139

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၁)(၂၁-၂-၆၂)

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၂) (၂၂-၂-၆၂)

ဤစာအုပ်၌ နာရီဝက်တရားနှစ်ပုဒ်ပါဝင်ပါသည်။

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၁)

နာရီဝက်တရားဖြစ်ပါသည်။ အသံမကြည်ပါ။

အသံဖိုင်ခေါင်းစဉ်= သတ္တလောကကိုပယ်၍ သင်္ခါရလောကကို တွေ့အောင်ရှာပါ တရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၁)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူအပ်သော တရားတော်

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၁)

(၂၁-၂-၆၂)

တရားနှလုံးသွင်းကြ၊ သတ္တလောကကို ပယ်လည်း မပယ်ရဘူး၊ ဖယ်ထိုက်တဲ့ အခါကြ တော့ လည်း ဖယ်ရမယ်၊ ပယ်လည်း မပယ်နဲ့၊ ဖယ်ထိုက်တဲ့ အခါကျတော့လည်း ဖယ်ရမယ်လို့ မနေ့က သင်ထားတယ်။

သတ္တလောကမဖယ်ရင်၊ မဂ်ဖိုလ်တားတယ်

ပယ်လိုက်ပြန်တော့လည်း အပါယ်ကျတယ်၊ ဖယ်သင့် တဲ့အခါ မဖယ်ပြန်တော့လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားတယ်၊ အဲ့ဒါကြောင့် ဒီသတ္တ လောကကြီးဟာ အသုံး ချတတ်လို့ ရှိရင် သုဂတိ ရောက်ပြန် တာပဲ။

အသုံးမချတတ်လို့ရှိရင်လည်း သတ္တလောကကြောင့်ပဲ အပါယ်လေးပါးသွားတာပဲ၊ မဖယ်တတ် ပြန်လို့ ရှိရင်လည်း သတ္တလောကကြောင့် ဒိဋ္ဌိကပ်တယ်။

ဖယ်တတ်ပြန်လို့ရှိရင်လည်း သတ္တလောက ပျောက်ပြီး သင်္ခါရလောက ပေါ်လာတယ်၊ သတ္တလောက ပျောက်ပြီး သင်္ခါရ လောက ပေါ်လာတယ်။

သတ္တလောကဆိုတာ

သတ္တလောက ဆိုတာ ခန္ဓာအထည်ကြီး ယောက်ျား၊ မိန်းမကို ဆိုသည်၊ သင်္ခါရ လောက ဆိုတာ ဒီထဲမှာ ရုပ် နာမ် ဓမ္မဖြစ် ပျက်ကိုဆိုလိုသည်။

သတ္တလောက ဖယ်လိုက်မှ ဒီနေ့တရားမှာ သင်္ခါရ လောက ပေါ်လာတယ်လို့ အောက်မေ့ပါ၊ သတ္တလောက ဖယ်လိုက်ရင် ဘာပေါ်လာမတုံး (သင်္ခါရလောက ပေါ်ပါတယ် ဘုရား)။

သင်္ခါရလောက ပေါ်လာတော့မှ၊ သြော် ဉာဏ်နဲ့စိုက် ကြည့်လိုက်တဲ့ အခါကျတော့၊ သင်္ခါရ ဆိုတာ အနိစ္စလမ်း ဆုံးတာကို ဆိုတော့မှ သဗ္ဗေ သင်္ခါရာ အနိစ္စ ထဲ သွားဝင်တယ်။ သဗ္ဗေ သင်္ခါရာ အနိစ္စထဲ ဝင်သွားတော့၊ ဝင်ချင်လို့ ဝင်တာလားလို့ ဝိပဿနာဉာဏ်ထဲကို ဝင်ချင်လို့ ဝင်ရတာလား မေးလိုက်တဲ့ အခါ၊ သတ္တလောက ဖယ်လိုက်လို့ သင်္ခါရ လောကကြီးက ပေါ်လာတယ်။

သတ္တလောကကို ဖယ်လိုက်တော့မှ ၊ သင်္ခါရလောကကြီး ပေါ်လာတော့မှ၊ သဗ္ဗေ သင်္ခါရာ အနိစ္စဆို ဒီဉာဏ်နဲ့ တွဲရမယ်။

အဲ့တော့ သတ္တလောက ဖယ်ရင် သင်္ခါရလောက ပေါ်လာပြီး ပေါ်လာတဲ့ သင်္ခါရလောကနဲ့ ဉာဏ်နဲ့တွဲပါ၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာလည်း ရုပ် နာမ် ဓမ္မတွေချည်း ခဏ ခဏ ဖြစ်မှု ပျက်မှု တွေဟာသည် သင်္ခါရလောက။

အဲ့ဒိ သင်္ခါရလောကကို ဉာဏ်နဲ့မတွဲဘဲ မနေကြပါနဲ့၊ ဉာဏ်နဲ့တွဲရင် ဝိပဿနာ ဉာဏ်နဲ့တွဲရင် ဝိပဿနာလို့ မှတ်ပါ။ သင်္ခါရလောကနဲ့ ဉာဏ်နဲ့တွဲရင် ဘာခေါ်မတုံး (ဝိပဿနာပါ ဘုရား)။

သင်္ခါရလောက အဆုံးနဲ့ ဉာဏ်နဲ့ တွဲလိုက်ပြန်တော့ လည်းတဲ့၊ သင်္ခါရ လွတ်တဲ့ နယ်နဲ့ ဉာဏ်နဲ့ တွဲလိုက်ပြန်တော့လည်း မဂ်ဖြစ်သွားတယ်၊ (တင်ပါ့ဘုရား)။

သင်္ခါရလောကနဲ့ ဉာဏ်နဲ့တွဲရင် ဝိပဿနာ

သင်္ခါရလောကနဲ့ ဉာဏ်နဲ့တွဲရင် ဝိပဿနာ၊ သင်္ခါရ လောက အဆုံးနဲ့ ဉာဏ်နဲ့တွဲရင် မဂ်ဖြစ် သွားတယ်၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

သတ္တလောက ဖယ်လိုက်ရင်တော့ ဘာတွေ့မတုံး၊ (သင်္ခါရလောက တွေ့တယ်)၊ သင်္ခါရ လောကနဲ့ ဉာဏ်နဲ့ တွဲလိုက်ရင် ဝိပဿနာ ဖြစ်တယ်၊ ၎င်း သင်္ခါရလောက အဆုံး လိုက်သည့် တိုင်အောင် ဒကာ၊ ဒကာမတွေက ကြိုးစားလိုက်လို့ ရှိရင်၊ သင်္ခါရ လောက ဆုံးသွားလို့ ရှိရင်ဖြင့်၊ သင်္ခါရလောက အဆုံးနဲ့ ဉာဏ်နဲ့ တွဲလိုက်လို့ ရှိရင်၊ အဲ့ဒိ ဉာဏ်ကတော့ လောကုတ္တရာ မဂ်ဉာဏ်ဖြစ် ပါတယ်။

လောကုတ္တရာမဂ်ဉာဏ်

ဝိပဿနာမဂ် ဉာဏ်ထက် အထက်တန်းကျတဲ့ လောကုတ္တရာ မဂ်ဉာဏ် ဖြစ်သွားတယ် လို့ဆိုတာ သေသေ ချာချာ မှတ်ရမယ်၊ (တင်ပါ့ဘုရား) ဒါအလုပ်စဉ်ပဲ။

သုံးခွန်း ပြောပြီ ဒီနေ့၊ မနေ့က နှစ်ခွန်းပြောတယ်၊ ယနေ့ သုံးခွန်း ပြောတယ်လို့ မှတ်ရမယ်၊ (တင်ပါ့ ဘုရား)။

သတ္တလောက ဖယ်လိုက်ရင် သင်္ခါရလောက ပေါ်လာ တယ် ဆိုတာ တစ်မျိုး၊ သင်္ခါရလောကနဲ့ ဉာဏ်နဲ့ တွဲရင် ဝိပဿနာဖြစ်တယ် ဆိုတာကိုလည်း သေချာမှတ် ရမယ်၊ ၎င်းသင်္ခါရ လောက အဆုံး လိုက်ပြီး သကာလ၊ ဉာဏ်နဲ့တစ်ခါ တွဲလိုက်ပြန်တော့၊ လောကုတ္တရာ မဂ်ဉာဏ် ဖြစ်သွားတယ်၊ ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် တွေဖြစ်တယ်လို့ မှတ်ရမယ်၊ (တင်ပါ့ ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ဒီလိုမဖယ်တတ်၊ မရှားတတ်၊ ဉာဏ်မတွဲ တတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့်၊ အင်း လူရယ်လို့သာ ဖြစ်ရတယ် သူ ဘာမှ မသိဘူး ဆိုတာဘဲ ဆုံးဖြတ်ချက်ချမယ်။

အခုသေသွားတဲ့ ပုဂ္ဂိုလ်တွေသည်၊ သတ္တလောက မဖယ်နိုင်ဘဲနဲ့ သေသွားကြတာ၊ အခု သေသွားကြတဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ နည်းနာနိဿယကောင်း မရတဲ့ ပုဂ္ဂိုလ်များ သတ္တလောက အမှတ်နဲ့ပဲ သေသွားကြတယ်။

ငါ့ဖြင့် အမေ သေသွားပြီ၊ သတ္တလောကနဲ့ သတ္တလောက အမှတ်နဲ့ပဲ သူ့စိတ်ကျန်ရစ်တာပဲ၊ အဖေသေသွားပြီ ငါ တစ်ကောင်ကြွက်ပဲ၊ မောင်နှမနှစ်ယောက် ကျန်တော့တယ်၊ ခက်ပါသေးရဲ့။

ဆုံးမမည့်သူလည်းမရှိ၊ သွန်သင်မည့်သူလည်းမရှိနဲ့ ဝမ်းတောင်နည်းလိုက်သေးတယ်၊ ဒါဖြင့် ဝိပဿနာဉာဏ်၊ မဂ် ဉာဏ်မရတဲ့ ပုဂ္ဂိုလ်များ မဖယ်ပဲနဲ့ သုံးနှစ်သုံးသီး လွမ်းဆွေး နေတာတွေဟာ၊ သတ္တလောက မဖယ်နိုင်တဲ့ စိတ်တွေ လို့မှတ်ရမယ်။

သုံးနှစ်သုံးသီး သေသည့်တိုင်အောင်ပဲ လွမ်းဆွေးတသ နေတာကို၊ ဘယ့်နှယ့်ကြောင့် ဒီဟာကြီး ပေါ်နေပါလိမ့်မတုံး မေးတဲ့ အခါကျတော့မှ၊ သတ္တလောက မကျော်လွှားနိုင်လို့ ဖြစ်နေတာ၊ (တင်ပါ့ဘုရား)၊ ရှင်းပလားကွ၊ (ရှင်းပါပြီဘုရား)။

အပါယ်သွားတာကိုကြော်ငြာတယ်

သတ္တလောကကိုမကျော်လွှားနိုင်တာနဲ့ပဲ၊ ဒီနေ့ပဲ သတင်းစာကြည့်လိုက်တော့၊ ကိုအောင် သုံးနှစ်ပြည့်ပါပြီဆိုပြီး သကာလ သူ့အမေမျက်နှာ၊ သူ့ သမီးမျက်နှာ လွမ်းဆွတ် တယ်လို့လာသေး၊ ကြော်ခက်ပကော၊ မကျော်နိုင်ရှာကြတော့ လွမ်းတာကိုပဲ အဖိုးတန်ယူပြီးသကာလ၊ အပါယ်သွားတာ ကြော်ငြာပေး လိုက်တယ်၊ အပါယ်သွားတာ ကြော်ငြာပေး လိုက်တယ်၊ (မှန်ပါတယ်)။

သေတာဖြင့် သုံးနှစ် ရှိသွားပြီ၊ ဒီက လွမ်းဆွတ်လို့ မပြီး သေးဘူးဆိုတော့၊ သူလည်း ဘယ်ရောက် မှန်းမသိဘူး၊ ကိုယ်တော့ဖြင့် အပါယ်သွားဦးမယ် ဆိုတဲ့ဥစ္စာကို ကြော်ငြာ ပေးလိုက် တာပဲ။

သို့သော် လောကကြီးက သား၊ သမီးများက သတိရ တယ်ဆိုပြီး မသိတဲ့ ပုဂ္ဂိုလ်များ ဂုဏ်ယူ လေ့ရှိတယ်၊ ဂုဏ်ယူတာလား၊ အပါယ် သွားနိုင်တယ်လို့၊ သွားဖို့ရာ ကျုပ်တို့မှာဖြင့် ဒီစိတ်တွေ ပေါ်တုန်း ပါပဲလို့ ပြောတာလား လို့မေးရင် ဘယ်နှယ့် ဖြေကြမတုံး (ဂုဏ်ယူတာ မဟုတ်ပါဘူး ဘုရား)၊ အပါယ်သွားဖို့ ပေါ်နေတယ်လို့ ပြောတာပဲ၊ ဒါဉာဏ်နဲ့ နားထောင်ပါ။

အပါယ်သွားတဲ့ဉာဏ်တွေ

ခေတ်ကတော့ ပြောင်းသွားပြီ၊ (တင်ပါ့ဘုရား) ခေတ်က တော့ ပြောင်းသွားပြီ၊ အပါယ် သွားတဲ့ ဉာဏ်တွေသာ ထိုးထွင်း လာတော့တယ်၊ သတ္တလောက မဖယ်နိုင်ဘဲနဲ့ ကျန်ရစ်တဲ့ အဓိပ္ပါယ်ကော ရှင်းမသွား သေးဘူးလား၊ (ရှင်းပါပြီ ဘုရား)။

ဒီသားတွေ၊ ဒီသမီးတွေမှာ ခုထက်တိုင်တိုင် သုံးနှစ်၊ ဒီလို လွမ်းဆွတ် နေသေးတယ် ဆိုတဲ့ အဓိပ္ပါယ်၊ သတ္တလောက မဖယ်ရှား နိုင်ဘူး၊ မဖယ်ရှား နိုင်တာနဲ့ အပါယ် သွားပါမယ်ဆိုတဲ့ ကြော်ငြာ ထွက်လာတယ်။

လောကကြီးကိုကျောပေးမှ

ဒါ ဉာဏ်နားကြီးကြီးနဲ့ ထောင်မှ လောကကြီးကို ကျောပေးမှ ဒီတရားကို နာလို့ ဖြစ်တယ်၊ လောကကြီး ကျောမပေးလို့ရှိရင် လည်း ခုခေတ်က ဂုဏ်ယူနေတဲ့ခေတ်။

ကိုင်း ဒါဖြင့် သတ္တလောကကို ဖယ်လိုက်တော့ သင်္ခါရ လောကပေါ်တယ်၊ (တင်ပါ့ဘုရား)၊ ရုပ်နာမ် ဖြစ်ပျက် ပေါ်လာတယ်ကွ၊ မောင်ချစ်ဆွေက (မှန်ပါ့ ဘုရား)၊ အဲဒါ ဉာဏ်နဲ့ တွဲလိုက်တော့ ဝိပဿနာ ဖြစ်တယ်၊ အဲဒါ ဉာဏ်နဲ့တွဲပြီး ဆုံးအောင် လိုက်လိုက်တဲ့ အခါကျတော့၊ သင်္ခါရလောက လည်း ဆုံးပါရော၊ နိဗ္ဗာန် ဆိုတာနဲ့ မဂ်ဉာဏ်နဲ့ သွားတွဲတာပဲ။

သြော် ဒါဖြင့် ဒို့မှာအရေးကြီးနေတာ သတ္တလောက ဖယ်ပြီး၊ သင်္ခါရလောကရှာဖို့ အရေးဟာ၊ ဒို့ ဝိပဿနာ အရေးတကြီး လိုရင်း အရေးပါလားဆိုတာ မှတ်မိကြပလား၊ (မှတ်မိပါပြီ ဘုရား)။

သတ္တလောက ဖယ်လိုက်တော့ ဘာတွေတုံး၊ (သင်္ခါရ လောက တွေ့ပါတယ် ဘုရား)၊ သင်္ခါရ လောကနဲ့ ဘာနဲ့ တွဲမယ်၊ (ဉာဏ်နဲ့ တွဲရမယ် ဘုရား)၊ ဉာဏ်နဲ့ တွဲရင် ဝိပဿနာဖြစ်တယ် (တင်ပါ့ ဘုရား)။

လောကုတ္တရာမဂ်ဉာဏ်

အဲ့ဒီ ဉာဏ်နဲ့ပဲ သင်္ခါရလောက ဆုံးအောင် လိုက်ရင် အသင်္ခတ ဖြစ်တဲ့ဆီ ရောက်တယ်၊ အသင်္ခတ နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ သွားတွဲ တာပဲ၊ အဲ့ဒါကျတော့ လောကုတ္တရာ မဂ်ဉာဏ် ဖြစ်သွားတယ်၊

သင်္ခါရလောကနဲ့ ဉာဏ်နဲ့တွဲတုန်းက ဝိပဿနာ၊ သင်္ခါရ လောကအဆုံးနဲ့ ဉာဏ်နဲ့ တွဲလိုက်တဲ့ အခါကျတော့ ဝိပဿနာ လမ်းဆုံးဖြစ်တဲ့ လောကုတ္တရာ မဂ်ရသွားပြီ (တင်ပါ့)။

အဲ့ဒီကျအောင် ဒီစကား သုံးခွန်း ပြောတာကိုလည်း မောင်ချစ်ဆွေတို့၊ အစ်မတို့က သေသေ ချာချာ မှတ်ရမယ်၊ (မှန်ပါတယ် ဘုရား) ဒီလိုသွားမှပါလား၊ ဒီလိုမသွားရင်ဖြင့် ခက်ပကော။

သူ့မဖယ်နိုင်လို့ပဲ ခုနင်က ပြောခဲ့တဲ့ လောကကြီး ဖြစ်စဉ်တွေပေါ်လာတယ်၊(တင်ပါ့ ဘုရား)၊ ငိုတယ်၊ တသတယ်၊ လွမ်းဆွတ်တယ်၊ ဒါဘာမဖယ်နိုင်လို့တုံးဆိုတော့ မောင်ချစ်ဆွေ ရိပ်မိရောပေါ့။( ရိပ်မိပါပြီ ဘုရား၊ သတ္တလောက မဖယ်နိုင်လို့ပါ ဘုရား)။

သတ္တလောက မဖယ်နိုင်လို့ ဟိုမှာ သတ္တဝါဖြစ်တာ၊ အဖေ သတ္တဝါ၊ အမေသတ္တ၊ အဖေ၊ အမေဆိုတဲ့ သတ္တ လောကကြီး၊ သတ္တလောက ပညတ်ကြီးက တစ်ခါတည်း နှိပ်စက်လိုက်တဲ့ ဖြစ်ခြင်း၊ သုသာန်ပို့တိုင်း သူများ မသာ အတွက်ရောက်ပြီး၊ ကိုယ့် မသာအတွက် မျက်ရည်ကျတယ်။

သင်္ခါရ မရောက်လို့ ဖြစ်ရတဲ့အဖြစ်တွေ အတော် ကြီးတယ်၊ (မှန်ပါ့ ဘုရား)၊ မကြီးဘူးလား၊ (ကြီးပါတယ်ဘုရား)။

မသာတစ်ခေါက်၊ကျောင်းဆယ်ခေါက်

အဲ့ဒါတွေကို ခုလို နက်နက်နဲနဲ ပြောလာတော့မှ သြော် ရှေးကတော့ ပြောကြတယ်၊ “မသာ တစ်ခေါက်၊ ကျောင်း ဆယ်ခေါက်” ကျောင်း ဆယ်ခေါက်ထက် မသာ တစ်ခေါက်က ကျေးဇူး များတယ် ဆိုတာက ဒါဆိုတာမှ မဟုတ်ဘဲပဲ၊ သြော် အနတ္တတွေမို့ အကုန်ပဲ ဒီရောက်ကုန်ကြပြီ။

သူတို့နေချင်ရဲ့သားနဲ့ မနေနိုင်ကြ၊ သူတို့စိတ် သူတို့ မပိုင်၊ သူတို့ရုပ် သူတို့မပိုင်လို့ အနတ္တတွေ ဖြစ်ကုန်ကြပြီလို့ ဆိုတာ၊ ဒီဉာဏ်ရောက်ပါစေလို့ မသာ တစ်ခေါက် ဆိုတာ။

ကျောင်းဆယ်ခေါက် ဆိုတာက၊ ကျောင်းမှာတော့ နာရ ပြုရတာ ရှိပါတယ်၊ ရှိပေမဲ့ ဉာဏ်ထဲမှာ သက်သေက မလုံလောက်ဘူး၊ သုသာန်လို သက်သေခံ မလုံလောက်ဘူး (တင်ပါ ဘုရား)။

သုသာန်နဲ့ သက်သေခံ မလုံလောက်တော့၊ ရှေ့လူကြီး တွေ ပုံပြင် လုပ်ထားတာလား၊ စကားပုံ လုပ်ထားတာလား၊ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ကျေးဇူး များတယ်၊ မသာ တစ်ခေါက်က ကျောင်း ဆယ်ခေါက် သွားတဲ့ ဆယ်ခေါက်ထက် ကျေးဇူးများတယ်။

အဲဒါ သူတို့ပြောတာ အင်မတန် မှန်ငြားသော်လည်း၊ ယခုအခါမှာဖြင့် မသာ ခေါက်တိုင်း အပါယ် သွားတယ် (တင်ပါ့ ဘုရား)၊ ဂူလေး မှတ်လို့၊ မြေပုံလေး မှတ်လို့၊ မျက်ရည်လေး သုတ်လို့ (မှန်ပါတယ် ဘုရား)။

မသာဆယ်ခေါက်၊ အပါယ်ဆယ်ခါ

မသာဆယ်ခေါက်သွား၊ ဆယ်ခါ အပါယ် သွားတာပဲ။ ဆယ်ခါ ပဋိစ္စသမုပ္ပါဒ် လာဆက်တာပဲ (တင်ပါ့ဘုရား)၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ဇာတိ၊ ဇရာ၊ မရဏ၊ အနာဂတ် ဖြစ်ကြောင်း ချည်း ကြိုးစား နေတာ၊ အနာဂတ် ဒုက္ခသစ္စာ ဖြစ်ကြောင်းချည်း ကြိုးစားနေတာ (တင်ပါ့)၊ ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

အဲဒါကြောင့် အခုအခါ မသာ ဆယ်ခေါက်သွား အတော် နစ်နာ ပါတယ်၊ ကိုင်း ဒါဖြင့် ဒီဟာ အတ္တဒိဋ္ဌိ မပြုတ်လို့ လာတာပဲ၊ အတ္တဒိဋ္ဌိ ဘယ်က လာပါလိမ့်မတုံးလို့ မေးလိုက်တဲ့ အခါကျတော့၊ အတ္တဒိဋ္ဌိ ဆိုတာ ယောက်ျား၊ မိန်းမ၊ သတ္တဝါ ပညတ်က နေပြီးလာတာပဲ။

သတ္တဝါ ပညတ်ကနေပြီး အတ္တဒိဋ္ဌိတွေ လာတာပဲ စာလို ပြောတော့ ခန္ဓာက လာတယ်၊ အတ္တဒိဋ္ဌိ ဘယ်က လာသတုံး ခန္ဓာက လာတယ်။

ငါ လေးလုံး ခြောက်ဖက်ကြီး၊ နေနိုင်သေးတယ် သြော် သူ့ခန္ဓာ သူကြည့်ပြီး သကာလ ငါထွက် လာတာပဲ၊ ငါနည်းနည်း မိုက်သေးတယ်၊ ငါသွားနိုင်သေးတယ်၊ ငါလုပ်နိုင် သေးတယ်၊ သြော် ခန္ဓာက ထွက်လာတဲ့၊ ခန္ဓာ အကြည့်မှားပြီး သကာလ ဖြစ်လာတဲ့ အတ္တဒိဋ္ဌိ။

ခန္ဓာအကြည့်မှားလို့၊ အတ္တဒိဋ္ဌိ

ဒီအတ္တဒိဋ္ဌိက ဘယ်က လာသတုံးလို့ ယနေ့ မေးလို့ရှိရင်၊ ခန္ဓာ အကြည့်မှားက လာတယ်လို့ မှတ်ကြပါ (တင်ပါဘုရား) ဘယ်ကလာတုံး (ခန္ဓာအကြည့်မှားလို့ လာတာပါဘုရား) ခန္ဓာ အကြည့်မှား တာက လာတာ။

ကျုပ်များ ဘယ့်နှယ့် ထင်လို့တုံး၊ တစ်ခါ တစ်ခါစိတ် ဆိုးတဲ့ အခါကျတော့၊ လင်ရယ် သားရယ် လို့သာ လောကကြီးထဲ၊ မရှိ မကောင်း ရှိမကောင်းမို့သာ ပေါင်းသင်း နေရတယ်- အစရှိ သည်နဲ့ လာသေးတာပဲ၊ နှင်ကြ၊ ပုတ်ကြ၊ သြော် သတ္တလောက အတွက် တစ်ခါတည်း မာန်တွေ ငါတွေ အကုန်ထွက်လာတယ် (တင်ပါ့)။

ဒါကြောင့် သတ္တလောက ကြောင့် ဒိဋ္ဌိဖြစ်လာတယ် (တင်ပါ့ဘုရား)၊ ဒိဋ္ဌိငါ ဖြစ်လာတယ်၊ မာနငါ ဖြစ်လာတယ်၊ ဒါကြောင့် သတ္တလောကသည် အကြည့် မတတ်တဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် အပါယ် သွားဖို့ပဲ (တင်ပါ့ဘုရား)။

အကြည့်မတတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် (အပါယ်သွား မှာပါဘုရား) အပါယ်သွားဖို့ပဲ ဆိုတာ အထူး တလည် သေချာ သွားတယ်။

ဒါ သေသေချာချာ မကြည့်တတ်ပြန်လို့ ရှိရင်လည်း၊ သတ္တလောက ဖယ်ပြီး သင်္ခါရလောက ကြည့်လိုက် ပြန်လို့ ရှိရင် လည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်နိုင်တာပဲ။

ဒါဖြင့် သတ္တလောကဖယ်ပြီး သင်္ခါရ လောက ရောက်အောင် ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးမှ နိဗ္ဗာန် ရောက်နိုင်တယ် (တင်ပါဘုရား) ဘယ်လို ဆုတောင်း ဆုတောင်း မရဘူး သတ္တလောက ဖယ်ဦးမှပဲ၊ သင်္ခါရ လောကလည်း တွေ့ဦးမှ ဆုတောင်း လို့တော့ (မရပါဘူး ဘုရား) မရဘူးတဲ့ ဆုတောင်း တာလည်း ဒီကိုယ်ကြီးနဲ့ နိဗ္ဗာန် ရောက်ရပါလို၏လို့ ဆုတောင်းတာကို (တင်ပါဘုရား)။

နောက်ဘဝကျ နိဗ္ဗာန် ရရပါလို၏ ပြောတော့ နောက် ဘဝကျ နိဗ္ဗာန်ရရပါလို၏ ပြောတာ၊ (တင်ပါဘုရား) ဒီကိုယ် နဲ့တော့ ရကို မရနိုင်ဘူး၊ နိဗ္ဗာန် ဒီကိုယ်မှ မရှိပဲနဲ့ (တင်ပါ့ ဘုရား) မရနိုင်ဘူးတဲ့။

အဲဒါကြောင့် သတ္တလောကကို ဖယ်မှ သင်္ခါရ လောကကို တွေ့ပါတယ်ဆိုတဲ့ ဥစ္စာ ရှင်းသွား တယ် (တင်ပါ)။

ကိုင်း ဒါဖြင့် သင်္ခါရလောက မရောက် သရွေ့ ကာလပတ်လုံးဖြင့် မျက်ရည်ပွဲချည်း နွှဲကြမှာပဲ။ ရောက်ရာဘဝ မှာ (နွှဲရမှာပါ ဘုရား) မောင်နဲ့ ခွဲရတာ လာမယ်၊ ခင်ပွန်းနဲ့ ခွဲရတာ လာမယ်၊ သားသမီးနဲ့ ခွဲရတာလာမယ်၊ ကိုယ့်ကိုယ်ကို မလုပ်နိုင် မကိုင်နိုင်လို့ စိတ်မချမ်းသာ ရတယ်။

ဘာကြောင့် ဒါတွေ ဒီလောက်တောင် လာပါလိမ့် မတုံး မေးလုံးထုတ်တဲ့ အခါကျတော့၊ သြော် သတ္တလောက မဖယ်နိုင်တာနဲ့ သင်္ခါရလော မတွေ့၊ မတွေ့တာနဲ့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ တွေဟာ သူ့မှိုပေါက်နေတာပဲ ဆိုရင် ဒါ ဝန်ခံကြရမှာ (တင်ပါဘုရား)။

ဝန်ခံရတော့မယ် မခံရင် ဖြစ်ကိုမဖြစ်ဘူး၊ ဒါဖြင့် နိဗ္ဗာန် သွားတဲ့ ပုဂ္ဂိုလ် လက်သည်းပေါ်က မြူမှုန်လောက် ရှိတယ် ဆိုတဲ့ ဥစ္စာ၊ ဘုရား အပြောကြီး လိုက်တာလို့ ဒီလို မဆိုကြပါနဲ့၊ သတ္တလောက ကို ဘယ်သူမှ မဖယ်ဘူး၊ သင်္ခါရ လောက မတွေ့တော့ (တင်ပါဘုရား)။

မတွေ့ဘဲနဲ့ပဲ သေသွားကြ၊ ကြေသွားကြတော့ ဘယ် နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ် ပါမှ မပါတာပဲ (မပါပါဘူးဘုရား) ပါသေးလား (မပါပါဘူးဘုရား)။

သတ္တလောက ကျော်သွားတဲ့ ပုဂ္ဂိုလ် ပါသေးလား (မပါပါဘူးဘုရား) သင်္ခါရလောက ရောက်တဲ့ ပုဂ္ဂိုလ်ကော (မပါပါဘူးဘုရား)။

ဝိပဿနာဉာဏ်ဆုံးမှ မဂ်ဉာဏ်

မပါတော့ ဝိပဿနာဉာဏ်တောင်မှ ပါမသွားရှာကြ ဘူး (တင်ပါဘုရား) ဝိပဿနာဉာဏ်မှ ပါမသွား၊ ဝိပဿနာ ဉာဏ်ဆုံးမှ မဂ်ဉာဏ်ကလည်း လာမှာ ဖြစ်နေတော့၊ မဂ်ဉာဏ် လာမှလည်း နိဗ္ဗာန်က တွေ့ရမှာ ဖြစ်နေတော့ မရဘူးပေါ့ မင်းတို့ နိဗ္ဗာန် မရနိုင်ဘူးကွ။ မင်းတို့က အဖယ်အရှား မတတ်ဘူးကွ၊ ဒါသေချာပြောရမယ် (တင်ပါဘုရား)။

အဖယ်အရှားတတ်မှ ရမှာကို (တင်ပါဘုရား) ဒီလမ်း သွားချင်ပါတယ်ဆိုရင် ဒီဆူး မဖယ်နိုင်ရင် ဒီလမ်းသွားဖြစ်တော့မှာ မဟုတ်ဘူး (တင်ပါဘုရား)။

အဲဒီသတ္တလောက ဆူးဟူသော ဆူးက စူးနေတော့ ကျုပ်ခက်တာပဲ၊ ငါခက်တာပဲ ငါတော့ဖြင့် မူတွေ လွဲပြီ အစရှိသည်နဲ့၊ တစ်ခါတည်း သတ္တလောက မကျော်နိုင်တာနဲ့ မူတွေ လွဲတာကစပြီး ဒီဘဝ ဒီမျှပဲ ထင်ပါရဲ့ ဆိုပြီး သကာလ သွားတာပဲ ကျော်ကို မကျော်ဘူး၊ သိပ်ကြောက်စရာ ကောင်း ပါလား (တင်ပါ ဘုရား)။

ဒါဖြင့် ဒီလိုကျော်သေသွားတဲ့ ပုဂ္ဂိုလ် မသာပို့ဖူးရဲ့လား လို့ မေးကြရင် အကုန် အဖြေ ထွက်လာမှာပဲ၊ မကျော် နိုင်ကြပါ ဘူး မကျော်နိုင်ကြပါဘူး ဆိုတာ ဖြေရမှာပဲ (ဖြေရမှာပါဘုရား)။

မကျော်နိုင်လို့ ရှိရင် သင်္ခါရလောက မတွေ့ဘူးကွ၊ ဝိပဿနာဉာဏ် မဆိုက်ဘူးဆိုတဲ့ စကားသုံး ရမယ် မသုံးရဘူးလား (သုံးရပါမယ် ဘုရား)။

အဲဒီကဲ့သို့ သုံးတော့ကို ဒါ ဆရာသမားက အရင်း ကျကျ ပြောနေတော့၊ ဒါမှမသုံးလို့ ရှိရင်လည်း ဝိပဿနာ ဉာဏ်မပါပဲနဲ့ မဂ်ဉာဏ် အလိုလို ပေါ်တယ်လို့ မရှိဘူး (တင်ပါ ဘုရား)။

ဝိပဿနာဉာဏ်က ကျေးဇူးပြုမှ မဂ်ဉာဏ်ပေါ်လာ တယ် ရှင်းကြပလား (ရှင်းပါပြီဘုရား)။

အကြည့်မတတ်ရင် ဒိဋ္ဌိထွက်တယ်

ဒါဖြင့် အကြည့်မတတ်လို့ ရှိရင်ဖြင့် သတ္တလောက အတွက် ဒိဋ္ဌိ ထွက်တယ် (တင်ပါဘုရား) မာနထွက်တယ် (တင်ပါ) သောကပရိဒေဝထွက်တယ် အကြည့်မတတ်လို့ရှိရင် (မှန်ပါ့ဘုရား)။

ကိုယ့်ကိုယ်ကို ကြည့်လိုက်တဲ့ အခါ သတ္တလောကတည်း ဟူသော ယောက်ျားကိုယ် မိန်းမကိုယ် ကြည့်လိုက်တဲ့ အခါ ကျတော့ အင်- ငါ့ခင်ပွန်းသည်လည်း အားကိုး လောက်သားပဲ သတ္တလောကက ထွက်လာတာ အားကိုး။

သူရှိနေရင် ဘာမှ ပူစရာမလိုဘူး၊ ကိုယ်နောက်ပိုင်းက နေရုံပဲ အစရှိသည်နဲ့ ဖြစ်လာတာ၊ သတ္တလောက မကျော်နိုင် တာနဲ့ သူအားကိုး မာန်ဖြစ်လာတာ၊ ကျုပ် မုဆိုးမ မဟုတ် သေးဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်လာတာ၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား) အတော် ကြောက်စရာ ကောင်း တာကွ။

သတ္တလောက ကြီးထွား လိုက်တာ မာန်ထွက်လာတယ်၊ ဒါပဲ အားကိုး နေကြရတာပဲ၊ သားတွေ သမီးတွေက သူ့ကျန်းမာ ဖို့၊ သူ့ချမ်းသာဖို့၊ သူ့ပဲ အရိပ်ကြည့် နေရတာပဲ၊ တစ်အိမ်လုံး ခေါင်းဆောင် နေတာ၊ အစရှိသည်နဲ့ တစ်ခါတည်း သူ့ကြည့်ပြီး သကာလ၊ သာယာတဲ့ အခါကျတော့ လည်း တဏှာ လာပြန် တာပဲ၊ ဝမ်းမြောက် နေတဲ့ အခါ မလာဘူးလား (လာပါတယ် ဘုရား)။

တစ်ခါတလေ နေမကောင်းဘူး ဆိုတဲ့အခါကျ၊ အင်း ဘယ့်နှယ်များ ဖြစ်ဦးမှာပါလိမ့်မတုံး ဆိုတဲ့ ကွယ်ရာသွား မျက်ရည်သုတ်တဲ့ ကိစ္စတွေကလည်း ရှိသေးတယ်ကွ၊ မရှိ ဘူးလား (ရှိပါတယ်ဘုရား)။

အဲဒါတွေကြောင့် သတ္တလောက မကျော်နိုင်တဲ့ ပုဂ္ဂိုလ် မှာ အဝိဇ္ဇာတို့၊ တဏှာတို့၊ ဒေါသတို့ ဆိုတာ သူက ထွက် လာတာ၊ အကြည့်မတတ်လို့ ဖြစ်ရတာ ရှင်းကြပလား (ရှင်းပါ ပြီဘုရား)။

သတ္တလောက ဖယ်ပြီး သင်္ခါရလောကရှာ

ဒါဖြင့် အကြည့်တတ်နည်း နိဿရည်း ပေးစမ်းပါလို့ ဆိုတော့မှ၊ ဟေ့ သတ္တလောက ဖယ်ပြီး သင်္ခါရ လောကတွေ့ အောင် ရှာကွ၊ သဘောပါပလား (သဘောပါပါပြီဘုရား)။

သတ္တလောကကို (ဖယ်ပြီးတော့ သင်္ခါရလောကကို ရှာပါဘုရား) တွေ့အောင်ရှာရမယ် (တင်ပါဘုရား)။

တွေ့အောင်ရှာတော့မှ ခုနင်က သုံးခုသိမ်းသွားတယ် (တင်ပါဘုရား) ပဋိစ္စသမုပ္ပါဒ် အစသိ၊ အလယ်သိ၊ အဆုံးသိ၊ သူသိလိုက်တဲ့ အခါကျတော့ ဒါဝိပဿနာဉာဏ်၏ ကျေးဇူးက သေးတာ မဟုတ်ဘူး (မသေးပါဘူးဘုရား)။

ဝိပဿနာဉာဏ်၏ ကျေးဇူးက အင်မတန်ကြီးကျယ် ခန်းနားတယ် ဆိုတဲ့ဥစ္စာ၊ ယနေ့တရားမှာ ထူးထူးလည်လည် ပေါ်လာတယ် (တင်ပါဘုရား)။

ဂုဏ်တော်ပုတီးစိတ်နေတဲ့ပုဂ္ဂိုလ်

ဝိပဿနာ မလုပ်တဲ့ ပုဂ္ဂိုလ်၊ သမထဘက် ဂုဏ်တော် တွေ ပုတီးစိတ်နေတဲ့ ပုဂ္ဂိုလ်များကဖြင့် သတ္တဝါ ကိုယ်ထည် ကြီးသာ ပေါ်လာမှာပဲ၊ ဒါပဲ ပေါ်လာမှာပဲ (တင်ပါ့ဘုရား) မကျော်နိုင်တော့ဘူး (တင်ပါ) ကျော်နိုင်သေးရဲ့လား (မကျော် နိုင်ပါဘုရား)။

တင်ပလ္လင်ခွေကြီး ပေါ်လိုပေါ်၊ ဒါပဲပေါ်မှာပဲ (တင်ပါ ဘုရား) သတ္တဝါ အဖြစ်သာ ပေါ်လာမှာ ပေါ့ကွာ (တင်ပါ ဘုရား)။

ခန္ဓာကိုယ်ကြည့်နည်း

ကိုင်း ဒါဖြင့် အကြည့်တတ်ဖို့ ယနေ့ သင်ရတော့မယ်၊ အကြည့်တတ်ဖို့ ယနေ့ သင်ရမှာပဲ၊ အကြည့် တတ်ဖို့ ယနေ့သင်ရတော့မယ် ဆိုရင်ဖြင့်တဲ့၊ ဒီခန္ဓာကြီး ကြည့်လိုက်၊ ကြည့်လိုက်တဲ့ အခါကျတော့၊ အကြည့် ခန္ဓာက အဆင်းရုပ်ပါလား၊ အကြည့်ခန္ဓာက အဆင်းရုပ် (မှန်ပါဘုရား)။

ယောက်ျားလည်း မဟုတ်ဘူး၊ မိန်းမလည်း မဟုတ်ဘူး (တင်ပါ) အဆင်းရုပ်၊ ကြည့်လို့ ကောင်း နေတာက ဝေဒနာက ကောင်းနေတာ၊ မှတ်နေတာက သညာက မှတ်နေတာ၊ ရုပ်လို့ မှတ်နေတာ (တင်ပါ ဘုရား)။

ရုပ်ကြည့်လို့ ကောင်းနေတာက ဝေဒနာ၊ ရုပ်ရယ်လို့ မှတ်ထားတာက သညာ၊ ရုပ်ချည်း တည့်အောင် ရှုဆိုတာက သင်္ခါရက ဆက်ရှု၊ ရုပ်မှန်း သိနေတာက ဝိညာဏ် ဆိုတော့ ရုပ်တစ်ခု တည်းမှာ လည်း ဒီလို သြော် ဒီခန္ဓာကြီး သည်ကားလို့ ဆိုရင်ဖြင့် ဒီငါးပါး စလုံး နေတာပါလားလို့ နောက်ကနေ ဉာဏ်နဲ့ကြည့်ပေးရမယ် (တင်ပါဘုရား)။

ဉာဏ်နဲ့ကြည့်ပေးပါ

နောက်ကနေ ဉာဏ်နဲ့ ကြည့်ပေး လိုက်တော့ ရုပ်သင်္ခါရ လည်း ပေါ်လာ၊ ဝေဒနာ သင်္ခါရကော (ပေါ်ပါတယ် ဘုရား) သညာ သင်္ခါရ (ပေါ်ပါတယ် ဘုရား) စေတနာ သင်္ခါရ (ပေါ်ပါ တယ် ဘုရား) စိတ်သင်္ခါရ (ပေါ်ပါတယ်) ပေါ်လာတာပဲ။

သြော် ယောက်ျားလည်း မဟုတ်၊ မိန်းမလည်း မဟုတ် ပါလား၊ သင်္ခါရ အစုကြီး ပါလား ပေါ်လာ တယ် (တင်ပါဘုရား)။

ဘာတွေ ပေါ်လာပါလိမ့် (သင်္ခါရ အစုကြီး ပေါ်လာ ပါတယ် ဘုရား) သင်္ခါရ အစုကြီး ပေါ်လာတယ် ဆိုတဲ့ဥစ္စာ ဒါကျတော့ အကြည့်မှန်သွားပြီ။

သတ္တလောကကို ဒီထဲ မဝင်သာတော့ဘူး (တင်ပါ ဘု ရား) သင်္ခါရလောက အစားထိုးတဲ့ ရုပ်ကို တွေ့ပြီ၊ အစားထိုးတဲ့ ဝေဒနာကို တွေ့ပြီ၊ အစားထိုးတဲ့ သညာ၊ အစားထိုးတဲ့ စေတနာ၊ အစားထိုးတဲ့ စိတ်၊ ဒါတွေ အကုန် တွေ့တာပဲ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

သတ္တလောကကြီးက ဖုံးနိုင်သေးရဲ့လား (မဖုံးနိုင်ပါဘူး ဘုရား) မဖုံးနိုင်တော့ဘူးတဲ့၊ တစ်ခါတည်း သတ္တလောကကြီး က ဖယ်ရှားပြီး၊ သင်္ခါရ လောကကြီးထဲ ဖွားခနဲ ပေါ်လာတယ်။

ပေါ်လာလို့ရှိရင်ဖြင့် သင်္ခါရလောကကို ကြည့်လိုက်တဲ့ အခါကျတော့ အခုဖြစ် အခုပျက်၊ အခုဖြစ် အခုပျက်ဆိုတာ သင်္ခါရလောကက တရားဟောလာတာ (တင်ပါဘုရား)။

ဘယ်သူက ဟောပါလိမ့် (သင်္ခါရလောကက တရား ဟောလာတာ) အဲ သူမပေါ်လို့ ရှိရင် သူမဟောဘူး၊ သူပေါ်မှ သူက ဟောမှာ၊ သူက ပေါ်မှ သူကဟောမှ ဉာဏ်က ဘာ့ ကြောင့်တုံး ဆိုတော့ သူက ဟောမှ ဉာဏ်ကလည်း ဝိပဿနာဉာဏ် ဖြစ်ရတယ်၊ သူက မဟောလို့ရှိရင်လည်း ဝိပဿနာဉာဏ် ဖြစ်ကိုမဖြစ်နိုင်ဘူး (တင်ပါ)။

အဲတော့ ရှေးဦးစွာ သင်္ခါရ လောကကို ပေါ်လွင် အောင် ကြည့်ပြီးတော့မှ သင်္ခါရ လောက၏ သဘောသတ္တိကို အစအဆုံး ကြည့်လိုက်တာကိုး၊ ကြည့်လိုက်တဲ့ အခါကျတော့ သင်္ခါရဆိုတာ သင်္ခါရာ အနိစ္စာ၊ သူလာမှာပဲ (တင်ပါ ဘုရား)။

ရုပ်သင်္ခါရလည်း အနိစ္စ၊ ဝေဒနာသင်္ခါရလည်း အနိစ္စ၊ သညာသင်္ခါရလည်း အနိစ္စ၊ စေတနာ သင်္ခါရ လည်း အနိစ္စ၊ စိတ်သင်္ခါရလည်း အနိစ္စလို့ သင်္ခါရလောက ပေါ်လာမှ သင်္ခါရလောက က ဟောနေတာ ကျုပ်ဟာ သင်္ခါရမို့ ပျက်ပါတယ် ဆိုတာ သူက ဟောနေတာ (တင်ပါဘုရား)။

ဟောတော့မှ ဒီက ဝိပဿနာဉာဏ်က ပြန်ရပါတယ်၊ သူက မဟောရင် ရကိုမရဘူး၊ ဒါဖြင့် သင်္ခါရလောက မပေါ်တဲ့ ပုဂ္ဂိုလ်များမှာ ဝိပဿနာ ဉာဏ်ရဖို့ ဘယ်နည်းနဲ့မှ မရှိဘူး (တင်ပါဘုရား) သဘောပါပလား (သဘောပါပါပြီဘုရား)။

သတ္တလောက မဖယ်နိုင်၊ သင်္ခါရလောက မတွေ့လို့ ရှိရင်ဖြင့် သင်္ခါရလောက ဟောတဲ့ တရားကြောင့် ပေါ် ရမယ့် ဝိပဿနာ ဉာဏ်သည် မရနိုင်ဘူး (တင်ပါ) ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။

သင်္ခါရမတွေ့ရင် နိဗ္ဗာန်မရောက်နိုင်

မရနိုင်လို့ရှိရင် ဘယ်လိုပဲ နိဗ္ဗာန် ဆုတောင်းပြီး သကာလ လှူဒါန်း ပေးကမ်းပြီး သကာလ လုပ်ငြား သော်လည်း၊ သူမကျော်သေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ သတ္တလောက မကျော် သေးပါဘူး၊ သူ့မကျော် သရွေ့ ကာလ ပတ်လုံးလည်း ဒုက္ခ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်၊ သင်္ခါရအဆုံးရှိတဲ့ နိဗ္ဗာန်၊ သင်္ခါရ မတွေ့ တဲ့ပုဂ္ဂိုလ်က သင်္ခါရအဆုံး ရှိတဲ့ နိဗ္ဗာန်ကို ဘယ်နည်းနဲ့ မောင်ချစ်ဆွေ ရောက်မလဲ (မရပါဘူး ဘုရား)။

ဒါဖြင့် အစမှ မတွေ့တဲ့ပုဂ္ဂိုလ်၊ လမ်းစမှ မတွေ့တဲ့ ပုဂ္ဂိုလ် သူလိုချင်တဲ့မြို့ဆိုတဲ့ လမ်းဆုံးကို၊ လမ်းဆုံးမြို့ကို မသွား နိုင်သလို၊ မရောက် နိုင်သလို တစ်ခါတည်း ဒုက္ခရောက် ကုန်တာပဲ။

ဒါဖြင့် ခုတော့ဖြင့် ဒကာ ဒကာမတွေ ယနေ့သင်ပေး လိုက်ပါတယ်၊ သင်္ခါရလောက ကြည့်ပါ ဆိုတော့ ခန္ဓာငါးပါး ပေါ်လာတိုင်း ကြည့်ပေးပါ။

ခန္ဓာငါးပါးပေါ်လာတာကြည့်ပါ

ဝေဒနာပေါ် ဝေဒနာကြည့်၊ စိတ်ပေါ်ရင် (စိတ်ကြည့် ပါဘုရား) အဲဒါ သင်္ခါရလောက ပေါ်လာတာပဲ (တင်ပါ ဘုရား) သို့သော် ကြည့်ရုံလေး ကြည့်မနေပါနဲ့၊ သင်္ခါရလောကဟာ ဘယ်ကျ အောင် စခန်းသွား သတုန်း ဆိုတာ အဆုံးလိုက် လိုက်ပါ။

အဆုံးလိုက်လိုက်တဲ့ အခါကျတော့ သင်္ခါရာ အနိစ္စာ အနိစ္စချည်း သွားသွား ဆုံးတယ်၊ ဘယ်သွား ဆုံးပါလိမ့် (အနိစ္စ သွားဆုံးပါတယ် ဘုရား) ကြည့်လေ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” လို့ ဘုရားက ဟောထားတယ် (တင်ပါဘုရား) သင်္ခါရက အနိစ္စ လမ်းဆုံးပဲလို့ သူဟောထားတာ (တင်ပါ)။

ဒါဖြင့် သင်္ခါရတွေ့မှ အနိစ္စတွေ့မှာကို (တင်ပါ) သင်္ခါရမတွေ့ရင် (အနိစ္စ မတွေ့ပါဘူးဘုရား)။

ဒါဖြင့် သတ္တလောက ဖုံးနေတဲ့ပုဂ္ဂိုလ် သင်္ခါရမှ မတွေ့တဲ့ ပုဂ္ဂိုလ် အနိစ္စကို ဘယ်လိုလုပ်ပြီး သကာလ ဉာဏ်ထဲ ရောက်ပါ့မတုံး (မရောက် နိုင်ပါဘူး)။

ဒါဖြင့် အနိစ္စမှ မတွေ့တဲ့ ပုဂ္ဂိုလ်ဟာ အနိစ္စက ဒုက္ခသစ္စာလို့ သူမရတော့ဘူး (တင်ပါဘုရား) မြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါဘူး ဘုရား)။

ထိုကဲ့သို့ မမြင်နိုင်လို့ရှိရင်ဖြင့် သူ့မှာ ဒုက္ခမှ ပိုင်ပိုင် – နိုင်နိုင် မသိ၊ ဒုက္ခပရိညာနဲ့ ပိုင်ပိုင်နိုင်နိုင် သိရမယ် ဆိုတာမှ သူမသိ၊ ဘယ်မှာ သာလျှင် သူ့မှာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂပစ္စယော ဆိုတဲ့ ထွက်မြောက် ကြောင်း ဖြစ်တဲ့ မဂ္ဂင်ပေါ်ကို မပေါ်လာတော့ဘူး (တင်ပါဘုရား) ပေါ်သေးရဲ့ လား (မပေါ် ပါဘူး ဘုရား)။

သင်္ခါရတွေ့မှ မဂ္ဂင်ပေါ်နိုင်တယ်

မပေါ်ဘူးတဲ့၊ ဘာ့ကြောင့်တုံး၊ သင်္ခါရတွေ့အောင်မှ မရှာနိုင်တဲ့ ပုဂ္ဂိုလ်သည် မဂ္ဂပစ္စယော မပေါ်နိုင်၊ နိဗ္ဗာန် ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂပစ္စယော ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘူးဘုရား)။

ဒါဖြင့် သင်္ခါရကို တွေ့အောင်ရှာဖို့ အရေးဟာ ကိုယ် နိဗ္ဗာန် ရောက်ကြောင်း ရှေးဦးစွာ အရေး ပေါ်ကြပလား (ပေါ်ပါပြီဘုရား) သင်္ခါရတွေ့အောင် ရှာနိုင်တဲ့ အရေးဟာ နိဗ္ဗာန်ရောက်ကြောင်းမှာ ရှေးဦးစွာ လမ်းစတွေ့တဲ့ အရေးပဲ (တင်ပါ့ဘုရား) ၎င်းသင်္ခါရကိုသာ ဆုံးအောင်လိုက် (တင်ပါ)။

ဆုံးအောင်လိုက်လိုက်တဲ့ အခါကျတော့ သင်္ခါရဟာ အနိစ္စ လမ်းဆုံးတာပဲ၊ သင်္ခါရ အနိစ္စ လမ်းဆုံးတာပဲ ဆိုတော့မှ ဥဒယဗ္ဗယဉာဏ် စရတယ် (တင်ပါဘုရား)။ ဖြစ်ပျက် ဒီကျမှတွေ့တာ (တင်ပါဘုရား)။

သင်္ခါရပေါ်ပြီးမှ သင်္ခါရ အဆုံးကြည့်လိုက်တော့မှ ဖြစ်ပျက်တွေ့တာ၊ ဖြစ်ပျက်တွေ့တော့မှ ၎င်းဖြစ်ပျက်သည် ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဘယ်သူတွေ တုံးလို့ မေးစရာ မလိုဘူး ပုဂ္ဂိုလ်လည်း မဟုတ်၊ သတ္တဝါလည်း မဟုတ်ဘူး၊ သင်္ခါရတွေမို့ ပျက်နေတာပဲ ဆိုတာ ဆိုတော့ အမေလည်း မဟုတ်၊ အဖေ လည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ သူလည်း မဟုတ်ဘူး၊ သင်္ခါရတွေ အနိစ္စ ရောက်နေတာ၊ သင်္ခါရတွေ ဒုက္ခ ဖြစ်နေတာ သင်္ခါရတွေ အနတ္တ ဖြစ်နေတာ၊ သင်္ခါရတွေ ဒုက္ခသစ္စာ ဖြစ်နေ တာ ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာတာပဲ (တင်ပါဘုရား)။

သဘောပါကြပလား (သဘောပါပါပြီ ဘုရား) ဒါဖြင့် ဒီနေ့ည တရားမှာတဲ့ သတ္တလောက ဖယ်မှ သင်္ခါရလောက တွေ့မယ် (တင်ပါဘုရား)။

သင်္ခါရလောက အဆုံးနဲ့ဉာဏ်နဲ့တွဲပေးရမယ် (မှန်ပါ ဘုရား) ဉာဏ်နဲ့ တွဲပေးလိုက်တဲ့ အခါကျတော့ သင်္ခါရနဲ့ သင်္ခါရအဆုံးနဲ့ ဉာဏ်နဲ့တွဲလိုက်တဲ့အခါ ဝိပဿနာဖြစ်တယ် (တင်ပါဘုရား)။

၎င်းသင်္ခါရကို အစအဆုံး ဘယ်တော့မှ မပေါ်အောင် ဆုံးသွားလိုက်လို့ ရှိရင်ဖြင့် မဂ်ဉာဏ် ဖြစ်မယ် ဆိုတာ သေချာတယ် (တင်ပါဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင်သင်္ခါရလောကတွေ့အောင်ရှာ

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် သတ္တလောက ဖယ်ပြီး သကာလ သင်္ခါရ လောကတွေ့အောင် ရှာပါ (တင်ပါ ဘုရား) သင်္ခါရလောက၏ အစအဆုံး ကိုလည်း ကြည့်ပေးပါ ဒါမှ ဥဒယဗ္ဗယ ဉာဏ်ရမယ် (တင်ပါ)။

အဲဒီ ဥဒယဗ္ဗယတို့၏ အဆုံးကျအောင် လိုက်နိုင်လို့ ရှိရင်လည်း၊ ဥဒယလည်း မရှိတော့ဘူး၊ ဝယလည်း မရှိတော့ ဘူး ဆိုလို့ရှိရင်ဖြင့်၊ ဒုက္ခသစ္စာ နှစ်ခုစလုံး မရှိတာပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမရှိတာတုံး (ဒုက္ခသစ္စာ နှစ်ခုစလုံး မရှိတာပါ ဘုရား) ဒုက္ခသစ္စာ နှစ်ခုစလုံး မရှိတော့ကို ဒုက္ခချုပ်ငြိမ်းတယ် “ဒုက္ခဿ အန္တံ ကရိဿတိ။”

ဒုက္ခဿ = ဒုက္ခ၏၊ အန္တံ -အဆုံးကို၊ ကရိဿတိ= သူမျက်မှောက်ပြုနေပြီကွ၊ နိဗ္ဗာန်မြင်နေပြီ ပြောတာပဲ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် တရား မများပါဘူး၊ အလုပ်သင်တဲ့ တရား ထပ်ပြီး ပြောပါ့မယ်၊ နိဗ္ဗာန် ရောက်ချင်လို့ ရှိရင် သတ္တလောက ကိုဖယ်၊ သင်္ခါရလောကတွေ့အောင် ရှာ (တင်ပါ)။

သင်္ခါရ ဘယ်လမ်းဆုံးတုံး ကြည့်ပေး၊ ကြည့်ရင် ဥဒယဗ္ဗယဉာဏ် စရမယ် ဝိပဿနာဉာဏ်၊ အဲဒီဥဒယဗ္ဗယ ဉာဏ်ကို ဆုံးအောင် လိုက်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဥဒယ ဖြစ်တဲ့ ဒုက္ခ၊ ဝယဖြစ်တဲ့ ဒုက္ခတွေ မတွေ့တော့ပါဘူး၊ ဥဒယဗ္ဗယတွေ သိမ်းသွား ပါပြီ၊ ဒုက္ခတွေ နှစ်ခုစလုံး သိမ်းသွားပြီ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခအဆုံး တွေ့တာပဲ (တင်ပါဘုရား)။

ဒုက္ခအဆုံးသည်နိဗ္ဗာန်

ဒုက္ခအဆုံး တွေ့လို့ ရှိရင်ဖြင့် နိဗ္ဗာန်လို့ မှတ်လိုက်ပါ။ ရှင်းပလား (ရှင်းပါပြီဘုရား) ဒါဖြင့် နိဗ္ဗာန် ဆိုလို့ ရှိရင်ဖြင့် လိုက်နေတဲ့ ပုဂ္ဂိုလ်ဟာ ဉာဏ်နဲ့ လိုက်တာ ဖြစ်လေသောကြောင့် “နိဗ္ဗာနံ မဂ္ဂဿ၊ နိဗ္ဗာနံ ဖလဿ၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဘုရား ဟောတော် မူတဲ့ ဥစ္စာ သူမဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီလို့ ပြောတာပဲ (တင်ပါဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

သောတာပန်တည်တယ်

အဲဒီကျတော့မှ အပါယ်လေးပါး တံခါးပိတ်တယ်။ သောတာပန် စတည်တယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ ကိစ္စပြီးပါတယ် လို့ ယနေ့ညမှတ်ပါ (တင်ပါဘုရား)။

ကဲတော်လောက်ပြီ

သာဓု သာဓု သာဓု။

———–

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ကိုယ့်ခန္ဓာ၊ ကိုယ့်ဉာဏ်နဲ့ကြည့်ပေးပါ (၂)

(ရှင်ပုဏ္ဏ)

(၂၂-၂-၆၂)

မနေ့က တရားအဆက်က ပညတ်ဖယ်ပြီးသကာလ ပရမတ်တွေ့အောင်ရှာ၊ ရှာပြီးတော့မှ ပရမတ်နဲ့ ဉာဏ်နဲ့တွဲ၊ ဉာဏ်နဲ့တွဲရင် ဝိပဿနာဖြစ်တယ်။

၎င်းသည် သင်္ခါရပရမတ် ဆုံးသွားလို့ ရှိရင်ဖြင့် အသင်္ခတ ပရမတ် ပေါ်လာလိမ့်မယ်၊ အသင်္ခတ ပရမတ်ပေါ်လာရင် နိဗ္ဗာန်ရောက်ပြီလို့ အောက်မေ့ (မှန်ပါ့)။

ပရမတ်နှစ်မျိုး

သြော် ဒါဖြင့် ယနေ့ပြောရမည့်စကားက ပရမတ်ကိုပင် နှစ်မျိုး ရှိတယ်လို့မှတ်ရမယ်၊ သင်္ခတပရမတ်တစ်မျိုး၊ အသင်္ခတ ပရမတ်တစ်မျိုး (တင်ပါဘုရား)။

သင်္ခတပရမတ် ဆိုတာက ရုပ်နာမ် ဖြစ်ပျက်ကို သင်္ခတ ပရမတ်လို့ဆိုသည်။ ရုပ်နာမ် မရှိဘဲနဲ့ ဖြစ်ပျက် ချုပ်ငြိမ်း ရုပ်သိမ်း တဲ့နိဗ္ဗာန် ကိုတော့ အသင်္ခတ ပရမတ်လို့ ခေါ်သည်။

နိဗ္ဗာန်၏အဝင်ဝရောက်ပြီ

အဲတော့ သင်္ခတ ပရမတ်ကို ရှေးဦးစွာ တွေ့အောင်ရှာနိုင် တဲ့ပုဂ္ဂိုလ်သည် နိဗ္ဗာန်၏ အဝင်ဝ ရောက်ပြီလို့ မှတ်ထားရမယ်။

သင်္ခတ ပရမတ်ကို တွေ့အောင် ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ ပညတ် ဖယ်ပြီး သင်္ခတပရမတ်ကို တွေ့တဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန် အဝင်ဝ ရောက်ပြီလို့ မှတ်ရမယ် (တင်ပါဘုရား)။

သင်္ခတပရမတ်အဆုံးမှာ နိဗ္ဗာန်

အဲဒီ နိဗ္ဗာန် အဝင်ဝ ရောက်လို့ ရှိရင်ဖြင့် မပူနဲ့တော့တဲ့၊ ဒီသင်္ခတ ပရမတ် အဆုံးမှာ အသင်္ခတ ပရမတ် ရှိတယ်၊ အသင်္ခတ ပရမတ်ဆိုတာ ဘယ်သူမှ မပြုပြင်ဘဲနဲ့ အမှန်ရှိတဲ့ နိဗ္ဗာန်လို့မှတ် လိုက်ပါ။

ဒါဖြင့် ပညတ်ဖယ်တော့ သင်္ခတပရမတ်တွေ့တယ် (တင်ပါ့ဘုရား)၊ သင်္ခတ ပရမတ်နဲ့ ဉာဏ်နဲ့ တွဲလိုက်၊ ဉာဏ်နဲ့တွဲ လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ယထာဘူတဉာဏ် ရသွားတယ်။ ဒါ ဥဒယဗ္ဗယ ဉာဏ် ရသွားတာပဲ။

နောက် သင်္ခတပရမတ်ကို အဆုံး လိုက်ပါလို့ မောင်ချစ်ဆွေကို မှာထားတယ် (တင်ပါဘုရား)၊ သင်္ခတ ပရမတ် အဆုံးလိုက်လိုက်တဲ့ အခါကျလို့ ရှိရင်၊ သင်္ခတ ပရမတ်ဆုံးမှ အသင်္ခတ ပရမတ်နဲ့ ဉာဏ်နဲ့ သွားတွေ့ပြန်တယ်။

ဒါ ဒီနေ့ စလိုက်တဲ့ တရားက မနေ့က အဆက်တော့ အဆက်ပဲ။ အဆက်ပေမယ့် ကူးပုံ သန်းပုံ နာမည်ပေးပုံ တစ်မျိုး လို့ မှတ်ရမယ် (တင်ပါဘုရား)။

သင်္ခါရ ပရမတ်

ပညတ်ဖယ်တော့ ပရမတ်တွေ့မယ်၊ သတ္တဝါပညတ် ကို ဖယ်တဲ့ အခါကျတော့ သင်္ခါရ ပရမတ်ကို သွားတွေ့မယ် (တွေ့ပါတယ်ဘုရား)၊ သင်္ခါရ ပရမတ်နဲ့ ဉာဏ်နဲ့ တွဲပြီး ဒကာ ဒကာမတွေ ကြိုးစား နေရမယ်၊ ပွားများ ရမယ်။

ပွားများပါများတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ သင်္ခါရ ပရမတ် တွေဟာ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ဉာဏ်စဉ် အတိုင်း အပြစ် မြင်လာ လိမ့်မယ်။

အသင်္ခါရ ပရမတ်

နောက်ကျတော့ သင်္ခါရ ပရမတ်တွေကို ဒုက္ခသစ္စာလို့ မြင်တဲ့အခါ၊ သင်္ခါရ ပရမတ် ချုပ်ငြိမ်း ရုပ်သိမ်း သွားမယ်၊ အဲဒီ သင်္ခါရ ပရမတ် ချုပ်ငြိမ်း ရုပ်သိမ်း သွားတဲ့ အခါကျတော့ အသင်္ခတ ပရမတ်နဲ့ ဉာဏ်နဲ့ပဲ တွဲဦးမှာပဲ။

ဒါဖြင့် သင်္ခတပရမတ်နဲ့တွဲတဲ့ ဉာဏ်ကို ဝိပဿနာဉာဏ် မှတ်လိုက်စမ်းပါ (တင်ပါဘုရား)၊ အသင်္ခတပရမတ်နဲ့ တွဲတဲ့ ဉာဏ်က မဂ်ဉာဏ် ဖိုလ်ဉာဏ်လို့ မှတ်လိုက်စမ်းပါ (တင်ပါ ဘုရား)၊ အင်း ဒါလည်း အလုပ်စဉ် တစ်မျိုးပဲ၊ နာမည် ပြောင်းပြီး ပေးပြန်တာပဲလို့ ဆိုတာမှတ်ပါ (တင်ပါဘုရား)။

ပညတ်ဖယ်တော့ ပရမတ်ကိုတွေ့မယ် (တင်ပါ ဘုရား)၊ သတ္တဝါ ပညတ် ဖယ်လိုက်ရင် (ပရမတ် ကိုတွေ့ပါ တယ်ဘုရား)၊ အဲဒီ ပရမတ်နဲ့ ဉာဏ်နဲ့တွဲလိုက်တော့ ပရမတ်ဟာ သင်္ခါရ ပရမတ်၊ သင်္ခါရဖြစ်တဲ့ ဖြစ်မှု ပျက်မှုရှိသောကြောင့် သင်္ခါရ ပရမတ်လို့မှတ်လိုက်တာပေါ့။

ဒါ ပညတ်ဖယ်လိုက်လို့ သင်္ခါရပရမတ်နဲ့သွားတွေ့တာ၊ တစ်ခါ သင်္ခါရ ပရမတ်ကို ဉာဏ်နဲ့ပဲ တွဲပြီး ပွားများ နေလိုက်ပါ၊ ပွားများနေတဲ့ အခါကျတော့ သင်္ခါရ ပရမတ်ကပဲ အမျိုးမျိုး အဖုံဖုံ သူ အာရုံ အဖြစ်နဲ့ ဉာဏ်ကို ကျေးဇူးပြုပါလိမ့်မယ်။

ဉာဏ်စဉ်ဆိုတာ

အဲဒီ ကျေးဇူးပြုတဲ့ ဉာဏ်ကိုတော့ ဉာဏ်စဉ်လို့ ခေါ်သည်။ ကိုယ်က စဉ်လို့ မရဘူး၊ အာရုံက စဉ်မှ ရတယ်လို့ မှတ်ရမယ်။

အဲဒီသင်္ခါရ ပရမတ်တွေ အာရုံက တစ်ခါတည်း သူ ဒုက္ခ သစ္စာ ကျအောင် စဉ်တက် သွားမှာပဲ၊ အပြစ်မြင်မယ် လာမှာပဲ၊ အပျက်တွေမြင်မယ်၊ သင်္ခါရ ပရမတ်က ပြနေတယ်လို့ မှတ်လိုက် တာပေါ့ (တင်ပါဘုရား)

ဖြစ်ပျက် မုန်းတယ်၊ အို သင်္ခါရ ပရမတ်က အမုန်းခိုင်းလို့ မုန်းရတာ၊ ထွက်ချင်လည်း သြော် သင်္ခါရ ပရမတ်က အထွက် ခိုင်းတာပဲ၊ အဲဒီကဲ့သို့ သင်္ခါရ ပရမတ်တွေကို သူပြတဲ့အတိုင်း ဉာဏ်က လိုက်နေရုံပဲ။

အမတဒွါရ

ဉာဏ်က လိုက်နေတဲ့ အခါကျတော့၊ အင်း နိဗ္ဗာန် အဝင်ဝ ရောက်ပြီဟေ့ ဆိုတော့၊ ဒါ အမတဒွါရ လို့လည်း ခေါ်တယ်။ အမတက နိဗ္ဗာန်၊ ဒွါရက တံခါး၊ နိဗ္ဗာန် တံခါးဝ ရောက်ပြီလို့ တရား နာတဲ့ ပုဂ္ဂိုလ်က မှတ်ရမယ် (တင်ပါဘုရား)။

နောက်ကျတော့ သင်္ခါရ ပရမတ်တွေသည် ဆုံးသွား တယ် လိုက်စရာ မရှိတော့ဘူး၊ ဆုံးချင်လို့ ဆုံးတာ မဟုတ်ပါဘူး။ သင်္ခါရ ပရမတ် နယ်ကုန်လို့သာ မှတ်လိုက်တာပေါ့။

အသင်္ခတ အစားထိုးတယ်

ဉာဏ်ကလည်း ထက်လာတော့ သင်္ခါရ ပရမတ်နယ်က ကုန်သွားတဲ့အခါကျတော့ ဖျတ်ဆို အစားထိုး လာတယ်၊ ဘာ အစားထိုးတုံး ဆိုတော့ အသင်္ခတ ပရမတ် အစားထိုးတယ်။

ဉာဏ်အစဉ်လိုက် သွားတဲ့ အခါကျတော့၊ အသင်္ခတ ပရမတ် အစားထိုးတဲ့ အခါကျတော့မှ၊ ဪ ဒီဉာဏ်နဲ့ တွေ့ရတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်လို့ မှတ်လိုက်ပါ (တင်ပါဘုရား)။

ဒါဖြင့် သြော် သိပ်မများပါဘူး။ အလုပ်စဉ်မှာဖြင့် ပထမ ရှေးဦးစွာ သတ္တဝါ ပညတ် ဖယ်ပြီး သကာလ၊ သင်္ခါရ ပရမတ် တွေ့အောင် ရှာဖို့ပါပဲ၊ သင်္ခါရပရမတ် ရှေ့ကျလို့ရှိရင် သင်္ခါရပရမတ်နဲ့ ဉာဏ်နဲ့ အမြဲတွဲနေဖို့ပါပဲ။

ပရမတ်နှစ်ခါတွေ့ရတယ်

အမြဲတွဲပြီး သကာလ နေလို့ရှိရင်၊ သင်္ခါရ ပရမတ်ဟာ ဉာဏ်ရင့်တဲ့ အခါ ဆုံးသွားတာပဲ၊ အသင်္ခတ ပရမတ်ဆိုတဲ့ နိဗ္ဗာန် ပရမတ်တွေချည်း တွေ့တယ်၊ ဒါဖြင့် ပရမတ် နှစ်ခါတွေ့ရတယ်ဆို တဲ့ အဓိပ္ပါယ် ယနေ့ည ရှင်းကြပလား (ရှင်းပါပြီဘုရား)။

သင်္ခါရ ပရမတ်ကို (၁)နံပါတ်တွေ့ ရမယ်၊ နောက်မှ အသင်္ခတပရမတ်ကို (၂)နံပါတ်တွေ့လိုက် (တင်ပါ)။

သောတာပန်တည်တယ်

ဤကဲ့သို့ တွေ့လို့ရှိရင်ဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ အကုန်ပြုတ်၊ အပါယ်လေးပါး ရောက်စေတတ်တဲ့ ကံတွေ အကုန် ကုန်တယ်။ ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ ဆိုတဲ့ ခြောက်ဌာန တွေလည်း မဖြစ် တော့ဘူး ဆိုပြီး သောတာပန် အစစ် ဖြစ်သွားတာပဲ အသင်္ခတ ပရမတ်တွေ့တဲ့အချိန်က စပြီး သောတာပန် အစစ်ဖြစ်ပါတယ်။

အဲတော့ကို ဒီခန္ဓာ ကြည့်တတ်ဖို့ အရေးကြီးတယ် ဆိုတာ ဒါကိုပြန်ပြီး ပြောရတော့မှာပဲ၊ ခန္ဓာကိုယ် ကြည့်လိုက်တဲ့ အခါကျ လို့ရှိရင်ဖြင့်၊ ဥပမာမယ် မန္တာနီ ပုဏ္ဏေးမ၏ သား ပုဏ္ဏ၊ သူဟာ အလွန်တရား ဟောကောင်းတယ်။

ရှင်ပုဏ္ဏဟောလို့

ရှင်အာနန္ဒာဟာ အစ်မ မှတ်ထားရမယ်၊ သူနဲ့ သောတာ ပန်တည်တယ်၊ ဘုရားနဲ့ တည်တာ မဟုတ်ဘူး၊ မောင်ချစ်ဆွေ ဘုရားနဲ့တည်တာ မဟုတ်ဘူးကွ (တင်ပါဘုရား)၊ ရှင်အာနန္ဒာ သောတာပန် တည်တာလေ (တင်ပါ ဘုရား)၊ ပုဏ္ဏနဲ့ တည် ရရှာတာ။

မန္တာနီပုဏ္ဏေးမ၏ သား ပုဏ္ဏ၊ အဲဒီမှာ ရှင်အာနန္ဒာက သူ သောတာပန် တည်ပြီးတဲ့ အခါ ကျတော့၊ ရဟန်းတွေ စည်းဝေး ပြီး သကာလ ဟေး ရဟန်းတွေ လာကြ လာကြ၊ “ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိ ပုတ္တာ အမှာကံ နဝကာနံသတံ ဗဟူပကာရော ဟောတိ။”

ရဟန်းတစ်ရာ သောတာပန်တည်

တို့ကွာ မန္တာနီပုဏ္ဏေးမ၏ သား၊ တစ်ရာ တိုင်တိုင် သောတာပန်တည်အောင် တစ်ခါတည်း ဟောနိုင်တယ်ကွ၊ အလွန် ကျေးဇူးများတယ်ပေါ့၊ ရှင်အာနန္ဒာ ဝမ်းသာလွန်းလို့ သူက သိပြီးသား (တင်ပါ ဘုရား)။

သူနဲ့ နောက်ထပ် သူနဲ့တစ်ခါတည်း တရားတစ်ပုဒ်ထဲမှာ ရှုပုံမှတ်ပုံတွေ ပြောပြီး တည်လိုက် တာက တစ်ရာ (တင်ပါ)။ “အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ”၊ အမှာကံ= ငါနှင့်တကွ၊ သတံ= ရဟန်းတစ်ရာကို၊ ဗဟူ ပကာရော= သောတာပန် တည်အောင် ကျေးဇူးများသည်၊ ဟောတိ= ဖြစ်၏။

သြော် သူနဲ့တကွ တစ်ရာဟာ ဒီတရားနဲ့ပဲ တည်သွား တာပဲ၊ ဘယ်လိုများ တည်သတုံးလို့ မင်းတို့က မေးလို့ရှိရင်ဖြင့် “သော အမှေ ဣမိနာ ဩဝါဒေန ဩဝဒတိ၊” ထို ပုဏ္ဏေးမ ၏ သားကွ ငါတို့ကို ဟောဒီလို ဆုံးမတယ်ကွ၊ ဟောဒီလို တရား ဟောတယ်ကွ ဆိုပြီး သကာလမှ ဟောပုံလေး သူပြောတာပဲ။

ပုဏ္ဏေးမ၏သား ပုဏ္ဏက၊ “ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ” လို့ ဟောလိုက် တယ်ကွ၊ ဥပါဒါယ- အမှီပြု၍၊ အစွဲပြု၍၊ အသ္မိ- တဏှာမာန ဒိဋ္ဌိသည်၊ ဟောတိ- ဖြစ်၏။ နော အနုပါဒါယ- မစွဲလမ်းလို့ရှိရင် တဏှာမာန ဒိဋ္ဌိပြုတ်တဲ့ သောတာပန် အဖြစ် ရောက်တယ်ကွ။

အစွဲရှိတဲ့ပုဂ္ဂိုလ်၊ တဏှာမာန ဒိဋ္ဌိဖြစ်တယ်

စွဲလမ်းလို့ရှိရင် တဏှာမာန ဒိဋ္ဌိဖြစ်တယ်၊ စွဲလမ်းရင် (တဏှာမာန ဒိဋ္ဌိဖြစ်တယ်) မစွဲလမ်းရင် (တဏှာမာန ဒိဋ္ဌိ ပြုတ်တယ်)။

သြော် တဏှာ မာန ဒိဋ္ဌိဟာ ဒါဖြင့် ဒကာ ဒကာမတွေ မှတ်ဖို့ရာက သြော် အစွဲရှိတဲ့ ပုဂ္ဂိုလ်မှ တဏှာမာန ဒိဋ္ဌိဖြစ်နေ တာပဲ၊ ဒါမမြင်ရ မနေနိုင်၊ ဒါမပြန်လာသရွေ့ စိတ်မအေးဆိုတဲ့ အသွားတွေ ကလည်း ရှုပ်လို့ပေါ့ကွာ (မှန်ပါဘုရား)။

အဲဒါတွေက ရှုပ်ပြီး သကာလ နေတော့ အသ္မိ- ဆိုတဲ့ တဏှာ ခင်မှုလည်း လာတာပဲ၊ မာနတဲ့၊ အင်း တစ်ကောင် ကြွက် မဟုတ်ဘူး ဆိုတဲ့ မာနတွေ၊ မုဆိုးမ မဟုတ်ဘူး ဆိုတဲ့ မာနတွေ လာတာပဲ၊ ငါ့အားကိုး ရှိတယ်ဆိုတဲ့ ဒိဋ္ဌိက လာတယ်။

သူက ဘယ်လိုပဲ မရောင်းမဝယ်ပဲ နေငြားသော်လည်း အိမ်ဦးထိုင်နေ အားရှိသေးတယ်ဆိုတဲ့ အားလုံး ဒိဋ္ဌိကလည်း လာသေးတာပဲ၊ ရှင်းပလားကွ (ရှင်းပါပြီဘုရား)။

တရားဆိုတာလေနဲ့တူတယ်

ခင်ဗျားတို့က ကိုယ့်ဖြစ်စဉ်မို့ ကိုယ်ကျလို့ ကိုယ်ပြုံး တာကို တရားဆိုတာက လေနဲ့တူတယ်လို့ ပြောထားတယ် လေဟာ အပေါက်ရှိတဲ့ဆီ ဝင်တယ်၊ အပေါက်ရှိတဲ့ ဆီက ပြန်ထွက် သွားတာပဲ (တင်ပါ ဘုရား)။

ဒီမှာလည်း ကိုယ့်မှာ ဒီတရား ရှိမှသာလျှင် ငါ့ ဟောတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးဟာ ကိုယ် ဆုံးဖြတ်ချက် ချတာ ကို (တင်ပါ)။

ကိုယ့် ဒီထဲပယ်ပြီးသား ပုဂ္ဂိုလ်က သြော် ပုထုဇဉ်တွေ တော့ ဒီလိုနေကြမှာပဲ သူများ လွှဲချပစ် လိုက်တယ် (တင်ပါ ဘုရား) ပြီးတော့ တပည့်တော် ဟောတာပဲ ဖြစ်နေတာ။

အဲဒီလိုဖြစ်ပြီး သကာလ နေတော့၊ တရားဟာ လေနဲ့ တူတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မှတ်ထားဖို့ပဲကွ (မှန်ပါ) အပေါက်ရှိရာ လေဟာ (ထွက်ပါတယ် ဘုရား) အပေါက် မရှိလို့ရှိရင် (မဝင်ပါ ဘုရား)။

ထို့အတူပဲတဲ့ တရားဟောတယ် ဆိုတဲ့ ဥစ္စာဟာလည်း ကိုယ့်အပေါ်ကျတယ်၊ သူ့အပေါ် ကျတယ် ဆိုတဲ့ ဥစ္စာဟာ၊ တရားတည်းဟူသော လေသည်၊ ကျစရာရှိတဲ့ နေရာ ဝင်စရာ ရှိတဲ့နေရာ ကျရောက် ဝင်သွားတာပဲ ဆိုတဲ့ အဓိပ္ပါယ်လည်း ရှင်းသွားတယ် (တင်ပါဘုရား)။

ကဲ ဒါဖြင့် ဘယ်လိုများ သူ ဟောလိုက်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ “သော အမှေ ဣမိနာ ဩဝါဒေန ဩဝဒတိ၊”

သော= ပုဏ္ဏဆိုတဲ့ ရဟန္တာသည်၊ အမှေ= ငါတို့ကို၊ ဣမိနာ ဩဝါဒေန = ယခု ဤပေးလတ္တံ့သော ဩဝါဒဖြင့်၊ ဩဝဒတိ= ဒို့ဆုံးမတယ်ကွ။

မစွဲလမ်းလို့ရှိရင် တဏှာ မာန ဒိဋ္ဌိမဖြစ်ဘူး

ဘယ်လိုဆုံးမတုံး၊ “ဥပဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ ရူပံ အနုပါဒါယ။” ဥပါဒါယ = စွဲနေလို့ရှိရင်၊ အသ္မိ= တဏှာ မာန ဒိဋ္ဌိ၊ ဟောတိ = ဖြစ်၏။ အနုပါဒါယ = မစွဲသည်ရှိသော်တဲ့၊ နော ဥပ္ပဇ္ဇတိ= မဖြစ်ပါဘူး။

သြော် တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတာ မိမိခန္ဓာ၊ မိမိစွဲလို့ သုံးမျိုး လာတာပဲ၊ သားသမီး၊ ပစ္စည်းခန္ဓာ၊ ခင်ပွန်းခန္ဓာတွေ၊ စွဲလမ်းနေလို့ ရှိရင်လည်း လာတာပဲ၊ သဘောပါပလား (သဘောပါပါပြီ ဘုရား)။

ဒါဖြင့် တဏှာမာန ဒိဋ္ဌိသည် မိမိခန္ဓာကြောင့်လည်း လာတယ် (လာပါတယ် ဘုရား)၊ တစ်ပါးသော သားသမီး၊ ခင်ပွန်း ခန္ဓာတွေကြောင့်ကော (လာပါတယ် ဘုရား)။

အင်္ဂုတ္တိရ်မှာ ဟောတယ် ခန္ဓာကြောင့် ဒိဋ္ဌိလာတာကွ မိမိခန္ဓာကြောင့်လည်း လာတာပဲတဲ့၊ ငါ့ဘာမှတ်လို့တုံး ဆိုတော့ မိမိခန္ဓာ (တင်ပါဘုရား) သူတစ်ပါး ခန္ဓာကို လက်ညှိုး ထိုးပြီး ဒါ ငါ့ဥစ္စာ ကြည့်လို့ ပြောလိုက်တာပဲ (တင်ပါဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဘယ်ကလာသတုံး

ဒါဖြင့် ဒိဋ္ဌိဘယ်ကလာ (ခန္ဓာက လာပါတယ်ဘုရား) ကောင်းပြီ ဒါကြောင့် ရှင်ပုဏ္ဏ က သူဟောတာက “အသ္မီ ဟောတိ နော အနုပါဒါယ၊ ဥပါဒါယ =တစ်ပါးပါးသော ခန္ဓာ၊ ကြိုက်ရာခန္ဓာ စွဲနေသည်ဖြစ်၏။ အသ္မီ= တဏှာမာန ဒိဋ္ဌိသည်၊ ဟောတိ-ဖြစ်၏။

နော အနုပါဒါယ= မစွဲလမ်းသော ပုဂ္ဂိုလ်ဟာ၊ နော ဥပ္ပဇ္ဇတိ = ဖြစ်ကို မဖြစ်ပါဘူး၊ သြော်-တဏှာမာန ဒိဋ္ဌိဆို တာ အကြောင်းအရင်း ရှာတော့ မိမိခန္ဓာ၊ သူတစ်ပါး ခန္ဓာကို အစွဲပြုပြီး ပေါ်လာတာပဲ (တင်ပါ ဘုရား)။

တဏှာမာန ဒိဋ္ဌိက ဘယ်ကလာတုံး (မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာ အစွဲရှိသည်က ပေါ်လာတာပါ ဘုရား) အဲဒီ အစွဲရှိနေလို့ လာတာ မစွဲလို့ရှိရင် (မလာပါဘူး ဘုရား)။

ကျုပ်စိတ်ပျက်တာပဲ၊ အိမ်ပြန်လာပြီး ကုလားထိုင်ကြီး ပေါ် မှိုင်လို့ အမောဆိုက်လို့ ဖြစ်မှ ဖြစ်ရလေဆိုတဲ့ ဥစ္စာတွေ သည်ကားလို့ရှိရင်၊ သူဘာဖြစ်လို့ ဒီအသံတွေ ထွက်နေပါလိမ့် လဲလို့ မေးလုံး ထုတ်လို့ရှိရင်၊ ဥပါဒါယ အသ္မီတိ ဟောတိ ဒါပဲ၊ ဥပါဒါယ- စွဲလမ်းသောကြောင့်၊ အသ္မီတိ= ငါခက်တာပဲ ဆိုတဲ့ ဒိဋ္ဌိ သည်၊ ဟောတိ- ဖြစ်၏ ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ရှင်းသွားပြီကွ (ရှင်းပါ ပြီဘုရား) ရှင်းသွားပြီတဲ့။

ရုပ်ကြောင့်ငါဖြစ်လာတာ

ကိုင်း ဒါဖြင့် ဘယ်ဟာ အစွဲပြုပြီး ဖြစ်တာတုံး ဆိုတော့ “ရူပံ ဥပါဒါယ အသ္မီတိ ဟောတိ၊” သူ့ရုပ်ကြည့်ရတာ မဟုတ်ပါဘူး ငါ့စိတ်ပျက် လိုက်တာ၊ သူ့ရုပ်ကြည့်ရတာ ငါစိတ်ပျက်တယ် သူ့ ရုပ်ကြောင့် ငါဖြစ်လာတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့ရုပ်ကြောင့် (ငါဖြစ်လာတာပါ ဘုရား) ငါဖြစ်လာတာ၊ ဒါဖြင့် သူ့ ရူပ် ဥပါဒါယ၊ ရူပ-ဖြစ်တဲ့ ရုပ်ကို၊ ဥပါဒါယ = အကြောင်း ပြု၍၊ အသ္မီတိ= ငါခက်တာပဲ ဟူသော စကားသည်၊ ဟောတိ= ဖြစ်၏တဲ့၊ လာပြီကွ (လာပါတယ် ဘုရား) လာပြီ လာပြီ မင်းကလည်း ဒီအတိုင်း ပြန်ရမှာပဲ။ (တင်ပါဘုရား) ဒီအတိုင်း ပြန်ရမှာပဲ။

ကိုယ့်မိုက်ပြစ်၊ ကိုယ်မသိဘူး

ဒါက ဆရာသမား အရင်းမို့ ပြောနေတယ် ဆိုတာ မှတ်ရ မယ် (တင်ပါဘုရား) သို့မဟုတ်ရင် ဒီဥစ္စာ သြော် ကိုယ့်မိုက်ပြစ် ကိုယ်သိမှ မသိပဲ မသိနိုင်ဘူးတဲ့၊ ကံမကောင်းဘူးသာ ဖြစ်ရတယ် (တင်ပါ့ဘုရား) ကျုပ်တို့အိမ် ဂြိုဟ်ဝင်တာပဲ၊ ဆရာတော်ကလည်း နေမကောင်း၊ ကိုယ့်ခင်ပွန်း သည်ကလည်း အားနည်းနည်း ချို့နေတယ် (တင်ပါ့ဘုရား)။

ဂြိုဟ်ဝင်ထင်ပါရဲ့၊ ဘာမှ ဂြိုဟ်မဝင်ဘူး၊ သူ့စိတ်ကြည့် မချမ်းသာတဲ့ ဘက်က များနေတယ် (တင်ပါ့ဘုရား) ဂြိုဟ်မဟုတ် ဘူး၊ ဥပါဒါယ အသ္မီတိ ဟောတိကွ (တင်ပါ့ဘုရား)၊ ဂြိုဟ်ဝင် တာ မဟုတ်ဘူး၊ ရှင်ပလား (ရှင်းပါပြီဘုရား)။

ဥပါဒါယ= စွဲလမ်းမှုကြောင့် (ဝါ) စွဲလမ်းသောကြောင့် အသ္မီတိ= ငါခက်တာပဲ ဟူသော စကားသည် ဟောတိ= ဖြစ်၏ ရှင်းပလား (ရှင်းပါပြီဘုရား)။

အင်း ဒါက တဏှာဖြစ်တာပဲ (တင်ပါ့ဘုရား) ဒါလည်း ဥပါဒါယပဲ (တင်ပါဘုရား) သူက ပြုံးနေတာ သားတွေ၊ သမီးတွေ ခင်ပွန်းသည်တွေက ပြုံးနေကြတာ၊ လာပြီလားဟေ့၊ ရောက်ပြီ လားဟေ့လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်ပြီဆိုမှဖြင့် အမော ပြေသွား တယ်၊အမော ပြေသွားတော့ ဝမ်းသာ သွားတာပဲ(တင်ပါ့ဘုရား)။

ပြုံးဆိုပြုံး၊ မဲ့ဆိုရင်မဲ့ရတယ်

အဲဒါ တဏှာ မေးတာဖြစ်သွားတာတဲ့ (တင်ပါဘုရား) ဒါလည်း စွဲလမ်းလို့ ဖြစ်တာ၊ သူတို့ အမှီပြုပြီး ဖြစ်ရတာကိုကွ (မှန်ပါ ဘုရား) သူတို့က ပြုံးဆိုပြုံး၊ မဲ့ဆိုရင် (မဲ့ပါဘုရား) အဲတော့ ပြုံးခြင်း၊ မဲ့ခြင်း ဆိုတဲ့ ဥစ္စာသည် စွဲလမ်းမှုက လာတာလို့ မှတ်ပါ။

မဲ့လို့ရှိရင်လည်း ဒေါမနဿတို့ ဒိဋ္ဌိတို့လာမှာပဲ၊ ပြုံးရင် လည်း လောဘတို့ ဥပါဒါန်တို့ တဏှာတို့ ဥပါဒါန်တို့ လာမှာပဲ ရလိုခြင်းလို့ ပဋိစ္စသမုပ္ပါဒ်ဟာ လမ်းက တွေးလုံးက စခဲ့တာက တစ်မျိုး၊ အိမ်ရောက်လို့ အသစ် စရတာက တစ်မျိုး၊ ပဋိစ္စ သမုပ္ပါဒ် ပြတ်တယ်လို့ မရှိဘူး (မရှိပါဘူး) မရှိဘူး။

တဏှာ ဥပါဒါန်က ရောက်တဲ့ အခါ စတဲ့ အခါစတယ်၊ တစ်ခါတလေ ဒိဋ္ဌိကနေ စတာ (တင်ပါ့ ဘုရား) တစ်ခါတလေ တဏှာကနေ စတာ၊ တစ်ခါတလေကျ သူက ထောင်ထောင် မားမားနဲ့ ပြောကြ ဆိုကြပြန်တဲ့ အခါကျတော့၊ သြော် အားကိုး လောက်တာ လေးတွေပဲ မာနပေမဲ့ စတယ် ပေါ်ကြပလား (ပေါ် ပါပြီဘုရား)။

ဥပါဒါယ အသ္မီတိ ဟောတိ လေကွာ ဒါမှတ်ရမှာ (တင်ပါ့ဘုရား) ဥပါဒါယ- စွဲလမ်းမှုကြောင့်၊ အသ္မီတိ- တဏှာမာန ဒိဋ္ဌိသည်၊ ဟောတိ = ဖြစ်၏။ ဘယ်သူတုံး ဆိုတော့ ရုပ် ဥပါဒါယ (တင်ပါ့ ဘုရား) သူတို့ ရုပ်တွေ ကြည့်ပြီး ကိုယ့်မှာ တဏှာမာန ဒိဋ္ဌိ သွားဖြစ်တယ်။

တစ်ခါတလေ ပြန်လာတယ် တဏှာ၊ တစ်ခါတလေပြန် လာတယ် မာန၊ တစ်ခါတစ်လေ ပြန်လာ ဒိဋ္ဌိ၊ ငါအိမ်ရောက်လို့ ရှိရင်တော့ ဒီသုံးခုတော့ တားမယ်ဟေ့၊ ဒီလို ရည်ရွယ်ချက်နဲ့ကို ဝင်မလာဘူး (မလာပါဘုရား) မင်းလည်း အတူတူပဲ (အတူတူပါ ဘုရား) အတူတူပဲ မလာပေဘူးလား။

ဆုံးမမဲ့ လူမရှိလို့ ရှိရင်ဖြင့်၊ အင်း ပဋိစ္စသမုပ္ပါဒ် စချည့်သေး ရဲ့ဆိုတဲ့စကားကို မပြော သော်လည်း အလုပ်က စနေတယ် (တင်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

အိမ်ဝင်တာလား၊ အပါယ်ဝင်တာလား

အဲ မင်းတို့ အိမ်ဝင် မတတ်သေးပါဘူး (မတတ်သေးပါ ဘူးဘုရား) အိမ်ဝင်မှ မတတ်သေးပဲ (မတတ် သေးပါဘူး) အိမ်ဝင် ကို မတတ်သေးဘူး၊ အိမ်ဝင်တာလား အပါယ်ဝင်တာလားလို့ မေးရတဲ့ အဓိပ္ပါယ် ရောက်တော့မယ် (တင်ပါ့ဘုရား)။

ပဋိစ္စသမုပ္ပါဒ် စတယ် ဆိုကတည်းက အပါယ်ဝင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါကြောင့် နောက်အခါတွေ ဝင်လို့ရှိရင် ဒီတဏှာလည်း မလာစေဘူးကွ၊ ဒီမာနလည်း မလာ စေဘူးကွ၊ ဒီဒိဋ္ဌိလည်း မလာ စေဘူးကွ၊ ကိုယ့်ဟာကို ရှုပြီး သကာလ ကိုယ့်ဟာကိုယ် ဆင်ခြင် မယ်ကွ၊ အသိနဲ့ ဆင်ခြင်မယ်ကွ။

အိမ်ဝင်တတ်ဖို့ရာလုပ်ပါ

မီးဖိုချောင် သွားမယ်ဆို အသိနဲ့ သွားမယ်ကွာ၊ ရောက်တဲ့ အခါ အလုပ်လည်း အသိနဲ့ လုပ်မယ်ကွာ၊ ဒီလို ဆိုရင်တော့ အိမ် အပါယ်ဝင်တာလား၊ နိဗ္ဗာန် ဝင်တာလားလို့ ခြားနားသိ ဖြစ်သွား မှာပဲ၊ ခြားနားတဲ့ သဘော မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား)

ဒါကြောင့် အိမ်ဝင် တတ်ဖို့ရာပဲ သွားတတ်ပေ့ ဆိုတာ မနဲ လုပ်ရဦးမှာပါလား (လုပ်ရဦးမှာပါ ဘုရား) လုပ်ရဦးမှာ။

ကလေးလေး လက်နှစ်ချောင်း မြှောက်ပြီး “သွားတတ် ပေါ့” လုပ်တာက အလွယ်လေးပါကွ (တင်ပါဘုရား) လူကြီးက ဒီလို လက်မြှောက်လို့ ဆွဲလို့ဖြစ်တာ မဟုတ်ဘဲနဲ့ မသွားတတ်တာ က ခက်တယ် (မှန်ပါ့) အတော် ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

အေး ဒါကြောင့် နောက်ဖြင့် သွားတတ်ပေ့လည်း ဆရာဘုန်းကြီးက အိမ်ပေါ်က နေပြီး စင်္ကြံ သွားရင်း မြင်တဲ့ အခါ သွားတတ်ပေ့ ဖြစ်အောင် လုပ်ကြစမ်းပါ ယောင်ချာချာနဲ့ အိပ်ဆွဲ ထွက်လာပြီ၊ ဒီလိုနဲ့ မဖြစ်စေနဲ့ကွ (တင်ပါ့ဘုရား)။

ဝေဒနာကြောင့် တဏှာ မာန ဒိဋ္ဌိဖြစ်တယ်

ကဲ ဒါဖြင့် ရူပံ ဥပါဒါယ အသ္မီတိ ဟောတိ ပုဏ္ဏ က ဒို့ ဒီလို ဟောတယ်ကွာတဲ့၊ ဝေဒနံ ဥပါဒါယ အသ္မီတိ ဟောတိ၊ ဝေဒနာ အစွဲပြုပြီး သကာလလည်း အသ္မီတိ – ဖြစ်တာပဲ၊ တဏှာ မာန ဒိဋ္ဌိက။

သြော် သူတို့ ချမ်းသာနေကြတဲ့ အတွက် ကိုယ့်မှာပင် မောငြား သော်လည်း ဝမ်းသာ ရတယ်ဟေ့ အဲဒါ ဒို့ဝေဒနာကွ (မှန်ပါ့) ဒို့မှာ ချမ်းသာတဲ့ ဝေဒနာ အကြောင်း အရင်းခံပြီးတော့ ဟိုက တဏှာ သွားဖြစ်တယ် (တင်ပါ့ဘုရား)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

“သညံ ဥပါဒါယ အသ္မီတိ ဟောတိ” တဲ့၊ သညာက ရှိသားပဲ ဘယ်သူမှ ဘယ်မှ မသွားကြဘူး တွေ့ တော့ သူက မှတ်ထား တာကို၊ အဲဒီ မှတ် သညာလေး အကြောင်း အရင်းခံပြီး သကာလ၊ သညာက မှတ်သား လိုက်တယ် ဆိုရင်ပဲ၊ အသ္မီတိ ဟောတိ= တဏှာ မာန ဒိဋ္ဌိလာတာပဲ။

သင်္ခါရအကြောင်း အရင်းခံပြီး သကာလလည်း ထို့အတူ ပဲတဲ့၊ တဏှာ မာန ဒိဋ္ဌိလာတာပဲ၊ ဝိညာဏ် ဆိုတဲ့ သူတို့ စိတ်တွေ အကြောင်း အရင်းခံပြီး တဏှာမာနဒိဋ္ဌိ ဖြစ်တာပဲ။

ဪ ဒါဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ မကြည့်တတ်လို့ဖြစ်တာ (တင်ပါ့ဘုရား) မကြည့်တတ်လို့ ဖြစ်တာ၊ ကြည့်တတ်လို့ ရှိရင် မဖြစ်ပါဘူး (တင်ပါ့ ဘုရား)။

ကြည့်တတ်ရင်၊ ဝိပဿနာတွေ

ကြည့်တတ်လို့ရှိရင် သူတို့က ဝိပဿနာတွေပဲ၊ ဝိပဿနာ အာရုံတွေ ပေါ့ကွာ (တင်ပါ့ဘုရား) ရှူစရာတွေ၊ ရှူစရာအကွက် တွေပဲတဲ့။

အဲတော့ကွာ၊ ဒို့ဆရာပုဏ္ဏ က ဒီလို ဟောတယ်ကွ၊ ရေ ခွက်ထဲ ရေအပြည့်ထည့်၊ ထည့်လို့ ဖြစ်စေ၊ မှန်အကြည် ရေသုတ်ထားလို့ ဖြစ်စေ၊ မှန်ရှေ့က ရပ်လိုက်ပြီ ဆိုမှဖြင့် အင်း ငါနေရာ ကျသားပဲ၊ ငါ စိတ်ပျက်စရာကြီး ဖြစ်နေပါပေါ့လား ဆိုတဲ့ ဥစ္စာ၊ မှန်ကြည့် မိတာနဲ့ကွာတဲ့ ဒီဟာတွေ လာတာပဲတဲ့၊ မှန်ကြည့် မိတာနဲ့ (မှန်ကြည့်မိတာနဲ့ တဏှာ မာန ဒိဋ္ဌိတွေ လာတာပဲ) လာတယ်။

အဲတော့ကို ဒီလို မှတ်ကြရမယ်၊ သြော် မှန်သည် အရုပ် ဆိုး အကျည်းတန်ကို သူက ရှင်းလင်း ပေးတယ် (တင်ပါ့ဘုရား) အရုပ် ဆိုးတာကိုလည်း သူက ပြောတယ်။

အဲ ချောမောလှပ ပြေပြစ်တာကိုလည်း သူက ပြောတယ်၊ ဒါ မှန်ကြည့်တဲ့ ပုဂ္ဂိုလ်၏ အလုပ် မဟုတ်လား (မှန်ပါ့ ဘုရား)။

ခန္ဓာမှန်ကြည့်ပြီးငါထွက်လာတယ်

ဒီမှာလည်းတဲ့ ခန္ဓာမှန်ကို ကြည့်ပြီး သကာလ ကိုယ့်ခန္ဓာမှန်ကို ကြည့်လိုက်လည်း သြော် ငါလုပ်နိုင် သေးတယ်၊ ငါကိုင် နိုင်သေးတယ်၊ ကိုယ့်ခန္ဓာ မှန်ကြီး ကြည့်ပြီး ငါထွက် လာတာပဲ။ ငါအရိပ်တွေ ထွက်လာတာပဲ (ထွက်လာပါတယ် ဘုရား)။

သူတစ်ပါး ခန္ဓာကိုယ်ကြီး ကြည့်ပြီး သကာလ၊ အင်း သူတို့ ကြီးလာတော့ အားကိုး ရမှာပဲ ဆိုတဲ့ မာန ဆိုတာလည်း သူတစ်ပါး ခန္ဓာ မှန်ကြည့်ပြီး သကာလ လာတာပဲ (တင်ပါ့ ဘုရား)။

အင်း မြေးလေးတွေ ရောက်လာတော့ ခင်စရာလေး တွေပဲ၊ အင်း သူတစ်ပါး မှန်ကြည့်ပြီး သကာလ တဏှာ လာပြန် တာပဲ၊ မလာဘူးလား (လာပါတယ်ဘုရား)။

မှန်ကြည့်ကလွဲနေသေးတယ်

ဒါကြောင့် သူတို့ ပြောနေကြတာပဲ၊ သူတို့ သားသမီး မှန်ကြည့်သလို ကြည့်နေတာ၊ ရှင်ပုဏ္ဏ တောင် ဟောဖို့ မလို၊ သူတို့ကတောင် အရင်ကြည့် တတ်သေးတယ်၊ သို့သော်လည်း အကြည့်က လွဲနေ သေးတယ် (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့လည်း ဆရာဘုန်းကြီး အိမ်ပေါ်မှာ ကိုးကွယ် ထားတယ်၊ မှန်ကြည့် သလို ကြည့် နေတာ အင်း ခက်ပကော (ခက်ပါတယ် ဘုရား) ခက်ပြီတဲ့။

သားသမီးတွေများ မွေးထားတယ်ဆို၊ ကျုပ်တို့ မျက်စိ အောက်က အပျောက်မခံပါဘူး၊ အဝေးဆိုလို့ရှိရင် ဘယ်နည်းနဲ့ မှ သဘော မတူနိုင်ပါဘူး၊ အေးအတူ ပူအမျှ၊ ဒီမှန်နဲ့ မခွဲနိုင်ဘူး(တင်ပါ့ ဘုရား) သြော် ခက်ကော ခက်ရချည့်သေး။

ပြီးတော့ ကြည့်တတ်သလားလို့ မေးတဲ့အခါ တဏှာ မာန ဒိဋ္ဌိတွေနဲ့ အပါယ် သွားကြောင်း ချည်း ပေါ်လာတာပဲ (တင်ပါ့ဘုရား) ဒီမှန်လေးတွေကြောင့် (တင်ပါ့ဘုရား)။

ဒိဋ္ဌိမျက်လုံးနဲ့ကြည့်လို့

ဆရာမှန်၊ ခင်ပွန်းမှန်၊ သားသမီးမှန်၊ ကိုယ့်ကိုယ်တည်း ဟူသောမှန် ဘာမျက်လုံးနဲ့ ကြည့်လို့ ပါလိမ့်မတုံး ဆိုတော့၊ အို ဒိဋ္ဌိမျက်လုံး၊ ပုထုဇဉ် မျက်လုံးနဲ့ ကြည့်လိုက်လို့ မဝေဖန်တတ်တာ နဲ့၊ တဏှာ မာန ဒိဋ္ဌိ တည်းဟူသော အရိပ်တွေ ထွက်လာတာ (တင်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ခန္ဓာမှန်ကို အန္ဓ ပုထုဇဉ် မျက်လုံးနဲ့ ကြည့်လိုက်ပြီ ဆိုမှဖြင့် တဏှာမာန ဒိဋ္ဌိအရိပ်တွေ ထွက်လာ တယ် (ထွက်လာပါတယ် ဘုရား) ခန္ဓာမှန်ကို အန္ဓ ပုထုဇဉ်၊ အကြား အမြင် မရှိတဲ့ ပုထုဇဉ် မျက်လုံး တပ်ကြည့် လိုက်လို့ ရှိရင်၊ တဏှာမာန ဒိဋ္ဌိတည်းဟူသော အရိပ်တွေ ထွက်လာတယ် (တင်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တဏှာမာန ဒိဋ္ဌိဟာ ကြည့်တတ်လို့ လာတာလား မကြည့်တတ်လို့ လာတာလား (မကြည့် တတ်လို့ လာတာပါ ဘုရား) မကြည့်တတ်လို့ လာတာတဲ့၊ အဲတော့ကိုတဲ့၊ ဒို့ဆရာ ပုဏ္ဏက ဒီတရား ဟောတာကွတဲ့ ခန္ဓာကြည့်ပြီး အသ္မီ လာတာကွ တဏှာ မာန ဒိဋ္ဌိလာတာပေါ့လေ (တင်ပါ့ ဘုရား)။

အဲတော့ကိုတဲ့ နောက်ဆုံးပိတ် ကျတော့ကွာတဲ့၊ ဒီတဏှာ မာန ဒိဋ္ဌိ သူဖြုတ်ဖို့ရာ ဟောလိုက်တဲ့ အခါ ကျတော့ ကိုတဲ့၊ ဟေ့ တပည့် တို့ရုပ်ဟာ အနိစ္စလား နိစ္စလား မေးတယ်ကွ၊ အနိစ္စလို့ မြင်တဲ့ အခါကျတော့ တဏှာ မလာဘူး ကွ၊ မာနကလည်း မလာဘူး၊ ဒိဋ္ဌိကကော (မလာပါဘူး ဘုရား)။

သြော် ဒီခန္ဓာ ကြည့်တာကို (တင်ပါ့) ရူပက္ခန္ဓာ ကြည့် လိုက်တာ၊ ဒီဝေဒနာ ကြည့်လိုက်တာ၊ ဒီခန္ဓာငါးပါး ထဲက တစ်ပါး ပါး ကြည့်လိုက်တာပဲတဲ့။

ဆရာကောင်းတပည့်မျက်လုံးနဲ့ကြည့်ပါ

အဲဒီလို သုတဝါ အရိယာသာဝကော မျက်လုံးနဲ့ အကြား အမြင်များတဲ့ ဆရာကောင်း တပည့် မျက်လုံးနဲ့ တပ်ကြည့် လိုက်ပြန်တော့ လို့ ရှိရင်လည်းတဲ့ တဏှာ မာန ဒိဋ္ဌိ ချုပ်သွားတယ် သူ အင်မတန် သဘောပါတဲ့ ကိုယ်တော်ပေါ့ (သဘောပါပါ တယ် ဘုရား)။

ဒါက ဆရာဘုန်းကြီးက ဖြည့်စွက်ထားတာက အကြား အမြင် မရှိတဲ့ ပုထုဇဉ် မျက်လုံးတပ်ရင် တဏှာမာန ဒိဋ္ဌိ အရိပ်ထွက် မယ် (တင်ပါ့ဘုရား) မှန်ထဲက အရိပ်ပေါ့ကွာ (တင်ပါ့ဘုရား)။

ဘာတုံး (မှန်ထဲက အရိပ်ပါ ဘုရား) အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ် ကြည့်လိုက်လို့၊ ခန္ဓာမှန်ကို ကြည့်လိုက်တဲ့ အခါ ခန္ဓာဟာ မှန်ကြီးပေါ့ကွ (တင်ပါ့ ဘုရား) အကြားအမြင် မရှိတဲ့ ပုထုဇဉ်က အကြည့် သမားပေါ့ကွာ (တင်ပါ့) တဏှာ မာန ဒိဋ္ဌိက အရိပ်ပေါ့ ကွ။

အင်း အကြားအမြင် မရှိဘဲနဲ့၊ မြို့ထဲ ရွာထဲ နေကြ ထိုင်ကြတဲ့ ပုဂ္ဂိုလ်များ ဘာကြည့်ကြည့် ထွက်နေတုံး၊ သားကြည့် ကြည့်၊ သမီးကြည့်ကြည့်၊ ခင်ပွန်းကြည့်ကြည့်၊ မိမိကိုယ်ကို ကြည့်ကြည့်၊ ဒီအရိပ်သုံးခု မှတစ်ပါး ဘာမှထွက်စရာ မရှိဘူး (တင်ပါ့ဘုရား)။

ဒါဖြင့် ဒို့ခဏခဏ ပြောနေတဲ့ ဘုရား ဟောတော်မူတာ ကြီးနဲ့ မောင်ချစ်ဆွေ ကိုက်သွားတယ် (မှန်ပါ့ဘုရား)။

သုဂတိ နိဗ္ဗာန် ပို့တာ မရှိပါဘူးကွာ၊ ဘုရားက မဟော ထိုက်ဘူးလား (ဟောထိုက် ပါတယ် ဘုရား) ဘာဖြစ်လို့တုံး သူတို့ ကြည့်တဲ့ မာနက ဘာမျက်လုံး တပ်ကြည့်တုံး၊ အကြားအမြင် မရှိတဲ့ ပုထုဇဉ် မျက်လုံး (တင်ပါ ဘုရား)။

အကြားအမြင်မရှိတဲ့ ပုထုဇဉ်မျက်လုံးနဲ့ ကြည့်လိုက်၊ မိမိခန္ဓာ ကြည့်ကြည့်၊ သူတစ်ပါး ခန္ဓာ ကြည့်ကြည့်၊ အကြား အမြင် မရှိတဲ့ မျက်လုံးနဲ့သာ ကြည့်မယ် ဆိုရင်ဖြင့်တဲ့ တဏှာ မာန ဒိဋ္ဌိအရိပ်မှ တစ်ပါး ဘာမှ ထွက်စရာမရှိ (တင်ပါဘုရား)။

အကြားအမြင်မရှိတာ အဆိုးဝါးဆုံး

ဒါဖြင့် “တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ” ဆိုတော့ ပဋိစ္စသမုပ္ပါဒ် စစပြီး တည်ထောင် တာကြီး လာတာပဲ၊ ဒါဖြင့် အကြားအမြင် မရှိရမှာလောက် ကြောက်စရာ ကောင်းတာ တော့ဖြင့် ရှာမတွေ့ တော့ဘူး၊ သဘော ပါကြ ပလား (သဘောပါပါပြီ ဘုရား) အကြားအမြင် မရှိတာ အဆိုးဝါးဆုံးပဲ (ဆိုးဝါး ပါတယ်ဘုရား)။

ဒီက အကြားအမြင်ရှိတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါ ကျတော့ အင်း ရုပ်ဟူသရွေ့ ဟာလည်း သဗ္ဗေ သင်္ခါရာ အနိစ္စ၊ အလုံးစုံ ရုပ်တွေဟာ အနိစ္စ၊ “ရူပံ အနိစ္စံ၊ ရူပံ ဒုက္ခံ၊ ဝေဒနာ အနိစ္စံ၊ ဝေဒနာ ဒုက္ခံ” နဲ့ ကြားဖူးထားတော့ အကြားအမြင် ရှိတဲ့ အခါ ကျတော့၊ တဏှာ မာနဒိဋ္ဌိ ချုပ်ပြီး သကာလ၊ မဂ်ရိပ် ဖိုလ်ရိပ်တွေ ထွက်လာတယ် (တင်ပါဘုရား)။

တဏှာ မာန ဒိဋ္ဌိချုပ်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ထွက်လာတယ်၊ မထွက်လာ ဘူးလား (ထွက်လာ ပါတယ် ဘုရား) ဝိပဿနာ ဉာဏ်တွေကော (ထွက်လာပါတယ် ဘုရား)။

ဒါက ဘယ်လို ပုဂ္ဂိုလ်တုံးလို့ အမေးထုတ်တဲ့အခါ ကျမှ၊ အကြားအမြင် ရှိတဲ့ပုဂ္ဂိုလ် မျက်လုံးနဲ့ ခန္ဓာ မှန်ကြည့် လိုက်တဲ့ အခါကျတော့ ကိုတဲ့၊ အပါယ်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်တွေ ဖြတ်တောက်ပြီး သကာလ၊ ဝိပဿနာမဂ် လောကုတ္တရာမဂ် ဖြတ်တောက် တတ်တဲ့ အရိပ် တရားတွေ ထွက်လာတယ် ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ကြည့်နည်းနှစ်မျိုး

ဒါဖြင့် သြော် ကြည့်နည်း နှစ်မျိုး ရှိတယ် ဆိုတာ ယနေ့ ပေါ်လာတယ် (တင်ပါဘုရား) အကြား အမြင် မရှိတဲ့ မျက်လုံးနဲ့ ခန္ဓာမှန် ကြည့်ကြတော့ တဏှာမာန ဒိဋ္ဌိဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အစပေါ်သည်။

အကြားအမြင်ရှိတဲ့ သုတဝါ အရိယာသာဝကော ဆိုတဲ့ အကြားအမြင်ရှိတဲ့ အရိယာ သာဝကတွေ၊ အရိယာတို့၏ တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်များ ကျတော့၊ တဏှာ မာန ဒိဋ္ဌိချုပ်တဲ့ အရိပ်တွေ ထွက်လာတယ် (တင်ပါ ဘုရား)။

ရုပ်ကြည့် လိုက်လို့ ရှိရင်ဖြင့်၊ အကြားအမြင်ရှိပြီးသား ပုဂ္ဂိုလ်ကြည့်လိုက်ပြီး ဆိုမှဖြင့်၊ အနိစ္စ ဉာဏ်ထွက် လာတယ်၊ ရုပ်ဟာ အနိစ္စပါလား ဆိုတာ ရုပ်ပုံတည်း ဟူသော မှန်ကြောင့် အနိစ္စဉာဏ် ထွက်လာတယ် (တင်ပါဘုရား)။

အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ်၊ ဒုက္ခသစ္စာသိတဲ့ ဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ထွက်လာတယ်၊ တဏှာ မာနဒိဋ္ဌိ လာသေးရဲ့ လား၊ (မလာပါဘုရား)။

အရေးကြီးတာက ဘာပါလိမ့်

အဲဒါဖြင့် ဒီနေ့မှာဖြင့် အရေးကြီးတာက ဘာပါလိမ့်မတုံး မေးတော့၊ အကြားအမြင် ရှိဖို့နဲ့ မရှိဖို့ရာ၊ ရှင်ပုဏ္ဏ-က အတော် အရေးကြီးတာ ပြောတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အကြားအမြင် ရှိဖို့သည်ကား လို့ဆိုရင် တစ်နံ ပါတ် အရေးကြီးတယ် (တင်ပါဘုရား) ပြီးတော့မှ အလုပ်လုပ်ဖို့ နှစ်နံပါတ် အရေးကြီးတာပါ (မှန်ပါဘုရား)။

အကြားအမြင် မရှိဘူး ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီဒကာဒကာမ တွေဟာ တက်လမ်း ဆိုတာ လုံးဝ မရှိပါဘူး (တင်ပါ ဘုရား) မျောလမ်း မြုပ်လမ်းမှတစ်ပါး ရှာလို့မတွေ့ဘူးဆိုတာ မှတ်ထားပါ (တင်ပါ)။

အကြားအမြင်ရှိရင်ဆန်လမ်း

အကြားအမြင် ရှိလာလို့ ရှိရင်ဖြင့် ဆန်လမ်းချည်း ရောက်မယ်လို့ အောက်မေ့ပါ (တင်ပါဘုရား) ဝိပဿနာဉာဏ် မဂ်ဉာဏ်ပဲ ပေါ်လာတယ်၊ အကြား အမြင် ရှိတော့ ဟာ ဒါ အခုမြင်တာ ရုပ်ပါလား၊ အဆင်း ရုပ်ပါလား၊ သူလည်း အနိစ္စပဲ။

သူပြုံးနေတာ သူ့ဝမ်းထဲ သောမနဿပါလား၊ မိမိပြုံး တာလည်း သောမနဿပါလား၊ သောမနဿ ဖြစ်ပျက် ရှုလိုက် တဲ့အခါ ဝေဒနာက္ခန္ဓာ ကြောင့် မဂ်ဉာဏ် ထွက်လာတယ် (တင်ပါ ဘုရား)။

ဒါဖြင့် အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ် တဏှာ မာန ဒိဋ္ဌိ၊ ပဋိစ္စသမုပ္ပါဒ် အစတွေ ပေါ်ထွက် လာတယ်၊ အကြား အမြင်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိပဿနာဉာဏ် မဂ်ဉာဏ်တွေ ထွက်လာတယ် (တင်ပါဘုရား) သဘောပါပလား (သဘောပါပါပြီ ဘုရား)။

သောတာပန်တည်တဲ့အလုပ်ဟာ ပြီးပြီးသား

ဒါဖြင့် ဘယ်လိုနေ ဘယ်လိုထိုင်မှ တော်ပါ့မလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို သနားလို့ရှိရင် အကြား အမြင်ရှိတဲ့ မျက်လုံးနဲ့ ကြည့်ပါ၊ ဘယ်အခါမဆို ကြည့်လိုက်လို့ ရှိရင်ဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာ ဉာဏ်တွေ အမှန် ထွက်လာလို့ ရှိရင်၊ ငါနိဗ္ဗာန် ရောက်ပါ့မလားလို့ ဆိုစရာ မလိုတော့ဘူး၊ သုတဝါ အရိယာ သာဝကော ဖြစ်လေ သောကြောင့် ဒိဋ္ဌိပြုတ် သောတာပန် တည်တဲ့ အလုပ်ဟာ ပြီးပြီးသားလို့ မှတ်ပါ (တင်ပါဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ဦး။

သာဓု သာဓု သာဓု။