141

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၁)

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၂)

နာရီဝက်တရားနှစ်ပုဒ်ပါဝင်ပါသည်။

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၁)

အသံဖိုင်ခေါင်းစဉ်= သက္ကာယဒိဋ္ဌိချုပ်ရန် ပုဏ္ဏမသုတ္တန် အလုပ်ပေး

စာအုပ်ခေါင်းစဉ်= သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၁)

အသံမကြည်ပါ။

——-

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၁)

(ပုဏ္ဏမသုတ် )

(၂၃-၂-၆၂)

ဒီကနေ့ လည်း အလုပ်စဉ်တရားပဲ၊ ပုဏ္ဏမသုတ်ကို ဟောလိမ့်မယ်လို့ မှတ်ရမယ်၊ ပုဏ္ဏမသုတ် ဆိုတာ တခြားမ ဟုတ်ပါဘူး၊ သံယုတ်ပါဠိတော် လပြည့်နေ့ ဟောတဲ့သုတ်ကို ပုဏ္ဏမသုတ်လို့ ခေါ်တယ်။

ပုဏ္ဏမဆိုတာက အပြည့်၊ လပြည့်နေ့ ၊ အဲဒီလပြည့် တဲ့နေ့မှာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက လလေး ကလည်းထွက်လာတဲ့အခါ၊ တောထဲမှာရှိတဲ့ သံဃာငါးရာနဲ့ တစ်ပါး၊ ဘုရားပူဇော်ပသ ရန်လာကြတယ်။

သူကလည်းလာတဲ့အချိန်ကို ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သံဃာတွေ အလယ်ထိုင်ပြီး သကာလနေတဲ့အခါ မှာ၊ ငါတို့ငါးရာထဲက ဆရာလုပ်တဲ့ ကိုယ်တော်က ရဟန္တာ၊ တပည့်တွေက မသိသေးလို့ ဘုရားသိသလို သူတို့ဆရာ ဟောထားတဲ့တရား။

ပုစ္ဆာလေးရှိလို့မေးပါရစေ

ကျင့်စဉ်ဟောထားတဲ့တရားဟာလည်း၊ ဘုရားနဲ့မေး မြန်းတဲ့ အထဲမှာ ပါသွားလို့ရှိရင်၊ ဪ သူတို့ဆရာဟောတာ တွေကလည်း၊ ဘုရားဟောတဲ့တရားပဲလို့၊ တစ်ခါတည်းယုံ ကြည်လေးစားမှု ပိုလာလောက်အောင်လို့ သူက ကပျာကယာ ထတဲ့ပြီး၊ သံဃာထဲကမှ ထပြီး သင်္ကန်းလေး လက်ကန်တော့ ထိုးပြီး၊ အရှင်ဘုရား ပုစ္ဆာလေးရှိလို့ မေးပရစေ၊ ဒီလိုလျှောက် တယ် ရဟန်းကြီးက၊

အေးကွာ မေးတော့မေးတာပေါ့၊ မေးပေမဲ့ မင်း နေရာမင်း ထိုင်ပြီးမေးကွ၊ မင်းနေရာမင်း ထိုင်ပြီးမေး၊ မတ်တတ်ကြီး မမေးနဲ့၊ ဒီလိုပြောလိုက်ပါတယ်။

ဒီလိုပြောလိုက်တဲ့အခါကျတော့၊ သူ့အမေဟာ ဘုရားက အဖြေပေးဖို့ လိုတဲ့အမေးမဟုတ်ဘူး၊ ဘုရားက ဟုတ်ပါတယ်လို့ပြောဖို့ပဲ၊ အဖြေတစ်ခု ရှာပြီးပေးနေဖို့ အမေးဟုတ်ဘူး။

ဥပါဒါနက္ခန္ဓာ

ဥပါဒါနက္ခန္ဓာ ဆိုတာဘုရား၊ ခန္ဓာငါးပါးကို ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးကို ဆိုတာ ဟုတ်ပါရဲ့လားဘုရား။

အေး ဟုတ်တယ်ကွ၊ မင်းခန္ဓာကြီးက ဥပါဒါနက္ခန္ဓာ ပေါ့ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလည်း ဖြေ လိုက်တဲ့အခါမှာ၊ သူသိပြီးသားကို နောက်က ရဟန်းတွေကြား အောင်လို့၊ ဪ ဒို့ဆရာဟောထားတာက အရင်က ဒီအတိုင်း ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတာ ဒီအတိုင်းဟောတာ၊ ဘုရား မေးတော့လည်း… ဒါဆိုတာ မဟုတ်ဘူးလားဘုရား ဆိုတော့၊ ဒါပဲ ဆိုတာပါပဲလို့ ထောက်ခံမှု အကြီးအကျယ် ရအောင်လို့ မေးတဲ့အမေးလို့ မှတ်ရမယ် (တင်ပါ့ဘုရား)

ဒါဖြင့်ဘုရား သာဓုပါဘုရား တဲ့၊ တပည့်တော်မှာ ကျေကျေနပ်နပ်ပဲရှိသွားပါပြီ၊ ဒီဥပါဒါနက္ခန္ဓာ ငါးပါးက မိမိ ခန္ဓာဖြစ်စေ၊ သားသမီးခန္ဓာ ဖြစ်စေ ဘယ်သူကြောင့် ဖြစ်တာ တုံးဘုရား။

ဥပါဒါနက္ခန္ဓာဆိုတာ တဏှာဆန္ဒကြောင့်

အိုး… တဏှာ ဆန္ဒကြောင့်ဖြစ်တာ၊ ဥပါဒါ နက္ခန္ဓာ ဆိုတာ တဏှာဆန္ဒကြောင့်ဖြစ်တာကွ၊ တဏှာဆန္ဒနဲ့ ဆုတောင်းလိုက်လို့ရတာကွ။

တဏှာနဲ့ ဆုတောင်းတော့ခန္ဓာကြီးရတယ်၊ ရတော့ သူလိုချင်လို့ တောင်းထားတဲ့ ခန္ဓာက ၊ သူ စွဲလမ်း လို့ရတာဖြစ်သောကြောင့် ဥပါဒါနက္ခန္ဓာကွ၊ တဏှာကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာမို့ သူ ဥပါဒါနက္ခန္ဓာ လို့ ခေါ်ရတယ်ကွ။

ဒါဖြင့် မင်းတို့ ကိုယ့်ခန္ဓာကြီးဟာ၊ ကိုယ့်စွဲလမ်း မှုကြောင့် ခန္ဓာကြီး ပေါ်လာတာလားလို့ မေးလို့ရှိရင်ဖြင့်၊ နောက်ဘဝက ဘဝများစွာက ဒီခန္ဓာကို စွဲလမ်းမှုကြောင့် ခန္ဓာရချင်လို့ ရတာ၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ခန္ဓာအလိုလိုပေါ်လာတာ မဟုတ်ပါဘူးတဲ့၊ ကိုယ့် တဏှာ ဆန္ဒစွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာပါကွာလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေလိုက်တယ်။

အဲဒါကြောင့် ဥပါဒါနက္ခန္ဓာ၊ အနုပါဒါနက္ခန္ဓာကို ဆရာဘုန်ကြီးက ကြားထဲ ရှင်းပါ့မယ်၊ ဒါက ကြားဝင်တဲ့ စကား ဒကာ ဒကာမတွေ ဗဟုသုတ တိုးသထက် တိုးအောင်လို့။

စွဲလမ်းရင် ဥပါဒါနက္ခန္ဓာ

စွဲလမ်းရင် ဥပါဒါနက္ခန္ဓာ၊ မစွဲလမ်းလို့ ရှိရင် ဥပါဒါနက္ခန္ဓာ ဘာမှမဖြစ်ဘူး (တင်ပါ့ဘုရား)။

ခု ဝမ်းကိုက်တယ်လို့ ပြောတာ ဘယ့်နှယ်များ နေကြည့်မတုံး၊ ကျောင်းသွားများ ပျက်နေချည့် မလား၊ စာမေးပွဲက နီးပါဘိနဲ့ ဆိုတဲ့ ဥပါဒါနက္ခန္ဓာ လာတော့တာဘဲ (တင်ပါ့ ဘုရား) ကိုယ်က စွဲလမ်းတာ (တင်ပါ့ဘုရား)။

ဒါကြောင့် ကလေးခန္ဓာက ဥပါဒါနက္ခန္ဓာ ကိုယ်သန္တာန်မှာလည်း တဏှာဆန္ဒ၊ အဲဒီ တဏှာနဲ့ ဟိုခန္ဓာနဲ့ သွားဆက်တယ်၊ ဒါကြောင့် ဟိုကလေး ခန္ဓာကလည်း ဥပါဒါနက္ခန္ဓာ ၊ ကိုယ့် တဏှာက ဥပါဒါန် ဟိုကခန္ဓာ ပေါင်းလိုက်တဲ့ အခါကျတော့ ဥပါဒါန်နဲ့ ခန္ဓာနဲ့ သွားရော တယ် (တင်ပါ့ဘုရား)။

ကလေးကအရောခိုင်းတာလား၊ လူကြီးက အရော ခိုင်းတာလား ဆိုတာ မောင်ချစ်ဆွေ အဖြေ ထွက်ရမယ်ကွ (လူကြီးက သွားရော တာပါ ဘုရား)။ ဪ မရောကောင်းတဲ့ နေရာလို့ မသိဘူးနော်၊ ခေါင်းကိုက်ထဲ သွားရောတာ မရောကောင်းတဲ့နေရာ (တင်ပါ့ဘုရား)။

ဝေဒနာရှိတဲ့ နေရာဆိုတာဟေ့၊ ဒီနေရာ ပလိပ် ဖြစ်တယ်ဆို ပြေးကြစို့ ဟေ့ လုပ်ရတာ၊ ဒီနေရာ ကျောက် ပေါက်တယ်ဆို ပြေးကြစို့ ဟေ့ လုပ်ရတာ (မှန်ပါ ဘုရား) ဒီလိုရှောင်ရတာ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ ပြေးနိုင်တယ် (တင်ပါ့ ဘုရား) ဥပါဒါနက္ခန္ဓာ ဖြစ်နေတော့ ဝေဒနာထဲ တိုးလိုက်တယ် (တင်ပါ့)။

အဲဒါကျတော့ ဥပါဒါနက္ခန္ဓာ၊ ပြေးလိုက်တဲ့ အခါကျ တော့ ဥပါဒါနက္ခန္ဓာ မဟုတ်ဘူး (တင်ပါ့ ဘုရား) ဒီအိမ်ကြီး စွန့်ပြေးလိုက်တာ ဒါ ဥပါဒါနက္ခန္ဓာ မဟုတ်လို့ ပြေးတာ (မှန်ပါ့ ဘုရား)။

အခုတော့ ဘယ့်နှယ်နေကြတုံးလို့ မေးတဲ့အခါ ကျတော့၊ ဝေဒနာ ဒီနေရာဖြစ်လို့ ရှိရင် ပြေးရတာ၊ မစွဲလမ်းရင် ပြေးနိုင်တယ်၊ စွဲလမ်းလို့ ရှိရင်ကော ဖြစ်ခြင်းဖြစ် ကိုယ်ပဲ ဖြစ်ပါတော့၊ နှုတ်ယူလို့ ရရင် ကိုယ်ပဲ ဖြစ်ချင်ပါတယ်၊ တယ်လွန်ပါလား လို့ဆိုလို့ရှိရင် လွဲကိုမလွဲဘူး၊ သဘောကျ ကြပလား (သဘောကျပါပြီ ဘုရား)။

ကလေးဆိုတာ ဘာမပြောတတ်၊ ညာမပြောတတ်နဲ့၊ ဘယ်လိုမထိန်းတတ်၊ ဘယ်လို မသိမ်းတတ်နဲ့၊ ဘယ် လိုဆေးဝါး ဘယ်လိုရှာကြံပြီး မသုံးတတ်၊ အစာကိုလည်း မရွေးတတ်နဲ့ ဖြစ်ခြင်းဖြစ် ကိုယ်သာဖြစ်လိုက်ချင်တယ်၊ သူတို့ ဖြစ်တာတော့ဖြင့် ကျုပ်မကြိုက်ဘူး။

ဝေဒနာနဲ့ခန္ဓာနဲ့သွားရောတယ်

မကြိုက်ချင် မကြိုက်ငြားသော်လည်း ကိုယ်က ဝေဒနာထဲ သွားရောပြီ၊ မကြိုက်ဘူး ဆိုပြီး သွားရောတာ၊ ဝေဒနာကတော့ မကြိုက်တာ အမှန်ပဲ၊ မကြိုက်ပဲနဲ့ ဖြစ်ခြင်းဖြစ် ကိုယ်ကပဲ ဖြစ်ပရစေ ဆိုတော့ ကိုယ်က ဝေဒနာထဲ သွားရောတာ (မှန်ပါ့ ဘုရား)။

ကိုယ်က ဝေဒနာထဲ တဏှာထဲ သွားရော လိုက် တဲ့အခါ ကျတော့ကို၊ ဟိုက ဝေဒနာက ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ ဒီက ဥပါဒါန်၊ဥပါဒါန်နဲ့ ဝေဒနာက္ခန္ဓာနဲ့ ပေါင်းလိုက်တော့ ဝေဒနာ ဥပါဒါနက္ခန္ဓာ (တင်ပါ့ ဘုရား) ဒီလို သွားဖြစ်တယ် ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ခွဲရမဲ့နေရာရော၊ ရောရမယ့် နေရာကျလို့ ရှိရင်ဖြင့် မရော၊ ခွဲနေ ဖြစ်မှဖြစ်ရ လေတယ် (တင်ပါ) ဆိုရမှာပဲ။

ဝေဒနာဆိုတာ ဘယ်ဝေဒနာမှ ဒုက္ခ ဝေဒနာ ဟူသ၍ ဟာ ရှောင်ရမှာ၊ ကျဉ်ရမှာ၊ ရှားရမှာချည်း ဆိုတာ မောင်ချစ်ဆွေသိပြီးသား (တင်ပါ့ ဘုရား)။

အခုတော့ ဘယ့်နှယ်နေတုံး ပူတယ်၊ မင်းချည်း ပူလို့ပြီးတာ မဟုတ်ဘူး၊ ကိုယ်လည်းပူရ၊ ဖြစ်တာပြောမှ အစရှိသည်နဲ့ သွားရောတာကို (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရောတော့ ဟိုကဝေဒနာနဲ့ဒီက ဥပါဒါန်နဲ့ ပေါင်း လိုက် ဥပါဒါနက္ခန္ဓာ သွားဖြစ်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) မင်းတို့ ဟာက မရောကောင်းတဲ့နေရာ ဘာလုပ် ကြတုံး (သွားရောပါတယ် ဘုရား) ခက်ကိုခက်ရချည်ရဲ့။

မရောကောင်းဘူး၊ ဝေဒနာဖြစ်တော့ ခုနင်က ဥပမာပြခဲ့တယ်၊ ဒီနေရာ ပလိပ်ဖြစ်တယ်ဆိုတော့ ဝေဒနာနဲ့ မရောကြဘူး ပြေးကြတယ်၊ မင်းတို့ ဥစ္စာက တချို့နေရာ ကြတော့လည်း တဏှာ မပါတဲ့ နေရာ ကျတော့ ပြေးတယ်၊ တဏှာပါတဲ့ နေရာကျတော့ ရောတယ်။

ဥပါဒါန်နဲ့ခန္ဓာတခြားစီလား

ဒါကြောင့် ဒီခန္ဓာကြီးကို တဏှာနဲ့ တွဲနေတဲ့ ခန္ဓာဖြစ်သောကြောင့် ဥပါဒါနက္ခန္ဓာ (တင်ပါ ဘုရား) ဒီနေ့ တရားနဲ့တော့ ဒီနေ့ဖြစ်စဉ် နဲ့ တော့ သိပ်ကိုက်တာ၊ သိပ်ကိုက်အောင်လည်း ဟောတာ၊ ရဟန်းက မေးသကို၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့က တခြားစီလား (တင်ပါ့ ဘုရား)။

အတူတူပဲလား

တခြားစီလည်း မဟုတ်ဘူးကွ၊ အတူတူပဲလား၊ တူလည်း မတူဘူးကွ(တင်ပါ့ ဘု ရား)၊ တခြားစီလည်း မဟုတ်ဘူး၊ တူလည်းမတူဘူးတဲ့။

စွဲလမ်းတဲ့ ပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာ ၊ မစွဲလမ်းတဲ့ ပုဂ္ဂိုလ်မှာ အနုပါဒါနက္ခန္ဓာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စွဲလမ်းတဲ့ ပုဂ္ဂိုလ်မှာ (ဥပါဒါနက္ခန္ဓာ ပါ ဘုရား) မစွဲလမ်းတဲ့ ပုဂ္ဂိုလ်ကျတော့ (အနုပါဒါနက္ခန္ဓာ)။။

ကိုယ့်နားမှာ တစိမ်းလေးတစ်ယောက်က ကျောက် ပေါက်နေတဲ့ အခါကျတော့၊ ဒို့ အိမ်က ကလေးတွေနဲ မဖြစ်ပါဘူး၊ ရွှေ့ဦးမှ ကောင်းမယ်၊ အဲတော့ အနုပါဒါနက္ခန္ဓ သွားဖြစ်တယ် မရောချင်ဘူး၊ ခန္ဓာပေမယ့် ဒီလို နှစ်မျိုး ရှိတယ်၊ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

ဪ ဒကာ ဒကာမတွေ ဥပါဒါနက္ခန္ဓာနဲ့ အနုပါ ဒါနက္ခန္ဓာ ဆိုတာဟာ၊ ကိုယ်သန္တာန် နှစ်ခု ဖြစ်ပြီး သကာလ နေပါရဲ့ သားနဲ့၊ ခွဲခြားပြီး သကာလမသိဘူး ဆိုတဲ့ ဥစ္စာလည်း ဆရာသမားကောင်း မရလို့ ရှိရင် ဒါ ဘယ်နည်းနဲ့မှ မသိဘူး တချို့ခန္ဓာကျတော့ ခွဲနေတယ်၊ တချို့ ခန္ဓာကျတော့ သွားရောတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တချို့ခန္ဓာကျတော့ သွားရောတယ် တချို့ကျတော့ကော သွားရောတယ် (တင်ပါဘု ရား) သွားရောတာ ဆိုလို့ ရှိရင် ဥပါဒါနက္ခန္ဓာ သွားဖြစ်တယ် (တင်ပါ ဘုရား)၊ ခွဲလိုက်လို့ ရှိရင် အနုပါဒါနက္ခန္ဓာ သွားဖြစ်တယ် (တင်ပါ) မစွဲလမ်းတဲ့ ခန္ဓာ သွားဖြစ်တယ်။

စွဲလမ်းရင် ဥပါဒါနက္ခန္ဓာ

ခန္ဓာတော့ ခန္ဓာပဲတဲ့၊ သို့သော် အပါယ်မကျတဲ့ခန္ဓာ သွားဖြစ်တယ် (တင်ပါ) စွဲလမ်းလို့ ရှိရင် ဥပါဒါနက္ခန္ဓာ ဖြစ်သောကြောင့် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်သွားတယ် (တင်ပါ ဘုရား)။

မစွဲလမ်းတဲ့အခါကျတော့ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ရှင်းကြပလား (ရှင်းပါပြီး ဘုရား) ဒါကြောင့် ရဟန်းရေ ဥပါဒါနက္ခန္ဓာ ဆိုတာကွ တခြားစီလို့ လည်းမဆိုနဲ့၊ အတူတူလို့ လည်းမဆိုနဲ့၊ စွဲလမ်းတဲ့ ပုဂ္ဂိုလ်တစ်မျိုးလို့ မှတ်လိုက် (တင်ပါ ဘုရား)၊ မစွဲလမ်းတဲ့ ပုဂ္ဂိုလ်တစ်မျိုးလို့ မှတ်လိုက်။

အတူတူလို့တော့ ဆိုလို့ မရဘူးတဲ့၊ ပုဂ္ဂိုလ် အကြိုက် တွေက အမျိုးမျိုးဖြစ်နေတာ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပုဂ္ဂိုလ် အကြိုက်က အမျိုးမျိုးဖြစ်ပြီး သကာလ၊ တချို့ကျတော့ ဥပါဒါနက္ခန္ဓာ သွားဖြစ်တယ် (တင်ပါ့ ဘုရား) တချို့ကျတော့လည်း အနုပါဒါနက္ခန္ဓာ သွားဖြစ်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နွားနဲ့ကြိုးဥပမာ

အဲတော့ကို ဥပါဒါနက္ခန္ဓာနဲ့ အနုပါဒါနက္ခန္ဓာ ဆိုတာကွာတဲ့၊ နွားနဲ့ ကြိုးလို့ မှတ်ရမယ်တဲ့၊ နွားနဲ့ ကြိုးနဲ့ ခွဲနေလို့ ရှိရင်လည်း နွားတခြားကြိုးတခြားပဲ၊ နွားနဲ့ ကြိုးသွားတွဲ လို့ ရှိရင်လည်း၊ ဪ ကြိုးနဲ့ နွားလို့ ဆိုရမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကြိုးနဲ့ နွားလို့ ဆိုရမှာပဲ (တင်ပါ)။

ကြိုးနဲ့ ခွဲနေတဲ့ နွားကျတော့လည်း နွားလွတ် ဘေးမဲ့ဟေ့ ဒီလိုဆိုရမှာပဲ၊ ကြိုးနဲ့ နွားဆိုရင် ဘေးမဲ့ မဟုတ်ဘူးပေါ့ ဘေးတွေ့ လိမ့်မယ်ဟေ့ (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သွားပြီး ကြိုးနဲ့ သွားတွဲလို့၊ ဥပါဒါန်နဲ့ သွား တွဲ လိုက်တဲ့အခါကျတော့ ဘေးမဲ့မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား) သဘောကျပလား (သဘောကျ ပါပြီ ဘုရား)။

ဒါဖြင့် ဪ အမေမိဘ ဆိုတာတော့ ဘုရား၊ မပြောနဲ့တော့ မပြောနဲ့ဆို ပြောစရာကို မရှိဘူး သူ့ဟာက၊ ပြောစရာကို မရှိဘူး၊ တပည့်တော် အမိုက်ကမ်းကုန်ပေါ့လို့ ပြောလိုက်ပေါ့ပဲ၊ အမိုက်ကမ်း ကုန်ပဲလို့ ပြောလိုက်တဲ့ အခါကျတော့၊ မပြောနဲ့တော့ ဆိုတဲ့စကားဟာက တစ်ခါ တည်း ဖြစ်ချင်သလို ဖြစ်တော့မယ်ဆိုတဲ့ဥစ္စာ တာဝန်ခံလိုက်တဲ့ အဓိပ္ပါယ်ရောက်တယ်၊ မရောက်ဘူးလား (ရောက် ပါတယ် ဘုရား)။

ဒီလိုပြောမဲ့လူမရှိလို့ရှိရင် ဥပါဒါနက္ခန္ဓာ ဖြစ်နေရတာ ကိုပဲ၊ သူ့စိတ်ထဲမှာ ပျော်တော့မပျော်ဘူး၊ ဖြစ်ထိုက်တယ်ထင် ပြီးဖြစ်နေတာ၊ ပျော်တော့လည်းမပျော်ဘူး (တင်ပါ ဘုရား) ဖြစ်ထိုက်တယ်ထင်ပြီး သကာလဖြစ်နေတာပဲ၊ ပျော်လို့ ဖြစ်တာတော့မဟုတ်ဘူး။

ကျန်းမာတုန်း ကြည့်နေရင်တော့ ဥပါဒါနက္ခန္ဓာက ပျော်လို့ဖြစ်တာ၊ မကျန်းမာတဲ့ အခါကျလို့ရှိရင် ပျော်လို့ ဖြစ်တာမဟုတ်ဘူးတဲ့၊ စွဲလမ်းလို့ဖြစ်နေတဲ့ ဥပါဒါနက္ခန္ဓာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ပျော်လို့ဖြစ်တာလည်း ရှိတယ်။ မပျော်လို့ မဖြစ်တဲ့ ဥပါဒါနက္ခန္ဓာလည်းရှိတယ်၊ ဒါက ဆရာက ထည့်တယ်လို့ မှတ်ပေတော့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မစွဲလမ်းရင် အနုပါဒါနက္ခန္ဓာ

ဪ ဒါဖြင့် ဥပါဒါနက္ခန္ဓာဆိုတာဟာ ရဟန်းက မေးလိုက်တယ်၊ အရှင်ဘုရား အတူတူပဲ လားလို့၊ မတူဘူကွ၊ တစ်ချို့ကျတော့ အနုပါဒါနက္ခန္ဓာ ဖြစ်တယ်ကွ မစွဲလမ်းတဲ့ ပုဂ္ဂိုလ်၊ သွားမရောတဲ့ ပုဂ္ဂိုလ်ကျတော့ အန္ဓပါဒါနက္ခန္ဓာ ပေါ့ကွာ (မှန်ပါ့ ဘုရား)။

ရောတဲ့ပုဂ္ဂိုလ်ကျတော့ (ဥပါဒါနက္ခန္ဓာ) ကိုယ့်သန္တာန် ရှိတဲ့တဏှာနဲ့သွားပြီး ဆက်နေတဲ့ ပုဂ္ဂိုလ်ကျတော့၊ ကိုယ့်ခန္ဓာ က ဥပါဒါနက္ခန္ဓာ၊ ကိုယ့်တဏှာနဲ့ ကိုယ့်ခန္ဓာဆက်ရင် ဥပါဒါ နက္ခန္ဓာ၊ (တင်ပါ့ ဘုရား)။

ကိုယ့်သားသမီးခန္ဓာနဲ့ ကိုယ့်တဏှာနဲ့ သွားဆက် ရင်လည်း ဥပါဒါနက္ခန္ဓာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပါဒါနက္ခန္ဓာဆိုတော့ကို ဒီနေရာမှာ သတိထားရမှာ။ ဥပါဒါနက္ခန္ဓာဖြစ်လို့ရှိရင်ဖြင့်တဲ့၊ တဏှာနဲ့ သွားပြီး ခင်လိုက်တော့၊ ဟိုကဥပါဒါနက္ခန္ဓာက ဒုက္ခသစ္စာ၊ ဒီက သမုဒယ သစ္စာ (တင်ပါ ဘုရား) ဟိုက နှိပ်စက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ကို ဘေးမဲ့နေတဲ့ ပုဂ္ဂိုလ်က ဘေးရှာတာ၊ ဘယ့်နှယ်ဆိုကြမတုံး (ဘေးမဲ့နေတဲ့ ပုဂ္ဂိုလ်က ဘေးရှာတာ ပါ ဘုရား) အဲဥပါဒါနက္ခန္ဓာ သွားရောလို့ ရှိရင် ဘေးမဲ့က ဘေးထဲတိုးလိုက်တာ၊ မရောပဲ နေလို့ ရှိရင်ဖြင့် ဘေးမဲ့ ဘေးမဲ့ပဲလို့ မှတ်လိုက်စမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)

စိတ်သွားကတစ်မျိုး

အဲတော့ ဒကာ ဒကာမတွေက ဘေးကင်း ရန်ကင်း များ ဖြစ်ချင်လိုက်တာ လာသေးသူတို့က ဘေးကင်းရန်ကင်း ဖြစ်ချင်တယ်တဲ့၊ စိတ်သွားကတစ်မျိုးကွ၊ အလုပ်သွားက – တစ်ဖုံကွ၊ စိတ်သွားက (တစ်မျိုးပါ ဘုရား) အလုပ်သွားက (တစ်ဖုံပါ ဘုရား) အမယ်လေးကြား၊ မကြားဘူးပါလား။

စိတ်သွားကတော့ ဘေးကင်းရန်ကင်း ဖြစ်ချင်လိုက် တာ၊ အလုပ်သွားတော့ ဘေးသွားပြီး တွဲတာပဲ၊ ပူစရာ ရှိအတူတူ ပြောပါလား၊ ကုန်ကုန်စင်စင် အလကား တစ်ယောက် သွားပေးလိုက်စမ်း ဆို ဘယ်နှယ့်လုပ်မတုံး၊ ဘယ်သူ ဘာတတ်နိုင်မှာတုံး၊ ပူစရာရှိ အတူတူဆိုတော့ ဒါဘေးထဲ တိုးတာ ဟုတ် မဟုတ် မောင်ချစ်ဆွေ (ဟုတ်ပါတယ် ဘုရား)။

“ကိုချစ်ဆွေကြည့်ရတာ မှိုင်တိုင်တိုင်နဲ့ ပျော်မည့်ပုံကို မရှိဘူး၊ လင်နဲ့မယားပဲ၊ ဒီပြင် ဘယ်သူ ရှိသေးသတုံး” အစရှိ သည်နဲ့ နာအောင်တောင် ပြောလိုက်သေးတယ် (တင်ပါ့ ဘုရား) ဒါဘေးထဲ တိုးလိုက်တာကိုကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ စကားပြောပေမဲ့၊ ဒီ ဒကာ ဒကာမတွေ ပြော တာက ဘေးထဲ တိုးချင်တဲ့ အသံက တစ်မျိုး၊ ဘေးလုပ်ချင်တယ် လို့ပြောတာကတစ်မျိုး၊ ဘယ်ဟာ ယုံရမှာလည်း မသိဘူးကွ၊ ဘေးထဲ မတိုးပါနဲ့ ဘယ်နှယ့်နေတုံးကွ (မနေနိုင်ပါ ဘုရား) မတိုးပဲလည်းမနေနိုင်၊ ဘေးကြိုက်ရင် ဒါတွေက တိုးပြန်တယ်

အရူးက ဆေးဘက်လှည့်ရမဲ့ အရူးမျိုးထဲပါဝင် သွားတယ် (တင်ပါ ဘုရား) ဒါကြောင့် ဘုရား အဆူဆူလွဲတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား) ပေါ်သွားပြီပေါ်သွားပြီ။

တော်တော် အမေးကောင်းတဲ့ ရဟန်းပဲကွ၊ တော်တော်အပေးကောင်းတဲ့ ရဟန်းပဲဆိုတာလည်း အစ်မတို့ သေချာသွားတယ်နော် (သေချာပါတယ် ဘုရား) တခြားစီ လား၊ တခြားစီလည်းမဟုတ်၊ အတူတူလား အတူတူလည်း မဟုတ်ဘူးကွ (တင်ပါ ဘုရား)။

တခြားစီလည်း မဟုတ်ဘူးတဲ့၊ အတူတူလည်း မဟုတ်ဘူးတဲ့၊ သွားတိုးတဲ့ ပုဂ္ဂိုလ်ကျတော့ ဥပါဒါနက္ခန္ဓာ ဖြစ်တယ်ကွ၊ မတိုးတဲ့ပုဂ္ဂိုလ်ကျတော့၊ အနုပါဒါနက္ခန္ဓာ ဖြစ်တယ် ဆိုတော့ သူ့ဟာ ရှင်းနေပြီပေါ့ (ရှင်းပါပြီ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။

မီးသတ်သမားလိုမီးဆီသွားတယ်

အဲတော့ကို လောကကြီးက ဘယ်လိုဖြစ်နေတုံးဆို တော့ မီး၊ မီးတဲ့ဆိုလို့ရှိရင် ဒကာ ဒကာမတွေက မီးသတ်သ မားတွေ ကျနေတယ်၊ မီး မီး ဆိုလို့ရှိရင် သူတို့ ရှေ့က ပြေးချင် တယ်၊ သူ့များရှေ့က ကန့်လန့်လုပ်နေရင် သူတို့တိုက်ပစ်မယ်၊

မီးဆီ အရင်ပြေးတာကို၊ ဟ! ဘာဖြစ်လို့ မင်းအပြေးသန်တာ တုံး မီးရှောင်တာလား၊ မီးထဲတိုးမှာလား လို့မေးရင် ဘယ့်နှယ့် ဖြေကြမတုံး (မီးထဲတိုးတာပါ ဘုရား)။

မတွေ့မှာစိုးလို့ ရှေ့ ကားတွေကို တစ်ခါတည်း ဟွန်းတီးချက်ပေးပြီး လမ်းတွေ့တိုက် (တင်ပါ ဘုရား)။

ဒီဒကာ ဒကာမတွေ အကြောင်းရှိလို့ပြေးလာတဲ့ အ ချိန်မှာလည်း လမ်းခလုပ်တိုက်တာ ဒါပဲကွ (မှန်ပါ ဘုရား) မီးဆီ ပြေးတာကျုပ်က မြင်ရမှကျေနပ်တာနော် ဘယ်လိုမှစိတ်မရှိနဲ့ (တင်ပါ ဘုရား) တိုက်ခဲ့တာပေါ့ကွာ (တင်ပါ ဘုရား)။

အဲဒီကျအောင်တစ်ခါတည်း ဥပါဒါနက္ခန္ဓာက ဒကာ ဒကာမတွေကိုဥပါဒါနက္ခန္ဓာကြိုက်နေတာ အလွန်သေချာ သွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နတ်ပြည်ဗြဟ္မာပြည်ဆုတောင်း

ဒါဖြင့် နတ်ပြည် ဆုတောင်း၊ ဗြဟ္မာပြည် ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ၊ ဪ ဥပါဒါနက္ခန္ဓာ ကြိုက်တာပဲ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာကြိုက်တာတုံး (ဥပါဒါနက္ခန္ဓာ ကြိုက်တာ ပါ ဘုရား) ဥပါဒါနက္ခန္ဓာကို ကြိုက်တယ် (တင်ပါ) ဥပါဒါန်နဲ့ ခန္ဓာနဲ့ တွဲချင်တယ်ကွ၊ ဥပါဒါန်ဆိုတဲ့ တဏှာနဲ့ ခန္ဓာနဲ့ဟာ သားတွဲချင်တယ်၊ သဘောကျပလား (သဘောကျပါပြီ)

ဒါဖြင့် ဥပါဒါနက္ခန္ဓာဖြစ်နေလို့ရှိရင် နိဗ္ဗာန်မရနိုင်ဘူး၊ အနုပါဒါနက္ခန္ဓာဖြစ်မှ နိဗ္ဗာန်ကလည်းရမှာ (တင်ပါ ဘုရား) ဥပါဒါန်နဲ့ခန္ဓာနဲ့သာ နေကြတော့မယ်။

ဥပါဒါနက္ခန္ဓာနဲ့ သာနေကြတော့မယ်ဆိုလို့ရှိရင် နိဗ္ဗာန်မရနိုင်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား) အနူပါဒါ နက္ခန္ဓာနဲ့နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ နိဗ္ဗာန်ရတယ်၊ သော် တယ် ထူးခြားပါလား (ထူးခြား ပါတယ် ဘုရား) ထူးခြားတယ် နော်။

အဲတော့ ကိုယ့်ဖြစ်စဉ်လေးပေါ်တိုင်း ပေါ်တိုင်း လည်း၊ ဒီဟာလေးတွေက ဥပါဒါနက္ခန္ဓာ ဖြစ်တော့မလို့လား၊ နိဗ္ဗာန်မရတဲ့ ခန္ဓာဖြစ်တော့မလို့လား၊ နိဗ္ဗာန် ရတဲ့ခန္ဓာဖြစ်တော့မလို့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးများလည်း ထုတ်ကြပါဦး သတိပေးရတယ်၊ မပေးထိုက်ဘူးလား (ပေးထိုက်ပါတယ် ဘုရား)၊ အခု အရမ်းတိုးလာတယ်။ ဘယ့်နှယ့်ကြောင့် ဒီလောက်ဖြစ်ရတာတုံး၊ ဥပါဒါနက္ခန္ဓာ ဖြစ်ချင်လို့ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်တားမြစ်တဲ့ ခန္ဓာ

စွဲလမ်းတာလည်း ဘာဖြစ်ချင်လို့ပါလိမ့် (ဥပါဒါ နက္ခန္ဓာဖြစ်ချင်လို့ပါ ဘုရား) ဥပါဒါနက္ခန္ဓာ ဆိုတဲ့ ဥစ္စာသည် နိဗ္ဗာန်တားမြစ်တဲ့ ခန္ဓာ (တင်ပါ့ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

အနုပါဒါနက္ခန္ဓာသည် နိဗ္ဗာန်ကို ကျေးဇူးပြုတဲ့ခန္ဓာ (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဥပါဒါနက္ခန္ဓာ က (နိဗ္ဗာန်တားမြစ်တဲ့ခန္ဓာ) တားမြစ်တဲ့ခန္ဓာ၊ အနုပါဒါ နက္ခန္ဓာက (နိဗ္ဗာန်ကျေးဇူးပြုတဲ့ ခန္ဓာ) ရောက်အောင်ပို့တယ် (တင်ပါ ဘုရား)။။

မစွဲလမ်းတော့ သူ့ သင်္ခါရေ ပရတော ပဿဆိုတာ ဪ ဒါတစိမ်းတွေပဲ ပြင်ပတွေပဲလို့ ရှုလိုက်တော့၊ အင်း ဥပါဒါန် ချုပ်သွားတာပေါ့ (တင်ပါ ဘုရား) ချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) သင်္ခါရေ-သင်္ခါရဖြစ်တဲ့ ရုပ်နာမ်ဓမ္မတို့၊ ပရတော-သူစိမ်းပြင်ပအားဖြင့်၊ ပဿ-ရှုပါကွာ၊ ဒါကျတော့ အနုပါဒါနက္ခန္ဓာ သွားဖြစ်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနှစ်လုံးဟာ အနေမတတ် အထိုင်မတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်၊ အခက်ကြီး ခက်တော့မှာပဲဆိုတာ ပေါ်လာတယ်၊ မင်းတို့ နေတတ်ထိုင်တတ်ဖို့ကို မလွယ်သေး ဘူး (မလွယ်ပါဘူး ဘုရား) ရှင်း လား (ရှင်းပါပြီ ဘုရား) သူများတောင် သင်လိုက်သေးတယ်။

ညည်းတို့က ကိုယ့်သားသမီး တိရစ္ဆာန်လိုနေတာကို ဥပါဒါန်မှ မဖြစ်ပဲကို၊ အောင်မာ သူကတောင် ပြန်ဟောလိုက် သေး၊ အင်း သားသမီးက ဝေဒနာရနေတယ်၊ အမေက အလုပ် အကိုင် မပျက်လို့ရှိရင်၊ ဪ လူရယ်လို့ဆို၊ လူ့ပြည်လာပြီး လူဘောင် မဆိုလိုက်ချင်ဘူး၊ ဖြတ်လိုက်တာ လူ့တိရစ္ဆာန်လို့ ကျုပ်ဖြင့် ဆိုချင်တာပဲ ဒါ ဥပါဒါန် မဖြစ်လို့ (တင်ပါ ဘုရား)။

မှားလိုက်တဲ့ဖြစ်ခြင်း

ဥပါဒါနက္ခန္ဓာဖြစ်နေတဲ့ ပုဂ္ဂိုလ်ကျတော့ တော်တယ် တော်တယ်၊ မွေးလည်း မွေးတတ် တယ်၊ ကျွေးလည်း ကျွေးတတ်တယ်၊ အပါယ်သွားမဲ့လူကျတော့ (မြှောက်ပေး တယ်) ချီးမွမ်းတယ်၊ အပါယ်မသွားမဲ့ လူကျတော့ ကဲ့ရဲ့တယ်၊ မှားလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဒါ ဉာဏ်စခန်းတွေ ဉာဏ်စခန်းတွေဆိုတာ မောင်ချစ်ဆွေ ပေါ်ပလားကွ။

ကိုယ် ကဲ့ရဲ့တဲ့အထဲက ကဲ့ရဲ့တဲ့သူက ပိုမိုက်နေတာ မသိဘူး၊ သူလိမ္မာတယ်လို့ ထင်ပြီးတော့ ကိုယ်မိုက်တာ မသိဘူး၊ သူများလိမ္မာနေတာကို ကိုယ်ကမိုက်တယ်။ မိုက်တဲ့လူက ဂုဏ်ယူနေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မိုက်တဲ့လူက (ဂုဏ်ယူနေပါတယ် ဘုရား) ပြောတဲ့ လူက မိုက်တယ်၊ ဟိုပစ်ထားတဲ့လူက ဒီလောက် မိုက်တာ မဟုတ်ဘူး၊ (မှန်ပါ ဘုရား)။

လောကကြီးထဲမှာ ဘယ်လိုလူများပါလိမ့်

ဒါဖြင့်တဲ့ လောကကြီးထဲမှာဖြင့် ဘယ်လိုလူများပါ လိမ့်မတုံးလို့ စစ်တမ်းထုတ်ပါဦးနော်။

ဥပါဒါနက္ခန္ဓာသမားကို ဝိုင်းလက်ခုပ်တီးကြတယ် (တင်ပါ) တော်တယ်တော်တယ်၊ မွေးလိုက် ကျွေးလိုက်၊ ပြုလိုက်စုလိုက်၊ အနုပါဒါနက္ခန္ဓာ သမားကို တောကြို တောင်ကြား ထားပြီးသကာလ လူရာမဝင်တဲ့ အဓိပ္ပါယ်မျိုး သုံးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အလွန်လွဲနေပါပေါ့လား (တင်ပါ လွဲပါတယ် ဘု ရား) လောကကြီးကလေ (တင်ပါဘု ရား) ဒါဖြင့် ဥပါဒါနက္ခန္ဓာနဲ့ အနုပါဒါနက္ခန္ဓာ၊ သူမကွဲတာကိုကွ (မကွဲပါ ဘုရား)။

အမိုက်ကအလိမ္မာလုပ်လာတယ်

မကွဲလို့ ဒီအဓိပ္ပါယ်တွေ ဒီလောက်တောင် အမိုက်က အလိမ္မာလုပ်လာတာ (တင်ပါ ဘုရား) အမိုက်က (အလိမ္မာ လုပ်လာတာပါ ဘုရား) အမိုက်က အလိမ္မာလုပ်လာတယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ကိုယ်မိုက်တာတောင်မှ မသိသေးလို့ ရှိရင်ဖြင့် အရူးအနာပေါက်သလို ဖြစ်နေပြီဟေ့၊ ပုံတော့ ရိုင်းပြီပေါ့ကွာ (တင်ပါ ဘုရား) အရူး အနာပေါက်နေတာ အညှာထဲမှာ နေပြီး သကာလ၊ နေပူထဲသွားပြီး အချဉ်ချည်း စားလာခဲ့တယ်၊ အရူးအနာပေါက်တာ၊ အညှာထဲသွားကွာ၊

နေပူထဲရှောက်သွားကွာ၊ အချဉ်တွေစားကွာ၊ ဘာဖြစ်လို့တုံး၊ မတည့်တာတွေချည်း လုပ်နေ။

ဒီမှာလည်း ဥပါဒါနက္ခန္ဓာသမားဟာ မတည့်တာ လုပ်နေတဲ့ အရူးကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘုန်းကြီး သာသာနဲ့နာနာ ပြောနေတယ်လို့ ဒီလို မယူပါနဲ့၊ ကိုယ့်ဖြစ်စဉ် က ဒီအတိုင်းလာတာ (တင်ပါ) အရူးအနာပေါက်တာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အရူး အနာပေါက်တော့ကို မတည့်တာစားကွာ၊ နေပူထဲ သွားကွာ (အချဉ်စားတယ်) အဲ အချဉ်စားတယ် ဆိုတော့ ဘေးကနေ ကြည့်တဲ့ပုဂ္ဂိုလ်ကတော့ သိတယ်၊ စိတ်ပြန့်လွင့်နေတဲ့ ပုဂ္ဂိုလ်များအတွက် ဟောပြောလို့လည်း ရမှာမဟုတ်တော့၊ ဒီလိုများဖြစ်ရမှာ ကြောက်ပါရဲ့၊ သူက ကောင်းနေတဲ့ အချိန် ဒါပြောတာပဲကွ။

အပယ်ကျဖို့ချည့်ကြံတာ

ဥပါဒါနက္ခန္ဓာဖြစ်တဲ့တစ်နေ့ကျတော့ တော်မသိ ပါဘူး၊ ဆရာမသိပါဘူး၊ ကျုပ်သာသိတယ်၊ လာကုန်ပြီကွာ (လာပါတယ် ဘုရား) ဥပါဒါနက္ခန္ဓာလေ၊ အရူးအနာရ ပကောကွ (မှန်ပါ) အရူးအနာ ရတော့ မတည့်တာဟူသ၍ သူ့ပစ္စည်းချည်းပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မတည့်တာဟူသ၍ (သူ့ပစ္စည်းချည်းပါ ဘုရား) အင်း သေခြင်းဆိုးဖို့ချည်း ကြံတာပဲဟေ့၊ အပါယ်လေးပါးကျဖို့ချည်း ကြံတာပဲဟေ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား) ဒါ ဆုံးမတယ်ဆိုလည်း ဟုတ်တာပဲ၊ ဖြစ်စဉ် မကိုက်ဘူးလားလို့ မေးပြန်လည်း (ကိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အမလေး အတော်ပြောတဲ့ ဘုန်းကြီးလို့လည်း မအောက်မေ့ပါနဲ့တဲ့၊ ဖြစ်စဉ်ကိုက်တွေပါ။

အတော်ဆိုးဝါးနေတာကွ၊ ဘေးလူတွေ အကုန် အပုတ်ချ (တင်ပါ) ဘေးကလူတွေ အကုန်အပုတ်ချတော့ အနုပါဒါနက္ခန္ဓာသမားဆိုရင် မလာခဲ့နဲ့၊ ဥပါဒါနက္ခန္ဓာ သမားချင်းဆို ခေါင်းငြိမ့်လိုက်တယ် (တင်ပါ)။။

ရှင့်သားလေးတုန်းက ဘယ်လို၊ ရှင့်သမီးလေးတုန်းက ဘယ်လို၊ ဘာနဲ့ပျောက်တယ် ဘယ်လို၊ ဒီလိုအခြေအနေမျိုး မှာ အမေမိဘက ဒီနေရာပေးပြီး နေရတယ် အစရှိသည်နဲ့ တစ်ခါတည်း ဥပါဒါနက္ခန္ဓာ သဘောကို ကြီးသထက် ကြီးအောင် သင်ချလိုက်တာ။

တော်တော်သေးတယ် မိတ်ကောင်းတွေ့ပေလို့ဆိုပြီး ဝမ်းများသာလိုက်သေးတယ် (တင်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ရိပ်မိပြီ၊ လောကကြီးအစ်မရေ ဒီအတော် ခက်တယ်ဆိုတဲ့ ဥစ္စာက၊ တကယ်သိတဲ့ ပုဂ္ဂိုလ်ကပြောမှ၊ အရူးအနာရတာ ကိုယ့်ဟာကို ပေါ်လာတယ် (မှန်ပါတယ် ဘုရား)။

လူ့တိရစ္ဆာန်တွေတဲ့

ကိုယ့်ဟာကိုတော့ မပေါ်ဘူး၊ သူများတောင် အပုတ် ချပါတယ် ဆိုပဲ (တင်ပါ ဘုရား) အနုပါဒါနက္ခန္ဓာ သမားဆို မလာခဲ့နဲ့ပေါ့၊ မဟုတ်ဘူးလား (မှန်ပါတယ် ဘုရား) အနုပါဒါနက္ခန္ဓာ သမား ဆိုရင် မလာခဲ့နဲ့၊ လူ့တိရစ္ဆာန်လို့ သုံးပစ် လိုက်တယ် (တင်ပါ ဘုရား) ရဟန္တာတွေများ လူ့တိရစ္ဆာန်လို့ သုံးပစ်လိုက်တယ်။

ရဟန္တာတွေက အနုပါဒါနက္ခန္ဓာသမားတွေကိုကွ၊ သူတို့ခန္ဓာသူတို့ မစွဲတော့ဘူး၊ အဲဒါကျတော့ မလာခဲ့နဲ့။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘုရားကျတော့ အနုပါ ဒါနက္ခန္ဓာသမား (တင်ပါ) မလာခဲ့နဲ့၊ ဒီကျအောင် သူက ကန်ထုတ်တာ၊ ဥပါဒါနက္ခန္ဓာ ဘယ်လောက်ကြီးတယ်ဆိုတာ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

စကားတတ်လို့ ပြောတာလား၊ ဖြစ်စဉ်ကိုက်လို့ ပြောတာလားလည်း အကဲခတ်ပါဦး (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဆိုးဝါးတယ်ကွ (ဆိုးပါတယ် ဘုရား) အဲတော့ ခုနင်က ရဟန်းဖြေတာ၊ ရဟန်းက ဥပါဒါန်နဲ့ ခန္ဓာဟာ အတူတူပဲလား ဘုရားတဲ့၊ အတူတူတော့ မဟုတ်ဘူးကွ၊ တခြားစီလည်း မဟုတ်ဘူးကွ၊ သူက ဖြေထားတာကြည့်လေ၊ (တင်ပါ ဘုရား)။

ဥပါဒါန်နဲ့ခန္ဓာအတူတူပဲလား

ဥပါဒါန်နဲ့ ခန္ဓာဆိုတာ အတူတူပဲလားလို့ မေးတဲ့ အခါ၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီ ပုဂ္ဂိုလ်ကလည်း ရှိနေ သေးတာကို (မှန်ပါ ဘုရား) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

တခြားစီ ပုဂ္ဂိုလ်တွေက ရှိတယ်တဲ့၊ တွဲနေတဲ့ ပုဂ္ဂိုလ် ကလည်း ရှိတယ် (ရှိပါတယ် ဘုရား) အဲတော့ ငါ တခြားစီ လို့လည်း မဆိုနိုင်ဘူး၊ အတူတူလို့လည်း မဆိုနိုင်ဘူးကွ၊ သဘောပါကြပလား (သဘောပါပါပြီ ဘုရား)။။

ဒါဖြင့် လောကကြီးထဲမှာ ဘာနှိပ်စက်နေတယ် ဆိုတာ ပေါ်တော့ ဥပါဒါန် နှိပ်စက်နေတယ် (တင်ပါ) သူကလည်း သမုဒယသစ္စာကို အာယူဟနဋ္ဌော – ဒုက္ခ မှုတွေကို စုဆောင်းကျွေးမွေးရမှ ကျေနပ်တာ (တင်ပါ) ပေါ် ပလား (ပေါ်ပါတယ် ဘုရား)။

ဒုက္ခဝတ္ထုဒုက္ခမှုတို့ကို (စုဆောင်းကျွေးမွေးရမှ ကျေနပ်တာ) ဒုက္ခဝတ္ထုလေး ပွေ့ထားမယ်၊ ဒုက္ခမှုလေး ဆေးရှာမယ် သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ဒုက္ခ ဝတ္ထုလေးကို လည်း မျက်စိအောက်က အပျောက်မခံနိုင်ဘူး၊ ဒုက္ခမှုတွေကိုလည်း ကျင်ကြီး ကျင်ငယ် ကစပြီးသကာလ တစ်ခါတည်း ညည်းနိုင်တယ် (ညည်းပါ တယ် ဘုရား) ဝမ်းမကောင်းဘူးလား ကောင်းသလားဆိုတာ အဲဒါဒုက္ခဝတ္ထုဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတာ ဥပါဒါ နက္ခန္ဓာ သမားက ဒီလောက် အရုပ်ဆိုးပါတယ်၊ ပေါ်ပလား (ပေါ်ပါတယ် ဘုရား) ပေါ်ပြီကွ။

မစွဲလမ်းတဲ့ပုဂ္ဂိုလ်မှာ ဥပါဒါန်မရှိဘူး

ဒါကြောင့် ဥပါဒါန်နဲ့ခန္ဓာနဲ့ဟာ တခြားစီလား အတူတူလားလို့ မေးတဲ့အခါကျတော့ ဘုရားက မဟုတ် ဘူးကွ၊ စွဲလမ်းတဲ့ပုဂ္ဂိုလ်ကျတော့ ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်။ မစွဲလမ်းတဲ့ပုဂ္ဂိုလ်ကျတော့ သူက ခန္ဓာသာရှိတယ် ဥပါဒါန် မရှိကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ခုနင်ကပြောခဲ့တယ်၊ ကြိုးနဲ့နွားကတစ်မျိုး၊ ကြိုးရှိတဲ့နွားကတစ်မျိုး၊ ကြိုးမရှိတဲ့နွားက တစ်မျိုးတဲ့၊ ကြိုးမရှိတဲ့နွားသည် ဘေးမဲ့၊ ကြိုးရှိတဲ့နွားသည် ဘေးရှိ၊ တော်ကြာ ခေါ်ခိုင်းတော့မှာကို သဘောပါပလား (သဘော ပါပါပြီ ဘုရား)။

ဒါဖြင့် ကျေနပ်ပါပြီဗျာ တဲ့၊ လောကကြီးထဲ တော့ဖြင့် ဥပါဒါနက္ခန္ဓာသမားတွေက လူလိမ္မာ လုပ်ကြမှာပဲ၊ မင်းဒီစကား သိပ်ကြီးတယ် (သိပ်ကြီးပါတယ် ဘုရား) ဥပါဒါ နက္ခန္ဓာသမားက လူလိမ္မာလုပ်နေတာ၊ အခုလုပ်နေကြတာ (တင်ပါ ဘုရား)။

ဥပါဒါနက္ခန္ဓာသမားက လူလိမ္မာလုပ်နေတာ

ဟာက လူလိမ္မာလုပ်နေတာတုံး (ဥပါဒါနက္ခန္ဓာ သမားက လူလိမ္မာလုပ်နေတာပါ) အနုပါဒါန က္ခန္ဓာသမား ဆိုရင် အနားမကပ်ခဲ့နဲ့၊ လူအများစု အနားမကပ်ခဲ့နဲ့၊ နေနိုင် တဲ့လူဟာ နေနေနိုင် လွန်းတယ် ဆိုပြီးသကာလ ကျုပ်များ ဒီနေ့ ဆရာဝန်ခေါ်မယ် ဆိုမှ အဓိပ္ပါယ်မေးကြတယ်။

ဥပမာ သွားရမဲ့ ပုဂ္ဂိုလ်က ခပ်ထိုင်းထိုင်း၊ အေးစက် စက်လုပ်နေမယ်၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်က ညတွင်းချင်း သွားမယ်ဆိုတာ ရှိသေးလား (ရှိပါတယ် ဘုရား) ရှိတယ် ဥပါဒါနက္ခန္ဓာကိုကွ ဥပါဒါနက္ခန္ဓာ သမားကတော့ ဒုက္ခမဖြစ် ရရင် (မနေနိုင်ဘူး ဘုရား) မနေနိုင်ဘူး။

သူက ဒုက္ခဝတ္ထု ဒုက္ခမှုနဲ့ တွဲနေရမှ (တင်ပါ ဘုရား) ကျေနပ်တာကိုကွ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

အဲတော့ကို နောက်ဖေးက ထွက်သလို ဖြစ်နေ တယ်ကွ၊ အလျားဖြောင့်နေရမှ သူ့ဟာက ကျေနပ်တာ၊ နောက်ဖေးက ထွက်တဲ့ပုဂ္ဂိုလ်က ထွက်ချင်တော့ အရမ်းပဲ ခြေကန်တိုးတာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒီမှာ လက်အငြိမ်နေရရင်ကို (မနေနိုင်ဘူး) မနေနိုင်ဘူး ဘာဖြစ် ဖြစ် လှုပ်ရမှာပဲ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဒီမှာလည်း ဒုက္ခနဲ့ ခွဲနေလို့ရှိရင် (မနေနိုင်ပါဘူး) မနေနိုင်ဘူး၊ ဒုက္ခကြီးနဲ့ နေရလို့ ရှိရင်ဖြင့် မအားအောင် နေရလို့ရှိရင်ဖြင့် (ကြိုက်ပါတယ်) ကျေနပ်တယ်၊ ချက်ကျွေး လိုက်၊ ပြုတ်ကျွေးလိုက်၊ ခေါင်းလေးစမ်းကြည့်လိုက်၊ ရေလေး ချိုးပေးလိုက်၊ အဝတ်ကလေးချုပ်ပေးလိုက်။

သူ့မျက်နှာလေး ကြည့်ပြီး ပြုံးလိုက်၊ တစ်ခါတလေ မဲ့လိုက်ဆို၊ အိုဝတ္တရား များ ကျေတယ်များ အောက်မေ့ နေသေးတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားကဖြေတော်မူတယ်

ဒုက္ခဝတ္ထုဒုက္ခမှု စုဆောင်းဆည်းပူးတာက ဥပါဒါန် ကိုကွ၊ ကဲ ရဟန်းမေးတာကော ဘုရား ဖြေတာ ကော အဖြေ တည့်ပလား (တည့်ပါပြီ ဘုရား)။။

အချို့ အတူတူလား ဆိုတော့ အတူတူလည်း ငါမဆို ဘူးကွ၊ ခွဲနေသလားဆိုတော့ ခွဲတယ်လို့လဲ မဆိုဘူးကွ၊ နွားနဲ့ ကြိုးလိုပဲကွ ဟုတ်လား (တင်ပါ ဘုရား)။

အင်း တချို့ကလည်း ကြိုးနဲ့နွားရှိတယ်ကွ၊ တချို့ လည်း ကြိုးမပါတဲ့နွား ရှိတယ်ကွ (တင်ပါ ဘုရား) ကြိုးနဲ့ နွား ဆိုရင် ဘေးသင့်တာပဲကွ၊ သွားချင်တဲ့ဆီမှ မသွားရပဲကွ၊ ကြိုးမရှိတဲ့နွားဆိုရင် သွားချင်တဲ့ဆီ သွားလို့ မရဘူးလား (ရပါတယ် ဘုရား)။

အဲတော့ကို ဒကာ ဒကာမတွေက ကျေနပ်တာ ကလည်း ကြိုးတပ်ထားတဲ့ နွားအဖြစ်မျိုးမှ ဥပါဒါန်နဲ့ ခန္ဓာနဲ့ တွဲပြီးနေရမှ (တင်ပါ ဘုရား) ကြိုးနဲ့နွားနဲ့ တွဲနေရမှ ထမ်းပိုး ထဲ မြန်မြန်ဝင်ရမှာကိုကွ၊ လှည်းထမ်းပိုးထဲ ဒါမှ ရုန်းရမှာကို (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်ဖြင့် ဝန်ချချင်လှပြီလို့ ပြောသလား ရုန်းချင်လှပြီလို့ အဓိပ္ပါယ်က ရနေသလား (ရုန်းချင်လှပြီလို့ အဓိပ္ပာယ် ရနေပါတယ် ဘုရား) အတော်ဆိုးတဲ့ တရား (မှန်လည်း မှန်ပါဘုရား၊ ဆိုးလည်းဆိုပါတယ် ဘုရား)။

ဒါဖြင့် ဘုရားတဲ့ တပည့်တော် ကျေနပ်ပါပြီတဲ့ ရဟန်းကြီးက၊ ရဟန္တာကြီးက ကျေနပ်ပါပြီတဲ့၊ ဥပါဒါနက္ခန္ဓာ ဟာ အတူတူလည်း မဟုတ်ဘူး၊ တခြားစီလည်း မဟုတ်ဘူးကွ ဆိုတာ တပည့်တော် အင်မတန် ကျေနပ်လို့ သာဓုသာဓုပါ ဘုရားလို့ ဖြေလိုက်တယ်။

ခန္ဓာအမျိုးမျိုးရှိကြတယ်

နောက်တစ်ခါ မေးပရစေဦး ဘုရားတဲ့၊ ခန္ဓာဟာ အတူတူပဲလား၊ ခန္ဓာသည် ဘယ်နှစ်မျိုး လောက်သာ ပြားပါလိမ့်မလဲ၊ အို ခန္ဓာပြားတာတော့ မပြောနဲ့ဟေ့ အများကြီးပြားနေတယ် (တင်ပါ ဘုရား)။

တချို့က လူခန္ဓာဖြစ်ချင်တယ်၊ တချို့က နတ်ခန္ဓာ ဖြစ်ချင်တယ်၊ အနာဂတ်မှာ (တင်ပါ) တချို့ကလည်း ထွားထွားကြီးဖြစ်ချင်တယ်၊ တချို့ကလည်း ပုပုကွကွလေး ဖြစ်ချင်တယ်၊ တချို့ကလည်း အရွယ်တော်လေး ဖြစ်ချင် တယ်၊ ခန္ဓာတွေက အမျိုးမျိုး ဖြစ်ချင်တယ်၊ အဲဒါကြောင့် ခန္ဓာဟာလည်း တစ်မျိုးထဲတော့ မယူနဲ့ဟေ့တဲ့၊ ခန္ဓာ၏ အမည်ဟာ အမျိုးမျိုးရှိတယ်။

အပု၊ အရှည်၊ အဝိုင်း၊ အမျိုးမျိုးရှိတယ်၊ ဒါကြောင့် တိရစ္ဆာန်လေးတွေကျတော့ ဒီက ခိုလေးတွေက တစ်မျိုး၊ ဟိုအိမ်က ခိုကလေးတွေကျတော့ (တစ်မျိုးပါ ဘုရား) သူတို့ ကြိုက်သလို သူတို့ ဆုတောင်းလာခဲ့တာ၊ ပြင်ရတာ မဟုတ်တော့ ဒါမွေးကတည်းက ပါလာတာပဲ (တင်ပါ) သဘောပါ ပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာသည်ကားလို့ဆိုရင် အမျိုးမျိုးရှိတယ်ဆို တာလည်း အသွင်အပြင်ကို ပြောတာ (တင်ပါ ဘုရား) အရင်း ကြည့်တော့လည်း ငါးပါးပါပဲ၊ အသွင်အပြင်တော့ဖြင့် အမျိုးမျိုးရှိတယ် (တင်ပါ ဘုရား)။

ဒါဖြင့် ဘုရားတဲ့ ကျေနပ်ပါပြီဘုရား၊ ခန္ဓာဆိုတာ အမျိုးမျိုးရှိတယ်ဆိုတာ တပည့်တော် ကျေနပ်ပါပြီတဲ့။

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ

သက္ကာယဒိဋ္ဌိဆိုတာ ပြောစမ်းပါဦး (တင်ပါ ဘုရား) သက္ကာယဒိဋ္ဌိဆိုတာ ပြောစမ်းပါဦးဘုရား၊ အိုကွာ မနေ့က ပြောတဲ့ အတိုင်းပေါ့ကွတဲ့၊ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ် သက္ကာယဒိဋ္ဌိပေါ့ကွ၊ သူတော်ကောင်း မဆည်းကပ်တဲ့ ပုဂ္ဂိုလ် ခန္ဓာကြည့်လိုက်ရင် သက္ကာယဒိဋ္ဌိဖြစ်တာပဲ (တင်ပါ)။

အရိယာတို့၏ တပည့်သားလည်း ဖြစ်မယ်၊ အကြား အမြင်လည်းရှိမယ်၊ သူတော်ကောင်းတို့၏ တရားကို ကြားနာရတဲ့ ပုဂ္ဂိုလ်ကျတော့လည်း သက္ကာယဒိဋ္ဌိ မဖြစ်ပါဘူးကွ၊ သက္ကာယဒိဋ္ဌိ အမျိုးမျိုး ရှိတယ်လို့ ဒီလို မယူပါနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းနဲ့ မပေါင်းတဲ့ပုဂ္ဂိုလ်ကဖြင့် ခန္ဓာကို ငါထင်တယ်ကွ၊ သဘောပါ ပါလား (သဘောပါပါပြီ ဘုရား)

ရူပံ အတ္တာတော သမန္နပဿတိ၊ ကွတဲ့ ရူပံ -ရုပ်ကို၊ အတ္တာ- ငါဟူ၍၊ သမန္နပဿတိ- မှတ်ထင်၏။ အဲဒါ ကျတော့ သက္ကာယဒိဋ္ဌိကွတဲ့။။

ရူပံ အတ္တာတော န သမန္နပဿတိ ရုပ်တွေဟာ ငါမဟုတ် ပါဘူးလို့ ယူတဲ့ ပုဂ္ဂိုလ်ကျတော့၊ အကြားအမြင် ကလည်းရှိ၊ သူတော်ကောင်းဆို နားထောင်ထားပြန်တော့ ဒါကျတော့ သက္ကာယဒိဋ္ဌိ မဖြစ်ဘူးကွတဲ့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သက္ကာယနဲ့ ဒိဋ္ဌိနဲ့ဟာလည်း ခုနင်ကလို ခွဲလိုက်၊ တချို့သက္ကာယပဲ ရှိတယ်၊ ဒိဋ္ဌိမရှိဘူး (တင်ပါ) တချို့ကျတော့ သက္ကာယရော ဒိဋ္ဌိရော ရှိတယ် (တင်ပါ ဘုရား)။

သောတာပန်မှာ သက္ကာယသာရှိတယ်

သောတာပန်များကျတော့ သက္ကာယဆိုတဲ့ ခန္ဓာတော့ ရှိတယ် (ဒိဋ္ဌိမရှိဘူး) ဒိဋ္ဌိမရှိဘူး (တင်ပါ) အစ်မ တို့ကျတော့ သက္ကာယလည်းရှိ၊ (ဒိဋ္ဌိလည်းရှိပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ့်ကြောင့်တုံး ဆိုလို့ရှိရင် အကြားအမြင် မများသေးခင်က ဖြစ်တဲ့အဖြစ်တွေ (တင်ပါ ဘုရား) သဘော ပါကြပလား (သဘောပါပါပြီ ဘုရား) ဒါဖြင့် သက္ကာယနဲ့ ဒိဋ္ဌိဟာလည်း ခုနင်ကလိုပဲ ခွဲရမယ် (မှန်ပါ) ဥပါဒါနက္ခန္ဓာလိုပဲ (တင်ပါ ဘုရား) ဒီအတိုင်းခွဲပါတဲ့။

အကြားအမြင်မရှိရင် သက္ကာယဒိဋ္ဌိရှိတယ်

အကြားအမြင်မရှိ သူတော်ကောင်းမပေါင်းမိတဲ့ ပုဂ္ဂိုလ်မှာဖြင့် သက္ကာယဒိဋ္ဌိဖြစ်တယ် (တင်ပါ) အကြားအမြင် ရှိ၊ သူတော်ကောင်းနဲ့ ပေါင်းပြီးသား ပုဂ္ဂိုလ်များကျတော့ လည်း၊ ငါမဟုတ် ငါ့ဥစ္စာ မဟုတ်ဆိုတာ ရှင်းသွားတယ် (တင်ပါ ဘုရား) အဲဒီကျတော့ သက္ကာယဒိဋ္ဌိမဖြစ်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင် ရပ်ပါဦး။

သာဓု သာဓု သာဓု။

——-

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၂)

အသံဖိုင်ခေါင်းစဉ်= သက္ကာယဒိဋ္ဌိပြုတ်ရေး အလုပ်ပေး

စာအုပ်ခေါင်းစဉ်= သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၂)

အသံမကြည်ပါ။

—–

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သက္ကာယဒိဋ္ဌိဆိုတာ သိပါရစေ (၂)

(ပုဏ္ဏမသုတ်)

(၂၅-၂-၆၂)

မှတ်ချက်။ ။ပုဏ္ဏမသုတ် အဆက်ဖြစ်သော (၂၄-၂-၆၂)ရက်နေ့ ဟောတရားမှာ စာဖိုင်မရှိပါ။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော့ ရဟန်းငါးရာ တစ်ပါးကြွလာကြတယ်။

ကြွလာကြတော့ ပထမပုဂ္ဂိုလ်က ခေါင်းဆောင်က ရဟန္တာ၊ ဟိုဟာတွေက ပုထုဇဉ်တွေပါတဲ့ ငါးရာက၊ အားလုံး ငါးရာ တစ်ပါးရှိပါတယ်။

အဲဒီလို မေးမေး၊ မေးမေးပြီး သကာလ လာလိုက်တာ ဥပါဒါန်နဲ့ ဥပါဒါနက္ခန္ဓာနဲ့ အမျိုးမျိုး မေးတယ် ခန္ဓာဘယ်ဟာကများ ဘယ်လောက်ရှိတုံး ဆိုတာမေးတယ်၊ သက္ကာယ ဒိဋ္ဌိဆိုတာ ဘယ်လိုနေမှ ဖြစ်သတုံးဆိုတာ မေးတယ်။ သက္ကာယဒိဋ္ဌိ ဘယ်လိုလုပ်မှ ချုပ်သတုံးဆိုတာလည်း မေးတယ်။

ဘယ်လို့ရှုတဲ့ပုဂ္ဂိုလ် တဏှာမာနဒိဋ္ဌိချုပ်မလဲ

နောက်ဆုံးပိတ် တစ်နေ့ အမေးက ဘာမေးလိုက်တုံး ဆိုတော့

‘‘ကထံ ပန ဘန္တေ ဇာနတော ပဿတော’’ အဘယ် ကဲ့သို့သိ၊ အဘယ်ကဲ့သို့ရှုတဲ့ ပုဂ္ဂိုလ်များဟာဖြင့် ဤခန္ဓာ ကိုယ်ကြီးဖြစ်တဲ့ တရားတွေပေါ်၌တဲ့ လွန်မြောက်ပြီး သကာလ၊ တဏှာမာန ဒိဋ္ဌိချုပ်ပါလိမ့်မလဲလို့ ဘယ်လိုရှု ဘယ်လိုမှတ်တဲ့ ပုဂ္ဂိုလ်သာလျှင် တဏှာမာနဒိဋ္ဌိ ချုပ်ပါလိမ့် မလဲလို့ ရဟန္တာပုဂ္ဂိုလ်ကမေးတယ်။

ထိုကဲ့သို့ မေးတဲ့ အခါကျတော့၊ ဘု ရားသခင် ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်ရုပ်လည်းကွာ ဖြစ်ပျက်ရှုကွ၊ အတိတ်ရုပ်တွေလည်း ဖြစ်ပျက် သွားကုန်ပြီရှုကွ၊ အနာဂတ် ရုပ်တွေလည်း အထိုက် အတန် ဖြစ်ပျက်ဦးမှာပဲလို့ ရှုလိုက်လို့ ရှိရင်ကွာ တဏှာမာန ဒိဋ္ဌိဟာ ပြုတ်တာပါပဲ။

ငါ့ကိုယ်ငါ့ဟာမဟုတ်ဘူးလို့ ဖြစ်ပျက်ရှု

အတိတ်ကဟာတွေလည်း အကုန်ရှုကွ၊ အကုန် အနတ္တတွေပဲကွ၊ ငါ့ကိုယ်ငါ့ဟာငါ့ဥစ္စာ မဟုတ်ဘူးကွ၊ ပစ္စုပ္ပန် မှာရှိတဲ့ ပေါ်လာတဲ့ ရုပ်နာမ်တွေလည်း ငါ့ကိုယ်၊ ငါ့ဟာ မဟုတ်ဘူး၊ အနတ္တပဲကွ အနာဂတ်ကို အကြောင်းညီညွတ် လို့ ဖြစ်မှာတွေလည်း ငါ့ကိုယ်ငါ့ဟာငါ့ဥစ္စာ မံဟုတ်ပါဘူးကွ၊ အနတ္တတွေပါပဲ။

ဒီလို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုဆိုရင် တဏှာမာန ဒိဋ္ဌိသေတယ်ကွလို့၊ ဟောလိုက်ပါတယ်။

ဟောလိုက်တော့ကို ဒီထဲမှာ ပုထုဇဉ်ရဟန်းတစ်ပါး က ဖောက်လာတယ်၊ ဪ အလုံးစုံ အကုန် အတိတ်က ဟာတွေသာ အကုန်အနတ္တ၊ ပျက်စီးတတ်တာချည်းပဲ၊ ပစ္စုပ္ပန် ဟာတွေလည်း ပျက်စီးတတ်တာတွေပဲ၊ အနာဂတ်လည်း ပျက်စီးမှာချည်းပဲဆိုတော့ သူ့မှာ ဘာမှ အားကိုးစရာ မရှိတော့ဘူး ဖြစ်သွားတယ် (တင်ပါ ဘုရား)။

ဘယ်ဟာမှ အားကိုးစရာမရှိတော့ဘူးဆို ဗွေဖောက် လာတယ်၊ နဂိုကမှ အားကိုးစရာ မရှိတဲ့ ဥစ္စာ သူက ဘုံဘဝက ကျွတ်လွတ်သွားမှာ စိုးတဲ့အတွက် ဘုံဘဝထဲ ပျော်မွေ့နေတဲ့ ပုဂ္ဂိုလ်မို့ အားကိုးရှာတယ်လို့ မှတ်ကြရမယ် (တင်ပါ ဘုရား)။

အနတ္တဆိုရင် ဘာအားကိုးရမှာတုံး

ဘုံဘဝ ပျော်မွေ့တဲ့ပုဂ္ဂိုလ်ကတော့ (အားကိုးရှာပါ တယ် ဘုရား) အလုံးစုံ အနတ္တ ဆိုနေလို့ ရှိရင် ဘာအားကိုးရ မှာတုံး၊ သေသည့်အခြားမဲ့၌ ဘယ်ဟာ အားကိုးရမှာတုံး ဆိုပြီးသကာလ၊ သူ့စိတ်ထဲ အကြံဉာဏ်ဖြစ်တယ်။

အဲတော့ အကြံဉာဏ်ဖြစ်ပြီး သူ့ဟာသူ ဆုံးဖြတ်ချက် ချလိုက်တယ်၊ ငါမဟုတ်သဖြင့် ငါမဟုတ်တဲ့ တရားဆိုတဲ့ စေတနာလေးက ရှိသေးတာပဲ၊ ကံစေတနာ လေးက ရှိသေး တာပဲ၊ အဲဒါ ငါမဟုတ်ပါဘူး၊ အဲဒါတွေပဲ အားကိုးရမှာပဲ။ ဒါလေးပဲ အားကိုးရမှာပဲ။

ငါမဟုတ်ပဲနဲ့ ပြုလုပ်ထားတာတွေ ရှိသေးတာပဲ။ ငါမဟုတ်ပဲနဲ့ ပြုလုပ်ထားတာတွေက ရှိသေးတာပဲ ဆိုတော့ စေတနာတွေပဲ (တင်ပါ ဘုရား) ငါမဟုတ်မှန်းတော့လည်း သူ့ဟာက ရှင်းတယ် (မှန်ပါ ဘုရား) ငါမဟုတ်ရင်ပြီးရော။

ကံကိုအားကိုးလိုက်တယ်

ပြုလုပ်ထားကုန်သော ကမ္မတ္တံ – ကမတ္တာနံ အတ္တာနံ၊ အတ္တာနံ – ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော၊ ကမ္မာနိ = ကံတို့ သည်၊ ကမ္မတ္တာနံ-ကံသာလျှင် မိမိဥစ္စာအဖြစ်သို့ ၊ ဖုသန္တိ = ရောက်ရတော့မှာပဲ၊

အဲဒါ ငါမဟုတ်ပါဘူးတဲ့။ ဒီကံဟာ၊ အဲဒီငါမဟုတ်ကဲ့ကံလေးပဲ သူ့ အားကိုးရမှာပဲ (တင်ပါ) ထူးထူးခြားခြား ကိုကွက်ပြီး ယူလိုက်တာ (တင်ပါ ဘုရား)

အနတ္တာကတာနိ-တဲ့၊ ငါမဟုတ်သဖြင့် ပြုထားတာ လည်းရှိနေတယ်၊ သူငါမဟုတ်ဘူးတဲ့၊ စေတနာလေးက ပြုလုပ်ထားတယ် (တင်ပါ) လှူဒါန်း ပေးကမ်းထားတဲ့ စေတနာလေး၊ အနတ္တာကတာနိ ကမ္မတ္တာနံ ကမ္မာနိ။

အနတ္တာကတာနိ – ငါမဟုတ်ပြုအပ်ကုန်သော၊ ကမ္မာနိ- ကံတို့သည်၊ ကံကို သူစွဲလိုက်တယ်၊ ကမ္မတ္တာနံ – ကံသာလျှင် မိမိဥစ္စာအဖြစ်သို့၊ ဖုသန္တိ – ရောက်ရတော့မှာပဲ။ ဒီကံလေးတစ်ခုပဲ ကိုယ့်ဥစ္စာ အဖြစ်သို့ ရောက်စရာရှိတော့ တယ် (တင်ပါ ဘုရား)။

ဆိုတော့ ဘုရားက ဒီကောင် ကံပြတ်လည်း နားမလည် ဒီကံ၏ သဿတဒိဋ္ဌိ ယူထားပြန်ပြီ (တင်ပါ ဘုရား)

ဘယ့်နှယ်ကြောင့် သူယူပါလိမ့်ဆို တော့၊ ဘု ရားရှင် ကိုယ်တော်မြတ်ကြီးက တွေးလိုက်တော့၊ အားကိုးရှာတာကို၊ အလုံးစုံအနတ္တဆိုရင် သူ့မှာ မျောက်သစ်ကိုင်းလွတ်သလို သစ်ပင်ပေါ်က အကုန်လွတ်ပြီး ဝုန်းကနဲ ကျသွားတယ်၊ သူ့ဆီမှာ အားကိုးမရှိတော့ဘူး (မှန်ပါ့)။

ကံကိုခိုင်မြဲတယ်လို့ယူတယ်

အားကိုးမရှိတော့ဘူးဆိုပြီးသကာလ ထိတ်လန့် သွားခြင်းကြောင့်၊ ဒီလိုအားကိုးမရှိလို့ရှိရင် ကံပဲပြန် အားကိုး ရမှာပဲဆိုတော့၊ သူ့စိတ်ထဲမှာ ကံလေး ခိုင်မြဲတဲ့ အဓိပ္ပာယ် ယူတဲ့သဘော ရောက်သွားတယ် (တင်ပါ ဘုရား)။

ကံကို ခိုင်မြဲတဲ့ အဓိပ္ပာယ်ယူလိုက်တယ် (တင်ပါ) ကံခိုင်မြဲတဲ့ အဓိပ္ပာယ်ယူလိုက်တော့ကို ကံ၏ အနတ္တကို ဘုရားက ပစ္စုပ္ပန်ရုပ်နာမ်၊ အတိတ်ရုပ်နာမ်၊ အနာဂတ် ရုပ်နာမ်အကုန် အနတ္တကွာ၊ ဒါရှုလိုက်တဲ့ အခါကျတော့ တဏှာမာန ဒိဋ္ဌိချုပ်တာပါပဲဆိုတော့၊ သူက တဏှာ ချုပ်တာမှာ မကျေနပ် နိုင်တော့ဘူး (တင်ပါ ဘုရား)။

သူအားကိုးစရာ မရှိတော့ဘူးတဲ့၊ တဏှာပဲအားကိုး တာသူက၊ သူပြုလုပ်ထားတဲ့ ကံလေးပဲ အားကိုးရတော့မှာပဲ။ ဒီပြင်ဟာတွေ အကုန်အနတ္တဘုရားက ဟောထားပြီ (မှန်ပါ တယ် ဘုရား) ပြုလုပ်ထားတဲ့ ကံလေးပဲ ကိုယ်ကအားကိုး ရတော့မှာပဲဆိုပြီး သကာလ သူစိတ်ထဲ ပေါ်လာတာ၊ ပေါ်လာတာက မနေ့က မပြောခဲ့ပါဘူးတဲ့။

ကံနယ်ထဲပျော်နေတယ်

ဒီနေ့ အထူးပြောချင်တာက၊ သူပေါ်လာတာက ဒီကံလေး အားကိုးလိုက်တော့၊ ဒီကံလေးပေါ်၌ သက္ကာယဒိဋ္ဌိ ကိုတော့ သူကမသိဘူး၊ လောကကြီးထဲက ထွက်သွားရမယ်။

လောကကြီးထဲမှာ ပျော်နေလို့ ကံနယ်မှာ ပျော်နေလို့ ကံအားကိုးချလိုက်တယ်၊ (တင်ပါ ဘုရား)။

ကံပြုလုပ်တာဟူသ၍ သူကြိုက်နေတယ် (တွင်ပါ ဘုရား) ကံပြုလုပ်တာဟူသ၍ ကြိုက်ပြီး သကာလ နေတော့ ခုနင်က အလုံးစုံ အနတ္တလို့ ဟောလိုက်လို့ရှိရင် အားကိုးရာမဲ့ သူ့မှာဖြစ်သွားတယ် (တင်ပါ ဘုရား)။

အဲတော့ သူကြံဖန်ပြီး တွေးလိုက်တော့၊ ကိုယ်ပြုထား တဲ့ကံလေးပဲ ဒါလေး အတ္တလုပ်ပြီး နေဖို့ပဲ၊ ငါ့ဥစ္စာလုပ်ပြီးတော့ နေဖို့ပဲ၊ သို့မဟုတ် ဘုံဘဝထဲ ဘယ်မှာသာလျှင် အားကိုးရာ အကျိုးပေးစရာ အားကိုးစရာဆိုတာ ဘယ်ရှိ တော့မတုံး၊ သူ့စိတ်ထဲ ဗွေဖောက်လာတယ် (တင်ပါ ဘုရား)။

ဘယ်အချိန်ဖောက်ပါလိမ့်မလဲဆိုတော့၊ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ တရားဟောတော့ ဗွေဖောက် လာတယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ တဏှာ မာနဒိဋ္ဌိချုပ်တဲ့ တရားအလုံးစုံ အတိတ် အနာဂတ်၊ ပစ္စုပ္ပန်တွေဟာ အလုံးစုံကွာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ပါဘူး၊ အဲဒီလို ရှုလိုက်ရင် တဏှာမာန ဒိဋ္ဌိသေတာပါပဲလို့ ဟောတုန်းကို၊ အလုံးစုံ အနတ္တတွေ အားကိုးစရာမရှိဘူး ဆိုရင်ဖြင့် မျောက်သစ်ကိုင်းလွတ် ဖြစ်တော့မှာပဲ၊ သစ်ပင်ပေါ်က ကျတော့ ဝုန်းကနဲကျပြီး၊ ဘာမှ သူ့လက်ထဲမှာ ဆွဲထားစရာ မရှိတော့၊ ကျချင်သလို ကျတဲ့အဓိပ္ပါယ်မျိုးလည်း သူ့စိတ်ထဲ ဖိုသွားတယ် (တင်ပါ ဘုရား)။

သူ့စိတ်ထဲဖိုသွားတဲ့အခါကျတော့မှ ကိုင်း ကြံဖန်ပြီး အားကိုးရမှာပဲဆိုပြီး၊ ငါမဟုတ်သဖြင့် ပြုလုပ်ထားတာ လေးတွေ ရှိသေးတာပဲ စေတနာလေးတွေ ငါမှမဟုတ်ပဲ။ အဲဒီကံတွေ ငါအားကိုးမယ် (မှန်ပါ)။

ကံပေါ်မှာ ခိုင်မြဲတဲ့ သဿတဒိဋ္ဌိ

ဒီကံတွေဟာ ငါအားကိုးထိုက်တယ်ဆိုပြီး သကာလ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဆုံးဖြတ်ချက်ချ လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ကံပေါ်မှာ သူခိုင်မြဲတဲ့ သဿတဒိဋ္ဌိ ယူပစ်လိုက်တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံပေါ်မှာ (ခိုင်မြဲတဲ့ သဿတဒိဋ္ဌိ ယူပစ်လိုက်တယ် ဘုရား) ခိုင်မြဲတဲ့ သဿတဒိဋ္ဌိ ယူပစ် လိုက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တဲ့

‘‘အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျန၊ စေတဿ ဗုဒ္ဓသာသနံ အဘိဓာဝိတဗ္ဗံ မညေ၊’’ လို့ ဟောလိုက်တယ်။

အဝိဒွါ – ပညာမရှိသော၊ အဝိဇ္ဇာဂတော = အဝိဇ္ဇာ များသော၊ တဏှာဓိပတေယျန = တဏှာသည် သူ့ အပေါ်မှာ ကြီးစိုးနေသော ဒီရဟန်းကို စောင်းဟောနေတာ (တင်ပါ ဘုရား) ပုဂ္ဂိုလ်သည်၊ ဗုဒ္ဓသာသနံ- ငါဘုရားအဆုံး အမတည်း ဟူသော သာသနာကို၊ အဘိဓာဝိတံ = လွန်သွားပြီပေါ့။

အလုံးစုံ အနတ္တဆိုတော့ ကံအတ္တလုပ်ထားတယ် (မှန်ပါ ဘုရား)။

အဲတော့ ဘယ့်နှယ့်ကြောင့် ငါဘုရား အဆုံးအမ လွန်ပြီး သကာလ ကြံနေပါလိမ့်မတုံး ဆိုတော့ မသိပါလိမ့်မတုံး ဆိုတော့၊မသိတာကလည်း တစ်မျိုး၊ အဝိဇ္ဇာ၊ မသိတာ၊ ပညာမရှိတာ၊ အဝိဇ္ဇာဂတော အဝိဇ္ဇာကလည်း သူအုပ်ချုပ် တယ် (မှန်ပါ ဘုရား) တဏှာကလည်း ကြီးစိုးတယ် (တင်ပါ ဘုရား)။။

ဒီသုံးခုကြောင့် မသိတာက တစ်မျိုး၊ အဝိဇ္ဇာအုပ်ချုပ် တာ တစ်မျိုး၊ တဏှာကြီးစိုးတာက တစ်မျိုး ဖြစ်နေ သောကြောင့်၊ ဘုံဘဝလွတ်သွားမှာကြောက်နေတဲ့အတွက် ဒါကို ပြန်ပြီး လှည့်ပစ်လိုက်တယ် (တင်ပါ ဘုရား)။

ကံပေါ်ပြန်ပြီး လှည့်ပစ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီလိုလှည့်သွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အခုန ရဟန်းကို ‘‘အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျန စေတဿာ၊ ဗုဒ္ဓသာသနံ အဘိဓါဝိတဗ္ဗံ မညေ၊ လို့ ဟောလိုက်တယ်၊ (တင်ပါ ဘုရား)။

ဟောလိုက်တော့ အင်းသူတော့ ဗွေဖောက်နေပြီ ဆိုတာကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သိတယ်၊ အဲဒါသိတော့ သည်ပုဂ္ဂိုလ် လွဲကြောင်းတော့ဖြင့် ထင်ရှားပြီ ပေါ့လေ (တင်ပါ ဘုရား)။

‘‘သဗ္ဗေ သင်္ခါရာ-အနိစ္စ၊ သဗ္ဗေ ဓမ္မာ-အနတ္တ’’၊ သူပါပြီး သား (မှန်ပါ) အဲဒါကြီးကို သူက ဒါလည်း ငါမဟုတ်ပါဘူး၊ အဲဒီ ငါမဟုတ်တဲ့ တရားလေး သူ့ အားကိုးရင် ကိုယ်လည်း ချမ်းသာရာတော့ ရဦးမှာပါပဲ၊

အခုတော့ အားကိုးရာမဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေတာကို၊ အကုန်အနတ္တဟော ထားတော့ (မှန်ပါ) အဲဒီလို ကတ်ကတ်သတ်သတ်ပြန်တွေး တယ်။

အဲတော့ ဒီလောကီပုထုဇဉ်တွေမှာလည်း ဘုန်းကြီး တို့ ရင်းရင်းချာချာကို ပြောရလို့ရှိရင်၊ တစ်ခါတည်း စွဲမိစွဲရာ စွဲတတ်တယ်နော် (တင်ပါ) သေခါနီးမှာ စွဲမိစွဲရာစွဲတတ်တယ် (တင်ပါ ဘုရား)။

သေခါနီးမှာ စွဲမိစွဲရာ စွဲတတ်တယ်

သေခါနီးကျတော့ မရဏရေထဲ မျောတာကို မရဏရေထဲမျောနေတော့ စွဲမိစွဲ ရာစွဲတတ်တယ်၊ ဒါ ငါ့ဟာလုပ်မှ၊ ဘုရားကြီးပူဇော်ထားတာ ငါ့ဟာလုပ်မှ၊ တရားလေးနာထားတာ ငါ့ဟာလုပ်မှ ဆိုတော့ အတ္တဒိဋ္ဌိက အဲ့ဒီအချိန် ပြေးပြေးစွဲတယ် (တင်ပါ ဘုရား)။

အဲဒါကိုပင်လျှင် နိဗ္ဗာန်နဲ့ဝေးနေတာကိုပင်လျှင် သတိပေးတဲ့ ပုဂ္ဂိုလ်က မင်း ဟိုဟာလေး လှူထားတာပဲ အဲဒါလေးဟာ မင်းအတွက်ဆိုပြီး ဘေးကနေ တွန်းပေး လိုက်တယ် (တင်ပါ ဘုရား) တွန်းပေး လိုက်တယ် (တင်ပါ ဘုရား)။

တွန်းပေးတဲ့ ပုဂ္ဂိုလ်ကလည်း ဒါလေးကလည်း ငါ့ဟာပဲ ငါလှူထားတာလေး ဖျတ်ဆို စုတေစိတ် ကျတယ်၊ သူက ဒိဋ္ဌိတန်းလန်းနဲ့ ကျတော့ သူက သုဂတိတော့ ရောက် ပါတယ် (တင်ပါ ဘုရား) နိဗ္ဗာန်မရောက်တော့ဘူး (မှန်ပါ့)။

ဒိဋ္ဌိက သုဂတိတော့ရောက်တယ်

သုဂတိတော့ (ရောက်ပါတယ် ဘုရား) ရောက်တယ် (နိဗ္ဗာန်တော့ မရောက်ပါဘူး ဘုရား) ဒါဖြင့် ဒီဒိဋ္ဌိသည် နိဗ္ဗာန်သာ တားတာ (တင်ပါ ဘုရား) သုဂတိ မတားဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော် များသောအားဖြင့် အစ်မတို့လည်း ငယ်ရာက ကြီးလာပေါ့၊ မင်းလည်း ငယ်ရာက ကြီးလာပေါ့၊ ဒို့လည်း ငယ်ရာက ကြီးလာလို့၊ ကြားဖူးနားဝ သေခါနီးမှ အားကိုးပေးနေကြတာဖြင့် ဒီသက္ကာယဒိဋ္ဌိတွေ အားပေး နေတော (တင်ပါ ဘုရား)။

မင်းဖို့ ပန်းလှူထားတာ မင်းဆောက်ထားတဲ့ ကျောင်းရှိသားပဲ၊ အဲဒါတွေ နှလုံးသွင်းလိုက်ပါ့လား ဆိုတော့ အဲဒါတွေ အားကိုးလိုက်ပါလား (တင်ပါ)။

အဲဒီစေတနာ ဘယ်ရောက်မှာတုံးကွ မင်းဟာပဲ အတူတူပဲ တစ်ခါတည်း သက္ကာယဒိဋ္ဌိဘက် တွန်းသွင်း လိုက်တာ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

လောကကြီးထဲမှာ ဒါမများဘူးလား များသလား (များပါတယ် ဘုရား)။

(တစ်နေ့မှာ ဦးသံဒိုင်က သူ့မိတ်ဆွေကြီး တစ် ယောက်ကို အဲဒီသက္ကာယဒိဋ္ဌိထဲ တွန်းပို့ နေပါတယ် ဘုရား) ပို့ရမှာ လူကြမ်းကိုကွ (တင်ပါ ဘုရား) ရုပ်နာမ် ဖြစ်ပျက်ကို ငဲ့ပါဆို ရမှာမှ မဟုတ်ပဲ (မရပါဘူး ဘုရား) မရဘူး လူရိုင်း။

အဲတော့ သုဂတိရောက်ရင်တော်ပြီဆိုပြီး သူ့ရှေ့ အပါယ်မကျပြီးရောဆိုပြီး ပို့ရတာလည်း ရှိသေးသကို (တင်ပါ ဘုရား) ခုန နိဗ္ဗာန်တော့ မရောက်ဘူးဆိုတာကို ဘုန်းကြီးများကတော့ သေချာစေချင်လို့ ဒီအဓိပ္ပာယ်ရှင်းပြ တာပါ (တင်ပါ ဘုရား)။

ဘာမှ ဒီရုပ်နာမ်ဖြစ်ပျက် သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျ တော့ ဘုန်းကြီးများလည်း ဒါပဲ သူ့ဟော ရမှာပဲ (တင်ပါ ဘုရား) အင်း ခင်ဗျား ဘာလှူပြီးတုံး၊ ဘာတန်းပြီးတုံး၊ လှူဒါန်းတော့ ဝမ်းမြောက်ကဲ့လား၊ ဘယ်လောက်ကုန်သွား ပါလိမ့် မေးရမှာပဲ (တင်ပါ) ဒါတွေ သတိမရ ရအောင် လုပ်ပေးရမယ် (မှန်ပါ)။

ထောင်တစ်သက်က တော်သေးတယ်

ဘာ့ကြောင့်တုံးတဲ့ မေးတဲ့အခါကျတော့ ဒီထက် သက္ကာယဒိဋ္ဌိ ပြုတ်တဲ့တရားမှာ သူကလည်း မနာဖူးဘူး၊ မနာဖူးတော့ ဒိဋ္ဌိပြုတ်ဖို့ရာ ခဲယဉ်းတော့၊ မင်းသက္ကာယဒိဋ္ဌိ တန်းလန်းနဲ့ သေတော့ကွာ၊ အပါယ်တော့ မရောက်သေးဖူး၊ ဟေ့၊ သေဒါဏ်ကျမဲ့ လူတွေ၊ ထောင်တစ်သက်က တော်သေး ကွာ ဒီလိုယူသွားတယ် (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။။

ကဲ ဒါဖြင့် ခုဟာကတော့ ဒီဒကာ ဒကာမတွေ အရင်းအချာ ဖြစ်နေတော့၊ ဪ နှစ်စ သိရမှာကို (တင်ပါ ဘုရား) နှစ်စ သိရမယ်နော် (တင်ပါ) တစ်စက သက္ကာယဒိဋ္ဌိ နဲ့ပဲ သုဂတိပို့ပေး (တင်ပါ ဘုရား)။

တစ်စက မင်းခန္ဓာ မင်းရှုပြီး တစ်ခါတည်း မင်းဟာ မင်း ဆင်ခြင်သေ၊ ဒီလိုဆိုတော့ သေခါနီး ရဟန္တာ ဖြစ်တယ် (တင်ပါ ဘုရား) နှစ်စ သက္ကာယဒိဋ္ဌိပြုတ်ပြီးတော့ စုတေစိတ် ကျသောကြောင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်နိုင်တယ် (မှန်ပါ ဘုရား)။

ဟိုဟာက သုဂတိသာ ရောက်နိုင်တယ် (တင်ပါ ဘုရား) ဒီလိုခွဲခြားသိရမယ် (တင်ပါ)

အဲတော့ မင်းတို့ နဂို က သိထားတာက မိတ်ဆွေကောင်းလိုတယ်လို့ ဆိုတာက မင်းတို့က သက္ကာယဒိဋ္ဌိနဲ့ ငါလုပ်ထားတာ၊ ငါပေးကမ်းထား တာ အဲဒါလေးတွေ နှလုံးသွင်းပါ့လားဆိုတော့၊ မင်းတို့က မိတ်ဆွေကောင်းလုပ်ထားတာ (တင်ပါ ဘုရား)။

အောက်တန်းကျတယ်တဲ့

သေခါနီး မိတ်ဆွေကောင်းသူပဲဟေ့၊ သူ့ကို လက်ညှိုး ညွှန်ပြတယ် (မှန်ပါ ဘုရား) အခု ဆရာ ဘုန်းကြီးနဲ့ တွေ့တော့ ဒါ အောက်တန်းကျတယ်ကွ (တင်ပါ ဘုရား) ဆုံးမတယ် (မှန်ပါ) အောက်တန်း ကျတယ်ကွလို့ ဆုံးမလိုက်တယ် (တင်ပါ ဘုရား)။

မင်းဟာက ဘုံသွားရုံတင်၊ မင်းဟာက ဒီနိဗ္ဗာန် သွားနိုင်တဲ့ အချိန်ကြီး တစ်ခါတည်း “ဆင်ဖြူတော်” ပေါ်မှာ “ချည်ဝင်”နဲ့ မင်းဟာပြီးရောလား (တင်ပါ) မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

အလုပ်သမားတွေကျတော့

အဲခုတော့ အလုပ်သမားတွေကျတော့ ဘုန်းကြီးက ဖဂ္ဂုဏ ဟောထားလိုက်တယ်၊ ဆင်ခြင် သေလိုက် (တင်ပါ ဘုရား) ဘုရားက ရှင်းပလား (ရှင်းပါပြီ ဘုရား) ခန္ဓာကိုယ်ကို ဆင်ခြင် သေလိုက်တဲ့ ဆိုတော့ အဲဒီ ဆင်ခြင်သေတာ ကလည်း ဒိဋ္ဌိပြုတ်သေသွားတာပဲ။

ဒိဋ္ဌိပြုတ် သေတဲ့အတွက် သေခါနီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ပြီး ကိစ္စပြီး သွားတယ်၊ ဘဝကို မကူးတော့ဘူး (တင်ပါ ဘုရား) ဟိုက ဘဝကူးတယ်၊ သဘောပါပလား (သဘော ပါပါပြီ ဘုရား)။။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာ ကိုလည်း ကြားဖြတ်တရားလည်း ဟုတ်ပါတယ်၊ ဆက်သွယ် မှုလည်း ဒီတရားနဲ့ ရှိတယ်လို့ မှတ်ပြီးသကာလ၊ ဒီဘဝ စုတိ စိတ်ကျပြီး နောက်ဘဝ ပဋိသန္ဓေနေရတဲ့ အပြစ်ဟာ အကြီးဆုံး အပြစ်ကို (တင်ပါ) သူဟောထားတာက (တင်ပါ ဘုရား)။

အဲတော့ မင်းတို့ မိတ်ဆွေကောင်းလို့ ဆိုတာက၊ နောက်ဘဝ ပဋိသန္ဓေပေးတတ်တဲ့ ပုဂ္ဂိုလ်ကို၊ မင်းတို့က မိတ်ဆွေကောင်းယူထားတာ၊ (တင်ပါ ဘုရား) သဘောပါ ပလား (ပါပါတယ် ဘုရား)။။

ဒါဖြင့် ဒုက္ခသစ္စာပေးတတ်တဲ့ ပုဂ္ဂိုလ်ကို မင်းတို့က မိတ်ဆွေကောင်း၊ ဒုက္ခသစ္စာ ချုပ်အောင်တော့ဖြင့် မင်းတို့မှာ ပေးမဲ့လူ မရှိဘူး (မရှိပါဘူး ဘုရား) မရှိဘူးတဲ့၊

အဲဒါကြောင့် မင်းတို့ အကြင်လင်မယားမှာတော့၊ အင်း ဒီလိုဟာတွေ အောက်မေ့နေလို့ရှိရင် ငါမပြုတ်ဘူး (မှန်ပါတယ် ဘုရား)။

ငါပြုတ်တဲ့အလုပ်မှ နိဗ္ဗာန်ရောက်တာ၊ ငါမပြုတ်တဲ့ အလုပ်ဟာ သုဂတိတင် တင်မှာပဲဆိုတာ ခွဲခြားပြီး မှတ်ထား ရမယ် (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် သေခါနီးမှာ သော် မိတ်ကောင်း ဆွေကောင်း ဆိုတာ နှစ်မျိုးပဲ ထားရတော့မှာပဲ၊ ခန္ဓာအကြည့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ မိတ်ကောင်းပဲ၊ ဟိုဟာ အလတ်စား ကောင်းတာ ဆိုနိုင်တယ် အကောင်းဆုံးတော့ မဆိုနိုင်ဘူး (မှန်ပါတယ် ဘုရား)။

သုဂတိပို့ပေးတာ ဒုတိယတန်းစား

မင်းပြုစုထားတဲ့ မင်းဆောက်ထားတဲ့ ကျောင်းပေါ့ ဘယ်လိုညာလို အစရှိသည်နဲ့ သုဂတိ ပေးပြီး သကာလ နေတာက ဒုတိယအကောင်း၊ ပထမတန်း အကောင်း မဟုတ် ဘူး (မှန်ပါ ဘုရား) အဲဒါ မနေ့က တရားမသိမ်းခဲ့တာ ဒါတွေ ပြောချင်လို့ (မှန်ပါ ဘုရား) ဒါတွေက သိပ်အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)။

ဆင်ခြင်သဘော အကောင်းဆုံး

အရေးကြီးတယ်တဲ့၊ အဲတော့ ဆုံးမပါတယ် ဆရာ ဘုန်းကြီးက ဟေ့ ဆင်ခြင်သေကွာ၊ ဆင်ခြင်သေ၊ ကိုယ့် သန္တာန်ကို ဖြစ်ပျက်ကို မြင်ပြီးသကာလ သေသည်ဖြစ်စေ၊ ဆုံးပြီးသကာလ သေသည်ဖြစ်စေ၊ အဲဒါအကောင်းဆုံး ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

မြင်ပြီးသေရင် (ဖြစ်ပျက်မြင်)

မြင်သေရင် နောက် ဘဝ ပဋိသန္ဓေ တစ်ကြိမ် နေငြားသော်လည်း၊ ရောက်သည်နှင့် တစ်ပြိုင်နက်ထဲ သောတာပန်ဖြစ်တယ် (တင်ပါ ဘုရား) ဟိုက ဖြစ်မှ မဖြစ်ပဲကို (မဖြစ်ပါဘူး)။

ဆုံးပြီးသေရင် (ဖြစ်ပျက်ဆုံး)

ဆုံးသေမယ်ဆိုရင် ဒီမသေခင်တင် သူက သောတာ ပန်ဖြစ်နေတာ (တင်ပါ ဘုရား) မခြားနား ဘူးလား (ခြားနား ပါတယ် ဘုရား) အဲဒါကြောင့်တဲ့ ဒါက ဒီပုဏ္ဏမသုတ်မှာ ပြောဖို့ အခွင့်အရေး ကြုံလာလို့ ပြောရတဲ့တရားလို့ မှတ်ရမှာပဲ (တင်ပါ ဘုရား)။

ရဟန်းကို ဖောက်ပြန်သွားပြီကွ (တင်ပါ) တရား။ နာရင်း ဖောက်ပြန်သွားတယ်၊ အလုံးစုံ အနတ္တဆို ရင် ဘာအားကိုးမလဲ၊ ကိုယ်လုပ်ထားတဲ့ ကံပဲ အားကိုးရုံရှိတော့ တာပဲ (တင်ပါ ဘုရား) အဲဒါ ငါလည်း မဟုတ်ပါဘူး၊ သူ့ဟာက သူကလည်း ဒိဋ္ဌိကွာသလိုလို (မှန်ပါ ဘုရား)။

ငါလည်းမဟုတ်ပါဘူးတဲ့၊ စေတနာက အဲဒါ အားကိုးရုံပဲဆိုတော့၊ ဒီစေတနာ မပျက်ဘူး ယူလိုက်လို့၊ သဿတဒိဋ္ဌိဝင်လာတာ သူမသိလိုက်ဘူး (မှန်ပါတယ် ဘုရား)

သက္ကာယဒိဋ္ဌိတော့ သူကမြင်လိုက်တယ်၊ သဿတ ဒိဋ္ဌိဝင်လာတာ သူမသိလိုက်ဘူး။ သက္ကာယဒိဋ္ဌိတော့ စေတနာက ငါမှမဟုတ်ဘဲဆိုတော့ ကိုက်နေတယ် (တင်ပါ ဘုရား)။

သဿတဒိဋ္ဌိရှိရင် သက္ကာယဒိဋ္ဌိမပြုတ်

သူ့အားကိုးရမှာပဲဆိုတော့ သူခိုင်တာမြဲတာ ယူပစ် လိုက်တယ် (တင်ပါ) အဲတော့ သဿတဒိဋ္ဌိ မလာဘူးလား (လာပါတယ် ဘုရား) သဿတဒိဋ္ဌိ မလာဘူးလား (လာပါ တယ် ဘုရား) သဿတဒိဋ္ဌိ ရှိနေလို့ရှိရင် သက္ကာယဒိဋ္ဌိ ဘယ်တော့မှ မပြုတ်ဘူး (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဿတဒိဋ္ဌိရှိနေရင် (သက္ကာယဒိဋ္ဌိမပြုတ်ပါဘူး ဘုရား) မပြုတ်ဘူးတဲ့၊ ဒီတင်မှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောရပြန်တယ်ဟေ့တဲ့၊ ဗွေဖောက်တဲ့ ပုဂ္ဂိုလ်တွေ လာပြန်တော့လည်း၊ ပုဏ္ဏမသုတ်မှာ အားလုံးသော ရဟန်းတို့ ရုပ်တရား အနိစ္စလား နိစ္စလားကွ၊ အနိစ္စပါဘုရား။

အနိစ္စ ဖြစ်တဲ့တရား ဒုက္ခလား သုခလားကွ၊ ဒုက္ခပါ ဘုရား၊ အဲဒီအနိစ္စ၊ ဒုက္ခဖြစ်တဲ့ တရားကို အနတ္တလို့ ဆိုမလား အတ္တလို့ ဆိုမလားကွ၊ အနတ္တလို့ ဆိုမယ်ဘုရားလို့ ဆိုပြီး သကာလ၊ အဲဒါ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ မင်းတို့ ဆိုနိုင်သေးရဲ့လား မေးရပြန်တာပေါ့လေ (တင်ပါ ဘုရား)။

ဒါဝိပဿနာအရှုခိုင်းတာ

မေးလိုက်တော့ ဒါဝိပဿနာ အရှုခိုင်းတယ်လို့ မှတ်ရမယ် (မှန်ပါ ဘုရား) အဲဒီလို ဝိပဿနာ အရှုခိုင်းတော့ ဒီပုဂ္ဂိုလ်လည်း မကျန်ပါဘူးတဲ့၊ ပါသွားတယ် (တင်ပါ ဘုရား)

အလုံးစုံ အကုန် သူ့စိတ်ထဲမှာ အနတ္တတွေ အဖြစ်နဲ့ ရှင်းပြီးသကာလ အရင် ဗွေဖောက် နေတာတွေ၊ အခုအချိန် လေးရှိတုန်း ပြင်ပေးလိုက်တဲ့ အတွက်တဲ့ အလွန်ကျေးဇူး များသွားတဲ့ အဓိပ္ပာယ် ရှင်းသွားတယ် (ရှင်းပါပြီ ဘုရား) အချိန်လေးရှိတုန်း ပြင်ပေးလိုက်တာ (တင်ပါ ဘုရား)။

တစ်ပါးတည်းသိတာ တစ်ပါး ပါနေသေးတယ် (မှန်ပါဘုရား ဒါလည်း ဘုရားမို့ သိတာပါ ဘုရား) အဲ ဘုရားမို့ သိတာပေါ့၊ တစ်ပါး ပါနေတယ် ဆိုပြီး သကာလ၊ သူ့အတွက်နဲ့ ပတ်သက်ပြီး ဟိုပုဂ္ဂိုလ်တွေ အတွက်ပါ တစ်ခါတည်း လက္ခဏာကြီးသုံးပါး ပြန်ဟောနေတာ (တင်ပါ ဘုရား)။

ဘုရားမှာ အချိန်မကုန်တန်ပဲနဲ့ အင် (ကုန်ပါတယ် ဘုရား) သို့မဟုတ် အရင်တုန်းကတည်းက တဏှာမာန ဒိဋ္ဌိပြုတ်တဲ့ ဟာ ဟောကတည်းက ပြီးနေပြီပေါ့ကွ (မှန်ပါတယ် ဘုရား)။

သူက ခန္ဓာငါးပါး ဒိဋ္ဌိပြုတ်တာလည်း ဟောလိုက် ပါရော ဗွေဖောက်လာတယ် (တင်ပါ)

အဲ့ဒီမှ “အဝိဒွါ အဝိဇ္ဇာဂတော၊ တဏှာဓိပတေယျန စေတသာ၊ ဗုဒ္ဓသာသနံ၊ အဘိဓါဝိတဗ္ဗံ မညေ’’ ဆိုပြီး သကာလ ငါဘုရား သာသနာ ငါဘုရားအဆုံးအမကို သူမတော် မတည့် လုပ်ပြီ ဟေ့ ဆိုပြီးသကာလ ဒီအတိုင်း ဘုရားသခင် ကိုယ်တော်မြတ် ကြီးက မြင်တော့၊ ကိုင်းအားလုံးပဲ ရဟန်းတို့ ဝေဒနာဟာ အနိစ္စလား နိစ္စလားဆိုပြီး ခန္ဓာငါးပါး ကုန်အောင်ကို မေးချ လိုက်တာ။

အနိစ္စလို့ပြောတော့၊ အဲဒါ ဒုက္ခလား၊ သုခလား၊ ဒုက္ခပါဘုရား၊ အဲဒီ အနိစ္စ၊ ဒုက္ခကြီးက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ လို့ ဆိုနိုင်ကြရဲ့လားကွ၊ အားကိုးစရာ ရှိရဲ့လားကွ မေးလိုက် တယ်၊ မရှိပါဘူးဘုရား။

ရုပ်နာမ်ဓမ္မအားကိုးရင် ဝါးဖောင်အားကိုးတာ

အေး ကောင်းပြီကွ၊ အဲဒါ ငါဘုရား အဆုံးအမ အစစ်အမှန် ဘယ်မှ သွားပြီးသကာလ၊ မင်းတို့ ကိုးစားရာ အားထားရာ အစစ်ရှာပြီးသကာလ မနေနဲ့တော့၊ ရုပ်နာမ်ဓမ္မ အားကိုးလို့ ရှိရင် ဝါးဖောင် အားကိုးတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်နာမ်ဓမ္မဆိုတာ ဝါးဖောင်၊ ဝါးဖောင်ဆိုတာ မခိုင်တာကို ဆိုပါတယ် (တင်ပါ ဘုရား) ခဏတော့ဖြင့် အသက်ရှင် မလိုလိုနဲ့ ပင်လယ်ထဲ သင်္ဘောပျက်လို့ ဝါးဖောင် တွေ့လို့ ခဏတော့ဖြင့် နေရာကျ တော်ကြာ သူက ပုတ်ဆွေး ပြီးသကာလ သူပျောက်တော့ သူ့ အားကိုးတဲ့ ပုဂ္ဂိုလ်က မြုပ်ကျန်တာပဲ (မှန်ပါ ဘုရား)။

ငှက်ပျောဖောင်တို့ ဝါးဖောင်တို့ အားကိုးတဲ့ပုဂ္ဂိုလ် ဒီအတိုင်းသွားမှာစိုးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ကျအောင် ညွှန်ပြရရှာတယ် (တင်ပါ ဘုရား) သဘော ပါပလား (သဘောပါပါပြီ ဘုရား) ဘယ်ကျအောင် ညွှန်ပြ ရတုံး (နိဗ္ဗာန်ကျအောင် ညွှန်ပြရပါတယ် ဘုရား)။

ခန္ဓာဆုံးမှ နိဗ္ဗာန်

အဲ နိဗ္ဗာန်ဆိုတာလည်း ဒီနေ့ည ထူးထူးခြားခြားပဲ ပြောတော့ ခန္ဓာဆုံးမှ နိဗ္ဗာန် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန်ဟာ ဘာတုံး (ခန္ဓာဆုံးမှ နိဗ္ဗာန်ပါ ဘုရား) အဲ ခန္ဓာဆုံးမှ နိဗ္ဗာန်တဲ့။

ဒီခန္ဓာရှိနေသ၍ ကာလပတ်လုံးဟာဖြင့် နိဗ္ဗာန် မဟုတ်သေးပါဘူး၊ နိဗ္ဗာန် ရှိတဲ့ နေရာ ဘယ်နေရာတုံး ဆိုတော့ ဘုန်းကြီးခဏခဏ ပြောနေတဲ့ နိဗ္ဗာန် ရောက်ချင်တဲ့ ပုဂ္ဂိုလ် ဟာ အကွယ် နှစ်ခုကို ခွာနိုင်လို့ ရှားနိုင်လို့ ရှိလို့ရှိရင် ရောက်ပါတယ် (တင်ပါ ဘုရား)။

အဝိဇ္ဇာ တဏှာ

ပထမ ရှေးဦးစွာ ခန္ဓာတည်းဟူသော တရားပေါ်မှာ အဝိဇ္ဇာ တဏှာ ကွယ်နေတယ်၊ ဉာဏ်က မထိုးထွင်းနိုင်ဘူး၊

အဲဒီအဝိဇ္ဇာ တဏှာကို ဆရာဘုန်းကြီးက ဉာဏ်နဲ့ ခွဲပြီး ပေးလိုက်၊ ဖယ်ပေးလိုက်တဲ့ အခါကျတော့၊ အဝိဇ္ဇာ တဏှာ မရှိတဲ့အခါကျတော့ ခန္ဓာအကြည့် ဆုံးပြန်တော့

ခန္ဓာက ဖြစ်ပျက်ကြီး အဖြစ်နဲ့ ကွယ်ပြီး နိဗ္ဗာန်မတွေ့ပြန်ဘူး (တင်ပါ ဘုရား) တွေ့သေးရဲ့ လား (မတွေ့ပါဘူး ဘုရား)။

ဖြစ်ပျက်ဒုက္ခသစ္စာ

တစ်ခါ ဒီခန္ဓာကြီးက တစ်ခါ ဖြစ်ပျက်အဖြစ်မှ ဒုက္ခ သစ္စာအဖြစ် ရောက်ပြီး၊ မလိုချင်တဲ့ အခါကျမှ ခန္ဓာက ဖျတ်ခနဲ ချုပ်ပြီး၊ အကွယ် ရုပ်သိမ်းလိုက်တဲ့ အခါကျတော့မှ နိဗ္ဗာန်ဟာ သွားတွေ့တယ်။

ဒါဖြင့် နိဗ္ဗာန်၊ အကွယ်နှစ်ချပ် ဖောက်နိုင်လို့ရှိရင် နိဗ္ဗာန်ရောက်တယ်လို့ မှတ်ရမယ် (မှန်ပါ) ပထမ ဘာကွယ် နေတုံး (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား) သူ့ကို ရှင်းပေးတဲ့ ဆရာနဲ့တွေ့လို့ ရှင်းပေးလိုက်တဲ့ အခါကျတော့ ခန္ဓာပေါ် လာတယ် (တင်ပါ ဘုရား)။

ခန္ဓာပေါ်လာတော့ သင်္ခါရ ဒုက္ခတွေက တစ်ခါ ကွယ်နေပြန်တယ် (တင်ပါ ဘုရား) အဲ့ဒီသင်္ခါရဒုက္ခ တွေချုပ် သွားမှ နိဗ္ဗာန်ပေါ်ပြန်တယ် (တင်ပါ ဘုရား)။။

ဒါဖြင့် နိဗ္ဗာန်အကွယ် ဘယ်နှစ်ချပ်ရှိတုံး (နှစ်ချပ်ပါ ဘုရား) နှစ်ချပ်ရှိတာကို ပထမအချပ်ကို အရင်ခွာရမယ့် ဝတ္တရား (တင်ပါ ဘုရား) ပထမအချပ်ခွာပြီးမှ ဒုတိယအချပ် ကို ဝိပဿနာဉာဏ်တွေနဲ့ နောက်သစ္စာသိတဲ့ ဉာဏ်တွေနဲ့ ခွာရမယ် (တင်ပါ ဘုရား)။

မလိုချင်တဲ့ဉာဏ် မဂ်ဉာဏ်ပေါ်လာတယ်

အဲ သစ္စာသိတဲ့ဉာဏ်နဲ့ခွာပြီးမှသာလျှင် မလိုချင်တဲ့ ဉာဏ်ဆိုတဲ့မဂ်ဉာဏ် ပေါ်လာတယ်၊ ဖိုလ်ဉာဏ် ပေါ်လာ တယ်၊ ပေါ်လာတဲ့ အခါကျတော့မှ နိဗ္ဗာန်တွေ့မှာပဲ၊

နိဗ္ဗာန် နီးသလား ဝေးသလား ဆိုတော့ ခန္ဓာအဆုံးရှိပါတယ် ပြောနေတာ (မှန်ပါ ဘုရား) ကွယ်နေတာ ခန္ဓာ၊ သူဆုံးသွား တော့လည်း ဒီနေရာက လာပေါ်တာပဲ (တင်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန်ဘယ်မှာရှိတုံး (ခန္ဓာအဆုံးပါ ဘုရား) သူ့ ဘယ်သူကွယ်နေတုံး၊ ခန္ဓာက ကွယ်နေတယ် (ခန္ဓာက ကွယ်နေပါတယ် ဘုရား) ခန္ဓာမမြင်အောင် ဘယ်သူက ကွယ်နေပြန်တုံး (အဝိဇ္ဇာကပါ ဘုရား) အဝိဇ္ဇာနဲ့တဏှာက ကွယ်နေတယ်။

အဲတော့ ဆရာဘုန်းကြီးက ဉာဏ်ပေးလိုက်တယ်၊ ဝိဇ္ဇာဉာဏ်ပေးလိုက်၊ အလောဘဆိုတဲ့ဥစ္စာ ပေးလိုက်တဲ့ အခါကျတော့ သူတို့ နှစ်ခုကွယ်နိုင်သေးရဲ့ လား (မကွယ်နိုင် ပါဘူး ဘုရား)။

မကွယ်နိုင်တော့ ခန္ဓာတွေ့တာပဲ (တင်ပါ ဘုရား) ခန္ဓာတွေ့တဲ့ အခါကျတော့ ခန္ဓာကိုယ် အသေအချာ စိုက်ကြည့်ကြပေါ့ ဆိုတော့ ခန္ဓာက ဖြစ်ပျက် အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ သူပြောလာတယ် (တင်ပါ ဘုရား)။

ဒီလောက်နဲ့တော့ နိဗ္ဗာန်မတွေ့သေးဘူး (မတွေ့ သေးပါဘူး ဘုရား) မတွေ့သေးဘူး အနိစ္စဉာဏ် ဒုက္ခဉာဏ် အနတ္တဉာဏ်ပဲ ရတယ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရသေးဘူး (တင်ပါ ဘုရား)။။

အဲနောက်ကျတော့ ကြည့်ပါများလာတဲ့အခါ ဒုက္ခ သစ္စာ အစစ်ပဲဆိုပြီး ဉာဏ်က ထက်လာတဲ့ အခါကျမှ ခန္ဓာက ချုပ်သွားတယ် (တင်ပါ ဘုရား)။

ခန္ဓာချုပ်မှ နိဗ္ဗာန်ပေါ်တယ်

ခန္ဓာချုပ်သွားတဲ့အခါကျမှ ခန္ဓာကိုယ်ကြီး ဖယ်ရှားပစ် လိုက်တဲ့အခါကျတော့မှ မောင်ချစ်ဆွေ နိဗ္ဗာန်ဟာ ပေါ်လာ တယ် (တင်ပါ ဘုရား) အဲတော့ နိဗ္ဗာန်ဟာ နီးရက်နဲ့ဝေးတာ၊ အကွယ် မခွာတတ်လို့၊ မရှာတတ်လို့ သဘောပါပလား (သဘော ပါပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရချင်တဲ့ပုဂ္ဂိုလ် ရှေးဦးစွာ အဝိဇ္ဇာ တဏှာ ခွာရမယ် (တင်ပါ ဘုရား) ပြီးတော့မှ ခန္ဓာကိုတွေ့ အောင် ရှာရမယ် (တင်ပါ ဘုရား) ခန္ဓာတွေ့အောင်ရှာပြီး ခန္ဓာဖြစ်ပျက်တွေကို တစ်ခါတည်း ရွံအောင်မုန်းအောင် မလိုချင်အောင် လုပ်ရမယ် (တင်ပါ ဘုရား)။

ခန္ဓာအဆုံးမှာနိဗ္ဗာန်ရှိတယ်

လုပ်လိုက်တဲ့ အခါကျတော့မှ ဒီခန္ဓာကြီးက မလိုချင် တဲ့ ပုဂ္ဂိုလ် သန္တာန်မှာ မရှိပဲ ဖြစ်သွား တော့မှ နိဗ္ဗာန်က ပေါ်လာမယ် (တင်ပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်ဟာ (ခန္ဓာအဆုံး မှာပါ ဘုရား) အေး ခန္ဓာအဆုံးမှာပဲ ရှိတယ်၊ မရှိဘူး ဆိုရင် မှားပါလိမ့်မယ် (တင်ပါ ဘုရား) ရှိတာလည်း အမှန်ပဲ။

မခွဲတတ်၊ မခြားတတ်၊ မခွာတတ်၊ မဖယ်တတ်လို့သာ လျှင် နိဗ္ဗာန်ဝေးတယ်ထင်နေကြတာ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ဦး။

သာဓု သာဓု သာဓု။