုရား) ဘယ်သူပါလိမ့် (ဣဿာပါ ဘုရား) ဣဿာရဲ့ အသံဆိုတာ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ တဲ့၊ ဒကာဒကာမတို့ ချစ်တဲ့လူအတွက်ကို တော့ဖြင့် ဟိုဘက်ကဟာတွေ ဣဿာ ဖြစ်လိုက်တာပါပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

မစ္ဆရိယဆိုတာ ကတော့ ဒကာ ဒကာမတို့ ဝန်တိုမှုပါ (မှန်ပါ့) အဲဒီတော့ ဝန်တိုမှု ဘာတုံး ဆိုတော့ ကိုယ်ချစ်တဲ့ လူဟာ ဒကာ ဒကာမတို့ ငွေလည်း မကုန်စေချင်ဘူး (မှန်ပါ) နိုင်လည်း နိုင်စေချင်တယ် (မှန်ပါ့)။

ငွေလည်း မကုန်စေချင်တာက ဘာပါလိမ့် (မစ္ဆရိယ ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီမှာ သေသေချာချာ သိတော့ ဒီပွဲတွေဟာဘာပွဲတုံး လို့ မေးလို့ရှိရင် ဣဿာမစ္ဆရိယပွဲ တွေပဲ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပွဲတွေတုံး (ဣဿာမစ္ဆရိယပွဲတွေပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဣဿာမစ္ဆရိယဟာ ဒကာကြွယ်ရေ ဘယ်ကလာပါလိမ့်ဗျာ (ဆန္ဒကလာပါတယ်) ချစ်ခြင်း၊ မုန်းခြင်းကလေ (မှန်ပါ့)။

ဣဿာ မစ္ဆရိယဟာ (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ်) ချစ်ခြင်း မုန်းခြင်းက လာတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ချစ်တဲ့လူအတွက် ဣဿာကပါလာတယ် (ပါလာ ပါတယ် ဘုရား) မုန်းတဲ့လူအတွက် အလကားပါကွ ဆိုတဲ့ မစ္ဆရိယ (မှန်ပါ့)။

ဒါဖြင့် ဒီတစ်ယောက်တည်းမှာကို ကိုယ်ချစ်တဲ့လူနဲ့ တွဲလိုက်တည်းက ကိုယ့်သန္တာန်မှာ တရားနှစ်မျိုး ဖြစ်တယ် (မှန်ပါ့) ကိုယ်ချစ်တဲ့လူ ကျတော့ ဒကာသစ် နိုင်စေချင်တယ် (မှန်ပါ့) ဟိုဘက်က အကောင်တော့ ဒီအချိန် ထိုးလဲသွားရင် ကောင်းတယ် (မှန်ပါ့) မစ္ဆရိယပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်း၊ မုန်းခြင်းကြောင့် ဘာလာသတုံး (ဣဿာမစ္ဆရိယ လာပါတယ်) ဣဿာ မစ္ဆရိယလာတယ် (မှန်ပါ့) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

အေး ဒါဖြင့် တစ်ခါ နောက်ဆုတ်ပေးပါ။ ချစ်ခြင်း မုန်းခြင်းကကော ဒကာကြွယ်တို့ ဒကာသစ်တို့ ဘယ်ကလာပါလိမ့် (ဆန္ဒကလာပါတယ် ဘုရား)။

ချစ်ခြင်းမုန်းခြင်းဘယ်ကလာ

ဪ သူနိုင်လိုတဲ့ ဆန္ဒပါပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဟိုဘက်တော့ ရှုံးလိုတဲ့ ဆန္ဒပါပဲ (မှန်ပါ့) ဒီဘက်ကျတော့ (နိုင်လိုတဲ့ဆန္ဒပါ ဘုရား)။

ချစ်တဲ့လူအတွက်ကျတော့ နိုင်လိုတဲ့ဆန္ဒ . (မှန်ပါ့) မုန်းတဲ့ပုဂ္ဂိုလ်ကျတော့ (ရှုံးလိုတဲ့ဆန္ဒပါ ဘုရား) ရှုံးလိုတဲ့ဆန္ဒကြောင့် ဆိုတော့ သေချာပလား (သေချာပါပြီ)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ဒီဆန္ဒတစ်လုံး ကြောင့် ချစ်ခြင်း၊ မုန်းခြင်းလာတယ် (မှန်ပါ့) ချစ်ခြင်း မုန်းခြင်းကြောင့် ဣဿာမစ္ဆရိယ ဖြစ်ရတယ် (မှန်ပါ့) ဣဿာ မစ္ဆရိယ ဖြစ်ရတာ ကြောင့်လည်း အသက်ကို ရောဂါများတယ် (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ဆန္ဒကဘယ်ကလာတာတုံး

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ တွက်ပါဦး တဲ့၊ ဒီဆန္ဒကလည်း ဒကာသစ် မနေ့က ဟောပြီးပါပြီ၊ ဘယ်က များလာသတုံး (ဝိတက်ကလာပါတယ် ဘုရား) ဝိတက်က လာမှာပဲ (မှန်ပါ့)။

ကိုယ့်အလုပ်အကိုင်နဲ့ အကြံအစည်နဲ့ဆိုတော့ ဒီပုဂ္ဂိုလ် နဲ့မှ ကြံစည်လို့ဖြစ်တာ ဒီပြင်လူတွေ ဆိုရင် အလကားပဲ (မှန်ပါ့) အံမာ အကြံအစည်နဲ့ကိုးဗျ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒကာကြွယ် ဒီပြင်လူဆိုရင် ကျေနပ်ပလား (မကျေနပ်ပါ ဘုရား) ကိုယ့်အကြံအစည်နဲ့တော့ သူနဲ့မှ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်တယ် (မှန်ပါ့) ကိုယ့်အကူအညီကို သူကမှ ပေးမှာဆိုတော့ ကြံလုံးက လာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ ဒါတွေက မနေ့က ဟောပြီးလို့ ဒကာ ဒကာမ တို့ နောက်ဆုတ်လည်း တွေးတတ်ပါပြီ – (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီနေ့တိုးစရာက ဝိပဿနာ အလုပ်တွေဖြစ်နေတော့ ဒကာ ဒကာမတို့ သေသေချာမှတ်ပါ (မှန်ပါ့)။

ဝိတက်ဘယ်ကလာတာတုံး

အဲဒီဝိတက်ကတော့ ဘယ်ကများ လာပါလိမ့်မတုံး ဘုရားလို့ သိကြားကလည်း လျှာရှည်တယ် မအောက်မေ့နဲ့ ဒကာ ဒကာမတို့ သူ့မှာမသိလို့ မေးရရှာတယ် (မှန်ပါ့)။

ဘုရားမပွင့် ခင်က သူ့စောင့် လာခဲ့တာကြာပြီ။ တစ်ယောက်မှ အမှန်ကို အဖြေမပေးနိုင်ဘူး (မှန်ပါ့)။

ဒါ့ကြောင့် သူသည်ကားလို့ဆိုရင် ဘုရားပွင့်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာကြွယ် ဦးအောင် လာမေးတာ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါနဲ့ ဖြေလိုက်ပါတယ် တဲ့၊ ဒီဝိတက်ကလည်းကွာ ပပဉ္စကြောင့်လာတာပေါ့ တဲ့ (မှန်လှပါ) တဏှာ၊ မာန၊ ဒိဋ္ဌိကြောင့်လာတာ (မှန်ပါ့)။

တဏှာမာနဒိဋ္ဌိကြောင့်ဝိတက်ဖြစ်

ဘယ်သူ့ကြောင့် လာတာပါလိမ့် (တဏှာ၊ မာန၊ ဒိဋ္ဌိကြောင့် လာတာပါ ဘုရား)။

ဪ ဟုတ်ပြီ တဲ့၊ ကိုယ့်စီးပွားရေးဆိုတော့ တဏှာပေါ့ဗျာ (မှန်ပါ့) သူ့လူ အမတ်တင်လိုက်မှ ကိုယ်အောက်မကျမှာ ဆိုတဲ့ မာန (မှန်ပါ့) ကိုယ့်လူမှ ကိုယ့်လူ ဆိုတဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

အံမာ ခင်ဗျားတို့ဟာ လွယ်တာ မဟုတ်ဘူးနော် (မှန်လှပါ) တစ်ယောက်တည်း မူတည်နေတာ၊ ကိုယ့်သားသမီး မူတည်လည်း ဒီအတိုင်းမှတ်ပါ (မှန်ပါ့) ရှင်းအောင်လို့သာ တစ်ခုပြောနေရတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝိတက်ဟာ ဘယ်ကလာပါလိမ့်မတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိကပါ ဘုရား) အေး တိုတိုပြောတော့ ပပဉ္စက (မှန်ပါ့ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

တိုတိုပြောတော့ (ပပဉ္စကပါ ဘုရား) သဘောပါ ကြပလား (ပါပါပြီ ဘုရား) တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စ ကလာပါတယ် (မှန်ပါ့)။

ဝေဒနာကြောင့် ပပဉ္စဖြစ်တယ်

ဒါနဲ့ပဲ တစ်ခါ အလုပ်ကျအောင် သွားကြစို့ ဆိုတော့ သိကြားက တစ်ခါ ဒီပပဉ္စကကောဘုရား ဘယ်ကများ လာပါလိမ့်မလဲ တဲ့ (မှန်ပါ့ ဘုရား) သူမေးပြန်တာပဲ (မှန်ပါ့ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စကကော ဘယ်ကများ လာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဘုရားက ဝေဒနာ သုံးပါးကဟေ့ တဲ့ (မှန်ပါ့) ပေါ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) ဘာတဲ့တုံး (ဝေဒနာ သုံးပါးကပါ ဘုရား)။

ဝေဒနာသုံးပါးက လာတာပေါ့ ဒကာ ဒကာမတို့၊ သုခ ဝေဒနာ ပစ္စယာ တဏှာ (မှန်ပါ့) ဟော ကိုက်နေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ပပဉ္စတရားသည် ဒကာ ဒကာမတို့ သူ၏ ရေသောက်မြစ် ရှာလိုက်တော့ ဝေဒနာ လာတွေ့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေ့ပါလိမ့် (ဝေဒနာတွေ့ပါတယ် ဘုရား) ၊ ဝေဒနာလာတွေ့တယ်ဆိုတာဖြင့် ဦးမာဒင် သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ပပဉ္စချုပ်အောင်ဝေဒနာဖြစ်ပျက်ရှုပါ

ဒါဖြင့် တပည့်တော်တို့ ရှုတာနဲ့ကိုက်ပြီ (ကိုက်ပါ ပြီ) ပပဉ္စချုပ်အောင် ဘာရှုရမလဲ (ဝေဒနာရှုရပါမယ် ဘုရား)။

အေး နေရာကျပြီ ဒကာ ဒကာမတို့၊ ပပဉ္စ ချုပ်အောင် ဘာရှုရမယ် (ဝေဒနာရှုရပါမယ်) ဝေဒနာရှုရ မယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

သိကြားမင်း ဝေဒနာနဲ့ သောတာပန်တည်တယ်

ဒီတွင် သိကြားက ဒကာ ဒကာမတို့ သူ ဝေဒနာနဲ့ သောတာပန်တည်တာ (မှန်ပါ့)။

သိကြားဘာနဲ့တည်မှာတုံး (ဝေဒနာနဲ့ တည်မှာပါ ဘုရား)။

စပ်မိလို့ပြောရဦးမယ်၊ ဒီဝေဒနာဟာ တယ်ကျေးဇူး များတယ် (မှန်ပါ့ ဘုရား) ရှင်သာရိပုတ္တရာကြီး ရဟန္တာ ဖြစ်တာလည်း ဦးမာဒင်မှတ်လိုက် ဝေဒနာနဲ့ဖြစ်တာ (မှန်ပါ့)။

ဝေဒနာရှုပြီး တက်လာတာ (မှန်ပါ့) သူ့တူ ဒီဃဝဍ္ဎန တို့ကလည်း ဝေဒနာနဲ့ဖြစ်တယ် (မှန်ပါ့) ဝေဒနာ နဲ့ သူလည်း သောတာပန် တည်သွားတာပဲ (မှန်ပါ့)။

ဪ ဒါကြောင့် ဒီဝေဒနာကို ဝေဒနာနုပဿနာ လို့ သီးသန့်ထားပေးတာပဲ သတိပဋ္ဌာန် လေးပါးမှာ သီးသန့်ပါ တယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။

ဝေဒနာကိုရှုဖြစ်အောင်ရှုပါ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာဟာ ဘုန်းကြီးလည်း ခဏခဏ ဒကာ ဒကာမတွေ ဝေဒနာနုပဿနာ ရှုပါဟေ့ ရှုပါဟေ့လို့ တော်တော့ကို ကျေးဇူးများပါတယ်ဆိုတဲ့ ဥစ္စာလည်း ဟောခဲ့လှပြီ (မှန်ပါ့) ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝေဒနာကိုရှုဖြစ်အောင်ရှုပါလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက တိုက်တွန်းပြီ (မှန်ပါ့)။

သိကြားကမေးတာကိုး (မှန်ပါ့) တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားဟာ ဘုရား၊ သံသရာချဲ့တဲ့ တရား၊ သံသရာ အိုဘေး၊ နာဘေး၊ သေဘေးသူက ဆက်သွယ်ပေးတာ၊ အဲဒါ သူ ဘယ်ကလာသတုံး ဆိုတော့ ဝေဒနာသုံးပါးက လာတာ ကွတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေကြသလဲ (ဝေဒနာ သုံးပါးကလာပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ ဒကာ ဒကာမတွေက ဝေဒနာကနေ ဖြတ်လိုက်ရင် ပပဉ္စပြတ်ပြီ (ပြတ်ပါပြီ ဘုရား) ဟိုဘက် ရောဂါ ဝေဒနာဆုံးသည် တိုင်အောင်ကော (ပြတ်ပါတယ် ဘုရား)။

ရောဂါဝေဒနာ မရှိသည့်တိုင်အောင်လည်း ဖြစ်တယ် (မှန်ပါ့) ဘာဖြစ်လို့တုံး၊ ရေသောက်မြစ်တွေ့ပြီ (မှန်ပါ့)။

ဘာတွေ့ကြသတုံး (ရေသောက်မြစ်တွေ့ပါပြီ ဘုရား) ရေသောက်မြစ်တွေ့တယ် ဆိုကတည်းက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပူစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့် နေရာကျပြီး (မှန်ပါ့) နေရာကျ ပြီ ဒကာ ဒကာမတို့ ဝေဒနာရှုရလိမ့်မယ် (မှန်ပါ့)။

ဝေဒနာအလုပ်စခန်း

ကိုင်း ဒါဖြင့် ဝေဒနာအလုပ်စခန်း ပြပါတော့ မယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ မျက်စိထဲမှာ မြင်တယ်ဆိုလို့ရှိရင် ဥပေက္ခာဝေဒနာ (မှန်ပါ့)။ မြင်ကာမျှမတ္တ ဟာ ဘာပါလိမ့် (ဥပေက္ခာဝေဒနာပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နားထဲကြားကာမျှ မတ္တကလေးဆိုရင် (ဥပေက္ခာ ဝေဒနာပါ ဘုရား)

နှာခေါင်းထဲနံကာမျှမတ္တ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

လျှာပေါ်စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ) ဪ ဒါဖြင့် အပြင်ဘက်မှာလေးခု (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဥပေက္ခာဝေဒနာ

ကောင်းပြီ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာပေါ်တဲ့ ဓမ္မ ဟူသရွေ့ ဘာဆိုကြမယ် (ဥပေက္ခာ ဝေဒနာပါ) ဥပေက္ခာ ဝေဒနာလို့မှတ်ထား (မှန်ပါ့) ရှင်းပါပြီနော် (ရှင်းပါပြီ)။

ဟော ကိုယ်ပေါ်ကျလာတော့ ဒကာ ဒကာမတို့ ဟိုကယား၊ ဒီကနာတာတွေ ဒုက္ခချည့် မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုခနဲ့ဒုက္ခဝေဒနာ ၏ ကိုယ်ပေါ်မှာလေကလေးတိုက်၊ ပန်ကာလေကလေး ဘာကလေးရ၊ အင်း လေပြေ လေညှင်းကလေးက ထိတဲ့အခါ ထိတဲ့နေရာမှာ သုခပေါ်တာပဲ (မှန်ပါ့) ဒါဖြင့် ကိုယ်ပေါ် မှာ သုခနဲ့ဒုက္ခ (မှန်လှပါ ဘုရား)။

ကိုယ်ပေါ်မှာ (ဒုက္ခနဲ့သုခပါ) ရှင်းပြီနော် ရှင်းပါပြီ ဘုရား)။

ဝမ်းထဲကျလာတော့ ဒကာ ဒကာမတို့ တစ်ခါတလေ ကျတော့ တွေးလုံးကြီးတွေနဲ့ ဝမ်းသာ နေတာ ရှိသေးတယ် (မှန်ပါ့) သားကလေးက ပြောလို့ဆိုလို့ နားထောင်လို့ ကိုယ့်ဟာ ကိုယ်များ နဖူးပေါ် လက်တင်ပြီး တော်တော်လေးရဲ့ ဆိုတာများ ပါသေးတယ် (ပါ ပါတယ်) ဒါ- ဘာဝေဒနာ ဆိုကြ မလဲ (သောမနဿဝေဒနာပါ ဘုရား)။

တစ်ခါတလေကျတော့ သူသွားပုံလာပုံက ခြေလှမ်း က မမှန်ပါဘူးဆိုပြီး သကာလ၊ ကိုယ့်ဟာကိုယ် တွေးလုံးနဲ့များ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ဒေါမနဿ ဝမ်းထဲဖြစ်တယ် (မှန်ပါ့ ဘုရား)။

ကဲလေ ဖြစ်လာတဲ့ အကြောင်းတော့ အကောင်း ချည် ထားရမှာပဲဆိုပြီး တစ်ခါတလေကျတော့ ဘာမှ မတွေးတော့ပါဘူးဆိုပြီး ဥပေက္ခာဖြစ်တယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဝေဒနာရှုမယ်ဆိုရင်

ဒါဖြင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာ ဘာပါလိမ့် (ဥပေက္ခာပါ ဘုရား) ကိုယ်ပေါ်မှာတော့ဖြင့် (သုခဒုက္ခပါ) ဝမ်း ထဲမှာကျတော့ (သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာပါ ဘုရား) အဲဒါပဲရှိတယ် (မှန်ပါ့) များများမရှိပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒီဝေဒနာတွေဟာလည်း အခု ၄-ရယ်၊ ၂-ရယ်၊ ၃-ရယ်၊ ဒကာ ဒကာမတို့ ယနေ့ရှင်းပြတယ် (မှန်ပါ) ၄ရယ်၊ ၂-ရယ်၊ ၃-ရယ် (မှန်ပါ့) ဥပေက္ခာ ၄ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) အလယ်မှာ သုခ ဒုက္ခ ၂ (မှန်ပါ့) ဝမ်းထဲမှာတော့ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ ၃ (မှန်ပါ့) ဒါပဲ ရှိတယ် (မှန်ပါ့)။

ဝမ်းထဲပေါ်နိုင်တာ ၃၊ ကိုယ်ပေါ် ပေါ်နိုင်တာ၂၊ (မှန်ပါ့) မျက်စိ၊ နား၊ နှာခေါင်း၊ လျှာပေါ်မှာ တစ်ခုစီ ပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကလေးတွေဟာ ဒကာ ဒကာမတို့ သန္တာန်၌ အကြောင်းတိုက်ဆိုင်တိုင်း ဖြတ်ခနဲ၊ ဖြတ်ခနဲ ပေါ်တယ်၊ (မှန်ပါ့) ပေါ်တိုင်း ပေါ်တိုင်း ဒီဥစ္စာကလေးတွေကို ဒကာ ဒကာမတွေက ဝိပဿနာ ရှုပေးပါ (မှန်ပါ့)။

အရှုက ဝမ်းထဲကရှုရမယ်

ဒါ ဝိပဿနာရှုတဲ့ မဂ်ပေါ့ဗျာ၊ (မှန်ပါ့) ဝမ်းထဲပေါ်တဲ့ တရားလည်း ဝမ်းထဲကရှု၊ (မှန်ပါ့) ကိုယ်ပေါ်မှာ ပေါ်တဲ့ တရား လည်း (ဝမ်းထဲက ရှုရပါမယ်) မျက်လုံးထဲ ပေါ်တဲ့တရားလည်း (ဝမ်းထဲက ရှုရပါမယ်) အရှုကတော့ ဝမ်းထဲကနေ ရှုရမယ် (မှန်ပါ့ ဘုရား) ။

ဖြစ်တာကတော့ဖြင့် ဝမ်းထဲချင်းလည်း အရင်ဖြစ်တာကို နောက်ဝမ်းထဲကရှု (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်လို့ရှိရင်လည်း ဒကာ ဒကာမတို့ အားလုံးတွေ့တာ ဝေဒနာ မဟုတ်တော့ဘူး (မှန်ပါ့) ဝေဒနာမဟုတ်တော့ဘူး ဒကာသစ်ရေ (မှန်ပါ့) ဘာဖြစ် သွားသတုံး ဆိုတော့ ဖြစ်မှုပျက်မှုပဲ တွေ့တယ် (မှန်ပါ့ ဘုရား)။

အင်း-ဝေဒနာရယ်လို့ ဆရာဘုန်းကြီးကလည်း အရှု ခိုင်း၊ ဘုရားကလည်း အရှုခိုင်း၊ မိမိတွေ့ရတာကတော့ ဘာတွေ ချည့်တွေ့နေသတုံး (ဖြစ်ပျက်မှုတွေချည်း တွေ့နေပါတယ်) ဖြစ်မှုနဲ့ပျက်မှုပဲ တွေ့တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မှုရှိလို့ ဖြစ်ပျက်မှုသိတယ်

ဖြစ်မှုနဲ့ပျက်မှုပဲ တွေ့တယ်လို့ဆိုတာ ခင်ဗျားတို့ဉာဏ် ထဲမှာရောက်လို့ ရှိရင်ဖြင့် ဖြစ်မှုပျက်မှု ရှိလို့ ဖြစ်မှုပျက်မှု သိပါ တယ် (မှန်ပါ့ ဘုရား)။

ဖြစ်မှုပျက်မှုရှိလို့ (ဖြစ်မှုပျက်မှုသိပါတယ်) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဒီဓမ္မအရှိနဲ့ ဓမ္မအသိနဲ့သွားကိုက်တယ် (မှန်ပါ့ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိဖြစ်ပြီ

ဒီဓမ္မအရှိနဲ့ ဒီဓမ္မအသိနဲ့ (သွားကိုက်ပါတယ်) ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိဖြစ်ပြီတဲ့ (မှန်ပါ့ ဘုရား)။

သူက ဓမ္မအားလျှော်စွာဖြစ်နေတယ် (မှန်ပါ့) ဒီက ဓမ္မအားလျော်စွာကျင့်တယ်- (မှန်ပါ့) သဘောကျပလား (ကျပါ “ပြီ ဘုရား)။

ဒီက ဓမ္မအားလျော်စွာ (ဖြစ်ပါတယ်) ဒီက ဓမ္မ အားလျော်စွာ (ကျင့်ပါတယ်) ကျင့်တယ်၊ သိတယ် အတူတူပဲ (မှန်ပါ့ ဘုရား)။

ဪ ဒီလိုနေသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပါရမီစုံပြီးသား ပုဂ္ဂိုလ်မှာ ဒါကလေး တစ်ခုသာ ဖြည့်တော့လို့ ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ပါရမီစုံပြီးသားပုဂ္ဂိုလ်မှာ (ဒါကလေးတစ်ခု ဖြည့်တော့လို့ ဟောထားပါတယ်) ဒါကလေး တစ်ခုဖြည့်တော့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ပါရမီတွေ ဒကာဒကာမတို့ မစုံသေးဘူးလား စုံပြီလား (စုံပါပြီ) အင်း ဘာကလေးတစ်ခု ဖြည့်စရာ ကျန်ပါလိမ့် (ဓမ္မာနုဓမ္မပဋိပတ္တိ ဖြည့်စရာ ကျန်ပါတယ် ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာက ဒီဓမ္မအရှိနဲ့ရှုတဲ့ ဓမ္မအသိနဲ့ ဦးမာဒင် ဘာလုပ်ရမတုံး (ကိုက်ရပါမယ် ဘုရား)။

ဒါဖြင့် ဒီဓမ္မနဲ့ ဒီဓမ္မအရှိနဲ့ အသိကိုက်တယ် ဆိုလို့ရှိရင် ဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ၊ ဒီဓမ္မကို သူကျင့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရှိနဲ့အသိကိုက်ဖို့ဟောတာ

အဲဒီတော့ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ ဒကာ ဒကာမတို့ ဗုဒ္ဓံပူဇေမိ လုပ်ဖို့ မဟုတ်ဘူး (မှန်ပါ့) အရှိနဲ့အသိ ကိုက်ဖို့ ဘုရားကဟောတာ (မှန်ပါ့ ဘုရား)။

တချို့က ဣမာယ ဓမ္မနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ လုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သဒ္ဓါနဲ့ တပည့်တော် လောကုတ္တရာတရား အားလျော်သော တရားနဲ့ ရှိခိုးပါ၏တဲ့ (မှန်ပါ့) မဆိုင်ပါဘူးတဲ့ ဒီဥစ္စာ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။

ကြည့်လေ ပဋိပတ္တိမပါဘူးလား (ပါပါတယ်) ပဋိပတ္တိ ဆိုတာ ဘာပါလိမ့်အကျင့် (မှန်ပါ့ ဘုရား)။

ပဋိပတ္တိဆိုတာ (အကျင့်ပါ) ဒါဖြင့် ဓမ္မာနု ဘာတုံး (ဓမ္မပဋိပတ္တိပါ) ဒါဖြင့် မဂ်ကို ဆိုက်တာ (မှန်ပါ့) ဝိပဿနာ မဂ်ကို ဆိုက်ကာ ဒကာကြွယ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ သူတို့ကတော့ဖြင့် ဓမ္မသဘော အတိုင်းဖြစ်ပဲ၊ ဖြစ်ပြီးပျက်ကြမှာပဲ (မှန်ပါ့) အနိစ္စာ ဝတ သင်္ခါရာကိုး (မှန်ပါ့) သဗ္ဗေ သင်္ခါရာ အနိစ္စာ (မှန်ပါ့) သဗ္ဗေ သင်္ခါရာ ဒုက္ခာ (မှန်ပါ့) သဗ္ဗေ ဓမ္မာ အနတ္တာ (မှန်ပါ့) သူတို့က ဒီသဘောစွန့်ပါ့မလား (မစွန့်ပါ ဘုရား)။

အဲဒီ သူတို့မစွန့်တဲ့သဘောကို ဒကာ ဒကာမတို့ ဪ သူတို့မစွန့်တဲ့သဘောကို ကိုယ်ကသိ သိပေးရမယ် (မှန်ပါ့ ဘုရား)။

သူတို့မစွန့်တဲ့သဘောကို (ကိုယ်က သိသိပေးရ ပါမယ် ဘုရား)။

ခန္ဓာ၏ဖြစ်ပျက်မှုသိတယ်

သိ သိပေးတော့ မစွန့်တာကို သိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူတို့၏ ဖြစ်ပျက်မှုကို (သိပါတယ်) သူတို့သဘောကို (သိပါတယ်) သူတို့သဘောကို သိတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူတို့သဘော ဆိုတဲ့ဥစ္စာက ဘာမှ တွေးတော မနေပဲနဲ့ ဒါဝေဒနာက္ခန္ဓာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့၏ ဝေဒနာက္ခန္ဓာ သဘော ခင်ဗျားတို့သိတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူတို့သဘောကို ချုံးလိုက်တဲ့အခါကျတော့ ဘာခန္ဓာ သွားဖြစ်သတုံး (ဝေဒနာက္ခန္ဓာ သွားဖြစ်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာသဘော၊ ကိုယ်သိတယ်

အဲ ဝေဒနာက္ခန္ဓာဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၏ ခန္ဓာသဘောပြန်ရတယ် (မှန်ပါ့) ဒါဖြင့် ကိုယ့်ခန္ဓာသဘောကိုယ်သိတယ် (မှန်ပါ့) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ့သဘောသိပါလိမ့် (ကိုယ့်ခန္ဓာသဘောကို – ကိုယ်သိပါတယ် ဘုရား)။

ကိုယ့်ခန္ဓာသဘော ကိုယ်သိတယ်ဆိုတော့ နဂိုကတော့ ကိုယ့်ခန္ဓာသဘော ကိုယ်မှမသိဘဲ (မှန်ပါ့) ကိုယ့်ခန္ဓာ သဘောသာကိုယ်သိကြမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဘယ်တော့မှ အစားမှားတဲ့ ဝေဒနာ မဖြစ်ဘူး (မှန်ပါ့) အခုတော့ အစားမှားတယ် ဆိုတော့ ခန္ဓာက ဖောက်ပြန်ပြီ (မှန်ပါ့)

သူဖောက်ပြန်မည့်သဘော စောစောက သိထားမယ်ဆို ဒီ အစား စားကိုမစားဘူး (မစားပါ ဘုရား)။

ဒီလမ်းသွားလို့ရှိရင်ဖြင့် ငှက်သင့်မယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာသဘော ကိုယ်သိထားကြလို့ ရှိရင် ဒီငှက်သင့်တဲ့ဆီ မသွားဘူး (မသွားပါ ဘုရား)။

အခုတော့ ကိုယ့်ခန္ဓာသဘောကို ကိုယ်ဘာမှ မသိတဲ့ အတွက် အစားမှား၊ အသွားမှား၊ အနေမှား၊ အထိုင်း မရှိ ဘူးလား (ရှိပါတယ်) အဲဒါ နဂိုက ကိုယ့်သဘောကိုယ်သိရဲ့ လား (မသိပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နဂိုက (မသိပါ) အခုတော့ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာသဘော ဒီဘက်က (မှန်ပါ့) ဒါက ကိုယ်သိတာ (မှန်ပါ့ ဘုရား)။

ဒါကဘာပါလိမ့် (ကိုယ်ခန္ဓာသဘောပါ) ဒီဘက် က ဘာပါလိမ့် (ကိုယ်သိတာပါ ဘုရား)။

ဪ အခုမှပဲ တရားထူးရကြပေတော့တယ် ဒကာ ဒကာမတို့ ဝမ်းသာလိုက်တာ (မှန်ပါ့ ဘုရား)။

ကိုယ့်သဘောသိတော့ အနိစ္စချည်းပဲ

ကိုယ့်ခန္ဓာသဘောကို ကိုယ်သိတယ် ဆိုကတည်းကို က ဒကာ ဒကာမတို့ ဒီခန္ဓာ မသိလို့ လူဖြစ်ချင်၊ နတ်ဖြစ်ချင် ဖြစ်နေတာ (မှန်ပါ့) ဗြဟ္မာဖြစ်ချင်ဆိုတဲ့ ပပဉ္စတွေ လာနေတယ် (လာနေပါတယ် ဘုရား)။

ကိုယ့်ခန္ဓာသဘော ကိုယ်မသိလို့ ပပဉ္စလာတာ (မှန်ပါ့) အခုတော့ ကိုယ့်ခန္ဓာသဘော ကိုယ်သိတော့ အနိစ္စ ချည့်ပဲ ဆိုတာ သိတယ် (မှန်ပါ) ဒုက္ခသစ္စာ ချည့်ပဲလို့ကော (သိပါတယ် ဘုရား)။

အနိစ္စလို့သိတော့ တဏှာပပဉ္စမလာတော့ဘူး

အဲဒီတော့ ခုနင်က တဏှာပပဉ္စကော လာပါဦးမလား (မလာပါ) မာနပပဉ္စကော (မလာပါ) ဒီခန္ဓာကြီး ကြည့်ပြီး မာနတက်ဦးမလား (မတက်ပါ ဘုရား)။

ဒီခန္ဓာကြီးကိုလည်း ခန္ဓာသဘော သိတဲ့အတွက် ဒိဋ္ဌိဆို တဲ့ ပပဉ္စကော (မလာပါ ဘုရား)။

ဒါကြောင့် ဘုရားဟောတာ (မှန်ပါ့) သိကြားပပဉ္စ ဟာ ဝေဒနာကလာတာကွတဲ့ (မှန်ပါ) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

သံသရာပြတ်ချင်ရင် ဝေဒနာကဖြတ်

သိကြားက ပပဉ္စဘယ်ကလာသတုံးလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (ဝေဒနာက လာတယ်လို့ ဖြေပါတယ်)

ကိုင်း ဒကာ ဒကာမတို့ သံသရာဖြတ်ချင်ရင် ဝေဒနာကဖြတ်ဆိုပြီး သိကြား ဟောတာ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သံသရာဖြတ်ချင်ရင် (ဝေဒနာကဖြတ်ရပါမယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့တွင်တော်ကြဦး။

သာဓု သာဓု သာဓု။