137

မဂ်ဉာဏ်မရနိုင်တာ ရှစ်နေရာ (သုညတ တရားတော်)

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသောတရားတော်

မဂ်ဉာဏ်မရနိုင်တာ ရှစ်နေရာ

(သုညတ တရားတော်)

(၉-၄-၆၀)

ဒကာ ဒကာမတို့ ယခု ဘယ်ကလာကြတာလဲဆိုရင်၊ ဪ ပဋိသန္ဓေ အမိဝမ်ခေါင်းထဲက လာကြတယ် ဆိုတာ၊ ဒကာ ဒကာမတွေ ဖြေကြမှာပဲ (မှန်ပါ့)။

ယခု ဘာဖြစ်နေသတုံး မေးလို့ရှိရင်၊ တပည့်တော်တို့ အိုခြင်းဆိုး ဖြစ်နေတယ်လို့ပဲ ဖြေကြမှာ (မှန်ပါ့) ရှေ့ – ဘယ်များတပည့်တော်တို့ လှမ်းရမှာပါလိမ့်မလဲလို့ မေးလို့ ရှိရင်၊ နာခြင်းဆိုးဘက် သွားမှာပဲဘုရား၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကနေပြီး ရှေ့ဘယ်များ တစ်ဆင့်ခုန်ပြီး ကူးကြဦးမှာ တုံးဆိုတော့၊ သေခါနီး သေခြင်းဆိုး ဘက် သွားကြမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကနေပြီး၊ ဘယ်များဆက်လက်ပြီး သကာလ၊ သွားကြပါဦးမလဲလို့ မေးတဲ့အခါကျတော့၊ သုညတဖြစ်တဲ့ တရားကို မနာရလို့ရှိရင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ အမိဝမ်းခေါင်းထဲ ဇာတိဒုက္ခဘက် ပြန်လှည့်လို့ ဆိုရမှာပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘယ်များကျုပ်တို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့်၊ ဒီဒုက္ခလေးချက်မှ တစ်ပါး ဘယ်များအ ဆုံးသတ်စရာ ရှိသေးသတုံး ဆိုလို့ရှိရင်ဖြင့်၊ ဘယ်မှအဆုံး သတ်စရာ မရှိတော့ဘူး။

ကိုယ့်ဘဝ၊ ကိုယ့်ခဏ၊ အဖိုးတန်ပုံ

ဒါကြောင့် ဒကာ ဒကမတွေ ကိုယ့်ဘဝ၊ ကိုယ့် ခဏလေး အဖိုးတန်ပုံကို နားထောင်ကြည့်ပါဦး၊ ဒါလေး အလွဲသုံးစား မလုပ်လိုက်ပါနဲ့လို့ ဒကာ ဒကာမတွေ ဆုံးမ တယ်နော် (မှန်ပါ့)။

ကိုယ့်ဘဝ၊ ကိုယ်ခဏလေးဟာ အားလုံးဆရာ ဘုန်းကြီးများ အင်္ဂုတ္တိုရ်ပါဠိတော်မှာ၊ သေသေချာချာ ကိုယ်တော်မြတ်ကြီးက ဟောလို့၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ ရောင်းဝယ် ဖောက်ကားပြီး သကာလနေတာ၊ ပျော်ရွှင်နေတာကို ဘုန်းကြီးများသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ နေတဲ့အတွက်၊ အလွန်ဝမ်းသာပါတယ်၊ ဦးခန့် ဝမ်းသာတယ်နော် (မှန်ပါ့)။

ထိုကဲ့သို့ ဝမ်းသာငြား သော်လည်း တော်တော်ကြာ ကျလာလို့ရှိရင်၊ ဘေးကပုဂ္ဂိုလ်က ကိုယ်ကျိုးနည်း တော့လည်း ဆိုးဝါးလိမ့်မယ် (မှန်ပါ့)။

ဝမ်းသာတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ကျန်းမာလို့ ချမ်းသာ လို့၊ အရောင်းနဲ့ အဝယ်နဲ့ နေကြထိုင်ကြပြီ ဆိုရင်၊ ဘေးက ကြည့်ရတာအလွန် ဝမ်းသာပါတယ်။

သို့သော်လည်း၊ ဝမ်းသာသလောက်ပဲ ကိုယ့်ခဏ လေးကို အလွဲသုံးစားလုပ်ပစ်လိုက်မှာ၊ ဘုရားကတော့ သိပ် စိုးရိမ်ပါတယ် (မှန်ပါ့) ကိုယ်ရထားတဲ့ ခဏလေးအလွဲ သုံးစား လုပ်လိုက်မှာကို ဘုရားက သိပ်စိုးရိမ်တော်မူတယ်၊ သဘောကျကြပလား (ကျပါတယ် ဘုရား)။

ရထားတဲ့ဘဝကို အလွဲသုံးစားမလုပ်ပါနဲ့

ကိုယ်ရထားတဲ့ ဘဝခဏလေးကို ဘာတဲ့ (အလွဲ သုံးစားလုပ်လိုက်မှာကို ဘုရား) အလွဲသုံးစား လုပ်ပစ်လိုက်မှာ ကို သိပ်စိုးရိမ်တော်မူတယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်လိုက်ပါနော် (မှန်ပါ့)။

ကိုယ်ရထားတဲ့ လူ့ဘဝကလေး၊ မောင်နိုင် လွယ်လွယ်ကူကူနဲ့ ရတယ်လို့ မဟုတ်ပါဘူး (မဟုတ်ပါဘူး၊ ဘုရား) လူ့ဘဝရတာကတော့ လူဖြစ်ခါမှရလာမှ လွယ်လွယ် ကူကူမရလို့ရှိရင်၊ ယ္ခုကဲ့သို့ သစ္စာ တရားကို ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတဲ့ တရားတွေကို နာရဖို့ ဒါလည်းလွယ်ပါ့မလား, (မလွယ်ပါဘူး ဘုရား)။

မလွယ်ပြန်ဘူး၊ တစ်ခါလူဘဝထဲ ရောက်လာတယ်။ ဟောတတ်တဲ့ ဘုန်းကြီးက၊ ဟောတတ်တဲ့ ဆရာသမားက၊ ဒကာ ဒကာမတို့အား တစ်ခါတည်း မဂ်ပေါက် ဖိုလ်ရောက် ဆိုတဲ့တရားကို ဟောလည်း ဟောနိုင်ပါငြား သော်လည်း၊ ဒကာ ဒကာမတွေမှာ ထောင်တတ်တဲ့နား မပါလို့ရှိရင်လဲ ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။

ဪ ကိုင်း မရနိုင်တာတွေက၊ လူ့ဘဝလည်း ရပါဦးမှ၊ ထောင်တတ်တဲ့ နားကလည်း ပါပါဦးမ-နော် (မှန်ပါ့) ထောင်တတ်တဲ့ နားက ဆယ်လိုပင် ပါပြီး သကာလ နေငြားသော်လည်း၊ သာသနာ ကုန်သွားပြန်တော့ – ဘယ့်နှယ့်ဆိုကြမလဲ (မရနိုင်ပါဘူး ဘုရား) မရနိုင်ပြန်ဘူး သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း- သာသနာက မကုန်သေးပါဘူး၊ ဘုန်းကြီးကပဲ သုညတ တရားတွေ၊ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်တဲ့ တရားတွေ၊ ပုဂ္ဂိုလ် သတ္တဝါမရှိပါဘူးဆိုတဲ့ အဖြစ်အပျက် အနိစ္စတွေကို မောင်နိုင် တို့လူစု၊ ဦးဘလေးတို့ လူစုတို့၊ ဘုန်းကြီးကပင် ဟောနိုင်ငြား သော်လည်း၊ ဒကာ ဒကာမတွေက အသေ စောသွားပြန်ရင်ကော ဘယ့်နှယ့် ဆိုကြမတုံး (မရပါဘူး ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ မရမှာနဲ့ရမှာ ဘယ်ဟာကများပါလိမ့် မလဲလို့၊ သေသေချာချာ ဉာဏ်ချိန် ခွင်နဲ့ ချိန်ပြီးတွက်ချက် ကြည့်လိုက်တာပေါ့ (မရမှာကများပါတယ် ဘုရား) မရမှာက များတယ်။

ရပ်ပြစ်ရှစ်ပါးဆိုတာ

ဘုရားဉာဏ်တော်နဲ့ ကြည့်လိုက်တယ်လို့ ဦးခန့် အသေအချာမှတ်ထားလိုက် (မှန်ပါ့) ဘုရား ဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ခင်ဗျားတို့က ရပ်ပြစ်ရှစ်ပါးဆိုတဲ့ – ဥစ္စာ အင်္ဂုတ္တိုရ်က လာတယ်နော် (မှန်ပါ့)။

မောင်နိုင်ရေ၊ ဟိုး အသညသတ် ရုပ်ချည့်နေတဲ့ဘုံ၊ အရူပဘုံ ဆိုတာ နာမ်ချည့်နေတဲ့ဘုံနော် (မှန်ပါ့) အဲဒီဘုံတွေသွားပြီး ဖြစ်နေမယ်ဆိုလို့ ရှိရင်လည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်နိုင်ပမလား (မကျင့်နိုင်ပါဘူး ဘုရား) မကျင့်နိုင်တော့ ဪ (၁) ရုပ်၊နာမ် မစုံတဲ့ ဘုံသွားဖြစ်နေပြန်လို့ရှိရင်လည်း (၁) နံပါတ် ဒုက္ခ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီးနဲ့ (ဝါ) မဂ်ဉာဏ်ကြီးနဲ့ အလွဲကြီးလွဲရတော့တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါ (၁) နံပါတ် မှတ်တာပေါ့။ ရုပ်နာမ်မစုံတဲ့ ဘုံမှာ သွားဖြစ်နေလို့ (မှန်ပါ့)

(၂) ငရဲသွား ဖြစ်နေမယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်နှယ် လုပ်ပြီး သကာလ ၊ သုညတဖြစ်တဲ့ တရားနဲ့ နိဗ္ဗာန်သွားမတုံး (မသွားနိုင်ပါ ဘူး ဘုရား) နှစ်ခုရှိသွားပြီ (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

(၃) တိရစ္ဆာန်ဘုံသွားဖြစ် နေမယ်၊ ကဲ- သုညတ ဖြစ်တဲ့ရုပ်နာမ် ဖြစ်ပျက်တွေကို မောင်နိုင်တို့ လူစု၊ ကိုမြင့် တို့လူစု၊ ကိုယ်တို့လူစု ဘယ့်နှယ့်လုပ် နားထောင်တတ်မတုံး (နားမထောင်တတ်ပါဘူး ဘုရား)။

ကျောင်းခွေးတွေ ရှိတယ် ဒကာ ဒကာမတို့၊ ကျောင်းမှာခွေးတွေ ရှိတယ်၊ ဒီမှာ ဆရာဘုန်းကြီး နေ့တိုင်း ပြောပါတယ်၊ ဒကာ ဒကာမတွေ လာတဲ့အခါလည်း ပြောပါ တယ်၊ သူတို့လည်း ကြားနေတာပဲ၊ ပြောတာ ကြားတာ ရှိတာပဲတဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတဲ့ နားမျိုးပါပါရဲ့လား (မပါပါဘူး ဘုရား)။

ဒါဖြင့် တိရစ္ဆာန်ဖြစ်နေလည်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတဲ့ ခန္ဓာပဲ (မှန်ပါ့) ခု ဘယ်နှစ်မျိုး ရှိသွားတုံး (သုံးမျိုး ရှိသွားပါပြီ ဘုရား)။

ရုပ်နာမ်မစုံ ဗြဟ္မာဘုံက တစ်မျိုးနော် (မှန်ပါ့) ငရဲကတစ်မျိုး၊ တိရစ္ဆာန်ဘုံက တစ်မျိုးနော် (မှန်ပါ့)။

(၄) ပြိတ္တာတွေဖြစ်နေမယ်၊ ကဲ-နှပ်တို့၊ တံတွေးတို့၊ ကျင်ကြီးတွေကို ရှာစားနေရတဲ့ပြိတ္တာတွေ ဖြစ်နေမယ်၊ မောင်နိုင်ရေ ခုနင်က သုညတ ဖြစ်တဲ့တရား၊ ဖြစ်ပျက်မြင်တဲ့ တရား၊ သစ္စာဆိုက်တဲ့တရား ကြားလို့မှသိနိုင်ပါ့မလား (မသိနိုင်ပါဘူး ဘုရား) သော် ဘယ်နှစ်မျိုးရှိသွားပတုံး (လေးမျိုးပါ ဘုရား) လေးမျိုးနော်။

ဒကာ ဒကာမတွေ ဒါမဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင် တာတွေပြတာနော်၊ ဦးဘလေး ဘာပြပါလိမ့် (မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်တာပါ ဘုရား)။

စဉ်စားပါ ဒကာ ဒကာမတို့၊ ကိုယ့်အဖြစ်ကလေးဟာ မည်မျှလောက်အဖိုးတန်ပြီး၊ မည်မျှလောက် အသုံးချသင့် တယ်ဆိုတာ၊ ဒီ ခဏကာလလေးကို မလွန်စေချင်တဲ့ အဓိပ္ပါယ်မျိုး ဘုရားက ပြောနေလို့၊ ဘုန်းကြီးကတစ်ခါ အကူ အညီပေးပြီး၊ ဒကာ ဒကာမတို့ ရထားတာလေး အလွဲသုံးစား မလုပ်လိုက်ပါနဲ့၊ တဏှာခိုင်းတာနဲ့ ကျွန်စာရင်း ကျွန်သပေါက် အဖြစ်နဲ့ပဲ အချိန် ကုန်မနေစေပါနဲ့ ဆိုတာကို ပြောချင်လို့၊ ဒီခဏတွေ ထုတ်လာတယ်လို့ မှတ်ပါနော် (မှန်ပါ့)

ဦးဘလေးတို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား) ခု လေးဌာန မောင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်တဲ့ နေရာတွေ ရနိုင်သေးရဲ့လား ( နိုင်ပါဘူး ဘုရား)။

(၅) တောင်ကြား ခြုံကြားမှာ နေကြတဲ့လူတွေလို ဖြစ်နေရင်၊ ကိုင်း ဒကာ ဒကာမတို့၊ သညက မဂ္ဂဗြဟ္မစရိယ ဒီ သစ္စာတရား နားထဲလည်း ကြားရမှာလည်းမဟုတ်ပါဘူး။ ကျင့်နိုင်မယ်လည်း မဟုတ်ပါဘူး၊ ကျင့်ရမယ်လို့လည်း သိမှာ – မဟုတ်ပါဘူး လူတော့ ဖြစ်တာပါပဲ (မှန်ပါ့)။

တောင်ကြား ခြုံကြားမှာဖြစ်တဲ့ လူတွေဆိုရင် ဘယ့်နှယ့်ဆိုကြမတုံး (မရနိုင်ပါဘူး ဘုရား) အင်း ငါးပါး ရှိသွားပြီနော် (မှန်ပါ့) သဘောကျကြလား (ကျပါ တယ် ဘုရား)။

ကောင်းပြီ၊ ဒကာ ဒကာမတို့တဲ့၊ တစ်ခါ၊ ဒါက တောင်ကြား ခြုံကြားတွေမှာ ဖြစ်နေလို့၊ အင်း-တောင်ကြား ခြုံကြားမှာ လူဖြစ်နေရတဲ့ အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘယ်လိုဟောဟော , မရနိုင်တဲ့ဥစ္စာ ကိုလည်း၊ ဒါ ဘုရား ဟောတော်မူတယ်နော် (မှန်ပါ့) ဘယ်နှစ်မျိုးရှိသွားတုံး။ (ငါးမျိုးရှိသွားပါပြီ ဘုရား)။

(၆) တစ်ခါ ဘုန်းကြီးက၊ ဖော့- ဟောဒီ ဝေဒနာ လေးဟာ၊ ပုဂ္ဂိုလ်လည်း မဟုတ်ဘူးကွ၊ သတ္တဝါလည်းမဟုတ် ဘူးကွ၊ ပုဂ္ဂိုလ် သတ္တဝါမှ ဆိတ်တဲ့ သုညတလို့၊ ဘယ်လို ပင်ပြော ပြောနားမလည်တဲ့ ပုဂ္ဂိုလ်များသော မောင်နိုင် မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီကဲ့သို့ သုညတ တရားကို နားမပါတဲ့ ပုဂ္ဂိုလ်ဟာ လည်း၊ ဒကာ ဒကာမတို့ ဘယ်တော့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို မရောက်နိုင်ဘူးတဲ့ (မှန်ပါ့)

ဒီ သုညတ တရားကို မနာနိုင်လို့ရှိရင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါ ဆိတ်တဲ့ တရားကို မနာရလို့ရှိရင်၊ အားလုံးနောက်က ဒကာ ဒကာမတွေ၊ ဘယ်နည်းနဲ့မှ မဂ်ဖိုလ် မဆိုက်ဖူးဆိုတာ မှတ်လိုက်ပါ (မှန်ပါ့)။

ပုဂ္ဂိုလ် သတ္တဝါ ရှိနေကတည်းက၊ ဘယ်ကလာပြီး သကာလ ဖြစ်ပျက် အနိစ္စတို့၊ ဖြစ်ပျက်ဒုက္ခ သစ္စာတို့၊ ဝိပရိနာမ ဒုက္ခသစ္စာတို့ ဘယ်ကလာပေါ်တော့မတုံး (မပေါ် ပါဘူ ဘုရား)။

ဒုက္ခသစ္စာမှမပိုင်းခြား ပိုင်ပိုင်နိုင်နိုင်မသိတဲ့ ပုဂ္ဂိုလ် ဟာ၊ ဘယ်မှာသာလျှင် မဂ္ဂသစ္စာ ဖြစ်နိုင်ပါမတုံး (မဖြစ်နိုင်ပါဘူး ဘုရား) ဘယ်မှာသာလျှင် သမုဒယသစ္စာ သေနိုင် ပါ့မလဲ (မသေနိုင်ပါဘူး ဘုရား) ဘယ်မှာသာလျှင် သမုဒယမသေရင် နိရောဓဟာ ဘွားကနဲပေါ်နိုင်ပါ့ မလား (မပေါ်နိုင်ပါဘူး ဘုရား)။

ဒါဖြင့် သုညတ မနာရလို့ရှိရင်၊ ဘယ်တော့မှ မဂ်ဖိုလ် မရလို့ ဒကာကြီးလှိုင် သေချာ မှတ်လိုက်စမ်း (မှန်ပါ့) သုညတ တရားကို မနာရလို့ (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါဆိတ်တဲ့တရားမှမဂ်ဉာဏ်ရမယ်

ပုဂ္ဂိုလ်သတ္တဝါ ဆိတ်တဲ့တရားကို မနာရလို့ရှိရင် ဘယ် တော့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရလို့၊ အင်္ဂုတ္တိုရ် ပါဠိတော်မှာ သေသေချာချာ ဟောလေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် သုညတ တရားကို ရုပ်နာမ်သာရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါမရှိဘူး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိတယ် (ဝါ) ဒုက္ခ သစ္စာသာ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူးဆိုတဲ့တရားကို၊ နာလည်းမနာရ၊ ကျင့်လည်း မကျင့်ရလို့ရှိရင်၊ ဘာလှူလို့ ဘာတန်းတန်း မဂ်ဖိုလ်မရောက်ဘူး (မှန်ပါ့)။

မရောက်နိုင်ဘူး၊ သုညတမပါလို့ မရဘူး (မှန်ပါ့) သဘောပေါက်ကြပလား (ပေါက်ပါပြီ ဘုရား) မရနိုင်ဘူးတဲ့၊ ဒီဥစ္စာတွေ အင်မတန် အရေးကြီးနေတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်နှစ်ခုရှိပြီလဲ (ခြောက်ခုရှိပါပြီ ဘုရား) ခြောက် ခုရှိသွားပြီတဲ့ (၇) သုညတ တရားတော့ ဒကာ ဒကာမတို့၊ သုညတ တရာသည်ကား ဆိုလို့ရှိရင်၊ နာနိုင်တဲ့နား၊ ထောင် နိုင်တဲ့နား မရှိလို့ရှိရင်လည်း၊ ဘယ်လိုပင်လူဖြစ်နေငြားသော် လည်း မောင်နိုင် အလကားပဲနော် (မှန်ပါ့)။

(၈) ဘုရားမပွင့်တဲ့ အခါမှာ၊ ကျုပ်တို့ကလူဖြစ်နေပြန် တော့လည်းဘယ့်နှယ့်ဆိုကြမလဲ (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့၊ ဘုရား မပွင့်တဲ့အခါမှာ လူဖြစ် နေလို့ရှိရင်လည်း ဘယ့်နှယ့် ဆိုကြပါ့မတုံး (မရနိုင်ပါဘူး ဘုရား)။

ဘုရားပွင့်ပြီး သကာလ နေငြားသော်လည်းတဲ့၊ ခုနင် ကပြောခဲ့တဲ့ ဒကာ ဒကာမတွေ သိပြီးသား အတိုင်း၊ သုညတ တရားတွေ နာလို့မရပဲနဲ့ နေခဲ့လို့ရှိရင်လည်း အလကားပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်မရနိုင်သော၊ ရှစ်နေရာ

ဒါကြောင့် ဒကာ ဒကာမတွေပြန်ပြီးစစ်လိုက်-

(၁) ရုပ်နာမ်မစုံတဲ့ဘုံမှာဖြစ်ရင်လည်း မဂ်ဖိုလ်မရနိုင်ဘူး (မှန်ပါ့) သဘောကျပလား

(၂) ငရဲမှာဖြစ်ရင် (မရနိုင်ပါဘူး ဘုရား)

(၃) တိရစ္ဆာန်မှာဖြစ်ရင် (မရနိုင်ပါဘူး ဘုရား)

(၄) ပြိတ္တာမှာဖြစ်ရင် (မရနိုင်ပါဘူး ဘုရား)

(၅) မိစ္ဆာဒိဋ္ဌိ ဖြစ်ရင် (မရပါဘူး ဘုရား) မရနိုင်ဘူးတဲ့ ဒကာ ဒကာမ တို့ မိစ္ဆာဒိဋ္ဌိ ဖြစ်နေရင်လည်း မရနိုင်ဘူး (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိဆိုတာ သမာဒိဠိကို ကန့်ကွက်တာကိုး (မှန်ပါ့) သမာဒိဋ္ဌိ မဂ္ဂင်မှဆိုက်ကြသေးရဲ့လား (မဆိုက် ပါဘူး ဘုရား) မဆိုက်မရဘူးဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကဲ (၆) လူရိုင်းတွေဖြစ်နေကြမယ် (မရနိုင်ပါဘူး ဘုရား) ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)

ကောင်းပြီ လူရိုင်းတော့ မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့၊ ထောင် နိုင်တဲ့နားမရှိ၊ အအ၊ အဆွံ့ တွေဖြစ်နေမယ်၊ တစ်နည်း (၇) ဘာမှနားမလည်တဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဖြစ်နေ မယ် ဆိုရင်ကော ရပါ့မလား (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူး သဘောကျပလား (ကျပါပြီ ဘုရား)။

(၈) ဘုရားမပွင့်ရင်ကော (မရနိုင်ပါဘူး ဘုရား) မရနိုင်တော့ မဂ်ဉာဏ်မရနိုင်တာ ဘယ်နှစ်နေရာ ပါလိမ့် (ရှစ်နေရာပါ ဘုရား) ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

မဂ်ဉာဏ်မရနိုင်တာ ဘယ်နှစ်နေရာပါလိမ့် ၊ (ရှစ်နေရာ) ရှစ်နေရာ၊ ရှစ်နေရာနော် (မှန်ပါ့) ဒါတော်တော် အရေးကြီးတယ်ဆိုတာကို၊ လေးစားစွာနဲ့ပဲ မှတ်လိုက်ပါ ဆိုတဲ့ဥစ္စာ ပြောရတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ တစ်ခေါက် ပြန်ပြီးရှင်းပါဦးမယ်၊ ကိုယ့်ဟာကိုယ် အဖိုး ဒီလောက်တန် နေတဲ့ဥစ္စာ၊ အလွဲသုံးစားမသင့်တဲ့အကြောင်းကို မောင်နိုင် ရဲ့ ရှင်းပြချင်လို့၊ ဘုရား တရား ဟောတာ (မှန်ပါ့)။

ရုပ်နာမ်မစုံတဲ့ဘုံမှာ ဖြစ်နေလည်း၊ မဂ်ဉာဏ် ဖိုလ် ဉာဏ် (မရနိုင်ပါဘူး ဘုရား) ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန် ကြီးကို (မရနိုင်ပါဘူး ဘုရား)။

ငရဲဘုံမှာဖြစ်နေရင်လည်း (မရနိုင်ပါဘူး ဘုရား) တိရစ္ဆာန်ဘုံမှာဖြစ်နေရင်လည်း (မရနိုင်ပါဘူး ဘုရား) ကိုင်း ကျေနပ်ပလား ပြိတ္တာဘုံဖြစ်နေမယ် (မရ နိုင်ပါဘူး ဘုရား)။

မိစ္ဆာဒိဋ္ဌိ အယူတွေဖြစ်နေရင်လည်း (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူး သဘောကျပလား (ကျပါပြီ ဘုရား) တောင်ပေါ်တောင်ကြား လူရိုင်းဖြစ်နေ ရင်ကော (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူးတဲ့။

ခုလိုလူ့ပြည်မှာ တောင်ပေါ် တောင်ကြားမဟုတ်ပဲနဲ့၊ မိုးကုတ်မြို့လယ်မှာ ဖြစ်ငြားသော်လည်း၊ သုညတ တရားကို ထောင်နိုင်တဲ့ နားမရှိရင် (မရနိုင်ပါဘူး ဘုရား) မဂ်ဖိုလ် မရပြန်ဘူးတဲ့ ဒကာ ဒကာမတို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဘုရားမပွင့်တာနဲ ကြုံနေပြန်၊ ထောင်နိုင်တဲ့ နားရှိပြန်တော့ ဘုရားမပွင့်တာနဲ့ ကြုံနေပြန် တော့ကော (မရနိုင်ပါဘူး ဘုရား)။

ဪ မောင်နိုင် မရနိုင်တာ ဘယ်နှစ်မျိုးပါလိမ့် (ရှစ်မျိုးပါ ဘုရား) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဘုရားအဆူဆူနဲ့လွဲခဲ့ရတယ်

ဒါ- ရပ်ပြစ်ရှစ်ပါးလို့ ဆိုကြငြား သော်လည်း၊ အပြော သာ သေသေချာချာ ပြောနေကြတယ်၊ ကိုယ့်သန္တာန်မှာ ကိုယ်အဖိုးတန်တာဟာ၊ ထောင်နိုင်တဲ့နား ရှိ မရှိကလည်း၊ ဒါသိမှလည်း ဦးခန့်တို့ အရေးကြီးကြောင်း ထင်ရှားတယ် (မှန်ပါ့) နို့မဟုတ်ရင် ထင်ရှားပါ့မလား (မထင်ရှားပါဘူး ဘုရား)။

ကဲ ဒါဖြင့်၊ ကျုပ်တို့ ဂင်္ဂါ ဝါဠု သဲစုမက ဘုရားတွေနဲ့ အလွဲကြီးလွဲ၊ အချော်ကြီး ချော်ပြီး သကာလ လာခဲ့ရတာ၊ ဪ ဒီရှစ်ခုတစ်ခုတော့ ဖြင့်မိပေါ့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမတုံး (ရှစ်ခု တစ်ခုခုမိပါပြီ ဘုရား) မိတာသေချာတယ်နော် (တင်ပါ့) ဒါကြောင့် ဘယ်တော့ မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရခဲ့ဘူး၊ ဦးဘလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်တော့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရခဲ့တာဘာပါ လိမ့်မလဲလို့ဆိုလို့ရှိရင်၊ ဒီရှစ်ပါးတစ်ခုခုမိလို့ (မှန်ပါ့) မမိဘူးလား (မိပါတယ် ဘုရား)။

ဪ အသညသတ်သော်လည်းကောင်း၊ အရူပ သော်လည်းကောင်း၊ ပုထုဇဉ် ဗြဟ္မာကြီး ဖြစ်နေရင်လည်း မရနိုင်ဘူး၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ မိစ္ဆာဒိဋ္ဌိဖြစ်နေရင် (မရပါဘူး ဘုရား) မရနိုင်ဘူး။

လူရိုင်းဖြစ်နေရင်ကော (မရနိုင်ပါဘူး ဘုရား)။ မရနိုင်ဘူး၊ တောင်ပေါ်တောင်ကြား တော့ လူရိုင်း မဖြစ်ပါဘူး၊ သုညတ ဖြစ်တဲ့ ရုပ်နာမ်တို့၏ ရုပ်နဲ့ နာမ်သာရှိတယ် (ဝါ) ဒုက္ခသစ္စာသာ ရှိတယ်၊ ဒါဖြစ်ပျက်သာ ရှိတယ်၊သင်္ခါရမှာ အနိစ္စသာ လမ်းဆုံးတယ်ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါ မရှိတဲ့တရား မနာရပြန်လို့ရှိရင် (မရပါဘူး ဘုရား) မရဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမရှိတဲ့ တရားနာရမှမဂ်ဉာဏ်

ပုဂ္ဂိုလ်သတ္တဝါမရှိတဲ့ တရားကိုနာရမှ မဂ်ဉာဏ်ဖိုလ် ဉာဏ်က ရတယ် (မှန်ပါ့) ဒိပြင်တရားက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်ဘူးဆိုတာ သဘောကျပလား(ကျပါပြီ ဘုရား)။

ရှင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ပုဂ္ဂိုလ်သတ္တဝါ မရှိတဲ့ တရားနာရမယ်နော် (မှန်ပါ့) ကောင်းပြီ ပုဂ္ဂိုလ်သတ္တဝါ မရှိတဲ့တရားကို ဟောမယ့်ပုဂ္ဂိုလ်က ဘယ်လို ပင်ရှိသော်ငြားလည်း၊ ထောင်နိုင်တဲ့နား မရှိရင်လည်း (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူး။

ထောင်နိုင်တဲ့နားရှိပါရဲ့ ၊ ဟောတဲ့ပုဂ္ဂိုလ် ဘုရားသာသနာက မရှိပြန်ရင်ကော (မရပါဘူး ဘုရား) မရှိရင်လည်း မရနိုင်ဘူးဆိုတော့ မောင်နိုင်ရေ ဘယ်နှစ်ဌာနပါလိမ့် (ရှစ်ဌာနပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ခုရှစ်ဌာနဖြင့် ခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ လွတ်ပြီလို့ဆိုနိုင်၊ မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဟာ မဆိုနဲ့ မဆိုနဲ့၊ မင်းတို့ဂုဏ်မြင့် သွားလိမ့်မယ် နော် (မှန်ပါ့) ဒီသုညတဖြစ်တဲ့ တရားကို၊ ဒီတရား တယ်ပျင်းစရာ ကောင်းပါလား၊ တပည့်တော် နားကိုမလည်ဘူး ဆိုတာ ပါသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီတရား ညကတော့ဖြင့် ဆရာတော်ကြီးက ဟော နေတဲ့ဥစ္စာ၊ တော်တော်တော့ဖြင့် ရှင်းတယ်၊ လင်းတယ်လို့ ပြောတယ်။ ကျုပ်တော့ဖြင့် နားထောင်ကြည့်တယ်။ ဘာမှ နားမလည်ဘူး (မှန်ပါ့)၊ ဒီလိုလူလည်း ရှိသေးတယ်။ မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။

အဲ့တာ ဘာနားမလည်တာတုံးဆိုတာ (သုညတ တရားနားမလည်တာ) သုညတဆိုတာ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်တဲ့တရား (မှန်ပါ့) ဒကာ ဒကာမတို့ ဘာပါလိမ့် (ပုဂ္ဂိုလ် သတ္တဝါဆိတ်တဲ့ တရားပါ ဘုရား)။

အဲဒီတရား ဟောနေတော့ ဒါဝေဒနာကွ၊ ဒါဖြစ်ပျက် ကွ၊ ဒါဒုက္ခသစ္စာ၊ ဘယ်လောက်ပင် ဟောနေတော့၊ ထောင်တတ်တဲ့နားက မပါတော့နားမလည်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ထောင်တတ်တဲ့နားမပါရင်၊ မဂ်ဖိုလ်မရနိုင်

အဲဒီ ပုဂ္ဂိုလ်က သာသနာတွင်းကြုံငြားသော်လည်း ထောင်တတ်တဲ့နားမပါလို့ မဂ်ဖိုလ် မရဘူးလို့ မှတ် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါက အတော်အရေးကြီးတယ် မောင်နိုင် (ကြီးပါတယ် ဘုရား) သဘောပါကြရဲ့လား နောက်က ဒကာ ဒကာမတွေ (ပါပါတယ် ဘုရား)။

ဒီ တရားပုဂ္ဂိုလ်သတ္တဝါမရှိဘူး ဝေဒနာသာရှိတယ်၊ ၎င်းဖြစ်ပျက်သာရှိတယ်။ ၎င်းဝေဒနာက ဒုက္ခသစ္စာပဲ အစရှိ သည်နဲ့၊ ဒကာ ဒကာမတွေ ဘုန်းကြီးတို့က အမျိုးမျိုးဟော ငြားသော်လည်း၊ ဒီဥစ္စာ ကျုပ်ဖြင့် နားမလည်ဘူး ခက်လိုက်တာ၊ အဲဒီပုဂ္ဂိုလ်ကို မင်းတို့က ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သုညတ တရားကို နားမလည်တဲ့အတွက်၊ ဘုရား သာသနာကြုံငြား သော်လည်း ထောင်တတ်တဲ့နား မပါလို့၊ ဒီဘဝ မင်းမရနိုင်ဘူးတဲ့ (မှန်ပါ့) ဦးဘလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုံး (ထောင်တတ်တဲ့နား မပါလို့) မဂ်က မဂ်ဉာဏ်ဖိုလ်ဉာဏ် (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူးတဲ့၊ ကဲ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

သုညတ တရားဆိုတာ

ဪ ဒါဖြင့် တရားနာတိုင်း ကိစ္စမပြီးနိုင်တာ သည်ကားလို့ဆိုရင်၊ ဪ ဒီသုညတ တရားကို၊ သုညတ ဆိုတာ မောင်နိုင်ရေ ပုဂ္ဂိုလ်သတ္တဝါမရှိတဲ့တရား (မှန်ပါ့)။

ခန္ဓာသာရှိတယ်၊ အာယတနသာရှိတယ်၊ ဓာတ်သာ ရှိတယ်၊ သစ္စာသာရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါ နည်းနည်းမှ ရှာ မတွေ့ပါဘူးဆိုတဲ့ တရားကို နာရမှသာလျှင်၊ ၎င်းပုဂ္ဂိုလ် သတ္တဝါ မရှိတာလည်း မရှိရုံလေး မဖြစ်သေးဘူး၊ မရှိတဲ့အပြင် ပျောက်ပျက်တဲ့ အနိစ္စတွေ၊ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာတွေ ကျအောင်၊ သူ့ဉာဏ်ထဲမှာ နားလည်းလည်ရမယ် မောင်နိုင်ရေ (မှန်ပါ့)။

ဒီလိုမှနားမလည်လို့ရှိရင်၊ သူ့မှာထောင်တတ်တဲ့နား မပါသောကြောင့် သာသနာတွင်း ကြုံငြား သော်လည်း သုညတ လက်မခံနိုင်တဲ့အတွက် ဒီဘဝမဂ်မရဘူး (မှန်ပါ့)

ဒကာ ဒကာမတို့ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သာမည အရေးကြီးတာလား (အလွန့် အလွန် အရေးကြီးပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားမှာလည်း သုညတဆိုက်ဦးမှ (မှန်ပါ့) သုညတဆိုက်တာကျတော့ အားလုံးက အဘိဓမ္မာ တရားများ၊ တယ် ခက်ပါလား၊ ကျုပ်ဖြင့် ထောင်ကြည့်တယ် နားအတော် ကလေးကို ဂရုစိုက် ကြည့်တယ်၊ နားကိုမလည်ဘူး၊ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (မရနိုင်ပါဘူး ဘုရား)။

ဘာမရနိုင်တာတုံး (မဂ် မရနိုင်တာပါ ဘုရား) မဂ်ဖိုလ် နိဗ္ဗာန်မရနိုင်ဘူး စိတ်သာချ ဒကာ ဒကာမတို့ မဂ်ဖိုလ် နိဗ္ဗာန်မရနိုင်ဘူးဆိုတဲ့ဥစ္စာ သုညတ လက်မခံနိုင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အင်္ဂုတ္တိုရ် ပါဠိတော်မှာ သေသေချာချာလာလို့၊ ဘုန်ကြီးတို့ ရဲရဲတင်းတင်း တာဝန်ခံပြီး သကာလ ပြောနေ တယ်ဆိုတဲ့ အဓိပ္ပါယ် မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဒကာ ဒကာမတွေထဲ မှာ သုညတဖြင့်နားလည်အောင် ထောင်ကြစမ်းပါ (မှန်ပါ့) အားလုံးပဲ သတိပေးလိုက်တယ် (မှန်ပါ့)။

သုညတဆိုတာ ဆိတ်သုဉ်းတာ

ဘာသတိပေးလိုက်ပါလိမ့် (သုညတ တရားကို နားလည်အောင် ထောင်ရမှာပါ ဘုရား) သုညတဆိုတာ ဒကာ ဒကာမတို့ တခြားမှတ်မနေပါနဲ့၊ သုညတဆိုတာ ဆိတ်တာ ဘာဆိတ်တာတုံး ဆိုရင်၊ ဒီက ဓမ္မတစ်ခု ခန္ဓာ ကိုယ်ထဲမှာပေါ် လာရင်၊ ဝေဒနာ ပေါ်လာတယ်၊ စိတ် ပေါ်လာတယ် မောင်နိုင်၊ ဒါ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးလို့ ဒီဥစ္စာသေချာ သိနေရ မယ် (မှန်ပါ့) ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး ဒါဝေဒနာပဲ ဒါစိတ်ပဲ သဘောကျပလား (ကျပါပြီ ဘုရား) ဒါရုပ်ပဲ။

ဒီလို ပေါ်လာတိုင်း ပေါ်လာတိုင်း သိနေတော့ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တာကို သိပြီး၊ သုညတ တရားသည် ဒါက အသိသုညတ၊ နောက် ပရမတ်က နေပြီး ပျောက်ပျက်ပြီး ပြလိုက်တဲ့ အခါကော မလာပေဘူးလား (လာပါတယ် ဘုရား)။

ထိုပရမတ်က ပျောက်ပျက်ပြလိုက်တဲ့အခါကျတော့၊ ဪ ပုဂ္ဂိုလ် သတ္တဝါ အဟုတ်ကို မရှိတာကို သဘောကျပလား (ကျပါပြီ ဘုရား)။

ရပ်ပြစ်ရှစ်ပါးလွတ်သွားရင်၊ မဂ်ရပြီ

ဒီလို အင်း အသိသုညတ၊ အမြင်သုညတ ဆိုတဲ့ ဒီသုညတတွေကို ဒကာ ဒကာမတွေ ပိုင်ပိုင်နိုင်နိုင် ကိုယ့် ခန္ဓာကိုယ်ထဲမှာ ရှင်းပြီးနာ၊ နာတုန်းကလည်း နားလည် ရှုတဲ့အခါမှာလည်း ရှင်းသွားလို့ ရှိရင်ဖြင့်တဲ့၊ ရပ်ပြစ်ရှစ်ပါး လွတ်သွားတဲ့အတွက် ဒီပုဂ္ဂိုလ် မဂ်ရပြီ (မှန်ပါ့)။

သဘောကျပလား (ကျပါပြီ ဘုရား) နို့မဟုတ် လို့ရှိရင် ခင်ဗျားတို့ တရားနာတယ်၊ တရား အားထုတ်ကြတယ် ကုသိုလ် ဖြစ်ရုံပဲလို့ အောက်မေ့ပါ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင် ဘူး (မှန်ပါ့)။

သုညတကိုလက်မခံရင် မရပါဘူး (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား) ဘာအရေးကြီးတုံး (သုညတ အရေးကြီးပါတယ် ဘုရား)။

ကဲ ဒါဖြင့်ဘုရား၊ ရနိုင်တာလေး တစ်ခု တပည့်တော် ပိုက်ပြီး သကာလ ယူပရစေတော့ဆိုတဲ့၊ တောင်းပန်တဲ့ အချိန် ရောက်ပြီ (ရောက်ပါပြီ ဘုရား)။

တောင်းရမ်းရမဲ့အချိန်၊ တောင်းပန်ရမဲ့ အချိန်ရောက် လာတော့ကွာတဲ့၊ ရတာကို ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ရှင်းလင်းပြီး သကာလ ၊ မင်းတို့အပေါ်မှာ ပြောတော့မယ် ဆိုတော့၊ ဒကာ ဒကာမတို့ ဘုရားပွင့်လိုက်တာနဲ့လည်း ကြုံပါဦးမှ၊ လူကလည်း ပညာရှိ ထောင်တတ်တဲ့နားနဲ့လည်း ပညာရှိဦးမှ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားပွင့်တဲ့အခါလည်း (ကြုံဦးမှပါ ဘုရား) အင်းလူပညာရှိလည်း (ဖြစ်ပါဦးမှ) ဖြစ်ပါဦးမှ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဘုရားပွင့်တဲ့အခါနဲ့လည်း (ကြုံဦးမှပါ ဘုရား) လူပညာရှိလည်း (ဖြစ်ဦးမှပါ ဘုရား)၊ အင်္ဂါချို့တဲ့သည့် အဖြစ်မှလည်းလွတ်ပါဦးမှ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုပည ပုဂ္ဂိုလ်အဖြစ်မှလည်း လွတ်ရဦးမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ လွတ်တဲ့အခါ ဒီထဲမှာဘုန်းကြီးက ရိုးရိုး ဒီနာမ်ရုပ်ကနေ၊ ပဏ္ဏာသကနေပြီး ထုတ်ရလို့ရှိရင် ဒကာ ဒကာမတို့၊ ခုဟောနေတဲ့အချိန်နဲ့ ခင်ဗျားတို့အားထုတ်တဲ့ အချိန်က နောက်ကျ နေမယ် ဆိုလည်း အသေစောလျှင်လည်း မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေစောလျှင် (မရပါဘူး ဘုရား) သုညတဘုန်းကြီး ကလည်း ဟောတယ်၊ ဒကာ ဒကာမ တွေကလည်းကြား ချင်တယ်၊ ကြားရင်လည်း ထောင်နိုင်တဲ့နားရှိပါတယ်၊ ထိုကဲ့သို့ ရှိငြား သော်လည်း အသေကစော သွားရင် (မရပါဘူး ဘုရား)။

ဒါလည်းမဂ်ဉာဏ် မရနိုင်ဘူးဆိုတော့ အာဠာရ၊ ဥဒက၊ ထောက်ကြည့်ရင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အာဠာရတို့ ဥဒကတို့ ရလိုက်ရဲ့လား (မရပါဘူး ဘုရား) ထောင်နိုင်တဲ့နားပါတယ် (မှန်ပါ့) သာသနာကော (ကြုံပါတယ် ဘုရား) အင်း ကြုံတယ် အသေကော ဘယ့်နှယ်ဖြစ်တုံး (စောပါတယ် ဘုရား)။

ဟား ဒကာကြီးလှိုင် ကြောက်စရာကြီးပါလား၊ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ အသေအချာ သဘောပေါက်ပလား (ပေါက်ပါပြီ ဘုရား)။

သုံးခုစုံရင်မဂ်ရ ရမယ်

ဒါဖြင့် ခင်ဗျားတို့မှာ ဘုရားသာသနာနဲ့လည်းကြုံ တယ်၊ လူပညာရှိလည်း ဖြစ်တယ်နော် (တင်ပါ့) ဒီလူပညာ ရှိလည်းဖြစ်ပါတယ်၊ ဘုရားသာသနာလည်း ကြုံတယ်၊ လူလည်း ဖြစ်တယ်၊ ပညာရှိလည်း ဖြစ်တယ်ဆိုတော့ သုံးခုစုံပါ တယ် (မှန်ပါ့)။

သုံးခုစုံရင်မဂ်ရ ရမယ်ကွ (မှန်ပါ့) ဘုရားကသုံးစုံ ရင်ဘာတဲ့တုံး (မဂ်ရ ရမှာပါ ဘုရား) သုံးခု စုံရင်နော်။

ကဲ ဘုရားသာသနာနဲ့ကြုံ၊ လူလည်းဖြစ်၊ ပညာရှိအ ဖြစ်နဲ့လည်းဆုံ ဒီလိုမှရမယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) လူပညာရှိလည်း ဖြစ်ရဦးမယ်၊ လူ လည်း ဖြစ်ရဦးမယ်၊ တိရစ္ဆာန် ဖြစ်ရင် ရမှာမှမဟုတ်ပဲ (မှန်ပါ့)။

ကိုင်း ဘုရားသာသနာနဲ့ကြုံ၊ လူလည်းဖြစ်၊ ပညာရှိ အဖြစ်နဲ့လည်းဆို ဒီလိုမှရမယ် (မှန်ပါ့) သေချာစစ်လိုက်တော့ ဒကာ ဒကာမတို့ အသေအချာစစ်တာ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ၊ ခုတရားစွဲ စွဲမြဲမြဲ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ် ဆိုသလိုပဲ၊ ဒီ ဆရာဘုန်းကြီးနဲ့ နာကြ ပြုကြပြီး အားထုတ်နေကြတော့၊ ဪ တပည့်တော်တို့ဖြင့် ဝေဒနာလေးတွေ ဖြစ်ပျက်မြင်တယ် ဘုရာ့၊ စိတ်ကလေးတွေ ဖြစ်ပျက်မြင်တယ်ဘုရာ့၊ ရုပ်ကလေးတွေ ဖြစ်ပျက်မြင်တယ်၊ ဒါသူ သုညတမြင်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါ ဆိတ်-မဆိတ် (ဆိတ်ပါတယ် ဘုရား) ဒါ ဘာမြင်တာပါလိမ့် (သုညတ မြင်တာပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတာကို မြင်နေတဲ့အတွက်၊ ဘုရား ပွင့်တာနဲ့လည်း ဘုရား သာသနာနဲ့လည်း မကြုံဘူးလား (ကြုံပါတယ် ဘုရား)။

လူတွေကောမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ခုနင်က သုညတ တရားတွေကိုလည်း လက်မခံဘူးလား (ခံပါတယ် ဘုရား) ဒါဖြင့် ရရမယ် (မှန်ပါ့) ဆုံးဖြတ်ချက်ချ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ရှစ်ခုလွတ်ပြီးသုံးခုနဲ့ကြုံ

ဆုံးဖြတ်ချက်ချရမယ်နော် (မှန်ပါ့) ဒီထဲမှာ ဘုန်းကြီးက ဒကာ ဒကာမတွေမှာ ဒီသုံးချက်နဲ့ ကြုံနေတဲ့ဥစ္စာ၊ ဪ မောင်နိုင် ဘယ်လိုများခုလိုကြုံအောင် လုပ်လာပါ လိမ့်မလဲဆိုတော့၊ ရှစ်လွတ်ပြီး သုံးလာကြုံတာကိုး (မှန်ပါ့)

ဦးဘလေး ဘာတုံး (ရှစ်လွတ်ပြီးသုံးလာကြုံတာပါ ဘုရား) ရှစ်ခုလွတ်ပြီး သကာလ သုံးခုနဲ့ လာကြုံတယ် ဒီ ဒကာ ဒကာမတွေမှာ သဘောကျကြလား (ကျပါတယ် ဘုရား)

ရှစ်ဌာနနဲ့တော့ (လွတ်ပါတယ် ဘုရား) သုံးခုတွဲ ပြည့်စုံမှုနဲ့တော့ (ကြုံပါတယ် ဘုရား) သုံးခုတွဲပြည့်စုံမှုနဲ့တော့ ကြုံတယ် ဆိုတော့၊ ဘုရားသာသနာနဲ့လည်း ကြုံတယ်၊ လူလည်းဖြစ်တယ်၊ သုညတကို လက်ခံနိုင်တဲ့ နားရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ၊

အဲဒိကဲ့သို့ အင်္ဂါတွေက ကြုံဆုံကာဖြစ်ပြီး သကာလ နေတဲ့အတွက်၊ ဪ တို့သည်ကား အသေ မစောဖို့ အရေးက ဒို့အရေးပါလား (မှန်ပါ့)။

ခန္ဓာကိုယ်၊ အချိန်မဖြုန်းကြနှင့်

ခန္ဓာကိုယ် အချိန်မဖြုန်းဖို့အရေးဟာလည်း (ဒို့အရေးပါ ဘုရား) ဒို့ အရေးပါလားဆိုတာလည်း ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒီသုံးခု တစ်ခုခုလက်လွတ် ရင် သွားပြီနော် (မှန်ပါ့)။

ဦးခန့် လွတ်သွားရင် ဘယ့်နှယ်နေတုံး (သွားပါပြီ ဘုရား)၊ သွားပြီ၊ သွားရင် ဒီထဲသွားရမယ် (မှန်ပါ့) ဒီသုံးကလွတ်ရင် ရှစ်ခုထဲသွားမယ် (မှန်ပါ့) သုံးကလွတ်ရင် (ရှစ်ထဲသွားမှာပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒါမိဘ ဆွေမျိုးညာတကာ မတော်ဘူးသည် မည်သည်မရှိ၊ ညီအကို မောင်နှစ်မ၊ ဪ တော်တော်အရေးကြီးလို့ ဆရာဘုန်းကြီး ဒီလောက်ခက်ခက် ခက်ရာတွေ၊ တို့မသိတာတွေ၊ တို့၏တွေဝေမှုတွေ၊ တို့အလွဲ သုံးစားလုပ်နေတာတွေဟာ မတော်ပါလားဆိုတဲ့ ဉာဏ်ပေါ်အောင်လို့ ပြောနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဘောပါပလား (ပါပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသာသနာနဲ့ ကြုံပါရဲ့လား (ကြုံပါတယ် ဘုရား) လူကောဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား) သုညတ ဆိုတဲ့ ဝေဒနာ ဟောတော့ ဝေဒနာဖြစ်ပျက် ကိုကော ရှုတတ်ကြရဲ့လား (ရှုတတ်ပါတယ် ဘုရား)။

ဒါမဂ်ရနိုင်တဲ့ ဘဝအစစ်ပဲ

ဒါဖြင့် ဒကာ ဒကာမတို့ ဒါမဂ်ရနိုင်တဲ့ ဘဝအစစ်ပဲ (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ ဘဝအစစ်ပဲ (မှန်ပါ့)။ သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒိတင်၊ ဒကာ ဒကာမတွေက ဘာအရေးကြီးနေ တုံးဆိုတော့၊ ကိုယ်ဘဝကတော့ဖြင့် ရှစ်ခုလွတ်ပြီးသုံးထဲဝင် လာတာ (မှန်ပါ့) သုံးကိုလည်း ဒကာ ဒကာမတို့ သုံးကြုံဖို့ လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

သေချာစဉ်းစားပါ ဒကာ ဒကာမတို့၊ ရှစ်လွတ်ပြီးသုံး ဖြစ်ဖို့ဘယ့်နှယ့်နေကြတုံး (မလွယ်ပါဘူး ဘုရား) အင်မတန်ခဲခဲယဉ်းယဉ်းဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

တစ်ခါသုံးထဲလည်း ကြုံပါတယ်တဲ့၊ သုံးထဲမှာလည်း အသက်ကို ခုနှစ်ဆယ့်ငါးနှစ်တန်းပဲ ထားပါတော့၊ အင်းနှစ်ပုံ ကဖြင့် သုံးထဲကြုံပြီး သကာလ သုံးကိုအသုံးချချိန်ကမပါခဲ့ဘူး (မှန်ပါ့)။

နာခဲ့တယ်၊ သားလင်ခင်ပွန်းနဲ့ နေခဲ့တဲ့အတွက်၊ သား မယားတွေနဲ့ နေခဲ့တဲ့အတွက်၊ စီးပွားရေးတွေ ဂရုစိုက်နေရတဲ့ အတွက်၊ သုံးတော့ တွေ့တော့တွေ့တယ်၊ သုံးထဲမှာတော့ ဝင်စရာ အကြောင်းတော့ ရှိပါရဲ့ တဲ့၊ သုံးထဲမှာ သုံးအကုန်အပြည့် မဖြစ်ပဲနဲ့၊ ဘုရားပွင့်တာ၊ ဘုရားသာသနာ ကြုံကာရယ်၊ လူဖြစ်တာသာ ကြုံခဲ့တယ်၊ သုညတက မရခဲ့ပြန် (မှန်ပါ့)။

သုံးပြည့်မှမဂ်ရမှာ

အသက်တန်း ခင်ဗျားတို့ကြီးလာပြီ (မှန်ပါ့)။ သုညတကရရဲ့ လား (မရပါဘူး) သုံးထဲမှာ နှစ်နဲ့သာ ကြုံ (မှန်ပါ့) သဘောပေါက်ကြပလား (ပေါက်ပါတယ် ဘုရား)။

သုံးထဲမှာ ဘာနဲ့ကြုံ (နှစ်နဲ့ ကြုံပါတယ် ဘုရား) နှစ်နဲ့ကြုံတော့ သုံးပြည့်မှ မဂ်ရမှာ (မှန်ပါ့) သဘောကျ ကြလား (ကျပါတယ် ဘုရား)။

အင်း ရှစ်ကလွတ်ပြီး သကာလ နှစ်ထဲတော့ ဝင်လာ တယ် (မှန်ပါ့)၊ ရှစ်ကလွတ်ပြီး သကလ (နှစ်ထဲ ဝင်လာပါ တယ် ဘုရား)၊ နှစ်ထဲတော့ ဝင်လာတော့ ဒီနှစ်နဲ့ နှစ်နဲ့ နိဗ္ဗာန်သွားနိုင်ရဲ့လားလို့ မေးတော့ (မသွားနိုင်ပါ ဘူး ဘုရား)။

ဘုရားသာသနာ ကြုံရုံနဲ့လည်း နိဗ္ဗာန်မသွားနိုင်ဘူး (မှန်ပါ့) လူဖြစ်ရုံနဲ့လည်း(မသွားနိုင်ပါဘူး ဘုရား) အိုးတောဒေး ယျတို့လိုဘုရားသာသနာကြုံ လူလည်းဖြစ် အပါယ်တောင်ကျသေး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲ့ဒါကြောင့်ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဒါ လေးတစ်ခုဟာ အခုချိန်မှာကြုံတာပဲ အောက်မေ့ (မှန်ပါ့) ဒီသုညတ နာနိုင်တဲ့သုညတ အချိန်ကလေးဟာ ဒီအချိန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အခုခင်ဗျားတို့ နှစ်ထဲ မှာနေသလား သုံးထဲမှာနေသလားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြပါ့မတုံး (သုံးထဲမှာ နေပါတယ် ဘုရား) သုံးထဲမှာနေတယ်။

ကောင်းပြီ၊ ဒါကသုံးထဲမှာ နေတဲ့အချိန်ဟာ နှစ်ထဲ မှာနေတဲ့ အချိန်တွေက အတော်များတယ် (များပါတယ် ဘုရား) သုံးထဲရောက်တာက မကြာသေးဘူး (မကြာသေး ပါ ဘုရား)။

နှစ်ထဲမှာ နေခဲ့တာ (များပါတယ် ဘုရား)၊ အတော်များပါပြီတဲ့ အခုအချိန်ရွယ် ဥပမာ ဘုန်ကြီးဆီမှာ တရားဓမ္မသုညတတွေ အားထုတ်တဲ့အချိန် ကျတော့မှ သုံးထဲ ရောက်တာ (မှန်ပါ့)။

သုညတမှနိဗ္ဗာန်သွားမှာ

နဂိုတုံးကတော့ ဘုရားသာသနာနဲ့ကြုံ လူဖြစ် ကာမတ္တ (မှန်ပါ့) နှစ်နဲ့ပဲ အချိန်ကုန်ခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာပြုလို့တုံးဆိုတော့ သုညတကမှ နိဗ္ဗာန်သွားမှာကိုး (မှန်ပါ့) ဒီပြင်ဟာတွေ အသာထား တပည့်တော်လူ ဖြစ်လို့ဘုရား ဘယ်လိုနေခဲ့ပါတယ် ဘယ်လိုထိုင်ခဲ့ပါ တယ်။ ဥပုသ်သီတင်းနဲ့ ဘယ်လိုညာလို အို ဒါတွေ အသာထားပါ။ သုညတမပါဘူး (မှန်ပါ့) ပါရဲ့ လား (မပါပါဘူး ဘုရား)။

သုညတမပါလို့ရှိရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်က မရပါဘူးမရနိုင်ပြန်ဘူး ဆိုတာကော ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် နှစ်ထဲကနေပြီး သုံးရောက်လား တာလဲသုံးအဖြစ် သုံးထဲဝင်လာတာ အင်း သာမည အပိုင်းလောက်ကလေး ရှိသေးတယ် (မှန်ပါ့) ဘယ်လိုဆုံးဖြတ် ချက်ချမတုံး (သာမည အပိုင်းလေးလောက်ပဲ ရှိပါတယ် ဘုရား)။

အဲဒီ သာမညအပိုင်းလေးမှာလဲ ဒီထဲက နှုတ်ဦးမယ် ဆိုရင်မကျန်တော့ဘူး (မကျန်ပါဘူး ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သုံးကနေနှစ်ပြန်ရောက်တယ်

ဒီသာမညအပိုင်းလေးထဲက အင်း သားရေး သမီးရေး၊ စီးပွားရေးနဲ့ နှုတ်ဦးမယ်ဆိုတော့ အသက်ကလည်းကြီးပြန် နဂိုကနှုတ်ထားတဲ့ ဥစ္စာကလည်း ဒီအသက် အရွယ်ရှိလာပြီ ဒီထဲက သုညတလေး တစ်ခုတည်း နားကဝင် လာတဲ့အထဲကနေပြီး သကာလ တစ်ခါမောင်နိုင် နှုတ်ဦးမယ် ယူဦးမယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ နှစ်ပြန်ရောက်သွားရော (မှန်ပါ့)။

မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ အလကားနေတဲ့ စံချိန်ကျတော့ ဘာဖြစ်သွားတုံး (နှစ်ဖြစ်သွားပါတယ် ဘုရား) နှစ်ဖြစ်နေတယ် ဆတ်ဆို အားထုတ်လိုက်တဲ့ အချိန်ကျတော့ (သုံးပြန်ဖြစ်ပါတယ်)။

အဲ့-နှစ်နဲ့သုံးအားဖြင့် ဝင်လိုက်ပြန်ထွက်လိုက် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဦးဘကလေး (ရိပ်မိပါပြီ ဘုရား)။

အင်း ဝင်လာပြီဆိုတဲ့ ဥစ္စာသုံးထဲ တစ်ခါတလေ ဝင်လိုက် (တင်ပါ့) အားထုတ်တဲ့အချိန် ပြီးတော့ ဘာလုပ် ပြန်တုံး (နှစ်ထဲကိုပါ ဘုရား) နှစ်ထဲပြန်ဆင်းလိုက်၊ သုံးနဲ့ နှစ်လှည့်နေတာ ဆိုတာကော ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

အံမလေး ဒကာ ဒကာမတို့၊ နစ်နာလွန်းလို့ ပြောနေ ပါတယ် (မှန်ပါ့) ဒီ သုံးလေး ကြုံဖို့ ကလည်း ရှစ်လွတ်မှ ကြုံမှာ (မှန်ပါ့) သုံးကြုံဖို့ရာ ဘာပါလိမ့် (ရှစ်လွတ်မှ ကြုံမှာပါ ဘုရား) ရှစ်လွတ်မှကြုံမှာ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှစ်လွတ်ပြီး တို့ ဒကာ ဒကာမတွေက နှစ်ထဲ ရောက် နေတယ် (မှန်ပါ့) သုံးက မပြည့်ပြန်ဘူး ဦးခန့်ရ (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)

ကဲ ဒါဖြင့် ဘာပြည့်အောင်လုပ်ကြရမယ် (သုံးပြည့်အောင်လုပ်ရမှာပါ ဘုရား) ဒါပဲပြည့်အောင် လုပ်တော့၊ ဒီပြင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်ကျတော့၊ မောင်နိုင် သုညတ ရှုနေတာ များတယ်၊ ပုဂ္ဂိုလ်သတ္တဝါတွေ ရှုနေတာ မဟုတ်ပဲကိုး (မှန်ပါ့)။

အနိစ္စ ရှုနေရတဲ့ အတွက် ဒါအတော် အဖိုးတန် တယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဒါ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တဲ့ ခေတ်ကာလ ခဏပဲဆိုတဲ့ ဥစ္စာငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အင်မတန် မှန်ပြီမဟုတ်လား (မှန်ပါပြီ) မလုပ်ပဲ နေတဲ့ အချိန်ကျတော့ နှစ်ထဲပြန်သွား ပြန်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) လုပ်ပြန်တော့ သုံးဖြစ်တယ် မလုပ်ပဲနေတော့ (နှစ်ထဲ ပြန်သွားပါတယ် ဘုရား)။

နောက် နှစ်နဲ့ သုံးဘယ်ဟာများတုံးလို့ ချိန်ကြည့် ရအောင် (နှစ်ထဲကများပါတယ် ဘုရား) အင်း နှစ်ကများ၊ ခက်ပါသေးရဲ့ ကျနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) နှစ်ကများရင် ဘယ့်နှယ်ဆိုကြ မတုံး (ခက်ပါသေးရဲ့)။

ခက်ပါသေးရဲ့ ဒီဥစ္စာ၊ ရှစ်က ထွက်လာပြီး သကာလ နှစ်နဲ့ နေလို့လည်း ဘာမှ ကိစ္စ မပြီးသေးဘူး (မှန်ပါ့) ရှစ်ကထွက်လာပြီး နှစ်နဲ့ နေရင်ကော (ကိစ္စမပြီးပါဘူး ဘုရား)။

နှစ်ဆိုတာက ဘုရားသာသနာ ကြုံခြင်း၊ လူဖြစ်ခြင်း (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဒါပဲရှိသေးတာကိုး (မှန်ပါ့)။

ခုနင်က ဦးခန့် ရဲ့ သုညတ တရားကို နှလုံးမသွင်းနိုင် သေးဘူး (မှန်ပါ့) လူဖြစ်ကာ မတ္တနဲ့ သွင်းနိုင်တယ် မှတ်နေလား၊ ဒီထဲက လူဖြစ်တာတွေ ပါသားပဲ၊ တောင်ကြို တောင်ကြားဖြစ်တာတွေ မသွင်းနိုင်လို့ (မှန်ပါ့)။

ဒီေ အနေတဲ့ ပုဂ္ဂိုလ် မသွင်းနိုင်လို့ (မှန်ပါ့) – ဘုရား သာသနာနဲ့ ကြုံငြား သော်လည်း၊ ဘုရား သာသနာ ကွယ်သွားလို့ လူတော ဖြစ်ပါတယ်တဲ့၊ ရပ်ပြစ် ရှစ်ပါးထဲ ဝင်နေတယ် (မှန်ပါ့) မဝင်ဘူလား (ဝင်ပါတယ် ဘုရား)။

နှစ်သမားလား၊ သုံးသမားလား

ကောင်းကောင်း သဘောပါပလား (ပါ ပါပြီ ဘုရား) ဒါဖြင့် အိမ်ကျတော့ တွက်ရမယ်၊ ငါ နှစ်သမားလား၊ သုံးသမားလား (မှန်ပါ့) ဦးခန့် တွက်နော် (မှန်ပါ့)။

နောက်က ဒကာ၊ ဒကာမတွေ ဘယ်လို တွက်ရမှာ (နှစ်လား၊ သုံးလား) နှစ်လား၊ သုံးလား မတွက်ရပေ ဘူးလား (တွက်ရပါတယ် ဘုရား) အားထုတ်တဲ့ အချိန် ဘယ့်နှယ်ဆိုကြမယ် (သုံးပါ ဘုရား) အားမထုတ်တဲ့ အချိန် (နှစ်ပါ ဘုရား)။

အဲ နှစ်ဆိုလို့ ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင် မရနိုင် (မရနိုင်ပါဘူး ဘုရား) မရနိုင်ဘူး၊ သုံးဆိုရင် (ရနိုင်ပါတယ် ဘုရား) အဲ ဒါ ကိုယ့်ဟာကိုယ် ဆုံးဖြတ် ချက်ချပါ (မှန်ပါ့) သဘောပါပလား (ပါ ပါတယ်)။

နှစ်သမားက (မရနိုင်ပါဘူး ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး (မှန်ပါ့) သုံးဆိုရင် (ရနိုင်ပါတယ် ဘုရား) ဟာ နှစ်ထဲ ပြန်သွားရင် (မရနိုင်ပါဘူး) မရဘူး၊ သုံးတက်လာပြန်ပြီ (ရနိုင်ပါတယ်) ရနိုင်တယ်ဆိုတော့ ဒကာကြီးလှိုင်ရေ ဒီဥစ္စာ လေးလေးစားစား ပြောနေတဲ့ အဓိပ္ပာယ် (မှန်ပါ့)။

စကေး ကိုက်ပြောနေတာပါ (မှန်ပါ့) ရှေး တရားလို့ မှတ်မနေနဲ့ (မှန်ပါ့) ရှေးတရားလို့ မှတ်မနေ ပါနဲ့တဲ့၊ စကေးကိုက် သုံးနေတာပါတဲ့ ဒီဥစ္စာ၊ ဖြစ်ပျက်ကို နှလုံးမသွင်းနိုင်တဲ့အချိန်၊ ဖြစ်ပျက်ကို မမုန်းတဲ့ အချိန်၊ ဖြစ်ပျက်ကို မဆုံးတဲ့အချိန်၊ ဆုံးပြီးတဲ့ ပုဂ္ဂိုလ် ကတော့ ဒီအထဲ ပြန်မရောက်ပါဘူး (မှန်ပါ့)။

ငါသည် ဖြစ်ပျက်မြင်ကာမျှ ပုဂ္ဂိုလ်လောက် ဆိုလို့ ရှိရင်ဖြင့်၊ အနိစ္စမြင်ကာမျှ ပုဂ္ဂိုလ်လောက် ဆိုရင် မောင်နိုင် ရေ၊ မလုပ်ပဲနေတဲ့ အချိန်နှစ် ပြန်ဆင်းတယ် (မှန်ပါ့) လုပ်ရင်သုံး ပြန်တက်တယ် (မှန်ပါ့)။

ဒါက ဗုဒ္ဓပ္ပါဒဒုလ္လဘ၊ ခဏ ဒီတစ်ခဏ၊ ဒီ သုံးခုနဲ့ ကြုံတဲ့ ခဏသာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တာကိုး (မှန်ပါ့) ဒီသုံးခုက လွဲလို့ ဟိုရှစ်ခုဆိုရင် မောင်နိုင် (မရတော့ ပါဘူး ဘုရား)။

ဒါဖြင့် ဒီသုံး ခဏထဲမှာ တောင်မှ၊ နှစ် ခဏထဲတင် လမ်းဆုံးနေတာက၊ ကျုပ်တို့ အသက်ပိုင်းက အတော် ကုန်ခဲ့ တယ် (မှန်ပါ့) ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဆိုကြမတုံး (အသက်ပိုင်းက အတော်ကုန်ခဲ့ပါတယ် ဘုရား)။

သာသနာ့ကုန်းပေါ်ရောက်နေပြီ

တစ်ခါ သုံးထဲက သုံးထဲမှာ ဆရာကောင်း၊ သမား ကောင်းနဲ့ ကြုံပြီး သကာလ ၊ ဆရာဘုန်းကြီးက ကယ်တင်လို့၊ ခင်ဗျားတို့ ခုကုန်းပေါ် သာသနာ့ကုန်းပေါ် ရောက်ပြီး သကာလ လာတဲ့ အချိန်မှာ တောင်မှ ပြန်ပြန် ဆင်းဦးမယ်ဆို လို့ရှိရင်ဖြင့်တဲ့၊ နဂိုက နှစ်နေတဲ့ ဥစ္စာ၊ နှစ်ထဲ ပြန်ပြန်သွားတဲ့ အချိန်ကော ကောင်းကောင်း ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

ကိုင်း မပြန်နဲ့တော့ မောင်နိုင်ရ (မှန်ပါ့) ပြန်လို့ ရှိရင် ဘုရားသာသနာကြုံခြင်း၊ လူဖြစ်ခြင်း၊ သဘောကျပလား (ကျပါတယ် ဘုရား) အင်း ဘုရား သာသနာလည်း ကြုံတယ်၊ လူလည်းဖြစ်တယ် ဆိုတော့၊ အင်း တိတ္ထိကြီးတွေ ဘုရားသာသနာနဲ့ကော မကြုံဘူးလား (ကြုံပါတယ်)။

လူကော မဖြစ်ဘူးလား (ဖြစ်ပါတယ်) အကုန် အပါယ် သွားကြတယ် (တင်ပါ့) မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။

အင်း ဖားနတ်သား တို့ကျတော့ ဘုရား သာသနာ ကြုံတယ်၊ သုဂတိလည်း ရောက်တာဘဲ၊ မဂ်ဖိုလ်တော့ မရပါဘူး (မှန်ပါ့) အသစ်တက်ရမှာ နောက်မှ ရရ မှာပေါ့လေ၊ ခု မရနိုင်တာ သဘောကျပလား (ကျပါတယ်)။

ဒါဖြင့် အလုပ်လုပ်တဲ့ အချိန်-သုံး (မှန်ပါ့) အလုပ် မလုပ်တဲ့ အချိန် (နှစ်ပါ ဘုရား) နဂိုက နောက် က ဒကာ၊ ဒကာမတွေ အလုပ်မလုပ်တဲ့ အချိန် (နှစ်ပါ ဘုရား) အလုပ်လုပ်တဲ့ အချိန် (သုံးပါ ဘုရား)။

ကဲ သုံးဆိုလို့ ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ် (မှန်ပါ့) နှစ်ကို စမ်းဆင်းနေရင် (မရနိုင်ပါဘူး ဘုရား) မရနိုင်ပါဘူးဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

ဪ ဒါဖြင့် တော်တော် ဆုံး မချက် စေ့စပ်တာ လား၊ ဘုရားကိုယ်တိုင်က ဒီအတိုင်းလား မေးလို့ ရှိရင်၊ အားလုံး ဒကာ၊ ဒကာမ ဘယ်လိုဖြေမတုံး (ဘုရား ကိုယ်တိုင်က ဒီအတိုင်းပါ ဘုရား) ဒီအတိုင်းပါပဲနော်။

ဒီ နှစ်ထဲဆင်းသွားမယ်၊ ဆင်းရင်း မတ္တနဲ့ သေသွား မယ် မောင်နိုင်၊ မဂ်မရပဲနဲ့ သေရမယ် (မရနိုင်ပါ ဘုရား) သုံးထဲတက်လာပြီး သကာလ နေတုန်းတောင်မှ ဒကာ၊ ဒကာမတွေ သုံးကလည်း ဒီ ဖြစ်ပျက် မြင်တယ်၊ ဖြစ်ပျက် မုန်းတယ်၊ ဖြစ်ပျက် ဆုံးတယ်ဆိုမှ ဒီ သုံးကလည်း လမ်းဆုံးတာကိုး (မှန်ပါ့)။

ငါသည်၊ သုံးပြည့်တဲ့လူလား

နို့မဟုတ်ရင် ဆုံးပါ့မလား (မဆုံးပါဘူး ဘုရား)။ အဲဒါတွေအကြီးအကျယ် အသေအချာ ဝေဖန်လိုက်တဲ့အချိန် ကျမှ၊ ငါ – နှစ်သမားလား၊ သုံးသမားလားနော်။

တစ်ခဏတော့ ငါလုပ်ခဲ့တယ်၊ တစ်နေရာကတော့ ငါလွတ်ပြီ၊ ကျွတ်ပြီ (မှန်ပါ့) သုံးအကွက်တော့ သုံး ခဏလေးတော့ ငါဝင်လာပြီဟ၊ ဝင်လာငြားသော်လည်း ငါသည်သုံးပြည့်တဲ့ လူလား၊ နှစ်လောက်နေတဲ့ ပုဂ္ဂိုလ်လား ဆိုတာ၊ ကိုယ့်ဟာကိုယ် စစ်ဆေးရင် ဦးဘကလေး စကေး ကိုက် ထွက်လာမယ် (မှန်ပါ့)။

မခက်ပေဘူးလား (ခက်ပါတယ် ဘုရား) ရှင်းကြ ပလား (ရှင်းပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ သာမည အရေးမို့ ဆရာဘုန်းကြီးပြောနေတာလားတဲ့၊ ခင်ဗျားတို့ရှစ်ဌာနက အတက်ကြီး တက်လာခဲ့ရတာလား (ရှစ်ဌာနက အတက်ကြီး တက်လာရတာပါ ဘုရား)။

ရှင်းကြလား (ရှင်းပါပြီ ဘုရား) ဘယ်က တက် လာခဲ့ရတုံး (ရှစ်ဌာနကပါ ဘုရား) ရှစ်ဌာနက အတွက် ကြီး တက်လို့ခု ဘုရားသာသနာနဲ့ကြုံတယ်၊ လူကော (ဖြစ်ပါတယ် ဘုရား) ဖြစ်တယ်ဆိုတော့ တက်လာတာ မသေချာဘူးလား (သေချာပါတယ်)။

တက်ပင်တက်ငြား သော်လည်း တဲ့ သုညတ မပါလို့ ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် (မရပါဘူး ဘုရား) မရတော့ ဒီ သုညတ – အလုပ်ကိုဖြင့် ဒကာ၊ ဒကာမတို့ ကြုံရုံနဲ့ မပြီး၊ သု ညတ ဝင်မှ ပြီးတော့ မယ် ဆို တာကို လည်း ဆုံးဖြတ်ချက်ချရဦးမယ် (မှန်ပါ့) သဘောပါကျပလား (ပါပါတယ် ဘုရား)။

ဘာအရေးကြီးပါလိမ့်

ဘာအရေးကြီးပါလိမ့် (သုညတ ဝင်မှပါ ဘုရား) ဒီ သုညတက ဒကာ၊ ဒကာမတို့၊ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်တဲ့ ၊ သုညတနော် (မှန်ပါ့) အင်း ဒီ သုညတကလည်း ဘုရား သာသနာလည်းရှိမှ ဒီသုညတက၊ လူရယ်လို့လည်း ဖြစ်ပါဦး မှ (မှန်ပါ့)။

သုညတ ထောင်နိုင်တဲ့ နားကလည်း ရှိပါဦးမှ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဒါဖြင့် ဘုရားသာသနာနှင့် ကြုံခြင်း၊ လူဖြစ်ခြင်း၊ ပညာရှိ ဖြစ်ခြင်း (မှန်ပါ့) ဤသုံးချက် မစုံရင် ရကို မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီသုံးချက်စုံပါရဲ့ အာဠာရ၊ ဥဒကတို့လို အသေ စောရင်လည်း (မရနိုင်ပါဘူး ဘုရား) မရမှာက

သိပ်များ ဦးခန့်ရ (များပါတယ် ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီအချိန် ဘာအချိန်ပါလိမ့် မတုံးလို့ မေးဖို့အကွက် ဆိုက်လာတယ် (ဆိုက်ပါတယ် ဘုရား) ဒီအချိန် ဘာအချိန်ပါလိမ့်မတုံးဆိုတော့၊ ဪ ဘုရား သာသနာ ကြုံပါတယ် ဘုရား၊ တပည့်တော်တို့ အပေါင်း လည်း လူယောက်ျား၊ လူမိန်းမ ဖြစ်နေကြပါတယ် ဘုရား၊ ဟုတ်လား။

သုညတ တရားကိုလည်း ဆရာသမားပြောနေတဲ့ အတိုင်း ဝေဒနာတို့ စိတ်တို့ဟာလည်း၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်ပါဘူး ဘုရား၊ ဓမ္မ သဘောတွေပါ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိတ်သုဉ်းနေပါတယ်၊ လုံးဝမပါ ပါဘူးဆိုတဲ့ ဒီအချိန်ဟာ ဖြင့် အကောင်းဆုံးပဲ (မှန်ပါ့) ဒါဖြစ်ပျက်ရှုရတော့ မယ် (မှန်ပါ့)။

ဒါ ဖြစ်ပျက် ရှုလိုက်လို့ ရှိရင်ဖြင့် နှစ် ပြန်မဆင်းတဲ့ အချိန်ပဲ (မှန်ပါ့) အင်းကိုယ့်အိမ် ကိုယ့်ရွာ ရောက်သွားပြီ ဆိုမှဖြင့်၊ ဒီ သုညတ သုညတ အလုပ်ကိုမလုပ်ပဲနဲ့၊ ဘုရား သာသနာ ကြုံကာမျှနဲ့ လူဖြစ်ကာ မတ္တပဲ ဆင်းသွားပြန်ရော၊ (မှန်ပါ့)။

ဘယ်လောက် စိုးရိမ်စရာကောင်းတုံး (ကောင်းပါတယ် ဘုရား) သဘောကျပလား (ကျပါ တယ် ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုညတလည်း ဆုံးအသေကလည်း မစောသေးတော့ ကြိုးကြိုးစားစား နဲ့ အတက်ကြီးတက်လာခဲ့ ရတာဖြင့် အရှုံးတော့ဖြင့် မပေးတော့ပါဘူးဟ လုပ်ပါတော့မယ် ဆိုပြီး ဒီကနေ ခုန်ဆင်း ဒါဖြစ်သွားတော့မှာကိုး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီခု ကိုးထဲမှာရောက်တယ် ကိုးကလည်း သုံးပဲဆို ကြပါစို့ (မှန်ပါ့) နံပါတ်လိုရေတော့ကို ကိုးမှာလည်း အင်္ဂါသုံးချက်ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုးမှာ အင်္ဂါ ဘယ်နှစ်ချက်ရှိ (သုံးချက်ရှိပါတယ် ဘုရား) သုံးချက်ရှိတယ် ဆိုတာကော သဘောပါပလား (ပါပါတယ် ဘုရား) အဲဒီသုံးက လွတ်သွားရင် တပည့်တော် တို့ ဘယ်များ သွားရမှာပါလိမ့်မတုံး ဘုရားလို့မေးကြရင် ဒကာ ဒကာမတွေ ဘယ်လိုဖြေပါ့မတုံး (ရှစ်သွားမှာပါ ဘုရား)

ရှစ်ဆိုတော့ ဒကာ ဒကာမတွေ ရုပ်နာမ်မစုံ ဗြဟ္မာ ဘုံလည်းသွားမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာကော (သွား မှာပါ ဘုရား) မိစ္ဆာဒိဋ္ဌိ လူမျိုးကော (သွားမှာပါ ဘုရား)။

အင်း ဒကာ ဒကာမတို့ ထောင်တတ်တဲ့ နားမပါတဲ့ အဖြစ်တွေကော (ရှိပါတယ် ဘုရား) အင်း ဘုရားသာသနာ မရှိတဲ့ အခါမှာကော (ကြုံပါတယ် ဘုရား)။

နဝမ ခဏဆိုတာ

အဲ ဒကာ၊ ဒကာမတို့ ကိုးနံပါတ်က နေပြီး သကာလ နဝမ ခဏဆိုတာဒါပါပဲ (မှန်ပါ့) ကိုးနံပတ်ပါပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါလေးဟာ ဆရာဘုန်းကြီး ကအင်္ဂုတ္တိုရ်က နေပြီး သကာလ ၊ ဒကာ ဒကာမတွေ အရေး တကြီး ပြောချင်တာလေးဟာက ဘာလို့ စေတနာ၊ မေတ္တာ ကရုဏာတွေ ထွားကြိုင်း လာလို့ ဒီအသုံး သုံးပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒီခဏလေးကို သုံးကနေပြီး သကာလ နှစ်ချည်းပြန် ဆင်းမှာ၊ သုံးပြည့်ရာက နေပြီး နှစ်ဖက် ပြန်ဆင်းမှာ စိုးရိမ်လို့ (မှန်ပါ့) ဘယ်လိုဆိုကြပါ့ (သုံးကနေပြီး နှစ်ပြန်ဆင်းမှာ စိုးရိမ်လို့ပါ ဘုရား)။

စိုးရိမ်သင့် မစိုးရိမ်သင့် (စိုးရိမ်သင့်ပါတယ် ဘုရား) သုံးက နှစ်ဖြစ်ရင် မောင်နိုင်မဂ်ရ မရ (မရပါဘူး ဘုရား) ဦးဘလေး (မရပါဘူး ဘုရား) ဒကာကြီးလှိုင် (မရဘူး ဘုရား) မရနိုင်ဘူးတဲ့။

သုညတ တရားမနာရလို့ ရှိရင်၊ ဘယ်မှာ သုညတ တရားအားမထုတ်ရလို့ရှိရင်၊ မောင်နိုင် ဘယ်ကလာ မဂ်ဖြစ် မှာတုံး (မဖြစ်ပါဘူး ဘုရား)။

ဖြစ်ပျက်ဆိုမှ သုညတ (မှန်ပါ့) ဖြစ်ပျက် -မြင်မှမဂ်ဆိုမှသာလျှင် မဂ်ပေါ်လာတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုံးကနှစ်ကိုဆင်းနေကြတယ်

ဒါဖြင့် ဒကာ၊ ဒကာမတို့၊ တို့သည်ကားလို့ ဆိုရင်အိမ် မှာအဝတ်ချုပ်နေတယ်၊ ဥပမာမှာ ဘာအရောင်း အဝယ်လုပ် နေတယ်၊ ချက်ပြုတ်ပြီးစားနေတယ် ဧည့်သည် စောင် သည်တွေနဲ့ အမျိုးမျိုး အဖုံဖုံ မအားမလပ်တွေနဲ့ နေကြ ထိုင်ကြတဲ့အခါ၊ ဟ ဒီဒကာ၊ ဒကာမတွေ ဘာလုပ်နေ တာတုံး မေးလို့ ရှိရင်သုံးက နှစ် ခုန်ဆင်းနေတာ (မှန်ပါ့)။

ဘယ်လိုဖြေကြမယ် (သုံးကနှစ်ခုန်ဆင်းနေတာ ပါ ဘုရား) ဘာဖြစ်လို့ ခုန်ဆင်းတာတုံး ဆိုတော့ ဒုက္ခ မသိမ်း ချင်လို့ဘုရား (မှန်ပါ) အဓိပ္ပာယ် ဒီရောက် မရောက် (ရောက်ပါတယ် ဘုရား)။

အံမလေး ဒုက္ခမသိမ်းချင်တဲ့လူများကွာ မောင်နိုင်ရ၊ ဒုက္ခပွေ့ပိုက်ပြီး သကာလ နေချင်တယ်၊ ဒုက္ခဖြင့် မသိမ်းပါရစေနဲ့ ဆိုတာ တော်တော်ရူးလို့၊ တော်တော်အလို့ပဲဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်လိုဆိုကြမယ် (တော်တော်ရူး၊ တော်တော် အလို့ပါ ဘုရား) တော်တော်ရူး တော်တော် အ,လို့ပဲ ဆိုတော့ ဒကာ ဒကာမတွေ နာကြလား ခင်ဗျားတို့က (မနာပါဘူး ဘုရား) မနာနဲ့ ကိုယ့်ဖြစ်စဉ်က ဒီအတိုင်းလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

မနာပါနဲ့၊ ကိုယ့် ဖြစ်စဉ် ဒီအတိုင်းဆို တာ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါတယ်) အတော်ဆိုးဝါးနေတဲ့ အဓိပ္ပါယ်ကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်နှစ်ဌာနက ဤနေရာဌာနဖြစ်တဲ့ ကိုးခုမြောက် တက်ခဲ့ရပါလိမ့်မတုံး၊ ဘယ်ဌာနလွတ်လို့ ဒီနေရာ ရောက်လာပါလိမ့်မတုံး၊ အကဲခတ်လိုက်စမ်း (ရှစ်ဌာနပါ ဘုရား)။

ခဲခဲယဉ်းယဉ်းတက်လာခဲ့ရတာ

ဪ ရှစ်ဌာနက လွတ်ပြီး ကိုးထဲ တက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) သာမည တက်ခဲ့ရတာလား ဒကာ ဒကာမတို့ (မဟုတ်ပါဘူး ဘုရား) ခဲခဲယဉ်းယဉ်း တက်ခဲ့ရပါတယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်လိုများတက်ခဲ့ရ ပါလိမ့် (ခဲခဲယဉ်းယဉ်း တက်ခဲ့ရပါတယ် ဘုရား) ခဲခဲယဉ်းယဉ်း တက်ခဲ့ရတာ ဧကန်ပဲလို့ဆိုလို့ရှိရင်ဖြင့် မလွဲတော့ဘူးပေါ့ ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါတွေကလည်း၊ ဟောဒိ အသညသတ်ဘုံဆိုလို့ရှိရင် ကမ္ဘာငါးရာ (မှန်ပါ့) သူ့ပြည်ရောက် သွားရင် ကမ္ဘာငါးရာ နေရတယ်၊ ကဲ ဘယ်လောက်ကြာတုံး (ကြာပါတယ် ဘုရား)

ကမ္ဘာပေါင်းငါးရာတဲ့ ဒကာ ဒကာမတို့၊ အဲဒီထဲက ဒီထဲဝင်လာလိုက်ဦး၊ ကမ္ဘာငါးရာကျုပ်တို့၊ အတော်ကိုနေခဲ့ပြီး ပြီ၊ လွတ်လာခဲ့လို့ဆိုတဲ့ အဓိပ္ပါယ်ကော မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ငရဲမှာသက်တမ်းမရှိဘူး

ဒါဖြင့် ငရဲဆိုတာတော့ ဘယ်လောက်နေရမှာတုံး အို ငရဲဆိုတာ သက်တမ်း မရှိဘူးကွ (မှန်ပါ့) သဘောကျပ လား (ကျပါပြီ ဘုရား) ငရဲဆိုတာဘာပါလိမ့် (သက်တမ်းမရှိပါဘူး ဘုရား)။

ကံမကုန်သ၍ ခံကိုးဗျ (မှန်ပါ့) ကံမကုန်သ၍ ခံဆိုတာ သက်တမ်း ပါသေးသလား (မပါပါဘူး ဘုရား)။

အင်း အဲဒီသက်တမ်း မရှိရာကလည်း ထွက်လာခဲ့တယ် (မှန်ပါ့)။

တိရိစ္ဆာန်ဆိုတာလည်း အင်မတန်ရှည်တာ မရှည်ပေ ဘူးလား (ရှည်ပါတယ် ဘုရား) အဲဒိ တိရိစ္ဆာန် ဘဝက တက်လာခဲ့ရတယ်ဆိုတာ တော်တော်တက်ခဲ့ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပြိတ္တာမှာလည်းသက်တမ်းမရှိဘူး

ပြိတ္တာ ဆိုတာကတော့ ဒကာ ဒကာမတွေ သူလည်း သက်တမ်းမရှိဘူးတဲ့ ကံကုန်မှကုန်မှာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ဟော မိစ္ဆာဒိဋ္ဌိဆိုတော့ ပျော် အလွတ်ကြီး လွတ်ပေလို့ သာသနာတွင်း ရောက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့်၊ ဒီတောကြား တောင်ကြားဖြစ်တဲ့ လူဖြစ်တဲ့ဘဝမှာပဲ ကျုပ်တို့မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား) လွတ်တယ်၊ လူရိုင်းတွေ အဖြစ်မှလည်း ကျုပ်တို့ လွတ်လာခဲ့တယ်။

ကဲ ထောင်တတ်တဲ့နား မရှိတဲ့ ဘဝမှာကော (လွတ် ပါတယ် ဘုရား) အင်း ဘုရားသာသနာ မရှိတဲ့ ဘဝမှာကော (လွတ်ပါတယ် ဘုရား) ရှစ်ဌာနကလွတ်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ်နှစ်ဌာနက လွတ်လာပါလိမ့် မတုံး (ရှစ်ဌာနကပါ ဘုရား) ရှစ်ဌာနက လွတ်ခဲ့တယ် ဆိုတော့၊ ဪ တကယ့် လူထူးလူမြတ်၊ ယောက်ျား။ မိန်းမထူးတွေ ဆိုတာကတော့ဖြင့် ပြောဖို့ မလိုတော့ပါဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)

အရောက်ကြီးရောက်လာကြတာ

ဒါဖြင့် ဘယ်ကိုးနံပါတ်၊ ရှစ်ဌာနလွတ်တော့ ကိုးနံ ပါတ်၊ ကိုးဌာန ကိုးခုမြောက်ဌာနကိုဖြင့် အတတ်ကြီးတက်ပြီး အရောက်ကြီး ရောက်လာတယ်လို့ဆိုကြစို့ (မှန်ပါ့)။

ဘယ်လိုဆိုကြမတုံး (ကိုးဌာန ရောက်ပါတယ် ဘုရား) အတော်ကိုတက်လို့ အတော် ရောက်လာတယ် (မှန်ပါ့) မရောက်ဘူးလား . (ရောက်ပါတယ်) ကိုးဌာနရောက် တိုင်းဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်မှာလား၊ ဟောဒီ ဒုက္ခတွေလွတ်မှာလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ဟောဒီ ဖြစ်ပျက်ရတဲ့ ဒုက္ခကြီးပေါ့လေ (မှန်ပါ့)။ ရောက်တိုင်းမဟုတ်ဘူး၊ ကိုးဌာနမှာ အင်္ဂါသုံးပါး ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုးဌာနက ဘုရားသာသနာနဲ့လည်း (ကြုံရမှာပါ ဘုရား) အင်း လူကော (ဖြစ်ရမှာပါ ဘုရား) ဖြစ်ပင်ဖြစ် ငြားသော်လည်း ပညာမဲ့ဖြစ်နေ၊ သုညတမနာနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်နေရင် မောင်နိုင် (မရနိုင်ပါဘူး ဘုရား)။

မရနိုင်တော့ ဒကာ ဒကာမတို့၊ ကိုယ့်ဘဝလေးဖြင့် ကိုယ်နှမျောသင့်ပါတယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ စိန်တွေ၊ ကျောက်တွေ၊ မြတွေ၊ ပတ္တမြားတွေ အပေါ်မှာ မနှမျောချင် နေပါ (မှန်ပါ့)။

ဒီဟာဖြင့် အတက်ကြီးတက်လာခဲ့ရလို့ ဟင်း (မှန်ပါ့) အလုပ်ကြီးလုပ်ပြီး အကျွတ်ကြီးကျွတ်ပြီး သကာလ ၊ ထွက်ရပ်လမ်းပေါက်မဲ့ အချိန်ကလေးကိုဖြင့်၊ အလွဲသုံးစားမ လုပ်လိုက်ပါနဲ့ဆိုတဲ့ အဓိပ္ပာယ်ကို၊ ရှင်းရှင်းလင်းလင်းနဲ့ပဲ မေတ္တာရပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ရှင်းရှင်းလင်းလင်းနဲ့ မေတ္တာရပ်ပြီး ပြောနေပါတယ်ဆို တာ၊ ဒါ သာမညစေတနာလို့ သာမညလို့ ဒီလိုမအောက် မေ့ကြနဲ့ (မှန်ပါ)။

ဘုန်းကြီးက တိုက်တွန်းရှာတယ်လို့ ဒီလိုအောက်မေ့ မနေနဲ့၊ ကိုယ်က ခုန်ဆင်းမှာစိုးလို့ ပြောနေတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုန်းကြီးက တိုက်တွန်းရှာတယ်၊ သူ့ဆီရောက်လို့ရှိ ရင်ဖြင့် ကောင်းစေချင်လွန်းလို့ ဒီလိုမျိုး အသံမလာပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဖြစ်ဆိုးလို့ပြောနေတာ

ဒါကောင်းစေချင်လွန်းလို့ ဘုန်းကြီးက တိုက်တွန်း ရှာတယ် မဟုတ်ဘူး၊ ခင်ဗျားတို့ အဖြစ်ဆိုးလို့ ပြောနေတာ – (မှန်ပါ့) ကောင်းစေချင်လွန်းလို့ ဆိုတာကတော့ ပင်ကို ဟောကတည်းက ကောင်းစေချင်တာ သေချာပါတယ် (မှန်ပါ့)

ခင်ဗျားတို့ မလုပ်ခဲ့သော်၊ ဒီရှစ်ဌာနကို ပြန်ဆင်းရမယ် (မှန်ပါ) ဘယ်တော့မှ မတက်တော့ဘူး ဆိုတာအောက်မေ့ပါ (မှန်ပါ့)။ ဒါကြောင့် ခဏ ခဏပြောတယ်၊ ကျောက်ခဲ ရေချပေါ့နော် (မှန်ပါ့) ဒီဘဝပေါ်ရင် ဘယ့်နှယ် ဆိုကြမလဲ (ကျောက်ခဲရေချပါ ဘုရား) ကျောက်ခဲရေချ ဘယ်တော့မှ မပေါ်နိုင်တဲ့ ဘဝဆိုတာ သေသေချာချာပဲ၊ ကိုယ်ပိုင်ပစ္စည်း ဖြစ် တော့မယ် (မှန်ပါ့)။

မဖြစ်ပေဘူးလား၊ ဖြစ်မှာလား (ဖြစ်မှာပါ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ကိုးကနေပြီး သကာလ ကျန်တဲ့ရှစ်ဌာနထဲ မပြေးသွားရအောင် အရေးသည်ကားလို့ ဆိုရင်ဖြင့်၊ ဒီပလ္လင်ပေါ်ကနေပြီး ကယ်တင်နေတာပဲ (မှန်ပါ့)။

ကိုယ့်ဟာကိုယ်ခုန်ချရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အသေအချာ လုပ်ကြပါ၊ အသေအချာလုပ်ကြပါ၊ ဒီလောက် စေ့စေ့စပ်စပ် ပြောဖို့ လွယ်ကြပါ့မလား (မလွယ်ပါဘူး ဘုရား)။

ကဲ ကိုယ့်အကြောင်းကော ကိုယ့်သိကြပလား။ (သိပါပြီ) ဘယ်နှစ်ဌာနကနေပြီး ဒီနေရာကို အတက်ကြီး တက်လာခဲ့ရပါတုံး (ရှစ်ဌာနပါ ဘုရား)။

ရှစ်ဌာနကအတက်ကြီး တက်ပြီး သကာလ ၊ ကိုးခု မြောက်ရောက်ငြားသော်လည်း၊ ကိုးမှာ သုံးအင်္ဂါနဲ့နေရမှာ၊ နှစ်အင်္ဂါနဲ့ နေခဲ့တာအသက်ပေါင်း ဘယ်လောက်ရှိတုံးဆိုရင်၊ ဒီအသက်တန်းပဲ ဘုရား (မှန်ပါ့)။

မွေးကတည်းက၊ မွေးကတည်းက နှစ်နဲ့ချည့်နေလာ တာ (မှန်ပါ့) ဘုရားသာသနာတွင်း သူမွေးပါတယ်၊ လူလည်း ဖြစ်ပါတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

သုညတဖြစ်တဲ့ လူပဏ္ဍိတတော့ဖြစ်ရဲ့လား (မဖြစ်ပါဘူး ဘုရား) အဲ မဖြစ်သေးတဲ့အခါမှာ ဖြစ်လာတဲ့လူပဏ္ဍိတ အရေးကလည်း အတော်လေး သက်တန်းကြီးရင့်လာပြီလား လို့ မေးလိုက် ပြန်တော့၊ မကြာသေးပါဘူးဘုရား (မကြာသေးပါဘူး ဘုရား)။

ဦးခန့်ရေ (မကြာသေးပါဘူး) မကြာသေးပါဘူး အငယ်လေး ရှိပါသေးတယ် (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ၊

အဲဒါတွေ စဉ်းစားကြည့်တော့မှ ဒီလူပဏ္ဍိတလေးက နေ ဒါလေးကလည်း တစ်ခါ ဒကာမတို့ အသေ မစောလို့တွေ တာလေး (မှန်ပါ့) ဘယ်လိုကြောင့်ပါ (အသေမစောလို့ တွေ့တော့ပါ ဘုရား)။

အသေမစောလို့တွေ့ကြတာ

ဒကာကြီးလှိုင်ရေ ဒကာကြီးလှိုင် နာရတာ ဘယ့်နှယ့် ကြောင့်တုံး (အသေမစောလို့ပါ ဘုရား) အသေ့မစောသေး လို့သေတော့ သေပျော်နေပြီဗျ (မှန်ပါ့) ရှစ်ဆယ့်ငါး၊ ရှစ်ဆယ့်ခြောက်၊ ရှစ်ဆယ့်ခုနှစ် ဆိုတော့ သေပျော်နေပြီ။

အဲဒါ မစောပေလို့တော်သေးတာ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား) အသက်အတိုင်း နေကြ မယ် ဆိုလို့ရှိရင် ဒီအတိုင်းပါပဲတဲ့၊ သေပျော်နေကြတာ၊ ကိုင်း ဒါ ဖြင့် ဒကာ ဒကာမတို့ ဒီသုညတ ကိုပဲ မောင်နိုင်ရေ အရေးတကြီး လုပ်ကြစို့ရဲ့ (မှန်ပါ့)။

ဒီဘဝနောက်ဆုံးပိတ်ဘဝလို့ဆုံးဖြတ်

ကဲ ဘုရားသာသနာနဲ့ကြုံပလား (ကြုံပါတယ် ဘုရား) လူကောဖြစ်ကြရဲ့လား (ဖြစ်ပါတယ် ဘုရား)။

ကောင်းပြီး သုညတ တရားကိုနာလည်း နာပြီး သကာလ ၊ လုပ် လဲလုပ်လိုက်ရလို့ရှိရင်ဖြင့်၊ ဒီဘဝ နောက်ဆုံးပိတ်ဘဝလို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချ (ဒီဘဝ နောက်ဆုံးပိတ် ဘဝပါ ဘုရား) ဒီဘဝနောက်ဆုံးပိတ်ဘဝလို့ ဆုံးဖြတ်ချက်ချ လိုက်စမ်းပါ (မှန်ပါ့) သဘောကျဖလား (ကျပါ တယ်)။

ကောင်းပြီ ဒါဖြင့် နောက်ဆုံးပိတ်ဘဝ အလုပ်စဉ်က လေးပြကြစို့နော်။

မနုဿတ္တဘာဝေါ ဒုလ္လဘော- လူ့ဘဝရခဲတယ်၊ အင်း သဒ္ဓါသမ္ပတ္တိဘာဝေါ ဒုလ္လဘော-အို သဒ္ဓါနဲ့ပြည့်စုံဖို့ရာ သဒ္ဓါကြည်ညိုတာတွေကတော့ လွယ်ပါတယ်တဲ့၊ သုညတ ထောင်တတ်တဲ့နားနဲ့ ကြုံဖို့ရာကသာ ခဲယဉ်းတယ် (ခဲယဉ်း ပါတယ် ဘုရား)။

ဒုက္ခသိမ်းမည့်ဘဝ

မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသာသနာ နဲ့လည်းကြုံ၊ လူကိုယ် တိုင်လည်း ကိုယ်ကိုယ်တိုင်ဖြစ်ပြီး သကာလ နေကြ၊ သုညတ နဲ့ပြည်စုံတဲ့နားကို ဆရာဘုန်းကြီးကပေးလိုက်လို့ ခင်ဗျားတို့က သုညတအလုပ် လုပ်မယ်ဆိုရင်ဖြင့်၊ ဒီဘဝ ဘာဘဝ ပါလိမ့် မတုံးလို့ဆို၊ အို ဒုက္ခသိမ်းမဲ့ဘဝ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (ဒုက္ခသိမ်းမဲ့ဘဝ ပါ ဘုရား) ဖြေးဖြေးမှသိမ်းချင်ကြသလား၊ ချက်ချင်းပဲလားလို့ မေးချင်ပါတယ် (ချက်ချင်းသိမ်းချင်ပါတယ် ဘုရား) ချက် ချင်းသိမ်းချင်ရင် လုပ်ရမှာပဲ၊ သူ့ဟာက လုပ်မှရမယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းလင်းသွားပြီ (မှန်ပါ့)။

ဒါအင်္ဂါသုံးခု မောင်နိုင်အသေအချာမှတ်နော် (မှန်ပါ) မင်းတို့ကြုံနေတာ အင်္ဂါဘယ်နှစ်ခုနဲ့ ပြည့်စုံလို့တုံး (သုံးခုနဲ့ပါ ဘုရား)

တစ်ကဘာပါလိမ့် (သာသနာနဲ့ကြုံပါတယ်) ဘုရားသာသနာနဲ့ကြုံပါတယ်၊ နှစ်ကဘာပါလိမ့် (လူဖြစ်တာ နဲ့ကြုံပါတယ် ဘုရား) သုံးကဘာပါလိမ့် (သုညတ တရားနာနိုင်ပါတယ်) အဲ သုညတ တရားကိုနာနိုင်တဲ့ ပညာရှိဖြစ်တယ် (မှန်ပါ့)။

သုညတဟာ ပညာရှိမှ နာနိုင်တာကိုးကွ (မှန်ပါ့) ဒိပြင်လူတွေ သွားဟောကြည့်စမ်းပါ့လား မောင်နိုင်၊ ခင်ဗျား ပြောတာ ကျုပ်နားမလည်ပါဘူးဗျာ ပြောမှာပဲ (မှန်ပါ့) ပြောကြည့်စမ်းပါ ဦးခန့်ရဲ့ ဆေးကုရင်းလည်ပြီးတော့ (မှန်ပါ့)။

ပြောမည်ကြံရင်လူရွေးပါဦး

ပြော၊ နားမလည်တာက များပါလိမ့်မယ်၊ ဟင် (နားမလည်တာက များပါတယ် ဘုရား) အဲတာ သုညတကို နားမထောင်တော့ မဂ်မဆိုက် ဖိုလ်မဆိုက်နဲ့ ပုဂ္ဂိုလ်ဆိုတာက မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

အဲဒါကြောင့် မင်းတို့ပြောမယ်ကြံရင် လူရွေးပါဦးဆို တဲ့ အဓိပ္ပာယ်လည်း ဆရာဘုန်းကြီးက မှာရတယ် (မှန်ပါ့) သူကနှစ်နဲ့တင်ပြီးမှာကိုးကွ (မှန်ပါ့) သုံးဘယ့်နှယ်နေတုံး (မရပါဘူး ဘုရား)။

သုံးမတက်ချင်ဘူး၊ တက်နိုင်တဲ့၊ တက်နိုင်တဲ့ဂုဏ်၊ ပါဝါသတ္တိစွမ်းရည်ကော ရှိပါရဲ့လား (မရှိပါဘူး) အဲဒီကျအောင် အရုပ်ဆိုး အကျည်းတန်နေတော့၊ ဪ သူဘယ်လို ဆုံးဖြတ်ချက်ချမတုံး လူဖြစ်ကာမတ္တပဲ (မှန်ပါ့) ဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သုညတ တရား

ဘယ်လိုဆိုကြမတုံး (လူဖြစ်တာမတ္တပါ ဘုရား) လူဖြစ်ကာ မတ္တပဲဆိုတဲ့ အဓိပ္ပာယ်ဟာ ရောက်သွားတယ် ဆိုတော့၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ သုညတလေးဟာ ဘာ တုံးလို့မေးလို့ရှိရင်၊ ခန္ဓာကိုယ်ထဲပေါ်တာဟာ ဘာပါလိမ့် မတုံးလို့မေးတော့၊ မဂ်တို့မှာကြည့်လို့ရှိရင်ဖြင့်တဲ့၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးကြီး စုနေကြတာဟာ၊ ခု တရားနာနေကြတာ ဘယ်သူပါလိမ့်မတုံးဆိုတော့၊ ခန္ဓာငါးပါးပါပဲဘုရား (မှန်ပါ့)။

သဘောကျပလား (ကျပါပြီ ဘုရား) တရားနာ နေတာ ဘယ်သူဘယ်ဝါတွေပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)

ဪ ခန္ဓာငါးပါးတွေနော် ယောက်ျားတွေ၊ မိန်းမတွေများ အခေါ်သာရှိတယ်၊ တကယ် အထည်တော့ မဟုတ်ပါဘူး (မှန်ပါ့)။

အခေါ်တော့ဖြင့် ပြောကြတာပေါ့ဗျာ (မှန်ပါ့) အထည်ကျတော့ (မရှိပါဘူး ဘုရား) ဪ မရှိတော့ဘူးဆို တော့ဒါကသညာနဲ့ ပြောနေတာ (မှန်ပါ့)။

သညာနဲ့ပြောနေတာ၊ ပညာနဲ့မရှိတာလေးသိအောင် လက်တွေ့ပဲ၊ ဉာဏ်တွေ့ပဲ စမ်းကြဦးစို့ ဆိုတော့ မောင်နိုင်ရေ၊ စားကောင်းတာလေးဟာ ဘာဝေဒနာတဲ့ (သုခဝေဒနာပါ ဘုရား)။

ဒါ ခုချက်ချင်းပေါ်လာပြီ၊ ဒါ ဝေဒနာက္ခန္ဓာလည်း ဟုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သုခဝေဒနာလည်း (ဟုတ်ပါတယ် ဘုရား)။

အဲ ဝေဒနာက္ခန္ဓာလည်း ဟုတ်ပါတယ်၊ ပုဂ္ဂိုလ် သတ္တဝါကော ဟုတ်သေးရဲ့ လား (မဟုတ်တော့ ပါဘူး) အဲ ပုဂ္ဂိုလ်သတ္တဝါလဲမဟုတ်ဘူး ဝေဒနာက္ခန္ဓာပဲ၊ ဝေဒနာက္ခန္ဓာထဲ ကမှ သုခဝေဒနာ ပုဂ္ဂိုလ်သတ္တဝါ မောင်နိုင်ဟုတ်မဟုတ် (မဟုတ်ပါဘူး)။

အဲဒိ သူပေါ်လာလို့ရှိရင် ဒါ သုညတ သိသွားပြီ (မှန်ပါ့) သဘောကျပလား (ပါပါတယ် ဘုရား) အင်း စားမကောင်းဘူး၊ နာတယ်။ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ဒကာ ဒကာမတို့ ဘာပေါ်တာတုံး (ဒုက္ခဝေဒနာပေါ်တာ ပါ ဘုရား) ဒုက္ခဝေဒနာ ပေါ်တာနော် (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါမပါဘူး

အင်း ယောက်ျားတွေ နာတာလား၊ မိန်းမတွေ နာတာလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမတုံး (မဟုတ် ပါဘူး) ဝေဒနာက နာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါပါမပါ (မပါပါဘူး) အင်း ဒါကြည့်လိုက်၊ ဒါဖြင့်ပုဂ္ဂိုလ်သတ္တဝါ နဂိုက မပါ သောကြောင့်၊ ဒကာ ဒကာမတို့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တစ်ခါတလေ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာမှာ ယားလိုက် မြင်လိုက် ဒါတွေ ဥပေက္ခာဝေဒနာ ပေါ် ရမယ် (မှန်ပါ့)။

ဒါ နားလည်ပြီးသားမို့ ဘုန်းကြီးကအထူးမချဲ့တော့ ပါဘူး၊ ကဲ- ဒါ ဥပေက္ခာဝေဒနာပေါ်တော့၊ ဒါတွေလည်း ပုဂ္ဂိုလ်သတ္တဝါလား မောင်နိုင်တို့အားလုံး (မဟုတ်ပါဘူး) ဘာတွေတုံးကွ (ဥပေက္ခာဝေဒနာပါ ဘုရား)။

ဥပေက္ခာဝေဒနာ သက်သက်ပဲ၊ ငါလား၊ သူလား မဟုတ်ပါဘူး၊ ဘာတွေတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား) ဥပေက္ခာဝေဒနာသက်သက်ပဲ ဆိုတဲ့ဥစ္စာသိနေတော့၊ သော် ဒါ သုညတ၊ ပုဂ္ဂိုလ်သတ္တဝါ ဒီဝေနာထဲမှာ လုံးဝမပါတာဆို တာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)

ပုဂ္ဂိုလ်သတ္တဝါ ဝေဒနာထဲမှာ (မပါပါဘူး) လုံးဝမပါတာဆိုတာကိုး ဆိုတာကော အကျေနပ်ကြီး ကျေနပ် ပလား (ကျေနပ်ပါတယ် ဘုရား) ကောင်းပြီ ပုဂ္ဂိုလ် သတ္တဝါ မပါတာတော့သိပြီဘုရား၊ တကယ် မပါတာလား ဆိုပြီး ဉာဏ်လေးနဲ့တိုက်ကြည့်လိုက် (မှန်ပါ့)။

ငါ၊ သူတပါးဆိတ်သုဉ်းတယ်

ပေါ်တဲ့ဝေဒနာလေး စိုက်ကြည့်လိုက်တော့ ဖျတ်ဆို ပျောက်ထွက်သွားတယ် (မှန်ပါ့) ဖျတ်ဆို ပျောက်မထွက်ဘူး လား (ပျောက်သွားပါတယ် ဘုရား) ပျောက်ပျက်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတွေက၊ ဪ ငါသူတစ် ပါးမှလည်း ဆိတ်လိုက်တဲ့ဖြစ်ခြင်းရယ်၊ ရှာတောင် မတွေ့ တော့ဘူး (မှန်ပါ့)။

တွေ့သေးရဲ့ လား (မတွေ့တော့ပါဘူး ဘုရား) ဆတ်ဆိုပျက်သွားတဲ့ အခါကျတော့၊ ငါသူတစ်ပါးကို တွေ့ သေးရဲ့လား (မတွေ့တော့ပါဘူး ဘုရား) ပုဂ္ဂိုလ် သတ္တဝါကော (မတွေ့ တော့ပါဘူး ဘုရား)။

အင်း ဒါဖြင့် သုညတဖြစ်ပေါ့မောင်နိုင်ရေ (မှန်ပါ့) ငါဟူသောအဖြစ်မှလည်း (လွတ်ပါတယ်) ဆိတ်သုဉ်းပြီ (မှန်ပါ့)၊ ငါ့ဥစ္စာဟူသော အဖြစ်မှလည်း (ဆိတ်သုဉ်းပါတယ် ဘုရား)။

ဒီတရားဟာ သုညတ တရား

ဒါကြောင့် ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားသောကြောင့် ဒီတရားဟာ သုညတ တရား (မှန်ပါ့)၊ ဒါဖြင့် သုညတ ဖြစ်တဲ့တရားကိုမြင်မှ သုညတနိဗ္ဗာန်သွားနိုင်မယ် (မှန်ပါ့)။

သုညတဖြစ်တဲ့တရားကိုမှ မမြင်ဘဲနဲ့ သုညတ နိဗ္ဗာန် ကို သွားချင်လို့တော့ (မရပါဘူး)၊ မရဘူး၊ သုညတ-သုည တချင်းမှ ဆက်ရမှာ (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ဘာချင်းဆက်ရမှာတုံး (သုညတ-သုညတချင်း ဆက်ရမှာပါ ဘုရား)၊ အင်း ခန္ဓာက သုညတ မဖြစ်လို့ရှိရင်ဖြင့်၊ ခန္ဓာက ခန္ဓာပဲ ဖြစ်နေဦးမယ်။ ယောက်ျား၊ မိန်းမပဲဖြစ်နေမယ်ဆို သုညတမဖြစ်ဘူး (မှန်ပါ့)။

ထိုကဲ့သို့ သုညတမဖြစ်လို့ရှိရင်ဖြင့်၊ သုညတနိဗ္ဗာန် ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းမှ နိဗ္ဗာန်ရနိုင်မယ့် ဥစ္စာ၊ ရနိုင်ပါဦး မလား (မရနိုင်ပါဘူး ဘုရား)။

သုညတ တရားမနာရရင် နိဗ္ဗာန်မရ

ဒါကြောင့် သုညတ တရားမနာရရင် နိဗ္ဗာန်မရ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သုညတ တရား မနာရရင် (နိဗ္ဗာန်မရပါဘူး ) ဘာဖြစ်လို့ မရတုံးဆိုတော့ ခန္ဓာကသုညတဖြစ်သွားမှ နိဗ္ဗာန်သုညတကို ရောက်မှာကို (မှန်ပါ့)။

ခန္ဓာက သုညတမဖြစ်ဘူး၊ ခန္ဓာက ခန္ဓာဖြစ်နေတယ် ယောက်ျားပဲဖြစ်နေတယ်၊ မိန်းမပဲ ဖြစ်နေတယ် ဆိုလို့ရှိရင်ဖြင့် ဘယ့်နှယ်လုပ်ပြီး နိဗ္ဗာန် သုညတဘက် ကူးမတုံး (မကူး ပါဘူး ဘုရား)။

ပုဂ္ဂိုလ်ခံနေမှာပဲ၊ သတ္တဝါ ခံနေမှာပဲ (မှန်ပါ့) မခံပေဘူးလား (ခံပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမ တို့ ဒီနေ့တရားဟာ အလွန့်အလွန် အရေးကြီးတဲ့တရား (ကြီးပါတယ် ဘုရား)။

မကြီးကြဘူးလား (ကြီးပါတယ် ဘုရား) သေသေ ချာချာဉာဏ်နဲ့ တွေးပြီး စဉ်းစားကြည့်တော့မှ ဪ ဒီဥစ္စာ တို့ဘဝလေး အဖိုးတန်လိုက်တာလည်း လွန်လို့ပါလား (မှန်ပါ့)။

တန်တဲ့အထဲကလည်း ဖြည့်စရာလေး ရှိသေးတာ လည်း၊ အင်- တစ်ခုပါလားဆိုတာ သုညတ လေးဟာ ဖြည့် ဖြည့် ပေးရတယ် (မှန်ပါ့) လူဖြစ်ကာ မတ္တနဲ့ နိဗ္ဗာန်မရနိုင် (မှန်ပါ့) ဘုရားပွင့်ကာ မတ္တနဲ့ (နိဗ္ဗာန်မရနိုင်ပါ ဘုရား)။

လူဖြစ်ကာ မတ္တနဲ့ (နိဗ္ဗာန်မရနိုင်) သုညတနဲ့ တွဲမိမှ တဲ့ မောင်နိုင်ရေ (မှန်ပါ့) ဘာနဲ့ တွဲရမတုံး (သုညတနဲ့ တွဲရမှာပါ ဘုရား)။

မသိကျေနပ်မှုနဲ့မနေလိုက်ပါနဲ့

သုညတနဲ့ တွဲမိတဲ့သဘော ရောက်ပါမှ ဆိုတော့ ဪ ကျုပ်တို့ဖြင့် ဒီလောက်ဆို သေပျော် နေပျော် ပေါ့လို့ ဒကာ ဒကာမတွေက တစ်ခါတည်း ဒီ မိမိတို့ အဖြစ် ကလေးကို မသိ ကျေနပ်မှု ကလေးနဲ့ မနေလိုက်ပါနဲ့ (မှန်ပါ့)။

ဘယ်လို ဆုံးမတုံး (မသိ ကျေနပ်မှုပါ ဘုရား) မသိကျေနပ်မှုက ရှိသေး (မှန်ပါ့) မသိ ကျေနပ်မှုဆိုတာ ကိုယ်မသိလို့ ကျေနပ်နေလိုက်တာ (မှန်ပါ့)။

ဒီလောက်ဆို ကျုပ်ဖြင့်ဗျာ၊ သေပျော်ပါပြီ၊ ဘာ ကြောင့်တုံး၊ သားတွေ သမီးတွေလည်း ကြီးကုန်ပြီ၊ သူတို့ ဟာတွေနဲ့ သူတို့ ဆိုတော့လည်း ပူစရာ မရှိတော့ဘူး၊ ထိုက်တန်သလောက်ပေး၊ ထိုက်တန် သလောက်လှူနိုင် တန်းနိုင်လို့၊ ဘာမှလိုလေသေး မရှိတော့ဘူးဆိုတော့၊ သူမသိ ကျေနပ် နေတာ (မှန်ပါ့)။

သိစရာကတော့ဖြင့် သုညတ ဆိုက်ဦးမှ ရမှာ (မှန်ပါ့) ဒီသုညတ မပါလို့ရှိရင် မဂ္ဂဗြဟ္မစရိယာကို မဖြစ်ဘူး တဲ့ (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဖြစ်ပျက်မြင်ရင် သုညတဖြစ်တယ်

ဒါဖြင့် အင်မတန် အရေးကြီးနေပေါ့ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) ဒါကြောင့် ဘုန်းကြီးက အလုပ်တရားမှာတော့ဖြင့် ဒကာ ဒကာမတို့ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ဖြစ်ပျက်မြင်ရင် သုညတ ဖြစ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား။

စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က ဘာလုပ်ရမယ် (စိတ် ရှုရမှာပါ ဘုရား) စိတ်ရှုလို့ ဖြစ်ပျက်မြင်ရင် (သုညတ ဖြစ်ပါတယ် ဘုရား) အဲ စိတ်တွေ့လည်း သုညတ၊ ဖြစ်ပျက် မြင်တော့ သာပြီး သုညတ လေးနက်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီ သုညတကို မြင်လို့ရှိရင်ဖြင့် ၎င်းသုညတကို မုန်း၊ ခန္ဓာသုညတကို ခန္ဓာကဖြစ်တဲ့ သုညတကိုမြင်၊ ခန္ဓာက ဖြစ်တဲ့ သုညတကိုမုန်း၊ ခန္ဓာကဖြစ်တဲ့သုညတဟာ တကယ် သုညဖြစ်သွားလို့ ရှိရင် ဒီနေရာ နိဗ္ဗာန်သုည လာဝင်တာပဲ (မှန်ပါ့)။

သုညတနိဗ္ဗာန်

ခန္ဓာသုညတ နေရာမှာ ဘာဝင်လာတုံး (နိဗ္ဗာန် သုညတ ဝင်လာပါတယ် ဘုရား) နိဗ္ဗာန်သုညတ ဝင်လာတယ် ဆိုတော့ သုည-သုညချင်းမှ ဝင်နိုင်တာကိုး။ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သုညတ – သုညတချင်းမှ (ဝင်နိုင်တာပါ ဘုရား) ဒါမပါလို့ရှိရင် (မရပါဘူး ဘုရား) ရှေ့က သုညတ အလုပ် မလုပ်ထားတဲ့ ပုဂ္ဂိုလ်က သုညတ နိဗ္ဗာန် ဝင်လာလိမ့်မယ်လို့ မောင်နိုင် မဥပါဒ်ပါနဲ့ (မှန်ပါ့)။

စိတ်မစောပါနဲ့လို့ ကောင်းသော သတိပေးခြင်းနဲ့ ပေးလိုက်တယ် (မှန်ပါ့) ရှင်းကြလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီနေ့ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ) အင်း ဒါဖြင့် ဒကာ ဒကာမတို့ နှစ်နဲ့ နေမှ တော်မလား၊ သုံးနဲ့နေမှ တော်မလား (သုံးနဲ့နေမှ တော်မှာပါ၊ရား)။

အလကား နေတဲ့အချိန် ဘာပါလိမ့် (နှစ်နဲ့ နေတာပါ ဘုရား) အင် အားထုတ်နေတဲ့ အချိန် (သုံးနဲ့ နေတာပါ ဘုရား) အလကားနေတဲ့ အချိန် (နှစ်နဲ့ ပါ ဘုရား)။

အဲဒါ နိဗ္ဗာန် ရောက်နိုင် မရောက်နိုင် (မရောက် နိုင်ပါဘူး ဘုရား) သုံးဖြစ်ရင် (ရနိုင်ပါတယ် ဘုရား) နှစ်ဖြစ်ရင် (မရနိုင်ပါဘူး ဘုရား)။

ဒါ အသေအချာ မှတ်ပါ၊ ငါ အိမ်ကျတော့ စဉ်းစား ကြ၊ ငါ “နှစ်” အချိန်လား၊ ဒီအချိန် ငါ “သုံး” အချိန်လားဆို တာ ကိုယ့်ဟာကို စဉ်းစား (မှန်ပါ့)။

နှစ်အချိန်ဆိုရင် နိဗ္ဗာန်မရဘူး (မှန်ပါ့) သုံး အချိန်ဆိုရင် (ရမှာပါ ဘုရား)။

အဲတော့ ၊ နှစ်နဲ့သုံးနဲ့ အိမ်တွင် ဝေဖန်ပါတော့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။