138

တရားအားထုတ်တဲ့နည်း (လှေသမားဥပမာ)

အသံဖိုင်ခေါင်းစဉ်= ဝိပဿနာရှုပွားနည်း အမှတ်(၁)

စာအုပ်ခေါင်းစဉ်= တရားအားထုတ်တဲ့နည်း (လှေသမားဥပမာ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ဟောကြားဆုံးမတော်မူသောတရားတော်

တရားအားထုတ်တဲ့နည်း

(လှေသမားဥပမာ)

(၁၇ – ၁ – ၅၉)

တရားအားထုတ်တဲ့နည်းလေးကို ပေးချင်တယ်တဲ့၊ တရားအားထုတ်တဲ့ နည်းလေးပေး ချင်တယ် ဦးခင်မောင်တို့ နော် (မှန်လှပါ ဘုရား)။

တရားအားထုတ်တဲ့နည်းကိုလည်း ဘုန်းကြီးက ပေးတယ်ဆိုတာလည်း တစ်ဆင့်ပေးလို့ မှတ်ပါ။ ဘယ်က ရသတုံး လို့မေးလို့ရှိရင် ရှင်သာရိပုတ္တရာဆီက ရတယ်လို့ မှတ်ထား (မှန်လှပါ)။

တရားအားထုတ်တဲ့နည်း

တရားအားထုတ်တဲ့နည်းကို ပေးလိမ့်မယ်၊ တရား အားထုတ်တဲ့နည်းဟာ ဒကာ ဒကာမတွေ၊ မိလိန္ဒမင်းကြီးက မေးလိုက်တယ်။ အရှင်ဘုရား ယောဂီပုဂ္ဂိုလ်များ နိဗ္ဗာန် အရောက်၊ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်အရောက် အားထုတ်လို့ ရှိရင်ဖြင့် ဘယ်လိုအားထုတ်ရမှာတုံး။

အားထုတ်နည်းလေးကို အမိန့်ရှိပါလို့ မိလိန္ဒမင်းကြီး က မေးလို့၊ ရှင်နာဂသိန်က ဖြေလိုက်ပါတယ်။

သူ့အဖြေကလည်း အားလုံး ဒကာ ဒကာမတွေ့ မှတ်ပါ။ လက်ျာရံ ရှင်သာရိပုတ္တရာဆီက နည်းယူပြီးတော့ ဖြေတဲ့အဖြေလို့ မှတ်ရမယ် (မှန်လှပါ)။

အဲတော့ အင်မတန် ခြေမြစ်တဲ့ တရားအားထုတ် နည်းလို့ ဒကာ ဒကာမတွေ မှတ်ဖို့ပေါ့ဗျာ။ ခြေမြစ်တဲ့တရား အားထုတ်နည်း၊ ခြေမြစ်တဲ့ တရားအားထုတ်နည်းဆိုတော့။

ဥပမာသူပြတယ်၊ ဥပမာဘယ်လိုပြသတုံးဆိုလို့ရှိရင်၊ သူများဆီမှာ အခစား အလုပ်လုပ်တဲ့ လူတစ်ယောက်ရှိတယ်။ ကိုယ့်လှေပိုင်မဟုတ်ပဲနဲ့ လှေပို့နေတဲ့လူတစ်ယောက်ရှိတယ်။

လှေပို့သမား

လှေပိုင်မဟုတ်ဘဲနဲ့ လှေပို့နေတဲ့လူ၊ သူ့ဟာသူ အခ စားပို့ပေါ့ဗျာ (မှန်လှပါ) လှေတော့ သူပိုင်ရဲ့ လား (မပိုင်ပါဘူး ဘုရား)

မပိုင်ပေမယ့်လည်း သူသည်ကားလို့ဆိုရင် နေ့တွက်နဲ့ ပို့နေတဲ့ လူတစ်ဦးတစ်ယောက် ရှိတယ်တဲ့။ အဲဒီလို အမှုလုပ် တစ်ယောက်ရှိပါတယ် ဒကာကြီးတဲ့။

အဲဒီ အမှုလုပ် ပုဂ္ဂိုလ်ဟာတဲ့ သူဟာ လှေပေါ်မှာ လူတွေတင် ပစ္စည်း ပရိဘောဂတွေတင်ပြီး သကာလ သူ ပို့ရ ရှာတယ်။

ပို့ရရှာတော့ ဒီလိုအခစားပို့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို စိတ်ထားရှိသတုံးဆိုတော့၊ ဪ ငါ့မှာ ဒီလှေတော့ဖြင့် မပျောက်မပျက် မပေါက်မဆွေးရအောင်၊ လှေ၏ အရိပ်အကဲ ကို ဘယ်နေရာမှ မသိမရှိရအောင်၊ လှေ၏အရိပ်အကဲတွေ ကို အကုန်ငါသိအောင်လုပ်ပြီး၊ လူတွေကို စောင့်ရှောက်ပြီး သကာလ ဒီကုန်တွေကို ပို့ရမှာပဲဆိုတော့

လှေကို သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့၊ ပို့ရာမှာ ဒီလှေကောင်းမှ ဒီလှေကမှ သူ့ကို ထမင်းကျွေးတဲ့ အလုပ် လုပ်နေတာ၊ သူ့ထမင်းကျွေးနေတာ ဒီလှေပဲဆိုရင် လွဲသလား (မလွဲပါဘူး ဘုရား)။

သူ့ထမင်းအိုးကွဲမယ်

ဒီလှေက ထမင်းကျွေးပြီး သကာလနေတော့၊ ဒီလှေ ချို့ယွင်းချက်ရှိသွားလို့ လှေကို အစောင့် အရှောက် ညံ့ဖျင်း သွားမယ်ဆိုရင် လှေပျက်မယ်၊ လှေပေါက်မယ်၊ လှေကွဲမယ် ဆိုလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ၊ သူထမင်းအိုးကွဲမယ် ဆိုတာ လောကထုံးစံအတိုင်း အတော်သေချာတယ် (သေချာပါတယ် ဘုရား)

မသေချာဘူးလား (သေချာပါတယ် ဘုရား) သူ ထမင်းအိုးကွဲ သွားလိမ့်မယ်ဆိုတော့၊ ဒီအခစားပို့တဲ့ လှေသမားသည် ဒကာ ဒကာမတွေပဲ စဉ်းစားပါ၊ လှေ အပေါ်မှာ သတိထားမယ် သူ့လှေအပေါ်မှာလေ (မှန်လှပါ)။

မထားကြပေဘူးလား (ထားပါတယ် ဘုရား) လှေအပေါ်မှာ သတိထားရလိမ့်မယ်။ ဒကာ ဒကာမတို့ မထိ မခိုက်အောင်ပေါ့ဗျာ အတော်လေး စောင့်ရှောက်ရမယ် ဆိုတာက ဧကန်ပေါ့ဗျာ။

အဲတော့ အပေါ်မှာ သတိ၊ ပညာ သူလက်လွှတ် သေးရဲ့ လား (မလွှတ်ပါဘူး ဘုရား) ဒီနေရာက နည်းနည်းလေး အနာရှိမယ်ဆိုရင်လည်း ဒီနေရာပြင်ဆင်လို့၊ ဒီနေရာထိခိုက်မယ်ဆိုရင် ဒီနေရာရှောင်လို့။

သတိပညာအမြဲထားရတယ်

တစ်ခါတည်း သူ့လှေကို ထမင်းကျွေးနေတဲ့ အသက်သခင်လိုဖြစ်ပြီးသကာလနေတော့၊ သတိပညာနဲ့ ဘယ်တော့မှ မမေ့မလျော့ဘဲနဲ့ ဟိုဘက်ရောက်အောင်ခတ်၊ ဟိုဘက်က ဒီဘက် ရောက်အောင်ခတ်ဆိုက၊ လှေအပေါ်မှာ ဖြင့် သူသတိပညာ အမြဲထလိမ့်မယ်ဆိုတာ ဒကာ ဒကာမ တွေ ယုံကြည်ထိုက်တယ် မှန်လှပါ ဘုရား)။

ဒီလှေနဲ့ အသက်မွေးနေတာကိုးဗျ (မှန်လှပါ) သဘောကျကြပလား (မှန်လှပါ)။

ဒါဖြင့် လှေသမားသည် လှေအပေါ်၌ သတိပညာ ဘယ်အချိန်များ လွတ်သေးဘူး (မလွတ်ပါဘူး ဘုရား)။

ဘာ့ကြောင့် မလွတ်ပါလိမ့်မတုံးလို့ အမေးထုတ်ခဲ့ သော် ဒကာ ဒကာမတွေ လှေက ထမင်း ကျွေးလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ်သူက ထမင်းကျွေးတုံ (လှေကထမင်း ကျွေးလို့ပါ ဘုရား) အဲတော့ သူ့အသက် သခင်လဲ ဖြစ်နေတော့ ကို သတိပညာနဲ့ ဒီလှေကို မကွဲအောင်၊ မပေါက်အောင်၊ မရှအောင် အလုံးစုံအကုန် စောင့်ရှောက်လိမ့်မယ်ဆိုတာ ဒကာ ဒကာမတို့ ငြင်းဆန်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင်

အဲဒီအတိုင်းပဲတဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ဒကာ ဒကာမတွေ ရောက်ချင်လို့ရှိရင်ဖြင့်၊ ကျုပ်တို့က ခန္ဓာ ကို ခန္ဓာက လှေနဲ့တူတယ်နော်၊ ယောဂီပုဂ္ဂိုလ်က အခစား လှေသမားနဲ့တူတယ်။

ခန္ဓာက ဘာနဲ့တူတုံး (လှေနဲ့တူပါတယ် ဘုရား) ယောဂီပုဂ္ဂိုလ်က (အခစားလှေသမားနဲ့ တူပါတယ် ဘုရား) အခစားလှေသမားနဲ့ တူတယ်ဆိုတာ ဒကာ ဒကာမတွေ အသေအချာမှတ်ထားပါ။

ခန္ဓာကြီးကဘာနဲ့တူပါလိမ့်

ခန္ဓာကြီးက ဘာနဲ့တူပါလိမ့် (လှေနဲ့တူပါတယ် ဘုရား) အေး ခန္ဓာအိမ် စောင့်ရှောက်နေ ရတဲ့ ပုဂ္ဂိုလ်က (အခစား လှေသမားနဲ့ တူပါတယ် ဘုရား) အခစား လှေသမား နဲ့တူတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျလား (ကျပါတယ် ဘုရား)။

အဲတော့ ဒီခန္ဓာကြီးကို သတိပညာထားပြီးသကာလ ခင်ဗျားတို့ ကြည့်နေပါနော်။ သတိပညာနဲ့ ကြည့်နေပါ။ ဘာလုပ်ရမတုံး (သတိပညာနဲ့ ကြည့်ရမှာပါ ဘုရား)။

သတိပညာနဲ့ ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ အင်း ဒီခန္ဓာကြီးကို သတိပညာနဲ့ ကြည့်ပြီး သကာလ နေပြီဆိုမှဖြင့် ဒီခန္ဓာကြီးကပဲ ဒုက္ခအဆုံးပို့မယ်တဲ့ ဒကာ ဒကာမတို့ လှေသမား ထမင်းကျွေးသလိုနော် (မှန်လှပါ)။

ခန္ဓာကြီးက ဒုက္ခအဆုံးပို့လိမ့်မယ်

လှေသမားလှေက ထမင်းကျွေးသလို၊ ခန္ဓာကြီးကပဲ ခင်ဗျားတို့ကို ဒုက္ခအဆုံးပို့လိမ့်မယ် (မှန်လှပါ) ခန္ဓာကြီးကပဲ ဒုက္ခအဆုံးပို့မယ်တဲ့ ဒကာဒကာမတို့ (မှန်လှပါ)။

ဟ ဘယ့်နှယ့် ခန္ဓာကြီးက ဒုက္ခအဆုံး ပို့မတုံးဆိုတော့၊ လှေသမား ဘယ်သူကြောင့် ထမင်းရသတုံးမေးတော့ ဘယ့် နှယ်ဖြေကြ (လှေကြောင့် ထမင်းရပါတယ် ဘုရား)။

လှေကို စောင့်ရှောက်မှုရှိနေတဲ့ အတွက်နော်၊ ကျုပ်တို့နိဗ္ဗာန်ရောက်မှုကလဲ (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ထမင်းဝတာပေါ့ဗျ (မှန်လှပါ)၊ တဏှာရှိလို့ ဆာလောင်မွတ်သိပ်နေတာမို့လား (မှန်လှပါ ဘုရား)။

တဏှာမရှိရင်ဘယ် ပုဂ္ဂိုလ်မဆိုဝနေတယ်ဆိုတာဖြင့် ငြင်းဆန်နေဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

ခင်ဗျားတို့ ခု တစ်နေ့လာလည်း ဈေးထွက်တဲ့ ပုဂ္ဂိုလ်ကလည်း ဈေးထွက်တာပဲ၊ ဘာဖြစ်လို့ မပျင်းသတုံးလို့ မေးရင် တဏှာရှိနေလို့ မဝသေးလို့ ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

အင်း အရောင်းအဝယ်လုပ်တဲ့ ပုဂ္ဂိုလ်ကဖြင့်၊ လခစားလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း တစ်နေ့လုပ်ပြီး တော်ရော ပေါ့၊ တစ်လလုပ်တော်ရောပေါ့။ ဘယ့်နှယ်ကြောင့် မတော် သေးပါလိမ့်မတုံးလို့ မေးလို့ရှိရင် မဝသေးလို့၊ မဝတာက ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား)၊ ရိပ်မိကြပလား (မှန်ပါ့)။

မဝတာဘယ်သူပါလိမ့် (တဏှာပါ ဘုရား)။ အင်း ဘယ်သူဘယ်သွားပြန်သတဲ့၊ ဘာကိစ္စနဲ့ ဘာအရောင်း အဝယ်နဲ့၊ မဝလို့သွားရှာတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

မဝသေးတာ ငတ်သေးလို့

ဘယ်သူအရောင်းအဝယ် မဖျက်နိုင်သေးဘူးဆိုတာ ကော (မဝသေးလို့ပါ ဘုရား)။ မဝသေးလို့ရှိရင်ဖြင့် ငတ်သေးလို့ တိုတိုပြောတော့ ဘယ့်နှယ့်တုံး (ငတ်သေး လို့ပါ ဘုရား)၊ ငတ်သေးလို့။

ငတ်သေးလို့ဆိုတာ ဒကာ ဒကာမတွေ မဝသေးတာ နဲ့တော့ ထူးသေးသလား (မထူးပါဘူး ဘုရား)။

အဲဒါကြောင့် ဒီထဲ ဒကာ ဒကာမတွေ ဝတဲ့ ဒကာ ဒကာမများပါသလားဆိုတော့ ကိုယ်လုံးကြီးတာ ထည့်မပြောနဲ့ ရိပ်မိပလား (မှန်ပါ့)၊ ကိုယ်လုံးကြီးတာ ထည့်မပြောနဲ့

ဆာလောင်မွတ်သိပ်တဲ့ တဏှာကိစ္စပြီးပလား၊ ဝပလားလို့မေးလို့ရှိရင် ဒီထဲမှာ အလုပ်ရပ်စဲ နေတဲ့ ပုဂ္ဂိုလ် ပါသလား (မပါပါဘူး ဘုရား) အခင်ရပ်စဲနေတဲ့ပုဂ္ဂိုလ် (မပါပါဘူး ဘုရား)။

အကြောင်းပြရပ်စဲနေတဲ့ပုဂ္ဂိုလ် (မပါပါဘူး ဘုရား)၊ စိုးရိမ် ရပ်စဲနေတဲ့ပုဂ္ဂိုလ် (မပါပါဘူး ဘုရား) ဆာလောင်မွတ်သိပ်ပြီးတရားနာလာနေတာပေါ့ (မှန်လှ ပါ ဘုရား)။

ဘာတွေတရားလာနာနေတုံး ၊

ဘာတွေတရားလာနာနေတုံး (ဆာလောင်မွတ် သိပ်ပြီး တရားနာ လာနေတာပါ ဘုရား)၊ တယ် ကျက်သရေ မရှိတဲ့တရားပွဲပါလား ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာမရှိတဲ့ တရားပွဲပါလိမ့် (ကျက်သရေမရှိတဲ့ တရားပွဲပါ ဘုရား) သေသေချာချာကြည့်တော့ ဒီဥစ္စာ လာနိုင်ကြတာ၊ သွားနိုင်ကြတာ တပည့်တော်တို့သည် တရား နာဖို့ကိုပဲ ကားလေးတွေ ဘာလေးတွေ အတော်ရှာပြီး စီစဉ် ထားရတယ် ဘုရားလို့ ခင်ဗျားတို့က ချမ်းသာလို့ လာနိုင် တယ်ထင်နေ

ဘယ်ဟုတ်မတုံး ငတ်လို့လာနေတာ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘာတွေလာနေကြ တုံး (အငတ်တွေပါ ဘုရား)။

ဘာပြုလို့တုံးဆိုတော့ တစ်နေ့မှ ကိုယ့်ကိစ္စနဲ့ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ရလိုမှုကိစ္စ ရပ်စဲတယ်လို့ ရှိရဲ့လား (မရှိပါ ဘူး ဘုရား) ဝပြီလားသူ (မဝပါဘူး ဘုရား)။ မဝဘူး ဆာတုန်းပဲ (ဆာတုန်းပါ ဘုရား) ဟုတ်ပလား။

ဆာလို့ပဲ အလုပ်တွေဆက်လက်ပြီး အိုလည်းလုပ်နိုင် တယ်၊ နာရင်ကော (လုပ်နိုင်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဗျ (ငတ်လို့ပါ ဘုရား) ရိပ်မိပလား ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ဒါဖြင့် ဒီထဲတရားနာနေတဲ့ ဒကာ ဒကာမတွေဟာတဲ့ အငတ်ပြတ်တွေလား၊ အငတ်တန်းလန်း နဲ့ပဲလားလို့မေးရင် ဘယ့်နှယ်ဖြေကြပါ့ (အငတ်တန်းလန်းနဲ့ပါ ဘုရား)။

တဏှာသေမှ အငတ်ပျောက်မယ်

ဘယ်တော့မှပျောက်ပါ့မတုံး ဦးခင်မောင်၊ ပျောက် စရာမြင်သေးသလား (မမြင်ပါဘူး ဘုရား)။ ဘယ့်နှယ့် မမြင်ရမတုံးဗျ၊ တဏှာသေရင် အငတ်ပျောက်တာပေါ့ ရိပ်မိပလား။

တဏှာမသေသေးရင် ဦးဘအုန်းကြီးဘာတုံး (အငတ်မပျောက်ပါ ဘုရား) အငတ် မပျောက်ဘူး၊ တဏှာသေလို့ရှိရင် (အငတ်ပျောက်ပါတယ် ဘုရား)။

အဲတော့ စီးပွားရှိ၊ မရှိကလိုရင်းမဟုတ်ဘူး၊ သဘော ကျကြလား၊ တဏှာသေမှုမရှိသေးတဲ့ ပုဂ္ဂိုလ်ဟာ သိန်းတစ်ရာ ချမ်းသာနေလဲ အငတ်မပြတ်သေးပါဘူး၊ ရှင်းပလား (မှန်ပါ့) သဘော ကျပလား (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ခုနက လှေသ မားသည် ကားလို့ဆိုလို့ ရှိရင်၊ လှေကို သတိပညာနဲ့ အမြဲ စောင့်ရှောက်ခြင်းကြောင့် သူကျေးဇူးမခံစားရဘူးလား (ခံစားရပါတယ် ဘုရား)။

သူထမင်းစားမှု၊ ဝမှု မကြုံရဘူးလား (ကြုံရပါ တယ် ဘုရား)။ ဒီမှာလဲ ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်ကြီး ကိုသာ အခစားလှေသမားသဖွယ် ကြည်ရှုပြီး သကာလ နေပြီဆိုမှဖြင့်တဲ့၊ ကျုပ်တို့ အငတ်ပျောက်တဲ့ နိဗ္ဗာန်ကို အသေအချာ ရောက်မယ် ရှင်းပလား (မှန်လှပါ)။

ဘယ်ရောက်မယ် (အငတ်ပျောက်တဲ့ နိဗ္ဗာန်ပါ ဘုရား), နိဗ္ဗာန်ဆိုတာ အငတ်ပျောက်တဲ့ ပုဂ္ဂိုလ်မှ ရောက်နိုင်တာ ငတ်နေတဲ့ပုဂ္ဂိုလ်က (မရောက်နိုင်ပါဘူး ဘုရား)။

တဏှာချုပ်မှဗ္ဗာန်

ငတ်နေတာက သမုဒယသစ္စာမို့လား (မှန်လှပါ) သူဖြစ်နေတဲ့ ပုဂ္ဂိုလ်ဘယ်တော့ရောက်မတုံး (မရောက် ပါဘူး)။ တဏှာနိရောဓော နိဗ္ဗာနံ။

တဏှာနိရောဓော- တဏှာဖြတ် ဝါ – တဏှာချုပ်ခြင်း သည်၊ နိဗ္ဗာနံ-နိဗ္ဗာန်သည် ဟောတိဖြစ်၏။ ဟုတ်ပလား (တင်ပါ့)။ တဏှာချုပ်မှ ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)။

ငတ်နေတဲ့ ပုဂ္ဂိုလ် (မရောက်ပါဘူး ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဦးခင်မောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေဘာတုံး (ရှင်းပါတယ် ဘုရား)၊ ဘယ်လိုများရှင်းကြတုံးဗျ၊ အငတ်ပျောက်မှသာလျှင် (နိဗ္ဗာန်ပါ ဘုရား)၊ ငတ်တာကဘယ်သူ့သတ္တိတုံး (တဏှာသတ္တိပါ ဘုရား)။

အေးဒါဖြင့် အငတ်ပျောက်ချင်လို့ရှိရင် လှေသမား မှာ လှေကြီးကြောင့် သူ့မှာထမင်းစားပြီး အငတ်ပျောက် ရတယ်နော် လှေက ရွက်ဆောင်ပေးလို့ မဟုတ်လားဗျာ (မှန်ပါ့)။

သူ့မှာ ထမင်းစားဖို့ ပြည့်စုံမသွားဘူးလား (ပြည့်စုံပါတယ် ဘုရား)။ ဒီမှာလည်း ဒကာ ဒကာမတို့၊ ကိုယ့်မှာလည်း ခန္ဓာကိုယ်လှေကြီးကို သတိပညာနဲ့သာကြည့် ပြီး သကာလ နေကြမယ် ဆိုရင်ဖြင့်၊ အငတ်တို့၏အဆုံးသတ် ရာဖြစ်တဲ့ “နိဗ္ဗာန်ကို ဒီလှေကပဲ ခန္ဓာလှေကြီးကပဲ ခင်ဗျား တို့ကို ရွက်ဆောင်ပေးလိမ့်မယ် (မှန်လှပါ)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ခန္ဓာကိုယ်လှေကြီးကပဲ ရွက်ဆောင်ပေးပါလိမ့်မယ် (မှန်ပါ့)၊ ဒါဖြင့် လှေသမားက လှေကို မျက်ခြည်မပြတ် မကြည့်ဘူးလား (ကြည့်ပါတယ် ဘုရား)။

ခန္ဓာကိုယ်ကို မျက်ခြည်မပြတ်ကြည့်ပေးပါ

ဒါဖြင့် ခင်ဗျားတို့က ခန္ဓာကို မျက်ခြည်မပြတ် ကြည့် ပေးပါတဲ့။ သတိပညာနဲ့နော်၊ မျက်ခြည် မပြတ် ကြည့်လိုက်တဲ့ အခါကျတော့၊ ဒီထဲမှာလောဘလေးပေါ်လာလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ လောဘပဲဖြစ်ပျက်ရှုချ (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။

သူ့ကိုစိုက်ကြည့်နေတာကိုးဗျ (မှန်ပါ့) ဒေါသ ကလေးပေါ်လာရင်ကော (ဒေါသကို ဖြစ်ပျက်ရှု ရမှာပါ ဘုရား) ဒေါသလေးကို ဖြစ်ပျက်ရှု။

မောဟလေးပေါ်လာရင် (မောဟလေးကို ဖြစ် ပျက်ရှုရမှာပါ ဘုရား) အင်း သိချင်တဲ့ စိတ်ကလေး ပေါ်လာရင် (သိချင်တဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အင်း နားထောင်ချင်တဲ့ စိတ်ကလေးပေါ်လာတယ် (နားထောင်ချင်တဲ့စိတ်ကို ဖြစ်ပျက်ရှု ရမှာပါ ဘုရား) အင်း ဒီနေရာလေးကပူတယ်ဆိုရင် ပူမှန်းသိတဲ့နေရာ ဘာလုပ်ရ မတုံး (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

အဲ ဖြစ်ပျက်ရှု၊ ပူတဲ့ တေဇောလေး ဖြစ်ပျက်ရှုကြ၊ ဒီ နေရာကတော့ အေးသွားတယ်ဆိုလို့ရှိရင် အေးတဲ့တေဇော လေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှု၊ ခန္ဓာကိုယ် ထဲတေဇော လေးကို ဟုတ်လား။

ဒီနေရာလေးက ဟိုနားရွေ့သွားတယ်ဆိုလို့ရှိရင် လုပ်နေတုန်းကို လှုပ်တဲ့ဝါယောလေးကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဟိုနေရာကျတော့ ငြိမ်သွားတယ်ဆိုတော့ ငြိမ်တာ လေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ကဲ ခန္ဓာကိုယ် လှေကြီးကို သတိပညာနဲ့ ထားကြည့် နေစမ်းပါ။ ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ခန္ဓာကိုယ် လှေကြီးကို ဘာနဲ့ ကြည့်မတုံး (သတိပညာနဲ့ ကြည့်ရမှာပါ ဘုရား) လှေသမား လှေကို စောင့်ရှောက်တာ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

သူ့ ထမင်းရှင်ဗျ (မှန်ပါ့) ဟင်းရှင်ဗျ၊ လှေက ထမင်းဟင်းတွေ သူကကျွေးနေတာ (မှန်ပါ့) သူကကျွေးလို့ လှေသမားမှာ ထမင်းဝတယ်ဆိုတာ ဒီလှေ သူမစောင့်ရှောက်ပေဘူးလား (စောင့်ရှောက် ပါတယ် ဘုရား)။

ဘယ်နည်းနဲ့မှ ဒီလှေကို ငုတ်နဲ့လည်း မထိရအောင်၊ အင်း သောင်နဲ့လည်း မတိုက်ရအောင်၊ အမျိုးမျိုး အဖုံဖုံ စောင့်ရှောက်မှုတွေ လုပ်လိမ့် ဦးမယ်ဆိုတဲ့ ဥစ္စာ၊ ဦးဘတင်တို့ ရည်ရွယ်ချက် အတိုင်းလဲ ပြည့်စုံအောင်တော့ သူစောင့်ရှောက်မှာပဲ (မှန်လှပါ ဘုရား)။

ကိုမြရွှေတို့ မစောင့်ရှောက်ပေဘူးလား (စောင့်ရှောက်ပါတယ် ဘုရား) ဘာဖြစ်လို့တုံးဗျ သူ့ထမင်း ကျွေးနေတာ ဒီလှေသာ ပျက်စီးသွားမယ်ဆို သူက အခစား ဆိုတော့ မငတ်ပေဘူးလားဗျာ (ငတ်ပါတယ် ဘုရား)။

အဲ့တော့ ငတ်မှာကြောက်လို့ သူသည်ကားလို့ဆိုရင်၊ သတိပညာနဲ့ ဒီလှေကို စောင့်ရှောက်သလို၊ ခင်ဗျား တို့ လည်း တစ်ခါတည်း ဝသွားလောက်အောင်၊ မငတ် ရအောင်၊ ဒီခန္ဓာကိုယ်ကြီးကိုသာလျှင် ပေါ်လာတဲ့ ဓမ္မ ရုပ်ပေါ် ရုပ်ရှုပေါ့ဗျာ။

နာမ်ပေါ်ရင် (နာမ်ရှုမှာပါ ဘုရား) နာမ်ရှု၊ ဝေဒနာပေါ်ရင် (ဝေဒနာရှုမှာပါ ဘုရား) စိတ်ပေါ် လာရင် (စိတ်ရှုပါ ဘုရား)။

အင်း ဒုက္ခ သစ္စာလေးပေါ်လာရင် (ဒုက္ခသစ္စာ ရှုပါ ဘုရား)။ ရှုစရာ နေရာ ဒကာ ဒကာမတွေ၊ သတိ ပညာ နဲ့သာ ဒီခန္ဓာကြည့်နေမယ်ဆိုလို့ ရှိရင်ဖြင့် ပေါ်လာတာ ရှုစရာချည့်မှတ် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပေါ်လာတာ ရှုစရာ ချည့်ပါ ဘုရား) ပေါ်လာတာ ရှုစရာချည့် အသေအချာမှတ်ပါ ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (ပေါ်လာတာ ရှုစရာချည့်ပါ ဘုရား)။

ဒါဖြင့် မပေါ်ဘဲနဲ့ နေလို့ ရှိရင်တော့ သေမှာပဲ ခင်ဗျားတို့ (မှန်လှပါ) ဦးဝင်း (မှန်ပါ့) မပေါ်ဘဲ နဲ့ နေရင် (သေမှာပါ ဘုရား)။

တစ်ခုခုတော့ ပေါ်နေရမယ် (မှန်ပါ့) မပေါ်ရ ပေဘူးလား (ပေါ် ရမှာပါ ဘုရား)။ ကဲဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ အင်း ဘယ်တရား ရှုရပါ့မတုံး ဘုရားဆိုတော့ ခုလို ရှင်နာဂသိန်က ဖြေလိုက် တယ်၊ လှေစောင့်ရှောက်သလို စောင့်ရှောက်နေလို့ ရှိရင် ကွာတဲ့ ဒီထဲက ဘာပေါ်လာတယ်၊ ဘာပေါ်လာတယ်၊ ဘာပျောက်သွားတယ်၊ ဘာပေါ်လာတယ်၊ ဘာပျောက် သွားတယ်။

အဲဒါ မြိုင်မြိုင်ဆိုင်ဆိုင်လေး ပေါ်တိုင်းကြည့်နေမယ် ဆိုလို့ရှိရင်ဖြင့် တဲ့၊ မင်းတို့ ဒုက္ခအဆုံး ရောက်ပါလိမ့်မယ် (မှန်ပါ့)။

ရှေးက-ဒုက္ခတွေ မဟောပေဘူးလား (ဟောပါ တယ် ဘုရား) ဟောတော့ ခင်ဗျားတို့သည် ကားလို့ ရှိရင်ဖြင့် တဲ့၊ ဒီလှေကြီးကပဲ အငတ်ပြဿနာကို ကာကွယ်ပေးတဲ့ သဘောသို့ ရောက်သလို ပေါ့ဗျာ (မှန်လှပါ)။

ခန္ဓာကိုယ်ကြီးကလည်း ခင်ဗျားတို့ တဏှာဆာ လောင်မှု အငတ်ပြဿနာကို ပျောက်အောင် တော့ဖြင့်တဲ့ သတိပညာက လုပ်မပေးပေဘူးလား (လုပ်ပေးပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဟုတ်အလုပ်သမားနဲ့ ယောဂီပုဂ္ဂိုလ်နဲ့ တူရမယ် (မှန်လှပါ ဘုရား)။

အထည်ဝတ္ထုနဲ့ ကြည့်စရာ ဝတ္ထုပစ္စည်းနဲ့ တူရမယ် (မှန်ပါ့) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သဘောပေါက်ပလား (ပေါက်ပါတယ် ဘုရား) ဒါဖြင့် အိမ်ကျတော့ ထိုင်ထိုင်၊ ဘယ်နေရာပဲ ထိုင်ထိုင်၊ ခန္ဓာကိုယ် ဘယ်ဟာများ ဝိပဿနာ ရှုရပါ့မတုံးလို့ ဘုန်းကြီးကို လာလျှောက်ဖို့မလိုတော့ဘူး (မှန်ပါ့)။

ခန္ဓာကိုယ်ကြည့်ပြီးပေါ်ရာကို ရှုပါ

ဒကာ ဒကာမတို့ ခန္ဓာကိုယ်သာကြည့်နေနော်၊ ပေါ်ရာရှုလိုက်တော့ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ် (ပေါ်ရာသာ ရှုရမှာပါ ဘုရား)။

ခန္ဓာကိုယ်တော့ကြည့်နေပေါ့ဗျာ (မှန်ပါ့) ပေါ်ရာရှုလိုက်တဲ့အခါကျတော့၊ စားချင်တဲ့ စိတ်ကလေး ပေါ် လာတယ်၊ အင်း ဒီစိတ်ကလေးဟာ ခုပေါ် ခုမှပေါ်ပြီး လာတာ၊ အခု ပျက်သွားတာ ပဲလို့ ရှုရုံပဲရှိတယ် (မှန်လှပါ)

အိပ်ချင်တဲ့စိတ်ကလေးပေါ်လာရင် (ခုပေါ်ပြီး ခုပျက် ပါတယ် ဘုရား) အခုပေါ်တဲ့တရားလေး အခုပျက်သွားတာ ပဲဆိုတော့ ဦးခင်မောင်မသေချာလား (သေချာပါတယ် ဘုရား)။

အင်း ဒီထဲကနေပြီးသကာလ၊ အင်းချွေးသုတ်ချင်တဲ့ စိတ်ကလေးပေါ်လာရင်ကော ဘယ့်နှယ် လုပ်ကြမတုံး (ခုပေါ် ခုပျက်ပါတယ် ဘုရား) ချွေးသုတ်ချင်တဲ့ စိတ်ကလေး ကိုပဲ ရှုပေးရုံပဲ (မှန်လှပါ)။

ကိုယ့်ဝမ်းထဲမှာ ပေါ်တာလေးတွေ ဟုတ်လား၊ အယားဖျောက်ချင်တဲ့ စိတ်ကလေး ပေါ်လာရင်ကော၊ အယား ဖျောက်ချင်တဲ့စိတ်ကလေးပဲ၊ အဲ ဖြစ်ပျက်ရှုရုံပဲဆိုတော့။

သူ့ကို ခန္ဓာကိုယ်ကြီးကိုသာ သတိပညာနဲ့ကြည့်ပြီး သကာလနေကြမယ်ဆိုရင်ဖြင့်၊ ခန္ဓာကိုယ်ကြီးက ကျုပ်ဟာ တခြားအောက်မေ့မနေပါနဲ့၊ ကျုပ်ဟာ ဒုက္ခသစ္စာကြီးပဲလို့ ခဏ ခဏ ပြောမယ် (မှန်ပါ့)။

ဘယ်လိုပြောမယ်ထင်တုံး (ဒုက္ခသစ္စာကြီးလို့ ခဏ ခဏပြောမှာပါ ဘုရား) ဒုက္ခသစ္စာကြီးပဲလို့ ခဏ ခဏ ပြောလိမ့်မယ်ဆိုတာ ယုံကြည်ကြပလား (ယုံကြည်ပါ တယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်သည် ဘယ်အချိန်ဘာပြောမယ် ထင်ကြတုံး (အချိန်တိုင်း ဒုက္ခသစ္စာပါ ဘုရား) အချိန်တိုင်း ဒုက္ခသစ္စာ ပြောလိမ့်မယ် ဆိုတာ မှားစရာ ရှိသေးသလား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဤအကြောင်းတွေကို ဘယ်သူကပြောပါလိမ့်မလဲ (ခန္ဓာက ပြောပါတယ် ဘုရား) ခန္ဓာကြီးက ပြောမယ်ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အချိန်ပြောမှာလဲ (အချိန်တိုင်းပြောမှာပါ ဘုရား) အဲ့ဒါ မပြောချင်အောင်သာ ဒကာ ဒကာမတွေက မနေပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့)။

ဘယ်လို သတိပေးပါလိမ့် (မပြောချင် အောင်သာ မနေရပါ ဘုရား) အဲတော့ မပြောချင်ယောင် ဆောင်နေလို့ရှိရင်ဖြင့် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ ခန္ဓာကိုယ် ကြီးက ကျုပ်ဟာ ခဏပေါ်ပြီး ခဏပျက်နေပါတယ်။

စိတ်ကပေါ်လည်း ကျုပ်ဟာဖြစ်ပျက်ပါပဲ။ ရုပ်ကပေါ်လာရင်ကော (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်ပါပဲ ဖဿကပေါ်လာရင်ကော (ဖြစ်ပျက်ပါ ဘုရား)။

ကျုပ်ဟာဖြစ်ပျက်ပါပဲ

ဝေဒနာလေးတွေက ဘယ်ဝေဒနာပေါ်ပေါ်ပြီးတော့ ဘယ်လို အစီရင်ခံသွားတုံး (ဖြစ်ပျက်ပါ ဘုရား) ကျပ် အနိစ္စပါပဲ၊ ဖြစ်ပျက်ပါပဲ၊ တာဝန်ခံမသွားဘူးလား (ခံပါတယ် ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။

အင်း ဘယ်စိတ်လာလာ ဒကာ ဒကာမတို့၊ သူတို့က ဘယ်လိုတာဝန်ခံသွားတုံး (ဖြစ်ပျက်ပါ ဘုရား) အဲ့ဒါကို သတိပညာလေးနဲ့ ကြည့်နေလို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့ ဒုက္ခဆုံးပါလိမ့်မယ် (မှန်ပါ့)။

ဘာဖြစ်လို့ ဒုက္ခဆုံးပါလိမ့်မယ်လို့ ရှင်နာဂသိန်က ပြောရသတုံးဆိုတော့၊ အို ဒုက္ခမမြင်သေးလို့ ဒုက္ခမသိမ်းနိုင် ကြတာ ရှင်းပလား (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ဒုက္ခမမြင်သေးလို့ ဒုက္ခမသိမ်း နိုင်သေးတာပါ ဘုရား) ဒုက္ခသိမ်းမှာပဲဆိုတာ သဘောကျ ပလား (မှန်ပါ့)။

အခစား လှေသမားလိုသာကြည့်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ၊ ရှင်နာဂသိန်က အခစား လိုသာကြည့်ပါ၊ အခစား လှေစောင့်ရှောက် သလို ဟုတ်လား (မှန်ပါ့)။

ကျုပ်တို့ ယောဂီပုဂ္ဂိုလ်ကလည်း၊ ခန္ဓာကိုယ် သတိပညာနဲ့သာ စောင့်ရှောက်ပြီးသကာလ နေမယ်ဆိုလို့ ရှိရင်ဖြင့်၊ သူကဖြင့် အနိစ္စလက္ခဏာ ဒုက္ခသစ္စာ ဒါတွေချည့် ဟောနေမှာပဲ။

ဘာတွေဟောနေမယ်ထင်တုံး (အနိစ္စ လက္ခ ဏာ ဒုက္ခသစ္စာ) ဒါမှတစ်ပါး သူဟောစရာများ ရှိသေးသလား (မရှိသေးပါဘူး ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေက မယုံလို့ ရှိရင် ခင်ဗျားတို့ ရထားတဲ့ ပါဠိတော်သာ ကြည့်လိုက်၊

“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ”

ဆိုတာ ဒီခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဆိုနေတာ။ သူများ ဆိုတာ ဟုတ်သေးရဲ့ လား (မဟုတ်သေးပါဘူး ဘုရား)။

ကျုပ်ဟာဒုက္ခသစ္စာပါပဲ

အဲတော့ သူကဘာပြောရမလဲ၊ ခန္ဓာကိုယ်ကြီးက ဘာပြောမလဲလို့ဆိုတာသာ၊ ခင်ဗျားတို့က စောင့်ကြည့် နေလို့ ရှိရင်ဖြင့်၊ ကျုပ်ဟာ ဒုက္ခသစ္စာပါပဲဆိုတဲ့ အပြောပဲ သူပြောမယ် (မှန်ပါ့)။

ဒီပြင် ဘာများ ပြောမယ်ထင်တုံး (မပြောပါဘူး ဘုရား)၊ ဒကာ ဒကာမတွေ ခန္ဓာကိုယ်က ဘာများပြောလိမ့် မယ်ထင်တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပဲလို့ မပြောပေဘူးလား (ပြောပါ တယ် ဘုရား) အင်း – သူက ဒုက္ခသစ္စာပဲလို့ ပြောတော့၊ ကျုပ်တို့က ဟုတ်ပါပေတယ်လို့ ခေါင်းညိတ် ရုံလေးများ ပျင်းဖို့ မလိုပါဘူး (မလိုပါဘူး ဘုရား)။

လိုသေးသလား (မလိုပါဘူး ဘုရား)- သူက ဘယ်လိုပြောတုံး (ဒုက္ခသစ္စာလို့ ပြောပါတယ် ဘုရား) ဒုက္ခသစ္စာပဲလို့ ပြောတော့ ကျုပ်တို့ က ဟုတ်ပါပေရဲ့ လိုက်ရုံပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ သူက ဒုက္ခသစ္စာပဲ၊ ကျုပ်တို့က သူကဖြစ်ပြီး ပျက်တဲ့ဥစ္စာ၊ ကျုပ်ဖြင့် ဖြစ်ပြီး ပျက်ပါပြီ။ ကျုပ်ဖြင့် မွေးပြီးသေပါပြီ၊ ကျုပ်ဖြင့် ခဏဆို ခဏဖြစ်ပြီး ခဏ ပျက်ပါတယ်လို့၊ ခန္ဓာကိုယ်ကြီးကတော့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီလိုဆို ပြောတဲ့အခါကျတော့၊ ကျုပ်တို့ က သြော် ခဏဖြစ် ခဏပျက်တာ တခြားလား အောက်မေ့ နေတယ်၊ မိမိလို့ ထင်မှတ်မှားနေတာ ကြီးပါလား (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

မိမိလို့ ထင်မှတ်မှားနေတာပါ လားဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား) မိမိဖြစ်ခဲ့သော် ခဏဖြစ် ခဏပျက် ရလာပါ့မလား (မလာပါဘူး ဘုရား)။

မိမိသဘောအတိုင်းမနေကြရ

မိမိဖြစ်ခဲ့သော် မိမိသဘောအတိုင်း (မှန်ပါ့) မနေပေဘူးလား (နေပါတယ် ဘုရား) အခုတော့ မိမိသဘောအတိုင်း နေကြရဲ့လား (မနေပါဘူး ဘုရား)။

မနေတော့ ဒီဥစ္စာသည်၊ မိမိသဘောနဲ့ နည်းနည်းမှ နှီးနှောလို့ မရတဲ့၊ သူ့ ဒုက္ခနဲ့သူ နေတဲ့သဘော၊ ဒုက္ခသစ္စာ သဘောဟာ သူတစ်ပါး မငဲ့ဘူး (မှန်ပါ့) ငဲ့သေးရဲ့လား (မငဲ့ပါဘူး ဘုရား)။

ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲ အမှန်က ဘယ်သူ့ သန္တာန်မှာရောက်ရောက်၊ ဆင်းရဲ အမှန်ပဲ ပြမယ် ရှင်းပလား (မှန်ပါ့)။

ဆင်းရဲအမှန်သည် ဘယ်သူ့ သန္တာန် ရောက်ရောက် ဘာပြမယ် ထင်တုံး (ဆင်းရဲ အမှန်ပါ ဘုရား) ဆင်းရဲ အမှန်ပဲပြမယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဆန်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အဲတော့ ခင်ဗျားတို့ အသာလေး စောင့်ကြည့်နေ၊ ထိုင်ပြီး စောင့်ကြည်နေ၊ စောင့်ကြည့်နေလို့ ရှိရင်ဖြင့်၊ ဖျတ်ဆိုတစ်ခုခု ပေါ်လာမှာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဝိပဿနာထိုင်နည်းပေးနေတာ

မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား) အသေအချာ စဉ်စားမိကြရဲ့လား ဒါ, ဝိပဿနာ ထိုင်နည်းကို နည်းပေးနေတာ၊ ခင်ဗျားတို့ ထိုင်တဲ့ အခါကျလို့ ရှိရင်၊ ခန္ဓာထဲက အမျိုးမျိုးသော နည်းမှာလည်း ပြောစရာတွေ ရှိငြားသော်လည်း၊ ပထမတစ်ချက် မိလိုက်မှ နောက် ဟာတွေမိမှာနော် (မှန်ပါ့)။

ပထမတစ်ချက် မမိလိုက်ရင် (နောက်ဟာတွေ မမိပါဘူး ဘုရား)။ အဲတော့ ပထမတစ်ချက် သည်ကားလို့ – ဆိုရင်ဖြင့်၊ ခင်ဗျားတို့ ထိုင်ပြီး သကာလဖျတ်ဆို စိတ်ကူး လေး တစ်ခု အရင်ဆုံး ပေါက်လာတယ်။

ဘာရှုရပါ့မလဲဆိုတဲ့ စိတ်ကူးတော့ မလာပေဘူးလား (လာပါတယ် ဘုရား) အဲတော့ ဘာရှုရမလဲလို့ ဆိုတဲ့ စိတ်ကူးလေးဟာလဲ အရင်က ရှိတာလား၊ ခုမှပေါ် လာတာလား (အခုမှ ပေါ်လာတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာရှုရပါ့မလဲဆိုရင်

ဘာရှုရပါ့မလဲဆိုတဲ့ စိတ်ကူးကလေး မလာဘူးလား (လာပါတယ် ဘုရား) အဲဒီ စိတ်ကူးကလေးဟာ အရင်ကရှိသလား၊ အခုမှပေါ်လာတာလား (အခုမှ ပေါ်လာတာပါ ဘုရား)။

ဒါခန္ဓာကိုယ်ထဲက ပြလာတာဗျ (မှန်လှပါ ဘုရား) အင်း ဘာရှုရပါ့မလဲ၊ ထိုင်တော့ထိုင်ပြီး ဘုန်းကြီးက လည်း စောင့်ထိုင်၊ ထိုင်နေပါဆိုလို့ ခန္ဓာကိုယ်ကြီး စောင့် ကြည့် နေရမယ်ဆိုလို့ စောင့်ကြည့်နေ တာပဲ။

ဘာရှုရပါ့မလဲ ဆိုတာလေးတော့ မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒါကို ခင်ဗျားတို့က ရှုပစ်လိုက် (မှန်လှပါ ဘုရား)။

ဘာရှုရပါမလဲဆိုတဲ့ စိတ်ကလေးဟာ၊ နောက်ကနေ ကြည့်လိုက်၊ ဘာရှုရပါ့မလဲ ဆိုတဲ့ စိတ်ကလေးဟာ ခုတော့ ဖြင့်ပေါ်တော့ပေါ်လာပြီ ရှိမရှိပြန်တွေးစမ်း (မရှိပါဘူး ဘုရား)။

ဝိပဿနာအရှုခံလာတာ

မရှိလို့ရှိရင် သူကဝိပဿနာ အရှုခံလာတာလို့ မှတ် ပေတော့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ဝိပဿနာ အရှုခံလာတာပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်သုံး သပ်တာသူပဲမဟုတ်လား (မှန်ပါ့) ခန္ဓာကိုယ် သတိပညာနဲ့ သုံးသပ် နေတယ်၊ သူ ဝိညာဏက္ခန္ဓာသုံးသပ်ချလိုက်တယ် (မှန်ပါ့)။

ဘာသုံးသပ်ချလိုက်တုံး (ဝိညာဏက္ခန္ဓာ သုံးသပ်ချလိုက်ပါတယ် ဘုရား)။

ဝိညာဏက္ခန္ဓာဆိုတော့၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ သုံးသပ်ပြီးသကာလ ချလိုက်တာ ဆိုတာကာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ ဒါဖြင့်သူ့ပဲရှုနေပေါ့ဗျ (မှန်ပါ့) ဒို့ဘယ်ဟာ ဘာရှုရပါ့မလဲ၊ စိတ်ကလေးဟာ ခုမှပေါ်လာတယ်၊ ခုပျက်သွားပြီလို့ နောက်ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ သူ ရှိသေးရဲလား (မရှိတော့ပါဘူး ဘုရား)။

မရှိတော့ဘူးနော် မရှိတော့ ရှုတဲ့ဉာဏ်ကလေးနဲ့ကျုပ် တို့နေရစ်တယ်လို့ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။

အဲ ရှုတဲ့ဉာဏ်ကလေးဟာလဲ၊ သူ့အသက်တန်းကို ဘုန်းကြီးက သတိပေးထားလိုက်တယ်၊ သူ့သက်တန်းဟာ ဒကာ ဒကာမတို့ တစ်နဲ့နှစ်ပဲလို့ သတိပေးလိုက်တယ်။

တစ်နဲ့နှစ်ပဲလို့ သတိပေးလိုက်တော့၊ ဒီဉာဏ်လေး ဟာကော ဒကာ ဒကာမတို့ သူလဲရှုပြီးပျက်သွားတယ် (မှန်ပါ့)။

အင်းပျက်သွားတော့ ဒီဉာဏ်ကလေး ဘယ်ရောက် ရောက်သွားပါလိမ့်မတုံး (ဖြစ်ပျက်ပါ ဘုရား)။

ဖြစ်ပျက်ပြီးသကာလ ကျုပ်ဒုက္ခရောက်သွားပြီလို့ မပြောဘူးလား (ပြောပါတယ် ဘုရား) အဲ အဲဒီလိုပြော သွားတဲ့အခါကျတော့၊ ဪ ပထမရှေးဦးစွာ တစ်နံပါတ်က ဘာရှုရပါ့မလဲဆိုတဲ့စိတ်ကို နောက်ဉာဏ်ကရှု။

ဒီဉာဏ်လေးသည် ကားလို့ဆိုလို့ရှိရင်၊ ရှုပြီးသည့်အ ခြားမဲ့၌ရှိမရှိတစ်ခါပြန်တွေး (မှန်ပါ့)။

နှစ်နံပါတ်ရှုတဲ့ဉာဏ်ဟာ၊ ခုနကတစ်နံပါတ်က ဘာရှု ရပါ့မလဲဆိုတဲ့စိတ်ကတော့ ဝိပဿနာ အရှုခံလာတာ၊ သဘောကျပလား (မှန်ပါ့)။

နောက်ကျတော့ အရှုဉာဏ်လေးနဲ့ ရှုလိုက်တဲ့အခါ ကျတော့ကို၊ ရှုဉာဏ်လေးနဲ့ပဲကျုပ်တို့ မနေရဘူးလား (နေရပါတယ် ဘုရား)။

အဲဒီအရှုဉာဏ်လေးနဲ့ ဟာလည်း၊ အင်း-ရှိသေး သလား မရှိသေးသလားဆိုပြီး၊ နောက်ဉာဏ်နဲ့ ဒုတိယ ဉာဏ်နဲ့ ပြန်တွေးစမ်း၊ တစ်နံပါတ်ဉာဏ်ကို နှစ်နံပါတ်နဲ့ ပြန်တွေးစမ်း (မရှိပါဘူး ဘုရား)။

မရှိတော့ ဒကာ ဒကာမတို့ အရင်ဉာဏ်လည်း အနိစ္စ ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

နောက်ဆုတ်၊ နောက်ဆုတ်သွားရမယ်

အေး အရင်ဉာဏ်လည်း အနိစ္စပဲလို့ဆိုတော့ နောက် ဉာဏ်ကလေး ကျန်မနေရစ်ပေဘူးလား (ကျန်ရစ်ပါတယ် ဘုရား)။

အဲ အဲဒီလို နောက်ဆုတ် နောက်ဆုတ် ရှုသွားမယ်ဆို လို့ရှိရင် ဒကာ ဒကာမတို့ ဝိပဿနာ အစဉ်ပြတ်သေးရဲ့ လား (မပြတ်ပါဘူး ဘုရား)။

ပြတ်စရာကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဘာမှမရှိဘူးဗျ၊ ရှုစရာမရှိတော့ဘူး၊ ဒီလိုတော့ မယူလိုက်နဲ့၊ ဘာမှ မရှိတော့ဘူးဆိုတဲ့စိတ်ကို၊ ရှုစရာမရှိ မရှာတတ်တဲ့စိတ် ကိုပဲပြန်ရှုလိုက်၊ ရိပ်မိပလား (မှန်လှပါ)။

ရှုစရာ ရှာလို့ကို မတွေ့ဘူးဆိုတာ ဘယ်သူနဲ့ရှာတာ တုံး၊ စိတ်နဲ့ရှာတာမို့လား (စိတ်နဲ့ ရှာတာပါ ဘုရား) အဲဒီ စိတ်ကလေးကို အင်းဒီစိတ်ကလေးလဲ ခိုင်သလား၊ မြဲသလား လို့ ဒကာ ဒကာမ တွေက နောက်ကနေပြန်ကြည့်စမ်း (မမြဲပါဘူး ဘုရား) မြဲသေးရဲ့ လား (မမြဲပါဘူး ဘုရား)။

ရှုစရာမရှိဘူးဆိုတဲ့စိတ်

ဒါဖြင့် ရှုစရာ မရှိဘူးဆိုတဲ့စိတ်ဟာ အနိစ္စပဲ။ သူ့ရှာ တဲ့ဥစ္စာက မဂ္ဂဖြစ်တဲ့ဉာဏ်ပဲ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် မျက်စိလည်လေ ဆန်ရလေဖြစ်တယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြ (မျက်စိလည်လေ ဆန်ရလေ ပါ ဘုရား)။

ဒကာ ဒကာမတွေ ဘာတဲ့တုံး (မျက်စိ လည်လေ ဆန်ရလေပါ ဘုရား) ခင်ဗျားတို့က မျက်စိလည်း မလည်ဘူး၊ မျက်စိကို စုံပိတ်ထားတယ် ထင်တယ် ကျုပ်ကတော့ (မှန်ပါ့)။

မျက်စိလည်း မလည်ပဲ ဖြစ်နေတယ်။ မျက်စိလည် လို့ရှိရင်လည်း ဦးခင်မောင် ဒီနည်းအကောင်းသား (မှန်ပါ့) ဦးဝင်း (မှန်ပါ့) ဒီလိုကော မျက်စိလည်သေးရဲ့ လား (မလည်ပါဘူး ဘုရား)။

မလည်ဘူး သက်သက်ကို ရှာမတွေ့ဘူး၊ စောင့်နေ တာ အကြာကြီးရှာကိုမတွေ့ဘူး၊ ခွကျနေတာကိုးဗျ။

အဲတော့ ဆရာဘုန်းကြီးက ခု သင်တာကော သဘောကျပလား (ကျပါတယ် ဘုရား) စောင့်နေတဲ့ စိတ်ကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

စောင့်နေတဲ့စိတ်သည်ကားလို့ဆိုရင်၊ သူ အင်း-စောင့် နေတဲ့ စိတ်က ဘာတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သတိရင်လည်း ဖြစ်မှပဲ (မှန်လှပါ)။ သမာဓိရင် ကော (ဖြစ်မှပါ ဘုရား)။

အင်း ဒါတွေက သူ့အသက်တမ်း မေးလိုက် တော့ ဘယ်လောက်အသက်ရှည်တုံး (တစ်နှစ်ပါ ဘုရား)

စောင့်နေတဲ့စိတ်

အဲ တစ်နှစ်ဆိုပြီးသကာလ စောင့်နေတဲ့ စိတ်ရှိမရှိ နောက်ကနေ ပြန်တွေးစမ်း ရှိသေးရဲ့လား (မရှိတော့ ပါဘူး ဘုရား)။

မရှိတော့ စောင့်နေတဲ့စိတ်က အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား) မဂ္ဂသွားသွား မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီ မဂ်ကလေးကို တစ်ခါပြန်တွေးစမ်း၊ ရှုနေတဲ့ စိတ်ကလေးကော သူရှုနိုင်တာပဲလား၊ သူမှာကော အပျက်က သူရှိသေးသလား ပြန်တွေးစမ်း (မရှိပါဘူး ဘုရား)။

မရှိလို့ရှိရင်ဖြင့် နှစ်နံပါတ်ဉာဏ်သည်ကားလို့ဆိုရင် အပျက်ပဲ နောက်တွေးချင်တဲ့ သဘောလေးက (မဂ္ဂ ပါ ဘုရား) မဂ္ဂမဖြစ်ဘူးလား (ဖြစ်ပါတယ်ဘရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒီ နောက်ဆုတ်၊ နောက်ဆုတ်၊ နောက်ဆုတ်နဲ့သာ ခန္ဓာကိုယ်ကြီး လှည့်ပတ် သုံးသပ်သွားလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ကြီးက ပြောလာတယ် ဒကာဒကာမတို့ရဲ့။

ကျုပ် တစ်ကိုယ်လုံးမှာ ခင်ဗျား ကြည့်ချင်တာသာ ကြည့်ပါတော့၊ ခင်ဗျားဉာဏ်ထဲ ထင်လာတာဟူသ၍ ပေါ်လာတာဟူသ၍ ဖြင့် အင်း ဒုက္ခချည့်ပဲ၊ သစ္စာချည့်ပဲ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

ဘယ်သူကပြောတုံး (ခန္ဓာကိုယ်က ပြောပါ တယ် ဘုရား)။ ခန္ဓာကိုယ်က ပြောတယ် သဘောကျပလား။

ခန္ဓာကိုယ်က ပြောတော့ ခုနက စောင့်ကြည့်နေတဲ့ အခစား ပုဂ္ဂိုလ်က၊ စောင့်ကြည့်နေတဲ့ လှေသမားနဲ့တူတဲ့ အခစား ယောဂီပုဂ္ဂိုလ်က ဦးဘတင်တို့ သော် လူလား၊ ယောက်ျားလား၊ မိန်းမလား မှတ်တယ်၊ စောင့်ကြည့်တော့မှ အကုန်ဒုက္ခတွေ တွေ့ရတယ် (မှန်လှပါ)။

စောင့်ကြည့် တော့ ဘာတွေ တွေ့ရတုံး (ဒုက္ခတွေ တွေ့ရပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘာတွေ့ကြမတုံး (ဒုက္ခတွေ တွေ့ပါတယ် ဘုရား)။

စောင့်ကြည့်တော့ ဒုက္ခတွေ တွေ့ရတယ်လို့ဆိုတော့ ဟာ ပြန်စောင့်ပါဦးမယ်ဆိုတော့လည်း ဘာတွေပဲ တွေ့မတုံး (ဒုက္ခတွေပဲ တွေ့ပါတယ် ဘုရား)။

စောင့်ကြည့်တုန်းက ယထာဘူတဉာဏ်

နောက်တစ်ခါ ပြန်စောင့်ကြည့် နေပြန်တော့ ကော (ဒုက္ခတွေပဲ တွေ့ပါတယ် ဘုရား)။ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် စောင့်ချင်တိုင်းစောင့် ဘာတွေချည့် တွေ့နေ (ဒုက္ခတွေချည့် တွေ့နေပါတယ် ဘုရား)။ ဒုက္ခတွေ ချည့်တွေ့နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီဒုက္ခနဲ့ မနေ ချင်တော့ဘူးဆိုပြီးတော့ တစ်ခါတည်း မုန်းလာတာ (မှန်ပါ့)။

နိဗ္ဗိန္ဒဉာဏ်တက်လာတာ (မှန်ပါ့) စောင့်ကြည့် တုန်းက ယထာဘူတဉာဏ်၊ စောင့်ဖန်များလာတော့ နိဗ္ဗိန္ဒ ဉာဏ် ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

စောင့်ဖန်များလာတော့ နိဗ္ဗိန္ဒဉာဏ်

စောင့်ဖန်များလာတော့ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) ကောင်းပြီ ဒါဖြင့် နိဗ္ဗိန္ဒဉာဏ်ဆိုတာ ဒီစောင့်နေရတာ ကြည့် နေရတာ စောင့်ဖန်များလာတော့ ဘာမှမတွေ့ဘူး၊ ဒါတွေ ချည့်ပဲ တွေ့နေတယ်ဆိုတဲ့ နိဗ္ဗိန္ဒဉာဏ်နဲ့ပဲ နေပြီးသကာလ ,

ဟာ ခွဲမှမရသေးတဲ့ အတူတူပဲ၊ စောင့်သာကြည့် နေဦး၊ မုန်းရက်နဲ့ပဲ၊ ငြီးငွေ့ ရက်နဲ့ပဲ ဒကာ ဒကာမတွေ ဆက် လက်ပြီး ကြည့်ပါဦးလို့ ဘုန်းကြီးကပဲ သင်ပေးလိုက်ပြန် တယ် (မှန်လှပါ)။

သင်ပေးလိုက်တော့ကို ရွံစရာနဲ့ မုန်းစရာ ဒုက္ခသစ္စာ ကြီးတွေ့နေမှာပဲ၊ ဘာတွေ့ကြမယ် (ရွံစရာနဲ့ မုန်းစရာ ဒုက္ခသစ္စာကြီးပါ ဘုရား)။

ရွံစရာ မုန်းစရာ ဒုက္ခသစ္စာကြီး

ရွံစရာ၊ မုန်းစရာ ဒုက္ခသစ္စာကြီး၊ ဒကာ ဒကာမတွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရွံစရာ၊ မုန်းစရာ တွေ့တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဘုန်းကြီးတို့ က ဘယ်ဉာဏ်တက်လိုက်လို့ မဟောတော့ဘူး၊ ဦးခင်မောင် တို့ ဘယ်ဉာဏ်တက်လိုက်လို့ မဟောတော့ပါဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ဘယ်ဉာဏ်တက်လိုက်လို့ ခင်ဗျားတို့က ခင်ဗျားတို့ တက်ကြည့်စမ်းပါ၊ ရွံစရာ၊ မုန်းစရာကြီးကို ခင်ဗျားတို့ ဒါနဲ့ နေချင်သေးသလား၊ မနေချင်တော့ဘူးလား (မနေချင် တော့ပါဘူး ဘုရား)။

သူ့ဟာသူ ဉာဏ်ပြောင်းသွားတယ်

မနေချင်တာလာလိမ့်မယ် (မှန်ပါ့) ရွံစရာ၊ မုန်းစရာသာ ခင်ဗျားတို့ ဒုက္ခတွေချည့် တွေ့နေလို့ ရွံစရာ မုန်းစရာသာတွေ့နေတဲ့ ပုဂ္ဂိုလ်ဟာ သူ့ဟာသူ ဉာဏ်ပြောင်း သွားတယ်။

ဘယ်လိုများ ပြောင်းသွားတုံး (မနေချင်တော့)။

မနေချင်တော့ဘူးဆိုတော့ ဖျတ်ဆို မနေချင်တာ သည် ဒီခန္ဓာကြီး မခင်တာပဲ (မှန်ပါ့) မနေချင်တာ ဘာပါလိမ့် (ဒီခန္ဓာကြီးမခင်တာပါ ဘုရား)။

မဂ်ပေါ်လာတယ်

မခင်တာဟာ ဒကာ ဒကာမတို့ မဂ်လို့ မှတ်လိုက် (မှန်ပါ့) မခင်တာ ဘာပါလိမ့် (မဂ်)။

ဒါဖြင့် မခင်တာ မဂ်လို့ ဆိုလို့ရှိရင်ဖြင့် ခုနက ကျပ် တို့ စောင့်ကြည့်နေတဲ့ ဒုက္ခတွေ ဟူသ၍ဟာ မဂ်ပေါ်တဲ့ အချိန်မှာ တစ်ခုမှ မရှိတော့ဘူး။

ခန္ဓာပါ ပျောက်ထွက်သွားတယ် (မှန်ပါ့)၊ အရိုး ရော၊ အသားရော၊ သွေးရော ဘာမှ မကျန်ရစ်တော့ဘူး၊စိတ်လဲပျောက် ရုပ်လဲပျောက်မှာပဲ။

ခန္ဓာပျောက်ထွက်သွားတယ်

ဘာကျန်ရစ်သတုံးလို့ မေးတဲ့အခါ ကျတော့မှ မခင်တဲ့ မဂ်တစ်လုံးပဲ ကျန်နေတယ် (မှန်ပါ့)- ခန္ဓာက ပျောက်ထွက်သွားတယ်။ သဘောကျပလား (မှန်ပါ့)။

ဘာတွေ ပျောက်ထွက်သွားတာတုံး (ခန္ဓာကပျောက် ထွက်သွားတယ် ဘုရား) ဘာကျန် နေရစ်သတုံး (မဂ်ကျန်ရစ်ပါတယ် ဘုရား) မခင်တဲ့မဂ်ကျန်နေတယ်။

ဒါဖြင့် မခင်တဲ့ မဂ်ဟာ သူမှီရာမရှိရင် မနေနိုင်ဘူး၊ အရင်တုန်းက မုန်းတဲ့ ဉာဏ်တုန်းကလည်း မုန်းစရာနဲ့ မုန်းတာနဲ့ နေတာကိုးဗျ (မှန်ပါ့) ဟုတ်ဘူးလား။

အရင်က နေရတာ ဘယ်လိုနေရတုံး (မုန်းစရာနဲ့ နေရတာပါ ဘုရား) အရင်ဆုံး တစ်နံပါတ် နေခဲ့တာက ဒုက္ခနဲ့ မဂ္ဂနေခဲ့တယ် (မှန်ပါ့)။

နောက် နှစ်နံပါတ်ကတော့ မုန်းစရာနဲ့ မုန်းဉာဏ် နေခဲ့တယ် (မှန်ပါ့) အင်း နောက်ကျ တော့ကိုး၊ မလို ချင်တဲ့ ဉာဏ်ဟာ ဘယ်သူနဲ့ နေရစ်သတုံး ဆိုလို့ရှိရင်ဖြင့်၊ မလိုချင်တဲ့ ဉာဏ်သည်ကား ဆိုရင်ဖြင့် သူမလိုချင်တဲ့ ဉာဏ် ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း၊ သူမလိုချင်တဲ့ ဝတ္ထု ပစ္စည်း တွေဟာ အကုန်ချုပ်ထွက်သွားတယ် (မှန်ပါ့)

ဒုက္ခမရှိတာ အစားထိုးလာတယ်

မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား) အင်း ဒီနေရာဘယ်သူ အစားထိုးလာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဒုက္ခမရှိတာကြီး အစားထိုး (မှန်ပါ့)။

ဘာ အစားထိုးတုံး (ဒုက္ခမရှိတာကြီး အစားထိုး ပါတယ် ဘုရား)။ ဒုက္ခမရှိတာ အစားထိုး လာတယ်နော် ဒကာ ဒကာတို့ ဘာအစားထိုးတုံး (ဒုက္ခမရှိတာပါ ဘုရား)။

မုန်းစရာကြီးကတော့ ပျောက်ထွက်သွားတယ်။ မုန်းစရာကြီးက ပျောက်ထွက်သွားတော့၊ မုန်းစရာက ဒုက္ခ သစ္စာကိုး (မှန်ပါ့)။

နိရောဓသစ္စာအစားထိုးလာတယ်

ခု အစားထိုးလာတာက မုန်းစရာမဟုတ်တာကြီး အစားထိုးလာတယ် (မှန်လှပါ)။ အစားထိုးလာတော့ ဒီဥစ္စာ နိရောဓသစ္စာ သုခသစ္စာဆိုတော့ နိရောဓသစ္စာ အစားထိုးလာတယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဆရာဘုန်းကြီး နည်းပေး တာ ဉာဏ်သုံးဆင့်၊ ရှင်းပလား (မှန်ပါ့)။

တစ်နံပါတ် ယထာဘူတဉာဏ်

နှစ်နံပါတ် နိဗ္ဗိန္ဒဉာဏ်

သုံးနံပါတ် မဂ်ဉာဏ်

တစ်နံပါတ်က (ယထာဘူတဉာဏ်ပါ ဘုရား) ယထာ ဘူတဉာဏ် ဆိုတာက ခန္ဓာထဲ အရှိကိုမြင်တာ (မှန်ပါ့) ဒုက္ခအရှိကို ဒုက္ခအသိနဲ့ သွားကိုက်တာ (မှန်ပါ့)။

ဒုက္ခအရှိနဲ့ ဒုက္ခအသိ သွားကိုက်တာ ဘာပါ လိမ့် (ယထာဘူတဉာဏ်ပါ ဘုရား)။

ခွေးသေကောင်ဥပမာ

အဲ နောက်တစ်ခါကျတော့ ဒီဒုက္ခကပဲ တစ်ခါတည်း ပထမတော့ ခွေးသေတဲ့ ဒုက္ခတော့ မြင်တယ်၊ နောက်ကျတော့ ခွေး သေတာကြည့်ဖန်များလာတော့ ခွေးပုပ်ကြီးမြင်သလို ခွေးတော့ခွေးပဲ (မှန်ပါ့)။

ခွေးပုပ်ကြီးမမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) အဲတော့ ခွေးပုပ်ကြီးမြင်တဲ့အခါကျတော့ ပိုမိုပြီး သကာလ သူ့မှာ သာယာနှစ်သက်တဲ့စိတ်တွေ ခေါင်းပါး သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ခွေးသေတာမြင်တာက ယထာဘူတဉာဏ်၊ သဘောကျပလား (မှန်ပါ့) ခွေးပုပ်ကြီး မြင်တာက (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။ ဒီခွေးကြီးနဲ့လွတ်ရာ ပြေးချင်တဲ့ဉာဏ် က (မဂ်ဉာဏ်ပါ ဘုရား)။ ဒါပဲသာမှတ်ထား၊ ဒီပြင် ခင်ဗျားတို့ ဘာမဉာဏ်တွေလည်း တက်မနေနဲ့။

အနတ္တလက္ခဏာသုတ်လည်း ဒီဉာဏ်နဲ့လာတာ ပဲ (မှန်ပါ့) ဘယ်စိတ်မဆို ဒီဉာဏ်သုံးခု ပဲရှိတယ်။ ဘုရားကိုယ် တော်တိုင်ဟောတာနော် (မှန်ပါ့)။

ဉာဏ်(၁၆)ပါးက ရှင်သာရိပုတ္တရာဆန့်ဟောတာ

နောက်ဉာဏ်တစ်ဆယ့်ခြောက်ပါး အစရှိသည်တို့ ဆိုတာရှင်သာရိပုတ္တရာ ဆန့်ဟောတာ တွေလို့ မှတ်လိုက် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

ဆိုင်းဘုတ်ပဲလို့ အဲဒါတွေ မှတ်ထားလိုက်၊ ဟိုဉာဏ် တွေက ဒီထဲအကုန်ဝင်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ထဲမှာ လေးဝင်တယ်၊ တစ်နံပါတ်ဉာဏ်ထဲမှာ လေးဝင်တယ်၊ နှစ်နံပါတ်ဉာဏ်ထဲမှာ လေးဝင်တယ်၊ ကျန်တဲ့ဉာဏ် တွေက မဂ်ဉာဏ်ထဲသွားဝင်တာပဲ မဂ်၏ အခြံအရံတွေ ဖြစ်ကုန်တယ်။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကဲဒါဖြင့် ဒကာ ဒကာမတို့ စောင့်ကြည့်တတ် ပလား (ကြည့်တတ်ပါတယ် ဘုရား) ထိုင်နေတဲ့အခါ ကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘာမှမတွေ့ဘူးလို့ ခင်ဗျားတို့ စိတ်ထဲမှာ ပြောမလား၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လို ပြောမယ်ထင်တုံး ထိုင်နေတဲ့ ပုဂ္ဂိုလ်မို့ ခုန ယောဂီပုဂ္ဂိုလ် စထိုင်ထိုင်ချင်းဟာ ထိုင်နေတာပဲ၊ ထိုင်ဆိုလို့ ဆရာဘုန်းကြီးက ထိုင်ဆိုလို့ ထိုင်နေတာပဲ။

ထိုင်တော့ ဘယ့်နှယ့်နေတုံး၊ ဘယ့်နှယ်ပြောကြ မတုံး (ဘာမှမတွေ့ပါ ဘုရား)၊ အဲ ဘာမှမတွေ့တဲ့စိတ်ရှု၊ ဘာမှ မတွေ့ဘူးလို့ ပြောတာ စိတ်ကလေးတစ်ခု ပေါ်လာ တာ (မှန်ပါ့)။

ဘာမှမတွေ့ဘူးဆိုတဲ့စိတ်ရှု

ဘာပါလိမ့် (စိတ်ကလေးတစ်ခု ပေါ်လာတာပါ ဘုရား)။ ဘာမှမတွေ့ဘူးဆိုတဲ့ စိတ်ကလေးဟာ စိတ်အသစ် ကလေးဗျ (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

အဲဒီ စိတ်ကလေး ဘာလုပ်ရမတုံး (ရှုရမှာပါ ဘုရား) အဲဒီစိတ်ကလေး ရှုလိုက်တော့၊ အဲဒါ ဘာမှမတွေ့တဲ့ စိတ်ဟာ ဝိပဿနာအာရုံပဲ၊ ရှုစရာပေါ်လာတာပဲ၊ သဘောကျပလား (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ တရားဂုဏ်၊ သူတရားကို ရှု ခိုင်းတော့ တရားဂုဏ်ရှင်းမှ ပိုမိုရှင်းတယ်နော် (မှန်ပါ့)။

တရားက ဘယ်လို “ဧဟိပဿိကော” သဘောကျ ပလား (မှန်ပါ့) ဧဟိ-လာခဲ့၊ ပဿ-ရှုပါ (မှန်ပါ့) ဘယ့်နှယ့် (ဧဟိ-လာခဲ့၊ ပဿ-ရှုပါ ဘုရား)။

ဘာမှမသိတဲ့စိတ်ကလေးက ဘာမှမတွေ့သေးဘူးဆို တဲ့ စိတ်ကလေးက သူပေါ်လာပြီ၊ ကျုပ်သာ ရှုတော့လို့ သူပြောတာ (မှန်ပါ့) နောက်က ဉာဏ်နဲ့သာ ရှုတော့၊ ဘာမှမသိတဲ့ စိတ်ကလေးက ဘာဖြစ်သွားမယ်ထင်တုံး (ပျောက်သွားမှာပါ ဘုရား)။

ဘာမှမသိသေးတဲ့ စိတ်ကလေးက သူ့သက်တမ်း ဘုန်းကြီးက သင်ထားပေါ့ ဒကာ ဒကာမတို့ တစ်၊ နှစ်၊ ရှင်းပလား (မှန်ပါ့)။

တစ်၊ နှစ်ထက်ပိုပြီး နေနိုင်သေးရဲ့ လား (မနေနိုင်ပါဘူး ဘုရား)။ မနေနိုင်တော့ သူချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

အဲဒီဘာမှမသိတဲ့ ဘာမှမတွေ့တဲ့စိတ်ကလေး ဒကာ ဒကာမတွေ ရှိသေးသလား၊ မရှိ ဘူးလား (မရှိပါဘူး ဘုရား)။ ဪ မရှိဘူးလို့ သူပြောတယ်။

မရှိတာကအနိစ္စ

ကိုယ့်ဟာကိုယ် တစ်ယောက်တည်း နေပြန်တော့ ကော ရှိတာသိသလား၊ မရှိတာသိသလား (မရှိတာ သိပါတယ် ဘုရား)။

ဒါဖြင့် မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ သွားဖြစ် တယ်၊ သဘောကျပလား (မှန်ပါ့)။

သိတာက မဂ္ဂ

မရှိတာက (အနိစ္စ) သိတာက (မဂ္ဂပါ ဘုရား) ကဲဒါဖြင့် ခင်ဗျားတို့ ကမ္မဋ္ဌာန်း စတတ်ပလား (စတတ်ပါတယ် ဘုရား) စတတ်ပြီ ဦးစံရင် ရေ စတတ် ပလား။

နောက်က ဒကာ ဒကာမတွေ ကမ္မဋ္ဌာန်းရှာတတ် ပလား (ရှာတတ်ပါပြီ ဘုရား) ဘယ့်နှယ်လုပ် ရှာမတုံး ရှာပုံလေးပြောစမ်းပါဦး ခင်ဗျားတို့ (ပေါ်လာတဲ့ စိတ်ကလေး စောင့်ကြည့်)။

ဒီလိုလေ၊ စောင့်ကြည့်နေတယ်၊ ဘာမှမတွေ့ဘူးလို့ သူပြောချင်ပြောလိမ့်မယ် (မှန်ပါ) ရှင်းပလား (မှန်ပါ့)။

စောင့်ကြည့်နေတော့ ဘယ့်နှယ်တဲ့ (ဘာမှ မတွေ့ပါဘူး) ဘာမှ မတွေ့ဘူးဆိုတဲ့ ရှာတော့ ရှာတဲ့ စိတ်ကလေးပဲတဲ့ (တင်ပါ့) မတွေ့တဲ့စိတ်ကလေးပေါ့ဗျာ (မှန်ပါ့)။

ရှာတော့ ရှာတဲ့စိတ်ကလေးပဲမို့လား (မှန်ပါ့) အဲဒီစိတ်ကလေးကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ကိုယ့်သန္တာန်ပေါ်တဲ့စိတ်

အင်း ဘာမှမတွေ့ဘူးဆိုတဲ့ စိတ်ကလေးကိုပဲ၊ ဒါကိုယ့်သန္တာန်ပေါ်လာတဲ့၊ အင်းစိတ်ကလေးပဲ၊ ဒါလေး စိတ္တာနုပဿနာလုပ်လိုက်ရုံပဲရှိတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ဦးဘအုန်း ရှုတတ်ပလား (ရူတတ်ပါပြီ ဘုရား) ဘာမှမတွေ့တဲ့ စိတ်ကလေး ဘာလုပ်မယ် ရှုလေ၊ ဘာမှ မတွေ့ဘူးဆိုတဲ့ စိတ်ကလေး ဘာလုပ်ကြ (ရှုရမှာပါ ဘုရား)။

ရှုဗျ၊ ရှုဗျ၊ မရှုရပေဘူးလား (ရှုရပါတယ် ဘုရား)။ အဲတော့ ဘာမှမသိတဲ့ စိတ်က ရှုလိုက်တဲ့အခါ ကျတော့၊ ရှုတဲ့ဉာဏ်ပေါ်လာတော့ သူရှိသေးရဲ့ လား (မရှိတော့ပါဘူး ဘုရား)။

မရှိတာက ဘာခေါ်မယ် (အနိစ္စ) အင်း မရှိဘူး လို့ သိတာက (မဂ္ဂပါ ဘုရား)။

ဪ ခင်ဗျားတို့ ဘာမှမတွေ့ဘူးဆိုတာလေး ကို ခင်ဗျားတို့ ကမ္မဋ္ဌာန်း ဆရာတွေက မပေးတတ်လို့၊ ပေး တတ်လို့ရှိရင် ဘာမှမတွေ့ဘူးဆိုတဲ့စိတ်ကို ရှုလိုက်ရင် ပြီးတာ ပဲ (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။

ဘာရှုကြမယ် (ဘာမှ မတွေ့ဘူးဆိုတဲ့စိတ်ကို ရှုရမှာပါ ဘုရား) အံမယ် အတော်ဆန်းတဲ့ ကမ္မဋ္ဌာန်းလို့များ ခင်ဗျားတို့က အောက်မေ့နေသေးသလား (မအောက်မေ့ ပါ ဘုရား)။

မအောက်မေ့နဲ့ ဒီဥစ္စာ တရားမှန်လို့ အောက်မေ့ရ မယ်။ ဘာမှမသိတဲ့စိတ်ဟာလည်း ဘာမှမတွေ့ဘူးဆိုတော့ သူရှိတာ မတွေ့တာမို့လား (မှန်ပါ့)။

ရှိတာမတွေ့တာ၊ မောဟ

ရှိတာ မတွေ့တာ မောဟလို့ခေါ်တယ်၊ အဲတော့ “သမောဟ စိတ္တံ သမောဟစိတ္တန္တိ” နောက်က “ပဇာနာတိ” လုပ် တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာလုပ်တာပါလိမ့် (ပဇာနာတိ) သမောဟ စိတ္တံ (သမောဟစိတ္တန္တိ ပဇာနာတိ) ဟော သူဘာမှ မတွေ့တဲ့ စိတ်ကလေးဟာ၊ ဘာမှ သူမတွေ့ဘူးဆိုတော့ သူမောဟပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ မောဟလေး ရှိမရှိ နောက်ကနေတွေးစမ်း (မရှိတော့ပါဘူး ဘုရား) ရှုတဲ့အချိန်ကျတော့ ဒီစိတ်ကလေး ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

အဲ မရှိတာက ဘာခေါ်မယ် (အနိစ္စပါ ဘုရား) မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား) အဲဒီကစ ကမ္မဋ္ဌာန်း ရပြီလို့ အောက်မေ့ပေတော့ (မှန်ပါ့)။

ဒါ ဘာရှုတာတုံး ဆိုတာကော သဘောပါပလား (ပါပါတယ် ဘုရား) အင်း ဘုန်းကြီးက စကားဆန်း ပြောနေ တယ်လို့ ခင်ဗျားတို့က ထင်တယ် မဟုတ်ဘူး၊ ပါဠိတော် အတိုင်း ရိပ်မိပလား (မှန်ပါ့)။

ပါဠိတော်က သမောဟစိတ္တံ (သမောဟစိတ္တန္တိ ပဇာ နာတိပါ ဘုရား)။

ဟုတ်သားပဲ၊ နို့-ဘာမှမတွေ့တဲ့စိတ်ကလေးဟာ ဘာမှမဟုတ်ဘူး၊ ဘာမှမတွေ့ဘူး၊ ခန္ဓာကိုယ်ထဲ သူရှာတော့ ရှာတယ် တွေ့ ရဲ့ လား (မတွေ့ပါဘူး ဘုရား)။

မတွေ့တော့ သူ့ဘာစိတ်ခေါ်ကြမတုံး (မောဟ စိတ်ပါ ဘုရား) မောဟစိတ်၊ အဲဒီမောဟ စိတ်ကလေးကို ဒကာ ဒကာမတွေက ဒီအတိုင်း မထားနဲ့၊ ရှာတဲ့စိတ်ကလေးကို နောက်ကနေ ပြန်တွေး (မှန်ပါ့)။

ခုနက မသိတဲ့ စိတ်ကလေး၊ ဘာမှမတွေ့တဲ့ စိတ်ကလေးရှိသေးသလား၊ မရှိသေးလား တွေးစမ်း (မရှိတော့ပါဘူး ဘုရား) သဘောကျပလား (မှန်ပါ့)။

မရှိတာ ဘာခေါ်မယ် (အနိစ္စပါ ဘုရား) ဒါဖြင့် မရှိတာက ဝိပဿနာရှုစရာ (မှန်ပါ့) ဟုတ်လား အဲ မရှိမှန်းသိတာက ရှုတာ (မှန်ပါ့)။

မရှိတာက ရှုစရာ၊ အင်း မရှိမှန်းသိတာက ရှုတာ၊ ဒီကရှုစရာ၊ ဒီကရှုတာသာ မှတ်ထား (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ပါဠိတော်နဲ့ကော ကိုက်ပလား ဒကာ ဒကာမ တို့ (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ တပည့်တော်တို့ ကမ္မဋ္ဌာန်း တော့ ရှုတယ်၊ ဆရာဘုန်းကြီးကလည်း နေ့တိုင်းပဲ ထိုင်ခိုင်း ရှုခိုင်းလို့ ရှုပါတယ်ဘုရား၊ တပည့်တော်တို့ ဘာမှကို မတွေ့ဘူး။

အဲဒါဝိစိကိစ္ဆာခေါ်တယ်

သြော် ဒါဖြင့် ထိုင်ကြည့်တော့လည်း ကျုပ် ဘာကို ရှုရမှန်းကိုပဲ မလုပ်တတ်သလို ဖြစ်နေ တာပဲ။ ဘယ်ဟာ ရှုရတော့မလို ဘယ်ဟာ ရှုရတော့မလို ဖြစ်နေ တယ်လို့ လာချင်လဲလာမယ်၊ အိမ်ကျ လို့ရှိရင် (မှန်ပါ့)။

မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒါ ဝိစိကိစ္ဆာခေါ်တယ်၊ အဲဒီ ဝိစိကိစ္ဆာကို ဖြစ်ပျက်ရှု နောက်ကနေပြီးတော့ (မှန်ပါ့)။

အိမ်ကျလို့ရှိရင် ဘာရှုရတော့မလို၊ ဘာရှုရတော့မလို ဖြစ်နေတယ်၊ စိတ်ကလေးတစ်ခုတော့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီပေါ်တဲ့ စိတ်ကလေးကို နောက်ကနေပြီး ဒီပေါ်တဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုပေး (မှန်ပါ့)။

ပေါ်တဲ့စိတ်ကလေး ရှိမရှိ ကြည့်စမ်း (မရှိပါဘူး ဘုရား)။ မရှိတာဘာခေါ် (အနိစ္စပါ ဘုရား) အဲ သိတာက (မဂ္ဂပါ ဘုရား)။

အဲဒါ တရားပေါ်လာတာ ခင်ဗျားတို့က ခွကျနေတာ၊ ကျုပ်ဖြင့် တရားကို မတွေ့သေးဘူး၊ ပေါ်တာက ဘာတုံး (တရားပါ ဘုရား) တရားပေါ်တယ်။

ခင်ဗျားတို့က ဘယ်လိုပြောလေ့ရှိတုံး (တရားကို မတွေ့သေးပါဘူး ဘုရား) တရား မတွေ့သေး ဘူး၊ ခက်တယ်။

ဒါဖြင့် ဘုရားပေါ်လည်း မတွေ့ပါဘူး ခင်ဗျားတို့၊ တရား ပေါ်တာတောင်မှ မတွေ့တာပဲ သဘောကျပလား (မှန်ပါ့)။

တရားပေါ် တာမှ မတွေ့ရင် ဘုရားပေါ်ရင်ကော (မတွေ့ပါဘူး ဘုရား) မတွေ့တော့ဘူး၊ ကဲ ဒီကရှေ့ တရားပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သံသယရှိနေရင် ဖြစ်ပျက်

သံသယရှိနေရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရ မှာပါ ဘုရား)။ ဒီသံသယစိတ်ကလေးကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ကျုပ်စိတ်ဖြင့် ဟိုကျတော့ ဘာရှုရတော့မလိုလို ဖြစ်နေတယ်၊ အဲဒီ ဘာရှုရတော့မလိုလိုဆိုတဲ့ စိတ်ကလေး ကို သူ့ကိုပဲဖြစ်ပျက်ရှုချ (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ရှု တတ် ပလား (ရှုတတ် ပါပြီ ဘု ရား) ကလေးလေးကအစ ဒီတရားနားလည်ရမယ် (မှန်ပါ့) နားမလည်နိုင်ဘူးလား (နားလည်နိုင်ပါတယ် ဘုရား)။

ကျုပ် ဘာရှုရမှန်းမသိဘူး၊ အဲဒီစိတ်ကလေး ပြေး ရှုလိုက်ပေါ့ (မှန်ပါ့) ဒါပဲ ပြီးသွားတာပဲ (မှန်ပါ့)။

ကျုပ်စိတ်ထဲ ဘယ်လိုလုပ်ရမှန်းကို မသိသေးဘူး အဲ ဘယ်လိုလုပ်ရမှန်း မသိတဲ့ စိတ်ကလေးကို မင်းနောက်ကနေပြီး ဖြစ်ပျက်ရှု (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့)။

ကျုပ်သွားမယ်လို့ စိတ်ကူးတယ်၊ မသွားဖြစ်ဘူး၊ အဲဒီစိတ်ကူးလေးရှု၊ ရိပ်မိပလား၊ ပေါ်သေးလား (ပေါ်ပါပြီ ဘုရား)။ ဦးဝင်းနေရာကျပလား (ကျပါတယ် ဘုရား)

နောက်က ဒကာဒကာမတွေ ကျုပ်စိတ်ကူးနေတာ ခင်ဗျားတို့ ရပ်စဲများနေကြသေးလား (မရပ်စဲပါဘူး ဘုရား)။

အဲ လာတိုင်းလာတိုင်းသာ စိတ်ကူးလာတိုင်း လာတိုင်းသာရှုပေတော့ ရှင်းပလား (မှန်ပါ့)။

ရှုစရာတွေ ရှားနေသလား၊ ပေါလာလိမ့်မလား (ပေါလာမှာပါ ဘုရား)။

အဲ ခင်ဗျားတို့က အခုတော့ကို လူတွေက ဝိပဿနာ နဲ့ချိန်ပြီးသကာလ ကြည့်လိုက်တဲ့ အခါကျတော့ သစ်သား ရုပ်လိုဖြစ်နေတယ်၊ စိတ်မပါတဲ့ လူတွေလို ဖြစ်နေတယ်။

ဘုန်းကြီးပြောနားမထောင်ရင် လူသေဖြစ်နေတယ် ။

ပေါ်တာမှ မသိသေးပဲကိုး၊ သိသေးရဲ့ လား (မသိပါဘူး ဘုရား) အဲဒါကြောင့် ခင်ဗျားတို့က အခုနေတဲ့ အနေက၊ ခု ဘုန်းကြီးပြောတာကို နားထောင်ချင်ထောင်ပါ။ မထောင်ရင် ခင်ဗျားတို့ကို လူရှင်ပင်ရှင်ငြား သော်လည်း လူသေ (မှန်ပါ့)။

ဘုရားကဟောပြီ၊ လူရှင်ပင်ရှင်ငြားသော်လည်း (လူသေပါ ဘုရား) “ပမာဒေါ မစ္စုနော ပဒံ” အင်း ပမာဒေါ- ပေါ်လာတဲ့စိတ်ကလေးကို မေ့နေခြင်းသည် မစ္စုနော-လူသေနဲ့ တူတဲ့ ပဒံ-အကြောင်းပဲ။

လူသေဖြစ်နေတာကွ၊ ဘယ်လောက်ဟောတုံး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်လာတဲ့စိတ်ကလေးကို ရှုစရာ၊ ရှုကို မရှုတတ်တဲ့ စိတ်ပေါ်လာတာကိုပင်လျှင်၊ သော် ဒါ ဝိပဿနာရှုဖို့ ပေါ်လာတာပါလို့ မသိလို့ရှိရင်ဖြင့် သူ့ဘယ်လို ခေါ်ကြမယ် (လူသေပါ ဘုရား)။

အဲ အသက်တော့ ရှူတယ်တဲ့ လူသေထဲသွင်းတဲ့ (မှန်ပါ့) ဘယ်လိုဆိုကြမတုံး (လူသေထဲသွင်း ရမှာပါ ဘုရား)။

အသက်တော့ (ရှူပါတယ် ဘုရား) ရှူးပင်ငြား သော်လည်း (လူသေထဲ သွင်းရမှာပါ ဘုရား)။ လူသေထဲ သွင်းလိုက်ပါတဲ့။

ဒါဖြင့် ကမ္မဋ္ဌာန်း ရှုစရာကို မတွေ့သေးဘူးဆိုတဲ့ ဒကာ ဒကာမတွေ ဘာဆိုကြမယ် (လူသေထဲသွင်းရမှာ ပါ ဘုရား) ဟာ ခက်ကုန်ပကော။

ဒကာ ဒကာမတွေ ကမ္မဋ္ဌာန်း ရှုစရာ ရှာမတွေ့သေး ဘူးဆိုတဲ့ ပုဂ္ဂိုလ် ဘယ်လိုခေါ်ကြမလဲ (လူသေပါ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လူသေထဲကလား၊ လူရှင်ထဲက လား (လူရှင်ထဲကပါ ဘုရား) သိပ်လဲမကြွားနဲ့နော်

ကိုင်း ဒီနေ့ပေးတဲ့နည်းဟာဖြင့် ခင်ဗျားတို့ က လေးလေးသွားပေးပါတဲ့ ဦးစံရင် ရရမယ် ဒီဥစ္စာ (မှန်ပါ့) မရပေဘူးလား (ရပါတယ် ဘုရား)။

ရှုတော့ ရှုနေတာပဲဗျ ဥပမာ ဟိုလူ ဘယ်သူတုံးလို့ ကျုပ်က မေးလိုက်တယ်။ မသိဘူး၊ ဥပမာ ဦးခင်မောင်က ဖြစ်စေ၊ ဒီထဲက ဒကာ တစ်ယောက်ယောက်က မသိဘူး။

မသိတဲ့စိတ်ကလေးရှုစမ်းပါ

အဲဒီ မသိတဲ့စိတ်ကလေး ရှုစမ်းပါကွ၊ မသိတဲ့ စိတ် ကလေးတော့ ပေါ် အဲဒီ မင်းမသိတဲ့ စိတ်ကလေး ရှိသေးသလား (မရှိတော့ပါဘူး ဘုရား)။

မရှိဘူးဘုရားလို့ သူဖြေမှာပဲ ဒါဖြင့် မသိတဲ့ စိတ်ကလေးက အနိစ္စ (မှန်ပါ့) ဟုတ်ဘူးလား၊ ရှုတာက (မဂ္ဂပါ ဘုရား)။

ဒါ အင်မတန် လွယ်နေတာပဲ ဟုတ်လား၊ ဒီတမာပင် လေးတွေ ရေစမ်းပါ (မရေနိုင်ပါဘူး ဘုရား) မရေနိုင်တဲ့ စိတ်ရှု။

မရေနိုင်တာဆိုတာ သူမရေတွက်နိုင်ဘူးပြောတာ၊ မရေတွက်နိုင်ဘူးဆိုတော့ တစ်ခု၊ နှစ်ခု၊ သုံးခု၊ သူသိသေးရဲ့လား (မသိပါဘူး ဘုရား)။

မသိတော့ သူသည်ကားလို့ဆိုရင် ဘယ်လောက်မှန်း မသိဘူး၊ သူ့ဟာ အများကြီးဆိုတော့ ဝိစိကိစ္ဆာစိတ် ပေါ်လာတာ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) :

ဒါဖြင့် ဝိစိကိစ္ဆာ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှု ရမှာပါ ဘုရား) သူ့ဖြစ်ပျက်ရှု၊ သူကဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။

ဒါဖြင့် မရေတတ်တဲ့စိတ်ကလေးပေါ်ရင်လဲ၊ မရေ တတ်တဲ့စိတ်ကလေး ရှိ မရှိ (မရှိပါဘူး ဘုရား)။

ဒါနဲ့ တွေးလိုက်တော့ မရေတတ်တဲ့စိတ်က ဘာခေါ် ကြမယ် (အနိစ္စပါ ဘုရား) အင်း သိတာက (မဂ္ဂ – ပါ ဘုရား)။

သြော် ခင်ဗျားတို့ ပေါ်တဲ့ စိတ်ကို သာ တစ်နံပါတ်ကို နှစ်ကသာလိုက်တော့ (မှန်ပါ့) တစ်ကို ဘာနဲ့ လိုက်မယ် (နှစ်နဲ့လိုက်ရမှာပါ ဘုရား) တစ်ကို နှစ်နဲ့ လိုက်ရင် ဝိပဿနာ အစစ်မှတ် (မှန်ပါ့) ရှင်းပဲလား (ရှင်းပါပြီ ဘုရား)။

တောကျောင်းတောင်ကျောင်းမလိုပါဘူး

တစ်ကို နှစ်ကလိုက်ရင် (ဝိပဿနာအစစ်ပါ ဘုရား) အဲ ဝိပဿနာဆိုတာ သူများပြောတာ ကတော့ဖြင့် တကယ့်ကို တောကျောင်းတောင်ကျောင်းတွေ၊ ကမ္မဋ္ဌာန်း ကျောင်းတွေနဲ့ သွားပြီး လုပ်ရတော့မလို အောက်မေ့နေ တယ် မဟုတ်ဘူးတဲ့ တစ်ကို နှစ်ကလိုက်ရင် ပြီးတာပဲ ရိပ်မိ ပလား။ (မှန်ပါ့)။

ဦးဘအုန်း ဘယ်လိုမှတ်ထားမယ် (တစ်ကို နှစ်က လိုက်ရမှာပါ ဘုရား) ပထမတစ်စိတ်၊ နောက် နှစ် ဉာဏ် လိုက်ပေးလိုက်ပြီးတာပဲ။

တစ်ကတော့ဖြင့် ဒကာ ဒကာမတွေ တစ်မရရင် လည်း ခင်ဗျားတို့ သေပြီ အောက်မေ့တော့၊ နှစ်မလာတော့ ဘူး (မှန်ပါ့)။

တစ်မရရင် ဘယ့်နှယ်ခေါ်ကြမယ် (သေပါပြီ ဘုရား) ရိပ်မိပလား (မှန်ပါ့)။

တစ်မရရင် (သေပါပြီ ဘုရား) အဲ၊ နှစ်လာနိုင် သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် တစ်မရှိတဲ့ပုဂ္ဂိုလ် ဒီထဲပါသေးရဲ့လား (မပါပါဘူး ဘုရား) ဒါဖြင့် တစ်လာရင် ဘာလုပ်ရမတုံး (နှစ်နဲ့ရှုရမှာပါ ဘုရား) နှစ်နဲ့ရှု၊ ရှင်းပလား (မှန်ပါ့)။

စရိုက်အတိုင်းပေါ်လာမယ်

တစ်လာရင် (နှစ်နဲ့ရှုရမှာပါ ဘုရား) အဲ တစ်က လာပါလိမ့်မယ်လို့ ဘုန်းကြီးက မပြောဘူး (မှန်ပါ့) ခင်ဗျားတို့ စရိုက်အတိုင်း ပေါ်လာလိမ့်မယ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

ခင်ဗျားတို့ စရိုက်တိုင်းက လောဘအားကြီးတဲ့ ပုဂ္ဂိုလ် ဖြင့် ဘာအရင်လာမယ်ထင်တုံး (လောဘအရင်လာမှာ ပါ ဘုရား)။ ဒေါသအားကြီးတဲ့ ပုဂ္ဂိုလ်ဖြင့် (ဒေါသလာ မှာပါ ဘုရား)။

အင်း စိုးရိမ်တတ်တဲ့ ပုဂ္ဂိုလ်ဖြင့် (စိုးရိမ်တာပါ ဘုရား) စိုးရိမ်တာလာမှာပဲ ဟုတ်လား၊ ငိုတတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ငိုစိတ်လာမှာပဲ။ ပျင်းတတ်တဲ့ ပုဂ္ဂိုလ်ဖြင့် (ပျင်းစိတ် လာမှာပါ ဘုရား)။

ပေါ်လာတိုင်းဖြစ်ပျက်

အဲဒါတွေ လာတိုင်းလာတိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အဲ ပထမလာတာ တစ်၊ နောက် သတိထားတာနှစ်၊ ပထမလာတာ (တစ်ပါ ဘုရား) နောက် သတိထားတာက (နှစ်ပါ ဘုရား)။

ဒီလိုချည့် သွားနေ (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

သွားတတ်ကြပလား (မှန်ပါ့) ဟုတ်ကဲ့လား၊ ဒီတင်သွားတတ်တာလား၊ အိမ်ကျသွားတတ် တာလား (သွားတတ်ပါတယ် ဘုရား) သွားတတ်လောက်ပါပြီ (မှန်ပါ့) ဒီနေ့ ဒါကို ရှင်းပြောတယ် ဆိုတာ သဘောကျပလား (မှန်ပါ့)။

ဒုက္ခအဆုံးပို့လိမ့်မယ်

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ဒုက္ခအဆုံးပို့ပါ လိမ့်မယ် (မှန်ပါ့) မပို့ပေဘူးလား (ပို့ပါတယ် ဘုရား) ဒီခန္ဓာကိုယ်ကြီးထဲက ပေါ်တဲ့တရားတွေက ပို့သွားတာ (မှန်ပါ့)။

မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ပထမတွေ့ နေလို့ရှိရင်ဖြင့် တစ်ကို နှစ်က တွေ့နေလို့ရှိရင် ယထာဘူတဉာဏ် (မှန်လှပါ) သဘောကျပလား (မှန်ပါ့)။

နိဗ္ဗိန္ဒဉာဏ်

တစ်ကို နှစ်ကမုန်းရင်း (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့တဲ့ တစ်လဲမလာတော့ဘူး၊ တစ်ကို နှစ်ကရှုရင် ယထာဘူတဉာဏ်နော်။

တစ်ကို နှစ်ကမုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) အင်း သုံးလာရမယ့်နေရာမှာ ဒကာ ဒကာမတို့ မလာတော့ ဘူးတဲ့၊ ဆုံးသွားတာကိုသာ သိခဲ့တယ်ဆိုလို့ရှိရင် (မဂ် ဉာဏ်ပါ ဘုရား) မဂ်ဉာဏ်ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒီအတိုင်းသာသွား ခင်ဗျားတို့၊ ဒီဥစ္စာမဂ်ဉာဏ်ဖြင့် အနီးဆုံးပဲဆိုတာ သဘောကျပလား (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီဉာဏ်တွေ လာတော့ ဘာကျေးဇူးရှိသတုံး မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

လိုတော့ မနေ့က တရားကို ပြန်ကောက် ဒကာ ဒကာမတို့၊ မနေ့က တရားက ဒီဘက်က တစ်ချတာဘာတုံး အဝိဇ္ဇာ၊ ဒီဘက်က နှစ်ခုက ဘာပါလိမ့် (သင်္ခါရ ပါ ဘုရား) သင်္ခါရ။

အတိတ်ဘဝ

ဒီဘက်က ဘာပါလိမ့် (ဝိညာဏ်) ဝိညာဏ်၊ ဒီနှစ်ခု သည် စောစီးက ဝေဖန်လိုက်၊ ဒါကဘာ ဘဝတဲ့ (အတိတ်ဘဝပါ ဘုရား)။

ဪ အတိတ်ဘဝမှာ ကုသိုလ် သင်္ခါရ၊ အကုသိုလ်သင်္ခါရဆိုတဲ့ သင်္ခါရ ပါမနေဘူးလား (ပါနေ ပါတယ် ဘုရား)။

အဲ-ဒီသင်္ခါရကနေပြီး ဒီဆက်တယ် (မှန်ပါ့) ပစ္စုပ္ပန်ဘဝဆက်လိုက်တယ်။

ဒါကြောင့် သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဒါ ဘယ်သူက ဆက်လိုက်တာပါလိမ့် (သင်္ခါရက ဆက်လိုက်တာပါ ဘုရား)။

သင်္ခါရဆိုတာ

သင်္ခါရဆိုတာ တရားကိုယ် ကောက်လိုက်တော့ ဘယ်သူပါလိမ့် (ကုသိုလ်နှင့် အကုသိုလ်ပါ့ ဘုရား) ကုသိုလ်၊ အကုသိုလ် သို့သော်လည်း တဏှာမပါဘူး လား (ပါပါတယ် ဘုရား)။

ဒါဖြင့် တဏှာကို ဘုရားက မနေ့က တဏှာ သိဗ္ဗိနီ လို့ဟောလိုက်တယ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

ဒါဖြင့် ကျုပ်တို့ ဒီဘဝ ပဋိသန္ဓေနေလာတာ ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့တဲ့၊ ဘယ်သူအဆက်အသွယ် လုပ်ပေးလိုက်တာတုံး (တဏှာပါ ဘုရား)။

အဲ အတိတ်ခန္ဓာနဲ့ ဟုတ်လား (မှန်ပါ့) ပစ္စုပ္ပန် ခန္ဓာစ မပြတ်အောင် ဆက်ပေးလိုက်တယ်၊ အပ်ချုပ်သမား (မှန်ပါ့) သိဗ္ဗိနီ (မှန်လှပါ) သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် တဏှာ သိဗ္ဗိနီ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သြော် ဒို့ ဒီဘဝ ခန္ဓာကြီးဖြစ်လာတာ ကဖြင့် ကံကောင်း အကြောင်း သင့်လေ ရော့လား၊ တဏှာ ချုပ်စပ်လိုက်တာနဲ့ ဒုက္ခဆက်မိတာလားလို့ မှတ်တွေးစမ်း (တဏှာချုပ်စပ် လိုက်တာနဲ့ ဒုက္ခဆက်မိတာပါ ဘုရား)။

တဏှာချုပ်စပ်လိုက်တာနဲ့ ဒုက္ခဆက်မိသွားတာ (မှန်ပါ့) ဒီဘက်ကြားထဲမှာ ခင်ဗျားတို့ မသေပဲနဲ့ လာလို့ ဖြစ်ပါ့ မလား (မဖြစ်ပါဘူး ဘုရား)။

စုတိလေးတစ်ခုထည့်ပါ

ဒီကြားထဲမှာ ပဋိစ္စသမုပ္ပါဒ်မို့ မြှုပ်ထားတာ ဒီကြား ထဲ ခင်ဗျားတို့ စုတိလေးတစ်ခုထည့် (မှန်ပါ့)။

ဒီစုတိနဲ့ ဒါက အတိတ်ဘဝက စုတိနဲ့နော် (မှန်ပါ့) ပစ္စုပ္ပန်က ပဋိသန္ဓေနဲ့ မဆက်ရ ပေဘူးလား (ဆက်ရပါတယ် ဘုရား)။

ဒါဖြင့် စုတိနဲ့၊ ပဋိသန္ဓေကို စုတိကလည်း ဒုက္ခသစ္စာ (မှန်ပါ့) ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား) ဘယ်သူ ဆက်ပေးတုံး (တဏှာဆက်ပေးပါတယ် ဘုရား)

သြော် ဒီသင်္ခါရ တဏှာက ဆက်ပေးတယ်။ ဒါဖြင့် တဏှာဟာ အုပ်ချုပ်သမား (မှန်ပါ့) ရိပ်မိကြ ပလား (မှန်ပါ့)။

တဏှာက အပ်ချုပ်သမား

တဏှာက ဘာသမားတဲ့ (အပ်ချုပ်သမားပါ ဘုရား) ဪ ခင်ဗျားတို့ ဒီအပ်ချုပ် သမားသည်ကားလို့ ဆိုရင်ဖြင့် အစနှစ်ခု ဆက်စပ်ပေးတာသူပဲ (မှန်လှပါ)

ဘာအစနှစ်ခုလို့မေးတဲ့အခါကျတော့ ပိတ်စ ချည့်ပဲလား၊ ပေါ်ပလင်စ ချည့်ပဲလား၊ မဟုတ်ဘူး ဒုက္ခအစ၊ ဒုက္ခအဆုံးနဲ့ ဒုက္ခအစဆက်ပေးတာ (မှန်ပါ့) ရိပ်မိကြ ပလား (ရိပ်မိပါတယ် ဘုရား)။

ဒါက အတိတ်ဘဝက ဒုက္ခအဆုံး (မှန်လှပါ) ဒါက ပစ္စုပ္ပန်ဘဝ ဒုက္ခအစ၊ ဒါဖြင့် ဒီနှစ်ခု ဘယ်သူက ဆက်ပေးတုံး (တဏှာက ဆက်ပေးပါတယ် ဘုရား)။

တဏှာက ဆက်ပေးတော့ ကံကြောင့် အကျိုးပေး တယ် ပြောနေကြတာ (မှန်လှပါ) ဟုတ်ဖူးလား၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရကြောင့် ပဋိသန္ဓေနေရ တာကိုး (မှန်လှပါ)။

အဲတော့ ဒကာ ဒကာမတို့ ကျေးဇူးရှင် မောင်မင်းကြီး သား ချုပ်စပ်ပေးလိုက်တာ၊ ကျုပ်တို့ ဘာနဲ့များ ဝတ်ရပါလိမ့် မတုံးသာ မေးကြပေတော့ (ဒုက္ခတွေပါ ဘုရား)။

ဒုက္ခနှစ်ခု ဆက်စပ်ပေးလိုက်တာ (မှန်ပါ့) စုတိ – ဒုက္ခနဲ့ ပဋိသန္ဓေဒုက္ခကို မင်းတို့သည်ကား လို့ဆိုရင် မပြတ်အောင် လုပ်ပေးမယ် ဘယ်သူကလုပ်ပေးတုံး (တဏှာက လုပ်ပေးပါတယ် ဘုရား)။

တဏှာကဘယ်လိုများ လုပ်ပေးပါလိမ့်

အင်း ဒကာ ဒကာမတွေ တဏှာက ဘယ်လိုများ လုပ်ပေးပါလိမ့် (ဒုက္ခအဆုံးနဲ့ ဒုက္ခအစကို ဆက်စပ်ပေးပါ တယ် ဘုရား) အေး ဒုက္ခအဆုံးနဲ့ ဒုက္ခအစ ဆက်စပ်ပေး လိုက်တယ် ဒကာ ဒကာမတွေ ကျေးဇူးရှင်မှန်း သိကြ ပလား (သိပါပြီ ဘုရား)။

ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား) ဘယ်လို များခင်ဗျားတို့ ကျေးဇူးပြုလိုက်ပါလိမ့် (ဒုက္ခအဆုံးနဲ့ ဒုက္ခအစနဲ့ ဆက်စပ်ပေးပါတယ် ဘုရား)။

မဟုတ်ပါဘူး အကောင်းချည့်မို့ ကြားညှပ်ပေးလိုက် ရင်လည်း ကျေးဇူးတင်စရာ ပါပါသေးတယ် (မှန်ပါ့) ဟင် ခုပါလား (မပါပါဘူး ဘုရား)။

ဒုက္ခအဆုံးနဲ့ ဒုက္ခအစ ဆက်စပ်ပေးတယ်

ဘာနဲ့ဘာ ဆက်စပ်ပေးတုံး (ဒုက္ခအဆုံးနဲ့ ဒုက္ခအစပါ ဘုရား) အတိတ်ဘဝက ဒါက အတိတ်ဘဝစုတိ ပြီး၊ ယခုပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ ကို ဆက်စပ်ပေးလိုက်တယ် (မှန်လှပါ) သဘောကျပလား (မှန်ပါ့)။

ဒါက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒီဘက် က (ဒုက္ခသစ္စာ) အင်း ဒုက္ခသစ္စာနှစ်ခုကို ကြားကို လေမှမသွေးရအောင် ကြားဆက် ပေးလိုက်တာ ဘယ်သူ ပါလိမ့် (တဏှာပါ ဘုရား)။

ဒီလောက် ခင်ဗျားတို့ အပေါ် နှိပ်စက်တာ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့) ခင်ဗျားတို့ နှိပ်စက် နေတဲ့ တရားပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် တဏှာ သိဗ္ဗိနီ ဘုရာက ဟောလိုက်တယ် သြော် အင်္ဂုတ္တိုရ်မှာနော် ။

ကောင်းပြီ ဝိညာဏ်ပြီးတော့ကို နာမ်ရုပ် မလာပေ ဘူးလား (လာပါတယ် ဘုရား) ကဲ နာမ်ရုပ် တွေက မနေ့ကရှင်းပြီးသား ထားပါတော့။ သဠာယတန မလာပေဘူးလား (လာပါတယ် ဘုရား)။

ဖဿ (လာပါတယ် ဘုရား)အင်းဖဿ လဲလာ မှာပဲ၊ ဝေဒနာကော (လာပါတယ် ဘုရား)။

အင်း တဏှာ သိဗ္ဗိနီ တစ်ခုပေါ်ပြန်ပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

တဏှာဘာလို့ လာပြန်တာတုံး

ဒီတဏှာက ဘာလုပ်မလို့ လာပြန်ပါလိမ့် မတုံး မေးတဲ့ အခါကျတော့၊ ကွာတဲ့ မင်းတို့ နောက် ဒုက္ခကင်း သွားမှာစိုးလို့ ငါလာခဲ့တာတဲ့ ဆက်ပေးမလို့ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လိုကြောင့် လာပါလိမ့် (ဒုက္ခကင်းသွားမှာ စိုးလို့ပါ ဘုရား) ဒုက္ခချင်း ဆက်စပ် ပေးမလို့ လာပြန်ပြီ။

ဒါဖြင့် ဥပါဒါန် ဆိုတာက သူ့အကြီးစားဆိုတာ (မှန်ပါ့) ကံဆိုတာ သူခြယ်လှယ်နိုင် တဲ့ကံတွေ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ကံပြီးတော့ကို ကံကုန်တော့ ဘယ့်နှယ်ဆိုကြမတုံး (စုတိ) ကံကုန်တာက စုတိ၊ ဒါဖြင့် ပစ္စုပ္ပန်ဘဝ ကံကုန်ပြီ။

ဒီကစ၍ ဒကာ ဒကာမတွေ ဒီရှစ်ခုဟာ ပစ္စုပ္ပန် ဘဝလို့ မဆိုခဲ့ဘူးလား (ဆိုခဲ့ပါတယ် ဘုရား)။

အဲဒီ ကံကုန်တော့ ဘာလာတုံး (စုတိပါ ဘုရား) အဲဒီ စုတိပြီး သကာလ အနာဂတ်ဇာတိ မလာဘူးလား (လာပါတယ် ဘုရား)။

အနာဂတ် ဇာတိ၊ဇရာ၊ မရဏတွေ မလာဘူးလား (လာပါတယ် ဘုရား) အဲဒီနှစ်ခုကိုလည်း ပစ္စုပ္ပန် စုတိနဲ့ အနာဂတ် ပဋိသန္ဓေနဲ့ ဆက်ပြန်တယ် (မှန်ပါ့)။

ဘယ်သူက ဆက်ပေးပြန်တုံး (တဏှာကပါ ဘုရား) ဒီ တဏှာပဲတဲ့ ဒကာ ဒကာမတို့ ဘယ်သူပါလိမ့် (တဏှာပါ ဘုရား) တဏှာပဲ။

တဏှာကြောင့် ဥပါဒါန် မြစ်ရတယ်။ ဥပါဒါန်ကြောင့် ‘ကံတဲ့၊ တဏှာဖြုတ်ကြည့်စမ်းပါ၊ သူတို့ လာပါ့မလား (မလာပါဘူး ဘုရား)။

မလာတော့ သူဖြတ်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါဖြင့် တဏှာ သိဗ္ဗိနီ ၊ ရှင်းပလား (မှန်ပါ့)။

တဏှာ= တဏှာသည်၊ သိဗ္ဗိနီ – အပ်ချပ်သမားနဲ့ တူ၏။ တဿ တသေဝ ဘဝဿ အဘိနိဗ္ဗတ္တိယာ- ထိုထိုဘဝကို သူချည့်ဆက်ပေးနေတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ အားလုံး ဒကာ ဒကာမတွေ၊ ဘယ်အခါ ကာလမှ ခင်ဗျားတို့ ဒုက္ခနှစ်ခု အကြားမှာ လေတောင် မသွေးဘူးဆိုတာကို အသေအချာ မှတ်ပါတော့ နောက်က နေခဲ့တာ (မှန်ပါ့)။

မှတ်မိကြတယ်နော် (မှန်ပါ့) ဒုက္ခနှစ်ခုကြား ဘာတဲ့ (လေတောင် မသွေးပါဘူး ဘုရား)၊ လေတောင် မသွေးဘူးတဲ့ ဘယ်သူကဆက်ပေးတုံး (တဏှာက ဆက်ပေး ပါတယ် ဘုရား)။

အံမာ ဒုက္ခကြားထဲများ လေကလေးခြားထားလို့ ရှိရင်သူက စိုးရိမ်တယ် (မှန်ပါ့) ။ မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ် ဘုရား)။

အနန္တရပစ္စယော၊ အခြားမရှိ

ဒါကြောင့် အနန္တရ ပစ္စယော အခြားမရှိမူ၍ ကျေးဇူး ပြုတတ်သော တရားသည် လည်းကောင်း၊ ဟောဒိ စုတိနဲ့ ဟောဒိပဋိသန္ဓေ ကြားထဲများ ဘာခြားသေးသတုံး (မခြားပါဘူး ဘုရား)။

ဘယ်သူက မခြားအောင်လုပ်ပါလိမ့် (တဏှာ ကပါ ဘုရား)။ ဪ တဏှာက ဆက်စပ်ပေးလိုက်တယ် (မှန်ပါ့) ဒီလိုဆက်စပ်ပေးတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ သေသေချာချာ သူ့အကြောင်း သိကြပလား (သိပါပြီ ဘုရား)။ ဘယ်သူ့အကြောင်းပါ လိမ့် (တဏှာအကြောင်းပါ ဘုရား)။

အဲတဏှာအကြောင်း ကောင်းကောင်းသိရင် ခင်ဗျား တို့ နိဗ္ဗာန်ရမယ်၊ သံယုတ်ပါဠိတော်က (မှန်ပါ့)။

တဏှာအကြောင်း ကောင်းကောင်းသိရင် (နိဗ္ဗာန်ရမှာပါ ဘုရား)။ ခုမင်းတို့ရိပ်မိကြပလား (ရိပ်မိ ပါတယ် ဘုရား)။ ဘယ်လိုရိပ်မိတုံး (ဒုက္ခချင်းဆက်စပ် ပေးပါတယ် ဘုရား)။

ဒုက္ခဆက်စပ်ပေးတာဖြင့် ဘယ်သူတုံး (တဏှာ ပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့်ဒီဥစ္စာကိုတဲ့ခင်ဗျားတို့၊ ထိုထိုဘဝတွေ နောက် ၊ တုန်းကဆက်စပ်ပေးခဲ့တာ၊ ဒို့ဘဝမပြတ်ခဲ့တာလို့ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်သူ့သတ္တိပါလိမ့် (တဏှာသတ္တိပါ ဘုရား)။ အဲ့ဒါတဏှာသတ္တိ သိကြပြီဆိုတော့ ယနေ့တော့ဖြင့် ဒီလိုလုပ် ကြပေတော့ “အဘိညေယျံ အဘိဇာနာတိ ပရိညေယျံ ပရိဇာနာတိ” တဲ့ သူ့ကိုသိနေရမယ်။

ဒီဒုက္ခနဲ့ ဒီဒုက္ခဆက်ပေးတာလည်း ဒီတဏှာ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

အင်း ဒီဒုက္ခနဲ့ ဒီဒုက္ခဆက်ပေတာလည်း ဒီတဏှာ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

နောက်ဒီခန္ဓာထဲပွားဦးမယ့် ဒီတဏှာတွေ မလာပေ ဘူးလား (လာပါတယ် ဘုရား) နောက်ဒုက္ခနဲ့ဆက် ပေးမှာကော လာလတ္တံ့တဏှာ ရိပ်မိပလား (မှန်ပါ့)။

ဒီတဏှာဟာ ပေါင်းထိုက်တဲ့တရားလား

ဒါဖြင့် ဒီတဏှာဟာ ပေါင်းသင့်ပေါင်းလိုက်တဲ့ တရားလား (မဟုတ်ပါဘူး ဘုရား)၊ သဘောကျပလား (မှန် လှပါ)။

ခုထက်ထိ ဘာမှ ရရမှန်း၊ ပေါမှန်း၊ များမှန်း၊ ရှာဖွေ ရမှန်း မသိသေးဘူး၊ ဖျင်းလိုက်တဲ့ကလေး ဒို့ ဒီအရွယ်တုန်းက ဆိုရင်အတော်နားလည်ကုန်ပြီ၊ အံမာဂုဏ်များ ယူလိုက် သေးတယ် (မှန်ပါ့)။

ဒို့ ဒီအရွယ်ဆိုရင်ဖြင့် တဏှာတော်တော်ချုပ် စပ်တတ် ပြီပြောနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာတွေပြောကြပါလိမ့် (ချုပ်စပ်တတ်ပါပြီ ဘုရား)၊ တော်တော်ချုပ်စပ်တတ်ပြီ၊ ဘာနဲ့ဘာချုပ်စပ်တတ်။

အဲ ဒီလိုမလုပ်နဲ့ ဒုက္ခနှစ်ခု ချုပ်စပ်တတ်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ (ဒုက္ခနှစ်ခု ချုပ်စပ်တတ်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီဒါဖြင့် ခုတော့ဖြင့် “အဘိညေယံျ အဘိဇာနန္တာ ပရိညေယံျ ပရိဇာနန္တာ” ထိုးထွင်း၍ သိရမယ်တဲ့၊ ထိုးထွင်း၍ သိရမယ်ဆိုတော့ ဒကာ ဒကာမတွေ ဒီလိုသွားကြပေတော့၊ ထိုးထွင်း၍ သိရမယ်ဆိုတော့ ဝိညာဏ်ချုပ်ရင် ဘာလာမတုံး၊ နာမ်ရုပ်လာမယ်။

သြော် ဝိညာဏ်လည်း ဖြစ်ပြီးချုပ်တာ (မှန်လှ ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝိညာဏ်လဲ ဖြစ်ချုပ်ဆိုတော့ ဒုက္ခသစ္စာပဲ။

ဒါကျုပ်တို့ စသေပြီ (မှန်ပါ့) ရောက်ခါရှိသေး တယ် သေရတာ (မှန်လှပါ)။

ပဋိသန္ဓေနေခါရှိသေးတယ် ဘာတုံး (သေပါပြီ ဘုရား) သေရတော့ ကျုပ်တို့သည်ကား လို့ဆိုရင်၊ လူ့ဘဝ အရတော် လေစွလား၊ ရရချင်း သေခြင်းဆိုး သေရတာလား သာ မေးတော့ (ရရချင်းသေခြင်းဆိုး သေရတာပါ ဘုရား) သဘောကျပလား (မှန်ပါ့)။

ဝိညာဏ် ဘာသစ္စာ

ဒါဖြင့် ဝိညာဏ် ဘာသစ္စာဆိုကြ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဒီဘက်က ဝိညာဏ်က ကျေးဇူးပြုထားတဲ့ ဒုက္ခ သစ္စာကြီးက မွေးထားခဲ့တဲ့ တရားလဲရှိသေးတယ်၊ သူက လည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သူလည်း ဖြစ်ပြီးရင် မချုပ်ပေဘူးလား (ချုပ်ပါ တယ် ဘုရား)။ ချုပ်သွားတော့ ဝိညာဏ်ပြီးတော့ နာမ်ရုပ်ချုပ်၊ နာမ်ရုပ်ချုပ်ပြီး သဠာယတနကော (ချုပ်ပါတယ် ဘုရား) အင်း သူလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အင်း ဖဿကကော (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာ ကကော (ဒုက္ခသစ္စာပါ ဘုရား)အင်း တဏှာ ကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုပဲ တဏှာက ချုပ်စပ်ပေးလိုက်တာတွေဟာ၊ ကျုပ်တို့ ဘာတွေ များ ချုပ်စပ်ပေးလိုက်ပါလိမ့်၊ ဒုက္ခချည့် ဆက်ပြီး စပ်ပေး တယ် (မှန်ပါ့) ရိပ်မိကြပလား (မှန်ပါ့)။

ဘာတွေများ ဆက်စပ်ပေးလိုက်တဲ့ (ဒုက္ခတွေ ချည့် ဆက်စပ်ပေးပါတယ် ဘုရား)။

အင်း ရှေ့ သူ့လက်သပ်မွေးဦးမယ်ဆိုရင် သူဘာလုပ် ဦးမယ်ထင်တုံး (ဒုက္ခတွေ ဆက်စပ်ပေးဦးမှာပါ ဘုရား) အင်း သူ့အကြောင်းသိပြီ ခင်ဗျားတို့ (မှန်ပါ့)။

သူ့အကြောင်း သိပြီ၊ မင်းတယ်ဆိုပါလား (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါသူ့ကို ထိုးထွင်းသိလာပြီ၊ မသိလာဘူးလား (သိလာပါတယ် ဘုရား)။

ခင်ဗျားတို့က ဒါတွေ ဘာသစ္စာလို့ သိပါလိမ့် (ဒုက္ခသစ္စာလို့ သိပါတယ် ဘုရား) ဒုက္ခသစ္စာလို့ သိတော့ကို ဒုက္ခသစ္စာကို ကျုပ်တို့က သိတာက ဒီနေရာကနေ သိတာကိုးဗျ။

သူချုပ်တဲ့ နေရာကနေ သိတာ (မှန်ပါ့) ဒီနေရာမှာ ကျုပ်တို့က မဂ်ဝင်လိုက်လို့၊ သော် ရှေ့ပိုင်းကဟာတွေ ဒုက္ခသစ္စာချည့်ပဲ သိလိုက်တော့ သူလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဘယ်လိုများ သူသိလိုက်သတုံးဆိုတော့ ဒါဆရာ ဘုန်းကြီး အကူအညီနဲ့ပေါ့ဗျာ (မှန်ပါ့)။

ဆရာဘုန်းကြီး အကူအညီနဲ့ ခင်ဗျားတို့ ခန္ဓာကိုယ် မြင်တဲ့ ဒုက္ခသစ္စာ၊ နာမ်ရုပ်လေး ပေါ်လာရင် (ဒုက္ခ သစ္စာပါ ဘုရား)။

ပေါ်တာဟူသ၍ ဒုက္ခသစ္စာ

ခုနက စောင့်ကြည့်နေတော့ ခန္ဓာကိုယ်ထဲ ပေါ်တာ ဟူသ၍ ဘာချည့်တဲ့ (ဒုက္ခသစ္စာပါ ဘုရား)

အဲ သဠာယတနတွေကော (ဒုက္ခသစ္စာပါး ဘုရား) အင်း ဖဿတွေကော (ဒုက္ခသစ္စာပါ ဘုရား) အင်း ဝေဒနာတွေကော (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဟောဒီကနေ သိသိနေတာ (မှန်ပါ့) သူရှိ တဲ့ အချိန်မသိဘူး၊ သူမရှိတဲ့အချိန်သိတယ် (မှန်လှပါ)။

ဒါဖြင့် ဒီဟာလေးဟာ မဂ်ဖက်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မဂ်ကဘာကိုပိုင်းခြားသတုံး

မဂ်က ဘာပိုင်းခြားသတုံး၊ ဟေး! မင်းလုပ်လာခဲ့တဲ့ ချုပ်စပ်တာဟူသ၍ ဒုက္ခသစ္စာချည့်ပဲလို့ မဂ်က ဝင်သိလိုက် တယ် (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား)။

မဂ်က ဝင်သိလိုက်တော့ ရှေ့ပိုင်းက ဟာတွေက ဘာသစ္စာဖြစ်သွားတုံး (ဒုက္ခသစ္စာပါ ဘုရား) အင်း သူသိတာလေးက (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဖြစ်သွားတော့ကို ဒီတဏှာက ဘာဖြစ် သွားတုံး (သေသွားပါတယ် ဘုရား) တဏှာသေသွား တော့ သူ့အဖော်တွေက ဥပါဒါန်လဲသေ (မှန်ပါ့) ကံလည်းသေ (မှန်ပါ့)။

အင်း နောက်လာမယ့် သူနဲ့ချုပ်စပ်မယ့်သူ မရှိတော့ နောက်ဇာတိကာ လာသေးသလား (မလာပါဘူး ဘုရား)။

မလာတော့ ဇာတိတို့၊ ဇာရာတို့၊ မရဏတို့ ချုပ်ရာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား) ဪ ဒါဖြင့် ဒါကို ပိုင်းခြားလိုက်ရင် ပြီးတာပဲ (မှန်ပါ့)။

ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်ကို ပေါ်ရာကိုသာ ထိုင်ပြီး ဒီကနေ ပိုင်းခြားပြီးသာ ကြည့်ပေတော့တဲ့။

မဂ်ဝင်ရောက်သွားတယ်

ကြည့်လိုက်တော့ ခန္ဓာကိုယ်ထဲပေါ်တာဟူသ၍ ဒုက္ခ သစ္စာချည့်ပိုင်းခြားချတော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒုက္ခသစ္စာချည့်လို့ ပိုင်းခြားချပါရော တဏှာဝင်နိုင် သေးရဲ့လား (မဝင်နိုင်ပါ ဘုရား)၊ သူ့ကို ရှိသေးရဲ့လား၊ သူနေတဲ့နေရာ မဂ်ဝင်ရောက်တယ် (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)။

သူ ချုပ်မယ့်နေရာ၊ အပ်ချုပ်မယ့်လူ လာမယ့်နေရာ ကျုပ်တို့က ဘာရောက်သွားတုံး (မဂ်ဝင် ရောက်သွား ပါ တယ် ဘုရား)။

မဂ်ဝင်ရောက်သွားတော့ မဂ်ကလည်း အလိုလိုဝင် တာလားတဲ့၊ ဒါတွေ ပိုင်းခြား လို့ဝင်တာလား (ပိုင်းခြားလို့ ဝင်တာပါ ဘုရား)။

ဘယ်သစ္စာတွေ ပိုင်းခြားလိုက်တုံး (ဒုက္ခသစ္စာ တွေ ပိုင်းခြားလိုက်ပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာလို့ ပိုင်းခြားတာကလည်း သူကဝင်ပြီး ပိုင်းခြားလိုက်တဲ့အတွက် သူ့နေရာမှာရှိတဲ့ တဏှာက ချုပ် တယ် (မှန်လှပါ)။

တဏှာကချုပ်လို့ ဥပါဒါန် ကံချုပ်တယ်

တဏှာချုပ်ရင် ဥပါဒါန်က (ချုပ်ပါတယ် ဘုရား)၊ ကံကကော (ချုပ်ပါတယ် ဘုရား)။

ကံချုပ်တော့ ကံကုန်ပြီး ဆက်ဦးမှာလားတဲ့ (မဆက်ပါဘူး ဘုရား)၊ ဟော တဏှာက ချုပ်ပျောက်သွားပြီ (မှန်ပါ့)။

နို့မဟုတ်ရင် သူက အပ်ချုပ်သမား၊ ဟိုရှေ့ဆက် မလို့ (မှန်ပါ ဘုရား)၊ ချုပ်တော့မလို့လုပ်တုန်း ကျုပ်တို့က မဂ်နဲ့ ဝင်ဖြတ်လိုက်လို့ (မှန်ပါ)၊ သဘောကျပလား (မှန်ပါ)၊ ရှင်းပလား (မှန်ပါ့)။

ဒါဖြင့် ဒီလိုသာလုပ်နေလို့ ကိုယ့်သန္တာန်ပေါ်တာ ထိုင်ပြီးတော့ သိတဲ့စီတ်လာလည်း ဖြစ်ပျက်ရှု၊ မသိတဲ့စိတ် လာလည်း ဖြစ်ပျက်ရှု။

အကယ်၍ ပူတဲ့ရုပ်ပေါ်လည်း ဖြစ်ပျက်ရှု၊ အေးတဲ့ ရုပ်ပေါ်လာလည်း ဖြစ်ပျက်ရှု၊ ဒုက္ခသစ္စာသာပိုင်းခြားနေပါ ကွာတဲ့၊ တဏှာ သိုနီဆိုတဲ့ အပ်ချုပ်သမား သေပြီကွ (မှန်ပါ့)။

ဘယ်တော့ နိဗ္ဗာန်ရမှာတုံး

မသေသေးဘူးလား (သေပါပြီ ဘုရား) သေတော့ ဒါ ဘယ်တော့ နိဗ္ဗာန်ရမှာတုံးလို့ ငါဘုရားလာမေးနေတာ အခု ရတယ်လို့ ပြောတယ် (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။

အခုဘဝ နိဗ္ဗာန်ရပါတယ်

ဘယ်တော့ရမှာတုံး (အခုရပါတယ် ဘုရား) ရကောမရဘူးလား (ရပါတယ် ဘုရား) ကဲ အဲဒီတော့ ခင်ဗျားတို့ ဒုက္ခကို ရှေးဦးစွာ ပိုင်းခြားပိုင်းခြားပြီး ဒါဒုက္ခသစ္စာ အစစ်ပဲလို့၊ ဟောဒီမဂ် အစစ်ဖြစ်ပါစေ၊ ဒီဘက်ကဟာတွေ အကုန်သေတာပဲ (မှန်ပါ့)။

အခုဘဝပဲ နိဗ္ဗာန်ရတာပဲတဲ့၊ ငါတာရှည်မဟောပါ ဘူးတဲ့၊ ရိပ်မိပလား (မှန်ပါ့)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။