140

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာကွယ်စေနဲ့ (၁) (၂ဝ-၂-၆၂)

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာမကွယ်စေနဲ့ (၂) (၁၉-၂-၆၂)

ဤစာအုပ်၌ နာရီဝက်တရားနှစ်ပုဒ်ပါဝင်ပါသည်။

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာကွယ်စေနဲ့ (၁)

အသံဖိုင်ခေါင်းစဉ်= ပညတ်ဖုံး၍ ပရမတ်ကွယ်ရပုံအလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာကွယ်စေနဲ့ (၁)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူအပ်သော တရားတော်

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာကွယ်စေနဲ့ (၁)

(၂ဝ-၂-၆၂)

သတ္တလောကကိုပဲ ပြောရမယ်လို့ သတ္တလောက ဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ဆိုသည်၊ ရုပ်နာမ် ပေါင်းစု ထားတဲ့ အခါကျတော့ သတ္တဝါ ဖြစ်လာတယ်၊ အဲဒါ သတ္တလောကလို့ မှတ်ထားလိုက်။

သတ္တလောကဆိုတာ

ရုပ်နာမ်နှစ်ခု ပေါင်းလို့ရှိရင် ဘာခေါ်ကြမတုံး (သတ္တ လောကပါ ဘုရား) လူသတ္တဝါ၊ နတ် သတ္တဝါ၊ ဗြဟ္မာ သတ္တဝါ၊ တိရစ္ဆာန် သတ္တဝါ၊ အဲတော့ သတ္တဝါတွေ ဖြစ်လာတာ။

အဲဒီ သတ္တလောကဟာ နားမလည်လို့ရှိရင်ဖြင့် ဒိဋ္ဌိ ဖြစ်ပါတယ်၊ ဒိဋ္ဌိဖြစ်တယ်၊ အဲတော့ ဒိဋ္ဌိဖြစ်လို့ ရှိရင်ဖြင့် ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ၊ ဒိဋ္ဌိချုပ်မှ နိဗ္ဗာန်သို့ရောက်မယ်။

ဒိဋ္ဌိချုပ်မှလည်း နိဗ္ဗာန် ရောက်မှာ ဖြစ်တော့၊ သတ္တ လောကကို သတ္တလောကတင် ရပ်နေ ပြန်လို့ ရှိရင်လည်း ဒိဋ္ဌိက မချုပ်ဘူး၊ ဒါသတ္တဝါတွေ ရှိနေတာပဲ ဒီလို ယူနေပြန်လို့ ရှိရင်လည်း သက္ကာယ ဒိဋ္ဌိ မချုပ်ဘူး။

ထိုကဲ့သို့ မချုပ်လို့ ရှိရင်လည်း ဒိဋ္ဌိက ကပ်နေတယ်၊ ဒိဋ္ဌိ ကပ်နေလို့ ရှိရင် ဘယ်လိုပင် အားထုတ် ငြား သော်လည်း မနေ့က အနုရာဓမှာ အရင်က အနိစ္စ ဒုက္ခ အနတ္တတွေ အများကြီး အားထုတ် ထားတာပါ။ သို့သော် သူ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိနေတဲ့အတွက် ရကိုမရဘူး။

ဒိဋ္ဌိဝိစိကိစ္ဆာသတ်ရှေ့ထား

ဒါကြောင့် အားထုတ်မှုထက် ဒိဋ္ဌိဝိစိကိစ္ဆာ သတ်မှုကို ရှေ့ထား ရမယ်လို့ မှတ်ထားရမယ် (တင်ပါ ဘုရား) အားထုတ် မှုထက် ဒိဋ္ဌိဝိစိကိစ္ဆာ သတ်မှု ရှေ့ထားရမယ်။

အားထုတ်မှု နောက်ထားပါ၊ ဒိဋ္ဌိဝိစိကိစ္ဆာ ဉာဏ်ထဲမှာ ရှင်းနေဖို့ မရှိဖို့ကို ရှေ့ထားပါ၊ ဒါကောင်းသော ဆုံးမခြင်း လို့ မှတ်ပါ အစဉ်ဒါမှ ကျမယ်ဆိုတာ မှတ်ထားပါ (တင်ပါ့ ဘုရား)။

ဒီဒိဋ္ဌိ ဘယ်က လာသတုံးလို့ မေးတဲ့အခါကျလို့ရှိရင် သတ္တဝါ ခန္ဓာတိုင်း လာတာပဲ၊ သတ္တဝါ ခန္ဓာက လာတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုလာသုတုံးလို့ မေးတဲ့အခါကျတော့ ပုဂ္ဂိုလ် ကြည့်ပြီး သကာလ၊ သြော် ငါဝလာတာ၊ အင်း ငါပိန်ပြန်ပြီ။ သြော် ကိုယ့်ကိုယ်ကို ကြည့်ပြီး သကာလ ငါထွက်လာတာကို ဆိုတာ ပေါ်လာတယ် (တင်ပါ ဘုရား) သတ္တလောကကြီး ကြည့်ပြီးတော့ (တင်ပါ ဘုရား)။

ငါ ဝလာပြန်ပြီ၊ ငါပိန်လာပြန်ပြီဆိုတော့ သူများ ကြည့်ပြောတာလားတဲ့၊ သတ္တလောကကြီး ကြည့်ပြောနေတာလား (သတ္တလောကကြီး ကြည့်ပြောနေတာပါ ဘုရား)။

သတ္တဝါကြည့်ပြောနေတယ်

သတ္တလောကကြီး ကြည့်ပြောနေတော့၊ ဪ ၊ သတ္တလောကကြည့် လိုက်တဲ့ အခါကျတော့ ငါဝတယ်၊ ငါပိန်တယ်၊ ငါဖျားတယ်၊ ငါနာတယ်၊ ငါမနာဘူး၊ ဘာဖြစ် တယ်၊ ငါရွဲ့ တယ်၊ ငါစောင်းတယ်၊ သြော် သတ္တဝါခန္ဓာက ဒိဋ္ဌိကို ဖြစ်စေတာပဲ ဆိုတာတော့ ယနေ့ည ရှင်းသွားပြီ။

သတ္တဝါ ခန္ဓာကြီးသာ ကြည့်နေမယ်ဆို၊ သတ္တဝါသာ ကြည့်နေမယ် ဆိုရင်ဖြင့် ဒိဋ္ဌိက လာမှာ၊ ငါဝတယ်၊ ငါပိန်တယ် အစရှိသည်နဲ့ ဟာ၊ ငါက သွားတွေ ညီညွတ်တယ် အစရှိသည်နဲ့ ငါ့ဆံပင်တွေ ဖြူကုန်ပြီ၊ ဪ သတ္တဝါကြည့် ပြောနေတာ (မှန်ပါ့ ဘုရား)၊ အင်း သတ္တဝါ ကြည့်ပြီး ငါထွက်တာ (တင်ပါ့ ဘုရား)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

သတ္တဝါကြည့်ကြည့်ပြီးထွက်ပြီးသကာလ လာ တော့၊ သြော် – ဒီခန္ဓာကိုယ်ကြီး ကြည့်ပြီး သကာလ၊ ခန္ဓာကိုယ် က လူသတ္တဝါ၊ အဲဒီ လူသတ္တဝါကြီး ကြည့်ပြီး သကာလ ငါကြီးပြီ ငါအိုလာပြီ၊ ငါ ဒီလို နေလို့တော့ မတော်တော့ဘူး ငါ့အရေးငါ ကြိုးစားမှပဲ၊ အင်း သံဝေဂလိုလိုနဲ့ ဒိဋ္ဌိက ချည်း ဝင်နေတယ် (မှန်ပါ)။

သံဝေဂလိုလိုနဲ့ (ဒိဋ္ဌိကချည်း ဝင်နေတယ် ဘုရား) ဒိဋ္ဌိကချည်း ဝင်ပြီး သကာလ နေတော့ ဘယ်က ထွက်လာတဲ့ ဒိဋ္ဌိပါလိမ့်မတုံးလို့ သတ္တဝါ ခန္ဓာကြည့်ပြီးပြောတာ (တင်ပါ ဘုရား)။

သတ္တဝါခန္ဓာက အကြည့်မတတ်တာနဲ့ ဒိဋ္ဌိဖြစ်လာ တာလို့ မှတ်ထားရမယ် (တင်ပါ ဘုရား) သတ္တလောကကြီးက ဒိဋ္ဌိ ဖြစ်စေတယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား)။

သတ္တလောကကြီးက ဒိဋ္ဌိကိုဖြစ်စေတယ်ဆိုတာ ရှင်းသွားပြီ အဲဒါကြောင့် သတ္တဝါမရှိအောင် ဒကာ ဒကာမတွေ ကြည့်ဖို့ အရေးကြီးတယ်။

သတ္တဝါမရှိအောင်ဘယ်လို ကြည့်ရမှာတုံး

သတ္တဝါ မရှိအောင် ဘယ်လို ကြည့်ရမှာတုံးလို့ မေးတဲ့ အခါကျတော့၊ သတ္တဝါပျောက်ပြီး၊ ခန္ဓာ ဉာဏ်ရောက်မှ ဒိဋ္ဌိ ကွာမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သတ္တဝါပျောက်ပြီး ခန္ဓာ ဉာဏ်ရောက်မှ (ဒိဋ္ဌိ ကွာမှာပါ ဘုရား)၊ သတ္တဝါ လည်းပျောက်ရမှာပဲနော်၊ ရှိတော့ရှိတာပဲ ပညတ်နယ်ကနေရှိ နေတာပဲ (တင်ပါ့)။

ရှိပေမဲ့လည်း သတ္တဝါ ထိုးဖောက်ပြီး သကာလ ခန္ဓာငါးပါး အစစ်ကို ဉာဏ်နဲ့ ရောက်အောင် ကြည့်ကြပါ (တင်ပါ ဘုရား)။

ထိုကဲ့သို့ ဉာဏ်နဲ့ ရောက်အောင် ကြည့်လိုက်တဲ့ အခါ ကျတော့ သတ္တဝါ ထိုးဖောက်ပြီး၊ ခန္ဓာ ဉာဏ်ရောက်မယ် သတ္တဝါ ထိုးဖောက်ပစ်ရမယ် (မှန်လှပါ)။

သတ္တဝါ ထိုးဖောက်ပြီး သကာလ၊ သတ္တဝါဟာ ဘာတုံးမေးတဲ့အခါ၊ ခန္ဓာ အစုအပေါင်းကို ဆိုတာ ဆိုပြီး သကာလ၊ သတ္တဝါ အမြင် နောက်ဖယ်ပြီး သကာလ၊ ခန္ဓာက တည့်ပေး ရမယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း ပြောပါတယ်။

ဉာဏ်ကခန္ဓာရောက်ရမယ်

သတ္တဝါ ဖယ်ရမယ်၊ ဉာဏ်က ဘယ်ရောက်ရမတုံး (ခန္ဓာ ရောက်ရမှာပါ ဘုရား) ခန္ဓာ ရောက်ရမယ် (တင်ပါ ဘုရား)။

သတ္တဝါ ဖယ်ပြီး ဉာဏ်က ရှေးဦးစွာ သတ္တဝါဖယ်၊ ဖယ်ပြီးကာမှ ဉာဏ်က ခန္ဓာငါးပါးကို မရောက် ရောက်အောင် ပို့ရမယ်။

မရောက် ရောက်အောင် ပို့လိုက်လို့ ရှိရင်ဖြင့် ဒိဋ္ဌိအညံ့ စားတော့ဖြင့် ကွယ်သွားတာပဲ ပျောက်သွားတာပဲ ဆိုတာ မှတ်ပါ (တင်ပါ ဘုရား)။

ဒါဖြင့် သတ္တလောက သတ္တလောကကြီးလှည့်စား လိုက်တာလည်း ဒိဋ္ဌိ ဖြစ်နိုင်တယ်၊ သတ္တလောက ကြီး လှည့်စား လိုက်တာလည်း နည်းမျိုးစုံ ဖြစ်နိုင်တယ် ဆိုတာ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျုပ်ဖြင့် ဒီလူ့ကြည့်ရတာ အမြင်ကပ် လိုက်တာ သြော် သတ္တလောကကြောင့် သူ ဒေါမနဿ ဖြစ်နေပြီ၊ ဒီလူလို့ လည်း ဆိုနေပြန်ပြီ ဒိဋ္ဌိကလည်းပါ၊ ဒေါမနဿ ကလည်းဖြစ် ဒီလူ သွားပုံလာပုံ ကျုပ်ဖြင့် သဘော မကျဘူး၊ အင်း သတ္တလောက ကနေပြီး သကာလ ဒိဋ္ဌိ ဒေါမနဿ လိုက်လာတယ် (တင်ပါ ဘုရား)။

သတ္တလောကမထိုးဖောက်နိုင်လို့

ဒီလူ ပြောပုံဆိုပုံဖြင့် ကျုပ်ဖြင့် မကျေနပ်ပါဘူး အင်း ဘယ်က ထွက်လာတဲ့ဒိဋ္ဌိတုံး၊ မကျေနပ်တဲ့ ဒေါသက လည်း လာပါတယ် မောင်ချစ်ဆွေ (သတ္တလောက)၊ သတ္တလောက မထိုးဖောက်နိုင်လို့ (မထိုးဖောက်နိုင်လို့ပါ ဘုရား)။

သတ္တလောက မထိုးဖောက်နိုင်တော့ ခန္ဓာဉာဏ် မရောက်တော့ဘူး (တင်ပါ့)၊ ရောက်သေး ရဲ့လား (မရောက်ပါ ဘူး ဘုရား)။

ဪ ဒါဖြင့် ဆရာဘုန်းကြီး ပြောနေတဲ့ ဥစ္စာ၊ သတ္တ လောက ဖယ်ပစ်ပြီးတော့မှ၊ သတ္တ လောကကို ဉာဏ်ထဲက ဖယ် ပြီး သကာလ၊ သမုတိသစ္စာ ဖယ်ပြီး သကာလ၊ ပရမတ္ထသစ္စာ ပါအောင် ကြည့်ခိုင်းတာပါလား (တင်ပါ ဘုရား)။

ပရမတ္ထသစ္စာပေါက်အောင်ကြည့်ပါ

သမုတိသစ္စာ ဖယ်ပြီး ပရမတ္ထသစ္စာကို ပေါက်အောင် ကြည့်ရမယ်၊ သမုတိသစ္စာ ဖယ်ပြီး ပရမတ္ထသစ္စာ ကို ပေါက်အောင် ကြည့်ရမယ်၊ သြော် ဒါမှလည်း ဒိဋ္ဌိအညံ့စား ကွာမယ် ဒါ မဂ်ကွာ မဟုတ်သေး ပါဘူးတဲ့၊ ကြည့်နည်း သင်တုန်း ရှိသေး ပါတယ် (တင်ပါ ဘုရား) ကြည့်နည်း သင်တုန်း ရှိသေးတယ်။

ဒါဖြင့် ခန္ဓာကြည့်တတ်ဖို့ အရေးဟာ သတ္တဝါကွယ် နေတယ် ဆိုလို့ ရှိရင် မလွဲဘူးပေါ့ (မလွဲပါ ဘုရား)၊ ခန္ဓာ သတ္တဝါ ဖုံးနေတာ ယောက်ျား သတ္တဝါ၊ မိန်းမသတ္တဝါ၊ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာ သတ္တဝါ အစရှိသည်နဲ့ ခန္ဓာဖုံး နေတာ၊သတ္တဝါဖုံး နေတယ် ဆိုလို့ ရှိရင် မှန်သွားပြီ။

ဒါဖြင့် သတ္တဝါဖယ်၊ ခန္ဓာ ရောက်အောင်ရှု (တင်ပါ ဘုရား) ခန္ဓာ ဘယ်သူ ဖုံးပါလိမ့် မတုံး (သတ္တဝါ ဖုံးနေတာပါ ဘုရား) သတ္တလောက ဖုံးနေတယ် (တင်ပါ ဘုရား)။

ဒါကြောင့် လောက ဝတ္ထုကိုပဲ၊ လောကအကြောင်း ကိုပဲ ဟောလို့ မဆုံးနိုင်သေးဘူး ဆိုတာလည်း ယနေ့ တစ်မျိုးပဲ လို့ မှတ်ရမယ် (တင်ပါ ဘုရား)။

ခန္ဓာဘယ်သူဖုံးနေပါလိမ့်

ခန္ဓာ ဘယ်သူ ဖုံးနေပါလိမ့် (သတ္တလောက ဖုံးနေပါ တယ် ဘုရား) အေး သတ္တလောက ဆို တာ သတ္တဝါ၊ ဒီ သတ္တဝါကြီး ဖုံးနေတယ်။

ဖုံးပြီး သကာလ နေတော့၊ အင်း မိန်းမပေမဲ့ ကျုပ်ဟာ ကျုပ်ရှာစားနိုင်တယ်၊ ယောက်ျား မရှိလည်း ဒို့ အရေးမကြီးဘူး ကွ၊ ငါလည်းခြေနဲ့ လက်နဲ့ ပဲ၊ ယောက်ျားကွ (မှန်ပါ ဘုရား) လာတာပဲ၊ သတ္တဝါကြီး ဖုံးသွားတယ်၊ ခန္ဓာက ပျောက်ပျောက် ထွက်သွားတယ် (တင်ပါ့)။

ဒါဖြင့် သတ္တဝါ ဖုံးနေတယ်၊ ခန္ဓာပျောက်ပြီး နေတော့ တယ်မလွဲပါဘူး (မလွဲပါဘူး ဘုရား)၊ သတ္တဝါက ဘယ်သူ့ဖုံး နေပါလိမ့် (ခန္ဓာကို ဖုံးနေပါတယ် ဘုရား)။

ခန္ဓာကို ဖုံးနေတဲ့ အခါကျတော့ အဲဒီမှာ တစ်ခါတည်း ပဋိစ္စသမုပ္ပါဒ် မသိတဲ့ အဝိဇ္ဇာ ကလည်း လာပစ် လိုက်တာပဲ။ မုန်းတဲ့ ဒေါသကကော (လာပါတယ် ဘုရား)။

ငါဘာကိစ္စရှိတုံးဆိုတဲ့ ငါတွေကကော (လာပါတယ် – ဘုရား)။

သြော် ဘယ်ကများ ထွက်လာလိမ့်မလဲလို့ မေးဖို့လို တယ်၊ သတ္တဝါ မရှာနိုင်တာနဲ့ ခန္ဓာ မရောက်၊ ခန္ဓာမရောက် တာနဲ့ အဝိဇ္ဇာတွေ တဏှာတွေ၊ ဒေါမနဿတွေ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးတောင် လာပစ် လိုက်တယ်။

ပဋိစ္စသမုပ္ပါဒ်သုံးမျိုး

သတ္တဝါ မဖယ်နိုင်၊ ခန္ဓာ မပေါက်ရောက်တဲ့ အတွက် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လာပစ် လိုက်တယ်၊ ခန္ဓာ မသိတာ အဝိဇ္ဇာ၊ သတ္တဝါ ဖြစ်နေလည်း ဒီသတ္တဝါ သဘောမကျပါဘူး ဆိုတဲ့ ဥစ္စာကလည်း ဒေါသ၊ ဒီယောက်ျား ကတော့ ခင်ရမှာပဲ။ ကြင်ရမှာပဲဆိုတာ လောဘ၊ အဲတော့ ပဋိစ္စသမုပ္ပါဒ် သတ္တဝါက သုံးမျိုး ထွက်လာတယ်၊ ရှင်းကြပလား၊ (ရှင်းပါပြီ)

ဒါဖြင့် သတ္တလောက ကြီးမှာ ကြောက်စရာ ကြီးပါလား ဆရာသမား ကောင်း မတွေ့လို့ရှိရင်၊ သူက ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ကို ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်၊ အဝိဇ္ဇာ ပဋိစ္စသမုပ္ပါဒ်၊ အင်း ဒေါမနဿ ပဋိစ္စသမုပ္ပါဒ်၊ အကုန် ဖြစ်စေနိုင်တယ် ဆိုလို့ရှိရင်ဖြင့် ငြင်းစရာ မရှိအောင် မှန်ပါတယ်။

အင်း ဘယ်က ထွက်လာတဲ့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပါလိမ့်မတုံးလို့ ရှင်းကြ စမ်းပါဦး (သတ္တ လောက ကြောင့်ထွက် လာတာ) ဒါဖြင့် ခန္ဓာပျောက်လို့ လာတာပဲ (တင်ပါ ဘုရား)။

ခန္ဓာပျောက်လို့ ဒီပဋိစ္စသမုပ္ပါဒ် တွေ ထွက်လာတာပဲ ဒါဖြင့် ခန္ဓာကိုယ်သတ္တဝါဖုံးနေတယ် (တင်ပါ ဘုရား)၊ သတ္တဝါ မဖယ်နိုင်ရင် ခန္ဓာမရောက်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တဝါ မဖယ်နိုင်ရင် (ခန္ဓာ မရောက်ပါဘူး ဘုရား) အဲဒါကြောင့် အလုပ်လုပ်တော့မယ် ဆိုရင် သတ္တဝါ အရင် ဖျောက်ပြီး သကာလ ခန္ဓာဉာဏ်ရောက် သွားပေး ပါဆိုတာကို အထူးပဲ သတိပေး လိုက်တယ် (တင်ပါ ဘုရား) သဘောပါကြ ပလား (သဘောပါပါပြီဘုရား)။

သတ္တလောကကိုသိရမယ်

ကောင်းပြီ ဒါဖြင့် သတ္တလောက သိလည်း သိရမယ်၊ ဖယ်လည်း ဖယ်ရမယ် (တင်ပါ)၊ သူ့မှာ နှစ်မျိုး မှတ်ရမယ်။

သတ္တလောကကို (သိလည်းသိရမယ်၊ ဖယ်လည်းဖယ်ရမယ် ဘုရား)။

မသိပြန်တော့လည်း၊ သတ္တလောက မသိပြန်တော့ လည်း အမေအဖေတောင် မသိ ဖြစ်သွား မယ် (တင်ပါ ဘုရား) ဒါကြောင့် သိလည်း သိရမယ်။ အမေအဖေ ကလည်း သတ္တလောက ထဲက ကိုး (တင်ပါ ဘုရား)။

သတ္တလောကကိုဖယ်ရမယ်

အမေအဖေက သတ္တလောက၊ သူသိလည်း သိရမယ်၊ ဝိပဿနာ လုပ်ကြမယ် ဆိုတော့ ဖယ်လည်း ဖယ် ရမယ်။ သိလည်း သိရမယ်၊ ဖယ်လည်း ဖယ်ရမယ်။

ရောင်းဝယ် ဖောက်ကား၊ ရိုသေ လေးမြတ်၊ ပူဇော် ပသတဲ့ အချိန်ကို သိရမယ်၊ အလုပ်၊ လုပ်တဲ့ အချိန်မှာ ဖယ်ရ မယ် (တင်ပါ ဘုရား) ရောင်းဝယ် ဖောက်ကား ပူဇော်ပသ တဲ့ နေရာလည်း လူကြီး လူကြီး စကား ပြောရမှာပေါ့ (မှန်ပါ ဘုရား)၊ လူငယ် လူငယ်စကား ပြောရမယ်၊ ရောင်းဝယ်ဖောက် ကားတဲ့ နေရာ သတ္တဝါက သုံးရမယ်။

သတ္တဝါငယ်ကလေး၊ သတ္တဝါကြီး၊ လူကြီးသူမ ဖြစ်လာတာပေါ့လေ (မှန်ပါ) ဒါဖြင့် ရောင်းဝယ် ဖောက်ကားတဲ့ နေရာလည်း သတ္တဝါကို သုံးရမယ်၊ အလုပ်ခွင် ဝင်တော့မယ် ဆိုတော့ သတ္တဝါ ဖယ်ရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပရမတ္ထသစ္စာကိုမဖုံးစေနဲ့

အဲ သတ္တလောကလည်း မပယ်နဲ့၊ သမုတိသစ္စာ လည်း မပယ်နဲ့၊ ပရမတ္ထ သစ္စာ ကိုလည်း မဖုံးစေနဲ့ (တင်ပါ ဘုရား) ဒီနေ့ည သတိပေး လိုက်ပါတယ် (မှန်ပါ)။

သမုတိသစ္စာ ကျတော့ သတ္တလောကလည်း မပယ်နဲ့ ပယ်ရင် မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တော၊ ဗုဒ္ဓဂုဏောအနန္တာ ပျောက်သွားလိမ့်မယ် (တင်ပါ ဘုရား) မပျောက် ပေဘူးလား (ပျောက်ပါတယ် ဘုရား)။

တစ်ခါ သူ့ကို ရှေ့တင်ပြီး သကာလ နေပြန်လို့ ဝိပဿ နာ လုပ်တဲ့ အခါ မဖယ်ပြန်တော့လည်း ဒိဋ္ဌိဘက် သွားပြန်တယ် ငါ့အမေ၊ ငါ့အဖေ၊ ငါ့ထက်ကြီးတယ်၊ ငါ့ထက် ငယ်တယ် ဆိုတဲ့ ဒိဋ္ဌိက လာပြန်တယ်။

အတော်ပဲ ကြောက်စရာ ကောင်းပါလား ဒီလို ခွဲခွဲခြား ခြား၊ ပိုင်ပိုင်နိုင်နိုင် ရှိတာနဲ့ ဖယ်တာကိုမှ နားမလည်ကြလို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ဖို့ မောင်ချစ်ဆွေ လွယ်ကို မလွယ်ပါလား (မလွယ် ပါဘူး)။

မလွယ်ဘူးတဲ့ ဒီအဓိပ္ပါယ်ဟာ မလွယ်ပဲ ဖြစ်နေလို့ ဒါကြောင့် အေးအေးဆေးဆေးနဲ့ ဆုံးမ သွန်သင်ပြီး သကာလ အရေးကြီးတဲ့ အချက်ကို အရေးကြီး သလို ပြောနေတယ် ဆိုတာ မှတ်ရ လိမ့်မယ် (တင်ပါ ဘုရား)။

ဝိပဿနာလုပ်ရင်တော့

ကောင်းပြီ ဒါဖြင့် သတ္တလောကလည်း မပယ်နဲ့၊ ဒီတိုင်းနေတဲ့ အချိန်မှာ (တင်ပါ ဘုရား) ဝိပဿနာ လုပ်တော့မယ် ဆိုတော့ သတ္တလောကကို လည်း ဖယ်ပစ် (တင်ပါ့ ဘုရား)။

ပြောကြဆိုကြတယ် “ဂါရဝေါ စ နိဝါတော စ” ဆို တော့ ဂါရဝေါ စ – ရိုသေ ထိုက်သော ပုဂ္ဂိုလ် ရိုသေ ရမယ်ဆို တော့ သတ္တလောက သုံးလာတာ (တင်ပါ)၊ နိဝါတောစ – မာန်ချ ရမယ်ကွတဲ့။ ဈေးသည် ဆိုတာ အောက်တန်းက နေရတာ (တင်ပါ ဘုရား)၊ သူတို့က ဘယ်လောက်ပဲ စစ်စစ် ကိုယ် က လျှိုလျှိုပဲ နေရမယ်။ နိဝါတဂုဏ် လိုက်ရမှာကို (မှန်ပါတယ် ဘုရား)။

နိဝါတ ဂုဏ်ထမ်း ရမယ် ဆိုတော့ ဒါ သမုတိသစ္စာနယ် ကနေ သုံးလိုက်တာ (တင်ပါ ဘုရား)၊ အဲဒီ “ဂါရဝေါ စ နိဝါတော စ” တွေ မရှိပြန်လို့ ရှိရင်လည်း ဘာဖြစ်သွားပြန်တုံး ဆိုတော့ သမုတိသစွာ နားမလည်တဲ့ အတွက် အပါယ် ရောက် ပြန်တယ်၊ သတ္တလောက နားမလည်တဲ့ အတွက် အပါယ် ရောက်သွား ပြန်တယ်။

သူ့ နားလည်ပြီး သကာလ ပရမတ္ထသစ္စာ ဆိုတဲ့ ဥစ္စာကို ဖောက်ထွင်းပြီး မကြည့် နိုင်ပြန်လို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ် ဉာဏ်က ကွယ်ပြန်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တလောကလည်း မပယ်နဲ့

သတ္တလောကကို ဒကာ ဒကာမတွေက အသုံးချတဲ့ နေရာ အသုံးမချ တတ်လို့ ရှိရင်လည်းတဲ့၊ သတ္တလောကကို ပယ်တဲ့ အတွက် အပါယ်လေးပါး ရောက်သွား ပြန်တယ်။ အနန္တော၊ အနန္တငါးပါး ပျောက်ကွယ် သွားတယ် (တင်ပါ ဘုရား)။

ဝိပဿနာ လုပ်တဲ့ အခါမှာ သတ္တလောကကို မပယ် ပြန်လို့ရှိရင်လည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရပြန်ဘူး (တင်ပါ)၊ ဒါဖြင့် ဒီအပြောဟာ မောင်ချစ်ဆွေ အတော်ခက်ပါလား (ခက်ပါတယ် ဘုရား)။

အတော်ခက်တယ်တဲ့၊ အဲဒါကြောင့် သူ့နေရာနဲ့သူ သုံးပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။ သတ္တလောက လည်း မပယ်နဲ့၊ သမုတိသစ္စာ ဆိုတဲ့ သတ္တလောက လည်း မပယ်နဲ့၊ ပရမတ္ထ သစ္စာ ကိုလည်း မကွယ်စေနဲ့၊ ဒီနှစ်လုံး သိပ်အရေးကြီးပါတယ် (တင်ပါ ဘုရား)။

ပရမတ္ထသစ္စာကိုလည်း မကွယ်စေနဲ့

သတ္တလောကလည်း မပယ်နဲ့နော်၊ သမုတိသစ္စာ ဖြစ် နေတယ်။ ပရမတ္ထသစ္စာ ကိုလည်း မကွယ်စေနဲ့၊ သတ္တလောက သွားမကွယ်စေနဲ့ဦး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမုတိသစ္စာ ပယ်လိုက်တော့လည်း အပါယ်လေးပါး ကျတယ်၊ ပရမတ္ထ သစ္စာ ကွယ်နေပြန်လို့ ရှိရင်ကော မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘူး၊ – ဒီနှစ်လုံးနဲ့ပဲ သေပျော်ပါပေါ့လား၊ အတော် အရေးကြီး နေပါပေါ့လား ဆိုတော့၊ အဖိုးတန်အောင် ပြောလို့ အဖိုးတန်တာလို့ ဒီလိုမယူနဲ့၊ သတ္တဝါတွေမှာ ဒီအတိုင်း ဖြစ်နေတာ (တင်ပါ ဘုရား)။

ပိုင်ပါပြီဆိုတဲ့ ဥစ္စာက သတ္တလောက ပယ်လိုက်တာ (တင်ပါ ဘုရား)၊ ဒီလူတွေဟာ သင်္ဂြိုဟ် သမားတွေ ပါကွာ၊ အလကား လူတွေပါ၊ အဖေအမေ မရှိဘူး၊ ဒါသတ္တလောက ပယ်ချ လိုက်တာ (တင်ပါ)၊ ဒါကျတော့ ပဉ္စာနန္တရိယကံတွေက ထိုက်ကုန်တယ်၊ သတ္တလောကကို ပယ်ပစ်လိုက်တယ် (တင်ပါ ဘုရား)။

အဲဒီ ပဉ္စာနန္တရိကံထိုက်တော့ကို သီလဘက်က ပျက်စီးသွားတယ်၊ အဲတော့ ပရမတ္ထသစ္စာ အားထုတ် ငြား သော်လည်း မဂ်၏ အန္တရာယ် သွားဖြစ်တယ် (မှန်ပါ ဘုရား)၊ ပရမတ်ရူးက (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သတ္တလောကလည်း မပယ်နဲ့နော် (မှန် လှပါဘုရား)၊ ပရမတ္ထဖြစ်တဲ့ တရားကိုလည်း မကွယ်စေနဲ့ (တင်ပါ ဘုရား)။

သတ္တလောကလည်း (မပယ်နဲ့)၊ ပရမတ်တရားတွေကို လည်း (မကွယ်စေနဲ့)၊ မကွယ်စေနဲ့၊ သတ္တလောက က သွားကွယ်မှာလည်း စိုးရသေးတယ်။ ကွယ်လို့ရှိရင် သူ့သီလနဲ့ ဂါရဝေါစ၊ နိဝါတောစ ဆိုတဲ့ ရိုသေ ထိုက်သော ပုဂ္ဂိုလ် ကျုပ် ရိုသေပါတယ်။ ဝေယျာဝစ္စလည်း ပြုပါတယ် ဆိုတော့၊ သူ့သီလနဲ့ သေသွားလိမ့်မယ် (တင်ပါ)၊ မဂ်ဉာဏ်ဖိုလ် ဉာဏ် မရပြန်ဘူး (တင်ပါ ဘုရား)။

သတ္တလောကထဲ ရပ်နေကြလို့ရှိရင် ကျုပ်တို့ဖြင့် ဘုရားရှေ့ဆို ကုန်းသွားတာပါပဲ၊ လူကြီး သူမ ရှေ့ဆို ရိုသေ သဖြင့် တောင်းပန်ပြီး၊ တိုးလျှိုပြီးတော့ သွားတာပါပဲ ဂါရဝေါစ နိဝါတောစ လို့ ဘုရားက ဟောထားတာ၊ ဟုတ်တယ်လုပ်ရမှာပဲ။

မလုပ်လို့ရှိရင်လည်း သီလစခန်း ပြတ်သွားတယ်၊ သီ လစခန်း ပြတ်လို့ ရှိရင်လည်း၊ အထက် ဖြစ်တဲ့ ပညာစခန်းက ကွယ်သွား ပြန်တော့ မရပြန်ဘူး၊ ဒါကြောင့် သတ္တလောက ကိုလည်း မပယ်နဲ့၊ ပရမတ္ထ ကိုလည်း မကွယ်စေနဲ့ (တင်ပါ ဘုရား)။

ရုပ်နာမ် ဓမ္မတွေကိုလည်း သတ္တလောက က မကွယ်စေနဲ့ (တင်ပါ)၊ ဒီနှစ်ခုက သိပ် အရေးကြီး ပါတယ်၊ မကြီး ဘူးလား (ကြီးပါတယ်ဘုရား)။

ဒါ ခွဲပြောတတ်တဲ့ ဆရာမို့ တော်သေးရဲ့၊ မင်းတို့သိ ရတာ (တင်ပါ ဘုရား)၊ ခွဲလို့ ဒီလို သိရမယ် လို့ အစ်မရဲ့ အဓိပ္ပါယ်မှာ တစ်သက်နဲ့ တစ်ကိုယ်ဆို မကြားဖူးဘူး (တင်ပါ ဘုရား)။

သူ့လမ်းနဲ့ သူသွားပါ

သူ့ကိုလည်း မပယ်ရဘူးလေ၊ ပရမတ်လည်း မကွယ် စေနဲ့ဆိုတော့ သူ့လမ်းနဲ့ သူ သွားလို့ ပြောတာ (တင်ပါ ဘုရား)။ သတ္တလောက လမ်းကလည်း သတ္တလောက လမ်းက အလုပ် လုပ်တာ၊ ပရမတ္ထ လမ်းကလည်း သူ့လမ်းနဲ့သူ၊ အလုပ် လုပ်ရတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တလောက ပယ်လိုက်ရင် သီလဘက်က ပျက် တယ်၊ ပရမတ္ထသစ္စာကို ကွယ်နေပြန်လို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် တားတယ်၊ သဘောပါပလား (သဘောပါ ပါပြီဘုရား)။

အစ်မ အေးအေး ပြောနေတယ်လို့ ဒီစကား နှစ်လုံးနဲ့ပဲ ဒီနေ့ည ပြီးရ ပြီးရ အတော် အရေး ကြီးတယ် မှတ်ရမယ် (တင်ပါ ဘုရား အရေးကြီးပါတယ်)၊ အလွန် အရေးကြီး တယ်ဆို တဲ့ အဓိပ္ပါယ် ဟာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ဒါဖြင့် သတ္တလောကကိုလည်း မပယ်နဲ့၊ ပရမတ္ထဓမ္မ ကိုလည်း မကွယ်စေနဲ့ (တင်ပါ့ ဘုရား)။

သမုတိသစ္စာသက်သက်ဆိုရင်

သတ္တလောက ပရမတ္ထ လာကွယ်ပြန်လို့ ရှိရင်လည်း အမေ ဆိုတော့ ဝိပဿနာရှုလို့ မရဘူး။ အဖေ ဆိုတော့ ဝိပဿ နာ ရှုလို့ မရဘူး (တင်ပါ ဘုရား)၊ ခန္ဓာငါးပါး ပေါ်လာမှ ရှုဖြစ်မှာကိုး (မှန်လှပါ)။

အဲတော့ ပရမတ်ကို အမေ သမုတိသစ္စာက ဖုံးနေပြန် လို့ရှိရင်လည်း သီလ ဘက်က လုံရဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘက် က မပြည့်စုံနိုင်ဘူး (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီဘုရား)၊ တော်တော် အရေးကြီး ပါလား ဆိုတဲ့ ဥစ္စာ ကောင်းကောင်းကြီး ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)၊ အလွန် အရေးကြီးတယ် ဆိုတာ ပေါ်လာတယ်တဲ့။

ပရမတ္ထသစ္စာသက်သက်ဆိုရင်

ကိုင်း ဒါဖြင့် ယခုလောကကြီးထဲမှာ တရားဟောတဲ့ ပုဂ္ဂိုလ်တွေ တချို့က သတ္ထလောက ဖယ်ချ လိုက်တယ် (တင်ပါ့)၊ ဘယ်ရှိပါ့မတုံးကွ အမေ၊ ဘယ်ရှိပါ့မတုံးကွ အဖေ၊ ဘယ် သားသမီး ရှိရမတုံး ဆိုတော့ “ပုတ ္တဒါရဿ သင်္ဂဟော” သားသမီးများ ကျွေးမွေး ထောက်ပံ့ ရမယ်လို့ မင်္ဂလာ တရားတော် စတုက္က နိပါတ်ပါဠိတော် ဟောထားတယ် ဘုရားက သတ္တလောက မပယ်နဲ့ကွ (တင်ပါ ဘုရား) ဝတ်တွေ ပျက်ကုန် လိမ့်မယ် (တင်ပါ ဘုရား)။

“ရူပံ အနိစ္စံ၊ ဒုက္ခံ၊ အနတ္တံ” လို့ ဟောတဲ့ နေရာကျ တော့ ဟေ့ သတ္တလောကကြီး ဖယ်ထား ကြနော်၊ ဖယ်ထား ဖယ်ထား မဂ်ဉာဏ် ဖိုလ်ဉာဏ် တားပစ် လိုက်လိမ့်မယ်၊ သူ့ဖယ်ရတဲ့ နေရာ ကျတော့ ဖယ်ပစ်ရမယ် (တင်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အပြောရကြပ်တဲ့ခန္ဓာ

ကောင်းပြီ၊ ဒါဖြင့် ဒီခန္ဓာ အတွက်ဟာ အတော် အ ပြောကြပ်ပါလား ဆိုတာ၊ ယနေ့ ညတရား ပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား) ပေါ်လာတယ်။

ဘယ်လို ပေါ်လာသတုံးလို့ မေးတဲ့ အခါကျတော့မှ သြော် ဒီခန္ဓာကြီးဟာ ဒိဋ္ဌိ ကိုလည်း ဖြစ်စေ နိုင်တယ်၊ မဂ်ဉာဏ် ကိုလည်း ရစေ နိုင်တယ်၊ သူက နှစ်ဘက်သွား သွားနေတယ် (တင်ပါ ဘုရား)။

ဒိဋ္ဌိကိုလည်း (ဖြစ်စေနိုင်ပါတယ် ဘုရား)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်လည်း (ရနိုင်ပါတယ် ဘုရား) ရနိုင်တယ်တဲ့၊ ဒိဋ္ဌိ ဖြစ်စေ နိုင်တာက ငါ့အဖေ ငါ့အမေလို့ သတ္တလောက ထဲ ဆိုနေပြန်လည်း ဒိဋ္ဌိ သွားဖြစ်တယ် (တင်ပါ ဘုရား)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါကလည်း ပရမတ်ဖြစ်တဲ့ ဥစ္စာ တွေ့အောင် ရှာလိုက် ပြန်တော့လည်း၊ ငါ့အမေ ငါ့အဖေ ပျောက်ပြီး ဒိဋ္ဌိ ပျောက်ပြီး သကာလ၊ ဝိပဿနာ ဉာဏ်က ရောက်လာတယ် (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သြော် ဒါဖြင့် ဒီနှစ်လမ်းဟာ သွားတတ်မှ ဖြစ်မယ့် လမ်းပါလား၊ နှစ်လမ်းလုံး ကလည်း သွားရမယ့်လမ်း ချည်းဖြစ် တယ်၊ သီလနယ်က သွားလို့ ရှိရင် “ဂါရဝေါ စ နိဝါတော စ” “ပုတ္တဒါရဿ သင်္ဂဟော” လို့ သုံးရလိမ့်မယ် (တင်ပါ)။ သို့မဟုတ် သီလပျက်ကုန်လိမ့်မယ်။

အဲဒါတွေ ပြောရင် ရပ်စဲနေမယ်ဆိုလို့ ရှိရင်၊ ပရမတ်က ကွယ်သွားသောကြောင့်၊ သမုတိ သစ္စာက ရှေ့က ရှည်ပြီး ပရမတ္တ သစ္စာက နောက်က ပျောက်နေ သောကြောင့် လည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရပြန်ဘူး။

သူ့နေရာနှင့်သူသုံးပါ

ဒါဖြင့်တဲ့ ဒီနှစ်ခု အသုံးအနှုံးသည် သူ့နေရာနဲ့ သူသုံး ရလိမ့်မယ်၊ ပဲခွပ်နေရာ ပဲခွပ်၊ ဆောက် နေရာ ဆောက် သုံးရ မှာပဲ အားနဲ့ ခုတ်စရာ ရှိတော့ ပဲခွပ်ပေါ့ကွာ (တင်ပါ ဘုရား)၊ အပေါက် ကလေးတွေ ထွင်းမဲ့ ကြံတဲ့ အခါ သူက ထွင်းလို့ မရ တဲ့ အခါ ဆောက်သုံး ရလိမ့်မယ် (တင်ပါ ဘုရား)။

ဒါဖြင့် ပဲခွပ်နေရာ ပဲ့ခွပ် သုံးလို့ ရှိရင်တော့ မမှားပါဘူး ဆောက်နေရာ ဆောက်သုံးရင်ကော (မမှားပါဘူးဘုရား) အဲဒီလိုမသုံးကြလို့ ရှိရင် ယခု တရားတွေက အကုန်ဗွေ ဖောက်ကုန်တာပဲ (တင်ပါ ဘုရား)။

တရားတွေ ဗွေဖောက် ကုန်ကြတာ ဒါ မသုံးတတ်လို့ ဖောက်ကုန်တာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဆေးသမား ဆရာတွေ ကျတော့ မောင်ချစ်ဆွေ ပြောတာပဲ ကွာ ဒါရုပ်ပုံကြီးပဲကွ၊ အုတ်တွေ လုပ်ထားတာပဲ ဆိုပြီး၊ ဘုရား သမုတိသစ္စာကြီး သွားဖျက် လိုက်တော ပဉ္စာနန္တရိယကံက အလားတူ သွားဖြစ်တယ် (တင်ပါ ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ် တားပစ်လိုက်တာ (တင်ပါ ဘုရား) အဲတော့ သူ့နေရာ သူ မသုံးတတ်လို့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

သတ္တလောကလည်းမပယ်နဲ့

ပေါ်ပလားကွ (ပေါ်ပါပြီဘုရား) ကောင်းပြီ ဒါဖြင့် သတ္တလောကလည်း မပယ်နဲ့နော် (တင်ပါ ဘုရား)၊ ပရမတ္ထကို လည်း မကွယ်စေနဲ့ (တင်ပါ့ ဘုရား) သတ္တလောက လည်း (မပယ်နဲ့) ပရမတ္ထ ကိုလည်း (မကွယ်စေနဲ့) မကွယ်စေနဲ့တဲ့ (တင်ပါ)။

ပရမတ္ထ သွားပြီး မကွယ်စေနဲ့ဦး၊ ကွယ်ရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် တားပစ်လိုက်တာ ပေါ်ပလားကွ (ပေါ်ပါပြီဘုရား)၊ ယနေ့ည နှစ်လုံးတည်းပါ (မှန်ပါ)။

ပရမတ္ထကိုလည်းမကွယ်စေနဲ့

ဆရာသမား ဘာဟောနေ ပါလိမ့် မတုံးလို့ အမေး ထုတ်တော့မှ၊ သတ္တလောက ကိုလည်း မပယ်နဲ့ကွ ပရမတ္ထကို လည်း မကွယ်စေနဲ့ကွ (တင်ပါ ဘုရား)။

ပရမတ္ထကွယ်ရင် မဂ်ဖိုလ် တားလိမ့်မယ်ကွ၊ သတ္တ လောက ပယ်ရင် အပါယ် ကျလိမ့်မယ်ကွ ဆိုတော့ သူ့အဖြေ နဲ့သူတော့ ရှင်းသွားပြီ (တင်ပါ့ ဘုရား)။

သတ္တလောက ပယ်ရင် အပါယ်ကျမယ်၊ ပရမတ္ထဓမ္မ ကို ကွယ်နေပြန်လို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘူး၊ နိဗ္ဗာန်မရ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီခန္ဓာကြီးအတွက် ဟာက သတ္တဝါဆိုတာလည်း သူ့ကိုခေါ်ချင်တာပဲ၊ ခန္ဓာလို့ ခေါ်ပြန် လည်း သူ့ကို (သူ့ကိုပဲခေါ်တာပါဘုရား) သူက နှစ်ချက် နာမည်ရနေတယ် (တင်ပါ ဘုရား)။

သတ္တဝါလို့လည်း (နာမည်ရပါတယ် ဘုရား) နာမည်ရ တာပဲ၊ ခန္ဓာလို့ ခေါ်ပြန်တော့ကော (နာမည် ရတာပါဘုရား) ခန္ဓာ နာမည် သူရှိလို့ ရတာပဲ (တင်ပါ)။

သီလချို့တဲ့ရင်လည်း မဂ်ဉာဏ်တက်လို့ မရ

ဒါဖြင့် ဒီနှစ်ခု အသုံးအနှုံးသည်တဲ့ ၊ မှန်မှန်ကန်ကန် လမ်းသွားတတ်မှ သာလျှင်၊ သီလက မချို့တဲ့ တဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် ရမယ်၊ သီလချို့တဲ့လို့ ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် တက်လို့ မရဘူး၊ သတ္တ လောက ပယ် လိုက်လို့ ရှိရင် သွားပြီ၊ သီလချို့တဲ့ သွားပြီ (တင်ပါ ဘုရား)။

သီလ မပါပဲနဲ့ စရဏ မပါပဲနဲ့ ဝိဇ္ဇာ မဖြစ်နိုင်၊ သီလက စရဏကို (တင်ပါ ဘုရား) ဝိဇ္ဇာစရဏ သမ္ပန္နာကို (တင်ပါ ဘုရား)။

သီလတည်း ဟူသော စရဏ ခြေထောက် မပါတော့၊ ဝိဇ္ဇာတည်း ဟူသော ခေါင်းက ဘယ်သွား တတ်မလဲ၊ နေနိုင်ပါ့မလား ခေါင်ချည်း သက်သက် (မနေနိုင်ပါဘုရား)။

ဒါက ခြေထောက်လည်း ပါမှ ခေါင်းလည်း ပါမှ ဆိုသလို ပဲ၊ အလုပ်တစ်ခုကို ထမြောက်အောင် လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခုနင်က ပြောခဲ့တဲ့ ဥစ္စာကို အားလုံး ဒကာ ဒကာ မတွေက မှတ်ရမှာက၊ သမုတိသစ္စာ လည်း မပယ်နဲ့၊ ပရမတ္ထ သစ္စာလည်း မကွယ်စေနဲ့ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါ ပြီဘုရား)။

သမုတိသစ္စာကိုလည်း (မပယ်နဲ့ဘုရား) ပရမတ္ထ သစ္စာ ကိုလည်း (မကွယ်စေနဲ့) မကွယ်စေနဲ့။

အဖြေပေးလိုက်ပါဦးတဲ့၊ ဒါက မှာတမ်း ရှိပါသေးတယ် သမုတိသစ္စာ ပယ်ရင် အပါယ်ကျမယ် (တင်ပါ ဘုရား) ပရမတ္ထ ကွယ်နေလို့ ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘူး (တင်ပါ ဘုရား) နိဗ္ဗာန် မရနိုင်ဘူး။

သမုတိသစ္စာ ရှေ့ကနေပြီး ပရမတ္ထသစ္စာ ကွယ်နေရင် ကွာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘယ်နှယ့် လုပ်မတုံး (မရပါဘူး ဘုရား) တားရုံတင် မကဘူး ရကိုမရဘူး (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ည ပြောတဲ့ တရားမှာတဲ့ သူ့နေရာနဲ့သူ သုံးပါလို့ပြောတာ (တင်ပါ ဘုရား) စူးနေရာစူး၊ ဆောက်နေရာ ဆောက် (တင်ပါ ဘုရား) ဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

စူးနေရာစူး ဆောက်နေရာဆောက်

ဘယ်လိုသုံးရမတုံး (စူးနေရာစူး၊ ဆောက်နေရာ ဆောက်ပါဘုရား) စူးနေရာစူး ဆောက်နေရာ ဆောက်သုံး မှ သာလျှင် ကိုယ့်အလုပ်ပြီးမယ် (တင်ပါ ဘုရား)။

စူးနေရာ ဆောက်သုံးလို့ လည်းမဖြစ်ဘူး၊ ဆောက်နေ ရာ စူးသုံးလို့ လည်း (မဖြစ်ပါဘူး) မဖြစ်လို့ ရှိရင်လည်း ဒီအလုပ်တစ်ခုကို အထ မြောက်စရာ မြင်သေးရဲ့လား (မမြင် ပါဘူးဘုရား)။

အဲဒါကြောင့် ဒီနှစ်ခုကို နားလည်းထားမှုက ယနေ့ည မှာ အလွန် အရေးကြီးပါတယ် (တင်ပါ ဘုရား)၊ သမုတိသစ္စာ ကိုလည်းမပယ်ဖို့၊ ပရမတ္ထသစ္စာကိုလည်း သမုတိသစ္စာက မကွယ်စေဖို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကွယ်ရင်ဘာဖြစ်မဆုံးလို့ဆိုလို့ ရှိရင်၊ ပရမတ္ထသစ္စာ ကို သမုတိသစ္စာကွယ်နေလို့ရှိရင် ဒိဋ္ဌိဝင်လို့ မဂ်ဉာဏ်ဖိုလ် ဉာဏ် မရနိုင်ဘူး (တင်ပါ ဘုရား)။

ပယ်လိုက်ပြန်တော့လည်း သီလစခန်း ဖျက်လို့ ခြေ ထောက်မရှိတဲ့ ခေါင်းရှိတဲ့ ပုဂ္ဂိုလ်နဲ့ တူနေတယ်၊ အင်မတန် ပြောရကြပ် တဲ့ တရားမျိုး ဆိုတာ မောင်ချစ်ဆွေ ရှင်းဖို့ သိပ် ကောင်းပါပြီ (မှန်ပါဘုရား) အင်မတန် ပြောရကြပ်ပါတယ်၊ စစ်စစ် ပေါက်ပေါက် ပြောမှလည်း ဒီအဓိပ္ပါယ်က ရှင်းပါတယ်။ ဒါတောင်မှ အဖြေလေးက ကောင်းနေလို့၊ ပယ်ရင် အပါယ်ပြစ်၊ ကွယ်ရင် အကွယ်ပြစ်၊ ဒါရှင်းထားမှ သဘောကျပလား (တင် ပါဘုရား)။

အဇာတသတ်

အဇာတသတ်တို့ အပါယ်များ ကျသွား လိုက်တာ ပရမတ္ထသစ္စာ ကွယ်တာနဲ့ အပါယ်ကျ သွားတာ (တင်ပါ)၊ သမုတိသစ္စာ နှိပ်စက်လိုက်တာ၊ သမုတိသစ္စာ ပယ်လိုက်တာနဲ့ အပါယ်ကျ သွားတယ်။

တခြားသော ပုဂ္ဂိုလ်တို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရတာ သည်၊ သမုတိသစ္စာ ကွယ်နေတာနဲ့ မရတာ၊ အခုလူတွေ သမုတိသစ္စာ ကွယ်တာက များနေတယ် (မှန်ပါ့ ဘုရား)။

ကျုပ်တို့တော့ အကုသိုလ်ကံလည်း မပါဘူး၊ အမေ မိဘနဲ့ ရိုရိုသေသေ ကိုင်းကိုင်းရှိုင်းရှိုင်းနဲ့ သေလည်း အပါယ်တော့ မကျပါဘူး၊ ဒီအမေမိဘ တွေနဲ့ ပြုလို့၊ စုလို့ ကိုယ်က ကျေးဇူးဆပ် လို့ အဲဒါ ကလည်း အပါယ်တော့ မကျဘူး၊ မဂ်ဉာဏ် မရပြန်ဘူး၊ ရသေးရဲ့လား (မရပါဘူး ဘုရား)။

အဲတော့ သူ့ဥစ္စာ အတော်ခက် နေပါပေါ့လား ဆိုတော့မှ ဆရာဘုန်းကြီး အဖြေပေးတာကို မင်းတို့ ကျေကျေ နပ်နပ် သဘောကျပလား (ကျေနပ်ပါတယ် ဘုရား)။

သမုတိသစ္စာ မပယ်နဲ့၊ ပရမတ္ထသစ္စာ မကွယ်စေနဲ့၊ သမုတိသစ္စာ ပယ်ရင် သီလ ပျက်တယ်၊ ပရမတ္ထ သစ္စာကွယ် ရင် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင် (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ဦး။

သာဓု သာဓု သာဓု။

—-

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာကွယ်စေနဲ့ (၂)

နာရီဝက်တရားဖြစ်ပါသည်။

အသံဖိုင်ခေါင်းစဉ်= သက္ကာယဒိဋ္ဌိဖြုတ်ပေးပုံအလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာမကွယ်စေနဲ့ (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူအပ်သော တရားတော်

သမုတိသစ္စာမပယ်နဲ့ ပရမတ္ထသစ္စာမကွယ်စေနဲ့ (၂)

(၁၉-၂-၆၂)

သတ္တလောကရှိနေလို့ ရှိရင် ဒိဋ္ဌိရှိတယ်ဆိုတာ သိရမယ်။ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာ သတ္တဝါ တွေလို့ ဆိုလို့ရှိရင်ဖြင့် သတ္တဝါရှိတယ်လို့ အယူလွဲလာလို့ရှိရင်လည်း ဒါသက္ကာယဒိဋ္ဌိဖြစ်တာပဲ။

သတ္တဝါမရှိတာကို သတ္တဝါလုပ်ထားတယ်

သတ္တလောကကို နားမလည်ပြန်လို့ ရှိရင်လည်း ဒိဋ္ဌိကပ်ပါတယ်၊ ဒီသတ္တဝါလေး တွေဟာ ဘယ်တော့များ ဘာဖြစ်ကြမတုံး ဆိုတော့ သတ္တဝါ မရှိတာကို သတ္တဝါလုပ် ထားတယ်။

သတ္တဝါမရှိတာ သတ္တဝါလုပ်ထားတော့ကို ဒိဋ္ဌိ ဖြစ်နေပါတယ်လို့ မှတ်ရမယ်။

လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါ၊ အဲဒီကဲ့သို့ ဖြစ်နေလို့ရှိရင် ဒါ အစ်မတို့က မှတ် ဒိဋ္ဌိ (တင်ပါ ဘုရား)၊ လူသတ္တဝါ ရှိတယ်၊ နတ်သတ္တဝါ ရှိတယ်၊ ဗြဟ္မာသတ္တဝါ ရှိတယ်၊ သမုတိသစ္စာ နယ်ကတော့ ဆိုနိုင်တာပဲ။

သို့သော်လည်းတဲ့၊ ဘယ်သူက ဘယ်လို ဖောက်ပြန် ကြသတုံး ဆိုတော့၊ သတ္တဝါ သေလို့ ရှိရင်ဖြင့် ဘယ်များ သွားဖြစ်ပါလိမ့်မတုံး၊ ဒီသတ္တဝါတွေ ဆိုတော့ သတ္တဝါရှိနေ ဘယ်သွား ပါလိမ့်မတုံး ဆိုတဲ့ ဥစ္စာက လာနေတယ်။

မလာပါနဲ့ ဆိုလို့ရမလား (မရပါဘူး)။

အဲတော့ သွားတတ်တဲ့ သဘောသတ္တိ မရှိဘဲနဲ့ ဒီသတ္တဝါတွေ သေတော့ သေသွားပြီ၊ ဘယ်များ သွားဖြစ် ပါလိမ့် ဆိုတော့ သတ္တဝါ မရှိပေမဲ့ ဘယ်သွား ဖြစ်ပါလိမ့်ဆိုတဲ့ ဒိဋ္ဌိက လာတာ (တင်ပါ)။

သတ္တလောကကြောင့် ဒိဋ္ဌိဖြစ်တယ်

ဒါဟာ သတ္တလောကကို နားလည်ပြီး သကာလ၊ သတ္တလောက၏ အဆုံးကို နားလည်ပြီး၊ သတ္တဝါ မရှိတဲ့အဖြစ် ကို ပိုင်ပိုင်နိုင်နိုင် ပရမတ်နယ်က မသိလို့ ရှိရင်လည်း သတ္တလောက ကြောင့် ဒိဋ္ဌိဖြစ်တယ်။

သတ္တလောကဆိုတာ သတ္တဝါကို ဆိုသည်၊ သတ္တ လောကကို သမုတိနယ်က တင်ကြည့်ပြီး သကာလ၊ ပရမတ် နယ်က မသိပြန်လို့ရှိရင်၊ သတ္တလောကကြောင့် ဒိဋ္ဌိဖြစ်တယ်။

ဘယ်လိုဖြစ်ပါလိမ့်မတုံး ဒီသတ္တဝါသေသွားပြီ ဘာများဖြစ်ပါလိမ့်မတုံး၊ ဒီစကား လာရတော့ မှာပဲ (လာရမှာ ပါ ဘုရား)။

ဒါ သတ္တလောကမျှ သိထားတာနဲ့ သတ္တဝါဖြစ်ပြီး သကာလ၊ သတ္တလောကဆိုတာ သတ္တဝါကို ဆိုသည်။

အဲဒီသတ္တဝါ ဘယ်သွားဖြစ်ပါလိမ့်မလဲဆိုတဲ့ အဓိပ္ပါယ်ဟာ ဒိဋ္ဌိနောက်ကလိုက်တာပဲ။

ဒါဖြင့် သတ္တလောက ကလည်း ထွက်ဦးမှပဲဖြစ်မယ်၊ သတ္တလောက ကလည်း ပိုင်ပိုင်နိုင်နိုင် နားလည်ဦးမှ ဖြစ်တယ်။

ဒါကြောင့် အခုချိန်မှာ ဘယ်များ သွားရောက်နေ ပါလိမ့်မတုံး အစ်မတို့ ပူကြ၊ ဒို့အမေတွေ ဒို့အဖေတွေ ဘယ်ရောက် နေပါလိမ့်၊ ဒါသတ္တဝါ အဖြစ်နဲ့ ယူထားလို့ ဘယ်သွား ဖြစ်ပါလိမ့်မလဲ ဆိုတဲ့ အဓိပ္ပါယ်၊ ဘယ်များ ရောက် နေတုံး ရောက်လေရာ အမျှလို့ မင်းတို့က အမျှများ ပေးလိုက် သေးတယ်ကွ (ပေးပါတယ် ဘုရား)။

ဒါဖြင့် ရောက်လေရာ အမျှများပေးတာ မပေး ကောင်းဘူးလို့ မဆိုပါဘူးတဲ့၊ သတ္တဝါ သွားဖြစ်တဲ့ အဓိပ္ပါယ် တော့ သူစိတ်ထဲမှာ ယူထားတယ် (တင်ပါ ဘုရား)။

ယူလို့ ရှိရင်တဲ့ ဒါဘာဖြစ်သတုံးလို့ မေးတော့ သဿတဒိဋ္ဌိဖြစ်တယ်၊ ဒီသတ္တဝါဟာ ဟိုသွား တယ် ဆိုတော့ အသက် ပါသေးရဲ့ လား (မပါပါဘူးဘုရား)။

ဒို့မိဘတွေ ဘယ်များသွားဖြစ်ပါလိမ့်

မပါတော့ကို သဿတဒိဋ္ဌိ သွားဖြစ်တယ်၊ သတ္တဝါ ယူမိတဲ့ အတွက် အမေ ဒို့အဖေ ဘယ်များ သွားဖြစ်ပါလိမ့် မတုံး၊ ခုချိန် ဘယ်ရောက် နေပါလိမ့်မတုံး၊ သေတော့ သေသွား ရှာပြီ ဆိုတော့ကို၊ အင်း သတ္တဝါ လောက် နားလည် ထားတဲ့အတွက် သတ္တဝါသေရင် ဘယ်သွား ဖြစ်ပါလိမ့်မတုံး ဆိုတဲ့ အဓိပ္ပါယ် ဟာဖြင့် အားလုံးသော ပုဂ္ဂိုလ်တို့က ယူလေ့ ရှိတယ်။ (တင်ပါ ဘုရား)။

ဒီအယူဘာဒိဋ္ဌိတုံး

ယူလို့ရှိရင် ဘာဒိဋ္ဌိတုံး မောင်ချစ်ဆွေ (သဿတ ဒိဋ္ဌိပါဘုရား) တစ်ခါတည်း ဒိဋ္ဌိမှ မပြတ်တာ (တင်ပါ ဘုရား) ပြတ်သေးလား (မပြတ်ပါဘူး ဘု ရား) သွားဖြစ်တယ်၊ သွားသေးတယ် ဆိုတဲ့ အဓိပ္ပါယ် ပါတယ် (ပါပါတယ်ဘုရား) မပါဘူးလား (ပါပါတယ်ဘုရား)။

ဘယ်များသွားဖြစ်ပါလိမ့် (တင်ပါ) ဒါဖြင့်ရင် ဒီဆရာ သမားနဲ့ အကြောင်း ညီညွတ်အောင်၊ ဒိဋ္ဌိ ကွာအောင်၊ သဿတဒိဋ္ဌိ ကွာအောင် မတွေ့တဲ့ ဒကာ ဒကာမတွေ ဆိုလို့ ရှိရင်ဖြင့်၊ ဒီအယူကြီးနဲ့ပဲ သေသွား လိမ့်မယ်၊ ဒိဋ္ဌိတန်းလန်းနဲ့ သေသွားလိမ့်မယ်။

သဿတဒိဋ္ဌိ တန်းလန်းနဲ့ သေသွားလိမ့်မယ်ဆိုရင် ငြင်းဖို့မလိုဘူး (တင်ပါ ဘုရား) လိုသေလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် ရှေးက မောင်ချစ်ဆွေ ဒါတန်းလန်း ပါတာများ တယ် (ပါပါတယ် ဘုရား) ပါတယ် (ပါပါတယ်ဘုရား)။

ဒါဖြင့် သူတို့သည် ဒိဋ္ဌိမပြုတ်တဲ့အတွက် ပထမ သောတာပတ္တိမဂ်ဟာ ဒိဋ္ဌိဖြုတ်ရတယ်၊ ဒိဋ္ဌိဖြုတ်မှ သောတာ ပန်တည်တယ် (တင်ပါ ဘုရား)။

ဒိဋ္ဌိမပြုတ်ပဲနဲ့ ဘဝတိုင်း သေတော့ ဘယ်တော့မှ ထွက်ရာလမ်း မတွေ့ဘူး (တင်ပါ) ဒိဋ္ဌိက ကန့်ကွက် နေတာ (တင်ပါ ဘုရား) ဘယ်သွားဖြစ်ပါလိမ့် ဒို့တော့ သေတော့ သေမှာပဲ အခု နတ်ပြည် သွားဖြစ် ကြိုက်ပါတယ်၊ ဒါလည်း သဿတဒိဋ္ဌိပဲ။

ဒါ သတ္တလောက အကြောင်းကို မင်းမသိလို့၊ သတ္တဝါ ရှိတယ်လို့လည်း ဧကန် ယူထားတယ်၊ ဧကန် ယူထားတဲ့ အတွက် သတ္တဝါ သေရင် သွားဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ဆက်လက်ပြီး ယူလေ့ ရှိတယ်။

အမျှပေးတဲ့သူဟာ ဘာဒိဋ္ဌိပါလိမ့်

ထိုကဲ့သို့ ယူလေ့ ရှိ တော့ ကို၊ ရောက်ရာ အမျှပဲ လို့တောင် ပေးလိုက် သေးတယ်၊ ပေးနေတာ အစ်မတို့ (ပေးပါတယ် ဘုရား) ပေးနေတော့ အမျှပေးတဲ့ သူဟာ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား) သဿတ ဒိဋ္ဌိ မစွန့်ဘူး။

လှူတဲ့ပုဂ္ဂိုလ်ကလည်း မစွန့်နိုင်၊ ဒီနှစ်ခုဟာ ထုံးစံ အတိုင်း ပေးနေကြတာပဲ၊ ရောက်လေရာ အမျှပဲ၊ သွားတော့ သွားရှာပြီ၊ မသွားနိုင်တာကြီး သွားတယ်လို့ ယူနေတော့ သဿတဒိဋ္ဌိ သတ္တဝါ တစ်ခုခု ဖြစ်တယ်လို့ ယူလိုက်ရင်လည်း သဿတဒိဋ္ဌိ (တင်ပါ ဘုရား) အောင်မယ်လေး အင်မတန် ကြောက်စရာ ကောင်းပါလား (တင်ပါ)။

သတ္တလောက နားမလည်လို့ ဒီအယူတွေဟာ စွန့်နည်းကို ပြတဲ့ ဆရာသမား ကောင်းကလည်း မတွေ့တော့၊ သြော် လောကအကြောင်း နားမလည်တော့ ဒိဋ္ဌိဝင်ပူးနေပါ ပေါ့လား ဆိုတာ သေချာ သွားတယ် (သေချာပါတယ် ဘုရား)။

ထူးထူးခြားခြားပုဂ္ဂိုလ်နဲ့တွေ့မှ ဒိဋ္ဌိခွာတတ်မှာ

ဒိဋ္ဌိဝင်ပူးနေတယ် (မှန်ပါ့) ၊ ဒါလည်း ဘုန်းကြီးတို့ လက်ထက် ဘုန်းကြီးတို့လို ထူးထူးခြားခြား ပုဂ္ဂိုလ်နဲ့တွေ့မှ သူခွာတတ်မယ်ဟ၊ သို့မဟုတ်ရင် ဒီအယူ ဘယ်တော့မှ စွန့်မှာ မဟုတ်ဘူး၊ မစွန့်ပါဘူး (မစွန့်ပါဘူး ဘုရား)။

မောင်ချစ်ဆွေ စွန့်ပါ့မလား (မစွန့်ပါဘူးဘုရား) နှုတ်ကလည်း တက်နေတယ်၊ နှုတ်တက်တဲ့ အပြင် အထင် ကလည်း ရှိတယ် (တင်ပါ)။

နှုတ်တက်တာတင် အပြစ် မရှိဘူး၊ အထင်ရှိတယ်၊ အထင်က ဒိဋ္ဌိကထင်တာ (တင်ပါ ဘုရား) သဘောကျရဲ့ လား (သဘောကျပါပြီဘုရား)။

အထင်က (အထင်က ဒိဋ္ဌိပါဘုရား) အထင်က ဒိဋ္ဌိပဲဆိုတာ သေချာသွားတယ်၊ အဲဒါကြောင့် ဒီဒကာ ဒကာမတွေကို ဆရာကောင်း သမားကောင်း ရှာကြဟေ့၊ ရှာကြ၊ ရှာကြ။

မဂ်ဉာဏ် ဖိုလ်ဉာဏ် အသိရောက်မှ ရနိုင်တယ်နော်၊ သူများရောက်လို့ မင်းတို့ ဆင်ချင်မနေနဲ့ ဆရာသမားကောင်း ပါမှ ရတယ် နိဗ္ဗာန်ကို သူ့ကြောင့်ရောက်တာ။

သူသာ မပါလို့ ရှိရင်ဖြင့် ဒိဋ္ဌိတန်းလန်းကြီး ခံပြီး သကာလ၊ ဒိဋ္ဌိဆိုတာ ပဋိစ္စသမုပ္ပါဒ်ထဲ သွင်းလိုက်တော့ တဏှာပဲ (တင်ပါ)။

ဒိဋ္ဌိနဲ့ ယှဉ်နေတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ၊ သင်္ခါရာ ပြန်လှည့်တာ (လှည့်ပါတယ်ဘုရား)။

ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်မရောက်

ဪ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး ပြတ်သေး ရဲ့ လား၊ ဒါဖြင့် ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ပြောဖို့ ဘုရား မပြောခဲ့ဘူး၊ သူ့ကို အရင်သတ်ရမယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းသွား အောင်လို့ ယနေ့ သတ္တလောကကို နားမလည်တဲ့ ပုဂ္ဂိုလ်တွေ မရှင်းတာနဲ့ ပိုမိုပြီး ပြောနေရတဲ့ တရားလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

သတ္တလောကဆိုတာ အခေါ်ပဲ

ကိုင်း ဒါဖြင့် သတ္တလောကကို သြော် သတ္တလောက ဆိုတာ အခေါ်ပဲ စင်စစ်တော့ သတ္တဝါ မရှိဘူး၊ ရုပ်နာမ် ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဒါပဲ သတ္တဝါ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

မရှိတော့ မင်းတို့က သြော် ဒီသတ္တဝါတွေ တစ်ယောက်တော့ သေသွားရှာပြီ၊ ဘယ်များ သွားဖြစ်ပါလိမ့်မတုံး၊ လာတော့မှာ ဒီဥစ္စာ (လာပါတယ်ဘုရား)။

လာတော့ကို သဿတဒိဋ္ဌိက ဝင်ပူးလို့သာလျှင် ဒီအသုံးနဲ့ ဒီအနှုန်းကို သွင်းလိုသွင်း၊ မှောက်ချင် မှောက် ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်၊ သဘောပါကြပလား (သဘောပါပါပြီဘုရား)။

အဲဒါ သတ္တလောကကို ကောင်းကောင်း နားမလည် လို့ သတ္တလောကဆိုတာ အခေါ်ပေမဲ့ လူကို သတ္တလောက လုပ်ထားတာ၊ စင်စစ်တော့ သတ္တလောက အထူးတလည် မရှိပါလား၊ သတ္တလောက ကို မွှေနှောက်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ချည်းပါလား၊ ဒီလိုသွား နေတယ်။

သတ္တလောကထဲ ရောက်နေပြီဆို ရင် ဒိဋ္ဌိက မလာဘူးလား၊ အဲဒါကြောင့် အစ်မတို့ လိုသေးတယ် တရားနာပါ။

ထပ်ပြန် တလဲလဲနာတော့ ကိုယ့်အရေးက အမှားကြီး က စူးလွန်းတယ်။ မှတ်ထား တာတွေ ကလည်း အလွဲတွေ၊ ကိုယ်ကလည်း လူကြီးလုပ်ပြီး ဒါမျိုး အသုံးအနှုန်းက များပါ ဘိနဲ့ သုံးတော့ သုံးတယ် ဆိုရင်ဖြင့်၊ သူမဂ်ဉာဏ် ဖိုလ်ဉာဏ် တားပစ်လိုက်တာ (တင်ပါ ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပုံ မပေါ်ဘူး သဿတဒိဋ္ဌိက ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို (ရခွင့်မပေးပါဘုရား) ရခွင့် မပေးပါဘူးတဲ့။

ဒါကြောင့် မဂ်လေးတန်မှာ သောတာပတ္တိမဂ်ဟာ ရှေ့ပိုင်းက ဖြစ်ပါတယ် သောတာပတ္တိမဂ် ဆိုလို့ရှိရင် ဒီဒိဋ္ဌိ ဉာဏ်နဲ့ ယှဉ်ရင် ရတာပဲ (တင်ပါ ဘုရား)။

ဒိဋ္ဌိဉာဏ်နဲ့ ယှဉ်ပြီး သကာလ၊ ဖြစ်ပျက် မြင်တော့ ဒိဋ္ဌိဉာဏ်နဲ့ ယှဉ်တာပါပဲ၊ ဒီဖြစ်ပျက်ဟာ နောက်တစ်ခါ ဖြစ်ပျက်နဲ့နီးမှ တခြားစီပဲလို့ သိနေရမယ်။

ဘဝကူးသွားပြီဆိုသော ကူးကိုမကူးနိုင်ဘူး

တခြားစီပဲ၊ နောက်လာတဲ့ ဖြစ်ပျက်တွေလည်း ဖြစ်ပြီး ပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ၊ ခဏမျှ သိပြီး ခဏ ပျက်တာပဲ၊ နောက်ဟာလည်း အပျက်၊ အပျက် ပျက်တာပဲ လို့ သိနေသမျှ၊ သတ္တဝါ ဆိုတဲ့ ဘဝကူးသွားပြီ ဆိုတာကြီးက ပျောက်ထွက်သွားတယ်၊ ကူးကို မကူးနိုင်ဘူး (တင်ပါ ဘုရား)။

ဒီနေရာတွေ့ ဒီနေရာပျောက်၊ ဥပမာ လက်မောင်း လေး လက်သည်းလေးနဲ့ ကုပ်ကြည့်ပါ၊ ဒီနေရာ ဝေဒနာပေါ် ပြီး ဘယ်နေရာ ရွှေ့ပြီး ပျက်သေးတုံး၊ (ဒီနေရာပဲ ပျက်ပါ တယ်ဘုရား)။

ပေါ်တော့ ဒီနေရာ၊ ပျက်တော့လည်း ဒီနေရာ ပျက်တယ်၊ ဒါခန္ဓာပဲ၊ ဘယ်ရွှေ့သေးတုံး (မရွှေ့ပါဘူး ဘုရား) ဒီထဲမှာ ဒုက္ခကြီး ပေါ်တယ်ကွ၊ နာတဲ့ဒုက္ခကြီး ပေါ်တယ်၊ ဘယ်နေရာများ ရွှေ့ဖြစ် သေးတုံး၊ (ဒီနေရာပါပဲ ဘုရား)၊ ဒီ နေရာ ပျောက်သွားတာပဲ၊ ဒီဝိညာဏ်လေး ဘယ်သွားတုံးလို့ မေးဖို့ လိုသေးလား (မလိုပါဘူးဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလုပ်မပါရင် သဿတဒိဋ္ဌိဖြစ်သေးတယ်

အဲတော့ကို အလုပ် မပါပဲနဲ့ သတ္တလောက လောက် နားလည် နေသေးလို့ ရှိရင် သဿတဒိဋ္ဌိ ဖြစ်သေးတယ်၊ အလုပ်မပါပဲနဲ့ သတ္တ လောကလောက်တော့ တစ်နေ့က ပြောခဲ့ပါပြီ၊ နားလည်ပါတယ်၊ အခု ဉာဏ်မသွင်း ရသေးတော့ ဒိဋ္ဌိက ကျန်နေတယ် (တင်ပါ ဘုရား)။

ဒါဖြင့် ဒီနေ့ သတ္တလောကထဲကမှ ဒိဋ္ဌိခွာနည်းကို ပိုပြီး သကာလ ဖြည့်စွက်ပြီး ရှင်းပေး ပြန်တယ် လို့ မှတ်ရမယ် (တင်ပါ) အရေးကြီးတယ် ဆိုတာလည်း ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ပေါ်ပြီတဲ့။

ကိုင်း ဒါဖြင့် ဝတ္ထုလေးတစ်ခု ထုတ်ကြစို့ရဲ့ ဆိုတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ မဂ်မရောက် သေးပါဘူး ဒါလေး ဘုန်းကြီး ရှင်းပြပါမယ်၊ ထေရဝဂ်မှာ လာပါတယ်။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေသာလီပြည် မှာ သီတင်းသုံးပါတယ်၊ အနုရာဓ ဆိုတဲ့ ရဟန်းကြီးက ဘုရားကျောင်းနဲ့ မနီးမဝေး ကျောင်းတစ်ကျောင်းမှာ နေတယ်။

နေတော့ မိစ္ဆာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်တွေက လာကြ တယ်၊ ဘုရားဆီ မသွားဘဲ အနုရာဓဆီ ဝင်ကြတယ်။

ဝင်ပြီး သူတို့က မေးကြတယ်၊ ရှင်အနုရာဓ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက မြတ်သော ပုဂ္ဂိုလ် လောကကြီး ထဲ မွန်မြတ်တဲ့ ပုဂ္ဂိုလ် လွန်မြောက်နိုင်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သတ္တဝါသေရင် ဖြစ်သေးသလား

သူဟာ ဘယ်လိုများ ကျုပ်တို့ ပုဂ္ဂိုလ်မျိုးတွေကို ဟောလေ့ ပြောလေ့ ရှိပါလိမ့်မလဲ ဆိုပြီးတော့၊ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတာ (တင်ပါ ဘုရား)။

ကိုင်း သတ္တလောကကို မေးလာတာ (တင်ပါ ဘုရား) သတ္တဝါသေရင် ဖြစ်သေးသလားလို့ (၁) နံပါတ်မေးလိုက် တယ် (တင်ပါ ဘုရား)။

မေးမရတော့ ဒါဖြင့် သတ္တဝါသေရင် ဘုရားက မဖြစ်တော့ဘူးလို့ ဟောသလားလို့ အနုရာဓကို မေးတယ်။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား

ပထမမေးတာ သဿတဒိဋ္ဌိ (တင်ပါ)၊ သတ္တဝါ သေရင် ဖြစ်သေး သလားလို့ မေးတာက (သဿတ ဒိဋ္ဌိပါ ဘုရား) သတ္တဝါ သေရင် မဖြစ်တော့ဘူးလားလို့ မေးတာက ဥစ္ဆေဒဒိဋ္ဌိ (တင်ပါ ဘုရား)။

သတ္တဝါသေလို့ရှိရင် အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူး လို့ ယူလို့ရှိရင်လည်း ဧကစ္စ သဿတဒိဋ္ဌိ၊ သုံးခုရှိသွားပြီ။ ဒိဋ္ဌိက သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဧကစ္စ သဿတဒိဋ္ဌိ။

ဧကစ္စ ဆိုတာ တစ်ပိုင်းက ဒိဋ္ဌိ၊ တစ်ပိုင်းတင် ဒိဋ္ဌိ ပေါ့ကွာ၊ အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူး ယူလိုက်တယ်၊ သတ္တဝါသေရင် (တင်ပါ ဘုရား) အဲဒါ ဧကစ္စ သဿတဒိဋ္ဌိ သုံးကြိမ်ပြီးသွားပြီမေးတာ (တင်ပါ ဘုရား)။

နောက်တစ်ခါ လေးကြိမ်မြောက် မေးတာ သတ္တဝါ သေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် လားလို့ မေးလို့ မေးလိုက်ပြန်တယ် (တင်ပါ ဘုရား) အဲဒါက အမရာဝိက္ခေပဒိဋ္ဌိ နဲ့ မေးလိုက်တယ်။

အမရာ ဝိက္ခေပဒိဋ္ဌိ ဆိုတာက မုသားကြောက်လို့ ဖြေတဲ့ အဖြေမျိုးပေါ့ကွာ (တင်ပါ) ဖြစ်တယ်လို့ ထင်ရင် မှားသွားလိမ့်မယ်၊ မဖြစ်ဘူး ထင်ရင် မှားသွားလိမ့်မယ်။

ဒါကြောင့် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် သဘောမျိုး ဆိုတာ မဖြစ်ဘူးလည်း မဟုတ်၊ ဖြစ်သည်လည်း မဟုတ်ဘူး၊ သူ့ဟာက မဖြစ်ဘူးလို့လည်း မဖြေဘူး၊ ဖြစ်တယ် လို့လည်း မယူဘူး ဆိုတော့ ဒါက အမရာဝိက္ခေပဒိဋ္ဌိ မုသားကြောက်လို့ ဖြေထားတာ၊ ဒါပဲ ထူးထူးခြားခြား မှတ်ပါ (တင်ပါ)။

သတ္တဝါသေလို့ ရှိရင်ဖြင့် မဖြစ်တော့ဘူး၊ သူမယူဘူး၊ ဖြစ်တယ်လို့လည်း သူမယူဘူး (မှန်ပါ) ဒါ ဘာဒိဋ္ဌိတုံး၊ အမရာဝိက္ခေပဒိဋ္ဌိ အမရာ ဆိုတာ ငါး၊ အဲဒီ ငါးမျိုးလိုပဲ အမှန်မရှိဘူး သူ (တင်ပါ ဘုရား)။

ဘာ့ကြောင့် ဒီ ဒိဋ္ဌိသူတို့သုံးပါလိမ့်မတုံး ဆိုတော့မှ အစ်မတို့က မှတ်ထား၊ မုသားကြောက်လို့ သုံးတဲ့ အသုံး ဖြစ်တယ်လို့ ယူလိုက်လို့ ရှိရင်လည်း မဖြစ်ရင် ခက်တယ်ကိုကွ၊ (တင်ပါ ဘုရား) မဖြစ်ဘူးလို့ ယူလိုက်လို့ ရှိဖြစ်ရင် ခက်တယ် (တင်ပါ)။

ဒါကြောင့် မဖြစ်ဘူးလို့လည်း မဖြေဘူး၊ ဖြစ်တယ် လို့လည်း မဖြေဘူး (တင်ပါ) မုသား ကြောက်လို့ မုသား ကြောက်လို့လည်း ဒိဋ္ဌိဖြစ်ရတယ် (တင်ပါ ဘုရား) မုသား ကြောက်တယ် သူမပိုင်ပဲကို။

မပိုင်တော့ ဉာဏ်ဝင်စရာ ရှိသေးလား (မရှိပါဘုရား) ဉာဏ်မဝင်တော့ ဒိဋ္ဌိဝင်တာပေါ့ (တင်ပါ ဘုရား) ဉာဏ်မဝင် ရင် ဒိဋ္ဌိဝင်တာပေါ့၊ အဲဒါ အမရာဝိက္ခေပဒိဋ္ဌိ အဲဒီနည်းနဲ့ မေးလိုက်တယ်။

ပြန်ပြောပါ့မယ် သတ္တဝါသေရင် ဖြစ်သေးသလား (၁) နံပါတ်မေးလိုက်တယ်၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးလိုက်တယ်၊ သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား (တင်ပါ) သတ္တဝါသေရင် ဖြစ်ချည် လည်း မဟုတ်ဘူး၊ မဖြစ်ချည်လည်း မဟုတ်ဘူး (တင်ပါ ဘုရား)။

အဲဒီလို တိတ္ထိတွေက မေးလိုက်တော့၊ ရှင်အနုရာဓ ကလည်း တရား အားမထုတ်ရသေးဘူး၊ ဖြစ်ပျက် အလုပ် မလုပ်ရသေးဘူး၊ ဒီရှင်အနုရာဓကလည်း သောတာပန်တောင် မတည်သေးဘူးလို့ မှတ်လိုက်တာပေါ့ (မှန်လှပါဘုရား)။

ဘုရားက ဒီလိုမဟောပါဘူး

ဒါနဲ့ တိတ္ထိတွေက သူဖြေတော့ ဖြေတယ်၊ ဘုရား ကတော့ဖြင့် ဒီလို မဟောပါဘူး (တင်ပါ ဘုရား) သူဖြေလိုက်တာ ဘုရားက ဒီလေးမျိုး မဟောပါဘူး၊ သူမှားတာပဲ (တင်ပါ ဘုရား)။

ဒီလိုမှ မဟောလို့ရှိရင် ဥပမာတစ်ခု ကြားညှပ်ပြီး စကားထည့်ကြပါစို့၊ တစ်ခု သူပြောဖို့ ကောင်းတယ်၊ အနုရာဓ က (တင်ပါ) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒီလေးမျိုးတော့ဖြင့် မဟောပါဘူး၊ ဒီပြင် ဘယ်လို ဟောတုံး ဆိုတော့လည်း အဓိပ္ပါယ် သူက မလာနိုင်ဘူး၊ (တင်ပါ ဘုရား) သူကို ပိုင်သေးရဲ့လား (မပိုင်ပါဘူး)။

မပိုင်တော့ သူကိုယ်တိုင် ဒိဋ္ဌိရှိတယ် ဒီအဓိပ္ပါယ် မှတစ်ပါး တစ်မျိုးမရှိဘူး အနုရာဓမှာ (တင်ပါ)။

ဒါနဲ့ ဒိဋ္ဌိတွေက အင်း အရှင်ဘုရား ဘယ်နှစ်ဝါ ရပြီတုံး နှစ်ဝါ၊ သုံးဝါ ရပါသေးတယ်၊ လူမိုက် လေးပါ၊ လူငယ် လေးရှိသေးတာပဲ၊ အကယ်၍ ဝါကြီးလို့ ရှိရင်လည်း ဒီပုဂ္ဂိုလ် ဟာ အသိဉာဏ် နည်းတဲ့ ပုဂ္ဂိုလ် လူမိုက်ပဲ (တင်ပါ ဘုရား)။

တိတ္တိတွေက အပြစ်တင်ကြတယ်

ကလေးရင်လည်း ဖြစ်ရမယ်၊ လူမိုက်ရင်လည်း ဖြစ်ရမယ်၊ ဒါကြောင့် ဒီအဖြေကို မကျင့် နိုင်တာပဲ (မှန်ပါ ဘုရား) တိတ္ထိတွေက အပြစ်တင်တာပဲ (တင်ပါ ဘုရား)။

ကလေးရင်လည်း ဖြစ်ရမယ် လူမိုက်လေးရင်လည်း ဖြစ်ရမယ်၊ လူမိုက်ရင်လည်း ဖြစ်ရမယ်၊ မသိမလိမ္မာတဲ့ ပုဂ္ဂိုလ်ရင်လည်း ဖြစ်ရမယ်၊ သို့မဟုတ်ရင် ငယ်လှတဲ့ ကလေးငယ် ဖြစ်ရမယ်၊ ဒီဘက်က ဉာဏ်တန်းမှာပေါ့လေ (တင်ပါ ဘုရား) အဲဒီလိုဆိုပြီး ထပြန်ကြတယ်။

သူကလည်း အဖြေ မပေးနိုင်မှကို (တင်ပါ) ဟို ကလည်း ဒိဋ္ဌိလေးမျိုးနဲ့မေးထားတယ် (တင်ပါ ဘုရား)၊ ဒါ သတ္တဝါက စလာတာ၊ ကြည့်လေ သတ္တဝါသေရင် ဖြစ်သေး သလား၊ သတ္တလောကတော့ နားလည်ရဲ့ ဒိဋ္ဌိမကွာဘူး။

သတ္တလောကကို နားလည်ပြီး သကာလ၊ ဉာဏ်ထဲ မှာ သတ္တလောက က ဒိဋ္ဌိ ဝင်နေ သေးတယ် ဆိုတာ သူမသိ ဘူး (တင်ပါ ဘုရား)။

အနုရာမှာဒိဋ္ဌိရှိနေတယ်

ဒါနဲ့ သူ့အဖြေကလည်း အခုကြားပြီးတဲ့ အတိုင်း၊ ရှင်းတဲ့ အဖြေမျိုးလား၊ ဘုရား ဒီလိုတော့ မဟော ပါဘူးလို့ ဖြေလိုက်တယ်၊ ကိုယ်ကိုယ်တိုင်က ရှင်းပြီးသား ဆိုတဲ့ အဓိပ္ပါယ်မျိုးရရဲ့ လား မရပါဘူး၊ သူကိုယ်တိုင် မရှင်းရင် သူ့ ဒိဋ္ဌိရှိတယ် (တင်ပါ ဘုရား)။

သူကိုယ်တိုင် မရှင်းရင် (သူ့မှာ ဒိဋ္ဌိရှိပါတယ်ဘုရား) ဒိဋ္ဌိ ရှိနေတယ် သူသောတာပန် မတည်သေးဘူး ဆိုတာ သေချာတယ် သဘောပါကြပလား (သဘောပါပါပြီ ဘုရား)။

ဒါနဲ့ တိတ္ထိတွေ သွားတော့မှ သူ့ဟာသူ သတ္တဝါသေရင် ဖြစ်သေးသလား၊ သတ္တဝါသေရင် မဖြစ်တော့ ဘူးလား၊ သတ္တဝါသေလို့ရှိရင် ဖြစ်ချည် တစ်လှည့်လား၊ မဖြစ်ချည် တစ်လှည့်လား၊ သတ္တဝါ သေလို့ရှိရင် မဖြစ်သည် လည်း မဟုတ်ဘူးလား၊ ဖြစ်သည်လည်း မဟုတ်ဘူးလား။ နောက်နောင်များ ဒီထက်များ ပိုမေးရင် ခက်တယ်၊ စဉ်းစား တယ် အစ်မ၊ ဒီထက်ပိုမေးရင် ခက်မယ်။

ဆိုတော့ သူ့မှာ ဒိဋ္ဌိမကွာဘူးဆိုတာ သေချာတယ်၊ (သေချာပါတယ်ဘုရား) ဒိဋ္ဌိလေးချက်နဲ့ မေးတာ (မှန်ပါ့ ဘုရား) ဒီထက်ပိုနေလို့ ခက်ပြီတဲ့၊ ဒါတောင်မှ သူ အဖြေ မပေးနိုင်ပဲကို၊ (တင်ပါ ဘုရား) ပေးနိုင်သေးရဲ့လား (မပေး နိုင်ပါဘူးဘုရား)။

ဒီလိုခက်နေတော့ သံသယ ရှိလာတယ်၊ ဒီထက် ပိုမေးရင် ခက်ချည့်ရဲ့၊ ဒီလိုနေလို့ မဖြစ်သေး ပါဘူး၊ ငါ့ ဘုရားကျောင်းနဲ့ အနီးလေးပဲ ဘုရားဆီ သွား ဖြေရှင်းတာ ကောင်းပါတယ် (တင်ပါ ဘုရား) ဘုရား သွားမေးတာ အေး ပါတယ်။

ဘုရားထံသွားလျှောက်တယ်

ဆိုပြီး ဘုရားဆီ သွားလိုက်တယ် အရှင်ဘုရား တပည့်တော် အရှင်ဘုရားကျောင်းနဲ့ မနီးမဝေး မှာနေတာ၊ တိတ္ထိတွေက လာပြီး သကာလ အရှင်ဘုရားလို မြတ်သော ပုဂ္ဂိုလ်၊ လွန်မြောက်တဲ့ပုဂ္ဂိုလ်၊ အလွန်ကို ပညာရှိတဲ့ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်က သတ္တဝါ သေရင် ဖြစ်သေးသလားလို့ အရှင်ဘုရား ဟောဖူး ပါလား လာမေးကြတယ်ဘုရား။

သတ္တဝါ သေရင် မဖြစ်တော့ဘူးလားလို့ ဟောဖူး သလားလို့၊ သတ္တဝါသေရင် ဖြစ်ချည် တစ်လှည့်လည်း ဟောဖူး သလား၊ သတ္တဝါ သေရင် မဖြစ်သည်လည်း မဟုတ်ဘူး၊ ဖြစ်သည်လည်း မဟုတ်ဘူးလို့ကော ဟောဘူးသလား၊ ဒီလေးချက်ကို မေးပါတယ်ဘုရား။

အဲတော့ တပည့်တော်က ဘုရားတော့ ဒီလို မဟော ဘူးလို့ ဖြေလိုက်တယ် (တင်ပါ ဘုရား) ဒါနဲ့ တပည့်တော်ကို လူမိုက်ကလေး လူငယ်ကလေး၊ ဘာမှ ဗဟုသုတ မရှိသေးဘူး ဒါကြောင့် ဘာမှ မပြောနိုင်တာပဲ၊ အဖြေတစ်ခုကို ပိုင်ပိုင် နိုင်နိုင် မပြနိုင်ဘူး ဆိုပြီး တပည့်တော် အပြစ်တင်ပြီး သွားကြ တယ်။

ဒီထက်ပိုမေးရင် ခက်ချည့်ရဲ့

သူတို့လည်း သွားပြီးရော တပည့်တော်က သံသယ ဖြစ်လာတယ်၊ ဒီထက် ပိုမေးရင် ခက်ချည့်ရဲ့၊ တပည့်တော် ဝိစိကိစ္ဆာ ဖြစ်လာတယ်၊ ဒီထက် ပိုမေးလို့ရှိရင် ဘယ်လိုများ ဖြေရပါ့မတုံး၊ အခု ဖြေတာလည်း သူ့ဟာ အမှန်မဟုတ်ပါ ဘူး (တင်ပါ ဘုရား)။

ဘုရားတော့ ဒီလို မဟောဖူးပါဘူး၊ ဒီထက် ပိုမေးရင် ဖြင့် ဘယ်နှယ် လုပ်ရမတုံး ဆိုတဲ့ ဝိစိကိစ္ဆာ မလာဘူးလား၊ (လာပါတယ် ဘုရား) အဲတော့ သူဒိဋ္ဌိလည်း မပြုတ်ဘူး၊ ဝိစိကိစ္ဆာ ကော (လာပါတယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာမပြုတ်တဲ့ အနုရာဓ

ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်တဲ့ အနုရာဓလို့ ဒီတရားပွဲမှာ မှတ်ထားလိုက်တာပေါ့ (တင်ပါ ဘုရား) ဒါနဲ့ ဘုရားက သူလျှောက်တဲ့ အချင်းအရာတွေ၊ သူဖြေပုံတွေ အကဲခတ် ကြည့်တော့ အင်း အနုရာဓ၊ အနု ရာဓ၊ တိတ္ထိတွေက အပြစ်တင်တာသာ သူမြင်တာ (တင်ပါ)။

လူငယ်လေး၊ လူမိုက် ကလေးလို့ ပြောပြီးသွားကြတာ သာ သူမြင်တာ သူကိုယ်တိုင် ငယ်လည်းငယ်၊ မိုက်လည်း မိုက်နေသေး တယ်ဆိုတာ သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာ မစင်တာ သူမသိရှာဘူး။

သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာ နှစ်ခုလုံး သူ့မှာရှိတယ် (တင်ပါ ဘုရား) သတ္တဝါသေရင် ဖြစ်သေးသလား ရှိလေလား မရှိလေလား သူ၊ သူ့ဟာသူ သံသယ ရှိနေတာ၊ သတ္တဝါသေရင် မဖြစ်တော့ ဘူးလား၊ မပြောတတ်ဘူးလေ၊ ဖြစ်ချင် လည်း ဖြစ်မှာ၊ မဖြစ်ချင်လည်း မဖြစ်ဘူး၊ ဒိဋ္ဌိက လာလိုက်၊ ဝိစိကိစ္ဆာက လာလိုက် (တင်ပါ ဘုရား)။ အနုရာဓမှာ ဖြစ်နေတာ (တိတ္ထိတွေကလည်း အမေး ကောင်းပါတယ်)။

တိတ္ထိတွေကတော့ မေးရမယ်လေ၊ အဲဒါနဲ့ ဘုရားက သြော် ငါ့လူကိုယ်က ခက်နေတာကို၊ သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်ဘဲကို။

ကိုင်းကွာ ဘုရားက တိတ္ထိတွေ မေးတာ မဖြေလို့၊ ဟေ့ ၊ အနုရာဓ၊ မိမိကိုယ်တိုင် ခန္ဓာငါးပါး ရှိတယ်ကွ၊ ရုပ်တရားက အနိစ္စလား၊ နိစ္စလားကွာ၊ မေးလိုက်တယ်။

ရှင်အနုရာဓသောတာပန်တည်တယ်

အနိစ္စပါဘုရား၊ အနိစ္စက မင်းဒုက္ခလား၊ သုခ လားကွာ (ဒုက္ခပါ ဘုရား)၊ အဲဒီ ဒုက္ခဖြစ်တဲ့ တရားက အတ္တလား၊ အနတ္တလားကွာ၊ (အနတ္တပါ ဘုရား) ခန္ဓာငါးပါး မေးလိုက်တယ်၊ မေးလိုက်တော့ ဉာဏ်က ခန္ဓာစိုက်လိုက် တဲ့အခါ သူသောတာပန် တည်သွားတယ်၊ ဖြစ်ပျက် မြင်ပြီး၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး သွားတာပေါ့ (တင်ပါ)။

တည်သွားပြီ၊ တည်တဲ့ အချိန်ကျတော့မှ ဘုရားက ဝိပဿနာ လုပ်လို့ တည်သွားပြီနော်၊ ကဲ ဝိပဿနာ မလုပ်ပဲနဲ့ တည်တာလား ကြည့်စမ်း (ဝိပဿနာလုပ်လို့ တည်တာပါ ဘုရား)၊ အနိစ္စလား၊ နိစ္စလား မေးတာ (တင်ပါ)။

အနိစ္စဖြေတော့ ဒုက္ခလား၊ သုခလား၊ မေးတာပဲ။ (တင်ပါ) မေးတော့ သူခန္ဓာကို ကြည့်ပြီး ဖြေတာ၊ အဲဒီတင် အနိစ္စ ဒုက္ခ ဖြေပြန်တော့ အတ္တလား၊ အနတ္တလား မေးပြန် တာပဲ၊ (တင်ပါ) အနတ္တပါ ဘုရား ဆိုတော့ ခန္ဓာငါးပါး လှည့် မေး လိုက်တာပေါ့။

မေးလိုက်တဲ့အခါကျတော့ သူသောတာပန် တည် ရော (တင်ပါ ဘုရား) ဉာဏ်က ခန္ဓာပေါက် သွားပြီကို။

အဲဒီတော့မှ သောတာပန် တည်တဲ့ အခါကျမှ ဘုရားက သူ့မေးတာကို အနုရာဓပဲ မေးလိုက်တယ် (တင်ပါ ဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်ပြီနော် (ပြုတ်ပါပြီ ဘုရား)။ သောတာပန် တည်သွားပြီ (တင်ပါ ဘုရား)။

ခန္ဓာငါးပါး၊ သတ္တဝါဆိုမလား

အဲဒီတော့မှ ဘုရားက ဟေ့ အနုရာဓ ရူပက္ခန္ဓာ သတ္တဝါ ဆိုမလား၊ မဆိုပါဘူး ဘုရာ့ (တင်ပါ့ ဘုရား) ဝေဒနာက္ခန္ဓာ သတ္တဝါ ဆိုမလား ငါးပါးစလုံး ဆိုမလား၊ ငါးပါး၊ တစ်ပါးဆီ သူမေးလိုက်တယ်၊ ငါးပါးစလုံး မဆိုဘူး သူဖြေ တယ်။

ဒါနဲ့ ရုပ်ပေါ်၌ ဆိုမလား၊ ဝေဒနာပေါ်၌ ဆိုမလား၊ သညာပေါ်၌ ဆိုမလား မဆိုပါဘူး ဘုရား၊ ဒါဖြင့်ကွာ ရုပ်မှ တစ်ပါး သတ္တဝါ ဆိုမလား၊ မဆိုပါဘူး ဘုရား။

ရုပ်နာမ် ဓမ္မလည်း သတ္တဝါမှ မရှိပဲကို ဝေဒနာမှ တစ်ပါးသော သတ္တဝါ ဆိုမလားကွ ဘုရားက မေးလိုက်တယ် မဆိုဘူး ဘုရား၊ ဝိညာဏ်မှတစ်ပါး သတ္တဝါ ဆိုမလားကွ၊ မဆိုပါ ဘူးဘုရား။

ဒါဖြင့်ကွာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ငါးပါး ရှိနေရင် သတ္တဝါ ဆိုမလား၊ မဆိုပါဘူး ဘုရား၊ ဒါလည်း ရုပ် ဝေဒနာ၊ သညာ၊ သင်္ခါရပဲ။

ဒါဖြင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရမှ တစ်ပါးသော တရားကို သတ္တဝါဆိုမလား ကောက်မေး လိုက်တယ် (တင်ပါ) ဒါလည်း သတ္တဝါ၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ မှတစ်ပါးသော တရားရှိမှ မရှိပဲ ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။

ဒါ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရမှတစ်ပါး၊ ရုပ် မဟုတ်တာ သတ္တဝါ ဆိုမလား၊ ဝေဒနာ မဟုတ်တာ သတ္တဝါ ဆိုမလားကွ၊ မဆိုပါဘူး ဘုရား။

အေး အေး မင်းနေရာကျပြီ၊ ဒါဖြင့် ဒီလိုမှတ် ပေတော့ကွ၊ မင်းတစ်သက်လုံး မှတ်ထားကွ၊ မင်းလိုက်လို့ အကြောင်း အကျိုး သိလို့၊ ကိုယ်တိုင်လည်း မြင်ရတဲ့အခါကျတော့ ဒီဖြစ်နေတဲ့ တရားတွေက ဒုက္ခ ဖြစ်နေတာပဲကွ၊ ပျက်တော့ ဘယ်သူ ပျက်မှာတုံးလို့ ငါမေးလိုက်တော့ ဒီဒုက္ခ ဖြစ်တဲ့ တရား ပျက်မှာပဲကွ (တင်ပါ ဘုရား)။

သတ္တဝါဆိုတာ မရှိဘူး

အဲတော့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ရှိတာပဲလို့ ဆိုတော့ မင်း ဒီနဲ့တင် ပေါ်တယ် သတ္တဝါမှ မရှိပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဖြစ်၍ (ဒုက္ခပျက်တာသာ ရှိပါတယ်ဘုရား) ဒါကြောင့် တစ်သက်လုံး မှတ်ကွ၊ ဒုက္ခဖြစ်၍ ဒုက္ခ ပျက် တာသာ ချည်းပဲ၊ သတ္တဝါ သေရင် ဖြစ်သေးသလား ဆိုတာ မေးဦး၊ မဖြေကောင်းတဲ့ တရား (တင်ပါ)။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား ဆိုတာကော (မဖြေ ကောင်းတဲ့တရားပါ ဘုရား) သတ္တဝါ သေရင် မဖြစ်ချည် တစ်လှည့် ဖြစ်ချည်တစ်လှည့်လား မဖြေ ကောင်းတဲ့တရား (တင်ပါ ဘုရား)။

သတ္တဝါသေရင် မဖြစ်သည်လည်းမဟုတ်၊ ဖြစ်သည် လည်း မဟုတ်ဆိုတာကော၊ (မဖြေ ကောင်းတဲ့ တရားပါ ဘုရား) မဖြေကောင်းတဲ့ တရားကွတဲ့၊ ဖြေရမှာက ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာသာ ရှိတယ်၊ သတ္တဝါကို မရှိခဲ့ဘူး (တင်ပါ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်

မင်းတစ်သက်လုံး မှတ်၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာမှ တစ်ပါး ဘာမှမရှိဘူး၊ ဒါကြောင့် ဒကာ ဒကာမတွေ သင်ရ တယ်၊ မောင်ချစ်ဆွေက ဖြစ်ဒုက္ခ ပျက်ဒုက္ခရှု၊ သူက တိုတိုသုံးထားတာ (တင်ပါ ဘုရား) ဒီပြင် ဘာမှမရှိဘူး (မှန်ပါတယ် ဘုရား) ဒုက္ခပိုင်ပိုင်နိုင်နိုင်သိ၊ ပိုင်းပိုင်းခြားခြား သိတယ် ဆိုတာ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲ ဆိုတာ ပိုင်ပိုင်နိုင်နိုင် သိနေတာ (တင်ပါ ဘုရား)။

ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင်လည်း သောတာပန်တည် တာပဲ (တင်ပါ ဘုရား) အနုရာဓ သောတာပန် တည်တာ ပုဂ္ဂိုလ်သတ္တဝါကို ပါသေးရဲ့ လား (မပါပါဘူးဘုရား)။

အဲတော့ သတ္တလောက ပြင်ဘက် ထွက်မသွား ဘူးလား (ထွက်သွားပါတယ်ဘုရား)။

သတ္တလောက သိရုံနဲ့လည်း မပြီးသေးဘူး၊ သတ္တ လောက သိရုံနဲ့လည်း သမုတိသစ္စာ၊ ပရမတ္ထသစ္စာနဲ့ ဒကာ ဒကာမတွေက နားလည်ပြီး အလုပ် လုပ်ဦးမှ ထွက်ရာ လမ်းပေါက်မှာ (တင်ပါ ဘုရား) သို့မဟုတ်ရင် ပေါက်နိုင်ပါ့ မလား (မပေါက်နိုင်ပါဘူး ဘုရား)။

ဖြစ်ပျက်ရှုလို့သောတာပန်တည်တယ်

အဲဒီမှ သောတာပန်တည်တယ် ဆိုတာ ဖြစ်ပျက် ရှုလို့ ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

နောက်ဆုံးပိတ်ကျတော့ မင်းတစ်လုံး မှတ်ကွာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မှတစ်ပါး ဘာမှမရှိဘူးဟေ့ အနုရာဓ ဆိုပြီးတော့ ဇာတ်သိမ်းတာပဲ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ဦး

သာဓု သာဓု သာဓု။